← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အပိုင်း (၈၂)

ကျန်းယွင်ကျူးက သူတို့စကားများကို တိတ်တိတ်လေး နားထောင်နေလိုက်သည်။ ထင်ထားတဲ့အတိုင်းပဲ လင်ထင်အန်းက ဒီနေရာကို ဆန်ပြုတ်လှူတဲ့ကိစ္စနဲ့ အပင်စိုက်တဲ့ကိစ္စကြောင့် ရောက်လာခဲ့တာပဲ။ သူက ဒီကိစ္စရဲ့နောက်ကွယ်က အကျိုးအမြတ် ကြီးကြီးကို မြင်လို့ တစ်စိတ်တစ်ပိုင်းလောက် ရချင်နေတာပဲ။

သူက ငွေပမာဏတစ်ခုလောက် ရင်းနှီးမြှုပ်နှံပြီး ဝေစုတစ်ခုလောက် လိုချင်နေတာ။ နောက်ဆုံး နောက်ပိုင်းကျရင် ပိုးချည်ထုတ်လုပ်ရေး အားလုံးကို သူ့ဆီရောင်းပေးဖို့ မျှော်လင့်ထားခဲ့တာပဲ။

သူ့လောဘက မသေးဘူး။ ပိုးမွှေးပြီး ချည်ထုတ်တာလောက်က ကုန်ကြမ်းပစ္စည်း ထုတ်တာလောက်ပဲ ရနိုင်မှာ။ တကယ်တော့ အကျိုးအမြတ်အများဆုံးက ပိုးချည်တွေကို လက်ရာမြောက်တဲ့ ပိုးထည်ဖြစ်အောင် ရက်ပြီး ရောင်းလိုက်တာပဲ။ ကျန်းယွင်ကျူးသည် သည်ကိစ္စကို ချင်ကျန့်နှင့် အရင်က ဆွေးနွေးခဲ့ဖူးလေသည်။

ချင်ကျန့်က အလွန်လုပ်ချင်သော်လည်း သူသည် အင်အားမရှိပေ။ အခုတော့ အင်အားက လုံလောက်သလောက်ရှိလာပြီ။ သူသည် နောက်ထက် ပိုကြီးသည့်တစ်ခုကို ထပ်လုပ်ခဲ့လျှင် မမြင်လိုက်ရဘဲ ဖွတ်မရ ဓားမလည်းဆုံး သည့်အခြေအနေဖြင့် အဆုံးသတ်ရလိမ့်မည်။

ကျန်းယွင်ကျူး၏ရည်ရွယ်ချက်က ထိုကပ်ဘေးဒုက္ခသည်များနှင့် ချင်ယောင်းကို ကူညီပေးချင်ရုံသာ ဖြစ်လေသည်။ အခုတော့ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သဖြင့် သူမက ထပ်ပြီး မတောင်းဆိုချင်တော့ပေ။

အခုတော့ လင်ထင်အန်းက လုပ်ချင်နေသည်တဲ့...

သူ့မှာ ဒီအင်အားရှိတယ်။ စားပွဲမှာရှိတဲ့ လူတွေကို ကြည့်ရုံနိုင် ပြောနိုင်တယ်လေ။

သည်အချိန်တွင် စားပွဲဝိုင်း၌ အပေးအယူ ညှိနှိုင်းမှု စတင်ကြတော့သည်။ သည်အရာရှိများသည် သူတို့၏အကျိုးအမြတ်အတွက် တိုက်ခိုက်ရမည်ဆိုလျှင် ကြွက်စုတ်များနှင့် မခြားပေ။

လင်ထင်အန်းက ဝင်မပါပေ။ သူက စောင့်ကြည့်နေပြီး မကြာခဏဆိုသလို စကားတစ်ခွန်း နှစ်ခွန်းဖြင့် ထောက်ပေးလေသည်။ သို့တိုင် သည်ကိစ္စ၏ နောက်ဆုံးအချက်ကို မကြာခဏ ဆုံးဖြတ်ပေးခဲ့သည်မှာလည်း သည် စကားတစ်ခွန်း နှစ်ခွန်းပင် ဖြစ်လေသည်။

မကြာမီတွင် အကျိုးအမြတ်ကို ပြန်ခွဲလိုက်ကြသည်။ အားအနည်းဆုံးလူများမှာ ချင်ကျန့်နှင့် ထောင်လင်း တို့ဖြစ်တော့မည်။ နောက်ဆုံး သူတို့သည် သည်ကိစ္စကို ပထမဆုံးလုပ်ခဲ့ကြသူများဖြစ်သည်။ သို့သော် ချင်ကျန့်နှင့် ထောင်လင်းတို့သည် မကျေနပ်သည့် အရိပ်အယောင် တစ်ခုမှ မပြကြပေ။

လင်ထင်န်းသည် သူတို့နှင့် သီးသန့် ဆွေးနွေးထားသည့် အပေးအယူများ ရှိရမည်။ လင်ထင်အန်းအပေါ် ကျန်းယွင်ကျူး၏ နားလည်ပုံအရဆိုလျှင် သူမသည် သည်ကိစ္စကို ချက်ချင်း ခန့်မှန်းနိုင်သည်။

ဒါဆို ဒီနေ့ သူမကို ဒီကို ခေါ်လာရတဲ့အကြောင်းအရင်းက ဘာတဲ့လဲ။ ဘာပဲဖြစ်ဖြစ် ဒါက ဖြစ်မှာ သေချာနေတဲ့ကိစ္စပဲ။

သူမရဲ့ဝေစု ၅ရာခိုင်နှုန်းကို လိုချင်လို့လား။ ဒါပေမဲ့ အစကနေ အဆုံးအထိ ဘယ်သူကမှ ဒီကိစ္စကို ထုတ်မပြောခဲ့တာ အားလုံးက လျစ်လျူရှုထားခဲ့တဲ့အတိုင်းပဲ။

“အကြီးဆုံးသခင်လေး ဒါဆို ကျွန်တော်တို့ သွားလိုက်ပါအုံးမယ်”

ပုဝဝအရာရှိကျန်းက ထရပ်လိုက်ပြီး ပြောလိုက်လေသည်။ ချက်ချင်းဆိုသလို အားလုံးက ပြန်ဖို့ နှုတ်ဆက်လိုက်ကြသည်။

ကျန်းယွင်ကျူးသည် သည်အချိန်ကို စောင့်နေခဲ့ခြင်းပင်။ သူမက ချင်ကျန့်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့နောက်မှ လိုက်ထွက်လာခဲ့လေသည်။

“ မိန်းကလေးကျန်း ကျုပ်တောင်းပန်ပါတယ်”

ချင်ကျန့်က ကျန်းယွင်ကျူးကို အားနာသွားတော့သည်။ လင်ထင်အန်းက သည်လိုလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ရပါတယ်” ကျန်းယွင်ကျူးက သူ့ကို အပြစ်မတင်ပေ။

နှစ်ယောက်က အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ သူတို့သည် တံခါးနားသို့ ရောက်နှင့်နေပြီး ဖြစ်သည်ကို တွေ့လိုက်ရတော့ လက်ထောက်တရားသူကြီးဟယ်က ချင်ကျန့်ကို ရုတ်တရက် တားလိုက်၏။

“ မိန်းကလေးကျန်း”

ချင်ကျန့်သည် လက်ထောက်တရားသူကြီးဟယ်ကို မျက်နှာသာပေးရပေမည်။

“ဒါဆို ကျွန်မ အရင် သွားနှင့်မယ်နော်” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ကျုပ်အားတာနဲ့ မိန်းကလေးကျန်းကို ထပ်ပြီး လာတောင်းပန်ပါအုံးမယ်”

ချင်ကျန့်က ထိုစကားပြောလိုက်ပြီး လက်ထောက်ပြည်နယ် တရားသူကြီးဟယ်ဆီသို့ လျှောက်သွားလိုက်တော့သည်။

ကျန်းယွင်ကျူးက တံခါးဆီသို့ မြန်မြန်လျှောက်သွားလိုက်၏။

အပြင်က လမ်းကို မြင်လိုက်ပြီးသည်တွင် ရုတ်တရက်

“ မိန်းကလေးကျန်း ခင်မျာ”

လင်ထင်အန်းသည် ဘေးမှထွက်လာပြီး သူမ၏လက်ကို ပိတ်ထားလိုက်တော့သည်။

ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်ပြီး သူ့ကို ကြည့်လိုက်၏။

“ ကျွန်တော် မိန်းကလေးကျန်းနဲ့ ပြောချင်တဲ့ စကားလေးတွေရှိလို့ပါ၊ မိန်းကလေးကျန်း...”

လင်ထင်အန်းက ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း အပြင်က လူတစ်ယောက်က ရုတ်တရက် လှမ်းခေါ်လိုက်လေသည်။

“မိန်းကလေးကျန်း”

ထိုအသံက ရေခဲနှင့်နှင်းထဲတွင် စိမ်ထားသယောင်။ အေးခဲနေသော်လည်း အင်မတန်မှ နားဝင်ချိုလေသည်။

ကျန်းယွင်ကျူးက အပြင်ကို လှမ်းကြည့်လိုက်တော့ မြင်းဇက်ကြိုးကို ဆွဲထားသည့် ရှန်ဖုန်းမင်က ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်က နေရောင်ခြည်က ပြီးပြည့်စုံနေ၏။ သူ့ကိုယ်ပေါ်တွင် တောက်ပနေပြီး သူ့ကို နွေးထွေးနေသယောင် ဖြစ်နေစေလေသည်။

လင်ထင်အန်းသည် ရှန်ဖုန်းမင်ကို တွေ့သွားတော့သည်။ သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ ညို့မှိုင်းသွားလေသည်။ စစ်သေနာပတိချုပ်ရှန်။ ရောက်လာတာ မြန်လှချည်လား။

ရှန်ဖုန်းမင်၏မျက်လုံးများက လင်ထင်အန်းကို ကျော်ကာ ကျန်းယွင်ကျူးထံ ရောက်သွားတော့သည်။

“ မိန်းကလေးကျန်း အိမ်ပြန်မလို့လား” သူကမေးလိုက်သည်။

ကျန်းယွင်ကျူးသည် အမှန်ပင် ပြန်ချင်လှပေသည်။

“ အားနာပါတယ်ရှင် ကျွန်မ လုပ်စရာလေးတွေ ရှိနေသေးလို့ပါ”

သူမက လင်ထင်အန်းကို ရည်ညွှန်းပြောလိုက်ပြီး ထွက်လာခဲ့တော့သည်။

“ မိန်းကလေးကျန်း ကျွန်တော့်ကို တွေ့ချင်ရင် မြို့အနောက်ဘက်က မင်ယွဲ့တည်းခိုခန်းမှာ အချိန်မရွေး လာရှာလို့ရပါတယ်၊ ကျွန်တော် မိန်းကလေးကို စောင့်နေပါ့မယ်”

သူတို့နှစ်ယောက်သည် အချင်းချင်း ဖြတ်သွားလိုက်ချိန်တွင် လင်ထင်အန်းက ကျန်းယွင်ကျူး၏နားထဲသို့ မတိုးမကျယ် အသံတစ်ခုဖြင့် ရုတ်တရက် တီးတိုးပြောလိုက်လေသည်။

မိန်းကလေး တစ်ယောက်ထဲကိုလား။ ယောက်ျားတစ်ယောက်ကို ရှာဖို့ တည်းခိုခန်းကို သွားရမယ်ပေါ့။ ပြောတာသာလွယ်တာ ကြားရတာတော့ မခံသာလိုက်တာ။ ပြီးတော့ သူက ဒီစကားကို အရမ်းပေါ့ပေါ့ပါးပါး ပြောနေတော့ မသိရင် သူတို့ကြားမှာ တစ်ခုခုများရှိနေသလိုနဲ့။

လက်ဖက်ရည်ဆိုင်၏ဝင်ပေါက်တွင် တခြားသူများလည်းရှိနေလေသည်။ သူတို့သည် သည်စကား ကြားလိုက်ရသောအခါ ဘာလိုလို အကြည့်တစ်ခုဖြင့် ကျန်းယွင်ကျူးကို ကြည့််လိုက်ကြလေသည်။

ကျန်းယွင်ကျူးသည် ဒေါသထွက်သွားတော့သည်။ လင်ထင်အန်းက ဒီလိုပြောပြီး ဘာဖြစ်ချင်နေတာလဲ။ သူမကဖြင့် သူ့ကိုလုံးဝ သွားမဆွခဲ့ပါပဲနဲ့။

ပြီးတော့ သူ ရှန်ဖုန်းမင်ကို သိသင့်သားပဲ။ သူမရဲ့အိပ်မက်ထဲမှာ ရှန်ဖုန်းမင် အိမ်တံခါးလာခေါက်တော့ သူ့မျက်ခုံးတွေက မကြာမကြာ စိုးရိမ်စိတ်တွေနဲ့ ပြည့်နေတာပဲ။ အခုကျတော့ သူက ဘာလို့ ရှန်ဖုန်းမင်ကို ကြောက်တဲ့ပုံ မပေါ်တာလဲ။

လင်ထင်အန်းသည် ရှန်ဖုန်းမင်ကို ကြောက်ပါသည်။ သို့သော် တခြားသူများလိုတော့ မကြောက်ပေ။ ဟုတ်တယ်လေ။ မန်ချုးမင်းဆက်က လူတွေက သူ့ကိုကြောက်တယ်ဆိုတာကလည်း သူတို့မှ အပြစ်ရှိတဲ့စိတ် ဖြစ်နေတာကိုး။ ဒါပေမဲ့ သူ့မှာတော့ မရှိဘူးလေ။ ရှန်ဖုန်းမင်က သူ့ကို မကောင်းကြံလို့ မရနိုင်ပါဘူး။ ဟုတ်တယ်မလား။

နောက်တစ်ချက်က အိမ်ရှေ့မင်းသားနဲ့ မင်းသားခြောက်တို့က လက်ရှိမှာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေတာလေ။ ရှန်ဖုန်းမင်က ဘယ်ဖက်မှာပဲ ရပ်ရပ် အဲဒီအဘက်က ပိုပြီး အင်အားကြီးလာလိမ့်မယ်။ ဒါကြောင့် သူကအရမ်းအရေးပါနေတာပေါ့။

ဒါပေမဲ့ ရလဒ်ကို သူတို့နှစ်ယောက်ထဲက တစ်ယောက်က ဆုံးဖြတ်ခဲ့ရမယ်ဆိုရင်ကော။ ဒါဆိုရင် ကျန်တဲ့တစ်ယောက်က ပထမတစ်ယောက်ကို ဖယ်ရှားဖို့ ရှန်ဖုန်းမင်ကို ရွေးချယ်လိမ့်မယ်။

ရှန်ဖုန်းမင်က အေးစက်စက်မျက်လုံးများနှင့် လင်ထင်အန်းကို ကြည့်လိုက်လေသည်။

သည်အချိန်တွင် ကျန်းယွင်ကျူးက အပြင်သို့ လျှောက်လာပြီးဖြစ်လေသည်။ ထို့နောက် သူမသည် ပြဿနာတစ်ခုကို သတိထားမိသွားတော့သည်။ ရှန်ဖုန်းမင်က မြင်းစီးပြီးလာတာလေ။ သူမက ကျတော့ရော။

သူမရှေ့တွင် လက်တစ်ဖက်က ကမ်းလာလေသည်။

ကျန်းယွင်ကျူးသည် လက်ကိုကြည့်လိုက်ပြီး ရှန်ဖုန်းမင်၏လက်မှန်း သိလိုက်တော့သည်။

သူက သူမကို မြင်းပေါ်ခေါ်တင်ချင်တာလား။

ပုံမှန်အချိန်ဆိုလျှင်တော့ ကျန်းယွင်ကျူးသည် သေချာပေါက် ငြင်းရပေလိမ့်မည်။ ဒါပေမဲ့ အခုကျတော့ရော။ သူက လက်လှမ်းလိုက်ပြီး ရှန်ဖုန်းမင်၏လက်ကို ကိုင်လိုက်တော့သည်။

သူမလက်ကို သန်မာသည့်လက်တစ်ခုက ထုပ်ထားလိုက်သလို ခံစားလိုက်ရလေသည်။ ထိုလက်က အားထည့်လိုက်သည်နှင့် ချက်ချင်း သူမသည် မြင်းပေါ်သို့ရောက်သွားပြီး ရှန်ဖုန်းမင်၏ ရှေ့တွင် ထိုင်ပြီးသား ဖြစ်သွားတော့သည်။

ရှန်ဖုန်းမင်က မြင်းကို ကန်လိုက်ပြီး ထွက်သွားလိုက်လေသည်။

သည်မြင်ကွင်းကို မြင်လိုက်တော့ လင်ထင်အန်၏မျက်နှာထားသည့် ညို့မှိုင်းသွားကာ ဣန္ဒြေပျက်သွားလေတော့သည်။

မြင်းပေါ်တွင်ထိုင်နေသည့် ကျန်းယွင်ကျူး အကြောင်းပြောရမည်ဆိုလျှင် သူမ၏အရပ်ကြောင့် ရှန်ဖုန်းမင်၏ရင်ခွင်ထဲသို့ ရောက်လုနီးနီးဖြစ်နေသည်။ သူမ၏နှာခေါင်းထဲတွင် သူ့ထံမှလာသည့် လရောင်ကိုယ်သင်းနံ့ အပြည့်ဖြစ်နေသည်။ သူမ၏အသားအရေကပင် သူ့ထဲမှာ အနွေးဓာတ်ကို ခံစားမိနိုင်သည်။ သူမသည် ချက်ချင်း နောင်တရသွားတော့သည်။ မြင်းပေါ် မတက်လိုက်သင့်တာပဲ။

ခုနက လင်ထင်အန်းရဲ့စကားကြောင့် မစဥ်းစားဘဲ ဒေါသထွက်သွားခဲ့တယ်။

သူမက တတ်နိုင်သလောက် ရှေ့သို့ ညွှတ်ထားပြီး ရှန်ဖုန်းမင်နှင့် ဝေးနိုင်သမျှဝေးအောင် ကြိုးစားနေလိုက်လေသည်။ ထို့နောက် သူမက ပြောလိုက်၏။

“လူကြီးမင်းရှန် ကျွန်မကို မြင်းပေါ်က ချပေးပါလား၊ ကျွန်မ ကိုယ့်ဟာကို လမ်းလျှောက်ပြန်နိုင်ပါတယ်”

“ကျွန်တော် မိန်းကလေးကျန်းကို ခေါ်သွားပေးမယ်” ရှန်ဖုန်းမင်၏အသံက အနည်းငယ် အေးစက်နေလေသည်။

ကျန်းယွင်ကျူးက သူ ဒေါသထွက်နေမှန်း ဝိုးတဝါး ခံစားမိလိုက်သည်။ သူသည် အရင်က သည်လိုလေသံမျိုးနှင့် သူမကို တခါမှ မပြောခဲ့ဖူးချေ။

သူမသည် နေရာတွင်ပင် အေးခဲသွားတော့သည်။

ရှန်ဖုန်းမင်သည် အမှန်ပင် အနည်းငယ် ဒေါသထွက်နေသော်လည်း ကျန်းယွင်ကျူးကို မဟုတ်ပေ။

သည်အခိုက်တွင် ကလေးတချို့က လမ်းကြားထဲမှ ပြေးထွက်လာကာ ရှုပ်ယှက်ခတ်သွားတော့သည်။ သူတို့ကို ရှောင်ဖို့ရန် ရှန်ဖုန်းမင်သည် မြင်းကို လှည့်လိုက်ပြီး ဘေးလမ်းကို ဦးတည်သွားလိုက်လေသည်။

ကျန်းယွင်ကျူး၏ စိတ်တို့သည် လက်ရှိတွင် မိုင်ရာချီအဝေးသို့ ရောက်နေသဖြင့် သည်ကိစ္စကို သတိမထားမိလိုက်ပေ။ ရှန်ဖုန်းမင်နှင့် ခပ်ဝေးဝေးနေဖို့ရာ သူမသည် ရှေ့သို့ ကုန်းထားလေသည်။ သည်လှုပ်ရှားမှုက သူမသည် ဘေးသို့ ယိုင်သွားတော့သည်။

သူမသည် ကြောက်လန့်ကာ ဖြူဆုတ်သွားတော့သည်။ သူမက တစ်ခုခုကို ဖမ်းဆွဲထားချင်သော်လည်း အလွန်နောက်ကျသွားလေပြီ။

သည်အချိန်တွင် လက်တစ်ဖက်က သူမ၏ခါးကို ဖက်ထားလိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်တော့သည်။

ကျန်းယွင်ကျူး၏မျက်လုံးများသည် ဝိုင်းစက်သွားတော့သည်။ အမှတ်တမဲ့ သူမသည် လွှတ်မြောက်ဖို့ ကြိုးစားခဲ့သော်လည်း သူမ၏ခါးပေါ်က လက်များသည် သံမီးညှပ်နှင့်တူသလို ခံစားလိုက်ရ၏။ သူမသည် လုံးဝ မချိုးဖျက်နိုင်ခဲ့ပေ။

သေးသွယ်လှသည့်ခါးလေးက ညှစ်လိုက်သည်နှင့် ကျိုးသွားတော့မည့်နှယ်။ ရှန်ဖုန်းမင်သည် မိန်းမတစ်ယောက်၏ခါးက သည်မျှလောက် ပျော့ပြောင်းနေလိမ့်မည်ဟု လုံးဝ မသိခဲ့ချေ။ သူသည် အခိုက်တန့် မှင်တက်အံ့ဩသွားတော့သည်။

“လူကြီးမင်းရှန်” ကျန်းယွင်ကျူးက အော်ခေါ်လိုက်၏။

ရှန်ဖုန်းမင်က အသက်တစ်ချက်ရှူထုတ်လိုက်၏။ သည်မည်းနက်နေသည့်မျက်လုံးများသည် ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားတော့သည်။ သူက ကျန်းယွင်ကျူးကို လွှတ်ပေးလိုက်ကာ ပြောလိုက်လေသည်။

“မိန်းကလေးကျန်း သတိထားနော်”

“ ကျေးဇူးအများကြီးတင်ပါတယ်ရှင်” ကျန်းယွင်ကျူးက မြန်မြန် မတ်မတ်ထိုင်လိုက်လေသည်။ သူမ၏ခန္ဓာကိုယ်တစခုလုံးသည် မီးတောက်နေသလို ခံစားလိုက်ရတော့သည်။

သူမက မသက်မသာဖြစ်နေသည်ကို အာရုံခံမိလိုက်သဖြင့် ရှန်ဖုန်းမင်က မြင်းပေါ်မှ ဆင်းလိုက်သည်။

“ လူကြီးမင်းရှန်” ကျန်းယွင်ကျူးသည် ဇဝေဇဝါဖြစ်သွားတော့သည်။ သူဘာလုပ်နေတာလြ။

“မိန်းကလေးကျန်း ငြိမ်ငြိမ်လေး ထိုင်နေပါ”

ရှန်ဖုန်းမင်က မြင်းဇက်ကြိုးကို ကိုင်ထားပြီး ရှေ့က လျှောက်သွားလိုက်တော့သည်။

သူက သူမအတွက် မြင်းကို ထိန်းပေးချင်ခဲ့တာလား။

“လူကြီးမင်းရှန် ဒါတော့ မဖြစ်သေးပါဘူး”

ကျန်းယွင်ကျူးက စိုးရိမ်တကြီး ရေရွတ်လိုက်ပြီး မြင်းပေါ်က ဆင်းလိုက်ချင်လေသည်။

ရှန်ဖုန်းမင်က သူမကို တားလိုက်၏။

“ အသေးအဖွဲကိစ္စလေးပါ”

ထို့နောက် သူက မနှေးမမြန်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားလိုက်သော်လည်း တည်ငြိမ်ကာ အားအင်အပြည့်ဖြစ်နေလေသည်။

မြင်းပေါ်တွင် ထိုင်ရင်း ကျန်းယွင်ကျူးသည် သူ၏ထည်ဝါလှသည့် ကျောပြင်ကို ငေးကြည့်ရင်း လူကြားတွင် လှုပ်ရှားသွားလာနေသည့်သူ့ကို တွေ့လိုက်ရလေသည်။ သူမ၏နှလုံးသားက တွယ်ရစ်နေမိတော့သည်။

၁၅မိနစ်လောက်ကြာပြီးနောက် နှစ်ယောက်သားသည် ချီရှန်းကျွီသို့ ပြန်ရောက်လာခဲ့သည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို တွဲဆင်းပေးရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ကျန်းယွင်ကျူးသည် ခဏလောက် တွေဝေသွားပြီးမှ သူမ၏လက်ကို သူ့လက်ထဲ ထည့်လိုက်တော့သည်။

သေးသွယ်ပျော့ပြောင်းသည့် လက်များသည် ရှည်လျားကာ အားပြည့်သည့်လက်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတော့သည်။ နှစ်ယောက်သားက လက်ချင်းကိုင်လိုက်ချိန်တွင် ထူးဆန်းသည့် လိုက်ဖက်ညီမှုတစ်ခု ဖြစ်သွားတော့သည်။

လူတချို့၏မျက်လုံးထဲတွင် လုံးဝမခံသာသည့် အခြေအနေဖြစ်နေခြင်းပင်။

ကျန်းယွင်ရှို့သည် ချာပုလျန်ထဲတွင် ထိုင်နေပြီး တစ်ချိန်လုံး အပြင်ဘက်သို့ ကြည့်နေလေသည်။ သူမသည် ရှန်ဖုန်းမင်က မြင်းကို ဆွဲလာပြီး ကျန်းယွင်ကျူးက မြင်းပေါ်တွင် လိုက်ပါလာသည့်အပြင် သူတို့လက်များကလည်း အချင်းချင်းကိုင်ထားသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေသည်။

ကျန်းယွင်ရှို့သည် ရှန်ဖုန်းမင်က မြို့တော်မှ ဆန်ကုန်သည်တစ်ယောက် ဖြစ်ကြောင်းကို အမျိုးသမီးချန်ဆီမှ ကြားထားပြီးသားဖြစ်လေသည်။ သို့သော် သူက အလွန်မှ ချောမောလှပနေမည်ဟုတော့ သူမ လုံးဝထင်မထားခဲ့မိပေ။ သူသည် လင်ထင်အန်းထက်ပင် ပိုပြီးသာနေသယောင်။

ထိုအဖြစ်က ကျန်းယွင်ရှို့ကို စိတ်မပျက်ဘဲ ရှိစေပါမည်နည်း။ ကျန်းယွင်ကျူးက ရွှီချင်ရှန့်ကို လက်ထပ်ပြီး သူမရဲ့ကျန်တဲ့ဘဝကို ဆင်းဆင်းရဲရဲနဲ့ နေသင့်တာမလား။

လက်ရှိတွင် ကျန်းယွင်ကျူးက ဆိုင်ခန်းနှစ်ခန်း ပိုင်ထားသည်ကို စဥ်းစားမိတော့ သူမသည် ပိုပြီး မတည်မငြိမ် ဖြစ်သွားတော့သည်။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် မြင်းပေါ်က ဆင်းလာပြီး ရှန်ဖုန်းမင်နှင့်အတူ ဆိုင်ထဲသို့ လျှောက်လာခဲ့လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်တော့ ကျန်းယွင်ရှို့က ပတ်ဝန်ကျင်ကို မြန်မြန်ကြည့်လိုက်၏။ အမျိုးသမီးချန်က စားပွဲကို သန့်ရှင်းရေး လုပ်နေသည်ကို မြင်လိုက်ချိန်တွင် သူမက ချက်ချင်း လျှောက်သွားလိုက်ပြီး

“အမေ သမီး ကူပေးမယ်”

သူမက ပြောရင်းဆိုရင်း အဝတ်စတစ်ခုဖြင့် အမျိုးသမီးချန်ကို စားပွဲကူရှင်းပေးဖို့ လုပ်လိုက်လေသည်။ သို့သော် သူမ၏လက်ကို တဝက်လောက်ဆန့်အထုတ်တွင် အဝတ်စက အလွန်မှ ညစ်ပတ်နေသည်ကို မြင်လိုက်ရပြီး နေရာတွင်ရင် ရပ်တန့်သွားတော့သည်။

အမျိုးသမီးချန်က သူမကို တားလိုက်၏။

“ အမေ့ကို ကူညီပေးဖို့မလိုပါဘူး၊ ဟိုပဲ ထိုင်ပြီး နားနေလိုက်”

“ အမေက သမီးအပေါ် အရမ်းကောင်းတာပဲ”

ကျန်းယွင်ရှို့သည် သူမ၏မျက်လုံးထောင့်မှ ကျန်းယွင်ကျူး ဆိုင်ထဲဝင်လာသည်ကို ဖျတ်ခနဲ တွေ့လိုက်ပြီး သူမ၏အသံကို တမင်မြင့်လိုက်ကာ ချွဲချွဲနွဲ့နွဲ့ဖြင့် ပြောလိုက်လေသည်။

အမျိုးသမီးချန်က ကြည်နူးရွှင်လန်းကာ ပြန်ပြောလိုက်လေသည်။

“ အမေ့သမီးပဲဟာ၊ သမီးကိုမှ ကောင်းကောင်း မဆက်ဆံပေးရင် ဘယ်သူကို ဆက်ဆံပေးရအုံးမှာလဲ”

သည်အချိန်တွင် ကျန်းယွင်ရှီု့က ကျန်းယွင်ကျူးကို မြင်လိုက်ရသယောင် ဟန်ဆောင်လိုက်ပြီး ခပ်ရွံ့ရွံ့ နှုတ်ဆက်လိုက်လေသည်။

“အစ်မ”

ကျန်းယွင်ကျူးသည် သူမအပြင် သူမနှင့် အမျိုးသမီးချန်ကြားက ‘ နက်ရှိုင်းလှသည့် သားအမိဆက်ဆံရေး’ကိုလည်း အမှန်ပင် တွေ့လိုက်လေသည်။

သူမသည် တည်တည်ငြိမ်ငြိမ် ပြန်တုံ့ပြန်လိုက်ပြီး သူမ ဒီနေ့ ရောက်လာရသည့် ရည်ရွယ်ချက်ကို စဥ်းစားနေမိတော့သည်။

အမျိုးသမီးချန်က ကျန်းယွင်ကျူးကို မြင်လိုက်၏။ သူမက အမူအရာကို အကဲခတ်ရင်း သူမက မေးလိုက်လေသည်။

“ ယွင်ရှို့က မြို့မှာ အမေနဲ့အတူတူ ရက်ပိုင်းလောက်နေချင်လို့တဲ့၊ သမီးရဲ့ သဘောကရော”

အမျိုးသမီးချန်တွင် အနောက်ဘက်ခြံဝင်းထဲ၌ အခန်းတစ်ခု ရှိသော်လည်း သူမ၏ သမီးနှစ်ယောက်လုံးက သူမ၏လက်ဖဝါးနှင့် လက်ဖမိုးများပင်။ ကျန်းယွင်ကျူးက အနေကြပ်သွားမည်ကို စိုးရိမ်သဖြင့် သူမကို ဒီကိစ္စကို ကျန်းယွင်ကျူးနှင့် တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သို့သော် ကျန်းယွင်ကျုးမှာ ချက်ချင်း အတွေးများသွားတော့သည်။ လင်ထင်အန်းနဲ့ တွေ့ပြီးမှ ကျန်းယွင်ရှို့က အိမ်တံခါးလာခေါက်တယ်။ တိုက်ဆိုင်မှုတစ်ခုပဲလား၊ အရမ်းကို တိုက်ဆိုင်နေသလိုပဲ။

ငြင်းလိုက်ရမလား။ ချီရှန်းကျွီက ချာပုလျန်နဲ့ မတူဘူး။ ထိုအချိန်တွင် အမျိုးသမီးချန်၊ ကျန်းချိန်၊ ကျန်းလင်နှင့် အားလုံးက အကြံပြုလာကြလေသည်။ သူမတွင် အမျိုးသမီးချန်ကို ငြင်းဖို့အရာ အကြောင်းပြချက် မရှိတော့သယောင်။ ထို့အပြင် လင်ထင်အန်း၏အကျင့်အရဆိုလျှင် သူသည် သူလိုချင်သည့်အရာကို လွယ်လွယ်နှင့် လက်လျှော့လိမ့်မည်မဟုတ်ပေ။

မသိရသေးသည့်အရာတချို့ကို သတိထားနေရမည့်အစား မျက်လုံးရှေ့တွင် ထားသည်က ပိုကောင်းလိမ့်မည်။

“အင်း”

ကျန်းယွင်ကျူးက သဘောတူလိုက်ပြီး အနောက်ဘက်သို့ ပြန်သွားလိုက်တော့သည်။ သူမသည် စောစောက ထိုလူများနှင့် ဆက်ဆံလိုက်ရသဖြင့် အနည်းငယ်ပင်ပန်းနေတော့သည်။ အခုတော့ သူမသည် အခန်းသို့ ပြန်ကာ ခဏလောက် အနားယူလိုက်ချင်တော့သည်။

သူမက အနားယူဖို့ အနောက်ဘက်ခြံသို့ သွားလိုက်လေသည်။ ရှန်ဖုန်းမင်ကလည်း ထွက်သွားသည်။ သူမ၏ဦးနှောက်စွမ်းအင်ကို သုံးဖို့ရာ မတန်သည့် မထင်မရှားကိစ္စတစ်ခုနှယ်။

အမျိုးသမီးချန်က စိတ်ထဲတွင် မထားသော်လည်း ကျန်းယွင်ရှို့ကတော့ စိတ်ဆိုးသွားပြီး ခပ်ပေါ့ပေါ့ ခံစားလိုက်သည်။

သူ ဆိုင်နှစ်ဆိုင် ဖွင့်ထားတာမလား။ ဘာဂုဏ်ယူစရာရှိလို့လဲ။

အိုး ဟုတ်သားပဲ။ ဟိုလူရှိသေးတယ်။ ပြီးတော့ အဲဒီလူက မြို့တော်က ဆန်ကုန်သည်တဲ့။ သူက အန်းဖင်နယ်စားအိမ်တော်ရဲ့ အကြီးဆုံးသခင်လေး လင်ထင်အန်းနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။

ထိုသို့ စဥ်းစားလိုက်ပြီးနောက် ကျန်းယွင်ရှို့သည် နေသာထိုင်သာ ရှိသွားတော့သည်။ ထို့နောက် သူမစိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာတော့သည်။ ဟုတ်သားပဲ။ ယောကျ်ား။ ကျန်းယွင်ကျူးနဲ့ ခုနက ဟိုလူကြားက အပြန်အလှန်ဆက်ဆံပုံကို ကြည့်ရင် အထင်မှားစရာ သိပ်မရှိဘူး။ အားလုံးကသာ သည်အကြောင်း သိသွားခဲ့ရင် နောက်ဆို သူမက တခြားသူတွေကို ဘယ်လိုမျက်နှာပြမလဲ သိချင်သေးတယ်။

...

အပိုင်း (၈၃)

ထိုနေ့ကစပြီး ကျန်းယွင်ရှို့သည် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့ကို ဆက်တိုက် စောင့်ကြည့်နေတော့သည်။ သူမသာ သူတို့ကို ဖမ်းမိခဲ့လျှင် ပြဿနာရှာနိုင်မည်ဟု သူမက စဥ်းစားထားလေသည်။

ကျန်းယွင်ရှို့သည် ထျန်ယင်းအကြောင်း ရုတ်တရက်တွေးမိသွားပြီး တုန်ယင်သွားတော့သည်။ သို့သော် သည်ကိစ္စနှင့် ပတ်သက်ပြီး သူမကို အပြစ်ပြောလို့မရနိုင်ဟု ကိုယ့်ဟာကို ချက်ချင်း နှစ်သိမ့်လိုက် တော့သည်။ ထျန်ယင်းသာ အဲလိုမလုပ်ခဲ့လျှင် သူမက သူတို့ကို အိပ်ရာပေါ်မှာ ဘယ်ဖမ်းမိခဲ့မှာလဲ။ အပြစ်တင်ချင်ရင်တော့ ကိုယ့်ဟာကိုပဲ အပြစ်တင်တော့ပေါ့။

ကျန်းယွင်ကျူးကတော့ သူမ ဘာစဥ်းစားနေသည်ကို မသိပေ။ သူမက ဆံပင်ကို ဖြန့်ချလိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

သည်အခိုက်တွင် လီဟယ်က တံခါးလာခေါက်လေသည်။ ချင်ကျန့် ရောက်လာပြီး သူမနှင့် တွေ့ချင်သည်ဟု ဆိုသည်။

ကျန်းယွင်ကျူးက သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်ပြီး ချင်ကျန့်ကို တွေ့ဖို့ ထွက်သွားလိုက်၏။

“မိန်းကလေးကျန်း ကျုပ်တကယ် တောင်းပန်ပါတယ်ဗျာ”

ချင်ကျန့်က သူတို့တွေ့တွေ့ချင်း အထပ်ထပ် တောင်းပန်တော့သည်။

“ဘာဖြစ်လို့လဲရှင့်”

ကျန်းယွင်ကျူးသည် အခုတော့ အင်အားပြန်ပြည့်လာသဖြင့် ရှေ့ကဖြစ်ခဲ့သည်များကို စတင် မေးခွန်းထုတ်တော့သည်။

ချင်ကျန့်သည် လင်ထင်အန်းက ကျန်းယွင်ကျူးကို မည်သို့ သိသွားမှန်း မသိခဲ့ပေ။ သူသည် သည်အကြောင်းကို မည်သူ့ကိုမှလည်း မပြောပြခဲ့ပေ။ ကျန်းယွင်ကျူး၏ ၅ရာခိုင်နှုန်းသော ဝေစုကိုပင် သူ့နာမည်နှင့်သာ ထားကြောင်း အမြဲပြောခဲ့လေသည်။

ကျန်းယွင်ကျူးကတော့ လင်ထင်အန်း သူမအား သိနေခြင်းကို မအံ့ဩပေ။ ဒါပေမဲ့ သူက ဘာလို့ ချင်ကျန့်နဲ့ သူမကို ဖိတ်ခိုင်းခဲ့တာလဲ။ သူမ အကျိုးအတွက်လား။ ဒါပေမဲ့ သူက အဲဒီအကြောင်းကို လုံးဝထုတ်မပြောခဲ့ပါဘူး။

ဒါဆို ဘာအတွက်ဖြစ်နိုင်မလဲ။

သူမထွက်လာတုန်းက လင်ထင်အန်းက သူမရဲ့နားနား ကပ်ပြောခဲ့ပေမဲ့ တစ်ခါလောက်တွေ့ဖူးရုံနဲ့တော့ သူက သူမကို အလေးပေး ဆက်ဆံမယ်လို့ မခံစားမိပါဘူး။

သူမသည် လုံးဝ အဖြေရှာမရ ဖြစ်နေတော့သည်။

“မိန်းကလေးကျန်း ကျုပ် မင်းအတွက် လက်ဆောင်တစ်ခု ပေးစရာရှိတယ်”

ချင်ကျန့်က ရုတ်တရက်ပြောလိုက်၏။ ထိုသို့ပြောလိုက်ပြီးသည်နှင့် သူက လက်ထဲက ဘူးကိုဖွင့်လိုက်ပြီး အထဲက ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်ကာ ကျန်းယွင်ကျူးထံလှမ်းပေးလိုက်သည်။

သိလိုစိတ်နှင့် ကျန်းယွင်ကျူးက ဖွင့်ကြည့်လိုက်၏။ သည်ပန်းချီကားထဲတွင် ချယ်သထားသည့် ခန်းဆောင်များ၊ မျှော်စင်များ၊ ဇရပ်များ၊ ရေကန်များ၊ ပန်းနှင့် သစ်ပင်များကို အသက်ဝင်အောင် ချယ်သထားလေသည်။ သို့သော် ထိုပန်းချီကာ နာမည်ကြီးပန်းချီဆရာတစ်ယောက်၏ လက်ရာနှင့်မတူဘဲ အိမ်တစ်လုံး၏ အသေးစိတ်ပုံကြမ်းတစ်ခုနှင့် ပိုတူသည်။

သည်အခိုက်တွင် ချင်ကျန့် နောက်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ သော့တစ်ချောင်းပင်။

“ ဒါက မြို့မြောက်ပိုင်းမှာရှိတဲ့ ကျုပ်ရဲ့ခြံဝင်းတစ်ခုပါ၊ အခုအားယောင်းနေတဲ့ ခြံဝင်းနဲ့ သိပ်မဝေးဘူး၊ မိန်းကလေးကျန်း အဲဒီမှာသွားနေမယ်ဆိုရင် အားယောင်းနဲ့ အပြန်အလှန်ဆက်သွယ်ဖို့လည်း အဆင်ပြေတာပေါ့”

သူသည် တကယ်တော့ ကျန်းယွင်ကျူးကို အိမ်တစ်လုံးပေးချင်နေခြင်းသာ။

“ ဘယ်ဖြစ်မလဲရှင့်”

ကျန်းယွင်ကျူးက သူမလက်ထဲက ပန်းချီကားကို ချင်ကျန့်ထံ မြန်မြန် ပြန်ပေးလိုက်လေသည်။

ချင်ကျန့်က ပြောလိုက်သည်။

“မိန်းကလေးကျန်း ကျုပ်ပြီးအောင် ပြောပါရစေအုံး၊ မိန်းကလေး အရင်ကလုပ်ပေးခဲ့တာတွေက အားယောင်း ကောင်းဖို့အတွက်ဆိုတာ ကျုပ်သိပါတယ်။ အစကတည်းက ကျုပ်က မိန်းကလေးကို လက်ဆောင်တစ်ခု ပေးချင်ခဲ့တာပါ၊ ဒီနေ့မှာ အဲဒီကိစ္စဖြစ်သွားတော့ ကျုပ်မှာ စိတ်မကောင်း ဖြစ်ရလွန်းလို့ပါ။

မိန်းကလေးက ဒီအိမ်ကို လက်ခံပေးပြီး ကျုပ်စေတနာလို့ မှတ်ယူပေးပါ”

ကျန်းယွင်ကျူးသည် သည်ပန်းချီကားကို မြင်လိုက်သည်နှင့်ချက်ချင်း အိမ်ပုံစံက မည်သို့ရှိမည်ကို အကြမ်းဖျင်း သိလိုက်လေသည်။ တန်ဖိုးက အနည်းဆုံး လျန်၁၀၀၀ လောက်ရှိလိမ့်မည်။

လျန် ၁၀၀၀ ။ အများကြီးတဲ့လား။ ချင်ကျန့်အတွက်တော့ မများပါချေ။ သို့သော် လက်ရှိတွင် ကျန်းယွင်ကျူးအတွက်တော့ အလွန်မှများလေသည်။ သူမသည် သူ့ထံမှာ သည်လောက် ဝန်လေးစရာကောင်းသည့် လက်ဆောင်မျိုးကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

ကျန်းယွင်ကျူးက လက်မခံဘဲ တင်းခံနေလိုက်၏။ ထို့နောက် ပြောလိုက်တော့သည်။

“ သူဌေးချင် ရှင်ကျွန်မကို ကူညီချင်တယ်ဆိုတာရင် ဒီလိုလုပ်....”

သူမ၏အတွေးကို ပြောပြလိုက်၏။ သူမက ချင်ကျန့်ထံတွင် သူမ၏၅ရာခိုင်နှုန်းဝေစုကို လျှော့စျေးဖြင့် ရောင်းချချင်သည်။

သူမသည် သည်အကြောင်းကို လင်ထင်အန်းဘေးတွင် ထိုင်လိုက်ကတည်းက စဥ်းစားလာခဲ့ခြင်းပင်။ အခုတော့ ဆန်ပြုတ်လှူသည့်ကိစ္စနှင့် အပင်စိုက်သည့်ကိစ္စက သူမ မျှော်မှန်းထားသည်ထက်ပင် သာလွန်နေသေးသည်။ အထူးသဖြင့် လင်ထင်အန်းက ပါဝင်ပတ်သက်လာခဲ့သည်။ ထို့ကြောင့် သူမက ငွေနှင့် လွတ်လပ်မှုကို လဲလှယ်ရလိမ့်မည်။

ထိုစကားကို ကြားသွားပြီးနောက် ချင်ကျန့်မှာ အထိတ်တလန့်ဖြစ်သွားပြီး အလွန်မှ ဇဝေဇဝါ ဖြစ်သွားတော့သည်။ လင်ထင်အန်းက ဆန်ပြုတ်လှူတာနဲ့ အပင်စိုက်တဲ့ကိစ္စမှာ ပါဝင်လာတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သစ်ပင်ကြီးတစ်ပင် နောက်ခံရှိနေတော့ အရိပ်ကို မှီခိုနိုင်တယ်လေ။ ဒါက သူတို့ရဲ့လုပ်ငန်း တကယ်အကျိုးများတယ်ဆိုတာကို သက်သေပြနေတာပဲ။ ဒါဆိုရင် အားလုံးက အတူတူ ငွေရှာရမှာပေါ့။

ကျန်းယွင်ကျူးက အခုတော့ နုတ်ထွက်တော့မယ်တဲ့။ အခုအချိန်မှာ သူမ ရင်းနှီးထားတာတွေအားလုံးက ဘာအကျိုးအမြတ်မှ ထွက်မလာသေးဘူး။ သူမရဲ့ဝေစုကို စျေးကြီးပေးပြီး ရောင်းဖို့က ခက်မှာပဲ။

သူမ မြင်တတ်ပုံနဲ့ဆိုရင် ဒါကို နားလည်မှာပါ။ သူမက ဝေစုကို ဘာလို့ ရောင်းချင်နေတာလဲ။

ဧကန္တ အကြီးဆုံးသခင်လေးလင်ကြောင့်လား။ ဖြစ်တာကို ပြန်စဥ်းစားကြည့်ရင် ဒါက ဖြစ်နိုင်ခြေ ရှိတယ်။

တကယ်တော့ လင်ထင်အန်းက ထူးချွန်ပါတယ်။ လုပြည်နယ်က သခင်လေးတွေကြားမှာ သူ့မှာ မိသားစုနောက်ခံကောင်းတစ်ခု၊ အသိပညာကောင်း နဲ့ ရှားပါးတဲ့အကျင့်စရိုက်ကောင်းတစ်ခုလည်း ရှိတယ်။ သူက ဆောင်ကြာမြိုင်မယ်တွေနဲ့လည်း ဘယ်တော့မှ မတွဲသလို လောင်းကစားလည်း မလုပ်ဘူး။ လုပြည်နယ်က သခင်မလေးတော်တော်များက သူ့ကို နှစ်သက်ပြီး လက်ထပ်ချင်နေကြတာလေ။

ကျန်းယွင်ကျူးရဲ့နောက်ခံက အရမ်းနိမ့်နေတာ နှမြောစရာပဲ။ မဟုတ်ရင် သူနှင့်လင်ထင်အန်းတို့က.... မဖြစ်သေးပါဘူး။ ချင်ကျန့်သည် ကျန်းယွင်ကျူးနောက်တွင် မကြာခဏ ပါလာတတ်သည့် လူကြီးမင်းရှန်ကို သတိရသွားတော့သည်။ သူက လောကမှာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်ပဲ။ ချင်ကျန့်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ တဖျပ်ဖျပ် ဝင်ရောက်လာတော့သည်။

“မိန်းကလေးကျန်း ရောင်းချင်တာ သေချာရဲ့လား” နောက်ဆုံးတော့ ချင်ကျန့်က မေးလိုက်၏။

“သေချာပါတယ်” ကျန်းယွင်ကျူးက ခေါင်းညိတ်လိုက်သည်။

သူမက ဆုံးဖြတ်ထားပြီးဖြစ်နေပြီး ပြောင်းလဲဖို့ စိတ်ကူးမရှိသည်ကို တွေ့လိုက်ရသဖြင့် ချင်ကျန့်က လက်ခံပေးလိုက်ကာ သူမ၏ဝေစုကို ဝယ်လိုက်တော့သည်။

“တစ်ခုတော့ရှိတယ်၊ ကျွန်မ သူဌေးချင်ကို ပြောပြချင်တယ်၊ လူကြီးမင်းလင်က ဘာစဥ်းစားနေမှန်းတော့ ကျွန်မ မသိဘူး၊ ရှင် ဒီဝေစုကို ကျွန်မဆီက ဝယ်လိုက်တဲ့ကိစ္စ....”

ကျန်းယွင်ကျူးသည် စကားကို ဆုံးအောင်မပြောလိုက်သော်လည်း ချင်ကျန့် နားလည်လိမ့်မည်ဟု ယုံထားလိုက်သည်။

ဒါသည် လင်ထင်အန်းကို မကျေနပ်အောင် လုပ်လိုက်သလို ဖြစ်သွားနိုင်သည်။ သို့သော် လင်ထင်အန်းတွင် ကျင့်ဝတ်ဆိုင်ရာအသိတော့ ရှိမှန်း ကျန်းယွင်ကျူး သိနေသည်။ အချိန်တန်ပြီး အားလုံး အခြေကျသွားရင်တော့ သူက ချင်ကျန့်ကို ဘာမှမလုပ်လောက်တော့ပါဘူး။

ချင်ကျန့်က မျက်မှောင်ကျုံ့လိုက်ပြီစး ခဏလောက် စဥ်းစားလိုက်၏။ သူမစိတ်ပူနေတာကို သူ နားလည်ပေမဲ့ သူက အကျိုးအမြတ် လိုချင်မှတော့ စွန့်စားမှုနည်းနည်းပါးပါး လုပ်ရမှာပေါ့။ ဟုတ်တယ်မလား။ သူသည် ချင့်ချိန်ကြည့်လိုက်ပြီးနောက် ပြဿနာမရှိကြောင်း ခံစားမိလိုက်သည်။

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေးချင်”

“ကျုပ်က မိန်းကလေးကျန်းကို ကျေးဇူးတင်ရမှာပါ”

သို့နှင့် စျေးကို အလွယ်တကူ ညှိနှိုင်းလိုက်တော့သည်။ နောက်ဆုံးတွင် ကျန်းယွင်ကျူးက ချင်ကျန့်အား သူမဝေစု၅ရာခိုင်နှုန်းကို လျန် ၁၅၀၀၀ အပြင် ထိုအိမ်၏ စျေးနှုန်းတန်ဖိုးနှင့် ရောင်းချလိုက်တော့သည်။

ကျန်းယွင်ကျူးသည် အစောကြီးကတည်းက အိမ်တစ်လုံး ဝယ်ချင်ခဲ့သော်လည်း သူမတွင် ငွေ မရှိခဲ့ပေ။ ချီရှန်းကျွီ၏ အနောက်ဘက်ခြံကို ရှင်းလင်းလိုက်ပြီးနောက်တွင် အလွန်မှ ကျယ်ဝန်းသွားခဲ့သည်။ သို့သော် အရှေ့နှင့် အနောက် ဆက်ထားပြီး အတွင်းပိုင်းတွင် တိတ်ဆိတ်နေသည့် တကယ့်အိမ်တစ်လုံးလိုတော့ မကောင်းပေ။ ကျန်းယွင်ကျူးက သည်နေ့ ရောက်လာချိန်တွင်တော့ သူမသည် ကိုယ်ပိုင်သီးသန့်နေရာတစ်ခု လိုအပ်သည်ကို သိလိုက်ရတော့သည်။

သူမသည် ချင်ကျန့်၏အိမ်တော်ကို တွေ့လိုက်ရပြီး အလွန်မှ သဘောကျသွားတော့သည်။

နှစ်ယောက်လုံးက သဘေားထားချင်းတိုက်ဆိုင်ကြလေသည်။

မကြာမီတွင် သူတို့နှစ်ယောက်က စာချုပ်သစ်တစ်ခုကို ရေးလိုက်ကြလေသည်။ ချင်ကျန့်က ကျန်းယွင်ကျူး၏ ဝေစုကို ရခဲ့ပြီး ကျန်းယွင်ကျူးက လျန်ငွေ ၁၅၀၀ အပြင် အိမ်စာချုပ်တစ်ခု၊ မြေစာချုပ်နှင့် အိမ်သော့ကို ရခဲ့သည်။

ချင်ကျန့် ပြန်သွားပြီးနောက်တွင် ကျန်းယွင်ကျူးသည် အိမ်စာချုပ်နှင့် မြေစာချုပ်ကို သူမကိုယ်ပိုင်နာမည်သို့ အရင်ဆုံး သွားပြောင်းလိုက်သည်။ ထို့နောက် သူမက လျန်ငွေ ၁၅၀၀ တန်လက်မှတ်ကို ကြည့်ပြီး အတွေးနစ်သွားတော့သည်။

ရွှယ်ကျင်းက သူမကို လုပြည်နယ်မှာ စားသောက်ဆိုင်တစ်ခု သွားဖွင့်ဖို့ အမြဲတမ်း မျှော်လင့်နေတာ။ ဒီငွေလျန် ၁၅၀၀ နဲ့ဆိုလောက်မှန်း သူမ သိတယ်။

ဒါပေမဲ့ လုပြည်နယ်ကို သွားရမှာလား။

လုပြည်နယ်ကိုသွားရင် အကျိုးရှိမှာ သေချာတယ်။ အဲဒီမှာ ကုန်ကြမ်းတွေ ပိုပေါတယ်လေ။ ပြီးတော့ စားသောက်ဆိုင်ဖွင့်ပြီးရင် သေချာပေါက် ငွေပိုရှာနိုင်မှာ။ ပြီးတော့ သူမက လုပြည်နယ် နဲ့ အရမ်းရင်းနှီးပြီးသား။ ချီရှန်းကျွီကို ဖွင့်ထားတာထက် အဲမှာ စားသောက်ဆိုင်တစ်ခုဖွင့်ရင် ပိုပြီးလွယ်ကူလိမ့်မယ်။

ဒါပေမဲ့ လုပြည်နယ်မှာ လင်ထင်အန်းနဲ့ သူမအိပ်မက်ထဲမှာ သိထားတဲ့လူတွေ နေကြတယ်။

ဒါဆို မြို့တော်ကို သွားရင်ကော ဘယ်လိုနေမလဲ။ သူမသည် မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ မြို့တော်က ၈လမ်းနဲ့ ၉လမ်းတွေက ရတနာတွေအပြည့်ပဲ။ အိပ်မက်ထဲမှာ သူမ အဲနေရာတွေကို ခဏခဏ ရောက်ခဲ့ဖူးတယ်။ အဲနေရာမှာ အနောက်တိုင်းက အထူးအဆန်းထုတ်ကုန် မျိုးစုံ၊ ပင်လယ်ဘက်ကလာတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ပငလယ်စာမျိုးစုံ၊ မြောက်ပိုင်းက တောင်ပေါ်က ဟင်းပွဲမျိုးစုံနဲ့ တောင်ပိုင်းက အသီးအနှံ ဟင်းသီးဟင်းရွက်မျိုးစုံရတယ်။ သူမက အဲနေရာမှာ စားသောက်ဆိုင်တစ်ခုဖွင့်ပြီး ညောင်စောင်းပေါ်မှာ လဲလျောင်းရင်း သံမဏိမြင်းရေခဲပြင်အကြောင်း အိပ်မက်မက်ရင်း မြို့တော်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရှုခင်းနှင့် နိုးထလာဖို့ အကြိမ်ကြိမ် စဥ်းစားခဲ့ဖူးတယ်လေ။

အဲဒီအချိန်တုန်းက သူမ လုပ်ချင်ခဲ့တာကို မလုပ်နိုင်ခဲ့တဲ့အတွက် နှမြောစိတ်နဲ့ပဲ လက်လျှော့ခဲ့ရတယ်။

အခုကျတော့ရော။

ဝူလင်စီရင်စုမှာပဲ စိတ်အေးလက်အေးနဲ့ နေတော့မှာလား။ ဒါမှမဟုတ် လုပြည်နယ်ကိုသွားမလား။ ဒါမှမဟုတ် မြို့တော်ကို သွားမလား။

ဘယ်ဟာပဲ ဖြစ်ဖြစ် အခု သူမမှာ ငွေရှိနေပြီလေ။ သူမရဲ့ဘဝနေထိုင်ပုံကို ပြန်ပြင်ရမယ်လို့ ခံစားမိတယ်။

ထိုသို့စဥ်းစားလိုက်ပြီး သူမက ထရပ်ကာ အမျိူးသမီးချန်ကို သွားရှာတော့သည်။

နောက်တစ်ရက်အတွင်အနားယူလိုက်ကြပြီး ကျန်းယွင်ရှို့အပါအဝင် အားလုံးက ချန်ရှီရွာသို့ ပြန်လာခဲ့ကြတော့သည်။

ကျန်းမိသားစုဝင်အားလုံးက အတူတူထိုင်လိုက်ကြပြီး ကျန်းယွင်ကျူးကို ကြည့်လိုက်ကြလေသည်။ သူမက ဒီနေ့ သူတို့အားလုံးကို ခေါ်ထားတာလေ။ တစ်ခုခုများ ဖြစ်လို့လား။

ကျန်းယွင်ကျူးက ပြောလိုက်၏။

“ အနာဂတ်အတွက် ဘယ်လိုစဥ်းစားထားလဲဆိုတာ အားလုံးကို မေးချင်လို့ပါ၊ သမီးရွာက ထမင်းဘူးလုပ်ငန်းကို နားလိုက်ချင်တယ်”

ထိုစကားများက ထွက်လာသည်နှင့်တစ်ပြိုက်နက် တချို့က အံ့ဩသွားပြီး တချို့က မျှော်လင့်ထားပြီးဖြစ်ကာ တချို့က သက်ပြင်းချလိုက်ကြသည်။

“ယွင်ကျူး သမီးဆုံးဖြတ်ပြီးပြီလား”

ကျန်းချိန်က မေးလိုက်၏။

“အင်း”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။ ရွာက ထမင်းဘူးလုပ်ငန်းသည် အခုတော့ သူမအတွက် မရှိလည်း ဖြစ်သည့်လုပ်ငန်းပင်။ လိုအပ်လာလျှင် နားရလိမ့်မည်။

အားလုံးက နှုတ်ဆိတ်နေကြ၏။

“ အဘိုးကတော့ ဒီမှာပဲနေတော့မယ်”

အဘိုးချန်က ခဏလောက်စဥ်းစားလိုက်ပြီးနောက် သူ့မုတ်ဆိတ်မွေးကို သက်ကာ ပြောလိုက်လေသည်။ သူ့ရဲ့ လက်ရှိဘဝကို အရမ်း သဘောကျတယ်လေ။ ပန်းပင်စိုက်၊ မြက်ရှင်း နဲ့ သူ့အိုလာပြီဖြစ်တဲ့ အသက်ကို အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးနေတာ။ ကျန်းယွင်ကျူးနဲ့ အိမ်ကလူတွေက သူ့ကို မကြာခဏဆိုသလို ပြန်လာတွေ့ကြတော့ ပိုကောင်းတာပေါ့။

စည်ကားတဲ့စီရင်စုမြို့ကတော့ သူနဲ့ ဘာမှမဆိုင်သလိုပါပဲ။

ကျန်းချိန်က သူ့ဘဝနှင့် ပတ်သက်ပြီး စဥ်းစားထားပြီးသားဖြစ်သည်။ သူက ငွေစုပြီး နောက်ထပ်လားနနဲ့ လှည်းတွေကို ဝယ်မယ်။ နောက်ပိုင်းကျရင် ရွှီချင်ရှန့်နဲ့အတူတူ သူတို့က ဝူလင်စီရင်စုက အငှားယာဥ်လုပ်ငန်းရဲ့ ထိပ်ဆုံးကလူတွေ ဖြစ်လာလိမ့်မယ်။ လုပ်ငန်းလမ်းကြောင်း ၃၀၆ကြောင်းမှာ လမ်းကြောင်းတိုင်းက နံပါတ်တစ်ကျောင်းသားတစ်ယောက် ရထားတယ်လေ။ ကျန်းယွင်ကျူးရဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ကတော့ သူမကိုယ်တိုင်ရှာထားတဲ့ ငွေတွေပဲ။ သူ့မှာ သမီးဖြစ်သူကို မထောက်ပံ့ပေးနိုင်ခဲ့လို့ အရည်အချင်းမရှိတဲ့ အဖေတစ်ယောက် ဖြစ်ခဲ့ရပြီးပြီလေ။ ဒီတော့ သူက သူမရဲ့ငွေကို မလိုချင်ပါဘူး။

အိမ်လား။ ဒီနေရာမှာ အဘိုးချန်နဲ့ နေတာက အဆင်ပြေနေတာပဲ။ လူကြီးက အသက်ကြီးပြီ။ တစ်ယောက်ထဲ နေနေရတာလေ။ သူ စိတ်မချနိုင်ဘူး။

အင်း။ နောက်ပိုင်း သူ့မှာ ငွေရှိလာရင်တော့ အဘိုးချန်နေဖို့ ပိုကြီး ပိုကောင်းတဲ့အိမ်တစ်လုံး ဆောက်လိုက်အုံးမယ်။

နောက်ဆုံး သူက ချန်ရှီရွာမှာပဲ နေတော့မှာပဲ။ လှည်းမောင်းပြီး လုပ်ငန်းလုပ်ရတာလည်း အဆင်ပြေတယ်လေ။ ပြီးတော့ နေရာကလည်း ကျယ်ဝန်းတယ်။

အမျိုးသမီးချန်ကတော့ ကျန်းချိန်နှင့် အတူတူ နေချင်သည်က အမှန်ပင်ဖြစ်သော်လည်း ကျန်းယွင်ကျူးက အကူအညီလိုလျှင် သူမက သူ့(မ)ကို အမြဲကူညီပေးရလိမ့်မည်။

“ ကျွန်တော် ၊ ကျွန်တော်ကတော့ စာပဲဆက်လေ့လာတာ ပိုကောင်းမယ်”

ကျန်းလင်က ပြောလိုက်၏။ ကျန်းယွင်ကျူးရှေ့တွင် မျက်နှာမပျက်ရလေအောင် သူသည် နေ့တိုင်း အတန်းကို ဂရုတစိုက်တက်ပြီး စာကြိုးခဲ့သည်။ ဆရာက သူ့ကို မကြာခဏဆိုသလို ချီးကျူးပေးတတ်ပြီး သူသည်လည်း စာလေ့လာရသည်ကို တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။

ကျန်းယွင်ရွှယ်အတွက်တော့ စာလေ့လာချင်မည်က ပြောရန်ပင်မလိုချေ။ သည်ကိစ္စနှင့်ပတ်သက်ပြီး ကျန်းယွင်ကျူးက ချင်ကျန့်ကို စဥ်းစားမိလိုက်သည်။ အခုတော့ သူမမှာ အဖြေတစ်ခု ရလာပြီထင်ပါတယ်။ နောက်မှ စမ်းကြည့်ရမယ်။

ကျန်းဝူကတော့ အရမ်းငယ်သေးတော့ ထားလိုက်ပါအုံးမယ်။

အားလုံးက သူတို့၏ကိုယ်စီအတွေးများကို ပြောပြလိုက်ကြပြီး ကျန်းယွင်ကျူး၏စိတ်ထဲတွင် အတွေးတစ်ခု ရလာတော့သည်။

“ နောက်ပိုင်းကျရင် သမီးက လုပြည်နယ် ဒါမှမဟုတ် မြို့တော်ကို သွားချင်တယ်ဆိုရင် အဖေတို့ သဘောကရော” သူမက မေးလိုက်၏။

ပြောရန်ပင်မလိုချေ။ အဘိုးချန်၊ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး အနည်းငယ် ရှက်သွားကြတော့သည်။ သူတို့ရဲ့သမီးက အရည်အချင်းရှိတယ်လေ။ သူတို့တွေက သူမကို မကူညီပေးနိုင်မှာ စိုးမိတယ်။

ကျန်းယွင်ကျူးကလည်း သူမ သွားမည်ဆိုလျှင် တစ်ယောက်တည်း သွားရမည်ကို နားလည်လေသည်။

အားလုံးတွင် ကိုယ်ပိုင်ဘဝ ရှိကြသည်ပဲ။ တခြားသူတွေက ဘယ်သူကမှ ကိုယ့်ဟာကို စွန့်လွှတ်ပေးဖို့ မသင့်ပါဘူး။ တခြားလူတွေက ငွေပိုရှာနိုင်လို့ပဲဖြစ်ဖြစ် ဆွေမျိုးတွေ ဖြစ်နေလို့ပဲဖြစ်ဖြစ် ဒါက တော့ မဟုတ်သေးဘူးလေ။ ကျန်းယွင်ကျူးက နားလည်ပါသည်။

ကျန်းယွင်ရှို့က အစမှ အဆုံးအထိ စောင့်ကြည့်လာပြီး သူမ၏စိတ်ထဲတွင် အထင်သေးနေလေသည်။ ဒီလူတွေက ဒီလောက်သေးငယ်တဲ့ ရည်မှန်းချက်လေးပဲ ရှိတာပဲ။ လုပြည်နယ်က ဘယ်လောက်တောင် ပေါများကြွယ်ဝပြီး အန်းဖင်နယ်စားအိမ်တော်မှာ ဘာတွေစားကြလဲဆိုတာ သိပါ့မလား။ သူတို့တွေ ဘာမှမသိပါဘူး။

သနားစရားတဲ့ ကြမ်းပိုးတစ်အုပ်ပဲ။

သူမသည် ကျန်းယွင်ကျူးက လုပြည်နယ် သို့မဟုတ် မြို့တော်အကြောင်းကို ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင်တော့ သူမသည် အနည်းငယ် မသက်မသာဖြစ်သွားတော့သည်။

သည်အချိန်တွင် အမျိုးသမီးချန်က သူမကို သတိထားမိသွားပြီး ပြောလိုက်လေသည်။

“ယွင်ရွှယ် အခု သမီးကို ပြန်ရွေးရမဲ့ငွေက ဘယ်လောက်လဲ၊ အမေတို့တွေ ငွေစုပြီးတာနဲ့ သမီးကို ပြန်ရွေးပေးမယ်လေ”

ပြီးခဲ့သည့် နှစ်ရက်အတွင်းတွင် ကျန်းယွင်ရှို့သည် အန်းဖင်နယ်စားအိမ်က သူမ၏ကြွယ်ဝသည့်ဘဝကို မကြာခဏဆိုသလို ကြွားလုံးထုတ်ခဲ့သော်လည်း အမျိုးသမီးချန်ကတော့ လူများကို အလုပ်အကျွေးပြုရခြင်းဟုသာ ခံစားမိလေသည်။ အထူးသဖြင့် သခင်က ကျန်းယွင်ရှို့တို့လို ဆန္ဒအလျောက် ရောင်းချထားသူများကို သ-တ်နိုင်သည်ဟု ကြားလိုက်ရသောကြောင့်ပင်။

ဒီတော့ သူမကို ပြန်ရွေးလိုက်တာက ပိုကောင်းတယ်။ ဒါမှပဲ သူမလည်း လက်ထပ်ချင်တဲ့သူကို ရှာပြီး ယောက်ျားနဲ့ကလေးနဲ့ သာမန်မိန်းကလေးတစ်ယောက်လို နေနိုင်မှာ။

ဒါသည် အမျိုးသမီးချန်၏ စိတ်ရင်း ဖြစ်သော်လည်း ကျန်းယွင်ရှို့ကတော့ သည်စကားကို ကြားလိုက်ချိန်တွင် ဒေါသထွက်သွားတော့သည်။ သူတို့တွေက သူမကို သာမန် လယ်သမားတစ်ယောက်နဲ့ လက်ထပ်ပြီး ကျန်တဲ့တစ်ဘဝလုံးကို ရွာမှာပဲ နေသွားစေချင်တာပေါ့လေ။

အိပ်မက်ထဲမှာ သူမက သူတို့ရဲ့စကားကိုနားထောင်ခဲ့လို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရတာ။

အခု သူမမှာ အန်းဖင်နယ်စားအိမ်တော်ထဲ ဝင်နိုင်ခဲ့ပြီး အကြီးသခင်လေး သဘောကျတာကို ခံနေရပြီလေ။ သူမက ဘယ်လိုလုပ် ပြန်လာချင်မှာလဲ။

သို့သော် သူမ၏မျက်လုံးများက မသိမသာ ဝေ့ဝဲနေပြီး

“အမေ လျန်၂၀လောက် ကုန်မယ်ထင်တယ်”

သူမအတွက် ငွေနည်းနည်းပါးပါး အလကားရလည်းကောင်းတာပေါ့။

“လျန် ၂၀”

အမျိုးသမီးချန်သည် အနည်းငယ်အံ့ဩသွားသော်လည်း ချက်ချင်း တည်ငြိမ်အောင် ကြိုးစားလိုက်ကာ

“အင်းပါ”

ကျန်းချိန်၏လက်ရှိ ငွေနှုန်းနှင့်ဆိုလျှင် လျန်၂၀ ကထိုမျှလောက် မခက်ခဲတော့ပေ။

ကျန်းယွင်ရှို့သည် သူမက တောင်းသည့်ပမာဏ နည်းသွားသဖြင့် နောင်တရသွားတော့သည်။

အားလုံး လူခွဲလိုက်ကြပြီးနောက် ကျန်းယွင်ကျူးက အဘိုးချန်ကို သပ်သပ်သွားတွေ့လိုက်ပြီး သူမက အိမ်ကို ဝယ်ကာ သူ့အား ပေးချင်ကြောင်း ပြောလိုက်သည်။

“ ဘယ်ဖြစ်မလဲ”

အဘိုးချန်က ခေါင်းတွင်တွင်ခါလိုက်လေသည်။ ဒီအိမ်က လျန် ၆၀-၇၀လောက်ကျမှာ။ ငှားနေတာပဲ ကောင်းပါတယ်။

“အဘိုး သမီး အဘိုးကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်၊ သိပ်မကြာခင်က သမီး အပြင်မှာ ငွေအများကြီး ရခဲ့တယ်၊ ဒီအိမ်ကို သမီးက ကျေးဇူးဆပ်တာလို့ သဘောထားလိုက်နော်” ကျန်းယွင်ကျူးက ပြောလိုက်၏။

“လိမ္မာလိုက်တာ ကလေးရယ်၊ သမီးရဲ့စိတ်ထဲမှာ ရှိတယ်ဆိုရင်ဘဲ တော်ပါပြီ”

အဘိုးချန်က သူမထံမှာ နောက်ထပ်အပိုငွေများ မလိုချင်တော့ပေ။ သူက ထိုသို့သာပြောလိုက်လေသည်။

သို့သော် ကျန်းယွင်ကျူးက သည်အိမ်ကိုဝယ်ဖို့ရာ ဆုံးဖြတ်ထားပြီးဖြစ်လေသည်။

သူမက အဘွားဖုန်းကို ကိုယ်တိုင် သွားတွေ့လိုက်ပြီး သူတို့က အိမ်ရောင်းချင်သည့် ဆန္ဒရှိမရှိ မေးလိုက်တော့သည်။

ဖုန်းမိသားစုသည် အိမ်အသစ် ဆောက်ပြီးဖြစ်သည်။ သည်အိမ်ကို ဆက်သိမ်းထားလည်း အသုံးမဝင်တော့ပေ။ သူတို့သည် အိမ်ရောင်းဖို့ အမှန်ပင် ဆန္ဒရှိနေလေသည်။

ကျန်းယွင်ကျူးက သူမတို့၏မိသားကို လက်ခံပေးခဲ့သည့် လူကြီးတို့၏စေတနာကို ကျေးဇူးတင်ရပြီး သူမက စျေးအနည်းငယ် ပိုပေးကာ လျန် ၇၀ ပေးလိုက်လေသည်။

အဘွားဖုန်းက မလိုချင်ခဲ့ပေ။

နောက်ဆုံးတွင် နှစ်ယောက်သားက ၆၈လျန်ကို မင်္ဂလာရှိသည့် ဂဏန်းအဖြစ်မှတ်ယူပြီး သဘောတူလိုက်ကြသည်။

ချက်ချင်းပင် ကျန်းယွင်ကျူးသည် ငွေကို ထုတ်ပေးလိုက်ပြီး အိမ်စာချုပ်နှင့် မြေစာချုပ်တို့ကို ရလာခဲ့သည်။

သူမက အမျိုးသမီးဖုန်းနှင့် ခဏလောက် စကားပြောလိုက်ပြီးနောက် ဖုန်းအိမ်မှ ပြန်လာခဲ့တော့သည်။

အဘွားဖုန်းက လေးစားအားကျသည့်စိတ်ဖြင့် သူမ၏ကျောပြင်ကို ကြည့်နေလိုက်လေသည်။ သူမက ဒီလိုနဲ့ အိမ်တစ်လုံးတောင် ဝယ်နိုင်ခဲ့ပြီပဲ။ သူမမှာ ဒီငွေထက် ပိုပိုလျှံလျှံရှိတာ သိသာတယ်။

အိုကွယ်။ သူမမှာလည်း ဒီလိုသမီးမျိုး တစ်ယောက်လောက် ရှိရင်ကောင်းမှာပဲ။

သူမရဲ့ဗိုက်က မစွမ်းဆောင်နိုင်တော့ဘဲ မွေးထားတာတွေကလည်း သားတွေပဲ ဖြစ်နေတာတော့ နှမြောစရာပဲ။

အခုတော့ ချွေးမတွေကပဲ မြေးမအလိမ်မာလေးတစ်ယောက်လောက် မွေးပေးဖို့ မျှော်လင့်ရတော့မယ်။

တခြားမိသားစုမျာက မြေးတစ်ယောက် ရဖို့ မျှော်လင့်နေကြစဥ် အဘွားဖုန်းကတော့ မြေးမလေးတစ်ယောက် ရဖို့ရန် မျှော်လင့်နေတော့သည်။

ကျန်းယွင်ကျူး အိမ်ပြန်ရောက်လာချိန်တွင်တော့ သူမက အဘိုးချန်အား အိမ်နှင့် မြေစာချုပ်ကို ပေးလိုက်လေသည်။

“ သမီး ဝယ်လိုက်ပြီလား၊ မြန်လိုက်တာကွယ်”

အဘိုးချန်က အလန့်တကြားဖြစ်သွားတော့သည်။ ထို့နောက် သူက ပြောလိုက်၏။

“အဘိုးကို မပေးပါနဲ့၊ သမီးရဲ့နာမည်နဲ့ လုပ်ထားတာဖြစ်ဖြစ်၊ သမီး အဖေ ဒါမှမဟုတ် အမေရဲ့နာမည်လုပ်ထားလိုက်” သူကတော့ နေရဖို့ နှစ်လည်းသိပ်မကျန်တော့ပါဘူး။

“အဘိုး အိမ်ကို အဘိုးရဲ့နာမည်အောက်မှာပဲ ထားခွင့်ပေးပါ၊ ဒါမှ သမီး စိတ်အေးနိုင်မှာ”

ကျန်းယွင်ကျူးသည် ကျန်းချိန်တွင် သူ့အမေနှင့် အစ်ကိုရှိနေသေးသည်ကို မှတ်မိနေသည်။ ချန်ဖုန်းက လူတွေအားလုံးက ထွက်ပြေးလာကြပြီလေ။ သခင်မကြီးကျန်းနဲ့ ကျန်းဟိုင်တို့အဖွဲ့လည်း ထွက်လာပြီးလောက်ပြီ။

သူတို့တွေက ကျန်းချိန်နဲ့ မတွေ့လောက်ဘူးဆိုပေမဲ့ ‘အကယ်၍များ’ ဖြစ်လာခဲ့ရင်ဆိုတာက ရှိသေးတယ်မလား။

သူတို့တွေက တွေ့ခဲ့ကြရင် နောက်ထပ် မဆုံးနိုင်တဲ့ တရားစွဲဆိုမှုတွေ ဖြစ်လာအုံးမယ်။

အိမ်ကို အဘိုးချန်ရဲ့နာမည်အောက်မှာပဲ ထားတာက ပြဿနာတော်တော်များကို ရှောင်နိုင်လိမ့်မယ်။ လူကြီးအနေနဲ့ အားကိုးစရာတစ်ခုခုတော့ ရှိရမယ်လေ။ အိမ်တစ်လုံးက ‘အားကိုးရာ’ ဆိုတဲ့အတိုင်းအတာကို မရောက်နိုင်ပေမဲ့ အဘိုးချန်ကို သည်နေရာမှာ တရားဝင်နည်းလမ်းတစ်ခု နေခွင့်ရစေပြီး သူ့လူအိုဘဝကိုလည်း အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးနိုင်တာပေါ့။

အဘိုးချန်က ကျန်းယွင်ကျူး၏ စိတ်ကူးများကို နားလည်သွားပြီးနောက် သူ့ရင်ထဲတွင် လှုပ်ရှားသွားတော့သည်။ ဒီကလေးက အရမ်းတော်တာပဲ။

ပြီးတော့ သူမက သူ့အတွက် အများကြီးတွေးပေးခဲ့တယ်...

“ အဘိုးက သမီးကို မကူညီပေးနိုင်တာပဲ အားနာမိပါတယ်”

အဘိုးချန်က သက်ပြင်းချလိုက်လေသည်။ မဟုတ်လျှင် သူသည် သူမကို သေချာပေါက် စောင့်ရှောက်ပေးလိမ့်မည်။

“အဘိုး ဘာတွေပြောနေတာလဲ၊ ကျန်းကျန်းမာမာသာ နေနော်၊ သမီး မကြာမကြာ ပြန်လာတဲ့အခါ အဘိုးကို တွေ့ရတာ ဝမ်းသာတယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ ဒီလောကမှ ဆွေးမျိုးတွေ ရှိတာ ကံကောင်းခြင်းတစ်ခုပဲလေ။

“ ဒါဆို သမီး အားတဲ့အချိန်ကျရင် ပြန်လာပြီး အဘိုးကို လာတွေ့ပေါ့၊ အဘိုးက သမီး လက်ဖက်ရည်လုပ်ဖို့ ပန်းတွေ စိုက်ထားပေးမယ်”

ပြီးခဲ့သည့်အခေါက်က အဘိုးချန်က ပန်းအများကြီး စိုက်ထားသည်ကို တွေ့ရသဖြင့် ကျန်းယွင်ကျူးက သူ့ပန်းများနှင့် လက်ဖက်ခြောက် လုပ်ချင်သည်ဟု ဟာသနှောကာ ပြောခဲ့ဖူးသည်။ အဘိုးချန်က စိတ်ထဲတွင် မှတ်မိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ဟုတ်ကဲ့”

ထို့နောက် သူမက ကျန်းချိန်ကို သွားရှာလိုက်ပြီး သူ့ကို ငွေလက်မှတ်တစ်စောင် ပေးလိုက်လေသည်။ လျန်ငွေ ၁၀၀ တန် ငွေလက်မှတ်တစ်ရွက် ဖြစ်သည်။ ဒါသည် ကျန်းချိန်၏ဆန္ဒအားလုံးကို မဖြည့်ဆည်းပေးနိုင်သော်လည်း သူ့အတွက် အားထုတ်မှု သက်သာစေမည်။

“ သမီး ဒီလောက်ငွေအများကြီး ဘယ်ကရခဲ့တာလဲ” ကျန်းချိန်သည် အထိတ်တလန့် ဖြစ်သွားတော့သည်။

ကျန်းယွင်ကျူးက ခုနက အဘိုးချန်ကို ပြောခဲ့စကားများကို ထပ်ပြောလိုက်လေသည်။

“ယွင်ကျူး သမီး...”

ကျန်းချိန်က တုံ့ဆိုင်းနေတော့သည်။

“အဖေ သမီး တရားမဝင်တာ ဘာမှမလုပ်ပါဘူး၊ ငွေက သမာအာဇီဝနည်းလမ်းနဲ့ ရခဲ့တာပါ”

ကျန်းယွင်ကျူးက ပြောပြလိုက်လေသည်။

ကျန်းချိန်သည် စိတ်အေးသွားသော်လည်း ငွေကိုတော့ လက်မခံနိုင်ပေ။

“အဖေ ယူထားလိုက်ပါ၊ ငွေများများ ထည့်လေလေ ငွေပိုရှာနိုင်လေလေပဲ ၊ အဖေ ငွေရှာပြီးမှ သမီးကို ပြန်ပေးလေ၊ ဟုတ်ပြီလား” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ကျိုးကြောင်းသင့်တယ်ဆိုပေမဲ့....

“အဖေ တစ်ဆင့်ချင်းပေါ့၊ လားတစ်ကောင်နဲ့ လှည်းတစ်စီးအရင်ဝယ်လိုက်၊ ပြီးမှ ဖြည်းဖြည်းချင်း ချဲ့ထွင်ပေါ့” ကျန်းယွင်ကျူးက တိုက်တွန်းလိုက်၏။

“ ဟုတ်ပါပြီ” ကျန်းချိန်သည် ပုံမှန်အတိုင်း ကြိုးစားတတ်သူဖြစ်သည်။

သို့သော် သူက ချက်ချင်းဆိုသလို နောက်ကိစ္စတစ်ခုကို သတိရသွားတော့သည်။

“သမီးရဲ့အမေက ယွင်ရှို့ကို ပြန်ရွေးပေးဖို့ အမြဲတမ်း စိတ်ကူးလာတာ....”

သူက ငွေကို လားတစ်ကောင်နဲ့ လှည်းတစ်စီး ဝယ်ဖို့ သုံးလိုက်ရင် အမျိုးသမီးချန်က သဘောတူပါ့မလား။

ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ဒါလည်း အဆင်ပြေပါတယ်၊ အဖေကိုယ်တိုင် အန်းဖင်နယ်စားအိမ်တော်ကို သွားမှရမယ်၊ အဖေက သူ့ကို ရောင်းထားတဲ့ စာချုပ်ရမှ ဒီငွေကို သုံးလို့ရမှာ”

ကျန်းယွင်ကျူးသည် ကျန်းယွင်ရှို့က အန်းဖင်နယ်စားအိမ်တော်မှ ထွက်လာဖို့ လုံးဝဆန္ဒရှိလိမ့်မည်ဟု မယုံကြည်ပေ။

ကျန်းချိန်သည် သူမ၏စကားများထဲက အဓိပ္ပာယ်ကို ခံစားမိလေသည်။

“သမီးရဲ့ သဘောက...”

“အဖေ မေးကြည့်လိုက်ရင် သိလာပါလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် အာမခံဌာနခေါင်းဆောင်လီက လုပြည်နယ်နဲ့ ဝူလင်မြို့ကို ခဏခဏ ခရီးသွားနေတာပဲ၊ အဖေသွားချင်ရင် သွားလို့လွယ်ပါတယ်”

ကျန်းယွင်ကျူးက ပြောလိုက်လေသည်။

ကျန်းချိန်က ခဏလောက် နှုတ်ဆိတ်သွားပြီး

“ အဖေ နားလည်ပြီ”

ကျန်းယွင်ကျူးသည် စိတ်အေးသွားတော့သည်။ ကျန်းချိန်က အမျိုးသမီးချန်နှင့် မတူပေ။ အမျိုးသမီးချန်က စိတ်ခံစားလွယ်ပြီး အလွယ်တကူ အလိမ်ခံရနိုင်သည်။ ထို့ကြောင့် သူမက ထိုအကြောင်းကို ကျန်းချိန်အား ပြောရခြင်းပင်။

ထိုအကြောင်းကို ပြောလိုက်ကြပြီးနောက် ကျန်းချိန်က ကိစ္စတစ်ခုကို စဥ်းစားမိလိုက်ပြီး

“ ရွာက ထမင်ဘူးလုပ်ငန်းကို နားတော့မယ်ဆိုတော့ တန့်သယ်ပေါင်းနဲ့ ဖန်းမိသားစုကရော”

“တန့်သယ်ပေါင်းနဲ့ သမီးက ချီရှန်းကျွီကို ပြန်ရလိမ့်မယ်၊ ဖန်းမိသားစု လင်မယားကတော့ သူတို့ရဲ့ အတွေးကို မေးကြည့်လိုက်အုံးမယ်၊ သူတို့က မြို့မှာ အလုပ်လုပ်ချင်ရဲ့လားလို့လေ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

ကျန်းချိန်က ပြောလိုက်၏။

“တကယ်တော့ စစ်ဖန်းက လှည်းမောင်းတော်တဲ့သူပဲ”

“အဖေ့သဘောက သူ့ကို လှည်းမောင်းဖို့ အဖေနဲ့ခေါ်ထားချင်တာလား” ကျန်းယွင်ကျူးက မေးလိုက်၏။

“ သူ့သဘောထားကို အရင်မေးကြတာပေါ့” ကျန်းချိန်က ပြောလိုက်သည်။

သူက လောင်စစ်ဖန်းနှင့် သူ့မိန်းမကို ချက်ချင်းခေါ်လိုက်လေသည်။

လောင်စစ်ဖန်းနှင့် သူ့မိန်းမတို့သည် ကျန်းယွင်ကျူးက ထမင်းဘူးလုပ်ငန်းကို နားချင်သည့်အကြောင်း ကြားထားပြီး ဖြစ်ကြသည်။ သူတို့သည် စိတ်ပျက်အားလျော့နေကြချိန်တွင် သူတို့သည် မြို့တွင် အလုပ်လိုသလား သို့မဟုတ် ကျန်းချိန်နှင့် လှည်းမောင်းလိုသလားဟု ကျန်းယွင်ကျူးက မေးလာသည်ကို ရုတ်တရက် ကြားလိုက်ရတော့သည်။ သူတို့သည် သွားရမည့်လမ်းကို ပြန်ရှာတွေ့သွားသယောင်။

သေသေချာချာ တိုင်ပင်လိုက်ကြပြီးနောက် လောင်စစ်ဖန်းက ရွာတွင်သာ နေပြီး ကျန်းချိန်၏လှည်းကို ကူမောင်းရင်း ငွေရှာဖို့ဆုံးဖြတ်လိုက်တော့သည်။

ကျန်းယွင်ကျူးက နားလည်လေသည်။

တန့်သယ်ပေါင်းမှာ အလွန်မှ စိတ်လှုပ်ရှားသွားတော့သည်။ ဟိုတုန်းက ကျန်းယွင်ကျူးက ပြောခဲ့တယ်လေ။ ရွာမှာ သုံးနှစ်လောက် လုပ်ပြီးမှ မြို့ပေါ်ကို ခေါ်ပေးမယ်လို့ပေါ့။ ဘုရားရေ။ အခုတော့ သူက နှစ်လကျော်ကျော်ပဲ လုပ်ရသေးတယ်၊ မြို့ပေါ်ကို တက်နိုင်ပြီတဲ့လား။ သူက ရွှယ်ကျင်းထက်တောင် ကံကောင်းသေးတာပဲ။

သူသည် ကျန်းယွင်ကျူးနောက် လိုက်လာပြီး လျှာဖျားက ‘သူဌေး’ဟူသည့်စကားကိုမချဘဲ ကျန်းယွင်ကျူးကို မြှောက်ပင့်ထားတော့မတတ်ပင်။

နေ့လယ်စာစားပြီးနောက် ကျန်းယွင်ကျူးက မြို့သို့ ပြန်ရန် စိတ်ကူးလိုက်သည်။ ဒီတစ်ခါတော့ ပြီးခဲ့တဲ့တစ်ခေါက်ကလို အချိန်မဆွဲတာ ပိုကောင်းမယ်။

သည်တစ်ကြိမ်တွင်လည်း လူတချို့က ရောက်လာပြန်သည်။ _ ကုယုံသယ်၊ သက်လတ်ပိုင်း လင်မယားနှစ်ယောက်နှင့် ကုချီဖုန်းတို့ ဖြစ်လေသည်။

“သူကြီး”

ကျန်းချိန်နှင့် ကျန်လူများက သူ့ကို အပြေးအလွှားထွက်ကြိုကြသည်။

အားလုံးက နှုတ်ဆက်လိုက်ကြပြီးနောက် ကုယုံသယ်က သူတို့လာရင်းကိစ္စကို ရှင်းပြလိုက်လေသည်။ သူ့ကို လူတစ်ယောက်က အကူအညီ တောင်းထားသဖြင့် ကျန်းယွင်ကျူးကို လာရှာခဲ့ခြင်းပင်။

သူ့ကို သက်လတ်ပိုင်း လင်မယားဖြစ်ကြသည့် သူ့ညီနှင့် ခယ်မလေးတို့က အကူအညီတောင်းခဲ့ခြင်းပင်။ ကုချီဖုန်းသည် နှစ်သစ်ကူးကာလအတွင်း ကျန်းယွင်ကျူးနှင့် လုပြည်နယ်သို့ သွားခဲ့ပြီးကတည်းက သူသည် ကျန်းယွင်ကျူးနှင့် အလုပ်လုပ်ချင်သည်ဟု ဆုံးဖြတ်လိုက်လေသည်။

သည်ရက်ပိုင်းတွင် သူသည် ရွာက ထမင်းဘူးလုပ်ငန်းကို အများအပြားကူညီပေးခဲ့သည်။

သည်နေ့ ကျန်းယွင်ကျူးက ထမင်းဘူးလုပ်ငန်းကို နားတော့မည်ဟု ကြားလိုက်သဖြင့် သူသည် ချက်ချင်း စိတ်ပူလာတော့သည်။

အမှန်တွင်တော့ ကုမိသားစုနှင့် သူ့မိန်းက ကုချီဖုန်း စာလေ့လာသည်ကို စိတ်မဝင်စားသည့်ကိစ္စကို ဖြည်းဖြည်းချင်းမှ လက်ခံခဲ့ကြလေသည်။ ထို့အပြင် ကျန်းယွင်ကျူးသည် အမှန်ပင် အရည်အချင်းရှိသူ ဖြစ်သည်။ သုံးလမပြည့်ခင်မှာပင် သူမသည် မြို့၌ အခိုင်အမာအခြေချခဲ့သည်။ သူတို့သည် ကုချီဖုန်းကို အချိန်ဆွဲမိမည်စိုးသဖြင့် ကျန်းယွင်ကျူးနှင့်တွေ့ရန် ကုယုံသယ်ကို အကူအညီတောင်းခဲ့ကြသည်။

သူမက ကုချီဖုန်းကို ငှားပေးနိုင်မလားဟု မေးဖို့ရန်ပင်။

“ ဘာလစာမှ မလိုပါဘူး၊ သူ့ကို မိန်းကလေးဆီက ပညာနည်းနည်းပါးပါး လေ့လာခိုင်းရင်ပဲ ကျွန်တော်တို့က ကျေနပ်နေပါပြီ” ကုမိသားစုလင်မယားက ပြောလေသည်။

“သူ့အသက်က....” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ကျွန်တော် မငယ်တော့ပါဘူး”

ကုချီဖုန်းသည် လတ်တလောတွင် သူ့အသံပြောင်းသည့် ကာလထဲဝင်လာသည်ထင်သည်။ သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ယောကျ်ားရင့်မာကြီးအသံတစ်ခုဖြင့် ပြောလိုက်တော့သည်။

အမှန်တွင်တော့ သည်ခေတ်တွင် အသက် ၁၄နှစ်က မငယ်တော့ပေ။ ကျန်းယွင်ကျူးဆို သူ့ထက် ၃နှစ်သာကြီးလေသည်။

ကျန်းယွင်ကျူးက သူ့ကို သဘောကျသည်။ သူ့တွင် စိတ်ကူးစိတ်သန်းများရှီပြီး ကြိုးစားလုပ်ကိုင်ရဲပြီး လီဟယ်၏ အသေးစိတ်မှု၊ ရိုးသားမှုတို့နှင့် လိုက်ဖက်လေသည်။

သူမက ကုမိသားစု လင်မယားနှင့် ကုယုံသယ်ကို ကြည့်လိုက်၏။

“ သူ့ကို ခေါ်ထားပြီး မိန်းကလေးအတွက် တောက်တိုမယ်ရ လုပ်ခိုင်းလိုက်ပါ၊ စကားနားမထောင်ရင် တခြားသူနဲ့ ရိုက်ခိုင်းလည်းရတယ်” ကုယုံသယ်က ပြောလိုက်သည်။

ကုမိသားစုက ခေါင်းညိတ်လေသည်။

သူတို့သည် ထိုသို့ ပြောလိုက်ကြသဖြင့် ကျန်းယွင်ကျူးက ပြောလိုက်တော့သည်။

“ကောင်းပါပြီ၊ ဒါဆို သူ့ကို ချီရှန်းကျွီမှာ အလုပ်လုပ်ခိုင်းလိုက်ပါ”

အားလုံးက ဝမ်းသာသွားကြလေသည်။

ကျန်းယွင်ရွှယ်၏ ကိစ္စကို စိတ်ထဲမှတ်ထားလိုက်ပြီး ကျန်းယွင်ကျူးက တန့်သယ်ပေါင်းနှင့် ကုချီဖုန်းတို့ကို မြို့သို့ခေါ်လာခဲ့သည်။

ချီရှန်းကျွီသည် နောက်ထပ်လူနှစ်ယောက် ရောက်လာခဲ့လေသည်။

တန့်သယ်ပေါင်းနှင့် ရွှယ်ကျင်းတို့ တွေ့လိုက်ချိန်တွင် နှစ်ယောက်သားသည် ပြောစရာများ မကုန်နိုင်တော့ပေ။

ကုချီဖုန်းက သူလုပ်ရမည့်အလုပ် ပို နားလည်သွားသယောင် လီဟယ်နောက် လိုက်သွားခဲ့သည်။ ပါးစပ်ဖွင့်လိုက်တိုင်း ပိတ်လိုက်တိုင်း အယောက်တိုင်းကို ‘အစ်ကိုကြီး’ဟု ခေါ်နေပြီး သူ့ပါးစပ်တွင် ပျားရည်များ ပေကျံနေသယောင်။

သူက ပါးနပ်ပြီး ဝီရိယရှိသည်ကို တွေ့လိုက်ရသဖြင့် လီဟယ်က သူ့ကို လိုလိုချင်ချင် ခေါ်ထားလေသည်။

နောက်ထပ်ရောက်လာသည့် နှစ်ယောက်နှင့်ဆိုလျှင် ကျန်းယွင်ကျူးသည် စိတ်အေးလက်အေးဖြင့် တာဝန်ခံ လုပ်နိုင်မည်ထင်သည်။

သူမက အိမ်အသစ်ကို အရင်ဆုံး သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

လိပ်စာအတိုင်း သူမသည် အိမ်ကို မြန်မြန်ရှာတွေ့သွားတော့သည်။

ဟင်္သာပြဒါးတံခါး၏ အမြင်က အလွန်မှ ခမ်းနားလေသည်။

ဟဲရင်းက တံခါးဖွင့်ရန် သော့ယူလိုက်ပြီး တံခါးဖွင့်လိုက်ပြီးနောက် ပန်းနှင့် အပင်များ ပြည့်နေသည့် ဥယျာဥ်တစ်ခုကို ချက်ချင်းတွေ့လိုက်ရလေသည်။ အရမ်းကို သက်ဝင်လှပမှုအပြည့်နဲ့ပဲ။ ပြီးတော့ အိမ်က ပရိဘောဂတွေ။ အားလုံးက သန့်ရှင်းသပ်ရပ်နေတာပဲ။

လုံးချင်းအိမ်တစ်ခုပါသည့် တံခါးနှစ်ထပ် ခြံဝင်းရှိသည့် အိမ်တစ်လုံး ဖြစ်လေသည်။ သာမန်အိမ်တော်တစ်ခု၏ ပုံစံငယ်တစ်ခုဟု မှတ်ယူနိုင်သည်။ သို့တိုင် ဆန်းသစ်အောင် စီစဥ်ထားသည်။ ဇရပ်တစ်ခု၊ ကြာပန်းကန်နှင့် ပန်းဥယျာဥ်တစ်ခု ရှိသည်။ ကျန်းယွင်ကျူးသည် အိမ်ကို ချက်ချင်း သဘောကျသွားတော့သည်။

ဟဲရင်းက ဘယ်ညာကြည့်ရင်း ပျော်ရွှင်မှု အပြည့်ပင်။

ကျန်းယွင်ကျူးက သည်နေရာကို ပြောင်းဖို့ ချက်ချင်းဆုံးဖြတ်လိုက်တော့သည်။

သူမက ပြန်ရောက်လာသောအခါ အမျိုးသမီးချန်ကို ထိုအကြောင်းပြောပြလိုက်လေသည်။ အမျိုးသမီးချန်သည် သူမက အပြင်မှ ငွေအများအပြား ရရှိခဲ့ကြောင်း ကျန်းချိန်ထံမှ ကြားခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူမက အိမ်အသစ်တစ်လုံး ဝယ်ခဲ့သည်ကို အံ့ဩမနေချေ။ မြို့က ချမ်းသာသည့်မိသားစုများက သခင်မလေးများသည် သူတို့၏ကိုယ်ပိုင်အပျိုဆောင်များ ရှိကြကြောင်း ကြားဖူးသည်။ ချီရှန်းကျွီက လူများ ဝင်လိုက် ထွက်လိုက်နှင့် အနည်းငယ် ရှုပ်နေသည်။ ကျန်းယွင်ကျူးလို့ မိန်းကလေးအတွက် သီးသန့်အိမ်တစ်လုံးတွင်နေသည်က အကောင်းဆုံးပင်။

သူမသည် အိမ်ကို သွားကြည့်လိုက်ပြီး တအံ့တဩဖြစ်သွားတော့သည်။ သို့သော် သူမကတော့ သည်နေရာသို့ မပြောင်းချင်ခဲ့ပေ။

အခုဆိုရင် ချီရှန်းကျွီမှာ လူသစ်နှစ်ယောက် ရှိလာပြီလေ။ သူမလည်း အလုပ်နည်းသွားပြီ။ ဆန့်ကျင်ဘက်အနေနဲ့ အိမ်မှာ ကျန်းချိန်က လားတစ်ကောင်နဲ့ လှည်းအသစ်တစ်စီးဝယ်ဖို့ လိုနေတယ်။ တန့်သယ်ပေါင်းမရှိတော့ သူ့အတွက် အိမ်မှာ ချက်ပြုတ်ပေးမဲ့သူ မရှိတော့ဘူး။ ဒီတော့ သူမက အိမ်ပြန်ပြီး ကျန်းချိန်နဲ့ အဘိုးချန်တို့ကို ပြုစုပေးချင်တယ်လေ။

တစ်ညတည်းနှင့် ကိစ္စများစွာ ပြောင်းလဲသွားသယောင်။

ကျန်းယွင်ကျူးက ချီရှန်းကျွီသို့ ပြန်လာပြီး အိမ်ပြောင်းဖို့ စဥ်းစားလိုက်သည်။ သို့သော် ရှန်ဖုန်းမင်က ထိုနေရာတွင် ရပ်နေသည်ကိုတွေ့လိုက်ရသောအခါ သူမကလည်း ရပ်လိုက်လေသည်။

သူမက ပြောင်းတော့မှာ။ ဒါဆို သူ ဘယ်မှာနေလဲ။

အရင်တုန်းကတော့ သူက ကျန်းချိန်နဲ့ မိသားစုဝင်တွေနဲ့အတူတူ အိမ်မှာ နေခဲ့တယ်။ နောက်ပိုင်းကျတော့ သူက ချီရှန်းကျွီမှာနေတယ်။ ချီရှန်းကျွီမှာက လူတွေအများကြီးပဲ။ ဒါပေမဲ့ အိမ်မှာကျတော့ သူမ တစ်ယောက်ထဲ။ သူလိုက်နေမယ်ဆိုရင်လည်း အတူနေချစ်သူတွေလို ခံစားရတယ်။

...

အပိုင်း (၈၄)

“မိန်းကလေးကျန်း ဒါက...” ရှန်ဖုန်းမင်က မေးလိုက်သည်။

“ ကျွန်မ အိမ်အသစ်တစ်လုံး ဝယ်လိုက်ပြီ၊ အဲဒီကို ပြောင်းချင်လို့”

ကျန်းယွင်ကျူး၏အသံက အနည်းငယ်တိုးညင်းနေလေသည်။

“ကျန်းလင်နဲ့ တခြားသူတွေကရော” ရှန်ဖုန်းမင်က မေးလိုက်ပြန်သည်။

ကျန်းယွင်ကျူးသည် သည်မေးခွန်းကြောင့် တုံ့ဆိုင်းသွားတော့သည်။ အမျိုးသမီးချန်က ရွာပြန်သွားပြီ။ သူမကလည်း အိမ်ပြောင်းမယ်ဆိုရင် ကျန်းလင်တို့ သုံးယောက် ဘယ်လိုလုပ်မှာလဲ။ သူတို့ နေရေးထိုင်ရေးကို ဘယ်သူတာဝန်ယူမှာလဲ။

သူမရဲ့အိမ်အသစ်က မြို့မြောက်ပိုင်းမှာ။ ကျန်းလင်နဲ့ ကျန်းဝူတို့ရဲ့ ကျောင်းကလည်း မြို့မြောက်ပိုင်းမှာပဲ...

“ သူတို့တွေက ကျွန်မနဲ့ နေလိမ့်မယ်” ကျန်းယွင်ကျူးက ဆုံးဖြတ်လိုက်၏။

ရှန်ဖုန်းမင်က သူမကို စိုက်ကြည့်နေလေသည်။

ကျန်းယွင်ကျူးသည် ခဏလောက် တွေဝေသွားပြီးမှ

“ လူကြီးမင်းရှန်ရော အဲဒီအိမ်ကို လိုက်ပြောင်းချင်လား”

ထို့နောက် ရှန်ဖုန်းမင်က ကျွတ်ဆတ်ဆတ်ပြောလိုက်သည့် စကားကို ကြားလိုက်ရတော့သည်။

“ ဟုတ်ကဲ့”

ကျန်းယွင်ကျူးသည် သူမကိုယ်သူမ လက်လျှော့လိုက်ဖို့သာ အားတင်းလိုက်တော့သည်။

လှည်းက ရောက်လာသည်။ ဟဲရင်းသည် လူများကို ပစ္စည်းများရွှေ့ ခိုင်းနေသည်။

သည်တစ်ကြိမ် အိမ်ပြောင်းလာကြသူများမှာ ကျန်းယွင်ကျူး၊ ရှန်ဖုန်းမင်၊ ကျန်းလင်၊ ကျန်းယွင်ရွှယ်၊ ကျန်းဝူနှင့် ဟဲရင်းတို့ဖြစ်သည်။ ဟဲဟုန်ကတော့ လွန်ခဲ့သည့်နှစ်ရက်က ခရီးထွက်သွားပြီဖြစ်သည်။

ရှန်ဖုန်းမင်က သူသည် လေ့ကျင့်ပေးရန် သင့်တော်သည်ဟု ခံစားမိသဖြင့် ချီလင်သက်တော်စောင့်ဌာနတွင် လေ့ကျင့်မှုခံယူရန် သူ့ကို မြို့တော်သို့ ပို့လိုက်လေသည်။

နောက်တစ်ကြိမ် သူ ပြန်ပေါ်လာလျှင် သူ့ကို ဟဲဟုန်ဟု ခေါ်ရတော့မည်မဟုတ်သလို သူသည် သူ့လက်ရှိပုံစံနှင့်လည်း ရှိနေတော့မည်မဟုတ်ပေ။

ထိုအခါမှ ဟဲဟုန်သည် ရှန်ဖုန်းမင်၏သရုပ်မှန်က ချီလင်သက်တော်စောင့်ဌာန၏ နာမည်ကျော် စစ်သေနာပတိချုပ်ရှန် ဖြစ်ကြောင်း သိရတော့သည်။ တခြားသူများကတော့ ထိုအကြောင်းကို သိသွားလျှင် ကြောက်ရွံ့ချင် ကြောက်ရွံ့နေမည်ဖြစ်သော်လည်း ဟဲဟုန်ကတော့ တကိုယ်လုံး တုန်ယင်သွားသလို ခံစားရတော့သည်။ ကြောက်ရွံ့မှုထဲတွင် စိတ်လှုပ်ရှားမှုက ရောယှက်နေသည်။

သူသည် ဟဲရင်းကို နှုတ်ဆက်လိုက်ပြီး ရှန်ဖုန်းမင်၏ သရုပ်မှန်ကို ပြောပြဖို့ တွေဝေနေခဲ့သည်။ နေက်ဆုံးတွင် သူသည် ဘာမှမပြောလိုက်တော့ပေ။ ဟဲရင်းအတွက် ထိုအကြောင်းကို မသိသည်က ပိုကောင်းပေလိမ့်မည်။

ဟဲရင်းက သူ့နှင့် မခွဲလိုသော်လည်း ယောက်ျားတစ်ယောက်က ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ဖို့ နေရာတိုင်းတွင် ရှာဖွေရပေမည်။ နောက်ဆုံး သူမသည် မတတ်သာတော့ဘဲ သူ့ကို လွှတ်လိုက်ရတော့သည်။

သူမသည် သည်ကိစ္စကြောင့် အချိန်တော်တော်ကြာအောင် ဝမ်းနည်းနေခဲ့ရသည်။

ကျန်းယွင်ကျူး ရှိနေလို့သာ တော်သေးသည်။ ကျန်းယွင်ကျူး နောက်သို့ လိုက်ရင်း သူမ၏ခံစားချက်က တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။

သူတို့အားလုံး ပြောင်းလာခဲ့တယ်လေ။ အနောက်ဘက်ခြံဝင်းထဲမှာ ဘယ်သူမှ မနေတော့ဘူး။ ဪ ဟင့်အင်း။ ကျန်းယွင်ရှို့ ရှိသေးတယ်။ သူမက အမျိုးသမီးချန်၏ အခန်းထဲမှာ နေတာ။

သည်အခိုက်တွင် ကျန်းယွင်ရှို့သည် ထိုလူများက ပစ္စည်းများကို ရွှေ့ပြောင်းနေသည်ကို ကြည့်ရင်း အလွန်ဒေါသထွက်ရသဖြင့် သူတို့ကို ထုခြေပစ်ချင်နေတော့သည်။

ကျန်းချိန်သည် ငွေရလာသောအခါ အမျိုးသမီးချန်ကို ပြောပြလိုက်သည်။ ကျန်းချိန် ပြောခဲ့သည့်အတိုင်းပင် အမျိုးသမီးချန်က ကျန်းယွင်ရှို့ကို ပြန်ရွေးချင်သည်။

ကျန်းယွင်ကျူး၏ အကြံပေးစကားကြောင့် ကျန်းချိန်က သည်ကိစ္စကို မသင်္ကာဖြစ်နေမိသည်။ ထို့ကြောင့် သူက ကျန်းယွင်ရှို့ကို ခေါ်လိုက်လေသည်။

ငွေရလာပြီဟု ကြားလိုက်သဖြင့် ကျန်းယွင်ရှို့သည် ကျိတ်ပျော်သွားတော့သည်။ သူမက အကြီးဆုံးသခင်လေးကို ပြဖို့ နောက်ထပ် အဝတ်အစားနှစ်စုံလောက် ချုပ်ချင်ပေမဲ့ ငွေကမရှိဘူးလေ။ သူမမှာ ငွေချက်ချင်း ရှိလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူမသည် ကြာကြာမပျော်လိုက်ရပေ။ ကျန်းချိန်က ငွေရဖို့ ရှာကြံနိုင်သော်လည်း သူမကို ရောင်းထားသည့် စာချုပ်ကို ယူဖို့ အန်းဖင်နယ်စားအိမ်သို့ သွားရလိမ့်မည်ဟု ပြောလိုက်လေသည်။

“အဖေ သမီးကို မယုံဘူးလား”

မှန်ပါသည်။ ကျန်းယွင်ရှို့က သူ့ကို သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ သူမသည် အန်းဖင်နယ်စားအိမ်တော်မှ လုံးဝ ထွက်မလာချင်ခဲ့ပေ။ ထို့ကြောင့် ဝမ်းနည်းချင်ဟန် ဆောင်နေလိုက်တော့သည်။

“အဖေက သမီးကို စိတ်ပူလို့ပါ၊ စိတ်မပူနဲ့ စာချုပ်ရလာတာနဲ့ ချက်ချင်း ဖြဲပစ်လိုက်မယ်” ကျန်းချိန်က ပြောလိုက်၏။

ကျန်းယွင်ရှို့က အကြောင်းပြချက် မျိုးစုံရှာပြီး အမျိုးသမီးချန်ကို ငိုပြကာ အမျိုးသမီးချန်က သူမအတွက် ငွေတောင်းပေးဖို့ မျှော်လင့်နေလေသည်။

သူမ၏ အပြုအမူက လုံးဝ မမူမှန်ပေ။ သူမက အန်းဖင်နယ်စားအိမ်တော်က ထွက်လာချင်ရင် မိန်းကလေးတစ်ယောက်နေနဲ့ ကျန်းချိန်ကို သူမကိုရောင်းထားတဲ့ စာချုပ်ကို ယူခိုင်းစေချင်ရမှာပေါ့။ ဒါပေမဲ့ သူမက အကြောင်းအမျိုးမျိုး ပြပြီး ရှောင်နေခဲ့တာပဲ။

ကျန်းချိန်သည် စိတ်မကောင်းဖြစ်သွားတော့သည်။ ကျန်းယွင်ရှို့က သူနှင့်အမျိုးသမီးချန်ကို လိမ်နေမှန်း နားလည်သွားတော့သည်။ သူမ ဘာဖြစ်နေမှန်း နားကိုမလည်တော့ဘူး။ ဒီတစ်ခါ ပြန်လာကတည်း သူမက ထူးဆန်းနေတယ်။

အမျိုးသမီးချန်သည် မနှစ်က ကျန်းယွင်ရှို့ကို ရောင်းခဲ့ရသဖြင့် သူမအပေါ် အမြဲတမ်း အပြစ်ရှိသလို ခံစားနေရလေသည်။ သူမက ကျန်းယွင်ရှီု့ကို လိုလိုလားလား ငွေ ပေးချင်ခဲ့သည်။ သို့သော် ကျန်းချိန်ကတော့ မလှုပ်မယှက်ပင်။ သူမလည်း ဘာမှမတတ်နိုင်တော့ပေ။

နောက်ဆုံးတွင် ကျန်းယွင်ရှို့သည် ငွေမရလိုက်တော့ပေ။ သူမသည် ဒေါသူပုန်မထဘဲ အဘယ်မှာနေပါမည်နည်း။

ဒီလိုအချိန်မှာ ကျန်းယွင်ကျူးက အိမ်သစ်တစ်လုံး ဝယ်ခဲ့တယ်ပေါ့လေ။ သူမက အမျိုးသမီးချန်နဲ့ အိမ်ကို တစ်ချက်လိုက်ကြည့်ခဲ့သေးတယ်။ လုံးချင်းအိမ်တစ်လုံးနဲ့ ဥယျာဥ်တစ်ခု ပါတယ်။ အထဲက ပရိဘောဂနဲ့ အပြင်အဆင်တွေနဲ့တင် အရမ်းကို လက်ရာမြောက်ပြီး ခမ်းနားလိုက်တာ။ လျန် ထောင်ချီကုန်ကျမှာပဲ။

ကျန်းယွင်ကျူးက ဒီလောက်များတဲ့ငွေတွေကို ဘယ်ကရခဲ့တာလဲ။ ပြီးတော့ သူမမှာ ငွေတွေအများကြီး ရှိတာပဲ။ ကျန်းချိန်ကိုတောင် မပေးခဲ့ဘူးတဲ့။

ဟင့်အင်း။ သူမ ပေးခဲ့သားပဲ။ ကျန်းချိန်က ငွေတွေကို ဘယ်က ရနိုင်မှာမလို့လဲ။

သူမကိုကျတော့ ငွေတစ်ပြားမှ မပေးခဲ့သလို သူမရဲ့အိမ်အသစ်ကိုလည်း ပေးမပြောင်းခဲ့ဘူး။ ကျန်းယွင်ရှို့သည် ကျန်းယွင်ကျူးက သူမကို ထောင့်ပေါင်းစုံမှ တိုက်ခိုက်နေသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် ကျန်းယွင်ကျူး ကောင်းကောင်းနေရသည်ကို မမြင်ချင်တော့ပေ။

ကျန်းယွင်ကျူးနှင့် ကျန်လူများသည် ပစ္စည်းများများစာစား မရှိကြပေ။ မကြာမီတွင် ဟဲရင်းက လူများကို လှည်းပေါ်သို့ ပစ္စည်းများကို တင်ခိုင်းလိုက်လေသည်။ လူတစ်စုသည် မြင်းများနှင့် လှည်းများကို စီးလာပြီး အိမ်အသစ်ဆီသို့ သွားလိုက်ကြတော့သည်။

ချီရှန်းကျွီ၏ အနောက်ဘက်ခြံဝင်းသည် လစ်လပ်သွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကုချီဖုန်းက နေစရာမရှိဘဲ တန့်သယ်ပေါင်း၏အိမ်က ချီရှန်းကျွီနှင့် အလွန်ဝေးနေသည်။ ရွှယ်ကျင်းနှင့် သူ့မိန်းမတို့လည်း ရှိသေးသည်။ သူတို့အိမ်သည် အလွန်သေးငယ်ပြီး မှောင်မည်းနေသည်။ ထို့ကြောင့် ကျန်းယွင်ကျူးက သူတို့ အနောက်ဘက်ခြံထဲက အခန်းတစ်ခုကို ရွေးခိုင်းလိုက်တော့သည်။

တန့်သယ်ပေါင်းနှင့် တခြားသူများက အမှန်ပင် ဆန္ဒရှိပေသည်။ ကျန်းယွင်ကျူးကို လိုက်ပို့ပေးလိုက်ပြီးနောက် သူတို့က ပစ္စည်းများကို ဝမ်းသာအားရ ရွှေ့ပြောင်းကြတော့သည်။

အနောက်ဘက်ခြံဝင်းတွင် လူများပြန်နေထိုင်ကြလေသည်။ သူတို့အားလုံးသည် ချီရှန်းကျွီ၏ ဝန်ထမ်းနှင့် စားဖိုမှူးများ ဖြစ်ကြသည်။ ထိုအရာက ကျန်းယွင်ရှို့ကို ကျန်ယွင်ကျူးအား ပိုပြီး မုန်းတီးရစေတော့သည်။ ကျန်းယွင်ကျူးက သူမကို တမင် အထင်သေးပြီး အစေခံများနှင့် နေခိုင်းသည်ဟု ခံစားလိုက်ရလေသည်။

တန့်သယ်ပေါင်းနှင့် တခြားသူများသည် ကျန်းယွင်ကျူး၏ညီမလေး ကျန်းယွင်ရှို့ကို တွေ့ဖူးကြသည်။ ကျန်းယွင်ကျူးက သူမကို ဟက်ဟက်ပက်ပက် မရှိသလို သူမကလည်း သူတို့ကို အထင်သေးတတ်သည်။ ထို့ကြောင့် သူတို့ကလည်း သူမကို အရေးစိုက်မနေတော့ဘဲ မမြင်သလိုသာ ဟန်ဆောင်နေလိုက်ကြသည်။

ထိုအဖြစ်က ကျန်းယွင်ရှို့ကို ပိုပြီး ဒေါသထွက်စေတော့သည်။ သူမက တံခါးမှ ချက်ချင်း ပြေးထွက်သွားပြီး လင်ထင်အန်းကို သွားရှာတော့သည်။ သူမ ဒီလိုစုတ်ပြတ်နေတဲ့နေရာမှာ ဆက်ပြီး မနေနိုင်တော့ဘူး။

မင်ယွဲ့တည်းခိုခန်း။ လင်ထင်အန်းသည် ကျန်းယွင်ကျူး၏ ဝေစုရောင်းလိုက်သည့် သတင်းကို ရလိုက်သည်။

သူက လက်ချောင်းများနှင့် စားပွဲကို အသာအယာခေါက်လိုက်သည်။

ကျန်းယွင်ကျူးက ဆန်ပြုတ်လှူဖို့နဲ့ အပင်စိုက်ဖို့ စိတ်ကူးကို ရခဲ့တဲ့သူလေ။ နောက်ဆုံးမှာ ဒီလုပ်ငန်းကနေ ရလာမဲ့ အကျိုးအမြတ် ဘယ်လောက်များတယ်ဆိုတာ သူမ သိမှာပါ။ သူမက ဘာလို့ ဝေစုကို ရောင်းခဲ့တာလဲ။

သူ့ကြောင့်လား။ အဲဒါက လွဲရင် တခြားအကြောင်းပြချက် မရှိတော့သလိုပဲ။

သူမက သူ့ကို အဲလောက်တောင် မုန်းတာတဲ့လား။ လင်ထင်အန်းက ရပ်လိုက်ပြီး စားပွဲပေါ် လက်ထောက်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းရောင် ပြည့်သွားတော့သည်။

သည်အချိန်တွင် လင်ချင်းသည် ဝင်လာပြီး ကျန်းယွင်ရှို့က သူ့ကို တွေ့ချင်နေကြောင်း ပြောပြလိုက်သည်။

“ သူ့ကို ဝင်လာခိုင်းလိုက်”

လင်ထင်အန်းက ပြောလိုက်၏။ သူ့မှာလည်း သူမကို မေးစရာတွေရှိနေတယ်လေ။

မကြာမီ ကျန်းယွင်ရှို့ကို ခေါ်ဝင်လာတော့သည်။

သည်နေ့ လင်ထင်အန်းသည် ခရမ်းပြာရောင် ဘရိုကိတ်သား ဝတ်ရုံကို ဝတ်ထားရာ သူ့မျက်ခုံးများက အဆုံးစွန်အေးခဲနေဟန် ထင်ရကာ အလွန်မှ ချောမောပြီး ထက်မြက်နေတော့သည်။

ကျန်းယွင်ရှို့၏မျက်နှာသည် နီရဲသွားကာ သူမ၏နားများက ပူလာတော့သည်။ သူမသည် သူ့ကို အမှန်ပင် ချစ်မြတ်နိုးရလေသည်။

“ဘာကိစ္စလဲ”

လင်ထင်အန်း၏အသံက ဘာမှမပြောင်းလဲဘဲ ကျန်းယွင်ရှို့၏နှလုံးသားကို ရေအေးတစ်ခွက်နှင့် လောင်းချလိုက်သည့်နှယ်။

ကျန်းယွင်ရှို့က ခေါင်းငုံ့ထားလိုက်ပြီး

“ အကြီးဆုံးသခင်လေး၊ ကျွန်မ ပြန်လာပြီး သခင်လေးကို လာခစားတာပါ”

စိတ်မရှည်ဟန်က လင်ထင်အန်း၏မျက်လုံးများထဲတွင် ဖျတ်ခနဲလက်သွားတော့သည်။ သူက မနေ့က ကျန်းယွင်ကျူးသည် ချီရှန်းကျွီကို ပြန်သွားပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မေးလိုက်လေသည်။

ကျန်းယွင်ကျူး။ အကြီးဆုံးသခင်လေးက ကျန်ယွင်ကျူးအကြောင်းကို တကယ်သိနေတာပဲ။ ဒါတောင် သူ့အကြောင်းကို မေးနေသေးတယ်။

ပြီးခဲ့သည့်အခေါက်က လင်ထင်အန်းသည် ကျန်းယွင်ရှို့၏မိသားစုအကြောင်းကို မေးခဲ့လေသည်။ ကျန်းယွင်ရှို့က ဘာမှ သတိမထားမိခဲ့ပေ။ သို့သော် သည်တစ်ကြိမ်တွင်တော့ လင်ထင်အန်းက ကျန်းယွင်ကျူးအကြောင်းကို တိုက်ရိုက်ထုတ်မေးလာခဲ့သည်။ ကျန်းယွင်ရှို့သည် မိုးကြိုး ပစ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။

ဧကန္တ အကြီးဆုံးသခင်လေးက.... သူမ၏အိပ်မက်ထဲက ကျန်းယွင်ကျူးရှေ့တွင် ထုတ်ပြခဲ့သည့် လင်ထင်အန်း၏ နူးညံ့သည့်အမူအရာကို သတိရသွားပြီး ကျန်းယွင်ရှို့သည် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့သည်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူမက အဲဒီတုန်းက တုတ်ချောင်းအတိုတစ်ခုကို လုယူထားခဲ့တာပဲမလား။

“ဟင်” လင်ထင်အန်းက အေးစက်စက်ပြောလိုက်လေသည်။

ကျန်းယွင်ရှို့က ဘုတ်ခနဲ ဒူးထောက်ချလိုက်ပြီး လင်ထင်အန်း၏ အဝတ်အစားများကို ကြည့်ကာ တောင်းပန်တော့သည်။

“ အကြီးဆုံးသခင်လေး ကျေးဇူးပြုပြီး ညှာတာပေးပါ”

သူမက ပြောရင်းဆိုရင်း လင်ထင်အန်း၏အဝတ်အစားကို လှမ်းဆွဲလိုက်လေသည်။

“လင်ချင်း”

လင်ထင်အန်း၏အသံက တိုးညင်းနေပြီး သူ့ဒေါသကို ထိန်းချုပ်ထားသယောင်။

လင်ချင်းသည် ချက်ချင်း ဝင်လာပြီး သူ့ခါးပေါ်က ဓားရှည်ကို ဆွဲထုတ်လိုက်တော့သည်။ အေးစက်စက်အလင်းတစ်ခုနှင့် ဓားရောင်က ကျန်းယွင်ရှို့၏မျက်နှာပေါ်တွင် လင်းလက်သွားတော့သည်။

ကျန်းယွင်ရှို့က အလွန်ကြောက်လန့်သွားပြီး သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ နေရာတွင်ပင် ပျော့ခွေသွားတော့သည်။

နောက်ဆုံး ကျန်းယွင်ရှို့သည် မနေ့က ကျန်းယွင်ကျူး ပြန်လာပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တော့သည်။

တည်းခိုခန်းထဲမှ ထွက်လာပြီးနောက် ကျန်းယွင်ရှို့သည် နံရံကို ဒေါသတကြီး ကန်ကျောက်လိုက်ပြီး အင်မတန်နားချည်းခံပြင်းသွားတော့သည်။ သို့သော် သူမသည် ချီရှန်းကျွီသို့ ပြန်သွားရပေမည်။ ဒါသည် လင်ထင်အန်း၏အမိန့်ပင်။

သည်ဘက်တွင်တော့ လင်ထင်အန်းသည် မှိုင်တွေနေသည့် မျက်နှာထားဖြင့် ထိုင်နေလေသည်။ မနေ့က ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့အတူတူ မြင်းစီးသွားသည့်မြင်ကွင်းက သူ့မှတ်ဉာဏ်ထဲတွင် ထင်ထင်ရှားရှင်း ရှိနေသည်။ ဒီနေ့ သူတို့နှစ်ယောက်က အိမ်တစ်လုံးကို ထပ်ပြောင်းပြန်ပြီတဲ့လား။

မကြာမီ သူသည် စုတ်တံနှင့် စာရွက်တစ်ခုကို ထုတ်လိုက်ပြီး စာတစ်စောင်ရေးကာ လင်ချင်းကို လှမ်းပေးလိုက်၏။

“မြို့တော်ကို ဒီစာ ပို့ခိုင်းလိုက်”

“ဟုတ်ကဲ့”

လင်ချင်းက စာကိုယူလိုက်ပြီး နှုတ်ဆက်ကာ ထွက်သွားလေသည်။

ကျန်းယွင်ကျူးသည် အိမ်အသစ်သို့ ပြောင်းလာခဲ့သည်။ သည်အိမ်၏ပတ်ဝန်းကျင်က တိတ်ဆိတ် အေးချမ်းသည်။ ပြတင်းပေါက်ကို ဖွင့်လိုက်လျှင် သစ်ပင်ပန်းမန်များကို တွေ့နိုင်ပြီး ငှက်တေးဆိုသံများကို ကြားရသည်။ သူမသည် လန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။

နောက်တစ်နေ့ ညနေခင်းတွင် ချင်ယောင်းနှင့် လင်ယွိပိုင်တို့ ပြန်လာကြချိန်၌ ကျန်းယွင်ကျူးက ဘေးလမ်းသို့ ပြောင်းလာမှန်း သိလိုက်ရသဖြင့် အလွန်ဝမ်းသာသွားကြတော့သည်။

နှစ်ယောက်သားက ချက်ချင်း တံခါးလာခေါက်ကြလေသည်။

“ ကျွန်မ ရှင့်အတွက် ဘာယူလာလဲ ကြည့်စမ်း”

ချင်ယောင်းက တံခါးပွင့်လာသည်နှင့် ချက်ချင်း အိစက်ညက်ညောသည့်လေသံနှင့် ပြောလိုက်လေသည်။

“ဘာလဲ”

ကျန်းယွင်ကျူးက ပြုံးကာ သူမကို နှုတ်ဆက်လိုက်ပြီး သူမလက်ထဲတွင် ကိုင်ထားသည့် ပစ္စည်းကို တွေ့လိုက်တော့သည်။ တစ်ကိုယ်လုံး အမွေးဖြူပွပွလေးနှင့် နှင်းကြောင်လေးတစ်ကောင် ဖြစ်နေသည်။

နှင်းကြောင်လေးသည် ပါရှားကြောင်နှင့် ဒေသကြောင်တို့ကို မျိုးစပ်ထားသည့် အကောင်လေးဖြစ်သည်။ ထန်မင်းဆက်တွင် ပါရှားလူမျိုးများက ပြည်မသို့ ပါရှားကြောင်များကို ခေါ်လာခဲ့သည်။ သည်လိုကြောင်မျိုးသည် အထက်တန်းစား သခင်မလေးများနှင့် ဇနီးများကြားတွင် အလွန်မှ နာမည်ကြီးလေသည်။ ချောဆီးကြောင်လေးသည် အမွေးရှည်ရှည်များရှိပြီး ခြင်္သေ့လေးတစ်ကောင်လို့ ရပ်နေတတ်သည်။ ပါရှားကြောင်များထက် ပိုပြီး သန်မာသည်။ လူတချို့က သည်ကြောင်မျိုးကို ပိုကြိုက်ကြသည်။

အထူးသဖြင့် ချင်ယောင်း၏ရင်ခွင်ထဲက ကြောင်လေးပင်။ တရုတ်ဘဲမျက်လုံးတစ်စုံ ရှိပြီး အဖြူရောင်အမွေးက ကြမ်းပြင်ကို ပွတ်တိုက်နေသည်။ သည်လိုကြောင်မျိုးက အများကြီးပိုပြီး တန်ဖိုးရှိသည်။

“ ရှင့်အတွက်လေ၊ ရှင် ကြောင်ကို ဆိုင်မှာမွေးလို့ အဆင်မပြေလောက်ဘူးလို့ စဥ်းစားနေတာ၊ အခုတော့ ရှင် အိမ်အသစ်ကို ပြောင်းလာပြီဆိုတော့ ကွက်တိပဲ”

ချင်ယောင်းက ပြောလိုက်ပြီး သူမ၏ရင်ခွင်ထဲက ကြောင်ကို ကျန်းယွင်ကျူးအား လှမ်းပေးလိုက်တော့သည်။

“ဒီကြောင်က...”

အရမ်းစျေးကြီးတာပဲ။ ကျန်းယွင်ကျူးက သည်လိုပြောချင်လိုက်၏။

“ဘာလဲ၊ ရှင် မကြိုက်လို့လားဟင်” ချင်ယောင်းက နားလည်မှုလွဲသွားတော့သည်။

ကျန်းယွင်ကျူးက သည်အတိုင်း ထားလိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ဒါက ချင်းယောင်ရဲ့စေတနာပဲလေ။ ဒါမှမဟုတ် သူ့စိတ်ထဲမှာ ကြောင် စျေးကြီးတာ မကြီးတာကို တစ်ခါမှ စဥ်းစားမိမှာ မဟုတ်ဘူး။ သူမက ကြိုက်မကြိုက်ဆိုတာပဲ သူ ဂရုစိုက်နေမှာ။

“ကျွန်မ ကြိုက်ပါတယ်”

ကျန်းယွင်ကျူးက လက်လှမ်းကာ ကြောင်ကို လှမ်းချီလိုက်သည်။ သူမက ကြောင်တွေကို ချစ်တယ်လေ။ ဒီလောက်လှတဲ့ ကြောင်မျိုးဆို ပြောနေစရာတောင်မလိုဘူး။

ချောဆီးကြောင်လေးက နှင်းလို ဖြူဖွေးနေသည်။ ကျန်းယွင်ကျူးက သူ့ကို ဖက်လိုက်တော့ သူက မရုန်းပေ။ ပျင်းရိနေဟန်ပင် တူလေသည်။

အမွေးက နူးညံ့ပြီး တောက်ပသည်။ ကျန်းယွင်ကျူးက လက်ထဲကပင် မချချင်တော့ပေ။

“ ကြောင်ရဲ့နာမည်က ဘာလဲဟင်”

“ နာမည်မပေးရသေးဘူး၊ ရှင် ပေးလိုက်လေ၊ အခုချိန်ကစပြီး ရှင့်ကြောင်ဖြစ်သွားပြီ” ချင်ယောင်းက ဝမ်းသာရွှင်လန်းကာ ပြောလိုက်၏။

ကျန်းယွင်ကျူးသည် ကြောင်က လည်ပင်းတွင် အမွေးရှည်ရှည်များရှိပြီး ဗိုက်ပေါ်တင်ကာ ပျင်းရိပျင်းတွဲ လဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။ ခြင်္သေ့ငယ်လေးနှင့် အမှန်ပင်တူလှသည်။ ရုတ်တရက် သူမက သွားများပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်တော့သည်။

“ ဒါဆို နင့်ကို စင်ဘာ လို့ခေါ်မယ်”

ခြင်္သေ့ပေါက်စလေး။ သူ့ကို တကယ်ပဲ စင်ဘာ လို့ပဲခေါ်သင့်တယ်။

“စင်ဘာ ဟုတ်လား” ချင်ယောင်းက ဇဝေဇဝါဖြစ်သွား၏။ နာမည်ကလည်း ထူးဆန်းလိုက်တာ။

ကျန်းယွင်ကျူးကလည်း မရှင်းပြတော့ပေ။ ဒါသည် သူမတစ်ယောက်တည်း ပိုင်သည့် မှတ်ဉာဏ်လေးတစ်ခုဟုသာ ပြောရမည်။

“ ကျွန်တော်ကတော့ နာမည်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်” လင်ယွိပိုင်က မှတ်ချက်ပေးလိုက်သည်။

“ နင် သိနေပြန်ပြီလား” ချင်ယောင်းနှင့်သူသည် အတူတူရှိနေလျှင် တကျက်ကျက် ဖြစ်နေကြပင်။

လင်ယွိပိုင်က နှာခေါင်းရှုံ့လိုက်၏။ သူက သူ့လက်ထဲက ဝိုင်နှစ်အိုးကို မြောက်ပြလိုက်ပြီး

“ ကျွန်တော် ပိလင်ရှန်း နှစ်အိုးယူလာတယ်၊ အတူတူသောက်ရအောင်”

ပိလင်ရှန်းသည် ယွင်ဝူတောင်က အကောင်းဆုံးပိလင်သစ်သီးဖြင့် လုပ်ထားသည့် ဝိုင်တစ်မျိုးဖြစ်သည်။ ဝိုင်အရသာက အနည်းငယ် ချိုမွှေးပြီး အမျိုးသမီးများ အတွက် အသင့်တော်ဆုံးဖြစ်သည်။ ထုတ်လုပ်မှုက အလွန်မှအကန့်သတ်နှင့်ဖြစ်ပြီး လောကကြီးတွင် ရှာဖွေရခက်ခဲလေသည်။ လင်ယွိပိုင်က သူ့လက်ဆောင်ထဲတွင် စိတ်ရင်းစေတနားများ ထည့်ထားခြင်းပင်။

တစ်ဖက်လူက သူမကို စိတ်ရင်း ဆက်ဆံသဖြင့် ကျန်းယွင်ကျူးကလည်း စိတ်အားထက်သန်စွာဖြင့် အလိုလို တုံ့ပြန်လိုက်တော့သည်။

“ ညခင်းကျရင် သိုးကောင်လုံးကင်နဲ့ စားရအောင်” သူမက ပြောလိုက်၏။

“ ကောင်းလိုက်တာ”

ချင်ယောင်က လင်ယွိပိုင်ကို ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် သည်ရက်ပိုင်းတွင် အပြင်၌ အလုပ်များနေခဲ့ကြသည်။ သူတို့အလွမ်းဆုံးအရာမှာ ကျန်းယွင်ကျူး၏အချက်အပြုတ်လက်ရာပင်။

သိုးတစ်ကောင်ကို ဝယ်လိုက်ကြသည်။ သူ့ကို စောစောကတည်းက ကောင်းကောင်းလေး နှပ်ထားလိုက်သည်။ အသီးအနှံတချို့ကို ပြင်ဆင်လိုက်သည်။ ညရောက်လာချိန်တွင် ကျန်းယွင်ကျူး၏ခြံဝင်းထဲက ရေကန်ဘေးတွင် မီးပုံတစ်ခု လုပ်လိုက်ကြသည်။ အရသာနှပ်ထားသည့် သိုးကို ကင်ရန် စင်ပေါ်သို့ တင်လိုက်ကြသည်။ ဆွဲဆောင်မှုရှိသည့် မွှေးရနံ့က အချိန်တိုအတွင်းတွင် ဝေ့တက်လာတော့သည်။

သည်နေ့သည် ၄လပိုင်း ၁၅ရက်နေ့ဖြစ်သည်။ ကောင်းကင်ပေါ်က လမင်းကလည်း ဝိုင်းစက်ပြီး တောက်ပနေကာ ကမ္ဘာမြေအပေါ် အလင်းများ ဖြာကျနေသည်။

“လာကြ၊ ပိလင်ရှန်းကို မြည်းကြည့်အုံး”

မီးပုံဘေးတွင် ကျန်းယွင်ကျူး၊ ရှန်ဖုန်းမင်၊ လင်ယွိပိုင်၊ ချင်ယောင်းနှင့် ကျန်းလင် တို့ရှိသည်။ လင်ယွိပိုင်က အားလုံးအတွက် ဝိုင်များကို ငဲ့ပေးလိုက်၏။

ဝိုင်ကို အဖြူရောင်ကြွေထည်ပန်းကန်လုံးထဲတွင် လောင်းထည့်လိုက်သည်။ ဝိုင်က မြစိမ်းရောင်ဖြစ်ပြီး အသီးနံ့က လှိုက်တက်လာလေသည်။

“ ကလေးတွေ တစ်ခွက်ပဲ သောက်ရမယ်နော်” လင်ယွိပိုင်က ကျန်းဝူကို ပြောလိုက်သည်။

ကျန်းဝူ၏ နှုတ်ခမ်းက မျဥ်းဖြောင့်လို တင်းကာစေ့သွားတော့သည်။ သူလည်း မြန်မြန်ကြီးချင်လှပြီ။ ဒါမှ အဲဒီ လောင်ရှီးဇီရဲ့ စာအုပ်တွေကို မဖတ်ရတော့ဘဲ သူလုပ်ချင်တာ လုပ်နိုင်မှာ။

“ယွင်ရွှယ်နဲ့ ကျန်းလင် အများကြီးမသောက်နဲ့နော်၊ ဒီဝိုင်အနံ့က ချိုပေမဲ့ အရမ်းပြင်းတယ်”

ကျန်းယွင်ကျူးက သတိပေးလိုက်သည်။

နှစ်ယောက်က ခေါင်းညိတ်လိုက်ကြလေသည်။

အားလုံးက ပိလင်ရှန်းကို အရသာခံလိုက်ကြသည်။ သာမန်ဝိုင်များနှင့် မတူပေ။ ခပ်ဖျော့ဖျော့ အချိုဓာတ်လေးတစ်ခု ပါသည်။

“အရသာရှိလိုက်တာ” ချင်ယောင်းက ချီးကျူးလိုက်၏။

“ အသား ရပြီလား” လင်ယွိပိုင်က မေးလိုက်သည်။

“ရတော့မယ်နော်” ကျန်းယွင်ကျူးက ပြန်ပြုံးပြလိုက်သည်။

အသားကင်ဘေးတွင် ဓားငယ်လေးတစ်ချောင်းလည်း ရှိသည်။ သည်သိုးကောင်လုံးကင်က ကိုယ်တိုင် ဓားနှင့်လှီးပြီး စားမှ စိတ်ဝင်စားဖို့ကောင်းသည်။

အားလုံးသည် အချိန်တော်တော်အောင် သိုးကင်ကို ငမ်းနေလိုက်ပြီး သိုးသားကို လှီးရန် ဓားကို ချက်ချင်း ကောက်ကိုင်လိုက်တော့သည်။

ကျန်းယွင်ကျူးက အရင်ဆုံး ကျန်းဝူအတွက် တစ်ပိုင်းလှီးပေးလိုက်သည်။ သူမကိုယ်တိုင်အတွက် အသားကို လှီးကာ စားလိုက်ချင်မိချိန်တွင် ပန်းကန်ထဲတွင် အသားတစ်ပိုင်း ရှိနေပြီးဖြစ်သည်ကို တွေ့လိုက်ရလေသည်။ သူမသည် ဘေးက ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးနက်နက်များနှင့် အကြည့်ချင်းဆုံသွားတော့သည်။ အကြည့်လွဲလိုက်ပြီး အသားကို အရသာမှုန့်ထဲတွင် နစ်လိုက်ကာ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

အသားက အရသာရှိလှသည်။ ဝိုင်ကလည်း ချိုမြိန်သည်။ ငြီးငွေ့လာလျှင် သစ်သီး တစ်လုံး နှစ်လုံးလောက် စားလို့ရသည်။

“ ပြောကြည့် ၊ လပေါ်မှာ ချန်အယ် ရှိနေမယ်လို့ ထင်လား”

အားလုံးက စားရင်း သောက်ရင်း စကားဖောင်ဖွဲ့နေကြသည်။

မီးရောင်နှင့် လရောင်သည် ရောသွားပြီး ရေပေါ်တွင် တလက်လက်ဖြစ်နေသည်။ အလင်းရောင်နှင့် အရိပ်တို့က မျောနေကြသည်။

သည်လိုညမျိုးတွင် မိတ်ဆွေကောင်းတချို့နှင့် သောက်ရင်း စကားစမြည်ပြောရသည်က ဘဝ၏ ပျော်ရွှင်မှုကြီးတစ်ခုပင်။

အားလုံးက အလွန်ပျော်နေကြသည်။ အပျော်ရွှင်ရဆုံးအချိန်သို့ရောက်လာချိန်တွင်တော့ ချင်ယောင်းသည်ပင် ထရပ်လိုက်ပြီး အားလုံးအတွက် အကဖြင့် ဖျော်ဖြေလိုက်လေသည်။ အားလုံးက လက်ခုပ်သံများဖြင့် အားပေးကြသည်။

အားလုံးက လမင်းကြီးကို ပျော်ပျော်ရွှင်ရွှင် ရှုစားနိုင်ဖို့ရန် ကျန်းယွင်ကျူးက ရေကန်ဘေးတွင် ကျောက်သားထိုင်ခုံများကို ပြင်ဆင်ထားပေးခဲ့သည်။

သည်အခိုက်တွင် သူမသည် ကျောက်သားထိုင်ခုံပေါ်တွင် လဲလျောင်းကာ ကောင်းကင်ပေါ်က လမင်းကြီးကို ကြည့်နေလေသည်။ အားလုံး၏ စကားသံ ရယ်မောသံများကို နားထောင်ရင်း သူမ၏မျက်လုံးများသည် ပျော်ရွှင်မှုအပြည့်ဖြစ်နေတော့သည်။ ဒါက သူမ လိုချင်ခဲ့တဲ့ ဘဝမျိုး ထင်ပါတယ်။

အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက် မီးပုံပေါ်က မီးကလည်း တဖြည်းဖြည်း သေးငယ်လာသည်။

ကျန်းဝူနှင့် ကလေးများက အနားယူရန် ပြန်သွားနှင့်ကြသည်။

ချင်ယောင်းက ဝိုင်အများကြီးသောက် ထားလေသည်။ သည်အချိန်တွင် အရက်၏အာနိသင်က ပြလာတော့သည်။ သူမက ငေးမောကာ ထရပ်လိုက်ပြီး ပြန်ဖို့ ပြင်လိုက်သည်။

“ ကျွန်တော် သူ့ကို ပြန်ပို့လိုက်အုံးမယ်, ကျွန်တော်တို့ အရင်ပြန်နှင့်မယ်နော်’

လင်ယွိပိုင်က ရှန်ဖုန်းမင်ကို ပြောလိုက်၏။

သူကဘာလို့ ကျန်းယွင်ကျူးကို မပြောတာလဲ။ ကျန်းယွင်ကျူးကလည်း ဝိုင်တွေအများကြီးသောက်ပြီး ကျောက်သားထိုင်ခုံကို မှီထားတာ အိပ်ပျော်နေတဲ့အတိုင်းပဲ။

“ လမ်းမှာ ဂရုစိုက်နော်”

ရှန်ဖုန်းမင်က ထရပ်လိုက်ပြီး သူတို့ကို လိုက်ပို့ပေးလိုက်သည်။

လင်ယွိပိုင်သည် သူ့မျက်လုံးထောင့်မှ ပန်းရောင်သန်းနေသည့် ကျန်းယွင်ကျူးကို လှမ်းကြည့်လိုက်ပြီး ပြန်ဖို့ရန် ချင်ယောင်းကို တွဲလိုက်တော့သည်။

ရှန်ဖုန်းမင်က အိမ်၏ သခင်တစ်ယောက်နှယ် သူတို့ကို တံခါးနားအထိ လိုက်ပို့လိုက်လေသည်။

သူ ပြန်ရောက်လာချိန်တွင်တော့ ကျောက်ထိုင်ခုံနှစ်လုံးသာ ကျန်တော့သည်။ ကျန်းယွင်ကျူးက ရေကန်ဘေးက ထိုင်ခုံပေါ်တွင်ထိုင်နေသည်။

သူမ၏လက်များက ထိုင်ခုံဘေးတွင် တွဲလောင်းကျနေပြီး သူမ၏လက်ကောက်ဝတ်လေးက ပေါ်နေသည်။ လရောင်အောက်တွင် တောက်ပကာ ဖြူဖွေးနေတော့သည်။

ရှန်ဖုန်းမင်က ကျောက်ထိုင်ခုံဆီ လျှောက်လာပြီး သူမ၏လက်ကို တွဲရန် လက်လှမ်းလိုက်လေသည်။ သူက သွေးလည်ပတ်မှု နှေးမသွားစေရန် လက်ကို ထိုင်ခုံပေါ် တင်ပေးချင်လိုက်သည်။

သူမ၏လက်ကို ကိုင်လိုက်ပြီးနောက်တွင်တော့ ရုတ်တရက် လက်မလွှတ်ချင်တော့အောင် ဖြစ်သွားလေသည်။

ကျန်းယွင်ကျူးက နိုးလာပြီး သူမကို တွဲထားသည့်လက်ကို ခံစားမိလိုက်သည်။ ထိုလက်ပေါ်တွင် အသားမာလေးများ တက်နေသည်။ သူမ၏လက်ကို တွဲထားသည်။ သူမသည် ထိုလက်၏ အထိအတွေ့၊ အပူဓာတ်နှင့် အင်အားကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

သူမက ထိုလက်ကို ခါချဖို့ရာ မသင့်သည် အကြောင်းအရင်းက ရှိနေသည်။

သည်နေ့ သူမသည် အနည်းငယ် မူးနေသောကြောင့်လား၊ သို့မဟုတ် သူမတွင် အင်အားမရှိတော့ သောကြောင့်လား မသိပေ။ သူမက ထိုလက်ကို သူမ၏လက်အား တင်းသည်ထက်တင်းလာအောင် ကိုင်ဆုပ်ခွင့်ပေးထားလိုက်သည်။

အမှန်တွင်တော့ သူမ နိုးလာသည်နှင့် ချက်ချင်း ရှန်ဖုန်းမင်သည် အာရုံခံမိလိုက်သည်။

သူမက သူ့ကို မငြင်းဘူးတဲ့။

ထိုအဖြစ်ကို သိလိုက်ရချိန်တွင် တစ်စုံတစ်ခုက ရှန်ဖုန်းမင်၏နှလုံးသားထဲသို့ တိုးဝင်လာသယောင်။ သူသည် ကျန်းယွင်ကျူးကို စိုက်ကြည့်နေမိတော့သည်။

ကျန်းယွင်ကျူးက မျက်လုံးမဖွင့်ဘဲ ထိုနေရာတွင်မှီကာ ထိုင်နေသည်။ သို့သော် မကြာခဏဆိုသလို သူမ၏မျက်တောင်ရှည်များက မသိမသာတဖျပ်ဖျပ်ခတ်ပုံက သူမ အမှန်ပင် နိုးနေကြောင်း သက်သေပြနေခြင်းပင်။

ညခင်းတွင် သူမသည် ငရုတ်သီးများ စားထားပြီး ဝိုင်လည်း အများကြီးသောက်ထားခဲ့သည်။ သည်အခိုက်တွင် သူမ၏နှုတ်ခမ်းက အနူးညံ့ဆုံးသော ပျိုနီပန်းထက်ပင် ပိုလှပနေလေသည်။

ရှန်ဖုန်းမင်က ခေါင်းငုံ့လိုက်ပြီး သူမ၏နှုတ်ခမ်းကို အသာအယာ ထိလိုက်သည်။

နှုတ်ခမ်းက အေးမြပြီး ဝို၏ချိုမြမြရနံ့ အနည်းငယ် စွန်းနေသည်။ လူများကို စိတ်ပျံ့လွှင့်အောင် လုပ်နေတော့သည်။

ရှန်ဖုန်းမင်၏ခံစားချက်နှင့် ကွာခြားနေကာ ကျန်းယွင်ကျူးသည် သူမ၏နှုတ်ခမ်းက ပူလာသည်ကို ခံစားလိုက်ရလေသည်။ ရုတ်ခြည်းဆိုသလို မူးနေသည့် အမြင့်ဆုံးရေချိန်က ကွယ်ပျောက်သွားတော့သည်။

သူ ။ သူ တကယ်တော့ သူမကို နမ်းနေတာပဲ။

သူမ မျက်လုံးတွေကို ဖွင့်လိုက်ရမလား။ ဒါပေမဲ့ မျက်လုံးဖွင့်လိုက်ပြီးရင် ဘာပြောရမှာလဲ။

သူမ၏စိတ်တို့သည် ကမောက်ကမ ဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်တော့ သူမ၏နှုတ်ခမ်းကို တစ်ဖန် ပြန်ဖိထားလိုက်ပြီး ရိုးတွင်းခြင်ဆီထဲအထိ အရသာကို ခံစားလိုက်မိသည့်နှယ်။

သူသည် အရင်က အမျိုးသမီးတစ်ယောက်ကို တခါမှ မနမ်းခဲ့ဖူးချေ။ ပင်ကိုယ်သိစိတ်ကာ အလိုလို ထပ်လိုချင်လာတော့သည်။ ထို့ကြောင့် သူသည် ဆက်ပြီး တောင်းခံရင်း ရှာဖွေနေမိတော့သည်။

ကျန်းယွင်ကျူးသည် နောက်ဆုံးတော့ သည်လို ဆက်ဖြစ်လို့ မဖြစ်မှန်း သိလိုက်တော့သည်။

သူမက အသံတစ်ခု ပြုမည်ပြင်လိုက်စဥ်မှာပင် ထိုအသံကို ရှန်ဖုန်းမင်ကို ဝါးမျိုထားလိုက်လေသည်။

သူမက သူ့ကို တွန်းလိုက်ချင်သော်လည်း သူမ၏လက်များကို သူ့လက်များကို ဖမ်းဆုပ်ထားလေသည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို နောက်ဆုံး လွှတ်ပေးလိုက်ချိန်တွင်တော့ သူမသည် ဘောလုံးတစ်ခုလို ပျော့ပြောင်းသွားနှင့်ပြီး ဖြစ်တော့သည်။

သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး လုံးဝ ပြန်မဖွင့်ချင်တော့ပေ။ မည်သို့ဆိုစေ မဖြစ်သင့်သည်က ဖြစ်သွားပြီးဖြစ်လေသည်။ မျက်လုံးများကို ဖွင့်လိုက်လျှင်လည်း ဘာအဓိပ္ပာယ် ရှိပါအုံးမည်နည်း။ ကသိကအောင့်သာ ဖြစ်သွားပေလိမ့်မည်။

ရှန်ဖုန်းမင်က တစ်ချက် အသံထွက် ရယ်လိုက်လေသည်။ သူမက ဒီလိုအခြမ်းကို တော်ရုံပြတတ်တာ မဟုတ်ဘူး။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ။

နွေဦးလေပြေကြောင့် ယစ်မူးသည့် ခံစားချက်ဖြင့် သူက ကိုယ်ကိုညွှတ်ကာ သူမကို ကောက်ချီလိုက်ပြီး အိပ်ခန်းဆီသို့ ချီသွားလိုက်လေတော့သည်။

All Chapters