← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အပိုင်း (၇၀)

ထိုအခါမှ ကျန်းယွင်ကျူးသည် နွေဦးဝင်လာချိန်၌ လူများက တောထွက်ဟင်းရွက်များကို လာရောင်းကြည့်မည်ကို သတိထားမိသွားတော့သည်။

“ မိန်းကလေး ဒါတွေက ဒီမနက်ကမှ လတ်လတ်ဆတ်ဆတ်ခူးလာတဲ့ တောထွက်ဟင်းရွက်တွေပါ၊ မိန်းကလေး လိုချင်တယ်ဆိုရင် စျေးပေါပေါနဲ့ ရောင်းပေးပါမယ်” အမျိုးသမီးကျန်းက ခြင်းထဲက တောထွက်ဟင်းရွက်များက ကျန်းယွင်ကျူးအား တောင်းပန်တိုးလျှိုးဟန်ဖြင့် ပြလိုက်လေသည်။

သူမသည် ကျန်းကျွမ်းရွာ သူတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်က သူ့ယောကျ်ားသည် နေမကောင်းဖြစ်ကာ ဆုံးပါးသွားခဲ့သည်။ ကျန်ရစ်သူမိသားစုများမှာ သက်ကြီးရွယ်အိုနှင့် ကလေးများသာ ဖြစ်လေသည်။ မတတ်နိုင်တော့ဘဲ သူမသည် သည်တောထွက် ဟင်းရွက်များကို တူးပြီး ဝယ်ချင်သူ ရှိလိုရှိငြား မြို့သို့ တက်လာခဲ့ခြင်းပင်။

ချီရှန်းကျွီသို့ မလာခင် သူမသည် နေရာများစွာသို့ သွားခဲ့လေသည်။ သို့သော် ဘယ်သူကမှ သူမ၏တောထွက် ဟင်းရွက်များကို မဝယ်ကြပေ။

လူချမ်းသာများက တောထွက်ဟင်းရွက်များကို အထင်သေးကြသည်။ သာမန်လူများက သူတို့စားချင်လျှင် မြို့ပြင်တွင် သွားတူးလို့ရသည်။ အဘယ်မှာ ဝယ်စရာမလိုပါမည်နည်း။

အမျိုးသမီးကျန်းမှာ စိတ်ဓာတ်ကျလာတော့သည်။

တောထွက်ဟင်းရွက်များက လတ်ဆတ်ပြီး နုဖတ်ကာ စိမ်းစိုနေလေသည်။ တစ်ခုစီက လက်တစ်ဖဝါးစာလောက်သာ ရှည်ပြီး နှင်းစက်များ တင်ကျန်နေသည်။ ကျန်းယွင်ကျူးသည် မြင်မြင်ချင်း သဘောကျသွားတော့သည်။ ဆောင်းကုန်လျှင် နေ့တိုင်းက မုန်လာထုပ်နှင့် မုန်လာဥဖြူများသာ ရှိသည်။ နောက်ဆုံးတော့ အစိမ်းရောင် ဟင်းရွက်များ ရလာခဲ့ပြီ။

“ ဘာဟင်းရွက်တွေပါလဲ” သူမက မေးလိုက်၏။

“ ဒီနေ့ တောင်အော်ရွက် ၊ တောနံနံ နဲ့ ပရန္နဝါရွက် ပဲ ခူးလာတယ်၊ မိန်းကလေး တစ်ခုခုလိုချင်ရင် ဘာလိုချင်လဲ ပြောလိုက်လေ၊ မိန်းကလေးအတွက် ချက်ချင်းခူးလာပေးမယ်” အမျိုးသမီးကျန်က ကတိုက်ကရိုက်ပြောလိုက်လေသည်။

သူမက ထိုသို့ပြောလိုက်တော့ ကျန်းယွင်ကျူးသည် အရသာရှိသည့်အစားအသောက်များကို သတိရသွားတော့သည်။

“အခု ကောက်ရိုးနွယ်၊ ရှန်းချွန်း၊ လျိုယာ နဲ့ ယွိပိုင်ပိ တို့ရောပါလား”

“အဲဒါတွေက နှစ်ရက်လောက် စောင့်ရအုံးမယ်၊ အခုလောလောဆယ် ပဲပန်းတွေတော့ ရှိတယ်”

ပဲပန်းလည်း ရတယ်လေ။

“ဒါတွေက ဘယ်လောက်လဲ”

ကျန်းယွင်ကျူးက ခြင်းထဲက ဟင်းရွက်များကို ညွှန်ပြကာ မေးလိုက်၏။

အမျိုးသမီးကျန်က အလွန်မှပေါသည့်စျေးတစ်ခုကို ပေးလိုက်လေသည်။ သည်တစ်ခြင်းလုံးမှ ၈ဝမ်သာ ကျသည်။

ကျန်းယွင်ကျူးက သူမကို ၁၀ ဝမ် တန်းပေးလိုက်ပြီး မနက်ဖြန်လည်း တောထွက်ဟင်းရွက်များကို လာပို့ပေးဖို့ ပြောလိုက်တော့သည်။ ဟုတ်တယ်။ သူမ ရှန်းချွန်းနဲ့ လျိုယာဖူး ကိုလည်း လိုချင်သေးတယ်။

“ ကောင်းပါပြီ မနက်ဖြန် သေချာပေါက် လာပို့ပေးမယ်နော်၊ မိန်းကလေး ကျေးဇူးပြုပြီးတော့ တခြားသူဆီက မဝယ်လိုက်ပါနဲ့နော်” အမျိုးသမီးကျန်းက ကတိုက်ကရိုက် ပြန်ပြောလေသည်။

အခုတော့ ၁၀ ဝမ် ဆိုသည်မှာ ကျန်းယွင်ကျူးအတွက် ဘာမှမဟုတ်တော့ပေ။ သို့သော် သည်အမျိုးသမီးအတွက်တော့ အသက်ရှင်ဖို့ ကယ်တင်ရာဖြစ်လေသည်။

အမျိုးသမီးကျန်းက ဝမ်းသာစွာ ထွက်သွားလေသည်။ လီဟယ်က ထိုဟင်းရွက်များကို မီးဖိုဆောင်သို့ သယ်သွားလိုက်သည်။

“ သူဌေး ဒီဟင်းရွက်ကို ရောင်းလို့ရလို့လား”

ရွှယ်ကျင်းက တောင်အော်ရွက်တစ်ရွက်ကို ကောက်ယူလိုက်ကာ မေးလိုက်၏။ သူတို့ဆိုင်ကို လာခဲ့သူတွေအားလုံးက အိမ်မှာ ငွေပေါကြတဲ့ သခင်လေး သခင်မလေးတွေလေ။ သူတို့တွေက ဒီလိုအစားအသောက်မျိုးကို ကြိုက်ပါ့မလား။ သူတောင်မှ မစားချင်ဘူး။ အရင်က စားစရာမရှိတုန်းကတော့ ဒါကို မုန်းလောက်အောင် စားခဲ့ရတယ်လေ။

သူသည် ထိုအရွက်ကို မြင်လိုက်သည်နှင့် ချက်ချင်း ဗိုက်အောင့်လာသလို ခံစားလိုက်ရတော့သည်။

လီဟယ်၊ အမျိုးသမီးဟွမ်နှင့် တခြားသူများက သည်တောထွက်ဟင်းရွက်များကို စိတ်မဝင်စားခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ရွေးချယ်ခိုင်းလျှင် အသားနှင့် ထမင်းဖြူက အကောင်းဆုံးဖြစ်လိမ့်မည်။ သူတို့သည် ဒါကို နေ့တိုင်းစားရသော်လည်း ရိုးသွားလိမ့်မည်မဟုတ်ပေ။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သူတို့ဆိုင်ကိုလာတဲ့ အထူးဧည့်သည်အဖွဲ့ကြောင့်ကို ဒီဟင်းရွက်တွေက ရောင်းထွက်အုံးမှာ အသေအချာပဲ။ ခေတ်သစ်အကြောင်း ပြန်စဥ်းစားကြည့်ရင် လူတွေက ဒါတွေကို စားချင်ရင်တောင် သွားမခူးနိုင်ဘူးလေ။

ဒါပေါ့။ သူမက ဒီဟင်းရွက်တွေကို စားပွဲပေါ်မှာ တည်ခင်းချင်တယ်ဆိုရင်တော့ သေချာ ပြင်ဆင်ထားရမှာပေါ့။

ဒီ ပရန္နဝါရွက်လိုပဲလေ။ သူ့ကို အပိုင်းပိုင်းလေး ဖြစ်အောင် ခုတ်၊ အသားအစားလေးထည့်ပြီး နှံ့နေအောင် ရောထားလိုက်။ ပြီးရင် သူ့ကို ပဲပြားနဲ့လှိပ်ပြီး ပုံပေါ်လာအောင် ဆီအိုးထဲ ထည့်ကြော်ပြီး ပြန်ထုတ်၊ သူ့ကို ထောင့်ဖြတ်လေးလှီးပြီး အပေါ်ယံအသား ရွှေရောင်သန်းလာတဲ့အထိ ဆီအိုးထဲမှာ နှစ်ပြီးကြော်လိုက် ရုံပဲ။

ပြီးရင် ပန်းကန်ပြားတစ်ခုထဲထည့်ပြီး ပန်းမျှော်စင်တစ်ခုလို အလှဆင်ထားလိုက်။ ဒီနေရာမှာ ချိုချဥ်ဟင်းရည်တစ်အိုးလုပ်ပြီး အပေါ်ကနေလောင်းချလိုက်။

ရွှန်းစိုနေသည်တဲ့ဟင်းရည်ကို ပန်းတွေပေါ် အစက်ချချထားလိုက်။ ပရန္နဝါရွက်က စိမ်းကြည်ကြည်လေး နဲ့ ပဲပြားအသားက ရွှေဝါရောင်လေးလေ။ ပြီးရင် မုန်လာဥဖြူကို ပန်းပွင့်ပုံ နှစ်ခုလောက်ဖော်ပြီး ပန်းကန်ပြားပေါ် တင်ထားလိုက်။ ဒီဟင်းလျာက ချက်ချင်း ထူးခြားလာလိမ့်မယ်။

လီဟယ်နှင့် အမျိုးသမီးဟွမ် နှစ်ယောက်လုံးက ဆွံ့အသွားတော့သည်။ တောဟင်းရွက်တွေက ဒီလိုပုံစံမျိုး ဖြစ်လာနိုင်တယ်လား။ အသားအပြင် ဆီနှစ်ကြော်ထားတာလည်း ပါသေးတယ်။ သူတို့တွေ ဒီလို တောဟင်းရွက် ပန်းကန်ကြီးတစ်လုံးကိုလောက်တော့ အသာလေး စားနိုင်တယ်လေ။

“ဒါက တကယ်တော့ တောဟင်းရွက်ရဲ့အရသာကို နည်းနည်းပျက်သွားစေတယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ ဒါပေမဲ့ လူတွေက တောဟင်းရွက်ကို ကြိုက်တယ်လို့ ပြောကြပေမဲ့လည်း သူတို့အားလုံးက သူတို့တကယ်ကြောက်တဲ့အရာအပေါ် သဘောကျတာကို ဝန်ခံနေကြတာပဲလေ။ ပင်ကိုအားဖြင့်တော့ တောဟင်းရွက်တွေတိုင်းမှာ ထူးခြားတဲ့အရသာတစ်ခု ရှိပြီးသားပဲ။ သူ့ကို မချက်ဘဲ စားပွဲပေါ်တင်ပြီး ဧည့်ခံလိုက်မယ်ဆိုရင် လူနည်းနည်းပါးပါး လောက်ပဲ စားကြမှာပေါ့။ အားလုံးက ဒါကို သာမန်ဟင်းလျာတစ်ခုထဲ ဘာလို့ ထည့်နေမှာလဲ။

ဒါကလည်း အရမ်းကို ကောင်းပြီးသားပဲ။ နွေဦးရဲ့အရသာကို ပေးရုံမကဘူး လျှာအရသာကိုလည်း စောင့်ရှောက်ပေးတယ်လေ။

နောက်တစ်ခါ ရွှယ်ကျင်းသည် ကျန်းယွင်ကျူးက တောင်အော်ရွက်တိုဟူးကို အသားရည်ပျစ်ပျစ်ချက်နှင့် တောနံနံကို ကြက်သားမွှာထဲ ရောထည့်လိုက်ပြီး အပေါ်မှာငရုတ်ဆီပူပူ ဇွန်းကြီးတစ်ဇွန်းကို ဖြန်းလိုက်လေသည်....

သည်နေ့ ချီရှန်းကျွီသည် ဟင်းပွဲ လေး၊ ငါးမျိုးကို အသစ်မိတ်ဆက်လိုက်သည်။ ပရန္နဝါရွက်ကော်ပြန့်၊ တောင်အာရွက်တိုဟူးဟင်းရည် နှင့် တောနံနံသုပ် စသည်တို့ဖြစ်သည်။

သည်သခင်လေးနှင့် သခင်မလေးအများစုသည် သည်တောဟင်းရွက်များကို ကြားဖူးကြသော်လည်း သူတို့ထဲတွင် စားဖူးသူက မရှိသလောက်ပင်။

နွေဦးရာသီမှာ တောဟင်းရွက်ကို စားပေးရမယ်တဲ့။ ဘယ်သူက ဒီလိုပြောသွားလဲတော့ မသိလေဘူး။ အားလုံးက မြည်းစမ်းကြည့်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ကြတော့သည်။

ပရန္နဝါရွက်ကော်ပြန့်။ ဒီဟင်းက အရောင်သွေးစုံတယ်။ နွေဦးရဲ့အရောင်လိုပဲ။ တစ်ကိုက် စားကြည့်လိုက်။ ကျွပ်ကျွပ်လေးနဲ့ အရသာရှိလိုက်တာ။ အပြင်က ချိုချဥ်အရသာဟင်းရည်က ပဲပြားပေါ်ယံလွှာ၊ အစားသွပ်ထားတဲ့အသားနဲ့ ပရန္နဝါရွက်တို့ရဲ့ အရသာနဲ့ ပြီးပြည့်စုံအောင် ရောသွားတယ်။ အရသာရှိလိုက်တာ။

တောင်အော်ရွက်တိုဟူးဟင်းရည်။ ကောင်းကင်ကြီးလို ကြည်လင်နေတာပဲ။ တစ်ငုံလောက် သောက်ကြည့်လိုက်။ အရသာ အရမ်းပြည့်ဝပြီး အရသာရှိနေရော။ နွေဦးရဲ့အရသာပဲ။

ပြီးတော့ တောနံနံနဲ့ရောထားတဲ့ ကြက်သားမျှင်။ စပ်စပ်ကျွပ်ကျွပ်လေး။ တစ်ကိုက်ကိုက်လိုက်တာနဲ့ မရပ်နိုင်တော့ဘူး။

ထို့ကြောင့် သူတို့သည် တောဟင်းရွက်များက အလွန်မှ အရသာရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားကြတော့သည်။ အို ဟုတ်သားပဲ။ အိမ်ကိုလည်း ယူပြန်ပြီး သူတို့မိဘတွေကိုလည်း ကျွေးရမယ်။ ဒါမှ သူတို့လည်း မြည်းကြည့်လို့ရမှာ။

သည်နေ့တောဟင်းရွက် ဟင်းပွဲများသည် အားလုံးဆီမှ တညီတညွှတ်တည်း ချီးကျူးခြင်းကို ခံခဲ့ရသည်။ ဆိုင်၏ဝင်ငွေကလည်း အများကြီး တက်လာခဲ့လေသည်။ တချို့လူများက တောဟင်းရွက်များအကြောင်း ကဗျာပင်စပ်ဆိုခဲ့ကြသည်။ လီဟယ်က ကြည့်နေရင်း ကျန်းယွင်ကျူးကိုသာ လေးစားအားကျရမည်လား၊ သည်လိုဂုဏ်ရောင်တစ်ခုကို ရရှိခဲ့သည့် တောဟင်းရွက်ကိုပဲ တမ်းရမည်လား မသိဖြစ်သွားတော့သည်။

ငွေရှာပြီးနောက် အားလုံးက ဝမ်းသာသွားကြတော့သည်။

ကျန်းယွင်ကျူးက တောနံနံနှစ်စည်းကို တမင်ချန်ထားပြီး နေ့လယ်စာအတွက် ဖက်ထုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူမက ဖက်ထုပ်အတူတူ လုပ်ဖို့ ရှဲ့လျန်ကို ခေါ်လိုက်လေသည်။

အခုတာ့ အနောက်ဘက်ခြံထဲတွင် မီးဖိုဆောင် နှစ်ခုရှိသည်။ တစ်ခုက ပိုကြီးသည်။ ချီရှန်းကျွီ အတွက် အသုံးပြုရန်ထားထားသည်။ ကျန်တစ်ခုကို ပိုငယ်ပြီး မုန့်နှင့် လက်ဖက်ရည်လုပ်ရန်အတွက် သုံးလေသည်။ သည်အချိန်တွင် မီးဖိုဆောင်အကြီးက အလုပ်များနေပြီး မီးဖိုဆောင်အငယ်က တိတ်ဆိတ်နေသည်။

တောနံနံ၏အရသာက ခေတ်သစ် တရုတ်နံနံနှင့်ဆင်တူသည်။ သို့သော် ရေအနီးနားတွင် ပေါက်သောကြောင့် ပိုမွှေးပြီး ကျွတ်ကာ နုသည်။ သေးသေးနုပ်နုပ်လေး လှီးလိုက်ပြီးနောက်တွင် စဥ်းထားသည့်အသားနှင့် ရောလိုက်သည်။ အထူးအနံ့တစ်ခု ထွက်လာခဲ့သည်။ ကြိုက်သူများက အသေကြိုက်ပြီး အရသာကို မကြိုက်သူများကတော့ ဖိနပ်တစ်ဖက်ကို လွှင့်ပစ်သလို မုန်းကြသည်။

ကျန်းယွင်ကျူးက အရသာကို ကြိုက်သည့်လူထဲတွင်ပါသည်။ ထို့ကြောင့် သူမက မြန်မြန်လှုပ်ရှားလိုက်ပြီး မကြာမီ အပိုင်းပုံဖက်ထုပ်လေးတစ်ခုကို ထုပ်လိုက်ပြီး နေရာချထားလိုက်သည်။

ရှဲ့လျန်၏ လှုပ်ရှားမှုများကလည်းက မနှေးချေ။ အချိန်တိုလေးအတွင်းတွင် သူမသည် ဖက်ထုပ်တစ်ခု လုပ်ပြီးသွားခဲ့သည်။

“ ဖက်ထုပ်စားရတာကို ကြိုက်လား” ကျန်းယွင်ကျူးက သူမကို ပုံမှန်အတိုင်း မေးလိုက်၏။

ရှဲ့လျန်က ခေါင်းညိတ်ပြသည်။ သူမအ ဖက်ထုပ်ကို ကြိုက်ပါသည်။

“ ခဏနေ ပိုစားနော်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ရှဲ့လျန်သည် သူမ၏မျက်လုံးများကို ကွေးညွှတ်ထားလိုက်လေသည်။ သူမ ချီရှန်းကျွီနဲ့ ကျန်းယွင်ကျူးကို ချစ်တယ်။

ကျန်းယွင်ကျူးသည် အခြေအနေ ကောင်းသည်ကို ခံစားမိလိုက်ပြီး ပြောလိုက်လေသည်။

“တကယ်တော့လေ အဲဒီနေ့က ညီမလေးက ချင်ယောင်း၊ သခင်လေးလင်နဲ့ ညီမလေးရဲ့အစ်ကိုကိုပါ ကယ်ပေးခဲ့တာ”

ထိုအကြောင်းကို ထုတ်ပြောလိုက်တော့ ရှဲ့လျန်သည် ချက်ချင်း အေးခဲသွားတော့သည်။

ကျန်းယွင်ကျူးက သူမ၏လေသံကို လျှော့လိုက်ပြီး

“ ညီမလေးက အစ်မကို မပြောခဲ့ရင် အစ်မက သူတို့ကို ဘယ်လိုလုပ်ပြီး ကယ်နိုင်ပါ့မလဲ၊ ဒါကြောင့် သူတို့တွေ ကျေးဇူးတင်သင့်တဲ့သူက ညီမလေးပဲ၊ ညီမလေး အဲဒီလူကို ကြောက်တာ အစ်မသိပါတယ် ၊ ဒါပေမဲ့လေ အဲဒီလူက ထောင်ထဲ ရောက်သွားပြီ၊ သူ ညီမလေးကို ဘယ်တော့မှ ဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး”

ရှဲ့လျန်၏မျက်လုံးများသည် နီရဲလာပြီး သူမ၏လက်များက လက်သီးဆုပ်အသွင် တုန်ယင်နေတော့သည်။

ကျန်းယွင်ကျူးက သူမကို မနှိုးဆွပေးသည်မှာ ပိုကောင်းသည်ဟု ခံစားမိလိုက်သည်။ သို့တိုင် သူမက ရှဲ့လျန်ကို တစ်ခုတော့ ပြောပြရပေမည်။

“ အရင်တုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ညီမလေးရဲ့ အမှားမဟုတ်ဘူး။

ညီမလေးက အခု စကားပြောလို့ရပြီ၊ ညီမလေးရဲ့အစ်ကိုပဲဖြစ်ဖြစ် အစ်မပဲဖြစ်ဖြစ် အားလုံးက ညီမလေးကို အလွန်သဘောကျ ကြတယ်လေ”

ထိုသို့ပြောလိုက်ပြီးနောက် ကျန်းယွင်ကျူးက ခေါင်းငုံ့ပြီး ဖက်ထုပ် ဆက်လုပ်နေလိုကလေသည်။

ရှဲ့လျန်က သူမကို ကြည့်လိုက်သည်။ သူမ စကားပြောလို့ရတယ်တဲ့လား။ သူတို့တွေက သူမကို မမုန်းဘူးပေါ့။

ရှဲ့လျန်သည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာတော့သည်။ သို့သော် သူမက စကားပြောဖို့ စိတ်ကူး မရှိသေးချေ။ သူမအတွက် ဒါက အလွန်ခက်ခဲမှန်း ကျန်းယွင်ကျူး သိလေသည်။ ပြောသင့်တာကို သူမ ပြောပြီးပြီလေ။ ကျန်တာကတော့ အချိန်ပဲလိုပါတယ်။

နောက်တစ်နေ့တွင် အမျိုးသမီးကျန်းက ရှန်းချွန်း၊ ကောက်ရိုးနွယ်၊ ပဲပန်း တို့အပြင် နောက်ထပ် တောဟင်းရွက်များ လာပို့ပေးခဲ့သည်။ ထို့ကြောင့် ချီရှန်းကျွီ၏ အစားအသောက်စာရင်းထဲတွင် ဟင်းနည်းနည်းပါးပါး ထပ်ထည့်လိုက်တော့သည်။ လူများ ပိုရောက်လာကြသည်။ အားလုံးက သည်နူးညံ့သည့် တောဟင်းရွက်များကို မြည်းစမ်းချင်ကြလေသည်။

သည်နေ့ ညနေပိုင်း ၁နာရီလောက်တွင် ဆိုင်၌ ဧည်သည်များက တဖြည်းဖြည်းနည်းလာခဲ့သည်။

“တဆိတ်လောက်ပါ၊ ဒီမှာ လူငှားသေးလား၊ ကျွန်တော် ဘာဖြစ်ဖြစ်လုပ်နိုင်ပါတယ်၊ ကျွန်တော့မိသားစု စားသောက်ဖို့ လုံလောက်ရင်ရပါပြီ ငွေအများကြီး မလိုပါဘူး” ပိန်ပိန်းပါးပါး ယောက်ျားတစ်ယောက်က ဆိုင်တံခါးတွင် ရပ်ပြီး လီဟယ်ကို မေးလေသည်။

လီဟယ်သည် သူ့ကို တွေ့လိုက်သောအခါ သူ့ကိုယ်သူ ပြန်စဥ်းစားမိသွားတော့သည်။ ဟိုတုန်းက သူလည်း ဒီလိုပဲလေ။ သူ့မိန်းမနဲ့အမေနဲ့အတူတူ တံခါးမှ ရို့ရို့လေး ရပ်ပြီး တစ်နပ်လောက် အပြည့်စားရအောင် ရှာခဲ့ရတယ်။

“ဒီမှာစောင့်နော်၊ ကျွန်တော် သူဌေးကို သွားမေးလိုက်အုံးမယ်” လီဟယ်က ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်” ထိုလူက ကျေးဇူးတင်စိတ်အပြည့်နှင့် ပြောလိုက်လေသည်။

လီဟယ်က ခြံအနောကဘက်ကို သွားလိုက်ပြီး ထိုအကြောင်းကို ကျန်းယွင်ကျူးအား ပြောပြလိုက်သည်။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ သူမ အခုလောလောဆယ် လူငှားဖို့ အစီအစဥ်မရှိသေးဘူးလေ။

လီဟယ်က ထွက်သွာပြီး ထိုလူကို အကျိုးအကြောင်း ပြောပြလိုက်သည်။

ထိုလူ၏မျက်လုံးထဲ အလင်းရောင်သည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူသည် လီဟယ်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ဒယိုင်းဒယိုင်ဖြင့် ထွက်သွားကာ တစ်ခြားဆိုင်များကလည်း လူခေါ်သလားဟု သွားမေးလိုက်လေသည်။ လီဟယ်သည် ထိုအဖြစ်ကို မသက်မသာကြည့်ရင်း သူသည် ချီရှန်းကျွီတွင် နေနိုင်လောက်အောင် ကံကောင်းသဖြင့် ဝမ်းသာရလေသည်။

နောက်တစ်နေ့ ချာပုလျန် ဆိုင်ဖွင့်ချိန်တွင် ကလေးတစ်ယောက်နှင့်မိန်းမတစ်ယောက်က ဆိုင်ရှေ့တွင် အချိန်အကြာကြီး ရစ်ဝဲနေပြီးမှ ဝင်လာခဲ့လေသည်။

“ စားပွဲထိုးလေ ရှင်တို့ဆိုင်မှာ ဧည့်သည်တွေစားထားတဲ့ အကျန်လေးများ မရှိဘူးလား၊ ရှင် နည်းနည်းလောက် ပေးလို့ရမလား”

အမျိုးသမီးသည် ရှက်လွန်းသဖြင့် ခေါင်းငုံ့ရင်း ပြောလိုက်လေသည်။ သူမသည် သူတောင်းစားတစ်ယောက် မဟုတ်သော်လည်း သူမ၏ကလေးက အစာငတ်ပြီး သေလိမ့်မည်။

လီဟယ်သည် သူမ၏လက်မောင်းပေါ်က ကလေးကို ကြည့်လိုက်၏။ ကလေးက ခေါင်းကြီး ကိုယ်သေးပြီး တစ်နှစ်သားအရွယ်လောက်သာ ရှိသေးသည်ထင်သည်။ သည်အခိုက်တွင် ကလေးက ငိုတော့မယောင် ဖြစ်နေသော်လည်း မငိုပေ။ ခပ်ဖျော့ဖျော့သာ ညည်းညူလိုက်သည်။

“ ဒီကလေးကို ဒီအတိုင်းထားလို့မရဘူးလေ” လီဟယ်က ပြောလိုက်၏။

အမျိုးသမီးက ချက်ချင်း မျက်ရည်များ စီးကျလာတော့သည်။ သူမလည်း ဘာမှမတတ်နိုင်ဘူးလေ။

“ကျွန်တော့်သူဌေးကို အရင်သွားမေးလိုက်အုံးမယ်”

လီဟယ်က ဆိုင်ထဲဝင်သွားပြီး အပြင်ဘက်က ကိစ္စကို ကျန်းယွင်ကျူးအား ပြောပြလိုက်လေသည်။

“ သူတို့ကို မုန့်နဲ့ နို့ ပေးလိုက်ပါ”

ကျန်းယွင်ကျူးသည် တံခါးနားက အမျိုးသမီးကို မြင်လိုက်ပြီး ပြောလိုက်လေသည်။

လီဟယ်က ချက်ချင်း လက်ခံလိုက်သည်။ သူသည် အမျိုးသမီးအတွက် အစာကြေလွယ်သည့် ကြာစွယ်ကိတ်မုန့်တစ်ပန်းကန်ကို သီးသန့်ယူထုတ်လာခဲ့လိုက်သည်။

ဖြူဆွတ်ချိုမြသည့်ကြာစွယ်ကိတ်မုန့်နှင့် နို့နှစ်ခွက်။ အမျိုးသမီးက ထိုအရာကို မြင်လိုက်တော့ လီဟယ်ကို ဒူးထောက်ကာ ကျေးဇူးတင်ချင်လိုက်ချင်တော့သည်။ ဒီလောက်ကောင်းတဲ့ အစားအသောက်ကို သူမက မမက်မောရဲပါဘူး။

“ကျွန်တော်တို့ သူဌေးပေးတာပါ၊ ကျွန်တော် မဟုတ်ပါဘူး” လီဟယ်က သူမကို ထဖို့ပြောလိုက်လေသည်။

အမျိုးသမီးက ကျန်းယွင်ကျူးကို အဝေးမှနေ၍ ယိုင်နဲ့နဲ့ဖြင့် ဦးချလိုက်လေသည်။

“မြန်မြန် စားလိုက်” လီဟယ်က ပြောလိုက်၏။

အမျိုးသမီးက ထလိုက်ပြီး ကြာစွယ်ကိတ်နှင့် နို့ကို ယူလိုက်သည်။ သူမက ကိုယ့်ဟာကိုယ် အစားရဲချေ။ ကလေးကို အရင်ဆုံးကျွေးလိုက်သည်။ ကလေးက နို့သောက်လိုက်ပြီး သူ့လည်ပင်းကို စိတ်အားထက်သန်စွာနှင့် ရှေ့သို့ ဆန့်လိုက်ပြီး ထပ်သောက်ချင်နေလေသည်။

အမျိုးသမီးက သူ သီးသွားမှာစိုးသဖြင့် ဖြည်းဖြည်းချင်း တိုက်လိုက်သည်။

နို့တစ်ခွက် ကုန်သွားပြီးနောက် ကလေး၏ဗိုက်က ဖောင်းလာခဲ့သည်။ ကလေးကတော့ နို့ထပ်သောက်ချင်နေဆဲပင်။

“ ဗိုက်ပြည့်လွန်အောင် မစားနဲ့နော်” လီဟယ်က ပြောလိုက်သည်။ ကြည့်လိုက်ရင်တော့ သူက အရမ်းဗိုက်ဆာနေတာပဲ။ ဆက်လည်း မစားနိုင်တော့ဘူး။

အမျိုးသမီးက ခွက်ကို မြန်မြန်ဖယ်လိုက်၏။

ကြာစွယ်ကိတ်မုန့်တစ်ပန်းကန်နှင့် နွားနို့တစ်ခွက် ကျန်နေသည်။ သူမသည် ကြာစွယ်ကိတ်မုန့်ကို သူမ၏အိတ်ဟောင်းထဲ ထည့်လိုက်ပြီး ကလေးစားဖို့အတွက် သိမ်းထားလိုက်သည်။ နို့ကိုတော့ ယူမသွားနိုင်သဖြင့် သူမက သောက်လိုက်လေသည်။

ခဏလောက် စဥ်းစားလိုက်ပြီးနောက် လီဟယ်က သူ့အင်္ကျီလက်ထဲက ငွေတစ်တွဲကို ထုတ်လိုက်ပြီး သူမကို ပေးလိုက်တော့သည်။

“ကျွန်တော် လုပ်ပေးနိုင်တာလည်း ဒါပဲရှိပါတယ်”

အမျိုးသမီးက သူ့ကို ကျေးဇူးတင်ရင်း ကျေးဇူးတင်စကားပြောလိုက်သည်။ သူမက ငွေကိုယူပြီး ထွက်သွားလိုက်လေသည်။

လီဟယ်က ခွက်နှင့်ပန်းကန်ကို ပြန်ယူလာခဲ့သည်။ သူက ကျန်းယွင်ကျူးကို မေးလိုက်၏။

“သူဌေး အခုတလော လမ်းပေါ်မှ ဒုက္ခသည်တွေ ပိုပိုပြီးများလာတယ်၊ ကျွန်တော်တို့တွေ အစားအစာ ပိုဝယ်ထားသင့်လား”

ကျန်းယွင်ကျူးလည်း သည်ပြဿနာကို သိထားခဲ့လေသည်။

“ သူတို့အားလုံးက ချန်ဖုန်းစီရင်စုက ထွက်ပြေးလာကြတာနော် ဟုတ်လား”

လီဟယ်က ခေါင်းညိတ်ပြလိုက်ပြီး

“မနှစ်က ပုံစံအတိုင်းဆိုရင် ဒီတစ်ကြိမ် မြေတွေကို စိုက်ပျိုးလို့ရသင့်တယ်၊ ဒါပေမဲ့ ကျွန်တော်ကြားတာတော့ ချန်ဖုန်းစီရင်စုက မိုးတစ်စက်လေးတောင်မရွာဘူးတဲ့...”

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ချန်ဖုန်းစီရင်စုသည် ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရလေသည်။ စိုက်ပျိုးရေးလုပ်ရန် မိုးမျှော်ရခြင်းက လူများ၏နောက်ဆုံး မျှော်လင့်ချက်ဖြစ်ပေသည်။ သို့သော် အခု သည်မျှော်လင့်ချက် ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရသဖြင့် အားလုံးက အငတ်ဘေးမှ ရှောင်ပြေးရန် ထွက်လာရုံသာ ရှိတော့သည်။

ထို့အပြင် သည်လိုဆိုလျှင် လူတွေ ပိုပိုများလာမှာ အသေအချာပင်။ သည်အချိန်တွင်... လီဟယ်သည် ချီရှန်းကျွီအတွက် စိုးရိမ်လာတော့သည်။ ထို့ကြောင့် သူက ကျန်းယွင်ကျူးကို လှောင်ထားရန် အစားအစာ ဝယ်ချင်သလာဟုမေးရခြင်းပင်။

ကျန်းယွင်ကျူးသည် သူရောက်လာတုန်းက စပါးသုံးသုတ်ကို ဝယ်ထားခဲ့ပြီးဖြစ်သည်။ ထိုအချိန်က သူမ၏ ငွေအားလုံးနီးပါးကို သုံးခဲ့ရသည်။ သူတို့အတွက် ခဏလောက်တော့ စားသောက်ဖို့ လုံလောက်လိမ့်မည်။ သို့သော် သူမက ခေါင်းမာပြီး မနေချင်ပေ။ ထို့ကြောင့် သူမက ပြောလိုက်သည်။

“ ရှင် ဆန်ဆိုင်ကို တစ်ချက်သွားကြည့်ပေးနိုင်မလား”

“ဟုတ်ကဲ့” လီဟယ်က မြန်မြန်ထွက်သွားလိုက်သည်။

ခဏကြာတော့ သူက စိုးရိမ်သည့်မျက်နှာထားတစ်ခုနှင့် ပြေးပြန်လာခဲ့လေသည်။

“သူဌေး မြန်မြန် ဆန်ဝယ်ထားမှရမယ်၊ ဆန်စျေးက အခုတောင် စတက်နေပြီ”

သူ အခုပဲ ဆန်ဆိုင်ကို သွားတုန်းက ဆိုင်ထဲက လူတချို့က ဆန်စျေးတက်လို့ ပြစ်တင်ဝေဖန်နေပြီး လူတချို့ကတော့ ဆန်လုဝယ်နေကြတယ်လေ။ ဆိုင်ရှင်ကလည်း ဒီနေ့အတွက် ဆန်ရောင်းကုန်သွားရင် ရပ်တော့မယ်လို့ ပြောတယ်။ ဆန်စျေးက မနက်ဖြန်ဆို တက်သွားလောက်တယ်။

ဒီလောက်တောင် အမြန်ကြီးတက်သွားတာလား။ ကျန်းယွင်ကျူးသည် အံ့ဩသွားတော့သည်။ ထို့နောက် သူမက ငွေ၁၀လျန် ထုတ်ပေးလိုက်ပြီး လီဟယ်ကို ဆန်ဝယ်ခိုင်းလိုက်တော့သည်။

“သူဌေး ပိုမဝယ်ထားချင်ဘူးလား” လီဟယ်က မေးလိုက်၏။

ငွေ၁၀လျန်က သာမန်လူတွေ အချိန်အကြာကြီး စားဖို့ လုံလောက်တယ်လေ။ ဒါပေမဲ့ ချီရှန်းကျွီကတော့ တစ်နေ့ကို ဆန်တစ်အိတ်နဲ့ ဂျုံနှစ်အိတ် ကုန်တယ်။ ဒီဆန်တွေကလည်း လောက်မဲ့ပုံမပေါ်ဘူး။

“ရှင် အရင်သွားကြည့်ပါအုံး”

ကျန်းယွင်ကျူးက ပြောလိုက်သည်။ သူ ဒီ၁၀လျန်တောင် ကုန်အောင် ဝယ်နိုင်မှာ မဟုတ်လောက်ဘူး။ ပုံမှန်ဆိုရင် ဆန်ဆိုင်မှာ ဆန်တွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အားလုံးက ဝယ်လိုက်ရင်တော့ ချက်ချင်း ရောင်းလို့ကုန်သွားမှာ။

လီဟယ်က မြန်မြန်သွားလိုက်တော့သည်။ နာရီဝက် ကြာပြီးနောက် သူသည် ဒေါသတကြီးဖြင့် ပြန်လာတော့သည်။ ကျန်းယွင်ကျူး ခန့်မှန်းထားသည့်အတိုင်းပင် သူသည် ငွေ၆လျန်ဖိုးသာ ဝယ်နိုင်ခဲ့သည်။

“ ဒါက ကျွန်မတို့တွေ စားဖို့ ခဏတော့လောက် ပါသေးတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။

နောက်ရက်အနည်းငယ်အတွင်း ဝူလင်စီရင်စု၏လမ်းပေါ်တွင် ဒုက္ခသည်များ ပိုပိုများလာတော့သည်။ အစပိုင်းတွင်တော့ အားလုံးက လိုလိုချင်ချင် ကူညီပေးခဲ့ကြသည်။ သို့သော် အစားအသောက်စျေးက ဆက်တိုက် တက်နေသည်။ လူတချို့က ပြောကြသည်။ စျေးတက်ရသည့်အကြောင်းအရင်းက သည်ဒုက္ခသည်များကြောင့် ဖြစ်သည်။ သူတို့က ဆန်ဝယ်ရန် ငွေပိုသုံးရမည်ကို တွေ့လိုက်ရသဖြင့် အားလုံး၏ ဒုက္ခသည်များအပေါ် ထားသည့် စိတ်အားထက်သန်သည့် စေတနာက ကုန်ဆုံးလာတော့သည်။

တချို့လူများသည် အရာရှိများက သည်ဒုက္ခသည်များကို မောင်းမထုတ်သည့်အတွက်ပင် ပြစ်တင်ဝေဖန်ကြတော့သည်။

သည်နေ့တွင် တစ်ခုခု ဖြစ်လာတော့သည်။ နှစ်ဘက်ကြားတွင် တင်းမာသည့် အငြင်းပွားမှုတစ်ခု ဖြစ်နေလေသည်။

ဒုက္ခသည်များက ဆိုင်ငယ်လေးတစ်ဆိုင်ကို ဝင်လုကြသည်။ ရဲမက်များက ဒုက္ခသည်များကို မြန်မြန်ဖမ်းခဲ့ကြသော်လည်း လူများက ဒုက္ခသည်များကို စတင် စိုးရွံ့လာကြတော့သည်။

ဒုက္ခသည်များ၏နေ့ရက်များကလည်း ပိုပိုပြီး ခက်ခဲလာတော့သည်။

တစ်နေ့တွင် ရဲမက်ခေါင်းဆောင်ဟူက တံခါးဆီရောက်လာခဲ့သည်။

“ ရဲမက်ခေါင်းဆောင်ဟူ ရှင် ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ” ကျန်းယွင်ကျူးက ကိုယ်တိုင် ထွက်လာပြီး မေးလိုက်လေသည်။

“ အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ နေ့လယ်ကျရင် စီရင်စု တရားသူကြီးက မိန်းကလေးကို ရုံးတော်ကို လာခဲ့ဖို့ ဖိတ်ခိုင်းလို့ပါ၊ စိတ်မပူပါနဲ့၊ မိန်းကလေး တစ်ယောက်ပဲ မဟုတ်ပါဘူး၊ ဝူလင်စီရင်စုက ချမ်းသာတဲ့အိမ်ထောင်တွေနဲ့ တာဝန်ခံအားလုံးကို စီရင်စု တရားသူကြီးက ဖိတ်ခိုင်းတာပါ”

ရဲမက်ခေါင်းဆောင်ဝူက ရွှင်လန်းတက်ကြွစွာပြောလိုက်လေသည်။

“ ဘာအတွက်လဲရှင်” ကျန်းယွင်ကျူးက ထူးဆန်းသလိုဖြစ်သွားတော့သည်။

“ကျွန်တော်လည်း မသိဘူး၊ မိန်းကလေးသွားရင် သိပါလိမ့်မယ်၊ ခွင့်ပြုပါအုံး၊ ကျွန်တော် တခြားအိမ်တွေကိုလည်း သွားအသိပေးရမှာမလို့”

ရဲမက်ဟူက မြန်မြန်ထွက်သွားလိုက်လေသည်။

နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက စီရင်စုတရားကို သွားလိုက်ပြီး လူများစုရုံးနေသည့် နေရာတစ်ခုကိုသာ တွေ့လိုက်ရသည်။ တရားသူကြီးမင်းက သူတို့ကို ဖိတ်မှတော့ ဘယ်သူက မလာရဲဘဲ နေမှာလဲ။

ကျန်းယွင်ကျူးက သူမသည် မျက်နှာမွဲသူတစ်ယောက်ဟု သတ်မှတ်လိုက်ပြီး ဘေးတွင် မည်သူမှ မရှိသည့် နေရာတစ်ခုကို ရှာလိုက်ကာ စောင့်နေလိုက်သည်။

၁၅မိနစ်ကြာပြီးနောက် တရားသူကြီးမုန့်က ရောက်လာခဲ့သည်။

သူ့ကို မတွေ့ရသည်မှာ တစ်လသာ ရှိသေးသည်။ တရားသူကြီးမုန့်သည် တစ်နှစ်လောက် အိုစာသွားသယောင်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့အမူအရာက ပင်ပန်းမှုကြောင့် နွမ်းနယ်နေတော့သည်။

သူက အားလုံးကို ရပ်ခိုင်းလိုက်ပြီး ပြောလိုက်လေသည်။

“ ကျုပ် အားလုံးကို ကိစ္စတချို့ကြောင့် တွေ့ချင်တာပါ” ပြောလိုက်ပြီး သူက လူများကို ဦးဆောင်က ထွက်လာခဲ့သည်။

အားလုံးက သူ့အတွေးကို နားမလည်ဘဲ နောက်မှသာ လိုက်လာကြလေသည်။ လမ်းတစ်လျှောက်တွင် တစ်စုံတစ်ယောက်က မြို့ပြင်သို့သွားသည့်လမ်းဖြစ်နေသည်ကို မှတ်မိသွားသည်။

ဟုတ်ပါသည်။ မကြာမီ သူတို့သည် မြို့တံခါးဆီသို့ ရောက်လာခဲ့သည်။ မျက်စိလျင်သည့် လူတစ်ယောက်က ဂိတ်တံခါးနားတွင် ခါတိုင်းထက် အစောင့်စစ်သားများ ပိုများနေသည်ကို တွေ့လိုက်လေသည်။

သူသည် မြို့တံခါးမှ ထွက်လာချိန်တွင်တော့ အားလုံးသည် နေရာတွင်ပင် ငေးကြောင်ကြောင် ဖြစ်သွားကြတော့သည်။

လူကြီးလူငယ် ဒုက္ခသည်အားလုံးသည် စုတ်ပြတ်နေသည့်အဝတ်အစားများကို ဝတ်ထားကြပြီး မျက်နှာမှာလည်း ဝါကြန့်ကြန့်နှင့် ကျုံလီနေလေသည်။

သူတို့သည် တရားသူကြီးမုန့်နှင့် တခြားသူများကို တွေ့လိုက်ရသောအခါ သူတို့သည် ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး သူတို့ကို အသက်ရှင်ဖို့ နည်းလမ်းတစ်ခုပေးရန် တောင်းပန်နေကြတော့သည်။

“ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့”

တရားသူကြီးမုန့်က အံကြိတ်ပြီး ပြောလိုက်လေသည်။ စီရင်စုထဲက ဒုက္ခသည်များသည် တကယ်တော့ အစိတ်အပိုင်းငယ်လေးတစ်ခုသာ ဖြစ်လေသည်။

အားလုံးက အချင်းချင်း ကြည့်လိုက်ကြ၏။ ကိုယ်ချင်းစာသူများ ရှိသလို ကိုယ်နှင့် မဆိုင်သလိုနေသူများလည်း ရှိလေသည်။

မကြာမီတွင် တရားသူကြီးမုန့်က သည်နေ့ အားလုံးကို ခေါ်ရသည့်အကြောင်းအရင်းကို ရှင်းပြလိုက်တော့သည်။ သူသည် မြို့ပြင်တွင် ဆန်ပြုတ်ကျွေးရန် ဆန်ပြုတ်တဲတစ်ခု ဖွင့်ချင်သည်။ သို့သော် ကပ်ဘေးကယ်ဆယ်ရေးအတွက် သိုလောင်ရုံကို ဖွင့်ရန်က ရုံးတော်၏ခွင့်ပြုမိန့် လိုအပ်သည်။ သို့သော် ဒီလူများက ဝူလင်စီရင်စုက လူများ မဟုတ်ကြပေ။ ကပ်ဘေးကယ်ဆယ်ရေးကို ချန်ဖုန်းစီရင်စုအတွက်သာ ဖွင့်လိမ့်မည်။ ထို့ကြောင့် သူ့တွင် သိုလှောင်ရုံကို ဖွင့်ဖို့ရာ အကြောင်းပြချက် မရှိပေ။

သူက စီရင်စုက ချမ်းသာသည့်မိသားစုနှင့် တာဝန်ခံများကို သည်သာမန်ပြည်သူများအား ကူညီဖို့ရာ ဆန်သို့မဟုတ် ငွေစနည်းနည်း လှူစေချင်လေသည်။

ကိစ္စက သည်လိုဖြစ်နေသည်ပင်။ လူတချို့က နည်းနည်းပါးပါး လှူချင်ကြသော်လည်း တချို့က တရားသူကြီးမုန့်က ဝင်စွက်ဖက်နေသည်ဟု တွေးကြသည်။

“တရားသူကြီး ဝူလင်မိုင်းတွင်းက အမြဲတမ်း လူလိုနေတာမလား”

တချို့က တရားသူကြီးမုန့်ကို မေးကြသည်။ သူတို့ကို ထိုနေရာသို့ ပို့လိုက်လျှင် အဆင်ပြေသွားလိမ့်မည်။

တရားသူကြီးမုန့်က သူ့ဒေါသကို ထိန်းထားလိုက်ပြီး

“ ဝူလင်မိုင်းတွင်းက သန်မာတဲ့လူငယ်တွေကိုပဲ လိုတာ၊ ဒီဒုက္ခသည်တွေသာ အသက်ရှင်နိုင်မယ်ဆိုရင် ဘယ်သူက ဒီမှာ သေဖို့ စောင့်ချင်မှာလဲ”

ဘယ်သူကမှ စကားမပြောကြတော့ဘဲ ငွေလှူကြတော့သည်။

တချို့ ငွေ ၁လျန် လှူပြီး တချို့ ငွေ ၅လျန်လှူသည်။ အများဆုံးက လျန်၂၀ ဖြစ်သော်လည်း ကပ်ဘေးဒုက္ခသည်အများအတွက် သည်ငွေများက ဗိုက်ပြည့်အောင်မဖြည့်ပေးနိုင်ပေ။

တရားသူကြီးမုန့်က စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း ထုတ်မပြရဲချေ။ သူသည် ဖိအားအများကြီးအောက်တွင် ဒီကိစ္စကို လုပ်နေရခြင်းပင်။ သူက ထပ်ပြီးတိုက်တွန်းလျှင် ဒီလူချမ်းသာ အိမ်ထောင်စုများက စတင် ပြဿနာရှာပြီး သူသည်လည်း စီရင်စုတရားသူကြီး ဖြစ်နိုင်တော့မည် မဟုတ်ပေ။

“ ကျွန်တော် လျန် ၂၀၀ လှူပါမယ်” သည်အခိုက်တွင် လူတစ်ယောက်က ပြောလိုက်လေသည်။

အားလုံးကို သူ့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြသည်။ ပေါင်ဖူလိုက တာဝန်ခံစုန့်ပင်။

“တရားသူကြီးမင်း ကျွန်တော့်မှာ ငွေအများကြီး ပါမလာလို့ပါ၊ ကျွန်တော် ပြန်ပြီး သွားယူခွင့်ပြုပါအုံး”

တာဝန်ခံစုန့်က ပြောလိုက်၏။

“ရတာပေါ့”

တရားသူကြီးမုန့်၏ သူ့အပေါ်သဘောထားက ပိုပြီး ပျော့ပြောင်းလာခဲ့သည်။

တာဝန်ခံစုန့်က လူအုပ်တွင်ရှိနေသည့် ကျန်းယွင်ကျူးကို ကြည့်ကာ ဝမ်းသာအားရပြောလိုက်လေသည်။

“ချီရှန်းကျွီနဲ့ ချာပုလျန်က နေ့တိုင်း ငွေဝင်နေတာပဲ၊ သူဌေးကျန်းက ဒီတစ်ခါ ဘယ်လောက်များလှူမလဲ သိချင်လိုက်တာ”

သူက ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြလေတော့သည်။

...

အပိုင်း (၇၁)

ကျန်းယွင်ကျူးသည် သူက သူမကို တမင် အခက်တွေ့အောင် လုပ်နေမှန်း သိလိုက်လေသည်။ သူမစိတ်ကို အလုပ်ပေးလိုက်ပြီး သူမက ပြောလိုက်လေသည်။

“ကျွန်မ လျန် ၃၀ လှူပါမယ်”

တာဝန်ခံစုန့်က အော်ရယ်လိုက်ပြီး ကျန်းယွင်ကျူးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“သူဌေးကျန်း မင်းရဲ့ချီရှန်းကျွီက ကျုပ်ပေါင်ဖူလိုထက် ဝင်ငွေပိုကောင်းပါတယ်၊ ပြီးခဲ့တဲ့ အချက်အပြုတ် ပြိုင်ပွဲတုန်းကလည်း တရားသူကြီးကိုယ်တိုင် မင်းကို မဲပေးခဲ့တယ်၊ အခုကျတော့ ဘာဖြစ်တာလဲ”

အဓိပ္ပာယ်ကို အပြည့်ပြောရန် မလိုပေ။ တရားသူကြီးမုန့်သည် ယခုချိန်တွင် အကူအညီလိုနေသော်ငြား ကျန်းယွီကျူးက အားမထုတ်လေတော့သလားဟူ၍။

ဟုတ်ပါသည်။ တရားသူကြီးမုန့်၏မျက်နှာက အနည်းငယ် တည်သွားတော့သည်။

ထိုစဥ် ကျန်းယွင်ကျူက ရှင်းပြလိုက်လေသည်။

“ ဒါက လှူတာဆိုမှတော့ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒအပေါ်မူတည်တယ်လေ၊ ကျွန်မရဲ့ လျန်၃၀ က မများပေမဲ့ ဒါက ကျွန်မ စုဆောင်းထားတဲ့ငွေရဲ့ တစ်ဝက်ပါ၊ တာဝန်ခံစုန့်ကရော ရှင့်ရဲ့လျန်၂၀၀ ပေါ်မှာ စိတ်ရင်းဘယ်လောက်များ ထည့်ထားလဲ မသိဘူးနော်”

အားလုံးသည် ထိုစကားကို ကြားလိုက်ရတော့ အံ့ဩသွားကြတော့သည်။ သူတို့သည် ကျန်းယွင်ကျူးတွင် ငွေမရှိသည်ကို မေ့လုနီးနီး ဖြစ်သွားခဲ့သည်။ သူတို့သည် သူမအကြောင်း ကြားဖူးကြသည်။ သူမက မနက်စာ လမ်းဘေးဆိုင်ငယ်လေးတစ်ခုမှ ဖြည်းဖြည်းချင်း ချီရှန်းကျွီ ဆိုင်တစ်ခုကို ငှားခဲ့ရခြင်းဖြစ်သည်။

ချာပုလျန်ကိုတော့ သူမသည် ပြိုင်ပွဲမှာ အနိုင်ရခဲ့ခြင်းပင်။

သည်လို ကြည့်လျှင် သူမအတွက် လျန် ၃၀ ထုတ်ပေးဖို့က လွယ်သည့်ကိစ္စတော့ မဟုတ်ပေ။ သူမ စကားအတိုင်းဆိုလျှင် စိတ်ရင်းအားဖြင့် သူမသည် တာဝန်ခံစုန့်ထက် အဆတစ်ရာမက သာလွန်လေသည်။

တရားသူကြီးမုန့်၏ စိတ်က ချက်ချင်း ပြောင်းသွားပြီး ကျန်းယွင်ကျူးကို ချီးကျူးလိုက်တော့သည်။ ရှိနေကြသည့် လူချမ်းသာ လူဆင်းရဲများထဲက မည်သူကများ သူမလို လုပ်နိုင်ပါသနည်း။ သူသည် ရုတ်တရက်ဆိုသလို ခံစားချက်အနည်းငယ် ဖြစ်သွားတော့သည်။ ဒီကောင်မလေး ကျန်းယွင်ကျူးက ထူးခြားတာပဲ။

“ မင်းက ဘယ်လိုလုပ်ပြီး လျန်၆၀ ပဲ ရှိရတာလဲ”

ချောင်ပိတ်ခံလိုက်ရသဖြင့် တာဝန်ခံစုန့်က ဒေါသတကြီး ပြောလိုက်တော့သည်။

“ကျွန်မရဲ့ချီရှန်းကျွီက ဖွင့်ထားတာ တစ်လကျော်ပဲ ရှိသေးတယ်လေ၊ ကျွန်မ ငွေဘယ်လောက် ဝင်လဲဆိုတာ အားလုံးက ခန့်မှန်းကြည့်လို့ရတယ်၊ ကျွန်မက ချာပုလျန်ကို ပြင်ဆင်ဖို့ မလိုဘူးဆိုရင်ပေမဲ့ ကျွန်မက သူ့ကိုလည်ပတ်ဖို့ အစောပိုင်းကာလမှာ ငွေအများကြီး ရင်းနှီးထားရပါသေးတယ်။

ကျွန်မ ငွေဘယ်လောက် စုမိသင့််တယ်လို့ တာဝန်ခံစုန့်က ထင်ပါသလဲ” ကျန်းယွင်ကျူးက အလျင်မလိုဘဲ ပြောလိုက်တော့သည်။

“ဒါက... မင်းဆိုင်မှာ စရံငွေသွင်းထားတဲ့ ဧည်သည့်တွေအများကြီး ရှိသေးတယ်မလား” တာဝန်ခံစုန့်က မငဲ့ညှာစတမ်း ပြောလိုက်လေသည်။

“ဒါက ဧည့်သည်တွေရဲ့ငွေပါ၊ ဆိုင်မှာ သိမ်းထားတာပဲ ရှိတာ၊ ကျွန်မက ဒီငွေတွေကို ကျွန်မရဲ့ကိုယ်ပိုင်ငွေလို သဘောထားပြီးသုံးရင် ဧည့်သည်တွေကရော စိတ်ချနိုင်ပါ့မလား”

ကျန်းယွင်ကျူးက ပြောလိုက်ပြီး ပတ်ဝန်းကျင်က လူများကို အကဲခတ်ကြည့်လိုက်လေသည်။ သည်နေရာတွင် ချီရှန်းကျွီ၌ ငွေသိမ်းထားသည့် လူနည်းနည်းပါးပါး ပါရှိသည်။

ထိုလူများက သည်စကားကို ကြားလိုက်ချိန်တွင် သူတို့သည် ကျန်းယွင်ကျူး စကားက မှန်သည်ဟု အလိုလို ခံစားမိကြတော့သည်။ သူတို့အားလုံးက တာဝန်ခံစုန့်ကို မသင်္ကာသလို ကြည့်လိုက်ကြ၏။ ချီရှန်းကျွိက အဖွဲ့စနစ်ကို ဖန်တီးလိုက်ပြီးနောက် တာဝန်ခံစုန့်ကလည်း ဒါကို စိတ်ကူးကောင်းတစ်ခုဟု ထင်သဖြင့် သူကလည်း ဒီစနစ်ကို ပေါင်ဖူလိုတွင် ပြန်အသုံးချထားခဲ့သည်။

အကျိုးအမြတ်က ချီရှန်းကျွီလောက် မကောင်းပေ။ သို့တိုင် စရံငွေသွင်းထာသည့် ဧည်သည့်ဟောင်း အများအပြား ရှိလေသည်။

အခုတော့ သည်ဧည့်သည်ဟောင်းများက သူတို့အပ်ထားသည့်ငွေက တာဝန်ခံစုန့်၏ အလှူငွေထဲ ပါသွားပြီလားဟု စဥ်းစားလိုက်ကြတော့သည်။

“ပေါင်ဖူလိုက ရွှေဆိုင်းဘုတ်ချိတ်ထားတဲ့ စားသောက်ဆိုင်ပဲ၊ ကျုပ်က ဧည့်သည်တွေရဲ့ အကျိုးအမြတ်ကို ထိခိုက်မဲ့ကိစ္စ ဘယ်တော့မှမလုပ်ဘူး၊ ဒီလျန်ငွေ၂၀၀ကလည်း ကျုပ်ကိုယ်ပိုင်ငွေထဲက လှူတာ” တာဝန်ခံစုန့်က မြန်မြန်ရှင်းပြလိုက်ပြီး အာမခံ ပေးလိုက်သော်လည်း လူများကတော့ စိုးရိမ်ကြသဖြင့် သူ့ကို ငွေပြန်အမ်းခိုင်းကြတော့သည်။

သည်အချိန်တွင် ကျန်းယွင်ကျူးက မြှောက်ပြောလိုက်တော့သည်။

“တာဝန်ခံစုန့်က ချမ်းသာပြီး အင်အားတောင့်တင်းပါပေတယ်”

“မင်း....”

တာဝန်ခံစုန့်မှာ ဒေါသကြောင့် မျက်နှာနီရဲသွားတော့သည်။ သူက ကျန်းယွင်ကျူးနာမည်ကို ဖျက်ဖို့ အခွင့်အရေး ယူချင်ခဲ့ပေမဲ့ သူမက အဲလောက်စွာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူမရဲ့ လျန် ၃၀အလှူငွေကပဲ သူ့က လျန်၂၀၀ အငွေထက်ပိုပြီး စိတ်ရင်းစေတနာကောင်းရတယ်ရှိသေးတယ်။

“ဟုတ်ပါပြီ အားလုံးက ကိုယ့်သဒ္ဒါတရားအတိုင်း လုပ်ကြပါ” တရားသူကြီးမုန့်ကို တာဝန်ခံစုန့်ကို ဖြတ်ပြောလိုက်တော့သည်။

အလှူငွေကို ဆက်ပြီးကောက်လိုက်ကြသည်။ တရားသူကြီးမုန့်က ကျန်းယွင်ကျူးနှင့် တာဝန်ခံစုန့်တို့ကို ကြည့်လိုက်၏။ ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာတော့သည်။ သူက ကျန်းယွင်ကျူးနှင့် တာဝန်ခံစုန့်တို့ကို ဆုချလိုက်ရုံမက နောက်ပိုင်းတွင် အားလုံးက အလှူငွေပိုထည့်ရဖို့ အားဖြစ်စေရန် သူတို့နှစ်ယောက်အတွက် အသီးသီး စာရေးပေးလိုက်လေသည်။

လူတစ်ယောက်က စုတ်တံနှင့် စာရွက်ကို ပြင်ဆင်ပေးလိုက်သည်။ တရားသူကြီးမုန့်က မှင်ထဲနှစ်လိုက်ပြီး ကျန်းယွင်ကျူးအတွက် ‘ ဆင်းရဲခြင်းဝန်လည်း အပိမခံသလို ချမ်းသာမှုနဲ့ နာမည်နောက်ကိုလည်း ဇွဲနပဲနဲ့ လိုက်မနေပါ’ ဟူသည့် ကဗျာစာကြောင်းနှစ်ကြောင်းကို ရေးပေးလိုက်လေသည်။ တာဝန်ခံစုန့်အတွက် ရေးပေးသည့် စာများကတော့ “ ကောင်းမှုလုပ်ရင်း ပျော်မွေ့တယ်’ ဟူ၍။

ကောင်းစွာ သိမြင်တတ်သည့် မျက်လုံးရှိသူများကတော့ တရားသူကြီးမုန့်က ကျန်းယွင်ကျူးကို ပိုသဘောကျမှန်း သိနိုင်လေသည်။

လူများက သူတို့စိတ်ထဲတွင် ကျိတ်ရယ်လိုက်ကြသည်။ တာဝန်ခံစုန့်ကတော့နော်။ အဟား ငွေတွေအများကြီး ပေးပြီး သူက တခြားသူအတွက် မင်္ဂလာဝတ်စုံတစ်စုံ လုပ်ပေးလိုက်တာပဲ။

တာဝန်ခံစုန့်သည် ဒေါသခြောင်းခြောင်းထွက်သွားသော်လည်း ထုတ်မပြရဲချေ။ သူသည် စိတ်ရင်းဖြင့်သာ တရားသူကြီးမုန့်ကို ကျေးဇူးတင်စကားပြောလိုက်ရတော့သည်။

ကျန်းယွင်ကျူးက တရားသူကြီးမုန့်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။ ဒီစာလုံးတွေ ရလိုက်တာ အံ့ဩစရာပဲ။

သည်ဖြစ်ရပ်လေးတစ်ခုကြောင့် အားလုံးက အလှူငွေ ထည့်ပေးကြတော့သည်။ အရင်ကထက် အများကြီး ရက်ရောလာကြတော့သည်။ တရားသူကြီးမုန့်လည်း သူ့ရည်ရွယ်ချက် အောင်မြင်သွားတော့သည်။ သူက မုတ်ဆိတ်မွေးကို သပ်ရင်း သည်ငွေဖြင့် ဆန်မည်မျှဝယ်နိုင်ပြီး ကပ်ဘေးဒုက္ခသည် ဘယ်နှစ်ယောက်ကိုများ ကယ်တင်ပေးနိုင်ပါ့မလဲဟု စဥ်းစားနေမိလေသည်။

အလှူငွေ ထည့်ပြီးကျသည့်နောက် အားလုံးက လူစုခွဲလိုက်ကြတော့သည်။ ကျန်းယွင်ကျူးက သည်စာလုံးများနှင့် ပြန်လာခဲ့ပြီး စာရွက်ကို ဘောင်ထည့်ပေးသည့်ဆိုင်ကို ရှာပြီးနောက် ဆိုင်ထဲတွင် ချိတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံး ဒါက စီရင်စုတရားကြီးဆီက စာလေ။ တခြားသူတွေက လိုချင်ပါတယ်ဆိုရင်တောင် မရနိုင်ဘူး။

ချီရှန်းကျွီ ရောက်ခါနီး နှစ်လမ်းအလိုတွင် သူတို့ရှေ့၌ လူများစုရုံးက လမ်းကို ပိတ်ထားလေသည်။

ကျန်းယွင်ကျူးက လူအုပ်ထဲသို့ ကြည့်လိုက်ပြီး လူအုပ်အလယ်တွင် လူ၅ယောက် ၆ယောက်လောက်ကို တွေ့လိုက်ရသည်။ သူတို့ထဲတွင် ပေါင်ဒါမှုန့် လိမ်းထားသည့် အမျိုးသမီးတစ်ယောက် လည်းပါသည်။ သူမနောက်တွင် ရပ်နေသူများက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ၁၃-၁၄ နှစ်သာ ရှိသေးပြီး ရုပ်ချင်းတထပ်တည်း တူကြသည်။ မျက်ခုံးလှလှ၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းနီနီလေးများ ရှိကြသည်။ နဂါးနှင့်ဇာမဏီ အမွှာတစ်စုံနှင့် တူလေသည်။

လူငယ်လေးက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တစ်ခု ရှိသည်။ သည်ရုပ်သွင်နှင့်ပင် သူသည် အနည်းငယ် စွဲလမ်းဖွယ်ဖြစ်နေသည်။ သည်အသွင်အပြင်နှင့်ပင် မိန်းမငယ်လေးက မဖော်မတတ်အောင် သူရဲကောင်းဆန်နေသည်။ နှစ်ယောက်က ထိုနေရာတွင် အတူတူရပ်နေကြသည်။ သူတို့သည် စုတ်ပြဲနေသည့် အဝတ်အစားကို ဝတ်ဆင်ထားပြီး သူတို့မျက်နှာများက သွေးရောင်မဲ့နေသော်လည်း သူတို့သည် ဆွဲဆောင်မှုတော့ ရှိနေလေသည်။

အမျိုးသမီးဘက်တွင် ခေါက်ယပ်တောင် တစ်ချောင်းကိုင်ထားသည့် လူငယ်တစ်ယောက်ရှိသည်။ သူ့နောက်တွင် အစေခံနှင့်တူသည့် လူ၃-၄ယောက်လောက် လိုက်ပါလာသည်။

လှတပတ ဝတ်စားထားသည့် အမျိုးသမီးနောက်တွင်လည်း အစေခံတချို့ရှိသည်။ ထိုအစေခံများသည် သန်မာပြီး ကြောက်စရာကောင်းသည့်မျက်နှာများ ပိုင်ဆိုင်ထားကြသည်။

“အမျိုးသမီးချီ ကျွန်တော် ငွေယူလာပြီးပြီ၊ ဒီတော့ ဒီလူနှစ်ယောက်က ကျွန်တော့်နောက်ကိုပဲ လိုက်ရလိမ့်မယ်” ယပ်တောင်နှင့် လူငယ်လေးက အော်ဟစ်လိုက်သည်။

“ အားနာပါတယ် သခင်လေးလျန် ကျွန်မက ငွေပေးပြီးသွားပြီရှင့်၊ ဒီလူနှစ်ယောက်က အခု ကျွန်မလူတွေ ဖြစ်သွားပြီ” မျက်နှာချင်းဆိုင်က အမျိုးသမီးက ပြောလိုက်လေသည်။

“ကျွန်တော်က ခင်ဗျားထက် အရင်ဝယ်ခဲ့တာလေ” သခင်လေးလျန်က ဒေါသတကြီး တုံ့ပြန်လေသည်။

“ ဒါပေမဲ့ ရှင် ငွေမချေခဲ့ဘူးလေ၊ ကျွန်မ အရင်ငွေချေခဲ့တာ”

မျက်နှာချင်းက အမျိုးသမီးက ထောက်ပြလေသည်။ ပြုံးလိုက်ကာ သူမက လက်ထဲက လက်ကိုင်ပဝါနှင့် သခင်လေးလျန်ကို ဝေ့ယမ်းလိုက်၏။ မိတ်ကပ်နှင့် ပေါင်ဒါတို့၏စူးရှသည့်အနံ့က ချက်ချင်း လွှင့်ပျယ်သွားတော့သည်။

“ ကျွန်မ ပြောပါအုံးမယ် သခင်လေးလျန်ရယ် ရှင်က သူတို့တွေကို ဘာအတွက် ဝယ်မှာလဲ၊ ဒီလိုဆိုရင်ကော ရှင် တစ်ဆင့်လျှော့ပေးလိုက်၊ ကျွန်မရှင့်ကို ဟုန်ရှင်းလိုမှာ လာကစားခွင့် လဝက်ပေးမယ်၊ ဘယ်လိုလဲ”

သခင်လေးလျန်သည် အနည်းငယ် စိတ်ပါဟန်တူသော်လည်း သူက ညည်းညူလိုက်လေသည်။

“ ကျွန်တော် ဒီနေ့ သူတို့ကို ခေါ်သွားရမှာပဲ”

သူတို့သည် ထိုနေရာတွင် အငြင်းအခုံဖြစ်နေစဥ် အနီးနားက လူတစ်ယောက်က ပြောနေလေသည်။ ကျန်းယွင်ကျူးက ဘာဖြစ်နေမှန်း နားလည်သွားတော့သည်။

အလယ်က အမျိုးသမီးချီက ပွဲစားတစ်ယောက် ဖြစ်နေတာကိုး။ သူမက ကပ်ဘေးဒုက္ခသည်တွေဆီကနေ ဒီမောင်နှမနှစ်ယောက်ကို ဝယ်ခဲ့တာ။ သူမက ဒီမောင်နှမနှစ်ယောက်ကို သခင်လေးလျန်ဆီ ရောင်းမလို့ လုပ်ထားပြီးသား။ ဒါပေမဲ့ ကြားကနေပြီးတော့ ရှင်းဟွားလိုက ဆောင်ကြာမြိုင်မယ်က မောင်နှမနှစ်ယောက်ကို သဘောကျသွားပြီး စျေးပိုပေးခဲ့တယ်။ ဒါနဲ့ အမျိုးသမီးချီက မောင်နှမနှစ်ယောက်ကို သူမကို ရောင်းလိုက်ပါလေရော။

သခင်လေးလျန်က သိသွားတော့။ အင်းပေါ့ ဘယ်လက်ခံနိုင်ပါ့မလဲ။ ဒီတော့ သူက ပြဿနာရှာပြီပေါ့။

“သခင်လေးလျန်က သူမိသားစုမှာ မိန်းမတွေ ကိုယ်လုပ်တော်တွေမှ အများကြီးပဲ၊ သူ့မှာ စာဖတ်ဖော် ကောင်လေးတွေလည်း အများကြီး ရှိတယ်လို့ ကြားတယ်၊ သူက စာကြည့်ခန်းထဲမှာ စာဖတ်ဖော်ကောင်လေးတွေနဲ့ အဲလိုကိစ္စတွေလည်း လုပ်တယ်တဲ့ ကျွတ် ကျွတ်”

လူတစ်ယောက်က သက်ပြင်းချလိုက်၏။ ဒီသခင်လေးလျန်က ယောက်ျားလေးရော မိန်းကလေးရော စားတာပဲ။ သူ ဒီမောင်နှမနှစ်ယောက်ကို လက်မလွှတ်ချင်တာ မဆန်းတော့ပါဘူး။

ရှင်းဟွားလိုက ဆောင်ကြာမြိုင်မယ်ကလည်း ဒီမောင်နှမနှစ်ယောက်ကို ဝယ်ချင်သေးတယ်။ ဒီတော့ အဓိပ္ပာယ်က ပိုပြီးတောင် ထင်ရှားသေး။ ဒီမောင်နှမနှစ်ယောက်က တစ်ရုပ်ထဲပဲ။ ရုပ်လည်း ချောကြတယ်။ သူတို့သာ ဧည့်သည်တွေကို အတူတူဧည့်ခံပေးရင် လူတွေအများကြီးက သေချာပေါက် လာစမ်းချင်ကြလိမ့်မယ်။ သူတို့တွေက ငွေပင်နှစ်ပင် ပဲလေ။

ကျန်းယွင်ကျူးသည် ထိုစကားကို စားလိုက်ချိန်တွင် မျက်မှောင်ကျုံ့သွားတော့သည်။ လတ်တလောတွင် ဒုက္ခသည်များစွာ ရှိပြီး တော်တော်များများက သူတို့၏ကလေးများကို ရောင်းကြမှန်းကိုလည်း သိထားသည်။ ဒါသည် သူမအတွက် ပထမဆုံး အကြိမ်တွ့ကြုံရခြင်းပင်။

သူမက မောင်နှမနှစ်ယောက်ကို ကြည့်လိုက်၏။

အစ်မက မောင်လေးရဲ့လက်ကို တင်းနေအောင် ကိုင်ထားပြီး သူ့ရှေ့တွင် ရပ်နေသည်။

ကောင်လေးက ခေါင်းကို အနည်းငယ်ငုံ့ထားပြီး သူ့မျက်နှာအမူအရာကို လူများက သေချာ မမြင်နိုင်အောင် လုပ်ထားလေသည်။

အစ်မဖြစ်သူက စိုးရိမ်ပူပန်နေသော်လည်း သူမက လက်မလျှော့ပေ။ ထိုးအစား သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အခွင့်အရေးတစ်ခုကို ကြိုးစားရှာဖွေနေသည်။ သူနှင့်မောင်လေးသည် မည်သူ့လက်ထဲသို့ပင် ရောက်သွားပါစေ သူတို့သည် ကစားစရာအရုပ်ဘဝမှာ လွတ်မြောက်နိုင်မည် မဟုတ်မှန်း သိနေသည်။ သူမက သည်းခံနိုင်သော်လည်း မောင်လေးကိုတော့ သည်လိုအနိုင်ကျင့် မခံရစေလိုပေ။

ပတ်ဝန်းကျင်ကလူများကလည်း စိတ်လှုပ်ရှားစရာအဖြစ်ကို ကြည့်နေကြခြင်း မဟုတ်လျှင် စက်ဆုပ်သည့်မျက်လုံးများနှင့် မောင်နှမနှစ်ယောက်ကို တလှည့်စီကြည့်နေကြသည်။ အစ်မဖြစ်သူသည် မျှော်လင့်ချက်မဲ့နေသလို ခံစားလိုက်ရချိန် ကြည်လင်သည့်မျက်လုံးတစ်စုံနှင့် သွားဆုံလေသည်။ ထိုမျက်လုံးများထဲတွင် လက်မခံနိုင်သည့် သဘောထားတစ်ခု ပါနေသည်။ ချက်ချင်းဆိုသလို အစ်မဖြစ်သူက ရေနှစ်သူတစ်ယောက်က ကောက်ရိုးမျှင်ကို လှမ်းဆွဲလိုက်သည့်နှယ် ထိုလူကို အကူအညီ တောင်းဟန် ကြည့်လိုက်လေသည်။

ကျန်းယွင်ကျူးသည် အစ်မဖြစ်သူ၏မျက်လုံးများထဲက အကူအညီတောင်းခံသံကို မြင်လိုက်ရချိန်တွင် မျက်မှောင်ကျုံ့သွားတော့သည်။ သူမက ဘေးကလူကို မေးလိုက်တော့သည်။

“ ဒီမောင်နှမနှစ်ယောက်ရဲ့ ရောင်းစျေးက ဘယ်လောက်လဲ”

“အစကတော့ ၁၀လျန် ၊ ဒါပေမဲ့ နောက်ကျတော့ ဆောင်ကြာမြိုင်မယ်က ၁၅လျန် ချက်ချင်းပေးလိုက်တယ်” ထိုလူကပြန်ဖြေသည်။

၁၅လျန်သည် စျေးမပေါပေ။ ကျန်းယွင်ကျူးပင် ဟိုတုန်းက ၆လျန်ဖြင့် ရောင်းခံရလုနီးနီး ဖြစ်ခဲ့သည်။ သူမသည် မောင်နှမနှစ်ယောက်ထက် ပိုလှပေသည်။ သည်ကပ်ဘေးကြုံရသည်နှစ်ထွက် တခါတရံ သက်ရှိလူကြီးနှစ်ယောက်က ဆန်တစ်အိတ်လောက်ပင် တန်ဖိုးမရှိဟု ဆိုနိုင်ပေသည်။

သည်အချိန်တွင် သခင်လေးလျန်က ရှင်းဟွာလိုမှ ဆောင်ကြာမြိုင်မယ်နှင့် ညှိုနှိုင်းပြီးသွားခဲ့သည်။ ကာမပွဲက တစ်ဆင့်လျှော့ပေးလိုက်ပြီး သခင်လေးလျန်ကို ရှင်းဟွားလိုတွင် တစ်လတိတိ အခမဲ့ လာကစားခွင့် ပြုလိုက်တော့သည်။ ထိုအခါမှ သခင်လေးလျန်က အလျှော့ပေးလိုက်လေသည်။

သခင်လေးလျန်သည် အမြဲလိုလို အသစ်ကိုသာ ကြိုက်တတ်ပြီး အဟောင်းကို မကြိုက်ပေ။ သူက တစ်လဆိုလျှင် လုံလောက်ပြီဟုတွေးလေသည်။ ငွေလည်း မကုန်သလို လူများကို ဖယ်ရှားရသည့်ဒုက္ခလည်း လွှတ်မည်။ ကောင်းလေစွ။ ထို့အပြင် မိန်းမတစ်ယောက်က ကိုယ်လုပ်တော်တစ်ယောက်လောက် မကောင်းသလို၊ ကိုယ်လုပ်တော်တစ်ယောက်ကလည်း အချစ်ဇာတ်ပွဲတစ်ခုလောက် မကောင်းဟု သူက ထင်သည်။ သူတို့သည် ဆောင်ကြာမြိုင်မှ လူများဖြစ်သဖြင့် ပိုပြီး စိတ်ဝင်စားစရာကောင်းလိမ့်မည်။

“ အားလုံးပဲ အချိန်ရရင် ရှင်းဟွားလိုမှာ လာကစားကြနော်၊ ကျွန်မက ဒီမောင်နှမနှစ်ယောက်ကို လေ့ကျင့်ပြီးတာနဲ့ ရှင်တွေကို ကျေနပ်အောင် သေချာပေါက် လုပ်ပေးပါ့မယ်”

ဆောင်ကြာမြိုင် ဆောင်ကြာမြိုင်မယ်က သူမ၏အလိုပြည့်သွားသဖြင့် ဝမ်းသာအားရ ပြုံးရွှင်နေတော့သည်။

မောင်နှမနှစ်မနှစ်ယောက်တွင် အစ်မဖြစ်သူက မောင်ဖြစ်သူ၏လက်ကို ပိုပြီးတင်းနေအောင် ကိုင်ထားလေသည်။ သူမသည် လက်လျှော့ဖို့ စိတ်ကူးမရှိပေ။ သူမက ကျန်းယွင်ကျူးကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး သူတို့ကို ကယ်တင်ပေးဖို့ တောင်းပန်နေလေသည်။ နောက်ဆိုလျှင် သူမသည် သေချာပေါက် ပြန်ပေးဆပ်ပါမည်ဟူ၍။

ရက်စက်တတ်သည့် အကြည့်တစ်ခုက မောင်ဖြစ်သူ၏ မျက်ဝန်းနက်နက်ထဲတွင် ဖျတ်ခနဲ လက်သွားသော်လည်း သူသည် ခေါင်းငုံ့ထားသဖြင့် ဘယ်သူမှ မမြင်လိုက်ပေ။

သည်အချိန်တွင် ကျန်းယွင်ကျူးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ သူမက လူအုပ်ထဲမှ တိုးထွက်လာပြီး အမျိုးသမီးချီကို ပြောလိုက်၏။

“ ကျွန်မ ရှင့်ကို ၁၆လျန်ပေးမယ်၊ ဒီနှစ်ယောက်ကို ကျွန်မဆီ ရောင်းလိုက်ပါလား”

အားလုံးက သူမ၏ စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ဘာလို့ နောက်တစ်ယောက်က လာလုနေတာလဲ။

သခင်လေးလျန်သည် ကျန်းယွင်ကျူးကို တွေ့လိုက်ရသောအခါ သူ့ခန္ဓာကိုယ်တစ်ဝက်က ချိနဲ့သွားတော့သည်။ သူသည် အရင်က ချီရှန်းကျွီ၏ ပိုင်ရှင်ကို တွေ့ဖူးခဲ့သော်လည်း အကြိမ်တိုင်း အဝေးမှနေ၍ အရိပ်ကိုသာ ဖျတ်နဲမြင်ခဲ့ရပြီး သူမကို သေသေချာချာ မတွေ့ခဲ့ရပေ။ ဒါက နေ့တိုင်း သူ့ကို အသဲတယားယား ဖြစ်စေတော့သည်။ မျှော်လင့်မထားဘဲ သူတို့သည် သည်နေ့ သည်နေရာတွင် လာဆုံလေသည်။

ကျန်းယွင်ကျူး၏ အသွင်သဏ္ဌာန်ကို တွေ့လိုက်ရတော့ သူမသည် သူတွေးထားသည့်ထက် ပိုလှသည်ဟုသာ ခံစားလိုက်ရတော့သည်။

ရှင်းဟွာလို၏ ဆောင်ကြာမြိုင်မယ်ကလည်း အံ့ဩသွား၏။ သူမ၏အမြင်အရဆိုလျှင် ကျန်းယွင်ကျူးသည် သေချာပေါက် ထိပ်တန်းအလှမယ်လေားတစ်ယောက် ဖြစ်ပေသည်။ အထူးသဖြင့် သူမ၏ခန္ဓာကိုယ်က ထူးခြားသည့်ကိုယ်ရောင်ကိုယ်ဝါက လူများကို မြင်ကွင်းထဲက အရှက်အကြောက် ကင်းမဲ့သည့်အကျင့်ကို မေ့ပျောက်သွားစေတော့သည်။

အမျိုးသမီးချန်၏ တြိဂံပုံစံမျက်လုံးများက ကျန်းယွင်ကျူးကို စိုက်ကြည့်နေလေသည်။ သူမက ၁၆လျန် ပေးချင်တာတဲ့လား။

ဒါပေါ့။ သူမ ရောင်းချင်တာပေါ့။ ဒါပေမဲ့...

“ဘယ်လိုလဲရှင်” ကျန်းယွင်ကျူးက အမျိုးသမီးချီကို တိုက်ရိုက်မေးလိုက်၏။

အမျိုးသမီးချီက ခေါင်းညိတ်ပြလိုက်သည်။ အခုလို ဖြစ်ပြီးသွားမှတော့ သူမက ရေပူကြောင့် အပူလောင်မှာ မကြောက်တော့တဲ့ ဝက်သေတစ်ကောင်ပဲ ဖြစ်ပြီးသားပဲလေ။ သူတို့တွေ ကြိုက်သလို ရန်ဖြစ်လို့ရတယ်။ ငွေပိုရတာက တစ်ခုတည်းသော မှန်ကန်တဲ့နည်းလမ်းပဲ။

“ ကောင်းပါပြီ၊ ဒါဆို ကျွန်မ ဝယ်လိုက်မယ်၊ သွားစို့၊ ကျွန်မနဲ့ ငွေလိုက်ယူလှည့်” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။

အမျိုးသမီးချီက ဆောင်ကြာမြိုင်ဆောင်ကြာမြိုင်မယ်ကို ကြည့်လိုက်လေသည်။

ဆောင်ကြာမြိုင် ဆောင်ကြာမြိုင်မယ်က သတိဝင်လာပြီး စိုးရိမ်တကြီး အော်ပြောလိုက်တော့သည်။

“ ကျွန်မ သူတို့ကို ဝယ်ထားပြီးသားနော်”

ကျန်းယွင်ကျူးက သူမကို ကြည့်လိုက်ပြီး

“ ရှင် စျေးမြင့်ပြီးမှ သူတို့ကို ဝယ်ခဲ့တာမလား၊ ကျွန်မက ရှင့်ထက် ပိုမြင့်တဲ့စျေးပေးလို့ပြီဆိုတော့ သူတို့တွေကို ကျွန်မ ပိုင်သွားပြီးပေါ့”

သခင်လေးလျန်ကလည်း မြန်မြန်ပြောလိုက်လေသည်။

“ သူတို့တွေက ကျွန်တော့်အပိုင် ဖြစ်ခဲ့တဲ့သူတွေပါ”

ကျန်းယွင်ကျူးက သူတို့ကို ဝယ်သွားခဲ့လျှင် သူသည် ဘာမှရတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက စိတ်ပူသွားတော့သည်။

“ရှင် ခုနကပဲ လက်လျှော့လိုက်ပြီး သူတို့ကို ထပ်မလိုချင်တော့ဘူးမလား” ကျန်းယွင်ကျုးက သူ့ကို မေးလိုက်သည်။

“သူတို့ကို ဆောင်ကြာမြိုင်မယ်ဆီ ရောင်းမယ်ဆိုမှ ကျွန်တော်က လက်လျှော့ပေးမှာ၊ သူတို့ကို မင်းဆီ ရောင်းမယ်ဆိုရင်တော့...”

“ဒါပေမဲ့ ရှင် လက်လျှော့ခဲ့ပြီးပြီလေ၊ လူကြီးလူကောင်းတစ်ယောက်ရဲ့ စကားဆိုတာ တစ်ခါပြောပြီးရင် ပြန်မရုပ်သိမ်းသင့်ပါဘူး၊ ဒါကြောင့်ပဲ လူတွေက ရှင့်ဆီမှာ အရင်လာရောင်းကြတာပေါ့၊ ဒါပေမဲ့ ရှင်ကိုယ်တိုင်က ရှင့်ကတိကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ရှင်ကရော တခြားသူဆီက ကတိကို ဘယ်လိုရနိုင်တော့မှာလဲ”

ကျန်းယွင်ကျူး၏စကားထဲတွင် အဓိပ္ပာယ်နှစ်ခုပါလေသည်။ အားလုံးက သူတို့ကတိကို တည်ပေးခဲ့လျှင် သခင်လေးလျန်ကလည်း ဝယ်ယူမည့် လုပ်ပိုင်ခွင့်ကို သေချာပေါက် လက်လျှော့ရမည်။ အားလုံး ကတိမတည်ခဲ့လျှင်တော့ သခင်လေးလျန် အရင်ဝယ်နိုင်မည့် အခွင့်အရေးပင် ရလိမ့်မယ်မဟုတ်။ ထို့ကြောင့် သခင်လေးလျန်အတွက် နေရာပင်မရှိ။

သခင်လေးလျန်သည် နင်သွားပြီး ဆောင်ကြာမြိုင်မယ်ကို ကြည့်လိုက်လေသည်။

ဆောင်ကြာမြိုင်မယ်မှာ သူမလက်ထဲက ဘဲက ပျံသွားတော့မည်ကို သိလိုက်ရသဖြင့် အလွန်မှ ဒေါသထွက်သွားတော့သည်။

“ ကျွန်မ ၁၇လျန်ပေးမယ်” သူမက ပြောလိုက်၏။ ကျန်းယွင်ကျူးကလည်း စျေးပြိုင်ပေးချင်သဖြင့် သူမနှင့် စျေးပြိုင်လိုက်တော့သည်။

ကျန်းယွင်ကျူး၏ စုစုပေါင်း စုဆောင်းငွေမှာ ၄၀လျန်ခန့်သာရှိလေသည်။ မဖြစ်သေးဘူး၊ သူမ လက်ပဲလျှော့လိုက်ရတော့မှာပဲ။

သည်အချိန်တွင် လူတစ်ယောက် ရုတ်တရက် ထမေးလိုက်လေသည်။

“သူဌေးကျန်း ရှင် ခုနက ကိုင်ထားတာ တရားသူကြီးမုန့် ရေးထားပေးတဲ့ စာ မဟုတ်လား”

အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး စီရင်စုထဲက ပရိဘောဂဆိုင်ပိုင်ရှင် ဖြစ်လေသည်။ သူမသည် အခုလေးတင်မှ ရောက်လာခြင်းဖြစ်သည်။ အကြောင်းအရာတစ်ခုလုံးကို နားထောင်လိုက်ပြီးနောက် သူမသည် မောင်နှမနှစ်ယောက်ကို ကိုယ်ချင်းစာသွားပြီး ကျန်းယွင်ကျူး ဘက်က ပြောလိုက်တော့သည်။

သူမက ရှင်းဟွားလို၏ ဆောင်ကြာမြိုင်မယ်ကို ဖိနှိပ်ဖို့ရာ တရားသူကြီးမုန့်ကို တမင် အသုံးချလိုက်ခြင်းပင်။

သေချာပါသည်။ ထိုစကားကို ကြားလိုက်ပြီးနောက် ဆောင်ကြာမြိုင်မယ်၏ မျက်နှာအရောင်မှာ စိုးရိမ်စိတ်ကြောင့် ပြောင်းလဲသွားတော့သည်။ စီရင်စုတရားသူကြီးက ကျန်းယွင်ကျူးအတွက် ဘာရေးပေးလိုက်တာလဲ။

ကျန်းယွင်ကျူးသည် ထိုအမျိုးသမီး၏စေတနာကို နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။ ပြောရမည်ဆိုလျှင် သည်စာတစ်ရွက် လျန်၃၀ တန်လေသည်။

“အမျိုးသမီးချီ ရှင် ပြောတာက ပိုကောင်းပါတယ်၊ ဒီလူနှစ်ယောက်ကို ရှင် ဘယ်သူ့ဆီ ရောင်းမှာလဲ”

အမျိုးသမီးက အမျိုးသမီးချီကို တိုက်ရိုက်ပြောလိုက်လေသည်။

သည်လိုအလုပ်မျိုးတွင် အမျိုးသမီးချီက ပုံမှန်ဆိုလျှင် တတ်နိုင်သလောက် လိမ်ညာကာ ရသလောက် လှည့်စားတတ်လေသည်။ သူမ အကြောက်ဆုံးက အရာရှိများကိုပင်။ စီရင်စုတရားသူကြီးက ကျန်းယွင်ကျူးအတွက် အမှန်ပင် စာရေးပေးလိုက်သည်ဟု ကြားလိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့သဖြင့် ချက်ချင်းပျော့ပြောင်းသွားပြီး ပြောလိုက်တော့သည်။

“ ဒီလိုလုပ်တာပေါ့၊ ကျွန်မ ဒီမိန်းကလေးဆီကိုပဲ ရောင်းလိုက်တော့မယ်”

ရှင်းဟွားလို၏ ဆောင်ကြာမြိုင်မယ်သည် အနည်းငယ် အလိုအမတူဖြစ်နေလေသည်။ သို့သော်ငြား နောက်ဆုံးတွင် သူမက ဘာတစ်ခွန်းမှ မပြောတော့ပေ။ ကျန်းယွင်ကျူးက မောင်နှမနှစ်ယောက်ကို ၁၆လျန်ဖြင့် ဝယ်လိုက်တော့သည်။

သူမက သူတို့ကို ချီရှန်းကျွီသို့ ခေါ်လာပြီး အမျိုးသမီးချီကို ငွေပေးလိုက်လေသည်။ အမျိုးသမီးချီမှာ ခဏလေးပင် မနေတော့ချေ။

လူနှစ်ယောက်၏ အရောင်းစာချုပ်ကို ထားခဲပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။ မောင်နှမနှစ်ယောက်နှင့် ကျန်းယွင်ကျူးသာ ကျန်ခဲ့တော့သည်။

ကျန်းယွင်ကျူးက ခန္ဓာကိုယ်ရောင်းချသည့် စာချုပ်ကို ကြည့်လိုက်၏။ အစ်မဖြစ်သူကို ဟဲရင်း ဟုခေါ်ပြီး မောင်ဖြစ်သူနာမည်က ဟဲဟုန် ဖြစ်သည်။

“ ကျွန်မတို့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မမလေးကို ကျေးဇူးအများကြီးတင်ပါတယ်” ဟဲရင်း က ချက်ချင်းဒူးထောက်ချလိုက်လေသည်။

ဟဲဟုန်က တုံ့ဆိုင်းသွားပြီးမှ ဒူးထောက်လိုက်တော့သည်။

“ထကြပါ”

ကျန်းယွင်ကျူးက အနည်းငယ် ညှိုးငယ်သည့်စိတ်ဖြင့် ပြောလိုက်လေသည်။ သူမက လူဝယ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီဆိုတော့လည်း ရှိပါစေတော့လေ။

သည်အချိန်တွင် အမျိူးသမီးချန်နှင့်တခြားသူများ ကထွက်လာပြီး ဟဲရင်းနှင့်ဟဲဟုန်တို့ကို တအံ့တဩ ကြည့်နေကြသည်။ ဒီမောင်နှမက ချောလိုက်တာ။

ကျန်းယွင်ကျူးက နှစ်ဖက်လုံးကို မိတ်ဆက်ပေးလိုက်၏။

သူတို့နှစ်ယောက်ကို စီစဥ်ပေးဖို့ရန်အတွက်တော့ ကျန်းယွင်ကျူးက သူတို့ကို ဆိုင်တွင် ကူညီခိုင်းဖို့ စိတ်ကူးထားသော်လည်း အမျိုးသမီးချန်က ရုတ်တရက် သူမကို လာရှာခဲ့သည်။ သူမ၏အတွေးက ကျန်းယွင်ကျူးသည် ဟဲရင်းကို ဝယ်ထားသည့်အတွက် သူမ၏အခြွေအရံ လုပ်ခိုင်းလျှင် ပိုကောင်းလိမ့်မည်။ သို့ဆိုလျှင် သူမသည် ကိစ္စတော်တော်များများကို ကိုယ်တိုင်လုပ်စရာ လိုတော့မှာ မဟုတ်ပေ။

အခြွေအရံဟုတ်လား။ ကျန်းယွင်ကျူးက အေးခဲသွားပြီး ငြင်းဆန်လိုက်လေသည်။

ဟဲရင်းက သည်အကြောင်းကို ဘယ်အထိ ကြားသွားမှန်းမသိပေ ကျန်းယွင်ကျူးကို အရင်ဆုံး လာရှာခဲ့လေသည်။

“ ကျွန်မ မမလေးကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်” သူမက ဒူးထောက်လိုက်ပြီး တရိုတသေ ဦးချလိုက်လေတော့သည်။

...

အပိုင်း (၇၂)

နောက်တစ်နေ့မနက်တွင် ကျန်းယွင်ကျူးနိုးလာတော့ ဟဲရင်းက သူမအတွက် ရေနွေးကို ပြင်ဆင်ထားပြီးသား ဖြစ်နေသည်။

ကျန်းယွင်ကျူးက သွားတိုက်လိုက်၏။ ဟဲရင်းက သည်အချိန်ကို အသုံးချလိုက်ပြီး သူမ၏အခန်းကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။ သူမက မျက်နှာသစ်ပြီးသွားတော့ ဟဲရင်းက သူမကို မျက်နှာသုတ်ပဝါ ကမ်းပေးသည်...

မကြာမီတွင် ကျန်းယွင်ကျူးသည် အလုပ်များကို ကူညီပေးမည့်သူ တစ်ယောက်ရှိနေသည်ကို ကောင်းသည်ဟု ခံစားမိလိုက်တော့သည်။

ဟဲရင်းကို သူမဘေးတွင်ထားဖို့ မျက်စိမှိတ်သဘောတူလိုက်လေသည်။

ဟဲရင်းက ကျန်းယွင်ကျူးကို သူမ၏အသက်သခင်ကျေးဇူးရှင်ဟု သတ်မှတ်ထားပြီး ကိစ္စတိုင်းတွင် စိတ်ရင်းစေတနာ အပြည့်ထားသည်။ သူမသည် ကျန်းယွင်ကျူးကို တတ်နိုင်သမျှနည်းလမ်းအားလုံးဖြင့် စောင့်ရှောက်ပေးသည်က ပြောရန်ပင်မလိုချေ။

ချာပုလျန်တွင် ကျန်းယွင်ကျူးက တရားသူကြီးမုန့်ထံမှ ရခဲ့သည့်စာကို လူခေါ်ပြီး ဘောင်သွင်းခိုင်းကာ ဆိုင်၏ အမြင်သာဆုံးနေရာတစ်ခုတွင် ချိတ်ထားလိုက်လေသည်။

သည်အခိုက်တွင် သူမက ကောင်တာကို မှီပြီး ထိုစာများကို ကြည့်နေလိုက်သည်။

ဟဲရင်းက စဥ်းစားပေးတတ်သူဖြစ်သည်။ ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲတွင် နှစ်ပေါင်းများစွာ အစေခံတစ်ယောက် ဖြစ်ခဲ့ရသည်။ သူသည် အကောင်းဆုံးလုပ်ဆောင်ပေးခြင်းနှင့် တာဝန်ကျေရုံလုပ်ခြင်းကြားက ကွာခြားချက်ကို အမှန်ပင် သိလေသည်။

သည်အချိန်တွင် ရှန်ဖုန်းမင်က ခြံအနောက်ဘက်မှ ဝင်လာခဲ့သည်။ သူသည်လည်း ကောင်တာနောက်တွင် ရပ်လိုက်ပြီး ကျန်းယွင်ကျူးကို အထဲတွင် ပိတ်ထားသလိုဖြစ်နေသယောင်။

ကျန်းယွင်ကျူးသည် ပြီးခဲ့သည့်ရက်အတွင်း သူသည် ကောင်တာနားတွင် ရပ်ရသည်ကို သဘောကျသည့်အချက်ကို ကျင့်သားရနေပြီးဖြစ်သည်။

သူမ၏လက်ထဲက လက်ဖက်ရည်ကို သောက်ရင်း ရှန်ဖုန်းမင်သည်လည်း ရှန်အိမ်တော်တွင် စောင့်ရှောက်ခံရမည်မှာ သေချာသည်ဟု ရုတ်တရက် စဥ်းစားမိလိုက်သည်။ သူက သူမဆီမှာ လာနေတော့ အားလုံးကို သူ့ဟာသူ လုပ်ခဲ့တာလား။

အခုတော့ သူမမှာ အစေခံတစ်ယောက်ရှိနေပြီ....

“ရှင် လူတစ်ယောက်လောက် လိုလား” သူမက သူ့ကို မေးလိုက်၏။

သူမသည် ထိုနေရာတွင် စိမ်ပြေနပြေ မှီထားပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်လေသည်။ လက်ဖက်ရည်က သူမ၏နှုတ်ခမ်းကို ထိသွားတော့ ထိုနှုတ်ခမ်းများကို ရွှန်းစိုသွားစေတော့သည်။

ရှန်ဖုန်းမင်က သူမ၏နှုတ်ခမ်းများကို ငေးကြည့်ပြီး ရုတ်တရက် လက်ဖက်ရည် သောက်ချင်သွားတော့သည်။

ကျန်းယွင်ကျူးက ထိုအဖြစ်ကို အာရုံခံမိသွားသယောက် ဟဲရင်းကို ပြောလိုက်လေသည်။

“ နောက်ထပ်လက်ဖက်ရည်တစ်ခွက် ထည့်ပေးပါအုံး”

ဟဲရင်းက နောက်ထပ် လက်ဖက်ရည်တစ်ခွက်ကို မြန်မြန်လောင်းထည့်ပေးလိုက်ပြီး ရှန်ဖုန်းမင်ဆီ ယူလာခဲ့လေသည်။

ရှန်ဖုန်းမင်က လက်ဖက်ရည်ခွက်ကို ယူထားလိုက်သော်လည်း မသောက်လိုက်ပေ။ လက်ဖက်ရည်ကို ကိုင်ထားရင်း သူက ကျန်းယွင်ကျူးနှင့်အတူ ကောင်တာကို မှီထားလိုက်သည်။ ကျန်းယွင်ကျူးသည် သည်မေးခွန်း မေးရသည့်အကြောင်းအရင်းကို သူနားလည်လေသည်။ အမှန်တွင်တော့ သူ့ကို အလုပ်အကျွေးပြုရန် မည်သူ့ကိုမှ မလိုအပ်ပေ။ သို့သော် ဟဲဟုန်ကို ကြည့်လိုက်ပြီ....

သည်အခိုက်တွင် ဟဲဟုန်သည် စားပွဲကို သန့်ရှင်းရေးလုပ်နေသည်။ မနေ့က ကျန်းယွင်ကျူးက သူနှင့် ဟဲရင်းကို ဝယ်ခဲ့ပြီးနောက် သူမက တစ်ယောက်စီအတွက် အဝတ်အစားသစ်တစ်စုံ ဝယ်ပေးခဲ့သည်။ ဟဲဟုန်၏ ခန္ဓာကိုယ်က မဲနယ်ပြာရောင်ကို ဝတ်ဆင်ထားသည်။ သည်လို အရောင်ရင့်ရင့်က သူ့ကို မြင်ရသည်ထက် ပိုပြီး အားနည်းသည်ဟု ထင်ရစေသည်။ သူ၏ချောမောသည့်အသွင်ပြင်ကို ထပ်ပေါင်းလိုက်လျှင် သူ့ကို လူများက သတိမထားမိရန် လွယ်ကူသွားစေသည်။

သို့သော် ရှန်ဖုန်းမင်က သူသည် အရင်က တစ်စုံတစ်ယောက်ကို သ-တ်ခဲ့ဖူးကြောင်း သိနေခဲ့သည်။

မနေ့က ကျန်းယွင်ကျူးက သူတို့နှစ်ယောက်ကို ခေါ်ပြန်လာခဲ့တယ်။ ဟဲရင်းက အဆင်ပြေတယ်။ ဟဲဟုန်ကျတော့။ သူ့ဝမ်းတွင်းသိစိတ်အရဆိုရင် ဟဲဟုန်က တစ်ခုခု မူမမှန်ဘူးလို့ ခံစားမိခဲ့တယ်။ ချက်ချင်းပဲ သူက လူတစ်ယောက်ကိုလွှတ်ပြီး မောင်နှမနှစ်ယောက်အကြောင်း စုံးစမ်းခိုင်းလိုက်သည်။

ဒီမနက်ကျတော့ သက်တော်စောင့်က သတင်းလာပို့ခဲ့တယ်လေ။ ဒီလူနှစ်ယောက်က အစကတော့ ချန်းဖုန်ပြည်နယ် ရောင်ချွမ်း စီရင်စုက ချမ်းသာတဲ့မိသားစုတစ်ခုက ကလေးတွေတဲ့။ အဲဒီမှာ မိုးခေါင်ရေရှား ဖြစ်နေတာလေ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကပ်ဘေးဒုက္ခသည်တွေ ဆူပူခဲ့ပြီး ဟဲမိသားစုကို လုယက်ပြီး သခင်ကြီးဟဲကို သ-တ်ခဲ့ကြတယ်။ နှစ်ယောက်သားက မတတ်သာတော့ဘဲ သူတို့မိခင်နဲ့ ထွက်ပြေးလာခဲ့ရတယ်။

သူတို့မိခင်အပါအဝင် သူတို့နှစ်ယောက် ဒီလိုဒုက္ခကြီးကို တခါမှ မခံစားခဲ့ဖူးလေဘူး။ သူတို့တွေက လောကမှာရှိတဲ့ အခက်အခဲတွေအားလုံးကို တွေ့ကြုံခဲ့ရပြီး ကပ်ဘေးကနေ ထွက်ပြေးလာတဲ့ လမ်းတစ်လျှောက်မှာလည်း မနေမတွက်နိုင်တဲ့ ဆိုးရွားမှုတွေကို ခံစားခဲ့ရတယ်လို့ ပြောလို့ရတယ်။

နောက်ပြီး သူတို့ရဲ့ထူးခြားတဲ့ ရုပ်ရည်ကြောင့်ပဲ ချန်ဖုန်းပြည်နယ်က ထွက်လာခါနီးမှာ ငွေရော လူရော လုယက်ချင်ကြတဲ့ ဓားပြာတစ်ဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရတယ်။

အိပ်ခန်းထဲမှာ ဟဲဟုန်က ဓားပြခေါင်းဆောင်ကို သ-တ်ပြီး ဓားပြအဖွဲ့ရဲ့စခန်းကို မီးရှို့ခဲ့ပြီး တမင်ရော မရည်ရွယ်ဘဲရော လူ၁၂ယောက်မက သ-တ်ခဲ့တယ်။

အဲဒီဓားပြတွေက သေသင့်တယ်ဆိုပေမဲ့ ဟဲဟုန်ရဲ့လက်တွေက သွေးစွန်းခဲ့ရတယ်... အမှန်အတိုင်း ပြောရလျှင် ရှန်ဖုန်းမင်သည် သူ့ကို ကျန်းယွင်ကျူးဘေးတွင် မနေစေလိုပေ။ အခုတော့ ကျန်းယွင်ကျူးက သည်အကြောင်း ထုတ်ပြောလာသဖြင့် သူက ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“လိုတယ်”

ကျန်းယွင်ကျူးသည် အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမက ဟဲဟုန်ကို လှမ်းခေါ်လိုက်ပြီးနောက် သူ့ကို မေးလိုက်လေသည်။

“မင်း လူကြီးမင်းရှန်နောက် လိုက်ချင်တဲ့ ဆန္ဒရှိလား”

ဟဲဟုန်သည် အလွန်ကြောက်လန့်နေသဖြင့် ရှန်ဖုန်းမင်ကို လုံးဝမကြည့်ရဲပေ။ မနေ့က သူနှင့် ရှန်ဖုန်းမင်တို့သည် အချင်းချင်း ခဏလောက် အကြည့်ဆုံခဲ့ကြသည်။ ထိုခံစားချက်က သူ့ကို အခုချိန်ထိ ရေခဲအသူရာချောက်ထဲ ကျသွားသည့်နှယ် ခံစားနေရဆဲပင်။ ရှန်ဖုန်းမင်က သူ၏ညစ်ပတ်ပြီး ယုတ်ညံ့သည့် အတိတ်အားလုံးကို ထိုးဖောက်ပြီး မြင်နေသကဲသို့ပင်။

သူ ရှန်ဖုန်းမင်နောက် လိုက်သွားသင့်လား။

“မမလေး”

သည်အခိုက်တွင် ဟဲရင်းက ရောက်လာပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။ ဒီလူကြီးမင်းရှန်နဲ့ ဆက်ဆံရေး အဆင်ပြေဖို့က ကျန်းယွင်ကျူးထက် အများကြီးပိုခက်မယ်ထင်တယ်။ ဟဲဟုန်က သူ့ကို ကောင်းကောင်း အလုပ်ကျွေးပြုမနိုင်မှာ စိုးရိမ်မိတယ်။

သို့သော် ဟဲဟုန်က ရုတ်တရက် ဒူးထောက်ချလိုက်ကာ ပြောလိုက်လေသည်။

“ကျွန်တော် ဆန္ဒရှိပါတယ်”

အမှန်အတိုင်း ပြောရရင်လည်း သူက ဆိုင်မှာနေပြီး ဒီလိုတောက်တိုမယ်ရအလုပ်မျိုးတွေ လုပ်ပြီး မနေချင်ဘူးလေ။ ကိစ္စတွေအများကြီး ဖြစ်သွားပြီးတဲ့နောက်တော့.... သူ ဘယ်လိုပြောရမလဲ။ ချီရှန်းကျွီရဲ့ဘဝက အရမ်းကို သက်တောင့်သက်သာ ရှိတယ်ဆိုပေမဲ့ သူ ဒါကို မကြိုက်မိသလို ဒီအလုပ်တွေကို မလုပ်ချင်တာကိုလည်း သိလိုက်ရတယ်။

ရှန်ဖုန်းမင်ကျတော့ မတူဘူး။ သူက အန္တရာယ်ရှိပြီး သူ့နှလုံးသားအောက်ခြေကနေတောင် တုန်ပြီး ကြောက်ရအောင်လုပ်နေပေမဲ့ သူ သဘောကျနေတယ်။

“မောင်လေး” ဟဲရင်းက ဇဝေဇဝါဖြစ်သွားတော့သည်။

ဟဲဟုန်က သူမကို မော့ကြည့်လိုက်၏။ မမက သူနဲ့မတူဘူးလေ။ သူက မမလေးကျန်းဘေးမှာပဲ နေသင့်တယ်။

“မမ ကျွန်တော် လူကြီးမင်းရှန်နောက် လိုက်ချင်ပါတယ်”

ဟဲဟုန်၏အသံက အလွန်မှပြတ်သားနေပြီး မသိမသာပင် စိတ်လှုပ်ရှားနေသေးသည်။

ဟဲရင်းက သူ့ကို အကြာကြီးစိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်လေသည်။

“ဒါဆိုလည်း လူကြီးမင်းရှန်ကို သေသေချာချာ စောင့်ရှောက်နော်”

ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ရှိမှန်း သူမ မြင်ထားခဲ့ပြီးဖြစ်သည်။ ရှန်ဖုန်းမင်ကို ကောင်းကောင်း အလုပ်အကျွေးပြုခြင်းကလည်း ကျန်းယွင်ကျူး၏ ကျေးဇူးကို ပြန်ဆပ်နေခြင်းပင်။ ဟဲဟုန်က နားလည်လေသည်။

“ ကျွန်တော် ကျေးဇူးကြွေးကု အသက်နဲ့ရင်းပြီး ပေးဆပ်ပါ့မယ်”

သူ့ကိုယ်သူ ဒီလို သဘောထားတာက နည်းနည်းတော့ ပိုမယ်ထင်တယ်။ အစေခံတစ်ယောက်အနေနဲ့ သူ့အသက်ကို ရင်းပေးစရာမလိုဘူးလေ။ ဟဲရင်းသည် အောင့်သက်သက် ပြုံးလိုက်ပြီး သူမ၏မောင်ဖြစ်သူက ခရီးတစ်လျှောက်တွင် နည်းနည်းပြောင်းလဲသွားသည်ဟု ခံစားနေရလေသည်။ တစ်ခါတရံ သူ ဘာစဥ်းစားနေသည်ကိုပင် သူမ နားမလည်နိုင်တော့ပေ။

ဟဲဟုန်က ရှန်ဖုန်းမင်နောက်သို့ တရားဝင် လိုက်ပါခွင့်ရသွားတော့သည်။ ရှန်ဖုန်းမင်က သူသည် ချီလင်သက်တော်စောင့် အထောက်တော်တစ်ယောက်ဖြစ်လာဖို့ တော်တော်လေး သင့်တော်သည်ဟု ခံစားမိသည်။ အဲဒီကိစ္စမျိုး ဖြစ်ပြီးသွားတာတောင် သူက ဝမ်းနည်းပလက် ယူကျုံးမရ ဖြစ်မနေသလို စိတ်ရူးပေါက်သွားတာမျိုးလည်း မဖြစ်ဘူး။ သူက ဓားဖျားပေါ်မှာ ရှိနေရတဲ့ခံစားချက်ကိုပဲ သဘောကျနေတာ။ ဒီလိုလူမျိုးက လျှို့ဝှက်အထောက်တော်တစ်ယောက် ဖြစ်လာဖို့ သင့်တော်ပြီးသားပဲလေ။

တစ်ချိန်လုံး အသူရာချောက်ကမ်းဘေးမှာ လမ်းလျှောက်နေရတာက တစ်ခြားသူတွေကြောင့် ဖော်ထုတ်ခံလိုက်ရပြီး တစ်ချက်ကလေး သတိလွတ်လိုက်တာနဲ့ ပြန်အဖတ်ဆယ်လို့ ရတော့မှာမဟုတ်ဘူး။

သူက ဟဲဟုန်ကို အချိန်ကာလတစ်ခုအထိတော့ လေ့လာကြည့်ရအုံးမယ်။ သူ့မှာ ဒီလိုအရည်အချင်းမျိုး ရှိခဲ့တယ်ဆိုရင် သူ့ကို အခွင့်အရေးတစ်ခု ပေးဖို့ ဝန်မလေးပါဘူး။

သည်အခိုက်တွက် ချင်ယောင်းနှင့် လင်ယွိပိုင်တို့ ဝင်လာကြလေသည်။ ကျန်းယွင်ကျူးကို ထိုနေရာတွင် တွေ့လိုက်ရသဖြင့် သူတို့နှစ်ယောက် တည့်တည့်လျှောက်လာခဲ့ကြသည်။ သည်ရက်ပိုင်းတွင် အဆင်ပြေလာခဲ့ကြပြီးနောက်တွင် သူတို့က ကျန်းယွင်ကျူးသည် အလွန်မှ စိတ်ထားကောင်းသူတစ်ယောက် ဖြစ်သည်ကို သိလာရပြီး သူမနှင့် မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။

သူတို့သည် ဟဲရင်းနှင့် ဟဲဟုန်ကိုလည်း သတိထားမိလသည်။ ထို့နောက်တွင် အားလုံးက အပြင်ဘက်က ကပ်ဘေးဒုက္ခသည်များအကြောင်းကိုသာ အလိုလို ပြောဖြစ်ကြတော့သည်။

“ ချန်ဖုန်းပြည်နယ်မှာ ကပ်ဘေးကယ်ဆယ်ရေးတွေ မရှိဘူးလား” ချင်ယောင်းက မေးလိုက်၏။

“ချန်ဖုန်းပြည်နယ်က နှစ်နှစ်ဆက်တိုက် မိုးခေါင်တဲ့ဒဏ်ကို ခံစားလာခဲ့ရတာ၊ ဒါက လူတွေရဲ့ ငွေအင်အားကလည်း မလိုက်နိုင်သလောက်ဖြစ်သွားပြီလေ၊ အခုဆိုရင် ပြည်နယ်တစ်ခုလုံးက ကယ်ဆယ်ရေးကိုပဲ စောင့်နေကြတဲ့ ဒုက္ခသည်တွေနဲ့ပြည့်နေတာ၊ တော်ဝင်ရုံးတော်က သူတို့ကို ကယ်တင်ချင်တယ်ဆိုရင်တောင် အရမ်းခက်ခဲမှာပဲ” လင်ယွိပိုင်က ရှန်းဖုန်းမင်ကို တိတ်တိတ်လေး ခိုးကြည့်လိုက်ကာ ပြောလိုက်လေသည်။

ပြီးခဲ့သည့်နှစ်က တစ်ဖက်လူက ချန်ဖုန်းပြည်နယ်သို့သွားခဲ့ပြီး လူအများကြီး သတ်ခဲ့သည်ကို မှတ်မိနေသေးသည်။

သည်နှစ်တွင် ချန်းဖုန်းပြည်နယ်အစိုးရက အကောင်းဆုံးဖြစ်အောင် လုပ်နေကြသည်။ သို့တိုင် ကပ်ဘေးက အလွန်မှ ပြင်းထန်လွန်းလေသည်။

“ဒါဆို အခု ကျွန်မတို့ ဘာလုပ်ကြမလဲ” ချင်ယောင်းက မျက်မှောင်ကျုံ့လိုက်၏။

“ ငါတို့တွေ တတ်နိုင်တဲ့ဘက်က ပဲ ကူညီပေးပြီး ကျန်တာကိုတော့ သူတို့ကိုယ်တိုင် ကြိုးစားခိုင်းမှ ရမှာပဲ၊ အခုဆိုရင် လုပြည်နယ်မှာ ကပ်ဘေးဒုက္ခသည်တွေ အများကြီး ရောက်နေတာ နင် သတိမထားမိဘူးလား၊ ဒါက တော်ဝင်ရုံးတော်ကနေ မျက်စိကွယ်ပြုထားတဲ့ အကြောင်းအရင်းတော့ မဟုတ်လောက်ဘူး”

လင်ယွိပိုင်ပြောလိုက်သည်။

ချင်ယောင်းက သက်ပြင်းချလိုက်လေသည်။ ဒီရက်ပိုင်းမှာ သူမ ကပ်ဘေးဒုက္ခသည်တွေအများကို တွေ့လာခဲ့ရတယ်။ အရမ်းကို ဝမ်းနည်းစရာကောင်းတာပဲ။

သည်ကိစ္စနှင့်ပတ်သက်ပြီး ကျန်းယွင်ကျူးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စဥ်းစားလာခဲ့လေသည်။ ဒီကပ်ဘေးဒုက္ခသည်တွေ.... အခုမှ အစပဲ ရှိသေးတယ်။ နောက်ကျရင် ဘယ်လိုများဖြစ်မလဲ မသိဘူး။

အခုတလော အစားအသောက်စျေးက ခေါင်ခိုက်နေတာမလို့ သူမရဲ့စားသောက်ဆိုင်ကို လာတဲ့ဧည့်သည်တွေလည်း အများကြီး လျော့သွားတယ်။ အားလုံးက အသက်ရှင်ဖို့ ချွေနေတာရတဲ့ပုံပဲ။

လူတချို့က စကားပြောနေကြစဥ် အညိုရောင်ပန်းထိုးထားသည့် ဘရိုကိတ်နှင့် ကံကောင်းခြင်းအဆင်ပုံစံ ပန်းထိုးထားသည့် ဝတ်ရုံကို ဝတ်ထားသည့် လူတစ်ယောက်က အပြင်မှ ဝင်လာခဲ့လေသည်။ သူနောက်တွင် အိမ်တော်ထိန်းဟု ထင်ရသည့် လူတစ်ယောက်က လိုက်လာခဲ့လေသည်။

ထိုလူက ချင်ယောင်းကို တွေ့လိုက်ရသောအခါ ခြေလှမ်းကျဲများနှင့် လျှောက်လာခဲ့တော့သည်။

“အားယောင်း” သူက ခေါ်လိုက်၏။

ချင်ယောင်းက လှည့်ကြည့်လိုက်တော့ သူ့ကို တွေ့သွားလေသည်။ သူမ၏ခန္ဓာကိုယ်သည် ချက်ချင်း အေးခဲသွားတော့သည်။ ထိုလူက သူမရှေ့မရောက်လာခင်အထိ ပြန်မထူးလိုက်ပေ။

“အဖေ”

“ ငါနဲ့ လုပြည်နယ်ကို ပြန်လိုက်ခဲ့”

ချင်ကျန့်က မှုန်တေတေမျက်နှာဖြင့် ပြောလိုက်၏။

“အဖေ သမီး...”

ချင်ယောင်းသည် အမှန်ပင် ထွက်သွားဖို့ တွန့်ဆုတ်နေတော့သည်။ ရှဲ့ချန်သည် နောက်၈ရက်နေလျှင် မြို့တော်သို့ သွားရတော့မည်။ သူမသည် သည်၈ရက်အတွင်း ဘယ်ကိုမှ မသွားချင်ပေ။ ထို့ကြောင့် သူမက စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

“ အဖေက ဘာလို့ လူကိုယ်တိုင်ရောက်လာတာလဲ” သူမက မေးလိုက်၏။

“လွန်ခဲ့တဲ့နှစ်ရက်က လက်ထောက်ပြည်နယ် တရားသူကြီးဟယ်က လူလွှတ်ပြီး မင်္ဂလာကြောင်းလမ်းခဲ့တယ်လေ၊ ငါ နင့်ကို အိမ်ပြန်ခေါ်သွားရလိမ့်မယ်၊ နင် အပြင်မှာ ပျော်နေတာ တော်သင့်ပြီ၊ အခု လက်ထပ်ဖို့အချိန်ကျပြီ”

ချင်ယောင်းသည် ထိုစကားကို ကြားလိုက်သောအခါ သူမ၏စိတ်ထဲတွင် ဗလာအတိ ဖြစ်သွားတော့သည်။ သူမက ဒေါသထွက်သလို ဝမ်းနည်းသွားတော့သည်။

“အဖေ သမီး အရင်က ပြောထားပြီးပြီလေ သမီး ဟယ်ချင်ကို မကြိုက်ဘူးလို့၊ အဲဒီလူက ငတုံး၊ သူ တစ်ခါက သမီးကိုတောင် အရှက်ခွဲခဲ့သေးတယ်၊ သမီးက သူ့ကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာလဲ”

လင်ယွိပိုင်သည် ဘေးမှနားထောင်လိုက်ပြီးမှ ထောက်ခံလိုက်လေသည်။

“ဦးလေးချင် ကျွန်တော် ဒီကိစ္စကို အာမခံနိုင်ပါတယ်၊ အဲဒီဟယ်ချင်က လူကောင်းတစ်ယောက် မဟုတ်ဘူး”

“ ဒါဆို နင်က ဘယ်သူ့ကို လက်ထပ်ချင်တာလဲ” ချင်ကျန့်က မေးလိုက်၏။

ချင်ယောင်းသည် သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး နှုတ်ဆိတ်နေလိုက်တော့သည်။

“ နင်က အဲဒီဆင်းရဲသားပညာသင်ကျောင်းသားကို လက်ထပ်ချင်တာလား”

ချင်ကျန်းက ရုတ်တရက် ထအော်လိုက်လေသည်။

“ လုံးဝ မစဥ်းစားနဲ့၊ ငါ နင့်ကို အဲလောက်ဂရုတစိုက်နဲ့ ပျိုးထောင်လာခဲ့ရတာ၊ နင် အဲလူကို တွယ်ကပ်နေဖို့ မဟုတ်ဘူး”

သူ့စကားက အနည်းငယ် လွန်သွားလေသည်။ ချင်ယောင်းက မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး သူ့ကို မယုံကြည်နိုင်သလို ငေးကြည့်လိုက်မိတော့သည်။ ရုတ်ခြည်းဆိုသလို မျက်ရည်များက သူမ၏ မျက်နှာပေါ်သို့ လိမ့်ကျလာတော့သည်။ ဒါဆို သူက သူမကို ဘာအတွက် ကျွေးမွေးခဲ့တာတဲ့လဲ။ သူမကို မီးပုံထဲ တွန်းပို့ပြီး ချင်မိသားစု ပိုချမ်းသာလာအောင် လုပ်ဖို့လား။

ချင်ကျန့်သည် သူ အခုလေးတင်ပြောလိုက်သည့် စကားက အနည်းငယ် လွန်သွားမှန်း ခံစားမိလိုက်သည်။ သည်ရက်ပိုင်းတွင် ကပ်ဘေးဒုက္ခသည့်အမြောက်အများက လုပြည်နယ်သို့ အလုံးအရင်းနှင့် ဝင်လာခဲ့ကြသည်။ လုပြည်နယ်၏ အကြီးဆုံးဆန်ကုန်သည်များထဲက တစ်ယောက်အနေဖြင့် သူသည် ဖိအားအများအပြားကို သည်းခံနေခဲ့ရသည်။ ငွေရှာဖို့အရေးတော့။ ဟုတ်ပါသည်။ သူ လုပ်ရလိမ့်မည်။ သို့သော် သူ့တွင် ရုံးတော်၌ အသိတစ်ယောက်မှ မရှိပေ။ ငွေအများကြီး ရှာထားခြင်းကြောင့် သူသည် အရသာအပြည့် အဆီတဝင်းဝင်းနှင့် အသားတုံးတစ်ခုနှင့် တူနေတော့သည်။ အားလုံးက တစ်ကိုက်လောက်တောင် စားချင်နေကြသည်။

သည်ရက်ပိုင်းတွင် သူသည် မကြာခဏဆိုသလို ရုံးတော်အသီးသီးသို့ ငွေပို့ပေးပြီး လုံခြုံရေးအတွက် ကြိုးပမ်းခဲ့ရသည်။

ချင်ယောင်းက အဘယ်ကြောင်း နားမလည်ရပါသနည်း။ သူမက ဟယ်ချင်နှင့် လက်ထပ်မှသာ သူတို့မိသားစုက ဆက်ပြီး ချမ်းသားနိုင်လိမ့်မည်။

“သမီး လက်ထပ်မှာမဟုတ်ဘူး၊ သေရင်တောင် လက်မထပ်ဘူး”

ချင်ယောင်းက ရုတ်တရက် ပြောလိုက်၏။

ချင်ကျန့်က ဒေါသထွက်သွားပြီး

“ ဒီကိစ္စက နင်ဆုံးဖြတ်ရမှာမဟုတ်ဘူး”

ထို့နောက်တွင် သူက အိမ်တော်ထိန်းကို မျက်ရိပ်ပြလိုက်လေသည်။ အိမ်တော်ထိန်းက လက်ခုပ်တီးလိုက်၏။ ချက်ချင်းဆိုသလို လက်မောင်းကြီးကာ ခါးတုတ်သည့် အစေခံတချို့က ဝင်လာတော့သည်။ သူတို့သည် ချင်ယောင်းဆီ တန်းသွားလိုက်ကြပြီး

“မမလေး ခွင့်လွှတ်ပါ”

ထိုသို့ပြောလိုက်ပြီးနောက် သူတို့သည် ချင်ယောင်းကို ဆွဲသွားကြတော့သည်။

ချင်ယောင်းလို မိန်းကလေးငယ်လေးတစ်ယောက်က သူတို့၏ပြိုင်ဘက်မဟုတ်လေရာ ချက်ချင်း ထိန်းချုပ်ခံလိုက်ရတော့သည်။

“ဦးလေးချင် အဲလိုမလုပ်ပါနဲ့၊ အားယောင်းကို လွှတ်ပေးလိုက်ပါ၊ ကျွန်တော်တို့တွေ ဆွေးနွေးလို့ ရပါတယ်”

လင်ယွိပိုင်က ချင်ယောင်းကို ကယ်တင်ပေးချင်သော်လည်း သူသည် ထိုသန်မာလှသည့် အစေခံများနှင့် မယှဥ်နိုင်ပေ။ သည်အခိုက်တွင် သူသည် ငယ်ငယ်က သိုင်းပညာမလေ့ကျင့်ခဲ့သ့်အတွက် ထပ်ပြီး နောင်တရသွားတော့သည်။ မဟုတ်လျှင် သူသည် လူကြီးမင်းရှန်လို ဖြစ်နိုင်ပေသည်။ လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ခုနှင့် ချင်ယောင်းကို မည်သူက အနိုင်ကျင့်ရဲပါမည်နည်း။

“ဒီကိစ္စက မိသားစုကိစ္စပါ၊ သခင်လေးလင် ဝင်မပါသင့်ပါဘူး”

ချင်ကျန့်က လင်ယွိပိုင် သို့မဟုတ် လင်မိသားစုကို မပြစ်မှားလိုပေ။ ထို့ကြောင့် သူက လင်ယွိပိုင်ကို မျက်နှာသာပေးလိုက်တော့သည်။

“ဒါပေမဲ့ အားယောင်းက ကျွန်တော့်သူငယ်ချင်းလေ” လင်ယွိပိုင်က မျက်နှာမလွဲထားနိုင်ပါ။

ချင်ကျန့်က သူ့ကို ဆက်ပြီး ဂရုမစိုက်ချင်တော့ဖြင့် ချင်ယောင်းကို ဆွဲထုတ်သွားတော့သည်။

“ သမီးကို လွှတ်၊ အဖေက ဒီလိုလုပ်ချင်တာလား၊ ကောင်းပြီလေ ဒါဆိုရင်တော့ ဟယ်မိသားစုက သမီးရဲ့အလောင်းကိုပဲ လက်ထပ်ရလိမ့်မယ်” ချင်ယောင်းက ငိုယိုတော့သည်။

လင်ယွိပိုင်က ချင်ယောင်းကို တွယ်ကပ်နေပြီး သေလောက်အောင် စိုးရိမ်နေလေသည်။ သည်လိုအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ထင်ထားသော်လည်း ချက်ချင်း ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

ဘာလုပ်ရမလဲ။ သူသည် တစ်ခုခုကို အမှန်ပင် ပြောချင်ခဲ့လေသည်။ ချင်ယောင်းကို သူနဲ့ပဲ လက်ထပ်ပေးလိုက်ပါလို့။ ချင်ကျန့်က သဘောတူချင် သဘောတူအုံးမယ်။ ဒါပေမဲ့ ချင်ယောင်းက သဘောတူပါ့မလား။

သူသည် ပျာယာခတ်နေသည့် အခြေအနေတစ်ခုထဲ ရောက်နေစဥ် ရုတ်တရက် ကြည်လင်လှသည့် အမျိုးသမီးအသံတစ်ခုက ထွက်လာခဲ့လေသည်။

“ သူဌေးချင် ခဏလောက်စောင့်ပါအုံး၊ ရှင် အပေးအယူတစ်ခု လုပ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စိတ်ဝင်စားလားမသိဘူးနော်”

ချငကျန့်က လှည့်ကြည့်လိုက်တော့ စကားပြောနေသည့် မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သခင်လေးတစ်ယာက်က သူမဘေးတွင် ရပ်နေသည်။ လူငယ်က သူ့ကို လှမ်းကြည့်လိုက်ရုံနှင့် သူသည် မဟာဖိအားကြီးကို ခံစားလိုက်ရတော့သည်။ ထို့အပြင် သည်သခင်လေးဘေးတွင် ရပ်နေသည့် သည်မိန်းကလေးက သူမ၏တည်ကြည်မှုနှင့် ဣန္ဒြေက သည်သခင်လေးထက် နည်းတစ်မှ မလျော့ချေ။

ချင်ကျန့်သည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်သူဖြစ်ခဲ့ရာ မရေမတွက်နိုင်သည့် လူများနှင့် တွေ့ခဲ့ဖူးသည်။ အမှန်ပင်။ သူ့တွင် တိကျသည့် ဆင်ခြင်နိုင်စွမ်းတစ်ခု ရှိလေသည်။ သူက ထိုနေရာတွင် ရပ်လိုက်ပြီး မေးလိုက်၏။

“ မိန်းကလေးက ဘယ်လို လုပ်ငန်းမျိုးကို ဆွေးနွေးချင်တာလဲ”

သူမက သူဘယ်သူလဲဆို သိလို့လား။ သူ့နဲ့များ အလုပ်အကြောင်း ဆွေးနွေးရဲရတယ်လို့လေ။

ကျန်းယွင်ကျူးက သူ့တစ်ယောက်တည်းနှင့်သာ စကားပြောချင်ခဲ့လေသည်။ အကြောင်းမှာ သူမသည် သူ့သရုပ်မှန်ကို သိထားသောကြောင့်ပင်။ ဒါက ကပ်ဘေးဒုက္ခသည်အားလုံးနဲ့လည်း ပတ်သက်နေတယ်လေ။ ဒါက လုပ်ငန်းကြီးတစ်ခုပဲ မဟုတ်ဘူးလား။

All Chapters