← Chapters

ရွှေရောင်နတ်စစ်သည်များ

Vol. 5 Ch. 429

ရွှေရောင်နတ်စစ်သည်များ

Vol. 5 Ch. 429

အနက်ရောင် တိမ်တိုက်များ အတွင်းတွင် ပြင်းထန်စွာ ရွာသွန်းနေသည့် မိုးရေများ အတွင်းသို့ ယွိမင်နတ်ဘုရား ဝင်ရောက် သွားလေသည်။

ယွိမင်နတ်ဘုရားသည် တန်ခိုးစွမ်းအား အရာဖြင့် ကြည့်မည်ဆိုလျှင် လောကတွင် ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်လေသည်။

သို့သော်… အနက်ရောင် တိမ်တိုက်များ အတွင်းတွင် ရွာသွန်းနေသော မိုးရေများမှာ တန်ခိုးစွမ်းအားကို အသုံးပြုကာ ကာကွယ်မည် ဆိုလျှင်တောင် ကာကွယ်ရန် ခက်ခဲလှသည်။ ခန္ဓာကိုယ် မည်မျှ ကြံ့ခိုင်သည်ဖြစ်စေ၊ မူလဝိညာဉ်ခန္ဓာ တန်ခိုးစွမ်းအား မည်မျှမြင့်မားသည် ဖြစ်စေ မိုးရေစက်များကို တွန်းလှန်နိုင်ရန်မှာ သိပ်တော့ မလွယ်ကူလှပေ။

ယွိမင်နတ်ဘုရားသည် မိုးစက်များကို ခံစားလိုက်မိသည်နှင့် မိုးစက် တစ်စက်ချင်းဆီနှင့် တိုက်ခတ်နေသော စူးရှသည့် လေအေးသည် ဘဝတစ်ခုကို အဆုံးသတ်ရန် လုံလောက်ကြောင်း သိရှိ လိုက်ရလေသည်။ မိုးနှင့်လေသည် ကြာပွတ် တစ်ချောင်းအလား ဖြတ်သန်း တိုက်ခတ်သွားပြီး ထိုမိုးနှင့်လေ ပေါင်းစပ်သည့် ဒဏ်ကို မည်သူမျှ ကြာကြာ တွန်းလှန် ထားနိုင်မည် မဟုတ်ပေ။

လင်ရွှမ်ထင်နှင့် ထျန်းမုန့်နတ်သမီး၏ တိုက်ပွဲမှာလည်း ပြင်းထန်သည်ထက် ပြင်းထန် နေလေသည်။

ယွိမင်သည် မှောက်မိုက်နေသည့် ပတ်ဝန်းကျင်တွင် ဟွမ်ကျန်းကို လိုက်လံရှာဖွေရင်း နောက်ဆုံးတွင်တော့ မိုးရေစက်များ ကြားတွင် ဟွမ်ကျန်းကို ရှာဖွေ တွေ့ရှိသွားခဲ့လေသည်။

ဟွမ်ကျန်းမှာလည်း သူ၏ဆရာဖြစ်သူကို လှမ်းတွေ့လိုက်သည်။

သို့သော် ဟွမ်ကျန်း တစ်ကိုယ်လုံးမှာ သွေးချင်းချင်း နီရဲနေပြီး ဒဏ်ရာများနှင့် ပြည့်နေလေသည်။ သူ၏ ရွှေသား ကျောက်စိမ်းကဲ့သို့ ဝင်းဝါနေသည့် အသားထက်တွင် ရွှေရောင်နှင့် သွေးရောင်များ ရောပြွန်းနေသည့် သွေးများက စီးကျနေလေသည်။ သူ၏ အတောင်နှစ်ဖက်မှာလည်း ဘေးသို့ အားလျော့စွာ ရုတ်လျော့ ကျဆင်းနေပြီး အားနည်းနေလေပြီ။

ယန်ရွှီးသည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

မိုးစက်များက ဟွမ်ကျန်း ခန္ဓာကိုယ်ပေါ်သို့ မြားများ ပစ်ခွင်းနေသည့် အလား ကျဆင်း နေလေသည်။

ယွိမင်နတ်ဘုရားသည် သူ၏ ရွှမ်ချင်း အလင်းလက်ကို အသုံးပြုကာ ဟွမ်ကျန်းကို ဆွဲခေါ် လိုက်လေသည်။ ဧရာမ အလင်းလက်ကြီးသည် ဟွမ်ကျန်းကို စုပ်ကိုင်လိုက်ပြီး မြားများကဲ့သို့ ထက်ရှနေသည့် မိုးရေစက်များသည် အလင်းလက်ကြီးနှင့် ရိုက်ခတ်မိကာ တချွင်ချွင် မြည်သံများပင် ထွက်ပေါ် လာရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟွမ်ကျန်းသည် ယွိမင် နတ်ဘုရား၏ ရွှမ်ချင်း အလင်းလက်ကြီး ဆွဲခေါ်ရာသို့ ပါသွားလေသည်။

ဟွမ်ကျန်းက တန်ခိုးစွမ်းအားများမှာ အားနည်းနေသည့်တိုင် ဆရာဖြစ်သူ အပေါ်တွင် ရှက်ရွံ့စွာဖြင့် စကားဆို လိုက်သည်။

“ဆရာ၊ တပည့် အသုံးမကျပါဘူး”

ယွိမင်နတ်ဘုရားမှာ တပည့်ဖြစ်သူ၏ စကားကြောင့် နာကျင် ဝမ်းနည်းခြင်းကို ခံစား လိုက်ရသည့်တိုင် သူ၏ စိတ်ခံစားချက်များကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

“မင်းရဲ့ အတွင်းဒဏ်ရာတွေကို အမြန်ထိန်းချုပ်လိုက်၊ ကျန်တာ ငါဆက်လုပ်လိုက်မယ်”

ယွိမင်နတ်ဘုရားက တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်ပြီး ရွှမ်ချင်း အလင်းတန်ခိုး စွမ်းအားကို အသုံးပြုကာ အလင်းတံတိုင်းကြီး တစ်ခုကို ဖန်ဆင်း လိုက်လေသည်။ မိုးရေစက် များသည် ပြင်းထန် နေသည့်တိုင် အလင်းတံတိုင်းကြီးကိုတော့ မထိုးဖောက်နိုင်ဘဲ ရှိလေသည်။ မိုးစက်များက အလင်း တံတိုင်းကြီးကို ထိမှန်လိုက်တိုင်း အလင်း တံတိုင်းကြီးက ပိုပြီး လင်းလက် တောက်ပပြီး မိုးရေစက်များက အလင်း တံတိုင်းကြီးနှင့် ရောနှော သွားလေသည်။

ထိုအချိန်မှာပင်…

အနက်ရောင် တိမ်တိုက်များသည် အနက်ရောင် ပန်းပွင့်ကြီး တစ်ပွင့်အဖြစ်သို့ ပြောင်းလဲ သွားလေသည်။

အနက်ရောင် ပန်းပွင့်ကြီးထက်တွင် လူတစ်ယောက် ပေါ်လာလေသည်။ ထိုသူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေလေသည်။

ထိုသူက ယွိမင်နတ်ဘုရားကို ကြည့်ကာ ရယ်မောလိုက်ပြီး…

“မိုးကောင်းကင်က လက်ဆင့် ကမ်းပေးတဲ့ တာအို တန်ခိုးစွမ်းအားဆိုတာ သိပ်ပြီး သန့်စင်လွန်းတယ်၊ ဆရာ့ရဲ့ ရွှမ်ချင်း အလင်းစွမ်းအားက အထွတ်ထိပ်ကို ရောက်နေပြီပဲ၊ ကျုပ်ရဲ့ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း တန်ခိုးစွမ်းအားကိုတောင် ကာကွယ် ထားနိုင်တယ်”

ယွိမင်နတ်ဘုရားက အေးစက်စွာဖြင့်…

“မင်း ငါ့ကို ဆရာလို့ မခေါ်နဲ့၊ ယန်ရွှီး… မင်း လုပ်တဲ့ မကောင်းမှုတွေ များနေပြီ၊ နောက်ကျရင် မင်းကိုကျုပ် ကျိန်းသေ အပြစ်ပေးမယ်”

ယွိမင်နတ်ဘုရား၏ စကားကို ကြားသည့်တိုင် ယန်ရွှီးက အပြုံးမပျက်ပေ။

“ဘယ်သူမဆို ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရမှာပါပဲ၊ ကျုပ်က လူတွေ အများကြီးကို သတ်ခဲ့တယ်၊ ဒါပေမဲ့ ကျုပ်က မိုးကောင်းကင် အလိုအတိုင်း လုပ်ခဲ့တာပဲ၊ ကျုပ်ဟာ အပြစ်မဖြစ်တဲ့ အပြင် အနန္တတန်ခိုးရှင် တစ်ပါးတောင် ဖြစ်သွားနိုင်သေးတယ်၊ မင်းက ကျုပ်ကို ဘယ်လိုလုပ် အပြစ်ပေးလို့ ရမှာတဲ့လဲ”

ယန်ရွှီးက စကား ဆုံးသွားသည်နှင့် သူ၏ အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။

ထိုအခါ ထောင်နှင့်ချီသည့် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းတန်းများသည် မိုးကောင်းကင် စစ်သည်တော်များ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ မိုးကောင်းကင် စစ်သည်တော်များမှာ မရေမတွက် နိုင်အောင် များပြားလွန်းပြီး ယွိမင်နတ်ဘုရားကို ဝိုင်းထား လိုက်ကြလေသည်။

ယွိမင်နတ်ဘုရား၏ စိတ်ဝိညာဉ် တစ်ခုလုံးမှာ အေးစက် တောင့်တင်း သွားရလေသည်။

ယန်ရွှီး အသုံးပြုလိုက်သည့် ပညာမှာ ထျန်းကန်း သုံးဆယ့်ခြောက်မျိုးမှ “ရွှေရောင် နတ်စစ်သည်” ပုံပြောင်း တန်ခိုးစွမ်းအား ဖြစ်လေသည်။

နတ်စစ်သည်များသည် ယွိမင်နတ်ဘုရားကို လမ်းကြောင်းသုံးခုဖြင့် အလွှာလိုက် ဝန်းရံ ထားလေသည်။

မရေမတွက်နိုင်အောင် များပြားသည့် မြင်းများ၊ ဆင်များနှင့် နတ်စစ်သည် တပ်မတော်ကြီး သည် ယွိမင်နတ်ဘုရားနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။

လေနှင့်မိုးကလည်း ပို၍ ပြင်းထန်လာသလို နတ်စစ်သည် များကလည်း ရပ်တန့် သွားခြင်း မရှိပေ။

ထိုသို့ဖြင့်…

အချိန် နှစ်ရက်နှင့် နှစ်ညတိတိ ကြာသွားခဲ့လေပြီ။

ယွိမင်နတ်ဘုရားသည် သူ၏ ရွှမ်ချင်း အလင်းစွမ်းအားကို အသုံးပြုကာ သောင်းနှင့်ချီသည့် နတ်စစ်သည်များကို သတ်ဖြတ် ခဲ့လေသည်။ သို့သော် နတ်စစ်သည် များသည် လျော့သွားသည် ဟူ၍ မရှိဘဲ ပို၍ပင် တိုးပွား လာကြသေးသည်။ ထိုနတ်စစ်သည် များသည် သေမည်ကို ကြောက်ရွံ့သည့် သူများ မဟုတ်ကြသလို ယွိမင်နတ်ဘုရား မသေမချင်း တိုက်ခိုက် ကြမည့်သူများ ဖြစ်လေသည်။

ယွိမင်နတ်ဘုရား၏ တန်ခိုးစွမ်းအား များမှာ အကန့်အသတ် မရှိသည့်တိုင် နှစ်ရက်နှင့်နှစ်ည အဆက်မပြတ် တိုက်ခိုက် နေခဲ့ရသည့် အတွက် သူ၏မူလဝိညာဉ်ခန္ဓာမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်လေသည်။

သို့တိုင်အောင် သူသည် ရွှေရောင် နတ်စစ်သည်များကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။

သူက လင်ရွှမ်ထင်နှင့် တာအိုဆရာ တုန်းဖုန်းတို့ ရောက်ရှိလာသည့် အချိန်အထိ အခြေအနေကို ထိန်းထားရန် မျှော်လင့် နေမိလေသည်။ လင်ရွှမ်ထင်နှင့် တာအို ဆရာတုန်းဖုန်းတို့ ရောက်လာပါက သူတို့သုံးဦး၏ တန်ခိုးစွမ်းအား များပေါင်းစည်းကာ အရံအတား သုံးခုကို ဖွဲ့စည်းပြီး ယန်ရွှီးကို တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။

သူ့စိတ်ထဲတွင် ယန်ရွှီးကို တစ်ဘဝလုံး နောင်ကြဉ်သွားစေမည့် သင်ခန်းစာ တစ်ခု ပေးလိုက်ရန် ကြံစည်နေမိလေသည်။

သို့သော် … အချိန်ကြာလာသည်နှင့် အမျှ ယွိမင်နတ်ဘုရားသည် ထိတ်လန့် တုန်လှုပ် လာခဲ့လေသည်။

လင်ရွှမ်ထင်နှင့် တာအို ဆရာတုန်းဖုန်းတို့သည် ရောက်လာရမည့် အချိန်ကို ကျော်လွန် နေသည့်တိုင် ရောက်မလာသေးပေ။

တာအိုဆရာတုန်းဖုန်းသည် မိစ္ဆာနတ်ဘုရားများကို မတွန်းလှန် နိုင်ခဲ့ဘူးလား။ သို့မဟုတ် လင်ရွှမ်ထင် ကလည်း ထျန်းမုန့် နတ်သမီးကို အနိုင်မရခဲ့ဘူးလား။

ယွိမင် နတ်ဘုရား၏ စိတ်ထဲမှ မျှော်လင့်ချက်များမှာ ဝေဝါးစ ပြုလာပြီ ဖြစ်လေသည်။

မိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါးမှာ အသိဉာဏ် ကင်းမဲ့နေပုံရသည့် အတွက် တာအို ဆရာတုန်းဖုန်းက သူတို့ကို လျင်မြန်စွာ ပွဲသိမ်း တိုက်ခိုက်နိုင်လိမ့်မည်ဟု ယွိမင်နတ်ဘုရားက ထင်ခဲ့မိလေသည်။

ထို့ပြင် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ထျန်းမုန့် နတ်သမီးသည် နတ်ဘုရား တစ်ပါးပင် မဖြစ်သေးသည့် အတွက် သူမသည် တန်ခိုးစွမ်းအား အရာတွင် လင်ရွှမ်ထင်နှင့် မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော်… ညီငယ်နှစ်ယောက် ရောက်ရှိမလာသည့် အတွက် ယွိမင်နတ်ဘုရားသည် စိတ်များ ရှုပ်ထွေးလာရလေသည်။

ယခင် အချိန်များတုန်းက ယွိမင်နတ်ဘုရားသည် ထိုကဲ့သို့ အခြားသူများကို အားကိုးတတ်သည့် သူတစ်ယောက် မဟုတ်ခဲ့ပါ။ သူက သူ၏ တန်ခိုးစွမ်းအား မြင့်မားမှုကို ရာနှုန်းပြည့် ယုံကြည်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်ဝသည့် နတ်ဘုရားတစ်ပါး ဖြစ်ခဲ့လေသည်။ သို့သော် ယခုတော့ ယခင်တစ်ချိန်မှ ယွိမင်၏ စိတ်ဓာတ်များသည် ပျက်စီး ခဲ့လေပြီ။

ဟွမ်ကျန်း၏ ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာလာပြီ ဖြစ်လေသည်။

ထို့ကြောင့် ယွိမင်နတ်ဘုရားက ညနေစောင်းသည် အထိ တာအိုဆရာ တုန်းဖုန်းနှင့် လင်ရွှမ်ထင်တို့ ရောက်ရှိလာခြင်း မရှိပါက မည်မျှပင် အန္တရယ်များပါစေ ဟွမ်ကျန်းနှင့် အတူ ထိုးဖောက် ထွက်မည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။

တာအိုဆရာ တုန်းဖုန်းနှင့် လင်ရွှမ်ထင်တို့မှာလည်း သူတို့ အခက်အခဲနှင့် သူတို့ ဖြစ်လေသည်။

တာအိုဆရာ တုန်းဖုန်းမှာ မိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါးကို ထိုက်ယွဲ့ သဏ္ဌာန် မှန်ပညာဖြင့် တားဆီးနိုင်မည် ဟု ထင်ခဲ့မိသော်လည်း မိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါး၏ တန်ခိုး စွမ်းအားများမှာ ဗဟို ဆက်သွယ်မှု တစ်ခုနှင့် ချိတ်ဆက်ထားသည့် အတွက် မပြိုကွဲနိုင်ဘဲ ဖြစ်နေရလေသည်။ ထို့ကြောင့် တာအိုဆရာ တုန်းဖုန်းမှာ သူ၏ တန်ခိုးစွမ်းအားများကို ပိုမိုအားစိုက်ကာ အသုံးပြု နေရလေသည်။

ထိုသို့ တိုက်ခိုက်နေရင်းဖြင့် ထိုမိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါးမှာ သူတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ သူ၏ ဂိုဏ်းတူတူလေး ဆယ့်တစ်ယောက်မှန်း သိရှိလိုက်ရလေသည်။

ထိုသို့ သိရှိလိုက်သည်နှင့် သူ၏ စိတ်အစဉ်မှာ တုန်လှုပ် သွားရလေသည်။

ထိုအချိန်မှာပင်…

အချိန်နှင့်နေရာကို ကျော်ဖြတ်ကာ ထွက်ပေါ်လာသည့် ဓားဝိညာဉ် တစ်ခုသည် တာအိုဆရာ တုန်းဖုန်းဆီသို့ လျှပ်တစ်ပြက် ဝင်ရောက်လာကာ ထိုးစိုက် ချလိုက်လေသည်။

ဓားဝိညာဉ်၏ အေးစိမ့်မှုကြောင့် မိစ္ဆာနတ်ဘုရား ဆယ့်တစ်ပါးပင်လျှင် အေးခဲသွားပြီး ရေခဲပန်းပု ရုပ်များအလား လှုပ်ရှား၍ မရကြတော့ပေ။

နှင်းပွင့်ကဲ့သို့ လှပလွန်းသည့် မိန်းမပျို တစ်ယောက်သည် ကောင်းကင်ထက်တွင် ထွက်ပေါ် လာလေသည်။

အခြားသူမဟုတ်ပါ။ ချင်းရှောင်း နတ်သမီးပင် ဖြစ်လေသည်။

တစ်ချိန်တုန်းက သူက ချင်းရှောင်း နတ်သမီးကို ချောင်းမြောင်း လုပ်ကြံခဲ့ဖူးသည်။ ယခုတော့ ချင်းရှောင်းနတ်သမီး၏ လက်စားချေခြင်းကို သူခံခဲ့ရပြီ။

တာအိုဆရာ တုန်းဖုန်းက ရေခဲအလွှာများ တုန်ခါသွားစေရန် အတွက် ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာကို အသုံးပြုခဲ့သော်လည်း သူ၏ တန်ခိုးစွမ်းအားများမှာ ချင်းရှောင်း၏ ထိုက်ယင်း တန်ခိုး စွမ်းအားများကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ။ ထိုက်ယင်း စွမ်းအားများကြောင့် သူ၏ မူလဝိညာဉ်ခန္ဓာ ပျက်စီး မသွားရအောင်ပင် မနည်း ကာကွယ် နေရလေသည်။

ချင်းရှောင်းက တာအိုဆရာ တုန်းဖုန်းကို ဓားဖြင့် တစ်ချက်တည်း ထိုးစိုက် ချလိုက်ပြီးသည့်နောက် တာအိုဆရာ တုန်းဖုန်း မည်သို့ဖြစ်ပြီး ကျန်ခဲ့သည်ကို လုံးဝ အရေး မစိုက်တော့ပါ။

မျက်လုံးတစ်လုံး အတွက် မျက်လုံး တစ်လုံးပင် ဖြစ်လေသည်။

တစ်ချိန်က တာအိုဆရာ တုန်းဖုန်းသူမကို ခြုံခို တိုက်ခိုက်ခဲ့သည်ကို ယခုသူမက လက်စား ပြန်ချေခဲ့ပြီးပြီ။

လင်ရွှမ်ထင်နှင့် ထျန်းမုန့်နတ်သမီး၏ တိုက်ပွဲကတော့ အလွန်ပြင်းထန် နေလေသည်။

သူတို့ နှစ်ယောက်၏ အထိန်းအချုပ်မရှိသော တန်ခိုး စွမ်းအားများကြောင့် တောင်ထိပ် ဆယ်ခုခန့်ပင် ပြိုကျ ပျက်စီးသွားခဲ့ကြရပြီ။

သို့သော် တိုက်ပွဲ အချိန်ကြာမြင့် လာသည်နှင့်အမျှ လင်ရွှမ်ထင်၏ သံမဏိ မိုးကြိုးဓားမှာ စွမ်းအား လျော့နည်းလာပြီး လင်ရွှမ်ထင်မှာလည်း အကောင်အထည် မမြင်ရသည့် ရွှံ့နွံထဲသို့ တဖြည်းဖြည်း နစ်မြုပ် နေသကဲ့သို့ ခံစားနေရလေသည်။

သူ့စိတ်ထဲတွင် "ဘာလို့ အရှုံးပေးရမှာလဲ" ဆိုသည့်အသံသည် မြည်ဟည်း လာလေသည်။

သို့သော် ထိုအသံသည် သူ၏ အတွေးမဟုတ်ပေ။ နတ်ဆိုး တစ်ကောင်ထံမှ လာသည့် အသံမျိုးဖြစ်ပြီး သူသည် စကြဝဠာ တွင်းနက်တစ်ခု၏ စုပ်ယူခြင်းကို ခံရလုနီးနီး အခြေအနေသို့ ရောက်ရှိ သွားလေတော့သည်။

ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးသို့ ပြန်ရောက် နေခဲ့ပြီ ဖြစ်လေသည်။

ညနေခင်းအချိန်….

ဆန်းလျန်သည် ထိုက်ယီ တောင်ထိပ်တွင် ရှိမနေပါ။

သူသည် ချင်းလျန် တောင်ထိပ်ရှိ ဝါးရုံတော အတွင်းသို့ ရောက်ရှိနေလေသည်။

ဝါးရုံတောထဲမှ ဝါးပင်များ အချင်းချင်း ရိုက်ခတ်နေသံသည် သဘာဝဂီတသံ တစ်ခုအလား သာယာလှပြီး စိတ်ကိုလည်း တည်ငြိမ် စေလေသည်။

ချန်ကျင်းချင်သည် ဆန်းလျန်နောက်မှ လိုက်လာလေသည်။ သူက သူ၏ ဆရာအသစ်သည် အဘယ့်ကြောင့် သူ့ကို ဤဝါးရုံတော အတွင်းသို့ ခေါ်လာသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။

***

All Chapters