ရေနဂါး
Vol. 5 Ch. 425
ပန်းဥယျာဉ်လေး တစ်ခု…
ပန်းဥယျာဉ်လေးက တိတ်ဆိတ် ရှင်းလင်း နေလေသည်။
ကောင်းကင်ထက်တွင်တော့ လဝန်းက ထွန်းလင်းလျက်…။
ထိုပန်းဥယျာဉ်လေး အတွင်းတွင် စီးဆင်းနေသည့် စမ်းချောင်းလေးနားတွင် ယန်ရွှီး ရုတ်တရက် ပေါ်လာလေသည်။ သူက တံတားလေး အဆုံးတွင် တစ်ယောက်တည်း ရပ်နေပြီး သူ၏ ဝတ်ရုံများက လေထဲတွင် လွင့်မျော နေလေသည်။
ယန်ရွှီးနှင့် မနီးမဝေး တစ်နေရာတွင် ထျန်းမုန့်နတ်သမီး ရပ်နေလေသည်။ သူမ၏ လက်ထဲတွင် ထိုက်စုနတ်ဘုရားဓားကို ကိုင်ထား လေသည်။ သူမက ခံစားချက်ပေါင်း များစွာဖြင့် ယန်ရွှီးကို စိုက်ကြည့် နေလေသည်။ သူမ၏ အကြည့်တွင် အချစ်နှင့် အမုန်းများ ရောထွေး နေလေသည်။
ထိုပန်းဥယျာဉ်လေးသည် ထိုက်စု နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နေရာ တစ်ခု ဖြစ်ပြီး ထျန်းမုန့် နတ်သမီး နေထိုင်သည့် နန်းဆောင်အောက်တွင် တည်ရှိလေသည်။
ထိုက်စု နတ်ဘုရား သုံးပါးနေထိုင်သည့် နတ်ဘုရားတောင်သည် ထိုလျှို့ဝှက်နေရာ၏ ညာဘက်ခြမ်းတွင် တည်ရှိလေသည်။ သို့သော် ယန်ရွှီးက ထိုက်စု နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရားသုံးပါးကို ဂရုပင်မစိုက်ပါ။
သူသည် စီးဆင်းနေသည့် ရေများထဲတွင် အရိပ်ထင်နေသည့် လရောင်ကို ငေးကြည့် နေလေသည်။ ရေထဲတွင် လမင်းက ရောင်ပြန် ဟပ်နေပြီး ကြယ်စင် တစ်ခုချင်းစီကို တွေ့မြင် နေရလေသည်။
ထိုကြယ်စင် တစ်ခုချင်းစီတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သူသတ်ဖြတ်ခဲ့သည့် လူများ၏ မျက်နှာများကို တွေ့မြင်နေရလေသည်။
သို့သော်... ထိုသို့ တွေ့မြင်နေရသည့် အတွက် ယန်ရွှီးကတော့ စိတ်အနှောင့်အယှက် မဖြစ်မိပါ။ သူက သူတို့ကို စိတ်တောင် ဝင်စားမိသေးသည်။ ထိုသူများသည် သူ့ကို လက်စား ချေချင်ကြသည့် တိုင်အောင် လက်စား ချေနိုင်ကြမည် မဟုတ်ပေ။ မည်မျှ ပျော်စရာ ကောင်းလိုက်သည့် ခံစားချက်လဲလေ။
ရုတ်တရက် စီးဆင်းနေသော စမ်းရေထက်တွင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။
ဟွမ်ကျန်းနှင့် ကောင်စုတ်လေး ဆန်းလျန်တို့၏ ပုံရိပ်ပင် ဖြစ်လေသည်။
လက်ရှိ အချိန်တွင် သူ၏ မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်မှာ စိတ်ကူး၍ပင် မရနိုင် လောက်အောင် မြင့်မားနေခဲ့ပြီ ဖြစ်သည်။ လူ့လောကတွင်တော့ သူက မိုးကောင်းကင် နတ်မိစ္ဆာ ဆရာတစ်ဆူပင် ဖြစ်လေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့အကြောင်းကို ပြောနေသည် ဆိုလျှင် ချက်ချင်း သိနိုင်လေသည်။
ယခုလည်း ဟွမ်ကျန်းနှင့် ဆန်းလျန်သည် သူ့အကြောင်းကို ပြောနေကြလေသည်။
ဆန်းလျန်သည် ယနေ့ညတွင်လည်း သူ့ကို တစ်နေရာမှ လှမ်းကြည့် နေခဲ့သေးသည်။ ဒီကောင်စုတ်လေး ဆန်းလျန်သည် သူတွေ့ဖူးသမျှ လူများထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်လေသည်။
ထို့ပြင် ထိုကောင်စုတ်လေး ဆန်းလျန်သည် သူ့ကိုဖျက်ဆီး ပစ်နိုင်သည့် တစ်ဦးတည်းသော လူတစ်ယောက်လည်း ဖြစ်လေသည်။ ယန်ရွှီး၏ ဘဝ တစ်လျှောက်လုံးတွင် ဆန်းလျန် ကဲ့သို့သော လူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ဆန်းလျန်သည် ပါရမီရှင် တစ်ယောက် ဖြစ်သလို ဉာဏ်ပညာနှင့်လည်း ပြည့်စုံကာ ဆုံးဖြတ်ချက် ပြတ်သားသူ တစ်ယောက်လည်း ဖြစ်လေသည်။
ဟွမ်ကျန်းနှင့် ဆန်းလျန် ပြောနေသည့် စကားများကို ယန်ရွှီးသေသေချာချာ မကြားရပေ။
ဆန်းလျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ကြယ်တာရာ စွမ်းအားများက တားဆီး ထားသလို ဟွမ်ကျန်းကလည်း မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားကို ဖိနှိပ်ထားနိုင်သည့် ဧကရာဇ် တံဆိပ်တော် တစ်ခုကို ကိုင်ထားသေးသည်။
သို့သော်... ထိုနှစ်ယောက်သည် သူ့ကို လုပ်ကြံရန် တိုင်ပင် ဆွေးနွေးနေကြခြင်း ဖြစ်သည်ကိုတော့ သူ ကောင်းကောင်း ရိပ်မိလေသည်။
ဟွမ်ကျန်းသည် သူ၏ မိစ္ဆာမျိုးစေ့ဖြင့် ထိန်းချုပ် ခံထားရသည့်တိုင် အသိစိတ် လွတ်မသွားသေးသည့် အတွက် ယန်ရွှီးက အံ့သြ နေမိလေသည်။ ဧကရာဇ် တံဆိပ်တော်၏ စွမ်းအားကြောင့် ဖြစ်သည်ကို သိနေသည့်တိုင် သူက အံ့သြနေဆဲ ဖြစ်လေသည်။
သို့သော်... သူက ဒေါသထွက်ခြင်း မရှိပါ။ ဘာမှ မဖြစ်ခဲ့ပါလျှင် သူသည် စိတ်ဝင်စားဖွယ် ကောင်းသည်ကို တွေ့ရသည် - ကောင်းသော စိန်ခေါ်မှုများ မရှိဘဲ ဘဝသည် ပျင်းစရာ ကောင်းလိုက်မည် ဖြစ်ခြင်း... ဘဝသည် ထိုမျှလောက် ပျင်းစရာ ကောင်းလာလျှင်တော့ သူက သူ့ကိုယ်သူပင် သတ်သေ လိုက်ဦးမည် ဖြစ်သည်။
နေရာဒေသ ဝေးကွာနေသည့် တိုင်အောင် ယန်ရွှီး သူတို့ကို ကြည့်နေသည်ကို ဆန်းလျန်က လှမ်းမြင် လိုက်ရလေသည်။
ဆန်းလျန်က ယန်ရွှီးကို ပြုံးပြလိုက်ပြီး လက်တစ်ဖက် ဝှေ့ယမ်းပြလိုက်သည်။
ယန်ရွှီးကလည်း ဆန်းလျန်ကို ပြန်ပြုံးပြ လိုက်လေသည်။
သူတို့ နှုတ်ဆက် ဖြစ်ကြသည်မှာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ဖြစ်လေသည်။
ထို့နောက် ဆန်းလျန်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး မိုးကြိုးပစ်သံ တစ်ချက်ကို ကြားလိုက် ရလေသည်။
ထိုက်စုနန်းတော်ထဲတွင် အရာရာက ပုံမှန်ပင် ဖြစ်လေသည်။ လရောင်မှာလည်း ကြည်လင်စွာ တောက်ပ နေလေသည်။ သို့သော် ထျန်းမုန့် နတ်သမီးကတော့ တန်ခိုးစွမ်းအား တစ်ခုကို ခံစား လိုက်ရလေသည်။
ယန်ရွှီး၏ ခန္ဓာကိုယ်မှာ လျှပ်စီးနှင့် ဆင်တူသည့် အပြာရောင် အလင်းတန်းများ ဖြာထွက် နေလေသည်။
မိုးကြိုးပစ်သည်နှင့် လျှပ်စီးလည်း လက်မည် ဖြစ်လေသည်။
သို့သော် ယန်ရွှီး ရင်ဆိုင် လိုက်ရသည့် မိုးကြိုးမှာ တခြားနေရာမှ ထွက်ပေါ်လာခြင်း မဟုတ်။ သူ၏ကိုယ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။
ဆန်းလျန်က မိုးကြိုး တန်ခိုးစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်ပြီး ဆန်းလျန်၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားနေပြီ ဖြစ်ကြောင်း ယန်ရွှီး နားလည် သွားရလေသည်။ ဆန်းလျန်သည် ဟွမ်ကျန်း၏ ခန္ဓာကိုယ်ထဲတွင် သူထည့်သွင်း ထားသည့် မိစ္ဆာမျိုးစေ့မှ တစ်ဆင့် မိုးကြိုး တန်ခိုးစွမ်းအားကို သူ့ကိုယ်ထဲသို့ ရောက်အောင် ထည့်သွင်း ပေးလိုက်ခြင်း ဖြစ်လေသည်။
မိုးကြိုး တန်ခိုးစွမ်းအားသည် အလွန်စွမ်းအား မြင့်မားသွားပါက မိုးကောင်းကင် နတ်မိစ္ဆာကို တားဆီး နိုင်သည်မှာ သဘာဝပင် ဖြစ်လေသည်။
ဆန်းလျန်က ဟွမ်ကျန်းမှ တစ်ဆင့် သူ့ဆီသို့ မိုးကြိုး တန်ခိုးစွမ်းအား ထည့်သွင်း ပေးလိုက်သည့် အတွက် သူ၏ နှလုံးသားထဲရှိ ဝိညာဉ်သည် မိုးကြိုး ပစ်ခံ လိုက်ရပြီး တစ်စစီ ပျက်စီး သွားလေတော့သည်။
မိုးကြိုး တန်ခိုးစွမ်းအား အောက်တွင် ယန်ရွှီးသည် တဖြည်းဖြည်း ပျက်စီး သွားလေသည်။
ယန်ရွှီး ပျက်စီးသွားသည်နှင့် အမျှ ဟွမ်ကျန်း၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာ မျိုးစေ့လည်း ပျက်စီး သွားရလေသည်။
သို့သော် မိုးကောင်းကင် နတ်မိစ္ဆာတစ်ပါး အသက်ရှင်သန်ရန် အတွက် ဝိညာဉ်သည့် အရေးပါသည့် အရာမဟုတ်ပေ။
ဘဝဆိုသည်က… အိပ်မက် တစ်ခုပင် ဖြစ်လေသည်။ သို့သော်… အေးစက်သည့် ဆောင်းတွင်း များဖြင့် ပြည့်နှက် နေလေသည်။
ယန်ရွှီးကတော့ သေဖို့ စောင့်နေမည့် သူတစ်ယောက်တော့ မဟုတ်ပေ။ သူက ပြန်တိုက်မည့်သူ ဖြစ်လေသည်။
သူ၏ ဝိညာဉ်အတွင်းမှ မိုးကြိုးသည် မီးခိုးနှင့် တိမ်များကဲ့သို့ အိပ်မက်ပမာ ပျောက်ကွယ် သွားလေသည်။ အေးစက်ခြင်း တရားက ဝိညာဉ် တစ်ခုလုံးကို ပြန်လည် သန့်စင် ပစ်လိုက်သည်။
ယန်ရွှီးသည် ပျောက်ကွယ် သွားပြီးမှ ထျန်းမုန့် နတ်သမီး၏ ဘေးနားတွင် ပြန်ပေါ် လာလေသည်။
“နင်ခုထိ မသေသေးဘူးလား”
ထျန်းမုန့် နတ်သမီးက မေးလိုက်လေသည်။
ယန်ရွှီး၏ လက်များက ထျန်းမုန့်နတ်သမီး၏ ခါးသွယ်သွယ်လေးကို ပွေ့ဖက်လိုက်လေသည်။
“မင်းရင်ထဲမှာ ကျုပ်ကို တကယ်လည်း သေစေချင်တာ မဟုတ်ဘဲနဲ့၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေရတာလဲဟင်”
“တစ်နေ့တော့ နင့်ကို ငါ့လက်နဲ့ သတ်ပစ်မယ်”
ထျန်းမုန့် နတ်သမီးက ခါးခါးသီးသီးပင် ပြောလိုက်လေသည်။
ယန်ရွှီးက ပြုံးလိုက်ရင်း….
“မင်းပြောတဲ့ တစ်နေ့ဆိုတာ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ပါဘူးလေ"
ယန်ရွှီးက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဆက်ပြောလိုက်သည်။
“ထားလိုက်ပါလေ ခုန ဖြစ်ပျက်ခဲ့တာတွေက ကျုပ်ကို သတိပေး လိုက်သလိုပါပဲ၊ ဒါပေမဲ့ ဒီညတော့ သူတို့နဲ့ မတွေ့ချင်သေးဘူး၊ ငါတို့ နောက်ထပ် လူတစ်ယောက်လောက် သွားသတ် လိုက်ကြရအောင်”
ရော့စွေ မြစ်ရေပြင်ထက်ရှိ လှေငယ်လေး….
ဟွမ်ကျန်းမှာ ယခုမှ စိတ်သက်သာရာ ရသွားလေသည်။
သူ၏နှလုံးသားထဲတွင် ထည့်သွင်းခြင်း ခံထားရသည့် ယန်ရွှီး၏ မိစ္ဆာမျိုးစေ့ ပျက်စီး သွားသည့်နောက် သူ့စိတ်ကို ဖုံးလွှမ်းနေသည့် အမှောင်နှင့် မြူခိုးများ ကင်းစင် သွားသလို ခံစား လိုက်ရလေသည်။
သူက ဆန်းလျန်ကို ဦးညွတ်လိုက်ပြီး…
“ကျုပ်ကို ဘဝအသစ် ပြန်ရစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆန်းကျန်းရန်”
“ယန်ရွှီးက ခင်ဗျားကို လွယ်လွယ်နဲ့တော့ အလွတ်ပေးမှာ မဟုတ်ဘူး၊ ခင်ဗျား အခုချက်ချင်း ထိုက်ချန်းတောင်ကို ပြန်သင့်တယ်”
ဆန်းလျန်က အေးဆေးသည့် လေသံဖြင့်ပင် ပြောလိုက်လေသည်။
ယန်ရွှီး သူ့ကို လွယ်လွယ်နှင့် အလွတ် မပေးမည်ကို ဟွမ်ကျန်း ကိုယ်တိုင်လည်း သိထားပါသည်။ ပြီးတော့ ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာမှ လွတ်မြောက် လာနိုင်သူမှာလည်း သူတစ်ယောက်သာ ရှိသည် မဟုတ်ပါလား။
ဟွမ်ကျန်းက ဆန်းလျန်၏ အကူအညီဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည့်တိုင် မိုးကောင်းကင် နတ်မိစ္ဆာ အကြောင်းကိုတော့ ကောင်းကောင်း သိထားပြီ ဖြစ်လေသည်။
အချိန် မရှိတော့သည်ကို သိလိုက်သည်နှင့် ဟွမ်ကျန်းက ဆန်းလျန်ကို နှုတ်ဆက် လိုက်သည်။
ရော့စွေ မြစ်ရေထက်မှ လှေင်ယသည် ရွှမ်ချင်း အလင်းတန်းများ လင်းလက်လာပြီး ကောင်းကင်ထက်သို့ ပျံသန်း သွားလေတော့သည်။
ဆန်းလျန်သည် ရော့စွေမြစ်ရေထက်တွင် မတ်တတ် ရပ်လျက် ကျန်ရစ်ခဲ့လေသည်။
သူက မြစ်ရေပြင်ကို လက်ညှိုးနှင့် လက်ခလယ် အသုံးပြုကာ ထိုးညွှန် လိုက်သည်။ မြစ်ရေပြင်သည် နှစ်ခြမ်း ကွဲသွားပြီး ရေအောက် ကြမ်းပြင် ပေါ်လာလေသည်။
ထိုအခါ ရေအောက် ကြမ်းပြင်တွင် ဝပ်နေသည့် အလွန်ကြီးမားသည့် နဂါးကြီး တစ်ကောင်ကို တွေ့လိုက် ရလေသည်။ ထိုနဂါးကြီးမှာ ချိုတစ်ချောင်းကလည်း ပြတ်နေသေးသည်။ မျက်ဝန်းကြီး များကတော့ မီးအိမ်ကြီးများအလား လင်းလက် တောက်ပနေလေသည်။
"မင်းကျုပ်ရဲ့ စီးတော်ယဉ် လုပ်မလား၊ လုပ်မယ်ဆိုရင် ဘာမှ ပြန်မပြောနဲပ၊ မလုပ်ချင်ဘူး ဆိုရင်တော့ ချက်ချင်း ငြင်းတဲ့ စကား ပြန်ပြောလို့ရတယ်"
ဆန်းလျန်က နဂါးကြီးကို ပြောလိုက်သည်။
ရေနဂါးကြီးက ဆန်းလျန် ပြောစကားကို သေသေချာချာ နားလည်လေသည်။ သူက ပါးစပ်ကိုဖွင့်ကာ ငြင်းပယ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် မမြင်ရသည့် စွမ်းအား တစ်ခုက သူ့ကို တားဆီးထားသည့် အလား စကား ပြန်မပြောနိုင် ဖြစ်နေရလေသည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်းက စကား ပြန်မပြောဘူးဆိုတော့ ကျုပ်ပြောတာကို သဘောတူတယ်လို့ ယူဆလိုက်မယ်၊ ကျုပ်က နဂါးကိုစီးပြီး ကောင်းကင်မှာ ပျံသန်းဖို့ အမြဲတမ်း စိတ်ကူးနေခဲ့တာ၊ အခုတော့ တကယ် ဖြစ်လာပြီပဲ၊ ဒါပေမဲ့ မင်းက နဂါးအစစ်တော့ မဟုတ်တာဆိုးတယ်"
ရေနဂါးကြီးသည် ဆန်းလျန်၏ သောက်ကြီး သောက်ကျယ် စကားများအတွက် ဒေါသ ချောင်းချောင်း ထွက်နေလေသည်။ သူသာ လှုပ်ရှားနိုင်လျှင် ဆန်းလျန်ကို ခုန်အုပ်မိမည် ဖြစ်လေသည်။ သူကဲ့သို့ မြင့်မြတ်သော နဂါးမျိုးနွယ်ကို စီးတော်ယဉ် လုပ်မည်ဟု ပြောရုံမျှမက သူ့ကိုပင် နဂါးအစစ် မဟုတ်သည့် အတွက် စိတ်ပျက် နေသေးသည် မဟုတ်ပါလား။
သို့သော်… ရေနဂါးကြီးမှာ ဆန်းလျန်၏ ထိန်းချုပ်မှုကို ခံစားရသည့် အတွက် စကားလည်း မပြောနိုင်သလို လှုပ်လည်း မလှုပ်နိုင်တော့ပေ။
***