အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အပိုင်း (၆၁) (က)
သည်အခိုက်တွင် ရှန်ဖုန်းမင်သည် နောက်ဖေးမှာ ထွက်လာခဲ့သည်နှင့် ကြုံသွားခြင်းပင်။
မိန်းကလေးများသည် ရုတ်ခြည်းဆိုသလို စိတ်အားတက်သွားကြတော့သည်။ အပြုအမူများကို ထိန်းသိမ်းနေရသဖြင့် သူတို့သည်က သူ့ကို မကြည့်လိုက်ကြပေ။ မကြာခဏဆိုသလိုသာ သူ့ကို လှမ်းကြည့်ကြလေသည်။
အပြာရောင်မိန်းကလေး၏ မျိုးရိုးနာမည်မှာ ချောင်ဖြစ်သည်။ သူမသည် အသက်ရွယ်အားဖြင့် အသင့်တော်ဆုံးအရွယ် ဖြစ်ပြီး ချောမောလေသည်။ သူမ၏မိသားစုက ဝူလင်စီရင်စုတွင် အချမ်းသားဆုံးထဲက တစ်ခုဖြစ်ပြီး လုပြည်နယ်ရှိ မှတ်တမ်းပြုအရာရှိချောင်၏ ဝမ်းကွဲဆွေမျိုးလည်း ဖြစ်လေသည်။ ထို့ကြောင့် သူမက သူများထက် သာသည်ဟု အမြဲတမ်းထင်နေခဲ့သည်။
ရှန်ဖုန်းမင်ကို မြင်လိုက်ပြီး သူမ၏နှလုံးသားထဲတွင် သမင်လေးတစ်ကောင် ခုန်နေသလို ဖြစ်သွားတော့သည်။ သူမက ယောက်ျားများစွာကို မြင်ဖူးခဲ့သော်လည်း သူတို့ထဲက တစ်ယောက်မှ သူ့လောက် မထူးခြားခဲ့ပေ။
တခြားမိန်းကလေးအားလုံးက ရှက်နေကြပြီး ဘယ်သူကမှ ရှန်ဖုန်းမင်ကို စကားမပြောရဲကြသည်ကို မြင်လိုက်သဖြင့် သူမက ရုတ်တရက် ထရပ်လိုက်ပြီး ရှန်ဖုန်းမင်ကို စကားသွားပြောလိုက်လေသည်။
“သခင်လေး”
ရှန်ဖုန်းမင်က သူမကို ကြည့်လိုက်၏။ သူ့မျက်လုံးများက နက်ရှိုင်းလှသည်။
သူ့ကို ဤသို့တွေ့လိုက်ရသဖြင့် မိန်းကလေးချောင်သည် ကျယ်ပြောလှသည့်ပင်လယ်ထဲရောက်သွားလို ခံစားလိုက်ရပြီး လျှာဖျားရှိ ပြောမည့်စကားကို မေ့သွားတော့သည်။ သူမ၏စိတ်က ဗလာအတိ ဖြစ်နေ၏။
“ကျွန်မမိသားစုက စီရင်စုအနောက်မှာ ခြံဝင်းကြီးတစ်ခုရှိတယ်၊ သခင်လေး စိတ်မရှိရင် အဲမှာနေလို့ရပါတယ်”
မိန်းကလေးချောင်က စကားဆုံးသွားသည်နှင့် ရှက်သွေးဖြာသွားတော့သည်။ သူမသည် ထိုအကြောင်းကို စဥ်းစားထားသော်လည်း ချက်ချင်းပြောလိုက်ဖို့ စိတ်ကူးမရှိခဲ့ချေ။
သူမ စဥ်းစားထားတာက အရင်ဆုံး ရှန်ဖုန်းမင်ရဲ့မျိုးရိုးနာမည်နဲ့ ဝူလင်စီရင်စုကို လာရတဲ့ အကြောင်းအရင်းကို မေးမယ်ပေါ့။ သူမက ကူညီပေးနိုင်ရင် ကူညီပေးနိုင်မယ်ပေါ့။ ပြီးမှ သူတို့နှစ်ယောက်က အသိမိတ်ဆွေ ဖြစ်လာပြီး သူမက ဒီလိုအကြံပေးမယ်ပေါ့။
နောက်ဆုံးတော့ ဒီသခင်လေးရဲ့ ထူးခြားတဲ့အရောင်အဝါကို တွေ့လိုက်ရပြီး သူက သာမန်လူတစ်ယောက် လုံးဝ မဖြစ်နိုင်ဘူး။ သူ စားသောက်ဆိုင်မှာ နေတာကိုက ဒီအတိုင်း ပုံမှန် မဟုတ်တာပဲ။
သူမက သူ့အကြည့်နဲ့ ဆုံလိုက်တာနဲ့ စိတ်လွတ်သွားပြီး ဒီစကားကို ချက်ချင်းမေးမိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။
သူမဘေးက မိန်းကလေးယဲ့နှင့် တခြားသူများသည် မှင်တက်အံ့ဩသွားကြတော့သည်။ မိန်းကလေးချောင်က အဲလောက်တောင် အတင့်ရဲတယ်လား။ သူတို့သည် မျက်တောင်ပင် မခတ်ရဲကြတော့ပေ။ သူတို့သည် အံ့ဩသွားသလို ရှန်ဖုန်းမင်က မည်သို့ပြန်ဖြေလာမည်ကို သိချင်မိသွားကြတော့သည်။
သူသာ သဘောတူခဲ့ရင်... မိန်းကလေးများ၏နှလုံးသားသည် လှိုင်းထန်လာတော့သည်။ သူတို့မှာလည်း တခြားခြံဝင်းတွေရှိပြီး ရှန်ဖုန်းမင် သုံးလို့ရအောင် လုပ်ပေးနိုင်သားပဲ။
ရှန်ဖုန်းမင်၏မျက်လုံးများက ချက်ချင်း အေးစက်သွား၏။ စေ့စေ့ကြည့်နေသည့်အရိပ်တစ်ယောက် သူ့မျက်လုံးထဲတွင် ပေါ်လာပြီး သူသည် အသေကောင်တစ်ခုကို ကြည့်နေသယောင်။
ဒါသည် အမှုများကို စီရင်ဆုံးဖြတ်ချိန်တွင် ပေါ်လာတတ်တဲ့သည့် သူ့ပုံမှန်အကြည့်ပင်။ သည်အကြည့်ကို အရာရှိလောကတွင် နှစ်ပေါင်းများစွာကျင်လည်နေသည့် ရုံးတော်က မြေခွေးအိုများပင် တစ်ခါတလေ သည်းမခံနိုင်ကြပေ။ သူသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပြီး နောက်တဒင်္ဂအတွင်း နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့သယောင်။ မိန်းကလေးချောင်လို မိန်းမငယ်လေးတစ်ယောက်က မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
သူမသည် နှုတ်ခမ်းကိုက်ထားရင်း သူမ၏မျက်နှာများက ဖြူဆုတ်သွားတော့သည်။ သူမ၏ခန္ဓာကိုယ်က လဲကျလုမတတ် ဖြစ်သွားတော့သည်။
“ကျွန်မ.... ရှင်... မဟုတ် “
သူမက နည်းနည်းလောက် ရှင်းပြချင်လေသည်။ သူမက သူ့ကို စော်ကားလို၍ မဟုတ်။ သူမက သူ့ကို နားလည်ချင်ပြီး ကူညီချင်သည်ဟူ၍....
သို့သော် သူမသည် စကားတစ်ခွန်းပင် ဆုံးအောင်မပြောနိုင်ခဲ့ပေ။ သူမ၏မျက်လုံးများက ချက်ချင်းနီတက်လာတော့သည်။
သူမနောက်က မိန်းကလေးများသည် ရှန်ဖုန်းမင်၏ ပစ်မှတ်ထားခြင်း ခံရသည် မဟုတ်သော်လည်း သူတို့အားလုံး ကျောချမ်းသွားကြတော့သည်။ သူတို့၏ အသက်ရှူနှုန်းပင် အမှတ်မထင် နှေးကွေးသွားတော့သည်။
လေထုကပါ တစ်ပြိုင်တည်း သိပ်သည်းသွားသယောင်။
သည်အချိန်တွင် ပျော့ပြောင်းသည့်အသံတစ်ခု ထွက်လာတော့သည်။
“လူကြီးမင်းရှန် ကျွန်မကို သကြားသွားဝယ်ပေးလို့ ရမလားဟင်”
ကျန်းယွင်ကျူးပင်။ သူမသည် အမှာစာ လာယူရင်း ရှန်ဖုန်းမင်က မိန်းကလေးတချို့နှင့် ရင်ဆိုင်နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ဟင့်အင်း။ အမှန်အတိုင်းပြောရရင် မိန်းကလေးတွေ အားလုံးက သူ့ကို ကြောက်နေကြတာ။ ဒါကြောင့်လည်း သူမက ချက်ချင်း ပြောလိုက်ရတာပေါ့။
မနက်ခင်းက ရှန်ဖုန်းမင်က ကျေးဇူးပြန်ဆပ်မယ်ဆိုတဲ့ စကားမပြောရလေအောင် သူမက အလုပ်နည်းနည်းပါးပါး ကူညီခိုင်းဖို့ သူမ ဆုံးဖြတ်ခဲ့တယ်လေ။ သူမက တစ်နေ့တာအတွင်းမှာလည်း တစ်ခါ နှစ်ခါလောက် တကယ်ပဲ သူ့ကို အကူအညီတောင်းခဲ့ပါတယ်။ ဒီတော့ သူ့ကို သကြားသွားဝယ်ခိုင်းတာလည်း သူမအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးမဟုတ်ဘူးပေါ့။
အစကတော့ သူမ ပဲနီနို့ကိတ်မုန့်လုပ်နေတုန်းက သကြားကုန်သွားလို့ ကိုယ်တိုင်သွားဝယ်မလို့ပါပဲ။
ကျယ်ပြောလှသည့်ကွင်းပြင်ကို ဖြတ်တိုက်လာသည့် နွေဦးလေပြေလေးတစ်ဝေ့နှယ် သိပ်သည်းနေသည့် လေထုက ရုတ်ခြည်းဆိုသလို အရည်ပျော်သွားတော့သည်။ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးဘက် လှည့်လိုက်ပြီး
“ အင်း”
ကျန်းယွင်ကျူက သူ့ကို ငွေတစ်တွဲပေးလိုက်၏။
ရှန်ဖုန်းမင်က ငွေကိုယူလိုက်ပြီး ထွက်သွားတော့သည်။
သူမဘေးက မိန်းကလေးများသည် သူတို့၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အမူအရာများဖြင့် စိတ်အေးသွားကာ သက်ပြင်းမှုတ်ထုတ်လိုက်ကြလေသည်။
ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို စကားပြောနေချိန်တွင် သူတို့နှစ်ယောက်က ပုံမှန်အတိုင်း ထိုနေရာတွင် ရပ်နေကြသည်။ အမျိုးသမီးက မျက်ခုံးကောင်းကောင်းနှင့် နူးညံ့သည့်မျက်လုံးများ ပိုင်ဆိုင်ထားသည်။ အမျိုးသားကတော့ ချောမောလှပြီး လူများက သူ့ကို မကြည့်ရဲလောက်အောင် အေးစက်နေသည်။ သူက ငွေတစ်တွဲကို သည်အတိုင်းယူပြီး သကြားဝယ်ရန် ထွက်သွားမည်ဟု မည်သူက ထင်ပါမည်နည်း။ လက်တွေ့ဆိုသလို အိပ်မက်တစ်ခုနှင့်လည်း တူနေသည်ဟု ခံစားလိုက်ရတော့သည်။
“ ရှင်...”
အမျိုးသမီးချောင်က ကျန်းယွင်ကျူးကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက ရုတ်တရက် လက်ကိုင်ပဝါတစ်ထည်ဖြင့် မျက်နှာကို အုပ်လိုက်ပြီး ငိုကာ ထွက်ပြေးသွားတော့သည်။
ကျန်းယွင်ကျူး :... မဟုတ်ဘူးလေ။ သူမကတော့ သူ့ကို ကူညီပေးလိုက်တာလို့ ထင်တာပဲ။
ဘာလဲ။ သူမ မှားသွားတာလား။
“သူဌေးကျန်း”
မိန်းကလေးယဲ့သည် ကျန်းယွင်ကျူးကို သိသဖြင့် သူမကို နှုတ်ဆက်လိုက်လေသည်။
ကျန်းယွင်ကျူးက သူမကို မေးခွန်းနှင့်ကြည့်လိုက်လေသည်။ ခုနက ဘာဖြစ်။
“ အဆင်မပြေဖြစ်အောင် လုပ်ခဲ့မိတာက ကျွန်မတို့တွေပါ”
မိန်းကလေးယဲ့က ပြန်ပြောလိုက်သည်။ မဟုတ်ဘူးလား။ မိန်းကလေးချောင်က ရုတ်တရက်ကြီး အဲလိုစကားမျိုး သွားပြောလိုက်တာလေ။ တကယ် မသင့်တော်တာပဲ။ နောက်ဆုံးတော့ သူမက ရှက်ပြီး ထွက်သွားခဲ့တယ်။ သူမကတော့ ကိုယ့်ဟာကိုယ်ပဲ အပြစ်တင်လိုက်ရတော့တယ်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ပြဿနာမဖြစ်ဘူဆိုရင် ဟုတ်ပါပြီလေ။
“ ကျွန်မ သရေစာတစ်မျိုးလုပ်နေတာ၊ မိန်းကလေးတို့ မြည်းကြည့်ချင်ကြသလားဟင်”
“ဘာသရေစာလဲဟင်” မျက်နှာဝိုင်းနှင့် မိန်းကလေးက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။
“ ချင်းနို့ပူတင်း”
“ နာမည်အတိုင်းပဲ ချင်းနဲ့ နို့သုံးပြီးလုပ်ထားတာပါ”
ဘဲဥမျက်နှာနှင့် မိန်းကလေးက သူမ၏နှုတ်ခမ်းကို သပ်လိုက်လေသည်။
“ ကျွန်မတို့ မြည်းကြည့်ချင်လို့ မြန်မြန်လေး ပေးပါနော်”
ခုနက ပဲနီနို့ကိတ်မုန်းကလည်း အရသာရှိတယ်လေ။
ကျန်းယွင်ကျူးက ချင်းနို့ပူတင်းတချို့ကို ချက်ချင်း ယူလာပေးလိုက်သည်။ သည်မုန့်က လုပ်ရသည်မှာ အလွန်မှ လွယ်ကူလေသည်။ အဝတ်ဖြင့် စစ်ချလိုက်ရာမှ လတ်လတ်ဆတ်ဆတ်ချင်းရည် ရလာပြီး အနည်းငယ် အပူပေးလိုက်သည်။ ထို့နောက်တွင် နို့ကို အပူချိန်တစ်ခုတွင် ကြိုထားလိုက်ပြီး သကြားထည့်ပြီး နို့ကို ချင်းရည်ထဲ မြန်မြန်လောင်းထည့်လိုက်ရသည်။
အဖြူရောင်နို့နှင့် ချင်းရည်တို့ တိုက်မိခြင်းက အခေါ်အဝေါ်ထဲက ‘တိုက်မိတယ်’ဟူသည့်စာလုံး၏ မူရင်းစာလုံးပင်။
နို့သည် ချင်းရည်နှင့် တွေ့သွားသည့်အခါ နို့နှစ်ရောင်အခဲတစ်ခုအဖြစ် ခဲသွားလိမ့်မည်။
ချီရှန်းကျွီသည် အစားအသောက်များကို ခူးခပ်ရန်အတွက် အသုံးအဆောင်ပစ္စည်းများကို တစ်ခုစီ သက်သက် ထားပေးလေသည်။ တည်သီးပုံစံ အဖြူရောင်ကြွေပန်းကန်လုံးတစ်ခု ရှိသည်။ အဖုံးကို ဖွင့်လိုက်ချိန်တွင် အထဲက အဖြူရောင်ဂျယ်လီကို တွေ့နိုင်သည်။ မြင်ရသည်မှာ မျက်စိပသာဒ ဖြစ်လှပေသည်။
အဖြူရောင်ကြွေဇွန်းတစ်ခုကို ခူးခပ်ဖို့ ထားပေးသည်။ ဂျယ်လီလေးမှာ နူးအိပြီးမွှေးနေလေသည်။
ပါးစပ်ထဲရောက်သွားသည်နှင့် ချင်းရည်၏အစပ်အရသာက အချိုဓာတ်နှင့် ကွက်တိရောသွားလေသည်။ နို့နံ့ကို့ အပြည့်အဝဖြည့်ဆီးပေးထားလေသည်။
အထူးသဖြင့် စားပြီး ဗိုက်ထဲရောက်သွားသောအခါ ခန္ဓာကိုယ်က နွေးလာပြီး သည်ဆောင်း လေအေးကို မောင်းထုတ်ပေးလိုက်သည့်နှယ်။
“အရသာရှိတယ်” မျက်နှာဝိုင်းနှင့်မိန်းကလေးက ချီးကျူးလိုက်သည်။
“ စားရတာ တော်တော်လေး အဆင်ပြေတယ်” ဘဲဥမျက်နှာနှင့် မိန်းကလေး မှတ်ချက်ပေးလေသည်။
“ အသက်ကြီးတဲ့သူတွေရာ ဒါကို စားလို့ရလားဟင်” မိန်းကလေးယဲ့က မေးလိုက်၏။
“ ရတာပေါ့ရှင့်” ကျန်းယွင်ကျူးက ပြောလိုက်သည်။
မိန်းကလေးယဲ့၏မျက်လုံးများသည် အနည်းငယ်တောက်ပသွားတော့သည်။ သူမ၏အဘွားဖြစ်သူက အသက်အရွယ်ကြီးလာပြီး နှစ်တိုင်း ဆောင်းရာသီအအေးဒဏ်ကို အလွန်မှ ကြောက်လေသည်။ သူမအဘွားသာ နေ့တိုင်း တစ်ပန်းကန်လောက် သောက်ခဲ့လျှင် သူမ၏ကျန်းမာရေးကလည်း အများကြီး ပိုကောင်းလာမည်ဟု ခံစားမလေသည်။
“ ချင်းရည်က အအေးကို တိုက်ထုတ်ပေးနိုင်တယ်လေ၊ နို့က အာဟာရဖြစ်စေတဲ့ အစားအစာတစ်ခုပဲ၊ နှစ်ခုကို ပေါင်းလိုက်တော့ အအေးဓာတ်ခံရှိတဲ့ ခန္ဓာကိုယ်နဲ့လူတွေနဲ့ ချောင်းဆိုးတတ်တဲ့သူအတွက် အရမ်းသင့်တော်တယ်”
ကျန်းယွင်ကျူးက ပြောပြလိုက်သည်။ ချင်းနို့ပူတင်း ဖြစ်လာသည့် သမိုင်းမှာ အဘွားကြီးက ချောင်းဆိုပြီး သူမ၏ချွေးမဖြစ်သူက သူမအတွက် ချင်းပြုတ်ရည် လုပ်ပေးခြင်းမှ မွေးဖွားလာပုံ ရသည်။ ချင်းပြုတ်ရည် သောက်ရန်က အလွန်မှစပ်နေသဖြင့် နောက်ပိုင်းတွင် နို့ကို အမှတ်တမဲ့ ထည့်ပေးလိုက်ခြင်းဖြစ်သည်။ သည်လိုနှင့် သည်သရေစာ ဖြစ်လာခဲ့တော့သည်။
နောက်ပိုင်းတွင် အဘွားကြီးက ချင်းနို့ပူတင်းကို စားခဲ့ပြီး သူမ၏ချောင်းဆိုးရောဂါကလည်း ပိုသက်သာလာခဲ့သည်။ဒါက သူ့အာနိသင်သက်ရောက်မှုကို သက်သေပြလိုက်ခြင်းပင်။
သူမက ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း မျက်နှာဝိုင်းနှင့် မိန်းကလေးက ပြောလိုက်၏။
“ ဒါက ကောင်းတယ်ဆိုတော့ သူဌေး ဒါဆိုရင် ကျွန်မကိုလည်း နောက်ထပ်တစ်ပန်းကန်ပေးပါ”
ဒါက အရသာရှိပြီး ကျန်းမာရေးအတွက်လည်းကောင်းတယ်တဲ့။ ဒါပေါ့။ သူမ ထပ်ပြီးစားရမယ်လေ။
“သူဌေး ကျွန်မတွက် ထုပ်သွားဖို့ ၂ပွဲလောက် လုပ်ပေးလို့ရမလား” မိန်းကလေးယဲ့က မေးလိုက်၏။
“သူဌေးကျွန်မလည်း ၂ပွဲလောက် ထုပ်သွားမယ်”
ဘဲဥမျက်နှာနှင့်မိန်းကလေးကလည်း နောက်မှထပ်ပြောလိုက်သည်။ သူမ၏အဖေက ချောင်းဆိုးရောဂါ ခံစားနေရလေသည်။ ကျန်းယွင်ကျူးပြောသလို ချောင်းဆိုးသက်သာစေလျှင် ဝမ်းသာစရာ ကောင်းလိမ့်မည်။
ကျန်းယွင်ကျူးက ပြုံးကာ လက်ခံလိုက်လေသည်။ ကြည့်ရတာ ပဲနီနို့မုန့်ထက် ချင်းနို့ပူတင်းရဲ့ စျေးကွက်က ပိုသာနေသလိုပဲ။ ပြီးတော့ ဝူလင်စီရင်စုက ချမ်းသာတယ်လေ။ လူတိုင်းမှာ ငွေရှိတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုထက် ဘာက ပိုအရေးကြီးမှာလဲ။
ကျန်းယွင်ကျူးသည် ချင်းနို့ပူတင်းကို အစားအသောက်စာရင်းထဲ ထည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကျန်းယွင်ကျူးက မိန်းကလေးယဲ့၊ တခြားမိန်းကလေးနှင့် လျှောက်လမ်းပေါ်တွင် ရပ်ပြီး စကားပြောနေလေသည်။ ဘေးတွင် ချင်ယောင်းက သူတို့ပြောသည့်စကားကို သေသေချာချာ ကြားနေရသည်။ ချင်းနို့ပူတင်းက အဲလောက်တောင် အရသာရှိတယ်တဲ့လား။ ဘာလို့ အစားအသောက်စာရင်းထဲ မပါတာလဲ။ အဲဒီမိန်းကလေးတွေအတွက်ပဲ သပ်သပ်လုပ်တဲ့ဟာလား။
ချင်ယောင်းသည် မေးချင်သလို မေးလည်း မမေးချင်ပေ။
သည်အခိုက်တွင် ကျန်းယွင်ကျူးက သူမဘက်သို့လှည့်ကာ ပြောလိုက်လေသည်။
“မိန်းကလေးရော ချင်းနို့ပူတင်းတစ်ပွဲလောက် ယူချင်ပါသလား”
ချင်ယောင်းသည် လန့်ဖျတ်သွားတော့သည်။ ကျန်းယွင်ကျူးက သူမကို မမှတ်မိပါဘူးနော်။ ဟုတ်တယ်မလား။ သူမ၏မျက်နှာသည် နီရဲသွားသော်လည်း သူမက တည်ငြိမ်ချင်ဟန် ဆောင်လိုက်လေသည်။
“တစ်ပွဲယူလာပေး”
ကျန်းယွင်ကျူးက မီးဖိုဆောင်ထဲ ပြန်သွားလိုက်ပြီး သူမအတွက် ချင်းနို့တစ်ပွဲ ယူလာပေးလိုက်ပြီးနောက် ပြန်ထွက်သွားလေသည်။
ချင်ယောင်းက တစ်ဇွန်း စားကြည့်လိုက်သည်။ အရသာက ထူးခြားနေ၏။ သည်အချိန်တွင် သူမမှာထားသည့် ဟင်းပွဲများကလည်း ရောက်လာလေသည်။ အမဲမိုးခိုသားအစပ်။ ဒီအမဲမိုးခိုသားက အရမ်းနူးညံ့ပြီး အိစက်နေတာပဲ။ သူတို့မိသားစု စားဖိုမှူးထက် အဆတစ်ရာလောက်တောင် ပိုကောင်းသေးတယ်။
မုန်လာထုပ်မွှေကြော်။ သူမသည် အစားအသောက်ကောင်းများကို စားဖူးနေကျဖြစ်သဖြင့် သည်ဟင်းပွဲ၏ ကွာခြားချက်ကို ချက်ချင်း သတိထားမိလိုက်လေသည်။
သည်စားသောက်ဆိုင်ပိုင်ရှင်တွင် သည်လိုအရည်အချင်းမျိုး ရှိလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိချေ။ သည်ချီရှန်းကျွီ၏ အပြင်အဆင်ကို အခင်းအကျင်းကို ကြည့်လိုက်ပြီး ချင်ယောင်း၏အတွေးများက အခိုက်တန့် မတည်မငြိမ်ဖြစ်သွားတော့သည်။
စားသောက်ပြီးနောက် သူမက ငွေတစ်စကို ချန်ထားခဲ့ပြီး လီဟယ် ရောက်အလာကိုပင် မစောင့်တော့ဘဲ ထွက်လာခဲ့လိုက်သည်။
...
အပိုင်း (၆၁) (ခ)
လီဟယ်ကလည်း သူမ ထွက်သွားသည်ကို မြင်လိုက်သည်။ သူက ချန်ထားခဲ့သည့် ငွေကို မျက်မှန်းဖြင့် စစ်ကြည့်လိုက်ရာ ကျသင့်သည်ထက် ပိုနေသည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူက သူမကို မတားလိုက်တော့ချေ။ သူမ ထွက်သွားပြီးနောက် သူက ငွေစကို ယူလိုက်ပြီး ကျန်းယွင်ကျူးကို ပေးလိုက်လေသည်။
ကျန်းယွင်ကျူးက စိတ်ထဲမထားပေ။ သူမသည် ချင်ယောင်းနှင့် တမင် မိတ်မဖွဲ့လိုပေ။ သို့တိုင် အိပ်မက်ထဲက ရေစက်ကြောင့် သူမက ချင်ယောင်းကို အမြဲတမ်း အနည်းငယ်သတိထားမိခဲ့ခြင်းပင်။
ညနေပိုင်းတွင် ချင်ယောင်းက ရောက်မလာခဲ့ပေ။ ထိုအစား နောက်တစ်ယောက် ရောက်လာခဲ့လေသည်။
ထိုလူက တံခါးမှ ဝင်လာချိန်တွင် စားပွဲအပြည့်ဟင်းပွဲများကို မှာလိုက်လေသည်။ တုန်းပိုဝက်သား၊ ငါးအခြောက်ကင်၊ အသီးအရွက်ချဥ်နှင့်ဝက်သားကင်ချက်.... ဆိုင်၏အထူးလက်ရာ ဟင်းနှစ်ငါးတံခွန်နှပ် နှင့် ရေဘဝဲအစပ်။ နောက်ဆုံးတွင် သူသည် ပဲနီနို့ကိတ်မုန့်တစ်ပွဲကို မှာလိုက်လေသည်။
လီဟယ်က သူ့ကို ဧည့်ခံလိုက်သည်။ အစပိုင်းတွင် သူက ဟင်းနာမည်များကို လိုက်မှတ်ချိန်က အစားကြီးသည့်ဧည့်သည်တစ်ယောက်ဟု ထင်လိုက်လေသည်။ သူက နားထောင်လေလေ ပိုပြီး ပျော်လာလေလေ ဖြစ်လေသည်။ သူက ပြောလိုက်၏။
“ ဧည့်သည်ခင်ဗျာ လူဘယ်နှစ်ယောက်လာမှာလဲ”
“ငါ တစ်ယောက်ထဲပဲ၊ ဘာလို့လဲ” ထိုလူကို မော့ကာ ပြန်ဖြေလိုက်လေသည်။
“ ဒီလောက်အများကြီးကို တစ်ယောက်ထဲ စားမကုန်မှာစိုးလို့ပါ” လီဟယ်က သံသယဖြင့် မေးလိုက်လေသည်။
“ ကိုယ့်အလုပ်ကို လုပ်စမ်းပါ၊ ငါက အားလုံးကို စားကြည့်လို့မရဘူးလား၊ ကျန်တာတွေကို ထုပ်သွားပြီး မနက်ဖြန်အတွက် သိမ်းထားလို့ရတယ်၊ ဘာလဲ၊ မင်းက စားသောက်ဆိုင်တစ်ခု ဖွင့်ထားပြီး ဧည့်သည်တွေက အများကြီးစားမှာ ကြောက်နေတာလား” ထိုလူက မျက်အိမ်များကို ကျဥ်းထားလိုက်ပြီး ဒေါသဖြင့် ပြောလေသည်။
“မဟုတ်တာဗျာ၊ ဒီလောက်ဟင်းတွေအများကြီး မှာချင်တာ သေချာတယ်နော်” လီဟယ်က ထပ်အတည်ပြုလိုက်လေသည်။
“သေချာတယ်၊ ငါ့အတွက်မြန်မြန်လုပ်ပေး၊ ဒီမှာ ငါ ဗိုက်ဆာနေပြီ”
လီဟယ်က အမှာစာရင်းကို ယူသွားပြီး ပြန်လျှောက်သွားကာ ကျန်းယွင်ကျူးကို ပြလိုက်လေသည်။
ကျန်းယွင်ကျူးက ဟင်းစာရင်းကိုကြည့်လိုက်ပြီး ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။
ဧည့်သည်တစ်ယောက်က ဒီလောက်ဟင်းပွဲအများကြီးကို မှာတယ်။ ပိုဆိုးတာက... လီဟယ်သည် လက်ညှိုးထိုးပြလိုက်လေသည်။
“သူဌေး သူ့အဝတ်အစားကိုကြည့်တာနဲ့ သူက လူချမ်းသာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်”
သူမက ဆိုင်ရှေ့ထွက်ကာ တစ်ချက်သွားကြည့်လိုက်ပြီး ဘယ်ဖက်နံရံထောင့်တွင် ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် အညိုရောင်အဝတ်အစားကို ဝတ်ထားပြီး မျက်ခုံးများက အောက်စိုက်ကျနေပြီး မျက်လုံးက ဘေးသို့စွေနေလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် ပြောဆိုလို့ကောင်းသူတစ်ယောက် မဟုတ်ကြောင်း သိနိုင်လေသည်။
ဧကန္တ သူက လာစားပြီး ထွက်ပြေးမလို့လား။ ကျန်းယွင်ကျူးက လီဟယ်ကို ဟင်းစာရင်း ပြန်ပေးလိုက်ပြီး ပြောလိုက်လေသည်။
“ သူ့ကို အရင် ငွေရှင်းခိုင်းလိုက်”
“အင်း”
လီဟယ်က သဘောတူလိုက်ပြီး စာရင်းကို ပြန်ယူလိုက်လေသည်။ သူက အပြင်က လူဆီ သွားလိုက်လေသည်။
“ဧည့်သည် ကျွန်တော်တို့ စားသောက်ဆိုင်က အမြတ်နည်းနည်းပဲ ရတာမလို့၊ ဧည့်သည်က ဟင်းပွဲတွေအများကြီး မှာထားတာဆိုတော့ ကျေးဇူးပြုပြီး အရင်ငွေရှင်းပေးပါခင်ဗျာ”
ထိုလူက သူ့စကားကို ကြားလိုက်သည်နှင့် ချက်ချင်း ဒေါသထွက်လာလေသည်။
“ ဒီလို စည်းကမ်းမျိုး ရှိလို့လား”
သူ့ကို သတိဖြင့် ကြည့်နေရင်း လီဟယ်က ပြောလိုက်လေသည်။
“ ကျွန်တော်တို့က လုပ်ငန်းသေးသေးမလို့ပါ၊ ပြီးတော့ အရင်ပေးပေး နောက်မှပေးပေး အတူတူပဲမလား ခင်ဗျာ”
“ ဘယ်လိုလုပ်ပြီးတူနိုင်မှာလဲ၊ မင်းတို့ ကောင်းကောင်း မချက်ပေးရင် ဘယ်လိုလုပ်မလဲ”
“ ကျွန်တော်တို့အချက်အပြုတ်က အရသာမကောင်းမှာ စိုးရင် အရင်ဆုံး ဟင်းတစ်ပွဲမှာလို့ရပါတယ်”
“ဟင်းတစ်ပွဲ၊ ငါက ဘယ်လို အရသာခံလို့ရမှာလဲ”
လီဟယ်က ပြုံးလိုက်ပြီး ဘာမှမပြောတော့ပေ။ ဒီလမ်းပေါ်မှာ ကျောင်းတော်တစ်ခု ရှိတယ်လေ။ ရုံးတော်က ရဲမက်တွေကလည်း ဒီလမ်းပေါ်မှာ မကြာခဏဆိုလို ကင်းလှည့်နေတာ။ ဒီတော့ ဒီဧည့်သည် ပြဿနာရှာမှာ သူ မကြောက်ပါဘူး။
သူ့ကို သည်လိုမြင်လိုက်ရသဖြင့် ထိုလူသည် သူ့လက်သီးက ဝါဂွမ်းကို ထိုးမိသလို ခံစားလိုက်ရလေသည်။ သူက ဘာဆက်ပြောရမည်မသိဖြစ်သွားတော့သည်။
ရုတ်တရက် သူက ထိုင်ချကာ ပြောလိုက်လေသည်။
“ တုန်းပိုဝက်သား အရင်စားကြည့်တာပေါ့”
လီဟယ်က မီးဖိုဆောင်သို့ ပြန်လာပြီး ကျန်းယွင်ကျုးကို ပြောပြလိုက်လေသည်။
“ သူ့ကို တုန်းပိုဝက်သားဟင်းတစ်ပွဲ ပေးလိုက်”
ကျန်းယွင်ကျူးက ပြောလိုက်လေသည်။ သူမသည် သူဘာလုပ်ချင်သည်ကို ကြည့်ချင်သေးသည်။
တုန်းပိုအသားဟင်းကို မြန်မြန်ချပေးလိုက်သည်။ ကျန်းယွင်ကျူးက ကောင်တာနောက်တွင်ရပ်ပြီး သူ့ကို စောင့်ကြည့်နေလိုက်သည်။
ထိုလူက တုန်းပိုအသားကို ပါးစပ်အပြည့်တစ်လုတ် စားလိုက်လေသည်။ သူ့မျက်နှာပေါ်တွင် ယစ်ထုတ်အကြည့်တစ်ခု ပေါ်လာလေသည်။ ထို့နောက် သူက တုန်းပိုအသားတစ်ပန်းကန်ကို အကုန်စားလိုက်လေသည်။ အရည်ပင် မကျန်ပေ။
ထို့နောက် သူက နောက်ထပ်ရေတွေးတစ်ပန်းကန်ကို လောင်းထည့်လိုက်ပြီး သူ့ဗိုက်ကို ပွတ်လိုက်လေသည်။ သူက ထွက်သွားဖို့ရန် ထရပ်၏။
“ ဧည့်သည် ၄၈ဝမ်ကျပါတယ်” လီဟယ်က သူ့ကို ချက်ချင်းတားလိုက်လေသည်။
ထိုလူက ပြောလိုက်၏။
“ ငါ့သား ဒါမှမဟုတ် သမီးရဲ့လခထဲက ဖြတ်လိုက်”
မှန်ပါသည်။ သည်လူက ရှဲ့ယုံဖြစ်ပေသည်။ သူသည် ရှဲ့လျန်က ချီရှန်းကျွီတွင် အလုပ်လုပ်နေမှန်း နေ့လယ်ကမှ သိလိုက်ရလေသည်။ သူသည် ချီရှန်းကျွီနာမည်ကို အရင်ကတည်းက ကြားဖူးနေသော်လည်း သွားစားဖို့ရာ ငွေက မရှိပေ။ အခုတော့ သူသည် အခွင့်အရေးတစ်ခု တွေ့သွားတော့သည်။
“ ဘယ်သူက ခင်ဗျားရဲ့သား ဒါမှမဟုတ်သမီးလဲ” လီဟယ်က မသိသဖြင့် မေးလို်ကလေသည်။
“ငါ့သားနာမည်က ရှဲ့ချန်၊ သူက ကျောင်းသားတစ်ယောက်၊ ငါ့သမီးနာမည်က ရှဲ့လျန်” ရှဲ့ယုံက ပြန်ဖြေလိုက်လေသည်။
လီဟယ်က ကျန်းယွင်ကျူးဘက် လှည့်ကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးက နားလည်လိုက်လေသည်။ သူ ဖြစ်နေတာကိုး။ သူမက ချက်ချင်း လျှောက်သွားလိုက်ပြီး
“ အားနာပါတယ်၊ ရှဲ့လျန်က အခုမှ အစမ်းခန့်ပဲ ရှိပါသေးတယ်၊ လခရမှာမဟုတ်ပါဘူး၊ ရှဲ့လျန်အတွက် ငွေကတော့ လမကုန်မချင်း သူ့ကို ပေးမှာ မဟုတ်ပါဘူး၊ ဒီတော့ အရင်ဆုံး ကျသင့်ငွေရှင်းပေးပါ”
“ဒီဆိုင်က အကြွေးမရပါဘူး”
“ ငါ့အထင်တော့ မင်းတို့တွေ ငါ့ကို တမင် အခက်တွေ့အောင်လုပ်နေတာပဲ၊ ငါ မင်းတို့ကို ပြောပြီးပြီလေ ရှဲ့ချန်ရဲ့လခထဲက ဖြတ်လိုက်လို့၊ ပြီးတော့ မင်းတို့က ငါ့ကို ပေးမသွားဘူး၊ ဒါက မင်းတို့ စီးပွားရေး လုပ်တဲ့ပုံစံလား၊ အားလုံးပဲ...”
သူက အော်ဟစ်တော့မည် ပြင်လိုက်လေသည်။
သို့သော် ကျန်းယွင်ကျူးက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
“ ရှင့်လိုအဖေမျိုးရော ရှိသေးတယ်လား၊ ဒီလိုဆိုရင်ကော၊ ကျွန်မ ရှဲ့ချန်နဲ့ ရှဲ့လျန်ကို ခေါ်လိုက်မယ်၊ သူတို့တွေက သူတို့နာမည်နဲ့ ရှင်းပေးဖို့ သဘောတူခဲ့ရင် ကျွန်မ ရှင့်ကိုလွှတ်ပေးမယ်”
ရှဲ့ယုံ၏မျက်လုံးများသည် နှစ်ချက်လောက် လည်သွားလေသည်။
“ ကောင်းပြီလေ၊ သူတို့ကို ခေါ်လိုက်”
“ ခဏစောင့်လိုက်၊ ရှဲ့ချန် ခဏနေ လာလိမ့်မယ်”
ကျန်းယွင်ကျူးက ပြောလိုက်သည်။ ရှဲ့ချန်သည် မနက်က ရှဲ့လျန်ကို ညနေကျလျှင် လာကြိုမည်ဟု ပြောသွားသည်ကို သတိရလိုက်လေသည်။ စကားပြောလိုက်ပြီးနောက် သူမက ရှဲ့ယုံကို လျစ်လျူရှုထားလိုက်ပြီး အနောက်ဘက်သို့ သွားလိုက်လေသည်။
ရှဲ့ယုံက ထိုနေရာတွင် ရပ်ကျန်ခဲ့သည်။ သရော်ဟန်ဖြင့် သူက ထိုင်ချလိုက်လေသည်။ သားဖြစ်သူက အဖေရဲ့အကြွေးကို ဆပ်ပေးတာက မှန်ကန်တဲ့လုပ်ရပ်ပဲလေ။
ကျန်းယွင်ကျူးသည် အနောက်ဘက်သို့ ရောက်လာသည်နှင့် အမျိုးသမီးဟွမ်က ရောက်လာပြီး သူမကို ပြောလိုက်လေသည်။
“ သူဌေး ဟိုကလေးမကို သွားကြည့်လိုက်ပါအုံး”
ဘယ်သူလဲ။ ကျန်းယွင်ကျူးသည် မကြာမီ သိလိုက်ရတော့သည်။ ရှဲ့လျန်သည် ရေစည်နောက်တွင် ပုန်းနေလေသည်။ သေတော့မည့်တိရိစ္ဆာန်လေးတစ်ကောင်လို သူမ၏ခေါင်းကို လက်ဖြင့်အုပ်ထားပြီး သူမ၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေလေသည်။
ကျန်းယွင်ကျူးသည် သူမကို အမှန်ပင် သနားမိတော့သည်။ သူမ၏အိပ်မက်ထဲတွင် ချင်ယောင်းကလည်း ရှဲ့ချန်ကြောင့် သည်လိုဖြစ်လာလိမ့်မလားဟု သူမစိတ်ထဲတွင် အမြဲ သံသယဖြစ်မိလေသည်။
ချင်ယောင်းသည် သူမကို လုံးဝမသိတော့သော်လည်း ချင်ယောင်းက သူမအပေါ် မည်သို့ ကောင်းပေးခဲ့ကြောင့် အမှတ်ရနေမိသည်။ သူမသည် ချင်ယောင်းကို သည်လိုဖြစ်လာမှာကို ထပ်မမြင်လိုတော့ပေ။
ဒီလောက် စိတ်ကူးယဥ်ဆန်ပြီး တက်ကြွတဲ့မိန်းကလေးတစ်ယောက်လေ။ အဲလိုဝမ်းနည်းပြီး ဒုက္ခရောက်သွားရလောက်အောင် ဘာတွေများ တွေ့ကြုံခဲ့ရလို့များလဲနော်။
တကယ့်ကို စူးစူးနင့်နင့် နာကျင်ရမှာပဲ။
“မကြောက်နဲ့နော်၊ ညီမလေးရဲ့ အစ်ကို ခဏနေရောက်လာလိမ့်မယ်” ကျန်းယွင်ကျူးက ရှဲ့လျန်ကို ချိုချိုသာသာ ပြောလိုက်လေသည်။
ရှဲ့ချန်၏နာမည်ကို ကြားလိုက်ချိန်တွင် ရှဲ့လျန်၏တုန်ယင်နေသည့်အဖြစ်က လျော့ပါးသွားတော့သည်။
ည ၇နာရီတွင် ရှဲ့ချန်က ရှဲ့လျန်ကို လာကြိုခဲ့ပြီး တံခါးမှဝင်လာသည်နှင့် ရှဲ့ယုံကို မြင်လိုက်လေတော့သည်။
သားအဖနှစ်ယောက်သည် ချက်ချင်း ထရန်ဖြစ်တော့လုနီးနီးပင်။
ရှဲ့လျန်က ပြန်ပြီး တုန်ယင်လာပြန်တော့သည်။ သို့တိုင် သူမက ခေါင်းမော့ကာ ဆိုင်ထဲသို့ လှမ်းကြည့်လိုက်ပြီး ရှဲ့ချန်၏ပုံရိပ်ကို အားတက်သရော ရှာဖွေနေတော့သည်။
နောက်ဆုံးတွင် သူမသည် သူ့ကို တွေ့သွားပြီး အများကြီး စိတ်အေးသွားသလို ခံစားလိုက်ရတော့သည်။
“ သွားလိုက်၊ ညီမလေးရဲ့အစ်ကိုကို သွားတွေ့လိုက်နော်” ကျန်းယွင်ကျူးက လက်ဆန့်ပေးလိုက်သည်။ သည်ကိစ္စကို သေချာပေါက် ဖြေရှင်းမှဖြစ်ပေမည်။
ရှဲ့လျန်က မျက်တောင်ခတ်လိုက်ပြီး သူမကို အလန့်တကြားကြည့်လိုက်၏။
ကျန်းယွင်ကျူးက သူမကို ပြုံးပြလိုက်လေသည်။
ရှဲ့လျန်သည် သူမကို ခဏလောက် ငေးကြည့်လိုက်ပြီး နောက်ဆုံးတွင် သူမ၏လက်ကို တစ်ဖက်လူ၏လက်ထဲ အမှတ်တမဲ့ ထည့်ပေးလိုက်တော့သည်။
ကျန်းယွင်ကျူးက သူမကို လက်တွဲလိုက်ပြီး ဆိုင်ထဲသို့ ခေါ်လာခဲ့လိုက်သည်။
ရှဲ့ချန်သည် ကျန်းယွင်ကျူးနှင့် သူမ၏နောက်က ရှဲ့လျန်ကို တွေ့သွားလေသည်။ သူသည် အလွန်ရှက်သွားတော့သည်။
“မိန်းကလေးကျန်း ရှဲ့လျန် အလုပ်လုပ်မှာလို့ ကျွန်တော် သူ့ကို မနေ့ကတည်းက ပြောထားပြီးသား၊ သူလည်း သဘောတူထားတယ်၊ သူ ဆိုင်ကိုလာပြီး မိန်းကလေးကို ပြဿနာလာရှာလိမ့်မယ်လို့ မထင်ခဲ့ဘူး”
သူက ရှဲ့လျန်ကို လှမ်းဆွဲလိုက်လေသည်။ နှစ်ယောက်လုံးက ကျန်းယွင်ကျူးကို အတူတူ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
ကျန်းယွင်ကျူးက စိတ်ထဲမထားပေ။ ဒါသည် အသေးအမွှားကိစ္စလေးပင်။
ဒီတော့ အခု ဘာလုပ်မှာလဲ။ ရှဲ့ယုံက အကြွေးကို ရှဲ့ချန် ဒါမှမဟုတ် ရှဲ့လျန်ရဲ့နာမည်အောက်မှာ ထားချင်နေတာလေ။
ကျန်းယွင်ကျူးက ရှဲ့ချန်ဘက်လှည့်လိုက်သည်။ သည်လိုကိစ္စမျိုးက ပထမအကြိမ် ရှိလာလျှင် ဒုတိယအကြိမ်လည်း ဖြစ်လာလိမ့်မည်ကို သူ သိသင့်သည်။ သည်လိုဆိုလျှင်တော့ သူမသည် မောင်နှမနှစ်ယောက်ကို ဆက်ထားဖို့ရာ စဥ်းစားရတော့မည်။
မှန်ပါသည်။ သူ့ရှေ့ကလူက အသိတရား ရလိမ့်မည်မဟုတ်မှန်း ရှဲ့ချန် နားလည်သည်။ သူသည် နောက်တစ်လှမ်းဆုတ်နေသ၍ ထိုလူက ရှေ့တစ်လှမ်းထက်တိုးလားပြီး သူ့ကို အသူရာချောက်ထဲ ကျသွားအောင် တွန်းချလိမ့်မည်။
“ကျွန်တော် သဘောမတူဘူး” သူက အံကြိတ်လိုက်၏။
“ မင်း ဘာပြောလိုက်တယ်ကွ”
ရှဲ့ယုံက သူ့ကို ရိုက်ဖို့ ရွယ်လိုက်လေသည်။
ရှဲ့ချန်က မျက်မှောင့်ကျုံ့ကာ သူ့ကို စိုက်ကြည့်လိုက်၏။ သူ့လက်များက လက်သီးများ ဖြစ်သွားတော့သည်။
ရှဲ့ယုံသည် မလှုပ်ရဲတော့ပေ။ သူက ရှဲ့ချန်ကို ဒေါသဖြင့်ကြည့်လိုက်ပြီး ကျန်းယွင်ကျူးဘက် လှည့်ပြောလိုက်၏။
“ အဖေရဲ့အကြွေးကို သားက ဆပ်ပေးတာ ဖြစ်သင့်တာပဲ”
ပြဿနာတက်မှာ ကြောက်သည့် သာမန်သူဌေးဆိုလျှင် သေချာပေါက် သဘောတူပေးလိမ့်မည်။ မည်သို့ဆိုစေ ငွေကို ရှဲ့ချန်ဆီမှ ဖြတ်လိုက်ရုံသာ။
အရင်က ရှဲ့အိမ်သို့ လာကြသည့် အကြွေးတောင်းသူများ ရှိခဲ့သည်။ နောက်ဆုံးတွင် သူတို့အားလုံးက ရှဲ့ချန်ထံမှ ငွေတောင်းကြလေသည်။ ထို့ကြောင့် ရှဲ့ချန်၏ ပင်ပင်ပန်းပန်း ရှာထားသည့်ငွေများက ဘယ်တော့မှ အဖတ်မတင်ခဲ့ပေ။
ရှဲ့ချန်က မျက်လွှာချထားလိုက်သည်။ သူနှင့်ရှဲ့လျန်တို့သည် မောင်းထုတ်ခံရပြီး လခတစ်ပြားပင် ရတော့မည် မဟုတ်သည်ကို သိလိုက်လေသည်။
“ ရှင်တို့ ဘာပတ်သက်မှုရှိတယ်ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး၊ ရှင် ကျွန်မရဲ့ အစားအသောက်ကို စားရင် ကျွန်မက ရှင့်ဆီက ငွေတောင်းရမှာပဲ”
ကျန်းယွင်ကျူးက ပြောလိုက်သည်။ သူမသည် ဒုက္ခရောက်မည်ကိုလည်း မကြောက်သလို ပြဿနာတက်မည်ကိုလည်း မကြောက်ပေ။
ရှဲ့ယုံ၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။
“ မင်း ၊ ငါ့မှာ ဘာငွေမှ မရှိဘူး၊ မင်း ငါ့ဆီက တောင်းရင်တောင် တစ်ပြားမှ ရမှာမဟုတ်ဘူး”
ရှဲ့ချန်က ကျန်းယွင်ကျူးကို အံ့ဩတကြီး ကြည့်လိုက်၏။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး
“ဒါဆို ရှင်က ငွေမပေးဘဲ စားချင်တာလား”
သူမက လီဟယ်ကို မျက်လုံးမှိတ်ပြလိုက်လေသည်။
လီဟယ်က ချက်ချင်းထွက်သွားပြီး လမ်းပေါ်တွင် ကင်းလှည့်နေသည့် ရဲမက်များကို ခေါ်လိုက်တော့သည်။
ရှဲ့ယုံသည် ရဲမက်များကို တွေ့လိုက်ရသောအခါ လန့်ဖျပ်သွားတော့သည်။ သို့တိုင် အဖေ့အကြွေးကို သားဆပ်ရမည်ဟူသည့် သူ့လမ်းစဥ်အတိုင်း ခေါင်းမာနေဆဲပင်။
သည်တစ်ကြိမ်တွင် ရှန်ချန် အပြောကို စောင့်မနေဘဲ ကျန်းယွင်ကျူးက ပြောလိုက်၏။
“ အခု ရှဲ့ချန်မှ ဘာလခမှ မှမရှိတာ သူကဘယ်လိုပေးမှာလဲ”
ရဲမက်များက မေးခွန်းတချို့မေးလိုက်ပြီး ဖြစ်ပျက်နေသည်များကို သိရှိသွားကြလေသည်။ ဒီလောက် အသေးအဖွဲကိစ္စလေးကို။ သူ ငွေမပေးရင် သူ့ကို ထောင်ထဲမှာ ချုပ်ထားလိုက်ပေါ့။ မိသားစုက ငွေပေးမှ သူ့ကို ပြန်လွှတ်ပေးလိမ့်မယ်။ ပုံမှန်ဆိုရင် သူတို့တွေက ဒီလိုဖြေရှင်းနေကျပဲလေ။
ထို့နောက်တွင် သူတို့သည် ရှဲ့ယုံကို ဂရုစိုက်မနေတော့ဘဲ သူ့ကို ချုပ်ကာ ချက်ချင်းခေါ် သွားလိုက်တော့သည်။
ရှဲ့ချန်နှင့် ရှဲ့လျန်တို့သာ ကျန်ခဲ့သည်။ ရှဲ့ချန်က ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ သူ့နှုတ်ခမ်းများက နှစ်ကြိမ်လောက် လှုပ်ရှားသွားသည်။ နောက်ဆုံးတွင် သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး သူမကို ဦးညွှတ်နှုတ်ဆက်လိုက်တော့သည်။ ကံတရားသာ ပြောင်းလဲသွားခဲ့ရင် ဒီနေ့ သူမရဲ့ကျေးဇူးကို သူ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။
...
အပိုင်း (၆၂) (က)
နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ကျန်းယွင်ကျူး၏ ကိုယ်တိုင်လုပ်ဒယ်အိုးက အဆင်သင့် ဖြစ်နေ၏။ သူမက ရေဘဝဲများကို ပြင်ဆင်ရန် မနက်အစောကြီးထလာခဲ့သည်။ သူမသည် ရေဘဝဲအသားလုံး လုပ်ပါတော့မည်။
ရာသီဥတုက အေးနေတာမလို့ ရေခဲတုံးတွေကို မနေ့ညကတည်း မီးဖိုဆောင်ထဲမှာ ထားခဲ့ပေမဲ့ အရေမပျော်သေးဘူး။ သူမတော့ ဒါကို ကိုင်တွယ်ဖို့ နည်းနည်းခက်ခဲနေတော့မှာပဲ။
သူမက စဥ်းစားလိုက်၏။ ရေခဲ အရည်ပျော်တာကိုပဲ စောင့်လိုက်ရမလား။
“ကျွန်တော် လုပ်ပေးမယ်”
ရှန်ဖုန်းမင်က မီးဖိုဆောင်ကို ဖြတ်သွားချိန်တွင် သူမက ရေခဲတုံးနှင့် နပန်းလုံးနေသည်ကို မြင်သွားပြီး ဝင်လာခဲ့လေသည်။
“ဟုတ်ကဲ့၊ သတိထားနော်၊ ရှင့်ကို မစင်စေနဲ့အုံး”
ကျန်းယွင်ကျူးက သတိပေးလိုက်၏။ သူမသည် ရှန်ဖုန်းမင်၏အကူအညီကို ထပ်ပြီး မငြင်းတော့ပေ။
ရှန်ဖုန်းမင်က လက်ခံလိုက်ပြီး တစ်ဖက်က တုတ်ချောင်းတစ်ခုကို ကောက်ကိုင်လိုက်ကာ ရေခဲကို ခွဲဖို့ တစ်ချက် နှစ်ချက် ရိုက်လိုက်လေသ်ည။ ထို့နောက်တွင် သူက ဓားတိုတစ်ချောင်း ထုတ်လိုက်ပြီး ရေဘဝဲများကို တစ်ကောင်ချင်း ကော်ထုတ်ကာ ရေထဲထည့်လိုက်လေသည်။ သူသည် မြန်မြန်ဆန်ဆန်နှင့် သပ်သပ်ရပ်ရပ် လှုပ်ရှားလိုက်သည်။ ထိုရေဘဝဲများသည် ပကတိအတိုင်း ရှိနေလေသည်။ တစ်ကောင်မှ ခြေကျိုး လက်ကျိုးထားခြင်း မရှိပေ။
ကျန်းယွင်ကျူးက ဘေးမှ ကြည့်နေရင်း မျက်စိပသာဒဖြစ်လွန်းသည်ဟုသာ မြင်မိတော့သည်။ သူသာ အချက်အပြုတ်ကို လေ့လာခဲ့လျှင် ထိပ်တန်းအဆင့်ကို သေချာပေါက်ရောက်လိမ့်မည်ဟု စဥ်းစားနေမိတော့သည်။
နောက်ဆုံးတွင် ရေဘဝဲများကို ရွေးထုတ်လိုက်ပြီး သူမက မုန့်နှစ်ကို စ,လုပ်လိုက်သည်။ ရေဘဝဲအသားလုံးမုန့်နှစ်ကို ခေတ်သစ်နည်းတွင် ကြက်ဥနှင့် မုန့်ဖုတ်ပေါင်ဒါဖြင့် ပြုလုပ်ရသည်။ မုန့်ဖုတ်ပေါင်ဒါက မုန့်နှစ်ကို မြန်မြန် အချဥ်ဖောက်ပေးပြီး ရေဘဝဲများကို အပြင်ဘက်တွင် ကြွပ်ရွစေကာ အတွင်းဖက်တွင် နူးညံ့စေလေသည်။
သည်ခေတ်အခါတွင် မုန့်ဖုတ်ပေါင်ဒါက မရှိပေ။ အသုံးပြုသည့် အချဥ်ဖောက်ခြင်းနည်းလည်းက ရှိသည်ဆိုရုံလောက်ပင်။ အချိန်ပေးရသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လေသည်။
အားလုံးက အဆင်သင့်ဖြစ်နေ၏။ သူမက လက်ဆေးလိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်သည်။
“ ခဏနေကျရင် အရသာရှိတဲ့အစားအစာ ရလာတော့မယ်”
“အင်း”
ရှန်ဖုန်းမင်က သူမကို ကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်က မသိမသာ မြင့်တက်သွားလေသည်။ သူမမှာ မကြာခဏဆိုသလို စိတ်ကူးသစ်တွေ ရှိပြီး အမြဲတမ်း ဘဝအတွက် မျှော်လင့်ချက်အပြည့်အဝ ရှိနေတာပဲ။ သူမဘေးမှာရှိနေရင် အားလုံးက အမှတ်တမဲ့ သူမ လွှမ်းမိုးတာ ခံသွားရလိမ့်မယ်။
ဥပမာ ရွှယ်ကျင်းပေါ့။ သူဆို နေ့တိုင်း အရမ်းကို တက်ကြွနေတာ။ ချက်ပြုတ်တာပဲဖြစ်ဖြစ် ဟင်းပွဲအသစ် လုပ်တာပဲဖြစ်ဖြစ် အားအင်အပြည့်ဖြစ်နေတာပဲ။
ဥပမာ လီဟယ်နဲ့ သူ့မိန်းမပေါ့။ သူတို့ရဲ့အသားအရောင်တွေက အရင်က စိတ်ဓာတ်ကျနေတဲ့ရုပ်ကနေ လုံးဝပြောင်းလဲသွားတာပဲ။
ဥပမာ ရှဲ့လျန်။ အခုဆို ကလေးမလေးက ရယ်မောနိုင်လာပြီ။
ဥပမာ .... ရှန်ဖုန်းမင်က သူ့ကိုယ်သူ ပြန်စဥ်းစားကြည့်လိုက်လေသည်။ သူက အရင်ကဆိုရင် အိမ်မှာ မနေချင်ခဲ့ဘူးလေ။ ဒါကြောင့် သူ့အချိန်တွေကို ဌာနမှာနေရင်း အမှုတွေကို စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်ဖြေရှင်းပြီး ကုန်ဆုံးခဲ့တာများတယ်။ သူက မပင်ပန်းတတ်တော့အတိုင်းပဲ။ ဒါပေမဲ့ အခုတော့ ဘဝမှာ စုံစမ်းစစ်ဆေးတာ တစ်ခုပဲ ရှိတာမဟုတ်ဘူးဆိုတာ သူ သိလာသလိုပဲ။ သူ တခြား လုပ်နိုင်တာတွေ အများကြီးရှိနေတာပဲ။
မနက် ကိုးနာရီတွင် မုန့်နှစ်သည် လုံလောက်အောင် အချဥ်ပေါက်လာခဲ့သည်။ ကျန်းယွင်ကျူးက အလုပ် စလုပ်တော့သည်။ ပထမဆုံး စက်လုံးခြမ်းခွက်လေးများထဲတွင် ဆီနည်းနည်း ထည့်လိုက်ပြီးနောက် မုန့်နှစ်ကို လောင်းထည့်လိုက်သည်။ မုန့်နှစ်က ဆူပွက်နေသည့် ဆီပူနှင့် တွေ့သွားချိန်တွင် ချက်ချင်း ပွက်လာခဲ့သည်။
နှုပ်နှုပ်စင်းထားသည့် ရေဘဝဲနှင့် တခြားပါဝင်ပစ္စည်းများကို အိုးထဲလောင်းထည့်လိုက်သည်။ သည်အချိန်တွင် အောက်ကမုန့်နှစ်သည် ကျက်လုနီးနီး ဖြစ်လာခဲ့သည်။ ဝါးတံတစ်ခုကို သုံးပြီး ဘက်လှည့်လိုက်သည်။ မုန့်နှစ်ကို လောင်းထည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်လုပ်လိုက်လေသည်။
မကြာမီတွင် အသားလုံးလေးများ ထည့်ထားသည့် ဒယ်အိုးတစ်ခုကို အောင်အောင်မြင်မြင် ပြုလုပ်ပြီးသွားတော့သည်။ ငါးအသားလွှာခြောက်လေး ဒီမှာမရှိသည်က နှမြောစရာပင်။ သို့တိုင် အထဲတွင် ရေဘဝဲကို များများထည့်ထားလေသည်။ ကျန်းယွင်ကျူး၏ လျှို့ဝှက် ချိုချဥ်ဆောစ့်နှင့် ပေါင်းလိုက်လျှင် ပြီးပြည့်စုံသွားလိမ့်မည်။
“အစ်မ ဒါက ဘာလဲ”
ကျန်းလင်က စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး မေးလိုက်၏။ သည်နေ့သည် သူတို့ကျောင်းပိတ်ရက် ဖြစ်လေသည်။ သူနှင့် ကျန်းဝူတို့သည် ကျောင်းသွားဖို့ မလိုပေ။ သည်နေ့ သူ့တာဝန်က ကျန်းယွင်ရွှယ်ကို စာသင်ပေးရမည်။ သူသည် စာသင်ပေးရင်းက မီးဖိုဆောင်ထဲမှ အနံ့မွှေးမွှေးလေးကို ရသဖြင့် ပြေးထွက်လာခြင်းပင်။
“ရေဘဝဲအသားလုံးလေ၊ စားကြည့်” ကျန်းယွင်ကျူးက ပြောလိုက်၏။
သည်အချိန်တွင် ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့လည်း ရောက်လာကြသည်။ သူတို့က အားတက်သရောဖြင့် ဝါးတံလေးကို ယူလိုက်ပြီး အသားလုံးတစ်ခုကို ထိုးလိုက်ကာ အသားလုံးကို ပါးစပ်ထဲ ထည့်လိုက်ကြလေသည်။
အလွန်မှ ပူနေသည်။ အိုးထဲမှ လတ်လတ်ဆတ်ဆတ် ထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပူနေလေသည်။ သို့သော် သူတို့သုံးယောက်လုံးက တစ်ယောက်မှ ပါးစပ်ထဲက အရာကို ပြန်ထုတ်ဖို့ ဆန္ဒမရှိကြပေ။
မီးသင်းသင်းနှင့် ကြွပ်ရွသည့်အခွံက တစ်ကိုက်ကိုက်အပြီးတွင် အထဲ၌နူးညံ့နေသည်ကို တွေ့လိုက်ရလေသည်။
ရေဘဝဲ၏ ယူမာမီအရသာက ထူးခြားသည့် ချိုစပ်ဆောစ့်နှင့်တွဲထားသည့် အသားလုံးတစ်ခုလုံးကို ပြည့်နှက်သွားစေတော့သည်။ ကျန်းလင်သည် သူ မနက်စာ စားထားးသည်ကိုပင် နောင်တရသွားတော့သည်။ သူသာ မနက်စာ မစားရသေးလျှင် တစ်ထိုင်တည်းနှင့် အသားလုံးအိုး နှစ်အိုးလောက်တော့ စားပစ်နိုင်လေသည်။
သို့ဆိုလျှင်တောင် သူက အစားမရပ်နိုင်ပေ။
သည်အခိုက်တွင် ရှဲ့လျန်နှင့် ရှဲ့ချန်တို့ ရောက်လာကြသည်။
“ စားကြည့်ပါအုံး”
ကျန်းယွင်ကျူးက အသားလုံးတစ်ခုကို ယူလိုက်ကာ စားလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်၏။
ရှဲ့လျန်သည် အခုတော့ ကျန်းယွင်ကျူးရှေ့တွင် ကြောက်ရွံ့မနေတော့ပေ။ ကျန်းယွင်ကျူးက သူမကို စားဖို့ပြောလျှင် တကယ်စားခိုင်းမှန်း သိလေသည်။
သူမက ဝါးတံတစ်ခုကို ယူလိုက်ပြီး အသားလုံးကို ပါးစပ်ထဲ ထည့်လိုက်၏။ ရုတ်ခြည်းဆိုသလို သူမ၏ မျက်လုံးများ လင်းလက်သွားတော့သည်။ ဒီအသားလုံးက တကယ်အရသာရှိတာပဲ။ အဲဒီနှစ်က သူမ ဗိုက်ဆာနေတုန်း ဘေးအိမ်က အဒေါ်ပေးခဲ့တဲ့ အသားလုံးတွေထက်တောင် ပိုကောင်းသေးတယ်။
ရှဲ့ချန်ကလည်း နီမြန်းနေသည့်မျက်နှာတစ်ခုဖြင့် အသားလုံး ထိုးစိုက်လိုက်လေသည်။ အရသာအစုံ ကြွပ်ရွပြီး အရသာရှိလိုက်တာ။
သို့တိုင် သူက တစ်ခုသာ စားလိုက်လေသည်။ ထို့နောက် သူက သည်နေ့ လာရသည့် အကြောင်းအရင်းကို ပြောလိုက်လေသည်။ သည်နေ့သည်အားလပ်ရက်ဖြစ်သဖြင့် သူက ရှဲ့လျန်၏အလုပ်များကို ကူပေးရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
“မလိုပါဘူး၊ သူ အလုပ်ကောင်းကောင်း လုပ်နေပါတယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ ရှဲ့လျန်က သိတတ်သည်။ သူမက အလုပ်မျိုးစုံကို မခိုမကပ်ဘဲ လုပ်တတ်သည်။ သူမသည် ထိပ်တန်းဝန်ထမ်းဆယ်ယောက်ထဲက တစ်ယောက်ဟု ဆိုနိုင်လေသည်။
သို့သော် ရှဲ့ချန်က ဆိုင်တွက် ရှိနေပြီး ကျန်းယွင်ကျူး၏ကျေးဇူးကို ပြန်ဆပ်ဖို့ရာ သူမအတွက် အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားလေသည်။
သူမက ဆိုင်မှာ ရှဲ့လျန်ကို ခေါ်ထားပေးရုံ မကဘူးလေ ရှဲ့လျန်ကိုလည်း အရသာရှိတဲ့ အစားအသောက်တွေကိုလည်း ပေးသေးတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ရှဲ့လျန်ရဲ့မျက်နှာက သိသိသာသာ တောက်ပလာပြီး အများကြီးပိုရွှင်လန်းလာခဲ့တယ်။ ဒါတွေက ငွေနဲ့ ဝယ်လို့ရတဲ့အရာ မဟုတ်ဘူးလေ။
ကျန်းယွင်ကျူးသည် မတတ်သာတော့ဘဲ သူ့ကို လွှတ်ထားလိုက်ရတော့သည်။
သည်အချိန်တွင် လီဟယ်ရောက်လာသည်။ သူ့လက်ထဲတွင် နို့ပုံးနှစ်ပုံး ပါလာခဲ့သည်။ ထိုနေ့က ချင်းနို့ပူတင်း စလုပ်ကတည်းက မျှော်လင့်မထားခဲ့ဘဲ နာမည်ကြီးလာခဲ့သည်။ ဆိုင်လာကြသူများက တစ်ပွဲစီ မှာကြသည့်အပြင် တချို့လူများက သီးသန့်လာကာ အိမ်သို့ ဝယ်ပြန်ကြလေသည်။
ထို့ကြောင့် တစ်နေ့ ပုံးတစ်ဝက်နို့က အလိုလိုပင် မလောက်တော့ပေ။
လီဟယ်က အလုပ်မရှိချိန်တွင် စျေးသို့ ပတ်ကြည့်ခဲ့သည်။ သူသည် နွားပေါက်ရှိသည့် မိသားစုလေးခုကို ရှာတွေ့ခဲ့သည်။
“သူဌေး ဒါဆို လောက်ပါတယ်နော်”
လီဟယ်က နို့ပုံးနှစ်ပုံးကို ချလိုက်ပြီး ကျေနပ်နေဟန်ဖြင့် မေးလိုက်လေသည်။ ဒီနို့နှစ်ပုံးနဲ့ဆိုရင် သူတို့တွေ ချင်းနို့ပူတင်းတွေအများကြီးလုပ်ပြီး ငွေအများကြီး ရှာနိုင်လောက်တယ်။
ကျန်းယွင်ကျူးက သူ့ကို အားနာစိတ်ဖြင့် ကြည့်လိုက်ပြီး
“ အင်း၊ မလောက်လောက်ဘူး”
သူမက နို့လက်ဖက်ရည်ကော လုပ်အုံးမှာလေ။
လီဟယ်သည် အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ထို့နောက် သူသည် တဖန် ပြန်လှည့်ထွက်သွားလေသည်။ ဒီလောက်ကြီးတဲ့ ဝူလင်စီရင်စုမှ နွားပေါက်မွေးထားတဲ့ မိသားစု လေးခုပဲ ရှိမယ်လို့ သူ မယုံဘူး။
ကျန်းယွင်ကျူးက နို့လက်ဖက်ရည်ကို စလုပ်လိုက်လေသည်။ ဒါက အမှန်တော့ ပိုလွယ်ကူသေးတယ်။ သကြားကြမ်းနှင့် လက်ဖက်ရွက်တို့ကို ဒယ်အိုးတစ်ခုထဲတွင် တူးနံ့ထွက်လာသည်အထိ လှော်ပေးရသည်။ ထို့နောက် နို့ကိုလောင်းထည့်လိုက်ပြီး ဆူအောင်တည်ထားရသည်။ နို့လက်ဖက်ရည်တစ်ခွက် အသင့်ဖြစ်လာပေမည်။
ထို့နောက်တွင်တွင် ပဲနီနို့လက်ဖက်ရည်လုပ်ရန် ပဲနီများကို ထည့်လိုက်ရုံသာ။
လိမ္မော်နံ့ ကြိုက်သူက လိမ္မော်ရည်အနည်းငယ် ထည့်နိုင်သည်။
ပလောပီနံမှုန့် မရှိသည်က နှမြောဖို့ကောင်းသည်။ ကန်းစွန်းဥမှုန့်သုံးလျှင်လည်း အဆင်ပြေမည် မဟုတ်ဟု ကျန်းယွင်ကျူး ထင်မိသည်။ ထို့ကြောင့် သူမက ပုလဲ(bubble)များကို မလုပ်လိုက်တော့ချေ။
ထို့ကြောင့် ပဲနီနို့လက်ဖက်ရည် ခွက်နည်းနည်းနှင့် လိမ္မော်လက်ဖက်ရည် ခွက်နည်းနည်းသာ လုပ်လိုက်သည်။ ရေဘဝဲအသားလုံး စားပြီးနောက် နို့လက်ဖက်ရည်တစ်ငုံသည် နူးညံ့မွှေးပြန့်နေပြီး ချိုသော်လည်း မအီနေပေ။ ရုတ်ခြည်းဆိုသလို ဘဝက ပြီးပြည့်စုံသွားသည်ဟု ခံစားလိုက်ရလေသည်။
မီးဖိုဆောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ အားလုံးက နို့လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်ရင်း အေးချမ်းငြိမ်သက်မှုနှင့် အလှအပကို ခံစားနေလိုက်သည်။
ရှန်ဖုန်းမင် ပြန်လာချိန်တွင် မီးဖိုဆောင်က နေ့လယ်စာကို စတင်ပြင်ဆင်နေပြီ ဖြစ်သည်။
သူက စိတ်ထဲမထားပေ။ သူ့မျက်လုံးထဲတွင် တစ်စုံတစ်ယောက်ကိုသာ ရှာဖွေနေခဲ့သည်။
“ကျွန်မ ဒါကို ရှင့်အတွက် ချန်ထားပေးတာ”
ကျန်းယွင်ကျူးက ရေဘဝဲအသားလုံး ပွဲသေးတစ်ခုနှင့် နို့လက်ဖက်ရည်တစ်ခွက်ကို လှမ်းပေးလိုက်လေသည်။ မနက်ခင်းက သူမသည် အရသာရှိသည့် အစားအစာကို လုပ်ပေးမည်ဟု ပြောခဲ့သည်။ သူက ရေဘဝဲများကို ကူညီထုတ်ပေးခဲ့သေးသည်။ သူမက သူ့ကို ကျွေးချင်သဖြင့် ချန်ထားလိုက်လေသည်။
ရှန်ဖုန်းမင်က လက်ခံလိုက်၏။ သူ့မျက်လုံးများထဲတွင် ပြန့်ကျဲနေသည့်ကြယ်ပွင့်များ ရှိနေသယောင်။
နောက်ဆုံး သူသည် အိမ်တော်ကြီးတစ်ခု၏ သားဖြစ်သည်။ ရှန်ဖုန်းမင်သည် စားလိုက်ချိန်တွင် မြန်မြန်စားစား နှေးနှေးစားစား တင့်တယ်ပြီးတည်ငြိမ်နေလေသည်။
“ဘယ်လိုလဲ”
သူ စားသောက်ပြီးနောက်တွင် ကျန်းယွင်ကျူးက မေးလိုက်သည်။
“စားလို့ကောင်းတယ်” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။
သူက ထိုသို့ ပြောသည်ဆိုလျှင် ရေဘဝဲအသားလုံးနှင့် နို့လက်ဖက်ရည်ကို ရောင်းလို့ရနိုင်သည်ဟု ကျန်းယွင်ကျူးက ခံစားမိလေသည်။
နေ့လယ်ကျရင် ဒီနှစ်မျိုးကို အစားအသောက်စာရင်းထဲ ထည့်ရမယ်။
မိန်းကလေးယဲ့နှင့် သူမ၏သူငယ်ချင်းများ ချီရှန်းကျွီ၏ ပုံမှန်ဖောက်သည်များ ဖြစ်လာခဲ့သည်။ သူမ၏ ဦးဆောင်မှုကြောင့် စီရင်စုမှ မိန်းကလေးများက ချီရှန်းကျွီသို့ ပိုရောက်လာကြတော့သည်။ ထို့ကြောင့် ဆိုင်လူဝင်လူထွက် အများကြီးတိုးလာခဲ့သည်။ ကျန်းယွင်ကျူးသည် ဆိုင်ကိုဖွင့်စဥ်က သည်ကိစ္စကို မျှော်လင့်မထားခဲ့ပေ။
သည်နေ့လည်း သူတို့ ထပ်ရောက်လာပြီး အစားအစာအသစ်ကို တွေ့သွားကြသည်။ သူတို့သည် တစ်ပွဲလောက်တော့ အမှန်ပင် မှာချင်ခဲ့ကြလေသည်။
အစားအသောက်များ တည်ခင်းပေးလိုက်ချိန်တွင် မိန်းကလေးများက ရေဘဝဲအသားလုံး တစ်လုတ်အပြည့် စားလိုက်ပြီး နို့လက်ဖက်ရည်တစ်ငုံအပြည့် သောက်လိုက်ကြလေသည်။ ချက်ချင်းဆိုသလို သူတို့သည် အစားအစာနှစ် ပေါင်းစပ်မှု၏ ပြီးပြည့်စုံသည့်ခံစားချက်များ ပြည့်သွားတော့သည်။
“ ဒါက ဘယ်လိုရေဘဝဲအသားလုံးမျိုးလဲ၊ ဒီ ချိုစပ်အချဥ်ရည်နဲ့ တွဲစားလိုက်တော့ ရေဘဝဲအစပ်ထက်တောင် အရသာအများကြီး ပိုကောင်းသွားတယ်နော်”
ဘဲဥမျက်နှာနှင့် မိန်းကလေးက ချီးကျူးလိုက်၏။ ရေဘဝဲအစပ်က ဟင်းပွဲဖြစ်သည်။ သည်ရေဘဝဲအသားလုံးကတော့ သရေစာနှင့် ပိုတူသည်။ ပုံစံက စိတ်ဝင်စားစရာကောင်းပြီး စားလို့ကောင်းလေသည်။
“ ဒီနို့လက်ဖက်ရည်ကလည်း အရသာရှိတယ်နော်၊ စိုက်ပေဘက်က လက်ဖက်ရည်လုပ်ဖို့ နို့ကို သုံးတယ်လို့ ငါ ကြားဖူးတယ် ဒါပေမဲ့ ညှီနံ့တစ်ခုကတော့ အမြဲတမ်းရှိတယ်၊ ဒီချီရှန်းကျွီက နို့လက်ဖက်ရည်ကို လုပ်တုန်းက ဘာလို့ ညှီတဲ့အနံ့လုံးဝ မပါတာလဲမသိဘူး”
မျက်နှာဝိုင်းနှင့် မိန်းကလေးက မေးလိုက်သည်။ သူမသည် နို့လက်ဖက်ရည်ကို ရခဲ့ချိန်တွင် သူမသည် ထိုအကြောင်းကို အလွန်နောက်ကျမှ သိခဲ့ရသည်ဟု ခံစားလိုက်ရတော့သည်။
“ဒါပေါ့ ဒါက ပိုင်ရှင်ရဲ့ လက်ရာပဲကိုး”
မိန်းကလေးယဲ့က ရွှင်လန်းကာ ပြောလိုက်သည်။
“ တစ်ယောက်ယောက်က ဒီလိုအစားအသောက်ကောင်းကို လုပ်နိုင်အုံးမယ်လို့ နင်က ထင်နေတာလား”
ဘဲဥမျက်နှာနှင့် မိန်းကလေးက သူမပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သွားပြီး အပြုံးလေးတစ်ခုနှင့် ပြောလိုက်လေသည်။
“အစ်မယဲ့က ချောင်မိသားစု နွားနို့ဝယ်တဲ့အကြောင်း ပြောနေတာမလား”
ထိုအကြောင်းကို ပြောလိုက်တော့ မိန်းကလေးများသည် ပိုလို့ပင် တက်ကြွလာကြလေသည်။
မိန်းကလေးယဲ့က ချင်းနို့ပူတင်းကို သူမအဘွား စားဖို့ရန်အတွက် ဝယ်ပြန်သွားပြီးနောက်တွင် ဖြစ်ခဲ့ခြင်းပင်။ သက်ကြီးရွယ်အို လူကြီးက အလွန်သက်တောင့်သက်သာရှိလှသည်ဟု ခံစားမိပြီး သူမ၏ မိတ်ဆွေဟောင်းများကို စဥ်းစားမိလေသည်။ လူတွေကလေ အင်း... အသက်ကြီးလာတာနဲ့အမျှ အအေးမိလွယ်ကြတာပဲ။ ဒီလို အစားအသောက်ကောင်းမျိုးကို သူမက သူတို့ကိုလည်း စားစေချင်တာပေါ့။
သူမက မိန်းကလေးယဲ့ကို နည်းနည်း ထပ်ဝယ်ခိုင်းလိုက်ပြီး သူမနှင့် ကောင်းကောင်း သိသည့် လူကြီးမိတ်ဆွေတချို့ကို သွားပို့ခိုင်းရာ ချောင်မိသားစု၏ သခင်မကြီးအပါအဝင် ဖြစ်ခဲ့သည်။
ချောင်မိသားစု၏ သခင်မကြီးက စားပြီးနောက်တွင် သူမသည် ပိုပြီးနေလို့ကောင်းလာခဲ့သည်။ ချီရှန်းကျွီမှ ဝယ်လာသည်ကို သိလိုက်ရပြီးနောက်တွင် သူမက အိမ်ကလူများကို သွားဝယ်ခိုင်းခဲ့သည်။
ထိုအချိန်တွင် မိန်းကလေးချောင်က သူမ၏ဘေးတွင် ရှိနေခဲ့သည်။ ချီရှန်းကျွီတွင် သူမ အရှက်ကွဲခဲ့သည်ကို စဥ်းမိလိုက်ချိန်တွင် သူမသည် ထိုဆိုင် အလွန်မုန်းလေရာ အစေခံများကို ချက်ချင်း တားမြစ်ခဲ့သည်။
သူမက သွားဝယ်ခိုင်းဖို့ တားမြစ်ခဲ့သည်။ သခင်မကြီးချောင်က အကြောင်းကို မေးခဲ့သည်။ ဟုတ်ပါသည်။ သူမသည် အမှန်ကို မပြောရဲခဲ့ပါ။ ထို့အစား သူမက ချီရှန်းကျွီကို သေးသိမ်အောင်ပင် ပြောလိုက်သေးသည်။
သို့သော် သခင်မကြီးချောင်က သည်ချင်းနို့ပူတင်းသည် နှစ်သက်ဖွယ်ကောင်းသည်ဟု ခံစားမိသည် မဟုတ်ပါလား။
“အဘွား သမီးတို့ကိုယ်တိုင် လုပ်ရအောင်ပါ၊ သူတို့လုပ်တာထက် ပိုသန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တယ်လေ ဟုတ်တယ်မလား” မိန်းကလေးချောင်က ပြောလိုက်၏။
ကျိုးကြောင်းသင့်ဟန်တူသည်။ ထို့ကြောင့် ချောင်မိသားစုက နွားနို့ကို ဝယ်ခဲ့လေသည်။
လုပ်ခဲ့ပါသလား။
“မနေ့က ချောင်မိသားစုက အစေခံတွေ ချင်းနို့ပူတင်း လာဝယ်တာ ငါ တွေ့လိုက်တယ်”
ဘဲဥမျက်နှာနှင့်မိန်းကလေးက ပြောလိုက်၏။
မိန်းကလေးများသည် အပြန်အလှန် ကြည့်လိုက်ကြလေသည်။ သူတို့အားလုံးကို မျက်နှာကို ကွယ်လိုက်ကာ ပြုံးလိုက်ကြလေသည်။ အဲဒီမိန်းကလေးချောင်က ဒါကို ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ သူ တစ်ယောက်ထဲကပဲ လုပ်နိုင်မှာ အမြဲတမ်းထင်နေတာလေ။ အခုတော့ သိသွားရောပေါ့။
“အဲလိုပြောမှပဲ ဒီဆိုင်ပိုင်ရှင်က တော်တော်အရည်အချင်းရှိတာနော်၊ အခုဆိုရင်လေ နေ့တိုင်း သူ့ဆိုင်မှာ လာစားနိုင်ရင် ကောင်းမှာပဲလို့ စဥ်းစားမိတယ်၊ အိမ်တောင် မပြန်ချင်တော့ဘူး” မျက်နှာဝိုင်းနှင့် မိန်းကလေးက သက်ပြင်းချလိုက်လေသည်။
မိန်းကလေးတချို့က အမှန်တကယ် နားလည်ကြလေသည်။
ကျန်းယွင်ကျူးကတော့ သူတို့တီးတိုးစကားကို မသိခဲ့သည်ကအမှန်ပင်။ သို့သော် သည်နေ့ သူမ ငွေအများကြီး ရှာနိုင်ခဲ့သည်ကတော့ အမှန်ပင်။
နေ့လယ်ခင်းတွင် ဧည့်သည်အရေအတွက် တဖြည်းဖြည်းကျလာပြီး လူနှစ်ယောက်က အပြင်မှ ဝင်လာခဲ့လေသည်။ ရှေ့ကတစ်ယောက်မှာ ချင်ယောင်းဖြစ်ပြီး နောက်ကတစ်ယောက်မှာ လင်ယွိပိုင်။
ရှဲ့ချန်က ကျန်းယွင်ကျူးကို တစ်ခုခု ကူညီပေးချင်ခဲ့သည်။ ထို့ကြောင့် ကျန်းယွင်ကျူးက သူ့ကို ကျန်းယွင်ရွှယ်အစား ကောင်တာတွင် ရပ်ပေးဖို့ ပြောလိုက်သည်။
ချင်ယောင်းသည် ဝင်လာသည်နှင့်တစ်ပြိုင်နက် ကောင်တာနောက်ကလူကို တွေ့သွားပြီး ခဏလောက် မှင်တက်အံ့ဩသွားပြီးမှ သတိပြန်ဝင်လာတော့သည်။
လင်ယွိပိုင်မှာ သူခိုးတစ်ယောက်လို အပေါ်ကြည့် အောက်ကြည့် ဘယ် ညာ ကြည့်နေလေသည်။ ရှန်ဖုန်းမင် မရှိသည်ကို တွေ့လိုက်ရပြီး သူ့မှာ စိတ်အေးသွားတော့သည်။
သူသည် သည်ဆိုင်ကို လုံးဝမလာခဲ့ပေ။ သို့သော် ချင်ယောင်းက လာချင်နေသည်။ ထို့ကြောင့် သူပါ လိုက်လာရတော့သည်။
မဟုတ်လျှင် သူမ မပြစ်မှားသင့်သူကို ပြစ်မှားမိခဲ့လျှင် နောက်မှ နောင်တရလည်း အလွန် နောက်ကျသွားလိမ့်မည်။
ရှဲ့ချန်က သူတို့နှစ်ယောက်ကို မြင်လိုက်လေသည်။ သူသည် ချင်ယောင်း၏မျက်နှာကို ရင်းနှီးနေသည်ဟုသာ ခံစားမိလိုက်သည်။ သေသေချာချာ ပြန်စဥ်းစားလိုက်ပြီးနောက်မှ သူမ ဘယ်သူဖြစ်သည်ကို မှတ်မိသွားပြီး ခေါင်းညိတ်ကာ သူမကို ပြုံးပြလိုက်လေသည်။
ချင်ယောင်းသည် အနည်းငယ် ရှက်သွေးဖြာသွားကာ နေရာတွင် မြန်မြန်ထိုင်ချလိုက်တော့သည်။
လင်ယွိပိုင်ကလည်း ထိုင်ချလိုက်သည်။
နှစ်ယောက်သားက ဟင်းပွဲများကို မြန်မြန်မှာလိုက်ကြသည်။ ချင်ယောင်းက စိတ်နှင့်ကိုယ် မကပ်ဘဲ စားသောက်နေခဲ့သည်။ လင်ယွိပိုင်က ဝက်နံရိုးချိုချဥ်တစ်တုံးကို ယူလိုက်၏။ ချက်ချင်းဆိုသလို သူ့မက်မွန်မျက်လုံးလှလှလေးတွင် အလင်းတစ်ခု ဖြတ်ပြေးသွားတော့သည်။ ဒီစားသောက်ဆိုင်က အစားအသောက်က အရမ်းအရသာရှိတာပဲ။
ကျန်းယွင်ကျူးက လိုရမည်ရ အပြင်ထွက်လာပြီး အမှာစာလာယူရာ သည်လူနှစ်ယောက်ကို တွေ့သွားတော့သည်။ စိတ်ထဲမှ တွေးလိုက်မိ၏။ ဟုတ်နေတာပဲ။ ဒီလူနှစ်ယောက်က အချင်းချင်း သိနေကြတယ်။ ထို့နောက် သူမက ရှဲ့ချန်ကို ထပ်ကြည့်လိုက်ပြီး သူမ၏စိတ်က အတွေးနယ်ထဲ ရောက်သွားတော့သည်။
သည်နေ့ကစပြီး ချင်ယောင်းနှင့် လင်ယွိပိုင်တို့သည် ချီရှန်းကျွီ၏ ပုံမှန် ဖောက်သည်ဖြစ်လာခဲ့လေသည်။ ချီရှန်းကျွီ၏ စီးပွားရေးကလည်း အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်။ အားလုံးက နေ့တိုင်း အားအင်အပြည့် ဖြစ်နေတော့သည်။
သို့သော် တစ်မနက်တွင် အမျိုးသမီးချန်က အပြင်မှ မြန်မြန်ဝင်လာခဲ့ပြီး ပြောလိုက်လေသည်။
“ ယွင်ကျူး အမေတို့ဘေးအခန်းက တစ်ချိန်လုံး ပြင်ဆင်နေတာမလား၊ အခု သူတို့တွေ ဆိုင်းဘုတ်တင်တာ တွေ့ခဲ့တယ်၊ သူတို့တွေက တကယ်တော့ စားသောက်ဆိုင်တစ်ခု ဖွင့်မလို့ပဲ၊ ပိုဆိုးတာက... သမီး အပြင်ထွက်ကြည့်သင့်တယ်နော်”
ချီရှန်းကျွီ၏ဘေးအခန်းသည် တာဝန်ခံမန်၏ ဆိုင်ခန်းဖြစ်ပြီး ကျန်းယွင်ကျူး အရင်က ငှားမိတော့မလိုဖြစ်ခဲ့သည့် အခန်းပင်။
ကျန်းယွင်ကျူးက အပြင်ထွက်ကြည့်လိုက်ပြီး ဘေးအခန်းက အပြင်အဆင်က အားလုံးပြီးနေပြီ ဖြစ်သည်။ ပြတင်းပေါက်များကို အကောင်းစားပိတ်သားဖြင့် အစားထိုးထားသည်။ ဆိုင်ထဲက ပရိဘောဂများက ချီရှန်းကျွီနှင့် တစ်ထပ်တည်းမတူသော်လည်း ၈၀%လောက် တူလေသည်။
ထို့နောက်တွင် ချိတ်ထားသည့် ဆိုင်းဘုတ်ကို ကြည့်လိုက်လေသည်။ ဘုရားရေ။ ‘ရှီရှန်းကျွီ’ တဲ့လေ။
...
အပိုင်း (၆၃) (က)
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သူမက ယှဥ်ပြိုင်တာကို မငြင်းပေမဲ့ ဒီဆိုင်ရဲ့လုပ်ရပ်က သိပ်အောက်တန်းကျတာပဲ။ ဒီအတိုင်းကို ရွံစရာကောင်းနေတာ။
ဒီခေတ်မှာ မူပိုင်ဖွင့် အကာအကွယ်နဲ့ မမျှတတဲ့ ယှဥ်ပြိုင်မှုဆန့်ကျင်တဲ့ ဥပဒေ မရှိလို့ပေါ့။ မဟုတ်ရင်တော့ သူတို့တွေ သေချာပေါက် အချုပ်ထဲရောက်သွားမှာ။
“ သူတို့တွေ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ”
လီဟယ်နှင့် တခြားသူများက ထိုသတင်းကို ကြားလိုက်ပြီး စစ်ဆေးဖို့ရာ ထွက်လာခဲ့ကြသည်။
“ ဒီဆိုင်ပိုင်ရှင် ဘယ်သူလဲ”
ရွှယ်ကျင်းက အခုကတည်း စိုးရိမ်နေတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ပြီး သူက တံခါးဆီ တန်းသွားလိုက်ကာ ဒေါသတကြီး အော်ပြောလိုက်လေသည်။
“ ကျုပ်က ဒီဆိုင်ပိုင်ရှင်ပဲ ၊ ဘာကိစ္စလဲ”
တာဝန်ခံမန်က အညိုရောင်ဝတ်ရုံတစ်ခုကို ဝတ်ထားပြီး အောင်နိုင်သူဟန်ဖြင့် ထွက်လာခဲ့လေသည်။
“ ခင်ဗျားက ကျုပ်တို့စားသောက်ဆိုင်အတိုင်း လိုက်ပြီး အလှဆင်ထားတာလား၊ ပြီးတော့ ခင်ဗျားက ဆိုင်ကို ချီရှန်းကျွီလို့ ခေါ်ရဲသေးတယ်နော်” ရွှယ်ကျင်းက မျက်လုံးနီများဖြင့် ရေရွတ်လိုက်လေသည်။
“ ကျုပ်က ဘာလို့ ချီရှန်းကျွီလို့ မခေါ်ရဲရမှာလဲ၊ ရှီရှန်းကျွီဆိုတဲ့နာမည်က မင်းတို့မိသားစုနဲ့ စာချုပ်ချုပ်ထားလို့လား၊ ပြီးတော့ ကျုပ်က မင်းတို့ဆိုင်အတိုင်းလိုက်ပြီး အလှဆင်ထားတာပါလို့ မင်းရဲ့ဘယ်မျက်လုံးနဲ့ တွေ့လိုက်တာလဲ၊ ဒီဆိုင်က အရာအားလုံးက ကျုပ်ကိုယ်ပိုင် စိတ်ကူးတွေပဲ”
တာဝန်ခံမန်က ပြောလိုက်၏။
“ခင်ဗျား”
ရွှယ်ကျင်းက လက်သီးထရွယ်လိုက်ပြီး သူ့ကို ထိုးတော့မည် ပြင်လိုက်လေသည်။ သူက လုံးဝကို ယုတ္တိမရှိနေတာလေ။
တာဝန်ခံမန်က လုံးဝမကြောက်ပေ။ သူက သူ့ကို သည်အတိုင်း ပြန်ကြည့်လိုက်လေသည်။ လာထိုးလေ။ ထိုးစမ်းပါ။ သူက ထောင်ထဲပို့ပေးလိုက်မှာပေါ့။ အဲဒီကျမှ ချီရှန်းရကျွီက ဘာလုပ်မလုပ် ကြည့်ချင်သေးတယ်။
“ရွှယ်ကျင်း”
အရေးကြီးသည့်အချိန်တွင်တော့ ကျန်းယွင်ကျူးက ရွှယ်ကျင်းကို အော်ခေါ်လိုက်ပြီးနောက် လီဟယ်ကို သူ့ကို တားဖို့ အချက်ပြလိုက်လေသည်။
လီဟယ်က ရွှယ်ကျင်းထက်စာလျှင် အနည်းငယ်ပိုပြီး ဆင်ခြင်တတ်လေသည်။ ထို့ကြောင့် သူက ရွှယ်ကျင်းကို မြန်မြန်ပြန်ခေါ်လာခဲ့လိုက်တော့သည်။
တာဝန်ခံမန်က ပြုံးလိုက်ပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။
“ အိုး ဒါက သူဌေးကျန်း မဟုတ်လား၊ ကျုပ် နှစ်ရက်လောက်နေရင် ဆိုင်အသစ်ဖွင့်တော့မှာလေ၊ အစားအသောက်အားလုံးကို ၅၀% နှုန်း စျေးချထားတယ်၊ မင်း ကျုပ်ဆီ လာစားရမယ်နော်”
ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်ပြီး
“သေချာပေါက် လာမှာပေါ့ရှင်”
သူမ၏တုံ့ပြန်မှုက တာဝန်ခံမန် မျှော်လင့်ထားသည်ထက် သာလွန်နေလေသည်။ သူမက ဒေါသဖြင့် မထွက်သွားခဲ့လျှင် ငိုပြီးထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ နောက်ဆုံး မိန်းကလေးများသည် ပြဿနာတစ်ခုခုဖြစ်လျှင် ငိုဖို့သာ သိကြသည်မဟုတ်လား။
“ဒါဆို ကျုပ် မင်းကို စောင့်နေမယ်နော်” တာဝန်ခံမန်က ပြန်ပြောလိုက်၏။
ထိုအခါမှ ကျန်းယွင်ကျူးက ပြန်လှည့်ကာ ချီရှန်းကျွီထဲသို့ ပြန်ဝင်သွားလိုက်တော့သည်။
ချီရှန်းကျွီထဲတွင် ရွှယ်ကျင်းက ဒေါသထွက်နေလေသည်။ သူက ကျန်းယွင်ကျူးကို ကြည့်ပြီး တစ်ခုခု ပြောချင်နေတော့သည်။ သူမက ဘာတစ်ခွန်းမှမပြောဘဲ မျက်လွှာချထားရင်း ထိုင်ချလိုက်သည်ကို ရုတ်တရက် တွေ့လိုက်ရသောအခါ သူ့မှာ စိတ်ဓာတ်ကျသွားတော့သည်။ သူက ဒေါသထွက်ဖို့ပဲ အာရုံရနေတော့ သူမရဲ့ ခံစားချက်တွေကို ထည့်မစားခဲ့မိဘူး။
ဆိုင်ကို အရင်ဆုံး ပြန်ပြင်တုန်းက ကျန်းယွင်ကျူးမှာ ငွေအများကြီး မရှိခဲ့ဘူးလေ။ ဆိုင်ထဲက ပစ္စည်းတစ်ဝက်ကျော်လောက်က သူမ စီရင်စုတစ်ခုလုံးကို ပတ်ပြီး ဝယ်ထားတဲ့ပစ္စည်းတွေ ပြီးတော့ သူမကိုယ်တိုင် အလှဆင်ထားခဲ့တာ။
အခုတော့ ဒီလိုကိစ္စမျိုးဖြစ်လာတော့ အထိအနာဆုံးက သူမ ပဲဖြစ်မှာပဲ။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ရွှယ်ကျင်း၏စိတ်နှလုံးမှာ မီးလိုပူလောင်သွားပြီး တာဝန်ခံမန်ကို သွားသာသ-တ်ပစ်ချင်တော့သည်။
တခြားသူများကလည်း ထိုနည်းတူ ခံစားမိကြလေသည်။ သူတို့သည် ခေါင်းငုံ့ကာ ထိုနေရာတွင်ပင် ရပ်နေလိုက်ကြသည်။
သည်အခိုက်တွင် ကျန်းယွင်ကျူးက ပြုံးကာ ပြောလိုက်တော့သည်။
“ ရှင်တို့တွေ အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ၊ ခဏနေ နေ့လယ်ရောက်တော့မယ်လေ၊ အားလုံးပဲ အလုပ်များလိုက်ကြပါအုံး”
“သူဌေး”
ရွှယ်ကျင်းနှင့် တခြားသူများက တစ်ပြိုင်တည်း ပြန်ပြောလိုက်ကြတော့သည်။
“အားလုံးပဲ နောက်ဆိုရင် ဒီထက်ပိုကြိုးစားကြမယ်” ကျန်းယွင်ကျူး ပြောလိုက်၏။
“အင်း”
အားလုံးက ချက်ချင်း သဘောတူလိုက်ကြ၏။ သူတို့အားလုံးသည် ထိုအင်အားကို ပြန်ထိန်းထားလိုက်ကြတော့သည်။ သူတို့တွေရဲ့လုပ်ငန်းကို ဘေးဆိုင်က ခိုးသွားခွင့် လုံးဝမပေးနိုင်ဘူး။
“ဒါဆို အလုပ်လုပ်ကြတော့” ကျန်းယွင်ကျူးက ပြောလိုက်၏။
အားလုံးက လူစုခွဲလိုက်ကြတော့သည်။
ဘေးဆိုင်က လုပ်ခဲ့သည့်အရာက ကျန်းယွင်ကျူးကို ရွံရှာသွားစေတော့သည်။ သို့သော် သည်လိုဆိုလျှင်တောင် ကျန်းယွင်ကျူးက ထိုကိစ္စကို ဂရုစိုက်မည်မဟုတ်ပေ။ အတုက အတုပဲလေ။ လမ်းကြမ်းမှ မြင်းတစ်ကောင်ရဲ့အစွမ်းကို သိလာလိမ့်မယ်။ ကျန်းယွင်ကျူးသည် သူတို့က သူမ၏လုပ်ငန်းကို ဘယ်တော့မှ လုယူသွားနိုင်မည်မဟုတ်ဟု ယုံကြည်နေလိုက်သည်။
ခုနက သူမ မျက်လွှာချထားတယ်ဆိုတာက တခြားကိစ္စကို စဥ်းစားလို့ပါ။
တာဝန်ခံမန် ဒီလိုလုပ်တာက ချီရှန်းကျွီရဲ့ အရှိန်နဲ့တက်လာတဲ့လုပ်ငန်းကို ဒီအတိုင်း အားကျနေလို့ ဖြစ်မယ်။ ဒါမှမဟုတ် တခြားအကြောင်းအရင်း ရှိသေးတာလား။
တာဝန်ခံမန်ရဲ့နောက်မှာ ပေါင်ဖူလိုလို တစ်ယောက်ယောက် ရှိနေမယ်ဆိုရင်တော့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။
နောက်ဆုံး ချီရှန်းကျွီရဲ့ အုတ်မြစ်က မခိုင်သေးဘူး.... သူတို့တွေ ဆိုင်ဖွင့်ပွဲအတွင် ၅၀% လျှော့စျေး ပေးမယ်လို့ တာဝန်ခံမန်ပြောတာ သူမ မှတ်မိနေတယ်။
၅၀%လျှော့စျေးဆိုတာ တစ်ရက်ထဲအတွက်လား ဒါမှမဟုတ် ရေရှည်အတွက်လားဆိုတာ ဘယ်သူ သိမှာလဲ။
ကျန်းယွင်ကျူးသည် ဘေးအခန်းက စားသောက်ဆိုင်ကို တာဝန်ခံမန်နှင့် ပေါင်ဖူလိုက တာဝန်ခံစုန့်တို့ ပေါင်းဖွင့်ထားသည်ဟု ခန့်မှန်းထားလိုက်သည်။
ဘာဖြစ်တာလဲ။ အခုတလော ဝူလင်စီရင်က သခင်လေ ၊ သခင်မလေးတွေက ချီရှန်းကျွီကို သွားပဲ သွားချင်နေကြတယ်။ အဲဒီမှာ သွားစားသောက်တာကကို ခေတ်တစ်ခု ဖြစ်နေသလိုပဲ။ ကျန်တဲ့သူတွေကလည်း တဖြည်းဖြည်းနဲ့ ချီရှန်းကျွီဆိုတဲ့နာမည်အကြောင်း ကြားခဲ့ကြတယ်။ သူတို့အားလုံးကလည်း အဲဆိုင်ကို တစ်ချက်သွားကြည့်ချင်ကြတယ်တဲ့။
စီရင်စုမှာ အပြင်ထွက်စားတဲ့ လူတွေအများကြီးပဲ ရှိတာပဲ။ ဒီရက်ပိုင်း ပေါင်ဖူလိုရဲ့ ဝင်ငွေက ၄၀% တောင်ထိုးကျသွားတယ်။ ဒါကိုမြင်တော့ တာဝန်ခံစုန့် စိတ်ပူရပြီလေ။
ဒီနေ့မှာတော့ သူ ချီရှန်းကျွီ ပတ်ဝန်းကျင်ကိုလာပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့မိတယ်။ တာဝန်ခံမန်နဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့တာပဲ။
တာဝန်ခံမန်၏ဆိုင်သည် အခုထိ ငှားမည့်သူမရှိသေးပေ။ ဆိုင်က တစ်ရက်လွတ်နေလျှင် ငွေအများကြီး ဆုံးရှုံးနေရသည်။ ထိုအချိန်တွင် ကျန်းယွင်ကျူးက သူ့ဆိုင်ကို ငှားချင်ခဲ့သော်လည်း မငှားခဲ့ပေ။ သူသည် ထိုအချိန်ကတည်း အငြိုးထားခဲ့တော့သည်။ အခုတော့ ချီရှန်းကျွီ၏လုပ်ငန်းက အလွန်မှ ကောင်းနေသည်ကို တွေ့လိုက်ရပြီး သူသည် အလိုလို ဒေါသထွက်မိနေတော့သည်။
လူနှစ်ယောက်က သည်လိုပုံစံဖြင့် တွေ့လိုက်ကြချိန်တွင် သူတို့သည် အလိုလို ခေါင်းစဥ်တူသွားကြတော့သည်။
ရုတ်တရက်ဆိုသလို တာဝန်ခံစုန့်က အကြံတစ်ခု ရသွား၏။ သူက တာဝန်ခံမန်ရဲ့ဆိုင်ကို ငှားပြီး နောက်ထပ်ချီရှန်းကျွီ တစ်ဆိုင် ဖွင့်လို့ရတာပဲ။ ကျန်းယွင်ကျူးမှာ လုပ်နိုင်စွမ်းရှိတာကိုတော့ သူ ဝန်ခံရမယ်။ သူမဆိုင်ရဲ့အပြင်အဆင်ပဲဖြစ်ဖြစ်၊ အဖွဲ့ဝင်တွေကို စရံငွေသွင်းခိုင်းတာပဲဖြစ်ဖြစ်၊ သူမချက်တဲ့ ဟင်းပွဲတွေပဲဖြစ်ဖြစ် အာလုံးက အသစ်အဆန်းတွေချည်းပဲ။
ဒါပေမဲ့ သူ့မှာ အားသာချက်တစ်ခု ရှိတယ်လေ။ ပေါင်ဖူလိုကို ဖွင့်လာတာ နှစ်ပေါင်းကြာနေပြီ။ သူ့အသားတင်တန်ဖိုးကို အခုမှဖွင့်ထားတဲ့ ချီရှန်းကျွီက ယှဥ်နိုင်မှာမဟုတ်ဘူး။
သူ လုပ်မယ်ဆိုရင်တော့ သူမကို အသေဆွဲချလို့ ရနိုင်တယ်။
အဲဒီအခါကျရင် သူ့ရှီရှန်းကျွီက ဝူလင်စီရင်စုမှာ တစ်ခုတည်းသောအစစ်အမှန် ဖြစ်လာလိမ့်မယ်။
ပြီးတော့ သူ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တစ်ခု ရှိသေးတယ်လေ။ ပေါင်ဖူလိုကို သူ့အဖေက ညီအစ်ကိုနှစ်ယောက်ကို လွှဲပေးခဲ့တာ။ စုန့်လောင်အာ့က ဘာမှလည်းမလုပ်ဘဲနဲ့ သူ့ဆီက လတိုင်း ငွေတွေအများကြီးရနေတာလေ။ ဘာလို့လဲ။ သူသာ ဒီအခွင့်အရေးကိုယူပြီး ငွေအားလုံးကို ဆိုင်အသစ်မှာ ထည့်လိုက်ပြီး စုန့်လောင်အာ့အတွက် အခွံလွတ်ကြီးတစ်ခု ချန်ထားပေးခဲ့မယ်ဆိုရင် နောက်ပိုင်းကျရင် သူ့ကို ရှင်းပစ်နိုင်မှာပဲမလား။
သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်သည့် အကြံကောင်းတစ်ခုဟု ခံစားမိလေလေ ဖြစ်သွားတော့သည်။ ချက်ချင်းဆိုသလို သူက တာဝန်ခံမန်ကို ဆိုင်ငှားချင်ကြောင်း ပြောလိုက်တော့သည်။
တာဝန်ခံကလည်း ကောက်ကျစ်သည့် မြေခွေးတစ်ကောင်ပင်။ သူ ပြောသည့်စကားကို ကြားလိုက်ပြီး သူလည်း အများကြီး စဥ်းစားမိလိုက်သည်။
ဆိုင်တစ်ဆိုင် ငှားလိုက်တာက သူ့အတွက်တော့ ကောင်းတဲ့ကိစ္စဆိုတာ အမှန်ပဲ။ ငှားလိုက်တဲ့ဆိုင်ကနေ တစ်နှစ်ဝင်ငွေ ဘယ်လောက်ရမှာလဲ။ ချီရှန်းကျွီကို လူတွေ နေ့တိုင်း ဝင်ထွက်နေတာကို ကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းကြည့်မယ်ဆိုရင် သူ့နှစ်စဥ် ငှားရမ်းခက နှစ်ဆ သုံးဆ လောက်ရှာနိုင်မှာပဲ။ အဆီတဝင်းဝင်းနဲ့ အသားတုံးကြီးတစ်ခုပဲလေ။
သို့နှင့် သူက တာဝန်ခံစုန့်နှင့် လုပ်ငန်းလက်တွဲဖော် လုပ်ဖို့ အကြံပြုလိုက်လေသည်။ သူတို့ထဲက တစ်ယောက်က ဆိုင်ကို စိုက်ထုတ်ပြီး ကျန်တစ်ယောက်က လူအားနှင့် ငွေးအားကို ထုတ်ပေးရမည်။ ရရှိလာသည့်ငွေကို အတူတူ ခွဲယူကြမည်။
တာဝန်ခံစုန့်က အံ့ဩစရာကောင်းလောက်သည့် အိပ်မက်တစ်ခု မက်နေသည်ကို စဥ်းစားလိုက်ပြီး အစပိုင်းတွင်တော့ သူက သဘောမတူချေ။ သို့သော် တာဝန်ခံမန်က သဘောထားမပြောင်းလဲချေ။
နောက်ပိုင်းတွင် တာဝန်ခံစုန့်က ထိုအကြောင်းကို ပြန်စဥ်းစားကြည့်လိုက်သည်။ အစပိုင်းတော့ ဒီရှီရှန်းကျွီက သေချာပေါက် ငွေရှာနိုင်မှာ မဟုတ်ဘူး။ သူ့အပေါက်ကို ဖာကူမဲ့သူ ရှိတာ ကောင်းတဲ့ကိစ္စပဲ မလား။ တာဝန်ခံမန်က ထပ်ပြီး မထိန်းနိုင်တော့ရင် သူ့ကို မောင်းထုတ်လိုက်ရုံပဲ။ ဒါဆို ပြီးပြည့်စုံသွားပြီလေ။
သည်လိုနှင့် သူတို့နှစ်ယောက်က စာချုပ်တစ်ခု ချုပ်လိုက်ကြတော့သည်။ တာဝန်ခံက ရှေ့ထွက်ပြီး ရှီရှန်းကျွီ၏ တာဝန်ခံလုပ်မည်။ တာဝန်ခံစုန့်က နောက်မှနေ၍ သူ့ကို ကူညီပေးမည်။ နှစ်ယောက် ငွေရလာလျှင် ၃ပုံ၇ပုံ ခွဲကြမည်။
သူတို့နှစ်ယောက်က ချီရှန်းကျွီကို ဖျက်ဆီးပြီး အစားထိုရန် ဆုံးဖြတ်ထားလိုက်ကြတော့သည်။
ဘေးအခန်းက ကိစ္စကြောင့် ချီရှန်းကျွီသည် သည်နေ့အနည်းငယ် တိတ်ဆိတ်နေလေသည်။ အားလုံးက သူတို့အလုပ်ထဲတွင်သာ စိတ်နှစ်ထားကြသည်။ သူတို့သည် အရင်ကလို ရယ်မောမနေကြတော့ပေ။
ညပိုင်းတွင် အားလုံးက အိပ်ပျော်နေချိန်၌ ကျန်းယွင်ကျူးက တစ်ယောက်တည်း မီးဖိုဆောင်ထဲတွင် ရပ်ပြီး အိုးခွက်များကို ကြည့်ရင်း တစ်ခုခုကို စဥ်းစားနေလေသည်။
“ မင်း ကျွန်တော့်အကူအညီ လိုလား”
ရှန်ဖုန်းမင်က ဝင်လာပြီး မေးလိုက်၏။
သူသည် အခုလေးတင်မှ ရေချိုးထားဟန် တူသည်။ သူ့အရေပြားပေါ်တွင် ရေငွေ့များ ရှိနေသည်။ နွေးထွေးသည့် အဝါရောင်ဖယောင်းတိုင်မီးအောက်တွင် အနည်းငယ် စိုပြေနေလေသည်။
သည်လိုညမျိုးတွင် သူသည် ရုတ်တရက် သည်လို ပေါ်လာပြီး သည်လိုမေးခွန်းတစ်ခုကို မေးလိုက်တော့ ကျန်းယွင်ကျူး၏ အမူအရာက အမှတ်တမဲ့ နူးညံ့သွားတော့သည်။
သူမက သူ့ကို ကြည့်လိုက်၏။ သူက သူမကို ကူညီပေးချင်တာတဲ့လား။ ဆန့်ကျင်ဘက်အနေနဲ့ဆိုရင် သူ့အဆင့်အတန်းနဲ့ လက်ရှိပြဿနာကို အေးအေးဆေးဆေး ကူညီဖြေရှင်းပေးနိုင်မှာပဲ။ ဒါပေမဲ့ သူက သူမကို တစ်ချိန်လုံး ကူညီပေးနိုင်မှာ မဟုတ်ဘူးလေ။
ကျန်းယွင်ကျူးက ပြုံးကာ ပြန်ဖြေလိုက်လေသည်။
“ မလိုလောက်သေးဘူးလို့ ထင်ပါတယ်”
သူမမှာ အစီအစဥ်တစ်ခု ရှိထားပြီးသားလေ။
ရှန်ဖုန်းမင်က သူမကို ကြည့်နေ၏။ သူ့မျက်လုံးများက စီးဆင်းနေသည့် ကြယ်ရောင်မြစ်တစ်စင်းလို တောက်ပလို့နေလေသည်။ လူများကို အလိုလို မျောပါသွားချင်အောင် လုပ်နေတော့သည်။
နောက်တစ်နေ့ အစားစားချိန် မတိုင်ခင်မှာပင် ဘေးအခန်းက လှုပ်မှုများနှင့် စည်ကားနေနှင့်ပြီး ဖြစ်လေသည်။ ခြင်္သေ့အကအဖွဲ့ လမ်းတစ်ဝက်လောက် နေရာယူထားသည်။ ပွဲက ချီရှန်းကျွီ ဖွင့်တုန်းကထက် အများကြီး ပိုကြီးမားလေသည်။
အထူးသဖြင့် ထိုခြင်္သေ့အကအဖွဲ့များပင်။ သူတို့သည် ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ရည်ရွယ်မထားဘဲသော်လည်းကောင်း မျှော်လင့်မထားဘဲ ချီရှန်းကျွီ၏ဝင်ပေါက်ကို ပိတ်ဆို့ထားကြသည်။
လူအများကြီးက ရောက်လာကြသည်။ တချို့က ချီရှန်းကျွီတွင် လာစားကြခြင်းပင်။ သူတို့သည် ဘေးအခန်းက ရှီရှန်းကျွီ ဆိုင်တစ်ခု ဖွင့်သည်ကို သတိထားမိလိုက်ကြသည်။ အပြင်အဆင်များကလည်း ချီရှန်းကျွီနှင့် အားလုံးနီးပါး တူနေသည်။ သူတို့သည် ဆိုင်ကို လက်ညှိုးထားနေကြသည်။ ခြင်္သေ့အကအဖွဲ့၏ ဆွဲဆောင်ခံရသူများလည်း ရှိသည်။ သူတို့သည် ဆိုင်နှစ်ခု အလွန်မှ ဆင်တူနေသည်ကို တွေ့လိုက်ရသောအခါ ပွဲတချို့ဖြစ်တော့မည်ဟု ခံစားမိလိုက်ကြပြီး ထိုနေရာတွင် စုဝေးလာကြတော့သည်။
တာဝန်ခံမန်က ဆိုင်အဝင်ရှေ့တွင် ရပ်နေသည်။ သူ့မျက်နှာက နွေဦးလေပြေလို လန်းဆန်းနေလေသည်။ သူက မကြာခဏဆိုသလို ချီရှန်းကျွီကို လှမ်းလှမ်းကြည့်နေလေသည်။ သူ့မျက်လုံးများက ကိုယ့်ဟာကိုယ်ကျေနပ်မှုအပြည့် ဖြစ်နေတော့သည်။
ချီရှန်းကျွီထဲတွင်တော့ အားလုံးက ဒေါသခြောင်းခြောင်း ထွက်နေကြလေသည်။
“တံခါးကို ပိတ်ထားတယ်ပေါ့လေ ဟမ်”
ရွှယ်ကျင်းက မီးဖိုဆောင်မှ သွေးရေတစ်ဇလုံးကို ယူထွက်လာပြီး ခြင်္သေ့အကအဖွဲ့ကို ပက်ကာ ဒေါသဖြေပြီး မကောင်းသည့်လေထုကို ဖယ်ရှားမည်ပြင်လိုက်တော့သည်။
လီဟယ်က ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ သူမသည် သည်ကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချဖို့လိုအပ်လာတော့သည်။
“ရပ်လိုက်”
ကျန်းယွင်ကျူုးက ရွှယ်ကျင်းကို လှမ်းတားလိုက်၏။ အပြင်မှာ လူအများကြီး ရှိတယ်လေ။ သူက တာဝန်ခံမန်ကို သွေးရေဇလုံနဲ့ ပျက်လိုက်တာက သူ့ကိုယ်သူ အရှက်ခွဲလိုက်သလိုပဲ။
“သူဌေး” ရွှယ်ကျင်းက စိုးရိမ်တကြီး ပြောလိုက်၏။
ကျန်းယွင်ကျူးက ဆိုင်ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ ဘယ်သူမှ မရှိပေ။
“ကျွန်မနဲ့လိုက်ခဲ့” သူမက ပြောလိုက်၏။
ပြောပြီးသည်နှင့် သူမက ထွက်လာခဲ့လိုက်သည်။
ရွှယ်ကျင်းနှင့် တခြားသူများကလည်း ချက်ချင်းနောက်မှ လိုက်ထွက်လာခဲ့လေသည်။
သူမ ထွက်လာသည်နှင့်တစ်ပြိုင်နက် တာဝန်ခံမန်က သူမကို မြင်သွားတော့သည်။ သို့သော် သူက သူမကို သေချာမကြည့်လိုက်ပေ။
ကျန်းယွင်ကျူးက စိတ်မဆိုးမိပေ။ သူမက ထိုနေရာတွင်ရပ်ပြီး စောင့်ကြည့်နေလိုက်လေသည်။
ခြင်္သေ့အကအဖွဲက ၁၅မိနစ်လောက် ကလိုက်ကြသည်။ နေ့လယ်စာစားချိန် ရောက်လာခဲ့သည်။ လမ်းပေါ်တွင် လူအများအပြည့်ဖြစ်နေ၏။ တချို့လူများက ချီရှန်းကျွီတံခါးကို ခြင်္သေ့အကအဖွဲ့က ပိတ်ထားသဖြင့် အထဲဝင်မရဖြစ်နေသဖြင့် မကျေမနပ် ပြောဆိုကြလေသည်။ တချို့က ရှီရှန်းကျွီ အဖွင့်ကို စောင့်နေကြသည်။ သည်နေ့ အစားအသောက်အတိုင်း စျေးတစ်ဝက်သာကျမည်ဟု ပြောထားသည်။
အချိန်ကျတော့မည်ကို သိလိုက်ရသဖြင့် တာဝန်ခံမန်က သူ့လက်ကို ဆန့်လိုက်သည်။ ခြင်္သေ့အကအဖွဲ့ကလည်း ရပ်လိုက်လေသည်။
သူ့ဘေးတွင် လှေကားတစ်ခု ရှိနေ၏။ သည်အချိန်တွင် အစီအစဥ်အရ သူသည် ဆိုင်ဘုတ်ပေါ်က အဝတ်စနီကို ဆွဲဖြုတ်ပြီး ရှီရှန်းကျွီကို တရားဝင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း ကြေညာရတော့မည်။
သူ့လက်က ပိုးပိတ်စအနီအရောင်ကို လှမ်းဆွဲပြီးသားဖြစ်နေသည်။
သည်အချိန်တွင် ကြည်လင်သည့်အသံတစ်ခုက ထွက်လာခဲ့လေသည်။
“ တာဝန်ခံမန် ကျွန်မ ရှီရှန်းကျွီက ရှင့်စားဖိုမှူးနဲ့ ပြိုင်ချင်တယ်၊ ရှင် ဒါကို လက်ခံရဲပါ့မလားမသိဘူး”
ကျန်းယွင်ကျူး၏ စကားလုံးများက ပေါ့ပေါ့ ထွက်သွားသော်လည်း အားလုံး၏နားထဲတွင် မိုးခြိမ်းသံတစ်ခုလို ခံစားလိုက်ရတော့သည်။ သူမက စိန်ခေါ်လိုက်တာပဲ။
...
အပိုင်း (၆၃) (ခ)
အားလုံးက သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မြက်စိမ်းအဆင် ဖဲသားဝတ်စုံကို ဝတ်ထားသည့် သေးသွယ်သည့်ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ မိန်းမငယ်လေးတစ်ယောက်ဟုသာ ထင်ရသော်လည်း သူမ၏မျက်လုံးထဲက တည်ငြိမ်မှုနှင့် သူမ၏ မျက်နှာပေါ်က အကြည့်တို့က လူများကို သူမအား လျှော့မတွက်ရဲအောင် ဖြစ်သွားစေတော့သည်။
တာဝန်ခံမန်သည် အမြီးကို နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်လို ဖြစ်သွားတော့သည်။ အနီရောင်ပိုးပိတ်စကို ကိုင်ထားပြီး ကျန်းယွင်ကျူးကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်လိုက်လေသည်။ အတင့်ရဲလိုက်လေခြင်း။
ကျန်းယွင်ကျူးက အပြုံးလေးတစ်ခုနှင့် သူ့ကို ကြည့်နေလေသည်။ သူမ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ သူတို့တွေ အရှက်မရှိကြဘူးလေ။ အပြန်ပြန် အလှန်လှန် သေချာစဥ်းစားလိုက်ပြီးနောက်တွင် သူမ၏ ချီရှန်းကျွီကို ဆက်ဖွင့်ချင်လျှင် အရှုပ်ထုပ်ကို မြန်မြန် ဖယ်ရှားလိုက်သည်က အကောင်းဆုံး ဖြစ်လိမ့်မည်။
“ဘယ်လိုလဲ၊ ခင်ဗျား မလုပ်ရဲဘူးလား”
ရွှယ်ကျင်းသည် ချက်ချင်း မသနားစတမ်း မေးလိုက်လေသည်။ သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုကို ဖော်ပြဖို့ရာ နှစ်ခါလောက်ပင် အော်ဟစ်လိုက်ချင်သေးသည်။ ဟုတ်ပါတယ်။ သူဌေးက သူဌေးပါပဲ။ သူမနောက် လိုက်တာ မှန်သွားတယ်။
သူက ထိုသို့ပြောလိုက်သည်နှင့် ချက်ချင်း လူအုပ်ကြီးက ပွက်လောရိုက်သွားတော့သည်။
“တာဝန်ခံမန် ပြိုင်လိုက်”
ကြည့်ရှုသူများက ပွဲကို ပိုကြီးလာအောင်လုပ်လည်း စိတ်ထဲမထားကြပေ။
“တာဝန်ခံမန်က တဖက်ဆိုင်လို အလှဆင်ရဲတာပဲ၊ နာမည်ကိုတောင် တမင်သက်သက် ဒီလိုနာမည် ရွေးခဲ့တာ၊ ခင်ဗျားက လုပ်သင့်တာရော မလုပ်သင့်တာရော အားလုံးလုပ်ခဲ့တာပဲ၊ ဘာလို့လဲ၊ အခုမှ ကြောက်နေပြီလား” တာဝန်ခံမန်ကို သည်းမခံနိုင်သူများက မျှမျှတတ ပြောဆိုကြလေသည်။
“ တာဝန်ခံမန် ခင်ဗျား ပြိုင်တောင်မပြိုင်ရဲရင် စားသောက်ဆိုင်တစ်ခု ဆက်ဖွင့်ဖို့ စဥ်းစားစရာ မလိုတော့ဘူး၊ ဖြစ်နိုင်ရင် ချက်ချင်းသာပိတ်လိုက်တော့” တချို့က သက်ပြင်းချကြလေသည်။
“ဟုတ်တယ်၊ တစ်ချက်ကြည့်လိုက်တာနဲ့ စားဖိုမှူးက လုံးဝမကျွမ်းကျင်ပုံမရဘူး၊ ဒါနဲ့များ ခင်ဗျားက ဒီမှာ စားသောက်ဆိုင် လာဖွင့်ရဲသေးတယ်”
...
တာဝန်ခံမန်ကို မီးပုံပေါ် တင်ထားချင်ကြသည့်နှယ် အားလုံးကသည် ဆူဆူညံညံဖြစ်သွားကြတော့သည်။
အလွန်မှ အေးခဲလွန်းသည့်တစ်နေ့တွင် တာဝန်ခံမန်သည် ပူအိုက်ကာချွေးများ ထွက်လာတော့သည်။ ချွေးသီးများက သူ့ကျောပြင်သို့ စီးကျသွားလေသည်။ သူက ကျန်းယွင်ကျူး စိန်ခေါ်တာကို လက်ခံလိုက်သင့်လား။ ကျန်းယွင်ကျူးရဲ့လက်ရာက အရသာရှိတာ သူသိတယ်လေ။ အဲလိုနဲ့ သူက လက်ခံပြီး နိုင်သွားရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ရှုံးခဲ့ရင်ကော။ သူ ဒီဆိုင် ဖွင့်စရာမလိုတော့ဘူး။
ရှုံးဖို့ ရာနှုန်းပိုများတယ်။ အမှန်အတိုင်းပြောရရင် ပေါင်ဖူလိုရဲ့စားဖိုမှူးကလည်း ကျန်းယွင်ကျူးလောက် ကောင်းတာမဟုတ်ဘူး။ မဟုတ်ရင် သူမက သူတို့ရဲ့ဧည့်သည်ကို ခေါ်သွားနိုင်မှာမဟုတ်ဘူးလေ။
ဒါပေမဲ့ သူ လက်မခံဘူးဆိုရင်လည်း ဒီနေ့ သူ့ဆိုင်ကို ဖွင့်လို့နိုင်ပါတော့မလား။
သူသည် မသိစိတ်က လူအုပ်ကြားထဲတွင် ရှာဖွေနေပြီး နောက်ဆုံးတော့ လူအုပ်ထောင့်နားက တာဝန်ခံစုန့်ကို တွေ့သွားတော့သည်။
ဘာလုပ်ရမလဲ။ သူက တာဝန်ခံစုန့်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
တာဝန်ခံစုန့်သည် ကျန်းယွင်ကျူးလို မိန်းကလေးက အလွန်ရဲတင်းလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူ စိန်ခေါ်တာကို လက်မခံချင်တာလဲ အမှန်ပင်။ သူ့လူတွေကို ချီရှန်းကျွီက ဟင်းတွေ သွားဝယ်ခိုင်းပြီး သူ့ဆိုင်က စားဖိုမှူးကို မြည်းကြည့်ခိုင်းပြီး တစ်ပုံစံထဲတူတဲ့ ဟင်းပွဲတွေ လိုက်တုဖို့ လုပ်ခိုင်းခဲ့သေးတယ်လေ။
စားဖိုမှူးက စားသောက်ပြီး ပြော ဘာပြောခဲ့လဲ။ “ ကျွန်တော်က သူမလောက် မတော်ပါဘူး”တဲ့။
ဒါဆို သူက လက်လျှော့လိုက်ရတော့မှာပေါ့။ ဒါက...
သူ့အစီအစဥ်က ငွေသုံးပြီး ချီရှန်းကျွီကို ဆွဲချဖို့လေ။
ဒါပေမဲ့ လက်မခံပြန်ရင်လည်း....
ရုတ်တရက်ဆိုသလို သူသည် လူတစ်ယောက်ကို စဥ်းစားမိသွားပြီး တာဝန်ခံမန်ကို ခေါင်းညိတ်ပြလိုက်လေသည်။
တာဝန်ခံမန်က သူက အမြင်များမှားသလားဟု စဥ်းစားမိလိုက်သည်။ သူက တာဝန်ခံမန်ကို ဆက်ပြီး စိုက်ကြည့်နေလိုက်လေသည်။
တာဝန်ခံစုန့်က နောက်ထပ် နှစ်ကြိမ် ခေါင်းထပ်ညိတ်ပြလိုက်ပြီး အထင်သေးဟန်ဖြင့် လှည့်ထွက်သွားတော့သည်။ ဒီနေ့ ဖွင့်ပွဲ့နေလေ။ ကျန်းယွင်ကျူး ဝင်ရှုပ်တာနဲ့ ဘာမှ ကြည့်စရာမရှိခဲ့ဘူး။
အဲဒီအစား ကျန်းယွင်ကျူးရဲ့လမ်းကြောင်းထဲ ဝင်သွားခဲ့ရသေးတယ်။
ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး။ သူ အဲဒီလူကို ခေါ်လာတဲ့အချိန်ကျရင် သူက ကျန်းယွင်ကျူးကို နိုင်မှာပဲ။ အားလုံးကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။
တာဝန်ခံမန်က ကျန်းယွင်ကျူး၏ စိန်ခေါ်မှုကို လက်ခံလိုက်တော့သည်။ သို့သော် တာဝန်ခံစုန့် ခန်းမှန်းထားသည့်အတိုင်းပင် ထိုကိစ္စကို လက်ခံဖို့ အချိန်တော်တော်ကြာ သွားခဲ့လေသည်။ သူ့ကိုယ်တိုင်မှာတောင် ယုံကြည်ချက် မရှိတာ သိသာတယ်လေ။ သူတို့ရဲ့ စားဖိုမှူးလက်ရာက အရမ်းကြီး ကောင်းမနေလောက်ဘူး။ အဲလိုဆိုမှတော့ သူတို့ဆိုင်ကို ဘယ်သူက လာစားတော့မှာလဲ။
စျေးတစ်ဝက်တဲ့လား။ စျေးပေါတာကိုပဲ ရှာနေတဲ့လူတွေ ရှိလို့လား။ အင်းပေါ့။ တချို့တော့ ရှိမှာပေါ့။ အဲလိုဆိုရင်တောင် လူတိုင်းက ရှီရှန်းကျွီကို သွားကြမှာမဟုတ်ဘူးလေ။ သူတို့ပဲရှိမှာ။ ဒါက သူတို့ကို မျက်နှာပျက်အောင် လုပ်နေတာပဲမလား။
ရှီရှန်းကျွီ၏ ရုတ်ရုတ်သဲသဲပြဿနာက နေ့တစ်ဝက်လောက် အချိန်ကုန်သွားလေသည်။ တကယ့်ဖွင့်ပွဲအချိန်တွင်တော့ လူကမရှိတော့သလောက်သာ ကျန်တော့သည်။
အနီးနား ချီရှန်းကျွီကတော့ လူများပြည့်ကြပ်လို့ပင်။ တာဝန်ခံမန်သည် အလွန်ဒေါသထွက်သွားပြီး သွားပင် ယားလာတော့သည်။ သူက တာဝန်ခံစုန့်ဆီ ချက်ချင်းသွားပြီး တိုင်ပင်လိုက်လေသည်။ သူပြန်လာချိန်တွင်တော့ ယုံကြည်မှုအပြည့် ရှိသွားလေသည်။ ချီရှန်းကျွီကို ကြည့်ရင်း သူ၏ နဂိုမောက်မာသည့်ဟန်က ပြန်ဝင်လာတော့သည်။
နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးနှင့် တာဝန်ခံမန်တို့သည် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး အချက်အပြုတ်ပြိုင်ပွဲကိစ္စကို တရားဝင် ဆွေးနွေးလိုက်ကြလေသည်။
“သူဌေးကျန်း ဒါက ပြိုင်ပွဲတစ်ခုဆိုတော့ ဆုတစ်ခုတော့ ရှိမှဖြစ်မယ်”
တာဝန်ခံမန်က ထိုအကြောင်း ပြောလိုက်သည်နှင့် သူ့ပါးစပ်ကို ဖွင့်လိုက်လေသည်။ တော်တော်လေး ပိုင်နိုင်လှသည့်အကွက်တစ်ခုပင်။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး
“ တာဝန်ခံမန်က ဘယ်လိုဆုမျိုး လိုချင်တာလဲ”
တာဝန်ခံမန်က သူ့မျက်လုံးများကို သူမထံတွင် ဝေ့ဝဲကြည့်လိုက်ပြီး
“ တကယ်လို့များ သူဌေးကျန်းက ရှုံးခဲ့ရင် မင်း ကျုပ်အတွက် သုံးနှစ်အလုပ်လုပ်ပေးရမယ်”
သူသည် ထိုစကားကိုပြောလိုက်သည်နှင့် တပြိုင်နက် ရွှယ်ကျင်းနှင့် တခြားသူများ၏မျက်လုံးများက မီးထတောက်သွားကြတော့သည်။ တော်တော့်ကို ပြောရဲတဲ့လူပဲ။
သို့သော် ကျန်းယွင်ကျူးက ပြန်မပြောပေ။ သူမက သည်အတိုင်းမေးလိုက်တော့သည်။
“ တာဝန်ခံမန်က ရှုံးရင်ကော”
“ဒါ... ကျုပ် မင်းကို လျန်ငွေ ၁၀၀ ပေးမယ်”
“ ကျွန်မ တာဝန်ခံမန်အတွက် ၃နှစ်လုပ်ပေးတာက လျန်ငွေ၁၀၀ပဲ တန်တာလား၊ ဒါက ကျွန်မရဲ့ချီရှန်းကျွီ ဝင်ငွေ ၂လစာပဲရှိတယ်၊ တာဝန်ခံမန် သိသင့်ပါတယ်၊ ကျွန်မသာ ရှင့်အတွက် အလုပ်လုပ်ပေးမယ်ဆို ကျွန်မရဲ့ ချီရှန်းကျွီကို ဖွင့်နိုင်တော့မှာမဟုတ်ဘူး။
ဆုလာဘ်ကွာခြားချက်က အရမ်းများနေတယ်။
တာဝန်ခံမန်သာ ကျွန်မဆိုရင်ကော သဘောတူမှာလား”
ကျန်းယွင်ကျူးက တစ်လှမ်းချင်း တိုးသွားရင်း အလျင်မလိုဘဲ မေးလိုက်တော့သည်။
တာဝန်ခံမန်သည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သူဖြစ်လေသည်။ သူက လူမျိုးပေါင်းစုံကို မြင်ခဲ့ဖူးသည်. သို့သော် ကျန်းယွင်ကျူးနှင့် ရင်ဆိုင်လိုက်ရသောအခါ သူသည် အမြဲတမ်း ဖိနှက်ခံထားရသလို ခံစားရလေသည်။ သည်ခံစားချက်က ဘယ်လိုရောက်လာမှန်းပင် မသိခဲ့သလို ခါချလို့လည်းမရသလို ပျယ်ဖျက်လို့လည်း မရနိုင်ပေ။
“ ဒါဆို သူဌေးကျန်းရဲ့ စိတ်ကူးကရော” သူက မေးလိုက်၏။
“ကျွန်မရှုံးခဲ့ရင် ရှင့်အတွက် တစ်နှစ်အလုပ်လုပ်ပေးမယ်၊ ကျွန်မ နိုင်ခဲ့ရင် ကျွန်မ ရှီရှန်းကျွီကို လိုချင်တယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ သည်လိုမှ အခြေအနေက မျှတပေမည်။
“မဖြစ်နိုင်ဘူး” တာဝန်ခံမန်က ထခုန်လုမတတ်ပင်။
ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။
“ ရှီရှန်းကျွီရဲ့အိမ်နဲ့ မြေစာချုပ်က လျန်၅၀၀လောက်ပဲ တန်ဖိုးရှိတာပါ၊ ဪ ပြီးတော့ အလှဆင်ထားတာတွေလည်း နည်းနည်းပါးပါး ထည့်တွက်နိုင်ပါတယ်၊ ဒါပေမဲ့ ချီရှန်းကျွီရဲ့ တစ်နှစ် မပြည့်တဲ့ အမြတ်လောက်ပဲ ရှိတာပါ၊ မများပါဘူး၊ ဒါတောင် ရှုံးသေးတယ်ပေါ့”
အမှန်တွင်တော့ ငွေအားဖြင့်တွက်လျှင် ကျန်းယွင်ကျူးကတောင် ရှုံးသေးသည်။ သို့သော် တာဝန်ခံမန်က ဆိုင်ကိုရောင်းဖို့ စိတ်ကူးလုံးဝမရှိပေ။ လမ်းပေါ်က ဆိုင်များက ရွှေဥဥပေးသော ကြက်များပင်။ ပုံမှန်အားဖြင့် ဘယ်သူမှ မရောင်းကြပေ။
“ဒီအခြေအနေကို လက်မခံနိုင်ဘူး” တာဝန်ခံမန်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက ဆက်မပြောတော့ဘဲ သည်အခြေအနေကလွဲလျှင် ဆက်ပြီး ဆွေးနွေးစရာ မရှိတော့သည့်နှယ် ထိုနေရာတွင် ဆက်ထိုင်နေလိုက်လေသည်။
တာဝန်ခံမန်က အံကြိတ်ထားလိုက်၏။ ရုတ်တရက် သူသည် အပြင်ဘက်က ချောင်းဟန့်သံကို ကြားလိုက်ရလေသည်။ သူက ပြောလိုက်၏။
“ကျုပ် ပြန်လာခဲ့မယ်”
ထို့နောက် သူက ထွက်သွားတော့သည်။
အပြင်က ချောင်းဟန့်လိုက်သူမှာ တာဝန်ခံစုန့်ပင်။
နှစ်ယောက်သားက အချင်းချင်း နှုတ်အားဖြင့် စစ်တိုက်နေကြတော့သည်။ နောက်ဆုံးတွင် တာဝန်ခံစုန့်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး သူသေချာပေါက် ရှုံးလိမ့်မည်မဟုတ်ကြောင်း ဆိုလေသည်။ သူ ရှုံးခဲ့လျှင် ငွေပြန်ပေးမည်ဟု ပြောလိုက်သည်။ ထိုအခါမှ တာဝန်ခံမန်က နောက်ဆုံးသဘောတူသွားတော့သည်။
တာဝန်ခံမန် ပြန်လာချိန်တွင် သူသည် ကျန်းယွင်ကျူးနှင့် ပြိုင်ပွဲဆု အကြောင်း ဆွေးနွေးလိုက်သည်။ ထို့နောက်တွင် ယှဥ်ပြိုင်မည့်နည်းလမ်းနှင့် မည်သူ့ကို ဒိုင်အဖြစ် ဖိတ်မည့်အကြောင်း ပြောလိုက်ကြသည်။
သူတို့နှစ်ယောက်သည် နာရီဝက်လောက် စကားပြောလိုက်ပြီးနောက် အားလုံးကို အပြီးသတ်လိုက်လေသည်။ သူတို့သည် စာချုပ်ရေးလိုက်ပြီး လက်ဗွေနှိပ်လိုက်ကြသည်။ စာချုပ်သည် ပြိုင်ပွဲစပြီး ၅ရက်ကြာသည်အထိ အကျုံးဝင်လေသည်။
နှစ်ယောက်က လမ်းခွဲလိုက်ကြ၏။ ကျန်းယွင်ကျူးက သူမ၏လူများကို ဦးဆောင်ကာ ချီရှန်းကျွီသို့ ပြန်လာခဲ့လိုက်သည်။
သည်အချိန်တွင် ဆူပွက်နေသည့်သွေးများက အေးသွားပြီဖြစ်သည်။ ရွှယ်ကျင်းနှင့် တခြားသူများက စတင် ပူပန်လာကြလေသည်။ ကျန်းယွင်ကျူး ရှုံးသွားခဲ့ရင်ကော..... သူတို့အလုပ်တွေ ပြုတ်သွားတာက ကိစ္စမဟုတ်ဘူး။ ကျန်းယွင်ကျူးက တာဝန်ခံမန်အတွက် တစ်နှစ် အလုပ်လုပ်ပေးရမှာလား။ သူ သူမကို ဘယ်လိုဒုက္ခပေးမယ်ဆိုတာ ဘယ်သူသိမှာလဲ။
“သူဌေး ဒါက....”
ဒါသည် ပေါ့သေးသေးကိစ္စ မဟုတ်ပေ။ ရွှယ်ကျင်းက မပြိုင်တော့ရန် ကျန်းယွင်ကျူးကို နားချချင်ခဲ့သည်။
တခြားသူများကလည်း ထိုနည်းတူပင်။ စိုးရိမ်စိတ်အပြည့်ဖြစ်နေကြတော့သည်။
“ အားလုံး အလုပ်လုပ်ကြမယ်၊ ကျွန်မလုပ်နေတာတွေကို ကျွန်မသိတယ်”
ကျန်းယွင်ကျူးက အာမခံလိုက်၏။ လုပြည်နယ်တွင် သူမကို ယှဥ်နိုင်သည့် စားဖိုမှူး မရှိကြောင်း ကိုယ့်ဟာကို ကြေညာထားလိုက်သည်။
လုပြည်နယ်အပြင်ဘက်မှာရော။ ငါးရက်ဆိုတာ တခြားနေရာက စားဖိုမှူးကို ခေါ်လာဖို့ အချိန်မလောက်ပါဘူး။ ပြီးတော့ တခြားနေရာ နာမည်ကြီးစားဖိုမှူးဆိုရင်တောင် သူမက ရှုံးစရာအကြောင်းမရှိဘူး။ ဒီတော့ သိပ်စိတ်ပူစရာမလိုပါဘူး။
အားလုံးက လူစုခွဲသွားပြီး သူမကို မနှောင့်ယှက်ရဲကြတော့ပေ။
ရှန်ဖုန်းမင်တစ်ယောက်သာ ကျန်ခဲ့သည်။ သူသည် သည်နေ့ ဘေးမှနေ၍ စောင့်ကြည့်ပေးနေလေသည်။
သည်အခိုက်တွင် သူက သူမကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့လိုက်တော့သည်။
သူက သူမအတွက် စိတ်ပူနေတာလား။ ကျန်းယွင်ကျူးက သူမကိုယ်သူမ စဥ်းစားလိုက်၏။ ဒါပေမဲ့ သူက ချီလင်သက်တော်စောင့်လေ။ အန္တရာယ်များတယ်။ နည်းနည်းလေး သတိမထားမိလိုက်တာနဲ့ အသက်ဆုံးရှုံးသွားနိုင်တယ်။ အဲလိုဆိုရင်တောင် သူက နောက်ဆုတ်နေမှာ မဟုတ်ဘူး။ သူ သူမကို နားလည်ပေးနိုင်မှာပါလေ။
စားဖိုမှူးတစ်ယောက်အနေနဲ့ သူမသာ ဒီလိုပြိုင်ပွဲမျိုးကို မယှဥ်ပြိုင်ရဲဘူးဆိုရင် လုပ်ရဲကိုင်ရဲတဲ့ စိတ်ဓာတ်လေးကို ဆုံးရှုံးရလိမ့်မယ်။ ဒါဆိုရင် ဆိုင်ပိတ်လိုက်ပြီး တခြားတစ်ခုခု လုပ်တာပဲ ပိုကောင်းသေးတယ်။
ရှန်ုဖုန်းမင်၏မျက်ခုံးများသည် တဖြည်းဖြည်း ပြေလျော့သွားလေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။
သည်ဘက်တွင်တော့ တာဝန်ခံမန်သည် ပြိုင်ပွဲကိစ္စမေးရန် တာဝန်ခံစုန့်နောက် လိုက်ပြေးသွားတော့သည်။ သူ နိုင်စေရမယ်လို့ ကတိပေးသွားတယ်လေ။
“ ကျုပ်အခုပဲ အဘိုးကြီးကို သွားဖိတ်ပြီး အဲဒီလူကို ဖိတ်ခေါ်ပေးဖို့ သွားပြောမလို့၊ ခင်ဗျားက ကျုပ်ကို တားနေရင် အချိန်မီ လုပ်နိုင်မှာမဟုတ်တော့ဘူး” တာဝန်ခံမန်က ပြောလိုက်၏။
တာဝန်ခံမန်က မြန်မြန် နောက်ဆုတ်ပေးလိုက်ပြီး သူ့ကို လွှတ်ပေးလိုက်တော့သည်။ ထို့နောက်တွင် သူက မေးလိုက်လေသည်။
“ ခင်ဗျားက ဘယ်သူ့ကို ဖိတ်ချင်တာလဲ”
တာဝန်ခံစုန့်က အနည်းငယ်ပြုံးလိုက်ပြီး
“ ခင်ဗျား လုပြည်နယ်က နယ်စားအန်းဖင်ဆိုတာကို ကြားဖူးလား၊ အိမ်တော်မှာ စားဖိုမှူးကောင်းဆိုတဲ့လူတစ်ယောက် ရှိတယ်၊ စောစောပိုင်းနှစ်တွေတုန်းက ကျုပ်အဖေက သူ့ကို တစ်ခု ကူညီပေးဖူးတယ်လေ”
တာဝန်ခံမန်သည် လုပြည်နယ်ကို အကြိမ်အနည်းငယ်ရောက်ဖူးခဲ့သည်။ ထို့ကြောင့် သူသည် အန်းဖယ်နယ်စားအိမ်တော်ကို အမှန်ပင် သိလေသည်။ အထက်တန်းစား အိမ်တော်ကြီးတစ်ခုပင်။ သူတို့အိမ်တော်က စားဖိုမှူးများသည် လုပြည်နယ်မပြောနှင့် တောင်ဘက်အလယ်ပိုင်းဒေသတွင် အကောင်းဆုံး စာဖိုးမှူးများ ဖြစ်ကြလေသည်။
သူတို့သာ ထိုအိမ်တော် စာဖိုးမှူးကို ဖိတ်နိုင်ခဲ့လျှင် သူတို့သည် သေချာပေါက် အနိုင်ရလိမ့်မည်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး တာဝန်ခံမန်က နောက်ဆုံးတော့ ပြုံးနိုင်သွားတော့သည်။ သူသည် ပြိုင်ပွဲစ,ရန်ပင် မစောင့်နိုင်ဖြစ်သွားလေတော့သည်။