အခန်း (၁၁၈-၁၂၀)
Vol. 8 Ch. 118-120
အပိုင်း (၁၁၈)
လှည်းသည် လမ်းကြားလေးတစ်လျှောက် မောင်းဝင်လာခဲ့သည်။ ရှန်ဖုန်းမင်တို့သုံးယောက်သည် မြင်းနှင့် လှည်းပေါ်က ဆင်းလိုက်ကြသည်။ သည်နေရာမှစပြီး မယ်တော်ကြီး နေထိုင်ရာနန်းဆောင်အထိ လမ်းလျှောက်သွားရမည်ဖြစ်သည်။
ရှန်ဖုန်းမင်က ရှေ့မှဦးဆောင်လာပြီး သုံးယောက်သားက ဆက်လျှောက်လာခဲ့ကြသည်။
သူတို့သည် စင်္ကြံနှင့် အပန်းဖြေဆောင်များကို ဖြတ်ကာလျှောက်လာပြီး မယ်တော်ကြီး နေထိုင်ရာအဆောင်များသို့ ရောက်လုနီးနီး ရှိလာလေသည်။
သည်အချိန်တွင် တိမ်ဝင်နေသည့် အမျိုးသမီးအသံတစ်ခု ထွက်လာလေသည်။
“ဝမ်းကွဲအစ်ကိုတော်”
ချက်ချင်းဆိုသလို ရှောင်းလီယွီသည် နန်းတွင်းအစေခံများနှင့်အတူ ဘေးမှထွက်လာပြီး သူတို့သုံးယောက်ကို လမ်းပိတ်ထားလိုက်လေသည်။
ရှန်ဖုန်းမင်က မသိမသာ မျက်မှောင်ကြုတ်လိုက်၏။
သူ၏ သဘောမကျသည့် အမူအရာက ရှောင်းလီယွီကို နက်နက်ရှိုင်းရှိုင်း နာကျင်သွားစေတော့သည်။ မဟုတ်မှလွဲရော။ သူက သူမကို မုန်းတောင် မုန်းနေတာလေ။ ဒါမှမဟုတ်.... သူမက ကျန်းယွင်ကျူးကို လှည့်ကြည့်လိုက်လေသည်။ မနေ့က အားလုံးကို သိချင်လို့ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်တယ်။
ကျန်းယွင်ကျူး ရှီကွမ်းသီးသန့်စားသောက်ဆိုင် ပိုင်ရှင်။
အမျိုးသမီးစားတော်ကဲတစ်ယောက်။ သူမက ရှန်ဖုန်မင်းအရဲ့အကြိုက်ကို ဘယ်လိုလုပ်ပြီး ရသွားတာတဲ့လဲ။
သူမက ချောလို့လား။ သူမက အရမ်းချောလှပါတယ်။ ဒါပေမဲ့ မြို့တော်မှာ သခင်မလေး ချောချောလှလှတွေ မရှားပါဘူး။ ရှောင်းလီယွီသည် ရုပ်ရည်ချင်းယှဥ်လျှင် သူမကပင် ကျန်းယွင်ကျူးထက် မနိမ့်ဟု ခံစားမိလေသည်။
သူမက အရသာရှိတဲ့ အစားအသောက်တွေ ချက်တတ်လို့လား။ ဒါက ပိုပြီးတော့တောင် လက်တွေ့မကျသေးတယ်။ စားဖိုမှူးရဲ့ အစားအသောက်က အရသာရှိလို့ဆိုပြီး စားဖိုမှူးတစ်ယောက်ကို ချစ်မြတ်နိုးသွားတဲ့သူမျိုးကို တခါမှတောင်မကြားဖူးဘူး။ အလွန်ဆုံး သူမကို အိမ်ခေါ်ပြီး ချက်ပြုတ်ခိုင်းတာလောက်ပဲ ရှိမှာပေါ့။
ဒါဆို သူမရဲ့ရှေ့က ဒီအမျိုးသမီးက ရှန်ဖုန်းမင်ကို ဘာတွေသုံးပြီး ပြုစားထားနိုင်ခဲ့တာတဲ့လဲ။
ရှောင်းလီယွီသည် မမြင်နိုင်သလို ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို နှစ်သက်သည်ဟုလည်း ယုံကြည်ဖို့ရာ ဆန္ဒမရှိချေ။
သူမက ကျန်းယွင်ကျူးကို စိုက်ကြည့်နေသည်မှာ သူမ၏ခန္ဓာကိုယ်ကို အပေါက်ငယ်များဖြစ်သွားအောင် တူးဆွချင်နေသည့်နှယ်။
သည်အချိန်တွင် ပုံရိပ်တစ်ခုက သူမ၏မြင်ကွင်းကို ပိတ်ဆို့လိုက်လေသည်။ ရှန်ဖုန်းမင် ပင်။
“မင်းသမီး ကျွန်တော် တက်ရောက်ရမဲ့ ကိစ္စတွေ ရှိနေလို့ပါ၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ” သူက ပြောလိုက်သည်။
ကျန်းယွင်ကျူးကို ကာကွယ်ပေးနေသည့် သူ၏ သိသာလွန်းသည့် အပြုအမူက ရှောင်းလီယွီ၏နှလုံးသားကို အေးခဲသွားသလို ခံစားရစေပြီး သူမ၏ဒေါသက ပိုပြီး လှိုက်တက်လာတော့သည်။
“ကျွန်မက လမ်းမဖယ်ပေးဘူးဆိုရင်ကော ဘာဖြစ်လဲ၊ ရှင့်ဘေးက ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ၊ နင်တို့တွေက ဒီမင်းသမီးကို တွေ့တာတောင် ဘာလို့ ဒူးမထောက်ကြတာလဲ”
အဘိုးကြီးဝူသည် အရင်က နန်းတော်သို့ လာခဲ့ဖူးရာ ရှောင်းလီယွီက သူ့ကို မှတ်မိလေသည်။ အခုတော့ သူမက ကျန်းယွင်ကျူးကို ဒုက္ခပေးချင်နေသည်။ ထို့ကြောင့် အဘိုးကြီးဝူသည် ဆွဲထည့်ခံလိုက်ရလေသည်။
အဘိုးကြီးဝူကလည်း စိတ်ကြည်နေသူတော့ မဟုတ်ပေ။ သူက မျက်ခုံးများ ပင့်လိုက်ပြီး ပြောလိုက်လေသည်။
“ဒူးထောက်ရမယ် ဟုတ်လား၊ ဘုရင် ဒီကိုရောက်လာရင်တောင် ငါက ဒူးထောက်မလား စောင့်ကြည့်နေလိုက်၊ နင်ဆိုတဲ့ မင်းသမီးလောက်တော့ ပြောမနေနဲ့”
သူက စကားကြီး စကားကျယ်ပြောနေခြင်း မဟုတ်ပေ။ မနှစ်က သူသည် နန်းတွင်းသို့ ဝင်ချိန်က ချင်းလုံဧကရာဇ်နှင့် တွေ့ခဲ့ပြီး ဒူးမထောက်ဘဲ ရပ်နေခဲ့သည်။
ချင်းလုံဧကရာဇ်က သူ့တွင် ထူးခြားသည့် စိတ်သဘောထားရှိမှန်း သိလေသည်။ သူသည် သေရမှာ မကြောက်ပေ။ သူကိုယ်တိုင်က ဉာဏ်ပညာပြည့်စုံသည့် ဘုရင်တစ်ပါးဟု ကြွေးကြော်ထားခဲ့သည်။ သည်အသေးဖွဲကိစ္စလေးနှင့် နတ်ဆေးသမားတော်ဝူကို သည်းမခံနိုင်သောကြောင့်တော့ သူသည် သည်းခံနိုင်စွမ်း အတိုင်းအတာကို မသိကျိုးကျွံပြုနိုင်သည်ဟု ထင်ရသယောင်။ ထို့အပြင် သူသည် ငယ်တော့သည်မဟုတ်လေရာ မကြာခဏဆိုသလို အသေးဖွဲပြဿနာလေးများ ရှိသည်။ သူသည် ဟွာထိုကို သတ်ခဲ့ပြီး သူ့ရောဂါကို ကုပေးမည့်သူမရှိခဲ့သည့် ချောင်ချောင်လိုတော့ မဖြစ်လိုပေ။
ထို့အပြင် နတ်ဆေးသမားတော်ဝူသည် ‘နတ်ဆေးဆရာ’ဟူသည့် စကားလုံးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ သူသည် သာမန်လူတစ်ယောက် မဟုတ်ပေ။
ချင်းလုံဧကရာဇ်က ထိုကိစ္စကို လျှော်ပေးခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် သည်ကိစ္စက ချင်းလုံဧကရာဇ်၏ ဂုဏ်သတင်းကို ထောက်မပေးပြီး ကောင်းမွန်သည့် ပုံပြင်တစ်ပုဒ်ပင် ဖြစ်လာလေသည်။ လူတော်တော်များများက ထိုအကြောင်းကို သိကြသည်။
ရှောင်းလီယွီလည်း သည်အကြောင်းကို သိလေသည်။ ရုတ်ခြည်းဆိုသလို အဘိုးကြီးဝူ၏ ပြန်ချေခံလိုက်ရသဖြင့် သူမ၏အမူအရာက လုံးဝပျက်သွားတော့သည်။ သူမသည် သူ့ကို ဒေါသမထွက်လိုပေ။ သူမက ကျန်းယွင်ကျူးကို ချက်ချင်းလက်ညှိုးထိုးလိုက်ပြီး
“သူက ဘာလို့ ဒူးမထောက်သေးတာလဲ”
ကျန်းယွင်ကျူးက ဒူးထောက်ရန် ပြင်လိုက်သော်လည်း ရှန်ဖုန်းမင်က ပြန်ဆွဲထားသဖြင့် လှုပ်မရနိုင် ဖြစ်သွားတော့သည်။
“မင်းသမီး ကျွန်တော်တို့ အလျင်လိုနေတာပါ၊ ကျင့်ဝတ်တွေက အရေးမကြီးပါဘူး၊ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ”
ရှန်ဖုန်းမင်က ပြောလိုက်ပြီး ကျန်းယွင်ကျူးကို ရှေ့သို့ ဆွဲခေါ်သွားတော့သည်။
“ရှင်၊ ရှင်ဘာလုပ်ချင်တာလဲ”
ရှောင်းလီယွီသည် ခြေနှစ်လှမ်းလောက် ဆုတ်သွားဖို့ ဖိအားပေးခံလိုက်ရလေသည်။
“ကျွန်တော်တို့ အရေးကြီးနေလို့ပါ၊ စီနင်နန်းတော်ကို သွားရပါမယ်” ရှန်းဖုန်းမင်၏အသံက ဖမ်းစားနိုင်လွန်းလှသည်။
ရှောင်းလီယွီသည် အမှတ်တမဲ့ နောက်ထပ်ခြေတစ်လှမ်း ဆုတ်ပေးကာ လမ်းဖယ်ပေးလိုက်လေသည်။
သူမက သူတို့ကို အဘယ်ကြောင့် လမ်းဖယ်ပေးရပါမည်နည်းဟု ရုတ်တရက် နားလည်လိုက်သည်။ သူမက ရှမင်းဆက်ရဲ့ မင်းသမီးတစ်ပါးပဲ။ ကျန်းယွင်ကျူးက ဘာမလို့လဲ။ သူမက သာမန်ပြည်သူတစ်ယောက်ပဲ။
“လာကြစမ်း” သူမက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
လျှပ်တပြက်အတွင်း ၁၂ယောက်လောက်ရှိသည့် အစောင့်များက ချက်ချင်း စုဝေးလာကြသည်။
“ဒီစဥ်းလဲတဲ့အရပ်သူက ဒီမင်းသမီးကို ရိုင်းပျခဲ့တယ်၊ သူ့ကို ချက်ချင်းဖမ်းလိုက်” ရှောင်းလီယွီက ကျန်းယွင်ကျူးကို လက်ညှိုးထိုးလိုက်ပြီး ကြေညာလိုက်လေသည်။
သည်အချိန်တွင်တော့ ကျန်းယွင်ကျူးသည် မင်းသမီးက သူမကို ပစ်မှတ်ထားနေသည်ကို နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။
ထိုအစောင့်များက ရှန်ဖုန်းမင်တို့သုံးယောက်ကို ချက်ချင်းဝိုင်းထားလိုက်ကြသည်။
ရှန်ဖုန်းမင်က မျက်နှာပေါ်တွင် ကြောက်ရွံ့ဟန်မပြပေ။ သူက ကျန်းယွင်ကျူးကို နောက်တွင်ထားကာ ကာကွယ်ထားပြီး အားလုံးကို လှမ်းကြည့်လိုက်လေသည်။
“ငါ သူ့ကို ခေါ်လာတာ၊ ဒီအခြေအနေကို ငါ ကိုယ်တိုင် မင်းကြီးကို တင်ပြရလိမ့်မယ်”
အစောင့်များအားလုံးက သူ့ကို မှတ်မိကြသည်။ သူတို့သည် ချက်ချင်း ရပ်သွားပြီး အချင်းချင်း ကြည့်လိုက်ကြလေသည်။ အခု သူတို့ ဘာလုပ်ကြမလဲ။
ရှေ့တိုးရမှာလား။ ဒါဆို ရှန်ဖုန်းမင်နဲ့ ပဋိပက္ခဖြစ်တော့မယ်။ သူတို့သည် လုပ်ရနိုးနိုး ချိန်ဆနေရတော့သည်။
ပြန်ဆုတ်ရမလား။ မင်းသမီးက ကြည့်နေတယ်လေ။
ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ကာကွယ်ပေးလေလေ ကျန်းယွင်ကျူးသည် သူ့အတွက် ထူးခြားကြောင်း သက်သေနေလေလေ ဖြစ်နေတော့သည်။ သည်အခိုက်တွင် ရှောင်းလီယွီမှာ ဒေါသကြောင့် မူးမေ့မတတ်ဖြစ်သွားတော့သည်။
“ငါ့အတွက် သူ့ကို ဖမ်းပေးစမ်း၊ ငါပြောနေတာ မကြားကြဘူးလား၊ သူ့ကို ဖမ်းကြ” သူမက အော်ဟစ်လိုက်၏။
အစောင့်များက ရှေ့သို့ တိုးချင်သော်လည်း သူတို့သည် အနည်းငယ် တွန့်ဆုတ်နေကြသယောင်။
သည်အချိန်တွင် စီနင်နန်းတော်၌ ရုန်းရင်းဆန်ခတ် ဖြစ်နေလေသည်။ တချို့နန်းတွင်းအစေခံများက အလောတကြီး ပြေးလွှားနေကြသည်။
တချို့က နန်းတွင်းသမားတော်ကို သွားခေါ်ပြီး တချို့ကတော့ မင်းကြီးကို သွားရောက် သတင်းပို့ကြသည်။
သိပ်မကြာခင်က မယ်တော်ကြီးသည့် နန်းတော်ထဲတွင် လက်ဖက်ရည်သောက်ရင်း ရုတ်တရက် သတိလစ်သွားကာ သတိပြန်မလည်လာတော့ပေ။
မယ်တော်ကြီးသည် ကျန်းမာရေးမကောင်းချေ။ တစ်နှစ်ပတ်လုံး နန်းတော်ထဲတွင် နေပေးရသည့် နန်းတွင်းသမားတော်တစ်ယောက် ထားပေးရသည်။ ထိုကိစ္စဖြစ်သွားပြီးနောက် နန်းတွင်းသမားတော်ကျန်းက မယ်တော်ကြီးကို ကုသပေးရန် ချက်ချင်း စစ်ဆေးပေးလေသည်။ သို့သော်ငြား သူသည် အလွန်မှ ကြောက်လန့်နေရာ ဘာမှမကြံနိုင်အောင် ဖြစ်နေတော့သည်။ မယ်တော်ကြီးက လေဖြတ်သွားခြင်းပင်။
“မြန်မြန် မင်းကြီးကို မြန်မြန်သတင်းပို့၊ ပြီးတော့ နန်းတွင်းသမားတော်ချူကိုလည်း ခေါ်လိုက်”
နန်းတွင်းသမားတော်ကျန်းက ခြေဖျား လက်ဖျားများ အေးစက်ကာ ပြောလိုက်လေသည်။
နန်းတွင်းသမားတော်ချူသည် တော်ဝင်ဆေးပေးခန်းတွင် အကောင်းဆုံးဆေးပညာ ပိုင်ဆိုင်ထားသည့် နန်းတွင်းသမားတော် ဖြစ်လေသည်။
သူသည်က အလွန်မှကြောက်လန့်နေသည်ကို တွေ့လိုက်ရသဖြင့် အစေခံများသည်လည်း အခြေအနေ မကောင်းမှန်း ချက်ချင်းသိလိုက်ကြပြီး ချက်ချင်းဆိုသလို ပြာယာခပ်သွားကြတော့သည်။
အထိန်းတော်ချီက မယ်တော်ကြီးကို ခံစားရသည့် အဆင့်မြင့်သူတစ်ယောက်ဖြစ်ကာ မယ်တော်ကြီးအပေါ် သစ္စာစောင့်သိလေသည်။ သည်အခိုက်တွင် သူမသည် အလွန်စိုးရိမ်ပူပန်သွားပြီး ဘာကိုမှ ဂရုမစိုက်အားတော့ပေ။ သူမက နန်းတွင်းသမားတော်ကျန်းကို မေးလိုက်တော့သည်။
“မယ်တော်ကြီးရဲ့ အခြေအနေဘယ်လိုလဲ”
နန်းတွင်းသမားတော်ကျန်းက အစကတော့ မပြောချင်ပေ။ သို့သော်လည်း အထိန်းတော်ချီက တင်းမာလာလေသည်။ ထိုအခါမှ နန်းတွင်းသမားတော်ကျန်းက ရေရွတ်လိုက်တော့သည်။
“လေဖြတ်သွားတဲ့ ပုံပဲ”
“လေဖြတ်တာ....”
အထိန်းတော်ချီသည် သူမ၏အမြင်က မည်းမှောင်သွားကာ လောကကြီးက ပတ်ချာလည်သွားသလို ခံစားလိုက်ရတော့သည်။ သည်အသက်အရွယ်ကျမှ မယ်တော်ကြီးက ဒီရောဂါကို ရခဲ့တယ်လို့။ ဒါက....
သူမသည် ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
ချင်းလုံဧကရာဇ်လည်း မကြာခင်မှာပင် သတင်းရခဲ့ပြီး စီနင်နန်းတော်သို့ ရောက်လာခဲ့သည်။
မယ်တော်ကြီးက ကြမ်းပြင်ပေါ်တွင် လဲနေသည်ကို မြင်လိုက်ရသောအခါ သူသည် အမျက်ထွက်သွားတော့သည်။ အတင်းရဲလိုက်တဲ့ ကျေးကျွန်တွေ။ သူတို့တွေက မယ်တော်ကြီးနဲ့ သူ့ကို အလေးမထားကြတာပဲ။
သည်အချိန်တွင် နန်းတွင်းသမားတော်ကျန်းက တုန်တုန်ယင်ယင်နှင့် ပြောရတော့သည်။
“မင်းကြီး စိတ်လျှော့တော်မူပါ၊ မယ်တော်ကြီးက လေဖြတ်သွားပုံရပါတယ်၊ ကျွန်တော်မျိုးတို့တွေ အခြေအနေကို နားမလည်ခင်မှာ နေရာမရွှေ့တာ မကောင်းဆုံးပါပဲ၊ အခြေအနေကို ပိုဆိုးသွားမှာစိုးလို့ပါ”
ချင်းလုံဧကရာဇ်က သည်စကားကို ကြားလိုက်ရပြီးနောက်တွင်လည်း သူ့ဒေါသက ပြယ်မသွားသေးချေ။ လေဖြတ်တာတဲ့။ မယ်တော်ကြီးက လေဖြတ်သွားတာတဲ့။ ဒီလူတွေ မယ်တော်ကြီးကို ဘယ်လိုခစားနေကြတာလဲ။ သူတို့တွေအားလုံး သေသင့်တယ်။
စီနင်နန်းတော်က လူအားလုံးသည် ဒူးထောက်လိုက်ကြပြီး မင်းကြီးက သူတို့အားလုံးကို အမျက်ဒေါသကြောင့် ကွပ်မျက်လိုက်မည်ကို စိုးနေကြရာ အသက်ပင် ကျယ်ကျယ်မရှူရဲကြပေ။
“မယ်တော်ကြီးကို မကုသပေးသေးဘူးလား”
ကံကောင်းချင်တော့ ချင်းလုံဧကရာဇ်တွင် သူတို့ကို ကိုင်တွယ်ဖို့ အချိန်မရှိပေ။ သူက နန်းတွင်းသမားတော်ကျန်းကို ဖိအားပေးတော့သည်။
“မယ်တော်ကြီးက တော်ဝင်ဇာမဏီခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပြီး သူမရဲ့နားမကျန်းမှုက အရမ်းကို မြန်ဆန်လှပါတယ်၊ ဒီသေးသိမ်လှတဲ့ အမှူထမ်းရဲ့ဆေးပညာက မကောင်းလှပါဘူး၊ မယ်တော်ကြီးရဲ့နာမကျန်းမှုကို မှားယွင်းကုသမိမှာ စိုးရပါတယ်၊ နန်းတွင်းသမားတော်ချူ ရောက်အလာကို စောင့်ပြီးမှာ မယ်တော်ကြီးကို ကုသပေးတာက အကောင်းဆုံးဖြစ်ပါတယ်...”
“အသုံးမကျတဲ့ဟာ”
ချင်းလုံဧကရာဇ်က သူ့ကို ကန်ကျောက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
နန်းတွင်းသမားတော်ကျန်းလည်း တုန်တုန်ယင်ယင်နှင့် ပြန်မချေပရဲပေ။
သည်အချိန်တွင် နန်းတွင်းသမားတော်ချူ ရောက်လာတော့သည်။ သည်လိုမြင်ကွင်းကို တွေ့လိုက်ရသည်တွင် သူသည် စိတ်ထဲမှ အော်ငိုမိတော့သည်။ သို့သော် ခုနက ထိုလူကို တွေ့လိုက်ရသည်ကို စဥ်းစားမိလိုက်တော့ တဖန် စိတ်ပြန်အေးသွားတော့သည်။
သူက ချင်းလုံဧကရာဇ်ကို ဦးညွှတ်နှုတ်ဆက်မည်ပြင်လိုက်၏။
“မယ်တော်ကြီးကို မြန်မြန်ကုသပေးစမ်းပါ၊ အလုပ်မဖြစ်လို့ကတော့ ငါကိုယ်တော် မင်းရဲ့အသက်ကို လိုချင်တယ်” ချင်လုံးဧကရာဇ်က ဆီးကာပြောလေသည်။
နန်းတော်တွင်းသမားတော်ချူလည်း မယ်တော်ကြီးကို ကုသပေးရန် မြန်မြန်သွားလိုက်တော့သည်။ သူ့ဆေးပညာက အလွန်မှသာလွန်ပြီး သွေးခုန်နှုန်းကို စမ်းလိုက်သည်နှင့်ချက်ချင်း မယ်တော်ကြီး၏ရောဂါက အလွန်မှ အန္တရာယ်များနေသည်ကို သိလိုက်ရလေသည်။ သူ ဒါကို မကုသပေးနိုင်ဘူး။
“လျှောက်တင်ပါတယ် မင်းကြီး၊ မယ်တော်ကြီးရဲ့ နားမကျန်းမှုက ကျွန်တော်မျိုးလည်း ဘာမှမတတ်နိုင်မှာ စိုးရပါတယ်”
နန်းတွင်းသမားတော်ချူက ရှင်းပြလိုက်သည်။ ချင်းလုံဧကရာဇ်က ဒေါသမထွက်ခင် သူက ဆက်ပြောလိုက်လေသည်။
“နတ်ဆေးသမားတော်ဝူဆိုရင်တော့ ကုသပေးနိုင်မယ်လို့ ထင်ပါတယ်”
ချင်းလုံဧကရာဇ်သည် ကျန်းသဲ့ ခန်းမဘက်က လာခဲ့ပြီး ရှန်ဖုန်းမင်တို့ သုံးယောက် ဝိုင်းခံထားရသည့် မြင်ကွင်းကို မမြင်ခဲ့ပေ။ ထိုစကားကို ကြားလိုက်တော့ သူသည် အမျက်ခြောင်းခြောင်းထွက်လွန်းသဖြင့် လူသ-တ်ချင်စိတ်ပေါက်သွားတော့သည်။ နတ်ဆေးသမားတော်ဝူ။ သူက ဘယ်မှာရှိနေမှန်းတောင် မသိဘူး။ သူရောက်လာတဲ့အချိန်ဆိုရင် မယ်တော်ကြီးက ကံတော်....
“မင်းကြီး ကျွန်တော်မျိုး ဒီကိုလာတုန်းက နတ်ဆေးသမားတော်ဝူကို ရွှေယွဲ့ဇရပ်နားမှာ တွေ့ခဲ့ပါတယ်၊ အစောင့်တစ်ဖွဲ့လို့ ထင်ရတဲ့သူတွေက သူ့ကို ဖမ်းနေကြတယ်” နန်းတွင်းသမားတော်ချူက ရှင်းပြလိုက်၏။
ချင်းလုံးဧကရာဇ်သည် အလွန်မှ အံ့အားသင့်သွားတော့သည်။ ထို့နောက်တွင်တော့ သူသည် ဝမ်းသာပီတိ ဖြစ်သွားတော့သည်။ နတ်ဆေးသမားတော်ဝူ ရောက်လာပြီဟုတ်လား။ ဧကန္တ ဘုရားသခင်က သူ့ကို စောင်မပေးလိုက်တာလား။ အစောင့်တွေက နတ်ဆေးသမားတော်ဝူကို ဖမ်းထားချင်တဲ့ကိစ္စကရော ဘာလဲ။ သူ့ကို စောင့်ကြည့်နေရတယ်လို့။ ဘယ်သူက အဲလောက်အတင့်ရဲသွားတာလဲ။
“မြန်မြန် နတ်ဆေးသမားတော်ကို ပင့်လိုက်” သူက မိန့်လိုက်သည်။
“မင်းကြီး ကျွန်တော်မျိုးမ ကိုယ်တိုင် သူ့ကို သွားပင့်ချင်ပါတယ်”
အထိန်းတော်ချီက ချက်ချင်း ပြောလိုက်တော့သည်။ နတ်ဆေးသမားဝူသည် ထူးဆန်းသည့် စိတ်နေသဘေားထားရှိမှန်း သူမ သိထားသည်။ လွှတ်လိုက်သည့်သူက သူ့ကို အပြစ်ပြုမိမည်စိုးရသည်။ သူသာ ဒေါသထွက်ပြီး မယ်တော်ကြီးကို ကုသပေးဖို့ ငြင်းဆိုလိုက်မှဖြင့် အဖြစ်ဆိုးကုန်တော့မည်။
သူမကိုယ်တိုင် သွားလိုက်သည်က ပိုကောင်းပေသည်။
ချင်းလုံဧကရာဇ်က ခေါင်းညိတ်လိုက်၏။ အထိန်းတော်ချီက အားကိုးရသူဖြစ်နေဆဲပင်။
“မင်း မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့”
“အမိန့်တော်အတိုင်းပါ”
အထိန်းတော်ချီက ပြောရင်းဆိုရင်း နောက်ဆုတ်ထွက်သွားကာ ရွှေယွဲ့ဇရပ်ဆောင်သို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။
သည်ဘက်တွင်တော့ ရှန်ဖုန်းမင်နှင့် တခြားသူများသည် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြလေသည်။
အထိန်းတော်ချီက နတ်ဆေးသမားတော်ဝူကို တွေ့လိုက်ချိန်တွင် နတ်ပြည်မှ ဗုဒ္ဓဘုရားရှင်ကို တွေ့လိုက်ရသလိုပင်။ သူမက လျှောက်လာကာ ပြောလိုက်တော့သည်။
“နတ်ဆေးသမားတော်ဝူ၊ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ”
နတ်ဆေးသမားတော်ဝူက မျက်ထောင့်ဖြင့် သူမကို လှမ်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။
“လူတစ်ယောက်က ကျုပ်ကို ပေးမသွားချင်ဘူးလေ”
သူက ရှောင်းလီယွီကို ပြောနေမှန်းဖြစ်ကြောင်း ပြောစရာပင်မလိုချေ။
အထိန်းတော်ချီက ရှောင်းလီယွီဘက်လှည့်လိုက်ပြီး
“မင်းသမီးတစ်ဆယ်၊ ဘာတွေဖြစ်နေတာလဲ”
“သူတို့တွေက ဒီမင်းသမီးအပေါ် ရိုင်းပျကြတယ်လေ”
ရှောင်းလီယွီက အံကြိတ်ထားလိုက်သည်။
နတ်ဆေးသမားတော်ဝူက အလွန်ဒေါသထွက်ဟန်ဖြင့် ထပ်ပြီး နှာခေါင်းရှုံ့လိုက်တော့သည်။
အထိန်းတော်ချီမှာ ရှောင်းလီယွီကို နှစ်ခါပြန် ပါးချချင်စိတ် ပေါက်သွားတော့သည်။ ဒီလိုအချိန်ကျမှ သူမက နတ်ဆေးသမားတော်ဝူနဲ့ အခြေအတင်ဖြစ်နေရတယ်လို့။ ဒါက မယ်တော်ကြီးကို အခြေအနေ ဆိုးရွားသွားအောင် လုပ်နေတာနဲ့ အတူတူပဲ။
သူမက တည်ကြည်သည့်မျက်နှာထားတစ်ခုနှင့် ချက်ချင်းပြောလိုက်တော့သည်။
“မယ်တော်ကြီး အပြင်းအထန်နာမကျန်း ဖြစ်နေတယ်၊ မင်းကြီးက နတ်ဆေးသမားတော်နဲ့ တွေ့ချင်နေတယ်”
ထိုစကားလုံးများ ထွက်ကျလာသည်နှင့်ချက်ချင်း နေရာတွင် ရှိနေကြသူများက အလန့်တကြား ဖြစ်သွားကြတော့သည်။ မယ်တော်ကြီးက အပြင်းအထန် နာမကျန်းဖြစ်နေတယ်တဲ့။ ဒါက ကိစ္စကြီးတစ်ခုပဲ။
ခုနက ရှန်ဖုန်းမင်ပြောခဲ့သည့် အရေးကြီးကိစ္စဟူသည့်စကားကို ပြန်စဥ်းစားလိုက်မိကြပြီး အားလုံးက ကြောက်လန့်တကြား ဒူးထောက်လိုက်ကြတော့သည်။ သူတို့တွေက မယ်တော်ကြီးကို ကုသပေးမဲ့ နတ်ဆေးသမားတော်ဝူကို တားမြစ်ထားခဲ့တာမလို့ ပြင်းထန်တဲ့ပြစ်မှုကို ကျူးလွန်ခဲ့မိတာပဲ။ မင်းကြီးက ဒီကိစ္စကို စစ်ဆေးလိုက်ရင်တော့ သူတို့ရဲ့ခေါင်းတွေ ဖြတ်ပစ်လို့တောင် လုံလောက်မှာမဟုတ်လေဘူး။
ရှောင်းလီယွီသည် သည်အကြောင်းကို စဥ်းစားလိုက်ပြီး သူမ၏မျက်နှာက ထိတ်လန့်ကာ ဖြူဆုတ်သွားတော့သည်။ ရှန်ဖုန်းမင် ပြောတဲ့ စကားက အမှန်တွေဖြစ်နေမယ်လို့ ထင်မထားခဲ့မိဘူးလေ။
ရှန်ဖုန်းမင်လည်း အနည်းငယ် အံ့ဩသွားတော့သည်။ ထို့နောက် သူသည် စိုးရိမ်လာတော့သည်။ မယ်တော်ကြီး၏ ရောဂါအခြေအနေကို စဥ်းစားမိတော့သည်။
အခုတော့ သူသည် မယ်တော်ကြီးနေထိုင်ရာ နန်းဆောင်သို့ တိုက်ရိုက် ဦးဆောင်သွားလိုက်လေသည်။
ဘယ်သူကမှ သူတို့ကို မတားမြစ်ရဲကြပေ။
မကြာမီ အားလုံးက မယ်တော်ကြီး နေထိုင်ရာနန်းဆောင်သို့ ရောက်လာကြတော့သည်။
“အဘိုး”
ဝင်မသွားခင် ကျန်းယွင်ကျူးက အဘိုးကြီးဝူကို စိတ်ပူမိသဖြင့် လေသံတိုးတိုးလေးဖြင့် လှမ်းခေါ်လိုက်လေသည်။
“စိတ်မပူပါနဲ့”
အဘိုးကြီးဝူက လက်ခါပြလိုက်၏။ ကျန်းယွင်ကျူးအတွက် သူက မယ်တော်ကြီးကို ကုသပေးရမယ်လေ။
နောက်ပိုင်းတွင် ချင်းလုံဧကရာဇ်သည် သည်နေ့တော့ နတ်ဆေးသမားတော်ဝူက စကားပြောရ လွယ်ကူနေပုံ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ နတ်ဆေးသမားတော်က ဝင်လာတုန်းက သူ့ကိုတောင် ဦးညွှတ်နှုတ်ဆက်လိုက်သေးတယ်။ လုံးဝကို မကြုံစဖူးပဲ။
သူသည် ပိုပြီးဝမ်းသာသွားပြီး နတ်ဆေးသမားတော်ဝူကို ထခိုင်းလိုက်ကာ မယ်တော်ကြီးကို မြန်မြန်ကုသခိုင်းလိုက်လေသည်။
နတ်ဆေးသမားတော်ဝူက မယ်တော်ကြီး၏ သွေးခုန်နှုန်းကို စမ်းပေးကာ၊ သူမ၏မျက်လုံးကို စစ်ဆေးလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။
“ဘယ်လိုနေလဲ”
သူ့ကို သည်လိုတွေ့လိုက်ရသဖြင့် ချင်းလုံဧကရာဇ်က တဖန်စိုးရိမ်လာပြန်သည်။
နတ်ဆေးသမားတော်ဝူ၏ မျက်လုံးများက အမှတ်တမဲ့ ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ မယ်တော်ကြီးရဲ့ ရောဂါက အရမ်းအရေးကြီးနေတယ်။ သူမကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ပေးပြီးမှ ဖြည်းဖြည်းချင်း ကုသပေးလို့ရမှာ။ မနေ့က သူ ကျန်းယွင်ကျူးကို ပေးခဲ့တဲ့ဆေးက အသုံးဝင်လာပြီ ဆိုပေမဲ့ သူက ကျန်းယွင်ကျူးကို ပေးထားပြီးသားလေ။ ပြန်ယူဖို့ အကြောင်းမရှိဘူးပေါ့။ ဒါကြောင့် သူက ခေါင်းခါလိုက်ရတာပဲ။
ကျန်းယွင်ကျူးက သဘောပေါက်သွားလေသည်။ သူမက ဆေးပုလင်းကို ထုတ်လာလိုက်ပြီး သူ့ကို လှမ်းပေးလိုက်သည်။ အရင်ဆုံးဦးစားပေးရမှာက အသက်ကယ်ဖို့ပဲလေ။
...
အပိုင်း(၁၁၉)
အားလုံးက သည်မြင်ကွင်းကို မြင်လိုက်ကြသည်။ သို့သော် ပုလင်းထဲတွင် ရှိနေသည့်အရာကိုတော့ သူတို့မသိကြပေ။
သည်အချိန်တွင် နတ်ဆေးသမားတော်ဝူက ပုလင်းကို ဖွင့်လိုက်လေသည်။ ဆေးနံ့က ရုတ်ခြည်းဆိုသလို ဝေ့တက်လာပြီး ဆေးနံ့ကို ရှူရှိုက်မိသူများ၏ စိတ်နှလုံးက အထိတ်တလန့် ဖြစ်သွားကြတော့သည်။ သည်ဆေးပုလင်းထဲက ပစ္စည်းမှာ အသက်ကယ်ဆေးတစ်ခု ဖြစ်မှန်း မသိသူ အဘယ်မှာ ရှိပါမည်နည်း။
သည်ဆေးက ကျန်းယွင်ကျူး၏လက်ထဲတွင် ရှိနေသည့်အကြောင်းအရင်းကို မသိရုံသာဖြစ်လေသည်။
အားလုံးက စိတ်ထဲတွင် သံသယများ ဖြစ်သွားသော်လည်း သည်အချိုးအကွေ့လေးတွင် မမေးရဲကြပေ။ သူတို့အားလုံးက နတ်ဆေးသမားတော်ဝူကို ကြည့်လိုက်ကြလေသည်။
နတ်ဆေးသမားတော်ဝူက ပုလင်းထဲက ခရမ်းရင့်ရောင်ဆေးလုံးကို သွန်ထုတ်လိုက်ပြီး ရေထဲတွင် ထည့်ကာ မယ်တော်ကြီးကို တိုက်လိုက်တော့သည်။
ထို့နောက်တွင် သူက လူခေါ်ပြီး မယ်တော်ကြီးကို အိပ်ရာထဲသို့ ပို့ခိုင်းလိုက်တော့သည်။
မယ်တော်ကြီး၏ အသားအရေက မူလကတွင် နီပုတ်ကာ ပြာနှမ်းနေလေသည်။ သည်ဆေး သောက်ပြီးသွားသည့်နောက်တွင်တော့ သူမ၏အသားအရေက သိသိသာသာ တိုးတက်လာခဲ့သည်။
သည်အချိန်တွင် နတ်ဆေးသမားတော်ဝူက သူမကို အပ်စိုက် ကုသပေးလိုက်သည်။
နာရီဝက်ကြာပြီးနောက် နတ်ဆေးသမားတော်ဝူက နောက်ဆုံးအပ်ကို ထုတ်လိုက်ပြီး စိတ်အေးသွားကာ သက်မ,လုံးကြီးချလိုက်တော့သည်။ သူ့မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ချွေးသီးများ ဖုံးအုပ်နေပြီး သူ့အဝတ်အစားများသည်လည်း ရွှဲနစ်နေတော့သည်။
“ဘယ်လိုလဲ” ချင်းလုံဧကရာဇ်က မေးလိုက်၏။
“နောက်ထပ် လေး ငါး ခါလောက် အပ်စိုက်ပြီးရင်တော့ ပြင်းပြင်းထန်ထန် မဖြစ်တော့ပါဘူး”
သမားတော်ဝူက ပြောလိုက်သည်။
ထိုအခါမှ အားလုံးမှာ စိတ်အေးသွားတော့သည်။ ထိုအခါမှ အားလုံးသည် သူတို့ကိုယ်ပေါ်တွင်လည်း ချွေးများရွှဲနေသည်ကို သတိထားမိကြတော့သည်။
၇လပိုင်း လလယ်တွင် ရာသီဥတုက ပူပြင်းလှသည်။ အားလုံးက စိတ်တင်းကြပ်နေကြသဖြင့် ချွေးများက ရွှဲနစ်နေအောင်ထွက်နေသည်မှာ သဘာဝပင်။
အခုတော့ အားလုံး အဆင်ပြေသွားပြီဖြစ်သည်။ မိုးရွာပြီးနောက် နေသာလာလေပြီ။
သည်အခိုက်တွင် အပြင်ဘက်မှ လူတစ်ယောက် ဝင်လာခဲ့သည်။ တန့်ယန်းမင်းသမီး ဖြစ်နေသည်။ သူမသည် မယ်တော်ကြီး အပြင်းအထန်နာမကျန်းဖြစ်နေသည်ဟု ကြားလိုက်ရချိန်တွင် မြို့ပြင်သို့ ရောက်နေပြီး ချက်ချင်း အလောတကြီး ပြန်လာခဲ့လေသည်။ သည်အချိန်မှ သူမသည် နန်းတော်သို့ ရောက်လာခဲ့ရသည်။
သူမ ဝင်လာသည်နှင့်တစ်ပြိုင်နက် မယ်တော်ကြီး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီး အဆင်ပြေသွားပြီးဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်ဝမ်းသာသွားတော့သည်။ ထို့နောက် သူမသည် နေရာတွင် ကျန်းယွင်ကျူးနှင့် နတ်ဆေးသမားတော်ဝူကို သတိထားမိသွားလေသည်။
“အစ်ကိုတော် ဘာတွေဖြစ်သွားတာလဲ” သူမက မေးလိုက်၏။
ချင်းလုံဧကရာဇ်ကလည်း နတ်ဆေးသမားတော်ဝူက တိုက်တိုက်ဆိုင်ဆိုင် နန်းတော်ထဲသို့ ရောက်လာသည့် အကြောင်းအရင်းကို စဥ်းစားနေမိလေသည်။ ဒီနေ့ အခြေအနေမှာ သူ့ကြောင့်သာ မဟုတ်ရင် မယ်တော်ကြီးကတော့ ဒုက္ခရောက်သွားတော့မှာပဲ။ ဪ ဟုတ်ပေသားပဲ။ အသက်ကယ်ဆေးလည်း ရှိသေးတယ်။
အကြည့်အားလုံးက နတ်ဆေးသမားတော်ဝူထံ ရောက်သွားကြလေသည်။
နတ်ဆေးသမားတော်ဝူက နှာခေါင်းရှုံ့လိုက်ပြီး အားလုံးရှေ့တွေ ဆေးပုလင်းကို ခေါင်းပြန် ဖင်ပြန် ခါပြလိုက်လေသည်။ အထဲမှာ ဆေးတစ်လုံးပဲ ရှိတာလေ။ ပြီးတော့ ဆေးကို သုံးလိုက်ပြီ။ ဒီဆေးကို ဘယ်သူမှ ထပ်သုံးလို့မရတော့ဘူး။ သူ ဒီကိုရောက်လာတဲ့အကြောင်းအရင်းကလား “လူတစ်ယောက်က သူ့ကို ဒီနေရာကို ဖိတ်ခေါ်လာခဲ့လို့လေ”
မဟုတ်ရင် သူက ဒီလိုနေရာကို မလာဘဲ ရွှံ့နွံတောထဲမှာ ပတ်ကစားနေမှာပေါ့။ သူက ထိုသို့ ပြောလိုက်ရင်း ကျန်းယွင်ကျူးကို လှမ်းကြည့်လိုက်လေသည်။
အားလုံးက သူ့အကြည့်နောက် လိုက်ပါသွားကြသည်။
ကျန်းယွင်ကျူးလည်း ရှင်းရှင်းလင်းလင်း လုပ်ထားရမည့်ကိစ္စ ရှိနေကြောင်း သိလိုက်တော့သည်။ သူမက ဒူးကို ညွှတ်လိုက်ကာ ပြောလိုက်တော့သည်။
“မင်းကြီးကို လျှောက်တင်ပါတယ်၊ နတ်ဆေးသမားတော်ဝူကို ဒီနေရာကို အတင့်ရဲပြီး ဖိတ်လာတာ ဒီအရပ်သူပါ”
ဖြစ်သွားသည့် ကိစ္စများတွင် သူမက ရှန်ဖုန်းမင်နှင့် ဆက်ဆံရေးကိုတော့ ဘာမှထုတ်မပြောခဲ့ပေ။ ပြီးခဲ့သည့်အခေါက်က သူမသည် မယ်တော်ကြီးအတွက် ချက်ပြုတ်ပေးစဥ်က မယ်တော်ကြီး၏ ကျန်းမာရေး မကောင်းသည်ကို သတိထားမိသည့်အကြောင်းကိုသာ ပြောပြလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူမက နတ်ဆေးသမားတော်ဝူနှင့် သိကျွမ်းပြီး မယ်တော်ကြီးကို ကုသပေးဖို့ရန် သူ့ကို ဖိတ်ခဲ့ချင်သည်။ သူတို့သည် သည်နေ့ အခြေအနေကို တွေ့ကြုံရလိမ့်မည်ဟုတော့ ထင်မထားခဲ့ကြပေ။
ဆေးကိစ္စကတော့ နတ်ဆေးသမားတော်က သူမကို အစကတည်းက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ကြီးမားသည့် ကံကောင်းခြင်းတို့ကြောင့် ကောင်းချီးပေးခံရသူက မယ်တော်ကြီး ဖြစ်နေသည်။ နတ်ဆေးသမားတော်က သည်တစ်ကြိမ် ဟွာရှန်းသို့ သွားချိန်က ကျိုချွီလင်ရှန်းကို မမျှော်လင့်ဘဲ ရခဲ့ခြင်းဖြစ်သည် ဟူ၍။
သူမပြောလိုက်သည့် စကားက စင်းလုံးချောနေလေသည်။
ထိုစကားကို ကြားလိုက်ရပြီးနောက် ချင်းလုံဧကရာဇ်က ချီးကျူးစကားပြောလိုက်ပြီး အင်မတန် ဝမ်းမြောက်သွားလေသည်။ သူက ကျန်းယွင်ကျူးကို တွေးခေါ်မြော်မြင်တတ်သည်ဟု ချီးကျူးစကား ပြောလိုက်သည်။ နန်းတော်ထဲက လူအားလုံးက မယ်တော်ကြီး ကျန်းမာရေး မကောင်းတာကို သိထားကြပေမဲ့ မယ်တော်ကြီးအတွက် ဆေးကုပေးတဲ့ နေရာမှာ ကူညီဖို့ ဘယ်သူက စဥ်းစားပေးခဲ့ဖူးလို့လဲ။ သူတောင်မှပဲ လေးဖင့်နေခဲ့မိတာပဲ။ ကျန်းယွင်ကျူးကတော့ နန်းတော်ထဲ ပထမဆုံးအကြိမ် ဝင်လာတဲ့အချိန်မှာပဲ ဒါကို သတိရနေခဲ့တယ်။
သူသည် ကျန်းယွင်ကျူးကို ထပ်ကြည့်လိုက်ပြီး မသိမသာ ခေါင်းညိတ်လိုက်လေသည်။
တန့်ယန်းမင်းသမီး၏ နှလုံးသားမှာ ပီတီဖြစ်သွားတော့သည်။ ပြီးခဲ့သည့် တစ်ခေါက်က အဖြစ်အပျက် ပြီးသွားသည့်နောက် သူမက ကျန်းယွင်ကျူးကို စိတ်ထဲမှ တမင်ထုတ်ထားခဲ့မိသည်။ တစ်ဖက်လူက မယ်တော်ကြီး၏ နာမကျန်းမှုကို စိတ်ထဲတွင် ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
အထိန်းတော်ချီလည်း ချင်းလုံဧကရာဇ်နည်းတူ ခံစားမိလေသည်။ သူမကသည် ကျန်းယွင်ကျူးကို ကြည့်လေလေ သူမကို ပိုပြီး သဘောကျလာလေလေ ဖြစ်နေတော့သည်။ သည်နေ့ သူမကြောင့်သာ မဟုတ်လျှင် မယ်တော်ကြီး ဖြစ်သွားတော့မည့် အခြေအနေကို မစဥ်းစားရဲအောင်ပင်။
မယ်တော်ကြီးသာ တစ်ခုခု ဖြစ်သွားရင်တော့ဖြင့်....။ အထိန်းတော်ချီသည် သူမအတွက် ရှင်သန်နေဖို့ရန် အဓိပ္ပာယ်မရှိတော့သလို ခံစားလိုက်ရတော့သည်။
ထိုအကြောင်းကို စဥ်းစားလိုက်မိပြီး သူမသည် ကျန်းယွင်ကျူးအတွက် တရားမျှတမှုကို ဖော်ထုတ်ပေးသင့်သည်ဟု ခံစားမိလိုက်လေသည်။
ထို့ကြောင့် သူမက ထုတ်ပြောလိုက်တော့သည်။
“မင်းကြီးကို လျှောက်တင်ပါတယ်၊ မိန်းကလေးကျန်းက စိတ်သဘောကောင်းရှိပါတယ်၊ ဒါပေမဲ့ ဒီအစေခံက ခုနက နတ်ဆေးသမားတော်ကို သွားပင့်တုန်းက လူတစ်ယောက်က မယ်တော်ကြီးကို ကုသပေးဖို့ မလာနိုင်အောင် တားမြစ်နေခဲ့ပါတယ်”
“အို ဟုတ်လား”
ချင်းလုံဧကရာဇ်ချင်းလုံသည် ထိုစကားကို ကြားလိုက်ရချိန်တွင် အမျက်ထွက်သွားတော့သည်။ ဘယ်သူက ဒီလောက်တောင် အတင့်ရဲတာလဲ။
သည်အချိန်တွင် ရှောင်းလီယွီသည် ဝူကွေ့ဖေးနှင့် နန်းတော်ထဲ ဝင်လာခဲ့လေသည်။ သူမသည် ထိုစကားကို ကြားလိုက်ချိန်တွင် အလန့်တကြားဖြစ်ကာ ဖြူဆုတ်သွားပြီး မြန်မြန်ဒူးထောက်ကာ တောင်းပန်လိုက်လေသည်။ နတ်ဆေးသမားတော်က မယ်တော်ကြီးကို ကုသပေးဖို့ ဒီနေရာကို ရောက်လာမှန်း သူမ မသိခဲ့တာပါ။ သိခဲ့ရင် သူမမှာ သတ္တိရှိနေရင်တောင် သူတို့ကို တားရဲခဲ့မှာ မဟုတ်ပါဘူး။
ဝူကွေ့ဖေးက သည်လိုဖြစ်ခဲ့မှန်း သိခဲ့လေရာ သမီးဖြစ်သူက ရှုပ်ထွေးအောင် လုပ်ခဲ့သည့်အတွက် စိတ်ထဲတွင် ကျိတ်ဆဲနေမိတော့သည်။ သို့သော် သည်အချိန်တွင်တော့ သူမသည် မြန်မြန် ဒူးထောက်ကာ ရှောင်းလီယွီအတွက် ကြားဝင်တောင်းပန်ပေးရန်သာ တတ်နိုင်တော့သည်။
ချင်းလုံဧကရာဇ်က ဝူကွေ့ဖေးနှင့် ရှောင်းလီယွီကို အပြင်းအထန် ပြစ်တင်ဆုံးမတော့သည်။ သည့်နေ့ကိစ္စကြောင့်လား သို့မဟုတ် သူသည် အပြစ်ပေးရန် သည်ကိစ္စကို ဆင်ခြေတစ်ခုအနေဖြင့် အသုံးချခဲ့သည်လားတော့ မသိပေ။ ထောင်လွှားပြီး ရိုင်းစိုင်းသည့်အတွက်၊ သားသမီးကို မှန်မှန်ကန်ကန် ပျိုးထောင်ခြင်း မလုပ်ခဲ့သည့်အတွက် ဝူကွေ့ဖေးကို ပြစ်တင်ဆုံးမတော့သည်။
နောက်ဆုံးတွင် သူသည် ရှောင်းလီယွီကို ၃လ အပြစ်ပေးလိုက်လေသည်။
ပြစ်ဒဏ် ရှိလေရာ ဆုလာဘ်ကလည်း ရှိပေသည်။ ကျန်းယွင်ကျူးသည် မယ်တော်ကြီးအတွက် သမားတော်ကို ပင့်ဖိတ်ပေးခဲ့ကာ ဆေးကိုလည်း အလှူပြုခဲ့ပြီး သူမ၏အသက်ကို ကယ်တင်ပေးခဲ့သည်။ သူသည် သူမကို ယွင်ရုံနယ်စား မင်းသမီးဘွဲ့အပြင် ရှီ ငါးရာရှိသည့် မြေကွက်ကို ချီးမြင့်ပေးခဲ့သည်။
နယ်စား မင်းသမီး။ ပုံမှန်အားဖြင့် ရှမင်းဆက်၏ ကျွင်းအဆင့်ဝမ်ရယ်တို့၏ သမီးများကိုသာ မြို့စားမင်းသမီး ရာထူးကို ပေးလေသည်။ ရှမင်းဆက်သည် လက်အောက်ခံဘုရင် မြေရှင်ပဒေသရာဇ်စနစ်ကို ကျင့်သုံးခဲ့သည်။ ရှမင်းဆက်၏ တော်ဝင်မိသားစုဝင်များအားလုံးသည် လက်အောက်ခံ မြေရှင်ပဒေသရာဇ်များဖြစ်ကြသော်လည်း မြေကိုတော့ မခွဲဝေပေးခဲ့ပေ။ ထို့ကြောင့် ရှမင်းဆက်တွင် မြေရှင်ပဒေသရာဇ်များနှင့် ဂိုဏ်းအုပ်စုများစွာ ရှိခဲ့သည်။ ကျန်းယွင်ကျူးသည် မြို့စားမင်းသမီးငယ်တစ်ယောက်ဟုသာ အမည်တွင်လေသည်။ မင်းသား မင်းသမီးများ စုဝေးရာ သည်မြို့တော်ကြီးတွင်တော့ ဘာမှမဟုတ်တော့ပေ။
နေရာတွင် ရှိကြသည့် လူအားလံးသည် ရှမင်းဆက်တွင် အင်မတန်မှ မြင့်မြတ်လှသည့် ဂုဏ်သရေရှိသူများ ဖြစ်ကြပေသည်။ သူတို့သည် မြို့စားမင်းသမီး တစ်ပါးကို တွေ့ရလျှင် သူတို့သည် သူမကို တစ်ချက်လေးပင် ကြည့်ကြလိမ့်မည်မဟုတ်ပေ။ သို့သော် အခုတော့ အားလုံးက စိတ်ထဲတွင် နားမလည်ခြင်းများစွာဖြင့် ကျန်းယွင်ကျူးကို ကြည့်လိုက်ကြတော့သည်။
ကျန်းယွင်ကျူးမှာ အနည်းငယ် စိုးရိမ်ပူပန်သွားတော့သည်။ သူမသည် မြို့စားမင်းသမီးတစ်ပါး ဖြစ်လာလိမ့်မည်ဟု လုံးမစဥ်းစားထားခဲ့မိဘဲ မယ်တော်ကြီးက သူမ၏အိပ်မက်ထဲက ကံဆိုးမှုကို ရှောင်နိုင်ပါမည်လားဆိုသည်ကိုသာ စဥ်းစားနေခဲ့ခြင်းပင်။
သည်အခိုက်တွင် သူမသည် အကြည့်တစ်ခုကို သတိထားလိုက်တော့သည်။ ရှန်ဖုန်းမင်။ သူက သူမကို ကြည့်နေတာပင်။
သူသည် ဘာမှ မပြောသော်လည်း ကျန်းယွင်ကျူးက သူ့အတွေးများကို ခံစားနေမိသယောင်။ သူမ၏နှလုံးသားမှာ တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
နန်းတော်မှ ပြန်လာပြီးနောက်တွင် ရွှယ်ကျင်းသည် ကျန်းယွင်ကျူးက ယွင်ရုံမြို့စားမင်းသမီးဘွဲ့ အပ်နှင်းခံရသည်ဟု သိလိုက်ရချိန်တွင် တအံ့တဩဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ သူ့သူဌေးသည် အမြဲလိုလို အံ့ဩစရာမျိုးစုံ ရှိနေကြောင်း ရှာဖွေတွေ့ရှိလိုက်ရတော့သည်။
ကျန်းယွင်ကျူးက သွားများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။ ဒါက မြို့စားမင်းသမီး အဆင့်တစ်ခုပါပဲလေ။ ရှီငါးရာရှိတဲ့ မြေကွက်ကလွဲရင် သူမမှာ ဘာအာဏာမှ မရှိသလို ဘာလွှမ်းမိုးနိုင်စွမ်းမှ မရှိပါဘူး။
အင်းပေါ့။ တစ်ခုတော့ ကောင်းပါတယ်။ နောက်ပိုင်း သူမအနေနဲ့ အထက်တန်းစားတွေနဲ့ တွေ့တဲ့အခါ ဒူးထောက်စရာမလိုတော့ဘူး။ ဒူးလေးညွှတ်ပြီး အရိုအသေပေးရုံပဲ။
ကျန်းယွင်ကျူးသည် မြို့စားမင်းသမီးဖြစ်သွားသည့် ကိစ္စကို သိပ်ပြီးအာရုံထားမနေဘဲ ကုန်သင်္ဘောအဖွဲ့တစ်ခုကို တည်ထောင်ဖို့ ဆက်လုပ်လိုက်လေသည်။ ဒါက ငွေအများကြီး ရှာနိုင်မဲ့ လုပ်ငန်းကြီးတစ်ခုလေ။
မကြာမီ စပ်စုကြသူများက ထိုအကြောင်းကို သိသွားကြပြီး သူတို့၏ တုံ့ပြန်ပုံများက ဇဝေဇဝါ ဖြစ်ကုန်ကြတော့သည်။
သူဌေးလော့၊ သူဌေးတုနှင့် ကျန်နှစ်ယောက်တို့သည် ကျန်းယွင်ကျူးနောက် လိုက်ခဲ့သည်က မှန်ကန်ကြောင်း ပိုပြီး အတည်ဖြစ်လာတော့သည်။ လွန်ခဲ့သည့် ရက်ပိုင်းလောက်က ကျန်းယွင်ကျူးသည်လည်း သူတို့လို သာမန်ပြည်သူတစ်ယောက်ပင်။ အခုတော့ သူမသည် ယွင်ရုံမြို့စားမင်းသမီးတစ်ယောက် ဖြစ်သွားခဲ့ပြီ။
သည်ရာထူးသည် မမြင့်သော်လည်း ကြီးမားသည့် ထူးခြားချက်တစ်ခုဖြစ်လေသည်။
အချိန်တော်တော်ကြာအောင် စဥ်းစားလိုက်ကြပြီးနောက် သူတို့သည် ကျန်းယွင်ကျူးကို ရောင်းပေးမည့်ပစ္စည်းများကို ၁၀% အထိ လျှော့ပေးလိုက်ကြသည်။
ကျန်းယွင်ကျူးက သဘောမတူခဲ့ပေ။ စျေးနှုန်းက အလွန်မှနိမ့်နေသည်ကို သိနေရာ သူဌေးလော့နှင့် သူဌေးတုတို့ကို ငွေများ မဆုံးရှုံးစေချင်ပေ။ အတူတူလက်တွဲပြီး ငွေရှာခြင်းကသာ ရေရှည် လက်တွဲနိုင်ပေမည်။
သူဌေးလော့နှင့် ကျန်လူများကို နားချလိုက်ရတော့သည်။ သူတို့သည်လည်း သူမနောက်သို့ လိုက်ဖို့ ပိုပြီး ပြတ်သားသွားတော့သည်။
လင်ထင်အန်းသည် ထိုအကြောင်းကို အလွန်မြန်ဆန်စွာပင် သိလိုက်ရတော့သည်။ ကျန်းယွင်ကျူးက နတ်ဆေးသမားတော်ကို သိတယ်။ ဒါကို သူ သိတယ်လေ။ ဒီတော့ ဒီနေ့ကိစ္စက ဘာမှမထူးခြားပါဘူး။
ဒါက မြို့စားမင်းသမီးငယ်လေးတစ်ယောက်ပဲ။
ကျန်းယွင်ရှို့ကတော့ အကြီးစားတုံ့ပြန်မှုတစ်ခု ဖြစ်သွားတော့သည်။ ရှောင်းလီယွီ၏လှည်းထဲသို့ သူမ ပစ်ထည့်ခဲ့သည့် စာတိုတစ်စောင်။ ထိုနေ့က အိပ်မက်ထဲတွင် ကျန်းယွင်ကျူး၏ တောက်ပနေသည့် မျက်နှာနှင့် ရှောင်းလီယွီ၏ သာလွန်သည့်အဆင့်ကို တွေ့လိုက်ရချိန်တွင် သူမသည် နှလုံးသားထဲတွင် နာကျည်းမုန်းတီးမှုကို တေးမှတ်ထားလိုက်တော့သည်။
နောက်ပိုင်းတွင် သူမက သည်လိုစဥ်းစားခဲ့လေသည်။ ရှောင်းလီယွီသာ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို သဘောကျနေမှန်း သိသွားခဲ့ရင်.....။ သေချာပေါက် ပြဇာတ်တစ်ခုတော့ ဖြစ်လာမှာပဲ။
သူမခန့်မှန်းထားတာက ကျန်းယွင်ကျူးက သာမန်အရပ်သူတစ်ယောက်။ ပြီးတော့ ရှောင်းလီယွီက ရှမင်းဆက်ရဲ့ ဂုဏ်ကျက်သရေအရှိဆုံး မင်းသမီး။ ကျန်းယွင်ကျူးကတော့ သေချာပေါက် ဝမ်းနည်းစရာနဲ့ ဇာတ်သိမ်းရတော့မှာပေါ့လေ။ အဲတုန်းက သူမ ရယ်မောနိုင်ခဲ့သေးတယ်။
တစ်ခုပဲ။ ရလဒ်က သူမစိတ်ကူးထားတာထက် ကျော်လွန်သွားခဲ့တယ်။ ကျန်းယွင်ကျူးကို မြို့စားမင်းသမီးရာထူး အပ်နှင်းခဲ့တယ်တဲ့။ ရှောင်းလီယွီကတော့ နေအိမ်အကျယ်ချုပ် ခံလိုက်ရသတဲ့လား။
မဖြစ်နိုင်ဘူး။ ကျန်းယွင်ရှို့သည် သည်ကိစ္စကို လုံးဝမကြည်နိုင်ဖြစ်နေသော်လည်း အမှန်တရားဖြစ်နေလေသည်။
သူမသည် နေရာတွင်ပင် ကြောင်အအ ရပ်နေမိပြီး မည်သို့ တုံ့ပြန်ရမည်မသိအောင် အချိန်တော်တော်ကြာအောင် ဖြစ်နေခဲ့လေသည်။
ချုံးဟွားနန်းဆောင်။ ဝူကွေ့ဖေးသည် ပြန်ရောက်လာသည်နှင့် ချက်ချင်း ရှောင်းလီယွီကို ပါးရိုက်ချင်မိတော့သည်။ ကံကောင်းချင်တော့ အနားက နန်းတွင်းအစေခံလေးက သူမကို တားလိုက်၏။
“ဒူးထောက်စမ်း”
ဝူကွေ့ဖေးက ဒေါသထွက်လွန်းသည့် မျက်နှာဖြင့် ပြောလိုက်တော့သည်။
ရှောင်းလီယွီက တော်တော်လေး ဆန္ဒမရှိဟန်ဖြင့် ဒူးထောက်ချလိုက်တော့သည်။ ဒီနေ့ ကျန်းယွင်ကျူး ကံကောင်းသွားတာ။
“ဘာဖြစ်တာလဲ” ဝူကွေ့ဖေးက မေးလေသည်။
အစပိုင်းတွင်တော့ ရှောင်းလီယွီက မပြောပေ။ ခဏအကြာတွင်တော့ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို သဘောကျနေသည့်အကြောင်း ပြောပြလိုက်တော့သည်။
ဝူကွေ့ဖေးမှာ ထိုစကားကို ကြားပြီး တအံ့တဩ ဖြစ်သွားတော့သည်။
ရှန်ဖုန်းမင်။ သူက တကယ်ပဲ မိန်းမတွေကို ကြိုက်သတဲ့လား။ သူမသည် ရှောင်းလီယွီနှင့် မတူပေ။ သူမက ပိုကြီး တွေးတောတတ်သည်။ ဥပမာ ရှန်ဖုန်းမင်က မိန်းမတွေကို ကြိုက်တယ်ဆိုမှတော့ သူက ဘာလို့ ရှောင်းလီယွီကို ဆက်တိုက် ငြင်းနေတာလဲ။ သူက ရှောင်းလီယွီကို မကြိုက်တာ။ ဒါမှမမဟုတ် ရှောင်းလီယွီရဲ့ အခြေအနေကို မကြိုက်တာလား...
နောက်တစ်ခုသာ ဖြစ်နေလျှင်တော့ သူမသည် စိတ်ပျက်သွားတော့သည်။
တစ်ချိန်ထဲတွင် ရှောင်းလီယွီ၏ စိတ်ကြီးဝင်ကာ အာဏာအလွဲသုံးစား လုပ်ခဲ့ပုံကို ပိုပြီး စိတ်ဆိုးမိတော့သည်။ သည်ကိစ္စကို ရေရှည် စဥ်းစားကာ သေသေချာချာ အစီအစဥ် ချခဲ့ရသည်က ပြောရန်ပင် မလိုချေ။ အခုတော့ သူမက အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
“ငါလေ နင့်ကို အရမ်း အလိုလိုက်ထားခဲ့မိတာပဲ၊ အခုချိန်ကစပြီး နင် နန်းတော်ထဲမှာပဲနေပြီး ငါနဲ့အတူတူ အနောက်နန်းဆောင် စီမံတဲ့နေရာမှာ လိုက်လေ့လာရမယ်”
ရှောင်းလီယွီက မတရားသလို ခံစားလိုက်ရတော့သည်။ ရှန်ဖုန်းမင်က မိန်းကလေးတွေကို ကြိုက်တယ်လေ...။ သူမက ခံငြင်းချင်သော်လည်း ဝူကွေ့ဖေး၏ မျက်နှာအမူအရာကို မြင်လိုက်ရတော့ သူမ၏စကားလုံးများကို ပြန်မျိုသိပ်ထားလိုက်တော့သည်။
ထိုနေ့ကစပြီး ဝူကွေ့ဖေးသည် ဘာကိုပဲလုပ်လုပ် ရှောင်းလီယွီကို သူမနှင့်အတူ ခေါ်သွားပြီး သည်အနောက်နန်းဆောင်တွင် အသက်ရှင်နေထိုင်ရသည်က မလွယ်ကူကြောင်း သိအောင် လုပ်ပေးလိုက်တော့သည်။
ပထမရက်တွင် ဝူကွေ့ဖေးသည် မိဖုရားခေါင်ကြီး လွှတ်ထားသည့် အစေခံသစ်လေးကို စကားလေးတစ်ခွန်း နှစ်ခွန်းလောက် စစ်ဆေးကြည့်ရုံနှင့် ဖမ်းမိခဲ့သည်။
နောက်တစ်နေ့တွင် ထိုအစေခံမလေးသည် ခြေချော်ပြီး ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။ သူမ၏အသက်လည်း ချုပ်ငြိမ်းသွားလေတော့သည်။
တတိယနေ့။ စတုတ္ထနေ့။ ပဥ္စမနေ့....။
၈ရက်မြောက်နေ့တွင် ဝူကွေ့ဖေးသည် နှစ်လိုဖွယ်အလှတရားတစ်ခုနှင့် ဖြစ်နေတော့သည်။ သူမသည် ငယ်ရွယ်စဥ်က အလွန်ချောမောလှပသဖြင့် ချင်းလုံဧကရာဇ်က သူမကို အလွန်မှ ချစ်မြတ်နိုးခဲ့လေသည်။
ယခုအချိန်မှာပင် သူမသည် ကလေးနှစ်ယောက် မွေးပြီးနောက်တွင်ပင် သူမသည် မျက်စိကျိန်းလောက်အောင် လှပနေဆဲပင်။
သူမသည် တဖြည်းဖြည်း အသက်ကြီးတာ တစ်ခုပင်။ ကိုယ့်ဟာကို မည်မျှ စောင့်ရှောက်သော်လည်း သူမ၏မျက်လုံးထောင့်တွင် အရေးကြောင်းများ စတင် ပေါ်လာပေပြီ။
နန်းတော်ထဲတွင် အလှမယ်စုဟု ခေါ်သည် လူသစ်တစ်ယောက် ရောက်လာခဲ့သည်။ သူမသည် ဝူကွေ့ဖေးငယ်ငယ်ကလိုပင် အင်မတန်မှ ချောမောလှသည်။ သူမသည် နန်းတွင်းသို့ ဝင်လာသည်နှင့်ချက်ချင်း ချင်းလုံဧကရာဇ်က စိတ်ဝင်စားသွားပြီး သူမထံသို့ မကြာခဏ သွားတတ်လေသည်။
အလှမယ်စုသည် စုဖင်အဆင့် ရောက်လာဖို့က အချိန်မကြာလိုက်ပေ။
စုဖင်ကို နန်းတော်ထဲသို့ ဝင်လာရန် မိဖုရားခေါင်ကြီးက စီစဥ်ပေးခဲ့ခြင်းဖြစ်သည်။ သူမသည် ဝူကွေ့ဖေးထက် ငယ်ရွယ်ပြီး ဝူကွေ့ဖေးထက် ပိုလှပကာ ဝူကွေ့ဖေးထက် ပိုပြီး နားလည်သိတတ်လေသည်။ အမှန်ပင် သူမသည် ချင်းလုံဧကရာဇ်၏ အချစ်ဆုံးဖြစ်လာတော့သည်။
ဒါက ဝူကွေ့ဖေး၏နှလုံးသားထဲတွင် ဆူးတစ်ချောင်းဖြစ်လာတော့သည်။
သို့သော်ငြား သည်နေ့တွင်တော့ ချင်းလုံဧကရာဇ်သည် နံရံပေါ်က ကြာပန်း ပန်းချီတစ်ချပ်ကို မြင်လိုက်ပြီး စုဖင်၏နန်းဆောင်က ကြာပန်းများက အလှဆုံး ဟု စဥ်းစားမိလိုက်သည်။ ထို့ကြောင့် သူသည် ကြာပန်းများကို ရှုစားဖို့ရန် စုဖင်၏ နန်းဆောင်သို့ သွားလိုက်တော့သည်။ စုဖင်သည် အစောင့်တစ်ယောက်နှင့်အတူ ဖရိုဖရဲ မြေပေါ်တွင် လူးလှိမ့်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတော့သည်...
ချင်းလုံဧကရာဇ်မှာ အမျက်ခြောင်းခြောင်းထွက်သွားပြီး သူတို့နှစ်ယောက်လုံးကို ချက်ချင်း သ-တ်ပစ်လိုက်တော့သည်။
သည်ကိစ္စနှင့်ပတ်သက်ပြီး ဝူကွေ့ဖေး၏ လက်သုံစကားမှာ “သူ့မိန်းကလေးက တစ်ယောက်နဲ့ ရှိနေတာကို ဘယ်ယောက်ျားမှ လက်မခံနိုင်ပါဘူး”
အားလုံးကို ပြန်ခိုင်းလိုက်ပြီးနောက်တွင် ရှောင်းလီယွီသည် ဘူးငယ်လေးတစ်လုံးကို ထုတ်လာခဲ့လေသည်။ ဒီဘူးလေးထဲက ပစ္စည်းကြောင့်ပဲ စုဖင်က လုံးဝကို ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တာ အတိအကျပဲလေ။
ရှောင်းလီယွီသည် ဘူးငယ်လေးကို အချိန်တော်တော်ကြာအောင် ကြည့်လိုက်ပြီးနောက် သူမ၏ အင်္ကျီလက်ထဲ ထည့်လိုက်တော့သည်။
...
အပိုင်း (၁၂၀)
၇လပိုင်းအကုန်တွင် မယ်တော်ကြီး၏ လေဖြတ်ရောဂါသည် လဝက်ခန့် ကုသမှုခံယူပြီးနောက် သက်သာသွားတော့သည်။ မေ့လျော့တတ်သည့် ရောဂါပင် အများကြီး သက်သာလာခဲ့သည်။ သမားတော် ခေါ်လာပေးပြီး သူမကို ဆေးပေးခဲ့သူမှာ ကျန်းယွင်ကျူးဖြစ်ကြောင်းပင် မှတ်မိလာခဲ့သည်။ ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာက အထူးကောင်းမွန်ကာ အရသာရှိကြောင်းလည်း မှတ်မိသွားလေသည်။
ထို့ကြောင့် ကျန်းယွင်ကျူးသည် မယ်တော်ကြီးအတွက် ချက်ပြုတ်ပေးရန် နန်းတော်သို့ မကြာခဏဆိုလို သွားရောက်ခဲ့ရသည်။
သူမ နန်းတော်သို့ ဝင်လာသည့်အချိန်တိုင်း ရှန်ဖုန်းမင်က သူမ နန်းတွင်းထဲတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိမည်စိုးသဖြင့် အမြဲတမ်း သူမနှင့်အတူ အဖော်လိုက်ပေးခဲ့သည်။
တော်ဝင်နန်းတော်ကို အပြင်နန်းဆောင်နှင့် အတွင်းနန်းဆောင်ဟု ခွဲခြားထားသည်။ အတွင်းနန်းဆောင်သည် မိဖုရားများ စံရာ နေရာဖြစ်လေသည်။ သာမန်လူများနှင့် မျက်နှာမရကြသည့် မင်းသားတချို့ပင် ဝင်ခွင့်မရှိပေ။ ဟုတ်ပါသည်။ မယ်တော်ကြီးက ရှန်ဖုန်းမင်ကို ချင်ခင်မြတ်နိုးလေရာ သူကတော့ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ပေသည်။
ရှီလျို့ကသာ အတွင်းနန်းတော်သို့ ဝင်ခွင့်မရှိသဖြင့် အကြိမ်တိုင်း အပြင်နန်းတော်တွင်သာ စောင့်ရလေသည်။
၈လပိုင်း အစရောက်နေပြီ။ မယ်တော်ကြီး၏ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပိုပြီး ကျန်းမာလာခဲ့သည်။ ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲက ကံဆိုးမှုကြီးကို ရှောင်ရှားလိုက်နိုင်ခဲ့မှန်း သိလိုက်ရပြီး စိတ်အေးသွားတော့သည်။
သည်နေ့တွင်တော့ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို လက်ကောက်တစ်ကွင်း ပေးခဲ့သည်။ သည်လက်ကောက်မှ သာမန်ငွေလက်ကောက်တစ်ကွင်းနှင့် တူသော်လည်း အနုစိတ်လုပ်ထားသည့် လျှို့ဝှက်လက်နက်တစ်ခု ပါရှိသည်။ လက်ကောက်ပေါ်က အဝါကျောက်ကို နှိပ်မိလိုက်သ၍ လက်ကောက်ထဲမှ အပ်တစ်ချောင်း ပျံထွက်လာလိမ့်မည်။ အပ်ပျံပေါ်တွင် မေ့ဆေးသုတ်ထားသည်။ အပ်ပျံဖြင့် ပစ်ခံလိုက်ရသူသည် စက္ကန့်ပိုင်းအတွင်း သတိလစ်သွားလိမ့်မည်။
ထို့အပြင် အပြာရောင်ကျောက်ကို နှိပ်လိုက်မိလျှင် ထွက်လာမည့် အပ်ပျံမှာ အလွန်အဆိပ်ပြင်းပြီး ထိမိသူက အဆိပ်ကြောင့် ချက်ချင်း သေသွားလိမ့်မည်။
ထိုနေ့ညက ချုပ်နှောင်ခံထားရသည့် အတွေ့အကြုံရှိခဲ့သဖြင့် ကျန်းယွင်ကျူးက သူ့စေတနာကို မငြင်းလိုက်ဘဲ လက်ကောက်ကို ဝတ်ထားလိုက်သည်။
သည်လက်ကောက်က တော်တော်လေး လှသည်မှာလည်း ပြောရန်ပင်မလိုပေ။ သူမသည် လက်ကောက်ကို သဘောကျမိလေသည်။
သုံးလေးရက် ကြာပြီးနောက် မယ်တော်ကြီးက ကျန်းယွင်ကျူးလုပ်ပေးသည့် ထိုက်ပိုင်ဘဲသားကို စားချင်သည်ဟု ဆိုသည်။ ကျန်းယွင်ကျူးသည် နန်းတော်ထဲသို့ စောစီးစွာ ဝင်လာခဲ့တော့သည်။
ရှန်ဖုန်းမင်က မြင်းစီးလာပြီး ဘေးတွင် ပါလာသည်။
နှစ်ယောက်သားသည် နန်းတော်ဂိတ်တံခါးသို့ ရောက်လာချိန်တွင် လင်ထင်အန်းနှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။
ရှောင်းလီယွီသည် နေအိမ်တွင် အကျယ်ချုပ် အပြစ်ပေးခံထားရသဖြင့် ချုံးဟွားနန်းတော်မှ ထွက်မလာနိုင်ပေ။ အခုတော့ လင်ထင်အန်းက သူမကို တွေ့ဖို့ရန် နန်းတော်သို့ ဝင်လာနိုင်သည်။
“စစ်သေနာပတိချုပ်ရှန်”
လင်ထင်အန်းက ရှန်ဖုန်းမင်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လင်ထင်အန်းက သူ၏ရှေ့လျားသည့် မျက်လွှာများကို ချထားကာ သူ့မျက်လုံးထဲက ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။
ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် စီနင်နန်းဆောင်ရှိ မယ်တော်ကြီးဆီသို့ သွားလိုက်ကြပြီး လင်ထင်အန်းကတော့ ချုံးဟွားနန်းဆောင်သို့ သွားလိုက်လေသည်။
တစ်နာရီကြာပြီးနောက် ကျန်းယွင်ကျူးသည် အစားအသောက်များကို ပြင်ဆင်ပြီးသွားရာ အထိန်းတော်ချီက ရောက်လာပြီး ပြောပြလေသည်။
“ဒီနေ့ မင်းကြီး ဒီနေရာကို ရောက်လာတယ်၊ သူ မယ်တော်ကြီးနဲ့ ညနေစာသုံးဆောင်လိမ့်မယ်၊ စစ်သေနာပတိချုပ်ရှန်လည်း သူတို့နဲ့အတူတူ စားလိမ့်မယ်၊ မြို့စားမင်းသမီးက...”
ကျန်းယွင်ကျူးလာသည့် အချိန်တိုင်း ရှန်ဖုန်းမင်က ပါလာတတ်သည်။ သူတို့နှစ်ယောက်လုံးက အတူတူလာပြီး အတူတူပြန်ကြသည်။ အထိန်းတော်ချီနှင့် မယ်တော်ကြီးကပင် တစ်ခုခုကို ခပ်ရေးရေး အာရုံခံမိလေသည်။ မယ်တော်ကြီးသည် ကျန်းယွင်ကျူးအပေါ် ပိုပြီး ချစ်ခင်လာခဲ့သည်။ တစ်ခါတစ်ရံ သူမက ကျန်းယွင်ကျူးကို အတူတူထမင်းစားဖို့ ခွင့်ပြုပေးတတ်သည်။
သို့သော်ငြား မင်းကြီး ရှိနေလျှင်တော့ မတူတာ့ပေ။
ကျန်းယွင်ကျူးသည် ထိုအခြေအနေကို နားလည်လေရာ တစ်ယောက်တည်း အရင်ပြန်လျှင်ကောင်းနိုးနိုး သည်နေရာမှာပဲ စောင့်ရနေရနိုးနိုး တွေဝေနေပြီးမှ ရှန်ဖုန်းမင်နှင့် အတူတူပြန်ရန် စောင့်နေလိုက်တော့သည်။
“မြို့စားမင်းသမီးလည်း ဗိုက်ဆာနေမှာ သေချာတယ်၊ အရင်ဆုံး အနားယူလိုက်ပါလား။ ကျွန်မ သူတို့ကို ရှင့်အတွက် တစ်ခုခုပြင်ဆင်ပေးပါ့မယ်၊ ရှင် စားသောက်လို့ပြီးမှပဲ ဆုံးဖြတ်ကြမယ်လေ”
အထိန်းတော်ချီက စဥ်းစဥ်းစားစား ပြောလိုက်လေသည်။
တစ်ချက်မှာ ကျန်းယွင်ကျူးသည် အချိန်အကြာကြီး ချက်ပြုတ်လာခဲ့ရသည်။ နွေရာသီတွင် ပူပြင်းပြီး သူမတစ်ကိုယ်လုံးလည်း ချွေးများ ထွက်နေသည်။ သူမသည် ခဏလောက်အနားယူပြီး နည်းနည်းပါးပါး စားသောက်သင့်သည်။ ညနေခင်း ရောက်ပြီဆိုသော်လည်း နေက ပူနေဆဲပင်။ သည်အတိုင်း ပြန်သွားလျှင် သူမအတွက် အလွန်ပင်ပန်းနေပေလိမ့်မည်။
ဒုတိယတစ်ချက်မှာ မင်းကြီး ပြန်သွားပြီးလျှင် မယ်တော်ကြီးက ကျန်းယွင်ကျူးကို တွေ့ချင်နေလောက်သည်။
အထိန်းတော်ချီက မိန်းမစိုးငယ်လေးတစ်ယောက်ကို လာခိုင်းလိုက်ပြီး ကျန်းယွင်ကျူး အနားယူနိုင်ရန် ဘေးအဆောင်သို့ ခေါ်သွားခိုင်းလိုက်ကာ သူမကတော့ မယ်တော်ကြီးထံ ခစားဖို့ သွားလိုက်လေသည်။
ကျန်းယွင်ကျူးက မိန်းမစိုးလေးနောက်က လိုက်ကာ ရေခဲများထည့်ထားပေးသည့် ဘေးအဆောင်သို့ သွားလိုက်လေသည်။ သူမသည် ဝင်သွားသည်နှင့် ချက်ချင်း လေအေးက သူမကို တိုက်ခတ်လိုက်သည်။ ကျန်းယွင်ကျူးသည် သက်တောင့်သက်သာရှိလှကာ သက်ပြင်းချလိုက်တော့သည်။
မိန်းမစိုးငယ်လေးက ပါးနပ်လေသည်။ သူက ကျန်းယွင်ကျူးအတွက် ရေနွေးတစ်အိုး အရင်ဆုံး ယူလာပေးလိုက်ပြီးနောက် တဘက်များနှင့် တခြားပစ္စည်းများကို ယူလာပေးလိုက်ပြီး နောက်ဆုံးတွင် သူမအတွက် လက်ဖက်ရည်နွေးကို ယူလာပေးလိုက်သည်။ ထို့နောက်တွင်မှ သူသည် ပြန်ထွက်သွားခဲ့လေသည်။
ကျန်းယွင်ကျူးက တဘက်ကို ရေနွေးထဲသို့ ထည့်စိမ်လိုက်ပြီး ခြောက်အောင် ရေပြန်ညစ်ကာ သူမမျက်နှာပေါ်က ချွေးများကို သုတ်လိုက်သည်။
သည်အခိုက်တွင် လူတစ်ယောက်က တံခါးခေါက်လိုက်၏။ ကျန်းယွင်ကျူးအတွက် အစားအသောက်လာပို့ပေးသည့် နန်းတွင်းအစေခံမလေးတစ်ယောက် ဖြစ်သည်။
မြန်လှချည်းလား။ ထမင်းစားချိန်မလို့ နေပါလိမ့်မယ်။ တော်ဝင်စားဖိုဆောင်က အစားအသောက်တွေကို ပြင်ဆင်ပြီးပြီနေမှာ။ ကျန်းယွင်ကျူးက အများကြီး စဥ်းစားမနေတော့ဘဲ အစေခံမလေးကို ဝင်လာခိုင်းလိုက်တော့သည်။
နန်းတွင်းအစေခံမလေးက ဟင်းလေးမျိုးနှင့် ဟင်းရည်တစ်မျိုးပါသည့် လင်ပန်းတစ်ခုကို ကိုင်ထားလေသည်။
“အဲမှာပဲ တင်ထားလိုက်ပါ”
ကျန်းယွင်ကျူးက သူမ၏မျက်နှာကို သုတ်ရင်း အေးအေးလူလူ ပြောလိုက်၏။
“အင်း”
နန်းတွင်းအစေခံမလေးက သဘောတူလိုက်ပြီး စားပွဲပေါ်တွင် လင်ပန်းကို တင်လိုက်ပြီးနောက် စားပွဲပေါ်တွင် အစားအသောက်များကို ချပေးရင်း ကျန်းယွင်ကျူးကို ခိုးကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးက ခေါင်းငုံ့ပြီး တဘက်ကို ရေညစ်နေသည်ကို တွေ့လိုက်သည်တွင် သူမက အင်္ကျီလက်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်လိုက်ပြီး အနည်းငယ် ခါလိုက်တော့သည်။
ကျန်းယွင်ကျူးသည် ချိုအီနေသည့် အနံ့တစ်ခုကို ရှူမိသွားတော့သည်။ အဲဒီအနံက....။ ခဏ။ ဒီအနံ့က မွှေးလိုက်တာ...။ သူမသည် ဆက်မစဥ်းစားနိုင်ခင်မှာပင် သတိလစ်သွားတော့သည်။
သူမ သတိလစ်သွားသည်ကို တွေ့လိုက်သဖြင့် အစေခံမလေးက သူမကို မြန်မြန်တွဲပြီး အပြင်သို့ ထွက်လာခဲ့သည်။
ကျန်းယွင်ကျူးသည် ပူအိုက်နေသည့်ခံစားချက်တစ်ခုသာ ဖြစ်နေတော့သည်။ လုံးဝ နေလို့မကောင်းဘူး။ စိတ်မရှည်နိုင်တော့ဘူး။ သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်တွင် အဆုပ်လိုက်ပွင့်နေသည့် ပန်းများကိုသာ တွေ့လိုက်ရလေသည်။ ပြီးတော့ ယောက်ျားတစ်ယောက်လား။
ကျန်းယွင်ကျူး၏မျက်နှာသည် အထိတ်တလန့်ဖြစ်သွားပြီး ဖြူဆုတ်သွားတော့သည်။ သူမ၏စိတ်က အများကြီး ကြည်လင်ရှင်းလင်းလာခဲ့သည်။ သေသေချာချာကြည့်လိုက်တော့ ပန်းရုံတစ်ခု နောက်တွင် ရှိနေပုံပင်။ နန်းတော်ထဲမှာပဲ ရှိနေသေးဟန်တူသည်။ သို့သော် ဘယ်နေရာမှန်းတော့ သူမ မသိပေ။
သူမ သတိရလာသည်ကို မြင်လိုက်သဖြင့် မျက်ချင်းဆိုင်က ယောက်ျားက မလုံမလဲဟန်ဖြင့် အရင်ဆုံး ကြည့်လိုက်လေသည်။ ထို့နောက် သူက အံ့ကြိတ်လိုက်ပြီး သူ့အင်္ကျီကို ချွတ်လိုက်ကာ ကျန်းယွင်ကျူးထံသို့ လျှောက်သွားတော့သည်။
“ရှင် ဘယ်သူလဲ”
ကျန်းယွင်ကျူးက ထရပ်လိုက်ချင်လိုက်သော်လည်း သူမ၏ခန္ဓာကိုယ်က အလွန်မှ အားလျော့နေသည်ကို ခံစားမိလိုက်သည်။ အားကုန်သုံးကာ နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။
ထိုယောက်ျားက စကားမပြောဘဲ သူမ၏လက်မောင်းကို ဖမ်းဆွဲလိုက်တော့သည်။
ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။
“ရှန်ဖုန်းမင်၊ စစ်သေနာပတိချုပ် ရှန်ဖုန်းမင်ကို ရှင် သိတယ်မလား၊ ကျွန်မက သူ့ရဲ့လူဆိုတာ ရှင် သိလား၊ ရှင် ကျွန်မကို ဒုက္ခပေးရင်း ရလဒ်ကို ရှင် သိတယ်နော်”
အခြေအနေမှာ အရေးပေါ်ဖြစ်နေရာ အများကြီး ပြောလည်း အသုံးမဝင်ကြောင်း သူမ သိနေသည်။ ထို့ကြောင့် သူမက ရှန်ဖုန်းမင်အကြောင်းကိုသာ ပြောလိုက်နိုင်တော့ပြီး သူ့၏ရက်စက်ကြမ်းကြုတ်သည့် သတင်းက တဖက်လူကို ခဏလောက်တော့ တားဆီးထားနိုင်ရန် မျှော်လင့်ရတော့သည်။
သေချာပါသည်။ ထိုယောက်ျား၏မျက်နှာပေါက် ကြောက်လန့်ရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားတော့သည်။
သည်အခွင့်အရေးကို အသုံးချလိုက်ပြီး ကျန်းယွင်ကျူးက ထရပ်ဖို့ တဖန်အားထုတ်လိုက်တော့သည်။ မှန်တွင်တော့ သူမသည် လက်ကောက်၏လားရာကို ချိန်ညှိထားပြီးသားပင်။ တစ်ဖက်လူက သူမကို လွှတ်ပေးဖို့ ငြင်းခဲ့လျှင်....
ဟုတ်ပါသည်။ ထိုယောက်ျားက ကျန်းယွင်ကျူးကို လွှတ်ပေးမည်မဟုတ်ပေ။ သူသည် သေဖို့ရန် ဆုံးဖြတ်ချက်ဖြင့် သည်နေရာသို့ ရောက်လာခဲ့ခြင်းပင်။
ကျန်းယွင်ကျူးက လက်ကောက်ပေါ်မှ ကျောက်ကို ဖိလိုက်ချင်းသော်လည်း ထိုအခိုက်တွင် အပူလှိုင်းတစ်ခုက လှိုက်တက်လာခဲ့သည်။ သူမသည် ခေါင်းမူးသွားသလို ခံစားလိုက်ရပြီး သူမ၏လက်များက အားမရှိတော့ပေ။ ပြာယာခတ်သွားပြီး သူမသည် ခလုတ်ကို နှိပ်လိုက်မိသလား။ ဘယ်ခလုတ်ကို နှိပ်လိုက်မိမှန်း မသိဖြစ်သွားတော့သည်။
ထိုလူက လက်တစ်ကမ်းအလိုသာ ရှိတော့သည်။ ကျန်းယွင်ကျူးသည် ဖျားချင်သလိုဖြစ်လာပြီး ပျာယာခတ်သွားတော့သည်။ သူမသည် အကူအညီပင် မတောင်းနိုင်တော့ပေ။
ထိုယောက်ျားက သူမ၏အဝတ်အစားများကို ဆွဲဖြဲဖို့ လက်လှမ်းလိုက်သည်ကို မြင်လိုက်သည်တွင် သူမ၏နောက်ဆုံး လက်ကျန်အားကို ထုတ်လိုက်ပြီး လက်ကောက်ပေါ်က ခလုတ်ကို ထပ်နှိပ်လိုက်တော့သည်။
ထိုလူသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး ဘေးသို့ လဲကျသွားတော့သည်။
ကျန်းယွင်ကျူးသည် သတိရှိနေလျှင် သူမပစ်လိုက်သည့် အပ်ပျံက အလုပ်ဖြစ်သွားပြီမှန်း သိပေလိမ့်မည်။ သို့သော် လက်ရှိတွင် သူမ၏စိတ်က ရှုပ်ထွေးနေရာ သတိတဝက်ဖြင့် လက်ကောက်ပေါ်က ခလုတ်ကို လိုက်ပြီးမှ ထိုလူ မြေကြီးပေါ် လဲကျသွားသည်ကို တွေ့လိုက်ရလေသည်။
သူမသည် ထိုနေရာတွင်ပင် ပျော့ခွေနေဆဲ။ သူမ၏စိတ်က ဗလာအတိဖြစ်သွားတော့သည်။
ရုတ်တရက် သူမ၏လက်မောင်းပေါ်တွင် ထိုးစိုက်ခံလိုက်ရသည့် နာကျင်မှုတစ်ခု ဖြစ်သွားပြီး အချိန်ခဏလောက် သတိပြန်ဝင်လာခဲ့သည်။ သူမ၏လက်မောင်းက သူမဘေးက ပန်းများနှင့် ထိလိုက်မိခြင်းပင်။ ထိုနှင်းဆီပန်းများပေါ်တွင် ဆူးများရှိနေရာ သူမ၏အသားကို ခြစ်မိသွားခြင်းပင်။
ကျန်းယွင်ကျူးက သည်အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်ပြီး နှင်းဆီဆူးကို ချက်ချင်း လှမ်းကိုင်လိုက်တော့သည်။
စူးရှသည့် ခံစားချက်များ ပိုလာပြီး သူမလည်း သတိပို ဝင်လာတော့သည်။ သူမအခြေအနေ မူမမှန်တာ သိနေတယ်။ ဆေးတမျိုးမျိုး ခပ်ခံလိုက်ရတာဖြစ်မယ်။
သူမ ဒီနေရာက မြန်မြန်ထွက်သွားပြီး ရှန်ဖုန်းမင် ဒါမှမဟုတ် ရှီလျို့ကို ရှာရမယ်။ ဒါမှပဲ သူမ အန္တရာယ်ကင်းလိမ့်မယ်။
သူမသည် နှင်းဆီပင်က ကိုင်းတစ်ခုကို ချိုးလိုက်ပြီး သူမ၏လက်တွင် ကိုင်ထားကာ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။
ဒီနေ့က ဥယျာဥ်တစ်ခုပဲ။ တော်ဝင်ဥယျာဥ်တစ်ခုတော့ မဟုတ်ဘူး။ ဘယ်နေရာလဲ မသိဘူး။
ပတ်ဝန်းကျင်မှာ ဘယ်သူမှလည်း မရှိဘူး။
သူမသည် စိုးရိမ်သောက ရောက်နေစဥ် တောင်ဘက်တွင် တလက်လက်ထနေသည့် ရေကန်ကို တွေ့လိုက်ရပြီး ထိုနေရာသို့ ခြေလှမ်းကျဲများနှင့် မြန်မြန်သွားလိုက်တော့သည်။
သည်အချိန် ချုံးဟွားနန်းတော်တွင် လင်ထင်အန်းနှင့် ရှောင်းလီယွီတို့သည် ပန်းများကို အတူတူရှုစားနေကြသည်။ သို့သော် သူတို့နှစ်ယောက်၏ စိတ်တို့ကတော့ တခြားနေရာသို့ ရောက်နေကြလေသည်။ နှစ်ယောက်လုံး စကားမပြောကြပေ။
ရုတ်တရက် နန်းတွင်းအစေခံတစ်ယောက်က စိုးရိမ်ပူပန်နေဟန်ဖြင့် အလောတကြီး ဝင်လာခဲ့လေသည်။
“ကျွန်မ နေမကောင်းလို့ နားချင်ပြီ” ရှောင်းလီယွီက လင်ထင်အန်းကို တန်းပြောလိုက်လေသည်။
“ကောင်းပါပြီ” လင်ထင်အန်းက ကိုယ်ချင်းစာဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
ရှောင်းလီယွီက မြန်မြန် ထွက်သွားသော်လည်း လင်ထင်အန်းကတော့ ထွက်မသွားခဲ့ပေ။
မယ်တော်ကြီးနှင့် စားသောက်ပြီးနောက် ချင်းလုံဧကရာဇ်က ထပြန်သွားခဲ့သည်။
မယ်တော်ကြီးသည် အသက်အရွယ်ကြီးရင့်သူဖြစ်လေသည်။ သူမသည် စားသောက်ပြီးနောက် လဲလျောင်းချင်နေသည်။
ထိုအခြေအနေကို တွေ့လိုက်တော့ ရှန်ဖုန်းမင်က ထရပ်ပြီး နှုတ်ဆက်လိုက်လေသည်။
“မြို့စားမင်းသမီးက ဘေးအဆောင်မှာ ရှိပါတယ်” အထိန်းတော်ချီက မယ်တော်ကြီး လဲလျောင်းပြီးသည်အထိ စောင့်ပေးပြီး ရှန်ဖုန်းမင်ကို လေသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်’
ရှန်ဖုန်းမင်သည် ထွက်သွားပြီး ကျန်းယွင်ကျူးနှင့် အတူတူပြန်ဖို့ရန် သူမကို ဘေးအဆောင်တွင် သွားရှာလေသည်။
မျှော်လင့်မထားဘဲ ခန်းမက အလွတ်ဖြစ်နေသည်။ အစားအသောက်များက စားပွဲပေါ်တွင် ရှိနေသော်လည်း တလုပ်မှ မစားထားပေ။
ရှန်ဖုန်းမင်၏မျက်နှာက ချက်ချင်းပြောင်းသွားပြီး
“ယွင်ရုံမြိုးစားမင်းသမီး ဘယ်မှာလဲ”
သူ့အသံက အေးစက်သည့်ဓားတစ်ချောင်းနှယ် စူးရှလှသည်။
ဘယ်သူမှ ပြန်မဖြေကြပေ။ ဘယ်သူမှလည်း ကျန်းယွင်ကျူးကို မမြင်ခဲ့ကြပေ။
ရှန်ဖုန်းမင်သည် အထိန်းတော်ချီကို ပြန်သွားရှာမည် ပြင်လိုက်စဥ် မိန်းမစိုးတစ်ဦးက တုန်တုန်ယင်ယင်နှင့် ထုတ်ပြောလေသည်။
“ယွင်ရုံမြို့စားမင်းသမီး အခန်းတစ်ခုထဲ ဝင်သွားပြီး သိပ်မကြာခင်မှာပဲ အစောင့်တစ်ယောက် တံခါးလာခေါက်တာကို ကျွန်တော် မြင်လိုက်ပါတယ်။
ယွင်ရုံမြို့စား မင်းသမီးက ‘ဘယ်သူလဲ’လို့မေးပါတယ်။
အစောင့်’ ငါပါ’လို့ ပြန်ပြောပါတယ်။
ယွင်ရုံမြို့စားမင်းသမီးက တံခါးဖွင့်ပေးလိုက်ပြီး အစောင့်နဲ့အတူတူ ထွက်သွားပါတယ်”
သူ ဘာကို ပြောနေမှန်း အားလုံးက စဥ်းစားမိလိုက်သည်။ သူ ပြောချင်တာက အစောင့်နဲ့ ကျန်းယွင်ကျူးတို့က တစ်ခုခု ပတ်သက်နေတယ်ပေါ့။ ပြီးတော့ ကျန်းယွင်ကျူးက သူ့နောက် လိုက်သွားပြီး ထွက်သွားခဲ့တယ်ပေါ့။
ရှန်ဖုန်းမင်က သူ့လည်ပင်ကို ဖမ်းဆွဲလိုက်ပြီး သေအောင် ညှစ်ပစ်လုနီးနီး အနေအထားဖြင့်
“သူ ဘယ်သွားလိုက်လဲ”
ကျန်းယွင်ကျူးက တခြားတစ်ယောက်နဲ့ လိုက်သွားလိမ့်မယ်လို့ မယုံပါဘူး။ ဒါပေမဲ့ ကျန်းယွင်ကျူး အန္တရာယ်ဖြစ်နေပြီဆိုတာကို သူ သိနေတယ်။
အလွန်မှ ဒေါသထွက်သလွန်းလေရာ သူ့ကိုယ်သူ ထိန်းချုပ်ထားဖို့ တော်တော်အားထုတ်လိုက်ရပြီး မိန်းမစိုး၏လည်ပင်ကို ချက်ချင်း မချိုးပစ်လိုက်ပေ။
မိန်းမစိုးမှာ အကြောက်လွန်သွားပြီး ဘောင်းဘီထဲပင် အပေါ့သွားမိတော့သည်။ သူသည် စကားမပြောနိုင်တော့ပေ။ သူလက်ကို ဆန့်လိုက်ပြီး အနောက်ဘက်သို့ ညွှန်ပြလိုက်တော့သည်။
ရှန်ဖုန်းမင်က သူ့ကို အနည်းငယ် အားပိုထည့်ကာ ညစ်လိုက်ရာ သတိလစ်သွားတော့သည်။
“သူ့ကို စောင့်ကြည့်ထား၊ ကိုယ့်ကိုယ်ကို မသတ်သေစေနဲ့၊ မဟုတ်လို့ကတော့ မင်းတို့အားလုံး ကြံရာပါပဲ”
ထိုစကားတစ်ခွန်းသာ ပြောခဲ့ပြီး သူသည် အနောက်ဘက်ဝန်းဆီသို့ ခုန်ဝင်သွားတော့သည်။
သူထွက်သွားပြီး မကြာမီတွင် လူအုပ်ကြီးက သူ့ကိုယ်သူ အဆုံးစီရင်သွားမည်ကို စိုးကာ ရှန်ဖုန်းမင် ပြန်လာလျှင် သူတို့ကို ချီလင်သက်တော်စောင့်ဌာနသို့ ပို့လိုက်မည်ကို ကြောက်ရွံ့ကြသဖြင့် မိန်းမစိုး၏ ခြေလက်များကို ချည်တုပ်လိုက်ပြီး သူ့မေးရိုးကို အဆစ်လွဲအောင် လုပ်ထားလိုက်တော့သည်။
ထိုနေရာတွင်တော့ ဝင်သွားသူတချို့က လူခွဲပြီး ထွက်လာကြလေသည်။
ကျန်းယွင်ကျူးရှိနေသည့် နေရာမှာ စီနင်နန်းတော်နှင့် သိပ်မဝေးလှသည့် အနောက်ခြံဝင်းဖြစ်သည်။
အနောက်ဘက်ဝင်းထဲတွင် ဘယ်သူမှ ရှိနေသယောင်။ အမှန်တွင်တော့ ရှန်ဖုန်းမင်က ကျန်းယွင်ကျူး လူတစ်ယောက်နှင့် ထွက်သွားသည်ကို သိသွားကာ လာရောက်ရှာဖွေရင်းက ထိုလှပသည့်မြင်ကွင်းကို မမျှော်လင့်ဘဲ တွေ့သွားသည်ကို အဝေးတစ်နေရာတွင် စောင့်ကြည့်နေသူတစ်ယောက်ရှိလေသည်။
အချိန်တော်တော် ကြာသွားတာတောင် ပန်းရုံနောက်မှာ လှုပ်ရှားမှုလုံးဝ ရှိမနေတာတစ်ခုပဲ။ တကယ်တမ်း ပြောရမယ်ဆိုရင် အဲဒီမှာ ဖြစ်နေသင့်....
လူတစ်ယောက်က သွားရောက် စစ်ဆေးလိုက်သော်လည်း ယောက်ျားတစ်ယောက်က မျက်လုံး အပြူးသားဖွင့်ကာ မြေကြီးပေါ်တွင် လဲကျနေသည်ကိုသာ မြင်လိုက်ရလေသည်။ ကျန်းယွင်ကျူးက ပျောက်သွားတော့သည်။
“သူ ဘယ်ရောက်သွားတာလဲ” “မြန်မြန် ရှာကြစမ်း”
လူတော်တော်များများက ချက်ချင်း ရှာဖွေလိုက်ကြသော်လည်း ကျန်းယွင်ကျူး၏ အရိပ်အယောင် တစ်ခုမှ ရှာမတွေ့ခဲ့ပေ။
“မရှာနဲ့တော့၊ စစ်သေနာပတိချုပ် ရောက်လာတော့မယ်၊ အဲဒီအချိန်ကျရင်...” စကားပြောနေသူသည် တုန်ယင်သွားလေသည်။
လူတချို့က ဆက်မနေရဲတော့ဘဲ မြန်မြန်ထွက်သွားကြတော့သည်။
သူတို့ ထွက်သွားပြီးနောက် သစ်ပင်ကြီးနောက်မှ လူတစ်ယောက် ထွက်လာလေသည်။ လင်ထင်အန်းပင်။ သူက ပန်းရုံနောက်ကို တွေးတွေးဆဆဖြင့် ကြည့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူ့ဘေးက နှင်းဆီတစ်ပွင့်ပေါ်တွင် ပိတ်စတစ်ခုကို ကောက်ကိုင်လိုက်လေသည်။ သူ့မျက်လုံးအိမ်များ မသိမသာ ကျဥ်းမြောင်းသွားတော့သည်။ သူ အမှတ်မမှားရင် ဒီနေ့ ကျန်းယွင်ကျူး နန်းတော်ထဲဝင်လာတုန်းက ဒီရတနာခုနှစ်သွယ် ကြာပန်းအပြာရောင်ဝတ်စုံကို ဝတ်လာခဲ့တာပဲ။
သူသည် ပိတ်စကို ဆုပ်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ တောင်ဘက်တွင်ရှိသည့် ရေကန်က သူ့မျက်လုံးထဲဝင်လာပြီး ပြီးခဲ့သည့်အခေါက်က ကျန်းယွင်ကျူး သူ့မျက်ရှေ့တင် လွတ်မြောက်သွားသည်ကို သတိရသွားတော့သည်။ အဲဒီတုန်းကလည်း သူမက ရေထဲကနေ လွတ်သွားတာပဲ။
သူမက သူ့လက်ထဲ တခါ ပြန်ရောက်လာမယ်လို့ ထင်တောင်မထားဘူး။
လင်ထင်အန်းသည် ရင်ခုန်သွားတော့သည်။ သူ၏လှုပ်ရှားနေသည့်စိတ်ကို မျိုသိပ်ထားလိုက်ပြီး ရေကန်ကို လေ့လာလိုက်သည်။ ချက်ချင်းဆိုသလို သူသည် ရေကန်၏ အနောက်တောင်ဘက်သို့ မြန်မြန် ဦးတည်သွားလိုက်လေသည်။ ကျန်းယွင်ကျူးသာ ရေကန်ထဲတွင် ရှိနေလျှင် သူမသည် ထိုနေရာတွင် တက်လာလိမ့်မည်ဟု ကောက်ချက်ချထားခြင်းပင်။
သူ ထွက်သွားပြီး သိပ်မကြာခင်တွင် ရှန်ဖုန်းမင်သည် အနောက်ဘက်ဝင်းသို့ ရောက်လာပြီး လူသေအလောင်းကို ရှာတွေ့သွားတော့သည်။
သူသည် ထိုလူက ကျန်းယွင်ကျူး၏လက်ကောက်မှ အဆိပ်အပ်ပျံထိပြီး သေသွားသည်ကို ချက်ချင်း မှတ်မိလိုက်သည်။
ကျန်းယွင်ကျူး ခုနက ဒီနေရာမှာ ရှိနေခဲ့တယ်။ ပြီးတော့ အခြေအနေက လုံးဝမကောင်းဘူး။
ပန်းရုံအနီးတွင် အရောင်တောက်တောက်သွေးစ တချို့ ရှိနေပြီး သွေးရောင်က ရှန်ဖုန်းမင်၏ အာရုံကြောများကို လှုံ့ဆော်လိုက်တော့သည်။
သူသည် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မကြာမီ သူ့မျက်လုံးများက ထိုရေကန်ဆီ ရောက်ပြီးနောက် ရေကန်၏ အနောက်တောင်ထောင့်ဘက်သို့ ခုန်တက်သွားလိုက်တော့သည်။
ကျန်းယွင်ကျူးသည် အမှန်ပင် ရေထဲတွင် ရှိနေလေသည်။ သူမသည် ကာမအားတိုးဆေးလို တစ်ခုခုဖြင့် အဆိပ်ခပ်ခံလိုက်ရမှန်း သိလိုက်သည်။ ရေထဲရောက်သွားပြီးနောက် သူမသည် ခဏလောက်တော့ သတိဖြင့် နေနိုင်ပေမည်။ ထို့အပြင် ရေထဲဆင်းလိုက်ခြင်းက သည်အန္တရာယ်ရှိသည့် နေရာမှ အရင်ဆုံး ထွက်လာနိုင်လိမ့်မည်။
နွေလယ်တွင် ရေကန်ကပင် ပိုပြီး ပူနွေးလာသယောင်။ ကျန်းယွင်ကျူးသည် ရေထဲဆင်းလိုက်ပြီးနောက် ခဏလောက် သက်တောင့် သက်သာရှိသွားတော့သည်။ ထို့နောက်တွင် ဖိနှိပ်ခံထားရသည့် အပူက တဖန် တိုးဝင်လာပြန်သည်။
သူမသည် ဆက်ပြီး အချိန်မဆွဲရဲတော့ဘဲ ရေကန်၏ အနောက်တောင်ထောင့်ဆီသို့ ကူးခပ်သွားလိုက်သည်။
သူမသည် ရောက်တော့မည့်ဆဲဆဲတွင် ကုန်းပေါ်က လူတစ်ယောက်ကို ရုတ်တရက် သတိထားမိလိုက်ပြီး ရေထဲသို့ မြန်မြန် ခုန်ချလိုက်တော့သည်။
လင်ထင်အန်းက ကျန်းယွင်ကျူးကို မြင်ထားပြီးသားပင်။ သူမသည် ရေထဲတွင် ငါးတစ်ကောင်လို ကူးခပ်နေပြီး သွက်လက်ကာ လှပနေလေသည်။
ပြီးတော့ သူက ဒီငါးကို ဖမ်းတော့မှာလေ။
သူက သူ့ခန္ဓာကိုယ်ကို ရပ်လိုက်ပြီး ကုန်းပေါ်တွင် ရပ်ကာ ကျန်းယွင်ကျူး ပေါ်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
ကျန်းယွင်ကျူးသည် ကုန်းပေါ်မှ လူမှာ လင်ထင်အန်းဖြစ်မှန်း ခပ်ရေးရေး သိနေလေသည်။ သူမသည် စိုးရိမ်မိသွားတော့သည်။ သူမ၏ခန္ဓာကိုယ်ထဲက အပူဓာတ်က ပိုပိုပြီး ပြင်းထန်လသည်။ သူမ၏ခန္ဓာကိုယ်ထဲက အားအင်ကလည်း ပျောက်သွားလေပြီ။ တခြားဘက်သို့ ကူးသွားရန် မတတ်နိုင်တော့ပေ။
သူမသည် ပိုပြီး စိုးရိမ်လာလေလေ ရေထဲတွင် ဆက်ပြီး အသက်မအောင့်နိုင် ဖြစ်လာတော့သည်။
မတတ်နိုင်တော့ဘဲ သူမသည် ရေပေါ်သို့ တက်လာရတော့သည်။
နေဝင်ချိန်ဖြစ်နေပြီး နွေးထွေးသည့် နေရောင်ခြည်က ရေကန်ပေါ် ဖြာကျနေရာ ရေကန်သည် ရွှေရောင် တလက်လက် တောက်နေလေသည်။
ကျန်းယွင်ကျူးသည် ရေပေါ်သို့ ဖြည်းဖြည်းချင်း ပေါ်လာလေသည်။ သူမ၏နုနယ်လှသည့် မျက်နှာပေါ်က ပန်းရောင်တို့ကြောင့် သူမ၏မျက်လုံးများက ရွှန်းလဲ့နေကာ သူမ၏ အသားအရေကလည်း နုဖတ်လွန်းနေသည်။
လှပသည့် ဆံနွယ်များက သူမ၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေပြီး သူမ၏ကျက်သရေရှိလှသည့် အသွင်ကို ကောက်ကြောင်းပေါ်နေစေတော့သည်။
သည်နေ့ သူမသည် ရတနာခုနှစ်သွယ် ကြာပန်းပုံ ထိုးထားသည့် အပြာရောင်စကပ်ရှည်တစ်ထည်ကို ဝတ်ဆင်ထားလေသည်။ အခုတော့ ထိုစကပ်ရှည်က သူမ၏ခန္ဓာကိုယ်တွင် ကပ်နေပြီး သူမက ရေထဲတွင် လှုပ်ရှားကာ ထွက်လာရသဖြင့် ဆွဲဆောင်မှု အရှိဆုံးနေရာနှင့် ခါးနေရာ ပေါ်နေမည်မှာ သံသယဖြစ်စရာပင် မလိုပေ။
သူမ၏ခန္ဓာကိုယ်က ရေစက်များ အပြည့်ဖြစ်နေပြီး သူမပေါ်သို့ နေရောင်က ဖြာကျနေသဖြင့် သူမ၏တကိုယ်လုံးကို ရွှေရောင်အလင်းလွှာတစ်ခုဖြင့် လွှမ်းခြုံထားသည့်နှယ်။
တင့်တယ်လှပကာ သန့်စင်လှပေသည်။ နတ်သက်ကြွေလာသည့် နတ်ဘုရားတစ်ပါးက ရေထဲမှ ထွက်လာခဲ့သည်။ သူ့ရှေ့က လှပသည့်ရှုခင်းကို ဖော်ပြလို့ မတတ်နိုင်အောင်ပင်။ လင်ထင်အန်းသည် သူ့သွေးများ ဆူပွက်လာသလို ခံစားလိုက်ရပြီး သူ့မျက်လုံးထဲတွင် ရေကန်ထဲက လူတစ်ယောက်သာ ရှိတော့သည်။
ထိုစဥ် တစ်ဖက်မှ ရောက်လာသည့် ရှန်ဖုန်းမင်ကလည်း ထိုမြင်ကွင်း တိုက်တိုက်ဆိုင်ဆိုင် မြင်သွားတော့သည်။ သူသည် ထိုအခိုက်တန့်လေးတွင် သတိလက်လွတ် ဖြစ်သွားတော့သည်။ ထို့နောက် သူက လင်ထင်အန်းကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် လူသ-တ်လိုစိတ်အပြည့် ဖြစ်နေလေတော့သည်။