← Chapters

အခန်း (၃၆၅)

Vol. 36 Ch. 365

အခန်း (၃၆၅)

Vol. 36 Ch. 365

အခန်း ၃၆၅

ယန်ချန်းရွှယ်သည် ယွင်ရှန်း၏ တိမ်တိုက်များ ရွေ့လျားနေသကဲ့သို့ ချောမွေ့လွန်းလှသော လှုပ်ရှားမှုများကို စိုက်ကြည့်နေမိသည်။

စင်စစ်တွင် ရုပ်အလောင်းကို ဗိုက်ခွဲထုတ်ခြင်းမှာ အလွန်ပင် ရွံရှာထိတ်လန့်ဖွယ် ကောင်းလှသော်လည်း ယွင်ရှန်း၏ လက်ရာမှာမူ ကြည့်ရသူကို ပျို့အန်ခြင်း မဖြစ်စေဘဲ အနုပညာတစ်ခုကို ဖန်တီးနေသကဲ့သို့ ရှိနေသည်။ သူမ၏ ဓားချက်တစ်ခုချင်းစီမှာ ပိုးသားအကောင်းစားကို ပုံဖော်နေသကဲ့သို့ တိကျလွန်းလှသည်။

"ထွက်လာပြီ"

ကျိုးချွမ်သည် မနေနိုင်ဘဲ အနားသို့ တိုးကြည့်ရန် ကြိုးစားသော်လည်း ယန်ချန်းလန်က ချက်ချင်းပင် လှမ်းဖမ်းတားဆီးလိုက်ရသည်။ ယွင်ရှန်းမှာမူ မျက်မှောင်တစ်ချက်ပင် မကြုတ်ဘဲ အသားခဲတစ်ခုကို အသာအယာ ထုတ်ယူလိုက်သည်။

မျက်နှာအင်္ဂါရပ်များ အပြည့်အစုံ မပေါ်သေးသော်လည်း ၎င်းမှာ အမှန်တကယ်ပင် လေးလသားအရွယ် သန္ဓေသားရုပ်အလောင်းလေး ဖြစ်နေတော့သည်။

"သနားစရာကောင်းတဲ့ ငါ့သမီးလေးရယ်..."

ရှန်းယွီ၏ မိခင်မှာ ဖခင်ဖြစ်သူကို ဖက်တွယ်ရင်း အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။ လျိုဟောင်မှာမူ နာကျင်မှုကြောင့် မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်ရပြီး ယန်အိမ်တော်မှ လူများမှာမူ သက်ပြင်းကိုယ်စီ ချနိုင်ခဲ့ကြပြီ ဖြစ်သည်။

ချန်စီဟိုင်မှာမူ အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။ ချီဖန်းဖေး၏ မျက်နှာတွင်မူ မည်သည့်ခံစားချက်မျှ မရှိတော့ဘဲ အေးစက်တိတ်ဆိတ်နေတော့သည်။

စီအန်းခန်းမငယ်နှင့် ယွင်ရှန်းတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ အောင်ပွဲခံလိုက်ပြန်သည်။

ယွင်ရှန်းသည် သန္ဓေသားလေးကို ရှန်းယွီ၏ဘေးတွင် ဂရုတစိုက်ထားရှိပေးပြီးနောက် ရှန်းယွီ၏ ရုပ်အလောင်းကို ပြန်လည်စီစဉ်ကာ သေသပ်စွာ ပြန်လည်ချုပ်လုပ်ပေးလိုက်သည်။ တည်ငြိမ်အေးချမ်းသွားသော ရှန်းယွီ၏မျက်နှာကို ကြည့်ရင်း ယွင်ရှန်းက တိုးညှင်းစွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သတ်တဲ့သူကို ကျွန်မ မဖြစ်မနေ ရှာဖွေပေးပါ့မယ်"

ဝံပုလွေသွား မုဆိုးတပ်ဖွဲ့မှ ခေါင်းဆောင်နှစ်ဦးမှာမူ မျက်နှာပျက်နေကြတော့သည်။ ကိစ္စအဝဝမှာ ဤမျှအထိ ကြီးကျယ်သွားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့သလို ယန်အိမ်တော်နှင့်ပင် အဆက်အသွယ် ပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။ အဆုံးတွင်မူ အမှန်တရားမှာ ဤသို့ ဖြစ်နေခဲ့သည်။

ဝံပုလွေခေါင်းဆောင်သည် လျိုဟောင်၏ ပခုံးကို ပုတ်ကာ ရှေ့သို့ လှမ်းထွက်လိုက်ပြီး နောင်တရသည့် အပြုံးမျိုးဖြင့် "ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်တို့ စိတ်စောသွားမိတယ်။ ဝံပုလွေသွား တပ်ဖွဲ့ကိုယ်စား ယန်အိမ်တော်က လူအားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်။ စောစောက ဖြစ်ပျက်ခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက်လည်း ကျွန်တော်တို့ အပြည့်အဝ လျော်ကြေးပေးပါ့မယ်" ဟု ပြောလိုက်သည်။

"လျော်ကြေးပေးတော့ ဘာထူးမှာလဲ။ ငါ့သားရဲ့ ဂုဏ်သိက္ခာက ပြန်ရမှာမို့လို့လား"

ယန်ချန်းရွှယ်နှင့် တန်ယု သားအမိမှာ အမှုမှ လွတ်ကင်းသွားပြီဖြစ်ရာ ယန်ချန်းရွှယ်သည် ရုပ်ချင်းချက်ချင်းပြောင်းသွားပြီး မုဆိုးများနှင့် ရှန်းယွီ၏ မိသားစုကို ဒေါသတကြီး ပြန်လည်ဆဲဆိုတော့သည်။

"တော်တော့ ညီမလေး။ တန်ယုသာ အမှားမလုပ်ခဲ့ရင် ဘယ်သူက သူ့ကို လာပြီး စွပ်စွဲနိုင်မှာလဲ။ ဒါ့အပြင် သူက သာမန်မိန်းကလေးတစ်ယောက်ကို စော်ကားခဲ့တာက မဟာကျိုး ရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီးသားပဲ။ မိန်းကလေး ရှန်းယွီက သူ့လက်ချက်ကြောင့် သေတာမဟုတ်ရင်တောင်မှ သူဟာ စစ်ဘက်ဆိုင်ရာဌာနကို သွားပြီး ပြစ်ဒဏ်ခံယူရမှာပဲ"

ယန်ချန်းလန်သည် စိတ်သက်သာရာရသွားသော်လည်း ယနေ့တိုင် နောင်တမရသေးသော ယန်ချန်းရွှယ်ကို ကြည့်ကာ အလွန်စိတ်ပျက်နေမိသည်။

အကယ်၍ ယွင်ရှန်းသာ မရှိခဲ့ပါက ယန်အိမ်တော်တွင် ပါးစပ်ပေါင်း တစ်ထောင်ရှိလျှင်ပင် ဤကိစ္စကို ရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းပြင် ဤကိစ္စ ပြေလည်သွားသော်လည်း နောက်ရကအနည်းငယ်တွင် လာရောက်မည့် သွေးစွန်းသောလက်ဂိုဏ်းမှ လူများ၏ ပြဿနာမှာ ကျန်ရှိနေသေးသည်။ ဤဖြစ်ရပ်ကြောင့် ယန်အိမ်တော်မှာ ယွီကျင်းမြို့၏ အာရုံစိုက်မှုအောက်သို့ ရောက်ရှိသွားပြီး နန်းတွင်းရှိ မလိုတမာစိတ်ရှိသူများက ယန်အိမ်တော်၏ အားနည်းချက်ကို ဖမ်းဆုပ်ရန် စောင့်ဆိုင်းနေကြပေလိမ့်မည်။

ယန်အိမ်တော်ကို ကာကွယ်ရန်အတွက်မူ တန်ယုကို အာဏာပိုင်များထံ လွှဲပြောင်းပေးပြီး ဥပဒေအတိုင်း အရေးယူစေခြင်းဖြင့်သာ လူထု၏ ဝေဖန်သံများကို တိတ်ဆိတ်သွားစေနိုင်မည် ဖြစ်သည်။

"ဦးလေး... ကျွန်တော့်ကို အပြစ်ပေးဖို့ ပို့တော့မလို့လား"

တန်ယုသည် ညှစ်ထားခံရသဖြင့် အသံမှာ တုန်ယင်နေသော်လည်း စကားပြန်ပြောနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ လူသတ်မှုမှ လွတ်မြောက်ပြီးကာရှိသေး ပြစ်ဒဏ်ထပ်ခံရဦးမည်ဟု ကြားလိုက်ရသောအခါ သူသည် မြေပြင်ပေါ်သို့ ဝပ်စင်းကာ ကလေးတစ်ယောက်လို အော်ဟစ်ငိုယိုတော့သည်။

"တန်ယု... မင်းကတော့ ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ"

သားအမိနှစ်ယောက်၏ ဒရာမာများကို ကြည့်ရင်း ယန်ပါးဟို၏ ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားတော့သည်။ ယန်ချန်းလန်နှင့် ယွင်ရှန်းတို့ ယခင်က ပြောခဲ့သမျှမှာ အမှန်တရားများဖြစ်ကြောင်း သူ ယခုမှပင် သဘောပေါက်လိုက်တော့သည်။

အကယ်၍ တန်ယုသာ ဤကဲ့သို့ မိုက်မဲစွာ ဆက်လက်ပြုမူနေမည်ဆိုပါက ယန်အိမ်တော်မှာ တစ်နေ့နေ့တွင် ပျက်စီးခြင်းသို့ ဆိုက်ရောက်ပေလိမ့်မည်။

ယန်ပါးဟိုသည် စိတ်ကိုတင်းထားပြီး ပြတ်သားစွာ အမိန့်ပေးလိုက်တော့သည်။

"ဦးလေးယန်... သခင်လေးကို ခုချက်ချင်း စစ်ဘက်ဆိုင်ရာဌာနကို ခေါ်သွားပြီး အပြစ်ပေးဖို့ အပ်လိုက်တော့။ ယန်ချန်းရွှယ်... မင်းသာ ဒီတစ်ခါ ထပ်ပြီး အနှောင့်အယှက်ပေးရဲရင် မင်းနဲ့ မင်းသားကို ယန်အိမ်တော်ကနေ အပြီးအပိုင် နှင်ထုတ်ပစ်မယ်"

ယန်အိမ်တော်က နှင်ထုတ်မယ် ဟုတ်လား။

မြေပြင်ပေါ်တွင် ဇွတ်တရွတ်လုပ်နေသော တန်ယုမှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ယန်ချန်းရွှယ်၏ မျက်နှာမှာလည်း သွေးစုတ်ဖြူလျော်သွားကာ မည်သည့်အရောင်မျှ မရှိတော့ချေ။

ယခုတစ်ကြိမ်တွင်မူ ယန်ပါးဟိုသည် အမှန်တကယ်ပင် ဒေါသထွက်နေခြင်း ဖြစ်သည်။

ယခင်က တန်ယု မည်မျှပင် ပြဿနာရှာရှာ ယန်ချန်းရွှယ်က နောက်ကွယ်မှ မည်သို့ပင် ကြံစည်နေပါစေ ယန်ပါးဟိုသည် အမြဲတမ်း နှုတ်ဆိတ်နေခဲ့သည်။ သူ၏ နှုတ်ဆိတ်နေမှုမှာ ဝေခွဲမရခြင်း သို့မဟုတ် ဘာမှမသိနားမလည်ခြင်းကြောင့် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယန်အိမ်တော်သည် နှစ်ပေါင်းများစွာအတွင်း အခိုင်အမာ ရပ်တည်နိုင်ခဲ့ခြင်းမှာ ယန်ပါးဟိုကြောင့်သာ ဖြစ်သည်။ သူသည် အိမ်တွင်းရေးကိစ္စများကို လက်ရှောင်နေပုံရသော်လည်း ဦးလေးယန်မှတစ်ဆင့် အိမ်တော်အတွင်း ဖြစ်ပျက်သမျှကို အားလုံး သိရှိထားသူဖြစ်သည်။

သူ၏ သားကြီးဖြစ်သူ ယန်ချန်းဟိုင် ချစ်သူနှင့် ခိုးရာလိုက်ပြေးသွားခြင်းမှာ ယန်ပါးဟိုအတွက် အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ထို့ကြောင့် သူ အလိုရှိသည်မှာ ယန်အိမ်တော်ကို မပြိုကွဲစေရန်နှင့် ဤမိသားစုကို ဆက်လက်ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် အရာရာကို သည်းခံပေးခဲ့ခြင်းပင်။ ယန်ချန်းရွှယ်နှင့် တန်ယုတို့သည် သူ၏ အကန့်အသတ်ကို ကျော်လွန်ခြင်းမရှိသရွေ့ သူက မသိချင်ယောင်ဆောင်ပေးခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ဤသားအမိမှာ အတိုင်းထက်အလွန် ဖြစ်သွားကာ သွေးစွန်းသောလက်ဂိုဏ်းကို သွားရောက်ရန်စခြင်း၊ သာမန်မိန်းကလေးများကို စော်ကားခြင်းတို့မှာ ယန်အိမ်တော် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်ကို တစ်ခဏချင်းအတွင်း ပျက်စီးစေလုနီးပါးပင်။

ယွင်ရှန်း၏ ကြားဝင်စွက်ဖက်မှုမှာ ယန်ချန်းရွှယ်နှင့် သူမ၏သားကို သင်ခန်းစာပေးရုံသာမက စစ်သူကြီးကြီးအတွက်ပါ သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။

"ညီမလေး... ကိုယ့်ကိုယ်ကိုယ် လမ်းပိတ်အောင် မလုပ်စမ်းပါနဲ့"

ကြောင်အမ်းအမ်း ဖြစ်နေသော ယန်ချန်းရွှယ်ကို ကြည့်ကာ ယန်ချန်းလန်က သူ၏လူများကို အမိန့်ပေး၍ မှင်တက်နေသော တန်ယုကို တုပ်နှောင်ကာ စစ်ဘက်ဆိုင်ရာဌာနသို့ ပို့ဆောင်ခိုင်းလိုက်သည်။

ယန်ချန်းရွှယ်သည် ထက်မြက်သူတစ်ဦးဖြစ်သည်။ သို့မဟုတ်ပါက လွန်ခဲ့သောနှစ်များအတွင်း ယန်အိမ်တော်ကို ဤမျှ ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်မဟုတ်ပေ။ သူမ ယခင်က ဥပဒေမဲ့ ပြုမူရဲခြင်းမှာ သူမ၏ ဒုတိယအစ်ကိုမှာ အာဏာလုရန် စိတ်မဝင်စားကြောင်းနှင့် ဖခင်ဖြစ်သူက သူမကို အလိုလိုက်ထားကြောင်း ကောင်းစွာသိသောကြောင့်ဖြစ်သည်။ သို့သော် အကယ်၍ ယန်ပါးဟိုကသာ သူမကို အိမ်တော်မှ နှင်ထုတ်လိုက်ပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

ယန်အိမ်တော်၏ အကာအကွယ်မရှိဘဲ သူမသည် အသက် ၃၀ ကျော် အမျိုးသမီးစစ်သညတစ်ဦးမျှသာ ဖြစ်ပြီး အလိုလိုက်ထားသော သားတစ်ယောက်နှင့်အတူ မည်သည့်အကာအကွယ်မှမရှိဘဲ အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

ယန်ချန်းရွှယ်သည် ထုံထိုင်းစွာဖြင့် အိမ်တော်အတွင်းသို့ လျှောက်လှမ်းဝင်သွားပြီးနောက် ယန်ချန်းလန်က သက်ပြင်းတစ်ချက်ချကာ အိမ်တော်ရှေ့မှ ပရမ်းပတာဖြစ်နေသည်များကို ရှင်းလင်းရန် ဦးလေးယန်ကို တာဝန်ပေးလိုက်သည်။ ယန်ပါးဟိုသည် ယွင်ရှန်းကို ကြည့်ကာ စကားတစ်လုံးမျှ မဆိုနိုင်ဘဲ သက်ပြင်းအရှည်ကြီး ချလျက် အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

ရှန်းယွီ၏ မိသားစုမှာလည်း ခေါင်းတလားကို သယ်ဆောင်သွားကြပြီဖြစ်သည်။ ရှန်းယွီ၏ မိဘများကို နှစ်သိမ့်ပေးပြီးနောက် လျိုဟောင်သည် အချို့သောအချက်များကို မေးမြန်းစုံစမ်းပြီးနောက် ရောက်ရှိလာသည်။

"ဒုတပ်မှူးယန်... မင်းရဲ့ တရားမျှတမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် စုံစမ်းကြည့်လိုက်တော့ ရှန်းယွီရဲ့ ညီမဖြစ်သူ ရှန်းဖေက ကျွန်တော်တို့ကို ပြောပြစရာ ရှိတယ်လို့ ဆိုပါတယ်"

လျိုဟောင်က မလှမ်းမကမ်းတွင်ရှိသော အဖြူရောင် ဝတ်စုံဝတ်ထားသည့် မိန်းကလေးငယ်တစ်ဦးကို လက်လှမ်းပြလိုက်သည်။

ထိုမိန်းကလေးမှာ အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး အလွန်နုနယ်သေးသည်။ သို့သော် သူမသည် ကွယ်လွန်သူ ရှန်းယွီနှင့် ၇၀ ရာခိုင်နှုန်းခန့် ဆင်တူသော်လည်း သူမ၏ ရုပ်ရည်မှာ ရှန်းယွီထက် ပို၍ ရိုးသားဖြူစင်သော အလှမျိုး ရှိသည်။ လျိုဟောင် လက်လှမ်းပြသည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသော်လည်း အနားသို့ ချဉ်းကပ်လာကာ အခြားသူများကို အနေခက်စွာ နှုတ်ဆက်လိုက်သည်။

"သမီးရဲ့ အမမှာ အပြင်မှာ တခြားလူတစ်ယောက်ရှိနေတာကို သမီး ခပ်ရေးရေးတော့ သိခဲ့တယ်။ မိဘတွေတော့ မသိကြဘူး"

ရှန်းဖေသည် သူမ၏ အစ်မတွင် ကိုယ်ဝန်ရှိနေကြောင်း ယွင်ရှန်း ပြောသည်အထိ ထိုအကြောင်းကို မစဉ်းစားမိခဲ့ပေ။ ထိုအခါမှသာ သူမ၏ အစ်မသည် လွန်ခဲ့သော အတန်ကြာက အမျိုးသားတစ်ဦးနှင့် တွေ့ဆုံနေခဲ့သည်ကို သတိရသွားခြင်းပင်။

"အမက မိဘတွေကို မပြောဘဲ ခဏခဏ ခိုးထွက်တတ်တယ်။ အမြဲတမ်း ညဘက်တွေမှာပဲ ထွက်တာဆိုတော့ အိမ်ကလူတွေ ဘယ်သူမှ မသိကြဘူး"

ရှန်းဖေသည် သူမ၏ အစ်မကို အိမ်ထောင်ဖက်ရှိပြီးသားဖြစ်၍ ဤကဲ့သို့ မပြုမူရန် အကြံပေးခဲ့ဖူးသည်။ သို့သော် ရှန်းယွီက သူမကို ရယ်မောကာ "နင်က ယောင်္ကျားနဲ့ မိန်းမ ကိစ္စတွေကို နားမလည်ပါဘူး" ဟု ပြေဋခဲ့သည်။ ထို့ပြင် လျိုဟောင်ကိုလည်း အမျိုးသမီးတစ်ဦးကို ဘယ်လို မြတ်နိုးရမလဲ မသိသော ကြမ်းတမ်းသည့် မုဆိုးတစ်ဦးဟု ပြောကာ သူမအနေဖြင့် ဤစေ့စပ်ထားမှုကိုသာ နာခံနေရခြင်းဖြစ်ပြီး လက်တွေ့တွင် လျိုဟောင်ကို အနည်းငယ်မျှ မချစ်ကြောင်း ဝန်ခံခဲ့ဖူးသည်။

၎င်းကို ကြားလိုက်ရသောအခါ လျိုဟောင်၏ မျက်နှာမှာ ပို၍ပင် ညှိုးငယ်သွားတော့သည်။ သူသည် ရှန်းယွီ သေဆုံးမှုအတွက် သူ၏ နှလုံးသားနှင့် ခွန်အားအားလုံးကို အသုံးချကာ အချိန်

အတော်ကြာ ဝမ်းနည်းခဲ့ရသော်လည်း အမှန်တကယ်တွင်မူ သူမ၏ နှလုံးသားမှာ သူနှင့်အတူ မရှိခဲ့ကြောင်း သိလိုက်ရခြင်းပင်။

All Chapters