ရော့စွေမြစ်ရေထက်တွင်
Vol. 5 Ch. 424
“ရှင်… ရှင်က …ဘယ်လိုလုပ် … အသက်ရှင် နေသေးတာလဲ”
ချင်းယင်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
ဆန်းလျန်က သူ့လက်ထဲမှ သစ်သီးကို နောက်ထပ် တစ်ကိုက် ထပ်ကိုက်လိုက်ရင်း…
“ကျုပ်အသက် ရှင်နေသေးတယ်လို့ ဘယ်သူက ပြောလို့လဲ”
ဆန်းလျန်၏ ခန္ဓာကိုယ်သည် ဖျတ်ခနဲ တစ်ချက် လင်းလက်သွားပြီး ချင်းယင်းသည် ဆန်းလျန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အနောက်ဘက်မှ မြစ်ရေကို တွေ့မြင်နေရလေသည်။
ဟွမ်ကျန်းက ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
ချင်းယင်းက အရက် တစ်အိုးယူလာပြီး သူတို့ နှစ်ယောက်အတွက် အရက်များ ငှဲ့ပေးလိုက်သည်။
ဟွမ်ကျန်းက ဆန်းလျန်ကို ကြည့်ပြီး တစ်ချက် ပြုံးလိုက်သည်။
“အရင်ကလည်း ကျုပ်တို့တွေ ဆုံခဲ့ ဖူးကြတယ်နော်၊ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက် ဒီလို အေးအေးချမ်းချမ်းနဲ့ အရက် ထိုင်သောက်တဲ့ အချိန်ရှိလာမယ်လို့ ကျုပ်ထင်မထားခဲ့မိဘူး"
ဆန်းလျန်ကတော့ အေးဆေးစွာပင် ထိုင်နေပြီး သိမ်မွေ့သည့် အကြည့်များဖြင့် ဟွမ်ကျန်းကို စိုက်ကြည့် နေလေသည်။ သူ၏ အကြည့်များက ဟွမ်ကျန်းရင်ထဲမှ စိုးရိမ် ပူပန်မှုများကို ဖယ်ရှား ပစ်လိုက် နိုင်လေသည်။
“ဒီည ကျုပ်ကို ကူညီဖို့ ရောက်နေတဲ့သူက ခင်ဗျား ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး”
ဆန်းလျန်က ပြောလိုက်သည်။
“ဒါပေမဲ့လည်း ဘာမှ မကူညီလိုက်ရပါဘူးဗျာ"
ဟွမ်ကျန်းက လေးကန်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ကျေးဇူးတင်ရမှာပေါ့ဗျာ၊ ကဲ… မမူးမချင်း သောက်ကြရအောင်”
ဆန်းလျန်က အရက်ခွက်ကို ကိုင်မြှောက်ရင်း ပြောလိုက်သည်။
လရောင်ခြည်သည် ဆန်းလျန်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေလေသည်။
ရော့စွေမြစ်သည် တိတ်ဆိတ် ဖြည်းညင်းစွာ စီးဆင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက မှော်ဆန်စွာ လှပနေလေသည်။
ဆန်းလျန်၏ စကားကြောင့် ဟွမ်ကျန်းက အံ့သြသွားသည်။
ထို့နောက် သူကလည်း အရက်ခွက်ကိုကိုင်မြှောက်ပြီး သောက်လိုက်လေသည်။
ဟွမ်ကျန်းက တိတ်ဆိတ်နေသလို ဆန်းလျန်ကလည်း စကားမပြောပါ။
အတန်ကြာ တိတ်ဆိတ် နေပြီးမှ ဟွမ်ကျန်းက စကားစပြောရန် ဆုံးဖြတ်လိုက်သည်။
"ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ဆုံးရှုံးလိုက်ရပြီ မဟုတ်လား၊ နတ်ဘုရား တစ်ပါး ဖြစ်လာမှတော့ သက်တမ်း ရှည်ဖို့ဆိုတာ စိတ်ပူစရာတော့ မရှိပါဘူး၊ ဒါပေမဲ့ ကြယ်တာရာ စွမ်းအားတွေ ကုန်သွားတာနဲ့ ခင်ဗျားရဲ့ မူလဝိညာဉ်ခန္ဓာဟာ ပျောက်ကွယ် သွားရလိမ့်မယ်၊ ခင်ဗျားအတွက် ကျုပ်ဘာများ ကူညီပေးနိုင်တာရှိမလဲ၊ ကျုပ်တတ်နိုင်တာပေါ့လေ"
“ကျုပ်အသက် ရှင်နေသေးတယ်လို့ ဘယ်သူက ပြောလို့လဲ” ဟု ဆန်းလျန် ပြောသည့် စကားကို ယခုမှ ချင်းယင်းက နားလည် သဘောပေါက် သွားရလေသည်။ ဆန်းလျန်၏ ရုပ်ခန္ဓာသည် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ သို့သော် တာအိုနှင့် တစ်သားတည်း ကျသွားသည့် အတွက် မူလဝိညာဉ် ခန္ဓာကတော့ ပြန်လည် ဖြစ်တည် လာခဲ့လေသည်။
ထိုမူလဝိညာဉ်ခန္ဓာသည် ဆီမီးခွက်နှင့် တူလေသည်။ လောင်စာ ကုန်သွားသည်နှင့် မီးငြိမ်းသွားရမည် ဖြစ်သလို မူလဝိညာဉ် ခန္ဓာကို ထောက်ပံ့ ပေးထားသည့် ကြယ်တာရာ စွမ်းအားများ ကုန်ဆုံး သွားသည်နှင့် ဆန်းလျန်မှာလည်း ပျောက်ကွယ် သွားရမည် ဖြစ်လေသည်။
တိုက်ပွဲတွင် ချန်ပေသိုသည် ဆန်းလျန်ကို အနိုင်ရခဲ့ခြင်း မရှိပါ။ သို့သော် ဆန်းလျန်မှာလည်း အနိုင်ရသည်ဟု မဆိုသာပေ။
သို့သော် ဆန်းလျန်၏ ပုံစံကတော့ ပေါ့ပေါ့ပါးပါးပင် ရှိနေလေသည်။
“ကျုပ်ရဲ့ အခြေအနေကို ကျုပ်သိပါတယ်၊ တကယ်တော့ ဒီတိုင်းဖြစ်လာမယ် ဆိုတာ ကျုပ်မျှော်လင့် ထားပြီးသားပါ၊ ဒါပေမဲ့ ကျုပ်တွက်ထားတဲ့ အဆိုးဆုံး အခြေအနေအထိ ရောက်မသွားတာပဲ တော်သေးတယ်လို့ ပြောရမယ်၊ ပြီးတော့ ခင်ဗျားလည်း ဘာမှ ကူညီနိုင်မှာ မဟုတ်ပါဘူးဗျာ"
ဆန်းလျန်က သိမ်မွေ့စွာပင် ပြန်ပြောလိုက်သည်။
“ထားလိုက်ပါလေ၊ ကျုပ်မှာ ခင်ဗျားကို မေးစရာ တစ်ခုရှိတယ်”
ဟွမ်ကျန်းက ပြန်ပြောလိုက်သည်။
“ခင်ဗျားဘာမေးမှာလဲဆိုတာ ကျုပ်သိတယ်၊ ယန်ရွှီးအကြောင်းကို မေးမလို့ မဟုတ်လား၊ ကျုပ် ယန်ရွှီးကိုတော့ ဘယ်နည်းနဲ့မှ အလွတ် မပေးနိုင်ဘူး၊ ချင်းရွှမ်နတ်တံခါး အတွက်ရော၊ ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဟောင်းဖြစ်တဲ့ ဆရာသခင် ကျန်းရော့ရွှီး အတွက်ရော၊ မြင်တောင် မြင်ခွင့် မရလိုက်တဲ့ ကျုပ်ရဲ့ဆရာ ပိယွင်နတ်သမီး အတွက်ရော ကျုပ် ဒီကောင့်ကို အလွတ် မပေးနိုင်ဘူး၊ ဖြစ်နိုင်ရင် အခုတောင် သတ်ပစ် ချင်နေတယ်”
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် ဆန်းလျန်၏ မျက်နှာထက်တွင် ထူးဆန်းသည့် အပြုံးတစ်ခုကို တွေ့မြင်ရမည် ဖြစ်လေသည်။ ဆန်းလျန်၏ အပြုံးသည် မဟူရာ ကောင်းကင်ထက်တွင် လင်းလက်နေသည့် နဂါးငွေ့တန်း အလားပင် တောက်ပလွန်းလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာကျော်ခန့်က ချင်းရွှမ်နတ်တံခါးမှ ကံမကောင်း ခဲ့ကြလေသော ဆရာသခင်များ အကြောင်းကို ဆန်းလျန် စဉ်းစားနေမိလေသည်။
ဆရာသခင် ကျန်းရော့ရွှီးသည် မပျောက်ကင်း နိုင်တော့သည့် အတွင်းဒဏ်ကို ပြင်းထန်စွာ ရခဲ့သည်။ သူ၏ အသက်ကို ရှည်နိုင်သမျှရှည်ရန် ဆွဲထားခဲ့ပြီး ချင်းရွှမ် နတ်တံခါး၏ ကံကြမ္မာအတွက် စိုးရိမ် ပူပန်နေခဲ့ရသည်။ နောက်ဆုံးတွင်တော့ ဆရာသခင်သည် သေဆုံး သွားခဲ့ရလေသည်။
ယခု ဆန်းလျန်၏ အခြေအနေမှာ ဆရာသခင် ကျန်းရော့ရွှီး ထက်ပင် ဆိုးနေခဲ့လေပြီ။
အချိန်ကုန်လာသည်နှင့် အမျှ ကြယ်တာရာ စွမ်းအားများနှင့် မူလဝိညာဉ် ခန္ဓာသည် တဖြည်းဖြည်း ဆုတ်ယုတ်လျက် ရှိလေသည်။ သူသာ အချိန်မီ တားဆီးနိုင်ခြင်း မရှိလျှင် သူ၏ မူလဝိညာဉ် ခန္ဓာသည် သဲလွန်စ မကျန်အောင် ပျောက်ကွယ် သွားမည် ဖြစ်ပြီး လူပြန်ဝင်စား နိုင်တော့မည်ပင် မဟုတ်တော့ပေ။
ထိုသို့ဖြစ်ရခြင်းမှာ အချိန်မကျသေးဘဲ တာအိုနှင့် တစ်သားတည်း ကျရန် အတင်းအကျပ် လုပ်ဆောင် လိုက်မိသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်သည် ကျောက်စိမ်း ကျိုင်းတံကိုင်ထားသည့် မူလနတ်ဘုရား ဖြစ်သည့် လင်ပေါင်ထျန်းကျွင်း၏ တာအို အစိတ်အပိုင်းနှင့် ပေါင်းစပ် လိုက်မိသည့်တိုင် ထိုသို့ ပေါင်းစည်းမိခြင်း ကပင် သူ၏ခံနိုင်ရည်ထက် ကျော်လွန် သွားခဲ့လေသည်။
သို့သော် လက်ရှိ အချိန်တွင်တော့ သူက အလွန်မှ တန်ခိုးစွမ်းအားများ အဆုံးစွန်ထိ မြင့်မား နေလေသည်။
လက်ရှိအချိန်တွင် လောက တစ်ခွင်တွင် သူ့ကို မည်သူမျှ ယှဉ်ပြိုင်နိုင်မည့်သူ မရှိပေ။
မည်သို့ပင်ဖြစ်စေ ဆန်းလျန် နောင်တ မရခဲ့ပါ။
သူ့ဘဝသည် အိပ်မက် လှလှလေးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ သူ့နေဖြင့် အိပ်မက် ကမ္ဘာတွင် ပျော်မွေ့စွာနေထိုင်ရင်း အချိန်တန်လျှင် အိပ်မက်က အဆုံးသတ်သွားမည် ဖြစ်လေသည်။
“ဘာပဲဖြစ်ဖြစ် ကျုပ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်”
ဟွမ်ကျန်းကပြောလိုက်သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူးလေ၊ ဒါနဲ့ ကျုပ်သိချင်တာ တစ်ခုရှိတယ်၊ ယန်ရွှီးရဲ့ မိစ္ဆာမျိုးစေ့နဲ့ ထိန်းချုပ်မှု အောက်က နေ ခင်ဗျားဘယ်လို ရုန်းထွက် လာတာလဲ"
ဆန်းလျန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဟွမ်ကျန်းသည် သူ၏ အင်္ကျီရင်ပတ်ထဲမှ ဧကရာဇ် တံဆိပ်တော် တစ်ခုကို ထုတ်ယူ လိုက်သည်။
“ဒီပစ္စည်းကြောင့်ပေါ့”
ဧကရာဇစ်တံဆိပ်တော်မှ ထုန်လွှတ်လိုက်သည့် စွမ်းအားများသည် ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများကိုပင် လာရောက် ရိုက်ခတ်လေသည်။
"ခွန်စန်းတောင်က ကျောက်စိမ်း အကြောင်းကို ကျုပ်ကြားဖူးတယ်၊ ဒီဧကရာဇ် တံဆိပ်တော်က ခွန်စန်းတောင်က ကျောက်စိမ်း တစ်ဖဲ့နဲ့ ပြုလုပ် ထားတာပဲ၊ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအား ဆိုတာ ကြောက်စရာ ကောင်းတဲ့ တန်ခိုးစွမ်းအားပဲ၊ ဒါပေမဲ့ ဒီတံဆိပ်တော်ကို အသုံးပြုပြီး ယန်ရွှီးရဲ့စွမ်းအားကို တွန်းလှန်နိုင်ဖို့ လုပ်နိုင်တယ်ဆိုတာ တော်ရုံ အရည်အချင်းနဲ့ ဘယ်ရမှာလဲ တာအို ရောင်းရင်းဟွမ်ကျန်းရေ"
ဆန်းလျန်က ဟွမ်ကျန်းကို ချီးကျူးသလိုနှင့် သူ၏ ဗဟုသုတကြွယ်ဝမှုကို မသိမသာ ထုတ်ဖော် ပြသလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ခွန်စန်းတောင်မှ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဧကရာဇ် တံဆိပ်တော်သည် ယန်ရွှီးထံမှ ဘယ်လောက် အချိန်ကြာကြာ ဟွမ်ကျန်းကို ဖုံးကွယ် ပေးထားနိုင်ပါမည်နည်း။
"ဒီတံဆိပ်တော်က ကျုပ်ရဲ့ဝိညာဉ်စွမ်းအားကို ယန်ရွှီးဆီက ခဏပဲ ဖုံးကွယ် ပေးထားနိုင်တာ၊ လုံးဝတော့ မလွတ်မြောက် နိုင်သေးဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုချိန်မှာ သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ သူဆိုလို့ မရှိနိုင်တော့ဘူး၊ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းက လုကျိုးယွမ်ရော၊ အခြား အဓိက နတ်ဘုရား ကျောင်းတော်ကြီးတွေက ဂိုဏ်းချုပ်တွေရော ဘယ်သူမှ သူ့ကို နိုင်အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး၊ သူ လော်ဝါဒကို တိုက်ခိုက်ခဲ့တာက ပထမခြေလှမ်းပဲ ရှိသေးတယ်၊ နောက်ပိုင်းကျရင် လောက တစ်ခုလုံးကို မုန်တိုင်းထန်အောင် လုပ်ပစ်လိမ့်မယ်"
ဟွမ်ကျန်းက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။
"ဒီလိုသာဆိုရင် ဒီလူက နတ်ဆိုးတစ်ကောင် ထက်တောင် ဆိုးသွမ်းတဲ့သူပဲ၊ ဒါပေမဲ့ လောကမှာ မိုးကောင်းကင် နတ်မိစ္ဆာကို နှိမ်နင်းနိုင်ဖို့ ဆိုတောတော့ တကယ် ခက်ခဲတယ်"
ဆန်းလျန်က ပုံမှန်လေသံဖြင့်ပင် ပြန်ပြောလိုက်သည်။
ဆန်းလျန်နှင့် ယန်ရွှီးမှာ ကမ္ဘာမကြေ ရန်သူများဖြစ်ကြသော်လည်း ယန်ရွှီးသည် အလွန်မှ ကြောက်မက်ဖွယ် ကောင်းသည့် ပြိုင်ဘက် တစ်ယောက်လည်း ဖြစ်သည်ကိုတော့ ဆန်းလျန် ဝန်ခံရပေမည်။
ယန်ရွှီး၏ ကိုယ်ရည်ကိုယ်သွေး၊ အသိဉာဏ်ပညာ၊ ပြတ်သားမှုနှင့် နည်းဗျူဟာများ၊ လိုက်လျော ညီထွေ ရှိမှုများသည် ဆန်းလျန်နှင့် တန်းတူပင် ဖြစ်လေသည်။
ထို့ကြောင့် ယန်ရွှီးနှင့် ရင်ဆိုင်ရာတွင် ဆန်းလျန်သည် မည်သည့် နည်းစနစ်ကိုမှ အရာထင်အောင် အသုံးမချနိုင်ခဲ့ပေ။
ထို့ပြင် ယခုနှစ်များ အတွင်းတွင် ဆန်းလျန်၏ ကျင့်စဉ်လမ်းက အဆမတန် မြင့်တက် လာခဲ့သည့်တိုင်အောင် ယန်ရွှီးကလည်း ရပ်တန့်နေသည့် သူတစ်ယောက် မဟုတ်ပေ။
ယင်နှင့် ယန်ကို ကိုယ်စားပြုသည့် ကျင့်စဉ်များဖြစ်သည့်တိုင် ပကတိ ဖန်ဆင်းခြင်း ပညာသည် အိပ်မက်လိပ်ပြာ ကျင့်စဉ်နှင့် တူညီခြင်း မရှိပေ။ ဆန်းလျန်သည် အိပ်မက် လိပ်ပြာကျင့်စဉ်ကို လေ့လာ ခဲ့ပြီးသည့်နောက် ပကတိ ဖန်ဆင်းပညာကို ကျင့်ကြံသူ တစ်ယောက်သည် မည်မျှ ရင်ဆိုင်ရင် ခက်ခဲကြောင်း သဘောပေါက် ခဲ့ရသည်။
အမှန်တော့ ထိုကျင့်စဉ် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
"သူ ကျုပ်ကို မထိန်းချုပ်ခင်အထိ မိုးကောင်းကင် နတ်မိစ္ဆာဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ကျုပ်မသိခဲ့ဘူး၊ နတ်ဆိုးထက်တောင် ဆိုးတဲ့ ကျင့်စဉ်ပဲ"
ဟွမ်ကျန်းသည် ထိုစကားကို ခံစားချက်ပေါင်း များစွာဖြင့် ပြောလိုက်ခြင်း ဖြစ်လေသည်။
ဟွမ်ကျန်း အတွက်ကတော့ ပြောမယုံ ကြုံမှသိ ဆိုသလိုပင် တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မှ ယခုကဲ့သို့ ထုတ်ဖော် ပြောနိုင်ခြင်း ဖြစ်လေသည်။
“သူ့ကို ရင်ဆိုင်ဖို့ တော်တော်ခက်တယ်၊ ဒါကြောင့်လည်း ခင်ဗျားနဲ့တွေ့ဖို့ ဒီနေရာကို ရောက်လာရတာပဲ၊ ခင်ဗျားကတစ်ဆင့် သူ့အကြောင်း တစ်ခုခုကို ရှာဖွေဖို့လိုတယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
***