အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အပိုင်း (၇၆)
သူမ၏ စိတ်ထဲသို့ အတွေးများစွာ ချက်ချင်းဝင်ရောက်လာခဲ့သည်။ သို့သော် မူးနေသည့်အတွက်ကြောင့် ကျန်းယွင်ကျူးသည် ခဏလောက် တွေဝေငေးမောနေမိလေသည်။ ထို့နောက် သူမက ပြန်အိပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
နောက်တစ်နေ့ မနက်စောစောတွင် သူမသည် အိပ်ရာပေါ်တွင် ထိုင်ရင်း ရှန်ဖုန်းမင်အကြောင်းကို စဥ်းစားနေမိသည်....
“ယွင်ကျူး သမီး ထပြီလား”
အမျိုးသမီးချန်က အပြင်ဘက်မှ ပျော့ပြောင်းစွာ အော်ခေါ်လိုက်လေသည်။
“ ထပါပြီ အမေ”
ကျန်းယွင်ကျူးက ပြန်ပြောရင်း ထကာ တံခါးသွားဖွင့်ပေးလိုက်တော့သည်။
“အမေ မနက်စာ လုပ်ထားတယ်၊ နည်းနည်းပါးပါး လာစားလိုက်၊ ဒီနေ့ ယန်ကျိုးက မြို့တော်ကို သွားတော့မှာတဲ့၊ အမေတို့တွေ သူ့ကို လိုက်ပို့ကြမလား” အမျိုးသမီးချန်က သူမကို မေးလိုက်လေသည်။
“ပို့သင့်တာပေါ့”
ကျန်းယွင်ကျူးက အဝတ်အစား မြန်မြန်လဲလိုက်၏။ ဟဲရင်းက သူမအတွက် ရေနွေး ပြင်ဆင်ထားပေးသည်။ သူမက မျက်နှာသစ်ပြီး ထိုင်ချလိုက်သည်။ ဟဲရင်းက ဆံပင်ကို တိမ်ပုံစံတစောင်းလေး ထုံးပေးလိုက်ပြီး သူမအတွက် ဆံထိုးငယ်လေးနှစ်ချောင်း ထိုးပေးထားကာ သူမ၏ကြော့ရှင်း နွဲ့နှောင်းပုံကို ထုတ်ပြထားလေသည်။
“အသစ်လေ့လာထားတဲ့ ပုံစံလား”
ကျန်းယွင်ကျူးသည် မှန်ထဲက ပုံရိပ်ကို တွေ့လိုက်ရပြီး အပြုံးတစ်ခုနှင့် ဟဲရင်းကို မေးလိုက်လေသည်။
“ဟုတ်ပါတယ်၊ မမလေး ဘယ်လိုထင်လဲ”
ဟဲရင်းက မေးလိုက်ပြီး မှန်ကို မကြာခဏ လှမ်းကြည့်လိုက်သည်။ သူမ၏မမလေးက ချောမောလှပလေသည်။ လှလှပပလေး ပြင်ဆင်ပေးလျှင် ပိုကောင်းလိမ့်မည်။
“ တော်တော်လေး လှတယ်”
ကျန်းယွင်ကျူးက ဆံထုံးကို ထိကြည့်လိုက်၏။ ကြည့်လို့ကောင်းပေမဲ့ အလုပ်လုပ်ဖို့တော့ အဆင်မပြေလောက်ဘူး။ ထားလိုက်ပါလေ။ သူမလည်း ဒီနေ့ အလုပ်လုပ်ဖို့ မလိုလောက်သေးပါဘူး။ ဒီအတိုင်း ထားလိုက်မယ်။
ထို့နောက် သူမက ထွက်လာခဲ့လိုက်သည်။ သည်မနက်ခင်းတွင် အမျိုးသမီးချန်က ဖက်ထုပ်အရည်နှင့် အသီးအရွက်ပန်ကိတ် လုပ်ထားပေးသည်။ ဖက်ထုပ်အရည်က အရသာရှိလှသည်။ အသီးအရွက် ပန်ကိတ်ကို ခြံထွက် အသီးအရွက်စိမ်းများသုံးကာ လုပ်ထားသည်။ အလွန်မှ လတ်ဆတ်ပြီး နူးညံ့လေသည်။ ကျန်းယွင်ကျူးက ပူတုန်း အားရပါးရစားလိုက်ပြီး စိတ်ကျေနပ်သွားတော့သည်။
သည်တစ်ကြိမ်တွင် သူမက အမျိုးသမီးချန် အခေါ်ကို စောင့်မနေတော့ဘဲ ထွက်လာခဲ့လိုက်၏။
ကျန်းချိန်နှင့် တခြားသူများကလည်း ရောက်နေကြသည်။ သူတို့အားလုံးက ကုအိမ်သို့ အတူတူသွားလိုက်ကြတော့သည်။
ဒါသည် ကျန်းယွင်ကျူးအနေဖြင့် စုဟွေ့ညန်ကို ပထမဆုံးတွေ့ဖူးခြင်းပင်။ သူမသည် အသားအရေလတ်ပြီး နူးညံ့သည့်သွင်ပြင်ရှိတာ စကားနည်းသည့် မိန်းကလေးတစ်ယောက်ပင်။ သူမက နွေရာသီကြာပန်းတစ်ပွင့်လို ထိုနေရာတွင် သိမ်မွေ့ပြီး ချစ်စဖွယ်ရပ်နေလေသည်။ အထူးသဖြင့် သူမ၏မျက်လုံးများပင်။ ရွှီချင်ရှန့်ကို မကြာမကြာ လှမ်းကြည့်နေသည့် သူမ၏မျက်လုံးများက သိမ်မွေ့ပြီး တောက်ပလေသည်။
အားလုံးက အချင်းချင်း နှုတ်ဆက်လိုက်ကြ၏။ ကုယန်ကျိုးက အထုပ်တစ်ထုပ်နှင့် အိမ်ထဲက ထွက်လာခဲ့သည်။
“သား ကိုယ့်ဟာကို သေချောဂရုစိုက်နော်”
အမျိုးသမီးလင်က ပြောရင်း မျက်ရည်များကို သုတ်လိုက်သည်။
“ သား စာမေးပွဲ မအောင်ရင်တောင် နောက်သုံးနှစ်နေရင် စာမေးပွဲက ရှိပါသေးတယ်” ကုယုံသယ်က ပြောလိုက်သည်။
အမျိုးသမီးလင်က သူ့ကို တံတောင်ဖြင့် တွတ်လိုက်၏။ သူ ဘာတွေပြောနေတာလဲ။ သူမရဲ့သားက စာမေးပွဲကို သေချာပေါက် အောင်မဲ့ဟာကို။
ကုယုံသယ်က မျက်နှာကိုတည်ထားလေသည်။ သူ့သား စာမေးပွဲမအောင်လျှင် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်နေခဲ့ခြင်းပင်။ သူ့ကို စာမေးပွဲအောင်စေချင်သည်ကတော့ အမှန်ပင်။
“အဖေ အမေတို့လည်း ဂရုစိုက်ကြပါနော်” ကုယန်ကျိုးက ပြောလိုက်သည်။
“ အဖေတို့ကို စိတ်ပူမနေနဲ့၊ အဖေတို့က အိမ်မှာနေတာ၊ ဘာဖြစ်နိုင်မှာလဲ”
ထိုအခါမှ ကုယန်ကျိုးက လူအုပ်ကြီးလှည့်ကြည့်လိုက်လေသည်။
လူတချို့က သူသည် ရွှေစာရင်းဝင် အဆင့်သေချာပေါက်ရလိမ့်မည်ဟု ဆိုကြသည်။ တချို့က သူ့ကို ကျန်းမာရေး ဂရုစိုက်ဖို့ ပြောကြသည်။ အားလုံးက စကားပြောရင်း ရွာအဝင်အထိ သူ့ကို လိုက်ပို့ကြသည်။ ၅ကီလိုမီတာလောက် လျှောက်လိုက်ပြီးနောက် သူတို့သည် လျို့ရွှီဖော်ဟု ခေါ်သည့်နေရာတစ်ခုသို့ ရောက်လာကြသည်။
သည်အချိန်တွင်နွေဦးရာသီက အလှပဆုံးအချိန်ဖြစ်လေသည်။ ရှည်လျားသည့် မိုးမခကိုင်းများကို အဖြူရောင် မိုးမခ ကြောင်မြီးသစ်ခွပန်းများက ဖုံးအုပ်ထားသည်။ လေတိုက်လာချိန်တွင် သူတို့သည် နှင်းပွင့်လေးများလို ကြွေကျလာကြသည်။ လှပသည့် မြင်ကွင်းတစ်ခုပင်။
အားလုံးက သည်လှပသည့် ရှုခင်းကို ခံစားဖို့ရာ စိတ်ခံစားချက် မရှိနေသည်ကတော့ နှမြောစရာ။
သည်အချိန်တွင် ကုယန်ကျိုးက ရပ်လိုက်၏။ သူသည် လူတချို့နှင့် မြို့တော်သို့ အတူတူသွားရန် သဘောတူထားခဲ့ပြီး သည်နေရာတွင် ဆုံဖို့ စီစဥ်ထားလေသည်။
သိပ်မကြာခင်တွင် အရပ်မြင့်မြင့်ကျောင်းသားတစ်ယောက် ရောက်လာခဲ့သည်။ သူသည် ကုယန်ကျိုးကို အဝေးက တွေ့လိုက်ရသောအခါ လက်ယမ်းပြလေသည်။
ထို့နောက်တွင် မျက်နှာဝိုင်းနှင့် ကျောင်းသား ရောက်လာသည်။
ကြားတွင် ရှဲ့ချန်၊ ရှန်လျန်၊ ချင်ယောင်းနှင့် လင်ယွိပိုင်တို့ ရောက်လာကြသည်။ ပြီးခဲ့သည့်အခေါက်၌ ကျန်းယွင်ကျူးသည် အချက်အပြုတ်ပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့စဥ်က ရှဲ့ချန်နှင့် ကုယန်ကျိုးတို့သည် မျက်နှာသိများ ဖြစ်ခဲ့ကြသည်။ အမှန်တွင်တော့ နှစ်ယောက်သားက ကျောင်းတော်ထဲတွင် နာမည်ကို အချင်းချင်း ကြားခဲ့ဖူးသော်လည်း လူချင်းမဆုံဖြစ်ခဲ့ကြခြင်းပင်။ သည်တစ်ကြိမ် နှစ်ယောက်သားက ခင်မင်သွားခဲ့ကြပြီး အချင်းချင်း အသိပညာများကို အတွင်းကျကျ ချီးကျူးဆွေးနွေးရင်းမှ ပိုရင်းနှီးလာကြကာ မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။
သည်တစ်ကြိမ်တွင် ကုယန်ကျိုးက ရှဲ့ချန်ကို သူနှင့်လိုက်ခဲ့ရန် ခေါ်လိုက်သည်။
ရှဲ့ချန်သည် လှည်းပေါ်က ဆင်းလာပြီး ရှဲ့လျန်ကို ကြည့်လိုက်၏။
“အားလျန် ညီမလေး ကိုကိုနဲ့ မြို့တော်ကို မလိုက်တော့ဘူးဆိုတာ သေချာလား”
သည်ရက်ပိုင်းတွင် ရှဲ့ချန်သည် မြို့တော်သို့ သွားရန် ပြင်လာခဲ့လေသည်။ မျှော်လင့်မထားဘဲ ရှဲ့ချန်က မနေ့က သူ့ကို ရုတ်တရက် လာရှာပြီး သူမက ချီရှန်းကျွီတွင်သာ နေမည်ဖြစ်ကာ သူနှင့် မြို့တော်သို့ မလိုက်တော့ကြောင်း ပြောလာခဲ့သည်။
ရှဲ့ချန်သည် အံ့ဩသွားရတော့သည်။
ရှဲ့လျန်သည် သူ့ကို လက်ဟန်ခြေဟန်ဖြင့် အချိန်တော်တော်ကြာအောင် လုပ်ပြခဲ့လိုက်ပြီးနောက်တွင် သူမ၏ စိတ်ကူးကို နားလည်သွားတော့သည်။ သူမသည် ချီရှန်းကျွီကို သဘောကျသည်။ သူမသာ ရှဲ့ချန်နှင့် မြို့တော်သို့ လိုက်သွားလျှင် သူမက သူ့ကို ဒုက္ခဖြစ်စေလိမ့်မည်။ ထို့ကြောင့် ထိုသို့ အဖြစ်ခံမည့်အစား သူမသည် ကောင်းကောင်းနေခဲ့ရလိမ့်မည်။
ရှဲ့လျန်သည် အဝေးက ကျန်းယွင်ကျူးနှင့် တခြားသူများကို မြင်လိုက်ရပြီး ပြတ်သားစွာ ခေါင်းခါပြလိုက်တော့သည်။
သူမကို ဤသို့ တွေ့လိုက်ရသဖြင့် ရှဲ့ချန်က လက်လျှော့လိုက်တော့သည်။ လက်ရှိအခြေအနေကလည်း အရင်နဲ့ မတူတော့ဘူးလေ။ အဲဒီလူလည်း ထောင်ထဲ ရောက်သွားပြီ။ ရှဲ့လျန်ကို သူနဲ့တစ်လမ်းလုံး လိုက်လာခိုင်းတာထက် ဒီမှာပဲ နေခိုင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။
ထို့နောက် သူမက ချင်ယောင်းကို ကြည့်လိုက်သည်။
နှစ်ယောက်သား အချိန်တော်တော် ကြာအောင် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူက လှည့်ထွက်သွားတော့သည်။ ပြောသင့်သည့်စကားများကို သူ မနေ့က ပြောခဲ့ပြီးဖြစ်သည်။ ကျန်သည့်အကြောင်းကိုတော့ စာမေးပွဲပြီးနောက် ပြန်လာမှ ပြောကြမည်။
ရှဲ့ချန်သည် လမ်းလျှောက်သွားရင်း တဖြည်းဖြည်း ပိုဝေးသွားတော့သည်။ ရှဲ့လျန်က လှည်းကို ဖြည်းဖြည်းချင်း ဖမ်းဆုပ်ထားလိုက်ပြီး ရုတ်တရက် အနည်းငယ်ကြောက်လာခဲ့သည်။ သူမသည် သူနှင့် ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးပေ။
“ကိုကို”
ရှတတ ခေါ်သံတစ်ခု ထွက်လာလေသည်။ အသံမှာ အလွန်မှတိုးညင်းပြီး ကြားရသူအဖို့ အနည်းငယ် နားခါးစရာဖြစ်နေသည်။
ရှဲ့ချန်၏ခန္ဓာကိုယ်သည် နေရာတွင်ပင် အေးခဲသွားတော့သည်။ ထို့နောက်တွင် ရုပ်သေးရုပ်တစ်ခုလို သူ့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ရှဲ့လျန်ကို ကြည့်လိုက်လေသည်။
“ကိုကို”
ရှဲ့လျန်က လက်ဖြင့် သူမ၏လည်ချောင်းကို အုပ်ထားပြီး ခက်ခက်ခဲခဲ ပြောလိုက်တော့သည်။
“ အားလျန် ညီမလေး”
သူမ အခု စကားပြောနိုင်သွားပြီလား။ ရှဲ့ချန်သည် အခိုက်တန့် ခံစားချက်မှာ ရှုပ်ထွေးသွားတော့သည်။ သူသည် အိတ်ကို ချခဲ့ပြီး ပြန်ပြေးလာခဲ့လေသည်။
“ကိုကို လမ်းမှာ ဂရုစိုက်နော်၊ ညီမလေး ကိုကို့ကို စောင့်နေမယ်”
ရှဲ့လျန်သည် တစ်ချက်ကလေးမှ မနားပဲ ရေရွတ်လိုက်လေသည်။ ပြောပြီးနောက် သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့တက်လာတော့သည်။ သို့သော် သူမ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ရှိနေလေသည်။
ရှဲ့ချန်သည် ထိုနေရာတွင် ရပ်ရင်း သူမကို ငေးကြည့်နေမိတော့သည်။ မကြာခဏဆိုသလို တွန့်ချိုးထားတတ်သည် မျက်ခုံးများသည် ရုတ်တရက် ပြေလျော့သွားတော့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် လင်းယုန်ငှက်တစ်ကောင်လို ပေါ့ပါးနေသလို ခံစားလိုက်ရတော့သည်။
“ကိုကို့ကို စောင့်နေနော်” သူက ပြောလိုက်၏။
ရှဲ့လျန်က ခေါင်းညိတ်ပြလိုက်လေသည်။
ရှဲ့ချန်က လက်ထဲကအိတ်ကို ဆုပ်ကိုင်ထားလိုက်ပြီး ချင်ယောင်းကို နောက်တစ်ချက်ကြည့်လိုက်ပြီး ကုယန်ကျိုးတို့နှင့် လိုက်သွားလေသည်။
မိုးမခရိုးတံတို့သည် ထွက်သွားကြသူများကို ဆွဲမနိုင်ပေ။ ထို့ကြောင့် ကုယန်ကျိုးသည် ရှန်ချန်နှင့် တခြားသူများနှင့်အတူ ထွက်လာခဲ့တော့သည်။ ကျန်ခဲ့သူများက ထိုနေရာတွင် အချိန်တော်တော်ကြာအောင် ရပ်နေခဲ့ကြပြီးမှ လူစုခွဲလိုက်ကြတော့သည်။
ချင်ယောင်းသည် အပစ်စိုက်သည့်ကိစ္စနှင့် အလုပ်ပြန်များလာခဲ့သည်။ သို့သော် သူမသည် စီရင်စုမြို့က မပြန်ခင် ရှဲ့လျန်ကို ခေါ်ပြန်လာခဲ့သည်။
ကျန်းယွင်ကျူးက ရွာသို့ ပြန်ပြီးမှ စီရင်စုမြို့သို့ ပြန်ချင်ခဲ့သည်။
သည်လိုနှင့် ကျန်းယွင်ကျူး မိသားစု၊ ကုယုံသယ်မိသားစု နှင့် ရွှီချင်ရှန်းမိသားစုတို့သည် ရွာသို့ အတူတူ လမ်းလျှောက်ပြန်လာခဲ့ကြသည်။ အားလုံးက စကားပြောရင်း ရယ်မောလာခဲ့ကြသည်။ ထိုအခြင်းအရာက ခွဲခွာရခြင်း၏ဝမ်းနည်းမှုတို့ကို များစွာ သက်သာစေလေသည်။
သူတို့သည် ရွာအဝင်သို့ ရောက်လာချိန်တွင် ကျန်းအိမ်သို့ အရင်ရောက်လာကြသည်။ ကျန်းမိသားစုက လမ်းခွဲဖို့ပြင်လိုက်စဥ် တရားဝင်လမ်းမကြီးမှ လှည်းတစ်စီးက ဝင်လာလေသည်။
မြင်းလှည်းအမိုးသည် အဆင်တန်ဆာများကို ချိတ်ဆွဲထားပြီး နက်ပြာရောင်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် တော်တော်လေး ထူးခြားလေသည်။ အားလုံးက အံ့ဩသွားကြသည်။ ဧကန္တ မြင်းလှည်းက နေရာမှားရောက်လာတာလား။
သည်အချိန်တွင် လှည်းက အနီးသို့ရောက်လာပြီးဖြစ်သည်။ လှည်းမောင်းသမားက ရွာအဝင်တွင် ကျန်းချိန်နှင့် လူများစွာ ရပ်နေကြသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ်ထူးဆန်းသွားလေသည်။ သို့တိုင် သူက မေးလိုက်လေသည်။
“တဆိတ်လောက်ပါ ဒါ ချန်ရှီရွာလား မသိဘူး”
“အင်း” ကျန်းချိန်က ပြန်ဖြေလိုက်သည်။
လှည်းမောင်းသမားက လှည်းထဲကလူကို တန်းပြောလိုက်လေသည်။
“မိန်းကလေး ကျွန်တော်တို့ရောက်ပြီ”
လှည်းထဲမှ လှုပ်ရှားမှုတစ်ခု ဖြစ်သွားခဲ့သည်။ ခဏကြာတော့ လှည်းခန်းဆီးက ပွင့်လာပြီး ဆွဲဆောင်မှုရှိလှသည့် မိန်းကလေးတစ်ယောက် ပေါ်လာတော့သည်။ မိန်းကလေး ဆံထုံးမြင့်မြင့်တစ်ခု ထုံးထားပြီး ခမ်းနားလှသည့် ပုတီးစေ့ပန်းနှစ်ပွင့်ကို ပန်ထားလေသည်။ သူမသည် ပန်းများပေါ်တွင် လိပ်ပြာများ ကစားနေသည့်ဟန် အနီရောင်တောက်တောက် ပန်းထိုးအဝတ်အစားကို ဝတ်ဆင်ထားသည်။ အလွန်လှပ သိမ်မွေ့နေတော့သည်။
အားလုံးက သည်မိန်းကလေးအကြောင်းကို စဥ်းစားလိုက်ကြလေသည်။
အမျိုးသမီးချန်နှင့် ကျန်းချိန်တို့သည် ဆွံ့အသွားကြတော့သည်။ ဒါ။ ဒါ သူတို့ရဲ့သမီး ကျန်းယွင်ရှို့ မဟုတ်လား။ အမှန်တွင်တော့ သူတို့သည် ခွဲခွာခဲ့သည်မှာ နှစ်ဝက်ကျော်ကျော်လောက်သာ ရှိသေးပေသည်။ သို့တိုင် သူတို့သည် ကျန်းယွင်ရှို့ကို မမှတ်မိမှာ စိုးမိခဲ့သေးသည်။
ကျန်းယွင်ရှို့က အမျိုးသမီးချန်နှင့် ကျန်းချိန်တို့ကို တွေ့လိုက်ရတော့ မသိမသာ မျက်မှောင်ကျုံ့လိုက်တော့သည်။ သူမသည် လူအုပ်ထဲ ကျန်းယွင်ကျူးကို တွေ့လိုက်ရချိန်တွင် သူမ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး နောက်ဆုံးတော့ တည်ငြိမ်သွားလေသည်။
သူမက လှည်းပေါ်က ဆင်းလိုက်ပြီး လှည်းမောင်းသမားကို ငွေတစ်စ ပေးလိုက်သည်။
လှည်းမောင်းသမားက ငွေပြန်အမ်းဖို့ ပြင်လိုက်သည်။ သို့သော် သူမက အထင်သေးရွံရှာဟန်ဖြင့် ပြောလိုက်လေသည်။
“ ပြန်အမ်းစရာမလိုဘူး၊ အနံ့တွေနဲ့”
သူမသည် လှည်းမောင်းသမား၏အနံ့ကို ပြောနေခြင်းပင်။
လှည်းမောင်းသမားက မျက်ခုံးများကို မြင့်တက်သွားသော်လည်း ဘာမှ မပြောလိုက်ပေ။ သူက ငွေကို သိမ်းလိုက်ပြီး ချက်ချင်းမြန်မြန် ထွက်သွားတော့သည်။
“ယွင်ရှို့လား”
အမျိုးသမီးချန်က မယုံနိုင်အောင် ရှိနေလေသည်။ ကျန်းယွင်ရှို့က သည်လို ပြန်ရောက်လာသည်တဲ့။
သူမက ကျန်းယွင်ရှို့၏လက်ကို ကိုင်ဖို့ လှမ်းလိုက်သော်လည်း ကျန်းယွင်ရှို့က ရှောင်လိုက်လေသည်။
အမျိုးသမီးချန်သည် နေရာတွင်ပင် ငေးမှိုင်သွားတော့သည်။
ကျန်းချိန်က ထိုအဖြစ်ကို အလိုလို သတိထားမိလိုက်၏။ သူ၏စိတ်လှုပ်ရှားနေသည့် စိတ်က ရုတ်ခြည်းဆိုသလို အေးခဲသွားတော့သည်။
အမျိုးသမီးချန်က အများကြီး မစဥ်းစားမိဘဲ ကျန်းယွင်ရှို့ကို မေးလိုက်လေသည်။
“ယွင်ရှို့ သမီးလား”
ရုတ်တရက် သူမဘေးက ကုယုံသယ်နှင့် တခြားသူများကို သတိရသွားပြီး သူမက ကျန်းယွင်ရှို့ကို သူမ၏ သမီးဖြစ်ကြောင်း မြန်မြန်မိတ်ဆက်ပေးလိုက်လေသည်။.... ရွှီချင်ရှန့်နှင့် စုဟွေ့ညန်တို့ကို မိတ်ဆက်ပေးလိုက်ချိန်တွင်တော့ ကျန်းယွင်ရှို့သည် ခဏလောက် မှင်တက်အံ့ဩသွားတော့သည်။
ဒါက ရွှီချင်ရှန့်လား။ မဟုတ်ဘူး။ ဒါက ရွှီချင်ရှန့် ငယ်ငယ်တုန်းကပုံလား။ ဟုတ်တယ်။ သူ ငယ်ငယ်တုန်းက ဒီလိုဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ နောက်ပိုင်း သူ နေလာတာနဲ့အမျှ စကားပိုနည်းသွားတာပဲ။
စုဟွေ့ညန်။ ရွှီချင်ရှန့်ရဲ့ မိန်းမအသစ်လား။ ကျန်းယွင်ရှို့က သူမကို သေသေချာချာ ကြည့်လိုက်လေသည်။ သူမရဲ့ မျက်ခုံးမျက်လုံးတွေက ကိုယ့်လောက်လည်း မလှပါဘူး။ သူမရဲ့အသားအရေကလည်း ကိုယ့်လောက် မလှဘူး။ သူမရဲ့ရုပ်သွင်ကရော ကိုယ့်လောက် မကောင်းပါဘူး။ ရွှီချင်ရှန့်က ဘာလို့ သူမကို ချစ်သွားတာတဲ့လဲ။
ကြည့်ရတာ ဒါက လူတွေရဲ့ပုံစံပဲနေမှာပါ။ ကျန်းယွင်ရှို့သည် ရွှီချင်ရှန့်ကို မကြိုက်သော်လည်း သူမ စကားဆို အမြဲနားထောင်ခဲ့ရသည့် ယောက်ျားတစ်ယောက်က ရုတ်တရက် တခြားတစ်ယောက်နှင့် လက်ထပ်သွားသည်ကို တွေ့လိုက်ရချိန်တွင် ဒေါသထွက်သွားတော့သည်။
“ဪ အစ်ကိုရွှီကိုး”
ကျန်းယွင်ရှို့က ရွှီချင်ရှန့်ကို မသိမသာပြုံးပြလိုက်လေသည်။ သူမ၏စိတ်တို့က လည်ထွက်နေသည်။
သူမသည် ရွှီချင်ရှန့်ကို အစ်ကိုရွှီဟု ခေါ်လိုက်သော်လည်း စုဟွေ့ညန်ကိုတော့ မရှိသည့်နှယ် လျစ်လျူရှုထားလိုက်သည်။
စုဟွေ့ညန်က သူမ၏လက်ကို ယှက်ထားလိုက်သည်။ မိန်းမတို့၏ဆဋ္ဌမအာရုံက ကျန်းယွင်ရှို့သည် ရွှီချင်ရှန့်အပေါ် ထူးထူးခြားခြားဖြစ်နေသယောင် ခံစားရအောင် လုပ်နေသည်။
သည်အချိန်တွင် ကြီးမားသည့်လက်တစ်ဖက်က သူမ၏လက်ကို ကိုင်လိုက်လေသည်။ ရွှီချင်ရှန့်က သူမ၏ မသက်မသာအခြေအနေကို ခံစားမိသဖြင့် သူမ၏လက်ကို ကိုင်လိုက်ခြင်းပင်။
စုဟွေ့ညန်သည် ရုတ်တရက် အကောင်းစားဝိုင်တစ်ခွက် သောက်လိုက်ရသလို ခံစားလိုက်ရတော့သည်။ သူမ၏မျက်လုံးများက အနည်းငယ် ပိုပြီးချိုမြိန်လာခဲ့သည်။
မျက်နှာချင်းဆိုင်တွင်တော့ ကျန်းယွင်ရှို့သည် အလွန်စိတ်ဆိုးသွားကာ သူမ၏အပြုံးကို ရုပ်သိမ်းလိုက်တော့သည်။ ဘာလို့လဲ။ သူမက ဒီမိန်းမထက် ပိုမလှလို့လား။
“ ဪ ဒါက ကျန်းမိသားစုက ညီမလေးကိုး”
ရွှီချင်ရှန့်က သည်အခိုက်တွင် ပြန်ဖြေလိုက်၏။ သူသည် အမြဲလိုလို တခြားသူများအပေါ် နွေးနွေးထွေးထွေး ဆက်ဆံတတ်လေသည်။ သူသည် သည်စကားကို ပြောလိုက်ချိန်တွင်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သူ့အမြင်တွင်တော့ ကျန်းယွင်ရှို့သည် ကျန်းမိသားစု၏ သမီးဖြစ်ပြီး ကျန်းယွင်ကျူး၏ညီမလေး ဖြစ်သဖြင့် သူမသည် သူ့ညီမငယ်တစ်ယောက်ပင်။
ကျန်းယွင်ရှို့သည် ကျေနပ်သွားသည့် မျက်နှာထားတစ်ခု ပြလိုက်သည်။ သေချာတာပေါ့လေ။ ဒီယောက်ျားက သူမ လက်ချောင်းလေးနဲ့ ခေါ်လိုက်တာနဲ့ ချက်ချင်းရောက်လာလိမ့်မယ်။
ကုယုံသယ်နှင့် တခြားသူများက ကျန်းယွင်ရှို့သည် ရွှီချင်ရှန့်ကို အလွန်မှစိတ်ဝင်စားနေသည်ဟု ခပ်ရေးရေး ခံစားမိလိုက်ကြသည်။ ထို့ကြောင့် ကျန်းချိန်က မြန်မြန် ပြောလိုက်လေသည်။
“ အိမ်ထဲ ဝင်လေ”
“ဟုတ်တယ် အထဲမှာ ပြောကြတာပေါ့”
အမျိုးသမီးချန်က ပြောလိုက်၏။ တချို့ကိစ္စတွေက အပြင်လူတွေ မသိသင့်ဘူးလေ။ အိမ်ပြန်ပြီး စကားကောင်းကောင်း ပြောကြတာ ပိုကောင်းမတယ်။
ကုယုံသယ်သည် အဖေရွှီနှင့်တခြားသူများနှင့်အတူ ပြန်လာခဲ့လိုက်သည်။ သူတို့သည် ကျန်းမိသားစုက သမီးတစ်ယောက် ရောင်းခဲ့ဖူးကြောင်း နည်းနည်းပါးပါး သိထားကြသည်။ အခု ဒီတစ်ယောက်များလား။
ကျန်းမိသားစုဝင်များက ခြံဝင်းထဲ ဝင်လာခဲ့ကြသည်။ ကျန်းယွင်ရှို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အခုတော့ ကျန်းမိသားစု၏ ခြံဝင်းကို သေချာသန့်ရှင်းထားသည်။ အဘိုးချန် စိုက်ပျိုးထားသည့် ပန်းမျိုးစုံနှင့် အပင်မျိုးစုံရှိသည့်အပြင် အမျိုးသမီးချန် စိုက်ထားသည့် အသီးအရွက်များနှင့် ဖရဲပင်များလည်း ရှိလေသည်။ တိုးတက်စည်ပင်သည့် ခံစားချက်တစ်ခုကို ပေးနေလေသည်။
“ဒီခြံဝင်းလား” ကျန်းယွင်ရှို့က မေးလိုက်၏။
“ အဒေါ်ဖုန်းဆီက ငှားထားတာလေ” အမျိုးသမီးချန်က ပြန်ဖြေလိုက်သည်။
မဆန်းတော့ပါဘူး။ ကျန်းမိသားစုက ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့အိမ်တစ်လုံးကို တတ်နိုင်မှာလဲ။ ဒီအိမ်ကလည်း သူမအတွက်တော့ သာမန်ပါပဲ။ ကျန်းယွင်ရှို့က တစ်ယောက်တည်း တွေးနေလိုက်သည်။
အားလုံးက အခန်းထဲ ဝင်လာကြသည်။ အမျိုးသမီးချန်က ကျန်းယွင်ကျူး ယူလာသည့် တိမ်သားကိတ်မုန့်ကို ကျန်းယွင်ရှို့စားဖို့ရန် ယူလာပေးလိုက်သည်။
ကျန်းယွင်ရှို့က မလှုပ်ချေ။
အမျိုးသမီးချန်က သူမ ရှက်နေသည်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူမက တစ်တုံးကို ယူကာ သူမ၏လက်ထဲ ထည့်ပေးလိုက်လေသည်။
“ မစားချင်ပါဘူး”
ဘယ်သူက ဒီလိုအစားအသောက်ကို စားချင်လို့လဲ။ ကျန်းယွင်ရှို့က တွေးလိုက်၏။
တိမ်သားမုန့်သည် ကိုင်လိုက်ချိန်တွင် ကြွေသွားတတ်လေသည်။ အမျိုးသမီးချန်က အနည်းငယ် တွန်းထိုးလိုက်သဖြင့် မုန့်သားများက ကျန်းယွင်ရှို့၏ အဝတ်အစားများပေါ်သို့ ကျသွားမလို ဖြစ်သွားတော့သည်။ ကျန်းယွင်ရှို့က အမျိုးသမီးချန်၏လက်ကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်တော့သည်။
“ အင်္ကျီတွေ ညစ်ပတ်ကုန်ပြီ”
သူမရဲ့အဝတ်အစားတွေ။ ဒါတွေကို ချုပ်ဖို့ ငွေအများကြီး သုံးထားခဲ့ရတာ။ ဒါက လင်ထင်အန်း ကြည့်ဖို့အတွက် သီးသန့်လုပ်ထားတာလေ။ အဝတ်အစားတွေ ညစ်ပတ်သွားရင် ဘာလုပ်ရမလဲ။
အမျိုးသမီးချန်သည် ထင်မထားဘဲ တွန်းထုတ်ခံလိုက်ရလေသည်။ သူမ၏လက်ထဲ တိမ်သားမုန့်က လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ လိမ့်သွားတော့သည်။ အဖြူရောင်ကိတ်မုန့်က ချက်ချင်းဆိုသလို ရွှံ့များနှင့် ဖုံးအုပ်သွားပြီး ပုံလျက်သား ပြန့်ကျဲသွားတော့သည်။
အမျိုးသမီးချန်က နေရာတွင်ပင် ငေးမောက ရပ်နေမိတော့သည်။
“အမေ မုန့်ကို သိမ်းလိုက်ပါ၊ ယွင်ရှို့က မုန့်မစားချင်လို့နေမှာပါ”
ကျန်းယွင်ကျူး၏ အသံက ရုတ်တရက်ထွက်လာခဲ့သည်။ ထို့နောက်တွင် ကျန်းယွင်ကျူးက ကျန်းယွင်ရှို့ကို ကြည့်လိုက်တော့သည်။ ဒီတော့ သူမ ပြန်လာတာ ဘာကိစ္စတဲ့လဲ။
...
အပိုင်း (၇၇)
ကျန်းယွင်ရှို့က ဒီကိုရုတ်တရက်ရောက်လာတာ အကြောင်းတစ်ခုတော့ ရှိရမယ်။
မနှစ်က သူမသည် လဝက်လောက် အချိန်ကို လောင်းကြေးထပ်ခဲ့ပြီး နောက်ဆုံးတော့ အမျိုးသမီးကျိုးအား ကောင်းရွှင်နှင့် ထျန်းယင်တို့ကို အိပ်ရာပေါ်တွင် ဖမ်းမိအောင် ခေါ်သွားနိုင်ခဲ့သည်။
အမျိုးသမီးကျိုးသည် သည်ကိစ္စကို သိရှိသွားပြီး သနားညှာတာမှု ကင်းမဲ့ခဲ့လေသည်။ သူမက ထျန်းယင်၏ဆံပင်ကို ချက်ချင်း ဆွဲကာ ခြံဝင်းထဲသို့ ဆွဲထုတ်လာခဲ့လေသည်။ ခြံဝင်းထဲတွင် စောင့်ဆိုင်းနေကြသည့် စားဖိုဆောင်ဝန်ထမ်းများ ရှိနေပြီး သည်အချိန်တွင် ထျန်းယင်သည် ကိုယ်လုံးတီးဖြင့် ရှိနေခဲ့သည်...
ထျန်းယင်သည် နေရာတွင် ကိုယ်ကို ကွေးထားပြီး အနုနယ်ဆုံးအစိတ်အပိုင်းများကို ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့သည်။ အမျိုးသမီးကျိုးက သူမကို အလွန်မှ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတိုပြီး ‘လူတွေကို ခိုးရဲပြီး အခုတော့ အားလုံးကို ပြရဲလိုက်လေ’ စသည်ဖြင့် ဆဲရေးခဲ့လေသည်။ ကျန်းယွင်ရှို့၏ ဦးရေပြားများသည် ဒေါသစကားများကြောင့် တင်းသွားတော့သည်။
နောက်တစ်နေ့တွင် ထျန်းယင်သည် အခန်းထဲ၌ ကိုယ့်ဟာကို ကြိုးဆွဲချ သေကြောင်းကြံခဲ့တော့သည်။ ထိုအခန်းသည် ကျန်းယွင်ရှို့၊ ထျန်းယင်နှင့် ရှောင်တုန်းတို့နေသည့် အခန်းဖြစ်လေသည်။
ကျန်းယွင်ရှို့သည် သူမ၏မျက်လုံးကို ဖွင့်လိုက်ချန်တွင် အလောင်းကို တွေ့ခဲ့သည့် မြင်ကွင်းကို မှတ်မိနေသေးသည်။ ညသန်းခေါင်ဆိုလျှင် ထျန်းယင်က သူမကို နောက်ကလိုက်သ-တ်နေသည်ဟု မရေတွက်နိုင်အောင် အိပ်မက်မက်ခဲ့ရသည်။ သူမသည် ပြေးရင်း အော်ဟစ်ရလေသည်။
“ ငါ မဟုတ်ဘူး၊ အဲဒါ အမျိုးသမီးကျိုး လုပ်တာ”
ထျန်းယင် ဆုံးသွားချိန်၌ မြက်ဖြင့်သာ ဖုံးပြီး အိမ်တော်ထဲမှ သယ်ထုတ်သွားခဲ့ကြသည်။ ဘာအသံမှ မကြားရပေ။ အန်းဖင်အိမ်တော်က ပေါများကြွယ်ဝနေဆဲ။
မကြာခင်တွင် ကောင်းရွှင်က ကျန်းယွင်ရှို့ကို မျက်စိကျလာတော့သည်။ ကျန်းယွင်ရှို့ကတော့ သူမကို အမှန်ပင် အထင်သေးလေသည်။ သူမက အောင်မြင်မှုကို ရယူနိုင်မည့်အချိန်တွင် သည်လို အဘယ်မှာ သည်းခံနိုင်ပါမည်နည်း။
တိုက်တိုက်ဆိုင်ဆိုင် အမျိုးသမီးကျိုးက သည်ကိစ္စကို သိသွားသော်လည်း သည်တစ်ကြိမ်တွင်တော့ ပြဿနာ မရှိတော့ပေ။ ကောင်းရွှင်ကို အပြင်ထွက် ပြဿနာရှာခွင့်ပေးမည့်အစား သူကို အိမ်မှာသာ ဆွဲထားပြီး ချိုမြိန်သည့် ချိန်းတွေ့ခွင့်တစ်ခု ပေးလိုက်မည်ဟု စဥ်းစားလိုက်လေသည်။ ကျန်းယွင်ရှို့က သည်ချိုမြိန်သည့်ချိန်းတွေ့ခြင်းပင်။ ကောင်းရွှင်ကို မြင်သာမြင်ပြီး မကြင်စေရ။
လက်တလောတွင် အန်းဖင်နယ်စားအိမ်တော်၌ ကျန်းယွင်ရှို့၏အခြေအနေက သည်လိုဖြစ်နေသည်။ သူမသည် အိမ်တော်တွင် ဒုတိယတန်းစား အစေခံမလေးဟု သတ်မှတ်နိုင်သည်။ အမျိုးသမီးကျိုးက ကျန်းယွင်ရှို့ကို သူမ၏စကားနားထောင်စေရန် မကြာခဏဆိုသလို အချိုများ ကျွေးတတ်သည်။ ကောင်းရွှင်က စိတ်ပျော်နေလျှင် သူမအတွက် ငွေသုံးဖို့ ဆန္ဒရှိတတ်သည်။ ထို့ကြောင့် သူမခေါင်းပေါ်က ပုတီးစေ့ဆံထိုးနှင့် သူမ၏ခန္ဓာကိုယ်ပေါ်က လှပသည့်အဝတ်အစားများ ရှိနေခြင်းပင်။
လင်မယားနှစ်ယောက်က မကောင်းသည့်ရည်ရွယ်ချက် ရှိမှန်းသိသော်လည်း သူမ၏ရည်ရွယ်ချက်တော့ လင်ထင်အန်းပင်။ သူမသည် နယ်စားအိမ်တော်၏ သခင်မငယ်လေး ဖြစ်လာလျှင် အားလုံးကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
သူသည် လင်ထင်အန်းနှင့် အကြိမ်အနည်းငယ် တွေ့ခဲ့သော်လည်း လင်ထင်အန်းက သူမကို သဘောကျဟန်မတူ။ သူက သူမ၏နာမည်ကိုပင် မမှတ်မိပေ။ ဘာဖြစ်နေမှန်းလည်း သူမ နားမလည်တော့ပေ။
ကြံရာမရ ဖြစ်လာသဖြင့် သူမသည် ရုတ်တရက်ဆိုသလို ကျန်းယွင်ကျူးကို တွေးမိသွားတော့သည်။ သူမ အန်းဖယ်နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဘယ်လိုဖြစ်လာတာလဲ။
ထို့ကြောင့် သည်နှစ် နှစ်သစ်ကူးကာလတွင် သူမသည် ချန်ဖုန်းသို့ လူလွှတ်ပြီး ကျန်းချိန်နှင့် တခြားသူများကို သွားရှာခိုင်းခဲ့သည်။ ပထမ အချက်က ကျန်းယွင်ကျူး၏အခြေအနေကို စစ်းဆေးဖို့ ဖြစ်ပြီး ဒုတိယတစ်ချက်မှာ သူမသည် ဘရိုကိတ်သားနှင့် အစားကောင်းများပေါ်တွင် ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ ကျန်းယွင်ကျူးက ဟိုတုန်းက သူမလို ရွှံ့နှင့်ဖုန် အလိမ်းလိမ်း ဖြစ်နေမည်ဟု ထင်ထားခဲ့သည်။ သူမကို နည်းနည်းပါးပါး ပေးကမ်းပြီး သူမ၏အားကျသည့်အကြည့်များကို ခံစားလိမ့်မည်ဟု တွေးထားလိုက်သည်။
ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရင်း သူမသည် ကျန်းယွင်ကျူးကို ချက်ချင်း တွေ့ချင်သွားတော့သည်။
ထွက်လာခဲ့သည့်အချိန်က ကျန်းယွင်ကျူးသည် အခက်အခဲရှိခဲ့လျှင် သူမထံလာပြီး တောင်းပန်းနိုင်သည်ဟု ပြောခဲ့သည်။ အခုတော့ အချိန်ကိုက်ဖြစ်လာတော့သည်။
ရှာပေးသူက ချန်ဖုန်းပြည်နယ်သို့ ရောက်ချိန်တွင် တစ်ယောက်မှ ရှာမတွေ့ခဲ့ခြင်းသာ။ သူက ရွာထဲက လူများကို မေးကြည့်တော့ ကျန်းချိန်နှင့် တခြားသူများက အငတ်ဘေးမှ ရှောင်သွားကြသည်ဟု သိလိုက်ရသည်။
ကျန်းယွင်ရှို့သည် ထိုသတင်းကို ကြားလိုက်ရချိန်တွင် အတွက်မှားသည်ဟု ခံစားလိုက်ရတော့သည်။ သူတို့တွေက အငတ်ဘေး မရှောင်ခင် ဒီနှစ် ၄လပိုင်းအထိ စောင့်နေသင့်တာမလား။
ထို့နောက်တွင် သူမက ချင်းဟယ်ရွာသို့ လူတစ်ယောက် ထပ်လွှတ်လိုက်သည်။ သူမ၏ အိပ်မက်ထဲတွင် သူမ၊ ကျန်းချိန်နှင့် တခြားသူများသည် ထိုနေရာသို့ ထွက်သွားခဲ့ကြသည်။
ရလဒ်က ချင်းဟယ်ရွာတွင်လည်း မည်သူမှ မရှိနေချေ။ ထို့ကြောင့် သူမသည် ကျန်းမိသားစုကို ရှာရန် သဲလွန်စအားလုံး ပျောက်သွားခဲ့တော့သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကပ်ဘေးဒုက္ခသည်များ အများကြီးက လုပြည်နယ်သို့ အလုံးအရင်း ရောက်လာပြီး ချင်ယောင်းက ဆန်ပြုတ်တဲ ထိုးကာ သစ်ပင်များကို စိုက်ခဲ့သည်။ သည်ကိစ္စက နေရာတိုင်းသို့ ပျံ့နှံ့သွားပုံရသည်။
အန်းဖင်နယ်စားအိမ်တော်က လူတချို့က ဝူလင်စီရင်စုအကြောင်း ပြောလာကြလေသည်။ ဝူလင်စီရင်စု.... ကျန်းယွင်ရှို့သည် သည်နေရာအကြောင်းကြားလိုက်ချိန်တွင် ရုတ်တရက် စိတ်ထဲတွင် တစ်ခုခုပေါ်လာတော့သည်။ ရွှီချင်ရှန့်က ပြောခဲ့ဖူးသလိုပဲ။ သူက ဝူလင်စီရင်စုရဲ့ တစ်နေရာမှာ နေတာဆိုလား. သူ့စကားတွေကို ဘယ်တော့မှ သေချာနားမထောင်ခဲ့ဖူးလို့ လိပ်စာအတိအကျ မမှတ်မိတော့ဘူး။ သူမမှတ်မိတာက သတ္တုတွင်းတစ်ခု ဘေးမှာ ရှိတယ်လို့ပြောတာကိုတော့ မှတ်မိနေတယ်။
သူမသည် ရုတ်တရက် စဥ်းစားမိသွားတော့သည်။ ကျန်းယွင်ကျူးက ဒီနေရာကို ထွက်ပြေးသွာခဲ့တာလား။
သည်စိတ်ကူးဝင်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြီးထွားလာတော့သည်။ သူမသည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီး သေချာလာလေလေ ဖြစ်လာတော့သည်။
သည်အချိန်တွင် နယ်စားအိမ်တော်မှ သတင်းရလာခဲ့သည်။ လင်ထင်အန်းသည် သည်ကိစ္စနှင့် အရေးတကြီး ပတ်သက်နေပုံရပြီး အခြေအနေကို စုံစမ်းရန် ဝူလင်စီရင်စုသို့ လူကိုယ်တိုင် သွားရမည်။
ကျန်းယွင်ရှို့သည် ထိုသတင်းကို ကြားလိုက်ပြီး အလွန်ပျော်သွားတော့သည်။ အပြင်ရောက်သွားသည်နှင့် အိမ်တော်ထဲမှာလို စည်းကမ်းများစွာ မရှိတော့ပေ။ သူမသည် လင်ထင်အန်းနှင့် ရင်းနှီးလာနိုင်သည်။
ထို့ကြောင့် သူမက အိမ်တော်ထိန်းထံ ထွက်ခွာခွင့်ပြုရန် အကြောင်းတစ်ခု ရှာခဲ့ပြီး သူမ၏ အဝတ်အစားသစ်များနှင့် အကောင်းဆုံး လက်ဝတ်ရတနာများကို ဝတ်ကာ ဝူလင်စီရင်စုသို့ လာခဲ့လိုက်တော့သည်။
သူမသည် သည်နေရာသို့ ရောက်လာချိန်တွင် ဝူလင်စီရင်စုထဲ၌ အမှန်ပင် သတ္တုမိုင်းတွင်းတစ်ခု ရှိနေသည်ကို သိလိုက်ရသည်။ ဝူလင်မိုင်းတွင်း ဖြစ်လေသည်။ ဝူလင်မိုင်းတွင်းဘေးက ရွာသည် ချန်ရှီရွာဖြစ်သည်။
သူမသည် ချန်ရှီရွာသို့ ရောက်လာသောအခါ တိုက်တိုက်ဆိုင်ဆိုင် ကျန်းချိန်နှင့် တခြားသူများကို တွေ့လိုက်ရတော့သည်။
သူတို့သည် သူမစိတ်ကူးထားသည့် ဆင်းရဲမှုနှင့် ကွာခြားနေတော့သည်။ ကျန်းယွင်ရှို့က ရုတ်တရက် အမျိုးသမီးချန်၏ လက်ကို ကိုင်ကာ ပြောလိုက်လေသည်။
“ အမေ ကျွန်မ မရည်ရွယ်ပါဘူး”
အမျိုးသမီးချန်သည် အိပ်မက်မှ နိုးလာတော့သည်။
“ရပါတယ်ကွယ်၊ ရပါတယ်၊ ဒါပေမဲ့ သမီးအရင်က အချိုပွဲတွေ စားရတာ ကြိုက်တယ်မလား”
အဲတုန်းက သနားစရာကောင်းလိုက်တာလေ။ မိသားစုက အားလပ်ရက်ကာလလေးအတွင်းမှာပဲ မုန့် တစ်ခု နှစ်ခုလောက်ပဲ ရှိခဲ့တာ။
“အမေ ကျွန်မက အန်းဖင်နယ်စားအိမ်တော်မှာ အလုပ်လုပ်နေတာလေ”
ကျန်းယွင်ရှို့က သူမ၏လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်ပြီး တောက်ပနေသည့် ရွှေလက်ကောက်နှစ်ကွင်းကို ထုတ်ပြရင်း ပြောလိုက်လေသည်။
အမျိုးသမီးချန်သည အလွန်မှ အံ့ဩသွားတော့သည်။ အန်းဖင်နယ်စားအိမ်တော်။ ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ။ ဪ ဟုတ်သားပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ကျန်းယွင်ကျူးနဲ့ ပြိုင်ခဲ့တဲ့တစ်ယောက်က အန်းဖင်နယ်စားအိမ်တော်က ထင်တယ်။
သူမက ကျန်းယွင်ရှို့ကို အကျိုးအကြောင်း ချက်ချင်း မေးလိုက်တော့သည်။ သူမက ဒီနေ့ ဒီနေရာမှာ ဘာလို့ ရုတ်တရက်ပေါ်လာတာတဲ့လဲ။
ကျန်းယွင်ရှို့က သူမသည် အန်းဖင်နယ်စားအိမ်တော်သို့ ရောင်းစားခံလိုက်ပြီး သူမက သူတို့ကို ရှာဖွေနေခဲ့သည့်အကြောင်းသာ ပြောလိုက်လေသည်။ နောက်ဆုံးတော့ သူမသည် ရှာတွေ့ခဲ့လေသည်။
“အမေ သမီးကို နစ်နာအောင်လုပ်ခဲ့မိတာပါ”
ကျန်းယွင်ရှို့ကို ရောင်းစားသည့်အကြောင်း ပြောလိုက်ချိန်တွင် အမျိုးသမီးချန်သည် အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။
သို့သော် ကျန်းယွင်ရှို့ကတော့ တစ်နည်းနည်းဖြင့် သူမကိုယ်သူမ ဂုဏ်ယူနေလေသည်။ သူမက လက်ကောက်ဝတ်ပေါ်က ရွှေလက်ကောက်များကို ကျန်းယွင်ကျူးမြင်အောင် တမင်မြှောက်ပြလိုက်ပြီး သူမ၏အမူအရာကို လေ့လာလိုက်လေသည်။
ကျန်းယွင်ကျူးသည် ရွှေလက်ကောက်နှစ်ကွင်းကို တွေ့သော်လည်း လုံးဝဂရုမစိုက်ပေ။ သူမက ကြည့်ပင် မကြည့်လိုက်ပေ။
စိတ်ပျက်ပျက်နှင့် ကျန်းယွင်ရှို့က သူမဘယ်ဖက်လက်ပေါ်က ရွှေလက်ကောက်ကို ရုတ်တရက် ကိုင်လိုက်ပြီး ကျန်းယွင်ကျူးအား ပြောလိုက်လေသည်။
“အစ်မ ဒီလက်ကောက်ပုံစံကလေ အခု လုပြည်နယ်မှာ အလှဆုံးပုံစံပဲ၊ လျန် ၃၀ကျော်တောင် ပေးရတယ်”
ကျန်းယွင်ကျူးက မတုံ့ပြန်ပေ။
ကျန်းယွင်ရှို့က အံကြိတ်လိုက်ပြီး
“အစ်မ နင့်ကိုယ်နင်လည်း ကြည့်ပါအုံး၊ ကိုယ်မှာ ဘာ အဖိုးတန်လက်ဝတ်ရတနာမှလည်း ဝတ်မထားဘူး၊ ငါ နင့်ကို တစ်ခုလောက် ပေးရမလား”
သူမကို တောင်းပန်လိုက်။ တောင်းပန်လိုက်စမ်း။ သူမက တစ်ခုလောက်တော့ စွန့်ကြဲချင် စွန့်ကြဲမှာပေါ့။
ကျန်းယွင်ကျူးက အော်ရယ်မိမတတ် ဖြစ်သွားပြီး ပြောလိုက်တော့သည်။
“ ငါ အဲလိုဟာတွေ ဝတ်ရတာ မကြိုက်လို့ပါ၊ နင့်မှာ အဲလိုစိတ်ရှိရင် အမေ့ကို လက်ကောက် ပေးလိုက်ပါလား၊ ငါ့အမြင်တော့ အမေဝတ်တာက ပိုပြီးသင့်တော်မယ်လို့ ထင်တယ်”
သူမ၏နောက်တွင် ဟဲရင်းက ထိုစကားကို ကြားလိုက်ချိန်တွင် ဝါးလုံးကွဲ အော်ရယ်တော့သည်။ သူမရဲ့ မမလေးရဲ့ပါးစပ်ကတော့လေ။
ကျန်းယွင်ရှို့၏မျက်နှာသည် စိမ်းဖန့်သွားတော့သည်။ လက်ကောက်က အမျိုးသမီးချိန်နဲ့ လိုက်တယ်ဟုတ်လား။ ဒါဆို သူမက အမျိုးသမီးချန်လို လူပဲ ဖြစ်မသွားဘူးလား၊ ပြီးတော့ သူမက ဒီလက်ကောက်ကို အမျိုးသမီးချန်ကို ဘယ်လိုလုပ်ပြီး ပေးရက်မှာလဲ။ အိပ်မက်ထဲမှာ အဲဒီခုနှစ်နှစ်တာအတောအတွင်း သူမက မိသားစုအတွက် အများကြီးလုပ်ပေးခဲ့ပေမဲ့ အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ဘယ်တော့မှ မမေ့ခဲ့ဘူးလေ။ သူမမှာ အဲဒီအကြောင်း တွေးလိုက်တိုင်း အမုန်းတရားနဲ့ အပြည့်ပဲ။
နောက်ဆုံးတွင် အမျိုးသမီးချန်ကသာ ထိုပစ္စည်းကို မလိုချင်ကြောင်း ထုတ်ပြောလိုက်မှ သည်ကိစ္စ ပြီးသွားတော့သည်။
အမျိုးသမီးချန်က ကျန်းယွင်ရှို့ကို အိမ်၏အခြေအနေအား ပြောပြချင်သော်လည်း ကျန်းယွင်ရှို့က နားထောင်ဖို့ စိတ်မရှည်ချေ။ သူမက ပင်ပန်းလို့ အနားယူချင်သည်ဟုသည့် ဆင်ခြေဖြင့် အားလုံးကို မောင်းထုတ်လိုက်လေသည်။
ကျန်းယွင်ကျူးက ထွက်သွားချင်သော်လည်း ကျန်းယွင်ရှို့က ပြောလိုက်၏။
“အစ်မ ငါ နင်နဲ့ သီးသန့်စကား ပြောချင်တယ်”
ကျန်းယွင်ကျူးက ရပ်ကာ သူမကို လှည့်ကြည့်လိုက်လေသည်။ သူမက ဘာပြောချင်နေတာလဲ။
အခန်းထဲတွင် ညီအစ်မနှစ်ယောက်သာ ကျန်ခဲ့တော့သည်။ ကျန်းယွင်ရှို့က ချန်ဖုန်းမှာ နေတုန်းကလို ညီအစ်မများကဲ့သို့ ကျန်းယွင်ကျူးကို ချိုချိုသာသာ ခေါ်လိုက်လေသည်။ ထိုအချိန်က ကျန်းယွင်ကျူးသည် အစ်မတစ်ယောက်အနေဖြင့် ကျန်းယွင်ရှို့၏ တောင်းဆိုမှုအားလုံးကို သဘောတူပေးရသည်။
သို့သော် ခန္ဓာကိုယ်ထဲက ကျန်းယွင်ကျူး၏စိတ်ဝိညာဥ်ကတော့ ပြောင်းလဲသွားခဲ့လေပြီ။ သူမသည် ကျန်းယွင်ရှို့က ကြောင်သူတော်တစ်ယောက်မှန်း ပြောနိုင်သည်။ ထို့ကြောင့် သူမက ထိုနေရာတွင်ပင် ဘာမှမထူးခြားသလို ရပ်နေလိုက်သည်။
ကျန်းယွင်ရှို့က ကျန်းယွင်ကျူး၏သဘောထားကြောင့် အနည်းငယ် စိတ်ရှုပ်သွားတော့သည်။ သူမက အရင်တစ်ခါနဲ့ ယှဥ်ရင် ဒီတစ်ခါက ဘာလို့ တခြားသူတစ်ယောက် ဖြစ်သွားသလို ခံစားရနေတာလဲ။
သူမလည်း အဲဒီအိပ်မက်ကို မက်ခဲ့တာလား။
မဖြစ်နိုင်ဘူး။ သူမသာ အဲဒီအိပ်မက်ကို မက်ခဲ့ရင် သေချာပေါက် တုတ်ချောင်းအတိုကိုပဲ ရွေးခဲ့မှာပေါ့။
ကျန်းယွင်ရှို့သည် သူမစိတ်ထဲက သည်အတွေးကို ဖိနှိပ်ထားလိုက်ပြီး ရှက်ရှက်နှင့် မေးလိုက်လေသည်။
“အစ်မ နင်လေ ယောက်ျားတစ်ယောက် နင့်ကို ကြိုက်လာအောင် ဘယ်လိုလုပ်လဲ”
ယောက်ျား ဟုတ်လား။ လင်ထင်အန်းလား။ ကျန်းယွင်ကျူးသည် သူမ သည်နေရာသို့ ရုတ်တရက် ရောက်လာသည့်အကြောင်းအရင်းကို နားလည်သယောင် ရှိလာတော့သည်။
“ငါ့အကြံပေးချက်ကတော့ သူနဲ့ ဝေးဝေးနေလေလေ ပိုကောင်းလေလေပဲ”
ကျန်းယွင်ကျူးက အလေးအနက်ပြောလိုက်လေသည်။
ဒါက ဘာအကြံပေးချက်လဲ။ သူမ မပြောချင်ရင်လည်း ပြောစရာမလိုပါဘူး။ ကျန်းယွင်ရှို့က ဣန္ဒြေဖြင့် ထရပ်လိုက်ပြီး ထွက်သွားတော့သည်။ သူမသည် သည်အိမ်ထဲတွင် တခဏပင် မနေနိုင်တော့ပေ။
“ယွင်ရှို့ ဘယ်သွားမလို့လဲ၊ ယွင်ရှို့”
အမျိုးသမီးချန်က ကျန်းယွင်ရှို့ကို တားချင်သော်လည်း ကျန်းယွင်ရှို့က နောက်ပြန်လှည့်မကြည့်ဘဲ အဝေးသို့ ထွက်သွားလိုက်လေသည်။
အမျိုးသမီးချန်သည် ထိုနေရာတွင် ရပ်ရင်း စိတ်ပျက်အားငယ်သွားတော့သည်။
သည်အခိုက်တွင် ကျန်းချိန်သည် ရောက်လာပြီး သူမ၏လက်ကို တင်းနေအောင် ကိုင်ထားပေးလိုက်လေသည်။
ကျန်းယွင်ရှို့သည် ကျန်းအိမ်က ထွက်လာပြီး စီရင်စုမြို့သို့ ပြန်သွားချင်ခဲ့သည်။ သို့သော် သည်ဆင်းရဲသားရွာတွင် မြင်းဆွဲသည့်လှည်းတစ်စီးပင် မရှိသည်ကို တွေ့လိုက်ရလေသည်။
သူမသည် ပိုပိုပြီး မုန်းလာမိတော့သည်။
သည်အချိန်တွင် ရွှီချင်ရှန့်က မြည်းလှည်းတစ်စီးမောင်းကာ ရွာမှ ထွက်လာခဲ့သည်။ သည်အခိုက်တန့်တွင် သူသည် အငှားလိုက်ဖို့ ထွက်လာခြင်းဖြစ်သည်။ မိန်းမယူပြီးနောက်တွင် သူသည် သူမ၏ဘဝကို ပိုကောင်းအောင် ထားနိုင်ရန်အတွက် ကြိုးစားကာ ငွေရှာခဲ့လေသည်။
သူ့ကို တွေ့လိုက်ရသည်တွင် ကျန်းယွင်ရှို့သည် သူမ၏ယုံကြည်ချက်များ ပြန်ရလာသယောင်။
“အစ်ကိုရွှီ” သူမက ချိုမြစွာ ပြောလိုက်လေသည်။
“ကျန်းမိသားစုက ညီမငယ်ပဲ” ရွှီချင်ရှန့်က ပြန်ပြောလိုက်သည်။
ထို့နောက် ကျန်းယွင်ရှို့က မြို့သို့သွားမည့်အကြောင်း ပြောပြလိုက်လေသည်။
ရွှီချင်ရှန့်က ကျန်းချိန်က သူမကို ဘာကြောင့်များ လိုက်မပို့သလဲဟု စဥ်းနေခဲ့သော်လည်း သူက ပြောလိုက်၏။
“ တက်လေ၊ ကျွန်တော် ခေါ်သွားပေးမယ်”
“ကျေးဇူးတင်ပါတယ် အစ်ကိုရွှီ” ကျန်းယွင်ရှို့က ပြောလိုက်၏။
သူမက မြည်းလှည်းပေါ် တက်လိုက်သော်လည်း အနောက်တွင် မထိုင်ပေ။ ထို့အစား သူမသည် ရွှီချင်ရှန့်နှင့် အလွန်နီးနီးကပ်ကပ် ရှိစေရန် တမင် သူ့ဘေးတွင် ထိုင်ချလိုက်လေသည်။
ရွှီချင်ရှန့်က ဘေးသို့ မသက်မသာ ရွှေ့ပေးလိုက်ရသည်။
သို့သော် ကျန်းယွင်ရှို့က မေးလိုက်၏။
“ အစ်ကိုရွှီ အစ်ကို့ဇနီးက ပိုချောသလား၊ ညီမက ပိုချောသလား”
ရွှီချင်ရှန့်က မသိမသာမျက်မှောင်ကျုံ့လိုက်သော်လည်း ပြောလိုက်လေသည်။
“ ညီမငယ်က ပိုချောပါတယ်”
ဟုတ်တာပေါ့။ ကျန်းယွင်ကျူးသည် မာန်တက်သွားသော်လည်း မလုံလောက်သေးဟု ထင်မိလိုက်သည်။ သူမက ပြောလိုက်၏။
“ဒါဆို အစ်ကိုက ဘာလို့ သူ့ကို လက်ထပ်ခဲ့တာလဲ”
ရွှီချင်ရှန့်၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားတော့သည်။ သူသည် မြည်းဇက်ကြိုးကို ထိန်းထားရင်း ပထမဆုံးအကြိမ် အလွန်ဒေါသထွက်သွားတော့သည်။ ဒေါသထွက်လွန်းသဖြင့် သူသည် မိန်းမတစ်ယောက်ကို ဆဲဆိုချင်စိတ် ပေါက်သွားတော့သည်။ သူ့မိန်းမကို လက်ထပ်နိုင်တာ သူ့ကံကောင်းခြင်းလေ။ သူမက ဘယ်လိုလုပ်ပြီး အဲလို ပြောရက်ရတာလဲ။
“ ဆင်းတော့” သူက အော်ဟစ်လိုက်၏။
ကျန်းယွင်ရှို့၏ မျက်နှာသည် အရောင်ပြောင်းသွားတော့သည်။ ရွှီချင်ရှန့်က အရင်က သူမကို ဒီလိုတခါမှတောင် ပြောဖူးတာမဟုတ်ဘူးလေ။
“ ငါ မင်းကို ဆင်းတော့လို့ ပြောနေတယ်”
ရွှီချင်ရှန့်သည် ထပ်ပြောလိုက်ပြီး သူ့လက်ထဲက နှင်တံကို ကောက်ကိုင်လိုက်တော့သည်။
ဘာလဲ။ သူက သူမကို ရိုက်ရဲတယ်ပေါ့လေ။ ကျန်းယွင်ရှို့သည် အင်မတန် ဒေါသထွက်သွားတော့သည်။
ရွှီချင်ရှန့်က သူမကို မရိုက်သော်လည်း သူမကို နှင်တံဖြင့် လှည်းပေါ်က တွန်းချလိုက်ပြီးနောက် မောင်းထွက်သွားတော့သည်။
ကျန်းယွင်ရှို့မှာ ထိုနေရာတွင် ရပ်ကာ ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။ သူမသည် အားလုံးက ကျန်းယွင်ကျူးကြောင့်ဟု ထင်လိုက်လေသည်။ အဲလိုမှမဟုတ်ရင် သူမလည်း မျက်နှာပျက်ရမှာ မဟုတ်ဘူး။
သည်အချိန်တွင် ကျန်းယွင်ကျူးက ပစ္စည်းများကို သိမ်းထုပ်ပြီး ချီရှန်းကျွီသို့ ပြန်ရန် ပြင်ဆင်နေသည်။
“ နေ့လယ်စာစားပြီးမှ သွားရအောင်နော်”
ကျန်းချိန်က တောင်းဆိုလိုက်၏။ သူမက နောက်ဆုံး အချိန်တော်တော်ကြာမှ ပြန်လာခဲ့တာလေ။
ကျန်းယွင်ကျူးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နေ့လယ်စာစားချိန်ပဲ။ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ ဆက်နေလိုက်တော့သည်။
နေ့လယ်စာ စားပြီးနောက် သူမသည် စီရင်စုသို့ မပြန်ခင် ခဏအနားယူမည်ဟု စဥ်းစားလိုက်ချိန်တွင် ရုတ်တရက် အပြင်ဘက်က မြင်းဟီသံတစ်ခုကို ထွက်လာခဲ့သည်။
ကျန်းယွင်ကျူးက ပြတင်းပေါက်မှ အပြင်သို့ လှမ်းအကြည့်တွင် ရှန်ဖုန်းမင်က တံခါးအပြင်ဘက် မြင်းပေါ်တွင်ထိုင်ရင်း ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။ သူသည် မြင်းကို အလွန်မြန်မြန် နှင်လာပုံရသည်။ မြင်းက ရှေ့ခြေထောက်များကို မြောက်လိုက်ပြီး ခက်ခက်ခဲခဲ ရပ်သွားတော့သည်။
သူတို့နှစ်ယောက်လုံးသည် အချင်းချင်း တွေ့သွားကြလေတော့သည်။
...
အပိုင်း (၇၈)
ကျန်းယွင်ကျူး အိမ်ပြန်လာခဲ့သည့် နှစ်ရက်အတွင်းတွင် ရှန်ဖုန်းမင်သည် စာဖတ်ရင်း ချီလင်သက်တော်စောင့်များ၏ ကိစ္စများကို ဖြေရှင်းနေခဲ့သည်။ သို့သော် သူသည် အမြဲတမ်း တစ်ခုခု လိုနေသလို ခံစားနေရလေသည်။
လင်းလက်သည့် နွေဦးကို မြင်လိုက်ချိန်မှ သူသည် ရုတ်တရက် ထိုစကားစုကို စဥ်းစားမိသွားတော့သည်။ ‘ ပန်းတွေက အိမ်အပြန်လမ်းမှာ ပွင့်လန်းနေတာ့ အေးအေးလမ်းလျှောက်ရင်း ရှုစားနိုင်လေရဲ့’ ဟူ၍။
သူသည် ကျန်းယွင်ကျူးကို တွေ့ချင်လာသဖြင့် သည်နေရာသို့ ရောက်သို့ ရောက်လာခဲ့တော့သည်။
အချိန်ကိုက်လေးပင် သူ ရောက်လာချိန်၌ ကျန်းယွင်ကျူးက ပြတင်းပေါက်ရှေ့တွင် ရပ်ကာ မှီနေရင်း သူ့ကို ကြည့်နေလေသည်။
နွေဦးတွင် ပြတင်းပေါက်ကို တစ်ဝက်ဖွင့်ထားသည်။ မိန်းမလှလေးက ကိုယ်တစ်ဝက်ကို ပုန်းကွယ်ထားသည်။ သူမက သူ့ကို မြင်လိုက်သည့် အခိုက် သူမ၏ရွှန်းလဲ့လဲ့မျက်လုံးများထဲတွင် ရေပွက်လေးများ ဖြစ်သွားသယောင်။
ရှန်ဖုန်းမင်သည် တစ်ခုခုကို ရုတ်တရက် နားလည်သွားတော့သည်။ သူက မြင်းပေါ်က ဆင်းလိုက်ပြီး ကျန်းယွင်ကျူး၏အခန်းဆီသို့ မြန်မြန်လျှောက်သွားလိုက်၏။
သူသည် လေအဝေ့တစ်ချက်နှင့်အတူ ရောက်လာတော့သည်။ ကျန်းယွင်ကျူး၏နှလုံးသားကလည်း ရုတ်ခြည်း မြန်ဆန်သွားတော့သည်။ သူမက ကိုယ်ကိုလှည့်လိုက်ပြီး ပြတင်းပေါက်မှ ပြန်လာပြီး တံခါးကို ကြည့်လိုက်လေသည်။ သူမသည် သူ့ခြေသံများက သူမ၏နှလုံးသားထဲသို့ လှမ်းလာသည့်နှယ် နီးသထက် နီးလာသည်ကို ကြားနေရတော့သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်သည် တံခါးနားသို့ ရောက်နှင့်နေပြီးဖြစ်သည်။ သူသည် တံခါးကို မခေါက်လိုက်ဘဲ တံခါးကို တန်းတွန်းဖွင့်ကာ ဝင်သွားပြီး တံခါးကို သူ့ကျောဖြင့် နောက်ပြန်ပိတ်လိုက်လေသည်။
အခန်းသည် ရုတ်တရက် ပိုငယ်သွား သယောင်။
ရှန်ဖုန်းမင်၏ မည်းနက် တည်ငြိမ်ပြီး အေးစက်လှသည့်မျက်လုံးများက ကျန်းယွင်ကျူးကို မခွာတမ်း စိုက်ကြည့်နေတော့သည်။
ကျန်းယွင်ကျူးမှာ ရင်ခုန်နှုန်းမြန်လာတော့သည်။ ထိုအဖြစ်ကို ဖုံးကွယ်ထားဖို့ရာ သူမက အပြုံးတစ်ခုကို ဆောင်ထားလိုက်ပြီး
“ လူကြီးမင်းရှန်”
ရှန်ဖုန်းမင်က သူ့အင်္ကျီလက်ထဲက ဘူးတစ်ခုကို ထုတ်လိုက်ပြီး ဖွင့်လိုက်သည်။ အထဲတွင် အဖြူရောင်ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေလေသည်။
“မိန်းကလေးကျန်း ဒါကို ကျွန်တော့်လက်နဲ့ ကိုယ်တိုင် ထွင်းထားတာ၊ မိန်းကလေးကို ပေးချင်လို့ပါ”
ရှန်ဖုန်းမင်က အဖြူရောင်ကျောက်စိမ်းဆံထိုးကို ထုတ်ယူလိုက်ပြီး ကျန်းယွင်ကျူးကို လှမ်းပေးလိုက်တော့သည်။
ကျန်းယွင်ကျူးက ဆံထိုးကို ကြည့်လိုက်ပြီး သူမ၏စိတ်က ဗလာအတိဖြစ်သွားသည်ကို ခံစားလိုက်ရတော့သည်။
ဒီနေ့ခေတ်ကာလမျိုးမှာ ယောက်ျားနဲ့ မိန်းမတွေ ပုံမှန်အတိုင်း လက်ဆောင်တွေ ပေးလို့မရဘူးလေ။ အထူးသဖြင့် ဆံထိုးလို ပစ္စည်းမျိုးပေါ့။ ပြီးတော့ သူက ပြောသေးတယ်။ ဆံထိုးကို သူ့လက်ထဲ ကိုယ်တိုင် ထွင်းထားတာတဲ့။
သူ.... ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို မော့ကြည့်လိုက်၏။
သူမ၏မျက်နှာသည် ကြာပွင့်ဖတ်လေးတစ်ခုလို ဖြူဖွေးကာ ပန်းရောင်သန်းနေပြီး ရောင်ခြည်စက်ဝန်းလေးတစ်ခုနှယ်။ သူမ၏ အနည်းငယ်ပင့်ထားသည့် မေးစေ့က ကြော့ရှင်းလှသည့် မေးရိုးနှင့် လှပလွန်းသည့် အနီရောင်နှုတ်ခမ်းများကို အပြည့်အဝ ပေါ်လွင်နေစေပြီး ရှန်ဖုန်းမင်နားသို့ ပိုကပ်သွားလေသည်။ နှုတ်ဆိတ်နေသည့် ဖိတ်ခေါ်သံတစ်ခုနှယ်။
ရှန်ဖုန်းမင်၏လည်ဇလုတ်က လိမ့်ဆင်းသွားလေသည်။ သူက သူ့ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်၏။ သူ့နှုတ်ခမ်းနီနီများက မသိမသာ ပွင့်ဟသွားတော့သည်။
ကျန်းယွင်ကျူးသည် ရုတ်တရက် သတိဝင်လာတော့သည်။ သူမက နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး အကြည့်လွဲလိုက်ကာ အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်လေတော့သည်။
“ လူကြီးမင်းရှန် နေ့လယ်စာ စားပြီပြီလား”
“ဟင့်အင်း”
“ကျွန်မ ရှင့်အတွက် လုပ်ပေးမယ်နော်”
ကျန်းယွင်ကျုးက ပြောပြီးထွက်သွားလေသည်။
ရှန်ဖုန်းမင်ကို ဖြတ်အသွားတွင် လက်တစ်ဖက်က သူမ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆွဲထားလေသည်။ ထိုလက်ပေါ်တွင် ပါးလွှာသည့် အသားမာများ တက်နေသည်။ ထိုအရာက သူမကို ခွန်အားတစ်ခု ပေးနေ၏။ ထိုအရာက ကျန်းယွင်ကျူး၏လက်ကောက်ဝတ်ပေါ်တွင် တွယ်ကပ်နေပြီး သူမ၏ခွန်အားတစ်ဝက်ကို ထိန်းချုပ်ထားသယောင်။
“ကျွန်တော့်မှာ မိန်းကလေးကို ပြောစရာရှိလို့ပါ”
ရှန်ဖုန်းမင်က ပြောလိုက်၏။ သူသည် ကျန်းယွင်ကျူးကို သာသာလေး ပြန်ဆွဲထားလိုက်လေသည်။ သူသည် အားပိုသုံးမိ၍လား သို့မဟုတ် ကျန်းယွင်ကျူးကပဲ မျှော်လင့်မထားမိ၍လား မသိပေ။ သူမသည် သူ့ရင်ဘတ်ကို သွားတိုက်မိတော့သည်။
သန်မာသည့် ရင်ဘတ်နှင့် နှလုံးခုန်းသံ။
ကျန်းယွင်ကျူးက နောက်သို့ မြန်မြန်ပြန်ဆုတ်လိုက်ပြီး တစ်ချိန်ထဲတွင် သူမ၏လက်များနှင့် သူ့ကို တွန်းထုတ်လိုက်တော့သည်။ သူမ၏မျက်နှာက နီရဲနေပြီးဖြစ်တော့သည်။ ရှန်ဖုန်းမင်က သူမကို လွှတ်ပေးလိုက်သော်လည်း ရှေ့သို့ နှစ်လှမ်းတိုးလာခဲ့သည်။
ကျန်းယွင်ကျူးနောက်တွင် စားပွဲတစ်လုံး ရှိနေသည်။ သူမသည် သူ့ကို ရှောင်ချင်သော်လည်း သူမ၏ ခါးအောက်ပိုင်းက စားပွဲနှင့် သွားကပ်နေပြီး တော်တော်လေး အနေခက်နေသလို ခံစားလိုက်ရတော့သည်။
ရှန်ဖုန်းမင်က သူမ တစ်ခုခု အဆင်မပြေဖြစ်နေသည်ကို အာရုံခံမိလိုက်သည်။ သူသည် လက်တစ်ဖက်ကို ထောက်ကာ သူမကို စားပွဲပေါ်သို့ အလွယ်ကလေး ချီတင်ပေးလိုက်လေသည်။
ကျန်းယွင်ကျူးသည် စားပွဲပေါ်တွင် ထိုင်နေသည်။ သူမ၏ခြေထောက်များက သူ့ကို ရှပ်ထိနေသည်။ သူ့ခြေထောက်များသည် ရှည်သွယ်ပြီး အားအင်အပြည့်ရှိကာ လူများကို မလှုပ်ရှားနိုင်သည့် ခံစားချက်တစ်ခု ပေးနေတော့သည်။
ကျန်းယွင်ကျူးသည် ခေါင်းလည်း မမော့ရဲသလို လှုပ်လည်း မလှုပ်ရှားရဲပေ။ သူမသည် ခေါင်းကိုသာ ငုံ့ထားပြီး သူမ၏အကြည့်က သူ့သေးသွယ်သည့်ခါးပေါ်တွင် ကျရောက်နေလေသည်။
သူမ၏သွယ်လျလျ လည်တိုင်က အကောင်းစား ကျောက်စိမ်းတစ်ခုနှယ် ပန်းရောင်အလွှာလေးတစ်ခု ဆေးဆိုးသယောင်။
ရှန်ဖုန်းမင်က ခေါင်းငုံ့လိုက်ပြီး သူမလှစ်ပြထားသည့် အလှအမကို ကြည့်နေမိလေသည်။ သူက အဖြူရောင် ကျောက်စိမ်းဆံထိုးကို ပြန်ထုတ်လိုက်ပြီး
“မိန်းကလေးကျန်း ကျွန်တော့် မျိုးရိုးနာမည်က ရှန်ပါ ပြီးတော့ ကျွန်တော့်နာမည်က...”
ရုတ်တရက်ဆိုသလို ကျန်းယွင်ကျူးစိတ်ထဲတွင် လင်းလက်လာတော့သည်။ သူ ဘာပြောချင်တာလဲ။ သူ့နာမည်က ရှန်ဖုန်းမင်လို့ ပြောချင်တာလား။
“ ရှင် ကျွန်မကို ဒီဆံထိုးပေးချင်တာလား”
ကျန်းယွင်ကျူးသည် သူမကိုယ်တိုင် ဘာစဥ်းစားနေမိသည်ကို မသိလိုက်ဘဲ သူ့စကားကို ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။
“အင်း”
ကျန်းယွင်ကျူးက ဆံထိုးကို ပြန်ကြည့်လိုက်၏။
အဖြူရောင်ကျောက်စိမ်း ဆံထိုးကိုယ်ထည်တစ်ခုလုံးသည် အဖြူသန့်သန့်လေး ဖြစ်နေလေသည်။ ဆံထိုးက အရင်းပိုင်းတွင် အပြာရောင်ကြိုးကြာငှက်တစ်ကောင်ပုံ ထွင်းထားသည်။ အသက်ဝင်လှရာ အလွန်မှသိမ်မွေ့ပြီး လှပပေသည်။
ကျန်းယွင်ကျူးသည် အရင်က ပစ္စည်းကောင်းများကို တွေ့ခဲ့ဖူးသဖြင့် သည်ဆံထိုးက အလွန်မှ အဖိုးတန်ကြောင်း ချက်ချင်း သိလိုက်ရတော့သည်။
“ ဒါက အရမ်းတန်ဖိုးကြီးနေတာပဲ” သူမက ပြောလိုက်၏။
ရှန်ဖုန်းမင်က သူမ၏ဆံပင်ထဲသို့ အဖြူရောင် ကျောက်စိမ်းဆံထိုးကို ထိုးပေးလိုက်လေသည်။ နက်မှောင်လှသည့် ဆံနွယ်က တိမ်သားတစ်ခုလို အဖြူရောင်ကျောက်စိမ်းဆံထိုးနှင့် လိုက်ဖက်နေတော့သည်။
ကျန်းယွင်ကျူးက သူ့လှုပ်ရှားမှုကို သတိထားမိလိုက်လေသည်။ နွေးထွေးလှသည့် အဖြူရောင်ကျောက်စိမ်းဆံထိုးက သူမ၏ဆံနွယ်များကြားတွင် ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေတော့သည်။
“မိန်းကလေးကျန်း”
“ ကျွန်မ ရှင့်အတွက် ချက်ပြုတ်ပေးမယ်နော်”
ကျန်းယွင်ကျူးက စားပွဲပေါ်မှ လျှောဆင်းကာ ထွက်သွားလိုက်တော့သည်။
သည်တစ်ကြိမ်တွင်တော့ ရှန်ဖုန်းမင်က သူမကို မတားတော့ပေ။ ကျန်းယွင်ကျူးက အသက်တစ်ချက်ရှူစာအတွင်း မီးဖိုဆောင်ထဲသို့ ပြေးဝင်သွားပြီးနောက် လက်ထဲက မီးဖိုဆောင်သုံး စဉ်းတီတုံးကို ထောက်ထားလိုက်လေသည်။ သူမသည် နှစ်ကြိမ်လောက် အသက်ရှူထုတ်လိုက်ပြီး အနည်းငယ် ပိုတည်ငြိမ်သွားသလို ခံစားရတော့မှ သူမ၏စိတ်က သတိပြန်ဝင်လာတော့သည်။
သည်အခိုက်တန့်တွင် သူမသည် ခေါင်းပေါ်က အဖြူရောင်ကျောက်စိမ်းဆံထိုးကို စဥ်းစားမိသွားပြီး လက်ကို မြှောက်ကာ မြန်မြန်ဆွဲထုတ်လိုက်တော့သည်။
ပြီးရင်ကော ဘာလဲ။ အဖြူရောင်ကျောက်စိမ်းဆံထိုးကို ကိုင်ထားရင်း သူမသည် စိတ်ထဲတွင် အတွေးအထပ်ထပ်နှင့် ထိုနေရာတွင် ရပ်နေမိလေသည်။
သူမက ဘာလို့ ရှန်ဖုန်းမင်ရဲ့ စကားကို ဖြတ်ပြောလိုက်တာလဲ။ တကယ်ပါပဲ။ မသိတော့ဘူး။
ဧကန္တ လက်ရှိအခြေအနေကပဲ ကောင်းတယ်လို့ ထင်မိလို့လား။ ဒါပေမဲ့ သူသာ သူ့နာမည်ကို ထုတ်ပြောလိုက်ရင် အားလုံးက ပြောင်းလဲသွားတော့မယ်ထင်ပြီး သူမက အဲလိုပြောင်းလဲမှူကို မကြိုက်မိလိုက်လား။
သည်နေ့ ကျန်းယွင်ရှို့ ရောက်လာချိန်က လင်ထင်အန်းအကြောင်းကို ခပ်ရေးရေး ပြောသွားခဲ့သည်။ ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲက အကြောင်းအရာများကို မှတ်မိနေလေသည်။
သူမက လင်ထင်အန်းကို ပြုစုပေးခဲ့ရတယ်။ သူမက ကိုယ်လုပ်တော် မဖြစ်ချင်ဘူးဆိုတာ လင်ထင်အန်းက သိနေတော့ အန်းဖင်နယ်စားကို အပြင်းအထန် ကန့်ကွက်ပြီး နောက်ဆုံးကျမှ သူမကို နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေးတစ်ယောက်ဖြစ် လက်ထပ်ခဲ့တာ။ အားလုံးက လှပနေတဲ့အသွင်ပါပဲ။ လှပလွန်းတာမှ ပုံပြင်စာအုပ်တစ်အုပ်ထဲမှာ ချရေးထားတဲ့အတိုင်းပဲ။
တကယ်တော့ လင်ထင်အန်းက သူမရဲ့နောက်ခံကို အရမ်းစိုးရိမ်နေခဲ့တယ်လေ။ ဒါကြောင့် သူက အိမ်တော်ထဲက အစေခံအားလုံးကို တိတ်တိတ်လေး ပြောင်းပစ်လိုက်တယ်။ ဒါမှ သူမက အိမ်တော်မှာ အစေခံတစ်ယောက် ဖြစ်ခဲ့ဖူးတာကို ဘယ်သူမှ မပြောကြတော့မှာပေါ့။
အပြင်ဖက်မှာဆိုရင်လည်း သူက ဘယ်သူ့ကိုမှ သူမရဲ့နောက်ကြောင်းကို ပြောခွင့်မပေးခဲ့ဘူး။ သူမကိုလည်း အိမ်တော်ကြီးတွေက သခင်မလေးတွေလို စောင်း၊ စစ်တုရင်၊ လက်ရေးလှ နဲ့ ပန်းချီပညာတွေ သင်ပေးပြီး ‘အန်းဖင်အိမ်တော်ရဲ့ တကယ့် သခင်မငယ်လေး’တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်နေခဲ့တာ။ သူက ဒုဝန်ကြီးဖန်ကိုတောင် သူမရဲ့မွေးစားဖခင်အဖြစ် မှတ်ယူခိုင်းပြီး အပြင်ဘက်မှာလည်း သူမက ဒုဝန်ကြီးဖန်ရဲ့ ပျောက်သွားတဲ့သမီးပါလို့ ရှင်းပြထားခဲ့တယ်။
တကယ်တော့ ကျန်းယွင်ကျူးက သိမ်ငယ်တယ်လို့ မခံစားရပါဘူး။ ပြီးတော့ သူမက စောင်း၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီပညာတွေလည်း မသင်ချင်ခဲ့ဘူး။ နှစ်ယောက်ကလည်း ဒီကိစ္စကြောင့် ခဏခဏ ရန်ဖြစ်ခဲ့ရတယ်။
အိမ်တော်မှာ အန်းဖင်နယ်စား၊ အန်းဖင်နယ်စားကတော်၊ သခင်မကြီး၊ သခင်လေးတွေနဲ့ သခင်မလေးတွေ ရှိကြပြီး အထက်တန်းစား သခင်မလေးတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေလည်း ရှိကြသေးတယ်။ ကျန်းယွင်ကျူးကတော့ သူတို့ကို လုံးဝသဘောမကျပါဘူး။ ချင်ယောင်းရဲ့ဘေးမှာပဲ သူမရဲ့ပုံစံအမှန်ကို ချပြနိုင်ပြီး စိတ်ရှိတိုင်း စားသောက်ပြီး နေနိုင်ခဲ့တယ်။
ဒါကြောင့် သူမက အန်းဖင်နယ်စားအိမ်တော်က ဘဝကို မနှစ်သက်ခဲ့ဘူးလေ။ လှောင်အိမ်တစ်ခုကို ခံစားရပြီး အရမ်းမွန်းကြပ်ဖို့ကောင်းတာပဲ။
ရှန်မိသားစု။ ရှန်မိသားစုက အိမ်တော်ကြီးတစ်ခုလေ။ ရှန်ဖုန်းမင်ရဲ့အမေက တန့်ယန်းမင်းသမီး ဘုရင်ကြီးရဲ့ ညီမတော်။ သူ့အဖေက တော်ဝင်ပညာရှင်ရှန်။ ညီလာခံအရေး၊ အိမ်တွင်းရေး ပြီးတော့ ရှန်ဖုန်းမင်ရဲ့ ကိုယ်ပိုင်ပြဿနာတွေ။ စဥ်းစားလိုက်ရင် ခေါင်းရှုပ်သွားစေမဲ့ ပြဿနာကြီးတစ်ခုပဲ။
မဟုတ်သေးပါဘူး။ သူမက ဘာလို့ အဲလောက်အများကြီး စဥ်းစားနေတာလဲ။ ကျန်းယွင်ကျူးသည် သူမက ရှန်ဖုန်းမင်ကို အရင်က သိပ်သဘောမကျခဲ့ကြောင်း ရုတ်တရက်ဆိုသလို သတိထားမိသွားတော့သည်။ ဒါနဲ့များ သူနဲ့လက်ထပ်မဲ့ ကိစ္စအထိပါ စဥ်းစားနေရတာလဲနော်။
ပြီးတော့ ရှန်ဖုန်းမင်က သူမကို လက်ထပ်ချင်မှလည်း လက်ထပ်မှာလေ။ သူက ‘သမင် ရေကန်’ဘေးမှာ မမျှော်လင့်ဘဲတွေ့ဆုံခဲ့တဲ့ ဇာတ်လမ်းလုပ်ချင်တာမဟုတ်ရင် သူက အပြင်မှာထားတဲ့ သူ့မယားငယ် လို ကိုယ်လုပ်တော်လို ထားချင်တာလဲ ဖြစ်နိုင်တာပဲမလား။ နောက်ဆုံး သူမရဲ့အဆင့်က အဲလောက်ပဲ ရှိမှာကိုး။
သူမ ခုနက စိတ်လွတ်သွားတာပဲ။ ကျန်းယွင်ကျူးသည် သူမ၏နဖူးကို ပြန်ရိုက်လိုက်ပြီး အဖြူရောင်ကျောက်စိမ်းဆံထိုးကို ရှန်ဖုန်းမင်အား ပြန်ပေးရန် သိမ်းထားလိုက်တော့သည်။
ထို့နောက်တွင် သူမက ချက်ပြုတ်ရန် ပြင်ဆင်လိုက်လေသည်။ သည်ကိစ္စက သူမကို ပျော်ရွှင်လာစေတော့သည်။
ဘာလုပ်ရင်ကောင်းမလဲ။ သူမသည် မီးဖိုထဲတွင် ဘဲများနှင့် မုန့်ဖုတ်ဖိုတစ်ခုကို သတိထားမိလိုက်လေသည်။ ပြီးခဲ့တဲ့အခေါက်က မုန့်ဖုတ်ဖိုကို မှာခဲ့တုန်းက မိသားစုအတွက် တစ်ခု ပိုမှာပေးခဲ့တယ်လေ။ ကြည့်ရတာ တန့်သယ်ပေါင်းက ဒါကို သုံးရတာ မကြိုက်ဘူးထင်တယ်။ မုန့်ဖုတ်ဖိုက အသစ်စက်စက်အတိုင်း ဖြစ်နေတယ်။
တိုက်တိုက်ဆိုင်ဆိုင် သူမက ဒါကို သုံးလို့ရသွားတာပဲ။ ဘဲသားကင် လုပ်ရအောင်။ အပြင်ဘက်က ကျွပ်ရွပြီး အတွင်းဘက်မှ နူးညံ့နေတဲ့ ဘဲသားကင်။ ဆော့စ်လေးနဲ့ နှစ်ပြီး ထုပ်စားရင် အရသာရှိလိုက်မဲ့ဖြစ်ခြင်။ ပြီးတော့ ဘဲသားကင်က အချိန်တော်တော်ပေးရတယ်။ အခုနေ သူမကလည်း ရှန်ဖုန်းမင်နဲ့ မတွေ့ချင်သေးဘူးလေ။
ဘဲသားကို ပြင်ဆင်ထားလိုက်သည်။ အသားကိုနှပ်ထားချိန်တွင် သူမက ကြာရွက်ပန်ကိတ်များကို လုပ်ရမည်။
သည်အဆင့်ဆင့်က နာရီဝက်လောက် အချိန်ပေးရသည်။
နောက်ဆုံးတွင် ဘဲကို နှပ်ပြီးသွားတော့သည်။ ထို့နောက် မုန့်ဖုတ်ဖိုထဲ ထည့်လိုက်၏။ ကျန်းယွင်ကျူး၏ မုန့်ဖုတ်ဖိုသည့် မုန့်နှင့် သွားရေစာများကို ဖုတ်ရန် လုပ်ထားသဖြင့် ဘဲကို မီးပြင်းဖိုတွင် ထည့်သည့်နည်းဖြင့်သာ ကင်နိုင်သည်။ အရှိန်က ပိုပြီးနှေးလေသည်။
ကျန်းယွင်ကျူးက ကုလားထိုင်တစ်လုံးကို ရွှေ့လာပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဘဲသား အကျက်ကို စောင့်ရင်း အဝေးက တောင်တန်းများ၏ လှပသည့်ရှုခင်းကို ကြည့်နေလိုက်လေသည်။
ဒီနေ့ရာသီဥတုက ထူးထူးခြားခြားကို ကောင်းနေတာပဲ။ ကောင်းကင်ကလည်း လတ်လတ်ဆတ်ဆတ် ဆေးကြောထားသလို ပြာလွင်လွင်နဲ့။ အဖြူရောင် တိမ်တွေကလည်း ကောင်းကင်ထဲမှာ လွင့်မျောနေပြီး တောင်တွေကို မှီထားသလို။ လှပပြီးပန်းချီကားဆန်လိုက်တာ။
သူမ၏အခန်းထဲတွင် ထိုင်ရင်း ရှန်ဖုန်းမင်သည် ခေါင်းမော့လိုက်သည်နှင့် ပြတင်းပေါက်အပြင်ဘက်က လူနှင့် အဝေးက တောင်များကို တွေ့မြင်နေရလေသည်။
ဘဲကင်နှံ့က လွင့်ပျံလာသည်။ သူကလည်း အလျင်မလိုပေ။ အရင်ဆုံး သူသည် အခန်းထဲက ပရိဘောဂများကို ပတ်ကြည့်လိုက်ပြီး ထိုနေရာတွင် ထိုင်စောင့်နေလိုက်လေသည်။
အခုတော့ သူသည် ခါတိုင်းလိုပင် စိတ်ရှည်ရှည်ထားတော့မည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။
နောက်ထပ် နာရီဝက်ကြာပြီးနောက် ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က အိပ်ပျော်နေမည်လား ဒါမှမဟုတ် မစောင့်နိုင်လို့များ ပြန်သွားပြီလားဟု စဥ်းစားနေလေသည်။ ထို့ကြောင့် သူမသည် ထရပ်လိုက်ကာ သူမ၏အခန်းထဲသို့ လှမ်းကြည့်လိုက်လေသည်။ သူမ မြင်လိုက်ရသည့်အရာမှာ ရှန်ဖုန်းမင်က မျက်လွှာချထားကာ ကျောက်ရုပ်တစ်ရုပ်လို ထိုနေရာတွင် ထိုင်နေလေသည်။
ဟင့်အင်း။ အဆင်သင့်ဖြစ်နေတဲ့ခံစားချက်က ကျောက်ရုပ်တစ်ခုနဲ့ မတူဘူး။ ငြိမ်သက်နေတဲ့ ကျားသစ်တစ်ကောင်နဲ့ ပိုတူတယ်။
ကျန်းယွင်ကျူးက ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘဲကင်ကို ယူထုတ်လိုက်ပြီး ဘဲသားကို တစ်လွှာချင်း စတင်လှီးဖြတ်လိုက်လေသည်။
ခဏအကြာတွင် ဘဲသားလွှာများ ထည့်ထားသည့် ပန်ကန်ကြီးတစ်ခု အသင့်ဖြစ်သွားတော့သည်။ ကျန်းယွင်ကျူးက လင်ပန်းကြီးတစ်ခုကို ရှာလိုက်ပြီး ဘဲသား၊ ကြာရွက်ပန်ကိတ်၊ ဆော့စ် နှင့် ကျွပ်ရွလှသည့် ဟင်းသီးဟင်းရွက်များနှင့် လုပ်ထားသည့် အရံဟင်းပွဲများကို လင်ပန်းထဲ ထည့်ထားလိုက်သည်။ ထို့နောက် သူမက ရေညှိကြက်ဥဟင်းရည် နောက်တစ်ပန်းကန် လုပ်လိုက်လေသည်။ အချိန်ဆွဲမနေတော့ဘဲ သူမက အခန်းထဲသို့ လင်ပန်းကို သယ်လာခဲ့တော့သည်။
“လူကြီးမင်းရှန် ရှင်ဗိုက်ဆာနေတော့မှာပဲ၊ မြန်မြန် စားလိုက်နော်”
ကျန်းယွင်ကျူးက လင်ပန်းကို စားပွဲပေါ်တင်လိုက်ပြီး အထဲက ဟင်းပွဲများကို တစ်ခုချင်း ယူထုတ်ပေးလိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်လေသည်။
ရှန်ဖုန်းမင်က စားပွဲပေါ်က အရာများကို ကြည့်လိုက်ရာ ပါးလွှာကြည်လင်သည့် လေးညှင်းရွက်များနှင့်တူသည့် ဘဲသားလွှာများကို တွေ့လိုက်ရလေသည်။ ကျန်းယွင်ကျူးက လက်မှုပညာက သည်လိုကောင်းမွန်သည့် အရာမျိုးကို ပြုလုပ်နိုင်လိမ့်မည်။
“ဘဲကင် ၊ အချဥ်ရည်နဲ့ တို့ပြီး ပန်ကိတ်ထဲမှာ အသီးအရွက်နဲ့ ထုပ်ပြီး စားရတာ” ကျန်းယွင်ကျူးက ရှင်းပြလိုက်လေသည်။
“အင်း”
ရှန်ဖုန်းမင်က လက်ဆေးလိုက်ပြီး တူကို ကောက်ကိုင်လိုက်ကာ ဘဲသားလွှာတချို့ကို ညှပ်လိုက်ပြီး ကြာရွက်ပန်ကိတ်ထဲ ထည့်လိုက်ကာ အချဥ်ရည်နှင့် သူ့အကြိုက်ဆုံး အသီးအရွက်များကို ထည့်လိုက်ပြီး လက်ဖြင့် ပန်ကိတ်ကို လိပ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ တန်းသွင်းလိုက်တော့သည်။
အထက်တန်းလွှာအများစုက လက်ဖြင့် မစားကြပေ။ သူတို့သည် ဣန္ဒြေပျက်မှာ စိုးရိမ်ကြလေသည်။
သို့သော် ရှန်ဖုန်းမင်ကတော့ စောင့်ထိန်းနေဟန်မတူ။ သူ့လုပ်ကိုင်လိုက်ပုံက မျက်လုံးထဲတွင်တော့ အလွန်ကြည့်ကောင်းနေလေသည်။
ရှည်သွယ်သွယ်လက်ချောင်းများက နှင်းလိုဖြူဖွေးသည့် ကြာရွက်ပန်ကိတ်ကို လိမ်လိုက်ပုံမှာ နှင်းတောင်ကြာပန်းတစ်ပွင့်ကို ခူးနေသည့်နှယ်။
ရှန်ဖုန်းမင်၏လက်များသည် လှပပြီး အချိုးကျလှပေသည်။
ကျန်းယွင်ကျူးသည် ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရတော့သည်။ အချိန်ကို ကြည့်လိုက်တော့ ညနေ ၃နာရီ ရှိနေပြီ။ ညနေစာ စားရန်အချိန် ရောက်တော့မည်။
ရှန်ဖုန်းမင်းက နေ့လယ်စာ မစားဘဲ လာခဲ့ရသည်ဟု ပြောလိုက်သလိုပင်။
ကျန်းယွင်ကျူးသည် အနည်းငယ် အားနာသွားတော့သည်။ သူမက အခုချိန်ထိ အချိန်ဆွဲထားခဲ့မိသည်ပဲ။
ထားလိုက်ပါတော့လေ။ ဆုပ်လည်း စူး စားလည်းရူးမဲ့ အခြေအနေပဲ။ ကျန်းယွင်ကျူးက အဖြူရောင် ကျောက်စိမ်းဆံထိုးကို ထုတ်လိုက်ပြီး ရှန်ဖုန်းမင်ဖက်သို့ တွန်းပို့လိုက်လေသည်။
“လူကြီးမင်းရှန် ကျွန်မ အားတော့နာပါတယ်၊ ဒါကို ရှင် ပြန်သိမ်းထားလိုက်တာပဲ ပိုကောင်းမှာပါ”
ကြာရွက်ပန်ကိတ်ကို ကိုင်ထားသည့် ရှန်ဖုန်းမင်၏လက်သည် တုံ့ဆိုင်းသွားတော့သည်။
“ ကျွန်တော် မိန်းကလေးကို တကယ်ပေးချင်ခဲ့တာပါ”
သူသည် တစ်ကိုယ်ကောင်းဆန်သည်ဖြစ်စေ၊ အမိန့်ဆန်ဆန် ဖြစ်နေသည်ဖြစ်စေ အရေးမကြီးပေ။ မည်သို့ဆိုစေ သူသည် သည်ကိစ္စကို သေချာစဥ်းစားထားခဲ့ပြီး ဖြစ်လေသည်။ သူမက တခြားသူနှင့် လက်ထပ်သွားမည်ကို ရပ်ကြည့်နေဖို့ရာတော့ သူ လက်မခံနိုင်ပေ။ သူမ လိုချင်သည့်အရာအတွက်လည်း သူက ကြိုးစားပေးနိုင်ပေသည်။