← Chapters

မူမမှန်မှု

Vol. 50 Ch. 739

မူမမှန်မှု

Vol. 50 Ch. 739

အဝါရောင် အကာအကွယ်ဝတ်စုံမှာ အမှောင်ထုထဲတွင် အလွန်သိသာထင်ရှားနေခဲ့သည်။ ကောင်းမင်သည် သူ့ရှေ့တွင် တွဲလောင်းကျနေသော ခြေထောက်များကို ဘေးသို့ဖယ်ရှား၍ စောင့်ကြည့်ရေးစခန်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။

အထဲတွင် အသက်ရှင်နေသူမရှိဘဲ စက်ပစ္စည်းများပေါ်မှ အချက်ပြမီးများသာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ ၎င်းတို့ဘေးတွင် စကားပြောစက်တစ်လုံး ဇောက်ထိုးတွဲလျက် ရှိနေလေသည်။

“ခုနက ငါနဲ့ စကားပြောနေတာ မင်းလား”

ကောင်းမင်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ခုန်ဝင်၍ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သံသယဖြစ်စရာ အကောင်းဆုံးအရာမှာ ထိုအလောင်းပင် ဖြစ်သည်။

သူသည် တစ်စုံတစ်ခုကို မခံစားနိုင်တော့ဘဲ သူ့ကိုယ်သူ သတ်သေရန် ရွေးချယ်ခဲ့ပုံရသည်။ ထို့ကြောင့် သူသေဆုံးချိန်က မျက်နှာအမူအရာသည် ကြောက်ရွံ့နာကျင်မှု သက်သက်မဟုတ်ဘဲ လွတ်မြောက်သွားရခြင်း၏ စိတ်သက်သာရာရမှုများ ရောပြွမ်းနေသဖြင့် အလွန်ရှုပ်ထွေးနေခြင်း ဖြစ်သည်။

အလောင်း၏ လည်ပင်းမှ ကြိုးကိုဖြုတ်ကာ မြေပြင်ပေါ်သို့ အသာအယာ ချထားလိုက်သည်။ ထို့နောက် ကောင်းမင်သည် ဝတ်စုံ၏ ဦးထုပ်ကို ချွတ်ကြည့်ရာ အကာအကွယ်ဝတ်စုံအတွင်း တပ်ဆင်ထားသော မစ်ရှင်ရီကော်ဒါကင်မရာလေးကို တွေ့လိုက်ရသည်။

“ဘက်ထရီကုန်နေတာပဲ”

ရီကော်ဒါစက်ပေါ်တွင် အနီရောင်စာလုံးများဖြင့် “စွန့်ပစ်ထားသော ရေနုတ်မြောင်း ကွန်ရက်အတွင်းသို့ ယူဆောင်လာခြင်း ပြင်းပြင်းထန်ထန် တားမြစ်သည်” ဟု ရေးသားထားသည်။ သေဆုံးသူမှာ ထိုစည်းကမ်းကို သတိမပြုမိသော လူသစ်တစ်ယောက် ဖြစ်ပုံရသည်။

သေဆုံးသူ၏ အိတ်ထဲမှ အားသွင်းကြိုးတစ်ခုကို ရှာတွေ့လိုက်သဖြင့် ကောင်းမင်သည် စခန်းအတွင်း၌ပင် အားသွင်းကြည့်လိုက်သည်။ ခဏအကြာတွင် ကင်မရာမှ မီးလေး လင်းလက်လာသည်။

“ခုနက ကျွန်တော်တို့တွေ့ခဲ့တဲ့ သတိပေးချက်မှာ ကင်မရာတွေ သုံးလို့မရဘူးလို့ ပြောထားတယ်နော်”

ဒရိုင်ဘာက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

“ငါတို့ ဒီအထိ ရောက်နေပြီပဲ၊ သူတို့ ဘာတွေ ရိုက်ထားသလဲဆိုတာတော့ အနည်းဆုံး သိသင့်တာပေါ့ ဟုတ်တယ်မလား”

ကောင်းမင်က ရီကော်ဒါစက်ကို ချ၍ စကားပြောစက်ကို ယူလိုက်သည်။ သူသည် အခန်းအလယ်တွင် ရပ်၍ ခလုတ်ကို လှည့်လိုက်ရာ စကားပြောစက် နှစ်လုံးစလုံးမှ တဂျစ်ဂျစ်အသံများ တပြိုင်နက် ထွက်ပေါ်လာခဲ့သည်။

“ဒီကနေ မြန်မြန် ထွက်ရအောင်ပါ၊ လျှောက်မလုပ်ပါနဲ့တော့”

ဒရိုင်ဘာသည် အပြင်ဘက်တွင် တစ်ယောက်တည်း ကျန်နေရစ်ခဲ့မည်ကို ကြောက်ရွံ့နေသည်။ စခန်းထဲတွင်လည်း အန္တရာယ်ရှိမည်ကို စိုးရိမ်သဖြင့် ပြတင်းပေါက်ဘောင်ပေါ်တွင် ခွထိုင်လျက် ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။

ဆူညံသံများ ငြိမ်သက်သွားပြီးနောက် ကောင်းမင်က စကားပြောစက်ထဲသို့ ပြောလိုက်သည်။

“အခု ငါတို့က သရဲတွေမဟုတ်ဘူးဆိုတာ မင်းအတည်ပြုနိုင်ပြီမလား”

“အစ်ကိုကြီး... ကျွန်တော်တို့က သရဲတွေမဟုတ်ပေမဲ့ အဲ့ဒီအရာကတော့ ဟုတ်နေပြီဗျ၊ သွားကြစို့”

မြေပြင်ပေါ်က အလောင်းကြီးက အသက်ဝင်လာတော့မလို ခံစားနေရသဖြင့် ဒရိုင်ဘာက အသည်းအသန် တိုက်တွန်းနေတော့သည်။

“ခဏ ထပ်စောင့်ပါဦး”

စကားပြောစက် ပြန်မဖြေသည်ကို မြင်သောအခါ ကောင်းမင်က ရီကော်ဒါစက်ကို ဖွင့်ရန် ပြင်လိုက်သည်။ သို့သော် တဂျစ်ဂျစ်အသံများ ရုတ်တရက် ပြင်းထန်လာပြီး လူတစ်ယောက်အသံ ထွက်ပေါ်လာလေသည်။

“မင်း ဒီကနေ ထွက်သွားချင်ရင် ရီကော်ဒါကို လုံးဝမဖွင့်နဲ့”

“မင်းတို့ ဘာတွေ ရိုက်ထားလို့လဲ”

“မမေးနဲ့”

ထိုလူမှာ စိတ်လှုပ်ရှား တုန်လှုပ်နေပုံရသည်။

“ကောင်းပြီ၊ ငါမမေးတော့ဘူး၊ ဒါပေမဲ့ မင်း ဘယ်လိုလုပ် စကားပြောစက်ထဲ ရောက်နေလဲဆိုတာ ပြောပြနိုင်မလား၊ မင်းက အသက်ရှင်နေတာလား၊ သေသွားပြီလား ၊ မင်း ဘာဖြစ်ခဲ့တာလဲ”

ကောင်းမင်သည် မြေအောက်ထဲသို့ အတော်ဝေးဝေး ရောက်လာခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဗဟိုချက်နှင့် ထိတွေ့မိပြီဟု ခံစားရတိုင်း မေးခွန်းသစ်များက အမြဲပေါ်ပေါ်လာတတ်သည်။

“ငါ့နာမည်က ဝက်စ်ပါ၊ မြေအောက် ရေနုတ်မြောင်းကွန်ရက်က တားမြစ်နယ်မြေ ဖြစ်နေနိုင်တယ်လို့ သံသယရှိတာကြောင့် ငါ့ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခံခဲ့ရတာ၊ ငါတို့ သန့်ရှင်းရေးအဖွဲ့မှာ အဖွဲ့သုံးဖွဲ့ခွဲထားပြီး လူ၁၈ ယောက်ပါတယ်၊ ငါကလွဲလို့ ကျန်တဲ့လူတွေ အားလုံး သေကုန်ကြပြီ”

ထိုလူ၏အသံတွင် နက်ရှိုင်းသောကြောက်ရွံ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ ပြည့်နှက်နေသည်။

“မင်းတို့ မြေအောက်မှာ ဘာနဲ့ ရင်ဆိုင်ခဲ့ရတာလဲ”

“ငါတို့ မစူးစမ်းသင့်တဲ့အရာကို စူးစမ်းမိခဲ့တယ်၊ တစ်ယောက်ပြီးတစ်ယောက် ရူးသွပ်မှုတွေ ကူးစက်ကုန်ကြတာ၊ ငါတစ်ယောက်ပဲ ဒီကို ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာ”

“ငါ့ကို အသေးစိတ် ထပ်ပြောပြလို့ ရမလား”

“မရဘူး၊ ထပ်မမေးနဲ့တော့”

စကားပြောစက်ထဲတွင် အသက်ရှင်နေသော ဝိညာဉ်တစ်ခု ပိတ်မိနေသည့် အလားပင်။ သူသည် စောင့်ကြည့်ရေးစခန်း တစ်ခုလုံးကို သူ့ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်ပြီး လျှပ်စစ်ပတ်လမ်းများကို သူ့အာရုံကြောများအဖြစ် အသုံးချနေပုံရသည်။

“ရီကော်ဒါကို ပြန်ချထားလိုက်ပါ၊ လာခဲ့တဲ့ လမ်းအတိုင်း ပြန်လှည့်သွားပြီး ဒီမြေအောက်မှာ ရှိသမျှတွေကို မြှုပ်နှံထားလိုက်ပါတော့”

“တစ်ခုလေးတောင် မပြောပြနိုင်ဘူးလား”

“မပြောနိုင်ဘူး၊ မြန်မြန်သွားတော့၊ မင်းက သူနဲ့ အရမ်းနီးကပ်နေပြီ၊ ထပ်ပြီး ရှေ့တိုးမယ်ဆိုရင် မင်း တကယ်ပဲ ပြန်လှည့်လို့ ရတော့မှာ မဟုတ်ဘူး”

စကားပြောစက်ထဲမှ လူက အဆက်မပြတ် တိုက်တွန်းနေသော်လည်း ကောင်းမင်သည် နေရာတွင်သာ တိတ်တဆိတ် ရပ်နေခဲ့သည်။

“လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ အရာမျိုးစုံ ငါမြင်ခဲ့ရတယ်၊ အဲ့ဒါတွေက ငါမှတ်မိနေတဲ့ မြေအောက် ရေနုတ်မြောင်းနဲ့ လုံးဝကို ကွဲပြားနေတယ်၊ အမှန်အတိုင်းပြောရရင် ငါက မင်းတို့အားလုံးထက်အရင် ဒီနေရာကို ရောက်ဖူးတာ”

ကောင်းမင်သည် စကားပြောစက်ကို တင်းတင်းဆုပ်၍ အတိတ်ကို ပြန်လည် အမှတ်လိုက်သည်။

“ငါ အရမ်းငယ်ငယ်တုန်းက ဒီမြေအောက်ရေနုတ်မြောင်းဆိုတာ သာမန်ရေဆိုးထုတ်စနစ် တစ်ခုပဲ၊ ရှုပ်ထွေးတဲ့ ပိုက်လိုင်းတွေနဲ့ အမှိုက်တွေပြည့်နေတဲ့ မိလ္လာရေတွေ ရှိတာကလွဲရင် ဘာထူးခြားတာမှ မရှိခဲ့ဘူး၊ အဲ့ဒါက ဘယ်အချိန်ကစပြီး ဒီလို ပုံမှန်မဟုတ်တာတွေ ဖြစ်ကုန်တာလဲ”

“တော်တော့၊ ထပ်မပြောနဲ့တော့၊ အဲ့ဒါတွေကို ပြန်မစဉ်းစားနဲ့၊ မင်းအတွေးတွေက အမှောင်ထုထဲက တစ်ခုခုနဲ့ ချိတ်ဆက်သွားပြီး အဲ့ဒီအရာကို အပြင်ကို ဆွဲထုတ်လာလိမ့်မယ်၊ ထပ်မစဉ်းစားနဲ့တော့”

စကားပြောစက်ထဲမှ အသံက ပိုမိုကျယ်လောင်လာပြီး ရူးသွပ်စွာ အော်ဟစ်သံကဲ့သို့ ဖြစ်လာလေသည်။

“ကြောက်ရွံ့မှုဆိုတာ မဖြစ်သေးတဲ့ အရာတစ်ခုအတွက် ကြိုတင်နိမိတ်ပဲ၊ မှတ်ဉာဏ်ဆိုတာကတော့ အတိတ်မှာ ရှင်သန်နေတဲ့ သရဲတစ်ကောင်ပဲ၊ ဓာတ်ပုံတွေက အချိန်ကို ရပ်တန့်ပေးထားတယ်၊ အဲ့ဒါတွေက ငါအမှောင်ခန်းထဲကနေ စောင့်ကြည့်နေတဲ့ ကမ္ဘာကြီးပဲ...”

ကောင်းမင်သည် စကားပြောစက်ထဲမှ လူက သူ့ကို နောက်ထပ် သတင်းအချက်အလက်များ ပေးနိုင်တော့မည်မဟုတ်ဟု ခံစားရသဖြင့် ရီကော်ဒါစက်ကို ပြန်ယူကာ ဖွင့်လိုက်တော့သည်။

“အဲ့ဒါကို ချထားလိုက်စမ်း၊ မဖွင့်နဲ့နော်၊ မင်း အဲ့ဒီအရာကြီးကို ဆွဲဆောင်မိလိမ့်မယ်”

ရီကော်ဒါစက်၏ စခရင်မှ မှိန်ဖျဖျအလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အမှောင်ထုထဲတွင် ထင်ရှားနေလေသည်။ ကောင်းမင်နှင့် ဒရိုင်ဘာတို့က အတူတကွ ကြည့်လိုက်ကြသည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် အကာအကွယ်ဝတ်စုံ ဝတ်ထားသည့် သန့်ရှင်းရေးသမားအချို့ကို ဝေဝါးစွာ မြင်နေရသည်။ သူတို့သည် ကိရိယာမျိုးစုံကို သယ်ဆောင်၍ လမ်းကြောင်းအတိုင်း ဂရုတစိုက် ရှေ့တိုးနေကြသည်။ မည်သည့်သတိပေးချက်မှ မရှိဘဲ ရှေ့ဆုံးကလူက ရုတ်တရက် ရပ်တန့်လိုက်ပြီး အမှောင်ထုထဲသို့ လက်လှမ်းလိုက်သည်။ ထိုနေရာတွင် တစ်စုံတစ်ယောက် ရှိနေသကဲ့သို့ပင်။

“နံပါတ် ၉၇… မင်း ဘာလုပ်နေတာလဲ၊ မရပ်နဲ့လေ”

“အမှောင်ထု...”

“အမှောင်ထုက ဘာဖြစ်လို့လဲ”

“အမှောင်ထုက... ငါ့ခန္ဓာကိုယ်ထဲ စီးဝင်နေတယ်”

ရှေ့ဆုံးမှ သန့်ရှင်းရေးသမား၏ အသံက ပြောင်းလဲသွား၏။ သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ အကာအကွယ်ဝတ်စုံအတွင်း၌ ဆံပင်ဖရိုဖရဲနှင့် အမျိုးသမီးတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာလေသည်။

“ပစ်မှတ်ကို တွေ့ပြီ၊ ဆုတ်ကြ”

“သေစမ်း၊ ငါတို့ သူ့ကို ဘယ်လိုလုပ် မြင်နေရတာလဲ၊ သူက ငါတို့ရဲ့ အမြင်အာရုံ အပြင်ဘက်မှာပဲ ရှိနေရမှာ မဟုတ်ဘူးလား၊ အချက်အလက်တွေ မှားနေပြီ!”

“တစ်ယောက်ယောက် တားမြစ်ပစ္စည်း သယ်လာတာလား”

“ကယ်ကြပါ၊ ကယ်ကြပါဦး၊ ငါလည်း သူ့ကို မြင်နေရပြီ”

စခရင်ပေါ်ရှိ အကာအကွယ်ဝတ်စုံဝတ် သန့်ရှင်းရေးသမားများသည် နောက်သို့ အလုအယက် ထွက်ပြေးကြတော့သည်။ သူတို့သည် မကောင်းဆိုးဝါးမျိုးစုံကို မြင်ဖူးခဲ့ကြသော်လည်း ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

“ပြေးကြ၊ လွတ်အောင်ပြေးနိုင်တဲ့သူ ပြေး၊ ဒီနေရာက သတင်းအချက်အလက်တွေကို အပြင်ကို ပါအောင်ယူသွားကြ”

ရီကော်ဒါစက်ကို သယ်ထားသည့် လူသစ်လေးမှာ နောက်လှည့်ကာ အပြေးလွှား ထွက်ပြေးသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။ ကင်မရာမှာ နောက်သို့ ဖြည်းဖြည်းချင်း လှည့်လာလေသည်။ သန့်ရှင်းရေးသမားအားလုံး သုတ်သင်ခံလိုက်ရပြီ ဖြစ်ရာ အဝေးတွင် အဝါရောင်ကောက်ကြောင်းတစ်ခုကိုသာ မြင်ရတော့သည်။

“ဝက်စ်၊ မရပ်နဲ့”

“ကပ္ပတိန်၊ ကျွန်တော်...”

“သေစမ်း သေစမ်း၊ မင်းက ဝက်စ် မဟုတ်ဘူး၊ အရေးပေါ် ဖုန်းခေါ်ဆိုမှု၊ တားမြစ်နယ်မြေ ကျယ်ပြန့်လာပြီ၊ ရှင်းလင်းရေး ကျရှုံးတယ်၊ ချက်ချင်း ချိပ်ပိတ်လိုက်ကြ”

ကင်မရာထဲတွင် ထွက်ပြေးနေသော ကပ္ပတိန်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူသည် တံခါးတစ်ချပ်ကို ပိတ်လိုက်ပြီး မှတ်တမ်းတင်စက်ကို ကိုင်ထားသည့် လက်က အပေါ်သို့ ဖြည်းဖြည်းချင်း လှန်တက်လာကာ သူ့ကိုယ်ပိုင်မျက်နှာကို ပြသလာလေသည်။

ယင်းသည် ဝက်စ်၏ မျက်နှာ လုံးဝမဟုတ်ဘဲ ထူးဆန်းသော အမျိုးသမီးတစ်ဦး၏ မျက်နှာ ဖြစ်နေချေသည်။ သူမ၏ အနက်ရောင် ဆံပင်များသည် စခရင်ပေါ်တွင် ကပ်ငြိနေပြီး တဖြည်းဖြည်း တိုးကပ်လာလေသည်။ သူမ၏ မှုန်ဝါးနေသော မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာရာ အဖြူရောင်မပါဘဲ လုံးဝမည်းနက်နေမှုကို ဖော်ပြလိုက်တော့သည်။

“ချီးပဲ... ကြောက်ဖို့ကောင်းလိုက်တာ”

ဒရိုင်ဘာက နောက်သို့ လန်ကျသွားပြီး စခန်းထဲရှိ စက်ပစ္စည်းများနှင့် တိုက်မိသွားတော့သည်။ သူ့ကျောကို ပြန်စမ်းကြည့်ရင်း အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူသည် အမှောင်ထုထဲတွင် အရာများကို ရှင်းလင်းစွာ မြင်နေရကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် စခရင်ပေါ်မှ အမျိုးသမီးနှင့် မျက်လုံးချင်း ဆုံမိပြီးနောက် ယခင်က မမြင်ခဲ့ရသော အရာများကို မြင်နိုင်စွမ်း ရှိလာပုံရသည်။

သူ မတ်တပ်ရပ်ကာ ဤအကြောင်းကို ကောင်းမင်အား ပြောပြရန် ပြင်လိုက်သော်လည်း စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့သွား၏။ စခန်းအတွင်းရှိ မော်နီတာ စခရင်တိုင်းပေါ်တွင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းများ ပေါ်လာသည်ကို သူမြင်လိုက်ရပြီး ကောင်းမင်၏ ပုခုံးများသည်လည်း အနည်းငယ်တုန်ယင်နေခဲ့သည်။

All Chapters