← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အပိုင်း (၆၇) (က)

အမှန်တွင်တော့ စားသောက်ဆိုင်များကို ဆက်လိုက်လျှင် ပိုပြီးအဆင်ပြေသည်။ အပြင်အဆင်က တစ်ပုံစံထဲပင်။ နံရံကို ဖြိုချလိုက်လျှင် နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းလိုက်လို့ရသည်။ သည်လိုဆိုလျှင် ချီရှန်းကျွီသည် စီရင်စုထဲတွင် အကောင်းဆုံးစားသောက်ဆိုင်များထဲက တစ်ခုဖြစ်လာလိမ့်မည်။ တစ်ခုက ဆိုင်တိုးတက်နှုန်းက အလွန်မြန်နေခြင်းပင်။ လူအင်အားက မလိုက်နိုင်ဖြစ်နေတော့သည်။

ကျန်းယွင်ကျူးက အချိန်တော်တော်ကြာအောင် စဥ်းစားခဲ့သော်လည်း လက်လျှော့လိုက်တော့သည်။

စီးပွားရေးလုပ်ငန်းတစ်ခုက အမြဲတမ်း တသမတ်တည်း တိုးတက်နေတာ မဟုတ်ဘူးလေ။ ဟုတ်ပါတယ်။ တသမတ်တည်း တိုးတက်နေတာက အကျိုးအမြတ်အများဆုံးပါ။ ဒါပေမဲ့ သူမရဲ့အိပ်မက်ထဲမှာ အန်းဖင်နယ်စားအိမ်တော်မှာတုန်းက “ အဆောက်အအုံတစ်ခုကို အမြင့်ကြီး ဆောက်လိုက်တယ်၊ စားသောက်ပွဲတွေ ကျင်းပတယ် နောက်တော့ အဆောက်အုံက ပျက်စီးသွားတယ်’' ဒီလိုကိစ္စတွေအများကြီး မြင်ခဲ့ဖူးတယ်။ မဆင်မခြင်ဘဲ မတိုးချဲ့တာ ပိုကောင်းမယ်။ အခြေခိုင်အောင် လုပ်ပြီးမှ ပုံမှန် ဆက်သွားတာက အကောင်းဆုံးပဲ။

ဒီတော့ သူမက မျဥ်းပြိုင်အတိုင်း တက်ဖို့ ဆုံးဖြတ်ပြီး ဘေးဆိုင်ကို လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်လိုက်မယ်။

အခုဆိုရင် ချီရှန်းကျွီကို လူငယ်အမျိုးသား အမျိုးသမီးတွေအများကြီး လာကြတယ်။ သူမသာ ဘေးဆိုင်ကို လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်လိုက်ရင် ရောင်းအားကလည်း အမြင်တင့်ပြီး သန့်ရှင်းလိမ့်မယ်။ လုပ်ငန်းအရှုံးပေါ်မှာ စိုးရိမ်စရာမလိုဘူး။

ပြီးတော့ လက်ဖက်ရည်ဆိုင် လည်ပတ်ပုံကလည်း ရိုးရှင်းတယ်လေ__ လက်ဖက်ရည် ၊ အသီးခြောက်နည်းနည်းပါးပါးနဲ့ သရေစာတွေ ပြင်ဆင်ပေးရုံပဲ။ ဒါတောင် လက်ဖက်ရည်ဆိုင်ကာ ငွေအများကြီး ဝင်သေးတယ်။ ဥပမာ ပိလော်ချွန်းတစ်အိုးမှ ဝမ်၃၀ပဲကျတာကို ဝမ် ၈၀နဲ့ ရောင်းလို့ရတယ်လေ။ သေချာပေါက် လုပ်ငန်းကောင်းတစ်ခုပဲ။

လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်က အလုပ်လုပ်ချိန်ခြင်းက မတူဘူး။ လက်ဖက်ရည်ဆိုင်ကို မနက်ခင်းနဲ့ နေ့လယ်ခင်းလောက်ပဲ အဓိက ဖွင့်ရတာ။ စားသောက်ဆိုင်ကျတော့ နေ့ခင်းနဲ့ ညနေခင်းမှာပဲ အလုပ်များတတ်တယ်လေ။ ဆိုင်နှစ်ခုက အပြန်အလှန် မှီခိုပြီး အချင်းချင်း ဖလှယ်လို့ရတယ်။ ဒါက ဧည့်သည်တွေရဲ့ ရင်းနှီးမှုကို တိုးလာစေနိုင်ပြီး ငွေလည်း စုမိတယ်။ လူအင်အား။ ကျန်းယွင်ကျူးသည် ထိုအကြောင်းကို စဥ်းစားကြည့်လေလေ သည်နည်းလမ်းကို အဆင်ပြေလေလေ ဖြစ်သည်ဟု ခံစားလိုက်ရသည်။

သူမမှာ ငွေအရင်းအနှီး မရှိလို့ပေါ့လေ။ မဟုတ်ရင် အစားအသောက်နဲ့ ဖျော်ဖြေရေးပါတဲ့ လုပ်ငန်းခွဲတစ်ခုကို တည်ဆောက်ဖို စဥ်းစားမိမှာ။

ဟုတ်ပါတယ်။ သူမက စဥ်းစားကြည့်ရုံလေးပါ။ ဝူလင်စီရင်စုက လူတွေက ချမ်းသာတယ်ဆိုရင်တောင် ဒီလောက်ကြီးမားတဲ့ ဧရာမလုပ်ငန်းကြီးကို တည်ဆောက်ဖို့တော့ သူတို့လည်း သူမကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလေ။

လုပြည်နယ် ဒါမှမဟုတ် မြို့တော်ကို ပြောင်းလိုက်မယ်ဆိုရင်တော့...

ထားလိုက်ပါလေ။ သူမက အများကြီး တွေးမိနေပြီ။ ကျန်းယွင်ကျူးသည် သူမ၏ လက်ဖက်ရည်ဆိုင်လေးကိုသာ အရင်ဆုံးစီစဥ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

မကြာမီတွင် သူမသည် အားလုံးကို အခြေခံကျကျ စိတ်ကူးကြည့်လိုက်တော့သည်။

“လက်ဖက်ရည်ဆိုင် ဖွင့်မယ်ဟုတ်လား”

ကျန်းချိန်နှင့် တခြားသူများသည် သူမက ထိုသို့ပြောလိုက်သောအခါ အနည်းငယ် ဆွံ့အသွားကြတော့သည်။ သူမက ဘယ်လိုဖြစ်ပြီး လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်ဖို့ စဥ်းစားမိလိုက်တာလဲ။ စားသောက်ဆိုင်တစ်ခုဖွင့်တာက ပိုလွယ်ပြီး ပိုအမြတ်များတာ သိသာနေတာပဲလေ။

ကျန်းယွင်ကျူးက သူမ၏ဆုံးဖြတ်ချက်အတွက် အားလုံးကို အကြောင်းပြချက် သုံးလေးခုလောက် ပေးလိုက်လေသည်။ ရှဲ့ချန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး သူမကို လေးစားအားကျဟန်ဖြင့် ကြည့်လိုက်လေသည်။ သူမက သည်လိုအချိန်မှာတောင် ကိုယ့်ဟာကို ရှင်းရှင်းလင်းလင်း သတိထားပြီး အလောတကြီး မချဲ့သလို အမြတ်အတွက်လည်း လောဘမကြီးဘူး။ ဒီအချက်နဲ့တင် ရုံးတော်က နာမည်ကြီး ပုဂ္ဂိုလ်တော်တော်များတောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ သူမကတော့ လုပ်ခဲ့တယ်။

ဒီလိုမိန်းကလေးတစ်ယောက်က လူတွေကို လေးစားအားကျအောင် လုပ်ခဲ့တာပဲ။ အနာဂတ်မှာ ဘယ်သူက သူမနဲ့ လက်ထပ်ခွင့်ရမလဲ မသိဘူး။

သူသည် ရှန်ဖုန်းမင်က လူအုပ်နောက်တွင် ရပ်နေသည်ကို ရုတ်တရက် တွေ့သွားလေသည်။ သူသည် ထိုနေရာတွင် နှုတ်ဆိတ်ကာ ရပ်နေသော်လည်း ဘယ်သူကမှ သူ့ကို လျစ်လျူရှုမထားနိုင်ခဲ့ပေ။

ရှဲ့ချန်သည် ရုတ်တရင် ကုယန်ကျိုးကို တွေးမိသွားပြီး သူ့ကိုယ်သူလည်း ပြန်စဥ်းစားလိုက်လေသည်။ ၅လပိုင်း ဒီနေ့မှာဆိုရင် အောင်မြင်မှုနဲ့ ကျရှုံးမှုက လုပ်ရပ်တစ်ခုအပေါ်မှာပဲ မူတည်တယ်။

ကျန်းယွင်ကျူးထံမှ စကားအများကြီး ကြားလိုက်ရပြီးနောက် တခြားသူများကလည်း လက်ဖက်ရည်ဆိုင် ဖွင့်သည်က စိတ်ကူးကောင်းတစ်ခုဖြစ်ကြောင်း စတင် ခံစားမိလာတော့သည်။

“ဒါဆို ဒီလိုဆုံးဖြတ်လိုက်ပြီးနော်” ကျန်းယွင်ကျူးက နောက်ဆုံးတော့ ပြောလိုက်လေသည်။

အားလုံးက ဝမ်းသာအားရ သဘောတူလိုက်ကြသည်။ မည်သို့ဆိုစေ ကျန်းယွင်ကျူးက ဘာပဲပြောပြော ထိုအရာကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းကလည်း လုပ်ရန်မှန်ကန်သည့် ကိစ္စပင်။

ကျန်းယွင်ကျူးက လက်ဖက်ရည်ဆိုင်အတွက် ပြင်ဆင်မှုများ စလုပ်တော့သည်။ အရင်ဆုံး သူမက ဆိုင်းဘုတ်ပြားတစ်ခုကို မှာလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ သူမက ရှန်ဖုန်းမင်ထံ တန်းသွားလိုက်လေသည်။

“ လူကြီးမင်းရှန် ကျွန်မအတွက် ဆိုင်းဘုတ်လေးတစ်ခု ရေးပေးလို့ရမလားဟင်”

“ရပါတယ်”

ရှန်ဖုန်းမင်က စာရွက်ကို ဖြန့်လိုက်ပြီး သူမကို ကြည့်လိုက်လေသည်။

ကျန်းယွင်ကျူးသည် လက်ဖက်ရည်ဆိုင်အတွက် နာမည်ကို စဥ်းစားထားပြီးသားဖြစ်ကာ ဆိုင်နာမည်ကို “ချာပုလျန်’ ဟုခေါ်လိုက်သည်။

ရှန်ဖုန်းမင်သည် သူမက လက်ဖက်ရည်ဆိုင် ဖွင့်မည်ကို သိထားပြီးသား ဖြစ်သော်လည်း သူသည် နာမည်ကို ကြားလိုက်ချိန်တွင် အနည်းငယ် အံ့ဩသွားတော့သည်။ သူက သည်လက်ဖက်ရည်ဆိုင်၏ နာမည်သည် ချီရှန်းကျွီနှင့် ဆင်တူလိမ့်မည်ဟု ထင်ထားခဲ့သည်။ သည်စာလုံးသုံးလုံး ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

လက်ဖက်ရည်က မအေးဘူး။ လူပြန်သွားရင် လက်ဖက်ရည်က အေးသွားတယ်လို့ ပြောကြတယ်လေ။ ဒါပေမဲ့ ကျန်းယွင်ကျူးရဲ့လက်ဖက်ရည်ဆိုင်ကိုတော့ ‘ချာပုလျန်/လက်ဖက်ရည်က မအေးဘူး’ လို့ခေါ်တယ်တဲ့။ ဒါက အပေါ်ယံသက်သက်ပဲလို့ ထင်ရပေမဲ့ တကယ်တော့ သေသေချာချာ အရသာခံဖို့ အမှန်ပဲ ထိုက်တန်ပါတယ်။

ရှန်ဖုန်းမင်က ထိုစာလုံးသုံးလုံးကို မြန်မြန်ချရေးပေးလိုက်ပြီး ကျန်းယွင်ကျူးကို လှမ်းပေးလိုက်သည်။

ကျန်းယွင်ကျူးက လှမ်းယူလိုက်၏။ သူမသည် ဘယ်နှစ်ကြိမ်ပဲ ဖတ်ဖတ် သူ့လက်ရေးကို အလွန်မှ နှစ်သက်မိလေသည်။ သူ သူမကို တိတ်တိတ်လေးပေးခဲ့သည့် စာအုပ်များကဲ့သို့ပင် သူမသည် စာရွက်ကို လက်ကမချနိုင်တော့ပေ။

ကျန်းယွင်ကျူးက လီဟယ်ကိုခေါ်ပြီး ဆိုင်းဘုတ်ဆိုင်သို့ သွားလိုက်ပြီးနောက် သူမက အိမ်စာချုပ်နှင့် မြေစာချုပ်ကို ယူကာ စီရင်စုရုံးတော်သို့ သွားကာ သူမ၏ကိုယ်ပိုင်နာမည်သို့ တရားဝင် ပြောင်းလဲလိုက်လေသည်။

သည်ကိစ္စသည် ချောချောမောမော ပြီးသွားခဲ့သည်။ မကြာခင်မှာပင် သူမသည် အိမ်အသစ်နှင့် မြေစာချုပ်ကို ပိုင်ဆိုင်သွားခဲ့သည်။

စီရင်စုတရားရုံက ထွက်လာပြီးနောက် ကျန်းယွင်ကျူးသည် စာချုပ်ပေါ်က အနီရောင်တံဆိပ်တုံးကို ကြည့်လိုက်လေသည်။ ဘာပြောရမလဲ။ သူမ အရမ်းပျော်နေတယ်လေ။ ဒါက ဒီခေတ်မှာ သူမရဲ့ပထမဆုံး တကယ့်အိမ်ရာတစ်ခုပဲ။ နောက်ဆုံး ချန်ရှီရွာက အိမ်နဲ့ ချီရှန်းကျွီ နှစ်ခုလုံးက ငှားထားခဲ့ရတာ။

ပြိုင်ပွဲတစ်ခါလုပ်ပြီး ပိုင်ဆိုင်မှုတစ်ခု တိုးလာတယ်။ ကျန်းယွင်ကျူးသည် သည်လိုလှုပ်ရှားမှုမျိုးကို တစ်ကြိမ် နှစ်ကြိမ်လောက် ကြိုဆိုချင်သွားတော့သည်။

အင်းပေါ့လေ။ အတွေးသက်သက်ပါပဲ။ နောက်ဆုံး သူတို့တွေက အမြဲတမ်းနိုင်ပါမယ်လို့ ဘယ်သူက အာမခံနိုင်မှာမလို့လဲ။

ချီရှန်းကျွီကို ပြန်ကြည့်ရင် ဆိုင်ရှေ့မျက်နှာစာကို ဆက်လို့မရပေမဲ့ အနောက်ဘက်ခြံကိုတော့ ဆက်လိုက်လို့ရတယ်လေ။

ကျန်းယွင်ကျူးက လူတစ်ယောက်ကို ရှာလိုက်သည်။ နောက်တစ်နေ့တွင် ထိူလူများက ရောက်လာပြီး တူများနှင့် နံရံကို ဖြိုချပေးလိုက်သည်။ ချီရှန်းကျွီနှင့် ချာပုလျန်၏ နောက်ဘက်ခြံများသည် တစ်ခုတည်း ဖြစ်သွားတော့သည်။

ချက်ချင်းဆိုသလို ခြံတစ်ခုလုံးက ပိုကြီးကျယ်ဝန်းလာတော့သည်။

ကျန်းယွင်ကျူးသည် အနည်းငယ်အတားအဆီး ဖြစ်နေသည့် အလယ်က အရံခန်းနှစ်ခုကိုလည်း ဖြိုချခိုင်းလိုက်သည်။ နောက်ဘေးခြံတစ်ခုလုံးက အလယ်တွင် ကြီးမားကျယ်ဝန်းသည့်နေရာလွတ်တစ်ခု ဖြစ်လာတော့သည်။ အနောက်ဘက်တွင် ပင်မဆောင် ၇ဆောင်၊ ဘေးနှစ်ဖက်တွင် အရံခန်းနှစ်ခန်းစီ ရှိကြသည်။ အရံခန်းတစ်ခုစီက တစ်ခန်းစာလောက် အနေအထားရှိလေသည်။

“စီရင်စုတစ်ခုလုံးမှာ ဒီလိုလင်းထိန်နေတဲ့နေရာ မရှိတော့ဘူး”

ရွှယ်ကျင်းက ချီးမွှမ်းလိုက်လေသည်။ သည်ခြံနှင့် ယှဥ်ကြည့်လျှင် သူ့ခြံငယ်လေးက ငှက်သိုက်တစ်ခုသာသာ ရှိတော့သည်။ ကြည့်စရာ မြင်ကွင်းလှလှတစ်ခုပင် မရှိပေ။

လီဟယ်နှင့် သူ့မိန်းမတို့သည်လည်း အလွန်အားကျသွားကြသည်။ ကျန်းယွင်ကျူးသည် ဝူလင်စီရင်စုကို ရောက်လာသည့် တစ်နှစ်မပြည့်သေးပေ။ အခုတော့ သူမသည် သူမ၏ကိုယ်ပိုင်ဆိုင်နှင့် အိမ်ကို ပိုင်ဆိုင်သွားခဲ့ပြီ။ သူတို့လည်း ကိုယ်ပိုင်အိမ်လေး ဝယ်နိုင်ခဲ့လျှင် အလွန်ကောင်းလိမ့်မည်။

အမျိုးသမီးချန်နှင့် ကျန်းချိန်တို့သည် ခဏလောက် ပြုံးရွှင်သွားပြီး ခဏလောက် မှင်တက် အံ့ဩသွားကြပြန်သည်။ သည်ကြီးမားသည့်ခြံဝင်းက သူတို့မိသားစု၏ ပိုင်ဆိုင်မှုဖြစ်လာခဲ့သည်ကို မယုံနိုင် ဖြစ်နေတော့သည်။

မနှစ်က သူတို့၏အကြီးဆုံးအိပ်မက်မှာ မြည်းတစ်ကောင်ဝယ်ပြီး ရွာတွင် ပိုကျက်သရေရှိသည့်အိမ်တစ်လုံး ဆောက်မည်ဟူ၍။

အခုတော့ သူတို့သည် စီရင်စုမြို့ထဲတွင် အိမ်တစ်လုံးချက်ချင်း ရလာခဲ့သည်။ ထို့အပြင် အကောင်းဆုံးအိမ် ဖြစ်နေသည်။ သူတို့သည် အိပ်မက်ထဲမှ အပြုံးဖြင့် နိုးထနိုင်ခဲ့ပြီ။

“အဘိုး ခြံက အခုဆိုရင် တော်တော်လေး ကျယ်ဝန်းနေပါပြီ၊ စီရင်စုမြို့မှာ လာနေလေ” ကျန်းယွင်ကျူးက အဘိုးချန်ကို ပြောလိုက်၏။

အဘိုးချန်သည် အတိုင်းအတာတစ်ခုအထိ စိတ်ပါသွားခဲ့သည်။ သို့သော် ခဏလောက် တွေဝေသွားပြီး သူက ပြောလိုက်လေသည်။

“ နေပါစေလေ၊ အဘိုး ရွာမှာပဲ နေတာ ပိုကောင်းပါတယ်၊ ရွာမှာက တိတ်ဆိတ်ပြီး လေကောင်းလေသန့်ရတယ်လေ”

ကျန်းယွင်ကျုးက သူ့ကို နားမချနိုင်သဖြင့် လက်လျှော့ထားလိုက်ရတော့သည်။

“ရှင် ဘယ်အခန်းမှာ နေချင်လဲ”

အားလုံး လူခွဲသွားပြီးနောက်တွင် ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။ ပြောရမယ်ဆိုရင် သူမက သူ့ကို နစ်နာအောင် လုပ်ခဲ့မိတယ်လေ။ ချန်ရှီရွာမှာတုန်းကလည်း သူက ယန်ရှန့်နဲ့ ဘေးအခန်းလေးမှာ နေခဲ့ရတယ်။ စီရင်စုမြို့ကို ရောက်လာတော့လည်း သူက ဘေးအခန်းလေးမှာပဲ နေခဲ့ရတယ်။ ဒီတစ်ခါကျတော့ သူနေတဲ့ဘေးအဆောင်ကို ဖြိုချလိုက်ပြန်ရော။ ကျန်းယွင်ကျူးသည် မည်သို့ဖြစ်စေ သူ့ကို ကောင်းကောင်းဆက်ဆံပေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

အိုး ဟုတ်သားပဲ။ သူမ သူ့အခန်းကို ပိုကောင်းအောင်လုပ်ပေးဖို့ လိုသေးတယ်။

ရှန်ဖုန်းမင်က ပုံမှန်အတိုင်း အခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်လေသည်။

“ဒါဆို ဒီတစ်ခန်း”

ထိုအခန်းသည် ကျန်းယွင်ကျူးအခန်း၏ ဘေးအခန်း ဖြစ်နေသည်။

“ကောင်းပြီ”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်ပြီး ထိုအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

အခန်းက လွတ်နေပြီး ကျန်းယွင်ကျူး ပြင်ဆင်ပေးဖို့ သင့်တော်သည့်အခန်းဖြစ်နေသည်။

“ ဘယ်လိုပုံစံမျိုး ကြိုက်လဲ” သူမက မေးလိုက်၏။

“ပုံစံ ဟုတ်လား” ရှန်ဖုန်းမင်က ဇဝေဇဝါဖြစ်သွားတော့သည်။

“ဟုတ်တယ်၊ ဘယ်လိုအခန်းမျိုး ရှင်လုပ်ချင်လဲ၊ ရိုးရှင်းပြီးသင့်တော်တဲ့ပုံစံလား ဒါမှမဟုတ် သားနားပြီး တိတ်ဆိတ်တဲ့ပုံစံမျိုးလား၊ ဒါမှမဟုတ် တစ်ခုခုပေါ့၊ ပြီးတော့ ရှင် ဘယ်လိုအရောင် ကြိုက်လဲ”

ကျန်းယွင်ကျူးက သူမ၏ခေါင်းကိုလှည့်လိုက်ပြီး အပြုံးလေးတစ်ခုနှင့် မေးလိုက်လေသည်။

ရှန်ဖုန်းမင်သည် သည်လိုပြဿနာမျိုးကို တခါမှမစဥ်းစားခဲ့ဖူးချေ။ သူ့အတွက်တော့ နေလို့ရလျှင် သည်လိုကိစ္စမျိုးကို တစ်ခါမှဂရုမစိုက်ခဲ့ဖူးပေ။

သူဖြစ်နေသည့် ပုံစံကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူးသည် တစ်ခုခုကို ခန့်မှန်းမိပြီး သည်ခေါင်းဆောင်ရှန်၏ဘဝက အမှန်ပင် တော်တော်လေး ကြမ်းတမ်းသည့်အကြောင်းကို သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားတော့သည်။

သူမက ခဏလောက် သေချာစဥ်းစားလိုက်ပြီး

“ ဒီလိုလုပ်ပါလား၊ ကျွန်မ ရှင့်အတွက် စီစဥ်ပေးမယ်၊ ရှင် တစ်ခုခုကို သဘောမကျရင် ကျွန်မကို ပြောလေနော်”

“ဟုတ်ပြီ” ရှန်ဖုန်းမင်က သဘောတူလိုက်လေသည်။

သူတို့နှစ်ယောက်သည် အတူတူ ထွက်သွားကြတော့သည်။ အရင်ဆုံး သူတို့သည် ခန်းဆီး၊ စားပွဲခင်း စသည်တို့ကို လုပ်ရန် ပိတ်စနည်းနည်းပါးပါးဝယ်ရန် ပိုးဖဲပိတ်စဆိုင်ကို သွားလိုက်ကြသည်။

“ဒီအရောင်ဆိုရင်ရော”

ကျန်းယွင်ကျူးက မိုးပြာရောင်ပိတ်စတစ်ခုကို ကိုင်ရင်း မေးလိုက်လေသည်။

ရှန်ဖုန်းမင်က ခေါင်းညိတ်ပြလိုက်၏။

“ပြီးတော့ ဒီအရောင်ရော” ကြက်သွေးရင့်ရောင်ပိတ်စတစ်ခု။

“ ကျွန်တော် အဲအရောင် မကြိုက်ဘူး”

“ဟုတ်ပြီလေ ဒါဆို ဒီတစ်ခုရော” ဆောင်းရနံ့ပါသည့် ပိတ်စတစ်ခု။

ရှန်ဖုန်းမင်က ခေါင်းခါပြသည်။

ကျန်းယွင်ကျူးက ပြန်ချထားချင်သော်လည်း သူမက သည်ပိတ်စအရောင်ကို ကြိုက်နေသည်။ ပိတ်စကို ကိုင်ထားရင်း သူမက မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

“ ဒီပိတ်စက ရုပ်ဆိုးလို့လား”

“မင်းက ကောင်းတယ်လို့ ထင်ရင် အဆင်ပြေပါတယ်” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်လေသည်။

ကျန်းယွင်ကျူးသည် အတင်းမတိုက်တွန်းချင်ခဲ့သော်လည်း စကားက ပြောနှင့်ပြီးဖြစ်နေသည်။ ထို့ကြောင့် သူမက ပြောလိုက်တော့သည်။

“ ကျွန်မ ဆိုင်အတွက် ဒါကိုသုံးကြည့်လိုက်မယ်၊ ရှင်က ထွက်လာတဲ့ပုံစံကို ကြည့်ကြည့်လိုက်ပေါ့၊ ရှင်သဘောကျရင် ရှင်ယူလိုက်၊ သဘောမကျဘူးဆိုရင်လည်း ကျွန်မ အခန်းထဲမှာ ထားလိုက်မယ် ဘယ်လိုလဲ”

“ကောင်းပြီ”

အလွန်မှ ပွင့်ပွင့်လင်းလင်းဖြင့် ဖြေရှင်းပြီးသွားတော့သည်။

သူတို့သည် ဟိုသည်ပတ်ကြည့်လိုက်ကြသည်။ ထိုအဖြစ်က အနီးနားက ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများကို အူအူကြောင်ကြောင်လေး သည်အတိုင်း ကြည့်နေမိအောင် ဖြစ်စေတော့သည်။ မာမားရေ ဒီရုပ်ချောချောနဲ့ လူနှစ်ယောက်က ဘယ်ကလာကြတာလဲဟင်။ သူတို့ စကားပြောတဲ့ပုံကိုကြည့်ရတာ လက်ထပ်ကြတော့မဲ့ လူငယ်စုံတွဲတစ်တွဲ ဖြစ်မယ်နော်။

ထို့ကြောင့် ကျန်းယွင်ကျူးက စစ်ဆေးကြည့်လိုက်သောအခါ သူမက အများကြီးဝယ်ထားသည့်အတွက် ဆိုင်က အဖြူရောင်အောက်ခံတွင် မက်မွန်နှင့် ကြားပန်းထိုးသည့် ခေါင်းအုံးစွပ်တစ်စုံကို သူမအား လက်ဆောင်ပေးခဲ့လေသည်။ လက်ရာက အလွန်မှ လက်ရာမြောက်ပြီး အလွန်မှ လှပလေသည်။

ကျန်းယွင်ကျူးက ဆိုင်မှ သည်အတိုင်းပေးသည့် လက်ဆောင်တစ်ခုဟု ထင်လိုက်ပြီး သူမက ရှန်ဖုန်းမင်ကို လှမ်းပေးလိုက်တော့သည်။ ခေါင်းအုံးစွပ်က သူ့အခန်းအရောင်နှင့် အလွန်မှ လိုက်ဖက်နေလေသည်။

ရှန်ဖုန်းမင်က ခေါင်းအုံးစွပ်ကို ယူလိုက်ပြီး သူမကို ဇဝေဇဝါမျက်နှာထားတစ်ခုနှင့် ပြန်ကြည့်လိုက်တော့သည်။ ကြာပန်းတွေ။ ကြာစေ့တွေ အများကြီး ပါတယ်ဆိုတာက ကလေးတွေ အများကြီးရပါစေဆိုတဲ့ အမှတ်အသားလေ....

ထို့နောက်တွင် နှစ်ယောက်သားက ပရိဘောဂဆိုင်သို့ သွားလိုက်ပြီး ပရိဘောဂများ ရွေးလိုက်ကြသည်။ ထို့နောက် စုတ်တံနှင့် စက္ကူဆိုင်။ ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က စာဖတ်ရသည်ကို အမှန်ပင် သဘောကျကြောင်း သိရှိထားခဲ့သည်။

သည်လိုနှင့် လွတ်နေသည့်အခန်းက တဖြည်းဖြည်းချင်း အရောင်အသွေး စုံလင်လာတော့သည်။

“ဘယ်လိုလဲ”

ပြီးလုနီးနီးတွင် ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို မေးလိုက်တော့သည်။

ရှန်ဖုန်းမင်က လှည့်ပတ်ကြည့်လိုက်၏။ အခန်းက သားနားပြီး လန်းဆန်းနေတာပဲ။ သူမက သူမရဲ့စိတ်ကူးတွေကို နေရာတိုင်းမှာ ထည့်စဥ်းစားပေးထားတာပဲ။

“ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း”

ရှန်ဖုန်းမင်၏မျက်လုံးများက ပြန့်ကျဲနေသည့် လရောင်ထဲတွင် နူးညံ့သွားသယောင်။

ရှန်ဖုန်းမင်၏အခန်းကို ကူလုပ်ပေးရင်း ကျန်းယွင်ကျူးက အလကားမနေခဲ့ပေ။ လက်ဖက်ရည်ဆိုင်၏ ကိစ္စအမျိုးမျိုးကိုလည်း အစီအစဥ်အတိုင်း ဆက်လုပ်နေလိုက်သည်။ ရက်ပိုင်းနေလျှင် သူမ၏ လက်ဖက်ရည်ဆိုင်သည် လုပ်ငန်းတစ်ခုအနေဖြင့် ဖွင့်နိုင်တော့မည်ဟု ခန့်မှန်းထားလိုက်သည်။

သည်ရက်ပိုင်းအတွင်း ချီရှန်းကျွီတွင် လူများက စက္ကူထုပ်ကြက်သားနှင့် ဖူထျောက်ရှင်းကို ဘယ်တော့ရောင်းမလဲဟူ၍ မေးနေကြသည်။

နောက်ဆုံးတွင် ကျန်းယွင်ကျူးက သည်ဟင်းနှစ်ပွဲသည် အလွန်မှ အချိန်ပေးရပြီး လုပ်အားစိုက်ရသောကြောင့် ရောင်းမည် မဟုတ်ကြောင်း အားလုံးကို သေသေချာချာ ရှင်းပြလိုက်ရတော့သည်။

အားလုံး နှမြောတသ ဖြစ်သွားကြတော့သည်။

“ သူဌေးရယ် ဒီဟင်းနှစ်မျိုးကို ဘာလို့မရောင်းတာလဲ”

ရွှယ်ကျင်းက ကျန်းယွင်ကျူးကို တိတ်တိတ်လေး မေးလိုက်၏။ အချိန်ပေးရလို့လား။ သူ့ကတော့ အဆင်ပြေတယ် ထင်တာပဲလေ။

“ဒီဟင်းလျာနှစ်မျိုးရဲ့ ကုန်ကျစရိတ်က အရမ်းများတယ်လေ၊ လူအများကြီးက တတ်နိုင်မှာ မဟုတ်ဘူး”

ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။ စက္ကူထုပ်ကြက်ကြော်က နည်းနည်း အဆင်ပြေသေးတယ်။ ဖူထျောက်ချန်းကျတော့ ပါဝင်ပစ္စည်းတွေအားလုံးက ထိပ်တန်းအရည်အသွေးတွေချည်းပဲ။ တစ်အိုးကို လျန်ငွေ ၁၂ ကျော်လောက် ကျမှာလေ။ စီရင်စုမြို့မှာ ရောင်းဖို့မသင့်တော်ဘူးပေါ့။

ပြီးတော့ ဒီဟင်းနှစ်မျိုးမှာ သုံးထားတဲ့ပါဝင်ပစ္စည်းတွေကို လုပြည်နယ်မှာပဲ ဝယ်လို့ရတာလေ။ ဒါက အရမ်းကသီလင်တ ဖြစ်တယ်။

ရွှယ်ကျင်းက နားလည်သွားတော့သည်။

...

အပိုင်း (၆၇) (ခ)

“သူဌေး တကယ်လို့များ ကျွန်တော်တို့ လုပြည်နယ်ကို သွားရင် ဒီဟင်းနှစ်မျိုးကို ရောင်းနိုင်မှာလား” သူက ရယ်မောလိုက်လေသည်။

ကျန်းယွင်ကျူးက သူ့ကို လှမ်းကြည့်လိုက်၏။ လုပြည်နယ်ကို ဘာသွားလုပ်မှာလဲ။

ဒါပေါ့။ စားသောက်ဆိုင်တစ်ခု ဖွင့်ဖို့လေ။ စားသောက်ဆိုင်ကြီးတစ်ခု ဖွင့်မယ်။ ရွှယ်ကျင်းက ပြုံးရင်း အလုပ်သွားလုပ်လိုက်တော့သည်။

လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်ဖို့ဆိုရင် အရည်အသွေးမြင့် လက်ဖက်ခြောက်တော့ ရှိမှရမယ်။ ထိုသို့စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးက လက်ဖက်ခြောက်ကောင်းတစ်သုတ်ကို မှာလိုက်လေသည်။ လက်ဖက်ရည်ဆိုင်ဖွင့်ချိန်တွင် အသုံးဖို့ အသင့်ဖြစ်နေလိမ့်မည်။ ဒုတိယအဆင့်အနေဖြင့် အရသာရှိသည့် အချိုပွဲနှင့် သရေစာများကို ထားရန်ဖြစ်သည်။ ကျန်းယွင်ကျူးသည် သည်အတွင်တော့ ပိုပြီး အလုပ်လုပ်ရလိမ့်မည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် သူမသည် သရေစာ လေးငါးမျိုးလောက် စဥ်းစားထားခဲ့ပြီး ဖြစ်သော်လည်း တစ်ခုခု လိုနေသည်ဟု အမြဲတမ်းခံစားနေရသည်။

တစ်နေ့တွင် သူမသည် ရှန်ဖုန်းမင်က သူမအတွက် တိတ်တိတ်လေး ရေးထားပေးသည့် ‘အသိသတိဖြင့် အစာဖြတ်ခြင်း ဟင်းအမယ်’စာအုပ်ကို လှန်လှောကြည့်နေစဥ် အပြင်မှ လူတစ်ယောက်က မေးလာလေသည်။

“ လူရှိလား”

သည်အချိန်တွင် စားသောက်ဆိုင်က မဖွင့်သေးချေ။ ဧည့်သည်တော့ မဖြစ်နိုင်ပေ။

ကျန်းယွင်ကျူးက အသံကို ရင်းနှီးသလိုရှိနေသဖြင့် သူမက ထလိုက်ပြီး အရှေ့သို့ သွားကြည့်လိုက်လေသည်။

တံခါးဖွင့်ပေးလိုက်ရာ ဟူအာ ဖြစ်နေတော့သည်။

“သူဌေးကျန်းလား”

ဟူအာက ကျန်းယွင်ကျူးကို ကြည့်ပြီး သူမကို မမှတ်မိရဲအောင် ဖြစ်သွားတော့သည်။ အဓိကအကြောင်းအရင်းမှာ ချီရှန်းကျွီသည် သူ့စိတ်ကူးထဲကထက် သာလွန်နေသောကြောင့်ပင်။ ပြီးခဲ့သည့်အခေါက်က သူ ကျန်းယွင်ကျူးကို ငါးတံခွန်နဲ့ ရေဘဝဲ ရောင်းပေးခဲ့တုန်းက လတ်လတ်ဆတ်ဆတ် ပစ္စည်းတွေ ရှိရင် နောက်တစ်ခါ ချီရှန်းကျွီကို တန်းပို့ပေးဖို့ ကျန်းယွင်ကျူးက သူ့ကို ပြောခဲ့တယ်လေ။

အဲဒီတုန်းက သူပြန်သွားပြီး ချီရှန်းကျွီအကြောင်း သက်သက်စုံစမ်းကြည့်ခဲ့သေးတယ်။ အားလုံးက မကြားဖူးဘူးလို့ ပြောခဲ့ကြတယ်လေ။ ကျန်းယွင်ကျူးက သူ့ကို နှပ်ချလိုက်ပြီးလို့တောင် ထင်ခဲ့တာ။

ရလဒ်အနေနဲ့ သူ ဒီတစ်ခါ ပစ္စည်းတွေ ရောင်းပြီးပြန်လာတော့ အားလုံးက ချီရှန်းကျွီအကြောင်း ပြောနေကြတယ်။ ချီရှန်းကျွီရဲ့ပိုင်ရှင်က လုပြည်နယ်က စားဖိုမှူးကို ဘယ်လိုအနိုင်ယူခဲ့ကြောင်းနဲ့ ချီရှန်းကျွီရဲ့အစားအသောက်တွေက ဘယ်လောက်အရသာရှိကြောင်း ပြောနေကြတာပေါ့။

ဒီနေ့တော့ သူ တစ်ချက် လာကြည့်လိုက်တယ်။ ဒီချီရှန်းကျွီက ရှေ့မျက်နှာစာက တော်တော်ကြီးတာပဲ။ ထင်ထားတဲ့အတိုင်း အံ့ဩစရာကောင်းလိုက်တာ။

သူသည် ဆိုင်နှစ်ခု၏ အပြင်အဆင်က တူနေသဖြင့် ဘေးဆိုင်ကိုလည်း ချီရှန်းကျွီဟု ထင်သွားတော့သည်။ သို့တိုင် သူ့အထင်ကလည်း မမှားပေ။ မည်သို့ဆိုစေ သည်ဆိုင်နှစ်ခုလုံးကို ကျန်းယွင်ကျူး ပိုင်သောကြောင့်ပင်။

“ တောင်ပိုင်းက ပြန်လာပြီလား၊ ဒီတစ်ခါရော ဘာပစ္စည်းအသစ်တွေပါလဲ”

ကျန်းယွင်ကျူးက ဟူအာကို မှတ်မိသွားပြီး ချက်ချင်း မေးလိုက်လေသည်။

ဟူအာသည် ပစ္စည်းများစွာ ယူပြန်လာခဲ့သည်။ သူ ပြန်ရောက်လာပြီးနောက် သည်ပစ္စည်းများကို စျေးတွင် ရောင်းချဖို့ ပြင်ဆင်ထားခဲ့သည်။ နာမည်ကြီးနေသည့် ချီရှန်းကျွီကို ကြားလိုက်ပြီးနောက် သူက ချက်ချင်း စိတ်ပြောင်းသွားပြီး ပစ္စည်းများကို ကျန်းယွင်ကျူးထံ ယူလာခဲ့ခြင်းပင်။

“ သူဌေးကျန်း ကိုယ်တိုင်ကြည့်ကြည့်ပါ၊ ဘာလိုချင်လဲ ပြောလိုက် အားလုံးက စျေးချိုပါတယ်”

ဟူအာက ပြောလိုက်ပြီး နောက်ကာ မြင်းလှည်းဆီလျှောက်သွားလိုက်ကာ လှည်းကိုအုပ်ထားသည့် ဆီစိမ်ပိတ်စကို မ,လိုက်ပြီး ကျန်းယွင်ကျူးအား အားလုံးကို ထုတ်ပြလိုက်လေသည်။

ပစ္စညးအများကြီးပဲ။ ဆွဲဆောင်မှုအရှိဆုံးက အဲဒီဝက်ပေါင်ခြောက်တွေပဲ။ ဝက်နောက်ခြေထောက်တစ်ခုလုံးကို အနီရောင်တောက်နေအောင် နှပ်ထားတာ ပန်းဆီရောင်သန်းနေပြီး ဆွဲဆောင်မှုရှိလိုက်တာ။

ကျန်းယွင်ကျူးက အနားထပ်ကပ်လိုက်ပြီး ဝက်ပေါင်ခြောက်ကို နမ်းကြည့်လိုက်ပြီး ကျေနပ်ကာ ထုတ်ပြောလိုက်လေသည်။

“ ဒါက သုံးနှစ် လှောင်ထားတဲ့ခြေထောက်လား”

ဟူအာက လက်မထောင်ပြလိုက်သည်။

“ သူဌေးကျန်းက အမြင်စူးရှတာပဲဗျ၊ ဒီပစ္စည်းကို အရသာကောင်းတစ်ခုဖို့ သုံးနှစ်ကျော် လှောင်ထားရတယ်လို့ ကျွန်တော် ကြားခဲ့တယ်၊ ဒါကြောင့် အရည်အသွေးမြင့် ဝက်ပေါင်ခြောက်နည်းနည်းပါးပါး ရဖို့ နေရာတွေအများကြီး သွားခဲ့ရတယ်လေ”

“ ပင်ပန်းမှာပဲ” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“ မပင်ပန်းပါဘူးဗျာ” ဟူအားက ပြုံးကာပြောလိုက်၏။ အသက်ရှင်နေထိုင်ဖို့ပဲလေ။

ဝက်ပေါက်ခြောက်အပြင် ဝက်ဆားနယ်ခြောက် (ဘေကွန်) ၊ ငါဆားနယ်၊ ဝက်အူချောင်း စသည်များ ပါလေသည်။ အားလုံးက အသားများပင်။ အသီးအနှံများအတွက်တော့ သည်ရာသီတွင် တောင်ပိုင်း၌ လတ်ဆတ်သည့်အသီးအနှံများ ရှိပြီးသားဖြစ်သည်။ သို့သော် နောက်ဆုံး ဟူအာသည် တစ်ယောက်တည်း လုပ်ရသူဖြစ်ရသည်။ သူသည် နေ့နေ့ညည ခရီးမသွားနိုင်ပေ။ ထိုလတ်ဆတ်သည့် အသီးအနှံများ ပျက်စီးသွားမည်စိုးသဖြင့် သူသည် လတ်ဆတ်သည့် အသီးအနှံအစား အသီးအနှံခြောက် မျိုးစုံကို ဝယ်လာခဲ့သည်။

ထို့နောက်တွင်...ကျန်းယွင်ကျူးက တစ်ခုခုကို တွေ့လိုက်ရပြီး ရင်ခုန်သွားတော့သည်။ ဒါက... သူမသည် လှည့်အောက်ခြေမှ လက်တစ်ဆုပ်စာအပြည့် မြန်မြန်ခပ်လိုက်ပြီး သေသေချာချာ စစ်ဆေးလိုက်လေသည်။ အမှန်တွင် အရည်အသွေးထိပ်တန်း မုန့်ညင်းချဥ်ခြောက်များဖြစ်နေသည်။

“ ဒီပစ္စည်းကို ရှင် ဘယ်လောက်ယူပြန်လာခဲ့လဲ” သူမက ဟူအာကို မြန်မြန်မေးလိုက်လေသည်။

“ တော်တော်များတယ်ဆိုပါတော့”

ဟူအာသည် ကျန်းယွင်ကျူးက အလွန်ပြင်းပြစွာ မေးရသည့် အကြောင်းအရင်းကို မသိခဲ့ပေ။ သူက သည်ပစ္စည်းကို ဝက်ပေါက်ခြောက်ရောင်းသည့် ကျေးလက်ရွာတစ်ခုမှ ဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သည်အခြောက်ခံထားသည့်ဟင်းရွက်က စျေးပေါ်ပြီး လှည်းတွင်လွတ်နေသည့်နေရာကို ဖြည့်နိုင်သည်ဟု ထင်သဖြင့် သူက လိုချင်သလောက် ဝယ်လာခဲ့ခြင်းပင်။

ကျန်းယွင်ကျူးသည် စိတ်အေးသွားတော့သည်။ သူမက လက်ဖက်ရည်ဆိုင် ဖွင့်ရင်း အစ,ကောင်းလေး လုပ်ချင်ခဲ့တာလေ။ အခုတော့ သူမမှာ စိတ်ကူးတစ်ခုရသွားပြီ။

နှမ်းသွပ်မုန့်ဖုတ်။ သူမသည် ဝူလင်စီရင်စုကို ရောက်လာပြီး သိပ်မကြာခင်က မြို့ထဲတွင် စားခဲ့သည့် နှမ်းသွပ်မုန့်ကို စားပြီးနောက်ပိုင်း နှမ်းအစာသွပ်မုန့်ဖုတ် လုပ်ချင်ခဲ့သည်ကို ပြန်စဥ်းစားမိလိုက်သည်။ အကြောင်းမသင့်တော့ သူမှာ အခွင့်အရေးရော လုပ်ရမဲ့ပစ္စည်းရော လုံးဝမရှိခဲ့ဘူး၊ အခုတော့ သူမက အဆင်သင့်ဖြစ်နေပြီလေ။

နောက်တစ်ဆင့်သည် စျေးနှုန်းညှိနှိုင်းဖို့ပင်။ ကျန်းယွင်ကျူးက လှည်းထဲက ပစ္စည်းတစ်ဝက်ကျော်လောက် ရွေးလိုက်သည်။ ပြီးခဲ့သည့်အခေါက်က ဟူအာထံမှ ဝယ်ခဲ့သည့် ငါးတံခွန်နှင့် ရေဘဝဲများက ကုန်သွားပြီဖြစ်သည်။ ဆိုင်တွင် ဟင်းအမယ်အသစ် မရှိမှာကို စိုးရိမ်ခဲ့မိသည်။ အခုတော့ သူမ စိတ်အေးရတော့သည်။

သူမသည် အများကြီး လိုချင်သဖြင့် ဝယ်ယူသူကြီးတစ်ယောက်ပင်။ ထို့အပြင် တစ်ချက်ကြည့်ရုံနှင့် သူမသည် အတွေ့အကြုံရှိသူဖြစ်သည်။ ဟူအာက အဆမတန်သည့်စျေးကို မတောင်းရဲပေ။ သူက အလွန်မှ သင့်တော်သည့်စျေးတစ်ခုကို ချက်ချင်းပေးလိုက်လေသည်။

“ ကောင်းပြီ ရှင်ပြောတဲ့စျေးအတိုင်း တွက်ကြတာပေါ့”

ကျန်းယွင်ကျူးသည် တောင်ပိုင်းမှ သူမလိုချင်သည့် ပစ္စည်းများကို ထပ်ယူလာပေးရန် ဟူအာကို အားကိုးနေရသေးသည်။ သူတောင်းသည့် စျေးက အလွန်မမြင့်သည်ကို စဥ်းစားမိသဖြင့် သူမက ချက်ချင်း သဘောတူလိုက်တော့သည်။

ဟူအာသည် အလွန်ပျော်သွားပြီး ပစ္စည်းများကို မြန်မြန် ကူချပေးလိုက်တော့သည်။

သည်အချိန်တွင် လီဟယ်နှင့်ရွှယ်ကျင်းတို့က ကူညီပေးဖို့ ထွက်လာကြသည်။ သူတို့သည် ခဏလောက် အလုပ်များသွားပြီး ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ကြသည်။

ကျန်းယွင်ကျူးက ဟူအာကို ငွေပေးလိုက်ပြီး မေးလိုက်လေသည်။

“ ရှင် တောင်ပိုင်းကို ဘယ်တော့ထပ်သွားမှာလဲ၊ ကျွန်မ ဒီမုန့်ညင်းချဥ်ခြောက်ကို ရှင့်ဆီက ထပ်မှာလို့ ရမလား”

ဟူအာက ငွေကို လက်ခံလိုက်ပြီး

“ရပါတယ် ကျွန်တော် လှည်းထဲမှာ ကျန်းတဲ့ ပစ္စည်းနည်းနည်းပါးပါး ရောင်းပြီးရင် ပြန်ထွက်မှာပါ၊ နှစ်ရက် သုံးရက်လောက်တော့ ကြာမယ်ထင်တယ်”

ကျန်းယွင်ကျူးက အချိန်ကို တွက်ကြည့်လိုက်သည်။ အဲဒီအချိန်လောက်ပဲ ဖြစ်မှာပါ။ သည်တစ်ကြိမ်တွင် သူမက ဟူအာကို စရံငွေအရင်ပေးလိုက်ပြီး နောက်တစ်ကြိမ် သူပြန်လာလျှင် သူမအတွက် မုန့်ညင်းချဥ်ခြောက် ယူလာပေးပြီး သည်အရည်အသွေးပဲ ဖြစ်ရမည်ဟု ပြောလိုက်လေသည်။

ဟူအာက ကျေနပ်ကာ ထွက်သွားတော့သည်။

ကျန်းယွင်ကျူးက ပန်းပဲဖိုကို တန်းသွားလိုက်သည်။ သူမသည် မုန့်ဖုတ်ဖိုတစ်ခုကို မှာချင်ခဲ့သည်။ မုန့်ဖုတ်ဖိုတစ်ခု ရှိလျှင် နောက်ပိုင်းတွင် သူမသည် အရသာရှိသည့် အစားအသောက်များစွာကို ချက်ပြုတ်နိုင်လိမ့်မည်။

ခြောက်ရက်ကြာပြီးနောက် မုန့်ဖုတ်ဖိုသည် အဆင့်သင့်ဖြစ်လာပြီး ဆိုင်ထဲ ပြန်သယ်လာခဲ့သည်။ နောက်တစ်နေ့သည် ကျန်းယွင်ကျူး၏ လက်ဖက်ရည်ဆိုင်ဖွင့်ပွဲနေ့ ဖြစ်လေသည်။ အချိန်ကိုက် ဖြစ်လေသည်။

အရင်ဆုံး မုန့်အခြောက်တစ်သုတ်လောက် လုပ်ရအောင်။ ဒီမုန့်ဖုတ်ဖိုကို စမ်းသုံးဖို့အခွင့်အရေးပဲ။ ကျန်းယွင်ကျူးက ချက်ချင်း အကောင်အထည်ဖော်လိုက်တော့သည်။

ဂျုံမှုန့်ကို ယူလိုက်သည်။ အရင်ဆုံး ဂျုံကို လုံးသွားသည့်အခြေအနေဖြစ်အောင် ရေနွေးကို ထည့်လိုက်သည်။ ထို့နောက် ရေအေးထည့်ပြီး ဂျုံများကို အိစက်သည့်ဂျုံသားများဖြစ်အောက် နှယ်လိုက်သည်။ သည်လိုအပူအရင်ပေးပြီး အအေးခံသည့် နည်းလမ်းက ဂျုံသားကို ပိုပြီးပျော့ပြောင်းစေသည်။

သည်အချိန်တွင် ဝက်ဆီနည်းနည်းယူပြီး ဂျုံသားနှင့် ထည့်နှယ်လိုက်သည်။ သို့မှသာ မုန့်အပေါ်ယံသားက ပိုပြီးကြွပ်ရွနေမည်။

ထို့နောက် မုန့်နှစ်ကို ဘေးတွင်ထားလိုက်ပြီး ခဏနှပ်ထားလိုက်သည်။

သည်အချိန်တွင် အစာသွပ်ရမည့်ပစ္စည်းကို လုပ်ရသည်။ အရည်အသွေးထိပ်တန်း ဝက်ဗိုက်သားကို အတုံးလေးများ ဖြစ်အောင် လှီးထားသည်။ မုန့်ညင်းချဥ်ခြောက်ကို ထုတ်ပြီးလှီးထားသည်။ ထို့နောက် နှစ်မျိုးကို အတူတူရောလိုက်ပြီး ဟင်းခတ်အမွှေးအကြိုက်အမျိုးမျိုးကို ထည့်လိုက်သည်။ အစာသွပ်မည့်ပစ္စည်းက အသင့်ဖြစ်သွားလေသည်။

ထို့နောက်တွင် အသားသွပ်မုန့်နှစ်ကို လုပ်လိုက်သည်။ အသားသွပ်မုန့်နှစ်လုပ်ပြီးသွားတော့ ဂျုံသားနှပ်ထားသည့် အဆင်သင့်ဖြစ်လာပြီး ထုပ်လို့ရသွားတော့သည်။

မုန့်ထုပ်ရာတွင် လက်ရည်တစ်ခု လိုအပ်လေသည်။ အစာသွပ်မည့်မုန့်နှစ်ကို ဂျုံနှစ်၏အလယ်တွင် ထည့်ပြီး ထုပ်ရသည်။ ဂျုံသားကို လေးထောင့်ပုံစံဖြစ်အောင် လှိမ့်ပြီးနောက် နောက်တစ်ထပ်ခေါက်ကာ လှိမ့်လိုက်ပြီး ပြားအောင်လုပ်ပြီး အစာထည့်ကာ ထုပ်လိုက်ရသည်။ သည်လိုနှင့် မုန့်သားက အလွှာများစွာ ဖြစ်လာတော့သည်။

လုပ်ပြီးသွားသည့် နှမ်းစေ့မုန့်လေးများသည် တစ်ခုလျှင် ဆီးသီးတစ်လုံးစာ အရွယ်အစားရှိပြီး ပြားချပ်ချပ်လေးဖြစ်နေသည်။ ထူးခြားဟန်မပေါ်ချေ။

အရေးမကြီးပေ။ နှမ်းစေ့တစ်လွှာလောက် ဖြူးလိုက်ပြီး မုန့်ဖုတ်ဖိုထဲ ထည့်လိုက်သည်။ အားလုံးက ပြောင်းလဲသွားတော့သည်။

ကျန်းယွင်ကျူးက သည်နေ့ အစားအသောက်အသစ်ကို လုပ်နေသည်ကို သိကြသဖြင့် အားလုံးက အလုပ်များနေသည့်ကြားမှ မကြာခဏဆိုသလို ချောင်းကြည့်တတ်ကြသည်။ သူတို့သည် သူမက ဘယ်လိုအရသာရှိသည့်အစားအသောက်ကို လုပ်နေပါသနည်းဟု စဥ်းစားနေကြလေသည်။

မကြာလိုက်ပေ။ ထူးခြားသည့်ရနံ့တစ်ခုက မုန့်ဖုတ်ဖိုထဲမှ ထွက်လာခဲ့သည်။ အလုပ်များနေသူများသည် နှာခေါင်းတရှုံ့ရှုံ့ ဖြစ်သွားကြတော့သည်။

ခဏအကြာတွင် ရနံ့က ပိုပြီးထွက်လာတော့သည်။ ကျန်းဝူသည် မနေနိုင်တော့ဘဲ စာအုပ်ကို ချထားလိုက်ကာ သူ့ခြေတံတိုတိုလေးများဖြင့် ကျန်းယွင်ကျူးရှိရာဖက်သို့ ပြောလာတော့သည်။

“ အစ်မ ဘာအရသာရှိတဲ့မုန့်တွေလုပ်နေတာလဲ”

“အစာသွပ်နှမ်းမုန့်ဖုတ်နေတာ” ကျန်းယွင်ကျူးက ပြန်ဖြေပေးလိုက်သည်။

“ မုန့်က ဂဏန်းအခွံနဲ့ လုပ်ထားတာလား” ကျန်းဝူက သိလိုစိတ်နှင့် မေးလိုက်လေသည်။ ဝူလင်စီရင်စု၏ မြစ်များထဲတွင် ဂဏန်းများ ရှိတတ်သည်။ သူသည် အရင်က ထိုချောင်းဂဏန်းသေးသေးလေးများကို စားခဲ့ဖူးသည်။

“ ခဏနေ သိလိမ့်မယ်”

ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။ သူမက မုန့်ဖုတ်ဖိုကို စစ်ဆေးလိုက်ပြီး အချိန်ကျပြီဟု ခံစားမိလိုက်သဖြင့် မုန့်ဖုတ်ဖိုကို ဖွင့်လိုက်လေသည်။

ချက်ချင်းပင် လေပူလှိုင်းတစ်ခုနှင့် အနံ့မွှေးမွှေးတစ်ခုက ပြေးထွက်လာကြသည်။

အပူ ပျယ်သွားပြီးနောက်တွင် မုန့်ဖုတ်ဖိုထဲက ပစ္စည်းကို ထုတ်ယူလိုက်သည်။ ဆီးသီးအရွယ် မုန့်များသည် ဖောင်းပွလာပြီး မျက်နှာပြင်ပေါ်တွင် ရွှေရောင်သန်းနေလေသည်။ သူတို့တွေက အသွင်အပြင်အားဖြင့်ဆိုရင် ဂဏန်းခွံတွေနဲ့ တစ်ပုံစံထဲမဟုတ်ဘူးလား။ ဂဏန်းခွံမုန့်လို့ ခေါ်တာလည်း မဆန်းပါဘူး။

အမှန်တွင်လည်း သည်မုန့်သည် ဂဏန်းခွံကို ကင်ထားသည့် အရသာနှင့် တူလေသည်။ အင်မတန်ကြွပ်ရွလွန်းသည်။

“အားလုံးပဲ လာမြည်းကြည့်ကြပါအုံး”

ကျန်းယွင်ကျူးက ခေါ်လိုက်၏။ သူမသည် သည်အစာသွပ်နှမ်းမုန့်ဖုတ်အပေါ် အားလုံး၏တုံ့ပြန်ပုံကို သိချင်မိလေသည်။

အားလုံးကလည်း သူမ သည်စကားအပြောကို စောစောကတည်းက စောင့်နေခဲ့ခြင်းဖြစ်သည်။ ထိုစကားကို ကြားလိုက်ရပြီးနောက် သူတို့အားလုံးက အလွန်မှမြန်ဆန်သည့် အရှိန်တစ်ခုဖြင့် အပြေးအလွှားရောက်လာခဲ့ကြသည်။ ထို့နောက် သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အနည်းငယ် ရှက်သွားကြတော့သည်။ သူတွေ ပြေးလာတာ အရမ်းမြန်သွားတယ်ထင်တယ်နော်။

မကြာလိုက်ပေ။ ဘယ်သူကမှ သည်ကိစ္စကို ဂရုမစိုက်တော့ချေ။ အားလုံးက အစာသွပ်နှမ်းမုန့်တစ်ခုကို ယူလိုက်ကြတော့သည်။

အထဲတွင် ပူနေသေးသည်။ နှမ်းမုန့်ကို မုန့်ဖုတ်ဖိုထဲမှ လတ်လတ်ဆတ်ဆတ် ထုတ်ထားခြင်းဖြစ်သည်။ အားလုံးက မုန့်ကို သူတို့လက်ထဲတွင် ဟိုဘက်ပို့လိုက် သည်ဖက်ပို့လိုက် လုပ်နေကြလေသည်။ ဘယ်သူက နှမ်းမုန့်ကို ချထားချင်စိတ် ဖြစ်မနေကြပေ။

တစ်ကိုက် မြန်မြန်ကိုက်လိုက်တော့သည်။

“မစား...”

ကျန်းယွင်ကျူးက မလောဖို့ သတိပေးချင်ခဲ့သော်လည်း အလွန်မှ နောက်ကျသွားလေသည်။

အားလုံးကို ကိုက်ချလိုက်ကြပြီး မုန့်ထဲက လေပူကြောင့် လျှာအပူလောင်သွားကြတော့သည်။ ဒီမုန့်က တကယ်တော့ အလယ်မှာ အလွတ်ကြီးပဲ။

အားလုံးက ပင့်သက်ရှိုက်လိုက်ကြ၏။ သို့တိုင် သူတို့သည် ပါးစပ်ထဲက မုန့်ကို ဝါးလိုက်ကြတော့သည်။

ဝက်ဗိုက်သားကို အဆီများ စိမ့်ထွက်လာသည်အထိ ဖုတ်ထားပြီး ကျန်သည်က အရသာအပြည့်နှင့် ကောင်းလှသည်။ မုန့်ညင်းချဥ်ခြောက်က ထူးထူးခြားခြား ချိုသည့်အရသာတစ်ခု ထွက်နေသည်။ အစာသွပ်ထဲက အစပ်အရသာနှင့် ပေါင်းလိုက်သောအခါ အရသာက အံ့ဩစရာ ကောင်းသွားတော့သည်။

“ အစ်မ အရသာရှိတယ်နော်၊ ထပ်စားချင်သေးတယ်”

ကျန်းဝူက သူ့ပါးစပ်ထဲ နှမ်းမုန့်ကို ထိုးထည့်လိုက်ပြီး ပါးဖောင်းဖောင်းလေးနှင့် အားတက်သရော ပြောလိုက်လေသည်။

တခြားသူများလည်း ထိုနည်းတူ ခံစားလိုက်ရသည်။ ဒီနှမ်းမုန့်က အရသာရှိလိုက်တာ။ ကျန်းယွင်ကျူး မည်သို့လုပ်ခဲ့သည်ကို စဥ်းစားနေကြတော့သည်။

အရသာရှိမှာပေါ။ သမိုင်းထဲမှာတုန်းက ဒီလိုနှမ်းမုန့်က ဘုရင်နှစ်ပါးကို အနိုင်ယူခဲ့တယ်တဲ့။ ချင်းလုံဧကရာဇ်က ဒီလိုနှမ်းမုန့်ကို ‘တော်ဝင်တံဆိပ်တုံးမုန့်တော်’လို့တောင် ခေါ်ခဲ့တာလေ။ တစ်ချက် မုန့်က တော်ဝင်တံဆိပ်တော်နဲ့ တူပြီး နောက်တစ်ချက်က ချင်းလုံဧကရာဇ် ဘယ်လောက် နှစ်သက်ပါတယ်ဆိုတာကို ပြချင်လို့ပေါ့။

သူတို့ကို သည်လိုတွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးသည် စိတ်အေးသွားတော့သည်။ မနက်ဖြန် လက်ဖက်ရည်ဆိုင် ဖွင့်ရင် သူတို့တွေ ဒီအစာသွပ်နှမ်းမုန့်ကို ရောင်းနိုင်ပြီ။ မုန့်တစ်ကိုက်နှင့် လက်ဖက်ရည်တစ်ငုံ။ တောက်ရှင်းကျီက တစ်ခါက ပြောခဲ့သေးတယ်။ “ ဗိုက်အပြည့် စားလိုက်ပြီး အတိုင်းအဆ မရှိတဲ့ပျော်ရွှင်မှုကို အတူတူ ခံစားလိုက်ပါ”တဲ့။

...

*** သတိ ။ ရွံစရာကောင်းတဲ့အကြောင်းအရာပါပါတယ်။ စိတ်ကူးယဥ်ဇာတ်ဆိုသော်ငြား အားမပေးသင့်တဲ့ အကြောင်းအရာပါ ***

အပိုင်း (၆၈) (က)

၃လပိုင်း ၈ရက်နေ့သည် လုပ်ငန်းတစ်ခု ဖွင့်လစ်ရန် နေ့ကောင်းရက်မြတ်တစ်ခုဖြစ်ခဲ့သည်။

သည်နေ့တွင် ချီရှန်းကျွီက လူတိုင်းသည် မနက်အစောကြီးထကြပြီး အလုပ်များနေကြသည်။ သူတို့သည် ကျန်းယွင်ကျူးနှင့် ရွှယ်ကျင်းတို့က မုန့်များလုပ်နေသည်ကို ကူညီပေးကြပြီး လက်ဖက်ရည်လုပ်နည်း ပြန်ကြည့်လိုက်ကြကာ ပန်းကန်များထဲသို့ ကွာစေ့၊ မြေပဲလှော်နှင့် တခြားမုန့်များ ထည့်လိုက်ကြသည်... အားလုံးက အဆင်သင့်ဖြစ်သွားသည်နှင့် အပြင်ဘက်တွင်လည်း မိုးလင်းလာတော့သည်။

“သူဌေး”

ရွှယ်ကျင်းသည် မုန့်ဖုတ်ဖိုထဲက နောက်ဆုံးမုန့်ကို ထုတ်ယူလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။

လက်ဖက်ရည်ဆိုင်တစ်ခုဖွင့်ခြင်းက အစကပြန်လုပ်ရန် ဗုံတစ်ခုကို ပြန်တီးနေသကဲ့သို့ပင်။ သည်နေ့ ဧည့်သည်မှ လာပါ့မလား မသိပေ။

ကျန်းယွင်ကျူးက စကားမပြောပေ။ သူမသည် အနည်းငယ် မရေမရာဖြစ်နေလေသည်။ စားသောက်ဆိုင်ကို နေ့လယ်ခင်းတွင် ဖွင့်ခဲ့ပြီး မျက်နှာချင်းဆိုင်က ကျောင်းသားများ ကျောင်းဆင်းချိန်ဖြစ်သည်။ ခြင်္သေ့အကအဖွဲ့က ဧည့်သည်များကို အလိုလိုဆွဲဆောင် ပေးခဲ့သည်။ သို့သော် လက်ဖက်ရည်ဆိုက် မနက် ၉နာရီတွင် ဖွင့်ပြီး ကျောင်းသားများက စာသင်ခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ပုံမှန်အားဖြင့် လမ်းပေါ်တွင် မည်သူမှ မရှိပေ။

သို့သော် အားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။

“သွားစို့”

သူမက ခါးစည်းကို ချွတ်လိုက်ပြီး ရေကန်ရှေ့တွင် သူမ၏အသွင်ပြင်ကို အနည်းငယ် ပြင်ဆင်လိုက်ကာ ရှေ့ကဦးဆောင်ပြီး ထွက်လာခဲ့သည်။

ချီရှန်းကျွီ၏တံခါးကို ဖွင့်လိုက်ချိန်တွင် လူတော်တော်များများက အပြင်ဘက်တွင် ဝန်းရံကာ ရောက်နေနှင့်ကြသည်။

“သူဌေးကျန်း ရှင့်ရဲ့လက်ဖက်ရည်ဆိုင်က ဒီနေ့ ဖွင့်မှာလား၊ ဂုဏ်ပြုပါတယ်”

ကျန်းယွင်ကျူး ထွက်လာသည်ကို တွေ့လိုက်သဖြင့် မိန်းကလေးယဲ့က လှည်းပေါ်ကဆင်းလာကာ ပြောလိုက်လေသည်။ သူမ လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း နောက်က လှည်းတော်တော်များများ၏ ခန်းဆီးများအားလုံး မြောက်တက်လာကြသည်။ အထဲတွင် ချီရှန်းကျွီတွင် မကြာခဏဆိုသလို လာစားတတ်ကြသည့် မိန်းကလေးများ ဖြစ်နေလေသည်။

သူတို့အားလုံးက လှည်းပေါ်က ဆင်းလိုက်ပြီး ကျန်းယွင်ကျူးကို သူမ၏ဆိုင်သစ်ဖွင့်ပွဲအတွက် ဂုဏ်ပြုစကား ပြောလိုက်ကြသည်။

နူးညံ့သိမ်မွေ့သည့် မိန်းကလေးများစွာ ရှိနေလေသည်။ အားလုံးက ချောမောလှပကြပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားကြသည်။ သူတို့သည် လမ်းပေါ်တွင် လှပသည့် မြင်ကွင်းလေးတစ်ခု ချက်ချင်းဖြစ်လာတော့သည်။

နောက်တွင် ပုံမှန်အတိုင်း လာနေသည့် လှည်းတန်းတစ်ခုက ရှိနေသည်။

“ ရှင်တို့တွေပါလား၊ ကျေးဇူးအများကြီး တင်ပါတယ်ရှင်”

ကျန်းယွင်ကျူးသည် သည်နေ့တွင် မိန်းကလေးအများကြီး လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“ ကျွန်မတို့တွေ ရှင့်ဆိုင်အသစ်ဖွင့်ရင် ရှင့်ကို အားပေးဖို့ လာမယ်ဆိုပြီး ချိန်းထားခဲ့ကြတာ၊ တစ်ယောက်ယောက်များ မလာခဲ့ရင် နောက်ဆိုရင် ကျွန်မတို့က သူ့ကို ရှင်ဆိုင်မှာ လာစားသောက်ခွင့်ပေးမှာ မဟုတ်ဘူးလေ” မျက်ဝိုင်းနှင့်မိန်းကလေးထောင်က ရယ်စရာ ပြောလိုက်လေသည်။

သူမ ပြောလိုက်သည့် စကားကို ကြားလိုက်ပြီး ကျန်းယွင်ကျူးက ဘာဖြစ်နေသည်ကို သဘောပေါက်သွားသယောင် စိတ်ထဲမှာ အင်မတန်ကျေးဇူးတင်မိတော့သည်။

သည်အချိန်တွင် မိန်းကလေးအားလုံးက ချက်ချင်း တစ်ယောက်ပြီး တစ်ယောက် စတင်ပြောကြတော့သည်။

“ မဟုတ်တာ၊ ကျွန်မတို့အတွက် စားသောက် လည်ပတ်ဖို့ ချီရှန်းကျွီလိုနေရာမျိုး တစ်ခုရှိဖို့က ရှားပါးပါးပဲလေ၊ တစ်ယောက်ယောက်သာ မလာရင်တော့ နောက်လည်း မလာတော့နဲ့ပဲ”

“သူဌေးကျန်း ရှင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ပြီနော်၊ နောက်ဆိုရင် ကျွန်မတို့တွေ ရှင့်ဆိုင်မှာ နေ့တိုင်းလာထိုင်လို့ရမလား”

“ ဝမ်းသာလိုက်တာ၊ ကျွန်မတို့တွေက ချီရှန်းကျွီကို နေ့လယ်ပိုင်းနဲ့ ညနေပိုင်းပဲလာပြီး စားသောက်ပြီးရင် ပြန်လိုက်ရတယ်၊ ကျွန်မတို့တွေ စကားကောင်းကောင်းတောင် မပြောနိုင်ဘူး၊ ဒီလက်ဖက်ရည်ဆိုင် ရှိလာပြီဆိုတော့ ကျွန်မတို့အားတဲ့အချိန် လာလို့ရပြီ၊ ဒီတစ်ခါတော့ ကျွန်မတို့တွေ ပျော်ရတော့မှာပဲ”

“သူဌေးကျန်း ဒီနေ့ ဆိုင်သစ်ဖွင့်လိုက်ပြီနော်၊ ရှင့်မှာ ဘာအရသာရှိတဲ့ အစားအသောက်တွေရှိလဲ”

“အင်း အဲဒီရေဘဝဲအသားလုံးကလည်း ဘာလို့မရှိတော့တာလဲ၊ ကျွန်မမှာ စားလို့တောင်မဝသေးဘူး”

...

မိန်းကလေးက တစာစာနှင့် ပြောဆိုနေကြလေသည်။ ကျန်းယွင်ကျူးသည် ပျော်ရွှင်ရသည့်ဒုက္ခကို တွေ့ကြုံလိုက်ရတော့သည်။ သူတို့က သူမကို တစ်ပြိုင်တည်း မေးမြန်းလိုက်ကြချိန်တွင် သူမမှာ ဘယ်သူ့ကို အရင်ဖြေပေးရမည်မသိဖြစ်သွားတော့သည်။

“သူဌေးကျန်း ဂုဏ်ပြုပါတယ်ခင်ဗျာ”

သည်မိန်းကလေးများထက်စာလျှင် သူတို့ဘေးက သခင်လေးများ၏ စကားလုံးများက တော်တော်လေးကို ရိုးရှင်းလှသည်။ အားလုံးက ဂုဏ်ပြုသည်ဟူသည့် စကားလုံးများပင်။

ကျန်းယွင်ကျူးက တစ်ချက်လောက် ခြုံကြည့်လိုက်ရာ ပြီးခဲ့သည့်အခေါက်က ဒိုင်လုပ်ပေးခဲ့သည့် သခင်လေးဆယ်ယောက်တွင် ၇ယောက်က လာခဲ့ကြသည်။ ကျန်လူတော်တော်များများကတော့ သူမ၏ဆိုင်ပုံမှန် ဖောက်သည်များဖြစ်လေသည်။ သူတို့သည် သူမက သည်နေ့ ဆိုင်သစ်ဖွင့်မည့်သတင်းကို ကြားကြသဖြင့် သူမကို လာဂုဏ်ပြုကြခြင်းပင်။

ကျန်းယွင်ကျူးက ရင်ထဲတွင်နွေးထွေးသွားတော့သည်။

“အားလုံး ကျွန်မတို့ကို လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ဆိုင်သစ်ကို ဒီနေ့ဖွင့်ပါပြီနော်၊ လက်ဖက်ရည်နဲ့မုန့်တွေအားလုံး တစ်ဝက်စျေးပါရှင်”

ဒါသည် အားလုံး၏စေတနာကို တုံ့ပြန်ချင်သည့်အတွက် သူမ၏ယာယီဆုံးဖြတ်ချက်ပင်။

အားလုံးက ထိုစကားကို ကြားလိုက်ရသောအခါ သူတို့သည် ချက်ချင်းဝမ်းသာသွားတော့သည်။ တဝက်စျေးတဲ့လား။ ဟုတ်နေပါပြီ။ ဒီနေ့လာတာ မှန်သွားပြီ။

သည်အချိန်တွင် ခြင်္သေ့အကအဖွဲ့က စတင် ကခုန်နေကြပြီဖြစ်သည်။ မောင်းသံ၊ ဗုံသံနှင့် မီးရှူးမီးပန်းများက ပတ်ဝန်းကျင်တွင် ဆူညံသွားတော့သည်။

ဖွင့်ပွဲအချိန်ရောက်လာသောအခါ ကျန်းယွင်ကျူးက လှေကားပေါ်တက်လိုက်ပြီး လက်လှမ်းကာ အနီရောင်ပိတ်စကို ဆွဲချလိုက်ပြီး ‘ချာပုလျန်’ ဟူသည့် စာလုံးသုံးလုံးက ပေါ်လာလေသည်။

“ ကောင်းတယ်ဟေ့”

အားလုံးက အားပေးကြလေသည်။ သူတို့သည် သည်စာလုံးများကို မည်သူရေးပေးခဲ့မှန်း မသိကြသော်လည်း ဆိုင်းဘုတ်ကိုမြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြတော့သ်။

“ လက်ဖက်ရည်က မအေးဘူး ‘ ဧည့်သည်တစ်ယောက်ရဲ့နှလုံးသားက အမြဲတမ်းပူနွေးနေပြီး လူက ပြန်သွားရင်တောင် လက်ဖက်ရည်က အေးမသွားဘူး’ လက်ဖက်ရည်ကောင်းတစ်ခွက်က မအေးဘူး၊ နားထောင်လို့ကောင်းတယ် သူဌေးကျန်း၊ မင်းရဲ့လက်ဖက်ရည်ဆိုင်နာမည်ကို ကြည့်လိုက်တာနဲ့ မင်း ကျွန်တော်တို့ကို ဘယ်လိုစိတ်မျိုးနဲ့ ဆက်ဆံပေးတယ်ဆို သိနိုင်တယ်”

“ဟုတ်တယ် လက်ဖက်ရည်က မအေးသွားဘူး၊ ကျွန်မတို့တွေက ဒီနေရာမှာ အမြဲတမ်း တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်”

“အကောင်းစားအရက် ခွက်ပေါင်းထောင်ချီသောက်ပြီးရင်တောင် ရင်ဘတ်ချင်းနီးတဲ့ မိတ်ဆွေတစ်ယောက် ဖွဲ့နိုင်ဖို့ မလွယ်ဘူး၊ ကြည်လင်နေတဲ့လက်ဖက်ရည်တစ်ခွက်က လူတစ်ယောက်ကို စွဲလမ်းသွားအောင် လုပ်နိုင်တယ်’ လက်ဖက်ရည်က မအေးသွားသ၍ ကျွန်တော်တို့လည်း လူချင်းခွဲကြမှာမဟုတ်ဘူး”

....

ပညာတတ် သခင်လေး ၊ သခင်မလေးများ ဆိုသည့်အတိုင်းပင်။ တစ်ယောက်က သူ့ခံစားချက်များကို ပြောလိုက်သည်နှင့် ကျန်လူများက နောက်မှ ချက်ချင်း လိုက်ပြောနိုင်ကြသည်။ တချို့သခင်လေးများက စကားပြောနေရင်း အမျိုးသမီးငယ်လေးများကိုပင် ကြည့်နေကြလေသည်။ သူတို့သည် လက်ဖက်ရည်ဆိုင်အကြောင်းကို ပြောနေသည်လား လူအကြောင်း ပြောနေကြသည်လားပင် မသိတော့ပေ။

ဘယ်ဟာဖြစ်ဖြစ်ပါလေ။ အားလုံး ကောင်းပါတယ်။ လူငယ်တွေပဲ။

“ အားလုံးရဲ့စေတနာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်”

နောက်ထပ် မီးရှူးမီးပန်းများ ပေါက်လာပြီး ကျန်းယွင်ကျူးက အားလုံးကို ကျေးဇူးတင်စကား ပြောလိုက်တော့သည်။

သူမ၏ဘေးတွင် ကျန်းချိန်၊ အမျိုးသမီးချန်၊ရွှယ်ကျင်း၊ ရှဲ့လျန် ၊ ရှဲ့ချန်နှင့် တခြားသူအားလုံး ရှိနေကြသည်။ ဆိုင်သစ်ကို သည်နေ့ဖွင့်လိုက်ပြီ။ ကျန်းယွင်ကျူးက အားလုံးကို အကျိုးအမြတ်များ ခွဲဝေပေးဖို့ အခွင့်အရေးယူထားလိုက်သည်။ အားလုံးသည် အဝတ်အစားသစ်များကို ဝတ်ဆင်ထားပြီး ထိုနေရာတွင် ရယ်မောကာ စကားပြောရင်း ရပ်နေကြလေသည်။

“ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်”

အားလုံးက နောက်ထပ်တစ်ကြိမ် ဂုဏ်ပြုစကားဆိုကြပြန်သည်။

“အားလုံးပဲ ကျေးဇူးပြုပြီး ဝင်လာကြပါ”

ကျန်းယွင်ကျူးသည် လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။ အားလုံးက ချက်ချင်းပင် ဆိုင်ထဲသို့ အလောတကြီး ဝင်သွားလိုက်ကြ၏။ သူတို့သည် ဆိုင်အပြင်အဆင်နှင့် ဘယ်လိုအရသာရှိသည့် အစားအသောက်များ ရှိနေမည်ကို တွေ့မြင်ချင်ကြလေသည်။

သည်ဆိုင်က ချီရှန်းကျွီကို ပုံတူပွားထားသည့်အတိုင်းပင်။ လူများကို နီးကပ်ပြီးရင်းနှီးသည့် ခံစားချက် ဖြစ်စေသည်။ သို့သော် အရှေ့ဘက်ထောင့်တွင် စာအုပ်စင်တချို့နှင့် စက္ကူ ၊ စုတ်တံများ ထားထားပေးသည်။

“ ဒီစာအုပ်တွေကို အားလုံးက စိတ်ရှိတဲ့အတိုင်း ဖတ်လို့ရပါတယ်”

ကျန်းယွင်ကျူးက ရှင်းပြလိုက်၏။

“ စုတ်တံနဲ့ စာရွက်တွေလည်း ရှိပါတယ်၊ လိုအပ်တယ်ဆိုရင် ဆိုင်အပြင်မယူသွားဘဲ တမင်မဖြုန်းတီးဘဲ စိတ်ကြိုက်သုံးနိုင်ပါတယ်”

ထိုစကားကို ကြားလိုက်ပြီးနောက် အားလုံးက အားရပါးရချီးကျူုးကြတော့သည်။ သူတို့တွေလိုချင်တာ ဒီလိုလက်ဖက်ရည်ဆိုင်မျိုးလေ။ နောက်ဆိုရင် သူတို့တွေ ဒီနေရာမှာ ဆွေးနွေးလို့ရပြီပေါ့။

မနက်ခင်းတွင် ဘာမှမစားလာဘဲ ကျန်းယွင်ကျူး၏ဆိုင်တွင် လက်ဖက်ရည်နှင့်မုန့်များကို စားရန် စောင့်နေကြသူများလည်း ရှိလေသည်။ သူတို့သည် နံရံတွင်ချိတ်ထားသည့် အစားအသောက်စာရင်းကို ချက်ချင်း စတင်ကြည့်ရှုလိုက်ကြသည်။

လက်ဖက်ရည်၊ သာမန်လက်ဖက်စိမ်းကနေ ထိပ်တန်းအရည်အသွေး ပိလော်ချွန်းအထိ ဒီနေရာမှာ ရတယ်။ သရေစာ အစေ့အဆံနဲ့ အသီးအနှံသကြားလုံးတွေအားလုံး ဒီနေရာမှာရတယ်။ ဒါပေါ့။ အားလုံးအတွက် ဆွဲဆောင်မှုအရှိဆုံးက ဆိုင်ထဲက သရေစာတွေပဲလေ။

သူတို့တွေ ပဲနီနို့ကိတ်မုန့်ကို စားဖူးတယ်။ အရသာရှိတယ်။ တိမ်လွှာကိတ်မုန့်၊ မြေပဲကိတ်မုန့် ၊ ကွေးဟွားကိတ်မုန့် သူတို့အားလုံး ဒါတွေကို သိတယ်။ ဒါပေမဲ့ ကြာစွယ်ကိတ်မုန့်၊ ကိတ်မုန့်သားအပွနဲ့ ဌာပနာမုန့်တွေက ဘာလဲ။ ဒါနဲ့ အစာသွပ်နှမ်းမုန့်လည်း ရှိသေးတယ်။ ဂဏန်းခွံကနေလုပ်ထားတဲ့ မုန့်လား။

အားလုံးက အသစ်အဆန်းဖြစ်သွားကြလေသည်။ သူတို့သည် တစ်ပွဲလောက်မှာပြီး မြည်းစမ်းကြည့်ချင်သွားတော့သည်။

နောက်ဆုံးတွင် သူတို့သည် မုန့်နှစ်ပွဲကို ခက်ခက်ခဲခဲ ရွေးချယ်လိုက်ကြပြီး လက်ဖက်တစ်အိုးမှာကာ စိတ်လှုပ်ရှားကာဖြင့် စောင့်နေလိုက်တော့သည်။

လက်ဖက်ရည်ကို ချက်ချင်း တည်ခင်းပေးလိုက်သည်။ အားလုံးက လက်ဖက်ရည် သောက်လိုက်သောအခါ အပေါဆုံး လက်ဖက်ခြောက်ဖြစ်စေ ထိပ်တန်းအရည်အချင်း ပီလော်ချွန်းဖြစ်စေ အားလုံးကို သေသေချာချာ နှပ်ထားပေးလေသည်။ လက်ဖက်ခြောက်၏မွှေးရနံ့က လွှမ်းမိုးသွားတော့သည်။

ဟုတ်ပါသည်။ ကျန်းယွင်ကျူးသည် အတိတ်က လက်ဖက်ခြောက်နှပ်နည်းကို သေသေချာချာ သင်ယူခဲ့ရသည်။ သည်လက်ဖက်ခြောက်များမဆိုထားနှင့် ရှားပါးလှသည့် စကလေးလျှာဖြစ်စေ နှင်းတောင်လက်ဖက်စိမ်းဖြစ်စေ သူမသည် သူတို့၏အရသာကို ၁၀၀%အပြည့် ဆွဲထုတ်ပေးနိုင်သည်။

နှစ်ငုံလောက် သောက်လိုက်ပြီးနောက် မုန့်များကို စားပွဲပေါ် ချပေးလိုက်သည်။

ကြာစွယ်ကိတ်မုန့်။ မုန့်တွေကို ဒီလောက်ပါးပါးလေးဖြစ်အောင် တကယ်ပဲ လုပ်နိုင်တာပဲ။ နဂါးမုတ်ဆိတ် (ပြင်ဦးလွင်မလှိုင်မျှင်)ကိတ်မုန့်ထက်တောင် ပိုပါးသေးတယ်။ ကြာစွယ်ပိုးသားကိတ်မုန့်လို့ ခေါ်တာ မဆန်းတော့ပါဘူး။ ဌာပနာမုန့်ကိုလည်း အစေ့အဆံအမျိုးမျိုးနဲ့ အသီးခြောက်တွေနဲ့ ထည့်ထားတယ်။ မွေးပြီး နူးညံ့နေပေမဲ့ အီစိမ့်မနေဘူး။ တော်တော် အရသာရှိတယ်။

ကွေ့ဟွားကိတ်မုန့်၊ ကိတ်မုန့်သားအပွ၊ တိမ်လွှာကိတ်မုန့်.... ကိတ်မုန့်အားလုံးက အရသာရှိပေမဲ့ အထူးခြားဆုံးတစ်ခုက ဂဏန်းခွံကိတ်မုန့်ပဲ။

လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ အစာသွပ်နှမ်းကိတ်မုန့်က ဂဏန်းအခွဲ့တွေနဲ့ တပုံစံထဲပဲ။ တစ်ကိုက်လောက် ကိုက်ချလိုက်ရင် ကြွပ်ရွပြီး လတ်ဆတ်နေတာပဲ။

အချိုအရသာ ကိတ်မုန့်တွေ အများကြီးစားလိုက်ပြီး အစာသွပ်နှမ်းမုန့်ရဲ့ အရသာအပြည့်နဲ့ အစပ်အရသာက ထူးခြားတဲ့အရသာတစ်ခု ဖြစ်သွားတယ်။

စားပွဲတိုင်းက အစာသွပ်နှမ်းမုန့်ကို တစ်ပွဲတော့ မှာလိုက်ကြလေသည်။ အားလုံးက သဘောကျကြသည်။ ရွှယ်ကျင်းနှင့် တခြားသူများသည် အလုပ်များနေရသဖြင့် ပျော်ရွှင်နေကြတော့သည်။

သူတို့ သတိမထားမိလိုက်သည်မှာ တစ်စုံတစ်ယောက်က ဘေးမှာ ကြည့်နေခြင်းပင်။ သူသည် ဒေါသဖြင့် တောက်လောင်နေတော့သည်။ ရှဲ့ယုံ ဖြစ်သည်။ ပြီးခဲ့တဲ့အခေါက်က သူက သူ့စာရင်းကို ရှဲ့ချန် ဒါမှမဟုတ် ရှဲ့လျန်ရဲ့နာမည်အောက်မှာ ထည့်ချင်ပေမဲ့ ကျန်းယွင်ကျူးက ငြင်းလိုက်ပြီး ရဲမက်တွေကို ခေါ်လိုက်တယ်လေ။

ရဲမက်တွေကလည်း အများကြီး ဂရုစိုက်မနေပါဘူး။ သူတို့တွေက သူ့ကို အချုပ်ထဲ ထည့်လိုက်ပြီး မိသားစုက ငွေလာပို့မှ လွှတ်ပေးမယ်လို့ ပြောခဲ့တယ်လေ။

ဒါပေါ့။ ရှဲ့ချန်နဲ့ ရှဲ့လျန်တို့သည် ငွေဘယ်ပေးပါ့မလဲ။ ဒီတော့ သူ အချုပ်ထဲမှာ ထိန်းသိမ်းထားခံခဲ့ရတယ်လေ။

အဲဒီတုန်းက သူ ချီရှန်းကျွီကို ၄၈ဝမ်ပဲ အကြွေးတင်ခဲ့ပေမဲ့ ရက်အများကြီး ကြာသွားခဲ့တယ်။ ရစရာငွေလည်း မရှိတာ သိလိုက်ရလို့ ထောင်မှူးက သူ့ကို လွှတ်ပေးလိုက်တယ်။

ရှဲ့ယုံသည် လက်ရှိသည်တွင် စုတ်တီးစုတ်ပြတ်ဖြစ်နေပြီး ဖိုသီဖတ်သီ ဖြစ်နေသည်။ သူ အချုပ်ခန်းထဲက ထွက်လာရင်တော့ ပထမဆုံးလုပ်မဲ့အလုပ်က ရှဲ့ချန်နဲ့ ရှဲ့လျန်တို့ကိုရှာပြီး စာရင်းရှင်းဖို့ပဲ။ ဒီမသိတတ်တဲ့ မောင်နှမနှစ်ယောက်က သူ့ကို ရက်အတွေအကြာကြီး အချုပ်ထဲမှာထားပြီး လျစ်လျူရှုထားခဲ့တာလေ။ သူက သူတို့ကို သိတတ်အောင်လုပ်ပေးရမှာပေါ့။

ဒါကြောင့် သူ ချီရှန်းကျွီကို လာခဲ့တာပဲ။ ရှဲ့ချန်နဲ့ ရှဲ့လျန်တို့တွေက အဝတ်အစားအသစ်တွေဝတ်ပြီး မျက်နှာမှာလည်း အပြုံးတွေနဲ့ ရပ်နေကြတာ အချိန်ကိုက်တွေ့လိုက်ရတာပဲ။

ရှဲ့ယုံသည် ဒေါသမထွက်ဘဲ အဘယ်မှာရှိပါမည်နည်း။ သူကတော့ ထောင်ထဲမှာ ဒုက္ခခံနေရတဲ့အချိန် ဒီနှစ်ယောက်က အပြင်မှာ ပျော်ပါးနေတာလေ။

သူသည် လက်ဖက်ရည်ဆိုင်ထဲသို့ ပြေးဝင်ပြီး သူတို့နှစ်ယောက်ကို ရိုက်နှက်မည် စိတ်ကူးလိုက်ချိန်တွင် ကျန်းယွင်ကျူးကို တွေ့ပြီး အနည်းငယ် ကြောက်ရွံ့သွားတော့သည်။ ထို့ကြောင့် သူက မြေကြီးပေါ်သို့ တံတွေးထွေးလိုက်ပြီး အိမ်သို့ ဒယိမ်းဒယိုင်နှင့် ပြန်သွားတော့သည်။

ရှဲ့ချန်နှင့် ရှဲ့လျန်တို့သည် ရှဲ့ယုံထောင်ထဲက ထွက်လာသည်ကို မသိခဲ့ကြပေ။ လက်ဖက်ရည်ဆိုင် အလုပ်အေးဆေးသွားသည်နှင့် ရှဲ့ချန်က ထွက်လာခဲ့တော့သည်။

၃လပိုင်း ၈ရက်နေ့ ရောက်နေပြီဖြစ်သည်။ စားမေးပွဲက ၅လပိုင်းတွင် ကျင်းပလိမ့်မည်ဖြစ်ရာ သူသည် စာမေးပွဲအတွက် မြန်မြန်ပြင်ဆင် ရပေမည်။

ကျန်းယွင်ကျူးက နားလည်ပြီး သူ့ကို စိတ်ချလက်ချက် ပြန်သွားရန် ပြောလိုက်တော့သည်။

...

အပိုင်း (၆၈) (ခ)

ညနေခင်းတွင် ချီရှန်းကို ပိတ်ထားလိုက်သည်။ ရှဲ့လျန်က အစားအသောက်ဘူးတစ်ခုဖြင့် အိမ်ပြန်လာခဲ့လေသည်။ အစားအသောက်ဘူးထဲတွင် သည်နေ့ ဆိုင်တွင် ရောင်းမကုန်ခဲ့သည့် မုန့်များနှင့် ဟင်းပွဲများ ပါလာခဲ့သည်။ ကျန်းယွင်ကျူးက အလကားမဖြစ်စေချင်သဖြင့် သူမကို နည်းနည်းပါးပါး ထည့်ပြန်ပေးလိုက်သည်။

ရှဲ့လျန်က ဆိုင်တွင် စားလာခဲ့ပြီးဖြစ်သည်။ သည်ထမင်းဘူးက ရှဲ့ချန်အတွက်ပင်။ သူမသည် ထမင်းဘူးလေးကို ပျော်ရွှင်သည့်စိတ်လေးနှင့် သယ်ပြန်လာခဲ့တော့သည်။ သူမသည် အိမ်ပြန်ပြီး ထမင်းဘူးထဲက ပါသည့် အစားအသောက်များကို ရှဲ့ချန်အား ပြပြီး သူ့ကို စားခိုင်းဖို့ရာ မစောင့်နိုင်ဖြစ်လေသည်။

အိမ်ပြန်ရောက်လာခဲ့၏။ သူမသည် တံခါးကို ဖွင့်လိုက်ချိန်တွင်တော့ တံခါးက သော့ဖွင့်ထားသည်ကို တွေ့လိုက်ရတော့သည်။ ရှဲ့လျန်က ရှဲ့ချန် ပြန်ရောက်နေပြီဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူမက ခပ်သွက်သွက် လျှောက်လာခဲ့တော့သည်။

အခန်းက မှောင်မည်းနေတာပဲ။ ရှဲ့ချန် မီးမထွန်းရသေးတာလား။

ရှဲ့လျန်သည် မီးအိမ်ကို မီးထွန်းလိုက်ပြီးနောက်တွင် အခန်းထဲ၌ လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရတော့သည်။

ထိုလူ၏အသွင်ပြင်ကို ရှင်းလင်းနေအောင် မြင်လိုက်ရချိန်တွင် ရှဲ့လျန်၏အသားအရေမှာ ရုတ်တရက် ဖြူဆုတ်သွားတော့သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲခန်းတစ်ခုထဲ ကျသွားသလို ခံစားလိုက်ရတော့သည်။ သူမလက်ထဲက ထမင်းဘူးကလည်း ချက်ချင်းလွှတ်ကျသွားတော့သည်။

ရှဲ့ယုံက ထမင်းဘူးကို လှမ်းဖမ်းလိုက်ပြီး ဆိုးညစ်သည့်လေသံဖြင့် ပြောလိုက်လေသည်။

“ မင်း ဘာအစားကောင်းတွေ ယူလာတာလဲ၊ အနံ့က မွှေးနေတာပဲ”

ထမင်းဘူးကို ဖွင့်လိုက်သောအခါ ဝက်နံရိုးချိုချဥ်တစ်ပွဲ၊ နှစ်ပြန်ချက်ဝက်သားဟင်းတစ်ပွဲ၊ ထမင်းဖြူတစ်ပန်းကန်နှင့် အထဲတွင် မုန့်သုံးမျိုးပင် ပါသေးသည်။

ရှဲ့ယုံသည် ပိုပြီး ဒေါသခြောင်းခြောင်းထွက်လာတော့သည်။

“မင်းက ဒါတွေကို နေ့တိုင်းစားနေတာပေါ့၊ နင် အသားအရေလှပြီး ပြည့်လာတာလည်း မဆန်းတော့ပါဘူး၊ ဒါပေမဲ့ မင်းက ထောင်ထဲမှာ ဒုက္ခရောက်နေတဲ့ အဖေတစ်ယောက်လုံးကိုတော့ မေးထားတယ်ပေါ့လေ”

နောက်ဆုံးတစ်ခွန်းသည် ဒေါသကြောင့် ဟိန်းထွက်သွားတော့သည်။

ရှဲ့လျန်မှာ အလွန်မှ ကြောက်ရွံ့သွားပြီး သူမ၏ခန္ဓာကိုယ်က စားပါးကို ချသလို လေထဲတွင် သစ်ရွက်များ လွင့်ကျလာသလို တုန်ယင်သွားတော့သည်။

ရှဲ့ယုံက သူမ၏အမူအရာကို အလွန်မှ ကျေနပ်သွားတော့သည်။ သူက နောက်တစ်လှမ်းဆုတ်လိုက်ပြီး ခွေးခြေခုံပေါ်တွင် ထိုင်လိုက်ကာ

“ မင်း ဘာရပ်လုပ်နေတာလဲ၊ သွား၊ ငါ့အတွက် တူသွားယူလာခဲ့”

အရင်ဆုံး စားရမယ်။ စားပြီးမှ သူက ဒီကလေးမနဲ့ သေသေချာချာလေး ကစားရလိမ့်မယ်။

ရှဲ့လျန်သည် သူ့စကားကို ကြားပုံမရပေ။

“မသွားသေးဘူးလား” ရှဲ့ယုံက မျက်ခုံးကို ပင့်ထားလိုက်သည်။

ရှဲ့လျန်သည် မြန်မြန် ထွက်သွားကာ တူသွားယူပေးလိုက်ပြီး တုန်ယင်နေသည့်လက်များဖြင့် သူ့ကို လှမ်းပေးလိုက်လေသည်။ လမ်းတစ်ဝက်တွင် တူများက မြေကြီးပေါ်သို့ ကျတော့မလို ဖြစ်သွားလေသည်။

ရှဲ့ယုံက စိတ်မရှည်စွာဖြင့် ယူလိုက်ပြီး

“အသုံးကိုမကျဘူး”

သူက ဒေါသဖြင့် ပြစ်တင်ရင်း ဟင်းပွဲများကို အငမ်းမရ စားသောက်တော့သည်။

မကြာမီတွင် သူသည် ဟင်းနှစ်ပွဲနှင့် ထမင်းတစ်ပန်းကန်ကို အပြောင်စားပြီးသွားလေသည်။

“ရေ” သူကပြောလိုက်၏။

ရှဲ့လျန်က ရေနွေးကရားကို ယူလိုက်ပြီး ရေတစ်ခွက် လောင်းထည့်ပေးလိုက်သည်။

ရေသောက်ရင်း မုန့်စားရင်းနှင့် သူက ရှဲ့လျန်ကို ခေါင်းအစ ခြေအဆုံး ကြည့်နေလိုက်သည်။

ရှဲ့လျန်သည် သည်နေ့ အစိမ်းနုရောင် ဂါဝန်ရှည်အသစ်လေးကို ဝတ်ဆင်ထားသည်။ မိန်းကလေးသည် သေးသွယ်သည့်ခါး ရှိပြီး သူမ၏အသားအရေက အရင်ကထက် အများကြီး လှပလာခဲ့သည်။ ထိုဝိုင်းစက်စက် ရွှန်းလဲ့သည့်မျက်လုံးများနှင့်ပေါင်းလိုက်လျှင် သူမသည် အလွန်မှ လှပပေသည်။

“ နင့် အောက်တန်းစားအမေလိုပဲ၊ ယောက်ျားတွေကို ဘယ်လိုမြှူဆွယ်ရမယ်ဆိုတာပဲ သိတယ်”

ရှဲ့ယုံက ဆဲရေးလိုက်သည်။ ထို့နောက် သူက ရှဲ့လျန်ကို သူ့ရင်ခွင်ထဲ ရုတ်တရက် ဆွဲသွင်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ထိကိုင်တော့သည်။

ရှဲ့လျန်၏ မျက်လုံးများသည် ကြောက်လန့်ကာ ပြူးကျယ်သွားတော့သည်။ သူမသည် အော်ဟစ်ချင်သော်လည်း မအော်နိုင်ခဲ့ပေ။

သူမ၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း မှေးမှိန်သွားတော့သည်။ စိတ်ပျက်ခြင်းက သူမကို ပင်လယ်ကြီးတစ်ခုလို လွှမ်းမိုးသွားတော့သည်။

“ မအော်နဲ့၊ ဟုတ်တယ်၊ နင့်အစ်ကိုသာ မြင်သွားရင် သူ နင့်ကို လိုချင်တော့မှာ မဟုတ်ဘူး၊ တခြားသူတွေ တွေ့သွားရင်လည်း သူတို့က နင့်ကို အောက်တန်းစားလို့ပဲ ခေါ်ကြမှာ” ရှဲ့ယုံက ဝင့်ကြွားစွာ ပြောလိုက်လေသည်။

သည်အချိန်တွင် သူ့လက်က ရှဲ့လျန်၏အဝတ်အစားများထဲသို့ ရောက်နေပြီးဖြစ်လေသည်။

သည်အခိုက်တွင် အပြင်မှ ခြေသံများက ဝင်လာတော့သည်။

“အားလျန်ရေ”

ရှဲ့ချန်၏ အသံပင်။

ရှဲ့လျန်သည် မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာတော့သည်။

ရှဲ့ယုံက လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်ပြီး ရှဲ့လျန်ကို မလွှတ်ချင် လွှတ်ချင်နှင့် လွှတ်ပေးလိုက်တော့သည်။ သူသည် ရှဲ့ချန်ကို နည်းနည်းတော့ကြောက်လေသည်။

ရှဲ့လျန်သည် မြေကြီးပေါ် ပုံကျသွားပြီး အကောင်ငယ်လေးတစ်ကောင်လို ခွေနေတော့သည်။

ရှဲ့ချန် ဝင်လာချိန်တွင် ရှဲ့လျန်က မျက်နှာတပြင်လုံးတွင် မျက်ရည်များနှင့် ခွေနေသည်ကို တွေ့လိုက်ရသည်။ သူမဘေးတွင် ရှဲ့ယုံက ဒေါသအပြည့်ဖြင့် ရှိနေလေသည်။

ရှဲ့ချန်သည် အရင်က ရှဲ့ယုံက ရှဲ့လျန်ကို ဘာလုပ်ခဲ့သည်ကို မသိခဲ့သည့်နည်းတူ အခုလေးတင် ဖြစ်လုဖြစ်ခင် အခြေအနေကို မသိခဲ့ပေ။ ရှဲ့ယုံက ရှဲ့လျန်ကို ထပ်ဆူဆဲ ရိုက်နက်ခဲ့သည်ဟုသာ ထင်ခဲ့လေသည်။ သူ့လက်သီးများက ရှဲ့ယုံဆီ ပြေးဝင်သွားတော့သည်။

“ ကျွန်တော် ပြောထားတယ်မလား ရှဲ့လျန်ကို မထိပါနဲ့လို့”

သူ့လက်သီးများသည် တိကျပြီး ရက်စက်လှသည်။ ရှဲ့ယုံသည် သူ့ရုတ်တရက် တိုက်ခိုက်မှုကို သတိမထားမိခဲ့ပေ။ မျက်နှာတွင် ထိုးခံလိုက်ရပြီး ဘေးသို့ လဲကျသွားတော့သည်။

သို့သော် မကြာလိုက်ပေ. ရှဲ့ယုံက ထရပ်လိုက်ပြီး

“ အေးပါ ငါ့ကို ရိုက်ရဲသွားပြီပေါ့”

သူသည် ဘေးက ဝါးတုတ်ကို ကောက်ကိုင်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်လိုက်ပြီး ရှဲ့ချန်က နှုတ်ခမ်းကို တင်းနေအောင်စေ့ထားကာ သူ့ဘေးက မီးဖိုချောင်သုံးဓားကို ကောက်ကိုင်လိုက်တော့သည်။

သူ့မျက်နှာသည် အလွန်မှ ကြောက်စရာကောင်းနေရာ သူသည် ရှဲ့ယုံကို အားကုန်သုံးပြီး တိုက်ခိုက်ချင်နေသည့်နှယ်။

ရှဲ့ယုံသည် မီးဖိုချောင်သုံးဓားကို ကြည့်လိုက်ပြီး ကြောက်လန့်သွားတော့သည်။ ထို့နောက် သူက ပြောလိုက်၏။

“ ဘာလဲ၊ မင်းက မင်းရဲ့အဖေကို ခုတ်ချင်တာပေါ့လေ၊ လုပ်ကြည့်စမ်းပါ”

ရှဲ့ချန်က လက်ထဲက မီးဖိုချောင်ဓားကို တင်းနေအောင်ဆုပ်ထားပီး

“ ကျွန်တော် ပြောထားတယ်နော် ရှဲ့လျန်ကို မထိနဲ့”

“မင်းတို့အားလုံးကို ငါ မွေးထားတာကွ၊ ငါက ဘာလို့ မထိနိုင်ရမှာလဲ၊ အဖေက သူ့သားကို ရိုက်တာ၊ အရာရှိတွေကလည်း ဂရုမစိုက်ပါဘူး” ရှဲ့ယုံက ပြောလိုက်လေသည်။

“ကျွန်တော် ခင်ဗျားကို တင်နေတဲ့အကြွေးတွေ ပြန်ဆပ်မှာပါ”

ဘူတာဟောင်းကို တဖန်ပြန်ရောက်သွားလေသည်။ ရှဲ့ယုံက တံတွေးထွေးလိုက်၏။ သူသည် ဒီလို အာခံတတ်တဲ့သားမျိုးမွေးလာတာကိုက ရှစ်ဘဝလောက် ကံဆိုးမှုတွေ စုဆောင်းခဲ့တာပဲ ဖြစ်ရမယ်။ ဝါးလုံးကို ပစ်ထုတ်လိုက်ပြီး သူက အိပ်ရာ သူ့အခန်းသို့ ပြန်သွားလေတော့သည်။

ရှဲ့ချန်က မီးဖိုချောင်ဓားကို ချထားလိုက်၏။ ခဏအကြာတွင် သူသည် သတိပြန်ဝင်လာပြိး ရှဲ့လျန်ကို သွားထူပေးလိုက်လေသည်။

“ သူ ညီမလေးကို ရိုက်ခဲ့သေးလား”

ရှဲ့လျန်သည် ရှဲ့ချန်၏ရင်ခွင်ထဲ ပြေးဝင်ကာ ရှိုက်ကြီးတင် ငိုကျွေးတော့သည်။

ရှဲ့ချန်က သူမ၏ခန္ဓာကိုယ်ကို အပေါ်ယံသာ စစ်ဆေးကြည့်လိုက်ပြီး သူမ ဒဏ်ရာ မရခဲ့ဟန်တူသဖြင့် စိတ်အေးသွားလေသည်။

ညခင်းတွင် အိပ်ချိန်သို့ ရောက်လာခဲ့သည်။ ရှဲ့ချန်က ရှဲ့လျန်ကို သူမအခန်းဆီ လိုက်ပို့ပေးချင်ခဲ့သော်လည်း ရှဲ့လျန်က သူ့လက်များကို တင်းနေအောင် ဆုပ်ကိုင်ထားလေသည်။ သူက သူမကို မည်သို့ပင် နှစ်သိမ့်ပါစေ အသုံးမဝင်ခဲ့ပေ။

မတတ်သာတော့ဘဲ ရှဲ့ချန်က ရှန်လျန်ကို သူ့အိပ်ရာပေါ်တွင်သာ အိပ်ခိုင်းလိုက်တော့သည်။ သူက ကုလားထိုင်တစ်လုံးကို ရွှေ့လိုက်ပြီး ထိုင်ခုံတွင် ထိုင်ရင်း သူမကို အဖော်လုပ်ပေးလိုက်တော့သည်။

ညဥ့်လယ်တွင် ရှဲ့လျန်သည် အိပ်မက်ဆိုးတစ်ခုကြောင့် နိုးလာပြီး အမှတ်တမဲ့ ထထိုင်လိုက်လေသည်။ ရှဲ့ချန်က သူမဘေးတွင် ရှိနေသည်ကို ခံစားမိလိုက်ပြီး စိတ်အေးသွားတော့သည်။ သို့သော် ပြန်လဲလျောင်းလိုက်ပြီး ရှဲ့ချန်၏ ပင်ပန်းနေသည့် မျက်နှာကို ကြည့်မိကာ မနေနိုင်တော့ဘဲ ထပ်ငိုရပြန်တော့သည်။

သူမက သူ့ကို အရမ်းပင်ပင်ပန်းပန်း မလုပ်စေချင်ပါဘူး။ ဒါပေမဲ့ သူမ အရမ်းကြောက်တာပဲ။

နောက်တစ်နေ့ မနက်တွင် ရှဲ့ယုံသည် စောစောထပြီး ခြံဝင်းထဲတွင် ဆဲဆိုနေပြန်လေသည်။

ရှဲ့လျန်က ရှဲ့ချန်၏လက်မောင်းကို ဆွဲထားပြီး ကြောက်လွန်းသဖြင့် တုန်ယင်နေတော့သည်။

ရှဲ့ချန်က သူမကို တံခါးဆီသို့ တန်းခေါ်လာခဲ့လိုက်သည်။

နှစ်ယောက်သားသည် လမ်းပေါ်သို့ ရောက်လာချိန်တွင် ရှဲ့ချန်သည် တနည်းနည်းဖြင့် လူသူကင်းမဲ့နေသည့် လမ်းကို ကြည့်လိုက်ပြီး သည်အတိုင်း ရှေ့ဆက်၍ အဆင်မပြေနိုင်တော့မှန်း ခံစားလိုက်ရတော့သည်။ ရှဲ့လျန်က ရှဲ့ရုံနဲ့ တစ်မိုးအောက်ထဲမှာ နေလို့မဖြစ်တော့ဘူး။ မဟုတ်ရင် သူမက ကြောက်နေလိမ့်မယ်။ သူကလည်း စိတ်အေးအေးနဲ့ စာလေ့လာနိုင်မှာမဟုတ်ဘူး။

အိမ်တစ်လုံး ငှားလိုက်ရမလား။ သူတို့ အရင် ငှားခဲ့ဖူးတယ်လေ။ ဒါပေမဲ့ ရှဲ့ယုံက ပြဿနာရှာတာနဲ့ပဲ သူတို့တွေက သူ့ကို အိမ်ငှားဖို့ ငြင်းလိုက်ကြတယ်။

ဒါဆို သူ ဘာလုပ်နိုင်အုံးမှာလဲ။

ရှဲ့ချန်က ကျယ်ပြောလှသည့် ကောင်းကင်ကို ကြည့်ပြီး ရှဲ့လျန်ကို ပြောလိုက်လေသည်။

“ အစ်ကိုတို့တွေ မြို့တော်ကို စောစောသွားကြမလား”

သူ ခရီးသွားစရိတ် လောက်ငှအောင် မစုရသေးဘူး။ ဒါပေမဲ့ ခရီးသွားရင်း ငွေရှာလို့ရနိုင်ပါတယ်လေ။

ရှဲ့လျန်သည် သူ့လက်ကိုသာ တင်းနေအောင် တွဲထားလေသည်။ သူက သူမကို မချန်ထားခဲ့သ၍ သူမသည် သူ သွားမည့်နေရာတိုင်းကို လိုက်ခဲ့ပေမည်။

လက်ဖက်ရည်ဆိုင် မဖွင့်သေးခင်မှာပင် ရှဲ့ချန်က ရှဲ့လျန်ကို ခေါ်လာခဲ့လိုက်သည်။ နှစ်ယောက်လုံးက အခြေအနေမကောင်းပေ။ ရှဲ့ချန်၏မျက်လုံးများက နီရဲနေပြီး ရှဲ့လျန်က ငိုထားပုံရကာ သူမ၏ မျက်လုံးများက အနည်းငယ်ယောင်ကိုင်းနေလေသည်။

“ဘာဖြစ်ကြတာလဲ”

ကျန်းယွင်ကျူးက မေးလိုက်၏။ သူမက လီဟယ်ကို သူတို့အတွက် နို့တစ်ခွက်စီနှင့် မုန့်နည်းနည်းပါးပါး ယူလာခိုင်းသည်။

ရှဲ့ချန်က ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ရှဲ့ယုံအကြောင်း တစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။ သူသည် ပြီးခဲ့သည့်အခေါက်ကလည်း ကျန်းယွင်ကျူးကို ဒုက္ခပေးခဲ့ပြီးဖြစ်သည်။ သူသည် သူမကို ထပ်ပြီး ဒုက္ခမပေးချင်တော့ပေ။

“စာမေးပွဲက ၅လပိုင်းမှာ ကျင်းပမှာဆိုတော့ ကျွန်တော် စီစဥ်ထားတာထက်စောပြီး ရှဲ့လျန်ကို မြို့တော်ကို ခေါ်သွားချင်လို့ပါ” သူက ထိုသို့သာ ပြောလိုက်လေသည်။

“ ရှင် ၄လပိုင်းမှ သွားမယ်လို့ ပြောခဲ့တယ်မလား” ကျန်းယွင်ကျူးသည် ဇဝေဇဝါဖြစ်သွားတော့သည်။

“စောစောသွားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် လမ်းမှာ တစ်ခုခုဖြစ်ရင် နောက်ကျသွားမှ ဒုက္ခရောက်နေမှာ စိုးလို့ပါ” ရှဲ့ချန်က ရှင်းပြလိုက်လေသည်။

ကျန်းယွင်ကျူးက သူ့စကားသည် ကျိုးကြောင်းသင့်သည်ဟု ခံစားလိုက်မိသည်။ ရှေးခေတ်က ကျောင်းသားတော်တော်များများသည် စားမေးဖြေဖို့ သွားရာလမ်းတွင် နေမကောင်းဖြစ်တတ်ကြသည်။ စောစောသွားလျှင် အချိန်ပိုရပြီး အလျင်လိုနေစရာမလိုပေ။

“ ရှင့်ဟာရှင် ဆုံးဖြတ်နိုင်ပါတယ်၊ ကျွန်မ ရှင့်လခနဲ့ ရှဲ့လျန်ရဲ့လခကို ပေးလိုက်မယ်”

ကျန်းယွင်ကျူးက ပေသီးကို ထုတ်လိုက်ပြီး စတင်တွက်ချက်လိုက်လေသည်။

ရှဲ့ချန်က ရှဲ့လျန်၏လုပ်အားခကို မပေးလည်းရသည်ဟု ပြောချင်ခဲ့သည်။ သူမက တစ်လမပြည့်ဘဲ အလုပ်ထွက်ခဲ့တာလေ။ တခြားနေရာမှာ အလုပ်ပြောင်းသွားရင်တောင် တစ်ပြားမှရမှာ မဟုတ်တာသေချာတယ်။

ဒါပေမဲ့ သူ ကျန်းယွင်ကျူးအကြောင်း သိတယ်လေ။ သူမက ပြောထားပြီးသားဆိုရင် သေချာပေါက် ပေးလိမ့်မယ်။

နောက်ဆုံးတွင် သူသည် ဘာမှမပြောတော့သော်လည်း သည်ကျေးဇူးတရားကို သူ့ရင်ဘတ်ထဲတွင် နှုတ်ဆိတ်ကာ ချရေးထားလိုက်တော့သည်။

သည်အချိန်တွင် ကျန်းယွင်ကျူးက တွက်ချက်ပြီးသွားလေသည်။ သူတို့နှစ်ယောက်သည် စုစုပေါင်း ငွေ၁လျန်နှင့် ငွေ၃ပြား ရခဲ့သည်။

“အများကြီးပဲလား” ရှဲ့ချန်က အံ့ဩသွားတော့သည်။

“ဟုတ်ပါတယ်၊ ရှဲ့လျန်က ကျွန်မဆိုင်မှာ အကောင်းဆုံးဝန်ထမ်းတွေထဲက တစ်ယောက်လေ၊ ဒါပေါ့ သူ့ကို လခ ပိုပေးရမှာပေါ့”ကျန်းယွင်ကျူးက ရယ်မောလိုက်လေသည်။

ရှဲ့လျန်သည် ထိုစကားကို ကြားလိုက်ချိန်တွင် ကျန်းယွင်ကျူကို ကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးများက တစ်ဖန် တောက်ပလာတော့သည်။ ကျန်းယွင်ကျူးက သူမကို ဒီလိုချီးကျူးပေးတာ ပထမဆုံးပဲ။ သူမ သဘောကျတယ်။ သူမ ဒီနေရာကနေ လုံးဝထွက်မသွားချင်ဘူး။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး ငွေကို ထုတ်လိုက်ကာ ရှဲ့ချန်ကိုလှမ်းပေးလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ခင်ဗျာ” ရှဲ့ချန်က တည်တည်ငြိမ်ငြိမ် ကျေးဇူးတင်စကားပြောလိုက်တော့သည်။

“ရှင် ရသင့်ပါတယ်” ကျန်းယွင်ကျူးက ထိုသို့သာ ပြောလိုက်သည်။

ရှဲ့ချန်က ခဏလောက်စဥ်းစားလိုက်ပြီး

“ ကျွန်တော် မနေ့က လက်ဖက်ရည်ဆိုင်ရဲ့ စာရင်းကို လုပ်ပေးမယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ ထွက်သွားနိုင်မှာ မဟုတ်သေးဘူးလေ”

“ ရှင် လုပ်စရာရှိတာ လုပ်ပါ၊ စာရင်းကိုတော့ ကျွန်မ....”

ရှဲ့ချန်က လုပ်ပေးဖို့ စိတ်အားထက်သန်နေတော့သည်။

“ကောင်းပြီလေ”

ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ဒါဆို ရှင်တို့တွေက ဒီနို့နဲ့မုန့်ကို အရင်စားလိုက်ကြပြီးမှ အလုပ်လုပ်ကြနော်”

ရှဲ့ချန်သည် ရှဲ့လျန်နှင့်အတူတူ စားလိုက်လေသည်။ ရှဲ့ချန်က ကျန်းယွင်ကျူးကို စာရင်း လုပ်ပေးလိုက်သည်။ လက်ဖက်ရည်ဆိုင်ဖွင့်ပွဲကို မနေ့ကလုပ်ခဲ့သည်။ စာရင်းက အများကြီး ရှိနေလေသည်။

ရှဲ့လျန်က မီးဖိုဆောင်ထဲသို့သွားကာ အလုပ်လုပ်လိုက်တော့သည်။ အားသည့်အချိန်တွင် သူမသည် မီးဖိုထဲက အရာအားလုံးကို လွမ်းလွမ်းဆွတ်ဆွတ် ထိကိုင်လိုက်ပြီး သည်နေရာတွင် ကုန်ဆုံးခဲ့သည့် ပျော်ရွှင်စရာနေ့ရက်များကို ပြန်စဥ်းစားနေမိတော့သည်။

မကြာမီ လက်ဖက်ရည်ဆိုင်ကို ဖွင့်လိုက်ပြီး ဧည့်သည်တချို့ ဝင်လာကြသည်။

ည ၉နာရီတွင် ရှဲ့ချန်သည် စာရင်းများကို လုပ်ပြီးသွားပြီး စာရင်းစာအုပ်ကို ကျန်းယွင်ကျူးအား အပ်လိုက်သည်။

လက်ဖက်ရည်ဆိုင်ကို မနေ့ကဖွင့်ခဲ့ပြီး စုစုပေါင်း ၂လျန် ရှာဖွေနိုင်ခဲ့သည်။ များသည်ဟု မထင်ရသော်လည်း မနေ့ကထက် တဝက်ပိုများသည်။

သည်လိုစဥ်းစားကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်က အလွန်မှ အမြတ်များလေသည်။

ကျန်းယွင်ကျူးက ပြုံးကာ ခေါင်းညိတ်လိုက်၏။ သူမ မျှော်လင့်ထားသည့်အတိုင်းပင်။

သည်အချိန်တွင် ရှဲ့ချန်နှင့် ရှဲ့လျန်တို့က ပြန်သွားကြလေသည်။ လီဟယ်နှင့် တခြားသူများက သူတို့ ထွက်သွားတော့မည်ကို သိကြသဖြင့် အပြင်အထိ လိုက်ပို့ကာ နှုတ်ဆက်လိုက်ကြသည်။ အထူးသဖြင့် ရှဲ့လျန်ပင်။ သူတို့သည် အချိန်တော်တော်ကြာအောင် အချင်းချင်း သိကျွမ်းလာခဲ့သော်လည်း သူတို့သည် အတူတူ အလုပ်ကြိုးစားရင်း ချီရှန်းကျွီ ပိုကောင်းလာသည်ကို စောင့်ကြည့်လာခဲ့ကြသည်။ အခုတော့ သူမက ထွက်သွားတော့မည်ဆိုသဖြင့်.... အားလုံးက အလွန်မှ မခွဲချင်ဖြစ်နေကြလေသည်။

ရှဲ့လျန်လည်း သူတို့နှင့်မခွဲချင်ပေ။ အားလုံး နှုတ်ဆက်လိုက်ကြတော့သည်။

“လမ်းခရီးဖြောင့်ဖြူးပါစေ”

“ လမ်းမှာ ဂရုစိုက်နော်”

“ နောက်ပိုင်း အခွင့်အရေးရခဲ့ရင် သေချာပေါက်ပြန်လာပြီး ငါတို့ဆီ လာလည်နော်”

...

ချင်ယောင်းနှင့် လင်ယွိပိုင်တို့သည် လက်ဖက်ရည်ဆိုင်ထဲ ဝင်လာခဲ့ကြသည်။ သူမသည် ထိုစကားကို ကြားလိုက်သောအခါ ငေးကြောင်ကြောင်ဖြင့် ချက်ချင်း ထရပ်လိုက်လေသည်။ ရှဲ့ချန်က ရှဲ့လျန်ကို မြို့တော်ကို ခေါ်ပြီး ထွက်သွားချင်တာတဲ့လား။

ရှဲ့ချန်နှင့် ရှဲ့လျန်တို့သည် အားလုံးကို နှုတ်ဆက်ပြီး လျှောက်ကာ ထွက်သွားလေသည်။ သည်အချိန်တွင် သူက ချင်ယောင်းကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်၏မျက်လုံးများက အကြည့်မခွာတမ်း ရှိနေလေသည်။

နောက်ဆုံးတွင် ရှဲ့ချန်က ရှဲ့လျန်ကို ခေါ်ပြီး လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

ချင်ယောင်းသည် ထိုနေရာတွင် ရပ်နေပြီး စကားစ,ရှာမရဖြစ်နေလေသည်။

ချင်မိသားစုသည် ဝူလင်စီရင်စုတွင် ဆန်နှင့်ကောက်နှံဂိုဒေါင်များ ရှိပြီး ခြံဝင်းတစ်ခုလည်း ရှိလေသည်။ ခြံဝင်းထဲတွင် ချင်ယောင်းက ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ထိုနေရာတွင် တုံ့ဆိုင်းကာ ရပ်နေလေသည်။

ရုတ်တရက် သူမက အံကျိတ်လိုက်ပြီး ပိုက်ဆံအိတ်ကို ကိုင်ကာ ထွက်သွားတော့သည်။

“အားယောင်း” လူတစ်ယောက်က သူမကို တားလိုက်၏။ လင်ယွိပိုင်ပင်။

ချင်ယောင်းက သူ့ကို မော့ကြည့်လိုက်လေသည်။

“အားယောင်း မသွားပါနဲ့”

လင်ယွိပိုင်က သူမ၏လက်ထဲက ပိုက်ဆံအိတ်ကို ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်လေသည်။

“နင့်အဖေက နင်တို့နှစ်ယောက်ကို သဘောတူမှာမဟုတ်ဘူး”

“ နင်က ဘယ်လိုသိတာလဲ၊ သူသာ ရာထူးတစ်ခု ရလာခဲ့ရင်....”

“သူက အဆင့်သုံးခုထဲ မဝင်သ၍၊ ရုံးတော်မှာ နေရာလွတ်မရှိသ၍ အလွန်ဆုံး စီရင်စု တရားသူကြီးတစ်ယောက်ပဲ ဖြစ်လာမှာ၊ နင့်အဖေက လက်ထောက်ပြည်နယ်တရားသူကြီးဟဲရဲ့သားကို မျက်စိကျနေတာ”

“ငါ သူ့ကို လက်မထပ်ဘူး” ချင်ယောင်းက ဒေါသတကြီး ပြောလိုက်လေသည်။

“အားယောင်း ငါ....”

လင်ယွိပိုင်က တစ်ခုခု ထပ်ပြောချင်လိုက်သော်လည်း ချင်ယောင်းက ထွက်သွားနှင့်ပြီး ဖြစ်လေသည်။ သူက သူမနောက်မှ လိုက်သွားသော်လည်း အရိပ်ပင် မမြင်ရတော့ပေ။

ချင်ယောင်းသည် ရှဲ့ချန်နေခဲ့သည့် လမ်းသို့ ရောက်လာပြီး ထိုနေရာတွင် ရစ်သီရစ်သီလုပ်နေလေသည်။

သည်အချိန်တွင် ရှဲ့ယုံက အိမ်ထဲထွက်လာသည်နှင့် ကြုံပြီး သူမကို တွေ့သွားတော့သည်။ သူသည် လူချမ်းသာမိသားစုက အမျိုးသမီးတစ်ယောက်ဖြစ်သည့် သူမကို မှတ်မိလေသည်။ သူမက ရှဲ့ချန်ကို စိတ်ဝင်စားနေတဲ့ပုံပဲ။

ထိုသို့စဥ်းစားလိုက်ရင်း ရှဲ့ယုံမှာ မကျေမချမ်း ဖြစ်သွားတော့သည်။ ပြီးခဲ့တဲ့တစ်ခေါက် သူ သတင်းကြားလိုက်တုန်းက ရှဲ့ချန်သာ လူသားတစ်ယောက်ရဲ့သမီးနဲ့ လက်ထပ်နိုင်ခဲ့ရင် သူလည်း ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေရတော့မှာလို့ တွေးမိပြီး အချိန်အကြာကြီး ဝမ်းသာနေခဲ့တာလေ။

ရှဲ့ချန်ရဲ့အကျင့်ကို ကြည့်ရတာ သူ့မှာ ငွေရှိရင်တောင် သူ့အတွက် သုံးမှာမဟုတ်ဘူး။

သူသည် ချင်ယောင်းကို တဖန်ကြည့်လိုက်လေသည်။ အသက် ၁၅-၁၆နှစ်ဆိုတော့ သူမရဲ့အသားအရေက အရမ်းနူးညံ့ပြီး တစ်ချက်လောက် ဖျစ်လိုက်တာနဲ့ ရေထွက်ကျလာတော့မဲ့ အတိုင်းပဲ။ မရှိသင့်သည့်အတွေးတစ်ခုက သူ့စိတ်ထဲ ဖျတ်ခနဲ ပြေးဝင်လာလေသည်။ မနေ့ညက ကိစ္စကောင်းလေးတစ်ခု ကြားဖြတ်ခံလိုက်ရတယ်။ အခုတော့ သူက တိုက်တိုက်ဆိုင်ဆိုင်...

ထိုသို့ တွေးလိုက်ပြီး သူသည် ချင်ယောင်းထံသို့ လျှောက်သွားလိုက်တော့သည်။

ချင်ယောင်းက သူ့ကို ရှဲ့ချန်၏အဖေဟု မှတ်မိနေလေသည်။

“ တဆိတ်လောက်ပါရှင် ရှဲ့သခင်လေး အိမ်မှာရှိလား၊ ကျွန်မ သူ့ကို ပြောစရာရှိလို့ပါ”

ချင်ယောင်းက ရှဲ့ယုံကို မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားသည်။ သူမ၏မျက်နှာက ရှက်သွေးဖြာနေတော့သည်။

ရှဲ့ယုံက ပြင်းပြသည့် မျက်လုံးများနှင့် အကဲခတ်လိုက်လေသည်။

“ သူ့ကိုတွေ့ပေးဖို့ မင်းကို ခေါ်သွားပေးမယ်”

“အင်း” ချင်ယောင်း၏အသံက ခြင်သံလေးတစ်ခုလို ဖြစ်နေသည်။

ရှဲ့ယုံက ရှေ့က လျှောက်သွားပြီး သူမက နောက်ကလိုက်လာခဲ့သည်။ သူတို့နှစ်ယောက်က တစ်လမ်းပြီး တစ်လမ်း ဖြတ်လျှောက်လာခဲ့ကြသည်။

လမ်းဘေးက အိမ်တစ်လုံးထဲတွင် ရှဲ့လျန်သည် ခြံဝင်းထဲတွင် ထိုင်နေလေသည်။ သူမက လူနှစ်ယောက် အပြင်ဘက်တွင် ဖြတ်လျှောက်သွားသည်ကို မထင်မှတ်ဘဲ မြင်သွားတော့သည်။

ခဏအကြာတွင် သူမ၏စိတ်က သတိထားမိသွားတော့သည်။ သူမက ချင်ယောင်းကို တားကာ ရှဲ့ယုံသည် လူကောင်း မဟုတ်ကြောင်း ပြောပြရန် တံခါးနားသို့ မြန်မြန်သွားလိုက်လေသည်။

သို့သော် သူမ ပါးစပ်ကို ဖွင့်လိုက်ချိန်တွင် အသံမထွက်နိုင်ပေ။ သူမသည် အလွန်စိုးရိမ်သွားပြီး ပြေးသွားကာ နံရံကို လက်ဖြင့်ရိုက်ကြီး ချင်ယောင်း သတိထားမိလာဖို့ မျှော်လင့်နေလသည်။

ချင်ယောင်းက သူမ၏ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောနေပြီး သူမနောက်က အသံကို သတိမထားမိခဲ့ပေ။

သည်အချိန်တွင် သူမသည် ရှဲ့အိမ်ထဲသို့ ဝင်သွားတော့သည်။

ရှဲ့ယုံက နောက်က ရှဲ့လျန်ကို သတိထားမိသွားပြီး သူ့ကို ခြိမ်းခြောက်သည့်မျက်နှာထားတစ်ခုဖြင့် ကြည့်လိုက်သည်။

ရှဲ့လျန်သည် ချက်ချင်းကြောက်လန့်သွားပြီး နေရာတွင်ပဲ လဲကျသွားတော့သည်။

ကျေနပ်သွားပြီး ရှဲ့ယုံက တံခါးကို လက်နောက်ပြန် ပိတ်လိုက်တော့သည်။

ရှဲ့လျန်က နံရံကိုမှီထားလိုက်၏။ သူမ၏မျက်လုံးများက အလွန်မှစိုးရိမ်မှုပူပန်သွားပြီး နီရဲလာတော့သည်။ သူမ ဘာလုပ်ရမလဲ။

ဟုတ်တယ်။ ရှဲ့ချန်ကို သွားရှာရမယ်။ ခုနက ရှဲ့ချန် ကျောင်းကို သွားလိုက်ပြီး သူမက အိမ်နီးချင်း အဒေါ်ရဲ့အိမ်မှာ အရင်ဆုံးစောင့်နေဖို့ ပြောသွားတယ်။

သူမသည် ရုတ်တရက်ဆိုသလို ကျောင်းဘက်သို့ အရူးတစ်ယောက်လို ပြေးသွားလေသည်။

မကြာမီ သူမသည် ကျောင်းတော်သို့ ရောက်လာတော့သည်။ အရိပ်ကျနေသည့် အခန်းများကို ကြည့်ရင်း သူမသည် ထိုနေရာတွင် ရပ်ကာ စိုးရိမ်စိတ်ဖြင့် ငိုနေတော့သည်။ အခန်းတွေအများကြီးပဲ။ ဒီလောက်ကြီးတဲ့ နေရာတစ်ခုမှ သူမက ရှဲ့ချန်ကို ဘယ်မှာသွားရှာရမှာလဲ။

“သူဌေး ရှဲ့လျန် သူ့ကြည့်ရတာ ငိုနေသလိုပဲ”

လီဟယ်သည် လက်ဖက်ရည်ဆိုင်ထဲ အလုပ်လုပ်ရင်း ရုတ်တရက်ဆိုသလို မျက်နှာချင်းဆိုင်က ရှဲလျန်ကို သတိထားမိသွားတော့သည်။ သူက ကျန်းယွင်ကျူးကို အသိပေးလိုက်၏။

ကျန်းယွင်ကျူက အပြင်ကို လှမ်းကြည့်လိုက်လေသည်။ တကယ်ပဲ ရှဲ့လျန်ပါပဲ။ သူ ဘာဖြစ်လို့လဲ။

“ ဘာဖြစ်တာလဲ”

ကျန်းယွင်ကျူးက ထွက်သွားပြီး ရှဲ့လျန်ဆီ လျှောက်သွားလိုက်ရာ သူမက အမှန်ပင်ငိုနေသည်ကို တွေ့လိုက်ရသဖြင့် ညင်ညင်သာသာ မေးလိုက်လေသည်။

ရှဲ့လျန်သည် သူမ၏အသံကို ကြားလိုက်ရချိန်တွင် သူမသည် ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသလို သူမ၏လက်ကို ဖမ်းဆုပ်ကာ တအင့်အင့် ငိုနေတော့သည်။

“ ညီမလေးရဲ့ အစ်ကိုရော၊ ညီမလေးရဲ့အစ်ကို ရှာချင်လို့လား” ကျန်းယွင်ကျူးက မချင့်မရဲ မေးလိုက်လေသည်။

ရှဲ့လျန်က ခေါင်းညိတ်လိုက်ပြီးမှာ ခေါင်းခါလိုက်ပြန်ပြီး သူမ၏လက်များဖြင့် အဆက်မပြတ် လက်ဟန်ပြနေလေသည်။

သူမသည် အလွန်စိုးရိမ်နေသဖြင့် လက်ဟန်များက မှားယွင်းကုန်တော့သည်။ ကျန်းယွင်ကျူးမှာ သူမပြောချင်သည့်စကားကို လုံးဝ မခန့်မှန်းနိုင်ခဲ့ပေ။

ရုတ်တရက် သူမက ခန့်မှန်းကြည့်လိုက်သည်။

“ ညီမလေး ၊ မဟုတ်ဘူး၊ နင့်အိမ်မှာလား”

ရှဲ့လျန်က ခေါင်းညိတ်လိုက်ပြီး စိုးရိမ်နေသလို ဝမ်းသာသွားတော့သည်။ ရုတ်တရက် သူမက လည်ချောင်းသံတစ်ခု ထုတ်ပြောလိုက်လေသည်။

“ကယ်ပေး”

အသံမှာ ရှရှဖြစ်နေကာ မသာယာသလို မြေကြီးပေါ်တွင် လက်သည်းများဖြင့် ခြစ်နေသည့်အသံကို ဖြစ်နေသည်။

“ကယ်ပေး ဟုတ်လား” ကျန်းယွင်ကျူးမှာ ရင်တုန်သွားတော့သည်။ ဘယ်သူ့ကို ကယ်ရမှာလဲ။

သည်အချိန်တွင် ရှဲ့လျန်က ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားပြီး သူမ၏အင်္ကျီလက်ထဲက လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်လေသည်။ လက်ကိုင်ပဝါက အကောင်းစားဖြစ်သည်။ ထောင့်တွင် ချင် ဟူသည့်စာလုံးငယ်လေးကို ပန်းထိုးထားသည်။ ဒါသည် ချင်ယောင်းက ပြီးခဲ့သည့်အခေါက်က သူမကို မျက်ရည်သုတ်ဖို့ ပေးခဲ့ပြီး သည်လက်ကိုင်ပဝါကို သူမကို ပေးသည်ဟု ပြောခဲ့သည်။

ဒါသည် သူမအတွက် ပထမဆုံးအကြိမ် လက်ဆောင်ရဖူးခြင်းပင်။ သူမသည် လက်ကိုင်ပဝါကို ဂရုတစိုက် သိမ်းထားခဲ့လေသည်။

ကျန်းယွင်ကျူးသည် လက်ကိုင်ပဝါပေါ်က ချင်ဟူသည် စာလုံးကို တွေ့လိုက်ရသောအခါ ချက်ချင်း အတွေးများသွားတော့သည်။ သူမ ချင်ယောင်းကို တွေ့ကတည်းက စိတ်ထဲမှာ မေးခွန်းတစ်ခု အမြဲတမ်း ရှိနေခဲ့တယ်။ သူမရဲ့အိပ်မက်ထဲမှာ ချင်ယောင်းက အဲလိုအခြေအနေနဲ့ ဘယ်လို အဆုံးသတ်သွားတာလဲဆိုပြီးတော့ပေါ့။ ဧကန္တ....

“ညီမလေးရဲ့အိမ်မှာလား”

သူမက ရှဲ့လျန်၏လက်ကို ဖမ်းဆွဲလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တော့သည်။

ရှဲ့လျန်က ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။

“ အစ်မကို မြန်မြန်ခေါ်သွားပေး”

ရှဲ့လျန်က ပြေးထွက်သွားလေသည်။

ကျန်းယွင်ကျူက နောက်မှ ခြေလှမ်းအနည်းငယ် လိုက်သွားပြီးနောက် ရုတ်တရက် ရပ်လိုက်ပြီး

“ ခဏစောင့်နော်၊ အစ်မ အခုချက်ချင်းပြန်လာခဲ့မယ်”

ထို့နောက် သူမက ချီရှန်းကျွီသို့ လှည့်ပြန်သွားလိုက်သည်။ သူမသည် ခြံအနောက်ဘက်သို့ ရောက်လာချိန်ဝင် ရှန်ဖုန်းမင်က အခန်းထဲက ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ သူမက သူ့လက်ကို လှမ်းဆွဲပြီး ပြေးထွက်သွားတော့သည်။

သူမ အခုတွေးလိုက်သည်က တစ်ခုခုသာ ဖြစ်ခဲ့လျှင် သူမနှင့် ရှဲ့လျန်နှစ်ယောက်တည်းဆိုလျှင် ဒုက္ခရောက်လိမ့်မည်။

ရှန်ဖုန်းမင်ကို အတူတူခေါ်သွားလိုက်သည်က ထိုရဲမက်များကို ခေါ်နေသည်ထက် ပိုပြီး မြန်ဆန်ကာ ထိရောက်လိမ့်မည်။

ရှန်ဖုန်းမင်က ဘာမှမသိပေ။ သို့တိုင် သူက ကျန်းယွင်ကျူး ဖမ်းဆွဲလာသည့်အတိုင်း မြန်မြန် လိုက်လာခဲ့လေသည်။

နှစ်ယောက်သားက လမ်းပေါ်သို့ မြန်မြန်ပြန်ရောက်လာခဲ့သည်။

ရှဲ့လျန်သည် ရှန်ဖုန်းမင်ကို အနည်းငယ်ကြောက်သော်လည်း သူ့ကို ကျန်းယွင်ကျူးက ဆွဲထားသည်ကို တွေ့လိုက်ရသောအခါ အများကြီး ပိုတည်ငြိမ်လာပြီး အိမ်သို့ မြန်မြန် ပြေးပြန်သွားလိုက်တော့သည်။

...

*** သတိ- violent scene နည်းနည်းပါပါတယ်***

အပိုင်း (၆၉) (က)

သူတို့သုံးယောက်သည် ရှဲ့အိမ်သို့ အမြန်ကြီး ရောက်လာကြတော့သည်။ ရှဲ့အိမ်တံခါးကို ပိတ်ထားသည်။ ရှန်ဖုန်းမင်က တံခါးကို ကန်ဖွင့်လိုက်ပြီး သုံးယောက်သား ခြံထဲ ဝင်လာခဲ့တော့သည်။

တစ်ကိုယ်လုံး တုန်ယင်နေသည့် ရှဲ့လျန်က ရှဲ့ယုံ၏အခန်းဘက်သို့ ညွှန်ပြလိုက်သည်။ သူမသည် ထိုနေရာသို့ မသွားရဲပေ။

ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့က လျှောက်သွားလိုက်ကြသည်။ အခန်းတံခါးက ဟ,နေ၏။ သူတို့နှစ်ယောက်သည် အထဲတွင် ဖြစ်နေသည်များကို မြင်နေရလေသည်။

ကျိုးနေသည့်ခုတင်ပေါ်တွင် အမျိုးသမီးတစ်ယောက်က တစောင်းလဲလျောင်းနေသည်။ သူမ၏ အောက်ပိုင်းအဝတ်အစားကိုသာ မြင်ရသည်။ ကျယ်လောင်သည့် အော်ငိုသံများ ထွက်နေလေသည်။

ခုတင်ဘေးတွင် လူနှစ်ယောက်ရှိနေပြီး လင်ယွိပိုင်နှင့် ရှဲ့ယုံတို့ပင်။

သည်အချိန်တွင် ရှဲ့ယုံက သူ့လက်ထဲ၌ ခါးပတ်ပြားကို ကိုင်ထားလေသည်။ ခါးပတ်က လင်ယွိပိုင်၏ လည်ပင်းကို ဆွဲညှစ်ထားပြီး သူ့ကို ခုတင်တိုင်နား ဆွဲကပ်ထားသည်။

လင်ယွိပိုင်က လက်နှစ်ဖက်နှင့် ခါးပတ်ပြားကို ကိုင်ထားပြီး လွတ်အောင်လုပ်ဖို့ ကြိုးစားသော်လည်း မတတ်နိုင်ပေ။ သူ့မျက်နှာက နီနေရာမှ ပြာနမ်းလာတော့သည်။ သူသည် သေပေတော့မည်။

“ကယ်ပါအုံး....”

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်အား သူ့ကို ကယ်ပေးစေချင်လေသည်။

ရှန်ဖုန်းမင်သည် အခန်းထဲသို့ ခုန်ဝင်သွားနှင့်ပြီး ဖြစ်တော့သည်။ အခန်းထဲတွင် ဖျတ်ခနဲ အရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်. ကျန်းယွင်ကျူးသည် သူ့လှုပ်ရှားမှုကို သေသေချာချာ မမြင်လိုက်ရဘဲ ရှဲ့ယုံက နောက်ပြန် လွင့်သွားပြီး နံရံနှင့် ခပ်ကြမ်းကြမ်း ရိုက်မိကာ ပြန်ကျလာသည်ကို မြင်လိုက်ရလေသည်။

အလွန်မှ ရုတ်တရက် ဆန်လွန်းလှသည်။ ရှဲ့ယုံသည် နံရိုးများကျိုးသွားကာ မြေကြီးပေါ်တွင် လဲလျောင်းနေလေသည်။ သို့တိုင် သူသည် အသံတစ်ချက်ပင် မထွက်ပေ။

ကျန်းယွင်ကျူးက အခန်းထဲ မြန်မြန်ဝင်သွားပြီး အရင်ဆုံးလင်ယွိပိုင်ကို သွားကြည့်ပေးလိုက်သည်။ သူသည် မြေကြီးပေါ်တွင် မလှုပ်မယှက်ဖြစ်နေပြီး မောဟိုက်နေလေသည်။ အဆင်ပြေသွားပုံရသည်။

ထို့နောက် သူမက ခုတင်ပေါ်က လူကို သွားကြည့်လိုက်လေသည်။ ချင်ယောင်းသည် ခြေလက်များ ချည်နှောင်ခံထားရပြီး ထိုနေရာတွင် လဲလျောင်းနေသည်။ သူမ၏ပါးစပ်ကိုလည်း အဝတ်စုတ်တစ်ခုနှင့် ဆို့ထားလေသည်။ သူမ၏မျက်နှာသည် မျက်ရည်များအပြည့်နှင့် ဖြူဖတ်ဖြူရော်ဖြစ်သည်အထိ ငိုထားသည်။

ကျန်းယွင်ကျူးက သူမ၏ပါးစပ်ထဲက အဝတ်စုတ်ကို အရင်ဆုံးဖယ်ပေးလိုက်ပြီး လက်နှင့်ခြေများကို ချည်ထားသည့်ကြိုးကို ဖြေပေးလိုက်ကာ စိုးရိမ်တကြီးမေးလိုက်လေသည်။

“ အဆင်ပြေရဲ့လားဟင်”

“ယွိပိုင် ရော”

ချင်ယောင်းက ခုတင်ဘေးသို့ အလောတကြီး ဆင်းသွားလိုက်ပြီး လင်ယွိပိုင်၏အခြေအနေကို စစ်ဆေးကြည့်လိုက်၏။

“ငါ ဘာမှမဖြစ်ပါဘူး” လင်ယွိပိုင်က ချိနဲ့စွာ ပြောလိုက်၏။

ချင်ယောင်းသည် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။

“မငိုနဲ့နော် ၊ ငါဘာမှမဖြစ်ဘူး”

လင်ယွိပိုင်က သူ့နှုတ်ခမ်းထောင့်က ဆွဲတင်လိုက်ပြီး ကြိုးစားပြုံးပြလိုက်လေသည်။ သို့သော် သူ့လည်ပင်းက နာကျင်မှုကြောင့် နောက်ဆုံးတွင် အပြုံးက ပေါ်မလာခဲ့ချေ။

“ရပါတယ်”

ကျန်းယွင်ကျူးက လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်ပြီး ချင်ယောင်းကို ပေးလိုက်၏။ ထို့နောက် သူမက လင်ယွိပိုင်ကို ကြည့်လိုက်လေသည်။ သူ ဘာလို့ ဒီကိုရောက်နေတာလဲ။

ချင်ယောင်း အိမ်က ထွက်သွားပြီး သိပ်မကြာခင်မှာပင် လင်ယွိပိုင်က သူမကို ထွက်ရှာခဲ့သည်။ ရှန့်လျန် ထွက်သွားပြီး မကြာခင်တွင် သူသည် ရှဲ့အိမ်ကို ရှာတွေ့သွားသည်။ တံခါးခေါက်လိုက်ချိန်တွင် ဘာအဖြေမှ မကြားရသော်လည်း အထဲက အသံများကို ကြားနေရသည်။ ထို့ကြောင့် သူက တံခါးကို အသံပိုကျယ်အောင် ခေါက်လိုက်လေသည်။

သည်တစ်ကြိမ်တွင် လူတစ်ယောက်က သူ့ကို တံခါးလာဖွင့်ပေးသည်။ ရှဲ့ယုံပင်။

ရှဲ့ယုံက ချင်ယောင်းကို တစ်ခါမှ မတွေ့ဖူးဘူးဟု ဆိုသော်လည်း လင်ယွိပိုင်က မယုံဘဲ အထဲသို့ ဝင်ကြည့်ရန် အားထုတ်ခဲ့သည်။

ရှဲ့ယုံ၏ပျော်ရွှင်မှုက တစ်ဖန်နှောင့်ယှက်ခံလိုက်ရကာ ရှက်ရွံ့မှုကြောင့် ဒေါသထွက်လာတော့သည်။ သူသည် လင်ယွိပိုင် သ-တ်ပင် သ-တ်ပစ်ချင်တော့သည်။

ကျန်းယွင်ကျူးက ရှဲ့ယုံကို ကြည့်လိုက်၏။ ဒီလူက အရိုးထဲကကို ဆိုးသွမ်းတာပဲ။

သည်အခိုက်တွင် ရှဲ့ယုံသည် သတိပြန်ရလာခဲ့သည်။ သည်ကိစ္စကို ဖော်ထုတ်ခံလိုက်ရပြီမှန်း သိလိုက်သဖြင့် သူက နာကျင်မှုကို အောင့်ခံရင်း ထထွက်ကာ ထွက်ပြေးဖို့ ကြိုးစားတော့သည်။

ရှန်ဖုန်းမင်က သူ့ကို လွှတ်ပေးမည် မဟုတ်သည်က အမှန်ပင်။ သူက ဘေးကစားပွဲပေါ်က တူတစ်ချောင်းကို ကောက်ယူလိုက်ပြီး ရှဲ့ယုံထံ ပစ်သွင်းလိုက်တော့သည်။

တူများက ရှဲ့ယုံ၏ဘေးကို သွားထိမိပြီး ရှဲ့ယုံမှာ ရှေ့တည့်တည့်သို့ လွင့်ထွက်သွားတော့သည်။ အားကို သိနိုင်လေသည်။

ရှဲ့ယုံသည် ထိုနေရာတွင် လဲနေပြီး အချိန်တော်တော်ကြာသည်အထိ အသက်မရှူနိုင် ဖြစ်သွားတော့သည်။

သည်အချိန်တွင် အပြင်ဘက်မှ ခြေသံများကို ထွက်လာခဲ့သည်။ ရှဲ့ချန်သည် ပြန်ရောက်လာခဲ့သည်။ သူသည် ကျိုးနေသည့်တံခါးကို တွေ့လိုက်ချိန်တွင် သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ ခြံဝင်းထဲ အတွင် ရှဲ့လျန်က ဘေးတွင် တုန်တုန်ယင်ယင် ရပ်နေပြီး ရှဲ့ယုံက မြေကြီးပေါ်တွင် လဲနေသည်ကို တွေ့လိုက်ရလေသည်။ အခန်းထဲတွင်တော့ ချင်ယောင်းသည် ရှဲ့ယုံ၏ခုတင်ပေါ်တွင် လဲနေပြီး ငိုကြွေးနေကာ ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် သူမဘေးတွင် ရပ်နေ၏။ လင်ယွိပိုင်က မြေကြီးပေါ်တွင် ထိုင်နေလေသည်။ သူ့လည်ပင်းပေါ်တွင် ခရမ်းရောင် အစင်းရာတစ်ခု ရှိနေသည်။

သူ့စိတ်တို့သည် ဗလာအတိ ဖြစ်သွားတော့သည်။ ဘာဖြစ်ခဲ့မှန်း သူမသိခဲ့ပေ။

ရှဲ့လျန်သည် သူရောက်လာသည်ကို တွေ့လိုက်ရသောအခါ သူမ၏အားကိုးရာကို ချက်ချင်း ရှာတွေ့သွားပြီး လက်ယမ်းပြရင်း လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်လေသည်။

မောင်နှမနှစ်ယောက်သည် ဆယ်နှစ်ကျော် အတူတူနေလာခဲ့ကြသည်။ ရှဲ့ချန်သည် ရှဲ့လျန် ပြောချင်သည့်စကားကို ချက်ချင်း နားလည်သွားတော့သည်။ ရှဲ့ယုံက တကယ်ပဲ....ချင်ယောင်းကို....

သူသည် ခြံဝင်းတစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရတော့သည်။ သူ့စိတ်က ပေါက်ကွဲတော့မည့်နှယ်။ ရှဲ့ယုံ။ ဘယ်လိုဖြစ်ပြီး သူက။ လုပ်ရဲလိုက်တာ။ သည်လိုကိစ္စမျိုးဖြစ်သွားခဲ့ရင် သူက....။ ဆက်တောင်မစဥ်းစားရဲတော့ဘူး။

ရုတ်တရက် သူသည် ဘေးက မီးဖိုဆောင်ထဲ ဝင်သွားပြီး မီးဖိုချောင်ဓားတစ်ချောင်းကို ယူထွက်လာခဲ့တော့သည်။ သည်အခိုက်အတန့်တွင် နှစ်ပေါင်းများစွာ စုပုံထားသည့်အမုန်းတရားက နောက်ဆုံးတော့ ပေါက်ကွဲထွက်လာတော့သည်။ သူ ရှဲ့ယုံကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး။ သူ့မှာ ဒီလိုအဖေမျိုး မရှိဘူး။

“မလုပ်နဲ့”

ကျန်းယွင်ကျူးက ကတိုက်ကရိုက် အော်လိုက်၏။ ရှဲ့ချန်က ရှဲ့ယုံကို မုန်းတာ သူမ သိပေမဲ့ ဒီကိစ္စကို အရာရှိတွေ လက်ထဲ လွှဲလိုက်လည်း အဆင်ပြေပါတယ်။ သူ့လက်မှာ သွေးစွန်းပြီး သူ့အနာဂတ် ပျက်စီးသွားရလောက်အောင် မတန်ပါဘူး။

ရှဲ့လျန်သည် ထိုအသံကို ကြားလိုက်ချိန်တွင် ရှဲ့ချန်ကို မြန်မြန် ဖက်ထားလိုက်တော့သည်။

ရှဲ့ချန်က ရှဲ့ယုံကို ရမဲ့နေသည့်မျက်နှာဖြင့် ကြည့်လိုက်၏။ အချိန်တော်တော်ကြာသွားမှ သူသည် မီးဖိုချောင်ဓားကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး အခန်းထဲဝင်ကာ ချင်ယောင်းနှင့် လင်ယွိပိုင်တို့၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

ရုံးတော်က ရဲမက်များသည် ချက်ချင်းရောက်လာကြပြီး ရှဲ့ယုံကို ဖမ်းခေါ်သွားတော့သည်။

သည်အမှုက သည်ထက် ပိုပြီး မရှင်းလင်းတော့ပေ။ ရှဲ့ယုံသည် ချင်ယောင်းအပေါ် မကောင်းကြံခဲ့ပြီး လင်ယွိပိုင်ကို သ-တ်ဖြတ်ချင်ခဲ့သည်။ သူသည် မအောင်မြင်ခဲ့သော်လည်း ဒါက ကြီးလေးသည့် ပြစ်မှုတစ်ခုပင်။ တရားသူကြီးမုန့်က သူ့ကို ထောင်ဒဏ် နှစ်၃၀ စီရင်ချက်ချလိုက်သည်။ ရှဲ့ယုံသည် သည်နှစ်တွင် ၃၇နှစ်ဖြစ်သည်။ နှစ် ၃၀။ သူ ဒီဘဝတော့ ထောင်ထဲကထွက်လာနိုင်တော့မှာ မဟုတ်ဘူး။

ပြဿနာဖြစ်သွားပြီး ၂ရက်ကြာသွားခဲ့သည်။ အားလုံးက ပုံမှန်အခြေအနေ ပြန်ရောက်မလာကြသယောင်။

ဟုတ်ပါသည်။ ရှဲ့ချန်နှင့် ရှဲ့လျန်တို့လည်း အောင်အောင်မြင်မြင် ထွက်မသွားနိုင်လိုက်ပေ။ သည်နှစ်ရက်အတွင်း ရှဲ့ချန်က ချင်ယောင်းကို စောင့်ရှောက်ပေးလာခဲ့သည်။

လင်ယွိပိုင်ကတော့ သူသည် လည်ပင်းတွင် ပဝါလို ချည်ထားပြီး သူ့မူလအသွင်ပြင်ကို ပြန်ရောက်လာသယောင် ထင်ရသည်။

“ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့ သူဌေးကျန်းနဲ့ ဒီကလူကြီးမင်းကို ကျေးဇူးတင်ပါတယ်”

လင်ယွိပိုင်သည် ကျန်းယွင်ကျူးရှေ့တွင် သေတ္တာနှစ်လုံးကို ချထားလိုက်၏။

“ ကျေးဇူးတင်စိတ်ကို ဖော်ပြချင်တဲ့ လက်ဆောင်သေးသေးလေးတစ်ခုပါ”

“ ကျွန်မ အများကြီး မကူညီခဲ့ပါဘူးရှင်”

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ဘက်သို့ လှည့်လိုက်၏။ သူက ကျေးဇူးတင်စကား ပြောချင်တယ်ဆိုရင်တော့ ရှန်ဖုန်းမင်ကိုပဲ ကျေးဇူးတင်သင့်တယ်လေ။

ရှန်ဖုန်းမင်ကတော့ နဂိုကတည်းက သည်လိုကိစ္စမျိုးကို ဂရုမစိုက်ပေ။

လင်ယွိပိုင်က ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး တံတွေးမျိုချလိုက်လေသည်။ သူက ရှန်ဖုန်းမင်ကို အရင်ကတည်းက အမြဲတမ်း ကြောက်ခဲ့တာလေ။ ဒါပေမဲ့ သူက သူ့အသက်ကို ကယ်ပေးလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ဒီလူက လုံးဝရက်စက်တဲ့သူ မဟုတ်ဘူးဆိုတာ တွေ့နိုင်တယ်။ ဒီလိုဆိုတော့လည်း ဟုတ်ပါပြီလေ။ အနည်းဆုံးတော့ သူ ကျန်းယွင်ကျူးနဲ့ ရှိနေတဲ့အချိန်မှာ ဆက်ဆံရ လွယ်ကူမှာပါ။

ဒါပေမဲ့ သူ့အကွက်တွေက အရမ်းလှတယ်။ သူသာ စောစောကတည်းက သိခဲ့ရင် သိုင်းလေ့ကျင့်ခဲ့ပါတယ်ကွာ။

လင်ယွိပိုင်သည် ထိုအကြောင်းကို စဥ်းစားလေလေ သူ့စိတ်ထဲတွင် ပိုပြင်းပြလာလေလေ ဖြစ်နေတော့သည်။ သူက ရှန်ဖုန်းမင်ကို သေသေချာချာ ကြည့်လိုက်ပြီး

“လူကြီးမင်းရှန် ကျွန်တော် သိုင်းလေ့ကျင့်ဖို့ အချိန်ရှိသေးတယ်လို့ ထင်လား”

ရှန်ဖုန်းမင်က သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်၏။

လင်ယွိပိုင်က ထိုဖိအားကို ထိန်းချုပ်ထားလိုက်ပြီး မတ်မတ်ရပ်လိုက်လေသည်။

“ မင်းကိုယ်ခံစွမ်းအားက အရမ်းနည်းတယ်၊ အောင်မြင်ဖို့ ခက်လိမ့်မယ်”

ရှန်ဖုန်းမင်က ပြောလိုက်၏။ သူ့စံနှုန်းအရဆိုလျှင် သူသည် ချီလင်သက်တော်စောင့်တပ်၏ အရံတပ်ဖွဲ့ကို ဝင်ဖို့ပင် အရည်အချင်းမရှိပေ။

လင်ယွိပိုင်သည် နေရာတွင်ပင် အေးခဲသွားတော့သည်။ ဒီလူကြီးမင်းရှန်ကတော့ အမြဲတမ်း ဒီလိုပဲ အရမ်းကို ပွင့်ပွင့်လင်းလင်း ပြောတတ်တာလား။

ကျန်းယွင်ကျူးက ဘေးမှ နားထောင်ရင်း အသံထွက် အော်ရယ်မိလုနီးနီး ဖြစ်သွားတော့သည်။ သူမက လက်ဖြင့် ပါးစပ်ကို အုပ်ထားရင်း သူမ၏မျက်ခုံးနှင့် မျက်လုံးများက ကွေးတက်သွားတော့သည်။

ရှန်ဖုန်းမင်က သူမကို သည်လိုတွေ့လိုက်ရသောအခါ သူ့မျက်လုံးထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်သွားလေသည်။

လင်ယွိပိုင်က ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီးနောက် ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။ ဘာလို့များ ခံစားရတဲ့သူက သူချည်းပဲ အမြဲတမ်းဖြစ်နေတာလဲ။

ကျန်းယွင်ကျူးသည် သူ့တုံ့ပြန်ပုံကြောင့် အလွန်သဘောကျသွားပြီး ပိုပြီးအော်ရယ်ချင်သွားတော့သည်။ လင်ယွိပိုင်ကို လူပြက်တစ်ယောက်လို မြင်မိတော့သည်။

လင်ယွိပိုင်က လက်မလျှော့ချင်သေးပေ။ ထို့ကြောင့် သူက အိမ်ပြန်ရောက်လျှင် ဆရာတစ်ယောက် ရှာပြီး သိုင်းပညာလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သိုင်းပညာ လေ့ကျင့်ပြီးရင်တော့.... သူက ရှန်ဖုန်းမင်ကို ထပ်ပြီး လှမ်းကြည့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူသည် ချီလင်သက်တော်စောင့်တပ်ထဲ ဝင်ချင်သွားတော့သည်။ သူ အဲဒီနေ့က မြို့တော်မှာ ချီလင်သက်တော်စောင့်တွေကို တွေ့လိုက်တုန်းက သူတို့တွေက အရမ်းကို သတိရှိပြီး သူရဲကောင်းဆန်လိုက်တာ။ ကောင်းကင်နဲ့ မြေကြီးကြားက အရှိန်အဝါထဲမှာ ကြောက်ရွံ့တယ်ဆိုတာအပြင် တကယ်တော့ သူ့စိတ်ထဲမှာ ပိုပြီးတော့တောင် လေးစား အားကျခဲ့မိသေးတယ်။

အဲဒီတုန်းကတော့ သူတို့တွေက သူနဲ့ အလှမ်းကွာလွန်းတယ်လို့ ခံစားမိခဲ့တာလေ။

အခုတော့ သူက အဲလိုလူမျိုး ဖြစ်ချင်သွားပြီ။ လူသောင်းချီရှိနေပေမဲ့လည်း သူကတော့ ရှေ့ကို ဆက်ပြီးချီတက်ရမယ်။ ဒါကမှ တကယ့်ယောက်ျားစစ်စစ်လေ။

သူ့သွေးများသည် တစ်ဖန် ဆူပွက်လာတော့သည်။

သူ့ပုံစံက သူသည် ရှန်ဖုန်းမင်၏ ယောက်ျားလေးဖန်တစ်ယောက် ဖြစ်လာသယောင်။ သို့သော် ထိုအကြောင်းပြောရမည်ဆိုလျှင် ရှန်ဖုန်းမင်၏လှုပ်ရှားများက အထင်ကြီးစရာပင်။ ကျန်းယွင်ကျူးသည် ခေါင်းခါလိုက်ပြီး သူ့အိပ်မက်ကို မနှောင့်ယှက်တော့ပေ။

သည်အချိန်တွင် ရှဲ့ချန်နှင့် ချင်ယောင်းတို့သည် အပြင်မှ ဝင်လာခဲ့ကြသည်။ သည်ကိစ္စ ဖြစ်သွားပြီးသည့်နောက်တွင် နှစ်ယောက်ကြားက ဆက်ဆံရေးသည် ခြေတစ်လှမ်း ပိုနီးကပ်လာသယောင်။

သူမနှင့် ရှန်ဖုန်းမင်သာ ထိုနေ့ကရောက်မသွားခဲ့လျှင် ဖြစ်ပျက်သွားမည့် အကြောင်းအရာကို ကျန်းယွင်ကျူးမှာ စဥ်းမစားရဲတော့ပေ။ လင်ယွိပိုင် သေသွားနိုင်တယ်လေ။ ဒါက အိပ်မက်ထဲက အကြောင်းအရာလား ဆိုတာမသိပေမဲ့ ရှဲ့ချန် သေချာပေါက် ရူးသွားနိုင်တယ်။ သူ ရှဲ့ယုံကိုတောင် သ-တ်ပစ်ချင် သ-တ်ပစ်လိမ့်မယ်။ ဒါဆိုရင်တော့.... သူ့ဘဝက ပျက်စီးသွားတော့မှာပဲ။

ပြီးတော့ ချင်ယောင်းနဲ့ ရှဲ့လျန်။

ဘာမှ မဖြစ်ခဲ့လို့ တော်ပါသေးရဲ့။

“မိန်းကလေးကျန်းနဲ့ လူကြီးမင်းရှန်တို့ကို ကျေးဇူးတင်ပါတယ်”

ချင်ယောင်းက ကျန်းယွင်ကျူးကို ဦးညွှတ်လိုက်လေသည်။ သူမသည် သူတို့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။ စကားပြောလိုက်ပြီးနောက် သူမက သူမ၏အင်္ကျီလက်ထဲက ပစ္စည်းနှစ်ခုကို ထုတ်ကာ ကျန်းယွင်ကျူးကို ကမ်းပေးလိုက်၏။

“ဒါက ကျွန်မရဲ့စိတ်ရင်းလေးပါ”

ထိုပစ္စည်းနှစ်ခုကို ဖွင့်လိုက်ပြီး ကျန်းယွင်ကျူးက အပေါ်ယံတစ်ချက် ကြည့်လိုက်လေသည်။ လုပြည်နယ် ချင်ဖုန်းလမ်းပေါ်က အိမ်နှင့် မြေစာချုပ်တစ်ခု ဖြစ်နေသည်။

ချင်ယောင်းက ရှင်းပြလိုက်၏။

“ ဒါက ကျွန်မနာမည်အောက်က မြေပါ၊ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖို့ သင့်တော်ပါတယ်၊ မိန်းကလေးက....”

ကောင်းရော။ ချင်ယောင်းက သူမ သိတဲ့ချင်ယောင်းနဲ့ တစ်ပုံစံထဲပဲ။ အိပ်မက်ထဲမှာလည်း ချင်ယောင်းက သူမကို ဘာမဆို ပေးချင်ခဲ့တယ်။ အခုလည်း အဲလိုပဲ။ သူမ တစ်ချက်လောက် လှုပ်ရှားလိုက်တာနဲ့ လုပြည်နည်ယ်မှာ ဆိုင်တစ်ခု ရှိလာတော့မှာလား။ ပြီးတော့ စားသောက်ဆိုင်ဖွင့်နိုင်တဲ့ ဆိုင်တစ်ခု။ ဒါဆို အများကြီးတန်ဖိုးရှိမှာပဲ။

ကျန်းယွင်ကျူးက လက်မခံခဲ့ပေ။ သူမသည် သည်ကိစ္စအတွက်တော့ ကူညီခဲ့ခြင်းမဟုတ်ပေ။

ချင်ယောင်းက စာချုပ်ကိုပေးချင်သော်လည်း ကျန်းယွင်ကျူးက မလိုချင်။ နှစ်ယောက်သားက အချိန်တစ်ခုအထိ တွန်းလိုက် ဆွဲလိုက်ဖြစ်နေတော့သည်။ လင်ယွိပိုင်က ပြောလိုက်၏။

“အားယောင်း ရှိပါစေတော့”

သူ့လက်ဆောင်ဘူးနှစ်ခုတောင် အဲမှာပဲရှိနေတယ်လေ။ ဘယ်သူမှ ဂရုမစိုက်ဘူး။ ကျန်းယွင်ကျူးက သူတို့ကို ဒါတွေအတွက် ကူညီပေးခဲ့တာမဟုတ်လေ။

ချင်ယောင်းသည် ရင်ထဲ ထိသွားပြီး ထိုပစ္စည်နှစ်ခုကို ပြန်သိမ်းထားလိုက်တော့သည်။

“ မိန်းကလေးကျန်းနဲ့ လူကြီးမင်းရှန်တို့ကို ကျေးဇူးတင်ပါတယ်”

ရှဲ့ချန်က သူတို့နှစ်ယောက်ကို ပြောလိုက်၏။ သူ့မှာ အခုလောလောဆယ် သူတို့ကို ကျေးဇူးပြန်ဆပ်ဖို့ ဘာမှမရှိသေးလေဘူး။ ဒီတော့ ဒီကျေးဇူးကို စိတ်ထဲမှာပဲ မှတ်ထားနိုင်တော့တယ်။

ရှဲ့ယုံသည် သူ့ကျန်သည့်ဘဝကို ထောင်ထဲမှာသာ နေရပေတော့မည်။ ရှဲ့ချန်သည် အခုတော့ အများကြီး စိတ်အေးသွားတော့သည်။ သို့သော် သူ့မျက်ခုံးများက ကျုံ့ထားဆဲဖြစ်ပြီး သူ့စိတ်ထဲတွင် တစ်ခုခု ရှိနေသည့်နှယ်။

“ ရှင် ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ” ကျန်းယွင်ကျူးက သူ့ကို မေးလိုက်၏။

ချင်ယောင်းလည်း ထိုစကားကို ကြားပြီး သူ့ကို ကြည့်လိုက်လေသည်။

ရှဲ့ချန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး

“ ကျွန်တော် မြို့တော်ကို သွားဖို့ ၄လပိုင်းအထိ စောင့်ဖို့ စဥ်းစားထားပါတယ်၊ သူဌေးကျန်း အားလျန်နဲ့ ကျွန်တော်....”

“ နှစ်ယောက်လုံး အလုပ်ပြန်လာလုပ်ကြပေါ့”

ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။ ထိုသို့ဆိုလျှင်တောင် သူသည် ရက်၂၀လောက်သာ အလုပ်လုပ်နိုင်လိမ့်မည်။

“ကျေးဇူးတင်ပါတယ် သူဌေးကျန်း” ရှဲ့ချန်က ကျေးဇူးတင်စကားပြောလိုက်ပြီး သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်သည်။

ကျန်းယွင်ကျူးက လက်ခါပြလိုက်သည်။ သူမက လက်ဖက်ရည်ဆိုင်အသစ်ဖွင့်ထားတာ အခုလောလောဆယ် ဝန်ထမ်းလိုနေတယ်လေ။ သူတို့တွေ ပြန်လာမယ်ဆိုရင် ဝမ်းသာစရာပဲပေါ့။

ရှဲ့ချန်က ရှဲ့လျန်ကို သွားကြိုဖို့ ချက်ချင်း ပြန်သွားလိုက်တော့သည်။ ထို့နောက်တွင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က မီးဖိုဆောင်ထဲ သွားလိုက်ပြီး ကျန်တစ်ယောက်က စာရင်းစာအုပ်ကို ကောက်ကိုင်ကာ အလုပ်စလုပ်လိုက်ကြတော့သည်။

ချင်ယောင်းနှင့် လင်ယွိပိုင်တို့သည် ဘေးတွင် ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်အိုးနှင့် မုန့်နှစ်ပွဲမှာ လိုက်ကြလေသည်။

“အားယောင်း နင် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား”

လင်ယွိပိုင်က မျက်မှောင်ကျုံ့ကာ ချင်ယောင်းကို မေးလိုက်၏။ သူသည် ရှဲ့ချန်အကြောင်း ပြောနေခြင်းပင်။

ချင်ယောင်းက သူ့ကို ကြည့်လိုက်သည်။ တကယ်တော့ သူမအပေါ် သူ့ခံစားချက်တွေကို ခပ်ရေးရေးလေး သတိထားမိသားပဲ။ ဒါပေမဲ့ သူတို့တွေက အတူတူ ကြီးလာခဲ့ကြတာလေ။ သူတို့တွေ အတူတူ ရှိနေတဲ့အချိန်ဆိုရင် သူတို့တွေကို တွေ့တဲ့လူတိုင်းက သူက သူမထက်ပိုချောပြီး သူတို့အားလုံးက သူ့ကို သဘောကျကြတယ်လေ။ သူမအမေ အပါဝင်ပေါ့.... တကယ်တော့ သူမက ကလေးဘဝကတည်းက သူ့ကို အမုန်းဆုံးပဲ။

ဒါပေမဲ့ သူက သူမအပေါ် ကောင်းတယ်။ သူမ လိုချင်တာမှန်သမျှ ပေးခဲ့တယ်။ သူမအတွက် ကိစ္စမျိုးစုံတောင် လုပ်ပေးခဲ့သေးတယ်။

တဖြည်းဖြည်း ကြီးလာတော့ သူမက သူ့ကို ထပ်မမုန်းမိတော့ဘူး။ ဒါပေမဲ့ သူမက သူ့ကို မချစ်နိုင်ဘူး။

ရှဲ့ချန်ကျတော့ မတူဘူး။ သူ့ကို ပထမဆုံးတွေ့လိုက်တဲ့အချိန်မှာပဲ သူမ ဒါကို သိခဲ့တာ။

“ယွိပိုင်....” ချင်ယောင်းက ပြောဖို့အရေး တွေဝေနေမိလေသည်။

လင်ယွိပိုင်က ရယ်မောလိုက်၏။ သူ အဖြေကို သိပါတယ်။ ဒါကြောင့်လည်း သူမ အမြဲတမ်း ပျော်ရွှင်နိုင်ဖို့ပဲ မျှော်လင့်ခဲ့တာပေါ့။ သူ့လက် တွဲထားတဲ့ လူကို မခံစားရစေချင်ဘူးလေ။

“ ငါတို့တွေက နောက်ဆိုလည်း သူငယ်ချင်းတွေပဲ ဖြစ်နေအုံးမှာ ဟုတ်တယ်မလား” သူက မေးလိုက်၏။

ချင်ယောင်းက ခေါင်းညိတ်လိုက်လေသည်။ ထာဝရ သူငယ်ချင်း။

“ အို ၅လပိုင်းကျရင် သူ တော်ဝင်စာမေးပွဲမှာ အောင်ပါ့မလားမသိဘူး၊ တကယ်လို့ သူ စာမေးပွဲကျခဲ့ရင်ကော” လင်ယွိပိုင်က သက်ပြင်းချလိုက်လေသည်။

ချင်ယောင်းသည် ထိုစကားကို ကြားလိုက်တော့ မျက်မှောင်ကျုံ့သွားတော့သည်။

သည်ဘက်တွင် ကျန်းယွင်ကျူးက ကောင်တာနောက်တွင် ရပ်ရင်း တစ်ချက်လှမ်းအကြည့်တွင် ခြံထဲက မက်မွန်ပန်းများ ပွင့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမ မသိလိုက်ခင်မှာပဲ နွေဦးက ရောက်နှင့်နေပြီပဲ။ ဆိုင်က ချင်းနို့ပူတင်း ရောင်းအားကျသွားတာ မဆန်းတော့ပါဘူး။ ကြည့်ရတာ ဟင်းပွဲအသစ်လုပ်ဖို့ အချိန်ကျပြီ ထင်ပါတယ်။

သူမက စဥ်းစားလိုက်စဥ်မှာပင် ရှန်ဖုန်းမင်က လျှောက်လာခဲ့လေသည်။

သူသည် အရပ်မြင့်သူဖြစ်သည်။ သူမနှင့်အတူ ကောင်တာနောက်တွင် ရပ်လိုက်တော့ သူသည် သူမကို သည်ကျဥ်းမြောင်းသည့် နေရာလေးထဲတွင် ပိတ်ထားသလို ခံစားလိုက်တော့သည်။

ကျန်းယွင်ကျူးက ကောင်တာကို မှီလိုက်ပြီး

“လူကြီးမင်းရှန်”

“ ကျွန်တော် မင်းကို ပြောစရာရှိလို့ပါ” ရှန်ဖုန်းမင်က ပြောလိုက်၏။

“ဘာလဲဟင်” ကျန်းယွင်ကျူးက မေးလိုက်၏။

ရှန်ဖုန်းမင်က စာရင်းလုပ်နေသည့် ရှဲ့ချန်ကို ကြည့်လိုက်ပြီး

“ ရှဲ့လျန် အကြောင်းပါ”

ထိုနေ့က ထိုကိစ္စ ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် သူသည် ရှဲ့ယုံကို နည်းနည်းပါးပါး လေ့လာကြည့်ခဲ့သည်။ ကျန်းယွင်ကျူးနှင့် ရှဲ့ချန်တို့က ထိုအကြောင်းကို သိသေးပုံမရပေ။

ရှဲ့လျန်။ ကျန်းယွင်ကျူးသည် ထိုနေ့က ရှဲ့လျန် သူမကို အကူအညီတောင်းခဲ့သည့်အချိန်ကို ရုတ်တရက် သတိရသွားတော့သည်။ သူမက စကားပြောတတ်တဲ့ပုံပါပဲ။ အခြေအနေက အရေးကြီးနေတာ။ သူ အံ့ဩသွားခဲ့ပေမဲ့ အဲဒီအကြောင်း ပြောဖို့ အချိန်မရခဲ့ဘူး။ ဒီတော့....

“ဘာကိစ္စလဲဟင်” သူမသည် လေးနက်သွားတော့သည်။

ရှန်ဖုန်းမင်သည် ရှဲ့ယုံက ရှဲ့လျန်အပေါ် လုပ်ခဲ့သည့်အရာကို အလွန်မှ မပေါ်လွင်သည့် စကားလုံးများကိုသုံးကာ ပြောပြလိုက်သည်။ အမှန်တော့ သူက ဒီလိုညစ်ညမ်းတဲ့ အကြောင်းတွေနဲ့ သူမရဲ့နားကို မညစ်ပေစေချင်ပါဘူး။ ဒါပေမဲ့ သူမကို ပြောပြသင့်တယ်လို့ ထင်တယ်လေ။

ကျန်းယွင်ကျူးသည် ထိုအကြောင်းကို ကြားလိုက်ချိန်တွင် အလွန်မှ ဒေါသထွက်သွားတော့သည်။ ဒီရှဲ့ယုံက တိရိစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ သူ့ကို ထောင်ထဲသွားခိုင်းလိုက်တာက နည်းတောင်နေသေးတယ်။

သူမ၏တုံ့ပြန်ပုံက ရှန်ဖုန်းမင် မျှော်လင့်ထားသည့်အတိုင်းပင်။ သူမသည် သူမ၏မျက်နှာကို မအုပ်လိုက်သလို ထွက်မပြေးသွားချေ။ အကြောင်းမှာ သူမသည် သည်လိုဆိုးရွားသည့်အကြောင်းကို ကြားလိုက်သောကြောင့် မဟုတ်လျှင် သူက ရိုင်းသွားသည်ဟု ထင်သွားသောကြောင့်ဖြစ်ပေမည်။ သူမသည် ရှဲ့လျန်အတွက် မတရားဟု ခံစားနေမိခြင်းသာ။

ရှန်ဖုန်းမင်သည် ထိုထက်ဆိုးသည့်ကိစ္စများကို အကြိမ်ကြိမ်တွေ့ဖူးခဲ့သဖြင့် သူသည် ကျန်းယွင်ကျူးလောက်တော့ ဒေါသမထွက်တော့ပေ။

ကျန်းယွင်ကျူးသည် စိတ်တည်ငြိမ်သွားအောင် အချိန်တော်တော် ယူလိုက်ရသည်။ သူမသည် အနည်းငယ် အတွေးများသွားတော့သည်။ သူမ ဒီအကြောင်းကို ရှဲ့ချန်ကို ပြောပြလိုက်ရမလား။ သူ ၅လပိုင်းမှာ စာမေးပွဲဖြေရအုံးမယ်။ အခုချိန်မှ သူ့ကို ဒီအကြောင်း ပြောပြလိုက်ရင် ရှဲ့လျန်ကို ကောင်းကောင်းမကာကွယ်ပေးနိုင်လို့ နောင်တရပြီး သူ့ကိုယ်သူ သေချာပေါက် အပြစ်တင်ပြီး ရှဲ့ယုံကို မုန်းတီးနေတော့မှာပဲ။

ဒါက စာမေးပွဲကို သေချာပေါက် ထိခိုက်လိမ့်မယ်။

ဒါပေမဲ့ သူ့ကို မပြောပြပြန်ရင်လည်း....

“ ကျွန်မတို့ ဒီအကြောင်းကို ရှဲ့ချန်ကို ပြောပြသင့်တယ်လို့ထင်လား” ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို ရုတ်တရက်မေးလိုက်လေသည်။

“ ကြည့်ရတာ ဒီကိစ္စကို ရှဲ့လျန်ကပဲ ဆုံးဖြတ်သင့်တယ်ထင်တယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ကျူး၏ စိတ်တို့သည် ချက်ချင်း ရှင်းလင်းသွားတော့သည်။ ဟုတ်သားပဲ။ ဒီကိစ္စကို ဆုံးဖြတ်ဖို့ သူမမှာ ဘာအခွင့်ရှိလို့လဲ။ ရှဲ့လျန်ကိုပဲ လွဲထားလိုက်ပါမယ်။

“ သူ့ကြည့်ရတာ စကားပြောနိုင်တယ်ထင်တယ် ဒါပေမဲ့ စကားမပြောရဲတာ” ကျန်းယွင်ကျူးက ပြောလိုက်၏။

“အင်း”

“ ကျွန်မ သူနဲ့စကားပြောပြီး အချိန်တစ်ခု စောင့်ကြည့်လိုက်ပါအုံးမယ်”

“ မင်း အကူအညီလိုသေးလား” ရှန်ဖုန်းမင်က မေးလိုက်သည်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို အံ့ဩတကြီး ကြည့်လိုက်လေသည်။ သူက ကူညီနိုင်တယ်တဲ့လား။ ဒီကလေးမလေးကို မျက်ရည်တွေထွက်အောင် မခြောက်လှန့်တာပဲ ပိုကောင်းပါတယ်နော်။

ရှန်ဖုန်းမင်သည် အမှန်ပင် ကူညီနိုင်လေသည်။ ဌာနတွင် စိတ်ပိုင်းဆိုင်ရာခုခံမှုရှိသူများကို အထူးရည်ရွယ်ထားသည့် နည်းလမ်းတစ်ခု ရှိသည်။ လုပ်ငန်းစဥ်က သေချာပေါက် အဆင်ပြေပြေ ဖြစ်လိမ့်မည်မဟုတ်သည်ကတော့ အမှန်ပင်။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ ထားလိုက်ပါလေ။ ကလေးမလေးက နဂိုကတည်း သနားစရာကောင်းနေပြီ။

နှစ်ယောက်သားသည် ကောင်တာနောက်တွင် တီးတိုးစကားပြောနေကြလေသည်။ လင်ယွိပိုင်၊ ချင်ယောင်းနှင့် ရှဲ့ချန်တို့အားလုံးက တွေ့လိုက်ကြသည်။ တချို့က အားကျသွားပြီး တချို့က စိုးရိမ်သွားကြတော့သည်။ သို့တိုင် သူတို့အားလုံးက အလိုလိုနားလည်မှုဖြင့် အကြည့်လွှဲလိုက်ကြလေတော့သည်။

All Chapters