အခန်း (၈၉၈-၉၀၀)
Vol. 60 Ch. 898-900
အခန်း (၈၉၈) ဓားမျှော်စင်မှ ဖိတ်ခေါ်စာ
ယွမ်ကျိ၏ဝိညာဉ်မီးအိမ် မီးငြိမ်သွားစဉ်က ဖန်ဝူယာ အတော်တုန်လှုပ်သွားခဲ့သည်။
ယွမ်ကျိပင် သေသွားသည်ဆိုလျှင် ရန်သူ၏စွမ်းအားအဆင့်က ဘယ်လောက်တောင်မြင့်နေမည်မသိ။
သို့သော် သူရောက်လာချိန်တွင် ယွမ်ကျိက သေဟန်ဆောင်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။
"တော်သေးတာပေါ့"
ဖန်ဝူယာရှင်းပြသည်မှာ ယုတ္တိကျသည်ဟု လုယန်လည်းယူဆသည်။ အမယွမ်ကို အသံတိတ်သတ်ဖြတ်နိုင်သူသည် ခန့်မှန်းမရအောင် စွမ်းအားကြီးသူဖြစ်လိမ့်မည်။
အသံတိတ်သတ်ဖြတ်နိုင်သူ...
ထိုစကားလုံးကို ကောင်းကောင်းရင်းနှီးနေသလို ခံစားရသည်။
သိစိတ်နယ်မြေတွင် ပုန်းအောင်းနေသည့် နတ်မယ်ကို ချက်ချင်းမေးသည်။
"နတ်မယ်။ အရင်က သေဟန်ဆောင်ပညာသုံးနေတုန်း ခင်ဗျားအလစ်တိုက်ခိုက်ခံခဲ့ရတာတော့ မဟုတ်ဘူးမို့လား"
"မဖြစ်နိုင်ပါဘူး။ ငါ့သေဟန်ဆောင်ပညာက အရမ်းပြည့်စုံတယ်လေ။ အကြောင်းမရှိဘဲ ငါဘာလို့သုံးမှာလဲ။ ပြီးတော့ အဲဒီ့အချိန်က ဖြစ်ခဲ့တာတွေကို ငါမမှတ်မိဘူး။ ငါ့မှတ်ဉာဏ်တွေ ရှုပ်ထွေးနေတယ်။
သေဟန်ဆောင်ပညာနဲ့မပတ်သက်တဲ့ တစ်ခြားကိစ္စတစ်ခုခု ဖြစ်ခဲ့တယ်ထင်တယ်"
လုယန် ထိုစကားကိုလက်ခံလိုက်သည်။ သေဟန်ဆောင်ပညာသည် မေ့မျောသွားခြင်းမျိုးမဟုတ်။
"သူ့ကိုဘယ်လိုပြန်နှိုးရမလဲ"
ယွမ်ကျိသေဟန်ဆောင်နေမှန်းသိသ်ောလည်း ယွမ်ကျိ၏ မလှုပ်မယှက်ပုံစံကိုကြည့်၍ ဖန်ဝူယာစိုးရိမ်နေဆဲဖြစ်သည်။
"ကျုပ်အတွေ့အကြုံအရတော့ ဘိုးဘေးသူ့ကိုတိုက်ခိုက်ရင် သူသိစိတ်အာရုံအလိုလိုပွင့်ပြီး နိုးလာပါလိမ့်မယ်"
ပင်လယ်တာအိုသခင် ခဏအသံတိတ်သွားသည်။ ထိုတာဝန် အတော်ခက်ခဲကြောင်း ရိပ်စားမိသည်။
အနီးအနားတွင် တစ်ခြားလူရှိမရှိ လှည့်ပတ်ကြည့်သည်။ လုယန်တစ်ယောက်သာရှိသည်။
တစ်ခြားသူကိုခိုင်းသည်ထက်စာလျှင် သူကိုယ်တိုင်လှုပ်ရှားသည်က ပိုအဆင်ပြေနိုင်ခြေရှိသည်။ ထို့ကြောင့် သူအံတင်းတင်းကြိတ်လိုက်သည်။
"ငါစမ်းကြည့်မယ်ကွာ"
သူ့ရင်ဘတ်တွင် သလင်းရောင်အလုံးတစ်လုံးပေါ်လာသည်။ ပန်းသီးနှင့်တူသည်။ အရောင်အဆင်းကိုခွဲခြားမရ။ လျင်မြန်သည့်အရှိန်ဖြင့် လည်ပတ်နေသည်။
လေဟာနယ်အရိယဖလသန္ဓေ။
အဆုံးစမဲ့လေဟာနယ်စွမ်းအားများ သူ့လက်ဝါးထဲတွင် စုဝေးလာသည်။ မိုးမြေကိုဖြိုခွဲနိုင်လောက်သည်။ လေဟာနယ်တစ်ခုလုံး လှုပ်ရှားလာသည်။ ဘေးတွင်ရပ်နေသည့်လုယန်ပင် ကြည့်နေရုံဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလို ခံစားရသည်။
အင်ပါယာထိုင်ခုံတွင် ထိုင်နေသည့်ယွမ်ကျိ ဖြေးညှင်းစွာမျက်လုံးပွင့်လာပြီး ပင်လယ်တာအိုသခင်ကို တစ်ချက်ကြည့်သည်။
"သူနိုးလာပြီလား"
ပင်လယ်တာအိုသခင် လက်နှစ်ဘက်ဝှေ့ယမ်း၍ လေဟာနယ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။
စွမ်းအားအကြီးဆုံးဖြစ်သည့် သူ့တိုက်ကွက်က ယွမ်ကျိကို တကယ်ခြိမ်းခြောက်နိုင်ခဲ့သည်။ သူထိုမျှစွမ်းအားကြီးကြောင်း ကိုယ့်ကိုယ်ကိုနားမလည်ခဲ့ခြင်းဖြစ်လိမ့်မည်။
"အမယွမ်၊ ဘယ်လိုခံစားရလဲ"
လုယန် အမြန်ရှေ့တက်သွားပြီးမေးသည်။
ယွမ်ကျိ ခဏတွေဝေနေပြီး ပြန်ပြောသည်။
"ငါ့အင်္ကျီတွေ ပျက်စီးတော့မလို ခံစားရလို့ နိုးလာတာ။ ဘာဖြစ်သွားတာလဲသိလား ရှောင်လု"
ပင်လယ်တာအိုသခင် "..."
ချောင်းနှစ်ချက်ဟန့်သည် လုယန်ကို ဖြစ်ခဲ့သည့်အခြေအနေထုတ်မပြောဖို့ မျက်လုံးဖြင့်အချက်ပြသည်။ ထို့နောက် လေဟာနယ်လမ်းကြောင်းတစ်ခုဖွင့်ပြီး အမြန်ထွက်ပြေးသည်။
.....
နောက်ထပ်အချိန်ဆယ့်ငါးရက် ချက်ချင်းကုန်လွန်သွားသည်။ လုယန် ဇွဲကောင်းကောင်းဖြင့် ကျင့်စဉ်ဝင်နေသည်။ လုံးဝရေသာမခိုပဲ ကျင့်ကြံနေသည်။
"ရှောင်လု၊ မင်းဆီကို စာတစ်ဆောင်လာတယ်"
လုယန် မော့ကြည့်သည်။ သူ့ကိုလာပြောသူက ကန်ထန်ဖြစ်နေသည်။
"စာ..ဟုတ်လား"
"အင်း...ငါတောင်ပေါ်ကဆင်းလာတော့ မင်းကိုလာရှာတဲ့ ဂိုဏ်းတပည့်တစ်ယောက်နဲ့တွေ့တယ်။ ဓားမျှော်စင်ကနေ မင်းဆီပို့လိုက်တဲ့စာလို့ပြောတယ်။ လမ်းကြုံနေလို့ ငါယူလာတာ"
"ဓားမျှော်စင်ကစာ"
လုယန် နည်းနည်းစိတ်ဝင်စားလာသည်။ ဓားမျှော်စင်နှင့် သူသိပ်ပြီး အဆက်အဆံမရှိ။ သို့သော် သူ့ဆရာ၏မျိုးဆက်များချင်း အတော်ပတ်သက်ခဲ့ဖူးသည်။
စာအိတ်ပေါ်တွင် ကောင်းကင်ကိုထိုးခွဲနေသည့် ဓားပုံတစ်ခုပါသည်။ ဓားမျှော်စင်၏အမှတ်အသားဖြစ်သည်။ ဓားမျှော်စင်တပည့်တိုင်း ရင်ဘတ်တွင် ထိုတံဆိပ်မျိုးထိုးထားကြသည်။ ဓားမျှော်စင်အဓိပဓိကိုယ်တိုင် ဒီဇိုင်းထွင်ခဲ့သည့်ပုံဟု ဆိုကြသည်။
"အင်း...ဓားမျှော်စင်က နှစ်တစ်ရာပြည့် ဓားပွဲတော်ကျင်းပတော့မှာမို့ တစ်လောကလုံးက ပါဝင်ယှဉ်ပြိုင်ချင်တဲ့ ဓားကျင့်ကြံသူအားလုံးကို ဖိတ်ခေါ်ထားတဲ့စာပဲ"
"အဲ...ဓားပွဲတော်။ ဟုတ်သားပဲ။ သတ်မှတ်ချက်အရဆို အခုနှစ်ပိုင်းလောက်မှာ ကျင်းပကြလိမ့်မယ်"
ဓားပွဲတော်သည် ဓားမျှော်စင်၏ ဓားပညာအဆင့်အတန်းကို ပြသသည့် နာမည်ကျော်ပွဲတော်တစ်ခုဖြစ်သည်။ မဟာရှား၊ အရှေ့ပင်လယ်၊ နတ်ဆိုးနယ်မြေနှင့် ဗုဒ္ဓနိုင်ငံမှ ဓားကျင့်ကြံသူများ တက်ရောက်လေ့ရှိသည်။ စိတ်လှုပ်ရှားပျော်ရွှင်ရသည့် ပွဲတော်တစ်ခုဖြစ်သည်။ ဓားကျင့်ကြံသူတိုင်း တစ်သက်တွင် အနည်းဆုံးတစ်ခါတော့ အတွေ့အကြုံယူသင့်သည် ပွဲတစ်ခုဖြစ်သည်။
"အချိန်ကိုက်ပဲ။ မိန်ယွဲ့ဓားက ကျုပ်လက်ရှိကျင့်စဉ်အဆင့်ကို လိုက်မမီတော့ဘူး။ ဓားမျှော်စင်ကို သွားလည်ရမယ်။ အဲဒီ့မှာ ဓားကောင်းတွေရောင်းလောက်တယ်"
မိန်ယွဲ့ဓားသည် ချီလင်မသေမျိုးပိုင်ဆိုင်သည့် မသေမျိုးအဆင့်ဓားစက်ဝန်းကိုအသုံးပြု၍ သွန်းလုပ်ထားခြင်းဖြစ်သည်။ သို့သော် ယင်ထန်၏အကြံဉာဏ်ကြောင့် ချီလင်မသေမျိုးက ထိုဓားကို မသေမျိုးရွှေဖြင့်ဖန်တီးခဲ့သည်။ ဓားစက်ဝန်းတွင့်သုံးသည့် ပစ္စည်းများက သာမန်သာဖြစ်သည်။ ယခု လုယန်၏ကျင့်စဉ်အဆင့် များစွာတိုးတက်လာသည်။ အားအပြည့်ထုတ်သုံးလျှင် ထိုဓားသည်ခံနိုင်ရည်မရှိလောက်။
ယွမ်ကျိကို ဓားကောင်းတစ်လက်ရှာပေးဖို့ တောင်းဆိုလျှင်လည်းရပါသည်။ သို့သော် အရာအားလုံး ယွမ်ကျိအပေါ် သူအားမကိုးချင်။
သူစုဆောင်းထားသည့် ကုန်ကြမ်းပစ္စည်းများဖြင့် လီဟော်ရန်ကို ဓားကောင်းတစ်လက်သွန်းလုပ်ပေးရန် အကူအညီတောင်းလည်းရသည်။ သို့သော် လီဟော်ရန်ရှေ့တွင် သူ့ကျင့်စဉ်တိုးတက်မှုအကြောင်း မကြာခဏကြွားလုံးထုတ်ခဲ့မိသဖြင့် အကူအညီတောင်းရမည်ကို မလုံမလဲဖြစ်နေသည်။
"ခရီးထွက်ပြီး တိုက်နယ်ပေါင်းစုံက ဓားပညာရှင်တွေနဲ့ ပညာဖလှယ်ကြည့်ရမှာပေါ့"
တစ်ချိန်လုံး ဂိုဏ်းတွင်းအောင်းပြီး ကျင့်ကြံနေရသည်က အတော်ငြီးငွေ့စရာကောင်းသည်။ ယခု အပြင်ထွက်ဖို့ အခွင့်အရေးတစ်ခု ရလာသည်။
ဓားပွဲတော်နေ့ရောက်ဖို့ အချိန်တစ်လလိုသေးသည်။ အချိန်လည်း လုံလောက်သည်။ ဓားမျှော်စင်က ရှုပြည်နယ်တွင် တည်ရှိသည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် အတော်ဝေးသည်။ မဟာရှားတစ်ဝက်စာခရီးဖြစ်သည်။ စောစောကြိုသွားမှ ပိုကောင်းမည်ထင်သည်။
လမ်းခရီးတွင် ပြဿနာများကြုံနိုင်စရာရှိသဖြင့် စောစောကြိုထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
မထွက်ခွာမီ သူ့ပစ္စည်းများကို သေချာစစ်ဆေးသည်။ အားဖြည့်ဆေး၊ မဟာစွမ်းအင်ဖြည့်ဆေး၊ ချင်ဖုန်းဓား၊ ခုနစ်စဉ်ကြယ်ဓားစု၊ ဝိညာဉ်ကျောက်၊ နတ်မယ်...
"အားလုံးပြည့်စုံပြီ။ ခရီးထွက်ဖို့ အချိန်ကျပြီ"
ဓားမျှော်စင်သည်ခရီးသည် ဝိညာဉ်ပြောင်းအဆင့်များ မရပ်မနားပျံသန်းဖို့ ဝေးကွာလွန်းသည်။ ထို့ကြောင့် လုယန် အရှိသိပ်မမြန်သည့် လှေပျံကိုသာရွေးချယ်သည်။ အားစိုက်ရသက်သာသည်။ သက်တောင်သက်သာပိုရှိသည်။
လှေပျံပေါ်တွင် မိသားစုတစ်ခုမှ မိန်းကလေးငယ်တစ်ယောက် လုယန်ထိုင်သည့်ထိုင်ခုံကို သဘောကျသည်ဟုကြေညာ၍ ထိုနေရာကိုယူဖို့ ဝိညာဉ်ကျောက်များဖြင့် အလဲအလှယ်လုပ်သည်။ ထိုအချိန်တွင် ရဲတင်းသည့်လူငယ်တစ်ယောက် ရှေ့ထွက်လာသည်။ အဆင့်အတန်းအားကိုး၍ မောက်မာရိုင်းစိုင်းပြီး သူ့တစ်ပါးကိုအနိုင်ကျင့်သူဟု မိန်းကလေးကို ဝေဖန်ပြစ်တင်သည်။
သူ့စကားကို ခွန်းတုံ့မပြန်နိုင်သဖြင့် မိန်းကလေးက သူ့သက်တော်စောင့်နှစ်ယောက်ကို သင်ခန်းစာပေးခိုင်းသည်။ သို့သော် ကျင့်စဉ်အားနည်းပုံပေါ်သည့် ထိုလူကယ်က မထင်မှတ်ဘဲ တိုက်ခိုက်စွမ်းရည် အလွန်ကောင်းနေသည်။ သက်တော်စောင့်နှစ်ယောက်ကို အလွယ်တကူ အနိုင်ယူသည်။ မောက်မာသည့်မိန်းကလေး၏ တင်ပါးကိုပင် ရိုက်နှက်ဆုံးမသည်။
မိန်းကလေးက ရှက်စိတ်ကြောင့် ပါးနှစ်ဘက်နီရဲလာသည်။ လူငယ်အပေါ် အကြည့်ပြောင်းသွားသည်။ ထိုသို့ကိုယ်ထိလက်ရောက် စော်ကားခံရသည့်အဖြစ်မျိုး တစ်ခါမှမကြုံဖူး။
သိပ်မကြာမီ လှေပျံက မြို့တော်ကြီးတစ်ခုတွင် ဆိုက်ကပ်သည်။ နယ်ခံအစိုးရရုံးတော်က မိန်းကလေးနှင့် သက်တော်စောင့်နှစ်ယောက်ကို အများပြည်သူနှောက်ယှက်မှုဖြင့် ဖမ်းဆီးသည်။ လူငယ်ကို ကာဣန္ဒေပျက်ပြားစေမှုဖြင့် ဖမ်းဆီးသည်။
နောက်ပိုင်း လုယန်သိရသည်။ ထိုမိန်းကလေးနှင့် ထိုလူငယ်သည် လက်ထပ်ရန် စီစဉ်ထားသူများဖြစ်သည်။ မိန်းကလေးက တစ်ခါမှမမြင်ဖူးသည့် သတို့သားလောင်းသူဌေးကို လာတွေ့ခြင်းဖြစ်သည်။ လူငယ်ကလည်း တစ်ခါမှမတွေ့ဖူးသည့် လူချမ်းသာအမွေခံမိန်းကလေးကို လာတွေ့ခြင်းဖြစ်သည်။
လှေပျံပေါ်တွင် အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်လည်း လိုက်ပါလာသည်။ နှစ်ယောက်လုံး ဟောင်းနွမ်းသည့် တာအိုဝတ်စုံများ ဝတ်ထားသည်။ အဘိုးအို၏ခါးတွင် ဝိုင်အိုးတစ်လုံးချိန်ထားသည်။ လမ်းလျှောက်လျှင် ယိမ်းထိုးနေသည်။ အနံ့အသက်များ နံစော်နေသည်။ ရေမချိုးဘဲ ရက်အတော်ကြာနေခဲ့ပုံပေါ်သည်။
ဝိုင်နံ့နှင့်ချွေးနံ့များ ရောယှက်နေသည်။ တာအိုလူငယ်က အဘိုးအိုကို 'ဆရာ'ဟုခေါ်၍ နောက်မှအမီလိုက်သည်။ အနံ့ဆိုးသည့် အဘိုးအိုကို ခရီးသည်များ နှာခေါင်းပိတ်၍ ရွံရှာသည့်အကြည့်ဖြင့် ကြည့်ကြသည်။ သို့သော် အဘိုးအိုက ဘယ်သူ့ကိုမှအရေးမစိုက်ဘဲ သူ့လောကသူ သာယာနေသည်။
နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့် ခရီးသည်တစ်ယောက်က အဘိုးအိုကို သင်ခန်းစာပေးရန်ဆုံးဖြတ်လိုက်သည်။ ဆင်းရဲသားပုံပေါက်နေသည့် ထိုအဘိုးအိုသည် စုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်မှန်း လုံးဝသတိမထားမိ။ သေမျိုးလောကအတွေ့အကြုံကို ခံစားနေသူဖြစ်သည်။
သို့သော် သင်ခန်းစာပေးသည့် ခရီးသည်ကလည်း စုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်နေသည်။ သူလည်း လောကီကျင့်ကြံသူဖြစ်သည်။ သိပ်မကြာမီ သူတို့နှစ်ယောက် တိုက်ခိုက်ကြသည်။
လုယန်က လူငယ်တာအိုရှင်နားသို့သွား၍ ဆရာသစ်ရှာလိုလျှင် လူအများလေးစားကြသည့် တာအိုလမ်းစဉ်ဂိုဏ်းသို့ လာနိုင်ကြောင်းပြောသည်။
တိုက်ပွဲပြီးဆုံးပြီးနောက် အခန်းတွင်းလေထုက သိပ်မကောင်းသဖြင့် အပိုကြေးပေးပြီး အထူးခန်းငှားစီးဖို့ လုယန်ဆုံးဖြတ်လိုက်သည်။
သိပ်မကြာမီ အထူးခန်းမှ ဝမ်းနည်းစရာသတင်းကြားရသည်။ ညဘက်တွင် လူတစ်ယောက်အသတ်ခံရသည်။ အတူစီးနင်းသည့် အထူးခန်းခရီးသည့်ဆယ့်နှစ်ယောက် အလီဘိုင်ကိုယ်စီပြနိုင်ကြသည်။ တရားခံကို လုံးဝမဖော်ထုတ်နိုင်ကြ။
ထို့ကြောင့် အထူးခန်းပြောင်းမစီးတော့ဖို့ လုယန်တွေးလိုက်သည်။
***********************************
အခန်း (၈၉၉) မင်းဘယ်သူလဲ
လုယန်ဘေးတွင် ထိုင်နေသည့် ကောင်လေးတစ်ယောက်က စိတ်ဝင်စားဟန်ဖြင့် ခေါင်းထောင်လာသည်။
"လူသတ်မှုလား။ ကျုပ်ဇာတိမြို့မှာ ခက်ခဲတဲ့အမှုတစ်ချို့ ကျုပ်ဖြေရှင်းခဲ့ဖူးတယ်။ ဒီအမှုကို ဖော်ထုတ်နိုင်မလား ကျုပ်ကြိုးစားကြည့်မယ်လေ"
ခရီးသည်ခန်းထဲတွင်သာမဟုတ်။ လှေပျံတစ်စီးလုံး ဖုန်းရွှေညံ့ဖျင်းသလို ဖြစ်နေသည်။ ထို့ကြောင့် လှေပျံပေါ်မှဆင်းပြီး ဓားမျှော်စင်ဆီ ကိုယ့်ဘာသာပျံသန်းဖို့ လုယန်ဆုံးဖြတ်လိုက်သည်။ ကျန်သည့်လှေပျံလက်မှတ်ဖိုးကို အဆုံးရှုံးခံလိုက်သည်။
သို့သော် သူပျံသန်းရာလမ်းတစ်လျှောက်တွင် ပြဿနာတစ်ချို့နှင့် ကြုံရပြန်သည်။ နှစ်တစ်ထောင်တွင် တစ်ခါပွင့်သည့် လျှို့ဝှက်မြေထဲသို့ကျသည်။ မိဘပေးစားသူကို လက်မထပ်လို၍ ထွက်ပြေးလာသည့် လူချမ်းသာမိန်းကလေးတစ်ယောက်နှင့်တွေ့သည်။ ထိုမိန်းကလေးက လုယန်ကို ဒိုင်းကာအဖြစ်အသုံးချသည်။
နောက်ထပ်တစ်ခြားပြဿနာလေးများကြောင့် လဝက်နှင့်ရောက်ရမည့်ခရီးက တစ်လကြာမှ ရောက်သွားသည်။ ပွဲတော်ချိန် မီသည်ဆိုရုံသာဖြစ်သည်။
ရှုပြည်နယ်၏ စိုစွတ်ထိုင်းမှိုင်းသည့် လေထုကိုခံစားရင်း သူညည်းမိသည်။
"စောစောထွက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဓားပွဲတော်ကို အချိန်မီရောက်မှာမဟုတ်ဘူး"
"...တကယ်လို့ နင်တစ်ရက်လောက်နောက်ကျပြီး ထွက်လာရင် ဒီပြဿနာတွေနဲ့ မကြုံရလောက်ဘူးမဟုတ်လား"
နတ်မယ်က သုံးသပ်သည်။
"ဟုတ်တယ်။ နောက်နှစ်တစ်ရာကြာလို့ ဓားပွဲတော်ထပ်ကျင်းပရင် တစ်ရက်နောက်ကျပြီးမှ ထွက်မယ်"
လုယန်သည် အတွေးစေ့စပ်သူဖြစ်သည်။ အမြဲတမ်းစမ်းသပ်လေ့လာနေသည်။ ဖြစ်နိုင်ခြေများကို ထည့်တွက်သည်။ တစ်ခုချင်းစီ ပြောင်းလဲပြုပြင်သည်။
ဓားပွဲတ်ောသည် ကျင့်ကြံမှုလောက၏ အရေးပါသည့်ပွဲတော်ဖြစ်သည်။ မဟာရှားအပြင် တစ်ခြားတိုက်နယ်မှကျင့်ကြံသူများစွာ ရောက်လာသည်။ ရှုပြည်နယ်အရာရှိများက ထိုပွဲတော်ကို အတော်အလေးထားသည်။ ထိုပွဲတော်ဖြင့် ဓားကျင့်ကြံသူတစ်ချို့ကို ရှုပြည်နယ်တွင်နေဖို့ ဆွဲဆောင်နိုင်လျှင် သူတို့ပြည်နယ်အတွက် ထူးခြားသည့်စွမ်းဆောင်မှုတစ်ခု ဖြစ်လာမည်။
ရထားပျံများ လူကြိုက်များလာကတည်းက ဓာကျင့်ကြံသူအတော်များများ ဓားပျံမစီးဘဲ ရထားပျံပြောင်းစီးလာကြသည်။ ရှုပြည်နယ်ထဲဝင်လိုက်သည်နှင့် သူနှင့်အတူပျံသန်းနေသည့် ရထားပျံများစွာတွေ့ရသည်။
ကျင့်ကြံသူတစ်ချို့က ပျံသန်းနေရင်း သူ့ကိုပင် လှည့်ကြည့်သွားကြသည်။
ဓားဆေးကန်ဖြင့် ပျံသန်းသူကို သူတို့မမြင်ဖူးသဖြင့် အထူးအဆန်းကြည့်ကြခြင်းဖြစ်သည်။
ထိုကျင့်ကြံသူများ၏ မယဉ်ကျေးသည့်အပြုအမူကို လုယန်အရေးမစိုက်ပါ။ ထိုရထားပျံများ၏ မူပိုင်ခွင့်က သူ့လက်ထဲတွင်ရှိနေသည်။ ထိုကျင့်ကြံသူများသည် သူ့ကို ဝိညာဉ်ကျောက် ပုံမှန်ပေးနေသူများဖြစ်သည်။ ထို့ကြောင့် ဧည့်သည်အဖြစ် သူသဘောထားသည်။
အသားကင်ဆိုင်ဖွင့်သည့်အချိန်မှစ၍ ဧည့်သည်များအပေါ် သူအမြဲအလေးပေးဆက်ဆံခဲ့သည်။
"ဟော့ပေါ့သွားစားဦးမှပဲ"
သွားလိုသည့်နေရာသို့ ရောက်လာပြီဖြစ်၍ စိတ်လောစရာမလိုတော့။ ဒေသအစားအသောက်များကို မြည်းစမ်းကြည့်ဦးမည်။ ထိုသို့မလုပ်လျှင် ရှုပြည်နယ်ခရီးစဉ် အချည်းအနှီးဖြစ်သွားမည်။
ထိုအကျင့်ကို ယွမ်ကျိထံမှ သူသင်ယူခဲ့ခြင်းဖြစ်သည်။
ရှုပြည်နယ်တွင် ဟော့ပေါ့ဆိုင်များ အလွန်ပေါများသည်။ တစ်ဆိုင်ချင်းစီက အရသာထူးခြားကောင်းမွန်ကြောင်း၊ နှစ်ပေါင်းထောင်ချီ နာမည်ကျော်ခဲ့သည့်ဆိုင်ဖြစ်ကြောင်း ကြေညာထားသည်။
ဟော့ပေါ့ဆိုင်ပြည့်နေသည့်လမ်းပေါ်တွင် အသားကင်ဆိုင်က တစ်ခုတည်း ရပ်တည်နေသည်။ ရသာသုံးမျိုးမီးတောက်၊ သန့်စင်ယန်မီးတောက်တို့နှင့် ပေါင်းစပ်အသုံးပြုသည့် အရိုင်းမျိုးနွယ်၏ အသားကင်နည်းက ဘယ်လောက်အဆင့်မြင့်ကြောင်း သက်သေခံနေသည်။
အမဲဝမ်းပျဉ်းသား၊ အမဲသား၊ ငါးခူ၊ ဘဲသွေး၊ ပဲပြား...စားပွဲပေါ်တွင် တွဲဖက်စားသောက်စရာ ဟင်းပွဲငယ်များ ပြည့်လျှံနေသည်။ လုယန်က စိတ်ကြိုက်ဟင်းခတ်အမွှေးအကြိုင်များ ထပ်ဖြည့်သည်။ အမွှေးနံ့များ ဝေ့ဝဲတက်လာသည်။
"ဒီမှာရှင့်၊ ရှင်မှာထားတာတွေက အများကြီးပဲ။ တစ်ယောက်တည်းကုန်အောင် မစားနိုင်လောက်ပါဘူး။ ကျွန်မရော နည်းနည်းစားလို့ရမလား"
သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် မိန်းကလေးတစ်ယောက် လုယန်စားပွဲရှေ့တွင် လာရပ်သည်။ သူ့လေသံက နည်းနည်းတုံ့ဆိုင်းနေသည်။ သူ့မျက်လုံးက အငွေ့တထောင်းထောင်းထနေသည့် ဟော့ပေါ့ကိုစိုက်ကြည့်နေသည်။
လုယန် မော့ကြည့်သည်။ အတော်လှသည့်မိန်းကလေးတစ်ယောက်ဖြစ်သည်။ ရုပ်ရည်သွင်ပြင်က ညီမထောင်နှင့် တန်းတူအဆင့်ရှိသည်။ ကိုယ်လုံးကိုယ်ဖန် ပိုလှသည်။ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်တို့ သူ့နေရာသူရှိနေသည်။ သို့သော် တစ်ခုတည်းသောပြဿနာက ထိုမိန်းကလေးကို သူမသိ။
ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ထိုအစားအသောက်အားလုံး ကုန်အောင်စားနိုင်ကြောင်း ပြောလိုက်ချင်သည်။ သို့သော် မိန်းကလေး၏ သနားကမားမျက်နှာကြောင့် သူစိတ်ပျော့သွားသည်။
"ဒါဆို လာထိုင်လေ"
လုယန် ဆိုင်ရှင်ကို လှမ်းခေါ်သည်။
"ဆိုင်ရှင်၊ နောက်ထပ်တူတစ်စုံနဲ့ အချဉ်ရည်တစ်ခွက်ပေးပါ"
လုယန် သက်ပြင်းချလိုက်သည်။ လောင်မုန်ပါမလာ၍ သူဝမ်းသာရသည်။ မဟုတ်လျှင် သူ့ကံဇာတာ ပြောင်းလဲသွားနိုင်သည်။
"ကျေးဇူးတင်ပါတယ်"
မိန်းမလှက ကျေးဇူးတင်စကားဆိုသည်။
"မင်းဘယ်မိသားစုကလဲ။ အိမ်ကထွက်ပြေးလာပြီး ငွေယူလာဖို့ မေ့ခဲ့လို့လား"
လုယန် ပြုံး၍မေးသည်။ မိန်းကလေးက ငွေတစ်ပြားမှရှိပုံမပေါ်။ သို့သော် ဝတ်ထားသည့်အဝတ်အစားများက အတော်တန်ဖိုးကြီးသည်။ လူချမ်းသာမိသားစုဝင်ဖြစ်ကြောင်း သက်သေခံနေသည်။
အိမ်မှခိုးထွက်လာရသဖြင့် ငွေယူလာဖို့ မေ့သွားခြင်းဖြစ်မည်။
ထိုအဖြစ်မျိုး လုယန်အရင်က ကြုံဖူးပါသည်။ တစ်ခါက လူချမ်းသာမိန်းကလေးတစ်ယောက် သူတောင်းစားဟန်ဆောင်၍ ငွေမရှိဘဲ လှေပျံပေါ်တက်လာသည်။ ကုန်သည်းများက သူ့ကိုတွေ့သည်။ စိတ်နှလုံးကောင်းသည့် လူငယ်တစ်ယောက်က သူ့အတွက် လှေပျံခရှင်ပေးသည်။
လုယန် နားလည်မှုလွဲနေသဖြင့် မိန်းကလေးက အမြန်ရှင်းပြသည်။
"မဟုတ်ဘူး..ငွေယူဖို့ မေ့လာတာမဟုတ်ပါဘူး။ အပြင်လောကမှာ ငွေသုံးရတယ်ဆိုတာ ကျွန်မမေ့သွားလို့ပါ။ ကျွန်မနေတဲ့နေရာမှာ ငွေလုံးဝမသုံးဘူး"
"မင်းမိသားစုက မင်းကိုကောင်းကောင်းဂရုစိုက်ထားပုံပဲ။ ဒီတော့ ပုံမှန်ဆို မင်းငွေသုံးစရာမလိုဘူးပေါ့"
လုယန် ပုံမှန်အတိုင်း စနောက်လိုက်သည်။
"ကဲ စားကြရအောင်"
ထိုစကားကြားသည်နှင့် မိန်းကလေးက လုယန်လှုပ်ရှားပုံကို အတုခိုး၍ ငရုပ်ကောင်းဖြူးထားသည့် အမဲ့သားတုံးကို ကျင်လည်စွာကောက်ယူသည်။ အချဉ်ရည်ထဲနှစ်ပြီး ပါးစပ်ထဲထည့်သည်။ အတော်အရသာတွေ့သည့်အမူအရာမျိုး ပေါ်လာသည်။
သူ့ကိုကြည့်၍ လုယန်ရယ်လိုက်သည်။
"မင်းနောက်နေတာလား။ ဒါမျိုး တစ်ခါမှမစားဖူးဘူးလား"
ဟော့ပေါ့က တကယ်အရသာရှိပါသည်။ သို့သော် မျက်လုံးမှေး၍ အရသာခံရလောက်သည့် အဆင့်ထိတော့မဟုတ်။
လုယန်စကားကြောင့် မိန်းကလေး၏ပါးနှစ်ဘက် နီရဲလာသည်။ ရှက်ကိုးရှက်ကန်းပြုံးသည်။
"ဟုတ်တယ်။ ဒါမျိုးတွေ တစ်ခါမှမစားဖူးဘူး။ ဒီလိုဟာတွေစားချင်လို့ အိမ်ကထွက်လာတာလေ။ တကယ်အရသာရှိတာပဲ"
မိန်းကလေးက ဟော့ပေါ့ကို တကယ်ကြိုက်ပုံရသည်။ သူ့အမူအရာကြောင့် သူတို့နှစ်ယောက်စားနေသည့်ဟော့ပေါ့ချင်းပင် တူပါလေစဟု လုယန်သံသယဝင်မိသည်။ လမ်းသွားလမ်းလာများက မိန်းမလှတစ်ယောက် မြိန်ရေရှက်ရေ စားသောက်နေပုံကိုကြည့်၍ သသောခွေ့သွားသဖြင့် ဆိုင်ထဲသို့ ဝင်လာကြသည်။
စည်ကားနေသည့် ဟောပိုင်ဆိုင်ထဲတွင် လူများပို၍ ပြည့်ကြပ်သွားသည်။
နှစ်ယောက်သား အားပါးတရစားကြသည်။ အချိုပွဲအဖြစ် ရေခဲဖျော်ရည်ခွက်နှစ်လုံးဖြင့် အဆုံးသတ်ကြသည်။
"ဆိုင်ရှင်၊ နောက်ထပ် ဟော့ပေါ့အစာစုံနှစ်ပွဲ ထပ်ပေးပါ။ ပြီးရင်ငွေရှင်းမယ်"
"ဘာလို့ ဟော့ပေါ့စာတွေ ထပ်မှာတာလဲ။ ရှင်ထပ်စားနိုင်သေးလို့လား"
မိန်းကလေးက တအံ့တဩမေးသည်။
လုယန် ပြုံး၍ခေါင်ခါသည်။
"တခါတည်း ဘယ်စားနိုင်မယ်။ ငါ့အမကြီးစားဖို့ ဝယ်သွားမလို့ပါ"
အမယွမ်သည် နေရာသစ်တစ်ခုသို့ရောက်တိုင်း ဒေသစာများမြည်းစမ်းပြီးနောက် ပါဆယ်နည်းနည်းဝယ်သွားတတ်သည်။
"ငါက ခဏနေရင် ဓားမျှော်စင်ကိုသွားမှာ။ မင်းရော ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ထိုမိန်းကလေးအတွက် လုယန် နည်းနည်းစိတ်ပူမိသည်။ သူ့မိသားစုက သူ့ကိုဘယ်လိုကာကွယ်စောင့်ရှောက်ထားမှန်းမသိ။ ဘယ်လိုခိုးထွက်လာမှန်းလည်း မသိ။
အတော်ရိုးရိုးအအပုံစံဖြစ်သည်။ အခြေခံဗဟုသုတလောက်ပင်မရှိ။ ထို့ပြင် အတော်လည်းလှသည်။ ဤနေရာတွင် တစ်ယောက်တည်းချန်ထားခဲ့လျှင် တစ်ခုခုဖြစ်မည်စိုးသည်။
မိန်းကလေးက ခဏစဉ်းစားသည်။ အပြင်လောကအကြောင်း သူသိပ်မသိ။ လုဘန်ကလည်း လူကောင်းတစ်ယောက်ဖြစ်ပုံရသည်။ အရေးတကြီးလုပ်စရာလည်းမရှိသဖြင့် ကျယ်ပြန့်သည့်အပြင်လောကအကြောင်း လေ့လာရန် အတူလိုက်သွားဖို့ သူဆုံးဖြတ်လိုက်သည်။
"ကျွန်မ ရှင်နဲ့အတူလိုက်ခဲ့လို့ရလား"
မိန်းကလေးက မဝံ့မရဲမေးသည်။
"ရပါတယ်။ ဒါပေမယ့် ဓားပွဲတော်ပြီးရင်တော့ ငါမင်းကို အိမ်ပြန်ပို့ရလိမ့်မယ်"
ထိုမိန်းကလေး သူ့နောက်သို့ ဦးတည်ရာမဲ့ တစ်ကောက်ကောက်လိုက်နေသည့်အဖြစ်မျိုးတော့ သူလက်မခံနိုင်။
သိစိတ်နယ်မြေတွင် ဒုက္ခပေးနေသည့် ဂြိုလ်ဆိုးတစ်ယောက် ရှိပြီးဖြစ်သည်။ နောက်တစ်ယောက် ထပ်လက်မခံနိုင်။
"ဒါဆို ကျေးဇူးတင်ပါတယ်ရှင်"
မိန်းကလေးက ချက်ချင်းစိတ်အားတက်ကြွလာသည်။
"ဒါနဲ့...ငါတို့စကားပြောနေတာကြာလှပြီ။ မင်းနာမည်ကို အခုထိမသိသေးဘူး။ မင်းကိုဘယ်လိုခေါ်ရမလဲ။ ငါ့နာမည်ကလုယန်ပါ"
ကျင့်ကြံသူများကြားတွင် နာမည်ကျော်ကြားသည့် သူ့နာမည်ကို လုယန် ကြေငြာသည်။
သို့သော် သူထင်ထားသလို မိန်းကလေးမျက်နှာတွင် အံ့ဩရိပ်မျိုး ပေါ်မလာ။ သူ့နာမည်ကို တစ်ခါမှကြားဖူးဟန်မတူ။ အပြုံးချိုချိုဖြင့် သူ့ကို ပြန်မိတ်ဆက်သည်။
"ကျွန်မနာမည်က ယွမ်မုန်မုန်ပါ"
"ဪ...မင်းက ယွမ်မျိုးရိုး-..အဲ ဘယ်လို၊ မင်းနာမည်က ဘာရယ်"
********************************
အခန်း (၉၀၀) နာမည်တူမရှား
"ယွမ်မုန်မုန်ပါ"
လုယန်အမူအရာက နည်းနည်းထူးဆန်းသည်ဟု သူထင်မိသည်။ တစ်နေရာရာတွင် သူ့နာမည်ကို ကြားဖူးထားသည်ထင်သည်။
ယွမ်မုန်မုန်...
အမယွမ်ကောင်းကင်ရုံးတော်သခင်အဖြစ် ဟန်ဆောင်တုန်းက ဒီနာမည်ကိုသုံးခဲ့တာမဟုတ်လား...
လုယန် ယွမ်မုန်မုန်ကို သေချာကြည့်၍ တွေးနေသည်။ အမယွမ်၏ နာမည်တုနှင့် တူနေသည်က တိုက်ဆိုင်လွန်းသည်။
"ရှင်ကျွန်မကို သိလို့လား"
ယွမ်မုန်မုန်က တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။ လုယန်က သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်နေသဖြင့် အနေရခက်လာသည်။
"မသိပါဘူး။ ဒါပေမယ့် မင်းနဲ့နာမည်တူတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ငါကြားဖူးတယ်။ ဒီနာမည်ကို အပြင်လောကမှာသုံးရင် နားလည်မှုလွဲစရာတွေ ဖြစ်လာနိုင်တယ်"
"ဘယ်အဆင့်မြင့်ပုဂ္ဂိုလ်လဲ"
ယွမ်မုန်မုန် ပြန်မေးသည်။ သူ့နာမည်မျိုး ထိုမျှလူသုံးများသလားမသိ။ ထိုကြောင့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် နာမည်သွားတူနေခြင်းဖြစ်မည်။
လုယန်အနေနှင့်လည်း ထိုနာမည်သည် ဂိုဏ်းချုပ်ယွမ်ကျိ၏ နာမည်တုဖြစ်ကြောင်း ထုတ်ပြော၍မဖြစ်။ လက်ရှိတွင် သူသည် တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးမဟုတ်။
"ဒီအချိန်ဆို ပုံပြောဆရာတွေ ရှိလောက်တယ်"
လုယန် ထိုသို့ပြော၍ ဝိညာဉ်အာရုံဖြန့်လိုက်သည်။ ဆူညံနေသည့်အသံများကြားတွင် အနီးအနားလက်ဖက်ရည်ဆိုင်တစ်ခုမှ ပုံပြောဆရာတစ်ယောက်၏အသံကို သူကြားရသည်။
"လာပါ။ ပုံပြင်သွားနားထောင်ကြစို့။ ဒါဆို မင်းနားလည်လာလိမ့်မယ်"
သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်တစ်ခုဆီ ထွက်လာကြသည်။ အကောင်းဆုံးလက်ဖက်ရည်တစ်အိုးနှင့် မုန့်တစ်ပွဲမှာသည်။ ယွမ်မုန်မုန်ကို ဧည့်ခံရင်း ပုံပြင်ကိုနားထောင်သည်။
"ဟန်ရွှေ့မြို့တော်မှာ ရှေးဟောင်းအဓိပဓိနှစ်ယောက်က သူတို့ရဲ့နယ်မြေစွမ်းအားတွေကိုသုံးပြီး မြို့တော်တစ်ခုလုံးက သန်းချီတဲ့မြို့ခံတွေကို ဆွဲခေါ်သွားတယ်။ ပြီးတော့ မိုးမြေကြားမှာ ဂန္တဝင်တိုက်ပွဲကြီး ဆင်နွှဲကြတယ်။
..ဒါပေမယ့် သူတို့ဖန်တီးတဲ့ အိပ်မက်နယ်မြေနဲ့ ပုံရိပ်ယောင်နယ်မြေထဲကို လူတစ်ယောက်ထိုးဖောက်ဝင်လာတယ်။ ဒီလူက အဓိပဓိနှစ်ယောက်ရဲ့စွမ်းအားကို အရေးမစိုက်ဘဲ နယ်မြေနှစ်ခုကြားမှာ အေးအေးလူလူလမ်းလျှောက်လာတယ်"
"ဒီလူကိုမြင်တော့ အင်အားကြီးရန်သူတစ်ယောက်ဆိုတာ အဓိပဓိနှစ်ယောက် ရိပ်မိပြီး ကြောက်ချွေးပြန်လာကြတယ်။ သူတို့က လေသံမာမာနဲ့မေးလိုက်တယ်။ 'မင်းဘယ်သူလဲ'ပေါ့"
"အဲဒီ့လူက သူတို့နှစ်ယောက်ကို တစ်ချက်ပဲစိုက်ကြည့်တယ်။ နှစ်ယောက်လုံး ရေခဲဂူထဲရောက်ကျသလို ကျောရိုးထဲစိမ့်သွားကြတယ်။ ကျယ်ပြန့်တဲ့ကောင်းကင်ထဲကို နတ်ဘုရားတစ်ယောက် ထိုးဖောက်ဝင်လာသလိုမျိုးပေါ့...
ခေတ်အဆက်ဆက်မပြောင်းလဲတဲ့ လေသံမျိုးနဲ့ အဲဒီ့လူက သူ့ကိုယ်သူမိတ်ဆက်တယ်။
"ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ယွမ်မုန်မုန်'တဲ့"
တအံ့တဩတီးတိုးရေရွတ်သံများ ပေါ်လာသည်။ ထိုဇာတ်လမ်းကို ဧည့်သည်များနားထောင်ဖူးသည်မှာ တစ်ကြိမ်မကတော့။ သို့သော် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ရောက်လာသည့်ဇာတ်ဝင်ခန်းရောက်တိုင်း ခံ့ညားထည်ဝါသည့် ရှေးဟောင်းစွမ်းအားရှင်အိပ်ပုံရိပ်ကို စိတ်အာရုံတွင် ပုံဖော်မိနေဆဲဖြစ်သည်။
"..အရှေ့ပင်လယ်တိုက်ပွဲအကြောင်း ဆက်သွားရအောင်။ မသေမျိုးတစ်ယောက် မြူကြားကနေ ထွက်လာတယ်။ သူ့လှုပ်ရှားမှုတိုင်းက ကြီးမားတဲ့မိုးမြေစွမ်းအား ထွက်ပေါ်နေတယ်။ တ်ောဝင်ကာကွယ်သူတစ်ယောက်ဖြစ်တဲ့ နဂါးဘိုးဘေးကို သတ်ဖို့ကြိုးစားတာယ်။
အဲဒီအချိန်မှာ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ပေါ်လာတယ်။ မသေမျိုးတိုက်ပွဲကြီး စဖြစ်တယ်။ နှစ်ယောက်လုံး စွမ်းအားပြည့်တိုက်ခိုက်ကြတယ်။ သူတို့တိုက်ပွဲက ရိုက်ခတ်လာတဲ့စွမ်းအားကို ကျင့်ကြံမှုလောကတစ်ခုလုံး ခံစားမိကြတယ်...
အကြိမ်ပေါင်းရာချီ တိုက်ခိုက်ပြီးတော့ မြူကြားကထွက်လာတဲ့မသေမျိုး ရှုံးသွားတယ်။ ဂိုဏ်းချုပ်ယွမ်က အောင်နိုင်ခဲ့တယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံး လောကကြီးကနေ ပျောက်ကွယ်သွားတယ်"
နောက်ဆုံးဇာတ်လမ်းပြီးဆုံးချိန်တွင် လုယန်က မုန့်ချိုပွဲကို ယွမ်မုန်မုန်ဆီ ထိုးပေးရင်းပြောသည်။
"ဇာတ်လမ်းက အဲဒါပဲ။ မင်းနာမည်က ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်နာမည်နဲ့ အတူတူပဲ"
အာရုံစိုက်၍ နားထောင်နေသည့် ယွမ်မုန်မုန်စိတ်ထဲ တွေးနေသည်။ သူနှင့်နာမည်တူလူများသည် ဘာကြောင့် ထိုမျှစွမ်းအားကြီးနေသည်မသိ။ သူက ထိုစွမ်းအားရှင်များထက် နိမ့်ကျသလို ခံစားနေရသည်။
လုယန် သက်ပြင်းချသည်။
"မင်းမိသားစု မင်းကိုနာမည်ပေးတုန်းက ဒီလိုအဆင့်မြင့်ပုဂ္ဂိုလ်နဲ့ နာမည်တူနေမယ်လို့ လုံးဝမတွေးခဲ့မိလို့ ဖြစ်မှာပါ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါတွေက အသေးအဖွဲကိစ္စတွေပါ။ ရှင်နဲ့အတူ ဟိုဓားမျှော်စင်ဆိုတဲ့ဆီကို သွားမယ်။ ကိစ္စအားလုံးပြီးသွားရင် ကျွန်မရဲ့အမကြီးဆီ ရှင့်ကိုခေါ်သွားမယ်"
ယွမ်မုန်မုန်က ပြောသည်။
"မင်းအမကြီး...ဟုတ်လား"
ထိုမိန်းကလေးသည် ပုံမှန်လူလို ရိုးရိုးအအဖြင့် အိမ်မှထွက်ပြေးလာခြင်းမဟုတ်လောက်။ သူသွားလိုသည့် နေရာတစ်ခု ရှိပုံရသည်။
ယွမ်မုန်မုန်က ရွှေသန္ဓေအဆင့်စွမ်းအားရှိကြောင်း သူသတိထားမိသည်။ မျက်နှာသာလှသည်မဟုတ်။ ကျင့်စဉ်ပါရမီကလည်း လေးစားလောက်သူဖြစ်သည်။
ဝိညာဉ်ပြောင်းအဆင့်သို့ ရောက်ပြီးဖြစ်၍ စုစည်းခြင်းအဆင့်ကျင့်ကြံသူမဟုတ်လျှင် သူမရိပ်မိအောင် ကျင့်စဉ်အဆင့်ဖုံးကွယ်နိုင်သူဟူ၍ မရှိသလောက်ရှားသည်။
သို့သော် စုစည်းခြင်းကျင့်ကြံသူများသည်လည်း ငွေမပါဘဲ ခရီးထွက်ပြီး သူများအစားအသောက်ကို အလကားစားမည်မဟုတ်။
"ဟုတ်တယ်၊ အမက တကယ်ထူးခြားတယ်။ အထူးသဖြင့် တိုက်ခိုက်တဲ့နေရာမှာတော်တယ်။ သူက ခပ်လျှိုလျှိုပဲ နေတတ်တော့ သူ့စွမ်းအားကို လူတွေသိပ်မသိကြဘူး။ သူလမ်းညွှန်ချက်နည်းနည်းပေးရင် ရှင့်အတွက် အများကြီးအကျိုးရှိမှာသေချာတယ်"
ယွမ်မုန်မုန်က သူ့အမအကြောင်း ဂုဏ်ယူဝင့်ကြွားသည့်အမူအရာဖြင့် ပြောသည်။
"အထူးသဖြင့် တိုက်ခိုက်တဲ့နေရာမှာတော်တယ်ပေါ့"
"ဒါပေါ့။ ကျွန်မတို့နေတဲ့နေရာမှာ သူကစွမ်းအားအကြီးဆုံးပဲ။ သူ့ကိုဘယ်သူမှ အနိုင်မယူနိုင်ဘူး"
လုယန် သူ့စကားကို သိပ်အရေးမစိုက်။ ထိုမိန်းကလေး၏အမကြီးသည် အမယွမ်ကျိလောက် ဘယ်လိုစွမ်းအာကြီးနိုင်မည်နည်း။
...မင်းအမဆိုတာက အမယွမ်ကို ယှဉ်ဖို့မပြောနဲ့ ငါ့ကိုယှဉ်နိုင်ရင်တောင် အတော်လေးစားဖို့ကောင်းနေပါပြီ..
လုယန်နှင့် ယွမ်မုန်မုန်တု့ ဓားမျှော်စင်ဆီ သွားကြသည်။ လမ်းတစ်လျှောက်လုံး အေးအေးလူလူစားကြသောက်ကြသည်။
"မင်းမိသားစုက ပုံမှန်အားဖြင့် မင်းကိုဘယ်လိုအစားအသောက်တွေ ကျွေးလဲ"
လုယန်က ယွမ်မုန်မုန်ကို တအံ့တဩမေးသည်။ ယွမ်မုန်မုန်က 'နောက်တစ်ခေါက်'အသားကင်ဆိုင်မှ သူတို့ဝယ်လာသည့် အာလူးအချိုကင်တစ်ချောင်းကိုင်ထားသည်။
"အစားအသောက်တွေစုံပါတယ်။ အရသာလည်း အတော်ကောင်းပါတယ်။ မက်မွန်သီးတို့ဘာတို့ပေါ့။ ဒါပေမယ့် စားရတာများတော့ နည်းနည်းငြီးငွေ့လာတယ်လေ။ ပြီးတော့ အရသာကအတော်လေးပေါ့တယ်။ ဒီကအစားအသောက်တွေနဲ့မတူဘူး"
အရသာစုံလင်သည့် အစားအသောက်များကို ရှာနေသည်ဆိုလျှင် ရှုပြည်နယ်ကိုလာခြင်းသည် မှန်ကန်သည့်ရွှေးချယ်မှုဖြစ်သည်ဟု လုယန်တွေးနေသည်။ ဤနေရာမှ အစားအသောက်များ အရသာပေါ့သည်ဆိုလျှင် မသေမျိုးစားဖိုမှူးတစ်ယောက်ကို ချက်ပြုတ်ခိုင်းရုံသာရှိတော့မည်။
မြေပြင်တွင်ဓားရိုးစိုက်၍ ဓားဦးချွန်ကတိမ်တိုက်ထဲထိုးဖောက်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည့် ကြီးမားသည့်မသေမျိုးဓားတစ်လက်ကို လုယန်လှမ်းမြင်ရသည်။
သို့သော် အနီးသို့ရောက်လာချိန်လျှင် မသေမျိုးဓားတစ်လက်မဟုတ်ဘဲ ဓားပုံစံသစ်သားမျှော်စင်တစ်ခုဖြစ်ကြောင်း တွေ့ရသည်။
ဓားမျှော်စင်ဟု ခေါ်ကြသည့်နေရာဖြစ်သည်။
ဓားကျင့်ကြံသူများ ဓားမျှော်စင်ဆီ ဦးတည်၍သွားနေကြသည်။ သာမန်နေ့မျိုးတွင် တစ်နေရာတည်း၌ ဓားကျင့်ကြံသူများ စုဝေးနေသည့်အဖြစ်မျိုး မြင်ရလေ့မရှိ။
နှင်းဖြူရောင်ဝတ်ရုံဝတ်ထားသည့် တစ်ကိုယ်တော်ဓားကျင့်ကြံသူများကို လုယန်မြင်ရသည်။ ဝိညာဉ်ဓားကိုယ်စီ ပါလာသည်။ ဗုဒ္ဓကိုယ်တော်များက လက်တွင် စိတ်ပုတီးကိုင်၍ ခါးတွင်ဉာဏ်အလင်းဝိညာဉ်ဓားများ ချိတ်ထားသည်။
တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝအသွင်ပြောင်းထားသည့် မဟာနတ်ဆိုးများလည်း ရောက်လာသည်။
ဓားဆိုသည်မှာ လူသားများသာသုံးသည်လက်နက်မဟုတ်။ နတ်ဆိုးမျိုးနွယ်အတော်များများကလည်း ဓားသုံးရသည်ကို နှစ်သက်ကြသည်။
နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်၊ ဗုဒ္ဓနိုင်ငံတို့မှ ဓားကျင့်ကြံသူများအပြင် မြောက်ပိုင်းအေးခဲနယ်မြေမှ ကျင့်ကြံသူများကိုလည်း တွေ့ရသည်။
မြောက်ပိုင်းရေခဲနယ်မြေသည် အအေးဓာတ်လွန်ကဲသဖြင့် လူနေကျဲသည်။ ဖန်လိုင်ကျွန်းလို ဂိုဏ်းအင်အားစုများမရှိ။ အများစုက တစ်ကိုယ်တာ်ကျင့်ကြံသူများဖြစ်သည်။ သို့မဟုတ် ရိုးရှင်းသည့် ဆရာတပည့် ပညာလက်ဆင့်ကမ်းသည့်စနစ်ကိုသာ အားထားကြသည်။
ဓားကျင့်ကြံသူအတော်များများက ဓားရေးကျင့်ကြံဖို့ မြောက်ပိုင်းနယ်မြေသို့ သွားလေ့ရှိသည်။ သူတို့ဓားပညာကို အဆင့်မြှင့်လိုသာကြောင့်ဖြစ်သည်။
မြောက်ပိုင်းနယ်မြေမှ ဓားသမားများသည်လည်း စွမ်းအားကြီးသူများဖြစ်သည်။
လုယန် ဓားမျှော်စင်တစ်ဝိုက် လှည့်ပတ်ကြည့်သည်။ သိပ်မကြာမီ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်ဖြစ်သည့် ဓားအရောင်းဆိုင်တစ်ခုတွေ့သည်။
ဆိုင်နံရံပေါ်တွင် ဓားမျိုးစုံချိတ်ဆွဲထားသည်။ ဓားရှည်၊ ဓားတို၊ ဓားပြား၊ ဓားမြှောင်...အမျိုးအစားစုံလင်သည်။
ခင်းကျင်းထားသည့် ဓားအားလုံး အရည်အသွေးကောင်းသည်။ ဓားမျှော်စင်တပည့်များပင် ဤဆိုင်မှ ဝယ်ကြရသည်။
သို့သော် လုယန်မျက်စိကျသည့်ဓား တစ်လက်မှမတွေ့။
"ဒီက ဓားအရည်အသွေးတွေက သိပ်မကောင်းဘူး"
အနည်းဆုံး စုစည်းခြင်းအဆင့်စွမ်းအားကို ခံနိုင်ရည်ရှိသည့်ဓားမျိုး သူလိုချင်သည်။ ဓားဆိုင်တွင်ချိတ်ဆွဲထားသည့်ဓားများတွင် ထိုအရည်အသွေးမျိုးမရှိ။
"ငါတို့ဆိုင်ကဓားကို အရည်အသွေးမကောင်းဘူးလို့ပြောတာ ဘယ်သူလဲကွ"
အလိုမကျသည့်စကားသံတစ်ခု ဆိုင်အတွင်းဘက်မှ ပေါ်လာသည်။ လူငယ်တစ်ယောက် ခန်းဆီးကိုတွန်းဖယ်၍ ထွက်လာသည်။ သူ့လက်ထဲတွင် သံတူကြီးတစ်လက် ကိုင်ထားသည်။
လုယန်ကိုမြင်သည်နှင့် ထိုလူငယ် ခြေလှမ်းရပ်သွားသည်။
လုယန်လည်း ထိုလူငယ်ကို မှတ်မိသည်။
"အကိုလုယန်"
"ညီလေးမိန်ထိုက်"
ဓားမျှော်စင်၏ တပည့်စစ်။ ဓားမျှော်စင်အဓိပဓိ၏ ဓားဝိညာဉ်လူသား မိန်ထိုက်ပင်ဖြစ်သည်။
****************************