← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း (၁၀၃)

နောက်ဆုံးတွင် ကျန်းယွင်ကျူးသည် သူဌေးလော့နှင့် ညှိနှိုင်းပြီးသွားတော့သည်။ သူမက သူ့အတွက် စားသောက်ပွဲတစ်ခု သွားလုပ်ပေးမည်။ စားသောက်ပွဲအတွက် ပစ္စည်းများကို သူဌေးလော့က ထုတ်ပေးလိမ့်မည်။ သူဌေးလော့က သူမကို ရေခဲ ဂိုဒေါင်ကြီးနှစ်ခုပေးပြီး သူ့လှေ ယူပြန်လာသည့် ပစ္စည်းများထဲက တစ်ခုခုအသစ်ပါလျှင် ကျန်းယွင်ကျင်းကို အရင်ဆုံးရောင်းပေးရမည်။

ဒုတိယ အချက်က အလွန်မှ သင့်တင့်လှပေသည်။ ပထမအချက်ကတော့ အဓိကအကြောင်းအရာပင်။ သူဌေးလော့ ပြောပုံအရဆိုလျှင် ရေခဲဂိုဒေါင်ကြီး တစ်ခုစီက ကျန်းယွင်ကျူး၏ ထပ်ခိုးခန်းအရွယ်အစား ရှိလေသည်။ နှစ်ခုဆိုလျှင် အလွန်မှ တန်ဖိုးကြီးလှသည်။

ပိုအရေးကြီးသည်က ရေခဲလို ပစ္စည်းမျိုးက လူချမ်းသာများ၏ လက်ထဲတွင်သာ အများဆုံး ရှိတတ်ကြသည်။ ငွေရှိလျှင်တောင် ဝယ်နိုင်သည့်အရာမျိုးမဟုတ်ပေ။

ကျန်းယွင်ကျူးက ထိုအပေးအယူကို အလွန်မှ ကျေနပ်သွားပြီး သူဌေးလော့က သူမ၏စိတ်ထဲက အရေးကြီးကိစ္စကို ဖြေရှင်းပေးခဲ့သည်။ သူမသည် ပိုပြီး စိတ်အေးသွားရတော့သည်။

နှစ်ယောက်သားက စားသောက်ပွဲကို နောက်ငါးရက်နေလျှင် ကျင်းပဖို့ သဘောတူလိုက်ကြသည်။

ကျန်းယွင်ကျူးသည် ရှီကွမ်းစားသောက်ဆိုင်၏ ဂုဏ်သတင်းကို ပါးစပ်သတင်းကို အားကိုးပြီး ဖြည်းဖြည်းချင်း တည်ဆောက်ချင်ခဲ့သည်။ ကြိုတင်ပြီး နာမည်ကြီးရမည့် အခွင့်အရေးတစ်ခု ရှိလာမှတော့ သူမသည် ထိုအခွင့်အရေးနှင့် မလွဲချော်လိုပေ။ သူမက သူဌေးလော့၏ထံမှ အကျိုးအမြတ်ကို လက်ခံထာပြီးဖြစ်ရာ အကောင်းဆုံးလုပေးရပေမည်။ သူမသည် စားသောက်ပွဲနှင့် ပတ်သက်ပြီး ချက်ချင်း စဥ်းစားလိုက်ကာ တစ်ချီတည်း နာမည်ကြီးသွားအောင် လုပ်ဖို့ မျှော်လင့်ထားလိုက်သည်။

မှောင်မည်းနေပြီ ဖြစ်သည်။ ကျန်းယွင်ကျူးသည် စားပွဲငယ်လေးနားတွင် ထိုင်နေပြီး တွေးတောစဥ်းစားရင်း စာရေးနေလေသည်။

သည်အချိန်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် တံခါးခေါက်ပြီး ဝင်လာလိုက်ကြသည်။

စားသောက်ဆိုင်က ဖွင့်ထားသည်။ သူတို့နှစ်ယောက်သည် နောက်ကျသည်အထိ အမှုများကို ဖြေရှင်းစရာမရှိလျှင် ကျန်းယွင်ကျူးဆီလာကာ ညစာလာစားတတ်ကြသည်။ သူတို့သည် သူမကို တစ်ချိန်လုံး မနှောင့်ယှက်လိုသည်ကလည်း အမှန်။ ရွှယ်ကျင်းသည် သူမလက်ရာ၏ ၇၀%လောက်ကို လိုက်မီလာပြီးဖြစ်သည်။ သူချက်ပြုတ်ထားသည်ကို စားသောက်သည်ကလည်း အတူတူပင်။

“ရွှယ်ကျင်း ရှင်တို့ကို စောင့်နေတယ်”

ကျန်းယွင်ကျူးက သူတို့နှစ်ယောက်ကို မြင်လိုက်ချိန်တွင် ပြုံးပြလိုက်၏။ ပြီးခဲ့သည့် နှစ်ရက်အတွက် ဆိုင်၌ အလုပ်များမရှိပေ။ ရွှယ်ကျင်းသည် ကျန်းယွင်ကျူး၏ ဟင်းလျာအသစ်ကို တွေ့သွားပြီး သင်ယူချင်ခဲ့သည်။ သို့သော် ပါဝင်ပစ္စည်းများကို ဖြုန်းတီးမိမည်စိုးသဖြင့် တစ်ယောက်ယောက်လောက်များ လာစားဖို့ရာ စိုးရိမ်စိတ်ဖြင့် မျှော်လင့်နေခဲ့မိသည်။

ရှန်ဖုန်းမင်တို့နှစ်ယောက် ရောက်လာခြင်းက သူ့အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းပေးလိုက်တော့သည်။

ယန်ရှန့်က အော်ရယ်လိုက်၏။ သူတို့တွေက ဒီနေရာမှာ လာစားနေတာ မဟုတ်ဘဲ အရသာခံအသုံးတော်တွေလို့ ဘာကြောင့် ခံစားနေရတာတုန်းဟ။

ဒါပေမဲ့လည်း ကိစ္စတော့မရှိပါဘူး။ စားစရာ ရှိနေသ၍တော့ အားလုံးက ကောင်းပါတယ်။

သုံးယောက်သားသည် စကားနည်းနည်းပါးပါး ပြောလိုက်ကြသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က ညစာစားရန် ထမင်းစားခန်းဆီသွား သွားလိုက်ပြီး ကျန်းယွင်ကျူးက စားသောက်ပွဲနှင့် ပတ်သက်ပြီး ဆက်စဥ်းစားနေလိုက်သည်။

အချိန် အတော်ကြာသွားပြီးနောက် တံခါးခေါက်သံ တဖန်ထွက်လာလေသည်။

“ဝင်ခဲ့ပါ”

ကျန်းယွင်ကျူးက ခေါင်းမမော့ဘဲ ပြောလိုက်၏။

ရှန်ဖုန်းမင်က အခန်းထဲ ဝင်လာခဲ့သည်။

သူ့ခြေလှမ်းများသည် အလွန်တည်ငြိမ်နေသည်။ ကျန်းယွင်ကျးသည် ဝင်လာသူမှာ သူဖြစ်နေမှန်း ချက်ချင်း သိလိုက်ပြီး သူ့ကို မော့ကြည့်လိုက်၏။

ခေါင်းမော့လိုက်ချိန်တွင်တော့ သူမ၏မျက်ခုံးနှင့် မျက်လုံးများသည် မသိမသာ မြင့်တက်သွားလေသည်။ သူမ၏သေးသွယ် ချောမွတ်သည့် လည်တိုင်က ပေါ်လာခဲ့သည်။ သူမ၏ရွှန်းလဲ့လဲ့ မျက်ဝန်း၊ အနီတောက်တောက် နှုတ်ခမ်းတို့နှင့် ယှဥ်တွဲလိုက်မိချိန်တွင် ရှန်ဖုန်းမင်သည် တဒင်္ဂ မှိန်းမောသွားတော့သည်။

“အလုပ်များနေတုန်းလား” သူက မေးလိုက်၏။

“အင်း ရှင် ပင်ပန်းနေရင် ပြန်ပြီး စောစောနားလိုက်လေ” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ရှန်ဖုန်းမင်က သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။

ဒါသည် ပြန်လည်ပြင်ဆင်ပြီးနောက် ကျန်းယွင်ကျူးက သူမကိုယ်တိုင်အတွက် ချန်ထားသည့် သီးသန်းအခန်း ဖြစ်လေသည်။ အရှေ့ဘက် နံရံအလယ်တည့်တည့်၌ ဘေးတွင် စားပွဲငယ်လေးတစ်လုံးရှိသည့် ညောင်စောင်းတစ်ခု ရှိလေသည်။ ကျန်းယွင်ကျူးက ထိုနေတွင် ထိုင်ကာ စာရေးနေခြင်းဖြစ်သည်။ သူမသည် မော့ကြည့်လိုက်လျှင်အပြင်ဘက်က ညကောင်းကင်ကို တွေ့မြင်နိုင်လေသည်။

ညပိုင်းတွင် ကြယ်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ တော်တော်လေး လှပသည့်မြင်ကွင်းတစ်ခုပင်။ လူများကို စိတ်အေးချမ်းစေလေသည်။

ရှန်ဖုန်းမင်က စားပွဲငယ်လေး၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။ သူ၏မြင့်မားသည့် ကိုယ်ထည်က ကြယ်ရောင်ကောင်းကင်ကို အနည်းငယ် ပိတ်ဆီးသွားလေသည်။ သို့တိုင် သူ့မျက်လုံးများကတော့ ပျံ့ကျဲနေသည့် ကြယ်များထက်ပင် ပိုလို့ပင် တောက်ပနေလေသည်။

“ကိုယ် ခဏလောက် ထိုင်အုံးမယ်”

ရှန်ဖုန်းမင်က ပြန်ပြောလိုက်သည်။ ကျန်းယွင်ကျူးသည် အလုပ်များနေသလို သူကလည်း အလုပ်များနေပေသည်။ သူ့အတွက် သူမကို တွေ့ရရန် ရှားပါးအခွင့်အရေးတစ်ခုပင်။

“ကောင်းပါပြီ”

ကျန်းယွင်ကျူးက အဓိကအချက်ကို အသည်းအသန် စဥ်းစားနေလေသည်။ သူမက သဘောတူလိုက်ပြီး ခေါင်းကို ပြန်ငုံ့ထားလိုက်လေသည်။

ရှန်ဖုန်းမင်က သူမကို ကြည့်နေလေသည်။ သူမ၏နူးညံ့လှသည့် အသားအရေကနွေးထွေးသည့် အဝါရောင်မီးအလင်းအောက်တွက် အလွန်မှ နူးညံ့နေသယောင်။ ထိုနေရာတွင် ထိုင်နေပုံက သူမသည် ရေထဲတွင် ယိမ်းနွဲ့နေသည့် နွေရာသီကြာပန်း တစ်ပွင့်လေးနှယ် နူးညံ့လှပနေတော့သည်။

ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင် သူမကို ကြည့်နေသည်ကို ခံစားမိနေသည်။ အစပိုင်းတွင်တော့ သူမ၏နှလုံးသားမျာ အနည်းငယ် လှုပ်ရှားသွားခဲ့သေးသည်။ သို့သော် သူမ၏ကိုယ်ပိုင် ကမ္ဘာထဲတွင် နှစ်မြောသွားချိန်တွင်တော့ သူမပတ်ဝန်းကျင်က အရာအားလုံးကို မေ့လျော့သွားတော့သည်။

အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက်တွင်တော့ သူမသည် နောက်ဆုံး တွေးတောလို့ ပြီးသွားလေသည်။ သူမသည် မော့ကြည့်လိုက်ပြီး ရှန်ဖုန်းမင် ပြန်သွားပြီဟု ထင်ထားခဲ့သည်။ သို့သော် သူက စားပွဲငယ်လေး၏ ထောင့်စွန်းကို ထောက်ထားပြီး အိပ်ပျော်နေသယောင် တွေ့လိုက်ရလေသည်။

“ရှန်....”

ကျန်းယွင်ကျူးက သူ့ကို ခေါ်လိုက်ချင်သော်လည်း ရပ်လိုက်လေသည်။ သူလည်း ပင်ပန်းနေမှာပဲ။

သူမက ပစ္စည်းများကို အသာအယာ သိမ်းလိုက်ပြီး ထရပ်ကာ အကြောဆန့်လိုက်လေသည်။

သူမက ရှန်ဖုန်းမင်ကို ထပ်ကြည့်လိုက်သည်။ သူသည် အနက်ရောင် အရာရှိဝတ်စုံကို ဝတ်ထားဆဲပင်။ ကြည့်ရသည်မှာ ချီလင်ဌာနကနေ ထွက်လာပြီး သူမဆီ တန်းလာခဲ့ပုံပင်။ အရာရှိဝတ်စုံသည် ချီလင်သက်တော်စောင့်များအတွက် ထူးခြားသည်။ ရင်ဘတ်နှင့် ပခုံးပေါ်တွင် အမှောင်သဏ္ဍန် ပန်းထိုးထားသည်။ ပုံစံက သွားများနှင့် လက်သည်းများပါရှိသည့် ကြောက်မက်ဖွယ် အင်အားကြီးမားသည့် ချီလင်တစ်ကောင်ပုံစံဖြစ်သည်။

သူသည် ခါးတွင် အပြားကြီးခါးပတ်တစ်ခုကို ပတ်ထားပြီး ဓားတော့ မလွယ်ထားချေ။ ဖြောင့်တန်းနေသည့် မျက်ခုံးများ၊ ပြတ်သားကာ ထောင့်ကျကျ မျက်နှာတစ်ခုနှင့် ကျက်သရေရှိလှသည့် ကောက်ကြောင်းများက ပန်းပုထုထားသည့်နှယ်။

သည်အခိုက်တွင် သူ့မျက်လုံးများကို မှိတ်ထားသည်။ သူ့ခန္ဓာကိုယ်ပေါ်က အရောင်အဝါသည် ထိန်းသိမ်းခံထားရသယောင်။ သို့တိုင် လူများကို သူ့အား အနီးကပ်မကြည့်ရဲအောင် ဖြစ်နေစေသည်။

ကျန်းယွင်ကျူးက သူ့ကို ငေးမောကာ ကြည့်နေမိသည်။ သူမရဲ့အခန်းကို သိမ်သိမ်မွေ့မွေးလေး ပြင်ဆင်ထားခဲ့တာလေ။ ဒါပေမဲ့ သူကတော့ ဒီနေရာကို ထိုးဖောက်ဝင်လာတဲ့ ကြောက်စရာကောင်းတဲ့ သားရိုင်းတစ်ကောင်လိုဖြစ်နေပြီး ဒီနေရာမှာ အခိုင်အမာ အခြေချထားတာပဲ။

ညလေက တိုက်ခတ်နေသည်။ အနည်းငယ် အေးမြလို့နေသည်။

ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာပြီး ဘေးက စောင်ပါးလေးတစ်ထည်ကို ယူကာ ရှန်ဖုန်းမင်ကို ခြုံပေးမည်ပြင်လိုက်သည်။

သူသည် အိပ်ရာကို မှီထားသဖြင့် သူမက ခုတင်ပေါ်သို့ ဒူးတစ်ဝက်ထောက်လိုက်ပြီးမှ သူ့ကို စောင်ခြုံပေးလိုက်သည်။

သည်လိုနှင့် သူမသည် သူ့နား ပိုကပ်သွားပြီး သူ၏ ထူထဲသည့် မျက်တောင်ရှည်များ၊ နှာတံမြင့်မြင့်နှင့် နီရဲနေသည့်နှုတ်ခမ်းများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

စောင်ခြုံပေးထားသဖြင့် သူ၏ရက်စက်မှုများက အများကြီး လျော့ပါးသွားသယောင်။ ပိုလို့ပင် ချောမောနေသေးသည်။ ကျန်းယွင်ကျူးသည် သူမ၏မျက်လုံးများကို မဖယ်ခွာနိုင်ခဲ့ပေ။

သည်အခိုက်တွင် ရှန်ဖုန်းမင်က မျက်လုံးများကို ဖွင့်လိုက်လေသည်။ နှစ်ယောက်သားက အချင်းချင်း ငေးကြည့်နေမိကြတော့သည်။

ကျန်းယွင်ကျူးသည် ရုတ်ခြည်း ရှက်သွေးဖြာသွားပြီး မြန်မြန် နောက်ဆုတ်လိုက်ကာ ပြောလိုက်လေသည်။

“ညက နည်းနည်းအေးနေတယ်၊ ကျွန်မ ထင်တာက....”

သို့သော် လက်တစ်ဖက်က သူမ၏ခါးကို သိုင်းဖက်လိုက်ပြီး သူမကို နောက်မဆုတ်နိုင်အောင် လုပ်ထားတော့သည်။

“လူကြီးမင်းရှန်”

ကျန်းယွင်ကျူး၏ခါးသည် ခံစားလွယ်ပေသည်။ သန်မာသည့် လက်တစ်ဖက်၏ ဖမ်းချုပ်ခံလိုက်ရသဖြင့် သူမ၏နှလုံးသားသည် တစ်ချက်ခုန်သွားပြီး သူမ၏အသံက တိုပြတ်ပြတ်နှင့် နူးညံ့နေတော့သည်။

သို့သော် ထိုလက်က သူမကို မလွှတ်ပေးလိုက်ပေ။ ထို့အစား အပြစ်ပေးနေသယောင် သူမ၏ခါးကို ပိုပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလေသည်။ အားအနည်းငယ်ထည့်လိုက်သည်တွင် သူမသည် ကျယ်ဝန်းသည့် ရင်ခွင်တစ်ခုထဲ ကျရောက်သွားတော့သည်။

“လူကြီးမင်းရှန် ဟုတ်လား” ရှန်ဖုန်းမင်က လေသံတိုးတိုးဖြင့် မေးလိုက်၏။

သူသည် သည်စကားကို ကျန်းယွင်ကျူး၏နားနား အလွန်နီးကပ်အောင် ရေရွတ်လိုက်လေသည်။ အသံက သူရှူထုတ်လိုက်သည့်လေပါလာပြီး ကျန်းယွင်ကျူး၏နားထဲ ဝင်သွားတော့သည်။ သူမသည် နားထဲက လေထွက်နေသလိုသာ ခံစားလိုက်ရတော့သည်။ ဒါဆိုလည်း ဟုတ်ပါပြီလေ။ နောက်တစ်ခါ သူ့ကို အဲလိုမခေါ်တော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

မဟုတ်သေးပါဘူး။ သူမမြင်အောင် အရာရှိဝတ်စုံ ဝတ်ဖို့ သူ့ကို ဘယ်သူပြောလို့လဲ။ အဲလိုမြင်နေမှတော့ သူမက သူ့ကို လူကြီးမင်းရှန်လို့ ခေါ်ချင်တာပေါ့။

ထိုသိုစဥ်းစားလိုက်ပြီး သူမက လက်များဖြင့် သူ့ကို တွန်းထုတ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်လေသည်။

သူမ၏လက်က သူ့ရင်ဘတ်ကို ထိထားသည်။ သူ့ရင်ဘတ်က အားမာန်နှင့် ခုန်နေသည်ကို ခံစားမိလိုက်လေသည်။ သူမမှာ ထပ်ပြီး အားပျော့သွားတော့သည်။

“ကျွန်မ ရှင့်ကို လူကြီးမင်းရှန်လို့ ထပ်မခေါ်တော့ပါဘူး၊ ကျွန်မကို လွှတ်ပေးပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။

သူမ၏ခါးသည် သူလက်ထက် အနည်းငယ်သာ ပိုကျယ်လေသည်။ သူသည် ညှစ်လိုက်လျှင် ဖျစ်ခနဲကျိုးသွားတော့မယောင်။ ရှန်ဖုန်းမင်က ဘာအားကိုမှ မသုံးရဲသော်လည်း လွှတ်လည်း မလွှတ်ပေးလိုပေ။ ထိုအရာနှင့်ပတ်သက်ပြီး တစ်ခုခု စွဲလမ်းနေမိလေသည်။

အမှန်တွင်တော့ သူသည် အားထပ်သုံးချင်သေးသည်။

သူက သူမကို အနည်းငယ် လွှတ်ပေးလိုက်ပြီး ခေါင်းငုံ့ကာ သူမကို ကြည့်လိုက်လေသည်။

နှစ်ယောက်သားမှာ အလွန်မှ နီးကပ်လေရာ တစ်ဦး၏အသက်ရှူသံကို တစ်ဦးက ခံစားမိနိုင်လေသည်။

ကျန်းယွင်ကျူးသည် သူမ၏နှလုံးသားလေးက အလွန်မှ ရင်ခုန်မြန်လာသည်ပြီး အသက်ရှူရသည်မှာ မချောမွေ့တော့သလို ခံစားလိုက်ရတော့သည်။

“ကျွန်မကို လွှတ်ပေးပါ”

သူမက လေသံဖြင့် ပြောလိုက်၏။ သူမ၏အသံလေးက ကိုယ်တိုင်ပင်မသိလိုက်ပါဘဲ ချွဲနွဲ့ဟန်အပြည့် ဖြစ်နေတော့သည်။

သူမ၏ခါးပေါ်က လက်များက ပိုသန်မာလာသည်ကို ခံစားလိုက်မိပြီး ကျန်းယွင်ကျူးသည် သူ့ကို ဒေါသမျက်ဝန်းဖြင့် ကြည့်လိုက်တော့သည်။ တကယ်ပဲ သူဘာဖြစ်ချင်နေတာလဲ။

ရှန်ဖုန်းမင်၏နှုတ်ခမ်းများက သူမထံသို့ ပိုနီးကပ်လာသော်လည်း ရှေ့ဆက်မတိုးလာခဲ့ပေ။

ကျန်းယွင်ကျူးမှာ တဖြည်းဖြည်း သဘောပေါက်သွားတော့သည်။ သူမက သူ့ကို နမ်းအလာကို စောင့်နေတဲ့ပုံပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကနဲ့ တူတဲ့ပုံပဲ။

ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးကို သူနှင့် ပိုရင်းနှီးစေလိုပြီး သူမ၏နှလုံးသားကို နားလည်ချင်ခဲ့လေသည်။

နှစ်ယောက်သား ထိုနေအထားအတိုင်း ခဏလောက် ဆက်ရှိနေလိုက်ကြသည်။ နောက်ဆုံးတွင် ကျန်းယွင်ကျူးက မနမ်းလိုက်ပေ။

ရှန်ဖုန်းမင်ကို လိုက်ပို့ပေးလိုက်ပြီး ကျန်းယွင်ကျူးက အခန်းထဲ ပြန်လာကာ ရေအေးဆွတ်ထားသည့် တဘက်နှင့် မျက်နှာကို သုတ်လိုက်ပြီးနောက် စိတ်အေးသွားဟန် သက်ပြင်းချလိုက်တော့သည်။ ပင်ပန်းသလို ခံစားလိုက်ရပြီးနောက် သူမသည် မြန်မြန်ဆေးကြောလိုက်ပြီး အိပ်ရာဝင်လိုက်တော့သည်။

ယန်ရှန်သည် အိမ်ပြန်ရောက်လာချိန်တွင် သခင်မယန်က သူ့ကို တစ်ခါလောက်တော့ ချီးကျူးလိုက်လေသည်။

“ငါ အဲဒီစားသောက်ဆိုင်ကို သွားခဲ့တယ်” သူမက ပြောလိုက်၏။

“ဘယ်လိုလဲ” ယန်ရှန့်က မေးလိုက်သည်။

“အရသာရှိပါတယ်”

ဒါပေမဲ့ နေရာက အရမ်းဝေးတာပဲ။ သူမက ညနေစာ စားချင်တာလေ။ ဒါပေမဲ့ အချိန်က နည်းနည်းကြပ်သွားတယ်။ ထိုသို့စဥ်းစားလိုက်ပြီး သခင်မယန်က ယန်ရှန့်ကို ဒေါသဖြင့် ကြည့်လိုက်ပြန်သည်။ သူ အဲလောက်နောက်ကျမှ ပြန်လာတယ်။ ညစာစားဖို့ အဲဒီစားသောက်ဆိုင်ကို သူသွားခဲ့တာတော့ မဟုတ်လောက်ဘူးမလား။

သူ့တစ်ယောက်ထဲ စားပြီး သူ့အမေအိုကိုတော့ သတိမရဘူးတဲ့လား။

ယန်ရှန့်သည် ထိုးဖောက်မြင်ခံလိုက်ရပြီး ရှက်သွားတော့သည်။ ဌာနက စားသောက်ဆိုင်နဲ့ ဆိုင်တာပဲမလား။

“ကိုကြီး စားလို့ကောင်းတယ်” သခင်မယန်ဘေးက လူငယ်လေးက ချီးကျူးလိုက်သည်။

“စားချင်သေးတယ်” လူငယ်လေးဘေးက ကလေးမလေးက နှုတ်ခမ်းလေးကိုတင်းထားပြီး ပြောလိုက်လေသည်။

မောင်နှမနှစ်ယောက်၏ အစားပုတ်နေဟန်ကို မြင်လိုက်ရသဖြင့် ယန်ရှန့်က ပြုံးကာ သူတို့ခေါင်းကို ပုတ်လိုက်ပြီး

“မနက်ဖြန် သွားစားလေ”

“ငါ အဲဒီစားသောက်ဆိုင် ပိုင်ရှင်နဲ့ တွေ့ခဲ့တယ်” သခင်မယန်က ရုတ်တရက် မှတ်ချက်ပေးသည်။

ယန်ရှန်က သတိအနေအထားဖြစ်သွားပြီး

“ဪ”

သခင်မယန်က သူ့တုံ့ပြန်ပုံဒကို သေသေချာချာ လေ့လာလိုက်ကာ

“အဲမိန်းကလေးက တကယ် အံ့ဩစရာကောင်းတာပဲ၊ မင်း သူ့ကို ငါတို့အိမ်တော်ကို ဖိတ်နိုင်ရင်....”

ယန်ရှန့်မှာ ညှိုးငယ်သွားတော့သည်။ ဒီကိစ္စကို စဥ်းစားစရာမှ မလိုဘဲလေ။

သူ့တုံ့ပြန်ပုံကို တွေ့လိုက်သည့် သခင်မယန်မှာ သူမသည် အတွေးများသွားခဲ့သည်ဟု ခံစားလိုက်မိတော့သည်။

ရှန်ဖုန်းမင်းသည် ရှန်အိမ်တော်သို့ ပြန်လာချိန်တွင် အလွန်မှ နောက်ကျနေပြီဖြစ်သည်။ အိမ်တော်ထိန်းက တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့ အနားယူသွားကြပြီဟု ပြောလာသည်။ သူလည်း သူ့ကိုယ်ပိုင်အခန်းသို့ ပြန်လာပြီး ဆေးကြောကာ အိပ်လိုက်တော့သည်။

အမှန်တွင်တော့ တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့မှာ မအိပ်ကြသေးပေ။ ရှန်ဖုန်းမင်မှ ပြန်မလာသေးရင် သူတို့က ဘယ်လိုလုပ်ပြီး အိပ်ပျော်နိုင်ပါ့မလဲ။

အတွင်းခန်းထဲတွင် တစ်ယောက်က စာဖတ်နေပြီး ကျန်တစ်ယောက်က စာရင်းကြည့်နေသည်။

ခဏအကြာတွင် အခြွေအရံတစ်ယောက်က သခင်လေး အိမ်တော်သို့ ပြန်ရောက်ပြီဖြစ်ကြောင်း သတင်းလာပို့သည်။

ထိုအခါမှ သူတို့နှစ်ယောက်က လက်ထဲက ပစ္စည်းများကို ချလိုက်ကာ လဲလျောင်းလိုက်ကြလေတော့သည်။

ချိုမြိန်သည့် အိပ်စက်မှုတစ်ခုအပြီး နောက်တနေ့တွင် လန်းလန်းဆန်းဆန်း နိုးထလိုက်ပြီးနောက် ကျန်းယွင်ကျူးက မျက်နှာသစ်လိုက်ပြီး မနက်စာစားလိုက်သည်။ သူမသည် သူဌေးလော့ထံသွားပြီး သူမ၏ စားသောက်ပွဲအစီအစဥ် အကြောင်းကို ပြောပြလိုက်သည်။

သူဌေးလော့သည် ထိုအကြောင်းကို ကြားလိုက်သည်နှင့်တစ်ပြိုက်နက် ကျန်းယွင်ကျူးက သည်ကိစ္စကို စိတ်နှစ်ပြီး လုပ်ထားမှန်း သိလိုက်လေသည်။ သူသည် ခေါင်းမညိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

“အိုး ဟုတ်သားပဲ၊ သူဌေးလော့၊ ရှင့်လှေက ပင်ရပ်ခြားတိုင်းပြည်ကို မကြာမကြာ ခရီးသွားတယ်နော်၊ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းမျိုး ရှင် ယူပြန်လာနိုင်လဲ၊ စားသောက်ပွဲမှာ သုံးလို့ရချင် ရလောက်တယ်” ကျန်းယွင်ကျူးက အကြံပြုလိုက်သည်။

သူဌေးလော့က ခဏလောက်စဥ်းစားလိုက်ပြီး အနောက်တိုင်း၏ တမူထူးခြားသည့် ပုံစံတစ်ခုရှိသည့် လက်မြောက်လှသည့် ပန်းကန်ခွက်ယောက်မျိုးစုံ ထားသည့် သူ့ကိုယ်ပိုင်ဂိုဒေါင်ဆီသို့ ကျန်းယွင်ကျူးကို ခေါ်လာလိုက်လေသည်။

“ဒီပန်းကန်ခွက်ယောက်တွေကရော ဘယ်လိုလဲ”

သူဌေးလော့က ထိုပန်းကန်ခွက်ယောက်များကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။ အများစုက ငွေထည်ပစ္စည်းများဖြစ်သည်။ တောင်ပြောင်ပြီး တော်တော်လေး အထက်တန်းကျလှသည်။ သူသည် ထိုပစ္စည်းများကို အလွန်မှ နှစ်သက်လေသည်။ သူသည် သည်ပန်းကန်ခွက်ယောက်များကို သုံးပြီး သူဌေးပိုင်နှင့် တခြားသူများကို ဧည့်ခံဖို့ စဥ်းစားထားခဲ့သည်။

ကျန်းယွင်ကျူးမှာ.... ငြိမ်သက်သွားတော့သည်။ ဒီပန်းကန်ခွက်ယောက်တွေက အရမ်းလှပါတယ်။ ဒါပေမဲ့ တရုတ်စတိုင် ထမင်းဝိုင်းမှာ တည်ခင်းမှာလား။ ဘာပဲဖြစ်ဖြစ် အူကြောင်ကြောင် ဖြစ်နေမှာပဲ။ သူမက အနောက်တိုင်း အစားအသောက်လုပ်မှာလည်း မဟုတ်ဘူးလေ။ အားလုံးက ဒါကို လက်မခံနိုင်မှာ စိုးမိတယ်။

သူဌေးလော့က ရှက်သွားကာ ချောင်းဟန့်လိုက်လေသည်။ အမှန်တွင်တော့ သူလည်း လိုက်ဖက်သည်ဟု မခံစားမိချေ။ ထို့ကြောင့် သူသည် သည်ပန်းကန်ခွက်ယောက်များကို လုံးဝ ထုတ်မသုံးခဲ့ပေ။

“တခြား ပစ္စည်းတွေရာ ရှိသေးလား” ကျန်းယွင်ကျူးက မေးလိုက်၏။

“ပင်လယ်ထွက်ပစ္စည်းတွက လှေပြန်မလာသေးရင်တော့ မရနိုင်သေးဘူး၊ နောက်ခရီးက လဝက်လောက် ကြာမှာ” သူဌေးလော့က ပြန်ဖြေလိုက်သည်။

ဒါဆို အရမ်းနောက်ကျသွားလိမ့်မယ်။ ကျန်းယွင်ကျူးသည် နှမြောသတသလို ဖြစ်သွားတော့သည်။ သည်အခိုက်တွင် သူမသည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး တစ်ခုခုကို မြင်သွားလေသည်။

“ဒါက ဘာလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။

“ဒါက ကျုပ်လှေမှ အဓိကရောင်းတဲ့ ပစ္စည်းတစ်မျိုးပဲ၊ ဖန်ခွက်တွေ” သူဌေးလော့က ရှင်းပြလိုက်သည်။

ဖန်ခွက်များသည် အောက်ခြေပြားအမျိုးအစားများဖြစ်သည်။ ရှမင်းဆက်၏ ဖန်ထည်နည်းပညာက အလွန်မှ တိုးတက်ခဲ့လေသည်။ သူဌေးလော့က ပြန်ပြီး အသစ်ပြင်ဆင်ထားခဲ့ခြင်းပင်။ သူသည် လက်မှုပညာသည်များကို ခေါ်ကာ ဖန်ခွက်များကို ပင်လယ်ရပ်ခြားတိုင်းပြည်များ၏ နည်းပညာနှင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းပင်။ သူသည် သူတို့ကြိုက်တတ်သည့် ပုံစံအတိုင်း ဖန်ခွက်များကို ပိုကောင်းအောင် လုပ်ပြီး သူတို့ကို ရောင်းပေးလေသည်။ ဖန်ထည်ပစ္စည်းများသည် ထိုတိုင်းပြည်များတွင် အလွန်မှ ရေပန်းစားလှသည်။

သူသည် မြို့တော်တွင် အလွန်မြန်မြန် ဆန်ဆန် လူချမ်းသာစီးပွားရေးသမားဖြစ်လာသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။

သည်ဖန်ထည်ပစ္စည်းများအကြောင်း ပြောရလျှင် သူသည် အလွန်မှ ဂုဏ်ယူမိသည်။

ကျန်းယွင်ကျူးက ထိုဖန်ခွက်များကို ကြည့်လိုက်ပြီး သူမ၏စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ရက်ပိုင်းအတွင်း ရောက်လာမဲ့ စားသောက်ပွဲအတွက်တော့ သူမရဲ့ဟင်းလျာတွေက အဆင်ပြေမှာပါ။ ဒါပေမဲ့ ဝိုင်ကျတော့... သူဌေးလော့ လှောင်ထားတဲ့ နှစ်နှစ်ဆယ်သက်တမ်း သစ်တော်ပွင့်တွေက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သိပ်ပြီး အရောင်မတောက်သေးဘူး။

အခု ဒီဖန်ခွက်တွေနဲ့သာဆိုရင် ပြန်လည်ဆန်းသစ်လို့ ရနိုင်တယ်။

...

အပိုင်း (၁၀၄)

ကျန်းယွင်ကျူးက ကော့တေးလ် လုပ်ချင်ခဲ့သည်။

ကော့တေးလ်မှာ နိုင်ငံခြားတိုင်းပြည်က အစပြုလာခြင်းပင်။ ဝိုင်တစ်ခုအပေါ် အခြေခံထားပြီး ပါဝင်ပစ္စည်း နှစ်ခု သို့မဟုတ် နှစ်ခုထပ် ပိုထည့်ကာ ပြင်ဆင်ရသည့် ဝိုင်တစ်မျိုးဖြစ်သည်။ တောက်ပသည့်အရောင်ရှိပြီး လန်းဆန်းစေသည့် အရသာတစ်ခု ရှိလေသည်။

ဟင်းပွဲတွေ အားလုံးကလည်း အရောင်အသွေး အနံ့အရသာ အကြောင်းပဲ။ ဝိုင်လည်း အတူတူပဲလေ။ အရမ်းကို ဆွဲဆောင်မှုရှိတဲ့လွန်းတဲ့ ဝိုင်တစ်ခွက်ကို ဘယ်သူက မမြည်းကြည့်ချင်ဘဲ နေပါ့မလဲ။

ဥပမာ အရမ်းကို လူကြိုက်များလွန်းတဲ့ ‘အရောင်လင်းလက်နေတဲ့ စပျစ်ဝိုင်တစ်ခွက်’ပေါ့။ အကောင်းစားဝိုင်ကို လှပတဲ့ခွက်လေးတွေနဲ့ တွဲပေးလိုက်။ မင်းဆက်အားလုံးက မင်းဧကရာဇ်တွေအားလုံး နှစ်သက်တော်မူသွားမှာပဲ။ ဥပမာ ပြီးခဲ့တဲ့အခေါက်က ကျန်းယွင်ကျူးသောက်ခဲ့တဲ့ ပိလင်ရှန်း။ အဲဒီဝိုင်တစ်အိုးက လျန်ရာချီပေးရပြီး ငွေနဲ့ပေးဝယ်ချင်တောင် ဝယ်လို့မရနိုင်ဘူးလေ။

သည်ကော့တေးလ်က ထူးခြားသည့် အရောင်နှင့် အရသာရှိလေသည်။ ကျန်းယွင်ကျူးသည် မြို့တော်တွင် အရပ်လေးမျက်နှာက စုပေါင်းလာကြပြီး သူတို့တွေက ကောင်းမွန်သည့် ရွေးချယ်မှုများ လုပ်ရန်သာလို အပ်သည်ဟု ခံစားမိသည်။ အလွန်မှ ချဲ့ကားလွန်းသည့် သူဌေးလော့၏ ငွေထည်ပစ္စည်းများနှင့် မတူပေ။ အားလုံး၏ အရသာနှင့် ကိုက်ညီသည့် အရာကို ပြုလုပ်ရန်သာလိုအပ်ပြီး အားလုံးကလည်း ကြိုက်နှစ်သက်ကြလိမ့်မည်။

အမှန်တွင်တော့ ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲတွင် သည်လို လုပ်ခဲ့ဖူးသည်။ အောင်မြင်တယ်လို့ ပြောရမယ်။ တစ်ခုပဲ။ သူမက အန်းဖင်နယ်စားအိမ်တော်မှာ အကြားကြီးရှိနေတော့ တခါတလေ ဒီလက်ရာတွေကို ချပြဖို့နေရာက မရှိဘူး။

ကော့တေးလ် လုပ်ဖို့ဆိုရင်တော့ သူမက အခြေခံဝိုင်ကိုပဲ သုံးဖို့ လိုတာပါ။ ပိုင်ကျိုက သင့်တော်တယ်။ ခေတ်သစ်မှာဆိုရင် ပိုင်ကျိုကနေလုပ်တဲ့ ကော့တေလ်းတွေ အများကြီးပဲ။ အရမ်းကို တရုတ်ဆန်ပြီး နိုင်ငံခြားမှာတောင် နာမည်ကြီးတယ်။ အင်းပေါ့။ ပိုင်ကျိူ အားလုံးကတော့ သင့်တာမျိုးမဟုတ်ပါဘူး။ နှံစားပြောင်းအရက်၊ ကျူးယဲ့ချင်း တို့လို အရသာပေါ့တဲ့ ပိုင်ကျိုကို ရွေးချယ်သင့်တယ်။

“သူဌေးလော့ ရှင် ဒီည ကျွန်မရဲ့ စားသောက်ဆိုင်မှာ ညစာလာစားနိုင်မလား”

ကျန်းယွင်ကျူးက ဖိတ်ခေါ်လိုက်သည်။ သူမသည် သူဌေးလော့အား ကော့တေးလ်ကို ချပြချင်မိသည်။ လက်တွေ့က အပြောထက် ပိုပြီး ခရီးတွင်သည်။

သူဌေးလော့သည် သဘောတူပေးဖို့ရာ အဆင်သင့်ပင်။ ရှီကွမ်းစားသောက်ဆိုင်၏ အစားသောက်များသည် အလွန်မှအရသာ ရှိလေသည်။ သူသည် သည်နေ့ညတော့ အားလပ်နေသည်။ သူမက သူ့ကို မဖိတ်ကြားလျှင်တောင် သူကတော့ သွားချင်ပါသည်။

ကျန်းယွင်ကျူးက သူဌေးလော့ထံမှ ဖန်ခွက်တချို့ကို ဝယ်လာခဲ့ပြီးနောက် ကော့တေလ်းလုပ်ဖို့ ပစ္စည်းအမျိုးမျိုးကို ဝယ်ရန် စျေးသွားလိုက်သည်။ ဟုတ်ပါသည်။ အရေးအကြီးဆုံးမှာ ရေခဲ ဖြစ်သည်။ သူမသည် သူဌေးလော့က နည်းနည်းလောက် ကြိုပေးထားစေချင်သည်။ သူဌေးလော့ကလည်း သဘောတူလိုက်ပြီး သူမကို မြို့စွန်တွင်ရှိသည့် ရေခဲဂိုဒေါင်ဆီသို့ သူမကို ခေါ်လာပေးခဲ့သည်။

ညနေခင်းတွင် အားလုံးက အဆင်သင့်ဖြစ်နေသည်။ ကျန်းယွင်ကျူးသည် သောက်စရာများကို စတင် ရောနှောလိုက်သည်။

သူမသည် ဖျောရည်လုပ်ပြီး ရေခဲ့တုံး ပြင်ဆင်ရင်း တစ်နေ့လုံး အလုပ်များနေခဲ့လေသည်။ ရွှယ်ကျင်းက သူမနောက်တွင် အချိန်တော်တော်ကြာအောင် လိုက်ပါလာသူဖြစ်ရာ သူမက အစားအသောက် အသစ်အဆန်းတချို့ လုပ်တော့မည်ကို ချက်ချင်းနားလည်လိုက်သည်။ သူသည် သူမဘေးတွင် ချက်ချင်း သွားရပ်လိုက်တော့သည်။

“ကျွန်မ ဒီနေ့ ချက်ပြုတ်မှာမဟုတ်ဘူး”

ကျန်းယွင်ကျူးက သူ့ကို ပြုံးပြလိုက်သည်။

ထို့နောက် သူမသည် ဖန်ခွက်တစ်လုံးကို ထုတ်လိုက်ပြီး ကောင်တာစားပွဲပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် သူမသည် ခရားအိုးအလုံးလေးတစ်ခုကို ထုတ်လားပြီး ခရားအိုးထဲသို့ ဝါးရွက်စိမ်း ယမကာ၊ မက်မွန်ဖျော်ရည် နှင့် ဗာဒံအချိုရည်တို့ကို ထည့်လိုက်ပြီး ဟိုဖက်သည်ဖက်လှည့်ကာ နှံ့နေအောင် လှုပ်ခါလိုက်ပြီးနောက် ရေခဲတုံး သုံးတုံးကို ထည့်ကာ အပေါ်အောက် လှုပ်လိုက်လေသည်။

ဝိုင်နှင့် ရေခဲတုန်းများ ရောနှောက ပွတ်တိုက်သံနှင့် အိုးအတွင်းဘက်နံရံကို ရိုက်မိနေသံကို ကျယ်လောင်ပြီး ရှင်းလင်းနေအောင် ကြားနေရသည်။ ဆိုင်ထဲက လူအားလုံး၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

ထိုအခိုက်တွင် ဧည့်သည်များက မရှိချေ။ ကျင့်ကျောင်းယွဲ့နှင့် တခြားသူများသည် ကျန်းယွင်ကျူး လုပ်နေသည့်အရာကို သိချင်နေကြလေသည်။ သူတို့အားလုံးက သူမကို ဝိုင်းရံထားလိုက်ကြသည်။

“ခဏလေးပဲစောင့်၊ ခဏနေရင် သောက်စရာ အကောင်းစားတစ်ခုခု ရလာတော့မယ်”

ရွှယ်ကျင်းက ကျန်းယဲနှင့် တခြားသူများကို တရင်းတနှီး တန်းပြောလိုက်၏။

အားလုံးက ကျန်းယွင်ကျူးကို ထပ်ကြည့်လိုက်ပြီး သူမ၏လှုပ်ရှားများက ကျော့မော့နေပြီး ပရမ်းပတာဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ဖော်မပြတတ်အောင်ပင် လှလွန်းနေသည်။

ကော့တေးလ်လုပ်နည်း အမျိုးမျိုးရှိသည်။ ကျန်းယွင်ကျူးသည် ခေတ်သစ်တွင် နည်းနည်းပါးပါးသာ သင်ယူခဲ့ဖူးသည်။ သူမသည် သူတို့ကို အရူးလုပ်ဖို့ရန်တော့ အတိုင်းအတာတစ်ခုအထိ တတ်နိုင်ပေသည်။

‘တက်’ တစ်ချက်မြည်သံနှင့်အတူ ခရားအိုးက စားပွဲကို လာရိုက်သည်။ ကျန်းယွင်ကျူးသည် ခရားအိုးကို ဖွင့်လိုက်ပြီး ဝိုင်နှင့် ရေခဲများကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်လေသည်။

သူဌေးလော့၏ဖန်ခွက်များသည် ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးနှင့် လာသည်။ ကျန်းယွင်ကျူးက သေးသွယ်သည့် အူတိုင်က အောက်ခြေတွင် မမြင့်မားသည်ကလွဲလျှင် ခေတ်သစ် ဝိုင်နီခွက်နှင့်တူသည့် ဖန်ခွက်တစ်လုံးကို ရွေးလာခဲ့သည်။ လူပုလေး ဝိုင်နီခွက်တစ်လုံး (လည်ပင်းတိုဝိုင်ခွက်)နှင့် အနည်းငယ်ဆင်တူသည်။

အရောင်အရဆိုလျှင် သည်ဝိုင်ခွက်သည် ခေတ်သစ်က ခွက်များလောက် မကြည်ပေ။ သို့တိုင် အသုံးပြုလို့ရသေးသည်။

ရေခဲတုံးများ ရောနေသည့် မက်မွန်ဖြူရောင် ဝိုင်သည် ဖန်ခွက်ထဲသို့ ကျဆင်းသွားသည်ကို မြင်နိုင်ပေသည်။ ရုတ်ခြည်းဆိုသလို ချိုမြမြ ဝိုင်ရနံ့တစ်ခုက လှိုက်တက်လာခဲ့သည်။

“မြည်းကြည့်လိုက်”

ကျန်းယွင်ကျူးက သူမ၏လက်ကို ဆန့်ကာ အချက်ပြလိုက်လေသည်။

ဝိုင်က တစ်ခွက်သာရှိသည်။ ကျင့်ကျောင်းယွဲ့နှင့် တခြားများသည် နှုတ်ခမ်းသပ်လိုက်သော်လည်း ရွှယ်ကျင်းကိုသာ ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကျန်းယွင်ကျူးနဲ့ အချိန်အကြာကြီး အတူတူရှိနေပါလို့ သူ့ကို ဘယ်သူပြောခဲ့တာတဲ့လဲ။

သို့သော်ငြား ရွှယ်ကျင်းက ဝိုင်ခွက်ကို ကျန့်ဟယ်ဆီသို့ တွန်းပို့လိုက်သည်။ သည်ရက်ပိုင်းတွင် သူတို့နှစ်ယောက်သည် အဆင်ပြေနေကြသည်။ သူသည် ကျန့်ဟယ်၏ ဓားကိုင်စွမ်းရည်ကို အလွန်မှ အားကျနေသည်။ သည်တစ်ခွက်က သူ့ထံမှ လက်ဆောင်တစ်ခုဟု သတ်မှတ်ရမည်။

ကျန့်ဟယ်၏ ရေခဲတုံးမျက်နှာသည် စူပုတ်နေလေသည်။ သူသည် စကားကောင်း မပြောတတ်ပေ။ ရွှယ်ကျင်းက သူ့ကို ပေးလိုက်မှတော့ သူသည် သည်သံယောဇဥ်ကို မှတ်ထားရလိမ့်မည်။ ထို့ကြောင့် သူက ဝိုင်ကို သောက်လိုက်လေသည်။

ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး သူက ဝိုင်တစ်ငုံကို သောက်လိုက်သည်။

ရုတ်ခြည်းဆိုသလို သူ့မျက်နှာပေါ်က ရေခဲလွှာသည် အရည်ပျော်ကျသွားသယောင်။ ဒီဝိုင်က ဘယ်လိုဖြစ်ပြီး အရမ်း ချိုပြီး ပျော့နေတာလဲ။ ဘာနဲ့တူလဲ.... ဘာနဲ့တူလဲဆိုတော့..... သူသည် ကျန်းလိညန်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာမှာ ရုတ်ခြည်း နီမြန်းသွားလေတော့သည်။

“ဒီဝိုင်ကို ရေခဲမက်မွန် လို့ခေါ်တယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ တကယ်တော့ ဒီဝိုင်ကို အနမ်းချိုချို လို့ခေါ်တာလေ။ ဒီဝိုင်ရဲ့အရသာက မိန်းကလေးတစ်ယောက်ရဲ့ အနမ်းပါးပါးလေးတစ်ပွင့်နဲ့တူတယ်။ မရေမတွက်နိုင်တဲ့ ချိုမြိန်မှုတွေ တွယ်ရစ်နေတာပေါ့။ ဒါပေမဲ့ ဒီခေတ်ကြီးက တော်တော်လေး ရှေးရိုးဆန်တာမလို့ သူမက ဒီဝိုင်ကို နာမည်ပြောင်းပေးလိုက်တာလေ။

“ဘယ်လိုလဲ” ရွှယ်ကျင်းက ကျန့်ဟယ်ကို ချက်ချင်းမေးလိုက်လေသည်။

ကျန့်ဟယ်၏မျက်နှာပေါ် သံသယဖြစ်စရာ ကောင်းနေသည့် နီမြန်းနေပုံက ပိုပိုပြီး ဆိုးရွားလာတော့သည်။ ရွှယ်ကျင်းက သတိမထားမိသော်လည်း ကျန်းယွင်ကျူး၊ ကျင့်ကျောင်းယွဲ့နှင့် တခြားသူများက သတိထားမိကြသည်။

ကျန်းယွင်ကျူးက သူ့အကြည့်နောက်လိုက်သွာပြီး ကျန်းလိညန်ကို ကြည့်လိုက်လေသည်။ သူမ၏စိတ်ထဲတွင် သဘောကျစိတ်များ ပလုံစီသွားတော့သည်။ ထင်တောင်မထားဘူး။ ဝိုင်တစ်ခွက်ကြောင့် တစ်ခုခုထူးခြားနေတာကို သိသွားခဲ့တာပဲ။ တစ်ခုပဲ။ ဒီနှစ်ယောက်ထဲက တစ်ယောက်က မာဆတ်ဆတ်နိုင်ပြီး ကျန်တစ်ယောက်က ဖာသိဖာသာနေတတ်နေတာ။ သူတို့တွေ ဘယ်လိုများ အဆင်ပြေသွားကြမလဲ မသိဘူး။

ကျင့်ကျောင်းယွဲ့နှင့် တခြားသူများသည် ဝိုင်အရသာကို သိချင်စိတ် ပိုပြင်းထန်လာတော့သည်။ ထိုဝိုင်က ကျန့်ဟယ်ကို ထိုသို့သော အမူအရာကို ထုတ်ပြအောင် လုပ်နိုင်ခဲ့သည်။

သူတို့သည် ကျန်းယွင်ကျူးကို မျှော်လင့်တကြီး ကြည့်လိုက်ကြလေသည်။

ကျန်းယွင်ကျူးက လေကုန်ခံမနေတော့ချေ။ မြန်မြန်ဆန်ဆန် ဘဲ နောက်ထက် ဝိုင်နည်းနည်းပါးပါး ထပ်လုပ်လိုက်ပြီး အားလုံးကို ဝေပေးလိုက်လေသည်။

အားလုံးက ဝိုင်ကို ရသွားကြကာ သောက်လိုက်ကြပြီး သူတို့၏မျက်နှာပေါ်တွင် အမူအရာအမျိုးမျိုး ဖြစ်သွားကြတော့သည်။ တချို့က ဝိုင်ကို တစ်ငုံပါးပါးလေးသောက်လိုက်ပြီး သူတို့ရင်ထဲတွင် လွမ်းတသသ ခံစားချက်ဖြစ်သွားလေသည်။ ကျန်လူများကတော့ ဝိုင်ကို တစ်ကြိုက်မော့လိုက်ပြီး ခံစားချက်များ လွှမ်းမိုးခံလိုက်ရတော့သည်။

“ဝိုင်က ဒီလောက်တောင် အရသာရှိနိုင်တာပဲ”

ကျင့်ကျောင်းယွဲ့က ဝိုင်ခွက်ကို သူမ၏လှပသည့် လက်ချောင်းများနှင့် ဖျစ်ညှစ်လိုက်၏။ သူမ၏မျက်လုံးများသည် ရီဝေသွားပြီး အတိတ်က ကိစ္စတချို့ကို ပြန်အမှတ်ရသွားသယောင်။

“သူဌေး”

ရွှယ်ကျင်းက ပိုပြီး ဒဲ့တိုးဆန်သည်။ သူက ကျန်းယွင်ကျူးကို ချက်ချင်း လက်မထောင်ပြလိုက်တော့သည်။ ထို့နောက် သူက ကျန့်ဟယ်နှင့် တခြားသူများကို ကြည့်လိုက်ပြီး ကိုယ့်ဟာကိုယ် အနည်းငယ် ကျေနပ်သွားတော့သည်။ သူ သောက်စရာကောင်းကောင်း တစ်ခု ရလာတော့မယ်လို့ ပြောခဲ့တယ်လေ။ တကယ် ဟုတ်နေတာပဲ။

လူများက ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး သူတို့စိတ်ထဲတွင် ရုတ်တရက် တစ်ခုခု သိသွားတော့သည်။ စစ်သေနာပတိချုပ်ရှန်က နေ့တိုင်း သည်နေရာသို့ အပြေးလာရသည့်အကြောင်းအရင်းကို နားလည်သွားကြသယောင်။

ကျန်းယွင်ကျူး ရှိနေသည့် သည်စားသောက်ဆိုင်တွင် နေ့တိုင်း ရိုးရှင်းသည့် ဘဝတစ်ခုတွင် နေထိုင်ကာ အရသာရှိသည့် ထမင်းတနပ်ကို စားရသည်က သည်အတိုင်းကံကောင်းခြင်း တစ်ခုပင်။

ပျော်စရာလေးပဲ။ သူတို့တွေ ဒီခံစားချက်ကို မေ့သွားတော့မလို့။ ဒီလိုခံစားချက်မျိုး ဖြစ်နေတာကိုး။

လူများသည် ရေခဲမက်မွန်ကို နောက်ထပ်တစ်ငုံလောက် သောက်လိုက်ကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်များသည် မသိမသာ မြင့်တက်သွားကြတော့သည်။

ကျန်းယွင်ကျူးလည်း သောက်လိုက်သည်။ ခဏအကြာတွင် အခန်းမှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

“သူဌေး ကျွန်မအတွက် နောက်တစ်ခွက်လောက် လုပ်ပေးလို့ရမလားဟင်”

ကျင့်ကျောင်းယွဲ့က လေသံပျော့ပျော့မေးလိုက်၏။ သူမသည် သည်လိုဝိုင်မျိုးကို မြတ်နိုးမိသလို ခံစားလိုက်ရတော့သည်။

“စိတ်မပူနဲ့” ကျန်းယွင်ကျူးက ပြောလိုက်သည်။

သည်တစ်ကြိမ်တွင် သူမက ဝါးရွက်စိမ်း ယမကာ၊ ဆိုဒါရေ နှင့် ဖရဲသီးဖျော်ရည်တို့ကို ဝိုင်ခွက်တစ်ခုတွင် ရောထည့်လိုက်သည်။

“ပေါင်ဒါမှုန့်နီနီ” သူမက ပြောရင်း ဝိုင်ခွက်ကို ကျင့်ကျောင်းယွဲ့ထံ လှမ်းပေးလိုက်လေသည်။ သည်ဝိုင်၏ အခြေခံအရောင်က အနီတောက်တောက် အရောင်ဖြစ်သည်။ တော်တော်လေး တင့်တယ်ခမ်းနားလှသည်။ ဝိုင်ကို သောက်ပြီးနောက် ပါးစပ်ထဲတွင် မွှေးရနှံ့များ ပြည့်သွားတော့သည်။ မှင်သက်လောက်အောင်လှသည့် မိန်းမလှလေးတစ်ယောက်လို ခံစားလိုက်ရတော့သည်။

သူမက ဝါးရွက်စိမ်းယမကာ၊ ပူဒီနာ၊ သံပုရာရည်နှင့် ပျားရည်တို့ရောထားသည့် တစ်ခွက်ကို လုပ်လိုက်သည်။

“နတ်ရေကန်” ကျန်းယွင်ကျူးက ပြောလိုက်၏။ သည်ဝိုင်ခွက်သည် အရောင်အားဖြင့် တစ်ခွက်လုံးက အစိမ်းနုရောင်ဖြစ်သည်။ နတ်ရေကန်ထဲက တင့်တယ်ကောင်းမွန်လှသည့် ဝတ်ရည်နှင့် တူလှသည်။

နောက်ဆုံးတွင် ကျန်းယွင်ကျူးသည် အရင်ဆုံး ဖန်းကျိုနှင့် ဆိုဒါရေကို တစ်ဝက်စီရောလိုက်ပြီး ဖန်ခွက်ထဲ လောင်းထည့်လိုက်လေသည်။ ဝါးရွက်စိမ်းယမကာ၊ ပူဒီနာနှင့် ချူရချောင် ယမကာတို့ကို တစ်ဝက်လောက် ဖြည့်လိုက်ပြီးနောက် ပထမဖန်ခွက်ထဲသို့ လောင်းထည့်လိုက်လေသည်။

ဖန်ခွက်၏ အောက်ပိုင်းဝိုင်သည် ကြည်လင်နေပြီး အပေါ်ပိုင်းက ရေခဲပြာရောင်ဖြစ်နေသည်။ ဖန်ခွက်ကို လှုပ်လိုက်ချိန်တွင် အပြာရောင်က ပြန့်နှံ့သွားတော့သည်။ ‘ပင်လယ်သမုဒ္ဒရာ’နှယ်ပင်။ သည်ဝိုင်၏အရသာက သူ့အရောင်ကဲသို့ပင် လူတို့၏ စိတ်ကူးစိတ်သန်းများကို ဆွဲဆောင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သည့် ချိုမြိန်မှုတစ်ခု ပိုင်ဆိုင်ထားလေသည်။

လူတိုင်းက အားလုံးကို တစ်ခွက်စီ သောက်ခဲ့ကြပြီး သူတို့သည် သောက်လို့ မဝနိုင်အောင်ဖြစ်နေတော့သည်။

“ခဏနေ ဆိုင်ဖွင့်ဖို့ အချိန်ရောက်တော့မယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။ ထပ်သောက်လို့မရတော့ဘူး။

အားလုံးက သောက်နေရခြင်းတွင် ပျော်ရွှင်စွာ နစ်မြောခဲ့ကြသည်။ ထိုစကားကို ကြားလိုက်ပြီးနောက်တော့ သူတို့အားလုံးသည် ခေါင်းကို ရိုက်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။

“နောက်ဆိုရင် ဒီဝိုင်ရောနည်းကို ကျွန်မက ကျန့်ဟယ်ကို သင်ပေးပါ့မယ်၊ ရှင်တို့ သောက်ချင်ရင် သူ့ကို လုပ်ခိုင်းလို့ရတယ်၊ ဒါပေမဲ့ အလွန်အကျွံတော့ မသောက်ရဘူးနော်၊ အမူးလွန်သွားရင် ပြဿနာဖြစ်နိုင်တယ်” ကျန်းယွင်ကျူးက ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ပြီး အားလုံးက ဝမ်းသာသွားကြတော့သည်။ သူတို့အားလုံးက စိတ်ဓာတ်မာကြောတဲ့သူတွေပဲလေ။ ဒါပေါ့။ သူတို့တွေ မမူးစေရဘူး။

သာယာသည့် စိတ်ခြေအနေတစ်ခုဖြင့် သူတို့သည် ဆိုင်ဖွင့်ရန် ပြင်ဆင်လိုက်ကြတော့သည်။

မျှော်လင့်မထားဘဲ တံခါးဆီသို့ ပထမဆုံးရောက်လာသည့် ဧည့်သည်က သခင်မယန်ဖြစ်နေသည်။ သူမသည် သည်နေ့လည်း ကလေးများကို ခေါ်လာကာ တဖန်ရောက်လာပြန်သည်။

သူတို့သုံးယောက်သည် မနေ့ နေ့လယ်က ကျန်းယွင်ကျူး ချက်ပေးခဲ့သည့် ဟင်းလျာများကို မမေ့နိုင်ကြပေ။ သူတို့သည် သည်နေရာသို့ နေ့လယ်စာ လာစားချင်ခဲ့ကြသော်လည်း ကံဆိုးချင်တော့ ကိစ္စတစ်ခုကြောင့် နှောင့်နှေးခဲ့ရသည်။ ညနေခင်းတွင်တော့ သူတို့သည် အကွာအဝေးကို အများကြီး ဂရုမစိုက်နိုင်ကြတော့ဘဲ ချက်ချင်း လာခဲ့လိုက်ကြတော့သည်။

သခင်မယန်သည် ယန်ရှန့်၏အမေ ဖြစ်လေသည်။ ကျန်းယွင်ကျူးက သူမကို လူကြီးတစ်ယောက်လို သဘောထားသည်။ သူမက သခင်မယန်ကို မြင်လိုက်သောအခါ နတ်ရေကန် တစ်ခွက်ကို လုပ်ပေးလိုက်ပြီး ကျင့်ကျောင်းယွဲ့အား ဝိုင်ကို သခင်မယန်ဆီ ယူသွားခိုင်းလိုက်သည်။

“ဆိုင်ရှင်က ဧည့်သည်တော်အတွက် ဒါလေးကို အထူးတလည် လာပေးခိုင်းလိုက်လို့ပါ၊ ဝိုင်နာမည်က နတ်ရေကန် ပါ”

ကျင့်ကျောင်းယွဲ့သည် သခင်မယန်ရှေ့တွင် ဝိုင်ကို ချထားပေးလိုက်ပြီး ပြုံးရင်း သူမကို ပြောပြလိုက်လေသည်။

သခင်မယန်သည် အံ့ဩသွားတော့သည်။ ပထမအချက်က သူမက ဝိုင်ရဲ့ထူးခြားတဲ့ အရောင်နဲ့ အရသာကို တွေ့လိုက်ရတယ်။ ဒုတိယတစ်ချက်က ပိုင်ရှင်က သူမကို ဝိုင်တစ်ခွက် ပေးတယ်တဲ့လား။

“ကျွန်မကိုယ်စား ဆိုင်ရှင်ကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ” သူမက ပြန်ဖြေလိုက်သည်။

ကျင့်ကျောင်းယွဲ့က ဦးညွှတ်လိုက်ပြီး ပြန်ထွက်သွားလိုက်သည်။

သခင်မယန်က သိလိုစိတ်ဖြင့် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ သူမ၏ပါးစပ်ထဲတွင် ချိုမြိန်မှုနှင့် မွှေးရနံ့ကို ခံစားလိုက်ရတော့သည်။ အကောင်းစားဝတ်ရည်နှင့် ကျောက်စိမ်းနှင်းစက်ပမာပင်။

အစားအသောက်ကောင်း။ ဝိုင်ကောင်း..... ရုတ်တရက်ဆိုသလို အမျိုးသမီးလီ၊ တခြားသူများနှင့် ဖိန်းနွဲခါတွင် မြင်းဖြူဘုရားကျောင်းသို့ သွားကာ အမွှေးတိုင်ပူဇော်ပြီး သားသတ်လွတ်စားမည့် ချိန်းဆိုမှုကို သတိရသွားတော့သည်။

သားသတ်လွတ်စားက ဘာအဓိပ္ပာယ်ရှိအုံးမှာလဲ။ ဒီဆိုင်က အစားအသောက်တွေက အရသာရှိနေတာပဲ။

သူမသည် ရုတ်ခြည်းဆိုသလို စိတ်ကူးတစ်ခု ရသွားတော့သည်။

ခဏအကြာတွင် သူဌေးလော့က ရောက်လာခဲ့သည်။ သူက အစားအသောက်များကို မှာယူလိုက်သည်။ ကျန်းယွင်ကျူးက နတ်ရေကန် တစ်ခွက်နှင့် သမုဒ္ဒရာလှိုင်းတစ်ခွက်ကို လုပ်လိုက်ပြီး ကျင့်ကျောင်းယွဲ့အား သူ့ထံ သွားပို့ခိုင်းလိုက်သည်။

မကြာမီတွင်ပင် သူဌေးလော့က ကျန်းယွင်ကျူးကို တွေ့ချင်သွားတော့သည်။

ကျန်းယွင်ကျူးကလည်း သူ့ကို သွားတွေ့လိုက်သည်။

သူမသည် တံခါးမှ ဝင်လာသည်နှင့်တပြိုင်နက် သူဌေးလော့ ဝိုင်ခွက်နှစ်ခွက်ကို လက်ညှိုးထိုးပြလိုက်ပြီး စိတ်လှုပ်ရှားကာ ပြောလိုက်လေသည်။

“သူဌေးကျန်း ဒါက ဘာလဲ”

“ကျွန်မ ဝိုင်တချို့ကို ရောထားတာပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

သူဌေးလော့သည် သူမက ဝိုင်ကို ချက်မည့်အစား ရောထားသည်ကို သတိထားမိခဲ့သည်။ သို့သော်လည်း ဒါက အရေးမကြီးပေ။ သူသည် အရင်က ဘယ်နေရာမှာမှ သည်လိုဝိုင်မျိုးကို မသောက်ခဲ့ဖူးပေ။

ကြည်လင်ပြီး လန်းဆန်းလှသည်။ အဓိကအချက်မှာ ဝိုင်သည် အလွန်မှ လှပနေခြင်းပင်။

အထူးသဖြင့် ဝိုင်က သူဂုဏ်အယူရဆုံး ဖန်ခွက်ထဲတွင် ရှိနေခြင်းပင်။

သည်ဝိုင်သည် သူ့အတွက်တော့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ထားသည့်အတိုင်းပင်။ သူသည် ဝိုင်ကို တွေ့လိုက်ရချိန်တွင်တော့ အားလုံး၏ အမူအရာများကို စိတ်ကူးကြည့်စိတ်နိုင်လေသည်။

“သူဌေးကျန်း ကျွန်တော် မင်းရဲ့ဝိုင်တွေကို ကျွန်တော့်စားသောက်ပွဲမှာ သုံးလို့ရမလား”

သူဌေးလော့က စိုးရိမ်တကြီး မေးလိုက်၏။ အမှန်တွင်တော့ ကျန်းယွင်ကျူးသည် သည်နေ့ သူ့အား သည်နေရာသို့ ဖိတ်ကာ သူ့အတွက် သည်ဝိုင်နှစ်ခွက်ကို ယူလာပေးကတည်းက သူသည် သူမ၏စိတ်ကူးကို ခန့်မှန်းမိပြီးဖြစ်လေသည်။ သို့တိုင် သူက စိတ်အေးလက်အေး ဖြစ်နိုင်ရန် ကိုယ်တိုင် နားဖြင့် ကတိစကားကို ကြားချင်ခဲ့ခြင်းပင်။

“ရပါတယ်၊ ဒါပေမဲ့ သူဌေးလော့က ဝိုင်ခွက်တွေနဲ့ ရေခဲတုံးတွေကို ပြင်ဆင်ထားရမယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။

“ပြဿနာမရှိပါဘူး” သူဌေးလော့က ချက်ချင်း သဘောတူလိုက်တော့သည်။

ထို့နောက်တွင် နှစ်ယောက်သားက ထပ်ပြီး တိုင်ပင်ဆွေးနွေးလိုက်ကြပြီး ကျန်းယွင်ကျူးက ထွက်လာခဲ့သည်။

နောက်ရက်အနည်းငယ်တွင် ရှီကွမ်းစားသောက်ဆိုင်သည် တဖြည်းဖြည်းနှင့် ဧည့်သည်တချို့ ရလာခဲ့သည်။ လူချမ်းသာ စီးပွားရေးသမားများအပြင် သခင်မယန်ခေါ်လာသည့် သခင်မများ ပါဝင်ကြသည်။ စားသောက်ဆိုင်၏လုပ်ငန်းက တဖြည်းဖြည်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာသယောင်။

သည်နေ့တွင် နောက်ဆုံးတော့ သူဌေးလော့၏ ဧည့်ခံပွဲအချိန် ကျရောက်လာခဲ့သည်။ ကျန်းယွင်ကျူးက ရွှယ်ကျင်း၊ ကျန့်ဟယ်နှင့် တခြားသူများကို အလုပ်လုပ်ရန် လော့အိမ်သို့ စောစော ခေါ်လာခဲ့သည်။

သူဌေးလော့က အားလုံးကို နှုတ်ဆက်ရင်း အလုပ်များနေသည်။ သူဌေးတုက သူ့ကို တိတ်တိတ်လေး မေးလိုက်သည်။

“ခင်ဗျား ဘာလို့ စားသောက်ပွဲကို ဒီလောက်အမြန်ပြီး ကျင်းပရတာလဲ၊ ခင်ဗျား နာမည်ကြီး စားတော်ကဲတစ်ယောက်ကို ရှာတွေ့ထားလို့လား”

သူသည် သူဌေးလော့အတွက် စိုးရိမ်နေမိသည်။ သည်နေ့ ဟင်းလျာများကို ကောင်းကောင်း မလုပ်ပေးနိုင်ခဲ့လျှင် သူဌေးပိုင်နှင့် တခြားသူများက သူတို့ကို လှောင်ပြောင်သရော်ဖို့ သေချာပေါက် အခွင့်အရေးယူပေတော့မည်။

...

အပိုင်း (၁၀၅)

ထို့အစား သူဌေးလော့က ပြုံးလိုက်ပြီး

“မင်း ခဏနေ သိရပါလိမ့်မယ်”

“ခင်ဗျား တကယ်ပဲ နာမည်ကြီး စားတော်ကဲတစ်ယောက်ကို ရှာတွေ့ခဲ့တာလား၊ ဘယ်မှာ ရှာတွေ့ခဲ့တာလဲ” သူဌေးတုက မသင်္ကာသလို မေးလိုက်၏။

သူဌေးလော့သည် ဆက်ပြီး မပြောချင်တော့ပေ။ သူဌေးတုက အဖြေရဖို့အရေး ဆက်တိုက်တွယ်ကပ်နေတော့သည်။ သည်အခိုက်တွင် တစ်စုံတစ်ယောက်က ပြောလိုက်၏။

“သခင်ကြီး ပိုင်၊ သခင်ကြီး လီ နဲ့ သခင်ကြီးချင်တို့ ရောက်ပြီပဲ”

သည်လူသုံးယောက်သည် မြို့တော်ရှိ လူချမ်းသာ စီးပွားရေးသမားများကြားတွင် ဦးဆောင်သူများ ဖြစ်လေသည်။ သူတို့ရောက်လာကြသောအခါ အားလုံးက မတ်တပ်ရပ်လိုက်ကြသည်။

သူဌေးလော့နှင့် သူဌေးတုတို့က သူတို့ကို ကြိုဆိုရန် အပြင်သို့ မြန်မြန် ထွက်လာလိုက်ကြသည်။

သခင်ကြီးပိုင်သည် ဝဖိုင့်ဖိုင့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်ပြီး တိမ်ပုံစံပန်းထိုးထားသည့် ကြက်သွေးရောင် ဘရိုကိတ်ကို ဝတ်ဆင်ထားသည်။ ဗဟုသုတရှိကြသူတိုင်းက သည်ဘရိုကိတ်သားသည် နာမည်ကြီး ယွဲ့ ဘရိုကိတ်သားမှန်း ချက်ချင်းမှတ်မိနိုင်ကြသည်။ ဘရိုကိတ်သားတိုင်း၏ တစ်လက်မစီတိုင်းက ရွှေသားဖြင့်လုပ်ထားလေသည်။ ပန်းထိုးဟန်နှင့် ပန်းထိုးလက်ရာကို ကြည့်လျှင် ချိုင်ရှန်းခန်းမက ပြုလုပ်ထားမှန်း သိသာသည်။

သခင်ကြီးလီက သိမ်မွေ့သည့် သွင်ပြင်တစ်ခုပိုင်ဆိုင်ထားသည့် သုံးဆယ်ဝန်းကျင် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူသည် အပြာနုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံတွင် သုံးထားတဲ့ အဆင်တန်ဆာများက စျေးကြီးသည်ဟု မှတ်ယူနိုင်သော်လည်း သခင်ကြီးပိုင်လောက်တော့ မကောင်းမွန်လှပေ။ သို့တိုင် ပန်းထိုးလက်ရာက အနုစိတ်လှပြီး ချုပ်လုပ်ထားသည့် တိကျကာ ဝတ်ရုံ၏ညာဘက် အောက်ထောင့်တွင် မထင်မရှား ပျံသန်းနေသည့် ဇာမဏီငှက်တစ်ကောင်ပုံ ထိုးထားလေသည်။

ချက်ချင်းပင် လူတစ်ယောက်က အံ့ဩတကြီး ပြောလိုက်လေသည်။

“သခင်ကြီးလီရဲ့ အဝတ်အစားတွေကို ကျူးယွိညန်က လုပ်ထားပေးတာလား”

ကျူးယွိညန်သည် လင်ချန်းတရားသူကြီး၏ ဇနီးဖြစ်ပြီး ပန်းထိုးလက်ရာမှာ အလွန်မှာ လက်ဖျားခါလောက်သည်။ သူမ၏ ပန်းထိုးလက်ရာလေးတစ်ခုကိုပင် ဝယ်ယူရန် ခက်ခဲလှသည်။ သခင်ကြီးလီက သူမ ပန်းထိုးပြီး ချုပ်ထားပေးတဲ့ ဝတ်ရုံတစ်ထည်ကို ဝတ်ထားတာတဲ့လား။

သခင်ကြီးချင်က ငါးဆယ်ဝန်းကျင်ရှိသည့် လူအိုကြီးတစ်ယောက်ဖြစ်လေသည်။ သူကတော့ သူ့လက်ကို မြောက်လိုက်တိုင်း မကြာခဏဆိုသလို ပေါ်လာတတ်သည့် သူ့လက်ကောက်ဝတ်ပေါ်က ရှားပါး တိပုတီး လက်ကောက်ကလွဲလျှင် ထူးထူးခြားခြား ဝတ်စားထားခြင်းမရှိပေ။ ထိုပုတီးက အံ့ဩစရာကောင်းလွန်းပေ။

ထိုပုတီးလက်ကောက်သည် တိဘတ်က ရတနာခုနှစ်သွယ်ထဲက တစ်ခုဖြစ်သည့် ဆင်ထီးတိပုတီး ဖြစ်လေသည်။ ထိုပုတီးက ချမ်းသာခြင်းကို ဆွဲဆောင်ပေးနိုင်ပြီး မကောင်းသည့် ဝိဉာဥ်များကို တားဆီးပေးကာ ရောဂါဘယကင်းစေပြီး အသက်များကို ကာကွယ်ပေးနိုင်သည်ဟု ဆိုကြသည်။ သည်လိုအရည်အသွေး တစ်ခုကို လောကကြီးတွင် ရှာတွေ့ဖို့ရာ ခက်ခဲပေသည်။ သခင်ကြီးချင်က ထိုတိပုတီးကို လက်ကောက်တစ်ခု လုပ်ခဲ့ခြင်းပင်။

သူဌေးလော့နှင့် သူဌေးတုတို့သည် ရင်ထဲတွင် ခပ်ချဥ်ချဥ်ခံစားချက်ဖြင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။ ဟုတ်ပါသည်။ သူဌေးပိုင်နှင့် တခြားသူများနှင့်လျှင် သူတို့တွင် ရှိသည့် နောက်ခံက မဖြစ်စလောက်လေးပင်။ သူတို့ကို အထင်သေးကြသည်မှာလည်း အံ့ဩစရာမရှိပေ။

ခဏအကြာတွင်တော့ သူတို့နှစ်ယောက်သည် စိတ်ဝင်စားမှု ခပ်ယဲ့ယဲ့ဖြစ်နေသည့် အာရုံတစ်ခုကိုပင် ခံစားလိုက်ရသည်။

သခင်ကြီးပိုင်တို့သုံးယောက်က ခန်းမထဲသို့ ရောက်လာခဲ့ကြသည်။

သခင်ကြီးပိုင်က ပြုံးကာ ပြောလိုက်၏။

“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျုပ်က ဒီတိုင်း ရယ်စရာပြောလိုက်တာပါ၊ သူဌေးလော့က တကယ် ထင်သွားမယ်လို့ မထင်ထားခဲ့မိဘူး၊ ဟုတ်ပါပြီလေ၊ သူဌေးလော့ရဲ့ ပညာရှင်စားတော်ကဲရဲ့ လက်ရာကို ဒီနေ့အတူတူ မြည့်စမ်းကြည့်ကြတာပေါ့၊ ကျုပ်တို့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ထင်ရတာပဲ”

သူက အလွန် ယဥ်ယဥ်ကျေးကျေး ပြောလိုက်သော်လည်း ထိုနေရာတွင် ရှိနေကြသူတိုင်းက ပါးနပ်ကြသည်။ သူသည် ထေ့ငေါ့ကာ ပြောနေမှန်း အားလုံးက သိနိုင်လေသည်။

တချို့က တုံ့ပြန်ကြပြီး တချို့က ပြုံးကာ တချို့ကတော့ သူဌေးလော့အတွက် စိုးရိမ်နေကြသည်။

အပေါ်ယံတွင် အေးချမ်းနေဟန် တူသော်လည်း အမှန်တွင်တော့ အောက်ဘက်တွင် ဖုံးကွယ်နေသည့် အခြေအနေတစ်ခု ရှိနေသည်။ နောက်ဘက်တွင် ရှိနေသည့် ကျန်းယွင်ကျူးက အားလုံးကို ပြင်ဆင်ထားပြီးကာ အစားအသောက် အပူများကို စတင်လုပ်ရန် စားသောက်ပွဲစမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။ သည်အချိန်တွင်တော့ လုပ်စရာမရှိနေပေ။

“သူဌေး ရှေ့က ခန်းမထဲ အဲဒီလူတွေနဲ့ သွားမတွေ့ဘူးလား၊ လျန် တစ်ထောင်တန် အဝတ်အစားတွေ ပါတယ်လို့ ကျွန်တော် ကြားထားတယ်၊ ပြီးတော့ ရွှေထည့်ချုပ်ထားတာတဲ့၊ လျန်ငွေ တစ်သောင်းတန် လက်ကောက်ပိုင်ဆိုင်ထားတဲ့ လူတွေလည်း ရှိတယ်တဲ့”

ရွှယ်ကျင်းသည် ပျင်းလာသဖြင့် အရှေ့ဘက်သို့ သွားခဲ့ခြင်းဖြစ်သည်။ တစ်ပတ်လောက် ပတ်လိုက်ပြီး သူသည် ပြန်လာကာ ကျန်းယွင်ကျူးထံတွင် သက်ပြင်းလာချတော့သည်။

ထိုပြီးခဲ့သည့် အခိုက်တန့်လေးတွင် လူချမ်းသာများအပေါ်ထားသည့် သူ၏အသိအမြင်များသည် လုံးဝဖျက်ဆီးခံလိုက်ရတော့သည်။

သည်လူများနှင့် ယှဥ်လျှင် ဝူလင်စီရင်စုက အချမ်းသာဆုံးအိမ်တော်မှာ လူမွဲတစ်ယောက်သာသာ ပင်။

ကျန်းယွင်ကျူးကတော့ မအံ့ဩပေ။ ဒီလူတွေက ကြီးမြတ်လှတဲ့ ရှမင်းဆက်ရဲ့ မြို့တော်က အချမ်းသာဆုံး ကုန်သည်တွေပဲ။ သူတို့မိသားစုတွေမှာ ငွေပမာဏ ဘယ်လောက်တောင် ပိုင်ဆိုင်ထားကြမလဲ။ ရေတွက်လို့တောင် ရမှာမဟုတ်လောက်ဘူး။ တစ်သောင်းတန် ရွှေလက်ကောက်တစ်ကွင်းလောက်ကတော့ ဘာအရေးလဲ။

အမှန်ပင်။ ကျန်းယွင်ကျူးကတော့ သူတို့သည် သူတို့၏ပိုက်ဆံအိတ်ထဲက နည်းနည်းပါးပါး သုံးစွဲနေသည်ဟုသာ ခံစားမိသည်။ ဒီလို ခြားနားပုံမျိုးက....

သည်အချန်တွင် အရှေ့ဘက် ခန်းမက အားလုံးသည် နေရာယူပြီးသွားကြတော့သည်။ သူတို့သည် ခဏလောက် စကားဖောင်ဖွဲ့လိုက်ကြသည်။ မကြာမီ ကချေသည်တစ်ယောက်က သီဆို ကပြရန် ထွက်လာခဲ့သည်။

ဒါသည် ဘယ်သူ့က အမျိုးသမီးက လှပပေသည်ဟု ကြည့်ရှုရန်အတွက် လူချမ်းသာ ကုန်သည်ကြီးများ၏ စားသောက်ပွဲက ရှိရင်းစွဲ ကပွဲတစ်ခုပင် ဖြစ်သည်။

သူဌေးလော့သည် သည်ကချေသည်များကို တောင်ပိုင်းမှနေ၍ စျေးကြီးပေးကာ ဝယ်ခဲ့ရသည်။ သူတို့အားလုံးသည် လှပပြီး ကျက်သရေရှိလှသည်။ သူတို့၏ကကွက်များက ပိုလို့ပင် ကျော့ရှင်းကာ နွဲ့နှောင်းနေတော့သည်။

သို့သော်ငြား သခင်ကြီးပိုင်နှင့် တခြားသူများ၏ မျက်လုံးထဲတွင်တော့ ထုတ်ပြောရလောက်အောင်ပင် မတန်ချေ။ ဘာမှ ထူးခြားမနေ။

သခင်ကြီးပိုင်နှင့် တခြားသူများသည် ထိုကချေသည်များကို သွားမကြည့်ကြဘဲ အချင်းချင်း စကားစမြည်နေလိုက်ကြသည်။

ဒါက ကချေသည်မိန်းကလေးများကို သဘောမကျကြောင်း ပြသနေခြင်းပင်။ အားလုံးက ထိုအဖြစ်ကို မြင်လိုက်ချိန်တွင်တော့ သူတို့သည် စကားပြောကြရင်း ရယ်မောလိုက်ကြလေသည်။

ဒါသည် သူဌေးလော့ကို ပါးရိုက်သည်နှင့် အတူတူပင်။ သူဌေးလော့၏မျက်နှာထားက ရှုံ့မဲ့သွားတော့သည်။

“အစ်ကိုကြီးလော့”

သူဌေးတုက ခပ်ပါးပါး သက်ပြင်းချလိုက်၏။ သည်လိုဖြစ်မည်မှန်း သူ သိပြီးသားပင်။ သူသည် အရှက်ခွဲခံရမည် စိုးသဖြင့် စားသောက်ပွဲတစ်ခုပင် ဘယ်တော့မှ မကျင်းပရဲခဲ့ပေ။

သူဌေးလော့သည် နောက်ပိုင်းအစီအစဥ်များကို စောလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ဘေးက အိမ်တော်ထိန်းကို လက်ဟန်ပြလိုက်တော့သည်။

အိမ်တော်ထိန်းက အနောက်ဘက်သို့ ချက်ချင်းသွားလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။

“သူဌေးကျန်း သရေစာနည်းနည်းပါးပါး နဲ့ သောက်စရာတချို့ကို ဧည့်ခံရအောင်”

“အဲလောက် အမြန်ကြီးလား”

ကျန်းယွင်ကျူးက အံ့ဩသွားတော့သည်။ လက်ဖက်ရည် အရင်သောက်ပြီး အကကို ကြည့်ပြီးမှ သရေစာနှင့် သောက်စရာများကို တည်ခင်းရမည့် အကြောင်းရှိလေသည်။ ဒါက စားသောက်ပွဲ စတင်လိုက်ပြီဆိုသည့် သဘောပင်။

“ဒါက သခင်ကြီးရဲ့သဘောထားပါ” အိမ်တော်ထိန်းက ပြောလိုက်၏။

“ကောင်းပါပြီ” ကျန်းယွင်ကျူးက လက်ခံလိုက်သည်။

သိပ်မကြာခင်မှာပင် ချောမောလှပသည့် အစေခံမလေးတစ်စုက သရေစာထည့်ထားသည့် လင်ဗန်းများကို ကိုင်ကာ ဧည့်သည်များ၏ စားပွဲနားသို့ ရောက်လာကြပြီး စားပွဲပေါ်သို့ သွားရည်စာမုန့်များကို တရိုတသေ ချပေးလိုက်လေသည်။

သရေစာမုန်းများကို တည်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက် အားလုံး၏ အာရုံကို ဆွဲလိုက်တော့သည်။

ဒီသရေစာတွေက အရမ်းလှတာပဲ။

နှုတ်မြိန်စာ ဟင်းပွဲလေးမျိုးရှိသည်။ ပထမဟင်းပွဲမှာ ကြာစေ့ဖြစ်သည်။ အကောင်းစား အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် ကြာရွက်ခင်းပုံ ဆေးခြယ်ထားသည်ကို တွေ့ရပြီး သူ့ဘေးတွင် ရေလှိုင်းများ ရှိနေကာ လက်မအရွယ် ရေငှက်နှင့်တူသည့် သတ္တဝါ ၈ကောင်ရှိသည်။

သည်ရေငှက်အုပ်စုလေးကပင် အချိုပွဲဖြစ်လေသည်။ ပြည့်ဖောင်းဖြောင်း ဖြူဆွတ်နေပြီး တင့်တယ်လှသည့် အမြီးတစ်ခုရှိသည်။ မျက်လုံးနှင့် ပါးစပ်များပင် ပါသေးသည်။ တစ်ကောင်စီက အမူအရာအမျိုးမျိုး ဖြစ်နေပြီး ရေလှိုင်းနှင့် ကြာရွက်များထဲတွင် ကစားနေကြသည့် တကယ့်ငှက်များသဖွယ် အလွန်မှ ထင်ရှားလေသည်။

အရသာကို ထည့်မတွက်လျှင်တောင် သရေစာကို အလွန်မှ သေးငယ်ပြီး အသက်ဝင်အောင် လုပ်နိုင်သည့် လက်ရာကတော့ အမြင်ကျယ်စေသည်။

ဒုတိယဟင်းလျာမှာ ကြာပွင့်ပုံအကြွပ်ကြော်ဖြစ်သည်။ တချို့လူများက သည်အချိုပွဲအကြောင်း သိကြသည်။ သည်အချိုပွဲသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်ခု ရှိလေသည်။ ‘အိပ်မက်ထဲက တနပ်စာ မှတ်တမ်း’ စာအုပ်အရ သည်အချိုပွဲသည် စုန့်မင်းဆက် ဧကရာဇ်ကွမ်းကျုံး၏ အကြိုက်ဆုံးအချိုပွဲဖြစ်ခဲ့သည်။ သို့သော် တိုင်းတပါး မျိုးနွယ်များ ဝင်ရောက်ကျူးခဲ့ပြိးနောက် သည်တော်ဝင်အချိုပွဲလည်း ပျောက်ဆုံးသွားခဲ့ရသည်။

ဘယ်လို။ တာဝန်ခံလော့ရဲ့ စားတော်ကဲက ဒီသရေစာ လုပ်နည်းကို သိသတဲ့လား။

ဒါက တုပထားတာများလား။ အဲလိုလည်း မထင်ရပါဘူး။ ဒီအချိုပွဲရဲ့ အသွင်ပြင်က စာထဲမှာ မှတ်တမ်းပြုထားတာနဲ့ တထပ်ထဲပဲ။ အပြည့်အဝ ပွင့်လန်းနေတဲ့ ပန်းရောင် ကြာပန်းလေးတစ်ပွင့်လိုပဲ။ ဒီအချိုပွဲရဲ့ အခက်အခဲဆုံးအပိုင်းက ပွင့်ဖတ်တစ်ခုစီကို တစ်ခုပေါ်တစ်ခု ထပ်ထားပြီး ပွင့်ဖက်တွေက စာရွက်ပါးပါးလေးတစ်ရွက်လို ပါးလွှာပြီး ကပ်မနေဘူး။ လူတော်တော်များက ဒီအချိုပွဲကို လိုက်တုချင်ခဲ့ကြပေမဲ့ သူတို့တွေက ဒီလိုပုံစံရအောင် မလုပ်နိုင်ခဲ့ကြဘူး။

အခုတော့ ဒီသရေစာရဲ့ ပွင့်ဖတ်တွေကို ကြည့်လိုက်ရုံနဲ့ ‘အိပ်မက်ထဲက တစ်နပ်စာ မှတ်တမ်း’ စာအုပ်ထဲမှာ ပြုစုထားတဲ့အကြောင်းအရာက အမှန်တကယ်ဖြစ်နေတာကို သိနိုင်တယ်လေ။

တတိယဟင်းလျာက နှင်းကြာစွယ်နှင့် ရွှေဖရုံခွက် ဖြစ်သည်။ သည်သရေစာအတွက်တော့ ရွှေဖရုံသီးလေးများသည် လက်ဝါးအရွယ်အစားသာ ရှိပြီး အရောင်နှင့် ပုသဏ္ဍန်က တကယ့်ရွှဖရုံသီးများ အတိုင်းပင်။ တီထွင်ဖန်တီးနိုင်စွမ်းအကောင်းဆုံး အရာမှာ ရွှေဖရုံသီးများကို ဖွင့်လို့ရနိုင်ခြင်းပင်။ အထဲတွင် နှင်းဖြူရောင်နှင့် အချိုအရသာစားသောက်ဖွယ်တချို့ ပါသည်။ တော်တော်လေးကို ဆွဲဆောင်မှုရှိလှသည်။

လေးပွဲမြောက် ဟင်းလျာမှာ နေရောင်ခြည်ကိုခိုလုံနေသည့် ကြာပန်းများ ဖြစ်သည်။ ကြာပန်း ပွင့်ဖတ်များအောက်တွင် ကြည်လင်နေသည့် သရေစာမုန့်လုံးလေးများနှင့် ကြာပန်းပွင့်ဖတ်များက အချင်းချင်း ပနံသင့်ကာ လိုက်ဖက်လှသည်။ လူများကို ‘နေရာင်ခြည်ကို ခိုလုံနေသည့် ကြာပန်းများက ထူးထူးခြားခြား နီရဲ’နေသည့် ရှုခင်းလှလှလေးကို မြင်မိသွားစေသယောင်။

ဟုတ်ပါသည်။ သည်နေ့ ကျန်းယွင်ကျူး၏စားသောက်ပွဲ အဓိကချပြမည့်အကြောင်းမှာ ကြာပန်းအကြောင်းဖြစ်သည်။

သရေစာလေးမျိုးကို တည်ခင်းပေးလိုက်ပြီးနောက် သခင်ကြီးပိုင်ကပင် ရယ်စရာမလုပ်နိုင်တော့ဘဲ သရေစာပန်းကန်များကို အာရုံစိုက်ထားလိုက်သည်။

“ကျေးဇူးပြုပြီး စားရင်းသောက်ရင်း ရှုခင်းလေးကို ရှုစားကြပါ”

ခန်းမကြီးက တိတ်ဆိတ်လာတော့သည်။ ထိုအဖြစ်ကို မြင်လိုက်သည်တွင် သူဌေးလော့မှာ နောက်ဆုံးတော့ အပြုံးတစ်ခုနှင့် အားလုံးကို ဖိတ်ခေါ်လိုက်ကာ စိတ်အားတက်ကြွလာသလို ခံစားလိုက်ရတော့သည်။

ထို့နောက်တွင် သူသည် သူ့ပါးစပ်ထဲသို့ ကြာပန်းကိတ်တစ်လုံးကို ထည့်လိုက်တော့သည်။

သူသည် သည်သရေစာ၏ နာမည်ကိုသာ ကြားဖူးခဲ့လေသည်။ သို့သော် အရင်က တစ်ခါမှ မစားခဲ့ဖူးချေ။ အခု သူ စားကြည့်လိုက်တော့ ကြာပန်းပွင့်ဖတ်များက တစ်လွှာပြီးတစ်လွှာ ပါးစပ်ထဲတွင် ပွင့်လန်းနေသလို ခံစားလိုက်ရလေသည်။ ချွင်းမချက်မရှိ လူများကို လက်ခုပ်ဩဘာ ပေးမိစေတော့သည်။

သူဌေးလော့သည် ရေခဲဂိုဒေါင်နှစ်လုံးဖြင့် ကျန်းယွင်ကျူးကို ဖိတ်ခဲ့သည်က တန်သွားသည်ဟု ခံစားလိုက်ရသည်။ တခြားဘာမှမတွေးလျှင်တောင် သည်လိုအရသာရှိလှသည့် သရေစာများကို စားသောက်နိုင်ခြင်းပင်။ သူသည် အကျိုးမြတ်ရခဲ့ပေသည်။

အိမ်ရှင်က စတင်စားသောက်လိုက်သဖြင့် ဧည့်သည်များကလည်း သူတို့၏တူများကို စတင် လှုပ်ရှားလိုက်ကြတော့သည်။

တချို့က ကြာပန်းကိတ်ကို စားကြသည်။ တချို့က ကြာကန်ထဲမှ ရေငှက်အုပ်ကို စားကြသည်။ ထိုစဥ် တချို့ကတော့ ရွှေဖရုံသီးခွက်ထဲက အရာကို သိချင်နေကြလေသည်...

သူတို့သည် ဘယ်သရေစာကို စားသည်ဖြစ်စေ သူတို့ပါးစပ်ထဲ ဝင်သွားပြီးနောက်တွင်တော့ အတွေးတစ်ခုသာ ကျန်တော့သည်။ - ဒီအချိုပွဲက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အရသာရှိနေရသလဲ။

သည်အချိန်တွင် သီဆို ကပြနေသည်ကို ဘယ်သူကမှ မကြည့်ကြတော့ပေ။ အားလုံးက သရေစာစားရင်း အလုပ်များနေကြတော့သည်။

သရေစာလေးက အလွန်မှ နည်းနည်းလေးပင်။ တစ်မျိုးစီက ကလေးလက်သီးအရွယ်လောက်သာ ရှိသည်။ မကြာမီတွင် အားလုံးသည် သရေစာများကို စားသောက်ပြီးသွားကြပြီးနောက် ပြန်သတိထားမိသွားကာ ရပ်လိုက်ကြလေသည်။ အနည်းငယ် ရှယ်ဖွယ်ရာပင်။

စားသောက်ပွဲတစ်ခုကို တက်ရောက်ရတဲ့အခါ သရေစာက ခံတွင်းလိုက်စာတစ်ခုပဲလေ။ အားလုံးက လှုပ်ရှားမှုအတိုင်း လိုက်လုပ်ကြရင်း တစ်ခု နှစ်ခုလောက်သာ စားလေ့ရှိကြတယ်။ ဒါပေမဲ့ အခုများတော့.... လုံးဝကို ပြောင်စင်နေတာပဲ။ ရှက်ဖို့ကောင်းလေစွ။ သူတို့တွေက အရင်က သရေစာတွေကို မစားဖူးကြတဲ့အတိုင်းပဲ။

ပန်းကန်ပြားပေါ်မှာ တစ်တုံး နှစ်တုံးလောက် ကျန်နေသေးတယ်။ ငါ့တူတွေကို မြန်မြန် ချထားလိုက်တာ ပိုကောင်းမယ်။

သို့သောငြား သရေစာက အရသာရှိလှပေသည်။ တူကို ထိန်းချုပ်ထားလို့ မရနိုင်တော့သယောင် သူတို့သည် ကျန်နေသည့် သရေစာများကို ကောက်ယူလိုက်ပြီး သူတို့ပါးစပ်ထဲသို့ ထည့်လိုက်လေတော့သည်။

တချို့လူများကတော့ အရေခွံပါးကြပြီး မနေနိုင်တော့ဘဲ ရှက်သွားကြလေသည်။

သူတို့အားလုံးက အဆင့်အတန်းရှိကြတဲ့ လူတွေပဲလေ။ သူတို့တွေ အရင်က ဘယ်လိုအရသာရှိတဲ့ အစားအသောက်တွေကို မစားခဲ့ဖူးကြလို့လဲ။ ဒီလိုလုပ်ဖို့ လိုလို့လား။

သခင်ကြီးပိုင်နှင့် တခြားသူများက အများကြီး စားလိုက်ကြသည်။ သူတို့သည် ဝန်မခံချင်ပါသော်လည်း သရေစာများက အမှန်ပင် အရသာရှိလှသည်။

သည်အခိုက်တွင် သူဌေးတု၏မေးစေ့မှာ ထိတ်လန့်သွားကာ အောက်သို့ ကျတော့မတတပင်။ သူဌေးလော့ ဒီလောက် ထိပ်တန်းကျတဲ့ အချက်အပြုတ်လက်ရာရှိတဲ့ စားတော်ကဲကို ဘယ်က ရှာတွေ့ခဲ့တာတဲ့လဲ။

သူက သူဌေးလော့ကို လက်မောင်းနှင့် တွတ်လိုက်၏။ သူ့မျက်နှာပေါ်တွင် မကျေမချမ်းအမူအရာတစ်ခု ဖြစ်နေလေသည်။ သူက ခိုးကြောင်ခိုးဝှက်နဲ့ ဒီလိုအံ့ဩစရာ အကြံကို ထုတ်ခဲ့ပြီး သူ့ကိုတောင် မခေါ်ခဲ့ဘူး။ တကယ့်ကို မိတ်ဆွေကောင်းမပီသတာပဲ။

သူဌေးလော့က ခပ်ရှက်ရှက် ပြုံးလိုက်၏။ သူလည်း ကျန်းယွင်ကျူးရဲ့ ဖိတ်စာရခဲ့တာပဲလေ။ သူကိုယ်တိုင် အခွင့်ရေးကို မဖမ်းဆုပ်ခဲ့တာပဲရှိတာ။

သရေစာများ စားသောက်ပြီးနောက် ဆက်ပြီး သီဆို ကပြဖျော်ဖြေလိုက်ကြသည်။ သည်တစ်ကြိမ်တွင် အားလုံးက စကားမပြောကြတော့ဘဲ သတိလက်လွှတ်ဖြင့် သီဆိုကပြနေသည်ကို ကြည့်နေလိုက်ကြသည်။ အမှန်တွင်တော့ သူတို့သည် စားသောက်ပွဲကြီးကို စောင့်စားနေကြခြင်းပင်။ သူတို့သည် သူတို့၏ ဝမ်းဗိုက်ကို လုံးဝ စားချကင်စိတ်ဖြစ်သွားစေခဲ့သည့် သရေစာ နည်းနည်းပါးပါးကို စားခဲ့ကြသည်။ အခုတော့ သူတို့သည် အံ့ဩစရာကောင်းသည့်အရာများကို မြင်ချင် စားချင်နေကြတော့သည်။

ဟင်းပွဲများကို စတင် တည်ခင်းလိုက်ကြသည်။ တစ်ချိန်ထဲတွင် သောက်စရာများကိုလည်း ယူလာကြသည်။

အောက်ဘက်တွင် ကြည်လင်နေပြီး အပေါ်ဘက်တွင် အပြာရင့်ရင့် ပါရှိသည့် ဝိုင်တစ်ခွက် ဖြစ်နေလေသည်။ အလွန်မှ လျှို့ဝှက်ဆန်းကြယ်ပြီး လှပလွန်းလှသည်။

“သူဌေးလော့ ဒါက ဘာလဲ”

တစ်ယောက်က မနေနိုင်တော့ဘဲ သူဌေးကို မေးလိုက်တော့သည်။

သူဌေးလော့က ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရှင်းပြလိုက်လေသည်။

“ဒါက အရောင်တင်ထားတဲ့ ဖန်ခွက်တစ်ခုပါ၊ ကျုပ်က ဒါကို လုပ်ဖို့ လူငှားပြီး မူလနည်းပညာကို အဆင့်မြင့်ခိုင်းခဲ့တာ”

အားလုံးက သူ့ကို နည်းနည်းပါးပါး ချီးကျူးလိုက်ကြသည်။ သူတို့သည် သူနောက်ပြောမည့် စကားကို နားထောင်ရန် စိတ်အားထက်သန်နေကြတော့သည်။ ဖန်ခွက်များသည် အရင်ကတည်းက ရှိနေခဲ့ကြသည်။ ဟန်နှင့် ထန်မင်းဆက်တွင် ရတနာတစ်ခုအဖြစ် မှတ်ယူခဲ့ကြသော်လည်း သည်မင်းဆက်တွက်တော့ ဘာမှမဟုတ်တော့ပေ။ သူတို့သည် ဖန်ခွက်ထဲက အရောင်ပါသည့် ဝိုင်အကြောင်းနှင့် အလွှာများ ခွဲထားပုံကို သိချင်နေကြလေသည်။

“အရင်းဆုံး မြည်းကြည့်လိုက်ရအောင်”

သူဌေးလော့က အားလုံး၏ ခံတွင်းကို တမင် သွားရေကျအောင် လုပ်နေသယောင် အားလုံးကို တန်းပြောလိုက်လေသည်။

အရင်ကသာဆိုရင် အားလုံးက သူ့ကို လှောင်ရယ်ကြမှာပဲ။

ဒါပေမဲ့ အခုတော့ အရင်ဆုံး မြည်းကြည့်လိုက်တာပဲ စိတ်ကူးကောင်းတစ်ခုဖြစ်မယ်။ တကယ်လို့များ အရသာ မရှိခဲ့ရင်မှဖြင့်။

အားလုံးက သူတို့၏ဝိုင်ခွက်ကို မြောက်လိုက်ကြပြီး တစ်ငုံသောက်လိုက် တော့သည်။ သူတို့သည် သည်လိုအရသာနှင့် ဝိုင်မျိုးကို တခါမှ မသောက်ခဲ့ကြဖူးပေ။ လန်းဆန်းပြီး ချိုမြနေသည်။ ဝိုင်ထဲတွင် ရေခဲပါနေသဖြင့် သည်ခံစားချက်က ပိုပြီး လေးနက်သွားသည်။ တစ်ငုံသောက်အပြီး တကိုယ်လုံးထဲသို့ စိမ့်ဝင်သွားသယောင်။

သေသေချာချာ အရသာခံကြည့်လိုက်တော့ သည်ဝိုင်ထဲတွင် ကြာရှည်အောင် စွဲကျန်နေသည့် အရသာများ ရှိနေသယောင်။ မဆုံးနိုင်သည့် နောက်ဆက်တွဲ အရသာတစ်ခု ရှိနေသည်။

“ဝိုင်ကောင်း တစ်ခွက်ပဲ”

သူဌေးတုက အရင်ဆုံး ချီးကျူးလိုက်၏။ ထို့နောက် သူက မှတ်ချက်ပေးလိုက်လေသည်။

“ ဒီလိုဝိုင်မျိုးနဲ့ဆိုရင် ဒီနွေရာကတော့ ပိုပြီး သာယာသွားမဲ့ ပုံပဲ”

သူက ထိုသို့ပြောလိုက်ချိန်တွင်တော့ အားလုံးက ကျိတ်ပြီး သဘောတူလိုက်ကြသည်။

၆လပိုင်း ရောက်နေပြီဖြစ်ကာ နှစ်တစ်နှစ်၏ အပူဆုံးအချိန်က ရောက်လာပေတော့မည်။ နွေရာသီတိုင်းတွင် အားလုံးက ရက်ရက်စက်စက် ချွေးထွက်ကြလိမ့်မည်။ ပူပြင်းသည့် နွေရာသီတွင် သည်ဝိုင်တစ်ခွက် သောက်လိုက်ရလျှင်ဖြင့်..... အတွေးနှင့်တင် သက်သောင့်သက်သာ ရှိလှပေသည်။

အားလုံးက ဝိုင်နာမည်နှင့် သူ၏မူလဇာစ်မြစ်ကို ပိုပြီး သိချင်သွားကြတော့သည်။

မဟုတ်လွဲရော သူဌေးလော့က ဒီဝိုင်ကို ချက်ခဲ့တာများလား။

All Chapters