ကြောက်လွဲ ရဲ မင်းဖြစ်
Vol. 5 Ch. 427
ယွိမင်နတ်ဘုရား၏ အင်္ကျီလက်များက လေထဲတွင် လွင့်ပျံနေလေသည်။ သူ၏ပုံစံကလည်း အေးဆေး တည်ငြိမ်လွန်း လှသည်။
"ဂိုဏ်းတူညီလေး တုန်းဖုန်း၊ ဟွမ်ကျန်းနေရာမှာ မင်းဖြစ်နေရင်လည်း ကျုပ်က သွားကူညီမှာပါပဲ"
တာအို ဆရာတုန်းဖုန်းသည် အစ်ကိုဖြစ်သူ ယွိမင် နတ်ဘုရားကို ရိုသေလေးစား လွန်းစွာဖြင့် ဦးညွှတ် လိုက်လေသည်။
"ကျုပ်ကတော့ သွားမကူစေချင်ဘူး၊ ဟွမ်ကျန်း အခုလို ပြန်လာတာဟာ ဘယ်လို အန္တရာယ်တွေ ဖြစ်လာဦးမလဲဆိုတာ မသိနိုင်ဘူး၊ အစ်ကို တကယ် မသိဘူးလား၊ ချင်းဝေးဆိုတာ ကျုပ်တို့ဂိုဏ်းမှာ ပညာသင်ချင်ယောင် ဆောင်ပြီး ကျုပ်တို့သတိမပြုမိခင်မှာပဲ ကျုပ်တို့အားလုံးကို အသုံးချသွားခဲ့တာ၊ သူက ဟွမ်ကျန်းကို အခုလို လွှတ်လိုက်တာ အကြံအစည် တစ်ခုခုရှိလို့ ဖြစ်ရမယ်၊ အစ်ကိုသာ ဟွမ်ကျန်းကို သွားကူညီရင် သူ့ရဲ့လှည့်ကွက်ထဲကို တန်းဝင် သွားမှာပေါ့"
ယွိမင်နတ်ဘုရားက ဒေါသတကြီးဖြင့်…
"ဘာ ချင်းဝေးလဲ၊ အဲဒီကောင်က ချင်းရွှမ်က ယန်ရွှီးဆိုတဲ့ ကောင်ပဲ၊ ကျုပ် ကျင့်စဉ်လမ်းကို စပြီး ဝင်ရောက်တဲ့ အချိန်မှာ အဲဒီကောင်က မွေးတောင် မမွေးသေးဘူး၊ သူ့ဟာသူ မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်မကလို့ ဘာကြီးပဲ ကျင့်ကြံထားထား ကျုပ်သူ့ကို နှိမ်နင်းပစ်မယ်"
တာအို ဆရာတုန်းဖုန်းက ယွိမင်နတ်ဘုရားကို စိုက်ကြည့်လိုက်ပြီး…
"ဂိုဏ်းတူအစ်ကို၊ ချင်းရွှမ်က ဆန်းလျန်ဆိုတာ ကျင့်စဉ်လမ်းမှာ အမြန်ဆုံးနဲ့ နတ်ဘုရား ဖြစ်သွားခဲ့တဲ့ သူပဲ၊ ကျုပ်တို့ထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ၊ သူတောင် ယန်ရွှီးကို မယှဉ်နိုင်ခဲ့ဘူး၊ အခု ယန်ရွှီးက ကျုပ်တို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ကျင့်စဉ်တွေကို အကုန်လုံးနီးပါး ကိုလည်း သိနေပြီ၊ ကျုပ်ရဲ့ ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာ ကိုလည်း သူကောင်းကောင်း နားလည်နေတယ်၊ သူနဲ့သာ သွားတိုက်ရင် ကျုပ်တို့နှစ်ယောက်လုံး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာပေါ့"
ယွိမင်နတ်ဘုရားက…
"မင်းနဲ့ ကျုပ်ကျင့်ကြံထားတဲ့ တာအိုတန်ခိုး စွမ်းအားတွေက မပျက်စီးနိုင်တဲ့ တာအို စွမ်းအားတွေပဲ၊ ဒီ မိုးကောင်းကင် နတ်မိစ္ဆာကောင်ကို ဘာလို့ ကြောက်နေရမှာလဲကွ၊ နေပါဦး တုန်းဖုန်းရ၊ မင်းက အရင်တုန်းက ကျိလင် နတ်သမီးကိုတောင် မကြောက်ခဲ့တာ၊ အခုမှ ယန်ရွှီးကို ဘယ်လိုဖြစ်လို့ ကြောက်နေရတာလဲ"
"ဂိုဏ်းတူအစ်ကို၊ အစ်ကို့ရဲ့စိတ်တွေ မတည်မငြိမ်နဲ့ စကားတွေလည်း ဟိုရောက် ဒီရောက်တွေ ဖြစ်ကုန်ပြီ"
တာအို ဆရာတုန်းဖုန်း၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက် အမူအရာများဖြင့် ပြည့်နေလေသည်။
လောကတွင် မပျက်စီးနိုင်သည့် တာအို တန်ခိုးစွမ်းအား ဆိုသည်မှာ အဘယ်မှာ ရှိပါမည်နည်း။ အကယ်၍ တာအိုစွမ်းအားတစ်ခုသည် ပြီးပြည့်စုံ နေပါကလည်း စကြဝဠာ အတွင်းတွင် မည်သူမျှ ကျင့်ကြံနိုင်ကြတော့မည် မဟုတ်ပေ။
ယွိမင်နတ်ဘုရားမှာ တာအိုဆရာ တုန်းဖုန်း၏ စကားကြောင့် နင်သွားလေသည်။
အမှန်တော့ သူ့စိတ်အခြေ အနေမှာလည်း တကယ်ပင် ဆိုးဝါးနေခဲ့ခြင်း ဖြစ်သည်။
ကွမ်းချင်းနတ်ဘုရားဂိုဏ်းမှ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါး ပျောက်ဆုံးသွားခြင်း၊ တောက်ချင်နတ်ဘုရား ကျဆုံးသွားခြင်းနှင့် လင်ကွမ်းနတ်သမီးမှာ ချင်းရွှမ်နတ်တံခါးတွင် အစေခံအဖြစ် ဖမ်းဆီး ခံထားရမှုများ အားလုံးသည် သူ၏စိတ်ကို များစွာ ထိခိုက်စေလေသည်။
ထို့ပြင် သူနှစ်ရှည်လများ ကြံစည်ခဲ့သည့် လင်ရှောင် ခန်းမဆောင်ကြီးကို အသုံးပြုကာ မိုးကောင်းကင် ခုံရုံးကို အသစ်သော ကောင်းကင်ဘုံ နန်းတောင် တည်ဆောက်ရန် အကြံအစည် များမှာလည်း အကုန်လုံး ပျက်စီးခဲ့ရပြီ ဖြစ်သည်။
ထို့ကြောင့် သူ၏ စိတ်အာရုံထဲတွင် ဟွမ်ကျန်း ပြန်လာသည်ကို အာရုံခံစား သိရှိလိုက်ရသည်နှင့် သူ၏ အချစ်ဆုံးတပည့်ကို သွားရောက် ကူညီရန် ထွက်ခွာလာခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူတို့ကို လှည့်စားခဲ့သော ယန်ရွှီးကိုပါ ပညာပေးချင်မိသည်။
တာအိုဆရာ တုန်းဖုန်း ပြောသကဲ့သို့ သူ၏စိတ်များ မတည်မငြိမ် ဖြစ်နေသည် ဆိုသည်မှာ မမှားပေ။
အခြားသော သာမန် နေ့များတွင် ဆိုလျှင် သူသည် ထိုက်ချန်းတောင်မှ အရာအားလုံးကို ထားခဲ့ကာ ထိုသို့ တစ်ယောက်တည်း ထွက်ခွာသွားရန် ဆုံးဖြတ်မိမည် မဟုတ်ပေ။
"ဒီကိစ္စက တကယ်တော့ ခက်ခဲလွန်းပါတယ်၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကို တုန်းဖုန်းနဲ့ ဂိုဏ်းချုပ်ယွိမင်တို့ နှစ်ယောက်တည်း ဆိုရင်တော့ ဟွမ်ကျန်းကို သွားပြီး မကူညီသင့်ဘူး၊ ဒါပေမဲ့ ချင်းရွှမ်ရဲ့ သစ္စာဖောက် ယန်ရွှီးကို ကျုပ်တို့သုံးယောက် သွားပြီး တိုက်ခိုက်ကြမယ် ဆိုရင်ရော မဖြစ်နိုင်ဘူးလို့ ထင်သလား"
ရယ်မောသံများနှင့်အတူ ကောင်းကင်ထက်မှ စကားသံတစ်သံ ထွက်ပေါ်လာလေသည်။
ဓားခြိမ်းသံများလည်း ထွက်ပေါ်လာပြီး လမင်းကို ဖုံးကွယ်နေသည့် တိမ်ညိုများကို ဓားဝိညာဉ် တစ်ခုက ဖယ်ရှား ပစ်လိုက်လေသည်။
ကောင်းကင်ထက်တွင် သန့်ရှင်းချောမောသည့် တာအိုဆရာ တစ်ပါး ပေါ်လာလေသည်။
သူက အကွက်များပါသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ခြေထောက်တွင်လည်း ကင်းခြေများ ပုံသဏ္ဌာန် ဖိနပ်ကို စီးနင်း ထားလေသည်။
ထိုသူသည် လင်ရှောင် ခန်းမဆောင်ရှေ့သို့ ဆင်းသက်လာပြီး ယွိမင်နတ်ဘုရားနှင့် တာအို ဆရာတုန်းဖုန်း တို့ကို ဂါရဝ ပြုလိုက်လေသည်။
"ဂိုဏ်းတူညီလေး ရွှမ်ထင်"
ထိုလူကို တွေ့သည်နှင့် ယွိမင်နတ်ဘုရားနှင့် တာအို ဆရာတုန်းဖုန်းတို့က ဝမ်းသာအားရ အော်ဟစ် လိုက်ကြသည်။
ထိုသူမှာ ကွမ်းချင်းနတ်ဘုရား ငါးပါးထဲတွင် အငယ်ဆုံး နတ်ဘုရား ဖြစ်လေသည်။
သူ၏ မျိုးရိုးက "လင်" မျိုးရိုးဖြစ်ဖြစ်ပြီး သူ၏အမည်က ရှောင်ဝေ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ နာမည်အရင်းက လင်ရှောင်ေ၀ ဖြစ်လေသည်။ သူသည် လင်ကွမ်း နတ်သမီးထက် ဆယ်နှစ် နောက်ကျပြီးမှ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သူ ဖြစ်သော်လည်း သူ၏ မူဝိညာဉ်ခန္ဓာက အလွန်ထူးခြားသည့်အတွက် "သံမဏိမိုးကြိုးဓားဖြင့် မဟာကျင့်စဉ်လမ်း" ကို ကျင့်ကြံခဲ့လေသည်။ ထို့ကြောင့် သူ၏အမည် လင်ရှောင်ဝေအစား သူ့ကို လင်ရွှမ်ထင် ဟုသာ လူသိများ ကြတော့သည်။
"အားလုံး အဆင်ပြေ သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဂိုဏ်းတူ အစ်ကိုတို့"
လင်ရွှမ်ထင်က ဂိုဏ်းတူ အစ်ကို နှစ်ယောက်ကို ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
ယခင်တစ်ချိန်တုန်းက ယင်းစန်းတောင်မှ ဝိညာဉ်ဂူများ ပြဿနာ တက်သည့်ကိစ္စနှင့် ပတ်သက်ပြီး တာအိုဆရာတုန်းဖုန်းနှင့် လင်ရွှမ်ထင်တို့ အတူတူ သွားရောက် ဖြေရှင်းခဲ့ကြလေသည်။
တောက်ချင် နတ်ဘုရား ကျဆုံးသွားသည့် သတင်းနှင့် လင်ကွမ်းနတ်သမီး ချင်းရွှမ်နတ်တံခါးတွင် ဖမ်းဆီးကာ အစေခံအဖြစ် ချုပ်နှောင်ခံရသည့် သတင်းများကြောင့် တာအိုဆရာ တုန်းဖုန်းက မနေသာတော့ဘဲ ထိုက်ချန်း တောင်ထိပ်သို့ ပြန်လာခဲ့လေသည်။
သူက ယွိမင်နတ်ဘုရား စိတ်ထိခိုက်ပြီး လုပ်မိလုပ်ရာ လုပ်မိမည်ကို စိတ်ပူသောကြောင့် အမြန်ဆုံး ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
လင်ရွှမ်ထင်ကတော့ ယင်းစန်းတောင်ရှိ ကိုယ်ပိုင်နေရာများကို ကာကွယ်ရန် ရဲ့လျိုယွင်၏ လက်အောက်ရှိ နတ်ဆိုး စစ်သည်တော်များကို တိုက်ခိုက်ရင်း ကျန်ရစ်ခဲ့ရသည်။
ရဲ့လျိုယွင်သည် အသူရာကျမ်းစာနှင့် မရဏဓားကို အောင်မြင် ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။
သူသည် ဝိညာဉ် မြစ်ကမ်းတစ်လျှောက်မှ နတ်ဆိုး စစ်သည်များကို မရေမတွက်နိုင်အောင် သတ်ဖြတ်ပစ်ခဲ့ပြီး ရဲ့လျိုယွင်နှင့်လည်း အကြိမ်ကြိမ် တိုက်ခိုက်ဖူးခဲ့သည်။ သို့သော် သူတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် မတိုက်ခိုက် နိုင်ခဲ့ကြပေ။
နတ်ဆိုး စစ်သည်တော်များကို သတ်ဖြတ်ရင်းဖြင့် လင်ရွှမ်ထင်၏ သံမဏိမိုးကြိုးဓား" မဟာကျင့်စဉ် လမ်းသည် အဆင့် မြင့်မားသည်ထက် မြင့်မားလာခဲ့သည်။
သူက ရဲ့လျိုယွင်၏ အဓိက စခန်းတစ်ခုကိုပင် ရဲရဲတင်းတင်း ဝင်ရောက် တိုက်ခိုက် ခဲ့လေသည်။ ရဲ့လျိုယွင်သည်ပင်လျှင် သူ၏ ဓားသိုင်းပညာမှာ အလွန်မှ အဆင့်မြင့်ပြီး အနိုင်ယူရန် ခက်ခဲလှကြောင်း မှတ်ချက် ပြုခဲ့ရသည်။
ယင်းစန်းတောင်တွင် အရေးကြီးကိစ္စများ ရင်ဆိုင် နေရပါလျက်နှင့် လင်ရွှမ်ထင် ထိုက်ချန်းတောင်သို့ ပြန်လာရသည်မှာ အကြောင်း ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ကျန်းသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်း အတွက် အရေးပါသူ တစ်ယောက် ဖြစ်သည့်အတွက် ဟွမ်ကျန်းကို မဖြစ်မနေ ကူညီရန် ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်နှင့် ချန်ပေသို၏ တိုက်ပွဲအပြီးတွင် သူ၏ စိတ်အာရုံတွင် ဟွမ်ကျန်း၏ အသက်ဓာတ် စွမ်းအားများ လာရောက် ထင်ဟပ်ခဲ့လေသည်။ ထို့ကြောင့် သူက ထိုက်ချန်းတောင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
လင်ရွှမ်ထင်သည် စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ဖြစ်ပြီး သူ၏ လက်သုံးစကားမှာ "ဓားတစ်လက်ရှိလျှင် မဖြစ်နိုင်တာမရှိ" ဟူ၍ ဖြစ်လေ၏။
ထိုလက်သုံးစကားသည့် သူ၏ရင်တွင်းမှ အစစ်အမှန် စကား ဖြစ်လေသည်။
တာအိုဆရာ တုန်းဖုန်းက သူ၏ မုတ်ဆိတ်မွေးများကို တစ်ချက် သပ်လိုက်ရင်း…
"ရွှမ်ထင်၊ မင်းရဲ့ဓားဝိညာဉ်နဲ့ ဓားခြိမ်းသံကို ကြားရတာ မဟာကျင့်စဉ်လမ်းကို တော်တော် အဆင့်မြင့်မြင့် ချဉ်းကပ်နိုင်နေပြီပဲ၊ မင်းရဲ့ ဓားသိုင်းကလည်း အရင်ကထက် အများကြီး တိုးတက် လာတယ်၊ မင်းသာရှိရင် ဘာကို စိတ်ပူစရာလိုမလဲ"
ယွိမင်နတ်ဘုရားမှာ တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားလာသည့် လင်ရွှမ်ထင်ကို ကြည့်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။
"မင်းမှန်ပါတယ် ရွှမ်ထင်၊ ဒီကိစ္စဟာ ခက်ခဲပါတယ်၊ ကွမ်းချင်းနတ်ဘုရား ဂိုဏ်းဟာ လက်ရှိ အခြေအနေအထိ ရောက်အောင် ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ၊ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဒါပေမဲ့ အချိန်တိုလေး အတွင်းမှာ ဒီလောက် ဆုတ်ယုတ်မှုတွေ ဖြစ်ရတော့ ကျုပ် စိတ်ဓာတ်မကျဘဲ ဘယ်နေနိုင်ပါ့မလဲ"
ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။
ယွိမင်နတ်ဘုရား၏ စိတ်ထဲတွင် စိတ်မသက်မသာ ဖြစ်နေသေးသည့်တိုင် ဂိုဏ်းတူညီငယ် ရွှမ်ထင် ပြန်လာသည့်အတွက် သူတို့ဘက်မှ အနည်းငယ်တော့ အင်အား တောင့်တင်း သွားရပြီဟု တွေးနေမိလေသည်။ သူတို့သုံးယောက်သာ ပူးပေါင်း လိုက်မည်ဆိုလျှင် ယန်ရွှီးဆိုသည့်လူ မည်မျှပင် ဉာဏ်နီဉာဏ်နက် များပါစေ သူတို့က ထိုးဖောက်နိုင်မည် ဖြစ်လေသည်။
ထို့ပြင် "သံမဏိမိုးကြိုးဓား" မဟာကျင့်စဉ်လမ်း သည် မကောင်းမှုနှင့် ဆိုးသွမ်းမှု အားလုံးကို ထိန်းချုပ် ပယ်သတ်နိုင်စွမ်း ရှိလေသည်။ အကယ်၍ ထိုဓားသိုင်းသည် မိုးကောင်းကင် နတ်မိစ္ဆာကို သုတ်သင် နိုင်မည်ဆိုလျှင် အလွန်မှ အံ့သြဖွယ်ရာ ကောင်းလောက်အောင် အကျိုးရှိပေလိမ့်မည်။
ညီအစ်ကိုသုံးယောက်သည် ဆွေးနွေးမှု အနည်းငယ် ပြုလုပ်လိုက်ကြသည်။
သူတို့က လင်ရှောင် ခန်းမဆောင်ကို အသုံးပြုပြီး ဟွမ်ကျန်းရှိရာ နေရာသို့ သွားရောက်ကြရန် ရည်ရွယ်ခဲ့သော်လည်း မိုးကောင်းကင်ခုံရုံးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လင်ရှောင် ခန်းမဆောင်သည် အကြီးအကျယ် ပျက်စီး သွားခဲ့ပြီး တန်ခိုးစွမ်းအား မရှိသလောက်ပင် နည်းပါးသွားရပြီ ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် ထိုအစီအစဉ်ကို လက်လျှော့ လိုက်ကြရသည်။
နောက်ဆုံးတွင်တော့ လောက နတ်ဘုရား သုံးပါးဖြစ်သည့် ယွိမင်နတ်ဘုရား၊ တာအိုဆရာ တုန်းဖုန်းနှင့် လင်ရွှမ်ထင်တို့သည် မိုးတိမ်အသွင် သဏ္ဌာန်ပြောင်းကာ ဟွမ်ကျန်း၏ အသက်ဓာတ် စွမ်းအားများ တည်ရှိနေရာ အရပ်ဆီသို့ ထွက်ခွာ လာခဲ့ကြလေတော့သည်။
နတ်ဘုရားသုံးပါး၏ မိုးတိမ် အသွင်သဏ္ဌာန် ပြောင်းကာ ပျံသန်းမှုသည် အလွန် လျှင်မြန်ရကား နံနက် အရုဏ်မတက်မီ အချိန်တွင် ဟွမ်ကျန်းရှိရာ အရပ်နှင့် အလွန်နီးကပ်သည့် နေရာသို့ ရောက်ရှိ လာကြတော့သည်။
ထိုအချိန်မှာပင်…
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကောင်းကင် တစ်ခုလုံး အနက်ရောင် တိမ်တိုက်များက ဖုံးလွှမ်း သွားတော့သည်။
လေထုထဲတွင် မိစ္ဆာနတ်ဘုရားဆယ့်တစ်ပါးပေါ်လာပြီး နတ်ဘုရားသုံးပါး၏ သွားရာလမ်းကို ပိတ်ဆို့ ထားလိုက် ကြလေသည်။
မိစ္ဆာနတ်ဘုရားများ၏ အသက်ဓာတ် စွမ်းအားများသည် အလွန်ပြင်းထန်ပြီး တန်ခိုးစွမ်းအားက ခန့်မှန်း၍ မရနိုင်အောင် မြင့်မားကြလေသည်။ ထို့ကြောင့် လောက နတ်ဘုရား သုံးပါးမှာ အနည်းငယ်ပင် တုန်လှုပ်သွားကြရသည်။
သူတို့သုံးယောက် အဆက်မပြတ် ထိုးဖောက် တိုက်ခိုက်လျှင်ပင် ထိုနတ်မိစ္ဆာ စွမ်းအား ဆယ့်တစ်ခုကို ထိုးဖောက် နိုင်ပါမည်လား။
တာအိုဆရာတုန်းဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း…
"ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူညီလေးရွှမ်ထင်တို့ အရင်သွားနှင့်ကြ၊ ကျုပ် နောက်က လိုက်လာခဲ့မယ်"
ပြောပြီးသည်နှင့် တာအို ဆရာတုန်းဖုန်း၏ အဝါရောင် ဝတ်ရုံဆီမှ အနက်ရောင်နှင့် အဝါရောင် အလင်းတန်းနှစ်ခု ဖြာထွက် လာလေသည်။ ထိုအလင်းတန်းများသည် အလွန်တရာ ကြီးမားလှသည့် တောင်ကြီး နှစ်တောင် ဖြစ်သွားပြီး မိစ္ဆာနတ်ဘုရား ဆယ့်နှစ်ပါး အပေါ်သို့ ကျယ်လောင်သည့် အသံကြီးဖြင့် ဝင်ရောက် သွားလေသည်။
တာအိုဆရာတုန်းဖုန်း၏ တိုက်ခိုက်မှုကြောင့် မိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါးမှာ ယွိမင် နတ်ဘုရားနှင့် လင်ရွှမ်ထင်ကို တားဆီးချိန် မရကြတော့ပေ။
ထိုအခွင့်အရေးကို အသုံးချကာ ယွိမင်နတ်ဘုရားနှင့် လင်ရွှမ်ထင်တို့သည် တစ်ချက်ပင် တုံ့ဆိုင်းမနေတော့ဘဲ မိုးတိမ်သဏ္ဌာန် အသွင်ပြောင်းလဲကာ ဆက်လက် ထွက်ခွာ သွားကြ လေတော့သည်။
***