ဝါဒဖြန့်ခြင်း
Vol. 50 Ch. 748
ကောင်းမင်၏ဘေးတွင် သင်းအုပ်ဆရာ ငါးဦး ရပ်နေကြသည်။ သူတို့လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်မှာ သမ္မာကျမ်းစာများ မဟုတ်ဘဲ "သက်ရှိအားလုံးကို ညီမျှစေသူ" ဟု ခေါ်သော သေနတ်များ ဖြစ်ကြသည်။ စကားလုံးများဖြင့် နားမဝင်တော့သည့်အခါ လက်နက်ကို အားကိုးခြင်းကသာ သူ့ဆန္ဒကို ဖော်ဆောင်နိုင်မည့် အင်အားဖြစ်လာပေလိမ့်မည်။
"နားထောင်ကြစမ်း"
ကောင်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့အသံက တိတ်ဆိတ်နေသော တားမြစ်နယ်မြေ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
"ခရိုင် ၃ က အဲ့ဒီဂိုဏ်းတွေဟာ မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်နေကြတယ်၊ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဖြုန်းတီးနေကြတယ်၊ ပြီးတော့ မင်းတို့ရဲ့ မိသားစုတွေကို နည်းမျိုးစုံနဲ့ စော်ကားနေကြတယ်၊ မင်းတို့တွေ ထုတ်မပြောရဲကြတာကို ငါသိတယ်၊ မင်းတို့ဆီကနေ အော်ဟစ်တောင်းဆိုတာ ဒါမှမဟုတ် တော်လှန်တာမျိုးကို ငါမမျှော်လင့်ဘူး၊ ငါ့အလုပ်တွေ ပြီးမြောက်အောင် အခုလောလောဆယ် ငါနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ မျှော်လင့်တယ်၊ ငါတို့ရဲ့ ကရုဏာဖောင်ဒေးရှင်းရဲ့ အလုပ်က တကယ်တော့ အရမ်းရိုးရှင်းတယ်၊ အားနည်းသူတွေကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့နဲ့ အမှောင်ထုတွေ လွှမ်းမိုးနေတဲ့ ဒီမြို့ကြီးကို အလင်းရောင်နည်းနည်းလောက် ယူဆောင်လာပေးဖို့ပဲ"
ဤ "အမှန်တရား" ၏ ရှေ့မှောက်တွင် အသိဉာဏ်အနည်းဆုံး မြို့ခံများပင် နာခံမှုရှိလာကြသည်။ သူတို့သည် ခေါင်းပွင့်ထွက်သွားသော ဗလကောင်းကောင်းလူကြီး၏ အလောင်းနှင့် ဝေးရာသို့ ရှဲသွားကြသည်။ သူတို့သည် နောက်ဆုံးတွင် လမ်းပြမည့်သူကို တွေ့ရှိသွားသော သိုးအုပ်ကြီးကဲ့သို့ ကောင်းမင်၏ ဘေးတွင် တိတ်ဆိတ်စွာ ဝိုင်းရံလိုက်ကြတော့သည်။
“ငါက မွန်မြတ်တဲ့ ကောင်စီဝင် စီမေလိုမျိုး စိတ်နှလုံး မနူးညံ့ဘူး၊ ငါက ယုတ်ညံ့တဲ့ ယုံကြည်သူတစ်ယောက်သာသာပါပဲ၊ ဒါပေမဲ့ သူ့ရဲ့ စံနမူနာတွေကို အကောင်အထည်ဖော်ဖို့ ငါ့မှာရှိသမျှ အကုန်လုံးပေးဆပ်သွားမှာပါ”
ကောင်းမင်က ဘေးသို့ တိုးပေးလိုက်ရာ ဘုန်းတော်ကြီးဝတ်စုံဖြူ ခြုံထားသော လီဆန်းစီ၏ မိခင်ကို အားလုံး မြင်တွေ့လိုက်ရသည်။ သူမ၏ မေးစေ့နှင့် နှုတ်ခမ်းကိုသာ မြင်တွေ့ရသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် အမှတ်အသားများက သူမအား လျှို့ဝှက်ဆန်းကြယ်ကာ အင်အားကြီးမားပြီး နူးညံ့သိမ်မွေ့သည့် နတ်ဘုရားမတစ်ဦးကဲ့သို့ မြင့်မြတ်သော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဤဂိုဏ်းစတား မြို့တော်ရှိ အငွေ့အသက်များနှင့် လုံးဝကွဲပြားနေပြီး ဘေးနားရှိနေသူများကို ငြိမ်းချမ်းမှု ပေးစွမ်းနေသည်။ တားမြစ်နယ်မြေ၏ ရှုထောင့်မှ ကြည့်ပါက သူမပတ်ဝန်းကျင်တွင် အဖြူနှင့်အနီရောင် အမြစ်များသည် ဝဲဂယက်ကဲ့သို့ လှည့်ပတ်နေပြီး တားမြစ်နယ်မြေမှ ဆင်းသက်လာသော ချက်ကြိုးတစ်ခုနှင့် တူနေလေသည်။ သူမ၏ ခန့်ညားထည်ဝါသော ပုံရိပ်ထဲမှ လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး ထိုနယ်ပယ်အတွင်းရှိ နေရာအနှံ့တွင် မရေမတွက်နိုင်သော မျက်လုံးများ ပွင့်ဟလာကြသည်။
ဒုက္ခသည်များအနေဖြင့် ဤသည်မှာ မွန်မြတ်လှသော ကောင်စီဝင်စီမေ ဟုတ်မဟုတ် မသိကြသလို အရေးလည်း မကြီးပေ။ သူတို့အတွက် အရေးကြီးသည်မှာ သူတို့အတွက် စကားပြောပေးမည့်သူနှင့် ခိုလှုံရာပေးမည့်သူ ရှိနေခြင်းပင် ဖြစ်သည်။
"ကောင်းပြီ ... ပထမဆုံး ကာကွယ်ရေးစည်းကို စဆောက်လိုက်ကြရအောင်၊ ငါတို့က အကြွင်းမဲ့ တန်းတူညီမျှမှုကို ယုံကြည်တယ်၊ ဒါကြောင့် လှုပ်ရှားနိုင်တဲ့သူမှန်သမျှ၊ လူကြီးလူငယ်၊ ကျားမ မရွေး အားလုံး လှုပ်ရှားကြပါ၊ အခု မင်းတို့လုပ်နေတဲ့ အရာအားလုံးဟာ ကိုယ့်အသက်ကိုကိုယ် ကာကွယ်ဖို့အတွက်ပဲ"
ဆေးဝါးစက်ရုံ၏ တားမြစ်နယ်မြေ အပြင်ဘက်တွင် ဒုက္ခသည်များကို စုစည်း၍ ကာကွယ်ရေးစည်း တည်ဆောက်ပြီးနောက် ကောင်းမင်သည် ကျားယိုကျစ်နှင့် အခြားလူများကို ပြန်လည်ခေါ်ယူလိုက်သည်။
ဆင်းရဲသားရပ်ကွက်အနီးတွင် ဘုရားကျောင်း၏ အစိတ်အပိုင်းအချို့ ကျန်ရှိနေသေးသည်။ ညရဲတပ်ဖွဲ့များ မောင်းသွင်းလိုက်သော ဝက်လူသားများသည် ခရိုင် ၃ ကိုသာ အဓိက ပစ်မှတ်ထားခဲ့ကြသဖြင့် ဆင်းရဲသားရပ်ကွက် ပတ်ဝန်းကျင်မှာ အကြီးအကျယ် ပျက်စီးသွားခြင်း မရှိပေ။
ထိုနေရာရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကို လျင်မြန်စွာ စာရင်းပြုစုလိုက်ကြသည်။ ပြီးနောက် ကောင်းမင်သည် ကျားယိုကျစ်နှင့် အခြားသူများကို သူတို့၏ အလုပ်ဟောင်းဖြစ်သော ကင်မရာများဖွင့်၍ ခရိုင် ၃ တွင် ဖြစ်ပျက်သမျှကို သာမန်ဒုက္ခသည်တစ်ဦး၏ ရှုထောင့်မှ မှတ်တမ်းတင်ရန် ခိုင်းစေလိုက်သည်။
ကျားယိုကျစ်သည် အစပိုင်းတွင် သဘောမတူဘဲ ကုတင်အောက်တွင် ပုန်းအောင်းနေခဲ့သည်။ သိုသော်လည်း မြို့ကြီးကို ဝါးမြိုပြီးနောက် ဝက်လူသားများ ပြန်လှည့်လာလိမ့်မည်ဟု ကောင်းမင် ခြိမ်းခြောက်လိုက်သောအခါတွင်မူ ထိုလူကြီးသည် မည်သူထက်မဆို ပိုမြန်အောင် ပြေးတော့သည်။
သန်းခေါင်ယံအချိန်တွင် နှစ်ဖက်လုံး ဆုံတွေ့ကြသည်။ ဝူဝေသည် တည်းဖြတ်ရန် မလိုလောက်အောင်ပင် ကြည့်ရှုသူများကို စိတ်လှုပ်ရှားစေမည့် မှတ်တမ်းများစွာကို ရိုက်ကူးထားပြီး ဖြစ်သည်။ ပရိသတ်များအနေဖြင့် ဒုက္ခသည်များနှင့်ထပ်တူ ခံစားနိုင်ရန်သာ လိုအပ်တော့သည်။
"အဓိကက သူ့ကို ထင်ရှားအောင် ရိုက်ဖို့ပဲ၊ ရိုက်ကွင်းထဲမှာ အရာအားလုံး မှောင်မည်းပြီး သွေးစွန်းနေနိုင်ပေမဲ့ သူကတော့ အလင်းထဲမှာ ရပ်နေရမယ်၊ လိုအပ်ရင် သူ့အတွက် သီးသန့် မီးအလင်းအမှောင်တွေပါ စီစဉ်ပေးရမယ်"
ကောင်းမင်က လီဆန်းစီ၏ မိခင်ကို ညွှန်ပြလိုက်သည်။ သူ စကားပြောပြီးသည်နှင့် တင်းရှန်း၏ မနာလိုမှုကို ချက်ချင်း လှုံ့ဆော်မိသွားသည်။ ကျန်နောက်လိုက်နှစ်ဦးမှာလည်း လီဆန်းစီ၏ မိခင်အပေါ် ငြင်းဆန်လိုသော ပုံစံများ ပြသလာကြသည်။
"ဒါရိုက်တာလီ၊ ကျွန်မက စာချုပ်ချုပ်ထားတဲ့ ခေါင်းဆောင်မင်းသမီးလေ၊ ဒီလောကမှာ ရှင့်အကြောင်းကို ကျွန်မထက် ပိုနားလည်တဲ့ မိန်းမရှိလို့လား"
တင်းရှန်းသည် အလျင်စလိုပြေးလာရသဖြင့် ဖုန်များသဲများ ဖုံးလွှမ်းနေပြီး အတော်လေး သနားစရာ ကောင်းနေလေသည်။
"မင်းက ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ပေါ့၊ လိုအပ်ရင် ဝက်လူသားကို အထဲ ပေးဝင်လိုက်မယ်၊ သူ မင်းကိုစားခါနီးမှ ခေါင်းဆောင်မင်းသမီးကို ထွက်လာခိုင်းမယ်"
"သေစမ်း ရှင်က အရမ်း ရက်စက်တာပဲ"
တင်းရှန်းမှာ ဒေါသထွက်သော်လည်း ဘာမှ မတတ်နိုင်ပေ။
"အတိုချုပ်ပြောရရင် အရာအားလုံးက သူ့ကို ဗဟိုပြုနေရမယ်"
ကောင်းမင်သည် ပထမဆုံးအကြိမ်အဖြစ် ငြင်းဆန်၍မရသော လေသံဖြင့် အမိန့်ပေးလိုက်သည်။ မြေအောက် ရေနုတ်မြောင်းကွန်ရက်ဗဟိုရှိ နက်ရှိုင်းသော ရေကန်ထဲတွင် သူသည် သူ့နောက်လိုက်များနှင့် ဆင်တူသော အလောင်းသုံးလောင်းကို မြင်တွေ့ခဲ့ရသည်။ သူ့ရှေ့ရှိ နောက်လိုက်သုံးဦးသည် အစစ်အမှန်မဟုတ်ဘဲ အမှောင်ထုထဲတွင် လီဆန်းစီနှင့်ယဇ်ပလ္လင်တို့ကြား အလဲအလှယ်လုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။
သုံးဦးသား မကျေမနပ်ဖြင့် ရိုက်ကူးရေးသွားလုပ်ကြတော့သည်။ သို့သော်လည်း သူတို့သည် အန္တရာယ်အရှိဆုံး ရှေ့တန်းမှနေ၍ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများစွာကို ရိုက်ကူးနိုင်ခဲ့ကြသည်။
ညဉ့်နက်ပိုင်းသို့ ရောက်သောအခါ ပေါက်ကွဲသံများက ငလျင်လှုပ်သကဲ့သို့ ပိုပို စိပ်လာလေသည်။ မြေပြင်ကြီးမှာ တုန်ခါနေပြီး ခရိုင် ၃ မှ မီးတောက်များက ညကောင်းကင်ယံကို လင်းထိန်နေစေသည်။
တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မြို့လမ်းမများသည် ပြာပုံအတိ ဖြစ်သွားရသည်။ အဆောက်အအုံများမှာလည်း မီးတောက်များဖြင့် လောင်ကျွမ်းလျက်ရှိနေသည်။ ဝမ်ရှန့်ဂိုဏ်းသည် လူအင်အား သာလွန်မှုနှင့် ခရိုင် ၁ မှ ရရှိထားသော လက်နက်အင်အားတို့ဖြင့် ကျူးချွမ်းအဖွဲ့၏ ဆေးဝါးဂိုဒေါင်ဆီသို့ အလောင်းများကို နင်း၍ လမ်းဖောက်လာခဲ့ကြသည်။
ဆေးဝါးစက်ရုံအသစ် ပျက်စီးသွားပြီး စက်ကိရိယာ အများစုသည်လည်း လုယက်ခံလိုက်ပြီး ဖြစ်သည်။ ဆေးဝါးဂိုဒေါင်မှာ ခရိုင် ၃ ရှိ ကျူးချွမ်းအဖွဲ့၏ နောက်ဆုံးအမာခံစခန်း ဖြစ်သည်။
ဝမ်ရှန့်ဂိုဏ်းသည် ကြီးမားသော ပေးဆပ်မှုများဖြင့် နောက်ဆုံးတွင် ဆေးဝါးဂိုဒေါင်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျူးချွမ်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌငါးဦးနှင့် ခေါင်းဆောင်အချို့ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ၎င်းတို့ အောင်ပွဲခံရန် အချိန်မရသေးမီ အနက်ရောင် မိုးကာအင်္ကျီဝတ် ညရဲတပ်ဖွဲ့များ စစ်ပွဲအတွင်းသို့ ဝင်ရောက်လာကြတော့သည်။
ခရိုင် ၃ ရှိ ပိတ်ထားသော စခန်းများအားလုံးကို ဖွင့်လှစ်လိုက်ပြီး ခရိုင် ၄ မှ ပုခုံးတံဆိပ်ပါသော ညရဲအချို့သည် သူတို့၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ ခရိုင်နယ်နိမိတ်များကို ဖြတ်ကျော်ဝင်ရောက်လာကြသည်။
သူတို့၏ အယူအဆအရ ကျူးချွမ်းအဖွဲ့သည် ဆေးရုံနှင့်ဓာတ်ခွဲခန်းရှိ လူနာအားလုံးကို လွှတ်ပေးခဲ့ပြီး ဆေးများထိုးသွင်းကာ လူ့အသက်များကို လျစ်လျူရှုခဲ့သဖြင့် မြို့တော်အတွင်း ဆိုးယုတ်မှုများ လွှမ်းမိုးနေသော အရူးများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ ဝမ်ရှန့်ဂိုဏ်းသည်လည်း ပြန်လည်တိုက်ခိုက်ရာတွင် မြို့တော်ကောင်စီက သတ်မှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်၍ အကြီးစားလက်နက်များကို အသုံးပြုခဲ့သည်။ နှစ်ဖက်စလုံးသည် မြို့တော်၏ စနစ်တကျအမိန့်များကို ပြင်းထန်စွာ နှောင့်ယှက်ခဲ့ကြသဖြင့် ခရိုင် ၃ တွင် သေဆုံးသွားရသော အပြစ်မဲ့ဝိညာဉ်များစွာအတွက် တာဝန်ခံရမည်ဟု ဆိုသည်။
တရားမျှတမှုဟူသော အလံကို ကိုင်စွဲ၍ ညရဲတပ်ဖွဲ့သည် အလုံးစုံအင်အားဖြင့် ဝမ်ရှန့်နှင့် ကျူးချွမ်းတို့၏ နယ်မြေများကို စတင်ဝါးမြိုလာပြီး ခုခံသူမှန်သမျှကို ရက်စက်စွာ သတ်ဖြတ်ကြတော့သည်။ ပြင်းထန်သော တိုက်ပွဲကို ခံစားထားရသော ဝမ်ရှန့်နှင့် ကျူးချွမ်းတို့သည် ညရဲတပ်ဖွဲ့ကို ယှဉ်နိုင်စွမ်း မရှိတော့ပေ။ အခြေအနေမှာ ချက်ချင်း ပြောင်းပြန်လှန်သွားခဲ့သည်။
ဝမ်ရှန့်ခန်းမအတွင်း၌ နာရေးအလံများနှင့် ပန်းခွေများ ရှိနေဆဲ ဖြစ်သည်။ သေဘေးမှ ကပ်သီလေး လွတ်မြောက်လာသော ဝမ်ရှန့်ဂိုဏ်းခေါင်းဆောင် ယွမ်ချင်းသည် ကြီးမားသော ဆေးရုံကုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသည်။ သူ၏ ဖောင်းကြွနေသော ဝမ်းဗိုက်ကြီးကို ဘေးရှိ စက်တစ်ခုနှင့် ချိတ်ဆက်ထားပြီး ထိုစက်အတွင်းသို့ လတ်ဆတ်သော သွေးများ ထိုးသွင်းနေကာ ဝါညိုရောင်အရည်များကို အဆက်မပြတ် ထုတ်ယူနေသည်။
"ညရဲတပ်ဖွဲ့တွေက ငါတို့ကို အင်အားအပြည့်နဲ့ တိုက်ခိုက်နေကြပြီ၊ ငါတို့ ညီအစ်ကိုတွေလည်း ကျူးချွမ်းအဖွဲ့နဲ့ တိုက်ရတာ ပင်ပန်းနေကြပြီမို့ သူတို့ကို မတားနိုင်တော့ဘူး"
ပိုင်ဟောက်သည် တစ်ညတည်းနှင့် အသက်အတော်များများ ကြီးသွားပုံရသည်။ သူသည် ဒဏ်ရာများနှင့်အတူ အပြင်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။
"ဟူး ... ဒါ မင်းအပြစ် မဟုတ်ပါဘူး၊ ငါတို့အားလုံး ကျူးချွမ်းအဖွဲ့ရဲ့ အင်အားကို လျှော့တွက်မိသွားတာပဲ၊ ဒီလောက်အထိ အထိနာသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ယွမ်ချင်းထံမှ အနံ့ဆိုးများ ထွက်ပေါ်နေသော်လည်း သူ၏ စိတ်ဝိညာဉ်မှာ တက်ကြွနေဆဲ ဖြစ်သည်။ သူသည် သူ့မိသားစုဝင်များ ဆုံးရှုံးသွားရခြင်းအပေါ် ဝမ်းနည်းပူဆွေးမှု မပြဘဲ မျက်လုံးများထဲတွင် ဖိနှိပ်ထားသောရည်မှန်းချက်နှင့် မကျေနပ်ချက်များသာ ရှိနေသည်။
"မင်းမှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး"
ခန်းမ၏ အခြားတစ်ဖက်တွင် ကြေးမျက်နှာဖုံး စွပ်ထားသော လူတစ်ဦးသည် ဝမ်ရှန့်ဂိုဏ်း ခေါင်းဆောင်အတွက် သတ်မှတ်ထားသော ထိုင်ခုံတွင် ထိုင်နေလေသည်။ သူသည် ကြွက်သားများစွာ မရှိသော်လည်း မြင့်မားသောတောင်ကြီးတစ်လုံးကဲ့သို့ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
ယွမ်ချင်းက ဘာမှ မပြောဘဲ မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။
"မင်းလို လူလိမ်ကတော့ အစောကတည်းက သေသွားသင့်တာ၊ ကလေးတွေရဲ့ သွေးကို သောက်ပြီး အသက်ဆက်နေရတဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် တောင်ပေါ်က ကျားတစ်ကောင်လို့ တကယ် ထင်နေတာလား"
ထိုလူက ယွမ်ချင်းကို ရွံရှာဖွယ် အင်းဆက်တစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။
"ဝမ်ရှန့်မှာ တောင်ဘုရင်တစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါ ငါပဲ"
"မှန်တယ်၊ မြို့တော်ကောင်စီကလည်း အဲ့ဒီအတိုင်းပဲ ထင်တယ်လေ"
ကောင်စီဝင် ယွမ်နျန်သည် ပြုံးလျက် ဘေးနားတွင် ရပ်နေခြင်းဖြစ်သည်။
"ညရဲတပ်ဖွဲ့တွေဟာ ဆင်းရဲသားရပ်ကွက်မှာ ဝက်တွေကို မွေးမြူနေကြပြီး လုံးဝပုပ်သိုးနေကြပြီ၊ သူတို့က ဒီမြို့တော်ရဲ့ ပုံမှန်လည်ပတ်မှုကို အနှောင့်အယှက်ပေးနေတဲ့ အကြီးမားဆုံး အတားအဆီးပဲ၊ ဒါကြောင့် မြို့တော်ကောင်စီက ညရဲတပ်ဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ အစီအစဉ်ကို တညီတညွတ်တည်း အတည်ပြုလိုက်ပြီ"