← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အပိုင်း (၇၃)

ကျန်းယွင်ကျူးတွင် အတွေးတစ်ခု ဖျတ်ခနဲဝင်လာတော့သည်။ ချင်ကျန့်က ဟယ်မိသားစုရဲ့ ခမည်းခမက် ဖြစ်ချင်တဲ့ အကြောင်းအရင်းက သူက ဟယ်မိသားစုရဲ့အင်အားကို အသုံးချချင်လို့ဆိုတာ သူမ သိထားတယ်လေ။ ဒါပေမဲ့ သူ ရကော ရသွားလို့လား။

အိပ်မက်ထဲက ချင်မိသားစုကို အရိုးပါမကျန် ဆွဲဆုပ်ခဲ့တာက ဟယ်မိသားစု ဖြစ်နေတယ်လို့ သူမ ဘာလို့ မှတ်မိနေတာလဲ။

အသားအပြည့်နဲ့ သိုးတစ်ကောင်က ဝံပုလွေတစ်ကောင်ရဲ့ အကာအကွယ်ကိ ယူဖို့ကြိုးစားခဲ့ရင် သူ့ကိုယ်သူ ဝံပုလွေပါးစပ်ထဲ ပို့လိုက်တာမဟုတ်ဘူးလား။ ဒါက ချင်ယောင်းကိုလည်း ဒုက္ခရောက်စေမှာလေ။

အင်းပေါ့။ ဝံပုလွေက တစ်လုတ်ထဲနဲ့ မျိုချလိုက်မှာ မဟုတ်ဘူးလေ။ တတိတိနဲ့ ကိုက်စားပြီး ငွေရှာမဲ့ ပစ္စည်းတစ်ခုလို အသုံးချမှာ။

ဒါက အိပ်မက်ထဲက ချင်မိသားစုမှာ ဖြစ်ပျက်သွားတဲ့ ဟာတွေပဲ။

ကျန်းယွင်ကျူးသည် ချင်ယောင်းက သည်လိုအဆုံးသတ်သွားမည်ကို မလိုလားပေ။ ထို့အပြင် သူမသည် အခုလေးတင် ထိုကပ်ဘေးဒုက္ခသည်များကိုအကြောင်း စဥ်းစားမိတော့ သူမတွင် သူတို့ကို ကူညီပေးနိုင်မည့် နည်းလမ်းတစ်ခု အမှန်ပင်ရှိနေလေသည်။ သို့သော် သူမတွင် ငွေအရင်းအနှီးမရှိပေ။

ဒီကိစ္စကို ချင်ကျန့်က လုပ်ပေးနိုင်သည်။ သူသာ အောင်မြင်သွားလျှင် အကျိုးတစ်ခု ရနိုင်ပြီး ချင်ယောင်းလည်း နာမည်ကြီးလာကာ ဒုက္ခသည်များကိုလည်း ကယ်တင်နိုင်လိမ့်မည်။ ဒါက တစ်ချက်ခုတ် သုံးချက်ပြတ်မည့် ကိစ္စကောင်းတစ်ခုပင်။

ကျန်းယွင်ကျူးက သူမ၏အကြံကို မြန်မြန် ပြန်စဥ်းစားလိုက်ပြီး ပြဿနာမရှိသည်ကို တွေ့လိုက်ရ၏။ သူမက ပါးစပ်ဖွင့်ကာ ပြောလိုက်တော့သည်။

“ အရင်ဆုံး မိန်းကလေးချင်ကို လွှတ်ပေးလိုက်ပါ၊ ကျွန်မအထင်တော့ ဒီကိစ္စကိုလုပ်ဖို့ သူမက ပိုသင့်တော်လိမ့်မယ်”

ချင်ကျန့်၊ ချင်ယောင်းနှင့် တခြားသူများသည် ထိုစကားကို အတော်လေး ထူးဆန်းသည်ဟု ထင်လိုက်ကြလေသည်။ ချင်ယောင်းက ဒါကိုလုပ်ရမယ်တဲ့လား။ သူမက တခါမှ စီးပွားရေး မလုပ်ခဲ့ဖူးတာပဲ။

နောက်ဆုံးတွင် ချင်ကျန့်က ချင်ယောင်းကို လွှတ်ပေးဖို့ လက်ဝေ့ယမ်းပြလိုက်လေသည်။ သူသည် ကျန်းယွင်ကျူး ပြောချင်သည့် စကားကို နားထောင်ချင်သေးသည်။

“ ကျေးဇူးပြုပြီး ထိုင်ပါရှင်”

လက်ရှိတွင် ဆိုင်ထဲ၌ ဧည့်သည်များ မရှိပေ။ ထို့ကြောင့် ကျန်းယွင်ကျူးက ထောင့်နေရာတစ်ခုကို ရွေးလိုက်ပြီး ချင်ကျန့်နှင့် တခြားသူများကို ဖိတ်လိုက်သည်။

ချင်ကျန့်က လျှောက်သွားကာ ထိုင်ချလိုက်လေသည်။

လင်ယွိပိုင်က ချင်ယောင်းကို တွဲပြီး တစ်ခြားဖက်တွင် ထိုင်လိုက်သည်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ဘက် လှည့်လိုက်ပြီး

“ လူကြီးမင်းရှန် ရှင်ရော နားထောင်ချင်လား”

သူမက ရှန်ဖုန်းမင်ကို ဖိတ်ခေါ်လိုက်သည်။

ရှန်ဖုန်းမင်က သူမပြောမည့်စကားကို နည်းနည်း စိတ်ဝင်စားမိသဖြင့် ခေါင်းညိတ်ပြလိုက်ကာ ထိုနေရာတွင် ထိုင်လိုက်လေသည်။

ကျန်းယွင်ကျူးက သူ့ဘေးတွင် ထိုင်လိုက်သည်။

“ဘာအလုပ်ကိစ္စလဲ”

ချင်ကျန့်သည် ထိုင်ချလိုက်ပြီးမှ နောင်တရသွားတော့သည်။ ကျန်းယွင်ကျူးက ပရိယာယ်များ သုံးနေသည်ဟု ခံစားမိလိုက်လေသည်။

ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ချင်ကျန့်က သူ့လက်ကို ယမ်းလိုက်ပြီး အိမ်တော်ထိန်းနှင့် တခြားသူများကို နောက်ဆုတ်ခိုင်းလိုက်သည်။ ဟဲရင်းနှင့် တခြားသူများကလည်း ဘေးသို့ ရှောင်ပေးလိုက်ကြသည်။ ကျန်းယွင်ကျူးတို့အဖွဲ့သာ သည်နေရာတွင် ကျန်ခဲ့လေသည်။

ကျန်းယွင်ကျူးက လိုရင်းကိုသာ ပြောလိုက်တော့သည်။

“ သူဌေးချင် အဲဒီကပ်ဘေးဒုက္ခသည်တွေကို ဘယ်လိုမြင်လဲ”

ချင်ကျန့်က သူမ သည်လိုမေးလာမည်ဟု မျှော်လင့်မထားခဲ့သော်လည်း ချက်ချင်း ပြန်ဖြေလိုက်လေသည်။

“ အရမ်းကို ဒုက္ခပေးတယ်”

မဟုတ်လို့လား။ လုပြည်နယ်က အရာရှိ အဆင့်ဆင့်နဲ့ သာမန်ပြည်သူတွေကလည်း ဒီဒုက္ခသည်တွေကြောင့် စိတ်ညစ်နေရတယ်လေ။

“ ဒါပေမဲ့ သူတို့တွေ လုပ်သားအင်အားတွေလေ၊ အရင်ရက်တွေက ဒုက္ခသည်တွေ ကျွန်မဆိုင်ကို မကြာခဏဆိုသလို ရောက်လာပြီး အလုပ်လိုချင်တယ်လို့ ပြောကြတယ်၊ သူတို့က ဘာမှမလိုချင်ဘူး၊ ထမင်း သုံးနပ်အပြည့် စားရဖို့ပဲ လိုတာ” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ချင်ကျန့်သည် တစ်ခုခုကို အာရုံရသွားသော်လည်း နားမလည်ပေ။

“ ကျုပ်က လူအများကြီး ငှားပြီး ဘာအသုံးဝင်မှာလဲ”

“ ခြံတစ်ခုလုပ်ဖို့ ဒါမှမဟုတ် အပင်စိုက်ဖို့ မြေလွတ်မြေရိုင်းတစ်ကွက်လောက် ဖော်လိုက်ပေါ့၊ ပိုးထည်စျေးတွေ အခုတလော စျေးတက်လာတာ သူဌေးချင်သတိထားမိလား”

ကျန်းယွင်ကျူး၏စကားကို သတင်းတိကျလေသည်။ လတ်တလောနှစ်များတွင် ရှမင်းဆက်၏ ရေကြောင်းကုန်သွယ်ရေးက ကြီးကြီးမားမား တိုးတက်ခဲ့သည်။ ထိုအခါ မရေမတွက်နိုင်သည့် လက်ရာမြောက် ပိုးထည်များကို နိုင်ငံခြားမှာ တင်သွင်းလာပြီး ရွှေ၊ ငွေ နှင့် ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် လှဲလည်ကြလေသည်။ ပိုးထည်စျေးကလည်း တက်လာလိမ့်မည်။

အခုချိန်တွင် ပိုးစာပင်စိုက်ခြင်းက အချိန်ကိုက်ပင်။

ဗိုက်ဖြည့်ပေးရုံနှင့် အပင်စိုက်ဖို့ လူငှားရနိုင်သည်။ နှစ်နှစ်ကြာပြီးလျှင် သူတို့သည် ပိုးမွှေး၊ အဝတ်အထည် ရက်လုပ်နိုင်ပြီး အကျိုးမြတ်ကောင်းတစ်ခု ရှာနိုင်လိမ့်မည်။ ဒါသည် တစ်သက်မှာ တစ်ခါ ရခဲသည့် ခွင့်အရေးတစ်ခုဖြစ်ပြီး အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်လေသည်။ ငွေအရင်းအနှီးကြောင့်သာ မဟုတ်လျှင် ကျန်းယွင်ကျူးက သူမကိုယ်တိုင် လုပ်ပေလိမ့်မည်။

ချင်ကျန့်သည် ဆန်လုပ်ငန်းလောကတွင် ရှိသူဖြစ်သဖြင့် ပိုးထည်ကို အာရုံမစိုက်ခဲ့မိပေ။ သူက လက်ယမ်းလိုက်ပြီး အိမ်တော်ထိန်းကို လှမ်းခေါ်လိုက်လေသည်။ ထို့နောက် သူက လေသံဖြင့် ညွှန်ကြားချက် နည်းနည်းပါးပါး ပေးလိုက်တော့သည်။ အိမ်တော်ထိန်းက ချက်ချင်း ထွက်သွားလိုက်သည်။

ချင်ကျန့်က ကျန်းယွင်ကျူး၏စကားကို စဥ်းစားတွေးတောနေမိသည်။ သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို သူ နားလည်သလောက်ရှိလာပြီ။ သူမက သူ့ကို မြေရိုင်းဖော်ပြီး အပင်စိုက်ဖို့ အစားအသောက်ကို အသုံးချပြီး ဒုက္ခသည်တွေကို ငှားစေချင်တာ။ ဒီစိတ်ကူးက ကြောင်တောင်တောင်နိုင်တယ် ထင်ရပေမဲ့ သေချာ ပြန်စဥ်းစားကြည့်လိုက်ရင်တော့ အကျိုးအမြတ်များတဲ့ အလုပ်ပဲ။

ချင်ကျန့်၏ ပထမဆုံးအတွေးက မြေရိုင်းတစ်ခုဖော်ဖို့ဖြစ်သည်။ လူများကို မြေရိုင်းဖော်ပြီး စိုက်ပျိုးမြေလုပ်ဖို့ အားပေးရန်အလို့ငှာ တော်ဝင်ရုံးတော်က တစ်ခါ ဥပဒေတစ်ခုကို ပြဋ္ဌာန်းထားခဲ့သည်။ တောထဲက မြေရိုင်းပြီး ရရှိလာသည့် စိုက်ပျိုးမြေကို ရုံးတော်သို့ အခွန်ပမာဏအနည်းငယ်ပေးသွင်းရုံနှင့် ပိုင်ဆိုင်နိုင်သည်။

စိုက်ပျိုးမြေရဖို့နဲ့ အလုပ်လုပ်ဖို့ အစားအသောက်ကိုသုံးပြီး ကပ်ဘေးဒုက္ခသည်တွေကို ငှားရမ်းရမယ်။ ဒါက တော်တော်လေး အကျိုးအမြတ်များတာပဲ။

ထို့အပြင် သူက ပိုတွေးထားလေသည်။ အခု အစားအသောက် ပြတ်လပ်နေတာ အားလုံးက သူ့ကို စိုက်ကြည့်နေကြတယ်။ တကယ်လို့ သူသာ ကပ်ဘေးဒုက္ခသည်တွေကို ငှားလို့ အစားအသောက် ကုန်သွားတယ်ဆိုပင် သူတို့တွေက သူ့ကို မတွယ်ကပ်နိုင်တော့ဘူးပေါ့။ ဟုတ်တယ်မလား။

ပြောမရဘူး။ သူက နာမည်ကောင်းတစ်ခုတောင် ရနိုင်သေးတယ်။

ဒါပေါ့လေ။ ဒီလိုလုပ်ဖို့ အန္တရာယ်တွေလည်း ရှိတာပေါ့။ ဥပမာ ဒုက္ခသည်တွေက ဒီတောင်းဆိုချက်ကို လက်ခံပါ့မလား။ သူတို့တွေ စပြီး ပုန်ကန်ခဲ့ရင် ဘာလုပ်ရမလဲ။ ကြက်က ပျံထွက်၊ ဥကွဲသွားပြီး သူက အကြပ်တည်းကြားထဲမှာ ကျန်ခဲ့မှာလား။ ပြီးတော့ ဒီကိစ္စအပေါ် လုပြည်နယ်အရာရှိတွေနဲ့ ရုံးတော်ရဲ့ သဘောထားကရော....

သည်အခိုက်တွင် အိမ်တော်ထိန်းက ပြန်ရောက်လာခဲ့သည်။ သူသည် ချင်ကျန့်နားနားကပ်ကာ တစ်ခုခုကို တီးတိုးပြောလိုက်လေသည်။

ချင်ကျန့်သည် ထိတ်လန့်သွားသည့် အမူအရာတစ်ခု ဖြစ်သွားတော့သည်။

သူက ရေကြောင်းကုန်သွယ်ရေးအကြောင်း ကြားခဲ့ပြီးဟု ကျန်းယွင်ကျူး သိလိုက်လေသည်။ သူ့ရှုထောင့်မှ ကြည့်လျှင် အခုချိန်တွင် ပိုးစားပင်စိုက်သည်က အလွန်မှပညာရှိလွန်းသည့် အလုပ်မှန်း ကြည့်ရုံနှင့် သိနိုင်သည်။

ချင်ကျန့်သည် သည်လောက်ကြီးမားသည့် လုပ်ငန်းတစ်ခု လုပ်နိုင်သည့်အတွက် သူ့တွင် ကိုယ်ပိုင် သတင်း အဆက်အသွယ် ကွန်ရက်ရှိပြီးသားပင်။ အိမ်တော်ထိန်းက ကျန်းယွင်ကျူး မျှော်လင့်ထားသည်ထက် ပိုပြီး ကြားခဲ့လေသည်။

ချင်ကျန့်က ကျန်းယွင်ကျူးကို အံ့ဩတကြီး ကြည့်လိုက်တော့သည်။ ပိုးစာပင်စိုက်ဖို့ ပြောလာသည့် သူမ၏အကြံပေးချက်က ပိုးထည်စျေးတက်လာသည်ကို ကြည့်ပြီး သည်အတိုင်း ပြောလိုက်သည့် စကားလား၊ သူမက သတင်းကြားထား၍လားဟူ၍ သူ့မှာ မသိနိုင်အောင် ဖြစ်သွားတော့သည်။

ပြီးတော့ သူမက ဒီကိစ္စကို သူနဲ့ တိုက်ရိုက်ပြောရဲတယ်တဲ့။ သူမက ယုံကြည်မှုရှိနေတာလား။ ဒါမှမဟုတ် အကြောက်အလန့် မရှိတာလား။

ချင်ကျန့်က ကျန်းယွင်ကျူးကို အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေမိ၍လား မပြောတတ်ပေ။ ရုတ်တရက်ဆိုသလို အေးစက်သည့်အကြည့်တစ်ခုက သူ့ထံ လွင့်လာတော့သည်။ ချင်ကျန့်သည် ဆတ်ခနဲ တုန်သွားပြီး ရှန်ဖုန်းမင်းကို ခိုးကြည့်လိုက်ကာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်တော့သည်။

သူ့နှလုံးခုန်နှုန်းသည် မရပ်မနား ခုန်နေခြင်းတစ်ခုသာ။ ဒီကိစ္စကို အကောင်ထည်ပေါ်နိုင်ခဲ့ရင် အကျိုးအမြတ်က ဘယ်လောက်တောင်ရမှာလဲ။ ဘယ်နှစ်ဆလဲ။ ဆယ်ဆလား။

သည်အခိုက်တွင် သူသည် အန္တရာယ်ကို ဘေးချိတ်ထားလိုက်ပြီး သူရှာနိုင်မည့် ငွေပမာဏကိုသာ စဥ်းစားမိတော့သည်။

သူ့ကို သည်လိုတွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးသည် ကိစ္စ အောင်မြင်သွားပြီးမှန်း သိလိုက်တော့သည်။ ‘အမြတ် သုံးရရင် အရင်းရှင်တွေက ဥပဒေအားလုံးကို ကျော်ခွသွားရဲတယ်’တဲ့။ အခုတော့ အကျိုးအမြတ်က သုံးဆထက် ပိုနေတာ ပြောစရာတောင်မလိုဘူးလေ။

ချင်ကျန့်သည် သူ့စိတ်လှုပ်ရှားနေဟန်ကို ဖိနှိပ်ထားလိုက်ပြီး ကျန်းယွင်ကျူးကို မေးလိုက်၏။

“မိန်းကလေးကျန်း၊ ဒီလုပ်ငန်းမှာ အားယောင်းကို လိုတယ်လို့ ဘာလို့ပြောတာလဲ”

သူသည် ထိုအကြောင်းကို စဥ်းစားနေမိလေသည်။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ ဒါဆို သူဌေးချင်က ကိုယ်တိုင် ရှေ့ထွက်ချင်လို့လား၊ ဒါဆိုရင်တော့ သိပ်နားထောင်လို့မကောင်းတဲ့ စကားတချို့ ထွက်လာလိမ့်မယ်နော်”

“မိန်းကလေးကျန်း ဘာအဓိပ္ပာယ်လဲ”

“ဆန်ကုန်သည်တစ်ယောက်ရဲ့ သမီးက ဒုက္ခသည်တွေ ဗိုက်ဆာနေတာ မကြည့်ရက်ဘူး၊ သူမက အဖေ့နောက်ကွယ်ကနေ ဒုက္ခသည်တွေကို အစားအသောက်ပေးပြီး အခြေအနေတစ်ခုအနေနဲ့ ဒုက္ခသည်တွေကို သူမအတွက် အပင်စိုက်ခိုင်းခဲ့တယ်လေ။ ဆန်ကုန်သည်ကြီးက ဒုက္ခသည်တွေကို သူ့အတွက် အလကား အလုပ်လုပ်ခိုင်းပြီး သူက သူတို့တွေကို ဆန်နည်းနည်းပါးပါးပေးတယ်တဲ့။ ဒီ အကြောင်းအရာနှစ်ခုမှ လူတွေက ဘယ်တစ်ခုကို ပိုသဘောကျမယ်လို့ သူဌေးချင်ထင်လဲ”

ကျန်းယွင်ကျူးက ပြုံးကာ မေးလိုက်တော့သည်။

ဟုတ်ပါတယ်။ သူမက ကောင်းမှုတစ်ခု လုပ်နေတာပါပဲ။ အဲဒီကပ်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်ပေးနေတာပေါ့။ ဒါပေမဲ့ ကောင်းမှုလုပ်တဲ့နေရာမှာလည်း စည်းမျဥ်းတွေတော့ ရှိရမယ်လေ။ လက်တွေ့မှာလည်း လယ်သမားနဲ့ မြွေအကြောင်း ပုံပြင်တွေ ရှိခဲ့တယ်မလား။

ချင်ကျန့်သည် သူမ ပြောသည့် စကားအဓိပ္ပာယ်ကို နားလည်သွားပြီး ချက်ချင်းဆိုသလို ချွေးအေးများ စီးကျလာတော့သည်။ ပထမတစ်ခုကတော့ အားလုံးက အဲဒီမိန်ကလေးကို ချီးကျူးပြီး သူမ အလုပ်ကိုလည်း ကူညီပေးဖို့ လိုလားကြလိမ့်မယ်။ နောက်တစ်ခုကတော့ ပြဿနာဖြစ်နိုင်တယ်။ ဘယ်သူမှ သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး...

သူက ကျန်းယွင်ကျူးကို ပြန်ကြည့်လိုက်ပြီး စိတ်ထဲတွင် လေးစားသွားတော့သည်။ ဒီတော့ သူမက ဒီကိစ္စကိုလည်း တွေးထားခဲ့တာတဲ့လား။

သူသည် ကျန်းယွင်ကျူးကို လျှော့မတွက် ရဲတော့ချေ။

အမှန်တွင်တော့ ကျန်းယွင်ကျူးသည် သည်အကြောင်းပြချက်ကြောင့်သာ သည်အကြောင်းကို ပြောလိုက်ခြင်းပင်။ နောက်အကြောင်းတစ်ခုမှာ သူမသည် ချင်ယောင်းကို ကူညီပေးချင်သောကြောင့်ပင်။ သည်ကိစ္စသာ အဆင်ပြေသွားခဲ့လျှင် ချင်ယောင်းသည် လုပြည်နယ်တွင် နာမည်ကြီးလာလိမ့်မည်။ ထို့နောက်တွင်တော့ သူမကို ချင်ကျန့်က ထိန်းချုပ်လို့ ရနိုင်တော့မည်မဟုတ်ပေ။

သူမဘေးက ချင်ယောင်းကတော့ သိပ်နားလည်ဟန် မတူသော်လည်း လင်ယွိပိုင်နှင့် ရှန်ဖုန်းမင် တို့သည် သည်ကိစ္စကို ဆက်စပ်မိလိုက်လေသည်။

လင်ယွိပိုင်သည် ကျန်းယွင်ကျူးကို ဝေခွဲမတတ်သည့် မျက်နှာထားတစ်ခုနှင့် ကြည့်လိုက်မိတော့သည်။ သူမက ချင်ယောင်းအတွက် ဘယ်လိုလုပ်ပြီး ဒီလိုစဥ်းစားမိသွားတာလဲ။ ချင်ယောင်းက သူမနဲ့ တွေ့ရတာ ကံကောင်းတာပဲ။ ရှန်ဖုန်းမင်သည် သည်နေရာငယ်လေးတွင် လိုလိုလားလား နေချင်ရသည့် အကြောင်းအရင်းကို သူသည် ရုတ်တရက် နားလည်သွားတော့သည်။ သူသာဆိုရင်... အဟွတ်...သူ ကျန်းယွင်ကျူးနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တာပါလို့။ သူ့ကို အဲလိုကြီး မကြည့်နဲ့ဟ။

အဲလို မဖြစ်နိုင်ဘူးဆိုရင်လည်း နောက်ဆွဲတစ်ယောက်ဆိုလည်း ရပါတယ်လေ။

ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးက သည်နည်းလမ်းကို အကြံထုတ်နိုင်ခဲ့သည်ကို အလွန်မှ အံ့ဩသွားတော့သည်။ ဒါသည် ဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်ရုံမက ချင်ယောင်းကိုလည်း ကူညီပေးနိုင်လိမ့်မည်။ သူသည် သူမကို ငေးကြည့်ရင်း ထိုနှင်းကျသည့်နေ့လေးကို ရုတ်တရက် အမှတ်ရသွားတော့သည်။ သူနှင့်သူမတို့ တောင်ထိပ်ကိုသွားပြီး နှင်းတွေနဲ့ ကြည့်ခဲ့ကြတယ်လေ။ သူမက အဝးတစ်နေရာကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်လေ။

“ ကျွန်မ စဥ်းစားနေတာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းရာကျော်လောက်က ဒီနေရာက ကျယ်ပြောတဲ့ သမုဒ္ဒရာတစ်ခု ဖြစ်မယ်ထင်တယ်နော်”

ထိုအချိန်က သူမသည်တွင် လှပသည့်စိတ်ကူးတစ်ခုရှိသည်ဟု သိထားခဲ့သည်။

ချင်ကျန့်က သည်ကိစ္စကို ကျန်းယွင်ကျူးနှင့် အသေးစိတ် မြန်မြန်ဆွေးနွေးလိုက်တော့သည်။ ပထမဆုံး သည်ကိစ္စကို ဝူလင်စီရင်စုမှ အရင်ဆုံး စတင်ရမည်။ ထို့နောက်တင် အခြေအနေပေါ် မူတည်ပြီး တခြားနေရာများသို့ ချဲ့ထွင်ရမည်။ ဒါသည် အားသာချက် နှစ်ခုရှိသည်။ တစ်ချက်မှာ ဝူလင်စီရင်စုသည် တောင်ထူထပ်သဖြင့် သည်နေရာတွင် ပိုးစားပင်များကို စိုက်နိုင်သည်။ တခြားသူများ၏သံသယကို သွားနိုးဆွမိမည်မဟုတ်ပေ။

မဟုတ်လျှင် အားလုံးက ပိုးထည်စျေးတက်လာသည်ကို သိလာပြီး အားလုံးက ပိုးစာပင်ကို စိုက်ကြလိမ့်မည်။ သည်လို အမှန်ဖြစ်လာခဲ့လျှင် ပိုးထည်စျေး ကျမသွားလျှင်တောင် ကံကောင်းနေပြီ။

ဒုတိယအချက်မှာ ဥပမာတစ်ခု ပေးလို့ရသည်။ ထိုအချိန်ကျလျှင် တခြားစီရင်စုသို့ ချဲ့ထွင်လျှင်လည်း သူတို့ ရရှိခဲ့သည့် အတွေ့အကြုံနှင့် ရလဒ်များကြောင်း လုပ်ငန်းလည်ပတ်ဖို့ရာ အဆင်ပြေလိမ့်မည်။

နောက်ပိုင်း တခြားစီရင်စုများသို့ သွားလျှင်လည်း သူတို့သည် ပိုးစာပင်အားလုံးကို စိုက်နိုင်လိမ့်မည် မဟုတ်ပေ။ မဟုတ်လျှင် အပေါ်က ပြောခဲ့သည်ပြဿနာ ပြန်ဖြစ်လာလိမ့်မည်။ ထို့အပြင် သူတို့သည် ပိုးစာပင်အားလုံးကို စိုက်ခဲ့လျှင်တောင် ထိုအချိန်ကျရင် ပိုးမွေးမြူရေးလုပ်သားများကို အများကြီး ရှာနိုင်လိမ့်မည် မဟုတ်ပေ။

လယ်မြေကို စိုက်နိုင်လျှင် စိုက်မည်။ အပင်အမျိုးမျိုးကို အလယ်တွင် စိုက်လို့ရသည်။ ပိုးစာပင်ကိုတော့ သတ်မှတ်ထားသည့် နေရာများတွင်သာ စိုက်ပျိုးနိုင်သည်။ သည်လိုနည်းဖြင့် ပိုးမွေးပြီး အနီးနားတွင် ပိုးချည်ထုတ်ဖို့ရာ အများကြီး ပိုလွယ်ကူလိမ့်မည်။

တစ်ဆင့်ပြီးတစ်ဆင့် သူတို့နှစ်ယောက်သည် တစ်နာရီလောက် ဆွေးနွေးလိုက်ကြပြီး အစီအစဥ်ကို အတည်ပြုပြီးသလောက်ဖြစ်သွားတော့သည်။

သည်အချိန်တွင် ချင်ကျန့်က ပြောလိုက်၏။

“ဒီစီမံကိန်းက အရမ်းကြီးတယ်၊ ကျုပ်ကိုယ်ပိုင်အရည်အချင်းနဲ့ မလုပ်နိုင်မှာ စိုးရိမ်မိတယ်၊ ကျုပ် ထောင်မိသားစုကို အတူတူလုပ်ဖို့ ဆက်သွယ်ချင်တယ်၊ ကျုပ်က ဦးဆောင်တဲ့သူလုပ်ပြီး သူတို့ကို လက်ထောက်လုပ်ခိုင်းမယ်၊ မိန်းကလေးကျန်း ဘယ်လိုသဘောရလဲ”

လုပြည်နယ်က ထောင်မိသားစုသည် ချင်မိသားစုနီးပါး နာမည်ကြီးသည့် ဆန်ကုန်သည်ဖြစ်လေသည်။ သူတို့နှစ်ယောက် လက်တွဲလိုက်လျှင် အမှန်ပင် အများကြီး ပိုလွယ်ကူသွားလိမ့်မည်။

ကျန်းယွင်ကျူးက ခေါင်းညိတ်လိုက်၏။ ဒါက တကယ် ပိုအန္တရာယ်ကင်းတယ်လေ။

ထို့နောက်တွင် ချင်ကျန့်က နောက်မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။ ကျန်းယွင်ကျူးကို ဝေစုဘယ်နှစ်ခု သို့မဟုတ် ငွေမည်မျှပေးရမည်ဟူသည် မေးခွန်းပင်။ နောက်ဆုံး သူမသည် သည်ကိစ္စကို ကမ်းလှမ်းသူ ဖြစ်ပြီး အစီအစဥ်ကလည်း သူမ၏စိတ်ကူးဖြစ်သည်။

နောက်ဆုံးတွင် ချင်ကျန့်က ကျန်းယွင်ကျူးကို ဝေစု၏ ၅ရာခိုင်နှုန်းကိုပေးပြီး ကျန်သည် ၉၅ရာခိုင်နှုန်းတွင် သူက ၅၀ ရာခိုင်နှုန်းယူပြီး ထောင်မိသားစုကို ၄၀ရာခိုင်နှုန်း ပေးလိုက်သည်။ ကျန်သည့် ၅ရာခိုင်နှုန်းကိုတော့ တခြားနေရာအတွက် သုံးရမည်။

ကျန်းယွင်ကျူးက နားလည်လိုက်ပြီး အသေးစိတ် ဝင်မပါချင်ခဲ့ပေ။

အမှန်တွင်တော့ ချင်ကျန့် သူမကို ပေးသည့် ၅ရာခိုင်နှုန်းမှာ သူမ မျှော်လင့်ထားသည်ထက်ပင် ပိုသေးသည်။ နောက်ဆုံးး သူမသည် စိတ်ကူးတစ်ခုသာ ထုတ်ခဲ့ရခြင်းပင်။ ကိစ္စကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဖို့ရန်က လွယ်ကူသည်မဟုတ်ပေ။ စိတ်ကူး အမှန်တကယ်ဖြစ်လာလျှင် သူမရမည့် ဆုလာဘ်က သေချာပေါက် ကြီးမားပေလိမ့်မည်။

ဟုတ်ပါသည်။ ချင်ကျန့်သည်လည်း သည်ကိစ္စကို နားလည်သည်။ သူ ကျန်းယွင်ကျူးကို ပေးသည့် ၅ရာခိုင်နှုန်းကလည်း သူ့စာနာထောက်ထားမှုဖြစ်လေသည်။ ပထမဆုံးအနေဖြင့် ဒီစိတ်ကူးကို ကမ်းလှမ်းသူက ကျန်းယွင်ကျူး ဖြစ်သည်။ နောက်ပိုင်းတွင် သူမ၏အကြံပေးချက်အားလုံးက အဓိကလိုရင်း ရောက်သည်။ သူ စဥ်းစားလိုက်သည်က သူမကို ဝေစုပေးလိုက်ပြီး သူက သူမဆီမှ အကြံဉာဏ်လာတောင်းနိုင်သလို သူမကလည်း သူတို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် အကောင်းဆုံး စဥ်းစားပေးလိမ့်မည်။ သည်လိုနှင့် ချင်ကျန့်က ချက်ချင်း စာချုပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ကျန်းယွင်ကျူးနှင့် စာချုပ်ချုပ်လိုက်ကာ သူ့လက်ဗွေကို စာချုပ်ပေါ်တွင် နှိပ်လိုက်တော့သည်။ ထို့နောက် သူတို့တစ်ယောက်စီက မိတ္တူတစ်စောင်စီ ယူထားလိုက်ကာ သေသေချာချာ သိမ်းထားလိုက်တော့သည်။

“ ကျုပ် အခုချက်ချင်း လုပြည်နယ်ကို ပြန်လိုက်တော့မယ်” ချင်ကျန့်က ထရပ်လိုက်ပြီး အလျင်စလို ပြောလိုက်လေသည်။

“ ညနေစာစားပြီးမှ သွားကြပေါ့”

ကျန်းယွင်ကျူးက ကောင်းကင်ကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်လေသည်

ချင်ကျန့်က လက်ခါပြလိုက်၏။ သူသည် တခဏလေးပင် မစောင့်နိုင်တော့ပေ။

သူသည် ထွက်သွားမည်ပြင်လိုက်ပြီးမှ ရုတ်တရက် ချင်ယောင်းကို စဥ်းစားမိသွားတော့သည်။

“အဖေ သမီး မပြန်ဘူးနော်” ချင်ယောင်းက ရေရွတ်လိုက်လေသည်။

“ ကောင်းပြီလေ၊ ငါ အရင်ဆုံး ပြန်လိုက်မယ်၊ နင့်လက်ထပ်ပွဲကိစ္စကို ဒီကိစ္စပြီးသွားမှ ပြောမယ်”

ချင်ကျန့်က ပြောလိုက်သည်။

ထိုအချိန်ကျလျှင် ရှဲ့ချန်သည် တော်ဝင်စာမေးပွဲ အောင်နှင့်နေလောက်ပြီ။ ချင်ယောင်းသည် စိတ်အေးသွားတော့သည်။

“ နင် အရင်ဆုံး စီရင်စုရုံးတော်ကို သွား၊ လာခဲ့၊ ဘယ်လိုပြောရမယ်ဆို ငါ နင့်ကို သင်ပေးမယ်”

ချင်ကျန့်က သူ့နဖူးကို ရုတ်တရက် ထရိုက်လိုက်ပြီး ပြောလိုက်လေသည်။ ဒီကိစ္စကို အရင်ဆုံး လုပ်ရမယ်လေ။

ချင်ယောင်းလည်း အနည်းငယ် နားလည်သလိုရှိသွားသဖြင့် လိုက်သွားလေတော့သည်။

ချင်ကျန့်က သူမကို ပြောရမည့်စကားများ သင်ပေးလိုက်သည်။ သူမ၏ တဝက်လောက် နားလည်နေသည့် အခြေအနေကို တွေ့လိုက်ရသဖြင့် သူသည် သူမက ကောင်းကောင်း လုပ်နိုင်ပါ့မလားဟု သံသယဖြစ်မိတော့သည်။

“ မိန်းကလေးချင်က ဒီလိုဖြစ်နေတာမလို့ သူမက မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်နေတာလေ”

ကျန်းယွင်ကျူးက ပြောလိုက်လေသည်။ ချင်ယောင်းက စိတ်ထားဖြူစင်တယ်လေ။ သူမက ဒုက္ခသည်တွေကို မြင်တော့ အလိုလိုနေရင်း စိတ်ပူတဲ့အမူအရာတစ်ခု ထွက်လာခဲ့တယ်။ ဒါကပဲ ဒုက္ခသည်တွေ သဘောကျလာအောင် လွယ်လွယ်လေး လုပ်နိုင်မှာ။

သူမက သူတို့၏အစီအစဥ်ကို နားမလည်သည်က ပိုကောင်းသေးသည်။

ချင်ကျန့်က သူမ စကားကို နားလည်သော်လည်း စိတ်ပူနေမိလေသည်...

“ ကျွန်တော် အားယောင်းနဲ့ လိုက်သွားလိုက်ပါ့မယ်” လင်ယွိပိုင်က ပြောလိုက်၏။

အခုတော့ အားလုံးက ဘေးကင်းသွားလေပြီ။

ဝူလင်စီရင်စု ရုံးတော်။ တရားသူကြီးမုန့်က မနေ့က ရထားသည့် စုစုပေါင်း လျန်ငွေ ၁၂၀၀ကို ကိုင်မြှောက်ထားသည်။ အခုတော့ ဆန်စျေးက အမြန်ကြီး ထိုးတက်နေတာပဲ။ ဒီငွေပမာဏက ဆယ်ရက်လောက်ပဲ သုံးရမယ်ထင်တယ်။ ဆယ်ရက်ပြီးရင် ဘာလုပ်ရမလဲ။

တစ်ယောက်ယောက်ကို ရှာပြီး ငွေထပ်လှူခိုင်းရမလား။ သူ့ပါးစပ်ကို ဟရမှာ အရမ်းရှက်ဖို့ကောင်းတာပဲ။

ဒုက္ခ။ သူသည် မျက်မှောင်ကျုံ့ထားလိုက်တော့သည်။

သည်အချိန်တွင် ချင်ယောင်းနှင့် လင်ယွိပိုင်တို့သည် သူ့ကို လာရှာကြလေသည်။ ချင်ယောင်းက ချင်မိသားစု၏ သမီးနာမည်ဖြင့် သူ့ကို တွေ့ခွင့်တောင်းလိုက်သည်။

“ ချင်မိသားစု ဟုတ်လား၊ ဘယ်က ချင်မိသားစုလဲ”

တရားသူကြီးမုန့်သည် ရုတ်တရက် မှတ်မိသွားတော့သည်. ဧကန္တ ချန်းယွမ်ဆန်ဒိုင်က ချင်မိသားစုလား။

“ သူ့ကို ချက်ချင်း ခေါ်လိုက်”

သူက ပြောလိုက်၏။ သူ့ကို ချင်မိသားစုက လူတစ်ယောက် လာရှာတာဆိုတာ တိုက်ဆိုင်လိုက်တာ။ သူ ဆန်ကိ စျေးပေါပေါနဲ့ ဝယ်နိုင်ရင် အရမ်းကောင်းမှာပဲ။

ချင်ယောင်း ရောက်လာပြီး သူမ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်ပြီး မကြာခင်မှာပင် တရားသူကြီးမုန့်သည် သူ့နားကိုပင် မယုံနိုင်အောင် ဖြစ်သွားတော့သည်။ သူမက ဒုက္ခသည်တွေကို ကူညီချင်တယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက သူမကို အပင်စိုက်ကူရလိမ့်မယ်တဲ့လား။

...

အပိုင်း ( ၇၄)

အိုး။ ချင်ယောင်းက မြေရိုင်းတောင်ကုန်းတွေကိုလည်း ဝယ်ချင်တာတဲ့။

အဲဒီမြေရိုင်းတောင်ကုန်းတွေက သတ္တုရိုင်းလည်းမထွက်သလို ဘာမှလည်း မထွက်ပါဘူး။ အခြေခံအားဖြင့်ဆိုရင် အသုံးမဝင်တာတွေပဲ။

ဒုက္ခသည်တွေကို သူတို့လုပ်ချင်တာ ပေးလုပ်လိုက်ဖို့က ပိုတောင် ကောင်းသေးတယ်။ ဒီလိုမှ သူတို့တွေလည်း ဗိုက်ပြည့်နေတော့ လျှောက်မသွားဘဲ ပြဿနာလည်း မရှာတော့မှာ။

တရားသူကြီးမုန့်က ဒါသည် အလွန်ကောင်းသည့်ကိစ္စတစ်ခု ဖြစ်သည်ဟုသာ ခံစားမိလိုက်လေသည်။ သူက ထက,တော့မတတ်ပင်။

“မိန်းကလေးချင် ဒုက္ခသည်တွေကို ဘယ်တော့ စပြီး ကူညီမှာလဲ”

“မနက်ဖြန်ပါ”

ချင်ယောင်းက အနှေးနှင့်အမြန် လုပ်ရမည်ဖြစ်လေရာ ချက်ချင်းပြောလိုက်လေသည်။

“ကောင်းပြီလေ ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပါမယ်”

“ဪ ဟုတ်သားပဲ၊ တရားသူကြီးမင်းရှင့် မြေရိုင်းတောင်ကရော ဘယ်လိုလုပ်မှာလဲ” ချင်ယောင်းက မေးလိုက်၏။

“ ဒီစီရင်စုရဲ့မြေပုံကို ယူလာခဲ့” တရားသူကြီးမုန့်က ချက်ချင်း အော်ပြောလိုက်လေသည်။

လူတစ်ယောက်က ဝူလင်စီရင်စု၏မြေပုံကို ယူလာခဲ့လိုက်သည်။

“ ဒီမီးခိုးရောင် အပိုင်းတွေအားလုံးက ပိုင်ရှင်မရှိတဲ့ နေရာတွေပဲ၊ မိန်းကလေးက ဘယ်နေရာကို ဝယ်ချင်လဲ၊ မိန်းကလေးကို စျေးပေါပေါနဲ့ ရောင်းပေးနိုင်ပါတယ်”

တရားသူကြီးမုန့်က မြေပုံကို ထောက်ကာ ပြောလိုက်လေသည်။

ဆိုင်မှာတုန်းက ချင်ကျန့်နှင့် ကျန်းယွင်ကျူးတို့သည် ဘယ်နေရာက မြေရိုင်းတောင်ကုန်းများကို ဝယ်ရမည်ကို လေ့လာထားခဲ့ပြီး ပိုးစာခြံ ဧကမည်မျှစိုက်ပြီး ပိုးမွေးမည့်နေရာနှင့် ပိုးချည်ထုတ်မည့်နေရာကို လေ့လာထားပြီးဖြစ်လေသည်။ ထို့ကြောင့် ချင်ယောင်းက ခဏလောက် တွေဝေသွားပြီးနောက် သူမ၏လက်ဖြင့် ကြီးမားသည့်နေရာနှစ်ခုကို အမှတ်အသား လုပ်လိုက်တော့သည်။

သည်နေရာနှစ်ခုသည် ဝူလင်စီရင်စု၏မြောက်ဘက်တွင် ရှိပြီး ချန်ဖုန်းပြည်နယ်သို့ သွားသည့်လမ်းလည်း ဖြစ်သည်။ တစ်ခုက အပေါ်ပိုင်းတွင်ရှိပြီး တစ်ခုက အောက်ပိုင်းတွင်ရှိသည်။ သူတို့သည် အချင်းချင်း ထောက်ပံ့ပေးနေပြီး ဒုက္ခသည်များကို နှစ်ဖွဲ့ခွဲထားနိုင်သည့် သဘောပင်။ ကပ်ဘေးကယ်ဆယ်ရေးအတွက် တော်တော်လေး အဆင်ပြေလေသည်။ အပင်စိုက်ပြီး အိမ်များဆောက်ဖို့လည်း အဆင်ပြေလေသည်။

“မိန်းကလေးချင်က စိတ်နှလုံးကောင်းလိုက်တာ” တရားသူကြီးမုန့်က လေးစားသွားပြီး မြေရိုင်းတောင်ကုန်းနှစ်ခုနှင့် ပတ်ဝန်းကျင်မြေလွတ်ကို ချင်ယောင်းထံ ၁၀ရာခိုင်းနှုန်းက လျှော့စျေးဖြင့် ရောင်းပေးလိုက်တော့သည်။

ချင်ယောင်းက စုစုပေါင်း ငွေသား လျန်ငွေ ၆၀၀ကို ပေးချေလိုက်လေသည်။ မြေရိုင်းတောင်ကုန်းနှင့် မြေလွတ်တို့သည် စျေးပေါ်သော်လည်း ပမာဏအားဖြင့်တော့ တော်တော်များသေးသည်။ ထို့ကြောင့် သူမသည် ငွေအလုံးအရင်း သုံးလိုက်ရသေးသည်။ သည်ငွေနည်းနည်းလေးက ချင်မိသားစု၏ မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်သည်က အမှန်ပင်။

ချင်ယောင်းက မြေစာချုပ်ကို ယူကာထွက်လာခဲ့တော့သည်။

အခုတော့ တစ်စုံတစ်ယောက်က ကပ်ဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ပေးပြီး သူကလည်း တစ်ချီတည်းနှင့် လျန်ငွေ ၆၀၀ အပိုရှာနိုင်ခဲ့သေးသည်။ တရားသူကြီးမုန့်သည် သည်ညတော့ ကောင်းကောင်း အိပ်ပျော်နိုင်ပြီဟု ခံစားလိုက်ရတော့သည်။

ချီရှန်းကျွီဘက်တွင်တော့ ချင်ကျန့်သည် မြေစာချုပ်ကို တွေ့လိုက်ရသောအခါ အလွန်ပျော်သွားတော့သည်။ အစီအစဥ်ကို စတင်လို့ရပြီဟု သတ်မှတ်လိုက်တော့သည်။

သူက အိမ်တော်ထိန်းအား ချင်ယောင်းကို ကူညီပေးဖို့ ထားခဲ့ပြီး သူကတော့ ကိစ္စအားလုံးကို စီစဥ်ရန် လုပြည်နယ်သို့ ချက်ချင်း အလောတကြီး ပြန်လာခဲ့တော့သည်။

တစ်နေ့တည်းမှာပင် ကပ်ဘေးဒုက္ခသည်များသည် မနက်ဖြန်မနက်တွင် မြောက်ပိုင်းမြစ်ကြီး နှင့် လက်လေးချောင်းတောင်တို့တွင် ဆန်ပြုတ်တဲများ ထိုးလိမ့်ဟူသည့် သတင်းကို ကြားလိုက်ရလေသည်။ ဒုက္ခသည်များက ယုံမှားသံသယများ ရှိနေကြသော်လည်း မျှော်လင့်ချက်မဲ့နေသည်ထက် စာလျှင်တော့ ပိုကောင်းသေးသည်။ အားလုံးက သူတို့၏ နောက်ဆုံးအင်အားကို သုံးကာ သည်နေရာနှစ်ခုသို့ သွားလိုက်ကြတော့သည်။

နောက်တစ်နေ့တွင် ကပ်ဘေးဒုက္ခသည်များသည် မနက်စောစောထကြပြီး ဆန်ပြုတ်လှူမည့် တစ်ယောက်တစ်လေများ တွေ့လေမလားမဟု ပတ်ဝန်းကျင်ကို ကြည့်နေကြတော့သည်။ သူတို့သည် ဆက်ပြီး သည်းခံမထားနိုင်တော့ပေ။

မနက်အလင်းရောင်ထွက်လာသည်နှင့် လူတစ်စုက ရောက်လာခဲ့ကြသည်။ ခေါင်းဆောင်က မိန်းကလေးတစ်ယောက် ဖြစ်နေလေသည်။ မိန်းကလေးက ၁၅-၁၆နှစ်သာရှိသေးပြီး မက်မွန်ရောင်ဂါဝန်လေးကို ဝတ်ထားကာ တက်ကြွသည့် မျက်လုံး မျက်ခုံးများ ပိုင်ဆိုင်ထားလေသည်။ သူမသည် ကြင်နာတတ်ပုံရသည်။

ဆန်ပြုတ်လှူချင်တဲ့သူက သူများ ဖြစ်နေမလား။ ဒုက္ခသည်အားလုံးက ချင်ယောင်းကို ကြည့်လိုက်ပြီး သူတို့၏မျက်လုံးထဲတွင် မျှော်လင့်ချက်နှင့် တောင်းပန်တိုးလျှိုးဟန်တို့ ပြည့်နက်နေတော့သည်။

ချင်ယောင်းသည် ကပ်ဘေးဒုက္ခသည်များ၏ ဝမ်းနည်းဖွယ်အခြေအနေကို မြင်လိုက်ရလေသည်။ အသက် ၅-၆နှစ်အရွယ် ကလေးများ၏ လက်မောင်းများသည် ထင်းချောင်းသာသာလောက်သာ ရှိပြီး လူကြီးများက ရပ်နိုင်ရုံမျှလောက်သာ ဖြစ်နေကြသည်။

“မြန်မြန် ဆန်ပြုတ်တဲ ထိုးပြီး ဆန်ပြန်ကျိုကြတော့” ချင်ယောင်းက ချက်ချင်းအမိန့်ပေးလိုက်၏။

သို့သော် အိမ်တော်ထိန်းချင်က ပြောလိုက်လေသည်။

“ မမလေး ဒီလိုလုပ်ရင် သခင်ကြီးကို ရှင်းပြလို့မရနိုင်မှာ စိုးရပါတယ်”

ဒါသည် အစောကြီးကတည်း စီစဥ်ထားသည့် ပြဇာတ်တစ်ခုပင်။ ချင်ယောင်းက ဖိအားအောက်မှ သူတို့ကို ကူညီပေးနေခြင်းဖြစ်ရာ သူမကို နောက်မှ ပြန်မကိုက်နိုင်စေရန် အသိပေးလိုခြင်းပင်။

သို့သော် ချင်ယောင်းက စိုးရိမ်တကြီး ပြောလိုက်လေသည်။

“ အရင်ဆုံး ဆန်ပြုတ်ကြိုကြ နောက်မှ ဒီကိစ္စဆက်ပြောမယ်”

သူမကတော့ ဟန်ဆောင်နေခြင်း လုံးဝမဟုတ်ပေ။ သို့တိုင် သက်ရောက်မှုက အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်နေသည်။ ဒါကြောင့်ပင် ကျန်းယွင်ကျူးက သူမကို ရှေ့ထွက်ခိုင်းရခြင်းပင်။

“ အရင်ကတည်းက သဘောတူထားပြီးသားဆိုပေမဲ့....”

အိမ်တော်ထိန်းက ရေရွတ်လိုက်ပြန်သည်။

“ဒီကိစ္စ နောက်မှ ပြောမယ်” ချင်ယောင်းက ပြောလိုက်၏။

အိမ်တော်ထိန်းက မလုပ်ချင် လုပ်ချင်ဖြင့် လက်ယမ်းပြလိုက်တော့သည်။ နောက်ကလူများက ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ဆန်ပြုတ်တဲထိုးကာ ဆန်ပြုတ် ကျိုကြတော့သည်။ သူတို့သည် ပြင်ဆင်လာခဲ့ပြီး ဖြစ်လေသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ဆန်ပြုတ်တဲ ၁၂လုံးကျော်ကို ချက်ချင်း ဆောက်နိုင်ခဲ့သည်။

ဆန်ဖြူနှင့် ပြောင်းဆန်အိတ်များကို အိုးထဲ လောင်းထည့်လိုက်ကြသည်။ ခဏအကြာတွင် မွှေးပျံ့ပျံ့ ဆန်ပြုတ်နံ့တစ်ခုက ထွက်လာလေသည်။

ဒုက္ခသည်အားလုံးက အိုးကြီးများကို ငေးကြည့်နေကြပြီး မကြာမကြာ တံတွေးမျိုချနေကြတော့သည်။

အနောက်ဘက်ခြမ်းတွင် သည်းမခံနိုင်တော့သဖြင့် မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ ငိုယိုနေသည့် ကလေးတစ်ယောက် ရှိနေသည်။ သူသည် ဗိုက်ဆာလွန်းသဖြင့် ဆန်ပြုတ် သောက်ချင်လှပြီဖြစ်သည်။

“ခဏနော်၊ ခဏလေးပဲ ထပ်စောင့်နော် ဆန်ပြုတ်ရတော့မယ်” သူ့အမေက လေသံတိုးတိုးနှင့် သူ့ကို နှစ်သိမ့်ပေးနေလေသည်။

ကလေးသည် သည်စကားများကို နားလည်ဖို့ရာ အလွန်မှ ငယ်ရွယ်သေးလေရာ ဆက်ငိုနေတော့သည်။

အမေဖြစ်သူကလည်း သူ့ကို ချော့မော့ရန်က လွဲလျှင် ဘာမှ မတတ်နိုင်ခဲ့ချေ။

သည်အချိန်တွင် လူတစ်ယောက်က ပန်ကိတ်တစ်ချပ်ကို လှမ်းပေးလိုက်ပြီး

“ ကလေးကို အရင်ကျွေးထားလိုက်နော်”

ချင်ယောင်းပင်။ ကလေးက ငိုယိုနေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် မနေနိုင်တော့ဘဲ သူ့ကို ပန်ကိတ်တစ်ချပ်ပေးလိုက်တော့သည်။

အမျိုးသမီးက ချက်ချင်းဆို့နင့်သွားပြီး

“ကျေးဇူးတင်ပါတယ် မမလေး၊ ကျေးဇူးတင်ပါတယ်ရှင်”

သူမသည် ချင်ယောင်းကို အကြိမ်ကြိမ် ဦးညွှတ်ရင်း ကျေးဇူးတင်စကား ပြောနေတော့သည်။

“ထပါရှင်၊ ရပါတယ်” ချင်ယောင်က လက်ခါပြလိုက်၏။

ထိုအခါမှ အမျိုးသမီးက ပန်ကိတ်ကို ယူလိုက်ပြီး ကလေးကို ကျွေးလိုက်တော့သည်။

“ မမလေး ကျွန်တော့်ကိုလည်း ပန်ကိတ်တစ်ခုလောက်ပေးပါ၊ ကျွန်တော့်အမေ သေပါတော့မယ်”

ပိန်ပိန်ကပ်ကပ်နှင့် လူတစ်ယောက်က ရောက်လာပြီး ဒူးထောက်ကာ ချင်ယောင်းကို တောင်းပန်လေသည်။

သူနှင့် မဝေးလှသည့်နေရာတွင် အဘွားကြီးတစ်ခုက လဲလျောင်းနေပြီး အသက်ကို ခပ်မျှင်းမျှင်းရှူနေရသည်။

ချင်ယောင်းက သူ့ကို ပန်ကိတ်တစ်ခု မြန်မြန် ပေးလိုက်သည်။

ထိုလူက သူမကို ကျေးဇူးတင်စကား မပြောလိုက်ပေ။ သူက ပန်ကိတ်ကို မြန်မြန်ယူသွားပြီး အဘွားကြီးကို ကျွေးလိုက်လေသည်။

နောက်ထပ် များပြားလှသည့်လူများက ချင်ယောင်းထံမှာ ပန်ကိတ်ကို လာတောင်းကြတော့သည်။ ချင်ယောင်းက မုန့်ခြောက်များ ပိုမယူလာမိသည့်အတွက် သူမကိုယ်သူမသာ မုန်းမိတော့သည်။

သည်အချိန်တွင်ဆန်ပြုတ်က အသင့်ဖြစ်လာသည်။ အိမ်တော်ထိန်းချင်က လူများကို ဦးဆောင်ပြီး ဆန်ပြုတ် စ,ကျွေးလိုက်တော့သည်။

ဆန်ပြုတ်ဝေရင်း သူက ရေရွတ်လိုက်လေသည်။

“အားလုံးက တစ်နေ့ကို ဆန်ပြုတ် တစ်ပန်းကန်ပဲ ရပါမယ်၊ တကယ်လို့များ ထပ်လိုချင်တယ်ဆိုရင်တော့ ဒီနားမှာ သစ်ပင် စိုက်ပေးလို့ရပါတယ်၊ ခင်ဗျားတို့တွေ သစ်ပင် ၅ပင်စိုက်ပေးရင် နောက်ထပ် ဆန်ပြုတ်တစ်ပန်း ထပ်ရပါမယ်၊ ဆယ်ပင်စိုက်ပေးရင် ဆန်ပြုတ် ၂ပန်းကန် ရပါမယ်။

ငွေနဲ့လည်း လဲလို့ရပါတယ်”

သူရေရွတ်လိုက်သည်ကို ကြားလိုက်ပြီးနောက်တွင် လူများက ချက်ချင်း အားတက်လာပြီး စိုက်ရမည့် အပင်အကြောင်းကို မေးကြတော့သည်။

အိမ်တော်ထိန်းချင်က သူတို့သည် အနီးနားကတောင်ပေါ်တွင် တွင်းတူးပြီး အပင်များ စိုက်နိုင်ကြောင်း ရှင်းပြလိုက်လေသည်။ စိုက်ပျိုးပြီးလျှင် လူတစ်ယောက်က လာစစ်ဆေးပြီး လက်ခံပေးမည်။ သူတို့သည် စာရင်းစာရွက်တစ်ခု ရလိမ့်မည်။ ပြီးလျှင် သည်နေရာကိုလာပြီး ဆန်ပြုတ်ယူနိုင်သည်။ ငွေနှင့်လည်း လဲနိုင်သည်။ သစ်ပင်ငါးပင် စိုက်လျှင် ၂ဝမ်ရမည်။ အလုပ်ပိုလုပ်လေလေ ငွေပိုရလေလေ ဖြစ်သည်။

မြေရိုင်းတောင်ကုန်းပေါ်တွင် အပင်များစိုက်ရသည်က အလွန်မှ လွယ်ကူသည့် အလုပ်မဟုတ်ပေ။ သင့်တော်သည့် တွင်းကြီးတစ်ခုကို တူးဖို့ အကောင်းဆုံးလုပ်ရန် လိုအပ်ပြီး မြေကလည်း အလွန်မာကျောနေလျှင် နောက်ပိုင်းတွင် ပျိုးပင်များက ကောင်းကောင်းကြီးမလာမှာ စိုးရိမ်ရသည်။

သို့သော် သည်အလုပ်အတွက် မည်သူကမှ သူတို့ကို တိုက်တွန်းလိမ့်မဟုတ်။ သူတို့သည် ဖြည်းဖြည်းချင်း အားမွေးကာလုပ်နိုင်ပြီး အချိန်၁၀၀ကျော်လေးသည့် သတ္တုရိုင်းများကို ဆက်တိုက်ရွှေ့ပြောင်းနေရသည့် မိုင်းတွင်းတွင် လုပ်ရသည်နှင့်မတူပေ။ သန်မာသည့်လူငယ်တစ်ယောက် မဟုတ်လျှင် လုံးဝလုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လူများက အပင်စိုက်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ကြတော့သည်။

သည်အချိန်တွင် အားလုံးက ဆန်ပြုတ် ရကြပြီးဖြစ်လေသည်။ ချင်ယောင်း၏ဆန်ပြုတ်တွင် သုံးထားသည့် ဆန်က ပြောင်းဆန်ကို ဆန်ဖြူရောထားခြင်းဖြစ်သည်။ ဆန်ပြုတ်က အနည်းငယ် အရည်ကျဲသော်လည်း သုံးထားသည့်ဆန်က ဆန်ကောင်းဖြစ်သည်။ အစိုးရက ပြင်ဆင်ပေးသည့် ဆန်ပြုတ်ထက် အများကြီး ပိုကောင်းလေသည်။ အနည်းဆုံးတော့ ဆန်ပြုတ်နံ့ကို ရှူရှိုက်နိုင်သည်။

အေးချမ်းသည့် နွေဦးရာသီမနက်ခင်းများတွင် သည်လို ဆန်ပြုတ်ပူပူလေးတစ်ခွက် သောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက နွေးလာသည်ကို ခံစားရသည်။ သူတို့သည် ရုတ်တရက် အားအင်များ ရလာသည့်နှယ်ပင်။

ဆန်ပြုတ်သောက်ပြီးနောက် လူတစ်ယောက်က အပင်စိုက်ဖို့ ချက်ချင်း သွားလိုက်တော့သည်။ အိမ်တော်ထိန်း ပြောတာ မကြားဘူးလား။ အပင်ပိုစိုက်ရင် ဆန်ပြုတ်ပိုရမယ်တဲ့။ ဆန်ပြုတ်အများကြီး မစားနိုင်တဲ့သူကလည်း ငွေနဲ့လဲလို့ရတယ်တဲ့။

လူတစ်ယောက်၏ အရေးကြီးဆုံးအရာမှာ မျှော်လင့်ချက် ရှိနေဖို့ပင်။ မျှော်လင့်ချက်သာရှိနေလျှင် သူသည် အပတ်တကုတ် ကြိုးစားနိုင်ပေသည်။

တောင်ပေါ်တွင် အားတက်စရာမြင်ကွင်းတစ်ခု ရှိလာတော့သည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး တရားသူကြီးမုန့်က စိတ်အေးသွားကာ ပြုံးလိုက်၏။ အင်းပေါ့။ သူလည်း တစ်ခုခုတော့ လုပ်ရအုံးမယ်။ အလှူငွေ ၁၂၀၀လျန်ကို ကပ်ဘေးဒုက္ခသည်တွေအတွက် သုံးဖို့လိုတယ်။ အပင်တောင် မစိုက်နိုင်တဲ့သူတွေအတွက် ရုံးတော်က သူတို့အတွက် ဆန်ပြုတ်ကို တာဝန်ယူပေးရမှာပေါ့။

နည်းလမ်းနှစ်ခုကို ပေါင်းစပ်လိုက်သည်တွင် ဝူလင်စီရင်တွင် ဒုက္ခသည်များစွာ ရှိသော်လည်း ငတ်ပြီးသေကြသူများက မရှိသလောက်ပင်။ ဒါသည် အတိတ်က လုံးဝနီးပါး စိတ်ကူးကြည့်ရန် မဖြစ်နိုင်သည့် အချက်ပင်။

တစ်နေ့လျှင် ဆန်ပြုတ် ၂နပ်သို့မဟုတ် ၃နပ်သောက်ရသဖြင့် သည်ဒုက္ခသည်များ၏ ကျန်းမာရေးကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ တချို့လူများကို နေရာမျိုးစုံသို့သွားပြီး အသက်ရှင်ဖို့ နည်းလမ်း ရှာကြလေသည်။

အပင်စိုက်ခြင်းက အစားအသောက်ကို ထောက်ပံ့ပေးနိုင်သည်။ သို့သော် နောက်ဆုံးတွင် ဒါက ရေရှည်ဖြေရှင်းချက်တစ်ခု မဟုတ်ပေ။ သင့်တော်သည့် အလုပ်တစ်ခုတော့ ရှာဖို့လိုလေသည်။

ဒါက ကျန်းယွင်ကျူး၏ ရည်ရွယ်ချက်ပင်။ အပင်စိုက်ခြင်းက သည်ဒုက္ခသည်များကို ဒဏ်သက်သာစေဖို့ ကြားခံအချိန်တစ်ခု ပေးလိုက်ခြင်းဖြစ်ပြီး သို့မှသာ သူတို့သည် သည်နေရာကို ဖြည်းဖြည်းချင်း နေသားကျလာနိုင်ပေမည်။

ကပ်ဘေးဒုက္ခသည်များတွင် လုံးဝမရှိသည့်အရာက သည်လိုဒဏ်ကိုခံနိုင်ရည်ရှိမည့် အခွင့်အရေးတစ်ခု ဖြစ်ပြီး မြင်းတစ်ကောင်ကို ရှာဖို့ရန် မြည်းတစ်ကောင်ကို အရင်စီးထားခြင်းပင်။ အနည်းဆုံးတော့ သူတို့သည် ငတ်သေမှာကို စိုးရိမ်စရာမလိုတော့ပေ။

ထို့အပြင် အစမှ အဆုံးအထိ ကပ်ဘေးဒုက္ခသည်များသည် သာမန်လူလို အလုပ်လုပ်ပြီး စားသောက်ကြရသည်။ သူတို့သည် ခွဲခြားခံရခြင်း သို့မဟုတ် စွန့်ပစ်ခံရခြင်းမျိုးကို ခံစားရလိမ့်မည် မဟုတ်တော့ပေ။ သူတို့အတွက် လူ့အဖွဲ့အစည်းနှင့် သဟဇာတ ပြန်ဖြစ်ဖို့ရန် အများကြီး ပိုလွယ်ကူလာလိမ့်မည်။

အတိတ်က အစိုးရ၏ ဆန်ပြုတ်ဖြင့် ကယ်ဆယ်ခြင်းခံရသည့် လူများနှင့်မတူပေ။ သူတို့သည် တဖြည်းဖြည်း ကိုယ့်ဟာကိုယ် လက်လျှော့လိုက်ကြပြီး နေ့တိုင်း ဆန်ပြုတ်တစ်ပန်းကန်ရဖို့သာ စောင့်ဆိုင်းခဲ့ကြသည်။ ဘဝကြီးက သေသူနှင့် မခြားပေ။

ဒါသည် အစပိုင်းက တရားသူကြီးမုန့် မျှော်လင့်မထားခဲ့သည့် ကိစ္စပင်။ သူသည် သတိထားမိသွားပြီးနောက် ချင်ယောင်းကို အလွန်လေးစားသွားတော့သည်။ ချင်ယောင်းက ဒုက္ခသည်တွေကို ဘာလို့ အပင်စိုက်ခိုင်းတာလဲလို့ စဥ်းစားနေတာ။ ဒီလိုဖြစ်နေတာကိုး။

သည်ရက်ပိုင်းများတွင် ဆန်ပြုတ်များကို ပိုလှူဖြစ်ပြီး ချင်ယောင်း၏ နာမည်ကလည်း ပိုပို ကြီးလာတော့သည်။ ကပ်ဘေးဒုက္ခသည်အားလုံးကို သူမကို ဗုဒ္ဓနှလုံးသားနှင့် မိန်းကလေးဟု သိကြပြီး အားလုံးက သူမကို အလွန်ကျေးဇူးတင်ကြလေသည်။ သူမကြောင့် အသက်ရှင်ခဲ့ကြသည့် လူများစွာက သူမအတွက် သက်ရှည်ကဗျည်းတိုင် ထူပေးပြီး သူမအတွက် မကြာခဏဆိုသလို ဆုတောင်းမေတ္တာ ပို့ပေးကြသည်။

သည်ကာလအတွင်းတွင် အိမ်တော်ထိန်းချင်က ပါးနပ်ပြီး အလုပ်ကြိုးစားသူများကို ဆက်ထားရန် ရွေးချယ်လိုက်သည်။ ပထမအချက်မှာ လူများကို စီမံအုပ်ချုပ်ဖို့ဖြစ်သည်။ ဒုတိယအချက်မှာ ကပ်ဘေးဒုက္ခသည်များ ပြန်သွားပြီးနောက်တွင် ပိုးစားပင်များကို စောင့်ရှောက်ပေးပြီးနောက် ပိုးမွေးကာ ပိုးချည်ထုတ်ဖို့ရန် သည်နေရာတွင် လူတစ်ယောက်ကို ထားဖို့ဖြစ်လေသည်။

ဆက်ထားရမည့်လူများက တော်တော်လေးတော့ နည်းသည်။ ထို့ကြောင့် အားလုံးက ပိုပြီးမျှော်လင့်ချက် ရှိလာသည်ကို တွေ့လိုက်ရလေသည်။

အားလုံးက အစီအစဥ်အတိုင်းပင်။ လူတချို့က မြေရိုင်းတောင်ကုန်းမှ ထွက်သွားကြပြီး ကပ်ဘေးဒုက္ခသည်အသစ်များ ရောက်လာကြသည်။ ပေတဟယ်နှင့် လက်လေးချောင်းတောင်သည် ဒုက္ခသည်များအတွက် ယာယီ ပြန်လည်နေရာချထားပေးသည့် နေရာနှစ်ခုနှင့် တူလာပြီး လူများက ရောက်လာလိုက်၊ ပြန်သွားလိုက်နှင့် မြေရိုင်းတောင်ကုန်းနှင့် သူဘေးက မြေသည် တဖြည်းဖြည်းနှင့် စတင် စိမ်းလန်းလာတော့သည်။

စီရင်စုထဲတွင် လူရောင်းခြင်းနှင့် ရန်ဖြစ်ခြင်း ဖရိုဖရဲကိစ္စများကလည်း ရုတ်တရက်ဆိုသလို အများကြီး လျော့ကျသွားခဲ့သည်။ နေ့ရက်များက ပြန်အေးချမ်းလာသယောင်။ ဝူလင်စီရင်စုက လူများကလည်း သည်ဒုက္ခသည်များကို ထပ်ပြီး ပြင်းပြင်းထန်ထန် မငြင်းပယ်ကြတော့ပေ။ အားလုံးက ကောင်းသည့်ဘက်တစ်ခုသို့ ရွေ့နေသယောင်။

တရားသူကြီးမုန့်သည် အခုတော့ နေ့တိုင်း ကောင်းကောင်းအိပ်နိုင်လာတော့သည်။

သို့သော် တခြားစီရင်စုများက တရားသူကြီးများကတော့ ငြိမ်ငြိမ် မထိုင်နိုင်ကြပေ။ ကပ်ဘေးဒုက္ခသည် ပြဿနာကို မဖြေရှင်းနိုင်ကြပေ။ သူတို့စီရင်စုများတွင် ကမောက်ကမ အခြေအနေကြီးတစ်ခု ဖြစ်တော့မယောင်။

ဟွာယန်းစီရင်စု၏ တရားသူကြီးက ချင်ယောင်းကို အရင်ဆုံးလာရှာပြီး သူမက ဟွာယန်းစီရင်စုအတွက် ဆန်ပြုတ်များကို လှူပေးနိုင်ဖို့ မျှော်လင့်နေလေသည်။ သူ့ဟွာယန်းစီရင်စုမှာ မြေရိုင်းနဲ့ မြေလွတ်တွေ အများကြီးရှိတယ်လေ။ ချင်ယောင်းသာ လိုအပ်ရင် သူက ၂၀ရာခိုင်နှုန်း ၊ မဟုတ်ဘူး၊ ၃၀ရာခိုင်နှုန်း လျှော့ပေး ရောင်းနိုင်ပါတယ်။

သည်အချိန်တွင် ချင်ကျန့်က အဆက်အသွယ် လုပ်ထားပြီးဖြစ်ကာ အားလုံးကို ပြင်ဆင်ထားလိုက်သည်။ အစကတည်းက သူသည် တခြားစီရင်စုများသို့ တိုးချဲ့ချင်ခဲ့သည်။ ဒါက အိပ်ငိုက်နေသူကို ခေါင်းအုံးပေးလိုက်ခြင်းပင် ဖြစ်လေသည်။

ချက်ချင်းဆိုသလို သူက ဟွာယန်းစီရင်စုတွင် ဆန်ပြုတ်လှူဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဒါသည်လည်း ချင်ယောင်း၏ ပူးပေါင်းမှုက လိုသေးသည်။ သည်အချိန်တွင် ၃လပိုင်း ကုန်ရောက်နေပြီ ဖြစ်သည်။ ရှဲ့ချန်နှင့် စီရင်စုက ကျောင်းသားများသည် သူတို့၏ ပစ္စည်းများကို ထုပ်ပိုးပြီး မြို့တော်သို့ သွားရန် ပြင်ဆင်နေကြလေသည်။

အံ့ဩစရာပင်။ ချင်ယောင်းသည် နေ့တိုင်းလိုလို ရှဲ့ချန် ထွက်ခွာမည့်အကြောင်းကို စဥ်းစားနေတတ်ခဲ့သည်။ သို့သော် သူမသည် ဆန်ပြုတ်ကို စတင်လှူပြီးကတည်းက ခွဲခွာရမည့်အရေးနှင့် ပတ်သက်ပြီး ဝမ်းနည်းမှုအများကြီး လျော့သွားခဲ့သည်။ သူမသည် အလွန်မှ အလုပ်များနေလို့လည်း ဖြစ်ပေမည်။ လိုအပ်ခြင်းခံရသည့် ခံစားချက်နှင့် သည်အလုပ်ကို အလွန်မှနှစ်သက်သောကြောင့်လည်း ဖြစ်နိုင်သည်။

သူမသည် ရှဲ့ချန် စာမေးပွဲ မအောင်လျှင် သူနှင့် အခွင့်အရေးမရှိတော့မှာကို အလွန်မှ စိုးရိမ်နေတတ်ခဲ့သည်။

သို့သော် အခုတော့ သူ့စာမေးပွဲရလဒ်က မည်သို့ဖြစ်နေပါစေ သူတို့သည် အတူတူ ကြိုးစားနိုင်သည်ဟု ခံစားလိုက်ရတော့သည်။

ဒါကပင် ရင့်ကျက်လာခြင်း ဖြစ်ပေမည်။ အပျိုဆောင်ထဲက မိန်းကလေးတစ်ယောက်မှ ချန်းယွမ်ဆန်ဒိုင်၏ ပိုင်ရှင်ငယ်လေးတစ်ယောက် အဖြစ် သူမသည် ပိုပြီးရွှင်လန်းလာကာ ယုံကြည်ချက် ပိုရှိလာပြီး ပိုလုပ်နိုင်စွမ်းရှိလာတော့သည်။

ချင်ကျန့်က ဒါကို အကဲခတ်မိလိုက်သည်။ ချင်ယောင်းက ကျန်းယွင်ကျူးနှင့် အတူတူ ကပ်နေတတ်သည်ကို တွေ့ရပြီး ကျန်းယွင်ကျူးက ချင်ယောင်ကို ဆွဲထည့်ခဲ့သည့် အကြောင်းအရင်းကို နောက်ပိုင်းမှ သဘောပေါက်သွားတော့သည်။ ဒါတွေအားလုံးက သူမအတွက်ပဲကိုး။ မဟုတ်လည်း တခြားတစ်ယောက်ကို ရွေးလိုက်တာလည်း အတူတူပဲ ဖြစ်လာမှာပဲလေ။

သူသည် ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။ သူတော့ ထောင်ချောက်ဆင်ခံလိုက်ရပြီလေ။ အခုတော့ ချင်ယောင်းက ကပ်ဘေးဒုက္ခသည်တွေရဲ့ ရင်ထဲက သူတော်စင်မလေးတစ်ယောက် ဖြစ်လာပြီ။ သူ့မှာ သူမကို လက်ထပ်ဖို့ ဖိအား ထပ်ပေးလို့မရတော့ဘူး။ ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်။ သူ့မှာ ချင်ယောင်းနဲ့ ချင်လုပဲ ရှိတာ။ ချင်လုက ငယ်သေးတယ်။ သူ့ကို တော်ဝင်စာမေးပွဲ ဖြေခိုင်းဖို့ စီစဥ်ထားခဲ့တာ။ ချင်ယောင်းသာ တစ်ခုခုကို အောင်မြင်နိုင်ရင် သူက ဒါကိုမြင်ရတာ ဝမ်းသာရမှာပဲ။

သူ့အရူးမလေးက ကျန်းယွင်ကျူးနဲ့ တွေ့ဆုံခဲ့ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲဆိုတာ မသိမှာပဲ စိတ်ပူမိတယ်။

သည်အတွက်နှင့်ပင် သူသည် ရက်ပိုင်းအတွင်း ကျန်းယွင်ကျူးကို လက်ဆောင်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

ကျန်းယွင်ကျူးက ချင်ကျန့်၏အတွေးများကို မသိခဲ့ပေ။ သို့သော် သည်နေ့တွက် သူမသည် ရွှီချင်ရှန့်ထံမှ ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့လေသည်။ သူသည် နှစ်ရက်အတွင်း လက်ထပ်တော့မည်ဖြစ်ပြီး သူမနှင့် ကျန်းမိသားစုက အားလုံးကို သူ့မင်္ဂလာပွဲသို့ ဖိတ်ထားခြင်း ဖြစ်နေတော့သည်။

...

အပိုင်း (၇၅)

“အမေ အစ်ကိုရွှီက လက်ထပ်တော့မှာလား”

ကျန်းယွင်ကျူးက အမျိုးသမီးချန်ကို မေးလိုက်သည်။ သူမသည် ချန်ရှီရွာသို့ မရောက်သည်မှာ ကြာနေပြီဖြစ်လေသည်။ သို့သော် အမျိုးသမီးချန်ကတော့ မကြာခဏ ပြန်ဖြစ်သည်။ သူမသည် သည်ကိစ္စနှင့် ပတ်သက်ပြီး တစ်ခုခုတော့ သိနေလိမ့်မည်။

အမျိုးသမီးချန်က ပြောလိုက်၏။

“ အင်း အမေ သတိထားမိခဲ့သား၊ အဲမိန်းကလေးက ချင်ရှန့်ကို စိတ်ဝင်စားနေတာ တော်တော်ကြာပြီလေ၊ အဲလောက်အမြန်ကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့တာ၊ ကြည့်ရတာ သမီးရဲ့ဦးလေးရွှီကလည်း သူတို့နှစ်ယောက်ကို မြန်မြန်လက်ထပ်ဖို့ မျှော်လင့်နေတယ် ထင်ပါတယ်၊ တကယ်တော့ ချင်ရှန့်လည်း မငယ်တော့ဘူးလေ။

ကုယန်ကျိုး မြို့တော်ကို မသွားခင် အချိန်မီလေးပဲ၊ သူတို့တွေက သူမသွားခင် မင်္ဂလာပွဲ လုပ်ချင်ခဲ့တာဖြစ်မယ်”

ကျန်းယွင်ကျူးက နားလည်သွားတော့သည်။ ဒီလိုဖြစ်သွားတာကိုး။ ရုတ်တရက်ဖြစ်သွားလည်း မဆန်းပါဘူး။

“ အဲဒီမိန်းကလေးက ဘယ်သူလဲဟင်” သူမက မေးလိုက်၏။

“သူ့နာမည်က ဟွေ့ညန် တဲ့၊ မျိုးရိုးက စု၊ သူတို့မိသားစုကလည်း ချန်ဖုန်းကနေ ကပ်ဘေးရှောင်လာတာ”

စုဟွေ့ညန်နှင့် ရွှီချင်ရှန့်တို့၏ ရေစက်ကို ပြန်ပြောပြလိုက်ချိန်တွင် အမျိုးသမီးချန်သည် စိတ်ဝင်စားလာတော့သည်။

လွန်ခဲ့သည့် ရက်၂၀ခန့်က စုဟွေ့ညန်နှင့် သူမ၏မိဘများသည် အငတ်ဘေးမှ ရှောင်လာရင်း ဝူလင်စီရင်စုသို့ ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် အေးခဲလောက်အောင် မိုးရွာနေသည်။ အဖေစုက နေမကောင်းဖြစ်ပြီး တောထဲတွင် လဲသွားတော့သည်။ အမေစုနှင့် စုဟွေ့ညန်တို့သည် သူ့ကို စောင့်ကြည့်ရင်း လမ်းဘေးတွင် ရပ်နေခဲ့သည်။ အကူအညီလှည့်ပတ်တောင်းရန် အမှန်ပင် နေရာတစ်ခုမှ တွေ့ခဲ့ပေ။

သည်အခိုက်တွင် ရွှီချင်ရှန့်က မြည်းလှည်းတစ်စီးနှင့် ဖြတ်သွားလေသည်။ စုဟွေ့ညန်နှင့် သူမ၏ အမေတို့က ချက်ချင်း ရောက်လာပြီး သူ့ထံ အကူအညီတောင်းကြတော့သည်။

ရွှီချင်ရှန့်က အဖေစု၏ အခြေအနေ မကောင်းမှန်း တွေ့လိုက်ရသဖြင့် သူတို့သုံးယောက်လုံးကို ချက်ချင်း လှည်းပေါ်တင်ကာ အဖေစုကို ဆေးခန်းသို့ ပို့ပေးလိုက်လေသည်။

သမားတော်အပြောအရ သူ စောစောပို့ပေးခဲ့သည်ကို ကျေးဇူးတင်ရမည်။ မဟုတ်လျှင် အဖေစု၏ အသက်ကို ဆုံးရှုံးသွားနိုင်သည်ဟုဆိုသည်။

စုဟွေ့ညန်နှင့် သူမ၏အမေက ရွှီချင်ရှန့်ကို အလွန်မှကျေးဇူးတင်သွားတော့သည်။

သို့သော် ယခုအချိန်တွင် ဆေးက လက်ထဲတွင်ရှိသော်ငြား ဘယ်မှာ ကြိုပေးရပါမည်နည်း။ ထို့အပြင် သူတို့သည် သည်နေ့ည ဘယ်မှာတည်းခိုရပါမည်နည်း။

ထိုနောက်တွင် အမေစုက သည်အနီးအနား၌ စျေးပေါပေါနှင့် ငှားရမ်းနိုင်မည့်အိမ်တစ်လုံး ရှိလိုရှိငြား ရွှီချင်ရှန့်ကို မေးလိုက်သည်။

ချန်ရှီရွာတွင် အိမ်အလွတ်များစွာရှိလေသည်။ အခုတော့ တခြားနေရာမှာ အငတ်ဘေးရှောင်လာသည့် လူများစွာ ရှိနေပြီး ရုံးတော်ကလည်း သိပ်ဂရုမစိုက်ပေ။ ထို့ကြောင့် ရွှီချင်ရှန့်က သူတို့အတွက် အိမ်တစ်လုံးငှားပေးလိုက်တော့သည်။

သွားရင်းလာရင်းနှင့် မိသားစုနှစ်ခုသည် မျက်နှာသိများ ဖြစ်လာကြသည်။

စုဟွေ့ညန်က သည်နှစ်ဆိုလျှင် ၁၇နှစ်ဖြစ်သည်။ စုမိသားစုတွင် သမီးတစ်ယောက်သာ ရှိလေသည်။ သူတို့သည့် အစက သူတို့ကို စောင့်ရှောက်ပေးမည်း သမက်တစ်ယောက်ကို ရှာချင်ခဲ့သည်ဖြစ်သဖြင့် သူတို့က သူမအတွက် အချိန်တော်တော်ကြာသည်အထိ စေ့စပ်ခြင်းကို မသတ်မှတ်ပေးခဲ့ပေ။

သည်တစ်ကြိမ်တွင်တော့ ရွှီချင်ရှန့်ကို မေတ္တာသက်ဝင်နေသူမှာ စုဟွေးညန်ကိုယ်တိုင် ဖြစ်နေခဲ့သည်။ စုလင်မယားကလည်း ရွှီချင်ရှန့်သည် အကျင့်စရိုက်ကောင်းမွန်ပြီး၊ ရုပ်ရည်ပြေပြစ်ကာ အလုပ်ကြိုးစားသည်ဟု ခံစားမိသည်။ မိသားစုတွင် အဖေတစ်ယောက်သာ ရှိသည်။ လူဦးရေက နည်းလေသည်။ ထို့ကြောင့် သူတို့က စိတ်ပြောင်းလိုက်ကြပြီး စုဟွေ့ညန် လက်ထပ်ပွဲကို သဘောတူလိုက်ကြတော့သည်။

ရွှီချင်ရှန့်က သည်နှစ်ဆိုလျှင် အသက်၂၀ ရှိပြီဖြစ်သည်။ အဖေရွှီက သူ့မင်္ဂလာဆောင်အတွက် စိတ်ပူနေခဲ့ရသည်။ သည်တစ်ကြိမ်တွင် စုမိသားစုက သည်ကိစ္စကို အရင်ဆုံး ကမ်းလှမ်းလာခဲ့သည်။ ထိုအဖြစ်က သူ့ကို အလွန်ဝမ်းသာသွားစေတော့သည်။

ချက်ချင်းဆိုသလို မိသားစုနှစ်ခုက စေ့စပ်ပေးဖို့ ဆုံးဖြတ်လိုက်ကြပြီး တတ်နိုင်သမျှမြန်မြန် လက်ထပ်ပေးဖို့ တိုင်ပင်ခဲ့သည်။ နောက်ဆုံး ကလေးနှစ်ယောက်ကလည်း မငယ်ကြတော့ပေ။ သူတို့သည် မြေးလေးများကို ချီဖို့ အားခဲထားကြတော့သည်။

“အဖေစုက ပညာသင်တစ်ယောက်ပဲ၊ အမေ စုဟွေ့ညန်ကို နှစ်ခါ သုံးခါလောက်တွေ့ဖူးတယ်၊ သူမက အရင်က စာလေ့လာခဲ့ဖူးတယ်လို့ ကြားတယ်၊ ချင်ရှန့်က သူ့ကို လက်ထပ်ရတာ ကံကောင်းတာပဲ”

အမျိူးသမီးချန်က ပြောလိုက်လေသည်။ ထို့နောက် သူမက ရုတ်တရက်ပြောလိုက်၏။

“မဟုတ်ပါဘူး၊ ချင်ရှန့်က အရမ်းတော်တာ၊ ဟွေ့ညန်က သူ့ကို လက်ထပ်နိုင်တာကပဲ လူမှန်နဲ့ လက်ထပ်နိုင်ခဲ့တာလို့ မှတ်ရမယ်”

“ ကောင်းကင်ဘုံက စုံဖက်ပေးထားတဲ့အတွဲပဲ” ကျန်းယွင်ကျူးက အပြုံးတစ်ခုနှင့် ပြောလိုက်၏။

“ ဟုတ်တယ်မလား”

အမျိုးသမီးချန်က သက်ပင်းချလိုက်လေသည်။ ထို့နောက် သူမက ကျန်းယွင်ကျူးကို ညှိုးငယ်သည့် အကြည့်တစ်ခုနှင့် ကြည့်လိုက်တော့သည်။ ရွှီချင်ရှန့်ကတော့ လက်ထပ်သွားပြီ။ သူမကရော။

ကျန်းယွင်ကျူးက စကားလမ်းကြောင်းမြန်မြန် လွဲလိုက်တော့သည်။

“ အမေ သမီးတို့ လက်ဖွဲ့ဘာပေးရင် ကောင်းမလဲ”

“ ကပ်ဘေးရှောင်လာတဲ့ လမ်းတစ်လျှောက်လုံး ရွှီမိသားစုက အမေတို့ကို အများကြီး စောင့်ရှောက်လာပေးခဲ့တာ၊ အမေ့သဘောကတော့ ပိတ်တစ်အုပ်နဲ့ ဆန်နှစ်အိတ်လောက်တော့ ပေးရမယ်” အမျိုးသမီးချန်က ပြန်ဖြေလိုက်သည်။

သည်လက်ဖွဲ့က ပေါ့သေးသေး မဟုတ်ပေ။ ကျန်းယွင်ကျူးက ခေါင်းညိတ်လိုက်ပြီး သူမ ပေးသင့်သည့်လက်ဖွဲ့ကို စဥ်းစားနေလိုက်လေသည်။

သည်နေရာ၏ ထုံးစံအရ ဆွေမျိုးမိတ်ဆွေများ ပျော်ပွဲရွှင်ပွဲ ကျင်းပသည့်အခါ ကလေးများက အိမ်ထောင်ကျပြီးလျှင်ဖြစ်စေ၊ အိမ်ခွဲနေလျှင်ဖြစ်စေ လက်ဖွဲ့သီးသန့်ပေးရန် လိုအပ်လေသည်။ ကျန်းယွင်ကျူးက သူမသည် အိမ်ထောင်မပြုရသေးဘဲ အိမ်ပြောင်းသွားသည် မဟုတ်သော်လည်း သူမတွင် လုပ်ငန်းတစ်ခုရှိပြီး အိမ်လည်းရှိကာ သူမနာမည်နှင့် ဆိုင်တစ်ဆိုင်လည်း ပိုင်ဆိုင်ထားသည်။ သူမသည် ကိုယ့်ကိုယ်ရပ်တည်နေပြီဟု မှတ်ယူလို့ရပေသည်။ သူမသည် လက်ဖွဲ့တစ်ခု ပေးသင့်သည်။

ဘာပေးမည်ဆိုကတော့။ သူမသည် စိတ်ကူးတစ်ခု ချက်ချင်းရလာတော့သည်။

နေ့လယ်ခင်းတွင် သူမသည် ကျင်းယင်လိုသို့ သွားလိုက်လေသည်။

မကြာမီတွင် ရွှီချင်ရှန့်၏လက်ထပ်ပွဲနေ့ ရောက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် အနားယူသည့်ရက်လည်း ဖြစ်နေသည်။ ထို့ကြောင့် ကျန်းယွင်ကျူးက ကျန်းလင်နှင့် တခြားသူများကို ခေါ်ကာ ချန်ရှီရွာသို့ စောစောပြန်လာခဲ့လိုက်တော့သည်။

သူတို့သည် ပြန်လာသည်မှာ ကြာလှပြီဖြစ်သည်။ သူတို့ ထွက်လာစဥ်က နေရာသည် လူသူကင်းမဲ့နေပြီး ဆောင်းတွင်းတွင် ညှို့မှိုင်းနေလေသည်။ အခုတော့ တောင်ပေါ်တွင် စိမ်းစိုနေပြီး လမ်းဘေးတွင် ပန်းပွင့်လေးများကလည်း အရောင်စုံပွင့်လန်းနေကြသည်။ နွေးဦးလေပြေက ဖြည်းညင်းစွာ တိုက်ခတ်နေပြီး နေကလည်း သာနေသည်။ တောင်ပေါ်ကပြီးပြည့်စုံသည့် နွေဦးပန်းချီကားတစ်ချပ်ပင်။

ချီရှန်းကျွီ၏ခြံဝင်းက ကျယ်ဝန်းသည်ဟု မှတ်လို့ရသော်လည်း အားလုံးက သည်နေရာသို့ ရောက်လာသောအခါ ပိုပြီး လန်းဆန်းသွားသည်ဟု ခံစားလိုက်ကြရသည်။

ကျန်းဝူက လှည်းထဲက ချက်ချင်းဆင်းသွားပြီး လမ်းပေါ်တွင် ဟိုပြေးသည်ပြေး ပြေးလွှားနေတော့သည်။

ကျန်းလင်သည့် အချိန်ခဏလောက် ကျောင်းတက်လာခဲ့ပြီးနောက် အနည်းငယ် ပိုတည်ငြိမ်လာလေသည်။ သူက ကျန်းဝူ ပျောက်သွားမည်စိုးသဖြင့် သူ့ကို စောင့်ကြည့်နေလေသည်။

ကျန်းယွင်ကျူးက လှည်းထဲတွင် ထိုင်နေလိုက်သည်။ အဝေးက လှပသည့်ရှုခင်းကို ငေးမောရင်း သူမက လမ်းဘေးက ပန်းလေးတစ်ပွဲကို မကြာမကြာ လှမ်းခူးကာ လန်းဆန်ပျော်ရွှင်သည့် ခံစားချက်များ ဖြစ်နေတော့သည်။ ရုတ်တရက်ဆိုသလို သူမက စဥ်းစားမိလိုက်လေသည်။ နောက်ပိုင်းကျရင် သူမရဲ့ရည်ရွယ်ချက်ကို ပြောင်းလိုက်သင့်လား။ မြို့က ကောင်းတယ်ဆိုပေမဲ့ ဒီလိုအပြင်ဘက်မှာလောက် ရှုခင်းလှလှလေးတွေ မရှိဘူးလေ။ နောက်ပိုင်းကျရင်နေဖို့ အိမ်တစ်လုံး ဝယ်တဲ့အခါ လှပတဲ့တောင်းတန်းနဲ့ ကြည်လင်နေတဲ့ရေပြင် ရှိတဲ့ နေရာတစ်ခုကိုရှာရင်ကောင်းမလား။

မဟုတ်သေးပါဘူး။ အိမ်တော်ထဲမှာ နေ့တိုင်း နေရရင် ပျင်းစရာကောင်းလာလိမ့်မယ်။

ဒါနဲ့များ သူမက ဘာလို့ ရွေးချယ်နေရအုံးမှာလဲ။ အားလုံးကို ပိုင်ဆိုင်အောင် လုပ်နိုင်သားပဲ။ နှစ်နည်းနည်း ကြာလာရင် ပိုးစာပင်နဲ့ ပိုးမွှေးတာက အမြတ်ရလာတဲ့အခါ သူမရဲ့အိပ်မက်နှစ်ခုလုံးက အမှန်တကယ် ဖြစ်လာနိုင်တယ်မလား။

ထို့သို့စဥ်းစားလိုက်ပြီး သူမသည် အနာဂတ် မျှော်မှန်းချက် နောက်ထပ်၂ခုတိုးလာတော့သည်။

သူတို့သည် ချန်ရှီရွာသို့ ရောက်လာချိန်တွင် တချို့က အိမ်အရင်ပြန်လိုက်ကြသည်။ အိမ်သည် အများကြီး ပြောင်းလဲသွားခဲ့ပြီ။ အမျိုးသမီးချန်က အိမ်ရှေ့နှင့် အိမ်နောက်တွင် ဖရဲသီးနှင့် ပဲသီးများကို စိုက်ထားသည်။ သည်အချိန်တွင် ပျိုးပင်အားလုံးက ကြည်လင်စိမ်းစိုနေပြီး ထိုးထွက်လာဖို့ ကြိုးစားနေကြသည်။ အားလုံးက နေရာတိုင်းတွင် အားအင်အပြည့်ပင်။

အဘိုးချန်က ခြံထဲက ပန်းများကို ရေလောင်းနေသည်။ အခုတော့ သူသည် လုပ်စရာမရှိသဖြင့် သူ့အရင်က ဝါသနာဖြစ်သည့် ပန်းစိုက် ပေါင်းရှင်းသည့်အလုပ်ကို ပြန်လုပ်နေသည်။ သစ်ခွပန်း၊ ပျိုနီပန်း၊ တတိုင်းမွှေးနှင့် ကြွေပန်း အားလုံးကိုက သူက လှလှပပ စိုက်ပျိုးထားခြင်းပင်။

“ငါ ပြန်ရောက်ပြီ” အဘိုးချန်က အပြုံးလေးတစ်ခုဖြင့် နှုတ်ဆက်လေသည်။

“အဘိုး” ကျန်းယွင်ကျူးနှင့် တခြားသူများက တပြိုင်တည်း ခေါ်လိုက်ကြသည်။

“ အိမ်ထဲဝင်ပြီး နားကြအုံး” အဘိုးချန်က လက်ယက်ခေါ်လိုက်သည်။

ကျန်းယွင်ကျူးနှင့် တခြားသူများက လုံးဝ မပင်ပန်းချေ။ သူတို့ထဲတချို့က ခြံ အရှေ့ အနောက်ကို ပတ်ကြည့်လိုက်ပြီး အိမ်၏ပြောင်းလဲမှုကို တအံ့ဩဖြစ်နေကြလေသည်။ တချို့ကတော့ အဘိုးချန်နှင့် စကားစမြည်ပြောရင်း သူ့ပန်းကို ကြည့်နေကြသည်။ နေရာတိုင်းတွင် ရယ်မောသံနှင့် ပျော်ရွှင်မှုများက ပြည့်နက်နေတော့သည်။

ပျော်လို့ဝသွားတော့ အားလုံးက ရွှီအိမ်သို့ အတူတူ သွားလိုက်ကြသည်။ ဟုတ်ပါသည်။ ရွှီအိမ်ဖြစ်သည်။ ကုအိမ် မဟုတ်ပါ။

ရွှီချင်ရှန်သည် လက်ထပ်တော့မည်ဖြစ်သဖြင့် သူတို့သည် ကုအိမ်တွင် ဆက်နေဖို့ရန် မဖြစ်နိုင်ရာ သူက အဖေရွှီနှင့် တိုင်ပင်ခဲ့လေသည်။ ထို့ကြောင့် နှစ်ယောက်သားက ငွေအားလုံးကို ထုတ်ပြီး ရွာထဲတွင် အိမ်တစ်လုံး ဝယ်ခဲ့ကြသည်။

သည်အိမ်တွင် ပင်မဆောင် ၄ခန်းနှင့် အရံခန်း ၃ခန်းပါရှိသည်။ လက်ထပ်ပွဲကြောင့် သူတို့သည် အိမ်ကို သန့်ရှင်းရေးလုပ်ကာ အနီရောင်များနှင့် အလှဆင်ထားပြီး အလွန်မှ ခမ်းနားအောင် ပြင်ဆင်ထားကြသည်။

ကျန်းယွင်ကျူးက အိမ်ကိုကြည့်လိုက်ပြီး သူမ၏မိသားစု ငှားထားသည့်အိမ် သက်တမ်းကုန်လျှင် သူမလည်း ထိုအိမ်ကို ဝယ်လိုက်မည်ဟု စဥ်းစားထားလိုက်သည်။

ဟုတ်ပါသည်။ လပိုင်းသာ ကျန်တော့သဖြင့် အလျင်လိုနေစရာ မလိုပေ။

ကုယုံသယ်က ရွှီချင်ရှန့်၏ လက်ထပ်ပွဲကိစ္စအဝဝကို တာဝန်ယူပေးခဲ့သည်။

ရွှီမိသားစုသည် ချန်ရှီရွာတွင် ဆွေမျိုးများမရှိသဖြင့် လက်ထပ်ပွဲက ရိုးရှင်းလေသည်။

ကျန်းယွင်ကျူးနှင့် တခြားသူများ ရောက်လာသည်နှင့်တပြိုင်နက် အဖေရွှီက ချက်ချင်းထွက်လာပြီး သူတို့ကို လူကိုယ်တိုင် နှုတ်ဆက်ခဲ့သည်။ သည်နေ့ သူသည် အဝတ်အစားသစ်များကို ဝတ်ထားသည်။ သူ့ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးလိမ်းထားပြီး သူ့မျက်လုံးများကလည်း အထူးတလည် တောက်ပလို့ နေသည်။ သူသည် သည်စာသားကို အမှန်ပင် တင်စားထားသည့်နှယ်__ ပျော်ရွှင်ဖွယ် အခါသမယမှာ စိတ်နှလုံးသာယာဖွယ်ဖြစ်သည်။

“ဝင်လာပါ၊ အထဲမှာ ထိုင်ကြ” သူက တက်ကြွစွာ ပြောလိုက်၏။

ကျန်းချိန်နှင့် အမျိုးသမီးချန်တို့က သူတို့လက်ထဲက လက်ဖွဲ့ကို သူ့အား လှမ်းပေးလိုက်လေသည်။ ထုံးစံအရဆိုလျှင် မင်္ဂလာပွဲအတွင်းတွင် နောက်ပိုင်း ပြန်ကြည့်နိုင်ရန်တွက် လက်ဖွဲ့ပစ္စည်း လက်ခံပေးပြီး စာရင်းမှတ်ပေးရသူ တစ်ယောက်ထားရသည်။ သို့သော် ရွှီမိသားစုက ဆွေမျိုး မိတ်ဆွေများ အလွန်နည်းပါးလေသည်။ သည်လိုလုပ်ဖို့ မလိုသဖြင့် သည်အတိုင်း ထားလိုက်တော့သည်။

“ ဒါက ၊ ဘာလို့ ပစ္စည်းတွေအများကြီး ယူလာတာလဲ”

အဖေရွှီက လက်မခံရဲပေ။ ပိတ်စတစ်အုပ်လုံး ဖြစ်နေသည်။ ဂွမ်းစောင့် ၃-၄ထည်နှင့် အဝတ်စား ၂စုံ ချုပ်နိုင်လောက်သည်။ ဆန်နှစ်အိတ်ဆိုလျှင်တော့ ပြောရန်ပင် မလိုတော့ချေ။ ဆန်စျေးက ယခုအချိန်တွင် အလွန်မှ စျေးကြီးနေလေသည်...

“ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ စိတ်ရင်းတွေပါ၊ အစ်ကိုရွှီ ခင်ဗျား လက်မခံရင် ကျွန်တော်တို့ စိတ်ဆိုးရလိမ့်မယ်နော်” ကျန်းချိန်က ရယ်မောလိုက်လေသည်။

အဖေရွှီက လက်ခံလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။

“ ကြင်စဦးမောင်နှံနှစ်ယောက် အတူတူအိုမင်းကြပြီး ကလေးလည်း မကြာခင်ရပါစေရှင်”

ကျန်းယွင်ကျူးက ဆုတောင်းပေးလိုက်ပြီးနောက် သူမ၏လက်ထဲက ဘူးလေးကို အဖေရွှီထံ လှမ်းပေးလိုက်သည်။

“တူမလေး ဒါက”

အဖေရွှီက အနည်းငယ် အံ့အားသင့်သွားတော့သည်။

“ အခု ကျွန်မက ငွေရှာနေပြီလေ၊ ဒီတော့ ကျွန်မကလည်း လက်ဖွဲ့တစ်ခုတော့ ပေးရမှာပေါ့၊ ဦးလေးရွှီ လက်ခံလိုက်ပါနော်”

ကျန်းယွင်ကျူးက ပြောလိုက်၏။

အဖေရွှီသည် သူမက စီရင်စုတွင် ဆိုင်တစ်ခုဖွင့်ထားသည်ကို သိပြီးသား ဖြစ်သော်လည်း...

“အစ်ကိုရွှီ ယွင်ကျူးက ပေးတာဆိုမှတော့ လက်ခံလိုက်ပါ၊ ခင်ဗျား သူ့အကြောင်း မသိလို့လား၊ သူက ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့လူလေ ၊ ကျွန်တော်လည်း သူ့ကို မနိုင်ဘူးဗျ” ကျန်းချိန်က ဟာသနှောကာ ပြောလိုက်လေသည်။

အဖေရွှီက ရယ်မောလိုက်ပြီး

“ မင်းကတော့နော်၊ အခြေအနေကို အခွင့်ကောင်းယူပြီး ဘာမှမသိသလိုလုပ်နေတာပဲ.... ကျုပ်မှာသာ ဒီလိုသမီးမျိုး တစ်ယောက်လောက်ရှိရင် နေ့တိုင်း ကျုပ်ကို စောင့်ရှောက်ခွင့်ပေးထားလိုက်မှာပဲ”

အားလုံးက အတူတူရယ်မောလိုက်ကြလေသည်။

အဖေရွှီက ကျန်းယွင်ကျူး၏ လက်ထဲက ဘူးလေးကို လက်ခံလိုက်သည်။ အနည်းငယ် လေးလံသော်လည်း ဘာမှန်းတော့ မသိနေချေ။

ကျန်းယွင်ကျူးနှင့် တခြားသူများကို အခန်းထဲခေါ်ကာ နေရာချပေးလိုက်ပြီး သူက အချိန်ပေးကာ ဘူးကို ဖွင့်ကြည့်လိုက်သည်နှင့်ချက်ချင်း အထိတ်တလန့်ဖြစ်သွားတော့သည်။

ဘူးထဲက ရွှေရောင်အလင်းတန်းက ရွှေဘီးတစ်ခု ဖြစ်နေခြင်းပင်။ ဘီးပေါ်တွင် အကောင်းစားပတ္တမြား တပ်ထားပြီး ရွှေဘီးကို ပိုပြီးအရောင်လင်းလက်နေစေတော့သည်။

ဒါသည် အလွန်မှ တန်ဖိုးကြီးလှသည်။ ထို့ကြောင့် သူက ဘူးကိုမြန်မြန်ပိတ်လိုက်ပြီး ကျန်းချိန်ကို သီးသန့်ခေါ်တွေ့ကာ သူ့ကို သည်အကြောင်း ပြောပြလိုက်လေသည်။

ကျန်းချိန်ကလည်း ကျန်းယွင်ကျူးက ပေးလိုက်သည့် ဘူးထဲတွင် သည်လိုပစ္စည်း ပါနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဆွေမျိုး မိတ်သင်္ဂဟများ မင်္ဂလာဆောင်ကြလျှင် ဘီးပေးတတ်သည့် အလေ့အထတစ်ခု ရှီသော်လည်း အများစုက ကျိချီမုသစ်ဖြင့် လုပ်ထားသည့် ဘီးများကိုသာ ပေးကြလေသည်။ တချို့လူများက ငွေဘီးများကို ပေးကြသည်။ ကျန်းယွင်ကျူး၏ ရွှေဘီးသည် အနည်းငယ် သေးသော်လည်း လျန်ငွေ ၄-၅စတန်ဖိုးရှိလေသည်။

သို့သော် ကျန်းယွင်ကျူးက ပေးလိုက်ပြီးဖြစ်သဖြင့် ကျန်းချိန်က ပြန်လက်မခံတော့မည်မှာ သဘာဝပင်။ သူက အဖေရွှီကို စိတ်ချလက်ချဖြင့် လက်ခံထားဖို့သာ ပြောလိုက်တော့သည်။

လျန်ငွေ ၄-၅ စ။ အမှန်တွင်တော့ ဒါသည် ချီရှန်းကျွီနှင့် ချာပုလျန်တို့မှ တစ်နေ့တာ အမြတ်ငွေ ဖြစ်လေသည်။

“ သူက အစ်ကိုကြီးတို့ ဟိုတုန်းက ကျွန်တော်တို့မိသားစုကို စောင့်ရှောက်ပေးခဲ့တဲ့ သံယောဇဥ်ကို အမြဲတမ်း အမှတ်ရနေတာလေ၊ ဒီကလေးက ဒီလိုပဲ၊ တခြားသူတွေက သူ့ကို ကောင်းကောင်း ဆက်ဆံပေးတာကို အမြဲတမ်း အမှတ်တရရှိနေတတ်တယ်၊ သူက ခင်ဗျားကို လက်ဖွဲ့ပေးတာဆိုမှတော့ ဒါကို ခင်ဗျားကို ပေးချင်ခဲ့လို့နေမှာ” ကျန်းချိန်က ပြောလိုက်သည်။

အဖေရွှီသည် စိတ်လှုပ်ရှားသွားတော့သည်။ လူတော်တော်များများက ဒုက္ခကိုသာ မျှဝေနိုင်တာ ချမ်းသာမှုကို မမျှဝေနိုင်ဘူးလေ။ အခုတော့ ကျန်းယွင်ကျူးက ဆိုင်နှစ်ဆိုင် ပိုင်ထားပြီးတာတောင် သူတို့ကို သတိတရရှိနေတုန်းပဲ။ တကယ့်ကို ရှားပါးပါပေတယ်။

“ဒါဆို ကျုပ် လက်ခံလိုက်ပါ့မယ်” သူက ပြောလိုက်လေသည်။

“ လက်ခံလိုက်ပါဗျာ”

အဖေရွှီက ဘူးကိုသိမ်းထားလိုက်ပြီး မနက်ဖြန်မနက်ကျလျှင် အိမ်က ပစ္စည်းများနှင့်အတူ ဒါကိုလည်း စုဟွေ့ညန်ကို ပေးဖို့ စဥ်းစားထားလိုက်တော့သည်။ သူမက မိန်းမကောင်းလေးပဲ။ သူမက လက်ထပ်ပြီး ဝင်လာပြီဆိုမှတော့ သူတို့က သူမကို သေချာပေါက် ကောင်းကောင်းဆက်ဆံရမှာပေါ့။ သူ့မှာ သမီးမရှိဘူးဆိုတော့ သူမကိုပဲ သမီးတစ်ယောက်ကို သတ်မှတ်ရမှာပေါ့။

ကျန်းယွင်ကျူးနှင့် တခြားသူများသည် လက်ဖက်ရည်သောက်ရင်း ကွာစေ့စားနေကြလေသည်။

အချိန်တစ်ခု ရောက်တော့ အပြင်ဘက်တွင်မီးရှူးမီးပန်းများကို ပစ်လွှတ်ကြသည်။ ရွှီချင်ရှန့်က အနီရောင်ဝတ်ရုံဖြင့် ဝင်လာခဲ့လေသည်။ သူသည် လကထဲတွင် အနီရောင်ဖဲစကို ကိုင်ထားသည်။ အနီရောင်ဖဲစ၏ တစ်ဖက်စွန်းကို မိန်းကလေးတစ်ယောက်၏လက်က ကိုင်ထားလေသည်။

ဒါသည် သူ့သတို့သမီး စုဟွေ့ညန် ဖြစ်လိမ့်မည်။

ရွှီချင်ရှန့်သည် ရင်ဘတ်ကျယ်ကျယ်၊ ခါးကျဥ်းကျဥ်း၊ ဖြောင့်တန်းသည့်မျက်ခုံးနှင့် တောက်ပသည့် မျက်လုံးနက်များ ပိုင်ဆိုင်ထားသည်။ သည်နေ့ သူသည် သည်အနီရောင်ဝတ်ရုံကို ဝတ်ထားရာ ပိုပြီးတောက်ပနေလေတော့သည်။

လမ်းလျှောက်လာရင်း သူက သူ့ဘေးက လူကို ဂရုတစိုက်နှင့် တွဲလာလေသည်။ သူသည် စုဟွေ့ညန်ကို ချစ်ခင်မြတ်နိုးမှန်း မြင်နိုင်ပေသည်။

“ ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ပါ ၊ ခန်းမလူကြီးကို ကန်တော့ပါ....” ကုယုံသယ်က အော်ပြောလိုက်သည်။

ကျန်းယွင်ကျူးသည် ကန်တော့နေကြသည့် လူနှစ်ယောက်ကို ကြည့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူမသည် အတွေးများစွာ ပေါ်လာတော့သည်။ အိပ်မက်ထဲမှာ ရွှီချင်ရှန့်က ကျန်းမိသားစုကို ကူညီပေးခဲ့ပြီး နောက်ဆုံးတော့ ကျန်းယွင်ရှို့က သူနဲ့ လက်ထပ်ခဲ့တာလေ။ အခုက နည်းနည်းတော့ ဆင်တူသားပဲ။

ကံတရားလား။ ဒါ ကံတရားနဲ့ အများကြီး မဆိုင်ဘဲ အကျင့်စရိုက်နဲ့ ဆိုင်တဲ့ကိစ္စပဲ။ ရွှီချင်ရှန့်က လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးတတ်တယ်။ သူ့ကူညီတတ်တဲ့အကျင့်က သူတို့တွေ အချင်းချင်း တွေ့ဆုံကြဖို့ အကြောင်းဖန်လာတာပဲ။

အစပိုင်းက တူတယ်ဆိုပေမဲ့ အဆုံးသတ်က တူစရာမှ မလိုပဲလေ။ အိပ်မက်ထဲတွင် ကျန်းယွင်ရှို့နဲ့ ရွှီချင်ရှန့်တို့ လက်ထပ်ပြီးနောက်ပိုင်း သူမက ရွှီချင်ရှန့်ကို မကြာခဏဆိုသလို ဩဇာပေးခဲ့တယ်။ ရွှီချင်ရှန့်က တဖြည်းဖြည်းနဲ့ တုံဏှိဘာဝေ ဖြစ်လာခဲ့တယ်။ နှစ်ယောက်သား ပျော်ပုံမရဘူး။ ဒီတော့ သူတို့တွေက နားကျည်းစရာစုံတွဲတစ်ခုလို့ မှတ်နိုင်တာပေါ့။

အခုတော့ ရွှီချင်ရှန့်က စုဟွေ့ညန်ကို လက်ထပ်ခဲ့တယ်။ ပြီးတော့ သူတို့တွေက အပြန်အလှန် ချစ်မြတ်နိုးကြတယ်။ ဒီတော့ သူတို့တွေ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားသင့်ပါတယ်။

အခုနေ ကျန်းယွင်ရှို့များ ဘာတွေလုပ်နေမလဲ မသိဘူး။

ဘယ်လိုများ.... ဘာပဲဖြစ်ဖြစ်ပါလေ။ ဒါက သူမနဲ့မဆိုင်ပါဘူး။ ကျန်းယွင်ကျူးက သည်ကိစ္စကို ဘေးချိတ်ထားလိုက်တော့သည်။

“ ဇနီးမောင်နှံ အပြန်အလှန် ကန်တော့ပါ၊ သတို့သမီးကို မင်္ဂလာဦးခန်းမကို ပို့လို့ရပါပြီ” ကုယုံသယ်က အော်ပြောလိုက်လေသည်။

သတို့သမီးကို မင်္ဂလာဦးခန်းမသို့ ပို့နေစဥ် အပြင်ဘက်တွင် စားသောက်ပွဲ ကျင်းပလိုက်လေသည်။ ရွှီချင်ရှန့်က ထွက်လာပြီး အားလုံးနှင့် ခွက်တိုက်ကာ သောက်လိုက်လေသည်။

“ယွင်ကျူး”

သူသည် ကျန်းယွင်ကျူး၏ ဘေးသို့ လျှောက်လာချိန်တွင် သူမရောက်လာပေးသည့်အတွက် အလွန်ဝမ်းသာကြောင်း ဝမ်းသာအားရ ပြောလိုက်တော့သည်။

“ ဂုဏ်ပြုပါတယ်နော်” ကျန်းယွင်ကျူးက ပြောလိုက်၏။

ရွှီချင်ရှန့်က ပြုံးလိုက်သည်။ သူသည် ကျန်းယွင်ကျူးအပေါ် ခံစားချက်များကို လက်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်လေသည်။ သူမကို အခုလိုတွေ့လိုက်ရတော့ မိတ်ဆွေတစ်ယောက်ဟုသာ သတ်မှတ်ထားတော့သည်။

မင်္ဂလာဆောင် စားသောက်ပွဲက နေ့ခင်းတွင်ဖြစ်သည်။ ညနေပိုင်းတွင် နောက်ထပ်တစ်ပွဲ ရှိသေးသည်။ ဖက်ထုပ်စားပြီး ကလေးတစ်ယောက် မြန်မြန်မွေးနိုင်ရန် ရည်ရွယ်လေသည်။

ကျန်းယွင်ကျူးက ဖက်ထုပ်စားဖို့ ရွာတွင် ဆက်နေလိုက်သည်။ စည်ကားသည့်အချိန် ကုန်ဆုံးသွားသည်နှင့် ညလည်းမှောင်သွားပြီး မြို့တံခါးလည်း ပိတ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူမက အိမ်တွင် အနားယူလိုက်တော့သည်။

သူမသည် ညက ဝိုင်အနည်းငယ်သောက်ထား၍လား မသိပေ ရင်အနည်းငယ် ပူနေသည်။ သို့မဟုတ် ရုတ်တရက် ပတ်ဝန်းကျင် ပြောင်းသွား၍လား မသိပေ ကျန်းယွင်ကျူးသည် အိပ်ရာပေါ်တွင် အချိန်အကြာကြီး လဲလျောင်းနေသော်လည်း အိပ်မပျော်ပေ။ သူမက ဒီအတိုင်းထလာလိုက်ပြီး အပြင်သို့ ထွက်လာခဲ့လိုက်သည်။ တိုက်ခတ်နေသည့် ညခင်းလေကြောင့် သူမသည် အနည်းငယ် သက်သာလာတော့သည်။

ထိုနေရာတွင် ရပ်နေရင်း ရုတ်တရက် တစ်ခုခုလိုနေသလို ခံစားလိုက်ရလေသည်။

ဘာလိုနေပါလိမ့်။ သူမက မျက်မှောင်ကျုံ့ထားလိုက်သည်။

မော့ကြည့်လိုက်သည်နှင့် တပြိုက်နက် သူမဘေးက အခန်းငယ်လေးကို တွေ့လိုက်ရသည်။ ဘေးအခန်းတံခါးကို သော့ခတ်ထားလေသည်။ ရှန်ဖုန်းမင် နေခဲ့သည့် အခန်းဖြစ်လေသည်။ ရှန်ဖုန်းမင် မရှိနေကြောင်းကို ကျန်းယွင်ကျူး ရုတ်တရက် သတိထားမိသွားတော့သည်။

ချီရှန်းကျွီတွင် သူမ အိပ်မပျော်ခဲ့လျှင် သူမသည် တံစက်မြိတ်ပေါ်တွင် ရှိနေတတ်သည့်သူ့ကို အမြဲတမ်း မြင်နိုင်လေသည်။

All Chapters