← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အပိုင်း (၉၇)

ရှန်ဖုန်းမင်သည် ဌာနသို့ ပြန်ရောက်လာချိန်တွင် ယန်ရှန့်က သူ့ကို ချက်ချင်းနှုတ်ဆက်လေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူနှင့် ကျန်းယွင်ကျူးကြားတွင် ဖြစ်ခဲ့သည့်အကြောင်းအရာများကို မေးချင်နေခဲ့ခြင်းပင်။ သူတို့ကို ထိခိုက်လာမည်စိုးရပြီး သူသည် သူမနှင့် မတွေ့ရတော့မည်ကို စိုးရိမ်နေခဲ့မိသည်။ သူ့ကို သေမတတ်ပင် ငြီးငွေ့လာစေတော့သည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူး လူငှားမည့်အကြောင်းနှင့် သူ့စိတ်ကူးများကို ပြောပြလိုက်သည်။

“မိန်းကလေးကျန်းက စားသောက်ဆိုင်တစ်ခု ဖွင့်မလို့လား၊ ဘယ်တော့ ဖွင့်မှာတဲ့လဲ”

ယန်ရှန့်က စိတ်မရှည်လက်မရှည်နှင့် မေးလိုက်တောသည်။ ရှန်ဖုန်းမင်၏ နောက်ပိုင်းစကားကို ကြားလိုက်ရသည်တွင် ချီလင်သက်တော်စောင့်ဌာနမှ ဖိအားပေးခံရကာ ထွက်သွားရသူများကို စဥ်းစားမိလိုက်ပြီး သူ့အမူအရာသည် တဖြည်းဖြည်း လေးနက်လာတော့သည်။

အဲဒီလူတွေက..... သနားစရာပါပဲ။

“မင်း သူတို့ကို စဥ်းစားပေးနေတာပဲ”

ယန်ရှန့်သည် ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ သူ့ခေါင်းဆောင်က ရက်စက်တယ်လို့ ထင်ရပေမဲ့ အဲဒီကြောင်သူတော်တွေထက်တော့ အများကြီးသာပါသေးတယ်။

ကျန်းယွင်ကျူးရဲ့ စားသောက်ဆိုင်မှာ အလုပ်သွားလုပ်မဲ့ လူတွေအတွက်တော့ ပြန်လည်မွေးဖို့ အခွင့်အရေးတစ်ခု ရလိုက်တာပဲ။

ရှန်ဖုန်းမင်က သူ့ကို ရေခဲတုံးတမျှ အေးစက်သည့် မျက်လုံးများနှင့် ကြည့်လိုက်လေသည်။

ယန်ရှန့်က သူ့အပြုံးကို အနွံတာခံထားသည့်ဟန်ဖြင့် ပြန်သိမ်းထားလိုက်သော်လည်း ပြောလိုက်သေးသည်။

“အဲဒီလူတွေ ဧည်ခံပေးတဲ့သူတစ်ယောက်လို လုပ်တတ်ပါ့မလား မသိဘူးနော်၊ ငါ သူတို့ကို သွားစောင့်ကြည့်ပေးမယ်လေ ဘယ်လိုလဲ”

တစ်ဝက် တစ်ပျက်ပြောရင်းက ရှန်ဖုန်းမင်သည် သူ့ပစ်မှတ်ကို ထိုးဖောက်လိုက်တော့သည်။ သူက ကျန်းယွင်ကျူးရဲ့ ထမင်းတစ်နပ်ကို သွားစားချင်တာတောင် အကြောင်းပြချက်က ရှာနေရသေးတယ်။ အဲဒီလူတွေက ချီလင်သက်တော်စောင့်တပ်က ထွက်သွားပြီဆိုပေမဲ့ သူတို့သိတာက ဘယ်လို စည်းတားပြီး နေရမယ်ဆိုတာလောက်ပဲလေ။ သူတို့က ဧည့်ခံနိုင်မှာတဲ့လား။

ယန်ရှန့်က အောင့်သက်သက် ပြုံးလိုက်၏။ သူ့ဆီမှာ မပေါ်သွားအောင် နေရမယ်။

ကျန်းယွင်ကျူးသည် လူခြောက်ယောက် ငှားချင်သဖြင့် ယန်ရှန့်က ဖြစ်နိုင်ခြေရှိသူများကို သေသေချာချာ စဥ်းစားပေးလိုက်လေသည်။

ထို့နောက်တွင် သူသည် ဌာနက လူသစ်များကို လေ့ကျင့်ပေးသည့် နေရာသို့ သွားလိုက်တော့သည်။ သူသည် တံခါးမှ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သိမ်မွေ့သည့်ရုပ်ပေါက်သည် လူတစ်ယောက်က အပြင်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူက သူ့ကို တွေ့လိုက်သောအခါ သိမ်မွေ့သည့်အပြုံးတစ်ခုကို ထုတ်ပြလိုက်ပြီး ဦးညွှတ်လိုက်လေသည်။

“ဒုခေါင်းဆောင်”

ယန်ရှန့်က သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်၏။ ယွင်တု ဒီနှစ်ဆိုရင် ၂၃နှစ်ရှိပြီ။ သူ့ကို လက်ရှိအခြေအနေနဲ့တော့ မဆုံးဖြတ်လေနဲ့။ သူက ဓားတစ်လက်ကို ကိုင်လိုက်ပြီဆိုတာနဲ့ တခြားလူတစ်ယောက်လို ဖြစ်သွားတာ။ အရမ်းကို ကြောက်စရာကောင်းတယ်။

အထူးသဖြင့် တစ်ယောက်ယောက်က ကလေးတစ်ယောက်ကို အန္တရာယ်ပေးနေတာကို တွေ့တဲ့အချိန်ဆိုရင် သူက ပိုကြီး ရက်စက်ကြမ်းတမ်းလာလိမ့်မယ်။

အဲဒီကိစ္စ ထပ်ဖြစ်ခဲ့ပြီး သူ့ကို အများကြီး ထိခိုက်သွားခဲ့တယ်။ အဲဒီလူယုတ်မာတွေပေါ့... ထိုကိစ္စကို စဥ်းစားမိလိုက်သည်နှင့် ယန်ရှန့်သည် ဒေါသထွက်လာတော့သည်။ အဲတိရိစ္ဆာန်ကောင်တွေ။ အဲကောင်တွေကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ပစ်သင့်တာ။

ယွင်တု အကြောင်းပြောရင် သူ တစ်ခုခု မူမမှန်တာကို အားလုံးက သိကြတယ်။ သူလည်း ဒါကို သိပါတယ်။ ဒါ့ကြောင့်ပဲ သူ့မှာ မတတ်သာတော့ဘဲ အနားယူလိုက်ရတာ။

သူက ငယ်ငယ်လေးကတည်းက ချီလင်သက်တော်စောင့်အဖွဲ့ထဲမှာ နေခဲ့တာ။ ထွက်သွားပြီး နောက်ပိုင်းတော့ သူ့မျက်နှာပေါ်က အပြုံးက ပိုပိုပြီး သိမ်မွေ့လာခဲ့ပေမဲ့ သူ့မျက်လုံးထဲက ညှို့မှိုင်းနေတဲ့အရိပ်ကတော့ ပိုပိုပြီး ထင်ရှားလာခဲ့တယ်။

ယန်ရှန်သည် ထိုနေရာတွင် ရပ်လိုက်ပြီး သူ့ကို မေးလိုက်လေသည်။

“မင်း အလုပ်တစ်ခုရှာချင်လား”

ယွင်တု၏မျက်နှာပေါ်က အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

. . .

နှစ်ရက်ကြာပြီးနောက် ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်၊ ယန်ရှန်နှင့် နောက်ထပ်လူခြောက်တို့ကို တွေ့လိုက်ရသည်။

အမျိုးသမီး နှစ်ယောက်နှင့် အမျိုးသား လေးယောက်။ အမျိုးသမီးနှစ်ယောက်တွင် တစ်ယောက်က ၂၀ ဝန်းကျင်သာ ရှိသေးသည်။ လှပပြီး အနည်းငယ် သီးသန့်နေတတ်ပုံရသည်။ တစ်ယောက်ကတော့ ၃၀ ဝန်းကျင်ဖြစ်သည်။ မက်မွန်နှင့် ဆီးပန်းပွင့်နှင့် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

အမျိုးသား လေးယောက်။ နှစ်ယောက်မှာ၂၀ ဝန်းကျင်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အလွန်မှ ချောမောကြသော်လည်း သူတို့အမူအရာတော့ လုံးဝခြားနားလေသည်။ တစ်ယောက်က နွေးနွေးထွေးထွေး ပြုံးတတ်ပြီး နွေဦး၏နေရောင်နှင့် တူသော်လည်း ကျန်တစ်ယောက်ကတော့ အေးစက်စက်မျက်နှာတစ်ခု ပိုင်ဆိုင်ထားကာ ရေနက်နက်ထဲက ရေခဲနှင့်တူလေသည်။

ကျန်ယောက်ျားနှစ်ယောက်သည် အသက်၄၀ခန့်ရှိသည်။ တစ်ယောက်က ဆုံးဖြတ်ချက်ပြတ်သားသည့် မျက်နှာတစ်ခုရှိပြီး ကျန်တစ်ယောက်တော့ ပိန်ပါးသည့် ခန္ဓာကိုယ်ရှိသည်။

ယန်ရှန့်က သူတို့ကို တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်သည်။

“ကျန်းလီညန်၊ ကျင်းကျောင်းယွဲ့၊ ယွင်တု၊ ကျန်းဟယ်၊ ကျန့်ချန်းချွမ်း၊ ဝူယွီ၊ ကျန်းဟယ်ရဲ့ အချက်အပြုတ်လက်ရာ မဆိုးပါဘူး၊ ကျန်တာကတော့ စာရေးဖတ်တတ်တယ်၊ စာရင်းတွေ လုပ်တတ်တယ်၊ သူတို့တွေက ဧည့်ခံပေးတဲ့သူ အနေနဲ့လည်း လုပ်နိုင်တယ်၊ အလုပ်ကြမ်းမျိုးစုံခိုင်းလည်း ပြဿနာမရှိဘူး”

ပြဿနာမရှိရုံပဲတော့ မဟုတ်ဘူးပေါ့။ သူတို့အားလုံးက အရည်အချင်း ရှိလွန်းနေတာလေ။ ကျန်းယွင်ကျူးသည် လူများကို အကဲခတ်တတ်လေသည်။ သို့မဟုတ်လျှင် သူမသည် အိပ်မက်ထဲ၌ လင်ထင်အန်းအတွက် အရာအားလုံးကို တာဝန်ယူပေးနိုင်မှာမဟုတ်ပေ။ သည်လူများသည် အလွန်မှ ထူးခြားမှန်း တစ်ချက်ကြည့်လိုက်ရုံနှင့် ပြောနိုင်လေသည်။

သူမက ရှန်ဖုန်းမင်ကို ကြည့်လိုက်၏။ ဒါက အဆင်ပြေရဲ့လားဟင်။

ရှန်ဖုန်းမင်က ခေါင်းညိတ်ပြလိုက်သည်။ ယန်ရှန့်က သူတို့ကို မေးထားပြီးသားဖြစ်ကာ သူတို့က လာဖို့ ဆန္ဒရှိနေကြသည်။

နှစ်ယောက်သား၏ မျက်လုံးအကြည့်က တိုတောင်းလှသော်လည်း အားလုံး၏အာရုံကို ဖမ်းစားထားတော့သည်။

ယန်ရှန့်ကတော့ အလိုလိုပင် အလွန်ပျော်နေတော့သည်။ နှစ်တစ်သောင်း သံမဏိသစ်ပင်ကြီးက နောက်ဆုံးတော့ ပန်းပွင့်လာပြီလေ။ သူ့အားထုတ်မှုတွေ အချည်းနှီး မဖြစ်ခဲ့ဘူး။

ယွင်တုနှင့် ကျန်လူများကတော့ တအံ့တဩ ဖြစ်နေကြတော့သည်။ ဒီမမလေးနဲ့ စစ်သေနာပတိချုပ်ရှန်တို့က.... သူတို့သည် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသယောင်။

သူတို့သည် ကျန်းယွင်ကျူးကို တစ်ချက်ခိုးကြည့်လိုက်ကြပြီး သူမ၏အသားအရေမှာ နှင်းလိုဖြူဖွေးကာ နူးညံ့သိမ်မွေ့ပြီး နွေဦးရာသီ၏ မက်မွန်ပွင့်များနှယ် တွေ့လိုက်ရလေသည်။ ဒီလို မမလေးတစ်ယောက်ကမှ ရုပ်ရည်အရ စစ်သေနာပတိချုပ်ရှန်နဲ့ လိုက်ဖက်တာပဲ။ နှစ်ယောက်သားက အတူတူ ရပ်နေလိုက်ရင် ပန်းချီကားတစ်ချပ်လို လှပနေမှာ သေချာတယ်။

တစ်ခုပဲ။ စစ်သေနာပတိချုပ်ရှန်လို လူမျိုးက... ဒီနှစ်ယောက် ဘယ်လိုအဆင်ပြေနေကြလဲဆိုတာ စဥ်းစားရတော်တော် ခက်တယ်။

လူတော်တော်များများ၏ ရင်ထဲက လှိုင်းလုံးကြီးများကို ဘေးချိတ်ထားလိုက်ပြီး ကျန်းယွင်ကျူးက သူတို့ကို ကြည့်ကာ ကိစ္စများကို ရှင်းလင်းအောင် လုပ်ထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ရှင်တို့တွေ ကျွန်မရဲ့ဆိုင်မှာ အလုပ်လာလုပ်ဖို့ ဆန္ဒရှိသလား၊ ကျွန်မက စားဖိုမှူးတစ်ယောက်၊ တာဝန်ခံ တစ်ယောက်၊ ဧည့်ခံပေးတဲ့သူ သုံးယောက်နဲ့ လက်တိုလက်တောင်း အလုပ်သမားတစ်ယောက်လိုတယ်။

လစာကတော့ စားဖိုမှူးတစ်ယောက်အတွက် အချက်အပြုတ်လက်ရာပေါ်မူတည်တယ်၊ အကြမ်းဖျင်း ၂လျန်ကနေ ၆လျန်ပေးမယ်၊ ဒါပေါ့၊ တကယ်လို အချက်အပြုတ်လက်ရာက ထူးထူးခြားခြား ကောင်းနေရင် ကျွန်မတို့ လစာကို ထပ်ညှိနှိုင်းလို့ရတယ်။

တာဝန်ခံကတော့ တစ်လကို ၃လျန်လောက် ခန့်မှန်းထားတယ်။

ဧည့်ခံပေးတဲ့သူနဲ့ လက်တိုလက်တောင်း အလုပ်သမားကတော့ တစ်လကို ၁လျန်”

သည်နှုန်းထားကို ကျန်းယွင်ကျူးက မြို့တော်ရှိ လစာအဆင့်နှင့် စျေးနှုန်းပေါ် မူတည်ပြီး သတ်မှတ်ထားခြင်းပင်။ လုံးဝ မနိမ့်ပေ။

ခြောက်ယောက်လုံးက ခေါင်းညိတ်လိုက်ကြသည်။

ဖြစ်နိုင်သည် ထင်သည်။ ကျန်းယွင်ကျူးက ကျန်းဟယ်ကို ကြည့်လိုက်ပြီး

“ရှင် ချက်ပြုတ်တတ်သလား”

“နည်းနည်းပါးပါးပါ” ကျန်းဟယ်က ပြန်ဖြေလိုက်သည်။

ကျန်းယွင်ကျူးက သူ့ကို သူမနှင့် မီးဖိုဆောင်သို့ လိုက်လာခိုင်းလိုက်သည်။ သည်ခြံဝင်းထဲက မီးဖိုဆောင်သည် ပြန်လည်ပြင်ဆင်ရန် မလိုပေ။ သူဌေးဖန်ထားခဲ့သည့် မီးဖိုဆောင်သုံးပစ္စည်းတချို့ ကျန်သေးသည်။ ကျန်းဟယ်၏အချက်အပြုတ်လက်ရာကို စစ်ဆေးဖို့ လုံလောက်ပေသည်။

ကျန်းဟယ်သည် အေးစက်စက်မျက်နှာထား ရှိလေသည်။ သူက မုန်လာဥဖြူတစ်လုံးကို ကောက်ယူလိုက်ပြီး စတင်ချက်ပြုတ်လိုက်သည်။

ကျန်ယွင်ကျူးသည် ရှန်ဖုန်းမင်၏ အေးစက်မှုကို အသားကျနေပြီးသား ဖြစ်ရာ အေးစက်စက်အမူအရာကို အတိုင်းအတာတစ်ခုအထိ ခံနိုင်စွမ်းရှိနေသယောင်။ သူမသည် သူ့အနေဖြင့် သည်လိုဖြစ်နေသည်ကို တစ်ခုခုမှားယွင်းနေသည်ဟု မထင်ခဲ့ချေ။

ဝှစ်။ ဝှစ်။ ဝှစ်။ ဓားရိပ်က လွင့်ပျံနေသည်။ မကြာခင်မှာပင် မုန်လာဥတစ်လုံးကို ပါးလွှာသည့် အချပ်လေးများ ဖြစ်အောင် လှီးထားလေသည်။

ပါးလွှာသည့်အချပ်လေးက အလွန်မှပါးလျလေရာ ထိုးဖောက်မြင်လုနီးနီးပင်။ အချပ်တစ်ခုစီသည် အထူအပါး အရွယ်အစား တူလေသည်။

ကျန်းယွင်ကျူးသည် သူ့ဓားကိုင်အရည်အချင်းက အနည်းဆုံးတော့ ထိပ်တန်းရောက်နေပြီးသားမှန်း သိလိုက်လေသည်။ သူ့အချက်အပြုတ်လက်ရာက အရမ်းမကောင်းလျှင်တောင် သည်ဓားကိုင်စွမ်းရည် တစ်ခုတည်းနှင့်ပင် မီးဖိုဆောင်ထဲတွင် သူမနှင့် ရွှယ်ကျင်းတို့ကို ကူညီပေးဖို့ လုံလောက်သည်ထက် ပိုလေသည်။

တစ်ချိန်ထဲတွင် ကျန်းဟယ်က ဆီအိုးကို ကောက်ကိုင်လိုက်ပြီး မုန်လာဥအချပ်များကို စတင် ကြော်လှော်လိုက်သည်။

သူ့လှုပ်ရှားမှုကို ကိုကြည့်ရင်း ကျန်းယွင်ကျူး၏မျက်လုံးများက လင်းလက်သွားတော့သည်။ သူ့အချက်အပြုတ်လက်ရာက ကောင်းမဲ့ပုံပဲ။

“ရှင် ဘယ်သူ့ဆီက သင်ထားတာလဲ”

သူမက အံ့ဩတကြီး မေးလိုက်၏။ ချီလင်သက်တော်စောင့်အဖွဲ့မှာ အချက်အပြုတ် သင်ပေးတဲ့လူများ ရှိနေတာလား။

“ကျွန်တော် အားတဲ့အချိန် ကိုယ့်ဟာကိုယ် လေ့ကျင့်ပါတယ်”

ကျန်းဟယ်က တိုတိုတုတ်တုတ် ပြန်ဖြေသည်။ အမှန်တွင် ချီလင်သက်တော်စောင့်အဖွဲ့ထဲက လူများတွင် သူတို့၏ ကိုယ်ပိုင်ဝါသနာများ ရှိလေသည်။ သူတို့သည် သူတို့၏စိတ်နှင့် ခန္ဓာကိုယ်များကို အနားပေးရန် သူတို့နှစ်သက်သည့်အရာများကို အရူးအမူးပင် လုပ်ကြလေသည်။

ကျန်းဟယ်သည် လုပ်စရာ မရှိလျှင် အသီးအရွက်များကို လှီးဖြတ်ရသည်ကို သဘောကျလေသည်။ ချက်ပြုတ်ခြင်းက ဒုတိယပင်။

ကျန်းယွင်ကျူးကတော့ ပြောစရာမရှိပေ။

ခဏကြာပြီးနောက် ဟင်းကို ကြော်ပြီးသွားပြီး သူမက တစ်ကိုက်လောက် ကိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာက အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီးနောက် ကျန်းဟယ်ကို တမင် မေးသည့်လေသံဖြင့် မေးလိုက်လေသည်။

“ပုံမှန်ဆိုရင် ရှင်ချက်ထားတာတွေကို စားလား”

“မစားဘူး”

ကျန်းဟယ်က ပြောသည်။ သူက အချိန်အတိုင်း အများကြီးချက်နေတာလေ။ အားလုံးကို စားဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။

မဆန်းတော့ဘူး။

“ဒါဆိုရင် နင် ချက်ထားတဲ့ ဟင်းပွဲတွေကို ပုံမှန်ဆိုရင် ဘာလုပ်လိုက်လဲ” ကျန်းယွင်ကျူးမှာ သိချင်သွားတော့သည်။

“ကျွန်တော် ချီလင်သက်တော်စောင့် ထမင်းစားခန်းမှာ ချက်ပြုတ်တယ်၊ သူတို့တွေက ကျွန်တော် ချက်ထားတာတွေအားလုံးကို စားကြမှာပေါ့” ကျန်းဟယ်က ပြန်ဖြေသည်။

ကျန်းယွင်ကျူးသည် ချီလင်သက်တော်စောင့်များက သူအချက်အပြုတ်လက်ရာကို ကြောက်ရွံ့နေမလားဟု အတည်ပေါက် သံသယဝင်မိတော့သည်။ ဒါကြောင့် ယန်ရှန့်က သူ့ကို သူမဆီ လွှတ်လိုက်တာကိုး။ သူ့ဟင်းက ငန်တူးနေတာပဲ။

“ရှင်လုပ်ထားတဲ့ ဒီဟင်းကို မြည်းကြည့်မလား” သူမက အကြံပေးလိုက်သည်။

ကျန်းဟယ်က သူမကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

ကျန်းယွင်ကျူးက သူ့ကို တူတစ်စုံ လှမ်းပေးလိုက်သည်။ သူ ငြင်းမယ်ဆိုရင်တော့ ထားလိုက်ပါလေ။ သူမက သူ့ကို ငှားနိုင်တော့မှာ မဟုတ်ဘူး။

ကျန်းဟယ်က ခဏလောက် တွေဝေသွားပြီးနောက် တူကို ယူလိုက်ကာ မုန်လာကတစ်ဖက်ကို ကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။

ထို့နောက် ကျန်းယွင်ကျူးသည် သူ၏ မပြောင်းလဲတတ်သည့်မျက်နှာက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရတော့သည်။

အမှန်တွင်တော့ ရယ်ချင်စရာကောင်းလှသည်။

ကျန်းဟယ်သည် မုန်လာဥဖတ်ကို အတင်းကာရော မျိုချလိုက်လေသည်။ သူ့မျက်လုံးများသည် အနည်းငယ် ချာလပတ်ယမ်းသွားတော့သည်။ သူချက်တဲ့ ဟင်းတွေက အဲလောက်တောင် အရသာ ဆိုးတာလား။ ဘယ်သူကမှ ဘာလို့ သူ့ကို မပြောခဲ့ကြတာလဲ။

ဘယ်သူက ပြောရဲမှာလဲ။ သူရဲ့ အဲဒီအေးစက်စက်မျက်နှာက စစ်သေနာပတိချုပ်ရှန်ထက်တောင် နည်းနည်းလေး သာသေးတယ်။

ပြီးတော့ လျှပ်တပြက်တိုက်ခိုက်မှုတွေမှာ သူကပဲ အားလုံးရဲ့အသက်ကို ကယ်ပေးခဲ့တာ။ သူ့မှာ ဒီဝါသနာလေးတစ်ခုပဲ ရှိတာဆိုတော့ အားလုံးက သူ့ကို ပယ်ချဖို့ရာ မလွယ်ကူလေဘူးပေါ့။

“ရှင် အရသာရှိတဲ့ ဟာမျိုး လုပ်ချင်လား”

ကျန်းယွင်ကျူးက မေးလိုက်သည်။ သူသည် သင်ယူဖို့ ဆန္ဒရှိခဲ့လျှင် ပျိုးထောင်ပေးရသည်မှာ တန်ပေသည်။ အနည်းဆုံးတော့ သူသည် ဓားကိုင်စွမ်းရည်နှင့် မီးအကြောင်းကို ကောင်းကောင်း နားလည်သည်။

ကျန်းဟယ်က ခေါင်းညိတ်လိုက်၏။ သူ သင်ဖို့ ဆန္ဒရှိတာပေါ့။ သူ အရသာရှိတာ လုပ်တတ်သွားတာနဲ့ သူ့ညီအစ်ကိုတွေကို စားခိုင်းအုံးမယ်။ သူတို့ရဲ့ အစောပိုင်းက စေတနာတွေကို ပြန်ကျေးဇူးဆပ်တယ်လို့ သတ်မှတ်ရမယ်။

“ရှင့်ဓားကိုင်တဲ့စွမ်းရည်က အရမ်းကောင်းတယ်၊ ဒါပေမဲ့ ရှင်က ဟင်းပွဲကောင်းတစ်ခု လုပ်ချင်ရင် အထူအပါး တူအောင် လှီးဖြတ်နိုင်ရုံနဲ့ မရသေးဘူး၊ ဒါက အသီးအရွက် အသားရဲ့ အခြေအနေပေါ် မူတည်တယ်၊ ဥပမာ ဒီမုန်လာဥကို ကြည့်လိုက်၊ မုန်လာဥအရွက်နဲ့ နီးတဲ့အပိုင်းမှာ အသားက နည်းနည်းလေး ပိုမာတယ်၊ သူ့ကို အောက်ပိုင်းထဲ ပိုပြီး ပါးပါးလေး လှီးဖြတ်သင့်တယ်၊ ဒါမှ အကျက်ညီမှာ။

ပြီးတော့....”

ကျန်းယွင်ကျူးက လုပ်ပြရင်း ရှင်းပြနေလေသည်။ သူမ၏လက်ချောင်းများသည် လိပ်ပြာလေးများနှယ် ပေါ့ပါးနေပြီး သူမ၏အသံက တောင်ကျစမ်းရေလို ကြည်လင်နေလေသည်။ လူများကို အမှတ်တမဲ့ ဖမ်းစားထားတော့သည်။

ကျန်းဟယ်က ဘေးတွင်ရပ်ကာ သူမ၏အလုပ်များနေပုံကို ကြည့်နေလေသည်။ တစ်နေ့လုံး စိတ်ဓာတ်ကျနေသည့် သူ့နှလုံးသားသည် နောက်ဆုံးတော့ ငြိမ်းချမ်းမှုကို ရှာတွေ့သွားသယောင်။

နေရာင်ခြည်က ပြတင်းပေါက်မှ ဖြတ်၍ဝင်လာသည်။ နွေးထွေးနေ၏။ အချက်အပြုတ်နည်းလမ်းများစွာ ရှိနေကြောင်း ရုတ်တရက်ဆိုသလို သူ သဘောပေါက်သွားတော့သည်။ ကျန်းယွင်ကျူးနှင့် ယှဥ်လျှင် သူ၏အတိတ်က အသီးအရွက်များကို လှီးဖြတ်ချက်ပြုတ်ပေးခြင်းက စေတနာအလျောက် မဟုတ်ဘဲ အာရုံပြောင်းပြီး သူ့ခံစားချက်များကို ဖွင့်ချဖို့ရန်သာ ဖြစ်လေသည်။

အခုမှ သူသည် ချက်ပြုတ်နည်းကို သင်ယူနိုင်တော့မည်ဟု သေချာခံစားလိုက်ရတော့သည်။

သူတို့နှစ်ယောက်သည် မီးဖိုဆောင်ထဲတွင် ရှိနေကြ၏။ တစ်ယောက်က သင်ကြားရာတွင် စိတ်အားထက်သန်နေပြီး ကျန်တစ်ယောက်က လေ့လာရာတွင် စိတ်အားထက်သန်နေသည်။ မကြာခဏဆိုသလို အသံမျိုးစုံ ထွက်လာတတ်လေသည်။ အပြင်မှာ လူတချို့က စောင့်ကြည့်ရင်း နားထောင်နေကြသည်။ သူတို့သည် ငြိမ်းချမ်းတည်ငြိမ်သည့် အာရုံတစ်ခုကို ခံစားလိုက်ရတော့သည်။

ဒါက ဘဝများလား။ သေးငယ်တဲ့ မုန်လာဥဖြူတစ်လုံးမှာလည်း မဆုံးနိုင်တဲ့ ပျော်ရွှင်မှုတွေ ရှိနေသလိုပဲ။

သူတို့တွေက ဓားကို အချိန်အကြာကြီး ကိုင်စွဲလာရတော့ ဒီခံစားချက်ကို မေ့တေ့တေ့တောင် ဖြစ်နေပြီပဲ။

သူတို့သည် ကျန်းယွင်ကျူး ချက်ထားသည့် ဟင်းပွဲများကို ထူးထူးခြားခြား မြည်းစမ်းကြည့်ချင်မိတော့သည်။ အရသာရှိနေမှာပဲ။

သည်အချိန်တွင် အေးစက်စက်အလင်းတစ်ခုက ဖြတ်ပြေးသွား၏။ လူတော်တော်များများက သတိအနေထား ဖြစ်သွားကြတော့သည်။ ဟုတ်သားဟ။ သူတို့တွေ မေ့သွားတော့မလို့။ စစ်သေနာပတိချုပ်ရှန် ရှိနေတာပဲ။ သူတို့တွေ ဒီဟင်းကို မြည်းကြည့်နိုင်တော့မှာ မဟုတ်ပါဘူးလေ။

ဒါပေမဲ့ သူတို့တွေ ဒီမှာနေပြီး အလုပ်လုပ်မယ်ဆိုရင်တော့ နောက်ပိုင်းကျရင် မြည်းကြည့်နိုင်မှာမလား။

“ငါက မင်းတို့ကို ကောင်းကောင်း မကျွေးလို့လားဟ”

ယန်ရှန့်သည် သည်အခိုက်တွင် ခါးခါးသီးသီး ပြောလေတော့သည်။ သူလည်း အခုထိ ကျန်းယွင်ကျူး လုပ်ထားတဲ့ဟင်းကို တစ်နပ်တောင် မစားရသေးဘူး။ လွမ်းနေတာဖြင့် ကြာလှပြီ။

လူတော်တော်များများက အမူအရာအမျိုးမျိုး ရှိနေကြသည်။သို့တိုင် သူတို့သည် ကောင်းလိမ့်မည်ဟု ခံစားမိကြလေသည်။

သည်လိုနှင့် လူများက နေလိုက်ကြတော့သည်။ စားဖိုမှူးအနေဖြင့် ကျန်းဟယ်မှလွဲလျှင် ကျန်းယွင်ကျူးသည် ကျန်လူများကို လေ့လာလိုက်ပြီး ဘာဆက်ခိုင်းရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

တိုက်တိုင်ဆိုင်ဆိုင် ဆိုင်ပြင်ဆင်တဲ့နေရာမှာ လူအင်အား လိုနေတာ။ သူတို့တွေ ကူညီနိုင်တာပေါ့။

ထို့ကြောင့် ကျန်းယွင်ကျူးသည် သူတို့ကို အရင်ဆုံး သုံးရက်အစမ်းခန့်ဖို့ သဘောတူလိုက်လေသည်။ သုံးရက်ပြီးမှ အလုပ်သမားငှားမည့် အသေးစိတ်ကိစ္စကို သူတို့နှင့် တိုင်ပင်ရလိမ့်မည်။

ရုတ်တရက်ဆိုသလို လူအများကြီး ရလာပြီး သူတို့အားလုံးက လုပ်ရည်ကိုင်ရည် ရှိသူများဖြစ်ကြရာ ကျန်းယွင်ကျူးသည် ချက်ချင်းဆိုသလို အများကြီး သက်သာသွားတော့သည်။

“မိန်းကလေးကျန်း စားသောက်ဆိုင်ကို ဘယ်တော့ဖွင့်မှာလဲ”

ယန်ရှန့်သည် နောက်ဆုံးတော့ ကျန်းယွင်ကျူးနှင့် စကားပြောရန် အခွင့်အရေးရလာခဲ့သည်။

“နောက် လဝက်လောက်နေရင် ဖြစ်မယ်ထင်တာပဲ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။

“အကြာကြီးပဲ”

ယန်ရှန့်၏မျက်နှာသည် တစ်ပြိုင်နက်တည်း ရှုံ့မဲ့သွားတော့သည်။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သူမလည်း တည်းခိုခန်းက အစားအသောက်တွေကို ရက်တွေအကြာကြီး စားနေရတယ်။ တကယ်တော့ ဆိုင်က အစားအသောက်တွေကို ငြီးငွေ့နေပြီရယ်။ အခုတော့ အလုပ်တွေကို ကူညီပေးမဲ့ လူရှိလာပြီဆိုတော့ သူမမှာ ချက်ပြုတ်ဖို့ အချိန်ရသွားပြီ။

“ဒီနေ့ည ရှင်တို့တွေ ညစာအတူတူစားချင် ကြသလား” သူမက ယန်ရှန့်ကို မေးလိုက်သည်။

ယန်ရှန့်က ချက်ချင်း ခေါင်းညိတ်ပြ၏။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို ထပ်ကြည့်လိုက်ပြီး

“ဒီနေ့ည ရှင်ရော ဒီမှာနေ....”

သူ၏မည်းနက်တေသည့် မျက်လုံးများကို ကြည့်ရင်း သူမသည် သည်ဖိတ်ခေါ်မှုက မသင့်တော်သလို ရုတ်တရက် ခံစားလိုက်ရတော့သည်။

...

အပိုင်း (၉၈)

တကယ်တော့ ဘာမှ မမှားပါဘူး။ သူ့ကို ထမင်းတနပ်လေး ဖိတ်ကျွေးတာပဲလေ။

ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီး ကျန်းယွင်ကျူးက ဆက်ပြောလိုက်၏။

“ဒီနေ့ည ရှင် ဒီမှာနေပြီး ညစာစားချင်သလား”

“ကောင်းပြီ”

ရှန်ဖုန်းမင်က သဘောတူလိုက်သည်။ သူ့အသံထဲတွင် ဆည်းလည်းသံတစ်ခု ပါနေတော့သည်။

ကျန်းဟယ်နှင့်တခြားသူများက နေခဲ့ကြသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တိုက လုပ်စရာရှိသေးသဖြင့် အရင်ဆုံး ပြန်သွားနှင့်ကြသည်။

သူတို့သည် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ယန်ရှန့်က ရှန်ဖုန်းမင်ကို ပြုံးဖြီးဖြီးနှင့် မေးလိုက်တော့သည်။

“မင်းတွေ ဟုတ်နေကြပြီ မလား”

သူသည် ထိုအကြောင်းကို သိနှင့်နေပြီးသားနှယ်။

“သူက ငါတို့နဲ့ မတူဘူး”

ရှန်ဖုန်းမင်က အလေးအနက် ပြောလိုက်၏။

ယန်ရှန့်က ပြုံးလိုက်သည်။ ကျန်းယွင်ကျူးက သူတို့နဲ့ တကယ့်ကို မတူတာပါ။ သူမနဲ့ သူတို့နဲ့က မတူတဲ့လောကနှစ်ခုက လူတွေလို့တောင် ပြောလို့ရတယ်။

“ဒါဆို မင်းက နောက်ပိုင်း ဘယ်လိုဆက်လုပ်မှာလဲ” ယန်ရှန့်က မေးလိုက်သည်။

ရှန်ဖုန်းမင်သည် သူနှင့် ဆက်ပြီး စကားမပြောချင်တော့ပေ။ သူက မြင်းပေါ်တက်လိုက်ပြီး ဌာနသို့ ပြန်သွားလိုက်၏။

“ဟာ....”

ယန်ရှန့်သည် ခြေဆောင့်လိုက်တော့သ်။ သူ မေးလို့မပြီးသေးဘူးလေဟာ။

ဆိုင်နှင့် ခြံဝင်းက ပြန်လည်ပြင်ဆင်နေသည်။ ညနေပိုင်းတွင် ကျန်းယွင်ကျူးသည် အိမ်ချက်ဟင်းတချို့ကိုသာ ချက်ရမည်။

ညပိုင်းတွင် ပြင်ဆင်ပေးနေသည့် အလုပ်သမားအားလုံးက ပြန်သွားကြသည်။

ယွင်တုနှင့် တခြားသူများလည်း ပြန်သွားကြသည်။ သို့သော် သူတို့ မပြန်ခင်တွင် အခန်းလွတ်များကို သန့်ရှင်းအောင် လုပ်ပေးပြီး ခြံဝင်းကိုလည်း သန့်ရှင်းရေး လုပ်ပေးခဲ့ကြသည်။ ကျန်းယွင်ကျူးက ဒီနေ့ည ဒီနေ့က ဒီမှာ ချက်ပြုတ်ပြီး စားသောက်မယ်လို့ ကြားထားတယ်လေ။ ပတ်ဝန်းကျင်က ရှုပ်ပွနေလို့ ဘယ်ဖြစ်မလဲ။

သူတို့သည် ရုပ်ပိုင်းဆိုင်ရာ သန်မာကြသည်။ ထိုအလုပ်က သူတို့အတွက်တော့ ပြဿနာတစ်ခု လုံးဝမဟုတ်ပေ။

ကျန်းယွင်ကျူးက သူတို့၏အတွေးများကို မြင်နိုင်သဖြင့် သည်အလုပ်သမားများကို စတင် သဘောကျလာတော့သည်။

ညနေခင်းတွင် ဟဲရင်းက ကုန်ကြမ်းများကို ဝယ်ရန် အသီးအရွက်စျေးသို့ သွားလိုက်သည်။ အခုတော့ အချိန်ကျလာတော့မည်။ ကျန်းယွင်ကျူးက လက်ဆေးလိုက်ပြီး ရေနည်းနည်းသောက်ကာ စတင်ချက်ပြုတ်တော့သည်။

အရင်ဆုံး ထမင်းပေါင်းလိုက်သည်။ ထို့နောက် သူမသည် အသီးအရွက်များကို စတင် လှီးဖြတ်လိုက်သည်။

ခဏအကြာတွင် အသီးအရွက်များကို လှီးဖြတ်ပြီးသွားတော့သည်။ အပြင်ဘက်က လူတစ်ယောက် တံခါးလာခေါက်လေသည်။ တံခါးဖွင့်လိုက်ချိန်တွင် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ ဖြစ်နေသည်။

“ကျွန်တော် မင်းအတွက် လက်ဖက်ခြောက်တစ်ထုပ် ဝယ်လာပေးတယ်”

ယန်ရှန့်က ပြောလိုက်ပြီး လက်ဖက်ခြောက်ကို ကျန်းယွင်ကျူးလက်ထဲ ထည့်ပေးလိုက်သည်။ ကျန်းယွင်ကျူးရဲ့ အချက်အပြုတ်လက်ရာက ကောင်းတယ်လေ။ ဒါပေမဲ့ လက်ဖက်ခြောက်က အကောင်းစား မဟုတ်နေဘူး။ တိုက်တိုင်ဆိုင်ဆိုင် သူလည်း လက်ဖက်ခြောက်အသစ်တစ်ထုပ် ရထားတယ်။ ဒါနဲ့ ယူလာပေးခဲ့လိုက်တာပေါ့။

ကျန်းယွင်ကျူးသည် သည်လက်ဖက်ခြောက်ထုပ်က စျေးအလွန်ကြီးမှန်း သိလိုက်သည်။ သို့သော် သူမက သူ့စေတနာကို မငြင်းလိုက်တော့ပေ။ သူမက လက်ဖက်ခြောက်ကို လက်ခံလိုက်ပြီး

“ခဏနေ အသင့်ဖြစ်တော့မယ်နော်”

“အလျင်မလိုပါဘူး”

ယန်ရှန့်က ဝမ်းသာအားရ ပြောလိုက်၏။ ကျန်းယွင်ကျူးက ဆက်ပြီး ချက်ပြုတ်လိုက်သည်။ ခဏအကြာတွင် ချက်ပြုတ်သံများကို ကြားလိုက်ရလေသည်။ မီးခိုးငွေးအနည်းငယ်နှင့်အတူ အစားအသောက်နံ့များသည် မီးဖိုဆောင်မှ ထွက်လာတော့သည်။

ယန်ရှန့်မှာ အလွန်ပျော်နေလေသည်။ အချိန်ကို ရေတွက်ကြည့်လိုက်တော့ နှစ်သစ်ကူးပြီးကတည်းကဆိုလျှင် ကျန်းယွင်ကျူး၏အစားအသောက်ကို မစားရသည်နှင့် နှစ်ဝက်လောက် ရှိသွားပြီ။

ချန်ရှီရွာက ခြံဝင်းလေးထဲမှာ နေခဲ့ရတဲ့ ဘဝကို လွမ်းတယ်။ နေ့တိုင်း အရသာရှိတဲ့ အစားအသောက်တွေ စားပြီး အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့။ အခုနဲ့တော့ မတူပုံများ သူ့မှာ ခွေးတစ်ကောင်လို ပင်ပန်းနေရတယ်။

ကျန်းယွင်ကျူးသည် ချက်ပြုတ်ပြီးသွားချိန်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က စားပွဲ၊ ကုလားထိုင်နှင့် တူ ပန်းကန်များကို ပြင်ဆင်ထားပြီးကြသည်။

သူမက ပြုံးလိုက်၏။ သူမ သူတို့နဲ့ အဆင်ပြေပြေနေဖို့ ဆန္ဒရှိရတဲ့အကြောင်းရင်းက ဒါပဲလေ။ သူတို့တွေက မင်းမျိုးမင်းနွယ် မိသားစုက သားတွေဆိုပေမဲ့ သူတို့မှာ အထက်စီးဆန်တဲ့စိတ်တွေ မရှိကြဘူး။ လူကို အရမ်းသက်သောင့်သက်သာ ဖြစ်စေတယ်။

ဟင်းပွဲလေးမျိုးနှင့် စွပ်ပြုတ်တစ်မျိုး။ နွေရာသီ အစောပိုင်းကာလ ရောက်နှင့်နေပြီဖြစ်သည်။ စျေးထဲတွင် အသီးအရွက်နှင့် သစ်သီးဝလံမျိုးစုံ တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။ ရာသီဥတုကလည်း မပူလွန်း မအေးလွန်းချေ။ ပါးလွှာသည့် အဝတ်စားတစ်ထည် ဝတ်ဆင်ရန် ကွက်တိပင်။ ဒါသည် နှစ်တိုင်း ကျန်းယွင်ကျူး၏ အကြိုက်ဆုံးရာသီ ဖြစ်လေသည်။

ဝက်နံရိုးချိုချဥ်တစ်ပွဲ၊ ရောင်စုံအမဲမိုးခိုသားတစ်ပွဲ၊ မှိုနှင့်ပန်းစိမ်း ဆာတေးတစ်ပွဲ၊ ပုလဲတိုဟူးတစ်ပွဲနှင့် ရေညှိကြက်ဥစွပ်ပြုတ် တစ်ပန်းကန်။

အရောင်အသွေး၊ အနံ့အရသာက စွဲမက်ဖွယ်ပင်။ သာမန်အိမ်ချက်လက်ရာဟု ဆိုသော်လည်း ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာက အင်မတန်ကောင်းမွန်ပြီး မတူညီသည့်ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။

ယန်ရှန့်သည် ဝက်နံရိုးချိုချဥ်ကို မြည်းကြည့်လိုက်ပြီး အရသာရှိလွန်းသဖြင့် သက်ပြင်းပင်ချမိတော့သည်။

ထို့နောက်တွင်တော့ သူသည် သုံး လေးရက်လောက် ထမင်းငတ်နေသူတစ်ယောက်လို အလုတ်ကြီးကြီး ပါးစပ်အပြည့် စတင် စားသောက်လေတော့သည်။

တစ်ခါတလေ လူတွေက အရမ်းထူးဆန်းတယ်။ တစ်ယောက်တည်းဆိုရင် ပုံစံတူဟင်းတစ်မျိုးက စားချင်စရာ ကောင်းချင်မှကောင်းမယ်။ ဒါပေမဲ့ အနားမှာ အားရပါးရ စားနေတဲ့လူတစ်ယောက် ပါရင်တော့ အများကြီး ပိုကြီး အရသာရှိသွားသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ လက်နှေးနေရင် ဟင်းပွဲကို နှိုက်လိုက်ရမှာတောင် မဟုတ်လို့လေ။

ထိုအကြောင်းကို မသိလိုက်ခင်မှာပင် ကျန်းယွင်ကျူးသည် အများကြီး စားနှင့်နေပြီး ဖြစ်တော့သည်။

ယန်ရှန့်က ကုလားထိုင် နောက်ကျောကို တန်းမှီလိုက်သည်။ အစကတော့ သူ လက်ဖက်ရည်တစ်ငုံလောက် သောက်ချင်သေးတာလေ။ ဒါပေမဲ့ အခုတော့ သူ့ဗိုက်က မဆန့်တော့ဘူး။

ဝဝလင်လင် စားသောက်လိုက်ကြပြီးနောက် သူတို့သုံးယောက်က စကားစမြည်ပြောလိုက်ကြသည်။

ရက်အနည်းငယ်အတွင်း နဂါးလှေပွဲတော် ရောက်တော့မည်။ မြို့တော်သည် သေချာပေါက် အလွန်မှ စည်ကားပေတော့မည်....

ကျန်းယွင်ကျူးသည် အနည်းငယ် ဗိုက်ပြည့်နေပြီး လက်ဖြင့် ခေါင်းကို ထောက်ထားလိုက်ပြီး ထိုင်ခုံနောက်ကို မှီချလိုက်လေသည်။

သည်အခိုက်တွင် သူမ၏ မျက်ခုံးနှင့်မျက်လုံးများသည် အနည်းငယ် စင်းကျနေလေသည်။ သူမသည် မကြာခဏဆိုသလို အသာအယာ ငိုက်ကျနေလေသည်။ သူမသည် နေ့ခင်းဖက်လောက် မတောက်ပနေသော်လည်း စီးဆင်းနေသည့် အလျင်လို သိမ်မွေ့နူးညံ့နေတော့သည်။

ရှန်ဖုန်းမင်၏အကြည့်က သူမပေါ်သို့ ကျရောက်သွားသည်။ ရေခဲက ရေနှင့် တွေ့ပြီး အရည်ပျော်သွားသလို သူက သည် တဖြည်းဖြည်း ပျော့ပြောင်းလာတော့သည်။

ညကောင်းကင်ယံက ရေပမာ။ ကျန်းယွင်ကျူးသည် လက်ဖက်ရည်ဧည့်ခံဖို့ ထသွားလိုက်သည်။ သူမ ပြန်ရောက်လာချိန်တွင်တော့ ယန်ရှန့်က ပြန်သွားနှင့်ပြီးဖြစ်လေသည်။

“သူ ဘယ်သွားလိုက်တာလဲ” သူမက မေးလိုက်၏။

ရှန်ဖုန်းမင်က ဝင်ပေါက်ဘက်မှ ပြန်လာပြီး

“နောက်ကျနေပြီဆိုပြီး သူ အရင်ပြန်သွားတယ်”

ညဥ့်နက်နေလေပြီ။ ထို့ကြောင့် သူမက ပြောလိုက်၏။

“လူကြီးမင်းရှန် ရှင်လည်း ပြန်သင့်ပြီမလား”

သည်အခိုက်တွင် ရှန်ဖုန်းမင်က သူမထံသို့ လျှောက်လာနှင့်ပြီးဖြစ်လေသည်။ သူ၏မြင့်မားသည့် ကိုယ်ထည်က သူမကို အပြီးတိုင်လွှမ်းမိုးထားသည်။

ကျန်းယွင်ကျူးကလည်း ဉာဏ်ရှိရှိဖြင့် သူ့ကို ထိုသို့ ဆက်မခေါ်လိုက်ပေ။

သူမက လက်ထဲက လက်ဖက်ရည်အိုးကို လှမ်းပေးလိုက်ပြီး သူတို့နှစ်ယောက်ကြားတွင် ခြားထားလိုက်သည်။

အမှန်ပင်။ ရှန်ဖုန်းမင်က သူမ၏အတွေးများကို သိလို့နေသည်။ သူက လက်ဖက်ရည်အိုးကို ယူလိုက်ပြီး သူမကို ငုံ့ကြည့်လိုက်၏။

သူ့မျက်လုံးများသည် တောက်ပနေကာ သူမကို ထိုလောကထဲတွင် အပြီးတိုင် အကျဥ်းချထားတော့မတတ်ပင်။

သူသည် သူမနှင့် အလွန်မှ နီးကပ်နေသည်။ သူ့ခေါင်းကို နည်းနည်းလေး ထက်ငုံ့လိုက်လျှင် သူမ၏နှုတ်ခမ်းကို ထိတော့မယောင်။

သို့သော်လည်း သူက ထိုသို့ မလုပ်ပြန်ပေ။ သူက သူမကို သည်အတိုင်း စိုက်ကြည့်နေလိုက်သည်။

သူမ သူ့ကို နှမ်းမှာကို စောင့်နေတာတော့ မဟုတ်ဘူးမလား။ ဘယ်ကမှန်းမသိပါဘဲ ထိုအတွေးက ကျန်းယွင်ကျူး၏စိတ်ထဲတွင် ဖျတ်ခနဲ ဝင်လာလေသည်။ သူမသည် သဘောကျမိသလို တစ်ချိန်တည်းတွင် အနည်းငယ်စိတ်ရှုပ်သွားတော့သည်။

“ကျွန်မ တည်းခိုခန်းကို ပြန်တော့မယ်”

သူမက ပြောလိုက်၏။ ဒီနေရာ ပြန်ပြင်ဆင်နေတာ မပြီးသေးဘူးလေ။ အိပ်ဖို့အတွက် တည်းခိုခန်းကို ပြန်မှဖြစ်မယ်။

ရှန်ဖုန်းမင်က မျက်မှောင်ကြုတ်ထားလိုက်၏။

မဟုတ်မှလွဲရော သူက သူမ သူ့ကို နမ်းလာမှာကို တကယ်ပဲ စောင့်နေတာများလား။

ကျန်းယွင်ကျူးက အော်ခေါ်လိုက်တော့သည်။

“ဟဲရင်း၊ ရှီလျို့ တည်းခိုခန်းကို ပြန်ကြမယ်”

ဟဲရင်းနှင့် ရှီလျို့တို့သည် နောက်မှထွက်လာပြီး အချင်းချင်း ကြည့်လိုက်ကြလေသည်။

တခြားသူများ ရှိနေလျှင် ကျန်းယွင်ကျူးသည် အများကြီး ပိုပြီး သတ္တိရှိလာသည်။ သူမက သူ့အရိပ်အောက်က လွတ်မြောက်သွားပြီး ပြောလိုက်တော့သည်။

“လူကြီးမင်းရှန် နောက်ကျနေပြီနော်၊ ကျွန်မ တည်းခိုခန်းကို ပြန်တော့မယ်၊ ရှင်လည်း စောစောပြန်ပြီး နားသင့်ပြီ”

သူမက ထိုစကားကို ပြောလိုက်ချိန်တွင် သူမ၏မျက်ဝန်းများထဲတွင် တစ်ချက် လင်းလက်သွားသည်။

ထိုအဖြစ်ကို တွေ့လိုက်ရသည့် ရှန်ဖုန်းမင်မှာ ပြုံးလိုက်ပြီး သူ့အသံက နဂိုကြည်လင်ပြီး သာယာသည်အသံတစ်ခု ပြန်ဖြစ်သွားတော့သည်။

“ကိုယ် မင်းကို လိုက်ပို့ပေးမယ်”

ယွင်တုနှင့် တခြားသူများ၏ အကူအညီဖြင့် ဆိုင်ပြန်လည်ပြင်ဆင်ခြင်းကို အစီအစဥ်အတိုင်း လုပ်လိုက်ကြသည်။ ကျန်းယွင်ကျူး မျှော်လင့်ထားသည်ထက်ပင် ပိုမြန်နေသေးသည်။

လဝက်ကျော်ကျော် ကုန်ဆုံးသွားပြီးနောက် ဆိုင်သည် နောက်ဆုးတော့ ပြင်ဆင်ပြီးသလောက် ဖြစ်လာခဲ့သည်။

ကျန်းယွင်ကျူးက ပတ်ကြည့်လိုက်ပြီး အလွန်မှ ကျေနပ်သွားလေသည်။ ထွက်လာသည့် အပြင်အဆင်က သူမ စိတ်ကူးထားသည်နှင့် တစ်ထပ်တည်းပင်။

ယွင်တုနှင့် တခြားသူများလည်း အလွန်မှ အံ့ဩသွားကြသည်။ ဒါက စားသောက်ဆိုင်တစ်ဆိုင် တဲ့လား။ ဘာလို့ တခြား သာမန် စားသောက်ဆိုင်တွေနဲ့ လုံးဝကို မတူရတာလဲ။

ရှေးခေတ်ကာလတွင် အားသာချက်တစ်ခု ရှိလေသည်။ အလှဆင်ဖို့ရန် အသုံးပြုရသည့် ပစ္စည်းများသည် အန္တရာယ်ကင်းသည်။ သုတ်ဆေးကိုပင် သဘာဝအတိုင်း အသုံးပြုရသည်။ အန္တရာယ်ရှိသည် ဘာဓာတ်ငွေ့ကိုမှ စိုးရိမ်နေစရာမလိုချေ။ ထို့ကြောင့် ဆိုင်ကို ပြင်ဆင်ပြီးသွားသည့်နောက်တွင် ရက်အနည်းငယ်လောက် အနံ့ပျောက်အောင် ထားဖို့လိုပြီးမှ ပြောင်းရွှေ့ရမည်။

သည်နေ့တွင်တော့ ကျန်းယွင်ကျူးသည် ဆိုင်၏အနောက်ဘက် ခြံဝင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ သူမသည် တည်းခိုခန်းတွင် တစ်လျှောက်လုံး နေလာခဲ့ရသည်။ လွတ်နေသည့် နေရာများစွာသာ ရှိပြီး တော်တော်လေး အဆင်မပြေခဲ့ပေ။

သည်နေ့တွင်ပင် ကုယန်ကျိုးနှင့် ရှဲ့ချန်တို့သည် ရွှယ်ကျင်း၊ အမျိုးသမီးရွမ်နှင့် ရှဲ့လျန်တို့နောက်မှ လိုက်ပါလာကာ ဝူလင်စီရင်စုမှ ပြန်လာခဲ့ကြလေသည်။

“သူဌေး”

ရွှယ်ကျင်းက ကျန်းယွင်ကျူးကို မြင်လိုက်ချိန်တွင် စိတ်လှုပ်ရှားကာ အော်ခေါ်လိုက်တော့သည်။

သူ့ဘဝတွင် လုပ်ခဲ့သည့်အမှန်ကန်ဆုံး ဆုံးဖြတ်ချက်မှာ ကျန်းယွင်ကျူး၏အလုပ်သမားအဖြစ် လက်ခံခဲ့ခြင်းဟု ခံစားရလေသည်။ အစတုန်းကတော့ တစ်နေ့ ကျန်းယွင်ကျူးက လုပြည်နယ်ကိုသွားပြီး စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်ခဲ့ရင် သူလည်း စိန်နားကပ်နဲ့ ပါးပြောင်းနိုင်တယ်လို့ တွေ့ခဲ့သေးတယ်။ မျှော်လင့်မထားဘဲ သူ့ သူဌေးကို လျှော့တွက်ခဲ့မိတယ်။ ကျန်းယွင်ကျူးက စားသောက်ဆိုင်ကို မြို့တော်မှာ တိုက်ရိုက်လာဖွင့်ခဲ့တာပဲ။

ပြီးတော့ သူလည်း မြို့တော်ကို လိုက်လာခဲ့ရတယ်။

ဟုတ်တာပေါ့။ မြို့တော်ဆိုတာ ထုတ်ကုန်ရော လူချမ်းသာတွေရော ပေါများတဲ့ နေရာပဲ။ သူကတော့ ဒီနေရာက စိန်ခေါ်မှုတွေကို မစောင့်နိုင်အောင် ဖြစ်နေပြီ။

ကျန်းယွင်ကျူးသည် သူ့အသံကို ကြားလိုက်ချိန်တွင် ရင်းနှီးသည့်ခံစားချက်ကို ရလိုက်လေသည်။

အားလုံးက စကားစမြည်ပြောလိုက်ကြသည်။ ကုယန်ကျိုးက သူနှင့်ရှဲ့ချန်တို့ ဝူလင်စီရင်စုသို့ ပြန်သွားချိန်က ဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြောပြလိုက်သည်။

ချီရှန်းကျွီကို လီဟယ်က ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားသည်။ ကျန်းယွင်ကျူးသည် စိတ်ချလက်ချ အနားယူနိုင်သည်။ ကုချီဖုန်းတစ်ယောက်သာ တစ်လလောက် စောင့်ပြီးမှ မြို့တော်သို့ လာနိုင်တော့မည်။

ကျန်းယွင်ကျူးက အကြောင်းအရင်းကို မေးလိုက်၏။

ကုယန်ကျိုးက ကုချီဖုန်းသည် ရှဲ့ယုံကို ရိုက်နက်ခဲ့ပြီး တစ်လတာ အကျဥ်းကျခံရမည့်အကြောင်း ပြောပြလိုက်သည်။ အကြောင်းအရင်းကိုတော့ သူသည် ချဲ့ကားပြီး ပြောမနေတော့ပေ။

ကျန်းယွင်ကျူးကလည်း သူ ထိုအကြောင်းကို ပြောနေချိန်တွင် ရှဲ့လျန်ကို လှမ်းကြည့်နေသယောင် သတိထားမိလိုက်သည်။ သူမက ရှဲ့လျန်ကို သတိထားမိသွား၏။

ရှဲ့လျန်သည် တစ်ဖန် ပြန်ပြီး နှုတ်ပိတ်သွားပုံရသည်။

တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။ သူမက ရွှယ်ကျင်းကို ကြည့်လိုက်၏။ သူက ဝူလင်စီရင်စုမှာ ရှိနေတဲ့သူဆိုတော့ တစ်ခုခုတော့ သူ သိထားမှာပဲ။

အမှန်တွင်တော့ ရွှယ်ကျင်းလည်း ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း မသိပေ။ အားလုံးက စိတ်လွင့်သွားသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး သူက ကျန်းယွင်ကျူးကို တိတ်တိတ်လေး လက်ဟန်ပြလိုက်သည်။

သူနှင့် အချိန်တော်တော်ကြာအောင် နေခဲ့ပြီးနောက် ကျန်းယွင်ကျူးသည် သူ့ပြောချင်သည့်အဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်တော့သည်။ ကုချီဖုန်းနဲ့ ရှဲ့လျန်.... ကျန်းယွင်ကျူးသည် ထိုအဖြစ်အပျက်ကို ရုတ်တရက် စဥ်းစားမိသွားတော့သည်။ ဒါဆိုရင်တော့ အားလုံးက ဆက်စပ်နေသလိုပဲ။

ကုချီဖုန်းက ရှဲ့လျန်ကို သဘောကျတယ်။ သူက အဲဒီအကြောင်းကို သိသွားတော့ ရှဲ့ယုံကို မုန်းတာက သဘာဝပဲ။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးသည် ရှဲ့ချန်ကို ကြည့်လိုက်လေ။ သူရော ဒီအကြောင်းကို သိသွားပြီလား။

သူမ ခုနက သတိမထားမိခဲ့ဘူး။ အခုမှ သတိထားမိတယ်။ ရှဲ့ကို သေသေချာချာ ကြည့်မိတော့ သူ့ကြည့်ရတာ အရင်ကနဲ့ မတူတော့သလိုပဲ။ အရင်တုန်းက ရှဲ့ယုံရဲ့ ထိန်းချုပ်ထားခံရပြီး စိတ်ရှုပ်နေသလို မကြာခဏဆိုသလို မျက်မှောင်ကြုတ်နေတတ်တယ်။ နောက်ပိုင်း ရှဲ့ယုံ ထောင်ထဲရောက်သွားတော့ ရှဲ့လျန်လည်း စကားပြောနိုင်လာပြီး သူ့မျက်ခုံးတွေလည်း ပြေလျော့သွားခဲ့တယ်။

အခု သူ့မျက်ခုံးတွေက ပြေလျော့နေပေမဲ့ သူ့မျက်လုံးတွေထဲမှာတော့ တစ်ခုခုကို ဖုံးကွယ်ထားတာပဲ။

ဘာကို ဖုံးကွယ်ထားတာပါလိမ့်။ ကျန်းယွင်ကျူးသည် အဓိပ္ပာယ်မဖော်နိုင်သဖြင့် လက်လျှော့လိုက်လေတော့သည်။

အဲဒီကိစ္စက သူ့ကို အရမ်းနာကျင်စေမှာ သေချာတယ်။ သူ အဆင်ပြေသွားဖို့ပဲ မျှော်လင့်ပါတယ်။

“တစ်ခုခု အကူအညီလိုတာမျိုးရှိရင် ကျွန်မကို ပြောလို့ရတယ်နော်”

သူမက ထိုစကားကို သည်အတိုင်း အေးအေးဆေးဆေး ဖြစ်နေသယောင် ပြောလိုက်တော့သည်။

ရှဲ့ချန်သည် ရင်ထဲတွင် လှုပ်ရှားသွားသယောင်။ သူက ရှဲ့လျန်ဖက်သို့ လှည့်လိုက်၏။

သို့သော် နောက်ဆုံးတွင်တော့ သူသည် ဘာတစ်ခွန်းမှ မပြောခဲ့ချေ။

ကျန်းယွင်ကျူးလည်း ဆက်မပြောတော့ပေ။ တချို့ကိစ္စတွေက ထုတ်ပြောလိုက်လို့ မကောင်းတာမျိုးလည်း ရှိတယ်လေ။

ကုယန်ကျိုး၊ ရှဲ့ချန်တို့ဘက်က အကြောင်းများကို ပြောလိုက်ပြီးနောက် သူတို့သည် ကျန်းယွင်ကျူးကိစ္စကို ပြောလိုက်ကြသည်။

ကျန်းယွင်ကျူး၏ဆိုင်ကို ပြန်လည်ပြင်ဆင် ပြီးသွားပြီဟု ကြားလိုက်ရသောအခါ အားလုံးက တစ်ခေါက်တော့ သွားကြည့်လိုက်ကြလေသည်။

လမ်း၏အဆုံးအထိ လျှောက်လာပြီး သူတို့တွေ့လိုက်ရသည့် ပထမဆုံးအရာမှာ လျှို့ဝှက်သည့် မွှေးရနံ့ကြားက အဖြူရောင်ကြာပန်းများ ပေါလောပေါ်နေသည့် ကြည်လင်သည့်ရေကန်တစ်ခု ဖြစ်လေသည်။ ပန်းရောင်ကြာပန်းများနှင့် ယှဥ်လျှင် သည်ကြာဖြူများသည် ကျောက်စိမ်း နှင်းဆီနှင့် တူလေသည်။ ပိုပြီး ကျက်သရေရှိကာ မျက်စိပသာဒဖြစ်လှသည်။

အရင်ဆိုင်ကဲ့သို့ သာမန်စားသောက်ဆိုင်တစ်ခု၏ အငွေ့အသက်လုံးဝ မရှိပေ။ လူချမ်းသာမိသားစုတချို့၏ သီးသန့်ခန်းဆောင်နှင့် တူနေလေသည်။

“ကျွန်မ သီးသန့်စားသောက်ဆိုင်တစ်ခု ဖွင့်ချင်တယ်”

ကျန်းယွင်ကျူးက ကြေညာလိုက်သည်။

ထို့နောက် သီးသန့်စားသောက်ဆိုင်၏ အဓိပ္ပာယ်ကို အနည်းကျဥ်းရှင်းပြလိုက်လေသည်။ အားလုံးက စားသောက်ဆိုင်ကို တဖန် ထပ်ကြည့်လိုက်ကြပြီး ခံစားချက်ကို သိသွားတော့သည်။

သီးသန့်စားသောက်ဆိုင်။ ဒီခေတ်မှာ ဒီလို စားသောက်ဆိုင်မျိုး မရှိလေဘူး။ ကျန်းယွင်ကျူးက ပထမဆုံးပဲ။ အားလုံးက အသစ်အဆန်း ဖြစ်သည်ဟု ခံစားမိလိုက်ကြပြီး စိတ်ဝင်စားသွားကာ အပြည့်အဝ လေးစား အားကျသွားတော့သည်။

စားသောက်ဆိုင်ကို ပတ်ကြည့်လိုက်ပြီးနောက် အားလုံးက ခဏလောက် စကားစမြည် ပြောလိုက်ကြလေသည်။ ကုယန်ကျိုးနှင့် ရှဲ့ချန်က ရှဲ့လျန်ကို ခေါ်ကာ ပြန်သွားကြပြီး ကျန်းယွင်ကျူးကတော့ ရွှယ်ကျင်းကို ခေါ်ကာ ကျန်းဟယ်နှင့် တခြားများကို မိတ်ဆက်ပေးလိုက်လေသည်။

ရွှယ်ကျင်းက ကျန်းဟယ်နှင့် တခြားသူများ၏ သရုပ်မှန်ကို မသိဘဲ သူတို့ကို ကျန်းယွင်ကျူးငှားထားသည့် သာမန်လူများဟုသာ ထင်လိုက်လေသည်။ သည်လူများ၏အမူအကျင့်က တော်တော်လေး ထူးဆန်းသည်ဟု ထင်မိသော်လည်း သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အများကြီးမတွေးလိုက်ပေ။

အားလုံးက အဆင်ပြေပြီး တော်တော်လေး ပျော်နေကြတဲ့ပုံပါလား။

ကျန်းယွင်ကျူးသည် သည်လူခုနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် သူမ၏ အသစ်ပြန်လည် မွမ်းမံထားသည့် ဆိုင်လေးကို ကြည့်လိုက်လေသည်။ သူမသည် ဆိုင်ဖွင့်ရန် အချိန်တစ်ခု ရွေးလို့ရပြီဟု ခံစားလိုက်ရလေတော့သည်။

...

အပိုင်း (၉၉)

နောက်တစ်နေ့တွင် ဝန်ထမ်းရေးရာဌာနက စားမေးပွဲအောင်သည့် အရာရှိလောင်းများ၏ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ကုယန်ကျိုးနှင့် ရှဲ့ချန်တို့လည်း စာရင်းထဲတွင် ပါလေသည်။

ပထမအဆင့် စာတမ်းရှင် ကုယန်ကျိုးက ဟန်လင်း တော်ဝင်စာဖတ်ဖော်အဖြစ် တာဝန်ထမ်းဆောင်ရမည်။

ရှေ့နှစ်များတွင် ပထမအဆင့်စာတမ်းရှင်က ဟန်လင်းကျောင်းတော်သို့ ဝင်ရလျှင် သူတို့ကို ပုံမှန်အားဖြင့် ဟန်လင်း သမိုင်းမှတ်တမ်းပြုစုသူအဖြစ် ခန့်အပ်ခဲ့သည်။ ဒါသည် အဆင့်၆ အရာရှိ ရာထူးတစ်ခု ဖြစ်လေသည်။ သို့သော် ဟန်လင်း တော်ဝင်စာဖတ်ဖော်က အဆင့်၅ဖြစ်သည်။ ဒါသည် ရာထူးအဆင့်တစ်ခု တိုးပေးလိုက်ခြင်းပင်။

ထို့အပြင် ရှမင်းဆက်၏ ဟန်လင်းကျောင်းတော်သည် အလွန်မှ အရေးကြီးသည့် ဌာနတစ်ခုဖြစ်သည်။ အုပ်ချုပ်ရေးအရာရှိ အားလုံးနီးပါးက သည်နေရာမှ လာကြပြီး သည်နေရာကို ပြန်ဝင်ကြသည်။ အနာဂတ်က အတိုင်းအဆမရှိဟုပင် ဆိုနိုင်ပေသည်။

ရှဲ့ချန် သူသည် ကျင့်ရှီတစ်ယောက်ဖြစ်ပြီး ကျင်းကျောက်ပြည်နယ်၏ မှတ်တမ်းပြုစုသူအဖြစ် ခန့်အပ်ခံရသည်။ အဆင့် ၈ ရှိသည့် ရာထူးတစ်ခု ဖြစ်လေသည်။ သူ့ရာထူးက မမြင့်ပေ။ သို့တိုင် ကျင်းကျောက်ပြည်နယ်သည် အကောင်းဆုံးနေရာတစ်ခု ဖြစ်လေသည်။ မြို့တော်၏ အတွင်းရေး အပြင်ရေး အမှုကိစ္စအမျိုးမျိုးကို တာဝန်ယူရသည်။ ခေတ်သစ် မြို့က အရာရှိများနှင့် ဆင်တူလောက်ပြီး အမှန်ကန်အာဏာရှိလေသည်။

စာမေးပွဲအောင်သူ အရာရှိလောင်းအများစုကို တော်တော်လေးကောင်းမွန်သည် ရာထူးများတွင် ခန့်အပ်ထားလေသည်။ အစောပိုင်းက ထွက်နေသည့် ကောလာဟလသတင်းက အခြေအမြစ် မရှိတာမဟုတ်ကြောင်း တွေ့နိုင်သည်။ ဘုရင်မင်းမြတ်က ခြွင်းချက်တစ်ခု ထားချင်ပြီး သည်တစ်ကြိမ် စာမေးပွဲအောင်သူ အရာရှိလောင်းများကို ခန့်အပ်ထားချင်လေသည်။

လူနှစ်ယောက်၏ အိမ်တံခါးရှေ့တွင် အချိန်တစ်ခုအထိ အလည်အပတ်လာသူ အများအပြားရှိနေတော့သည်။

နောက်ပိုင်းတွင် ရှဲ့ချန်က ကုယန်ကျိုးကို သွားရှာခဲ့သည်။ သည်တစ်ကြိမ် စာမေးပွဲများက နောက်ပိုင်း စာမေးပွဲများနှင့် မတူဘဲ သူတို့သည် သမားရိုးကျ စာစီစာကုံးများအပြင် နိုင်ငံရေး အယူအဆများကိုလည်း စစ်းဆေးခဲ့သည်။ သူတို့နှစ်ယောက်က အားလုံးတွင် အကောင်းဆုံးဖြစ်ခဲ့သည်။ အမှန်ပင်။ သူတို့သည် တော်ဝင်ရုံးတော်ထဲက အခြေအနေကိုတစ်ရပ်ကို နားလည်ထားကြလေသည်။

သူတို့သည် ဘုရင်မင်းမြတ်က စာမေးပွဲအောင်သည့် အရာရှိလောင်းများကို ခြွင်းချက်တစ်ခုထားပြီး ရာထူးခန့်အပ်ရသည့်အကြောင်းအရင်းကို သိကြသည်။ လက်ရှိတွင် အိမ်ရှေ့စံအုပ်စုနှင့် မင်းသား၆အုပ်စု တစ်ဖွဲ့စီက နိုင်ငံ၏အင်အား ထက်ဝက်ခန့်ရှိလေသည်။ ဂိုဏ်းနှစ်ခုကြားက တိုက်ခိုက်မှုကလည်း ပြင်းထန်လေသည်။ တစ်ခါတရံ ဘုရင်မင်းမြတ်က တစ်ခုခုလုပ်ချင်ပြီး ရှင်းထုတ်ပစ်ရန် ကြီးမားလွန်းသည့် အမြီးရှိနေသည့် အခြေအနေတစ်ခုကလည်း ရှိနေသေးသည်။

မိသားစုနောက်ခံမရှိသည့် သည်အရာရှိလောင်းများကို ခန့်အပ်ထားခြင်းက သည်အခြေအနေကို လျော့ပါးသက်သာစေနိုင်မည်။

တကယ်ရော လုပ်နိုင်ပါမည်လား။

သည်ရက်ပိုင်းတွင် အိမ်ရှေ့စံအုပ်စုနှင့် မင်းသား၆အုပ်စုက သူတို့၏တိုက်ပွဲကို သည်အရာရှိလောင်းများဘက်သို့ လှည့်ထားလေသည်။ ဆွယ်တရားဟောခြင်း၊ သူတို့ကို ငွေပေးဝယ်ခြင်း ရှိသမျှနည်းလမ်းများကို သုံးကြလေသည်။

အခုတော့ သည်လူများသည် ဘုရင်မင်းမြတ်၏ တပည့်များဖြစ်သည်ကို ထင်ရသော်လည်း သူတို့သည် အိမ်ရှေ့စံ၊ သို့မဟုတ် မင်းသား၆ တို့နှင့် လျှို့ဝှက်မပတ်သက်ပါဟုတော့ အာမမခံနိုင်ပေ။

ဘုရင်မင်းမြတ်၏ သူတို့ကို ခြွင်းချက်ထားပြီး ရာထူးအပ်နှင်းခြင်းက နောက်ကျောကို ဓားထိုးခံရနိုင်ချေ ရှိနိုင်သည်။

ဘုရင်မင်းမြတ်အပေါ် အမှန်တကယ် ပေးဆပ်ကြမည့် သစ္စာရှိသူများ အမှန်ပင် မရှိနိုင်တော့လေသလား။

ရှိပါသည်။ သို့သော်ငြား အလွန်မှ ခက်ခဲလှသည်။ ရုံးတော်က အရာရှိတစ်ယောက်အနေဖြင့် အထက်လူကြီး၊ လက်အောက်ငယ်သားနှင့် လုပ်ဖော်ကိုင်ဖက်များကို မလွဲမသွေ ဆက်ဆံရပေမည်။ သူတို့ဌာနက လူများအားလုံးက အိမ်ရှေ့စံအုပ်စုဝင်များဖြစ်ကြပြီး သူတို့သည် ဘုရင်မင်းမြတ်၏ တစ်ဦးတည်းသော သစ္စာခံဖြစ်ခဲ့လျှင် သူတို့သည် ကြာကြာမနေနိုင်ဘဲ ဖယ်ရှားခံရလိမ့်မည်။

ထို့အပြင် ဘုရင်မင်းမြတ်အနေဖြင့်လည်း ထိုလူတစ်ယောက်တည်းအတွက် ဌာနတစ်ခုလုံးကို ဖျက်သိမ်းလိုက်ဖို့ရာ မဖြစ်နိုင်ပေ။

အိမ်ရှေ့စံနှင့် မင်းသား၆တို့၏ အာဏာက ယှက်နွယ်နေလေသည်။ အလယ်တွင် ရပ်နိုင်ဖို့ရန်က အင်မတန် ခက်ခဲလွန်းလှသည်။ သည်အရာရှိလောင်းများအတွက်တော့ အုပ်စုတစ်ခုကို ရွေးချယ်ပြီး လက်တွဲလိုက်သည်က အကောင်းဆုံး ရွေးချယ်မှုပင်။ ရှဲ့ချန်သည် အရာရှိလောင်းအများစုက သည်လိုလုပ်ကြလိမ့်မည်ဟု ယုံကြည်ထားသည်။

ထို့နောက်တွင်တော့ မေးခွန်းတစ်ခုက ထွက်လာပြန်လာသည်။ ဘယ်အုပ်စုကို ရွေးရပါမည်နည်း။ သူသည် မှန်ကန်သည့် အုပ်စုကို ရွေးခဲ့မိလျှင် သူသည်လည်း ကောင်းကင်အထိ တက်လှမ်းနိုင်လိမ့်မည်။ သူသာ မှားယွင်းစွာ ရွေးချယ်ခဲ့မိလျှင် အနာဂတ်တွင် တစ်ဖွဲ့လုံးအမြစ်ပြတ်သုတ်သင်ခြင်း ခံရလိမ့်မည်။

သည်ရက်ပိုင်းတွင် ရှဲ့ချန်နှင့် ကုယန်ကျိုးတို့ကို လာရှာကြသူ အများအပြားရှိလေသည်။ ရှဲ့ချန်က ကုယန်ကျိုးအား သူ့စဥ်းစားထားသည့်စိတ်ကူးကို မေးကြည့်ချင်သည်။

“အုပ်စုလိုက် တိုက်ပွဲကတော့ အချိန်အကြာကြီး ရှိနေမဲ့ ပြဿနာတစ်ခုပဲ၊ အခြေအနေက ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင်...”

ကုယန်ကျိုးက မျက်နှာကြုတ်လိုက်ပြီး သူသည် မည်သည့်ဘက်ကိုမှ မပူးပေါင်းလိုပေ။ သူသည် ရုံးတော်ကိုသာ အလုပ်အကျွေးပြုပြီး ပြည်သူများအတွက် အလုပ်လုပ်ပေးချင်သည်။

“ဒါပေမဲ့ ဒီပြဿနာက မင်းနဲ့ငါ ဖြေရှင်းနိုင်တဲ့ဟာမျိုး မဟုတ်ဘူး၊ ရုံးတော်နဲ့ ဘုရင်မင်းမြတ်က သူတို့စိတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိပြီးသား၊ ဒီတော့ ဒါကို ဘယ်လိုဖြေရှင်းမှာလဲ” ရှဲ့ချန်က ပြောလိုက်သည်။

“ငါတို့တွေ အရာအားလုံးကို ဖြေရှင်းဖို့ဆိုရင် မိုးခြိမ်းသံလိုနည်းလမ်းတွေကို သုံးသင့်တယ်”

ကုယန်ကျိုးက ပြောလိုက်သည်။

ရှဲ့ချန်က ကုယန်ကျိုးကို တအံ့တဩကြည့်လိုက်လေသည်။ ပုံမှန်ဆိုရင် တောက်ပနေတဲ့ ကောင်လေးတစ်ယောက် ပုံစံပေါ်နေတဲ့ သူက ဒီလိုစကားမျိုး ပြောလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ မိုးခြိမ်းသံလို နည်းလမ်းဆိုတာ သွေးတွေ မြစ်ရေထဲ စီးဆင်းသွားသလိုပဲ။ ဘုရင်မင်းမြတ်က အဲလိုဆုံးဖြတ်ချက်မျိုး ချပါ့မလား။ ဒါကို သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားပြီး ရှက်စရာကိစ္စတစ်အဖြစ် ကျန်ခဲ့လိမ့်မှာပဲ။

ပြီးတော့ သူက ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင်တောင် အလုပ်ဖြစ်ပါ့မလား။ အလုပ်မဖြစ်ခဲ့ရင် ရုံးတော်မှာ ထီးနန်းကိစ္စ ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ လက်ရှိမှာ ရှီရုံနဲ့ ပေတိတို့ကလည်း အပြင်ဘက်က ကျားတွေလို သူတို့ကို စောင့်ကြည့်နေကြတယ်။ အတွင်းဖက်မှာ ပြည်တွင်းရေး ပဋိပက္ခထပ်ဖြစ်ခဲ့ရင် တောင်တန်းနဲ့ မြစ်တွေ ဖျက်ဆီးခံရပြီး နိုင်ငံလည်း ပျက်စီးသွားမယ်။ ပြီးတော့ မိသားစုလည်း ပျက်စီးရလိမ့်မယ်။

ဘုရင်မင်းမြတ်က အစောပိုင်းကတည်း ဝူကွေ့ဖေးကို မျက်နှာသာပေးပြီး မင်းသား၆ ကြီးထွားလာတာကို ခွင့်ပြုမထားသင့်ဘူး။

အခုမှ ဒီအကြောင်းတွေ ပြောလို့လည်း အရမ်းနောက်ကျသွားပါပြီလေ။

အခုလောက်ဆိုရင် မင်းကြီးလည်း နောင်တရနေပြီ ထင်ပါတယ်။ တစ်ခါလောက် ခွင့်ပြုထားလိုက်တာနဲ့ ကျားကို သုတ်သင်ဖို့က ခက်ခဲသွားပြီ။

ဟုတ်ပါတယ်။ ဘုရင်မင်းမြတ်မှာ နောက်ထပ်ရွေးချယ်စရာတစ်ခု ရှိသေးတယ်။ ဒါက တော်တော်လေးကို ရိုးရှင်းတယ်။ ဒါက တစ်ဖက်ကို အားပေးပြီး ကျန်တစ်ဖက်ကို ဖယ်ရှားပစ်လိုက်တာပဲ။ တစ်ချက်က တခြားဖက်က အင်အားကို ဖယ်ရှားလိုက်ပြီးရင် ကျန်နေတဲ့အင်အားက ပိုကြီးထွားလာလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ဘုရင်မင်းမြတ်လည်း အေးအေးဆေးဆေး အနားယူနိုင်မှာမဟုတ်လောက်တော့ဘူး။

ဒါက ဒီကိစ္စကို နှစ်တွေအကြာကြီး မဖြေရှင်းဘဲထားထားရတဲ့ အကြောင်းအရင်းပဲ။

“မင်း ဘယ်လိုစဥ်းစားလဲ” ကုယန်ကျိုးက ရှဲ့ချန်ကို မေးလိုက်သည်။

တိုက်ဆိုင်စွာပင် ရှဲ့ချန်ကလည်း သူနှင့် အတွေးအတူတူပင်။ သို့သော် သည်လမ်းက အခက်ခဲဆုံး ဖြစ်သည်။ သို့သော်ငြား အလုပ်ဖြစ်ခဲ့လျှင် လောကကြီးကို သေချာပေါက် ပြောင်းလဲပစ်နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ ပြန်လည်ရှင်သန်ခြင်းလည်း ဖြစ်လိမ့်မည်။

တစ်ချက်မှာ သူတို့နှစ်ယောက်ဖြစ်နေခြင်းပင်။ တစ်ယောက်က ဘာနောက်ခံမှမရှသူ။ နောက်တစ်ယောက်က ဘာအဆက်အသွယ်မှမရှသူ။ သူတို့သည် သည်ကိစ္စကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါမည်နည်း။

သည်အချိန်တွင် ရှဲ့ချန်က ထရပ်လိုက်ပြီး အခန်းတံခါးဆီသို့ သွားကာ အပြင်ဘက်ကို စစ်ဆေး ကြည့်လိုက်လေသည်။ အပြင်ဘက်တွင် မည်သူမှ မရှိပေ။ သူက တံခါးကို ပြန်ပိတ်လိုက်ပြီး ပြတင်းပေါက်နှင့် တခြားနေရာများကို စစ်ဆေးလိုက်ပြီးနောက် စားပွဲဆီသို့ ပြန်လာခဲ့သည်။ သူက ကုယန်ကျိုးကို တီးတိုးစကား ပြောလိုက်လေသည်။

“ငါ မင်းနဲ့ စိတ်ကူးတစ်ခုကို တိုင်ပင်ချင်တယ်”

“ဘာလဲ” ကုယန်ကျိုးက မေးလိုက်၏။

ရှဲ့ချန်က ဘာမှမပြောသော်လည်း သူ့လက်ညှိုးကို လက်ဖက်ရည်ထဲ နှစ်လိုက်ကာ စာပွဲပေါ်တွင် စာလုံးနှစ်လုံးကို မြန်မြန် ရေးလိုက်လေသည်။ ထို့နောက် ချက်ချင်းပင် တတိယလူ သိသွားမည်စိုးသဖြင့် စာကို သူ့လက်နှင့် ပြန်ဖျက်လိုက်လေသည်။

ကုယန်ကျိုးက သူ့ကို တအံ့တဩကြည့်လိုက်၏။

“ကိစ္စကြီးတွေကို လုပ်မဲ့သူက အသေးအဖွဲကိစ္စတွေကို ဂရုစိုက်နေလို့မရဘူး”

ရက်စက်မှုအရိပ်အယောင်က ရှဲ့ချန်၏ မျက်လုံးထဲတွင် ဖျတ်ခနဲပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားလေသည်။ သူ ထပ်ပြီး ဘာမှမလုပ်နိုင်တဲ့ ခုခံတာမျိုးတွေ မလုပ်ချင်တော့ဘူး။ ဒါက သူ့ကို နစ်နာခံရတာနဲ့ နောင်တတွေ ရအောင်ပဲ လုပ်နေလိမ့်မယ်။ ဖြတ်တောက် ပစ်ဖို့လိုတဲ့အချိန်မှာ ဖြတ်တောက်ပစ်ရမယ်။

၆လပိုင်း ၂ ရက်နေ့ လုပ်ငန်းအသစ်ဖွင့်လှစ်ရန် သင့်တော်ပေသည်။

သည်နေ့တွင် မီးရှူးမီးပန်းများကို ဖောက်ပြီး ခြင်္သေ့အကအဖွဲ့ကို ငှားရမ်းထားသည်။ ဆူညံနေတော့သည်။ ကျန်းယွင်ကျူးက တက်လာပြီး ဆိုင်းဘုတ်ပေါ်က အနီရောင်ပိုးစလေးကို ဆွဲဖြုတ်လိုက်သည်။ ‘ရှီကွမ်း’ သီးသန့်စားသောက်ဆိုင်ကို တရားဝင်ဖွင့်လှစ် လိုက်တော့သည်။

ရှီကွမ်း။ တစ်ချက်ကြည့်လိုက်ရုံနှင့် အနည်းငယ် ထူးဆန်းနေသည်။ အမှန်တွင်တော့ ထိုစာလုံးက ‘အစားအသောက်ရောင်ခြည်’ ဟူသည့်စကားလုံးနှင့် သံတူကြောင်းကွဲဖြစ်သည်။ ကျန်းယွင်ကျူးသည် အားလုံးက သူမချက်ပြုတ်သည့် ဟင်းပွဲများကို နှစ်သက်ပြီး အချိန်တိုင်း သန့်သန့်ရှင်းရှင်းနှင့် စားသောက်နိုင်ဖို့ မျှော်လင့်ခဲ့ခြင်းပင်။

ထို့အပြင် နောက်ထပ်အဓိပ္ပာယ်တစ်ခုလည်း ရှိသေးသည်။ သည်စားသောက်ဆိုင်သည် အချိန်ခရီးသွားလာသယောင် ခေတ်အဆက်ဆက် ပျောက်ကွယ်သွားပြီဖြစ်သော ၊ ပေါ်မလာသေးသော် ဟင်းလျာများကို အားလုံးနှင့် တွေ့ဆုံဖွင့်ပေးသည့် အဓိပ္ပာယ်ပင်။

တစ်ချိန်ထဲတွင် ထိုစကားလုံးက ကျန်းယွင်ကျူး၏အကြောင်းကိုလည်း ပြောနေလေသည်။

ဟုတ်ပါတယ်။ သူမက နောက်ဆုံးအဓိပ္ပာယ်နှစ်ခုကို လူတိုင်းကို မပြောခဲ့ပါဘူး။

သီးသန့်စားသောက်ဆိုင်ရဲ့နာမည်က ထူးဆန်းနေနှင့်ပြီးသားလေ။ ဒီတော့ ရှီကွမ်း ဆိုတဲ့စာလုံးရဲ့ နောက်ထပ်အဓိပ္ပာယ်က အားလုံးစိတ်ထဲမှာ စွဲနေတော့မှာ မဟုတ်လေဘူး။

တစ်ခုပဲ ဘာလို့ စားသောက်သူတစ်ယောက်မှ တံခါးရှေ့ရောက်မလာကြတာလဲ။

ရွှယ်ကျင်းက ပတ်ဝန်းကို ကြည့်လိုက်သည်။

ခုနက မီးရှူးမီးပန်းနဲ့ ခြင်္သေ့အကတွေ ရှိတုန်းကတော့ လမ်းပေါ်မှာ လူနည်းနည်းပါးပါးက စိတ်လှုပ်ရှားတဲ့ပုံနဲ့ ကြည့်နေကြသေးတယ်။ ဒါပေမဲ့ သူတို့တွေက စားသောက်ဆိုင်ရဲ့ ထူးဆန်းတဲ့နာမည်နဲ့ ဆိုင်ရှေ့က စားသောက်ဆိုင်တစ်ဆိုင်နဲ့ မတူတာကို တွေ့လိုက်ရတော့ ဘယ်သူမှ မလာကြတော့ဘူး။

“သူဌေး ဒါ....”

ရွှယ်ကျင်းသည် စိုးရိမ်လာတော့သည်။ ဧကန္တ ဒီလောက်ကြီးမားတဲ့ မြို့တော်က ဝူလင်စီရင်စုလောက်တောင် မကောင်းလို့များလား။ သူတို့တွေ ဝူလင်စီရင်စုမှာ ဆိုင်ဖွင့်ကြတုန်းက ဧည့်သည်တွေက တိမ်လိုပဲ ရောက်လာကြတာ။

ဝူလင်စီရင်စုမှာဆိုရင် ချီရှန်းကျွီဖွင့်တုန်းက ကုယန်ကျိုးက သူ့မိတ်ဆွေတွေကို ခေါ်လာပြီး အာမခံဌာန ခေါင်းဆောင်လီကလည်း အားပေးဖို့ သူ့ကိုယ်ရံတော်တွေကို ခေါ်လာခဲ့တယ်။ ဒီအပြင် ချီရှန်းကျွီရဲ့ စားသုံးသူတွေက မျက်နှာချင်းဆိုင်လမ်းပေါ်က ကျောင်းတော်ရဲ့ ကျောင်းသားတွေလေ။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ လူတွေကို ဆွဲဆောင်ထားပြီးသားပဲ။ စားသုံးသူတွေ ရှိလာတာပဲလေ။

ဒါပေမဲ့ ဒီမှာကျတော့ မတူတော့ဘူး။ ဒီလမ်းက လမ်းတစ်ခု လုံးဝမဟုတ်ဘူး။ သူတို့ဆိုင်ကလည်း လမ်းအဆုံးမှာ ရှိနေတယ်။ ဒီလူနည်းစုလေးက ဝမ်းသာအားရကြည့်နေတာပဲ တော်တော်လေး ဟုတ်နေပြီ။

ကျန်းယွင်ကျူး သိတဲ့လူတွေအနေနဲ့ ကုယန်ကျိုးနဲ့ ရှဲ့ချန်တို့တော့ လာပါရဲ့။ ဒါပေမဲ့ မြို့တော်မှာ သူတို့ရဲ့ အသိမိတ်ဆွေတွေ မရှိဘူးလေ။ ပြီးတော့ သူတို့တွေက အရာရှိတွေဖြစ်သွားပြီ။ တချို့ကိစ္စတွေက ပြဿနာတက်ရလွယ်တယ်။ ဒါကြောင့် သူတို့တွေက ဘယ်သူ့ကိုမှ မဖိတ်ထားခဲ့ကြဘူး။

ပြီးတော့ ရှန်ဖုန်းမင်နဲ့ယန်ရှန့်။ ကျန်းယွင်ကျူးက သူတို့ကိုလည်း မဖိတ်ခိုင်းရဲဘူးလေ။

ကျန်တာတော့ သူမလည်း ဘယ်သူ့ကိုမှ မသိတော့ဘူး။ ဒါကြောင့် အရမ်းကို ခြောက်ကပ်နေတာပေါ့။

“မိန်းကလေးကျန်း ကျွန်တော် မင်းအတွက် တခြားသူတွေကို ဒီကိုလာဖို့ ထောက်ခံပေးရင်ကော”

ကုယန်ကျိုးက ပြောလိုက်သည်။ သူသည် သည်နေ့ကို သည်လိုဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် နောင်တရမိလေသည်။ သူ လူနည်းနည်းပါးပါးလောက် ဖိတ်ခဲ့သင့်တာပါ။

“မလိုပါဘူးရှင်၊ တကယ်တော့ ကျွန်မ ဒီလိုဖြစ်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ”

ကျန်းယွင်ကျူးကတော့ မစိုးရိမ်နေချေ။ သူမ စားသောက်ဆိုင်၏ စားသုံးသူများသည် လူချမ်းသာ လုပ်ငန်းရှင်များနှင့် ဩဇာရှိကြသည့်သူဌေးကြီးများ ဖြစ်လေသည်။ ထိုလူများက မကြာခဏဆိုသလို လမ်းထွက်လျှောက်လေ့မရှိပေ။ သူတို့ကို ဆွဲဆောင်ဖို့ရာ မီးရှူးမီးပန်းနှင့် ခြင်္သေ့အကတို့ကို အားကိုးလို့ဖြစ်ပါမည်နည်း။

“တကယ် မလိုဘူးလား” ရှဲ့ချန်က မေးလိုက်၏။

“တကယ်ပါ”

ကျန်းယွင်ကျူးက အစောကြီးကတည်းက ပြင်ဆင်ထားပြီးဖြစ်သည်။ သူမက ဆိုင်ထဲဝင်သွားပြီး ဖိတ်စာတချို့ကို ယူကာ စာရွက်တစ်ရွက်အား ကျင့်ကျောင်းယွဲ့ကို လှမ်းပေးလိုက်သည်။

“ဒီဖိတ်စာတွေကို စာရွက်ထဲက စာရင်းအတိုင်း အဲဒီလူတွေရဲ့အိမ်တွေဆီ သွားပို့ပေးပါ၊ နောက်ပိုင်း ဒီဖိတ်စာနဲ့ လာတဲ့လူ ဘယ်သူမဆို ကျွန်မတို့ဆိုင်က နေရာထိုင်ခင်းအပြည့်အစုံနဲ့ ကြိုဆိုပေးမယ် ဆိုတဲ့အကြောင်း သေချာရှင်းပြရမယ်”

ရက်ပေါင်းများစွာ ဆက်ဆံလာပြီးနောက်တွင် ကျန်းယွင်ကျူးသည် ကျင့်ကျောင်းယွဲ့နှင့် ကျန်ခြောက်ယောက်၏ အကျင့်စရိုက်များကို အကြမ်းဖျင်း နားလည်ခဲ့လေသည်။ သူမသည် သည်ကိစ္စအတွက် အသင့်တော်ဆုံးသူပင်။

ကျင့်ကျောင်းယွဲ့က ထိုဖိတ်စာများကို ယူလိုက်ပြီး ဖိတ်စားများကို ရွှေရောင်အဖုံးပေါ်တွင် ကြာပန်းတစ်ပွင့်ဟန် အလွန်လှပအောင် ထွင်းထားလေသည်။ ဖိတ်စာကို ဖွင့်လိုက်လျှင် အထဲတွင် တိုတိုတုတ်တုတ် ရေးထားသည့် ဖိတ်ကြားစာတစ်ခုပါပြီး အောက်တွင် စားသောက်ဆိုင်နာမည်နှင့် ဟင်းလျာစာရင်းတချို့ကို တွဲကာထည့်ထားသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဟင်းလျာစာရင်း၏ ဆွဲဆောင်ခံလိုက်ရတော့သည်။

“သိုးသားငါးထုပ်၊ အမျိုးသမီးစုန့်ငါးဟင်း၊ ဂင်းကိုပြုတ်၊ ထိုက်ပိုင်ဘဲ၊ ကြက်ခံတွင်းရှင်းဟင်း၊ လော့ယန် ယန်ချိုက်....”

သည်ဟင်းလျာတချို့ကို သူမ သိပါသည်။ တချို့ကိုတော့ မသိပေ။ သူမ သိသည့်ဟင်းလျာများသည် အလွန်မှ နာမည်ကြီးသည်။ တချို့ဆိုလျှင် ဟင်းချက်နည်းပင် ပျောက်ကွယ်နေပြီဖြစ်သည်။ ဒါကို ကျန်းယွင်ကျူးက လုပ်နိုင်တယ်လား။

သူမသည် အမြဲတမ်း တည်ငြိမ်သူဖြစ်လေသည်။ သူမ၏စိတ်ထဲတွင် ရှိသမျှက သူမ၏မျက်နှာပေါ်တွင် လုံးဝ မပေါ်ချေ။ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ကျန်ရစ်နေလေသည်။

ခဏလောက် ချိန်ဆကြည့်လိုက်ပြီးနောက် ဖြစ်နိုင်သည်ဟု ခံစားမိလေသည်။ ကျန်းယွင်ကျူးသည် လှည့်စားတတ်တဲ့လူမျိုးလည်း ဟုတ်ဟန်မတူပါဘူး။

ဒီလိုဆိုရင်တော့ စိတ်ဝင်စားဖို့ကောင်းနေပြီ....

သူမက ဖိတ်စာကို ဆက်ပြီးဖတ်လိုက်၏။ သို့သော် ဖိတ်စာပေါ်တွင် ဖိတ်ကြားခံရသည့် လူနာမည်ကို ရေးမထားသည်ကို တွေ့လိုက်ရလေသည်။

အခုလေးတင် ကျန်းယွင်ကျူးပြောလိုက်သည့် စကားကို စဥ်းစားလိုက်မိသည်။ “နောက်ပိုင်း ဒီဖိတ်စာကတ်နဲ့ တံခါးဆီ ရောက်လာတဲ့ ဘယ်သူမဆို ကျွန်မတို့စားသောက်ဆိုင်က နေရာထိုင်ခင်းအပြည့်အစုံနဲ့ ကြိုဆိုသွားမှာပါ”တဲ့။ သူမသည် စိတ်ဝင်စားစရာကောင်းသည့် တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသယောင်။

ဒီဖိတ်စာတွေကို ဝေတဲ့အချိန်ကျရင် လူအများစုက ဒါကို သေချာပေါက် အလေးထားမှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ တစ်နေ့မှာ ဒီစားသောက်ဆိုင်က နာမည်ကြီးလာရင်ကော။ ဒီသီးသန့်စားသောက်ဆိုင်ကို နေ့တိုင်း သတ်မှတ်ထားတဲ့ လူအရေအတွက်ပဲ လက်ခံမယ်လို့ ကျန်းယွင်ကျူးပြောတာ သူမ မှတ်မိနေသေးတယ်။ ဒါဆို ဝင်မလာနိုင်တဲ့သူတွေ က ဘယ်လိုလုပ်မလဲ။

အဲဒီအချိန်ကျရင် သူတို့တွေက တစ်လောကလုံးမှာ ဒီဖိတ်စာကို ရှာဖွေကြလိမ့်မယ်။

ကျင့်ကျောင်းယွဲ့သည် ထိုအကြောင်းကို စဥ်းစားလိုက်ပြီး စိတ်ဝင်စားစရာကောင်းသည်ကို တွေ့လိုက်ရကာ ကျန်းယွင်ကျူးကို ချက်ချင်း ပြန်ပြောလိုက်တော့သည်။

“သူဌေး စိတ်မပူပါနဲ့၊ ကျွန်မ ဒီကိစ္စကို သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်”

သူမ၏မျက်နှာပေါ်တွင် အမြဲတမ်း အပြုံးတစ်ခုရှိနေလေသည်။ အခုတော့ ထိုအပြုံးသည် ပိုပြီး နှစ်လိုဖွယ်ကောင်းလာသယောင်။

ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။ သီးသန့်စားသောက်ဆိုင်တွေက လူသိများစရာ မလိုဘူးလေ။ သူတို့တွေက အဓိကအားက ပါးစပ်ပေါ်က စကားလုံးကိုပဲ အားကိုးရတာ။ ဒီဖိတ်စာတွေကို ပို့လိုက်တာနဲ့ ပိုက်ကွန်ကို အကျယ်ကြီး ပစ်လိုက်တာပဲ။ ငါးတစ်ကောင် နှစ်ကောင်လောက်တော့ သေချာပေါက် ဖမ်းမိမှာပဲ။ အဲဒီ ငါးတစ်ကောင် နှစ်ကောင် ၊ မဟုတ်ပါဘူး၊ သူတို့တွေက ဧည်သည့်တွေပါလေ။ သူတို့တွေ ရောက်လာပြီး သူမချက်ထားတဲ့ ဟင်းပွဲတွေကို မြည်းကြည့်ပြီးသွားရင်တော့ နာမည်က တဖြည်းဖြည်း ပျံ့သွားလိမ့်မယ်။ သူမကတော့ ဧည့်သည်မရမှာ စိတ်မပူပါဘူး။

ဒီတော့ မလောပါဘူး။

ကျန်းယွင်ကျူးက ဆိုင်ဝင်ပေါက်ကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပြီး ပြန်လှည့်ကာ ကိုယ့်ဟာကိုယ် ဆိုင်ထဲသို့ ဝင်သွားလေသည်။ သူမမှာ လုပ်စရာအများကြီး ရှိတယ်လေ။

“ကျွန်တော့်ကို ဖိတ်စာတစ်ခုပေး”

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ကလည်း သည်နေ့ ရောက်လာကြသည်။ ယန်ရှန့်က ကျန်းယွင်ကျူး၏ ဖိတ်စာကို တွေ့လိုက်ရသောအခါ ချက်ချင်း စိတ်ကူးတစ်ခု ရသွားတော့သည်။ သူ့အမေအိုကြီးကို ဒီဆိုင်လာပြီး ထမင်းတနပ်လောက် စားခိုင်းဖို့ ဘယ်လိုမိတ်ဆက်ပေးရမလဲလို့ စိုးရိမ်နေတာလေ။ အခုတော့ အဆင်ပြေသွားပြီ။

ညပိုင်းတွင် ယန်ရှန့်သည် အိမ်ပြန်လာပြီး ဖိတ်စာကို သခင်မယန်အား ပေးလိုက်ကာ

“အမေ နေ့တိုင်းပြောနေတာမလား၊ ပါးစပ်အရသာမတွေ့ဘူးဆို၊ ဒီမှာ စားသောက်ဆိုင်သစ်တစ်ခု ရှိတယ်၊ သွားပြီး စမ်းစားကြည့်ပါလား”

All Chapters