ဂိုဏ်းတူအစ်ကို အပြင်ထွက်လို့မရဘူးလေ
Vol. 5 Ch. 426
"မင်းသဘောတူပြီးမှတော့ နောက်ပြန်ဆုတ်လို့ မရတော့ဘူးလေ၊ ပြီးတော့…"
ဆန်းလျန်က နူးညံ့စွာ ပြောလိုက်သည်။
"ပြီးတော့ ဘာဖြစ်သလဲ…"
ဆန်းလျန်က ရေနဂါးကြီးကို ဖိနှိပ်ထားသည့် ဖိအားကို ဖယ်ရှားလိုက်သည့် အတွက် ရေနဂါးကြီးမှာ စကားပြော၍ ရလာလေသည်။
ဆန်းလျန်က ရေနဂါးကြီး၏ တစ်ဖက် ပြတ်နေသည့် ဦးချိုကို အသာ ပွတ်သပ်လိုက်ရင်း…
"နဂါးအသားက အရသာရှိတယ်လို့ ကြားဖူးတယ်၊ မင်းစကား မတည်ဘူးဆိုရင် နဂါးအသား ဘယ်လို အရသာရှိလဲဆိုတာ သိရအောင် မင်းကို ချက်စား ပစ်လိုက်မယ်၊ မင်းက နဂါးအစစ် မဟုတ်ပေမယ့်လည်း အသားကတော့ ဆိုးမယ် မထင်ပါဘူးလေ"
ဆန်းလျန်သည် ရေနဂါးကြီးကို စကားပြော၍ ရအောင် ထိန်းချုပ်မှု ဖယ်ရှား ပေးလိုက်သော်လည်း ရေနဂါးကြီး လွတ်လွတ်လပ်လပ် လှုပ်ရှား၍ မရအောင်တော့ ဖိနှိပ်ထားဆဲ ဖြစ်လေသည်။
ရေနဂါးကြီးမှာ ဆန်းလျန်၏ ရှေ့တွင် ရေမြွေလေးအလား ပြားပြားဝပ် နေရလေသည်။
ရေနဂါးကြီးမှာ နဂါးမျိုးရိုးမှ ဆင်းသက် လာသော်လည်း ဆန်းလျန် ပြောစကားကို ကြားသည်နှင့် သူက ဆန်းလျန်ကို ကလန်ကဆန် လုပ်ရန် မစဉ်းစားတော့ပေ။
ရေနဂါးကြီးက ချက်ချင်းပင် ပြောလိုက်သည်။
"သခင်၊ ဒီနဂါးလေးက ကတိဖျက်မှာ မဟုတ်ပါဘူး"
"အင်း… ဟုတ်ပြီလေ၊ ဒါနဲ့ မင်း ကျုန်းစန်း တောင်အထိ ရောက်လာတာ တော်တော်တော့ သတ္တိကောင်းတာပဲ"
ဆန်းလျန်က ပြောလိုက်သည်။
"မင်းလို ထူးထူးဆန်းဆန်း အကောင်မျိုး ဒီနေရာမှာ ရောက်နေမယ်မှန်း သိရင် ကျုပ် ကျုန်းစန်းတောင်ကို မလာခဲ့ပါဘူးကွာ"
ထိုစကားကိုတော့ ရေနဂါးကြီးက စိတ်ထဲမှသာ ပြောလိုက်မိခြင်း ဖြစ်လေသည်။
ချန်ပေသို၏ ယဇ်ပူဇော်ရာ မိုးရွာသွန်းခြင်း အတွက် ဤနေရာသို့ လာခဲ့ရသည်ကိုပင် နောင်တ ရချင်သလိုလို ဖြစ်နေလေသည်။
ထို့ပြင် ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်မကလည်း ရော့စွေမြစ်မှ ဝိညာဉ် စွမ်းအားများကို လိုချင်နေသည့် အတွက် သူက ထိုအရာကို ရယူရန် ရောက်လာရခြင်း ဖြစ်လေသည်။ သူက ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်မကို ချစ်ခွင့် ပန်ချင်သည့် အတွက် ထိုသို့ ပြုလုပ်ခြင်း ဖြစ်သည့်တိုင် ယခုတော့ ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်မကို ကျိန်ဆဲ ချင်နေမိပြီ။
"မင်းလို အရုပ်ဆိုးဆိုးနဂါးက ကျုပ်နဲ့တွေ့တာပဲ ကံကောင်းတယ်မှတ်၊ ပြီးတော့ ကြည့်စမ်းပါဦး၊ ချန်ပေသိုရဲ့ ဓားဝိညာဉ်ကြောင့် ဦးချိုလည်း ပြတ်နေသေးတယ်"
ဆန်းလျန်က ပြောလိုက်ရင်း သူ၏ လက်ချောင်းများမှ ကြယ်တာရာ စွမ်းအားများကို နဂါးဦးချိုဆီသို့ ဝင်ရောက်စေကာ ဦးချိုကို အသစ် ပြန်ပေါက် စေလိုက်လေသည်။
နဂါးကြီးမှာ ဦးချိုသာမက အခြားသော ဒဏ်ရာဒဏ်ချက်များပါ ပျောက်ကင်း သွားခဲ့ လေသည်။
"ကျေးဇူးတင်ပါတယ် သခင်"
နဂါးကြီးက ဆန်းလျန်ကို ဦးညွတ်ရင်း ပြောလိုက်သည်။ ယခု တစ်ကြိမ်တွင်တော့ သူ့ရင်ထဲမှ ဆန်းလျန်ကို လှိုက်လှိုက်လှဲလှဲ အမှန်တကယ် ကျေးဇူးတင်မိခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအား အတိမ်အနက်ကိုလည်း သိမြင်သွားပြီ ဖြစ်သည့်အတွက် ဆန်းလျန်လို လူမျိုးနှင့် ပတ်သက်ရခြင်းက သူ့ကို အကျိုးမယုတ် စေနိုင်ဟု နဂါးကြီးက တွေးလိုက်မိသည်။
ထို့ပြင် ဆန်းလျန်သည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် တစ်ခု အပါအဝင် ဖြစ်သည့် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်သည့်အတွက် စစ်မှန်သော နဂါးများထက်ပင် တန်ခိုး စွမ်းအား မြင့်မားသော ပုဂ္ဂိုလ် ဖြစ်လေသည်။
"အခု ကျုပ်ကို တစ်နေရာကို ခေါ်သွားပေးပါ"
ဆန်းလျန်က နဂါးကြီး၏ ဦးခေါင်းထက်တွင် ထိုင်ရင်း အမိန့်ပေးလိုက်သည်။
နဂါး ဦးချိုကြီးများမှာ သစ်ကိုင်းသစ်ခက်များ ပမာ ဖြစ်ပြီး လူတစ်ရပ်ကျော်နီးပါး ရှည်လျား လေသည်။ ဆန်းလျန်သည် ထိုဦးချို နှစ်ခုကြားတွင် အေးအေးဆေးဆေး ထိုင်ရင်း တေးသီချင်း တစ်ပုဒ်ကို ဆိုညည်း နေလေသည်။
ချန်ကျင်းချင်မှာ ချန်ပေသိုနှင့် ဆန်းလျန်တို့၏ တိုက်ပွဲမှ တုန်ခါနေသည့် တန်ခိုး စွမ်းအားများကြောင့် ချောက်ကမ်းပါး အောက်သို့ ပြုတ်ကျ သွားခဲ့လေသည်။
သို့သော် ဓားဝိညာဉ် တစ်ခုက သူ့ကို ချောက်ထဲသို့ ပြုတ်မကျအောင် ကယ်ဆယ် ထားခဲ့သည်။
ဓားဝိညာဉ် ပိုင်ရှင်မှာ မိန်းမပျိုလေး တစ်ယောက်ဖြစ်လေသည်။ ထိုမိန်းမပျိုမှာ ဖန်းယန်ယင်းပင် ဖြစ်လေသည်။
ထိုမိန်းမပျိုလေးမှာလည်း ချန်ပေသိုနှင့် ဆန်းလျန်၏ တိုက်ပွဲကို ချန်ကျင်းချင်ကဲ့သို့ပင် ကြည့်နေခဲ့သူ ဖြစ်လေသည်။
နှစ်ပေါင်း တစ်သောင်းကျော် ခိုင်မာစွာ ရပ်တည်ခဲ့သည့် ကျုန်းစန်းတောင်ကြီးသည် ချန်ပေသို မရှိတော့သည်နှင့် စတင် ယိုယွင်း ပျက်စီးစ ပြုလာပြီ ဖြစ်လေသည်။ ချန်ကျင်းချင်သည် ချန်ကျေးရွာမှ လူများအတွက် စိတ်ပူနေမိလေသည်။ သို့သော် မှော်ဆရာ မရှိနေသဖြင့် သိပ်တော့ စိတ်ပူစရာမရှိဟု ချန်ကျင်းချင် တွေးလိုက်မိသည်။
ဖန်းယန်ယင်းမှာလည်း သူ့ကို ကယ်တင် ထားသည့်တိုင် သူ့ကို သိပ်ကြည့်ရသည့်ပုံ မရှိပေ။
ဖန်းယန်ယင်းကဲ့သို့ သိမ်မွေ့လှပသည့် မိန်းကလေး တစ်ယောက်သည် သူ့ကို ကြည့်မရ ဖြစ်နေရသည်မှာ အကြောင်း တစ်ခုတော့ ရှိပုံရလေသည်။ သို့သော် မိန်းကလေးများ၏ စိတ်က ထူးဆန်းလေသည်။ တစ်ခါတလေတွင် အကြောင်း မရှိဘဲလည်း အလိုလို ကြည့်မရ ဖြစ်နေနိုင်ကြ ပြန်လေသည်။
ချန်ကျင်းချင် တွေးနေဆဲမှာပင် ရော့စွေမြစ်ထဲမှ အလင်းတန်း တစ်ခု ထွက်ပေါ် လာလေသည်။
ချန်ကျင်းချင်မှာ ထိုအလင်းတန်းကို ကြည့်ပြီး များစွာ အံ့သြ သွားရသည်။ ထိုအလင်းတန်းမှာ ဧရာမ နဂါးကြီး တစ်ကောင် ဖြစ်လေသည်။
သို့သော် ချန်ကျင်းချင်သည် နဂါးကြီးကို စိတ်မဝင်စားအားပါ။ သူက နဂါး ဦးခေါင်းထက်တွင် ထိုင်နေသည့် ဆန်းလျန်ကိုသာ ပြူးကြည့် နေမိလေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်မှ ကြယ်စင်များ အလား အလင်းရောင် မှိန်ပျပျ ထွက်ပေါ် နေလေသည်။
ဆန်းလျန်ကို ကြည့်ပြီး ချန်ကျင်းချင်သည် ဝမ်းနည်း လာမိလေသည်။ အဘယ်ကြောင့် ဝမ်းနည်း လာရသလဲ ဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း မသိပေ။ ခံစားချက်များက ရှုပ်ထွေး နေလေသည်။
"ဆရာဦးလေး…"
ဖန်းယန်ယင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်သည်။
ဆန်းလျန်က သူတို့ နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး…
"ယန်ယင်း၊ ကျုပ်နဲ့ ချင်းရွှမ် နတ်တံခါးကို လိုက်ခဲ့ပြီး ဟိုင်သန်း အဆင့်တက်ရောက် နိုင်တဲ့အထိ ကျင့်ကြံပါ၊ ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ကိုးဆင့်နဲ့ တက်ရောက်နိုင်အောင် ကြိုးစားပါ၊ ဒါဆိုရင် မင်းက မင်းဆရာထက်တောင် ပိုတော် သွားလိမ့်မယ်၊ အဲဒီ အချိန်ကျရင် မင်းအတွက် ခမ်းနားတဲ့ ဟိုင်သန်း အဆင့်တက်ရောက် ပွဲအခမ်းအနားကို ကျုပ်ကိုယ်တိုင် ပြုလုပ်ပေးမယ်"
"ယန်ယင်း ဆရာဦးလေးရဲ့ အမိန့်ကို နာခံပါ့မယ်၊ ဒါပေမဲ့ ဟိုင်သန်း အဆင့်ကို ပုံပြောင်း အဆင့်ကိုးဆင့် ရဖို့ဆိုတာ ကံတရားနဲ့လည်း ဆိုင်သေးတယ်၊ ကျွန်မရဲ့ ဆရာနဲ့ ဆရာဦးလေးက လောကမှာ ရှားပါးတဲ့ ပါရမီရှင်တွေပဲ၊ ကျွန်မက ဆရာတို့ကို မမီနိုင်မှာ စိုးရွံ့မိပါတယ်"
ဖန်းယန်ယင်းက ပြန်ပြောလိုက်သည်။
ဆန်းလျန်က ဖန်းယန်ယင်း၏ စကားကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး ချန်ကျင်းချင်ကို လှမ်းကြည့်လိုက်သည်။
"ချန်ကျင်းချင်၊ အခု ကျုပ်ရဲ့ တပည့်ဖြစ်ဖို့ ဆန္ဒရှိသလား"
ချန်ကျင်းချင်က အတန်ကြာ စဉ်းစားနေပြီးမှ…
"ဆရာ၊ ဆရာ့ရဲ့ တပည့်တော့ ဖြစ်ချင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မေးချင်တာ တစ်ခု ရှိပါတယ်၊ တောင်စောင့်နတ်သခင် ဘာများ ဖြစ်သွားပြီလဲဟင်"
"ကျုပ်ရဲ့ လက်ရှိ အခြေအနေကိုရော ဘယ်လိုမြင်လဲ"
ဆန်းလျန်က ချန်ကျင်းချင်၏ အမေးကို အမေးဖြင့်ပင် တုံ့ပြန်လိုက်သည်။
"ဆရာ့ကိုမြင်ရတာ ကောင်းကင်ကြီးကို မြင်ရသလိုပဲ၊ ကောင်းကင်က ဘယ်လိုမျိုးလဲလို့ မေးမယ် ဆိုရင်တော့ မဖြေတတ်ဘူး၊ ဒါကြောင့် ဆရာ့ရဲ့ လက်ရှိ အခြေအနေကို ပြောပြဖို့ ခက်နေပါတယ်"
ချန်ကျင်းချင်က ဦးညွတ်ရင်း ပြောလိုက်လေသည်။
"ခက်ပေမယ့်လည်း နည်းနည်းတော့ ပြောကြည့်စမ်းပါ၊ မင်းစိတ်ထဲက ရှိတဲ့ အတိုင်းပြော၊ ကျုပ် မင်းကို အပြစ်မတင်ပါဘူး"
ဆန်းလျန်က ချန်ကျင်းချင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ချန်ကျင်းချင်လည်း မတတ်သာတော့ဘဲ …
"ရိုးရိုးသားသားပြောရရင် ဆရာက အရောင်မှိန်နေတဲ့ ကောင်းကင်ကြီးနဲ့ တူနေတယ်၊ တဖြည်းဖြည်း မှောင်မိုက် လာနေပြီ"
ဆန်းလျန်က ချန်ကျင်းချင်၏ အဖြေကို သိရသည်နှင့် သူ၏ပေါင်ကို လက်ဖြင့် တစ်ချက် ပုတ်လိုက်ရင်း…
"ဟုတ်ပြီ၊ မင်းဟာ ထူးခြားချက်တွေကို သာမန် လူတွေထက်ပိုပြီး ဂရုစိုက်တတ်တယ်၊ ကျုပ်ရဲ့ တပည့် ဖြစ်ထိုက်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်ဟာ ဝင်တော့မယ့် နေတစ်စင်း လိုပါပဲ၊ ဒါပေမဲ့ ချန်ပေသိုလည်း ကျုပ်လောက်တောင် အခြေအနေ မကောင်းနိုင်တော့ဘူး၊ သူက သေလူ ဖြစ်နေပြီလို့ ပြောရင် ပိုမှန်မယ်"
အမှန်တော့ နတ်ဘုရား ထောင်ချောက် ဓားကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် ချန်ပေသိုမှာ တစ်စစီပင် ဖြစ်နေလောက်ပြီ ဖြစ်လေသည်။
"ကျင်းချင် ဆရာ့ရဲ့ တပည့်အဖြစ် လက်ခံပါ့မယ်"
ချန်ကျင်းချင်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဆန်းလျန်ကို ဒူးထောက်ကာ ဦးကိုးကြိမ် ချလိုက်လေသည်။
ဖန်းယန်ယင်းမှာတော့ ချန်ပေသို၏ အခြေအနေကို ကြားလိုက်ရသည့် အခါ ဆန်းလျန် အတွက်ပါ စိတ်ပူ သွားမိလေသည်။
ဆန်းလျန်က သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ဖန်းယန်ယင်းနှင့် ချန်ကျင်းချင်တို့ နှစ်ယောက်စလုံးသည် နဂါးကြီး၏ ဦးခေါင်းထက်သို့ ရောက်ရှိ သွားကြပြီး ဆန်းလျန်၏ ဘယ်နှင့်ညာတွင် မတ်တတ် ရပ်နေကြလေသည်။
"ထိုင်ကြလေ… ကလေးတို့"
ရေနဂါးကြီးက ပြောလိုက်လေသည်။
ထို့နောက် ရေနဂါးကြီးက အမြီးကို တစ်ချက် ခါလိုက်ပြီး လှိုင်းများကို ဖန်ဆင်း လိုက်သည်။ ထို့နောက် ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံသန်း ထွက်ခွာ သွားလေတော့သည်။
ထိုက်ချန်းတောင်…
လင်ရှောင် ခန်းမဆောင် အတွင်းရှိ ပုလ္လင်ထက်တွင် ထိုင်နေသည့် ယွိမင် နတ်ဘုရားသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်လေသည်။
ထို့နောက်သူသည် ခန်းမဆောင် အတွင်းမှ အပြင်သို့ ထွက်လာလိုက်လေသည်။
သို့သော် ခန်းမဆောင် တံခါးဝတွင် အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မြက်ဖိနပ် စီးထားသည့် တာအိုဆရာ တစ်ယောက်က သူ့ကို တားဆီး ထားလိုက်လေသည်။
"ဂိုဏ်းတူ အစ်ကို၊ အပြင်ထွက်လို့ မရဘူးလေ"
***