အခန်း (၈၉၅-၈၉၇)
Vol. 60 Ch. 895-897
အခန်း (၈၉၅) မိုးမြေနှင့်ဆက်သွယ်ခြင်း
လုယန်၏မူလဝိညာဉ်ကို စတွေ့ချိန်တွင် ယွမ်ကျိအတော်အံ့ဩခဲ့ရသည်။ ရှောင်လုနှင့် ရှစ်ဆယ်ရာနှုန်းတူသည်။ နတ်မယ်နှင့် နှစ်ဆယ်ရာနှုန်းတူသည်။ ရှောင်လုနှင့်နတ်မယ်ကြားတွင် ဝိညာဉ်ပေါင်းစည်းခြင်းလို ပတ်သက်မှုမျိုး ရှိနေသလားဟုပင် တွေးမိခဲ့သည်။
နောက်ပိုင်းတွင် သူနားလည်လာသည်။ ထိုကိစ္စသည် ရှောင်လုကို နတ်မယ်က ကူညီကျင့်ကြံပေးနေခြင်းကြောင့်ဖြစ်သည်။
ဘယ်လိုပင်ဖြစ်စေ မူလဝိညာဉ်၏ရုပ်သွင်ကြောင့် သူ့စိတ်ထဲ စနိုးစနောင့်ခံစားရသည်။
နတ်မယ်ဆက်ကူညီနေလျှင် ရှောင်လု၏မူလဝိညာဉ်ရုပ်သွင် ထပ်ပြောင်းလာမည်။ စနိုးစနောင့်ခံစားချက်လည်း ပိုပြင်းထန်လာပေလိမ့်မည်။
နတ်ဝိညာဉ်အဆင့်တွင်ရှိစဉ်က သိပ်မသိသာသေး။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကလည်း အတော်ငယ်သေးသည်။ လုယန်မှလွဲလျှင် သူ့နတ်ဝိညာဉ် ဘယ်သူနှင့်တူသည်ကို တစ်ခြားဘယ်သူမှ မရိပ်မိနိုင်။။
သို့သော် ဝိညာဉ်ပြောင်းအဆင့်မူလဝိညာဉ်က ထိုသို့မဟုတ်တော့။ ထို့ကြောင့်လည်း ယွမ်ကျိက နတ်မဘ်ကို တားဆီးရခြင်းဖြစ်သည်။
ဆက်အကူအညီပေးနေလျှင် ထူးထူးဆန်းဆန်းအပြောင်းအလဲများ ဖြစ်လာနိုင်စရာရှိသည်။
ယွမ်ကျိ၏ အလေးအနက်လမ်းညွှန်ချက်ကြောင့် မူလဝိညာဉ်ကို လက်စားချေခိုင်းစေဖို့စိတ်ကူးကို လုယန်လက်လျှော့လိုက်ရသည်။ ညင်ညင်သာသာဆက်ဆံ၍ ကျင့်စဉ်ကျမ်းများလေ့လာဖို့သာ အကူအညီတောင်းရတော့မည်။
လုယန်နှင့် မူလဝိညာဉ်တို့ ကျင့်စဉ်ကျမ်းများကို အတူလေ့လာကြသည်။ ထိရောက်မှုနှစ်ဆတိုးသည်။ ပင်ပန်းမှုလည်း နှစ်ဆခံစားရသည်။
သို့သော် အားဖြည့်ဆေးများ လက်ထဲတွင်ရှိနေသဖြင့် နှစ်ဆပင်ပန်းလည်း သိပ်ကိစ္စမရှိ။
ထိုအားဖြည့်များက စိတ်ကြည်လင်လန်းစေရန် အထူးဖော်စပ်ထားခြင်းဖြစ်သည်။ ဆေးစွမ်းအင်ပုံရိပ်များ ပြည့်စုံသည်။ အားဖြည့်ဆေးများထဲတွင် အကောင်းဆုံးအဆင့်များဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းအတွက် များစွာအကျိုးဆောင်ခဲ့သဖြင့် ကျိုးတောင်မှတ်များစွာ သူရထားသည်။ ထိပ်တန်းဆေးလုံးများ အစုအပြံလိုက်ဝယ်သည်။ လုံးဝနှမျောတွန့်ဆုတ်ခြင်းမရှိ။
ဆေးအရသာက တစ်မျိုးတည်းသာရှိသဖြင့် ရေရှည်စားသုံးလျှင် ငြီးငွေ့သွားနိုင်သည်။ ထို့ကြောင့် သူ့ရှေ့တွင် အဆာပြေစားသောက်စရာ ဟင်းပွဲငယ်များရှိသည်။ ပဲပေါင်း၊ ပဲတို့ဟူးချဉ်စပ်၊ ငရုပ်ဆီ... ပန်းငရုပ်ဆော့။ သူကြိုက်နှစ်သက်ရာ စားသုံးနိုင်သည်။
သူ့ကျောက်စိမ်းတံဆိပ်ထဲတွင် သိုလှောင်ထားသည့် တို့စရာဆော့ချဉ်တစ်ခု ကုန်သွားလျှင် မူလဝိညာဉ်ကို ဂိုဏ်း၏ဈေးလမ်းသို့ သွားဝယ်ခိုင်းရုံသာရှိသည်။ အတော်အဆင်ပြေသည်။
အစားအသောက်များသယ်၍ မူလဝိညာဉ်ပြန်လာလျှင် လုယန်က အောက်ထပ်သို့ဆင်းယူသည်။ မူလဝိညာဉ်လက်ထဲတွင် သူမမှာလိုက်သည့် အသားကင်တစ်ချို့ ပါလာသည်ကိုတွေ့ရတတ်သည်။
ဘာမှမေးနေစရာမလို။ ထာဝရဂိုဏ်းမှလူများက သူ့ကိုမျက်နှာချိုသွေးဖို့ လက်ဆောင်ထည့်ပေးလိုက်ခြင်းဖြစ်သည်။
ကျမ်းစာတိုက်တွင် လုယန်တစ်ချိန်လုံးနေသည်။ တစ်ရက်သုံးကြိမ်သာ ခဏနားသည်။
အကောင်းဆုံးအားဖြည့်ဆေးများသည်ပင် မှော်ဆန်သည့်စွမ်းအားမျိုးမရှိ။ အလွန်အကျွံသုံးလျှင် အာနိသင်ထက်မြက်မှု လျော့ပါးသွားမည်။ ထို့ကြောင့် ကျင်စဉ်လေ့လာနှုန်းကိုလျှော့၍ ထိုင်ခုံတစ်လုံးတွင် သူအိပ်ရသည်။
မူလဝိညာဉ်လည်း သူ့သခင်ဘေးတွင် အနားယူခွင့်ရသည်။
ထူးထူးခြားခြားပင် သိစိတ်နယ်မြေမှနတ်မယ်ကလည်း ဘာအနှောက်အယှက်မှမပေး။ လုယန်ကို တိတ်ဆိတ်အေးချမ်းစွာ အနားယူခွင့်ပေးသည်။
တစ်လခွဲဟူသည့်အချိန်က ဘာမှမကြာလိုက်။ ဝိညာဉ်ပြောင်းအဆင့်ကျမ်းတို့၏ စိတ်ဝင်စားစရာစည်းမျဉ်းများ လုယန်မှတ်ဉာဏ်ထဲတွင် စုစည်းမိလာသည်။ ရှေးဟောင်းကျမ်း၊ ခေတ်သစ်ကျမ်းမျိုးစုံ မှတ်သားသည်။ ကျင့်စဉ်ရတနာတိုက်တစ်ခုလို သိုလှောင်ထားသည်။
နောက်ထပ်ဆယ့်ငါးရက်အချိန်ယူ၍ ထိုကျင့်စဉ်စည်းမျဉ်းများကို သုံးသပ်စီစစ်သည်။ ဝိညာဉ်ပြောင်းအဆင့် စိတ်နှလုံးဉာဏ်အလင်းကျင့်စဉ်အခန်းတွင် ပေါင်းစပ်သည်။
"အခုငါ ကျင့်စဉ်ကျမ်းရေးလို့ရပြီပဲ"
ထိုနှစ်လသည် နှစ်သုံးသိန်းအတွင်းက ကျင့်ကြံသူများနှင့် အတွေးအမြင်ဆွေးနွေးခဲ့ရသလိုရှိသည်။ ကျင်စဉ်စည်းမျဉ်းများ၏ အဓိပ္ပါယ်နှင့် ထူးခြားချက်မျိုးစုံကို သူလေ့လာခဲ့သည်။ အားလုံးကို စေ့စပ်ကျွမ်းကျင်လာသည်။
သူ့စကားပြောပုံနှင့် ဟန်ပန်အမူအရာပင် ပြောင်းလဲသွားသည်။
ယုံကြည်ချက်ရှိသည့်အပြုံးမျိုး သူ့မျက်နှာတွင်ပေါ်လာသည်။ ရှေ့မျိုးဆက်တို့၏ဉာဏ်ပညာကို တကယ်လျှော့တွက်၍မရ။ သူ့အတွက် ဉာဏ်အလင်းများစွာ ပေးစွမ်းနိုင်သည်။
မူလဝိညာဉ်က စုတ်တံ၊ မင်နှင့် မင်သွေးကျောက်၊ စက္ကူတို့ကို အသင့်ပြင်ပေးသည်။ စုတ်တံကိုင်ပြီးနောက် စာရွက်ပေါ်တွင် လုယန် ဆက်တိုက်ရေးသားသည်။ အတော်လည်း ဈာန်ဝင်နေသည်။
နှစ်လအတွင်းနားလည်ခဲ့သည့် အသိပညာများ ထည့်သွင်းပေါင်းစပ်ပြီးနောက် ကျင့်စဉ်ကျမ်းတစ်ခုဖြစ်လာသည်။
"လုံးဝပြည့်စုံသွားပြီ"
"မင်းကျင့်စဉ်ကျမ်းကို အစအဆုံးပြန်ရေးဖို့လိုတယ်"
သို့သော် ယွမ်ကျိ၏ အကဲဖြတ်ချက်က အညှာအတာကင်းမဲ့လွန်းသည်။
"ဘယ်လို"
လုယန် တအံ့တဩဖြစ်သွားသည်ကိုကြည့်၍ ယွမ်ကျိ သက်ပြင်းချ၍ရှင်းပြသည်။
"ရှောင်လု၊ တစ်ခြားလူတွေရဲ့ ကျင့်စဉ်ပညာတွေကိုစုစည်းလေ့လာတာက ကောင်းပါတယ်။ ဒါပေမယ့် မင်းဝိညာဉ်ပြောင်းအဆင့်ရဲ့ ကိုယ်ပိုင်ထူးခြားချက်ကို မင်းမေ့နေတယ်"
"ထူးခြားချက်...ကျုပ်ရဲ့မူလဝိညာဉ်ကိုပြောတာလား"
"ဟုတ်တယ်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်စဉ်တစ်ခုမှာ အရေးကြီးဆုံးအချက်က မိုးမြေနှင့်ဆက်သွယ်နိုင်ဖို့ပဲ။ မင်းကျင့်စဉ်ကျမ်းမှာ လောကအတွေ့အကြုံယူတာတွေ၊ ဘဝသဘောကို နားလည်တာတွေ၊ စမ်းချောင်းဘေးမှာ ဗျတ်စောင်းတီးတာတွေ စသဖြင့်ပါတယ်။
ဒီနည်းလမ်းတွေက အသုံးတော့ဝင်တယ်။ ဒါပေမယ့် ဒီထက်ကောင်းတဲ့နည်းလမ်းတွေ မင်းရှာလို့ရတယ်"
"ဘယ်လိုဟာမျိုးလဲ"
"သေခါနီးအချိန်မှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အာရုံခံစွမ်းရည်က အတိုင်းဆမဲ့ ကျယ်ပြန့်သွားတယ်ဆိုတာ မင်းသိလား။ သာမန်လူတွေတောင် သေခါနီးမှာ အရင်ကမမြင်ဖူးတဲ့ သရဲဝိညာဉ်တို့ ထူးခြားနိမိတ်အာရုံတို့ကို မြင်နိုင်ကြတာပဲ။ ကျင့်ကြံသူတွေဆိုရင် ပြောစရာတောင်မလိုတော့ဘူး"
လုယန် ကြက်သီးထလာသည်။
"ဒါဆို ကျုပ်ကို သေခါနီးအခြေအနေမျိုးရောက်အောင် လုပ်ရမယ်လို့ ပြောချင်တာလား"
ယွမ်ကျိခေါင်းခါသည်။
"အဲဒါကတော့ အန္တရာယ်များလွန်းတယ်လေ။ မင်းရဲ့မူလဝိညာဉ် မင်းကိုယ်ထဲပြန်လာတဲ့အချိန် သူ့ခံစားချက်က မင်းနဲ့တစ်သားတည်း ပေါင်းစပ်သွားတယ်မဟုတ်လား"
လုယန် မျက်လုံးများအရောင်လက်လာသည်။ ယွမ်ကျိပြောလိုသည့်အချက်ကို သူသဘောပေါက်သည်။
"အမယွမ်၊ ကျုပ်ကိုယ်စား မူလဝိညာဉ်ကို သေခိုင်းရမယ်လို့ ပြောတာလား"
"သေခိုင်းဖို့မဟုတ်ဘူး။ သေခါနီးအခြေအနေကို ရင်ဆိုင်ခိုင်းဖို့ပါ"
ယွမ်ကျိက စကားပြင်ပေးသည်။ ထိုစကားနှစ်ခွန်းသည် အဓိပ္ပါယ်ချင်းမတူ။
လုယန်ခေါင်းငြိမ့်သည်။
"အခုစမ်းကြည့်ကြတာပေါ့"
လုယန် စိတ်အားထက်သန်စွာပြောသည်။ မူလဝိညာဉ်ကို ခေါ်ထုတ်ပြီး ဘယ်လိုအန္တရာယ်ကြုံကြုံ ထွက်မပြေးဖို့ အမိန့်ပေးသည်။
ယွမ်ကျိခေါင်းတစ်ချက်ငြိမ့်၍ လုယန်ကို နောက်ဆုတ်ရန် အချက်ပြသည်။ ထို့နောက် ရပ်နေသည့်မူလဝိညာဉ်ဆီ လက်ဝါးတစ်ချက်ချိန်ရွယ်၍ ရိုက်သည်။
လုယန်သာအမိန့်ပေးမထားလျှင် မူလဝိညာဉ် ထွက်ပြေးသွားပြီးဖြစ်မည်။
ယွမ်ကျိ၏လက်ဝါးမရောက်မီပင် မူလဝိညာဉ်က ကြီးမားသည့်ဖိအားတစ်ခုအောက် ရောက်နေသကဲ့သို့ အရောင်မှိန်သွားသည်။
ထိုအဖြစ်ကိုကြည့်၍ ယွမ်ကျိ တိုက်ခိုက်မှုရပ်လိုက်သည်။ လုယန်ကို မူလဝိညာဉ်ပြန်ခေါ်ဖို့ အချက်ပြသည်။ သူနောက်ထပ်အားစိုက်လိုက်လျှင် မူလဝိညာဉ် ပျက်စီးသွားလိမ့်မည်။
မူလဝိညာဉ် ပြန်ဝင်သွားလာနောက် လုယန် မြေပေါ်ဒူးထောက်၍ အသက်ကိုအဝရှူသည်။ မူလဝိညာဉ်၏ခံစားချက်ကို လွှဲယူသည်။
လက်ဝါးရိုက်ချက်က ကြောက်စရာကောင်းလှသည်။ ဝိညာဉ်ပြောင်းအဆင့်ရောက်နေသော်လည်း တောင်တန်းတစ်ခုနှင့်ရင်ဆိုင်နေရသည့် ပုရွက်ဆိတ်တစ်ကောင်လို ခံစားရသည်။ စွမ်းအားကွာဟချက်က ကြီးမားလွန်းသည်။
လုယန်၏သိစိတ်အာရုံများ ဝေဝါးသွားသည်။ ခေါင်းတစ်ခုလုံးချာချာလည်သွားသည်။ မျက်ဖြူလန်၍ မြေပေါ်သို့ လဲကျသွားသည်။
ထိုခဏတာတွင် သူ့အာရုံခံနိုင်စွမ်းက အတိုင်းအဆမရှိ မြင့်တက်လာသည်။ ကိုယ်ထဲတွင်စီးဆင်းနေသည့် ဝိညာဉ်စွမ်းအင်တို့၏ အသံများကို ကြားရသည်။ သစ်ရွက်များကို ရိုက်ခတ်နေသည့် ဝိညာဉ်စွမ်းအင်လှုပ်ရှားမှုများကို ခံစားရသည်။ ကောင်းကင်ဂိတ်တောင်ထိပ်၏ ခံ့ညားထည်ဝါမှုကို ခံစားရသည်။
အမသုံး၏ ဗျတ်စောင်းသံနားထောင်စဉ်ကပင် သူ့အာရုံသည် ထိုမျှမကြည်လင်ခဲ့။
သူတဖြေးဖြေး သတိပြန်ရလာသည်။ ထိုအဖြစ်သည် သူကြိုးစားနေသည့် မိုးမြေနှင့်ဆက်သွယ်မှုဖြစ်ကြောင်း နားလည်လာသည်။ နောက်ထပ် ထိုနည်းအတိုင်း လေးငါးကြိမ်ထပ်လုပ်လျှင် လောကအပေါ် သူ့အာရုံခံနိုင်စွမ်း ပို၍ကြည်လင်လာလိမ့်မည်။
ယွမ်ကျိက ကျောက်စိမ်းတံဆိပ်ထဲမှ ရေတစ်စက်ယူ၍ သစ်ရွက်ပေါ်တင်ပြီး လုယန်ကိုတိုက်သည်။
ထိုရေစက်၏မူလဇစ်မြစ်ကိုတော့ မသိ။ သို့သော် သောက်ပြီးသည်နှင့် လုယန်၏ စိတ်အာရုံများ ပိုကြည်လင်လာသည်။
"ဘယ်လိုနေလဲ"
"အဆင်ပြေတယ်"
လုယန် ရယ်လိုက်သည်။
အန္တရာယ်မရှိဘဲ သေခါနီးအခြေအနေမျိုး ကြုံခွင့်ရသည်။ ထိုအဖြစ်မျိုးကို ကျင့်ကြံသူပေါင်းများစွာ မနာလိုဖြစ်ကြပေလိမ့်မည်။
တစ်ခုတည်းသောချို့ယွင်းချက်က ထိုလုပ်ရပ်မျိုးကို ဆက်တိုက်လုပ်၍မရ။ သူ့မူလဝိညာဉ် အပြင်းအထန် ထိခိုက်ထားသည်။ ပြန်အားဖြည့်ဖို့ အချိန်ယူရမည်။
သန်မာလိုသူတို့သည် ဘယ်အရာရင်ဆိုင်ရသည်ဖြစ်စေ ပိုသန်မာဖို့ ကြိုးစားကြသည်။ မူလဝိညာဉ်ထိခိုက်ခဲ့သော်လည်း လုယန်လုံးဝအရေးမစိုက်။
"အဆင်ပြေရင်ပြီးတာပါပဲ"
ယွမ်ကျိ ခေါင်းငြိမ့်သည်။
"ဒီနည်းလမ်းကို မင်းရဲ့ကျင့်စဉ်ကျမ်းထဲ ပေါင်းစပ်ရေးသားဖို့လိုတယ်။ ဒါနဲ့ဆိုရင်..."
"ကျုပ်ကျင့်စဉ်ကျမ်း ပြည့်စုံသွားပြီလား"
"ဒါနဲ့ဆိုရင် ခြောက်ဆယ်ရာနှုန်းလောက်ပဲ ပြင်ဆင်ဖို့လိုတော့မယ်"
လုယန် "..."
အခုထိတောင် အဆင့်မမီသေးဘူးပေါ့...
********************************
အခန်း (၈၉၆) သေဟန်ဆောင်ကျင့်စဉ်
ကျန်သည့်ကျင့်စဉ်ခြောက်ဆယ်ရာနှုန်း ပြင်ဆင်ရမည့်အလုပ်သည် လုယန်အတွက် အတော်ခက်ခဲမည်။ တစ်ချက်နှစ်ချက် ညွှန်ကြားရုံလောက်ဖြစ် နားလည်မည်မဟုတ်။
ထို့ကြောင့် အခြေအနေရှုပ်ထွေးသွားမည်။ လုယန်၏ ကျင့်စဉ်တိုးတက်မှုအတွက် အဟန်အတားဖြစ်နိုင်သည်။ ထို့ကြောင့် ကိုယ်တိုင်သာ ပြင်ဆင်ပေးဖို့ ယွမ်ကျိတွေးလိုက်သည်။
"ကျင့်စဉ်ကျမ်းကိစ္စကို ငါပဲဆက်လုပ်မယ်"
ယွမ်ကျိစကားကြောင့် လုယန် ကျိတ်၍သက်ပြင်းချသည်။ အမယွမ်ရှိနေသည်မှာ သူအတွက်ကောင်းချီးတစ်ခုဖြစ်သည်။ ကျင့်စဉ်ကျမ်းများကိစ္စ သူစိတ်ပူစရာမလို။
မဟုတ်သေး။ အရင်ကလည်း အမယွမ်အကူအညီမယူဘဲ ကျင့်စဉ်ကျမ်းကို သူ့ဘာသာပြီးမြောက်အောင် ကြိုးစားခဲ့သည်မဟုတ်လော...
လုယန် ခဏတွေဝေသွားသည်။ သို့သော် ဆရာတူအမ၏စေတနာကို မငြင်းပယ်လို။ ဆရာတူမောင်နှမဆက်ဆံရေးကို အစွန်းအထင်းမဖြစ်စေလို။ ထိုသို့ဖြစ်လာလျှင် သူကိုယ်ပိုင်ဂိုဏ်းထောင်ဖို့တွေးနေသည်ဟု အများကထင်လာနိုင်သည်။
"ရှောင်ယန်၊ ကျင့်စဉ်ကျမ်းကို နင့်ဘာသာပြီးအောင်ရေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ရှောင်ယွမ်ကို တာဝန်ပေးလိုက်တာလဲ"
"ရှောင်ယန်၊ နင်ဘာလို့စကားပြန်မပြောတာလဲ"
နတ်မယ်ဆက်မေးနေလျှင် မဟာပဲဝါနိုင်ငံ၏ အဓိကဝန်ကြီးချုပ်တစ်ယောက် ဆုံးရှုံးရတော့မည်။ ထို့ကြောင့် လုယန် စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
"ဒါနဲ့ နတ်မယ်။ သေဟန်ဆောင်ပညာကိုသုံးရင် မိုးမြေသဘောတရားကို နားလည်နိုင်လား"
"ဘယ်ရပါ့မလဲ။ ရူးနေလား။ သေဟန်ဆောင်ပညာဆိုတာက သေတဲ့အနေအထားကို ရောက်သွားတာ။ ရှင်အောင်ပြောရရင် နင်သေသွားတာ။
မိုးမြေသဘောတရားကို နားလည်ချင်ရင် သေခါနီးအခြေအနေကို ဝင်ရတာ။ ဒီနှစ်ခုက လုံးဝမတူဘူး"
နတ်မယ်က စိတ်အားထက်သန်မှုအပြည့်ဖြင့် လုယန်နားသို့ကပ်လာသည်။
"ရှောင်ယန်၊ သေဟန်ဆောင်ပညာကို နင်စိတ်ဝင်စားလား။ သင်ချင်လား။ ဒီပညာက ငါဂုဏ်ယူရတဲ့ မှော်ပညာပဲ။ နင်သင်ထားရင် နောင်တမရစေရဘူးလို့ ငါအာမခံတယ်။ ငါနဲ့ရင်းနှီးတဲ့လူတွေပဲ သင်ခွင့်ရတာနော်။
ရှောင်လင်းနဲ့လျန်ယိကို ဥပမာကြည့်လိုက်။ သူတို့က အပြင်ဂိုဏ်းတပည့်တွေဖြစ်ပေမယ့် ငါသူတို့ကိုသဘောကျလို့ ချွင်းချက်ထားပြီး သင်ပေးခဲ့တာ။
ပြီးတော့ အရှက်မဲ့(ထာဝရအရှင်)ကိုကြည့်။ သူက အတွင်းဂိုဏ်းတပည့်ဖြစ်ပေမယ့် မသေမျိုးတွေနဲ့ ကံရေစက်နည်းတယ်။ ဒါကြောင့် ငါသူ့ကို သင်မပေးတာ"
အတွင်းဂိုဏ်းတပည့်များအား အစေခံအဆင့်တွင်ထားသည်ကို လုယန် ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ ထာဝရမျိုးဆက်တွင် လက်တိုလက်တောင်းခိုင်းဖို့ပင် လူခေါ်ထားဦးမလားမသိ။
လုယန် ငြင်းဖို့စဉ်းစားသည်။ သေဟန်ဆောင်ပညာသည် သူ့လိုဓားကျင့်ကြံသူတစ်ယောက်၏ဟန်ပန်နှင့် မကိုက်ညီ။ သို့သော် စိတ်အားထက်သန်နေသည့် နတ်မယ်စကားကိုလည်း သူမငြင်းရက်။
"ကောင်းပြီလေ။ ကျုပ်သင်ငါမယ်"
"လာလေ၊ ဒါဆို ငါ့ကို ဆရာလို့ခေါ်။ ငါကြားချင်တယ်"
နတ်မယ်ပျော်သွားသည်။ ရှောင်ယန်သည် သူ့ထံမှ ပထမဆုံးအကြိမ် ပညာသင်ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ဆရာအဖြစ်အသိအမှတ်ပြုခြင်းလည်းဖြစ်သည်။
ရှောင်ယန်ဒုတိယပဲဝါအင်ပါယာဖြစ်လာလျှင် သူကနိုင်ငံ့ဆရာနေရာသို့ ရောက်လာမည်။
ဆရာတစ်ယောက်နှင့် ပိုတူစေရန် အနက်ရောင်ဝတ်စုံသို့ ပြောင်းလိုက်သည်။ စာပေဝတ်ရုံဖားဖားဝတ်၍ လက်ထဲတွင် စာအုပ်နှစ်အုပ်ကိုင်ထားသည်။ ယခုမှ အတော်စတိုင်ကျသွားသည်။
ထိုအဖြစ်ကိုကြည့်၍ လုယန် မျက်ခုံးလှုပ်လာသည်။ သို့သော် နတ်မယ်ထံမှ ပညာသင်ရမည်ဖြစ်၍ 'ဆရာ'ဟု ခေါ်ဖို့ ဝတ္တရားရှိသည်။
တပည့်တစ်ယောက်ပုံစံဖြင့် လက်နှစ်ဘက်ဆုပ်အရိုအသေပြု၍ လေးလေးစားစား သူခေါ်လိုက်သည်။
"ဆရာ"
"ငါ့တပည့်ဖြစ်ရတာ နင်နစ်နာစရာမရှိပါဘူး။ အရင်တုန်းက ငါဟာ အရိုင်းမျိုးနွယ်ရဲ့ဆရာဖြစ်ခဲ့တာ။ လူတွေက ငါ့ကိုလေးလေးစားစားနဲ့ 'အရိုင်းဆရာ'လို့ ခေါ်ကြတယ်။
ငါ့တပည့်ဖြစ်လာတာဟာ ဝါစဉ်ရင့်တဲ့ ရှေးဟောင်းခေတ်အရိုင်းမျိုးနွယ်တွေနဲ့ အဆင့်တူသဘောမျိုးပဲ"
...ဒါဆိုအခု ကျုပ်က အရိုးရိုင်းရဲ့ ဂိုဏ်းတူအကိုလည်းဖြစ် ဘိုးဘေးလည်းဖြစ်သွားပြီပေါ့...
"ဆရာ၊ အမယွမ်ကျင့်စဉ်ကျမ်းရေးနေတာပြီးသွားမှ သေဟန်ဆောင်ပညာကို သင်ကြတာပေါ့"
ထိုပညာသင်နေချိန်တွင် အမယွမ်စောင့်ကြည့်ပေးနေလျှင် ပို၍ဘေးကင်းလောက်သည်ဟု လုယန်ယူဆသည်။
"ကောင်းပြီလေ"
နိုင်ငံ့ဆရာဖြစ်စ နတ်မယ်က စိတ်အားတက်ကြွနေသဖြင့် လုယန်ဘာအကြံပြုပြု လက်ခံသည်။
နှစ်နာရီကြာပြီးနောက် ဝိညာဉ်ပြောင်းအဆင့် စိတ်နှလုံးဉာဏ်ကျင့်စဉ်ကျမ်း လုယန်လက်ထဲရောက်လာသည်။ သူသေချာဖတ်ကြည့်သည်။ အတွေးအမြင့်ညံ့ဖျင်းသေးသည့် ကိုယ့်အဖြစ်ကိုယ် ရှက်မိသည်။
ယွမ်ကျိက တိကျသည့်စကားလုံး လိုတိုရှင်းဝါကျများဖြ်င့ ရေးထားသည်။ ယွမ်ကျိလိုရေးနိုင်ဖို့ဆို သူအဝေးကြီးလိုသေးသည်။
ထိုကျင့်စဉ်ကျမ်းသည် ဖြစ်သလိုရေးထားခြင်းမဟုတ်ကြောင်း သူရိပ်မိသည်။ မဆင်မပြေသည့်ကျမ်းစာကို သူ့အတွေးလမ်းကြောင်းနှင့်ကိုက်ညီအောင် အပင်ပန်းခံ၍ ပြုပြင်ပေးထားခြင်းဖြစ်သည်။ တကယ်ပင်ပန်းသည့် အလုပ်မျိုးဖြစ်သည်။
ကျင့်စဉ်အပြည့်အဝ တစ်ကြိမ်လည်ပတ်ကြည့်သည်။ ဘာအခက်အခဲမှမရှိဘဲ ချောမွေ့နေသည်။ ထိုကျင့်စဉ်ကျမ်းက သူနှင့်လုံးဝကိုက်ညီသည့် သဘောဖြစ်သည်။
"ကျင့်စဉ်ကျမ်းရေးတဲ့ကိစ္စက စိတ်လောလို့မရဘူး ရှောင်လု။ တစ်နေ့နေ့ကျရင် ငါ့အကူအညီမပါဘဲ မင်းလည်းရေးနိုင်လာမှာပါ"
ယွမ်ကျိကပြောသည်။
"ကျုပ်ကြိုးစားပါ့မယ်"
လုယန် စိတ်ဓာတ်ခွန်အားများ မြင့်တက်လာသည်။ အမယွမ် သူ့အတွက် နောက်ထပ်ကျင့်စဉ်ကျမ်းရေးပေးရသည့်ကိစ္စမျိုး ထပ်မဖြစ်စေရဟု စိတ်ပိုင်းဖြတ်လိုက်သည်။
"ဒါနဲ့ အမယွမ်။ နတ်မယ်ကကျုပ်ကို သေဟန်ဆောင်ပညာ သင်ပေးမယ်တဲ့"
"သေဟန်ဆောင်ပညာ"
ယွမ်ကျိလည်း ထိုမှော်ပညာကို အတော်စိတ်ဝင်စားသည်။ အောင်းလင်းနှင့် ကျန်းလျန်ယိတို့ ယနေ့ထိ အသက်ရှင်ခဲ့သည့်မှာ ထိုပညာကြောင့် အဓိကဖြစ်သည်။
အရင်က ကျန်းလျန်ယိ သူ့ကိုလာစိန်ခေါ်သည်။ ထိုပညာကိုအားကိုးပြီး သရေပွဲဖြစ်အောင် ဖန်တီးခဲ့သည်။ ထို့ကြောင့် ဤပညာကို နတ်စွမ်းအားပညာဟု ခေါ်နိုင်လောက်သည်။
မကြာမီ နတ်မယ် သင်ခန်းစာစတင်သည်။ တပည့်ဖြစ်သည့်လုယန်က တည်ကြည်သည့်အသွင်ဖြင့် ခါးမတ်၍ထိုင်သည်။ ယွမ်ကျိက တင်ပျဉ်ချိတ်၍ လက်ဖက်ရည်သောက်ရင်း နားထောင်သည်။
"သေဟန်ဆောင်ပညာဆိုတာ ငါဖန်တီးခဲ့တဲ့ အဓိပဓိမှော်ပညာပဲ။ သေခြင်းရှင်ခြင်း၊ အချိန်ကာလ၊ ကြောင်းကျိုးကံကြမ္မာတွေနဲ့ ဆက်စပ်နေတယ်။ နားလည်ဖို့ အတော်ခက်တယ်။
အရင်က ရှောင်လင်းနဲ့ ကျန်းလျန်ယိတို့ အရမ်းကြိုးစားသင်ခဲ့တာတောင် တတ်တယ်ဆိုရုံလောက်ပဲ။ ဒါပေမယ့် နင်က မှော်ပညာပါရမီထူးတယ်။ ပြီးတော့ ငါကိုယ်တိုင်လမ်းညွှန်ပေးမှာဆိုတော့ သင်ယူဖို့မခက်လောက်ပါဘူး။
သေဟန်ဆောင်ပညာဆိုတာ ကောင်းကင်ကိုလှည့်စားတဲ ပညာပဲ။ ကောင်းကင်ကို လှည့်စားနိုင်ဖို့ဆို ကိုယ့်ကိုယ်ကို အရင်လှည့်စားရတယ်။ သေချင်တဲ့စိတ်နှလုံးမျိုး ရှိနေရမယ်။ ဒီလိုစိတ်ဓာတ်မျိုးသွင်းနိုင်မှ တစ်ခြားလူတွေကို လှည့်စားပြီး ကံကြမ္မာဆက်စပ်မှုကို ဖြတ်တောက်နိုင်မှာ။
ဒါပေမယ့် အသက်ဓာတ်ပါးပါးလေး ထိန်းထားဖို့လည်းလိုတယ်။ ဒါမှ သေရာကနေ ပြန်ရှင်သန်နိုင်မှာ"
သူကျွမ်းကျင်သည့် အသိပညာများ သင်ကြားပေးရခြင်းဖြစ်၍ နတ်မယ် စိတ်အားတက်တက်ကြွကြွ လက်ဟန်ခြေဟန်ဖြင့်ရှင်းပြသည်။
လုယန်ရောယွမ်ကျိပါ သေချာအာရုံစိုက်၍ နားထောင်နေသည်။ နတ်မယ်သင်ကြားပုံကို အတော်ကျေနပ်ကြသည်။
တစ်ခုတည်းသော အားနည်းချက်က နတ်မယ်၏အတွေးများက အတော်ပရမ်းပတာနိုင်သည်။ တစ်ခါတစ်ခါ အကြောင်းအရာတစ်ခုကို ပြောနေရင်း တစ်ခြားတစ်ခုဆီ ကူးသွားသည်။
သို့သော် နတ်မယ်အကြောင်း လုယန်အခုမှစသိခြင်းမဟုတ်။ နတ်မယ်၏စကားပြောပုံကို သူရင်းနှီးနေပြီးဖြစ်သည်။ ထို့ကြောင့် နတ်မယ်၏အတွေးလမ်းကြောင်းကို အလွယ်တကူ အမီလိုက်နိုင်သည်။ ဒုက္ခခံရ အတော်သက်သာသည်။
"ဘယ်လိုလဲရှောင်ယန်၊ နင်နားလည်ပြီလား"
"လက်တွေ့စမ်းကြည့်မယ်လေ"
စမ်းသပ်ကြည့်ဖို့ လုံလောက်ပြီဟု လုယန်ယူဆသည်။
"နင်လုပ်နိုင်မှာပါ ရှောင်ယန်"
လုယန် အသက်နှစ်ကြိမ်ဝအောင်ရှူ၍ စိတ်တည်ငြိမ်အောင်ထိန်းသည်။ နတ်မယ်၏ အားပေးသံကို အရေးမစိုက်ဘဲ သေခြင်းတရားကို ရှာဖွေနေသည့် စိတ်ဓာတ်ကို ဈာန်သွင်းသည်။
နတ်မယ်၏လမ်းညွှန်ချက်အတိုင်း မှော်စွမ်းအားကို လည်ပတ်သည်။ မန္တာန်ကို အသံတိတ်ရွတ်သည်။ သေချင်နေသည့် သူ့စိတ်နှလုံးထဲတွင် အသက်ဓာတ်ပါးပါး ဖုံးကွယ်ထားသည်။
သူ့စိတ်အာရုံများ တဖြေးဖြေးလေးလံလာသည်။။ မျက်လုံးပင်မဖွင့်နိုင်တော့။ နောက်ဆုံးတွင် သူအာရုံတစ်ခုလုံး အမှောင်ကျသွားသည်။
"ဒီလိုဆို အောင်မြင်တယ်လို့ ခေါ်ရမှာလား"
ယွမ်ကျိက နတ်မယ်ကိုလှည့်မေးသည်။
လုယန်သေနေသည့်ပုံစံကို နတ်မယ်သေချာစစ်ဆေးသည်။
"အပြင်ပန်းကြည့်ရင်တော့ အတော်ယုံကြည်လောက်ပါတယ်။ နည်းလမ်းတစ်ခုခုသုံးပြီး စမ်းသပ်ကြည့်ရင်တော့ အကောင်းဆုံးပဲပေါ့"
"ဘယ်လိုနည်းလမ်းမျိုးလဲ"
"ဥပမာပြောရရင် လျန်ယိ သေဟန်ဆောင်ပညာသုံးတဲ့အချိန် ရှောင်းလင်းက မီးနဲ့ရှို့ပြီး နှိုးတာမျိုးပေါ့။ အဲလိုနည်းလမ်းတစ်ခုခုနဲ့ စမ်းကြည့်လို့ရတယ်"
ယွမ်ကျိ လက်ကိုမြှောက်လိုက်သည်။ သူ့လက်ဝါးတွင် ရွှေရောင်မီးတောက်တစ်ခုပေါ်လာသည်။ အပူရှိန်ပြင်းထန်၍ အဖျက်စွမ်းအင်ရောင် ဖြာထွက်နေသည်။
ရှောင်လုကို မီးရှို့သင့်မရှို့သင့် စဉ်းစားရင်း သူတုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
သူ့ဆရာတူမောင်လေး တစ်ခုခုအန္တရာယ်ဖြစ်သွားလျှင် ခက်မည်။
သူတုံ့ဆိုင်းနေစဉ် လူတစ်ယောက် သူဆီရေးကြီးသုတ်ပြာပြေးလာသည်။
"အမယွမ်။ အခြေအနေမကောင်းတော့ဘူး။ ညီလေးလုသေပြီ"
တိုင်ပုဖန်က မီးငြိမ်းနေသည့် ဝိညာဉ်မီးအိမ်တစ်ခုကိုင်၍ ပြေးလာခြင်းဖြစ်သည်။ မီးမရှိတော့လျှင် အသက်မရှိသည့်သဘောဆောင်သည်။ လုယန်၏ဝိညာဉ်မီးအိမ် ငြိမ်းသေသွားသဖြင့် ယွမ်ကျိနှင့် အရေးတကြီးဆွေးနွေးရန် လာတွေ့ခြင်းဖြစ်သည်။
ထို့နောက် မြေပေါ်တွင် မလှုပ်မယှက်လဲကျနေသည်လုယန်ကို သူမြင်ရသည်။ ထို့နောက် လုယန်ကို မီးရှိုရန်ပြင်နေသည့် ယွမ်ကျိကိုမြင်ရသည်။
"အမယွမ်၊ အမဘာတွေ...."
တိုင်ပုဖန် တံတွေးကိုကျိတ်မျိုချသည်။ လူသတ်မှုကို အမှတ်မထင်ကိုယ်တိုင်ကြုံနေရသလို ခံစားရသည်။ နောက်သို့ အသာခြေလှမ်းဆုတ်သည်။ လှည့်ပြေးရန်ပြင်သည်။
ယွမ်ကျိ ခဏတွေဝေနေပြီးနောက် ရှင်းပြသည်။
"ရှောင်လုက ကိုယ့်ကိုယ်ကို သတ်သေသွားတာလို့ပြောရင် မင်းယုံမှာလား"
တိုင်ပုဖန် "..."
ကျုပ်ယုံသင့်မယုံသင့် အမယွမ်ပဲခန့်မှန်းကြည့်ပါလား..
*****************************
အခန်း (၈၉၇) သေမင်းထံမှအပြန်
ယွမ်ကျိပြောသည့်စကားသည် မမှားနိုင်လောက်။
"ယုံပါတယ်။ ညီလေးလု သူ့ဘာသာသတ်သေသွားတာပဲ ဖြစ်မှာပါ"
တိုင်ပုဖန် အားတင်းပြုံးပြသည်။ သူ့ခြေထောက်များ တုန်ရင်နေသည်။ သေခြင်းတရားနှင့် ထိုမျှနီးကပ်သည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူး။
ကြည့်ရသည်မှာ အမယွမ်က ရှောင်လုကို အမှတ်မထင်သတ်မိခြင်းဖြစ်မည်။ အလောင်းကိုဖျက်ဆီး၍ သက်သေဖျောက်ရန် ကြိုးစားနေခြင်းဖြစ်မည်။
...ငါဘာလို့များ ရူးရူးမိုက်မိုက်နဲ့ လုယန်အတွက် စိုးရိမ်ပူပန်ပြီး ဒီနေရာကို အပြေးလာခဲ့မိတာလဲ...
...ဒီလိုအခြေအနေမျိုးမှာ ငါ့ကိုယ်ငါတောင် ကယ်တင်ဖို့ မသေချာတော့ဘူး...
ဟုတ်တာပေါ့၊ မသေမျိုးမက်မွန်သီးဆိုတာ ဘယ်လွယ်လွယ်ရမှာလဲ။ ရှောင်လုအပေါ် ငါအကြွေးတင်နေတယ်။ အခု ငါ့အသက်နဲ့ ပြန်ဆပ်ရတော့မယ်..
ရှောင်လွှဲမရတဲ့ အကြောင်းကံတရားဆိုတာ ဒါမျိုးကိုခေါ်တာများလား...
"ဒါဆို အမယွမ်လုပ်စရာရှိတာ ဆက်လုပ်ပါ။ လိုအပ်ရင်သာ ကျုပ်ကိုခေါ်လိုက်ပါ"
ယွမ်ကျိအာရုံလွင့်နေချိန်ကို အခွင့်ကောင်းယူ၍ တိုင်ပုဖန် အသာနောက်ဆုတ်သွားသည်။ နောက်လှည့်မကြည့်ဘဲ အသက်လု၍ပြေးသည်။
"ပြန်လာခဲ့ဦး"
ယွမ်ကျိ တိုင်ပုဖန်ကို ထွက်သွားခွင့်မပေး။ အခြေအနေကို ယခုရှင်းအောင်မလုပ်လျှင် နောက်ဆိုပိုရှင်းရခက်သွားမည်။
အတွေးဖြင့်ထိန်းချုပ်၍ တိုင်ပုဖန်ကို ပြေးသည့်လမ်းကြောင်းအတိုင်း နောက်ပြန်ဆွဲခေါ်သည်။
"ချမ်းသာပေးပါအမယွမ်။ ကျုပ်တကယ် ဘာမှမမြင်ပါဘူး"
တိုင်ပုဖန် ချက်ချင်းဒူးထောက်တောင်းပန်သည်။
ယွမ်ကျိ စိတ်ပျက်လက်ပျက် နဖူးကိုလက်ဖြင့်အုပ်၍ ရှင်းပြသည်။
"ရှောင်လုက မသေသေးဘူး။ သေဟန်ဆောင်တဲ့အနေအထားမှာ ရောက်နေတာ။ သူသေဟန်ဆောင်တာ ပီပြင်လွန်းလို့ ဝိညာဉ်မီးအိမ်ကိုတောင် အရူးလုပ်နိုင်တာ"
ထိုမှော်ပညာမျိုး တိုင်ပုဖန်တစ်ခါမှ မကြားဖူး။ သို့သော် စဉ်းနှီးတုံးပေါ်ရောက်နေသည့် ငါးသည် ကံကြမ္မာကိုလက်ခံရုံမှတစ်ပါး တစ်ခြားရွေးစရာမရှိ။ ယွမ်ကျိပြောသမျှစကားတိုင်း သူယုံရမည်။
တိုင်ပုဖန်ရောက်လာသည်ကို နတ်မယ် အစောကတည်းက အာရုံခံမိသည်။ အပြင်လူများ သူ့အကြောင်းသိသွားမည်စိုးသဖြင့် အမြန်ဝင်ပုန်းသည်။
ယွမ်ကျိလည်း တိုင်ပုဖန်ကို အာရုံခံမိပါသည်။ သို့သော် ထိုအချိန်က ရှောင်လုကို မီးရှို့သင့်မရှို့သင့် တွေးဆရင်း အာရုံများနေသည်။
တိုင်ပုဖန်ရောက်လာမည်မှန်း ကြိုသိခဲ့လျှင် ရှောင်လုအလောင်းကို သူဝှက်ထားခဲ့မည်သာဖြစ်သည်။... သို့သော် ထိုလုပ်ရပ်သည်လည်း မဟုတ်သေး။
ဤအခြေအနေကို ဖြေရှင်းဖို့ နည်းမှန်လမ်းမှန်တစ်ခုကို သူစဉ်းစားမရ။ ထို့ကြောင့် လုယန်နားသို့ မီးတောက်လက်ဝါးဖြင့် သူလျှောက်သွားသည်။ သို့သော် မီးတောက်မထိမီပင် လုယန်ကျယ်လောင်စွာအော်ဟစ်၍ ခုန်ထလာသည်။
တိုင်ပုဖန်လက်ထဲမှ မီးအိမ်လည်း ပြန်လင်းလာသည်။
"တကယ်သေဟန်ဆောင်နေတာလား"
တိုင်ပုဖန် အံ့အားသင့်သွားသည်။ ထိုမျှထူးခြားဆန်းကျယ်သည့် မှော်ပညာမျိုး တစ်ခြာမှမမြင်ဖူး။ ဝိညာဉ်မီးအိမ်ကိုပင် လှည့်စားနိုင်သည်။ ပျောက်ကွယ်နေခဲ့သည့် ရှေးဟောင်းမှော်ပညာဖြစ်မည်။
သို့မဟုတ် ယွမ်ကျိဖန်တီးထားသည့်ပညာ ဖြစ်ပေလိမ့်မည်။
တိုင်ပုဖန် စိတ်သက်ရာရသွားသည်။ သူ့သေစရာလိုတော့လောက်။
"ရှောင်လု၊ မင်းအဆင်ပြေရဲ့လား"
လုယန် ဝေဒနာကြောင့် ရှုံ့မဲ့နေသည်။ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် သူ့ဝိညာဉ်မီးလောင်သည်ကို ရုတ်တရက်ခံစားရသဖြင့် လန့်နိုးလာခြင်းဖြစ်သည်။
သူနိုးလာချိန်တွင် ပူလောင်သည့်ဝေဒနာက ပျောက်သွားသည်။
"ပြေပါတယ်။ ဘာမှမဖြစ်ပါဘူး။...အကိုတိုင်ကရော ဘာလို့ဒီကိုရောက်နေတာလဲ"
နာရေးပွဲလာတက်တာဟု တိုင်ပုဖန်ဖြေလိုက်ချင်သည်။
"မင်းတကယ်အဆင်ပြေလို့လား။ ကိုယ့်အခြေအနေကိုယ်လည်း ပြန်ကြည့်လိုက်ဦး"
တိုင်ပုဖန်က ထူးဆန်းသည့်အမူအရာဖြင့် လုယန်ကို ခြေဆုံးခေါင်းဆုံးစိုက်ကြည့်သည်။
"ကျုပ်အခြေအနေ"
လုယန် အူတူတူဖြစ်သွားသည်။ ထို့နောက် သူငုံ့ကြည့်သည်။ သူ့အလောင်းက မြေပေါ်တွင် လဲလျောင်းနေသည်။ သူက ဝိညာဉ်အသွင်ဖြင့် ရှိနေကြောင်း တွေ့လိုက်ရသည်။
တိုင်ပုဖန်သာမရှိလျှင် ဘာကြောင့်ထိုသို့ဖြစ်ရသည်ကို နတ်မယ်အား သူချက်ချင်းမေးမိပေလိမ့်မည်။
"အသေးအဖွဲလေးပါ။ ဘာမှပြဿနာမရှိပါဘူး"
လုယန်က စိတ်မပူပန်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
သိပ်မယုံကြည်ချင်သော်လည်း လုယန် တကယ်အဆင်ပြေလောက်သည်ဟု ယူဆ၍ တိုင်ပုဖန်ထွက်သွားသည်။။
တိုင်ပုဖန် ထွက်သွားပြီးနောက် လုယန်နောက်ပြန်လှဲချ၍ ရုပ်ခန္ဓာနှင့်ပေါင်းစပ်ရန် ကြိုးစားကြည့်သည်။
သို့သော် မရ။ ထရပ်လိုက်သော်လည်း ဝိညာဉ်အသွင်ဖြင့်သာရှိနေသည်။
"နတ်မယ်၊ ဘာတွေဖြစ်နေတာလဲဆိုတာ ခင်ဗျားထွက်လာပြီး ရှင်းပြဦး"
နတ်မယ်က သစ်ပင်ကြီးတစ်ပင်နောက်မှ ထွက်လာပြီး လုယန်၏မှော်ပညာပါရမီကို ချီးကျူးသည်။
"ရှောင်ယန်၊ အခြေခံတွေကို မင်းတတ်သွားပြီပဲ"
လုယန်က ဝိညာဉ်ခန္ဓာနှင့် မြေပေါ်မှအလောင်းကို လက်ညှိုးထိုးပြသည်။
"ဒါက ခင်ဗျားပြောတဲ့အခြေခံဆိုတာ သေချာရဲ့လား"
"ဒါပေါ့။ သေဟန်ဆောင်ပညာဆိုတာဘာလဲ။ ကောင်းကင်ကိုလှည့်စားတဲ့ပညာလေ။ ကောင်းကင်ကို လှည့်စားဖို့ ကိုယ့်ကိုယ်ကို အရင်လှည့်စားရမယ်။
အခုနင့်ရုပ်ခန္ဓာက လှည့်စားခံထားရတဲ့အခြေအနေပဲ။ အလောင်းတစ်ခုအဖြစ် ပြောင်းသွားပြီ။ နင်မယုံရင် ရှောင်ယွမ်ကို အလောင်းထိန်းပညာသုံးကြည့်ခိုင်းလိုက်ပါ။ နင့်အလောင်းကို ထိန်းချုပ်နိုင်စေရမယ်လို့ ငါအာမခံတယ်"
မယုံပါဟု လုယန်မပြောရဲပါ။
"အခုလက်ရှိ နင့်ပုံစံနဲ့ဆို အာမခံလုပ်ငန်းတွေကို လိမ်လို့ရပြီ။ သေချာပေါက် အချီကြီးပွမှာပဲ။ အခုနင့်အခြေအနေက ဝိညာဉ်ခွဲထွက်တာမျိုးမဟုတ်ဘူး။ လေလွင့်ဝိညာဉ် ဒါမှမဟုတ် အရိုင်းသရဲလို့ ခေါ်ရမှာ"
နတ်မယ်က တိကျရှင်းလင်းသည့် စကားလုံးများသုံး၍ ရှင်းပြသည်။
"နင့်သင်ယူနိုင်စွမ်းက ရှောင်လင်းနဲ့လျန်ယိတို့ထက် အများကြီးပိုမြန်တယ်။ သူတို့စသင်တုန်းကဆို သူတို့သေဟန်ဆောင်ပုံက သေတာနဲ့မတူဘူး။ အိပ်ချင်ဟန်ဆောင်တာနဲ့ တူနေတယ်။ ဟန်ဆောင်များလွန်းလို့ သူတို့တကယ်အိပ်ချင်ယောင်ဆောင်နေတာများလားလို့တောင် ထင်မိတယ်"
ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။
"သဘောပေါက်ပြီ။ ဝိညာဉ်မီးအိမ်ကို လှည့်စားနိုင်တယ်။ တိုင်ပုဖန်ကိုလှည့်စားနိုင်တယ်။ ကိုယ်ရုပ်ခန္ဓာကိုယ်တောင် လှည့်စားနိုင်တယ်ပေါ့။... ရှောင်လု၊ ဒီပုံစံနဲ့ဆို ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေကိုတောင် မင်းအရူးလုပ်နိုင်လောက်တယ်"
လုယန်သေဟန်ဆောင်နေမှန်း ယွမ်ကျိအာရုံခံနိုင်သည်။ ဝိညာဉ်ခန္ဓာထဲတွင် အသက်ဓာတ်မှိန်မှိန်တစ်စ ဖုံးကွယ်ထားသည်ကို သူတွေ့သည်။ ကူးဖြတ်ခြင်းအဆင့်များပင် ထိုအသက်ဓာတ်ကို မြင်နိုင်မည်မဟုတ်။
"နတ်မယ်၊ ကျုပ်ကို ချီးကျူးမနေပါနဲ့ဦး။ မူလအခြေအနေပြန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါ"
နတ်မယ်၏ချီးကျူးစကားများထဲ လုယန်မျောပါမသွား။
"ရိုးရိုးလေးပါ။ နင့်ကိုယ်နင် ပူးကပ်လိုက်ရုံပဲလေ"
"ပူးကပ်ရမယ်...ဟုတ်လား"
လုယန် မြေပေါ်လဲလျောင်းနေသည့် သူ့အလောင်းသူ ငုံ့ကြည့်သည်။
"ဟုတ်တယ်လေ။ နင့်ကိုယ်နင်ပူးကပ်ရမှာပေါ့"
နတ်မယ်က လုဘန်အလောင်းကို လှည့်ပတ်ကြည့်ရင်း ပြန်ဖြေသည်။ သူ့လေသံက ကုန်ပစ္စည်းတစ်ခုရောင်းထုတ်ရန် ကြေညာနေသကဲ့သို့ စိတ်အားထက်သန်မှုအပြည့်ရှိသည်။
"နင့်ဝိညာဉ်က နင့်ရုပ်ခန္ဓာနဲ့ အလိုက်ဖက်ဆုံးပဲမဟုတ်လား။ သေချာကွက်တိတိုင်းတာပြီး ဖန်တီးထားသလိုပဲလေ။ နင့်ခန္ဓာကိုယ်ကို နင်ပူးကပ်ရင် ဘယ်လိုတွန်းကန်မှုမျိုးမှ ခံစားရမှာမဟုတ်ဘူး"
လုယန် "..."
ခင်ဗျားပြောတာ ယုတ္တိတော့ကျပါတယ်။ ဒါပေမယ့်ခင်ဗျား စကားဆက်မပြောပါနဲ့တော့လား...
အလောင်းပူးကပ်နည်းကို စနစ်တကျမသင်ဖူးသော်လည်း မကြာခဏပူးကပ်ခံနေရသူဖြစ်၍ နှစ်ကြိမ်သုံးကြိမ် စမ်းသပ်ပြီးနောက် သူတတ်သွားသည်။
မှော်စွမ်းအားကို အသက်သွင်းပြီး ရုပ်ခန္ဓာပေါင်းစပ်လိုက်သည်။ ပူးကပ်မှု အောင်မြင်သွားသည်။
နတ်မယ်က ဂုဏ်ယူနေသည့်လေသံဖြင့်ပြောသည်။
"ဟား၊ ငါဘာလို့ နင့်ကိုပူးကပ်တာ ဒီလောက်ကျွမ်းကျင်နေလဲဆိုတာ နင်အခုသိပြီမဟုတ်လား။ သေဟန်ဆောင်ပညာတိုးတက်အောင် လေ့ကျင့်ရင်းနဲ့ ကျွမ်းကျင်လာတာလေ"
နတ်မယ်၏ ဂုဏ်ယူဝင့်ကြွားစိတ်များ ဘယ်နေရာကလာသည်ကို လုယန်တွေးမရ။
"သေဟန်ဆောင်ပညာဆိုတာ ဒီလိုလုပ်ရတာလား"
ယွမ်ကျိ သူ့ဘာသာတီးတိုးရေရွတ်သည်။ ထို့နောက် မှော်ပညာကို အသက်သွင်းလိုက်သည်။ အင်ပါယာထိုင်ခုံပေါ်ထိုင်လျက်သားဖြင့် အသက်ဓာတ်များပျောက်ကွယ်သွားသည်။
ထိုခဏမှာပင် လေဟာနယ်ဂိတ်တံခါးတစ်ခု ပွင့်လာသည်။ ဖန်ဝူယာ ဝိညာဉ်မီးအိမ်တစ်လုံးကိုင်၍ ပြေးဝင်လာပြီး အခြေအနေကို အမြန်စစ်ဆေးသည်။
"ယွမ်ကျိဒုက္ခရောက်ပြီလား"
ရောက်ရောက်ချင်းမှာပင် အသက်ဓာတ်ကင်းမဲ့နေသည့် ထိုင်ခုံပေါ်မှယွမ်ကျိကို သူမြင်ရသည်။ ထို့ကြောင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချသည်။
"ဪ၊ သူက သေဟန်ဆောင်နေတာပဲ"
လုယန် အံ့အားသင့်သွားသည်။
"ဘိုးဘေးလည်း သေဟန်ဆောင်ပညာအကြောင်း သိတယ်ပေါ့"
ဖန်ဝူယာက သူ့စကားကို နားမလည်။
"ဘာသေဟန်ဆောင်ပညာလဲ"
"ဒါဆို အမယွမ်သေဆန်ဆောင်နေမှန်း ဘိုးဘေးဘယ်လိုရိပ်မိတာလဲ"
ဖန်ဝူယာက မျက်လုံးထောင့်ကပ်၍ကြည့်သည်။
"သူ့ကိုယ်ပေါ်မှာ ဒဏ်ရာမရှိဘူး။ တိုက်ခိုက်ထားတဲ့ ပုံစံမျိုးမရှိဘူး။ ကျင့်စဉ်လည်ပတ်မှု အမှားအယွင်းဖြစ်တဲ့ လက္ခဏာမျိုးလည်းမရှိဘူး။
ဒါကိုမှ သေဟန်ဆောင်တာမဟုတ်ဘူးဆိုရင် မင်းသတ်လိုက်တာ ဖြစ်နိုင်မှာလား"
**************************************