← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အပိုင်း (၉၁)

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်နှင့်အတူတူ မြို့ထဲ ဝင်မလာခဲ့မိသည်ကိုပင် ကျေးဇူးတင်မိတော့သည်။ မဟုတ်လျှင် မည်မျှဒုက္ခရောက်လိမ့်မည်ကို မည်သူက သိပါမည်နည်း။

ဤသို့စဥ်းစားလိုက်ပြီး သူမသည် ရှန်ဖုန်းမင်၏အိမ်တော်တွင်ပင် မနေချင်တော့ပေ။ တစ်ယောက်ယောက်ကများ သိသွားခဲ့ရင်ဖြင့်.... ရှင်းပြလို့လည်း မရဖြစ်သွားနိုင်တယ်။

တည်းခိုခန်းကို သွားပြီး အခန်းလွတ် ရှိလိုရှိငြား မေးကြည့်တာက ပိုကောင်းပါတယ်လေ။

သည်အချိန်တွင် လှည်းက စတင်ရွေ့လျားနေပြီဖြစ်ကာ ကျန်းယွင်ကျူးက ပြောလိုက်လေသည်။

“ ဝမ်ရှန်းဖန်ကို သွားရအောင်”

ဒါသည် အစကတည်းကသွားဖို့ စီစဥ်ထားတဲ့ နေရာပင်။

“မမလေး လျန်ရွှေလမ်းကို မသွားဘူးလား”

ရှီလျို့က မေးလိုက်၏။ ထိုလမ်းတွင် ရှန်ဖုန်းမင်၏အိမ်တော် တည်ရှိလေသည်။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်သည်။

လှည်းက ဝမ်ရှန်းဖန်သို့ ဦးတည်သွားတော့သည်။ ရှီလျို့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဘာဖြစ်နေမှန်း မသိပေ။

သူတို့သည် ဝမ်ရှန်းဖန်သို့ ရောက်သွားချိန်တွင် ကျန်းယွင်ကျူးက တည်းခိုဖို့ရာ တည်းခိုခန်းတစ်ခု ရှာချင်သော်ငြား တည်းခိုခန်း ၂ - ၃ ခုလောက်ရှာပြီးနောက်တွင် တစ်ခုမှ အခန်းမလွတ်ကြပေ။

ကျန်းယွင်ကျူးမှာ စိတ်ပူသွားတော့သည်။ သူမ ဘာလုပ်ရမလဲ။

သည်အချိန်တွင် တစ်ယောက်ယောက်က လှမ်းခေါ်လိုက်၏။

“မိန်းကလေးကျန်းလား”

ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်ရာ ကုယန်ကျိုး၊ ရှဲ့ချန်နှင့် တခြားသူများကို တွေ့လိုက်ရတော့သည်။

“ ကျွန်တော် ခုနကတည်းက တွေ့နေတာ၊ ဒါပေမဲ့ မခေါ်ရဲဘူး၊ မိန်းကလေးကို ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားလို့လေ၊ ဘာလို့ မြို့တော်ကို ရောက်လာတာလဲ” ကုယန်ကျိုးက မေးလိုက်၏။

ကျန်းယွင်ကျူးက သူတို့ကို တွေ့လိုက်ရသောအခါ အလွန်မှ ရင်းနှီးသွားသလို ခံစားလိုက်ရတော့သည်။

ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် သူတို့ဘေးက တခြားသူများကို သွားနှင့်ခိုင်းပြီး ကျန်းယွင်ကျူးနှင့်အတူ လက်ဖက်ရည်ဆိုင်တစ်ခုကို သွားကာ စကားစမြည်ပြောကြလေသည်။

ကျန်းယွင်ကျူးက သူမ လာခဲ့သည့်အကြောင်းအရင်းကို သူတို့အား ပြောပြလိုက်သည်။ သူမက မြို့တော်ကို အလည်လာချင်ခဲ့ပြီး မြို့တော်တွင် စားသောက်ဆိုင်တစ်ခုလောက် ဖွင့်ချင်ကြောင်း ခပ်ပါးပါး ပြောပြလိုက်လေသည်။

ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် အံ့ဩသွားကြပြီး သူတို့နားလည်ကြောင်း မြန်မြန် ပြောပြလိုက်ကြသည်။ ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာနှင့်ဆိုလျှင် ဝူလင်စီရင်စုတွင် နေသည်က သူမ၏ အရည်အချင်းကို ဖုံးကွယ်ထားရရာကျသည်။

ကျန်းယွင်ကျူးက သူတို့နှစ်ယောက်၏ စာမေးပွဲအခြေအနေကို မေးလိုက်လေသည်။

နှစ်ယောက်သားက အခြေအနေ မဆိုးကြောင်းနှင့် အောင်စာရင်းကို စောင့်နေကြသည်ဖြစ်ကြောင်းသာ ပြောပြလိုက်သည်။

နောက်ပိုင်းတွင် ကျန်းယွင်ကျူးက နေထိုင်ဖို့ နေရာတစ်ခုရှာနေကြောင်း ကြားလိုက်ရသဖြင့် ကုယန်ကျိုးက ချက်ချင်းပြောလိုက်ပြီး

“ တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်တို့ တည်းနေတဲ့ တည်းခိုခန်းမှာ စာမေးပွဲကျမယ်လို့ ထင်နေတဲ့ ကျန်းရှီက စာသင်သားနှစ်ယောက် ရှိတယ်၊ ပြီးတော့ သူတို့တွေက အောင်စာရင်းမထွက်ခင်မှာပဲ ပြန်သွားကြပြီ၊ မိန်းကလေးကျန်း အဆင်ပြေရင်း အဲမှာတည်းလို့ရပါတယ်”

အမှန်တွင်လည်း ကျန်းယွင်ကျူးသည် တခြားနည်းလမ်းကို မရှာချင်တော့ပေ။ ထို့ကြောင့် လက်ဖက်ရည်ဖိုးကို ချက်ချင်းရှင်းလိုက်ပြီး သူတို့နှစ်ယောက်နှင့်အတူ သူတို့တည်းခိုသည့် တည်းခိုခန်းသို့ သွားလိုက်တော့သည်။

ဟုတ်ပါသည်။ အပေါ်ထပ်အခန်းနှစ်ခန်း ရှိနေသည်။ ကျန်းယွင်ကျူးက ချက်ချင်း ငွေချေလိုက်တော့သည်။ သူမက တစ်ခန်းနေပြီး ဟဲရင်းနှင့် ရှီလျို့တို့က တစ်ခန်းနေကြသည်။ ကွက်တိပင်။

သူမတွင်လည်း ဘာအထုပ်အပိုးမှ မပါပေ။ အားလုံးကို မြန်မြန်ဆန်ဆန် နေရာချပြီးသွားတော့သည်။

နေ့လယ်ခင်းတွင် သူတို့သုံးယောက်က အတူတူတွေ့ဆုံလိုက်ကြပြီး သူတို့၏အတွေ့အကြုံအသီးသီးကို ပြောကြလေသည်။ ပြောစရာက မကုန်နိုင်အောင်ပင်။

ရှန်ဖုန်းမင်သည် ပြန်ရောက်လာသောအခါ နန်းတော်ထဲဝင်ပြီး ဧကရာဇ်ကို သွားတွေ့ရသည်က တာဝန်ပင်။

ဧကရာဇ်ချင်းလုံသည် သူ နေပြန်ကောင်းလာပြီး ပြန်လာသည်ကို တွေ့လိုက်ရသဖြင့် ‘ကောင်းလေစွ’ ဟုပင် နှစ်ကြိမ်ခန့် ရေရွတ်ပြီး သူနှင့် စကားအကြာကြီး ပြောလိုက်ပြီးမှ သူ့ကို ပြန်လွှတ်ပေးလိုက်လေသည်။

နန်းတော်မှ ထွက်လာပြီးနောက် ရှန်ဖုန်းမင်သည် မိဘများကို နှုတ်ဆက်ရန် ရှန်အိမ်တော်သို့ ပြန်လာခဲ့ကြသည်။

မင်းသမီးတန့်ယန်းနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် အိမ်တွင် ရှိမနေကြပေ။ သည်နေ့ ဝန်ကြီးလီ၏ မိသားစုက တရားဝင်မြေး နောက်တစ်ယောက်ကို မွေးဖွားခဲ့သည်။ သူတို့သည် အတူတူသွားရောက်ပြီး လက်ဆောင်များ ပေးကြလေသည်။

မျက်နှာလေးက ပြည့်ဖောင်းဖောင်းနှင့် ကလေး၏ လက်မောင်းဆစ်လေးများက လုံးဝန်းနေသည်ကို တွေ့လိုက်ရသောအခါ သူတို့နှစ်ယောက်လုံးသည် ဝမ်းသာမိသလို အားငယ်မိကြလေသည်။ သူတို့လည်း ဘယ်အချိန်ကျမှ မြေးချီရမလဲ မသိတော့ပါဘူး။

ဝန်ကြီးလီ၏အိမ်မှ အပြန်လမ်းတွင် နှစ်ယောက်သားက ရန်ဖြစ်ကြပြန်သည်။ သူတို့သည် ရန်ဖြစ်လာရင်း နှစ်ယောက်လုံးက ဘာမှဂရုမစိုက်နိုင် ဖြစ်လာတော့သည်။

သည်အချိန်တွင် အစေခံက သခင်လေး ပြန်ရောက်လာကြောင်း သတင်းလာပို့လေသည်။ သူတို့နှစ်ယောက်မှာ ချက်ချင်းပင် အလွန်ပျော်ရွှင်သွားကြတော့သည်။ ရှန်ဖုန်းမင် ၂-၃လ လောက်အိမ်နှင့် ဝေးနေခဲ့သည်။ သူတို့နှစ်ယောက်လုံးက သူ့ကို စိတ်ပူနေပြီး နေ့ရောညပါ သူ့အကြောင်း စဥ်းစားနေခဲ့ကြလေသည်။ သူတို့၏နေ့ရက်များက နှစ်ပေါင်းများစွာ ဖြတ်ကျော်နေခဲ့ရသည့်နှယ်။

အခုတော့ သူ နောက်ဆုံးတော့ ပြန်လာပြီပဲ။

“ အဖေနဲ့ အမေတို့ကို ဂါရဝပြုပါတယ်”

ရှန်ဖုန်းမင်က သူတို့နှစ်ယောက်လုံးကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။

မင်းသမီးတန့်ယန်းက သူ့လက်ကို ဆွဲကာ သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီး သူ ကျန်းကျန်းမာမာ ရှိကြောင်း တွေ့လိုက်ရသည်။ သူသည် အရင်ကထက်ပင် ပိုပြီးခံ့ညားလာ ဟန်တူသည်။ သူမ၏နှလုံးသားက နောက်ဆုံးတော့ ပြန်တည်ငြိမ်သွားတော့သည်။

တော်ဝင်ပညာရှင်ရှန်သည် လက်ချထားကာ ဘေးတွင်ရပ်နေပြီး ရှန်ဖုန်းမင်ကို ကြည့်နေလေသည်။ သူသည် တခြားသူများထက် ပိုပြီး အသေးစိတ်တွေ့နေရသည်။ ရှန်ဖုန်းမင်သည် သည်တစ်ခေါက် ပြန်အလာတွင် ပြောင်းလဲသွားပုံပေါ်သည်။ အပြင်ပိုင်းတွင် မဟုတ်ဘဲ စိတ်အတွင်းပိုင်းတွင် ဖြစ်လေသည်။

အရင်က ရှန်ဖုန်းမင်သည် ဓားတစ်ချောင်းနှင့် တူခဲ့သည်။ ရက်စက်ကြမ်းကြုတ်သည့် လူသတ်လက်နက်တစ်ခုပင်။ သို့သော် အခုတော့ သူ့စိတ်ထဲတွင် တခြားခံစားချက်များ ရှိနေလေသည်။

ဒါက အကောင်းလား အဆိုးလားကိုတော့ သူ မသိပေ။

သူ့အကျင့်စရိုက်အရဆိုလျှင် အစွန်းရောက်ဖို့က လွယ်ကူလေသည်။ သူက သက်ပြင်းခပ်ပါးပါး ချလိုက်တော့သည်။

သူတို့သုံးယောက်သည် အချိန်တော်တော်ကြာအောင် တစ်ယောက်နှင့် တစ်ယောက် မတွေ့ခဲ့ရပေ။ မင်းသမီးတန့်ယန်းနှင့် တော်ဝင်ပညာရှင်ရှန်တို့တွင် ရှန်ဖုန်းမင်ကို ပြောစရာစကားအများကြီး ရှိနေသည်။ တစ်ကြိမ်လောက်တော့ သူတို့သည် ရန်မဖြစ်ကြတော့ပေ။

စကားပြောနေရင်း မင်းသမီးတန့်ယန်က ပြီးခဲ့သည့်အခေါက်က ရှန်ဖုန်းမင် ယူလာခဲ့ပေးသည့် အစားအသောက် နှစ်သက်ကြောင်း ဘယ်သူလုပ်ခဲ့မှန်း သိချင်ကြောင်း ထုတ်ပြောလိုက်လေသည်။

ထို့အပြင် ရှန်ဖုန်းမင်သည် သည်တစ်ကြိမ်တွင် လုပြည်နယ်တွင် နေခဲ့ခြင်းပင်။

သည်အကြောင်းပြောလျှင် တော်ဝင်ပညာရှင်ရှန်သည် ပိုပြီး အားတက်လာလေသည်။

သို့သော် ရှန်ဖုန်းမင်က စကားဖြတ်လိုက်ပြီး တခြားအကြောင်းကို ပြောလိုက်တော့သည်။

နေ့လယ်ပိုင်းတွင် မိသားစုက လက်ဆုံစားလိုက်ကြသည်။ ညနေခင်းတွင် ရှန်ဖုန်းမင်က ကိုင်တွယ်ဖြေရှင်းရန် သူ့ကိုစောင့်နေကြသည့် ကိစ္စများရှိရာ သူ့ဌာနသို့ သွားလိုက်လေသည်။

ညနေခင်းတွင် ယန်ရှန့်က ရှန်ဖုန်းမင်ရှိရာသို့ စောစောစီးစီး ရောက်လာသည်။ သူသည် ကျန်းယွင်ကျူး၏ ဟင်းချက်လက်ရာကို လွမ်းနေသည်မှာ ကြာမြင့်နေပြီဖြစ်လေသည်။ သူ့အမေလည်း ထိုနည်းတူပင်။ သူမက သူ့နားထဲတွင် နေ့တိုင်းလိုလို လေသံဖြင့် တည်းတိုးလာပြောနေတတ်သည်။ အခုတော့ ကျန်းယွင်ကျူးက ရောက်လာပြီဖြစ်ရာ ဝမ်းသာစရာပင်။

ရှန်ဖုန်းမင်က ကိစ္စများကို ဖြေရှင်းပြီးနောက် သူတို့နှစ်ယောက်က အပြင်ထွက်မည်ပြင်လိုက်စဥ် လူတစ်ယောက်က စာတစ်စောင် လာပို့လေသည်။

ရှန်ဖုန်းမင်က စာကိုဖွင့်ဖတ်လိုက်၏။ သူ့မည်းနက်နေသည့်မျက်လုံးများသည် ရေခဲချပ်တစ်လွှာဖြင့် ဖုံးခံထားလိုက်ရသယောင်။

ယန်ရှန့်က စာကို တစ်ချက် ခိုးကြည့်လိုက်ပြီး ရှန်ဖုန်းမင်ကို နည်းနည်းလောက် စနောက်ချင်လိုက်လေသည်။ သို့သော် သူ့စိတ်အခြေအနေ မကောင်းသည်ကို သတိထားမိသွားပြီး သူက ပါးပါးနပ်နပ်ဖြင့် ထွက်လာကာ အိမ်ပြန်သွားလိုက်တော့သည်။ ရှာလကာရည်အိုး မှောက်ထားတဲ့သူကို သွားမရှုပ်တာ ပိုကောင်းတယ်လေ။ အထူးသဖြင့် သူ့အထက်လူကြီးရဲ့ ရေခဲရှာလကာရည်အိုးကိုပေါ့။

ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် မြို့တော်တွင် ခဏလောက် နေလိုက်ကြသည်။ အခုတော့ ကျန်းယွင်ကျူးလည်း သည်နေရာကို ရောက်နေသဖြင့် သူတို့သည် သူမကို အပြင်ခေါ်ထွက်ကာ လမ်းလျှောက်ကြလေသည်။

သည်နေရာသည် လီကျီ ပေါက်စီဆိုင်နှင့် မဝေးလှပေ။ သူတို့၏ပေါက်စီက အလွန်မှ နာမည်ကြီးသည်။ ထို့ကြောင့် သူတို့သည် သူမကို ပေါက်စီစားဖို့ ခေါ်လာခဲ့ကြလေသည်။

ပေါက်စီဆိုင်တွင် လူများနေသဖြင့် ခဏလောက်စောင့်လိုက်ရသည်။

သူတို့ပြန်လာချိန်တွင်တော့ မှောင်နေပြီဖြစ်လေသည်။ မြို့တော်က လူမထွက်ရအချိန်က နောက်ကျသဖြင့် ပြဿနာတော့ မရှိပေ။ သည်နေ့သည် ၁၂ရက်နေ့ဖြစ်လေသည်။ ချန်စုန့်တံတားပေါ်က တောက်ပသည့်လမင်းက ဝိုင်းစက်လို့ပင်။ ထို့ကြောင့် သူတို့က သူမကို တစ်ချက်လောက်သွားကြည့်ဖို့ ခေါ်သွားပြန်သည်။

သည်အချိန်တွင် မြို့တော်၌ စာပေပညာရှင်များစွာ ရှိနေ၏။ ချန်စုန့်တံတားပေါ်က တောက်ပသည့်လမင်းသည် မြို့တော်တွင် ခမ်းနားသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။ သည်နေရာရှိ လူများစွာက ကဗျာစပ်ရင်း၊ တေးသီရင်း၊ စကားစမြည်ကာ ရယ်နေကြသည်။ တော်တော်လေး စည်ကားလှပေသည်။

ကျန်းယွင်ကျူးက တောက်ပနေသည့် လမင်းကို ခဏလောက် ကြည့်လိုက်ပြီး ကုယန်ကျိူးနှင့် ရှဲ့ချန်တို့၏ သည်နေရာအကြောင်း ဖွဲ့နွဲ့နေသည်ကို နားထောင်လိုက်ပြီး စိတ်ချမ်းမြေ့နေတော့သည်။

ည ၇နာရီတွင် သူတို့သုံးယောက်သည် တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။

“နောက်ကျနေပြီ၊ ကိုယ်လက်သန့်စင်ပြီး မြန်မြန် အိပ်ရာဝင်တော့နော်”

ကျန်းယွင်ကျူးက ဟဲရင်းနှင့် ရှီလျို့တို့ကို တန်းပြောလိုက်ပြီး သူမက အခန်းဖက်သို့ လျှောက်လာခဲ့သည်။

ဟဲရင်းက ခေါင်းညိတ်ပြလိုက်စဥ် ရှီလျို့က ရုတ်တရက် သတိအနေအထား ဖြစ်သွားတော့သည်။ ကျန်းယွင်ကျူးအခန်းထဲမှာ လူတစ်ယောက်ရှိတယ်။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် ခန်းတံခါးကို တွန်းဖွင့်နှင့်ပြီး ဖြစ်နေသည်။ ရှီလျို့က ရန်သူနှင့် ထိပ်တိုက်တွေ့ရန် ပြင်လိုက်တော့သ်ည။ အထဲက လူကို မြင်လိုက်ချိန်တွင်တော့ သူမသည် ချက်ချင်းဆိုသလို ကြောင်လေးတစ်ကောင်လို လိမ်လိမ်မာမာလေး ဖြစ်သွားတော့သည်။ သူမက ကိုယ့်ဟာကို တွေးလိုက်၏။ သူမ ဝင်လာတာမကြာသေးဘူး အခုမှ အခန်းထဲမှာ လူရှိမှန်း သတိထားမိတာလည်း မဆန်းပါဘူး။ စစ်သေနာပတိချုပ်ရှန် ဖြစ်နေတာကိုး။

တစ်ခုပဲ။ စစ်သေနာပတိချုပ်ရှန်ကို ကြည့်ရတာ သိပ်ပျော်နေတဲ့ပုံ မပေါ်ဘူး...

ရှီလျို့သည် ကျန်းယွင်ကျူးကို သတိပေးချင်သော်လည်း နောက်ဆုံးတွင် စကားမပြောရဲသဖြင့် ကျန်းယွင်ကျူးအတွက် ရေသွားခပ်ပေးလိုက်တော့သည်။

အိုး ဟုတ်တယ်။ သူမ ဟဲရင်းကိုလည်း ခေါ်သွားရမယ်။

ကျန်းယွင်ကျူး၏ အမြင်အာရုံက ရှီလျို့လောက် မကောင်းပင်။ သည်လို မှောင်မည်းနေသည့် အခန်းထဲတွင် သူမသည် လူတစ်ယောက်ကို မည်သို့ တွေ့နိုင်ပါမည်နည်း။ လမ်းဘေးဆိုင်လေးမှ ဝယ်လာသည့် ငါးပေါင်မုန့်အိတ်ကို ယူလိုက်ပြီးနောက် သူမက အခန်းထဲ တန်းဝင်သွားလိုက်တော့သည်။

ဖယောင်းတိုင် မီးထွန်းလိုက်ပြီးနောက်တွင်မှ သူမသည် ခုတင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရတော့သည်။

ရှန်ဖုန်းမင်။ သူမသည် သူ့ကို ချက်ချင်းမှတ်မိသွားလေသည်။

အခန်းထဲသို့ လေပြေတစ်ချက် တိုးဝင်လာ၏။ ဖယောင်းတိုင်မီးကို တဖျပ်ဖျပ် လှုပ်သွားစေပြီး ရှန်ဖုန်းမင်၏မျက်နှာသည်လည်း မီးရောင်နှင့်အတူ လင်းတလှည့် မှောင်တလှည့်ဖြစ်သွားလေသည်။ သူ့အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ရန် ခက်ခဲလှပေသည်။

“လူကြီးမင်းရှန်”

ကျန်းယွင်ကျူးသည် ဖယောင်းတိုင် ထပ်ထွန်းလိုက်ပြီး ရှန်ဖုန်းမင်နှင့် သူမပတ်ဝန်းကျင်က အရာအားလုံးမှာ လင်းထိန်သွားတော့သည်။ သူမသည် ပိုပြီး နေလို့ကောင်းလာတော့သည်။

“ မင်းဘာလို့ အိမ်တော်မှာ မနေတာလဲ” ရှန်ဖုန်းမင်၏အသံက ပြောင်းလဲမသွားပေ။

ကျန်းယွင်ကျူးက ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီးမှ ပြန်ဖြေလိုက်၏။

“ ကျွန်မ နေစရာတစ်ခု တွေ့သွားလို့ပါ၊ ဒါကြောင့် ကျွန်မ လူကြီးမင်းရှန်ကို မနှောင့်ယှက်ချင်လို့ပါ”

ရှန်ဖုန်းမင်၏မျက်လုံးနက်နက်များက ကျန်းယွင်ကျူးကို စိုက်ကြည့်နေပြီး

“ မင်းက ကျွန်တော့်ထက် ကုယန်ကျိုးကိုတော့ ဒုက္ခပေးနိုင်တယ်ပေါ့”

ကျန်းယွင်ကျူးသည် သူ ဒေါသထွက်နေမှန်း ခံစားမိလိုက်လေသည်။ သူမက ကုယန်ကျိုးကို ဒုက္ခပေးတာမှ မဟုတ်တာ။ ဒီအတိုင်း သူနဲ့ မတော်တဆ တွေ့ခဲ့တာပဲကို။

သည်အချိန်တွင် ရှန်ဖုန်းမင်က ထပ်ပြောလိုက်သည်။

“ ကျွန်တော့်တော့ ဒုက္ခဖြစ်တယ်လို့ မထင်ပါဘူး၊ ဒီအပြင် ကျွန်တော်က မင်းကို စောင့်ရှောက်ပါမယ်လို့ မင်းအမေကိုလည်း ကတိပေးထားခဲ့တာပဲ”

ကျန်းယွင်ကျူး : …. ဒါက လောကဝတ်အတိုင်း ပြောလိုက်တဲ့ စကားမဟုတ်ဘူးလား။

သူမက စကားမပြောသလို ရှန်ဖုန်းမင်ကလည်း မပြောပေ။ အခန်းက ရုတ်ခြည်း ငြိမ်သက်သွားတော့သည်။

ကျန်းယွင်ကျူးက ခဏလောက်စဥ်းစားလိုက်ပြီးမှ ရှင်းပြဖို့ ဆုံးဖြတ်လိုက်လေသည်။

“လူကြီးမင်းရှန် ကျွန်မက အခုမှ မြို့တော်ကို ရောက်လာပြီး ရှင့်အိမ်တော်မှာ နေတယ်ဆိုတာ တစ်ယောက်ယောက်ကများ သိသွားရင်....”

ရှန်ဖုန်းမင်က မျက်မှောင်ကြုတ်လိုက်ပြီး

“ မင်း အဲကိစ္စတွေကို စိတ်ပူစရာမလိုပါဘူး”

ကျန်းယွင်ကျူးမှာ ကူကယ်ရာမဲ့သွားတော့သည်။ သူမက ဘယ်လိုလုပ်ပြီး စိတ်မပူရမှာလဲ။

သူမက ပညာသားပါပါ ပြောလိုက်တော့သည်။

“လူကြီးမင်းရှန် နောက်ကျနေပါပြီ”

ရှန်ဖုန်းမင်က သူမကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းနက်နက်ဖြင့် အကြည့်ခံနေရလေရာ ကျန်းယွင်ကျူးသည် အခိုက်တန့် သတိနေအထားဖြစ်သွားတော့သည်။ ကျန်းယွင်ကျူးသည် စကား ဆက်ပြောရမည်လားဟု တွေဝေသွားချိန်တွင် ရှန်ဖုန်းမင်က လေသံတိုးတိုးဖြင့် ရုတ်တရက် ပြောလိုက်တော့သည်။

“ ကျွန်တော် မင်းကို စောင့်ဖို့ ဒီကိုရောက်နေတာ”

သည်စကားကြောင့် ကျန်းယွင်ကျူး၏ပါးစပ်ထဲက စကားလုံးများသည် ပြန်မျိုချခံလိုက်ရတော့သည်။

သူမက ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်က သူမကို တည့်တည့်ကြည့်နေလေသည်။ သူတို့၏ မျက်ဝန်းများ ဆုံသွားကြတော့သည်။ ကျန်းယွင်ကျူးက မေးလိုက်၏။

“ ရှင် စားပြီးပြီလား”

ရှန်ဖုန်းမင်က သူမကို စိုက်ကြည့်ရင်း ခေါင်းခါပြလိုက်လေသည်။

ဒါဆို သူက သူမကို ဝမ်းဗလာနဲ့ စောင့်နေခဲ့တာလား။

ဒီအချိန်ကြီး အပြင်မှာ စားစရာကျန်သေးလားမသိဘူး။ လက်ထဲမှာလည်း ခုနက တစ်ကိုက် ကိုက်ထားပြီးသား ငါးပေါင်မုန့်ကတစ်အိတ်ပဲ ရှိတယ်။

ရှန်ဖုန်းမင်က သူမ၏အကြည့်နောက် လိုက်သွားကာ ငါးပေါင်မုန့်ကို ကြည့်လိုက်လေသည်။

“ဒါဆို လူကြီးမင်းရှန်....”

ခဏအကြာတွင် ကျန်းယွင်ကျူးက ကုလားထိုင်တစ်လုံးတွင် ထိုင်လိုက်ပြီး ရှန်ဖုန်းမင်က ထိုငါးပေါင်မုန့်များကို စားနေသည်ကို စောင့်ကြည့်နေလိုက်တော့သည်။ ဒီတည်းခိုခန်း၊ ဒီငါးပေါင်မုန့်က သူနဲ့ မလိုက်ဖက်ပါဘူး။ ဒါပေမဲ့ သူကတော့ လုံးဝ မခံစားမိသလိုပဲ။ သူက စားနေတာတောင် အရမ်းပျော်နေသေးတယ်။

ညလေက တိုက်ခတ်လာပြီး ဖယောင်းတိုင်မီးများကို တိုက်ခတ်လာချိန်တွင်တော့ ကျန်းယွင်ကျူးသည် ပေါ့ပါးရှည်လျားသည့် သက်ပြင်းတစ်ခုကို ချလိုက်တော့သည်။

ငါးပေါင်မုန့်ကို စားလိုက်ပြီးနောက် ရှန်ဖုန်းမင်သည် ထွက်သွားဖို့ရာ စိတ်ကူးမရှိခဲ့ပေ။ သူက ခုတင်နားမှာပင် ပြန်သွားထိုင်နေသေးတော့သည်။

...

အပိုင်း (၉၂)

ကျန်းယွင်ကျူးသည် ပြီးခဲ့သည့်အခေါက်က သူ့ကို သေသေချာချာ ရှင်းအောင် မပြောခဲ့မိလေသလားဟု စဥ်းစားလိုက်မိတော့သည်။ ဖြစ်နိုင်ပါတယ်လေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူမက အိပ်ရာပေါ်မှာ၊ ပြီးတော့ သူမရဲ့ အဝတ်အစားတွေကိုလည်း မလဲရသေးဘူး...

ထိုအဖြစ်ကို စဥ်းစားကြည့်လိုက်ပြီး သူမက သူနှင့် သေသေချာချာ စကားပြောရန် ဆုံးဖြတ်လိုက်တော့သည်။

“လူကြီးမင်းရှန် ကျွန်မ ရှင်နဲ့ ပြောစရာရှိတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။

သူမသည် အလွန်မှ တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။ ရှန်ဖုန်းမင်ကလည်း လေးနက်လာတော့သည်။

“ ကျွန်မရဲ့အရင်က အပြုအမူတချို့က ရှင့်ကို အထင်လွဲသွားစေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့အဆင့်အတန်းတွေကတော့ တကယ့်ကို ကွာခြားလွန်းပါတယ်၊ ကျွန်မက အထက်တန်းစား မိသားစုတစ်ခုနဲ့ လက်မထပ်ချင်ပါဘူး၊ ဒါကြောင့် ကျွန်မတို့တွေ နောက်ပိုင်း သိပ်မတွေ့ကြရင် ပိုကောင်းပါလိမ့်မယ်”

ကျန်းယွင်ကျူးက နောက်ဆုံးတော့ ထုတ်ပြောလိုက်တော့သည်။ စိတ်အေးသွားကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမသည် အနည်းငယ် ဝမ်းနည်းမိသလိုလို ခံစားလိုက်ရလေသည်။

ပြောကိုပြောရမည့် စကား၊ လုပ်ကိုလုပ်ရမည့်ကိစ္စများကလည်း ရှိပေသည်။

သူမ သည်စကားပြောသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ရှန်ဖုန်းမင်က သူမကို စိုက်ကြည့်နေနေသည်။ အချိန်တော်တော်ကြာမှ သူ့ပါးစပ်က ပွင့်ဟလာခဲ့သည်။

“ မင်း ဘာလို့ အထက်တန်းစားမိသားစုတစ်ခုနဲ့ လက်မထပ်ချင်လဲဆိုတာ ကျွန်တော် သိပါတယ်၊ မင်းရဲ့ဘဝက ရိုးရှင်းပြီး ပျော်ရွှင်စရာကောင်းပါတယ် ဒါပေမဲ့ ကျွန်တော်ကတော့....”

အဖေနဲ့အမေက နိုင်ငံရေးအရ လက်ထပ်ခဲ့ပြီး သူငယ်ငယ်လေးကတည်း မဆုံးနိုင်အောင် ရန်ဖြစ်လာခဲ့ကြတယ်။ ကလေးတစ်ယောက်အနေနဲ့ သူတို့တွေ ဘာလို့ သူ့ကိုမွေးခဲ့လဲလို့တောင် စဥ်းစားခဲ့မိဖူးတယ်။

သူ ကြီးလာတော့လည်း သူ့ပတ်ဝန်းကျင်က မပြောင်းလဲသွားပါဘူး။ ဒါကြောင့် သူက အမှုတွေကိုပဲ စုံစမ်းရင်း ဌာနမှာပဲ အမြဲတမ်း နေတတ်ခဲ့တယ်။

ဒီခုပဲ။

“ကျွန်တော် လက်မလွှတ်နိုင်ဘူး” သူက ကျန်းယွင်ကျူးကို ကြည့်ကာ ပြောလိုက်တော့သည်။

သူ နှစ်ကြိမ် လက်လွှတ်ပေးခဲ့ပြီးပြီလေ။ သူ့ သည်းခံနိုင်စွမ်း ကုန်သွားပြီ။

ကျန်းယွင်ကျူးမှာ အေးခဲသွားတော့သည်။

“ကျွန်တော်ပြောတာကလေ၊ မင်းလိုချင်တဲ့ ဘဝမျိုးကို ပေးဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ်၊ မင်း ကျွန်တော့်အိမ်မှာ မနေချင်ဘူးဆိုရင် ကျွန်တော်တို့တွေ အပြင်မှာနေလို့ရပါတယ်၊ မင်း အဲဒီလူတွေနဲ့ မတွေ့ချင်ဘူးဆိုရင် မတွေ့ပါနဲ့၊ ပြီးတော့ မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး၊ မင်း လုပ်ချင်တာ လုပ်လို့ရပါတယ်”

သူက ကျန်းယွင်ကျူးကို စိုက်ကြည့်ကာ တစ်လုံးချင်း ထုတ်ပြောလိုက်တော့သည်။

သူ့မျက်လုံးများက အသူရာချောက်လို မည်းနက်နေပြီး ကျန်းယွင်ကျူးကို ဝါးမျိုတော့မတတ်ပင်။

သူမသည် သူ၏ခိုင်မာသည့်ဆုံးဖြတ်ချက်ကို ခံစားမိနေသယောင်။ သူပြောနေတာတွေက အမှန်တွေ ဖြစ်လောက်တယ်။

သူက သူမကို ကာကွယ်ပေးပြီး တခြားသူတွေ သူမကို အန္တရာယ်မပေးအောင် ကာကွယ်ပေးလိမ့်မယ်။

ဒါပေမဲ့ သူမကို နာကျင်အောင်လုပ်မဲ့သူက သူဖြစ်နေရင်ကော။ ကျန်းယွင်ကျူးသည် သက်ပြင်းချလိုက်တော့သည်။ တကယ်တော့ သူ့စကားတွေ တကယ့်ကို ဖြူစင်ပါတယ်လေ။ အိမ်တော်ကြီးတစ်ခုက သခင်လေးတစ်ယောက်အနေနဲ့ သူက သူမနဲ့ အပြင်မှာ လိုက်နေဖို့ရာ ဆန္ဒရှိတယ်တဲ့။ သူမက အဲဒီလူတွေနဲ့ မတွေ့ချင်ရင်လည်း မတွေ့လို့ရတယ်တဲ့...

“တကယ်လို့များ ကျွန်မက အဲလိုဘဝမျိုးမှာ အသားမကျဘူးဆိုရင် ထွက်သွားလို့ရလား”

သူမက သည်မေးခွန်းကို ကောက်ခါငင်ခါ မေးလိုက်လေသည်။ အမှန်တွင်တော့ အိပ်မက်ထဲက အခြေအနေက သူမကို ခြောက်လန့်နေခြင်းပင်။

ရှန်ဖုန်းမင်က သူမကို စိုက်ကြည့်ရင်း အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေလိုက်၏၊ အချိန်မှာ ကြာလွန်းလှသဖြင့် ကျန်းယွင်ကျူးက သူသည် ပြန်ဖြေမည် မဟုတ်ဟု တွေးလိုက်တော့သည်။

“ရပါတယ်”

သူက ရုတ်တရက် ပြောလိုက်၏။ သူမက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့တာပဲ။ ဒါပေမဲ့ တကယ်လို့များ တစ်နေ့မှာ သူမက တကယ်ပဲ ဝမ်းနည်းပြီး မပျော်ရွှင်တော့လို့ ထွက်သွားချင်တယ်ဆိုရင်တော့ အဲဒီအချိန်ကျရင် သူက လက်လွှတ်ပေးရမှာပေါ့လေ။

သူသည် ထိုစကားကို ပြောလိုက်ချိန်တွင် သူ့အသံများက တိမ်ဝင်နေပြီး ဝမ်းနည်းနေလေသည်။ သည်ဆုံးဖြတ်ချက်က သူ့အတွက် အလွန်မှ ခက်ခဲမှန်း ထင်ရှားနေတော့သည်။

ကျန်းယွင်ကျူး၏ နှလုံးသားလေးသည် အနည်းငယ် တောက်လောင်သွားပြီးနောက် ပေါက်ကွဲသွားတော့သည်။

သူက တကယ်ပဲ သူမကို ထွက်ခွင့်ပြုဖို့ သဘောတူလိုက်တာလား။

“ရှင် ပြောနေတာ အမှန်ပဲလား” သူမက မေးလိုက်၏။

ရှန်ဖုန်းမင်က တည်တည်ကြည်ကြည်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ ဒါသည် သူမကိုပေးလိုက်သည့် သူ့ကတိစကားပင်။

“ရှင် ကျွန်မရဲ့အဆင့်အတန်းကို ဂရုမစိုက်ဘူးလား” ကျန်းယွင်ကျူးက ထပ်မေးလိုက်သည်။

သည်တစ်ကြိမ်တွင် ရှန်ဖုန်းမင်က အနည်းငယ် ပိုပြီး လွယ်လွယ်ကူကူ ပြန်ဖြေလိုက်တော့သည်။

“ကျွန်တော်က ကျွန်တော့်ရာထူးကို စွန့်ခွာမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တာဝန်နဲ့ ဝတ္တရားတွေ၊ ကျွန်တော့်မိဘ၊ ကျွန်တော့် မိတ်ဆွေ၊ ကျွန်တော့်လက်အောက်ဝန်ထမ်းတွေ ရှိနေတယ်.... ကျွန်တော် မခွဲခွာနိုင်တာ မဟုတ်ဘူး၊ မဟုတ်ရင်လည်း မင်းနဲ့ ချီရှန်းကျွီမှာ နေခဲ့တဲ့ဘဝကို ကျွန်တော် နှစ်သက်မိပါတယ်”

မေတ္တာသက်ဝင်နေပါသည်ဟု မှတ်ယူနိုင်သည့် သူ၏ချစ်စကားများက ကျန်းယွင်ကျူး၏ နှလုံးသားလေးကို ပျော့ပျောင်းသွားစေတော့သည်။ သူက သူမအတွက် အားလုံးကို စွန့်လွှတ်အောင် လုပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးချေ။ သူက သူမကို မျှမျှတတ သတ်မှတ်ပေးသ၍ အဆင်ပြေလေသည်။

ရှန်ဖုန်းမင်က သူမကို ကောင်းကောင်းဆက်ပါတယ်။ ဒါကို သူမ သိပါတယ်။ သူမကလည်း သူ့အပေါ်မှာ ခံစားချက် လုံးဝ မရှိတာမျိုးတော့ မဟုတ်ဘူးပေါ့။ မဟုတ်ရင် သူမ အရင်က မူးနေတဲ့အချိန်တုန်းက သူ့ကို ထိခွင့်ပေးခဲ့မှာတောင် မဟုတ်ဘူး။

ကျန်းယွင်ကျူး၏နှလုံးသားလေးသည် ကမောက်ကမဖြစ်သွားတော့သည်။ ခဏကြာပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။

“ ကျွန်မ လက်မထပ်ချင်သေးဘူး”

“ကျွန်တော် စောင့်နိုင်ပါတယ်” ရှန်ဖုန်းမင်းက ပြန်ပြောလိုက်သည်။

ကျန်းယွင်ကျူးသည် ရှက်သွေးဖြာသွားတော့သည်။ သူက ဘာကိုစောင့်မှာတဲ့လဲ။

“ကျွန်မ ရှင့်ဘဝကို မနှောင့်ယှက်ချင်ဘူး” သူမက ပြောလိုက်သည်။

သူ့ကမ္ဘာကြီးက မြင့်မြတ်ပြီး ဂုဏ်သရေအပြည့်နဲ့လေ။ သူမကသာ ညစ်ညမ်းအောင် လုပ်ခဲ့မိရင် ပင်လယ်ထဲမှာ ကျိုးပျက်နေတဲ့ အထီးကျန်လှေတစ်စီးလို ဖြစ်သွားမှာပဲ။ မှောက်ဖို့ အရမ်းလွယ်တယ်။

ဒါဆို သူမက ဘာလုပ်သင့်သတဲ့လဲ။ သူ သူမကို ကာကွယ်ပေးမှာကို ခွင့်ပြုထားရမှာလား။ သူမ အဲလို မလုပ်ချင်ဘူး။ အဲလိုခံစားချက်ကိုလည်း မကြိုက်ဘူး။

“အင်း”

ရှန်ဖုန်းမင်က လက်ခံလိုက်သည်။ သူမက မလိုချင်ဘူးဆိုရင် သူကလည်း ဘယ်သူ့ကိုမှ လာနှောင့်ယှက်ခွင့် ပြုမှာမဟုတ်ဘူး။

“ကျွန်မ လုပ်ချင်တာကို လုပ်နေချင်တယ်” ကျန်းယွင်ကျူးက ထပ်ပြောလိုက်သည်။

“ရပါတယ်” ရှန်ဖုန်းမင်တွင် သည်အတွေးက အမြဲရှိပြီးသားပင်။

ကျန်းယွင်ကျူးတွင် ပြောစရာမရှိတော့ပေ။ မှိန်ပျပျ ဖယောင်းတိုင်မီးက သူမ၏မျက်နှာပေါ်တွင် လင်းလက်နေသည်။ သူမက ခေါင်းကို မသိမသာ ငုံ့ထားလိုက်သည်။ သူမ၏ ထူထဲလှသည့်မျက်တောင်များက အနည်းငယ်လှုပ်ရှားနေပြီး အောက်မျက်ခမ်းတွင် ခပ်ရေးရေး အရိပ်များ ကျနေလေသည်။ အလွန်မှ တည်ငြိမ်ပြီး လှပပေသည်။

ရှန်ဖုန်းမင်က ထရပ်လိုက်ပြီး သူမဆီရောက်လာကာ သူမ၏ နူးညံ့သည့်မျက်နှာလေးကို ငုံ့ကြည့်လိုက်ပြီး

“ ဒါဆို မိန်းကလေးကျန်းက ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေးဖို့ ဆန္ဒရှိသွားပြီပေါ့နော်”

ကျန်းယွင်ကျူးက ခေါင်းမော့လိုက်ကာ သူ့ကို စူးရှတောက်ပသည့်အကြည့်ဖြင့် ကြည့်လိုက်တော့သည်။

သူမ၏ ရွှန်းလဲ့နေသည့်မျက်ဝန်းများက ဖယောင်းတိုင်မီးရောင်အောက်တွင် မည်မျှဆွဲဆောင်မှု ရှိနေမှန်းကိုတော့ သူမ မသိလိုက်ပေ။

ရှန်ဖုန်းမင်က ပြင်းပြသည့်မျက်ဝန်းများနှင့် သူမကို ကြည့်လိုက်လေသည်။

ညပိုင်း၏လေပြေက တိုက်ခတ်နေပြီး လူတို့ကို ရှင်းမပြတတ်အောင် စိတ်လှုပ်ရှားနေစေတော့သည်။

ကံအားလျော်စွာ ဘေးအခန်းကလာသည့် ခြေသံများကို ကြားလိုက်ရသည်။ ရှီလျို့က ရေသွားခပ်ရန် ဟဲရင်းကို ဆွဲသွားခဲ့သည်။ တော်တော်ကြာအောင် အချိန်ဆွဲထားလိုက်ပြီးနောက်သူတို့သည် ထပ်ပြီး အချိန်မဆွဲနိုင်ကြတော့ပေ။ နှစ်ဦးသားက ရေခပ်ကာ ပြန်လာကြတော့သည်။

“နောက်ကျနေပြီနော် လူကြီးမင်းရှန် ပြန်သင့်ပါပြီ” ကျန်းယွင်ကျူးက အလျင်စလို ပြောလိုက်တော့သည်။

“မင်း ကိုယ့်ကို လူကြီးမင်းရှန်လို့ပဲ ခေါင်းမာမာနဲ့ ခေါ်တာနော်” ရှန်ဖုန်းမင်က မျက်မှောင်ကြုတ်လိုက်လေသည်။

သူ မကြိုက်ပေမဲ့ သူမက တော်တော်လေးကို ကြိုက်တယ်လေ။

“လူကြီးမင်းရှန်”

သူမက တမင်ခေါ်လိုက်ပြီး သူ့ကို စိတ်ရှုပ်သွားအောင် လုပ်လိုက်တော့သည်။ ရှန်ဖုန်းမင်က ထိုအဖြစ်ကို သတိထားမိပြီး လုံးဝဒေါသမထွက်ပေ။ ထို့အစား သူသည် ရှင်းမပြတတ်သည့် ပျော်ရွှင်မှုကိုသာ ခံစားလိုက်ရတော့သည်။

ကျန်းယွင်ကျူးမှာ သူမသည် တော်တော်လေး ရိုးအလွန်းသည်ဟု ခံစားလိုက်ရတော့သည်။

“ကိုယ့်အိမ်တော်ကို ပြောင်းလာတာက ပိုကောင်းပါတယ်”

ရှန်ဖုန်းမင်က ဒီကိစ္စကို သတိရနေသေးသည်။

ကိုယ့်အိမ်တော်က ဌာနနဲ့လည်း သိပ်မဝေးဘူးလေ၊ အဲဒါက ကိုယ့်ခြံဝင်းဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး၊ အဲမှာသွားနေရင်တောင် ဘယ်သူက ဘာမှ သံသယဖြစ်မှာ မဟုတ်ဘူး”

အဓိကကတော့ အဲမှာဆိုရင် အရမ်းကို လုံခြုံတယ်လေ။

ကျန်းယွင်ကျူး ခဏလောက် စဥ်းစားလိုက်ပြီး

“ တော်ပါပြီ၊ ကျွန်မ မနက်ဖြန် ဆိုင်တွေ သွားကြည့်အုံးမယ်၊ သင့်တော်တဲ့ ဆိုင်တစ်ခုခုတော့ ရှိမှာပါ၊ အဲကိစ္စ ဖြေရှင်းပြီးသွားတာနဲ့ ကျွန်မမှာ နေစရာတစ်ခုတော့ ရှိလာလိမ့်မယ်”

ရှန်ဖုန်းမင်းက သူမကို ကြိုးကြိုးစားစား အလုပ်မလုပ်စေချင်ပေ။ သို့သော်ငြား ဒါကပင် သူမ လုပ်ချင်သည့်အရာမှန်း သိနေလေသည်။ ထို့ကြောင့် သူက ဘာမှမပြောလိုက်တော့ပေ။

နေက်တစ်နေ့မနက်စောစောတွင် ကုယန်ကျိူးနှင့် ရှဲ့ချန်တို့သည် ကျန်းယွင်ကျူးကို လာရှာကြပြီး မြို့က နာမည်ကြီးရှုခင်းနေရာများဆီသို့ ခေါ်သွားပေးချင်ကြလေသည်။ ကျန်းယွင်ကျူးက ငြင်းလိုက်၏။ သူမက မြို့တော်ကို အလုပ်ကိစ္စနဲ့ ရောက်လာတာလေ။ စားသောက်ဆိုင်တစ်ဆိုင် အရင်ဖွင့်တာပဲ ပိုကောင်းပါတယ်။

ကုယန်ကျိုးနှင့် ရှဲ့ချန်တို့ကလည်း နားလည်ပေသည်။ သူမ အကူအညီ လိုနေသလားဟုသာ မေးလိုက်တော့သည်။ သူတို့သည် လက်ရှိတွင် ဘာမှလုပ်စရာ မရှိသည်နှင့် ကြုံနေသည်။

“ အခုတော့ မလိုသေးပါဘူး၊ ကျေးဇူးတင်ပါတယ်ရှင်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

သူတို့နှစ်ယောက်က ထွက်သွားကြလေသည်။ ကျန်းယွင်ကျူးက ဟဲရင်းနှင့် ရှီလျို့တို့ကို ခေါ်ကာ အပြင်ထွက်လာခဲ့တော့သည်။

အမှန်တွင်တော့ သူမသည် အိပ်မက်ထဲတွင် သေချာစဥ်းစားခဲ့ဖူးလေသည်။ မြို့တော်မှာ ဆိုင်တစ်ဆိုင် ဖွင့်ခဲ့မယ်ဆိုရင် ဘယ်နေရာမှာ ဖွင့်ရမလဲလို့ပေါ့။ မြို့တော်ကို လာတဲ့လမ်းတစ်လျှောက်လုံးမှာ သေသေချာချာ စဥ်းစားခဲ့တယ်။ ဒါကြောင့်ပဲ သူမက ဝမ်ရှန်းဖန်ကို လာခဲ့တာ။ သူမက ရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာခဲ့တာလေ။

ဝမ်ရှန်းဖန်က မြို့တော်ရဲ့အရှေ့ဘက်ခြမ်းမှာ ရှိတယ်။ မြို့ဖွဲ့စည်းပုံက ‘အရှေ့ လူချမ်းသာ၊ အနောက် တော်ဝင်၊ တောင် သူဆင်းရဲ နဲ့ မြောက် အောက်ခြေလူတန်းစား’ တဲ့။ အဓိပ္ပါယ်ကတော့ မြို့အရှေ့ဘက်မှာ လူချမ်းသာနဲ့ အထက်တန်းစားအများစု နေကြပြီး မြို့အနောက်ဘက်မှာတော့ အများစုက တော်ဝင် ဘွဲ့တံဆိပ်တော်ရ နဲ့ မင်းမျိုးမင်းနွယ်တွေနေကြတယ်တဲ့။ ဥပမာ တော်ဝင် ဝမ်ရယ်တွေနဲ့ နယ်စားတွေက အဲမှာနေကြတယ်လေ။ ‘ တောင် သူဆင်းရဲ၊ မြောက် အောက်ခြေလူတန်းစား’ ဆိုတဲ့ စားနှစ်ကြောင်းကတော့ နားလည်ရလွယ်ပါတယ်။

စားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ဆိုရင် မှန်ကန်တဲ့ စားသုံးသူအုပ်စုကို ရှာမှဖြစ်မယ်လေ။

သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးသည် စားသောက်ဆိုင်ကြီးတစ်ခု ဖွင့်ချင်ခဲ့ခြင်း မဟုတ်ပေ။ မြို့တော်၏ရေက နက်လွန်းလှသည်။ ကုန်စုံဆိုင်၊ စားသောက်ဆိုင်တချို့က တစ်ခုသော တော်ဝင်မိသားစုဝင် တစ်ယောက်၏ ပိုင်ဆိုင်မှုဖြစ်နိုင်ပေသည်။ တာဝန်ခံစုန့်တစ်ယောက်တည်းကပင် ပိုးဖလံများစွာကို ရှင်းထုတ်ပစ်နိုင်သည်။ သူမသာ မလုပ်သင့်သူကို သွားရန်စမိလျှင် သူမ၏စားသောက်ဆိုင်က အချိန်တော်တော်ကြာအောင် ဖွင့်ဖို့လိုတော့မည် မထင်။

သို့သော် သူမသည် ထိုသို့သော စားသောက်ဆိုင်ငယ်လေးတစ်ခုကိုတော့ မဖွင့်ချင်ပေ။ သည်လိုဆိုလျှင် မြို့တော်တွင် ဖွင့်သည်နှင့် တခြားနေရာတွင် ဖွင့်သည်က ဘာမှမခြားနားတော့ပေ။

ထို့ကြောင့် သူမက အလျှော့အတင်းလုပ်ပြီး သီးသန့်စားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူမသည် နေ့တိုင်း သတ်မှတ်ထားသည့် လူအရေအတွက်ကိုသာ လက်ခံပြီး ထိုနေ့တွင် ချက်ပြုတ်မည့် ဟင်းလျာကို ဆုံးဖြတ်ရန်သာလိုလေသည်။

သည်ခေတ်ထဲတွင် သီးသန့် စားဖိုဆောင် စားသောက်ဆိုင် အယူအဆများမရှိပေ။ သို့တိုင် သီးသန့် စားဖိုဆောင် စားသောက်ဆိုင်များစွာကတော့ ရှိသေးသည်။ ရှမင်းဆက်၏ စီးပွားရေးသည် တိုးတက်ခဲ့သည်။ ချမ်းသာသည့် ကုန်သည်၊ ပညာသင်၊ လယ်သမား၊ လုပ်ငန်းရှင် နှင့် အောက်ခြေမှ တက်လာသည့် ကုန်သည်များစွာ များစွာရှိကြသည်။ ဒါသည်ပင် ပြောလို့ မကုန်နိုင်ပေ။ တော်ဝင်ရုံးတော်က ပြဌာန်းထားသည်။ အိမ်တစ်ဆောင်ဆောက်လျှင် ပညာသင်များကသာ တိုင် ၅တိုင် ၊ ထုပ်၅တန်းနှင့် အဝင်တံခါးတွင်လည်း သံ ၂၄ချောင်းသာ သုံးခွင့်ရှိလေသည်။

နှိုင်းယှဥ်ချက်အရ ရာထူးအဆင့် ပိုမြင့်လေလေ အိမ်တိုင်နှင့် ထုပ်တန်းများကို ပိုသုံးနိုင်လေလေဖြစ်ပြီး အိမ်ကို ပိုကြီးကြီးဆောက်နိုင်လေလေ အိမ်တံခါးပေါက်တွင် သံချောင်းများ ပိုသုံးနိုင်လေလေ ဖြစ်လေသည်။

နန်းတော်၏ ပင်မဝင်ပေါက်ကဲ့သို့ပင် တိုင်၊ ထုပ်တန်း ၉ခုစီရှိပြီး သံချောင်း ၈၁ချောင်း ရှိကာ အကြီးမားဆုံးသော တော်ဝင်အာဏာကို ကိုယ်စားပြုလေသည်။

ကုန်သည်များသည် အောက်ဆုံးတွင်ရှိပြီး သူတို့၏ ခံစားမှုက အဆိုးဆုံးဖြစည်သည်။

ဒါက ပြဿနာတစ်ခုကို ဖြစ်လာစေလေသည်။ ကုန်သည်များသည် အချမ်းသာဆုံးသူများ ဖြစ်သော်လည်း သူတို့သည် အလွန်ကြီးမားသည့် အိမ်များကို မဆောက်နိုင်သလို အလွန်ကောင်းမွန်သည့် ခြံဝင်းထဲတွင်လည်း မနေနိုင်ကြပေ။ ထိုသို့ဆိုလျှင် သူတို့သည် ဘာလုပ်ရပါမည်နည်း။

ထို့ကြောင့် သူတို့သည် တခြားနယ်ပယ်ကလူများတွင် စတင်ယှဥ်ပြိုင်လာတော့သည်။ သူတို့ထဲက တစ်ခုမှာ လှပသည့်အမျိုးသမီးများကို ပျိုးထောင်ခြင်းပင်။ ဧည့်သည်က အလည်လာလျှင် သခင်က အမျိုးသမီးလှလှလေးများကို လွှတ်ပြီး ဧည့်ခံခိုင်းကြသည်။ သူတို့သည် ဧည့်သည်များ၏ ချီးကျူးစကားများကို လက်ခံရနိုင်ပြီး သခင်ကလည်း သူတို့မျက်နှာရကာ ဂုဏ်တက်ရသည်ဟု ခံစားကြလေသည်။

နောက်တစ်ခုကမှ နာမည်ကြီး စားတော်ကဲတစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းပင်။ နာမည်ကြီး စားတော်ကဲတစ်ယောက်သည် ပုံမှန်ဆိုလျှင် သူ့တွင် ကိုယ်ပိုင်အထူးဟင်းလျာရှိလေသည်။ သူသည် သည်အိမ်တော်တွင်သာ ချက်ပေးရသဖြင့် အထူးဟင်းလျားက တဖြည်းဖြည်းနှင့် မိသားစု၏ သီးသန့်ဟင်းလျာ ဖြစ်လာခဲ့သည်။

သဘောမှာ သည်ဟင်းလျာကို စားချင်လျှင် သူတို့သည် ထိုအိမ်တော်သို့သာ သွားရောက်ရပေမည်။

လူချမ်းသား စီးပွားရေးသမားများအတွက်တော့ သည်ကိစ္စထက် ပိုကြီးနာမည်ပြီး ရည်မှန်းချက် ကြီးသည်များက မရှိတော့ပေ။

ကျန်းယွင်ကျူးသည် ချမ်းသာသည့်မိသားစုတစ်ခုတွင် စားတော်ကဲတစ်ယောက် မလုပ်လိုပေ။ သို့တိုင် သည်သီးသန့် စားသောက်ဆိုင်တွင် အလုပ်လုပ်ခြင်းကလည်း အလုပ်ဖြစ်နိုင်ပေသည်။

မြို့အရှေ့ဘက်ချမ်းတွင် လူချမ်းသာ စီးပွားရေးသမားများစွာရှိသည်။ သည်လို စားသောက်ဆိုင်မျိုး ဖြစ်ရန် သင့်တော်လှသည်။ အမှန်တွင်တော့ မြို့အနောက်ဘက်တွင်လည်း ဖွင့်ချင် ဖွင့်နိုင်သေးသည်။ သို့သော် ကျန်းယွင်ကျူးသည် ထိုအာဏာရှိလူများကို သွားမဆွလိုပေ။ သို့ဆိုလျှင် ထားလိုက်ပါတော့လေ။

သူမသည် လမ်းပတ်လျှောက်ရင်း လေ့လာလိုက်ပြီး သည်နေရာ၏အခြေအနေကို အကြမ်းဖျင်း နားလည်သွားတော့သည်။ ထို့နောက် သူမက အမိန့်ရပွဲစားတစ်ယောက်ကို သွားရှာကာ ဝင်သွားလိုက်လေတော့သည်။

...

အပိုင်း (၉၃)

အမိန့်ရပွဲစားအိမ်တွင် လူများ ဝင်ထွက်သွားလာနေကြလေသည်။ မြို့တော်လို နေရာတစ်ခုတွင် ဘယ်သူကမှ တခြားလူကို လျှော့မတွက်ရဲကြပေ။ သာမန်ဟု ထင်ရသည့်လူတိုင်းသည် တော်ဝင်မျိုးနွယ်တစ်ယောက်၏ ဆွေမျိုးဖြစ်နိုင်သည်။ ထို့ကြောင့် အထဲက အလုပ်သမားက အလွန်မှ ယဥ်ကျေးလေသည်။

ကျန်းယွင်ကျူးကို ဧည့်ခံပေးသည့် လူက သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဖြစ်လေသည်။

အမျိုးသမီးက အညိုရောင်အဝတ်အစားကို ဝတ်ထားပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။ သူမသည် နှစ်လိုဖွယ်ကောင်းသည့် လူတစ်ယောက်ပင်။

ကျန်းယွင်ကျူးက သူမကို လိုချင်သည့်ပုံစံများ ပြောပြလိုက်လေသည်။ ကျယ်ဝန်းကြီးမားသည့် ဆိုင်တစ်ဆိုင် ငှားလိုပြီး ရေရှည်စာချုပ် ချုပ်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။

အမျိုးသမီးက သူမ ပေးနိုင်သည့်စျေးကို စကားလှသုံးကာ မေးလိုက်လေသည်။

ကျန်းယွင်ကျူးက အေးအေးဆေးဆေး လျှောက်လာရင်း အနီးအနားက ဆိုင်များ၏ ငှားရမ်းခကို စုံစမ်းလာခဲ့လေသည်။ မြို့တော်လို့ မပြောရဘူး။ တော်သေးတာပေါ့၊ သူမက စားသောက်ဆိုင်ကြီးတစ်ခုကို ဖွင့်ဖို့ မစဥ်းစားထားလို့ပဲ။ မဟုတ်ရင်တော့ သူမရဲ့ ခန့်မှန်းခြေ အသားတင်တန်ကြေးက ဒီစားသောက်ဆိုင်ဖွင့်ဖို့တောင် တတ်နိုင်မှာမဟုတ်ဘူး။

သူမက သူမ၏စိတ်ကူးများကို ထုတ်ပြလိုက်လေသည်။

ထိုစကားကို ကြားလိုက်ပြီးနောက် အမျိုးသမီးက အဆင်ပြေနိုင်သည်ဟု ခံစားလိုက်ရလေသည်။ သူမ၏မျက်နှာပေါ်က အပြုံးများက ကြီးထွားလာတော့သည်။

“ဘယ်ဆိုင်တွေကို ငှားလို့ရနိုင်မလဲမဆို ကျွန်မ အရင်ဆုံး စစ်ဆေးကြည့်လိုက်ပါအုံးမယ်၊ ပြီးရင် ကျွန်မ ရှင်နဲ့ ဆွေးနွေးမယ်လေ၊ မိန်းကလေး မနက်ဖြန်မှ ပြန်လာပါ၊ ကျွန်မ ရှင့်ကို အဖြေတစ်ခု ပေးနိုင်ပါလိမ့်မယ် ဟုတ်ပြီလား” အမျိုးသမီးက မေးလိုက်၏။

သူမ၏အလုပ်လုပ်ပုံက ကျန်းယွင်ကျူးကို များစွာသက်သာစေလေသည်။ ကျန်းယွင်ကျူးကတော့ အမှန်ပင် ဆန္ဒရှိလေသည်။

နှစ်ယောက်သားက မနက်ဖြန်တွေ့မည့် အချိန်တစ်ခုကို လက်ခံလိုက်ကြပြီးနောက် ကျန်းယွင်ကျူးသည် ပြန်လာခဲ့တော့သည်။

သူမ ထွက်လာသည်နှင့်ချက်ချင်းပင် တစ်ခုခုကို အာရုံခံမိလိုက်လေသည်။ သူမက လမ်းထောင့်ကို ကြည့်လိုက်တော့ ထိုနေရာတွင် လှည်းတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ လှည်းခန်းဆီးကို ပင့်ထားလေသည်။ ရှန်ဖုန်းမင်မှ မဟုတ်လျှင် မည်သူ ဖြစ်ပါအုံးမည်နည်း။

သူမက လျှောက်သွားလိုက်တော့သည်။

“ဆိုင် ရှာနေတာလား”

ရှန်ဖုန်းမင်က အမိန့်ရပွဲစားအိမ်မှ သူမ ထွက်လာသည်ကို မြင်လိုက်သဖြင့် မေးလိုက်ခြင်းပင်။

“အင်း” ကျန်းယွင်ကျူး ပြန်ဖြေလိုက်၏။

“ အကူအညီလိုသေးလား” သူက မေးလိုက်သည်။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။

ရှန်ဖုန်းမင်သည် သူမ အနည်းငယ် ပင်ပန်းနေသည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူက ကူရှင်တစ်ခုကို လှမ်းပေးလိုက်ပြီး ခဏလောက်အနားယူဖို့ သူမကို ပြောလိုက်တော့သည်။ အချိန်တိုအတွင်းတွင် သူတို့သည် နေရာတစ်ခုဆီသို့ ရောက်လာကြလေသည်။

“ ကျွန်မတို့ ဘယ်သွားနေတာလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။

“ကြာပန်းတွေကို သွားကြည့်မလို့” ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ထိုင် ကိုလား။ ဒီအချိန်ဆိုရင် ကြာပန်းတွေ အပြည့်ပွင့်နေလောက်ပြီ။ အိုး ဟုတ်သားပဲ။ ကြာပန်း။ ကြာရွက်။ ကျန်းယွင်ကျူးသည် ရုတ်ခြည်းဆိုသလို ဟင်းပွဲများစွာကို စဥ်းစားမိသွားတော့သည်။ သူမ၏ သီးသန့် စားသောက်ဆိုင်ကို ချက်ချင်းဖွင့်နိုင်ခဲ့လျှင် အသုံးဝင်လာလိမ့်မည်။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူမက ပင်ပန်းသလို မခံစားရတော့ပေ။ ထိုအစား သူမက ခေါင်းငုံ့ထားကာ တရားမှတ်နေလိုက်တော့သည်။

ရှန်ဖုန်းမင်ကလည်း သူမကို မနှောင့်ယှက်ပေ။

သို့နှင့် လှည်းသည် လမ်းများကို ဖြတ်ကာ မောင်းနှင်လာခဲ့လေသည်။ ပတ်ဝန်းကျင်က ပိုပိုပြီး လူသူကင်းမဲ့လာသည်။ နောက်ဆုံးတွင်တော့ သစ်တောအုပ်တစ်ခုရှေ့တွင် ရပ်လိုက်လေသည်။

ရှန်ဖုန်းမင်က လှည်းပေါ်မှ ဆင်းလိုက်၏။

ကျန်းယွင်ကျူးသည် မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် ကျောက်ဆောင်တန်းတစ်ခုနှင့် သူ့နောက်က စိမ်းစိုစို သစ်တောတစ်ခုကို တွေ့လိုက်ရလေသည်။

ဒီနေ့က ကျန်းယွင်ထိုင်နဲ့လည်း မတူပါဘူး။

“ရှေ့မှာ” ရှန်ဖုန်းမင်က ပြောလိုက်သည်။

ပြီးခဲ့သည့်အခေါက်က သူ သူမကို ခေါ်သွားသည့် ချိုင့်ဝှမ်းလေးကို စဥ်းစားလိုက်မိပြီး ကျန်းယွင်ကျူးသည် သူ့နောက်က လိုက်လာခဲ့လေသည်။

လမ်းလျှောက်လာရင်း ရှန်ဖုန်းမင်က ရှင်းပြလိုက်သည်။

“ဒါက မြင်းဖြူဘုရားကျောင်းရဲ့ တောင်အနောက်ဘက်လေ၊ အားလုံးက ပြောကြတယ် မြင်းဖြူဘုရားကျောင်းထဲက မေပယ်လ်ရွက်တွေက အလှဆုံးပဲတဲ့၊ တကယ်တော့ သူ့ကြာပန်းတွေက ပိုလှတာ”

ဒီလိုကိုး။ ကျန်းယွင်ကျူးရဲ့အိပ်မက်ထဲမှာ မေပယ်လ်ရွက်တွေကို ကြည့်ဖို့ မြင်းဖြူဘုရားကျောင်းကို လာခဲ့ဖူးတယ်လေ။ သူမလာခဲ့တာ အချိန်အခါ မဟုတ်လို့ထင်ပါတယ် မေပယ်လ်ရွက်တွေကို အများကြီး မတွေ့ခဲ့ရဘူး။ ဒါတောင် လူတွေအများကြီးနဲ့ နေရာတိုင်းမှာ ပြည့်ကြပ်နေတာပဲ။

အထူးသဖြင့် တောင်ပေါ် အတက်အဆင်းအချိန်မှာဆိုရင် ရှေ့လူနဲ့ နောက်ကလူက ကပ်နေတာပဲ။ မြန်မြန်လျှောက်ချင်ရင်တောင် လျှောက်လို့မရသလို ရပ်လိုက်ချင်ရင်လည်း ရပ်လို့မရပြန်ဘူးလေ။

ဒီတစ်ခါ ဒီတောင်ပေါ်ကို တက်ရတာ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာပဲ။ ဒါတောင် ထူးခြားတဲ့ရှုခင်းတစ်ခုက ရှိသေးတယ်။

သူတို့နှစ်ယောက်က အလျင်မလိုကြပေ။ သူတို့သည် လမ်းတစ်လျှောက်တွင် နားလိုက် ခဏနားလိုက် လျှောက်လာခဲ့လေသည်။ တောင်ပေါ်သို့ တက်မည့်အစား သူတို့သည် တောင်အနောက်ဖက်သို့ ပတ်သွားလိုက်ကြသည်။

ရုတ်တရက်ဆိုသလို ရှေ့တွင် ဟင်းလင်းပြင်ကြီးကို တွေ့လိုက်ရသည်။

ကြာရွက်များသည် စိမ်းစိုရာ ကြည်လင်လို့နေသည်။ ထို့အပြင် သည်နေရာတွင် ကြာဖြူများစွာ ပွင့်နေကြသည်။ ကြာဖြူများသည် ရေထဲတွင် ထိုးထောင်နေပြီး အစိမ်းရောင်ကြာရွက်များနှင့် အချိုးကျလှသည်။ ကျက်သရေရှိကာ လှပနေလေတော့သည်။

ကျန်းယွင်ကျူးက ကြာပန်းများ ခံစားနေပြီး ရှန်ဖုန်းမင်က သူမကို လှည့်ကြည့်နေလေသည်။

သူမ၏မျက်နှာပေါ်က အပြုံးကို တွေ့လိုက်ရသည်တွင် သူ့စိတ်ခံစားချက်က တိုးတက်လာသည်ကို ခံစားလိုက်ရတော့သည်။

တည်းခိုခန်းသို့ ပြန်လာပြီးနောက် ကျန်းယွင်ကျူး၏စိတ်ထဲတွင် စိတ်ကူးများစွာ ပေါ်လာတော့သည်။ သူမသည် သူမ၏သီးသန့် စားသောက်ဆိုင်အတွက် ချက်ချင်း စတင်ပြင်ဆင်လိုက်ပြီး ဟင်းအမယ်များကို ရှာကြည့်ကာ ဟာကွက်များကို ဖြည့်ဖို့ရန် မကြာခဏဆိုသလို ကျန်နေသည့်အရာများကိုလည်း စစ်ဆေးလိုက်လေသည်။ ရှန်ဖုန်းမင် ဘယ်အချိန်က ပြန်သွားမှန်းပင် မသိလိုက်ပေ။

All Chapters