ပေါက်ကွဲမှု
Vol. 50 Ch. 743
“ဆင်းရဲသားရပ်ကွက်က ခွေးလူသားတွေအားလုံးကို ငှားလိုက်ကြပြီလား”
ကောင်းမင်သည် ထိုသို့လုပ်ဆောင်နိုင်သည်မှာ ဂိုဏ်းစတားများမဟုတ်ဘဲ သူနှင့်ရင်းနှီးသော ‘အသိများ’ သာ ဖြစ်နိုင်သည်ဟု ခံစားနေရသည်။ အပြင်လူများသာလျှင် မည်မျှပင် ကုန်ကျစေကာမူ အင်အားကို အဆမတန် စုဆောင်းတတ်ကြပြီး အသိစိတ်ကင်းမဲ့နေသော ‘ခွေးများ’ မှာ ဤအခြေအနေတွင် အကောင်းဆုံး အကူအညီများ ဖြစ်ကြသည်။
“ဟုတ်တယ်၊ အရမ်းရက်စက်လွန်းတယ်၊ ဒီညကတော့ သွေးချောင်းစီးမယ့် ညပဲ”
ကျားယိုကျစ်မှာ တုန်တုန်ယင်ယင်ဖြင့် ကြောက်ရွံ့နေရှာသည်။ သူသည် သတ္တိရှိသူမဟုတ်သဖြင့် ယခုကဲ့သို့ ကြောက်ရွံ့နေသည်မှာ ပို၍ပင် အကြည့်ရဆိုးနေစေသည်။
ကျူးချွမ်းအဖွဲ့နှင့် ဝမ်ရှန့်ဂိုဏ်းတို့ကြားမှ ပဋိပက္ခသည် ကောင်းမင်က ဟိုတယ်ပိုင်ရှင်မိန်းမကို သူ့ကိုယ်သူခုခံရင်း သတ်ဖြတ်လိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်စလုံးက အခြေအနေကို ထိန်းသိမ်းလိုကြသော်လည်း မမြင်ရသော အင်အားစုများက နောက်ကွယ်မှ သွေးထိုးပေးနေသဖြင့် ခရိုင် ၃ ၏ ယမ်းအိုးကြီးမှာ နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
အင်အားစုအသီးသီးက ဖရိုဖရဲဖြစ်အောင် လှုံ့ဆော်၍ ဝမ်ရှန့်နှင့် ကျူးချွမ်းတို့ကို ဝါးမြိုလိုကြသည်။ အချို့ရည်မှန်းချက်ကြီးသူများကမူ ညရဲတပ်ဖွဲ့ကိုပင် တိုက်ခိုက်ရန် ကြံစည်နေကြသည်။ ကောင်းမင်၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။၎င်းမှာ ပဋိပက္ခကို ပိုမိုပြင်းထန်လာအောင် လုပ်ဆောင်ပြီး ခရိုင် ၃အား အရာအားလုံးကို ဝါးမြိုမည့် သားသတ်စက်ကြီးတစ်ခု သို့မဟုတ် ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
အကယ်၍ ညရဲတပ်ဖွဲ့က လှုပ်ရှားမှုမရှိပါက ၎င်းတို့အသွင် ဆောင်၍ လုပ်ဆောင်မည်ဖြစ်သည်။ အခြားရပ်ကွက်ဂိုဏ်းများ ပါဝင်ပတ်သက်လိုခြင်း မရှိပါက ၎င်းတို့၏ စခန်းများကို ဝင်ရောက်စီးနင်းကာ ဤပရမ်းပတာ အခြေအနေအတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းမည်ဖြစ်သည်။ လက်ရှိတွင် ကောင်းမင်၏ အကြီးမားဆုံး အားသာချက်သည် ဖုံးကွယ်နေနိုင်သေးသည့် စွမ်းရည်ပင် ဖြစ်သည်။
“ဒါရိုက်တာလီ၊ ကျွန်တော်တို့ ဆုတ်ကြရအောင်၊ အလှူငွေတွေလည်း ပေးပြီးပြီပဲ၊ တခြားတစ်နေရာမှာ သွားပုန်းကြရအောင်”
ကျားယိုကျစ်က အလေးအနက် တောင်းဆိုနေဆဲဖြစ်သည်။ သူ၏ ‘ကြိုးစားအားထုတ်မှု’ များကို ထုတ်ပြရန် အိတ်အတွင်းသို့ လက်လှမ်းလိုက်သည်။ထိုစဉ် တံခါးကို ပြင်းထန်စွာ ခေါက်လိုက်သည့်အသံ ထွက်ပေါ်လာလေသည်။
တင်းရှန်းနှင့် ဝူဝေတို့က လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။မိန်းကလေးနှစ်ဦးက ကျားယိုကျစ်၏ အထုပ်ကို ဆွဲယူကာ ကုတင်အောက်သို့ ကန်သွင်းလိုက်ကြသည်။
တံခါးပွင့်သွားပြီးနောက် ကရုဏာဖောင်ဒေးရှင်းမှ မန်နေဂျာတစ်ဦးသည် ချွေးဖြိုင်ဖြိုင်ကျလျက် စိုးရိမ်တကြီး ပြေးဝင်လာလေသည်။
“အားလုံး အဆင်ပြေကြရဲ့လား၊ လူစုံပြီလား၊ ဒီည အခန်းထဲကနေ အပြင်မထွက်ကြနဲ့နော်၊ တံခါးတွေ ပြတင်းပေါက်တွေ အကုန်ပိတ်ထားကြ၊ လျှောက်မသွားကြနဲ့”
“ဘာဖြစ်လို့လဲခင်ဗျာ”
ကျားယိုကျစ်သည် အလှူငွေများ ခိုးယူထားသဖြင့် လိပ်ပြာမလုံဘဲ ချွေးစေးများ စီးကျလာသည်။
“ကံဆိုးတာပဲ ၊ အခုလေးတင် ခရိုင် ၂ကနေ အကြောင်းကြားစာ ရောက်လာတယ်၊ သန့်ရှင်းရေးကုမ္ပဏီရဲ့ အမှိုက်ရှာဖွေရေးသမားတွေက အမြင့်ဆုံးအဆင့်အချက်ပေးစနစ် ထုတ်ပြန်လိုက်ပြီ၊ အဆင့် (၅) ရှိတဲ့ ညစ်ညမ်းမှုအရင်းအမြစ်တစ်ခုက တားမြစ်နယ်မြေထဲက ထွက်လာပြီး ခရိုင် ၃ ထဲကို ဝင်လာပြီတဲ့”
မန်နေဂျာက သူ၏ လေးလံလှသော ဘုန်းတော်ကြီးဝတ်စုံကို ချွတ်လိုက်ရင်း ဆိုသည်။
“သူတို့က ခရိုင် ၃ ထဲကို ဝင်ပြီး အဲ့ဒီအရာကို ပြန်သိမ်းဖို့ ပြင်နေကြပေမဲ့ ညရဲတပ်ဖွဲ့တွေက တားဆီးထားကြတယ်”
“ညရဲတပ်ဖွဲ့က ဝင်စွက်ဖက်တာလား”
“ဝင်စွက်ဖက်ရင်တောင် တော်သေးတယ်”
မန်နေဂျာက အကူညီကင်းမဲ့စွာ ကြည့်လိုက်သည်။
“ညရဲတွေက စုံစမ်းစစ်ဆေးဖို့ ဘယ်အရာရှိကိုမှ မလွှတ်ထားဘူးလေ၊ သူတို့ ဘာတွေလုပ်နေမှန်းကို မသိရဘူး၊ ရဲစခန်းတွေ အတော်များများလည်း ပိတ်ထားတယ်”
ချွေးများကို သုတ်လိုက်ရင်း မန်နေဂျာသည် အခြားလူများကို အသိပေးရန် အပြင်သို့ ထွက်ခွာသွားသည်။
“ရူးကုန်ကြပြီပဲ၊ ဒီဂိုဏ်းတွေက ကိုယ့်အကျိုးစီးပွားအတွက်နဲ့ အဆင့် (၅) ညစ်ညမ်းပစ္စည်းကြီးကို လမ်းပေါ်မှာ လွှတ်ထားရဲကြတယ်”
“ဒါရိုက်တာလီ၊ ခင်ဗျား ကြားတယ်မလား၊ အဆင့် (၅) ညစ်ညမ်းမှုအရင်းအမြစ်တဲ့နော်၊ အဲ့ဒီအရာသာ ထိန်းချုပ်မှုလွှတ်သွားရင် လမ်းမတစ်ခုလုံးကို သွားလာလို့မရတဲ့ နယ်မြေအဖြစ် ပြောင်းပစ်နိုင်တယ်၊ ဒါက ရွေ့လျားနေတဲ့ ကပ်ဆိုးကြီးပဲ၊ ခွေးတွေတောင် အမြီးကုပ်ပြီး သုံးမိုင်လောက် ဝေးအောင် ပြေးကြမှာ”
ကျားယိုကျစ်က ထပ်မံနားချလာသည်။ သို့သော် ကောင်းမင်၏ အမူအရာက ထူးဆန်းနေလေသည်။ သူသည် လီဆန်းစီ၏ မေးစေ့နှင့် မုတ်ဆိတ်ကို ပွတ်သပ်လျက် တည်ငြိမ်စွာ စဉ်းစားနေ၏။
သူတို့ပြောနေတဲ့ အဆင့် (၅) ညစ်ညမ်းမှုအရင်းအမြစ်ဆိုတာ ငါ့ကို ပြောတာလား။
အကယ်၍ သန့်ရှင်းရေးကုမ္ပဏီက လီဆန်းစီ၏ ဓာတ်ပုံကို ထုတ်ပြန်၍ သတင်းအချက်အလက်များကို လူသိရှင်ကြား လုပ်လိုက်ပါက ကောင်းမင်၏ အကြီးမားဆုံး အားသာချက်ဖြစ်သော ‘အမှောင်ထဲတွင် ပုန်းကွယ်နေနိုင်မှု’ မှာ ပျောက်ကွယ်သွားပေလိမ့်မည်။
“ငါ အမြန်ဆုံးလှုပ်ရှားဖို့ လိုပြီထင်တယ်”
ကောင်းမင်က သူ့လူသုံးဦးအား ဒရိုင်ဘာကို စောင့်ရှောက်ရန် မှာကြားခဲ့သည်။ ထို့နောက် ဖုန်းကိုယူ၍ ဆင်းရဲသားရပ်ကွက်အတွင်းသို့ ဝင်ရောက်သွား၏။ အထူးနည်းလမ်းဖြင့် မျက်နှာပျက်စီးနေသော သူနာပြုကို ရှာဖွေတွေ့ရှိခဲ့သည်။
“ဒီည တစ်ခုခုအကြီးအကျယ် ဖြစ်တော့မယ်၊ နင် လျှောက်သွားမနေတာ အကောင်းဆုံးပဲ”
သူနာပြုက ကောင်းမင်အား ရန်လိုသည့်ပုံစံဖြင့် ကြည့်လိုက်သည်။ ၎င်းမှာ သူမ၏ ထုံးစံပင် ဖြစ်သည်။
“လူတိုင်းက ဘာလို့ ဒါပဲပြောနေကြတာလဲ၊ ငါက အကာအကွယ်ပေးဖို့ အဲ့လောက်တောင် လိုအပ်နေတဲ့ပုံ ပေါ်လို့လား”
ကောင်းမင်သည် ဆင်းရဲသားရပ်ကွက်အတွင်းရှိ အခြေအနေကို မေးမြန်းရန်နှင့် လူအင်အားအချို့ ငှားရမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မျက်နှာပျက်စီးနေသည့် သူနာပြုက မည်သည့်အရာကိုမျှ ထုတ်ဖော်မပြောဘဲ ထိုညတွင် အနက်ရောင်အဆောက်အဦးအတွင်း ပုန်းအောင်းနေရန်သာ မှာကြားသည်။
စကားပြောနေစဉ်အတွင်း ထိုမျက်မှာပျက်စီးနေသည့် အမျိုးသမီးသည် သူမ၏ လက်ပတ်နာရီကို ခဏခဏ ကြည့်ရှုနေလေသည်။သူမသည် အချိန်မီ လုပ်ဆောင်ရမည့် ကိစ္စတစ်ခုရှိနေသကဲ့သို့ အလွန်ပင် စိုးရိမ်ပူပန်နေပုံရသည်။
နောက်ဆုံးတွင် သူမသည် ခွေးလူသားငါးဦးကို ရွေးချယ်ပေးခဲ့သည်။ ၎င်းတို့ကို ကရုဏာအဖွဲ့၏ ဝတ်စုံများ ဝတ်ဆင်ပေးကာ မှောင်ခိုဈေးကွက်မှ ရရှိသော လက်နက်များ တပ်ဆင်ပေးပြီး ကောင်းမင်နှင့်အတူ စေလွှတ်လိုက်၏။
“ဆင်းရဲသားရပ်ကွက်ထဲမှာ ခွေးလူသားတွေကို ရှာမရပေမဲ့ ကျီးကန်းနက်ကတော့ ငါ့ကို ငါးယောက်တောင် တိုက်ရိုက် ပေးနိုင်တယ်၊ သူတို့တွေ တကယ်ကြီး လူအင်အားကြိုစုထားပုံရတယ်”
ခရိုင် ၃ရှိ လူတိုင်းတွင် ကိုယ်စီလျှို့ဝှက်ချက်များ ရှိကြသကဲ့သို့ ကောင်းမင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်မှ ထွက်ခွာပြီးနောက် သူတို့သည် ဘုရားကျောင်းသို့ ပြန်မသွားချေ။ထိုအစား ယခင်ကျူးချွမ်းဆေးဝါးစက်ရုံဟောင်း၏ တားမြစ်နယ်မြေအတွင်းသို့ သွားရောက်ကာ ခွေးလူသားငါးဦး ဝတ်ဆင်ရန်အတွက် ညရဲတပ်ဖွဲ့ဝတ်စုံများနှင့် ကိရိယာအချို့ကို ရှာဖွေလိုက်ကြသည်။
သူတို့ရရှိခဲ့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် အသိစိတ်ကင်းမဲ့ကာ သက်တမ်းတိုတောင်းနေပြီဖြစ်သော ခွေးလူသားများ၏ ရုပ်သွင်သည် သာမန်လူများနှင့် အလွန်ကွာခြားလှသည်။ သို့သော် ညရဲများဝတ်ဆင်သော အနက်ရောင် မိုးကာအင်္ကျီများက ၎င်းတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်များကို လုံခြုံစွာ ဖုံးကွယ်ပေးနိုင်သည်။
“အခုကစပြီး မင်းတို့ကိုယ်မင်းတို့ သေမင်းငှက်လို့ ခေါ်ကြ၊ မင်းတို့က ဇီးကွက်ရဲ့ အမိန့်ကို နာခံကြရမယ်”
ကောင်းမင်သည် ယခင်က ကျီးကန်းနက်နှင့် စကားပြောခဲ့ဖူးသည်။ ပုခုံးတံဆိပ်များ ရရှိခဲ့သော ညရဲများအနက် တစ်ဦး၏ လျှို့ဝှက်အမည်မှာ ဇီးကွက် ဖြစ်သည်။
ခွေးလူသားများအား အမိန့်များ ပေးပြီးနောက် ကောင်းမင်သည် ဆေးဝါးစက်ရုံဟောင်း၏ တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သွား၏။ သူ့တွင် ဖြေရှင်းရန် ကျန်ရှိနေသော ကိစ္စရပ်အချို့ ရှိနေသေးသည်။
...
ညအချိန်သို့ ရောက်ရှိလာသောအခါ ခရိုင် ၃ သည် ယခင်ကထက် ပိုမိုတိတ်ဆိတ်နေခဲ့သည်။ တစ်ချိန်က စည်ကားခဲ့ဖူးသော လမ်းမကြီးများသည် ယခုတွင် ခြောက်ကပ်ကာ လူသူကင်းမဲ့နေ၏။
ခရိုင်တစ်ခုလုံးသည် ငှက်များပင် မတွန်ဝံ့လောက်အောင် လေးလံမှိုင်းညို့နေသည့် တိမ်တိုက်ကြီးတစ်ခုကဲ့သို့ ခံစားရသည်။
အချိန်များ ကုန်ဆုံးသွားပြီး နေရောင်ခြည်၏ နောက်ဆုံးအလင်းတန်းက မိုးကုပ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးသွား၏။ ထိုချိန်တွင် ကျူးချွမ်းအဖွဲ့၏ အဆောက်အအုံအထက်၌ အလွန်တောက်ပသော အနီရောင်မီးရှူးမီးပန်းတစ်ခု ပွင့်ထွက်လာသည်။ ရက်အတော်ကြာ ပိတ်ထားသော ခရိုင် ၃ ရှိ ဆေးရုံနှင့် ဓာတ်ခွဲခန်းတံခါးများကို အဝေးမှထိန်းချုပ်၍ လှမ်းဖွင့်လိုက်ကြသည်။
ညဦးလေညင်းကြောင့် မြေပြင်ပေါ်ရှိ စက္ကူစများက တရှဲရှဲ မြည်နေခဲ့သည်။ သွေးကြောများ ဖောင်းကြွနေပြီး ဆေးထိုးအပ်ရာများ ပြည့်နှက်နေသော ခြေထောက်တစ်စုံသည် ဆေးရုံအဝင်ဝကို ဖြတ်ကျော်လာလေသည်။ ရဲရဲနီနေသော မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်ဟလာကြသည်။ လူနာဝတ်ဆင်ထားသော လူရိပ်များသည် ဆေးရုံအတွင်းမှ ထွက်ပေါ်လာကြ၏။ ၎င်းတို့သည် ပို၍ပို၍ လျင်မြန်စွာ ပြေးလွှားလာကြပြီး ထိန်းချုပ်မရသော ဆိုးယုတ်မှုမှာ မြို့တော်တစ်ခုလုံးကို လွှမ်းမိုးမည့် အနက်ရောင် လေဆင်နှာမောင်းကြီးကဲ့သို့ စုစည်းသွားတော့သည်။
ကျူးချွမ်းအဖွဲ့သည် ဆေးရုံရှိ လူနာများကို စိတ်ကြွဆေးများ အဆမတန် ထိုးသွင်းခဲ့သဖြင့် အသက်ရှင်ရန် အခွင့်အရေးရှိနေသေးသော လူအများအပြားသည် ဆိုးယုတ်မှုများက ထိန်းချုပ်ထားသည့် မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။
အရေအတွက်မှာ အလွန်ပင် များပြားလှသည်။ ကျူးချွမ်းအဖွဲ့၏ ဆေးရုံတွင် ထိုမျှများပြားသော လူနာများကို ထိန်းသိမ်းထားလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပေ။
ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်သို့ ပျံတက်သွားသော ဖောက်ခွဲရေးမီးတောက်များကြောင့် မြေပြင်သည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာတုန်ခါသွားရသည်။
ဝမ်ရှန့်ဂိုဏ်းသည် နေ့ခင်းဘက်က ထောင်ထားခဲ့သော ယမ်းများကို ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်သည်။ ဂိုဏ်းနှစ်ခုကြားရှိ နယ်မြေကား မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဆိုင်ခန်းများ၊ ယာဉ်များနှင့် လူနာများ မီးလောင်ကျွမ်းနေကြ၏။ မှောင်မည်းနေသော မြို့တော်ကြီးမှာ မီးတောက်များဖြင့် လင်းထိန်သွားပြီး မိုးခြိမ်းသံတမျှ ဟိန်းဟောက်သံကြီးကို အခြားရပ်ကွက်များမှပင် ရှင်းလင်းစွာ ကြားနေရသည်။
တိုက်ပွဲသည် ခဏအတွင်းမှာပင် မကြုံစဖူး ပြင်းထန်လာတော့သည်။ စစ်ကူများ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြပြီး မီးတောက်များအကြားတွင် လူရိပ်များမှာ ကူးလူးလှုပ်ရှားနေကြသည်။ အလောင်းများမှာလည်း တောင်ပုံရာပုံ ဖြစ်လာ၏။ မည်သည့်ဘက်ကမျှ အသက်ရှူချိန် မရပေ။ ထိုကဲ့သို့ ပရမ်းပတာဖြစ်နေစဉ်အတွင်း ယခင်က ဘယ်သူမှ ဂရုမစိုက်ခဲ့သော ဆင်းရဲသားရပ်ကွက်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော တကြွပ်ကြွပ်ဝါးစားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
အစပိုင်းတွင် အသံက တိုးနေသေးသော်လည်း နောက်ပိုင်းတွင် ဝါးစားသံသည် အဆက်မပြတ် ဟိန်းဟောက်သံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဆင်းရဲသားရပ်ကွက်၏ သစ်သားခြံစည်းရိုးများနှင့် သံဆူးကြိုးများက တွန်းလှဲခံလိုက်ရသည်။ ဖောင်းကားနေသော သန္ဓေပြောင်း ဝက်လူသားများသည် အသိစိတ်ကင်းမဲ့လျက် တစ်ဦးပြီးတစ်ဦး အော်ဟစ်ကာ ပြေးထွက်လာကြတော့သည်။
၎င်းတို့တွင် လူသားဆန်မှုများ လုံးဝမရှိတော့ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်သည် အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံခံထားရပြီး ဝမ်းဗိုက်များ ဖောက်ထုတ်ခံရမည်ကိုပင် ကြောက်ရွံ့ခြင်း မရှိကြချေ။ ရန်စခံရသည့်အခါတွင် ၎င်းတို့သည် မည်သူ့ကိုမဆို ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ကြမည်ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့သည် အဖြူရောင်နှင့် အနီရောင်ရှိသော အရာဝတ္ထုများကို ဆွဲဖြဲဖျက်ဆီးရန် အလွန်ဝါသနာပါကြသည်။