← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အပိုင်း (၈၈)

ရှန်ဖုန်းမင်။ သူ့နာမည်ကို ရှမင်းဆက်က လူတစ်ဝက်ကျော်လောက်က ကောင်းကောင်းသိကြတယ်။ သူက ရပ်စက်ပြီး ဩဇာကြီးလွန်းတယ်တဲ့။ ချီလင်သက်တော်စောင့်ဌာနရဲ့ နှစ်ရာကျော်တည်လာတဲ့ ဂုဏ်သတင်းက သူ့လက်ထပ် ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ခဲ့တယ်။ လူတွေရဲ့အမူအရာကို ပြောင်းလဲသွားအောင် လုပ်ဖို့ လုံလောက်လေရဲ့။

လင်ထင်အန်း၏ နောက်ကလူများသည် ထိုနာမည်ကို ကြားလိုက်ရချိန်တွင် သူတို့သည် ရုတ်ခြည်းဆိုသလို ကြောက်လန့်ကုန်ကြတော့သည်။ သူနှင့် ထိုချီလင်သက်တော်စောင့်များက အံ့ဩဖွယ်အရောင်အဝါနှင့် သွေးအိုင်ထဲက လှမ်းထွက်လာပုံကို မြင်လိုက်ရသည်တွင် သူတို့အားလုံးသည် ဒူးတုန်ကာ လဲကျကုန်ကြတော့သည်။

လင်ထင်အန်း၏မျက်လုံးအိမ်က မသိမသာ ကျုံ့သွားလေသည်။ ရှန်ဖုန်းမင်က သူ့သရုပ်မှန်ကို တကယ် ထုတ်ပြခဲ့တာပဲ... ဒါဆို သူက မသိသလို ဆက်ပြီး ဟန်ဆောင်လို့မရတော့ဘူးပေါ့။

ထို့ကြောင့် သူက ဝတ်ရုံကိုမ,ကာ ဒူးထောက်လိုက်ရတော့သည်။

“အန်းဖင်နယ်စားမင်းရဲ့ အကြီးဆုံးသား လင်ထင်အန်းက စစ်သေနာပတိချုပ်ရှန်ကို ဂါရဝပြုပါတယ်”

အခုတော့ အားလုံးက သူတို့၏သရုပ်မှန်များကို ထုတ်ပြလိုက်ကြလေသည်။

ရှန်ဖုန်းမင်က သူ့ကို မကြည့်ပေ။ ထို့အစား သူက ကျန်းယွင်ကျူးကို စိုက်ကြည့်နေလေသည်။

ကျန်းယွင်ကျူးသည် မှင်တက်အံ့ဩနေတော့သည်။ သူမက ဒူးထောက်လိုက်ရမှာလား။

သူမ၏ခန္ဓာကိုယ်သည် ချိနဲ့သွားလေသည်။ ဒူးထောက်ရမည့်အစား သူမသည် သတိလစ် မေ့မျောသွားတော့သည်။ စောစောက ရေအေးထဲတွင် အချိန်တော်တော်ကြာအောင် စိမ်ခဲ့ပြီးနောက် သူမတွင် အဖျားဝင်သည့် လက္ခာပြတော့သည်။ သူမသည် စိတ်တင်းထားသဖြင့် သတိမထားခဲ့မိခြင်းသာ။

အခုတော့ သူမသည် စိတ်လျှော့လိုက်ပြီး သူမ၏စိတ်အခြေအနေက အတက်အကျဖြစ်နေရာ သူမ၏အမြင်အာရုံသည် ဝေဝါးသွားတော့သည်။ သူမသည် မြေကြီးပေါ်သို့ ပစ်လဲသွားတော့သည်။

လင်ထင်အန်းသည် ကျန်းယွင်ကျူးနှင့် အနည်းငယ်ပိုနီးနေ၏။ ထိုအဖြစ်ကို တွေ့လိုက်သဖြင့် သူက သူမကို တွဲရန် ချက်ချင်းလက်လှမ်းလိုက်လေသည်။

သို့သော် မြင်းပေါ်က ခုန်ချလာသည့် လူတစ်ယောက်က ကျန်းယွင်ကျူးကို ဖက်ထားနှင့်ပြီး ဖြစ်နေတော့သည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူး၏နဖူးကို သူ့လက်ဖြင့် ထိလိုက်၏။ အလွန်ပူကျစ်နေသည်။ သူက သူမကို ချက်ချင်း မြင်းပေါ်ချီ တက်လိုက်ပြီး မြင်းစီးကာ ထွက်သွားတော့သည်။

လင်ထင်အန်း၏လက်သည် လေထဲတွင်ရပ်သွားပြီးနောက် ဖြည်းဖြည်းချင်း တင်းနေအောင် ဆုပ်လိုက်လေသည်။ သူက ထရပ်လိုက်ပြီး မျက်လုံးနက်နက်များနှင့် ကြည့်နေလိုက်တော့သည်။

သူမ၏ဝေဝါးနေသည့်စိတ်ခံစားချက်အလယ်တွင် ကျန်းယွင်ကျူးသည် တကိုယ်လုံး ပူကျစ်နေသဖြင့် သက်သောင့်သက်သာ မဖြစ်သလိုခံစားနေရသည်။ ထူထဲသည့် ဂွမ်းစောင်တစ်ထည်က သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး သူမသည် ဂွမ်းစောင်ကို ချက်ချင်း ဖယ်ပလိုက်လေသည်။

“မိန်းကလေး ချွေးထွက်သွားတာ ပိုကောင်းတယ်”

အသံတစ်ခုက ပြောလိုက်ပြီး ဂွမ်းစောင်ဖြင့် သူမကို ပြန်ခြုံထားပေးလိုက်သည်။

ကျန်းယွင်းကျူးက ငြင်းဆန်ဖို့ရာ မျက်လုံးဖွင့်ချင်သော်လည်း သူမ၏လည်ချောင်းက အလွန်မှခြောက်နေပြီး စကားမပြောနိုင်သဖြင့် အနေခက်တော့သည်။

သူမသည် အဖျားတက်လာပြီး သူမကို လူတစ်ယောက်ကို ဖက်ထားလေသည်။ ထိုလူ၏ခန္ဓာကိုယ်ပေါ်က အနွေးဓာတ်နှင့် အေးမြမှုက နွေးထွေးသည့် ကျောက်စိမ်းအပိုင်းတစ်ခုနှယ်။ အလွန်သက်သောင့်သက်သာ ဖြစ်လှသည်။ သူမက ထိုလူကို ချက်ချင်း တင်းနေအောင် ဖက်ထားလိုက်ပြီး ထိုခန္ဓာကိုယ်နှင့် သူမ၏ခန္ဓာကိုယ်ကို တင်းနေအောင် ဖိကပ်ထားလိုက်တော့သည်။

ရှီလျို့က ခေါင်းငုံ့ထားပြီး မျက်လုံးထောင့်မှ အိပ်ရာဘေးတွင် ထိုင်နေသည့် လူကို မကြာခဏ ကြည့်လိုက်လေသည်။ သူ့လက်မောင်းထဲတွင် အမျိုးသမီးတစ်ယောက်ကို ဖက်ထားသည့် ဘာမှမလုပ်တတ်သည့်ထိုယောက်ျားက သူတို့၏ ရေခဲတမျှ နှင်းလိုအေးစက်သည့် ခေါင်းဆောင်ရှန် ဖြစ်နေသည်ကတော့ စိတ်ကူးကြည့်ရန် ခက်ခဲလှပေ။

ဒါပေမဲ့ ဒီမိန်းကလေးက လှလိုက်တာ။ သူမရဲ့မျက်နှာလေးကလည်း ကြာပွင့်လေးတစ်ပွင့်လိုပဲ။ သူမရဲ့အသားအရေကလည်း နှင်းထက်တောင် ပိုလှသေးတယ်။ ဖျားနေလို့ မျက်နှာလေးက မသိမသာ ပန်းရောင်သန်းနေလေရဲ့။ သူမလို မိန်းမတစ်ယောက်ကတောင် သူမဆီက အကြည့်မလွဲနိုင်ဘူး။

“ ဆေးရပြီလား”

ရှန်ဖုန်းမင်၏အသံက အနည်းငယ် တိမ်ဝင်တိုးရှနေလေသည်။

ကျန်းယွင်ကျူးသည် လက်ရှိတွင် အဖြူရောင် အလယ်လွှာအင်္ကျီတစ်ထပ်ကိုသာ ဝတ်ထားသည်။ သည်လို အားတင်းပြီး ထိန်းချုပ်နေရသဖြင့် သူသည် အလွန်မှ နေရခက်နေတော့သည်။

ရှီလျို့က မြန်မြန်ထွက်သွား ကြည့်လိုက်ပြီး အချိန်တိုအတွင်းတွင် ဆေးပန်းကန်တစ်ခွက်ကို ယူပြန်လာခဲ့သည်။

ဆေးကို ရေအေးထဲတွင် ခဏလောက် အအေးခံထားခဲ့သည်။ သည်အချိန်တွင် ဆေးက မပူမအေး အနေအထားဖြစ်နေသည်။

“မိန်ကလေးကျန်း ဆေးနည်းနည်းသောက်လိုက်ပါအုံး”

ရှန်ဖုန်းမင်က ပြောလိုက်၏။

ကျန်းယွင်ကျူးက ပြန်ဖြေဟန်မတူ။

“ပဝါကို အေးအောင်လုပ်ပြီး ယူခဲ့” ရှန်ဖုန်းမင်က အမိန့်ပေးလိုက်သည်။

ရှီလျို့သည် လက်ကိုင်ပဝါတစ်ထည်ကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး ရေအေးဆွတ်လိုက်ကာ ခြောက်အောင် ရေညစ်လိုက်ပြီး ရှန်ဖုန်းမင်ကို တလေးတစား ပေးလိုက်လေသည်။

ရှန်ဖုန်းမက်က လက်ကိုင်ပဝါကို ကျန်းယွင်ကျူး၏နဖူးပေါ် တင်ထားပေးလိုကသည်။

လေအေးကြောင့် လန့်ဖျပ်သွားပြီး ကျန်းယွင်ကျူး၏မျက်လုံးများက ပွင့်လာလေသည်။ သူမ၏လက်က ရှန်ဖုန်းမင်၏လည်ပင်ကို သိုင်းဖက်ထားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း သူ့ခန္ဓာကိုယ်ပေါ် ရောက်လုနီးနီးပင်။

သူမ၏လက်များက အားပျော့သွားပြီး သူမ၏လက်မောင်းကို လွှတ်လိုက်တော့သည်။ သူမကို ရှန်ဖုန်းမင်က ဖက်ထားသဖြင့် အောက်သို့ ကျမသွားခဲ့ပေ။

သူမက သူ့ကို ငေးကြောင်ကြောင် ကြည့်နေမိလေသည်။

ရှန်ဖုန်းမင်က ဆေးပန်းကန်ကို ယူလာပေးလိုက်ပြီး

“ ဆေးသောက်လိုက်အုံး”

ဆေးသည် လုံးဝမခါးပေ။ အနည်းငယ်ပင် မွှေးနေသေးသည်။ ကျန်းယွင်ကျူးသည် လည်ချောင်းနာနေ၏။ ထို့ကြောင့် ဆေးကို ချက်ချင်းသောက်လိုက်တော့သည်။

တစ်ပန်းကန်လောက် သောက်လိုက်ပြီးနောက် အာသာမပြေသလိုခံစားလိုက်ရပြီး ရှန်ဖုန်းမင်းအား ထပ်လိုချင်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ ဒါက ချီလင်သက်တော်စောင့်တွေရဲ့ လျှို့ဝှက်ဆေးလေ၊ ကျောက်စိမ်းပန်းနှင်းရည်တဲ့၊ တစ်ခါထဲနဲ့ အများကြီး သောက်လို့မရဘူး”

ရှန်ဖုန်းမင်၏အသံက သတိမထားမိလိုက်ခင်မှာပင် ပိုပြီးပျော့ပြောင်းလာခဲ့သည်။

သောက်စရာ မရှိတော့သည်ကို သိလိုက်သောကြောင့်ဖြစ်မည်။ ကျန်းယွင်ကျူးသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ပြန်အိပ်ပျော်သွားတော့သည်။

သူမ၏ပါးစပ်နားတွင် ဆေးရည်အနည်းငယ်က စွန်းနေလေသည်။ ရှန်ဖုန်းမင်က လက်ကိုက်ပဝါတစ်ထည်ဖြင့် ပါးစပ်ကို သုတ်ပေးလိုက်၏။ ထို့နောက် သူသည် သူမ၏ခန္ဓာကိုယ် အရမ်းမပူတော့သည့်အချိန်အထိ သူမကို အချိန်တော်တော်ကြာအောင် ဖက်ထားပေးလိုက်ပြီးမှ အိပ်ရာပေါ် ပြန်ချပေးလိုက်ကာ ဂွမ်းစောင်ဖြင့် ခြုံပေးလိုက်တော့သည်။

သို့သော် သူသည် ထွက်မသွားခဲ့ပေ။ ထို့အစား သူမထံတွင် တစ်ခုခု ထပ်ဖြစ်မည်စိုးသဖြင့် ဘေးတွင်ထိုင်ကာ သူမကို စောင့်ကြည့်နေလိုက်လေသည်။

အလွန်မှ ညဥ့်နက်နေပြီဖြစ်သည်။ ကျန်းယွင်ကျူး၏အသက်ရှူနှုန်းက ငြိမ်လာပြီး ရှန်ဖုန်းမင်သည် သူ့အခန်းသို့ ပြန်သွားအိပ်လိုက်တော့သည်။

နောက်တစ်နေ့မနက်တွင် ကျန်းယွင်ကျူးက မျက်လုံးများကို ဖွင့်လိုက်၏။ မနေ့က မှတ်ဉာဏ်များသည် တဖြည်းဖြည်း ပြန်ရောက်လာလေသည်။ ရှန်ဖုန်းမင်က သူ့သရုပ်မှန်ကို ထုတ်ပြခဲ့ပြီးတော့ သူမက သူ့ကို ကိုအာလာဝက်ဝံလို တွယ်ကပ်နေခဲ့တာ....

သည်အချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ကျန်းယွင်ကျူးသည် ပြတင်းပေါက်မှတစ်ဆင့် ထိုလူ၏ မျက်နှာတခြမ်းကို ခပ်ရေးရေး တွေ့လိုက်ရပြီး သူမ၏မျက်လုံးများကို ပြန်ပိတ်ထားလိုက်တော့သည်။

ရှန်ဖုန်းမင်က အစားအသောက်နှင့် ဝင်လာခဲ့သည်။ အိပ်ရာပေါ်က လူ၏ မျက်တောင်များက မသိမသာလှုပ်နေပြီး နိုးမှန်း သိပါသော်လည်း သူမ၏မျက်လုံးများကို မဖွင့်လိုမှန်း သတိထားလိုက်မိတော့သည်။

သူသည် ပြီးခဲ့သည့် အခေါက်က ဖြစ်သွားခဲ့သည့် အကြောင်းအရာကို မမှတ်မိသလို ဟန်ဆောင်ခဲ့သည့် အကြောင်းကို စဥ်းစားမိလိုက်ပြီး လင်ပန်းကို ဘေးတွင်တင်ထားလိုက်ကာ ခုတင်စွန်းတွင် ထိုင်ချလိုက်ပြီး ထိုလူကို ငုံ့ကြည့်လိုက်လေသည်။

သူမ၏ပန်းရောင်ကြွေထည်မျက်နှာလေးက နှင်းလိုဖြူနေသည့် ငှက်မွေးခေါင်းထဲတွင် မသိမသာ နစ်မြုပ်နေသည်။ ထိုအရာက သူမ၏မျက်ခုံးနှင့် မျက်လုံးများကို ပျော့ပြောင်းလှပနေအောင် ထင်သာစေပြီး သူမ၏နီရဲရဲ နှုတ်ခမ်းများကလည်း ချယ်ရီပန်းပွင့်များနှယ်။

သူက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်မနှင့် သူမ၏နှုတ်ခမ်းများကို ဖိထားလိုက်သည်။ အားအနည်းငယ် ထည့်လိုက်သည်တွင် သူ့လက်မက ထိုအိစက်သည့် အရာလေးနှစ်ထဲသို့ နှစ်ဝင်သွားလေသည်။

ထို့နောက် သူက လက်မကိုဖယ်လိုက်ပြီး ခေါင်းငုံ့လိုက်၏။

ကျန်းယွင်ကျူးသည် သူ့လက်မကြောင့် နှောင့်ယှက်ခံရပြီးဖြစ်လေရာ သူမပေါ် အုပ်မိုးလာသည့် အရိပ်တစ်ခုကို ခံစားမိလိုက်ပြီး သူမ၏မျက်နှာကို စောင်ဖြင့် ချက်ချင်း အုပ်ထားလိုက်တော့သည်။

ရှန်ဖုန်းမင်က သူမကို မနမ်းလိုက်ရပေ။ ထို့ကြောင့် သူက မတ်မတ်ထိုင်လိုက်ပြီး အတည်ပေါက်နှင့် ပြောလိုက်တော့သည်။

“မိန်းကလေးကျန်း ကျွန်တော် ပြန်ရောက်ရင် မင်းအိမ်ကို မင်္ဂလာကိစ္စ တောင်းရမ်းဖို့ လူလွှတ်လိုက်ပါ့မယ်”

ဤနည်းဖြင့် သူသည် သူမကို တရားဝင် ကာကွယ်ပေးနိုင်လိမ့်မည်။

ကျန်းယွင်ကျူးက စောင့်ကို မ,လိုက်ပြီး ရှန်ဖုန်းမင်၏မျက်လုံးများနှင့် အကြည့်ဆုံသွားလေသည်။ ထိုမျက်လုံးများသည် မည်းနက်နေပြီး သူသည် ဟာသပြောနေသည်နှင့် မတူချေ။

သူမသည် နောက်ဆုံးတော့ သည်လို ဆက်မသွားနိုင်တော့မှန်း ခံစားလိုက်ရတော့သည်။ သူမ အရင်က တွေးခဲ့တာက သူက အနှေးနဲ့အမြန် မြို့တော်ကို ပြန်ရလိမ့်မယ်။ အဲဒီအချိန်က သူတို့တွေ ခွဲခွာရမဲ့အချိန်ပေါ့။ ဒါကြောင့်လည်း တခါတလေ သူမက ကိုယ့်ဟာကို အလိုလိုက်ခဲ့မိတာ။ မခွဲခွာခင် ပျော်ရမယ်ဆိုပြီးတော့လေ။

ဒါပေမဲ့ အခုတော့ ကိစ္စတွေက ထိန်းချုပ်လို့မရအောင် ဖြစ်နေသလိုပဲ။

သူမက အထက်တန်းစားမိသားစုတစ်ယောက်နဲ့ ထပ်ပြီး လက်မထပ်ချင်တော့ဘူးလေ။ အိပ်မက်ထဲမှာ သူမက လင်ထင်အန်းနဲ့ လက်ထပ်လိုက်ပြီး စိတ်မပါ့တပါ ဖြစ်ခဲ့ရတယ်။ လက်တွေ့က သူမ မှားသွားတယ်ဆိုတာကို သက်သေပြနေတယ်လေ။ အရမ်းကို မှားသွားတာပေါ့။ တကယ်တော့ နောက်ပိုင်းကျတော့ သူမက ကွာရှင်းပြီး ထွက်သွားချင်ခဲ့တာ။ အဲဒီဘဝက သူမ လိုချင်တဲ့ဘဝနဲ့ အရမ်းကို ခြားနားနေတာပဲ။

ဒါပေမဲ့ လင်ထင်အန်းက လက်မခံခဲ့ဘူး။ သူမက ကွာရှင်းချင်တာတောင် မကွာရှင်းနိုင်ခဲ့ဘူးလေ။

ဒီခေတ်ကြီးက အမျိုးသမီးတွေအတွက် လုံးဝကို မတရားတာပါ။

ဒီတစ်ခါရော သူမက လမ်းဟောင်းအတိုင်း လိုက်အုံးမှာလား။

ဟုတ်ပါတယ်။ အခုတော့ ရှန်ဖုန်းမင်က သူမအပေါ် အရမ်းကောင်းတယ်။ ဒါပေမဲ့ လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ထဲနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူးလေ။ သူက အပြင်ထွက်ပြီး အမှုတွေကို ဖြေရှင်းပြီး သူမကိုတော့ ရှန်အိမ်တော်မှာ တစ်ယောက်ထဲထားခဲ့ပြီး သူပြန်အလာကို မျှော်နေရမှာပဲ။ ဒါဆို အဲလိုရှုပ်ထွေးပွေလီတဲ့ ဆက်ဆံရေးတွေနဲ့ ရင်ဆိုင်မှာလား။

ထိုအကြောင်း တွေးလိုက်သည်နှင့် သူမသည် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရတော့သည်။

“လူကြီးမင်းရှန်....” သူမက တည်ကြည်သည့်အသံတစ်ခုဖြင့် ပြောလိုက်လေသည်။

“ မင်း ကျွန်တော့်ကို ဖုန်းမင်လို့ ခေါ်လို့ရပါတယ်”

ရှန်ဖုန်းမင်က မျက်မှောင်ကြုတ်လိုက်၏။ သူမက သူ့ကို အဲလိုခေါ်တာ မကြိုက်ပါဘူး။

ကျန်းယွင်ကျူးက သူ့အကြည့်ကို ရှောင်လိုက်သည်။

ရှန်ဖုန်းမင်က သူမကို စိုက်ကြည့်နေပြီး ဘာတစ်ခွန်းမှ မပြောချေ။ သူမ ပြောချင်သည့် အကြောင်းအရာကို သူ တွေ့ချင်လေသည်။

ကျန်းယွင်ကျူးသည် အလွန်မှ ဖိနှိပ်လွန်းသည့် အကြည့်ဖြင့် စိုက်ကြည့်ခံနေရသည်ဟု ခံစားလိုက်ရပြီး အသက်မရှူနိုင်အောင် ဖြစ်သွားတော့သည်။ သူမက မတ်မတ်ထိုင်လိုက်ပြီး တည်ငြိမ်အောင် လုပ်လိုက်၏။

“ လူကြီးမင်းရှန်ရဲ့သရုပ်မှန်က ထူးခြားမယ်ဆိုတာ ကျွန်မ ခန့်မှန်းမိခဲ့ပါတယ် ဒါပေမဲ့ ထင်မထားခဲ့မိဘူး...

လူကြီးမင်းရှန်ရဲ့ ကြီးမားတဲ့မေတ္တာအတွက်တော့ ကျွန်မက နိမ့်ကျတဲ့မိသားစုနောက်ခံက လာတာမလို့ အမြင့်ကို လှမ်းမတက်ရဲပါဘူး”

“ ပြောလို့ပြီးပြီလား” ရှန်ဖုန်းမင်က မေးလိုက်သည်။

ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။

“ ကျွန်တော် မင်းအတွက် မနက်စာ ယူလာပေးတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ကျူးသည် ရုတ်တရက်ပြောင်းသွားသည့် သူ့ခေါင်းစဥ်ကြောင့် အနည်းငယ် အကြံအိုက်သွားတော့သည်။ သို့သော် ရှန်ဖုန်းမင်က သူမဆိုလိုသည့် စကားကို နားမလည်မှန်း ချက်ချင်း သိလိုက်လေတော့သည်။

“လူကြီးမင်း ရှန် ကျွန်မ နောက်နေတာ မဟုတ်ဘူးနော်၊ လူကြီးမင်းရှန်ရဲ့ ဒဏ်ရာတွေကလည်း ပျောက်သွားတာကြာပြီဆိုတော့ ဒီနေ့ကစပြီး ကျွန်မတို့တွေ....”

ကျန်းယွင်ကျူးသည် တုံ့ဆိုင်းသွားလေသည်။ ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်။ တစ်ကြိမ်ခွဲခွာတာက လူနှစ်ယောက်ကို ဝေးကွာသွားစေတာပဲ။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို အာရုံစိုက်ကာ စိုက်ကြည့်လိုက်ပြီး

“ ကျွန်တော့်ရဲ့အနေအထားကြောင့်လား၊ ကျွန်တော် ဒါကို ပြောင်းလဲလို့မရသလို ကျွန်တော့်ရဲ့လက်ရှိ အနေအထားကိုလည်း လက်လွှတ်လိုက်လို့ မရဘူး၊ ဒါပေမဲ့ မင်းလိုချင်တာပေးဖို့တော့ အကောင်းဆုံး ကြိုးစားနိုင်ပါတယ်”

ကျန်းယွင်ကျူးသည် ဆက်မပြောလိုက်တော့ပေ။

“ ကောင်းပါပြီ၊ ကျွန်တော် မင်းရဲ့အိမ်ကို လာမတောင်းရမ်းသေးပါဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ် မင်းကို နှောင့်ယှက်တာက ကျွန်တော်နဲ့ ပတ်သက်နေနိုင်တယ်၊ ကျွန်တော် မင်းကို တစ်ယောက်ထဲ လွှတ်မထားနိုင်ဘူး”

ရှန်ဖုန်းမင်က ပြောလိုက်၏။ သူမသာ အခုနေ သူ့ဆီက ထွက်သွားမယ်ဆိုရင် သူ့ကိုမုန်းတဲ့လူတွေက အရှင်လတ်လတ် စားသောက်ခံရလောက်တယ်။

ကျန်းယွင်ကျူးလည်း သည်ပြဿနာကို စဥ်းစားခဲ့ဖူးသည်။ အမှန်တွင်တော့ သူမ တစ်ယောက်တည်း မဟုတ်ပေ။ အမျိုးသမီးချန်၊ ကျန်းချိန်နှင့် တခြားသူများလည်း အန္တရာယ်ဖြစ်လာနိုင်သည်။

သူမက ခေါင်းငုံံ့ကာ အတွေးနစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ဖုန်းမင်သည် သူမက သူမ၏မိသားစုကို စိုးရိမ်နေမှန်း ခန့်မှန်းမိလိုက်သဖြင့် ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော် သူတို့ကို ကာကွယ်ဖို့ လူလွှတ်ထားပါတယ်”

ကျန်းယွင်ကျူးက မော့ကြည့်လိုက်သည်။ ကာကွယ်ပေးထားတယ် ဟုတ်လား။ သူတို့ကို ဘယ်လိုကာကွယ်မှာလဲ။ သူတို့ကို အိမ်ကြီးတစ်လုံးထဲမှာ ထည့်ထားပြီး နေ့နေ့ညည စောင့်ကြည့်နေတာလား။ ဒါဆို ထောင်နဲ့ ဘာကွာအုံးမှာလဲ။ ရှန်ဖုန်းမင်က ဒီထက်ကောင်းတဲ့ နည်းလမ်းတစ်ခုတော့ ရှိမှာပါလေ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချိန်နှင့် တခြားသူတွေအတွက်ကတော့ ဒါက ဒုက္ခတစ်မျိုးပဲ။

တကယ်တော့ အကောင်းဆုံးကာကွယ်နည်းက သူတို့တွေ ထွက်သွားဖို့ပဲလေ။ ရှန်ဖုန်းမင်ဖြစ်ဖြစ် သူမပဲ ဖြစ်ဖြစ်ပေါ့။ သူတို့တွေ ထွက်သွားမှသာ ကျန်းချိန်နဲ့ တခြားသူတွေက သူတို့ဘဝကို ဆက်ပြီးရှင်သန်နိုင်မှာ။

ထွက်သွားရမယ်။ ကျန်းယွင်ကျူးသည် အရင်ကလည်း စဥ်းစားခဲ့ဖူးလေသည်။ ဒါပေမဲ့ ဘယ်ကိုသွားရမှာလဲ။ လုပြည်နယ်လား၊။ မြို့တော်လား။ ဒါမှမဟုတ် တခြားနေရာလား။

အရင်ဆုံး လုပြည်နယ်ကို ဖယ်ထားလိုက်တော့။ လင်ထင်အန်းက လုပြည်နယ်မှာလေ။ သူမ သူ့ကို ထပ်မတွေ့ချင်တော့ဘူး။

သူမက အမြဲတမ်း မြို့တော်ကို သွားချင်ခဲ့တာပဲ။

တခြားနေရာကျတော့ အခုလောလောဆယ် ဘယ်သွားရမလဲ စဥ်းစားလို့မတတ်ဘူး။

“လူကြီးမင်းရှန် တကယ်လို့ ကျွန်မ မြို့တော်ကို သွားမယ်ဆိုရင်လေ....”

ကျန်းယွင်ကျူးက ပြောလိုက်၏။

“ မင်းက မြို့တော်ကို သွားချင်တာလား”

ရှန်ဖုန်းမင်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။ သူ့မျက်တောင်ရှည်များက ယပ်တောင်ငယ်လေးတစ်ခုကို တဖျပ်ဖျပ်ခတ်သွားပြီး သူသည် အလွန်ဝမ်းသာသွားသည့်နှယ်။

ကျန်းယွင်ကျူးသည် အကြောင်းကြောင်းကြောင့် အတိုင်းတာတစ်ခုထိ နောင်တရသွားတော့သည်။ ဒါမှမဟုတ် သူမက မြို့တော်ကို မသွားသင့်တာပဲ။

“ ကျွန်တော် မင်းမိဘတွေကို စောင့်ရှောက်ပေးပါ့မယ်”

ရှန်ဖုန်းမင်က သူမကို နောင်တရခွင့် မပေးဘဲ ချက်ချင်းပြောလိုက်လေသည်။ ဒီကိစ္စက သူ့ကြောင့် ဖြစ်ရတာလေ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူက ကျန်းချိန်နဲ့ တခြားသူတွေကို ကာကွယ်ပေးရမှာပေါ့။

ကျန်းယွင်ကျူးသည် တွေဝေတတ်သူမျိုး မဟုတ်ပေ။ သူမက မြို့တော်သို့ သွားချင်သဖြင့် မြို့တော်ကိုတော့ တစ်ချက်လောက် သွားကြည့်ရလိမ့်မည်။ သူမ၏အိပ်မက်ထဲတွင် သူမသည် သည်လိုလုပ်ချင်ခဲ့သည်။ မြို့တော်။ ရွက်ပုန်းသီးတွေနဲ့ သူရဲကောင်းတွေ စုဝေးတဲ့နေရာ။ သူမက ချက်ပြုတ်ရင်း မိတ်ဖွဲ့နိုင်တာပဲ။ တကယ်တော်တဲ့ အချက်အပြုတ်လက်ရာတွေအားလုံးကိုလည်း မြင်နိုင်တယ်။ သူမသည် ထိုအကြောင်းကို စဥ်းစားမိလိုက်ချိန်တွင် ပီတိဖြာသွားတော့သည်။

ဟင့်အင်း။ သူမ အဘိုးဝူကို သွားတွေ့ရမယ်။ သူနဲ့ လောကကြီးကို ပတ်ပြီး ခရီးထွက်တာ ပျော်စရာကောင်းမှာပဲ။ ဘာပဲဖြစ်ဖြစ်လေ အခု သူမမှာ ချီရှန်းကျွီနဲ့ ချာပုလျန် ရှိနေပြီ။ ဒါတွေက တည်ငြိမ်တဲ့လုပ်ငန်းတစ်ခုလို့ သတ်မှတ်လို့ရတယ်။

“ ကျေးဇူးတင်ပါတယ် လူကြီးမင်းရှန်” ကျန်းယွင်ကျုးက ပြန်ပြောလိုက်၏။ သူမက သူမမိဘတွေကို ကာကွယ်ပေးမဲ့ အကြောင်းပြောနေတာပဲ။

“ မင်း ကျွန်တော့်ကို လူကြီးမင်းရှန် လို့ပဲခေါ်တော့မှာလား” ရှန်ဖုန်းမင်က သူ့မျက်ခုံးများကို ပင့်လိုက်၏။

လူကြီးမင်းရှန်လို့ မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ။ ဖုန်းမင်လို့လား။ အဲလိုခေါ်ရတာက အရမ်းရင်းနှီးနေသလိုပဲ။

ရှန်ဖုန်းမင်ကလည်း သူမကို ဖိအားမပေးချင်ပေ။ သူမက မြို့တော်ကို သွားမည်ဆိုသည်နှင့်ပင် အလွန်မှ ဝမ်းသာစရာကောင်းနေပြီးဖြစ်လေသည်။

“ မင်း နေကောင်းသွားရင် ကျွန်တော်တို့ ခရီးထွက်ကြမလား” ရှန်ဖုန်းမင်က မေးလိုက်၏။

ကျန်းယွင်ကျူးက မြန်မြန် ခေါင်းခါပြလိုက်လေသည်။ သူမက သူနဲ့ အတူတူ ရှိမနေချင်ဘူးလေ။ အတူတူရှိနေမိရင် မြို့တော်ကိုရောက်တာနဲ့ သူမက လူတွေရဲ့ ဝေဖန်ရေးလေကန်ရေးမှာ ပစ်မှတ်ဖြစ်သွားလိမ့်မယ်။ သူမရဲ့ရည်ရွယ်ချက်က ဝူလင်စီရင်စုမှာ ပျောက်ကွယ်သွားပြီးရင် မြို့တော်ကို သွားပြီးတော့ နောက်ထပ်သရုပ်တစ်ခုနဲ့ ဘဝသစ်တစ်ခု စဖို့လေ။

ရှန်ဖုန်းမင်က နားလည်ပေသည်။

“ကျွန်တော် မင်းအတွက် စီစဥ်ပေးမယ်၊ ဘယ်သူကမှ မင်းကို ထပ်မရှာစေရဘူးလို့ အာမခံတယ်၊ ဒါပေမဲ့ ခရီးထွက်ရင် လမ်းမှာတော့ ကျွန်တော်နဲ့အတူတူ သွားရမယ်၊ မဟုတ်ရင် ကျွန်တော် စိတ်ချနိုင်မှာမဟုတ်ဘူး။

စိတ်မပူပါနဲ့၊ မင်း မြို့တော်ကို ရောက်ရင် မင်းလုပ်ချင်တာ လုပ်လို့ရပါတယ်”

ကျန်းယွင်ကျူး၏ တောက်ပသည့်မျက်လုံးများက လင်းလက်သွားပြီး

“ ကျေးဇူးတင်ပါတယ် လူကြီးမင်းရှန်”

သည်တစ်ကြိမ်တွင်တော့ သူမက သူ့ကို စိတ်ရင်းနှင့် ကျေးဇူးတင်စကားပြောလိုက်တော့သည်။

ထိုစဥ် ရှန်ဖုန်းမင်က သူမ၏နှုတ်ခမ်းကို ရုတ်တရက်နမ်းလိုက်တော့သည်။

“ဟင်....”

ကျန်းယွင်ကျူးက သူ့ကို ကမန်းကတမ်း တွန်းထုတ်လိုက်၏။ သူ ဘာလုပ်နေတာလဲ။ အခုလေးတင် သူတို့တွေကစားကောင်းကောင်း ပြောနေတာာမဟုတ်ဘူးလား။

...

အပိုင်း (၈၉)

ရှန်ဖုန်းမင်က အတိုးနည်းနည်းလေး ပြန်ယူနေခြင်းသာ။ မနေ့ညက သူမ သူ့ကို ဖက်ထားတုန်းက သက်သောင့်သက်သာရှိတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူကျတော့ရော။

ကျန်းယွင်ကျူးသည် စိတ်ပူသွားတော့သည်။ သူမက သူ့ကိုလက်မထပ်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ တချို့ကိစ္စတွေကို ရှင်းလင်းအောင် လုပ်ထားတာ ပိုကောင်းတယ်’

သူမသည် သူ့ကို တွန်းလိုက်ချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ သူသည် အနမ်းကို ပိုနက်ရှိုင်းစေချင်နေသယောင်။

ကမန်းကတမ်းနှင့် သူမက ပါးစပ်ဟလိုက်ပြီး ကိုက်ချလိုက်တော့သည်။

ရှန်ဖုန်းမင်က နောက်ပြန်ဆုတ်လိုက်၏။ သူ့နီရဲရဲနှုတ်ခမ်းပေါ်တွင် ကြီးမားသည့် သွေးစတစ်ခု စိမ့်ထွက်လာတော့သည်။ သွေးစက်များက သူ့မေးရိုးဆီသို့ လှိမ့်ဆင်းသွားတော့သည်။

တံခါးအပြင်ဘက်တွင် ရှီလျို့သည် ဆေးပန်းကန်နှင့် ဝင်လာမည့်ဆဲဆဲ။ သည်မြင်ကွင်းကို တွေ့လိုက်ရသည်တွင် သူမသည် အလန့်တကြား ကိုယ်ကို ချက်ချင်းပြန်ကျုံ့ထားလိုက်တော့သည်။ ဗုဒ္ဓေါ။ စစ်သေနာပတိချုပ်ရှန်က ကိုက်ခံလိုက်ရပြီး သွေးတွေထွက်နေတယ်။ ဒါကို အပြင်လူတွေသာ မြင်သွားလို့ကတော့.... ရှီလျို့သည် သူမ၏အနာဂတ်က ပျက်ကိန်းဆိုက်တော့မလို ခံစားလိုက်ရတော့သည်။

ကျန်းယွင်ကျူးသည် သူမ၏ပါးစပ်ထဲမှာ သွေးအရသာကို သတိထားလိုက်မိချိန်မှ အသိဝင်လာခဲ့ပြီး လက်ကိုင်ပဝါကို မြန်မြန်ထုတ်လိုက်ကာ သူ့ပေါ်က သွေးကို သုတ်ပေးချင်လိုက်လေသည်။

ထို့နောက်တွင်တော့ သူမက ပြန်ထိန်းထားလိုက်တော့သည်။ ခေါင်းကို ငုံ့ထားလိုက်ပြီး သူမက ပြောလိုက်၏။

“ ခုနက ကျွန်မ အမှားပါ၊ လူကြီးမင်းရှန်ကို တစ်ခုခု နားလည်မှု လွဲသွားခဲ့တယ်ထင်တယ် နောက်ဆိုရင်လေ သည်အတိုင်း....”

သူမက ဆက်မပြောလိုက်ပေ။ ရှန်ဖုန်းမင်က နားလည်မည်ဟု သူမ သိလိုက်လေသည်။

ထို့နောက်

“ ကျွန်မ မြို့တော်ကို သွားမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်မ မြို့တော်ကို အမြဲသွားချင်နေတာမလို့လေ”

ရှန်ဖုန်းမင်က သူ့လက်ဖြင့် နှုတ်ခမ်းပေါ်က သွားကို သုတ်လိုက်လေသည်။ ရဲရဲနီနေ၏။ သူ့မျက်နှာသည် အလွန်မှ တင်းမာနေပြီး

“ မိန်းကလေးကျန်း တခြားချစ်ရမဲ့သူ ရှိနေလို့လား”

ဥပမာ အဲဒီ လင်ထင်အန်း။

သူက လူအမျိုးမျိုးနဲ့ တွေ့ဆုံခဲ့ဖူးတယ်။ ကျန်းယွင်ကျူးက လင်ထင်အန်းနဲ့ ပထမဆုံး တွေ့တဲ့အချိန်တုန်းက သူမက သူ့ကို ဆက်ဆံတဲ့ပုံက ထူးခြားတယ်။ နောက်ပိုင်းကျတော့ သူမက သူ့ကို တမင်ရှောင်နေခဲ့တယ်။ ဒါက တစ်ခုခုကို ပြောနေတာပဲ။ ပြီးတော့ ဒီတစ်ခါလည်း သူမက သူနဲ့ အချိန်ဒီလောက်အကြာကြီး ကုန်ဆုံးခဲ့တယ်....

သည်အကြောင်းကို စဥ်းစားလိုက်မိချိန်တွင် သူ၏ပုံမှန်တည်ငြိမ်နေသည့် နှလုံးသားပင် အနည်းငယ် တုန်ခါသွားတော့သည်။

သူ ဒီလိုမတွေးသင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မထိန်းနိုင်ခဲ့ဘူး။ သူ ကျန်းယွင်ကျူးနဲ့ စတွေ့ကတည်းက အေခဲနေအောင် ချိပ်ပိတ်ထားတဲ့ သူ့ခံစားချက်တွေအားလုံးက ဖြည်းဖြည်းချင်း ပြန်ရောက်လာခဲ့တယ် ထင်ပါတယ်။ သူမကြောင့် အကြိမ်ကြိမ် လဆော်ခံခဲ့ရတယ်။

ကျန်းယွင်ကျူးက တအံ့တဩ မော့ကြလိုက်၏။ သူ ဘာပြောလိုက်တယ်။

သူမ၏တုံ့ပြန်ပုံက ဟန်ဆောင်ထားခြင်း မဟုတ်ပေ။ သူမ ဘယ်သူ့ကိုမှ မချစ်ခဲ့ပါဘူး။ ရှန်ဖုန်းမင်သည် တည်ငြိမ်သွားပြီး ထိုအကြောင်းကို ဆက်မပြောချင်တော့ပေ။ သူက လင်ပန်းကို ယူလာလိုက်ပြီး

“ မိန်းကလေးကျန်း ဗိုက်ဆာနေပြီ၊ မနက်စာ နည်းနည်းပါးပါး စားလိုက်အုံး”

ကျန်းယွင်ကျူးက သူ့ကို အကဲခတ်လိုက်ပြီး သူမပြောလိုက်သည့် စကားကို သူမှ နားလည်ပါရဲ့လားဟု စဥ်းစားနေမိတော့သည်။

“လူကြီးမင်းရှန် ရှင် အရင်ထွက်သွားပေးပါလား”

ကျန်းယွင်ကျူးက ရှက်ရှက်နှင့် ပြောလိုက်လေသည်။ သူမ အိပ်ရာကလည်း မထရသေးသလို အခုထိလည်း အဝတ်အစား မလဲရသေးဘူးလေ။ သူမက ဒီပုံစံကြီးနဲ့ သူ့ကို စကားအကြာကြီး ပြောခဲ့နေမိတာပဲ။

ရှန်ဖုန်းမင်က ထရပ်လိုက်ပြီး ထွက်သွားတော့သည်။

ကျန်းယွင်ကျူးက မြန်မြန်ထလိုက်ပြီး အဝတ်အစားလဲမည် ပြင်လိုက်စဥ် သူမတွင် အဝတ်အစားများ ရှိမနေသည်ကို သတိထားမိသွားတော့သည်။ သူမရဲ့အဝတ်အစားတွေက လင်အိမ်တော်မှာဖြစ်မယ်။

သည်အချိန်တွင် မိန်းကလေးတစ်ယောက်က အပြင်မှ ဝင်လာခဲ့သည်။ မိန်းကလေးသည် ၁၅-၁၆နှစ်သာရှိသေးပြီး ဆံပင်ကို လိပ်ကာထုံးထားပြီး အစိမ်းနုရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူမ၏ ဝိုင်းစက်စက်မျက်ဝန်းအစုံက ဉာဏ်ရည်ထက်မြက်ပြီး ချစ်စဖွယ်ပင်။

သူမက လက်ထဲတွင် အဝတ်အစားများနှင့် ဖိနပ်များ ထည့်ထားသည့် လင်ပန်းတစ်ခုကို ကိုင်ထားသည်။ ဆံထိုး၊ နားကပ်နှင့် တခြားလက်ဝတ်လက်စားများပင် ပါသေးသည်။

“မမလေး ကျွန်မ လုပ်ပေးပါတယ်” ရှီလျို့က ပြောလိုက်၏။

“မင်းက ဘယ်သူ”

ကျန်းယွင်ကျူးက သူမလက်ထဲက လင်ပန်းကို ကြည့်ရင်း မေးလိုက်၏။ နှင်းလိုဖြူဖွေးနေသည့် ဖဲသားဖိနပ်အိအိလေးတစ်စုံ။ အဝတ်အစားတွေက ပန်းရောင်နဲ့အဖြူရောထားတဲ့ ဘရိုကိတ်သား အဝတ်အစား။ ကျောက်မျက်ရတနာတွေလည်း အစုံပဲ။

“ ဒီအစေခံရဲ့နာမည်က ရှီလျို့ပါ”

ရှီလျို့က ပြောလိုက်ပြီး ကျန်းယွင်ကျူးကို အဝတ်အစားလဲကူကာ ဆံပင် ဖြီးပေးလိုက်လေသည်။

“ ဒီနေရာက ဘယ်နေရာလဲ” ကျန်းယွင်ကျူးက ထပ်မေးလိုက်သည်။

“ ဒါက စန်းဖူစီရင်စုမြို့က တည်းခိုခန်းတစ်ခုရဲ့ လုံးချင်းအိမ်ပါ”

ရှန်ဖုန်းမင်သည် မနေ့က ကျန်းယွင်ကျူးကို ခေါ်လာခဲ့ပြီးနောက် သူမ၏အဖျားကို ကုသပေးရန် အနီးနားက တည်းခိုခန်းတစ်ခုကို ရှာခဲ့လိုက်သည်။

ကျန်းယွင်ကျူးက နားလည်သွားလေသည်။ မကြာမီတွင် သူမသည် ကိုယ်လက်သန့်စင်သွားပြီး အဝတ်အစားလဲလိုက်ကာ ခေါင်းဖြီးလိုက်လေသည်။

သည်အခိုက်တွင် ရှီလျို့က ကျန်းယွင်ကျူးကို ထိုလက်ဝတ်ရတနာများ ဝတ်ဆင်ပေးချင်ခဲ့သော်လည်း သူမက ငြင်းလိုက်သည်။ ဒီလက်ဝတ်ရတနာတွေက တစ်ချက်ကြည့်ရုံနဲ့ ငွေအများကြီး တန်တယ်လေ။ ထားလိုက်ပါတော့။

ရှီလျို့သည် ရုတ်တရက် စိတ်ကူးတစ်ခုရလာ၏။ သူမ၏လက်ချောင်းများက လိပ်ပြာလေးများကို ပျံဝဲနေလေသည်။ မကြာလိုက်ပေ သူမသည် ကျန်းယွင်ကျူး၏ဆံပင်ကို ဖြီးသင်ပေးပြီးသွားတော့သည်။

“မမလေး ဘယ်လိုနေလဲ”

ရှီလျို့က ကျန်းယွင်ကျူး၏ နောက်ဆုံးဆံနွယ်ကို ကူသိမ်းပေးလိုက်ပြီး မေးလိုက်လေသည်။ သည်နက်မှောင်သည့် ဆံနွယ်များက အကောင်းစားဘရိုကိတ်သားထက်ပင် အမှန်ပင် ချောမွတ်လေသည်။ သူမသည် သိပ်ပြီး လက်မလွတ်ချင်ဖြစ်မိတော့သည်။

ကျန်းယွင်ကျူးက မှန်ထဲကို ကြည့်လိုက်ပြီး ကလေးမလေး၏လက်များက အလွန်တော်လှသည်ဟု ခံစားလိုက်ရတော့သည်။ ဘာဆံထိုးတစ်ခုမှ မသုံးထားဘဲ သူမသည် အလွန်မှလှပသည့် ဆံပင်ပုံစံတစ်ခုကို ဖြီးသင်ပေးထားလေသည်။

“ကျေးဇူးအများကြီး တင်ပါတယ်နော်”

သူမက ပြန်ပြောလိုက်၏။ သည်ဆံပင်ပုံစံလေးကို သူမ အလွန်သဘောကျမိသည်။

ရှီလျို့က မြန်မြန်လက်ခါလိုက်ပြလိုက်၏။ ထို့နောက် သူမက မှန်ထဲသို့ တိတ်တိတ်လေး ကြည့်လိုက်ပြီး မှန်ထဲကလူသည် ဆွဲဆောင်မှုအပြည့်ရှိလှသည်ဟုသာ ခံစားလိုက်ရတော့သည်။

သည်အချိန်တွင် ရှန်ဖုန်းမင်က ဆေးပန်းကန်နှင့် ဝင်လာပြီး လန်းဆန်းသစ်လွင်နေသည့် ကျန်းယွင်ကျူးကို တွေ့သွားတော့သည်။ သူမသည် ပုံမှန်ဆိုလျှင် အလုပ်အများကြီး လုပ်ရသဖြင့် သူမဝတ်လိုက်သည့် အဝတ်အစားများက မှောင်သည့်အရောင်များဖြစ်နေတတ်သည်။ သူမသည် တယ်သီးရောင် ဝတ်စုံကို တခါတလေမှသာ ဝတ်တတ်သည်။

သည်နေ့ သူမသည် ပန်းရောင် ရောထားသည့် အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားလေသည်။ သူမ၏အသားအရေးက ပါးနီလေးကို နူးညံ့နေပြီး နှင်းများကို ရောင်ပြန်နေသည့် မနက်ခင်းနေရောင်လေးနှယ်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဘာအဆင်တန်ဆာမှ မရှိဘဲ သူမသည် ပိုပြီး စွဲမက်ဖွယ်ပင် ကောင်းနေသေးသည်။

နှုတ်ခမ်းပေါ်က ဒဏ်ရာသည် လုံးဝ မနာတော့ပေ။ အနည်းငယ် ယားကျိကျိနှင့် ထုံကျဥ်နေသည့် ခံစားချက်သာ ရှိတော့သည်။

ကျန်းယွင်ကျူးက သူမ၏ခေါင်းကို အလှည့်တွင် ရှန်ဖုန်းမင်၏အကြည့်နှင့် သွားဆုံလေသည်။ သူမ၏နှလုံးသားလေမှာ တစ်ချက်မျှ ခုန်သွားတော့သည်။ သည်နေ့ သူ၏ ရေခဲတမျှအေးစက်သည့် မျက်ဝန်းများထဲတွင် တစ်ခုခု ရှိနေသယောင် အမြဲခံစားနေရသည်။

“ဆေးသောက်လိုက်အုံး” ရှန်ဖုန်းမင်က ပြောလိုက်၏။

ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာတော့သည်။ သူ့ကို ထပ်ကြည့်လိုက်ပြီး သူသည် ခါတိုင်းလို အေးစက်နေဆဲဟု ခံစားလိုက်ရတော့သည်။

သူမ အထင်မှားနေတာ ဖြစ်မှာပါလေ။

ကျန်းယွင်ကျူးက ဆေးပန်းကန်ကို ယူလိုက်သည်။ ချိုမြမြ မွှေးပျံ့နေသည်ကို တွေ့လိုက်ရသဖြင့် သူမက မြန်မြန် သောက်လိုက်တော့သည်။

ရှန်ဖုန်းမင်က ထိုနေရာတွင် ထိုင်ချလိုက်ပြီး

“ရှီလျို့”

ရှီလျို့က မြန်မြန် ဒူးထောက်လိုက်ပြီး သူ့ကို တရိုတသေ ဦးညွှတ်လိုက်လေသည်။

“ အခုချိန်ကစပြီး သူ့ကို မင်းနောက် လိုက်ခိုင်းလိုက်မယ်”

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ပြောလိုက်၏။

“ကျွန်မမှာ ဟဲရင်း ရှိပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“ သူက မင်းကို ကာကွယ်ပေးနိုင်တယ်”

ရှန်ဖုန်းမင်က ပြောလိုက်သည်။ ရှီလျို့သည့် အရိပ်အဖွဲ့တွင် အဆင့်၁၆ ဖြစ်သည်။ အရိပ်အဖွဲ့ဝင်များကို အရည်အချင်းအပေါ် မူတည်ပြီး အဆင့်သတ်မှတ်သည်။ သည်အဆင့်ရထားသည့် မိန်းကလေးတစ်ယောက် အနေဖြင့် ရှီလျို့သည် သူမ၏အရည်အချင်းကို သက်သေဖို့ရန် လုံလောက်ပေသည်။

“ဒါပေမဲ့...”

ကျန်းယွင်ကျူးက တစ်ခုခု ပြောချင်သေးသည်။

“ မင်းလည်း ကျွန်တော့်ကို ဟဲဟုန်ကို ခေါ်ထားခွင့်ပြုထားတယ်မလား၊ အခု ကျွန်တော် ပြန်ပေးမှပဲ မျှတမှာပေါ့” ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ကျူးမှာ ဆွံ့အသွားတော့သည်။

“ ရှီလျို့က သခင့်ကို ဂါရဝပြုပါတယ်”

ရှီလျို့သည် ကျန်းယွင်ကျူးကို တရိုတသေ ဦးချလိုက်လေသည်။ သူမကို ချီလက်သက်တော်စောင့်ဌာန၏ ဆရာက ငယ်ငယ်လေးကတည်းက မွေးစားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏အရာတိုင်းကို ချီလင်သက်တော်စောင့်ဌာနှင့် စစ်သေနာပတိချုပ်ရှန်က ပိုင်ဆိုင်သည်။ ကျန်းယွင်ကျူးကို ကာကွယ်ပေးဖို့ သူမကို ပြောထားသဖြင့် သူမသည် ကျန်းယွင်ကျူးကို အသက်နှင့် ရင်းပြီး သေသေချာချာ ကာကွယ်ပေးရလိမ့်မည်။

“ ထပါ၊ အဲလောက်အထိ ယဥ်ကျေးစရာမလိုပါဘူး” ကျန်းယွင်ကျူးက ပြောလိုက်၏။

ရှီလျို့က ထရပ်လိုက်ပြီး ကျန်းယွင်ကျူးနောက်တွင် ရပ်လိုက်တော့သည်။

“ အဲဒီနေ့က မင်းကို ဖမ်းသွားတဲ့သူကို ကျွန်တော် ရှာတွေ့ထားပြီးပြီ၊ သူက တစ္ဆေဘုရင်ဂိုဏ်းသား တစ်ယောက်ပဲ၊ ကျွန်တော် အရင်က သူတို့အဖွဲ့အစည်းရဲ့ ဂိုဏ်းသားတွေကို သုတ်သင်ခဲ့ပြီးပါပြီ၊ တစ်ယောက်ယောက် ကျန်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိဘူး” ရှန်ဖုန်းမင်သည် အလုပ်ကိစ္စ စကားပြောလိုက်တော့သည်။

လင်ထင်အန်း မဟုတ်ဘူးလား။ ကျန်းယွင်ကျုးက တွေးလိုက်၏။ ဒါဆို သူက သူမကို ကယ်ခဲ့တာလား။ မဟုတ်သေးပါဘူး။ ရှန်ဖုန်းမင်ကို ချုံခိုတိုက်ခိုက်တဲ့သူတွေက သခင်လေးလင်လို့ ပြောခဲ့တာ သူမ ကြားခဲ့သလိုပါပဲ။

သူမက သူမ ကြားခဲ့သည့်အကြောင်းကို ရှန်ဖုန်းမင်အား ပြောပြလိုက်တော့သည်။

“ကျွန်တော်လည်း သူ့ကို မသင်္ကာဘူး၊ ပြီးတော့ ဟွိုက်နန်ဝမ်” ရှန်ဖုန်းမင်က ပြောလိုက်၏။

ဟွိုက်နန်ဝမ် တဲ့လား။ ကျန်းယွင်ကျူးသည် ထိုအကြောင်းကို သိလေသည်။ ဒီကိစ္စက ဘာလို့ သူနဲ့လည်း တစ်ခုခု လာပတ်သက်နေတာလဲ။

ရှန်ဖုန်းမင်က သည်အကြောင်းများကို သူမနှင့် မပြောချင်ပေ။ သည်ကိစ္စတွေက သူမနဲ့ မဆိုင်ဘူးလေ။ အခုချိန်ကစပြီး သူမက လုပ်ချင်တာကိုပဲ လုပ်သွားရုံပဲ။

“အိုး ဟုတ်သားပဲ လင်ယွိပိုင်ရော”

ကျန်းယွင်ကျူးသည် သူ့အတွက် အမြဲစိတ်ပူနေခဲ့မိသည်။

“သူ အဆင်ပြေပါတယ်”

ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ သူသည် လင်မိသားစုကို ပြဿနာမရှာခဲ့ပေ။

ကျန်းယွင်ကျူးမှာ စိတ်အေးသွားတော့သည်။ နှစ်ယောက်သားက ဝူလင်စီရင်သို့ ပြန်ပြီးနောက်တွင် မြို့တော်ကိုသွားဖို့ တိုင်ပင်လိုက်ကြတော့သည်။

တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် သူတို့သည် ချက်ချင်း ခရီးထွက်ခဲ့ကြတော့သည်။

“မိန်းကလေးကျန်း”

လင်ယွိပိုင်သည် မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့နေသည့် အမူအရာဖြင့် ကျန်းယွင်ကျူး၏ အိမ်တံခါးရှေ့တွင် ခြေပစ်လက်ပစ် ထိုင်နေလေသည်။ သူသည် သူမ ပြန်လာသည်ကို တွေ့လိုက်ရသောအခါ ဝမ်းသာလွန်းသဖြင့် ငိုမိတော့မတတ်ပင်။

“ ကျွန်မ ရှင့်ကို စိတ်ပူအောင်လုပ်ခဲ့မိပြီ” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ကျွန်တော်တောင်းပန်ပါတယ်ဗျာ ၊ ကျွန်တော် မိန်းကလေးကို နစ်နာအောင် လုပ်ခဲ့မိပါတယ်”

လင်ယွိပိုင်က သူ့ကိုယ်သူ အပြစ်တင်နေတော့သည်။ သူသည် တစ်ဖန် နောင်တအပြည့်နှင့် ဖြစ်တော့သည်။ သူ ဘာဖြစ်လို့များ သိုင်းပညာမသင်ခဲ့ပါလိမ့်နော်။ မဟုတ်ရင် သူ ကျန်းယွင်ကျူးကို ကယ်ချင်နိုင်အုံးမှာ။

သည်တစ်ကြိမ်တွင် သူသည် သိုင်းပညာကို ကောင်းကောင်းလေ့ကျင့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ကျန်းယွင်ကျူးကတော့ သူ့ကို အပြစ်မတင်ပါချေ။ သူတို့နှစ်ယောက် တံခါးမှ ဝင်လာချိန်တွင် ကျန်းယွင်ရွှယ်က သူမ၏မျက်လုံး မက်မွန်သီးများဖြစ်နေသည်အထိ ငိုထားလေသည်။

သည်ရက်ပိုင်း ကျန်းယွင်ကျူး မရှိသည့် ကာလအတွင်း ကျန်းမိသားစုသည် ငိုညည်း မြည်တမ်းနေကြလေသည်။ အခုတော့ အဆင်ပြေသွားပြီ။ ကျန်းယွင်ကျူးလည်း ပြန်ရောက်လာပြီ။ အားလုံးက ဝမ်းသာသွားကြတော့သည်။

ကျန်းယွင်ကျူးက မြို့တော်သို့ သွားမည့်အကြောင်း ချက်ချင်း ပြောပြလိုက်လေသည်။ လင်ယွိပိုင်က နားထောင်ပြီး သဘောတူလိုက်သည်။ အခုတော့ ရှန်ဖုန်းမင်က လုပြည်နယ်တွင်ရှိသည့်သတင်းက ပျံ့လို့သွားခဲ့ပြီ။ ကျန်းယွင်ကျူးသာ ထိုနေရာတွင် ရှိနေလျှင် သေချာပေါက် ဒုက္ခများပေတော့မည်။

မြို့တော်သို့ ရောက်သွားလျှင် ပင်လယ်နှင့်ကောင်းကင်က ကျယ်ပြောလှသည်။ ထို့အပြင် ဌာနကလည်း မြို့တော်တွင်ရှိသည်။ ထိုနေရာတွင် ရှန်ဖုန်းမင်အတွက်တော့ လူတစ်ယောက်ကို ကာကွယ်ရန်အတွက် အလွယ်ကူဆုံးပင်။

ထိုနေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက ပစ္စည်းအများအပြားဝယ်ကာ ချန်ရှီရွာသို့ ပြန်လာခဲ့ပြီး အဘိုးချန်၊ ကျန်းချိန်နှင့် တခြားသူများအား မြို့တော်သို့ သွားချင်သည့်သူမ၏ဆန္ဒကို ပြောပြလိုက်လေသည်။

အဘိုးချန်နှင့် တခြားသူများက အံ့ဩခဲ့ကြသော်လည်း သူတို့သည် ကြိုတင်ခံစားမိထားကြပြီးသားပင်။ ကျန်းယွင်ကျူးက ပြီးခဲ့သည့်အခေါက်က ထိုစကားကို မေးလိုက်ကတည်းက သူတို့သည် ခန့်မှန်းမိနှင့် ကြပြီးသားဖြစ်လေသည်။

သူတို့သည် သည်နေ့ကို ချက်ချင်းရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ခြင်းသာ။

ကျန်းယွင်ကျူးကို ကြည့်ပြီး သူတို့၏နှလုံးသားထဲတွင် ဂုဏ်ယူရသလို လှစ်ဟာသွားသလို ခံစားရတော့သည်။ ကျန်းယွင်ကျူးက အလွန်တော်ပေသည်။ သူတို့ကို ပေါများကြွယ်ဝသည့်ဘဝတွင် နေနိုင်အောင် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဦးဆောင်ပေးခဲ့သည့် မိန်းကလေးဖြစ်သည်။ သူမသည် အလွန်တော်လွန်းလေရာ သူတို့သည် သူမနောက်သို့ အမီမလိုက်နိုင်သည် အထိပင်။

နောက်ဆုံးတွင် ကျန်းချိန်က ပြုံးကာ ပြောလိုက်တော့သည်။

“ အဖေ ငွေ ပိုရှာလာနိုင်တာနဲ့ သမီးအမေနဲ့ တခြားသူတွေကို ခေါ်ပြီး သမီးကိုတွေ့ဖို့ မြို့တော်ကို လာခဲ့မယ်”

“ သမီးလည်း ပြန်လာပြီး အဖေတို့ကို လာတွေ့ပါ့မယ်” ကျန်းယွင်ကျူးကပြောလိုက်၏။

“ယွင်ကျူး၊ သမီး ဆုံးဖြတ်ပြီးပြီလား၊ မြို့တော်ဆိုတော့ကါယ်၊ သမီးက အဲနေရာနဲ့လည်း ရင်းနှီးတာ မဟုတ်ဘူး၊ အဲမှာလည်း ဘယ်သူနဲ့မှ သိတာမဟုတ်ဘူး”

အမျိုးသမီးချန်က စိုးရိမ်တကြီး ပြောလေသည်။

“ သမီးတို့တွေ လုပြည်နယ်မှာ တုတ်ထိုးကင်သွားရောင်းတုန်းကလည်း ဘာမှမသိခဲ့ဘူးလေ၊ ဒါတောင် နောက်ဆုံးမှာ သမီးတို့ အောင်မြင်ခဲ့သေးတာပဲ” ကျန်းချိန်က ပြောလိုက်၏။

အမျိုးသမီးချန်သည်လည်း မှန်နေသည်ကို ခံစားမိလေသည်။ သို့တိုင် သူမကတော့ စိတ်ပူနေမိဆဲပင်။ ရုတ်တရက် သူမသည် ရှန်ဖုန်းမင်ကို သတိထားမိသွားပြီး တောင်းဆိုလိုက်တော့သည်။

“ လူကြီးမင်းရှန် ယွင်ကျူးက မြို့တော်ကို သွားမလို့တဲ့၊ နောက်ဆိုရင် သူ့ကို စောင့်ကြည့်ပေးဖို့ ကျွန်မ ရှင့်ကို ဒုက္ခပေးလို့ရမလားဟင်”

“စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို သေသေချာချာ စောင့်ရှောက်မှာပါ”

သူက ပြောလိုက်၏။ စောင့်ကြည့်ပေးရုံမဟုတ်ပါဘူး။ စောင့်ရှောက်ပေးမှာပါ။

အားလုံးက ကိုယ်စီအတွေးများနှင့် အလုပ်များသွားတော့သည်။ ဘယ်သူကမှ သူ့စကားထဲက ပြဿနာကို သတိမထားမိလိုက်ကြပေ။

ထို့နောက်တွင် ကျန်းယွင်ကျူးက ချီရှန်းကျွီသို့သွားပြီး အားလုံးကို ထိုအကြောင်း ပြောပြလိုက်လေသည်။

ချီရှန်းကျွီသည် ချက်ချင်းဆိုသလို စည်ကားသွားတော့သည်။ တချို့က ကျန်းယွင်ကျူးနှင့် မြို့တော်သို့ လိုက်ချင်ကြသည်။ တချို့က သည်မှာပဲ နေချင်ကြသည်။

နှစ်ရက်နေပြီးနောက် လူတစ်စုက ဝူလင်စီရင်စုမှ ထွက်လာခဲ့ကြသည်။ သူတို့သည် ဟွာရင်းကျောင်းတော်ကို အရင်သွားကြမည်။ မည်သို့ဆိုစေ လမ်းပေါ်သို့ ရောက်နေကြပြီ။ ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ကို ထိုနေရာသို့ ပို့ပေးခဲ့သည်။

“အခုချိန်ကစပြီး ကိုယ့်ဟာကိုယ် အားကိုးရတော့မယ်နော်”

ကျောင်းဝင်ပေါက်နားတွင် ကျန်းယွင်ကျူးက ပြင်ဆင်လာသည့် အထုပ်ကို ကျန်းယွင်ရွှယ်အား ပေးရင်း ပြောလိုက်လေသည်။

အဝတ်အစားအထုပ်နှင့် သူမက ကျန်းယွင်ရွှယ်အတွက် ပြင်ဆင်ထားပေးသည့် ငွေများပါလေသည်။ သူမအတွက် တစ်နှစ်စာ သုံးစွဲရန် အလုံအလောက်ထည့်ပေးထားသည်။

ကျန်းယွင်ရွှယ်က ခေါင်းညိတ်လိုက်၏။ သူမ လုပ်နိုင်ပါတယ်။

“မမ မမလည်း ကိုယ့်ဟာကို ဂရုစိုက်အုံးနော်”

“အင်းပါ၊ အချိန်ရရင် စာရေးနော်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“အင်း” ကျန်းယွင်ရွှယ်က ခေါင်းညိတ်လိုက်၏။

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်နှင့်အတူ တခြားသူများနှင့် ထွက်လာခဲ့တော့သည်။ ကျန်းယွင်ရွှယ်က သူမ၏ကျောပြင်ကို စောင့်ကြည့်နေလိုက်လေသည်။ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူမသည် ကျောင်းတော်ထဲသို့ လှည့်ကာ ဝင်သွားတော့သည်။

သည်ဖက်တွင်တော့ ကျန်းယွင်ကျူးသည် လှည်းပေါ်တက်သွားပြီး မြို့တော်သို့ ခရီးဆက်လာခဲ့တော့သည်။ သည်တစ်ကြိမ်တွင် မြို့တော်သို့ သွားရာတွင် သူမသည် သူမနှင့်အတူ ဟဲရင်းနှင့် ရှီလျို့ကိုသာ ခေါ်လာခဲ့သည်။ ရွှယ်ကျင်းနှင့် တခြားသူများကတော့ သူမ မြို့တော်တွင် အခြေချပြီးမှ သူတို့ကို ခေါ်လျှင် ပိုအဆင်ပြေလိမ့်မည်။

အိုး ဟုတ်တာပေါ့။ သူမနဲ့အတူနဲ့ စင်ဘာ ကိုလည်း ခေါ်လာခဲ့သေးတယ်လေ။

...

အပိုင်း (၉၀)

လင်ထင်အန်းသည် အန်းဖင်နယ်စားအိမ်တော်သို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် လင်ချင်းက ဟွိုက်နန်ဝမ် ရောက်နေကြောင်း သတင်းပို့လေသည်။

သူက ဘာလို့ လူကိုယ်တိုင် ရောက်လာတာလဲ။ လင်ထင်အန်းသည် အံ့ဩနေစဥ် ဟွိုက်နန်ဝမ်က သူ့ရှေ့သို့ လျှောက်လာနှင့်ပြီးဖြစ်လေသည်။

“ ရှန်မျိုးနွယ်က လုပြည်နယ်က ထွက်သွားပြီး မြို့တော်ကို သွားလိုက်ပြီ”

ဟွိုက်နန်ဝမ်က ထိုင်လိုက်သည်။ ဒါက သူ့ပထမဆုံး စကားပင်။ ထို့နောက် သူက စိတ်ပျက်နေပုံကို ထုတ်ပြောလိုက်တော့သည်။

“ တစ္ဆေဘုရင်ဂိုဏ်းသတင်းကိုပဲ လွှင့်ပြီး သူတို့ကို လူဖမ်းခိုင်းလိုက်ပြီး သူမကို သတ်လိုက်ရုံပဲကို၊ မင်းက သူရဲကောင်း မိန်းမလေးကို ကယ်တယ်ဆိုတဲ့ဇာတ်ကို ဘာလို့က,နေတာလဲ။

အခုတော့ ဘာဖြစ်သွားလဲ”

လင်ချင်းသည် သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ယူလာပေးလိုက်သည်။ လင်ထင်အန်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး

“သူမကို သတ်လိုက်ရင် စစ်သေနာပတိချုပ်ရှန်က သေချာပေါက် ဝမ်းနည်းသွားမှာပါ၊ ဒါပေမဲ့ သူက တစ်ယောက်ကို သဘောကျနိုင်တယ်ဆိုမှတော့ ဒုတိယတစ်ယောက်လည်း ရှိလာအုံးမှာပဲ၊ ဝမ်ရယ်က တလောကလုံးက မိန်းမတွေအားလုံးကို သတ်ချင်တာတော့ မဟုတ်ဘူးမလား။

လူကို လုယူထားပြီး သူလိုချင်တာကို ပိုင်ဆိုင်ခွင့် မပေးတာဘဲ နေ့တိုင်း ခံစားခိုင်းထားတာက ပိုပြီး ကျေနပ်စရာမကောင်းဘူးလား”

“ မင်း ပြောတော့လည်း အဟုတ်ပဲ” ဟွိုက်နန်ဝမ်က နှာခေါင်းရှုံ့လိုက်လေသည်။ ဒါပေမဲ့ ဒါက အောင်အောင်မြင်မြင်နဲ့ အကောင်အထည် ဖော်နိုင်ခဲ့လို့လား။

“အိမ်ရှေ့စံနဲ့ မင်းသားခြောက်တို့က ဘယ်သူက ပိုသာတယ်ဆိုတာကို သိသိသာသာ မထုတ်ပြဘဲ နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့တာ၊ ဒါက အခုမှ အစပဲရှိသေးတယ်၊ ဝမ်ရယ် ကျွန်တော် ပြောထားတဲ့ကိစ္စကို ဆုံးဖြတ်ပြီးပြီလား”

လင်ထင်အန်းသည် ဟွိုက်နန်ဝမ်ထံသို့ စာပို့ခဲ့ပြီး ကျန်းယွင်ကျူးကိစ္စမဟုတ်ခဲ့ပေ။

“ ငါ့သားအတွက် လက်စားချေပေးမဲ့သူတိုင်းကို ဘယ်သူပဲ ထိုင်ခုံရရ ငါကတော့ ထောက်ပံ့ပေးမှာပဲ”

ဟွိုက်နန်ဝမ်သည် အေးအေးစက်စက် ပြောလိုက်တော့သည်။ နန်းတွင်းကိစ္စများနှင့် ပတ်သက်လျှင် မည်သူက မေးမေး ဒါသည် သူ့တောင်းဆိုချက်ပင်။

“ဝမ်ရယ် အစီအစဥ်မကျဘူးလို့ မထင်မိဘူးလား၊ အခုနေ ပထမဦးစားပေးရမှာက အိမ်ရှေ့စံကို အရင်ဆုံး ဖယ်ရှားဖို့ပဲ၊ မင်းသားခြောက် အာဏာရလာရင် သူက အဲဒီလူကို ဒီအတိုင်းထားမှာမဟုတ်ဘူး”

လင်ထင်အန်းက ပြောလိုက်၏။

ဟွိုက်နန်ဝမ်က မျက်လုံးကို စွေကြည့်လိုက်၏။ သူက ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။ သူက လက်စားချေချင်တာပဲ သိတယ်။

ဧည့်ခန်းထဲတွင် အခိုက်တန့် ငြိမ်သက်သွားပြီးနောက် လင်ထင်အန်းက မေးလိုက်လေသည်။

“ စစ်သေနာပတိချုပ်ရှန်က ထွက်သွားပြီဆိုတော့ ဝမ်ရယ်က ဘာအစီအစဥ်ရှိလဲ”

“ ငါလည်း မနက်ဖြန် မြို့တော်ကို ပြန်မယ်” ဟွိုက်နန်ဝမ်က ပြန်ပြောလိုက်၏။

“ကောင်းပါပြီ၊ ဒါဆို ကျွန်တော်တို့တွေ မြို့မှာ ထပ်တွေ့ကြတာပေါ့” လင်ထင်အန်းက ပြောလိုက်သည်။

ဟွိုက်နန်ဝမ်က သူ့ကို ကြည့်လိုက်၏။ ဘာလို့လဲ။ သူလည်း မြို့တော်ကို သွားမလို့တဲ့လား။

လင်ထင်အန်းသည် မြို့တော်သို့သွားမည်က ပြောရန်ပင်မလိုချေ။ သူပြောခဲ့သည့်အတိုင်းပင် အရာအားလုံး၏ အဓိကသော့ချက်က မြို့တော်တွင် ရှိနေလေသည်။ ထို့အပြင် ကျန်းယွင်ကျူးကလည်း ပျောက်သွားပြီ။ သူမလည်း မြို့တော်သို့ သွားတာပဲဖြစ်ရမည်ဟု သူ ခန့်မှန်းမိလေသည်။

သူတို့အားလုံးက သွားလိုက်ကြပြီလေ။ သူက လုပြည်နယ်မှာ တာဝန်ထမ်းနေဖို့ ဘာအကြောင်း ရှိတော့မှာလဲ။

“ဒါဆို မြို့တော်မှာတွေ့မယ်”

ဟွိုက်နန်ဝမ်က ထိုသို့ပြောလိုက်ပြီး ထထွက်သွားတော့သည်။

သူသည် အန်းဖင်နယ်စားအိမ်တော်၏ တံခါးဝသို့အရောက်တွင် လှည်းပေါ် တက်တော့မည့်ဆဲဆဲ ထိုနေရာတွင် အမျိုးသမီးတစ်ယောက် ဒူးထောက်နေသည်ကို တွေ့လိုက်ရလေသည်။

အမျိုးသမီးက တရုတ်ဆီးသီးမျက်နှာနှင့် မက်မွန်ရောင်ပါးမို့မို့များကို ပိုင်ဆိုင်ထာသည့် ၁၅-၁၆နှစ်အရွယ်လေးဖြစ်သည်။ မျက်ခုံးများကို ကျုံ့ကာ နီရဲနေသည့်မျက်လုံးများနှင့် ထိုနေရာတွင် ဒူးထောက်နေပုံက ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုနှင့် စွဲမက်ဖွယ်ဖြစ်နေလေသည်။ သူမသည် အလွန်မှ သနားစဖွယ်ဖြစ်နေလေသည်။

ဟွိုက်နန်ဝမ်က ရပ်လိုက်ပြီး အမျိုးသမီးဆီသို့ လျှောက်သွားလိုက်၏။

သည်အမျိုးသမီးသည် တခြားသူမဟုတ် ကျန်းယွင်ရှို့သာ ဖြစ်လေသည်။ ကျန်းယွင်ကျူးက ထွက်သွားခဲ့ပြီ။ လင်ထင်အန်းကလည်း လုပြည်နယ်သို့ ပြန်လာခဲ့သည်။ သူမသည် အန်းဖင်နယ်စားအိမ်သို့ ပြန်လာချင်ခဲ့သည်။ သို့သော် သူမ ပြန်လာချိန်တွင် ကောင်းရွှင့်နှင့် အမျိုးသမီးကျိုးတို့နှစ်ယောက်ကို အိမ်တော်က မောင်းထုတ်လိုက်ပြီမှန်း သိလိုက်ရတော့သည်။ ထို့အပြင် သူမသည် သူတို့နှင့် အဆက်အဆံများစွာ ရှိခဲ့သည်။ ထို့ကြောင့်ပင် သူမသည် အိမ်တော်ထဲသို့ ထပ်မဝင်နိုင်တော့ပေ။

ရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် သည်နေရာတွင် ဒူးထောက်ကာ သူမကို သနားညှာတာလို ညှာတာငြား လင်ထင်အန်းကို တောင်းပန်ရန်သာ ရှိတော့သည်။

ဟွိုက်နန်ဝမ်က ရောက်လာခဲ့သည်။ သူမက သူ့ကို မသိသော်လည်း သူ့အဝတ်အစားများကို ကြည့်ရုံနှင့် သူသည် အထက်တန်းစားလူတစ်ယောက်မှန်း ခန့်မှန်းနိုင်လေသည်။

သူမက သူ့ကို နှုတ်ဆက်လိုက်၏။ သူမသည် ပြီးခဲ့သည့် နှစ်ရက်လုံးလုံး အတက်ကြွလွန်သွားခဲ့သဖြင့် သူမ၏အသံက နူးညံ့ပျော့ပြောင်းနေလေသည်။

ဟွိုက်နန်ဝမ်သည် သူ့သားကို ဆုံးရှုံးထားရသူဖြစ်သည်။ အခုတော့ သူသည် လက်လေးနှင့် ဖျစ်လိုက်လျှင် ရေများ စိမ့်ထွက်လာမည်ထင်ရသည့် အလွန်မှ နူးညံ့သည့် မိန်းကလေးငယ်များကို သဘောကျနေလေသည်။ သူတို့၏ငယ်ရွယ်သည့် ခန္ဓာကိုယ်က သူ့ကို သားတစ်ယောက် မွေးပေးနိုင်ဖို့ မျှော်လင့်ထားခဲ့သည်။

“ဒီလောက် ပူတဲ့နေ့မှာ မင်းက ဒီမှာ ဒူးထောက်နေတယ်”

သူက ပြောရင်းဆိုရင် ကျန်းယွင်ရှို့ကို တွဲထူပေးရန် လက်ဆန့်လိုက်တော့သည်။

ကျန်းယွင်ရှို့သည် ရုတ်တရက် လန့်သွားသော်လည်း သည်အထက်တန်းစားလူကြီးက သူမကို စိတ်ဝင်စားနေမှန်း ချက်ချင်း သိသွားတော့သည်။ ထိုအဖြစ်က သူမကို ကြောက်ရွံ့သွားစေသော်လည်း ဝိုးတဝါး ပျော်ရွှင်မိလေသည်။ လင်ထင်အန်းက သူမကို မျက်နှာထားတင်းတင်းနဲ့ ဆက်ဆံခဲ့တယ်။ ရွှီချင်ရှန့်ကတောင် သူမကို အထင်သေးနေတယ်။ သူမ အရမ်းကို စိတ်ပျက်တာပဲ။

ဒီလူကြီးကတော့ သူမကို ချက်ချင်း စိတ်ဝင်စားသွားတယ်။ ဒါက သူမရဲ့အလှက တခြားသူတွေထက် မနိမ့်ဘူးဆိုတာ ပြနေတာပဲ။

တစ်ခုပဲ။ ဒီလူကြီးက အရမ်းအိုနေပြီ။ သူကဖြင့် သူမရဲ့အဘိုးအရွယ်တောင် ရှိတော့မယ်။

သူမက လင်ထင်အန်းကိုပဲ သဘောကျတာလေ။ ထို့ကြောင့် သူမက ဟွိုက်နန်ဝမ်၏လက်ကို ချက်ချင်း ရှောင်လိုက်တော့သည်။

ဟွိုက်နန်ဝမ်၏မျက်လုံးထဲတွင်တော့ သူမသည် ကြိုဆိုဖို့ရာ ငြင်းဆန်သယောင်။ ထိုအရာက သူ့ကို ပိုပြီး စိတ်ဝင်စားသွားစေတော့သည်။ သူက သူ့နောက်တော်ပါကို ဒီအမျိုးသမီးအား သူ့ထံပို့ပေးလျှင် ပိုကောင်းလိမ့်မည်ဟု လင်ထင်အန်းကို ပြောခိုင်းလိုက်လေသည်။ မြို့တော်သို့ ပြန်မည့်လမ်းတွင် အချိန်ကုန်ဖို့ရန် ပြီးပြည့်စုံသည့်နည်းလမ်းတစ်ခု ဖြစ်လာလိမ့်မည်။

နောက်တော်ပါက ဝင်သွားလိုက်သည်။ မကြာမီ လင်ချင်းက ထွက်လာ၏။ သူ့နောက်တွင် လှပသည့် အစေခံမလေးနှစ်ယောက် ပါလာသည်။ ဒါသည် ဟွိုက်နန်ဝမ်ကို ပေးမည့် လင်ထင်အန်း၏ လက်ဆောင်ဖြစ်လေသည်။

ကျန်းယွင်ရှို့ကိုတော့ လင်ထင်အန်းသည် သူမကို အသုံးချရမည့်ကိစ္စတချို့ ရှိသေးသည်။

“သူ့ဆီက လူတစ်ယောက်လေး လိုချင်တာက သူက ဒီလို အခြေအတင်လုပ်နေတယ်”

ဟွိုက်နန်ဝမ်သည် ဒေါသဖြစ်တော့မည့်ဆဲဆဲ လှပသည့်အစေခံမလေးနှစ်ယောက်က သူ့ကို ဘယ်တစ်ဖက် ညာတစ်ဖက် တွဲလိုက်ကာ သူ့ကို ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်လေသည်။

ဟွိုက်နန်ဝမ်၏စိတ်သည် မြန်မြန်ပင် ဆွဲဆောင်ခံလိုက်ရတော့သည်။ သို့တိုင် သူ ထွက်သွားချိန်တွင် ကျန်းယွင်ရှို့ကို မမေ့မလျော့ ကြည့်လိုက်သေးသည်။

ကျန်းယွင်ရှို့ ဖြစ်နေစရာလည်း မလိုပါဘူး၊ တစ်ခါတလေ မရနိုင်တာက အကောင်းဆုံးဖြစ်နေတတ်တာပဲ။

ဟွိုက်နန်ဝမ်သည် ပြန်သွားတော့သည်။ ကျန်းယွင်ရှို့သည် လမ်းပျောက်နေသလို ခံစားလိုက်ရပြီး မကြာမီတွင် ကိုယ့်ဟာကိုယ် ထရပ်လိုက်တော့သည်။ လင်ထင်အန်းက သူမကို ခေါ်ထားလိုက်ပြီလေ။ မဟုတ်ဘူးလား။

မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်သွားခဲ့သည်။ ကျန်းယွင်ကျူးသည် လမ်းပေါ်တွင် ခရီးနှင်လာခဲ့ပြီးနောက် သည်နေ့တွင်တော့ မြို့တော်၏အပြင်ဘက်သို့ ရောက်လာခဲ့လေသည်။

“လူကြီးမင်းရှန် ဒီမှာပဲ လမ်းခွဲရအောင်”

မြို့တော်၏ ပုံရိပ်ပို အဝေးမှပင် မြင်နေရပြီး ကျန်းယွင်ကျူးက လှည်း၏ ခန်းဆီစကို မ,လိုက်ကာ ရှန်ဖုန်းမင်ကို ပြောလိုက်လေသည်။

ရှန်ဖုန်းမင်က မြင်းဇက်ကို ဆွဲလိုက်ပြီး

“မိန်းကလေးကျန်း အခု မြို့တော်ကို ရောက်လာပြီဆိုတော့ တည်းခိုစရာနေရာရှိလား”

ဟင့်အင်းလေ။ နေရာတစ်ခုကို ငှားလို့ရတဲ့အထိ တည်းခိုခန်းမှာ တည်းမှာပေါ့။ ဒါသည် ကျန်းယွင်ကျူး၏ အစီအစဥ်ဖြစ်သည်။

“မြို့ထဲမှာ ကျွန်တော့်ရဲ့ အိမ်တော်တစ်ခု ရှိတယ်၊ မိန်းကလေးကျန်း အဲနေရာမှာ ယာယီဖြစ်ဖြစ်နေလို့ရပါတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။

“ဒါက....”

“ တော်ဝင်စာမေးပွဲက ပြီးသွားပြီဆိုပေမဲ့ အောင်စာရင်းက အခုထိ မထုတ်ရသေးဘူးလေ၊ စာဖြေသူတွေကလည်း မြို့တော်မှာ ရှိနေသေးတယ်၊ တည်းခိုခန်းတွေမှာ အခန်းလွတ်ရှာဖို့ ခက်မယ်ထင်တယ်” ရှန်ဖုန်းမင်က ပြောလိုက်၏။

ကျန်းယွင်ကျူးက သည်အချက်ကို မေ့သွားခဲ့သည်။

“ကျွန်တော် အဲဒီအိမ်တော်မှာ လုံးဝမနေပါဘူး၊ မိန်းကလေးကျန်းက ဘာကို စိတ်ပူနေတာများလဲ”

ရှန်ဖုန်းမင်က မေးလိုက်ပြီး

“ ကျွန်တော်လည်း အရင်က မိန်းကလေးရဲ့အိမ်မှာ နေခဲ့တာပဲမလား”

သည်မေးခွန်းကြောင့် ကျန်းယွင်ကျူးမှာ မငြင်းနိုင်အောင် ဖြစ်သွားတော့သည်။ သူမက နေဖို့နေရာတစ်ခု ရှာမရလို့ လမ်းပေါ်မှာ အိပ်ရမှာလား။ နောက်မှ သူပြန်သိသွားရင်..... စဥ်းစားကြည့်တာနဲ့တင် အရမ်းရှက်ဖို့ကောင်းနေပြီပဲ။

“ဒါဆို လူကြီးမင်းရှန်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မ ရက်ပိုင်းလောက် ငှားနေပါ့မယ်၊ နေရာတစ်ခု ရှာတွေ့တာနဲ့ ချက်ချင်း ပြောင်းလိုက်ပါ့မယ်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်လေသည်။

ရှန်ဖုန်းမင်က ထိုအိမ်တော်၏လိပ်စာကို ပေးလိုက်သည်။ ထို့နောက် သူသည် သူမ ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် မြို့တော်သည် ပျားပန်းခတ်မျှ စည်ကားပြီး အသက်ဝင်လျသည်။ သူတို့သည် မြို့တံခါးမှ ဝင်လာသည်နှင့်တပြိုင်နက် လမ်းတိုင်းတွင် လူများနှင့်ပြည့်သိပ်ကြပ်ညက်နေပြီး စျေးသုံးခုကိုလည်း တွေ့လိုက်ရလေသည်။

ကျန်းယွင်ကျူးက လှည်း ခန်းဆီးကို မ,လိုက်ပြီး ဘေးဘီကို လေ့လာလိုက်လေသည်။ အိပ်မက်ထဲက မှတ်ဉာဏ်ထဲမှ လမ်းပေါ်က မြင်ကွင်းနှင့် ယှဥ်ကြည့်လိုက်လျှင် တူညီမှုများလည်း ရှိသလို လုံးဝကွာခြားနေသည်များလည်း ရှိလေသည်။

သူမသည် စိတ်ဝင်စားမှုကြီးစွာဖြင့် ကြည့်နေပြီး ရုတ်တရက်ဆိုသလို လူတစ်စုလာနေသည်ကို တွေ့လိုက်ရလေသည်။

မြို့တော်လို နေရာတစ်ခုတွင် တံဆိပ်ပြားတစ်ခုပေါ်လာပြီး လူသုံးယောက်သည် ရောက်လာကာ သူတို့ထဲက နှစ်ယောက်က မင်းကြီး၏ဆွေတော်မျိုးတော်များ ဖြစ်လိမ့်မည်။ သာမန်ပြည်သူများသည် သည်နေရာတွင် အနေကြာလာပြီဖြစ်ရာ သည်လိုမြင်ကွင်းကို နေသားနေပြီးသားဖြစ်လေသည်။ သည်လူအုပ်စုကို တွေ့လိုက်ကြသဖြင့် သူတို့အားလုံးသည် ဘေးသို့ လမ်းဖယ်ပေးလိုက်ကြပြီး သူတို့ဖြတ်အသွားကို စောင့်နေလိုက်ကြသည်။ သူတို့ဖြတ်သွားပြီးသည်နှင့် သူတို့သည် ဆက်သွားလိုက်ကြလေသည်။

ကျန်းယွင်ကျူး၏လှည်းကလည်း လမ်းဘေးတွင် ရပ်သွားခဲ့သည်။

သည်အချိန်တွင် လူနှင့် မြင်းများ ပါသည့် အဖွဲ့တစ်ခုက ရောက်နှင့်နေလေသည်။ ရှေ့တွင် မြင့်မားသည့် မြင်းတချို့နှင့် အစေခံများပါလေသည်။ ထို့နောက်တွင် လှည်းတစ်စီးက လိုက်ပါလာသည်။ လှည်းသည် သာမန်လှည်းများနှင့် ခြားနားလေသည်။ ကျောက်စိမ်းနှင့် အဖိုးတန်ရတနာများဖြင့် အလှဆင်ထားသည်။ ထောင့်တွင် တော်ဝင်ခေါင်းလောင်းများကို ချိတ်ဆွဲထားလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အမျိုးသမီးတစ်ယောက်မှန်း ပြောလိုက်လေသည်။ ဒါသည် အင်မတန်မြင့်မြတ်ပြီး အဖိုးတန် အမျိုးသမီးတစ်ယောက်၏ ယာဥ်ဖြစ်လေသည်။

“ မင်းသမီးလဲ့ချန်း ရှောင်းလီယွီ ပဲ၊ သူမက ဒီနှစ်ဆို ၁၆နှစ်၊ သူ့အမေအရင်းက ဝူကွေ့ဖေးလေ၊ သူက မင်းသားခြောက်ရဲ့ညီမလေးပေါ့”

ရှီလျို့သည် လှည်းထဲက လူကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားပြီး ကျန်းယွင်ကျူးကို ရှင်းပြလိုက်လေသည်။ သူမ မပြောလိုက်သည့်စကားက ဝူကွေးဖေ့သည် ရှောင်းလီယွီကို ရှန်ဖုန်းမင်နှင့် လက်ဆက်ပေးချင်သော်လည်း ရှန်ဖုန်းမင်က လက်မခံခဲ့သည့်အကြောင်းပင်။

ကျန်းယွင်ကျူးသည် ရှောင်းလီယွီကို ကောင်းကောင်း မသိပေ။ သူမ၏အိပ်မက်ထဲတွင် မြို့တော်ကို ရောက်လာချိန်၌ ရှောင်းလီယွီသည် လက်ထပ်ပြီးသားဖြစ်သည်။

သူမသည် အများကြီးစဥ်းစားလိုက်တော့ပဲ ထိုနေရာတွင် စောင့်နေလိုက်လေသည်။

သို့သော် ယာဥ်တန်းက ရပ်သွားပြီး တစ်ခုခုဖြစ်နေသယောင်။

အချိန်တော်တော်ကြာသည်အထိ ယာဥ်တန်းက ရှေ့သို့ ရွေ့မသွားခဲ့ပေ။

သူတို့ဘေးတွင် စောင့်နေသည့်လူများသည် အသံတစ်ချက်ပင် မထွက်ရဲကြပေ။ ရှန်ဖုန်းမင်က လူတစ်စုကို ခေါ်ပြီး မြို့တော်သို့ ပြန်လာခဲ့လေသည်။

မြို့တော်က လူများသည် ချီလင်သက်တော်စောင့် အဝတ်အစားများနှင့် ရင်းနှီးကြလေသည်။ ထိုအရာကို မြင်လိုက်တော့ သူတို့သည် ဒုက္ခရောက်မည်စိုးသဖြင့် ခေါင်းကို ပိုငုံ့ထားလိုက်ကြတော့သည်။

ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူး၏လှည်းက တော်တော်ဝေးသည့်နေရာတွင် ရပ်ထားသည်ကို တွေ့လိုက်ရပြီး သူမက ခန်းဆီးစကို ပင့်ကာ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

“ဝမ်းကွဲအစ်ကို”

ရှောင်းလီယွီသည် နောက်ဆုံးတော့ ရှန်ဖုန်းမင်ရောက်အလာကို စောင့်နေခြင်းဖြစ်ပြီး လူတစ်ယောက်အား ခန်းဆီးစကို ချက်ချင်းပင့်ခိုင်းလိုက်တော့သည်။ သူမက ရှန်ဖုန်းမင်ကို လှမ်းခေါ်လိုက်၏။

သူမက ရှန်ဖုန်းမင်ကို မတွေ့တာ လတော်တော်ကြာပြီလေ။ သူက ဒီနေ့က အဖြူရောင်ဘရိုကိတ်ဝတ်ရုံကို ဝတ်ထားတယ်တဲ့။ အလို။ သူ့မျက်လုံးတွေကလည်း စူးရှနေတာပဲ။ ပြီးတော့ အဲဒီမျက်နှာ။ အဲမျက်နှာကို သူမ ဘယ်နှစ်ခါပဲ ကြည့်ကြည့် မျက်စိကျိန်းမိနေတုန်းပဲ။

“မင်းသမီးတစ်ယောက်အနေနဲ့ ဒီလိုလမ်းပိတ်ထားတာက မသင့်တော်ပါဘူး” ရှန်ဖုန်းမင်က တစ်ခွန်းသာ ပြောလိုက်သည်။

ရှောင်းလီယွီသည် မိန်းကလေးဆန်သည့်သဘာဝ ရှိလေသည်။ သူမ တိတ်တခိုးမြတ်နိုးရသူကို တွေ့လိုက်ရချိန်တွင် သူမသည် သူမ၏ခံစားချက်ကို ထုတ်ပြတော့မည် ပြင်လိုက်၏။ မမျှော်လင့်ထားဘဲ တစ်ဖက်လူက ရောက်လာပြီး သူမကို မေးခွန်းထုတ်လေသည်။

သူမက ဒေါသတကြီး ကြေညာလိုက်၏။

“ ဒီလမ်းက ကျွန်မရဲ့မဟာရှမင်းဆက် ပိုင်တဲ့လမ်းပဲ၊ ကျွန်မက ရှမင်းဆက်ရဲ့ မင်းသမီး၊ ကျွန်မ ဒီမှာရှိတာ ဘာဖြစ်လဲ’

“ပြည်သူက အရေးအကြီးဆုံးပဲ၊ နိုင်ငံက ဒုတိယ ပြီးမှ ဘုရင်မင်းမြတ်က နောက်ဆုံးကလာတာ”

ရှန်ဖုန်းမင်က ပြောလိုက်၏။

“ရှင်”

ရှောင်းလီယွီသည် ဒေါသထွက်ကာ ဝမ်းနည်းသွားတော့သည်။ သူမက ဝူကွေ့ဖေးရဲ့သမီး။ ကလေးဘဝကတည်းက သူမကို အလိုလိုက်ထားခဲ့ကြတာ။ သူမကို အေးအေးစက်စက်နဲ့ ပြောတာ သူတစ်ယောက်ပဲရှိတယ်။ တခြားလူသာဆိုရင် သူမက သူ့ကို လူလွှတ်ပြီး ဖမ်းခိုင်းပြီး ချက်ချင်း အပြစ်ပေးလိုက်မှာပဲ။

သူမသည် သူ့ကို မကြည့်သလို လှုပ်လည်း မလှုပ်ပေ။ သူ ဘာလုပ်မည်ကို ကြည့်ရန် ထိုနေရာတွင်သာ ဆက်ရှိနေလိုက်သည်။

ရှန်ဖုန်းမင်က သူ့လက်ကို မြောက်လိုက်၏။ သူ့နောက်က ချီလင်သက်တော်စောင့်များသည် ချက်ချင်း ရှေ့တက်လာခဲ့ကြသည်။ သူတို့သည် တစ်ဖက်လူက မင်းသမီးဖြစ်နေပါစေ ဂရုမစိုက်ကြပေ။ ခေါင်းဆောင်က အမိန့်ပေးလိုက်သ၍ သူတို့သည် တာဝန်ကို ထမ်းဆောင်ရလိမ့်မည်။

ရှောင်းလီယွီ၏မျက်လုံးထောင့်မှ ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ သူမသည် အနည်းငယ် ကြောက်လန့်သွားတော့သည်။ ရှန်ဖုန်းမင်က ဒီလိုကိစ္စမျိုးကို တောင် လုပ်နိုင်တယ်ပေါ့လေ။ ပြီးတော့ သူသာ လုပ်ခဲ့ရင်လည်း သူမက မယ်တော် ဒါမှမဟုတ် ခမည်းတော်ကို ငိုပြီး တိုင်လို့လည်း ရမှာမဟုတ်ဘူး၊ ဘာအကျိုးမှမရှိဘူးလေ။ ဒါက စိတ်ပျက်စရာအကောင်းဆုံးကိစ္စပဲ။

ပဋိပက္ခဖြစ်တော့မည့်ဆဲဆဲ သည်အချိန်တွင် လူတစ်ယောက်က မြင်းတစ်ကောင်စီးလာလေသည်။ သူက ယာဥ်တန်းနှစ်ခုကြားတွင် ရပ်လိုက်ပြီး ရှောင်းလီယွီကို အပြုံးနှင့်မေးလိုက်တော့သည်။

“ မင်းသမီးက မြို့ထဲထွက်လည်တာလား”

ယန်ရှန့်ပင်။ သူ၏ ရှည်လျားသည့် မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများအစုံက တောက်ပလို့နေသည်။

သူ့ကို တွေ့လိုက်သည်တွင် ရှောင်းလီယွီသည် ပိုပြီး စိတ်ပျက်သွားတော့သည်။ ရှန်ဖုန်းမင်က မိန်းမတွေနဲ့ မရင်းနှီးဘူးဆိုတာ မြို့တော်ထဲက လူတိုင်းသိတယ်။ အကြောင်းအရင်းကိုလည်း လူတစ်ဝက်လောက်က ထင်ကြေးပေးကြတယ်။ သူက ဖုံးကွယ်ထားတဲ့ ရောဂါတစ်ခုရှိလို့ မစွမ်းဆောင်နိုင်ဘူးတဲ့။ ကျန်တစ်ဝက်ကကျတော့ သူက ယောက်ျားတွေကိုပဲ ကြိုက်တာမလို့တဲ့လေ။

ဌာနချုပ်လို နေရာတစ်ခုက ယောကျ်ားတွေချည်းပဲ။

အထူးသဖြင့် စစ်သူကြီးကျန်းကောရဲ့ အကြီးဆုံးသား ယန်ရှန့် ပေါ့။ ရှေ့တန်းထွက်ရမဲ့အစား သူက ဌာနကို ဝင်ခဲ့တယ်တဲ့။ သူနဲ့ရှန်ဖုန်းမင်ကလည်း နေ့တိုင်း ခွဲလို့ကိုမရဘူး... ရှန်ဖုန်းမင်က သူ့ကို တခြားသူတွေနဲ့ မတူအောင် ဆက်ဆံတယ်ထင်ပါတယ်။

“ ဒီမင်းသမီးက ဘယ်သွားသွား ရှင့်အပူမပါဘူး”

ရှောင်းလီယွီက ယန်ရှန့်ကို ဝါးစားတော့မတတ် ဒေါသဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် သူမက ပါလာသည့်နောက်တော်ပါကို အမိန့်ပေးလိုက်တော့သည်။

“နန်းတော်ကို ပြန်မယ်”

ယာဥ်တန်းက ချက်ချင်း လှည့်ထွက်သွားပြီး နန်းတော်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

ယန်ရှန့်သည် အစက ပဋိပက္ခကို ဖြန်ဖြေပေးရန်ရောက်လာခဲ့ပြီး အစိမ်းလိုက်ဝါးစားမတတ် ကြည့်ခံလိုက်ရသည့်အပြင် အားကျခံလိုက်ရသည်နှင့် ဇာတ်သိမ်းခဲ့ရတော့သည်။ သူသည် မိုးကောင်ကင်၏အလိုက အလွန်မှ မမျှတပါကလားဟု ခံစားမိလေသည်။

သူက ခေါင်းကိုလှည့်ပြီး ရှန်ဖုန်းမင်ကို ပြစ်တင်စကားပြောရန် ပြင်လိုက်စဥ် လမ်းဘေးက ကျန်းယွင်ကျူးကို တွေ့သွားပြီး ဝမ်းသာလွန်းသဖြင့် မနေနိုင်တော့ဘဲ မျက်ခုံးများကို ပင့်လိုက်လေသည်။

သူသည် ရှန်ဖုန်းမင်ကို ပြန်ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက ကျီစယ်နေတော့သည်။ ထိုအဓိပ္ပာယ်ကို ဘာသာပြန်ရလျှင် ‘ကောင်းလေစွ’ သူ နောက်ဆုံးတော့ တဖက်လူကို ခေါ်ပြန်လာခဲ့ပြီလေ ဟူ၍။

“ဟေ့”

ယန်ရှန့်က နောက်ကမြန်မြန်လိုက်သွားလေသည်။ သူ့ကိုပြောပြရန် ဝမ်းထဲတွင် ခါးသီးမှုအပြည့် ရှိနေတော့သည်။ သူမရှိတဲ့ကာလအတွင်းမှာ သူ့အတွက် ခက်ခဲလိုက်တာဆိုတာ။ သူ့ကို ကြည့်စမ်း။ အများကြီး ပိန်သွားတယ်။ အခုတော့ လူကို နောက်ဆုံးခေါ်လာပြန်ခဲ့ပြီဆိုတော့ အနည်းဆုံးတော့ သူ့အတွက် တစ်နပ်လောက် ချက်ပေးရမှာပဲ။ ဟင့်အင်း။ အရသာရှိတဲ့နေ့တွေ အများကြီး ရှိလာတော့မှာ။

သူတို့နှစ်ယောက် ထွက်သွားချိန်တွင် ချီလင်သက်တော်စောင့်များကလည်း ထွက်သွားလေသည်။

မကြာမီ လမ်းများသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။

ရှန်ဖုန်းမင်ကို မသိကြသူများက တခြားသူများကို တိတ်တိတ်လေး မေးမြန်းကြသည်။ သူက မည်သူမှန်း သိလိုက်ကြပြီးနောက်တွင် သူတို့သည် ဆွံ့အသွားတော့သည်။ ဒါက စစ်သေနာပတိချုပ်ရှန် တဲ့။ သူတို့ကြားဖူးတာတော့ သူက ရေခဲတုံးလို အေးစက်မာထန်ပြီး မိန်းမတွေနဲ့ မရင်းနှီးဘူးတဲ့။ အခု သူ့ကို တွေ့လိုက်ရတော့ အမှန်ပါပဲလား။

သူက မင်းသမီးကိုတောင် မျက်နှာသာမပေးဘူး။ နူးညံ့ မြင့်မြတ် အဖိုးတန် လှပပြီး ကောင်းကင်ဘုံက မင်းသမီးကိုလေ။

ကောလာဟလတွေက မှန်နေတာကို မြင်နေရတာပဲ။

သူက ထုတ်ပြောလို့မရတဲ့ ရောဂါတစ်ခုရှိနေတာလား။ ဒါမှမဟုတ် သူကပဲ ယောက်ျားတွေကို ကြိုက်နေတာလားဆိုတာ မသိတာပဲရှိပဲ။

ခုနက ပုံစံကြည့်ရတာတော့ သူက ယောက်ျားတွေကို ကြိုက်တာ ဖြစ်နိုင်ချေများတယ်။

အဲဒီအရမ်းချောမောတဲ့ယောက်ျားကို ကြည့်ပါအုံး...

အားလုံးက ဘာမှမပြောကြသော်လည်း သူတို့အားလုံး၏ စိတ်နှင့်မျက်လုံးထဲတွင် ထိုအတွေးများ ရှိနေကြလေသည်။

ရှီလျို့သည် မကျေမနပ်ဖြင့် လည်ချောင်းရှင်းလိုက်လေသည်။ သူတို့ရဲ့ခေါင်းဆောင်က ယောကျ်ားတွေကို မကြိုက်ပါဘူး။ ပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း အရမ်းကို သန်မာတာပါနော်။

ထိုသို့တွေးရင်း သူမသည် ကျန်းယွင်ကျူးကို တစ်ချက် ခိုးကြည့်လိုက်လေတော့သည်။

All Chapters