← Chapters

အခန်း (၃၆၈)

Vol. 36 Ch. 368

အခန်း (၃၆၈)

Vol. 36 Ch. 368

အခန်း ၃၆၈

ယန်ချန်းရွှယ်သည် ထိုရင်းနှီးနေသော အဝတ်စကို မြင်လိုက်ရချိန်တွင် သူမ၏ အင်အားအားလုံးမှာ တစ်ခဏချင်းအတွင်း စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူမသည် ထိုအဝတ်စကို ဆတ်ခနဲ လုယူလိုက်ရာ လက်အစုံမှာလည်း မရပ်မနား တုန်ရီနေတော့သည်။

"ဒါ ယုယုလေးရဲ့ အဝတ်အစားတွေပဲ... ဒါတွေက ငါ့သားရဲ့ အဝတ်အစားတွေ။ ရှင်တို့ ငါ့ရဲ့ ယုယုလေးကို ဘာလုပ်လိုက်ကြပြီလဲ"

ယန်ချန်းရွှယ်၏ လေသံမှာ အသနားခံနေသည့်အလား ဖြစ်နေချေပြီ။

"ဘာမှမလုပ်ပါဘူး ကျွန်တော်တို့လူတွေက ခရီးတစ်လျှောက်လုံး သခင်လေးတန်ကို စောင့်

ကြည့်ပေးနေတာပါ။ စိတ်မပူပါနဲ့ တတိယသခင်မလေးသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ကတိတည်ပါ့မယ်။ နောက်သုံးနှစ်နေရင် ကျန်းကျန်းမာမာနဲ့ ဝဝဖြိုးဖြိုးရှိတဲ့ သခင်လေးတန်ကို မင်းလက်ထဲ ပြန်အပ်ပေးပါ့မယ်။ ကံကောင်းရင် သခင်မလေးအနေနဲ့ ဝဝကတုတ် မြေးလေးတစ်ယောက်တောင် ပွေ့ချီရနိုင်သေးတယ်လေ"

အနီရောင်ဝတ်ရုံနှင့်လူက အသံဩဩဖြင့် ပြောလိုက်သည်။

အမျိုးသမီးများ၊ အထူးသဖြင့် အတ္တကြီးသော အမျိုးသမီးများမှာ တစ်စုံတစ်ဦးက သူမတို့၏ အားနည်းချက်ကို ဖမ်းဆုပ်နိုင်သွားပြီဆိုလျှင် သူမသည် ကျားမတစ်ကောင်ကဲ့သို့ ရဲရင့်နေပါစေဦး နောက်ဆုံးတွင်မူ နာခံသွားရမြဲပင်။

ယန်ချန်းရွှယ်သည် ရှိုက်ကြီးတငင် ငိုကြွေးခြင်းကို အောင့်အီးထားရင်း အဝတ်စကို တင်းတင်းဆုပ်ကိုင်ကာ "ရှင်တို့ တကယ်ပဲ ဘာကို လိုချင်နေတာလဲ"

"ရိုးရိုးလေးပါပဲ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပြန်ပေးရမှာပေါ့။ ကျွန်တော်တို့က သခင်မလေးနဲ့ ပူးပေါင်းဖို့ လာတာပါ။ ယန်အိမ်တော်မှာ မင်းရဲ့ နေရက်တွေက မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ သခင်က သခင်မလေးလို သူရဲကောင်း အမျိုးသမီးမျိုးကို အမြဲတမ်း လေးစားခဲ့တာမို့ အခုလို ကူညီပေးချင်တာပါ"

အနီရောင်ဝတ်ရုံနှင့်လူက ပြောဆိုရင်း သူ၏ကိုယ်ပေါ်မှ ဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူကာ ယန်ချန်းရွှယ်၏ ရှေ့တွင် ချထားလိုက်သည်။

ယန်ချန်းရွှယ်သည် ထိုဆေးပုလင်းကို လှမ်းမယူဘဲ ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ ထိုပုလင်းထဲတွင် သူမကို ဝါးမြိုပစ်မည့် အရာတစ်ခုခု ရှိနေသကဲ့သို့ပင် "ဒီဆေးက ဘာကို ဆိုလိုတာလဲ"

"ဒီဆေးက ဘာလဲဆိုတာ သခင်မလေး သိဖို့မလိုပါဘူး။ နေ့တိုင်း စစ်သူကြီးယန်ရဲ့ အစားအစာထဲမှာ အဲဒါလေး နည်းနည်းစီ ထည့်ပေးဖို့ပဲ လိုပါတယ်"

အနီရောင်ဝတ်ရုံနှင့်လူက ကြင်နာသယောင် လေသံမျိုးဖြင့် ပြောဆိုနေသော်လည်း သူ ကမ်းလှမ်းနေသော အလုပ်မှာမူ အလွန်ပင် ယုတ်မာရက်စက်လှသည်။

"ဘာ ရှင်က ကျွန်မကို အဆိပ်ခတ်ခိုင်းတာလား။ ကျွန်မရဲ့ အဖေအရင်းခေါက်ခေါက်ကို အဆိပ်ခတ်ခိုင်းနေတာလား"

ယန်ချန်းရွှယ်သည် ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။

သူမ၏ ဒုတိယအစ်ကို ပြောခဲ့သကဲ့သို့ပင် သူမသည် ကျားကြောက်လို့ ထွက်ပါကာမှ မိကျောင်းနှင့် တိုးနေရသည်။ သူမကိုယ်တိုင်ပင်လျှင် ဤမိစ္ဆာများကို စစ်သူကြီးအိမ်တော်ထဲသို့ ခေါ်

ဆောင်လာခဲ့မိသည်။

"သခင်မလေး... အဖိုးကြီးတစ်ယောက်ထက် သားတစ်ယောက်က ပိုပြီး အရေးကြီးတယ်ဆိုတာကို မင်း နားလည်သင့်တယ်။ စစ်သူကြီးယန်ရဲ့ စိတ်ထဲမှာ မင်းနဲ့ သခင်လေးတန်ရဲ့ အလေးချိန်က သူ့ရဲ့ မြေးမလေးထက် အများကြီး လျော့နည်းသွားတာ ကြာပါပြီ။ မင်းသာ ဆက်ပြီး တွန့်ဆုတ်နေမယ်ဆိုရင် အဲဒီ မှော်ဆရာမလေး ယန်အိမ်တော်ထဲ အခိုင်အမာ ဝင်လာတဲ့အခါ မင်းနဲ့ သခင်လေးတန်အတွက် နေရာရှိတော့မှာ မဟုတ်ဘူး"

အနီရောင်ဝတ်ရုံနှင့်လူက ဆေးပုလင်းကို ရှေ့သို့ ထပ်တိုးပေးလိုက်သည်။

"ဒါ့အပြင် ဒီဆေးက စစ်သူကြီးကို သေစေဖို့ မဟုတ်ပါဘူး။ မဟုတ်ရင် ဆေးဧကရာဇ်နန်းဆောင်က စစ်ဆေးလာတဲ့အခါ မင်းမှာ တာဝန်ရှိလာလိမ့်မယ်။ စိတ်ချပါ... ဒီဆေးက ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဘာအထောက်အထားမှ ကျန်ခဲ့မှာ မဟုတ်ဘူး"

ယန်ချန်းရွှယ်၏ ရင်ထဲတွင်မူ မရပ်မနား တိုက်ပွဲဝင်နေရသကဲ့သို့ ဝေခွဲမရ ဖြစ်နေတော့သည်။

"တတိယသခင်မလေး... ကျွန်တော် အမှတ်မမှားဘူးဆိုရင် ယန်အိမ်တော်ရဲ့ သခင်လေးအကြီးဆုံးနဲ့ သူ့ဇနီးတို့ စစ်သူကြီးယန်နဲ့ စိတ်ဝမ်းကွဲပြီး အိမ်တော်ကနေ ဒေါသတကြီး ထွက်သွားရတာက မင်းရဲ့ သစ္စာဖောက်မှုကြောင့် မဟုတ်လား။ အကယ်၍ အဲဒီမိန်းကလေး ယွင်ရှန်းသာ အမှန်တရားကို သိသွားရင် မင်းနဲ့ မင်းသားကို ဘာလုပ်မယ်လို့ ထင်သလဲ"

အနီရောင်ဝတ်ရုံနှင့်လူ၏ စကားကြောင့် ယန်ချန်းရွှယ် တစ်ကိုယ်လုံး အေးစက်သွားကာ စကားတစ်လုံးမျှ မဟနိုင်တော့ချေ။ ထိုစဉ်က လျှို့ဝှက်ချက်ကို တတိယလူတစ်ဦး သိနေလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

"ရှင်... ရှင်က ဘယ်သူလဲ။ ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ။ အဲဒီတုန်းက ကိစ္စတွေကို ငါ့ဖခင်နဲ့ ငါကလွဲလို့ တခြားဘယ်သူမှ မသိနိုင်ဘူး"

ယန်ချန်းရွှယ်၏ မျက်နှာမှာ သွေးစုတ်ဖြူလျော်သွားတော့သည်။ သွေးစွန်းသောလက်ဂိုဏ်းက တကယ်ကို ကြောက်စရာကောင်းလှသည်။ သူတို့မှာ နေရာတိုင်းတွင် မျက်စိရှိနေပြီး အလုံခြုံဆုံး လျှို့ဝှက်ချက်များကိုပင် သိရှိနေကြသည်။

မဖြစ်ဘူး... ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ သိလို့မဖြစ်ဘူး။

ယန်ချန်းရွှယ်သည် သူမ၏လည်ပင်းကို အမှတ်မဲ့ စမ်းသပ်မိလိုက်သည်။ ကြိုးဆွဲချသရုပ်ဆောင်စဉ်က ရခဲ့သော ဒဏ်ရာများမှာ ဆေးကောင်းကြောင့် ပျောက်ကင်းလုနီးပါး ဖြစ်နေသော်လည်း ထိုစဉ်က ခံစားခဲ့ရသော သေလုမတတ် အသက်ရှူကျပ်မှုကမူ ယခုတိုင် ရှိနေဆဲပင်။

ညနက်ပိုင်းတိုင်းတွင် သူမသည် ယွင်ရှန်း၏ ဖိအားပေးမှုကြောင့် ညောင်ပင်အိုကြီးဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းခဲ့ရပုံကို ပြန်လည်မြင်ယောင်နေမိသည်။ အကယ်၍သာ ထိုစုတ်တီးစုတ်ပတ်မလေး အမှန်တရားကို သိသွားပါက သူမကို အလွတ်ပေးမည် မဟုတ်သည်မှာ သေချာလှသည်။

"ကောင်းပြီ... ငါ သဘောတူတယ်"

ယန်ချန်းရွှယ်သည် ဆက်လက်ရုန်းကန်ခြင်း မပြုတော့ဘဲ ဆေးပုလင်းကို လှမ်းယူလိုက်တော့သည်။

"တတိယသခင်မလေးက တကယ်ကို ထက်မြက်တဲ့သူပဲ။ စိတ်ချပါ... သခင်လေးတန်က ကျွန်တော်တို့လက်ထဲမှာ လုံခြုံနေမှာပါ။ မင်းလုပ်ရမှာက စစ်သူကြီးယန် အိမ်ပြန်ရောက်လာတဲ့အခါ နေ့တိုင်း သူ့အစာထဲမှာ ဒီဆေးကို ထည့်ပေးဖို့ပဲ"

အနီရောင်ဝတ်ရုံနှင့်လူသည် သူ၏ ရည်ရွယ်ချက် အောင်မြင်သွားသဖြင့် ကျေနပ်သော အမူအရာဖြင့် ထွက်ခွာသွားတော့သည်။

တံခါးပွင့်သွားပြီး ထိုသူမှာ တစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားခဲ့သည်။ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သော အခန်းထဲတွင် ယန်ချန်းရွှယ်သည် တစ်ခါမျှ မခံစားဖူးသော ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ သူမသည် ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်ကာ စိတ်လွတ်ကိုယ်လွတ် ရေရွတ်နေမိသည်။

"ဒါ ငါ့အမှားမဟုတ်ဘူး သူမက ငါ့ကို ဖိအားပေးတာ။ မင်းသာ ငါပိုင်ဆိုင်သမျှကို လုယူဖို့ မကြိုးစားခဲ့ရင် ငါ ဒီလိုလုပ်မှာ မဟုတ်ဘူး..."

ရက်အနည်းငယ် ကြာပြီးနောက် ယန်ပါးဟို အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အိမ်တော်အတွင်းရှိ အရာအားလုံးမှာ ယခင်အတိုင်းပင် ရှိနေသော်လည်း ဤဖြစ်ရပ်သည် ယန်အိမ်တော်၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေခဲ့သလို တစ်ဖက်တွင်လည်း အိမ်တော်အတွင်း ခိုအောင်းနေသော မလိုလားအပ်သည့် လူအချို့ကို ရှင်းလင်းပြီးသား ဖြစ်သွားခဲ့သည်။

အိမ်တော်ထဲတွင် လူဦးရေ သိသိသာသာ နည်းပါးသွားသော်လည်း ယခင်ကထက် ပိုမိုတိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ယန်ပါးဟိုသည် ယန်ချန်းရွှယ်၏ အစေခံမလေးကို ခေါ်ယူကာ "တတိယသခင်မလေး ဘယ်လိုနေလဲ။ ဒီရက်ပိုင်းအတွင်းမှာ ထပ်ပြီး သောင်းကျန်းနေသေးလား" ဟု မေးမြန်းလိုက်သည်။

အစေခံမလေးက ရိုသေသမှုဖြင့် "သခင်ကြီးကို တင်ပြပါတယ်။ တတိယသခင်မလေးက လွန်ခဲ့တဲ့ရက်တွေတုန်းကတော့ ငိုယိုပြီး အစာငြင်းဆန်နေခဲ့ပေမဲ့ မနေ့က မနက်ပိုင်းကစပြီး ဘာအသံမှ ထပ်မထွက်တော့ပါဘူး။ သခင်ကြီး ဘယ်သွားသလဲဆိုတာကိုလည်း မေးမြန်းနေပြီး သခင်ကြီးပြန်ရောက်တာနဲ့ သူမကို ချက်ချင်းအကြောင်းကြားပေးဖို့လည်း မှာထားပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ချန်းရွှယ်... ဒီကလေးက ဘာလို့များ အစွဲအလမ်း မပြတ်နိုင်ရတာလဲ။

ယန်ပါးဟိုသည် အလိုလိုနေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တန်ယုကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းမှာ အနောက်ဘက် သဲကန္တာရ၏ ကြမ်းတမ်းအေးစက်သော ဒေသတွင် သူ့ကို စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ပေးလိုသောကြောင့်ပင်။ ထိုဒေသမှာ လူသူကင်းမဲ့သော်လည်း ယန်ပါးဟို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးခဲ့သော ယုံကြည်ရသည့် စစ်သူကြီးအချို့ ရှိနေသည်။ ထိုသူများသည် ယန်အိမ်တော်၏ ကျေးဇူးများကို ထောက်ထား၍ တန်ယုကို အခက်အခဲဖြစ်အောင် လုပ်ကြမည်မဟုတ်သည်မှာ သေချာလှသည်။

ယန်ပါးဟိုသည် အိမ်တော်မဏ္ဍပ်အတွင်းသို့ လှမ်းဝင်လိုက်စဉ်မှာပင် သူ၏သမီးဖြစ်သူ ယန်ချန်းရွှယ် သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"အဖေ... ပြန်ရောက်လာပြီပဲ"

ယန်ချန်းရွှယ်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး တန်ယု၏ကိစ္စကြောင့် ဖြစ်ပေါ်နေသော ဝမ်းနည်းရိပ်များ ပျောက်ကွယ်သွားပုံပင်။

သူမ၏ လက်ထဲတွင် ကြက်စွပ်ပြုတ်တစ်ခွက်ကို ကိုင်ဆောင်ထားရင်း "သမီးက အဖေ သောက်ရတာ ဝါသနာပါတဲ့ ကြက်စွပ်ပြုတ်လေး လုပ်ထားပေးတယ်။ အဖေ့အတွက် သမီးကိုယ်တိုင် ချက်ထားတာမို့ မြည်းစမ်းကြည့်ပါဦး" ဟု ပြောလိုက်သည်။

ယန်ချန်းရွှယ်၏ သိသိသာသာ ပြောင်းလဲသွားသော အမူအရာကို မြင်လိုက်ရသဖြင့် ယန်ပါးဟိုမှာ အတန်ငယ် အံ့ဩသွားရသည်။ သူသည် သူ့သမီးဖြစ်သူ၏ စရိုက်ကို ကောင်းစွာသိသည်။ တန်ယုမှာ သူမ၏ အသည်းနှလုံးဖြစ်ရာ အနည်းဆုံး လအနည်းငယ်ခန့် သောင်းကျန်းနေလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ရက်အနည်းငယ်အတွင်းမှာပင် သူမသည် ယခင်ကအတိုင်း ပြန်ဖြစ်သွားပုံပငါ။

"အဖေ... ဘာလို့ မထိုင်တာလဲ။ သမီးကို စိတ်ဆိုးနေတုန်းလား။ ဒီရက်ပိုင်းအတွင်းမှာ သမီးရဲ့ အမှားတွေကို သမီး နားလည်သွားပါပြီ။ အရာအားလုံးက သမီးအမှားတွေပါ။ ယုယုလေးကို အလိုလိုက်မိလို့သာ သူက ဒီလိုမျိုး မိုက်မဲတဲ့ လုပ်ရပ်တွေလုပ်ပြီး လူအများကြီးကို ဒုက္ခပေးခဲ့တာ"

ယန်ချန်းရွှယ်သည် စကားပြောရင်း စွပ်ပြုတ်ခွက်ကို ယန်ပါးဟို၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ယန်ချန်းရွှယ်သည် စွပ်ပြုတ်ခွက်ကို ကိုင်ထားစဉ် သူမ၏ လက်ချောင်းများမှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်ကိုလည်းကောင်း သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုရိပ်များ ဖြတ်ပြေးသွားသည်ကိုလည်းကောင်း ယန်ပါးဟို သတိမပြုမိခဲ့ချေ။

"ချန်းရွှယ်... မင်း နားလည်သွားတာ ကောင်းပါတယ်။ တကယ်တော့ မင်းတို့ မောင်နှမ သုံးယောက်ထဲမှာ ငါ မင်းကို အချစ်ဆုံးပဲ။ ယုယု့ရဲ့ ကိစ္စကလည်း သင်ခန်းစာတစ်ခု ရသွားတာပေါ့။ သုံးနှစ်ကြာရင် သူ ပြန်လာမှာပါ။ အဲဒီအခါကျရင် ငါ သူ့ကို စစ်ဘက်ဆိုင်ရာမှာ ရာထူးတစ်ခု ရှာပေးပါ့မယ် ဒါကြောင့် မင်း စိတ်အေးအေးထားပါ"

ယန်ပါးဟိုသည် သမီးဖြစ်သူ၏ ပြောင်းလဲလာသော သဘောထားကြောင့် စိတ်သက်သာရာရသွားကာ သူမပေးသော စွပ်ပြုတ်ကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးမှုတစ်ခု ခံစားလိုက်ရသည်။

ယန်ပါးဟို၏ စကားကို ကြားပြီး စွပ်ပြုတ်ခွက်ကို သူ၏ နှုတ်ခမ်းနားသို့ ယူဆောင်သွားသည်ကို မြင်သောအခါ ယန်ချန်းရွှယ်၏ ရင်ဘတ်မှာ ဒိန်းခနဲ ဖြစ်သွားပြီး "အဖေ" ဟု မသိလိုက်ဘဲ အော်ဟစ်လိုက်မိသည်။

ယန်ပါးဟိုမှာ ခေတ္တရပ်သွားသော်လည်း စွပ်ပြုတ်ကို ဆက်သောက်ရန် ပြင်ဆင်ရင်း "ပြီးတော့... ဒီတစ်ခါ ယွင်ရှန်းရဲ့ ကူညီပေးမှုကို မင်း အများကြီး ကျေးဇူးတင်ရမယ်။ နောင်ကို သူမအပေါ် ဒီလိုမျိုး ထပ်ပြီး မပြုမူရဘူးနော်" ဟု ထပ်လောင်းပြောဆိုလိုက်သည်။။

ယွင်ရှန်း... ဟက် အမြဲတမ်း ယွင်ရှန်းပဲပေါ့။

All Chapters