← Chapters

အခန်း (၃၆၀)

Vol. 36 Ch. 360

အခန်း (၃၆၀)

Vol. 36 Ch. 360

အခန်း။ ၃၆၀

ယွင်ရှန်းကိုယ်တိုင်ပင် နတ်ဘုရား ကံကြမ္မာမီးလျှံကို စုပ်ယူလိုက်ခြင်းကြောင့် သူမခန္ဓာကိုယ်အတွင်းရှိ မီးဓာတ်မှော်ဝိညာဉ်မှာ ဤမျှအထိ ကြီးမားသော အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

မူလက သူမသည် မှော်စွမ်းအင်များကို ပိုမိုစုပ်ယူပြီး မီးလျှံပေါက်ကွဲခြင်း အလုံးရေ နှစ်ဆယ်၊ သုံးဆယ်ခန့်ကို ရိုးရိုးသားသား ထုတ်လွှတ်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မသိလိုက်ပါဘဲ လေထုအတွင်းရှိ မီးဓာတ်မှော်စွမ်းအင်များကို အလွန်အမင်း စုပ်ယူမိသွားခဲ့သည်။ မှော်စာသားများကို ရွတ်ဆိုပြီး မှော်အတတ်ကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်ချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ မီးဓာတ်များမှာ သူမကို အပိုင်းပိုင်းကွဲထွက်သွားစေတော့မည့်အလား ပြင်းထန်နေသည်ကို ခံစားလိုက်ရသည်။

ဤခံစားချက်မှာ လေအလွန်အကျွံ ထည့်ထားသော ပူဖောင်းတစ်ခုနှင့် တူလှပြီး ဆက်လက်တောင့်ခံထားပါက အဆုံးတွင် ပေါက်ကွဲသွားပေလိမ့်မည်။ ထိုစွမ်းအင်များကို ထုတ်လွှတ်ရန် သင့်တော်သော နည်းလမ်းကို ရှာဖွေရင်းဖြင့် သူမသည် မီးလျှံပေါက်ကွဲခြင်းကို မဆင်မခြင် ပြုပြင်ပြောင်းလဲပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ ထိုနေရာမှတစ်ဆင့် သူမ၏ တတိယမြောက် မီးမှော်အတတ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အဆင့်မြင့်မှော်အတတ်များကဲ့သို့ပင် အစွမ်းထက်လှသော မွမ်းမံထားသည့် ကိုးဘုံဖီးနစ် ပေါက်ကွဲမှု ပင်။

ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သောကြောင့် မီးဓာတ်များဖြင့် ဖွဲ့စည်းထားသော မီးငှက်၏ ပုံသဏ္ဌာန်မှာ သူမအတွက် များစွာကျေနပ်စရာ မရှိသေးပေ။ ဖီးနစ်ငှက်၏ ပုံသဏ္ဌာန်မှာ ဤထက်ပို၍ ပြည့်စုံနိုင်သည်ဟု သူမ တွေးတောနေမိသည်။

သို့သော် အနည်းဆုံးတော့ မီးလျှံပေါက်ကွဲခြင်း၏ အကျိုးသက်ရောက်မှုကိုမူ အပြည့်အဝ ရရှိခဲ့သည်။ ဘေးမှ ကြည့်နေသူများ၏ မှင်တက်နေသော မျက်နှာအမူအရာများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ဖြူဖွေးသော အခိုးအငွေ့များ ပြယ်လွင့်သွားချိန်တွင် မြစ်၏ မူလရုပ်သွင်မှာ ပေါ်ထွက်လာခဲ့သည်။ မြစ်ကြောင်းတစ်ခုလုံးမှာ ပေါက်ကွဲမှုကြောင့် အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီး မြစ်အတွင်း၌ ရေတစ်စက်မျှပင် မကျန်တော့ဘဲ မြစ်ကြမ်းပြင်တစ်ခုလုံးမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

နှစ်ဦးစလုံးမှာ မီးမှော်ပညာကို အသုံးပြုခဲ့ကြသော်လည်း ရလဒ်မှာမူ ရှင်းလင်းပြတ်သားလွန်းလှသည်။

ယီပိုင်မင်းသည် ချောင်းအသာဟန့်လိုက်သည်။ သူသည် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် အားလုံးထဲတွင် အသန့်ရှင်းဆုံး ပုံစံဖြင့် ရှိနေသော်လည်း မြစ်ကြမ်းပြင်နှင့် နီးကပ်စွာ ရပ်နေသော တန်ယုမှာမူ ရွှံ့နွံများဖြင့် စိုရွှဲကာ ရွှံ့ရုပ်ကြီးတစ်ရုပ်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။

"ပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ ရလဒ်က ဘယ်လိုလဲဆိုတာ လူတိုင်းလည်း သိကြမှာပါ"

ယီပိုင်မင်းက တည်ငြိမ်စွာ ပြောရင်း ယွင်ရှန်းကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ ဤမိန်းကလေးမှာ တကယ့်ကို မိစ္ဆာတစ်ပါးပင်။ အချိန်ကိုက် ထွက်ပေါ်လာသော ဤမှော်အတတ်အသစ်မှာ တကယ့်ကို အံကိုက်ပင်။

ဤအောင်ပွဲသည် ပြိုင်ပွဲတွင် အနိုင်ရရုံသာမက ကောင်းကင်လိုက်လံရှာဖွေရေး တပ်မှူး၏ ဂုဏ်သိက္ခာကိုပါ များစွာ မြှင့်တင်ပေးလိုက်ခြင်းပင်။

"ထွီ... ထွီ... နံစော်နေတာပဲ"

တန်ယုသည် အသိပြန်ဝင်လာကာ ပါးစပ်ထဲမှ ရွှံ့များကို ထွေးထုတ်လိုက်ပြီးနောက် ယွင်ရှန်းကို ကြည့်ကာ ဒေါသမှ ဝမ်းသာပီတိသို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ငါတို့ နိုင်သွားပြီပေါ့လေ ဟားဟား... ကောင်းလိုက်တာ ငါ မသေရတော့ဘူး"

"ပါးစပ်ပိတ်ထားစမ်း"

ယီပိုင်မင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး တန်ယုကို ဆွဲမကာ သာသာယာယာပင် လွှဲပစ်လိုက်သည်။

စည်ပိုင်းကဲ့သို့ ထွားကြိုင်းသော တန်ယု၏ ကိုယ်လုံးကြီးမှာ လေထဲတွင် ဝှူးခနဲ ပျံသန်းသွားပြီး တပတ်နှစ်ပတ် လည်သွားကာ ရွှံ့နွံများပြည့်နေသော မြစ်ကမ်းနားတွင် လိပ်တစ်ကောင် ပက်လက်လန်သကဲ့သို့ ဘုတ်ခနဲ ကျသွားတော့သည်။

ယခုမှပင် အမှန်တကယ် တိတ်ဆိတ်သွားတော့သည်။

"ကျွန်မ... ရှုံးပါပြီ"

ဟောင်နုက ခြင်ကိုက်သံမျှသာရှိသော အသံဖြင့် ပြောလိုက်သည်။

သူမ၏ အာရုံထဲတွင် ကိုးဘုံဖီးနစ် ပေါက်ကွဲမှု၏ မြင်ကွင်းမှာ ယခုထက်တိုင် ထင်ဟပ်နေဆဲပင်။ ၎င်းမှာ သူမ တစ်ခါမျှ မမြင်ဖူးခဲ့သော မှော်အတတ်ဖြစ်ပြီး ပြိုင်ဘက်က ထိုမျှတိုတောင်းလှသော အချိန်အတွင်းမှာပင် ပြည့်စုံစွာ ထုတ်ဖော်ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။

သူမ တကယ့်ကို ရှုံးနိမ့်ခဲ့ကာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းပင်။ အကယ်၍ သူမအနေဖြင့် တံဆိပ်ခတ်မှော်ကို အသုံးမပြုခဲ့လျှင်ပင် ဤမျှအထိ ပြင်းထန်သော မှော်အတတ်မျိုးကို ထုတ်ဖော်နိုင်ပါ့မလား ဆိုသည်မှာ သံသယဖြစ်စရာပင်။

သန့်စင်သော မှော်ပညာရှင်နှင့် မှော်ဒါရိုက်တာကြီးတို့ ယှဉ်ပြိုင်ခဲ့ကြသော်လည်း ဤမျှအထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ၎င်းမှာ ဟောင်နု၏ တစ်သက်တာတွင် ကြုံတွေ့ခဲ့ရသမျှ အဆိုးဝါးဆုံးသော အရှုံးပင်။

"မင်း... မင်း တစ်ခုခုတော့ မဟုတ်တာ လုပ်ထားတာပဲ ဖြစ်ရမယ်။ မှော်ဒါရိုက်တာကြီး တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလို... ဒီလောက်အထိ မယုံနိုင်စရာကောင်းတဲ့ မှော်

အတတ်မျိုးကို ထုတ်ဖော်နိုင်မှာလဲ"

လျိုဟောင်က မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်လိုက်သည်။

သူသည် ယွင်ရှန်းကို လက်ညှိုးငေါက်ငေါက်ထိုးရင်း စကားများပင် ထစ်ကုန်ကာ ခုနက မြင်တွေ့ခဲ့ရသော မှော်အတတ်ကို မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။

သူ အမှန်တကယ်ပင် မှင်တက်သွားခဲ့ရသည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ လူတိုင်းက မှော်ပညာဆိုသည်မှာ ကြည့်ကောင်းရုံသာရှိပြီး လက်တွေ့မဆန်ကြောင်း၊ တိုက်ခိုက်ရေးစွမ်းရည်ကသာ ရိုးရှင်းသော်လည်း အသုံးဝင်ကြောင်း ပြောလေ့ရှိကြသည်။

ယခင်က လျိုဟောင်သည်လည်း ထိုသို့ပင် ထင်မြင်ခဲ့ဖူးသည်။ သို့သော် ယနေ့တွင်မူ ယန်ယွင် အမည်ရှိ မှော်ဆရာမလေး၏ မှော်အတတ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးနောက် သူ၏ အယူအဆများမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် သူသည် ဘာကြောင့် သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့တာလဲဟုပင် နောင်တရမိသွားပြီး နောက်ဘဝကျလျှင် မှော်ဆရာတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာရပါစေဟုပင် ဆုတောင်းမိတော့မည့်အလားပင်။

တုန်လှုပ်မှုများအပြီးတွင် ဒေါသစိတ်များ ဝင်ရောက်လာပြန်သည်။ ပြိုင်ဘက်မှာ မှော်ဒါရိုက်တာကြီး အဆင့်မျှသာ ရှိသည်။ သူတို့၏ တပ်ဖွဲ့အတွင်း၌ ထိုအဆင့်ရှိသူများမှာ အနှံ့အပြားပင် ဖြစ်သော်လည်း သူတို့အနက် တစ်ဦးဦးကသာ ယခုကဲ့သို့ မှော်အတတ်မျိုးကို ထုတ်ဖော်နိုင်မည်ဆိုပါက လျိုဟောင်တစ်ယောက် ထိုသူ၏နောက်သို့ မြေနိမ့်ရာလှံစိုက် လိုက်ပါခစားမိပေလိမ့်မည်။

ထို့ကြောင့် အဖန်ဖန် စဉ်းစားပြီးနောက်တွင် ပြိုင်ဘက်သည် သူမ၏ စစ်မှန်သော အဆင့်အတန်းကို ဖုံးကွယ်ထားခြင်း သို့မဟုတ် တားမြစ်ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲထားခြင်းသာ ဖြစ်ရမည်ဟု လျိုဟောင်က ကောက်ချက်ချလိုက်တော့သည်။

"ကျွန်မက မှော်ဒါရိုက်တာကြီး အဆင့်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ မကြာသေးခင်ကမှ သိသိသာသာ တိုးတက်လာခဲ့တာမို့ မကြာခင်မှာ မှော်ဆရာကြီးအဆင့်ကို တက်လှမ်းနိုင်တော့မှာပါ"

ယွင်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"တားမြစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့... ကျွန်မတို့ လမ်းတစ်လျှောက်လုံး အတူတူလာခဲ့ကြတာပဲ မဟုတ်လား။ ကျွန်မ ဆေးသောက်နေတာ တစ်ခုခုများ မြင်လိုက်လို့လား ဒါမှမဟုတ် အခုပဲ မှော်ဗိမာန်ကို သွားပြီး ကျွန်မကိုယ်ထဲမှာ မှော်ဆေးရည် အကြွင်းအကျန်တွေ ရှိမရှိ စစ်ဆေးကြည့်မလား"

"မလိုပါဘူး အနိုင်က အနိုင်ပါပဲ။ ကျွန်မ ရှုံးသွားတာကို လက်ခံပါတယ်။ ယန်ယွင်... ကျွန်မ ညီမလေးကို တစ်ခုပဲ မေးချင်တယ်။ ညီမလေး ဒီနှစ်ထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ"

ဟောင်နုသည် ကနဦးက စိတ်ပျက်အားငယ်နေသော်လည်း ယခုအခါတွင်မူ သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ပင်ကိုယ်သဘာဝမှာ မီးဓာတ်မှော်စွမ်းအင်ကဲ့သို့ပင် ပြတ်သားလှသည်။ တစ်ခါတည်းနှင့် အစွမ်းကုန် လောင်ကျွမ်းလိုက်ပြီးနောက် ကိစ္စပြီးဆုံးသွားသည်နှင့် မေ့ပျောက်ကာ ရှေ့ဆက်လှမ်းတတ်သူ ဖြစ်သည်။

"ကျွန်မ အသက်ရှစ်နှစ်ရှိပါပြီ။ ကိုးနှစ်ထဲကို ရောက်တော့မှာပါ"

ယွင်ရှန်းက ပြန်လည်ဖြေကြားလိုက်သည်။

ဟောင်နု၏ မျက်နှာမှာ တစ်ချက်တွန့်သွားခဲ့ပြီး ဘေးမှ ချန်းလန်မှာလည်း ဆတ်ခနဲ အေးခဲသွားရသည်။ လျိုဟောင်မှာမူ ပါးစပ်အဟောင်းသားနှင့် မှင်တက်သွားတော့သည်။

သူတို့သုံးဦးလုံးက တစ်ပြိုင်နက်တည်း အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

"မင်း အသက်က ရှစ်နှစ်ပဲ ရှိသေးတယ် ဟုတ်လား ဒါ... ဒါ တကယ့်ကို မိစ္ဆာတစ်ပါးပဲ"

အသက်ရှစ်နှစ်အရွယ်နှင့် မှော်ဒါရိုက်တာကြီး အဆင့်မဟုတ်သေးပေ။

မကြာမီ မှော်ဆရာကြီးအဆင့်သို့ တက်လှမ်းတော့မည့်သူပင်။

ဤကဲ့သို့သောသူမျိုးမှာ သာမန်မိစ္ဆာတစ်ပါး မဟုတ်ရုံရုံမက တကယ့်ကို ထူးကဲဆန်းပြားလှသည့် ပါရမီရှင်တစ်ဦးပင်။

ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက သူမအား အဘယ်ကြောင့် တပည့်အဖြစ် လက်ခံခဲ့သည်ကို ယခုမှပင် နားလည်နိုင်တော့သည်။

"ဒါဆို ညီမလေးက ဘာဖြစ်လို့ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့ထဲကို ရောက်နေရတာလဲ ညီမလေးရဲ့ မှော်ကျင့်ကြံမှုနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းမျိုးဆိုရင် တိုက်ကြီးရဲ့ အထူးချွန်ဆုံး မှော်ပညာရှင်လေ့ကျင့်ရေးစခန်းကို တက်ရောက်ဖို့ အကြံပြုခံရသင့်တာ"

ဟောင်နုက မျက်လုံးလေး ကလည်ကလည်ဖြင့် ပြောလိုက်သည်။

သူမ၏ အမြင်အရ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မျိုးသည် တိုက်ကြီးပေါ်တွင် လျှောက်သွားနေရမည့်သူ မဟုတ်ပေ။ သူမကို ဖမ်းဆီးပြီး ငရဲခန်းကဲ့သို့ ပြင်းထန်လှသော အထူးချွန်ဆုံး မှော်လေ့ကျင့်ရေးစခန်းထဲသို့ ပစ်ထည့်ကာ အခြားသော မိစ္ဆာအဆင့် ပါရမီရှင်များနှင့် ယှဉ်ပြိုင်ခိုင်းသင့်သည်ဟု ယူဆထားခြင်း ဖြစ်သည်။

"တိုက်ကြီးရဲ့ အထူးချွန်ဆုံး မှော်လေ့ကျင့်ရေးစခန်း ဟုတ်လား အဲဒီကို သွားဖို့ ကျွန်မကို ဘယ်သူမှ မပြောဖူးဘူး"

ယွင်ရှန်းက ပခုံးလေးတွန့်၍ ပြောလိုက်သည်။ အသက်အရွယ်သည် သူမအတွက် အမြဲတမ်း အားနည်းချက်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။

ဤပုံစံကို မြင်လိုက်ရသောအခါ သူမ၏ ဘေးရှိ လူအနည်းငယ်မှာ သူမကို လည်ပင်းညှစ်သတ်ချင်စိတ်ပင် ပေါက်သွားတော့သည်။ ဝံပုလွေသွား တပ်ဖွဲ့ဝင် သုံးဦးမှာမူ လုံးဝပင် စကားမဆိုနိုင်တော့ချေ။

ယခင်က ယွင်ရှန်းနှင့် သူမ၏အဖွဲ့သည် လှည့်ကွက်များကိုသာ အသုံးပြုနေသည်ဟု သူတို့ အထင်သေးခဲ့မိသော်လည်း ယခုအခါတွင်မူ ပြိုင်ဘက်များသည် ယုတ်မာသော နည်းလမ်းများဖြင့် အနိုင်ရခဲ့ခြင်း မဟုတ်ကြောင်း အထင်အရှား သိမြင်သွားကြပြီ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့သည် သူတို့၏ အားသာချက်နှင့် အားနည်းချက်ကို ကောင်းစွာ နားလည်ထားကြသည်။ ကျိုးချွမ်သည် သူတို့ထဲတွင် အားအနည်းဆုံးဖြစ်သဖြင့် တိုက်ရိုက်ရင်ဆိုင်ခြင်း မပြုဘဲ အရှုံးကို ပွင့်လင်းစွာ လက်ခံခဲ့သည်။ ဤလုပ်ရပ်မှာ သူတို့၏ အင်အားကို ထိန်းသိမ်းနိုင်ခဲ့သလို ထိခိုက်ဒဏ်ရာရမှုကိုလည်း ရှောင်ရှားနိုင်ခဲ့သည်။

ဤကဲ့သို့သော နည်းဗျူဟာမှာ မုဆိုးတပ်ဖွဲ့များအတွက် အသင့်တော်ဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းပင်။ ထို့နောက် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သူမှာ အသက်ရှစ်နှစ်အရွယ်သာ ရှိသေးသည့် မိစ္ဆာမှော်ဆရာမလေး ယန်ယွင်ပင်။

ဝံပုလွေသွား တပ်ဖွဲ့ဝင်များ၏ ရင်ထဲတွင် ယန်ချန်းလန်နှင့် ယန်ယွင်တို့၏ ဦးဆောင်မှုအောက်

တွင် ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့သည် မဟာကျိုးမုဆိုးလောက၏ ဒဏ္ဍာရီတစ်ခု ဖြစ်လာနိုင်ပြီး မဟာကျိုးသမိုင်းတွင် ပထမဦးဆုံးသော SSS အဆင့်ရှိ မုဆိုးတပ်ဖွဲ့ ဖြစ်လာလိမ့်မည်ဟုပင် ခံစားနေမိကြတော့သည်။

ဤအရာအားလုံးမှာ နောင်တစ်ချိန်တွင် ဖြစ်လာမည့် အကြောင်းအရာများသာ။

All Chapters