အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အပိုင်း (၇၉)
ကျန်းယွင်ကျူးသည် ဒေါသကြောင့် အနည်းငယ်မွန်းကြပ်သွားတော့သည်။ သူက အတင်းကို အရေောင်းအဝယ် လုပ်ချင်နေတာလား။ သူမက စားပွဲပေါ်တွင် ဆံထိုးကို တင်ထားလိုက်ပြီး ခေါင်းငုံ့ထားလိုက်ကာ ဘာမှ မပြောလိုက်တော့ပေ။
နောက်ဆုံးတွင် ဆံထိုးက ရှန်ဖုန်းမင်၏လက်ထဲသို့ ပြန်ရောက်လာတော့သည်။
သည်နေ့သည် အနည်းငယ် နောက်ကျသွားခဲ့ပြီး သည်လိုကိစ္စမျိုးကလည်း ဖြစ်သွားခဲ့သည်။ ကျန်းယွင်ကျူးက အိမ်မှာပဲ နောက်တစ်ညအိပ်ပြီး မနက်ဖြန်မနက်မှ စီရင်စုမြို့သို့ ပြန်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ညကောင်းကင်က ပိန်းပိတ်အောင် မှောင်နေသည်။ သာယာသည့် စောင်းသံတစ်ခုက တိတ်ဆိတ်မှုကို ထိုးဖောက်သွားပြီး ထင်းရှူးပင်များက လေလို၊ တောင်းကမ်းပါးရံအောက်သို့ စီးဆင်းနေသလို ပင်။ တေးသွားက လွမ်းမောဖွယ်ကောင်းလေသည်။
ကျန်းမိသားစုက လူတိုင်းက ထိုအသံကို ကြားလိုက်ကြသည်။ သူတို့အားလုံးသည် လုပ်လက်စ အရာများကို ရပ်ထားလိုက်ပြီး စောင်းသံကို တိတ်တိတ်လေး နားထောင်နေလိုက်ကြလေသည်။
ကျန်းယွင်ကျူးကလည်း စောင်းသံကို ကြားလိုက်သည်။ သူမကိုယ်တိုင်က စောင်းတီးနည်းနှင့် ပန်းချီဆွဲနည်းကို မသိသော်လည်း ဘယ်လိုခံစားရမည်ကိုတော့ သိနေသည်။ စောင်းသံက အံ့ဩစရာကောင်းလောက်သည်။ သည်တေးသွားကို ‘ကွမ်းကျူ’ ဟုခေါ်သည်။ “ ကွမ်းကွမ်းငှက်လေးက ဝန်လက်ငှက်တွေကို ငိုညည်းလို့ မြစ်ကမ်းပါးပေါ်မှာ....”
ကျန်းယွင်ကျူး၏ရင်ထဲတွင် ဗလောင်ဆူသွားတော့သည်။ သို့သော် မကြာမီတွင် သူမသည် စောင်းသံ၏ ဆွဲဆောင်ခံလိုက်ရပြီး စောင်းသံထဲတွင် နစ်မျောသွားတော့သည်။
ရုတ်တရက် ဂီတသံက ရပ်သွားပြီး ကျန်းအိမ်ကလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ လူကြီးမင်းရှန်ရဲ့ စောင်းတီးနေတဲ့လက်သံပဲ”
အမျိုးသမီးချန်သည် အကြောင်းအရင်းကို မသိသော်လည်း စောင်းသံကို ကြားလိုက်ပြီးနောက် သူမ၏စိတ်နှလုံးက ပျော့ပြောင်းသွားတော့သည်။
“အင်း”
ကျန်းချန်က သူမကို ဖက်ထားပြီး နှစ်ယောက်သားက တိုးဝေ့ကာ ဖက်ထားလိုက်လေသည်။
“ နားထောင်လို့ ကောင်းလိုက်တာ” အမျိုးသမီးချန်က ပျော့ပြောင်းစွာ ပြောလိုက်၏။
နောက်တစ်နေ့ မနက်ခင်းတွင် ကျန်းယွင်ကျူးက ကျန်းချိန်၏မြင်းလှည်းကို စီးကာ ချီရှန်းကျွီသို့ ပြန်လာခဲ့လေသည်။
ရှန်ဖုန်းမင်က မြင်းစီးပြီး နောက်မှ လိုက်လာခဲ့သည်။ ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်၏။ ဘာမှ မထူးခြားနေပေ။ ထို့ကြောင့် သူမက သူ့ကို သည်အတိုင်း လွှတ်ထားလိုက်တော့သည်။
“သူဌေး”
သူတို့သည် နှစ်ရက်လောက် မတွေ့ရသဖြင့် ရွှယ်ကျင်းနှင့် တခြားသူများက ကျန်းယွင်ကျူးကို အရမ်းလွမ်းနေကြတော့သည်။ သူမ ပြန်လာသည်ကို တွေ့လိုက်ရသဖြင် သူတို့သည် သူမကို တက်ကြွစွာ ကြိုဆိုကြလေသည်။
ကျန်းယွင်ကျူးက သူတို့ကို ကြည့်လိုက်ပြီးနောက် သူမ၏ဆိုင်လေးကို ကြည့်လိုက်လေသည်။ သူမသည် စိတ်ကြည်လင်သွားလေသည်။
ချာပုလျန်ကိုလည်း ဖွင့်ထားသည်။ ကျန်းယွင်ကျူးက ကောင်တာနောက်တွင် ရပ်ပြီး ပြီးခဲ့သည့်နှစ်ရက်က စာရင်းများကို စစ်နေလိုက်သည်။
သည်အချိန်တွင် ချင်ကျန့်က အပြင်မှ အလောတကြီး ဝင်လာတော့သည်။
“မိန်းကလေးကျန်း ကျုပ် မိန်းကလေးကို ပြောစရာရှိလို့” သူက ပြောလိုက်၏။
သူသည် လေပြင်းနှင့် လှိုင်းကြမ်းတို့ကို တွေ့ကြုံခဲ့ဖူးပြီး အမြဲတမ်း တည်ငြိမ်နေခဲ့လေသည်။ သို့သော် သူသည် အလွန်မှ ပျာယာခတ်နေတော့သည်... ကျန်းယွင်ကျူးက ရုတ်တရက် မကောင်းသည့် ခံစားချက်တစ်ခုကို ရလိုက်ပြီး မေးလိုက်တော့သည်။
“ ဘာဖြစ်တာလဲရှင်”
ချင်ကျန့်က ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ကျန်းယွင်ကျူးက ခြံအနောက်ဖက်သို့ လိုက်ခဲ့ရန် သူ့ကို လက်ဟန်ပြလိုက်လေသည်။
အနောက်ဘက်ခြံတွင် ဧည့်သည်များကို ဧည့်ခံပေးသည့် အခန်းတစ်ခု ရှိသော်လည်း သာမန်လူများကတော့ ဝင်ခွင့်မရှိပေ။
ချင်ကျန့်က အခန်းထဲ ဝင်သွားလိုက်သည်။ သူသည် မထိုင်ရသေးခင်မှာပင် ပြောလိုက်၏။
“ ကျုပ် တမြန်နေ့က ဝူလင်စီရင်စုနဲ့ ဟွာယန်စီရင်စုကို ပို့လိုက်တဲ့ ဆန်တွေအားလုံးက စစ်ဆေးခံလိုက်ရတယ်”
“ ဘာအဓိပ္ပာယ်လဲရှင်”
ကျန်းယွင်ကျူးသည် ဆက်ပြီး ထိုင်မနေနိုင်တော့ချေ။
တမြန်နေ့က လုပြည်နယ်မှ ဝူလင်စီရင်စုနှင့် ဟွာယန်းစီရင်စုသို့ နောက်ထပ်ဆန်တစ်သုတ် ပို့ခဲ့ခြင်းက စလေသည်။ သို့သော် သူတို့သည် လုပြည်နယ်မြို့တော်၏ ဂိတ်သို့ ရောက်လာသည်နှင့် စစ်သားတစ်စုက ရောက်လာပြီး သည်ဆန်အိတ်ထဲတွင် တရားမဝင် ဆားများပါရှိကာ ဆန်များကို စုံစမ်းဖို့ သိမ်းသွားချင်ခဲ့သည်။
သည်ဆန်တစ်သုတ်ကို စောင့်ရှောက်လိုက်ပါခဲ့သူက အိမ်တော်ထိန်းချင် ဖြစ်သည်။ သူက ဆန်များသည် ချန်းယွမ်ဆန်ဒိုင်မှ ဖြစ်ကြောင်း အရိပ်အခြည် ပြောပြခဲ့သည်။ ချင်မိသားစုသည် လုပြည်နယ်က အရာရှိအမျိုးမျိုးနှင့် ရင်းနှီးလေသည်။ သူက လက်ထောက်ပြည်နယ်တရားသူကြီးဟယ်ကိုတောင် ထုတ်ပြောလိုက်သေးသည်။ ခေါင်းဆောင်က ထပ်မမေးတော့ဘဲ လူများကိုခေါ်ကာ ဆန်အားလုံးကို ဆားကုန်သွယ်ဌာနသို့ သယ်သွားခိုင်းလိုက်သည်။
သည်ဆန်တစ်သုတ်က အချိန်တစ်ထောင် တန်သဖြင့် အလွန်မှ တန်ဖိုးများလေသည်။ ညတွင်းချင်း ခရီးနှင်လာခဲ့ပြီး အိမ်တော်ထိန်းချင်က ချင်ကျန့်ကို လာရှာတော့သည်။
ချင်ကျန့်သည် လုံးဝပုံမှန်မဟုတ်သည်ကို ခံစားမိလိုက်သည်။ သူ့အစားအသောက်ထဲတွင် ဘာတရားမဝင်ဆားမှ မပါချေ။ ဆားကုန်သွယ်ရေးဌာနသည် သူလက်လှမ်းမမီသည့်ဌာနတစ်ခု ဖြစ်နေသည်။ ချင်ကျန့်က လက်ထောက်ပြည်နယ် တရားသူကြီးဟယ်ဆီသို့ ချက်ချင်းသွားရှာခဲ့ပြီး သည်ကိစ္စကို ပြောပြကာ ဆန်များပြန်ရလာအောင် သူ့ကို အကူအညီပေးဖို့ မျှော်လင့်ခဲ့လေသည်။
ဘယ်သူက ထင်ထားပါမည်နည်း။ လက်ထောက်ပြည်နယ်တရားသူကြီးဟယ်က ဆားနှင့် သံရိုင်းသည် ရုံးတော်အတွင် ကိစ္စကြီးတစ်ခုဖြစ်သည်ဟု ဆိုကာ နေရာတွင်ပင် ငြင်းပယ်ခဲ့လေသည်။ ထို့အပြင် ဆားကုန်သွယ်ရေးဌာနက အရာရှိမာကလည်း စည်းကမ်းတင်းကြပ်ကြီး ကိုယ်ကျိုးမကြည့်သူဖြစ်သည်။ သူသည် အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမည်ဖြစ်သော်လည်း ရလဒ်ကိုတော့ အာမမခံဟု ဆိုသည်။
ချင်ကျန့်က စိုးရိမ်တကြီး စောင့်နေခဲ့သည်။ နောက်ဆုံးတော့ သူသည် လက်ထောက်ပြည်နယ် တရားသူကြီးဟယ်၏ အဖြေကိုရသော်လည်း လက်ထောက်ပြည်နယ် တရားသူကြီးဟယ်က ခေါင်းသာခါလိုက်လေသည်။
“ ဒီကိစ္စကို အရာရှိမာ စုံစမ်းပြီးမှပဲ ဆက်ပြောကြတာပေါ့၊ ခင်ဗျားရဲ့ဆန်ထဲမှာ တရားမဝင်ဆားမပါဘူးလို့ ပြောခဲ့တယ်မလား၊ ဒါဆိုရင်တော့ အဆင်ပြေမှာပါ” လက်ထောက်ပြည်နယ်တရားသူကြီးဟယ်က ပြောလိုက်လေသည်။
ချင်ကျန့်သည် ဘာမှမတတ်နိုင်ဘဲ ပြန်လာခဲ့ရတော့သည်။
သို့သော် ဝူလင်စီရင်စုနှင့် ဟွာယန်းစီရင်စုတို့သည် ဆန်ပြတ်လပ်လို့မဖြစ်ပေ။ မဟုတ်လျှင် အစောပိုင်းအားထုတ်မှုအားလုံးက အချည်းနှီးဖြစ်သွားပေလိမ့်မည်။ ကံအားလျော်စွာ သူတို့၏ ဂိုဒေါင်ထဲတွင် ဆန်များကျန်နေသေးသည်။ သည်တစ်ကြိမ်တွင် ထောင်မိသားစုနှင့် တိုင်ပင်ပြီးနောက် သူက ဆန်အချိန် ၂၅၀၀ ကို အရင်ဆုံးတင်ပို့ဖို့ ကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။
သည်တစ်ကြိမ်တွင်တော့ ဆန်များကို ဘယ်သူမှ လာမစစ်ဆေးကြပေ။ ဆန်များသည် ဝူလင်စီရင်စုနှင့် ဟွာယန်းစီရင်စုသို့ အန္တရာယ်ကင်းကင်းနှင့် ရောက်သွားခဲ့သည်။ သို့သော် ချင်ကျန့်သည် စိတ်ပူနေသည့်ကိစ္စကို လက်မလွှတ်နိုင်ခဲ့ချေ။ ချီရှန်းကျွီကို ဖြတ်သွားရင်း သည်ကိစ္စအပေါ် ကျန်းယွင်ကျူး၏ အမြင်ကို ဆွေးနွေးတိုင်ပင်ဖို့ ရောက်လာခဲ့တော့သည်။
ကျန်းယွင်ကျူးက ထိုသတင်းကို ကြားလိုက်ရပြီး မျက်မှောင်ကျုံ့သွားတော့သည်။ ဒီကိစ္စက လုံးဝ မရိုးရှင်းဘူး။ ဆားကုန်သွယ်ရေးဌာနက ဘဏ္ဍာရေးဝန်ကြီး အောက်က သီးသန့်ဌာနတစ်ခုပဲ။ လက်ထောက်ပြည်နယ် တရားသူကြီးဟယ်မှာ သူ့ကို တိုက်ရိုက်အမိန့်ပေးဖို့ အာဏာမရှိဘူး။ ဒါပေမဲ့ အရာရှိလောကဆိုကာ အမြဲတမ်း မျက်နှာလိုက်မှုတွေ ပြည့်နေတဲ့ ကွန်ယက်တစ်ခုပဲ။ လက်ထောက်ပြည်နယ် တရားသူကြီးဟယ်က ဆားကုန်သွယ်ရေးဌာနနဲ့ လုံးဝ မပတ်သက်ဘူးဆိုတာတော့ သူမ မယုံဘူး။
ချင်ကျန့်က လက်ထောက်ပြည်နယ်တရားသူကြီးဟယ်ရဲ့ မင်္ဂလာကိစ္စ ကြောင်းလမ်းတာကို လက်မခံခဲ့လို့ လက်ထောက်ပြည်နယ်တရားသူကြီးဟယ်က တမင် အခက်တွေ့အောင် လုပ်ခဲ့တာလား။
မဟုတ်သေးပါဘူး။ ချင်မိသားစုက ချမ်းသာတယ်ဆိုရင်တောင် သူတို့တွေက ကုန်သည်တွေပဲလေ။ ချန်ဖုန်းမှာ လတ်တလော ပြင်းထန်နေတဲ့ ကပ်ဘေေး၊ အစားအစာပြတ်လပ်တာနဲ့ ချင်မိသားစုရဲ့ အဆင့်အတန်း တိုးတက်လာတာကြောင့် မဟုတ်ရင် လက်ထောက်တရားသူကြီးဟယ်ကလည်း ချင်မိသားစုကို လက်ထပ်ဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။
ပြီးတော့ ချင်ကျန့်က အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အတွေ့အကြုံရှိပြီးသားပဲ။ ဒီတော့ သူက ဒီကိစ္စကို စိတ်ကျေနပ်အောင် သေချာပေါက် ဖြေရှင်းပေးမှာပဲ။
ဒါဆို ဘယ်သူလုပ်တာလဲ။ သူ့ရည်ရွယ်ချက်ကဘာလဲ။
အချက်အလက်က အလွန်မှ နည်းပါးနေလေသည်။ ကျန်းယွင်ကျူးမှာ အဖြေရှာမရပေ။
သည်အချိန်တွင် လူတစ်ယောက်သည် ချာပုလျန်မှ ထွက်သွားပြီး နောက်ဘက်ပိုင်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။ တစ်ယောက်ယောက်သာ သူ့ကို သတိထားမိခဲ့လျှင် သူသည် ချာပုလျန်ထဲသို့ ချန်ကျန့်နောက်မှ လိုက်ဝင်လာခဲ့သည်ကို သတိထားမိခဲ့လိမ့်မည်။
နှစ်လမ်းလောက် ကျော်သွားပြီးနောက် ထိုလူက ရုတ်တရက် သူ့ခြေလှမ်းများကို မြန်မြန် လျှောက်လိုက်ပြီး မြို့အနောက်ပိုင်းက အကြီးဆုံးတည်းခိုခန်းဆီသို့ ဦးတည်သွားလိုက်လေသည်။
တည်းခိုခန်းထဲသို့ ဝင်သွားလိုက်ပြီးနောက် သူသည် အပေါ်ထပ်သို့ တက်သွားပြီး တံခါးကို ညင်ညင်သာသာ ခေါက်လိုက်တော့သည်။
“ဝင်ခဲ့” ကြည်လင်သည့် ယောက်ျားသံတစ်ခု ထွက်လာ၏။
ထိုလူက တံခါးမှ ဝင်သွားပြီး နောက်ပြန်တံခါးပိတ်လိုက်ကာ ဒူးထောက်လိုက်ပြီးမှ စကား ပြောလိုက်လေသည်။
“ ဒီငယ်သားက အကြီးဆုံးသခင်လေးကို နှုတ်ဆက်ပါတယ်”
“ထတော့”
လင်ထင်အန်းက အေးအေးဆေးဆေး မေးလိုက်၏။
“ ဘယ်လိုလဲ”
ထိုလူက ထရပ်လိုက်ပြီး သူမြင်ခဲ့သည့်အရာနှင့် စုဆောင်းခဲ့သည့်သတင်းကို ပြောပြလိုက်သည်။
လင်ထင်အန်းက မကြာမကြာ လက်ဖက်ရည်တစ်ငုံစီသောက်ရင်း နားထောင်နေလေသည်။ သူ့မျက်နှာပေါ်တွင် ဘာတစ်ခုမှ မူမမှန်ခြင်းမျိုး ရှိမနေချေ။
ထိုလူက စကားပြောပြီးသွားသည့်နောက်တွင် သူက လက်ဝှေ့ယမ်းက သူ့ကို ထွက်သွားဖို့ အချက်ပြလိုက်တော့သည်။
“ချာပုလျန်ရဲ့သူဌေး တဲ့လား” သူသည် မျက်ခုံးများကို ပင့်ထားလိုက်သည်။
“ ဝူလင်စီရင်စုမှ အသစ်ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုပါ၊ ပိုင်ရှင်က မိန်းကလေးတစ်ယောက်ပဲ၊ သူ့မှာ အရမ်းကောင်းတဲ့ အချက်အပြုတ်အရည်အချင်းတွေရှိပြီး ကျွန်တော်တို့အိမ်တော်က စားဖိုမှူးကောင်းကိုတောင် အနိုင်ရခဲ့သေးတယ်၊ သူမက ဒီလက်ဖက်ရည်ဆိုင်ကို အနိုင်ရခဲ့တာ”
သူ့နောက်က သက်တော်စောင့်နှင့်တူသည့် လူတစ်ယောက်က တင်ပြလိုက်လေသည်။
“ကောင်းရွှင်ကို အနိုင်ရသွားတာလား၊ ဒါဆို သူ့လက်ရာက သေချာပေါက် ကောင်းရမယ်”
လင်ထင်အန်းက ပြောလိုက်၏။ လေသံက တစ်သမတ်တည်းဖြစ်နေလေသည်။ ခံစားချက် လုံးဝမပါပေ။
သူ့နောက်က သက်တော်စောင့်သည် ဆတ်ခနဲတုန်သွားတော့သည်။ အဲဒီကောင်းရွှင်ကတော့ အရမ်း အတင့်ရဲတာပဲ။ အိမ်တော်ကိုတောင် မပြောဘဲနဲ့အပြင်ထွက်ပြီး အချက်အပြုတ်ပြိုင်ရဲတယ်။ ပြီးတော့ သူက ရှုံးခဲ့သေးတယ်တဲ့လေ....
ရုတ်တရက်ဆိုသလို လင်ထင်အန်းသည် ထရပ်လိုက်ပြီး အောက်ထပ်သို့ ဆင်းသွားတော့သည်.
နှစ်လမ်းလေောက် လျှောက်လာပြီးနောက် လှည်းတစ်စီးက ရုတ်တရက် သူ့ဘေးကို ပွတ်သွားလေသည်။ လင်ထင်အန်းက သူ့လမ်းကို ရပ်လိုက်၏။ သူ့နောက်က သက်တော်စောင့်က ခါးက ဓားရှည်ဆို ဆုပ်ကိုင်ထားလိုက်ပြီး သတိအနေအထားဖြစ်သွားတော့သည်။
သည်အခိုက်တွင် လှည်းက ထောင့်တစ်ခုကို ချိုးသွားပြီး ဖြည်းဖြည်းချင်း အရှိန်လျှော့သွားလေသည်။ သတိမှားသွားပုံရသည်။
ထောင့်တစ်ခုကို ချိုးလိုက်ချိန်တွင်တော့ မိန်းမတစ်ယောက်ကို တွေ့သွားတော့သည်။ ထိုမိန်းမက လင်ထင်အန်းဆီ တန်းပြေးဝင်လာလေသည်။
အခိုက်တန့်အတွင်းတွင် သူ့ရင်ခွင်ထဲ၌ နွေးထွေးနှုနှင့် မွှေးရနံ့များ ပြည့်သွားတော့သည်။ သို့သော် လင်ထင်အန်းက မျက်မှောင်ကျုံ့လိုက်၏။
ထိုမိန်းမသည် ကြောက်ရွံ့နေသယောင်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ပြောင်းချိနဲ့သွားတော့သည်။
“လင်ချင်း” လင်ထင်အန်းက ပြောလိုက်၏။
လင်ချင်းဟုခေါ်သည့် သူ့နောက်က သက်တော်စောင့်က ဓားရိုးဖြင့် အမျိုးသမီးကို ထောက်ထားပြီး သူမကို လင်ထင်န်း၏ရင်ခွင်ထဲမှ မြေကြီးသို့ လဲကျမသွားအောင် ထွက်သွားခိုင်းလိုက်တော့သည်။
အမျိုးသမီးသည် အနီရောင်တောက်တောက် အဝတ်အစားကို ဝတ်ဆင်ထားပြီး သူမ၏ခါးက ကျစ်လစ်နေသည်။ သူမက လင်ထင်အန်းကို မော့ကြည့်လိုက်ပြီး အံ့ဩသွားသည့်နှယ် ပြောလိုက်လေသည်။
“အကြီးဆုံးသခင်လေး ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”
ချက်ချင်းဆိုသလို သူမက လင်ထင်အန်းကို ဦးညွှတ်နှုတ်ဆက်ရန် ပြင်လိုက်လေသည်။
“ အစေခံမ ကျန်းယွင်ရှို့က အိမ်တော် စားဖိုဆောင်က အစေခံမလေးပါ၊ ကျွန်မက ဆွေမျိုးတွေဆီ အလည်အပတ်လာရင်း ဒီနေရာကို ဖြတ်သွားတာနဲ့ ကြုံခဲ့ရတာပါ၊ ခုနက ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် အကြီးဆုံးသခင်လေးကို ကျေးဇူးတင်ပါတယ် “
ကျန်းယွင်ရှို့က စကားကို ပြေပြေပြစ်ပြစ် ပြောလိုက်သည်။ သူမက ပြောရင်း အရိုအသေ ပေးလိုက်လေသည်။ ထိုလိမ်သွားသည့်ခါးက ၃လပိုင်း၏ နွေဦးမိုးမခပင်လေးနှယ်။
အမှန်အတိုင်းပြောရလျှင် ကျန်းယွင်ရှို့သည် ချောမောလေသည်။ သို့သော် အိပ်ရာပေါ်သို့ တက်လိုသည့် သူမ၏ ဆန္ဒက သိသာထင်ရှားလွန်းနေသည်။
လင်ထန်အန်းသည် အန်းဖင်နယ်စားအိမ်တော်၏ အကြီးဆုံးသားဖြစ်သည်။ သူသည် စာပေနှင့် သိုင်းပညာ နယ်ပယ်တိုင်းတွင် ထူးချွန်သည်။ သူသည် အန်းဖင်နယ်စားအိမ်တော်တွင် အာဏာတစ်ဝက်ရှိသူလည်းဖြစ်သည်။ အိမ်တော်တွင် သူမလို အမျိုးသမီးများစွာရှိလေသည်။
လင်ထင်အန်းက သူမကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ဆက်လျှောက်သွားတော့သည်။
“အကြီးဆုံးသခင်လေး”
ကျန်းယွင်ရှို့က နူးနူးညံ့ညံ့ ဝမ်းနည်းစိုးထိတ်ဟန်ဖြင့် လှမ်းခေါ်လိုက်၏။ နူးညံ့သည့်နှလုံးသားပိုင်ရှင် ယောက်ျားတစ်ယောက်သာ ဆိုလျှင် သူသည် သူမခေါ်လိုက်သည့်အသံကြောင့် ရပ်တန့်သွားလောက်ပေသည်။
“ ပြန်သွားပြီး အိမ်တော်ထိန်းကို ပြောလိုက်၊ သူ ဘာလုပ်ရမယ်ဆိုတာ သိတယ်” လင်ထင်အန်းက တစ်ခွန်းသာပြောလိုက်၏။
“အင်း” လင်ချင်းက လက်ခံလိုက်သည်။
သည်စကားကို ကြားလိုက်ရချိန်တွင် ကျန်းယွင်ရှို့၏မျက်နှာသည် စက္ကူတစ်ရွက်လို ဖြူဆွတ်သွားတော့သည်။ သူမက လိုတာထက် ပိုလှမနေလို့လား။ ဒီယောက်ျားရဲ့နှလုံးသားက သံမဏိလိုပဲ မာကြောတာပဲ။ မဖြစ်ဘူး။ သူမ အိမ်တော်ကနေ မောင်းထုတ်ခံရလို့ မဖြစ်ဘူး။ သူမသည် လက်ထဲက လက်ကိုင်ပဝါကို ဖြဲပစ်လုနီးနီး ဖြစ်သွားတော့သည်။
မကြာမီတွင် လင်ထင်အန်းသည် ချာပုလျန်သို့ ရောက်လာတော့သည်။
သူက ရပ်လိုက်ပြီး ဆိုင်းဘုတ်ပေါ်က စာလုံးကြီး သုံးလုံးကို နာရီဝက်နီးပါး ကြည့်နေလိုက်လေသည်။
လင်ချင်းသည်လည်း ထိုစာလုံးသုံးလုံးကို တွေ့လိုက်ရသည်။ သူသည် လက်ရေးကြောင်း အများကြီး မသိသော်လည်း ထိုစာလုံးသုံးကို သေသေချာချာ ရေးထားမှန်းတော့ ခံစားမိသည်။ စာလုံးများကို ကြည့်ရင်း သူသည် တောင်များနှင့် ပင်လယ်များကို ခံစားမိလိုက်လေသည်။ ထိုစာလုံးများကို မည်သူ ရေးခဲ့သည်ကို သူမ မသိခဲ့ပေ။
ချာပုလျန်ထဲတွင် ကျန်းယွင်ကျူးသည် ချင်ကျန့်ကို လိုက်ပို့ပေးလိုက်ပြီးဖြစ်သည်။ သည်အခိုက်တွင် သူမသည် ကောင်တာနောက်တွင် ငေးမောကာ ရပ်နေပြီး ချင်ကျန့်ပြောခဲ့သည့် စကားများကို စဥ်းစားနေလေသည်။
“ တစ်ခုခု ဖြစ်လို့လား”
ရှန်ဖုန်းမင်က အနောက်ဘက် ဝင်လာပြီး ခါတိုင်းလိုပင် ကောင်တာနောက်၌ ကျန်းယွင်ကျူးနှင့်အတူ ရပ်လိုက်သည်။
ကျန်းယွင်ကျူးက သတိပြန်ဝင်လာပြီး ခေါင်းခါပြလိုက်လေသည်။
ရှန်ဖုန်းမင်က ဘာမှ ထပ်မမေးတော့ဘဲ ထိုနေရာတွင်သာ ရပ်နေလိုက်သည်။
ကျန်းယွင်ကျုးက သူ့ကို ကြည့်လိုက်ပြီးမှ စာရင်းစာအုပ်ကို ပြန်ကောက်ကိုင်လိုက်ကာ ပြီးခဲ့သည့်နှစ်ရင်က စာရင်းများကို စစ်ဆေးလိုက်လေသည်။ သူမသည် ရှဲချန်ကို နည်းနည်း သတိရသွားတော့သည်။ ဒီကိစ္စကို အရင်က သူပဲ ကိုင်တွယ်ပေးခဲ့တာလေ။
“ မိန်းကလေး ကိုယ်စား ကျွန်တော် စာရင်းလုပ်ပေးရမလား” ရှန်ဖုန်းမင်က မေးလိုက်၏။
ကျန်းယွင်ကျူးသည် တုံ့ဆိုင်းသွားတော့သည်။ မဖြစ်သေးပါဘူး။ သူ သူမအပေါ် အဲလောက် မကောင်းနေသင့်ဘူး။ သူမက ချစ်မိသွားမှာ စိုးရတယ်။ ပြီးတော့ လူကြီးမင်းရှန်။ သူက မိန်းမတွေက မရင်းနှီးဘူးဆိုတဲ့ သတင်းထွက်ထားတာမလား။
ရုတ်တရက် ကျန်းယွင်ကျူးသည် ထိုနေ့ညက အေးစက်စက် တိုက်ခတ်နေသည့်လေထဲတွင် ရပ်နေသည့် သူ့ကို သတိရသွားတော့သည်။ သူ အရင်က လက်ထပ်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ဘူးလို့ ပြောခဲ့တာပဲ။ သူ့အဖေနဲ့ အမေက အမြဲတမ်း ရန်ဖြစ်နေတာလို့ ပြောခဲ့တယ်။ သူက အဲလိုရန်ပွဲတွေကို စိတ်ပျက်နေပြီတဲ့....
သည်အခိုက်တွင် သူမ၏လက်ချောင်းဖျားများတွင် နွေးထွေးသည့်ခံစားချက်တစ်ခု ရောက်လာလေသည်။ ကျန်းယွင်ကျူးက ငုံ့ကြည့်လိုက်တော့ ကျန်ဖုန်းမင်က သူမ၏လက်ထဲက စာရင်းစာအုပ်ကို လှမ်းအယူ သူ့လက်ချောင်းများက သူမ၏လက်ချောင်းဖျားများကို ထိသွားခဲ့ခြင်းပင်။
ကျန်းယွင်ကျူးသည် သူမ၏လက်ကို ရုပ်သိမ်းလိုက်ပြီး ကိစ္စများကို ရှင်းလင်းအောင်လုပ်ထားသည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
“ လူကြီးမင်းရှန် ကျွန်မက ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ဖို့ စိတ်ကူးမရှိဘူး၊ ကျွန်မက အေးအေးလူလူပဲ နေချင်တာ”
ကျန်းယွင်ကျူးက ပြောလိုက်လေသည်။ သူမသည် သည်လာက်ဆို လုံလောက်ပြီဟု ထင်လိုက်သည်။
“အင်း” ရှန်ဖုန်းမင်က ပြန်ပြောရင်း စာရင်းစာအုပ်ကို သေသေချာချာ ကြည့်နေလေသည်။
ကျန်းယွင်ကျူးမှာ ဆွံ့အသွားတော့သည်။ သူမက ပြောတဲ့စကားကို သူ နားရောလည်ရဲ့လား။
“ကျွန်မ ကျွန်မက ကျွန်မနဲ့ ရည်ရွယ်ချက်တူတဲ့သူကိုပဲ ရှာပြီး လက်ထပ်ချင်တာ”
ကျန်းယွင်ကျူးက သူတို့သည် မသင့်တော်ကြောင်း သေချာရှင်းလင်းဖို့ ဆုံးဖြတ်လိုက်လေသည်။ သူမက သူမရဲ့ နေ့ရက်တွေကို အေးအေးလူလူနဲ့ပဲ ကုန်ဆုံးချင်တာလေ။ သူကျတော့ ချီလင်သက်တော်စောင့်တပ်ရဲ့ တပ်မှူး။ သူမက စောင်းတီးတာ၊ စစ်တုရင်ကစားတာ၊ လက်ရေးလှရေး နဲ့ ပန်းချီဆွဲတဲ့အကြောင်းတွေလည်း မသိဘူး။ ရှန်မိသားစုကတော့ ရှမင်းဆက်မှာ ကဗျာစာပေနဲ့ လက်ရေးလက်သားနာမည်ကြီးတဲ့ မိသားစုတစ်ခုလေ။
ရှန်ဖုန်းမင်က ခေါင်းမော့ကြည့်လိုက်၏။
သည်အခိုက်တွင် လင်ထင်အန်းသည် အပြင်ဘက်မှနေ၍ လင်ချင်းကို ခေါ်ဝင်လာခဲ့သည်။
သူသည် တစ်ချက်လှမ်းအကြည့်တွင် ကျန်းယွင်ကျူးကို တွေ့သွားပြီး သူ့အမူအရာက မသိမသာ အံ့အားသင့်သွားတော့သည်။
ကျန်းယွင်ကျူးသည် သူ့ကို တွေ့သွားပြီး နေရာတွင် ရပ်ကာ အလန့်တကြား ဖြစ်သွားတော့သည်။ သူမသည် သူ့ကို သည်နေရာတွင် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
နှစ်ယောက်သားက အပြန်အလှန်ကြည့်လိုက်ကြလေသည်။
ရှန်ဖုန်းမင်က မမျှော်လင့်ဘဲ သည်မြင်ကွင်းကို မြင်သွား၏။ သူ့မျက်လုံးများက မည်းမှောင်သွားတော့သည်။
...
အပိုင်း (၈၀)
လင်ထင်အန်းသည် ရုတ်တရက် နောက်အကြည့်တစ်မျိုးကို သတိထားမိလိုက်လေသည်။ အေးစက်ပြီး စူးရှလှသည်။
သူသည် အကြည့်ပိုင်ရှင်ကို ကြည့်လိုက်တော့ သူနှလုံးမှာ တသိမ့်သိမ့် တုန်သွားတော့သည်။ သူဖြစ်နေတာလား။ မြို့တော်က မရေမတွက်နိုင်တဲ့သူတွေ တွေ့ချင်ပေမဲ့ မတွေ့နိုင်တဲ့ သူက တကယ်တော့ ဝူလင်စီရင်စုမြို့က စားသောက်ဆိုင်လေးတစ်ခုမှာ ရောက်နေတာလား။ အပြင်က ဆိုင်းဘုတ်ပေါ်က စာလုံးသုံးလုံးက အသက်ဝင်ပြီး အားအင်အပြည့် ဖြစ်နေတာ မဆန်းတော့ပါဘူး။
ရှန်ဖုန်းမင်ကို တွေ့လိုက်ရခြင်းကြောင့် ထိတ်လန့်သွားသည့် လင်ထင်အန်းသည် ကျန်းယွင်ကျူးကို တွေ့လိုက်သဖြင့် အလန့်တကြား ဖြစ်သွားခြင်းထက် အများကြီး ပိုသာနေတော့သည်။ အခိုက်တန့်အတွင်း သူသည် သည်နေရာသို့ လာရင်း ရည်ရွယ်ချက်ကိုပင် မေ့သွားတော့သည်။
လင်ချင်းသည် ရှန်ဖုန်းမင်ကို မသိပေ။ သူ့မိသားစု၏သခင်လေးက သည်နေ့ အလွန် ထူးဆန်းနေသည်ဟုသာ ခံစားနေရသည်။ အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိလှသူက ပထမတော့ မိန်းကလေးတစ်ယောက်ကို ငေးမောပြီး စိုက်ကြည့်နေပြီး အခုတော့ ယောက်ျားတစ်ယောက်ကို ငေးမောကြည့်နေပြန်သတဲ့လား။ ဒီယောက်ျားက ချောမောပြီး ထူးခြားတယ်ဆိုရင်တောင်မှလေ။
“ ဒီနေရာမှာ မှားနေသလိုပဲ”
ရှန်ဖုန်းမင်က တိုးတိုးလေး ပြောလိုက်ရာ ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာတော့သည်။
“ဘယ်မှာလဲ”
ကျန်းယွင်ကျူးက ခေါင်းငုံ့လိုက်ပြီး စာရင်းစားအုပ်ကို ကြည့်လိုက်လေသည်။ သူမ၏ စိတ်အနေအထားက ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာတော့သည်။
“ဒီမှာ အစာသွပ်နှမ်းမုန့်တစ်ပွဲ၊ ကြာစွယ်ကိတ်မုန့်တစ်ပွဲ နဲ့ ပိလော်ချွန်း တစ်အိုး၊ ဒီမှာ ၇၃ဝမ် ရေးထားပေမဲ့ အောက်မှာကျတော့ ၈၆ဝမ် လို့ရေးထားတယ်” ရှန်ဖုန်းမင်က ကျန်းယွင်ကျူးမြင်စေရန် အမှားကို ထောက်ပြလိုက်လေသည်။
ကျန်းယွင်ကျူးက အမှန်ပင် အမှားတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။ သူမက စုတ်တံကို ကောက်ကိုင်လိုက်ပြီး ဘေးမှနေ၍ လိုက်ပြင်ပေးလိုက်တော့သည်။
သည်အချိန်တွင် လင်ထင်အန်းက သတိပြန်ဝင်လာ၏။ သူသည် ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို ၇၃ ဝမ်၊ ၆၈ ဝမ်အကြောင်းပြောနေသည်ကို ကြားလိုက်ရလေသည်။ သူမသည် စစ်သေနာပတိချုပ်ရှန်က လေး ငါး ဝမ်လောက်နှင့် စိတ်ရှုပ်ခံနေမည်ဟု မသိခဲ့ပေ။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်လေ။ သည်အချိန်တွင် လက်ဖက်ရည်ခန်းထဲတွင် ဧည်သည်တချို့ရှိနေပြီး ခန်းမထဲတွင် ဧည့်ခံသူများရှိနေလသည်။ သို့သော် ဘယ်သူကမှ အခုဖြစ်နေသည့် မြင်ကွင်းကို မှားယွင်းနေသည်ဟု မခံစားမိကြသယောင်။
လင်ထင်အန်းသည် စိတ်ထဲတွင် ခန့်မှန်းမိလိုက်တော့သည်။ ကြည့်ရတာ ဒီလူတွေက ကောင်တာနောက်က လူရဲ့သရုပ်မှန်ကို မသိကြဘူးထင်တယ်။ ပြီးတော့ ရှန်ဖုန်းမင်ရဲ့ သရုပ်မှန်သာ ပေါ်သွားရင်လည်း ဒီနေရာက မြင်ကွင်းလိုမျိုးက လုံးဝမဖြစ်သင့်ဘူးလေ။
“ ဧည့်သည် ဘာစားမလဲ ဘာသောက်ချင်လဲ၊ ကျေးဇူးပြုပြီး ထိုင်ပါခင်ဗျာ” လီဟယ်က လင်ထင်အန်းကို နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်လေသည်။
လင်ထင်အန်းက မူလက မျက်နှာတင်းတင်းနှင့် ဣန္ဒြေကို ပြန်ဆည်ထားလိုက်ပြီး ပြတင်းပေါက်နားက ထိုင်ခုံတစ်ခုကို ရွေးလိုက်တော့သည်။ ပတ်ဝန်းကျင်ကို သေသေချာချာကြည့်ရင်း သူက လက်ဖက်ရည် နည်းနည်းနှင့် မုန့်တချို့ကို မှာလိုက်လေသည်။
လီဟယ်က သွားပြင်ဆင်ပေးလိုက်သည်။
“ ဒီဆိုင်ပိုင်ရှင်ကို သေသေချာချာ သွားစုံစမ်းလာခဲ့” လင်ထင်အန်းက လင်ချင်းကို အမိန့်ပေးလိုက်၏။
လင်ချင်းသည် ချက်ချင်း ထွက်သွားတော့သည်။
ခဏအကြာတွင် အစာသွပ် နှမ်းမုန့်တစ်ပန်းကန်၊ သီးစုံကိတ်မုန့် နှင့် သဟုန်ပေါင်း တစ်အိုး ရောက်လာတော့သည်။
လီဟယ်သည် လင်ထင်အန်းအတွက် လက်ဖက်ရည် လောင်းထည့်ပေးလိုက်ပြီး ပြန်လှည့်ထွက်လာတော့သည်။
လင်ထင်အန်းသည် စားပွဲကို ကြည့်လိုက်ပြီး လက်ဖက်ရည်ပန်းကန်လုံးနှင့် ပန်းကန်ပြားများက ဆိုင်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အကောင်းစား အဖြူရောင်ကြွေပန်းကန်ပြားကို ဘေးတွင် ‘ချာပုလျန်’ဟူသည့် စာလုံးငယ်လေး သုံးကာ ရေးထိုးထားသည့် ဇီဇဝါပန်းပွင့်များကို ဆေးချယ်ထားလေသည်။ ပုံစံနှင့် လက်ရေးက အပြင်ဘက် ဆိုင်းဘုတ်ပေါ်က စာလုံးသုံးခုလောက် အားမပါသော်လည်း လုံးဝ အပေါစားဆန်ဆန်တော့မဟုတ်ပေ။
ဒီဆိုင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။
လင်ထင်အန်းသည် လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်ကြည့်လိုက်လေသည်။ အထက်တန်း အလယ်အဆင့် သဟုန်ပေါင်း လက်ဖက်ခြောက်ပဲ။ အရသာကို အပြည့်အဝ နှပ်ပြီး ထုတ်ထားတယ်။ ပြီးတော့ အရမ်း ထူးဆန်းတယ်။ ဘာလို့လဲဆိုတော့ သဟုန်ပေါင်းက အနှပ်မခံဘူးလေ။ တခြားနေရာတွေက ဒီလိုလက်ဖက်ခြောက်မျိုး နှပ်ရင် ဆူပြီး သားရေကို သုံးကြမှာ။ ဒါပေမဲ့ ဒီဆိုင်ကတော့ လက်ဖက်နှပ်ဖို့ မသိမသာပိုအေးတဲ့ ရေကို သုံးထားတယ်။
နောက်တစ်ခုက ရှေ့တစ်ခုထက် ပိုကောင်းတာတော့ မဟုတ်ပေမဲ့ သူက နောက်တစ်ခုရဲ့အရသာကို သဘောကျမိနေတယ်။
“ဒီလက်ဖက်ရည်ကို ဘယ်သူလုပ်တာလဲ”
လင်ထင်အန်းက ဖြတ်သွားသည့် လီဟယ်ကို မေးလိုက်လေသည်။
“ဒီအငယ်တစ်အိုးကိုလား၊ ဘာလို့လဲခင်ဗျာ၊ ဧည့်သည်က မကြိုက်လို့လား” လီဟယ်က ပြန်ဖြေလိုက်လေသည်။
“ ဒီလက်ဖက်ရည် နှပ်နည်းကို ဘယ်သူ့ဆီက သင်ခဲ့တာလဲ” လင်ထင်အန်းက ဆက်သာ မေးလိုက်လေသည်။
“ကျွန်တော်တို့ သူဌေးဆီကပါ”
လီဟယ်က ပြန်ပြောလိုက်သည်။
လင်ထင်အန်းက ကျန်းယွင်ကျူးကို တဖန် လှမ်းကြည့်လိုက်လေ။ စာရင်းစာအုပ်ကို ငုံ့ကြည့်နေပုံက မီးရှူးမီးပန်းအောက်တွင် အေးအေးလူလူ လွတ်လွတ်လပ်လက် ကြည့်နေသည့် အကြည့်နှင့် တစ်ပုံစံတည်းပင်။
“ဧည့်သည် ခင်ဗျား” လီဟယ်က လင်ထင်အန်းပြောချင်သည့် အဓိပ္ပာယ်ကို မသိပေ။
“ရပါပြီ” လင်ထင်အန်းက ပြောလိုက်၏။
လီဟယ်က ဇဝေဇဝါဖြင့် ထွက်သွားလိုက်တော့သည်။
လင်ထင်အန်းက အစက ကြုံသလို မှာလိုက်ခြင်းပင်။ သို့သော် သဟုန်ပေါင်းကို သောက်လိုက်ပြီးနောက်တွင် သူသည် မုန့်ပန်းကန်နှစ်ခုကို စိတ်ဝင်စားသွားတော့သည်။ သူက အစာသွပ်နှမ်းမုန့်ကို အရင်ဆုံး ကောက်ယူလိုက်ပြီး မုန့်သားက ရွှေဝါရောင်သန်းကာ ဝိုင်းနေပြီး ဂဏန်းအခွံနှင့်တူနေသည်ကို အကဲခတ်ကြည့်လိုက်လေသည်။
တစ်ကိုက် ကိုက်လိုက်၏။ အပြင်အခွံက ကျွပ်နေပြီး အထဲက အစားက အနည်းငယ်စပ်ကာ အရသာအပြည့်ပင်။ ထူးခြားသည့် အချိုအရသာတစ်ခုလည်း ပါနေသည်။ တော်တော်လေး အရသာရှိလေသည်။
သီးစုံကိတ်မုန့်လည်း ထိုနည်းလည်းကောင်းပင်။ အသီးခြောက်များ များစွာပါဝင်ပြီး လုံးဝ ချိုရဲမနေချေ။
လင်ချင်းသည် ပြန်ရောက်လာချိန်တွင် အစားရွေးလွန်းလှသည့် သူ့မိသားစုက သခင်လေးက အစာသွပ်နှမ်းမုန့် ပန်းကန်တစ်ဝက်နှင့် သီးစုကိတ်မုန့် ပန်းကန်တစ်ဝက် ကုန်နေသည်ကို တွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ သူသည် လက်ဖက်ရည်လည်း အများကြီး သောက်ထားသေးသည်။
လင်ချင်းသည် အံ့ဩသွားတော့သည်။ နှစ်တိုင်း ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်နေကျပဲ။ ဒီနေ့မှာ တော်တောလေးကို များနေတာ။ ပြီးတော့ ဒီဆိုင်က အစားအသောက်က အရမ်းအရသာရှိနေတာလား မသိဘူး။
လင်ထင်အန်းက သူ့ကို ကြည့်လိုက်သည်။
လင်ချင်းသည် တုန်ယင်သွားပြီး သူ့ကို မြန်မြန်သတင်းပို့လေသည်။ ကျန်းယွင်ကျူးက ဒီဆိုင်ပိုင်ရှင်က မိဘတွေနဲ့အတူတူ မနှစ်က ချန်ဖုန်းကနေ ကပ်ဘေးရှောင်လာခဲ့တာ။ သူမက အစက ချန်ရှီရွာမှာ နေပြီး ဟူလထန်းလို့ ခေါ်တဲ့ မနက်စာတစ်မျိုးကို ရောင်းပြီး အသက်မွေးခဲ့တယ်။
နောက်ပိုင်း သူတို့တွေက နေ့လယ်စာကို ပြောင်းရောင်းပြီးမှ စီရင်စုကို လာခဲ့ပြီး ချီရှန်းကျွီကို ဖွင့်ခဲ့တာ....
ဪ ဟုတ်တယ်။ သူ ရှန်ဖုန်းမင် အကြောင်းလည်း စုံစမ်းခဲ့သေးတယ်။ သူ့မျိုးရိုးနာမည်က ရှန်၊ သူ့နာမည်က ယွီယွီ တဲ့။ သူက မြို့တော်ကလာတဲ့ ဆန်ကုန်သည်။ ဒီနေရာမှာ ငှားနေတာ။
ကျန်းယွင်ရှို့က တကယ်တော့ ကျန်းယွင်ကျူးရဲ့ညီမလေးဆိုတာလည်း သိခဲ့ရတော့ တန်ပါတယ်။
“ကျန်းယွင်ကျူး”
လင်ထင်အန်းက လေသံတိုးတိုးနှင့် ပြောရင်း လက်က ပန်းကန်လုံးကို ပွတ်သပ်နေလေသည်။
နောက် ဆယ့်ငါးမိနစ် နေလိုက်ပြီးနောက် လင်ထင်အန်းသည် သာမန်ဧည့်သည်တစ်ယောက်လို ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။
လင်ချင်းသည် ဇဝေဇဝါဖြစ်သွားတော့သည်။ ငါ့မိသားစု သခင်လေးက အဲဒီကိစ္စအတွက် ဒီနေရာကို လာခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အတိုင်းပြန်ထွက်လာခဲ့တာလဲ။ ဒါပေမဲ့ သူ့မိသားစု သခင်လေးကို ဘယ်တော့မှ ခန့်မှန်းကြည့်လို့မရဘူး။ ဒီတော့ သူ မေးနေစရာမလိုတော့ပါဘူး။ အမိန့်ကိုပဲ စောင့်လိုက်ပါတော့မယ်။
သေချာပါသည်။ လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် လင်ထင်အန်းက ပြောလိုက်၏။
“ အဲဒီကျန်းယွင်ရှို့ကို ငါ့ကိုလာတွေ့ခိုင်းလိုက်”
“အင်း” လင်ချင်းက ပြန်ဖြေလိုက်၏။
မြို့အနောက်ပိုင်း တည်းခိုခန်းတစ်ခုတွင် ကျန်းယွင်ရှို့သည် ပီတိဖြစ်နေတော့သည်။ အကြီးဆုံးသခင်လေးက သူမကို တွေ့ချင်တယ်တဲ့လား။ သူ နောက်ဆုံးတော့များ....
သူမ ဦးညွှတ်ပြီး မနှုတ်ဆက်ရသေးခင်မှာပင် လင်ထင်အန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်တော့သည်။
“ မင်းမိသားစုအကြောင်း ငါ့ကို ပြောပြ”
မိသားစုတဲ့လား။ ကျန်းယွင်ရှို့သည် ဇဝေဇဝါဖြစ်သွားသော်လည်း သူမက ဆက်ပြောလိုက်လေသည်။
သူမ မိသားစုနဲ့ပတ်သက်ပြီး သူမ မှတ်မိတာအများစုက အိပ်မက်ထဲမှာ သူတို့တွေ ချင်းဟယ်ကို ကပ်ဘေးရှောင်တဲ့အချိန်မှာ ဘဝက ဘယ်လောက်တောင် ခက်ခဲခဲ့တယ်ဆိုတာနဲ့ ကျင်းယွင်ကျူး ပြန်လာပြီးနောက်ပိုင်း အရမ်းကို ခမ်းခမ်းနားနား ဖြစ်ခဲ့တယ်ဆိုတာတွေပဲ။ အင်းပေါ့။ ဒါတွေကို တစ်ခုမှ ပြောပြလို့မရဘူးလေ။
ကပ်ဘေးမရှောင်ခင် ဖြစ်ခဲ့တဲ့ကိစ္စတွေကိုပဲ ပြောပြလိုက်မှာပေါ့။ သူမသည် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတော့သည်။
သူမက စကားပြောရင်း လင်ထင်အန်း၏တုံ့ပြန်မှုကို ခိုးကြည့်လိုက်လေသည်။
သည်ဆွဲဆောင်မှုအပြည့်နှင့် ချောမောလှသည့် လူငယ်လေး၏မျက်နှာပေါ်တွင် ဘာအမူအရာမှ ရှိမနေရာ သူဘာစဥ်းစားနေမှန်း မသိနိုင်အောင်ဖြစ်နေသည်ကိုသာ တွေ့လိုက်ရတော့သည်။ သို့သော် သူက သည်လိုဖြစ်နေလေလေ လူများကို ငေးမောသွားရသည်အထိ အေးချမ်းပြီး ထူးခြားနေဟန် ပေါ်နေ လေလေ ဖြစ်နေတော့သည်။
“ဒါဆို မင်းမိဘတွေ ဒီနေရာကို ထွက်ပြေးလာပြီး နောက်ပိုင်းကိစ္စတွေကို မသိဘူးပေါ့” လင်ထင်အန်းက မေးလိုက်၏။
ကျန်းယွင်ရှို့သည် အလွန်စိတ်ပျက်သွားတော့သည်။ လင်ထင်အန်းသာ ဒီကိစ္စတွေကို စိတ်ဝင်စားနေမှန်း စောစောကသိခဲ့ရင် အမျိုးသမီးချန်ကို ပိုမေးခဲ့ပါတယ်။
“ မင်း အိမ်ကို မကြာခဏပြန်သင့်တယ်”
လင်ထင်အန်းက ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်လေသည်။
ကျန်းယွင်ရှို့သည် သူပြောချင်သည့် အဓိပ္ပာယ်ကို မသိသော်လည်း ထိုစကားကို ရွှေစည်းမျဥ်းတစ်ခုလို မှတ်ထားလိုက်တော့သည်။ သူက သူမကို တွေ့ဖို့ ဆန္ဒရှိနေသ၍ သူ ဘာပဲလုပ်ခိုင်း လုပ်ခိုင်း သူမက လိုလိုလားလားနဲ့ လုပ်ပေးနေမှာပဲ။
နာရီဝက်ကြာသွားပြီးနောက် ကျန်းယွင်ရှို့သည် အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ဖြင့် ချန်ရှီရွာသို့ ပြန်လာခဲ့တော့သည်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကတော့ သူမကို တွေ့ရသဖြင့် အလိုလိုဝမ်းသာပြီးသားပင်။
သည်တစ်ကြိမ်တွင် ကျန်းယွင်ရှို့သည် တခြားလူတစ်ယောက်လို ဖြစ်နေတော့သည်။ သူမက သူတို့နှစ်ယောက်ကို အရင်နှုတ်ဆက်လိုက်၏။ ထိုအခြင်းအရာက အမျိုးသမီးချန်၏မျက်လုံးများကို နီရဲသွားစေတော့သည်။ အမှန်ပင် သူမသည် သူမ သိသမျှအရာအားလုံးကို တစ်ခုမှဖုံးကွယ်မထားဘဲ မဆုံးနိုင်အောင် ပြောပြလိုက်လေသည်။
မကြာမီတွင် လင်ထင်အန်းသည် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်အကြောင်းကို ပိုသိလာခဲ့တော့သည်။
ဒီတစ်ကြိမ် ဝူလင်စီရင်စုမှာ ဆန်ပြုတ်လှူခြင်းနဲ့ အပင်စိုက်တဲ့ကိစ္စကလည်း သူမနဲ့ ပတ်သက်နေတာပဲ။ သူက သူမကို ပိုပိုပြီး စိတ်ဝင်စားသွားပြီ။
ရှန်ဖုန်းမင်ကတော့ ရှန်ယွီယွီဆိုတဲ့နာမည်နဲ့ သူ့သရုပ်မှန်ကို အားလုံးကို ဖုံးကွယ်ထားတာပဲ။ ပြီးတော့ သူက ဒီမှာ အကြာကြီးနေခဲ့သေးတယ်။ သူ ဒီနေ့ နည်းနည်းတော့ ခန့်မှန်းမိပြီထင်တယ်။ ဧကန္တ ကျန်းယွင်ကျူးကြောင့်များလား။
ရှန်ဖုန်းမင်က အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ်မနေဘူးလို့ အားလုံး ပြောနေကြတာ။ သူက အမျိုးသမီးတစ်ယောက်အတွက်နဲ့ သူ့နာမည်ကိုတောင် ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
လင်ထင်အန်းသည် ကုလားထိုင်ကို နောက်ပြန်မှီလိုက်ပြီး အပြင်ဘက် နေဝင်ချိန်ကိုကြည့်ကာ သူ့မျက်ခုံးများကို မသိမသာ ပင့်လိုက်လေသည်။
ဒီလုစီရင်စုပြည်နယ်မှာ နောက်ဆုံးတော့ မျှော်လင့်ရလောက်အောင် ထိုက်တန်တဲ့ တစ်စုံတစ်ခု ထွက်ပေါ်လာခဲ့ပြီပဲ။
ချာပုလျန်။ လင်ထင်အန်းက ထရပ်လိုက်ချိန်တွင် ကျန်းယွင်ကျူးသည် သူ့ကို မြင်သွားလေသည်။ သူမသည် ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားတော့သည်။ ဥပမာ ချင်မိသားစုရဲ့ဆန်တွေ ဘာလို့ ရုတ်တရက် စစ်ဆေးခံလိုက်ရတာလဲ။ ဥပမာ လင်ထင်အန်းက ဘာလို့ ဒီနေရာမှာ ရုတ်တရက် ပေါ်လာတာလဲ...
နှစ်ချက်က မဆိုင်ဘူးထင်ရပေမဲ့ သူတို့တွေက ဆက်စပ်နေကြတယ်ဆိုရင်ကော။
လင်ထင်အန်းရဲ့ လုပ်နေကြပုံစံက မြွေကို မောင်းထုတ်ပြီး အသီးကိုရဖို့ နွယ်ပင်နောက်လိုက်ပြီး ကိစ္စတစ်ခုကို စုံစမ်းပြီးရင် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်တာမလား။ ဒီလောကမှာ လင်ထင်အန်းအကြောင်း အသိဆုံးလူဆိုရင် ကျန်းယွင်ကျူးပဲ ဖြစ်လိမ့်မယ်။
ကြည့်ရတာ ဒီကိစ္စရဲ့နောက်ကွယ်မှာ အကျိုးအမြတ်အကြီးကြီးကို မြင်လို့ သူက ဒီကနေ အမြတ်ထုတ်ချင်နေတာလဲ။
ကျန်းယွင်ကျူးသည် ခေါင်းကိုက်သွားတော့သည်။ ဒီကိစ္စကလည်း မဆုံးတော့ပါလား။
သည်အချိန်တွင် ရှန်ဖုန်းမင်သည် လင်ထင်အန်းနှင့် သူ သည်နေရာတွင် ပေါ်လာရသည့် အကြောင်းအရင်းကို သတိရရှိခဲ့ပြီးဖြစ်လေသည်။ အချက်အလက်တွေအရ ကျန်းယွင်ကျူးနဲ့ လင်ထင်အန်းက အချင်းချင်း သိကြတဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ သူမက ဘာလို့ သူ့ကို ငေးကြည့်နေတာလဲ။
လင်ထင်အန်းရဲ့ရုပ်သွင်က တော်တော်လေး ရှင်းသန့်ပါတယ်။
ရှန်ဖုန်းမင်သည် မျက်နှာချင်းဆိုင်က ကြေးမုံမှန်ကို မော့ကြည့်လိုက်လေသည်။ သူ့လက်ရှိ ရုပ်သွင်က ကြေးမုံမှန်ပေါ်တွင် ထင်ဟပ်နေ၏။
ခဏလောက် စဥ်းစားလိုက်ပြီးနောက် သူက ပြောလိုက်လေသည်။
“ဝင်ခဲ့”
အခန်းအပြင်ဘက်တွင် မည်သူမှ မရှိသော်လည်း မကြာမီတွင် ပုံရိပ်တစ်ခုက ပေါ်လာတော့သည်။
“ ဒီငယ်သား ၃၉အရိပ်က စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်”
“ ငါ့အတွက် ကိစ္စနည်းနည်းလောက် သွားလုပ်ပေး” ရှန်ဖုန်းမင်က အမိန့်ပေးလိုက်၏။
“အင်း”
နောက်တနေ့ မနက်စောစောတွင် ကျန်းယွင်ကျူးသည် အပြင်သို့ ထွက်လာချိန်တွင် ရှန်ဖုန်းမင်က ခြံဝင်းထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
သူသည် သည့်နေ့တွင်တော့ အဝတ်အစားအသစ်တစ်စုံကို လဲဝတ်ထားလေသည်။ ကော်လံနှင့် လက်အနားတွင် တိမ်ပုံစံ အရောင်ရင့်ရင့်ကို ငွေသားအဆင်ဖြင့် ပန်းထိုးသည့် လရောင်ဘရိုကိတ်သား ဝတ်ရုံတစ်ခုပင်။ ထိုအဝတ်အစားက သူ့ပုံရိပ်ကို ပိုပြီး တည်ကြည်ဖြောင့်မတ်နေစေလေသည်။ ခေါင်းပေါ်တွင် အဖြူရောင် ကျောက်စိမ်းဆံထိုးကို ထိုးထားသည်။ မနက်ခင်းနေရောင်ထဲတွင် အနည်းငယ် အရောင်အဝါလင်းနေလေသည်။ အပြစ်အနာဆာကင်းစင်လှသည့် ကျောက်စိမ်းလို သူ့ကို တောက်ပနေစေနေလေသည်။
ကျန်းယွင်ကျူးသည် အခိုက်တန့် မှင်တက်သွားတော့သည်။
“မိန်းကလေးကျန်း ကျွန်တော် လမ်းလျှောက်ထွက်တုန်းက တောင်ချိုင့်ဝှမ်းနားမှာ ချယ်ရိုင်းပင်တွေကို တွေ့ခဲ့တာ မှတ်မိတယ်၊ ဒီအချိန်လောက်ဆိုရင် ချယ်ရီသီးတွေ့ မှည့်လောက်ပြီ၊ မိန်းကလေး သွားကြည့်ချင်လား” ရှန်ဖုန်းမင်က မေးလိုက်၏။
ချယ်ရီသီးဟုတ်လား။ ကျန်းယွင်ကျူးသည် သွားရည်များ ထွက်လာသည်ကို ခံစားလိုက်ရတော့သည်။ ရှေးခေတ်က ချယ်ရီသီးတွေက သေးပေမဲ့ မှည့်သွားရင် ချိုချဥ်လေး။ ပြီးတော့ ချယ်ရီသီးနဲ့ အရသာရှိတဲ့ အစားအသောက်တွေ ဘယ်လောက်တောင်များလိုက်သလဲ။
တိုက်တိုက်ဆိုင်ဆိုင် နွေဦးလည်း ရောက်လာပြီ။ သူမလည်း နွေဦး ရှုခင်းတွေကို ကြည့်ဖို့ အပြင်မထွက်ဖြစ်သေးဘူး။
“ဘယ်နားမှာလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။
“ ကျွန်တော် မင်းကို ခေါ်သွားပေးမယ်”
“ဒါ .. လူကြီးမင်းရှန် ကျွန်မကို နေရာပဲ ပြောပြလိုက်လေ၊ ကျွန်မ လှည်းတစ်စီးငှားပြီး သွားလိုက်မယ်၊ ချယ်ရီသီးတွေ အများကြီးရှိခဲ့ရင် ကျွန်မ ထပ်ခူးပြန်လာလို့ရတာပေါ့” ကျန်းယွင်ကျူးက ချီတုံချတုံ ဖြစ်သွားတော့သည်။
“ ကျွန်တော့်ကို မင်းနဲ့ လိုက်ခွင့်ပြုပါ၊ မင်း နေရာရှာမတွေ့မှာစိုးလို့ပါ” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျန်းယွင်ကျူးက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် ခြင်းတစ်လုံး၊ ရေနှင့် အစားအသောက်အချို့ကို ပြင်ဆင်လိုက်တော့သည်။ သူမနှင့်အတူ ဟဲရင်းကိုခေါ်သွားလိုက်ပြီး လှည်းတစ်စီးငှားကာ မြို့ပြင်သို့ ထွက်လာခဲ့တော့သည်။
ရှန်ဖုန်းမင်က မြင်းစီးရင်း ဘေးမှလိုက်လာခဲ့သည်။
လက်ရှိအချိန်လေးတွင် နွေဦး၏အရောင်က ပြီးပြည့်စုံလှသည်။ လူများက နွေဦးကာလတွင် အလည်အပတ် ထွက်တတ်ကြသည်။ ထို့ကြောင့် ခရီးက အလွန်မှ စည်ကားလှပေသည်။
တဖြည်းဖြည်းနှင့် ပိုဝေးလာခဲ့သည်။
“လူကြီးမင်ရှန် ဒီလမ်းဆိုတာရော ဟုတ်ရဲ့လား” လှည်းမောင်းသမားက ရှန်ဖုန်းမင်ကို မေးလိုက်၏။
“မှန်ပါတယ်၊ ရှေ့နားလေးတင်ပဲ” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။
လှည်းသမားကို ထပ်မမေးရဲတော့ဘဲ ဆက်မောင်းသွားလိုက်ပြီး ရှေ့ကလမ်းသည် ပိုပိုပြီး ကျဥ်းမြောင်းလာတော့သည်။ လှည်းပင် ဖြတ်လို့မရနိုင်သည့် နေရာသို့ရောက်လာတော့သည်။
“လူကြီးမင်း” လှည်းသမားက မေးလိုက်၏။
“ဒီမှာပဲ ရပ်လိုက်”
ထိုနောက် ရှန်ဖုန်းမင်က မြင်းပေါ်က ဆင်းလိုက်ပြီး ကျန်းယွင်ကျူးကို ပြောလိုက်သည်။
“ မိန်းကလေးကျန်း ရှေ့နားမှာပါ”
အစပိုင်းတွင် ကျန်းယွင်ကျူးသည် လမ်းတစ်လျှောက်က နွေဦးရှုခင်းများကို ကြည့်ရင်း ပျော်ရွှင်နေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမသည် အနည်းငယ် မူးနောက်နောက်ဖြစ်လာခဲ့သည်။ ရှန်ဖုန်းမင်၏ အသံကို ကြားလိုက်မှ လန့်ဖျတ်ပြီး နိုးလာကာ လှည်းခန်းဆီးကို ပင့်လိုက်ပြီး အပြင်ကို ကြည့်လိုက်လေသည်။
နေရာတိုင်းမှာ တောင်းကမ်းပါးရံတွေချည်းပဲ။ ဒါက ဘာလဲ။
“ဟိုနားမှာ”
ရှန်ဖုန်းမင်က ရှေ့ကို ညွှန်ပြကာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက သူလက်ညှိုးထိုးပြလိုက်သည့်ဘက်ကို ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရပေ။
“ ရှေ့ကို နည်းနည်းဆက်သွားရမယ်” ရှန်ဖုန်းမင်က ပြောလိုက်၏။
ဟဲရင်းက လှည်းပေါ်မှ အရင်ဆင်းလာပြီး ထိုလားရာဘက်သို့ မြန်မြန် သွားကြည့်လိုက်လေသည်။ ရုတ်တရင် သူမက တအံ့တဩနှင့် ပြန်လှည့်ကြည့်လိုက်ပြီး
“ မမလေး မြန်မြန်လာကြည့်ပါအုံး”
ကျန်းယွင်ကျူးသည်လည်း လှည်းပေါ်မှ ဆင်းလိုက်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်တော့သည်။
အစပိုင်းတွင် သူမသည် ကျောက်ဆောင်များကိုသာ တွေ့ရလေသည်။ နောက်ခြေလှမ်းအနည်းငယ် ဆက်လျှောက်လိုက်ပြီးနောက်တွင် တောင်ကမ်းပါရံပေါ်မှ စီးကျနေသည့် ရေတံခွန်ငယ်လေးတစ်ခုနှင့် စုဆုံနေသည့် ရေအိုင်လေးတစ်ခုက မြင်ကွင်းထဲ ဝင်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ရေအိုင်ထဲ ရေသည် တလက်လက်တောက်ပနေပြီး ကြည်လင်နေလေသည်။
ရေအိုင်ဘေးတွင် မြက်ခင်းရှိပြီး အလယ်တွင် တောပန်းများ ရောင်စုံဖူးပွင့်နေလေသည်။ အရောင်အသွေးစုံလိုက်လေ။
ထို့အပြင် ကျန်းယွင်ကျူး၏ အာရုံကို ဆွဲဆောင်နိုင်ဆုံးအရာမှာ ရေအိုင်တဖက်က ချယ်ရီရိုင်းပင်များ ဖြစ်တော့သည်။ သညအချိန်တွင် ချယ်ရီသီးများသည် မှည့်နေကြပြီ။ သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသည့် ချယ်ရီသီးများသည် မဟူရာကျောက်အလား ရေပြင်ပေါ်တွင် ထင်ဟပ်နေလေသည်။ မြင်ရသူအဖို့ အလွန်မှ လှပလွန်းလေသည်။
ကျန်းယွင်ကျူးသည် အလွန်ပျော်သွားပြီး ထိုတောင်ချိုင်းဝှမ်းလေးထဲသို့ မြန်မြန်ဆင်းသွားတော့သည်။
မကြာမီတွင် သူမသည် ပန်းများ၏မွှေးရနံ့သင်းသင်းလေးကို ရှူရှိုက်မိလေသည်။ ထို့နောက် သူမက မြက်ခင်းပေါ် နင်းလိုက်တော့ ဂွမ်းစောင်တစ်ထည်လို နူးညံ့ အိစက်နေတော့သည်။
“မမလေး ဒီနေရာက အရမ်းလှတာပဲ” ဟဲရင်းက ချီးမွှမ်းလိုက်သည်။
ကျန်းယွင်ကျူးက ချက်ချင်းခေါင်းညိတ်ပြလိုက်လေသည်။ အမှန်ပင် လှရက်ပေသည်။
သည်အချိန်တွင် သူမသည် ထိုချယ်ရီပင်များဆီသို့ ရောက်လာခဲ့တော့သည်။ လက်ကို ဆန့်ကာ ချယ်ရီသီး နည်းနည်းလောက်ခူးလိုက်ပြီး အနားက ရေအိုင်ထဲတွင်ဆေးကာ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။ နူးညံ့သည့် ချယ်ရီသီးများက သွားနှင့်အထိတွင် ကွဲထွက်သွားလေသည်။ ချိုချဥ်အရသာအရည်က ပါးစပ်ထဲတွင် ချက်ချင်း လွှမ်းမိုးသွားတော့သည်။
“ချိုလိုက်တာ”
သူမက ခေါင်းလေးကို လှည့်လိုက်ပြီး ဟဲရင်းကိုလည်း စားကြည့်စေချင်လေသည်။ မျှော်လင့်မထားဘဲ ရှန်ဖုန်းမင်က အချိန်တစ်ခုတွင် သူမ၏နောက်ဘက်ကို လျှောက်လာနှင့်ပြီးဖြစ်နေလေသည်။ သူသည် တစ်ခုခုလုပ်တော့မည့်နှယ် လက်ကို မြှောက်လိုက်လေသည်။ သို့သော် သူမက ခေါင်းကို အလှည့်တွင် သူ့လက်က သူမ၏နှုတ်ခမ်းနှင့် ရှပ်ထိသွားလေတော့သည်။
...
အပိုင်း (၈၁)
အနည်းငယ် အသားမာတက်နေသည့် လက်ချောင်းများက နူးညံ့အိစက်သည့် နှုတ်ခမ်းများကို ရှပ်ထိသွားလေသည်။
ရှန်ဖုန်းမင်သည် သိုင်းလေ့ကျင့်လာသူ ဖြစ်လေသည်။ သူ့ငါးပါးသော အာရုံက သာမန်လူများထက် အများကြီး ပါးလျနေသည်။ သူသည် အသာအယာလေး ထိလိုက်ရုံနှင့် ထိုနှုတ်ခမ်းများက သူ့ဘေးက ချယ်ရီသီးများထက် ပိုပြီး နူးညံ့ အိစက်သည်ကို သိလိုက်လေတော့သည်။
ကျန်းယွင်ကျူးက ခေါင်းမော့လိုက်ပြီး ယပ်တောင်လေးလို မျက်တောင်များက နှစ်ကြိမ်လောက် တဖျပ်ဖျပ်ခတ်သွားသည်။
ရှန်ဖုန်းမင်သည် အစက သူ့လက်ကို ရုပ်သိမ်းခဲ့ချင်သော်လည်း သူမ၏တုံ့ပြန်မှုတွင် သူသည် သူ့လက်ချောင်းဖျားများနှင့် သူမ၏နှုတ်ခမ်းကို အသာအယာ ပွတ်သပ်လိုက်တော့သည်။
“လူကြီးမင်းရှန်”
ကျန်းယွင်ကျူးက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး တီးတိုးခေါ်လိုက်ကာ ချယ်ရီပင်ကို မှီမိလျက်သား ဖြစ်သွားတော့သည်။ သူမ၏မျက်နှာက မက်မွန်ပွင့်ဖတ်လေးများလိုဖြစ်နေပြီး သူမ၏မျက်လုံးများက ဆောင်းဦးရေလို ကြည်လင်နေလေသည်။ ချယ်ရီသီးများနှင့် ပြည့်နေသည့် သစ်ပင်ကပင် သူမလောက် နူးညံ့ပြီးနှစ်လိုဖွယ် မရှိတော့ပေ။
ရှန်ဖုန်းမင်၏မျက်လုံးများသည် ပင်လယ်လို နက်ရှိုင်းသွားပြီး သူသည် သူမကို ဝါးမျိုချင်တော့သည်နှယ် ငေးကြည့်နေမိတော့သည်။
ကျန်းယွင်ကျူးသည် သူ့ကို မကြည့်ရဲတော့ဘဲ သူမနောက်က ပင်စည်ကို တင်းနေအောင် ကိုင်ထားလိုက်ပြီး မျက်နှာကို တစ်ဖက်သို့လှည့်ကာ ပြောလိုက်လေသည်။
“ သခင်လေးရှန် ကျေးဇူးပြုပြီး လေးစားမှုလေးရှိပေးပါ”
“ မင်းရဲ့နှုတ်ခမ်းပေါ်မှာ တစ်ခုခု တင်နေလို့”
ရှန်ဖုန်းမင်က သူ့လက်ချောင်းကို မြောက်လိုက်ပြီး ကျန်းယွင်ကျူးကို ပြလိုက်လေသည်။ အနည်ငယ်ပဲ့နေသည့် ချယ်ရီရွက်လေးတစ်ခုကို အမှန်ပင် တွေ့လိုက်ရလေသည်။ အစိမ်းရောင် သစ်ရွက်လေးက သူ့လက်ထဲတွင် အလွန်မှ ပေါ်လွင်နေလေသည်။
ထို့နောက်တွင် ရှန်ဖုန်းမင်သည် သူ့လက်ကို မြောက်လိုက်ပြီး သူမ၏ခေါင်းပေါ်က ပိုကြီးသည့် သစ်ရွက်တစ်ခုကို ဖယ်ပေးလိုက်လေသည်။
“ကျွန်တော်က မင်းကို ဒါလေး ဖယ်ပေးချင်လို့ပါ”
ဒါဆို ရှန်ဖုန်းမင်က သူမကို ချယ်ရီရွက် ကူပြီးဖယ်ပေးချင်ခဲ့တာပေါ့။ ဒါပေမဲ့ သူမရုတ်တရက် လှည့်လိုက်တုန်းက သူမ သူ့လက်နဲ့ သွားတိုက်မိခဲ့သေးတယ်လေ။ ဒါဆို သူက သူမရဲ့နှုတ်ခမ်းပေါ်က သစ်ရွက်ကို ဖယ်ပေးခဲ့တာလား။
ကျန်းယွင်ကျူး၏မျက်နှာသည် နီရဲသွားတော့သည်။ သူမကဖြင့် ခုနက သူ့ကို လေးစားပေးဖို့တောင် ပြောလိုက်သေးတယ်လေား။
“ တောင်းပန်ပါတယ်ရှင် ကျွန်မ....” သူမသည် နားလည်မှုလွဲသွားခဲ့သည်။
ရှန်ဖုန်းမင်က ပြောလိုက်၏။
“ ရုတ်တရက်ကြီး လုပ်ခဲ့မိတာ ကျွန်တော်”
ကျန်းယွင်ကျူးသည် ဘာပြောရမည် မသိဖြစ်သွားတော့သည်။
“ လူကြီးမင်းရှန်ရဲ့ ကျန်းမာရေးက ကောင်းသွားပြီနော်၊ မြို့တော်ကို ဘယ်တော့ ပြန်ရမှာလဲဟင်”
ရှန်ဖုန်းမင်သည် သူမကို နေရခက်အောင် လုပ်ခဲ့မိသည်ကို သိနေလေသည်။
“ရပ်ပိုင်းအတွင်းပေါ့၊ မြို့တော် ပြန်ရမဲ့အချိန်လည်း ရောက်တော့မယ်လေ” သူက ပြန်ဖြေလိုက်သည်။
သူက အရင်ဆုံး နောက်ဆုတ်နေခဲ့မိတာပဲ။ သူ ဒါကို သိနေတယ်။
သူ ထွက်သွားတော့မယ်တဲ့။ ကျန်းယွင်ကျူး၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။ အင်းလေ။ သူက သေချာပေါက် ထွက်သွားရမှာပဲ။ အချိန်တစ်ခုပဲ လိုတာ။
“ မိန်းကလေးကျန်းသာ ဆန္ဒရှိရင် ကျွန်တော်နဲ့ မြို့တော်ကို လိုက်လည်လေ” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က မကြာမီ ထွက်သွားတော့မည်ကို သိလိုက်ရသောကြောင့်လားမသိပေ ရုတ်တရက် စိတ်အေးသွားတော့သည်။ သူတို့နှစ်ယောက်က ကမ္ဘာနှစ်ခုက လူတွေလိုပဲလေ။ အနှေးနဲ့အမြန် ခွဲခွာကြရမှာပဲ။ ဒီလိုဆိုမှတော့ ဘာလို့ အများကြီး တွေးနေမှာလဲ။
“ တော်ပါပြီရှင်”
ကျန်းယွင်ကျူးက ပြုံးလိုက်လေသည်။ ထို့နောက် သူမက ပြောလိုက်၏။
“ ချယ်ရီသီးတွေက အရသာရှိတယ်၊ လူကြီးမင်းရှန် စားကြည့်ပါလား”
ရှန်ဖုန်းမင်က လိုက်လျောလိုက်ပြီး ဘေးက ချယ်ရီသီးတစ်ခိုင်ကို ခူးကာ ရေကန်ထဲက ရေနှင့် ဆေးလိုက်ပြီး သူ့လက်နှင့် တစ်လုံးကိုချွေလိုက်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
သူ့လက်များသည် ဝါးပင်လို ရှည်သွယ်ပြီး အရည်ရွှမ်းသည့် ချယ်ရီသီးတစ်လုံးကို ကိုင်ထားလေသည်။ အနီရောင်နှင့် အဖြူရောင်က အချင်းချင်း လိုက်ဖက်နေပြီး လူများကို မှင်တက်အံ့ဩဖွယ် ခံစားချက်တစ်ခုကို ပေးနေတော့သည်။ အထူးသဖြင့် ချယ်ရီသီးကို သူ့ကိုပါးစပ်ထဲ ထည့်လိုက်ချိန်တွင် ချယ်ရီသီးပေါ်က ရေစက်သည် သူ့နှုတ်ခမ်းကို စွန်းထင်းသွားပြီး နှုတ်ခမ်းနီနီလေးကို ပိုပိုပြီးလှပသွားစေတော့သည်။
ချိုချိုချဥ်ချဥ်ချယ်ရီးသီးများသည် အမှန်ပင် အရသာရှိလေသည်။ ရှန်ဖုန်းမင်က ရေကန်ဘေးတွင် ရပ်နေ၏။ သူ့မျက်လုံးထဲတွင် ရောင်ပြန်နေသည့် ရေက တောက်ပနေသယောင်။
သူ့မျက်နှာသည် ဆွဲဆောင်မှုရှိနေပြီး သူသည် ချောမော ခပ်ထန်နေလေသည်။
ကျန်းယွင်ကျူးက အကြည့်လွဲလိုက်ပြီး ချယ်ရီသီးတစ်လုံးကို သူမ၏ပါးစပ်ထဲ ထည့်လိုက်လေသည်။ သို့သော် ချယ်ရီသီးက ခုနကလောက် မချိုတော့သည်ကို ခံစားမိလိုက်လေသည်။
ဒါဆိုလည်း အိမ်ပြန်သယ်ရအောင် နည်းနည်းပါးပါး ခူးလိုက်ကြတာပေါ့။ သူမသည် ကျန်နေသည့် ချယ်ရီသီးများကို သူမ၏ပါးစပ်ထဲ ထည့်လိုက်ပြီး ဟဲရင်းကို ခြင်းတောင်းယူလာခိုင်းလိုက်ကာ ချယ်ရီသီးများကို စတင်ခူးဆွတ်လိုက်တော့သည်။
“ကျွန်တော် မင်းကို ကူညီပေးမယ်”
ရှန်ဖုန်းမင်က ပြောလိုက်ပြီး ချယ်ရီသီးများ လာခူးပေးသည်။
ကျန်းယွင်ကျူးက ခြေဖျားထောက်ထားလျှင် မမီနိုင်သည့် မြင့်တစ်နေရာက ချယ်ရီကိုင်းတစ်ခုတွင် ချယ်ရီသီးများက နီရဲနေသည်။ သည်အချိန်တွင် လက်တစ်ဖက်က ဘေးမှဆန့်ထွက်လာပြီး ချယ်ရီကိုင်းကို ဆွဲနိမ့်ပေးလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။
“ မိန်းကလေးကျန်းက အားနာလွန်းနေပါပြီ” ရှန်ဖုန်းမင်က ပြန်ပြောလိုက်သည်။
ခါတိုင်းလိုပင်။
“ ကျွန်မတို့ ပြန်ရောက်ရင် ရှင့်အတွက် အရသာရှိတာ တစ်ခုခု ချက်ပေးမယ်နော်”
“အင်း”
ရှန်ဖုန်းမင်က ပြုံးကာ ပြောလိုက်၏။
နှစ်ယောက်သားက ချယ်ရီသီးများကို ဆက်ခူးနေလိုက်သည်။ မကြာခဏဆိုသလို ရှန်ဖုန်းမင်၏လက်က ကျန်းယွင်ကျူး၏လက်ကို သွားထိမိနေသည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ ကျန်းယွင်ကျူးက ဘာမှမပြောနေတော့ပေ။
သူတို့ယူလာသည့် ခြင်းငါးလုံးလုံးက ပြည့်သွားလေသည်။ အပင်ပေါ်တွင် ချယ်ရီသီးများစွာ ကျန်နေသေးသည်။
“ မနက်ဖြန်မှ ပြန်လာကြတာပေါ့” ရှန်ဖုန်းမင်က ပြောလိုက်၏။
ထိုအခါမှ ကျန်းယွင်ကျူးသည် ရပ်လိုက်ပြီး ရေဆာသွားကာ ပင်ပန်းသွားသလို ခံစားလိုက်ရတော့သည်။
သူမသည် ရေနှင့်အစားအသောက်များကို ယူလာခဲ့သည်။ သူမက ဟဲရင်းကို လှည်းပေါ်မှ ချလာဖို့ပြောလိုက်သည်။ သည်အချိန်တွင် သူမသည် ရေကန်ဘေးတွင် ထိုင်နေပြီး ရေကန်ထဲတွင် ငါးများရှိနေသည်ကို သတိထားမိလိုက်သည်။
“ ဒါက မက်မွန်ပွင့်ငါးကြင်းတွေပဲ”
ကျန်းယွင်ကျူးက သေသေချာချာကြည့်လိုက်ပြီးနောက် တအံ့တဩ ပြောလိုက်တော့သည်။
မက်မွန်ပွင့်ငါးသည် ကြည်လင်သန့်ရှင်းသည့်ရေထဲတွင်သာ နေနိုင်သည်ဟု ‘အသိသတိ အစာဖြတ်ခြင်း ဟင်းအမယ်များ’ စာအုပ်တွင် မှတ်တမ်းတင်ထားသည်။ ခန္ဓာကိုယ်က အနည်းငယ်နီပြီး မက်မွန်ပွင့်နှင့် တူသဖြင့် မက်မွန်ပွင့်ငါးကြင်းဟု ခေါ်ခြင်းပင်။ သည်လိုငါးများသညိ နူးညံ့ပြီးအရသာရှိသည်။ ရှားပါးလွန်းလှသည့် အရည်အသွေးရှိသည့် ဟင်းအမယ်ပင်။ သူ့ကို မွေးမြူလို့လည်း မရနိုင်သလို မြစ်ကြီးများထဲတွင်လည်း မနေနိုင်သည်က နှမြောစရာ။ ထို့ကြောင့် ဒီငါးကို တွေ့ဖူးသူက မရှိသလောက်ပင်။ တွေ့ပြီးလျှင်လည်း ချက်ချင်းဖမ်းခံရပြီး စားခံလိုက်ရသည်ချည်းသာ။
ကျန်းယွင်ကျူး အိပ်မက်ထဲက ခုနှစ်နှစ်တာ အတွင်းတွင် သူမသည် မြို့တော်တွင် ရှိစဥ်က သည်ငါးကို တစ်ခါလောက်ဝယ်ရဖို့ ငွေအများကြီး သုံးခဲ့ရလေသည်။ သည်ငါးကို သည်နေ့ သည်နေရာတွင် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ထို့အပြင် အများကြီး ရှိပုံရသည်။
ရေကန်ထဲကရေသည် မနက်ချေ။ သူမ၏ဖိနပ်နှင့် ခြေအိတ်ကိုချွတ်ပြီး ကိုယ်တိုင် ငါးဆင်းဖမ်း ချင်တော့သည်။
ဒီကိစ္စက ခေတ်သစ်မှာဆိုရင်တော့ တကယ်တော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ ရှန်ဖုန်းမင်က ဘေးမှာ ရှိနေတော့....
သူမ စိုးရိမ်မိတယ်။ ဟဲရင်းကို ပြန်ပြီး ငါးဖမ်းပိုက် ယူခိုင်းလိုက်ရမလား။
သည်အချိန်တွင် အနီးနားက ရေသံများကို ကြားနေရသည်။ ရှန်ဖုန်းမင်က သူ့ဖိနပ်ကို ချွတ်ပြီး သူ့ဘောင်းဘီကို လိပ်တင်ထားတာ ရေကန်ထဲ ဆင်းသွားခြင်းပင်။
သည်ကန်ထဲက ရေသည် အလွန်မှတိမ်သော်လည်း အမှန်တွင်တော့ မီတာဝက်လောက် နက်လေသည်။ ကန်ထဲက မက်မွန်ပွင့်ငါးကြင်းများသည် အလွန်မှဉာဏ်ကောင်းကြသည်။ သာမန်လူများက ဆင်းသွားလျှင် သူတို့ကို ဖမ်းမိဖို့ ခက်ခဲလိမ့်မည်။ သို့သော် ရှန်ဖုန်းမင်က ထိုနေရာတွင် ခဏလောက် ရပ်လိုက်ပြီး မက်မွန်းတချို့က မရဲတရဲနှင့် ကူးခတ်လာသည်ကို စောင့်နေလေသည်။ သူသည် ဓားတိုတစ်ချောင်းဖြင့် စိုက်ချလိုက်ပြီး တစ်ကောင်ကို ဖမ်းလိုက်ကာ ကုန်းပေါ်သို့ ပစ်တင်လိုက်တော့သည်။
မက်မွန်ငါးကြင်းသည် ရေထဲမှာ ထွက်လာသောအခါ ပိုပြီး အရောင်စုံနေလေသည်။ ကျန်းယွင်ကျူးသည် ဘေးသို့ မြန်မြန်သွားလိုက်ပြီး ငါ့ကို ကောက်ယူလိုက်ကာ ရှန်ဖုန်းမင်ကို လှမ်းကြည့်လိုက်ပြီး နောက်ထပ် တစ်ကောင် နှစ်ကောင်လောက် ဖမ်းပေးဖို့ မျှော်လင့်နေမိသည်။
ရှန်ဖုန်းမင်က အလျင်အမြန် ရွေ့လျားသွားလေသည်။ အချိန်တိုအတွင်းတွင် သူသည် ငါး ၇ကောင် ၈ကောင် ဖမ်းမိပြီးဖြစ်နေသည်။
“ရပြီ”
ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။ ဒီလိုငါးမျိုးက မူလကြီးပြင်းတဲ့နေရာကနေ ထွက်လာပြီး မကြာခင်မှာပဲ သေသွားပြီး အရသာလည်း ပြောင်းသွားလိမ့်မယ်။ အများကြီး ဖမ်းလည်း အလကားဖြစ်တာပဲ ရှိမယ်။
ရှန်ဖုန်းမင်က ကုန်းပေါ်သို့ ပြန်တက်လာ၏။
ငါး ၇-၈ကောင်ကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူးသည် သူမ၏ထိပ်ပြားယောက်မကို အရမ်းလွမ်းသွားတော့သည်။ ပေါင်းမလား၊ မီးမြှိုက်မလား၊ ကင်မလား အားလုံးအဆင်ပြေတယ်လေ။
သူတို့တွေ ချက်ချင်း ပြန်သွားသင့်တာ။ အချိန်လောက်မှာပါနော် ဟုတ်တယ်မလား။
“ ကျွန်တော် မင်းအတွက် ကင်ပေးမယ်” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျန်းယွင်ကျူးက သူမ၏မျက်လုံးများကို ပင့်ကာ ကြည့်လိုက်လေသည်။ သူက ငါးဘယ်လို ကင်ရမလဲ သိတယ်ပေါ့။
“ အပြင်ထွက်ရင် ကျွန်တော်တို့ ဘယ်မှာမှတည်းခိုလို့ မရနိုင်တဲ့ အချိန်မျိုး ကြုံလေ့ရှိတယ်လေ”
ရှန်ဖုန်းမင်က ရှင်းပြလိုက်သည်။ သူသည် ဖိနပ်စီးပြီးသွားကာ အနီးနားတွင် ထင်းလိုက်ကောက်လိုက်လေသည်။
ထို့နောက် သူက မီးခတ်ကျောက်ကို ထုတ်လိုက်ပြီး မကြာခင်တွင် မီးပုံတစ်ခု ဖြစ်သွားတော့သည်။
သည်အချိန်တွင် သူက ဓားမြောင်ကို ထုတ်လိုက်ပြီး ရေကန်နားသွားကာ ငါ့ကို လျင်လျင်မြန်မြန် ကိုင်လိုက်ပြီး တုတ်ချောင်းနှင့် တံစို့ထိုးလိုက်ပြီး ငါးကင်ရန် မီးပေါ်တင်လိုက်လေသည်။
ခဏအကြာတွင် ငါးအမြီးက အနည်းငယ်ကော့တက်လာပြီး ငါးနံ့လေး စတင်ထွက်လာလေသည်။
သည်အခိုက်တွင် ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က သူ့ခါးပေါ်က မြင်းသားရေအိတ်တစ်ခုမှ ဘူးတစ်ခုကို ထုတ်ကာ ဖွင့်လိုက်လေသည်။ ဘူးထဲတွင် ဆားရှိနေသည်။ ရနံ့က တော်တော်လေး ပြင်းလာခဲ့သည်။
ရှမင်းဆက်က သခင်လေးများသည် အမွှေးအိတ်၊ နံ့သာလုံး၊ ထည့်စရာအိတ် နှင့် တခြားပစ္စည်းများကို ခါးတွင် ချိတ်ရသည်ကို နှစ်သက်ကြလေသည်။ ရှန်ဖုန်းမင်၏ခါးတွင်လည်း ပစ္စည်းတချို့ရှိသည်။ ကျန်းယွင်ကျူးသည် အရင်က ထိုပစ္စည်းများကို သတိမထားခဲ့မိပေ။ အခုမှ သူမသည် အိတ်ထဲတွင် ဘာပစ္စည်းများ ရှိနေမည်နည်းဟု အနည်းငယ် သိချင်လာတော့သည်။
“ ကြည့်ချင်လို့လား”
သူမ၏အကြည့်ကို အာရုံခံမိသဖြင့် ရှန်ဖုန်းမင်သည် သူ့ခါးက အိတ်ငယ်လေးကို လှမ်းပေးလိုက်လေသည်။
သူ့အိတ်ထဲတွင် ပစ္စည်းမျိုးစုံ ပါလေသည်။ အမျိုးစုက အရေးပေါ်ကိစ္စအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ချီလင်သက်တော်စောင့်များက သီးသန့်ပြင်ဆင် တပ်ဆင်ထားသည့် အရာများဖြစ်လေသည်။
ကျန်းယွင်ကျူးသည် အမှန်ပင် အလွန်ကြည့်ချင်မိတော့သည်။ အိတ်ထဲတွင် ထူးဆန်းသည့် ပစ္စည်းများစွာ ရှိနေလိမ့်မည်ဟု ခန့်မှန်းမိလိုက်လေသည်။
“မလိုပါဘူး”
သို့သော် သူမက ခေါင်းကို မြန်မြန်ခါလိုက်ပြီး ပြန်ဖြေလိုက်၏။ သူက ချီလင်သက်တော်စောင့်ဟူသည့် စကား ထုတ်ပြောလာမည်ကို သူမ စိုးရိမ်နေမိသည်။
ရှန်ဖုန်းမင်က သူမသည် သူနှင့် အရမ်းရင်းရင်းနှီးနှီး မနေချင်၍ဟုသာ ထင်လိုက်လေသည်။ ထို့ကြောင့် သူက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ငါး ဆက်ကင်နေလိုက်သည်။
မက်မွန်ပွင့်ငါး ကိုယ်တိုင်ကိုက ကိုယ်ပိုင်အရသာပါးပါးလေး ရှိလေသည်။ ငါးကို အရသာရှိအောင် လုပ်ဖို့ ဘာဟင်းခတ်အမွှေးအကြိုင်မှ မလိုပေ။
ခဏကြာပြီးနောက် ငါးကင် ရလာတော့သည်။ ရှန်ဖုန်းမင်က ငါးကို ကျန်းယွင်ကျူးအား လှမ်းပေးလိုက်၏။
“လူကြီးမင်းရှန် ရှင်လည်း စားလေ၊ ဒီတစ်ကောင်လည်း ရတော့မယ်” ကျန်းယွင်ကျူးက တိုက်တွန်းလိုက်၏။
သို့သော် ရှန်ဖုန်းမင်က ပြောလေသည်။
“ ကျွန်တော် မင်းအတွက် ကင်ပေးမယ်လို့ ပြောထားပြီးသားလေ”
သူက ပြောရင်းဆိုရင်း ငါးတစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ဆက်ကင်လိုက်လေသည်။
ကျန်းယွင်ကျူးသည် မတတ်သာတော့ဘဲ ငါးကင်တစ်ချောင်းကို ယူကာ ဖြည်းဖြည်းချင်း စတင် စားလိုက်တော့သည်။
ဒီမက်မွန်ငါးကင်က အရသာရှိလိုက်တာ။
နေ့လယ်ခင်းတွင် ချီရှန်းကျွီသို့ ပြန်ရောက်လာပြီးနောက် ကျန်းယွင်ကျူးသည် ချယ်ရီသီးများကို ရေဆေးလိုက်ပြီး မုန့်လုပ်ရန် အိုးတစ်လုံးထဲ ထည့်ထားလိုက်လေသည်။
ချက်ပြုတ်နေရင်း ကျောက်သကြားကို ထည့်လိုက်သည်။
မကြာမီ ချယ်ရီသီး၏အသားနှင့် အစေ့တို့ ကွဲသွားလေသည်။ သည်အချိန်တွင် ပျော့ဖတ်ဖတ် အသားလေးရအောင် သူတို့ကို ထပ်ပြီး စစ်ထုတ်လိုက်သည်။
ခဏလောက် ဆူအောင်တည်ထားလိုက်သည်။ အစိုဓာတ် လျော့သွားသည်နှင့် ချယ်ရီယိုတစ်အိုးသည် အဆင်သင့်ဖြစ်လာတော့သည်။
ရှေးခေတ်က ရေခဲသေတ္တာဟူ၍ မရှိခဲ့ပေ။ ထို့ကြောင့် လတ်လတ်ဆတ်ဆတ် ချယ်ရီသီးများကို အချိန်အကြာကြီး သိမ်းထားလို့မရပေ။ ယိုထိုးပြီးသာ ကြာရှည်ခံအောင် သိမ်းထားနိုင်လေသည်။
ချာပုလျန်က အချိုပွဲအသစ် မထုတ်သည်မှာ ကြာနေပြီကို စဥ်းစားမိလိုက်ပြီး ကျန်းယွင်ကျူးသည် ချယ်ရီယိုထိုးထားသည့် အိုးကို ကြည့်ကာ ကိုယ့်ဟာကိုယ် ကျေနပ်သွားတော့သည်။
ညအိပ်ရာမဝင်ခင် ကောက်ညင်းဆန်ကို စိမ်ထားလိုက်သည်။ နောက်တစ်နေ့မနက်ခင်းတွင် ကျန်းယွင်ကျူးသည် မနက်အစောကြီးထပြီး ရေစိမ်ထားသည့် ကောက်ညင်းဆန်ကို ပေါင်းအိုးထဲတွင် ပေါင်းလိုက်ပြီး ပျော့လာသည်အထိ ပေါင်းလိုက်ပြီးနောက် မုန့်ဖတ် ကြေအောင် ထောင်းထားလိုက်သည်။ မုန့်ဖက် ညက်သွားအောင် နှယ်လိုက်ပြီးနောက် အတုံးသေးသေးလေး ဖြစ်အောင် ဖဲ့ထားလိုက်ကာ ဒလိမ့်တုံးဖြင့် ဖြန့်လိုက်ပြီး မုန့်ဖတ်ပေါ်တွင် ချယ်ရီသီးယိုကို နည်းနည်းထည့်လိုက်ပြီး ကောင်းကောင်းပြန်လိပ်လိုက်ကာ ချက်ပြီးသား ကောက်ညင်းမုန့်ထဲတွင် ထည့်လှိမ့်လိုက်သည်။ ကောက်ညင်းဖက်ထုပ်တစ်ခု အဆင်သင့်ဖြစ်လာလေသည်။
“မမလေး ဒါလေးက သိပ်လှတာပဲ”
သူမဘေးတွင် အလုပ်လုပ်နေသည့် ဟဲရင်းက ဖက်ထုပ်လေးကို တွေ့လိုက်ချိန်တွင် ချက်ချင်း ချီးကျုးလိုက်လေသည်။
ဟုတ်ပါသည်။ သည်ဖက်ထုပ်၏ နှင်းလိုဖြူသည့် အသားက တောက်ပသည့် အနီရောင်ချယ်ရီယိုများနှင့် ဌာပနာထားသည်။ အဖြူထဲတွင် နှင်းဆီရောင်လေးဖြစ်နေသည်။ မိန်းမလှတစ်ယောက်၏ မျက်နှာတစ်ခုနှယ်ပင်။
“ အရသာလည်းရှိတယ်” ကျန်းယွင်ကျူးက ပြုံးပြီး ပြောလိုက်၏။
‘မမလေး...” ဟဲရင်းက ချစ်စဖွယ်ဟန်ဖြင့် ခေါ်လိုက်လေသည်။
သူမသည် သာမန်အမျိုးသမီးများထက် သူရဲကောင်းဆန်ပြီး အရပ်ပိုမြင့်သည်။ သူမသည် ပုံမှန်ဆိုလျှင် ကျန်းယွင်ကျူးနောက်လိုက်ပြီး ပစ္စည်းများ ကူသယ်ပေးကာ လမ်းသွားလမ်းလာများကို တားဆီးပေးသည်။ အထက်စီးဆန်ဆန် သဘောထားတစ်ခု ရှိလေသည်။ ထို့ကြောင့် သူမက နူးနူးညံ့ညံ့ တောင်းဆိုတတ်သည့် အချိန်က ရှားသည်။
“ဒါဆို စားကြည့်လေ”
ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။ ဟဲရင်းက အစားကြိုက်သူလေးဖြစ်နေသည်ကို သူမ မသိခဲ့ပေ။
“မမလေး အရင်စားပါ” ထို့အစား ဟဲရင်းက သူမအတွက် တွေးပေးလေသည်။
“ အရင်စားပါ၊ ငါက အလျင်မလိုဘူး” ကျန်းယွင်ကျူးက သူမကို စနောက်လိုက်သည်။
ဟဲရင်း၏ပါးပြင်က အနည်းငယ် နီရဲသွားလေသည်။ သူမက ဖက်ထုပ်တစ်ခုကို ယူကာ သူမ၏လက်ထဲတွင် ကိုင်ထားလိုက်သည်။ အေးမြပြီး စေးကပ်ကာ အိစက်နေသည်ကို ခံစားလိုက်ရသည်။ ချစ်စရာလည်းကောင်းပြီး ကြည့်လို့လည်းလှသည်။ သူမသည် မစားရက်နိုင် ဖြစ်သွားတော့သည်။
နောက်ဆုံးတော့ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့ဘဲ ဖက်ထုပ်ကို မြောက်ကာ ကိုက်ချလိုက်တော့သည်။
အနံ့မွှေးလှသည့် ကောက်ညင်းဆန်သားက အိစက်ပြီး ဆွဲဆန့်နိုင်သော်လည်း အတွင်းက ချယ်ရီယိုက ချိုချဥ်အရသာလေးဖြစ်သည်။ နှစ်ယောက်အတူတူစားလျှင် သွားရည်ကျစရာဖြစ်ပေမည်။ သည်အစားအစာထက် ပိုပြီး အရသာရှိသည့်အရာက ရှိလိမ့်မည်မဟုတ်တော့ပေ။
သူမက ကျန်နေသည့် ဖက်ထုပ်တစ်ဝက်ကို ပါးစပ်ထဲထည့်လိုက်ကာ တစ်လုတ်ထဲ စားလိုက်တော့သည်။ သူမ၏ပါးလေးများက မသိမသာဖောင်းနေပြီး ဖြူကောင်လေးတစ်ကောင်နှင့် တူနေလေသည်။
ကျန်းယွင်ကျူးက သဘောကျသွားတော့သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်က အခန်းထဲမှ ထွက်လာ၏။ ကျန်းယွင်ကျူးက မီးဖိုထဲမှနေ၍ သူ့ကို လှမ်းခေါ်လိုက်လေသည်။
“လူကြီးမင်းရှန် အသစ်လုပ်ထားတဲ့ ကောက်ညင်းဖက်ထုပ်ကို မြည်းကြည့်မလား”
သူမ၏အသံက အလွန်ကြည်လင်နေသည်။ သူမသည် သည်လိုမနက်ခင်းတွင် လှမ်းခေါ်လိုက်သောအခါ ရှန်ဖုန်းမင်သည် သူ့စိတ်အနေအထားက အများကြီးကြည်လင်သွားသလို ခံစားလိုက်ရတော့သည်။
သူက မီးဖိုဆောင်ထဲသို့ လှမ်းဝင်လာခဲ့သည်။
ကျန်းယွင်ကျူးက လတ်လတ်ဆတ်ဆတ်လုပ်ထားသည့် ဖက်ထုပ်တစ်ခုကို လှမ်းပေးလိုက်ပြီး
“ မနေ့က ကျွန်မတို့ ခူးလာတဲ့ ချယ်ရီသီးနဲ့ လုပ်ထားတာ၊ ကျွန်မ ရှင့်အတွက် အရသာရှိတာလုပ်ပေးလို့ ပြောထားတယ်လေ”
စကားအဆုံးသို့ ရောက်လာချိန်တွင် သူမ၏အသံက မသိမသာ မြင့်သွားပြီး ပျော်ရွှင်နေသည့်နှယ်။
ရှန်ဖုန်းမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေလေသည်။ သူက ကောက်ညင်းဖက်ထုပ်ကို ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။ အတွင်းက အနီရောင်တောက်တောက် ချယ်ရီသီးယိုက ပေါ်လာသည်။ နှင်းခဲ နှင်းပွင့်လေးထက် သာလွန်သည့် ဖက်ထုပ်၏အသားနှင့် တွဲလိုက်တော့ မိန်းမလှလေ၏ စန္ဒကူးနှုတ်ခမ်းလေးနှင့် တူနေတော့သည်။
သူက ခေါင်းမော့ကာ ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။
“အရသာရှိတယ်”
ရှန်ဖုန်းမင်က ပြန်ဖြေလိုက်ပြီး ဖက်ထုပ်ကို နောက်တစ်ကိုက် စားလိုက်သည်။ ဖက်ထုပ်သားက နူးအိပြီး စေးထန်းကာ အိစက်နေသည်။ ပြန်ချထားဖို့ရာ ခက်ခဲလှသည်။
သည်နေ့ ချာပုလျန်တွင် အချိုပွဲအသစ်ဖြစ်သည့် ကောက်ညင်းဖက်ထုပ်ကို ထည့်ထားသည်။ လေးခုပါသည့် တစ်ပွဲသည် ဝမ်၂၀ကျသည်။
အမှန်အတိုင်း ပြောရလျှင်တော့ အနည်းငယ် စျေးကြီးလေသည်။ သို့သော် ပထမလူက မှာယူလိုက်ပြီးနောက်တွင် အားလုံးက ဖက်ထုပ်၏အသွင်ကြောင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။ လှပပြီး လက်ရာမြောက်လှသည့် အချိုပွဲများသည် စွဲမက်ဖွယ်ကောင်းသည့် မိန်းမလှလေးများလို အမှန်ပင် အဖိုးတန်လှပေသည်။
အားလုံးက ပါရမီရှိလှသည်။ ဖက်ထုပ်ကို ကြည့်လိုက်ပြီးနောက် သူတို့သည် ချက်ချင်း ကဗျာဆန်လာကြတော့သည်။
“စန္ဒကူးနှုတ်ခမ်းနဲ့ မျက်နှာချေဖွေးနေတဲ့ ပါးပြင်က ပျော်ရွှင်မှုကို သယ်ဆောင်လာပေး ၊ နွေးဦးလေပြေက သာယာကြည်နူးဖွယ် တိုက်ခတ်နေ” လူတစ်ယောက် ဖက်ထုပ်ကို ကြည့်ကာ ချီးကျူးလိုက်လေသည်။
“ သွယ်လျလျ ၊ ခပ်ရေးရေး၊ မပွင့်တပွင့် စန္ဒကူးနှုတ်ခမ်း : မျက်နှာချေအပြည့်နဲ့ ပါးပြင်လေး” လူတချို့ကတော့ အသာစီးမရလိုပေ။
“ပေါင်ဒါမှုန်းမျက်နှာလေးက အနည်းငယ်နီရဲလို့၊ စန္ဒကူးနှုတ်ခမ်းက ရှက်သွေးဖြန်းလို့၊ ထိန်းချုပ်ထာသည့် အပြုံးက မွှေ့ပျံ့လို့” တစ်ယောက်က ရွှင်လန်းကာ ရေရွတ်လိုက်သည်။
...
သည်ဖက်ထုပ်ကို စတင်လိုက်သည်နှင့် အလွန်မှ နာမည်ကြီးလာခဲ့သည်။ ကျန်းယွင်ကျူးက စျေးကို တစ်ခါ တင်လိုက်ရလေသည်။ ထိုချယ်ရီရိုင်းများက အကန့်သတ်နှင့် ဖြစ်လေရာ သည်အတိုင်းဆိုလျှင် ရောင်းအားကို လိုက်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် သူမ မျှော်လင့်မထားသည်က စျေးတင်လိုက်ပြီးမှ လူများက ပိုဝယ်နေကြလေသည်။
သည်အချိန်တွင် သည်လိုဖက်ထုပ်တစ်ပွဲက လင်ထင်အန်းရှေ့တွင် ရောက်နေလေသည်။ သူက သူ့သွယ်လျလျလက်ချောင်းများနှင့် တစ်ခုကို ကောက်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်ကာ စီးကျလာသည့် အနီရောင်တောက်တာက် ချယ်ရီယိုလေးကို ကြည့်နေလိုက်လေသည်။ သူ၏ချောမောလှသည့် မျက်ခုံးက မသိမသာမြင့်တက်သွားတော့သည်။
“ အားလုံး ပြင်ဆင်ပြီးပြီလား” သူက လင်ချင်းကို မေးလိုက်၏။
“ အားလုံး ပြင်ဆင်ပြီးပါပြီ အကြီးဆုံးသခင်လေး” လင်ချင်းက တရိုတသေ ပြောလိုက်၏။
လင်ထင်အန်းက သူ့လက်ထဲက ဖက်ထုပ်ကို ပါးစပ်ထဲထည့်လိုက်ပြီး ထရပ်ကာ အပြင်သို့ လျှောက်သွားလေသည်။ သူသည် သည်နေ့ကိစ္စကို အောင်မြင်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
သူက မြို့အနောက်ဘက်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုထဲသို့ လှမ်းဝင်သွားလိုက်သည်။ အထဲက လူတော်တော်များများက ကမန်းကတမ်း ချက်ချင်း ထရပ်လိုက်လေသည်။
“ အကြီးဆုံးသခင်လေး”
လက်ထောက်ပြည်နယ် တရားသူကြီးဟယ် အပါအဝင် သူတို့အားလုံးက သူ့ကို ဦးညွှတ်လိုက်ကြသည်။
လက်ထောက်ပြည်နယ်တရားသူကြီးဟယ်သည် ပြည်နယ်တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး လင်ထင်အန်းက သူ့ကို ဦးညွတ်နှုတ်ဆက် သင့်လေသည်။ သို့သော် လင်ထင်အန်းသည် အန်းဖင်နယ်စား၏ အကြီးဆုံးသား ဖြစ်နေပြီး မင်းသားခြောက်နှင့်လည်း ခင်မင်နေသည်။ လက်ထောက်ပြည်နယ်တရားသူကြီးဟယ်သည် နောက်ဆိုလျှင် သူ့ကို အားကိုးရလိမ့်မည်။ ထို့ကြောင့် သူသည် သူ့ကို အမှန်ပင် ဦးညွတ်နှုတ်ဆက် လိုက်ရတော့သည်။
“အင်း”
လင်ထင်အန်းက ပုံမှန်အတိုင်း ပြန်ပြောလိုက်ပြီး အဓိကထိုင်ခုံနေရာတွင် ချက်ချင်း ဝင်ထိုင်လိုက်လေသည်။
စားပွဲဝိုင်းတစ်ခုဖြစ်ပြီး သူအပါအဝင် လူငါးယောက်ရှိနေသည်။
သူက လက်ကိုချထားလိုက်ပြီး လက်ထောက်ပြည်နယ်တရားသူကြီးဟယ်က ထိုင်ချလိုက်သည်။
သူ၏တခြားဘက်တွင် အစကတည်းကရောက်နေသည့် အရပ်ပုပုဝဝနှင့် လူတစ်ယောက်ထိုင်နေသည်။ သူက ထရပ်ကာ လင်ထင်အန်းကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် ပြန်ထိုင်မည်ပြင်လိုက်စဥ် လင်ထင်အန်း၏ အကြည့်က သူ့ထဲရောက်နေသည်ဟု ခံစားလိုက်ရလေသည်။
သူ့နဖူးပေါ်တွင် ချွေးပါးပါးတလွှာ ချက်ချင်း လွမ်းသွားတော့သည်။
“အကြီးဆုံးသခင်လေး ခင်ဗျား”
“ အရာရှိကျန်းအတွက် ထိုင်ခုံတစ်နေရာ ရွှေ့ပေးလိုက်ပါ” လင်ထင်အန်းက ပြောလိုက်၏။
သည်နေရာက လူအားလုံးသည် ပါးနပ်သူများဖြစ်ကြလေသည်။ သူ မပြောချင်သည့် စကားကို အားလုံးက ချက်ချင်းနားလည်လိုက်ကြသည်။ သူ့ဘေးက ထိုင်ခုံနေရာကို တခြားအတွက် ထားပေးရပေမည်။
“ အရာရှိကျန်း ကျွန်တော့်နေရာမှာ လာထိုင်ပါ”
အရာရှိကျန်းဘေးက လူက မြန်မြန်ထရပ်လိုက်ပြီး အရာရှိကျန်းကို ထိုင်ခိုင်းလိုက်သည်။ ထိုနောက်တွင် ထိုလူ့ဘေးက လူကပင် မတ်တပ်ရပ်နေလေသည်။
သည်အချိန်တွင် လူတစ်ယောက်က နောက်ထပ်ထိုင်ခုံတစ်လုံးကို သယ်လာပေးလိုက်သည်။ အားလုံးက ပြန်ထိုင်လိုက်ကြသည်။ လင်ထင်အန်းကို ကြည့်လိုက်ပြီး သူတို့သည် သူစကားပြောမည့်အချိန်ကို စောင့်နေကြလေသည်။
လင်ထင်အန်းက စားပွဲကို နှစ်ချက်ခေါက်လိုက်ပြီး ချင်ကျန့်ဘက်သို့ ကြည့်လိုက်၏။
“သူဌေးချင် ကျွန်တော်တို့ ပြောရမဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ တစ်ယောက်ယောက် လိုမနေဘူးလား”
နာမည်ခေါ်ခံလိုက်ရသည့် ချင်ကျန့်သည် ရင်တုန်သွားတော့သည်။ သူက ပြုံးကာ ပြန်ပြောလိုက်၏။
“ အကြီးဆုံးသခင်လေးက ဘာကိုပြောချင်တာလဲ မသိဘူး”
“ ဝေစုရဲ့ ၅ရာခိုင်နှုန်း ရှိသေးတယ်မလား၊ သူမ မလာရင် တကယ်အလုပ်မဖြစ်နိုင်ဘူးမလား”
ချင်ကျန့်၏ဦးရေပြားသည် ပေါက်ကွဲတော့မတတ်ဖြစ်သွားတော့သည်။ ဒါက.... လင်ထင်အန်းက ဘယ်လိုသိသွားတာလဲ... သူ ဒီကိစ္စနဲ့ မပတ်သက်ခဲ့ပါဘူး...
ချင်ကျန်းက အဖြေရှာမရခင်မှာပင် လင်ထင်အန်းက ဩဇာသံဖြင့် ပြောလိုက်လေသည်။
“သူဌေးချင်”
ချင်ကျန့်သည် မတတ်သာတော့ဘဲ အိမ်တော်ထိန်းချင်ကို ဝင်လာခိုင်းကာ သူ့ကို ခိုင်းလိုက်တော့သည်။
“ မိန်းကလေးကျန်းကို သွားဖိတ်လိုက်ပါ”
သူက ပြောရင်းဆိုရင် အိမ်တော်ထိန်းချင်ကို မျက်လုံးမှိတ်ပြလိုက်ပြီး ကျန်းယွင်ကျူးကို သတိပေးခိုင်းချင်လိုက်သည်။
အခန်းထဲတွင် လုပြည်နယ်က အာဏာရှိပုဂ္ဂိုလ်များ အပြည့်ရှိနေသည်က နှမြောစရာပင်။ အိမ်တော်ထိန်းချင်သည် ဝင်လာပြီး သူ့မှာ ခေါင်းမမော့ရဲချေ။ သူသည် ချင်ကျန့်၏မျက်ရိပ်ကို မမြင်နိုင်ခဲ့ပေ။
အိမ်တော်ထိန်းချင်သည် မြန်မြန်ထွက်သွားပြီး ကျန်းယွင်ကျူးကို သွားရှာရန် ချီရှန်းကျွီသို့ သွားလိုက်တော့သည်။
“သူဌေးချင်က ကျွန်မကို ဖိတ်လိုက်တယ်ဟုတ်လား၊ ဘာကိစ္စလဲ” ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။
“သခင်ကြီးက ဘာမှမပြောလိုက်ပါဘူး” အိမ်တော်ထိန်းချင်က ပြန်ပြောလိုက်သည်။
ကျန်းယွင်ကျူးက ခဏလောက် တွေဝေသွားပြီးမှ တစ်ချက်လောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
မြို့အနောက်ဘက်ခြမ်းသို့ လျှောက်သွားလိုက်ပြီး သူမသည် အချိန်တိုအတွင်းတွင် လက်ဖက်ရည်ဆိုင်တစ်ခုသို့ ရောက်လာခဲ့သည်။
ထိုက်မင်လို၊ ဝူလင်စီရင်စုတွင် အကောင်းဆုံး လက်ဖက်ရည်ဆိုင်။ အထဲတွင် သီးသန့်ခန်းများ အပြည့်ရှိသည်။ သည်နေရာက လူချမ်းသားများအတွက် အလုပ်ကိစ္စဆွေးနွေပြီး လက်ဖက်ရည် သောက်ကြသည့် နေရာတစ်ခုဖြစ်လေသည်။ ရည်ရွယ်သည့်ဧည့်သည်များက ကျန်းယွင်ကျူး၏ ချာပုလျန်နှင့် မတူပေ။ နှစ်ဘက်လုံးက တော်တော်လေး အေးချမ်းသည်။
“ မိန်းကလေးကျန်း ဟုတ်ပါသလား”
ဧည့်ခံသူတစ်ယောက်က ဆင်းလာပြီး ကျန်းယွင်ကျူးကို အပေါ်ထပ်သို့ ခေါ်သွားကာ အိမ်တော်ထိန်းချင်က နောက်မှ လိုက်လာခဲ့လေသည်။
ကျန်းယွင်ကျူးက အပေါ်ထပ်သို့ တက်သွားပြီး အကောင်းစားအခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။
လူတစ်ယောက်က အခန်းတံခါးကို ဖွင့်ပေးလိုက်၏။
အထဲကလူအားလုံးက အပြင်ဘက်ကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူးသည် အထဲက အခြေအနေကို မြင်သွားကာ နှစ်ခါလောက် ရင်တုန်သွားတော့သည်။
လင်ထင်အန်း။ သူ့ဘေးကလူက လက်ထောက်ပြည်နယ်တရားသူကြီးဟယ်။ ဒါဆို ဒါက တွဲဖက်အုပ်ချုပ်ရေးမှူး ဝမ်ပဲ။ ဟိုဖက်က စစ်တပ်အရာရှိ ဖုန်း။ ပြီးတော့ ချင်ကျန့်နဲ့ ထောင်လင်း။ ဘုရားရေ။ သူမ စားပွဲမှာရှိနေတဲ့ လူတစ်ဝက်ကျော်လောက်ကို သိနေတာပဲ။
“ သူဌေးကျန်းပေါ့ ဟုတ်လား၊ ကျေးဇူးပြုပြီး ထိုင်ပါ”
လင်ထင်အန်းသည် သူမကို ကြည့်ကာ ပြောလိုက်လေသည်။
သည်အချိန်တွင် ကျန်းယွင်ကျူးသည် အချိန်အခါက အစီအစဥ်မကျသလို ခံစားလိုက်ရသည်။ သူမ၏ အိပ်မက်ထဲတွင် သူမသည် သည်လို လက်ဖက်ရည်ပွဲများကို အကြိမ်တော်တော်များများ တက်ခဲ့ရသည်။ ထိုအချိန်တွင် လင်ထင်အန်းသည်လည်း သူ့ဘေးတွင် သူမအတွက် ထိုင်ခုံတစ်နေရာ ချန်ထားပေးသည်။
ကျန်းယွင်ကျူးက မျက်လွှာချလိုက်ပြီး
“ အဲလိုမလုပ်နိုင်မှာ စိုးမိပါတယ်”
“ရပါတယ်” လင်ထင်အန်းက ပြောလိုက်၏။ သူက အသေးအဖွဲ ကိစ္စလေးတစ်ခုလို ပုံမှန်အတိုင်း ပြန်ပြောလိုက်လေသည်။
သေချာသလောက်ပင်။ အခန်းထဲက ဘယ်သူမှ စကားမပြောရဲကြပေ။ သူတို့သည် ကျန်းယွင်ကျူးကို ကြည့်ပြီး သူမ၏သရုပ်မှန်ကို ခန့်မှန်းလိုက်ကြလေသည်။
“ မိန်းကလေးကျန်း ထိုင်လိုက်ပါ”
ချင်ကျန့်က ကျန်းယွင်ကျူးလို မိန်းကလေးတစ်ယောက်က ရုတ်တရက် ရှက်သွားပြီး များပြီးလှသည့် အရေးကြီးပုဂ္ဂိုလ်များရှေ့တွင် ကြောက်ရွံ့သွားမည်ကို စိုးရိမ်သဖြင့် သူက ထရပ်ကာ ဖျန်ဖြေပေးလိုက်တော့သည်။
ကျန်းယွင်ကျူးသည် ရောက်လာပြီးဖြစ်သဖြင့် ထိုင်ဖို့ရန်သာ ရှိတော့သည်။
သူမက လင်ထင်အန်း၏ဘေးသို့ လျှောက်သွားလိုက်ပြီး ထိုကုလားထိုင်တွင် ထိုင်လိုက်လေသည်။ အစမှ အဆုံးအထိ သူမသည် ခြံဝင်းတစ်ခုထဲတွင် အပျင်းပြေ လမ်းလျှောက်နေသယောင် ကျက်သရေရှိလှသည့် ကိုယ်နေဟတ်နှင့် တည်ငြိမ်သည့် ဣန္ဒြေတစ်ခု ပိုင်ဆိုင်ထားသည်။ သူမသည် လက်ဖက်ရည်ငယ်လေးတစ်ခု၏ ပိုင်ရှင်မဟုတ်ဘဲ အားလုံး၏အရေးကြီး ဧည့်သည်တစ်ယောက် ဖြစ်နေသည့်နှယ်။
ချင်ကျန့်သည် ကြိတ်ကာ အံ့ဩသွားတော့သည်။ သူ ကျန်းယွင်ကျူးကို လျှော့တွက်ခဲ့မိတာပဲ။ သူတောင် သူမလောက် မတည်ငြိမ်ခဲ့ဘူး။
တခြားလူများတွင်လည်း ကိုယ်စီအတွေးများ ရှိနေကြသည်။ သူတို့သည် ကျန်းယွင်ကျူးကို ပထမဆုံးမြင်လိုက်ရချိန်တွင် သူမသည် လှပလွန်းသည်ဟုသာ တွေးလိုက်ကြသည်။ သို့သော် အခုတော့ သူမကို သည်လိုတွေ့လိုက်ရသောအခါ လင်ထင်အန်းက သူမကို သူ့ဘေးတွင် ထိုင်ခိုင်းရသည့် အကြောင်းအရင်းကို နားလည်သွားကြသယောင်။
ဟုတ်ပါသည်။ တချို့လူများတွင် မရိုးဖြောင့်သည့် အတွေးများရှိနေပြီး လင်ထင်အန်းနှင့် ကျန်းယွင်ကျူးတို့ကြားက ဆက်ဆံရေးကို မစဥ်းစားဘဲ မနေနိုင်အောင်ဖြစ်သွားကြသည်။ အာဏာရှိ ယောက်ျားတစ်ယောက်နဲ့ လှပလွန်းတဲ့အမျိုးသမီးတစ်ယောက်။ အိုးကွာ။ တခြားပတ်သက်မှုမျိုးတော့ ရှိနေရမယ်။
ဒါပေမဲ့ လင်ထင်အန်းရဲ့ လမင်းလို တောက်ပနေသည့် ချောမောနေမှုကို ကြည့်လိုက်ပါအုံး။ ပြီးတော့ ပုလဲနဲ့ ကျောက်စိမ်းလို လှပလွန်းတဲ့ ကျန်းယွင်ကျူး။ တကယ်ပါပဲ။ အတူတူထိုင်နေကြတာ တကယ့်ကို ပြီးပြည့်စုံတဲ့စုံတွဲတစ်ခုလို့ ခံစားရတယ်။
လင်ထင်အန်းသည် ကျန်းယွင်ကျူးက အလွန်တည်ငြိမ်ပြီး ဣန္ဒြေရနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက သူ့နားသို့ လျှောက်လာပြီး ထိုနေရာတွင် ထိုင်ရာ သူမသည် သူ့ဘေးတွင် ထိုင်ဖို့ မွေးဖွားလာသည့်နှယ်။
လင်ထင်အန်းသည် သူ့နှလုံးသားကို တစ်ခုခုနှင့် ခပ်ပြင်းပြင်း ရိုက်ခံလိုက်ရသလို ခံစားလိုက်ပြီး သူ့လက်ထဲက လက်ဖက်ရည်ကို ဆုပ်လိုက်လေသည်။
သူက ခေါင်းကိုလှည့်လိုက်ပြီး ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။ သည်ရှုထောင့်မှ သူသည် သူမ၏ဘေးတိုက်ပုံရိပ်ကိုသာ မြင်နိုင်လေသည်။ ဘိန်းပန်းနှင့်တူသည့် မျက်တောင်ရှည်များနှင့် နူးညံ့အိဖက်နေသည့် စန္ဒကူးနှုတ်ခမ်း အားလုံးက လူများကို အံ့ဩရလောက်အောင် လှပေနေသည်။
ကျန်းယွင်ကျူးသည် အခန်းထဲက လူအားလုံး၏အကြည့်ကို ခံစားမိလိုက်လေသည်။ အထူးသဖြင့် လင်ထင်အန်း၏အကြည့်ပင်။ သို့သော် သူမက သူတို့ကို မကြည့်လိုက်ပေ။ သူမသည် သည်နေရာက မြန်မြန်သာ ထွက်သွားချင်လေသည်။
သည်အခိုက် ချီရှန်းကျွီတွင် အနက်ရောင်အရိပ်တစ်ခုက ဒူးထောက်ပြီး ရှန်ဖုန်းမင်ကို သတင်းပို့နေသည်။
အကြောင်းအရာကို ကြားလိုက်ပြီးနောက် ရှန်ဖုန်းမင်သည် သူ့လက်ထဲက စာအုပ်ကို ဘုန်းခနဲ ချထားလိုက်လေတော့သည်။