← Chapters

နက်ရှိုင်းစွာ ပေါင်းစပ်ခြင်း

Vol. 50 Ch. 750

နက်ရှိုင်းစွာ ပေါင်းစပ်ခြင်း

Vol. 50 Ch. 750

အပြင်လူများသည် ကောင်းမင်၏သွေးကို သောက်သုံးပါက ဆိုးယုတ်မှုများကို ဖိနှိပ်နိုင်ပြီး အသွင်ပြောင်းလဲမှုကို ခံယူနိုင်သည်။ အသိစိတ် ပျောက်ဆုံးနေပြီး အသွေးအသားသက်သက်သာ ဖြစ်နေသည့် ခွေးလူသားများသည်လည်း ကောင်းမင်၏သွေးမှတစ်ဆင့် အသွင်ပြောင်းမှုကို လက်ခံနိုင်ကြသည်။

သို့သော်လည်း ဤကမ္ဘာကြီး၏ ဒေသခံများမှာမူ ကောင်းမင်၏သွေးကို သောက်မိပါက စည်းမျဉ်းနှစ်ခုအကြား ပဋိပက္ခဖြစ်မှုကြောင့် အဆုံးမရှိသောနှိပ်စက်မှုကို ခံစားရလေ့ရှိသည်။ လူအများစုသည် ထိုနာကျင်မှုကို မခံစားနိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသည် သို့မဟုတ် စိတ်ဓာတ်ပြိုလဲသွားကြသည်။ ယနေ့အထိ မည်သည့်ဒေသခံမှ ၎င်းနှင့် အပြည့်အဝ အသားမကျသေးပေ။

"ရွေးချယ်မှုက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်"

ပိုင်ဟောက်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ဆင်းရဲသားရပ်ကွက်၏ ဆေးဝါးကုသမှုများဖြင့် ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။ သူ အသက်ရှင်လိုပြီး ကလဲ့စားချေလိုလျှင် အိပ်မက်သရဲ၏ သွေးကိုသောက်ကာ ဤယဇ်ပလ္လင်ကမ္ဘာ၏ မိစ္ဆာဒိဋ္ဌိတစ်ဦး ဖြစ်လာရန်မှလွှဲ၍ အခြားနည်းလမ်းမရှိပေ။

ပိုင်ဟောက်သည် တွေဝေမနေတော့ဘဲ ပါးစပ်ကိုဟ၍ ဆေးရည်နှင့် ကောင်းမင်၏သွေးကို အတူတကွ မျိုချလိုက်တော့သည်။ ဆေးရည်က သူ့ဒဏ်ရာများကို ကုသပေးကာ အနည်းငယ် အေးမြမှုကို ပေးစွမ်းသော်လည်း မကြာမီ ကောင်းမင်၏သွေးက သူ့ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာတော့သည်။

ပိုင်ဟောက်သည် တောက်လောင်နေသော မီးတောက်တစ်ခုကို မျိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမီးသည် သူ့ခန္ဓာကိုယ်အား အတွင်းမှအပြင်သို့ စတင်လောင်ကျွမ်းစေပြီး သူ့ကို ပြာအဖြစ် ပြောင်းလဲပစ်တော့မည့်အလား ခံစားနေရ၏။

နာကျင်မှုက သည်းမခံနိုင်လောက်အောင် ပြင်းထန်လှသည်။ ထိုကဲ့သို့သော အသွင်ပြောင်းမှုကို ဘယ်သူမှ သည်းမခံနိုင်ကြပေ။ ပိုင်ဟောက်၏ အသိစိတ်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အက်ကြောင်းများ ပေါ်ထွက်လာလေသည်။

သူသည် သေရမည်ကို ဆန္ဒမရှိသဖြင့် ဟိန်းဟောက်လိုက်သည်။ နာကျည်းမုန်းတီးက သူ့ကို အသိစိတ်ပြန်ဝင်လာစေပြီး သူ၏အတွင်းပိုင်း အနက်ရှိုင်းဆုံးမှ ဆိုးယုတ်မှုများသည် ထင်းခြောက်များကဲ့သို့ တောက်လောင်လာကာ ပိုမိုပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကလဲ့စားချေလိုစိတ်များကို လောင်စာကျွေးလိုက်တော့သည်။

"ငါ သေလို့မရဘူး၊ ငါ သေသွားရင် ဘယ်သူမှ အမှန်တရားကို သိတော့မှာ မဟုတ်ဘူး၊ ငါ သေလို့မရဘူးကွ"

ကောင်းမင်နှင့် ကျားယိုကျစ်တို့ အံ့အားသင့်သွားရသည်မှာ ဒဏ်ရာအပြင်းအထန်ရနေသော ပိုင်ဟောက်သည် လက်နှစ်ဖက်ဖြင့် မြေပြင်ကိုအားပြု၍ ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ထရပ်နိုင်ခဲ့ခြင်းပင်။ သူ့ဒဏ်ရာတိုင်းမှ သွေးများ စီးကျနေသဖြင့် သူသည် သွေးလူသားတစ်ဦးနှင့် တူနေခဲ့သည်။

ကောင်းမင်သည် မျက်လုံးများကိုမှိတ်၍ တားမြစ်နယ်မြေ၏ ရှုထောင့်မှတဆင့် အကဲခတ်လိုက်သည်။ ပိုင်ဟောက်၏ ရုပ်ရည်မှာ အသွင်ပြောင်းသွားပြီဖြစ်သည်။ သူ့ဆံပင်ဖြူများ နီရဲသွားပြီး ပုပ်သိုးနေသော ဒဏ်ရာများမှ အနက်ရောင်မီးလျှံများ ထွက်ပေါ်လာသည်။ သူသည် အရိုးစုတစ်ခုနှင့် တူနေပြီး အတွင်းအင်္ဂါများသည် ဒေါသများဖြင့် တောက်လောင်နေခဲ့သည်။

"အသွင်ပြောင်းနေပြီလား"

သွေးမြို့တော်၏ ပုံစံကွက်များ ပါဝင်သော မီးတောက်များမှာ အလွန်အားကြီးလွန်းလှသည်။ ပိုင်ဟောက်၏ စိတ်စွမ်းအားသည် ယင်းကို ခံနိုင်ရည်ရှိသော်လည်း သူ့ခန္ဓာကိုယ်က မခံနိုင်တော့ပေ။ အက်ကြောင်းများ ပိုမိုများပြားလာပြီး မီးတောက်များအောက်တွင် သူ ပျောက်ကွယ်သွားတော့မည့်ဆဲဆဲ၌ ကောင်းမင်သည် အဖိုးတန်လှသော ဘဝပန်းတစ်ပွင့်ကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်ပေါ်တွင် စိုက်ပျိုးလိုက်သည်။

ဘဝပန်းပွင့်မှာ လျင်မြန်စွာ ညှိုးနွမ်းသွားသည်။ သို့သော်လည်း များပြားလှသော အသက်စွမ်းအားများမှာ ပိုင်ဟောက်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြသည်။ ဘဝပန်းများ တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားခဲ့ပြီး ကောင်းမင် လက်လျှော့ရန် ပြင်လိုက်ချိန်တွင် ဘဝပန်း မျိုးစေ့တစ်ခုသည် ပိုင်ဟောက်၏ နှလုံးသားထဲတွင် အောင်မြင်စွာ အမြစ်တွယ်သွားတော့သည်။ ၎င်းသည် တောက်လောင်နေသော ကလဲ့စားချေခြင်း မီးတောက်နှင့် အသားကျသွားကာ မီးတောက်ပုံစံ အမှတ်အသားများပါသည့် ထူးဆန်းသော ဘဝပန်းအဖြစ် ပွင့်လန်းလာခဲ့သည်။

ဒဏ်ရာများမှာ ပိုမိုဆိုးရွားမလာတော့ပေ။ ပို၍ တိတိကျကျဆိုရသော် ပိုင်ဟောက်၏ အသိစိတ်သည် ကောင်းမင်၏သွေးကို အောင်မြင်စွာ ဆန့်ကျင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် မီးတောက်များ၏ လောင်ကျွမ်းမှုကို ခံနိုင်ရည်ရှိရန်သာ လိုအပ်ပြီး ထိုမီးတောက်များက သူ၏ ဆိုးယုတ်မှုများကို လောင်ကျွမ်းစေကာ နာကျည်းမှုကို အင်အားအဖြစ် ပြောင်းလဲပေးပေလိမ့်မည်။

“မင်းဆန္ဒကို ငါ မလွန်ဆန်နိုင်တော့ပုံပဲ”

ကလဲ့စားချေခြင်း မီးတောက်များအတွင်းမှ ပြန်လည်မွေးဖွားလာသော ပိုင်ဟောက်သည် ကောင်းမင်ရှေ့တွင် ရပ်လိုက်သည်။

“မြို့တော်ကောင်စီကို ဖျက်ဆီးနိုင်သရွေ့ ငါ့အသက်က မင်းအပိုင်ပဲ”

“ခင်ဗျားရဲ့ အနေအထားကို ခင်ဗျားနားလည်ထားတာ ကောင်းပါတယ်၊ ကျုပ်အကူအညီမပါရင် ခင်ဗျားက သေပြီးသားလူတစ်ယောက်ပဲ”

ကောင်းမင်သည် မြေပြင်ပေါ်ရှိ ညှိုးနွမ်းနေသော ဘဝပန်းများကို နှမြောတသစွာ ကြည့်လိုက်သည်။

“ကျုပ် မြို့တော်ကောင်စီကို တစ်နေ့နေ့ ဖြုတ်ချမှာပါ၊ ဒါပေမဲ့ ဒါက ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေး လက်စားချေမှုနဲ့ ဘာမှမဆိုင်ဘူး၊ ကျုပ် လုပ်ချင်လို့ လုပ်တာပဲ ဖြစ်ရမယ်”

ပိုင်ဟောင်သည် ခေါင်းငုံ့၍ အရိုအသေပြုကာ ကောင်းမင်ကို ကျေးဇူးတင်လိုက်သည်။ သူသည် ကောင်းမင်ကို ရင်းနှီးနေသကဲ့သို့ ခံစားရသော်လည်း ခဏတာအတွင်း မည်သူဖြစ်သည်ကို မမှတ်မိနိုင်ပေ။

“ဝမ်ရှန့်ဂိုဏ်းမှာ နက်ရှိုင်းအခြေခံအုတ်မြစ်တွေ ရှိတယ်၊ ဂိုဏ်းချုပ်က လူနည်းနည်းလောက်ပဲ သိတဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် အများကြီး တည်ဆောက်ထားခဲ့တယ်၊ ယွမ်နျန်နဲ့ ညရဲတပ်ဖွဲ့တွေ မရောက်ခင် အဲ့ဒီပစ္စည်းတွေကို အမြန်ဆုံး သယ်ထုတ်ရမယ်၊ ဒါဟာ ငါ့ရဲ့ သစ္စာခံမှု ပြယုဂ်ဖြစ်သလို နောင်တစ်ချိန်မှာ မြို့တော်ကောင်စီကို ပြန်တိုက်ဖို့အတွက် ငါတို့ရဲ့ အာမခံချက်လည်း ဖြစ်တယ်”

ကောင်းမင်၏သွေးကြောင့် ပိုင်ဟောက်သည် ကောင်းမင်အပေါ် သဘာဝအလျောက် ယုံကြည်မှု ရှိလာပြီး တဖြည်းဖြည်းနှင့် သစ္စာရှိနောက်လိုက်တစ်ဦး ဖြစ်လာတော့သည်။

“ဂိုဏ်းထဲမှာ ငါ့အပေါ် သစ္စာရှိတဲ့ ညီအစ်ကိုတွေ ကျန်သေးတယ်၊ သူတို့တွေ ယွမ်နျန်နဲ့ ယင်ရှို့တို့ရဲ့ လက်ချက်ကြောင့် အန္တရာယ်တွေ့နေနိုင်တယ်၊ တကယ်လို့ မင်းငါ့ကို ယုံကြည်ပြီး လွှတ်ပေးမယ်ဆိုရင် ငါ သူတို့ကို ခေါ်ပြီး မိုးမလင်းခင် အဲ့ဒီပစ္စည်းတွေကို နေရာအနှံ့ကို သယ်ထုတ်ပေးသွားပါ့မယ်”

“သွားပါ”

ကောင်းမင်က လက်ဝေ့ယမ်းပြလိုက်သည်။ သူ စကားပြောပြီးသည်နှင့် ပိုင်ဟောက်ရော ကျားယိုကျစ်ပါ အံ့အားသင့်သွားကြသည်။

“ဒါရိုက်တာလီ၊ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား၊ ဒီလူက ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ကို သတ်လုနီးပါး ဖြစ်ခဲ့တာနော်”

ကျားယိုကျစ်သည် ထိုနေ့က ကိစ္စကို အငြိုးထားပြီး မကျေမနပ်ဖြစ်နေဆဲပင်။

“အခု ကျွန်တော်တို့ ရိုက်ကူးရေးအတွက် ပိုက်ဆံတွေ အများကြီး လိုနေတာလေ၊ ဒီလူကို မြို့တော်ကောင်စီ သို့မဟုတ် ညရဲတပ်ဖွဲ့ဆီကို အပ်လိုက်ရင် ပစ္စည်းတွေ အများကြီးရနိုင်တယ်...”

ကောင်းမင်က စိတ်မရှည်စွာ လက်ကာပြလိုက်ပြီး ကျားယိုကျစ်အား တံခါးဖွင့်ပေးရန် အချက်ပြလိုက်သည်။

ပိုင်ဟောက်သည် လက်နှစ်ဖက်ဆုပ်၍ ထပ်မံဦးညွှတ်လိုက်ပြီး ထွက်ခွာသွားတော့သည်။

နံရံပေါ်ရှိ နာရီမှာ တချက်တချက် မြည်နေ၏။ ကောင်းမင် လှမ်းကြည့်လိုက်ရာ မနက် ၂ နာရီ ၁၇ မိနစ် ရှိနေပြီဖြစ်သည်။

“ဒီညက တကယ်ကို ရှည်လျားတာပဲ”

တားမြစ်နယ်မြေ အပြင်ဘက်ရှိ ဒုက္ခသည်များမှာ မျက်လုံးမမှိတ်ရဲကြပေ။ ရူးသွပ်နေသော လူနာများနှင့် ဆင်းရဲသားရပ်ကွက်မှ ဝက်လူသားများ အချိန်မရွေး ပေါ်ထွက်လာနိုင်သဖြင့် လူတိုင်းက မိုးမြန်မြန်လင်းရန်သာ ဆုတောင်းနေကြသည်။

ကောင်းမင်သည် တားမြစ်နယ်မြေ အပြင်ဘက်ရှိ အမြင့်ဆုံးအဆောက်အအုံပေါ်သို့ တက်ကာ ခရိုင် ၃ ကို မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်သည်။ တိုက်ပွဲများ မငြိမ်သက်သွားရုံသာမက ပိုမို ကျယ်ပြန့်လာနေခဲ့သည်။

ညရဲတပ်ဖွဲ့၏ အမာခံစခန်းဖြစ်သော ခရိုင်၄ သည်လည်း အဖွဲ့အစည်းပေါင်းစုံ၏ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခြင်းကို ခံနေရသည်။ ဤအမှောင်မြို့တော်ရှိ လူအများအပြားသည် ညရဲတပ်ဖွဲ့၏ မောက်မာမှုအပေါ် နာကျည်းမုန်းတီးနေကြခြင်းဖြစ်သည်။ သူတို့သည် ကျွဲကြီးတစ်ကောင်၏ ဝမ်းဗိုက်ကို ဝိုင်းအုံကိုက်ခဲနေကြသော ပီရန်ဟာ (အသားစား) ငါးအုပ်ကြီးကဲ့သို့ပင်။

"ညရဲတွေ ကျဆုံးပြီးရင် နောက်ထပ် ဘယ်သူဖြစ်မလဲ"

ကောင်းမင်သည် အခြေအနေမှာ သိပ်မကောင်းလှကြောင်း ခံစားမိနေသည်။ သူ နည်းဗျူဟာတစ်ခုကို စဉ်းစားနေစဉ် လီဆန်းစီ၏ မျက်နှာသည် သူ့မှန်ပြောင်းထဲ၌ ရုတ်တရက် ပေါ်လာသည်။

ထိုရွံရှာဖွယ် မျက်နှာသွင်ပြင်သည် မှန်ပြောင်း၏ မှန်ဘီလူးပေါ်တွင် ကပ်နေသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် ထိုလူသည် ကောင်းမင်၏ မျက်လုံးထဲသို့ တိုးဝင်ရန် ကြိုးစားနေသကဲ့သို့ မှန်ပြောင်းအတွင်းသို့ အသည်းအသန် တိုးဝင်လာတော့သည်။

"နောက်တစ်ယောက်ကတော့ မင်းပဲ၊ သေချာတာပေါ့"

မှန်ပြောင်းကို ဖယ်လိုက်သောအခါ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။သို့သော်လည်း ကောင်းမင်သည် လီဆန်းစီကို မြင်လိုက်ရပြီး သူ့အသံကို ကြားလိုက်ရကြောင်း သေချာနေသည်။

"မကျွတ်မလွတ်တဲ့ သရဲစုတ်ပဲ"

သူသည် မှန်ပြောင်းကို နင်းခြေဖျက်ဆီးပစ်လိုက်သည်။ မြေအောက်ရေနူတ်မြောင်းစနစ်မှ သူထွက်လာပြီးကတည်းက သူနှင့် လီဆန်းစီအကြား နယ်နိမိတ်မှာ တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။ ပုံမှန်အားဖြင့် သူသည် သူ၏ စိတ်ဆန္ဒဖြင့် ဖိနှိပ်ထားနိုင်သော်လည် ကင်မရာ၊ မှန်ပြောင်း သို့မဟုတ် အခြား မှန်ဘီလူးများဖြင့် ပြင်ပကမ္ဘာကို ကြည့်လိုက်သည့်အခါတိုင်း လက်တွေ့ဘဝမှာ စတင်ပုံပျက်လာပြီး လီဆန်းစီက ထောင့်တိုင်းမှ ပေါ်လာလေ့ရှိသည်။

၎င်းက အမှောင်ယဇ်ပလ္လင်ပိုင်ရှင်၏ လျှို့ဝှက်ကြံစည်မှုတစ်ခုဖြစ်ကြောင်း ကောင်းမင် သိသော်လည်း ယခုတွင် သူ ရှောင်လွှဲ၍ မရတော့ပေ။ ကင်မရာများ မရှိလျှင်ပင် သူ၏ တားမြစ်အာရုံကို ဖွင့်လိုက်သည့်အခါတိုင်း သူ့အတွင်းရှိ အခြားလူတစ်ယောက်က သူ၏ ပုံမှန်ရှုထောင့်ကို လွှမ်းမိုးရန် ကြိုးစားနေသကဲ့သို့ ခံစားနေရသည်။

တစ်နည်းအားဖြင့် ကောင်းမင်သည် ကမ္ဘာကြီးကို ကြည့်ရှုရန် တားမြစ်နယ်မြေ ရှုထောင့်မှ သူ၏ ပုံမှန်ရှုထောင့်ကို ပိတ်လိုက်ခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုနှင့် ရှုထောင့်ချင်း လဲလှယ်နေခြင်းသာ ဖြစ်သည်။

ဤစမ်းသပ်မှုက ချောမွေ့နေသော်လည်း တစ်ချိန်ချိန်တွင် အာရုံချင်း လဲလှယ်ပြီးနောက် သူ၏မူလရှုထောင့်သို့ ပြန်မလာနိုင်တော့ဘဲ သူ့ကိုယ်ခန္ဓာနှင့် သူမြင်တွေ့သမျှကို ထိုအရာက သိမ်းပိုက်သွားမည်ကို ကောင်းမင် စိုးရိမ်မိသည်။

ခရိုင် ၁ ရှိ မှောင်ခိုဈေးကွက်ကို မလုယက်မီကပင် ကောင်းမင်သည် ဆေးဝါးစက်ရုံဟောင်း၏ တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ အခြားသော ‘ဆေးဟောင်း’ များကို ရှာဖွေခဲ့သေးသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ပေါ်ရှိ ထိုအရာကို စစ်ဆေးပေးနိုင်ရန် မျှော်လင့်ခဲ့သည်။

ကလေးများက သူ့ကို အချိန်အတော်ကြာ စစ်ဆေးခဲ့သော်လည်း ဘာမှမတတ်နိုင်ခဲ့ဘဲ ကောင်းမင်၏ အသိစိတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် တားမြစ်နယ်မြေမှ ဆေးဝါးအချို့ကိုသာ ပေးနိုင်ခဲ့ကြသည်။

"ငါ ထပ်အချိန်ဆွဲလို့ မရတော့ဘူး၊ ငါက လီဆန်းစီရဲ့ ခန္ဓာကိုယ်နဲ့ အသားကျလာနေပြီ ၊ အဲ့ဒီအရာကလည်း ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနေပြီ ထင်တယ်"

All Chapters