← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အပိုင်း (၁၀၀)

သခင်မယန်က သူ့ကို ဒေါသမျက်စောင်းဖြင့် ကြည့်လိုက်လေသည်။ သူမ မနှစ်က ဝက်အူချောင်းနဲ့ သရေစာတွေကို စားချင်နေခဲ့မှန်း သူ သိသားပဲ။ သူမအတွက် အဲဒီ အစားအသောက်တွေကို ယူလာပေးမဲ့အစား သူက သူမ စားသောက်ဆိုင်ကို သွားခိုင်းတာတဲ့လေ။ ဒီလို သားမျိုး ရှိသေးသတဲ့လား။

ယန်ရှန့်က ဖိတ်စာကို ချထားလိုက်ပြီး မြန်မြန် ထွက်ပြေးလာခဲ့လိုက်သည်။ သူသည် အမေဖြစ်သူကို ကြောက်ရပေသည်။

သခင်မယန်က နောက်က လိုက်ဖမ်းချင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ပြန်ရောက်လာပြီးနောက် သူမ၏မျက်လုံးများက ဖိတ်စာကတ်ပေါ်သို့ ရောက်သွားခဲ့သည်။

တစ်ချိန်ထဲတွင် ကျင့်ကျောင်းယွဲ့သည်လည်း နေရာတိုင်းသို့ ဖိတ်စာလိုက်ဝေပေးနေသည်။

ကျန်းယွင်ကျူး၏စာရင်းက ပွဲစားထံမှ ဝယ်ထားခြင်းဖြစ်သည်။ ဝမ်ရှန်းဖန်ရှိ လူချမ်းသာ စီးပွားရေးလုပ်ငန်းရှင် အများစု၏ မျိုးရိုးနာမည်နှင့် လိပ်စာများကို ရေးထားလေသည်။

သည်အိမ်တော်၏မျိုးရိုးနာမည်က လျန်ဖြစ်သည်။ သူတို့သည် ကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်ကြသည် ထင်သည်။ ချမ်းသာသည့် အိမ်တော်တစ်ခုဖြစ်ပြီး အင်မတန်ခမ်းနားစွာ အလှဆင်ထားလေသည်။ တံခါးရှေ့တွင် သန်မာသည့် အစေခံလေးယောက်လည်း ရှိနေသည်။

ထိုမြင်ကွင်းကြောင့် သာမန်လူများသည် စိတ်ထဲတွင် ကြောက်ရွံ့သွားလောက်ပေသော်လည်း ကျင့်ကျောင်းယွဲ့ကတော့ မည်သို့မျှ မခံစားရပေ။ သူမက မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် လှမ်းသွားလိုက်သည်။

သူမသည် လှပပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ကျက်သရေရှိသည့် အငွေ့အသက်တစ်ခု ပိုင်ဆိုင်ထားသည်။ ထိုအစေခံများက သူမကို လျှော့မတွက်ရဲခဲ့ချေ။

သူမသည် ဖိတ်စာကို ထုတ်လိုက်ပြီး သူမ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်လေသည်။

အစေခံများက ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ထူးဆန်းသည့် မျက်နှာများ ဖြစ်သွားကြတော့သည်။ အခုမှအသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုက သူတို့ရဲ့သခင်ကြီးကို မသိပါဘဲ သူတို့ရဲ့သခင်ကြီးကို ဖိတ်စာတစ်ခု လာပေးရဲသတဲ့လား။ သူတို့တွေ ဘာတွေစဥ်းစားနေကြတာလဲ။ သူတို့ရဲ့သခင်ကြီးက နာမည်ကြီး လူချမ်းသာ လုပ်ငန်းရှင်တစ်ယောက်ပဲ။

သူတို့တွေက ငွေရှာချင်လွန်းလို့ ရူးသွားကြတာများလား။

လူတိုင်းက ဒီလိုဖြစ်နေရင် သူတို့သခင်ကြီးက အလုပ်တွေအရမ်းများနေတော့မှာပေါ့။

ကျင့်ကျောင်းယွဲ့က သူတိုကို လျစ်လျူရှုထားလိုက်ပြီး

“ဖိတ်စာ လာပို့တာပါ၊ ကျွန်မတို့ ဆိုင်ရှင်က ပြောပါတယ်၊ ဒီဖိတ်စာနဲ့ ဆိုင်ကိုလာတဲ့ ဘယ်သူမဆိုကို ကျွန်မတို့ဆိုင်က နေရာထိုင်ခင်းအပြည့်အစုံနဲ့ ကြိုဆိုပါတယ်တဲ့”

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ပြန်ထွက်လာခဲ့လိုက်သည်။

အစေခံတချို့က အူကြောင်ကြောင်ဖြင့် အချင်းချင်းကြည့်ရင်း ကျန်ခဲ့ကြတော့သည်။

...

သူသည် ဖိတ်စာများကို အလွန်မှ မြန်မြန်ဆန်ဆန် ပို့ခဲ့လိုက်သည်။ လူတိုင်းက အမျိုးမျိုး တုံ့ပြန်ကြသည်။

တချို့လူများက သူမသည် စိတ်ကူးယဥ်ဆန်သည်ဟု တွေးကြကာ ဖိတ်စာကို ပစ်ထားလိုက်ကြပြီး တချို့ကတော့ ဆုံးဖြတ်ချက်မရဲသဖြင့် သူတို့၏သခင်ဗျားကို ဖိတ်စာများ သွားပြကြလေသည်။

ဖိတ်စာကို မြင်ခဲ့ကြသည့် သခင်ဗျားကအနေနှင့် တချို့က ဖိတ်စာပေါ်က ဟင်းလျာစာရင်းများကို စိတ်ဝင်စားကြပြီး တချို့ကတော့ အသံထွက် အော်ရယ်ကြကာ ရှီကွမ်းသီးသန့် စားသောက်ဆိုင်ပိုင်ရှင်သည် ဘဝဝင်လေဟပ်နေသည်ဟု တွေးကြလေသည်။ ဒီအမျိုးသမီးစုန့် ငါးဟင်းကိုပဲ ကြည့်လေ၊ ဒီဟင်းလျာကို ဘယ်သူ့ဆီမှ လက်ဆင့်ကမ်းခဲ့တာမှ မရှိဘဲ။ အားလုံးက အမျိုးသမီးစုန့်ရဲ့ ချက်နည်းပြုတ်နည်းကို လိုက်တုပပြီး ငါးဟင်းရည် လုပ်ခဲ့ကြတာလေ။ ဒါပေမဲ့ ဟင်းချက်နည်းက မူလလက်ရာမဟုတ်တာမလို့ ဘယ်သူကမှ ဒီနာမည်ကို မခေါ်ရဲကြဘူး။

သူမက ဒီနာမည်ကို အရမ်းကို ဗြောင်ကျကျနဲ့သုံးပြီးလူတွေကို လှည့်စားနေတာမဟုတ်ဘူးလား။

တကယ့် အရည်အချင်းအစစ်အမှန် မရှိဘူးလို့ ထင်ရတာပဲ။

သည်အချိန်တွင် ကျင့်ကျောင်းယွဲ့သည် ကျင်း မျိုးနွယ်အမည်ရှိ လူချမ်းသာတစ်ယောက်၏ အိမ်တံခါးသို့ ရောက်လာခဲ့သည်။ သူမက ဖိတ်စာတစ်ခုကို ထုတ်လိုက်ပြီး တံခါးစောင့်ကို လှမ်းပေးလိုက်သည်။ သူတို့နှင့် စကားပြောနေစဥ် လူငယ်တစ်ယောက်က အိမ်ထဲမှ ထွက်လာခဲ့သည်။

လူငယ်လေးက ဆီးသီးရောင် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက် ၂၀ ဝန်းကျင်သာရှိအုံးမည်။ သူက ကျင့်ကျောင်းယွဲ့ကို မျက်လုံးကျုံ့ကာ တနည်းနည်းဖြင့် ဂိုက်ပေးနေဟန် ကြည့်လိုက်လေသည်။

သူသည် ‘နေရာထိုင်ခင်းအပြည့်အစုံနဲ့ ဧည့်ခံပေးမယ်’ဟု ကျင့်ကျောင်းယွဲ့ ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် တဟင်းဟင်း ရယ်မောလိုက်ပြီး

“ဆိုင်ပိုင်ရှင်က ဘယ်လိုပုံလေးလဲ သိချင်သွားပြီ၊ သူမက နတ်သမီးလေးနဲ့ တူရင်တော့ မြည်းစမ်းကြည့်ချင်ပါသေးတယ်”

သူက ပြောရင်းဆိုရင်း ကျင့်ကျောင်းယွဲ့ကို ခေါင်းအစခြေအဆုံး တစ်ချက်ဝေ့ကြည့်လိုက်လေသည်။

“သခင်မက ချောမောတယ်....”

သူ့စကားလုံးများထဲက နောက်ပြောင်သည့် အဓိပ္ပာယ်က အလွန်မှ ထင်ရှားနေသည်။ အေးစက်သည့် အလင်းတစ်ချက်က ကျင့်ကျောင်းယွဲ့၏မျက်လုံးများထဲတွင် ဖျတ်ခနဲလက်သွားတော့သည်။ သူသည် နောက်တစ်ခွန်းထပ်ပြောခဲ့လျှင် သူမသည် သူ့ကို ယောက်ျားတစ်ယောက် ဆက်မဖြစ်နိုင်တော့အောင် လုပ်မိတော့မည်။

ကျင်းချန်းယန်သည် သူ့လည်ပင်းအရင်းတွင် အအေးဓာတ်တစ်ခုကို ထူးထူးဆန်းဆန်း ခံစားလိုက်ရတော့သည်။ သူက သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ခံစားချက်ကို အာရုံပြောင်းဖို့ကြိုးစားလိုက်တော့သည်။

ထင်ထားသည့်အတိုင်း နေလို့ကောင်းသွားတော့သည်။

ကျင့်ကျောင်းယွဲ့ကို ထပ်ကြည့်လိုက်ပြီး ရှက်သွားသဖြင့် အနည်းငယ် ဒေါသထွက်သွားတော့သည်။ သူ့တွင် ဖော်မပြတတ်သည့် ခံစားချက်တစ်ခု ဖြစ်သွားလေသည်။ သူသည် မကြာခဏဆိုသလို ဒုက္ခရောက်တတ်၍လား၊ သူ့တွင် အန္တရာယ်လေးကို အာရုံခံနိုင်သည့် အထူးအစွမ်းရှိနေ၍လား ဖြစ်ကောင်းဖြစ်နိုင်သည်။ တခါတလေ မှန်ကန်တတ်ပြီး တခါတလေကျတော့လည်း မမှနပေ။ သူသည် သည်ခံစားချက်နှင့်ပတ်သက်ပြီး အလွန်မှ အစွဲကြီးနေတော့သည်။

လက်ရှိတွင် သူ့ခံစားချက်များက သူ့မျက်နှာချင်းဆိုင်က အမျိုးသမီးကို သွားမရှုပ်လျှင် အကောင်းဆုံး ဖြစ်သည်ဟု ပြောနေလေသည်။

ဒါက လုံးဝယုတ္တိမရှိဘူးလေ။ မျက်နှာချင်းဆိုင်က အမျိုးသမီးက အလွန်ဆုံး စားသောက်ဆိုင်က ဧည့်ခံပေးတဲ့သူတစ်ယောက်ပဲ ဖြစ်မှာပေါ့။ ပြီးတော့ သူက မိသားစုအိမ်ရဲ့ ဝင်ပေါက်နားမှာပဲ။ မိသားစုက အစေခံတွေကို အချိန်မရွေးခေါ်လို့ရတယ်။ ဘာကြောက်စရာရှိလို့လဲ။

သို့သော် ကျင်းချန်းယန်သည် ပါးစပ်ပိတ်ထားရန်သာ ရွေးချယ်လိုက်တော့သည်။

သည်အဖြစ်ကို မြင်လိုက်ပြီး ကျင့်ကျောင်းယွဲ့က သူ့ကို အလွှတ်ပေးလိုက်ကာ လှည့်ထွက်လာခဲ့တော့သည်။

သူမ ထွက်လာချိန်တွင် ကျင်းချန်းယန်သည် သူ့ရင်ဘတ်ထဲတွင် မွန်းကြပ်နေသလို ခံစားလိုက်ရပြီး မုန်းတီးမှုက ပေါ်ထွက်လာတော့သည်။ သည်အချိန်တွင် အစေခံ၏လက်ထဲက ဖိတ်စာကို တွေ့လိုက်သွားပြီး ညိုမည်းနေသည့် မျက်နှာဖြင့် ကြေညာလိုက်တော့သည်။

“ငါ ဖတ်ရအောင် အဲဖိတ်စာယူလာခဲ့စမ်း”

အစေခံက သူ့စိတ်ကို သွားမဆွရဲဘဲ တရိုတသေနှင့် ဖိတ်စာကို ပေးလိုက်လေသည်။

ကျင်းချန်းယန်က ဖိတ်စာကို ကြည့်လိုက်ပြီး

“သတ္တိရှိတယ်ပေါ့၊ ကောင်းပြီလေ၊ သူတို့တွေ ဘာလုပ်လဲဆိုတာ ငါ မနက်ဖြန် သွားကြည့်ရမယ်”

ထို့နောက် သူ့နောက်က လူများကို အမိန့်ပေးလိုက်တော့သည်။

“စားတော်ကဲရှန်းဟန်ကို မနက်ဖြန် ငါနဲ့လိုက်ခဲ့ဖို့ ခေါ်လိုက်၊ သူတို့တွေ ကောင်းကောင်းမလုပ်ရင်တော့ ငါတို့တွေ သူ့ဆိုင်ကို ဖျက်ဆီးပစ်မယ်”

“ဟုတ်ကဲ့ပါ သခင်လေး” အစေခံက ပြန်ဖြေလိုက်သည်။

ကျင်းချန်းယန်က လုပ်စရာရှိသဖြင့် ထွက်သွားလေသည်။ မနက်ဖြန်ရောက်တာနဲ့ ကျန်းယွင်ကျူးဆိုင်ကို သွားပြီး ပြဿနာသွားရှာရလိမ့်မယ်။

ကျင့်ကျောင်းယွဲ့သည် ကျင်းအိမ်မှ ထွက်လာပြီး ဘေးလမ်းက တုအိမ်သို့ သွားလိုက်လေသည်။

တုအိမ်တွင် ဧည့်သည်တစ်ယောက်ရှိနေသည်နှင့် ကြုံလေသည်။ သို့သော် အစေခံက မသိပေ။ သူက ဖိတ်စာနှင့်ဝင်လာပြီးမှ သူ့အမှားကို သိလိုက်ရသည်။ သူသည် ချက်ချင်းတောင်းပန်ပြီးနောက် ထွက်သွားဖို့ပြင်လိုက်သည်။

“ဘာကိစ္စလည်း” သခင်ကြီးတုက မေးလိုက်သည်။

အစေခံက ဖိတ်စာကို ပြလိုက်လေသည်။

သခင်ကြီးတုက ဖိတ်စာကို ယူလိုက်ပြီးနောက် အော်ရယ်တော့သည်။

“အစ်ကိုကြီးတု ခင်ဗျား ဘာလို့ အော်ရယ်နေတာလဲ” သူ့ဘေးက သခင်ကြီးလော့က မေးသည်။

“ဒါကို ကြည့်လိုက်တာနဲ့ မင်း သိသွားလိမ့်မယ်”

သခင်ကြီးတုက ပြန်ဖြေလိုက်၏။ သူက ဖိတ်စာကို သခင်ကြီးလော့ထံ လှမ်းပေးလိုက်လေသည်။

သခင်ကြီးလော့က လှမ်းယူလိုက်ပြီး ဖိတ်စာကိုဖတ်ပြီးနောက် သူလည်း အော်ရယ်တော့သည်။

နှစ်ယောက်သားက သည်ကိစ္စကို ဂရုမစိုက်ခဲ့ကြပေ။ ထို့အစား သူတို့သည် လွန်ခဲ့သည့်နှစ်ရက်က လုပ်ခဲ့သည့် ပွဲတစ်ခုကို သတိရသွားတော့သည်။ သူဌေးလော့က ပြောလိုက်၏။

“အချက်အပြုတ်လို့ပြောမှပဲ ပိုင်မိသားစုက ကျွန်တော်တို့ကို တမင်အခက်တွေ့အောင် လုပ်နေတာ ရှင်းတယ်ဗျ”

ကျန်းယွင်ကျူးက အရင်ကသိထားသကဲ့သို့ပင် မြို့တော်ရှိ လူချမ်းသာ လုပ်ငန်းရှင်များကြားတွင် အချင်းချင်း ယှဥ်ပြိုင်ခြင်းက ခေတ်ရေစီးကြောင်းတစ်ခုလို ဖြစ်နေသည်။ ပိုင်မိသားစုသည် မြို့တော်တွင် ကောင်းကောင်းအခြေခိုင်သည့် လူချမ်းသာလုပ်ငန်းရှင် တစ်ယောက်ဖြစ်သည်။ မိသားစုတွင် နာမည်ကြီး စားတော်ကဲသုံးယောက်နှင့် မိန်းမလှပေါင်းများဒါဇင်နှင့်ချီအောင် ရှိသည်။ သခင်ကြီးတုနှင့် သခင်ကြီးလော့တို့က အခုမှတက်လာသည့် လူချမ်းသာ လုပ်ငန်းရှင်လက်သစ်များဖြစ်ကြသည်။

ထူးချွန်သည့် စားတော်ကဲများက ငယ်ရွယ်လှပသည့် အမျိုးသမီးများထက် ပိုရှားပါးပြီး အဖိုးမဖြတ်နိုင်သည့် ရတနာများပင်။ သူတို့ကို အထက်တန်းစား အာဏာရှိသူများက ခေါ်ထားကြပြီး အခြေခိုင်သည့် လုပ်ငန်းရှင်များ၏ အိမ်တွင် ဖိတ်ကြားခံထားရသဖြင့် အပြင်ဘက်တွင် မတွေ့နိုင်ကြပေ။ ငွေအမြောက်အများ သုံးရမည်ဆိုလျှင်တောင် သူတို့လို လုပ်ငန်းရှင်သစ်များအတွက် ငှားရမ်းဖို့ရာ ခက်ခဲလှပေသည်။

ဒါသည် လူချမ်းသာလုပ်ငန်းရှင်၏ နောက်ခံလည်းဖြစ်သလို မျက်နှာလည်း ဖြစ်လေသည်။

လွန်ခဲ့သည့်နှစ်ရက်က ပိုင်မိသားစုသည် အားလုံးအတွက် ညစာစားပွဲတစ်ခု ကျင်းပခဲ့သည်။ နာမည်ကြီးစားတော်ကဲ သုံးယောက်ချက်ထားသည့် အထူးဟင်းလျာများသည် လူတိုင်း၏ချီးမွှမ်းခြင်းကို ခံယူခဲ့ရသည်။ ပိုင်မိသားစုက ကျော်ကြားမှုကို ခိုးယူသွားတော့သည်။ တစ်ဖက်တွင်တော့ သခင်ကြီးတုနှင့် သခင်ကြီးလော့တို့သည်အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။

အထူးသဖြင့် ပိုင်မိသားစု၏ စားသောက်ပွဲတွင် စားသောက်ပြီးချိန်၌ ဖြစ်လေသည်။ သူတို့သည် ဖိတ်စာကို ပြန်ပို့ပေးရန် အချိန်တစ်ခု ရှာသင့်သည့် အကြောင်းအရင်းဖြစ်လာတော့သည်။ သခင်ကြီးပိုင်သည် စားသောက်ပွဲတွင် သူသည် တုမိသားစုနှင့် လော့မိသားစုထံမှ အစားသောက်ကောင်းများကို မျှော်လင့်နေသည့်အကြောင်း သည်ကိစ္စကို အထူးတလည် ထုတ်ပြောခဲ့လေသည်။ ဒါသည် မျှော်လင့်နေခြင်းမဟုတ်ဘဲ သူတို့ကို အရှက်ခွဲနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့နှစ်ယောက်သည် စိတ်ဓာတ်မကျဘဲ အဘယ်မှာနေပါမည်နည်း။

“ကျုပ်တို့ကို သူ့ထက်နိမ့်ကျအောင် ဘယ်သူက လုပ်ထားလို့လဲ” သူဌေးတုက သက်ပြင်းချမိသည်။

သူဌေးလော့လည်း ထောက်ခံလေသည်။

သူတို့နှစ်ယောက်သည် ခဏလောက် တိတ်ဆိတ်သွားကြ၏။ ရုတ်တရက်ဆိုသလို သူဌေးလော့က ဖိတ်စာကို ကြည့်လိုက်လေသည်။

“ညီအစ်ကိုလော့ရဲ့ အဓိပ္ပာယ်က” သူဌေးတုက မေးလိုက်၏။

“ဘာပဲဖြစ်ဖြစ်လေ၊ ကျုပ်တို့တွေ အားနေတာပဲ၊ တကယ်လို့များ....”

သူဌေးလော့သည် သည်အချက်ကို ဆက်မပြောနိုင်တော့ပေ။ ဘာတကယ်လို့များလဲ။ သူတို့တွေ့က ထူးချွန်တဲ့စားတော်ကဲတစ်ယောက်ကိုတတ်နိုင်သမျှချက်ချင်း ရှာတာ ပိုကောင်းတယ်လေ။

ကျန်းယွင်ကျူး၏ သီးသန့်စားသောက်ဆိုင်ဖွင့်သည့် ပထမနေ့တွင် ဧည့်သည်တစ်ယောက်မှ မရှိခဲ့ချေ။ ဒါကို ထုံးစံဟု မှတ်ယူလိုက်သည်။

ရွှယ်ကျင်းကတော့ စိုးရိမ်နေသည့် စိတ်အခြေအနေတစ်ခုနှင့် အနောက်ဘက်ခြံထဲတွင် ကြိတ်ခွဲနေလေသည်။ သူသည် အလုပ်များနေရသည်ထက် အလကားနေရသည်က ပိုပြီး နေရခက်လှသည်။

ယွင်တုနှင့် တခြားသူများကတော့ အလွန်မှ တည်ငြိမ်လှသည်။ သူတို့သည် လုပ်စရာရှိသမျှအားလုံးကို လုပ်လိုက်ကြသည်။

ကျန်းယွင်ကျူးက ခြံထဲတွင် စင်ဘာ နှင့်ကစားနေသည်။ နွေရာသီအစောပိုင်းကာလသည် ပြီးပြည့်စုံသည့် အချိန်တစ်ခုဖြစ်လေသည်။ ထိုအချိန်လေးကို မပျော်ရွှင်နိုင်လျှင် ရာသီဥတု ပူပြင်းလာလျှင် သက်သောင့်သက်သာ ရှိလိမ့်မည်မဟုတ်တော့ပေ။

နောက်တစ်နေ့မနက်တွင် သူမသည် သည်နေ့အသုံးပြုမည့် အသီးအရွက်များကို သွားယူရန် စျေးထဲသို့ ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်လေသည်။ မြို့တော်သို့ ရောက်လာပြီးနောက်ပိုင်းတွင် သူမသည် တစ်ချိန်လုံး အလုပ်များနေခဲ့ပြီး စျေးသို့ သွားလည်ရန် အခွင့်အရေးလုံးဝ မရခဲ့ပေ။

သူမသည် စျေးသို့သွားလည်ရသည်ကို အနှစ်သက်ဆုံးဖြစ်လေသည်။ ထင်ထားသည့်အတိုင်းပင် မြို့တော်က စျေးသည် တခြားနေရာများနှင့် ယှဥ်လို့ရသည့်နေရာတစ်ခု မဟုတ်ပေ။ လတ်ဆတ်သည့် ပင်လယ်ကကတစ်။ သူ့ကြေးခွံများက ရေထဲတွင် တောက်ပနေသည်။ မနက်ခင်းကမှ ခူးထားသည့် သခွားသီးက အပေါ်တွင်နှင်းစက်များ စိုနေသည်။ အရှင်လတ်လတ် ပုစွန်များ အပါအဝင် ပင်လယ်စားများပင်ရှိလေသည်...

ကျန်းယွင်ကျူးက သူမ၏လက်ညှိုးကို ခပ်ကြမ်းကြမ်းလှုပ်ယမ်းလိုက်ပြီး မြင်သမျှကို စားချင်နေတော့သည်။

သို့သော် ဆိုင်သစ်က အခုမှ ဖွင့်ထားသည်ဖြစ်ရာ ဧည့်သည်က မရှိသေးပေ။ နောက်ဆုံးတွင်တော့ သူမသည် အိမ်ပြန်သယ်ဖို့ ပါဝင်ပစ္စည်းတချို့ကိုသာ ကောက်ထည့်လိုက်တော့သည်။

ဧည်သည်များရှိလျှင် သူတို့အတွက် ချက်ပေးလိုက်မည်။ မရှိခဲ့လျှင်လည်း အလုပ်သမားများအတွက် ချန်ထားလိုက်မည်။ မည်သို့ပင်ဖြစ်စေ အလဟဿ မဖြစ်ပေ။

နေ့လယ်ခင်းအချိန် နီးကပ်လာသည်နှင့် နောက်ဆုံးတော့ လူတစ်ယောက်သည် ဆိုင်ထဲသို့ ဝင်လာလေသည်။

ယွင်တုက သူ့ကို သွားရောက်နှုတ်ဆက်သော်လည်း ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်သည်။

ထိုလူက ဖြတ်သွားသည့် ပညာသင်တစ်ယောက် ဖြစ်သည်။ သူသည် ကျန်းယွင်ကျူး၏ စားသောက်ဆိုင်ကို အလွန်မှ သားသားနားနား ပြင်ဆင်ထားပြီး နာမည်က ထူးခြားနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက တစ်ချက်လောက် ဝင်လာကြည့်ခြင်းပင်။

သည်နေ့ ဟင်းလျာစာရင်းကို ကြည့်လိုက်ပြီးနောက်တွင်တော့ သူ့မျက်နှာက ပြောင်းလဲသွားတော့သည်။

စျေးအပေါဆုံးဟင်းလျာ ရှေးဟောင်းချဥ်စပ်ဟင်းရည်က တကယ်တော့ ငွေ၁လျန်တောင် ပေးရသတဲ့လား။

ငွေ၁လျန်နဲ့ဆိုရင် တခြားနေရာမှာ စားပွဲဝိုင်းတဝက်လောက် ဖွယ်ဖွယ်ရာရာ စားနိုင်တယ်လေ။ ပြီးတော့ အဲထဲမှာ ငါးတွေ အသားတွေလည်း ပါသေးတယ်။

သူသည် သည်ဆိုင်သို့ မည်သူမှ မလာရသည့်အကြောင်းကို နောက်ဆုံးတော့ သိသွားတော့သည်။ ဒါက လိမ်စားနေတဲ့ဆိုင်ကြီးပဲ။

“မရိုးသားလိုက်တာမှလည်း လွန်ရော”

သူက စားပွဲပေါ်သို့ ဟင်းလျာစာရင်းကို ပစ်ချလိုက်ပြီး ဒေါသနှင့် ပြောလိုက်လေသည်။

ယွင်တုသည် ဓားတစ်လက်ကို မကိုင်ထားသ၍ သူ့တွင် စိတ်သဘောထားကောင်းတစ်ခု ရှိလေသည်။ သူ့မျက်နှာပေါ်တွင် နွေးထွေးသည့် အပြုံးတစ်ခု ရှိနေဆဲ။

သူ့တုံ့ပြန်ပုံက ပညာသင်ကို အရှက်ရသွားစေတော့သည်။ သူက ကိုယ့်သဘောနဲ့ကိုယ် ဝင်လာခဲ့တာလေ။ ဘယ်သူကမှ သူ့ကို ဝယ်ပါလို့ အတင်းမပြောခဲ့ဘူး။ အခု သူ အဲစကားကို ပြောလိုက်တာ နည်းနည်းလွန်သွားသလိုပဲ။

ပညာသင်က ရှက်သွားပြီး ထိုင်ချကာ ဟင်းလျာနှစ်ပွဲလောက် မှာလိုက်ချင်လေသည်။ နောက်ဆုံးတွင်တော့ သူ့ပိုက်ဆံအိတ်ကို ခက်ခဲအောင် မလုပ်တော့ဘဲ အောင့်သက်သက်နှင့် ထွက်သွားတော့သည်။

“သူဌေး ကျွန်တော်တို့ဟင်းလျာတွေ တကယ်ပဲ နည်းနည်းတော့ စျေးကြီးနေတယ်နော် မဟုတ်ဘူးလား”

ရွှယ်ကျင်းက ကျန်းယွင်ကျူးကို သွေးတိုးစမ်းသလို မေးလိုက်သည်။

ဝူလင်စီရင်စုက သူတို့ဆိုင်ကို စဥ်းစားကြည့်ရင် ဟင်းတစ်ပွဲကို ၁၂ဝမ် ကနေ၂၄-၂၅ ဝမ်လောက်သာ ရှိတာလေ။ မာပိုတိုဟူးတစ်ပန်းကန်မှ ဝမ်နည်းနည်းပါးပါးပဲ ပေးရတာလေ။ အခုတော့ မြို့တော်မှာ စျေးတက်တယ်ဆိုရင်တောင် တက်တဲ့စျေးနှုန်းက အရမ်းများနေတယ်။

ဥပမာ ကြက်ခံတွင်းရှင်းဟင်းရည်ပေါ့။ တစ်ပွဲကို ၁၂လျန် တဲ့လား။

ဒါက ဘယ်သူက လာစားတော့မှာလဲ။

“နောက်ပိုင်းကျရင် တချို့လူတွေက ကျွန်မတို့တွေ ရောင်းတဲ့စျေးက အရမ်းသက်သာတယ်လို့တောင် ထင်ချင်ထင်ကြမှာ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။

သည်အချိန်တွင် လည်းတစ်စီးက အပြင်ဘက်တွင် ရပ်လိုက်သည်။ အသက် ၃၀ ဝန်းကျင်အမျိုးသမီးတစ်ယောက်၊ ဆယ်ကျောက်သက် ကောင်လေးတစ်ယောက် နှင့် ၈နှစ် ၉နှစ်အရွယ် ကောင်မလေးတစ်ယောက်တို့သည် လည်းပေါ်က ဆင်းလာလေသည်။

သူတို့သုံးယောက်နောက်တွင် အစေခံနှစ်ယောက်လည်းပါသည်။

“အမေ ဒီစားသောက်ဆိုင်နာမည်က ထူးဆန်းတယ်”

ကောင်လေးက စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး အမျိုးသမီးကို ချက်ချင်းပြောလိုက်၏။

“အမေ သမီးဗိုက်ဆာနေပြီ” ကောင်မလေးက အမျိုးသမီးလက်ကို တွဲထားပြီး ပြောလိုက်သည်။

“အရသာမရှိလို့ကတော့ အိမ်ပြန်ရောက်ရင် ငါ နင်တို့အစ်ကိုကြီးကို ဘယ်လို ပညာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်”

ပြောပြီးသည်နှင့် သူမသည် ကောင်လေးနှင့် ကောင်မလေးကို ဦးဆောင်ကာ စားသောက်ဆိုင်ထဲ ဝင်လာခဲ့လေသည်။

သည်အမျိုးသမီးသည် ယန်ရှန့်အမေဖြစ်သူ သခင်မယန် ဖြစ်သည်။ သူမသည် ဖိတ်စာထဲက ဟင်းလျာစာရင်းကို သံသယရှိသော်လည်း သားဖြစ်သူကို ယုံကြည်ခဲ့သည်။ သည်နေ့ လုပ်စရာမရှိသဖြင့် သူမက တစ်ချက်လောက်လာကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သူတို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျန်းယွင်ကျူးက ပြုံးလိုက်သည်။ သူမသည် သခင်မယန်ကို မသိသော်လည်း သူမ၏အဝတ်အစားကိုတော့ သိလေသည်။

“ကျွန်မတို့ အလုပ် ရောက်လာပြီ”

ရွှယ်ကျင်းသည် ချက်ချင်းဆိုသလို ပြန်အားတက်သွားတော့သည်။ တကယ်ကြီးလား။

ယွင်တုက သခင်မယန်ကို သွားနှုတ်ဆက်လိုက်ပြီး သူတို့သုံးယောက်ကို နေရာချပေးလိုက်လေသည်။ ထို့နောက် သူက သူတို့ကို သည်နေ့ဟင်းလျာစာရင်း ပြလိုက်သည်။

သည်အချိန်တွင် ကျင်းချန်းယန်သည် အရပ်ပုပု ဝဖိုင့်ဖိုင့်စားတော်ကဲတစ်ယောက်နှင့် ကောက်ကျစ်သည့် အစေခံခုနှစ်ယောက် ရှစ်ယောက်တို့နှင့်အတူ အပြင်မှ ဝင်လာခဲ့သည်။ သူသည် သည်နေ့ ရောက်လာခြင်းက အပြစ်လာရှာခြင်းပင်။

ကျန်းလိနျန်က သူ့ကို နှုတ်ဆက်လိုက်ပြီး အပေါ်ထပ်သို့ ဖိတ်ခေါ်လိုက်သည်။

မကြာမီတွင် နောက်တစ်ယောက် ရောက်လာပြန်သည်။ သူဌေးလော့ပင်။ သူသည် သည်နေ့ အလုပ်ကိစ္စဖြင့် မြို့အရှေ့ပိုင်းသို့ သွားခဲ့ရသည်။ အပြန်လမ်းတွင် သည်စားသောက်ဆိုင်ကို ရုတ်တရက် သတိရသွားပြီး တစ်ချက်လောက် လာကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

...

အပိုင်း (၁၀၁)

ဒီနေ့စားသောက်ဖွယ်စာရင်း : ကြာစေ့ငါးပေါက်စီ၊ ပန်းထိုးအသားလုံး ဟင်းရည်၊ ဖုရုံခံတွင်းမြိန်ကြက်သား.... ရှေးဟောင်းချဥ်စပ်ဟင်းရည် နှင့် အမျိုးသမီးစုန့် ငါးဟင်း။ အအေးဟင်း၊ အပူဟင်းနှင့် ဟင်းရည်အားလုံးပေါင်း ဟင်းလျာဆယ်မျိုးရှိသည်။

သခင်မယန်က အစားအသောက်စာရင်းနောက်တွင် ထပ်ရှိအုံးမလား စဥ်းစားလိုက်သေးသည်။ သို့သော် သူမသည် လှန်ကြည့်လိုက်ချိန်တွင် ကျောဖက်က ပြောင်ဖြစ်နေသည်။ ဒါဆို ဟင်းလျာဆယ်မျိုးပဲ ရောင်းတဲ့ စားသောက်ဆိုင်လား။

ယွင်တုက သူမ၏သံသယများကို မြင်သွားသယောင် ရှင်းပြလိုက်လေသည်။

“သူဌေးက နေ့တိုင်း ကျွန်တော်တို့ ဆိုင်မှာ တည်ခင်းမဲ့ဟင်းလျာတွေကို ဆုံးဖြတ်ပြီးမှ ကျွန်တော်တို့က အဲဒီနေ့အတွက် ဟင်းလျာဆယ်မျိုးကိုပဲ ချက်ပါတယ်”

သူမအတွက် သည်လိုစားသောက်ဆိုင်မျိုးကို တွေ့ရသည်မှာ ပထမဆုံးပင်။ သခင်မယန်သည် အံ့ဩသွားသော်လည်း ဘာမှ မပြောလိုက်ပေ။ သူမသည် စတင် မှာယူလိုက်လေသည်။

ပထမဆုံး သူမသည် အမျိုးသမီးစုန့် ငါးဟင်းကို မှာလိုက်သည်။ အဓိကအကြောင်းအရင်းမှာ ကြီးမားလွန်းလှသည့် ဂုဏ်သတင်းကြောင့်ပင်။ ကျန်တာကတော့ ဟင်းလျာနာမည်များကို မသိသလောက်ပင်။ တချို့ဟင်းလျာများကိုတော့ ဟင်းလျာနာမည်ကို ကြည့်ရုံဖြင့် ဘာဟင်းလျာဖြစ်မည်မှန်း ခန့်မှန်းလို့ရပြီး တချို့ကိုတော့ မခန့်မှန်းနိုင်ပေ။ သူမသည် ကြုံသလို ဟင်းလျာနည်းနည်းပါးပါးကို သည်အတိုင်းမှာလိုက်တော့သည်။

သည်အချိန်တွင် ကျန်းချန်းယန်သည် သီးသန့်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူသည် အခန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း ကွာခြားချက်ကို ခံစားမိလိုက်သည်။

ဒီသီးသန့်ခန်းက သားနား အထက်တန်းဆန်ဆန် ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိတာပဲ။ စားသောက်ဆိုင်တစ်ခုထဲက သီးသန့်ခန်းနဲ့တောင်မတူဘူး။ အိမ်က ထမင်းစားခန်းနဲ့တောင် နည်းနည်းတူသေးတယ်။ အထူးသဖြင့် သူ ထိုင်ချလိုက်တာနဲ့ ထွင်းထုထားတဲ့ သစ်သားကုလားထိုင်မှာ မပျော့လွန်း မမာလွန်းတဲ့ ထိုင်ဖုံတစ်ခု တင်ထားတယ်။ အရမ်းကို အဆင်ပြေပြီး သူ့ခါးကို ထောက်ခံထားပေးတယ်။

ကုလားထိုင်ကို မှီလိုက်ပြီး သူသည် တော်တော်လေး သက်သောင့်သက်သာရှိသည်ဟု ခံစားလိုက်ရလေသည်။ သူသည် နောက်ဆိုလျှင် သူ့အိမ်တွင်လည်း သည်လိုထိုင်ဖုံမျိုး ထားလျှင် ကောင်းနိုးနိုးဟု စဥ်းစားမိလိုက်သည်။

တကယ်တော့ ထိုင်ဖုံတစ်ခုထဲ မဟုတ်ပါဘူး။ ဒီသီးသန့်အခန်းနဲ့ မြင်ကွင်းထဲ ဝင်လာတာအားလုံးပဲ။ နံရံမှာ ဆွဲထားတဲ့ ပန်းချီဖြစ်ဖြစ်၊ ဘေးက ပန်းအိုးတွေပဲ ဖြစ်ဖြစ်၊ သူ့ရှေ့က စားပွဲကတောင် အားလုံးက မျက်လုံးထဲမှာ စိတ်ကျေနပ်စေပြီး အပန်းပြေတဲ့ ခံစားချက်ဖြစ်စေတယ်။

ဒီအခန်းနဲ့လုံးဝ မလိုက်ဖက်နေတာက ပုတိုတို ဝဖိုင့်ဖိုင့် စားတော်ကဲဟန်နဲ့ သူခေါ်လာတဲ့ လူယုတ်မာအစေခံတွေပဲ။ သူတို့တွေက ဖရိုဖရဲ၊ အဝတ်အစားအစုတ်၊ ဖွာလန်ကျဲခေါင်းနဲ့ ကြွက်မျက်လုံးတွေ။ ပန်းပေါင်းစုံစားသောက်ပွဲထဲ ကျလာတဲ့ ကြွက်တစ်အုပ်ကျနေတာပဲ။ ကြည့်ရတာ အရမ်းကို အနှောင့်အယှက်ဖြစ်တယ်။

အရင်က သူတို့ကို အရမ်းရွံစရာကောင်းတယ်လို့ ဘာလို့များ မခံစားမိခဲ့ပါလိမ့်နော်။

“မင်းတို့အားလုံး ထွက်သွားပြီး ငါ့ကို စောင့်နေကြ”

ထိုလူယုတ်မာ အစေခံများသည် အခန်းထဲက ပစ္စည်းများကို ဖျက်ဆီးပစ်ချင်ကြသော်လည်း ကျင်းချန်းယန်က ဆက်ပြီး သည်းမခံနိုင်တော့ဘဲ အမိန့်ပေးလိုက်လေသည်။

ထိုလူယုတ်မာအစေခံများက နားမလည်ကြပေ။ သူတို့တွေ ပြဿနာလာရှာကြတာမလား။ သခင်လေးက သူတို့ကို ထွက်သွားခိုင်းတာ ဘာအဓိပ္ပာယ်လဲ မသိဘူး။

“ထွက်သွား”

ကျင်းချန်းယန်က အော်ဟစ်လိုက်၏။ သူတို့ကို မြင်ရတာ သူတောင် ရှက်မိတယ်။ သူတို့တွေ ပုံမှန်အချိန်ဆိုရင် မှန်တောင်မကြည့်ကြဘူးလား။ သည်လိုရုပ်တွေနဲ့ အပြင်ထွက်ရဲကြတယ်လို့။

လူယုတ်မာအစေခံတစ်စုက မျက်လွှာချပြီး သီးသန့်အခန်းထဲက ထွက်သွားလိုက်လေသည်။

“အကြီးဆုံးသခင်လေး ကျွန်တော်...”

စားတော်ကဲဟန်က မြောက်ပင့်သည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

အစကတည်းက သူက ဝဖိုင့်ဖိုင့်ရှိသည်။ သူက သည်လိုပြုံးလိုက်သောအခါ သူ့မျက်ခုံးနှင့်မျက်လုံးများက တပြိုင်ထဲ ကျုံ့သွားပြီး သူ့ကို တစ်နည်းနည်းဖြင့် စိတ်ပျက်စရာကောင်းစေနေတော့သည်။

“ခင်ဗျားလည်း ထွက်သွား” ကျင်းချန်းယန်က ရွံရှာဟန်ဖြင့် ပြောလိုက်၏။

စားတော်ကဲဟန်၏ မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားတော့သည်။ သူက ထရပ်လိုက်ပြီး သီးသန့်ခန်းထဲမှာ တစ်လှမ်းချင်း လျှောက်ကာ ထွက်သွားလိုက်လေသည်။

သီးသန့်ခန်းသည် သန့်ရှင်းသွားတော့သည်။ ကျန်းလိညန်က ရှေ့သို့ လှမ်းလိုက်ပြီး အစားအသောက်စာရင်းကို ကျင်းချန်းယန်အား လှမ်းပေးလိုက်သည်။

ကျန်းလိညန်သည် ခန္ဓာကိုယ်ပေါ်တွင် အေးစက်စက် အငွေ့အသက်တစ်ခုနှင့် လှပသူဖြစ်သည်။ သူမက ဒီအခန်းထဲမှာ ရပ်နေပြီး အစားအသောက်စာရင်းကို လှမ်းပေးလိုက်တော့.... မိန်းမလှတွေနဲ့၊ လှပတဲ့အသုံးဆောင်ပစ္စည်းတွေ။ ကျင်းချန်းယန်သည် နောက်ဆုံးတော့ မှန်ကန်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရတော့သည်။

သူသည် ရုတ်တရက်ဆိုသလို သည်စားသောက်ဆိုင်က ပြုလုပ်သည့် ဟင်းလျာများကို မျှော်လင့်မိသွားပြီး မည်မျှအရသာရှိကြောင်း စဥ်းစားနေမိတော့သည်။

အစားအသောက် လှလှလေးတွေကြောင့်ပေါ့...

မဟုတ်လို့ကတော့ သူ ဒီဆိုင်ကို ဖြိုပစ်ရမယ်။

သူသည် အစားအသောက် စာရင်းကို ကြည့်လိုက်လေသည်။ သို့သော် စားရင်ထဲတွင် ဟင်းလျာဆယ်မျိုးကိုသာ တွေ့လိုက်ရသည်။ သူ့မှာ မကြည်နိုင်စွာဖြင့် အစားအသောက်စာရင်းကို လှန်ကြည့်လိုက်သည်။ ကျောဖက်တွင် ဘာမှမရှိပေ။ ဟင်းဆယ်မျိုးသာရှိလေသည်။

“သိုးသား ငါဖက်ထုပ်နဲ့ ထိုက်ပိုင်ဘဲ ကဘယ်မှာလဲ” သူက ဒေါသကို ဖိနှိပ်ကာ မေးလိုက်သည်။

“ဆိုင်ပိုင်ရှင်ရဲ့ စည်းမျဥ်းက တစ်နေ့တာအတွက် သူမ တည်ခင်းချင်တဲ့ ဟင်းလျာကိုပဲ ဧည့်ခံမှာပါ”

ကျန်းလိညန်၏အသံက အနည်းငယ် အေးစက်နေသော်လည်း ရွှေနှင့်ကျောက်စိမ်းတို့ ထိခတ်မိသံနှင့် တူနေသည်။ အလွန်မှ နားဝင်ချိုလှသည်။

ကျင်းချန်းယန်သည် ဒေါသကြောင့် အော်ရယ်မိမတတ်ပင်။ ဒါက ဘယ်လိုဆိုင်ပိုင်ရှင်မျိုးလဲဟ။ သိပ်ကို မောက်မာလွန်းတာပဲ။

ချက်ချင်းဆိုသလို သူသည် စားပွဲကို လှန်ပစ်ပြီး ပြဿနာရှာမည် ပြင်လိုက်လေသည်။

သို့သော် သူ့ဘေးက မိန်းမလှလေးကို မြင်လိုက်ချိန်တွင်တော့ သူသည် အစားအသောက် ထွက်လာသည်အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ အရသာမရှိလို့ကတော့ ပွဲစ,ပြီပဲ။ လှပတဲ့ ရမ္မက်အတွက် နူးနူးညံ့ညံ့လေး ထုတ်ပြနေတာလို့ မှတ်လိုက်မယ်။

သူသည် အစားအသောက်စာရင်းကို ထပ်မကြည့်တော့ပေ။

“အားလုံးချပေး”

ဟင်းဆယ်မျိုးပဲ ရှိတာလေ။ ကျင်းမိသားစုက ချမ်းသာပါတယ်။ အိမ်မှာဆိုရင် သူက တစ်နပ်စားတိုင်း ဒါထက်များတဲ့ ဟင်းပွဲတွေ စားနေကျပဲ။

ကျင်းချန်းယန်က ထိုနေရာတွင်ထိုင်ကာ စောင့်နေလိုက်၏။

သည်အခိုက်တွင် သူ့ဘေးအခန်းက သူဌေးလော့သည် သီးသန့်အခန်းထဲက ပရိဘောဂများကို စိတ်ဝင်စားနေပြီး စိတ်ထဲက ကျိတ်အံ့ဩနေတော့သည်။ ဒီအခန်းရဲ့အခင်းအကျင်းက အရမ်းကို လက်ရာမြောက်တာပဲ။ ဒါပေမဲ့ ဒါက ဘယ်သူ့လက်ရာလဲဆိုတာ သူ မသိရဘူး။ ဒီဆိုင်က သူ့ကို အံ့ဩအောင် လုပ်ပေးနိုင်ကောင်းပါရဲ့။

သူက ထိုင်ချလိုက်သည်။ ကျန်းချန်းချွမ်းက အစားအသောက်စာရင်းကို လှမ်းပေးလိုက်၏။

ဟင်းလျာဆယ်မျိုးသာ ရှိသည်။ သူဌေးလော့က ဟင်းလျာအမည်များကို ကြည့်လိုက်ပြီး သူ စိတ်အဝင်စားဆုံး ဟင်းလျာလေးမျိုးကို မှာယူလိုက်လေသည်။

ရှေ့က အမှာစာများ ရောက်လာပြီးနောက်တွင် အနောက်ဘက်တွင် ချက်ချင်းအလုပ်များ လာကြတော့သည်။

ဒါသည် သူတို့ဆိုင်သစ်လေး၏ ပထမဆုံးအလုပ် ဖြစ်လေသည်။ ကျန်းယွင်ကျူးက သူမ၏ အရည်အချင်းအားလုံးကို ထုတ်ပြတော့သည်။ သူမသည် ဟင်းအားလုံးကို ကိုယ်တိုင်ချက်ပြုတ်လိုက်ပြီး ရွှယ်ကျင်းနှင့် ကျန်းဟယ် တို့က သူမကို ကူညီပေးကြသည်။

ခဏကြာပြီးနောက်တွင် ဟင်းလျာများ တစ်ခုပြီးတစ်ခု အဆင်သင့်ဖြစ်လာကာ ယူထွက်လာလေသည်။

သခင်မယန်၏ ဟင်းလျာများက အရင်ဆုံးရောက်လာသည်။ သူမက ဟင်းလျာ ငါးမျိုးကို မှာထားခဲ့သည်။ ပန်းထိုးအသားလုံးဟင်းရည်၊ ဖုရုံနှုတ်မြိန်ကြက်သား၊ နဂါးဇာမဏီအသားလုံးအရော၊ မက်မွန်နို့နှစ် နှင့် အမျိုးသမီးစုန့်ငါးဟင်းရည် တို့ဖြစ်သည်။

ပန်းထိုးအသားလုံးဟင်းရည်ကို ပါးလွှာသည့် အဖြူရောင် ကြွေထည်ပန်ကန်းလေးတစ်လုံးထဲတွင် ထည့်ထားသည်။ ဟင်းရည်သား ကြည်ကြည်လေးက အရောင်ကို ဖောက်ထွင်းမြင်နေရသည်။ ဟင်းရည်ကြည်ကြည်လေးထဲတွင် ကလေးလက်သီးအရွယ် အသားလုံးတစ်ခုက လိမ့်နေလေသည်။ အသားလုံးသည် အဝါရောင်နှင့် ပန်းရောင်ဖြစ်ပြီး ခြောက်လပန်းတစ်ပွင့်နှင့် တူလှသည်။

သခင်ယန်က ဝက်သားလုံး ရည်ကြည်စွပ်ပြုတ်ကို စားခဲ့ဖူးသည်။ ဟွိုင်ယန်းမှာ နာမည်ကြီးဟင်းတစ်မျိုးလေ။ ဒီပန်းထိုးအသားလုံးဟင်းရည်က ဒီဟင်းနဲ့များ ဆက်စပ်နေမလား သိချင်မိပါရဲ့။

အကယ်၍များ သည်လိုအချိန်တွင် တကယ့်စာတတ်ပေတတ်လူများသာ ရှိခဲ့ပါလျှင် သည်ပန်းထိုးအသားလုံးဟင်းရည်သည် ရှေးခေတ်စာအုပ် ‘အမြီးပါလောင်မြိုက်တဲ့ စားသောက်ပွဲစာရင်း’ထဲက နာမည်ကြီး ဟင်းပွဲတစ်ခုဖြစ်ပြီး ခြင်္သေ့ဦးခေါင်း စွပ်ပြုတ်ဟင်းရည်အကြည်ထက် ပိုစောက ပေါ်ထွက်ခဲ့မှန်းကို အမှတ်ရကြလိမ့်မည်။

သခင်မယန်သည် သည်ဟင်းလျာများကို လေ့လာကြည့်နေလိုက်သည်။ သူမ၏ဘေးက ကောင်လေးနှင့် ကောင်မလေးတို့သည် ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ဒီဟင်းလျာက အရသာရှိတဲ့ ရနံ့ထွက်နေသည်ပဲ။

“အမေ စားလေ” ကလေးမလေးက သခင်မယန်ကို တိုက်တွန်းလိုက်သည်။

“စားကြစို့” သခင်မယန်က ပြုံးကာ ပြောလိုက်သည်။

ကောင်လေးနှင့် ကလေးမလေးတို့သည် သူမ၏စကားကို စောင့်ဆိုင်းနေကြရာ တူကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး သူတို့စားချင်သည့် ဟင်းလျာများကို ညှပ်ယူလိုက်တော့သည်။

ကောင်လေးက ဖုရုံနှုတ်မြိန်ကြက်သားတဟ်တုံး ယူလိုက်သည်။ မနှစ်က ယန်ရှန်သည် လူများလွှတ်ကာ အရိုးမဲ့ ဘဲခြေထောက်၊ ဝက်မြီး စသည့် အိုးနှပ်အစပ်အရသာ အစားအသောက် အများအပြားကို အလောတကြီး ပြန်ပို့ခိုင်းလိုက်သည်။ သူသည် ထိုအသားကို စားပြီး ချက်ချင်း ကြိုက်သွားတော့သည်။ ကံဆိုးချင်လေရာ ဟင်းများက နောက်ကျတော့ ကုန်သွားလေသည်။ သူက မည်မျှပင် ပူဆာပါသော်လည်း ယန်ရှန့်က ထပ်ယူပြန်မလာတော့ချေ။

သည်တစ်ကြိမ်တွင် သူသည် ဖုရုံနှုတ်မြိန်ကြက်သားကို တွေ့လိုက်လေသည်။ အဆီရွှဲရွှဲကြက်သားတုံးများက အနီတောက်တောက် ငရုတ်ဆီထဲတွင် နှစ်နေပြီး မြေပဲ၊ နှမ်းစေ့ နှင့် တခြားပစ္စည်းများကို အပေါ်က ဖြူးထားသည်။ သူ့စားလိုစိတ်မှာ ချက်ချင်း ထိုးထွက်လာတော့သည်။

ကြက်သားတုံးများကို ငရုတ်ဆီထဲတွင် နှစ်လိုက်သည်။ သူသည် ကြက်သားတုံးကို ပြန်ထုတ်လိုက်ချိန်တွင် အရည်က တစက်စက်ကျနေသည်။ ငရုတ်ဆီထဲတွင် တခြားပါဝင်ပစ္စည်းများ ပါနေသယောင်။ ဟင်းရည်က အလွန်မှပျစ်နှစ်နေလေသည်။

သူ့ပါးစပ်ထဲ ရောက်သွားသည်နှင့် ပထမဆုံးခံစားချက်က အစပ်အရသာမဟုတ်ဘဲ အရသာမျိုးစုံလှသည်။ စုံလိုက်တဲ့ အရသာပဲဟ။ ကြက်သား၊ ငရုတ်သီး၊ မြေပဲ အရသာတွေနဲ့ အမွှေးအကြိုင်အမျိုးမျိုးက အတူတူရောနေပြီး ပါးစပ်ထဲမှာ ပေါက်ထွက်သွားတယ်။

အဲဒီနောက်မှာမှ အစပ်အရသာ။ ခြောက်ပြီး စပ်နေတာမဟုတ်ဘဲ ချိုစပ်လေး။

“အမေ အရသာရှိလိုက်တာ”

ကောင်လေးက ဖုရုံနှုတ်မြိန်ကြက်သားကို လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားဟန်ဖြင့် မှတ်ချက်ပေးလေသည်။ ဒီဟင်းက မနှစ်က ယန်ရှန့်ပြန်ပို့လာပေးတဲ့ သရေစာတွေထက် အရသာရှိတာပဲ။ သူ့အိပ်မက်တွေ ပြည့်ဝသွားပြီး မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုကို ရလိုက်သလိုပဲ။

ဟုတ်ပါသည်။ သည်ဟင်းက ထိုသရေစာများထက် ပိုပြီး အရသာရှိလေသည်။ နှစ်ခုလုံးကို ကျန်းယွင်ကျူး လုပ်ခဲ့သည်ဆိုသော်လည်း ထိုသရေစာများက သူတို့လက်ထဲသို့ ရောက်ရန် အချိန်တော်တော် ကြာသွားခဲ့သည်။ အရသာက အများကြီး လျော့သွားနှင့်ပြီးဖြစ်သည်။

သည်ဖုရုံနှုတ်မြိန်ကြက်သားကတော့ လတ်လတ်ဆတ်ဆတ် သ-တ်ထားသည့် ကြက်သားဖြင့် လုပ်ထားခြင်းဖြစ်သည်။ ကြက်သားက လတ်နေမှ အရသာရှိသည်။ ပန်းငရုတ်ကိုပင် လတ်လတ်ဆတ်ဆတ် ကြော်ထားခြင်းပင်။

ကောင်လေးဘေးက ကလေးမလေးသည် နဂါးဇာမဏီအသားလုံးဟင်းကို စားလိုက်သည်။ နာမည်ပေးထားသည့်အတိုင်းပင် သည်ဟင်းလျာကို ကြက်သား၊ ပုစွန်တို့ဖြင့် လုပ်ထားသည်။ ကြက်သားကို ကြက်သားလုံးဖြစ်အောင် လုပ်ထားပြီး ပုစွန်ကို ပုစွန်အသားလုံး ဖြစ်အောင်လုပ်ထားသည်။ သူတို့ကို အိုးတစ်လုံးထဲတွင် ရွှေညိုရောင်သန်းလာသည်အထိ ဆီမြှုပ်နေအောင် ကြော်ရသည်။ ထို့နောက်တွင် ဆီအိုးထဲ၌ မွှေကြော်ပြီး အပေါ်က ဟင်းရည် လောင်းထည့်ထားခြင်းဖြစ်သည်။

ရလာသည့်ပစ္စည်းက ရွှေဝါရောင်ဖြစ်ပြီး ဟင်းရည်က အကြည်ရောင်ဖြစ်လေသည်။ ကိုက်ချလိုက်သောအခါ ပုစွန်အသားလုံးက အပြင်ဖက်တွင် ကြွပ်ရွနေသော်လည်း အထဲက အရည်များ စိမ့်ထွက်လာရသည်အထိ နူးညံ့အိစက်နေသည်။ အလွန်မှ လန်းဆန်းစေပြီး အရသာရှိလှသည်။

“အမေ ဒါလည်း အရသာရှိတယ်”

ကလေးမလေးက ပုစွန်အသားလုံးကို ထပ်နှိုက်လိုက်ပြီး သူမ၏အတွေ့အကြုံကို သခင်မယန်အား မမေ့မလျော့ တင်ပြလိုက်သေးသည်။

သူတို့ အရေးတကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် သခင်မယန်က သူတို့ကို မကျေမချမ်းဖြင့် စိုက်ကြည့်တော့သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက စစ်သူကြီးကျန်းကောအိမ်က သားနဲ့ သမီးတွေလေ။ ဒီလိုပုံက...အမလေးနော်။ သူမက ပန်းထိုးအသားလုံးဟင်းကို စားလိုက်ပြီးနောက်တွင်တော့ ထိုအကြောင်းကို စဥ်းစားဖို့ပင် အချိန်မရှိတော့ပေ။ ဒီအသားလုံးက တော်ဝင်စားဖိုဆောင်ကလုပ်တဲ့ ဝက်သားလုံးထက်တောင် ပိုကောင်းနေတာပဲ။

သုံးယောက်သားသည် အစားအသောက်ထဲတွင် ခေါင်းစိုက်ထားလိုက်ကြတော့သည်။

သည်အချိန်တွင် ကျင်းချန်းယန်၏ဟင်းများကို တစ်ခုပြီးတစ်ခု တည်ခင်းပေးလိုက်သည်။ ရှေးဟောင်း ချဥ်စပ်ဟင်းရည်ကို အရင်ဆုံး တည်ခင်းထားသည်။ သူက သည်ဟင်းကို အရင်ဆုံး စားလိုက်သည်။

သည်ဟင်းပွဲကို တည်ခင်းပြီးသည်နှင့်ချက်ချင်း လူများ၏မျက်လုံးများကို လင်းလက်သွားစေတော့သည်။ အရောင်က အလွန်မှ လှပကာ နှစ်ဆီရောင်နှင်းတောင်နှင့် တူနေလေသည်။ ရှေးဟောင်းချဥ်စပ်ဟင်းရည်ဟု ခေါ်သည်မှာလည်း မဆန်းတော့ပေ။

သူ့အရသာမှာတော့။ သည်ဟင်းလျာကို တိုဟူး၊ ခေါင်းရန်းပန်းတို့နှင့် လုပ်ထားသဖြင့် တိုဟူး၏ ထူးခြားသည့်အနံ့ရသော်လည်း ပဲညှိနံ့က မရှိပေ။ ခေါင်ရန်းပန်း၏ ခပ်ဖျော့ဖျော့အချိုအရသာနှင့် ပေါင်းစပ်ထားသည်။ ပေါ့ပါးသယောင် ထင်ရသော်လည်း နောက်ပိုင်းထွက်လာသည့် အရသာက မဆုံးတော့ပေ။

မိန်းမလှလေးတစ်ယောက်နှယ်ပင်။ ပျော်ရွှင်မှုကို ခံစားမိရန် အရသာကို သေသေချာချာ မြည်းစမ်းကြည့်ရသည်။

ရှေးဟောင်းချဥ်စပ်ဟင်းရည်ကို စားပြီးနောက် ကျင်းချန်းယန်သည် ခဏလောက် ငေးမောမိသွားပြီး နောက်ဟင်းလျာတစ်ခုကို စားတော့သည်။

ကြာစေ့ငါးပေါက်စီ။ သည်ဟင်းလျာကိုတော့ လတ်လတ်ဆတ်ဆတ် ကြာစေ့အဆံကို ထုတ်ပြီးလုပ်ထားကာ တရုတ်ငါးအသားကို ပေါင်းပြီး အထဲတွင် ဟင်းခတ်အမွေးအကြိုင်အမျိုးမျိုး ထည့်ထားခြင်းဖြစ်သည်။ ကျက်သွားသည့်ငါးက နူးညံ့အိစက်ပြီး ကြာစေ့၏ တမူထူးခြားသည့် ရနံဖြင့် မွှေးပျံ့နေသည်။ ရေကန်ထဲက ငါးလေး အတိုင်းပင်။ ယူမာမီအရသာက မဆုံးနိုင်အောင်ပင်။

နောက်ဟင်းတစ်မျိုးက ဖုရုံနှုတ်မြိန်ကြက်သားဟင်းဖြစ်သည်။ သည်ဟင်းလျာတွင်လည်း တကယ့်ကို လွှမ်းမိုးလောင်သည့် အရသာတစ်ခုရှိပေသည်။ သို့တိုင် လူများ၏လက်ချောင်းများကို ကွေးညွှတ်သွားစေတော့သည်။

ထို့နောက်တွင်တော့...

သည်အချိန်တွင် သူဌေးလော့က အမျိုးသမီးစုန့်၏ငါးဟင်းကို စားနေလေသည်။

အမျိုးသမီးစုန့်၏ငါးဟင်းသည် ရှေ့ပိုင်းမင်းဆက်က စုန့်မိသားစုမှ အမျိုးသမီးတစ်ယောက် လုပ်ခဲ့သည်ဟု သတင်းများရှိသည်။ သူမ၏ခင်ပွန်းသည်က မိသားစုတွင် ငါးယောက်မြောက်(ဝူ) ဖြစ်သဖြင့် အားလုံးက သူမကို အမျိုးသမီး ဝူစုန့် ဟုခေါ်ကြသည်။ သူမလုပ်ထားသည့် ငါးဟင်းက ဂဏန်းသားအရသာနှင့် တူပြီး ဧကရာဇ် ကောင်းကျုံးကပင် ချီးကျူးရလောက်အောင် အလွန်မှ အရသာရှိလေသည်။ ထိုဟင်းလျာက တစ်လောကလုံးတွင် နာမည်ကြီးလာခဲ့သည်။

ရှေ့မင်းဆက် ပျက်သုဥ်းသွားပြီးနောက်တွင် အမျိုးသမီး ဝူစုန့်လည်း ပျောက်ကွယ်သွားပြီး သည်အစ်မကြီးစုန့် ငါးဟင်းလည်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ပိုင်းတွင် လူတော်တော်များများက သည်ငါးဟင်းကို တုပပြီး လုပ်ကြသော်လည်း အမျိုးသမီး ဝူစုန့်လောက် မကောင်းကြပေ။

သူဌေးလော့သည် အမျိုးသမီးစုန့် ငါးဟင်းကို အသိချင်ဆုံးဖြစ်လေသည်။ ငါးဟင်းကို တည်ခင်းလာချိန်တွင် သူက သည်ဟင်းကို အရင်ဆုံး လေ့လာကြည့်လိုက်လေသည်။

ဟင်းရည်က စူးရှတဲ့အနံ့အရသာတစ်ခုနဲ့ ကြည်လင်ရွှမ်းစိုနေတယ်။ အရောင်အနံ့က အောင်မြင်တယ်။၊ ဒီဟင်းက အရည်အချင်း မီလောက်ပါတယ်။ အရသာကိုပဲ မသိရသေးဘူး...

သူက ဇွန်းကို ကောက်ကိုင်လိုက်ပြီး ငါးဟင်းရည်တစ်ဇွန်းအပြည့်ကို ခပ်လိုက်သည်။

ငါးဟင်းရည်က အလွန်မှ ချွဲပစ်နေသဖြင့် ခပ်ယူဖို့ရာ ခက်ခဲသည်ဟု ခံစားလိုက်ရသည်။

သူ့ပါးစပ်ထဲသို့ တစ်ဇွန်းသွင်းလိုက်သည်။ လတ်ဆတ်တယ်။ လတ်ဆတ်နေတာပဲ။ ငါးရဲ့အလှအပကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်လိုက်ရတာပဲ။

ပြီးတော့ အရမ်းလတ်ဆတ်ပြီး ချွဲပစ်နေတော့ ဂဏန်းသားနဲ့ တူတယ်။

ဟင့်အင်း။ ဒီဟင်းရည်ကို ဒီလောက်အရသာရှိအောင် လုပ်ပေးတဲ့ တခြားပါဝင်ပစ္စည်းတွေးလည်း ရှိရမယ်။ ဒါပေမဲ့ အထဲမှာ ဘာတွေပါပါလိမ့်။ သူဌေးလော့သည် တစ်ဇွန်းပြီး တစ်ဇွန်း ခပ်သောက်လေသည်။ အချိန်တိုအတွင်းတွင် သူသည် ငါးဟင်းရည်တစ်ပန်းကန်လုံး ကုန်သွားသော်လည်း ငါးဟင်းရည်ကို ထိုမျှလောက် အရသာရှိအောင် လုပ်ပေးထားသည့် အရာကို ရှာမတွေ့နိုင်ခဲ့ပေ။

သူသည် ခေါင်းကုပ်လိုက်ပြီး စားဖိုဆောင် အနောက်ဘက်သို့ သွားရောက်ကာ မေးချင်စိတ် ဖြစ်သွားတော့သည်။

သူက ထတော့မည်ပြင်လိုက်သည်နှင့် သူ့နဖူးကို ပြန်ရိုက်လိုက်လေသည်။ သူ သွားမေးတော့ရော ဘယ်သူမှ ပြန်ဖြေမှာ မဟုတ်ဘဲနဲ့။

အခုချိန်အထိ အမျိုးသမီးစုန့် ငါးဟင်းရည်ရဲ့ မူလအရသာကို ဘယ်သူမှ ပြန်မလုပ်နိုင်သေးဘူးလေ။ ဒါကပဲ အဓိကသော့ချက် ဖြစ်မယ်ထင်တယ်။

သူသည် ပြင်းပြနေသည့်မျက်လုံးများနှင့် ငါးဟင်းရည်ကို ကြည့်လိုက်လေသည်။ သည်ဟင်းက အမျိုးသမီးစုန့် ငါးဟင်းရည် မူလလက်ရာစစ်စစ် ဖြစ်လောက်သည်ဟုပင် သံသယဖြစ်မိတော့သည်။

ဘယ်သူကများ ဒီဟင်းလျာကို ပြန်လည်ချက်ပြုတ်ခဲ့တာပါလိမ့်။

သူသည် တူကို ရုတ်တရက် ကောက်ကိုင်လိုက်ပြီး တခြားဟင်းလျာများကို စတင် စားသောက်လိုက်သည်။

သူသည် ထပ်ပြီး မစားနိုင်တော့ချိန်တွင်တော့ ကုလားထိုင်တွင် ထိုင်ရင်း ဟင်းပန်းကန်လွတ်များကို ငေးကြည့်နေမိတော့သည်။ သူ့စိတ်တို့လည်း လှည့်ပတ်သွားလာနေသည်။ ဒီဟင်းတွေကို ချက်ပြုတ်တဲ့ စားဖိုမှူးက သေချာပေါက် နာမည်ကြီး စားတော်ကဲတစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့အဆင့်က ပိုင်မိသားစုရဲ့ နာမည်ကြီး စားတော်ကဲထက်တောင် အများကြီး သာသေးတယ်။

ဒီလောက်နာမည်ကြီးတဲ့ စားဖိုမှူးတစ်ယောက်က မြို့တော်ကို ဘယ်တုန်းက ရောက်လာပါလိမ့်။

သူကရော.....

...

အပိုင်း(၁၀၂)

ကျန်းယွင်ကျူးသည် ချက်ပြုတ်ပြီးစီးသွားပြီး သူမ၏လက်ကို ဆေးကြောကာ အနားယူဖို့ ပြင်ဆင်လိုက်လေသည်။ သည်အချိန်တွင် ယွင်တု၊ ကျန်းလိညန်နှင့် ကျန့်ချန်းချွမ်းတို့သည် တစ်ယောက်ပြီးတစ်ယောက် သူမကို လာရှာကြကာ ဧည်သည်များက သူမနှင့်တွေ့ချင်သည်ဟု လာပြောကြတော့သည်။

“ကျွန်မကို တွေ့ချင်လို့ဟုတ်လား” ကျန်းယွင်ကျူးမှာ အံ့ဩသွားလေသည်။

သေသေချာချာ မေးလိုက်ပြီးမှာ သခင်မယန်နှင့် ကျင်းချန်းယန်က စားဖိုမှူးနှင့် တွေ့ချင်ပြီး သူဌေးလော့ကတော့ ဆိုင်ရှင်ကို တွေ့ချင်နေခြင်းပင်။

အရသာရှိလှသည့် အစားအသောက်များကို စားသောက်ပြီးနောက် အခြေအနေက စားဖိုမှူးနှင့်တွေ့ချင်သူ သို့မဟုတ် စားသောက်ဆိုင်က သူဌေးနှင့် တွေ့ချင်သူများရှိလာလေသည်။

ကျန်းယွင်ကျူးသည် အနည်းငယ် ပင်ပန်းနေပြီး သည်လူများနှင့် မဆက်ဆံလိုချေ။ သူမက ကျင့်ကျောင်းယွဲ့ကို ကြည့်လိုက်သည်။ အခုတော့ သူမသည် ဆိုင်တာဝန်ခံဖြစ်လေသည်။ သည်လိုကိစ္စမျိုးတွင် သူမက ရှေ့ထွက်သည်က ပိုကောင်းလေသည်။

ကျင့်ကျောင်းယွဲ့က ချိုသာစွာ ပြုံးလိုက်ပြီး ရွှင်လန်းကာဖြင့် ရှေ့သို့ သွားလိုက်တော့သည်။

သည်အခိုက်တွင် သခင်မယန်တို့ သုံးယောက်က သူတို့၏အစားအသောက်များကို စားသောက်ပြီးစီးသွားကာ ထိုနေရာတွင် ထိုင်ပြီး လက်ဖက်ရည်သောက်နေကြသည်။

သခင်မယန်က စားဖိုမှူးကို အဘယ်ကြောင့်တွေ့ချင်ရပါသနည်း။ တစ်ချက်မှာ သည်စားဖိုမှူးသည် အလွန်မှအရသာရှိလှသည့် အစားအသောက်ကို ချက်ပေးခဲ့သည်။ မည်သို့သော စားဖိုမှူးက သည်လောက်အရသာရှိသည့် အစားအသောက်များကို ချက်ပါသနည်းဟု အနည်းငယ် သိချင်သွားလေသည်။

ဒုတိယတစ်ချက်နှင့် အရေးအကြီးဆုံး အချက်မှာ သူမသည် စားသောက်နေရင်း သည်ဖုရုံနှုတ်မြိန်ကြက်သား၏ အရသာက မနှစ်က ယန်ရှန့် လုပြည်နယ်မှ ပို့ပေးလိုက်သည့် ဝက်အူချောင်းနှင့် သရေစာများနှင့် ဆင်တူနေသည်မဟုတ်ပါလား။

ထိုအကြောင်းကို ပြန်စဥ်းစားကြည့်လိုက်တော့ ယန်ရှန့်သည် သူမကို အရင်က ဘယ်စားသောက်ဆိုင်ကိုမှ မထောက်ခံပေးဖူးခဲ့ချေ။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူက ရုတ်တရက်ကြီး လုပ်ပေးခဲ့လေသည်....

သူမ၏ဝမ်းတွင်းသိစိတ်က တစ်ခုခုကို ထုတ်ပြောနေသည်မဟုတ်ပါလား။

သိပ်မကြာခင်တွင် ကျင့်ကျောင်းယွဲ့က တံခါးလာခေါက်ပြီး သီးသန့်အခန်းထဲသို့ ဝင်လာခဲ့သည်။ သူမက သခင်မယန်ကို တွေ့လိုက်ရချိနတွင် သူမ၏မျက်နှာပေါ်က အပြုံးက အနည်းငယ် လျော့ကျသွားတော့သည်။ သူမသည် ဒုခေါင်းဆောင်၏မိခင်၊ စစ်သူကြီးကျန်းကော၏ ဇနီး သခင်မယန်ကို သိပါသည်။

သူမက သခင်မယန်ကို အရိုအသေပေးလိုက်ပြီး တရိုတသေနှင့် ပြောလိုက်၏။

“ဧည့်သည်တော်က ကျွန်မတို့ စားသောက်ဆိုင်ရဲ့ စားဖိုမှူးနဲ့ တွေ့ချင်တာလား၊ ကျွန်မက ကျွန်မတို့ဆိုင်ရဲ့ တာဝန်ခံပါ၊ စားဖိုမှူးက အခုလောလောဆယ် အလုပ်များနေပါတယ်၊ ဧည့်သည်ကို လာတွေ့ဖို့ရာ အချိန်မရမှာ စိုးမိပါတယ်၊ ကျွန်မက ဧည့်သည်တော်ကို ဘာကိစ္စများ ရှိလို့ပါလဲလို့ မေးချင်လို့ ရောက်လာခဲ့တာပါ၊

ဧည့်သည်တော်က အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်မကျေနပ်တာများ ရှိနေလို့လား”

သခင်မယန်က ကျင့်ကျောင်းယွဲ့ကို မသိပေ။ သို့သော် သူမ၏နူးညံ့ကာ နှစ်လိုဖွယ်အမူအရာနှင့် သူမ၏အပြုအမူများက ထိန်းထိန်းသိမ်းသိမ်းရှိကာ ယဥ်ကျေးသည်ကို တွေ့လိုက်ရသည်တွင် သူမသည် သဘောကျသွားတော့သည်။ အမျိုးသမီးတွေရဲ့ဘဝက လွယ်တာ မဟုတ်ပါဘူးလေ။ သူမ ဒီစားသောက်ဆိုင်ကို စီမံနိုင်တယ်ဆိုမှတော့ သူမနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားတာ ရှိနေတယ်လို့ ယူဆရမှာပဲ။

“အရမ်း ကျေနပ်ပါတယ်၊ ဒီဟင်းလျာက အရသာရှိပါတယ်” သခင်မယန်က ပြန်ပြောလိုက်သည်.

ကျင့်ကျောင်းယွဲ့က ပြုံးလိုက်ပြီး သခင်မယန် နောက်ပြောမည့်စကားကို စောင့်နေလိုက်သည်။

သခင်မယန်က ခဏလောက် စဥ်းစားလိုက်ပြီး

“ကျွန်မ စားဖိုမှူးနဲ့ ဒီအတိုင်း စကားလက်ဆုံပြောချင်တာပါ၊ မင်းတို့ရဲ့ ဒီစားသောက်ဆိုင်က အခုမှ အသစ်ဖွင့်ထားတာလား၊ မင်းတို့ စားဖိုမှူးကရော တခြားနေရာကလာတာလား။

စားဖိုမှူးက ဘယ်ကနေလာတာလဲ၊ အချက်အပြုတ်လက်ရာက အရမ်းအရသာရှိတာပဲ၊ စားဖိုမှူးက တခြားနေရာတွေမှာလည်း နာမည်ကြီးတဲ့သူ ဖြစ်ရမယ်”

အမှန်တွင်တော့ ကျင့်ကျောင်းယွဲ့သည် သခင်မယန်ကို လိမ်ညာလိုက်လို့ရပေသည်။ သို့သော် သခင်မယန်သည် ဒုခေါင်းဆောင်၏အမေဖြစ်နေသည်။ အကယ်၍များ သည်အလိမ်အညာသာ နောက်ပိုင်းတွင် ပေါ်သွားခဲ့လျှင်..... သူမသည် အရှက်ကွဲရလိမ့်မည်။

“ကျွန်မတို့ စားဖိုမှူးက တခြားနေရာကလာတာပါ၊ ကျွန်မ အသေးစိတ်တော့ မသိပါဘူး၊ ကျွန်မတို့သူဌေးကို မေးရပါအုံးမယ်”

သူမက သည်လိုသာ ပြန်ဖြေနိုင်တော့သည်။

“အိုး မင်းရဲ့သူဌေးဟုတ်လား”

သခင်မယန်သည် သည်စားသောက်ဆိုင်၏ သူဌေးကို စိတ်ဝင်စားသွားတော့သည်။ ဘယ်လိုလူမျိုးက ဒီလောက်တော်တဲ့ စားဖိုမှူးကို ငှားနိုင်ခဲ့ပြီး စားသောက်ဆိုင်ရဲ့ တာဝန်ခံရာထူးကို အမျိုးသမီးကို လုပ်ခွင့်ပေးရဲရတာလဲ။

“ကျွန်မတို့သူဌေးက အပြင်လူတွေကို တွေ့ဆုံလေ့မရှိပါဘူး၊ တကယ်လို့ ဧည့်သည်တော်က စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မ သွားမေးပေးလို့ရပါတယ်” ကျင့်ကျောင်းယွဲ့က ပြောက်သည်။

သခင်မယန်က ခေါင်းညိတ်လိုက်၏။ ဘာပဲဖြစ်ဖြစ်လေ စားပြီးပြီဆိုတော့ လုပ်စရာမှမရှိတာပဲ။

ကျင့်ကျောင်းယွဲ့က ဦးညွှတ်ကာ ထွက်သွားပြီး ကျင့်ချန်းယန်၏အခန်းသို့ သွားလိုက်လေသည်။

သူမသည် သူ့ကို ထပ်တွေ့လိုက်ရချိန်တွင် မျက်နှာချိုမနေချေ။

“ဘာလဲ၊ ဧည့်သည်က ကိစ္စရှိလို့လား”

သူမ ဝင်မလာခင်တွင် အပြင်ဘက်က ယုတ်မာသည့် အစေခံများအပြင် အရပ်ပုပု ဝဖိုင့်ဖိုင့်စားဖိုမှူးဟန်ကိုလည်း တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ကျင်းချန်းယန်က သည်ကို ပြဿနာရှာဖို့ ရောက်လာမှန်း သူမ ချက်ချင်းသိလိုက်သည်။

သူမက သူ့ကို ပြီးခဲ့တဲ့တစ်ခေါက်ကို အလွတ်ပေးလိုက်တာလေ။ ထင်မထားဘူး။ သူက လာရဲသေးတယ်။

ဒီနေရာကို ပြဿနာရှာဖို့ လာရဲသေးတယ်တဲ့လား။ ကျင့်ကျောင်းယွဲ့သည် သူ့ကို မမေ့နိုင်လောက်သည့် သင်ခန်းစာတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူမ ဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် ကျင်းချန်းယန်၏အရောင်အဝါတို့သည် သေးကျုံ့သွားတော့သည်။

“ငါ မင်းတို့ရဲ့စားဖိုမှူးနဲ့ တွေ့ချင်လို့” သူက ပြောလိုက်၏။

“ကျွန်မက ဆိုင်တာဝန်ခံပဲ၊ စားဖိုမှူး အလုပ်များနေတယ်၊ ရှင်တစ်ခုခု လိုတာရှိရင် ကျွန်မကို ပြောလို့ရတယ်” ကျင့်ကျောင်းယွဲ့က အေးတိအေးစက်ပြောလိုက်တော့သည်။

ကျင်းချန်းယန်က တံတွေးမျိုချလိုက်၏။ ဒီနေ့ သူ တကယ်ပဲ ပြဿနာရှာဖို့ လာခဲ့တာဆိုပေမဲ့ ခုနလေးတင်ပဲ သူစိတ်ပြောင်းသွားပြီလေ။

ကျန်းယွင်ကျူးရဲ့ စားသောက်ဆိုင်က ညစ်ပတ်တဲ့နည်းလမ်းတွေ သုံးနေတယ်လို့ ထင်ခဲ့တာ။ စားသောက်ဆိုင်က တကယ့်လက်ရာကောင်းတွေ ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီဟင်းတွေ ဘယ်လောက်ကောင်းကြောင်း စားဖိုမှူးဟန်ကိုတောင် ခေါ်စရာမလိုခဲ့ဘူးလေ။

မိန်းမလှလေးတွေ၊ ပန်းကန်ခွက်ယောက်လှလှလေးတွေနဲ့ အံ့ဩစရာကောင်းတဲ့ အစားအသောက်တွေ။ ဒီထက်ကောင်းတဲ့ နေရာမှမရှိတော့ပဲ။ သူက နောက်ဆိုရင် တစ်ချိန်လုံး ဒီမှာပဲလာစားပြီး ဆိုင်က အရသာရှိတဲ့ အစားအသောက် အားလုံးကို မြည်းစမ်းကို စဥ်းစားထားတာပါ။

သူက စားဖိုမှူးက ဘယ်သူလဲဆိုတာ သိချင်မိသွားလို့ စားဖိုမှူးနဲ့ တွေ့ချင်တာ။ မိန်းမလှလေး တစ်ယောက်သာ ဆိုရင်တော့.... ဒီဟင်းတွေက ပိုပြီးတော့တောင် အရသာရှိနေအုံးမှာလေ။

ကျင်းချန်းယန်က ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

“ငါက စားလို့ကောင်းလို့ စားဖိုမှူးကို ငွေနဲ့ ဆုချချင်တာပါ၊ ဘာလဲ၊ သူအခု လာတွေ့ဖို့ အချိန်ရှိပြီလား”

ကျင်းကျောင်းယွဲ့က ငွေစက္ကူကို ကြည့်ပင် မကြည့်ချေ။ ကျင်းချန်းယန်ကို သည်အတိုင်း စိုက်ကြည့်နေလိုက်လေသည်။

ကျင်းချန်းယန်သည် သူမ၏စူးရှသည့် အကြည့်ကြောင်း ကြက်သီးများထလာပြီး ပြဿနာ ထရှာချင်သွားတော့သည်။ ထိုဆိုးရွားသည့်ခံစားချက်က ထပ်ရောက်လာလေသည်။

သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး သူ့ကိုယ်သူ တစ်ဆင့်လျှော့ပေးလိုက်တော့သည်။

“စားဖိုမှူးက အလုပ်များနေတယ်ဆိုမှတော့ ထားလိုက်ပါလေ၊ ငါ ဒီည ထပ်လာခဲ့မယ်”

“လိုက်မပို့ပေးနိုင်တဲ့အတွက် တောင်းပန်းပါတယ်” ကျင့်ကျောင်းယွဲ့က ပြန်ဖြေလိုက်၏။

ကျင်းချန်ယန်သည် သူမ၏စကားကို ကြားလိုက်ချိန်တွင် မြန်မြန်လျှောက်ကာ ထွက်သွားလိုက်တော့သည်။

သူသည် အပြင်သို့ ရောက်လာပြီး နေရောင်ကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် လုံခြုံသွားသလို ခံစားလိုက်ရတော့သည်။

“သခင်လေး၊ သခင်လေး”

စားဖိုမှူးဟန်နှင့် ကောက်ကျစ်သည့် အစေခံများက သူ့နောက်မှ လိုက်ထွက်လာခဲ့သည်။ သူတို့မှာ နားမလည်ကြတော့ပေ။ သူက ဆိုင်ဖို့ ဖျက်ဆီးဖို့ သွားတာမဟုတ်ဘူးလား။ သခင်လေးက ဘာလို့ ထွက်လာတာလဲ။

ကျင်းချန်းယန်သည် သူတို့ကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်တော့သည်။ ငတုံးတွေ။

ထို့နောက်တွင်တော့ သူက နောက်က စားသောက်ဆိုင်ကို လှည့်ကြည့်လိုက်လေသည်။ သူ့သိလိုစိတ်က ကြီးထွားလာတော့သည်။ အလွန်နောက်ကျမှ တွေ့ရသည့်အတွက် နောင်တရမိသည့် ခံစားချက်တစ်ခုလည်း ဖြစ်လာတော့သည်။

သည်အချိန်တွင် ကျင့်ကျောင်းယွဲ့က သူဌေးလော့နှင့် သွားတွေ့နေပြီဖြစ်သည်။

နှစ်ယောက်ကြားက စကားဝိုင်းက ပိုပြီး ရိုးရှင်းသလို ပိုပြီး တိုက်ရိုက်ဆန်လေသည်။ သူဌေးလော့က စားသောက်ဆိုင်ပိုင်ရှင်နှင့် တွေ့ချင်ပြီး သူ့အိမ်သို့လာရောက်ကာ စားသောက်ပွဲတစ်ခု လုပ်ပေးနိုင်မည်လားဟု မေးချင်တာဖြစ်သည်။ ဟုတ်ပါသည်။ သူ့သီးသန့်စားဖိုမှူးအဖြစ် စျေးကြီးပေးကာ စားဖိုမှူးတစ်ယောက်ကို တန်းငှားနိုင်မလားဟုလည်း စဥ်းစားခဲ့သေးသည်။

သို့သော် သည်ကိစ္စကို အလျင်စလို ထုတ်ပြောလိုက်လျှင် ဆိုင်ပိုင်ရှင် စိတ်ပျက်သွားလောက်သည်။ သူသည် နောက်ထပ် အကောင်းဆုံးတစ်ခုပဲ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။

သည်ကိစ္စဖြစ်နေသည်ပင်။

“အားနာပါတယ်ရှင်၊ ကျွန်မတို့က အိမ် မလိုက်ပါဘူး၊ ဧည့်သည်က မိတ်ဆွေတွေကို ဧည့်ခံချင်တယ်ဆိုရင်တော့ ကျွန်မတို့စားသောက်ဆိုင်ကို လာတာလည်း အတူတူပါပဲ”

ကျင့်ကျောင်းယွဲ့က ပြောလိုက်၏။ သည်ကိစ္စတွင် ကျန်းယွင်ကျူးက အစောပိုင်းက ပြောခဲ့ဖူးသည်။ ရှီကွမ်းစားသောက်ဆိုင်သည် အိမ်တွင် လုပ်သည့် ညစာစားပွဲ ကမ်းလှမ်းချက်များကို လက်ခံမည်မဟုတ်ဟူ၍။

ဒါက ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ။ သူဌေးလော့မှာ စိုးရိမ်ပူပင်သွားတော့သည်။ ဘယ်သူမဆို လူတွေကို စားသောက်ဆိုင်ကို ဖိတ်ပြီး ထမင်းတနပ်တော့ ကျွေးနိုင်တာပဲလေ။ ဒါက ပိုင်မိသားစုနဲ့တခြားလူတွေ သူ့ကို ရယ်စရာဖြစ်မဲ့ အကြောင်းပြချက် ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ အိမ်မှာ ကျင်းပရင်တော့ သူက ကိုယ်ပိုင် သီးသန့်စားဖိုမှူးမဟုတ်ရင်တောင် အတိုင်းအတာတစ်ခုအထိ မျက်နှာပွင့်သေးတယ်လေ။

သူသည် သည်အခြေအနေကို မျှော်လင်းထားခဲ့ရာ လက်မလျှော့ပေ။

“အားလုံးကို ညှိနှိုင်းလို့ရပါတယ်၊ မင်းတို့စားသောက်ဆိုင်က အခုမှ ဖွင့်ထားတာလေ၊ လူအများကြီးလည်း မသိကြသေးဘူး၊ တကယ်လို့ မင်းတို့သာ ကျုပ်အိမ်မှာ စားသောက်ပွဲတစ်ခု လာလုပ်ပေးမယ်ဆိုရင် နာမည်တစ်ခုလည်း ရလာနိုင်တယ်၊ နောက်ပိုင်းကျရင် ဧည့်သည်တွေကလည်း တိမ်တွေလို လွင့်နေတော့မှာမလား။

ပြီးတော့ ကျုပ်က မင်းတို့ကို ကျေနပ်တဲ့စျေးတစ်ခု သေချာပေါက်ပေးမှာပါ။

ဒါမှမဟုတ်လည်း....”

စီးပွားရေးသမားဆိုသည့်အတိုင်းပင် သူဌေးလော့သည် သူပေးနိုင်သည့် အပေးအယူနှင့် အကြောင်းပြချက် ၅ခု ၆ခုလောက် ထုတ်ပြလိုက်လေသည်။ ကျင့်ကျောင်းယွဲ့မှာ အနည်းငယ် ဆွဲဆောင်ခံလိုက်ရတော့သည်။

နောက်ဆုံးတွင် ကျင့်ကျောင်းယွဲ့က ပြောလိုက်၏။

“ကျွန်မ ဆိုင်ပိုင်ရှင်ရဲ့ စိတ်ကူးကို မေးပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်” သူဌေးလော့က ချက်ချင်းပြန်ပြောလိုက်သည်။

ကျင်းကျောင်းယွဲ့သည် အနောက်ဘက်ခြံသို့ ပြန်လာခဲ့လေသည်။ တစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး နှစ်ယောက်က ကျန်နေသည်။ သူမက ထိုနှစ်ယောက်၏အခြေအနေကို ကျန်းယွင်ကျူးအား ပြောလိုက်သည်။

ကျန်းယွင်ကျူးမှာ ယန်ရှန့်၏အမေဖြစ်နေသည့်အတွက် အံ့ဩသွားတော့သည်။ သူမနဲ့ ယန်ရှန့်က မိတ်ဆွေတွေပဲ။ သူမမိတ်ဆွေရဲ့ အမေက ဒီကိုရောက်လာတယ်ဆိုတော့ သူမက မိတ်ဆွေဆိုတဲ့ အကြောင်းပြချက်နဲ့ သွားတွေ့သင့်တာပေါ့။

“ဝင်လာပါ”

သခင်မယန်သည် လက်ဖက်ရည် သောက်လို့ပြီးခါနီးအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရလေသည်။ သူမက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ကျင်းယွင်ကျူးက ဝင်လာသည်။

သည်နေ့ သူမသည် အထပ်ထပ်လွှာထားသည့် စကပ်နှင့် ရေပြာရောင် ဝတ်စုံရှည်တစ်စုံကို ဝတ်ထားလေသည်။ သူမ၏လှုပ်ရှားမှုက ရေလှိုင်းများ တစ်လွှာချင်း လှိမ့်လာနေသယောင်။ သူမ၏ချောမွတ်သည့် အသားအရေ၊ လှပသည့် မျက်ခုံး မျက်လုံးများနှင့် ပေါင်းလိုက်လျှင် သူမဝင်လာပုံက လူများ၏မျက်လုံးကို လင်းလက်သွားစေပြီး မလှုပ်ယှက်နိုင်အောင် ဖြစ်သွားစေတော့သည်။

သခင်မယန်သည် မြို့တော်တွင် မိန်းမလှမျိုးစုံကို တွေ့ဖူးသူဖြစ်လေသည်။ တချို့မိန်းမလှလေးများက လှပသော်လည်း အပေါ်ယံသာဖြစ်သည်။ သူမက ရှေ့ကမိန်းကလေးကတော့ ထူးခြားပေသည်။ သူမအလှတရာက နှစ်လိုဖွယ်၊ စိတ်အင်အားနှင့် သက်သောင့်သက်သာဖြစ်စေသည့် ခံစားချက်ဘက်သို့ ပိုရောက်သည်။

“ဧည့်သည်တော်က ကျွန်မကို တွေ့ချင်တယ်လို့ ပြောလို့ပါ”

ကျန်းယွင်ကျူးသည် ယန်ရှန့်က သခင်မယန်ကို ဘာပြောထားမှန်း မသိသဖြင့် သူမနှင့် ယန်ရှန့်တို့က မိတ်ဆွေများ ဖြစ်ကြောင်းကို ထုတ်မပြောလိုက်ပေ။

သခင်မယန်က ကျန်းယွင်ကျူးကို သေသေချာချာ ကြည့်လိုက်သည်။ သူမသည် ကျန်းယွင်ကျူးကို ကြည့်လေလေ စိတ်ထဲတွင် ပိုပြီး လေးစားလာလေလေပင်။ ဒီလောက်တော်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ဘယ်မိသားစုက ကလေးလဲ မသိပါဘူး။

“မင်းက ပိုင်ရှင်လား” သူမက မေးလိုက်၏။

“ဟုတ်ပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေသည်။

“မိန်းကလေးက ဘယ်ကလဲ”

သခင်မယန်က ကျန်းယွင်ကျူး၏ လေယူလေသိမ်းကို နားထောင်လိုက်၏။ တောင်ပိုင်းကလည်း ဖြစ်နိုင်သလို မြို့တော်ကလည်း ဖြစ်နိုင်သည်။ သို့သော် သူမသည် ထိုအခိုက်တွင် မခွဲခြားနိုင်လိုက်ပေ။

“ချန်းဖုန်းပြည်နယ်ကပါ”

ကျန်းယွင်ကျူးသည် ကျန်းချိန်နှင့် တခြားသူများ၏ လုံခြုံရေးအတွက် လုပြည်နယ်မှ ထွက်လာခဲ့ရခြင်း ဖြစ်လေသည်။ သူမကိုယ်ကိုယ် အာရုံစိုက်ခံရခြင်း မဖြစ်စေရန် နောက်ဆိုလျှင် သူမသည် ချန်ဖုန်းပြည်နယ်မှ ဖြစ်ကြောင်း ပြောမည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ဆိုစေ ဒါသည်လည်း မှန်ကန်ပေသည်။

ချန်ဖုန်း ပြည်နယ်ဟုတ်လား။ လု စီရင်စုပြည်နယ်က မဟုတ်ဘူးလား။

“အိုး ဟုတ်သားပဲ၊ ကျွန်မ ရှင့်ဆိုင်က စားဖိုမှူးအကြောင်းလေး မေးချင်လို့ ရှင်နဲ့ တွေ့ချင်တာပါ”

သခင်မယန်က ဆက်မေးလိုက်သည်။

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

“ကျွန်မက ဒီဆိုင်ရဲ့ စားဖိုမှူးပါ”

သခင်ယန်မှာ အလွန်အံ့ဩသွားတော့သည်။ သူမက ဒီဆိုင်ရဲ့ စားဖိုမှူးတစ်ဖြစ်လဲ ပိုင်ရှင်တဲ့လား။

လုစီရင်စုပြည်နယ်က မဟုတ်ဘူးကိုး.... သူမ အတွေးလွန်နေတာလည်း ဖြစ်မှာပါလေ။

သခင်မယန်က ပြုံးလိုက်ပြီး

“ကျွန်မ ရှင့်အချက်အပြုတ်လက်ရာကို အရမ်းသဘောကျပါတယ်”

“ဒါဆို သခင်မက နောက်ဆိုရင်လည်း မကြာခဏ ဒီကို လာခဲ့ပါရှင်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

“ကျွန်မ ဒီကို မကြာမကြာ လာဖြစ်မှာပါ” သခင်မယန်က ပြောလိုက်၏။

သခင်မယန်က အစေခံများကို ငွေရှင်းခိုင်းလိုက်ပြီး ကလေးများနှင့် ပြန်သွားတော့သည်။

လမ်းအနည်းငယ် ဖြတ်ကျော်လာပြီးနောက် သူတို့သည် မြို့တော်၏ လမ်မကြီးပေါ်သို့ ရောက်လာခဲ့ကြသည်။ ရှီကွမ်းစားသောက်ဆိုင်သည် မြို့အရှေ့ခြမ်းတွင် ရှိပြီး ယန်မိသားစုက မြို့အနောက်ခြမ်းတွင် နေထိုင်ကြသည်။ အိမ်ပြန်ဖို့ရန် သူတို့သည် နန်းတော်ရှေ့က လမ်းကို ဖြတ်ရပေမည်။

ရုတ်တရက် လှည်းအပြင်ဘက်က အစေခံတစ်ယောက်က လေသံနိမ့်က သတိပေးလိုက်၏။

“သခင်မ တန့်ယန်းမင်းသမီးရဲ့လှည်းပါ”

တန့်ယန်းမင်းသမီးအပေါ် သခင်မယန်၏ခံစားချက်က အနည်းငယ် ရောထွေးနေသည်။ တန့်ယန်းမင်းသမီးသည် လက်ရှိဧကရာဇ်၏ ညီမတော်ဖြစ်ပြီး သူမ၏သားဖြစ်သူက ယန်ရှန့်၏ အနီးကပ်အထက်လူကြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ သခင်မယန်သည် သူမကို အပြုံးတစ်ခုနှင့် နှုတ်ဆက်သင့်ပေသည်။

သို့သော်ငြား လူတချို့က ပြောကြသည်မှာ ရှန်ဖုန်းမင်က....

သခင်မယန်သည် မင်းသမီးတန့်ယန်၏အတွေးကို မသိပါချေ။ သို့တိုင် သူတို့နှစ်ယောက်သည် အပြင်လူများရှေ့တွင် တွေ့ကြလျှင် ပုံမှန်အားဖြင့် အလွန်ရင်းနှီးဟန် မပြသကြပေ။

ထို့ကြောင့် သခင်မယန်က လှည်းခန်းဆီးကို မလိုက်ပြီး တန့်ယန်းမင်းသမီးကို နှုတ်ဆက်လိုက်လေသည်။

တန့်ယန်းမင်းသမီးကလည်း သိပ်အာရုံစိုက်မနေချေ။

လှည်းနှစ်စီးသည် မြန်မြန်ဆန်ဆန်ပင် ဖြတ်သွားကြပြီး တစ်စီးစီက မတူသည့်နေရာတစ်ခုသို့ သွားလိုက်ကြတော့သည်။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် သူဌေးလော့ကို သွားတွေ့လိုက်သည်။ သူမသည် သူဌေးလော့ ကျင့်ကျောင်းယွဲ့ကို စောစောကပြောခဲ့သည့် အပေးအယူနှစ်ခုကို အလွန်မှ စိတ်ဝင်စားသွားသည်။ ပထမတစ်ခုမှာ သူဌေးလော့တွင် မြို့စွန်ရပ်ကွက်များ၌ ရေခဲသိုလှောင်ခန်းကြီး အများအပြားရှိသည်။ မကြာမီနွေရာသီရောက်လာပြီး ရေခဲသုံးရမည့်အချိန် ဖြစ်လေသည်။ ကျန်းယွင်ကျူးသည် ရေခဲရနိုင်မည့်နေရာကို စဥ်းစားလာခဲ့သည်။

ဒုတိယအချက်မှာ သူဌေးလော့က ရေကြောင်းဖြင့် အသက်မွေးနေသူဖြစ်သည်။ သူ့လှေများသည် မကြာခဏဆိုသလို တခြားတိုင်းပြည်များက ပင်လယ်စာမျိုးစုံနှင့် ပစ္စည်းအမျိုးမျိုးကို သယ်ပြန်လာတတ်သည်။ ကျန်းယွင်ကျူးသာ လိုအပ်လျှင် သူက သူမကို နည်းနည်းပါးပါး ထောက်ပံ့ပေးနိုင်သည်။

သူဌေးလော့က ကျန်းယွင်ကျူးကို ဆွဲဆောင်ရန် အနစ်နာခံလိုက်ခြင်းပင်။

သူမက တံခါးခေါက် လိုက်၏။ သူဌေးလော့သည် ကျန်းယွင်ကျူးကို စောင့်ဆိုင်းနေသည်။ သူသည် သူမကို တွေ့လိုက်ရသောအခါ အလွန်မှ အံ့ဩသွားတော့သည်။

“မိန်းကလေးက ဒီစားသောက်ဆိုင်ပိုင်ရှင်လား” သူက မေးလိုက်၏။

“အင်း” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

သူမ၏တည်ငြိမ်မှုက သူဌေးလော့အား သူမ၏စကားကို ချက်ချင်းယုံကြည်သွားစေလေသည်။ ဒီမိန်းကလေးက စီးပွားရေးသမားတစ်ယောက်ပဲ။

နှစ်ယောက်သားသည် ရှေ့ကပြောခဲ့သ့် ကိစ္စကို မြန်မြန်ဆန်ဆန် ဆွေးနွေးလိုက်ကြသည်။ ကျန်းယွင်ကျူးရောက်လာခဲ့သဖြင်း သူမသည် သူဌေးလော့ကို လက်ခံပေးရန် ဆန္ဒရှိသည့်သဘောပင်။

သူဌေးလော့ နားလည်လိုက်၏။ သို့သော် သူသည် မာန်မာနမထားပေ။ သူက သူမနှင့် ထိုကိစ္စကို သေသေချာချာ ဆွေးနွေးလိုက်လေတော့သည်။

All Chapters