← Chapters

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆) ပြိုင်ဘက်ကင်းကောင်းကင်လျှပ်စီး

"နတ်မယ်၊ ဘာတွေဖြစ်နေတာလဲ ခင်ဗျားသိလား"

လုယန် စိုးရိမ်တကြီး နတ်မယ်ကိုမေးသည်။

နတ်မယ် ခေါင်းခါသည်။

"မသိဘူး။ ငါဝိညာဉ်ပြောင်းအဆင့်တက်တဲ့အချိန်တုန်းက ကောင်းကင်ဆင်းရဲမဖြတ်ခဲ့ရဘူး"

ရှေးဟောင်းခေတ်၌ နတ်ဝိညာဉ်အဆင့်မှ ဝိညာဉ်ပြောင်းအဆင့်သို့ ကူးချိန်တွင် ကောင်းကင်ဆင်းရဲဖြတ်သန်းစရာမလို။ ယင်ထန် မသေမျိုးဖြစ်ပြီးမှသာ ထိုစနစ်ကို ထပ်ဖြည့်ခဲ့ခြင်းဖြစ်သည်။

...သောက်သုံးမကျတဲ့ ယင်ထန်။ ဒီထက်အဆင်ပြေတာလေးတစ်ခုခု စီစဉ်ထားလို့မရဘူးလား...

ယင်ထန်မသေမျိုး၏ အမြင်အရ ကျင့်ကြံသူများအတွက် ကောင်းကင်ဆင်းရဲစီစဉ်ထားခြင်းသည့် တာအိုနှလုံးခိုင်မာစေဖို့ စမ်းသပ်ချက်ဖြစ်သည်။ ကောင်းကင်ဆင်းရဲကို ခုခံနိုင်လျှင် ကြီးမားသည့် အကျိုးကျေးဇူးရမည်။

လုယန် မှောင်မည်းနေသည့်ကောင်းကင်ကို မော့ကြည့်သည်။ လျှပ်စီးများ တဖျတ်ဖျတ်ဝင်းလက်နေသည်။ တိမ်မည်းများကြားတွင် ပုန်းကွယ်၍ ထိုးဆင်းရန်အားယူပြင်ဆင်နေသည်။

ဤကောင်းကင်ဆင်းရဲဖြတ်ကျော်ရခြင်းသည် တာအိုနှလုံးခိုင်မာမှုနှင့် သိပ်မဆိုင်ဟု လုယန်ယူဆသည်။ သူ့ကံကြမ္မာ အားကောင်းမကောင်းပေါ်သာ မူတည်နေသည်။

"ထူးဆန်းတယ်။ ညီလေးလုအပေါ်ကျလာမယ့် ကောင်းကင်လျှပ်စီးက ဘာအမျိုးအစားလဲ"

လေဟာနယ်သန့်စင်အဆင့် ဂိုဏ်းတူအကိုတစ်ယောက်က မျက်မှောင်ကျုံ့၍ စဉ်းစားနေသည်။ ရွှမ်ယုလျှပ်စီးက ရှေ့တော်ပြေးလမ်းရှင်းပေးသည့်အဖြစ်မျိုး သူတစ်ခါမှမကြားဖူး။

သူတို့အားလုံး တစ်ခြားတောင်ထိပ်များပေါ်မှ ကောင်းကင်ဂိတ်တောင်ထိပ်ဆီ လှမ်းကြည့်နေခြင်းဖြစ်သည်။ ရွှမ်ယုလျှပ်စီးက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေသည်။ ကောင်းကင်လျှပ်စီးဗဟိုတွင် ဘယ်လိုအခြေအနေရှိသည်ကို သေချာမမြင်ရ။

"အမယွမ်ရဲံ သန့်စင်ခြင်းသုံးပါးကောင်းကင်လျှပ်စီး ဖြတ်ကျော်တုန်းကတောင် ဒါမျိုးမကြုံဖူးပါဘူး"

"ဒါက ကောင်းကင်လျှပ်စီးအမျိုးစားသစ်များလား"

"အသစ်လည်း ဟုတ်ချင်မှဟုတ်မယ်။ ဘယ်သူမှမကြုံဖူးတဲ့ လျှပ်စီးမျိုးဖြစ်မယ်။ ဒီလျှပ်စီးမျိုး ဖြတ်ကျော်နိုင်တဲ့လူ မရှိလို့သာ သမိုင်းမှတ်တမ်းမကျန်ခဲ့တာဖြစ်လောက်တယ်"

ဘလ်လိုပင်ဖြစ်စေ လုယန်ရင်ဆိုင်နေရသည့် ကောင်းကင်လျှပ်စီးက ခြောက်ခြားစရာကောင်းလွန်းသည်။

"ကြည့်ကြဟေ့၊ ကောင်းကင်လျှပ်စီးအစစ် ပေါ်လာပြီ"

ဂိုဏ်းညီအကိုမောင်နှမများ ကောင်းကင်ဂိတ်တောင်ထိပ်ကို လက်ညှိုးထိုး၍ အော်ဟစ်ကြသည်။

"တကယ်တစ်ခါမှမမြင်ဖူးတဲ့ ကောင်းကင်လျှပ်စီးပဲ"

လေဟာနယ်သန့်စင်အဆင့် ဂိုဏ်းတူအကိုတစ်ယောက်က အတည်ပြုသည်။ အတော်ဝေးဝေးမှကြည့်နေသည့်တိုင် ထုံကျင်သည့်လျှပ်စီးစွမ်းအားရိုက်ခတ်မှုကို နည်းနည်းခံစားနေရသည်။ လေဟာနယ် တုန်ခါနေသည်။

လျှပ်စီးအလယ်ဗဟိုမှ လုယန်၏ အခြေအနေကို စိတ်ကူးယဉ်ကြည့်ဖို့ပင် ခဲယဉ်းလွန်းသည်။

"ပုံရိပ်ယောင်များလား။ ဒီလျှပ်စီးက သန့်စင်ခြင်းသုံးပါးလျှပ်စီးထက်တောင် ပိုပြင်းထန်နေသလိုပဲ"

ယွမ်ကျိလည်း ကောင်းကင်ဂိတ်တောင်ထိပ်မှ အဖြစ်အပျက်ကို ရိပ်စားမိသဖြင့် အကျဉ်းထောင်တောင်ထိပ်မှ ထွက်လာသည်။ ဆေးအိုးတောင်ထိပ်တွင်ရပ်ပြီး ကောင်းကင်ဂိတ်တောင်ထိပ်ဆီ မျက်မှောင်ကျုံ့၍ ကြည့်နေသည်။

"ဂျိန်း"

မိုးပြာရောင်လျှပ်စီး ကျလာသည်။ နေတစ်စင်းထွန်းလင်းလာသည်နှင့်တူသည်။ စူးရှတောက်ပလွန်းသည်။

သမိုင်းတွင် တစ်ခါမှမပေါ်ခဲ့ဖူးသည့် လျှပ်စီးမျိုးဖြစ်သည်။

လုယန် ဆံပင်မွှေးများထောင်သွားသည်။ အန္တရာယ်ကို သူရိပ်စားမိသည်။ သူတစ်ယောက်တည်း ရင်ဆိုင်နိုင်သည့် အန္တရာယ်မျိုးမဟုတ်။

"ပြိုင်ဘက်ကင်းနတ်ဝိညာဉ်"

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က အပြုံးအရယ်မရှိသည့်မျက်နှာလေးဖြင့် ပေါ်လာသည်။ ထွက်ပြေးမသွားဘဲ ကောင်းကင်လျှပ်စီးကို လုယန်နှင့်အတူ ရင်ဆိုင်သည်။

သာမန်ကျင့်ကြံသူများသည် နတ်ဝိညာဉ်ကို ‌ကောင်းကင်လျှပ်စီးကို ရင်ဆိုင်ခိုင်းလေ့မရှိကြ။ နတ်ဝိညာဉ်တို့သည် ထိခိုက်လွယ်သည်။ နည်းနည်းအမှားအယွင်းဖြစ်သည်နှင့် ကောင်းကင်လျှပ်စီးကြောင့် ပျက်စီးသွားပေလိမ့်မည်။

လုယန် သူ့နတ်ဝိညာဉ်ကို အနိုင်ရပြီးနောက် စမ်းသပ်ကြည့်ခဲ့သည်။ နတ်ဝိညာဉ်ကို ထွက်မပြေးအောင် သူထိန်းချုပ်နိုင်သည်။

ခရမ်းပြာကောင်းကင်လျှပ်စီးက နှစ်ခြမ်းကွဲထွက်ပြီး လုယန်နှင့် နတ်ဝိညာဉ်ကို ပြိုင်တူရိုက်ခတ်လာသည်။ လုယန် အံတင်းတင်းကြိတ်ထားသည်။ ရုပ်ခန္ဓာအားသက်သက်ဖြင့် ဝေဒနာကိုတင်းခံသည်။ သူ့အဝတ်အစားများ ကြေမွသွားသည်။ အသားများပွင့်ထွက်သည်။

သွေးနှင့်အရိုးများ လျှပ်စီးစွမ်းအားကြောင့် ထုံကျင်ကိုက်ခဲနေသည်။

"ဂျိန်း ဂျိန်း ဂျိန်း"

ကောင်းကင်လျှပ်စီး အဆက်မပြတ်ရိုက်ခတ်နေသည်။ ကောင်းကင်ဂိတ်တောင်ထိပ်ကို လွှမ်းခြုံထားသည်။ တောင်ထိပ်တစ်ခုလုံး အနည်းငယ်တုန်ခါနေသည်။

ဤအရာသည် ကောင်းကင်၏စွမ်းအားဖြစ်သည်။ သာမန်တောင်တန်းတစ်ခု ခုခံနိုင်သည့်အရာမဟုတ်။

"ထူးဆန်းတယ်။ ဒီကောင်းကင်လျှပ်စီးက ပြိုင်ဘက်ကင်းကောင်းကင်လျှပ်စီးနဲ့ တူနေသလိုပဲ"

နတ်မယ်က သိစိတ်အာရုံတွင် တီးတိုးရေရွတ်သည်။

ရေရွတ်သံမည်မျှတိုးညှင်းသော်လည်း လုယန် သေချာကြားလိုက်သည်။

"ဘာလို့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်လို့ခေါ်တာလဲ"

လျှပ်စီးချက်များကြားတွင် လုယန်ဆေးတစ်လုံးအမြန်သောက်မျိုပြီး အားဖြည့်ရင်း သူမေးလိုက်သည်။

"ယင်ထန်မသေမျိုးက ကောင်းကင်လျှပ်စီးကို ဖန်တီးတော့ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ပိုင်ရှင်တွေအတွက် သီးခြားဖြတ်ကျော်ရတဲ့ ကောင်းကင်လျှပ်စီးတစ်ခု တီထွင်ချင်ခဲ့တယ်လေ။ ပြီးတော့ တစ်ခြားဘယ်သူမှလည်း ဒီလျှပ်စီးမျိုးကို မဖြတ်ကျော်စေချင်ဘူး။ ဒါကြောင့် ငါ့ဆီမှာ သူအကြံတောင်းတယ်"

"နတ်မယ်၊ အဲဒီတုန်းက ခင်ဗျားဘာပြန်ပြောလိုက်လဲ"

"လျှပ်စီးစွမ်းပြင်းလေ ပိုကောင်းလေလို့ ပြောလိုက်တယ်"

လုယန် "..."

နတ်မယ်၊ ကျုပ်သက်သာအောင် တစ်ခြားတစ်ခုခု ပြောခဲ့လို့မရဘူးလား.

ဤလျှပ်စီးမျိုး အရင်ကမပေါ်ဖူးသည်မှာ မဆန်းတော့။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ပိုင်ရှင်တို့အတွက် သီးခြားကောင်းကင်လျှပ်စီးဖြစ်နေသည်။

ယင်ထန်မသေမျိုးရေ...ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ခင်ဗျားမကျေနပ်ရင် နတ်မယ်နဲ့ပဲ စာရင်းရှင်းပါ။ ကျုပ်ကို ဘာလို့အနိုင်ကျင့်တာလဲ...ဒါဘယ်လို ပညာမျိုးလဲ...

"ဒါဆို ဒီကောင်းကင်လျှပ်စီးနာမည်က ဘာလဲ"

"ယင်ထန်ကတော့ အဓိပဓိရွှေနန်းဆောင်ကောင်းကင်ဖွင့်လျှပ်စီးလို့ခေါ်တယ်။ ဒါပေမယ့် အဲဒီ့နာမည်က မှတ်သားဖို့ရှည်လွန်းတယ်လေ။ ပြိုင်ဘက်ကင်းကောင်းကင်လျှပ်စီးလို့ ခေါ်တာက ရိုးရှင်းပြီး ပြောဖို့ဆိုဖို့လည်းလွယ်တယ်လို့ ငါအကြံပြုလိုက်တယ်"

လျှပ်စီးလှိုင်းကိုးချက်ထိပြီးနောက် လုယန်တစ်ကိုယ်လုံး မည်းနက်သွားသည်။ ပါးစပ်ထဲမှ မီးခိုးများမှုတ်ထုတ်သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်လည်း ဒဏ်ရာအပြင်းအထန်ရ၍ ပုံပျက်ပန်းပျက်ဖြစ်နေသည်။ လုယန် နတ်ဝိညာဉ်ကို ဒန်ထန်ထဲသို့ အမြန်ပြန်ခေါ်ပြီး အနားယူခိုင်းလိုက်သည်။

ကောင်းကင်လျှပ်စီးစွမ်းအား အကြွင်းအကျန်များက သူ့ကိုယ်တစ်လျှောက်စီးဆင်းသည်။ ဝိညာဉ်နှင့်ခန္ဓာကို အားဖြည့်နေသည်။

"လျှပ်စီးကိုးကြိမ်ကျပြီးပြီဆိုတော့ ပြီးသွားပြီထင်ပါရဲ့"

ကုကျန်ယဲ့က ပြောသည်။ ရွယ်တူတန်းတူများကြားတွင် ကောင်းကင်လျှပ်စီးအကြောင်း သူအသိဆုံးဖြစ်သည်။

ကိုးကြိမ်သည် အမြင့်ဆုံးဖြစ်သည်။ ကောင်းကင်ဆင်းရဲမှန်လျှင် ကိုးကြိမ်သာရှိသည်။

"အဲလိုပဲဖြစ်လောက်ပါတယ်...ဟ နေဦး၊ နောက်ထပ်ကောင်းကင်လျှပ်စီး ထပ်ရှိသေးလား"

လေဟာနယ်သန့်စင်အဆင့် ဂိုဏ်းတူအကိုတစ်ယောက်က ပြန်ပြောသည်။ နောက်ထပ်ကောင်းကင်လျှပ်စီးအသစ်မျး ကောင်ကင်ဂိတ်တောင်ထိပ်တွင် စုဝေးလာသည်။

"မဖြစ်နိုင်ပါဘူး"

"ဒါက ချန်ကောင်းကင်လျှပ်စီးပဲ"

"ချန်ကောင်းကင်လျှပ်စီး...ဒါက လေဟာနယ်သန့်စင်အဆင့်ကိုတက်တဲ့ အမြင့်ဆုံးလျှပ်စီးမဟုတ်လား"

"ဘာတွေဖြစ်နေလဲဆိုတာ ကောင်းကင်ကပဲသိလိမ့်မယ်"

အားလုံး အသံတိတ်သွားသည်။ လုယန်အတွက် စိုးရိမ်လာကြသည်။ နတ်ဝိညာဉ်အဆင့်တစ်ယောက်က ချန်ကောင်းကင်လျှပ်စီးကို ရင်ဆိုင်နိုင်မည်လော...

ချန်လျှပ်စီးကိုမြင်သည်နှင့် လုယန်စိတ်ပျက်သွားသည်။ သေတမ်းစာတစ်ခုခုရေးချိန်ရဦးမလားဟု တွေးမိသည်။

ဤကောင်းကင်လျှပ်စီးမျိုးကတော့ နည်းနည်းတရားလွန်လွန်းသွားပြီထင်သည်။

"နတ်မယ်၊ ဘယ်လိုလုပ်ကြမလဲ"

"အင်း...ငါလူလုံးထွက်ပြရင်တော့ ကောင်းကင်လျှပ်စီး ထွက်သွားလောက်မယ်ထင်တယ်"

ကောင်းကင်လျှပ်စီးသည် သူ့ကိုမမှတ်မိသော်လည်း သူကိုယ်တိုင်လူလုံးထွက်ပြလျှင် မျက်နှာသာပေးလိမ့်မည်ဟု ယူဆသည်။

လုယန် နည်းနည်းအကြပ်ရိုက်သွားသည်။ နတ်မယ်၏တည်ရှိမှုသည် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ကောင်းကင်လျှပ်စီးက နတ်မယ်ဝင်စွက်သည့်ဖြစ်စဉ်ကို ဖုံးကွယ်နိုင်စွမ်းရှိမရှိ သူသေချာမသိ။ ဂိုဏ်းအကိုအမများ နတ်မယ်ကိုမြင်သွားလျှင် အဆင်မပြေ။

"နတ်မယ်၊ ခင်ဗျားဝင်စွက်ဖို့ မလိုသေးပါဘူး။ ကျုပ်စမ်းကြည့်ချင်တဲ့ အစီအစဉ်တစ်ခု ရှိသေးတယ်။ အဲဒါမအောင်မြင်မှ ခင်ဗျားဝင်စွက်ရင်လည်း နောက်မကျပါဘူး"

"ဘာအစီအစဉ်လဲ"

လုယန် ပြန်မဖြေဘဲ ပြုံးရုံသာပြုံးပြသည်။

လောကအဖျက်စွမ်းအားအပြည့် သယ်ဆောင်လာသလိုထင်ရသည့် ချန်ကောင်းကင်လျပ်စီးကိုကြည့်၍ ကုကျန်ယဲ့တို့ စိတ်ပူနေကြသည်။

"အကိုလု ဒါကိုဖြတ်ကျော်နိုင်ပါ့မလား"

*************************************

အခန်း (၈၈၇) အတွင်းနတ်ဆိုး

ချန်ကောင်းကင်လျှပ်စီးကျခါနီးတွင် လုယန်က ကြောင်းကျိုးဆက်စပ်မှုစွမ်းအားဖြင့် ကောင်းကင်ဆန့်ကျင်နာမည်ပြောင်းမှော်ပညာကို အသက်သွင်းလိုက်သည်။

သူသည် လုယန်မဟုတ်တော့။ လုယင်ဖြစ်သွားသည်။

ပြိုင်ဘက်ကင်း ကံကြမ္မာနတ်စွမ်းအားပညာဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများပင် တတ်ဖို့မလွယ်။ သို့သော် လုယန်ပါရမီက ထူးခြားသည်။ ထိုပညာကို စောစောစီးစီးတတ်ခဲ့သည်။ ယနေ့မှအသုံးချခွင့်ရခြင်းဖြစ်သည်။

"ကောင်းကင်ဆန့်ကျင်နာမည်ပြောင်းပညာ...ကောင်းကင်ဆင်းရဲကိုရှောင်ဖို့ နာမည်ကိုတကယ်ပြောင်းနိုင်တာပဲ။ နတ်စွမ်းအားဆိုတဲ့ နာမည်နဲ့လိုက်ဖက်တယ်"

ပစ်မှတ်ပျောက်သွားသည့် ချန်ကောင်းကင်လျှပ်စီးက ကောင်းကင်ဂိတ်တောင်ထိပ်မှ တိမ်မည်းများထဲတွင် ရစ်ဆိုင်းလျက်ဦးတည်ရာမဲ့လှုပ်ရှားနေသည်။

တောင်ထိပ်ကို အကြိမ်ကြိမ် ပတ်ရှာသော်လည်း လုယန်ကို လုံးဝမတွေ့။

ဤနည်းလမ်းကို ရေရှည်သုံး၍မရမှန်း လုယင်သိသည်။ ထိုသို့ အမြဲတမ်းအချိန်ဆွဲထား၍ ရမည်မဟုတ်။

"ကောင်းကင်ဆန့်ကျင့်နာမည်ပြောင်းပညာက ချန်ကောင်းကင်လျှပ်စီးပေါ်မှာလည်း အလုပ်ဖြစ်တာပဲ"

လုယန် နည်းနည်းပြုံး၍ ကြောင်းကျိုးဆက်စပ်မှုစွမ်းအားကို ရုတ်သိမ်း၍ နာမည်ရင်းပြန်ပြောင်းသည်။

လုယန်ကို ပြန်ရှာတွေ့သည်နှင့် ကောင်းကင်လျှပ်စီး သက်ဝင်လှုပ်ရှားလာသည်။ စုဆောင်းထားသည့်အားအပြည့်ဖြင့် ရိုက်ခတ်ရန်ထိုးဆင်းလာသည်။

မိုးပြာအလင်းက ကောင်းကင်ဂိတ်တောင်ထိပ်ပေါ် ဖြာထွက်သွားသည်။ နွေမွန်းတည့်ချိန် အလင်းရောင်ကဲ့သို့ထင်ရသည်။ ကြည့်နေသည့်ပရိတ်သတ်များ မျက်လုံးဆက်ဖွင့်ထားနိုင်ဖို့ခက်သည်။

ချန်ကောင်းကင်လျှပ်စီးက လုယန်ကို ထိခါနီးတွင် လုယန်က နာမည်ပြောင်းစွမ်းအားသုံး၍ လုယင်အဖြစ် ပြန်ပြောင်းသည်။

ပစ်မှတ်လည်းပျောက်သွားပြီး ရိုက်ခတ်သည့်အားအရှိန်ကိုလည်း မထိန်းနိုင်တော့သဖြင့် ကောင်းကင်လျှပ်စီးက လုယင်ဘေးမှဖြတ်သန်း၍ မြေပြင်ကိုသာ ထိုးဆင်းရတော့သည်။

"ငါထင်တဲ့အတိုင်းပဲ"

ကောင်ကင်လျှပ်စီးဖြတ်ဖို့ ဘေးကင်းသည့်နည်းလမ်းရှာတွေ့သွားသဖြင့် လုယန် သက်ပြင်းချလိုက်သည်။

ပုံမှန်အားဖြင့် ဘယ်သူမှကောင်းကင်လျှပ်စီးကို မရှောင်တိမ်းနိုင်။ ယင်ထန်မသေမျိုးတစ်ခါက ပြောခဲ့သလိုပင် ကောင်းကင်လျှပ်စီးသည် စမ်းသပ်ချက်လည်းဖြစ်သလို အခွင့်အရေးလည်းဖြစ်သည်။ ထိုလျှပ်စီးရိုက်ခတ်ခံရလျှင် ကိုယ့်စွမ်းအားကိုယ် တိုးမြှင့်နိုင်သည်။

သို့သော် ထိုလျှပ်စီးကြောင့်လည်း သေသွားနိုင်သည်။

အားနည်းသည့် သူ့ခန္ဓာကိုယ်က ချန်ကောင်းကင်လျှပ်စီးကို မယှဉ်နိုင်မှန်း လုယန်သိသည်။ ရှောင်းတိမ်းခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

လုယင်မှ လုယန်အဖြစ်ပြန်ပြောင်းသည်။ ကောင်းကင်ဆင်းရဲထပ်ကျလာသည်။ နာမည်ပြန်ပြောင်းလိုက်သည်။ မြေကြီးကိုသာထပ်ထိသည်။

ကိုးကြိမ်လုံး ထိုသို့ပင် ဆက်လုပ်သည်။

ကိုးကြိမ်သည် အများဆုံးဖြစ်သည်။ ချန်ကောင်းကင်လျှပ်စီး၏ နောက်ဆုံးအကန့်အသတ်က ကိုးကြိမ်သာဖြစ်သည်။ အောင်မြင်ပြီဟု သတ်မှတ်နိုင်သည်။

"ဘုရားရေ၊ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက ချန်ကောင်းကင်လျှပ်စီးကို ဖြတ်ကျော်နိုင်ခဲ့တာလား"

လုယန် ဘယ်လိုနည်းလမ်းသုံးခဲ့မှန် သူတို့မသိသော်လည်း ကောင်းကင်ဆင်းရဲကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကြောင်း လူတိုင်းရိပ်မိသည်။ တာအိုလမ်းစဉ်ဂိုဏ်းတလျှောက် ချီးကျူးအော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။ တစ်ခါမှမကြားဖူးခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

ကုကျန်ယဲ့ လက်နှစ်ဘက်နောက်ပစ်ရပ်၍ ပြုံးနေသည်။ သူ့မျက်လုံးများက နက်ရှိုင်းပြီးအသိခက်သည်။ အတိတ်တစ်ချိန်ကို ပြန်သတိရနေဟန်ရှိသည်။

"ရွှမ်ယွမ်ဓားသခင်ပီသလိုက်တာ။ အတိတ်ကစွမ်းရည်မျိုး သူတကယ်ရှိတာပဲ"

ချင်ဟော်ရန်၏မှတ်ဉာဏ်များ အမွေရထားသည့် လီ‌ဟော်ရန်ပင် လုယန်ဘယ်လိုလှုပ်ရှားလိုက်သည်ကို နားမလည်နိုင်အောင်ဖြစ်နေသည်။

"အကိုလု ဘယ်လိုပညာမျိုးသုံးခဲ့တာလဲ။ ကောင်းကင်လျှပ်စီးတောင် သူ့ကိုဒုက္ခမပေးနိုင်ဘူး။ အခု အဆုံးသတ်သွားပြီလား။ ဒါပေမယ့် အကိုလုက ဘာလို့လေထဲမှာ မလှုပ်မယှက်ဖြစ်နေသေးတာလဲ"

"ရွှမ်ယုကောင်းကင်လျှပ်စီးက ပျောက်မသွားသေးဘူး။ ကောင်းကင်ဆင်းရဲ မပြီးသေးတဲ့သ‌ဘောပဲ။ အခုညီလေးလုက နှလုံးနတ်ဆိုးစမ်းသပ်ချက်ထဲကို ကျသွားပြီထင်တယ်"

လေဟာနယ်သန့်စင်အဆင့် ဂိုဏ်းတူအကိုတစ်ယောက်က ချက်ချင်းရိပ်မိသည်။

ထောင်ယော်ယဲ့က လုယန် ဘေးကင်းကင်းပြန်လာနိုင်ဖို့ အသံတိတ်ဆုတောင်းနေသည်။

"အကိုလုရဲ့ တာအိုနှလုံးက ခိုင်မာတယ်။ ဘာမှမဖြစ်နိုင်လောက်ပါဘူး"

လီဟော်ရန်က သတိပေးသည်။

"အကိုလုက ကျုပ်တို့ဂိုဏ်းချုပ်ရဲ့ တပည့်ဆိုတာ မမေ့နဲ့လေ။ ဂိုဏ်းချုပ်တပည့်မှန်ရင် နှလုံးနတ်ဆိုးလျှပ်စီးထဲမှာ ပိတ်မိတဲ့လူလို့ ရှိခဲ့လို့လား"

ထိုစကားလည်း မမှားပါ။ သို့သော် ထောင်ယော်ယဲ့က လုယန်အတွက် စိတ်ပူနေဆဲဖြစ်သည်။

"ငါဘယ်ရောက်နေတာလဲ"

လုယန်မျက်လုံးများ ခဏတာတိမ်ဖုံးနေသည်။ သူ့ဦးနှောက်များ အလုပ်မလုပ်တော့။ ဘာဖြစ်ခဲ့မှန်းမသိ။ ဘာကြောင့်ဤနေရာသို့ ရောက်နေမှန်းလည်းမသိ။

သူဖြေးညှင်းစွာ ထရပ်သည်။ ရွှေချည်ထိုးငွေချည်ထိုး တော်ဝင်နန်းတွင်းဝတ်စုံကို သူဝတ်ထားသည်။ မီးဒဏ် ဓားလက်နက်တို့ မထိုးဖောက်နိုင်။ မှော်လက်နက်မျိုးစုံ ခုခံနိုင်သည်။

ဝတ်ရုံရှေ့ဘက်တွင် နတ်မယ်ရုပ်ပုံ၊ နောက်ဘက်တွင် အမယွမ်ရုပ်ပုံရှိသည်။

လုယန် ခေါင်းငုံ့ကြည့်သည်။ သူထိုင်နေသည်က အင်ပါယာထိုင်ခုံ။ အတုမဲ့ဩဇာကို ကိုယ်စားပြုသည်။ နတ်ဆိုးနယ်မြေမှ အရှင်ကျူးထန်ကိုယ်တိုင် ပြုလုပ်ထားသည့်လက်ဆောင်ဖြစ်သည်။။

ဘေးပတ်လည်ကို လှည့်ကြည့်သည်။ နန်းတော်တစ်ခုတွင် သူရောက်နေကြောင်းသိလိုက်ရသည်။ နန်းပလ္လင်အခင်းအကျင်းနှင့် ကျောက်စိမ်းတံဆိပ်က သူ့ရှေ့တွင် ရှိသည်။

ကျောက်စိမ်းတံဆိပ်ကို သူလှန်ကြည့်သည်။ "မဟာပဲဝါနိုင်ငံအဓွန့်ရှည်ပါစေ"ဟု ရေးထွင်းထားသည်။

မှတ်ဉာဏ်များက ဒီရေလိုစီးဝင်လာသည်။ သူ့သရုပ်မှန်သူ မှတ်မိလာသည်။

"မှတ်မိပြီ။ ငါက မဟာပဲဝါနိုင်ငံရဲ့ အင်ပါယာပဲ"

အင်ပါယာ၏ ကိုယ်ရေးအစေခံကုန်းကုန်းက ဗန်းတစ်ခုကိုင်၍ အနားသို့ကပ်လာသည်။ ဗန်းထဲတွင် သစ်သားတံဆိပ်များ သတ်ရပ်စွာစီထားသည်။

"မင်းကြီး၊ ဒီည ဘယ်နာမည်တံဆိပ်ကို ရွေးချင်ပါသလဲ"

မုန်ကျင်းကျိုးကုန်းကုန်းက မေးသည်။

လုယန် သူ့အိမ်ယာတော်ကျင်ဖက်များကို မမှတ်မိ။ ထို့ကြောင့် တံဆိပ်တစ်ခုကို ဆွဲလှန်ကြည့်သည်။

"ပဲဝါ"

နောက်တစ်ခုလှန်ကြည့်သည်။

"ယွမ်ကျိ"

ထို့နောက် ထောင်ယော်ယဲ့နှင့် လန်ထင်တို့၏ နာမည်တံဆိပ်များ...

"မင်းကြီး၊ ဒီည သူတို့အားလုံးကို အိပ်ယာထဲခေါ်ချင်တာလား"

မုန်ကျင်းကျိုးကုန်းကုန်း တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။

"အားလုံးခေါ်လိုက်ပါ။ သူတို့ကို ငါတွေ့ချင်တယ်"

လုယန်က လက်တစ်ဘက်ဟန်ပါပါဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

မကြာမီ ဟာရမ်အဖော်မွန်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ကာလာမျိုးစုံရှိသည့် ငှက်များနှင့်ပမာတူသည်။

"ရှောင်ယန်၊ ဒီညငါ့ကိုခေါ်တာလား"

ပဲဝါက မေးသည်။ အဝါဖျော့ဝတ်ရုံက သူလှုပ်ရှားလိုက်တိုင်း လူးလွန့်လှုပ်ရှားနေသည်။ မျက်လုံးများက ကန်ရေလိုကြည်လင်သည်။ လုယန်ကို မျက်တောင်တဖျတ်ဖျတ်ခတ်၍ ကြည့်နေသည်။

"ဆရာတူ‌မောင်လေး၊ မင်းငါ့ကိုခေါ်တာလား"

ယွမ်ကျိကလည်း ပန်းချီကားထဲမှ ထွက်လာသည့် နတ်သမီးတစ်ယောက်နှင့်တူသည်။ ဖြူဆွတ်သည့် ဝတ်ရုံကိုဝတ်ထားသည်။ ပထမဆုံးကျသည့်နှင်းကြားမှ မက်မွန်ပွင့်ကဲ့သို့ ကျက်သရေရှိသည်။ အေးမြကြည်လင်သည်။ သူလှုပ်ရှားလိုက်တိုင်း လက်ကောက်ဝတ်မှ ဆည်းလည်းများ တချွင်ချွင်မည်နေသည်။

"အကိုလုယန်"

ထောင်ယော်ယဲ့နှင့် လန်ထင်တို့လည်း ရောက်လာသည်။

တစ်ယောက်တစ်မျိုးလှကြသည့် နတ်သမီးလေးယောက် လုယန်ဘေးသို့ စုဝေးလာသည်။ တစ်ချို့က ဣန္ဒေရသည်။ တစ်ချို့က ရဲတင်းပွင့်လင်းသည်။ မျက်လုံးတွင် ဖော်ပြရန်ခက်သည့် ခံစားချက်မျိုးစုံ ရောယှက်နေသည်။

မိန်းမလေးယောက် တစ်ဖြေးဖြေးပိုနီးလာသည်။ မူမမှန်သည့်အဖြစ်ကို လုယန်တစ်ဖြေးဖြေးခံစားမိလာသည်။ နောက်ဆုံးတွင် သူ့မှတ်ဉာဏ်အစစ်များ ပေါ်လာသည်။

"ငါက ကောင်းကင်ဆင်းရဲဖြတ်သန်းနေတာမဟုတ်လား။ ဘယ်လိုလုပ် ဒီနေရာရောက်လာတာလဲ။ နေပါဦး၊ ကောင်းကင်လျှပ်စီးဆိုတော့ ဒါက နှလုံးနတ်ဆိုးစမ်းသပ်ချက်လား"

သူအတော်ကြောက်သွားသည်။ ကြောက်လွန်းသဖြင့် မြေပြင်ပေါ်ချက်ချင်းဖင်ထိုင်ကျသွားပြီး တဖြေးဖြေးနောက်ဆုတ်သွားသည်။ ကြောက်ချွေးပြန်လာသည်။ အထူးသဖြင့် ပဲဝါနှင့်ယွမ်ကျိနှင့်ဝေးသထက်ဝေးအောင် ခွာသွားသည်။

ပြိုင်ဘက်ကင်းကောင်းကင်လျှပ်စီးနှင့် ချန်ကောင်းကင်လျှပ်စီးကို ရင်ဆိုင်စဉ်ကပင် သူထိုမျှမကြောက်။

"စာအုပ်တွေထဲမှာ ပြောထားတယ်။ နှလုံးနတ်ဆိုးစမ်းသပ်ချက်ဟာ အတွင်းနတ်ဆိုးနှလုံးက ကိုယ်အကြောက်ဆုံး ဒါမှမဟုတ် ကိုယ်အဖြစ်ချင်ဆုံး ပတ်ဝန်းကျင်တစ်ခု ပုံရိပ်ယောင်ဖန်တီးပြီး ရုန်းမထွက်နိုင်အောင် လှောင်ပိတ်တာတဲ့။ နှလုံးနတ်ဆိုးစမ်းသပ်ချက်မှန်းသိရင်တောင် လူအတော်များများက ဒီပုံရိပ်ထဲမှာ ဆက်ပြီးလွင့်မျောချင်စိတ်ပေါ်တာတဲ့။

နှလုံးနတ်ဆိုးစမ်းသပ်ချက်ကို ဖြတ်ကျော်ချင်ရင် ပုံရိပ်ယောင်မှန်းလည်း သိရမယ်။ ပုံရိပ်ထဲက ရန်သူတွေကိုလည်း ကျော်လွှားရမယ်တဲ့"

လုယန် ပဲဝါနှင့်ယွမ်ကျိကို လှမ်းကြည့်သည်။

ထိုနှစ်ယောက်ကို သူဘယ်လိုကျော်လွှားရမည်မသိ။

ကြံရာမရဖြစ်နေစဉ် အက်ကွဲသံတစ်ခုကြားလိုက်ရသည်။ သူမော့ကြည့်သည်။ ဦးခေါင်းအထက်မှ လေဟာနယ် လှုပ်ရှားလာသည်။ အက်ကြောင်းများ လေဟာနယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။

လေဟာနယ်အက်ကွဲပြီးနောက် သူ့ပင်ကိုယ်အသိစိတ် ပြန်ပေါ်လာသည်။ သူ့သိစိတ်နယ်မြေသို့ရောက်နေသည်။ အင်္ကျီလက်ကို လိပ်တင်ထားသည့် နတ်မယ်ကို တွေ့ရသည်။

နတ်မယ်က စိုးရိမ်တကြီးမေးသည်။

"ရှောင်ယန်၊ နင်အဆင်ပြေရဲ့လား။ ခုနက နှလုံးနတ်ဆိုးစမ်းသပ်ချက်ထဲ နင်ကျသွားတာ။ တစ်ခုခုကို မြင်ခဲ့ပုံပဲ။ အရူးတစ်ယောက်လို နင်ရယ်နေတာလေ"

"...အဲလိုလည်းမဟုတ်ပါဘူး"

"ထာဝရ၊ နောက်ဆုံးတော့ မင်းရှင်သန်လာပြီပေါ့"

ပျော်ရွှင်စွာ အော်ဟစ်ရယ်မောသံတစ်ခု သိစိတ်နယ်မြေထဲ ပဲ့တင်ထပ်သွားသည်။

တတိယလူတစ်ယောက် သိစိတ်နယ်မြေသို့ ဘယ်လိုရောက်လာသည်မသိ။ သိစိတ်နယ်မြေအပြင်ဘက်သို့ လုယန်ချက်ချင်းလှမ်းကြည့်သည်။ အင်ပါယာဟန်ပန်နှင့် လူတစ်ယောက်ကို မြင်ရသည်။

ထိုမျက်နှာကို သူမြင်ဖူးသည်။

ယင်ထန်မသေမျိုး...

*********************************

အခန်း (၈၈၈) ဒါနှလုံးနတ်ဆိုးစမ်းသပ်ချက်ဆိုတာ သေချာရဲ့လားဗျာ

"ထာဝရ၊ နောက်ဆုံးတော့ မင်းပြန်ရှင်သန်လာပြီပေါ့"

သူ့စကားထဲတွင် ဩဇာရိပ်အပြည့်ပါသည်။ သို့သော် ရှေးဆန်သည့်လေသံလည်းပါသည်။ ဒဏ္ဍာရီ လူစွမ်းကောင်းတစ်ယောက်ဟန်ပန်မျိုးဖြစ်သည်။

ယင်ထန်မသေမျိုးက နတ်မယ်ကိုကြည့်ရင်း အတွေးများ မရပ်မနားပြေးလွှားနေသည်။

"သမိုင်းကြောင်းတွေ လည်ပတ်ပြီး ခေတ်ကာလတွေပြောင်းသွားတယ်။ နိုင်ငံတွေဘယ်လောက်များ တည်ထောင်ခဲ့ ပြိုကွဲခဲ့ပြီးပြီလဲ။ ကျောက်ပုံကျောက်သားဘဝကို ဘယ်လောက်တောင် ရောက်ခဲ့ပြီလဲ။ ခွဲခွာသွားတဲ့လူတွေကို ပြန်မတွေ့နိုင်တော့ဘူး။ ကုန်လွန်သွားတဲ့ခေတ်ကာလတွေက အသစ်ပြန်ဖြစ်မလာတော့ဘူး။

ပါရမီရှင်တွေအတူတိုးတက်ခဲ့တဲ့ မဟာရွှေခေတ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေ ဘယ်လောက်များကျန်သေးလဲ။ မသေမျိုးငါးယောက် တစ်မိုးအောက်မှာ အုပ်ချုပ်ခဲ့တဲ့ခေတ်ကို မှတ်မိတဲ့လူ ဘယ်လောက်များကျန်သေးလဲ။ မင်းရဲ့အနာဂတ်ကို သမိုင်းပုံရိပ်ကနေ ငါတို့ကြိုမြင်ခဲ့တယ်။ ဒီနေ့လိုအဖြစ်မျိုး ရောက်လာမယ်ဆိုတာ ကြိုသိခဲ့တယ်။

ငါဒီကနေ မင်းပြန်အလာကိုစောင့်နေခဲ့တာပါ ထာဝရအရှင်။ အချိန်တွေလည်းကြာခဲ့ပါပြီ။ အဆင်ပြေရဲ့လား သူငယ်ချင်း"

ယင်ထန်အသွင်က သမိုင်းလမ်းကြောင်းတစ်ဘက်မှ လျှောက်လာသလိုထင်ရသည်။ လေးနက်မှုများ ပြည့်နေသည်။

မျက်လုံးများက လောကကိစ္စအားလုံးကို ထိုးဖောက်မြင်နေသကဲ့သို့ စူးရှတောက်ပသည်။

ချီလင်မသေမျိုးကို တွေ့စဉ်ကပင် လုယန် ထိုသို့မခံစားခဲ့ရ။

အဖြူရောင်ဝတ်ရုံဝတ်၍ အဖြူရောင်ဖိနပ်စီးထားသည်။ လက်နှစ်ဘက်နောက်ပစ်၍ ရှေ့သို့ဟန်ပါပါလှမ်းဝင်လာသည်။ သို့သော် သူ့ဦးခေါင်းက သိစိတ်နယ်မြေနံရံနှင့် ခွပ်ခနဲတိုက်မိသည်။ နောက်သို့ချက်ချင်းယိုင်ထွက်သွားသည်။

"မဟုတ်သေးပါဘူး၊ ဒီကောင်လေးရဲ့ သိစိတ်နယ်မြေက ဘာလို့ဒီလောက်မာကျောနေတာလဲ"

ယင်ထန်က လုယန်၏သိစိတ်နယ်မြေ အပြင်ဘက်တွင်ရပ်လျက်သားဖြင့် သူ့ရှေ့မှအတားအဆီးကို လက်ဖြင့်ခေါက်ကြည့်သည်။ အတော်ထူထဲကြောင်းတွေ့ရသည်။

အတားအဆီးကိုဖြတ်၍ သိစိတ်နယ်မြေထဲဝင်ရန် သူရည်ရွယ်ခဲ့သည်။ သို့သော် သူမဝင်နိုင်ခဲ့။ ထိုကောင်လေး၏ သိစိတ်နယ်မြေက မာကျောခိုင်ခံ့လွန်းနေသည်။

ဘာကြောင့် သူထင်မှတ်မထားသည့်ကိစ္စများ ဆက်တိုက်ကြုံနေရသည်မသိ။

အတားအဆီးနံရံကို ခပ်တည်တည်ပွတ်လျက် သူအော်ခေါ်လိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့ကိုဝင်ခွင့်ပေးလို့ရမလား"

လုယန်ကိုယ်တိုင်လည်း သူ့သိစိတ်နယ်မြေ ထိုမျှခိုင်မာမှန်း မသိခဲ့သည်။ နတ်မယ်ကအားဖြည့်ထားသလား အမယွမ်ကအားဖြည့်ထားသလား သူသေချာမသိ။

လုယန် လမ်းကြောင်းတစ်ခုဖွင့်ပေးသည်။ ယင်ထန် သုတ်ခနဲဝင်လာသည်။ ချောင်းနှစ်ချက်ဟန့်သည်။ ဟန်ပန်အမူအရာ ထိန်းဖို့ကြိုးစားသည်။ သို့သော် အရှက်ကွဲထားပြီးမှ ဟန်လုပ်ဖို့ကြိုးစားခြင်းသည် နည်းနည်းနောက်ကျနေသယောင်ရှိသည်။

"နင်က နင့်သိစိတ်ဝိညာဉ်တစ်စကိုခွဲထုတ်ပြီး ကောင်းကင်လျှပ်စီးထဲမှာ ပုန်နေတာလား"

ဤယင်ထန်သည် မူလခန္ဓာအစစ်မဟုတ်ဘဲ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ချန်ထားခဲ့သည့် သိစိတ်ဝိညာဉ်သာဖြစ်သည်။

"ဟုတ်တယ်"

နတ်မယ်မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ နည်းနည်းဒေါသထွက်သည့်အမူအရာမျိုး ပေါ်လာသည်။

"ဒါဆို ချန်ကောင်းကင်လျှပ်စီးကို နင်စီစဉ်ခဲ့တာပေါ့"

နတ်မယ်ဒေါသကို ရိပ်မိသဖြင့် ယင်ထန်က အမြန်ရှင်းပြသည်။

"ငါစီစဉ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကောင်းကင်လျှပ်စီးက မသေနိုင်ပါဘူး။ တကယ်ပြောနေတာပါ ထာဝရ၊ ငါပြောတာယုံပါ"

"တကယ်လား"

"တကယ်ပါ တကယ်ပါ"

နတ်မယ်က သိပ်ယုံကြည်သေးပုံမပေါ်သဖြင့် ယင်ထန် သက်ပြင်းချ၍ ထပ်ရှင်းပြသည်။

"အစက သမိုင်း(အနာဂတ်)ပုံရိပ်မှာ ဒီမိတ်ဆွေလေးရဲ့သဏ္ဌာန် ပေါ်လာတယ်။ မင်းကိုပြန်အသက်သွင်းခဲ့တာ သူပဲဖြစ်မှာပေါ့။ ငါတို့ထဲကတစ်ယောက်မှ မင်းဘေးမှာမရှိဘူး။ တကယ်ဆိုရှိသင့်တာလေ။ ဒီတော့ ငါတို့နဲ့ မင်းမဆုံခဲ့လို့ဖြစ်မယ်လို့ ခန့်မှန်းကြတယ်။

တကယ်လို့တွေ့ခဲ့ရင် ကျားခုံသမိုင်းကိုကြည့်ဖို့ တစ်ယောက်ယောက်တော့ မင်းနဲ့အတူလာမှာပဲလေ။ ဒီတော့ အဲဒီ့အချိန်မှာ ငါတို့တစ်ခုခုဖြစ်ခဲ့လို့ မင်းကိုမဆက်သွယ်နိုင်တဲ့အနေအထား ရောက်နေတာဖြစ်မယ်လို့ ငါသုံးသပ်မိတယ်။ ဒါကြောင့်လည်း ငါ့သိစိတ်ဝိညာဉ်ကို ကောင်းကင်ဆင်းရဲထဲ ကြိုတင်ချန်ထားခဲ့တာပါ။

ထို့နောက် ယင်ထန်က တုံ့ဆိုင်းဆိုင်းလေသံဖြင့် ဆက်မေးသည်။

"အင်း ဒါနဲ့ ငါသိချင်တာတစ်ခုရှိတယ် ထာဝရ။ ငါ့မူလခန္ဓာကို မင်းတွေ့ပြီးပြီလား"

"မတွေ့သေးဘူး"

"ကောင်းတာပေါ့"

မူလပုံစံအစစ်ကိုသာ ထာဝရတွေ့ခဲ့လျှင် နှစ်လေးသိန်းကြာအောင် ကောင်းကင်လျှပ်စီးကြားပုန်းနေခဲ့ရခြင်းသည် အချည်းအနှီးဖြစ်တော့မည်။ ထိုအကြောင်း ဘေးလူသိသွားလျှင်လည်း ရှက်စရာကောင်းလွန်းသည်။

"အခု ဒီမိတ်ဆွေလေးရဲ့ သိစိတ်နယ်မြေမှာဝင်နေပြီး သူ့ကို ပြိုင်ဘက်ကင်းရွှေသန္ဓေဖန်တီးနိုင်အောင် မင်းသင်ပေးခဲ့တယ်မဟုတ်လား။ ဒါကြောင့် သူပြိုင်ဘက်ကင်းနတ်ဝိညာဉ်ရလာတာ။

ရွှမ်ယွမ်ကောင်းကင်လျှပ်စီးနဲ့ ပြိုင်ဘက်ကင်းကောင်းကင်လျှပ်စီးကို ပူးတွဲစီစဉ်ခဲ့တာ အဲဒါကြောင့်ပဲ။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ပိုင်ရှင်တစ်ယောက် ကောင်းကင်ဆင်းရဲဖြတ်ရင် ဒီလျှပ်စီးဆင်းလာလိမ့်မယ်။

ဒါပေမယ့် ဒီလောက်နဲ့မပြည့်စုံသေးဘူး။ အဆင့်တက်တဲ့လူက တစ်ခြားနည်းလမ်းတွေသုံးပြီး ကောင်းကင်ဆင်းရဲဖြတ်ကျော်တာမျိုး ရှိနိုင်တယ်။ ဒါမှမဟုတ် ပြိုင်ဘက်ကင်းနတ်ဝိညာဉ် ကိုယ့်ဘာသာဖန်တီးနိုင်တဲ့လူမျိုးလည်း ဖြစ်နိုင်တယ်"

လုယန် အတိတ်ကို သေချာပြန်တွေးကြည့်သည်။ ပြိုင်ဘက်ကင်းရွှေသန္ဓေဖန်တီးခြင်းသည် နတ်မယ်နှင့်လုံးဝသက်ဆိုင်သည်မထင်။ ကိုယ့်ဘာသာ ဖန်တီးပြီးမှ နတ်မယ်က ပြိုင်ဘက်ကင်းရွှေသန္ဓေဖြစ်ကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။

"ပြီးတော့ ချန်ကောင်ကောင်းကင်လျှပ်စီးကို ငါစီစဉ်ခဲ့တယ်။ နတ်ဝိညာဉ်အဆင့်တစ်ယောက် ဒါကိုဖြတ်ကျော်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ မင်းထွက်လာရင်သာ ချန်ကောင်းကင်လျှပ်စီးက အလိုလိုပျောက်သွားမှာ"

ထို့နောက် ယင်ထန်မသေမျိုးက အံတစ်ချက်ကြိတ်၍ လုယန်ကို လှမ်းကြည့်သည်။

"ဒါပေမယ့် ဒီကောင်က မင်းကိုအားမကိုးဘဲ ချန်ကောင်းကင်လျှပ်စီးကို ဖြတ်နိုင်ခဲ့မယ်လို့ ဘယ်သူထင်ထားမှာလဲ"

သူသည် ယင်ထန်မသေမျိုး၏ မူလခန္ဓာမှ ခွဲထုတ်ထားသည့် သိစိတ်စွမ်းအင်တစ်စသာဖြစ်သည်။ နှစ်လေးသိန်းကြာခဲ့ပြီဖြစ်၍ စွမ်းအင်ကုန်သလောက်ဖြစ်နေသည်။ ကောင်းကင်လျှပ်စီးကို ထိန်းချုပ်နိုင်စွမ်း နည်းလာသည်။

ထိုသို့သာမဟုတ်လျှင် လုယန်ကို ချန်ကောင်းကင်လျှပ်စီးဖြင့် ထိအောင်ပစ်နိုင်ခဲ့ပေလိမ့်မည်။

ယခုနောက်ဆုံးလက်ကျန်စွမ်းအင်က ထာဝရနတ်မယ်ကို တစ်ကြိမ်တွေ့နိုင်ဖို့ပင် သိပ်မလုံလောက်ချင်။ အကျိုးရှိရှိ အသုံးချရမည်။

"ကံကောင်းတာတစ်ခုက နတ်ဝိညာဉ်အဆင့်ကနေ ဝိညာဉ်ပြောင်းအဆင့်ကိုကူးရင် နှလုံးနတ်ဆိုးစမ်းသပ်ချက်ကို ဖြတ်ကျော်ရသေးတယ်လေ။ ဒီကောင်လေးက မင်းကိုမှတ်မိနေရင် သူကမင်းရဲ့ အတွင်းနတ်ဆိုးဖြစ်လာမှာပေါ့။

တကယ်လည်း သူ့နှလုံးနတ်ဆိုးပုံရိပ်ထဲမှာ မင်းပေါ်လာတယ်။ ဒါကြောင့် ဒီကောင်လေးခန္ဓာကိုယ်ထဲမှာ မင်းရှိနေတယ်လို့ ငါသေချာသိသွားတာ"

လုယန်အကြီးအကျယ် အံ့အားသင့်သွားသည်။

"အဲဒါက ကျုပ်ရဲ့နှလုံးနတ်ဆိုးဆိုတာ သေချာရဲ့လား"

အတွင်းနတ်ဆိုးသည် ကြောက်ရွံ့စေသည့်အရာ သို့မဟုတ် နှစ်သက်စွဲလန်းစေသည့်အရာသာဖြစ်သည်။ ယွမ်ကျိနှင့်နတ်မယ်တို့၏ ဟာရမ်ကိစ္စသည် ထိုသတ်မှတ်ချက်များနှင့် လုံးဝမကိုက်ညီ။

"ဟုတ်တယ်၊ အဲဒါမင်းရဲ့နှလုံးနတ်ဆိုးပဲလေ"

ယင်ထန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"နှလုံးစမ်းသပ်ချက်ပုံရိပ်ကို ပြန်တွေးကြည့်ပါ။ မင်းမကြောက်ဘူးလား"

ကြုံတွေ့ခဲ့ရသည့် အဖြစ်များကို ယွမ်ကျိသိနေနိုင်ကြောင်း တွေးမိသဖြင့် လုယန်ထိတ်လန့်လာသည်။

...လက်စသတ်တော့ နှလုံးနတ်ဆိုးစမ်းသပ်ချက်ဆိုတာ ငါကြောက်တဲ့ဇာတ်လမ်းတွေ ဖန်တီးတာမဟုတ်ဘဲ ပြန်တွေးတိုင်း ကြက်သီးထစေမယ့်ဇာတ်လမ်းတွေ ဖန်တီးတာမျိုးလား...

ဒီလိုနှလုံးစမ်းသပ်ချက်မျိုး တစ်ခါမှမကြားဖူးပါဘူး..

နတ်မယ်က မူမမှန်သည့်အဖြစ်ကို ချက်ချင်းတန်းသိသည်။

"ရှောင်ယန်၊ နင့်နှလုံးနတ်ဆိုးပုံရိပ်ထဲမှာ ငါနဲ့တွေ့တာလား။ ဒါကြောင့် နင်ကြောက်တာလား။ စမ်းသပ်ချက်ထဲမှာ ဘယ်လိုအဖြစ်မျိုးတွေကြုံခဲ့တာလဲ"

အကယ်၍ ယွမ်ကျိနှင့်နတ်မယ်ကို ဘယ်ညာနှစ်ဘက်ရံလျက် စက်တော်ခေါ်ဖို့ ကြိုးစားမိပါသည်ဟု သူဖြေရဲလျှင် အသက်ရှင်ရသည်ကို ငြီးငွေ့နေခြင်းသာဖြစ်တော့မည်။

ထို့ကြောင့် မျက်ရည်အဝဲသားဖြင့် ပြန်ပြောသည်။

"စမ်းသပ်ချက်ထဲမှာ ခင်ဗျားပုံစံက လုံးဝပြောင်းလဲသွားတယ်။ ကျုပ်ကိုဆက်တိုက်ရိုက်တယ်။ ကျုပ်ခံစားရတာတစ်မျိုးကြီးပဲ"

"ဒါပေမယ့် နင်တစ်ချိန်လုံး အရူးလိုသွားဖြဲရယ်နေတာပဲ ငါတွေ့ပါတယ်"

"ခင်ဗျား နားမလည်လို့ပါ။ အဲဒါက အပြင်မှာရှိတဲ့ ခင်ဗျားမစိုးရိမ်အောင် မချိပြုံးပြုံးနေရတာပါ"

သနားစရာကောင်းသည့် လုယန်အဖြစ်ကို သိလိုက်ရသဖြင့် နတ်မယ်က သူ့ခေါင်းကို ယုယုယယပွတ်ပေးသည်။

"ကဲပါ ကဲပါ မငိုနဲ့တော့။ ငါနင့်ကို ဘယ်လိုလုပ်ရိုက်ရက်မှာလဲ"

သို့သော် လုယန်က အငိုမရပ်သေးသဖြင့် နတ်မယ် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"ဒီလိုလုပ်မယ်လေ။ ရှောင်ယွမ်ကို တတိယပဲဝါအင်ပါယာနေရာပဲ ထားလိုက်မယ်။ နင်က ဒုတိယနေရာကိုယူလိုက်"

လုယန်ထိတ်လန့်သွားပြီး ချက်ချင်းအငိုရပ်လိုက်သည်။ ငိုရင်းငိုရင်း သူ့နှလုံးနတ်ဆိုးအကြောင်း ပို၍နားလည်လာသလို ခံစားရသည်။

ယင်ထန်မသေမျိုး "..."

မဟုတ်သေးပါဘူး ထာဝရ၊ ဒီကိစ္စက တစ်ခုခု ထူးဆန်းနေသလိုပဲနော်..

****************************

All Chapters