တိတ်ကြစမ်း
Vol. 50 Ch. 747
"ဒါကြီးကို ငါဘယ်လိုဖော်ပြရပါ့မလဲ"
ကောင်းမင်သည် တားမြစ်နယ်မြေ၏ ရှုထောင့်မှနေ၍ အကဲခတ်လိုက်သည်။ သူ့ရှေ့မှောက်ရှိ အမျိုးသမီးအလောင်းသည် အမှန်တကယ် ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သော်လည်း ရုပ်ရည်အားဖြင့် လူသားများနှင့် လုံးဝမသက်ဆိုင်တော့ပေ။ သူမသည် နူးညံ့သိမ်မွေ့သော မကောင်းဆိုးဝါးတစ်ကောင် သို့မဟုတ် နတ်ဘုရား အနုပညာလက်ရာတစ်ခုနှင့် ပိုတူနေလေသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသော ပုံစံကွက်များမှာ သဘာဝအတိုင်း လှပနေသည်။ သူမသည် သုံးမီတာခန့် ရှည်လျားနေသည်။ သူမ၏ အပြင်အဝတ်အစားများတွင် တောက်ပသောအရောင်များ ပျောက်ကွယ်သွားပြီး အနီနှင့်အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ ယင်းတို့က လိပ်ပြာတောင်ပံများကဲ့သို့ သူမအရေပြားနှင့် တစ်သားတည်း ဖြစ်နေလေသည်။
သူမ၏ ကျောပြင်ပေါ်တွင် ဖြူဖွေးသော ဆံပင်များ ဖားလျားကျနေပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်တွင်မူ အခြားလူသားမျက်နှာများစွာ ကြီးထွားနေသကဲ့သို့ ထင်ရသည်။ သူမ၏ ဝမ်းဗိုက်သည် အချိန်မရွေး ပွင့်ထွက်သွားနိုင်ပုံရသော်လည်း အထဲတွင် ဘာရှိနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။
သူမ၏ တင်းကျပ်စွာ စေ့ထားသော မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်ဟလာသည့်အခါ လောကီအိပ်မက်များက ဝတ်မှုန်များကဲ့သို့ လွင့်စင်ကျလာသည်။ သူမ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးမှု၊ မိခင်မေတ္တာ၊ အားကိုးရာမဲ့မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
လီဆန်းစီ၏ မှတ်ဉာဏ်များကြောင့်သာမက ထိုအမျိုးသမီးသည် ကောင်းမင်အတွက် အလွန်ရင်းနှီးသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။ သူမ ပြန်လည်ဖွဲ့စည်းစဉ်အတွင်း သူမသည် ကောင်းမင်၏ သွေးများကို စုပ်ယူခဲ့သလို ဟန်ဟိုင်းသွေးမြို့တော်၏ အငွေ့အသက်အချို့လည်း ပါဝင်သွားခဲ့သည်။ တစ်နည်းဆိုရသော် ဤမကောင်းဆိုးဝါးမသည်လည်း တစ်ဝက်တစ်ပျက် ပြင်ပလူသားတစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။
ထိုအမျိုးသမီးက သူတို့ကို စိုက်ကြည့်လိုက်သောအခါ ပထမဆုံးအကြိမ်အဖြစ် ကောင်းမင်နှင့် လီဆန်းစီ၏ ဆိုးယုတ်မှုတို့သည် တူညီသော သဘောထားတစ်ခုသို့ ရောက်ရှိသွားကြသည်။ သူတို့သည် ဗီဇအရ ခေါင်းငုံ့လိုက်ကြပြီး သူမ၏လက်ချောင်းများက သူတို့ဆံပင်များကို ပွတ်သပ်ပေးသည်ကို ငြိမ်သက်စွာ ခံယူလိုက်ကြ၏။
ဆိုးယုတ်မှုများ ပြေလျော့သွားပြီး ကောင်းမင်လည်း ငြိမ်သက်သွားသည်။ ထိုအမျိုးသမီးသည် စကားမပြောနိုင်ပုံရသော်လည်း သူတို့က စကားလုံးများထက် ပိုမိုတိုက်ရိုက်သော နည်းလမ်းဖြင့် ဆက်သွယ်နေကြသည်။ သူမသည် ကောင်းမင်နှင့် လီဆန်းစီတို့၏ ဆိုးယုတ်မှုများအားလုံးကို ခံစားသိရှိနိုင်ပုံရ၏။
ဆိုးယုတ်မှုများက ကောင်းမင်အား တိုက်ခိုက်ရန် ကြိုးပမ်းသည့်အခါတိုင်း ထိုအမျိုးသမီးသည် သူမ၏ ချစ်လှစွာသော သားနှစ်ဦးကို ရန်မဖြစ်အောင် တားဆီးပေးသည့် မိခင်တစ်ဦးကဲ့သို့ သူမ၏ စိတ်အာရုံဖြင့် ဟန့်တားပေးနေခဲ့သည်။
အမျိုးသမီး၏ ပြန်လည်ရှင်သန်မှုကြောင့် လီဆန်းစီ၏ ဆိုးယုတ်မှုသည် ကောင်းမင်အပေါ် ရန်လိုမှု လျော့နည်းသွားလေသည်။ သို့သော်လည်း ကောင်းမင်ရှေ့တွင် ပိုအရေးကြီးသော မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ဒီမကောင်းဆိုးဝါးက လီဆန်းစီရဲ့ အမေအစစ်လား။
သူမ၏ မူလအသိစိတ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အလောင်းတွင် လီဆန်းစီ၏ မိခင်နှင့်ပတ်သက်သော မှတ်ဉာဏ်များသာ ကိန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းက မိခင်ကို ပြန်လည်ရှင်သန်စေခြင်းထက် လီဆန်းစီ တစ်ချိန်က စွန့်ပစ်ခဲ့သောအရာကို ပြန်လည်နိုးထစေခြင်းနှင့် ပိုတူနေပေသည်။
ထို့အပြင် ကောင်းမင် စိုးရိမ်နေသည့် အခြားတစ်ခုလည်း ရှိသေးသည်။ ပြန်လည်ရှင်သန်လာသော ထိုမကောင်းဆိုးဝါးသည် အလွန်ပင် သန်မာလှသည်။ ၎င်း၏ အင်အားမှာ ကောင်းမင်အတွက်ပင် သေစေလောက်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့သည်။
ဆေးရည်ကန်အတွင်းမှ ဆေးရည်များ ကုန်ခန်းသွားပြီဖြစ်သည်။ ကောင်းမင်သည် တားမြစ်နယ်မြေအတွင်းရှိ သွေးစွန်းကလေးငယ်အား နှုတ်ဆက်၍ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ပုံမှန်အခြေအနေအတိုင်း စောင့်ကြည့်လိုက်သည်။
စွန့်ပစ်ထားသော ဆေးဝါးစက်ရုံအတွင်း၌ သူ့ဘေးတွင် ထူးဆန်းသော ပုံစံကွက်များ ပြည့်နှက်နေသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် ဓာတ်ပုံထဲမှ လီဆန်းစီ၏ မိခင်နှင့် တစ်ပုံစံတည်း တူနေ၏။
သူသည် ညရဲတပ်ဖွဲ့ဝင် မိုးကာအင်္ကျီကို ချွတ်၍ ထိုအမျိုးသမီးအား ခြုံပေးထားလိုက်သည်။ထို့နောက် စက်ရုံမှ အလုပ်သမားဝတ်စုံအချို့ကို ရှာဖွေကာ သူမကို ကမ်းပေးလိုက်သည်။
အမျိုးသမီး အဝတ်လဲနေစဉ်အတွင်း ကောင်းမင်သည် စက်ရုံရှိ အန္တရာယ်တိုင်းတာရေး ကိရိယာကို ဖွင့်ကြည့်လိုက်သည်။ သူစစ်ဆေးကြည့်လိုက်သောအခါ ထိုအမျိုးသမီး၏ အန္တရာယ်အဆင့်မှာ သူနှင့် အတူတူပင် ဖြစ်နေလေသည်။
၎င်းမှာ သူတို့နှစ်ဦး၏ အန္တရာယ်အဆင့်က အတူတူဖြစ်သည်ဟု မဆိုလိုဘဲ သူတို့နှစ်ဦးလုံး ကိရိယာ၏ တိုင်းတာနိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်နေခြင်းဖြစ်သည်ဟုသာ ဆိုနိုင်သည်။
“သူ့ကြည့်ရတာ ဘာအန္တရာယ်မှ ရှိပုံမပေါ်ဘူး၊ ဒီကမ္ဘာကြီးက ဘာကိုကြောက်နေတာလဲ”
အမျိုးသမီးကို ပြန်လည်ရှင်သန်စေရန် အသုံးပြုခဲ့သော ပစ္စည်းများမှာ အမှောင်ယဇ်ပလ္လင်ပိုင်ရှင်က စွန့်ပစ်ခဲ့သည့် ဘဝပန်းများနှင့် လှပသော မျက်လုံးများ ဖြစ်ကြသည်။ ထို့ကြောင့် ဤအမျိုးသမီးသည် ဤမြို့တော်၏ အကြီးမားဆုံး မိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု ဆိုနိုင်သည်။ ယဇ်ပလ္လင်ပိုင်ရှင်သည် သူမအား ကောင်းမင်ကဲ့သို့ အပြင်လူများထက်ပင် ပို၍မုန်းတီးပေလိမ့်မည်။
“လီဆန်းစီရဲ့ ဓာတ်ပုံထဲမှာ ခင်ဗျားမပါဘူး၊ ဒါကြောင့် ခင်ဗျားကို ‘အမေ’ လို့ ခေါ်ရတာ ကျွန်တော့်အတွက် နည်းနည်းတော့ ထူးဆန်းနေတယ်၊ ကျွန်တော်တို့ အချင်းချင်း ‘မောင်နှမ’ လို့ပဲ ခေါ်ကြရင်ကော၊ လီဆန်းစီက ခင်ဗျားကို ‘အမေ’ လို့ ခေါ်ခိုင်းပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားကို ‘အစ်မ’ လို့ပဲ ခေါ်မယ်၊ ဘယ်လိုလဲ”
အမျိုးသမီးက ပြန်မဖြေပေ။ ယင်းမှာ သူမ၏ သဘောတူညီမှုပင် ဖြစ်ဟန်တူသည်။ ကောင်းမင်သည် သူမ၏ မိုးကာအင်္ကျီဦးထုပ်ကို ဆွဲချပေးလိုက်ပြီး တားမြစ်နယ်မြေအတွင်းမှ ခေါ်ထုတ်လာခဲ့သည်။
သူတို့ တားမြစ်နယ်မြေအပြင်ဘက်သို့ ခြေချလိုက်သည်နှင့် ကောင်းမင်၏ဖုန်းမှာ အဆက်မပြတ် စတင်တုန်ခါလာတော့သည်။ သူ့နောက်လိုက်သုံးဦးသာမက ကျီးကန်းနက်ကလည်း သူ့ကို အသည်းအသန် ဆက်သွယ်နေခြင်း ဖြစ်သည်။
“ဘာဖြစ်နေတာလဲ”
ကျီးကန်းနက်၏ နံပါတ်အသစ်သို့ ပြန်လည်ဆက်သွယ်လိုက်ရာ ဖုန်းဝင်သွားသည်နှင့် ကောင်းမင်သည် တစ်ဖက်မှ အော်ဟစ်သံများကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်သည် အရေခွံခွာခံနေရသကဲ့သို့ ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားနေရပုံရသည်။
“နောက်ဆုံးတော့ မင်းဖုန်းကိုင်ပြီပဲ”
ကျီးကန်းနက်၏ အသံသည် ယခင်အတိုင်း အေးစက်နေသော်လည်း အနည်းငယ် စိုးရိမ်နေသည့် အရိပ်အယောင် ပါဝင်နေသည်။
“ဘာဖြစ်လို့လဲ”
“ညရဲတပ်ဖွဲ့တွေ လှုပ်ရှားလာပြီ၊ ဆင်းရဲသားရပ်ကွက်ထဲမှာ စမ်းသပ်ပြုပြင်ခံနေထားတဲ့ ဝက်လူသားတွေ အကုန်လုံးကို လွှတ်ပေးလိုက်ပြီ၊ မြို့ကြီးက အခု ငရဲခန်းလို ဖြစ်နေပြီ၊ ညရဲတပ်ဖွဲ့ဝင် အများကြီး ခရိုင် ၄ ကနေ ခရိုင် ၃ ထဲကို အမိန့်ထိန်းသိမ်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်လာကြတယ်”
ကျီးကန်းနက်က ပြတ်ပြတ်သားသား ပြောသည်။
“နောက်တစ်ခုက ခရိုင် ၁ က မှောင်ခိုဈေးကွက် တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကို ငါတို့ ရထားတယ်၊ တောင်ဘုရင်ရဲ့ ဂိုဒေါင်ကို တိုက်ခိုက်တဲ့သူတွေက ညရဲတွေလို ရုပ်ဖျက်ထားကြတယ်တဲ့၊ ဒါက မင်းနဲ့ ပတ်သက်နေတာလား”
“ငါလား ငါက ပြည်သူ့ဝန်ဆောင်မှု ဒါရိုက်တာတစ်ယောက်ပဲလေ၊ ဒီလိုစွမ်းရည်တွေ ဘယ်က ရမှာလဲ”
ကောင်းမင်က ရယ်မောလျက် ငြင်းဆိုလိုက်သည်။
“ဒီနေ့ နေ့လယ်ကမှ မင်းငါ့ကို မှောင်ခိုဈေးကွက်အကြောင်း မေးထားပြီး အခုည အဲ့ဒီနေရာက ညစ်ညမ်းမှုအရင်းအမြစ်ကြောင့် ပျက်စီးသွားတယ်၊ ဒါက တိုက်ဆိုင်ရုံသက်သက်ပဲဆိုတာ မင်း သေချာရဲ့လား”
ကျီးကန်းနက်သည် ကောင်းမင်ထံမှ ဘာမှထွက်လာမည်မဟုတ်သည်ကို သိသဖြင့် ဆက်မမေးတော့ပေ။
“ဒီည သတိထားပါ၊ ပရမ်းပတာ အခြေအနေတွေ စတော့မယ်၊ ပုခုံးတံဆိပ်ပါတဲ့ ညရဲတွေတောင် အသက်ရှင်ဖို့ အာမမခံနိုင်တဲ့ အခြေအနေပဲ”
ဖုန်းတစ်ဖက်မှ အော်ဟစ်သံများ ငြိမ်သက်သွားသည်။ ကျီးကန်းနက်သည် တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်သွားပုံရသည်။
“ညရဲတပ်ဖွဲ့တွေက ဂိုဏ်းအသီးသီးမှာ သူလျှိုတွေ ထားထားကြတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နာရီကစပြီး အဲ့ဒီသူလျှို အများစုနဲ့ ဆက်သွယ်လို့ မရတော့ဘူး။”
“ဒါဆို မင်းလည်း အချိန်မီလမ်းခွဲပြီး တခြားအစီအစဉ်တွေ လုပ်ထားတာ အကောင်းဆုံးပဲ”
“ငါပြောချင်တာက တကယ်လို့ မင်း ဒီည ညရဲအဖြစ် ဟန်ဆောင်ဦးမယ်ဆိုရင် ကြားညှပ်ပြီး သေသွားနိုင်တယ်၊ မင်းနောက်က လူတွေကိုလည်း ပြောလိုက်ပါ၊ ဒီည ဂိုဏ်းစတားတွေရဲ့ စစ်ပွဲထဲကို ဝင်မပါကြနဲ့လို့၊ အခြေအနေက အရမ်းရှုပ်ထွေးလွန်းနေတယ်”
ကျီးကန်းနက်သည် လီဆန်းစီ ပြဿနာတစ်ခုခု အကြီးအကျယ် လုပ်မိမည်ကို စိုးရိမ်သဖြင့် သတိပေးချက်များစွာ ပေးခဲ့သည်။ ကောင်းမင်က အလွယ်တကူ သဘောတူလိုက်သော်လည်း ဖုန်းချပြီးသည်နှင့် သူ့အစီအစဉ်ကို ချက်ချင်း စတင်တော့သည်။
“ရေနောက်လေ ငါးမိလေ မဟုတ်ဘူးလား”
သူသည် ခွေးလူသားငါးဦးနှင့် လီဆန်းစီ၏ မိခင်အား အနက်ရောင် မိုးကာအင်္ကျီများကို ချွတ်ခိုင်းလိုက်ပြီး ကရုဏာဖောင်ဒေးရှင်း၏ ဝတ်စုံများကို ဝတ်ဆင်စေကာ သက်ရှိအားလုံးကို ကယ်တင်မည့် သင်းအုပ်ဆရာများအဖြစ် အသွင်ပြောင်းလိုက်သည်။ ထို့နောက် သူတို့သည် အမှောင်ထုထဲမှ မီးအိမ်များကိုင်ဆောင်၍ ထွက်ပေါ်လာကြပြီး ဒုက္ခသည်များအတွက် ရေနွေးပူပူနှင့် အကာအကွယ်များကို ပေးအပ်ကြသည်။
မြို့ခံအများစုသည် ခရိုင် ၃ မှ ကုန်သည်များဖြစ်ကြသည်။ သူတို့သည် အဖွဲ့အစည်းအသီးသီး၏ ပစ်မှတ်ထားခြင်း၊ လုယက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ကြိမ်ဖန်များစွာ ခံနေရသူများ ဖြစ်သည်။ အကယ်၍ သူတို့ ထွက်မပြေးခဲ့ပါ သူတို့၏ ကိုယ်အင်္ဂါများမှာ ခုတ်ထစ်ရောင်းချခံရပေလိမ့်မည်။
“မြို့တော်ကောင်စီက ခင်ဗျားတို့ရဲ့ အခြေအနေကို သိပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် အခုလောလောဆယ်မှာ အကူအညီတွေ စေလွှတ်ပေးဦးမှာ မဟုတ်ပါဘူး၊ ခရိုင် ၃ က ကရုဏာ ကောင်စီဝင်တစ်ဦးတည်းကသာ ခင်ဗျားတို့ကို ကူညီဖို့ ဆန္ဒရှိနေတာပါ...”
ကောင်းမင်သည် ကရုဏာအလံကို ဝှေ့ယမ်းလျက် စက်ရုံဟောင်း၏ တားမြစ်နယ်မြေအပြင်ဘက်တွင် ကာကွယ်ရေးစည်းတစ်ခု တည်ဆောက်ရန် ကြိုးစားနေသော်လည်း လူတိုင်း ထိတ်လန့်နေကြသည်။ သူတို့သည် အမိန့်များကို မနာခံရုံသာမက အချို့လူမိုက်များသည် အားနည်းသူများကို ဓားဖြင့်ထောက်ကာ လုယက်မှုများပင် ပြုလုပ်နေကြသည်။
ကောင်းမင် မည်မျှပင် အော်ဟစ်သော်လည်း ဒုက္ခသည်များသည် ကြောက်လန့်နေသော သိုးအုပ်ကြီးကဲ့သို့ ပရမ်းပတာနှင့် စနစ်တကျ မရှိကြပေ။
“ဒီအမှောင်မြို့တော်ထဲမှာ အလင်းရောင်တစ်ခု ယူဆောင်လာချင်ရင်တောင် အရင်ဆုံး အမှောင်ထုရဲ့ ဝတ်ရုံကို ခြုံထားဖို့ လိုပုံရတယ်”
ကောင်းမင်သည် ဖရိုဖရဲဖြစ်နေသော လူအုပ်ကြီးကို စိုက်ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။
ခွေးလူသားငါးဦးသည် ဘုန်းတော်ကြီးဝတ်စုံများကို ဖယ်ရှားလိုက်ကြသည်။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဘုန်းတော်ကြီး အဝတ်အစားများအောက်မှ ကျည်အပြည့်ထည့်ထားသော ကြောက်မက်ဖွယ် အနက်ရောင် သေနတ်များ ပေါ်ထွက်လာတော့သည်။
မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ အခန်းထဲ ဆွဲခေါ်ရန် ပြင်နေသော ဓားကိုင်ထားသည့် ဗလကောင်းကောင်း လူတစ်ယောက်၏ ဦးခေါင်းက ပွင့်ထွက်သွား၏။ လွင့်စင်လာသော သွေးများကြောင့် လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
“အခု ငါပြောတာကို ငြိမ်ငြိမ်လေး နားထောင်လို့ ရပြီမလား”