အခန်း (၃၆၄)
Vol. 36 Ch. 364
အခန်း ၃၆၄
"ဒီ... ဒီစကားကို ဒုတပ်မှူးယန်က ဘာလို့ ရုတ်တရက် မေးလိုက်ရတာလဲ။ ရှန်းယွီနဲ့ ကျွန်တော်က လက်မထပ်ရသေးဘူးလေ။ ကျွန်တော်က အပြင်မှာပဲ အချိန်ကုန်တာများပြီး ရှေ့နှစ်ပြန်လာမှ လက်ထပ်မယ်လို့ ကတိပေးထားတာပါ။ ကျွန်တော်တို့နှစ်ယောက်လုံးက အရမ်းကို အပြစ်ကင်းစင်ကြပါတယ်"
လျိုဟောင်က အလွန်ခက်ခဲစွာ ပြန်လည်ဖြေကြားလိုက်သည်။
"ဒါဆိုရင်တော့ သံသယရှိသူက ဘယ်သူလဲဆိုတာ ရှင်းသွားပါပြီ။ အဲဒီသူကတော့ မိန်းကလေး ရှန်းယွီရဲ့ ဝမ်းဗိုက်ထဲက မမွေးသေးတဲ့ ကလေးရဲ့ ဖခင်ပဲ ဖြစ်ရမယ်"
ယွင်ရှန်းက ပြောလိုက်ရာ လျိုဟောင်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မှင်တက်သွားတော့သည်။
ရှန်းယွီ၏ မိဘများမှာလည်း မျက်နှာအမူအရာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။ ချန်စီဟိုင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသလို ချီဖန်းဖေးမှာလည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သို့သော် ယီပိုင်မင်းမှာမူ အရာအားလုံးကို သိမြင်နားလည်သည့် အပြုံးမျိုးဖြင့် ယွင်ရှန်းကို အသိအမှတ်ပြုကာ ခေါင်းညိတ်ပြနေခဲ့သည်။
"နင်လို ယုတ်မာတဲ့ မိန်းမ... ငါ့သမီးရဲ့ ဂုဏ်သိက္ခာကို ဒီလို စော်ကားရက်တယ်လား"
ရှန်းယွီ၏ မိခင်မှာ မျက်လုံးများ ပြာဝေသွားကာ သတိလစ်မေ့မြောသွားတော့သည်။ ရှန်းယွီ၏ ဖခင်မှာမူ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ယွင်ရှန်းကို အသေအလဲ တိုက်ခိုက်ရန် ရှေ့သို့ တိုးလာတော့သည်။
လျိုဟောင်၏ မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားပြီး သူ၏ အသံမှာလည်း ရုတ်တရက် အေးစက်သွားခဲ့သည်။
"ဒုတပ်မှူးယန်... အကယ်၍ ခိုင်လုံတဲ့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်က မင်းကို မယှဉ်နိုင်ရင်တောင်မှ ဒီနေ့ အသက်နဲ့လဲပြီး တိုက်ခိုက်သွားမှာပါ"
"ကျွန်မ မဟုတ်တမ်းတရား ပြောနေတာ မဟုတ်ပါဘူး။ ခုနက ရှန်းယွီကို စစ်ဆေးနေတုန်းမှာ သူမရဲ့ ဝမ်းဗိုက်က အနည်းငယ် ဖောင်းကြွနေတာကို သတိထားမိခဲ့တယ်။ လက်ချောင်းနဲ့ ဖိကြည့်လိုက်တဲ့အခါမှာလည်း ဗိုက်က အတွင်းကို ချိုင့်ဝင်မသွားဘူး။ အခု မိန်းကလေး ရှန်းယွီရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပြန်ကြည့်လိုက်ပါဦး... သူမရဲ့ ခြေလက်တွေက အရမ်းကို သွယ်လျနေတာပါ"
ယွင်ရှန်းက အလွန်အမင်း ဂရုတစိုက် လေ့လာထားသည့် အချက်ကို ပြောပြလိုက်သည်။
မဟာကျိုးနိုင်ငံတွင် သာမန်လူများပင်လျှင် သိုင်းပညာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကြောင့်၊ သိုင်းမသင်ကြားသော အမျိုးသမီးများပင်လျှင် လက်စွပ်ကျဉ်း၊ ခါးသိမ်သော ဟူဝတ်စုံမျိုးကို ဝတ်ဆင်လေ့ရှိကြသည်။ သို့သော် ခေါင်းတလားအတွင်းရှိ ရှန်းယွီ ဝတ်ဆင်ထားသည်မှာ လက်ပွ၊ ခါးမပါသော လိုစကတ်မျိုး ဖြစ်နေသည်။ ထို့ကြောင့်ပင် သာမန်လူများက သူမ၏ ခါးနှင့် ဝမ်းဗိုက်ပိုင်းမှ ထူးခြားမှုကို သတိမထားမိခဲ့ကြခြင်းပင်။
"ဝတ်စုံကို ကြည့်ရုံနဲ့ သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ ဘယ်လို သက်သေပြမှာလဲ။ လမ်းပေါ်မှာ လက်ပွဝတ်စုံ ဝတ်ထားတဲ့ မိန်းမတွေ အများကြီးရှိတာပဲ။ သူတို့အားလုံးကလည်း ကိုယ်ဝန်ရှိနေကြတာလား"
ချီဖန်းဖေးက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ယွင်ရှန်း၏ စကားကို ကန့်ကွက်လိုက်သည်။
"ဝမ်းဗိုက်ကို ရိုးရိုးရှင်းရှင်း ခွဲစိပ်စစ်ဆေးကြည့်တာနဲ့တင် အမှန်တရားက ပေါ်ထွက်လာမှာပါ။ မိန်းကလေး ရှန်းယွီရဲ့ ဗိုက်ထဲက သန္ဓေသားမှာ အရိုးနဲ့ အသားတွေ ရှိနေပြီဖြစ်လို့ အနည်းဆုံး လေးလသားလောက် ရှိနေပါပြီ"
ယွင်ရှန်း၏ စကားများမှာ ရှေ့ဖြစ်ဟောကိန်းများကဲ့သို့ပင်။
ဝမ်းဗိုက်ကို ခွဲစိပ်စစ်ဆေးခြင်းတဲ့လား။
ယွင်ရှန်း၏ စကားကြောင့် ယန်ချန်းလန်နှင့် ယီပိုင်မင်းတို့ပင်လျှင် မျက်နှာပျက်သွားကြရသည်။ ကွယ်လွန်သူကို ဒုတိယအကြိမ် အလောင်းစစ်ဆေးခြင်းမှာပင် ကိစ္စကြီးတစ်ခု ဖြစ်နေပြီဖြစ်ရာ ယခုကဲ့သို့ ဝမ်းဗိုက်ကို ခွဲစိပ်စစ်ဆေးရန် အကြံပြုခြင်းမှာ ဝူကျီ တိုက်ကြီးပေါ်တွင် လုံးဝ မကြားဖူးကာ မကြားဝံ့မနာသာ ကိစ္စပင်။
"မိုက်မဲလိုက်တာ နင်က ဆေးဆရာတစ်ယောက် ဟုတ်ကော ဟုတ်ရဲ့လား။ ကလေးတစ်ယောက်ကို ထုတ်ဖို့အတွက် အလောင်းကို ခွဲစိပ်ရမယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ နင်က ဆေးဆရာဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး"
ချန်စီဟိုင်သည် နောက်ဆုံးတွင် ယွင်ရှန်း၏ အားနည်းချက်ကို မိသွားပြီဟု ယူဆကာ လှောင်ပြောင်၍ ပြောဆို လိုက်သည်။
"ချန်စီဟိုင်... ရှင်က ဆေးဆရာတစ်ယောက် ဖြစ်နေပြီး လူတစ်ယောက်မှာ ကိုယ်ဝန်ရှိမရှိတောင် မသိဘူးလား။ ရှင့်လိုလူမျိုးမှသာ ဆေးပညာလောကကို အရှက်ခွဲနေတဲ့သူပါ"
ယွင်ရှန်းသည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းက လူအများ၏ ဝေဖန်မှုကို ခံရမည်ကို သိထားသည်။ ဤခေတ်ကာလတွင် ရုပ်အလောင်းကို စော်ကားခြင်းမှာ ပြင်းထန်သော ပြစ်ဒဏ်ထိုက်သည့် ကိစ္စဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ရှန်းယွီတွင် ခြောက်လသား ကိုယ်ဝန်ရှိနေကြောင်းကို အစောပိုင်းက ထုတ်မပြောခဲ့ခြင်းပင်။
"ဟုတ်တယ်... ငါ့သမီးရဲ့ အလောင်းကို စော်ကားခွင့် မပေးနိုင်ဘူး"
ရှန်းယွီ၏ မိခင်မှာ မရပ်မနား ငိုကြွေးရင်း ကန့်ကွက်နေဆဲပင်။
"အားလုံး တိတ်ကြစမ်း"
လျိုဟောင်သည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်အလား ဟိန်းဟောက်လိုက်ရာ ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
"ယန်ယွင်... မင်းကို ငါ နောက်ဆုံးတစ်ခါ ထပ်မေးမယ်။ မင်း တကယ်ပဲ သေချာလား... ရှန်းယွီမှာ ကိုယ်ဝန်ရှိနေတာ"
အကယ်၍ ယွင်ရှန်းပြောသည်မှာ အမှန်ဖြစ်ပါက လွန်ခဲ့သော လေးလခန့်က ရှန်းယွီသည် တန်ယု၏ စော်ကားခြင်းကို မခံရသေးပေ။ သို့ဖြစ်လျှင် သူမ၏ ဝမ်းဗိုက်ထဲက ကလေးမှာ တန်ယုနှင့် မသက်ဆိုင်ဘဲ ထိုကလေး၏ ဖခင်ဖြစ်သူမှာသာ အဓိက သံသယရှိသူ ဖြစ်လာပေလိမ့်မည်။
အလောင်းခွဲစိပ်ခြင်းမှာ တုန်လှုပ်စရာကောင်းပြီး လူမှုပတ်ဝန်းကျင်က လက်မခံနိုင်သော်လည်း အကယ်၍ ဤသို့ မလုပ်ဆောင်ပါက ရှန်းယွီကို သတ်ခဲ့သူမှာ အပြစ်မှ လွတ်မြောက်သွားပေလိမ့်မည်။
"ဦးလေးနဲ့ အဒေါ်..."
လျိုဟောင်သည် ပူဆွေးနေသော သက်ကြီးရွယ်အို နှစ်ဦး၏ ရှေ့တွင် ဒူးထောက်လိုက်သည် "ရှန်းယွီကို ကျွန်တော် ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့တာ ကျွန်တော့်အမှားပါ။ ကျွန်တော် ကတိပေးပါတယ်။ အကယ်၍ ဒီနေ့ ရှန်းယွီမှာ ကိုယ်ဝန်မရှိဘူးလို့ တွေ့ရှိရရင် ကျွန်တော် လျိုဟောင်က သူမကိုပဲ လက်ထပ်ပြီး တစ်သက်လုံး ဇနီးသည်အဖြစ် ဂုဏ်ပြုသွားပါ့မယ်။ အကယ်၍ ရှန်းယွီမှာ ကိုယ်ဝန်ရှိနေတာ အမှန်ဆိုရင်လည်း ကျွန်တော်က သူမကို ညီမအရင်းတစ်ယောက်လို သတ်မှတ်ပြီး နောင်နှစ် ချင်းမင်ပွဲတော်နဲ့ ချုံယန်ပွဲတော်တွေမှာ မိသားစုဝင်တစ်ယောက်အနေနဲ့ ဝတ်ပြုကန်တော့သွားပါ့မယ်"
သူသည် စကားအဆုံးတွင် လူကြီးနှစ်ဦးကို သုံးကြိမ်တိုင်တိုင် ဦးတိုက် ကန်တော့လိုက်သည်။ လျိုဟောင်၏ လုပ်ရပ်ကြောင့် လူကြီးနှစ်ဦးမှာ မျက်ရည်ကျခဲ့ရပြီး အဆုံးတွင်မူ သူတို့၏ သဘောတူညီချက်ကို ခေါင်းညိတ်ပြလိုက်ကြတော့သည်။
"ကျွန်မလည်း ကတိပေးပါတယ်။ အကယ်၍ ကျွန်မရဲ့ ဆုံးဖြတ်ချက် မှားယွင်းပြီး မိန်းကလေး ရှန်းယွီရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့မယ်ဆိုရင် မဟာကျိုးရဲ့ ပြစ်ဒဏ်ကို ခံယူမယ့်အပြင် နောက်ဘယ်တော့မှ ဆေးဆရာအဖြစ် အသက်မွေးမှာ မဟုတ်ပါဘူး"
ယွင်ရှန်းက ပြတ်သားစွာ ကြေညာလိုက်သည်။
၎င်းကို ကြားသောအခါ ချန်စီဟိုင်၏ မျက်နှာတွင် တုန်လှုပ်မှုနှင့် မသေချာမှုများ ဖုံးလွှမ်းသွားသည်။ စင်စစ်တွင် သူသည် ရှန်းယွီ၌ ကိုယ်ဝန်ရှိမရှိကို မသိရှိခဲ့ပေ။ သူသည် လက်နှင့် မျက်စိကိုသာ အားကိုးပြီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်ဝမ် ကိုယ်တိုင် လာရောက်လျှင်ပင် သေဆုံးသူတွင် ကိုယ်ဝန်ရှိမရှိကို အတပ်ပြောရန် မလွယ်ကူလှပေ။ အကြောင်းမှာ အသက်ရှင်သူနှင့် သေဆုံးသူမှာ မတူညီသောကြောင့်ပင်။ မှော်ဝင်အစီရင်က အပေါ်ယံ ပုပ်သိုးမှုကို တားဆီးပေးထားသော်လည်း ကိုယ်တွင်းအင်္ဂါများနှင့် အရေပြား တင်းအားမှာမူ ပြောင်းလဲမှုများ ရှိနေတတ်သောကြောင့်ပင်။
ဝူကျီတိုက်ကြီးပေါ်ရှိ ဆေးဆရာများ၊ အထူးသဖြင့် ဆေးဧကရာဇ်နန်းဆောင်မှ လူများသည် ဆေးလုံးဖော်စပ်ခြင်းအပေါ်၌သာ အဓိကအာရုံစိုက်ကြပြီး လူ့ခန္ဓာကိုယ် တည်ဆောက်ပုံ အစိတ်အပိုင်းများကိုမူ ရှေးဟောင်းတရုတ်ဆေးပညာ၏ အပေါ်ယံကြည့်ရှုစမ်းသပ်သည့် နည်းလမ်းလေးမျိုးဖြစ်သော ကြည့်ခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း အဆင့်လောက်တွင်သာ နားလည်ထားကြသည်။
သို့သော် ယွင်ရှန်းကမူ ထိုသူများနှင့် မတူပေ။ သူမသည် အနောက်တိုင်းဆေးပညာကို လေ့လာခဲ့ဖူးသည့်အပြင် ထူးခြားသည့် စွမ်းဆောင်ရည်နှစ်ခုဖြစ်သော ရှန်းနုန်၏ မျက်ဝန်းနှင့် ယန်လင်၏ လက်တို့ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ စွမ်းရည်များမှာ ဝူကျီတိုက်ကြီးရှိ မည်သည့်သာမန်ဆေးဆရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင်။
သူမ၏ ရှန်းနုန်၏ မျက်ဝန်း မှာ လူ့ခန္ဓာကိုယ်တွင်း ကလီစာများကိုပါ ထိုးဖောက်မြင်နိုင်သည့် တတိယအဆင့်သို့ မရောက်ရှိသေးသော်လည်း အခြားသူများ သတိမထားမိနိုင်သည့် အသေးငယ်ဆုံးသော အချက်အလက်များကိုမူ အသေအချာ စောင့်ကြည့်လေ့လာနိုင်သည်။ သူမ၏ လက်နှစ်ဖက်မှာလည်း သာမန်လူထက် အဆပေါင်းများစွာ ပိုမိုအာရုံခံစားနိုင်စွမ်း ရှိသည်။ အခြားသူများ အတည်မပြုနိုင်သည့် အရာများကို သူမက မျက်လုံးနှင့် လက်တို့ကို ပေါင်းစပ်အသုံးပြု၍ တိကျစွာ ဆုံးဖြတ်နိုင်သည်။
"ဒါပေမဲ့..."
ယွင်ရှန်းက သူမ၏ လေသံကို ရုတ်တရက် ပြောင်းလဲလိုက်သည်။
"အကယ်၍ ခုနက ကျွန်မပြောခဲ့တာတွေ အားလုံးက အမှန်ဖြစ်ခဲ့ရင် ကျွန်မကို အခုလေးတင် စော်ကားခဲ့တဲ့ ဆရာဝန်ချန်းမှာလည်း တာဝန်ရှိတယ် မဟုတ်လား။ ရှင်က အလောင်းစစ်ဆေးမှုကို အရင်ဆုံး မှားယွင်းအောင် လုပ်ခဲ့တယ်။ ပြီးတော့ တခြားဆေးဆရာတွေကိုပါ ဆဲဆိုစော်ကားခဲ့သေးတယ်။ ဒီလိုကျင့်ဝတ်နဲ့ ဒီလိုအမူအကျင့်မျိုးရှိတဲ့လူက ဆေးဆရာတစ်ယောက်အဖြစ် ဘယ်လိုလုပ် ဆက်ရပ်တည်နိုင်ဦးမှာလဲ"
ချန်စီဟိုင်မှာ ထိုမေးခွန်းကြောင့် ဆွံ့အသွားရသည်။ ပြောပြီးသားစကားမှာ သွန်ပြီးသားရေကဲ့သို့ ပြန်ယူ၍မရတော့ရာ ယခုအခါတွင်မူ ချီဖန်းဖေးက သူ့ကို ကာကွယ်ပေးလိမ့်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။
ယွင်ရှန်း၏ စိန်ခေါ်မှုကို ခံလိုက်ရသော ချီဖန်းဖေးသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အကယ်၍ နင်ပြောတာ မှန်ကန်ကြောင်း သက်သေပြနိုင်ရင် ငါတို့ ဆေးဧကရာဇ်နန်းဆောင်က ချန်စီဟိုင်ကို ထိုက်တန်သလို အရေးယူပါ့မယ်။ သူ့ရဲ့ ဆေးဆရာအမှတ်အသား တံဆိပ်ကို ပြန်သိမ်းပြီး တစ်သက်လုံး ဆေးကုသခွင့် ပိတ်ပင်တားမြစ်သွားမှာပါ"
တကယ်ကို လည်လွန်းတဲ့ ကောင်မလေးပဲ... လူအများရှေ့မှာ ပြတ်သားတဲ့ စကားလုံးတွေ သုံးပြီး ငါ့ကိုပါ ကတိပေးခိုင်းဖို့ ဖိအားပေးလိုက်တာပဲ။
ချီဖန်းဖေးသည် သူမ၏နှာခေါင်းကို ကြိုးထိုး၍ ဆွဲခေါ်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ အစောပိုင်း အလောင်းစစ်ဆေးမှုမှသည် လက်တွေ့သရုပ်ပြမှု၊ ပြီးနောက် ရှန်းယွီ၏ မိဘများကို နားချနိုင်ခဲ့သည်အထိ ဖြစ်စဉ်တစ်ခုလုံးမှာ ဤမိန်းကလေး၏ စနစ်တကျ ကြိုတင်စီစဉ်ထားသည့် လက်ခုပ်ထဲက ရေကဲ့သို့သာ ဖြစ်နေတော့သည်။
ဆေးဧကရာဇ်နန်းဆောင်တွင် ချီဖန်းဖေးသည် အဆင့်မြင့်ရာထူးရှိသူဖြစ်ပြီး အခြားသူများက သူမ၏ အမိန့်ကိုသာ နာခံခဲ့ကြသော်လည်း ယနေ့တွင်မူ ပြောင်းပြန်ဖြစ်နေသည်။ ၎င်းက သူမကို အလွန်စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း ယွင်ရှန်းအပေါ် ဒေါသပုံချ၍ မရနိုင်သေးပေ။
"ကောင်းပြီ"
ယွင်ရှန်း၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် သူမ၏ ခွဲစိပ်ဓားကို ထုတ်ယူလိုက်သည်။
ယွင်ရှန်း၏ ထူးဆန်းသော ကိရိယာကို မြင်လိုက်ရသော်လည်း ဘေးမှကြည့်နေသူများမှာ အလွန်အမင်း အံ့ဩခြင်း မရှိကြပေ။ သို့သော် ချန်စီဟိုင်နှင့် ချီဖန်းဖေးတို့မှာမူ ဤကဲ့သို့သော ကိရိယာမျိုးကို တစ်ခါမျှ မမြင်ဖူးကြချေ။
ထက်မြက်လှသော ခွဲစိပ်ဓားဦးမှာ ရှန်းယွီ၏ ဖြူလျော့နေသော ဝမ်းဗိုက်ပေါ်သို့ အသာအယာ လျှောတိုက်သွားတော့သည်။ သူမ၏ မိဘများမှာမူ ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ကြရသည်။ တန်ယုမှာမူ သွေးစိမ်းရှင်ရှင် မြင်ကွင်းကြောင့် ပျို့အန်လာပြီး နံရံကို အမှီပြုကာ အန်ထုတ်နေတော့သည်။
သူ၏မြေးဖြစ်သူမှာ ဤမျှအထိ သနားစရာကောင်းလောက်အောင် ပျော့ညံ့နေသည်ကို မြင်သောအခါ ယန်ပါးဟို၏ မျက်နှာမှာ ပိုမို၍ပင် မနှစ်မြို့ဖွယ် ဖြစ်သွားတော့သည်။