လောင်ကျွမ်းသောည
Vol. 50 Ch. 742
မြေအောက်ရေနုတ်မြောင်းကွန်ရက်မှ သယ်ဆောင်လာသော အလောင်းများထံမှ ထွက်ပေါ်လေ့ရှိသည့် အသံမျိုးစုံသည် သန့်ရှင်းရေးဝန်ထမ်းများအတွက် အထူးအဆန်းမဟုတ်တော့ပေ။ထို့ကြောင့် သူတို့သည် သိပ်အာရုံမစိုက်ဘဲ ပုံမှန်စစ်ဆေးရန်အတွက်သာ ယာဉ်ကို ရပ်တန့်လိုက်ကြသည်။
အကာအကွယ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော သန့်ရှင်းရေးဝန်ထမ်း နှစ်ဦးက ကားနောက်ခန်းတံခါးကို ဖွင့်လိုက်ကြ၏။ တစ်ဦးက ဓာတ်မီးဖြင့် ထိုးကြည့်ကာ ကျန်တစ်ဦးကမူ ဆေးထိုးအပ်များ ထည့်ထားသော အထူးပြုလုပ်ထားသည့် သေနတ်ကို ကိုင်ဆောင်ကာ အနီးကပ် စောင့်ကြည့်နေသည်။
"ပိုးသတ်တာကို သေချာမလုပ်ခဲ့ပြန်ဘူး ထင်တယ်၊ အလောင်းတွေထဲမှာ မိလ္လာပိုးကောင်တွေ ကျန်နေသေးတယ်"
နှာခေါင်းစည်း နောက်ကွယ်မှ သန့်ရှင်းရေးဝန်ထမ်းက ဗလုံးဗထွေး အသံဖြင့် ရေရွက်လိုက်သည်။
"မြန်မြန်လုပ်စမ်းပါ၊ ငါမနက်စာကို ကလီစာဟင်း စားလာတာ၊ ဒီအနံ့ကြီးက အန်ချင်အောင် လုပ်နေတယ်"
ကင်းစောင့်နေသော ဝန်ထမ်းသည် သေနတ်ကို အောက်ချ၍ သန်းဝေလိုက်သည်။
"မင်းကတော့ အစားစားချင်စိတ် ကောင်းတာပဲ၊ ငါကတော့ သက်သတ်လွတ်စားလာတာ ကြာလှပြီ"
သန့်ရှင်းရေးဝန်ထမ်းက ဓာတ်မီးပိတ်၍ လှည့်ထွက်လိုက်စဉ် သူတို့နောက်ရှိ အလောင်းပုံကြီးက ဝုန်းခနဲ ပွင့်ထွက်သွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကောင်းမင်သည် သန့်ရှင်းရေးဝန်ထမ်းကို လူသားဒိုင်းအဖြစ် အသုံးချလိုက်သည်။သူ့ကို ဖမ်းချုပ်ထားပြီး အခြားတစ်ဦးနှင့် အရှိန်ပြင်းပြင်းဖြင့် ဆောင့်ရိုက်လိုက်ရာ တစ်မိနစ်ပင် မပြည့်မီ နှစ်ဦးလုံး သတိလစ်သွားကြတော့သည်။
သူတို့အား အလောင်းအိတ်ထဲ သွပ်ထည့်၍ လေဝင်ပေါက်တစ်ခု ဖောက်ပေးခဲ့လိုက်သည်။ ထို့နောက် ဒရိုင်ဘာအား ကားတံခါး ပိတ်ခိုင်းလိုက်သည်။ ကောင်းမင်သည် ယာဉ်မောင်းခန်းအတွင်းသို့ ခုန်ဝင်၍ မောင်းထွက်ရန် ပြင်ဆင်သော်လည်း သန့်ရှင်းရေးကုမ္ပဏီက သူနှင့် ဒရိုင်ဘာအတွက် မှတ်တမ်းလုပ်ထားသော မှတ်တမ်းဖိုင်များကို တွေ့ရှိသွားသည်။
သန့်ရှင်းရေးကုမ္ပဏီ၏ မူလသုံးသပ်ချက်အရ သူတို့နှစ်ဦးသည် တားမြစ်နယ်မြေနှင့် ထိတွေ့မှုဒဏ် ခံထားရခြင်းဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်းအထိ မရောက်ခဲ့ခြင်းနှင့် ကင်းလှည့်အဖွဲ့နှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ခြင်းတို့ကြောင့် အသက်ရှင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သူတို့သည် ကောင်းမင်နှင့် ဒရိုင်ဘာတို့ထံမှ ခန္ဓာကိုယ်နမူနာများကို စစ်ဆေးနေဆဲဖြစ်သည်။ ထိုဖိုင်အတွင်း၌ မြေအောက်ရေနုတ်မြောင်းမှ စောင့်ကြည့်ရေး ဗီဒီယိုအချို့လည်း ပါဝင်နေသည်။
ဗီဒီယိုကို စိုက်ကြည့်နေရင်း ကောင်းမင် မျက်မှောင်ကြုတ်သွားသည်။ ဗီဒီယိုအတွင်း၌ သူသည် ဒရိုင်ဘာကို ဓားစာခံလုပ်၍ ကားမောင်းနေသည်ကို တွေ့ရသည်။ သို့သော်ငြား ရေနုတ်မြောင်းအတွင်းရှိ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ မီတာအတော်များများ ရှည်လျားသော မြွေကြီးများလည်း မရှိသလို နံရံအက်ကွဲကြောင်းများကြားမှ တိုးထွက်နေသော အပင်မြစ်များလည်း မရှိပေ။
စောင့်ကြည့်ရေးဗီဒီယိုမှာ တားမြစ်နယ်မြေအစပ်၌ အဆုံးသတ်သွားသဖြင့် နောက်ပိုင်းတွေ့ခဲ့ရသော ဆီလီကွန်အရုပ်နှင့် ရေသူမများမှာ သူကိုယ်တိုင် စိတ်ကူးယဉ်ခဲ့ခြင်းလော သို့မဟုတ် လီဆန်းစီ၏ အတွင်းစိတ်မှ အမှောင်ထုကြောင့် အရှိတရားက တွန့်လိမ်ပျက်ယွင်းသွားခြင်းလောဟူသည် သူမဝေခွဲနိုင်တော့ပေ။
သူ အာရုံစိုက်ကြည့်နေစဉ် ယာဉ်ပေါ်ရှိ အနီရောင်အချက်ပေးက လင်းလက်လာသည်။ ယာဉ်ပြန်ပေးဆွဲခံရသည်ကို ကုမ္ပဏီက သိရှိသွားပြီဟု ကောင်းမင် ထင်မှတ်လိုက်သော်လည်း ယင်းက သူတို့နှစ်ဦး၏ ခန္ဓာကိုယ် စစ်ဆေးချက်ရလဒ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒရိုင်ဘာ၏ ခန္ဓာကိုယ်တွင် ရောဂါပိုးကူးစက်ခံထားရပြီး အဆင့်နိမ့်ဆိုးယုတ်မှုပိုးမွှားများဖြစ်သဖြင့် အန္တရာယ်အလွန်နည်းပါးကြောင်း ဖော်ပြထားသည်။ သို့သော် ကောင်းမင်၏ အစီရင်ခံစာတွင်ကား စာလုံးအနီရောင်များဖြင့် ပြည့်နှက်နေပြီး ပထမစာကြောင်းတွင် စာလုံးကြီးကြီးဖြင့် "အလွန်အန္တရာယ်များသည်" ဟု ရေးသားထားသည်။
ဆိုးယုတ်မှုများ ထိန်းချုပ်မှု လွတ်နေခြင်း၊ ပြင်းထန်သော ဆေးဝါးအဆိပ်သင့်မှု၊ အဆင့် (A) ညစ်ညမ်းမှုနှင့် အကြိုစစ်ဆေးချက်အရ စိတ်ရောဂါအမျိုးအစား သုံးမျိုး ခံစားနေရခြင်းဟူသော အချက်များ ပါဝင်နေသည်။
ထိုအချက်များအနက် တစ်ခုခု ရှိနေရုံနှင့်ပင် အချုပ်ခန်းအတွင်း ရောက်ရှိရန် လုံလောက်နေပြီဖြစ်ရာ ယခုမူ အားလုံး စုစည်းနေခြင်းပင်ဖြစ်သည်။
"စိတ်ရောဂါက ဘယ်လိုလုပ် သုံးမျိုးတောင် ဖြစ်နေရတာလဲ၊ ငါ့စိတ်က အရင်ကထက်တောင် ပိုပြီး ကြည်လင်နေသလိုပဲ၊ ငါက အရူးဖြစ်နေစရာ အကြောင်းမရှိဘူး"
အသံကြားသဖြင့် ဒရိုင်ဘာက ကားပေါ် ကုန်းတက်လာသည်။ သူ၏ စစ်ဆေးချက်ရလဒ်ကို မြင်လိုက်ရသောအခါ ဒရိုင်ဘာ၏မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွား၏။
ဤမြို့ကြီးတွင် နေထိုင်သော သာမန်လူတစ်ဦးအတွက် ကူးစက်ခံရခြင်းသည် ပြဿနာကြီးတစ်ခု ဖြစ်သည်။ သူတို့တွင် ရွေးချယ်စရာ သုံးမျိုးသာ ရှိ၏။ ဆေးကုမ္ပဏီများကို ငွေကြေးအမြောက်အမြား ပေးဆောင်၍ ခန္ဓာကိုယ်ကို သန့်စင်ခိုင်းမည်လော၊ အမှောင်ထုအတွင်း လှုပ်ရှားနေသော သန့်ရှင်းရေးကုမ္ပဏီနှင့် ညစောင့်အဖွဲ့များ၏ အမဲလိုက်ခြင်းကို ခံမည်လော၊ သို့မဟုတ် ညစ်ညမ်းမှုများ ပြည့်နှက်နေသော တားမြစ်နယ်မြေသို့သာ ပြန်သွားမည်လောဟူ၍ ဖြစ်သည်။
"သွားပြီ၊ အားလုံး ပြီးသွားပြီ"
"မင်းက သေမှာကိုတောင် မကြောက်တဲ့သူလေ၊ ဒါလေးကို ဘာလို့ ကြောက်နေတာလဲ"
ကောင်းမင်က မှတ်တမ်းများကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးပစ်လိုက်ပြီး မတော်တဆ ဖြစ်ရပ်တစ်ခုကဲ့သို့ ဟန်ဆောင်လိုက်သည်။
"အခုဆို မင်းမှာ ကူးစက်ခံနေရတာကို ဘယ်သူမှ မသိတော့ဘူး"
"ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်ပါနဲ့ဗျာ၊ ကျွန်တော် ဒီလိုပုံစံနဲ့ အိမ်ပြန်လို့ မရဘူးလေ၊ တခြားလူတွေကိုသာ ကူးစက်သွားရင် ကျွန်တော့်အပြစ်တွေကို ဘယ်တော့မှ ဆေးကြောနိုင်မှာ မဟုတ်တော့ဘူး"
ဒရိုင်ဘာ၏ မျက်လုံးများတွင် ရုန်းကန်နေမှုနှင့် နာကျင်မှုများ ပြည့်နှက်နေသည်။
"မင်းမှာ မိသားစု ရှိသေးလို့လား"
ကောင်းမင်၏ သာမန်မေးခွန်းတစ်ခုက ဒရိုင်ဘာကို တုန်လှုပ်သွားစေသည်။
"မရှိဘူး၊ မရှိပါဘူး၊ ကျွန်တော့်ကို ကြိုက်သလိုလုပ်ပါ၊ တခြားလူတွေကိုတော့ ဆွဲမထည့်ပါနဲ့"
ဒရိုင်ဘာသည် ရူးသွပ်သွားသကဲ့သို့ ဖြစ်လာပြီး ယာဉ်သော့ကို လှမ်းကြည့်လိုက်သည်။ သူသည် ကောင်းမင်နှင့်အတူ အသေခံရန် ပြင်ဆင်နေသည့် ပုံစံပင်။
"ဒီလောက်အထိ တင်းမာနေဖို့ လိုလို့လားကွ၊ မင်းက ရက်စက်တဲ့ ဂိုဏ်းသားတစ်ယောက် မဟုတ်ဘူးလား"
ကောင်းမင်က ကိုယ်နှင့်မကွာ ဆောင်ထားသည့် ညရဲ့ကျင့်ဝတ် လက်စွဲစာအုပ်ကို ထုတ်ပြလိုက်သည်။
"အခုတော့ ငါ ဘာလုပ်လဲ မင်းသိပြီမလား"
"ညရဲလား"
"မင်းရဲ့ နာကျင်မှုတွေကို ပျောက်ကွယ်သွားအောင် ငါလုပ်ပေးနိုင်တယ်"
"ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တာမျိုးတော့ မဟုတ်ဘူးမလား"
ဒရိုင်ဘာသည် ညရဲတပ်ဖွဲ့အပေါ် အမြင်ကောင်း မရှိပေ။
စကားလုံးများ ဖြုန်းတီးရန် ပျင်းရိနေသဖြင့် ကောင်းမင်သည် သူ့လက်ကောက်ဝတ်ကို လှီး၍ သွေးအချို့ကို ပုလင်းငယ်အတွင်း ထည့်လိုက်သည်။
"သောက်လိုက်"
ကောင်းမင်၏ လုံးဝသေချာသော အမူအရာကြောင့် ဒရိုင်ဘာသည် သံသယစိတ်တချို့ဖြင့် ထိုသွေးကို သောက်ချလိုက်၏။ သောက်ပြီးပြီးချင်း သူ့ခန္ဓာကိုယ်အတွင်းတွင် တစ်ခုခု မှားယွင်းနေသည်ကို ခံစားလာရသည်။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာတော့သည်။ အထူးသဖြင့် နှလုံးသားအတွင်း၌ သူ၏ဆိုးယုတ်မှုကို လက်ဝါးကြီးတစ်ဖက်ဖြင့် ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသည်။
"ကျွန်တော်... ကျွန်တော် အရမ်းနာနေတယ်"
"မင်းရဲ့ ဆိုးယုတ်မှုတွေကို နှိမ်နင်းနေတာပါ၊ မယုံရင် ဒီမှာ အမှိုက်စစ်တဲ့ကိရိယာ ရှိတယ်"
ကောင်းမင်က ယာဉ်ပေါ်မှ စက်ကို ယူ၍ ဒရိုင်ဘာအား စစ်ဆေးလိုက်သည်။
အနီရောင်မီးများ တဖျတ်ဖျတ် လင်းလက်လာသည်။ ဒရိုင်ဘာထံမှ ဆိုးယုတ်မှုများ လျော့နည်းသွားခြင်း ရှိ၊ မရှိ မသိရသော်လည်း အန္တရာယ်အဆင့်နှင့် ညစ်ညမ်းမှုအဆင့်မှာမူ အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။
အချက်ပေးသံများ ဆက်တိုက် ထွက်ပေါ်နေစဉ်အတွင်း ဒရိုင်ဘာသည် ဤအခြေအနေကို လက်မခံနိုင်ဘဲ နာကျင်မှုကြောင့် သတိလစ်သွားလေသည်။
"ငါ့သွေးတွေက ထပ်ပြောင်းလဲသွားပြန်ပြီလား၊ လီဆန်းစီရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတာမို့ ငါနဲ့ပတ်သက်တဲ့ အရာအားလုံးက လီဆန်းစီနှင့် ထပ်တူကျသွားသောကြောင့်လား"
ကောင်းမင်သည် ဒရိုင်ဘာအား ကျောပိုး၍ ထွက်ခွာလာခဲ့သည်။ သူသည် တာဝန်ယူစိတ် ရှိသူဖြစ်သဖြင့် ဒရိုင်ဘာအား ထိုအတိုင်း ပစ်မထားခဲ့ပေ။
ချုံပုတ်များကြားမှ ဖြတ်သန်းလာပြီး ကောင်စီဝင် စီမေကို ဆက်သွယ်လိုက်သည်။ သူတို့သည် ခရိုင် ၃ ရှိ ဆင်းရဲသားရပ်ကွက်အတွင်းသို့ ကရုဏာဖောင်ဒေးရှင်းအဖွဲ့၏ ကားဖြင့် ပြန်လည်ရောက်ရှိလာသည်။
ကြိုတင် အကြောင်းမကြားဘဲ သူနေထိုင်ရာ ယာယီအခန်းအတွင်းသို့ ဝင်သွားသောအခါ ကျားယိုကျစ်၊ တင်းရှန်းနှင့် ဝူဝေတို့က နူတ်ဆက်ဆီးကြိုကြသည်။ သူတို့ စိတ်အတွင်း မည်သည့်အရာများ တွေးတောနေသည်ကို သူမသိရသော်လည်း အပြင်ပန်းတွင်မူ စိုးရိမ်သည့်ပုံစံ ပြသနေကြသည်။
ယခင်က ကောင်းမင်သည် ဤနောက်လိုက်သုံးဦးကို အထူးတလည် ဂရုမစိုက်ခဲ့သော်လည်း ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် သူတို့ထံမှ လူသားမဟုတ်သော အထောက်အထားများကို ရှာဖွေရန် ကြိုးစားနေသည်။
"ဒါရိုက်တာ လီ၊ ခင်ဗျားအသက်ရှင်ရက် ပြန်လာတာ ဝမ်းသာစရာပဲ"
"စကားကို ကောင်းကောင်းပြောစမ်းပါ၊ ဒါရိုက်တာ လီက ကံကောင်းတဲ့သူပဲ၊ အဆင်ပြေမှာပေါ့"
"ဒါရိုက်တာလီ၊ နောက်တစ်ခါ တစ်နေရာရာသွားရင် ကျွန်မကိုပါ ခေါ်သွားပါဦး"
လက်အောက်ငယ်သား သုံးဦး၏ အသံများကို နားထောင်ရင်း ကောင်းမင်က ပြုံးလိုက်သည်။
"စိတ်မပူကြပါနဲ့၊ နောက်ဆို မင်းတို့အားလုံးကို ငါနဲ့အတူ ခေါ်သွားတော့မှာပါ၊ ငါတို့ ဘယ်တော့မှ ခွဲတော့မှာ မဟုတ်တော့ဘူး"
"အဲ့လောက်ကြီးလည်း မလိုပါဘူး"
ကျားယိုကျစ်သည် အထုပ်တစ်ထုပ်ကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။
"ဒါရိုက်တာ လီ၊ ဒါက ကရုဏာဖောင်ဒေးရှင်းဆီက ရသမျှ အလှူငွေတွေပါ၊ ကျွန်တော် အကုန် ယူလာခဲ့တယ်၊ ဒီည ထွက်ပြေးကြရအောင်"
"မင်းကိုယ်မင်း လေးစားမှုလေး ရှိစမ်းပါဦး"
ကောင်းမင်က ထိုအထုပ်ကို ပြန်လည် တွန်းထုတ်လိုက်သည်။
ကောင်းမင် ငြင်းဆန်လိုက်သည်ကို မြင်သောအခါ ကျားယိုကျစ်နှင့် တင်းရှန်းတို့က စိုးရိမ်တကြီး ဖြစ်ကုန်ကြသည်။
"ဒါရိုက်တာလီ၊ ဒီည ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းက တိုက်ပွဲအတွက် အားကုန် ထုတ်သုံးကြတော့မှာ၊ စစ်ကူတွေလည်း တစ်သုတ်ပြီး တစ်သုတ် ရောက်နေကြတယ်၊ ခရိုင် ၃ တင် မကဘူး၊ တိုက်ပွဲတွေက တခြားခရိုင်တွေအထိ ပြန့်နှံ့နေပြီ၊ ဒီနေရာက အခုဖရိုဖရဲ ဖြစ်နေတဲ့ နေရာအရင်းမြစ်ပဲ၊ အခု မပြေးရင် ကျွန်တော်တို့ လွတ်တော့မှာ မဟုတ်ဘူး"
"ဟုတ်တယ်၊ အဲ့ဒီကောင်တွေက သွေးဆာနေကြတာ၊ သူတို့က ဆင်းရဲသားရပ်ကွက်ထဲက လူမိုက်တွေကို အကုန် ငှားထားကြတယ်၊ ဒီနေ့တင်ပဲ ဂိုဏ်းသားတွေ အများကြီး ဒီကို လာသွားသေးတယ်၊ ယုံကြည်သူအတော်များများလည်း အဖမ်းခံရပြီး ဆေးတွေ အတင်းထိုးခံနေရတယ်၊ သူတို့ကို ခွေးတွေ ဝက်တွေအဖြစ် ပြောင်းလဲပစ်မလားတောင် မသိတော့ဘူး"
တင်းရှန်းက ကောင်းမင်၏ သနားကြင်နာမှုကို ရရှိရန် သနားစဖွယ်ပုံစံ ဖမ်းနေသော်လည်း ကောင်းမင်ကမူ သူမအား လှည့်ပင် မကြည့်ချေ။