အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အပိုင်း (၁၀၉)
တန့်ယန်းမင်းသမီးသည် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရတော့သည်။ ထိုအခါမှ သူမက တူများကို ချထားလိုက်လေသည်။ သည်အခိုက်တွင် သူမသည် အများကြီး စားသောက်မိလိုက်မှန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
“သခင်မ အဆင်ပြေရဲ့လား”
အထိန်းတော်ချန်းက စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။ တချို့စားဖိုမှူးတွေက သူတို့ရဲ့ အစားအသောက်ထဲမှာ စွဲလမ်းစေတတ်တဲ့ ပစ္စည်းတစ်မျိုးကို ထည့်ထားပြီး စားသောက်သူတွေကို စားပြီးရင်း စားချင်ဖြစ်အောင် လုပ်ထားတယ်လို့ သူမ ကြားခဲ့ဖူးတယ်လေ။ တန့်ယန်းမင်းသမီးက အဲဒါကို စွဲသွားမှာ စိုးရိမ်မိတယ်။
တန့်ယန်းမင်းသမီးကလည်း ထိုကိစ္စမျိုးကို ကြားဖူးထားသည်။
“ပြဿနာမရှိပါဘူး”
ဒီအစားအသောက်တွေက သာမန်ပဲဆိုတာ သူမ သေချာသိတယ်။ တကယ့်ကို အရသာရှိပြီး မနေနိုင်တော့ဘဲ ဒီလောက်အများကြီး စားမိသွားတာပဲ။
ပြဿနာမရှိသ၍တော့ အထိန်းတော်ချန်းလည်း စိတ်အေးရလေသည်။ တစ်ချိန်တည်းတွင် သူမက သိချင်စိတ် ဖြစ်သွားတော့သည်။ ဒီဟင်းက အဲလောက်တောင် အရသာရှိတာတဲ့လား။
တန့်ယန်းမင်းသမီးက သူမ၏အမူအရာကို မြင်လိုက်ချိန်တွင် ပြုံးမိလေသည်။
“စားကြည့်လိုက်” သူမက ပြောလိုက်၏။
အထိန်းတော်ချန်းသည် သူမ ငယ်ငယ်လေးကတည်း သူမကို ခစားလာခဲ့သူဖြစ်သည်။ သူမကို တခြားသူများနှင့် မတူအောင် ဆက်ဆံသည်ကတော့ သဘာဝပင်။
“သခင်မ....”
“ကျွန်မက ရှင့်ကို မြည်းကြည့်ဖို့ ပြောမှတော့ မြည်းကြည့်လိုက်ပါလေ”
အထိန်းတော်ချန်းက တူကို ကောက်ကိုင်လိုက်၏။ စားပွဲပေါ်တွင် ဟင်းလျာဆယ်မျိုးရှိနေသည်။ တန့်ယန်းမင်းသမီးက ဟင်းတစ်မျိုးစီကို သုံးလေး လုတ်သာစားပြီး ဗိုက်ပြည့်သွားခဲ့သည်။ အထိန်းတော်ချန်းက ငါးကို ညှပ်ထားသည့် သိုးသားထဲမှ သိုးသားတစ်တုံးကို ကောက်ယူလိုက်ပြီး သူမ၏ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ရုတ်ခြည်းဆိုသလို သူမ၏မျက်လုံးများသည် မယုံကြည်နိုင်ဟန်ဖြင့် လင်းလက်သွားတော့သည်။ ဒီဟင်းက ဘာလို့များ အဲလောက်တောင် လတ်ဆတ်နေရတာလဲ။
သူမက ပါးစပ်ထဲက အစားအစာကို မျိုချဖို့ပင် တွန့်ဆုတ်သွားတော့သည်။ သူမသည် အရသာကို တစိမ့်စိမ့် ခံစားချင်မိတော့သည်။
“အခု ရှင် သိပြီမလား” တန့်ယန်းမင်းသမီးက ပြောလိုက်သည်။
အထိန်းတော်ချန်းမှာ သတိပြန်ဝင်လာပြီး သူမ၏တူများကို ချထားလိုက်ကာ သူမဘေးတွင် ရပ်နေလိုက်သည်။
တန့်ယန်းမင်းသမီးက သူမဘေးက သောက်စရာများကို ကြည့်လိုက်၏။ ဝိုင်ခွက် သုံးမျိုးရှိနေသည်။ တစ်ခွက်မှာ ကျက်သရေရှိပြီး ခမ်းနားလှသည်။ ကျန်တစ်ခုမှ အကောင်းစားဝတ်ရည်နှင့် ကျောက်စိမ်းနှင်းစက်တို့သဖွယ်။ နောက်ဆုံးတစ်ခုမှာ ပိုပြီး ထူးဆန်းလေသည်။ အစိမ်းရောင်အခင်းကြီးက ဖုံးလွှမ်းထားသည်။
သူမက တတိယခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။ ဝိုင်နာမည်က ‘ရေစီးကြောင်း’ဖြစ်သည်။ ဝိုင်ကို သောက်လိုက်ပြီးနောက်တွင် အမှန်ပင် စီးမျောနေသည့် ခံစားချက်ကို ရလိုက်လေသည်။
ခဏအကြာတွင် တန့်ယန်းမင်းသမီးက သူမ၏ဝိုင်ခွက်ကို ချထားလိုက်သည်။
မကြာမီ ကျင့်ကျောင်းယွဲ့ကို သီးသန့်အခန်းဆီသို့ ခေါ်လိုက်သည်။
“မင်းတို့ရဲ့ စားဖိုမှူးနဲ့ တွေ့ချင်တယ်” တန့်ယန်းမင်းသမီးက ထုတ်ပြောလိုက်၏။
“ကျွန်မ သွားမေးကြည့်ပေးပါ့မယ်” ကျင့်ကျောင်းယွဲ့က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ” တန့်ယန်းမင်းသမီးက ခေါင်းညိတ်ပြလိုက်သည်။
ကျင့်ကျောင်းယွဲ့က သီးသန့်အခန်းထဲမှာ ထွက်လာခဲ့သည်။ သူမ၏ခြေလှမ်းများသည် မြန်သည်ထက် မြန်ဆန်လာပြီး အနောက်ဘက်ခြံသို့ ရောက်လာခဲ့တော့သည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက နေ့လယ်စာချက်ပြုတ်ပြီးနောက် အနားယူနေသည်။
“သူဌေး”
ကျင့်ကျောင်းယွဲ့က လှမ်းခေါ်လိုက်ပြီး တန့်ယန်းမင်းသမီး၏ကိစ္စကို တီးတိုးပြောပြလိုက်ပြီးနောက် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ သူမ ဘာလုပ်မှာလဲ။
ကျန်းယွင်ကျူးက ဘာမှ မစဥ်းစားထားခဲ့ပေ။ တကယ်တော့ သခင်မယန် ရောက်လာတဲ့နေ့က တစ်နေ့ကျရင် ဆိုင်ကို တန့်ယန်းမင်းသမီး ဒါမှမဟုတ် တော်ဝင်ပညာရှင်ရှန် ရောက်လာခဲ့ရင် ဘာလုပ်ရမလဲလို့ စဥ်းစားခဲ့ဖူးတယ်။
အများကြီးတော့ မစဥ်းစားထားပါဘူး။ ဖြစ်ရိုးဖြစ်စဥ်အတိုင်း ရှိပါစေပေါ့။ သူမက သူတို့ကို အလိုလိုက် အကြိုက်ဆောင်ဖို့ မလုပ်ချင်ခဲ့ပါဘူး။ ပြီးတော့ သူတို့ကိုလည်း တမင်တကာ ရှောင်နေဖို့မလိုဘူးလေ။
ထိုသို့စဥ်းစားလိုက်ပြီး သူမက ထရပ်လိုက်ကာ တန့်ယန်းမင်းသမီး၏ သီးသန့်အခန်းသို့ လျှောက်သွားလိုက်တော့သည်။
တံခါးခေါက်သံက အလွန်မှ ကျွတ်ဆတ်ဆတ်နိုင်လှသည်။ အမျိုးသမီးတစ်ယောက် တံခါးလာခေါက်သံကို ကြားနိုင်လေသည်။
“ဝင်လာခဲ့ပါ”
တန့်ယန်းမင်းသမီးက အနည်းငယ် စိတ်လှုပ်ရှားနေ၏။
ကျန်းယွင်ကျူးက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး
“ဧည့်သည်ကြီးက ကျွန်မကို တွေ့ချင်တယ်လို့ ပြောလို့ပါ”
သူမ ဝင်လာသည် အခိုက်တန့်လေးတွင် တန့်ယန်းမင်းသမီးသည် သူမ၏မျက်လုံးများ အရောင်တောက်သွားသလို ခံစားလိုက်ရတော့သည်။ ကျန်းယွင်ကျူးက သည်နေ့ မိုးပြာရောင် ဝတ်စုံတစ်ခုကို ဝတ်ထားလေသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဘာအဆင်တန်ဆာမှ မရှိဘဲ သူမ၏အနက်ရောင်ဆံနွယ်များကို ဘေးတစောင်းချထားသည်။ သူမ၏အသားအရေသည် နှင်းဆီရောင် သန်းနေပြီး သူမ၏မျက်လုံးများက တောက်ပလို့နေသည်။
ထင်ရှားနေသည့်အရာက သူမအား လူများကို သဘောကျစေသည့် သက်သောင့်သက်သာဖြစ်စေသော အရောင်အဝါ ရှိနေခြင်းပင်။
တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူးကို သည်လိုပုံစံလေးဖြစ်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ကျန်းယွင်ကျူးက သူမ၏သားဖြစ်သူနှင့် တစ်နည်းနည်းပတ်သက်နေပြီး သူမက ဇာတ်လမ်းရေးတော်သည့် ဆွဲဆောင်မှုရှိသည့် မိန်းမငယ်လေးဖြစ်ကာ သူမ၏သားကို ဖမ်းစားထားခဲ့သည်ဟု ထင်ထားခဲ့လေသည်။ သူမသည် ရမ္မက်ခံစားချက် အပြည့် ရှိသူဖြစ်သောကြောင့် သံမဏီသစ်ပင်ကြီးမှ ပန်းပွင့်လာရသည်ဟု သူမက ထင်ထားခဲ့သည်။
သို့သော် သည်လို ဟုတ်မနေခဲ့ချေ။
သူမက ကျန်းယွင်ကျူးကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပြီး အသေးစိတ်အချက်အလက်များကို အလွတ်မပေးခဲ့ချေ။
ကျန်းယွင်ကျူးကလည်း သူမကို ကြည့်ခွင့်ပေးထားလိုက်ကာ နှိမ့်ချဟန်မပြသလို အလွန်အကျူး ဖြစ်နေဟန်လည်း မရှိပေ။ သူမသည် ဧည့်သည် စကားပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက်နှယ်ပင်။
သူမ၏သဘောထားက တန့်ယန်းမင်းသမီးကို မရေမရာဖြစ်သွားစေတော့သည်။ ဧကန္တ သူမကပဲ အတွေးလွန်နေတာများလား။ ဒါမှမဟုတ် ဆိုင်ရှင်က သူမရဲ့သရုပ်မှန်ကို မသိလို့များ အရမ်းတည်ငြိမ်နေတာများလား။
“မင်းက စားသောက်ဆိုင်ရဲ့ စားဖိုမှူးလား” တန့်ယန်းမင်းသမီးက မေးလိုက်၏။
“ဟုတ်ပါတယ် ကျွန်မက ဆိုင်ပိုင်ရှင်ဆိုလည်း မှန်ပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
တန့်ယန်းမင်းသမီးက သူမသည် သားဖြစ်သူနှင့် တစ်ခုခုပတ်သက်နေသလားဟု မေးချင်ခဲ့သော်လည်း ရပ်ထားလိုက်သည်။ သူမသည် ဆိုင်ရှင်မိန်းကလေးနှင့် ရှန်ဖုန်းမင်တို့ကြားတွင် စိတ်မချမ်းမြေ့ဖွယ် ဘာကိစ္စမှ ထပ်မရှိစေလိုပေ။
ခဏလောက် စဥ်းစားလိုက်ပြီးနောက် သူမက မေးလိုက်သည်။
“မင်း ထိုက်ပိုင်ဘဲသားတစ်ပွဲလောက် လုပ်ပေးနိုင်မလား”
“အင်း” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
“ကျွန်မအတွက် တစ်ပွဲလောက် လုပ်ပေးပါလား၊ သယ်သွားချင်လို့” တန့်ယန်းမင်းသမီးက ပြောလိုက်၏။ အမှန်တွင်တော့ အစောပိုင်းက ဖိတ်စာပေါ်တွင် သည်ဟင်းလျာကို တွေ့လိုက်ချိန်က သည်စိတ်ကူး ပေါ်လာခြင်းပင်။
ကျန်းယွင်ကျူးမှာ အံ့ဩသွားတော့သည်။ သခင်မက သူမကို ခေါ်လိုက်တာ ဒီကိစ္စအတွက်တဲ့လား။
တန့်ယန်းမင်းသမီးက ပြောလိုက်၏။
“ကျွန်မအမေက ဒီဟင်းလျာကို အရမ်းကြိုက်တာလေ၊ ဒါပေမဲ့ စားဖိုမှူးတွေအများကြီး ပြောင်းသွားပြီးနောက်တော့ သူတို့ထဲက တစ်ယောက်မှ ဒီလိုအရသာရှိအောင် မလုပ်နိုင်ခဲ့ကြဘူး”
တန့်ယန်းမင်းသမီးရဲ့အမေဆိုတော့ မယ်တော်ကြီး မလား။ သူမက မ.....။ မဟုတ်သေးဘူး။ ကျန်းယွင်ကျူးသည် နှလုံးခုန်နှုန်း စည်းချက် လွဲသွားတော့သည်။ အိပ်မက်ထဲတွင် မယ်တော်ကြီးက သည်နွေရာသီတွင် ဆုံးပါးတော့မည်ကို ရုတ်တရက် သတိရသွားတော့သည်။
ရှမင်းဆက်၏ ဘိုးဘေးဝါစဥ်အရ မယ်တော်ကြီး သို့မဟုတ် ဘုရင်မ ကွယ်လွန်ပြီးနောက်တွင် နေသည် လအတွက် အပြောင်းအလဲ လုပ်ပေးရပြီး တစ်လလုံး နိုင်ငံအဝန်း ဝမ်းနည်းပူဆွေးခြင်းပွဲကို ကျင်းပပေးရသည်။ နိုင်သံအဝမ်း ဝမ်းနည်းပူဆွေးခြင်းကာလအတွင်း အမှုထမ်းများကို စားသောက်ပွဲ ကျင်းပခွင့်နှင့် ပျော်ပွဲရွှင်ပွဲ လုပ်ခွင့် တားမြစ်ထားခဲ့သလို လက်ထပ်ခွင့်ကိုလည်း တားမြစ်ထားသည်။ သို့သော်ငြား သာမန်ပြည်သူများက သည်လိုအယူသီးခြင်းမျိုး မရှိကြပေ။
အန်းဖင်နယ်စားသည် ရုံးတော်အရာရှိ တစ်ယောက်ဖြစ်လသည်။ သူသည် သည်စည်းမျဥ်းကို စောင့်ထိန်းရမည်က သဘာဝပင်။ တစ်လလုံး ဘာစားသောက်ပွဲကိုမှ ကျင်းပခွင့်မပြုခဲ့ပေ။ ထိုအချိန်တွင် ကျန်းယွင်ကျူးသည် အန်းဖင်နယ်စားအိမ်တော်တွင် အချက်အပြုတ် လေ့ကျင့်နေခဲ့ပြီး အကြောင်းတချို့ကို မှတ်မိနေခဲ့သည်။
ကျန်းယွင်ကျူးက မယ်တော်ကြီး ကွယ်သွားသည့်အချိန်ကို သေသေချာချာ စဥ်းစားလိုက်လေသည်။ ၇လပိုင်း ကုန်ခါနီးတွင် ဖြစ်မည်ထင်သည်။
အခုက ၆လပိုင်း ကုန်ပဲ။ မကြာခင်ပေါ့။
သူမ၏အသားအရေမှာ အကြိမ်အနည်းငယ် ပြောင်းလဲသွားတော့သည်။
အစကတော့ မယ်တော်ကြီးလို အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်က သူမနဲ့ ဘာမှမပတ်သက်ပါဘူး။ ဒါပေမဲ့ သူမက ရှန်ဖုန်းမင်ရဲ့အဖွားဖြစ်နေတယ်လေ။ တော်ဝင်မိသားစုက ရှေးကတည်း ရက်စက်ကြပြီး ညီအစ်ကိုတွေကြားမှာ တံတိုင်းတွေခြားပြီး သားအဖ အချင်းချင်း သ-တ်ဖြတ်ကြတာ ထူးခြားတဲ့ကိစ္စမဟုတ်ဘူးဆိုပေမဲ့ တန့်ယန်းမင်းသမီးက မယ်တော်ကြီးက ထိုက်ပိုင်ဘဲသားကို ကြိုက်တယ်ဆိုတာ သတိတရ ရှိခဲ့တာပဲ....
တန့်ယန်းမင်းသမီးက သူမ၏ထူးခြားသည့် အမူအရာကို တွေ့လိုက်ပြီး မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
ကျန်းယွင်ကျူးက သတိပြန်ဝင်လာပြီး
“ဒီနေ့ မီးဖိုဆောင်မှာ ဘဲ မရှိလို့ပါ၊ ဧည့်သည်က ခဏလောက်စောင့်ပေးမယ်ဆိုရင်တော့ ကျွန်မက လူလွှတ်ပြီး သွားဝယ်ခိုင်းလိုက်ပါမယ်၊ ဒါမှမဟုတ် မနက်ဖြန်မှ ပြန်လာမလားရှင်” သူမက မေးလိုက်သည်။
တန့်ယန်းမင်းသမီးက သူမနှင့် စကားစမြည်လည်း ပြောချင်ခဲ့သည်။
“ ကျွန်မက ကိစ္စမရှိပါဘူး၊ ကျွန်မ စောင့်ပါ့မယ်”
ကျန်းယွင်ကျူးက အချိန်ကို တွက်ကြည့်လိုက်သည်။ ထိုက်ပိုင်ဘဲသားက အချိန်အများကြီး ပေးရလေသည်။
“နှစ်နာရီကျော်လောက် အချိန်ပေးရလိမ့်မယ်”
“ကိစ္စမရှိပါဘူး”
“ကောင်းပါပြီရှင်”
ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး ယွင်တုကို ခေါ်လိုက်ကာ သူ့ကို ဘဲတစ်ကောင် သွားဝယ်ခိုင်းလိုက်ပြီး ဘဲရွေးသည့် အရည်အသွေးကို သူ့အား ပြောပြလိုက်လေသည်။
ထို့နောက် သူမက လိုအပ်သည်များကို ပြင်ဆင်ဖို့ရန် မီးဖိုဆောင်သို့ သွားချင်ခဲ့သည်။
“အလျင်မလိုပါဘူး၊ အခုအချိန်လောက်ဆိုရင် ကျွန်မအမေက နေ့လယ်စာ စားပြီးလောက်ပြီ၊ ညနေစာမတိုင် ဘဲသားရအောင်လုပ်ပေး ရင်ရပါပြီ”
တန့်ယန်းမင်းသမီးက ပြောလိုက်ပြီး ကျန်းယွင်ကျူးကို လာထိုင်ဖို့ လက်ယက်ခေါ်လိုက်တော့သည်။
သူမ၏အပြုအမူက အလွန်မှ ဣန္ဒြေရလှသည်။ တန့်ယန်းမင်းသမီးသည် သူမ၏ရှေ့က အတွေ့အကြုံများကို အလွန်သိချင်သွားတော့သည်။
“မင်းက ဘယ်ကလဲ” သူမက မေးလိုက်၏။
“ချန်ဖုန်းပြည်နယ်ကပါ” ကျန်းယွင်ကျူးက ဖြေလိုက်သည်။
လုပြည်နယ်က မဟုတ်ဘူးလား။ တန့်ယန်းမင်းသမီးသည် မသိမသာ အေးခဲသွားလေသည်။ သို့သော် သူမက ဆက်မေးလိုက်၏။
“မင်းက မြို့တော်ကို အခုမှ ရောက်လာတာလား”
“အင်း”
“အချက်အပြုတ်လက်ရာတွေကို ဘယ်သူ့ဆီက သင်ခဲ့တာလဲ”
. . .
နှစ်ယောက်သားက ခဏလောက် စကားပြောလိုက်ကြသည်။ တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူးကို ပိုပြီးနားလည်သယောင်ရှိသော်လည်း သူမက သားဖြစ်သူနှင့် တခုခု ပတ်သက်လေမလားကိုတော့ သေချာမသိရပေ။
သည်အချိန်တွင် ယွင်တုက ပြန်လာ၏။ ကျန်းယွင်ကျူးသည် ချက်ချင်း ထရပ်လိုက်ပြီး ထိုက်ပိုင်ဘဲသားကို လုပ်ပေးလိုက်တော့သည်။
ထိုက်ပိုင်ဘဲသားသည် ထန်မင်းဆက်၏ နာမည်ကြီးဟင်းလျာတစ်မျိုးဖြစ်သည်။ နာမည်ကို ကြည့်ရုံဖြင့် သည်ဟင်းလျာက ကဗျာဆရာလိပိုင်နှင့် တခုခုဆက်စပ်နေမှန်း ပြောနိုင်ပေသည်။ ဒဏ္ဍာရီအရတော့ သူ စီချွမ်းတွင် တာဝန်ကျနေစဥ် လိပိုင်က ဒေသထွက် ဘဲသားအစာသွပ် စားရသည်ကို အထူးနှစ်သက်ခဲ့သည်။ နောက်ပိုင်းတွင် ဧကရာဇ်ရွှမ်ကျုံးက သူ့ကို နန်းတော်သို့ ပြန်ဝင်ဖို့ ကြေညာခဲ့သည်။ သူသည် ဉာဏ်အလင်းရသွားသည့် အရှင်တစ်ပါးကို တွေ့လိုက်တွေ့လိုက်ရသည်ဟု ထင်မိကာ သည်ဘဲသားအစာသွပ်လုပ်သည့်နည်းကို အဆင့်မြင့်လိုက်ပြီး ဧကရာဇ်ရွှမ်ကျုံးထံသို့ ဆက်သခဲ့လေသည်။
ဧကရာဇ်ရွှမ်ကျုံးက စားသောက်ပြီးသွားသည့်နောက်တွင် သူသည် အပြည့်အဝ ချီးမွှမ်းခန်းဖွင့်ခဲ့ပြီး သည်ဟင်းလျာကို ‘ထိုက်ပိုင်ဘဲသား’ဟု အမည်ပေးလိုက်တော့သည်။
လိပိုင်က သူ့ဘဝတစ်လျှောက်လုံး မပျော်ရွှင်ခဲ့ရသည်ကတော့ ဝမ်းနည်းစရာပင်။ နောက်ပိုင်းတွင် သူသည် ရာထူးမှ နှုတ်ထွက်ခဲ့လိုက်သည်။ ထိုက်ပိုင်ဘဲသား၏ အရိပ်ကသာ ကျန်ရစ်ခဲ့လေသည်။ သူ့အရသာကို သိကြာသူများက မရှိသလောက်ပင်။
ကျန်းယွင်ကျူးက ထိုက်ပိုင်ဘဲသားကို ရှေ့ဟောင်းစာအုပ်နှင့် လိပိုင်၏အတွေ့အကြုံများအပေါ် အခြေခံကာလုပ်ခဲ့ပြီး လက်တွေ့စမ်းသပ်မှုများစွာ လုပ်ခဲ့ပြီးမှ ကျေနပ်သွားခဲ့သည်။
ဘဲသားကို သန့်စင်ပြီးနောက်တွင် သက်တမ်းရင့် ဟွားတျောက်ဝိုင်၊ ဟိမဝန္တာဂျင်ဆင်းနှင့် တခြားပါဝင်ပစ္စည်းများနှင့်အတူ အိုးတစ်လုံးထဲ ထည့်ထားလိုက်သည်။ အိုး၏အဝကို စက္ကူဖြင့် အုပ်ကာ တစ်နာရီလောက် ပေါင်းထားရသည်။ ထိုက်ပိုင်ဘဲသားက အဆင့်လာလေသည်။
သည်ဟင်းလျာအတွက် မစားခင် အိုးနှုတ်ခမ်းပေါ်က စက္ကူကို မဖွင့်လိုက်သည်က အကောင်းဆုံးဖြစ်သည်။ ကျန်းယွင်ကျူးက အိုးကို ထမင်းဘူးထဲ တန်းထည့်လိုက်ပြီး တန့်ယန်းမင်းသမီးထံ ကမ်းပေးလိုက်တော့သည်။
နောက်ကျနေပြီဖြစ်သည်။ တန့်ယန်းမင်းသမီးက အစားအသောက်ဘူးကို လူတစ်ယောက်အား လာသယ်ခိုင်းလိုက်ပြီး မယ်တော်ကြီးကို တွေ့ဖို့ရန် နန်းတော်သို့ တန်းသွားလိုက်တော့သည်။ ကျန်းယွင်ကျူးသည် မယ်တော်ကြီးက သူမ လုပ်ထားသည့် ထိုက်ပိုင်ဘဲသားကို ကြိုက်ပါ့မလားဆိုသည်ကိုတော့ သေချာမသိပေ။ လူကြီးတွေက တခါတလေ သူတို့လွမ်းဆွတ်သတိရတာက ခံစားချက်ဟောင်းတွေကိုပဲလေ။
သူမကတော့ အကောင်းဆုံးကြိုးစားပေးခဲ့တာပဲ။ တတ်နိုင်တာလည်း ဒါအကုန်ပါပဲ။
သူမက စင်ဘာကို ကောက်ချီလိုက်ပြီး အနားယူရန် အနောက်ဘက်သို့ ဝင်သွားတော့သည်။
သည်နေ့ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် ခါတိုင်းထက် ပိုစောပြီး ရောက်လာခဲ့ကြသည်။
ယန်ရှန့်လည်း သည်နေရာတွင် စားဖို့ရောက်လာခြင်းပင်။ စားသောက်ပြီး ဝိုင်နှစ်ခွက်လောက် သောက်လိုက်ပြီးနောက် သူက ပြန်သွားခဲ့သည်။
ရှန်ဖုန်းမင် ပြန်တော့မည့်အချိန်တွင်တော့ ကျန်းယွင်ကျူးက သူနှင့် ပြောစရာရှိနေလေသည်။
စင်ဘာကလည်း ရှန်ဖုန်းမင်ကို အနည်းငယ် သဘောကျဟန်တူသည်။ သူရောက်လာတိုင်း မကြာခဏဆိုသလို သူ့ဘေးတွင် ထိုင်နေတတ်သည်။ ယခုလိုပင်။
ကျန်းယွင်ကျူးက စိတ်ဝင်စားသွားတော့သည်။ သူမက ရှန်ဖုန်းမင်ကို တိုက်ရိုက်ပြောလိုက်၏။
“ရှင့်အမေ ဒီနေ့ ဆိုင်ကိုလာသွားတယ်”
ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးထံသို့ စင်ဘာကို လှမ်းပေးလိုက်ချိန်တွင် ထိုစကားကို ကြားလိုက်ရသည်။ သူက ခဏရပ်သွားပြီး
“သူ ဘာလာလုပ်တာလဲ”
“စားသောက်ပြီးတော့ သူက ကျွန်မကို ထိုက်ပိုင်ဘဲသား လုပ်ခိုင်းပြီး မယ်တော်ကြီးဆီကို ယူသွားလိုက်တယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
ရှန်ဖုန်းမင်က မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ စားဖို့ သက်သက်ပဲ တဲ့လား။
ကျန်းယွင်ကျူးက သည်ကိစ္စကို ဆက်မပြောလိုက်တော့ပေ။ ထို့အစား သူမက မေးလိုက်လေသည်။
“မယ်တော်ကြီးက ဘယ်လိုနေလဲ”
“သူက အကြောင်းအရာ တော်တော်များများကို မေ့သွားပါပြီ၊ အထူးသဖြင့် အခုတလော ဖြစ်နေတဲ့ အကြောင်းအရာတွေကိုပေါ့၊ သူက မကြာခဏဆိုသလိုပဲ အမြန်ကြီး မေ့သွားတတ်တယ်၊ ဆန့်ကျင်ဘက်အနေနဲ့ သူက အတိတ်က အကြောင်းအရာတွေကိုတော့ အရမ်းကိုရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက နားထောင်နေလေသည်။ ဒါက အယ်လ်ဇိုင်းမားရောဂါနဲ့ ဘာလို့ နည်းနည်းတူနေတာလဲ။
“သူ သမားတော်နဲ့ ပြခဲ့သေးလား”
“နန်းတွင်းသမားတော်က စစ်ဆေးပေးခဲ့ပါတယ်၊ သူမခန္ဓာကိုယ်က ဘာမှမဖြစ်ဘူးတဲ့၊ သူက ခဏခဏ အကြောင်းအရာတွေကို မေ့သွားတာပဲရှိတာတဲ့”
“နတ်ဆေးသမားတော်ဝူ ဘယ်မှာရှိနေလဲ၊ နတ်ဆေးသမားတော်ဝူကရော ဘာပြောလဲ”
ကျန်းယွင်ကျူးက မေးလိုက်သည်။
“မနှစ်က နတ်ဆေးသမားတော်ဝူက စစ်ဆေးပေးခဲ့တယ်၊ သူက အပ်စိုက်ပေးခဲ့ပြီး ဆေးညွှန်းလည်း ပေးခဲ့ပါတယ်၊ လက္ခဏာတွေကိုပဲ ထိန်းထားနိုင်ခဲ့တာ၊ နောက်ပိုင်းကျတော့ မယ်တော်ကြီးက သူ နေမကောင်း မဖြစ်ပါဘူး၊ ဆေးမသောက်ချင်၊ အပ်မစိုက်ချင်ဘူးလို့ ပြောခဲ့တယ်၊ အားလုံးကလည်း သူ့ကို ဒီအတိုင်းပဲ လွှတ်ထားနိုင်တော့တယ်” ရှန်ဖုန်းမင်က ရှင်းပြလိုက်သည်။
ကျန်းယွင်ကျူးသည် အိပ်မက်ထဲတွင် မယ်တော်ကြီးက သည်နှစ် ၇လပိုင်းတွင် ကွယ်လွန်လိမ့်မည်ကို မှတ်မိနေခဲ့သည်။ အယ်လ်ဇိုင်းမားရောက လူကို မြန်မြန်သေစေနိုင်သည့်ရောဂါ မဟုတ်သည့်အချက်ပင်။ ဒါဆို နောက်ဆုံးတော့... ရုတ်တရက်နာမကျန်းဖြစ်ခဲ့တာလား။ ဒါမှမဟုတ် မတော်တဆမှုတချို့ဖြစ်ခဲ့တာလား။
ရှန်ဖုန်းမင်က သူမ၏ပူပန်နေသည့် မျက်နှာကို မြင်လိုက်ပြီး သူ့အမူအရာက ပျော့ပြောင်းသွားကာ
“အဘွားတော်က ကိုယ့်ကို အရမ်းချစ်တာ၊ ကိုယ့်အဖေနဲ့ ကိုယ့်အမေက ခဏခဏ စကားများကြတယ်လေ၊ ဘွားတော်မိဖုရားခေါင်ကြီးက ကိုယ့်ကို မကြာခဏဆိုသလို နန်းတွင်းထဲကို ခေါ်ပြီး ကိုယ့်ကို သူနဲ့အဖော်လုပ်စေချင်လို့လို့ ပြောတတ်တယ်၊ တကယ်တော့ သူက ကိုယ့်ကို စိတ်ပူနေခဲ့တာလေ။
သူက ကိုယ့်အမေကို အပြစ်မတင်ဖို့လည်း ကိုယ့်ကို ခဏခဏ ပြောတတ်တယ်”
ထိုသို့ပြောလိုက်ပြီး ရှန်ဖုန်းမင်က စကားကို ရပ်ထားလိုက်သည်။ အမှန်တွင်တော့ သူ့အမေက သူ့အဖေကို လက်ထပ်ခဲ့သည့်အကြောင်းအရင်းကို နောက်မှ နားလည်သွားခဲ့သည်။ ရှန်မိသားစုကို ရယူပြီး ဧကရာဇ်ချင်းလုံ၏ ထီးနန်းအတွက်သာ ဖြစ်တော့သည်။
သူက သူ၏ရှည်လျားသည့် မျက်တောင်များကို ချထားလိုက်ပြီး တစ်ဖန် ပြန်ပင့်လိုက်ကာ ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးသည် သူ့အတွေးများကို စဥ်းစားဖို့ အချိန်မရှိပေ။ သူမက တန်းမေးလိုက်တော့သည်။
“အခု နတ်ဆေးသမားတော် ဘယ်မှာရှိလဲ သိလား”
သူမ၏စိတ်ကူးများ နတ်ဆေးသမားတော်ဝူကို မယ်တော်ကြီးအား ကူညီစမ်းသပ်ခိုင်းဖို့ရန် ဖြစ်လေသည်။ ဒါက သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာပင်။ ဟုတ်ပါသည်။ နတ်ဆေးသမားတော်ဝူ ရောက်လာလျှင်တော့ သူမက အန္တရာယ်ကင်းသည့် အဖြေတစ်ခုကို ရှာဖွေရန် သူနှင့် တိုင်ပင်ရလိမ့်မည်။
“သိတယ်” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။
သည်အချိန်တွင် တန့်ယန်းမင်းသမီးက အစားအသောက်ဘူးဖြင့် နန်းတော်ထဲ ဝင်ကာ မယ်တော်ကြီးနှင့် တွေ့ဆုံနေလေသည်။
...
အပိုင်း (၁၁၀)
မယ်တော်ကြီးသည် တန့်ယန်းမင်းသမီးကို တွေ့ရသဖြင့် အလွန်မှပျော်သွားတော့သည်။
“ရုံရှင်း”
တန့်ယန်းမင်းသမီးက ဦးညွှတ်နှုတ်ဆက်မည်ပြင်လိုက်စဥ် သူမက တန့်ယန်းမင်းသမီး၏နာမည်ကို ခေါ်ကာ သူမကို အနားသို့လာဖို့ လက်ယက်ခေါ်လိုက်သည်။
တန့်ယန်းမင်းသမီးက ထရပ်လိုက်ပြီး မယ်တော်မိဖုရားခေါင်အနားသို့ လာလိုက်လေသည်။
မယ်တော်ကြီးက သူမ၏လက်ကို ကိုင်ကာ သူမကို ခေါင်းအစ ခြေအဆုံးကြည့်ကာ ပြောလိုက်သည်။
“သမီးတော်ကို ကြည့်ရတာ မျက်တွင်းကျလို့ပါလား၊ ဖုန်းမင်ရဲ့ မင်္ဂလာကိစ္စကြောင့်ဖြစ်မယ် ဟုတ်လား၊ သူမှ မင်းသမီးဟွေ့နင် ကိုမကြိုက်တာပဲ၊ ထားလိုက်ပါလေ”
တန့်ယန်းမင်းသမီး၏ အမူအရာမှာ ဆိုးသည်ထက် ဆိုးလာတော့သည်။ မင်းသမီးဟွေ့နင်။ အဲဒါက လွန်ခဲ့တဲ့ လေးနှစ်က ဖြစ်ခဲ့တာပဲ။ သူမကို မျက်တွင်းတွေ ကျနေတယ်လို့ ပြောတာလည်း မဆန်းတော့ပါဘူး။ သူမက လေးနှစ်ကြီးလာပြီလေ။ ဒါပေမဲ့ တစ်ဖက်လူရဲ့မျက်လုံးထဲမှာတော့ တစ်ရက်ပဲ ကုန်သေးတယ်လို့ ထင်နေတဲ့ပုံပဲ။ သူမက ဘယ်လိုဖြစ်ပြီး မျက်တွင်းမကျဘဲ နေပါ့မလဲ။
“မယ်တော်”
တန့်ယန်းမင်းသမီးက မင်းသမီးဟွေ့နင်သည် လက်ထပ်ပြီးသွားကာ သူမ၏ကလေးပင် နှစ်နှစ်အရွယ် ရှိနေပြီဖြစ်ကြောင်း ပြောပြချင်လိုက်လေသည်။ မယ်တော်ကြီး၏ စိုးရိမ်ပူပန်သည့် မျက်လုံးများကို တွေ့လိုက်ရပြီး သူမသည် ထိုစကားလုံးများကို ပြန်မျိုချထားလိုက်ကာ ခေါင်းသာ ညိတ်ပြလိုက်တော့သည်။
မယ်တော်ကြီးက သူမကို သည်လို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားတော့သည်။ သူမပဲ မနေ့က ဖုန်းမင်ကို မင်းသမီးဟွေ့နဲ့ အတင်းလက်ထပ်ခိုင်းနေတာမဟုတ်ဘူးလား။ ဘာလဲ။ သူမ သေချာစဥ်းစားပြီးသွားလို့လား။
“သမီးတော် သေသေချာချာ စဥ်းစားခဲ့တယ်ဆိုတော့ ကောင်းပါတယ်”
မယ်တော်ကြီးက စိတ်အေးသွာကာ ပြောလိုက်လေသည်။
“တကယ်တော့ မယ်တော်လည်း သမီးကို နစ်နာစေခဲ့ပြီး ရှန်မိသားစုနဲ့ လက်ထပ်ခိုင်းခဲ့တာကို အမြဲတမ်း စိတ်မကောင်းဖြစ်နေတာပါ၊ အဲကလေး ဖုန်းမင်မှာလည်း သူ့ကိုယ်ပိုင်စိတ်ကူးတွေ ရှိမှာပဲ၊ သမီးတော်တို့ သားအမိနှစ်ယောက်ကို ပိုပြီးဝေးကွာလာစေတယ်ဆိုရင် သူ့ကို အတင်းဖိအားနေလည်း အလကားပဲလေ။
အဲဒီအချိန်ကျရင် သမီးတော်လည်း မယ်တော့်လို နောင်တရမိလိမ့်မယ် အဲလိုဆိုရင်....”
မယ်တော်ကြီးက ဆက်မပြောနိုင်တော့ပေ။ တန့်ယန်းမင်းသမီးက သူမ၏လက်ဖြင့် နှာခေါင်းကို ကွယ်ထားကာ သူမ၏မျက်လုံးထဲက မျက်ရည်များကို မြင်လိုက်ရသောကြောင့်ပင်။
မယ်တော်ကြီးက သူမကို ပွေ့ဖက်ထားလိုက်လေသည်။ တန့်ယန်းမင်းသမီးသည် မငယ်တော့သော်လည်း သူမ၏မျက်လုံးထဲတွင်တော့ သူမအနားတွင် ကပ်နေသည့် ကလေးမလေးတစ်ယောက်ပင်။ သူမ၏သမီး ဖြစ်ပေသည်။
သူမအနေဖြင့် အပြစ်ရှိသလိုခံစားရသည့် သမီးဖြစ်လေသည်။
တန့်ယန်းမင်းသမီးက ငိုချင်သွားတော့သည်။ ရှန်မိသားစုနဲ့ လက်ထပ်ပြီး နှစ်တွေကြာလာတောင် သူမ မပျော်ရွှင်ခဲ့ရဘူးလေ။ ပြီးတော့ မယ်တော်ပြောတာ မှန်တဲ့ပုံပါပဲ။ နှစ်တွေအကြာကြီး နတ်ဆိုးတစ်ပါးလို သားဖြစ်သူကို အတင်းလက်ထပ်ခိုင်းခဲ့တော့ သူက ပိုပိုပြီး အေးစက်စက်နိုင်လာခဲ့တယ်။ သူက သူမကို နှုတ်ဆက်စကားကလွဲရင် ဘာတစ်ခွန်းမှတောင် မပြောတော့ဘူး။
ဘာအတွက်လဲ။ သားဖြစ်သူ ကောင်းစားရေးအတွက်လား။ တကယ်တော့ အဲဒီတုန်းက သူမရဲ့ ရွေးချယ်မှု မှန်ကန်တယ်ဆိုတာကို သက်သေပြချင်ခဲ့လို့ပဲ။ ရှန်မိသားစုနဲ့ လက်ထပ်လိုက်တာက အစ်ကိုတော်၊ မယ်တော်နဲ့ သူမကိုယ်တိုင်အတွက် အဆုံးမဲ့အာဏာကို ယူဆောင်လာပေးခဲ့တယ်လေ။
သူမ၏စိတ်ထဲတွင် အတွေးနှင့်ခံစားချက်များစွာ ရောက်လာတော့သည်။ သို့သော် နောက်ဆုံးတွင်တော့ တန့်ယန်းမင်းသမီးက မငိုခဲ့ပေ။ သူမက လက်ကိုင်ပဝါနှင့် မျက်လုံးထောင့်ကို သုတ်လိုက်ပြီး မယ်တော်ကြီး၏ ရင်ခွင်ထဲက ထွက်လိုက်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်တော့သည်။
“မယ်တော် သမီးတော် ထိုက်ပိုင်ဘဲသား ယူလာပေးတယ်၊ မြည်းကြည့်မလား”
“အလို ထိုက်ပိုင်ဘဲသားတဲ့လား၊ စားတော်ကဲဖန်း လုပ်ထားတာလား၊ သူ လုပ်ထားတာဆိုရင်တော့ မစားတော့ပါဘူး” မယ်တော်ကြီးက ပြန်ပြောလိုက်သည်။
စားတော်ကဲဖန်းသည် လွန်ခဲ့သည့်လေးနှစ်ကာ နန်းတော်ထဲက တော်ဝင်စားတော်ကဲ ဖြစ်လေသည်။
“မဟုတ်ပါဘူး၊ မယ်တော် မြည်းကြည့်ပြီးရင် သိလာလိမ့်မယ်”
တန့်ယန်းမင်းသမီးက ပြောလိုက်သည်။
အထိန်းတော်ချန်းက ထမင်းဘူးကို ချက်ချင်းဖွင့်လိုက်ပြီး အထဲက စက္ကူနှင့်အုပ်ထားသည့် ကြွေခရားအိုးတစ်လုံးကို တွေ့လိုက်လေသည်။ စက္ကူကို တစ်စက်ကလေးမှ မဟစေဘဲ အိုးနှုတ်ခမ်းကို တင်းနေအောင် ချည်ထားသည်။
အထိန်းတော်ချန်းက အဖုံးကို ဂရုတစိုက် ဖွင့်လိုက်လေသည်။ ရုတ်ခြည်းဆိုသလို ဝိုင်နှင့် ဘဲသားရောထားသည့် အနံ့တစ်ခုက ခရားအိုးထဲက ထွက်လာတော့သည်။
“ဒါက စုန့်ကွမ်းပဲ၊ သူ နေပြန်ကောင်းလာပြီလား”
မယ်တော်မိဖုရားခေါင်းကြီးက ရနံ့ကို ရှူလိုက်ပြီး ဝမ်းသာအားရမေးလိုက်လေသည်။
တန့်ယန်းမင်းသမီးက ညှိုးငယ်စွာ ပြုံးလိုက်၏။ စုန့်ကွမ်းက လွန်ခဲ့တဲ့ ငါးနှစ်က ဆုံးသွားပြီပဲ။ သူမက သူ့ကို ဘယ်မှာ သွားရှာနိုင်အုံးမှာလဲ။
သည်အချိန်တွင် နန်းတွင်းအစေခံတစ်ယောက်က မယ်တော်ကြီးကို တည်ခင်းပေးရန် ပန်ကန်းလုံးနှင့် တူများကို ယူလာပေးလိုက်သည်။
မယ်တော်ကြီးက ပန်းကန်လုံးထဲက ဘဲသားတစ်ကိုက်စာကို ယူလိုက်သည်။ နူးအိစေးထန်းပြီး ညက်ညောလှသည်။ သူမက ဟင်းရည်တစ်ဇွန်း ခပ်လိုက်ပြီး ဟင်းရည်က အရသာရှိကာ ပြည့်စုံလှသည်။ သူမ၏ခံတွင်းကို စိုလာသယောင်။
စားနေရင်း သူမက ချီးကျူးစကား ပြောလိုက်သည်။
“စုန့်ကွမ်းရဲ့လက်ရာကတော့ ထပ်တက်လာပြန်ပြီ၊ နောက်ကျမှ သူ့ကို ဆုတော်ငွေ ချီးမြင့်လိုက်အုံး”
“အင်း”
တန့်ယန်းမင်းသမီးက မယ်တော်ကြီး စိတ်လိုလက်ရ စားသောက်နေသည်ကို တွေ့လိုက်ရသဖြင့် လက်ခံပေးလိုက်သည်။ ခဏအကြာတွင် ဟင်းရည်နှင့်ဘဲသားတစ်ပန်းကန်က ကုန်စင်သွားတော့သည်။ သူမကိုယ်တိုင် မယ်တော်မိဖုရားခေါင်းကြီးအတွက် နောက်တစ်ပန်းကန် ထည့်ပေးလိုက်၏။
“သမီးတော်လည်း စားလေ၊ သူက အကောင်းဆုံး ထိုက်ပိုင်ဘဲသားကို လုပ်ထားတာ” မယ်တော်ကြီးက သွားများပေါ်သည်အထိ ပြုံးလိုက်သည်။
“မယ်တော်ကြီးက ဒီလောက်အထိ မပျော်တာ ကြာသွားပြီ”
မယ်တော်ကြီးကို ခစားနေသည့် အထိန်းတော်ချီက ဝမ်းသာအားရ မှတ်ချက်ပေးလိုက်လေသည်။
တန့်ယန်းမင်းသမီးသည် ဝမ်းသာမိသော်လည်း သူမမှာ သည်ထိုက်ပိုင်ဘဲသားကို မစားနိုင်တော့ပေ။ သူမသည် သည်နေ့ ကျန်းယွင်ကျူး၏ဆိုင်တွင် အများကြီးစားခဲ့လေရာ အခုထိပင် အစာမကြေသေးချေ။
နန်းတော်ထဲတွင်တော့ အခြေအနေက သည်လိုဖြစ်နေသည်။ နန်းတော်အပြင်ဘက်တွင်တော့ ကျန်းယွင်ကျူးက နတ်ဆေးသမားတော်ဝူထံသို့ စာတစ်စောင် ရေးလိုက်ပြီး သူ့ထံ စာပို့ပေးရန် ရှန်ဖုန်းမင်ကို အကူအညီလိုက်သည်။
ထိုနေ့ညတွင် တန့်ယန်းမင်းသမီးက အိပ်ရာပေါ်လဲလျောင်းရင်း ဟိုလှိမ့်သည်လှိမ့်ဖြစ်နေတော့သည်။ သူမသည် အိပ်မပျော်နိုင်ပေ။ သူမသည် သားဖြစ်သူနှင့် ကျန်းယွင်ကျူးကို တစ်ခုခု ပတ်သက်နေသလားဟု ခဏလောက် စဥ်းစားမိလိုက်သည်။ ထို့နောက်တွင်တော့ သူမ သည်လိုစဥ်းစားလိုက်ပြန်သည်။ အဲလိုဆိုရင်ကော ဘယ်လိုဆက်ဆံရေးမျိုးလဲ။ သူမရဲ့သားက နောက်ဆုံးတော့ မိန်းကလေးတစ်ယောက်ကို ချစ်တတ်သွားပြီလား။
အဲလိုလဲ မထင်ရပါဘူး။
“မင်း ဘာဖြစ်နေတာလဲ”
သူမ၏လှုပ်ရှားမှုကြောင်း တော်ဝင်ပညာရှင်ရှန်သည် မအိပ်နိုင်တော့ဘဲ မေးလာတော့သည်။
တန့်ယန်းမင်းသမီးက ထိုကိစ္စကို သူနှင့် တိုင်ပင်ချင်ခဲ့ပါသော်လည်း သူ၏တည်တံ့လွန်းသည့် မျက်နှာကို မြင်လိုက်ရချိန်တွင် သူနှင့် ဆက်ပြီး စကားမပြောချင်တော့ပေ။
သူမက တစ်ဖက်သို့ လှည့်ကာ တော်ဝင်ပညာရှင်ရှန်ကို ကျောပေးထားလိုက်ပြီး တစ်ယောက်တည်း စဥ်းစားနေလိုက်တော့သည်။
နောက်တစ်နေ့ မနက် ၉နာရီတွင် ရှီကွမ်းစားသောက်ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး ဆိုင်ဖွင့်ရန် အသင့်ပြင်လိုက်ကြသည်။
သည်အခိုက်တွင် အမြန်ခရီးနှင်လာသည့် မြင်းနှစ်ကောင်သည် လမ်းတစ်ဖက်မှ ဝင်လာခဲ့သည်။
ကျင့်ကျောင်းယွဲ့က ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်ထားလိုက်သည်။ ဒီမြင်းနှစ်ကောင်းက... တစ်ခုခုဖြစ်တော့မယ်လို့ ဘာလို့ ခံစားနေမိပါလိမ့်။
သည်အချိန်တွင် မြင်းနှစ်ကောင်သည် စားသောက်ဆိုင်ရှေ့သို့ ရောက်နှင့်နေပြီးဖြစ်လေသည်။ မြင်းစီလာသူများက တောင့်တင်းသန်မာဟန်ရှိသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ နန်းစောင့်တပ် အဝတ်အစားနှင့် တစ်ပုံစံတည်းပင်။
“မင်းက ရှီကွမ်းသီးသန့်စားသောက်ဆိုင်ကလား” ထိုလူက မေးလိုက်သည်။
“ကျွန်မက ဆိုင်တာဝန်ခံပါ” ကျင့်ကျောင်းယွဲ့က ပြောလိုက်သည်။
ထိုလူက အမိန့်ပြားကို ထုတ်လာပြီး
“စားသောက်ဆိုင်ရဲ့ စားတော်ကဲကို နန်းတွင်းဆင့်ခေါ်ဖို့ မင်းကြီးက နှုတ်မိန့်တစ်ခု တစ်ခုထုတ်ပြန်လိုက်တယ်”
ကျင့်ကျောင်းယွဲ့၏နှလုံးသားမှာ လေးလံသွားတော့သည်။
“ဘာကိစ္စရှိလို့လဲ”
ထိုလူက အနည်းငယ် စိုးရိမ်နေပြီး လောဆော်လိုက်တော့သည်။
“မင်းတို့ဆိုင်ရဲ့ စားဖိုမှူး ဘယ်မှာလဲ၊ နန်းတော်ထဲဝင်ဖို့ ကျုပ်နောက် မြန်မြန်လိုက်ခဲ့”
ကျင့်ကျောင်းယွဲ့သည် မတတ်သာတော့ဘဲ ဝင်သွားကာ ကျန်းယွင်ကျူးကို အကျိုးအကြောင်း ပြောပြလိုက်လေသည်။ အခြေအနေ ဆိုးလာခဲ့လျှင် သူသည် ကျန်းယွင်ကျူးကို ချက်ချင်း ကာကွယ်ပေးပြီး ထွက်ပြေးနိုင်ရန် သူမက ကျန့်ချန်းချွန်းနှင့် တခြားသူများကို တိတ်တဆိတ် အချက်ပြထားလိုက်သည်။
ကျန့်ချန်းချွန်းနှင့် တခြားသူများက နားလည်သွားသည်။ လူနှစ်ယောက်ကို နှုတ်ဆိတ်ကာ စိုက်ကြည့်နေရင်း သူတို့သည် သူတို့၏ခန္ဓာကိုယ်ပေါ်က လက်နက်များကို ဆုပ်ကိုင်ထားလိုက်ကြသည်။
နန်းစောင့်တပ်သားနှစ်ယောက်မှာ ရှင်းမပြတတ်အောင် ကျောချမ်းသွားကြတော့သည်။ ဒါပေမဲ့ နွေရာသီလေ။ သူတို့တွေ ဘာလို့ အေးနေတယ်လို့ ခံစားနေရတာလဲ။
ကျန်းယွင်ကျူးသည် မင်းကြီးက သူမကို နန်းတွင်းသို့ ဆင့်ခေါ်သည်ဟု ကြားလိုက်ချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတော့သည်။ ဘာဖြစ်နေတာလဲ။ မနေ့က ဘဲသားက တစ်ခုခုလွဲသွားလို့လား။ မဟုတ်သေးပါဘူး။ တစ်ခုခု ဖြစ်ရင် မနေ့ကတည်းက အဖမ်းခံရမှာပေါ့။
“သူဌေး အနောက်တံခါးကနေ ထွက်ပြီး စစ်သေနာပတိချုပ်ရှန်ကို သွားရှာကြရင်ကော”
ကျင့်ကျောင်းယွဲ့က ပြောလိုက်သည်။
စစ်သေနာပတိချုပ်ရှန်က ကျန်းယွင်ကျူးကို ကာကွယ်ပေးလိမ့်မည်ဟု သူမ ယုံထားလေသည်။
ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်သည်။ ဘာဖြစ်နေမှန်း မသိဘဲနဲ့ အရင်ဆုံး ထွက်ပြေးခဲ့ရင် အချိန်တန်လာတဲ့အခါ သူမ အမှားပဲ ဖြစ်သွားလိမ့်မယ်။
ထိုသို့စဥ်းစားလိုက်ပြီး သူမက လျှောက်ကာ ထွက်လာလိုက်သည်။
“သူဌေး” ကျင့်ကျောင်းယွဲ့က စိုးရိမ်တကြီး ပြောလိုက်၏။
မကြာမီတွင် ကျန်းယွင်ကျူးသည် ဝင်ပေါက်ဆီသို့ ရောက်လာတော့သည်။
သူမကို တွေ့လိုက်ရသည်တွင် နန်းစောင့်တပ်သားနှစ်ယောက်မှာ အနည်းငယ် အံ့ဩသွားကြပြီး
“မင်းက ဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးလား”
“အင်း”
ကျန်းယွင်ကျူးက နွေဦးစမ်းရေလို အသံတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
သူမသည် မိန်းမလှလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရတော့ နန်းစောင့်တပ်သား နှစ်ယောက်က သူတို့၏လေသံကို လျှော့လိုက်ပြီး
“မင်းကြီးက မင်းကို နန်းတော်ထဲ ဆင့်ခေါ်ထားတယ်”
ထို့နောက် သူတို့က ထပ်ပြောလိုက်သည်။
“မယ်တော်မိဖုရားခေါင်ကြီးက ဒီနေ့မနက် ထလာကတည်းက ဘာမှ မစားမသောက်ချင်ဘူးတဲ့”
သူမကို နန်းတော်ထဲဆင့်ခေါ်ကာ ချက်ပြုတ်ခိုင်းဖို့လား။ ကျန်းယွင်ကျူးသည် သူ့စကားလုံး၏ အဓိပ္ပာယ်ကို ကြားလိုက်ပြီးနောက်တွင် စိတ်အေးသွားတော့သည်။
“မိန်းကလေး ကျေးဇူးပြုပြီးကြွပါ” ထိုလူက စိုးရိမ်တကြီး ပြောလိုက်၏။ မင်းကြီးက စောင့်နေပြီလေ။
လွန်ခဲ့သည့် ရက်ပိုင်းလောက်က ကျန်းယွင်ကျူးသည် လှည်းတစ်စီး ဝယ်လာခဲ့သည်။ အခုတော့ အသုံးဝင်လာပြီ။ ကျန့်ချန်းချွန်းက လှည်းမောင်းပေးပြီး ရှီလျို့က ကျန်းယွင်ကျူးနှင့် နန်းတော်သို့ လိုက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူတို့သည် အနှောင့်အယှက်ကင်းခဲ့သည်။ မကြာမီ လှည်းက နန်းတော်ထဲ ဝင်သွားပြီးနောက် ရပ်သွားသည်။ နန်းစောင့်တပ်သားနှစ်ယောက်က သူတို့လှည်းပေါ်က ဆင်းလာပြီး ကျန်းယွင်ကျူးကို မယ်တော်ကြီး နေထိုင်ရာ အဆောင်တော်သို့ ခေါ်လာခဲ့လိုက်သည်။
တစ်ဖက်တွက်တော့ ကျင့်ကျောင်းယွဲ့က ရှန်ဖုန်းမင်ထဲ စာတစ်စောင်ကို အလောတကြီး သွားပို့ခဲ့လေသည်။
သည်အချိန်တွင် မင်းကြီး၊ မယ်တော်ကြီးနှင့် တန့်ယန်းမင်းသမီးတို့အားလုံးသည် မယ်တော်ကြီး နေထိုင်ရာ အဆောင်တော်တွင် ရောက်နေကြသည်။
ဘာတွေဖြစ်နေတာလဲ။ ဒီမနက်က နန်းတွင်းအစေခံတွေက ခါတိုင်းလိုပဲ မယ်တော်ကြီးအတွက် မနက်စာ ပြင်ဆင်ပေးခဲ့သော်လည်း မယ်တော်ကြီးက အစားအသောက်ကို မြင်လိုက်ချိန်တွင် မသုံးဆောင်ချင်ခဲ့ပေ။
မယ်တော်ကြီးက မနက်စာ မစားဘူးတဲ့လား။ ဘယ်လိုဖြစ်တာလဲ။ သည်ကိစ္စသည် ချက်ချင်းဆိုသလို မင်းကြီးကို သတိပေးသလို ဖြစ်သွားတော့သည်။
မင်းကြီး ကြွလာသည်ပင် ဘာမှ မတတ်နိုင်ခဲ့ပေ။ နောက်ပိုင်းမှ အထိန်းတော်ချီက မယ်တော်ကြီးသည် မနေ့က ဘဲသားစားချင်တာဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ သူမ မှတ်မိသလောက်တော့ မနေ့ညက မယ်တော်ကြီးသည့် တန့်ယန်းမင်းသမီး ယူလာပေးသည့် ထိုက်ပိုင်ဘဲသားကို သုံးဆောင်ခဲ့ပြီး အလွန်မှ သဘောကျခဲ့သည်။ သူမသည် နှစ်ပန်းကန်ဆက်တိုက် သုံးဆောင်ခဲ့ပြီး ညအိပ်ရာမဝင်ခင် တစ်ခုခုကို ရေရွတ်ခဲ့သေးသည်။
ဟုတ်ပါသည်။ အားလုံးက ထိုအကြောင်းကို သတိမထားမိခဲ့ကြပေ။ မနေ့က ဖြစ်ခဲ့သမျှသည် မယ်တော်ကြီး နောက်တစ်နေ့ အိပ်ရာနိုးလာလျှင် မေ့သွားနေကြပင်။
သို့သော် သည်တစ်ကြိမ်တွင်တော့.... သူမက ခန့်မှန်းကြည့်လိုက်သည်။
ခန့်မှန်းချက်တစ်ခု ရှိနေသ၍ အဆင်ပြေသွားလိမ့်မည်။ ချင်းလုံဧကရာဇ်က တန့်ယန်းမင်းသမီးကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး သူမကို ထိုအကြောင်း ပြောပြလိုက်တော့သည်။
တန့်ယန်းမင်းသမီးမှာ အလွန်မှ အံ့ဩသွားပြီး မယ်တော်ကြီးကို မေးလိုက်လေသည်။
“မယ်တော် ထိုက်ပိုင်ဘဲသား စားချင်လို့လား”
“ထိုက်ပိုင်ဘဲသား ဟုတ်လား၊ စုန့်ကွမ်း နေမကောင်းဘူးမလား” မယ်တော်ကြီးက ပြောလိုက်၏။
တန့်ယန်းမင်းသမီးသည် မရေမရာ ဖြစ်သွားတော့သည်။
ဧကရာဇ်ချင်းလုံသည် ဖြစ်နိုင်ခြေတစ်ခုကိုမှ အလွှတ်မခံဘဲ မနေ့က ဘဲသားချက်ပေးခဲ့သည့် စားဖိုမှူးကို ချက်ချင်း လူလွှတ်ပြီး ဆင့်ခေါ်လိုက်တော့သည်။ ထို့ကြောင့် အစောပိုင်းဖြစ်ရပ် ဖြစ်ပေါ်လာခြင်းပင်။
ကျန်းယွင်ကျူးသည် ပင်မဆောင်ထဲသို့ လှမ်းဝင်လာလိုက်ပြီး မင်းကြီး၊ မယ်တော်ကြီးနှင့် တန့်ယန်းမင်းသမီးတို့ကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
သူမက ယဥ်ယဥ်ကျေးကျေး အနေအထားမှန်မှန်ဖြင့် ပြုမူလိုက်သည်။ လေးစားမှု ရှိသော်လည်း ပျာယာခတ်မနေကာ လေထဲတွင် မိုးမခကိုင်းလေးများ ယိမ်းနေသည့်အလား ကျက်သရေရှိစွာ ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
သူမ၏ခေါင်းကို ငုံ့ထားသဖြင့် တန့်ယန်းမင်းသမီးက သူမ၏အမူအရာကို မတွေ့ရပေ။ သို့တိုင် သူမက အလွန်မှ တည်ငြိမ်ပြီး ဣန္ဒြေရှိလှသည်ကို တွေ့လိုက်ရသဖြင့် တန့်ယန်းမင်းသမီးက သူမကို စိတ်ထဲက သဘောကျမိလေသည်။
ဧကရာဇ်ချင်းလုံက ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။ စားဖိုမှူးလေးက ဒီလောက်လှတဲ့ မိန်းမလေးတစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ အမြင့်တစ်နေရာက သူသည် ငုံ့ကြည့်လိုက်လေသည်။ သူသည် ကျန်းယွင်ကျူး၏ မျက်နှာတစ်ခြမ်းကိုသာ မြင်ရပြီး သူမသည် အလွန်မှနူးညံ့ကာ ဆွဲဆောင်မှုရှိမှန်း တွေ့လိုက်ရလေသည်။
တန့်ယန်းမင်းသမီးသည် ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့ကြားက ဆက်ဆံရေးကို သေချာမသိသော်လည်း သူမသည် ကျန်းယွင်ကျူးကို သေချာပေါက် ကူညီပေးချင်လေသည်။ သူမက ချက်ချင်း ထပြောလိုက်၏။
“မယ်တော်က ခံတွင်း မတွေ့လို့တဲ့၊ ဒါပေမဲ့ မနေ့က မင်းလုပ်ပေးခဲ့တဲ့ ထိုက်ပိုင်ဘဲသားကိုတော့ သူ အရမ်းကြိုက်တယ်၊ မင်းက မယ်တော်ကြီးအတွက် နောက်တစ်ခါ ထပ်ကူညီပေးလို့ရမလား”
သူမက ထိုစကားကို အလွန်ညင်သာစွာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့”
ကျန်းယွင်ကျူးက ပြောလိုက်သည်။ ချက်ပြုတ်ပေးရုံပဲလေ။
“ဒါဆို မင်း သွားလို့ရပြီ” တန့်ယန်းမင်းသမီးက ပြောလိုက်သည်။
ကျန်းယွင်ကျူးက နောက်ဆုတ်ကာ ထွက်လာခဲ့သည်။
ချင်းလုံဧကရာဇ်နှင့် တန့်ယန်းမင်းသမီးတို့သာ နန်းဆောင်ထဲတွင် ကျန်ရစ်ခဲ့ကြသည်။
ချင်းလုံဧကရာဇ်က မသိမသာ မျက်မှောင်ကြုတ်ထားလိုက်သည်။ တန့်ယန်းမင်းသမီးက ဒီစားတော်ကဲကို တခြားလူတွေနဲ့ ဆက်ဆံတာ မတူဘူးလို့ ဘာလို့ ခံစားမိနေတာလဲ။
“ညီမတော်ကြောင့် သူ့ကို ရုတ်တရက်ကြီး နန်းတော်ကို ခေါ်လိုက်ရတာလေ၊ မိန်းကလေးက တော်တော်လေး ထိတ်လန့်သွားမှာပဲ” တန့်ယန်းမင်းသမီး ရှင်းပြလိုက်သည်။
ဧကရာဇ်ချင်းလုံက ခေါင်းညိတ်လိုက်၏။
ကျန်းယွင်ကျူးသည် တော်ဝင်စားဖိုဆောင်သို့ သွားလိုက်တော့သည်။ သည်အချိန်တွင် တော်ဝင်စားဖိုဆောင်က နေ့လယ်စာကို ပြင်ဆင်နေသည်။ အလုပ်များနေသော်လည်း အမိန့်ဖြစ်နေ၏။
ကျန်းယွင်ကျူးက အိပ်မက်ထဲတွင် တော်ဝင်စားဖိုဆောင်သို့ တစ်ကြိမ် ရောက်ခဲ့ဖူးသည်။ သူမသည် တုန်းမျိုးနွယ် တော်ဝင်စားတော်ကဲနှင့်အတူ သည်နေရာတွင် လေ့လာ ဆွေးနွေးခဲ့ပြီး ပညာအမြောက်အများ ရခဲ့လေသည်။
အခုတော့ သူမသည် သည်နေရာသို့ တစ်ဖန်ပြန်ရောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ တော်ဝင်စားတော်ကဲ တုန်းများ ရှိနေမလားဟု တွေ့ချင်သွားတော့သည်။
လူများစွာရှိနေ၏။ သူမသည် တစ်ချက်ကြည့်ရုံဖြင့် သူ့ကို မတွေ့ရပေ။
“မိန်းကလေး မင်း လိုအပ်တာရှိရင် ကျွန်မကို ပြောပါ” အထိန်းတော်ချီက ကျန်းယွင်ကျူးကို ပြောလိုက်သည်။
သည်ကိုလာခဲ့သည့် လမ်းတွင် ကျန်းယွင်ကျူးသည် ချက်ပြုတ်မည့်အရာကို စဥ်းစားထားပြီး ဖြစ်လေသည်။ ထိုက်ပိုင်ဘဲသားကတော့ မပါမဖြစ်ပဲ။ မယ်တော်ကြီးက မနက်ကတည်းက ဘာမှ မစားရသေးဘူးထင်တယ်။ လူကြီးတစ်ယောက်အတွက် အစာအိမ်လွတ်တစ်ခုက ထိုက်ပိုင်ဘဲသား စားရင် နည်းနည်းအဆီများလိမ့်မယ်။
“ကျွန်မ လိုတာက....”
သူမက ထိန်းမထားတော့ဘဲ သူမ လိုအပ်သည့် ပစ္စည်းတိုင်းကို တစ်ခုချင်း ရွတ်ပြလိုက်လေသည်။
အထိန်းတော်ချီက လူများကို ခေါ်လိုက်ပြီး ပစ္စည်းများကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်ရာ မကြာမီတွင် အားလုံး အဆင်သင့်ဖြစ်သွားတော့သည်။
ကျန်းယွင်ကျူးက လက်ဆေးလိုက်ပြီး စတင်ချက်ပြုတ်တော့သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်သည် သူမ နန်းတွင်းထဲ ဝင်သွားသည့်သတင်းကို ရသွားတော့သည်။ သူသည် ထရပ်ပြီး မြင်းပေါ်တက်ကာ နန်းတော်သို့ ချက်ချင်း သွားလိုက်လေတော့သည်။
...
အပိုင်း (၁၁၁)
သည်ဘက်တွင် မယ်တော်ကြီး နေထိုင်ရာနန်းဆောင်သည် ပိုပိုကြီး စည်ကားလာလေသည်။ မယ်တော်ကြီးက မစားချင် မသောက်ချင်ဖြစ်နေပြီး မင်းကြီးကတောင် အလန့်တကြားဖြစ်ခဲ့ရသည်။ မိဖုရားခေါင်ကြီးက သတင်းလာမေးပြီး ပြုစုစောင့်ရှောက်ပေးဖို့ အသင့်ဖြစ်နေသည်က သဘာဝပင်။
သူမ ရောက်လာပြီး သိပ်မကြာခင်တွင် ဝူကွေ့ဖေးက သူမ၏သမီးကိုခေါ်ကာ ရောက်လာခဲ့သည်။
နှစ်ယောက်သား တွေ့ကြချိန်တွင် ကိုယ်စီမျက်နှာပေါ်၌ အပြုံးများ ရှိနေကြသည်။ သူတို့ စဥ်းစားနေသည့်အရာကိုတော့ မည်သူကမှ မသိကြပေ။
“မယ်တော်ကြီး ဘယ်လိုနေသေးလဲ”
ဝူကွေ့ဖေးက မယ်တော်ကြီးကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ရှောင်းလီယွီကို ရှေ့တက်ခိုင်းလိုက်လေသည်။ ရှောင်းလီယွီက မယ်တော်ကြီးကို စိုးရိမ်တကြီးဖြင့် ချက်ချင်း သတင်းမေးလိုက်တော့သည်။
“မင်းက”
မယ်တော်ကြီးက ရှောင်းလီယွီကို မမှတ်မိချေ။ သူမ၏မှတ်ဉာဏ်ထဲတွင် ရှောင်းလီယွီသည် ၁၂ နှစ် ၁၃နှစ်အရွယ် မိန်းကလေးတစ်ယောက် ဖြစ်နေသည်။ သူမရှေ့က လူနှင့် မတွဲမိချေ။
ရှောင်းလီယွီ၏မျက်နှာက အေးခဲသွားကာ
“မယ်တော်ကြီး သမီးတော်က လီယွီပါ”
“လီယွီလား၊ မင်းက လီယွီလား”
မယ်တော်ကြီးက ထိုအကြောင်းကို မယုံနိုင်ဖြစ်နေကာ ရှောင်းလီယွီကို သေသေချာချာ ကြည့်လိုက်လေသည်။ ထို့နောက် သူမက ခေါင်းပေါ် လက်တင်လိုက်ပြီး အလွန်မှ စိတ်သောကသွားတော့သည်။
“မင်းသမီး တစ်ဆယ်၊ နောက်မဆုတ်သေးဘူးလား”
သည်အခိုက်တွင် မိဖုရားခေါင်ကြီးက ပြောလိုက်ပြီး သူမ၏အသံက အနည်းငယ် အေးစက်နေသည်။ ထို့နောက် သူမက ဝူကွေ့ဖေးကို တည့်တည့်ပြောလိုက်၏။
“ကွေ့ဖေး မင်း မယ်တော့် အခြေအနေကို သိသင့်ပါတယ်၊ မယ်တော့်ကို ခက်ခဲအောင် တမင်လုပ်နေတာ မဟုတ်ဘူးးလား”
ဒါသည် ကြီးမားသည့် အန္တရာယ်ရှိသည့်စကားပင်။ ဝူကွေ့ဖေးက ချက်ချင်း ပြောလိုက်၏။
“နန်းတွင်းသမားတော်က အတိတ်က လူဟောင်း အကြောင်းအရာဟောင်းတွေနဲ့ တွေ့ဆုံရရင် မယ်တော့်အတွက် ကောင်းတယ်လို့ ပြောလို့ပါ၊ လီယွီက နန်းတော်ထဲမှာ ကြီးပြင်းလာတာလေ ပြီးတော့ မယ်တော့်ကိုလည်း သိတတ်ရမှာပေါ့၊ သူက မယ်တော်ကို အလုပ်အကျွေးပြုမသင့်ဘူးလား”
“သူက အရင်တုန်းကတော့ မယ်တော့်ကို ဘာလို့ လာမခစားတာလဲ”
မိဖုရားခေါင်ကြီးက ပေါ့ပေါ့ပါးပါး ပြန်ချေပလိုက်သည်။ အဓိပ္ပာယ်မှာ မင်းကြီးရောက်လာမှ သူမက ရောက်လာရသလားဟူ၍။
“မိဖုရားခေါင်က ဘယ်လိုသိ....”
“တော်တော့”
ချင်းလုံဧကရာဇ်က လေသံနိမ့်ကာ ငေါက်လိုက်တော့သည်။ ညီလာခံမှာ အငြင်းအခုံဖြစ်ကြတယ်၊ အနောက်နန်းဆောင်မှာလည်း မရပ်ကြဘူး။
မိဖုရားခေါင်ကြီးနှင့် ဝူကွေ့ဖေးတို့သည် ခေါင်းကို ငုံ့ကာ ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်ကြသည်။ ရှောင်းလီယွီလည်း ဘေးသို့ ပြန်ဆုတ်နေလိုက်သည်။
သည်အခိုက်တွင် နန်းတွင်းအစေခံများက ရှန်ဖုန်းမင် ရောက်ရှိလာကြောင်း သတင်းလာပို့လေသည်။
“သူ့ကို ဝင်လာခိုင်းလိုက်”
ဧကရာဇ်ချင်းလုံးက ပြောလိုက်၏။ ရှန်ဖုန်းမင်က မယ်တော်ကြီး မစားသောက်သည့်အကြောင်း ကြားသဖြင့် အလည်လာသည်ဟု ထင်လိုက်ခြင်းပင်။ သူသည် ထိုကိစ္စကို အများကြီး မစဥ်းမိလိုက်ချေ။
သူ့ဘေးက တန့်ယန်းမင်းသမီးကတော့ လန့်ဖျပ်သွားလေသည်။ သူမရဲ့သားက ဒီကိုရောက်လာတယ်။ သူက မယ်တော်ကြီးဆီ လာလည်တာလား။ ဒါမှမဟုတ်...
ရှန်ဖုန်းမင်းသည် အခန်းထဲဝင်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်၏။
သူသည် မယ်တော်ကြီးကို ဦးညွှတ်နှုတ်ဆက်လိုက်ချိန်တွင် မယ်တော်ကြီးက သူ့ကို ဆွဲပင့်လိုက်ပြီး သူမဘေးတွင် ထိုင်ဖို့ လက်ပြလိုက်သည်။
“ဒီနေ့ကျမှ နန်းတော်ထဲဝင်ဖို့ ဘယ်လိုအကြောင်းကြောင့် အားလပ်နေတာလဲ” သူမက မေးလေသည်။
“မနက်တော်တုန်းက အဘွားတော် ဘာမှမစားဘူးလို့ ကျွန်တော် ကြားလို့ပါ” ရှန်ဖုန်းမင်က သတင်းမေးလိုက်သည်။
“ဒီကိုလာရလောက်အောင် ကိစ္စကြီးကြီးမားမားလည်း မဟုတ်ပါဘူး၊ တစ်ခုခုကို မေ့သွားသလို ခံစားလိုက်ရပြီး စားချင်စိတ်ပျောက်သွားလို့ပါ”
မယ်တော်ကြီးက ပြုံးလိုက်ပြီး
“မင်း စားပြီးပြီလား၊ မစားရသေးရင် ဒီမှာ တစ်နပ်လောက် စားသွား”
ထို့နောက် သူမက ဧကရာဇ်ချင်းလုံနှင့် တခြားသူများကို တန်းပြောလိုက်လေသည်။
“ငါ မင်းတို့တွေကို လန့်အောင်လုပ်ခဲ့မိတယ်”
ဧည့်သည်ကို ပြန်ပို့ရမည့်အချိန်ကျပြီဟူသည့် အဓိပ္ပာယ်ပင်။
သို့သော် သူမက ရှန်ဖုန်းမင်၏လက်ကို ကိုင်ထားလေသည်။ သူမက သူ့ကို သဘောအကျဆုံးဟု ပြသနေခြင်းပင်။
ဝူကွေ့ဖေးသည် စိတ်ဆိုးမိသော်လည်း သူမ၏မျက်နှာကတော့ အပြုံးများ အပြည့်ပင်။ သူမက ဟာသနှောကာ ပြောလိုက်တော့သည်။
“မယ်တော်ကတော့ ဖုန်းမင် ရောက်လာတာနဲ့ အစားစားချင်စိတ် ဖြစ်သွားပြီ၊ မယ်တော်က သူ့ကို အချစ်ဆုံး ဆိုတဲ့အတိုင်းပဲ”
မိဖုရားခေါင်က သူမကို လှမ်းကြည့်လိုက်ပြီး ဘာမှ မပြောလိုက်တော့ချေ။
ဝူကွေ့ဖေးက ခေါင်းကို လှည့်ကာ ဧကရာဇ်ချင်းလုံကို ပြောလိုက်၏။
“မင်းကြီး ခဏနေ နေ့လယ်စာ စားချိန်ရောက်တော့မယ်၊ ဒီက ကွေ့ဖေးရဲ့ စားဖိုဆောင်ငယ်လေးက မင်းကြီးအကြိုက် ဝက်ပေါင်ခြောက်နှပ်နဲ့ ငါးကလီစာ ချက်ထားပေးပါတယ်၊ မင်းကြီးက မြည်းကြည့်ပါအုံးလား။
မယ်တော်ကြီးအတွက်တော့ လီယွီကို နေခိုင်းခဲ့ပြီး ပြုစုခိုင်းလိုက်ပါမယ်၊ သူမ အကောင်းဆုံးလုပ်ပါစေ”
ဝူကွေ့ဖေးသည် ထိုစကားကို ပြောလိုက်ချိန်၌ သူမတွက် အစီစဥ်ကောင်းတစ်ခု ရှိလေသည်။ ပထမအချက်မှာ သူမက မင်းကြီးကို သူမ၏နန်းဆောင်သို့ ဖိတ်မည်။ ဒုတိယအနေဖြင့် ရှောင်းလီယွီကို ထားခဲ့ခြင်းက ရှန်ဖုန်းမင်နှင့် အနေနီးစေမည့် အခွင့်အရေးတစ်ခု ရမည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။
သူမသည် ရှောင်းလီယွီကို ရှန်မိသားစုနှင့် လက်ဆက်ပေးဖို့ စိတ်ကူးကို မသ-တ်ရသေးပုံပင်။ သူမသည် ရှန်မိသားစု အထောက်အပံ့ရလာသည်နှင့် ပိုပြီး အင်အားကြီးလာလိမ့်မည်။ မိဖုရားခေါင်က ကျိတ်ပြီး အံကြိတ်ထားလိုက်တော့သည်။ သူမဆီမှာ လက်ထပ်ပေးဖို့ သမီးတစ်ယောက် မရှိတာ နှမြောစရာပဲ။ မဟုတ်လို့ကတော့ သူမရဲ့အလှည့်တောင် ရောက်လာမှာမဟုတ်ဘူး။
သို့သော် မကြာလိုက်ပေ။ သူမက လှောင်ပြုံးတစ်ခု ပြုံးလိုက်လေသည်။ သူမမှာ ဒီလောက်ကောင်းတဲ့ စိတ်ကူးတွေ ရှိနေပေမဲ့လည်း ရှန်ဖုန်းမင်က လက်ထပ်မှာတဲ့လား။ ဒါက ကိုယ့်ဟာကိုယ် အရှက်ခွဲတာပဲ။
ဧကရာဇ်ချင်းလုံက ထရပ်လိုက်သည်။ မိဖုရားခေါင်က နောက်မှလိုက်ပြီး ထွက်သွားခဲ့သည်။ ဝူကွေ့ဖေးလည်း ပြန်သွားခဲ့သည်။ မယ်တော်ကြီး၊ တန့်ယန်းမင်းသမီး၊ ရှန်ဖုန်းမင်နှင့် ရှောင်းလီယွီတို့သာ ကျန်ခဲ့သည်။
ရှောင်းလီယွီက ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး မည်သို့ စကားသွားပြောရမည်ကို စဥ်းစားနေလေသည်။
သည်အချိန်တွင် နန်းတွင်းအစေခံတစ်ယောက်က လက်ဖက်ရည် ယူလာသည်နှင့် တိုက်ဆိုင်သွားတော့သည်။ သူမက ချက်ချင်း ထရပ်လိုက်ပြီး လက်ဖက်ရည်ကို ယူကာ ရှန်ဖုန်းမင်ထံ လှမ်းပေးလိုက်လေသည်။
“ဝမ်းကွဲအစ်ကိုတော် လက်ဖက်ရည်လေး သောက်ပါအုံး”
“ကျေးဇူးတင်ပါတယ်”
ရှန်ဖုန်းမင်က လက်ဖက်ရည်ကို ယူလိုက်သော်လည်း မသောက်ပေ။ ဘေးတွင်သာ ချထားလိုက်သည်။
ရှောင်းလီယွီက လက်ဖက်ရည်ပန်းကန်ကို ကြည့်လိုက်ပြီး သွေးတိုးစမ်းကာ ပြောလိုက်လေသည်။
“ဝမ်းကွဲအစ်ကိုတော် ညီမတော်လေ တလောက အနောက်ဘက်ဒေသ မြင်းကောင်းတစ်ကောင် ရထားတယ်၊ အစ်ကိုတော်အားတဲ့အခါ ညီမတော်ကို တစ်ချက်လောက် လိုက်ကြည့်ပေးပါလား”
“ကျုပ်က နန်းတွင်းကိစ္စတွေနဲ့ အလုပ်များနေတော့ အချိန်မရှိမှာ စိုးပါတယ်၊ မင်းသားခြောက်ကလည်း ကျွမ်းကျင်သူတစ်ယောက်ပါပဲ၊ မင်းသမီး သူ့ကို အကူအညီတောင်းလိုက် သင့်ပါတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ရှောင်းလီယွီသည် သူမ၏နှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားလိုက်ပြီး သူမ၏မျက်နှာက ဝမ်းနည်းမှုနှင့် ပြည့်နက်သွားတော့သည်။ တကယ်ပဲ သူက ဘာလိုချင်တာလဲ။ သူမကဖြင့် ကိုယ့်ဟာကို ဒီလိုတောင် နိမ့်ချထားတဲ့ဟာကို။
တန့်ယန်းမင်းသမီးက လက်ဖက်ရည် သောက်နေလိုက်သည်။ သူမသည် ဝူကွေ့ဖေးနှင့် ရှောင်းလီယွီတို့၏ စိတ်ကူးကို သေသေချာချာ သိနေလေသည်။ သူမသည် သူမ ငယ်စဥ်ကအချိန်ကို စဥ်းစားမိလိုက်လေသည်။ လက်ရှိအခြေအနေက ဟိုတုန်းက သူတို့နဲ့ အတူတူပဲ မဟုတ်ဘူးလား။
သူမသည် ရှန်ဖုန်းမင်ကို ရှောင်းလီယွီနှင့် လက်မဆက်စေလိုပေ။ ထို့ကြောင့် သူမက သည်အတိုင်းသာ ကြည့်နေလိုက်ပြီး ဘာမှ မပြောလိုက်ပေ။
မယ်တော်ကြီးက ရှန်ဖုန်းမင်နှင့် စကားပြောနေပြီး တန့်ယန်းမင်းသမီးက တစ်ယောက်တည်း ကြည်နူးနေသည်။ ရှောင်းလီယွီတစ်ယောက်သာ လူပိုဖြစ်နေသယောင်။
ဘယ်ကတည်းက သူမက ဒီလို တွေ့ကြုံခဲ့ရတာလဲ။ သူမက မတ်တပ်ရပ်လိုက်သည်။
တန့်ယန်းမင်းသမီးက သူမကို ကြည့်လိုက်၏။
“အဘွားတော်၊ အရီးတော် ကျွန်မ....” ရှောင်းလီယွီ၏မျက်နှာသည် ဖြူဖျော့နေတော့သည်။
“မင်း နေမကောင်းဘူးလား၊ ပြန်သွားပြီး နားလိုက်ပါ၊ ဒီမှာ မယ်တော့်နားမှာ ငါ ရှိပါတယ်”
တန့်ယန်းမင်းသမီးက ကိုယ်ချင်းစာစိတ်ဖြင့် ပြောလိုက်လေသည်။
ရှောင်းလီယွီက အံကြိတ်ပြီး ထွက်သွားတော့သည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက အစားအသောက်များကို ပြင်ဆင်ထားပြီးဖြစ်သည်။ အထိန်းတော်ချီက ဝင်လာပြီး မယ်တော်ကြီးကို စားသောက်ဖို့ မေးလိုက်သည်။
“အစားအသောက်တွေ တည်ခင်းလိုက်ပါ”
မယ်တော်ကြီးက မိန့်လိုက်၏။ သူမလည်း ဗိုက်ဆာလာပြီလေ။ ထို့နောက် သူမက တန့်ယန်းမင်းသမီးနှင့် ရှန်ဖုန်းမင်ဘက်သို့ လှည့်လိုက်ပြီး
“မင်းတို့အားလုံး ဒီကိုလာတာ ရှားတယ်၊ ငါနဲ့အတူတူ တစ်နပ်လောက် စားသွားကြ”
“ဟုတ်ကဲ့”
ခဏအကြာတွင် အစားအသောက်များ ပြင်ဆင်ပြီးသွားတော့သည်။ အလယ်တွင် တည်ခင်းထားသည့်ဟင်းကတော့ ထိုက်ပိုင်ဘဲသားဖြစ်သည်။ ကြာရွက်ဆန်ပြုတ်နှင့် အရံဟင်းလျာ အနည်းငယ်လည်း ပါသည်။ မယ်တော်ကြီးအတွက် အဆင်အပြေဆုံးပင်။
“ငါ ဒီထိုက်ပိုင်ဘဲသားကို စားနေချင်နေတာ၊ စုန့်ကွမ်း နေမကောင်းဖြစ်နေတာ ပြန်ကောင်းသွားပြီလား”
မယ်တော်ကြီးက ထိုက်ပိုင်ဘဲသားကို မြင်လိုက်ချိန်တွင် ဝမ်းသာအားရ မှတ်ချက်ပေးလိုက်သည်။ သူမသည် ပျော်စရာကောင်းသည့် အကြောင်းတစ်ခုခုကို သတိရသွားသယောင်။
“မယ်တော်ကြီး ဒီထိုက်ပိုင်ဘဲသားက စုန့်ကွမ်းလုပ်ထားတာ မဟုတ်ပါဘူး၊ ကျန်းမျိုးရိုး စားတော်ကဲတစ်ယောက် လုပ်ထားတာပါ”
သည်နေ့တော့ တန့်ယန်းမင်းသမီးသည် မနေ့ကလို မလုပ်တော့ဘဲ အကြောင်းအရာကို ရှင်းပြဖို့ ဆုံးဖြတ်လိုက်တော့သည်။
“စုန့်ကွမ်း လုပ်တာ မဟုတ်ဘူးလား”
မယ်တော်ကြီးက ဘဲသားတစ်ကိုက်စားလိုက်ပြီး
“စုန့်ကွမ်းရဲ့လက်ရာထက်တောင် ပိုကောင်းနေသလိုပဲ”
“မိန်းကလေးကျန်းကို ဝင်လာခိုင်းလိုက်ပါ” တန့်ယန်းမင်းသမီးက အမိန့်ပေးလိုက်သည်။
မကြာမီတွင် ကျန်းယွင်ကျူးသည် ခန်းမထဲ ဝင်လာပြီး အားလုံးကို နှုတ်ဆက်လိုက်လေသည်။
“မိန်းကလေးတစ်ယောက် ဖြစ်နေတာပဲ”
မယ်တော်ကြိးက ကျန်းယွင်ကျူးကို လက်ဝေ့ပြကာ သူမအနားသို့လာဖို့ ခေါ်လိုက်လေသည်။ သူမက ကျန်းယွင်ကျူးကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။
ကျန်းယွင်ကျူးက အေးချမ်းကာ ယဥ်ကျေးသည့်အပြုအမူဖြင့် မယ်တော်ကြီး၏မေးခွန်းများကို ဖြေလိုက်လေသည်။
“ဟင်းလျာတွေက ကောင်းမွန်ပြီး လူကလည်း တော်တယ်” မယ်တော်ကြီးက နောက်ဆုံးတော့ ထုတ်ပြောလိုက်သည်။
ကျန်းယွင်ကျူးက အလိုလိုနားလည်သိဖြင့် ပြန်ထွက်သွားလိုက်သည်။
တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူး ဝင်လာသည်နှင့်ချက်ချင်း ရှန်ဖုန်းမင်၏ အမူအရာကို အာရုံစိုက်ထားလိုက်သည်။ သူက ပုံမှန်ဆိုရင် အေးစက်စက် မျက်နှာတစ်ခုနဲ့ပါ။ သူ့ဆီက ဒီလိုမြင်ရဖို့က ခက်ခဲလိုက်တဲ့ဖြစ်ခြင်း။
ကျန်းယွင်ကျူး ထွက်သွားချိန်တွင်တော့ သံသယစိတ်များက တန့်ယန်းမင်းသမီးထံတွင် ကြီးထွားလာတော့သည်။
စားသောက်ပြီးနောက် မယ်တော်ကြီးက အနားယူချင်သည်။ တန့်ယန်းမင်းသမီးက ရှန်ဖုန်းမင်နှင့်အတူ ထွက်လာခဲ့သည်။
ရှည်လျားလှသည့် နန်းတော်တံတိုင်းအရောက်တွင် တန့်ယန်းမင်းသမီးမှာ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ရှန်ဖုန်းမင်ကို မေးလိုက်တော့သည်။
“မင်း မိန်းကလေးကျန်းကို ဘယ်လိုသဘောရလဲ၊ အမေ့အထင်တော့ သူ့ပုံစံလေးနဲ့ အကျင့်စရိုက်က တော်တော်လေး ကောင်းတယ်၊ သူ့ကို သားရဲ့ ကိုယ်လုပ်တော်အဖြစ် ထားမယ်ဆိုရင် ဘယ်လိုထင်လဲ”
ဟုတ်ပါတယ်။ ကိုယ်လုပ်တော်ပါ။ ရှန်မိသားစုရဲ့ မိသားစုအဆင့်အတန်းနဲ့ဆိုရင် ကျန်းယွင်ကျူးကို ကိုယ်လုပ်တော်အခန်းမှာ လက်ခံထားတာက သူမကို သိမ်ငယ်စေတယ်လို့ မထင်ဘူး။
ထိုစကားကို ကြားလိုက်ရပြီးနောက် ရှန်ဖုန်းမင်သည် တန့်ယန်းမင်းသမီးကို တည့်တည့်ကြည့်လိုက်ပြီး
“အမေ ဒုက္ခမရှာပါနဲ့၊ ကျွန်တော် ကြိုက်တဲ့သူ တွေ့ရင် ကျွန်တော်က သူ့ကိုပဲ သေချာပေါက် လက်ထပ်မှာ”
သူသည် သြဇာသံနှင့် အားအင်အပြည့်ဖြင့် ကြေညာလိုက်လေသည်။ ပြောပြီးသည်နှင့် တန့်ယန်းမင်းသမီး၏ ပြန်ပြောမည့်စကားကို စောင့်မနေတော့ဘဲ လှည့်ထွက်သွားတော့သည်။
တန့်ယန်းမင်းသမီးက ထိုနေရာတွင် ရပ်နေမိလေသည်။ အခိုက်တန့်အတွင်း သူမသည် စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်က စားဖိုမှူးတစ်ယောက်ကို သူမိန်းမအဖြစ် လက်ထပ်ချင်နေခဲ့တာလား။ သူတို့ရှန်မိသားစုက အားလုံးအတွက် ရယ်စရာအိုးကြီး ဖြစ်နေတော့မှာမလား။ အခိုက်တန့်လေးတွင် သူမသည် ရှန်ဖုန်းမင်က ထိုအဓိပ္ပာယ်မျိုး မရှိလောက်ပါဟု ခံစားလိုက်တော့သည်။
သည်ဖက်တွင် ကျန်းယွင်ကျူးက လှည်းတစ်စီးဖြင့် နန်းတော်ထဲမှ ထွက်လာခဲ့လေသည်။ ရုတ်တရက်ဆိုသလို နောက်မှ မြင်းခွာသံများကို ကြားလိုက်ရသည်။ ထို့နောက် ကျန့်ချန်းချွန်းက ပြောလိုက်၏။
“စစ်သေနာပတိချုပ်ရှန်ကို ဂါရဝပြုပါတယ်”
သူ ရောက်လာတာလား။ ကျန်းယွင်ကျူးက လှည်းခန်းဆီးကို ပင့်လိုက်၏။ အပြင်တွင် မားမားမတ်မတ် ထိုင်နေသူက အမှန်ပင် ရှန်ဖုန်းမင် ဖြစ်နေသည်။
သည်နေ့၏ စစ်သေနာပတိချုပ်ရှန်က ခါတိုင်းလိုပင် ချောမောကာ အရောင်အဝါအပြည့်ဖြစ်နေဆဲ။
“အဘွားတော်ကို ကိုယ်တို့နှစ်ယောက်ရဲ့ မင်္ဂလာအမိန့်တော်ကို ပြန်ခိုင်းလိုက်ရမလား” ရှန်ဖုန်းမင်က ရုတ်တရက် ပြောလိုက်၏။
ကျန်းယွင်ကျူးသည် မူလက သူ့ကို စကားအများကြီး ပြောချင်လိုက်သော်လည်း သည်စကားတစ်ခွန်းနှင့်တင် အားလုံးကို မျိုသိပ်ထားလိုက်ရတော့သည်။ သူက တကယ် အတည်ပြောနေတာလား။
ရှန်ဖုန်းမင်သည် အမှန်ပင် လေးလေးနက်နက်ဖြစ်နေပြီး သေသေချာချာလည်း စဥ်းစားထားပြီးသားပင်။
“မယ်တော်ကြီးက သဘောတူပါ့မလား” ကျန်းယွင်ကျူုးမှာ ရင်ခုန်နေမိလေသည်။
“မင်း သဘောတူတယ်လား”
ထို့အစား ရှန်ဖုန်းမင်က သည်စကားကို သူမအား မေးလိုက်၏။ သူမ သဘောတူသရွေ့တော့ သူက မယ်တော်ကြီးကို နားချမှာပေါ့။
ကျန်းယွင်ကျူးမှာ နင်သွားတော့သည်။ သဘောတူသလားတဲ့။ သူမကတော့ ကြည့်ရတာ အဆင်သင့် မဖြစ်သေးဘူးထင်တာပဲ။ ပြီးတော့ သူမက ရှီကွမ်းစားသောက်ဆိုင်က ဘဝကို ပိုသဘောကျတယ်။
“သွားစို့၊ ကိုယ်မင်းကို ပြန်ပို့ပေးမယ်” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မကျေပ်မနပ်ဟန်များ ရှိမနေချေ။
“အွန်း” သူမက ပြန်ဖြေလိုက်သည်။
သူတို့ ထွက်သွားပြီးနောက် လူသုံးယောက်က အနီးနားကလမ်းထဲမှ ထွက်လာခဲ့သည်။ လင်ထင်အန်း၊ လင်ချင်းနှင့် ကျန်းယွင်ရှို့တို့ပင်။
ကျင်းကျောက်အုပ်ချုပ်ရေးမှူး ရားထူးလျှော့ခံရသည့် ကိစ္စကြောင့် ရှီကွမ်းစားသောက်ဆိုင်ကို သတိထားမိသူမှာ တန့်ယန်းမင်းသမီးတစ်ယောက်တည်း မဟုတ်ချေ။ လင်ထင်အန်းသည် မြို့တော်သို့ ဝင်လာပြီးနောက် သူသည် ကျန်းယွင်ကျူးကို တိတ်တဆိတ် ရှာဖွေနေခဲ့သည်။ သို့သော် အကြောင်းတချို့ကြောင့် သူသည် သူမကို လုံးဝရှာမတွေ့နိုင် ဖြစ်ခဲ့ရသည်။
ရှီကွမ်းစားသောက်ဆိုင် အခြေအနေကို စုံစမ်းကြည့်လိုက်ပြီးနောက် ကျန်းယွင်ကျူးက ထိုနေရာတွင် ရှိရမည်ဟု သေချာသလောက် ဖြစ်သွားခဲ့သည်။
သည်နေ့ သူ ထွက်လာချိန်တွင် သူလုပ်ခဲ့သည့်အရာများထဲက တစ်ခုမှာ ရှီကွမ်းစားသောက်ဆိုင်တွင် ကျန်းယွင်ကျူးကို သွားရှာခဲ့ခြင်းပင်။ ကံအကြောင်းမသင့်တော့ ကျန်းယွင်ကျူးက နန်းတော်ထဲ ဝင်သွားခဲ့သည်။ သူ့ခရီးမှာ အချည်းနှီးဖြစ်ခဲ့ရလေသည်။
သို့သော်ငြား သူသည် သည်နေရာတွင် သူမနှင့်ရှန်ဖုန်းမင်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က အလွန်မှ တရင်းတနှီး စကားပြောနေခဲ့လေသည်။
လင်ထင်အန်း၏အကြည့်မှာ မည်းနက်သွားတော့သည်။
ကျန်းယွင်ရှို့က ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့ကို တွေ့လိုက်ရပြီး အံ့ဩသွားသလို ကြောက်ရွံ့သွားတော့သည်။ ကျန်းယွင်ကျူးက မြို့တော်သို့ ရောက်လာသည်ကို အံ့ဩနေေခဲ့ပြီး ကြောက်ရွံ့ခဲ့မိသည်ကတော့.... ဒီရက်ပိုင်း သူမ လင်ထင်အန်းနဲ့ အတူတူ ရှိခဲ့ပြီး သူ လုပြည်နယ်ကနေ မြို့တော်ကို ရောက်လာပြီးနောက်ပိုင်း စာကြည့်ခန်းထဲမှာ ပန်းချီကားအပိုတစ်ချပ် ရှိနေတယ်လေ။ ပန်းချီကားက ကျန်းယွင်ကျူးပုံဖြစ်နေတာ။ သူမက မီးရှူးမီးပန်းအပြည့်နဲ့ ကောင်းကင်အောက်မှာ ရပ်နေတာ အံ့ဩစရာကောင်းလောက်အောင် လှပလွန်းနေတယ်လေ။
“သခင် စစ်သေနာပတိချုပ်ရှန်က အခုတလော ကျွန်တော်တို့လူတွေကို စုံစမ်းနေတယ်”
လင်ချင်းသည် လင်ထင်အန်း၏ အမူအရာကို သတိထားမိပြီး သူ့ကို အတင့်ရဲကာ သတိပေးလိုက်တော့သည်။ သူ့သဘောကတော့ အမျိုးသမီးတစ်ယောက်အတွက် ရှန်ဖုန်းမင်နှင့် ဆန့်ကျင်တိုက်ခိုက်သည်က မတန်ပေ။
လင်ထင်အန်း၏အသံက အေးစက်လို့နေသည်။
“မင်း ပြန်သွားပြီးရင် အပြစ်သွားခံယူခဲ့”
“ဟုတ်ကဲ့” လင်ချင်းက မြန်မြန်ဒူးထောက်လိုက်၏။
ကျန်းယွင်ရှို့သည် ကြောင်အမ်းအမ်း အကြည့်တစ်ခုဖြင့် ရှိနေတော့သည်။ စစ်သေနာပတိချုပ်ရှန် တဲ့။ သူမ ဒီရက်ပိုင်းမှာ လင်ထင်အန်းနောက် လိုက်လာခဲ့ပြီး အရင်က သူမ မသိတဲ့အကြောင်းအရာတွေ အများကြီး သိလာခဲ့ရတယ်။ ရှမင်းဆက်မှာ စစ်သေနာပတိချုပ်ရှန်လိုခေါ်တဲ့ သူက ချီလင်သက်တော်စောင့် ရဲ့ စစ်သေချာပတိချုပ် ရှန်ဖုန်းမင်တစ်ယောက်ပဲရှိတယ်။
အခု လင်ထင်အန်းနဲ့ လင်ချင်းပြောတဲ့ စကားတွေကို ကြည့်ရင် ခုနက လူက ရှန်ဖုန်းမင် ဖြစ်မယ်ဆိုတာ သူမအတွက်တော့ ခန့်မှန်းဖို့ မခက်လေဘူး။
သူနဲ့ ကျန်းယွင်ကျူးတို့က... သူမ ဒီအကြောင်း သိသားပဲ။ သူတို့ဆက်ဆံရေးက ဝူလင်စီရင်စုမှာ ကတည်းက မရှင်းဘူး။
သူမ၏စိတ်ထဲတွင် ဒေါသခြောင်းခြောင်း ထွက်သွားတော့သည်။ ကျန်းယွင်ကျူးက သစ်ကိုင်းမြင့်ကြီးကို တက်ပြီးမှတော့ သူမကတော့ အကြီးဆုံးသခင်လေးကို ဘာလို့ မဆွဲပေးနိုင်ရမှာလဲ။
ရှန်ဖုန်းမင်က ကြောက်စရာကောင်းပြီး ကြမ်းတမ်းတယ်လို့ ပြောကြတယ်။ သူက လူတွေကို လျှော်ပင်တွေခုတ်သလို သ-တ်ခဲ့တာပဲ။ သူမရဲ့ဘဝကလည်း ခက်ခဲနေမှာပဲ.... သည်လို မလိုမုန်းတီး မှန်းချက်များ ထုတ်လိုက်ပြီးနောက် သူမ၏နှလုံးသားက အနည်းငယ် ပိုပြီး နေသာထိုင်သာ ရှိသွားသလို ခံစားလိုက်ရတော့သည်
သည်အချိန်တွင် လင်ထင်အန်းက နန်းတော်သို့ ဝင်သွားလေသည်။ သူသည် မင်းသားခြောက်နှင့် တွေ့ဆုံရန် နန်းတော်သို့ ဝင်သွားခြင်းပင်။