အခန်း (၉၄-၉၆)
Vol. 7 Ch. 94-96
အပိုင်း (၉၄)
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက ပွဲစားထံသို့ စောစောစီးစီး သွားလိုက်လေသည်။
အမျိုးသမီးက သူမကို စောင့်နေနှင့်သည်။
“ မိန်းကလေးကျန်း ရှင်လိုချင်တဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ ဆိုင်လေးခုရှိတယ်၊ ရှင် တစ်ချက်လောက် သွားကြည့်ချင်လား”
“ဟုတ်ကဲ့” ကျန်းယွင်ကျူးက သည်ကိစ္စအတွက် ရောက်လာခြင်းပင်။
အမျိုးသမီးက သူမကို ခေါ်လာပြီး ပထမဆုံးဆိုင်ကို သွားကြည့်လိုက်ကြသည်။ ဒီဆိုင်က အခုတော့ လွတ်နေတယ်လေ။ သူမ ဘယ်လိုပြောရမလဲ။ ကျန်းယွင်ကျူးရဲ့လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီပြီး အားလုံးကို ဖြည့်ဆီးနိုင်မယ်လို့ ထင်ရပါတယ်။ အားလုံးက အဆင်ပြေတဲ့အဆင့်ပါပဲ။ ဒါပေမဲ့ ဘာမှထူးခြားနေတာမျိုး မရှိဘူး။
အလုပ်ဖြစ်တဲ့အနေအထားလောက်လို့ပဲ ပြောရလိမ့်မယ်။
အမျိုးသမီးက သူမက သည်ဆိုင်ကို သဘောမကျမှန်း တွေ့လိုက်ရသဖြင့် ဒုတိယဆိုင်သို့ ခေါ်လာခဲ့လေသည်။
ဒုတိယဆိုင်က ပထမဆိုင်ထက် ပိုကောင်းသော်လည်း ပတ်ဝန်းကျင်က အလွန်မှ ဆိုးရွားလွန်းသည်။
နောက်တစ်ခုမှာ တတိယဆိုင်။ တတိယဆိုင်က ကျယ်ဝန်းပြီး ပတ်ဝန်းကျင်ကလည်း ကောင်းမွန်သည်။ ကျန်းယွင်ကျူးကို စိတ်လှုပ်ရှားသွားစေတော့သည်။
အမျိုးသမီးက သွားများပေါ်သည်အထိ ပြုံးရင်းရပ်နေလိုက်ကာ ကျန်းယွင်ကျူး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို ခွင့်ပြုထားလိုက်သည်။
ကျန်းယွင်ကျူးက ဆိုင်ကို စစ်ဆေးလိုက်ပြီး စိတ်ထဲတွင် ၈၀%လောက် သဘောကျသွားတော့သည်။ သူမ ပြန်ရောက်လာပြီး အမျိုးသမီး၏အပြုံးကို တွေ့လိုက်ရချိန်တွင်တော့ သူမ နားလည်သွားတော့သည်။ အမှန်တွင်တော့ သူမက သည်ဆိုင်ကို ကြိုက်လိမ့်မည်မှန်း အမျိုးသမီးက သိထားလေသည်။ သို့သော် သူမကို ချက်ချင်း ခေါ်လာမည့်အစား အရင်ဆုံး တခြားဆိုင်နှစ်ခုကို ခေါ်ပြခဲ့သည်။ ယှဥ်ကြည့်လျှင် သည်ဆိုင်ကို ငှားရမ်းနိုင်ခြေက အများကြီးပိုမြင့်လေသည်။
ကျန်းယွင်ကျူး၏ တည်ငြိမ်နေပြီး
“ နောက်ထပ် ဆိုင်တစ်ဆိုင်လောက် ရှိသေးလား”
အမျိုးသမီးက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး
“မိန်းကလေးကျန်းက ဒီဆိုင်ကို မကြိုက်လို့လား”
ကျန်းယွင်ကျူးက အင်းမလုပ် အဲမလုပ် နေလိုက်လေသည်။ သူမသည် စျေးညှိရန် အမျိုးသမီး၏ အကူအညီကို လိုအပ်နေသေးသည်။ သူမကို ကတ်အားလုံး ဆုပ်ကိုင်ခွင့်တော့ မပေးနိုင်ပေ။
သေချာပါသည်။ အမျိုးသမီး၏အမူအရာထဲတွင် သံသယစိတ်များ ပေါ်လာပြီးနောက် သူမက ပြောလိုက်တော့သည်။
“ အဲဒီဆိုင်ကိုတော့ ရှင် သွားကြည့်စရာ မလိုတော့ပါဘူး”
“ဘယ်လို”
“မိန်းကလေးကျန်းက လုပ်ငန်းတစ်ခု စ,ချင်လို့ ဆိုင်ငှားနေတာလေ၊ ရှင့်ကို အမှန်အတိုင်းပြောရရင် အဲဒီဆိုင်က ငါးနှစ်အတွင်း ပိုင်ရှင် လေးယောက်ပြောင်းပြီးသွားပြီ၊ တစ်ယောက်မှ အကြာကြီး မခံလိုက်ဘူး”
“ဘာလို့လဲ ရှင့်”
သူမက ထိုအကြောင်း ပြောလိုက်ချိန်တွင် ကျန်းယွင်ကျူးမှာ စိတ်ဝင်စားလာတော့သည်။
အမျိုးသမီးက မတတ်သာတော့ဘဲ ပြောပြလိုက်ရတော့သည်။
“ ရှင်ကိုယ်တိုင်မြင်ရင် ချက်ချင်းနားလည်သွားပါလိမ့်မယ်”
ထို့နောက် သူမက ကျန်းယွင်ကျူးကို ခေါ်လာပြီး လမ်းမကြီးများနှင့် လမ်ကြားလေးများကို ဖြတ်ကျော်လာပြီး လမ်းသွယ်တစ်ခုသို့ ရောက်လာလေသည်။ သူတို့သည် နည်းနည်းလောက် လျှောက်ကာ ဝင်လာချိန်တွင်တော့ လမ်းပေါ်တွင် လူသွားလူလားများက မရှိတော့သလောက်ပင်။
ရှီလျို့က ကျန်းယွင်ကျူးနောက်မှ လိုက်လာပြီး သတိအနေအထားဖြင့် ရှိနေတော့သည်။ ဒီအမျိုးသမီးက ဘယ်သူ့ကိုမှ အန္တရာယ်မပေးလောက်ပါဘူးနော်။
သည်အချိန်တွင် လမ်းဆုံးခါနီးသို့ ရောက်လာတော့သည်။ အမျိုးသမီးက ရပ်လိုက်ပြီး အနီးနားက နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်လေသည်။
“ ကြည့်လိုက်၊ အဲနေရာပဲ”
ကျန်းယွင်ကျူးက ခေါင်းကိုလှည့်ကြည့်လိုက်ရာ နှစ်ထပ်သစ်သား အဆောက်အအုံငယ်လေးတစ်လုံး ဖြစ်ပြီး အပေါ်ထပ်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေသည်။ ဖုန်းကျူလို သည်ဆိုင်၏ နာမည်ပင်။ စားသောက်ဆိုင်တစ်ခု ဖြစ်ခဲ့ဟန်တူသည်။
“မိန်းကလေးကျန်း အခုတော့ နားလည်သင့်ပါပြီ၊ ဒီလမ်းက အစတုန်းက လမ်းငယ်လေးတစ်ခုလေ ပြီးတော့ ဒီဆိုင်ကလည်း လမ်းအဆုံးမှာ ရှိတာ၊ ပုံမှန်ဆိုရင် ဒီနေရာကို ဘယ်သူမှမလာကြဘူး”
အမျိုးသမီးက ပြောလိုက်သည်။
ကျန်းယွင်ကျူးက ပတ်ဝန်းကျင်းနှင့် သည်ဆိုင်ငယ်လေးကို သေသေချချာ ကြည့်လိုက်လေသည်။ သူမသည် ကြည့်နေလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်သွားတော့သည်။ ဒီနေရာက သူမ ရှာနေတဲ့ နေရာပဲ မဟုတ်ဘူးလား။ သူမက တစ်ကိုယ်တော် ချက်ပြုတ်မှာဆိုတော့ လူ အရမ်းစည်ကားနေစရာ မလိုဘူးလေ။ ဒီလို တိတ်ဆိတ်တဲ့နေရာမျိုးက ကွက်တိပဲ။ သူမသည် ဆိုင်ကို တစ်ချက် ကြည့်လိုက်ပြီးသည်နှင့် ဒီဆိုင်ငယ်လေးကို မည်သို့ အလှဆင်မည့်အကြောင်း ပုံဖော်ကြည့်မိလျက်သား ဖြစ်သွားတော့သည်။
ဒီနေ့က သူမအတွက် တမင်ကိုရည်ရွယ်ပြီး လုပ်ထားတဲ့အတိုင်းပဲ။
သူမသည် ဘဝင်ခိုက်မိနေသော်လည်း မျက်နှာပေါ်တွင် လုံးဝမထုတ်ပြပေ။ သူမက မနှစ်မြို့သလိုနှင့်ပင် မှတ်ချက်ပေးလိုက်သည်။
“ဟုတ်ပါ့ မဖြစ်သေးပါဘူး၊ နောက်ဆုံးဆိုင်က ပိုကောင်းတဲ့ပုံပဲ”
အမျိုးသမီး၏ စိတ်ရှည်မှုက သူမကို ထူးထူးဆန်းဆန်း အမူအရာများ မပေါ်လာနိုင်အောင် ထိန်းထားလေသည်။ သူ ပြောပါတယ်။ ဒီဆိုင်က မကောင်းပါဘူးဆို။ သူမက မယုံဘူး။ အခုတော့ နားလည်သွားပြီပေါ့။
“ အထဲကို တစ်ချက်လောက် သွားကြည့်ကြမယ်လေ” ကျန်းယွင်ကျူးက ခက်ခက်ခဲခဲ ရုန်းကန်နေရသယောင်။
အမျိုးသမီးက သူမ သဘောအတိုင်း လိုက်လျောပေးလိုက်တော့သည်။ နှစ်ယောက်သားက ဆိုင်ထဲသို့ ဝင်သွားတော့သည်။ သည်ဆိုင်၏လက်ရှိပိုင်ရှင်၏နာမည်က ဖန် ဖြစ်သည်။ သူက မြေပိုင်ရှင် မိသားစုနှင့် သုဲံးနှစ်စာချုပ် ချုပ်ထားခြင်းပင်။ တစ်နှစ်မပြည့်ခင်မှာပင် သူသည် ဆက်မထိန်းထားနိုင်တော့ဘဲ တစ်ဆင့်ပြန်ငှားချင်သွားတော့သည်။
သူဌေးဖန်သည် ကျန်းယွင်ကျူးက သူ့ဆိုင်ကို ငှားချင်သည်ဟု ကြားလိုက်ရသောအခါ သူက သူ့ဆိုင်၏ ကောင်းကြောင်းများကို ချက်ချင်း ချပြောလေတော့သည်။
အမျိုးသမီး ဘက်ကကြည့်လျှင်တော့ ဒါသည် လုံးဝ အချိန်အလကားဖြစ်သွားခြင်းပင်။ ထို့ကြောင်း သူမက သူဌေးဖန်၏ အလိမ်အညာများကို ဘာမှမဂရုမစိုက်သလို ထုတ်ဖော်ပြီး ကျန်းယွင်ကျူးအား အရင်ဆိုင်ကို ယူစေချင်လေသည်။
ကျန်းယွင်ကျူးက တွေဝေနေဟန် ပြလိုက်လေသည်။
မသိမသာနှင့် နှစ်ယောက်သားက လူနှစ်ယောက်ပြဇာတ်ကို ပြီးပြည့်စုံအောင် ကပြနေကြတော့သည်။
သူဌေးဖန်က နားထောင်လိုက်ပြီး သူက စိုးရိမ်လာတော့သည်။ ထို့ကြောင့် သူက ငှားခကို စတင် စျေးလျှော့ပေးတော့သည်။
သူက လျန်၆၅၀အထိ စျေးချပေးလိုက်ချိန်တွင် ကျန်းယွင်ကျူးက ပြောလိုက်တော့သည်။
“ ကောင်းပါပြီ၊ ကျွန်မ ဒီဆိုင်ကို ငှားမယ်”
လက်လျှော့တော့မည့် သူဌေးဖန်နှင့် အမျိုးသမီးတို့နှစ်ယောက်လုံးသည် မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်နေကြတော့သည်။
ထို့နောက်တွင်တော့ ချက်ချင်းပင် သူဌေးဖန်က ဝမ်းသာသွားပြီး စိတ်ထဲတွင် ပြန်လည်လန်းဆန်းလာကာ နောက်ဆုံးတော့ သူသည် သူအာလူးပူပူကြီးကို ဖယ်ရှားလိုက်တော့သည်။ သူသည် ငွေအနည်းငယ် ရှုံးခဲ့သော်လည်း အားလုံး ရှုံးသွားသည်ထက် စာလျှင်တော့ ပိုကောင်းသေးသည်။
သို့တိုင် သူသည် ကျန်းယွင်ကျူးက သူမ၏စကားကို ပြန်ရုပ်သိမ်းပြီး သူ့ဆိုင်ကို မငှားတော့မည်စိုးသဖြင့် ရင်နာချင်ဟန် ဆောင်နေရလေသည်။
သူ၏ တပြိုင်တည်းဖြစ်နေသည့် ဝမ်းသာ ဝမ်းနည်းရုပ်သွင်က ရယ်စရာကောင်းနေတော့သည်။
အမျိုးသမီးကတော့ လုံးဝ ဝမ်းသာမနေချေ။ သူမ၏ပွဲခသည် ငှားရမ်းခနှင့် အချိုးကျလေသည်။ ပထမဆိုင်းက လျန်၁၂၀၀ ဖြစ်သည်။ သည်ဆိုင်က လျန် ၆၅၀ သာလိုအပ်သည်။ ကွာခြားချက်က တစ်ဝက်နီးပါးပင်။ သူမ၏ဝင်ငွေလည်း အများကြီး နည်းသွားပေတော့မည်။
“မိန်းကလေးကျန်းက ဘာလုပ်ငန်း လုပ်ချင်တာလဲ”
လက်လျှော့ဖို့ရန် ဆန္ဒမရှိလေရာ အမျိုးသမီးက မေးလိုက်လေသည်။
“စားသောက်ဆိုင်တစ်ခုပါ” ကျန်းယွင်ကျူးက ပုံမှန်အတိုင်းပြောလိုက်သည်။
“ဒါက... ရှင့်စားသောက်ဆိုင်ကို ဒီမှာဖွင့်ရင် ဝိုင်နံ့က လမ်းကြားထဲမှာပဲ ဝေ့နေတော့မှာ....” အမျိုးသမီးက သူမကို နားချလေသည်။ သူဌေးဖန်ကို ဥပမာယူ ဆိုပါတော့လေ။
“ဟုတ်လား”
ကျန်းယွင်ကျူးက ဂရုမစိုက်ပေ။ သူဌေးဖန်ရဲ့ဝိုင်နံ့က အဲလောက် မမွှေးလို့နေမှာပေါ့။
နားချလိုက်ပြီးနောက်တွင်လည်း သူမက မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးက သူမ၏စိတ်ထဲတွင် မှတ်ချက်ပေးလိုက်တော့သည်။ တပြား နှစ်ပြားလောက်ကို လောဘကြီးနေလိုက် အရှုံးကြီးရှုံးလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေက ဒီဆိုင်ကို ငှားတဲ့လူအားလုံးက ဒီလိုတွေချည်းပဲ။ သူမက ဘာမှ မလုပ်ပေးနိုင်တော့မှ သူမကို ဆိုင်ပြောင်းပေးဖို့ လာပြောတော့မယ်။ အဲဒီအခါကျမှ ‘နောင်တ’ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမယ်ဆိုတာ သူမ သိသွားလိမ့်မယ်။
ကျန်းယွင်ကျူးက ငှားရမ်းချင်သဖြင့် အမျိုးသမီးက မတတ်သာတော့ဘဲ သူဌေးဖန်နှင့် အသေးစိတ်ကိစ္စများကို ချက်ချင်း ဆွေးနွေးလိုက်ကြလေသည်။
သူဌေးဖန်သည် တစ်ဆင့်ငှားထားခြင်းဖြစ်လေသည်။ ထို့ကြောင့် သူက မြေပိုင်ရှင်၏ခွင့်ပြုချက်ကို ယူရပေမည်။
“ဒါက ပြဿနာမရှိပါဘူး” သူဌေးဖန်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ကြေညာလိုက်လေသည်။
“ပိုင်ရှင်မိသားစုက အရမ်းသဘောကောင်းပါတယ်”
အမျိုးသမီးက သူ့ကို လှမ်းကြည့်လိုက်၏။ သူတို့သည် သူတို့၏ဆိုင်ခန်းက ငှားရမ်းဖို့ရာ မလွယ်ကူမှန်း သိထားသဖြင့် သူတို့သည် ပြောရဆိုရ ပိုလွယ်ကြလေသည်။
မကြာမီတွင် သူဌေးဖန်က ပိုင်ရှင်မိသားစုက လူတစ်ယောက်ကို ခေါ်လာခဲ့သည်။
အိမ်တော်ထိန်းတစ်ယောက်နှင့်တူသည် ယောက်ျားတစ်ယောက်ပင်။ သူဌေးဖန်က ဆိုင်ကို လွှဲပြောင်းချင်သည်ဟု ကြားသည်တွင် တစ်ယောက်ယောက်က သူ့ကို နှစ်တိုင်း ငှားရမ်းခပေးနေသ၍ သူသည် ငြင်းဆန်ဖို့ စိတ်ကူးမရှိပေ။
“ စာချုပ် သက်တမ်းကုန်သွားရင် ကျွန်မ ရှင်နဲ့ စာချုပ်ကို အသစ်ပြန်ချုပ်လို့ရနိုင်လား” ကျန်းယွင်ကျူးက ထိုလူကို မေးလိုက်သည်။
အိမ်တော်ထိန်းနှင့်တူသည့် လူက အော်ရယ်မိမတတ် ဖြစ်သွားတော့သည်။ သူမက သည်ဆိုင်ကို ဆက်ပြီးငှားရမ်းနိုင်ဖို့ သူကတော့ ဆန္ဒရှိပါသည်။
“အင်း” သူက ပြောလိုက်၏။
“ငှားရမ်းခကရော” ကျန်းယွင်ကျူးက မေးလိုက်သည်။
“ သူ့အတိုင်းပဲ လုပ်မယ်၊ တစ်နှစ်ကို လျန်၈၀၀၊ တစ်ကြိမ်ကို သုံးနှစ်၊ ဒါက ကျုပ်တို့မိသားစုရဲ့သခင်မ သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးစျေးပဲ၊ ကျုပ်နဲ့ ဆွေးနွေးလည်း အလကားပဲ”
“ဒါဆို ကျွန်မတို့တွေ အခုပဲ စာချုပ်ချုပ်လိုက်ရမယ်လေ၊ ဒါမှ ကျွန်မတို့တွေ နောက်ပိုင်းကျရင် ပြဿနာကို ရှောင်နိုင်မှာ” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
သူဌေးဖန်၊ အမျိုးသမီးနှင့် အိမ်တော်ထိန်းတို့အားလုံးက တအံ့တဩဖြစ်သွားကြတော့သည်။
သူဌေးဖန်က သူမကို နားချချင်ခဲ့သော်လည်း ပြန်ထိန်းချုပ်ထားလိုက်လေသည်။ သူ နားချလိုက်မှ ကျန်းယွင်ကျူးက မငှားတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူ့မှာ ဆိုင်ကို လက်လွှဲယူချင်တဲ့ လူတစ်ယောက်ရဖို့ သုံးလလောက် စောင့်ခဲ့ရတာ။ သူမကိုတော့ ထွက်ပြေးခွင့်မပေးနိုင်တော့ဘူး။
အိမ်တော်ထိန်းက ခပ်တင်းတင်း ပြောလိုက်၏။
“ သုံးနှစ်စာချုပ်ပဲ လုပ်မယ်၊ မင်းရဲ့လုပ်ငန်းအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ နှစ်တိုင်း အချိန်မီ ငှားရမ်းခကို ပေးရမယ်၊ မဟုတ်ရင် ကျုပ်က စာချုပ်နဲ့အတူ ရုံးတော်ကိုသွားပြီး မင်းကို တိုင်ကြားရလိမ့်မယ်’
“ကျွန်မ သိပြီ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
အိမ်တော်ထိန်းက သူမကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်လေသည်။ တော်တော်လေးကို လှပလွန်းတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူမရဲ့နောက်မှာ အစေခံနှစ်ယောက် ပါတယ်။ အစေခံနှစ်ယောက်လုံးကလည်း သားသားနားနားပဲ။ ကြည့်ရတာ သခင်မလေး တစ်ယောက် အပျော်သက်သက် လုပ်ချင်နေတာဖြစ်မယ်။
ဒီနေ့တော့ သူ ကံကောင်းတာပဲ။
မကြာမီ ကျန်းယွင်ကျူးသည် စာချုပ်နှစ်ခုကို လက်မှတ်ထိုးလိုက်လေသည်။ တစ်ခုက သူဌေးဖန်နှင့် ဖြစ်ပြီး နှစ်စဥ် ငှားရမ်းခ ၆၅၀လျန်နှင့် နှစ်နှစ်စာချုပ်ဖြစ်သည်။ တစ်ခုက အိမ်တော်ထိန်းနှ်င့ သုံးနှစ်တစ်ကြိမ် စာချုပ်ဖြစ်ပြီး နှစ်စဥ်ငှားရမ်းခက လျန်၈၀၀ ဖြစ်သည်။
သူဌေးဖန်က သည်နှစ်အတွက် ငှားရမ်းခ ပေးချေပြီးသားဖြစ်သည်။ ကျန်းယွင်ကျူးက သူ့ကို လျန် ၆၅၀သာ ပေးရန်လိုသည်။ နောက်နှစ်အတွက် လျန်၁၅၀ကို နှုတ်လိုက်လျှင် လျန် ၅၀၀ သာပေးရတော့မည်။
ကျန်းယွင်ကျူးက ငွေလက်မှတ်ကို ထုတ်လိုက်ပြီး သူ့ကို လျန်၅၀၀ ချက်ချင်းပေးလိုက်တော့သည်။
ဒါက သည်နှစ်အတွက် သည်ဆိုင်ကို လျန်၅၀၀နှင့် ငှားရမ်းခြင်းနှင့်အတူတူပင်။ ကျေနပ်စရာကောင်းပြီး အံ့ဩဖို့ကောင်းလိုက်တာ။
“မိန်းကလေး မင်း....”
သူဌေးဖန်က နောက်ဆုံးတော့ စိတ်အေးသွားကာ ငွေကို လက်ခံလိုက်တော့သည်။ သူသည် ကျန်းယွင်ကျူးကို နည်းနည်းတော့ နားချချင်သော်ငြား အလွန်မှ ကြောင်သူတော်ဆန်သည်ဟု ခံစားလိုက်ရသဖြင့် သည်အတိုင်း ထွက်လာခဲ့လိုက်တော့သည်။
ဟုတ်ပါသည်။ မြို့တော်နှင့် သဟဇာတဖြစ်ဖို့ရန်က အလွန်မှ လွယ်ကူမနေချေ။ သည်တစ်ကြိမ်တွင် သူ၏ စွန့်စားရသည့် စီးပွားရေးလုပ်ငန်းက ကျရှုံးခဲ့သည်။ သူသည် ဇာတိမြို့သို့ ပြန်ကာ ဘယ်တော့မှ ပြန်မလာတော့ဖို့ စီစဥ်ထားခဲ့လသေည်။
“ နောက်တစ်ခါ ရှင် ဆိုင်ကို တစ်ဆင့်ပြန်ငှားချင်တယ်ဆိုရင် ကျွန်မကို လာရှာလို့ရတယ်နော်’
အမျိုးသမီးက ပွဲစားခကို ယူပြီးနောက် ကျန်းယွင်ကျူးကို အကြံပေးလိုက်သည်။ သူမ၏အမြင်တွင်တော့ ကျန်းယွင်ကျုးက သူမထံသို့ အနှေးနှင့်အမြန် ရောက်လာလိမ့်မည်ဟူ၍။
ကျန်းယွင်ကျူးက စကားတစ်ခွန်းမှ မပြောဘဲ ပြုံးပြလိုက်လေသည်။ အကျိုးအမြတ်ကို ရိတ်သိမ်းပြီးနောက်တွင်တော့ သူမသည် အပျော်ကြီး ပျော်သွားတော့သည်။
အိမ်တော်ထိန်းက စာချုပ်ကို ယူပြီး ထွက်သွားလေသည်။
“ နှစ်ရက်နေရင် ဆိုင်ကို လက်လွှဲယူလို့ရပါပြီ မိန်းကလေး”
သူဌေးဖန်က ပြောလိုက်၏။ သူ့ဆိုင်တွင် ရှင်းစရာရှိသည့်အရာများက များစွာရှိနေသည်။
“ကောင်းပါပြီ” ကျန်းယွင်ကျူးက ပြန်သွားတော့သည်။
သူမသည် ထို့နောက်တွင်လည်း ငြိမ်ငြိမ်မနေခဲ့ချေ။ သူမ လုပ်နေကျအတိုင်း လုပ်ခဲ့လေသည်။ စားပွဲခင်းများကို မှာယူနိုင်သည့်နေရာတစ်ခုကို ရှာပြီး ဆိုင်းဘုတ်လုပ်ရန်အတွက် ဆိုင်းဘုတ်ဆိုင်တစ်ခုကို ရှာလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ သူမသည် ရှန်ဖုန်းမင်ကို မနှောင့်ယှက်တော့ပေ။ ဒါက မြို့တော်လေ။ တစ်ယောက်ယောက်က သူ့လက်ရေးကို မမှတ်မိဘူးလို့ အာမမခံနိုင်ဘူး။ ပြဿနာဖြစ်လာလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ သူမက လူတွေကို ဆွဲဆောင်ဖို့ ဆိုင်းဘုတ်ကို အားကိုးမှာ မဟုတ်လေဘူး။ သူမသည် စာလေး တစ်လုံးနှစ်လုံးလောက်ရေးပေးရန် ရှို့ချိုင်တစ်ယောက်ကို သွားရှာကာ ဆိုင်းဘုတ်တစ်ခု လုပ်လိုက်လေသည်။
ထို့နောက် အလှဆင်ဖို့ရန်အတွင် ပစ္စည်းအမျိုးမျိုးနှင့် မီးဖိုဆောင်ထဲတွင် အသုံးပြုမည့် ပစ္စည်းများလည်းရှိလေသည်။
သူမသည် သည်နှစ်ရက်တွင် အလွန်မှအလုပ်များနေပြီး သူမ၏ခြေထောက်များက မြေကြီးနှင့်ပင် မထိတော့ပေ။
သည်နေ့သည် ဆိုင်လက်လွှဲယူမည့် နေ့ဖြစ်သည်။ သို့သော် သူမ၏စိတ်ထဲတွင် နောက်ထပ်ကိစ္စတစ်ခု ရှိနေသည်။ သည်မနက် သူမသည် အပြင်ဘက်သို့ ကြည့်နေခဲ့မိသည်။ ဆက်တိုက်ကို ငေးကြည့်နေမိလေသည်။
သည်နေ့ တည်းခိုခန်းထဲတွင် လူသူကင်းမဲ့နေသည်။ သည်နေ့တွင် ရာထူးအဆင့်များကို ထုတ်ပြန်တော့မည်။ ဖြေဆိုသူအားလုံးက အဆင့်များကို ကြည့်ရန် သွားလိုက်ကြလေသည်။ ကျန်လူများကတော့ ကျန်းယွင်ကျူးလိုပင် အပြင်ဘက်ကိုကြည့်ပြီး သတင်းကို စောင့်စားနေကြလေသည်။
မနက် ၉နာရီ နီးလားပြီး အပြင်ဘက်တွင် ရုတ်တရက်ဆိုသလို စည်ကားလာတော့သည်။
မကြာမီ လူတစ်စုက ကုယန်ကျိုးနှင့် ရှဲ့ချန်ကို ပွေ့ဖက်ပြီး တည်းခိုခန်းထဲသို့ ဝင်လာခဲ့ကြသည်။
“ဂုဏ်ပြုပါတယ် အစ်ကိုကု၊ ကျွန်တော်တို့ ဝူလင်စီရင်စုမြို့လေးက ဒီနှစ် ပထမအဆင့် ရလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိဘူး” လူတစ်ယောက်က ဝမ်းသာအားရပြောလိုက်သည်။
“ဟုတ်တယ် အစ်ကိုကု၊ မင်းက ကျွန်တော့်တစ်ဘဝလုံးအတွက် စံပြပုဂ္ဂိုလ်ပဲ” တစ်ယောက်က ပြန်ပြောလေသည်။
လူတချို့က ပြောကြသည်။
“ အစ်ကိုရှဲ့ကလည်း ရာထူးအဆင့်မြင့်တယ်နော်။ ဒီနှစ် ကျွန်တော်တို့ ဝူလင်စီရင်စုက တကယ်တော့ ရာထူးအဆင့်မြင့် နှစ်ယောက်ကို မွေးထုတ်ပေးခဲ့တာပဲ၊ ဧကန္တတော့ ကျွန်တော်တို့ ဝူလင်စီရင်စုက ဂုဏ်တက်တော့မှာမလား။
. . .
အားလုံးက အချင်းချင်း ပြောဆိုနေကြလေသည်။ အပြင်ဘက်တွင် ဗျောက်အိုးဖောက်သံများ မြည်နေတော့သည်။
ထို့နောက်တွင် လူတစ်ယောက်က သတင်းကောင်းကို ကြေညာဖို့ သတင်းကောင်းတစ်ခု ယူလာခဲ့တော့သည်။
ကုယန်ကျိုး ပထမအဆင့်မှာ ပထမ၊ အကောင်းဆုံး စာတမ်းရှင်။ ရှန်ချန် ဒုတိယအဆင့်မှာ အဆင့်၁၂၊ ကျင်ရှီး ရာထူး။
တည်းခိုခန်းပိုင်ရှင်သည် သူ့မိသားစုတည်းခိုခန်းတွင် စာဖြေသူများထဲမှ အကောင်းဆုံး စာတမ်းရှင်ကို တစ်ချိန်လုံးမျှော်လင့်လာခဲ့သူဖြစ်သည်။ သည်အကြောင်းကြောင့် သူက နှစ်တိုင်း ဗျောက်အိုးများကို ဝယ်ထားခဲ့သည်။ အခုတော့ သူ့ဧည့်သည်က အဆင့်တစ် ရခဲ့သည်ဟု ကြားလိုက်သည်တွင် သူက ဝန်ထမ်းကို အောင်ပွဲခံပေးရန် ဗျောက်အိုးများ မြန်မြန်ပြင်ဆင်ပေးဖို့ တိုက်တွန်းလိုက်တော့သည်။
အခုချိန်ကစပြီး သူ့တည်းခိုခန်းကို အကောင်းဆုံးစာတမ်းရှင် အဆောက်အအုံဟု ခေါ်နိုင်ပေပြီ။
လုပ်ငန်းက ပိုပိုပြီး တိုးတက်ကြီးပွားလာတော့မည်မှာ သေချာလှသည်။
အားလုံးက ပန်းဆုပ်များလို ကုယန်ကျိုးနှင့် ရှဲ့ချန်တို့အား ဝိုင်းရံထားလိုက်ကြသည်။
ကျန်းယွင်ကျူးက အားလုံးပြောနေသည့် စကားများကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက်လုံးအတွက် ဝမ်းသာမိလေသည်။ မှန်နေသားပဲ။ အိပ်မက်ထဲက တချို့ကိစ္စတွေက တကယ်ဖြစ်လာခဲ့တယ်။ ကုယန်ကျိုးက တကယ် အကောင်းဆုံးစာတမ်းရှင်ပဲ။
ဒါပေမဲ့ ရှဲ့ချန်ကတော့ သူမရဲ့အိပ်မက်ထဲမှာ ဘာဖြစ်ခဲ့တာလဲ မသိရဘူး။
အခုတော့ သူက ကျင်ရှီးအဖြစ် ခန့်အပ်ခံလိုက်ရပြီ။
လူအုပ်ကြီးကို ပြန်လည်တုံ့ပြန်ရင်း ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် လူတစ်ယောက်ကို ရှာဖွေနေကြလေသည်။ သူတို့သည် ဘေးချိတ်ခံထားရသည့် ကျန်းယွင်ကျူးကို တွေ့လိုက်ရသောအခါ ဝမ်းသာရွှင်လန်းသည့် မျက်နှာတစ်ခုက ပေါ်လာပြီး သူမထံသို့သွားကာ စကားပြောချင်ကြတော့သည်။
ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ လူတွေက အများကြီးလေ။ အရမ်းကို စည်ကားနေတာ။ ဒီလိုလှပတဲ့ အခိုက်တန့်လေးကို ပျော်ရွှင်နေသင့်တာပေါ့။
...
အပိုင်း (၉၅)
ကုယန်ကျိုးနှင့် ရှဲ့ချန်တို့နှစ်ယောက်လုံးတွင် ကျန်းယွင်ကျူးနှင့် ပြောစရာစကားများစွာ ရှိနေလေသည်။ သို့သော်ငြား ဘေးတွင် လူအများကြီးက ဝိုင်းအုံနေကြသည်။ သူတို့သည် ထိုနေရာတွင်သာ ရပ်နေနိုင်ပြီး ပြောဆိုနေရတော့သည်။
ကျန်းယွင်ကျူးက ခဏလောက် စောင့်ကြည့်နေလိုက်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။ သူမသည် သူတို့အတွက် ပျော်ရွှင်ရလေသည်။ သို့သော် သူမတွင်လည်း လုပ်စရာ ကိုယ်ပိုင်ကိစ္စများ ရှိနေသည်။
မကြာမီတွင် သူမသည် ငှားရမ်းထားသည့် ဆိုင်ဆီသို့ ရောက်လာတော့သည်။ သူဌေးဖန်က ဆိုင်တွင် စောင့်နေလေသည်။
ပြီးခဲ့သည့်နှစ်ရက်အတွင်း သူသည် ဆိုင်ကိစ္စများကို ဖြေရှင်းပြီး သူ့ဇာတိမြို့သို့ ပြန်တော့မည်။
“ ဆိုင်ထဲမှာ တချို့ပစ္စည်းတွေ ရှိသေးတယ်၊ မိန်းကလေးအတွက် အသုံးဝင်တယ်ဆိုရင် သုံးလို့ရပါတယ်၊ မလိုဘူးဆိုရင်လည်း လွှင့်ပစ်လိုက်လို့ရပါတယ်”
သူဌေးဖန်က ကျန်းယွင်ကျူးကို သော့နှစ်ချောင်းပေးလိုက်သည်။ တစ်ခုမှာ ဆိုင်အတွက်ဖြစ်ပြီး ကျန်တစ်ခုမှ ခြံဝင်းအတွက်ဖြစ်သည်။
သည်ဆိုင်သည် လမ်း၏ဆုံးတွင်ရှိပြီး ရှေ့တွင် နှစ်ထပ်အဆောက်အအုံတစ်ခုရှိကာ နောက်တွင် ကျယ်ဝန်းသည့်ခြံတစ်ခုပါသည်။ ခြံထဲတွင် ပင်မဆောင် လေးခုနှင့် အရံဆောင် လေးခုပါသည်။ သူဌေးဖန်က သည်နေရာတွင် နေခဲ့သည်။ အပြင်မှ ဝင်ရလွယ်ကူစေရန် သူက ခြံဝင်း၏ဘေးတွင် နောက်ထပ်တံခါးတစ်ပေါက် ဖွင့်ထားသည်။ ဒါသည် ထိုခြံဝင်း၏ဝင်ပေါက်ဖြစ်လာသည်။
“ကျေးဇူးတင်ပါတယ် သူဌေးဖန်” ကျန်းယွင်ကျူးက သူ့ကို စိတ်ရင်းနှင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ထိုအရာက သူဌေးဖန်ကို ပိုပြီးရှက်ရွံ့သွားစေတော့သည်။ သူသည် ကျန်းယွင်ကျုးကို လှည့်စားခဲ့မိသလို ခံစားလိုက်ရတော့သည်။
“မိန်းကလေး ဂရုစိုက်ပါနော်” သူက သူ့မျက်နှာကို အုပ်ကာ ထွက်သွားတော့သည်။
ကျန်းယွင်ကျူးက သော့ကို ကိုင်ထားပြီး ဆိုင်တံခါးကို အရင်ဆုံးဖွင့်လိုက်ကာ အထဲဝင်ပြီး တစ်ချက်ကြည့်လိုက်သည်။ နှစ်ရက်အတွင်းတွင် ဆိုင်ထဲက ပစ္စည်းအားလုံးကို ကုန်အောင် မရှင်းခဲ့ပေ။ တော်တော်လည်း ရှုပ်ပွနေပုံပေါ်သည်။ ကိစ္စတော့ မရှိပေ။ ဆိုင်ကို သန့်ရှင်းရေး လုပ်ပြီးသွားသည်နှင့် အဆင်ပြေသွားလိမ့်မည်။
သည်စားသောက်ဆိုင်တွင် ပထမထပ်ကို ခန်းမပုံစံထားပြီး ဒုတိယထပ်ကိုတော့ သီးသန့်အခန်းများ ဖွဲ့ထားသည်။
ခန်းမထဲတွင် ကြည့်စရာဘာမှ မရှိပေ။ ကျန်းယွင်ကျူးက ဒုတိယထပ်သို့ တန်းတက်လာခဲ့သည်။ အကောင်းစားအခန်းထဲ လျှောက်ကာ ဝင်လာရင်း သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ သူမသည် အားလုံးကို ပြန်လည်ပြင်ဆင်ရမည်မှန်း သိလိုက်တော့သည်။
ထို့နောက် သူမက စင်္ကြံအတိုင်း လျှောက်လာခဲ့ပြီး အပြင်ဘက်ကို ကြည့်လိုက်လေသည်။ ဟုတ်ပါသည်။ အမြင့်တွင် ရပ်နေလျှင် အဝေးကို မြင်နိုင်သည်။ သည်နေရာမှနေ၍ ဝမ်ရှန်းဖုန်း၏ မြင်ကွင်းအများစုကို မြင်နိုင်သည်။ ခန်းဆောင် ကြီးငယ်များနှင့် ကျယ်ဝန်းသည့်ခြံဝင်းများ၊ ကျဥ်းမြောင်းသည့် ခြံဝင်းများ အားလုံးကိုမြင်နေရသည်။
စိတ်ဝင်စားသွားပြီး သူမသည် အကောင်းစားအခန်းများကို တစ်ခန်းချင်းစီ ဝင်စစ်ဆေးကြည့်လိုက်သည်။ သူမသည် ညာဘက်အစွန်ဆုံး အကောင်းစားအခန်းကို ဝင်လိုက်ချိန်တွင် သည်နေရာကို ချက်ချင်းသဘောကျသွားတော့သည်။
သည်နေရာမှနေ၍ အဝေးက နန်းတော်ကို မြင်နေရသည်။ ကြီးမားကျယ်ပြန့်လှသည့် အဝါရောင်တောက်တောက် အုတ်ကြွပ်မိုးနှင့် အနီရောင် နန်းတော်တံတိုင်းများပင်။ သေသေချာချာ မမြင်နိုင်သော်လည်း ထိုနေရာတွင် မည်မျှခမ်းနားကြောင်းကို စိတ်ကူးကြည့်နိုင်လေသည်။
အနီးကပ်ကြည့်လျှင် ကြီးမားလှသည့် မြစိမ်းရောင်းရေကန်တစ်ခုကို တွေ့နိုင်သည့်အပြင် သိပ်သည်းကာ ခပ်ရေးရေး စိမ်းစိုနေသည့် သစ်တောများကိုလည်း တွေ့နိုင်သည်။
လမ်းပေါ်တွင် လူများစွာ ရှိနေပြီး လှည်းနှင့် မြင်းများကလည်း ပျားပန်းခတ်မျှ သွားလာနေကြသည်။ ကျန်းယွင်ကျူး၏အာရုံသည် ဆွဲဆောင်ခံလိုက်ရတော့သည်။ အချိန်တော်တော်ကြာအောင် ကြည့်နေလိုက်ပြီးနောက် သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်လေသည်။
သူမသည် အကောင်းစားအခန်းကို ပြင်ဆင်ပြီးသွားလျှင် အများသုံးအတွက် မဖွင့်တော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမ၏ ကိုယ်ပိုင်သီးသန့်နေရာအဖြစ် အသုံးပြုရလိမ့်မည်။ သူမသည် လက်ဖက်ရည် တစ်ငုံသောက်ရင်း ဝိုင်ကို အရသာခံရင်း သည်နေရာမှနေ၍ အဝေးကို လှမ်းကြည့်နိုင်သည်။ ဒါသည် သူမအရင်က တောင့်တနေသည့် ဘဝမျိုးပင်။
သည်လို စဥ်းစားလိုက်မိသည်တွင် သူမသည် သူမစိတ်ကူးထားသည့်အတိုင်း မြင်ချင်လာလေရာ တစ်ဆိုင်လုံးကို ချက်ချင်း ပြန်လည်ပြင်ဆင်ကာ အလှဆင်ချင်သွားတော့သည်။
အောက်ထပ်သို့ မဆင်းချင် ဆင်းချင်နှင့် သူမက အနောက်ဘက်ခြံဝင်းထဲသို့ သွားလိုက်တော့သည်။
အနောက်ဘက်ခြံဝင်းထဲတွင်တော့ ဘာမှထူးထူးခြားခြား မရှိပေ။ သူဌေးဖန်က သက်သောင့်သက်သာ နေဖို့ရန် အာရုံစိုက်သူ ဟုတ်ဟန်မတူ။ အနောက်ဘက်ခြံဝင်းက လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်လောက် ပြန်လည်ပြင်ဆင်ထားဟန်တူပြီး သူက သည်တိုင်း ဝင်နေလိုက်ဟန်တူသည်။
ကျန်းယွင်ကျူးကတော့ သူမသည် သည်နေရာတွင် အချိန်အကြာကြီးနေရမည်ကို ခံစားမိသဖြင့် သည်နေရာကို သေသေချာချာလေး ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
သူမအတွက်တော့ အံ့ဩစရာအကြောင်းတစ်ခုသာ ရှိလေသည်။ သူဌေးဖန်လည်း စားသောက်ဆိုင်တစ်ခု ဖွင့်ခဲ့တာပါပဲ။ အနောက်ဘက်ခြံဝင်းထဲက မီးဖိုဆောင်က အကြီးကြီးပဲ။ အထဲမှာ မီးဖိုတွေ အိုးခွက်မျိုးစုံလည်း ရှိသေးတယ်။ ဒါတော့ သူမအတွက် အများကြီး သက်သာသွားပြီ။
သူမ၏အတွေးများနှင့် လက်တွေ့ကို တစ်ခုချင်း ထပ်တူကျအောင်လုပ်ရင်း ကျန်းယွင်ကျူးက သူမ ရှာထားခဲ့သည့်လူများကို ချက်ချင်းခေါ်လိုက်ကာ မည်သို့ပြန်လည်ပြင်ဆင်ရမည်ကို ရှင်းပြလိုက်တော့သည်။ ထိုလူများကလည်း ချက်ချင်း အလုပ်စလုပ်ကြတော့သည်။
မြို့တော်က ဝူလင်စီရင်စုမြို့လေးနှင့် မတူပေ။ အသေးစိတ်ပိုကျလေလေ မသပ်မရပ် ဖြစ်နေသည့်အရာက ပိုနည်းလေလေပင်။
ထို့ကြောင့် သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးက ကိစ္စအားလုံးတွင် စိတ်နှစ်ထားလိုက်တော့သည်။ ပုံစံလေးတစ်ခု ဖြစ်နေပါစေ သူမသည် နည်းနည်းလေးမှ အတိမ်းစောင်းမခံဘဲ တောင်းဆိုခဲ့လေသည်။
သည်လိုနှင့် လျှပ်တပြက်အတွင်း သုံးရက်ကုန်သွားတော့သည်။ သည်နေ့သည် ပထမအဆင့် စာတမ်းရှင် အလယ်တွင်နေရာယူထားသူ (ဒုတိယအဆင့်) နှင့် ပန်းပွင့်ဖမ်းသူ (တတိယအဆင့်) တို့သည် စီတန်းလှည့်လည်လာလေသည်။ ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲတွင် သည်လိုခမ်းနားသည့် အခမ်းအနားမျိုးကို တစ်ခါမှ မတတ်ခဲ့ဖူးပေ။ သူမသည် သည်နေ့တော့ သွားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
အဓိကအချက်မှာ ပထမအဆင့်စာတမ်းရှင်သည် သူမ သိသည့် ကုယန်ကျိုး ဖြစ်နေသောကြောင့်ပင်။
လမ်းများသည် လူများနှင့် ပြည့်ကြပ်နေပြီး သူတို့ကို တိုးဝေ့လို့မရနိုင်ပေ။
ကျန်းယွင်ကျူးသည် အဝေးမှသာ ကြည့်ရနိုးနိုး၊ လွတ်နေသည့်နေရာလေးကို တိုးဝေ့ကာ ကြည့်ရနိုးနိုး တွေဝေနေစဥ် အသံတစ်ခုက ပြောလာလေသည်။
“ဟိုနားက လက်ဖက်ရည်ကို သွားမယ်၊ ကိုယ် သီးသန့်ခန်းတစ်ခု ငှားထားတယ်”
ကျန်းယွင်ကျူးက နောက်လှည့်ကြည့်လိုက်တော့ ရှန်ဖုန်းမင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အနက်ရောင်ဘရိုကိတ်သား ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်မှ သွယ်လျကာ ကျောက်စိမ်းသခင်လေးနှယ် တူနေတော့သည်။
လူများစွာ ရှိနေလေသည်။ သူမသည် သူ့စေတနာကို မငြင်းလိုက်တော့ချေ။
နှစ်ယောက်သားက အနီးနားက လက်ဖက်ရည်ဆိုင်သို့ သွားလိုက်ကြလေသည်။
သည်လက်ဖက်ရည်ဆိုင်သည် အမြင့် ၃ထပ်ရှိသည်။ ရှန်ဖုန်းမင် ငှားထားသည့် သီးသန့်အခန်းက တတိယထပ် အလယ်နားလောက်တွင် ဖြစ်သည်။ ထိုနေရာတွင် ရပ်နေလျှင် အောက်ကအခြေအနေကို သေချာရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လက်ရန်းကို စက္ကူပြတင်းပေါက်နှင့် ကာထားသဖြင့် အပေါ်က လူကမမြင်စေချင်လျှင် အောက်က လူများက မြင်ရမည်မဟုတ်ပေ။ နေရာကောင်းတစ်ခုပင်။
ဒီလို သီးသန့်ခန်းကို ငှားမယ်ဆိုရင် အရမ်းစျေးကြီးမှာပဲ။ ကျန်းယွင်ကျူးက စဥ်းစားမိသော်လည်း ဘာမှ မပြောလိုက်ချေ။
သူမက ထိုနေရာတွင် ရပ်ပြီး အောက်ငုံ့ကာ စည်ကားနေသည့်အခမ်းအနားကို စောင့်ကြည့်နေလိုက်သည်။
ရှန်ဖုန်းမင်က သူမကို ကြည့်နေလေသည်။ သူမ ဒီရက်ပိုင်းမှာ အလုပ်များနေခဲ့တာပဲ။ သူ လုပ်ချင်ရင်တောင် သူမနဲ့ ခဏလောက် အတူတူနေရဖို့ အချိန်မရှိဘူး။ အခု နောက်ဆုံးတော့ သူတို့နှစ်ယောက်ပဲ ကျန်တော့တယ်။
သူမကို ကြည့်ရတာ နည်းနည်းလေး ပိန်သွားပေမဲ့ သူမလေးရဲ့မျက်နှာပေါ်က အကြည့်ကတော့ ပိုပြီး တောက်ပနေသေးတာပဲ။
သည်အချိန်တွင် လမ်းပေါ်ရှိ အဝေးက ဗုံမောင်းသံများကို ကြားလိုက်ရသည်။ ပထမအဆင့်စာတမ်းရှင် ကျောင်းသားလေး ရောက်လာပါပြီ။ အားလုံးက ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ကျန်းယွင်ကျူးလည်း လှမ်းကြည့်လိုက်လေသည်။
အဝေးတစ်နေရာမှာ လူတစ်စု မြင်းစီးလာသည်ကို တွေ့လိုက်ရသည်။ သူတို့ကို အနီးရောင်ဖဲသားနှင့် ရွှေရောင် ဗုံမောင်းများက ဝန်းရံထားကြသည်။
သူတို့သည် ပိုပြီး နီးကပ်လာသောအခါ ကျန်းယွင်ကျူးသည် နောက်ဆုံး မြင်းပေါ်က လူ၏အသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ဦးဆောင်လာသူက အနီရောင်ဘရိုကိတ်ဝတ်ရုံ၊ အနက်ရောင်ဦးထုပ်တို့ကို ဝတ်ဆင်ထားကာ အနီရောင်ဖဲကြိုးသို့ စလွယ်သိုင်းထားသည်။ ကုယန်ကျိုးမှ မဟုတ်လျှင်မည်သူရှိပါအုံးမည်နည်း။
ကုယန်ကျိုးသည် တိမ်လို ရေလို ထူးချွန်သူဖြစ်လေသည်။ သည်အဝတ်အစားနှင့် သူသည် နတ်ဘုရားတစ်ပါးက သေမျိုးလောကသို့ ဆင်းသက်လာသည်နှင့် တူနေတော့သည်။
သူ့ဘေးနှစ်ဘက်လုံးတွင် ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ ရှိနေသည်။ သည်လူနှစ်ယောက်သည် အသက်၂၀ ဝန်းကျင်သာ ရှိသေးသည်။ ဒုတိယအဆင့် ကျောင်းသားက အနည်းငယ် မည်းဟန်တူသော်လည်း သူ့မျက်နှာက ပြတ်သားလှသည်။ သူ့ရုပ်သွင်နှင့် လိုက်ဖက်လှသည်။ တစ်မျိုးတစ်မည် ချောမောနေလေသည်။
တတိယအဆင့်ကျောင်းသားကတော့ ပန်းများကို ဖမ်းဆုပ်သူဟူသည့် ကံကြမ္မာနှင့် ထိုက်တန်လေသည်။ သူသည် ကုယန်ကျိုးလောက် မတော်သော်လည်း တော်တော်လည်း ချောမောလှသည်။
သည်ပါရမီရှင်သုံးယောက်၏ လမ်းပေါ်က လူများအပေါ် သက်ရောက်မှုကို စိတ်ကူးကြည့်နိုင်ပေသည်။
အားလုံးက အော်ဟစ်နေကြသောလည်း သူတို့သည် အော်သံများကို မကြားနိုင်ကြပေ။
“ဒီနှစ် ဘုရင်ကြီးက ရာထူးအသစ်တွေကို ခန့်အပ်ဖို့ ရည်ရွယ်ထားတယ်၊ ခန့်ထားမဲ့ အရာရှိအလောင်းအလျာတွေကလည်း ငယ်ရွယ်ပြီး အိမ်တော်ကြီးတွေရဲ့ နောက်ခံမရှိတဲ့သူတွေပဲ”
ရှန်ဖုန်းမင်က ဘေးမှ ရှင်းပြလိုက်လေသည်။
ကျန်းယွင်ကျူးသည် နည်းနည်းလေးတော့ နားလည်လိုက်သည်။ ဒီနှစ် အတော်ဆုံးသုံးယောက်က အရမ်းကို ငယ်ရွယ်နေတာ မထူးဆန်းတော့ပါဘူး။
သူမသည် သေသေချာချာလေး ကြည့်ချင်မိသဖြင့် ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ကာ ကြည့်လိုက်တော့သည်။
ကုယန်ကျိုးသည် မြင်းပေါ်တွင် ထိုင်နေပြီး အားလုံး၏ အာရုံကို ဆွဲဆောင်ထားလေသည်။ သူ့တွင် စွဲမက်ဖွယ်အမူအရာ ထားရှိသင့်သော်လည်း ထိုအခိုက်တွင် သူ့စိတ်ထဲ၌ ရှုပ်ထွေးသွားတော့သည်။
သည်မနက် သူသည် ချုံးလင် စားသောက်ပွဲကို တက်ရောက်ရန် နန်းတော်သို့ သွားခဲ့ရသည်။ သူသည် လူတစ်ယောက်နှင့်လည်း တွေ့ခဲ့လေသည်။
ရှန်ဖုန်းမင်။
သူက မြို့တော်က ဆန်ကုန်သည်တစ်ယောက် လုံးဝမဟုတ်ဘဲ ချီလင်သက်တော်စောင့်အဖွဲ့ရဲ့ နာမည်ကြီး စစ်သေနာပတိချုပ်တဲ့။
ဒါဆို ချန်းရှီရွာမှာ နေနေတာက ဘာလဲ။ ပြီးတော့ ကျန်းယွင်ကျူး။
ကျန်းယွင်ကျူးက သူ့အစစ်အမှန်ကိုရော သိရဲ့လား။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
ကုယန်ကျိုးသည် စိတ်မပူဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
ရုတ်တရက်ဆိုသလို သူ့ခေါင်းကို မော့လိုက်ရာ ကျန်းယွင်ကျူးက လက်ဖက်ရည်ဆိုင်၏ ဘယ်ဘက်မျက်နှာစာတွင် ရပ်နေပြီး သူ့ကို လက်ယမ်းပြနေသည်ကို တွေ့လိုက်ရတော့သည်။
ကုယန်ကျိုးက ပြုံးပြလိုက်သည်။
သို့သော် ချက်ချင်းဆိုသလို ထိုအပြုံးမှာ အေးခဲသွားတော့သည်။
ရှန်ဖုန်းမင်က သူမ၏နောက်တွင် ရပ်နေသည်။ သူသည် မြင်းပေါ်တွင် ထိုင်နေသဖြင့် သူ့အသွင်ပြင်ကို ခပ်ရေးရေး ပုံဖော်နိုင်လေသည်။
သူ... ကုယန်ကျိုးက ရှန်ဖုန်းမင်ကို သေချာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
ရှန်ဖုန်းမင်က သူ့အကြည့်ကို သတိထားမိသွားသော်လည်း ဂရုမစိုက်ပေ။ သူသည် သူ့ရှေ့က လူကိုသာ ကြည့်နေလေသည်။
တစ်ချိန်ထဲတွင် နောက်လူတစ်ယောက်ကလည်း ရှန်ဖုန်းမင်ကို စောင့်ကြည့်နေသည်။
လက်ဖက်ရည်ဆိုင်၏ မျက်စောင်းထိုးနားတွင် ဖြစ်သည်။ ရှဲ့ချန်သည် ချုံးလင်စားသောက်ပွဲကို တက်ရောက်ခဲ့ပြီး ရှန်ဖုန်းမင်၏ သရုပ်မှန်ကို သိသွားခဲ့သည်။
သူသည် ဒုတိယအဆင့် အဆင့်၁၂ ဖြစ်သည်။ သည်နှစ် ဘုရင်မင်းမြတ်က သည်အရာရှိလောင်းလျာများကို အထူးအရေးပေးထားကာ သူတို့ကို ရာထူးခန့်အပ်ချင်သည်ဟု သတင်းထွက်နေသည်။ သူနှင့် မိတ်ဆွေဖွဲ့ချင်သူများက သူ့ကို အထူးဧည့်သည်လို ဆက်ဆံကြမည်က သဘာဝပင်။ ထို့ကြောင့် သူသည် မျက်နှာချင်းဆိုင်းက လက်ဖက်ရည်ဆိုင်တွင် ရပ်နေနိုင်ခြင်းပင်။
သူ ကျေးဇူးအတင်ရဆုံးသူက ကျန်းယွင်ကျူးပင်။ သူ့အတွက်တော့ သူမသည် မိတ်ဆွေတစ်ယောက်လည်း ဟုတ်သလို ကျေးဇူးရှင်တစ်ယောက်လည်း ဖြစ်လေသည်။
ရှန်ဖုန်းမင်၏ သရုပ်မှန်ကို သိလိုက်ရပြီး၊ အရင်က သူ့နာမည်ကို ဖုံးကွယ်ထားခဲ့ကြောင်း သိလိုက်ရကာ အခုတော့ သူ့ကို ကျန်းယွင်ကျူးနှင့် တွေ့လိုက်ရလေရာ သူသည် ကျန်းယွင်ကျူးကို စိတ်မပူဘဲ အဘယ်မှာ ရှိပါမည်နည်း။
အခမ်းအနား လူတန်းအဖွဲ့က အမြန်ကြီး ရွေ့လျားမနေချေ။ သို့တိုင် သူတို့သည် ထိုတိုတောင်းလှသည့် အကွာအဝေးကို မြန်မြန်ဖြတ်လာခဲ့တော့သည်။
စီတန်းလှည့်လည်နေသည့်လူတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သို့တိုင် လူအုပ်ကြီးတော့ မထွက်ခွာချင်ကြသေးပေ။ အရင်ကလောက်တော့ စိတ်လှုပ်ရှားစရာ မကောင်းတော့ပေ။ အားလုံးက ခုနက မြင်ကွင်းအကြောင်း ပြောဆိုနေကြရင်း ဖြည်းဖြည်းချင်း လူစုကွဲသွားကြတော့သည်။
စောင့်ကြည့်လိုက်ပြီးနောက် ကျန်းယွင်ကျူးက လှည့်ကာ သီးသန့်အခန်းသို့ လှည့်ပြန်ချင်လိုက်လေသည်။
ထင်မထားပဲ ရှန်ဖုန်းမင်က သူမ၏နောက်တွင် ရပ်နေလေသည်။ သူမသည် သတိမထားမိလိုက်သဖြင့် သူ့ကို ဝင်တိုက်မိသွားတော့သည်။
သူမသည် လိုက်လျောညီထွေဖြစ်လွန်းကာ ကျယ်ဝန်းသည့် ရင်အုံကို သွားတိုက်မိတော့သည်။
အမှတ်တမဲ့ နောက်ပြန်ဆုတ်လိုက်ချင်သော်လည်း လက်တစ်ဖက်က သူမ၏ခါးကို ဖမ်းဆုပ်ထားလေသည်။
“အမ်း...” သူက တီးတိုးရေရွတ်လိုက်၏။
ထိုလက်က ပိုပြီး တင်းနေအောင် ညှစ်ထားကာ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။
“လူကြီးမင်းရှန်” သူမက အသံထွက်ခေါ်လိုက်သည်။
ထိုလက်ထဲက အာက အနည်းငယ်သန်မာနေကာ သူသည် သူမ ခေါ်လိုက်ပုံကို သဘောမကျနေသယောင်။
ဟုတ်ပါသည်။ ထိုအခါမှ ကျန်းယွင်ကျူးသည် သူ့ကို လူကြီးမင်းရှန်ဟု မခေါ်ဖို့ သိလိုက်ရတော့သည်။ ဒီလိုဆိုရင်တောင် သူက အရင်ဆုံး သူမကို လွှတ်ပေးလိုက်ရလို့ မရဘူးလား။ သူမသည် ခါးတွင် အနည်းငယ်နာကျင်လာတော့သည်။
ရှန်ဖုန်းမင်က သတိထားမိလိုက်ပြီး သူမကို လွှတ်ပေးလိုက်သော်လည်း လုံးဝလွှတ်ပေးလိုက်ခြင်း မဟုတ်ပေ။
သူက သူ့လက်မောင်းကို သူမ၏ခါးတွင် အသာအယာ သိုင်းဖက်ထားလိုက်ပြီး သူမကို နာကျင်အောင် မလုပ်သလို လွှတ်လည်းမပေးလိုက်ပေ။
သူ့မေးစေ့က သူမ၏နားတွင် နားခိုနေလေသည်။
“ ကိုယ့်ကို ခဏလောက် ဖက်ထားခွင့်ပေးပါ” သူက လေသံ ပျော့ပျော့လေးနှင့် ပြောလိုက်သည်။
သူသည် သူမ၏နားနားကပ်ပြောလိုက်၍လား သို့မဟုတ် သူ့အသံကပဲ အလွန်ပျော့ပြောင်းနေ၍လား မသိပေ။ ကျန်းယွင်ကျူးသည် အနည်းငယ် တောင်းပန်တိုးလျှိုးသံတစ်ခုကို ကြားလိုက်ရလေသည်။
သူမ၏နှာခေါင်းထဲတွင် သူ့ခန္ဓာကိုယ်က လရောင်မွှေးရနံ့နှင့် ပြည့်နက်သွားတော့သည်။ သူမ၏နားကလည်း သူ့မေးစေ့နှင့် ထိလုထိခင်ဖြစ်နေသည်။
မကြာလိုက်ပေ။ သူမ၏နားသီးများက ပန်းရောင်တစ်ခုနှင့် ဆေးဆိုးခံလိုက်ရသယောင်။
ရှန်ဖုန်းမင်က ထိုအရာကို မြင်လိုက်လေသည်။ သူ၏မည်းနက်သည့်မျက်လုံးများက နက်ရှိုင်းသွားပြီး သူ့လက်မောင်းက ပိုပြီး အားပြည့်လာတော့သည်။ သို့သော် ချက်ချင်းပင် သူသည် စိတ်လျှော့လိုက်ပြီး သူမကို သည်အတိုင်း ဖက်ထားလိုက်တော့သည်။
ခဏကြာပြီးနောက် ကျန်းယွင်ကျူးသည် သူ့ကို တွန်းထုတ်လိုက်ပြီး နှစ်ယောက်သားက စကားပြောလိုက်ကြသည်။
အချိန်အများစုတွင် သူတို့သည် ကျန်းယွင်ကျူး၏ကိစ္စအကြောင်း ပြောနေကြသည်။ သူမသည် ဆိုင်ကို ငှားရမ်းခဲ့ပြီး စတင်ပြင်ဆင်နေပြီ ဖြစ်သည်။ လဝက်လောက်နေလျှင် ပြန်လည်ပြင်ဆင်ပြီးလိမ့်မည်ဟု ခန့်မှန်းရလေသည်။
ထိုအချိန်ကျလျှင် သူမသည် ထိုနေတွင် ပြောင်းရွှေ့နေထိုင်လိမ့်မည်။
ရှန်ဖုန်းမင်က ထိုအကြောင်းကို ကြားလိုက်ပြီး မေးလိုက်၏။
“ မင်း ဆိုင်ဖွင့်တဲ့အခါ လူ ငှားရမှာမလား”
“ငှားရမှာပေါ့”
ကျန်းယွင်ကျူးက ထိုအကြောင်းကို စဥ်းစားထားပြီးဖြစ်သည်။ ရွှယ်ကျင်းနှင့် ကုချီဖုန်း ချီရှန်းကျွီက လူများက မြို့တော်သို့ လာရန် ဆန္ဒရှိကြသည်။ ရှဲ့လျန်က ရှဲ့ချန်နောက် သေချာပေါက် လိုက်သွားလိမ့်မည်။ သူမသည် သူသွားသည့်နေရာတိုင်းသို့ လိုက်သွားပေလိမ့်မည်။
ထို့ကြောင့် သူမသည် သည်နေရာအတွက်အပြင် ချီရှန်းကျွီအတွက်လည်း လူငှားရပေမည်။
ချီရှန်းကျွီက ကိစ္စများကို အခုတော့ လီဟယ်ထံတွင် လက်လွှဲထားခဲ့သည်။ သူမသည် သည်ကိစ္စကို စိတ်ပူရန်မလိုပေ။
သည်ဘက်တွင်တော့ အနည်းဆုံး လူခြောက်ယောက်ထက် ပိုငှားသင့်သည်ဟု တွက်ချက်ထားခဲ့သည်။ သူမ၏ သီးသန့်စားသောက်ဆိုင်က အရည်အသွေးမြင့် ကုန်ပစ္စည်းများသုံးသည့် လမ်းကြောင်းကို လိုက်ရမည်။ ဝန်ဆောင်မှုကို သေချာပေါက် မြင့်တင်ထားရမည်။
“ဒီနေရာမှာ ကိုယ့်ဆီမှာ လူတချို့ရှိတယ်၊ သူတို့တွေက မင်းနဲ့ သင့်တော်မလား ကြည့်ကြည့်ပါလား”
ရှန်ဖုန်းမင်က ပြောလိုက်သည်။
“ဘယ်သူတွေလဲ”
ကျန်းယွင်ကျူးက မေးလိုက်သည်။ ချီလင်သက်တော်စောင့်ဌာနက လူဆိုရင်တော့ သူမက လက်မခံရဲပါဘူး။
ရှန်ဖုန်းမင်က သူတို့သည် ချီလင်သက်တော်စောင့်များ ဖြစ်ခဲ့သော်လည်း အခုတော့ မဟုတ်ကြတော့ကြောင်း ရှင်းပြလိုက်သည်။ ချီလင်သက်တော်စောင့်ဌာနတွင် အနားယူသွားကြသူများစွာ ရှိလေသည်။ သူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ချီလင်သက်တော်စောင့်ဌာနမှ ထွက်ခဲ့ရသည်။ တချို့က မတရားသည့် ကိစ္စများစွာကို တွေ့မြင်ခဲ့ကြပြီးနောက် စိတ်ဓာတ် ပိုကျလာခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် ထွက်လာခဲ့ရတော့သည်။ သူတို့ထဲက တချို့ကတော့ တာဝန်များကို ဆောင်ရွက်သည့် လုပ်ငန်းစဥ်အတွင်း ပြဿနာအမျိုးမျိုး ရင်ဆိုင်ခဲ့ရသည်။
သူတို့သည် အနားယူပြီးနောက်တွင် တချို့က ချီလင်သက်တော်စောင့်ဌာနအတွက် လူသစ်များကို လေ့ကျင့်ပေးပြီး တချို့ကတော့ ပျောက်သွားကြသည်။ တချို့မှာ ဘာမှမလုပ်နေကြပေ။
“ မင်း သူတို့တွေနဲ့ တွေ့လို့ရတယ်၊ သူတို့က သင့်တော်တယ်လို့ မင်းထင်ရင်၊ သူတို့ကလည်း ဆန္ဒရှိတယ်ဆိုရင် သူတို့ကို မင်းဆိုင်မှာ အလုပ်လုပ်ခိုင်းလိုက်ပေါ့”
ရှန်ဖုန်းမင်က ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ကိုယ် သူတို့ကိုရော မင်းကိုရော အတင်းမတိုက်တွန်းပါဘူး၊ ကိုယ် မင်းကို ရွေးစရာတစ်ခု ပေးလိုက်တာပါ”
“ဒါက အဆင်ပြေပါ့မလား”
ကျန်းယွင်ကျူးက အနည်းငယ် စိတ်ပူနေမိသည်။ အနားယူသွားတဲ့ ချီလင်သက်တော်စောင့်တွေအားလုံးက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိကြတဲ့သူတွေပဲ။ သူမရဲ့ဆိုင်မှာ အလုပ်သမားအနေနဲ့ လုပ်ချင်ကြပါ့မလား။
“ မင်း သူတို့နဲ့တွေ့ရင် သိလာပါလိမ့်မယ်၊ တကယ်တော့ ဒါကို ကိုယ့်အတ္တလို့ သတ်မှတ်လို့လည်း ရပါတယ်”
ရှန်းဖုန်းမင်က ပြန်ဖြေလိုက်သည်။ ကျန်းယွင်ကျူးက သူတို့ကို ငှားချင်လျှင် ဒါသည် သူတို့ကံကောင်းခြင်းပင် ဖြစ်ပေမည်။
...
အပိုင်း (၉၆)
ရှန်ဖုန်းမင် ပြောလိုက်သည့် စကားက အလွန်မှ ရိုးသားပေသည်။ ကျန်းယွင်ကျူးကလည်း သူသည် မပြောခင် သေသေချာချာ စဥ်းစားထားမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။ ထို့ကြောင့် သူမက နှစ်ရက်အတွင်း ထိုလူများနှင့် တွေ့ဆုံပြီး သူတို့ကို ငှား မငှားဆုံးဖြတ်မည့်အကြောင်း ကတိပေးလိုက်တော့သည်။
လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ကျန်းယွင်ကျူးက သူမ၏ကိုယ်ပိုင်အလုပ်ကို ဆက်လုပ်လိုက်ပြီး မှောင်လာချိန်မှ တည်းခိုခန်းသို့ ပြန်လာခဲ့လိုက်သည်။
ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် သူမကို အစောကြီးကတည်းက စောင့်နေခဲ့ကြလေသည်။
“မိန်းကလေးကျန်း” ကုယန်ကျိုးက စိုးရိမ်တကြီး ပြောလိုက်၏။
ကျန်းယွင်ကျူးသည် သူတို့နှစ်ယောက်၏စိတ်ထဲတွင် တစ်ခုခုရှိနေသယောင် တွေ့လိုက်ရသည့်နှယ်။
ခဏအကြာတွင် သုံးယောက်သားက တည်းခိုခန်း၏ ဧည့်ခန်းထောင့်တစ်နေရာ၌ ထိုင်လိုက်ကြသည်။ ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် အကြည်းချင်း ဖလှယ်လိုက်ကြပြီး ကျန်းယွင်ကျူးကို ပြောလိုက်တော့သည်။
“မိန်းကလေးကျန်းက လူကြီးမင်းရှန်ရဲ့ သရုပ်မှန်ကို သိထားသလား”
ကျန်းယွင်ကျူးက သူတို့က သည်လိုမေးလာမည်ဟု ထင်မထားခဲ့ပေ။ အမှန်တွင်တော့ သည်ကိစ္စကို ဖုံးကွယ်ထားစရာလည်း မရှိပေ။ သူမက ခေါင်းညိတ်ပြလိုက်၏။
ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် အလွန်မှအံ့ဩသွားကြတော့သည်။ သူတို့က ကျန်းယွင်ကျူး မသိခဲ့ဘူးဟု ထင်ထားခဲ့ခြင်းပင်။ အနည်းဆုံးတော့ သူတို့ စာမေးပွဲအတွက် မြို့တော်သို့ အလျင်စလို ထွက်လာချိန်ကပင် ရှန်ဖုန်းမင်က သူ့သရုပ်မှန်ကို ထုတ်မပြခဲ့သေးပေ။
“ကိစ္စတချို့ဖြစ်သွားပြီး ကျွန်မ သူ့သရုပ်မှန်ကို သိသွားတာပါ” ကျန်းယွင်ကျူးက အမှန်တဝက်စကားကို ဆိုလိုက်လေသည်။
ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် နှုတ်ဆိတ်သွားကြတော့သည်။ ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ရဲ့သရုပ်မှန်ကို သိထားပြီး သူနဲ့အတူတူ ဆက်ရှိနေသေးတယ်တဲ့။
“မိန်းကလေးကျန်း မင်း ဆန္ဒမရှိရင်....”
ကုယန်ကျိုးက သေချာစဥ်းစားချင့်ချိန်လိုက်၏။ ကျန်းယွင်ကျူးသာ ဖိအားပေးခံထားရတယ်ဆိုရင် သူက နည်းလမ်းတစ်ခု ရှာပြီး သူမကို ကူညီပေးနိုင်တယ်လေ။
ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။
သူမရဲ့လက်ရှိအခြေအနေတွေကပဲ ပြဿနာတချို့ကို ခေါ်ဆောင်လာခဲ့ပြီးပြီလေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတို့သုံးယောက်သည် တခြားအကြောင်းအရာများကို ပြောလိုက်ကြတော့သည်။
အမှုထမ်းရေးရာဌာနမှ ရာထူးများကို မခန့်အပ်ခင် အချိန်တစ်ခု ယူရလေသည်။ မနက်ဖြန် သူတို့နှစ်ယောက်သည် ဝူလင်စီရင်စုသို့ ပြန်ဖို့ စီစဥ်ထားကြသည်။ ပထမတစ်ချက်မှာ သူတို့မိသားစုနှင့် သတင်းကောင်းကို မျှဝေပေးရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ သူတို့မိသားစုကို အခြေချနေထိုင်နိုင်အောင် ဆောင်ရွက်ပေးရန်ဖြစ်သည်။
အမှုထမ်းရေးရာဌာနက ရာထူးများ ခန့်အပ်ပြီးလျှင် သူတို့နှစ်ယောက်သည် သူတို့တာဝန်ကျသည့် နေရာသို့ ချက်ချင်းသွားလိုက်ရလိမ့်မည်။
“ဘုရင်မင်းမြတ်က ဒီစာမေးပွဲက ပညာရှင်တွေကို ခြွင်းချက်တစ်ခုထားပြီး ရာထူးခန့်အပ်မယ်လို့ ကျွန်မ ကြားထားတယ် ဟုတ်လား”
ဒါသည် လျှို့ဝှက်ချက်မဟုတ်ပေ။ ထို့ကြောင့် ကျန်းယွင်ကျူးက မေးလိုက်လေသည်။
ကုယန်ကျိုးတို့နှစ်ယောက်က ခေါင်းညိတ်လိုက်၏။ ရုံးတော်မှာလည်း ဒီလိုပဲ ပြောနေကြတယ်။ ဘယ်လို ‘သမားရိုးကျမဟုတ်တဲ့’နည်းလမ်းဖြစ်မလဲဆိုတာပဲ မသိတာ။
ဒီအကြောင်းကို ထပ်မပြောကြရအောင်ပါလေ။ မနက်ဖြန် သူတို့ ဝူလင်စီရင်စုသို့ ပြန်လျှင် ကူညီစရာ၊ သို့မဟုတ် ယူပြန်ပေးစရာ တစ်ခုခု ရှိမလားဟု ရှဲ့ချန်က ကျန်းယွင်ကျူးကို မေးလိုက်လေသည်။
အမှန်တွင်လည်း ရှိလေသည်။
“ကျွန်မအတွက် ရွှယ်ကျင်းနဲ့ ကုချီဖုန်းဆီကို သတင်းစကားတစ်ခု ပို့ပေးလို့ရမလား၊ သူတို့တွေ မြို့တော်ကို လာချင်ရင် လာလို့ရပြီလို့”
“ဒါက အသေးအဖွဲကိစ္စလေးပါ”
သူတို့သုံးယောက်သည် ခဏလောက် စကားဆက်ပြောလိုက်ကြလေသည်။ ပင်ပန်းနေပြီဖြစ်ရာ ကျန်းယွင်ကျူးက အနားယူရန် ပြန်သွားတော့သည်။
ကုယန်ကျိူုးနှင့် ရှဲ့ချန်တို့က နေခဲ့ကြသည်။ သူတို့သည် ပြုံးလျက် အတိတ်က အကြောင်းအရာများကို စဥ်းစားနေလိုက်ကြသည်။ ကျန်းယွင်ကျူးက ရုတ်တရက်ကြီး မြို့တော်ကို လာခဲ့တာလေ။ သူတို့တွေ အရင်က ဒီအကြောင်းကို မစဥ်းစားခဲ့မိဘူး။ ဒါပေမဲ့ အခု စဥ်းစားကြည့်လိုက်တော့ ဒါက စစ်သေနာပတိချုပ်ရှန်နဲ့ တစ်ခုခုပတ်သက်နေတာ ဖြစ်လိမ့်မယ်။
သူမက သူနဲ့ ဆန္ဒအလျောက် ပတ်သက်နေခဲ့တာလား။ သူမက အဲလိုလုပ်ခဲ့တယ်ဆိုရင်တောင် နောက်ပိုင်းကျရင် ဘယ်လိုလုပ်ဆက်လုပ်မှာလဲ။
တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ဒါက ကောင်းကင်ဘုံရဲ့ ကောင်းချီးတစ်ခုဖြစ်ချင် ဖြစ်မယ်။ နောက်ဆုံး ရှန်မိသားစုက ရှမင်းဆက်မှာ ထိပ်တန်းအိမ်တော်ကြီးတွေထဲက တစ်ခုလေ။ ပြီးတော့ ရှန်ဖုန်းမင်ကလည်း ရာထူးမြင့်တစ်ခုကို ကိုင်ထားတယ်။ ဒါပေမဲ့ ကျန်းယွင်ကျူးဘက်ကနေ မြင်ရရင် သူတို့တွေ သူမကို မစိုးရိမ်ဘဲ မနေနိုင်ဘူးပေါ့။
သူတို့နှစ်ယောက်ကြားက ကွာခြားချက်က အရမ်းကို ကြီးမားတယ်လေ။ ရှန်မိသားစုက သူမကို လက်ခံနိုင်ပါ့မလား။ ဒါက လူတွေတောင် မစဥ်းစားရဲတဲ့ကိစ္စ ဖြစ်သွားပြီ။
သူတို့သာ လက်မခံရင် ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူက သိမှာလဲ။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ထိခိုက် နစ်နာရမဲ့သူက သူမပဲ ဖြစ်မှာပဲ။ ဘယ်သူက သူမကို အဆင့်နိမ့် အမျိုးသမီးတစ်ဦး ဖြစ်ခိုင်းလို့လဲ ဆိုပြီးတော့ပေါ့။
သူတို့တွေက သူမ ဒီလို အဆုံးသတ်ရမှာကို မလိုချင်ပါဘူး။
သူတို့နှစ်ယောက်သည် ခဏလောက် ဆက်ထိုင်နေလိုက်ကြပြီးနောက် သူတို့၏အခန်းဆီသို့ ပြန်သွားကြလေသည်။
နောက်တစ်နေ့တွင် သူတို့နှစ်ယောက်က ဝူလင်စီရင်စုမြို့လေးသို့ ခရီးထွက်လာခဲ့တော့သည်။
လှပသည့်ခရီးတစ်ခုဟု ဆိုရမည်ဖြစ်သော်ငြား သူတို့၏စိတ်ထဲတွင်တော့ တွေးစရာများ ရှိနေခဲ့သည်။ ထို့ကြောင့် လမ်းတွင် အချိန်ဆွဲမနေဘဲ ဆယ်ရက်တည်းနှင့် ဝူလင်စီရင်စုသို့ ပြန်လာခဲ့ကြတော့သည်။
ဝူလင်စီရင်စုမြို့လေးမှ အားလုံးက ကုယန်ကျိုးသည် ပထမဆင့်စာတမ်းရှင် ကိုရခဲ့ပြီး ရှဲ့ချန်က ကျင့်ရှီ ရခဲ့သည့်သတင်းကို ကြားပြီးကြလေသည်။
တရားသူကြီးမုန့်က ပျော်ရွှင်မှုအပြည့်နှင့်ပင်။ နောက်နှစ်တွင် အမှုထမ်းရေးရာဌာနမှ အကဲဖြတ်ရမည့် အချိန်ရှိလေသည်။ သူသည် ဝူလင်စီရင်စုတွင် ၈နှစ်တာ စီရင်စုတရားသူကြီး လုပ်ခဲ့ရသည်။ ဝူလင်စီရင်စုက ပြည်သူများက တစထက် တစချမ်းသာလာပြီး ဝူလင်စီရင်စုက သည်နှစ်တွင် ကပ်ဘေးဒုက္ခသည်များ ပြဿနာကို အရင်ဆုံးဖြေရှင်းပေးခဲ့သည်။ နောက်နှစ် သူ့အကဲဖြတ်မှတ်တမ်းက အကောင်းဆုံးဖြစ်သင့်ပေသည်။
ရားထူးတိုးမည်ကို မျှော်လင့်ထားနိုင်သော်လည်း ခိုင်လုံသည်တော့ မဟုတ်သေးပေ။
အခုတော့ ကွာခြားသွားပေပြီ။ ဝူလင်စီရင်စုလို မြို့ငယ်လေးတွင် ပထမအဆင့်စာတမ်းရှင် တစ်ယောက်နှင့် ကျင့်ရှီတစ်ယောက်ကို တစ်ပြိုင်တည်း မွေးထုတ်ပေးခဲ့သည်။ ယင်းသည် ချမ်းသာကြွယ်ဝသည့် ယဥ်ကျေးမှုနှင့် ပညာရေး၏ စံနမူနာ ဖြစ်ပေသည်။ ဝူလင်စီရင်စု၏ အုပ်ထိန်းသူအရာရှိအနေဖြင့် သူသည် ပညာရေးတွင် ကောင်းမွန်သည့်မှတ်ချက်တစ်ခုကို ရသင့်ပေသည်။
သူသည် ရာထူးတိုးအတွက် အနည်းငယ်ပိုပြီး ယုံကြည်မှုရှိလာတော့သည်။ မပျော်ရွှင်ဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။
ထို့ကြောင့် ဝူလင်စီရင်စုတစ်ခုလုံးက စည်းကားလာတော့သည်။ လမ်းပေါ်တွင် ရောင်စုံဖဲသားများကို ချိတ်ဆွဲထားပြီး ကုယန်ကျိုးနှင့် ရှဲ့ချန်တို့က သူတို့ဇာတိမြို့သို့ ပြန်အလာကို ကြိုဆိုနေကြလေသည်။
တရားသူကြီးမုန့်က သူတို့ကို ကိုယ်တိုင် လာရောက်ကြိုဆိုပေးပြီး ကုယန်ကျိုးနှင့် ရှဲ့ချန်တို့ကို အတူတူ ညစာစားဖို့ ဖိတ်ကြားခဲ့သည်။
အသေးစိတ်ကို ချဲ့ကားပြောရန်ပင် မလိုတော့ချေ။ နောက်ဆုံးတွင် ကုယန်ကျိုးက ကုမိသားစုသို့ ပြန်ရောက်လာပြီး မိသားစုက အလွန်ပျော်ရွှင်နေကြသည်မှာလည်း သဘာဝပင်။
ရှဲ့ချန်က ချီရှန်းကျွီကို တန်းသွားပြီး ရှဲ့လျန်ကို သွားရှာခဲ့သည်။ သူက ဆိုင်သို့ ရောက်လာချိန်တွင် ရွှယ်ကျင်းနှင့် ကုချီဖုန်းအား ကျန်းယွင်ကျူး၏အမှာစကားကို ပြောပြချင်ခဲ့သည်။
သူသည် ကုချီဖုန်းကို မသိပေ။ သူ ထွက်လာချိန်က ကုချီဖုန်းသည် ချီရှန်းကျွီကို ရောက်မလာသေးပေ။
သို့သော် ထိုသို့သော လူတစ်ယောက် ရှိမှန်းတော့ သူ သိထားသည်။ သူသည် ကုယန်ကျိုး၏ ဝမ်းကွဲညီလေး ဖြစ်သည်။ သူသည် ပြီးခဲ့သည့်အခေါက်က ကုယန်ကျိုးကို လိုက်ပို့စဥ်က ပါလာခဲ့လိမ့်မည်။ သူတို့နှစ်ယောက်သည် တွေ့ခဲ့သော်လည်း အချင်းချင်း စကားမပြောမိခြင်းသာ ဖြစ်လိမ့်မည်။
ဒါသည်လည်း အရေးတော့မကြီးပေ။
ရှဲ့ချန်သည် အဝေးမှ ချီရှန်းကျွီ ဆိုင်းဘုတ်ကို မြင်နေရသည်။ သူ၏နှလုံးသားသည် လှိုင်းထန်လာတော့သည်။ ထိုအချိန်တွင် ဆိုင်းဘုတ်ပြားပေါ်က လက်ရေးမှာ အလွန်မှ အင်အားပြည့်လှသည်ဟု ခံစားမိလေသည်။ ထိုစာလုံးများကို စစ်သေနာပတိချုပ်ရှန် ရေးပေးထားခဲ့မှန်း လုံးဝ မထင်ခဲ့မိပေ။
နာမည်ကျော် စစ်သေနာပတိချုပ်ရှန်က ဒီလို စားသောက်ဆိုင်ငယ်လေးတစ်ခုမှာ အချိန်အကြာကြီး နေသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ပြီးတော့ ဒီဆိုင်းဘုတ်ကို ကိုယ်တိုင်ရေးပေးခဲ့ပြီး နေ့တိုင်းအပြင်မှာ ချိတ်ဆွဲထားတာတဲ့လေ။
ရှဲ့ချန်သည် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို သဘောကျနေသည်ဟု ခံစားမိတော့သည်။ သို့မဟုတ်လျှင် သူသည် သည်လို လုပ်လိမ့်မည်မဟုတ်ပေ။
တစ်ခုသာ။ သူနှင့်ချင်ယောင်းတို့လို နှစ်သက်ခြင်း သက်သက်တော့ မဖြစ်တန်ရာ။ ကျန်းယွင်ကျူး၏ အကြံပြုချက်ကြောင့်သာ မဟုတ်လျှင် ချင်ယောင်းသည် တခြားတစ်ယောက်နှင့် လက်ထပ်ပြီး ဖြစ်နေလိမ့်မည်။
တော်တော်ကြာအောင် စဥ်းစားလိုက်ပြီးနောက် သူသည် ချီရှန်းကျွီသို့ လှမ်းဝင်လိုက်လေသည်။
ချီရှန်းကျွီက လူအားလုံးသည် အစောကြီးကတည်းက သတင်းကြားထားပြီးဖြစ်ကာ သူတို့အားလုံးက သူ့အတွက် ဝမ်းသာနေခဲ့သည်။
အားလုံး၏ အပြုံးအောက်တွင် စိုးရိမ်စိတ်တချို့က ဖုံးကွယ်နေ၏။ အထူးသဖြင့် ရှဲ့လျန်။ သူမသည် ရှဲ့ချန်ကို မြင်လိုက်ချိန်တွင် သူမကိုယ်သူမ သူ့ရင်ခွင်ထဲ ပစ်ဝင်ကာ ငိုတော့သည်။ ပျော်ရွှင်မှုကြောင်း ငိုကြွေးခြင်း မဟုတ်ဘဲ သူမသည် တစ်ခုခုကို စိုးရိမ်နေသကဲ့သို့ပင်။
“ဘာဖြစ်တာလဲ” ရှဲ့ချန်က ရှဲ့လျန်ကို မေးလိုက်သည်။
ရှဲ့လျန်သည် အခုတော့ စကားပြောနိုင်ပြီဖြစ်ရာ သူမက ရှဲ့ချန်ကို ပြတ်တောင်း ပြတ်တောင်း စကားသံများဖြင့် မေးလိုက်တော့သည်။
“ကိုကို အရာရှိတစ်ယောက် ဖြစ်တော့မှာမလား၊ နင် ကုချီဖုန်းကို ကူညီပေးနိုင်မလား”
သည်အချိန်တွင် သူမ၏မျက်လုံးများထဲတွင် တဖန်မျက်ရည်များ ဝဲတက်လာတော့သည်။
“ကုချီဖုန်း ဟုတ်လား၊ သူ ဘာဖြစ်လို့လဲ” ရှဲ့ချန်က မေးလိုက်၏။
ရှဲ့လျန်က တွန့်ဆုတ်နေမိလေသည်။ နောက်ဆုံးတွင် ထုတ်ပြောပြလိုက်သူက ရွှယ်ကျင်းဖြစ်တော့သည်။
“ အဲကလေး ဘာဖြစ်တာလဲ မသိပါဘူး...”
သူသည် ရှဲ့ချန်ကို ကြည့်ရင်း ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။
“ဘာဖြစ်တာလဲ” ရှဲ့ချန်က မေးလိုက်၏။
အားလုံးက အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူမှ မပြောကြပေ။
နောက်ဆုံးတွင် ရွှယ်ကျင်းက ဆက်သည်းမခံနိုင်တော့ဘဲ ရှင်းပြလိုက်တော့သည်။
“သူ ရှဲ့ယုံကို မသေရုံတမယ် ရိုက်ခဲ့လို့ ထောင်ထဲမှာ ထိန်းသိမ်းခံထားရတယ်”
ရှဲ့ယုံ.... ရှဲ့ချန်သည် သူ့ဘဝတွင် သည်နာမည်ကို ဘယ်တော့မှ ထပ်ကြားရမည် မဟုတ်တော့ဟု တွေးထားခဲ့လေသည်။ ဒီနေ့ ဒီနာမည်ကို ထပ်ကြားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလူတွေ သူ့ကို ပြောရမှာ ရှက်နေတာလည်း မဆန်းတော့ပါဘူး။ တကယ်တော့ ရှဲ့ယုံက သူ့အဖေပဲကိုး။
ဒါဆို ကုချီဖုန်းက ရှဲ့ယုံကို ဘာလို့ ရိုက်ခဲ့တာလဲ။
သူသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများက နောက်ဆုံးတော့ ရှဲ့လျန်ဆီသို့ ကျရောက်သွားတော့သည်။
“အားလျန် ကိုကိုနဲ့ လိုက်ခဲ့”
ရှဲ့ချန်က ရှဲ့လျန်ကို အပြင်သို့ ခေါ်လာပြီး ဖြစ်ပျက်သမျှအကြောင်းကို မေးလိုက်လေသည်။
အစပိုင်းတွင် ရှဲ့လျန်က ဘာမှ မပြောခဲ့ပေ။ နောက်ပိုင်း ရှဲ့ချန်က သူ အကြောင်းအရင်းကို မသိလျှင် ကုချီဖုန်းကို ကယ်ပေးနိုင်မည်မဟုတ်ကြောင်း ပြောလိုက်လေသည်။
ရှဲ့လျန်၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး မူးမေ့မလိုပင် ဖြစ်သွားတော့သည်။
ထိုအဖြစ်ကို မြင်လိုက်သည်တွင် ရှဲ့ချန်သည် သူမကို ထပ်ပြီးဖိအား မပေးရက်တော့ဘဲ သည်အတိုင်းထားလိုက်ဖို့ စဥ်းစားထားလိုက်တော့သည်။
ရှဲ့လျန်က သူမ၏ခန္ဓာကိုယ်ကို တင်းနေအောင် ဖက်ထားရင်း အမှန်တရားကို ဖြည်းဖြည်းချင်း ပြောပြလိုက်တော့သည်။
ကုချီဖုန်းသည် ချီရှန်းကျွီသို့ ရောက်လာပြီးနောက် သူသည် ရှဲ့လျန်နှင့် နေ့ရောညပါ စကားပြောဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ဘာမှမသိလိုက်ခင်မှာပင် ပထမဆုံးအချစ်ကို တွေ့ကြုံသည့် အရွယ်သို့ ရောက်လာခဲ့သည်။ သိပ်မကြာခင်မှာပင် ကုချီဖုန်းက ရှဲ့လျန်ကို တဖြည်းဖြည်း သဘောကျလာကာ သူမကို ဂရုစိုက်ပေးခဲ့သည်။
သူ့လို တောက်ပသည့်လူငယ်လေးတစ်ယောက်သည် ရှဲ့လျန်အတွက် ပင်ကိုအားဖြင့် ထူးဆန်းသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်နေတော့သည်။
သူမက သူ့ရဲ့ရွှင်လန်းတက်ကြွတဲ့ အမူအကျင့်ကို သဘောကျပါတယ်။ သူ့အပြုံးကို နှစ်သက်တယ်။ သူမကို ပျော်အောင် လုပ်ပေးတတ်တဲ့ သူ့နည်းလမ်းအမျိုးမျိုးကို သဘောကျတယ်။ ဒါပေမဲ့ သူမ သူ့ကို မချစ်နှစ်သက်ရဲပါဘူး။
သူမက အရမ်းညစ်ပတ်တယ်လေ။ သူမလို လူတစ်ယောက်က သူ့ရဲ့ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာနဲ့ မထိုက်တန်ပါဘူး။ သူနဲ့လက်တွဲဖို့ဆိုရင် ပြောမနေပါနဲ့တော့။
ရှဲ့လျန်သည် ကုချီဖုန်းကို ခပ်ခွာခွာနေလာခဲ့သည်။ ကုချီဖုန်းက ပါးနပ်သူဖြစ်သည်။ သူမ၏ပုံမှန်သုံးနေကျ စကားလုံးများနှင့် သူ ရှဲ့မိသားစု၏ အိမ်နီးချင်းများထံမှ စုံစမ်းရရှိသည့် အချက်များကြောင့် ရှဲ့လျန် သူ့ကို မချစ်ရသည့်အကြောင်းအရင်းက ရှဲ့ယုံနှင့် တစ်ခုခုပတ်သက်နေမည်ဟု ခန့်မှန်းမိခဲ့သည်။
အကြောင်းအရင်းကိုတော့ သူ နားမလည်ခဲ့ပေ။ သူက ငွေသုံးပြီး ထောင်စောင့်နှင့် စကားပြောကြည့်ကာ ရှဲ့ယုံနှင့်တွေ့ရန် ထောင်ထဲသို့ ဝင်သွားတော့သည်။
ရှဲ့ယုံသည် သူ့တစ်ဘဝလုံးကို ထောင်ထဲတွင် ကုန်ဆုံးရပေမည်။ သူသည် ရှဲ့ချန်နှင့် ရှဲ့လျန်တို့ကို အသည်းနင့်အောင် မုန်းတီးပေသည်။ ကုချီဖုန်းက ရှဲ့လျန်ကို ချစ်ခင်နေကြောင်း သိလိုက်ရသည်တွင် သူက ကုချီဖုန်းကို သည်းမခံနိုင်အောင် ခံစားရစေချင်ခဲ့သည်။ ထို့ကြောင့် သူက ထိုအကြောင်းကို ကုချီဖုန်းအား ပြောပြလိုက်တော့သည်။
သူသည် ထိုအကြောင်းကို ပြောလိုက်ချိန်တွင် ကုချီဖုန်း၏ဒေါသမျက်နှာက ရှုံ့မဲ့သွားသည်ကို မြင်လိုက်ရသဖြင့် ကျေနပ်သွားတော့သည်။
ကုချီဖုန်းက ဒေါသခြောင်းခြောင်းထွက်တော့သည်။ ဒီလူ လုပ်ရဲလိုက်တာ။ သူက ရှဲ့လျန်ရဲ့အဖေလေ။
သူသည် ရှဲ့ယုံနှင့် လုံးထွေးသတ်ပုတ်တော့သည်။
ထို့နောက်တွင်တော့ သူ့ကို ထောင်စောင့်က ဆွဲထုတ်သွားခဲ့ရသည်။
ကုချီဖုန်းက ထွက်သွား၏။ နှစ်ရက်နေပြီးနောက် သူသည် ထောင်ထဲပြန်လာပြီး အကျဥ်းခန်းသို့ နှစ်ရက်ဆက်တိုက် အလည်လာခဲ့ပြီး ရှဲ့ယုံကို သေလုမျောပါး ရိုက်နက်လိုက်တော့သည်။
ဒါသည် ရာဇဝတ်မှုဥပဒေကို ကျူးလွန်ခြင်းပင်။ သူသည် ထောင်ထဲ၌ ထိန်းသိမ်းခံရလေတော့သည်။
ရှဲ့လျန်သည် သူမ၏စိတ်ထဲတွင် အချိန်အကြာကြီး သိမ်းထားခဲ့သည့် လျှို့ဝှက်ချက်ကို နောက်ဆုံး၌ ထုတ်ဖော်လိုက်တော့သည်။ သူမသည် ကိုယ်ကို ဘောလုံးလေးတစ်လုံးလို ကျုံ့ထားပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ ရှဲ့ချန်ကို မကြည့်ရဲပေ။ သူသည် သူမက ညစ်ပတ်သဖြင့် သူမကို ထပ်မလိုချင်တော့ဘူးဟု တွေးလိုက်မှာကို ကြောက်ရွံ့နေမိသည်။ ထို့အပြင် သူမသည် ကုချီဖုန်းကို ဒုက္ခပေးခဲ့သူပင်။ သူမသည် အစောကြီးကတည်းက သေသွားသင့်ခဲ့ပေသည် ဟူ၍။
လေးလံလှသည့် စိတ်ဖိစီးမှုအောက်တွင် ရှဲ့လျန်မှာ ချက်ချင်း သတိလစ်သွားလေသည်။
“အားလျန်”
ရှဲ့ချန်က ရှဲ့လျန်ကို မြန်မြန် ပွေ့ဖက်လိုက်ပြီး သူမကို သမားတော်ထံ ခေါ်သွားလိုက်တော့သည်။
လမ်းတစ်လျှောက်တွင် သူ့မျက်နှာက အင်မတန်ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ရှဲ့လျန်က ဒီလိုနှိပ်စက်ခံခဲ့ရမယ်လို့ ထင်မထားခဲ့မိဘူး။ သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်တော့ သဲလွန်စတွေ အများကြီး ရှိပါရက် သူ လုံးဝ မသိခဲ့မိတာပဲ။ သူမ ရုတ်တရက် စကားမပြောတော့တာလည်း မထူးဆန်းဘူး။ သူမ ရှဲ့ယုံကို အဲလောက်ကြောက်ရွံ့နေတာလည်း မထူးဆန်းတော့ဘူး... နေ့တိုင်း အိမ်မှာ ရှဲ့ယုံနဲ့ တွေ့ရရင် ဘယ်လောက် စိတ်ဓာတ်ကျပြီး နာကျင်ရမယ်ဆိုတာ မစဥ်းစားရက်လောက်အောင်ပဲ။
ပြီးတော့။ သူ။ ထင်မထားခဲ့မိဘူး။ ဒီကိစ္စကို အရင်ဆုံး သိခဲ့တဲ့ ကုချီဖုန်းလောက်တောင်မှ မကောင်းခဲ့ဘူး။
ဒေါသ။ အပြစ်ရှိစိတ်။ နောင်တ....
ရှဲ့လျန်သည် ဘာမှမဖြစ်ပေ။ သတိလစ်သွားရုံသာ။ ထို့အပြင် သူမသည် မနိုးထလာချင်တော့ပေ။
ရှဲ့ချန်က သူမကို အိမ်ပြန်ခေါ်လာပြီး သူမ၏အိပ်ရာဘေးတွင် တစ်ညလုံး ထိုင်နေခဲ့လေသည်။
ထိုနေ့ညက မည်းမှောင်နေသည့်တိမ်များက လမင်းကြီးကို ဖုံးကွယ်ထားသည်။ ကောင်းကင်နှင့် မြေကြီးတို့သည် မည်းနက်လျက်ပင်။
နောက်တစ်နေ့တွင် အားလုံးက ရှဲ့ချန်ကို ပြန်တွေ့ရချိန်၌ သူတို့သည် ရှဲ့ချန်က အရင်ကနှင့် လုံးဝမတူတော့သည်ကို ခံစားမိလိုက်ကြတော့သည်။ သူတို့သည် ကွာခြားချက်ကို မသိနိုင်ကြပေ။ သူ့သွင်ပြင်က ပြောင်းလဲသွားဟန် မတူသော်လည်း သူ၏ ရှိနေကျ ညှို့မှိုင်း မာထန်သည့်ရုပ်ရည်က လူများကို တုန်ယင်သွားစေသည်ကို ခံစားမိလိုက်ကြသည်။
ကုချီဖုန်းသည် ကုယန်ကျိုး၏ ဝမ်းကွဲဖြစ်လေသည်။ သူသည် ထောင်သားတစ်ယောက်ကို ရိုက်ခြင်းဖြင့် ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့သော်လည်း သူ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုနှင့် သူ့ကို မည်သို့ စီရင်ချက်ချမည်ကတော့ စဥ်းစားစရာ အခန်းကဏ္ဍအများအပြား ရှိနေသည်။
တရားသူကြီးမုန့်ကလည်း ရှဲ့ယုံမှာ လူကောင်းတစ်ယောက် မဟုတ်မှန်း သိလေသည်။ အမျိုးမျိူး စဥ်းစားပေးလိုက်ပြီးနောက် သူသည် ကုချီဖုန်းကို တစ်လတာ ထောင်ဒဏ်သတ်မှတ်လိုက်တော့သည်။ ထောင်ဒဏ်တစ်လသာ ကျသင့်ရပေမည်။
သုံးရက်ကြာပြီးနောက် ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် မြို့တော်သို့ ပြန်လာခဲ့ကြသည်။ သူတို့နှင့်အတူ ရွှယ်ကျင်း၊ သူ့မိန်းမ ရွမ်ရှီနှင့် ရှဲ့လျန်တို့ ပါလာကြသည်။ ကုချီဖုန်းအနေဖြင့် သူသည် ထောင်ထဲမှ မထွက်လာခင်အထိတော့ မြို့တော်ကို လာနိုင်အုံးမည်မဟုတ်ပေ။
ရှဲ့လျန်က စကားမပြောတော့ဘဲ နေ့တိုင်း လှည်း၏ ထောင့်နေရာတွင်သာ ထိုင်နေခဲ့သည်။
ကုယန်ကျိုးက ရှဲ့ယုံကို ရိုက်ရသည့်အကြောင်းအရင်းကို ကုချီဖုန်းအား မေးခဲ့သော်လည်း ကုချီဖုန်းက ဘာတစ်ခွန်းမှ မပြောခဲ့ပေ။ သူကတော့ သည်ကိစ္စသည် ရှဲ့လျန်နှင့် တစ်ခုခု ပတ်သက်လိမ့်မည်ဟု ခန့်မှန်းထားလိုက်သည်။ ကုချီဖုန်းသည် ရှဲ့လျန်ကို အရင်က ရိုက်နှက် ဆူပူခဲ့သည့်အတွက် ရှဲ့ယုံကို မုန်းနေခြင်းဖြစ်မည်ဟုသာ သတ်မှတ်ထားလိုက်သည်။ နောက်ဆုံး လူအများစုသည် ထိုကိစ္စမျိုးကို စဥ်းစားရဲကြလိမ့်မည် မဟုတ်ပေ။
ရှဲ့ချန်သည်လည်း ထိုအကြောင်းကို မည်သူ့ကိုမှ မပြောပြလိုပေ။ အားလုံးက ပြီးဆုံးသွားသယောင်။
သို့သော်ငြား သူတို့ ထွက်လာပြီး ငါးရက်မြောက်ညတွင် ရှဲ့ယုံသည် ကိုယ့်ကိုယ်ကိုယ်ကို ကြိုးဆွဲချသွားခဲ့လေသည်။
ခါးသီးမှုဒဏ်ကို မခံစားနိုင်သည့် ထောင်ထဲက လူများစွာက ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြသည်များလည်း ရှိကြသည်။ ရှဲ့ယုံ၏ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုနှင့် ပတ်သက်ပြီး သံသယတချို့ ရှိခဲ့သော်လည်း ဘယ်သူမှ လုံးဝ ဂရုမစိုက်ကြပေ။ သူ့ခန္ဓာကိုယ်ကို ကောက်ရိုးဖျာတစ်ခုနှင့် လိပ်ကာ သယ်သွားလိုက်ကြလေတော့သည်။