← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အပိုင်း (၈၅)

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်၏ရယ်သံကို ကြားလိုက်ရ၏။ ပထမအတွေး : သူက ရယ်နိုင်တယ်ပေါ့လေ။ ဒုတိယအတွေး : သူက ဘာကို ရယ်နေတာလဲ။ သူမကို ရယ်နေတာလား။

သည်ဖြစ်နိုင်ခြေကို စဥ်းစားလိုက်ပြီး သူမသည် မျက်လုံးကို ပိုပြီး ဖွင့်ချင်စိတ်မဖြစ်တော့ပေ။

သည်အချိန်တွင် ရှန်ဖုန်းမင်က သူမကို ရုတ်တရက် ကောက်ချီလိုက်တော့သည်။ သူမသည် ပျာယာခတ်သွားပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားတော့သည်။

ဟဲရင်းသည် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို သူမ၏အိပ်ခန်းဆီသို့ သယ်သွားသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ခန္ဓာကိုယ်က တစ်ဝက်ကို ကိုင်းလိုက်ပြီး သူ့ကို တားလိုက်၏။ သို့သော် ရှန်ဖုန်းမင်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်ချိန်တွင် နေရာတွင်ပင် အေးခဲသွားတော့သည်။

နှစ်ယောက်သားက ထွက်သည်နှင့် သူမသည် စိတ်ပျက်မိသလို ရှက်ရွံ့မိတော့သည်။ သူမသည် ကျန်းယွင်ကျူးကို နစ်နာအောင် လုပ်ခဲ့မိသည်ဟု ခံစားနေရတော့သည်။

မကြာမီ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို အိပ်ခန်းဆီသို့ ချီသွားလိုက်ပြီး သူမကို အိပ်ရာပေါ်သို့ ချပေးလိုက်သည်။

အပြာနုရောင် ပြတင်းပေါက် ခန်းဆီ၊ ကျောက်စိမ်းရောင်ဘရိုကိတ်သား ဂွမ်းစောင်နှင့် လေအတိုက်တွင် ယိမ်းနွဲ့နေသည့် ပြတင်းပေါက်အပြင်ဘက်က ပန်းသီးရိုင်းပင်။ ပြတင်းပေါက် ဘောင်တွင်ကျနေသည့် အရိပ်များက လူတို့၏စိတ်ကို လှုပ်ရှားနေစေတော့သည်။

ရှန်ဖုန်းမင်က အိပ်ရာဘေးတွင် ထိုင်ချလိုက်ပြီး အိပ်ရာပေါ်ကလူကို ကြည့်ကာ မနေနိုင်တော့ဘဲ ခေါင်းကို ငုံ့လိုက်လေသည်။ သူက သူမ၏နှုတ်ခမ်းကို ထပ်ဖိထားလိုက်ပြီး အချိန်တော်တော်ကြာအောင် လှုပ်ရှားနေမိသည်။ သူသည် သူမ၏အလှကို တမ်းတနေတော့သည်။

ခဏအကြာတွင် သူက ထထိုင်လိုက်ပြီး ဘရိုကိတ်စောင်လေးနှင့် သူမကိုခြုံထားပေးလိုက်ကာ ထထွက်သွားတော့သည်။

သည်အချိန်တွင် သူ့မျက်နှာက အနည်းငယ်နီနေလေသည်။ သူသည် သူမကို အလွန်မှ လိုချင်ပါသော်လည်း သူမကို မသိမ်ငယ်စေလိုပေ။ ထို့ကြောင့် သူတို့တွေ လက်ထပ်ပြီးမှသာ သူမကို ပိုင်ဆိုင်အောင်လုပ်ရလိမ့်မည်။

ရှန်ဖုန်းမင် ထွက်သွားပြီးနောက် အခန်းက တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ကျန်းယွင်ကျူးက သူမ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အိပ်ရာအမိုးကို အကြောင်သား ငေးကြည့်နေမိသည်။ ရုတ်တရက် သူမ၏လက်မောင်းဖြင့် မျက်လုံးကို ကွယ်ထားလိုက်ပြီး အင်မတန် စိတ်ရှုပ်သွားတော့သည်။

နောက်တစ်နေ့မနက် အိပ်ရာထချိန်တွင် ဟဲရင်းက သူမ မျက်နှာသစ်ရန်အတွက် စောင့်နေသည်။

ဟဲရင်းက ကျန်းယွင်ကျူး၏နှုတ်ခမ်းကို လှမ်းကြည့်လိုက်ပြီး ရှက်ရွံ့ကာ ပြောလိုက်လေသည်။

“မမလေး မနေ့ညက ကျွန်မရဲ့ အမှားပါ၊ ကျွန်မ....”

“မနေညက ဟုတ်လား၊ မနေ့ညက ဘာဖြစ်လို့လဲ”

ကျန်းယွင်ကျူးသည် မနေ့ညကဖြစ်ခဲ့သည်ကိစ္စကို လုံးဝမေ့သွားသယောင်။

ဟဲရင်းက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ထို့နောက် သူမက မြန်မြန်ခေါင်းခါလိုက်ပြီး

“ ဘာမှမဟုတ်ပါဘူး၊ မနက်စာအတွက် မမလေးစားချင်တာ လုပ်ပေးမယ်နော်”

သူမသည် ချက်ပြုတ်နိုင်သော်လည်း သူမ ချက်သည့်အစားအသောက်က ကျန်းယွင်ကျူးလောက် အရသာမရှိပေ။

ကျန်းယွင်ကျူးသည် ကိုယ်တိုင် မီးဖိုဆောင်မဝင်ချင်တော့သဖြင့် သူမက ပြန်ပြောလိုက်တော့သည်။

“ လုပ်ချင်တာ လုပ်ခဲ့နော်”

“ဟုတ်ကဲ့” ဟဲရင်းက လက်ခံလိုက်၏။

သူမ ထွက်သွားပြီးနောက် ကျန်းယွင်ကျူးက မှန်ကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်လေသည်။ နှုတ်ခမ်းများက အနည်းငယ်နာကျင်နေပြီး ယောင်ကိုင်းနေသယောင်။

မနေ့က သူမ ငရုတ်သီးတွေ အများကြီးစားခဲ့လို့ ထင်တယ်။ ဒါဆို ဒီနေ့တော့ နည်းနည်းပေါ့ပေါ့ပါးပါး ဖြစ်တဲ့ဟာမျိုး စားရမယ်။ သူမက စဥ်းစားလိုက်သည်။

ခြံဝင်းထဲတွင် သူမသည် ရှန်ဖုန်းမင်နှင့် တွေ့တော့လည်း ပုံမှန်အတိုင်း သူ့ကို နှုတ်ဆက်လိုက်လေသည်။

မနက်စာစားပြီးနောက် သူက ချီရှန်းကျွီသို့ရမည်။ သို့သော် သည်အချိန်တွင် သူမ၏ နှုတ်ခမ်းအနေအထားကို စဥ်းစားလိုက်ပြီး အိမ်တွင်သာ တစ်နေ့လောက် နားမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

သည်အိမ်တွင် စာဖတ်ခန်းတစ်ခု ရှိသည်။ ချင်ကျန့်က အိမ်ရှိ ပစ္စည်းအားလုံးကို ကျန်းယွင်ကျူးအတွက် ထားခဲ့ပြီး ဘာမှ သိမ်းမသွားခဲ့ပေ။ ထို့ကြောင့် စာဖတ်ခန်းတွင် အားလုံးရှိနေသည်။ စာအုပ်စင်များပင် ရှိသေးသည်။

ကျန်းယွင်ကျူးက ရနိုင်သည့်စာအုပ်များကို သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။ ပုံပြင်စာအုပ်လေးရှိခဲ့လျှင် သူမက ခဏလောက်ဖြစ်ဖြစ် ဖတ်လို့ရသည်။

ပတ်ရှာလိုက်ပြီးနောက် သူသည် စာအုပ်နှစ်အုပ်ကို တွေ့လိုက်လေသည်။ သူမက ဟဲရင်းကို လက်ဖက်ရည် လုပ်ခိုင်းလိုက်သည်။ သူမက လက်တင်ကုလားထိုင်တွင် မှီလိုက်ပြီး စာအုပ်များကို ဖတ်လိုက်သည်။

အချိန်တစ်ခုတွင် ရှန်ဖုန်းမင်က လက်ထဲတွင် ဘူးငယ်လေးတစ်ခုကို ကိုင်ကာ အပြင်မှ ဝင်လာခဲ့သည်။

“မိန်းကလေးကျန်း”

သူက စားပွဲမျက်စောင်းထိုးတွင် ရပ်လိုက်၏။

ကျန်းယွင်ကျူးက ခေါင်းထောင် ကြည့်လိုက်သည်။ ပြတင်းပေါက် အပြင်ဘက်ဝင်လာသည့် လေပြေ သူမနားထင်ရှိ ဆံနွယ်ကို ကပိုကယိုဖြစ်သွားအောင် တိုက်ခတ်လာလေသည်။

ရှန်ဖုန်းမင်က သူ့လက်ထဲ ဘူးငယ်လေးကို သူမအား လှမ်းပေးလိုက်ပြီး

“မနေ့ညက...”

မနေ့ညက ကျွန်မ ဘယ်လိုတောင် အိပ်ပျော်သွားခဲ့လည်း မသိဘူး၊ ကျွန်မ လူကြီးမင်းရှန်ကို ပစ်မထားခဲ့မိဘူးလို့ မျှော်လင့်ပါတယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။

ရှန်ဖုန်းမင်၏ အေးစက်စက်အကြည့်က သူမကို ကြည့်နေလေသည်။ သူမက ဘာပြောချင်တာလဲ။ မနေ့ညက ဖြစ်ခဲ့တာကို မေ့သွားတာလား။

ကျန်းယွင်ကျူးက သူစိုက်ကြည့်ခံနေရသည်ကို အနည်းငယ်သက်သောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရလေသည်။ သို့သော် သူမက အပြုံးတစ်ခုဖြင့် သူ့ကို ဆက်ကြည့်နေလိုက်ကာ သူမသည် မနေ့ညက ကိစ္စကို မမှတ်မိတော့သည့်နှယ်။

ဒါပေါ့။ သူမ မှတ်မိသားပဲ။ သူမက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်လို့လေ။ သည်အချိန်တွင် သူမသည် မူးရူးပြီးနောက်ပိုင်း တာဝန်မယူလိုသဖြင့် ဘာမှမမှတ်မိသလို လိမ်ညာကြသည့် ထိုလူယုတ်မာများကို စဥ်းစားမိသွားတော့သည်။ သူမလည်း အတူတူပဲဟု ခံစားလိုက်မိလေသည်။

ရှန်ဖုန်းမင်က သူမ၏ရည်ရွယ်ချက်ကို နားလည်သွားကာ မျက်ခုံးပင့်ပြလိုက်၏။ သူမက ဒီလိုလုပ်ချင်နေတာလား။

ကျန်းယွင်ကျူး၏မျက်လုံးများက ဘာမှမသိသည့်နှယ် လည်နေလေသည်။

“ မိန်းကလေးကျန်းရဲ့ နှုတ်ခမ်းက ဘာလို့ နည်းနည်းယောင်နေတာလဲ” ရှန်ဖုန်းမင်က မေးလိုက်၏။

“ မနေ့ညကလေ ကျွန်မ ငရုတ်သီးစားတာ အရမ်းများသွားပြီး ဝိုင်တော်တော် သောက်လိုက်မိလို့”

ကျန်းယွင်ကျူးက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း စကားကို ကပ်သီးကပ်ဖဲ့ပြောလိုက်တော့သည်။

“ဪ ဟုတ်လား”

ရှန်ဖုန်းမင်က ပြောရင်းဆိုရင်း သူမဘေးသို့ ရောက်လာလေသည်။ အရပ်မြင့်မြင့် ကိုယ်ထည်က တစ်ဖက်မှလာသည့် နေရာကို လုံးဝပိတ်ဆီးထားပြီး အရိပ်ကြီးတစ်ခု ကျရောက်နေလေသည်။

သူ့အရိပ်အောက်တွင် ကျန်းယွင်ကျူးသည် ပိုပြီး မသက်မသာဖြစ်သွားတော့သည်။ သူမက ကုလားထိုင်ကို ထောက်ထားလိုက်၏။ ထရပ်လိုက်ချင်ကာ သူမက ပြောလိုက်လေသည်။

“ ကျွန်မ နည်းနည်းပင်ပန်းနေလို့ အခန်းပြန်ပြီး အနားယူချင်တယ်”

နောက်တစ်စက္ကန့်တွင် ရှန်ဖုန်းမင်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်တော့သည်။

သူမသည် ရုန်းကန်ချင်လိုက်လေသည်။

သူ့လက်များက သူမ၏လည်တိုင်ကို ဖျစ်ထားပြီး သူမကို လုံးဝလှုပ်မရအောင် ဖြစ်နေစေတော့သည်။

သူမ၏မျက်လုံးအိမ်များသည် အနည်းငယ် စင်းကျနေပြီး သူမသည် လက်ထဲတွင် တစ်ယောက်ယောက်ကို အနီးကပ်ကြည့်နေသည့်နှယ်။ သို့သော် သူ့စူးရှသည့်မျက်လုံးများထဲတွင် ပြုတ်ကျသွားသယောင်။

သည်တစ်ကြိမ်တွင် ရှန်ဖုန်းမင်သည် ပေါ့ပါးတိုတောင်းသည့် အရသာတစ်ခုကိုသာ ခံစားလိုက်ပြီး ရပ်လိုက်လေသည်။ ထို့နောက်တွင် သူက သူမကို လွှတ်ပေးလိုက်ပြီး ပြောလိုက်၏။

“ မိန်းကလေးကျန်းရဲ့ နှုတ်ခမ်းတွေက ဒီလိုပုံစံနဲ့ ယောင်လာတာလို့ ကျွန်တော် ထင်တယ်”

သည်အချိန်တွင် သူ့အသံက အေးစက်နေလေသည်။ သူ့အမူအရာပင် တစ်ထပ်တည်းဖြစ်နေ၏။ သို့သော် သူပြောလိုက်သည့်စကားကတော့ လူများကို ရှက်သွေးဖြာသွားစေကာ နားရွက်များကို နီရဲသွားစေတော့သည်။

ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်ပြီး သူက သည်စကားမျိုးပြောလိမ့်မည်ကို မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။

သူက သူမအခုလေးတင် ပြောလိုက်တဲ့ စကားကို လက်စားပြန်ချေလိုက်တာပဲ။ ရုတ်တရက် သည်အတွေးက စိတ်ထဲ ဖျပ်ခနဲဝင်လာတော့သည်။ သူမက ရှန်ဖုန်းမင်းကို ဝါးစားမတတ် ဒေါသဖြင့်ကြည့်လိုက်တော့သည်။

သည်လို ဒေါသဖြင့်ကြည့်နေသည့် ရွှန်းလဲ့သည့်မျက်လုံးများက ပြစ်တင်ဝေဖန်သည့်ခံစားချက်တစ်ခုကို ပေးနေလေသည်။

ရှန်ဖုန်းမင်က သူ့လက်ထဲက ဘူးလေးကို ဖွင့်လိုက်ပြီး သူ့လက်ချောင်းနှင့် ဆေးနည်းနည်းလောက် ခပ်ယူလိုက်ကာ ကျန်းယွင်ကျူး၏နှုတ်ခမ်းကို လိမ်းပေးလိုက်လေသည်။

ကျန်းယွင်ကျူးသည် အေးမြသည့်လိမ်းဆေးက သူမ၏နှုတ်ခမ်းကို လာထိချိန်တွင် အလွန်မှ သက်သောင့်သက်သာ ဖြစ်သွားသည်ကို တွေ့လိုက်ရလေသည်။ ဒါပေမဲ့ ဒီယောက်ျားရဲ့လက် မရှိရင် ပိုပြီးတော့တောင် ကောင်းအုံးမှာ။

“ကျွန်မ ကိုယ်တိုင်လုပ်လိုက်မယ်”

သူမက လက်လှမ်းလိုက်ပြီး သူ့လက်ကို ဖမ်းဆုပ်ကာ တွန်းထုတ်လိုက်ဖို့ ကြိုးစားလိုက်လေသည်။

တောင်ကြီးတစ်လုံးနှယ် လုံးဝတွန်းထုတ်မရနိုင်အောင် ဖြစ်နေတော့သည်။

ကျန်းယွင်ကျူးသည် ရုတ်ခြည်းဆိုသလို ဒေါသထွက်သွားတော့သည်။ ထို့ကြောင့် သူမက ထိုနေရာတွင် သည်အတိုင်းထိုင်နေလိုက်ပြီး သူမကိုယ်သူမ မမြင်၊ မခံစားနိုင်သည့် သစ်သားအရုပ်လေးတစ်ခုကို သဘောထားလိုက်တော့သည်။

ရှန်ဖုန်းမင်က သူမကို မြန်မြန်ဆေးလိမ်းပေးလိုက်ပြီး သူမ၏နဖူးကို အသာယာနမ်းလိုက်လေသည်။

ဂရုစိုက်စောင့်ရှောက်ပေးချင်သည့် ခံစားချက်တစ်ခု ဖြစ်ပြီး ဘာလိုအင်ဆန္ဒမှ မပါချေ။

သည်အနမ်းက ကျန်းယွင်ကျူး၏နှလုံးသားထဲသို့ ငှက်မွေးလေးတစ်ခုလို ကျသွားတော့သည်။

ရှန်ဖုန်းမင် ထွက်သွားပြီးနောက် ကျန်းယွင်ကျူးက စားပွဲပေါ်တွင်မောက်ချလိုက်လေသည်။ စိတ်ဝင်တစား ဖတ်နေသည့် စာအုပ်ကိုပင် မဖတ်နိုင်တော့ပေ။

သည်အချိန်တွင် စင်ဘာက စားပွဲပေါ်သို့ ခုန်တက်လားပြီး သူမရှေ့တွင် ထိုင်ချကာ တစ်ဖက်ပြာ ၊ တစ်ဖက်ဝါများလုံးများနှင့် သူမကို စပ်စပ်စုစု ကြည့်နေလေသည်။

ကျန်းယွင်ကျူးကို သူ့ကို ရင်ခွင်ထဲတွင် ဖက်ထားလိုက်ပြီး သူ့အမွေးကို အကြိမ်ကြိမ် သပ်ပေးလိုက်ပြီးနောက် သူမ၏ခံစားချက်များက တည်ငြိမ်သွားသလို ခံစားလိုက်ရတော့သည်။

နေ့လယ်ခင်း စားသောက်ချိန်တွင် စားပွဲပေါ်၌ ကျန်းယွင်ကျူးအကြိုက် ကျောက်ဖရုံသီးဝက်နံရိုးဟင်း ပါသည်။ ရှန်ဖုန်းမင်က ပုံမှန်အတိုင်း သူမအတွက် ဟင်းကန်တစ်လုံး ချပေးလိုက်သည်။ ကျန်းယွင်ကျူးက ဟင်းရည်ကို အကြာကြီး ကြည့်လိုက်ပြီးမှ သောက်လိုက်လေသည်။

ညနေခင်းတွင် သူမသည် အားလပ်နေပြီး ဘာမှလုပ်စရာမရှိပေ။ စာကြည့်ခန်းပြတင်းပေါက်နားတွင် ညောင်စောင်းတစ်ခုရှိ၏။ ကျန်းယွင်ကျူးသည် ကုလားထိုင်ပေါ်တွင် ထိုင်ရသည်ကို ပင်ပန်းလာသဖြင့် မှီချလိုက်လေသည်။

ညောင်စောင်းအလယ်တွင် စားပွဲလေးတစ်လုံး ရှိသည်။ စားပွဲပေါ်တွင် ပဲတရုတ်ကြော်တစ်ပန်းကန်၊ အသီးခြောက်တစ်ပန်းကန် နှင့် ချယ်ရီသီးတစ်ပန်းကန် တင်ထားသည်။ သူမသည် ပုံပြင်စာအုပ်ဖတ်ရင်း စားနိုင်လေသည်။ တော်တော်လေးကို ဇိမ်ကျလှသည်။

သည်အခိုက်တွင် ရှန်ဖုန်းမင်က ဝင်လာလေသည်။ သူက ညောင်စောင်း၏တဖက်တွင် ထိုင်ချလိုက်ပြီး စာအုပ်တစ်အုပ်ကို ယူကာ စဖတ်လိုက်တော့သည်။

ခဏလောက် စာဖတ်လိုက်ပြီးနောက် သူဘေးက စောင်းတစ်လက်ကို သတိထားမိလိုက်လေသည်။ ထို့ကြောင့် သူက စောင်းကို ယူလိုက်ပြီး သူ့ပေါင်ပေါ်တင်လိုက်သည်။

သူ့လက်နှင့် နှစ်ကြိမ် သုံးကြိမ်လောက် ကြိုးညှိလိုက်ပြီးနောက် အသံက ခွန်းရှန်းကျောက်စိမ်းများနှယ် သာယာလွန်းလှသည်။

ကျန်းယွင်ကျူးသည် ချက်ချင်း စိတ်ဝင်စားသွားတော့သည်။

“ မင်း ဘာသီချင်း နားထောင်ချင်လဲ” ရှန်ဖုန်းမင်က ပုံမှန်အတိုင်း မေးလိုက်၏။

ကျန်းယွင်ကျူးက ပုံပြင်ကို ဆက်ဖတ်နေလိုက်သည်။ ရှန်ဖုန်းမင်က သူမကို စိုက်ကြည့်လိုက်ပြီး သူမ ပြောလာသည့်စကားကို စောင့်ဆိုင်းနေသည့်နှယ်။

“ကွမ်းရှန်းယွဲ့”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ သူမဖတ်နေသည့် စာအုပ်မှာ မဟာတံတိုင်းအလွန်က လူများကို မျှော်မှန်းတမ်းတရစေသည့် ရှုခင်းအကြောင်းဖြစ်လေသည်။

“ကောင်းပြီ” ရှန်ဖုန်းမင်က လက်ခံလိုက်လေသည်။

သူက သူ့လက်ချောင်းဖျားများကို အသာအယာ လှုပ်ရှားလိုက်တော့သည်။ ရှေ့တန်းခံတပ် သီချင်းသံက ထွက်လာခဲ့သည်။ ကန္တာရထဲက အထီးကျန်အခိုးအငွေ့၊ ရှည်လျားတဲ့မြစ်ထဲကို ဝင်သွားတဲ့နေ ၊ ကြားထဲမှာ ကျယ်ပြန့် ရှည်လျားတဲ့ လေတွေက မိုင်သောင်းချီ တိုက်ခတ်နေဆဲ။ ခပ်ရေးရေး သ-တ်ဖြတ်သံနဲ့ လွမ်းဆွတ်တမ်းတသံတစ်ခုကလည်း လွှင့်ပြန်အလာ....

ကျန်းယွင်ကျူးက သူ့ကို စောင်းငဲ့ကာ ကြည့်လိုက်လေသည်။ သူမ၏နှလုံးသားသည် စောင်းသံနှင့်အတူ တုန်ခါနေတော့သည်။ ပိုက်ကွန်တစ်ခုထဲပိတ်မိနေသည့် လိပ်ပြာတစ်ကောင်သည် ရုန်းထွက်ဖို့ ကြိုးစားနေသော်လည်း ပိုပိုပြီး တွယ်ညှိနေသလို ခံစားလိုက်ရတော့သည်။

အားလုံး သူ မြို့တော်ကို ပြန်သွားမှပဲ ပြီးဆုံးတော့မယ် ထင်ပါတယ်။

နောက်ရက် အနည်းငယ်ကြာသည်အထိ ကျန်းယွင်ကျူးသည် ကိုယ့်ကိုယ်ကို ရှုံးနိမ့်သည့် ခံစားချက်လေးတစ်ခုကို ခံစားနေရတော့သည်။

အင်းပေါ့။ တခြားကိစ္စတွေကို မစဥ်းစားဘူးဆိုရင်တော့ ဒီလိုဘဝမျိုးက တော်တော် ပျော်စရာကောင်းပါတယ်။

ကြားထဲတွင် လင်ထင်အန်းက ချာပုလျန်သို့ အကြိမ်အနည်းငယ် ရောက်လာတတ်လေသည်။ တစ်ခါတရံ သူက ထိုနေရာတွင် လက်ဖက်ရည်ထိုင်သောက်တတ်နေသည်။ တစ်ခါတရံ ကျန်းယွင်ကျူးနှင့် စကားပြောနေတတ်သည်။ ကျန်းယွင်ကျူးကတော့ တတ်နိုင်သလောက် သူ့ကို ရှောင်နေတတ်သည်။

နောက်ပိုင်းတွင် သူမသည် ဆိုင်ဝင်ပေါက်၌ လင်မျိုးနွယ်ဆိုလျှင် မည်သူ့ကိုမှ ဝင်ခွင့်မပြုဟူသည့် ဆိုင်းဘုတ်ကို ချိတ်ထားလိုက်ချင်တော့သည်။ ဟုတ်ပါသည်။ ဒါက အတွေးသက်သက်ပင်။

ကံအားလျော်စွာ လင်ထင်အန်းသည် သည်အချိန်တွင် လုပ်စရာတစ်ခုခု ပေါ်လာသည်ထင်သည်။ ဝူလင်စီရင်စုမြို့မှ ပြန်သွားတော့သည်။ သူမသည် စိတ်အေးသွားပြီး သူ ဘယ်တော့မှ ပြန်မလာပါစေနှင့်ဟုသာ မျှော်လင့်နေမိသည်။

လုပြည်နယ်တွင် သည်နေ့တွင်တော့ ခြံဝင်းတစ်ခုအပြင်ဘက်၌ လှည်းများစွာ ရပ်ထားသည်။

လင်ထင်အန်းသည် သူ့ကို လူကိုယ်တိုင်နှုတ်ဆက်ရန် ထွက်လာခဲ့လေသည်။ အဆီဖိုင့်ဖိုင့် ခန္ဓာကိုယ်တစ်ခု၊ ဆံပင်ဖြူများရှိသည့် အဘိုးကြီးတစ်ယောက်က လှည်းပေါ်မှ ဆင်းလာခဲ့သည်။

ထိုအဘိုးကြီးက ပေါင်းဒီဇိုင်းဝတ်ရုံတစ်ခုကို ဝတ်ထားသည်။ သူသည် ဒေါသထွက်မနေသော်လည်း ဖိနှိပ်သည့်ခံစားချက်တစ်ခုကို ပေးနေသည်။

“ဝမ်ရယ် ဘာလို့များ လူကိုယ်တိုင် လာခဲ့ရတာလဲ” လင်ထင်အန်းက အံ့ဩတကြီး မေးလိုက်၏။

“အဲလူ....”

ဟွိုက်နန်ဝမ်သည် တစ်ခုခုကို မေးချင်ခဲ့လေသည်။

“ဝမ်ရယ် အဲဒီအကြောင်းကို အခန်းထဲမှာ ပြောရအောင်” လင်ထင်အန်းက ပြောလိုက်၏။

ဟွိုက်နန်ဝမ်သည် ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲသို့ လှမ်းဝင်လိုက်လေသည်။

အခန်းထဲတွင် ဟွိုက်နန်ဝမ်က လင်ထင်အန်း စကားကို နားထောင်လိုက်ပြီး ဒေါသတကြီးဖြင့် စားပွဲပေါ်က ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့ တိုက်ချလိုက်တော့သည်။ သူ့မှာ သားတစ်ယောက်မှ မရှိတော့ဘူး။ ကြည့်ရတာ သူ့မှာ ကလေးရော မြေးရော မရှိနိုင်တော့ဘူး။ အားလုံးက ပြောနေကြတယ်။ “သူ”က မိန်းမ မကြိုက်ဘူးတဲ့။ သူကတော့ “သူ” တစ်ယောက်ထဲ သေသွားမှာကို စောင့်နေခဲ့တာ။ ဘာလို့များ “သူ”ကြိုက်တဲ့မိန်းမတစ်ယောက်ကို “သူ”က ပိုင်ဆိုင်နေခဲ့တာလဲ။

သူက ဒါကို ခွင့်ပြုပေးမလားဆိုတာ စောင့်ကြည့်နေလိုက်။

ဝူလင်စီရင်စုမြို့လေးတွင်တော့ လွန်ခဲ့သည့်ရက်ပိုင်းလောက်က ကျန်းယွင်ကျူးက ဟွာရင်းကျောင်းတော် ကိစ္စကို ချင်ကျန့်နှင့် စကားပြောခဲ့သည်။ ချင်ကျန့်က အလွန် အံ့ဩသွားတော့သည်။

“ မိန်းကလေးကျန်းက သခင်လေးလင်နဲ့ သူငယ်ချင်းကောင်းတွေပဲ မဟုတ်ဘူးလား”

ကျန်းယွင်ကျူးသည် သူ့နောက်ကွယ်ကာ အဓိပ္ပာယ်ကို ကြားလိုက်ရချိန်တွင်

“ ရှင် ပြောချင်တာ, လင်ယွိပိုင်က....”

“ သူက လင်မိသားစုက ဒုတိယသခင်ကြီးရဲ့ တစ်ဦးတည်းသောတရားဝင်သားလေ”

ကျန်းယွင်ကျူးသည် အနည်းငယ် မှင်တက်အံ့ဩသွားတော့သည်။ အိပ်မက်ထဲမှာ လင်မိသားစုရဲ့ ဒုတိယသခင်ကြီးက မထင်ရ.... ဪ ဟုတ်သားပဲ။ ချင်ယောင်းရဲ့ကိစ္စ။ အိပ်မက်ထဲမှာ လင်ယွိပိုင်က ရှဲ့ယုံရဲ့ လက်ထဲမှာ သေသွားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် သူမ သူ့အကြောင်းကို မကြားခဲ့တာပဲ။

“ သူ့သရုပ်မှန်ကို ကျွန်မကို မပြောပြထားဘူး” ကျန်းယွင်ကျူးက ပြောလိုက်၏။

ချင်ကျန့်က အနည်းငယ်အံ့ဩသွားတော့သည်။

ကျန်းယွင်ကျူးကလည်း ထိုကိစ္စကို အများကြီးမတွေးတော့ချေ။ ရှန်ဖုန်းမင်သည်လည်း သူ့သရုပ်မှန်ကို မထုတ်ပြခဲ့ပေ။

မကြာမီတွင် ကျန်းယွင်ကျူးက လင်ယွိပိုင်ကို သွားတွေ့ကာ သူ့အား ဟွာရင်းကျောင်းတော်အကြောင်းနှင့် ကျန်းယွင်ရွှယ်က ထိုနေရာတွင် စာလေ့လာနိုင်ဖို့ အခွင့်အရေးတစ်ခုလောက် ရနိုင် မရနိုင်ကိုလည်း မေးကြည့်လိုက်လေသည်။

“ဒီကိစ္စက”

လင်ယွိပိုင်သည် သည်ကိစ္စက အလွန်မှ ရိုးရှင်းသည်ဟု ပြောလိုက်ချင်လေသည်။ သို့သော် သူ့အဖေ၏ ခေတ်နောက်ကျလွန်းသည့် စိတ်သဘောထားကို စဥ်းစားလိုက်မိပြီး အာမမခံရဲတော့ပေ။

“ကျွန်တော် သူ့ကို အဖေ့ဆီမှာ ထောက်ခံပေးလို့ရပါတယ်၊ ကျွန်တော့်အဖေက သူ့ကို လက်ခံ မခံကတော့ ....

အိုဗျာ ကျွန်တော့် အမေဆီကိုလည်း သွားလိုက်ရုံပါပဲ၊ ကျွန်တော့်အမေက ကျွန်တော့်ကို ချစ်တယ်လေ”

လင်ယွိပိုင်က သည်လို ထင်မှတ်ထားလေသည်။ သူ့အမေက သူ့အဖေကို လုပ်ခိုင်းလျှင်တောင် ကိစ္စက အောင်မြင်ချင်မှ အောင်မြင်လိမ့်မည်ဟု ထင်မိသည်။

“ မိတ်ဆက်ပေးတာနဲ့ ရပါပြီရှင်၊ ယွင်ရွှယ်က အရည်အချင်းမရှိခဲ့ရင် တိုက်တွန်းလို့ မကောင်းဘူးလေ”

ကျန်းယွင်ကျူးသည် သူ့အခက်အခဲကို အာရုံခံမိနေသဖြင့် ပြောလိုက်တော့သည်။

လင်ယွိပိုင်က အိမ်ပြန်သည်မှာ ရက်အနည်းငယ်ကြာနေပြီဖြစ်သည်နှင့် သွားကြုံနေသည်။ ထို့ကြောင့် သူက ကျန်းယွင်ကျူးကို အဖော်လိုက်ပေးဖို့ ချက်ချင်းဆုံးဖြတ်လိုက်တော့သည်။

ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ကို သည်အကြောင်း ပြောပြလိုက်ပြီး လုပြည်နယ်သို့ သွားမည့်အချိန်ကို သတ်မှတ်လိုက်လေသည်။

“ ကျွန်တော်လည်း မင်းနဲ့လိုက်ခဲ့မယ်”

စာဖတ်ခန်းထဲတွင် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို လာတွေ့ပြီး ပြောလေသည်။

သည်တစ်ကြိမ်တွင်တော့ ကျန်းယွင်ကျူးက ခေါင်းခါလိုက်လေသည်။ သူသာ လိုက်လာရင် လင်မိသားစုက ကျန်းယွင်ရွှယ်ကို သေချာပေါက် လက်ခံပေးမှာပဲ။ ဒါပေမဲ့ လင်မိသားစုက အိမ်ရှေ့မင်းသားကို ထောက်ခံပေးတဲ့သူဆိုတာ သူမ သိထားတယ်လေ။ ရှန်ဖုန်းမင်က လင်မိသားစုအပေါ် အကြွေးတင်သွားမှာလို့ မလိုချင်သလို၊ သူမကိစ္စကြောင့်လည်း လင်မိသားစုကို မပတ်သက်စေချင်ဘူး။

လင်ယွိပိုင်ကတော့ မတူဘူးလေ။

အမှန်တွင်လည်း ရှန်ဖုန်းမင်က လင်မိသားစု၏ ဒုတိယသခင်ကြီးနှင့် မတွေ့လိုပေ။ သူတို့နှစ်ယောက် တွေ့ခဲ့လျှင် သူသည် လုပြည်နယ်တွင် ရှိနေသည်ဟု ကြေညာလိုက်သည်နှင့် အတူတူပင်။ ထို့နောက်တွင်တော့ မဆုံးနိုင်သည့် ပြဿနာများ ဖြစ်လာပေလိမ့်မည်။

“ဒါဆို လမ်းမှာ ဂရုစိုက်နော်” သူက ပြောလိုက်၏။

“စိတ်မပူပါနဲ့ရှင်၊ လင်ယွိပိုင်လည်း ပါပါတယ်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။

ရှန်ဖုန်းမင်ကတော့ စိတ်မအေးချေ။ သူသည် အရိပ်ကို တိတ်တိတ်လေးလွှတ်ပြီး သူမနောက်က လိုက်သွားခိုင်းလိုက်ပြီး သူမကို ကာကွယ်ခိုင်းလိုက်လေသည်။

သည်မနက်တွင် ကျန်းယွင်ကျူး၊ လင်ယွိပိုင်၊ ကျန်းယွင်ရွှယ်နှင့် လင်မိသားစု သက်တော်စောင့် နှစ်ယောက်တို့သည် လုပြည်နယ်သို့ ခရီးထွက်လာခဲ့ကြသည်။

ခရီးတွင် ထူးထူးခြားခြား ကိစ္စများ မရှိခဲ့ပေ။ နောက်တစ်နေ့ နေ့လယ်ခင်းတွင် သူတို့သည် လင်အိမ်တော် တံခါး အပြင်ဘက်သို့ ရောက်လာခဲ့ကြလေသည်။

“သခင်လေး ပြန်လာပြီလား၊ သခင်လေး ပြန်လာပြီ”

လင်မိသားစု၏ တံခါးစောင့်က လင်ယွိပိုင်ကို တွေ့သွားပြီး တအံ့တဩ အလောတကြီး သတင်းဝင်ပို့လိုက်သည်။

လင်ယွိပိုင်က ကျန်းယွင်ကျုးနှင့် ကျန်းယွင်ရွှယ်တို့ကို အိမ်တော်ထဲ တန်းခေါ်လာခဲ့ပြီး သူတို့ကို ဧည့်ခန်းထဲတွင် စောင့်ခိုင်းထားလိုက်သည်။ ထို့နောက် သူက သူ့အဖေကို သွားရှာလိုက်လေသည်။

မျှော်လင့်မထားဘဲ ဒုတိယသခင်ကြီးလင်က အိမ်တွင် ရှိမနေချေ။ သူသည် မိတ်ဆွေများနှင့် လည်ပတ်ရန် အပြင်သွားလိုက်သည်။

သူသည် ညခင်းမတိုင်ခင်အထိ ပြန်မလာခဲ့ပေ။

လင်ယွိပိုင်ကို တွေ့လိုက်ရသဖြင့် ဒုတိယသခင်ကြီးလင်သည် မဆုံးမဘဲ မနေနိုင်အောင်ဖြစ်တော့သည်။ သူသည် သည်မလိမ္မာသည့်သားကြောင့် စိတ်ဆင်းရဲရလေသည်။

“အဖေ ခဏနားပါအုံး၊ အဖေ ဆုံးမနေတာ နာရီဝက်လောက် ရှိနေပြီ၊ ကျွန်တော် ဒီတစ်ခေါက်ပြန်လာတာ အဖေ့ဆီမှာ ကျောင်းသူကောင်းတစ်ယောက် ထောက်ခံပေးဖို့ပါ”

လင်ယွိပိုင်က ကျန်းယွင်ရွှယ်ကို အများအပြာချီးကျူးပြောဆိုလိုက်လေသည်။

ဒုတိယသခင်ကြီးလင်က သူ့ကို မသင်္ကာသလို ကြည့်လိုက်၏။ ဘာရယ်။ ဒီနေ့ နေကအနောက်ဘက်က ထွက်ခဲ့တာလား။

“အဖေ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းတွေကို ကူညီပေးနေတာပါ” လင်ယွိပိုင်က အမှန်တရားကို ပြောပြလိုက်လေသည်။

ဒုတိယသခင်ကြီးလင်က သူ့ကို အမှန်အကန် ထပ်ဆူဆဲတော့သည်။

သို့သော် နောက်ဆုံးတွင်တော့ သခင်ကြီးလင်က ကျန်းယွင်ကျူးနှင့် ကျန်းယွင်ရွှယ်တို့ကို တွေ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဧည့်ခန်းထဲတွင် သခင်ကြီးလင်က သူတို့နှစ်ယောက်ကို တွေ့သွားပြီး သဘောကျသွားလေသည်။ ထို့ကြောင့် သူက ကျန်းယွင်ရွှယ်ကို စမ်းသပ်ကြည့်လိုက်တော့သည်။

ကျန်းယွင်ရွှယ်က သူမေးသည့် မေးခွန်းတော်တော်များများကို မဖြေနိုင်ခဲ့ပေ။ သူမ၏မျက်လုံးများက စိုးရိမ်စိတ်နှင့် နီရဲနေတော့သည်။

ဒုတိယသခင်ကြီးလင်၏အသံက တဖြည်းဖြည်း စိတ်ဝင်စားဟန် မပြတော့သည်ကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ရွှယ်သည် သည်အခွင့်အရေးကို ဆုံးရှုံးရတော့မည်မှန်း သိလိုက်တော့သည်။

သူမက သူ့ရှေ့တွင် ရုတ်တရက် ဒူးထောက်ချလိုက်သည်။ သူမ၏မျက်ရည်များကို ထိန်းထားပြီး လက်ရှိတွင် သူမ၏အသိပညာက အလွန်မှ နည်းပါးသေးသော်လည်း သူမသည် စာလေ့လာရန် လိုလားကြောင်း သူမကို အခွင့်အရေးတစ်ခုပေးဖို့ သူ့အား တောင်းဆိုလိုက်တော့သည်။ သူမကို တစ်နှစ်ပဲ အချိန်ပေးပါ။ ဟင့်အင်း။ နှစ်ဝက်ပဲ အချိန်ပေးပါ။ သူမက အဲဒီအချိန်အတွင်းမှ သူ့ကို ကျေနပ်အောင် မလုပ်ပေးနိုင်ခဲ့ရင် သူမကိုယ်တိုင် ထွက်သွားပါ့မယ် ဟူ၍။

“ မင်းက စာလုံးတွေကို နှစ်ဝက်ကျော်ကျော်လောက်ပဲ လေ့လာခဲ့ရတယ်လို့ ခုနက ပြောလိုက်သလား”

ဒုတိယသခင်ကြီးလင်သည် သူမ၏စကားများထဲက သည်တစ်ခွန်းကို သတိထားမိသွားခဲ့သည်။

“ဟုတ်ပါတယ်၊ ကျွန်မမိသားစုက ဆင်းရဲခဲ့ပါတယ်၊ ကျွန်မရဲ့ မောင်ညီမငယ်လေးတွေကို စာလေ့လာခိုင်းဖို့ ငွေမတတ်နိုင်ခဲ့ပါဘူး”

အခွင့်အရေးတစ်ခု ရှိနိုင်သည်ကို တွေ့ရသဖြင့် ကျန်းယွင်ကျူုးက သူမအတွက် မြန်မြန် ပြောပေးလိုက်လေသည်။

ဒုတိယသခင်ကြီးလင်က ကျန်းယွင်ရွှယ်ကို နောက်တစ်ကြိမ် စစ်းဆေးလိုက်ပြီး သူမသည် ကျောင်းသူကောင်းတစ်ယောက် ဖြစ်သည်ကို ခံစားမိလိုက်လေသည်။

သူမက နှစ်ဝက်ကျော်ကျော်လည်းပဲ စာလေ့လာခဲ့ပြီး အချိန်တစ်ဝက်ကျော်ကို ကိုယ်တိုင် လေ့လာခဲ့တာတဲ့။ သူမက ဒီအခြေအနေအထိ လေ့လာနိုင်တာ ရှားမှရှားပဲ။

သူက မုတ်ဆိတ်ကို သပ်လိုက်ပြီး စိတ်အေးလက်အေး ဆင်ခြင်သုံးသပ်နေလိုက်သည်။

မည်သူကမှ သူ့ကို မနှောင့်ယှက်ရဲပေ။

ခဏအကြာတွင် သူက ကြေညာလိုက်လေသည်။

“ သူ့ကို ကျောင်းမှာ တစ်နှစ်လောက် စာလေ့လာခွင့်ပြုမယ်၊ တစ်နှစ်ပြီးလို့ သူက ကျုပ်ရဲ့လိုအပ်ချက်တွေနဲ့ မကိုက်ရင်တော့....”

“ ကျွန်မကိုယ်တိုင် ထွက်သွားပါ့မယ်”

ကျန်းယွင်ရွှယ်က သူမ၏ကျောပြင်ကို မတ်ထားလိုက်ပြီး စိတ်အားထက်သန်သည့်မျက်လုံးများနှင့် ပြောလိုက်လေသည်။

ဒုတိယသခင်ကြီးလင်က ခေါင်းညိတ်ပြလိုက်၏။

သည်ကိစ္စကို သည်လို သတ်မှတ်လိုက််လေသည်။

နောက်ကျနေပြီ ဖြစ်သဖြင့် လင်ယွိပိုင်က ကျန်းယွင်ကျူးနှင့် ကျန်းယွင်ရွှယ်တိုကို အိမ်တော်ထဲတွင် တည်းခိုဖို့ စီစဥ်ပေးလိုက်လေသည်။

ညသန်းခေါင်တွင် ခြံဝင်းထဲ၌ ကင်းလှည့်နေသည့် အစေခံများရှိကြသည်။ သူတို့သည် အမျိုးသမီးတစ်ယောက်၏ အော်သံကို ခပ်သဲ့သဲ့ကြားလိုက်ကြသယောင်။

“သခင်လေးလင် ရှင်ဘာလုပ်တာလဲ၊ ကျွန်မကိုလွှတ် ၊ မလုပ်....”

လင်ယွိပိုင်သည် သခင်လေးလင်ဟု ခေေါ်နိုင်သည့် မိသားစုထဲက တစ်ဦးတည်းသောသူ ဖြစ်လေသည်။

ညစောင့် အစေခံနှစ်ယောက်က အသံကို ကြားလိုက်ပြီး သွားကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ခဲ့ချေ။

နောက်တစ်နေ့မနက်တွင် ကျန်းယွင်ရွှယ်က ဝမ်းသာအားရဖြင့် ကျန်းယွင်ကျူးကို သွားတွေ့သော်လည်း ကျန်းယွင်ကျူး၏ အခန်းထဲတွင် ဘယ်သူမှ မရှိသည်ကို တွေ့လိုက်ရလေသည်။ သို့သော် သူမ၏ အဝတ်အစားများကတော့ အိပ်ရာဘေးတွင် ရှိနေသည်။

အရမ်းထူးဆန်းတယ်။ သူမက ကျန်းယွင်ကျူး ဘယ်သွားလိုက်ကြောင်း မေးဖို့ရာ တစ်ယောက်ယောက်ကို ချက်ချင်းသွားရှာတော့သည်။

ဘယ်သူမှ သူမကို မတွေ့ဘူးတဲ့။

ကျန်းယွင်ကျူးသည် ရုတ်တရက်ပျောက်သွားခဲ့လေသည်။

အိုး ဒါက ရုတ်တရက် ဖြစ်သွားတာ လုံးဝမဟုတ်ဘူး။ ညစောင့် အစေခံနှစ်ယောက် မနေ့ညက ဖြစ်ခဲ့သည်ကို ရုတ်တရက်မှတ်မိသွားပြီး လင်ယွိပိုင်ကို ခိုးကြည့်လိုက်ကြလေသည်။

ဒီပျောက်သွားတဲ့မိန်းကလေးကို သူတို့တွေ မနေ့က တွေ့ခဲ့သေးတာပဲ။ သူမက လှတယ်လေ။

သူတို့သခင်လေးသာ ညကြီးသန်းခေါင် အဲမိန်းကလေးကို မဖွယ်မရာ ပြုချင်ခဲ့ရင် အဲမိန်းကလေးက သေချာပေါက် အော်ဟစ်ရုန်းကန်လိမ့်မယ်။ ပြီးရင်တော့....။ သူတို့၏စိတ်သည် အလွန်ဝေးကွာသည့် အရပ်သို့ လှည့်ပတ်သွားလိုက်ပြီး ခေါင်းငုံ့ထားလိုက်ကြသည်။

ဒါက စီရင်မြို့ငယ်လေးက မိန်းကလေးတစ်ယောက်ပဲလေ။ သူမ ပျောက်သွားခဲ့ရင်တော့ ဘာဖြစ်လဲ။

သူတို့တွေက လင်မိသားစုရဲ့ အစေခံတွေ။ ပြီးတော့ လင်ယွိပိုင်က သူတို့ရဲ့သခင်။ သူတို့သည် ဘယ်ထုတ်ပြောရဲပါ့မလဲ။

လင်ယွိပိုင်သည် မိုးပြိုနေသလို ခံစားလိုက်ရတော့သည်။ သူက ကျန်းယွင်ကျူးကို မိတ်ဆွေတစ်ယောက်လို သဘောထားခဲ့ပေမဲ့ သူမက သူ့အိမ်မှာ ပျောက်သွားရတယ်လို့။ သူမသာ တစ်ခုခုဖြစ်သွားရင် သူဘယ်လို စိတ်အေးနိုင်မှာလဲ။ ပြီးတော့ စစ်သေနာပတိချုပ်ရှန်သာ ဒီကိစ္စကို သိသွားခဲ့ရင်တော့ဖြင့်....

“ရှာကြ၊ အားလုံး သွားရှာကြ ၊ အသက်ရှိနေတဲ့လူတစ်ယောက်က ဒီလို ပျောက်သွားမယ်လို့ ငါ မယုံဘူး”

သူက လည်ချောင်းကွဲတော့မတတ် အော်ပြောလိုက်တော့သည်။

ဒုတိယသခင်ကြီးလင်နှင့် သခင်မလင်တို့လည်း သတင်းကြားပြီး လာရောက် စစ်ဆေးကြလေသည်။

သူတို့သည် အကြောင်းအရာတစ်ခုကို ကြားလိုက်ရချိန်တွင် အထိတ်တလန့် ဖြစ်သွားတော့သည်။

သူတို့သည် လင်ယွိပိုင်လောက် စိုးရိမ်မနေကြဘဲ ဖြစ်နိုင်ခြေအားလုံးကို စဥ်းစားလိုက်လေသည်။ ဥပမာ ကျန်းယွင်ကျူးက သူ့ဟာသူ ထွက်သွားတာများလား။

“ သားရယ် စိတ်မပူပါနဲ့၊ သူ့ကို တွေ့မှာပါ၊ ဖြည်းဖြည်းချင်းရှာပါ”

အမျိုးသမီးလင်သည် သူမ၏သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်သွားပြီး သူ့ကို အကြံပေးလိုက်လေသည်။

လင်ယွိပိုင်က အိမ်တော်က လူအားလုံးကို အရူးတစ်ယောက်လို စစ်မေးတော့သည်။

မကြာမီတွင် သူသည် မနေ့ညက ညစောင့်တာဝန်ကျသည့် အစေခံနှစ်ယောက်ကို မေးဖို့ အလှည့်ကျလာတော့သည်။ သူတို့သည် အစပိုင်းတွင် မပြောကြသော်လည်း သူတို့ မူမမှန် ဖြစ်နေသည်ကို သခင်ကြီးလင်က သတိထားမိသွားတော့သည်။ သူက သူတို့ကို နှိပ်စက်မည်ဟုဆိုမှ သူတို့က ထုတ်ပြောကြတော့သည်။

မနေ့ညက သူတို့တွေ အမျိုးသမီးတစ်ယောက် အော်ဟစ်နေတာကို ကြားခဲ့ပါတယ်....

အားလုံးက ထိုစကားကို ကြားလိုက်ချိန်တွင် မနေ့ညက ဖြစ်ပျက်ခဲ့သည်ကို နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ သခင်လေးက မိန်းကလေးကို ဖိအားပေးချင်ပေမဲ့ မိန်းကလေးက ငြင်းလိုက်တာပဲ။ သခင်လေးက သူကိုယ်တိုင် သူခိုးဖြစ်နေရက်နဲ့ သူခိုးကို အော်ရှာနေတာ မဟုတ်ဘူးလား။

“သခင်လေးလင် ကျွန်မအစ်မက ရှင် ကျွန်မအစ်မကို ဘာလုပ်ခဲ့တာလဲ” ကျန်းယွင်ရွှယ်က မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာတော့သည်။

ဒုတိယသခင်လေးလင်သည် ဒေါသကြောင့် တုန်ယင်နေတော့သည်။ ဆိုးယုတ်လိုက်တဲ့သား။ သူက ဒီလိုကိစ္စမျိုး လုပ်ခဲ့တယ်ပေါ့။ ဒီနေ့ သူ့ကို သေအောင် ရိုက်ပစ်မယ်။

အမျိုးသမီးလင်က ဒုတိယသခင်ကြီးလင်ကို စိတ်လျှော့ဖို့ ကူညီပေးရင်း လင်ယွိပိုင်ကိုလည်း အနည်းငယ် ဒေါသထွက်နေတော့သည်။ သူက တဖက်သူကို သဘောကျတယ်ဆိုရင်လည်း မိသားစုကို ပြောလို့ရရက်နဲ့။ သူမ အဲဒီမိန်းကလေးကို မနေ့ကတွေ့ခဲ့သားပဲ။ သူမက တကယ် မဆိုးတာလေးပါ။ အားလုံး ထိုင်ပြီး စကားကောင်းပြောလို့လည်းရရ။ လက်ထပ်မှာလား။ ဒီအတိုင်း ခေါ်နေမှာလား။ ဆွေးနွေးလို့ရပါတယ်ဟယ်။

အခုတော့ ဒီလိုပြဿနာဖြစ်လာပါရောလား။ ဒါကို ဘယ်လိုဖြေရှင်းရမှာလဲ။

“ အဲဒီမိန်းကလေးဘယ်မှာလဲ”

အမျိုးသမီးလင်က မေးလိုက်၏။ သည်အချိန်တွင် လင်ယွိပိုင်သည် လူကို မထုတ်ပေးသေးချေ။

“ကျွန်တော် မနေ့က ကျွန်တော့်အခန်းထဲမှာပဲ ရှိတာပါ”

လင်ယွိပိုင်က ဖြူဆုတ်နေသည့်မျက်နှာဖြင့် ပြောလိုက်လေသည်။

ဒါပေမဲ့ ဘယ်သူက သက်သေလုပ်ပေးမှာလဲ။

လင်ယွိပိုင်သည် ဘာနှင့်မှ ငြင်းခုံလို့မရနိုင်မှန်း ခံစားမိလိုက်တော့သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သွားပြီ။ သူတော့ သွားပြီ။ လင်မိသားစုတော့ သွားပြီ။

...

အပိုင်း (၈၆)

ရုတ်တရက် လင်ယွီပိုင်သည် ပြေးထွက်သွားတော့သည်။ သူသည် ရှန်ဖုန်းမင်ကို သတင်းသွားပေးချင်ပြီး ကျန်းယွင်ကျူးကို မြန်မြန်သွားကယ်ခိုင်း စေချင်တော့သည်။

“ သားမိုက် မင်း ဘယ်သွားမလို့လဲ၊ သူ့ကို မြန်မြန်တားကြစမ်း” ဒုတိယသခင်ကြီးလင်က အော်ဟစ်လိုက်လေသည်။

အမျိုးသမီးလင်က လင်ယွိပိုင်ကို လွှတ်ပေးလိုက်ဖို့ အစေခံများကို မျက်ရိပ်ပြရင်း အလုပ်များသွားတော့သည်။ ဒုတိယသခင်ကြီးလင်က လုံးဝ ဒေါသဖုံးနေပြီလေ။ သူ စိတ်ပြေသွားတဲ့အထိစောင့်ပြီးမှ သူတို့ ဒီအကြောင်း ပြောကြတာပေါ့လေ။

နောက်တစ်နေ့တွင် လင်ယွိပိုင်သည် ဝူလင်စီရင်စုသို့ သွားသည့်လမ်းပေါ်တွင် ရှိနေသေးသည်။

အရိပ်တစ်ခုက ကျန်းယွင်ကျူး၏ အိမ်ထဲသို့ ရုတ်တရက် ဝင်လာခဲ့၏။

သည်အချိန်တွင် ရှန်ဖုန်းမင်သည် စာကြည့်ခန်းထဲတွင် ထိုင်နေသည်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း သူ စိတ်မအေးသလို ခံစားနေရတယ်။ ကျန်းယွင်ကျူး ဘေးမှာမရှိလို့များလား။

“ဘာကိစ္စလဲ”

သူသည် အပြင်က လူတစ်ယောက်ကို အာရုံခံမိလိုက်ပြီး မေးလိုက်လေသည်။

ထိုလူက မြန်မြန်ဒူးထောက်ချလိုက်ပြီး ကျန်းယွင်ကျူး ပြန်ပေးဆွဲခံရသည့်အကြောင်းကို ပြောပြလိုက်တော့သည်။

တမြန်နေ့ညက လျှို့ဝှက်အစောင့်များသည် ကျန်းယွင်ကျူးကို လင်အိမ်သို့သွားသည့် တလမ်းလုံး စောင့်ရှောက်လာပေးခဲ့ပြီးနောက် အပြင်ဘက်တွင် စောင့်ကြည့်ခဲ့လေသည်။

ချီလင်သက်တော်စောင့်ဌာနတွင် စည်းကမ်းတစ်ခုရှိလေသည်။ ရုံးတော်အရာရှိများ၏ အိမ်တော်အတွင်းသို့ အကြောင်းပြချက်မရှိ အမိန့်မရဘဲ မည်သူမှ ဝင်ခွင့်မပြုပေ။ ဒါသည် လွန်သည့် နှစ်၇၀ကျော်ကတည်း ဖြစ်သည်။ နန်းတွင်း ထောင်သွင်းအကျဥ်းချမှုတစ်ခု ဖြစ်သွားပြီးနောက် နန်းတွင်းအမှုထမ်းများက ဧကရာဇ်အားက အပြစ်ကျူးလွန်နိုင်သည်ဟု အခိုက်အမာ ဝေဖန်ထောက်ပြခဲ့ကြလေသည်။ သည်စည်းကမ်းကို ဧကရာဇ် ယွမ်မုက ချမှတ်ခဲ့ပြီး အခုချိန်ထိ တည်ရှိလာခဲ့ခြင်းပင်။

မဟုတ်လျှင် ချီလင်သက်တော်စောင့်များက ဘယ်သူမှ သတိမိလိုက်ဘဲ နေရာတိုင်းသို့ ဝင်ထွက်နိုင်ပြီး ထိုအရာရှိများကလည်း ညည အိပ်ရဲကြလိမ့်မည်မဟုတ်ပေ။

ဒါက ထိုလူများကို အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်ခြင်းပင်။

“ ဒီငယ်သားက အရည်အချင်းမပြည့်ခဲ့ပါဘူး”

အရိပ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး ရှန်ဖုန်းမင်၏မျက်နှာကို မကြည့်ရဲပေ။

သည်အခိုက်တွင် ရှန်ဖုန်းမင်၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသဖြင့် တောက်လောင်နေပြီး ဓားအိမ်ထဲက ကြောက်မက်ဖွယ်ကောင်း ဓားတစ်ချောင်းလို ခံစားမိနိုင်သည်။ လူများကို အကြောက်တရားဖြင့် တုန်ယင်အောင် လုပ်နေလေသည်။

“ လင်အိမ်တော်ရဲ့ နေရာတိုင်းကို ရှာပြီးပြီလား”

ရှန်ဖုန်းမင်က မေးလိုက်၏။ ထိုအခိုက်တန့်တွင် သူ့အသံက မည်မျှအေးစက်နေသည်ကို သူကိုယ်တိုင်ပင် သိလိုက်ပေ။

အရိပ်သည် တုန်လှုပ်သွားတော့သည်။ ဒီကိစ္စဖြစ်သွားပြီဆိုတော့ လင်အိမ်တော်ကို ဝင်ဖို့ သူတို့မှာ အကြောင်းပြချက်တစ်ခု ရသွားပြီလေ။ သူတို့တွေ အိမ်တော်တစ်ခုလုံးကို ရှာခဲ့ပေမဲ့ ကျန်းယွင်ကျူးကို ရှာမတွေ့နိုင်ခဲ့ဘူး။

“ မိန်းကလေးကျန်းက လင်အိမ်တော်ထဲက ခေါ်ထုတ်ခံသွားရတာဖြစ်မယ်” သူက ပြန်ပြောလိုက်၏။

“ သဲလွန်စရှိလား” ရှန်ဖုန်းမင်က ထပ်ပေးလိုက်၏။

“ တစ်ဖက်လူက ကျွန်တော်တို့ရဲ့စည်းကမ်းတွေကို ကောင်းကောင်းသိတဲ့ပုံရတယ်၊ သူက ညပိုင်းမှာ အိမ်ကနေ ထွက်မသွားခဲ့ဘူး၊ ဘယ်သူမှ သတိမထားမိတဲ့အချိန်မှာ သူက မိန်းကလေးကျန်းကို ခေါ်ထုတ်သွားခဲ့တာ၊ ကုန်စိမ်းပို့တဲ့သူ ဒါမှမဟုတ် ထင်လာပို့တဲ့သူတွေနဲ့ ရောပြီး မိန်းကလေးကျန်းကို ထုတ်သွားတာ ဖြစ်နိုင်တယ်။

လူလွှတ်ပြီး စုံစမ်းထားပေမဲ့ သူတို့တွေက သူမကို ရှာမတွေ့ကြသေးဘူး”

သူပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် ရှန်ဖုန်းမင်၏မျက်လုံးများသည် အေးစက်မှု အတိ ဖြစ်သွားတော့သည်။ ဧကန္တ အဲဒီလူက သူ့ကို ပစ်မှတ်ထားနေတာလား။

ဒါဆို ကျန်းယွင်ကျူး.... သူမ၏လက်ရှိအခြေအနေကို စဥ်းစားမိလိုက်ပြီး သူသည် အနည်းငယ် မတည်မငြိမ်ဖြစ်သွားတော့သည်။

ခြေလှမ်းကျဲများနှင့် လျှောက်ထွက်သွားတော့သည်။

မူးဝေနေသည့် ကျန်းယွင်ကျူးဘက်တွင်တော့ သူမသည် လက်နက်များ ထိတွေ့သံနှင့် တိုက်ခိုက်သံများကို ကြားနေရသယောင်။ သူမသည် မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်ရာ သူမသည် လှည်းတစ်ခုထဲတွင် လဲလျောင်းနေသည်ကိုသာ တွေ့လိုက်ရလေသည်။

ဘယ်လိုဖြစ်တာလဲ။ သူမက လင်မိသားစုရဲ့အိမ်တော်က အိပ်ရာပေါ်မှာ ရှိခဲ့တာ မှတ်မိနေပါတယ်။

“ မိန်းကလေးကျန်း အဆင်ပြေရဲ့လား”

သည်အခိုက်တွင် လှည်းခန်းဆီသည် မြောက်တက်သွားပြီး လင်ထင်အန်းက လက်ထဲတွင် ဓားရှည်တစ်ချောင်းဖြင့် အပြင်မှ လှည်းထဲသို့ ဝင်လာကာ စိုးရိမ်တကြီးမေးလိုက်လေသည်။

သူက ဘာလို့ ဒီမှာရှိနေတာလဲ။ ကြောင်အမ်းအမ်း မူးဝေကာ ကျန်းယွင်ကျူးသည် လင်ထင်အန်းကို ခက်ခက်ခဲခဲ စိုက်ကြည့်နေမိလေသည်။

ထို့နောက် သူမ၏ဦးခေါင်းသည် ငိုက်ကျသွားပြီး သတိပြန်လစ်သွားတော့သည်။

သစ်သားဖြင့် လုပ်ထားသည့် အခန်းပုလေးတစ်ခုထဲတွင် ကျန်းယွင်ကျူးသည် တစ်ခုတည်းသော ကျိုးပဲ့နေသည့်ခုတင်ပေါ်တွင် လဲလျောင်းနေလေသည်။ သူမ၏နက်မှောင်သည့် ဆံနွယ်များက ပျံ့ကျဲနေပြီး သူမ၏အသားအရေက နှင်းလိုဖြူဖွေးနေကာ သူမ၏ရင်ဘတ်က သူမ၏ အသက်ရှူသံနှင့်အတူ အနည်းငယ် လှုပ်နေလေသည်.... သူမသည် သည်ယိုယွင်းနေသည့်အခန်းထဲတွင် သီးခြားဖြစ်နေသော်လည်း လူတို့၏နှလုံးသားထဲ ရှေးအကျဆုံးအလိုဆန္ဒကို နိုးဆွနိုင်သယောင်။ သူမကို အကျဥ်းချထားကာ သူမကို ပိုင်ဆိုင်လိုသည့် စိတ်အားမျိုးပင်။

အိပ်ရာဘေးတွင် ရပ်နေရင်း လင်ထင်အန်းသည် သူမ၏မျက်နှာပေါ်တွင် ပြန့်ကျဲနေသည့် ဆံပင်များကို သပ်ပေးလိုက်ပြီး သူမ၏မျက်နှာလှလှလေးကို ဖော်ထားလိုက်လေသည်။

ရှည်လျားသည့် ဆံချည်မျှင်တစ်ချောင်း နှစ်ချောင်းက သူမ၏အသားအရေပေါ်တွင် လိမ်ကောက်ကာ ပြေကျသွားပြီး သူမ၏အဝတ်အစားထဲသို့ ဝင်သွားသည်။

လင်ထင်အန်း၏လက်သည် နိမ့်ဆင်းလာပြီး သူမ၏ လည်တိုင်နားတွင် ရပ်လိုက်လေသည်။

သူမ လက်ရှိဝတ်ထားသည့် အပေါ်ဝတ်ရုံက သူ့ဝတ်ရုံဖြစ်သည်။ အထဲတွင် နူးညံ့အိစက်သည့် အပေါ်ပိုင်းအဝတ်အစားတစ်ထည်သာ ရှိသည်။ အဝတ်အစားက သူမ၏ခန္ဓာကိုယ်နှင့် ကပ်နေပြီး စွဲမက်ဖွယ် ကောက်ကြောင်းတစ်ခုကို ဖြစ်နေတော့သည်။

သူ့လက်က ဆက်ပြီး နိမ့်လာလေသည်။

သည်အခိုက်တွင် ကျန်းယွင်ကျူးသည် မျက်လုံးဖွင့်လိုက်၏။ သူမ၏ရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမသည် ချက်ချင်း ထထိုင်လိုက်ပြီး နောက်ဆုတ်လိုက်လေသည်။ သူမ၏ကျောပြင်က နံရံနှင့် ကပ်သွားမှ ရပ်သွားတော့သည်။ သူမက လင်ထင်အန်းကို သတိနှင့် စိုက်ကြည့်နေလိုက်သည်။

လင်ထင်အန်းက သူ့လက်ကို ပြန်သိမ်းလိုက်ပြီး

“ မိန်းကလေးကျန်း ကျွန်တော့်ကို အဲလိုမကြည့်ပါနဲ့၊ ကျွန်တော် မင်းကို အန္တရာယ် မပေးပါဘူး”

“ ဘာတွေ ဖြစ်နေတာလဲ”

ကျန်းယွင်ကျူးက မေးလိုက်၏။ ထို့နောက်တွင်တော့ သူမသည် သူ့အပေါ်အင်္ကျီကို ဝတ်ထားမှန်း သတိထားမိလိုက်လေသည်။

သူမသည် ချွတ်ပစ်ချင်သော်လည်း အခန်းထဲတွင် ဘာမှမရှိပေ။ ထို့ကြောင့် သူသည် ယာယီ သည်းခံထားရုံသာ တတ်နိုင်တော့သည်။

လင်ထင်အန်းက ပြီးခဲ့သည့် နှစ်ရက်က ဖြစ်သွားသည့်အကြောင်းအရာများကို ပြောပြလိုက်လေသည်။

အဲဒီနေ့က သူက အပြင်မှာ အလုပ်ကိစ္စ သွားလုပ်နေတုန်း လူတစ်စုက ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေတာကို သတိထားမိလိုက်တယ်တဲ့။ လေက လှည်းခန်းဆီးထောင့်ကို တိုက်လိုက်တဲ့အချိန်မှာ သူက အထဲက ကျန်းယွင်ကျူးကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်တဲ့။ ဒါကြောင့် သူက လူအုပ်စုနောက်က လိုက်လာခဲ့တာတဲ့။

အဲဒီလူအုပ်ကြီးက ရန်ငြိုးရန်စ ရှိနေသလိုပဲတဲ့။ သူတို့က လျှောက်လာရင်း နောက်မှ ရန်သူကို နာကျင်စေရန်အောင် ကျန်းယွင်ကျူးကို အဓမ္မကျင့်ပြီး သည်မခံနိုင်လောက်တဲ့ အခြေအနေတစ်ခုမှာ သူမရဲ့အလောင်းကို ဘယ်လိုလုပ်မယ်ဆိုတဲ့ကြောင်း တိုင်ပင်လာခဲ့ကြတာတဲ့။

သူတို့တွေ ပြောရင်းနဲ့တောင် ရမ္မက်ပြင်းပြလွန်းလို ကျန်းယွင်ကျူးကို လမ်းပေါ်မှာပဲ ဆိုးဆိုးရွားရွား ပြစ်မားချင်နေကြတာတဲ့။

အံ့ဩစရာကောင်းတာက လင်ထင်အန်းက သူတို့ထဲက နှစ်ယောက်ကို ကယ်ပြီး ကျန်းယွင်ကျူးကို ကယ်ခဲ့တာတဲ့။

ဒါပေမဲ့ အဲဒီလူတွေက သူတို့နောက်လိုက်လာပြီး သူတို့ကို တွေ့ရာနေရာမှာ ဝိုင်းသတ်ဖို့ လုပ်နေကြတယ်တဲ့။

မတတ်သာတော့ဘဲ သူက သူမကို တောနက်ထဲ ခေါ်ပြေးလားပြီး ဒီယိုယွင်းနေတဲ့ တဲထဲမှာ ပုန်းခိုနေခဲ့ရတာတဲ့။

“ မိန်းကလေးကျန်း ဒါမှမဟုတ် မိန်းကလေးကျန်းနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်က သူတို့ထဲက တစ်ယောက်ယောက်ကို ဒေါသထွက်အောင်လုပ်မိလို့များ ဒီလိုရက်စက်တဲ့နည်းလမ်းမျိုးနဲ့ မင်းကို ဆက်ဆံတာများလား”

နောက်ဆုံးတော့ လင်ထင်အန်းက မေးလိုက်၏။

ကျန်းယွင်ကျူးသည် ရုတ်တရက်ဆိုသလို ရှန်ဖုန်းမင်ကို သတိရသွားတော့သည်။ စားသောက်ဆိုင်လေးတစ်ခုရဲ့ ပိုင်ရှင်တစ်ယောက်အနေနဲ့ သူမက ဘယ်သူ့ကို ပြစ်မှားနိုင်မှာလဲ။ ဒါပေမဲ့ ရှန်ဖုန်းမင်ကျတော့ မတူဘူးလေ။ သူ့ကို သ-တ်ချင်နေတဲ့သူက မြို့တော်တဝိုက်မှာ တန်းစီးနေလောက်တယ်။

ဒါဆို လင်ထင်အန်းက သူမကို ကယ်ခဲ့တာလား။

“ကျေးဇူးတင်ပါတယ် သခင်လေးလင်” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ရပါတယ် မိန်းကလေးကျန်း၊ မင်း အကြာကြီး အိပ်ပျော်နေတာ ဗိုက်ဆာနေပြီလား၊ ကျွန်တော် မင်းအတွက် စားစရာတချို့ယူလာခဲ့တယ်” ထို့သို့ပြောလိုက်ပြီး လင်ထင်အန်းက ထွက်သွားလေသည်။

အပြင်ဘက်တွင် တိတ်ဆိတ်နေ၏။ ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး တံခါးဆီလျှောက်သွားကာ အပြင်ကို လှမ်းကြည့်လိုက်လေသည်။

အဝေးတွင် တောင်စဥ်တန်းများ ရှိနေသည်။ အနီးနားတွင်တော့ သည်နေ့ရာသည် တောင်ကြားတစ်ခု ဖြစ်လောက်သည်။ ချိုင့်ဝှမ်းဘေးတွင် မြစ်ငယ်လေးတစ်ခု ရှိသည်။ မြစ်ဘေးတွင် စိမ်းစိုနေသည်။ သူမရှိနေသည့်နေရာက ယိုယွင်းနေသည့် သစ်သားအိမ်လေးတစ်လုံးဖြစ်သည်။ အိမ်ကို စွန့်ပစ်ထားသည်မှာ ကြာလောက်ပြီထင်သည်။ ဖုန်နှင့် ပင့်ကူအိမ်များက အပြည့်ပင်။

ကျန်းယွင်ကျူးသည် တွေဝေသွားတော့သည်။ ထွက်ပြေးရမလား ဒါမှမဟုတ် ဒီအတိုင်းနေရမလား။

သူမက လင်ထင်အန်းကို မယုံလေဘူး။ သူမက သူ့ကို လုံးဝမယုံကြည်ခဲ့တာဆို ပိုမှန်မယ်။ သူက သူမမှာ ဒါမှမဟုတ် သူမနဲ့ရင်းနှီးတဲ့သူတစ်ယောက်ယောက်ဆီမှာ ရန်သူတွေရှိလားလို့ မေးခဲ့တယ်လေ။ သူက ရှန်ဖုန်းမင်ကို မှတ်မိတာ ရှင်းနေတာပဲ။ အဲဒီလူတွေက သူ့ကို ပစ်မှတ်ထားနေတာ သူက မသိဘူးပေါ့။ သူမကို မေးစရာကို မလိုတာပဲ။

ဒီတိုင်း ထွက်ပြေးလိုက်ရမလား။ သူမ ဘယ်ကို ထွက်ပြေးရမှာလဲ။ သူမက လုံးဝ လမ်းမသိဘူးလေ။ သူမနောက်ကို လိုက်သ-တ်နေတဲ့သူတွေနဲ့ သွားတွေ့မှဖြင့်....

ကျန်းယွင်ကျူးသည် တံခါးနားတွင် အချိန်ကြာအောင် ရပ်နေလိုက်ပြီးနောက် လှည့်ကာ အခန်းထဲ ပြန်ဝင်သွားတော့သည်။ အနည်းဆုံးတော့ ထွက်မပြေးခင် ကြိုတင်ပြင်ဆင်ထားရမယ်။

တစ်နာရီခန့်ကြာပြီးနောက် လင်ထင်အန်းသည် လက်ထဲတွင် ယုန်နှစ်ကောင်နှင့် အပြင်မှ ပြန်ရောက်လာခဲ့သည်။

ယုန်ကို မြစ်ထဲတွင် ဆေးကြောလိုက်ပြီးနောက် သူက မီးပုံတစ်ခု ဖိုလိုက်ကာ ယုန်များကို ကင်လိုက်လေသည်။

ခဏအကြာတွင် ယုန်ကင် ရလာခဲ့သည်။ သူသည် အိမ်ထဲဝင်သွားပြီး ယုန်ကို ကျန်းယွင်ကျူးအား ပေးလိုက်လေသည်။

“မိန်းကလေးကျန်း ကျွန်တော်တို့တွေက တောထဲရောက်နေတာဆိုတော့ ဖြစ်သလို စားကြတာပေါ့”

ကျန်းယွင်ကျူးသည် အမှန်ပင် ဗိုက်ဆာနေလေသည်။ သူမက ယုန်ကို ယူလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

“ ကျွန်တော် ပြောပြီးပြီလေ၊ မိန်းကလေးကျန်းက ကျွန်တော့်ကို အားနာစရာမလိုပါဘူး” လင်ထင်အန်းက ပြောလိုက်သည်။

ကျန်းယွင်ကျူးက ဆက်မပြောတော့ဘဲ ခုတင်ဘေးတွင် ထိုင်ကာ လက်ထဲက ယုန်သားကို စားလိုက်တော့သည်။

လင်ထင်အန်းကလည်း ယုန်ကင်ကို ကိုင်ကာ စားနေလိုက်သည်။ စားနေရင်း သူက ပြောလိုက်၏။

“ မိန်းကလေးကျန်း ကျွန်တော် မင်းကို စိတ်ဆိုးအောင် လုပ်မိထား မရှိဘူးထင်တယ်၊ မင်း ကျွန်တော့်ကို စကားပြောတိုင်း ဘာလို့ အပေါ်ယံဆန်ဆန် နေတာလဲ”

ဒါသည် လင်ထင်အန်း၏စိတ်ထဲက သံသယပင်။ သူသည် ကျန်းယွင်ကျူးကို အမြဲတမ်းမေးချင်နေခဲ့ပြီး နောက်ဆုံးတော့ အခွင့်အရေးရလာခဲ့သည်။

ကျန်းယွင်ကျူးက ယုန်သားကို ဆွဲဖဲ့နေရင်းက ရပ်လိုက်ပြီး

“ သခင်လေးလင်က အထက်တန်းစား ဂုဏ်သရေရှိအငွေ့အသက်တစ်ခု ရှိတယ်လို့ ကျွန်မ ခံစားမိလို့ပါ၊ ရှင်က နာမည်ကြီးအိမ်တော် တစ်ခုက လာတာပဲ ဖြစ်ရမယ်၊ ရှင်နဲ့ကျွန်မက တစ်လမ်းတည်း သွားတဲ့သူတွေ မဟုတ်ဘူးလေ”

“ဪ”

လင်ထင်အန်း၏အသံက တိုးသွားပြီး

“ မိန်းကလေးကျန်းက ဘယ်လိုထင်လဲ၊ လူကြီးမင်းရှန်ကရော”

သူမက သူနဲ့ လမ်းမတူဘူးဆိုတာ ‘သူ’နဲ့ရော လမ်းတူရမှာလား။

ကျန်းယွင်ကျူးသည် နှုတ်ဆိတ်နေလိုက်လေသည်။ သူနဲ့လည်း လမ်းကမတူပါဘူးလေ။

သို့သော် လင်ထင်အန်း၏မျက်လုံးထဲတွင်တော့ သူမ၏နှုတ်ဆိတ်နေမှုက မိသွားသဖြင့် လိပ်ပြာမလုံသလို ဖြစ်နေသယောင်။

စားသောက်လိုက်ပြီးနောက် လင်ထင်အန်းက ကျန်းယွင်ကျူး သောက်ရန်အတွက် ရေနွေးကျိုပေးလိုက်သည်။ ထို့နောက် သူက အခန်းကို သန့်ရှင်းရေးစလုပ်လိုက်ပြီး သူသည် သည်နေရာတွင် အချိန်တော်တော်ကြာအောင် နေချင်သည့်နှယ်။

“ သခင်လေးအန်း ဒီနေရာက ဘယ်နေရာလဲ၊ ဝူလင်မြို့နဲ့ ဘယ်လောက်ဝေးလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။

“ဒါက လုပြည်နည်ရဲ့ တောင်ပိုင်းမှာ၊ ဝူလင်မြို့နဲ့ အရမ်းဝေးတယ်” လင်ထင်အန်းက ပြန်ဖြေလိုက်သည်။

“ ဒီနားမှာ စီရင်စုမြို့လေး ဒါမှမဟုတ် မြို့ရွာလေးတွေ ရှိလား” ကျန်းယွင်ကျူးက ထပ်မေးလိုက်၏။

“အဲဒီအပြစ်သားတွေက အရမ်းကြောက်စရာကောင်းပြီး ယုတ်မာကြတယ်၊ ဒီနေ့နဲ့ တော်တော်ဝေးတဲ့နေရာတစ်ခုမှ မြို့ ရွာ ၂ ခုကို တွေ့ခဲ့တယ် ဒါပေမဲ့ အဲဒီမှာ အပြစ်သားတွေ စောင့်ကြည့်နေကြပြီးသား၊ ကျွန်တော် သူတို့ကို မချဥ်းကပ်ရဲဘူး၊ နောက်တော့ အဲဒီရွာတွေကို ဒီအတိုင်းရှောင်လာခဲ့ပြီး နောက်ဆုံး ဒီနေရာကို အန္တရာယ်ကင်းကင်းနဲ့ ရောက်လာခဲ့တာ။

ဒါကြောင့် ကျွန်တော်လည်း ပတ်ဝန်းကျင်အခြေအနေကို မသိဘူး” လင်ထင်အန်းက ပြောလိုက်လေသည်။

“ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”

“ ကျွန်တော် လမ်းတစ်လျှောက်မှာ အမှတ်အသားတွေ လုပ်ထားခဲ့တယ်၊ ကျွန်တော်တို့ကို လာကယ်မဲ့သူ့ကို စောင့်ရမှာပဲ”

ဘယ်လောက်ကြာမှာတဲ့လဲ။ ကျန်းယွင်ကျူးက မေးလိုက်ချင်သော်လည်း လင်ထင်အန်းက ထိုအကြောင်းကို ဆက်မပြောချင်တော့သလို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ထိုစကားလုံးများကို ပါးစပ်ထဲတွင်သာ မျိုချလိုက်တော့သည်။ သူမ မေးခဲ့ရင်တောင် လင်ထင်အန်းက သူမကို ဖြေပေးနိုင်မယ်မထင်ဘူး။

ညနေခင်းတွင် လင်ထင်အန်းက အစားအသောက်ရှာဖို့ရန် ထပ်ထွက်သွားပြန်းသည်။ ကျန်းယွင်ကျူးက သူမလည်း သူနှင့် လိုက်ချင်ကြောင်း ပြောခဲ့သည်။

သူမသည် သူမ၏ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို တွေ့ချင်ခဲ့မိသည်။

လင်ထင်အန်းကလည်း မငြင်းပေ။

နှစ်ယောက်က သစ်သားအိမ်ထဲမှ ရှေ့ဆင့် နောက်ဆင့်ထွက်လာပြီး တောနက်ထဲသို့ လျှောက်လာခဲ့လိုက်သည်။ လမ်းလျှောက်နေရင်း ကျန်းယွင်ကျူးသည် သူမ၏ပတ်ဝန်းကျင်ကို ဆက်တိုက် စောင့်ကြည့်လာခဲ့သည်။

ရှေ့သို့လျှောက်လာပြီး အချိန်တစ်ခုကြာပြီးနောက် ကျန်းယွင်ကျူးသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ထူထပ်သည့်တောများသာ ရှိသည်ကို ခံစားမိလိုက်လေသည်။ သူမသည် ရှေ့ကိုပင် မမြင်နိုင်တော့ပေ။

သည်အချိန်တွင် လင်ထင်အန်းက သူမကို ရုတ်တရက်တားလိုက်ပြီး လက်ချောင်းများနှင့် တိတ်တိတ်နေဖို့ အချက်ပြလိုက်ပြီးနောက် ရှေ့သို့ ညွှန်ပြလိုက်လေသည်။

ကျန်းယွင်ကျူးသည် သူ့ညွှန်ပြလိုက်သည့် ဘက်ကို ကြည့်လိုက်ရာ ထိုနေရာတွင် အရောင်သွေးစုံလင်သည့် ကျားတစ်ကောင်က ပတ်သွားနေသည်ကို တွေ့လိုက်ရလေသည်။

ကျားသည် နှစ်မီတာရှည်ပြီး ဖြူဖွေးထက်ရှသည့် သွားများနှင့် ကြောက်စရာကောင်းသည့်မျက်လုံးများ ရှိသည်။ သူ့ပုံစံက တော်တော်လေး လန့်စရာပင်။

ကျန်းယွင်ကျူးသည် ကျားကို အနှောင့်ယှက်ပေးမိမည်စိုးသဖြင့် ချက်ချင်း အသက် အောင့်လိုက်မိလေသည်။

လင်ထင်အန်းက သူမကို ဆွဲပြီး ဖြည်းဖြည်းချင်း ပြန်ဆုတ်လာခဲ့သည်။

ကျန်းယွင်ကျူးသည် အဝေးကြီးသို့ ရောက်လာချိန်အထိပင် ကြောက်စိတ်များက ကျန်ရစ်နေသည်။ သူမသည် ကျားရှိသည့်နေရာကို တိတ်တိတ်လေး မှတ်ထားလိုက်တော့သည်။

သည်တစ်ကြိမ်တွင် ဆန့်ကျင်ဘက်လားရာသို့ လျှောက်လာပြီး သူတို့နှစ်ယောက်သည် ကံကောင်းသွားကာ တောကြက်တစ်ကောင်နှင့် ဥ၁၂လောက်ကို တွေ့လိုက်ရလေသည်။

သစ်သားအိမ်သို့ ရောက်လာပြီး ကျန်းယွင်ကျူးက မီးဖိုဆောင်သုံးပစ္စည်းအဟောင်းတချို့ကို ရှာတွေ့သွားခဲ့သည်။ အချိန်တော်တော်ကိ ဘယ်သူမှ အသုံးမပြုခဲ့ကြပေ။

သူမသည် လင်ထင်အန်းကို ချက်ပြုတ်ပေးရန် ဆက်ပြီး ဒုက္ခမပေးချင်တော့သဖြင့် မီးဖိုဆောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်လိုက်တော့သည်။

အချိန်တိုအတွင်းတွင် လင်ထင်အန်းသည် တောကြက်ကို ကိုင်ပြီးသွားတော့သည်။

“ကျွန်မ လုပ်လိုက်မယ်”

ကျန်းယွင်ကျင်းက တောကြက်ကို ကောက်ယူဖို့ လက်ဆန့်လိုက်သည်။

“ကောင်းပါပြီ” လင်ထင်အန်းက သဘောတူလိုက်၏။

ကျန်းယွင်ကျူး၏အချက်အပြုတ်လက်ရာက အင်မတန်ကောင်းလေသည်။ အစားအသောက်က အချိန်တိုအတွင်းတွင် အဆင်သင့်ဖြစ်သွားခဲ့သည်။

သူမချက်ပြုတ်သည်အရာက လင်ထင်အန်းထက် ပိုပြီး အရသာရှိသည်မှာ သဘာဝပင်။

ညရောက်လာ၏။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေပြီး လောကကြီးတွင် သူတို့နှစ်ယောက်သာ ရှိနေသည့်နှယ်။

သစ်သားအိမ်ထဲတွင် ဆီမီးခွက်တစ်ခု ရှိသည်။ သည်အချိန်တွင် ဆီမီးခွက်ကာ နွေးထွေးသည့် အဝါရောင်အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပြီး ကျန်းယွင်ကျူး၏မျက်နှာပေါ်တွင် တောက်ပနေကာ သူမ၏အလှကို ပိုပြီး စွဲမက်နှစ်သက်ဖွယ် ဖြစ်နေစေလေသည်။

စားသောက်ပြီးနောက် သူတို့နှစ်ယောက်က အနားယူချင်နေကြပြီ။ သို့သော် သစ်သားအိမ်ထဲတွင် အိပ်ရာက တစ်ခုသာရှိလေသည်။ သူတို့သည် မည်သို့ အိပ်ရပါမည်နည်း။

ကျန်းယွင်ကျူးက လင်ထင်အန်းကို ကြည့်လိုက်ရာ ခုတင်စွန်းတွင် ထိုင်နေသည်ကိုသာ မြင်လိုက်ရလေသည်။ သူ့အမူအရာက ဝိုးတဝါးပင်။

...

အပိုင်း (၈၇)

ကျန်းယွင်ကျူးသည် လင်ထင်အန်းက အလွန်မှမာနကြီးသူတစ်ယောက်ျားဖြစ်ပြီး တခြားသူအား ငြင်းဆိုခွင့်ပေးဖို့ရန်လည်း အလွန်မှ မာန်မာနရှိလေသည်။

“ သခင်လေးလင် ရှင် စကားပြောချင်လား” ကျန်းယွင်ကျူးက ထိုနေရာတွင် ရပ်ကာ သူ့ကို မေးလိုက်လေသည်။

လင်ထင်အန်းက သူမကိုကြည့်လိုက်ပြီး

“ မိန်းကလေးကျန်းက ဘာအကြောင်းပြောချင်တာလဲ”

“ ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်တော့ ဘဝမှာ ကိစ္စတွေက လိုချင်သလို မဖြစ်လာဘူးတဲ့”

ကျန်းယွင်ကျူးသည် သူမ၏ထပ်ခါထပ်ခါ ရှောင်နေခြင်းက သူ့ယှဥ်ပြိုင်လိုစိတ်ကို နိုးဆွနေနိုင်ကြောင်း ခံစားမိလိုက်လေသည်။

လင်ထင်အန်းသည် သူပြောချင်သည့် စကားကို ချက်ချင်းနားလည်သွားတော့သည်။ အမှန်အတိုင်း ပြောရလျှင် သူသည် သူမကို ပိုင်ဆိုင်ချခဲ့သည်။ သူသည် ရှန်ဖုန်းမင်နှင့် သေချောပေါက် ယှဥ်ပြိုင်ချင်လိုသည်။

သို့သော် သူသည် သူမကို အမှန်ပင် တိတ်တခိုး ကြွေမိနေခဲ့သည်။

ထိုသို့ စဥ်းစားလိုက်ပြီး သူက ထရပ်လိုက်၏။ နေ့ရက်များက ရှည်လျားလှသည်။ သူသည် သူမက သူ့ကို နှစ်သက်လာအောင် ဖြည်းဖြည်းချင်း လုပ်ရပေလိမ့်မည်။

“မိန်းကလေးကျန်း စောစောနားလိုက်ပါ၊ ကျွန်တော် မင်းအတွက် တံခါးကို စောင့်ထားပေးမယ်”

လင်ထင်အန်းက ပြောလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်ကာ ကောင်းကင်က တောက်ပသည့်လမင်းကို ကြည့်လိုက်လေသည်။

လင်းထိန်နေသည့် လမင်းက ကြည်လင်တောက်ပလို့ပင်။ လေပြေကလည်း ဖြည်းညင်းစွာ တိုက်ခတ်နေသည်။ တောင်တန်းများ၏ ရှုခင်းက ရင်ထဲထိလှသည်။

ကျန်းယွင်ကျူးက သိပြီးသားပင်။ သူ့မာနနှင့်ဆိုလျှင် သူက ထိုသို့ပြောလိုက်ပြီဖြစ်သဖြင့် သူမကို ထိတော့မည် မဟုတ်ပေ။

သူမသည် ပင်ပန်းနေ၏။ သူမက အိပ်ရာဝင်လိုက်ပြီး အိပ်ပျော်သွားတော့သည်။

အခန်းထဲက အသက်ရှူသံက တဖြည်းဖြည်း တည်ငြိမ်လာလေသည်။ လင်ထင်အန်းသည် အိပ်ရာပေါ်က လူကို လှည့်ကြည့်လိုက်ပြီး အခန်းထဲ ဖြည်းဖြည်းချင်း လျှောက်လာကာ ကျန်းယွင်ကျူးကို သေသေချာချာ လေ့လာကြည့်လိုက်လေသည်။

သည်အခိုက်တွင် သူမသည် ဘာအကာအကွယ်မှ မရှိဘဲ ထိုနေရာတွင်လဲလျောင်းနေလေသည်။

သူမက သူ့ကို အဲလောက်တောင် ယုံကြည်သတဲ့လား။ လင်ထင်အန်းသည် ထိုနေရာတွင် အချိန်တော်တော်ကြာအောင် ရပ်နေလိုက်ပြီးနောက် တဖန် ပြန်ထွက်သွားတော့သည်။

နောက်တစ်နေ့မနက်ခင်းတွင် ကျန်းယွင်ကျူးသည် စိုးရိမ်စိတ်များနှင့် ခုတင်ပေါ်တွင် လဲလျောင်းနေလေသည်။

အပြင်ဘက်တွင် ဖြစ်ပျက်နေသည်ကို စဥ်းစားနေမိသည်။ သူမက လင်အိမ်တော်မှာ ပျောက်သွားခဲ့တာ။ ရှန်ဖုန်းမင်က သူမကို ရှာနေမှာပါနော်။ ဟုတ်တယ်မလား။

သူ သွားရှာမယ်ဆိုရင်တော့...

သူမကို ဖမ်းထားတဲ့သူရဲ့အစီအစဥ်ကို နားလည်ထားပြီးသားပဲ။ - သူမ ပျောက်သွားတဲ့အတွက် လင်မိသားစုအပေါ် အပြစ်တွေပုံချလိုက်မယ်။ အဲဒီအချိန်ကျရင် ရှန်ဖုန်းမင်က လင်မိသားစုနဲ့ ရင်ဆိုင်ခဲ့ရင် ဒါက သူဟာ အိမ်ရှေ့မင်းသားရဲ့ ဆန့်ကျင်ဘက်မှာ ရပ်လိုက်တာနဲ့ အတူတူပဲ။ ဒါဆိုရင်...

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က သည်လိုထောင်ချောက်မျိုးထဲသို့ အလွယ်တကူ ကျရောက်လိမ့်မည် မဟုတ်မှန်းတော့ သိထားသည်။ သို့တိုင် သူမသည် စိုးရိမ်နေမိဆဲ။ လင်ယွိပိုင်၊ ကျန်းယွင်ရွှယ် နဲ့ တခြားသူတွေလည်း ရှိသေးတယ်။ သူမ ပျောက်သွားတာနဲ့ပတ်သက်ပြီး သူတို့တွေ ဘယ်လောက်များ စိတ်ပူနေကြလိမ့်မလဲ။

“မိန်းကလေးကျန်း နိုးပြီလား၊ တောရိုင်းအသီးတွေ စားမလား”

လင်ထင်အန်းက သစ်ရွက်ကြီးတစ်ခုကို ကိုင်ကာ တံခါးနားတွင် ရပ်နေ၏။ မြစိမ်းရောင် သစ်ရွက်ပေါ်တွင် သင်းပျံ့ပျံ့ သစ်သီးရနံ့ တစ်ခုထုတ်လွှတ်နေသည့် အနီရင့်ရင့် တောရိုင်းသစ်သီး လေး, ငါးလုံးလောက် ရှိနေသည်။

ကျန်းယွင်ကျူးက ထလိုက်ပြီး ကိုယ်လက်သန့်စင်ရန် မြစ်ဆီသို့ သွားလိုက်၏။ ထို့နောက် သူမက မြစ်ကို ခဏလောက် စိုက်ကြည့်နေလိုက်ပြီး သစ်သားအိမ်ဆီသို့ ပြန်လာခဲ့တော့သည်။

သစ်သီးများကို စားရင်း သူမသည် လင်ထင်အန်းကို စိုးရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။

“ အခုလေးတင် တစ်ခုခု ဟိန်းသံကြားလိုက်သလိုပဲ၊ ဧကန္တ မနေ့က ကျားများလား၊ သခင်လေးလင် ဒီနေရာက အန္တရာယ်ကင်းတယ်လို့ ကျွန်မတော့မထင်ဘူး၊ တခြားနေရာကို သွားရအောင်ပါ”

လင်ထင်အန်းက ခဏလောက်စဥ်းစားလိုက်ပြီး

“ အဲဒီအပြစ်သားတွေက ကျားထက်အများကြီး ပိုရက်စက်တယ်၊ မိန်းကလေးကျန်း စိတ်မပူပါနဲ့၊ ကျွန်တော်နဲ့ ဒီမှာရှိနေရင် ကျားက မိန်းကလေးကို အန္တရာယ်မပြုနိုင်ပါဘူး”

“ ကျွန်မတို့ကို ကယ်မဲ့သူတွေ ဘယ်တော့မှလာမှာလဲ မသိဘူး” ကျန်းယွင်ကျူးက သက်ပြင်းချလိုက်လေသည်။

လင်ထင်အန်းသည် သစ်သီးကို တစ်ကိုက်ကိုက်လိုက်ပြီး

“ မိန်းကလေးကျန်း စိတ်မပူပါနဲ့၊ သိပ်မကြာလောက်တော့ပါဘူး”

သည်အချိန်တွင် အပြင်ဘက်၌ မိုးရွာတော့မည့်အရိပ်ကို ခံစားလိုက်လေသည်။ လုပြည်နယ်တစ်ခုလုံးတွင် အရာရှိများဖြစ်စေ သာမန်ပြည်သူများဖြစ်စေ ရှင်းမပြတတ်သည့် တင်းမာမှုကို ခံစားမိကြပြီး လတ်တလောတွင် စိတ်ပျက်နေကြတာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မည့်နှယ်။

လုမြို့၏ ပျက်စီးနေသည့်ဘုရားကျောင်းထဲတွင် ချီလင်သက်တော်စောင့်များသည် နောက်ဆုံးတော့ ကျန်းယွင်ကျူး၏သဲလွန်စကို ရှာတွေခဲ့ကြသော်လည်း....

အားလုံးက ပုစဥ်းရင်ကွဲတစ်ကောင်လို နှုတ်ဆိတ်သွားကြလေသည်။

ရှန်ဖုန်းမင်က ခါးတွင် ခွန်းဝူဓားကို ချိတ်ကာ အပြင်မှ ဝင်လာခဲ့သည်။

“ခေါင်းဆောင် ဒါက....”

ထိုလူက သူ့စကားအဆုံးတွင် ဒူးထောက်ချလိုက်တော့သည်။

ပျက်စီးနေသည့်ဘုရားကျောင်း၏ ကြမ်းပြင်ပေါ်တွင် အမျိုးသမီးအလောင်းတစ်ခု ရှိနေသည်။ အလောင်းသည် ဓားတစ်လက်ဖြင့် ခုတ်ခံထားရပြီး မီးလောင်ခံထားရလေသည်။ သူမ၏ရုပ်သွင်ကို သေသေချာချာ မတွေ့နိုင်တော့ပေ။ သို့သော် သူမ၏အရပ်အမြင့်နှင့် ကိုယ်လုံးကိုယ်ထည်တို့သည် ကျန်းယွင်ကျူးအတိုင်းပင်။

ထို့အပြင် သူမ၏ခေါင်းပေါ်တွင် ထိုးထားတတ်သည့် ဆံထိုးလေးနှစ်ခုကို ထိုးထားလေသည်။

ရှန်ဖုန်းမင်က ဆံထိုးငယ်လေးနှစ်ခုကို ကောက်ယူလိုက်၏။ ပတ်ဝန်းကျင်သည် အကြီးအကျယ် ငြိမ်ကျသွားတော့သည်။

ထိုညနေခင်းတွင် လင်ထင်အန်းက အမဲလိုက်ရန် ထွက်သွားခဲ့သည်။ သူပြန်လာချိန်တွင် သစ်သားတဲက ရှုပ်ပွနေပြီး မြေကြီးပေါ်တွင် အနီရောင်သွေးများနှင့် တောရိုင်းတိရိစ္ဆာန်များက အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲထားသည့် အဝတ်အစ အပိုင်းအစများကို တွေ့လိုက်ရလေသည်။

အဝတ်အစားများက ကျန်းယွင်ကျူး၏ အဝတ်အစားများဖြစ်ပြီး သူ့ဝတ်ရုံနှင့် သူမ၏ ဂါဝန်ရှည်လည်း ပါသည်။

မနက်က ကျန်းယွင်ကျူးပြောသည့် ကျားဟိန်းသံကို ပြန်စဥ်းစားလိုက်မိပြီး သူ အပြင်သွားနေစဥ် ကျားက အိမ်ထဲဝင်လာပြီး ကျန်းယွင်ကျူးကို တိုက်ခိုက်ခဲ့သည်ဟု အလွယ်တကူ ကောက်ချက်ချနိုင်လေသည်။

အဲလိုများလား။ လင်ထင်အန်းသည် သူ့နှုတ်ခမ်းထောင့်ကို ပင့်ထားလိုက်သည်။ အဲဒီကျားကို မနေ့ညက ရှင်းလိုက်ပြီလေ။ သေရာက ပြန်ရှင်လာတယ်ဆိုတာ ဖြစ်နိုင်လို့လား။

“မိန်းကလေးကျန်း မိန်းကလေးကျန်း “

သူသည် စိုးရိမ်နေသည့်နှယ် ပတ်ရှာလိုက်လေသည်။

ကျယ်ဝန်းလှသည့်နေရာတစ်ခုဖြစ်သော်လည်း သူသည် ကျန်းယွင်ကျူးကို ရှာမတွေ့နိုင်ခဲ့ပေ။

သူ့အကြည့်က အေးစက်သွားပြီး ရုတ်တရက်ဆိုသလို သိပ်မဝေးလှသည့် မြစ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

သူက ပြေးသွားလိုက်၏။ ထင်ထားသည့်အတိုင်းပင် ကမ်းပေါ်သို့ ဆွဲတင်ထားသည့် သစ်တုံးတစ်ခု၏ အရာများကို တွေ့လိုက်ရလေသည်။ ထိုအရာကိုကြည့်လျှင် ကျန်းယွင်ကျူးသည် သစ်တုံးကို ဖက်ပြီး မြစ်အောက်ပိုင်းသို့ မျောဆင်းသွားတာဖြစ်ရမည်။

သူက မျက်ခုံးများကို ပင့်လိုက်ပြီး သူ့အင်္ကျီထဲက ပလွေတိုလေးတစ်ခုကို ထုတ်လိုက်ပြီး နှစ်ချက်မှုတ်လိုက်လေသည်။

မကြာမီ လူတစ်စုသည် သစ်တောထဲမှ ပြေးလာကြကာ ဒူးထောက်လိုက်ကြပြီး

“အကြီးဆုံးသခင်လေး”

“မြစ်အောက်ပိုင်း ရှာကြ၊ မင်းတို့တွေ သူ့ကို ရှာတွေ့မှရမှာ” လင်ထင်အန်း၏မျက်နှာသည် ရေခဲ့တုံးတမျှ အေးစက်နေတော့သည်။

“ဟုတ်ကဲ့”

ထိုလူများသည့် မြစ်ကြောင်းတစ်လျှောက် အောက်ဖက်သို့ ချက်ချင်းဆင်းသွားလိုက်ကြသည်။

လူတစ်ယောက်က လင်ထင်အန်းအတွက် မြင်းတစ်ကောင် ယူလာခဲ့ပေးလိုက်သည်။ သူက မြင်းပေါ်တက်လိုက်ပြီး မြစ်အောက်ဘက်သို့ စီးသွားတော့သည်။

ပတ်ဝန်းကျင်သည် ဗလာအတိဖြစ်သွားတော့သည်။

နာရီဝက်လောက် ကြာပြီးနောက် လင်ထင်အန်းက သူ့မြင်းနှင့်ပြန်ရောက်လာပြီး လျှောက်ပတ်ကြည့်လိုက်ကာ ဘာမှ ထူးထူးခြားခြားမတွေ့သဖြင့် မြင်းကို စီးကာ ပြန်ထွက်သွားတော့သည်။

နောက်ထပ်တစ်နာရီကြာသွားပြီးနောက် လူတစ်ယောက်သည် မြစ်အပေါ်ပိုင်းမှ မျောဆင်းလာခဲ့သည်။ ထိုလူသည် လက်ထဲတွင် သစ်တုံးတစ်ခုကို ဖက်ထားလိုက်လေသည်။ ကျန်းယွင်ကျူး မဟုတ်လျှင် မည်သူဖြစ်ပါမည်နည်း။

သူမသည် လင်ထင်အန်းအကြောင်းကို ကောင်းကောင်းသိလေသည်။ သွေးရာဖြစ်စေ ၊ သစ်တုံးဆွဲထားသည့် အမှတ်အသားဖြစ်စေ သူမက တမင်လုပ်ခဲ့ခြင်းပင်။ အမှန်တွင်တော့ သူမက မြစ်အပေါ်ပိုင်းသို့ တက်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူမက အဝေးကြီးလည်းမသွားရဲပေ။ သူတို့သည် လင်ထင်အန်းပြောသလို အမဲလိုက်ခံနေရမည်ကို စိုးရိမ်ခဲ့မိသည်။ သူမသည် ထိုအပြစ်သားများနှင့် တွေ့ခဲ့လျှင် ဒုက္ခဖြစ်သွားလိမ့်မည်။

သူမသည် မြစ်အပေါ်ပိုင်း၏ တစ်ကီလိုမီတာ လောက်တွင် ရှိနေသည်။ အခုမှ သူမက ဆင်းလာပြီး မြစ်ဘေးတွင် ရှုပ်ထွေးနေသည့် ခြေရာများစွာအပြင် မြင်းခွာရာများကိုလည်း တွေ့လိုက်ရလေသည်။

လင်ထင်အန်းက လိမ်နေခဲ့တာပဲ။ အနည်းဆုံးတော့ သူက သူမကို ဒီနေရာက ခေါ်ထုတ်သွားနိုင်ရက်နဲ့ သူက သူမကို မလွတ်ပေးချင်ခဲ့ဘူး။

အခုတော့ ဘာဖြစ်သွားပြီလဲ။ ကျန်းယွင်ကျူးသည် သစ်တုံးကို ဖက်ကာ ဆက်ပြီး မြစ်အောက်ပိုင်းသို့ ဆင်းသွားလိုက်သည်။ လင်ထင်အန်းက သူမ မြစ်အောက်ပိုင်းသို့ လုံးဝဆင်းမသွားခဲ့သည်ကို မကြာမီတွင် သိသွားကာ သူမကို ပြန်လာရှာလိမ့်မည်ကို သိနေသည်။

သူမလုပ်ရမည်က မြစ်အောက်ပိုင်းသို့ဆင်းသွားပြီး ပုန်းခိုရန် နေရာတစ်ခုကို ရှာကာ သူနှင့်အချိန်ကွာဟချက်ကို အသုံးချဖို့ရန်ပင်။

အချိန်တန်လျှင် သူသည် ပြန်ဖို့ အလျင်လိုလာပြီး လမ်းတစ်လျှောက်တွင် သေချာပေါက် ဂရုတစိုက်ရှာတော့မည် မဟုတ်ပေ။

ထို့အပြင် သူမသည် တောင်ပေါ်က သားရိုင်းကောင်များကိုလည်း ကြောက်ရသည်။ သူမသည် သူတို့နောက်ကလိုက်ရင်း တောရိုင်းကောင်များကို ရှောင်ရှားနိုင်လိမ့်မည်။

မြစ်သည် ၄-၅မီတာခန့် အမှန်ပင် ကျယ်သည်။ အနက်ဆုံးအပိုင်းက ၂-၃မီတာခန့်ရှိပြီး အတိမ်ဆုံးအပိုင်းမှာ ၁ မီတာလောက်သာရှိမည်။ ကျန်းယွင်ကျူးသည် သစ်တုံးကို ဖက်ထားလိုက်သည်။ တခါတရံ မြစ်ထဲတွင် တစ်လှမ်း နှစ်လှမ်းလောက် လျှောက်နိုင်သည်။ တခါတရံ သူမသည် မြစ်အတိုင်း မျောလာပြီး အချိန်တိုအတွင်းတွင် အဝေးကြီးသို့ ရောက်လာခဲ့သည်။

တစ်ချက်အလှည့်တွင် သူမသည် ကျူတောများထူထပ်သည့်နေရာတစ်ခုကို ရုတ်တရက် တွေ့သွားတော့သည်။ ကွေးကောက်စွာ ပေါက်နေသည့် သစ်ပင်ကြီးတစ်ပင်ရှိသည်။ ထိုသစ်ပင်ကြီးသည် ထူးထူးခြားခြား တောင့်တင်းသန်မာနေသည်။ တွယ်ကပ်ကာ လိမ်ယှက်နေသည့် နွယ်ပင်များ ထပ်ပေါင်းလိုက်လျှင် လူတစ်ယောက် အလွယ်တကူပုန်းခိုနိုင်လေသည်။

သူမက ဖက်ထားသည့် သစ်တုံးကို ကမ်းဘက်သို့ ချက်ချင်းဆွဲလိုက်ပြီး သစ်ပင်ကြီးနောက်တွင် ပုန်းလိုက်ကာ သူမ၏ကိုယ်အနေအထားကို ပြင်ဆင်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ရေမော်များနှင့် အုပ်ထားလိုက်ပြီး ထိုနေရာတွင် မှီကာ ခဏလောက်အနားယူလိုက်လေသည်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စိုရွှဲ စေးကပ်နေကာ သက်သောင့်သက်သာဖြစ်မနေချေ။ သို့သော် သူမသည် အခုတော့ ထိုကိစ္စကို သိပ်ဂရုမစိုက်နိုင်တော့ပေ။

နာရီဝက်ကြာပြီးနောက် လူသံနှင့် မြင်းသံများက အမှန်တကယ်ကြားလိုက်ရသည်။

လင်ထင်အန်းသည် သူ လှည့်စားခံလိုက်ရသည်ကို သိသွားပြီး သူမကို ရှာရန် လူများကို ခေါ်လာခဲ့လေသည်။ ထိုသို့ စဥ်းစားမိလိုက်သည်နှင့် ကျန်းယွင်ကျူးသည် အသက်အောင့်ထားလိုက်ပြီး မလှုပ်မယှက်နေနေလိုက်သည်။

သူမသည် တခြားနေရာတွင် ရှိနေပြီး သစ်ပင်တစ်ပင်နောက်တွင် အမှန်ပင် ပုန်းခိုနေခဲ့လျှင် လင်ထင်အန်းတို့အဖွဲ့သည် သူမက မည်သို့ပင်ဂရုစိုက်နေပါစေ သူမကို ရှာတွေ့သွားနိုင်လိမ့်မည်။ သို့သော် သည်နေရာက မြစ်ဘေးနားတွင် ဖြစ်နေသည်။ မြစ်ရေ၏ လှိုင်းရိုက်ခတ်သံကြောင့် ဆူညံနေသည်။ လင်ထင်အန်းနှင့်တခြားသူများကလည်း အလောတကြီး ပြန်လာရှာကြခြင်းဖြစ်သည်။ သစ်ပင်နောက်တွင် လူတစ်ယောက်ပုန်းနေသည်ကို မည်သူကမှ သတိမထားမိခဲ့ပေ။

ထိုလူများ အဝေးသို့ရောက်သွားချိန်တွင် ကျန်းယွင်ကျူးက သစ်တုံးကို ဖက်ပြီး မြစ်ထဲပြန်ဆင်းကာ အောက်သို့ ဆက်ဆင်းလာခဲ့လိုက်သည်။

သည်တစ်ကြိမ်တွင် သူမသည် အဝေးကြီးသို့ မျောလာခဲ့သည်။ သူမသည် ကုန်းပေါ်က သစ်ပင်များ တဖြည်းဖြည်း တိုလာသည်ကို မြင်လိုက်ချိန်မှ ကမ်းပေါ်တက်ခဲ့လိုက်တော့သည်။ သူမ၏ကိုင်ထားသည့် သစ်တုံးကိုတော့ ဆက်မျောထားလိုက်သည်။ သည်လိုဆိုလျှင် လင်ထင်အန်း ပြန်လာရှာခဲ့လျှင်တောင် သူက သစ်တုံးနောက် လိုက်သွားပြီး ထိုနေရာသို့ ဆက်သွားလိမ့်မည်။

မြစ်ရေထဲတွင် အချိန်အကြာကြီး မျောနေပြီးနောက် ကမ်းပေါ်တက်လာချိန်တွင် လုံးဝအေးစက်နေတော့သည်။

သူမက ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ ဒီနေရာက တောင်ထူတဲ့နေရာတစ်ခုပဲ။ ပတ်ဝန်းကျင်မှာလည်း အများစုက သေးငယ်ပြီး ကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ ချုံနွယ်တွေပဲ ရှိတယ်။ သားရိုင်းကောင်ကြီးတွေတော့ မရှိလောက်ပါဘူး။

အရေးအကြီးဆုံးက နွေးသွားအောင် မီးပုံတစ်ခု လုပ်ဖို့ပဲ။

တောင်နံရံနောက်တွင် သူမသည် သစ်ကိုင်းများကို ကောက်လိုက်လေသည်။ ထို့နောက် သူမက ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသည့် မီးခတ်ကျောက်တစ်ခုကို ထုတ်လိုက်၏။ ခဏလောက် အခြောက်ခံလိုက်ပြီးနောက်တွင် နွေးထွေးသည့် အဝါရောင်မီးပုံတစ်ခုက တောက်လောင်လာလေသည်။

ကျန်းယွင်ကျူးက လက်များကို မီးလှုံလိုက်ပြီး အလွန်နွေးသွားသလို ခံစားလိုက်ရတော့သည်။

သို့သော် သူမက အချိန်အကြာကြီး မလုပ်ရဲပေ။ သူမ၏ကိုယ်ပေါ်က အဝတ်များခြောက်သွားပြီးနောက် မီးငြိမ်းလိုက်ပြီး နောက်ဆက်လုပ်မည့်အရာကို စဥ်းစားလိုက်လေသည်။

သည်အခိုက်တွင် လူတစ်စုသည့် မြစ်အောက်ပိုင်းသို့ ရောက်လာခဲ့သည်။ ခေါင်းဆောင်သည် သန်မာသည့်လူတစ်ယောက်ပင်။ သူက ပြောရင်းဆိုရင်း လှုပ်ရှားလိုက်လေသည်။

“ သခင်လေးလင်ကို လူတွေကို ပြန်ခေါ်သွားဖို့ မြန်မြန်သွားပြောလိုက်၊ အဲဒီလူ သူ့နောက်လိုက်လာနေပြီ”

ထိုလူကအကြောင်း ပြောလိုက်သည်တွင် အားလုံးက တုန်ယင်သွားကြတော့သည်။

“ -ျီး ကြောက်နေလိုက်၊ သူလည်း လူသားတစ်ယောက်ပဲ၊ သွေးထွက်တတ်တယ်၊ မင်းတို့ မမြင်ဖူးဘူးလား” လူထွားကြီးတစ်ယောက်က အော်ပြောလိုက်လေသည်။

အားလုံးသည် တုန်လှုပ်နေကြဆဲ။ သူတို့တွေက ဘယ်လုပ်ပြီး ကြည့်ရဲပါ့မလဲ။ သူတို့မှာ အသက်လုပြီး ပြေးနေရတာ။

လူထွားကြီးက သူ့ဘေးကလူကို မေးလိုက်လေသည်။

“ ဆက်ပြီး ထွက်ပြေးနေလို့ မရတော့ဘူး၊ မင်း အဲဒီပစ္စည်းမယူလာဘူးလား”

“ယူလာတယ်” ထိုလူက ပြန်ဖြေလိုက်သည်။

“ မြှုပ်ဖို့ နေရာတစ်ခု ရှာလိုက်၊ နောက်ပြီးရင် သူ့ကို အဲနေရာကို မျှားခေါ်သွားလိုက်၊ ပြီးရင်တော့ သူ ခေါင်းဖြတ်ခံရလိမ့်မယ်” လူထွားကြီးက မြေကြီးပေါ်တံတွေး ပျစ်ခနဲထွေးလိုက်လေသည်။

“အင်း”

အားလုံးက သဘောတူလိုက်ကြသည်။

ထိုလူများသည် သတင်းသွားပို့သူက သွားပို့၊ ခြုံခိုတိုက်မည့်သူက တိုက်ခိုက်ရန်ပြင်ဆင်ကြပြီး ချက်ချင်း လုပ်လိုက်ကြတော့သည်။

ကျန်းယွင်ကျူးက သူတို့ရှိနေသည့် တောင်စောင်းပေါ်တွင် တိုက်တိုက်ဆိုင်ဆိုင် သွားရှိနေလေသည်။ အမြင့်တစ်နေရာက ငုံ့ကြည့်ရင်း အောက်ကအခြေအနေကို သေသေချာချာ မြင်နေရသည်။

သူတို့တွေ ခုနတုန်းက လူကြီးမင်းရှန်ကို ပြောတာ ဖြစ်မယ်။ လင်ထင်အန်းလား။ ဒါဆို သူ့နောက်ကို လိုက်လာတာ ဘယ်သူလဲ။

ထိုလူအကြောင်း စဥ်းစားမိလိုက်သည်တွင် သူမ၏နှလုံးသားသည် နာကျင်သွားတော့သည်။

သူတို့တွေက ရှန်ဖုန်းမင်ကို တိုက်ခိုက်တော့မှာ ထင်တယ်။ သူမသည် တောင်နံရံနောက်တွင် ပုန်းနေရင်း စိုးရိမ်တကြီး ငုံ့ကြည့်နေမိသည်။

နာရီဝက်ကြာပြီးနောက်တွင် အမြန်စီးနင်းလာသည့် မြင်း ၁၂ကောင်ကျော်က ချွန်ထက်သည့်မြားများနှယ် အဝေးတစ်နေရာမှ ခုန်ပေါက်ပြေးလွှားလာလေသည်။ ခေါင်းဆောင်သည် အနက်ရောင်ဝတ်ထားပြီး ရှန်ဖုန်းမင် မဟုတ်လျှင် တခြားတစ်ယောက် ဖြစ်လိမ့်မည်။

ကျန်းယွင်ကျူးသည် သူမ၏ရှေ့က ကျောက်ဆောင်တစ်ခုကို စိုးရိမ်စိတ်ဖြင့် တင်းနေအောင် ဆုပ်ကိုင်ထားပြီး သူမ၏ပါးစပ်ကိုဖွင့်ကာ သတိပေးချင်နေမိတော့သည်။

သည်အချိန်တွင် ရှန်ဖုန်းမင်သည် မြင်းဇက်ကို ဆွဲလိုက်ပြီး ရပ်လိုက်တော့သည်။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ကျန်းယွင်ကျူးက စိတ်ရှိတိုင်း ထုတ်မပြောရဲပေ။ အောက်လူများက သူမကို တွေ့သွားပြီး သူမဆီ ရောက်လာမည်ကို စိုးရိမ်နေမိသည်။ သူမသည် သည်းမခံနိုင်တော့ပေ။

ရှန်ဖုန်းမင် ခြုံခိုတိုက်ခိုက်ခံရမည်ကို သူမ မကြည့်ရက်ပေ။

ထို့ကြောင့် သူမက တောင်နံရဲ့နောက်မှ သတိဖြင့် လျှောက်ကာထွက်လာပြီး သူမ၏လက်ကို ယမ်းပြလိုက်ကာ ဘေးကို ညွှန်ပြလိုက်ပြီး ထိုနေရာတွင် အန္တရာယ်ရှိကြောင်း ရှန်ဖုန်းမင်ကို အချက်ပြလိုက်လေသည်။

အချိန်ကိုက်ပင် ရှန်ဖုန်းမင်က သူမရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

နှစ်ယောက်သားသည် အလွန်မှ ဝေးနေလေသည်။ ကျန်းယွင်ကျူးမှာ သူက သူမကို တွေ့ပါ့မလားဆိုသည်ကို မသိပေ။ ထို့ကြောင့် သူမက ဆက်တိုက် လက်ယမ်းပြနေလိုက်သည်။

ထိုအခိုက်တွင် ရှန်ဖုန်းမင်က လှုပ်ရှားလိုက်ပြီး သူက မြင်းကို သည်လမ်းအတိုင်းသွားရန် နှင်လိုက်လေသည်။

သူလှုပ်ရှားလိုက်သည်နှင့် ချက်ချင်း ထိုခြုံခိုတိုက်ခိုက်နေသူများသည် တစ်ယောက်ပြီး တစ်ယောက်လှုပ်ရှားလိုက်ကြပြီး သူ့ဆီသို့ မြားများကို ပစ်လွှတ်ကြလေသည်။

ကျန်းယွင်ကျူး၏ရင်သည် တဒုတ်ဒုတ်ခုန်နေပြီး ရှန်ဖုန်းမင်က သူမပြောချင်သည့် အဓိပ္ပာယ်ကို နားလည်ကြောင်း မသိရပေ။

မြားများသည့် အောက်ဘက်က နေရာတစ်ခုလုံးသို့ ပျံသွားကြလေသည်။ တစ်စင်းကပင် သူမဆီသို့ ပျံလာခဲ့သည်။ ကျန်းယွင်ကျူးက တောင်နံရံနောက်တွင်မြန်မြန် ပုံးနေလိုက်သည်။

ခဏအကြာတွင် အပြင်က ဝုန်းခနဲမြည်သံတစ်ချက် ပေါ်လာပြီး မြေကြိးက နှစ်ကြိမ်လောက် တုန်ခါသွားဟန်တူသည်။

ကျန်းယွင်ကျူးသည် ဆွဲလှုပ်ခံလိုက်ပြီး တောင်နံရံကို မှီကာ မြန်မြန် ကြည့်လိုက်လေသည်။ မြေကြီးပေါ်တွင် ခြေလက်များ နေရာအနှံ့ရှိနေပြီး ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်များက သွေးပေနေသည့် သူတို့မြင်းများနှင့် သူမထံ စီးလာကြသည်။

အန္တရာယ်ကင်းတယ်။ သူမသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။

သည်အခိုက်တွင် နောက်ထပ်လူတစ်စုကလည်း လာနေသည်။ သူတို့ကို လင်ထင်အန်းက ဦးဆောင်လာခဲ့သည်။

သူသည် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင် နှစ်ယောက်လုံးကို တွေ့လိုက်ပြီး ပြောလိုက်လေသည်။

“မိန်းကလေးကျန်း အန္တရာယ်များတယ်၊ ကျွန်တော့်ဆီ မြန်မြန်လာခဲ့”

ကျန်းယွင်ကျူးသာ ရှန်ဖုန်းမင်၏ သရုပ်မှန်ကို မသိခဲ့လျှင် ရှန်ဖုန်းမင်သည် သွေးများ ပေကျံနေသဖြင့် လင်ထင်အန်းဘက်က ပိုအန္တရာယ်ကင်းလိမ့်မည်ဟု ထင်လိမ့်မည်။

ရှန်ဖုန်းမင်သည် ထိုစကားကို ကြားလိုက်ချိန်တွင် ရပ်ကာ ကျန်းယွင်ကျူးကို ကြည့်ပြီး ပြောလိုက်တော့သည်။

“ မိန်းကလေးကျန်း ကျွန်တော့်မျိုးရိုးနာမည်က ရှန်၊ နာမည်က ဖုန်းမင် ကပါ”

ရှန်ဖုန်းမင်သည် မနေ့က အမျိုးသမီး အလောင်းကို တွေ့လိုက်ရချိန်တွင် ထိုလူက ကျန်းယွင်ကျူး မဟုတ်မှန်း တစ်ချက်ကြည့်လိုက်သည်နှင့် သိလိုက်လေသည်။ သို့တိုင် သူ့နှလုံးသားထဲက ခံစားချက်ကတော့ မြစ်နှင့် ပင်လယ်လို လှိုင်းထန်သွားခဲ့သည်။

သူသည် အလောင်းက သူမဖြစ်ခဲ့လျှင် ဘာလုပ်ရမည်ကိုပင် မစဥ်းစားရဲ့ခဲ့ပေ။

သူသည် သူ့နာမည်ကို ဆက်ပြီး ဖုံးကွယ်မထားချင်တော့ပေ။ သူက သူမကို သူ့တောင်ပံအောက်တွင် ခေါ်ထားပြီး တစ်စက်ကလေးမှ မထိခိုက်ရအောင် သူမကို ကာကွယ်ပေးချင်ခဲ့သည်။

ကျန်းယွင်ကျူးသည် နေရာတွင်ပင် ငေးကြောင်ကြောင်ဖြစ်သွားလေတော့သည်။

All Chapters