← Chapters

အနက်ရောင် တိမ်တိုက်များဖြင့် ပြည့်နေသည့် မိုးကောင်းကင်

Vol. 5 Ch. 428

အနက်ရောင် တိမ်တိုက်များဖြင့် ပြည့်နေသည့် မိုးကောင်းကင်

Vol. 5 Ch. 428

ကောင်းကင်ထက်တွင် လှေငယ်တစ်စင်းသည် အလွန်လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်း နေလေသည်။

ထိုလှေငယ်ထက်တွင်တော့ ဟွမ်ကျန်းနှင့် ချင်းယင်း ရှိနေလေသည်။

ရုတ်တရက်…

ကောင်းကင်တစ်ခုလုံး အနက်ရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လောက ဓာတ်တစ်ခုလုံးသည် အမှောင်ထဲသို့ ပစ်ချ ခံလိုက်ရသကဲ့သို့ ထင်မှတ် ရလေသည်။

တစ်ချိန်တည်းမှာပင် မိုးများကလည်း သည်းထန်စွာ ရွာသွန်း လာတော့သည်။

ဟွမ်ကျန်း ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူသည် မိုးနှင့်လေကို မည်သို့ ကြောက်ရွံ့ ပါမည်နည်း။ သို့သော် အနက်ရောင် တိမ်တိုက်များကို မြင်တွေ့လိုက်ရသည်နှင့် ဟွမ်ကျန်းမှာ မျက်နှာတစ်ချက် ပျက်သွား ရလေသည်။

ချင်းယင်း၏ စိတ်ထဲတွင်လည်း ကြောက်ရွံ့ တုန်လှုပ်မှုကို စတင် ခံစားလာရလေသည်။

"လေနဲ့မိုးကိုဆင့်ခေါ်ခြင်း"

ဟွမ်ကျန်းသည် အက်ရှသည့် အသံများဖြင့် ရေရွတ်လိုက်သည်။

ကျင့်ကြံသူ တစ်ယောက်သည် လေနှင့်မိုးကို ဆင့်ခေါ်မည်ဆိုလျှင် ချောင့်တုန့် အဆင့်တော့ အနည်းဆုံး ရှိရမည် ဖြစ်လေသည်။ ထို့ပြင် လေနှင့်မိုးကို ဆင့်ခေါ်သည့် ဂါထာ မန္တန်များကိုလည်း အသုံးပြုနိုင်သူ ဖြစ်ရဦးမည်။ တန်ခိုးစွမ်းအားနှင့် အသက်ဓာတ် စွမ်းအားကို ဂါထာ မန္တန်များနှင့် ပေါင်းစပ်ပြီးမှသာ လေနှင့်မိုးကို ဆင့်ခေါ်နိုင်မည် ဖြစ်လေသည်။

သို့သော် ဟွမ်ကျန်း ရေရွတ်လိုက်သည့် "လေနှင့်မိုးကို ဆင့်ခေါ်ခြင်း" ဆိုသည့်စကားကတော့ အဓိပ္ပာယ်များစွာ ကွဲပြားသည်။

ချင်းရွှမ်နတ်တံခါးတွင် အဓိက တာအိုကျင့်စဉ်ပေါင်း တစ်ရာ့ရှစ်ခု ရှိလေသည်။ ထိုတစ်ရာ့ ရှစ်မျိုးသော ကျင့်စဉ်များ အားလုံးသည် ထျန်းကန်းပုံပြောင်း ပညာ သုံးဆယ့်ခြောက်မျိုးနှင့် တိရှားပုံပြောင်း ပညာ ခုနစ်ဆယ့်နှစ်မျိုးမှ ကင်းလွတ်သည် ဟူ၍ မရှိပေ။ ထိုပုံပြောင်းပညာ နှစ်မျိုးလုံးသည် သဘာဝဘေးအန္တရယ်များနှင့် သဘာဝ တရားကို လိုက်လျောညီထွေ ဖြစ်စေကာ ထိန်းချုပ် နိုင်စွမ်းလည်း ရှိလေသည်။

ထျန်းကန်း ပုံပြောင်းပညာ သုံးဆယ့်ခြောက်မျိုးတွင် "လေနှင့်မိုးကို ဆင့်ခေါ်ခြင်း" ဆိုသည့် သဘာဝလွန် တန်ခိုးစွမ်းအားတစ်ခု ပါဝင်လေသည်။ ထိုတန်ခိုးစွမ်းအားမှာ အဆုံးမဲ့ ဖြစ်လေသည်။ ထိုပညာကို အသုံးပြုလိုက်သည်နှင့် တန်ခိုးစွမ်းအားထဲတွင် ပိတ်မိနေတတ်ပြီး နတ်ဘုရား များသည်ပင်လျှင် လွတ်မြောက်ရန် ခက်ခဲလေသည်။

ထို့ကြောင့် လောကတွင် "လေနှင့်မိုးကို ဆင့်ခေါ်ခြင်း" တန်ခိုးစွမ်းအားကို အသုံးပြုနိုင်သူသည် ချင်းရွှမ် နတ်တံခါးမှ လူသာလျှင် ဖြစ်နိုင်လေသည်။

ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် "လေနှင့်မိုးကို ဆင့်ခေါ်ခြင်း" ပညာကို အသုံးပြုနိုင်သူမှာ သုံးယောက်သာ ရှိလေသည်။

ဆန်းလျန်၊ ကျိလင်နတ်သမီးနှင့် ယန်ရွှီးတို့ပင်။

ယခု ထိုပညာကို အသုံးပြုထားသူမှာ ယန်ရွှီးမှလွဲပြီး မည်သူမျှ မဖြစ်နိုင်ပေ။

ဟွမ်ကျန်းသည် ရွှေရောင်ရင့်ရင့် စာအုပ်ငယ်လေး တစ်အုပ်ကို ချင်းယင်းကို ပေးလိုက်လေသည်။

"မင်း ထိုက်ချန်းတောင်ကို အသက်ရှင်လျက် ပြန်သွားရမယ်"

ချင်းယင်းသည် စာအုပ်လေးကို ရိုးရှင်းစွာပင် လှမ်းယူလိုက်သည်။

ထိုစာအုပ်လေးထဲတွင် ဟွမ်ကျန်းသည် မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်အပေါ် သုံးသပ်မှုများနှင့် ရွှမ်ချင်း အလင်းစွမ်းအားအပေါ် သူ၏ နက်ရှိုင်းသည့် အမြင်များကို ထည့်သွင်း ရေးသား ထားခဲ့လေသည်။ ဟွမ်ကျန်းသည် ထိုစာအုပ်လေးကို သူ၏ ကိုယ်ပိုင် အတွေ့အကြုံများဖြင့် ပေါင်းစပ်ကာ ရေးသားထားခဲ့ခြင်း ဖြစ်လေသည်။ ထိုအချက်အလက် များသာ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသို့ ရောက်ရှိသွားပါက တာအိုကျင့်စဉ်လမ်း တစ်ခုကို စတင် အုတ်မြစ်ချရန် လုံလောက်သည့် အခြေခံ အချက်အလက်များကို ရရှိနိုင်မည်ဟု သူက မျှော်လင့်ခဲ့သည်။

သို့သော်… ယခုတော့ ယန်ရွှီးရောက်ရှိလာခဲ့ပြီ။

ယန်ရွှီးသည် မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို ဟွမ်ကျန်းက အသိဆုံး ဖြစ်လေသည်။

ယနေ့တွင် ယန်ရွှီးသည် သူ့ဘဝကို အဆုံးသတ် စေတော့မည် ဆိုသည်ကိုလည်း သူသိနေခဲ့သည်။

ထို့ကြောင့် သူက သူ့တွင်ရှိသမျှ အရာအားလုံးကို ချင်းယင်းကို ပေးကာ ချင်းယင်းကို လွတ်မြောက်သွားအောင် ကူညီချင်ခဲ့မိလေသည်။

ကောင်းကင်ထက်တွင် ပျံသန်းနေသည့် လှေငယ်လေး၏ ဝမ်းဗိုက်သည် ကွဲအက် သွားလေသည်။ ထိုအခါ လှေငယ်လေး၏ အောက်ခြေမှ ရွှမ်ချင်း အလင်းတန်းများ ဖြာထွက် လာလေသည်။ ချင်းယင်းသည် စာအုပ်ငယ်လေးကို ယူကာ အလင်းတန်းများ အတွင်းသို့ ဝင်ရောက်သွားပြီး အလျင်အမြန် ပျံသန်း ထွက်ခွာသွားလေတော့သည်။

ဟွမ်ကျန်းသည် လေထဲတွင် ရပ်တန့်နေလေသည်။

သူသည် စကြဝဠာ အလယ်ဗဟို တည့်တည့်တွင် ရောက်ရှိနေသည့် အလား ကြောက်မက်ဖွယ်ရာ သဘာဝလွန် တန်ခိုးစွမ်းအား တစ်ခုကို ရင်ဆိုင်လိုက်ရလေသည်။

အနက်ရောင် တိမ်တိုက် အလွှာများသည် ဟွမ်ကျန်း၏ မြူမှုံပင် မထင်အောင် သန့်စင်သည့် တာအိုနှလုံးသားကို အနက်ရောင် မင်ရည်များဖြင့် အရောင် ဆိုးလိုက်သကဲ့သို့ ရှိလေသည်။

အမှောင်ထုသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး လူတစ်ယောက်၏ ပုံသဏ္ဌာန် ပေါ်လာလေသည်။ ထိုသူမှာ ယန်ရွှီးပင် ဖြစ်လေသည်။

"နှစ်ပေါင်းတစ်ရာအတွင်းမှာ မင်းဟာ ကျုပ်ရဲ့ ပကတိ ဖန်ဆင်းခြင်း ပညာကို တွန်းလှန်နိုင်ခဲ့တဲ့ ပထမဆုံးသူပဲ ဟွမ်ကျန်း"

ဟွမ်ကျန်းက အေးစက်စွာပြုံးလိုက်ရင်း…

"ကျုပ်တောင် ဒီနေ့ မင်းကို ဆန့်ကျင်နိုင်မှတော့ နောင်အနာဂတ်မှာ မင်းဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး"

ဟွမ်ကျန်း၏ တာအိုဝတ်ရုံမှာ တဖြည်းဖြည်း ဖောင်းပွလာပြီး စတင် စုတ်ပြဲနေလေပြီ။

တာအိုဝတ်ရုံ စုတ်ပြဲသွားသည်နှင့် ဟွမ်ကျန်း၏ ရွှေရောင် ကျောက်စိမ်းသားကဲ့သို့ ဝင်းဝါသော အသားအရေကို မြင်တွေ့ လိုက်ရလေသည်။ ဟွမ်ကျန်းသည် ယောကျ်ားပီသည့် ကြွက်သားများကို ပိုင်ဆိုင်ပြီး ကြည့်ကောင်းသော ကိုယ်နေဟန် ရှိသူတစ်ယောက် ဖြစ်လေသည်။

သူ၏ခန္ဓာကိုယ်မှာ ယခင်ကထက် နှစ်ဆ ကြီးမားလာလေသည်။ သူ၏ ပခုံများထက်ဆီမှ အတောင်ပံတစ်စုံ ထွက်ပေါ် လာလေသည်။ အဝါရောင် အတောင်ပံများဖြစ်ပြီး တောင်ပံများကို ဖြန့်လိုက်သည်နှင့် ပေတစ်ရာခန့် ကျယ်ပြန့်သွားလေသည်။

တောင်ပံကို ခတ်လိုက်သည်နှင့် ဟွမ်ကျန်း၏ ပတ်ဝန်းကျင်မှ အနက်ရောင် တိမ်တိုက်များ အဝေးသို့ လွင့်စဉ်သွားလေသည်။

"မင်းက ကျုပ်ရဲ့ထိန်းချုပ်မှုအောက်က လွတ်မြောက်ခဲ့ရုံတင် မကဘူး မင်းရဲ့ကိုယ်ထဲကို ကျုပ်ထည့်ထားတဲ့ မိစ္ဆာမျိုးစေ့ကိုပါ သန့်စင်ပစ်လိုက်တာပဲ၊ မင်း နောက်ထပ် အနှစ်တစ်ရာ လောက်သာ အသက်ရှည်ဦး မယ်ဆိုရင် ယွိမင် အခုထိုင်နေတဲ့ ဂိုဏ်းချုပ် နေရာမှာ မင်းကို ထိုင်ခိုင်းလို့ရပြီ"

ယန်ရွှီး၏အသံသည် အနက်ရောင် တိမ်တိုက်များကို ဖြတ်ကျော်ကာ ထွက်ပေါ် လာလေသည်။

တစ်ချိန်တည်းမှာပင် လေပွေတစ်ချက်နှင့် အတူ ကောင်းကင်ထက်တွင် မိန်းကလေး တစ်ယောက် မျောလွင့် လာလေသည်။ ထိုမိန်းကလေးမှာ ချင်းယင်းပင် ဖြစ်လေသည်။

ဟွမ်ကျန်းက ချင်းယင်းကို အမြန်ဆုံး ထွက်ခွာစေခဲ့သည့်တိုင် ယန်ရွှီးကတော့ ချင်းယင်းကို အလွတ်မပေးခဲ့ပါ။

ယန်ရွှီးလက်ထဲမှ ချင်းယင်းသည် ဟွမ်ကျန်းကို လှမ်းကြည့်နေခဲ့သည်။ သူမပုံစံက ဟွမ်ကျန်းကို တစ်ခုခု ပြောချင်နေသည့်ပုံ ပေါက်လေသည်။

သို့သော် ဟွမ်ကျန်းက ချင်းယင်းကို မကြည့်ဘဲ မျက်နှာလွှဲလိုက်သည်။ ယခုအချိန်တွင် ချင်းယင်းသည် သူ့အတွက် အားနည်းချက်ဖြစ်သွားမည်ကို ဟွမ်ကျန်း ကြောက်ရွံ့နေမိလေသည်။

ချင်းယင်းသည် သူ့ကို ဆရာတစ်ယောက်သဖွယ်၊ ဖခင်တစ်ယောက် သဖွယ် လေးစား အားကိုးခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် သူ့ဘက်ကလည်း ချင်းယင်းကို သူ၏ တပည့်ရင်း တစ်ယောက်၊ သားသမီးတစ်ယောက်ပမာ သံယောဇဉ်မရှိဘဲ အဘယ်သို့ ရှိပါမည်နည်း။

သို့သော်… လက်ရှိအချိန်တွင်တော့ သူ့အနေဖြင့် ချင်းယင်းကို လျစ်လျူရှု ရပေတော့မည်။ တပည့်ငယ် သူ့ကို ခွင့်လွှတ်နိုင်ရန်သာ စိတ်ထဲမှ ကျိတ်ပြီးတောင်းပန်လိုက်မိသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ချင်းယင်းသည် သွေးမှုံများ အဖြစ် ပြောင်းလဲသွားကာ မိုးရေများနှင့် ပေါင်းစပ် သွားလေသည်။ မိုးရေများသည် သွေးနီရောင် ပြောင်းလဲ သွားလေသည်။

ဟွမ်ကျန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားပြီး သွေးနီရောင် မိုးရေစက်များ သူ၏ ခန္ဓာကိုယ်ပေါ်သို့ လွင့်စဉ်မလာအောင် အဝါရောင် အတောင်ပံများဖြင့် ကာကွယ် ထားလိုက်လေသည်။

"ကျောက်သားလို နှလုံးသားကို ပိုင်ဆိုင်ထားတာပဲ"

ယန်ရွှီး၏စကားသံသည် ဟွမ်ကျန်း၏ နားထဲသို့ ဝင်ရောက် လာလေသည်။

ဟွမ်ကျန်း၏ မျက်နှာအမူအရာက အေးစက် နေလေသည်။

"ဒီလိုလှည့်ကွက်မျိုးကို မင်းအသိဆုံးပါ"

ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားသည် ဟွမ်ကျန်းအပေါ်တွင် မည်သို့မှ မသက်ရောက် နိုင်တော့ပေ။ ချင်ယင်း၏ သွေးများတွင် ယန်ရွှီး၏ မိစ္ဆာမျိုးစေ့များ ပါဝင်နိုင်လေသည်။ ဟွမ်ကျန်း အနေဖြင့် ထိုသွေးစက်များ ထိမိသည်နှင့် ဒုက္ခရောက်နိုင်လေသည်။

သွေးမိုးများသည် မြေပြင်ထက်သို့ ကျဆင်းသွားသည်နှင့် တစ်စုတစ်စည်းတည်း ပေါင်းစည်း သွားကာ သွေးနီရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုဓားသည် ချင်းယင်း၏ သွေးများမှ ဖြစ်တည်လာသည့် ဓားတစ်လက် ဖြစ်ပြီး ဟွမ်ကျန်းဆီသို့ ဦးတည် ဝင်ရောက် လာလေသည်။

သွေးနီရောင်ဓားမှာ အလွန် လျင်မြန်လှသည့် အတွက် ဟွမ်ကျန်းသည် မည်သို့ ရှောင်တိမ်းရမှန်း မသိပင် ဖြစ်သွားရသည်။

သို့သော်… ဟွမ်ကျန်းက အတောင်ပံ အစွန်းနှစ်ဖက်ကို အနည်းငယ် ရိုက်ခတ်လိုက်သည်နှင့် သွေးနီရောင်ဓားသည် ချက်ချင်းပင် ပျက်စီး သွားရလေသည်။

ပျက်စီးသွားသည့် သွေးနီဓားနေရာတွင် တောက်ပသည့် အလင်းရောင် တစ်ခု ထွက်ပေါ်လာလေသည်။

ထိုအလင်းရောင်ထဲတွင် ချင်းယင်း၏ နာကျင် ကြေကွဲနေသည့် ဝိညာဉ်ကို မြင်တွေ့လိုက်ရပြီး တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားလေတော့သည်။

ဟွမ်ကျန်းသည် သူ၏အတောင်ပံများကို လျင်မြန်စွာဖြင့် တဖျတ်ဖျတ် ခတ်လိုက်လေသည်။ ထိုအခါ အစိမ်းရောင်နှင့် အဝါရောင်အလင်းတန်းများက အနက်ရောင် တိမ်တိုက်များ အတွင်းသို့ ဝင်ရောက် သွားလေသည်။

သို့သော်… အနက်ရောင် တိမ်တိုက်များဆီမှ မိုးများ သည်းထန်စွာ ရွာသွန်းလာပြီး မိုးရေစက်များသည် ဟွမ်ကျန်းဆီသို့ မြားများ ပစ်ခတ်လိုက်သည့် အလား ကျဆင်း လာလေတော့သည်။

ယွိမင်နတ်ဘုရားနှင့် လင်ရွှမ်ထင်တို့သည် မိစ္ဆာနတ်ဘုရားများကို ဖြတ်ကျော်ကာ ဟွမ်ကျန်းထံသို့ ရောက်အောင် လာခဲ့ကြလေသည်။

သို့သော်… သူတို့ရှေ့တွင် အနက်ရောင် တိမ်တိုက်များက ထူတပ်စွာ ပိတ်ဆို့နေသည်ကို တွေ့မြင် လိုက်ကြရသည်။

ထိုတိမ်တိုက်များ အတွင်းတွင် ဟွမ်ကျန်း၏ အသက်ဓာတ် စွမ်းအားများနှင့် ပြင်းထန်သော တန်ခိုးစွမ်းအားများ၏ ဖြစ်တည်နေမှုကို ခံစားလိုက်ရလေသည်။

လင်ရွှမ်ထင်က သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

ဓားခြိမ်းသံကြီးသည် ကောင်းကင် ကိုးခုအထိ ပျံ့နှံ့သွားပြီး အနက်ရောင် တိမ်တိုက် အလွှာများကို ထိုးခွဲလိုက်လေ တော့သည်။

ထိုအချိန်မှာပင်…

ကောင်းကင်ထက်မှ ဂီတသံများ ပျံ့လွင့်လာပြီး ပန်းပွင့်များက လှပစွာ ကျဆင်း လာလေသည်။

အနက်ရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်မိမယ် တစ်ပါးသည် ကောင်းကင်ထက်မှ ဆင်းသက် လာလေသည်။

သူမသည် ဓားကို ဆွဲမထုတ်သေးသည့်တိုင် သူမ၏ တန်ခိုးစွမ်းအားများက လင်ရွှမ်ထင်ကို မလှုပ်နိုင်အောင် တားဆီး ထားလိုက်လေသည်။

"ဘယ်သူများလဲလို့၊ ထျန်းမုန့် နတ်သမီးကိုး၊ မင်းနဲ့ယန်ရွှီးနဲ့က ချစ်သူစုံတွဲတွေလို့ ကြားဖူးခဲ့တာ ကြာပါပြီ၊ အခု မင်းကို ဒီမှာတွေ့လိုက်ရတာ မအံ့သြတော့ပါဘူး"

လင်ရွှမ်ထင်က ပြတ်သားတိကျစွာ ပြောလိုက်သည်။

"လင်ရွှမ်ထင်၊ လျှောက်ပြောမနေနဲ့၊ ကျွန်မရဲ့ ထိုက်စုနတ်ဘုရားဓားကို မြည်းကြည့် ချင်နေတာလား"

အဖြူရောင်ဝတ် နတ်မိမယ်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

သူမ၏ စကားကြောင့် လင်ရွှမ်ထင်က ဟားတိုက် ရယ်မော လိုက်လေသည်။

"ကျုပ်ဘဝ တစ်လျှောက်လုံးမှာ မမှန်မကန် ပြောခဲ့တာဆိုလို့ တစ်ခါမှ မရှိခဲ့ဘူး၊ ကျုပ်က ဘာလို့ လျှောက်ပြော နေရမှာလဲ၊ ပြီးတော့ ကျုပ်ကလည်း ထျန်းမုန့် နတ်သမီးရဲ့ ထိုက်စု နတ်ဘုရားဓားကို စမ်းသပ် ကြည့်ချင်နေတာ ကြာခဲ့ပြီ"

ထို့နောက် လင်ရွှမ်ထင်က ယွိမင်နတ်ဘုရားကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ကာ စကား ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကို၊ ကျုပ်က ထျန်းမုန့်ကို တားဆီး ထားလိုက်မယ်၊ အစ်ကိုက တူလေး ဟွမ်ကျန်းကို သွားကယ်ပါ၊ ပြီးရင် ကျုပ်တို့ အတူတူ ဆုတ်ခွာကြမယ်"

လင်ရွှမ်ထင် ပြောသည့်စကားမှာ သဘာဝကျသည့် အတွက် ယွိမင် နတ်ဘုရားကလည်း ငြင်းဆန် မနေတော့ပါ။

ယန်ရွှီးသည် အလွန်အင်အား ကြီးမားနေသည့် အတွက် ယွိမင်နတ်ဘုရား အနေဖြင့် ထိုသို့ ပြုလုပ်ရန်မှ လွဲပြီး တခြားညှိနှိုင်းစရာ မရှိတော့ကြောင်း သဘောပေါက် လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ယန်ရွှီးဘက်တွင် ထျန်းမုန့် နတ်သမီးလည်း ရှိနေသလို မိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါးကလည်း ရှိနေသေးသည်။ ထိုအင်အားဖြင့် ဆိုလျှင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို အမှုန့်ချေမည်ဆိုလျှင်ပင် ချေ၍ ရနိုင်လေသည်။

တစ်ချိန်ကတော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား ငါးပါးသည် လောက တစ်ခုလုံးကို ဖိန့်ဖိန့်တုန် စေမည်ဟု ယွိမင်နတ်ဘုရား မျှော်လင့် ထားခဲ့ဖူးသည်။ သို့သော် ယခုကဲ့သို့ အဖြစ်ဆိုးများနှင့် ရင်ဆိုင်ရမည်ဟု သူမျှော်လင့် မထားမိခဲ့ပါ။

အဓိကနတ်ဘုရား ကျောင်းတော်ကြီး လေးခုမှလွဲလျှင် ကျန်သည့် နတ်ဘုရား ဂိုဏ်းများသည် ထိုသို့ပင် ဖြစ်တတ် လေသည်လား။ အထွတ်ထိပ်သို့ ရောက်ရှိပြီးလျှင် အဆုံးထိ ပြန်လည် ကျဆင်း တတ်လေသည်လား။

ယွိမင် နတ်ဘုရားသည် တွေးနေသည့် အတွေးများကို ဖြတ်တောက်လို က်လေသည်။ သူ၏ မျက်ဝန်းများက ဓားတစ်လက်ကဲ့သို့ ထက်မြက်နေပြီး သူ၏နားထဲတွင် မိုးခြိမ်းသံများကို ကြားနေရလေသည်။

ထျန်းမုန့်နတ်သမီးနှင့် အပြင်းအထန် တိုက်ခိုက်နေသည့် လင်ရွှမ်ထင်ကို  ယွိမင်နတ်ဘုရား ကျောခိုင်း လိုက်လေသည်။

ထို့နောက် အနက်ရောင် တိမ်တိုက်များထဲသို့ အလင်းအလျင်အလား လျင်မြန်လှစွာ တစ်ဟုန်ထိုး ဝင်ရောက် သွားလေတော့သည်။

***

All Chapters