အကူအညီ
Vol. 50 Ch. 749
ပိုင်ဟောက်သည် တောင်ဘုရင်ဘေးတွင် ရပ်နေသော ဝဖိုင့်ဖိုင့် ကောင်စီဝင်ယွမ်နျန်ကို ကြည့်၍ အံကြိတ်လိုက်သည်။ ထိုလူအိုကြီးသည် သူ့အသက်ကို ဆက်ရန်အတွက် ကိုယ်အင်္ဂါအစားထိုးမှုနှင့် ပြုပြင်မွမ်းမံမှုပေါင်းများစွာကို ပြုလုပ်ခဲ့သူဖြစ်သည်။ သူနှင့် ကိုက်ညီပြီး ကျန်းမာသောကိုယ်အင်္ဂါများ ရရှိရန်အတွက် ဝမ်ရှန့်သည် ထိုလူအိုကြီးအတွက် အပြစ်မဲ့ လူငယ်ပေါင်းများစွာကို သတ်ဖြတ်ပေးခဲ့ရသည်။
ကောင်စီဝင် ယွမ်နျန်သည် သူတို့ဘက်က ရပ်တည်ပေးလိမ့်မည်ဟု သူထင်မှတ်ခဲ့သော်လည်း လက်တွေ့တွင် သူသည် ဝမ်ရှန့်အား အစကတည်းက အပေးအယူလုပ်ရန် အသုံးချခဲ့ပြီး ခရိုင် ၁ ၏ တောင်ဘုရင်ဘက်သို့ ကူးပြောင်းသွားခဲ့ခြင်းသာ ဖြစ်သည်။
"နောက်ထပ် တောင်ဘုရင်ကိုပဲ ဒုက္ခပေးရဦးမှာပဲ"
ကောင်စီဝင် ယွမ်နျန်သည် သူ၏ ဗိုက်ပူကြီးကို ပွတ်သပ်ရင်း အရာရာကို ထိန်းချုပ်ထားနိုင်သူပမာ ပြုံးရွှင်လျက် ရှိသည်။
"ခရိုင် ၅၊ ခရိုင် ၆၊ ခရိုင် ၉ နဲ့ ခရိုင် ၁၀ တွေက ဂိုဏ်းတွေလည်း လာနေကြပြီ၊ ညရဲတပ်ဖွဲ့ရဲ့ နယ်မြေတွေကိုတော့ မင်းပဲ ဆက်ပြီးစီမံခန့်ခွဲရတော့မယ်၊ မြို့တော်ကောင်စီက အမြဲတမ်း မျှတပါတယ်၊ ပိုအားထုတ်တဲ့သူက ပိုရမှာပေါ့"
"ယွမ်နျန်၊ မင်းနဲ့ ဘော့စ်က သွေးရင်းတွေလေ၊ သူက မင်းရဲ့ တူပဲကွ ၊ မင်း ကောင်စီဝင် ဖြစ်လာဖို့ ဝမ်ရှန့်ဂိုဏ်းက ဘယ်လောက်တောင် ကူညီပေးခဲ့ရလဲဆိုတာ သိရဲ့လား၊ အခုတော့ မင်းက ငါတို့ကို ဒီလို ဆက်ဆံတာလား"
ပိုင်ဟောက်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ယွမ်နျန်ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
"ပိုင်ဟောက်... မင်းက ဝမ်ရှန့်ကို တကယ်ကာကွယ်ချင်တယ်ဆိုရင် မင်းရဲ့ ညီအစ်ကိုတွေကို ခေါ်ပြီး တောင်ဘုရင်နောက်ကိုလိုက်ပြီး ကလဲ့စားချေဖို့ပဲ ပြင်ထားလိုက်ပါတော့"
ယွမ်နျန်သည် ပိုင်ဟောက်၏ ဒေါသကို လုံးဝ ဂရုမစိုက်ပေ။
"မင်းနဲ့ ညရဲတွေကြားမှာ ဘာကွာလို့လဲ"
ပိုင်ဟောက်သည် နေရာတွင် ငြိမ်သက်စွာ ရပ်နေရင်း ဆေးရုံကုတင်ပေါ်ရှိ ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်သည်။
ယင်းကို မြင်သော်လည်း ယွမ်နျန်က ပြုံးနေဆဲပင်။
"တောင်တစ်လုံးမှာ ကျားနှစ်ကောင် အတူနေလို့မရဘူးလေ၊ ငါ သူ့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ သူရှုံးနိမ့်သွားပြီ၊ အခု မင်း အမိန့်ကို ဖီဆန်နေတာက သူ့ကို ဒုက္ခပေးနေတာနဲ့ အတူတူပဲ"
တစ်ခုခုကို အာရုံခံမိသကဲ့သို့ ပိုင်ဟောက် ရုတ်တရက် မော့ကြည့်လိုက်သည်။ ခန်းမအပြင်ဘက်တွင် စောင့်ကြပ်နေသော ယင်ရှို့သည် သူ့ဓားကြီးကို တရွတ်ဆွဲလျက် အတွင်းခန်းမထဲသို့ ဝင်လာလေသည်။ သူသည် ကြမ်းတမ်းပြီး အရိုင်းအစိုင်းပုံစံရှိသဖြင့် လူတိုင်းက သူ့ကို ဦးနှောက်မရှိသော အရူးတစ်ယောက်ဟု ထင်မှတ်ထားကြသူ ဖြစ်သည်။
"ရပ်လိုက်စမ်း"
ပိုင်ဟောက် စကားပြောလိုက်စဉ် ယင်ရှို့၏ ကွင်းကိုးကွင်းပါသော ခေါင်းဖြတ်ဓားကြီးသည် ယွမ်ချင်း၏ လည်ပင်းကို ပိုင်းဖြတ်သွားတော့သည်။ ၎င်းမှာ ပထမတစ်ချက် ဖြစ်၏။ ဒုက္ခတစ်ချက်က သူ့နှလုံးကို ထိုးဖောက်ကာ ဆွဲမွှေ့လိုက်ပြီး တတိယတစ်ချက်ကမူ သူ့ကို ခါးမှ နှစ်ပိုင်း ပြတ်သွားစေသည်။
အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ပိုင်ဟောက် တုံ့ပြန်နိုင်ချိန်တွင် ဂိုဏ်းချုပ်မှာ သေဆုံးသွားပြီ ဖြစ်သည်။
"မင်းက ဂိုဏ်းထဲမှာ လွှတ်ထားတဲ့ သူလျှိုလား"
ပိုင်ဟောက် အချိန်မဆွဲရဲတော့ပေ။ နူတ်ပိတ်ခံရခြင်းမှ လွတ်မြောက်ရန် သူသည် အတွင်းခန်းမထဲမှ ခုန်ချထွက်ပြေးတော့သည်။
သေနတ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီးနောက် သူသည် ဝေဝါးသော အဖြူရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဝမ်ရှန့်ခန်းမအတွင်းမှ လွတ်မြောက်အောင် ပြေးထွက်သွားတော့သည်။
"လိုက်နေစရာ မလိုပါဘူး၊ စီးပွားရေးက ပိုအရေးကြီးတယ်"
ကောင်စီဝင် ယွမ်နျန်သည် ယင်ရှို့ကို လက်ယပ်ခေါ်လိုက်သည်။
"အောက်က ညီအစ်ကိုတွေကို ချက်ချင်းအကြောင်းကြားလိုက်၊ ပိုင်ဟောက်ဟာ ညရဲတပ်ဖွဲ့ရဲ့ သူလျှိုဖြစ်ပြီး ဂိုဏ်းချုပ်ကို သတ်သွားတယ်၊ ညီအစ်ကိုတွေအနေနဲ့ ဂိုဏ်းချုပ်အတွက် ကလဲ့စားချေကြဖို့ ပြောလိုက်"
"ဟုတ်ကဲ့"
ယင်ရှို့က အသံသြသြဖြင့် ပြန်ဖြေကာ သူ့ဓားကြီးကို ဆွဲ၍ အတွင်းခန်းမမှ ထွက်ခွာသွားသည်။
"ဒါကို ယဉ်ယဉ်ကျေးကျေး ဖြေရှင်းလို့ ရရဲ့သားနဲ့ သူတို့ကတော့ အကုန်လုံးကို ရှုပ်ထွေးအောင် လုပ်သွားကြတော့တာပဲ"
ယွမ်နျန်သည် လက်ကိုင်ပဝါကို ထုတ်၍ နှာခေါင်းပိတ်လိုက်သည်။
"အတားအဆီးတွေကို ရှင်းထုတ်ပြီးပြီ၊ ငါ မြို့တော်ကောင်စီ ခန်းမထဲမှာ တောင်ဘုရင်ရဲ့ အောင်ပွဲခံ ပြန်လာတာကို စောင့်နေမယ်"
တစ်ချိန်က ခမ်းနားထည်ဝါပြီး စည်ကားခဲ့သော ဝမ်ရှန့်ခန်းမသည် ယခုတွင် အနံ့ဆိုးများသာ ပြည့်နှက်နေတော့သည်။ တောင်ဘုရင်သည် ထွက်ခွာသွားသော ယွမ်နျန်၏ နောက်ကျောကို စိုက်ကြည့်ကာ အိတ်ကပ်ထဲမှ သေနတ်ကို ထုတ်၍ ယွမ်နျန်၏ ခေါင်းကို ချိန်လိုက်သည်။ သို့သော် ယွမ်နျန်ထွက်သွားသည်အထိ သူ သေနတ်ကို မပစ်ခဲ့ပေ။
"ဒီကောင်စီဝင်တွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး မောက်မာလာကြတာပဲ"
...
"ဝမ်ရှန့်ဟာ အရင်က ခရိုင် ၁ မှာ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်ခဲ့ပေမဲ့ တောင်ဘုရင် မြင့်တက်လာမှုကြောင့် နှစ်ခြမ်းကွဲသွားခဲ့တယ်၊ မြို့တော်ကောင်စီရဲ့ ကြားဝင်စေ့စပ်မှုအရ ပင်မဂိုဏ်းဟာ ခရိုင် ၁ ကနေ ထွက်ခွာခဲ့ရပြီး ခရိုင် ၃မှာ ဝမ်ရှန့်ဂိုဏ်းအသစ်ကို တည်ထောင်ခဲ့ရတာ"
ကောင်းမင်သည် ကျီးကန်းနက် ပေးထားသော ထိပ်တန်းလျှို့ဝှက်ချက်များကို ဖတ်ရှုနေသည်။ ခရိုင် ၁ ၏ တောင်ဘုရင်သည် ယခင်က ဝမ်ရှန့်၏ နယ်မြေခေါင်းဆောင်တစ်ဦးသာ ဖြစ်ခဲ့သည်။ သူသည် မြို့တော်ကောင်စီ၏ ထောက်ပံ့မှုဖြင့် တဖြည်းဖြည်း အင်အားကြီးလာပြီး နောက်ဆုံးတွင် နံပါတ်တစ်ဂိုဏ်းဟု လူသိများသော ဝမ်ရှန့်ကို နှစ်ပိုင်းကွဲစေခဲ့ခြင်း ဖြစ်သည်။
"တောင်ဘုရင်က မြို့တော်ရဲ့ အကြီးဆုံး မြေအောက်မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ထားတယ်၊ သူ့ဆီမှာ လက်နက်တွေ၊ ဆေးဝါးတွေနဲ့ တားမြစ်ပစ္စည်းအမျိုးမျိုး အများကြီး ရှိနေတာ၊ ဒါတွေကို မြို့တော်ကောင်စီက တိတ်တဆိတ် ထောက်ပံ့ပေးနေတာလား"
ကောင်းမင် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူသည် လီဆန်းစီ၏ မျက်နှာနှင့် တစ်နေ့ထက်တစ်နေ့ ပိုအသားကျလာနေပြီ ဖြစ်သည်။
"ဒါရိုက်တာလီ၊ ဒါရိုက်တာလီ"
ကျားယိုကျစ်က အော်ဟစ်ရင်း အခန်းထဲသို့ ပြေးဝင်လာ၏။
"ညရဲတပ်ဖွဲ့တွေ အရှိန်လျော့သွားပြီ၊ သူတို့က အပြင်းအထန်ခုခံမှုနဲ့ ကြုံနေရတယ်၊ ဝမ်ရှန့်က အဲ့ဒီကောင်တွေကတော့ တကယ် အစွမ်းထက်တာပဲ"
"ဝမ်ရှန့်က အရင်က ဝမ်ရှန့်မျိုး မဟုတ်တော့မှာ စိုးတယ်"
ကောင်းမင် သူ့ဖုန်းကို သိမ်းလိုက်သည်။
"ရိုက်ကူးရေးကော ဘယ်လိုလဲ"
"အဆင်ပြေပါတယ်၊ ဒါက ရုပ်ရှင်နဲ့တော့ မတူဘူး၊ မှတ်တမ်းတင် ဗီဒီယိုနဲ့ ပိုတူနေတယ်"
ကျားယိုကျစ်က ကောင်းမင်အား ရိုက်ကူးထားသည့် ပုံရိပ်အချို့ ပြသလိုက်သည်။ ထိုပုံရိပ်များတွင် ခရိုင် ၃ မှ မြို့ခံများ ငရဲခန်းတွင် နေထိုင်နေရပုံနှင့် လီဆန်းစီ၏ မိခင် ပေါ်ထွက်လာမှုကြောင့် အလင်းရောင် ရရှိလာပုံများကို မြင်တွေ့ရသည်။
"အဲ့ဒီလို ခံစားချက်မျိုးပဲ"
ကောင်းမင် အလွန်ကျေနပ်သွားသည်။
"ဒီည ဒီဗီဒီယိုတွေကို တခြားခရိုင်တွေဆီ ပျံ့အောင်လုပ်ရမယ်၊ ပိုက်ဆံအတွက် မပူနဲ့၊ အရင်ဆုံး ကရုဏာဖောင်ဒေးရှင်းက ယုံကြည်သူတွေကို လိမ်ပြီးရထားတဲ့ အလှူငွေတွေကို သုံးလိုက်၊ အဲ့ဒါကုန်ရင် ခရိုင် ၃ ကို သွားပြီး လုယက်ကြတာပေါ့၊ မိုးမလင်းခင် ဒီဗီဒီယိုတွေကို မြို့တော်အနှံ့ ပျံ့သွားအောင် လုပ်ရမယ်"
"အာ... ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့"
ကျားယိုကျစ်မှာ နှမြောတသ ဖြစ်နေလေသည်။ သူ ကောင်းမင်ကို ပြန်ပြောရန် ပြင်လိုက်စဉ် ဒုက္ခသည် နှစ်ဦးသည် ဆံပင်ဖြူဖြူနှင့်လူအိုကြီးတစ်ဦးကို ထမ်းပိုး၍ ဝင်လာကြသည်။
"ဒါရိုက်တာလီ၊ ကျွန်တော်တို့ ငါးကြီးတစ်ကောင် မိလာတယ်"
ဒုက္ခသည်များသည် ကောင်းမင်၏ နာမည်အစစ်ကို မသိကြပေ။ ကျားယိုကျစ်တို့က သူ့ကို ဒါရိုက်တာလီဟု ခေါ်သံကြားသဖြင့် သူတို့လည်း လိုက်ခေါ်နေကြခြင်း ဖြစ်သည်။
"ဒါက... ပိုင်ဟောက်လား"
ကောင်းမင် အံ့သြသွားရသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ မြင့်မြတ်လှသော ဝမ်ရှန့်ဂိုဏ်း နယ်မြေခံခေါင်းဆောင်သည် ယခုတွင် သူ့ရှေ့၌ ခွေးသေတစ်ကောင်လို လဲလျောင်းနေခြင်းဖြစ်သည်။
သူသည် ဆေးရည်တစ်ပုလင်းကို ပိုင်ဟောက်၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ ပိုင်ဟောက် မျက်လုံးများ ဖွင့်လိုက်ရာ သူ့မျက်ဝန်းများတွင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေလေသည်။
"စိတ်အေးအေးထားပါဦး၊ ခင်ဗျားက သင်္ချိုင်းထဲ ခြေတစ်ဖက် ရောက်နေပြီပဲ၊ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
ကောင်းမင်က ကုလားထိုင်တွင် ထိုင်လိုက်သည်။ ကျားယိုကျစ်ကမူ သူ့နောက်တွင်ရပ်လျက် ပိုင်ဟောက်ကို ငုံ့ကြည့်နေ၏။
"ယင်ရှို့က ဘော့စ်ကို သတ်သွားတယ်၊ တောင်ဘုရင်က ထီးနန်းလုသွားတယ်၊ ယွမ်နျန်ကောပဲ၊ ငါ သူတို့အကုန်လုံးကို သတ်ပစ်မယ်"
အင်အားအနည်းငယ် ပြန်ရလာသောအခါ ပိုင်ဟောက်၏ မျက်လုံးများ နီရဲလာတော့သည်။ သူ့ဒဏ်ရာများက ပိုမိုဆိုးရွားလာပြီး သွေးတချို့ကို အန်ထုတ်လိုက်ရသည်။
"ခင်ဗျားက ထတောင် မထနိုင်တာ၊ ဘယ်လို ကလဲ့စားချေမှာလဲ"
ကောင်းမင်က ပိုင်ဟောက်ရှေ့သို့ ဆေးတစ်ပုလင်း ထပ်ပစ်ချပေးလိုက်သည်။
မာနကြီးလှသော ဝမ်ရှန့်ဂိုဏ်း နယ်မြေခံခေါင်းဆောင်သည် ဖုန်နှင့် ရွှံ့များ ပေကျံနေသော ဆေးပုလင်းကို ကောက်ယူလိုက်သည်။ သူ၏ ဂုဏ်သိက္ခာသည် ယွမ်နျန်ကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီဖြစ်ရာ ယခု သူ့စိတ်ထဲတွင် လက်စားချေလိုစိတ်မှလွဲ၍ ဘာမှမရှိတော့ပေ။
"ဒီလောက် ပြင်းတဲ့ဒဏ်ရာတွေနဲ့ အသက်ရှင်နေနိုင်ရုံတင် မကဘူး၊ လိုက်ဖမ်းသူတွေကိုတောင် ရှောင်တိမ်းပြီး ဝမ်ရှန့်ခန်းမကနေ တားမြစ်နယ်မြေအစွန်းအထိ ပြေးလာနိုင်ခဲ့တယ်၊ ခင်ဗျားရဲ့ စိတ်ဓာတ်ကတော့ အံ့သြစရာပဲ"
ကောင်းမင်သည် ဓားငယ်တစ်ချောင်းကို ထုတ်ယူ၍ ပိုင်ဟောက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ခင်ဗျား ဘာတွေ ကြုံခဲ့ရလဲဆိုတာ ကျုပ်အကြမ်းဖျင်း ခန့်မှန်းလို့ ရပါတယ်၊ ကျုပ် ခင်ဗျားအသက်ကို ကယ်ပေးနိုင်သလို ကလဲ့စားချေဖို့လည်း ကူညီပေးနိုင်တယ်၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ဘာပြန်ပေးနိုင်မလဲ"
နတ်ဆိုးမိစ္ဆာသည် လူမိုက်ကို စတင်ဖြားယောင်းနေပြီ ဖြစ်သည်။ သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ဆိုးယုတ်မှုများသည် အခန်းအတွင်းသို့ တိတ်တဆိတ် ပျံ့နှံ့သွားသည်။
ပိုင်ဟောက် မော့ကြည့်လိုက်သည်။ သူသည် ကောင်းမင်ထံမှ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းသော ဆိုးယုတ်မှုများကို မြင်တွေ့လိုက်ရသည်။ သာမန်လူတစ်ယောက်သည် ဤမျှကြီးမားသော အပြစ်တရားများကို မည်သို့ စုဆောင်းထားနိုင်သနည်း။
"ဝမ်ရှန့်ဂိုဏ်းက မြို့တော်ကောင်စီကြောင့် ဒီအခြေအနေထိ ရောက်ခဲ့ရတာ၊ တကယ်လို့ မင်းသာ မြို့တော်ကောင်စီကို ဖြုတ်ချဖို့ ငါ့ကို ကူညီမယ်ဆိုရင် ငါ အရာအားလုံးကို စွန့်လွှတ်ဖို့ အဆင်သင့်ပဲ၊ ဝမ်ရှန့်ရဲ့ ဝှက်ထားတဲ့ ကြွယ်ဝမှုတွေ၊ ငါ့ရဲ့ သစ္စာရှိဂိုဏ်းသားတွေ၊ ပြီးတော့ ငါ့အသက်ကိုပါ ပေးမယ်"
"ခင်ဗျားက တကယ်ကို ကောက်ကျစ်တာပဲ၊ ဝမ်ရှန့်ရဲ့ ရတနာတွေကို တောင်ဘုရင်နဲ့ ညရဲတွေ ခွဲယူသွားကြပြီ၊ ခင်ဗျားရဲ့ သစ္စာရှိဂိုဏ်းဝင်တွေလည်း အကုန်အသတ်ခံရလောက်ပြီ၊ ကျုပ်ရမှာကတော့ ခင်ဗျားရဲ့ တန်ဖိုးမရှိတဲ့ အသက်ပဲ ရှိမှာပေါ့"
ပိုင်ဟောက် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကောင်းမင် မျက်လုံးများ မှေးကျဉ်းသွားသည်။
"ဒါပေမဲ့လည်း ခင်ဗျားကို အခွင့်အရေးတစ်ခုတော့ ပေးချင်ပါသေးတယ်၊ ဘာပဲဖြစ်ဖြစ် အခု ကျုပ်မှာ လူအင်အား လိုအပ်နေတာပဲလေ"
သူ့လက်ကောက်ဝတ်ကို လှီးလိုက်ရာ ကောင်းမင်၏ သွေးများအတွင်း၌ ရှုပ်ထွေးသော ပုံစံကွက်များနှင့် အံ့သြဖွယ်ကောင်းသော ဆိုးယုတ်မှုများ ရောယှက် စီးဆင်းလာလေသည်။
"သောက်လိုက်"