အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း (၆၄)
တာဝန်ခံစုန့်က ကျေးရွာဘက်တွင်ရှိသည့် သူ့ဇာတိသို့ ပြန်သွားပြီး အဘိုးကြီးစုန့်ကို သွားရှာကာ ထိုကိစ္စအကြောင်း ပြောပြလိုက်လေသည်။ အဘိုးကြီးစုန့်က ပလုတ်တုတ်လေးတစ်ခုကို ခေါင်းတွင်တွင် ခါလိုက်လေသည်။ သူ အစောပိုင်းနှစ်တွေတုန်းက စားဖိုမှူးကောင်းကို ကူညီပေးခဲ့တာ ဟုတ်ပါတယ်။ ဒီလိုအကူအညီမျိုးက သုံးပြီးသွားရင် ခင်မင်မှုလျော့သွားနိုင်တယ်။ မလိုအပ်ရင် သူ့ဆီမသွားပါနဲ့လား။
“အဖေ ကျွန်တော်တို့ စားသောက်ဆိုင်က အခုဆိုရင် သေရေးရှင်ရေး အခြေအနေဖြစ်နေတာ၊ အဲဒီချီရှန်းကျွီ ပိုင်ရှင်က ဘယ်လောက်တောင် မောက်မာလိုက်သလဲ အဖေမသိလို့နော်၊ သူက တည့်တည့်ကြီးကို လာစိန်ခေါ်တာ၊ ကျွန်တော်တို့ ပြိုင်ပွဲရှုံးခဲ့ရင် ဒီစားသောက်ဆိုင်ကို မဖွင့်သင့်တော့ဘူးလို့တောင် ပြောသွားသေးတယ်။
သူတို့တွေက ကျွန်တော်ခေါင်းပေါ် -ျီးတက်ပါနေတာ...”
တာဝန်ခံစုန့်က လိုအုပ်သည်ထက်ပိုပြောပြီး သူလုပ်ခဲ့သည့် ယုတ်မာသည့်လုပ်ရပ်များအတွက် ကျန်းယွင်ကျူးကိုပင် အပြစ်ပုံချလိုက်သေးသည်။ မည်သို့ဆိုစေ အဘိုးကြီးက ရွာတွင်နေပြီး အခြေအနေကို သိမည်မဟုတ်ပေ။
ဟုတ်ပါသည်။ အဘိုးကြီးစုန့်က ထိုစကားကို ကြားလိုက်ရပြီး ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။ မိန်းကလေး တစ်ယောက်တဲ့လား။ အရည်အချင်းရှိတယ်ဆိုရင်တောင် ဘယ်လိုဖြစ်ပြီး တဖက်သားကို အထင်သေးနိုင်ရတာလဲ။
နှစ်ယောက်သားက ချက်ချင်းခရီးထွက်ခဲ့ပြီး လုပြည်နယ်သို့ သွားလိုက်ကြတော့သည်။
နယ်စားအန်းဖင်အိမ်တော်တွင် တံခါးစောင့်က ကောင်းရွှင့်ကို တစ်ယောက်ယောက်က သူ့ကိုလာရှာကြောင်း ပြောပြလိုက်သည်။ သူသည် အဘိုးကြီးစုန့်နှင့် တာဝန်ခံစုန့်တို့ကို တွေ့လိုက်ရသောအခါ သူတို့ကို မှတ်မိဖို့ပင် အချိန်တော်တော်ယူလိုက်ရသည်။
သူတို့၏ လာရင်းရည်ရွယ်ချက်ကို သိလိုက်ရပြီးနောက် သူက ဒုက္ခများသည်ဟုသာ မှတ်လိုက်တော့သည်။
သည်အချိန်တွင် တာဝန်ခံစုန့်က အချိန်ကိုင် ငွေလျန်၄၀၀ကို ထုတ်ပေးလိုက်၏။ ထိုအခါမှ သူက ပြုံးပြလိုက်လေသည်။ သည်လိုဆိုရင်တော့ သူသည် ခရီးထွက်ရပေအုံးမည်။
သို့သော် အသွားအပြန် အနည်းဆုံး လေးရက်လောက်ကြာလိမ့်မည်။ သူသည် နယ်စားထံတွင် အခွင့်တောင်းရပေမည်။
နယ်စားအန်းဖင်က သူ့ဟင်းပွဲများကို ကြိုက်နှစ်သက်သည်။ သူက ခွင့်သွားတောင်းရမည်။ အိမ်တော်ထိန်းက အခွင့်မရှိဘဲ မဆုံးဖြတ်ရဲပေ။ ထို့ကြောင့် သူက အိမ်တော်သခင်၏ သဘောထားကို သွားမေးလိုက်တော့သည်။
လက်ရှိတွင် အန်းဖင်နယ်စားအိမ်တော်ကို တာဝန်ယူထားသည့် သခင်သုံးယောက် ရှိလေသည်။ နယ်စားအန်းဖင်၊ အန်းဖင်နယ်စားကတော် နှင့် အကြီးဆုံးသား လင်ထန်အန်း တို့ဖြစ်သည်။
နယ်စားအန်းဖင်နှင့် သခင်မတို့က ဘုရားဖူးရန် ကျင်းကွမ်းဘုရားကျောင်းသို့ သွားလိုက်လေသည်။ ကိစ္စကြီးတော့ မဟုတ်ပေ။ ထို့ကြောင့် အိမ်တော်ထိန်းက လင်ထင်အန်းကို သွားရှာလိုက်တော့သည်။
သည်အခိုက်တွင် လင်ထင်အန်းက စာဖတ်ခန်းထဲတွင် စာအုပ်တစ်အုပ် ဖတ်နေလေသည်။ အိမ်တော်ထိန်းက ဝင်လာခဲ့သည်။ သူက ကိစ္စကို ရှင်းပြလိုက်သည်နှင့် ‘သိပြီ’ ဟု ပုံမှန်အတိုင်း ပြောလိုက်ပြီး အိမ်တော်ထိန်းကို ထွက်သွားခိုင်းလိုက်တော့သည်။
သူထွက်သွားပြီးနောက် လင်ထင်အန်းက မျက်လုံးစပ်လာသလို ခံစားလိုက်ရသည်။ အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်ပြီး သူကိုယ်တိုင် မသိလိုက်ပါဘဲ နှစ်နာရီဆက်တိုက် စာဖတ်နေခဲ့မိသည်ကို သတိထားမိသွားတော့သည်။
သူက ထရပ်လိုက်ပြီး ပြတင်းပေါက်နား လျှောက်သွားကာ အဝေးကိုကြည့်လိုက်ပြီး အကြောင်းအရာ တော်တော်များကို စဥ်းစားနေမိလေသည်။
ရုတ်တရက်ဆိုသလို ရှေးဟောင်းစာအုပ်တစ်အုပ်ကို သတိရသွားပြီး စာအုပ်စင်ဆီသို့ သွားကာ ချက်ချင်း ရှာဖွေလိုက်သည်။
ရှေ့က စာအုပ်စင်ပေါ်တွင် မရှိပေ။ ဒုတိယစင်။ တတိယစင်။ လေးခုမြောက်စင်နားရောက်သွားမှာ ထိုနေရာတွင် ပန်းချီကားတစ်ခုကို ချိတ်ဆွဲထားသည်ကိုမြင်လိုက်ရလေသည်။
တောက်ပသည့် မီးရှူးမီးပန်းများ ကြားတွင် မိန်းမလှလေးတစ်ယောက်က မျက်လုံးများကို အပေါ်သို့ ကြည့်ကာ ရပ်နေလေသည်။ သူမ၏မျက်ခုံးများက ထင်ရှားနေပြီး သူမ၏ဟန်ပန်က ကျက်သရေရှိလှသည်။ သူသည် တင့်တယ်လှပလွန်းသည့် မီးရှူးမီးပန်းများကို ကြည့်နေသယောင်။ တလောကလုံးတွင် သူမတစ်ယောက်တည်း ရှိနေသယောင်။ အရာအားလုံးက သူမ၏မျက်လုံးထဲ ဝင်မလာခဲ့ပေ။ လူ့လောကထဲတွင်မဟုတ်ဘဲ စိတ်ကူးတစ်ခုသာ ဖြစ်နေသည့်နှယ်။
လင်ထင်အန်းက လက်လှမ်းလိုက်ပြီး ပန်းချီကား ဖြုတ်ယူလိုက်လေသည်။ သူ ဒီပန်းချီကားကို မှတ်မိနေသေးတယ်။ မီးပုံးပွဲတော်က နေ့ အိမ်ပြန်လာပြီးမှာ ဆွဲထားခဲ့တာ။ ဒီမှာ ချိတ်ထားမယ်လို့ ထင်မထားဘူး။
နောက်တစ်ချက်လောက် ကြည့်လိုက်ပြီး သူသည် ပန်းချီကားကို လိပ်လိုက်ကာ သူ့ဘေးက စာအုပ်စင်ပေါ်တွင် တင်လိုက်ပြီး ရှေးဟောင်းစာအုပ်ကို ဆက်ရှာလိုက်တော့သည်။
ကျန်းယွင်ကျူး ဘက်တွင်တော့ သူမနှင့် တာဝန်ခံမန်တို့သည် ပြိုင်ပွဲအတွက် ဆုကိုသဘောတူလိုက်ပြီး ထိုသတင်းက အပြင်ဖက်သို့ ပျံ့နှံ့ပြီးဖြစ်တော့သည်။
အားလုံးက သည်အကြောင်းကို ပြောနေကြသည်။ ကျန်းယွင်ကျူး ရှုံးခဲ့လျှင် သူမက တာဝန်ခံမန်အတွက် တစ်နှစ် အလုပ်လုပ်ပေးရလိမ့်မည်။ ချီရှန်းကျွီကို ဖွင့်နိုင်ပါအုံးမည်လား။ သူတို့တွေ ချီရှန်းကျွီရဲ့ အစားအသောက်တွေကို စားနိုင်ပါအုံးတော့မလား။
ကျန်းယွင်ကျူး နိုင်သွားခဲ့လျှင် သူမသည် ပြန်လည်ပြင်ဆင်ထားသည့် ဆိုင်တစ်ခုကို ရလိမ့်မည်။ ဆိုင်က လျန်ငွေ၅၀၀ တန်သည်။ လျန်ငွေ၅၀၀က ဘာအဓိပ္ပာယ်ဖြစ်ပါမည်နည်း။ လူအများစု သူတို့ တစ်ဘဝလုံးတွင် သည်ငွေကို လုံးဝ ရှာနိုင်လိမ့်မည်မဟုတ်ပေ။
သည်ပြိုင်ပွဲက ကြီးမားသည့်လောင်းကြေးတစ်ခုပင်။ အားလုံးက နိုင်မည့်သူကို ခန့်မှန်းနေကြလေသည်။ ဝူလင်တစ်မြို့လုံးက အသက်ဝင်လှုပ်ရှားလာခဲ့သယောင်။
ညနေစာစားချိန်တွင် ချီရှန်းကျွီသည် လူပြည့်သွားပြန်သည်။ အားလုံးက ကျန်းယွင်ကျူး၏ အခြေအနေကို သိချင်ခဲ့ကြသည်။
ကံအကြောင်း မသင့်သဖြင့် သူတို့သည် သူမကို မတွေ့ခဲ့ရပေ။
ထိုအချိန်က ကျန်းယွင်ကျူးသည် အနောက်ဘက်ခြံဝင်းထဲတွင် ရှိနေလေသည်။ သည်ပြိုင်ပွဲအတွက် သူမသည် ပညာကုန်ထုတ်သုံးရလိမ့်မည်။ ထို့ကြောင့် တော်တော်များများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လေသည်။
သူတို့ပြိုင်ပွဲက အကောင်းဆုံး ဟင်းပွဲသုံးမျိုး ပြိုင်ပွဲဖြစ်သည်။ ထိုကြောင့် သူမက ပြိုင်ပွဲနေ့တွင် ချက်မည့်ဟင်းသုံးမျိုးကို အရင်ဆုံးစဥ်းစားရပေမည်။
သာမန်ဟင်းလောက်ကတော့ သေချာပေါက် သင့်တော်လိမ့်မည်မဟုတ်။ ထူးထူးခြားခြား ဖြစ်နေရမည်။ သည်အခွင့်အရေးကို ယူပြီး ချီရှန်းကျွီကို နာမည်ကြီးအောင် ရပေမည်။
သေသေချာချာ စဥ်းစားချင့်ချိန်လိုက်ပြီးနောက် သူမသည် နောက်ဆုံးတော့ ဟင်းသုံးမျိုးကို သတ်မှတ်လိုက်တော့သည်။ သို့သော် သည်ဟင်းသုံးမျိုးကို ပြုလုပ်ရန် ကရိကထများလေသည်။ ဟင်းသုံးမျိုးထဲက တစ်ခုက လက်ရှိတွင် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ပြီးဖြစ်သည့် ဟင်းချက်နည်း ဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များတွင် ပြန်လည်ဖော်ထုတ်ထားခြင်းပင်။ အခုချိန်တွင် ထိုဟင်းကို ပြုလုပ်ဖို့ရာ အကြောင်းအရင်းတစ်ခု လိုအပ်နေသည်။
ထိုအဖြစ်က ပြီးခဲ့သည့်အခေါက်က သူမလုပ်ခဲ့သည့် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ ကို အမှတ်ရသွားစေတော့သည်။ ထိုအချိန်က သူမသည် ကုယန်ကျိုး၏ပါးစပ်ထဲက ကဗျာစားသားကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ သည်တစ်ကြိမ်တွင်တော့...
သူမသည် ရှန်ဖုန်းမင်ကို တွေးမိသွားတော့သည်။ ပြီးခဲ့တဲ့အခေါက်တုန်းက သူမက အလင်းပေါက်ကနေ ပုံရိပ်လုပ်တဲ့အကြောင်း ပြောတုန်းက သူ အဲအကြောင်းကို အားလုံးသိနေတယ်။ ‘ရှီးယွမ် လျှို့ဝှက်ဆန်းကြယ်စကားဝိုင်း’ စာအုပ်အကြောင်း သူ သိချင်သိမှာပဲ။ နောက်ဆုံး သူ့အဖေက ရှေးခေတ်နဲ့ လက်ရှိခေတ်မှာ အရည်အချင်းရှိ တော်ဝင်ပညာရှင် ရှန်လေ။ ရှန်မိသားစုရဲ့ ပိုင်ဆိုင်မှုထဲမှာ ဒီစာအုပ် ရှိသင့်ပါတယ်။
ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး ရှန်ဖုန်းမင်၏တံခါးဆီသွားလိုက်ကာ တံခါးခေါက်လိုက်လေသည်။
မကြာမီတွင် အထဲမှ ခြေသံများကို ကြားလိုက်ရသည်။ တံခါးပွင့်လာပြီး ရှန်ဖုန်းမင်က ထိုနေရာတွင် ရပ်နေလေသည်။
“မိန်းကလေးကျန်း”
“ကျွန်မ ရှင့်ကို မေးစရာရှိလို့ပါ” ကျန်းယွင်ကျူးက ရှင်းပြလိုက်၏။
“ ဝင်လာပြီး ထိုင်ပါ” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက ဝင်လာခဲ့သည်။
ရှန်ဖုန်းမင်၏အခန်းသည် အလွန်မှ ရိုးရှင်းနေလေသည်။ သူ ပြောင်းလာချိန်က အိပ်ရာတစ်ခု၊ လေးထောင့်စားပွဲနှင့် ထိုင်ခုံနှစ်လုံးသာရှိသည်။ သည်အချိန်တွင် စားပွဲပေါ်၌ စာအုပ်တချို့၊ စာရွက်ပုံတစ်ခုနှင့် မှင်တုံးတစ်ခု ရှိနေ၏။ သူသည် စာဖတ်ပြီး စာရေးနေပုံရသည်။
ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူသည် အနားယူချင်သည့် လူတစ်ယောက် မဟုတ်ကြောင်း ခံစားမိလိုက်တော့သည်။ ဟုတ်ပါသည်။ ချီလင်သက်တော်စောင့်များ၏ အလုပ်က မကြာခဏဆိုသလို အရေးအကြောင်းများ ထဖြစ်တတ်လေသည်။ သူသည် နာကျင်ခံစားရပြီး ပင်ပန်းမှာ ကြောက်နေလျှင် သည်အလုပ်ကို လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် သည်အခန်းထဲက အပြင်အဆင်က အခန်းတစ်ခုဟု ဆိုရုံလောက်သာရှိသည်။ ကျန်းယွင်ကျူးမှာ ရှက်မိသွားတော့သည်။ အရင်က သူ့ကို ဂရုစိုက်ပေးရချိန်ကဆိုလျှင် သူမသည် သူ့အတွက် ဆေးတစ်ကြိမ် နှစ်ကြိမ် ကြိုပေးပြီး ရက်ပိုင်းလောက် အစားအသောက်များ ချက်ပြုတ်ပေးကာ သူ့ကို အဝတ်အစား ဝယ်ပေးရန် တစ်ကြိမ်လောက်ခေါ်သွားသည်ကလွဲလျှင် တခြားအရာများကို လုံးဝ ဂရုမစိုက်ခဲ့မိပေ။
ဒီလိုဖြစ်နေတာတောင် သူက သူမကို ကျေးဇူးပြန်ဆပ်ချင်သေးတယ်လား။
သူမကတော့ အဲလောက်မထိုက်တန်ဘူးလို့ ထင်ပါတယ်။
ပြိုင်ပွဲပြီးသွားရင်တော့ သူ့အခန်းကို သန့်ရှင်းရေး လုပ်ပေးအုံးမှပါလေ။ သားသားနားနားလေး ဖြစ်ဖို့အသာထားအုံး အနည်းဆုံးတော့ အရမ်းကြီး စုတ်ပြတ်နေသင့်ဘူးပေါ့။
ကျန်းယွင်ကျူးက သူမကိုယ်သူမ စဥ်းစားလိုက်ရင်း တစ်ဖက်က ထိုင်ခုံတွင် ထိုင်ချလိုက်ကာ သူမလာရင်း ကိစ္စကို ပြောပြလိုက်လေသည်။ ငါးရက်ကြာပြီးလျှင် အချက်အပြုတ်ပြိုင်ပွဲ ရှိသည်။ သူမသည် ဟင်းပွဲအသစ်များကို စမ်းသပ်ကြည့်ချင်သည်။ ရှန်ဖုန်းမင်ထံတွင် ဟင်းပွဲများအကြောင်း စာအုပ်များ ရှိသလား မေးချင်ခဲ့သည်။ သူမက ထိုစာအုပ်များကို ကိုးကားအဖြစ် အသုံးချချင်သည်။
“ ‘အစားအစာဆေးပေးခန်းမှတ်တမ်း’ ‘အစာဖြတ်ချင်း အသိတရားဆိုင်ရာ ဟင်းအမယ်’ ‘တောင်ပေါ်မိသားစု သီးသန့် ဖြည့်စွက်စာ’....’ရှီးယွမ်လျှို့ဝှက်ဆန်းကြယ်စကားဝိုင်း’... ‘ ယွင်လင်းထန် ဓာတ်စာ’....”
ရှန်ဖုန်းမင်က တစ်ခုချင်း စာရင်းချပြလိုက်လေသည်။ ကျန်းယွင်ကျူး၏မျက်လုံးများသည် ပိုပြီး တောက်ပသည်ထက် တောက်ပလာတော့သည်။ နေပါအုံး။ သူက ‘ ‘အစာဖြတ်ချင်း အသိတရားဆိုင်ရာ ဟင်းအမယ်’ကို သိတယ်တဲ့လား။
ဒါက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ စာအုပ်ပဲ။ သူမရဲ့အိပ်မက်ထဲမှာ နှစ်နှစ် သုံးနှစ်လောက် ရှာခဲ့ပေမဲ့ လက်ဗလာနဲ့ပဲ ပြန်လာခဲ့ရတယ်လေ။
“ လူကြီးမင်းရှန် ဒီစာအုပ်တွေက...”
ကျန်းယွင်ကျူးသည် သူမ၏အသံရှူနှုန်း မြန်လာသည်ကို ခံစားလိုက်ရတော့သည်။
“မိန်းကလေးကျန်းက ဖတ်ချင်တယ်ဆိုရင် ကျွန်တော် မှတ်ထားတာတွေကို ချရေးပေးလို့ရပါတယ်”
ရှန်ဖုန်းမင်က ပြောလိုက်၏။
“ရှင်က အားလုံးကို မှတ်မိတယ်ဟုတ်လား”
“အင်း”
ကျန်းယွင်ကျူးးသည် ဘာပြောရမည်မသိပင် ဖြစ်သွားတော့သည်။
သူမ၏မျက်လုံးများက အားတက်သရောဖြစ်နေပြီး ရှန်ဖုန်းမင်က မသိမသာ အကြည့်လွှဲလိုက်ကာ စုတ်တံတစ်ခုကို ကောက်ကိုင်လိုက်လေသည်။
“ မိန်းကလေးကျန်းက ဘယ်စာအုပ်ကို အရင်ဖတ်ချင်လဲ”
“‘အစာဖြတ်ချင်း အသိတရားဆိုင်ရာ ဟင်းအမယ်”
အမှန်တွင်တော့ ကျန်းယွင်ကျူးက ‘တောင်ပေါ်မိသားစု သီးသန့် ဖြည့်စွက်စာ’ ကို ဖတ်ချင်ခဲ့သော်လည်း ပြိုင်ပွဲက အရေးကြီးနေသည်ကို စဥ်းစားလိုက်မိသဖြင့် သူမက ပြောလိုက်လေသည်။
“ ရှီးယွမ်လျှို့ဝှက်ဆန်းကြယ်စကားဝိုင်း”
“ကောင်းပြီ” ရှန်ဖုန်းမင်က စတင်ချရေးလိုက်လေသည်။
ကျန်းယွင်ကျူးက သူ့ဘေးတွင် ထိုင်ရင်း စောင့်ကြည့်နေ၏။ သူမသည် နောက်ပိုင်း အကြောင်းအရာများကို ဖတ်လိုစိတ်အားသန်နေသဖြင့် သူ့အနားသို့ တဖြည်းဖြည်း တိုးကပ်သွားတော့သည်။ အလွန်မှနီးကပ်လာသဖြင့် ရှူထုတ်လိုက်သည့် လေပါးပါးလေးက သူ့အသားကို ပွတ်တိုက်သွားတော့သည်။ အမြဲလိုလို အလွန်မှ ကျက်သရေရှိလှသည့် ရှန်ဖုန်းမင်၏ လက်ရေးမှာ ရုတ်တရက် တွန့်သွားတော့သည်။
ညနေပိုင်းတွင် ကျန်းယွင်ကျူးသည် ‘ အစာဖြတ်ချင်း အသိတရားဆိုင်ရာ ဟင်းအမယ်’နှင့် ‘ရှီးယွမ်လျှို့ဝှက်ဆန်းကြယ်စကားဝိုင်း’ ကို ရသွားခဲ့သည်။ နောက်တစ်ခုက အဆင်ပြေသည်။ ပထမတစ်ခုကတော့ သူမရှာတွေ့ခဲ့သည့် ရတနာတစ်ခုဖြစ်ပြီး အိပ်ရာမဝင်ခင် အချိန်အကြာကြီး ဖတ်လိုက်လေသည်။
နောက်တစ်နေ့တွင် သူမက လုပြည်နယ်ကိုသွားပြီး ပြိုင်ပွဲအတွက် ပစ္စည်းတချို့ သွားဝယ်ရမည်ဟု ပြောလိုက်သည်။ ဝူလင်စီရင်စုသည် တချို့ပစ္စည်းများကို ရှာဖို့ရန်က အလွန်မှသေးငယ်သည့် မြို့ဖြစ်သည်။
ရွှယ်ကျင်းနှင့် တခြားသူများက သူမနှင့် လိုက်သွားချင်ပြီး သူမအတွက် သွားပေးချင်ခဲ့ကြသည်။
ကျန်းယွင်ကျူးကတော့ ကိုယ်တိုင်သာ သွားလိုသည်။ တခြားလူများ ဝယ်ပေးခဲ့သည့် ပစ္စည်းများက သူမစိတ်ကြိုက်ပစ္စည်း မဖြစ်မှာ စိုးသည်။
ဆိုင်က အလွန်မှ အလုပ်များနေပြီးသားပင်။ သူမ သွားလိုက်သည်နှင့် အားလုံးက ပိုပြီး အလုပ်များလာတော့မည်။ နောက်ဆုံးတွင် ရှန်ဖုန်းမင်ကသာ သူမနှင့် လိုက်လာခဲ့တော့သည်။
ထိုနေ့ နေ့လယ်ခင်းတွင် လင်ယွိပိုင်နှင့် ချင်ယောင်းတို့က ညစာအတွက် ချီရှန်းကျွီကို လာခဲ့ကြ၏။
ဆိုင်တွင် သည်လိုကိစ္စ ဖြစ်နေသဖြင့် ရှဲ့ချန်က သည်ရက်ပိုင်း အားလပ်ချိန်တိုင်း ဆိုင်တွင် လာကူပေးလေသည်။ ထို့ကြောင့် သည်နေ့ သူသည် ကောင်တာတွင် ရပ်နေလေသည်။
ချင်ယောင်းက ဝင်လာပြီး မရည်ရွယ်ထားသယောင် ရှဲ့ချန်နှင့် စကားစမြည် ပြောလိုက်သည်။ စကားအားလုံးက ယဥ်ကျေးသည့် စကားလုံးများပင်။ သို့တိုင် သူမက အလွန်မှကျေနပ်မိနေခဲ့သည်။ သူမက ထိုင်ခုံတွင် ထိုင်လိုက်ပြီး ညစာတဝကြီးစားဖို့ ပြင်ဆင်လိုက်လေသည်။
အစအားအသောက် ရောက်လာချိန်တွင် လင်ယွိပိုင်က တစ်လုတ်စားပြီး အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ ဒီနေ့ဟင်းကို ကျန်းယွင်ကျူး လုပ်ထားတာ မဟုတ်ဘူး။ အရသာရှိပေမဲ့ နည်းနည်း လိုနေသေးတယ်။ သာမန်လူတွေက အရသာကို သိနိုင်မှာ မဟုတ်ပေမဲ့ သူကတော့ သိတယ်လေ။
ချင်ယောင်းက ကွာခြားချက်ကို အရသာခံမိဟန်မတူပေ။ သူမက ပျော်ရွှင်စွာ စားသောက်နေလေသည်။ သို့သော် သူမက အနည်းငယ် စိတ်ပူနေလေသည်။
“ လေးရက်နေပြီးရင် ချီရှန်းကျွီက ပြိုင်ပွဲကို နိုင်ပါ့မလား မသိဘူးနော်”
သူမသည် ကျန်းယွင်ကျူးက ပန်းချီကား မရောင်းခဲ့သည့်ကိစ္စကို လုံးဝ စိတ်ထဲမရှိတော့ပေ။ မနေ့က ကျန်းယွင်ကျူးက သူဌေးမန်ကို စိန်ခေါ်ခဲ့စဥ်က သူမလည်း ရှိနေခဲ့သည်။ သူမက ကျန်းယွင်ကျူးကို အလွန်လေးစားသွားပြီး ချီရှန်းကျွီကို ပျောက်ကွယ်မသွားစေချင်ပေ။
“စိတ်မပူပါနဲ့ ချီရှန်းကျွီက သေချာပေါက်နိုင်မှာပါ” လင်ယွိပိုင်က ပြောလိုက်သည်။
“ နင်က ဘယ်လိုသိတာလဲ၊ ငါကြားတာတော့ သူဌေးမန်က ထိပ်တန်းစားဖိုမှူးတစ်ယောက်ကို သွားဖိတ်နေတယ်တဲ့” ချင်ယောင်းက မေးလိုက်သည်။
လင်ယွိပိုင်က ထိုအကြောင်းကို သိလေသည်။
ချင်ယောင်းက သူ့ကို ဆက်မပြောတော့ပေ။
၂လပိုင်း ၂၆ရက်နေ့တွင် ကျန်းယွင်ကျူးသည် ပစ္စည်းများ တပုံတပင်နှင့် ပြန်လာခဲ့လေသည်။ သူမ၏ မျက်နှာက အနည်းငယ် ပင်ပန်းနေပုံရသော်လည်း သူမသည် အားအင်အပြည့်ဖြစ်နေ၏။
မနက်ဖြန်သည် ပြိုင်ပွဲနေ့ဖြစ်သည်။
“ဘယ်လိုလဲ”
အမျိုးသမီးချန်က စိတ်ပူပူနှင့် မေးလိုက်လေသည်။
“အမေ စိတ်မပူပါနဲ့”
ကျန်းယွင်ကျူးက ပြောလိုက်၏။ ထို့နောက် သူမက ညပိုင်း အလွန်နောက်ကျသည်အထိ ပစ္စည်းများကို စတင် စီစဥ်ထားလိုက်တော့သည်။
ချိုမြန်သည့်တစ်ညတာ အိပ်စက်ခြင်းအပြီးတွင် နောက်တစ်နေ့၌ လမ်းပေါ်တွင် အစောကြီးကတည်း သက်ဝင်လှုပ်ရှားနေလေသည်။ အားလုံးက သည်နေ့ပြိုင်ပွဲတွင် မည်သူ အနိုင်ရမည်ကို တွေ့ချင်နေကြသည်။
လွန်ခဲ့သည့် နှစ်ရက်လောက်ကတည်းက ချီရှန်းကျွီနှင့် ရှီရှန်းကျွီ နှစ်ဆိုင်ကြားတွင် မီးဖိုများ၊ စဥ်းနှီတုံးများ ပါသည့် စင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထားပြီး စင်နှစ်ဖက်လုံးတွင် တခြားပစ္စည်းများကိုလည်း ခင်းကျင်းထားလေသည်။ သူဌေးမန်က သူသာ သည်နေ့နိုင်ခဲ့လျှင် ရှီရှန်းကျွီ၏ နာမည်တွင်မည့်အခိုက်တန့်မှန်း သိထားသည်။ ထို့ကြောင့် သူက ကိစ္စများကို စီစဥ်ရာတွင် ကျန်းယွင်ကျူးထက် အများကြီး ပိုတက်ကြွနေခဲ့သည်။ သည်စင်မြင့်ကြီးကို လုပ်ခဲ့သူမှာလည်း သူပင်။
မနက် ၉နာရီ ထိုးသွားသည်ကို တွေ့လိုက်ရပြီး ပြိုင်ပွဲ စတင်ပေတော့မည်။ စင်မြင့်ကြီး၏အစွန်းတွင် လူများစုရုံးနေကြသည်။ ရုတ်တရက်ဆိုသလို လမ်းပေါ်တွင် ကြည်လင်သည့် မောင်းသံတစ်ခု ထွက်လာခဲ့လေသည်။
အားလုံးက နောက်လှည့်ကြည့်လိုက်ရာ အစိုးရအမှုထမ်းများစွာနှင့် သူတို့နောက်က ဝေါယာဥ်တစ်ခုကို တွေ့လိုက်ရလေသည်။
“တရားသူကြီးပဲ”
“ တကယ်ပဲ တရားသူကြီးက ဆင်းလာတာလား”
အားလုံးက လေသံတိုးတိုးဖြင့် ပြောဆိုနေကြပြီး သည်နေ့ ပြိုင်ပွဲကို ပိုပြီးမျှော်လင့်နေကြတော့သည်။
ကျန်းယွင်ကျူးသည် ချီရှန်းကျွီတွင် နောက်ဆုံးပြင်ဆင်မှုကို လုပ်လိုက်ပြီး အနည်းငယ် ထူးဆန်းနေသည်ဟု ထင်မိလေသည်။
စီရင်စုတရားသူကြီးက ဒီနေရာကိုလာခဲ့တယ်။ ဒါက ဒီနေ့ပွဲကို သက်ရောက်မှု ရှိနေမလား မသိဘူး။
ခဏအကြာတွင် ဝေါယာဥ်က မြေကြီးနှင့် ထိသွားလေသည်။ တရားသူကြီးမုန့်က ဝေါယာဥ်ပေါ်မှ ဆင်းလိုက်သည်။
အားလုံးက သူ့ကို မြန်မြန် ဦးညွှတ်နှုတ်ဆက်လိုက်ကြပြီး သူက သူတု့ကို ခေါင်းမော့ဖို့ ပြောလိုက်ကာ အလွန်အကျွံ ဦးညွှတ်နှုတ်ဆက်နေစရာမလိုကြောင်း ပြောလိုက်လေသည်။
ချီရှန်းကျွီနှင့် ရှီရှန်းကျွီတို့က သည်နေ့ ပြိုင်ပွဲ ကျင်းပမည်ဟု သူ ကြားသိခဲ့ရသည်။ သူသည် ထိုအကြောင်း စဥ်းစားလာခဲ့သည်။ ဒါက ကောင်းသည့်ကိစ္စတစ်ခုပင်။ သူတို့စီရင်စုက လူများက ချမ်းသာပြီး အရည်အချင်းအပြည့်ရှိသည့် သဘောပင်။ နောက်ပိုင်းတွင် ပြန့်နှံ့သွားမည့် ပုံပြင်ကောင်းတစ်ခုပင် ဖြစ်လောက်သည်။ ထို့ကြောင့် သူက တစ်ချက်လာကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
စင်မြင့်ပေါ်တွင် လူဆယ်ယောက်က ရပ်နေကြပြီးဖြစ်လေသည်။ သည်လူငယ်ဆယ်ယောက်လုံးသည် ဝမ်ယွမ်ကျောင်းတော်မှ ပညာသင်ကျောင်းသားများဖြစ်ကြပြီး စီရင်စု၏ နာမည်ကြီးသခင်လေး ဆယ်ယောက်ဖြစ်လေသည်။ ကျန်းယွင်ကျူးက တာဝန်ခံမန်နှင့် ဆွေးနွေးပြီးနောက် သူတို့ကို ဒိုင်လုပ်ပေးရန် ဖိတ်ထားခဲ့ခြင်းဖြစ်သည်။
အခုတော့ တရားသူကြီးမုန့် ရောက်လာသဖြင့် သူ့ကိုလည်း ထည့်ရမည်က သဘာဝပင်။
...
အပိုင်း (၆၅) (က)
“တရားသူကြီးမင်းကို နှုတ်ဆက်ပါတယ်”
ကျန်းယွင်ကျူးက တရားသူကြီးကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။ ဒါသည် သူမအနေဖြင့် တရားသူကြီးကို တွေ့ရသည်မှာ တတိယအကြိမ် ဖြစ်လေသည်။ ဝေ့ခမ်းဖျင်၏ကိစ္စကြောင့် သူမသည် သူ့အပေါ် အကောင်းမြင်နေခဲ့သည်။
“ အဲလောက် ယဥ်ကျေးနေဖို့မလိုပါဘူး”
တရားသူကြီးမုန့်က ကျန်းယွင်ကျူးကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်၏။ သူသည် သူမကို ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း လပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စီရင်စုတွင် နေ့တိုင်း ကိစ္စများစွာ ရှိနေကာ အားလုံးကို သူက ဖြေရှင်းပေးဖို့ လိုနေသည်။ သူသည် လူပေါင်းများစွာ တွေ့နေရသဖြင့် ထိုတခဏအတွင်း သူမကို မမှတ်မိနိုင်ခဲ့ပေ။
မည်သို့ဆိုစေ သူ၏ဝူလင်စီရင်စုက သာမန်မြို့သူတစ်ယောက်ပင်။
တရားသူကြီးမုန့်က ထိုအကြောင်းကို သိပ်တွေးမနေတော့ဘဲ သိမ်မွေ့သည့်မျက်နှာထားတစ်ခုဖြင့် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ ချီရှန်းကျွီ၏ ပိုင်ရှင်က မိန်းမငယ်လေးတစ်ယောက် ဖြစ်ကြောင်း သူ အစောကြီးကတည်း ကြားခဲ့ရသည်။ အမှန်ဖြစ်နေဟန်တူသည်။
သူသည် ကျန်းယွင်ကျူးအပေါ် မကောင်းမမြင်မိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဒါက သူ၏ဝူလင်စီရင် ချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်ပေးသည်ဟု ခံစားမိလေသည်။ အတိတ်က ထန်မင်းဆက် ချမ်းသာကြွယ်ဝခဲ့ပုံကို စဥ်းစားလိုက်မိပြီး ဓားရှည်တစ်လက်ဖြင့် ကပြခဲ့ဖျော်ခဲ့သည့် အမျိုးသမီးကုန်းစွန်းဆိုသူ ရှိခဲ့ပြီး ထန်မင်းဆက်၏ပုံရိပ်ကို အရှိန်အဟုန်ဖြင့် တိုးတက်စေခဲ့သည်။ အန်းလုရှန်း ပုန်ကန်မှုအပြီးတွင် သည်လိုမှင်တက်အံ့ဩကာ လှပသည့် အမျိုးသမီးတစ်ယောက်ကို ဘယ်မှာ ရှာတွေ့နိုင်ပါမည်နည်း။ ဆရာတုဖူက ‘နှုတ်ခမ်းသားနီနီနှင့် ပုလဲသွယ်အင်္ကျီလက်တို့ကသာ အထီးကျန်ရာ’ ဟု လွမ်းမောတသစွာ ရွတ်ဆိုခဲ့လေသည်။
“ ကောင်းတယ်”
ထိုအကြောင်း စဥ်းစားလိုက်ပြီး တရားသူကြီးမုန့်က ချီးကျူးစကား ဆိုလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ အကောင်းဆုံး လုပ်ဆောင်ပါ၊ ကျုပ်က ဘယ်သူ့ကို မျက်နှာမလိုက်ဘဲ မင်းတို့အတွက် ဒိုင်လုပ်ပေးမယ်”
“ ကျေးဇူးတင်ပါတယ် တရားသူကြီးမင်းရှင့်”
သူ့စကားကြောင်း ကျန်းယွင်ကျူးမှာ စိတ်အေးသွားတော့သည်။
ခပ်လှမ်းလှမ်းတွင် ဒိုင်အဖြစ် ဖိတ်ကြားခံထားရသည့် သခင်လေးဆယ်ယောက်က တရားသူကြီးမုန့်ကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
တရားသူကြီးမုန့်က သူတို့ထဲက အများစုကို သိလေသည်။ ပညာသင်ကျောင်းများကက အတူတူ စုဝေးလာကြလျှင် အလွန်မှ ပြောစရာများပြားလှသည်။
တရားသူကြီးမုန့်က ချက်ချင်းဆိုသလို အမျိုးသမီးကုန်းစွန်းအကြောင်း ထုတ်ပြောလိုက်လေသည်။ သခင်လေးဆယ်ယောက်က ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ထိုစကားအမှန်ဖြစ်မှန်း သိလိုက်ကြသည်။ သူတို့သည် တရားသူကြီးမုန့်ကို စီရင်စုတွင် အုပ်ချုပ်မှု ကောင်းမွန်သည့်အကြောင်းနှင့် လူများကို အေးအေးချမ်းချမ်း လုပ်ကိုင် နေထိုင်ခွင့် ပြုခဲ့သည့်အကြောင်းကို ချက်ချင်း ချီးကျူးပြောဆိုကြတော့သည်။ အားလုံးက ရွှင်လန်းတက်ကြွစွာ စကားစမြည် ပြောလိုက်ကြလေသည်။
တာဝန်ခံမန်က တရားသူကြီးမုန့်ကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် သူက ဘေးတွင် ရပ်လိုက်၏။ သူသည် အလွန်မှ စိတ်ပူနေလေသည်။ တရားသူကြီးမုန့်က ရောက်နေပြီ။ တာဝန်ခံစုန့် ဖိတ်ထားတဲ့ စားဖိုမှူးက ဘာလို့ မရောက်လာသေးတာလဲ။ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ဘူးမလား။
ကြီးကြီးမားမား ပြဿနာမရှိပေ။ တာဝန်ခံစုန့်သည် ကောင်းရွှင်က မိန်းမ ကြိုက်သည်ကို သိထားခဲ့သည်။ ထို့ကြောင့် သူက စီရင်စုတွင် နာမည်အကြီးဆုံးမိန်းကလေးနှစ်ယောက်ကို ခေါ်ပြီး မနေ့ညက သူ့ကို အဖော်လုပ်ခိုင်းခဲ့သည်။ ရလဒ်အနေဖြင့် ကောင်းရွှင်သည် မနက် ၇နာရီအထိပင် မနိုးခဲ့ချေ။ နောက်ဆုံးတွင် တာဝန်ခံစုန့်က ပြိုင်ပွဲနောက်ကျမည်စိုးသဖြင့် မိန်းကလေးနှစ်ယောက်မှတဆင့် သူ့ကို နိုးခိုင်းရတော့သည်။
ကောင်းရွှင်က အိပ်မောကျနေသည်ကို နှောင့်ယှက်ခံလိုက်ရသဖြင့် အနည်းငယ် စိတ်တိုနေလေသည်။
သည်အချိန်တွင် တရားသူကြီးမုန့် ရောက်နေပြီ ဖြစ်သည့်အကြောင်း တာဝန်ခံစုန့်ထံသို့ စာတစ်စောင် ရောက်လာခဲ့လေသည်။ သူက ကောင်းရွှင်ကို ယဥ်ယဥ်ကျေးကျေးဖြင့် မြန်မြန်လုပ်ဖို့ တိုက်တွန်းရတော့သည်။
“ ဒါက နှမ်းစေ့သာသာအရာရှိလေးတစ်ယောက်ပဲကို”
ကောင်းရွှင်က ဂရုမစိုက်ပေ။ နောက်ထပ် လက်ဖက်ရည်တစ်ခွက် သောက်လိုက်ပြီး သူသည် နောက်ကျသွားတော့သည်။
သူသည် ၁၅မိနစ်ခန့် နောက်ကျနေပြီးဖြစ်လေသည်။ တရားသူကြီးမုန့်နှင့် သခင်လေးဆယ်ယောက်က သူ့အပေါ် မည်သို့သဘောထားရှိမည်ကို စိတ်ကူးကြည့်နိုင်လေသည်။
“ တရားသူကြီးမင်းကို နှုတ်ဆက်ပါတယ်”
အန်းဖင်နယ်စား၏ မျက်နှာသာပေးခံရသည့်အတွေးကြောင့် ကောင်းရွှင်က တရားသူကြီးမုန့်ကို အလွန်မှ သာမန်ကာလျှံကာသဘောဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
တရားသူကြီးမုန့်သည် ပိုပြီးစိတ်ပျက်သွားသော်လည်း သည်လိုအသေးအဖွဲ ကိစ္စလောက်နှင့် အမှန်ပင် စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ပေ။ ထို့ကြောင့် သူက ဘေးတွင် ရပ်ဖို့ လက်ယမ်းပြလိုက်လေသည်။
သည်အချိန်တွင် အခန်းအနားမှူးက စင်ပေါ်တက်လာပြီး အားလုံးကို နှုတ်ဆိတ်ပေးရန် အချက်ပြလိုက်၏။ ထို့နောက်တွင် သူက သည်နေ့ပြိုင်ပွဲ၏အစီအစဥ်ကို ပြောပြလိုက်ကာ ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်လေသည်။
ကျန်းယွင်ကျူးနှင့် ကောင်းရွှင်တို့သည် ပထမဟင်းပွဲကို စတင်ချက်ပြုတ်လိုက်ကြသည်။
ကျန်းယွင်ကျူးသည် ကောင်းရွှင်၏မျက်နှာကို မြင်လိုက်သည်နှင့် ချက်ချင်း မှတ်မိသွားခဲ့သည်။ သူမသည် လောကကြီးက အလွန်မှကျဥ်းပါလားဟု မအံ့ဩဘဲ မနေနိုင် ဖြစ်သွားတော့သည်။ တာဝန်ခံစုန့်က သူ့ကို ဖိတ်ထားလိမ့်မည်ဟု သူမ လုံးဝစဥ်းစားမထားခဲ့မိပေ။ ကောင်းရွှင်က အန်းဖင်နယ်စားအိမ်တော်ရဲ့ စားဖိုမှူးက ဟွိုင်ယန်းဟင်းလျာတွေကို ချက်တဲ့နေရာမှာ တော်တယ်။ သူ့ကို တောင်ဘက်အလယ်အပိုင်းရဲ့ ထိပ်တန်းစားဖိုမှူးတစ်ယောက်လို့ သတ်မှတ်ထားကြတယ်။
အိပ်မက်ထဲတွင် အန်းဖင်နယ်စားအိမ်တော်၌ ကျန်းယွင်ကျူးသည် အိမ်တော်ကို အရင်ဆုံးဝင်လာစဥ်က မီးဖိုဆောင်တွင် တာဝန်ပေးခံခဲ့ရသည်။
သို့သော် ကျန်းယွင်ရှို့နှင့် မတူသည်က သူမသည် သည်နေရာတွင် တာဝန်ပေးခံရသည်ထက် ကောင်းတာမရှိဟု ခံစားခဲ့ခြင်းပင်။
စားသောက်ဖို့ရန် စိတ်ပူစရာ မလိုဘဲ အနောက်ဘက်ခြံဝင်းထဲတွင် အာဏာနှင့်ပတ်သက်ပြီး အငြင်းပွားစရာများနှင့် ဝေးကွာလေသည်။ သူမက ချက်ပြုတ်ရသည်ကို သဘောကျသော်လည်း သူမ၏ အရည်အချင်းများက သိပ်မကောင်းခဲ့ပေ။ အခုတော့ သူမသည် လက်မှုပညာကို သင်ယူပြီး ငွေစုပြီးသည်နှင့် ကိုယ့်ဟာကိုယ် ပြန်ရွေးကာ အပြင်ထွက်ပြီး စားသောက်ဆိုင်တစ်ခုဖွင့်ရင်း သည်ရာစုတွင် အခြေချနိုင်လိမ့်မည်။
သူမသည် ကိုယ့်ဟာကိုယ်အတွက် အစီစဥ်တစ်ခု ချက်ချင်းဆွဲလိုက်ပြီး သူမ၏အလုပ်တွင် စိတ်အားထက်သန်မှု အပြည့်ရှိကြောင်း ပြသခဲ့သည်။
အမျိုးသမီးကျောက်က သူမကို စတွေ့ချိန်က သူမ၏တက်ကြွမှုကြောင့် အနည်းငယ် စိတ်ရှုပ်ခဲ့လေသည်။ အစပိုင်းတွင် အမျိုးသမီးကျောက်သည် ကျန်းယွင်ကျူးက ကောင်းရွှင်ကို မြှူဆွယ်မှာ စိုးသဖြင့် သူမကို အပြစ်ရှာတတ်ခဲ့သေးသည်။ တဖြည်းဖြည်းနှင့် ကျန်းယွင်ကျူးက မီးဖိုဆောင်ထဲတွင် အလုပ်လုပ်ရသည်ကို သဘောကျကာ ကောင်းရွှင်ကို ဂရုမစိုက်ရုံသာမက အိမ်တော်၏ သခင်လေးကိုပင် ဂရုမစိုက်သည်ကို သိလာရလေသည်။
ဤသို့ဖြင့် အမျိုးသမီးကျောက်က သူမကို အခွင့်အရေးတစ်ခု ပေးချင်လာခဲ့သည်။ ကျန်းယွင်ကျူးက မီးဖိုဆောင်ထဲတွင် လက်တိုလက်တောင်း အလုပ်သမလေးအဖြစ် သုံးလခန့် လုပ်ခဲ့ပြီး အချက်အပြုတ်ပညာကို စတင်လေ့လာခဲ့လေသည်။ သို့သော် သူမက ကောင်းရွှင် ထံမှ သင်ယူခဲ့ခြင်း မဟုတ်ဘဲ စားဖိုမှူးရွှီထံမှ ဟူနန်ဟင်းလျာများကို သင်ယူခဲ့ခြင်းပင်။ အန်းဖင်နယ်စားအိမ်တော်သည် ဂုဏ်သရေရှိပြီး ထင်ရှားသည့် အိမ်တော်ပြီးတစ်ခုဖြစ်ရာ အိမ်တော်ထဲတွင် ကောင်းရွှင်တစ်ယောက်က စားဖိုမှူးလုပ်ဖို့ရာ မဖြစ်နိုင်ပေ။ သို့သော် သူချက်သည့် ဟင်းလျာများကို အန်းဖင်နယ်စားက နှစ်သက်လေသည်။
ထိုအချိန်အတွင်းတွင် ကောင်းရွှင်က ကျန်းယွင်ကျူးကို အကြိမ်ကြိမ် နှောင့်ယှက်သော်လည်း သူမက အားလုံးကို တားဆီးနိုင်ခဲ့သည်။
နောက်ပိုင်းတွင် လင်ထင်အန်းက သူ၏ မလျော်ကန်သည့်အပြုအမူများကြောင့် နယ်စားအိမ်တော်မှ သူ့ကို မောင်းထုတ်ခဲ့သည်။ ကျန်းယွင်ကျူးက သူ့ကို လုံးဝထပ်မတွေ့တော့ပေ။
အခုတော့ သူ့ကို ပြန်တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးသည် အကြောင်းအရာများကို စဥ်းစားမိခဲ့သော်လည်း ထိုကိစ္စများက အတိတ်တွင် ကျန်ခဲ့ပြီဟု ခံစားမိလေသည်။
သူမနှုတ်ခမ်းထောင့်များက ဖြည်းဖြည်းချင်း မြင့်တက်သွားခဲ့သည်။ သူဖြစ်နေတော့ သူမက ဒီပြိုင်ပွဲကို နိုင်ဖို့အခွင့်အရေးပိုများသွားပြီ။
ဒါပေါ့။ သူမ ပညာကုန် ထုတ်သုံးရလိမ့်မယ်။ ဘယ်အချိန်မဆို တစ်ခုခုသာ သတိလက်လွတ် ဖြစ်သွားခဲ့ရင် သူမရဲ့လှေက တူးမြောင်းထဲမှာ မှောက်သွားလိမ့်မယ်။
ကောင်းရွှင်က ကျန်းယွင်ကျူးကို မြင်သွားပြီး သူ့မျက်လုံးသေးသေးလေးများက သူမကို ဝေ့ကြည့်လိုက်၏။ ဒီကောင်မလေးက အရမ်းလှတာပဲ။
“စာဖိုးမှူးကောင်း သူက အချက်အပြုတ် သိပ်တော်တာနော်”
တာဝန်ခံမန်က မတတ်သာဘဲ ကောင်းရွှင်ကို သတိပေးလိုက်လေသည်။
သို့သော် ကောင်းရွှင်က ဂရုမစိုက်ပေ။ စီရင်စုမြို့လေးတစ်ခုသာသာပဲ။ ပြီးတော့ သူက မိန်းကလေးတစ်ယောက်လေ။ သူ့ကို သင်ကြားပေးဖို့ နာမည်ကြီးဆရာတစ်ယောက်တောင် ရှိမှာမဟုတ်ဘူး။ ဘယ်လိုအစားအသောက်ကောင်းကို သူက ချက်တတ်မှာတဲ့လဲ။ အဲဒီသခင်လေးက သူ့ရုပ်လှလှလေးကို တွေ့ပြီး ချီးကျူးနေကြတာပဲ နေမှာပေါ့။
ထိုသို့ စဥ်းစားလိုက်ပြီး သူက ပုံမှန်အတိုင်း တိုဟူးခြောက်တစ်တုံးကို ကောက်ယူလိုက်ကာ စတင်ချက်ပြုတ်လိုက်လေသည်။
ကျန်းယွင်ကျူးကလည်း စတင်လုပ်ကိုင်နေလေသည်။ သူမက ကြက်သားကို လှီးလိုက်ပြီးနောက် လိမ္မော်ခွံနှင့် ဆန်နီ စသည့်ဟင်းခတ်အမွှေးအကြိုကများကို ထည့်ကာ ပုံမှန်အတိုင်း မွှေလိုက်ပြီး ရွှေအပြားခတ်ထားသည့်စာရွက်ဖြင့် ထုပ်ထားလိုက်ပြီး နှပ်ထားလိုက်လေသည်။
သည်အချိန်တွင် သူမက နောက်ထပ်ဟင်းတစ်မျိုးကို စတင်ချက်လိုက်သည်။ သည်ဟင်းသည် အလွန်မှ အချိန်ပေးရပြီး ပါဝင်ပစ္စည်းအများအပြားကို ကြိုတင်ပြင်ဆင်ထားရသဖြင့် သူမက ဒီဟင်းကို အရင်လုပ်လိုက်တော့သည်။
ထို့ကြောင့် အားလုံးသည် သူမက ကမာ၊ အရွတ်၊ ကင်းမွန်ငါးနှင့် တခြားပစ္စည်းများကို မြေအိုးထဲတွင် တစ်ခုချင်းထည့််နေသည်ကို တွေ့လိုက်ရလေသည်။
“ သူမ ဘာတွေလုပ်နေတာလဲ၊ ပင်လယ်မျှော့၊ ယောက်သွား၊ လုံမပျိုငါး... အားလုံးက ယူမာမီ ပါဝင်ပစ္စည်းတွေပဲ သူက အားလုံးကို ပေါင်းချက်မလို့လား” အားလုံးက အံ့ဩသွားကြလေသည်။
“ ထွက်လာတဲ့စွပ်ပြုတ်အရည်က လောကမှာ အရသာရှိဆုံး ဖြစ်မှာမလား” တစ်ယောက်က နှုတ်ခမ်းသပ်လိုက်ပြီး မေးလိုက်လေသည်။
ဘေးကလူက ရွဲ့ပြောလိုက်လေသည်။
“အဲလိုဆိုရင် တော်ဝင်စားဖိုမှူးက ဘာလို့ မချက်ခဲ့တာလဲ၊ ရိုးရိုးလေး ပြောရရင် အရသာရှိတဲ့ ပါဝင်ပစ္စည်းတွေကို ထည့်ပြီး ချက်ထားတာပဲ၊ ဘာပဲဖြစ်ဖြစ် နန်းတော်က ငွေပြတ်တဲ့နေရာမှ မဟုတ်တာ။
မဟုတ်ဘူးလား၊ ဒီလို အရသာရှိတဲ့ပါဝင်ပစ္စည်းနဲ့မှတော့ ယူမာမီအရသာရှိတဲ့ဟင်းပဲ ထွက်လာမှာပေါ့၊ နှစ်မျိုး သုံးမျိုးလောက် ရောထည့်တာက အလုပ်ဖြစ်မယ်၊ ဒါပေမဲ့ ထပ်ထည့်ထားတော့ ဒါက လက်ဖက်ခြောက်၊ လက်ဖက်စိမ်း၊ လက်ဖက်နု နဲ့ လက်ဖက်ကြမ်းတွေ အတူတူပေါင်းထည့်လိုက်တာနဲ့ တူနေမှာပေါ့၊ လက်ဖက်တိုင်းက ထိပ်တန်းအရည်အသွေးရှိတဲ့ လက်ဖက်ဆိုရင်တောင် လက်ဖက်ကို ဒီလိုအရသာကောင်းအောင် နှပ်နိုင်ပါအုံးမလား”
သဟုန်ပေါင်း၊ ပိလော်ချွန်း နှင့် ပိုင်ဟောင် ယင်ကျန်းတို့ကို အတူတူရော နှပ်တာလား။ သူ့တင်စားချက်က အလွန်မှ မြင်သာလှသဖြင့် အားလုံးက ထိုစကားကို ကြားလိုက်ပြီး မနေနိုင်ဘဲ တုန်ယင်သွားကြလေသည်။ အဲဒါ လက်ဖက်ရည် ဖြစ်ပါအုံးမလား။ အရည်ပေါင်းစုံထည့်ထားတဲ့ စွပ်ပြုတ်တစ်အိုးနဲ့ ပိုနေတူမှာပေါ့။
“သူဌေးကျန်းက ဘာလုပ်နေတာလဲ၊ သူချက်တဲ့ တုန်းပိုဝက်သားနဲ့ ငါးအခြောက်ကင်က အရသာရှိတာပဲ၊ ပြိုင်ပွဲမှာ အဲဟင်းတွေကို ပြိုင်ရင်တောင် ရတာပဲ” တချို့လူများက နားမလည်ကြပေ။
တချို့က တီးတိုးပြောကြလေသည်။
“ ငါ ကြားတာတော့ မျက်နှာချင်းဆိုင်က စားဖိုမှူးက အန်းဖယ်နယ်စားအိမ်တော်ရဲ့ စားဖိုမှူးတဲ့၊ အန်းဖင်နယ်စားကြီးကတောင် သူ့ဟင်းလျာတွေကို ကြိုက်တယ်တဲ့၊ သူဌေးကျန်းအတွက် ဒီပြိုင်ပွဲကို နိုင်ဖို့က အရမ်းခက်သွားပြီ၊ ငါ့အထင်တော့ သူမက အသစ်ဆန်းတစ်မျိုးမျိုးနဲ့ ထွက်လာမယ်ထင်တယ”
ဒါပေမဲ့ အသစ်အဆန်းက အရသာရှိမယ်လို့ မဆိုလိုသလို နိုင်မယ်လို့လည်း မဆိုလိုဘူးလေ”
တစ်ယောက်က ညည်းညူလိုက်ပြီး ကျန်းယွင်ကျူးက ပြိုင်ပွဲနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကာ အမှားလုပ်မိခဲ့သည်ဟု ထင်နေတော့သည်။
“ အဲလိုဖြစ်မှာပဲ မလား” အားလုံးက သက်ပြင်းချလိုက်၏။
မျက်နှာချင်းဆိုင်ဘက်တွင်တော့ ကောင်းရွှင်က ကျန်းယွင်ကျူး လုပ်နေသည့်အရာကို တွေ့သွားပြီး ရယ်ချင်သလိုနှင့် နှာခေါင်းရှုံ့လိုက်လေသည်။ ဒါနဲ့များ သူမက သူနှင့်ပြိုင်ချင်နေသေးတယ်။ သူကဖြင့် သူမကို လက်တစ်ချောင်းထဲနဲ့ အနိုင်ယူနိုင်တယ်။
ကျန်းယွင်ကျူးက သည်တစ်ကြိမ် ကောင်းရွှင်လုပ်သည့်အရာကို တွေ့လိုက်ပြီး သူချက်နေသည့်အရာကို ချက်ချင်း သိသွားတော့သည်။
သကျူးကန်းစစ် သည် ဟွိုင်ယန်းတွင် နာမည်ကြီးဟင်းတစ်မျိုးဖြစ်လေသည်။ ကန်းစစ် (တိုဟူးမျှင်ခြောက်)။ သည်ဟင်းကို ပြုလုပ်ရန် တိုဟူးဖြူအခြောက်ကို အရင်ဆုံး ပါးပါးလေးလေး အပြားလိုက်လှီးပြီး အထူက စာရွက်ထက် မသိမသာလေးသာ ထူရသည်။ ထို့နောက် သူ့ကို အမျှင်လေးဖြစ်အောင် လှီးရပြီး ပဲအရသာဖယ်ရှားရန် ရေထဲတွင် စိမ်ထားရပြီး ကြက်သားအရည်ထဲတွင် ဝက်ပေါက်ခြောက်၊ ပုဇွန်နှင့် တခြားအရာများကို အတူရောထည့်ပြီး တိုဟူးခြောက်မျှင်ထဲကို ယူမာမီအရသာများ စိမ့်ဝင်သွားအောင် ချက်ပေးရသည်။
သည်ဟင်းကို တိုဟူးခြောက်အမျှင်ကြက်စွပ်ပြုတ်ဟု ခေါ်လေသည်။ ချက်ပြုတ်ပြီးထွက်လာသည့် တိုဟူးမျှင်ခြောက်သည် အရသာရှိသည့် အရသာတစ်ခုနှင့် နူးညံ့ကာဖြူဆွတ်နေသည်။ လူများကို အနံ့အရသာ ပြန်တမ်းတအောင် လုပ်နိုင်စွမ်းရှိလေသည်။
သည်ဟင်းကိုချက်ရင် ဓားကိုင်စွမ်းရည် အထူးကျွမ်းကျင်ရသည်။ အဓိကအချက်မှာ တိုဟူးခြောက်များကို ချောချောမွေ့မွေ့နှင့် ညီညီညာညာဖြစ်အောင် လှီးဖြတ်ရသည်။ မဟုတ်လျှင် အရသာက မညီညွှတ်တော့ပေ။ တစ်ခါက ကဗျာတစ်ပုဒ်တွင် သည်လို ဖော်ခဲ့ဖူးလေသည်။ ‘အရသာထည့်ထားတဲ့ တိုဟူးမျှင်ခြောက်တစ်ပုံက နူးညံ့တဲ့ခြည်မျှင်တွေလို’ ဟု ဖော်ပြခဲ့သည်။ သူ့နူးညံ့မှုကို ပေါ်လွင်စေသည်။
သို့သော် ဓားကိုင်စွမ်းရည်နှင့် ပတ်သက်လျှင် သည်ဟင်းက ဝမ်စီတိုဟူးထက် အနည်းငယ်နိမ့်လေသည်။ နောက်ဆုံး တိုဟူးခြောက်က တိုဟူးပျော့ထက် လှီးဖြတ်ရသည်ကို ပိုလွယ်ကူသည်။
...
အပိုင်း (၆၅) (ခ)
ကျန်းယွင်ကျူးသည် ကောင်းရွှင်က ဝမ်စီတိုဟူးတွင် ဆရာကျမှန်း သိထားလေသည်။ သို့သော် သူက သည်နေ့ ဝမ်စီတိုဟူးအစား သကျူးကန်းစစ် ကိုလုပ်ခဲ့သည်။ ဒါသည် သူက ပြိုင်ပွဲကို အလေးအနက် မထားမှန်း သိသာနေလေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ အရာအားလုံးက သူမ ထင်ထားသည့်ထက် ပိုပြီးချောမွေ့နေလေသည်။
နာရီဝက်ကြာသွားပြီးနောက် ကောင်းရွှင်ဖက်က နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ သကျူကန်းစစ်သည် အဆင်သင့်ဖြစ်ခါနီးလာခဲ့သည်။
ကျန်းယွင်ကျူးဘက်တွင်တော့ သူမသည် ကြက်သားက နှပ်ပြီးခါနီးသည်ကို တွေ့လိုက်ရသဖြင့် သူမက ဆီထည့်ထားသည့်အိုးကို ကောက်ယူလိုက်သည်။
မကြာမီ ဆီအိုးက အငွေ့စတင်ထွက်လာခဲ့သည်။
သည်အချိန်တွင် ကောင်းရွှင်က သူ့ဟင်းပွဲအသင့်ဖြစ်ကြောင်း လက်မြောက်ကာ အချက်ပြလိုက်သည်။ အားလုံးက ကြည့်လိုက်ပြီး ဝါကြင်ကြင်ကြက်သားစွပ်ပြုတ်ကို တွေ့လိုက်ရပြီး အဖြူရောင်ကျောက်စိမ်းလို တိုဟူးခြောက်မျှင်များသည် အပေါ်တွင် ပုံထည့်ထားပြီး အလယ်တွင် မျှော်စင်တစ်ခုလို ဖြစ်နေလေသည်။ ကြီးကျယ်ခမ်းနားလှပြီး တင့်တယ်လှပေသည်။
ကောင်းရွှင်က သူ့မေးကို အနည်းငယ်ချီထားလိုက်၏။ ဒါသည် အန်းဖင်နယ်စားနှစ်သက်သည့် ဟင်းပွဲဖြစ်လေသည်။ သူက သူတို့ကို ဒီနေ့ ပေးမြည်းလိုက်သည်က သူတို့ကို အကျိုးခံစားခွင့် ပေးလိုက်ခြင်းပင်။
ကျန်းယွင်ကျူးဘက်ကို ထပ်ကြည့်လိုက်တော့ မရေမတွက်နိုင်သည့် ထိပ်တန်းအရည်အသွေး ပါဝင်ပစ္စည်းများနှင့် ပြည့်နေသည့်ခရားအိုးက မီးပေါ်တွင် တပွက်ပွက်ဆူနေလေသည်။ ဒါပေမဲ့ သူမဘေးမှာလည်း ဆီအိုးတစ်လုံးပါလား။ သူမ ဘာလုပ်နေတာလဲ။
သည်အချိန်တွင်ကျန်းယွင်ကျူးက ရွှေစက္ကူနှင့်ထုပ်ထားသည့် ကြက်သားကို ထုတ်လာခဲ့ပြီးနောက် အားလုံး အံ့ဩသွားမည့်တစ်ခုခုကို လုပ်လိုက်တော့သည်။
“သူမ ဘာတွေလုပ်နေတာလဲ၊ ငါ အမြင်မှားနေတာ မဟုတ်ပါဘူးနော် “ တစ်ယောက်က တအံ့တဩ ပြောလိုက်လေသည်။
မေးခံလိုက်ရသူက မျက်လုံးများ ထွက်ကျမတတ်ဖြစ်သွားပြီး သတိပင် ပြန်မဝင်နိုင် ဖြစ်သွားတော့သည်။ ဟုတ်ပါသည်။ သူ မေးခွန်းကို မဖြေနိုင်တော့ပါ။
“ သူမ မေ့သွားတာလား”
“ဒါက အဆင်ကောပြေရဲ့လား”
“ငါ့အထင် သူမ ပျာယာခတ်နေတာထင်တယ်”
...
အားလုံးက ပွက်လောရိုက်သွားတော့သည်။ အဓိကအချက်မှာ သူတို့သည် သည်လို ချက်ပြုတ်နည်းလမ်းကို တစ်ခါမှ မတွေ့ခဲ့ဖူးသောကြောင့်ပင်။
ကျန်းယွင်ကျူး ဘာလုပ်နေတာလဲ တဲ့လား။ သူမသည် စာရွက်နှင့်ထုပ်ထားသည့် ကြက်သားကို ဆီအိုးထဲထည့်က နှစ်ကြော်လိုက်လေသည်။
စာရွက်။ ဆီအိုးထဲကို ထည့်လိုက်တယ်လား။ ဆီအိုးသည် အငွေ့တစ်ထောင်းထောင်း ထနေလေသည်။ တစ်ချက်ကြည့််ရုံနှင့် အလွန်မှပူကျက်နေမှန်း သိနိုင်သည်။ စာရွက်သည် အထဲဝင်သွားသည်နှင့်.... ။ ဆက်ပင် မစဥ်းစားရဲတော့ပေ။ ရလဒ်က သေချာပေါက် ကောင်းလိမ့်မည်မဟုတ်။
သည်အတိုင်း မီးထတောက်ပြီး ပေါက်ကွဲတော့မှာလား။ ရှေ့တန်းကရပ်နေသည့်လူများသည် ထိုသို့ စဥ်းစားလိုက်ပြီး သူတို့အားလုံးက ထိခိုက်မိမည်စိုးသဖြင့် နောက်သို့ဆုတ်သွားကြလေသည်။
ဒါမှမဟုတ် စာရွက်က မဲသွားပြီး ကြက်သား ပေါ်လာမှာလား။ ပြီးရင် စာရွက်အကျွပ်ကြက်သားကြော် ဖြစ်လာမှာလား။ ဒီဟင်းက စားလို့ရပါ့မလား။
လူကြားတွင် စကားသံအမျိုးမျိုး ထွက်လာလေသည်။
သည်နေ့ ချီရှန်းကျွီနှင့် ရှီရှန်းကျွီတို့သည် ဟင်းချက်ပြိုင်ပွဲ လုပ်နေကြသည်။ စားသောက်ဆိုင်များကို ပိတ်ထားသည်။ ထို့ကြောင့် ချီရှန်းကျွီထဲက လူတိုင်းကလည်း ပရိသတ်များနှင့်အတူ ကျန်းယွင်ကျူး တစ်ဖက်လူနှင့် ယှဥ်ပြိုင်နေသည်ကို စောင့်နေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် အမျိုးသမီးချန်က ကျန်းချိန်၏လက်ကို ချက်ချင်းဆုပ်လိုက်လေကာ အလွန်မှ စိုးရိမ်သွားပြီး သူမသည် အသက်ပင် မရှူနိုင်တော့ပေ။ ကျန်းယွင်ကျူးသာ ရှုံးသွားခဲ့လျှင် သူမသည် တာဝန်ခံမန်အတွင် တစ်နှစ်အလုပ်လုပ်ပေးရတော့မည်။ သို့ဆိုလျှင် ဆိုးသွားတော့မည်။
ကျန်းချိန်က သူမ၏လက်ကို ပြန်ဆုပ်ထားလိုက်ပြီး မောဟိုက်နေတော့သည်။ သူသည် ကျန်းယွင်ကျူးကို ယုံကြည်ထားရမည်ကို သိနေသည်။ သည်အတိုင်း အမှန်ပင် စိုးရိမ်နေမိခြင်းပင်။
ကျန်းရွှယ်နှင့် တခြားသူများကလည်း အတူတူပင်။
“ဟင့် ဟင့်”
ငိုရှိုက်သံတိုးတိုးလေးတစ်ခု။ ရှဲ့လျန်သည် မထိန်းနိုင်တော့ဘဲ ငိုနေခြင်းပင်။ သူမသည် ချီရှန်းကျွီကို သဘောကျသည်။ သူမက ကျန်းယွင်ကျူးကို ချစ်သည်။ သည်နေရာတွင် နေရသည့်နေ့ရက်များသည် သူမဘဝတွင် အပျော်ဆုံးပင်။ သူမသည် ကျန်းယွင်ကျူးကို မရှုံးစေချင်သလို အနိုင်ကျင့်လည်း မခံရစေချင်ပါ။
“အဆင်ပြေသွားမှာပါ” ရှဲ့ချန်က သူမကို နှစ်သိမ့်ပေးလိုက်သော်လည်း အနည်းငယ် စိတ်ပူနေလေသည်။
“ မငိုနဲ့နော်၊ ရော့”
ချင်ယောင်းက သူတို့နှင့် သိပ်မဝေးလှသည့်နေရာတွင် ရပ်နေလေသည်။ ထိုမြင်ကွင်းကို တွေ့လိုက်ပြီး သူမက လက်ကိုင်ပဝါကို ထုတ်ကာ ရှဲ့လျန်ကို လှမ်းပေးလိုက်လေသည်။ ထို့နောက် သူမက ဆက်ပြောလိုက်၏။
“စိတ်မပူနဲ့နော်၊ သူ(မ)က တခြားသူအတွက် အလုပ်လုပ်ပေးရမှာ မဟုတ်ဘူး၊ ချီရှန်းကျွီက ဆက်ပြီးဖွင့်နေအုံးမှာ”
ခုနလေးတင်ကပင် သူမက ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကျန်းယွင်ကျူးသာ ရှုံးခဲ့လျှင် သူမက တာဝန်ခံမန်ကို လျန်ငွေရာချီပေးပြီး နှုတ်ထွက်ခိုင်းလိုက်မည်။ သူမလိုလူက တာဝန်ခံမန်အတွက် အလုပ်လုပ်ပေးရမည်ကို မကြည့်ရက်ပေ။
လျန်ငွေ တစ်ရာနှစ်ရာသည် တခြားသူများအတွက်တော့ အလွန်များသည့်ငွေဆိုသော်လည်း သူမအတွက်တော့ ဘာမှမဟုတ်ပေ။ အကြောင်းမှာ သူမသည် ချီရှန်းကျွီက အစားအသောက်များကို နှစ်သက်သဖြင့် ငွေကို သုံးလိုက်ရသည်က တန်လေသည်။
ရှဲ့လျန်သည် နှစ်ယောက်သား၏ နှစ်သိမ့်မှုကြောင့် အငိုရပ်သွားတော့သည်။
ချင်ယောင်းက လက်ကိုင်ပဝါကို သူမ၏လက်ထဲ ထည့်ပေးလိုက်ပြီး မျက်ရည်များကို သုတ်လိုက်ဖို့ ပြောလိုက်လေသည်။
သူမက ရှက်ရှက်နှင့် ယူလိုက်ပြီး သူမ၏မျက်ရည်များကို သုတ်လိုက်ကာ တစ်ခုခုပြောချင်ပါသော်လည်း မပြောနိုင် ဖြစ်နေရလေသည်။
“ကျေးဇူးတင်ပါတယ် မိန်းကလေးချင်” ရှဲ့ချန်က ရှဲ့လျန်အတွက် ချင်ယောင်းကို ကျေးဇူးတင်စကား ပြောပေးလိုက်လေသည်။
“မလိုပါဘူး၊ အသေးအဖွဲကိစ္စလေးပါ”
ချင်ယောင်က မြန်မြန်ပြောလိုက်၏။ သူမ၏မျက်လုံးများထဲတွင် ရေများ စီးဆင်းနေသယောင် ရွှန်းလဲ့နေလေသည်။
သူမက ရှက်သွားပြီး ခေါင်းငုံ့လိုက်သဖြင့် ရှဲ့ချန်မှာ ရုတ်တရက် သူမကို မကြည့်ရဲသလို ဖြစ်သွားတော့သည်။
သူတို့နှစ်ယောက်လုံးက အချင်းချင်း ကြည့်မနေကြတော့သလို စကားလည်း ဆက်မပြောလိုက်ကြပေ။ သူတို့သည် ထိုနေရာတွင် ရပ်နေသော်လည်း တခုခုက သိပ်သည်းလာသယောင်။
ရှဲ့လျန်က ရှဲ့ချန်ကို ကြည့်လိုက်ပြီးနောက် ချင်ယောင်းကို ကြည့်လိုက်ကာ သူမ၏ မျက်လုံးများလှလှလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။
သူ့ဘေးတွင် လင်ယွိပိုင်က မျက်မှောင်ကျုံ့ထားသည်။
သည်အချိန်တွင် ကျန်းယွင်ကျူး၏ ကြက်သားနှင့် စက္ကူတို့သည် ဆီအိုးထဲတွင် ခဏလောက် ထည့်ထားသော်လည်း အံ့ဩစရာကောင်းသည်က အိုးသည် တရှဲရှဲအသံ မြည်လာခဲ့သည်။ အားလုံး မျှော်လင့်ထားသည့် အရာက ဖြစ်လာမခဲ့ပေ။ ထို့အစား ရနံ့တစ်ခုက လွင့်မျောလာသည့် လေပြေနှင့်အတူ မျောပါသွားလေသည်။
“ စက္ကူထုပ်ကြက်သား ၊ ဒါ စက္ကူထုပ်ကြက်သားဖြစ်မယ်၊ ဒီဟင်းပွဲ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”
ကုယန်ကျိုးသည် လူအုပ်ထဲတွင် ရပ်နေလေသည်။ ရုတ်တရက် သူက တစ်ခုခုကို သတိရသွားသည့်နှယ် ရေရွေလိုက်လေသည်။
စင်ပေါ်က မိန်းကလေးက အမြဲတမ်း သူထင်ထားတာထက် သာလွန်နေတာပဲ။
သူ့ဘေးတွင် ရပ်နေသူမှာ ဗဟုသုတကြွယ်ဝသည့် ကျောင်းသားများဖြစ်လေသည်။ သူပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးနောက် လူတော်တော်များများက သမိုင်းထဲတွင်သည်လိုဟင်းတစ်မျိုး ရှိသည်ကို ချက်ချင်း သတိရသွားကြလေသည်။
မှတ်တမ်းများအရ သည်ဟင်းလျာသည် နန်ယွဲ့နိုင်ငံတွင် ပထမဆုံးပေါ်လာခဲ့ပြီး နန်ယွဲ့နိုင်ငံ၏ လျှို့ဝှက်ဟင်းလျာတစ်မျိုးဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ပထမဟန်ဧကရာဇ် လျိုပန်းက ထီးနန်းတက်လာသည့်အချိန်တွင် နန်ယွဲ့နိုင်ငံက ခိုဝင်လာခဲ့ပြီး နှစ်တိုင်း ဟန်မင်းဆက်ကို လက်ဆောင်ပဏ္ဍာများ ဆက်သခဲ့ရသည်။ သည်စက္ကူထုပ်ကြက်သားက နှစ်တိုင်းပို့လာသည့် လက်ဆောင်ပဏ္ဍာများထဲက တစ်ခုဖြစ်ရမည်။ ချီးကျူးဖော်ပြထားသည့် ကဗျာတစ်ပုဒ်ပင် ရှိခဲ့သည်။ ‘နန်ယွဲ့က အသက်သွေးကြောတစ်ခုအနေနဲ့ ညီညွှတ်ကြပြီး ရွှေကြက်ဖတစ်ကောင်ကို စက္ကူတွင် ထုပ်ပိုးထားလို့ လောကကြီးက အေးချမ်းလေတယ်’ ဟူဥ၍။
နောက်ပိုင်းတွင် နန်ယွဲ့နိုင်ငံတော် ဖျက်ဆီးခံလိုက်ရပြီးနောက် သည်ဟင်းလျာလည်း ပျောက်ကွယ်သွားခဲ့သည်။ အားလုံးက ဟင်းပွဲ၏အရသာနှင့် မှော်ဆန်လှသည့်အကြောင်းကို သမိုင်းစာအုပ်ထဲမှသာ စိတ်ကူးကြည့်ရုံမျှတတ်နိုင်တော့သည်။ မျှော်လင့်မထားဘဲ သည်နေ့တွင် ဝူလင်စီရင်စုက မိန်းကလေးတစ်ယောက်က သည်ဟင်းပွဲ အမှန်ပင် ပြန်လည်ပြုလုပ်ခဲ့လေသည်။
ဒါက ပထမဟန်မင်းဧကရာဇ် အရမ်းချီးကျူုးခဲ့တဲ့ စက္ကူထုပ်ကြက်သားလား။ ကျန်းယွင်ကျူးက တကယ်အထင်ကြီးစရာကောင်းတာပဲ။
ဒါပေမဲ့ အိုးထဲက စက္ကူက မည်းမသွားသလို ပြဲလည်းမသွားဘူး။ ပြီးတော့ လေထဲမှာလည်း မွေးရနံ့က အပြည့်ပဲ။ အားလုံးက တစ်ဖက်သို့ ရောက်နှင့်သွားပြီး ဖြစ်လေသည်။ ကျန်းယွင်ကျူးသည် အမှန်ပင် စက္ကူထုပ်ကြက်သားကို လုပ်ခဲ့သည်။
အားလုံးက ချက်ချင်း စိတ်လှုပ်ရှားသွားတော့သည်။ ဒီနေ့လာတာ မှန်သွားပြီ။ သူတို့တွေ ဒီနေ့ သမိုင်းကြောင်းကို မျက်မြင်တွေ့ခဲ့ရတာမလား။
ပရိသတ် တစ်ယောက်မှ နောက်တစ်ယောက်သို့ ရောက်သွားပြီး အားလုံးက စက္ကူထုပ်ကြက်သား၏ အံ့အားသင့်ဖွယ်မူလဇာစ်မြစ်ကို သိသွားကြတော့သည်။
စင်ပေါ်က တရားသူကြီးမုန့်နှင့် သခင်လေးဆယ်ယောက်က ထိုစကားသံများကို ကြားလိုက်ရလေသည်။ တရားသူကြီးမုန့်သည် ကျင်ရှီး အဆင့်နောက်ခံမိသားစုတစ်ခု ရှိလေသည်။ သခင်လေးဆယ်ယောက်ကလည်း ကဗျာနှင့် စာပေများတွင် နှံ့စပ်ကြသည်။ သူတို့က စက္ကူထုပ်ကြက်သားကို မှတ်မိသွားပြီး ကျန်းယွင်ကျူး တည်ခင်းပေးမည့် ဟင်းပွဲကို ကြည့်လိုက်လေသည်။ သူတို့သည် မစောင့်နိုင်တော့ပေ။
ဒါက စက္ကူထုပ်ကြက်သားပဲ။ ပထမဟန်ဧကရာဇ် စားခဲ့တဲ့ စက္ကူထုပ်ကြက်သားလား။ ဒါဆို သူတို့တွေ ဒီနေ့ ကံကောင်းသွားတာပေါ့။
သည်ဟင်းနှင့် ယှဥ်ကြည့်လျှင် ကောင်းရွှင်၏ သကျူးကန်းစစ်က မပေါ်လွင်တော့သယောင်။
ကောင်းရွှင်သည် ဘယ်တော့မှ မလေ့လာသဖြင့် စက္ကူထုပ်ကြက်သား၏ မူလသမိုင်းကြောင်းကို မသိခဲ့ပေ။ သူက ကျန်းယွင်ကျူး၏ ကြက်သားဟင်းလျာက နည်းနည်း စိတ်ဝင်စားစရာ ကောင်းသည်ဟုသာ မြင်လိုက်လေသည်။ သို့ေသာ် အားလုံးက စက္ကထုပ်ကြက်သားကို ကြည့်နေကြပြီး သူ၏ သကျူးကန်းစစ်ကို ဘယ်သူမှ စိတ်မဝင်စာသည်ကို တွေ့လိုက်ရသောအခါ သူ့မျက်နှာသည် ချက်ချင်း ညိုမည်းသွားတော့သည်။
ကျန်းယွင်ကျူးက စက္ကူထုပ်ကြက်သားကို လုပ်နေသလား ဆိုလျှင်တော့။ ဟုတ်ပါသည်။ ဒါကသည် ချင်မင်းဆက်တွင် ပြန်လည်ဖန်တီးထားသည့် ဟင်းလျာဖြစ်လေသည်။ ထိုဟင်းလျာသည် ပြည်သူ့ကိုယ်စား အုပ်ချုပ်သည့်ခေတ်တွင် ရှင်သန်ခဲ့သည်။ ခေတ်သစ်ကာလတွင်တော့ တစ်ဖန် ကွယ်ပျောက်သွားခဲ့သည်။ သို့သော် သည်တစ်ကြိမ်က ဟင်းချက်နည်းကြောင့်မဟုတ်ဘဲ ကြက်သားထုပ်ရာတွင် သုံးသည့်စက္ကူလိပ်က အလွန်မှ ရှားပါးသောကြောင့်ပင်။
သည်စက္ကူလိပ်ကို ချန်တင်းဒေသထွက် ဝါးနုများဖြင့် ပြုလုပ်ရသည်။ ထုတ်လုပ်သည့် လုပ်ငန်းစဥ်က ဝန်ကျယ်ပြီး ရှုပ်ထွေးလှသည်။ ထွက်လာသည့်ထုတ်ကုန်က ကျောက်စိမ်းတမျှ တောက်ပသည်။ သည်ခေတ်တွင် စျေးကြီးလေသည်။ ခေတ်သစ်တွင်တော့ လူအားနေရာတွင် စက်ပစ္စည်းအများစုကို နေရာယူလာခဲ့သည်။ သို့တိုင် သည်လိုစက္ကူမျိုးက အလွန်မှ စျေးကြီးနေဆဲပင်။ လူအားဖြင့်သာ လုပ်နိုင်ပြီး အနည်းငယ် ထိန်းသိမ်းရခက်လေသည်။
ထို့ကြောင့် တစ်ခါတရံ ဟင်းလျာတစ်မျိုးက ခေတ်အပြောင်းအလဲကို သက်သေလုပ်ပေးနိုင်သည်။
ကျန်းယွင်ကျူး အခုလုပ်ထားသည့် ဟင်းလျာက အချိန်ကိုက် ဖြစ်နေခြင်းပင်။ စက္ကူကို အဆင်သင့် ဝယ်ယူနိုင်သည်။ သူမ၏ဟင်းလျာက လုပြည်နယ်က စက္ကူကို စျေးတက်သွားအောင် လုပ်လိမ့်မည်လားကိုတော့ မသိနိုင်ပေ။
ထိုအကြောင်းကို စဥ်းစားရင်း ကျန်းယွင်ကျူးက သူမ၏စက္ကူထုပ်ကြက်သား အဆင်သင့် ဖြစ်ပြီးဖြစ်ကြောင်း လက်မြောက်ကာ အချက်ပြလိုက်တော့သည်။
ချက်ချင်းဆိုသလို လူတစ်ယောက်က ရောက်လာပြီး သည်ဟင်းကို တရားသူကြီးမုန့်နှင့် တခြားသူများထံ ယူသွားပေးလိုက်သည်။ သူတို့သည် အစိမ်းရောင်ဝါးပင်ပုံစံ ရေးဆွဲထားပြီး ထောင့်တွင်’ချီရှန်းကျွီ’ဟု ရေးထားသော ခန့်ညားသည့် ဇာမဏီဟန် စာလုံးသုံးလုံး ပါသည့် အဖြူသန့်သန့်အကောင်းစား ကြွေပန်ကန်ပြားတစ်ချက်ကို တွေ့လိုက်ရသည်။
အလယ်တွင် အဖြူသန့်သန့်အရောင်တစ်ခု ပါသည့် အလိပ်လေးတစ်ခု ရှိနေသည်။ စက္ကူထုပ်ကြက်သားကို ဆီနှစ်ကြော်ထားပြီးနောက်တွင် အပြင်ဘက်စက္ကူသားက လုံးဝ ပြောင်းလဲမသွားပေ။
အသွင်အပြင်နှင့်ပင် အရသာရှိသည့်အစားအသောက်နှင့် လှပသည့်ပန်းကန်ခွက်ယောက်များဟု ဆိုနိုင်လေသည်။
သည်အခိုက်တွင် တစ်ယောက်က ကတ်ကြေးကို ယူလိုက်ပြီး စက္ကူကို ညှပ်လိုက်သည်။ ချက်ချင်းဆိုသလို လေပူလှိုင်းတစ်ခုက မွှေးရနံ့နှင့်အတူ ဝေ့တက်လာခဲ့သည်။
အပူဓာတ်က လွင့်ပြယ်သွားသည်။ အားလုံးက အထဲကို ကြည့်လိုက်ရာ ကြက်သားက ကျောက်စိမ်းလို ရွှေရောင်သန်းနေသည်ကို တွေ့လိုက်ရတော့သည်။
လူအားလုံးသည် အနံ့နှင့် ဖမ်းစားခံလိုက်ရတော့သည်။ တစ်ယောက်က အထဲက ကြက်၏အသားကို ထုတ်ယူလိုက်ပြီး တရားသူကြီးမုန့်၏ပန်းကန်ထဲ တချို့ကို ထည့်ပေးလိုက်သည်။ ထို့နောက် သခင်လေးဆယ်ယောက်၏ ပန်းကန်များထဲ ထည့်ပေးလိုက်လေသည်။
စက္ကူထုပ်ကြက်သား တစ်ပန်းကန်။ ကျန်းယွင်ကျူးက တမင် ပိုပြီးလုပ်ထားခဲ့သော်လည်း လူဆယ့်တစ်ယောက်က မျှပြီးစားရသဖြင့် လူတစ်ယောက်စီက နှစ်ပိုင်း သုံးပိုင်းသာ စားရလေသည်။
အမှန်တွင်တော့ ပုံမှန်သာ ဖြစ်လေသည်။ ဒါက အစားအသောက် မြည်းစမ်းခြင်းဖြစ်ပြီး ဗိုက်အဝစားခြင်း မဟုတ်ပေ။ နှစ်ပိုင်း သုံးပိုင်းလောက်က အရသာခံဖို့ရန် လုံလောက်သည်။
အားလုံးက တရားသူကြီးမုန့်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ပြီး သူအရင်ဆုံး စားမှာကို စောင့်နေလိုက်ကြသည်။
တရားသူကြီးမုန့်လည်း ဆက်ပြီး သည်းမခံနိုင်တော့ဘဲ တူကိုယူကာ ကြက်သားကို ညှပ်လိုက်တော့သည်။ ပထမဆုံး စမ်းအကြည့်မှာပင် ကြက်သားသည် နည်းနည်း သတိမထားမိလိုက်သည်နှင့် ချော်ထွက်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ဒါက ကြက်သား၏ နူးညံ့မှုကို သက်သေပြနေခြင်းပင်။
စက္ကူထုပ်ကြက်သားသည် စက္ကူကိုဖြတ်ပြီးမှာ ဆီနှစ်ကြော်သည့် နည်းလမ်းကို သုံးထားရခြင်းအကြောင်းမှာ ကြက်သားကို ခြောက်သွားအောင် ကြော်မိမည် စိုးပြီး အရသာအားလုံးကို အထဲတွင် ပိတ်လှောင်ထားနိုင်ရန် ဖြစ်လေသည်။
တရားသူကြီးမုန့်က မျက်နှာထားကို မပြောင်းဘဲ ဒုတိယအကြိမ် အသားကို ညှပ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ကြက်သားတစ်ဖဲ့ကို ထည့်လိုက်လေသည်။
အရသာအပြည့်ပဲ။ ဒီခံစားချက်ပဲ။ ဟင်းခတ်အမွှေးအကြိုက်အမျိုးမျိုး၊ ကြက်သားနဲ့ မျှစ်တို့ရဲ့ အနံ့အရသာ။ အနံ့အရသာအားလုံး ရောသွားပြီး လူတွေရဲ့အရသာဖုကို အံ့ဩထိတ်လန့်ရစေတာပဲ။
တရားသူကြီးမုန့်က သူ့ပါးစပ်ထဲက အသားကို ဖြည်းဖြည်းချင်းအရသာခံလိုက်ပြီး အနံ့အရသာအားလုံးကို တစ်ခုချင်း ခွဲခြားဖို့ ကြိုးစားလိုက်ကာ သူ့စိတ်ထဲတွင် မှတ်ထားလိုက်လေသည်။
ဒါသည် လူများက လှပသည့်ရှုခင်းတစ်ခု၊ လှပသည့် အရာများနှင့် အရသာရှိသည့်အစားအသောက်ကို စားချိန်တွင် သတိမထားမိလိုက်ပဲ လုပ်ချင်သွားသည့်အရာဖြစ်လောက်သည်။
တရားသူကြီးမုန့် စားလိုက်သည်ကို တွေ့လိုက်ရသဖြင့် တခြားသူများက တစ်ယောက်ပြီးတစ်ယောက် တူကို ကောက်ကိုင်လိုက်ကြတော့သည်။
ထို့နောက် သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဒါက ပထမဟန်ဧကရာဇ်က အပြည့်အဝ ချီးကျူးခဲ့တဲ့ ဟင်းလျားတစ်မျိုးပဲ။ ထင်ထားတဲ့အတိုင်းပဲ အရသာရှိလိုက်တာ။
...
အပိုင်း (၆၅) (ဂ)
တရားသူကြီးမုန့်က ကြက်သားကို အလွန်မှ ဖြည်းညင်းစွာ အရသာခံနေ၏။ သို့တိုင် ကြက်သားသုံးတုံးက ဗိုက်ထဲ ချက်ချင်းရောက်သွားတော့သည်။ တခြားသူများလည်း ထိုနည်းတူပင်။ သူတို့သည် စက္ကူအိတ်အလွတ်ကို ကြည့်ပြီး ထပ်လိုချင်နေကြတော့သည်။
တစ်ယောက်က ရုတ်တရက် စဥ်းစားလိုက်တော့သည်။ အဲဒီစက္ကူကို စားလို့ရရင်သိပ်ကောင်းမှာပဲ။ ဒီစက္ကူကလည်း ဝါးနုကနေ လုပ်ထားတာထင်တယ်။ အဲဒါထက် သူ့ကို ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ နှစ်ထားပြီး ဆီအိုးထဲကိုလည်း ထည့်ခဲ့တာပဲ... ဘယ်လောက်တောင် အရသာရှိနေလိမ့်မလဲမသိဘူး။
မှန်ပါသည်။ ဒါက ကိုယ့်အတွေးသက်သက်သာ ဖြစ်လေသည်။ မည်သူမှ ထုတ်မပြောကြပေ။
ကောင်းရွှင်၏ဟင်းပွဲက ကျန်းယွင်ကျူးထက် အရင်ပြီးစီးခဲ့သည်။ အမှန်တွင်တော့ အခြွေအရံများက ကြက်သားကို ဝေမပေးရသေးခင်မှာ သူတို့သည် သကျူးကန်းစစ်ကို တရားသူကြီးနှင့် တခြားသူများအား တည်ခင်းထားပေးပြီးဖြစ်သည်။ သို့သော် အားလုံးက စက္ကူထုပ်ကြက်သားကို စမ်းကြည့်ဖို့ စိတ်အားထက်သန်ခဲ့ကြသဖြင့် ဘယ်သူကမှ ထိုဟင်းပွဲကို ဂရုမစိုက်မိခဲ့ကြပေ။
အခုတော့ ကြက်သား စားပြီးပြီဖြစ်ရာ အားလုံးက သကျူးကန်းစစ်ကို မြည်းကြည့်ရတော့မည်။ မဟုတ်လျှင် အနိုင်ရသူကို မည်သို့ ဆုံးဖြတ်ပေးနိုင်ပါမည်နည်း။
ကောင်းရွှင်၏လက်ရာကလည်း ထူးခြားလေသည်။ သူသည် သကျူးကန်းစစ် လုပ်ရာတွင် အကောင်းဆုံး အားမထုတ်ခဲ့သော်လည်း နူးညံ့သည့် အထိအတွေ့နှင့် အရသာရှိသည့် အရသာတစ်မျိုး ပါရှိသည်။
အားလုံးက သည်ဟင်းမစားခင် အနံ့အရသာပြည့်စုံသည့် ကြက်သားစားခဲ့ရခြင်း တစ်ခုသာ။ ထို့ကြောင့် ထင်သလောက် အံ့ဩစရာမကောင်းတော့ပေ။
အမှန်တွင်တော့ ဒါက ကျန်းယွင်ကျူး၏ဗျူဟာပင် ဖြစ်လေသည်။ ပွဲအစတွင် ခေါင်ကို မှန်းပစ်လိုက်ခြင်းပင်။ ချက်ပြုတ်ရာတွင် တစ်ခါတရံ နှိုင်းယှဥ်မှုက အရောင်နှင့် အနံ့ထက် ပိုပြီးအားသာလေသည်။
စတင် မဲပေးခဲ့ကြသည်။ အစီအစဥ်အရ ဒိုင်များက အရသာရှိသည်ဟု ထင်သည့် မည်သည့်ဟင်းပွဲကို မဆို သူတို့ရှေ့တွင်ချထားသည့် ဟင်းပွဲပန်းကန်ထဲသို့ သူတို့လက်ထဲက ဇွန်းကို ထည့်ပေးရမည်။
တရားသူကြီးမုန့်က အားလုံး၏မျှတသည့်ဆုံးဖြတ်ချက်ကို သက်ရောက်မည်စိုးသဖြင့် သူက အားလုံးကို အရင်မဲပေးဖို့ ပြောလိုက်သည်။ ခေါင်းဆောင်ခြင်းဖိအားကို ရှောင်ရှားရန်ပင်။
ပထမသခင်လေးက သူ့လက်ထဲက ဇွန်းကို တွေဝေမနေဘဲ စက္ကူကြက်သားပန်းကန်ထဲသို့ ထည့်လိုက်လေသည်။
ဒုတိယသခင်လေးလည်း ထိုနည်းတူပင်။
ထို့နောက် တတိယ နှင့် စတုတ္ထ။ နံပါတ်ငါးယောက်မြောက်သို့ ရောက်လာချိန်တွင် သူသည် အစက ဇွန်းကို တကျူးကန်းစစ်ဟင်းပန်းကန်ထဲ ထည့်လိုက်ချင်သည်။ နောက်ဆုံး သူသည် တာဝန်ခံမန်ထဲမှ ငွေလက်ခံထားခဲ့လေသည်။
သို့သော် နောက်ဆုံးတွင် သူက မလုပ်ရဲခဲ့ပေ။ တရားသူကြီးမုန့်အပါအဝင် အားလုံးက စောင့်ကြည့်နေကြသည်။ သူသည် သကျူးကန်းစစ်ကို မဲပေးဖို့ရန် အကြောင်းပြချက်တစ်ခုတော့ ရှိမှ ဖြစ်လိမ့်မည် မဟုတ်ပါလား။
သူသည် အချိန်ကျလာသောအခါ မျက်နှာပျက်မခံနိုင်တော့ဘဲ ရှင်းမပြတတ်ခဲ့ပေ။
ခြောက်ယောက်မြောက်က စက္ကူကြက်သား။ ခုနှစ်ယောက်မြောက် စက္ကူကြက်သား။ ရှစ်ယောက်မြောက် စက္ကူကြက်သား။ တာဝန်ခံစုန့်က တစ်စုံတစ်ယောက်ကို ကူညီပေးဖို့ တောင်းဆိုထားခဲ့သည်။ ထိုတစ်စုံတစ်ယောက်က သူ့မိသားစုကို အရင်က ကူညီပေးခဲ့ဖူးသည်။ သူက ကူညီပေးမည်ဟု ကတိပေးခဲ့ပြီးသားဖြစ်သည်။ အခုတော့။
သူသည် ထိုနေရာတွင် ရပ်နေပြီး ဟိုဘက် သည်ဘက် ယိမ်းနေလေသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဇွန်းကို သကျူးကန်းစစ်ပန်းကန်ထဲ ထည့်လိုက်တော့သည်။
ပြီးပြီ။ အခုချိန်ကစပြီး သူ အဲဒီလူကို ဘာကျေးဇူးကြွေးမှ မတင်တော့ဘူး။
သေချာပါသည်။ မဲပေးလိုက်ပြီးနောက်တွင် အားလုံးက သူ့ကို ကြည့်နေကြလေသည်။ သူက မျက်နှာကိုသာ လွဲထားပြီး မမြင်ချင်ဟန်ဆောင်ရုံသာ တတ်နိုင်တော့သည်။ အမှန်တွင်တော့ သူသည် ပုန်းခိုရန် မြေကြီးထဲတွင် အက်ကြောင်းတစ်ခုပင် ပေါ်လာစေချင်တော့သည်။
သူက ဦးဆောင်လိုက်သဖြင့် ကိုးယောက်မြောက်က သကျုးကန်းစစ်ကို မဲပေးလိုက်သည်။
ဆယ်ယောက်မြောက်က စက္ကူထုပ်ကြက်သားကို မဲပေးခဲ့သည်။
နောက်ဆုံးတွင် တရားသူကြီးမုန့် အလှည့်ရောက်လာခဲ့သည်။ သူက ပြုံးလိုက်ပြီး
“ ကျုပ် တစ်ယောက်တည်းသဘောကတော့ စက္ကူထုပ်ကြက်သားက ပိုကောင်းတယ်လို့ထင်တယ်၊ အတိတ်မှာတုန်းက စက္ကူထုပ်ကြက်သားဆိုတာ နှစ်ရာချီအောင် ဟန်မင်းဆက်ရဲ့ဂုဏ်ရောင်ကို ကိုယ်စားပြုခဲ့တယ်၊ အခုတော့ စက္ကူထုပ်ကြက်သားက ပြန်ပေါ်လာခဲ့ပြီး ကျုပ်တို့ စီရင်စုမြို့က ပိုပိုပြီး ကောင်းမွန်လာလိမ့်မယ်”
သေချာပါသည်။ ဝူလင်စီရင်စုတွင် သတ္တုမိုင်းတွင်းများ ရှိသည်။ လူတို့၏ဘဝသည် ပိုကောင်းသည်ထက် ပိုကောင်းလာလိမ့်မည်။
“လူကြီးမင်းပြောတာ အရမ်းမှန်ပါတယ်”
အားလုံးက တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြသည်။
ပထမဟင်းပွဲ ပြိုင်ပွဲတွင် ကျန်းယွင်ကျူးက အနိုင်ရခဲ့သည်။
ကျန်းယွင်ကျူးက ဘေးတွင်ရပ်နေပြီး စောင့်ကြည့်နေလေသည်။ သူမသည် သကျူးကန်းစစ် ပန်းကန်ထဲသို့ ဇွန်းထည့်လိုက်သည့် လူနှစ်ယောက်ကို တွေ့လိုက်သည်။ သည်လူနှစ်ယောက်က တာဝန်ခံမန် သို့မဟုတ် တာဝန်ခံစုန့်နှင့် တစ်ခုခုပတ်သက်နေလိမ့်မည်ဟု ခပ်ရေးရေး ခန့်မှန်းမိလိုက်သည်။
မတတ်နိုင်ဘူးလေ။ လူတွေရှိမှတော့ အကျိုးအမြတ်လိုချင်သူလည်း ရှိမှာပဲ။
တော်သေးတယ် သူမ နိုင်သွားလို့။
ပရိသတ်များထဲတွင် ရွှယ်ကျင်းနှင့် တခြားသူက အလွန်ပျော်နေကြသည်။ ကျန်းယွင်ကျူးသည် ပထမပွဲတွင် အနိုင်ရခဲ့သည်။ ကျန်သည်က အများကြီး ပိုလွယ်ကူလာလိမ့်မည်။
သူတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်က တာဝန်ခံစုန့်၊ တာဝန်ခံမန်နှင့် တခြားသူများပင်။ သူတို့သည် ငိုညည်းနေကြသယောင်။ ဘယ်လိုဖြစ်ပြီး သူတို့တွေ ရှုံးသွားတာလဲ။
သူတို့အားလုံးက ကောင်းရွှင်ကို ကြည့်လိုက်ကြ၏။ ဒါက အန်းဖင်နယ်စားအိမ်တော်က ထိပ်တန်းစားဖိုမှူးတဲ့လား။ သူက စီရင်စုမြိုးလေးတစ်ခုက မိန်းကလေးတစ်ယောက်ကိုတောင် မယှဥ်နိုင်ဘူး။
ကောင်းရွှင်သည် သူတို့ အကြည့်ခံလိုက်ရသောအခါ စိတ်တိုသွားပြီး ချက်ချင်း ဒေါသမီး တောက်သွားတော့သည်။ သူ အကောင်းဆုံး မလုပ်ခဲ့တာလေ။ ပြီးတော့ အဲဒီအမျိုးသမီး။ ဘာစက္ကူကြော်လဲ။ လူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေတာပဲ။ သူရှုံးခဲ့တာက ကြိုတင် ပြင်ဆင်မထားခဲ့လို့လေ။
နောက်ပွဲကျရင် သူ့အင်အားကို အားလုံးကို ချပြရလိမ့်မယ်။
ဒုတိယပြိုင်ပွဲကို ချက်ချင်း စတင်လိုက်သည်။ သည်အချိန်တွင် ပြိုင်ပွဲစကတည်းက တစ်နာရီကျော် ကုန်သွားပြီဖြစ်သည်။ နေ့လယ်စာ စားချိန်ရောက်ပြီဖြစ်သော်လည်း ကြည့်ရှုနေသူများထဲက တစ်ယောက်မှ ထွက်မသွားချင်ခဲ့ကြပေ။ ထိုအစား လူကပိုတောင်များလာသေးသည်။
အားလုံးက စင်ပေါ်မှ စားဖိုမှူးနှစ်ယောက်က ပြင်ဆင်ထားသည့် ဟင်းပွဲများကို မစားနိုင်ခဲ့သော်လည်း သူတို့ကို မြင်ပြီး အနံ့ခံရရုံပင် ကျေနပ်နေကြသည်။
ထို့အပြင် သည်လိုစိတ်ပျော်စရာပြိုင်ပွဲများက တစ်ချိန်လုံးဖြစ်နေသည်မဟုတ်ပေ။
ဒုတိယဟင်းအတွက် ကောင်းရွှင်က ဘဲတစ်ကောင်၊ ကြက်တစ်ကောင်နှင့် ခိုတစ်ကောင်ကို ချက်ချင်း ဆွဲယူလိုက်သည်။ သုံးထားသည့်ဘဲက ဘဲထီးတစ်ကောင်ဖြစ်သည်။ အသားကျစ်သည်။ သုံးထားသည့်ကြက်က တောကြက်ဖြစ်သည်။ သုံးထားသည့်ခိုက ငိုငယ်လေးတစ်ကောင်ဖြစ်သည်။
ဘဲထီး၏ အရိုးများကို ပုံစံမပျက်ဘဲ နည်းနည်းချင်း ဖယ်ရှားရသည်က ပညာသားပါသည့် အလုပ်တစ်ခုပင်။ သို့သော် ကောင်းရွှင်က အလွန်မှမြန်မြန်ဆန်ဆန် လုပ်လိုက်လေသည်။
ကျန်းယွင်ကျူးက ဒုတိယဟင်းကို စပြီး လုပ်လိုက်သည်။ ဒုတိယဟင်းအတွက် သူမက အစက လော့ယန် ယန်ချိုက်ကို လုပ်ချင်ခဲ့သည်။ သို့သော် ကောင်းရွှင်၏နည်းလမ်းကို တွေ့လိုက်ရပြီးနောက် သူမက စိတ်ကို ခဏလောက် ပြောင်းထားလိုက်သည်။
သူသည် အသိုက်သုံးထပ်ဘဲဟင်း လုပ်နေမှန်း သူမ သိလိုက်သည်။ ကိုင်တွယ်ထားပြီးသား ခိုဗိုက်ထဲတွင် ဝက်ပေါင်၊ ဆောင်းမျှစ်နှင့် တခြားအရာများကို အစာသွပ်ထားသည်။ ထို့နောက် ခိုသားကို တောကြက်ဝမ်းဗိုက်ထဲ ထည့်လိုက်ပြီး လွတ်နေသည့်နေရာများကို ပါဝင်ပစ္စည်းအမျိုးမျိုးဖြင့် ဖြည့်လိုက်သည်။ ထို့နောက် တောကြက်သားကို ဘဲထီးဝမ်းဗိုက်ထဲ ထည့်လိုက်ပြီး လွတ်နေသည့် နေရာများကို တခြားအစာများနှင့် ဖြည့်ထားလိုက်သည်။
နောက်ဆုံးတွင် ဘဲကို ဝါးပေါင်းတစ်ခုပေါ်တင်ပြီး အိုးတစ်ခုထဲထည့်ကာ ကျက်သည်အထိ မီးအေးအေးဖြည့် ဆူအောင်တည်ရသည်။
သည်ဟင်းကို ငှက်သုံးမျိုး အသုံးရပြီး -ခို၊ တောကြက်နှင့် ဘဲထီးတို့ဖြစ်သည်။ ‘ ခြေလေးချောင်းသား တစ်ပေါင် စားရသည်ထက် ငှက် တစ်ကောင် နှစ်ကောင်စားရသည်က ပိုကောင်းသည်’ဟူသည့် ဆိုရိုးအတိုင်းပင်။ သည် ငှက်သုံးမျိုးလုံး၏ အသားတစ်ခုစီက အလွန်မှ အရသာရှိသည်။ သူ့ကို သေသေချာချာ ကိုင်တွယ်လျှင် အရသာ အရှိဆုံး ဆိုတာထက်ကို ပိုသေးသည်။
တချို့က သည်ဟင်း၏အရသာကို ‘ အနံ့ကိုရလျှင် မြင်းပေါ်က ခုန်ဆင်းချင်ပြီး အရသာ သိသွားချိန်တွင်တော့ လှည်းကိုပင် ရပ်ထားပစ်ချင်တော့သည်’ဟု ချီးကျူးစကားဆိုကြသည်။ ဒါကပင် သည်ဟင်း၏ တမူထူးခြားသည် အရသာကို သက်သေပြနေခြင်းပင်။
ကျန်းယွင်ကျူးလုပ်မည့် လော့ယန် ယန်ချိုက်က နောက်ဟင်းတစ်မျိုးပင်။ ပထမဆုံးအနေဖြင့် သည်ဟင်းပွဲသည် လှပလေသည်. သူ့ကိုလုပ်ပြီးသွားလျှင် သည်ဟင်းလျာက ကြည်လင်သည့် ရေကန်တစ်ခုထဲတွင် စီးမျောနေသည့် အဖြူရောင်ပျိုနီပန်းလေးတစ်ပွင့်နှင့် တူသည်။ လူများက ဒါကို ဟင်းလျာတစ်ခုလား ပန်းကန်ထဲတွင် ထည့်ထားသည့် ပျိုနီးပန်းအစစ်တစ်ပွင့်လားဟုပင် မခွဲနိုင်တော့ပေ။ ဆောင်းရာသီ ကုန်ဆုံးချိန်တွင် ထိုမြင်ကွင်းက အလွန်မှ မျက်စိပသာဒဖြစ်ရလေသည်။
ထို့အပြင် သည်ဟင်းပွဲတွင် သမိုင်းတစ်ခု ရှိခဲ့သည်။ တစ်ခါက ဧကရီဇီထျန်းက သည်ဟင်းကို စားခဲ့ပြီး ဟင်းနာမည် ပေးခဲ့သည်ဟု ဆိုသည်။
အမှန်ပင်။ သည်ဟင်းပွဲ၏အရသာက လက်ဖျားခါလောက်သည်။ အဓိကအရသာမှာ ပူပူလောင်လောင် ချဥ်ချဥ်လေးနှင့် မဆုံးနိုင်သည့်အရသာဖြင့် အနံ့အရသာဖြင့် ပြည့်စုံပေသည်။
သို့သော် သည်ဟင်းကို ကောင်းရွှင်၏ အသိုက်သုံးထပ်ဘဲဟင်းနှင့် နှိုင်းယှဥ်လိုက်ခြင်းက ကြက်နှင့်ဘဲတို့ အပြန်အလှန် စကားပြောနေကြသည့်နှယ်ပင်။ (ပြဒါးတစ်လမ်း သံတစ်လမ်းပင်)
ကျန်းယွင်ကျူးက မီးဖိုပေါ်တွင် တင်ထားသည့် အိုးကို ကြည့်ရင်း ပြုံးလိုက်လေသည်။ သူက အရသာမှာ ယှဥ်ပြိုင်ချင်တာလား။ ဒါဆိုလည်း ဟုတ်ပြီလေ။ သူမက သူနဲ့ ပြိုင်ပေးရမှာပေါ့။ အရသာနဲ့ ပတ်သက်လာရင်တော့ သူမရဲ့အိုးထဲက ပစ္စည်းကို ဘာက အနိုင်ယူနိုင်မှာတဲ့လဲ။
ဟုတ်ပါသည်။ အိုးထဲတွင် ကျန်းယွင်ကျူး လုပ်ထားသည့်အရာက ဖူထျောက်ချန်း (ဗုဒ္ဓ တံတိုင်းကျော်ဟင်း) ဖြစ်လေသည်။ ‘အိုးထဲတွင် အသားအပြည့်ပါပြီး ရနံ့က ပတ်ဝန်းကျင်တွင် လွှင့်မျောနေသည် : အနံ့ကိုရလိုက်သည့် ပစ္စေကဗုဒ္ဓက စျာန်လျှောပြီး တံတိုင်းပေါ်က ခုန်ဆင်းလာသည်’တဲ့။ ဘုရားရှင်တောင် ဒီဟင်းအိုးကို နှစ်သက်တော်မူတယ်ဆိုတော့ သာမန်လူတွေဆိုရင် ပြောစရာလိုပါအုံးမလား။
ထို့ကြောင့် ကျန်းယွင်ကျူးက မလှုပ်မယှက်ဘဲ ထိုနေရာတွင်သာ ရပ်နေလိုက်သည်။
ကောင်းရွှင်ဘက်တွင်တော့ သူက အလုပ်များနေစဥ် သူမကတော့ လုံးဝမလှုပ်မယှက်ပင်။ သူမက အိုးထဲက ပါဝင်ပစ္စည်းကို ဒုတိယပွဲတွင် သုံးပြီး ကောင်းရွှင်နှင့် ယှဥ်ပြိုင်လိမ့်မည်ဟု အားလုံးက ခန့်မှန်းထားလိုက်ကြသည်။ ဒါက အချိန်အကြာကြီး နှပ်ထားတဲ့ အိုးတစ်ခုပဲ။ ဘာအနံ့မှလည်း လုံးဝထွက်မလာဘူး။ ဧကန္တ အရသာရော ရှိပါ့မလား။
ကျန်းယွင်ကျူး၏အိုးကို လက်ဖက်နှင့် နှိုင်းယှဥ်ခဲ့သည့် လူတစ်ယောက်ကို စဥ်းစားမိလိုက်ပြီး တစ်စုံတစ်ယောက်က မေးလိုက်လေသည်။
“ သူမ ဒီအိုးထဲကို ပါဝင်ပစ္စည်း ဘယ်နှစ်မျိုးထည့်ခဲ့တယ်ဆိုတာ ဘယ်သူမှတ်မိကြလဲ”
လူများစွာရှိပြီး၊ လူမျိုးစုံရှိလေသည်။ တစ်ယောက်ကတော့ အမှန်ပင် ရေတွက်ထားလေသည်။
“ ၅၈မျိုး၊ အားလုံးက ထိပ်တန်းအရည်အသွေးနဲ့ အရသာရှိတဲ့ပါဝင်ပစ္စည်းတွချည်းပဲ”
ထိုစကားကို ကြားလိုက်ပြီးနောက် အားလုံးက ငြိမ်ကျသွားတော့သည်။ သည်ဟင်းအိုးက မည်သို့ ထွက်လာမည်ကို စဥ်းစားရခက်သွားတော့သည်။
ကောင်းရွှင်၏ အသိုက်သုံးထပ်ဘဲသားက အချိန်ပေးရလေသည်။ ကျန်းယွင်ကျူး၏ ဖူထျောက်ချန်းကလည်း အချိန်ပေးရသည်။ ထို့ကြောင့် ကောင်းရွှင်က အသိုက်သုံးထပ်ဘဲဟင်းကို ချက်ပြုတ်ရန် တင်လိုက်ပြီးနောက်တွင် အားလုံးက အပြန်အလှန် ငေးကြည့်လိုက်ကြပြီး သူတို့တွေ ဘာမှလုပ်စရာ မရှိတော့နှယ်။
“ ဘယ်လိုလဲ တတိယဟင်းပွဲကို အရင်စချက်ကြမလား” အခန်းအနားမှူးက အဆိုပြုလိုက်၏။
ကျန်းယွင်ကျူးကတော့ အဆင်ပြေလေသည်။ သို့သော် ကောင်းရွှင်က အလွန်ပင်ပန်းနေပြီ ဖြစ်လေသည်။ သူသည် မနေ့ညက ညတစ်ဝက်လုံး ကာမ လိုက်စားခဲ့သည်။ သူ့အင်အားက လက်ရှိတွင် နည်းနေပြီဖြစ်လေသည်။
တာဝန်ခံမန်က သူ့အတွက် ကုလားထိုင်တစ်လုံး ယူလာပေးလိုက်ပြီး သူက ထိုနေရာတွင်ထိုင်ကာ အားပြန်မွေးလိုက်သည်။
ကျန်းယွင်ကျူးလည်း ထိုင် စောင့်နေလိုက်သည်။
စင်ပေါ်တွင် တရားသူကြီးမုန့်က စိတ်အားထက်သန်နေပြီး ပညာသင်ကျောင်းသားများအားလုံးနှင့် အကြောင်းအမျိုးမျိုးကို စကားဖောင်ဖွဲ့နေလေသည်။
စင်အောက်တွင်တော့ လူတချို့က ဗိုက်ဆာလာကြပြီး စားချင်နေကြပြီ။ သို့သော် သူတို့သည် စိတ်လှုပ်ရှားစရာ အချိန်လေးကို လွတ်သွားမည် စိုးကြသဖြင့် ထိုနေရာတွင်ပင် ရပ်နေကြကာ သည်းခံနေကြလေသည်။
သည်အချိန်တွင် ကောင်းရွှင်၏ အသိုက်သုံးထပ်ဘဲသားက အနံ့များ စတင် ထုတ်လွှတ်လာသည်။
“အနံ့က အရမ်းမွှေးတာပဲ၊ ငါတောင် သွားရည်ကျလာပြီ”
တစ်ယောက်က ရနံ့မွှေးမွှေးလေးကို ရလိုက်လေသည်။
“ မဟုတ်ဘူးလား” တစ်ယောက်က ထောက်ခံလိုက်သည်။
“ ဒါက ဘဲသား၊ ကြက်သားနဲ့ ခိုသားကို သုံးထားတာပဲ၊ အနံ့နဲ့တင် စားချင်လာပြီ” တစ်ယောက်က ပြောလိုက်၏။
တချို့လူများ၏ စိတ်ကတော့ ကျန်းယွင်ကျူး၏အိုး ဆီရောက်နေကြသည်။ အချိန်တော်တော်ကြာပြီးနောက်တွင်
“ ဘာလို့ အခုအထိ အနံ့ထွက်မလာသေးတာလဲ”
“ မဟုတ်သေးပါဘူး၊ သူ့ကို ဆန်ပြုတ်အိုးတစ်ခုထဲမှာ နှပ်ထားရင်တောင် အနံ့တော့ ထွက်ရမှာပေါ့”
....
အားလုံးက ဆွေးနွေးနေကြလေသည်။
နာရီဝက် ကျော်သွားပြီးနောက်တွင် ကောင်းရွှင်က ထရပ်လိုက်သည်။ သူ၏ အသိုက်သုံးထပ်ဘဲသားများက ကျက်လုနီးနီးဖြစ်လာလေသည်။
ထိုအခြင်းအရာကို မြင်လိုက်ပြီး ကျန်းယွင်ကျူးက ထရပ်လိုက်၏။ သူမ၏ဖူထျောက်ချန်းကလည်း ရလုနီးနီးဖြစ်လာသည်။
ကောင်းရွှင်က အိုးကို ဖွင့်လိုက်၏။ ချက်ချင်းဆိုသလို ရနံ့များက ပတ်ဝန်းကျင်တွင် ဝေ့တက်သွားတော့သည်။
ကျန်းယွင်ကျူးက အိုးအဖုံးကို မ လိုက်သည်။ ဝိုင်နံ့သင်းသင်းလေးတစ်ခုက အလွန်မှ အရသာရှိသည့် အနံ့တစ်ခုနှင့်အတူ အိုးထဲမှ ထွက်လာခဲ့လေသည်။ သည်ရနံ့ကို ရှူရှိုက်မိသူတိုင်းသည် ယစ်မူးသွားသလို ခံစားလိုက်ရလေတော့သည်။
...
အပိုင်း (၆၆) (က)
“ဒါ ဘာအနံ့လဲ”
တစ်စုံတစ်ယောက်က ယစ်မူးကာ မေးလိုက်လေသည်။ ဝိုင်နှင့်အသား ရနံ့တို့ရနေသည်။ နှစ်မျိုး ပေါင်းလိုက်သည့်အနံ့က အသားတောတစ်ခုနှင့် ဝိုင်ကန်တစ်ခုထဲ ရောက်သွားသလို ထူးကဲလွန်းလှသည်။
အနံ့ကို သေသေချာချာ ရှူရှိုက်ကြည့်ရင် ဝိုင်က ဟွားတျောက် ဖြစ်ဖို့များတယ်။ အသားကရော။ အသားက ဘာလို့ အဲလောက်မွှေးနေတာလဲ။
“ ဧကန္တက နတ်ပြည်က အသားများလား”
တချို့လူများက မနေနိုင်တော့ဘဲ သွားရည်ကျလာတော့သည်။ သူတို့၏မျက်လုံးများသည် ကျန်းယွင်ကျူး၏အိုးမှ မခွာနိုင်ဖြစ်နေကြလေသည်။
နတ်ပြည်က အသားတဲ့လား။ ဒါက နတ်ပြည်ကအသားလား။
အဲဒါပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဘာလို့ အဲလောက်အနံ့မွှေးနေမှာလဲ။
“မရတော့ဘူး။ ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး၊ ငါ စားချင်နေပြီ”
တချို့စိတ်မရှည်သည့်လူများက အော်ဟစ်ကြတော့သည်။ အဲလိုဆိုရင် ဘာစားရမှာလဲ။ အိမ်ပြန်ပြီး မန်ထိုပဲ စားရမှာလား။ သူတို့က အများကြီးစားနိုင်ပေမဲ့ အာသာမပြေနိုင်ဘူးလေ။ သည်လိုအရသာရှိတဲ့ အနံ့ကို ရှူးမိပြီးမှတော့ သူတို့က မန်ထိုပဲ စားနိုင်ရတယ်လို့။
တချို့လူများကတော့ စင်ပေါ်က ဒိုင်များကို အားကျနေလေသည်။ သူတို့သာ စောစောက သိခဲ့ရင် သူတို့လည်း ဒိုင်လူကြီးလုပ်ခဲ့ပါတယ်။ စင်ပေါ်က လူတွေထဲမှာ တချို့ဆိုရင် သူတို့လောက်တောင် မကောင်းကြဘူး။
“ ချီရှန်းကျွီက ဘယ်တော့ ဖွင့်မှာလဲဗျို့”
ရုတ်တရက် ကျယ်လောင်သည့်အသံတစ်ခုက အော်ပြောလိုက်လေသည်။ ချက်ချင်းဆိုသလို အားလုံး၏ ထောက်ခံမှုကို ရရှိသွားတော့သည်။
ဟုတ်တယ်လေ။ ဘယ်တော့ဖွင့်မှာလဲ။ သူတို့လည်း ဝင်စားဖို့ မစောင့်နိုင်တော့ဘူး။
ဒီပြိုင်ပွဲက အကောင်းဆုံးသုံးမျိုး ပြိုင်ပွဲတစ်ခု ဖြစ်ပုံရတယ်။ အခု ဒုတိယဟင်းပွဲကို ပြင်ဆင်ပြီးပြီ။ ကျန်းယွင်ကျူးရဲ့အိုးထဲက အစားအသောက်က ပိုပြီးအနံ့မွှေးတာ သိသာတယ်။ သူမသာ ဒီပြိုင်ပွဲကို နိုင်သွားရင် ပြိုင်ပွဲတစ်ခုလုံး ပြီးသွားလိမ့်မယ်။
အောက်ဘက်တွင် ဆူညံသံများစွာ ထွက်နေလေသည်။ တာဝန်ခံစုန့်၊ တာဝန်ခံမန်နှင့် ကောင်းရွှင်တို့ အားလုံးက မျက်နှာပျက်နေကြသည်။
တာဝန်ခံမန်က တာဝန်ခံစုန့်ကို စိုးရိမ်သည့် မျက်နှာဖြင့် ကြည့်လိုက်လေသည်။ သူတို့တွေ သေချာပေါက် နိုင်မှာလို့ သူပြောခဲ့တယ်မလား။ အခုတော့ သူတို့တွေ ဘာလုပ်ကြမှာလဲ။
တာဝန်ခံစုန့်သည် သည်တစ်ကြိမ်တွင် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားချင်စိတ် မရှိတော့ပေ။ သည်ပြိုင်ပွဲကို နိုင်ဖို့ရန် သူသည် သူ့ငွေအားလုံးကို သုံးခဲ့ရသည်။ သူသာ ရှုံးခဲ့လျှင်...
သူသည် စင်၏အစွန်ဘက်သို့ လျှောက်သွားလိုက်ပြီး ကောင်းရွှင်၏အင်္ကျီစကို လှမ်းဆွဲလိုက်လေသည်။ သဘောက နည်းလမ်းတစ်ခု စဥ်းစားခိုင်းလိုက်ခြင်းပင်။
ကောင်းရွှင်သည် ထိုအဖြစ်ကို မယုံကြည်နိုင်သလို ဒေါသလည်း ထွက်သွားတော့သည်။ ကျန်းယွင်ကျူးက ထိုအိုးထဲတွင် ဘာလုပ်ထားမှန်း သူ မသိသော်လည်း သူသည် သည်ပြိုင်ပွဲကို ရှုံးသွားပြီမှန်းတော့ သိလိုက်လေသည်။ သူသည် မိန်းမတစ်ယောက်၏လက်ထဲတွင် အမှန်ပင် ရှုံးနိမ့်ခဲ့သည်။ သည်အကြောင်းသာ လုပြည်နယ်သို့ ပြန်ရောက်သွားလျှင် သူ့မျက်နှာပျက်ရတော့မည်။
သူက လက်သီးကို ဆုပ်ထားလိုက်ပြီး ကျန်းယွင်ကျူးကို အရင်ဆုံး အနီးကပ် စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ဒိုင်များကို ကြည့်လိုက်လေသည်။
သည်အချိန်တွင် အစေခံများက ဒိုင်များကြားတွင် ဟင်းပွဲများကို စတင် ခွဲချပေးနေလေသည်။ ကောင်းရွှင်၏ဟင်းက အရင်ပြီးခဲ့သည်။ ထို့ကြောင့် သည်တစ်ကြိမ်တွင် သူ့ဟင်းပွဲကိုလည်း အရင်ခွဲပေးလိုက်သည်။
ဘဲထီးသား၊ တောကြက်သားနှင့် ခိုသား။ တစ်မျိုးနည်းနည်းစီကို ဒိုင်များကြားတွင် ခွဲဝေပေးလိုက်သည်။ ထို့နောက် ဇွန်းအပြည့် စွပ်ပြုတ်ရည်ကို လောင်းထည့်ပေးလိုက်သည။
အစေခံများက ဂရုတစိုက် လုပ်ခဲ့သော်လည်း ကံဆိုးချင်တော့ ဘယ်သူကမှ လုံးဝဂရုမစိုက်ကြပေ။ အားလုံးက ကျန်းယွင်ကျူး၏အိုးထဲက အရာနှင့် ဘာကြောင့် အလွန်မွှေးပျံ့နေရသည့် အကြောင်းအရင်းကို သိချင်နေကြတော့သည်။
အစေခံက ကျန်းယွင်ကျူး၏အိုးထဲက ပါဝင်ပစ္စည်းများကို စတင်ခွဲဝေလိုက်လေသည်။ ခွဲထည့်ဖို့ရာ အနည်းငယ် ခက်နေ၏။ အကြောင်းမှာ သည်အိုးထဲတွင် ပါဝင်ပစ္စည်း ၅၈မျိုး ရှိနေသောကြောင့်ပင်။ ပါဝင်ပစ္စည်းတစ်မျိုးစီက နည်းနည်းလေးသာ ပါသဖြင့် ဒိုင်ဆယ့်တစ်ယောက်ကို ခွဲပေးရန် မလုံလောက်ပေ။ နောက်ဆုံးတွင် အစေခံက မျက်လုံးကို မှတ်လိုက်ပြီး အိုးထဲက ပါဝင်ပစ္စည်းကို ဆယ်လိုက်ကာ ဒိုင်များကို ရသည့်အရာကိုသာ ပေးလိုက်တော့သည်။
တရားသူကြီးမုန့်က အရင်ဖြစ်သည်။ သူ့ရှေ့က ပန်းကန်လုံးငယ်လေးထဲသို့ ခပ်ထည့်ပေးလိုက်သည်။ အထဲတွင် ပင်လယ်မျော့တစ်တုံး၊ အရွတ်တစ်ခု နှင့် ငုံးဥတစ်လုံးပါသည်။
တရားသူကြီးမုန့်က နှုတ်ခမ်းသပ်လိုက်လေသည်။
ထို့နောက် သခင်လေးဆယ်ယောက်အတွက် ခပ်ထည့်ပေးလိုက်သည်။ ပထမတစ်ယောက်က ပင်လယ်ခရု၊ ငါးနှင့် ရှီတာခီမှိုတစ်ပိုင်းရခဲ့သည်။
လူငယ်လေးက ပန်းကန်လုံးလေးထဲက ပါဝင်ပစ္စည်းမျာကို ကြည့်လိုက်သည်။ ဇွန်းဖြင့် ခပ်ပြီး ချက်ချင်း စားချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားရလေသည်။
ထို့နောက် ဒုတိယသခင်လေး၊ တတိယ နှင့် စတုတ္ထ.... သူတို့ကို တစ်ယောက်ပြီးတစ်ယောက် တည်ခင်းပေးလိုက်သည်။ လုံးဝတူနေသည့်ပါဝင်ပစ္စည်းများ မရှိကြပေ။
ဟင်းအားလုံးကို ဒိုင်များရှေ့တွင် တည်ခင်းပေးလိုက်ပြီးမှ တရားသူကြီးမုန့်က ပြုံးကာ ကြေညာလိုက်လေသည်။
“အားလုံးပဲ မြည်းကြည့်ကြပါ၊ ဘယ်ဟင်းက ပိုကောင်းလဲ ကြည့်ကြမယ်”
မြည်းစရာလိုသေးလို့လား။ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမှာဆိုတာ ရှင်းနေတာပဲ။ ကျန်းယွင်ကျူး၏ဟင်းလျာက ပိုပြီးအရသာရှိသည်မှာ သိသာလေသည်။
သို့တိုင် အစီအစဥ်အတိုင်း လုပ်ရပေမည်။ အားလုံးကို သဘောတူလိုက်ပြီး ဇွန်းကို ကောက်ကိုင်လိုက်ကြသည်။
ပင်လယ်ခရုကို ခပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်၏။ ပင်လယ်ခရုက အရသာရှိနှင့်ပြီးဖြစ်သော်လည်း ပျစ်နှစ်သည့်အရသာအလွှာတချို့ကို ထပ်ထည့်ထားသည်။ ပင်လယ်ခရု၏အရသာသည် အမြင့်ဆုံးသို့ ရောက်သွားတော့သည်။
ထို့အပြင် နူးညံ့စေးထန်းသည့် ပင်လယ်ခရု၏အရသာက သည်ဟင်းကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်နေစေသည်။
ပင်လယ်ခရုကို စားမည့်အစား ရှီတာခီမှိုကို စားလိုက်သည်။ ပါးစပ်ထဲ ရှီတာခီမှိုကို ထည့်လိုက်သည်တွင် စားလိုက်သူမှာ ချက်ချင်း မှင်တက်အံ့ဩသွားတော့သည်။ ဒါက ရှီတာခီမှိုရော ဟုတ်ရဲ့လား။ အသားအရသာဆိုပေမဲ့ အီစိမ့်မနေဘူး။ နူးအိပေမဲ့ ပျော့တွဲမနေဘူး။ ဒီရှီတာခီမှိုက အသားထက်တောင် ပိုမွှေးပြီး အရသာရှိနေသေးတယ်။
တစ်ယောက်စီ၏ပန်းကန်လုံးများထဲတွင် အစားအသောက် နှစ်တုံး သုံးတုံးသာ ရှိလေသည်။ သည်တစ်ကြိမ်တွင် တရားသူကြီးမုန့်ပင် သေချာအရသာမခံလိုက်ရပေ။ သူက အစားအသောက် အားလုံးကို ပါးစပ်ထဲထည့်လိုက်ပြီး အနံ့အရသာအမျိုးမျိုးက တစ်လှိုင်းပြီး တစ်လှိုင်း ရောက်လာသလိုခံစားလိုက်ရတော့သည်။ သူတို့သည် လူ၏အရသာဖုနှင့် အာရုံကြောများကို ချေမွခဲ့ကြလေသည်။
နောက်ဆုံးတွင် ပန်းကန်လုံးအောက်ချေ၌ ဟင်းရည်နည်းနည်းသာ ကျန်တော့သည်။
ဒီဟင်းရည်က သာမန်အသားပြုတ်ရည်နဲ့ မတူဘူး။ အရောင် ရင့်ပြီး အညိုရောင်ရှိတယ်။ အရသာကလည်း ပြင်းတယ်။ စွပ်ပြုတ်နဲ့မတူဘူး။ နှပ်ထားတဲ့အသားရည်နဲ့ ပိုတူတယ်။
ပုံမှန်ဆိုလျှင် သည်လိုအရည်တွေက အရသာ အရမ်းပြင်းသဖြင့် အရည်သောက်လုပ်လို့မရပေ။
သို့သော် အားလုံးက မနေနိုင်တော့ဘဲ စမ်းသောက်ကြည့်လိုက်ကြတော့သည်။ သူတို့အားလုံးသည် အရည်နည်းနည်းကို ခပ်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်ကြလေသည်။
အားလုံးကို အံ့ဩသွားရစေသည်က စွပ်ပြုတ်ရည်သည် ပျစ်သော်လည်း အီစိမ့်မနေချေ။ အရသာရှိလှသည်။
အားလုံးက ပန်းကန်လုံးအောက်ခြေက စွပ်ပြုတ်ရည်များကို ချက်ချင်းသောက်လိုက်ကြတော့သည်။ သူတို့မှာ သောက်လို့ပင် မဝကြပေ။
အောက်ဘက်မှ အော်သံများကလည်း ကြားနေရသည်။
“ချီရှန်းကျွီ မြန်မြန်ဖွင့်ပါတော့”
သူတို့သည် ပြိုင်ပွဲကို အမှန်ပင် အဆုံးသတ်ချင်နေပြီး အားရပါးရတစ်နှပ်လောက် စားချင်နေကြတော့သည်။
သို့သော် အစီအစဥ်အတိုင်း လုပ်ဆောင်ရပေမည်။ သူတို့သည် ပါးစပ်ကို ကျင်းလိုက်ပြီး ကောင်းရွှင်လုပ်ထားသည့် အသိုက်သုံးထက် ဘဲသားဟင်းကို စတင်မြည်းကြည့်လိုက်ကြသည်။
အရသာက အလွန်မှ အရသာရှိလေသည်။ ဘဲထီးသားက ကျစ်သည်။ တောကြက်သားက နူးအိပြီး ပျော့ပြောင်းသည်။ ခိုငယ်လေူ၏အသားက နူးညံ့ပြီးအိစက်သည်။ သုံးခုပေါင်းလိုက်တော့ ပြီးပြည့်စုံသွားလေသည်။ သည်အသိုက်သုံးထပ် ဘဲသားဟင်းက သေချာပေါက် ရှားပါးအရသာတစ်ခု ဖြစ်လေသည်။
နှမြောစရာကောင်းသည်က ကျန်းယွင်ကျူး၏ဟင်းပွဲနှင့် တွေ့သွားခြင်းပင်.... ဒါနဲ့ ဒီဟင်းနားမည်က ဘာပါလိမ့်။ တရားသူကြီးမုန့်က ကျန်းယွင်ကျူးကို မေးလိုက်၏။
“ ဖူထျောက်ချန်း ပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
“ကောင်းလိုက်တဲ့ ဖူထျောက်ချန်း ဟင်း”
တရားသူကြီးမုန့်က ချီးကျူးလိုက်သည်။ ပစ္စေကဗုဒ္ဓက အနံ့ရသွားပြီး ဒါကို စားဖို့တံတိုင်းကို ကျော်လာချင်တယ်ပေါ့။ နာမည်နဲ့ သင့်တော်လှပါပေတယ်။
မဲ စပေးချန်တွင် သခင်လေးဆယ်ယောက်က အရင်ဆုံး မဲပေးကြသည်။
ပထမသခင်လေးက ဇွန်းကို ကောက်ကိုင်ပြီး ဖူထျောက်ရှင်း ဘက်သို့ သွားမည်ပြင်လိုက်စဥ် ရုတ်တရက် ကောင်းရွှင်က ပြောလိုက်လေသည်။
“အားလုံး ကျုပ် ကြွားတာ မဟုတ်ဘူးနော်၊ နယ်စားမင်းက ကျုပ်လုပ်တဲ့အသိုက်သုံးထပ် ဘဲသားဟင်းကို နှစ်သက်တယ်ဗျ၊ တောင်ဘယ်အလယ်ပိုင်းမှာ ကျုပ်က ဒုတိယသာဆိုရင် ပထမနေရာကို ဘယ်သူမှ ယူရဲမှာမဟုတ်ဘူးလို့တောင် သူက ပြောခဲ့သေးတယ်”
သူက စကားဆုံးသွားသည်နှင့် ဒိုင်များကို တစ်ယောက်ချင်း လိုက်ကြည့်လိုက်လေသည်။
သူ့အကြည့်ခံလိုက်ရသည့် လူများသည် အနည်းငယ် လန့်သွားသလို ဒေါသလည်း ဖြစ်သွားတော့သည်။ သူက ဘာသဘောလဲ။
ကောင်းရွှင်၏အဓိပ္ပာယ်က ရှင်းပါသည်။ အန်းဖင်နယ်စားက သူ့အစားအသောက်တွေက အံ့ဩစရာကောင်းတယ်လို့ ပြောပြီး သူတို့တွေကက သူ့အစားအသောက်ကို ဘယ်ကမှန်း မသိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အစားအသောက်လောက် မကောင်းဘူးလို့ပြောကြရင် အန်းဖင်နယ်စားကပဲ မှားတာလား။ သူတို့ပဲ မှားနေတာလား။
သခင်လေးဆယ်ယောက်သည် စိတ်ပျက်သွားပြီး အားလုံးက အတွေးများသွားကြတော့သည်။ ခွေးကို ရိုက်မယ်ဆိုရင် ပိုင်ရှင်ကို ကြည့်ရမယ်လေ။ ကောင်းရွှင်သာ ဒီနေ့ မျက်နှာပျက်ခဲ့ပြီး အန်းဖင်နယ်စားက သဘေားထားကြီးတယ်ဆိုရင် ကောင်းရွှင်က အရည်အချင်းမရှိလို့ မယှဥ်နိုင်တာကို သူသိမှာပဲ။ ဒါပေမဲ့ အန်းဖင်နယ်စားက နားလည်မှုလွဲသွားပြီး တစ်ယောက်ယောက်က သူ့ရှေ့မှာ ပြဿနာလုပ်ဖို့ ကြိုးခဲ့မယ်ဆိုရင်ကော။
သည်လူများသည် ဝူလင်စီရင်စုတွင် ကျော်ကြားမှုသေးသေးလေးသာ ရှိကြသည်။ သူတို့သည် အန်းဖင်အိမ်တော်နှင့် မည်သို့ ယှဥ်နိုင်ပါမည်နည်း။ တဖက်လူ၏ လက်သန်းတစ်ချောင်းကပင် သူတို့မိသားစုကို ဖျက်ဆီးပစ်နိုင်လေသည်။
တစ်ဆင့်လျှော့ပြီး စဥ်းစားကြည့်မယ်ဆိုရင် အန်းဖင်နယ်စားက ဒီကိစ္စကို ဂရုမစိုက်ဘူးဆိုရင်တောင် ကောင်းရွှင်ကတော့ သူတို့ကို အငြိုးထားလိမ့်မယ်။ သူက ဝန်ကြီးချုပ် အိမ်တံခါးရှေ့က အဆင့်၃အရာရှိလိုပဲ။ အန်းဖင်နယ်စားက သူ့ကို သဘောကျတယ်လို့ ကြားတယ်။ သူက နောက်ပိုင်း လက်တုံ့ပြန်မယ်ဆိုရင်,,,
သခင်လေးဆယ်ယောက်၏မျက်နှာများက ပြောင်းလဲသွားကြလေသည်။
ကောင်းရွှင်က နေရာတွင် လက်ပိုက်ကာ ရပ်နေပြီး တစ်ယောက်ချင်းကို သေသေချာချာ လေ့လာနေကာ သူသည် သူတို့၏ရုပ်နှင့်လုပ်ရပ်များကို စိတ်ထဲတွင် မှတ်ထားချင်သည့်နှယ်။ နောက်ပိုင်း.... ကောင်းလာစရာအကြောင်း မရှိပေ။
သခင်လေးဆယ်ယောက်သည် ဒေါသထွက်သွားသော်လည်း ထုတ်မပြရဲကြပေ။ သူတို့အားလုံးက တရားသူကြီးမုန့်ဘက် လှည့်ကြည့်လိုက်ကြလေသည်။
တရားသူကြီးမုန့်သည် ကောင်းရွှင်က အားလုံးကို ခြိမ်းခြောက်နေသည်ကို ကြားလိုက်ရပြီး ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။ သို့သော် သူသည်လည်း အန်းဖင်နယ်စားကို အနည်းငယ် ကြောက်မိလေသည်။ ဆယ်နှစ်ကျော်လောက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပြီးမှ ကျင်ရှီး စာမေးပွဲကို အောင်ပြီး စီရင်စုတရားသူကြီး ရာထူးတစ်ခု ရခဲ့တာလေ။ ဒီအသေးအဖွဲကိစ္စလေးကြောင့် ရာထူးပြုတ်သွားရင် ဘယ်လိုလုပ်မလဲ။
ဟုတ်တယ်လေ။ လူတစ်ယောက်က ကျိုးသွားဖို့ထက် ကွေးလွယ်ညွှတ်လွယ်ပြီး လူကြီးလူကောင်းတစ်ယောက်က လုပ်သင့်တာနဲ့ မလုပ်သင့်တာကို သိတယ်... ဒါက ကျိုးကြောင်းသင့်ပါတယ်။ ကိစ္စတစ်ခု ဖြစ်လာတဲ့အခါ ဒါကိုပဲ ဖက်တွယ်ထားတဲ့လူက အနည်းငယ်လောက်ပဲ။ မဟုတ်ရင် မင်းဆက်အများကြီးနဲ့ အရာရှိတွေအများကြီး ရှိလာမဟုတ်သလို သမိုင်းထဲတွင်ကျန်မဲ့ နာမည်တွေကလည်း နည်းနည်းပဲ ရှိမှာမဟုတ်ဘူး။
တရားသူကြီးမုန့်က စကားမပြောပေ။
...
အပိုင်း (၆၆) (ခ)
သူ့နှုတ်ဆိတ်နေမှုက ကောင်းရွှင်ကို အားတက်လာစေတော့သည်။ သူက ကျန်းယွင်ကျူးကို ဝင့်ကြွားစွာ ကြည့်လိုက်လေသည်။ မျှော်လင့်မထားဘဲ ပွဲက အလှည့်အပြောင်း ဖြစ်သွားခဲ့သည်။ သူတို့သည် ချက်ချင်း အလွန်ပျော်သွားကြလေသည်။
မဲပေးဖို့ အချိန်နီးကပ်လာသော်လည်း စင်ပေါ်တွင် ရုတ်တရက် ငြိမ်သက်သွားတော့သည်။ စင်အောက်ကလူများက ဆူညံလာခဲ့သည်။
“ မဲပေးပါတော့၊ ကျုပ် ဗိုက်ဆာလို့ သေတော့မယ်၊ မဲပေးပြီးရင် ချီရှန်းကျွီ တံခါးကို မြန်မြန်ဖွင့်ပေးပါဗျို့၊ ကျုပ် စားချင်လှပြီ”
ဒါသည် ဘာမှမသိသူတစ်ယောက်က ပြောလိုက်ခြင်းပင်။
“အန်းဖင်နယ်စားက အဲလောက် ကြီးကျယ်တာလား၊ သူက တစ်ဖက်လူလောက်တောင် မကောင်းတာ သိသာနေတာပဲ”
တစ်စုံတစ်ယောက်က ကောင်းရွှင်၏အဓိပ္ပာယ်ကို နားလည်သွားပြီး လေသံတိုးတိုးဖြင့် ရွေရွတ်ကာ ကျန်းယွင်ကျူးအတွက် ခုခံပေးလေသည်။
“ ဒါပေါ့ အန်းဖင်နယ်စားက ကြီးကျယ်တာပေါ့”
လူတချို့က သက်ပြင်းချလိုက်ကြပြီး သည်ပြိုင်ပွဲ အဓိပ္ပာယ်မဲ့သွားပြီဟု ခံစားမိလိုက်ကြသည်။ သည်လိုလောကကြီးတွင် လူချမ်းသာများက သူတို့ ကြိုက်ရာလုပ်ကြပြီး လူဆင်းရဲများက သူတို့အင်အားသည့် အားလုံးထက် သာလွန်နေလျှင်တောင် နောက်ဆုံးတွင် ဝမ်းနည်စွာ အဆုံးသတ်ရလေသည်။
...
အားလုံးက ထိုအကြောင်း ပြောနေကြသော်လည်း ရွှယ်ကျင်းနှင့် တခြားသူများက တရားနည်းလမ်းကျကျ ဒေါသထွက်နေတော့သည်။ ဒီလူတွေ ဘာလုပ်နေကြတာလဲ။ ကျန်းယွင်ကျူး နိုင်သွားတာကို အားလုံးမြင်ရဲ့သားနဲ့။ သူတို့တွေက ကောင်းရွှင်ကို မျက်နှာလုပ်ဖို့ အားပေးနေကြတာလား။ ဒီလိုတော့ ဆက်မသွားနိုင်တော့ဘူး။
ရှဲ့လျန်က စိုးရိမ်တကြီနှင့် ရှဲ့ချန်၏လက်ကို ကိုင်ထားလေသည်။
ရှဲ့ချန်၏ နည်းငယ် တွန့်ချိုးပြီးသား မျက်ခုံးများသည် ပိုလို့ပင် တင်းမာသွားတော့သည်။
ကုယန်ကျိုး၏မျက်နှာက မည်းမှောင်သွားတော့သည်။ သူက တစ်ခုခု ပြောမည် ပြင်လိုက်စဥ် ရွှေရောင်ကျောက်စိမ်းလို အသံတစ်ခုက ထွက်လာခဲ့လေသည်။
“အန်းဖင်နယ်စား အံ့ဩစရာကောင်းတာလား”
လင်ယွိပိုင်။
သူ ဒီကိစ္စကို သည်းမခံနိုင်တော့ဘူး။ ပြီးတော့ စင်ပေါ်ကလူတွေက သေတွင်းတူးနေကြတာလို့ ခံစားရတယ် မဟုတ်ဘူးလား။ ဒါကြောင့် သူက သူတို့ကို စေတာနဲ့ သတိပေးဖို့ ဆုံးဖြတ်လိုက်တာ။ ဒါက အန်းဖင်နယ်စားက လုပြည်နယ်မှာ သူ့လက်တွေနဲ့ ကောင်းကင်ကို ကွယ်ထားဖို့ အလှည့်ကျလာတာပဲ။
သူက ထိုသို့ပြောလိုက်သည်နှင့် အားလုံးက သူ့ကို ကြည့်လိုက်ကြလေသည်။ ချက်ချင်းဆိုသလို အားလုံးသည် သူတို့၏မျက်လုံးများ လင်းလက်သွားသလို ခံစားလိုက်ရတော့သည်။ ဒီလူငယ်လေးက အရမ်းချောတာပဲ။
ကောင်းရွှင်က လင်ယွိပိုင်ကို သိလေသည်။ သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ တခြားသူများက အန်းဖင်နယ်စားအကြောင်း ပြောလျှင် သူ့တွင် ပြောစရာတစ်ခုခုတော့ ရှိနေလိမ့်မည်။ သို့သော် မင်းဆရာလင်၏ လင်မိသားစုက အန်းဖင်နယ်စားကို ကြောက်ဟန်မတူ။
“ဒီစားဖိုမှူးက ပြောတယ် သူက တောင်ဘက်အလယ်ပိုင်းမှာ နံပါတ်တစ်ပဲတဲ့၊ ဒါနဲ့ပဲ သူက အလယ်တောင်ပိုင်းမှာ နံပါတ်တစ် ဖြစ်သွားရောလား၊ သူ့လက်ရာကဖြင့် ပြိုင်ဘက်အဆင့်တောင် မရှိဘူး၊ ဒီနေ့ သူ့စကားကြောင့် သူက နံပါတ်တစ်ဖြစ်လာပြီး ဒီစကားတွေက နောက်ပိုင်း ပျံ့သွားခဲ့ရင် ဒါက လူတွေကို ရယ်စရာဖြစ်စေတော့မှာမလား” ကုယန်ကျိုးက ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်လေသည်။
အားလုံးက ထိုစကားကို ကြားသွားတော့သည်။ ဟုတ်သားပဲ။ ဒီနေ့ ကောင်းရွှင်သာ နိုင်သွားရင် နောက်ပိုင်း ဝူလင်စီရင်စုရဲ့ နာမည်က လေထဲမှာတင် သတင်းကောင်းတော့မှာမဟုတ်ဘူး။
“မြေခွေးတစ်ကောင်က ကျားတစ်ကောင် ဟန်ဆောင်ပြီး ခွေးတစ်ကောင်က တခြားသူကို အားကိုးနေရတာပဲ၊ အန်းဖင်နယ်စားက သူဘာတွေလုပ်နေလဲဆိုတာတောင် လုံးဝ သိမှာမဟုတ်ဘူး၊ မဟုတ်ရင် သူ့ကို သည်းမခံတဲ့ ပထမဆုံးလူက နယ်စားမင်းပဲ ဖြစ်မှာပဲ” ရှဲ့ချန်က နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
သူ့စကားကြောင်း အန်းဖင်နယ်စားသည် ကောင်းရွှင်ကို ကာကွယ်ပေးချင်လျှင်တောင် သူ့သိက္ခာကို ဖယ်ထားလို့ရမည် မဟုတ်တော့ပေ။
ထိုစကားကို ကြားလိုက်ပြီး ကုယန်ကျိုးက ရှဲ့ချန်ကို ကြည့်လိုက်လေသည်။ သူက သူ့ကို သိပါတယ်။ သူ့ကြည့်ရတာ ချီရှန်းကျွီကို ကူညီပေးနေတာပဲ။
ရှဲ့ချန်က ကုယန်ကျိုးကို မှတ်မိသည်။ ချီရှန်းကျွီဖွင့်သည့်နေ့က သူက လူများကို ခေါ်လာပြီး ဂုဏ်ပြုပေးခဲ့သည်။ သူနှင့် ကျန်းယွင်ကျူးတို့သည် ရင်းနှီးသည့်ဆက်ဆံရေးတစ်ခု ရှိလိမ့်မည်။
နှစ်ယောက်သားက အပြန်အလှန်ကြည့်လိုက်ကြပြီး အချင်းချင်း ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့နှစ်ယောက်က အတူတူ ပြောဆိုလိုက်ကြသည်နှင့်တပြိုင်နက် အားလုံး၏ခံစားချက်များက ရုတ်ခြည်းဆိုသလို တက်ကြွလာကြတော့သည်။ အားလုံးက အော်ဟစ်ကြတော့သည်။ ကောင်းရွှင်ကို မြန်မြန်နောက်ဆုတ်ခိုင်းပြီး ဒိုင်များကို ကျန်းယွင်ကျူးက အနိုင်ရသူအဖြစ် ဆုံးဖြတ်ခိုင်းချင်ကြပြီး ချီရှန်းကျွီကို မြန်မြန်ဖွင့်ခိုင်းချင်ကြသည်။ သူတို့သည် အစားကောင်းတစ်နှပ်တော့ စားချင်ပါသေးသည်။
တရားသူကြီးမုန့်နှင့် တခြားသူများသည်လည်း ကုယန်ကျိုးနှင့် ရှဲ့ချန်တို့၏စကားကြောင့် သတိပြန်ဝင်လာကြသည်။ သူတို့တွေက ကောင်းရွှင်ကို အဲလောက် ကြောက်နေစရာ မလိုဘူးလေ။ သူတို့အားလုံးက သူ့ကို ရှုံးတယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင် သူ့ အားလုံးနဲ့ ရင်ဆိုင်ရမှာမလား။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့တွေ အရမ်းကို တွန့်ဆုတ်နေတာကပဲ ရှက်ဖို့ကောင်းနေပြီ။
တရားသူကြီးမုန့်က ထရပ်လိုက်ပြီး သူ့လက်ကို ဆန့်ကာ အားလုံးကို တိတ်တိတ်နေပေးဖို့ အချက်ပြလိုက်ပြီးနောက် သူက ဦးဆောင်ကာ သူ့လက်ထဲက ဇွန်းကို ဖူထျောက်ရှင်း ပန်းကန်ထဲ ထည့်လိုက်လေသည်။ ဖူထျောက်ရှင်းက အသိုက်သုံးထပ်ဘဲသားဟင်းထက် ပိုကောင်းသည်ဟု ခံစားရလေသည်။
နောက်တစ်ဆင့်မှာ သခင်လေးဆယ်ယောက်၏ အလှည့်ဖြစ်သည်။ သည်တစ်ကြိမ်တွင် အားလုံးက ဖူထျောက်ရှင်းကို မဲပေးခဲ့ကြသည်။
“ ချီရှန်းကျွီရဲ့ဖူထျောက်ရှင်း ဇွန်း ဆယ့်တစ်ချောင်း၊ ရှီရှန်းကျွိရဲ့ အသိုက်သုံးထပ်ဘဲသားဟင်း ဇွန်းမရှိ”
အခန်းအနားမှူးက ဒိုင်များ၏ဆုံးဖြတ်ချက် ရလဒ်ကို ကြေညာပေးလိုက်လေသည်။
နောက်ဆုံးပွဲတွင် ကောင်းရွှင်သည် ဇွန်းနှစ်ချောင်းသာ ရခဲ့သည်။ ပေါင်းရင်းသားကို ဖုံးထားသည့် အဝတ်အစက စုတ်ပြဲသွားသည်ဟု မှတ်ယူလို့ရပေသည်။ သည်ပွဲတွင် သူ့နောက်ဆုံး ဖုံးထားသည့်အရာကပင် စုတ်ပြဲသွားခဲ့သည်။
ဇွန်းမရှိတဲ့။ အားလုံးက ဝမ်းသာပျော်ရွှင်သွားကြသည်။
သည်ပြိုင်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားတော့သည်။ အခန်းအနားမှူးက ချက်ချင်း ကြေညာပေးလိုက်သည်။
“ချီရှန်းကျွီက ဒုတိယဟင်းပွဲမှာ အနိုင်ရခဲ့ပါတယ်၊ ချီရှန်းကျွိက အချက်အပြုတ်ပြိုင်ပွဲ တစ်ခုလုံးကို အနိုင်ရသွားခဲ့ပါတဘ်”
“ကျွန်မတို့နိုင်ပြီ၊ ကျွန်မတို့နိုင်ပြီ၊ နိုင်ပြီ”
အမျိုးသမီးချန်က ကျန်းချိန်၏လက်ကို ကိုင်ပြီး ဝမ်းသာကာ ငိုကြွေးတော့သည်။ နောက်ဆုံးတော့ နိုင်သွားပြီ။ အခု သူမရဲ့နှလုံးသား ခုန်ထွက်တော့မဲ့အတိုင်းပဲ။ တော်ပါသေးရဲ့။ တော်ပါသေးရဲ့။
“အင်း” ကျန်းချိန်က ပြုံးပြလိုက်၏။
“သူဌေးနိုင်ပြီ၊ သူဌေးက အရမ်းတော်တာပဲ” ရွှယ်ကျင်းက ဘေးမှ အော်ပြောလိုက်သည်။
သူသည် အကျယ်ဆုံးအော်ပြောလိုက်သူဖြစ်လေသည်။ ကျန်းယွင်ကျူးသည် စင်ပေါ်မှပင် သူ့အသံကို ကြားလိုက်ရသည်။ သူမသည် မနေနိုင်တော့ဘဲ ပြုံးလိုက်တော့သည်။
ခုနတုန်းက ကောင်းရွှင်က အန်ဖင်းနယ်စားကို အသုံးချပြီး လူတွေကို ဖိနှိပ်ခဲ့တယ်တဲ့။ သူမ ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ စားဖိုမှူးတစ်ယောက်အနေနဲ့ သူ့အရှုံးကို ဝန်ခံဖို့တောင် သတ္တိမရှိဘူး။ ကြည့်ရတာ သူက အဲလိုလူပဲ ဖြစ်ပါတယ်။
သူမက တရားသူကြီးမုန့်နဲ့ ဒိုင်ဆယ်ယောက်က သူ့ခြိမ်းခြောက်တာ ခံလိမ့်မယ်လို့ အရမ်းကြီး စိတ်မပူမိပါဘူး။ အန်းဖင်နယ်စားနဲ့ လင်ထင်အန်းက ဘယ်လိုလူမျိုးတွေလဲဆိုတာ သူမ ကောင်းကောင်းသိတယ်။ ရှဲ့ချန် ပြောခဲ့သလိုပဲ။ သူတို့တွေက ကောင်းရွှင်အတွက် ရပ်တည်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့သာ ဒီအကြောင်းသိသွားရင် သူ့ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။
ဒီလိုဆိုရင်တောင် သူမက ကုယန်ကျိုးနဲ့ ရှဲ့ချန်တို့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာပဲ။ အိုး ဟုတ်သားပဲ။ အဲဒီလူချောလေးတစ်ယောက်ရော ပါသေးတယ်။
ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး။ မြန်မြန် ဖြေရှင်းဖို့လိုတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။
ကျန်းယွင်ကျူးသည် တာဝန်ခံမန်နှင့် လက်မှတ်ထိုးထားသည့် ပြိုင်ပွဲစာချုပ်ကို ထုတ်လိုက်ပြီး တာဝန်ခံမန်ကို တန်းပြောလိုက်လေသည်။
“ တာဝန်ခံမန် ကျွန်မ နိုင်သွားပြီ၊ ရှင်နဲ့အတူ ရှီရှန်းကျွီရဲ့ အိမ်နဲ့မြေစာချုပ်ကို ယူလာခဲ့လား”
တာဝန်ခံမန်သည် ငေးကြောင်ကြောင် ဖြစ်နေဆဲ။ သူဒါကို မယုံနိုင်ဘူး။ သူ ရှုံးသွားပြီတဲ့။ ကျန်းယွင်ကျူး၏ စကားကို ကြားလိုက်ရသောအခါ သူသည် အမှတ်တမဲ့ တာဝန်ခံစုန့်ကို ကြည့်လိုက်လေသည်။ ဒီကိစ္စကို .... တာဝန်ခံစုန့်၏အရိပ်ပင် မရှိတော့ပေ။
တာဝန်ခံစုန့်သည် ခုနက အခြေအနေ မကောင်းသည်ကို သတိထားမိခဲ့ပြီး ရှောင်ထွက်သွားခဲ့လေသည်။
တာဝန်ခံမန်သည် သူ့အမြင်အာရုံ မည်းမှောင်သွားသလို ခံစားလိုက်ရတော့သည်။ သူသည်လည်း မေ့လဲပစ်မည်ဟု စဥ်းစားလိုက်လေသည်။
ကျန်းယွင်းကျူုး၏ စကားကို ကြားလိုက်ပြီး တရားသူကြီးမုန့်က ရဲမက်ခေါင်းဆောင်ဟူကို ပြောလိုက်လေသည်။
“ကျန်တာကို မင်း တာဝန်ယူပေးလိုက်”
ထို့နောက် သူက ဝေါယာဥ်ပေါ်တက်သွားပြီး ထွက်ခွာသွားတော့သည်။
ရဲမက်ခေါင်းဆောင်ဟူက တရားသူကြီးမုန့် ပြောချင်သည့်အဓိပ္ပာယ်ကို အလိုလိုသိနေပြီး တာဝန်ခံမန်ကို ချက်ချင်း ပြောလိုက်တော့သည်။
“ တာဝန်ခံမန် ခင်ဗျားက လောင်းထားပြီးပြီဆိုမှတော့ အရှုံးကို လိုလိုချင်ချင် ဝန်ခံရမှာပေါ့၊ မူးမေ့သလို လုပ်မနေနဲ့ ခင်ဗျား မေ့လဲသွားရင်လည်း ကျုပ်တို့ညီအစ်ကိုတွေက ခင်ဗျားကို နှိုးမှာပဲ၊ ဒီလောက် အေးတဲ့နေ့မှာ ခဲမသွားတာ ပိုကောင်းမယ်”
ဒီရဲမက်တွေက ဘယ်သူတွေမလို့လဲ။ သူတို့တွေ နည်းလမ်းပေါင်းစုံ သုံးတတ်တဲ့သူတွေလေ။ သူတို့လိုချင်သ၍ လူတစ်ယောက်ကို ဝန်ခံလာအောင်လုပ်ဖို့ နည်းလမ်းတစ်ခုတော့ သေချာပေါက် ရှိပြီးသားပဲ။
တာဝန်ခံမန်မှာ တဝက်တပြက်နှင့် ရပ်လိုက်ပြီး ခါးခါးသီးသီး ပြန်ပြောလိုက်တော့သည်။
“ရဲမက်ခေါင်းဆောင်ဟူ ကျုပ်အိမ်စာချုပ်နဲ့ မြေစာချုပ်က ကျုပ်ဇာတိမြို့မှာပါ၊ ကျုပ်ကို ရက်နည်းနည်းလောက် ထပ်ပေးလို့ရမလား”
“ ပေါက်ကရတွေ ပြောမနေနဲ့၊ မဟုတ်ရင် ခင်ဗျားကို ထောင်ထဲပို့ပစ်မယ်၊ ခင်ဗျားမိသားစုက စာချုပ်တွေ ယူလာမှပဲ ခင်ဗျားကို လွှတ်ပေးမယ်” ရဲမက်ခေါင်းဆောင်ဟူက ပြောလိုက်၏။
တာဝန်ခံမန်သည် မြန်မြန် လက်ခါပြလိုက်တော့သည်။ ထောင်တဲ့လေ။ အဲဒီနေရာက လူတွေအတွက် နေလို့ရတဲ့နေရာရော ဟုတ်လို့လား။
ချက်ချင်းပင် ရဲမက်နှစ်ယောက်က သူ့နောက်လိုက်သွားပြီး ရှီရှန်းကျွီ၏ အိမ်နှင့် မြေစာချုပ်တို့ကို သွားယူလာခဲ့တော့သည်။
တာဝန်ခံမန်၏မိန်းမက ငိုယိုပြီး ရိုက်နှက် လူးလိမ့်နေတော့သည်။ ဒါလည်း အသုံးမဝင်ပေ။
ရဲမက်များ ထွက်သွားတော့မည်ပြင်လိုက်တော့ သူမက တာဝန်ခံမန်ကို အသံကျယ်ကျယ်ဖြင့် ဆဲဆူတော့သည်။ သူက ထင်ယောင်ထင်မှားနဲ့ ငွေအများကြီး ရှာမယ်ဆိုပြီး အားထုတ်မယ်လို့ ပြောပြီးတော့ အခုတော့ ဘာဖြစ်သွားတာလဲ။ ဆိုင်ပါ ဆုံးရှုံးသွားပြီ။ နောက်ဆိုရင် ဘာလုပ်စားမှာလဲ ဟူ၍ ပြောဆိုနေတော့သည်။
တာဝန်ခံမန်လည်း ဒေါသခြောင်းခြောင်း ထွက်နေတော့သည်။ တာဝန်ခံစုန့်သာ သူတို့မရှုံးပါဘူးလို့ မတိုက်တွန်းခဲ့ရင် သူလည်း စာချုပ်မှာ ဘယ်တော့မှ လက်မှတ်ထိုးမှာမဟုတ်ဘူးလေ။
“ ရှင်က ဓားတစ်ချောင်းလို အသုံးချခံလိုက်ရတာ” သူ့မိန်းမက ဒေါသဖြင့် ဆက်ပြောလေသည်။
တာဝန်ခံမန်က တာဝန်ခံစုန့်ကို ချက်ချင်း သွားရှာတော့သည်။ သူ ရှုံးခဲ့ရင် သူ့ဆိုင်ကငွေတွေကို ပြန်ပေးမယ်လို့ ပြောခဲ့တာပဲ၊ အခုမှာ ဘယ်သွားပုန်းချင်နေတာလဲ။ မဖြစ်စေရဘူးကွ။
သူသည် တာဝန်ခံစုန့်ကို လုံးဝမတွေ့ခဲ့ရသည်က သနားစရာဖြစ်လေတော့သည်။
တာဝန်ခံစုန့်သည် လက်ရှိတွင် အကြပ်အတည်း ဖြစ်နေတော့သည်။ ကောင်းရွှင်ကလည်း သည်တစ်ကြိမ်တွင် မျက်နှာပျက်ခဲ့ရသည်။ သူသည် စင်ပေါ်က ဆင်းလာတော့ သူ့ဒေါသအားလုံးကို တာဝန်ခံစုန့်အပေါ် ပုံချလေရာ သူ့မှာ သည်းခံရုံသာ တတ်နိုင်တော့သည်။
အခုတော့ သူသည် မည်သူ့ကိုမှ မတွေ့ချင်တော့ပေ။ အထူးသဖြင့် တာဝန်ခံမန် ကိုပင်။
တာဝန်ခံမန်က တာဝန်ခံစုန့်သည် သူ့ကို တမင်ရှောင်နေမှန်း သိလေသည်။ သူက အဘယ်မှာ အလွယ်တကူ လက်လျှော့နိုင်ပါမည်နည်း။
နှစ်ယောက်က အကြီးအကျယ်ရန်ဖြစ်ကြပြီး ရန်သူများပင် ဖြစ်သွားတော့သည်။
ရဲမက်နှစ်ယောက် မြန်မြန်ပြန်ရောက်လာပြီး ရှီရှန်းကျွီ၏ အိမ်နှင့်မြေစာချုပ်ကို ရဲမက်ခေါင်းဆောင်ဟူ ထံ အပ်နှံလိုက်လေသည်။ ရဲမက်ခေါင်းဆောင်ဟူက လှည့်ပြီး ပစ္စည်းနှစ်ခုကို ကျန်းယွင်ကျူးလက်ထဲ ထည့်ပေးလိုက်၏။
ကျန်းယွင်ကျူးက လက်ခံလိုက်သည်။
“ကျေးဇူးတင်ပါတယ်ရှင် ရှင်တို့တွေ အလုပ်များမနေဘူးဆိုရင် ချီရှန်းကျွီကို ဝင်ပါအုံးလား၊ ကျွန်မ ရှင်တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဟင်းတွေချက်ကျွေးချင်လို့ပါ”
ရဲမက်ခေါင်းဆောင်ဟူသည် ချီရှန်းကျွီ၏ အစားအသောက်များကို စားဖို့ စဥ်းစားထားခဲ့သည်။ သို့မဟုတ်လျှင် သူက ကျန်းယွင်ကျူးကို အကူအညီပေးရန် တာဝန်ခံမန်အား ဖိနှိပ်နေလိမ့်မည် မဟုတ်ပေ။
အခုတော့ ကျန်းယွင်ကျူးက အကူအညီကို လက်ခံပြီး သူ့ကို တစ်နပ်လောက် ဝင်စားသွားဖို့ ချက်ချင်း ဖိတ်ခေါ်လိုက်သဖြင့် သူသည် အလွန် ဝမ်းသာသွားတော့သည်။
“မများပါဘူး၊ မများပါဘူး”
ကျန်းယွင်ကျူးက လှည့်ကာ အားလုံးကို ကြေညာလိုက်လေသည်။
“ ချီရှန်းကျွီကို အခုဖွင့်ပါပြီရှင်၊ အားလုံးကို ကြိုဆိုပါတယ်”
“မြန်မြန်ဟေ့ တံခါးဖွင့်ပါတော့၊ ကျုပ် ခင်ဗျားတို့အစားအသောက်ကို စားချင်နေပြီ”
“သူဌေးက တော်လိုက်တာ၊ အခုချိန်ကစပြီး ကျုပ် ခင်ဗျားဆိုင်ကိုပဲ အခြေချလိုက်ပြီ”
သူဌေးကျန်း ကျုပ်ဘယ်တော့မှာ စက္ကူထုပ်ကြက်ကြော်နဲ့ ဖူထျောက်ရှင်းကို မှာလို့ရနိုင်မလဲ”
“ ဟုတ်တယ် ဟုတ်တယ်” သူတို့လည်း စားချင်ပါသည်။
....
သည်အချိန်တွင် ရွှယ်ကျင်းက ချီရှန်းကျွီတံခါးကို ဖွင့်လိုက်တော့သည်။ အားလုံးက ခြေတစ်လှမ်း နောက်ကျလျှင် သူတို့အတွက် နေရာမရမှာစိုးရိမ် နေကြလေသည်။ ထို့ကြောင့် သူတို့သည် ကျန်းယွင်ကျူးကို စကားပြောဖို့ စိတ်မဝင်စားကြတော့ဘဲ ဆိုင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် အလျင်စလို ဝင်သွားလိုက်ကြတော့သည်။
ခဏအကြာတွင် ဆိုင်က လူပြည့်သွားတော့သည်။
လီဟယ်၊ အမျိုးသမီးချန်၊ ကျန်းချန်နှင့် တခြားသူများကလည်း ဧည့်သည်များကို နှုတ်ဆက်ရန် လောလိုက်ကြတော့သည်။
ပတ်ဝန်းကျင်တွင် ရုတ်တရက် ဗလာအတိဖြစ်သွားလေသည်။ ထိုနေရာတွင် ရှန်ဖုန်းမင်တစ်ယောက်သာ ရပ်ရင်း ကျန်နေခဲ့တော့သည်။
ကျန်းယွင်ကျူးက သူ့မျက်လုံးများနှင့် ဆုံလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်လေသည်။
“ကျွန်မ နိုင်သွားပြီ”
“ကျွန်တော် သိပါတယ်”
ရှန်ဖုန်းမင်က ပြောလိုက်၏။ သူသည် သူမကို စောင့်ကြည့်နေလာခဲ့ခြင်းပင်။
နှစ်ယောက်သား အပြန်အလှန် ကြည့်လိုက်ကြလေသည်။ အခိုက်တန့်အတွင်း ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်၏ မျက်လုံးထဲက အပြုံးတစ်ခုကို တွေ့မြင်လိုက်ရသယောင်။
ခဏလောက် အလုပ်လုပ်လိုက်ကြပြီးနောက်တွင် သူတို့သည် နောက်ဆုံးတော့ ဧည့်သည်အားလုံးကို နှုတ်ဆက်လိုက်ကြတော့သည်။ ဆိုင်ထဲကလူအားလုံးသည် အစားစားပြီး အနားယူဖို့ အချိန်ရလာတော့သည်။
အားလုံးက သူတို့ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ဖြစ်သွားကြသည်။
ရုတ်တရက် ရွှယ်ကျင်းက မေးလိုက်၏။
“သူဌေး ဘေးအခန်းက မင်းရဲ့ဆိုင်ဖြစ်သွားပြီမလား”
အားလုံးက တက်ကြွလာပြန်သည်။ သူတို့သည် သိပြီးသားဖြစ်သော်လည်း ကျန်းယွင်ကျူး ကိုယ်တိုင် ပြောလာသည်ကို ကြားချင်နေကြသည်။
“ဟုတ်တယ်”
ကျန်းယွင်ကျူးက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။ သူမက ဆိုင်တစ်ခုကို အလကားနေရင်း အနိုင်ရခဲ့တယ်လေ။ ပြီးတော့ ဆိုင်လုံးဝ ပြန်လည်ပြင်ဆင်ပြီးသား။ အခုချိန်မှာတော့ သူမ စိတ်ချမ်းသာနေတယ်။
အားလုံးက အလွန်ပျော်သွားတော့သည်။
“သူဌေး ဆိုင်က ဆက်နေတာလား”
ရွှယ်ကျင်းက မေးလိုက်သည်။ သည်လိုဆိုရင် အကျယ်အဝန်းနဲ့ယှဥ်ရင်လည်း ချီရှန်းကျွီက ပေါင်ဖူလိုထက် မနိမ့်တော့ဘူး။ စီရင်စုမှာ အကောင်းဆုံးစားသောက်ဆိုင်တွေထဲက တစ်ခုလို့တောင် ပြောလို့ရပြီ။
ဒါက... ကျန်းယွင်ကျူးသည် ထရပ်လိုက်ပြီး အပြင်ထွက်သွားလိုက်သည်။
အားလုံးက နောက်မှ မြန်မြန်လိုက်သွားကြသည်။ အချိန်တိုလေးအတွင်းတွင် သူတို့အားလုံးသည် ရှီရှန်းကျွီတံခါးရှေ့တွင် ရပ်လိုက်ကြလေသည်။
“ကျွန်တော်ကတော့ အရင်ဆုံး ဒီဆိုင်းဘုတ်ကို ဖြတ်ချချင်တယ်၊ မျက်စိ စပါးမွေးစူးလိုက်တာ”
ရွှယ်ကျင်းက ပြောလိုက်၏။ ချက်ချင်းဆိုသလို သူက လှေကားကို ရွှေ့လိုက်ပြီး မူလဆိုင်းဘုတ်ကို ဘေးသို့ ပစ်ချလိုက်လေသည်။
အခုမှပဲ ပိုပြီးကြည့်လို့ကောင်းသွားတော့တယ်။
ကျန်းယွင်ကျူးက အထဲကို လှမ်းဝင်လိုက်ပြီး အထဲကအပြင်အဆင်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။
တာဝန်ခံစုန့်နှင့် တာဝန်ခံမန်တို့သည် သေသေချာချာ ပြန်လည်မွှမ်းမံထားသည်ကိုတော့ ပြောရန်ပင် မလိုချေ။ သူတို့သည် ဒါကို ချက်ချင်းနီးပါး သုံးနိုင်လေသည်။
ကျန်းယွင်ကျူုးက ထိုနေရာတွင်ရပ်ပြီး ဘေးအခန်းကို ကြည့်လိုက်သည်။ နှစ်ခန်းကို ဆက်လိုက်ရမလား။ ဒါမှမဟုတ် တစ်ခုခု လုပ်ရင်ကောင်းမလား။