အခန်း (၃၆၂)
Vol. 36 Ch. 362
အခန်း။ ၃၆၂
တံခါးဝသို့ ရောက်ရှိလာချိန်တွင် လူအများက အလောင်းခွဲစိပ်စစ်ဆေးမည့်အကြောင်းကို ပြောဆိုနေကြသည်ကို သူတို့ ကြားလိုက်ရသည်။
ယွင်ရှန်းသည် သက်ဆိုင်သူအားလုံးနီးပါး ရောက်ရှိလာပြီဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် "လူကြီးမင်းတို့... အခု လူစုံပြီဆိုတော့ ယနေ့ ဒုတိယအကြိမ် အလောင်းခွဲစိပ်စစ်ဆေးရတဲ့ အကြောင်းရင်းကို ကျွန်မ ရှင်းပြပါရစေ။ မိန်းကလေး ရှန်းယွီက အသတ်ခံခဲ့ရတာလို့ ကျွန်မ သံသယရှိပါတယ်" ဟု ပြောလိုက်သည်။
အသတ်ခံရတာ ဟုတ်လား။
ထိုနေရာရှိ မုဆိုးတပ်ဖွဲ့ကြီးနှစ်ခုမှ လူများမှလွဲ၍ ကျန်ရှိနေသူအားလုံး၏ မျက်နှာတွင် အံ့အားသင့်မှုများ သိသိသာသာ ထင်ဟပ်သွားတော့သည်။
ချန်စီဟိုင်မှာမူ စကားပင် ထစ်ကုန်တော့သည်။
"လျှောက်မပြောစမ်းနဲ့။ သူမရဲ့ မျက်လုံးတွေက ပြူးထွက်နေပြီး လျှာကလည်း ထွက်နေတာပဲ။ လည်ပင်းမှာလည်း ထင်ရှားတဲ့ ကြိုးကွင်းစွပ်ဒဏ်ရာတွေ ရှိနေတာကို။ ဒါက ဘယ်လိုလုပ် လူသတ်မှု ဖြစ်နိုင်မှာလဲ။ ဒါက ယန်အိမ်တော်ကလူကို ကာကွယ်ပေးချင်လို့ နင်က မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာပဲ"
၎င်းကို ကြားသောအခါ ရှန်းယွီ၏ မိဘများမှာလည်း အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြသည်။
"မှန်တယ်... ငါတို့ရဲ့ ရှန်းယွီလေးကို တန်ယုဆိုတဲ့ တိရစ္ဆာန်က သတ်ခဲ့တာပဲ။ အသက်ကို အသက်နဲ့ပဲ လျော်ရမယ်။ လျိုဟောင်... မင်းက ရှန်းယွီအတွက် ကရင်စားမချေပေးချင်တော့ဘူးလား"
လျိုဟောင်သည် နှုတ်ဆိတ်နေဆဲဖြစ်ပြီး ယွင်ရှန်းကို ကြည့်ကာ "မင်းအနေနဲ့ ခိုင်လုံတဲ့ ရှင်းပြချက်တစ်ခု ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။
"ကောင်းပါပြီ... ချန်စီဟိုင် ကျွန်မတို့နှစ်ဦးစလုံးက ဆေးဆရာတွေဖြစ်ကြတာမို့ ဒုတိယအကြိမ် အလောင်းခွဲစိပ်မှုကို အတူတူ ဆောင်ရွက်ကြတာပေါ့"
ယွင်ရှန်းက ပြောပြောဆိုဆိုပင် သူမ၏ သားရဲဘာသာစကား လက်စွပ် အတွင်းမှ ရိုးရှင်းသော နှာခေါင်းစည်းတစ်ခုကို ထုတ်ယူကာ မျက်နှာတွင် တပ်ဆင်လိုက်သည်။
ထို့ပြင် သူမသည် ပြုပြင်မွမ်းမံထားသော သားရဲအရေခွံ လက်အိတ်တစ်စုံကိုလည်း ထုတ်ယူ၍ ဝတ်ဆင်လိုက်သည်။
ဝူကျီတိုက်ကြီး၏ အခြေအနေမှာ ခေတ်သစ်ကမ္ဘာနှင့် မယှဉ်နိုင်သော်လည်း ကာကွယ်ရေး အစီအစဉ်အချို့မှာမူ လိုအပ်ဆဲပင်။ ယွင်ရှန်းသည် လင်းယောင်အာအား လေဝင်လေထွက်ကောင်းသော သားရဲအရေခွံဖြင့် ဤလက်အိတ်နှင့် နှာခေါင်းစည်းများကို ချုပ်လုပ်ပေးရန် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။
"အဲဒါက ဘာကြီးလဲ"
ယွင်ရှန်း နှာခေါင်းစည်းတပ်ဆင်သည်ကို မြင်သောအခါ ချန်စီဟိုင်က ၎င်း၏ အသုံးဝင်ပုံကို နားမလည်ဘဲ မေးလိုက်သည်။ သူသည် ယွင်ရှန်းကို ထူးဆန်းသောသူဟု အမြဲတစေ ထင်မြင်ခဲ့ဖူးရာ ယနေ့တွင်လည်း ဤကဲ့သို့ တွေ့မြင်ရသဖြင့် ပိုမို၍ပင် အထင်သေးမိသွားတော့သည်။
"ဒါတွေက ကူးစက်မှုဒဏ်ကနေ ကာကွယ်ဖို့သုံးတဲ့ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်တွေပဲ။ ရှင်းပြနေရင်လည်း အဖိုးနားလည်မှာ မဟုတ်ဘူး"
ယွင်ရှန်းအတွက်မူ အလောင်းကို ကိုင်တွယ်ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ မှော်ဝင်အစီရင်ဖြင့် ရုပ်အလောင်းကို ထိန်းသိမ်းထားသော်လည်း ယခုကဲ့သို့ ပူပြင်းသော ရာသီဥတုတွင် ပုပ်သိုးဆွေးမြည့်မှုမှာ လွယ်ကူလှပြီး ရောဂါဘယ ကူးစက်နိုင်ခြေမှာလည်း စိုးရိမ်ရသည့် အနေအထားတွင် ရှိသည်။ သို့သော် ဤအကြောင်းအရာအားလုံးကို ချန်စီဟိုင်အား ရှင်းပြနေရန် မလိုအပ်ဟု သူမ ယူဆလိုက်သည်။
"ဟန်ရေးပြင်နေတာပါပဲ။ ငါကတော့ အလောင်းကို ထပ်ပြီး စစ်ဆေးနေဖို့ မလိုတော့ဘူး။ ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ပြောပြီးသားပဲ။ သူမက ကြိုးဆွဲချ သေဆုံးခဲ့တာ"
ချန်စီဟိုင်က အထင်အမြင်သေးစွာ ပြောလိုက်သည်။
သို့သော် ယွင်ရှန်းကမူ သူ့အား ဂရုမစိုက်ဘဲ ရှန်းယွီ၏ ရုပ်အလောင်းကို သူမဘာသာ စတင်စစ်ဆေးတော့သည်။ မှော်ဝင်အစီရင်၏ အကာအကွယ်ကြောင့် ရှန်းယွီ၏ ရုပ်အလောင်းမှာ ပုပ်သိုးသွားခြင်း မရှိသေးဘဲ အရေပြားမှာလည်း ကိုင်တွယ်ကြည့်လျှင် ရုန်းကန်အား ရှိနေဆဲပင်။
ယွင်ရှန်းသည် ရှန်းယွီ၏ ရုပ်အလောင်းကို ယခင်ကတည်းက အပေါ်ယံ စစ်ဆေးထားပြီး ဖြစ်သော်လည်း ရှန်းယွီ၏ဖခင် တောင်းဆိုချက်အရ ချန်စီဟိုင် ရောက်ရှိလာသည်အထိ စောင့်ဆိုင်းပြီးမှသာ အသေးစိတ် စစ်ဆေးမှုကို ဆောင်ရွက်ခြင်း ဖြစ်သည်။ ယွင်ရှန်းသည် ရှန်းယွီ၏ ပါးစပ်နှင့် နှာခေါင်းကို စစ်ဆေးပြီးနောက် ခြေလက်အင်္ဂါများ၊ လည်ပင်းနှင့် နားရွက်ကဲ့သို့သော ပိုမိုကွယ်ဝှက်သည့် နေရာများကိုပါ တစ်ခုမကျန် စစ်ဆေးလိုက်သည်။
"အလောင်းကို တစ်ဖက်လှည့်ပေးဖို့ ကူညီပေးပါဦး"
ယွင်ရှန်းက ရှန်းယွီ၏ ကိုယ်ကို မတင်ရန် ချန်စီဟိုင်ကို အကူအညီ တောင်းလိုက်သည်။
"နင်က ဘယ်လိုမျိုး စစ်ဆေးမှုတွေ လုပ်နေတာလဲ"
ချန်စီဟိုင်မှာ ဒေါသထွက်သွားရသည်။ ဆေးဆရာမလေး တစ်ယောက်က နာမည်ကျော် အရပ်လေးမျက်နှာ လှည့်လည်ဆေးကုသသူ ဖြစ်သည့် သူ့အား အမိန့်ပေးကာ ခိုင်းစေနေခြင်းပင်။ သို့သော် လူပေါင်းများစွာက စောင့်ကြည့်နေသဖြင့် ဘေးမှ ချီဖန်းဖေးက အေးစက်စက် လေသံဖြင့် "သူမပြောသလို လုပ်ပေးလိုက်ပါ" ဟု ဝင်ပြောလိုက်သည်။
ယွင်ရှန်းသည် ယေဘုယျ အလောင်းစစ်ဆေးမှု လုပ်ငန်းစဉ်များကို ပြီးဆုံးသွားပြီဟု ထင်ရသဖြင့် သူမ ဘာလုပ်ရန် ကြံရွယ်နေတာလဲဆိုသည်ကို ချီဖန်းဖေးကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေရသည်။
ချန်စီဟိုင်သည် အောင့်သက်သက်ဖြင့်ပင် ယွင်ရှန်းအား အလောင်းကို တစ်ဖက်လှည့်ပေးရန် ကူညီပေးလိုက်ရသည်။ ယွင်ရှန်းသည် ရှန်းယွီ၏ ရှည်လျားသော ဆံနွယ်များကို မတင်လိုက်ပြီးနောက် လည်ပင်းကျောရိုးနှင့် မေးရိုးတို့ကို စမ်းသပ်ကြည့်လိုက်တော့သည်။
"ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ အခု ကျွန်မ အသေအချာ အတည်ပြုနိုင်တာကတော့... မိန်းကလေး ရှန်းယွီဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ"
ယွင်ရှန်းက ပြတ်သားစွာ ပြောဆိုလိုက်သည်။။
"ဘယ်လိုအချက်တွေနဲ့ ဒီလိုကောက်ချက်ချလိုက်တာလဲ"
ချီဖန်းဖေး၏ အကြည့်များမှာ ပြောင်းလဲသွားခဲ့သည်။
"သူမရဲ့ ခြေလက်တွေမှာ ဘာအမှတ်အသားမှ မရှိဘူး။ တကယ်လို့ ဒါဟာ ကြိုးဆွဲချသေဆုံးမှုဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားစဉ်မှာ ရုန်းကန်ခဲ့တဲ့ လက္ခဏာတွေ ဘာလို့ မရှိရတာလဲ။ ဒါပေမဲ့ အရေးကြီးဆုံး သက်သေကတော့ သူမရဲ့ လည်ပင်းကျိုးရိုးနဲ့ မေးရိုးတွေပဲ။ ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်တွေမှာ လည်ပင်းကျောရိုးက အောက်ဘက်ကို ကျိုးဝင်သွားလေ့ရှိပေမဲ့ မိန်းကလေး ရှန်းယွီရဲ့ လည်ပင်းကျောရိုးကတော့ အပေါ်ဘက်ကို ကွဲအက်နေတာပါ"
ယွင်ရှန်းက သာဓကများဖြင့် ရှင်းပြလိုက်သည်။
ရောက်ရှိနေသော ဆေးဆရာများအားလုံးမှာ လေးနက်စွာ စဉ်းစားခန်း ဝင်သွားကြတော့သည်။ ကျန်ရှိနေသော လူများကမူ ဘာမှနားမလည်ဟန်ဖြင့် ငေးကြည့်နေကြရုံသာ ရှိသည်။
"တန်ယုနဲ့ လျိုဟောင်... ရှင်တို့နှစ်ယောက် ရှေ့ကိုထွက်ခဲ့ပါ။ လူတိုင်း မြင်သာအောင် ကျွန်မ သူတို့နှစ်ယောက်နဲ့ သရုပ်ပြခိုင်းပါမယ်"
ယွင်ရှန်းသည် သူမ၏ ရှင်းပြချက်မှာ သာမန်လူများအတွက် နားလည်ရန် ခက်ခဲမည်ကို သိထားသဖြင့် လက်တွေ့သရုပ်ပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လူသတ်မှု အခင်းဖြစ်ပွားပုံကို ပြန်လည်သရုပ်ဖော်ခြင်းမှာ ခေတ်သစ် အနောက်တိုင်း စုံထောက်ရုပ်ရှင်များတွင် အလွန်ပင် ထုံးစံဖြစ်သော်လည်း ဝူကျီ တိုက်ကြီးပေါ်တွင်မူ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။
လျိုဟောင်က ရှေ့သို့ လှမ်းထွက်လိုက်သည်။
သူကိုယ်တိုင်လည်း ရှေ့သို့ ထွက်ရမည်ဟု ကြားလိုက်ရသောအခါ တန်ယုမှာ ထိတ်လန့်တကြားဖြင့် ယန်ချန်းရွှယ်၏ နောက်သို့ ပုန်းကွယ်ရန် ကြိုးစားတော့သည်။ သို့သော် လျင်မြန်လှသော ယီပိုင်မင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ယီပိုင်မင်းက တန်ယုကို ခပ်ပေါ့ပေါ့ပင် လွှဲပစ်လိုက်ရာ တန်ယုမှာ ဘောလုံးတစ်လုံးကဲ့သို့ လိမ့်ထွက်သွားတော့သည်။
ယွင်ရှန်းမှာ စိတ်ထဲမှ ခိုး၍ ရယ်မောမိသွားသည်။ ဤမြေခွေးအိုကြီး ယီပိုင်မင်းမှာ လူကို လွှဲပစ်ရခြင်းကိုပင် ဝါသနာတစ်ခုလို စွဲလမ်းနေပုံပင်။
"ဒီစုတ်တီးစုတ်ပတ်မလေး... ငါတို့အိမ်က ယုယုလေးကို နင် ဘာလုပ်ဖို့ ကြံနေတာလဲ"
ယွင်ရှန်းကို မြင်ရုံနှင့် ဒေါသထွက်နေသော ယန်ချန်းရွှယ်မှာ သူမ၏ အဖိုးတန်သားလေးကို စမ်းသပ်ခံအဖြစ် အသုံးချခံရမည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဈေးသည်မကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ဆဲဆိုလျက် ယွင်ရှန်းနှင့် ရန်ဖြစ်ရန် ရှေ့သို့ တိုးလာတော့သည်။
စကားမပြောနိုင်သော တန်ယုမှာမူ လက်ကာခြေကာနှင့် အသည်းအသန် ငြင်းဆန်နေရှာသည်။ နောက်ပြောင်နေခြင်း မဟုတ်ပေ။ လျိုဟောင်သည် သူ့ကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"သူ့ကို ဒီသရုပ်ဖော်မှုမှာ ပူးပေါင်းခိုင်းမလား ဒါမှမဟုတ် ဝံပုလွေသွား တပ်ဖွဲ့ရဲ့ လက်ထဲကိုပဲ ထိုးအပ်လိုက်မလား... အဒေါ်ပဲ ရွေးချယ်လိုက်ပါ"
ယွင်ရှန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ ဤသားအမိမှာ တကယ်ပင် ကယ်မရနိုင်တော့ပေ။ သူမက မည်သူ့အတွက်ကြောင့် ဤမျှအထိ ကြိုးပမ်းအားထုတ်နေရသည်ကို လုံးဝတွေးဆမိပုံမရကြပေ။
"ချန်းရွှယ်... သည်းခံရမယ့်နေရာမှာ သည်းမခံနိုင်ရင် ကိစ္စကြီးတွေ ပျက်စီးသွားတတ်တယ်"
ယန်ပါးဟိုက ဝင်ရောက်ပြောဆိုလိုက်သဖြင့် ယန်ချန်းရွှယ်သည် ပတ်ဝန်းကျင်ကို တစ်ချက်
ကြည့်ကာ “အဖေရှိနေတာပဲဟာ။ ဒီမုဆိုးက ငါ့ရဲ့ယုယုလေးကို တကယ်ကြီး ဒုက္ခပေးရဲမှာမဟုတ်ပါဘူး” ဟု တွေးတောကာ နောက်သို့ ဆုတ်ပေးလိုက်ရတော့သည်။
လူပေါင်းများစွာ၏ စိုက်ကြည့်နေမှုအောက်တွင် တန်ယုသည် တုန်တုန်ရီရီဖြင့် လျှောက်လာခဲ့သည်။
"ဦးလေးယန်... နောက်ထပ် ကြိုးတစ်ပင်လောက် ပြင်ပေးပါဦး။ နည်းနည်း ပိုထူပြီး ခိုင်ခံ့တဲ့ ကြိုးဖြစ်ဖို့တော့ လိုမယ်နော်။ အိမ်တော်ရဲ့ သခင်လေးလည်ပင်းက သာမန်ထက် အတော်လေး ပိုတုတ်နေတာမို့လို့ပါ"
ယွင်ရှန်း၏ စကားကြောင့် တန်ယုမှာ ထိတ်လန့်လွန်းသဖြင့် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။
ယီပိုင်မင်းက ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး ဘေးမှ ကျိုးချွမ်မှာမူ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရသဖြင့် ဗိုက်ပင် နာနေတော့သည်။
မကြာမီ ကြိုးရောက်ရှိလာရာ ယွင်ရှန်းက လျိုဟောင်ထံသို့ ကမ်းပေးလိုက်ပြီး "အစ်ကိုလျို... ဒီကြိုးကို သုံးပြီး တန်ယုရဲ့ လည်ပင်းကို ညှစ်ဖို့ ကြိုးစားကြည့်ပါ။ အင်အား အရမ်းမသုံးပါနဲ့။ သူ့ကို အသက်ရှူဖို့ အခွင့်အရေးလေးတော့ ချန်ထားပေးဦး" ဟု ပြောလိုက်သည်။
၎င်းကို ကြားသည်နှင့် ယန်ချန်းရွှယ်၏ မျက်နှာမှာ ဖြူလျော့သွားပြီး တန်ယုမှာမူ အတက်ရောဂါ ခံစားနေရသကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေတော့သည်။
"စိတ်မပူပါနဲ့ ကျွန်တော် သတိထားပါ့မယ်"
လျိုဟောင်၏ မျက်ဝန်းများတွင် အေးစက်လှသော လူသတ်လိုသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။ သူသည် လက်ထဲရှိ ကြိုးကို တင်းတင်းဆွဲရင်း တန်ယု၏ နောက်ဘက်သို့ လျှောက်သွားလိုက်သည်။
ယန်ပါးဟိုမှာ မျက်မှောင်ကြုတ်မိသော်လည်း ယွင်ရှန်း၏ တည်ငြိမ်နေသော အမူအရာကို မြင်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး တန်ယု နှိပ်စက်ခံနေရသည်ကို မကြည့်လိုသဖြင့် ပြတ်သားစွာပင် ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်တော့သည်။
တန်ယုသည် ထွက်ပြေးရန် ကြိုးစားသော်လည်း သိုင်းဝိဇ္ဇာအဆင့်ရှိ လျိုဟောင်ကို မယှဉ်နိုင်ပေ။ လျိုဟောင်က တန်ယု၏ လက်နှစ်ဖက်ကို ချုပ်ကိုင်ထားပြီးနောက် ကြိုးကွင်းမှာ ရုတ်တရက် တင်းကျပ်သွားတော့သည်။
လက်မခန့် အထူရှိသော ကြိုးမှာ တန်ယု၏ လည်ပင်းကို ရစ်ပတ်သွားရာ ချက်ချင်းပင် အသက်ရှူလမ်းကြောင်း ပိတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခြေလက်များကို အသည်းအသန် ရုန်းကန်နေတော့သည်။ သို့သော် သူ၏ ကြီးမားထွားကြိုင်းသော ကိုယ်ခန္ဓာမှာ လျိုဟောင်၏ ခွန်အားအောက်တွင် အရာမထင်လှပေ။
လျိုဟောင်သည် တန်ယုအပေါ် ထားရှိသော နာကျည်းမှုကို အံကြိတ်ကာ အောင့်ထားရင်း ယွင်ရှန်း မှာကြားထားသည့်အတိုင်း အသက်တစ်ရှူစာတော့ ချန်ထားပေးလိုက်သည်။
"တော်ပါတော့... သနားစရာကောင်းတဲ့ ငါ့ရဲ့ ယုယုလေး"
ယန်ချန်းရွှယ်သည် ဘေးမှ လူယုံတော်၏ လက်ထဲမှ ရုန်းထွက်ကာ ပြေးဝင်သွားတော့သည်။
ထိုအခါမှသာ လျိုဟောင်က လက်ကို လွှတ်လိုက်သည်။ ထိုအချိန်တွင် တန်ယုမှာ မျက်လုံးများ ပြူးထွက်နေပြီး ခြေထောက်များမှာလည်း တဆတ်ဆတ် ခါယမ်းနေကာ အသက်ရှူသံများမှာလည်း မမှန်တော့ဘဲ မေ့မြောလုနီးပါးပင်။
"ယွင်ရှန်း... နင်က မြွေဆိုးမလေးပဲ။ ငါ့ရဲ့ ယုယုလေးကို နှိပ်စက်ပြီး သတ်ပစ်ချင်နေတာလား။ သူတောင် မေ့မြောသွားပြီပဲ။ နင် နောက်ထပ် ဘာတွေ လိုချင်သေးတာလဲ"
ယန်ချန်းရွှယ်သည် သေလုမျောပါး ဖြစ်နေသော သားဖြစ်သူကို ပွေ့ဖက်ရင်း မနားတမ်း ငိုကြွေးဆဲဆိုနေတော့သည်။ သို့သော် ပတ်ဝန်းကျင်ရှိ လူများထဲမှ တစ်ဦးတစ်ယောက်မျှပင် သူတို့သားအမိအပေါ် သနားစိတ် မပြခဲ့ကြပေ။