← Chapters

အခန်း (၃၆၃)

Vol. 36 Ch. 363

အခန်း (၃၆၃)

Vol. 36 Ch. 363

အခန်း။ ၃၆၃

အလိုလိုက်လွန်းသော မိခင်များသည် သားသမီးများကို ပျက်စီးရာပျက်စီးကြောင်းသို့သာ ပို့ဆောင်တတ်ကြစမြဲပင်။ တန်ယု၏ ယနေ့အခြေအနေမှာ ယန်ချန်းရွှယ်၏ အလိုလိုက်မှုများကြောင့်ဖြစ်ကြောင်း ယွီကျင်း တစ်မြို့လုံးက သိရှိကြသည်။

ရိုက်နှက်လုယက်၊ မီးရှို့ဖျက်ဆီးရုံမက အိမ်ကြက်မကင်းသော မိန်းမပျိုလေးများကိုပင် အဓမ္မကျင့်ကြံခဲ့သည့် တန်ယုမှာ ယခုတစ်ကြိမ်တွင် ရှန်းယွီ သေဆုံးမှုအတွက် တရားခံအဖြစ်မှ ကင်းလွတ်နိုင်ရန် ကြိုးစားနေရသော်လည်း သူ၏ဂုဏ်သတင်းမှာမူ ယွီကျင်းမြို့အတွင်း၌ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် လမ်းမပေါ်ဖြတ်သွားသော ကြွက်တစ်ကောင်ကဲ့သို့ လူတိုင်း၏ ဝိုင်းဝန်းဆဲဆိုခြင်းကို မလွဲမသွေ ခံရတော့မည်ဖြစ်သည်။

ယန်ပါးဟိုသည် သူ၏သမီးနှင့် မြေးဖြစ်သူတို့ကို ကြည့်ကာ စကားတစ်လုံးမျှ မဆိုနိုင်တော့ချေ။ သူ၏ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်နေတော့သည်။ သူ၏ မိသားစုဝင်များကို ပြန်လည်ဆုံးမပဲ့ပြင်သူမှာ သူ၏မြေးမလေး ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ ထင်မှတ်မထားခဲ့ဖူးချေ။

သို့သော် ယွင်ရှန်း လုပ်ဆောင်ရန်ကျန်ရှိနေသည်မှာ ဤမျှနှင့် မပြီးသေးပေ။

"ဒီလောက်လေးနဲ့ မေ့လဲသွားတာလား။ ပြဿနာမရှိပါဘူး။ ကျွန်မ အပ်စိုက်ကုပေးလိုက်ရင် သူ ချက်ချင်း ပြန်နိုးလာမှာပါ"

ယွင်ရှန်းက မဲ့ပြုံးလေးပြုံးကာ အပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ဝံပုလွေသွား တပ်ဖွဲ့ဝင်အချို့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကြက်သီးများပင် ထသွားကြသည်။ သူတို့ရင်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့မှ ယန်ယွင်ကို မည်သည့်အခါမျှ အငြိုးမထားမိရန်ပင်။ သူမ၏ နည်းလမ်းများမှာ လူတစ်ယောက်ကို အရှင်လတ်လတ် အရေခွံခွာနိုင်လောက်အောင်ပင်။

"နင် လုပ်ရဲရင် လုပ်ကြည့်လေ"

ယန်ချန်းရွှယ်မှာ ဒေါသကြောင့် သွေးပင်အန်မတတ် ဖြစ်သွားရပြီး သူမ၏ရင်ခွင်ထဲတွင် သေချင်ယောင်ဆောင်နေသော တန်ယုမှာလည်း တုန်တုန်ရီရီ ဖြစ်သွားရှာသည်။

"ကျွန်မရဲ့ သရုပ်ဖော်မှုက တစ်ဝက်ပဲ ပြီးသေးတာ။ လည်ပင်းညှစ်ခံရတဲ့ အပိုင်းက ပြီးသွားပြီဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချတဲ့ အပိုင်းကိုလည်း စမ်းသပ်ဖို့ လိုသေးတယ်။ အဓိက တရားခံဖြစ်တဲ့ တန်ယုအနေနဲ့ သူကိုယ်တိုင် ကြိုးဆွဲချပြပြီး သူ့အမှားကို ပြန်ပေးဆပ်ရမယ်။ ဒါမှသာ ကျွန်မက ဒဏ်ရာတွေကို နှိုင်းယှဉ်ကြည့်လို့ ရမှာလေ။ အဲဒီလိုမှ မဟုတ်ရင် တန်ယုမှာ အပြစ်မရှိဘူးဆိုတာကို ဘယ်လိုသက်သေပြနိုင်မှာလဲ"

ယွင်ရှန်းက အေးဆေးတည်ငြိမ်စွာ ဆိုရင်း အနားရှိ ညောင်ပင်အိုကြီးဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ကြိုးထပ်ဆွဲချရဦးမယ် ဟုတ်လား။

သူ့ကိုယ်အလေးချိန်နှင့်သာ တကယ်ကြိုးဆွဲချကြည့်ပြီး အချိန်မီ မကယ်နိုင်ခဲ့ပါက အစမ်းသရုပ်ပြရာမှ တကယ့်သေကြောင်းပြန်မှု ဖြစ်သွားနိုင်သည်။ တန်ယုမှာ အသက်ပင် ဝဝမရှူနိုင်တော့ဘဲ ခေါင်းတစ်ချက် စောင်းသွားကာ ယခုတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် မေ့မြောသွားတော့သည်။

"နင်... နင် ကောင်းပြီလေ တကယ်ကို ရက်စက်တဲ့ စိတ်ထားပဲ။ နင် အလိုရှိတဲ့အတိုင်း ငါ လုပ်ပေးမယ်။ ငါ့သား ယုယုလေးရဲ့ ကိုယ်စား ငါပဲ ကြိုးဆွဲချပြမယ်"

ယန်ချန်းရွှယ် သိလိုက်ပြီဖြစ်သည်။ ဤရက်စက်သော မိန်းကလေးမှာ လွန်ခဲ့သော နှစ်နှစ်က သူမနှင့် သူမ၏သားတို့ ယန်အိမ်တော်မှ နှင်ထုတ်ခဲ့သည်ကို ယခုတိုင် အငြိုးထားနေခြင်းပင်။

သူမ အကြီးအကျယ် နောင်တရမိသည်။ အကယ်၍ ဤမိန်းကလေးမှာ ယနေ့တွင် ဤမျှအဆင့်ရှိလာမည်ကို သိခဲ့ပါက လမ်းခုလတ်တွင် ရှာဖွေခြင်းကို မရပ်တန့်ခဲ့သင့်ပေ။ ထိုအစား လူသတ်သမားတစ်ယောက် ငှားပြီး ဤအဖိုးမတန်သော ကောင်မလေးကို တိုက်ရိုက်သတ်ပစ်ခဲ့သင့်သည်ဟု သူမ ယုတ်မာစွာ တွေးတောနေမိသည်။

ယန်ချန်းရွှယ်သည် တန်ယုကို ချထားခဲ့ပြီး ကြိုးကို ဆတ်ခနဲ လုယူကာ ညောင်ပင်အိုကြီးဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။

ထိုအချိန်တွင် သူမသည် သူမ၏ဖခင် သို့မဟုတ် သူမ၏ ဒုတိယအစ်ကိုဖြစ်သူက တားဆီးပေးလိမ့်မည်ဟု အလွန်အမင်း မျှော်လင့်နေမိသည်။ သို့သော် သူမ၏ နောက်ကွယ်တွင်မူ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူတစ်ဦးတစ်ယောက်မျှ စကားတစ်လုံးပင် မဟကြချေ။

ယန်ချန်းလန်သည် အခြားတစ်ဖက်သို့ မျက်နှာလွှဲထားပြီး ယန်ပါးဟို၏ အိုမင်းသော မျက်ဝန်းအစုံမှာလည်း မှောင်မှောင်မှိုင်မှိုင် ဖြစ်နေသည်။ သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်

တစ်ဖက်မှ ယွင်ရှန်းက အေးစက်သော လေသံဖြင့် ကြားဖြတ်ပြောဆို လိုက်သည်။

"ကောင်းပါပြီ... အဒေါ်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ကွယ်လွန်သူ မိန်းကလေး ရှန်းယွီနဲ့ အတော်လေး ဆင်တူတာမို့ ကြိုးဆွဲချပုံစံ သရုပ်ဖော်မှုက ပိုပြီးတော့ တိကျပါလိမ့်မယ်"

၎င်းကို ကြားလိုက်ရသောအခါ ယန်ပါးဟိုသည် မလှမ်းမကမ်းတွင် လဲလျောင်းနေသော ရုပ်အလောင်းကို ကြည့်ရင်း အဆုံးတွင်မူ ဘာမှမပြောနိုင်တော့ဘဲ မျက်လွှာချလိုက်ရုံသာ တတ်နိုင်တော့သည်။

ယန်ချန်းရွှယ်သည် ညောင်ပင်အိုကြီး၏ အောက်ခြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအခါ ယွင်ရှန်းက ထပ်လောင်းပြောဆိုပြန်သည်။

"အဒေါ်ကို တစ်ခု သတိပေးပါရစေ။ ပိုပြီး လက်တွေ့ကျသွားအောင်လို့ အဒေါ်အနေနဲ့ ကြိုးကနေ ရုန်းထွက်ဖို့အတွက် သိုင်းစွမ်းအားတွေကို မသုံးမိဖို့ သတိထားရပါမယ်။ အချိန်တန်တဲ့အခါ ကျွန်မ ဆင်းဖို့ သတိပေးပါ့မယ်"

ယန်ချန်းရွှယ်သည် အံတင်းတင်းကြိတ်လိုက်မိသည်။ သူမသည် ကြိုးကို ညောင်ပင်ပေါ်သို့ ပစ်တင်လိုက်ရင်း ရင်ထဲတွင် အငြိုးအတေးဖြင့် တွေးနေမိသည်။

ယွင်ရှန်း... ငါ ယန်ချန်းရွှယ်ကတော့ နင်နဲ့ လားလားမှ မဆိုင်တဲ့ ရန်သူတွေ ဖြစ်ကြပြီ။

အမှန်တကယ်ပင် ယန်ချန်းရွှယ်သည် သူမ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ တစ်ခုလုံးသော ကြိုးဆွဲချသရုပ်ဖော်မှုအတွင်း သူမသည် ယွင်ရှန်း မြင်ဖူးသမျှထဲတွင် အတော်ဆုံး လူစားထိုး သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ကြိုးကွင်းမှာ သူမကို အမှန်တကယ်ပင် သေလုနီးပါး ညစ်ပတ်မိသွားခဲ့သည်။

ယွင်ရှန်းက အေးအေးလူလူပင် "အခု ဆင်းလို့ရပါပြီ" ဟု မပြောမချင်းပင်။

ယန်ပါးဟိုသည် ယန်ချန်းရွှယ်ကို ကယ်တင်ရန် ဦးလေးယန်အား အမြန်အမိန့်ပေးလိုက်ရသည်။

"နင် သူ့ကိုလည်း ညှစ်ခိုင်းပြီးပြီ။ သူမကိုလည်း ကြိုးဆွဲချခိုင်းပြီးပြီ။ ဒါကြောင့် ယုယုလေးမှာ အပြစ်မရှိဘူးဆိုတာကို ရှင်းလင်းပြဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမှ ရမယ်။ မဟုတ်ရင်တော့..."

ယွင်ရှန်း၏ လုပ်ရပ်များမှာ တန်ယုကို ကူညီရန် ဖြစ်သော်လည်း ဤသားအမိကို သင်ခန်းစာပေးရန် ရည်ရွယ်နေသည်ကို ယန်ပါးဟို ကောင်းစွာ ရိပ်မိသည်။

လူပေါင်းများစွာ၏ ရှေ့မှောက်တွင် ယွင်ရှန်းသည် စစ်သူကြီးအိမ်တော်၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှ မထောက်ထားခြင်းက ယန်ပါးဟိုကို အလွန်အမင်း မကျေမနပ် ဖြစ်စေသည်။

"စစ်သူကြီးကြီး... စိတ်အေးအေးထားပါ။ ထွက်လာမယ့် ရလဒ်က စိတ်ကျေနပ်စေပါလိမ့်မယ်"

ယွင်ရှန်းက ပြောလိုက်ပြီး တန်ယုကို ကန်နိုးကာ သားအမိနှစ်ယောက်ကို ယှဉ်တွဲ၍ မတ်တပ်ရပ်ခိုင်းလိုက်သည်။

"အခု အားလုံး မြင်ကြတဲ့အတိုင်းပဲ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချခဲ့တာဖြစ်ပြီး နောက်တစ်ယောက်ကတော့ တစ်စုံတစ်ဦးရဲ့ ညှစ်သတ်ခြင်းကို ခံခဲ့ရတာပါ။ သူတို့ရဲ့ ဒဏ်ရာပုံသဏ္ဌာန်တွေနဲ့ အမာရွတ်တွေက လုံးဝကို ကွဲပြားနေပါတယ်။ မိန်းကလေး ရှန်းယွီရဲ့ လည်ပင်းက ဒဏ်ရာဟာ ဘယ်အမျိုးအစားလဲဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်"

ယွင်ရှန်းက ပြောလိုက်ရာ အားလုံး၏ အကြည့်များမှာ မတ်တပ်ရပ်နေသူ နှစ်ဦးနှင့် ရုပ်အလောင်း၏ လည်ပင်းများဆီသို့ တစ်ပြိုင်နက် ကျရောက်သွားတော့သည်။

အစောပိုင်းက လူများသည် ယွင်ရှန်းပြောသည်ကို နားမလည်နိုင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ အားလုံးက တစ်ပြိုင်နက်တည်း ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည်။

ဦးခေါင်းနှင့် တစ်ဆက်တည်းဖြစ်နေသယောင် ထင်ရသော တန်ယု၏ လည်ပင်းတိုတိုပေါ်တွင် နီရဲနေသော အဝိုင်းလိုက် အမှတ်အသားတစ်ခုကို တွေ့ရသည်။ လျိုဟောင်အနေဖြင့် အမှန်

တကယ် သတ်ဖြတ်လိုစိတ်မရှိခဲ့၍သာ တော်တော့သည်။ မဟုတ်ပါက တန်ယု၏ ဝက်နှင့်တူသော ခေါင်းကြီးမှာ ပြတ်ထွက်သွားနိုင်သည်။

သို့သော် ယန်ချန်းရွှယ်၏ လည်ပင်းမှ အမှတ်အသားများမှာမူ မေးစေ့နှင့် နီးကပ်သော အတွင်းဘက်တွင်သာ စုပြုံနေပြီး သတ်မှတ်ထားသော နေရာတစ်ခုတွင်သာ ရှိနေသည်။

သူတို့ဘေးရှိ မိန်းကလေး ရှန်းယွီ၏ ရုပ်အလောင်းကို ကြည့်လိုက်သောအခါ သူမ၏ ဒဏ်ရာများသည် တန်ယု၏ ဒဏ်ရာများနှင့် ပိုမိုဆင်တူနေပြီး လည်ပင်းတစ်ပတ်လုံးတွင် ရှိနေသည်မှာ ထင်ရှားလှသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးအတွင်း တီးတိုးဝေဖန်သံများ ဆူညံထွက်ပေါ်လာတော့သည်။ ချန်စီဟိုင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ချီဖန်းဖေး၏ အမူအရာမှာလည်း ပိုမိုလေးနက်သွားခဲ့သည်။

ယွင်ရှန်း ပြောဆိုသွားသော အလောင်းခွဲစိပ်မှု သီအိုရီမှာ ဆေးဧကရာဇ်နန်းဆောင်တွင် တစ်ခါမျှ မကြားဖူးခဲ့သော အရာဖြစ်သည်။ ချန်စီဟိုင်သည် သူကိုယ်တိုင် စစ်ဆေးစဉ်က ဤအချက်ကို လုံးဝ လွဲချော်ခဲ့ခြင်းပင်။

"သနားစရာကောင်းတဲ့ ငါ့သမီးလေးရယ်... ဘယ်သူကများ ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ရက်ရတာလဲ"

ရှန်းယွီ၏ မိဘများမှာလည်း ဖက်လှဲတကင်း ငိုကြွေးနေကြတော့သည်။

ချန်စီဟိုင်သည် မျက်လုံးကလည်ကလည်လုပ်ရင်း ယုတ်မာသော အစီအစဉ်တစ်ခုကို တွေးတောလိုက်မိသည်။

"ဒါက ရှင်းနေတာပဲ မဟုတ်လား။ မိန်းကလေး ရှန်းယွီက ကောင်းကောင်းမွန်မွန် နေထိုင်နေတာကို ရုတ်တရက်ကြီး သေသွားတာ။ တန်ယုရဲ့ စော်ကားမှုကြောင့် မဟုတ်ဘူးဆိုရင် ဒါက ယန်အိမ်တော်က နှုတ်ပိတ်ချင်လို့ သတ်ပစ်လိုက်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး ဟန်ဆောင်ထားတာပဲ ဖြစ်ရမယ်"

မူလက ရှန်းယွီ အသတ်ခံရသည်ဟု ယုံကြည်ထားသော ဝံပုလွေသွား အဖွဲ့ဝင် သုံးဦးနှင့် မိဘများမှာ ဤရှင်းပြချက်သည် ယုတ္တိတန်သည်ဟု ခံစားလိုက်ရသည်။

"ချန်စီဟိုင်... ရှင်ကတော့ တကယ့်ကို အရှက်မရှိ အစွမ်းကုန်ပါပဲလား။ ရှင့်ရဲ့ စစ်ဆေးမှု မှားယွင်းခဲ့တာကို ဂုဏ်သိက္ခာ ဆယ်ချင်လို့ သူများအပေါ် အပြစ်ပုံချနေတာလား။ ဒါလား ဆေးဧကရာဇ်နန်းဆောင်ရဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ဆိုတာ"

ယွင်ရှန်းက မထေမဲ့မြင် ပြန်လည်ပြောဆို လိုက်သည်။

သူမသည် ရှန်းယွီ၏ သတ်သေသည်ဆိုသော နာမည်ဆိုးကို ရှင်းလင်းပေးပြီး ကိစ္စကို အဆုံးသတ်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ချန်စီဟိုင်၏ စကားကြောင့် ယနေ့တွင် တရားခံအစစ်ကို မရှာဖွေနိုင်ပါက ယန်အိမ်တော်အတွက် ပြဿနာများ အဆုံးသတ်မည်မဟုတ်ကြောင်း သူမ သိလိုက်ရသည်။

"ယန်ယွင်... မင်းရဲ့ အစောပိုင်းက ခွဲခြမ်းစိတ်ဖြာချက်တွေက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ တန်ယုမှာ အပြစ်မရှိဘူးဆိုတာကို မင်းမသက်သေပြနိုင်ရင်တော့ ရှန်းယွီရဲ့ သေဆုံးမှုက ယန်

အိမ်တော်နဲ့ ပတ်သက်နေဦးမှာပဲ။ ငါတို့ ဒါကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး"

ချန်းလန်က ယွင်ရှန်း၏ ထူးခြားသော စစ်ဆေးမှုအတတ်ကို အသိအမှတ်ပြုရင်း ပြောလိုက်သည်။ သို့သော် လျိုဟောင်ကို ကရင်စားချေလိုသည့် စိတ်အား လျှော့ချရန်အတွက် ဤတွေ့ရှိချက်မျှနှင့် မလုံလောက်သေးပေ။

ဘေးမှ လျိုဟောင်သည်လည်း ခေါင်းညိတ်ပြကာ ကွယ်လွန်သူ ရှန်းယွီကို ကြင်နာမြတ်နိုးစွာ ကြည့်နေခဲ့သည်။ ယွင်ရှန်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ လူအများအား အငြိုးထားမိပြီးသား ဖြစ်နေသဖြင့် သူမသည် လူဆိုးနေရာကနေပဲ အဆုံးထိ ပါဝင်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

"လျိုဟောင်... ကျွန်မ ရှင်ကို တစ်ခုလောက် မေးပါရစေ။ သံသယရှိသူက ဘယ်သူပဲဖြစ်ဖြစ် ရှန်းယွီအပေါ် ထားတဲ့ ရှင့်ရဲ့ အချစ်က ပြောင်းလဲမှာ မဟုတ်ဘူးလား"

မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ လျိုဟောင်က ပြန်လည်ဖြေကြားသည်။

"ဒါပေါ့... ရှန်းယွီနဲ့ ငါက အတူတူ ကြီးပြင်းလာခဲ့ကြတာ။ သူမအပေါ် ထားတဲ့ ငါ့အချစ်က ဘယ်တော့မှ ယိမ်းယိုင်မှာ မဟုတ်သလို ဘယ်တော့မှလည်း ပြောင်းလဲမှာ မဟုတ်ဘူး"

"ဒါဆို နောက်ထပ် မေးခွန်းတစ်ခု မေးပါရစေ။ ရှင်နဲ့ ရှန်းယွီတို့ကြားမှာ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုးရှိခဲ့ဖူးလား"

ယွင်ရှန်း၏ စကားကြောင့် လျိုဟောင်၏ မျက်နှာမှာ နီမြန်းသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူများပင်လျှင် ရှက်သွေးဖြာသွားကြသည်။ သို့သော် ယွင်ရှန်းမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ အမူအရာမှာလည်း အလွန်ပင် လေးနက်နေသည်။

All Chapters