အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အပိုင်း (၁၁၅)
နောက်တစ်နေ့တွင် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးထံသို့ သေတ္တာတစ်လုံး ယူလာခဲ့သည်။
ကျန်းယွင်ကျူးက သေတ္တာကို ဖွင့်ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ် အပြည့်ထည့်ထားသည့် ငွေစက္ကူများကို တွေ့လိုက်ရသည်။ မြို့တော်က အကြီးဆုံးဘဏ်ဖြစ်သည့် ကျင့်ဟန်ဘဏ်၏ ငွေစုစာရွက်များဖြစ်သည်။ မည်သည့်နေရာတွင်မဆို လှဲလှယ်နိုင်သည်။
“ဒါက ဘာလဲ”
ကျန်းယွင်ကျူးက အပေါ်ယံတစ်ချက်ကြည့်လိုက်၏။ ငွေစုစာရွက်တွေက ခန့်မှန်းခြေ လျန် နှစ်သိန်းလောက် တန်မယ်၊ ရှန်ဖုန်းမင်က ဒါကို သူမကို ဒီအတိုင်း လွဲပေးလိုက်တာတဲ့လား။
“မင်း ပစ္စည်းတွေ ဝယ်ချင်ရင် ငွေလိုမှာပဲ၊ ယန်ရှန့်ရဲ့ငွေကိုတော့ သူ့ကို ဖြည်းဖြည်း ချင်း စုခိုင်းထားလိုက်၊ ဒါကို အရင်သုံးထားလိုက်”
ရှန်ဖုန်းမင်းက ရှင်းပြလိုက်သည်။ သူက အေးအေးဆေးဆေး ပြောလိုက်ပြီး ယန်ရှန့်၏ငွေကိစ္စကိုသာ ရှင်းပြလိုက်သည်။ ငွေပမာဏအများကြီးကို ကျန်းယွင်ကျူးအား လွဲပေးလိုက်သည့် သင့်တော် မတော်ကိုတော့ လုံးဝမစဥ်းစားခဲ့သည့်နှယ်။
ငွေစုစာရွက်များကို ကြည့်ပြီး ကျန်းယွင်ကျူးသည် စိတ်ထဲတွင် ခံစားချက်များ ရောထွေးသွားတော့သည်။ သူမက ရှန်ဖုန်းမင်ကို အများကြီး တောင်းဆိုချင်နေတဲ့ပုံ ဖြစ်နေတဲ့အပြင် မေးဖို့ရာလည်း အဓိပ္ပာယ်မရှိဘူးလို့ ခံစားမိနေတယ်။
“ကောင်းပါပြီ”
သူမက ပြန်ဖြေလိုက်သည်။ သူက သူမကို အဲလောက်တောင် ယုံကြည်မှတော့ သူမက လက်ခံရမှာပေါ့။
မနေ့က သူတို့သုံးယောက်သည် လုပ်အားနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တာဝန်ခွဲဖို့ တိုင်ပင်ခဲ့ကြပြီးဖြစ်သည်။ ရှန်ဖုန်းမင်က သင်္ဘောများကို ဝယ်ယူဖို့ တာဝန်ယူထားသည်။ ကျန်းယွင်ကျူးက ရောင်းချမည့်ပစ္စည်းများကို ဝယ်ယူဖို့ တာဝန်ယူထားပြီး ယန်ရှန့်က လူအင်အား စုဆောင်းဖို့ တာဝန်ယူထားသည်။
ညနေခင်းတွင် သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် ကျန်းယွင်ကျူးက အပြင်ထွက်လာကာ ရိရှန်း ကုန်သည်ကြီးများအသင်းသို့ တန်းသွားလိုက်သည်။
ကျန်းယွင်ကျူးလို ကုန်ပစ္စည်းပမာဏအမြောက်အများ ဝယ်ယူလိုသူများအတွက် သူတို့သည် စျေးသို့သွားပြီး ဝယ်ယူလို့မရပေ။ မြို့တော်ရှိ ရိရှန်း ကုန်သည်ကြီးများအသင်းက ကုန်ပစ္စည်း အရေအတွက်အများအပြား အရောင်းအဝယ်လုပ်ဖို့နေရာတစ်ခု ဖြစ်လေသည်။ အပြင်အဆင်က ခမ်းနားလှပြီး ပတ်ဝန်းကျင်က တင့်တယ်သားနားလှသည်။ သည်နေရာတွင် ကုန်ပစ္စည်း တခုတလေပင် ရှိဟန်မတူသော်လည်း နေ့တိုင်း သည်နေရာတွင် အရောင်းအဝယ်လုပ်သည့် ကုန်ပစ္စည်းက မြို့တော်ရှိ စုစုပေါင်း အရောင်းအဝယ်လုပ်ငန်း၏ တစ်ဝက်ကျော်လောက် ရှိလေသည်။
ဘယ်ဖက်သို့ ချိုးလိုက်လျှင် ရိရှန်းကုန်သည်ကြီးများအသင်း ထိုနေကျနေရာတစ်ခု ရှိသည်။ သည်နေ့ရာတွင် လူများ ဝင်ထွက်သွားလာနေသော်လည်း ဆူညံခြင်းမရှိပေ။
သည်နေရာသို့ ဝင်ထွက်သွားလာသူများ အားလုံးသည် လူချမ်းသာများဖြစ်ကြလေသည်။ စျေးနှင့်မတူချေ။
ကျန်းယွင်ကျူးသည် လှည်းပေါ်က ဆင်းလိုက်ပြီး အဆောက်အအုံထဲသို့ ဝင်မည်ပြင်လိုက်စဥ် လူသုံးယောက်က ထွက်လာခဲ့သည်။
“မိန်းကလေးကျန်း တိုက်ဆိုင်လိုက်တာ”
လင်ထင်အန်းသည် ကျန်းယွင်ကျူးကို တွေ့လိုက်ချိန်တွင် တအံ့တဩ ပြောလိုက်လေသည်။
သို့သော်ငြား ကျန်းယွင်ကျူးက သူမသာ သည်နေ့ အပြင်ထွက်လာစဥ်က ပြက္ခဒိန်ကို မစစ်ဆေးကြည့်ခဲ့ရသလို ခံစားလိုက်ရလေသည်။ သူမက သူ့ကို ဒီလိုပုံစံမျိုးနဲ့ တွေ့လိုက်ရတယ်လို့လေ။
အမှန်တွင်တော့ တိုက်ဆိုင်မှုတစ်ခု မဟုတ်ချေ။ သည်ရက်ပိုင်းတွင် လင်ထင်အန်းသည် ရိရှန်းကုန်သည်ကြီးများအသင်းသို့ မကြာခဏ လာနေလေသည်။ ကျန်းယွင်ကျူးက လာမည်ဆိုလျှင်လည်း သူမက သူနှင့် အနှေးနှင့် အမြန် တွေ့ရလိမ့်မည်ပင်။
သည်နေ့ ကျန်းယွင်ကျူး၏အစီအစဥ်က ဧည့်သည်များနှင့် တွေ့ရန် ဖြစ်လေရာ သူမက အနုစိတ်လက်ရာဖြင့် ချုပ်ထားသည့် ခရမ်းနုရောင် လှိုင်းတွန့်အဝတ်အစားတစ်စုံကို ဝတ်ထားလေသည်။ သူမ၏ခေါင်းပေါ်က ပုလဲအမြိတ်ပါသည့် ဆံထိုးနှင့် လက်ပေါ်က အဖြူရောင်ကျောက်စိမ်း လက်ကောက်တို့က သူမကို ပိုပြီးခမ်းနားထည်ဝါသွားသည့်ဟန် ဖြစ်သွားစေသည်။
လင်ထင်အန်းနောက်တွင် ရပ်နေသည့် ကျန်းယွင်ရှို့က ကျန်းယွင်ကျူးကို သည်လိုတွေ့လိုက်ရသဖြင့် သူမအိပ်မက်ထဲက အန်းဖင်နယ်စား သခင်မလေးကို ရုတ်တရက် မြင်လိုက်ရသယောင်။ ထိုအချိန်က သူမက အလွန်မှ တောက်ပသော်လည်း ရှက်တတ်လေသည်။
ကျန်းယွင်ရှို့က အံကို တင်းနေအောင် ကြိတ်ထားလိုက်ပြီး ကျန်းယွင်ကျူးကို စိုက်ကြည့်နေလိုက်သည်။
ကျန်းယွင်ကျူးက သူမ၏စူးရဲလှသည့်အကြည့်ကို ခံစားမိလိုက်သော်လည်း သူမကို မကြည့်လိုက်ပေ။ သူမက လင်ထင်အန်းကို လျစ်လျူရှုထားလိုက်ပြီး ကုန်သည်ကြီးများအသင်း အဆောက်အအုံထဲသို့ တန်းဝင်သွားလိုက်တော့သည်။
“မိန်းကလေးကျန်း”
လင်ထင်အန်းက ခပ်ဩဩလေသံတစ်ခုဖြင့် ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက မကြားခင်ဟန်ဆောင်လိုက်သည်။
လင်ထင်အန်း၏အမူအရာက အေးစက်သွားပြီး သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တော့သည်။
သည်အခိုက်တွင် ရှီလျို့က အလွန်မှ လျင်မြန်လှသည့်အရှိန်တစ်ခုဖြင့် ကျန်းယွင်ကျူးရှေ့တွင် ဝင်ကာထားလိုက်သည်။ ဝိုင်းစက်လှသည့် မျက်လုံးတစ်စုံ၊ မသိမသာ တည့်မတ်နေသည့် မျက်လုံးအိမ်များဖြင့် သူမက သားရိုင်းကောင်တစ်ကောင်နှယ် လင်ထန်အန်းကို စိုက်ကြည့်လိုက်၏။ တစ်ချိန်ထဲတွင် သူမက ခါးတွင်ချိတ်ထားသည့် တစ်စုံတစ်ခုကို ဆုပ်ထားလိုက်သည်။ လင်ထင်အန်းက ထပ်ပြီး ရှေ့တိုးလာခဲ့လျှင် သူမက သူ့ကို သည်းခံလိမ့်မည် မဟုတ်ပေ။
လင်ထင်အန်းသည် တစ်ခုခု လွဲနေသည်ကို ခံစားမိလိုက်ပြီး သူ့လက်ကို ရပ်လိုက်ကာ ရှီလျို့ကို ကြည့်လိုက်လေသည်။
သူ့နောက်က လင်ချင်းကလည်း သူ့ရှေ့တွင် ချက်ချင်းရပ်လိုက်ပြီး ရှီလျို့နှင့် ရင်ဆိုင်လိုက်တော့သည်။
နှစ်ဖက်လုံးက အပြန်အလှန် စစ်ဖြစ်တော့မည် အနေအထားပင်။
ကျန်းယွင်ကျူးက လျှောက်ကာ ထွက်သွားနှင့်ပြီးဖြစ်လေသည်။
ကျန်းယွင်ကျူးက သူ့ကို လျစ်လျူရှုထားလိုက်ဖို့ ဆုံးဖြတ်ထားခဲ့ကြောင်း လင်ထင်အန်း သိလိုက်သည်။ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အေးစက်စက် မျက်နှာထားတစ်ခုနှင့် သူမ၏ကျောပြင်ကို ကြည့်နေလိုက်တော့သည်။
“အစ်မ”
သည်အခိုက်တွင် ကျန်းယွင်ရှို့က ရုတ်တရက် အသံထွက်ခေါ်လိုက်လေသည်။ သူမက ကျန်းယွင်ကျူးကို မုန်းပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ သူမသာ ကျန်းယွင်ကျူးကို တားနိုင်လိုက်မယ်ဆိုရင် လင်ထင်အန်းက သူမကို သေချာပေါက် အထင်ကြီးသွားတော့မှာလေ။
ကျန်းယွင်ကျူးက သူမခေါ်သံကို ကြားလိုက်သော်လည်း လုံးဝမရပ်လိုက်ပေ။ သူမက ကုန်သည်ကြီးများအသင်း အဆောက်အအုံထဲသို့ တန်းဝင်သွားလိုက်တော့သည်။
ကျန်းယွင်ရှို့၏မျက်နှာမှ မဲ့ရွဲ့သွားတော့သည်။
ရှီလျို့က ကျန်းယွင်ကျူးနောက်မှ လိုက်သွားလိုက်တော့သည်။ လင်ထင်အန်းတို့သုံးယောက်သာ နေရာတွင် ကျန်ခဲ့လေသည်။ သူတို့အားလုံးမှာ အကျည်းတန်သည့် မျက်နှာထားများ ဖြစ်ကုန်ကြတော့သည်။
သည်အချိန်တွင် လမ်းတစ်ဖက်မှ လှည်းတစ်စီးက ဝင်လာခဲ့သည်။ လှည်းခန်းဆီးကို မ,တင်လိုက်၏။ ရှောင်းလီယွီ၏ မျက်လုံးများက ငိုထားသည့်နှယ် နီရဲလို့နေသည်။
“နန်းတော်ကို ပြန်မယ်” သူမက လင်ထင်အန်းကို ချက်ချင်းပြောလိုက်သည်။
သည်နေ့ သူမသည် လင်ထင်အန်းနှင့် နန်းတော်မှ ထွက်လာခြင်းပင်။ အပေါ်ယံတွင်တော့ သူတို့နှစ်ယောက်သည် အမွှေးတိုင်ပူဇော်ရန် မြင်းဖြူဘုရားကျောင်းသို့ သွားခဲ့ကြသည်။ အမှန်တွင်တော့ ရှောင်းလီယွီက ဌာနခွဲသို့ သွားလိုက်ခြင်းပင်။ လင်ထင်အန်းက ထိုအကြောင်းကို သိထားသော်လည်း ဂရုမစိုက်ပေ။ သူတစ်ယောက်တည်း ရိရှန်းကုန်သည်ကြီးများ အသင်းသို့ လာခဲ့လိုက်တော့သည်။
သူတို့နှစ်ယောက်က နန်းတော်သို့ မပြန်ခင် သည်နေရာတွင် ဆုံရန် သဘောတူထားခဲ့ပြီး သူတို့သည် သည်နေ့ မြင်းဖြူဘုရားကျောင်းသို သွားခဲ့ဟန် သရုပ်ဆောင်ကြပေမည်။
ရှောင်းလီယွီကို သည်လိုတွေ့လိုက်သည်နှင့် သူမဖက်က အခြေအနေက အဆင်မပြေမှန်း သိနိုင်ပေသည်။ လင်ထင်အန်းအတွက်လည်း အတူတူပင် မဟုတ်ပါလား။
လင်ထင်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်းလီယွီနှင့်အတူ နန်းတော်သို့ ပြန်လာခဲ့လိုက်သည်။ နှစ်ယောက်လုံးက စကားမပြောကြပေ။
ကျန်းယွင်ရှို့က နောက်မှ လိုက်လာပြီး ခုနက ကျန်းယွင်ကျူး၏ တောက်ပနေသည့် အသွင်ပြင်ကို ပြန်စဥ်းနေမိလေသည်။ ထို့နောက်တွင် သူမသည် ရှောင်းလီယွီ၏ ခမ်းနားလှသည့် လည်းကို အတန်ကြာအောင် စိုက်ကြည့်လိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် အင်မတန်နာကျည်းမိသလို ခံစားလိုက်ရတော့သည်။
အခုလေးတင် ဖြစ်သွားသည့် ကိစ္စက ကျန်းယွင်ကျူးအတွက်တော့ အခိုက်တန့်ပြဿနာလေးတစ်ခုပင်။ သည်အခိုက်တွင် သူမသည် ထိုကိစ္စကို ဘေးချိတ်ထားလိုက်ပြီး ထိုကုန်သည်များနှင့် စကားပြောနေသည်ကို အာရုံနစ်ထားလိုက်ကာ သူတို့လက်ထဲတွင်ရှိသည့် ကုန်ပစ္စည်းအခြေအနေနှင့် စျေးနှုန်းများကို မေးမြန်းလိုက်တော့သည်။
မကြာမီတွင် သူမသည် လက်ရှိစျေးကွက် အခြေအနေကို အတိုင်းအတာတစ်ခုအထိ နားလည်သွားတော့သည်။
ထိုအချိန်တွင်
“သူဌေးကျန်း မလား”
အမျိုးသားတစ်ယောက်အသံက တအံ့တဩထွက်လာခဲ့သည်။
ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်တော့ သူဌေးလော့ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
“သူဌေးကျန်းပဲ၊ ခုနက ကျွန်တော် အမြင်မှားတယ်လို့ ထင်နေတာ”
သူဌေးလော့က ပြောလိုက်သည်။ အတိုင်းအတာတစ်ခုအထိ အင်အား မရှိခဲ့လျှင် သည်ကုန်သည်ကြီးများအသင်းသို့ ဝင်နိုင်မည်မဟုတ်ပေ။ ကျန်းယွင်ကျူး ဖွင့်ထားသည့် စားသောက်ဆိုင်က အရှိန်နှင့် တိုးတက်နေသော်လည်း လုံလောက်သည့် အရည်အချင်းတော့ ရှိဟန်မတူသေးချေ။ သူသည် ကျန်းယွင်ကျူးကို သည်နေရာတွင် တွေ့လိုက်ရတော့ အံ့ဩသွားတော့သည်။
ကျန်းယွင်ကျူးက သူမနှင့်အတူ ရှန်ဖုန်းမင်၏လျန်ငွေ နှစ်သိန်းကို ယူလာခဲ့သည်။ ထို့ကြောင့် သူမက ဝင်လာနိုင်သည့် အရည်အချင်းရှိသည်မှာ သဘာဝပင်။
ကျန်းယွင်ကျူးက ပြုံးပြလိုက်၏။
“သူဌေးလော့”
သူမက သူ့ကို သွားရှာမလို့ပဲလေ။
“ဒါက ကျွန်တော် မိတ်ဆွေ လက်ဖက်ခြောက်လုပ်ငန်းထဲက သူဌေးတု တဲ့ဗျ”
သူဌေးလော့ သူဌေးတုကို ကျန်းယွင်ကျူးနှင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူက ကျန်းယွင်ကျူးကို သူဌေးတုနှင့် မိတ်ဆက်ပေးလိုက်လေသည်။
“သူဌေးကျန်းတဲ့၊ ရှီကွမ်းသီးသန့်စားသောက်ဆိုင် ပိုင်ရှင်ပေါ့”
“သူဌေးကျန်း ဖြစ်နေတာကိုး၊ ကျွန်တော် မင်းအကြောင်းကို ကြားဖူးတာ ကြာနေပါပြီ” သူဌေးတုက ပြောလိုက်သည်။
“သူဌေးတုက ကျွန်မကို မြှောက်နေပြန်ပါပြီ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်လေသည်။
“အိုဗျာ မြို့တော်မှာ မင်းရဲ့စားသောက်ဆိုင်ကို မသိတဲ့သူ မရှိပါဘူး၊ အရသာရှိတယ်လေ၊ ကျွန်တော့်မှာ စားချင်တာတောင် မတိုးနိုင်လို့ နှမြောစရာပါ” သူဌေးတုက မုသားတစ်ဝက် အမှန်တရားတစ်ဝက် ပြောလိုက်လေသည်။
“နောက်တစ်ခါ ငါ နေရာတစ်ခု မှာထားပါ့မယ်၊ မင်းကို ခေါ်သွားပေးမယ်လေ” သူဌေးလော့က ဟာသပြောလိုက်လေသည်။
သူတို့သုံးယောက်က ပြုံးလိုက်ကြသည်။ သူတို့သည် မျက်နှာသိမိတ်ဆွေများဟု သတ်မှတ်လိုက်ကြတော့သည်။
သူတို့သုံးယောက်က ခဏလောက် စကားပြောလိုက်ကြ၏။ ကျန်းယွင်ကျူးက သူဌေးလော့၏ ရောင်စုံဖန်ခွက် ထုတ်ကုန်အကြောင်းကို မေးလိုက်ပြီး သူ့ထမှ ရောင်စုံဖန်ခွက်ထုတ်ကုန်များကို ဝယ်ဖို့ရာ ရည်ရွယ်ထားသယောင်။
“သူဌေးကျန်းက လိုချင်ရင် ကျွန်တော်က နည်းနည်းပါးပါး ပေးလို့ရပါတယ်”
သူဌေးလော့က ကျန်းယွင်ကျူးသည် စားသောက်ဆိုင်အတွက်သာ သုံးမည်ဟု ထင်လိုက်ပြီး ရက်ရက်ရောရော စကားကမ်းလိုက်တော့သည်။
ကျန်းယွင်ကျူးက ဘေးသို့ ခြေလှမ်းလိုက်ပြီး သူဌေးလော့နှင့် စကားပြောချင်သွားသည်။
နှစ်ယောက်သာ တစ်ဖက်တည်းကို ရောက်လာချိန်တွင် ကျန်းယွင်ကျူးက သူမ၏အတွေးများကို ထုတ်ပြောလိုက်လေသည်။ သူမက ဖန်ထည်ထုတ်ကုန်များကို ပမာဏအမြောက်အများ ဝယ်ယူချင်သည်။ ရည်ရွယ်ချက်ကိုလည်း သူ့ကို ဖုံးကွယ်မထားလိုက်ပေ။ သူမက ထိုဖန်ထည်ပစ္စည်းများကို ပင်လယ်ရပ်ခြားသို့ ရောင်းချဖို့ ကုန်သင်္ဘောအဖွဲ့တစ်ခုကို တည်ထောင်ဖို့ စီစဥ်ထားသည်ဟူ၍။
သူဌေးလော့သည် သူမ၏ကုန်သင်္ဘောအဖွဲ့က တခြားနယ်မြေသစ်သို့ သွားမည်ဖြစ်ရာ သူဌေးလော့၏ လုပ်ငန်းကို သေချာပေါက် ထိခိုက်မည်မဟုတ်သဖြင့် စိတ်အေးနိုင်ပေသည်။
သူဌေးလော့က သံသယများလေသည်။ သူမပြောတဲ့ပုံအရဆိုရင်တော့ ဒါက လုပ်လို့ကောင်းမဲ့ လုပ်ငန်းကောင်းတစ်ခုပဲ။ ဒါပေမဲ့ ကျန်းယွင်ကျူးက ကုန်သင်္ဘောတစ်ဖွဲ့ ထောင်ပြီး နယ်မြေသစ်မှ သွားရောင်းမှာတဲ့လား။
သူမမှာပါ ငွေတွေအများကြီး ရှိလို့လား။ ပြီးတော့ ပင်လယ်ဆိုတာ အင်မတန်မှ အန္တရာယ်များကြီး နယ်မြေသစ်ကို သွားတယ်ဆိုတာကလည်း အရမ်းအန္တရာယ်များတာပဲ။ ငွေရှိရင်တောင် အသုံးမဝင်ဘူးလေ။
ကျန်းယွင်ကျူးက အများကြီး မရှင်းပြလိုက်သော်လည်း ပြောလိုက်လေသည်။
“သူဌေးလော့က ကျွန်မကို ပစ္စည်းတွေ ရောင်းပေးဖို့ပဲလိုတာပါ၊ ဒါတွေကို ဘယ်လို ရောင်းမလဲဆိုတာကတော့ ကျွန်မ အပေါ်ပဲ မူတည်ပါတယ်၊ ကျွန်မတို့ စာချုပ်တစ်ခုကို ရေးလို့ရပါတယ်၊ ကျွန်မက ရှင့်ရဲ့လက်ရှိလုပ်ငန်းကို မလုယူပါဘူး”
သူဌေးလော့မှာ အလွန်စိတ်လှုပ်ရှားသွားလေသည်။ သိုသော်ငြား သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တော့သည်။
“သူဌေးလော့အတွက် အခက်အခဲတစ်ခုခုများ ရှိနေလို့လား” ကျန်းယွင်ကျူးက သဲလွန်စကို သတိထားမိလိုက်ပြီး မေးလိုက်သည်။
သူဌေးလော့ ထုတ်ပြောဖို့ရာ တွေဝေနေသောလည်း နောက်ဆုံးတော့ သူသည် သည်ကိစ္စကို သေချာ ပြန်စဥ်းစားလိုက်အုံးမည်ဟု ပြောလာသည်။
ကျန်းယွင်ကျူးက သူဌေးလော့၏ ရောင်စုံဖန်ထည်ပစ္စည်းများကို ဝယ်ယူဖို့အရေး အတင်းမတိုက်တွန်းခဲ့ပေ။ သူ့ရောင်စုံဖန်ထည်များက ပိုကောင်းအောင် လုပ်ထားပြီး ဝယ်ပြီးနောက်တွင်လည်း ရောင်းလျှင် ပိုလွယ်ကူလိမ့်မည်ဟု စဥ်းစားထားလေသည်။ သူက သည်လို ပြောလာသဖြင့် သူမက သူ့ကို ဖိအားမပေးတော့ချေ။ သူမက နှုတ်ဆက်စကားပြောလိုက်ပြီး ပြန်လာခဲ့လိုက်သည်။
သူမ ပြန်သွားပြီးနောက်တွင် သူဌေးတုက ရောက်လာပြီး သူဌေးလော့အား အကြောင်းအရင်းကို မေးတော့သည်။
သူဌေးလော့က တုံ့ဆိုင်းနေပြီးမှ နည်းနည်းပါးပါး ပြောပြလိုက်လေသည်။
သူဌေးလော့သည် ကျန်းယွင်ကျူးက ရုတ်တရက် ရောင်စုံဖန်ထည်ပစ္စည်းများကို အမြောက်အမြား ဝယ်ချင်သည်ဟု ကြားလိုက်ရသဖြင့် အတော်လေး အံ့ဩသွားတော့သည်။
“ဒါက အဆင်ပြေတဲ့လုပ်ငန်းတစ်ခုပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်ရုံက မျိုးရိုးနာမည် ပြောင်းရတော့မယ်၊ ကျွန်တော်တို့တွေ သူ့ကို ဘယ်လိုလုပ်ပြီး ရောင်းလို့ရမှာလဲ”
ထိုအကြောင်းကို ပြောလိုက်တော့ သူဌေးလော့ အတော်လေး ဒေါသထွက်သွားတော့သည်။
လင်ထင်အန်းသည် ဝူလင်စီရင်စုတွင် ပိုးစာပင်များစွာ စိုက်ပျိုးထားခဲ့သည်။ သူသည် မြို့တော်ကို ရောက်လာခဲ့ပြီးနောက်တွင်လည်း သူ့ကိုယ်ပိုင် ကုန်သင်္ဘောအဖွဲ့တစ်ခုကို ထောင်ချင်နေခဲ့သည်။ သို့သော်ငြား သူ့တွင် ချီလင်သက်တော်စောင့်များ မရှိသလို သင်္ဘောသားများ လုပ်ပေးမည့် စစ်သူကြီးယန်၏စစ်သားများလည်း မရှိပေ။ သူသည် ရေလမ်းကြောင်းသစ်ကို အလျင်စလို မဖွင့်ခင်ပေ။ သူက သူဌေးလော့၊ သူဌေးတုနှင့် တခြားသူများ၏ စီးပွားရေးကို တိုက်ရိုက်ဝယ်ယူဖို့ စဥ်းစားထားလိုက်သည်။ ထိုကိစ္စတွင် အလုပ်ရုံ၊ လူနှင့် သင်္ဘောများ ပါဝင်လေသည်။ ထို့နောက်တွင် စီးပွားရေးကြီးတစ်ခု လုပ်ပေမည်။ လွယ်ကူပြီး မြန်ဆန်လှသည်။
ယခုအခါ ရေကြောင်းကုန်သွယ်ရေး၏ အလားအလာက အလွန်ကောင်းမွန်နေသည်။ အမှန်ပင်။ သူဌေးလော့နှင့် သူဌေးတုတို့ကလည်း သည်လုပ်ငန်းတွင် များပြားလှသည့် အားစိုက်ထုတ်မှုများကို အသုံးပြုခဲ့ရသည်ဖြစ်ရာ လုပ်ငန်းကို မရောင်းချင်ကြပေ။
ဒါပေမဲ့ သူတို့တွေ မရောင်းဘူးဆိုရင်... လင်ထင်အန်းက အန်းဖင်နယ်စားရဲ့ အကြီးဆုံးသား ပြီးတော့ မင်းသားခြောက်နဲ့လည်း အဆက်အသွယ်ရှိတယ်လို့ သတင်းထွက်နေတယ်လေ။ သူတို့တွေကျတော့ စီးပွားရေးလောကမှာ ရုတ်တရက် ငွေရှာနိုင်လာတဲ့ သာမန်လူတွေပဲကိုး။ အဲဒီ အရင်ကတည်းက တည်ထောင်လာတဲ့ စီးပွားရေးသမားတွေကတောင် သူတို့ကို အထင်သေးကြတာပဲ။ လင်ထင်အန်းဆိုရင်တော့ ပြောနေစရာတောင်မလိုဘူး။
အတိအကျပြောရရင်တော့ လင်ထင်အန်းကို ဒီလိုလုပ်ရဲတဲ့အထိ သူတို့မှာ ဘာနောက်ခံမှ မရှိလို့ပဲ။
သူ့ကြည့်ရတာ အဲဒီလူချမ်းသာ စီးပွားရေးသမားကြီးတွေဆီလည်း သွားခဲ့ပုံပါပဲ။ ဒါပေမဲ့ သူက သူတို့နဲ့ကျတော့ လက်တွဲခဲ့တယ်ပေါ့လေ။ သူတို့ကိုကျတော့ ဒါက လောဘတက်နေတာပဲ။
သူတို့ကို အနိုင်ကျင့်နေသည်မှာ ရှင်းလေသည်။ ဒါကပဲ သူဌေးလော့နှင့် သူဌေးတုကို ဒေါသခြောင်းခြောင်း ထွက်စေတော့သည်။
ဒါပေမဲ့ ဒေါသထွက်နေလည်း အပိုပဲလေ။ သာမန်လူတွေက အရာရှိတွေနဲ့မှ မတိုက်ခိုက်နိုင်တာ။
“အစ်ကိုလော့ မင်း ပြီးခဲ့တဲ့တစ်ခေါက်က စစ်ဆေးရေးလူကြီးမင်းကျန်းကို ဒီအကြောင်း ပြောလိုက်သေးတယ်မလား”
သူဌေးတုက ရုတ်တရက်မေးလိုက်သည်။ သူတို့အဖွဲ့သည် အကာအကွယ်အတွက် တက်တက်ကြွကြွ ရှာဖွေနေရလေသည်။ စစ်ဆေးရေးမှူးကျန်းက သူတို့ထဲကတစ်ယောက်ဖြစ်ပြီး အခွင့်အရေးတစ်ခု ရှိနေသလိုပင်။
“သူက ပါးစပ်ဖွင့်တာနဲ့ လျန်ငွေ တစ်သောင်းတောင်းတယ်လေ၊ ဒီ့အပြင် သူက စစ်ဆေးရေးမှူးတစ်ယောက်ပဲ၊ သူက ငါတို့အတွက် လင်ထင်အန်းကို အပြစ်လုပ်မယ်လို့ ထင်လား”
သူဌေးလော့က နှာခေါင်းရှုံ့လိုက်၏။
သူ ပြောလိုက်သည့် စကားကိုကြားလိုက်သည်တွင် သူဌေးတုမှာ အားပျက်သွားတော့သည်။
နှစ်ယောက်သားက ခဏလောက် တိတ်ဆိတ်သွားကြသည်။ ဧကန္တ သူတို့တွေက လုပ်ငန်းကောင်းတစ်ခုကို လင်ထင်အန်းဆီမှာ လက်လွှတ်လိုက်ရတော့မှာလား။
ရုတ်တရက်ဆိုသလို သူဌေးတုက ထုတ်ပြောလိုက်သည်။
“ပြောစမ်းပါ၊ သူဌေးကျန်းက ကျွန်တော်တို့ကို ကူညီနိုင်မလား”
သူဌေးတုသည် သည်ကိစ္စက ဘယ်ကရောက်လာမှန်းတော့ မသိချေ။ ကျန်းယွင်ကျူးက စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက်မလား။ သူမက သူတို့ကို ကူညီပေးနိုင်ပါ့မလား။
သူဌေးလော့၏မျက်လုံးများက တောက်ပသွားတော့သည်။
“ခုနက ငါ မင်းကို မပြောရသေးတဲ့ ကိစ္စတချို့ရှိတယ်၊ ခုနက သူဌေးကျန်းက ငါ့ကို ပြောသွားတယ်၊ သူမက ရေလမ်းကြောင်းအသစ်ကို ဖွင့်မှာတဲ့။
ငါက သိပ်တော့မယုံပါဘူး။
ဒါပေမဲ့ တကယ်မှန်နေခဲ့ရင်ကော၊ စဥ်းစားကြည့်စမ်း၊ ပင်လယ်ထဲမှာ ရေလမ်းကြောင်းသစ်ဖွင့်ဖို့ဆိုတာ ဘယ်လိုအင်အားမျိုး ရှိရဲဖို့လိုလဲ”
သူဌေးလော့သည် စကားပြောရင်း ပိုပြီး စိတ်လှုပ်ရှားလာတော့သည်။ သူသည် ကျန်းယွင်ကျူးကို ချက်ချင်း သွားရှာချင်စိတ် ပေါက်သွားတော့သည်။
သူမက သူတို့ကို ကူညီနိုင်သ၍ သူတို့သည် သူမအား ပစ္စည်းများကို စျေးသက်သက်သာသာနှင့် ရောင်းပေးဖို့ ဆန္ဒရှိပေသည်။
သို့မဟုတ်လည်း သူမနှင့် လက်တွဲလုပ်မည်။ သို့မဟုတ်လည်း သူတို့၏လုပ်ငန်းထဲက ဝေစုတစ်ခုကို သူမအား ပေးလိုက်မည်။ သူမက လင်ထင်အန်းလို သူတို့ကို မတိုက်ခိုက်သ၍ အဆင်ပြေသည်။
သူပြောလိုက်သည့် စကားကိုကြားလိုက်တော့ သူဌေးတုက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်သည်။
“အစ်ကိုလော့ ကျွန်တော့်ကိုလည်း ခေါ်သွား”
သူက အလောတကြီး ပြောလိုက်၏။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူဌေးလော့ သူ့ကို ခေါ်မသွားခဲ့ဘူးလေ။၊ သူ့မှာ အချိန်အကြာကြီး နောင်တရခဲ့ရတာ။ ဒီတစ်ခါတော့ သူ နောက်မှာ မနေခဲ့နိုင်ဘူး။
...
အပိုင်း(၁၁၆)
နှစ်ယောက်သားက ချက်ချင်း ကျန်းယွင်ကျူးကို နေရာအနှံ့ လိုက်ရှာတော့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျန်းယွင်ကျူးကလည်း ထိုအခိုက်တွင် မသိသေးသည့် နေရာများကို သွားရောက် လှည့်ပတ်ကြည့်ရှုနေလေသည်။ ထိုအဖြစ်က သူတို့ကို အလွန်မှ စိုးရိမ်ပူပန်သွားစေတော့သည်။
အချိန်တော်ကြာအောင် ရှာလိုက်ပြီးမှ နောက်ဆုံးတွင် သူဌေးတုသည် ကျန်းယွင်ကျူးက လက်ဖက်ရည်စားပွဲတစ်ခုတွင် ထိုင်နေပြီး လက်ဖက်ရည်သောက်နေသည်ကို မြင်သွားတော့သည်။ သူက သူဌေးလော့ကို အလောတကြီး ခေါ်လိုက်လေသည်။
သူတို့နှစ်ယောက်မှာ ခြေသုံးလှမ်းလှမ်းရမည့်အစား နှစ်လှမ်းတည်းနှင့် ကျန်းယွင်ကျူးနားသို့ သွားလိုက်ကြလေသည်။
ရာသီဥတုက နွေရာသီဖြစ်လေရာ ပူပြင်းလေသည်။ ထိုထက်ဆိုးသည်က သူတို့နှစ်ယောက်သည် စိုးရိမ်ပူပန်နေကြသည်။ အခုတော့ သူတို့သည် ချွေးများ ရွှဲနစ်လို့နေတော့သည်။ သို့သော်ငြား သူတို့နှစ်ယောင်၏ အမူအရာများက စိတ်လှုပ်ရှားနေကြလေသည်။
“သူဌေးကျန်း ခုနက မင်း ကျွန်တော့်ဆီက ဖန်ထည်ပစ္စည်းတွေ ဝယ်ပြီး ပင်လယ်ရပ်ခြားမှာ ရောင်းချင်တယ်လို့ ပြောခဲ့တာမလား” သူဌေးလော့က တန်းမေးလိုက်သည်။
“အင်း”
ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။ သူမ အကြာကြီး လှည့်ပတ်ကြည့်ခဲ့ပေမဲ့ သူဌေးလော့ရဲ့ ရောင်စုံဖန်ထည်ပစ္စည်းတွေက အကောင်းဆုံးလို့ ထင်နေတုန်းပဲလေ။ သူ အရမ်းအမြန်ကြီး ငွေအများကြီး ရှာနိုင်တာလည်း မဆန်းဘူး။
သူဌေးလော့နှင့် သူဌေးတုတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
ကျန်းယွင်ကျူးက သူတို့တွေ ပြောစရာတစ်ခုခု ရှိနေမှန်း တွေ့လိုက်ရသည်။ သူမက သူတို့ကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်တော့သည်။
“သူဌေးကျန်း ဒီနေရာက စကားပြောလို့မကောင်းဘူး၊ ကျွန်တော်တို့တွေ တခြားနေရာကို ပြောင်းလို့ရမလား” သူဌေးလော့က သတိကြီးကြီးဖြင့် ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက စိတ်မခုမိပေ။
သူဌေးလော့သည် ရှေ့က ဦးဆောင်လာခဲ့သည်။ ရိရှန်းကုန်သည်ကြီးများအသင်းသည် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးရာနေရာတစ်ခု ဖြစ်လေသည်။ ဘေးတွင် အထူးသီးသန့်ခန်းတစ်ခု ရှိသည်။ သုံးယောက်သားက သီးသန့်ခန်းတစ်ခုထဲသို့ ဝင်သွားလိုက်ကြ၏။
သူက စကားပြောရင်း ကျန်းယွင်ကျူး၏ အမူအရာကို လေ့လာနေလိုက်သည်။
ကျန်းယွင်ကျူးက ပြုံးနေလေရာ သူမ၏အတွေးများကို သေသေချာချာ တွေ့ရဖို့ရန် ခက်ခဲနေတော့သည်။
သူဌေးလော့ အံကြိတ်ထားလိုက်ပြီး
“အန်းဖင်နယ်စားအိမ်တော်ရဲ့ အကြီးဆုံးသခင်လေးပေါ့၊ သူက ကျွန်တော့် အလုပ်ရုံနဲ့ ကုန်သင်္ဘောတွေကို ဝယ်ချင်နေတယ်၊ မဟုတ်ဘူး၊ သူက ကျွန်တော့်ဟာတွေကို ဝယ်ချင်ရုံတင် မဟုတ်ဘူး၊ သူဌေးတု၊ သူဌေးကျောက်နဲ့ သူဌေးဖုန်းတို့ဆီကလည်း ဝယ်ချင်နေတာ။
အဲဒီထက်တောင် ပိုနေမလား မသိဘူး”
သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူး၏မျက်နှာက နောက်ဆုံးတော့ ပြောင်းလဲသွားတော့သည်။ သူမက မပြုံးတော့ဘဲ မျက်မှောင်ကြုတ်ထားလိုက်တော့သည်။ လင်ထင်အန်း။ ခုနက သူမက သူ့ကို တံခါးရှေ့မှာ တွေ့ခဲ့တာ မဆန်းတော့ပါဘူး။ သူက ဒီပင်လယ်ရေကြောင်း လုပ်ငန်းကို မျက်စိကျနေတာကိုး။
သူမက သည်အကြောင်းကို စဥ်းစားနေစဥ် သူဌေးလော့သည် သူမက အန်းဖင်နယ်စားအိမ်တော် အမည်ကို ကြားလိုက်ပြီး လန့်ဖျပ်သွားသည်ဟု ထင်သွားပြီး မနေနိုင်တော့ဘဲ အေးစက်လာသလို ခံစားလိုက်ရတော့သည်။ သူမကလည်း သူတို့ကို မကူညီနိုင်ဘူးကိုး။ ကြည့်ရတာ သူတို့တွေ အလုပ်ရုံနဲ့ ကုန်သင်္ဘောတွေကို ရောင်းလိုက်ဖို့ပဲ ရှိတော့တာပေါ့။
သူ တကယ့်ကို မလုပ်ချင်တာပဲ။
သူဌေးတုက ကျန်းယွင်ကျူး၏ တုံ့ပြန်ပုံကို မြင်လိုက်ချိန်တွင် သူလည်း တစ်ပုံစံတည်း မှတ်ယူလိုက်ပြီး ချက်ချင်း စိတ်ဓာတ်ကျသွားတော့သည်။
“သူဌေးလော့ အလုပ်ရုံနဲ့ ကုန်သင်္ဘောကို ရောင်းချင်တယ် ဟုတ်လား၊ ကျွန်မ သိသလောက်တော့ ဒါက အကျိုးအမြတ်များတဲ့ လုပ်ငန်းတစ်ခုပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
“ကျွန်တော်က ဘယ်ရောင်းချင်ပါ့မလဲဗျာ၊ ဒါပေမဲ့ ဒါက ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ”
သူဌေးလော့က ပြန်ဖြေလိုက်သည်။
“စီးပွားရေးလုပ်ငန်းဆိုတာ နှစ်ဦးသဘောတူဆန္ဒရှိမှ ဖြစ်တာပါ၊ သူဌေးလော့က မရောင်းချင်ဘူးဆိုမှတော့ ဘယ်သူက ရှင့်ကို ဖိအားပေးလို့မရပါဘူး” ကျန်းယွင်ကျူးက ထုတ်ပြောလိုက်သည်။
သူဌေးလော့သည် ရုတ်တရက် ခေါင်းမော့လိုက်လေသည်။ သူမက ဘာပြောချင်တာလဲ။
“ကျွန်မပြောတာ မှားလို့လား” ကျန်းယွင်ကျူးက မေးလိုက်သည်။
ဟုတ်ပါတယ် ဒါပေမဲ့...
“အဲဒါက အန်းဖင်နယ်စားလေ၊ ပြောနေကြတာလည်း ရှိတယ် သူတို့တွေက အချိန်အဆက်....”
သူဌေးလော့က အပေါ်ကို လက်ညိုးထောင်ပြလိုက်ပြီး နံပါတ်ခြောက် ဂဏန်းလုပ်ပြလိုက်လေသည်။
“အဲတစ်ယောက်နဲ့ အချိတ်အဆက်ရှိတယ်တဲ့”
သူ့အဓိပ္ပာယ်က မင်းသားခြောက်ပင်။
မင်းသားခြောက်။ ရှမင်းဆက်မှာ မျက်နှာသာအပေးခံရဆုံး မင်းသား။ သူက နောက်ဆိုရင် ဘုရင်တောင် ဖြစ်လာနိုင်တယ်။ သူဌေးလော့အတွက်တော့ သူက ကောင်းကင်ပေါ်က ပုံရိပ်တစ်ခုလိုပဲပေါ့။
တစ်ဖက်လူက သူ့ကို သေအောင် ဖိတ်သ-တ်ချင်ရင် ပုရွတ်ဆိတ်လေးကို ဖိသ-တ်တာနဲ့ အတူတူပဲမလား။
“ရှမင်းဆက်မှာ ဥပဒေရှိပါတယ်၊ ဘယ်သူမှ ဥပဒေကို မလွန်ဆန်နိုင်ဘူး” ကျန်းယွင်ကျူးက ရှင်းပြလိုက်သည်။
သူဌေးလော့က ကျန်းယွင်ကျူးကို တအံ့တဩနှင့် ငေးကြည့်နေလိုက်ပြီး သူမက ဘာမှနားမလည်သဖြင့် သည်စကားကို ပြောလိုက်သည်လား မသိတော့ပေ။ သို့မဟုတ် သူမ၏စိတ်ထဲတွင် အရေးကြီးသည့်အရာ ရှိနေပြီး မင်းသားခြောက်ကို မကြောက်လို့များ သည်စကား ပြောလိုက်လေသလားဟု နားမလည်နိုင်ဖြစ်သွားတော့သည်။
ကျန်းယွင်ကျူးက ခဏလောက်စဥ်းစားလိုက်ပြီး
“သူဌေးလော့ ကျွန်မ ဒီကိစ္စကို စဥ်းစားလို့ရမလား၊ ဒီလုပ်ငန်းကိစ္စကို မနက်ဖြန်မှ ဆွေးနွေးရအောင်”
သူဌေးလော့ ပိုပြီး ဇဝေဇဝါဖြစ်သွားတော့သည်။ သူမက ဘာလုပ်ချင်နေတာလဲ။ ဒါပေမဲ့ ကိစ္စကလည်း ဒီလိုလုပ်မှပဲ ဖြစ်တော့မှာပါ။
ကျန်းယွင်ကျူးသည် ရှီကွမ်းသီးသန့် စားသောက်ဆိုင်သို့ ပြန်ရောက်လာပြီးနောက် ကုန်သည်ကြီးများအသင်းတွင် ဖြစ်ခဲ့သည်များကို စဥ်းစားနေလိုက်လေသည်။
ညပိုင်းတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ရောက်လာကြသည်။ သူတို့နှစ်ယောက်သည် ကိစ္စများကို မြန်မြန် ဆန်ဆန်နှင့် သေသေသပ်သပ် ဖြေရှင်းလိုက်ကြသည်။ မကြာမီ ကုန်သင်္ဘောနှင့် လူအင်အားတို့သည် နေရာတကျ ဖြစ်လာပေမည်။
ကျန်းယွင်ကျူးဘက်တွင်တော့ ပြဿနာတစ်ခုရှိနေသည်။ သူမက သူတို့ကို သူဌေးလော့နှင့် သူဌေးတုတို့အကြောင်း ပြောပြလိုက်ပြီး သူတို့၏စိတ်ကူးကို ကြားချင်ခဲ့လေသည်။
“သူ့ငှက်ကို ကြောက်နေရအုံးမယ်၊ မင်းသားခြောက်ကိုလေ။ မနှစ်က ဝူလင်မိုင်းတွင်းမှာ ဖြစ်ခဲ့တာတွေကို နားမလည်သေးဘဲနဲ့ ကိုယ်ကျိုးအတွက် သူ့အာဏာကို သုံးရဲသေးတယ်ပေါ့လေ”
ယန်ရှန့်က ဒေါသထွက်ထွက်နှင့် ချက်ချင်း နှားခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။ သူ့ဦးနှောက်ထဲမှာ ကုန်သင်္ဘောအဖွဲ့တစ်ခု တည်ထောင်ဖို့ပဲ လုံးဝစိတ်နစ်ထားခဲ့တာ။ တစ်ယောက်ယောက်က သူ့ကို လာတားလို့ကတော့ သူက သူတို့တွေနဲ့ ကောင်းကောင်းကြီးကို ရန်ပွဲတစ်ခု လုပ်ပေးပစ်လိုက်မယ်။
ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို လှည့်ကြည့်လိုက်သည်။
ရှန်ဖုန်းမင်က လင်ထင်အန်းကို ပိုပြီး သတိမိထားလေသည်။ သူက ပြောလိုက်၏။
“ဘယ်သူမှ ဥပဒေကို ချိုးဖောက်လို့မရဘူး”
သူပြောလိုက်သည့် စကားတွင် အဓိပ္ပာယ်များစွာ ပါလေသည်။ သူက သူဌေးလော့နဲ့ သူဌေးတုအတွက် နောက်ခံတစ်ခုလုပ်ပေးမှာမဟုတ်ပေ။ လင်ထင်အန်းနဲ့ မင်းသားခြောက်တို့က သူဌေးလော့နဲ့ တခြားသူတွေကို နိုင်ထက်စီးနင်းလုပ်ချင်တာဆိုရင်တော့ အဲလိုဖြစ်လာမှာမဟုတ်ဘူး။
ကျန်းယွင်ကျူးက သူပြောချင်သည့်အဓိပ္ပာယ်ကို နားလည်သွားတော့သည်။
“ကျွန်မလည်း အဲလိုပဲ ထင်ပါတယ်”
ဒါပေမဲ့ မင်းသားခြောက်သာ ဒီကိစ္စမှာ ပါဝင်လာမယ်ဆိုရင် ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့က ဒီကိစ္စကို ဖြေရှင်းရလိမ့်မယ်လေ။ ဒါကြောင့်လည်း သူမက စကားအများကြီး မပြောခဲ့တာပေါ့။
“မိန်းကလေးကျန်း ဒီကိစ္စကို စိတ်မပူပါနဲ့၊ ရှိသမျှ အကုန်ထုတ်သုံးလိုက်၊ ကျွန်တော်တို့က ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး”
ယန်ရှန့်က ပြောလိုက်ပြီး ရှန်ဖုန်းမင်ကို လှမ်းပုတ်လိုက်ပြီး
“မဟုတ်ဘူးလား”
ရှန်ဖုန်းမင်က သူ့ကို ပြန်ဖြေမနေဘဲ ကျန်းယွင်ကျူးကိုသာ တန်းပြောလိုက်သည်။
“ကိုယ် မင်းကို ယုံတယ်၊ ဒီတော့ ကိုယ်တို့ကိုလည်း ယုံပေးပါ၊ ဟုတ်ပြီလား”
သူက သူမရဲ့ဆုံးဖြတ်ချက်ကို ယုံတယ်တဲ့။ ဒါပေမဲ့ သူမ ကျတော့ရော။ သူတို့တွေက သူမဘက်မှာ ရှိပြီး ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ သူမက ယုံပေးခဲ့သလား။
နှစ်ယောက်သားက အပြန်အလှန်ကြည့်လိုက်ကြသည်။ ကျန်းယွင်ကျူး၏နှလုံးသားလေးမှာ လှုပ်ရှားသွားလေသည်။ သူမက သူတို့ကို အဲလောက် မယုံကြည်ခဲ့မိတာပဲ။ ဒါကြောင့် သူမက အပြေးပြန်လာပြီး ဒီကိစ္စကို သူတို့ကို မေးခဲ့တာပေါ့။
ဒီတော့ သူမက သူတို့ကို ယုံကြည်နိုင်ရဲ့လား။
ရှန်ဖုန်းမင်ရဲ့သဘောထားကတော့ အားလုံးကို ဖော်ပြထားတာပဲ။
ကျန်းယွင်ကျူးသည် ခေါင်းငုံ့လိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်တော့သည်။
“အင်း”
သူမက သူ့ကို ယုံကြည်ဖို့ ကြိုးရလိမ့်မယ်လေ။
ရှန်ဖုန်းမင်က သူမကို ရင်ခွင်ထဲတွင် ဆွဲဖက်ထားချင်ပါသော်လည်း သူ့ဘေးက ယန်ရှန့်က အသည်းအသန် မိန့်ခွန်းချွေနေတော့သည်။ သူသည် ထိုနေရာတွင်သာ ရပ်ကာ နားထောင်နေရုံသာ တတ်နိုင်တော့သည်။
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက သူဌေးလော့နှင့် သူဌေးတုတို့ကို တွေ့ဆုံလိုက်ပြီး သူမက သူတို့နှင့် လုပ်ငန်းလုပ်လိုကြောင်း ပြောပြလိုက်လေသည်။
“သူဌေးကျန်း ပြောချင်တာ ဘာအဓိပ္ပာယ်များလဲ” သူဌေးလော့က သွေးတိုးစမ်းကာ မေးလိုက်၏။
“စိတ်မပူပါနဲ့ သူဌေးလော့၊ ရှမင်းဆက်မှာ ဥပဒေဆိုတာ ရှိပါတယ်၊ ရှင်က အလုပ်ရုံကို မရောင်းချင်ဘူးဆိုရင် ဘယ်သူကမှ ရှင့်ကို ဖိအားပေးလို့မရပါဘူး” ကျန်းယွင်ကျူးက အခိုင်အမာပြောလိုက်လေသည်။
သူဌေးလော့မှာ အံ့ဩသွားသလို ဝမ်းသာသွားတော့သည်။
“သူဌေးကျန်း တကယ်ပြောတာလား”
ကျန်းယွင်ကျူးက ခေါင်းညိတ်လိုက်၏။
သူဌေးလော့က စိတ်လှုပ်ရှားကာ ထရပ်လိုက်ပြီး ကျန်းယွင်ကျူးကို ဦးညွှတ်လိုက်လေသည်။
“သူဌေးကျန်းကို ကျေးဇူးတင်ပါတယ်၊ ဒါဆို ကျွန်တော်တို့တွေ ဖန်လုပ်ငန်းအကြောင်း ဆွေးနွေးနိုင်ပြီပေါ့”
“ကျွန်တော်ရော။ ကျွန်တော်ရော”
သူဌေးတုသည် ကျန်းယွင်ကျူးက သူ့အား မေ့လျော့သွားမှာကို စိုးရိမ်နေလေရာ သူက အလောတကြီး ပြောလိုက်တော့သည်။
“ကျွန်တော်က လက်ဖက်ခြောက်လုပ်ငန်းဘက်ကပါ၊ ယန်ဇီမြစ်တောင်ပိုင်းက လက်ဖက်ဥယျာဥ်ကဟာတွေ နည်းနည်းပါးပါး ရထားတယ်၊ သူဌေးကျန်း ကျွန်တော့်လက်ဖက်ခြောက်တွေကို တစ်ချက်လောက် လာကြည့်လို့ရပါတယ်၊ မင်းက ရေကြောင်းကုန်သွယ်ရေးလုပ်နေတာဆိုတော့ လက်ဖက်ခြောက်လည်း လိုမှာပဲလေ ဟုတ်တယ်မလား”
ဟုတ်တာပေါ့။ သူမ လိုတယ်လေ။ ကျန်းယွင်ကျူးက သည်နေ့ သူနှင့်မတွေ့ခင်တွင် သူဌေးတုအကြောင်း စုံစမ်းထားပြီးသားဖြစ်လေသည်။ သည်အချိန်တွင် သူမက သူ့လက်ဖက်ခြောက်များကို စစ်ဆေးကြည့်လိုက်သည်။ အမှန်ပင် အရည်အသွေးမြင့်လှသည်။
လင်ထင်အန်းက ဒီလူနှစ်ယောက်ကို လာရှာတာလည်း မထူးဆန်းပါဘူး။ ဒီလူနှစ်ယောက်မှာ အကောင်းဆုံးပစ္စည်းတွေ ရှိနေတာကိုး။
သူတို့သုံးယောက်က လုပ်ငန်းအကြောင်း စတင်ဆွေးနွေးလိုက်ကြသည်။ သူဌေးလော့နှင့် သူဌေးတုတို့သည် ကျန်းယွင်ကျူးကို ကျေးဇူးတင်နေကြလေသည်။ သူတို့ပေးသည့် စျေးနှုန်းကလည်း အလွန်မှမျှတလှသည်။
ကျန်းယွင်ကျူးက လျန်ငွေတစ်သောင်းဖိုး ကုန်ပစ္စည်းများကို ချက်ချင်း ဝယ်ယူခဲ့လိုက်သည်။ သူဌေးလော့နှင့် သူဌေးတုတို့ကို ပေးခဲ့သည့် ငွေပမာဏအများကြီးက သူမကို ယုံကြည်ချက် ပိုတိုးလာစေလေသည်။
လုပ်ငန်းအကြောင်း ဆွေးနွေးကာ စာချုပ်ရေးလိုက်ပြီးနောက် သူဌေးလော့က ကျန်းယွင်ကျူးကို ထပ်မေးလိုက်၏။
“သူဌေးကျန်း၊ ပိုးထည်နဲ့ ကြွေထည်တွေကိုလည်း ဝယ်ချင်သေးလား”
“ဟုတ်ကဲ့၊ သူဌေးလော့မှာ အကြံဉာဏ်လေးများ ရှိသလား” ကျန်းယွင်ကျူးက မေးလိုက်သည်။
“သူဌေးကျောက်ရဲ့ ပိုးထည်တွေက အကောင်းဆုံးပဲ၊ သူဌေးဖုန်းရဲ့ကြွေထည်တွေက အင်မတန်မှ လက်ရာမြောက်လှတယ်” သူဌေးလော့က ပြောလိုက်သည်။
ကျန်းယွင်ကျူးသည် သည်လူနှစ်ယောက်ကို မှတ်မိလေသည်။ လင်ထင်အန်းက သူတို့ရဲ့အလုပ်ရုံတွေနဲ့ ကုန်သင်္ဘောကို ဝယ်လိမ့်မယ်လို့ သူဌေးလော့က မနေ့က ပြောခဲ့တာပဲ။
သူဌေးလော့သည် ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ တန်းရှင်းပြလိုက်တော့သည်။
“သူဌေးကျောက်နဲ့ သူဌေးဖုန်းက ကျွန်တော်တို့လိုပဲ၊ နှစ်ယောက်လုံးမှာ ပစ္စည်းကောင်းတွေရှိတယ်၊ ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ပင်လယ်ထဲမှာ ငွေရှာနိုင်ခဲ့ကြတယ်လေ”
ကျန်းယွင်ကျူးသည် လင်ထင်အန်းက လော့၊ တု၊ ကျောက်နှင့် ဖုန်းမိသားတို့၏ အလုပ်ရုံနှင့် ကုန်သင်္ဘောများကို သေသေချာချာ ရွေးချယ်ကာ ဝယ်ရခြင်းကို နားလည်လိုက်လေသည်။
အခုတော့ သူမက အကျိုးအမြတ်ရသွားခဲ့သည်။
“သူဌေးလော့ သူတို့နဲ့ ဆက်သွယ်ဖို့ ရှင် ကျွန်မကို ကူညီပေးလို့ရမလား၊ ကျွန်မ ပိုးထည်နဲ့ကြွေထည်တွေကို ဝယ်ချင်တယ်” ကျန်းယွင်ကျူးက မေးလိုက်၏။
သူဌေးလော့မှာ ဘာမှ ထပ်မမေးနိုင်တော့ပေ။ သူနှင့် သူဌေးတုတို့က ကျန်းယွင်ကျူးနောက် လိုက်ခဲ့ချိန်တွင် သူတို့သည် ယုံကြည်မှုနည်းပါးနေသည်ဟု ခံစားမိလေသည်။ သူတို့သာ ကျောက်နှင့် ဖုန်း တို့ကို ခေါ်လာခဲ့လျှင် တစ်ခုခုသာဖြစ်ခဲ့လျှင် သူတို့သည် အတူတူဆွေးနွေးတိုင်ပင်နိုင်လိမ့်မည်။
သူက ချက်ချင်း တွေ့ဆုံပေးဖို့ သွားစီစဥ်လိုက်တော့သည်။ မကြာမီ ကျန်းယွင်ကျူးက သူဌေးကျောက်နှင့် သူဌေးဖုန်းတို့ကို တွေ့ဆုံလိုက်ပြီး သူတို့၏ပိုးထည်၊ ကြွေထည်များကို တွေ့လိုက်ရသည်။ အရည်အသွေးကောင်းပြီး ရောင်းချဖို့ရန် သင့်တော်လေသည်။
သူဌေးကျောက်နှင့် သူဌေးဖုန်းတို့နှစ်ယောက်လုံးက သူဌေးလော့၏ အကြောင်းအရာတစ်ခုလုံး ရှင်းပြနေပုံကို နားထောင်ခဲ့ပြီးဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ဝမ်းသာကြသလို အလွန်မှလည်း သံသယဖြစ်မိကြလေသည်။ လင်ထင်အန်းနဲ့ မင်းသားခြောက်သာ သူတို့ကို တိုက်ခိုက်ခဲ့ရင် ကျန်းယွင်ကျူးက သူတို့ကို ကူညီမှာတဲ့လား။ သူမနောက်မှ ဘယ်သူတွေ ရှိနေတာလဲ။
ကျန်းယွင်ကျူးက ရှန်ဖုန်းမင်အကြောင်းကို ထုတ်မပြောခဲ့ပေ။ သူမက ပြုံးကာ ဘာမှမပြောဘဲ နေလိုက်တော့သည်။
သူဌေးလော့နှင့် သူဌေးတုတို့က ကျန်းယွင်ကျူးနောက်လိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူတို့က ကျောက်နှင့် ဖုန်းတို့ကို ချက်ချင်း နားချလေတော့သည်။
သူတို့နှစ်ယောက်ကလည်း သူတို့၏လုပ်ငန်းကို တခြားသူများထံ ပေးလိုက်ဖို့ရာ ဆန္ဒမရှိနေချေ။ သူတို့သည် စားပွဲကို ရိုက်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။
“ထားလိုက်တော့၊ ကျုပ် ခင်ဗျားတို့နဲ့ စမ်းလုပ်ကြည့်မယ်”
အလုပ်ဖြစ်လျှင် သူတို့၏လုပ်ငန်းကို ဆက်ထိန်းထားနိုင်ပြီး ကျန်းယွင်ကျူးနှင့်လည်း အောင်မြင်သည့်အရောင်းအဝယ်တစ်ခု လုပ်နိုင်ပေမည်။ ရှုံးနှိမ့်ခဲ့လျှင်လည်း အဆိုးဆုံးတော့ သူတို့သည် အတူတူ လုပ်ကိုင်ခဲ့သည်ဖြစ်ရာ အဖော်တော့ ရှိသေးသည်။
လော့နှင့်တု တို့လိုကင် သူတို့နှစ်ယောက်လုံးက ကျန်းယွင်ကျူးအား ပိုးထည်နှင့် ကြွေထည်များကို ပေါက်စျေး၏၈၀%ဖြင့် ရောင်းချပေးလိုက်ကြသည်။
ကျန်းယွင်ကျူးက တစ်မျိုးလျှင် လျန်ငွေ ငါးသောင်းဖိုးစီ ဝယ်လိုက်လေသည်။ လောလောဆယ်တွင် လျန်ငွေနှစ်သိန်းက သုံးပြီးသားဖြစ်တော့သည်။ ကုန်ပစ္စည်းပြဿနာကိုလည်း ဖြေရှင်းပြီးသွားတော့သည်။
သူမသည် စိတ်ကြည်လင်နေပြီး လော့၊ တု၊ ကျောက်နှင့် ဖုန်းတို့ကတော့ ကျန်းယွင်ကျူးနောက်က လူက သူတို့ကို မကူညီနိုင်မှာ စိုးရိမ်ပြီး စိတ်ပူနေကြတော့သည်။
အိမ်အပြန်လမ်းတွင် သူတို့၏စိတ်များသည် နိမ့်ချီမြင့်ချီဖြစ်ကာ ပူပင်စိတ်အပြည့်နှင့်ပင်။
လင်ထင်အန်းသည် လော့နှင့်တု တို့ကို ဖြည်းဖြည်းချင်း ဖိအားပေးလာကာ သူ၏ ဖိအားပေးသည့်အခြေအနေကို လက်ခံအောင်လုပ်ဖို့ ကြိုးစားနေပြီး အောင်မြင်လု နီးနီးအခြေအနေ ဖြစ်ခဲ့လေသည်။ သည်နေ့တွင်တော့ သူတို့လေးယောက်လုံးက မရောင်းဖြစ်တော့သည့်အကြောင်း စာတစ်စောင်စီ ပို့လာခဲ့တော့သည်။
လင်ထင်အန်းမှာ ဒေါသထွက်လွန်းသဖြင့် ကျောကော့အောင် အော်ရယ်လေတော့သည်။ သူတို့တွေက မရောင်းတော့ဘူးဆိုတာနဲ့ အဲလိုပဲ ဖြစ်သွားမယ်လို့ ထင်နေတာလား။
သို့သော်ငြား သည်ကိစ္စက ထင်သလောက် မရိုးရှင်းမှန်း သတိထားမိလိုက်သည်။
သူက လင်ချင်းကို ချက်ချင်းစုံစမ်းခိုင်းလိုက်တော့သည်။
သည်ကိစ္စက ကျန်းယွင်ကျူးနှင့် ပတ်သက်နေကြောင်း မကြာမီတွင် တွေ့ရှိလိုက်ရလေသည်။ သူမက ကုန်သင်္ဘောအဖွဲ့တစ်ခုကို ထောင်ချင်တဲ့ပုံပဲ။ အခုတော့ လော့နဲ့တု နှစ်ယောက်လုံးက သူမနောက် လိုက်သွားကြပြီ။
တစ်နည်းအားဖြင့် ပြောရရင် သူ လဝက်ကျော်ကျော် ကြိုးစားခဲ့တာက ကျန်းယွင်ကျူးအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးလိုက်သလိုပဲ။
လင်ထင်အန်းသည် ရုတ်တရက်ထရပ်လိုက်ပြီး အပြင်သို့ ထွက်သွားတော့သည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက အနားယူနေပြီး ယွင်တုက ဝင်လာကာ လင်ထန်အန်းက သူမနှင့် တွေ့ချင်ကြောင်း သတင်းလာပို့လေသည်။
“မတွေ့ဘူး” သူမက ချက်ချင်း ငြင်းပစ်လိုက်သည်။
လင်ထင်အန်းသည် တံခါးပိတ်ထားသည်ကို တွေ့လိုက်ရပြီးနောက်တွင် သူ့စိတ်ထဲက မီးတောက်မှာ ပိုပိုပြီး ကြီးထွားလာတော့သည်။
နောက်ရက်အနည်းငယ်တွင် သူသည် လှုပ်ရှားမှုတချို့ လုပ်ခဲ့သော်လည်း ရှန်ဖုန်းမင်က အားလုံးကို တန်ပြန်ဖြေရှင်းခဲ့လေသည်။
“ရှန်ဖုန်းမင်”
သူသည် အရှက်ရခြင်းနှင့် နှောင့်ယှက်ခံရခြင်းတို့ကြောင့် အတိုင်းမသိ ဒေါသထွက်ရတော့သည်။
လော့၊ တု၊ ကျောက်နှင့် ဖုန်းတို့သည် သည်အချိန်တွင်တော့ အလွန်မှဝမ်းသာသွားကြလေသည်။ ကျန်းယွင်ကျူးက သူတို့ကို ကူညီပေးခဲ့တာပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက သူတို့တွေ အရေးပေါ်ကိစ္စ အမျိုးမျိုး ကြုံတွေ့ခဲ့ရပေမဲ့ အားလုံးကို လူမသိသူမသိ ဖြေရှင်းပေးသွားတယ်လေ။
အဲဒီလူက ဘယ်သူမှန်းတောင် သူတို့တွေ မသိလိုက်ရဘူး။
အဲဒီလူက အဲလောက်တောင် ကောင်းကောင်းလုပ်နိုင်တာဆိုတော့ သူ့အခြေခံအုတ်မြစ်နဲ့ လုပ်နိုင်စွမ်းကို သက်သေပြလိုက်တာပဲ။ သူတို့တွေကတော့ အိမ်ရှေ့မင်းသားလို့ ထင်ကြတာပဲ။ အိမ်ရှေ့မင်းသားရဲ့လူတွေကပဲ မင်းသားခြောက်နဲ့ လင်ထင်အန်းကို ဒီလိုလုပ်ရဲတာလေ။
ဒါပေမဲ့ သူတို့ မဟုတ်ဘူးလို့လဲ ထောက်ပြနေတဲ့ အချက်တွေအများကြီး ရှိနေပြန်တယ်။
ဘယ်သူပါလိမ့်။ သူတို့တွေ မခန့်မှန်းတတ်တော့ဘူး။ ဒါမှမဟုတ် သူတို့တွေက အဲလမ်းကြောင်းကို မခန့်မှန်းခဲ့တာပဲဖြစ်မယ်။
သူတို့၏အမြင်တွင် ကျန်းယွင်ကျူးသည် ပိုပိုပြီး ထူးဆန်းအံ့ဩဖွယ်ကောင်းလာတော့သည်။ သူမက မင်းသားခြောက်နဲ့ လင်ထင်အန်းတို့ရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့သူပဲ။
သူတို့သည် ကျန်းယွင်ကျူးနောက်လိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ နောက်မှာ သစ်ပင်ကြီးတစ်ပင် ရှိနေရင် သူတို့တွေ အရိပ်ကို ခိုနိုင်မယ်လေ။ အရင်ကဆိုရင် သူတို့တွေ ကြိုးစားရှာဖွေခဲ့ကြတဲ့ သစ်ပင်ကို ရှာမတွေ့နိုင်ခဲ့ကြဘူး။ အခုတော့ သူတို့မှာ တစ်ပင်ရှိလာပြီလေ။ သူတို့တွေ ဒါကို ဖမ်းဆုပ်ထားရတော့မှာပေါ့။
...
အပိုင်း (၁၁၇)
လင်ထင်အန်း၏ မောင်ပိုင်စီးမည့် အစီအစဥ်မှာ လုံးဝရှုံးနိမ့်သွားတော့သည်။ ရေကြောင်းကုန်သွယ်ရေးကို ချဲ့ထွင်မည့် သူ့ဆန္ဒကို ဆိုင်းငံ့ထားလိုက်ရလေသည်။
သို့သော်ငြား ကျန်းယွင်ကျူးတို့ သုံးယောက်ဖက်တွင်တော့ ချောမွေ့နေသည်။ အားလုံးက အစီအစဥ်အတိုင်း ဖြစ်မြောက်ခဲ့သည်။
တစ်ရက်တွင် ရှောင်းလီယွီသည် လင်ထင်အန်းနှင့်အတူ အပြင်ထွက်လာခဲ့သည်။ အပြန်လမ်းတွင် သူမသည် လှည်းထဲ၌ စာတိုတစ်စောင်ကို တွေ့လိုက်ရလေသည်။ သူမက စာကို ဖွင့်ဖတ်လိုက်ချိန်တွင်တော့ သူမ၏မျက်နှာထားက ပြောင်းလဲသွားတော့သည်။ စာတိုထဲတွင် စာတစ်ကြောင်းသာ ပါလေသည်။ “ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို သဘောကျနေတာ”
“ရပ်စမ်း” ရှောင်းလီယွီက နုနုရွရွလေသံဖြင့် စူးနေအောင်အော်လိုက်လေသည်။
လှည်းက ချက်ချင်းရပ်သွားခဲ့သည်။
ရှောင်းလီယွီက လှည်းခန်းဆီးကို မ,လိုက်ပြီး ဖြူဆုတ်နေသည့် မျက်နှာတစ်ခုဖြင့် အားလုံးကို မေးလိုက်၏။
“ဘယ်သူ ငါ့လှည်းထဲ ဝင်ခဲ့တာလဲ”
အစောင့်အားလုံးနှင့် လှည်းသမားက ခေါင်းခါပြသည်။ သူတို့သည် ဘယ်တုန်းကမှ မဝင်ခဲ့သလို ရှောင်းလီယွီ၏လှည်းထဲသို့ တစ်ယောက်ယောက် ဝင်သွားသည်ကိုလည်း မမြင်ခဲ့ပေ။
“အသုံးမကျတဲ့ဟာတွေ”
ရှောင်းလီယွီက ကျိန်ဆဲလိုက်ပြီး လှည်းခန်းဆီးကို ပြန်ချလိုက်တော့သည်။ သူမက စာတိုလေးကို ပြန်ကြည့်လိုက်ပြီး အံ့ဩမိသလို ဒေါသလည်း ထွက်လေတော့သည်။
ဒီစာထဲမှာ ရေးထားတာက အမှန်ပဲလား။ ရှန်ဖုန်းမင်မှာ သဘောကျနေတဲ့သူ ရှိနေတာလား။ နာမည်ကို ကြည့်ရတာတောင့် အမျိုးသမီးတစ်ယောက်ပဲ မလား။
မဖြစ်နိုင်ဘူး။ သူမ ဒါကို မယုံဘူး။ ရှန်ဖုန်းမင်က ယောက်ျားတွေကို ကြိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် စွမ်းဆောင်ရည်မရှိတဲ့သူဖြစ်ဖြစ် အဲလိုပဲ ယုံလိုက်ချင်တော့တယ်။ မဟုတ်ရင် သူက အမြဲတမ်း သူမကို ဘာလို့ အေးတိအေးစက် ဆက်ဆံခဲ့မှာလဲ။
ဒါပေမဲ့ သူမ မတွေးပြန်ရင်လည်း မနေနိုင်ဘူး။ တကယ်လို့များ မှန်နေခဲ့ရင်ကောင်။ ထိုသို့စဥ်းစားလိုက်ပြီးနောက် သူမ၏မြင်ကွင်းသည် မှောင်မိုက်သွားကာ သူမ၏နှလုံးသားကလည်း ဒေါသများနှင့် ပြည့်နက်သွားသလို ခံစားလိုက်ရတော့သည်။ ခံစားချက်အမျိုးမျိုးက ရောနှောနေပြီး တက်လိုက်ကျလိုက် ဖြစ်နေကာ သူမက ရူးသွားအောင် လုပ်နေတော့သည်။
ကျန်းယွင်ကျူးဆိုတာ ဘယ်သူလဲ။ ပြီးတော့ သူမရဲ့လှည်းထဲကို ဘယ်သူ စာလာထည့်သွားတာလဲ။ ဒီနေ့ သူမ အပြင်ထွက်တုန်းက လှည်းထဲမှာ စာရှိမနေတာ သေချာပါတယ်။
နောက်တစ်ခုကိုတော့ သူမ ဂရုမစိုက်ပါဘူး။ သူမ သိချင်တာက စာထဲမှာ ရေးထားတာတွေက အမှန်ဟုတ်ရဲ့လားဆိုတာပဲ။
“လာကြအုံး” သူမက အော်ခေါ်လိုက်သည်။
လူတစ်ယောက်က ချက်ချင်း ရှေ့တိုးလာခဲ့သည်။
ရှောင်းလီယွီက အမိန့်ပေးလိုက်၏။
သည်အချိန်တွင် ကျန်းယွင်ကျူးသည် သူမ စောင့်ဆိုင်းနေသည့်လူကို မျှော်နေလေသည်။
“အဘိုးက အများကြီး သွက်လက်ချက်ချာလာသလိုပဲနော်”
ကျန်းယွင်ကျူးသည် အဘိုးကြီးဝူ ရောက်လာသည်ကို တွေ့လိုက်ရပြီး သွားများ ပေါ်သည်အထိ ပြုံးကာ အဘိုးကြီးဝူကို ချက်ချင်း နှုတ်ဆက်လိုက်တော့သည်။
“ဘာ သွက်လက်နေမှာလဲ၊ မင်း ချက်တာတွေ မစားရလို့ ပိန်တောင်သွားသေးတယ်” အဘိုးကြီးဝူက ရှုံ့မဲ့ကာ ပြောလေသည်။
“ဒါဆို ဒီတစ်ခါ ထွက်မသွားနဲ့တော့ပေါ့” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
အဘိုးကြီးက အနည်းငယ် ရင်ထဲ ထိသွားတော့သည်။ သို့သော် နောက်ဆုံးတော့ သူက ခေါင်းခါပြလိုက်ပြန်သည်။ သူသာ သူမနဲ့ အတူတူနေရင် သူမကို ဒုက္ခမျိုးစုံဖြစ်စေတော့မှာပဲ။
“ငါ မင်းရဲ့စာကို ရရချင်း လာခဲ့တာ၊ ဘာမှတောင် ယူမလာခဲ့ရဘူး၊ ဒီမှာ ဒါက ငါ မင်းအတွက် သိမ်းထားတဲ့ ကျောက်ကျောတုံးလေးတွေ”
အဘိုးကြီးဝူက စကားလမ်းကြောင်း ပြောင်းလိုက်ပြီး ကျန်းယွင်ကျူးကို ပုလင်းတစ်လုံး လှမ်းပေးလိုက်လေသည်။
“ဘာလဲဟင်”
ကျန်းယွင်ကျူးက ပုလင်းကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထူးဆန်းသည့် ဆေးနံ့တစ်မျိုးက ချက်ချင်း လှိုက်တက်လာလေသည်။ တစ်ချက်လောက် ရှူကြည့်လိုက်ပြီးနောက် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
“ဒီတစ်ခါ ငါ ဟွာရှန်းကို သွားတော့ ကံကောင်းခဲ့တယ်လေ၊ မမျှော်လင့်ဘဲ ကျိုချွီလင် ဂျင်စင်းတစ်ပင်ကို ရှာတွေ့ခဲ့လို့ ဆေးတစ်ပုလင်း လုပ်ထားလုိက်တယ်၊ ဒါက အများကြီးတော့ အာနိသင်မရှိပါဘူး၊ သေခါနီး သောက်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ နောက်ထပ် သုံးရက်လောက် အသက်ရှင်နိုင်လိမ့်မယ်” အဘိုးကြီးဝူက ထုံးစံအတိုင်း အေးအေးလူလူ ရှင်းပြလိုက်သည်။
ဒါက အာနိသင် အများကြီး မရှိဘူးတဲ့လား။ ဒါက မျက်လှည့်ဆန်တဲ့ အသက်ကယ်ဆေးတစ်မျိုးဆို ရှင်းနေတာပဲ။ ကျန်းယွင်ကျူးသည် ဆွံ့အသွားပြီး အဘိုးကြီးဝူကို ငေးကြည့်နေမိတော့သည်။ သူက ဒီလောက် အဖိုးတန်တဲ့ဆေးကို သူမကို ပေးချင်တာတဲ့လား။ ပြီးတော့ သူမကို ကျောက်ကျောလေးတစ်ခုကို စားလိုက်ဖို့တောင် ပြောလိုက်သေးတယ်...
အဘိုးကြီးဝူသည် သူမ၏ အံ့အားသင့်နေသည့်ရုပ်ကို မြင်လိုက်တော့ သူ့မျက်လုံးများထဲတွင် ဂုဏ်ယူသည့်အရိပ် ဖြတ်ပြေးသွားတော့သည်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ အသက်ကြီးတဲ့ ကလေးဆိုတာ ကလေးပေါက်စလေး လိုပါပဲ ဆိုတာ တကယ်မှန်တာပဲ။ အဘိုးဝူက တော်တော်လေး ဝင့်ကြွားနေတယ်။
“ကျေးဇူးတင်ပါတယ် အဘိုး၊ အဘိုးက ဒါကို ကျွန်မကို ပေးတယ်ဆိုမှတော့ ကျွန်မက လက်ခံရမှာပေါ့”
သူမက ပြန်ပြောလိုက်သည်။
“အဲလိုပဲ ဖြစ်သင့်တာပေါ့” အဘိုးကြီးဝူက ပြောလေသည်။
ကျန်းယွင်ကျူးက အဘိုးကြီးဝူကို အထဲသို့ ဖိတ်လိုက်သည်။ အဘိုးကြီးဝူက သူမ အသစ်ဖွင့်ထားသည့် စားသောက်ဆိုင်ကို အကဲခတ်ကြည့်လိုက်၏။ သူသည် ဆိုင်ကို ကြည့်လေလေ ပိုသဘောကျလာလေလေ ဖြစ်နေတော့သည်။
ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သည် ခွဲခွာခဲ့သည့် သည်ကာလအတွင်း အဖြစ်အပျက်များကို စကားဖောင်ဖွဲ့ကာ ပြောကြလေသည်။
အဘိုးကြီးဝူ၏ အတွေ့အကြုံများကတော့ ဒဏ္ဍာရီတစ်ပုဒ်လိုပင်။ သူသည် သည်တစ်ကြိမ်တွင် ဟွာရှန်းသို့ သွားခဲ့သည်။ ထို့နောက် သူသည် ချန်းပိုင်တောင်သို့ သွားခဲ့ပြီး စိတ်ဝင်စားစရာကောင်းသည့် အဖြစ်အပျက်များစွာနှင့် တွေ့ကြုံခဲ့ရသည်။
သူနှင့်ယှဥ်လျှင်တော့ ကျန်းယွင်ကျူး၏အတွေ့အကြုံက ဆိုးလှသည်တော့ မဟုတ်ပေ။ နှစ်ဝက်ကျော်လေးအတွင်းတွင် သူမသည် မြို့တော်၌ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပြီး အခြေတစ်ခု ချနိုင်ခဲ့သည်။ သူမသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးထဲသို့ပင် ဝင်ရောက်ခဲ့လေသည်။
ထိုစကားကို ကြားလိုက်သည်တွင် အဘိုးကြီးဝူသည် စိတ်ဝင်စားလာတော့သည်။ နောက်တစ်ခါ ဘယ်သွားရမလဲလို့ စဥ်းစားနေတာလေ။ ပင်လယ်ထဲ သွားလည်မယ်ဆိုရင် ဘယ်လိုနေမလဲ။
ပြောမရဘူး။ သူ ရေသူထီးတစ်ကောင်လောက် တွေ့ချင် တွေ့အုံးမှာပဲ။ ဒဏ္ဍာရီထဲမှာတော့ ရေသူထီးရဲ့အသားကို ဆေးဖော်လို့ရတယ်လို့ ပြောထားတယ်။ ပုလဲကြီးတစ်လုံးလောက် တွေ့နိုင်ခြေလည်း ရှိတာပဲ။ အဲဒီအခါကျရင် သူက ကျန်းယွင်ကျူးကို အားဖြည့်ဆေးတစ်ပုလင်းလောက် ဖော်ပေးလိုက်အုံးမယ်။
“အဘိုးက ကျွန်မတို့ ကုန်သင်္ဘောအဖွဲ့နဲ့ ပင်လယ်လိုက်ထွက်ချင်လို့လား”
ကျန်းယွင်ကျူးက အံ့ဩသွားတော့သည်။
“ဘာလဲ၊ မရဘူးလား၊ ငါ့အသက်ကို အထင်မသေးပါနဲ့၊ ငါ့မှာ ဘာကျန်းမာရေးပြဿနာမှ မရှိပါဘူး”
အဘိုးဝူက အတည်ပေါက်နှင့် ပြောလိုက်လေသည်။
ကျန်းယွင်ကျူးကတော့ သူသည် ပင်လယ်လှိုင်းနှင့် လေဒဏ်ကို ခံနိုင်ရည်မရှိမှာ အမှန်ပင် အနည်းငယ် စိတ်ပူမိလေသည်။ သို့သော် သူသည် များပြားလှသည့် နာမည်ကြီး တောင်များနှင့် မြစ်များဆီ ရောက်ခဲ့ဖူးသည်ကို စဥ်းစားလိုက်မိတော့ ဒါက ပြဿနာတစ်ခု မဟုတ်ပေ။
“ဒီထက်ပိုပျော်တာတောင် မရှိတော့ပါဘူး၊ ကုန်သင်္ဘောက ပင်လယ်ထဲသွားရမှာ၊ အဘိုးလို ဆေးပညာအစွမ်းထက်တဲ့ သူပါတော့ အားလုံးကလည်း နေမကောင်းဖြစ်မှာ မစိုးရိမ်ရတော့ဘူးပေါ့”
ကျန်းယွင်ကျူးက စိတ်ရင်းနှင့် ပြောလိုက်သည်။ ဟုတ်တယ်လေ။ ပင်လယ်ထဲမှာ ကိစ္စအမျိုးမျိုး ဖြစ်လာနိုင်တယ်။ အဘိုးဝူသာ အဖော်လိုက်ပါလာရင် အားလုံးရဲ့အသက်ကို နောက်ထပ် အကာအကွယ်တစ်ခု ထပ်ဖြစ်စေမှာပဲ။ ဒါက ဘယ်သူမှ တောင်းဆိုလို့မရနိုင်တဲ့ ကိစ္စပဲ။
အဘိုးဝူက ခေါင်းညိတ်လိုက်၏။ ဒါဆိုလည်း ဟုတ်ပြီလေ။ ဒီကိစ္စ ပြီးသွားရင် သူက ပင်လယ်ထဲကို တစ်ခါလောက် သွားလိုက်အုံးမယ်။
အကြောင်းအရင်းကို ပြောလိုက်သည်တွင် ကျန်းယွင်ကျူးက ပြောလိုက်၏။
“အဘိုး ကျွန်မ ရေးခဲ့တဲ့စာကို ဖတ်ပြီးလောက်ပြီပေါ့၊ ကျွန်မလေ မယ်တော်ကြီးရဲ့ ကျန်းမာရေးကို ပိုပြီးစိတ်ပူမိတယ်”
အဘိုးကြီးက လေးနက်လာလေသည်။ သူ မနှစ်က မယ်တော်ကြီးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးခဲ့တယ်လေ။ သူမမှာ အရမ်းကို ရှုပ်ထွေးတဲ့ နာမကျန်းမှုတစ်ခု ဖြစ်နေတယ်။ သူ့ဆေးပညာနဲ့တောင် သူမကို လုံးဝပျောက်ကင်းအောင် မကုသပေးနိုင်ဘူး။ သူက သူမရဲ့အခြေအနေကိုပဲ ထိန်းထားပေးနိုင်ခဲ့တာ။
ပြီးခဲ့သည့်အခေါက်က ကျန်းယွင်ကျူးသည် နန်းတွင်းသို့ဝင်ပြီး မယ်တော်ကြီးကို သွားတွေ့စဥ်က မယ်တောကြီးတွင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နေသည်ကို ပိုပိုပြီး ခံစားမိလိုက်သည်။ ဆေးပညာ တိုးတက်သည့် ခေတ်သစ်တွင်ပင် သည်ရောဂါအတွက် ထိရောက်သည့် ကုသမှုမရှိသေးပေ။ အဘိုးဝူက မယ်တော်ကြီး၏ရောဂါကို ထိန်းထားပေးနိုင်သည်ကပင် အလွန်အစွမ်းထက်လွန်းနေပြီ ဖြစ်သည်။
သို့သော် သူမ စဥ်းစားနေသည်က သည်အကြောင်း မဟုတ်ပေ။ အိပ်မက်ထဲတွင် မယ်တော်ကြီးက ၇လပိုင်းကုန်တွင် ဆုံးပါးတော့မည်ကို စိုးရိမ်နေခြင်းပင်။ ယခုပင် ၇လပိုင်း လလယ်ရောက်နေပြီ။
သူမက သည်ကိစ္စကို အဘိုးကြီးဝူနှင့် တိုင်ပင်လိုက်သည်။ သူမရဲ့ရည်ရွယ်ချက်က အဘိုးဝူကို မယ်တော်ကြီးကို တစ်ချက်ကြည့်ခိုင်းဖို့ အခွင့်အရေးတစ်ခု ရှာဖို့ပဲ။ မယ်တော်ကြီးရဲ့ ကျန်းမာရေးက ပုံမှန်ဖြစ်နေတယ်ဆိုရင် တစ်ခုခုတော့ ဖြစ်လာနိုင်တယ်။ သူမအနေနဲ့ ရှန်ဖုန်းမင်ကို အနီးကပ် စောင့်ကြည့်ဖို့ သတိပေးတာလောက်ပဲ လုပ်နိုင်မှာပဲ။
အဘိုးဝူ ရောက်လာပြီဆိုတော့ ပြဿနာမရှိတော့ပါဘူး။ ကျန်းယွင်ကျူးက မယ်တော်ကြီးအား အလွန်မှ ဂရုစိုက်ရသည့်အကြောင်းအရင်းကို စဥ်းစားနေမိတော့သည်။
သည်အချိန်တွင် ရှန်ဖုန်းမင်က ယန်ရှန့်နှင့်အတူ ဝင်လာခဲ့သည်။ သူသည် ရှန်ဖုန်းမင်ကို တွေ့လိုက်ရသောအခါ တစ်ခုခုကို နားလည်သွားသယောင် စိတ်ဆိုးမိတော့သည်။
သူက ကျန်းယွင်ကျူးကို သူ့မြေးမလေးလို သဘောထားတာလေ။ သူမကို ရှန်ဖုန်းမင်က လုယူသွားတော့မှာ မြင်လိုက်ရတော့ သူက ဘယ်လိုလုပ်ပြီး စိတ်မဆိုးဘဲ နေနိုင်မှာလဲ။
ရှန်ဖုန်းမင်ကတော့ ခါတိုင်းလိုပင်။ တနည်းပြောရလျှင် သူသည် အဘိုးကြီးဝူ စဥ်းစားနေသည်များကို ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် ကျန်းယွင်ကျူးတစ်ယောက်သာ ရှိလေသည်။
ကျန်းယွင်ကျူးက သူတို့ကို အဆင်ပြေစေချင်သည်။ သူမက သူတို့အားလုံးကို ထိုင်ခိုင်းလိုက်၏။ သည်နေ့ သူမက ကိုယ်တိုင် ချက်ပြုတ်ပေးပြီး အဘိုးဝူကို ကြိုဆိုဖို့ရန် အရသာရှိသည့် အစားအသောက်တချို့ကို ချက်ပြုတ်ပေးထားသည်။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် စားသောက်ဆိုင်သို့ မကြာခဏလာလေ့ရှိသော်လည်း သူတို့သည် ပုံမှန်ဆိုလျှင် အလွန်နောက်ကျတတ်ရာ ကျန်းယွင်ကျူး ချက်ထားသည့် ဟင်းလျာများကို စားရသည်က ရှားလေသည်။
ကျန်းယွင်ကျူးက သည်နေ့ ကိုယ်တိုင်ချက်ပြုတ်မည်ဟု ကြားလိုက်ရသဖြင့် ယန်ရှန့်သည် ချက်ချင်း ဝမ်းသာသွားတော့သည်။
ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး မီးဖိုဆောင်သို့ သွားလိုက်သည်။ ရှန်ဖုန်းမင်တို့ သုံးယောက်သာ အခန်းထဲတွင် ကျန်ခဲ့တော့သည်။
ရှန်ဖုန်းမင်က နေရာတွင်ပင် ထိုင်နေ၏။ သူ့စိတ်တို့ကတော့ နေရာတွင် လုံးဝမရှိပေ။ ထို့အစား သူသည် မီးဖိုဆောင် ရှိရာဖက်သို့ ကြည့်နေတော့သည်။
ယန်ရှန့်က အဘိုးကြီးဝူနှင့် စကားပြောချင်ပါသော်လည်း အဘိုးကြီးဝူက တစ်ဖက်သို့ ခေါင်းလှည့်သွာလေသည်။ ယန်ရှန့်လည်း သူ့ထိုင်ခုံတွင် နောက်မီရင်းသာ မကျေမနပ် ထိုင်နေလိုက်တော့သည်။
ကျန်းယွင်ကျူးက အခန်းထဲ ပြန်ဝင်လာချိန်တွင်တော့ အခန်းက အလွန်မှ တိတ်ဆိတ်လွန်းနေရာ အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားတော့သည်။
ယန်ရှန့်သည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည့်နှယ် ချက်ချင်း ထရပ်လိုက်ပြီး ကျန်းယွင်ကျူးကို အစားအသောက်ပန်းကန်များ သယ်ကူပေးလေတော့သည်။
အခန်းထဲက လေထုမှာ ကျန်းယွင်ကျူး ရောက်လာသည်နှင့် ချက်ချင်းပြောင်းလဲသွားသယောင်။
ကျန်းယွင်ကျူးက လူသုံးယောက်ရှေ့တွင် ဟင်းရည်ပန်းကန်များကို အရင်ဆုံး ချပေးလိုက်သည်။
“ပန်းမှိုနဲ့ ကြက်ဥဟင်းရည်”
လက်ဖက်ရည်ပန်းကန်လုံး အရွယ် ပါးလျသည့်အဖြူရောင် ကြွေပန်းကန်လုံးထဲတွင် အဝါဖျော့ရောင် ဟင်းရည်ကြည်ကြည်လေး ထည့်ထားထသည်။ ကြည်လင်နေသည့် ဟင်းရည်ထဲတွင် အဆီပါသည့် မှိုတစ်ပွင့်ပါလေသည်။ သူ့ဘေးတွင်တော့ တစ်လုံးလုံးကို အခွံခွာထားသည့် ကြက်ဥပြုတ်ရှိသည်။ ကြက်ဥပြုတ်ဘေးတွင်တော့ နူးညံ့စိမ်းဖန့်ကာ ပွင့်လန်းနေသည့် ဂေါ်ဖီထုပ်ထည့်းထားသည်။
အဖြူရောင်ကြက်ဥများ၊ လှလှပ ပုံပေါ်ထားသည့် ပန်းမှိုများနှင့် အစိမ်းရောင် ပွင့်လန်းနေသည့် ဂေါ်ဖီထုပ်။ သည်ဟင်းလျာက တော်တော်လေး လှပသော်လည်း အလွန်မှ ရိုးစင်းလေသည်။ အခွံခွာထားသည့် ဥပြုတ်တစ်လုံးနှင့် မှိုကို နှပ်ထားသည့်နှယ်။
ရှန်ဖုန်းမင်က ကြွေပန်းကန်လုံးထဲက လူလေးယောက်၏ ဥပြုတ်များကို လှမ်းကြည့်လိုက်၏။ သူသည် ဥပုံများက မတူညီကြောင်း ချက်ချင်း သတိထားမိလိုက်လေသည်။ ဥက အနှစ်မပါသလိုပဲ။ သာမန်ဥပြုတ်တွေမှာဆိုရင် အခွံခွာလိုက်ရင် ထောင့်တစ်ခုမှ အဖြူရောင်ကို ဖောက်ပြီး အနှစ်ကို အမြဲတမ်း မြင်ရတယ်လေ။ ဒါပေမဲ့ ဥလေးလုံးက ဘယ်လိုပဲကြည့်ကြည့် အနှစ်မပါဘူး။
ယန်ရှန့်လည်း တွေ့သွားတော့သည်။
“မိန်းကလေးကျန်း အဖြူရောင်အသားထဲမှာ ဖုံးနေတဲ့အနှစ်ရှိတဲ့ ဥတွေကို ရွေးထည့်ထားတာလား”
ဒါကြောင့် သူတို့တွေ ဥအနှစ်ကို မတွေ့တာပဲ ဖြစ်မယ်။ ဒါပေမဲ့ ကျန်းယွင်ကျူးက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ ဒါမှမဟုတ် ဒီဥလေးလုံးကို ရဖို့ ဥတွေအများကြီး ကောက်ခဲ့တာပဲဖြစ်မယ်။
“အားလုံးပဲ စားပြီးရင် သိပါလိမ့်မယ်”
ကျန်းယွင်ကျူးက လျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်လေသည်။ အမှန်တွင်တော့ သူမက သည်ဟင်းလျာကို အဘိုးဝူအတွက် သီးသန့်လုပ်ပေးခဲ့ခြင်းပင်။ သူသည် သည်လိုစိတ်ဝင်စားစရာကောင်းသည့် အရာများကို သဘောကျလေသည်။
သေချာပါသည်။ အဘိုးဝူသည် အလွန်စိတ်လှုပ်ရှားသွားပြီး ဇွန်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဥကို ချက်ချင်း ခွဲလိုက်တော့သည်။
ဥက အလွန်မှ နူးညံ့လှသည်။ ဥကို ခွဲလိုက်ပြီးနောက်တွင်လည်း အလယ်၌ အဖြူရောင်ဥသာ ရှိနေပြန်သည်။
“အနှစ်မပါဘူးလား” အဘိုးဝူက မေးလိုက်၏။
တခြားသူများကလည်း သူတို့ပန်းကန်လုံးထဲက ဥများကို ထောင့်အမျိုးမျိုးမှ ခွဲလိုက်ကြလေသည်။ တစ်ယောက်မှာမှ အနှစ်မပါချေ။
“ဒါက ကြက်ဥ မဟုတ်ဘူးလေ ဟုတ်လား”
ယန်ရှန့်က မှတ်ချက်ပေးလိုက်၏။ သူ သတ်သက်လွတ်ဟင်းလျာတွေ အများကြီးတွေ့ဖူးတယ်လေ။ အသားဟင်းလျာလို့ ထင်ရပြီး အစစ်နဲ့အရမ်းတူတဲ့ ဟင်းလျားတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ စားကြည့်လိုက်တော့ သက်သတ်လွတ်ဟင်းတွေ ဖြစ်နေမှန်း သိလိုက်ရတယ်။
ထိုသို့ပြောလိုက်ပြီး သူသည် ဇွန်းထဲက ဥကို ပါးစပ်ထဲ ထည့်လိုက်တော့သည်။
ရုတ်ခြည်းဆိုသလို သူ့မှာ တအံ့တဩဖြစ်ရတော့သည်။ ဒါက ကြက်ဥဆိုတာ သေချာပါတယ်။ အရသာရှိအောင် လုပ်ထားတာပဲ။
“တကယ့် ကြက်ဥလား”
အဘိုးကြီးဝူက စားလိုက်ပြီး ကျန်းယွင်ကျူးကို ချက်ချင်းမေးလိုက်တော့သည်။
“အင်းပေါ့၊ ကြက်ဥပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
“ဒါဆို ဘာလို့ အနှစ်မပါတာလဲ၊ ဧကန္တ ဒီလောကမှ အနှစ်မပါတဲ့ဥတွေ ရှိသေးလို့လား၊ ဘယ်လိုကြက်မျိုးက ဒီလိုဥတွေ ဥတာလဲ၊ ငါ့ကို ခေါ်ပြီး တစ်ချက်လောက် ပြစမ်းပါ” အဘိုးကြီးဝူက စိတ်လှုပ်ရှားကာ ပြောလိုက်တော့သည်။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး
“အဘိုးရယ် ဒီလောကမှာ အဲလိုကြက်မျိုး မရှိပါဘူး”
“ဒါဆိုရင် မင်းရဲ့ဥထဲမှာ ဘာလို့ အနှစ်မပါတာတုံး” အဘိုးကြီးဝူက စိုးရိမ်တကြီးမေးတော့သည်။
ကျန်းယွင်ကျူးက သည်ဟင်းလျာ၏ လုပ်နည်းကို ရှင်းပြလိုက်တော့သည်။ “ဥကို ခွဲပြီး အရင်ဆုံး အကာကို ထုတ်လိုက်ပြီးနောက်မှ အနှစ်ကို ဖယ်လိုက်တယ်လေ။
အနှစ်ကို မသုံးရဘူး။ အကာကိုပဲ ပန်းကန်လုံးတစ်ခုထဲ ထည့်၊ ကြက်ပြုတ်ရည်ထည့်ပြီး သေသေချာချာ မွှေပေးရမယ်။ သတိထားရမယ်။ အားနဲ့ မမွှေရဘူး။ မဟုတ်ရင် ဟင်းလျာက အမြှုပ်ထပြီး မအောင်ပဲဖြစ်သွားလိမ့်မယ်။
ပြီးရင် အကာကို ဥခွံထဲပြန်ထည့်ပြီး အရွက်တစ်ခုနဲ့ ဖုံးထားပြီး ပေါင်းအိုးထဲမှာ ပေါင်းထားလိုက်တယ်။
မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ပေါင်းပေးရမယ်။ ဒါမှ အကာတွေကို နှံ့အောင် အပူပေးပြီး ပေါက်ထွက်မလာမှာ။
ပေါင်းပြီးသွားရင် ဥကိုထုတ်ပြီး အခွံခွာလိုက်။ ဒါဆိုရင် အနှစ်မပါတဲ့ ကြက်ဥတစ်လုံး ရလာပြီပေါ့”
ဒီဟင်းလျာက အားလုံကို ပျော်ရွှင်စေတယ်လေ။
ဟုတ်တာပေါ့။ ကြက်ဥကလည်း အရသာရှိပါတယ်။
“ဪ ဒီလို လုပ်တာကိုး”
အဘိုးကြီးဝူက အော်ရယ်တော့သည်။ ဒီဟင်းလျာက စိတ်ဝင်စားဖို့ကောင်းတာပဲ။ ပိုပြီး ချီးကျူးစရာကောင်းတာက သူ့အပေါ်ထားတဲ့ ကျန်းယွင်ကျူးရဲ့ တွေးပေးတတ်တဲ့စိတ်ပဲ။
ယန်ရှန့်က သွားများပေါ်အောင် ပြုံးရယ်လိုက်တော့သည်။
ရှန်ဖုန်းမင်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ဖြစ်သွားသယောင်။
ပတ်ဝန်းကျင်အခြေအနေက ချက်ချင်းဆိုသလို ပျော့ပြောင်းသွားကာ ပျော်စရာကောင်းလာတော့သည်။
ညစာစားပြီးနောက် ကျန်းယွင်ကျူးက အဘိုးဝူကို မယ်တော်ကြီးက စမ်းသပ်ပေးဖို့ ခေါ်သွားမည့်အကြောင်းကို ရှန်ဖုန်းမင်နှင့် တိုင်ပင်လိုက်လေသည်။
ရှန်ဖုန်းမင်ကလည်း သူမက သူ့အတွက် လုပ်ပေးခဲ့မှန်း သိလေသည်။ သူ့နှလုံးသားမှာ လှုပ်ရှားသွားတော့သည်။
နောက်တစ်နေ့တွင် ရှန်ဖုန်းမင်က အဘိုးကြီးဝူကို နန်းတော်ထဲသို့ ခေါ်သွားလေသည်။
ကျန်းယွင်ကျူးက ဝင်လို့မရပေ။ သို့သော် သူမက အဘိုးကြီးဝူကို စိတ်ပူလေသည်။ သူမက သူ့နောက်လိုက်ပြီး တစ်ချက် လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူမက မယ်တော်ကြီး အိပ်ဆောင်ထဲကို လိုက်မဝင်ဘဲ အပြင်ကပဲ သတင်းကို စောင့်လိုက်မယ်လေ။ ဘယ်သူမှ သူမကို အာရုံစိုက်ကြမှာ မဟုတ်ဘူး။
သူမက ထွက်သွားဖို့ ပြင်လိုက်ပြီး မတ်တပ်ရပ်လိုက်ချိန်တွင် စားပွဲပေါ်က ပုလင်းလေးကို ရုတ်တရက် မြင်ကွင်းထဲ ဝင်လာခဲ့သည်။ မနေ့က အဘိုးကြီးဝူက သူမကို ပေးခဲ့သည့် ဆေးပုလင်းဖြစ်လေသည်။ အသက်ကယ်ဆေးဟု ခေါ်ရမည်။
ခဏလောက် ရပ်လိုက်ပြီး သူမက ဆေးပုလင်းကို အင်္ကျီလက်ထဲထည့်ကာ အိမ်ပြင်သို့ ထွက်လာခဲ့ပြီး ရှန်ဖုန်းမင်နှင့် အဘိုးကြီးဝူတို့ထံ သွားလိုက်တော့သည်။
သုံးယောက်သားက နန်းတွင်းသို့ ဝင်လာကြလေသည်။
ရှန်ဖုန်းမင်က ကြိုတင်စီစဥ်ထားပြီးဖြစ်သည်။ သူသည် နန်းတော်တံခါးသို့ ရောက်လာချိန်တွင် ခဏလောက်ရပ်လိုက်ပြီးမှ မယ်တော်ကြီး အိပ်ဆောင်သို့ ဆက်ပြီး လျှောက်သွားလိုက်လေတော့သည်။