← Chapters

အနိုင်အရှုံး

Vol. 5 Ch. 423

အနိုင်အရှုံး

Vol. 5 Ch. 423

ဆန်းလျန်၏ နေရာတွင် ပေါ်လာသည့် နတ်ဘုရား တစ်ပါးကို တွေ့မြင်လိုက်သည်နှင့် ချန်ပေသိုက သူရင်ဆိုင် နေရသည့် သူသည် မည်သူဖြစ်သည်ကို ချက်ချင်း ရိပ်မိလိုက်လေသည်။ သူ့ရင်ထဲတွင် တစ်ချက် လှုပ်ရှားသွားရသည်။

ထိုနတ်ဘုရားသည် ဓားသိုင်းကျင့်ကြံသူ တစ်ယောက် မဟုတ်သည့်တိုင် ဓားသိုင်းတွင် အဆုံးစွန် အဆင့်ကို ကိုယ်စားပြု နိုင်သည့် သူတစ်ယောက် ဖြစ်လေသည်။

နတ်ဘုရား တစ်ပါးသည် ကိုယ်တိုင် ကြိုးစားရယူခြင်းနှင့် မွေးရာပါ ပါရမီပါခြင်း နှစ်မျိုး ဖြစ်နိုင်လေသည်။

ယခု သူရင်ဆိုင်နေရသည့် နတ်ဘုရားမှာ မွေးရာပါပါရမီရှင် နတ်ဘုရား တစ်ပါး ဖြစ်လေသည်။ စကြဝဠာ မဖြစ်တည်မီကပင် တည်ရှိခဲ့သည့် ကြီးမြတ်သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ တာအို ဆရာသခင်ကြီးနှင့် ဗုဒ္ဓပင်လျှင် ထိုနတ်ဘုရားထက် နောက်ကျပြီးမှ ပေါ်ပေါက် ခဲ့ကြသူများ ဖြစ်လေသည်။

ချန်ပေသိုမှာ ဒဏ္ဍာရီထဲမှ ရှေးဟောင်း နတ်ဘုရားတစ်ပါးကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင် လိုက်ရသည့် အတွက် အနည်းငယ်ပင် အူကြောင်ကြောင် ဖြစ်သွားလေသည်။ သို့သော် သူ၏ တည်ငြိမ်မှုကတော့ ပျက်ပြားသွားခြင်း မရှိခဲ့ပါ။

အမှန်တော့ သူ့ရှေ့မှ နတ်ဘုရားက သိပ်ပြီး အရေးမကြီးလှပါ။ ထိုနတ်ဘုရားသည် ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး တကယ့် မူလနတ်ဘုရား၏ တစ်သန်းပုံ တစ်ပုံလောက်ပင် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။

သို့သော် အရေးကြီးသည့် အချက်မှာ ထိုနတ်ဘုရား၏ ပုံရိပ်သည် ဆန်းလျန်နှင့် ပေါင်းစပ်သွားခြင်း ဖြစ်လေသည်။

ထို့ကြောင့်ပင် ထိုနတ်ဘုရား၏ ဓားသိုင်းပညာသည် အထွတ်ထိပ်သို့ ချက်ချင်း ရောက်ရှိ သွားရခြင်း ဖြစ်သလို ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာလည်း အထွတ်ထိပ်သို့ မြင့်တက် သွားရခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် မူလဖြစ်တည်မှု နတ်ဘုရားနှင့် ပေါင်းစပ်သွားပြီး ဒြပ်စင် ငါးပါးမှော်ဝင်ဓားကို ကိုင်ဆောင် ထားလေသည်။

ခေတ်အဆက်ဆက်တွင် ချန်ပေသိုသည် ဓားပေါင်းများစွာကို အမိန့်ပေး နိုင်ခဲ့လေသည်။ သို့သော် သူအမိန့်ပေးနိုင်သည့် ဓားများထဲတွင် ဆန်းလျန်၏ ဒြပ်စင် ငါးပါး မှော်ဝင်ဓားတော့ မပါဝင်ခဲ့ပေ။

ချန်ပေသို၏ နတ်ဘုရား ထောင်ချောက် ဓားသည် ဆန်းလျန်၏ မှော်ဝင်ဓားကို မနာလို ဖြစ်နေခဲ့လေသည်။

ချန်ပေသို၏ ဓားသိုင်းမှာ မူလနတ်ဘုရား၏ ဓားသိုင်းကိုဖြင့် ယှဉ်လျှင် အဆတစ်ထောင်၊ အဆတစ်ရာ ကွာခြား နေလေသည်။

ဆန်းလျန်သည် သူပုံဖော်လေ့ရှိသည့် ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင် ထားသည့် နတ်ဘုရားနှင့် ပေါင်းစပ် သွားလေသည်။ သူက မူလတာအိုမှ ခွဲထွက် သွားသည့် တာအို အစိတ်အပိုင်း အနည်းငယ်ကို ဖမ်းဆုပ် လိုက်နိုင်ခြင်းပင် ဖြစ်လေသည်။ ဆန်းလျန်တွင် ထူးခြားသည့် ဝိသေသ လက္ခဏာများ ရရှိလာသည့်တိုင် ကြီးမြတ်သည့် မူလနတ်ဘုရား၏ စစ်မှန်သည့် တန်ခိုး စွမ်းအားများကို ဆက်သွယ် မိရန်မှာတော့ မဖြစ်နိုင်သေးပေ။

သို့သော် သူယခု ရရှိထားသည့် တန်ခိုး စွမ်းအားကတော့ ချန်ပေသိုကို တိုက်ခိုက်ရန် လုံလောက် လေသည်။ မူလနတ်ဘုရား၏ ပုံရိပ်သည်ပင်လျှင် သူ၏ ဓားသိုင်းစွမ်းအားကို အဆမတန် မြင့်မား သွားစေလေသည်။

သူ၏ ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး ကမ္ဘာပေါ်ရှိ သူနှင့် ဆက်သွယ်နိုင်သူ အားလုံးကို သူတွေ့မြင် နေရလေသည်။

ဆရာဘွားဘွား ဖြစ်သူ ကျိလင် နတ်သမီးသည် ကျီဖူတောင်ထိပ်မှ နေပြီး သူရှိရာနေရာသို့ ငေးစိုက် ကြည့်နေလေသည်။

သူ၏ ဂိုဏ်းတူ အစ်မ ကူးချိုင်ဝေ့သည် ဆရာ ဘွားဘွား လီချင်းဆွေ၏ တာအို ကျောင်းဆောင်တွင် သူ့အတွက် ဆုတောင်းစာများ ရွတ်ဆို ပေးနေလေသည်။

ပြီးတော့ ကျောက်ရှောင်ယွီ…။

သူမသည် ကျီမော့ တောင်ထိပ်တွင် ပုလွေသံစဉ် တစ်ခုကို တီးခတ်ကာ သူ့အတွက် ဆုတောင်း ပေးနေလေသည်။

သူ၏တူမလေး ရော့ရှီကတော့ ချမ်းမော့ကို စီးနှင်ကာ သူရှိရာ ကျုန်းစန်းတောင်ဆီသို့ ခရီးပြင်း နှင်လာနေလေသည်။

ထို့ပြင် ယန်ရွှီးကိုလည်း သူမြင်တွေ့ခဲ့လေသည်။

ထို့နောက် ရော့စွေမြစ်ရှိ လှေငယ်ပေါ်တွင် ရပ်နေသည့် ဟွမ်ကျန်းကိုလည်း သူတွေ့မြင် ရလေသည်။

ဖန်းယန်ယင်းမှာတော့ ကျုန်းစန်းတောင် တစ်နေရာတွင် မတ်တတ် ရပ်နေပြီး သူရှိရာနေရာကို ခန့်မှန်းကာ ငေးကြည့်နေလေသည်။

သူ့ကို ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ကို သင်ကြားပေးခဲ့သည့် ဆရာစူးကိုပင် သူမြင်တွေ့ နေရလေသည်။

ဆရာစူးသည် ခမ်းနားသည့် အခန်းတစ်ခုထဲတွင် ထိုင်နေလေသည်။ သူက အနီရောင် ဝတ်ဆင်ထားသည့် လှပသည့် မိန်းမပျို တစ်ယောက်၏ ပုံတူပန်းချီကား တစ်ချပ်ကို ရေးဆွဲ ပေးနေလေသည်။ ထိုမိန်းမပျို၏ မျက်ခုံး နှစ်ခုကြာားတွင် မီးတောက် ပုံသဏ္ဌာန် သင်္ကေတတစ်ခု ပါရှိလေသည်။

ဆရာစူးသည် ပန်းချီ ရေးဆွဲနေရင်းမှ သူ၏ ဓားဝိညာဉ်ကို လေထဲသို့ ရုတ်တရက် ထုတ်လွှတ် လိုက်လေသည်။

“ဘာများဖြစ်လို့လဲ”

ပန်းချီဆွဲခံနေသည့် မိန်းမပျိုက မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ကျုပ်ကို ကြည့်နေတယ်လို့ ခံစားလိုက်ရလို့ပါ၊ ကျုပ်မှားသွားတာ နေမယ်”

ဆရာစူးက ပြုံးရင်း ပြန်ပြောလိုက်သည်။

“ထူးဆန်းလိုက်တာ၊ ဒီထာဝရ နန်းတော်ထဲကို ခိုးဝင်နိုင်တဲ့ သူဆိုလို့ လောကမှာ လက်တစ်ဆုပ်စာတောင် မရှိဘူး၊ အဲဒီ လူတွေကလည်း ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ခိုးဝင်မယ့် သူတွေ မဟုတ်ဘူး၊ ခုလို ခိုးကြောင်ခိုးဝှက်လုပ်တာ ဘယ်သူပါလိမ့်"

မိန်းမပျိုက ပြန်ပြော လိုက်လေသည်။

ဆရာစူးက မိန်းမပျို၏ လက်လေးများကို ကိုင်လိုက်ရင်း နူးညံ့ သိမ်မွေ့စွာ ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး မိန်းမရယ်၊ အေးအေးဆေးဆေး နေစမ်းပါ၊ လောကီ ကိစ္စတွေနဲ့ မပတ်သက်ချင်စမ်းပါနဲ့”

“ရှင့်ကိုယ်ရှင်လည်း ပြန်ကြည့်စမ်းပါဦး၊ တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြား ခဲ့တဲ့ ဓားသူတော်စင် ကျီဝေးလို့ ဘယ်သူမှ ရှင့်ကို ထင်မှာ မဟုတ်တော့ဘူး”

သူကြည့်နေသည်ကို ဆရာစူး ရိပ်မိသွားသည့် အတွက် ဆန်းလျန်က ဆရာစူးကို ကြည့်နေခြင်းမှ ရပ်တန့် လိုက်သည်။

ထိုသို့ အမြင်များကို ရရှိလိုက်ခြင်းမှာ မှေးမှိန်သွားသည့် နတ်ဘုရား ဝိညာဉ် စွမ်းအားများကို ပြန်လည်ရရှိကာ မူလ ဝိညာဉ် ခန္ဓာ၏ တန်ခိုးစွမ်းအားများ မြင့်တက် လာသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ အတွေးများသည် အလင်းမှုန်များ ထက်ပင် မြန်ဆန်စွာ လှည့်ပတ် နေလေသည်။

တစ်ချိန်တည်းမှာပင် သူသည် ဒြပ်စင် ငါးပါးမှော်ဝင်ဓားကို ချန်ပေသို ရှိရာသို့ ထိုးစိုက် ချလိုက်လေသည်။

သူ၏ဓားကွက်တွင် မည်သည့် အလှည့်အပြောင်းမှ မပါခဲ့။ ရိုးရိုးရှင်းရှင်းပင် ထိုးစိုက် ချလိုက်ခြင်း ဖြစ်လေသည်။ ထို့ပြင် သူ၏ဓားကွက်မှာ အလွန်မှ ပေါ့ပါးလေသည်။

သို့သော် ရိုးရှင်းသည့် တိုက်ကွက်လေး တစ်ခုက ချန်ပေသို၏ အသက်ကို နှုတ်ယူ သွားနိုင်လေသည်။

ချန်ပေသိုကလည်း ခေသူမဟုတ်ပါ။ သူက မည်သည့် အခါမှ အရှုံးပေးသူ တစ်ယောက် မဟုတ်ခဲ့ပေ။

ဆန်းလျန်မှာ တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားနေသည့် အတွက် ချန်ပေသိုသည် ဆန်းလျန်၏ ဓားချက်ကို သတိကြီးစွာ ထားကာ ရှောင်တိမ်း နေရလေသည်။

ချန်ပေသိုက စိတ်အာရုံများကို သေသေချာချာ စုစည်း လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် ဓားရိပ်များဖြင့် တုန်ခါနေလေသည်။

ချန်ပေသိုက သူ၏နတ်ဘုရားထောင်ချောက်ဓားကို တစ်ချက်ဝေ့ယမ်းလိုက်သည်။

ချန်ပေသိုနှင့် နတ်ဘုရား ထောင်ချောက်ဓားသည် တစ်သားတည်း ကျသွားပြီး သန့်စင်သည့် အလင်းတန်း တစ်ခု ထွက်ပေါ်လာလေသည်။

ဆန်းလျန်၏ “ဖြတ်တောက်ခြင်း” ဓားသိုင်းက ရိုးရှင်းလေသည်။

ချန်ပေသိုက ရိုးရှင်းမှုကို “သန့်စင်ခြင်း” ဖြင့် တုံ့ပြန်လိုက်ခြင်း ဖြစ်လေသည်။

ထို့နောက်တွင်တော့…

ချန်ပေသိုကို မည်သည့် နေရာတွင်မှ မတွေ့ရတော့ပါ။

သွေးနီရောင် အလင်းတန်း တစ်ခုကိုသာ တွေ့မြင် ကြရလေသည်။

ထိုအနီရောင် အလင်းတန်းသည် တောက်ပခြင်း မရှိ၊ မှေးမှိန်နေလသည်။

ထိုအနီရောင် အလင်းတန်းမှ တစ်ဆင့် မရဏ ဓားတစ်လက်၏ သစ္စာတရားကို တွေ့မြင်နိုင်လေသည်။

ဒြပ်စင်ငါးပါး မှော်ဝင်ဓားနှင့် နတ်ဘုရား ထောင်ချောက်ဓားသည် အရှိန်ပြင်းထန်စွာဖြင့် ရိုက်ခတ်မိ သွားလေသည်။

သိပ်မကြာခင်တွင်တော့…

ကြယ်စုံသည့် ညကောင်းကင် အောက်တွင် ကျုန်းစန်းတောင်ပေါ်မှ တောက်ပသည့် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း တွေ့မြင် လိုက်ကြရလေသည်။

ထိုခဏ အတွင်းမှာပင်…

ရော့စွေမြစ်ရေထဲမှ ဧရာမ သားရဲကြီးသည် ရေအောက်မှ ရေပေါ်သို့ ခုန်ထွက် လာလေတော့သည်။ ထိုသားရဲကြီး၏ ဦးခေါင်းထက်တွင် ချိုနှစ်ချောင်းရှိပြီး လည်ပင်းတွင် အစိမ်းရောင် အကြေးခွံများ ရှိလေသည်။ ထိုသားရဲကြီးမှာ ဖန်းလုန်မျိုးနွယ် ရေနဂါးကြီး တစ်ကောင် ဖြစ်လေသည်။

နဂါးကြီးက ရေထဲမှ ခုန်ထွက်ကာ အဖြူရောင် အလင်းတန်းဆီသို့ ရောက်ရန် ကြိုးပမ်း နေလေသည်။

သို့သော် ဓားခြိမ်းသံ တစ်သံ ထွက်ပေါ်လာပြီး နဂါးကြီး၏ ဦးချိုတစ်ဖက်ကို ဖြတ်တောက် ပစ်လိုက်လေသည်။

နဂါးကြီးသည် နာကျင်စွာ အော်ဟစ်ရင်း မြစ်အောက်သို့ ပြန်လည် ငုပ်လျှိုး သွားလေသည်။

အဖြူရောင် အလင်းတန်း ပျောက်ကွယ် သွားသည်နှင့် နတ်ဘုရား ထောင်ချောက် ဓားကို ကိုင်ထားသည့် ချန်ပေသို၏ ပုံရိပ် ထွက်ပေါ်လာလေသည်။ ထို့နောက်တွင်တော့ ချန်ပေသိုသည် နတ်ဘုရား ထောင်ချောက် ဓားနှင့်အတူ သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ် သွားလေတော့သည်။

နတ်ဘုရား နှစ်ပါး၏ ပြင်းထန်လွန်းသည့် တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ညခင်းသည် ရှင်းလင်း တိတ်ဆိတ်ကာ လှပနေဆဲ ဖြစ်လေသည်။ ပတ်ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အရိပ်အယောင်ကိုပင် မတွေ့ရပေ။

ဟွမ်ကျန်းသည် လှေပေါ်တွင် မတ်တတ် ရပ်နေလေသည်။

သူက တိုက်ပွဲတွင် ဆန်းလျန် ရှုံးနိမ့်ခဲ့ပါက ကူညီရန် အခွင့်အရေး ရမည်ဟု တွေးထင် ခဲ့မိလေသည်။ ယခုတော့ သူ့အထင် မှားသွားခဲ့လေပြီ။

“ဘယ်သူနိုင်သွားတာလဲ”

ချင်းယင်းက မေးလိုက်သည်။

“မသိဘူး..”

ဟွမ်ကျန်းကပြန်ဖြေလိုက်သည်။

“သူရှုံးသွားတယ်….”

အသံ တစ်သံ ထွက်ပေါ်လာလေသည်။

လှေငယ်သည် သိမ့်ခနဲ တုန်သွားပြီး ရေပြင်တွင် လှိုင်းများ ထသွားလေသည်။

သားမွေး အင်္ကျီကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကြယ်စင် သရဖူကို ဆင်မြန်းထားသည့် လူငယ်တာအို ဆရာတစ်ယောက်သည် လှေပေါ်ရှိ သစ်သီးများ တင်ထားသည့် စားပွဲလေး ဘေးတွင် ထိုင်နေလေသည်။ သူ၏ပုံစံက ကြယ်စင်များကဲ့သို့ အလင်းရောင် မှိန်မှိန် လင်းလက်နေပြီး အနည်းငယ် မှုန်ဝါး နေလေသည်။

ချင်းယင်းမှာ ထိုလူငယ်ကို ငေးကြည့်ရင်း အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

လူငယ်က စားပွဲလေးထက်မှ သစ်သီးတစ်လုံးကို လှမ်းယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။

လူငယ်က သစ်သီးကို ဝါးနေရင်းမှ တစ်ချက်ပြုံးလိုက်ရင်း…

“သစ်သီးတွေက အရမ်းချိုတာပဲ၊ နောက်တစ်ခါလည်း ဒီလို အရသာရှိတာတွေ ပြင်ဆင် ထားပေးဦးနော်"

***

All Chapters