ချဉ်းကပ်ခြင်း
Vol. 50 Ch. 738
“ရူးသွပ်မှု နောက်ဆုံးကူးစက်ခံရတဲ့သူက အပြင်ကလာတဲ့ အကာအကွယ်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ပဲ၊ သူတို့တစ်ဖွဲ့လုံး ရေပိုက်တွေထဲကို ပြေးဝင်သွားကြတာ၊ ဒါပေမဲ့ တစ်ယောက်ပဲ လွတ်လာတယ်”
ဆီလီကွန်အရုပ်မလေးက ပြန်ပြောင်းပြောပြသည်။
“သန့်ရှင်းရေးကုမ္ပဏီကလူတွေလား”
ကောင်းမင်သည် စောစောက သူတွေ့ခဲ့သော စကားပြောစက်ကို ထုတ်၍ ခလုတ်များကို လှည့်လိုက်သည်။
“နားထောင်ကြည့်၊ ဒီလူ့အသံကို မင်းကြားဖူးလား”
သူ လိုင်းပြောင်းလိုက်သောအခါ ခဏအကြာတွင် ထိုလူ၏ ဆဲဆိုသံများ ထွက်ပေါ်လာပြန်သည်။ သူသည် သူအရူးလုပ်ခံရမှာမဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောနေသဖြင့် ကောင်းမင်က သူ့ကို ဒုက္ခပေးမည့်အကြံကို လက်လျှော့လိုက်ရသည်။
“ဟုတ်တယ်၊ ကျွန်မ ရေချိုးကန်ထဲကနေ သူ့ကို ချောင်းကြည့်ဖူးတယ်၊ အဲ့ဒီအသံပိုင်ရှင်က အသက်ငယ်ငယ်နဲ့ ရုပ်လည်းချောတယ်၊ ခန္ဓာကိုယ် တည်ဆောက်ပုံက စက်ရုံကထုတ်တဲ့ ယောကျ်ားအရုပ်တွေအတိုင်းပဲ”
ဆီလီကွန်အရုပ်မလေးက အဆင့်မြင့်မြင့် အကဲဖြတ်ပေးလိုက်သည်။
“အခု သူက အဲ့ဒီရူးသွပ်မှု ကူးစက်ခံထားရတဲ့ပုံ ပေါက်နေပြီလား”
ကောင်းမင်က ဆက်မေးသည်။
“မဖြစ်ပါစေနဲ့ရှင်၊ သူ ရူးသွပ်မှုကူးစက်ခံရရင် အဒေါ်ကြီး ဖြစ်သွားလိမ့်မယ်၊ အခုတော့ သူက သူ့ကိုယ်သူ ဆုံးရှုံးသွားပုံ မပေါ်သေးပါဘူး”
ဆီလီကွန်အရုပ်မလေးက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရသည်။
“ရှေ့ကို ထပ်သွားရင် စွန့်ပစ်ထားတဲ့ ရေနုတ်မြောင်းပိုက်တွေ အများကြီး တွေ့လိမ့်မယ်၊ တချို့က တခြားရပ်ကွက်တွေဆီ ဦးတည်နေတာ၊ တချို့က မြေအောက်မြစ်ရဲ့ အနက်ဆုံးနေရာဆီ သွားတယ်၊ တချို့ကျတော့ မြို့ပြင်အထိ ရောက်တယ်၊ မြို့တော်ရဲ့ ရေပေးဝေရေးစနစ်ကို ပြုပြင်လိုက်ကတည်းက အဲ့ဒီနေရာတွေက စွန့်ပစ်ခံလိုက်ရတာပဲ၊ အခုတော့ စောင့်ကြည့်ရေးစခန်း အသေးလေးတွေပဲ ကျန်တော့တယ်၊ ပိတ်မိနေတဲ့လူက အဲ့ထဲမှာ ပုန်းနေတာ ဖြစ်လိမ့်မယ်”
“ကျေးဇူးတင်ပါတယ်၊ မင်းက ငါ့ကို အများကြီး ကူညီပေးလိုက်တာပဲ”
ကောင်းမင်က စိတ်ရင်းဖြင့် သူမကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဆီလီကွန်အရုပ်မလေး၏ ပါးပြင်ပေါ်တွင် နီမြန်းသော အရောင်များ တက်လာသည်။ သူမ၏ စရိုက်မှာ အလွယ်တကူ ရှက်တတ်ပုံရသည်။
“ရပါတယ်”
အရုပ်မလေးက ရေချိုးကန်ထဲမှ ခေါင်းပြူထွက်လာပြီး လမ်းကြောင်းတစ်ခုကို ညွှန်ပြသည်။
“တကယ်လို့ လမ်းမသိရင် အသားနဲနဲ ယူသွားလိုက်ပါ၊ ရေထဲက ငါးတွေက ရှင့်ကို ကူညီပေးလိမ့်မယ်”
ကူညီရာတွင် အဆုံးထိရောက်စေရန် ဆီလီကွန်အရုပ်မလေးသည် ရေချိုးကန်ထဲမှ တိရစ္ဆာန်အတွင်းကလီစာများ ထည့်ထားသည့် အိတ်တစ်အိတ်ကို ထုတ်ကာ ကောင်းမင်ထံ ပစ်ပေးလိုက်သည်။
“မင်းက ပုံမှန်ဆိုရင် ဒါတွေနဲ့ ရေချိုးတာလား”
ကောင်းမင်သည် အတွင်းကလီစာများကို ကောက်ယူလိုက်သည်။ ထို့နောက် ဒရိုင်ဘာ၏ကြိုးကို ဆွဲ၍ ခါးကုန်းပြီး ရှေ့သို့ ဆက်သွားလိုက်သည်။ မကြာမီ အရွယ်အစားမျိုးစုံရှိသော ပိုက်လုံးကြီးများကို သူမြင်လိုက်ရသည်။
ထိုပိုက်များသည် အပေါ်မှ အောက်သို့ ဆင်းလာခြင်းဖြစ်သည်။ အသေးဆုံးသည် လက်မောင်းခန့်ရှိပြီး အကြီးဆုံးမှာ လူကြီးနှစ်ဦး တွားသွား၍ ရနိုင်လောက်အောင် ကျယ်ဝန်း၏။
သူ့စိတ်ထဲတွင် ထိုပိုက်များနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ မရှိသော်လည်း သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခုကို မေ့မသွားခဲ့ပေ။ ကောင်းမင်သည် ကျွမ်းကျင်စွာပင် ပိုက်များကြား ဖြတ်သန်းသွားလာလိုက်သည်။
ပိုက်လုံးများအတွင်း၌ ရေစီးသံများ ပဲ့တင်ထပ်နေပြီး ခြေဖဝါးအောက်တွင် မိလ္လာရေများ ဖြည်းညင်းစွာ စီးဆင်းနေသည်။ ကောင်းမင်၏ ဆူညံသံကြောင့် ဖြစ်နိုင်သည်။ မျောပါနေသော အမှိုက်သရိုက်များအောက်မှ မျက်ခွံထူကြီးများရှိသည့် မျက်လုံးတစ်စုံက ရေပေါ်သို့ ထွက်ပေါ်လာလေသည်။
“အစ်ကိုကြီး၊ ကျွန်တော့်ကို လွှတ်ပဲ လွှတ်ပေးလိုက်ပါတော့လားဗျာ၊ ကျွန်တော် အစ်ကို့ကို ဘာမှ သိပ်မကူညီနိုင်ပါဘူး”
ဒရိုင်ဘာ စကားမဆုံးမီ ခြေချော်ကာ မိလ္လာရေထဲသို့ ပြုတ်ကျသွား၏။
“မလှုပ်နဲ့”
ရေမျက်နှာပြင်မှာ တအိအိလှိုင်းထလာပြီး ဒရိုင်ဘာဘေးတွင် မျောပါနေသော အမှိုက်များကို တစ်စုံတစ်ခုက ဖယ်ရှားပစ်လိုက်သည်။ ရေအောက်တွင် တစ်စုံတစ်ခု ကူးခတ်နေခြင်းဖြစ်သည်။ ကြောက်ရွံ့သွားသော ဒရိုင်ဘာသည် ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတော့သည်။ ကောင်းမင် သူ့ကို ချည်ထားသော ကြိုးသည် ယခုအခါ သူ၏ တစ်ခုတည်းသော အသက်ကယ်ကြိုး ဖြစ်နေတော့သည်။
မိလ္လာရေများ ပွက်ပွက်ထလာသဖြင့် ကောင်းမင်သည် အခွင့်ကောင်းယူ၍ ကြိုးကို အားဖြင့် ဆွဲတင်လိုက်သည်။ ဒရိုင်ဘာ ကမ်းစပ်သို့ ရောက်လာသောအခါ အဝတ်အစားမှ ဆွဲမကာ အထဲသို့ ပြန်ဆွဲတင်လိုက်သည်။ သူ့နောက်ဘက်ရှိ မှောင်မည်းနံစော်နေသော မိလ္လာရေထဲမှ အကြေးခွံများဖုံးနေသော လက်နှစ်ဖက် ထွက်ပေါ်လာလေသည်။
အဝတ်အစားများ စုတ်ပြဲသွားသဖြင့် ဒရိုင်ဘာမှာ မြေပြင်ပေါ်တွင် ကျောဗလာဖြင့် လဲလျောင်းနေရသည်။ ကောင်းမင်က ရေမျက်နှာပြင်ကို စိုက်ကြည့်လိုက်ရာ ရေအောက်တွင်ရှိသော မျက်လုံးများကို မြင်လိုက်ရသည်။
“ဒါ အရုပ်မလေးပြောတဲ့ ငါးလား”
ကောင်းမင် ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ပေ။ သူသည် အိတ်ထဲမှ အတွင်းကလီစာများကို ထုတ်ကာ ကမ်းစပ်တွင် တင်လိုက်ပြီး ဒရိုင်ဘာကို နောက်သို့ ဆွဲထုတ်သွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် ရေထဲမှ ပူဖောင်းများ တက်လာပြီး အနက်ရောင်ဆံပင်များသည် ရေမှော်ပင်များကဲ့သို့ ယိမ်းထိုးလျက် လူ့ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။
ရေစီးသံများ ဆက်လက်ထွက်ပေါ်နေပြီး ချော်ကျိနေသော ပိုက်လုံးအတွင်းမှ ငါးအကြေးခွံများ ဖုံးအုပ်ထားသော မျက်နှာတစ်ခု ပြူထွက်လာလေသည်။
လူနှင့်ငါး ပေါင်းစပ်နေသကဲ့သို့ရှိသော နောက်ထပ် မကောင်းဆိုးဝါးခြောက်ကောင် ထွက်ပေါ်လာပြန်သည်။ ၎င်းတို့သည် ပိုက်လုံးအတွင်း ဇောက်ထိုးတွဲ၍ ခိုကပ်နေကြပြီး ရေအောက်တွင် ကွယ်ဝှက်နေကြသည်။ ၎င်းတို့မှာ အခြေခံ လူသားပုံသဏ္ဌာန် ရှိသော်လည်း ငါးနှင့်တူသော အင်္ဂါရပ်မျိုးစုံ ရှိနေကြသည်။
“ဒါတွေက မင်းတို့အတွက် အစာတွေပဲ”
ကောင်းမင်က ပြောရင်း အိတ်ထဲမှ အတွင်းကလီစာများကို မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။ သတ္တဝါများက အရပ်မျက်နှာမျိုးစုံမှ တွားထွက်လာကြတော့သည်။ ၎င်းတို့သည် အလွန် ထူးဆန်းလှပြီး ကောင်းမင်သိထားသော ရေသူမပုံစံများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြသည်။
အပုပ်နံ့ထွက်နေသော အတွင်းကလီစာများသည် မျက်စိတစ်မှိတ်အတွင်း ဝါးမြိုခံလိုက်ရသည်။ ထိုမျက်လုံးအစုံများသည် ကောင်းမင်နှင့် ဒရိုင်ဘာကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ ၎င်းမှာ သူတို့၏ မျိုးနွယ်တူများကို ကြည့်သည့် အကြည့်မျိုး လုံးဝမဟုတ်ပေ။
“မင်းတို့ကို နောက်ထပ်အစာတွေ အများကြီး ပေးနိုင်တယ်၊ ဒါပေမဲ့ မင်းတို့ ငါ့ကို အရင်ကူညီရမယ်”
ကောင်းမင်က ပြောလိုက်သည်။ ကောင်းမင် ထိုသို့ပြောလိုက်သောအခါ အကြောက်ဆုံးလူမှာ ဒရိုင်ဘာ ဖြစ်သွားခဲ့သည်။ ကောင်းမင် ပြောသော အစာမှာ သူ့ကို ဆိုလိုခြင်း ဖြစ်ပေမည်။ သူသည် အရန်ရိက္ခာအဖြစ် ပါလာခြင်းဖြစ်ရမည်ဟု စိုးရိမ်သွားခြင်းဖြစ်သည်။
ပိုက်လုံးထဲတွင် ဇောက်ထိုးခိုနေသော အကြီးဆုံး ‘ငါး’ မှာ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို မတ်လိုက်သည်။ ပျက်စီးနေသော သူ့ပါးစပ်မှ အသံထွက်လာ၏။
“ပြော”
“ငါ အဒေါ်ကြီးလို့ ခေါ်တဲ့လူကို ရှာချင်တယ်”
ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရုံနှင့် ကြောက်တတ်သော ငါးအချို့သည် ရေထဲသို့ ချက်ချင်း ငုပ်လျှိုးသွားကြတော့သည်။ အကောင်ကြီး သုံးကောင်သာ ကျန်ရစ်ခဲ့သည်။
“ဟင့်အင်း၊ သူ့ကို ငါတို့ ရှာလို့မရဘူး”
ငါးကြီးက ခေါင်းခါလိုက်ပြီး ကောင်းမင်နှင့် ဆက်လက် မပတ်သက်ချင်တော့ပေ။
“ဒါဆို တောင်းဆိုချက် ပြောင်းရအောင်၊ အရင်က အကာအကွယ်ဝတ်စုံဝတ်ထားတဲ့ သန့်ရှင်းရေးသမားတစ်ဖွဲ့ ဒီထဲကို ဝင်လာခဲ့တယ်၊ လူအားလုံးနီးပါး အသတ်ခံလိုက်ရပေမဲ့ တစ်ယောက်ကတော့ စောင့်ကြည့်ရေးစခန်းတစ်ခုထဲမှာ ပိတ်မိနေတုန်းပဲ၊ သူရှိတဲ့ နေရာအတိအကျကို မင်းတို့ သိလား”
ကောင်းမင်က ခြေတစ်လှမ်းဆုတ်၍ မေးလိုက်သည်။
အကြီးဆုံး ‘ငါး’ က ခေါင်းညိတ်ပြလိုက်သည်။ သူ့ပါးစပ်မှ သွေးများကို လျှာဖြင့်သပ်ကာ အထူဆုံး ပိုက်လုံးထဲသို့ တွားဝင်သွား၏။
“ငါ့နောက် လိုက်ခဲ့”
သံချေးတက်နေသော ပိုက်လုံးများအတွင်း ဖြတ်သန်းသွားလာရာတွင် ထို ‘ငါး’ ကြီးသည် ကောင်းမင်နှင့် ဒရိုင်ဘာကို အန္တရာယ်များစွာမှ ရှောင်ရှားနိုင်အောင် ကူညီပေးခဲ့သည်။ ဤစွန့်ပစ်ထားသော မြေအောက် ရေနုတ်မြောင်းကွန်ရက်သည် အန္တရာယ်ရှိသော မကောင်းဆိုးဝါးမျိုးစုံ နေထိုင်ရာ တားမြစ်နယ်မြေတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ မှောင်လွန်းသောကြောင့် ဖြစ်နိုင်သည်၊ ဒရိုင်ဘာသည် မည်သည့်မကောင်းဆိုးဝါးကိုမှ မမြင်ရဘဲ ကျောချမ်းစရာ အသံမျိုးစုံကိုသာ ကြားနေရခြင်း ဖြစ်သည်။
“ဒီမှာပဲ”
ပိုက်လိုင်း၏အဆုံးသို့ ရောက်သောအခါ ငါးကြီးမှာ သိသိသာသာ စိုးရိမ်လာပုံရသည်။
ဘားကို ဘယ်ဘက်လှည့်၊ အနောက်မှာ”
၎င်းသည် ပိုက်အတွင်း၌သာ ကွေးနေပြီး အပြင်ထွက်ရန် ကြောက်ရွံ့နေလေသည်။ သူ့မျက်လုံးများသည်လည်း ဟိုကြည့်ဒီကြည့်ဖြင့် ဂနာမငြိမ်ဖြစ်နေခဲ့သည်။
“သတိထား၊ အဒေါ်ကြီး ဒီမှာ ရှိနေတယ်”
ဤဧရိယာသည် အဒေါ်ကြီးနေထိုင်ရာ နေရာဖြစ်ပုံရသည်။ ငါးကြီးက ပိုက်ထဲမှ ထွက်ရန် မဝံ့သော်လည်း ကောင်းမင်ကမူ ဒရိုင်ဘာကို ဆွဲကာ ရဲရဲဝံ့ဝံ့ ဆင်းသွားလိုက်သည်။
မြေပြင်တွင် တံမြက်စည်းလှည်းထားသည့် လက္ခဏာများ ရှိနေပြီး မြေအောက်မြစ်ပေါ်တွင် အမှိုက်များ အလွန်နည်းနေခဲ့သည်။ အထူးခြားဆုံးမှာ နံရံများပေါ်တွင် လက်သည်းများဖြင့် ကုတ်ခြစ် ရေးသားထားသော စာလုံးများ ပြည့်နှက်နေခြင်း ဖြစ်သည်။
၎င်းမှာ ကျိန်စာတစ်ခု သို့မဟုတ် ညည်းတွားသံတစ်ခုနှင့် တူသည်။ အနှစ်ချုပ်မှာ ကောင်လေးတစ်ယောက်၏ အသွေးအသားများကို အရူးတစ်ယောက်က သိမ်းပိုက်လိုက်သည်။ မိစ္ဆာသည် ကောင်လေး၏ ခန္ဓာကိုယ်ဖြင့် နေရောင်အောက်တွင် နေထိုင်နေပြီး ကောင်လေးကမူ အရူး၏ ခန္ဓာကိုယ်အတွင်း ပိတ်မိနေကာ နက်ရှိုင်းသော အမှောင်ထုထဲတွင် အမြစ်တွယ်နေရသည် ဟူ၍ ဖြစ်သည်။
“အစ်ကိုကြီး... ကြည့်မနေနဲ့တော့လေ၊ အစ်ကိုက ရှေးဟောင်းသုတေသနလုပ်ဖို့ လာတာမှ မဟုတ်တာ”
ဒရိုင်ဘာသည် အမှန်တကယ် ထိတ်လန့်နေပြီ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် ဖော်ပြမရသော ကြောက်မက်ဖွယ် ခံစားချက်ကြီး ရှိနေသဖြင့် ကောင်းမင်တစ်ယောက်သာ သူ့အတွက် အရင်းနှီးဆုံး အားကိုးရာတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
ငါးကြီး ညွှန်ပြသည့်အတိုင်း ကောင်းမင်သည် မိလ္လာပိုက်ဘားဆီသို့ လျှောက်သွားလိုက်သည်။ သူသည် စွန့်ပစ်ထားသော စောင့်ကြည့်ရေးစခန်းတစ်ခုကို အမှန်တကယ် တွေ့ရှိလိုက်ရသည်။ အရင်က ထိုနေရာသို့ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများသာ ဝင်ရောက်လေ့ရှိခြင်းဖြစ်သည်။
သံချေးတက်နေသော သံတံခါးကို အတွင်းမှ သော့ခတ်ထားပြီး တစ်ခုတည်းသော ပြတင်းပေါက်လေးကိုလည်း သစ်သားပြားများဖြင့် ပိတ်ဆို့ထား၏။ အခန်းထဲတွင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။ အတွင်းထဲတွင် လူတစ်ယောက် ပုန်းနေလိမ့်မည်ဟု ဘယ်သူ ထင်ပါမည်နည်း။
ကောင်းမင်သည် စကားပြောစက်ဖြင့် တစ်ဖက်လူကို ထပ်မံ ခြိမ်းခြောက်မနေတော့ပေ။ ကောင်းမင်က ပြတင်းပေါက်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားကာ သော့ကို ရိုက်ချိုးလိုက်ပြီး သစ်သားပြားကို ဖယ်ရှားလိုက်သည်။
ဖိနပ်တစ်စုံသည် သူ့မျက်စိရှေ့တွင် တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်သည် အတွင်းထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးသွားပုံရသည်။