အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အပိုင်း(၁၀၆)
သူဌေးလော့သည် အရင်က သည်လို တစ်ခါမှ အရေးပေးမခံခဲ့ရဖူးချေ။ သူသည် အနည်းငယ် ဂုဏ်ယူမိသွားပြီး
“ခင်ဗျားတို့တွေ အရင်က ပင်လယ်ကြီးကို မြင်ဖူးကြလား”
တချို့က မြင်ဖူးကြသည်။ တချို့ကတော့ မမြင်ဖူးကြပေ။
“သူဌေးလော့ ဘာကို ပြောချင်တာလဲ”
“ဒီဝိုင်ရဲ့နာမည်က ‘ပင်လယ်သမုဒ္ဒရာ’တဲ့ဗျ၊ ခင်ဗျားတို့ အခွင့်အရေးရခဲ့ရင် ဒီဝိုင်ရဲ့ အမည်အရင်းဖြစ်တဲ့ ပင်လယ်ကို သွားကြည့်လိုက်ကြပါ”
သူဌေးလော့က သက်ပြင်းချလိုက်သည်။ သူသည် အရင်က ပင်လယ်ကို မြင်ဖူးခဲ့သည်။ သည်လို ပြာလွင်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် ပင်လယ်က သည်ဝိုင်ကဲ့သို့ပင် မဟုတ်ပါလား။
သူက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်နေမှန်း အားလုံးက သိကြသည်။ သူပြောလိုက်သည့် စကားကို ကြားလိုက်သည်တွင် တချို့က တမင် ကြွားလုံးထုတ်နေသည်ဟု ထင်လိုက်ကြသည်။ အရင်ကအတိုင်းသာ ဆိုလျှင်တော့ သူတို့သည် သူ့ကို ချက်ချင်း ပြက်ရယ်ပြုပြီးနောက် သူတို့၏အင်္ကျီလက်ကို ဝေ့ယမ်းကာ ထွက်သွားလိုက်ကြမည်။ အခုတော့.... သူတို့သည် စားသောက်ပွဲနှင့် ဝိုင်ကို စောင့်ဆိုင်းနေရသည်။ အခုလောလောဆယ်တော့ သူ့ကို မာန်တက်ခွင့်ပေးထားလိုက်အုံးမည်။
ပင်လယ်ကို မြင်ဖူးကြသူများလည်း ရှိလေသည်။ သူပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးနောက် သူတို့သည် ဝိုင်ကို မှန်မှန်ကန်ကန် အမည်ပေးထားကြောင်း ခံစားလိုက်ရသည်။
“ကဲပါ၊ ဒီတစ်ခွက်ကို အတူတူသောက်လိုက်ကြရအောင်” သူဌေးလော့က သူ့ဖန်ခွက်ကို မြောက်လိုက်ပြီး ကြေညာလိုက်၏။
အားလုံးက သူတို့၏ဝိုင်ခွက်များကို ကောက်ကိုင်လိုက်ကြပြီး ဝိုင်ကို တစ်ကြိုက်တည်း မော့သောက်လိုက်ကာ ပျော်ရွှင် ချိုမြိန်မှုကို ခံစားလိုက်ရတော့သည်။
သည်အခိုက်တွင် လော့မိသားစုက အစေခံမလေးများက ဝိုင်ကို စတင်တည်ခင်းလိုက်ကြသည်။ သို့သော် အားလုံး၏ဖန်ခွက်ထဲသို့ ဝိုင်ကို လောင်းထည့်ပေးရမည့်အစား သူတို့သည် ဝိုင်ခွက်အသစ်တစ်ခုကို တည်ခင်းပေးလိုက်ကြသည်။
သည်ဝိုင်ခွက်သည် စိမ်းမြကြည်လင်နေသည်။ အလွန်မှ ကြည်လင်ပြီး တလက်လက်ဖြစ်နေ၏။
“ဒီဝိုင်ရဲ့နာမည်က ‘နတ်ရေကန်’ တဲ့” သူဌေးလော့က ဝမ်းသာရွှင်မြူးကာ မိတ်ဆက်ပေးလိုက်သည်။
နောက်ထပ် ဝိုင်အသစ်လား။ အားလုံးက အံ့ဩသွားကြသည်။
သူဌေးတုမှာ မယုံနိုင်တော့ပေ။ သူသည် ဖန်ခွက်ထဲက ဝိုင်ကို တစ်ငုံသောက်ကြည့်လိုက်သည်။ စောစောက ဝိုင်နဲ့ အရသာ လုံးဝမတူဘူး။ ဒီဝိုင်က ပိုချိုတယ်။ နတ်ရေကန်ထဲက ကျောက်စိမ်းနှင်းစက်လိုပဲ။ ခမ်းနားတဲ့ ပျာရည်ရနံ့တစ်ခုနဲ့ စိတ်ကျေနပ်ဖို့ကောင်းတဲ့ နောက်ဆက်တွဲအရသာတစ်ခု ရှိတယ်။
တခြားသူများကလည်း သည်ဝိုင်ကို တစ်ငုံသောက်လိုက်ကြသည်။ တချို့က ဝိုင်ကို ချက်ချင်း သဘောကျသွားပြီး တချို့ကတော့ စောစောက ‘ပင်လယ်သမုဒ္ဒရာ’က ပိုဆွဲဆောင်မှုရှိသည်ဟု ခံစားလိုက်ရသည်။
“အစ်ကိုကြီးလော့ တခြားဝိုင်တွေရှိသေးလား၊ ထုတ်လာပြီး ကျုပ်တို့ကို အားရပါးရ ပေးသောက်လိုက်ပါတော့လား” သူဌေးတုက မနေနိုင်တော့ဘဲ ပြောလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရပြီးနောက် အားလုံးက ချက်ချင်း သဘောတူလိုက်ကြသည်။
“ဟုတ်တာပေါ့၊ ရှိပါတယ်” သူဌေးလော့က ပြန်ဖြေလိုက်သည်။
အမှန်ပင်။
“သူဌေးလော့ ခင်ဗျားမှာ ဝိုင်ဘယ်နှစ်မျိုးလောက်ရှိလဲ”
တစ်ယောက်က တအံ့တဩနှင့် မေးလိုက်သည်။ သူတို့အားလုံးက မယုံကြည်သလို ဖြစ်နေကြသည်။ ဒီဝိုင်နှစ်ခုနဲ့တင် အံ့ဩစရာကောင်းနေပြီလေ။ အခုတော့ ထပ်ရှိသေးတယ်တဲ့လား။ ဝိုင်ကောင်းကို နှပ်ထားဖို့ ဘယ်တုန်းက အဲလောက်လွယ်ကူသွားတာလဲ။
“ဒီနေ့တော့ ဝိုင်ငါးမျိုးပဲ ပြင်ဆင်ထားပါတယ်”
သူဌေးလော့က ပုံမှန်လို ဖြစ်နေသည့်နှယ် အေးအေးဆေးဆေး ဖြေလိုက်လေသည်။
အားလုံးက အံ့ဩသွားကြသည်။ ငါးမျိုးတဲ့လား။ သူပုံတဲ့ပုံစံကို ကြည့်ရင် ငါးမျိုးထက်မကတဲ့ ဝိုင်တွေရှိ ရှိနေတဲ့ပုံပဲ။
အားလုံးကို အချင်းချင်း အပြန်အလှန် ကြိုက်လိုက်သည်။ သူတို့သည်အားလုံးမှာ ဆွံ့အသွားတော့သည်။ သူတို့တွေ အနိုင်ပိုင်းခံလိုက်ရတာပဲ။ သူတို့အားလုံးထက် ပိုသာသွားတာပဲ။ ဒီဝိုင်အသစ်တွေကို ကြည့်ရင် ဒါတွေက သူဌေးလော့လောက်တောင် မကောင်းတော့ဘူး။
သခင်ကြီးပိုင်၊ သခင်ကြီးလီနှင့် သခင်ကြီးချင်တို့သည် အနည်းငယ် စိတ်ရှုပ်သွားကြတော့သည်။ သူတို့သည် လွန်ခဲ့သည့် ဆယ်နှစ်ကျောက်က အမည်မသိလမ်းများပေါ်တွင် တိုဟူးရောင်းခဲ့သူ သူဌေးလော့က တပြိုင်တည်း ဝိုင်ကောင်းအများအပြားကို ထုတ်ပြနိုင်ခဲ့သည့်အပေါ် မယုံနိုင်အောင် ဖြစ်သွားတော့သည်။ ဝိုင်တွေကို ပင်လယ်ရပ်ခြားက သယ်လာတာ မဟုတ်ဘူးဆိုရင်ပေါ့လေ။
ဒါပေမဲ့ ဒါက အဲလိုလည်း မထင်ရပြန်လေဘူး။ သူတို့တွေ ပင်လယ်ရပ်ခြားက ဝိုင်တွေကို သောက်ဖူးသားပဲ။ လည်ချောင်းမှာ ပူလောင်သွားပြီး အရသာက ဆိုးပါတယ်။ ဒီဝိုင်လောက်တောင် အရသာမကောင်းဘူး။
သည်ဝိုင်က ရှမင်းဆက်မှ ထွက်တာဖြစ်မည်ဟု အတည်ပြုလိုက်ကြလေသည်။ တမြေ့မြေ့ကျန်ရစ်ပြီး မွှေးပျံ့ပျံ့အရသာ ရှိသည်။
ဒါဆို ဘာလို့များလဲ။ သူတို့သည် ဇဝေဇဝါဖြစ်နေကြပြီး သူတို့၏မျက်နှာများမှာ ညိုးငယ်နေကြတော့သည်။
သူတို့သည် သည်လိုပုံစံမျိုး တွေ့လိုက်ရသည်တွင် သူဌေးလော့၏နှုတ်ခမ်းထောင့်များက ကောင်းကင်အထိ ကွေးတက်သွားတော့မတတ်ပင်။ နောက်ဆုံးတော့ သူ သူတို့တွေက တစ်ခါလောက်တော့ ပြားပြားဝပ်သွားအောင် လုပ်နိုင်ခဲ့ပြီလေ။
သည်အချိန်တွင် ဟင်းပွဲများအားလုံးကို တည်ခင်းပြီးဖြစ်သည်။ သူက ဧည့်ခံလိုက်တော့သည်။
“ဝိုင်တွေကို ဟင်းပွဲမပါဘဲ ဘယ်လိုသုံးဆောင်လို့ ရမှာလဲ၊ ဒီဟင်းပွဲတွေက အားလုံးရဲ့ အရသာနဲ့ ကိုက်ရဲ့လား မြည်းစမ်းကြည့်ကြပါအုံး”
သူက နောက်ဆုံးတစ်ခွန်းကို ပြောလိုက်ချိန်တွင် သခင်ကြီးပိုင်ကို ကြည့်လိုက်လေသည်။ သူသည် သခင်ကြီးပိုင်၏ ရှေ့ပိုင်းက ရန်စနေမှုကို သိသိသာသာ တုံ့ပြန်လိုက်ခြင်းပင်။
အားလုံးက သခင်ကြီးပိုင်ကို လှည့်ကြည့်လိုက်ကြသည်။
သခင်ကြီးပိုင်သည် အပေါ်ယံပြုံးလိုက်ပြီး စားပွဲကို ကြည့်လိုက်လေသည်။
ဒီစားပွဲအပြည့်ခင်းထားတဲ့ ဟင်းလျာတွေက ကြာပန်းအကြောင်း ဖော်ပြထားတာပဲ။ စောစောက သရေစာတွေနဲ့လည်း လိုက်ဖက်ညီတယ်။ ဒါက ရှားရှားပါးပါးပဲ။ စားတော်ကဲတွေက အထူးလက်ရာ နည်းနည်းပါးပါးပဲ ပိုင်ဆိုင်ကြတာ အားလုံး အသိပါ။ ပါဝင်ပစ္စည်း ဒါမှမဟုတ် ဖော်ပြမဲ့ အကြောင်းအရာ ကုန်သွားတာနဲ့ စားပွဲပေါ်မှာ တည်ခင်းနိုင်တဲ့ အထူးဟင်းလျာက မရှိသလောက် ဖြစ်သွားပြီ။ တခါတလေ သူတို့တွေက အရေအတွက်များအောင်လို့ ဟိုနား ဒီနားက ဟင်းပွဲတွေကို ဆွဲယူပြီး အမြင်ကောင်းအောင်ပဲ လုပ်နိုင်တာ။
ဒါကို ကြာပန်းပွင့် စားသောက်ပွဲလို့ ခေါ်ရမှာလား။ တကယ့်ကို မဖြစ်နိုင်တာပဲ။
ဒါပေမဲ့ သူတို့ရှေ့ စားပွဲကရော ဘာလဲ။
စုစုပေါင်း ဟင်းလျာ ၁၈မျိုး ရှိပြီး ဟင်းလျာအအေး၊ ဟင်းလျာအပူနဲ့ စွပ်ပြုတ်ဟင်းရည်တွေရော။ အားလုံးက ကြာပန်းနဲ့ ဆက်စပ်နေပြီး အင်မတန် အနုစိတ်လွန်းတယ်။
ဒါက ဘာသဘောတဲ့လဲ။ စားတော်ကဲရဲ့ တီထွင်နိုင်စွမ်းလက်ရာက ဒီဟင်းလျာကြီးကို ချပြထားတဲ့ အဆင့်ထက် အများကြီးသာလွန် နေတာကို သက်သေပြနေတာပဲ။
အဲဒီဟင်းလျာတွေကို အနီးကပ်ကြည့်လိုက်ပါအုံး။ ကြာစေ့ငါးပေါက်စီတဲ့။ ‘တောင်ပေါ်မိသားစု သီးသန့်အစားအစာ’ထဲမှာ မှတ်တမ်းပြုထားတဲ့ ဟင်းလျာတစ်မျိုးပဲ။
ကြာစေ့တရုတ်ငါး အသားလုံးတဲ့။ ကြွေထည်စွပ်ပြုတ်ပန်းကန်လုံး ပါးပါးလေးထဲမှာ ကြည်လင်နေတဲ့ စွပ်ပြုတ်ရယ်၊ အစိမ်းရောင်ကြာစေ့လေးတွေရယ် ပြီးတော့ စွပ်ပြုတ်ထဲမှာ လိမ့်နေတဲ့ မွေးကင်းစကလေးတစ်ယောက်ရဲ့ လက်သီးအရွယ် အသားလုံးတွေ ထည့်ထားတယ်။ ကြည့်လိုက်ရင် အရမ်းကို ဆွဲဆောင်မှုနေတာပဲ။
ကျောက်စိမ်းဆံပုဇွန်ထုပ် တဲ့။ ကြည်လင်သန့်စင်နေတဲ့ ပုဇွန်ထုပ်တွေနဲ့ ရွှမ်းစိုနေတဲ့ ကြာစေ့တွေက အချင်းချင်း ပနံသင့်လိုက်တာ။
ကြားပန်းပေါက်စီ။ အထဲက အစာတွေကို ကြာပန်းပွင့်ဖတ်ထဲ ထည့်ထုပ်ထားပြီးတော့ ကြာပွင့်ပုံစံ ပုံဖော်ထားတာ။ ပွင့်လန်းဖို့ စောင့်နေတဲ့ ကြာပန်းလေးတစ်ပွင့်နဲ့ တကယ်ပဲ တူတာပဲ။
. . .
၆လပိုင်းတွင် ကြာပန်းများ ဖူးပွင့်ကြသည်။ စားပွဲအပြည့် ကြာပန်းပွင့် ဟင်းလျာများသည် ရာသီနှင့် အလွန်လိုက်ဖက်လှပေသည်။ ဟင်းလျာများသည် အလွန်မှ လက်ရာမြောက်ပြီး အသက်ဝင်လှကာ ကြာပန်းရနံ့များ မွှေးပျံ့နေကာ အားလုံးက စားပွဲပေါ်တွင် ကြာပန်းများ ပွင့်နေသည်ကို ကြည့်နေရသလို ရုတ်တရက် ခံစားလိုက်ရလေသည်။ အစိမ်းရောင် နတ်ရေကန် ဝိုင်နှင့် ယှဥ်တွဲလိုက်တော့ လူ့လောကတွင် ရှိနေရသည် မဟုတ်တော့သယောင်။
သူဌေးလော့လည်း အခိုက်တန့် မှင်တက်အံ့ဩသွားတော့သည်။ သူသည် ကျန်းယွင်ကျူးက ကြာပန်းအကြောင်း ပုံဖော်မည့် စားသောက်ပွဲတစ်ခုလုပ်မည့်ဟု သိထားပြီးဖြစ်သော်လည်း သူမက သည်လိုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။
“အားလုံးပဲ မြည်းကြည့်ကြပါအုံး” သူက လက်ယက်ပြလိုက်သည်။
တချိုးက သည်ဟင်းလျာများကို မစားရက်ကြသော်လည်း တချို့ကတော့ ထိုဟင်းလျာများကို စတင် စားသောက်လိုက်ကြသည်။ ကျန်သည့်လူအားလုံးက ဟင်းလျာများကို တခြားသူများက ကုန်အောင် စားသွားမည်စိုးသဖြင့် သူတို့၏ တူများကို လှမ်းယူလိုက်ကြတော့သည်။
ကြာစေ့ငါးပေါက်စီ။ ငါးအသားနဲ့ ကြာစေ့တို့ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်နေမှုကြီး။ လင်းဟုန်က အပြည့်အဝ ချီးကျူးထောပနာ ပြုခဲ့တဲ့ ဟင်းလျာတစ်ခုဖြစ်နေတာလည်း မဆန်းဘူး။
ကြာစေ့တရုတ်ငါး အသားလုံးကလည်း ငါးအသားနဲ့ ကြာစေ့တွေပါပဲ။ ဒါပေမဲ့ အရသာကျတော့ မတူလေဘူး။ အရမ်းကို အိစက်ပြီး အရသာရှိလိုက်တာ။
ကျောက်စိမ်းကြာစေ့ ပုဇွန်ထုပ်။ ပုဇွန်က တထုတ်ထုတ်နဲ့ ယူမာမီ အရသာအပြည့်ပဲ။ ကြာစေ့ကို စားလိုက်တဲ့အချိန်ကျတော့ မျှော်လင့်မထားတဲ့ အရသာတစ်ခု ထွက်လာတယ်။
ကြာပန်းပေါက်စီက ငါးဥတွေထည့်ထားတဲ့ ကြာပန်းပွင့်ဖတ်တွေ ဖြစ်နေတာကိုး။ ရွှေရောင်ငါးဥတွေက လုံးဝကို ညှီနံ့မရှိဘူး။ တော်တော်နူးညံ့ပြီး အရသာရှိတယ်။
. . .
ညစာစားပွဲတွင် ဘယ်သူမှ စကားမပြောကြတော့ပေ။ အားလုံးက အရသာရှိသည့် အစားအသောက်ကို မြည်းစမ်းနေကြတော့သည်။
ခဏအကြာတွင် သောက်စရာများကို ပြောင်းလိုက်သည်။ သည်တစ်ကြိမ်တွင် ဝိုင်က အနီတောက်ရောင် ဖြစ်သည်။ မျက်နှာချေနီနီ ဟုခေါ်သည်။ ကြာပန်းစားသောက်ပွဲနှင့် အလွန်မှ လိုက်ဖက်လှသည်။
ထို့နောက်တွင် ရေခဲမက်မွန်နှင့် ပယင်းရောင်ဝိုင် တို့ကိုချပေးလိုက်သည်။
ပယင်းရောင်ဝိုင်က ပျားရည်ရောင်ဝိုင်တစ်မျိုးဖြစ်သည်။ ဝိုင်ကို သောက်လိုက်ပြီးနောက်တွင်တော့ အားလုံးက ဗိုက်ပြည့်သွားကာ ကျေနပ်သွားကြတော့သည်။
သည်အချိန်တွင် စားပွဲပေါ်က ဟင်းပွဲများကလည်းက ကုန်သလောက်ဖြစ်နေပြီ။ ဟင်းလျာများက မည်မျှကောင်းကြောင်းကို ထုတ်ဖော်ပြဖို့ရန် မလိုအပ်တော့ပေ။
“ဝိုင်ကောင်းနဲ့ အစားအသောက်ကောင်း”
သခင်ကြီးပိုင်က ကျေနပ်ကာ မှတ်ချက်ပေးလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ သူက စိတ်ရင်းနှင့် ချီးကျူးလိုက်လေသည်။
အားလုံးကလည်း မဆုံးနိုင်အောင် ချီးကျူးကြတော့သည်။
ထို့နောက်တွင်တော့ မေးခွန်းတစ်ခု ထွက်လာတော့သည်။
“ဘယ်ပညာရှင် စားတော်ကဲက ဒီအရသာရှိတဲ့ အစားအသောက်ကို လုပ်ပေးခဲ့တာလဲ သိချင်လိုက်တာ”
သခင်ကြီးပိုင်က မေးလိုက်၏။ သူ့မျက်လုံးများက တလက်လက် တောက်ပနေသည်။ ဒီလိုစားတော်ကဲတစ်ယောက်က လော့အိမ်မှာ ဘယ်လိုအနာဂတ်မျိုး ပိုင်ဆိုင်နိုင်မှာလဲ။ သူ့အိမ်ကို လာလိုက်လို့ကတော့ သူပေးနိုင်သမျှအားလုံးနဲ့ သူ့ကို ကျေနပ်အောင် လုပ်ပေးလိုက်မယ်။
သခင်ကြီးပိုင်က အားလုံး၏ အတွေးကို မေးလိုက်လေသည်။ အားလုံးက သူဌေးလော့ကို ကြည့်လိုက်ကြသည်။
အားလုံးနှင့် ထွက်တွေ့မည် မတွေ့မည် ကိစ္စကို သူဌေးလော့က ကျန်းယွင်ကျူးနှင့် ဆွေးနွေးထားပြီးဖြစ်သည်။
ဟုတ်ပါသည်။ ကျန်းယွင်ကျူးက ထွက်မတွေ့ချင်ပေ။ သူမက လိုက်ကာနောက်တွင်သာ နေလိုသည်။
ထို့ကြောင့် သူဌေးလော့က ပြုံးလိုက်ပြီး အားလုံးကို လျှို့ဝှက်ဆန်းကြယ်သည့်ပုံစံဖြင့် နေလိုက်တော့သည်။ ဒီနေရာမှာ ထိုင်နေကြတဲ့လူအားလုံးက စီးပွားရေးသမားတွေပဲလေ။ စီးပွားရေးတစ်ယောက်ရဲ့ အမူအကျင့်ကို သူ သေသေချာချာ နားလည်တာပေါ့။ တကယ်လို့များ သူတို့ကို တန်းပြောပြလိုက်ရင် သူတို့တွေက သံသယဖြစ်နေကြလိမ့်မယ်။ သူက အချက်အလက်မပေးခင် သူတို့ကို ကြိုးနဲ့လှန်ထားပြီး သူတို့ကိုယ်တိုင် စုံစမ်းရတော့မှာပဲလို့ မှတ်ယူခိုင်းလိုက်မှ လုံးဝကို ကွဲပြားတဲ့ရလဒ်တစ်ခု ထွက်လာမှာလေ”
သေချာပါသည်။ သူက နှုတ်ဆိတ်နေလေလေ အားလုံးက အသည်းတယားယား ဖြစ်နေလေလေပင်။ သူတို့သည် ထိုစားတော်ကဲ၏ အချက်အလက်ကို ရှာဖွေဖို့ရာ စတင် စဥ်စားထားလိုက်တော့သည်။
သည်အဖြစ်က ကျန်းယွင်ကျူး၏ကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အလွှာတစ်ခု လွှမ်းခြုံသွားတော့သည်။
အားလုံးက တီးတိုး ဆွေးနွေးနေကြသည်။ သို့သော် သူတို့ထဲကတစ်ယောက်က ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်နေ၏။ ကျင်းချန်းယန်ပင်။ သူသည် ဟင်းလျာကို စားလိုက်သည်နှင့်ချက်ချင်း သည်ဟင်းလျာက ရှီကွမ်းစားသောက်ဆိုင် စားဖိုမှူး၏လက်ရာမှာ သိလိုက်တော့သည်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူ နေ့တိုင်း ရှီကွမ်းစားသောက်ဆိုင်မှာ နေ့တိုင်း သွားစားခဲ့တယ်လေ။ ဒါပေါ့။ စားသောက်ဆိုင်ရဲ့ စည်းမျဥ်းတွေကို သိထားတယ်။ နေ့တိုင်း နေ့လယ်စာနဲ့ ညနေစာအတွက် သူတို့တွေက ၁၂ဝိုင်းစာပဲ လက်ခံပြီး စားဖိုမှူးက တစ်နေ့တာအတွက် ဟင်းလျာကို ဆုံးဖြတ်တယ်။
ဒီရက်ပိုင်း စားသောက်ဆိုင်မှာ ဧည့်သည်များများ စားစား မရှိဘူး။ သူ အဲဒီကို သွားလိုက်တိုင်း အမြဲတမ်း နေရာတစ်ခုတော့ ရခဲ့တယ်။
ဒါပေမဲ့ အခုတော့.... ကျင်းချန်းယန်သည် ပျာယာခတ်သွားတော့သည်။ သူဌေးလော့က စားဖိုမှူးရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ စားဖိုမှူးက ရှီကွမ်း သီးသန်းစားသောက်ဆိုင်ကဆိုတာ မကြာခင် အားလုံး သိသွားကြမှာပဲ။ စားသောက်ဆိုင်က လူအရမ်းများလာတာနဲ့ သူကရော နေရာတစ်ခုကို ဖမ်းဆုပ်ထားနိုင်ပါအုံးတော့မလား။
သူသည် ကျင့်ကျောင်းယွဲ့ အရင်က လာပို့ခဲ့သည့် ဖိတ်စာကို ရုတ်တရက် သတိရသွားတော့သည်။ အဲဒီတုန်းက သူမ ပြောခဲ့တယ်လေ။ ဒီဖိတ်စာနဲ့ စားသောက်ဆိုင်ကို လာသ၍ ပိုင်ရှင်က နေရာထိုင်ခင်းအပြည့်နဲ့ ကြိုဆိုမယ်တဲ့။ အဲဒီတုန်း ဘာအဓိပ္ပာယ်လဲဆိုတာ မသိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူ သိသွားပြီ။
ဒီဖိတ်စာက ရှီကွမ်းစားသောက်ဆိုင်ကို ဝင်နိုင်မဲ့ လက်မှတ်ပဲ။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူက ရုတ်တရက် ထရပ်လိုက်တော့သည်။
“မင်း ဘာလုပ်မလို့လဲ”
သခင်ကြီးလျန်က သူ့သားကို ဒေါသတကြီး စိုက်ကြည့်ကာ တိတ်တိတ်လေး ဆူလိုက်တော့သည်။ သူ့ရဲ့ ဒီသားဆိုတဲ့ သူက ဘာမှမသိနားမလည် အရည်အချင်းလည်း မရှိဘူး။ တကယ် ရင်ကွဲရတယ်။
ကျင်းချန်းယန်သည် ထိုမျှလောက် ဆက်ပြီး ဂရုမစိုက်နိုင်တော့ပေ။ သူက ဆင်ခြေတစ်ခု ပေးလိုက်ပြီး လော့အိမ်မှ အလောတကြီး ပြေးထွက်သွားတော့သည်။ သူက သူ့အစေခံများကို ခေါ်လိုက်ပြီး သူတို့ကို လူချမ်းသာကုန်သည်များ၏ အိမ်သို့ သွားခိုင်းလိုက်လေသည်။ ဖိတ်စာကို ငွေဖြင့် ဝယ်ရသည်ဖြစ်စေ ဘာပဲဖြစ်နေနေ သူတို့သည် ဖိတ်စာကို သေချာပေါက် ယူခဲ့ရမည်ဟူ၍ မှာလိုက်တော့သည်။
ကျင့်ကျောင်းယွဲ့က ဖိတ်စာပို့ခဲ့သည်မှာ ခြောက်ရက်ရှိသွားပြီဖြစ်သည်။ ဖိတ်စာတချို့က ပစ်ထုတ်ခံလိုက်ရသည်။ တချို့ကို တံခါးစောင့်များက တစ်နေရာတွင် ဒီအတိုင်း ပစ်ထားလိုက်သည်။ တချို့ကတော့ လူချမ်းသာကုန်သည်များ၏ သောင်းပြောင်းထွေလာရောနေသည့် ပစ္စည်းပုံထဲ ရောက်သွားတော့သည်။
ကျင်းချန်းယန်သည် ကိုယ်တိုင်ထွက်လာခဲ့သည်။ ဖိတ်စာကို လွှင့်ပစ်လိုက်သတဲ့လား။ ဘယ်နားမှာ ပစ်လိုက်လဲ သူ့ကို ပြောစမ်းပါ။ ဆုငွေအနေနဲ့ လျန်ငွေ ၁၀စ ပေးလိုက်မယ်။
အစေခံတွေက ကြုံတဲ့နေရာမှာ ချထားခဲ့တယ်တဲ့လား။ သူ့ကို မြန်မြန်ပေးစမ်း။ သူက လျန်ငွေ ၂၀ပေးမယ်။
လူချမ်းသာကုန်သည်တွေရဲ့ မသုံးတော့တဲ့ ပစ္စည်းအပုံထဲမှာတဲ့လား။ ရော့ လျန်ငွေ ၅၀။ မရဘူးလား။ လျန်ငွေ ၁၀၀ကွာ။
,. . .
နောက်ကျနေပြီ ဖြစ်သည်။ ကျင်းချန်းယန်ကတော့ ဖိတ်စာ ၁၂စောင်ကျော်ကို စုဆောင်းနိုင်ခဲ့သည်။ သူက ထိုဖိတ်စာကတ်များကို ရင်ဝယ်ပိုက်ထားလိုက်ပြီး ဝမ်းသာအားရ အော်ရယ်လေသည်။
သည်ဖက်တွင်တော့ စားသောက်ပွဲက ပြီးသွားလေပြီ။ သခင်ကြီးပိုင်နှင့် တခြားသူများကလည်း ပြန်သွားကြသည်။
သူတို့သည် ကိုယ်စီလှည်းပေါ်သို့ ရောက်သွားသည်နှင့်ချက်ချင်း သည်နေ့ သူဌေးလော့အိမ်၌ စားသောက်ပွဲတွင် ချက်ပြုတ်ပေးပြီး ဝိုင်ပြုလုပ်ပေးခဲ့သူက ရှီကွမ်း သီးသန့်စားသောက်ဆိုင်၏ စားဖိုမှူး ဖြစ်နေကြောင်း လူတစ်ယောက်က တီးတိုးပြောပြလိုက်သည်။
စားသောက်ဆိုင်ကို လွန်ခဲ့တဲ့ခြောက်ရက်က ဖွင့်ထားတာကလွဲရင် ဘယ်သူကမှ စားဖိုမှူးကို မသိဘူးတဲ့။ အဲဒီတုန်းက သူတို့သည် သခင်ကြီးတွေကို ဖိတ်စာပို့ပေးခဲ့ပြီး ဖိတ်စာနဲ့ ဆိုင်တံခါးဆီ ရောက်လာတဲ့သူတိုင်းကို စားသောက်ဆိုင်ပိုင်ရှင်က ကြိုဆိုမယ်လို့ ပြောခဲ့သေးတယ်တဲ့။
“ရှီကွမ်း သီးသန့်စားသောက်ဆိုင် ဟုတ်လား”
တချို့မှတ်ဉာဏ်များ ပြန်ရောက်လာသယောင်။ အစားအသောက်စာရင်းတစ်ခု တွဲထားတဲ့ ဖိတ်စာတစ်စောင် ရှိခဲ့တာပဲ။ အထဲမှာ ‘ငါးသိုးသားအစာသွပ်၊ အမျိုးသမီးစုန့်ငါးဟင်းရည်၊ ဂင်းကိုးစွပ်ပြုတ်၊ ထိုက်ပိုင် ဘဲသား၊ ကြက်စွပ်ပြုတ်ရည်ကြည်၊ လော့ယန်ယန်ချိုက်....” ပြီးတော့ အဲလိုဟင်းလျာတွေပဲ။ အဲဒီတုန်းက လူတစ်ယောက်က ဒီဟင်းလျာတွေကို လုပ်နိုင်ခဲ့လိမ့်မယ်လို့ သူတို့တွေ မယုံကြည့်ခဲ့ကြဘူးလေ။ အဲဒီလူက ထင်ပေါ်ချင်နေတာလို့တောင် ထင်လိုက်ကြသေးတယ်။
အခုတော့။
“အိမ်မြန်မြန်ပြန်မယ်၊ ငါ့ကို ဖိတ်စာပြစမ်း”
မတူညီကြသည့် လှည်းများထဲတွင် တူညီသည့် အရေးပေါ် အော်သံများ ထွက်လာတော့သည်။
သည်အချိန်တွင် သူဌေးလော့က လူငယ်တစ်ယောက်ကို ခေါ်ကာ ကျန်းယွင်ကျူးနှင့် မိတ်ဆက်ပေးရန် အနောက်ဘက်ခြံသို့ လာခဲ့လိုက်သည်။
လူငယ်လေးက သူ့သားဖြစ်သည်။ သူဌေးလော့က သည်နေ့ ကျန်းယွင်ကျူး၏လက်ရာကို တွေ့ခဲ့ရပြီး ရှီကွမ်းစားသောက်ဆိုင်က ထမင်းတစ်နပ်က အနာဂတ်တွင် အဖိုးမဖြတ်နိုင်အောင် ဖြစ်လာမည်ကို ကြိုတင် မြင်နိုင်လေသည်။ သူက ကျန်းယွင်ကျူးကို ခေါ်ထားချင်ခဲ့သည်။ စဥ်းစားတွေးတောလိုက်ပြီးနောက် သာမန်အခြေအနေများက သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်မှန်း ခံစားမိလိုက်သည်။ ရုတ်တရက် သူက စဥ်းစားလိုက်မိသည်။ တကယ်လို့များ ကျန်းယွင်ကျူးကသာ သူ့သားကို သဘောကျသွားခဲ့ရင် အားလုံးက ဝမ်းသာစရာပဲပေါ့။
ကျန်းယွင်ကျူးနှင့် တခြားသူများက ပစ္စည်းများ ထုပ်ပိုးပြီး စားသောက်ဆိုင်သို့ ပြန်ရန် ပြင်ဆင်နေကြသည်။
သူဌေးလော့ သူမနှင့် ကိစ္စတချို့ကို ဖြေရှင်းလိုက်ပြီး သူ့အကြောင်းကို ရည်ရွယ်ရင်းဖြစ်စေ မရည်ရွယ်ရင်းဖြစ်စေ ထုတ်ပြောလိုက်လေသည်။ အဓိပ္ပာယ်ကတော့ သည်ထက်ပိုပြီး မထင်ရှားနိုင်တော့ပေ။
ကျန်းယွင်ကျူးမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားလေတော့သည်။
...
အပိုင်း(၁၀၇)
လူငယ်လေးက ချောမောပြီး အရည်အချင်းရှိကာ စီးပွားရေးလောကတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူ့ကို ကျန်းယွင်ကျူးက လေးစားမိသည်။
သို့သော်ငြား...
ကျန်းယွင်ကျူးက ယဥ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်ပြီး အားလုံးနှင့်အတူတူ ပြန်သွားလိုက်တော့သည်။
“အလိုကွယ်”
သူဌေးလော့မှာ ရင်နာရတော့သည်။ ရွှေရောင်ဇာမဏီငှက်လေးက အဝေးသို့ ပျံထွက်သွားပြီး အခွင်းအရေးကောင်းတစ်ခုနှင့် လွဲချော်ခဲ့ရသည်။ ဒါက လုံးဝမတွေ့ကြုံလိုက်ရသည်ထက်ပင် ပိုပြီးအနေခက်လှသည်။ ထိုအဖြစ်ကို စဥ်းစားလိုက်ရင်း သူက ကောင်လေးကို မျက်စောင်းထိုးလိုက်ပြီး အလားအလာ မရှိသည့်အတွက် ပြစ်တင်လိုက်လေသည်။
ကောင်လေးက သူ့နှာခေါင်းကို ပွတ်သပ်လိုက်၏။ ဒါက သူနဲ့ ဘာဆိုင်လို့တုံး။ သူလည်း အကောင်းဆုံးကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ တစ်ဖက်လူကမှ မကြိုက်တာ။ သူက ဘာတတ်နိုင်မှာတဲ့လဲ။
သူဌေးလော့နှင့် သူ့သားတို့ ရောက်လာချိန်တွင် ရွှယ်ကျင်းနှင့် တခြားသူများလည်း ရှိနေကြသည်။
လော့အိမ်မှ ထွက်လာပြီးနောက် ရွှယ်ကျင်းက ကျန်းယွင်ကျူးကို တစ်ချက် ခိုးကြည့်လိုက်သည်။ သူက သူမအတွက် စိုးရိမ်သွားတာလေ။ တကယ်တော့ သူဌေးလော့ရဲ့သားက တော်တော်လေး ကောင်းပါတယ်။ သူဌေးလော့ကလည်း အောက်ခြေကနေ တက်လာတာ။ ကျန်းယွင်ကျူးရဲ့ အတွေ့အကြုံနဲ့ တော်တော်လေး ဆင်တူတယ်။ ကျန်းယွင်ကျူးက သူ့မိသားစုနဲ့ လက်ထပ်လိုက်ရင် လော့မိသားစုက သူမကို ကောင်းကောင်းဆက်ဆံမှာပဲ။
ဟုတ်ပါတယ်။ ကျန်းယွင်ကျူးက လက်မခံခဲ့တဲ့ အကြောင်းအရင်းကိုလည်း သူသိပါတယ်။ အဲဒီလူကြီးမင်းရှန်.... သူက ရုပ်ချောတယ်လေ။
ရွှယ်ကျင်းသည် သူ၏အကန့်သတ်ဖြစ်နေသည့် ဦးနှောက်က သည်ကိစ္စများကို စဥ်းစားရန် ဉာဏ်မမီသလို ခံစားလိုက်ရတော့သည်။ သူသည် ထိုအကြောင်းကို ခဏလောက်စဥ်းစားလိုက်ပြီးနောက် လွှတ်ထားလိုက်တော့သည်။ သူသည် ကျန်းယွင်ကျူးကို ယုံကြည်လေသည်။
သူနှင့်မတူဘဲ ကျင့်ကျောင်းယွဲ့နှင့် တခြားသူများက သူတို့၏ စစ်သေနာပတိချုပ်ရှန်အတွက် စိတ်ပူသွားကြတော့သည်။ စစ်သေနာပတိချုပ်ရှန်က အမြဲတမ်း အရမ်းကို အေးစက်စက်နဲ့ရယ်။ သူက မိန်းမလှလေးကို ထွေးပွေ့နိုင်ပါ့မလား။ တကယ်လို့များ ကျန်းယွင်ကျူးသာ တခြားတစ်ယောက်ကို သဘောကျသွားခဲ့ရင်ဖြင့်.... သူတို့သည် ထိုအကြောင်းကို မစဥ်းစားရဲတော့သလို စဥ်းလည်း မစဥ်းစားချင်တော့ပေ။
အားလုံးက ရှီကွမ်းစားသောက်ဆိုင်သို့ ပြန်လာခဲ့ကြသည်။ စားသောက်ဆိုင်ရှေ့တွင် လူများနှင့် ပြည့်နေလေသည်။ သခင်ကြီးပိုင်နှင့် တခြားသူများသည် အိမ်ပြန်ရောက်လာခဲ့ကြပြီးနောက် တချို့က ဖိတ်စာကို ရှာတွေ့ခဲ့ကြသည်။ တချို့ကတော့ မတွေ့ကြတော့ပေ။ ထိုစဥ် တချို့ကတော့ တစ်စုံတစ်ယောက်က ခြေတစ်လှမ်းဦးသွားပြီး ဖိတ်စာကို ဝယ်ခဲ့ကြောင်း သိလိုက်ရတော့ အထိတ်တလန့် ဖြစ်သွားကြတော့သည်။
အားလုံးက စီးပွားရေးလောကသားများ ဖြစ်ကြသည်။ သူတို့သည် ချက်ချင်းဆိုသလို အတွေးပေါင်းများစွာ စဥ်းစားလိုက်ကြပြီး ရှီကွမ်းစားသောက်ဆိုင်သို့ လူများကို အလောတကြီး လွှတ်လိုက်ကြတော့သည်။ တချို့က ကျန်းယွင်ကျူးကို အိမ်တော်သို့ ဖိတ်ပြီး စားသောက်ပွဲတစ်ခု လုပ်ချင်ကြသည်။ တချို့ကတော့ ကျန်းယွင်ကျူးကို အိမ်တော်တွင် တိုက်ရိုက်ငှားချင်ကြသည်။ တချို့ကတော့ သည်အတိုင်း ကျန်းယွင်ကျူး၏ လက်ရာများကို စားချင်ရုံသက်သက်ပင်။ လူအုပ်ကြီးတစ်ခု ဖြစ်လာသည်နှင့် ဖရိုဖရဲ ဆူညံသံများက သေချာပေါက် ပါလာတော့သည်။
ကျန်းယွင်ကျူးသည် အလုပ်များသည့် နေ့တစ်ခုအပြီးတွင် အလွန်မှ ပင်ပန်းသွားလေသည်။
“ဒီကိစ္စကို ရှင့်ကိုပဲ လွဲထားလိုက်တော့မယ်” သူမက ကျင့်ကျောင်းယွဲ့ကို တန်းပြောလိုက်သည်။
ကျင့်ကျောင်းယွဲ့က မျက်နှာတစ်ခုလုံးတွင် အပြုံးတစ်ခုကို ဆောင်ထားလေသည်။
“သူဌေး မစိုးရိမ်ပါနဲ့”
သူမက သည်လိုကိစ္စများကို ဖြေရှင်းရသည်က သဘောအကျဆုံးပင်။
ကျန်းယွင်ကျူးသည် ဘေးတံခါးမှဝင်လာပြီး အနားယူရန် အခန်းထဲသို့ ပြန်သွားလိုက်လေသည်။ ကျင့်ကျောင်းယွဲ့က သူမ၏မေးကို မသိမသာချီထားလိုက်ပြီး တံခါးရှေ့က လူများဆီသို့ လျှောက်သွားလိုက်တော့သည်။
ချက်ချင်းဆိုသလို သူမသည် ဟိုနေ့က ဖိတ်စာလိုက်ပို့ပေးခဲ့သူမှန်း လူတစ်ယောက်က မှတ်မိသွားပြီး သူမကို ဝိုင်းထားလိုက်ကြသည်။
“ကျွန်မက ရှီကွမ်းသီးသန့် စားသောက်ဆိုင် တာဝန်ခံပါ၊ ရှင်တို့မှာ မေးစရာတွေရှိရင် ကျွန်မကို ပြောလို့ရပါတယ်”
ကျင့်ကျောင်းယွဲ့က စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး လူအုပ်ကြီးကို ငုံ့ကြည့်လိုက်သည်။
အားလုံးက တစ်ခုခု မှားယွင်းနေသလို မခံစားမိကြဘဲ မေးခွန်းများ စတင်မေးမြန်းကြတော့သည်။
“မင်းတို့စားသောက်ဆိုင်က သူဌေးလော့အတွက် စားသောက်ပွဲ လုပ်ပေးခဲ့တာလား” တစ်ယောက်က မေးလိုက်သည်။
ကျင့်ကျောင်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
အားလုံးက သူတို့ကို ဆူပူထဲ နှစ်ကြော်ခံလိုက်ရသည့်နှယ် တစီစီအသံ ထွက်လာတော့သည်။
“ငါတို့ သခင်ကြီးက အိမ်တော်မှ စားသောက်ပွဲတစ်ခု လုပ်ချင်လို့ မင်းကို ဖိတ်ချင်လို့ပါတဲ့”
လူတစ်ယောက်က အရင်ဆုံး ပြောလိုက်သည်။
“အားနာပါတယ်ရှင်၊ ဒီစားသောက်ဆိုင်က အခု စားသောက်ပွဲ တောင်းဆိုတာတွေကို လက်မခံတော့ပါဘူး”
“ဘာလို့ လက်မခံတာလဲ၊ မင်းတို့တွေ ဒီနေ့ သူဌေးလော့အိမ်မှာ တစ်ပွဲ လုပ်ပေးခဲ့သေးတာပဲမလား၊ သူဌေးလော့ ဘယ်လောက်ပေးလို့လဲ၊ ငါတို့ သခင်ကြီးက နှစ်ဆပေးနိုင်တယ်” အိမ်တော်ထိန်းဟု ထင်ရသည့် လူက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ငါတို့ သခင်ကြီးကလည်း ဒီလိုပဲ လုပ်ချင်တာ၊ ငါတို့သခင်ကြီးက သုံးဆပေးလိမ့်မယ်” သူ့ဘေးတွင် ချမ်းသာပြီး အင်အားကြီးသည့် လူတစ်ယောက်ရှိနေသည်။
“ငါတို့သခင်ကြီးက လေးဆပေးမှာ”
သူတို့ထဲက တချို့က ရန်ပင်ဖြစ်ကြပေတော့မည်။
ကျင့်ကျောင်းယွဲ့သည် သူတို့ကို လုံးဝမကြည့်ဘဲ တခြားသူများ၏ မေးခွန်းများကိုသာ ဖြေလိုက်လေသည်။
“ငါတို့သခင်ကြီးက မင်းတို့စားသောက်ဆိုင်ပိုင်ရှင်နဲ့ တွေ့ချင်လို့ပါတဲ့” ထိုလူက ပြောလိုက်သည်။
“အားနာပါတယ်၊ ကျွန်မတို့ သူဌေးက အပြင်လူတွေကို မတွေ့ပါဘူး” ကျင့်ကျောင်းယွဲ့က ပြန်ဖြေလိုက်သည်။
“ငါတို့သခင်ကြီးက ဘယ်သူလဲဆိုတာ မင်းသိလား” ထိုလူက ထုတ်ပြောလိုက်သည်။ သူတို့ သခင်ကြီး၏ မျိုးရိုးနာမည်မှာ ပိုင်ဖြစ်သည်။
ကျင့်ကျောင်းယွဲ့က မျက်စောင်းဖြင့် ကြည့်မိတော့မတတ်ပင်။ သူက ဘာဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်လို့လဲ။ သူက သူမဆီက ဓားချက်ကို ခံနိုင်လို့လား၊ သူ ခံနိုင်ရင် လာခဲ့လိုက်လေ။
သူမက ဘေးက အနီးတွင်ရှိနေသည့် လူကို ကြည့်လိုက်သည်။
“မင်းတို့ စားသောက်ဆိုင် ဘယ်တော့ဖွင့်မှာလဲ၊ ငါတို့ သခင်ကြီးက တစ်နပ်လောက် လာစားချင်လို့ပါတဲ့”
ထိုလူက မေးလိုက်သည်။
အားလုံးက ငြိမ်ကျသွားတော့သည်။
“ဆိုင်က နေ့တိုင်း နေ့လယ်ခင်းနဲ့ ညနေ ၅နာရီမှာ ဖွင့်ပါတယ်၊ နေ့စဥ် အစားအသောက်စာရင်းကိုတော့ နေ့တိုင်း ဆိုင်ပိုင်ရှင်က ဆုံးဖြတ်ပါတယ်၊ နေ့တိုင်း နေ့လယ်ခင်းနဲ့ ညနေပိုင်းတွေမှာ စားပွဲ ၁၂လုံးစာ ရပါတယ်၊ ရှင်တို့တွေ သုံးရက်ကြိုပြီး မှာထားလို့ရပါတယ်” ကျင့်ကျောင်းယွဲ့က ရှင်းပြလိုက်သည်။
“ငါ ကြိုမှာထားချင်တယ်”
“ငါလည်း ကြိုမှာထားချင်တယ်” “ငါလည်း ကြိုမှာမယ်” အားလုံးက ဇယ်ဆက်သလို ပြောနေကြတော့သည်။
မကြာမီတွင် သုံးရက်စာ အမှာစာများမှာ အကုန်ပြည့်သွားပြီး စားပွဲမရလိုက်သူများပင် ရှိနေသည်။
ထို့နောက်တွင်တော့ လူတစ်ယောက်က မေးလိုက်လေသည်။
“အဲဒီဖိတ်စာနဲ့ဆိုရင် ငါတို့တွေ အချိန်မရွေး လာစားလို့ရလား”
“အွန်း” ကျင့်ကျောင်းယွဲ့က ပြန်ဖြေလိုက်သည်။
ဖိတ်စာရှိသူများက အလွန်ပျော်သွားကြလေသည်။ သူတို့က သူတို့၏သခင်ကြီးများသည် ဖိတ်စာဖြင့် လာလိမ့်မည်ဟု ပြောမည်ပြင်လိုက်စဥ် ကျင့်ကျောင်းယွဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်တော့သည်။
“ကျေးဇူးပြုပြီး သေချာစဥ်းစားပါနော်၊ ဖိတ်စာကို တစ်ခါပဲ အသုံးပြုလို့ရပါတယ်”
ဖိတ်စာရှိသူများသည် ငြိမ်ကျသွားတော့သည်။ သူတို့သည် ဖိတ်စာကို တစ်ကြိမ်သာ အသုံးပြုနိုင်သည့်အတွက် သူတို့သည် အရေးတကြီးဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းရတော့မည်။
နောက်တစ်နေ့ နေ့လယ်ခင်းတွင် ပထမအသုတ် ဧည့်သည်များသည် ရှီကွမ်းစားသောက်ဆိုင်တွင် ထမင်းတစ်နပ် စားသောက်ရန် ရောက်လာခဲ့ကြသည်။
သည်နေ့ ကျန်းယွင်ကျူး၏ အစားအသောက်စာရင်းက ဟင်းလျာဆယ်မျိုးဖြစ်ပြီး ထိုက်ပိုင်ဘဲသား၊ လော့ယန်ယန်ချိုက်၊ နို့နှစ်ငါးအသားလွှာ ၊ ရတနာရှစ်သွယ်ယုန်အသားတုံး စသည့်ဟင်းများ ပါဝင်သည်။ ဟင်းလျာဆယ်မျိုးထဲတွင် ခုနှစ်မျိုးက အားလုံးအတွက် အပြင်ဘက်တွင် ထွက်ရှာရန် မဖြစ်နိုင်သည့် ဟင်းလျာများဖြစ်ကြသည်။
သည်နေ့တွင်တော့ သူမက စီးမျောရေ ဟုခေါ်သည့် ဝိုင်သစ်တစ်မျိုးကို ရောထားသည်။ သည်ဝိုင်သည် ခွက်၏မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်အလင်းစုများ မျောနေသယောင် ထင်ရသည်။ ဝိုင်ကို သောက်လိုက်ပြီးနောက် လူများကို စွဲမက်သွားသလို ခံစားရစေလေသည်။
ရှီကွမ်းစားသောက်ဆိုင်ရဲ့ စားဖိုမှူးက သူဌေးလော့လုပ်တဲ့ စားသောက်ပွဲကို ကူညီပေးခဲ့တဲ့သူပဲ ဖြစ်မယ်ထင်တယ်။ ထိုက်ပိုင်ဘဲသားနဲ့ လော့ယန်ယန်ချိုက်။ မဟုတ်ဘူး။ ဟင်းပွဲအားလုံးက တမူထူးခြားတယ်။ ပြီးတော့ ဝိုင်။ ဝိုင်အသစ်တွေ ဘယ်နှစ်မျိုးတောင် ရှိလဲမသိတော့ဘူး။
စားသောက်ပြီးသွားကြသည့် ဧည့်သည်များသည် စားသောက်ဆိုင်တွင် တစ်သက်လုံးနေကာ နေ့တိုင်း စားသောက်ဆိုင်က အစားအသောက်များကို အရသာခံပြီး အကောင်းစားဝိုင်များကို သောက်နေချင်စိတ်များ ဖြစ်သွားတော့သည်။
သူတို့သည် ထိုသို့ မလုပ်နိုင်သည်ကတော့ နှမြောစရာပင်။ သူတို့သည် နောက်ပိုင်းစားပွဲရဖို့ရာ အမှာစာတစ်ခုပင် မလုပ်နိုင်ခဲ့တော့ပေ။
“စောင့်ကြည့်နေ၊ ငါ့အတွက် နေရာတစ်ခု ရအောင်ယူထားပေးနော်” အားလုံးက သူတို့၏အိမ်တော်ထိန်းများကို အမိန့်ပေးထားလိုက်သည်။
အိမ်တော်ထိန်းများမှာ ဝမ်းနည်းမိကြတော့သည်။ သူတို့လည်း အမှာစာတစ်ခုတော့ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ ဒါက အရမ်းကို ခက်ခဲလွန်းပါတယ်လေ။
ညတွင်းချင်းပင် ရှီကွမ်း သီးသန့်စားသောက်ဆိုင်သည် အလွန်မှာ နာမည်ကြီးလာတော့သည်။
နှစ်ရက်တာ ကာလအတွင်း မြို့တော်က လူချမ်းသာကုန်သည်များသည် စားသောက်ပွဲများကို မကျင်းပကြတော့ပေ။ စားသောက်ပွဲကျင်းပလို့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ။ သူတို့ရဲ့ စားတော်ကဲတွေက ဘယ်လောက်ပဲ တော်တော် သူတို့တွေက ရှီကွမ်းသီးသန့်စားသောက်ဆိုင်က စားဖိုမှူးတွေလောက် ကောင်းနိုင်ပါ့မလား။
မကောင်းနိုင်ဘူးလေ။ ဒီတော့ စားသောက်ပွဲကျင်းပလို့ ဘာအဓိပ္ပာယ်ရှိအုံးမှာလဲ။
တကယ်လို့များ အားလုံးအတွက် စားသောက်ပွဲကျင်းပဖို့ ဖိတ်ချင်ရင် ရှီကွမ်းစားသောက်ဆိုင်မှာ နေရာတစ်ခု မှာပြီး သူတို့တွေကို ဖိတ်လိုက်လို့ရတာပဲ။ ဒါက ပိုပြီးတော့တောင်မျက်နှာပန်းလှအုံးမယ်။
ထိုအချိန်က ကျင့်ကျောင်းယွဲ့ ပို့လိုက်သည့် ဖိတ်စာများသည် လူချမ်းသာ လုပ်ငန်းရှင်းများ၏ အကြိုက်ဆုံးပစ္စည်းသစ်တစ်ခု ဖြစ်လာတော့သည်။ ဖိတ်စာတစ်စောင်ကို လျန်ငွေ တစ်ထောင်အထိ စျေးမြင့်ပြီး ရောင်းခဲ့ရသည်ဟုပင် ကြားခဲ့ရသည်။
ထို့နောက်တွင်တော့ အားလုံးက ကျင်းချန်းယန်ကို ဒေါသထွက်ကြတော့သည်။ သူက သူတို့ရဲ့ ဖိတ်စာတွေကို ဝယ်သွားခဲ့တယ်လေ။
ကျင်းချန်းယန်က လုံးဝဂရုမစိုက်ပေ။ ကျင်းမိသားစုက အချမ်းသာဆုံး ကုန်သည်တွေထဲက တစ်ခုလေ။ သူက သူတို့ကို မကြောက်ပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်က သူ့အဖေကတောင် သူ့ကို ချီးကျူးခဲ့သေးတယ်။ ဒါက ဒီနှစ်ထဲမှာ သူ့အဖေက သူ့ကို ပထမဆုံးအကြိမ် ချီးကျူးခဲ့တာပဲ။
သူ့ကို ချီးကျူးတာက ကောင်းတယ်ဆိုပေမဲ့လည်း သူ့ဆီက ဖိတ်စာတစ်စောင်ရဖို့ အခွင့်အရေး လိုချင်တာဆိုရင်တော့ မရရေးချ မရပါနော်။
ရှီကွမ်းစားသောက်ဆိုင်သည် လူချမ်းသာ စီးပွားရေးသမားများကြားတွင် နာမည်ကြီးလာပြီး တဖြည်းဖြည်းနှင့် စားသောက်ဆိုင်အကြောင်းကို လူသိများလာလေသည်။
သခင်မယန်က သည်ရက်ပိုင်းတွင် အလုပ်များနေခဲ့သည်။ သူမက ရှီကွမ်းစားသောက်ဆိုင်ကို မလာနိုင်ဖြစ်နေပြီး တစ်ချိန်လုံး အဲဒီအကြောင်းကိုပဲ စဥ်းစားနေမိတယ်လေ။ ဒီနေ့တော့ သူမက ကလေးတွေကို စားသောက်ဆိုင်ကို ခေါ်လာခဲ့ပေမဲ့ အခန်းမရှိတော့ဘူးလို့ ပြောခံလိုက်ရသတဲ့လား။
“ဘာတွေ ဖြစ်သွားတာလဲ” သူမက မေးလိုက်သည်။
ကျင့်ကျောင်းယွဲ့သည် အနည်းငယ် အကြပ်ရိုက်သွားတော့သည်။ သူမက သခင်မယန်ကို စားသောက်ဆိုင်၏ စည်းကမ်းအကြောင်း ပြောပြလိုက်တော့သည်။
“သုံးရက်ကြိုပြီး မှာထားဖို့ လိုတယ်လား”
သခင်မယန်သည် အနည်းငယ် စိတ်ပျက်သွားတော့သည်။ ဒါဆို သုံးရက်မပြည့်ခင် အစောဆုံး စားသောက်ဆိုင်မှာ စားလို့မရနိုင်ဘူးဆိုတဲ့ သဘော မဟုတ်ဘူးလား။
“အမေ”
သူမဘေးက ကလေးမလေးက သူမ၏လက်ကို ဆွဲခါလိုက်ပြီး ချစ်စဖွယ် မျက်လုံးလေး လုပ်ပြလေသည်။ သူမက အထဲမှာ အရသာရှိတဲ့ အစားအသောက်တွေကို စားချင်နေပြီလေ။
သခင်မယန်က ထိုနေရာတွင် ရပ်ကာ တွေဝေသွားတော့သည်။ သူမသာ သူမရဲ့သရုပ်မှန်ကို ထုတ်ပြလိုက်ရင် စားသောက်ဆိုင်ပိုင်ရှင်က သူမကို ကြိုဆိုလိမ့်မှာပဲ။ ဒါပေမဲ့ အစားအသောက်တစ်နပ် အတွက်တော့ မတန်ဘူးထင်ပါတယ်။ သတင်းသာ ပျံ့သွားရင် သူမက အာဏာကို အလွဲသုံးစားလုပ်နေသလို ဖြစ်သွားလိမ့်မယ်။
သည်အချိန်တွင် သူမဘေးက ကျင့်ကျောင်းယွဲ့ကလည်း ကျန်းယွင်ကျူးက အသိပေးရနိုးနိုး တွေဝေနေတော့သည်။
ကျန်းယွင်ကျူးက သူတို့ရဲ့ လက်ထောက်ခေါင်းဆောင်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ရှိတဲ့ပုံပဲ။ သခင်မယန် လာမှန်း သူမ သိရင် သူမက သခင်မယန်ကို ခေါ်ထားချင် ခေါ်ထားလိမ့်မယ်။
သည်အခိုက်တွင် ဘရိုကိတ်သား အဝတ်အစားများနှင့် လူငယ်တစ်ယောက်က ရုံးတော်မှ အစေခံတချို့နှင့် ရောက်လာလေသည်။
ကျင့်ကျောင်းယွဲ့ကို တွေ့လိုက်ချိန်တွင် ဘရိုကိတ်သားအဝတ်အစားနှင့် လူငယ်က မဲ့ရွဲ့ကာ လူတစ်ခုကို ဦးဆောင်လာခဲ့သည်။
ကျင့်ကျောင်းယွဲ့က သူ့ကို မှတ်မိပါသည်။ ထိုနေ့က ချင်မျိုးနွယ် လူချမ်းသာစီးပွားရေးတစ်ယောက်က သူ့ကို ညနေစာ ဖိတ်ကျွေးခဲ့သည်။ စားသောက်ဆိုင်က အစားအသောက်များကို စားပြီးနောက် သူက အပြည့်အဝ ချီးကျူးခဲ့သေးသည်။ နောက်တစ်နေ့ သူက စားသောက်ဆိုင်သို့ ထပ်ရောက်လာပြီး ထမင်းတစ်နပ် စားချင်ခဲ့သည်။
သို့သော် ဆိုင်တွင် အခန်းလွတ် မရှိတော့ပေ။ ဘရိုကိတ်သား အဝတ်အစားနှင့် သည်သခင်လေးက သူ့သရုပ်မှန်ကို ထုတ်ပြခဲ့သည်။ သူ့မျိုးရိုးနာမည်က လျန်ဖြစ်နေလေသည်။ သူသည် ကျင်းကျောက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်နေသည်။
ကျင်းကျောက် အုပ်ချုပ်ရေးမှူးသည် မြို့တော်၏ အတွင်းရေး အပြင်ရေးများကို တာဝန်ယူထားရသည်။ ဆိုင်သစ်၊ တာဝန်ခံသစ် ဖြစ်ခဲ့လျှင် သူတို့သည် သခင်လေးလျန်ကို ဆိုင်သို့ တလေးတစားဖြင့် ဖိတ်ကြားရသည်။ သို့သော် ကျင့်ကျောင်းယွဲ့အတွက်တော့ ကျင်းကျောက်အုပ်ချုပ်ရေးမှူးက အလွန်မှ အာဏာရှိပါမည်တဲ့လား။ သည်နေရာတွင် တခြားသူများကို လာရောက်အနိုင်ကျင့်ဖို့ရာ သူ့သားအလှည့် ဘယ်အချိန်က ရောက်သွားခဲ့ပါသနည်း။
သူမသည် သခင်လေးလျန်ကို မျက်နှာသာမပေးခဲ့ချေ။
သခင်လေးလျန်က ဒေါသထွက်သွားတော့သည်။ သူသည် အိမ်ပြန်ရောက်သွားချိန်တွင်တော့ သူက မည်မျှ အရှိန်အဝါကြီးကြောင်း ကျင့်ကျောင်းယွဲ့ကို ပြသရမည့်နည်းလမ်းကို စဥ်းစားလိုက်တော့သည်။
ထို့ကြောင့် သည်နေ့တွင်သူသည် ကျင်းကျောက်ပြည်နယ်က ရုံးတော်အစေခံများကို ခေါ်လာခဲ့ခြင်းပင်။
“ဒီဆိုင်က ပစ္စည်းတွေက မသန့်ရှင်းဘူး၊ ရှာကြ၊ မင်းတို့တွေ မသင်္ကာစရာ တစ်ခုခုတွေ့ရင် ငါ့ကိုလာပြလှည့်”
သခင်လေးလျန်က အမိန့်ပေးလိုက်သည်။
ရုံးတော်အစေခံများက ထိုစကားကို ကြားလိုက်ချိန်တွင် သူတို့သည် လက်ထဲက ဓားကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး အနောက်ဘက်ကို ဦးတည်သွားလိုက်ကြသည်။ သူတို့သည် မသင်္ကာစရာ တွေ့သည်ဖြစ်စေ မတွေ့ဖြစ်စေ အရေးမကြီးပေ။ သူတို့သည် သည်လိုပြဿနာရှာနိုင်သ၍ စားသောက်ဆိုင်က လုပ်ငန်း လုပ်နိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သူတို့သည် သူတို့၏သခင်လေးကို လာရောက်တောင်းပန် ရလိမ့်မည်။
ကျင့်ကျောင်းယွဲ့၏မျက်နှာပေါ်က အပြုံးမှာ ညိုးသွားတော့သည်။ သူတို့က လုပ်ရဲတယ်ပေါ့လေ။
စိတ်ထဲတွင် ပြောလိုက်ပြီး သူမက ခါးနောက်က ဓားမြောင်ကို ထိလိုက်တော့သည်။
ချီလင် သက်တော်စောင့်အများစုသည် ဓားရှည်သုံးရာတွင် တော်ကြသော်လည်း သူတို့အားလုံးက ဓားရှည်ကို သုံးကြခြင်းမဟုတ်ပေ။ ဥပမာ ကျင့်ကျောင်းယွဲ့က သူလျှိုလုပ်ခဲ့ရသည်။ သူမသည် လက်ဝါးအရွယ်အစားသာ ရှည်သည့် ဓားမြောင်များကို သုံးခဲ့သည်။ သည်ဓား၏ ကိုယ်ထည်တစ်ခုလုံးက တစ်စက်လေးမှ လက်မနေဘဲ မည်းနက်နေလေသည်။ သို့တိုင် ဓားက သံကို ရွှေ့တုံးလို ခုတ်ဖြတ်နိုင်သည်။ သူ့ကို ဝေ့ယမ်းလိုက်လျှင် ရန်သူသည် ဘာမှန်းပင်မတွေ့လိုက်ရပဲ ဓားအောက်တွင် သေဆုံးသွားလိမ့်မည်။
ကျင့်ကျောင်းယွဲ့သည် သူလျှို မဟုတ်တော့သော်လည်း သည်ဓားကတော့ သူမနောက်သို့ လိုက်နေဆဲပင်။
သည်အချိန်တွင် ကျန့်ချန်းချွန်းက သူမ၏လက်မောင်းကို ကိုင်လိုက်ပြီး ခေါင်းခါပြလိုက်သည်။ သူတို့က ချီလင်သက်တော်စောင့်တွေ မဟုတ်တော့ဘူးလေ။ သူတို့သည် အမိန့်မရဘဲ လက်နက်တွေ သုံးလို့မရတော့ဘူး။ သူတို့တွေက ဒီကိစ္စကို ချီလင်သက်တော်စောင့်တွေကိုပဲ လွဲထားလိုက်သင့်တယ်။
သခင်လေးလျန်က ဘာရာထူးမှမရှိပါဘူး။ ဒါပေမဲ့ တခြားသူတွေကို အနိုင်ကျင့်ဖို့ ကျင်းကျောက်ပြည်နယ်က ဝန်ထမ်းတွေကို ထင်ရာမြင်ရာ အမိန့်ပေးစေခိုင်းနေတယ်။ သူက ဥပဒေကို ဖောက်ဖျက်နေတာပဲ။ ချီလင်သက်တော်စောင့်က လူတွေက သူ့ကို ဖြေရှင်းပါလိမ့်မယ်။
ကျင့်ကျောင်းယွဲ့သည် နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး အနည်းငယ် နောင်တရသွားတော့သည်။ ဟုတ်ပါတယ်လေ။ သူမ အရမ်း စိတ်လိုက်မာန်ပါဖြစ်သွားတယ်။
သူတို့သည် ထိုသို့စဥ်းစားလိုက်သော်လည်း သခင်လေးလျန်နှင့် သခင်မယန်၏ မျက်လုံးများထဲတွင်တော့ အမြင်က မတူကြပေ။
ကျင့်ကျောင်းယွဲ့သည် ဝမ်းနည်းပြီး ကူကယ်ရာမဲ့နေစဥ် ကျန့်ချန်းချွန်းက သူမကို နှစ်သိမ့်ပေးချင်သော်လည်း သူ လုပ်နိုင်သည်က ဘာမှမရှိနေချေ။
သခင်လေးလျန်က ထိုအဖြစ်ကို မြင်လိုက်သောအခါ သူ့အမူအရာ ပိုပြီး ဘဝင်ခိုက်လာတော့သည်။ သူတို့သာ ဒါကို စောစောသိခဲ့ရင် ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သေးလဲ။
“မင်းတို့ ဆိုင်ပိုင်ရှင် ဘယ်မှာလဲ၊ သူမကို ကျုပ်ကို ထွက်လာ တွေ့ခိုင်းလိုက်”
သူက အော်ပြောလိုက်သည်။ ဒီစားသောက်ဆိုင်ပိုင်ရှင်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်လို့ သူကြားထားတယ်လေ။ ဒီနေ့ သူ စိတ်ကောင်းဝင်နေတယ်၊ သူမကို တွေ့ဖို့ ပြီးပြည့်စုံတဲ့ အချိန်ပဲ။
သူသည် ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကျန့်ချန်းချွန်းပင် ဓားကို ဆွဲထုတ်ချင်သွားတော့သည်။ သူကများ ဒီလိုစိတ်ကူးများ တွေးရဲရတယ်လို့။
ဘေးတွင်တော့ သခင်မယန်က မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းယွင်ကျူးက သဘောထားကြီးပြီး မထောင်လွှားတတ်လို့ သူမကို သဘောကျနေတာလေ။ ပြီးတော့ အမျိုးသမီးတစ်ယောက်အနေ မြို့တော်မှာ စားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။
ဒီဘရိုကိတ်သားအဝတ်အစားနဲ့ လူငယ်လေးက အနိုင်ကျင့်နေတာ သိသာတယ်။
“ရပ်စမ်း” သူမက ဩဇာသံဖြင့် ပြောလိုက်လေတော့သည်။
...
အပိုင်း (၁၀၈)
သခင်လေးလျန်က သခင်မယန်ကို မျက်လုံးများကျုံ့ပြီး ကြည့်လိုက်လေသည်။ ဘာလဲ။ သူမက တခြားလူရဲ့ကိစ္စကို ဝင်စွက်ဖက်ချင်တာလား။
သခင်မယန်က သူ့ကို အထင်သေးသွားတော့သည်။ ကျင်းကျောက် အုပ်ချုပ်ရေးမှူးရဲ့သားတစ်ယောက် အဲလောက်တောင် မောက်မာရဲရတယ်လို့။ မြို့တော်မှာ ဘယ်သူမှ မရှိတော့လို့လား။
အမှန်တွင်လည်း ကျင်းကျောက်အုပ်ချုပ်ရေးမှူးက မသေးချေ။ သူသည် မြို့တော်ဝန်အဆင့်နှင့် ညီမျှလေသည်။ သူသည် မင်းသားခြောက်အဖွဲ့မှ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သခင်လေးလျန်တွင် မောက်မာနိုင်လောက်သည့် အရင်းအနှီး သေချာပေါက် ရှိပေသည်။ သို့သော်လည်း သူသည် သည်နေ့ သခင်မယန်နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်ကတော့ သနားစရာပင်။
သခင်မယန်အတွက် လေကုန်ခံနေစရာ မလိုဘဲ သူမဘေးက အစေခံက ‘စစ်သူကြီး ကျန်းကော’ဟု ရိုက်နှိပ်ထားသည့် တံဆိပ်ပြားကို ချက်ချင်းထုတ်ယူလိုက်လေသည်။
ယန်ဟုန် မဟာစစ်သူကြီး ကျန်းကော ရှမင်းဆက်၏ စစ်ဘုရင်။ သူသည် လက်ထဲတွင် စစ်သည် နှစ်သိန်းဖြင့် နယ်စက်တွင် တစ်နှစ်ပတ်လုံး စခန်းချထားရသည်။ သူ့ကြောင့်သာလျှင် ရှီရုံနှင့် ပေတိတို့သည် နယ်စပ်ကို ကျူးကျော်လာရဲကြသော်လည်း သည်နှစ်များတွင် လှုပ်ရှားမှု အငယ်လေးများကိုသာ လုပ်နိုင်ခဲ့ကြသည်။
နယ်စပ်တွင် ခါးသီးပြီး အေးစက်လွန်းလှသည်။ ယန်ဟုန်သည် ထိုနေရာတွင် ဆယ်နှစ်ကျော် နေခဲ့ရပြီး သူ့မိသားစုနှင့် အတူတူနေရချိန်က ပိုနည်းခဲ့သည်။ ဧကရာဇ်ချင်းလုံက သခင်မယန်ကို အထူးအရေးပေး ဆက်ဆံခဲ့ပြီး ထို့အချက်က သခင်မယန်၏ လက်ရှိ ဒေါသကြီးသည့် အကျင့်ကို ပိုကြီးထွားလာစေတော့သည်။
အိမ်ရှေ့စံနှင့် မင်းသားခြောက်တို့သည် ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်နေကြသော်လည်း သူတို့သည် ယန်ဟုန်ကို ဂရုစိုက်သည်က မရှိသလောက်ပင်။ ပထမအချက်မှာ ယန်ဟုန်သည် နယ်စပ်တွင် ရောက်နေသည်။ အဝေးကရေက မြို့တော်ထဲက အနီးအနားရှိ ရေငတ်နေသည့်အခြေအနေကို ရေငတ်မပြေစေနိုင်ပေ။ ဒုတိယအချက်မှာ သူတို့သည် ယန်ဟုန်က သူတို့အတွက် နယ်စပ်ကို ကူညီကာကွယ်ပေးနေသည်ဟု မှတ်ယူထားကြသည်။
သူတို့လိုချင်သည်က ရှမင်းဆက်၏ မိုင်ထောင်ချီသည့် ကုန်းမြေနှင့် တောင်တန်းများဖြစ်ပြီး ဧကရာဇ်၏ လက်အောက်ခံဘဝမျိုး မဟုတ်ပေ။
ထို့ကြောင့် သခင်လေးလျန်သည် ထိုတံဆိပ်ပြားကို မြင်လိုက်ချိန်တွင်တော့ ချွေးအေးများ ရွှဲစိုသွားတော့သည်။
“သခင်မ သခင်မယန်”
သူက အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားသည်။ ချက်ချင်းဆိုသလို သူ့ခြေထောက်များသည် အားပျော့သွားတော့သည်။ သူသည် သခင်မယန်ကို ဒူးထောက်ပြီး ဦးချမည်ပြင်လိုက်လေသည်။
“ထွက်သွားစမ်း” သခင်မယန်က ပြောလိုက်၏။
သခင်လေးလျန်သည် စကားတစ်ခွန်းပင် မငြင်းခုန်ရဲခဲ့ပေ။ သူက လူများကို ခေါ်ကာ ထွက်သွားတော့သည်။
သည်အချိန်တွင် ယွင်တုက စောစောက ဖြစ်ပျက်ခဲ့သည်များကို ကျန်းယွင်ကျူးအား ပြောပြခဲ့ပြီး ဖြစ်သည်။ ကျန်းယွင်ကျူးက ချက်ချင်း ရှေ့သို့ ထွက်လာခဲ့၏။
“ကျေးဇူးတင်ပါတယ် သခင်မယန်ရှင့်”
သူမက တည်တည်ငြိမ်ငြိမ်ဖြင့် သခင်မယန်ကို ဦးညွှတ်လိုက်လေသည်။ သခင်မယန်ကြောင့်သာ မဟုတ်ရင် ဒီကိစ္စကို ဖြေရှင်းနေရအုံးမယ်။ သခင်မယန်က စေတနာနဲ့ လုပ်ပေးခဲ့တာလေ။ သူမက စိတ်ရင်းနဲ့ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရမှာပေါ့။
“မင်း အဲလောက် ယဥ်ကျေးနေစရာမလိုပါဘူး၊ ငါက သူ တခြားသူတွေကို အနိုင်ကျင့်နေတာကို သည်းမခံနိုင်လို့ပါ” သခင်မယန်က ပြန်ပြောလိုက်သည်။
“ကျွန်မက သခင်မယန်ကို ကျေးဇူးတင်နေအုံးမှာပါပဲရှင်၊ သခင်မယန် ကျေးဇူးပြုပြီး အထဲကို ကြွပါ”
သူမသည် သည်နေရာသို့ ထမင်းတစ်နပ် စားရန် ရောက်လာခြင်းဖြစ်ကြောင်း သိထားသဖြင့် ကျန်းယွင်ကျူးက သူမကို အထဲက သီးသန့်အခန်းဆီသို့ ဖိတ်လိုက်လေသည်။
သခင်မယန်က တွေဝေသွားတော့သည်။ သူမက အစားအသောက်အတွက် ကူညီပေးခဲ့တာ မဟုတ်လေဘူး။
“အမေ”
သူမဘေးက ကလေးမလေးက သူမ၏အင်္ကျီလက်ကို ဆွဲယမ်းလိုက်လေသည်။ သူမက အရသာရှိတဲ့ ဟာတွေကို စားချင်နေပြီလေ။
စိတ်ချဥ်ပေါက်သွားဟန်ဖြင့် သခင်မယန်က သူမကို စိုက်ကြည့်လိုက်တော့သည်။ ကျန်းယွင်ကျူး နောက်လိုက်လာပြီး သူမသည် ကလေးများကို သီးသန့်အခန်းဆီသို့ ခေါ်လာခဲ့လေသည်။
သခင်မယန်တို့ သုံးယောက်က ထိုင်ချလိုက်ချိန်တွင် ယွင်တုက ကျန်းယွင်ကျူး အသစ်လုပ်ထားသည့် ‘ရေစီးကြောင်း’ သောက်စရာလေးကို ယူလာပေးလိုက်သည်။ ကျန်းယွင်ကျူးက ဝိုင်ခွက်ကို ကိုင်မြောက်လိုက်ပြီး လေးစားသမှုဖြင့် အရင်ဆုံး ထည့်ပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။
“သခင်မယန်ကို ကျေးဇူးတင်ပါတယ်ရှင်၊ ဒီနေ့ တစ်နပ်စာကတော့ ကျွန်မရဲ့စေတနာပါ၊ သခင်မယန်ရဲ့ ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ချင်လို့ပါ။
သခင်မက ကျွန်မရဲ့ စားသောက်ဆိုင်မှာ ထမင်းတစ်နပ် လာစားချင်တာဆိုရင် အချိန်မရွေးလာခဲ့ပါရှင်”
သခင်မယန်သည် သူမ၏စကားကို ကြားလိုက်ရသည်။ ပထမပိုင်းတွင်တော့ ဘာမှမထူးခြားပေ။ နောက်တစ်ပိုင်းစကားကတော့ ကြီးမားသည့် အကျိုးအမြတ်ပင်။ ကျန်းယွင်ကျူးက သူမ၏သရုပ်မှန်ကို သိသွားပြီး သူမကို မျက်နှာချိုသွေးချင်နေသလားဟု စဥ်းစားမိသွားစေတော့သည်။
သို့သော် ကျန်းယွင်ကျူးက ထိုစကားကို ပြောလိုက်ချိန်တွင် နိမ့်ချမနေသလို အလွန်အကျွံလည်း ဖြစ်မနေချေ။ ထိုသို့ပြောလိုက်ပြီးနောက် သူမက မျက်နှာချိုသွေးလိုသည့် စိတ်ကူးမရှိသဖြင့် ချက်ချင်း ထွက်သွားလိုက်လေသည်။
ထိုအရာက သခင်မယန်ကို စိတ်ရှုပ်သွားစေတော့သည်။
သူတို့သည် စားသောက်ပြီးသွားသည်အထိ ကျန်းယွင်ကျူးက ထပ်ပေါ်မလာတော့ချေ။ သခင်မယန်သည် ကျန်းယွင်ကျူးက သူမကို ကျေးဇူးပြန်ဆပ်လိုခြင်းသာဖြစ်ကြောင်း နောက်ဆုံးတော့ ယုံကြည်သွားတော့သည်။
ဒီမိန်းကလေးက အကူညီပေးထားတာကို မှတ်ထားတတ်ပြီး ဖြောင့်မတ်မှန်ကန်တာပဲ။ ပြီးတော့ သူမရဲ့သရုပ်မှန်ကို သိသွားတာတောင် သူမက မြောက်ပင့်တာလည်း မရှိသလို ဘဝင်မြင့်သွားတာလည်း မရှိဘူး။ ကျန်းယွင်ကျူးအပေါ် သူမ၏တန်ဖိုးထားမှဒက ပိုပြီး မြင့်တက်သွားတော့သည်။
ကြည့်ရတာ ဒီလိုလူတစ်ယောက်ကပဲ ဒီလောက်အရသာရှိတဲ့ အစားအသောက်တွေကို လုပ်နိုင်မှာပဲ။ သခင်မယန်က သက်ပြင်းချလိုက်လေသည်။
သည်ကိစ္စဖြစ်သွားပြီး တတိယမြောက်နေ့တွင် ကျင်းကျောက်အုပ်ချုပ်ရေးမှူးသည် ပြစ်မှုများစွာဖြင့် အပြစ်ပေးခံလိုက်ရသည်။ သူ့ကို အုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားလိုက်ပြီး တရားသူကြီးတစ်ယောက်အဖြစ် တခြားနေရာသို့ ပြောင်းရွှေ့လိုက်လေသည်။ သူ့သားကလည်း ကျင်းကျောက်ပြည်နယ်၏ အစေခံများကို အလွဲသုံးစား အသုံးချကာ တခြားသူများကို အနိုင်ကျင့်ခဲ့သည့်အတွက် ကြိမ်ဒဏ်အချက် ၈၀ ပေးခံလိုက်ရသည်။ သူသည် ရိုက်ခံလိုက်ရသဖြင့် သွေးများ တစက်စက် ကျနေတော့သည်။
ကျင်းကျောက်သည် မြို့တော်၏ အတွင်းရေး အပြင်ရေးများကို တာဝန်ယူရသည့် ဌာနဖြစ်လေသည်။ သည်ရာထူးသည် အလွန်မှ ထူးခြားပြီး ရက်စက်လွန်းလှသည်။ အခုတော့ လူများက ပြောင်းပြီးရင်း ပြောင်းခံနေရသည်။ လူတချို့က ဝမ်းသာကြပြီး လူတချို့က စိတ်ဓာတ်ကျသွားကြသည်။ တချို့ကတော့ ဇဝေဇဝါဖြစ်နေဆဲပင်။ ဘာတွေဖြစ်နေကြပါသနည်း။
တချို့က သည်ကိစ္စသည် သခင်မယန်နှင့် ပတ်သက်နေသယောင် ပြောဆိုကြသည်။ ကျင်းကျောက် အုပ်ချုပ်ရေးမှူး၏သားက သခင်မယန်ကို အပြစ်ပြုခဲ့မိသည်ဟူ၍။
မင်းသားခြောက်နှင့် သူ့အဖွဲ့က ထိုအကြောင်းကို ကြားလိုက်ကြပြီး သူတို့သည် ဒေါသချောင်းချောင်း ထွက်ကြမည်ကတော့ သဘာဝပင်။ သူတို့သည် သခင်လေးလျန်ကို အသေသာ ရိုက်ပစ်ချင်ကြတော့သည်။ အပြစ်လုပ်စရာလူရှားလို့ သခင်မယန်ကိုမှ သွားပြီး အပြစ်လုပ်ရတယ်လို့လေ။
အိမ်ရှေ့မင်းသားအဖွဲ့ကလည်း ထိုအကြောင်းကို ကြားပြီး အလွန်မှ ဝမ်းသာသွားကြတော့သည်။
အမှန်တွင်တော့ သခင်မယန်က နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူမက သခင်လေးလျန်ရဲ့ လုပ်ရပ်အပြင် သားကို အလိုလိုက်ထားတဲ့အတွက် တာဝန်ရှိတဲ့ ကျင်းကျောက်အုပ်ချုပ်ရေးမှူးကိုလည်း အထင်သေးတယ်လေ။ သူမက သူ့ကို အကောင်းမမြင်ပေမဲ့ ဒီကိစ္စကိုတော့ သူမ မလုပ်ခဲ့ပါဘူး။
ဘယ်သူ လုပ်ခဲ့တာလဲ။ ယန်ရှန့်လား။ အဲကလေးက သူမရဲ့ကိစ္စတွေကို ဘယ်တုန်းမှ စိတ်ထဲထည့်ဖူးတာ မဟုတ်ပါဘူး။ သူ မဖြစ်နိုင်ဘူး။
သို့နှင့် သခင်မယန်သည် ထိုကိစ္စကို လုပ်သွားခဲ့သူကို စဥ်းစားမရနိုင်အောင် ဖြစ်ခဲ့ရသည်။ သူမက ထိုကိစ္စကို မလုပ်ခဲ့ကြောင်း ရှင်းပြချင်ခဲ့သည်။ သို့သော်လည်း ဆိုရိုးစကားတစ်ခုက ရှိနေပြန်သည်။ ‘ ပြောလေ ဆိုးလေ’တဲ့။
နောက်ဆုံးတော့ သူမသည် ရှင်းပြဖို့ရာ စိတ်အနှောင့်ယှက် ခံမနေတော့ချေ။ ထိုအတိုင်းသာ ထားလိုက်တော့သည်။
သူမသည် ထိုကိစ္စကို အဖြေရှာမရခဲ့သော်လည်း တစ်စုံတစ်ယောက်ကတော့ တခုခု ထူးဆန်းနေသည်ကို သတိထားမိခဲ့သည်။ မင်းသမီး တန့်ယန်းပင်။ ကျင်းကျောက်အုပ်ချုပ်ရေးမှူးက အပြင်စည်း တရားသူကြီးအဖြစ် ရာထူးချခံလိုက်ရတယ်။ ဒါက အသေးအဖွဲကိစ္စမှ မဟုတ်ဘဲ။ သူမ ဒါကို အာရုံစိုက်နေခဲ့မိတယ်။ အဲဒီနောက်မှာ သခင်လေးလျန်က သခင်မယန်ကို အပြစ်ပြုခဲ့မိတဲ့ ရှီကွမ်းစားသောက်ဆိုင်ဆိုတဲ့ စားသောက်ဆိုင်တစ်ခု အကြောင်းလည်း ကြားလိုက်ရတယ်။
ရှန်ဖုန်းမင် ကိုယ်တိုင် ဝက်အူချောင်းတွေ ယူပြန်လာပြီး နောက်ပိုင်းကျတော့လည်း လူလွှတ်ပြီး မုန့်တွေ ပို့လာကတည်းက မုန့်ဘူးပေါ်မှာ ရေးထားတာ အမျိုးသမီးတစ်ယောက်ရဲ့လက်မှန်း သူမ သတိထားမိလိုက်တယ်။ ဒီတော့ သူမကလည်း အစားအသောက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အာရုံစိုက်မိတော့တာပေါ့။
ရှီကွမ်းသီးသန့်စားသောက်ဆိုင်တဲ့။ နာမည်က အရမ်းထူးဆန်းတယ်။ ပြီးတော့ သခင်မယန်နဲ့လည်း တစ်ခုခု ပတ်သက်နေတယ်။ ထိုအကြောင်းက တန့်ယန်းမင်းသမီး၏စိတ်ထဲတွင် တွယ်ကပ်နေတော့သည်။
ပတ်ဝန်းကျင်ကို စုံစမ်းကြည့်လိုက်တော့ ဒီစားသောက်ဆိုင် ပိုင်ရှင်က မိန်းမလှလေးတစ်ယောက် ဖြစ်နေပုံပါလား။ ပြီးတော့ ဒီစားသောက်ဆိုင်ကို ရှန်ဖုန်းမင် မြို့တော် ပြန်ရောက်လာပြီး မကြာဘူး အသစ်ဖွင့်လိုက်တာ...
သူမက ချက်ချင်း လူလွှတ်ပြီး အရင်က ကျင့်ကျောင်းယွဲ့ ပို့ထားသည့် ဖိတ်စာတစ်စောင် ရှာခိုင်းလိုက်တော့သည်။ သည်ဖိတ်စာသည် လျန်ငွေ ၅၀၀၀အထိ စျေးတက်သွားခဲ့သည်။ သို့တိုင် ဝယ်လိုအား ရှိနေပြီး အဖိုးတန်နေဆဲပင်။ ဟုတ်ပါသည်။ တန့်ယန်းမင်းသမီးကတော့ သည်ကိစ္စကြောင့် အခက်အခဲမရှိပေ။ မကြာမီ သူမသည် ဖိတ်စာကို ရသွားတော့သည်။
ဒီဖိတ်စာကတ်ရဲ့ ပုံစံက အရမ်းသားနားတာပဲ။ ပေါ်မှာ ဖောင်းကြွပုံစံလုပ်ထားတဲ့ ကြာပန်းလေးက ဖန်တီးတတ်လိုက်တာ။ ကြည့်ရတာ အမျိုးသမီးတစ်ယောက်ရဲ့ လက်ရေးနဲ့တူတယ်။
ဖိတ်စာကို ဖွင့်လိုက်တော့ အထဲမှာ အစားအသောက်စာရင်းတစ်ခု ပါလေရဲ့။
“သိုးသား ငါးအစာသွပ်၊ အမျိုးသမီးစုန့်ငါးဟင်းရည်၊ ဂင်းကိုးစွပ်ပြုတ်၊ ထိုက်ပိုင်ဘဲသား၊ ယွဲ့ကြက်သား ရေကြည်ဟင်းရည်၊ လော့ယန် ယန်ချိုက်....” သူမသည် ထိုက်ပိုင်ဘဲသားကို မြင်လိုက်ချိန်တွင် သူမ၏မျက်လုံးများမှာ ခေတ္တရပ်တံ့သွားတော့သည်။
နာရီဝက်ကြာပြီးနောက် မင်းသမီးတန့်ယန်းသည် လှည်းပေါ်တက်သွားပြီး ရှီကွမ်းစားသောက်ဆိုင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်လေတော့သည်။
သူမသည် ဆိုင်ရှေ့သို့ ရောက်လာသည်နှင့်ချက်ချင်း လူတစ်ယောက်က ခန်းဆီးကို မ,ပေးလိုက်သည်။ သူမက လှည်းပေါ်က ဆင်းကာ စားသောက်ကို လေ့လာလိုက်သည်။
၆လပိုင်းနှောင်းပိုင်းတွင် စားသောက်ဆိုင်ရှေ့က အဖြူရောင်ကြာပန်းများသည် ကြည်လင်သည့် ရေကန်တစ်ခုထဲတွင် မျောပါနေကြသည်။ အစိမ်းရောင် အရွက်နောက်ခံထားပြီး တင့်တယ်ကာ ကျက်သရေရှိနေတော့သည်။ စားသောက်ဆိုင်နှင့် တစ်ထေရာတည်းပင်။ စားသောက်ဆိုင်တစ်ခု ဖြစ်သော်လည်း သာမန်စားသောက်ဆိုင်နှင့် လုံးဝကွဲထွက်နေသည်။ အင်မတန် သားနားလှသည်။
မင်းသမီးတန့်ယန်းက သည် စားသောက်ဆိုင်ကို အနည်းကယ် သဘောကျသွားတော့သည်။ ဒီစားသောက်ဆိုင်က အစားအသောက်တွေက တကယ်ပဲ အရသာရှိခဲ့ရင် သူမက ဒီလိုစားသောက်ဆိုင်မျိုးမှာ လာပြီး စားသောက်မိမှာပဲ။
သခင်လေးလျန်၏ ကိစ္စဖြစ်ပြီးသွားသည့်နောက်တွင် ရှီကွမ်စားသောက်ဆိုင်သည် သခင်မယန်နှင့် အဆက်အသွယ်တချို့ ရှိလိမ့်မည်ဟု အားလုံးက ထင်လိုက်ကြသည်။ ဘယ်သူကမှ ထပ်ပြီး ပြဿနာမရှာရဲကြတော့ပေ။ စားသောက်ဆိုင်၏ ရှေ့မျက်နှာစာက အလွန်မှ တိတ်ဆိတ်လို့နေသည်။
ကျင့်ကျောင်းယွဲ့ကို ဆိုင်ရှေ့တွင် တာဝန်ပေးထားလိုက်သည်။ သူမသည် တန့်ယန်းမင်းသမီး လှည်းပေါ်က ဆင်းလာသည်ကို ချက်ချင်း မြင်လိုက်ပြီး စိုးရိမ်စိတ်တစ်ခု ဖြစ်သွားတော့သည်။
စစ်သေနာပတိချုပ်ရှန်ရဲ့အမေ ရောက်လာတာပဲ... သူမက ဒီနေရာကို ရောက်လာသတဲ့လား။
သူမသည် စစ်သေနာပတိချုပ်ရှန်ကို သတင်းပို့ရကောင်းနိုးနိုး တွေဝေသွားတော့သည်။ သည်အချိန်တွင် မင်းသမီးတန့်ယန်းက စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ပြီးဖြစ်လေသည်။ သူမသည် အရင်ဆုံး တန့်ယန်းမင်းသမီးကို သွားနှုတ်ဆက်လိုက်တော့သည်။
“ဧည့်သည်တော်ကြီး ကြိုဆိုပါတယ်”
ကျင့်ကျောင်းယွဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ သူမ၏မျက်နှာပေါ်က အမူအရာက ချို့ယွင်းချက်မရှိနေချေ။
တန့်ယန်းမင်းသမီးဘေးက အခြွေအရံချန်းသည် ဖိတ်စာကတ်ကို ထုတ်ပေးလိုက်ပြီး
“ကျွန်မတို့ သခင်က ထမင်းတနပ်စားချင်လို့ပါ”
ကျင့်ကျောင်းယွဲ့က ဖိတ်စာကို လက်ခံလိုက်ပြီး ဖိတ်စာကို ကြည့်လိုက်ကာ တန့်ယန်းမင်းသမီးကို အပေါ်ထပ် သီးသန့်ခန်းသို့ ခေါ်လာခဲ့လိုက်သည်။
“ဒါက ဒီနေ့အတွက် ကျွန်မတို့ရဲ့ အစားအသောက်စာရင်းပါ၊ ဒါကတော့ သောက်စရာတွေပါ”
ကျင့်ကျောင်းယွဲ့သည် တန့်ယန်းမင်းသမီးကို အစားအသောက်စာရင်း လှမ်းပေးလိုက်လေသည်။
တန့်ယန်းမင်းသမီးက လှမ်းယူလိုက်သည်။ သည်နေ့ အစားအသောက်စာရင်းမှာ ‘ငါးသိုးသားအစာသွပ်၊ ယွဲ့ကြက်သားရည်ကြည်ဟင်းရည်၊ တောင်ပိုင်းငါးရှဥ့်ကြော်....’ စသည်တို့ပါသည်။
ကျင့်ကျောင်းယွဲ့သည် တန့်ယန်းမင်းသမီးက ဆိုင်၏စည်းမျဥ်းကို မသိမှာ စိုးရိမ်နေခဲ့မိသည်။ သူမက ဆိုင်၏ဟင်းလျာများကို တစ်နေ့စာအတွက် ဆိုင်ပိုင်ရှင်က ဆုံးဖြတ်ပေးပြီး ဟင်းလျာဆယ်မျိုးသာ ရကြောင်း ရှင်းပြလိုက်လေသည်။
“အားလုံး စားမယ်”
တန့်ယန်းမင်းသမီးက အစားအသောက်စာရင်းကို ချထားလိုက်ပြီး ပြောလိုက်၏။ ဟင်းလျာဆယ်မျိုးက အရမ်းနည်းတာပေါ့။
“ကောင်းပါပြီ” ကျင့်ကျောင်းယွဲ့သည် သူမအတွက် လက်ဖက်ရည် လောင်းထည့်ပေးလိုက်ပြီး ပြန်ထွက်လာခဲ့လိုက်သည်။
ရှီကွမ်းစားသောက်ဆိုင်သို့ လာကြသူများသည် ငွေပြတ်လပ်သူများ မဟုတ်ကြပေ။ ပုံမှန်အားဖြင့် သူတို့က ဟင်းလျာဆယ်မျိုးလုံးကို မှာယူတတ်ကြသည်။ ကျန်းယွင်ကျူးသည် အမှာစာကို ရလာချိန်တွင် သိပ်အာရုံစိုက်မနေတော့ဘဲ ချက်ချင်းဆိုသလို စတင် ချက်ပြုတ်လိုက်လေသည်။
ကျင့်ကျောင်းယွဲ့က ထိုနေရာတွင်ရပ်နေပြီး ထွက်မသွားချေ။
ကျန်းယွင်ကျူးက သတိထားမိသွားတော့သည်။
“ဘာဖြစ်လို့လဲ” သူမက မေးလိုက်၏။
“အပေါ်ထပ်က ဧည့်သည်ကလေ တန့်ယန်းမင်းသမီးဖြစ်နေတယ်” ကျင့်ကျောင်းယွဲ့က အသံကို နိမ့်ကာပြောလိုက်သည်။
ကျန်းယွင်ကျူးက မသိမသာ တုံ့ဆိုင်းသွားတော့သည်။ တန့်ယန်းမင်းသမီး။ လက်ရှိဧကရာဇ်ရဲ့ ညီမတော် ပြီးတော့ ရှန်ဖုန်းမင်ရဲ့အမေ။
တဒင်္ဂလေးသာ ဖြစ်သည်။ ချက်ချင်းပင် သူမက တုံ့ပြန်လိုက်သည်။
“အင်း”
ထို့နောက် သူမက ဆက်ပြီး ချက်ပြုတ်နေလိုက်သည်။
ကျင့်ကျောင်းယွဲ့က အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။ ဒါက သူမရဲ့တုံ့ပြန်ပုံတဲ့လား။ အဲဒါက တန့်ယန်းမင်းသမီးလေ။ စစ်သေနာပတိချုပ်ရှန်ရဲ့ အမေလေ။ သူမသည် ကျန်းယွင်ကျူးကို သေသေချာချာ လေ့လာလိုက်ပြီး ကျန်းယွင်ကျူးက ချက်ပြုတ်ရာတွင် စိတ်နှစ်ထားသည်ကို တွေ့လိုက်ရလေသည်။ သူမက ရုတ်တရက် ပြုံးမိသွားတော့သည်။
ဟုတ်တော့နေပါပြီ။ သူမရဲ့သူဌေးကတော့ တကယ်ထူးခြားတာပဲ။ နှစ်တွေအကြာကြီး လျှို့ဝှက်သူလျှို လုပ်လာခဲ့တာ အလကား မဖြစ်တော့ဘူး။ သူမက သူမရဲ့သူဌေးလောက်တောင် မတည်ငြိမ်ခဲ့ဘူးလေ။
ကျင့်ကျောင်းယွဲ့သည် အများကြီးပို စိတ်အေးသွားတော့သည်။ သူမက လှည့်ကာ ဧည့်သည်များကို နှုတ်ဆက်ရန် ထွက်သွားလိုက်တော့သည်။
မကြာမီ တန့်ယန်းမင်းသမီး၏ ဟင်းလျာများကို တည်ခင်းပေးလိုက်သည်။
သိုးသားငါးအစာသွပ်။ နာမည်အတိုင်းပင် ငါးကို သိုးသားအတုံးကြီးထဲထည့်ပြီး အတူတူ နှပ်ထားခြင်းဖြစ်သည်။ ဒဏ္ဍာရီအရတော့ သည်ဟင်းလျာက ဘိုးဘေးဖန်းနှင့် ဆက်နွယ်နေသည်ဟုဆိုသည်။ ငါးနှင့်သိုးသားကို အတူတူနှပ်ထားလျှင် အလွန်မှထူးခြား လတ်ဆတ်ပြီး အရသာရှိလှသည်။ နာမည်က ‘လတ်ဆတ်ခြင်း’ဟူသည့် စကားလုံးမှာ အစပြုလာခြင်းဖြစ်သည်။
သည်ဟင်းလျာကို ချက်ပြုတ်နည်း သိကြသည့် စားဖိုမှူးများစွာရှိပြီး သူတို့တွေက လက်ရာအစစ်အမှန်ဆုံးဖြစ်အောင် လုပ်နိုင်သည်ဟု ကြွေးကြော်ခဲ့ကြသည်။
တန့်ယန်းမင်းသမီးက သည်ဟင်းလျာကို အကြိမ်တော်တော်များများ စားခဲ့ဖူးလေသည်။ သို့သော် ဒဏ္ဍာရီထဲတွင် ပြောထားသလောက်တော့ လတ်ဆတ်ပြီး အရသာရှိသည်ဟု မခံစားမိချေ။ ဘိုးဘေးဖန်းက သည်ဟင်းလျာ၏အရသာကို ချဲ့ကားပြောခဲ့တာဖြစ်မည်ဟု ခန့်မှန်းထားလိုက်သည်။
ဒီနေ့ သိုးသား ငါးအစာသွပ်ကတော့ .... အနံ့က တော်တော်လေး အရသာရှိတယ်လို့ ထင်တယ်။ ဒါပေမဲ့ အရသာက ဘယ်လိုနေမလဲမသိဘူး...
သူမက အရင်ဆုံး သိုးသားတစ်တုံးကို ညှပ်လိုက်သည်။ သိုးသားကို သိုးဗိုက်သားဖြင့် သုံးထားသည်။ ထိုနေရာက သိုးသားက အဆီနှင့်အသားမျှသည်။ နှပ်လိုက်လျှင် ကြွပ်ရွ မွှေးပျံ့ပြီး နူးအိနေသည်။
သိုးသားက သူမ၏ပါးစပ်ထဲ ရောက်သွားသည်နှင့် ချက်ချင်း တန့်ယန်းမင်းသမီးသည် မှင်သက်အံ့ဩသွားတော့သည်။ ဒါက သိုးသားတဲ့လား။
ထပ်ဝါးကြည့်လိုက်သည်။ တကယ် သိုးသားပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး အရမ်းကို အရသာရှိနေရတာလဲ။ နူးအိချောမွေ့တဲ့အထိအတွေ့နဲ့ သိုးသားအရသာထက် သာလွန်နေတဲ့ လတ်ဆတ်တဲ့အရသာ။
သူမသည် သိုးသားအောက် ငါးအသားတစ်တုံးကို မြန်မြန်ညှပ်ယူလိုက်သည်။ ငါးအသားထဲတွင် ထူးခြားသည့် ယူမာမီအရသာတစ်ခု ရှိနေသော်လည်း ငါးအသားထက်ပင် ပိုပြီး အရသာပြည့်စုံနေသည်။
တန့်ယန်းမင်းသမီးက သိုးသားနှင့် ငါးအသားများကို သုံးလေးတုံးဆက်တိုက် စားလိုက်သည်။ နောက်ဆုံးတွင် ဘိုးဘေးဖန်းက သည်ဟင်းကို ‘လတ်ဆတ်ခြင်း’ဟု ခေါ်ရသည့်အကြောင်းကို သဘောပေါက်သွားတော့သည်။ သူ ချဲ့ကားပြောနေတာမဟုတ်လေဘူး။ ဒီအရသာကို ရအောင်မလုပ်နိုင်ခဲ့တာက နောက်မျိုးဆက်တွေဖြစ်နေတာကိုး။
နောက်ဟင်းလျာတစ်ခု။ ယွဲ့ကြက်သားရေကြည်ဟင်းရည်။ နှစ်ရာချီကတည်းက ပျောက်ဆုံးနေသည့်ဟင်းလျာဖြစ်သည်။ သည်ဟင်းလျာ၏ အနှစ်သာရက ယွဲ့ ကြက်သားထဲတွင် တည်ရှိနေသည်ဟု လူတချို့က ပြောကြသည်။ ယွဲ့ တော်ဝင်မိသားစုက အထူးတလည်မွေးမြူထားသည့် ကြက်အမျိုးအစားဖြစ်သည်။ ယွဲ့နိုင်ငံတော် ဖျက်ဆီးခံလိုက်ရပြီးနောက် သည်ဟင်းလျာလည်း ပျောက်ကွယ်သွားခဲ့သည်။
တန့်ယန်းမင်းသမီးက ကြည်လင်နေသည့်ဟင်းရည်ထဲက ကြက်သားတစ်တုံးကို ညှပ်လိုက်သည်။
ယွဲ့ကြက်သား ရည်ကြည်ဟင်းရည်ထဲက အရိုးသည် ကြွပ်ရွပြီး ဟင်းရည်က ကြည်လင်ကာ လတ်ဆတ်သည်ဟု ‘အစားသောက်ဆေးခန်း မှတ်တမ်း’က ပြုစုထားသည်။ နှောင်းလူများက အရိုးကို ကြွပ်ရွနေအောင် မလုပ်နိုင်သဖြင့် အသုံးပြုသည့် ကြက်ကြောင့်ဟု ယူဆခဲ့ကြသည်။
သို့သော် တန့်ယန်းမင်းသမီးသည် သည်ဟင်းလျာကို စားလိုက်ချိန်တွင် ‘အစားအသောက်ဆေးခန်း မှတ်တမ်း’ထဲတွင် မှတ်တမ်းပြုထားသည့် အတိုင်းပင်။ ကြက်သားက ဖြူဖွေးနေပြီး အရိုးပြုတ်ရည်က လတ်ဆတ်လှသည်။
ထို့နောက်တွင်တော့ တောင်ပိုင်း ငါးရှဥ့်ကြော်၊ တိုဟူးတုံး...
အခြွေအရံချန်းသည် သူမ၏ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် တော်ရုံမစားသောက်တတ်သည့် တန့်ယန်းမင်းသမီးက ဟင်းလျာ တစ်ခုပြီး တစ်ခု စားသောက်နေသည်ကို စောင့်ကြည့်နေမိသည်။ သူမမှာ တော်တော်လေးကို အံ့ဩသွားရလေတော့သည်။