အခန်း (၃၆၇)
Vol. 36 Ch. 367
အခန်း ၃၆၇
"ထွက်သွားကြစမ်း အားလုံး ထွက်သွားကြ မင်းတို့ရဲ့ ဟန်ဆောင်ဂရုစိုက်မှုတွေကို ငါမလိုချင်ဘူး။ သခင်ကြီးက ငါ့အကျိုးအတွက်လို့ ပြောတယ်ပေါ့လေ။ တကယ်တော့ မင်းတို့အားလုံးက ငါနဲ့ ယုယုလေး သေမယ့်ရက်ကို ထိုင်စောင့်နေကြတာ မဟုတ်လား။ အခုတော့ မင်းတို့အားလုံး စိတ်အေးသွားကြပြီပေါ့။ ယုယုလေး ပြည်နှင်ဒဏ် အပေးခံလိုက်ရပြီ အနောက်ဘက်က အဲဒီလို အလွန်အမင်းအေးစက်တဲ့ အရပ်မှာ ငါ့ရဲ့ သနားစရာကောင်းတဲ့ ယုယုလေးက ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိမှာလဲ"
ယန်ချန်းရွှယ်သည် ရင်ဘတ်ကို ဖိကာ ငိုကြွေးရင်း အခန်းထဲရှိ ပစ္စည်းများကို ရိုက်ခွဲကာ တစ်အိမ်လုံးကို လှည့်ပတ်ဆဲဆိုနေတော့သည်။
သူမ၏ အခန်းထဲရှိ ပစ္စည်းများကို နှစ်ကြိမ်တိုင်တိုင် အသစ်လဲလှယ်ပေးခဲ့ရပြီးဖြစ်သည်။ သူမ နေ့စဉ်နှင့်အမျှ သောင်းကျန်းနေသည်ကို ကြားနေရသော ယန်ပါးဟိုမှာ နောက်ဆုံးတွင် ဦးလေးယန်၏ အကြံပေးချက်အရ အခြားဝင်းတစ်ခုသို့ ပြောင်းရွှေ့နေထိုင်သွားပြီး လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အိမ်တော်တွင် မရှိတော့ချေ။
သူမ၏ဖခင်ဖြစ်သူက သူမကို ရှောင်ဖယ်နေသည်ကို မြင်ရသောအခါ ယန်ချန်းရွှယ်မှာ ပို၍ပင် ဒေါသထွက်လာတော့သည်။ သူမ လက်မထပ်မီက ဖခင်ဖြစ်သူက သူမကို မည်မျှအလိုလိုက်ခဲ့ပုံနှင့် သူမ၏ အစ်ကိုနှစ်ဦးမှာလည်း သူမကို မည်မျှ အလျှော့ပေးခဲ့ရပုံကို ပြန်လည်သတိရမိသည်။ သို့သော် သူမ အိမ်ထောင်ပြုပြီး တန်ယုကို မွေးဖွားပြီးနောက် သူမ၏ ခင်ပွန်းဖြစ်သူ စစ်ပွဲတွင် ကျဆုံးသွားသည့်အချိန်မှစ၍ သူမအတွက် ကောင်းသောနေ့ရက်ဟူ၍ တစ်ရက်မျှ မရှိခဲ့ချေ။
သူမသည် နောက်အိမ်ထောင်ပြုရန် စိတ်မကူးဘဲ သူမ၏ တစ်ဦးတည်းသောသား တန်ယုအပေါ်တွင်သာ အရာအားလုံး ပုံအောခဲ့သည်။ သူ၏ မောက်မာမှု၊ သူ၏ ပျော့ညံ့မှုတို့မှာ သူမ၏ မျက်လုံးထဲတွင်မူ အဖိုးတန်သော အရည်အချင်းများအဖြစ်သာ မြင်ယောင်နေခဲ့သည်။
"တတိယသခင်မလေး..."
အစေခံမလေး၏ အသံမှာ တံခါးအပြင်ဘက်၌သာ တိတ်ဆိတ်သွားတော့သည်။
ယန်ချန်းရွှယ်၏ မျက်ဝန်းများမှာ ဒေါသကြောင့် နီမြန်းနေတော့သည်။
သူမက နာကျည်းစွာဖြင့် "မင်းတို့အားလုံးက ငါနဲ့ ငါ့သားကို သေအောင် တွန်းပို့နေကြတာပဲ။ ဒါပေမဲ့ ငါ အရှုံးမပေးဘူး။ ယုယုလေး သင်ခန်းစာရအောင်လို့တဲ့လား တကယ်သာ အကျိုးရှိမယ်ဆိုရင် ယန်အိမ်တော်က အဲဒီ စုတ်တီးစုတ်ပတ်မလေးကိုပဲ သွားခိုင်းလိုက်ပါလား အဆုံးမှာတော့ ငါတို့ရဲ့ ယုယုလေးက ယန်မျိုးရိုး မဟုတ်လို့ပဲ။ အဲဒီ မိန်းကလေးယန်ကလည်း သေသွားတဲ့ သူ့အမေလိုပဲ လည်လွန်းတယ်။ မိသားစုကို အသိအမှတ်မပြုချင်သလို ဟန်ဆောင်နေပေမဲ့ တကယ်တော့ ယန်အိမ်တော်တစ်ခုလုံးကို သူမအပိုင်ဖြစ်အောင် ကြံစည်နေတာ"
ယန်ချန်းရွှယ် တစ်ယောက်တည်း ရောင်ရမ်းပြောဆိုနေစဉ်မှာပင် အပြင်ဘက်မှ အစေခံမလေး၏ အသံမှာ တိတ်ဆိတ်သွားသည်ကို သူမ သတိမပြုမိခဲ့ချေ။ သူမသည် အော်ဟစ်နေမိသဖြင့် အခန်းထဲတွင် ဆီမီးထွန်းရန်ပင် မေ့လျော့နေခဲ့သည်။ ရက်အတော်ကြာ အစာမစား၊ ရေမသောက်ထားသဖြင့် အော်ဟစ်ပြီးနောက် မောဟိုက်ကာ အားနည်းလာတော့သည်။
သူမ လူခေါ်ရန် ပြင်လိုက်စဉ်မှာပင် အမှောင်ထဲမှ ခပ်တိုးတိုး ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။
ထိုရယ်သံမှာ သာယာသယောင်ရှိသော်လည်း ခဏချင်း ပျောက်ကွယ်သွားကာ မှောင်မိုက်သော ညဉ့်ဦးယံတွင် လူကို ကြက်သီးထစေလောက်အောင် ထူးဆန်းလှသည်။
ယန်ချန်းရွှယ်မှာ သတ္တိမရှိသူ မဟုတ်ပေ။
"ဘယ်သူက စစ်သူကြီးအိမ်တော်ကို ဒီလောက်တောင် ရဲရဲတင်းတင်း လာချောင်းနေတာလဲ။ ဒီလိုမျိုး လှည့်ကွက်တွေ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ငါ့လက်ချက်ကို မမြည်းစမ်းရအောင် သတိထားတော့"
"ဟဲဟဲ... ယန်အိမ်တော်ရဲ့ တတိယသခင်မလေးက ကောလာဟလတွေအတိုင်း တကယ်ပဲ စွမ်းဆောင်ရည်ရှိပြီး ယောင်္ကျားတွေကို အလျှော့မပေးတဲ့ အမျိုးသမီးပဲ။ နှမြောဖို့ကောင်းတာက မင်းက မိန်းကလေးတစ်ယောက် ဖြစ်နေပြီး ယောင်္ကျားတွေကိုပဲ ဦးစားပေးတဲ့ စစ်သူကြီးအိမ်တော်လို နေရာမျိုးမှာ မွေးဖွားလာခဲ့တာပဲ။ ဒါမှမဟုတ်ရင် မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ခင်ပွန်းရော သားပါ ဆုံးရှုံးရတဲ့ ဒီလို အခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ဘူး"
ထိုအသံထွက်ပေါ်လာပြီးနောက် အခန်းထဲရှိ ဆီမီးမှာ ရုတ်တရက် လင်းထိန်သွားတော့သည်။ ထိုအခါ စားပွဲဘေးတွင် ထိုင်နေသော ထူးဆန်းသော အနီရောင်ဝတ်ရုံဝတ် အမျိုးသား တစ်ဦးကို မြင်တွေ့လိုက်ရတော့သည်။
ယန်ချန်းရွှယ် သတိထားလိုက်မိသည်။ သူမကိုယ်တိုင်မှာ သိုင်းဝိဇ္ဇာအဆင့်ရှိသည့်အတွက် ကျင့်စဉ်အဆင့်မနိမ့်သော်လည်း ဤအမျိုးသား အခန်းထဲသို့ မည်သို့ဝင်ရောက်လာသည်ကို အာရုံပင်မခံမိခဲ့ချေ။
၎င်းကိုကြည့်ခြင်းအားဖြင့် ဤသူ၏ ကျင့်စဉ်အဆင့်မှာ သူမထက် များစွာသာလွန်နေမည်မှာ သေချာလှသည်။ ယန်ချန်းရွှယ်သည် လက်ဖဝါးထဲတွင် ချွေးစေးများထွက်လာကာ အနီရောင်ဝတ်ရုံနှင့်လူကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။
"ရှင်က ဘယ်သူလဲ။ ညသန်းခေါင်ယံအချိန်ကြီး ငါ့အခန်းထဲကို ဘာကိစ္စနဲ့ လာရတာလဲ"
ယန်ချန်းရွှယ်သည် အကူအညီလှမ်းခေါ်ရန် စဉ်းစားလိုက်သော်လည်း ယန်ပါးဟိုနှင့် ဒုတိယအစ်ကို ယန်ချန်းလန်တို့ အိမ်တော်တွင် မရှိသည်ကို သတိရသွားသည်။ အခြားအစောင့်များ ရောက်လာလျှင်ပင် ဤသူကို ယှဉ်နိုင်မည်မဟုတ်ပေ။ ဤအချက်ကို သဘောပေါက်သွားပြီး ထိုသူပြောခဲ့သော စကားများကို ပြန်လည်ဆင်ခြင်ကြည့်ရာ သူမသည် တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
"တတိယသခင်မလေးယန်ကတော့ မေ့တတ်လိုက်တာ။ မင်းကိုယ်တိုင်ပဲ ကျွန်တော့်ကို ဖိတ်ခဲ့တာမဟုတ်လား... ဒီ သွေးစွန်းသောလက်တံဆိပ်ကို မမှတ်မိတော့ဘူးလား"
အနီရောင်ဝတ်ရုံနှင့် အမျိုးသားက တံဆိပ်တစ်ခုကို အေးအေးလူလူပင် ထုတ်ပြလိုက်သည်။
ထိုတံဆိပ်ကို မြင်လိုက်ရသောအခါ ယန်ချန်းရွှယ်၏ ကျောရိုးထဲအထိ စိမ့်တက်သွားတော့သည်။
"ရှင်က သွေးစွန်းသောလက်ဂိုဏ်းကလူလား"
ယန်ချန်းရွှယ်သည် ထိုသူ၏ဝတ်စုံကို တစ်ချက်ပြန်ကြည့်ကာ တိုက်ကြီးပေါ်ရှိ သွေးစွန်းသောလက်ဂိုဏ်းနှင့်ပတ်သက်သည့် ကောလာဟလများကို သတိရသွားပြီး ဤသူသည် ထိုဂိုဏ်းမှဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သည်။
ယခင်က သူမသည် သားဖြစ်သူ ယုယုလေးကို ကာကွယ်ရန်အတွက် ဝံပုလွေသွား တပ်ဖွဲ့ကို တိုက်ခိုက်ပေးရန် သွေးစွန်းသောလက်ဂိုဏ်းနှင့် ဆက်သွယ်ခဲ့ဖူးသည်။ သို့သော် လမ်းခုလတ်တွင် ယွင်ရှန်း ပေါ်လာပြီး အမှုမှန်ကို ဖော်ထုတ်ခဲ့သဖြင့် ယုယုလေးမှာ အနောက်ဘက် သဲကန္တာရသို့ ပြည်နှင်ဒဏ် အပေးခံလိုက်ရပြီဖြစ်သည်။
အခုအချိန်ကျမှ သွေးစွန်းသောလက်ဂိုဏ်းက ဘာကြောင့် ပြန်ပေါ်လာရတာလဲ။
အစောပိုင်းက ယန်ပါးဟိုသည်လည်း ဤဂိုဏ်းကို သတိထားနေခဲ့သော်လည်း ရက်အတော်ကြာသည်အထိ မည်သူမျှ ပေါ်မလာခဲ့ချေ။ တန်ယု၏အမှုမှာလည်း လူသိရှင်ကြား ဖြစ်သွားခဲ့ပြီဖြစ်ရာ ဤဂိုဏ်းအနေဖြင့် လုပ်ငန်းကို လက်လျှော့လိုက်ပြီဟု ယန်အိမ်တော်က ယူဆခဲ့ကြခြင်းဖြစ်သည်။
ဘယ်သူက သိမှာလဲ...
မဖိတ်ဘဲ ရောက်လာသူမှာ စေတနာမရှိနိုင်သည်ကို ယန်ချန်းရွှယ် သိသည်။ ယနေ့ည သွေးစွန်းသောလက်ဂိုဏ်းမှလူ ရောက်လာခြင်းမှာ ကောင်းသောကိစ္စအတွက် မဟုတ်သည်မှာ သေချာလှသည်။
"ကျွန်တော်တို့က သွေးစွန်းသောလက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေပါ။ တတိယသခင်မလေး အရင်က ပေးအပ်ထားတဲ့ တာဝန်ကို ကျွန်တော်တို့ လက်ခံလိုက်ပါပြီ"
တစ်ဖက်လူက လုပ်ငန်းအပ်နှံလွှာတစ်စောင်ကို ထုတ်ပြလိုက်သည်။
"မလိုတော့ဘူး... လူသတ်မှုကျူးလွန်ခဲ့တာ ငါ့သားမဟုတ်ဘူးဆိုတာ ရှင်တို့လည်း သိပြီးလောက်ပြီပဲ။ အဲဒီတော့ တစ်စုံတစ်ယောက်ကို သတ်ဖို့အတွက် ရှင်တို့ကို ငှားရမ်းဖို့ မလိုတော့ဘူး"
ယန်ချန်းရွှယ်သည် အစ်ကိုဖြစ်သူ ယန်ချန်းလန် ပြောခဲ့သည်ကို သတိရနေဆဲပင်။
သွေးစွန်းသောလက်ဂိုဏ်းက လုပ်ငန်းတစ်ခုကို လက်ခံလိုက်ပြီဆိုလျှင် အပ်နှံသူဘက်က ကြီးမားသော ပေးဆပ်မှုတစ်ခု ပြုလုပ်ရမည်ဖြစ်ကြောင်း သိထားသည်။ ယခုအချိန်တွင် သူမ၏ အခြေအနေမှာ ယန်အိမ်တော်၌ မရေမရာဖြစ်နေသဖြင့် ဤကဲ့သို့သော လူမျိုးများနှင့် မပတ်သက်ချင်တော့ပေ။
"ကျွန်တော်တို့ဂိုဏ်းမှာ လုပ်ငန်းတစ်ခုကို လက်ခံပြီးရင် ဖျက်သိမ်းလို့မရဘူးဆိုတဲ့ စည်းကမ်းကို သခင်မလေး သိထားသင့်ပါတယ်။ ဒါပေမဲ့... တတိယသခင်မလေးယန်အတွက်တော့ ကျွန်တော် တစ်ခုကူညီပေးနိုင်ပါတယ်။ မင်း ပေးထားတဲ့ မုဆိုးတပ်ဖွဲ့ကို သတ်ခိုင်းတဲ့ တာဝန်ကို ပြောင်းလဲလိုက်လို့ရတယ်။ ဥပမာ အဝေးကို ပြည်နှင်ဒဏ် အပေးခံလိုက်ရတဲ့ သခင်လေးတန်ကို စောင့်ရှောက် ပေးဖို့ပေါ့"
အနီရောင်ဝတ်ရုံနှင့်လူ၏ စကားများသည် ထက်မြက်သော ဓားတစ်စောင်ကဲ့သို့ ယန်ချန်းရွှယ်၏ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးနှက်လိုက်သကဲ့သို့ပင်။
သူမ၏ မျက်မှောင်များ တွန့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
"ရှင် ဘာပြောလိုက်တာလဲ။ ယုယုလေးကို ကယ်ဖို့ ကျွန်မကို ကူညီနိုင်တယ် ဟုတ်လား"
တန်ယုကို ပြည်နှင်ဒဏ်ပေးခြင်းမှာ အလွန်လျှို့ဝှက်လှသည်။ ယန်ပါးဟိုက ယန်ချန်းရွှယ်ကို တန်ယု၏ တည်နေရာအတိအကျအား မည်သူမျှ အသိမပေးရန် စစ်ဘက်ဆိုင်ရာဌာနကို ပြတ်သားစွာ မှာကြားထားခဲ့သည်။ ယန်ချန်းရွှယ် မည်မျှပင် နည်းလမ်းသုံးပါစေ သူမ၏သား တည်နေရာကို ရှာမတွေ့ခဲ့ချေ။ သူမသည် သူမ၏သားမှာ နယ်စပ်ဒေသတွင် နောက်ထပ် သုံးနှစ်တိုင်တိုင် လူမဆန်စွာ ပင်ပန်းဆင်းရဲစွာ နေထိုင်ရတော့မည်ကို တွေးမိတိုင်း ညဘက်တွင် အိပ်မပျော်၊ စားမဝင် ဖြစ်နေခဲ့ရခြင်းဖြစ်သည်။
"ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ သွေးစွန်းသောလက်ဂိုဏ်း ရှာလို့မတွေ့တဲ့သူ မရှိပါဘူး။ ကျွန်တော် အာမခံပါတယ်... တတိယသခင်မလေးသာ အလိုရှိမယ်ဆိုရင် သခင်လေးတန်ဟာ ဒီသုံးနှစ်အတွင်းမှာ ယွီကျင်းမြို့မှာ နေခဲ့ရသလိုမျိုးပဲ သက်တောင့်သက်သာနဲ့ စည်းစိမ်ရှိရှိ နေထိုင်သွားရစေပါ့မယ်"
အနီရောင်ဝတ်ရုံနှင့်လူသည် ယန်ချန်းရွှယ်၏ တုံ့ပြန်မှုကို အလွန်ကျေနပ်သွားပြီး သူ၏ မြို့သခင်လေးကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
ယန်ချန်းရွှယ်မှာ အတန်ငယ် စိတ်လှုပ်ရှားသွားသည်။ သို့သော် သူမသည် တွန့်ဆုတ်နေဆဲပင်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ ကောင်းသလား၊ ဆိုးသလား ဝေခွဲမရသေးပေ။ ခဏတာ စဉ်းစားပြီးနောက်တွင်မူ ယန်ချန်းရွှယ်သည် ထိုသူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ယုယုလေးက ဒီသုံးနှစ်ကို ခံနိုင်ရည်ရှိမှာပါ။ ဒီသဘောတူညီချက်ကို ကျွန်မ ဆက်မလုပ်တော့ဘူး"
ယန်ချန်းရွှယ်သည် စွန့်စားမှု မပြုလုပ်ရဲပေ။ တစ်ဖက်လူက သူမ မဖြည့်ဆည်းပေးနိုင်သော တောင်းဆိုချက်မျိုး တောင်းလာမည်ကို စိုးရိမ်မိသည်။
"အို... တတိယသခင်မလေး သေသေချာချာ စဉ်းစားပြီးပြီလား။ အနောက်ဘက်ဆိုတာ နေလို့ကောင်းတဲ့နေရာ မဟုတ်ဘူးနော်။ မိစ္ဆာသားရဲတွေ သောင်းကျန်းတယ်။ အဆိပ်ရှိတဲ့ အပင်နဲ့ ပိုးမွှားတွေလည်း အများကြီးပဲ။ ပြီးတော့ တချို့လူတွေက ယွီကျင်းမြို့လို မြို့တော်ကလာတဲ့ မင်းစိုးရာဇာ သခင်လေးတွေကို နှိပ်စက်ရတာ ဝါသနာပါကြတယ်။ သုံးနှစ်ဆိုတာ ရှည်လည်းမရှည်သလို တိုလည်းမတိုဘူး။ အဲဒီဒေသမှာ လူတစ်ယောက်ဟာ ဒီသုံးနှစ်အတွင်းမှာ ပျောက်ခြင်းမလှ ပျောက်သွားမယ်ဆိုရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူးနော်"
အနီရောင်ဝတ်ရုံနှင့်လူက ယန်ချန်းရွှယ် ငြင်းပယ်မည်ကို ကြိုတင်သိထားသည့်အလား မလောဘဲ အေးအေးလူလူပင် ပြောဆို လိုက်သည်။
ထိုစကားများသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ယန်ချန်းရွှယ်၏ မျက်နှာကို ချက်ချင်း ဖြူလျော့သွားစေသည်။
"ရှင် ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား။ သွေးစွန်းသောလက်ဂိုဏ်းအနေနဲ့ လူတွေကို အနိုင်ကျင့်လွန်းရာ မရောက်ဘူးလား။ ငါ ယန်ချန်းရွှယ်က ဘယ်သူ့ကိုမှ မကြောက်ဘူး။ အလုပ်ကြံအဖွဲ့အစည်းတစ်ခု ရှိရုံနဲ့ ယန်အိမ်တော်ကို ဆန့်ကျင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ရှင်တို့ကိုယ်ရှင်တို့ အထင်ကြီးလွန်းနေပြီ"
ယန်ချန်းရွှယ်မှာ အလွယ်တကူ ခြိမ်းခြောက်ခံရမည့်သူ မဟုတ်ပေ။ သူမ၏ မျက်မှောင်များမှာ ပြောင်းပြန်စောင်းသွားကာ ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။
"တတိယသခင်မလေး ဒေါသမထွက်ပါနဲ့ဦး ကျွန်တော် ယူလာတဲ့ လက်ဆောင်လေးကို အရင်ကြည့်ပြီးမှ ဆုံးဖြတ်တာပေါ့"
အနီရောင်ဝတ်ရုံနှင့်လူက အရာဝတ္ထုတစ်ခုကို ထုတ်ယူကာ ဆီမီးအောက်တွင် ချထားလိုက်သည်။
ဆီမီးရောင်အောက်တွင် တွေ့လိုက်ရသည်မှာ အဝတ်စ တစ်ဖက်ပင်။