သဘာဝနှင့် လူသား
Vol. 5 Ch. 430
ကျောက်စိမ်းရောင် တောက်နေသည့် ဝါးရွက်များသည် လေထဲတွင် ယိမ်းထိုးနေပြီး ဆန်းလျန်သည် ဝါးရွက်တစ်ရွက်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကာ ဖမ်းယူ လိုက်လေသည်။
ချန်ကျင်းချင်သည် ဝါးရွက်လေးမှ အစင်းကြောင်း လေးများကို အသေးစိတ် မြင်တွေ့ လိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ချန်ကျင်းချင်မှာ အနည်းငယ်လည်း အံ့အားသင့် သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ကြင်စင်ရောင် အလင်းများသည် ဆန်းလျန်၏ ညာဘက်လက်တွင် စုစည်းသွားပြီး ဆန်းလျန်၏ လက်ချောင်းများ ဆီသို့ စီးဆင်း သွားသည်ကို မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်လေသည်။
လေထဲတွင် ဝါးရွက်ကြွေများ များစွာ ပျံ့လွင့်နေသော်လည်း ဆန်းလျန်၏ လက်ထဲမှ ဝါးရွက်လေးကတော့ တစ်မူ ထူးခြား နေလေသည်။
ဆန်းလျန်၏ လက်ထဲတွင် ဝါးရွက်လေး နှစ်ရွက် ရှိနေလေသည်။
ဆန်းလျန်က ချန်ကျင်းချင်ကို စိုက်ကြည့်လိုက်ပြီး...
"ကျင်းချင်၊ ဒီဝါးရွက်နှစ်ရွက်ရဲ့ ခြားနားချက်ကို ပြောပြနိုင်မလား"
ချန်ကျင်းချင်က ဆန်းလျန်လက်ထဲမှ ဝါးရွက်နှစ်ရွက်ကို ကြည့်လိုက်သည်။ ဝါးရွက် နှစ်ရွက်မှာ အရွယ်အစား၊ အရောင်၊ ပုံသဏ္ဌာန် တစ်ခုမကျန် တူညီနေသည့် အတွက် ခြားနားချက်ကို သူ မတွေ့နိုင်ခဲ့ပါ။
ချန်ကျင်းချင်က ခေါင်းခါယမ်း လိုက်ရင်း…
"ကျွန်တော် မပြောတတ်ဘူး"
ဆန်းလျန်က ခပ်ပါးပါးလေး တစ်ချက် ပြုံးလိုက်ရင်း…
"ကဲ ဒီဝါးရွက်လေး နှစ်ရွက်ကို ကျုပ်လက်ဖဝါး ပေါ်မှာ အတူတူ တင်ထားလိုက်မယ်၊ မင်း ထပ်ပြီး ခွဲခြားကြည့်ပါဦး"
ဆန်းလျန်က သူ၏လက်ဖဝါးများကို ဖြန့်လိုက်ကာ လက်ဖဝါး နှစ်ခုထက်တွင် ဝါးရွက်လေး နှစ်ခုကို တစ်ခုစီ တင်ထားလိုက်လေသည်။
ချန်ကျင်းချင်မှာ ယခုအချိန်ထိ ဝါးရွက်လေး နှစ်ရွက်၏ ခြားနားချက်ကို ခွဲခြား၍ မရသေးပေ။
အတန်ကြာမှ ချန်ကျင်းချင်က ဆန်းလျန်၏ ညဘက် လက်ဖဝါးထက်မှ ဝါးရွက်လေးကို ညွှန်ပြလိုက်ရင်း…
"ဒီဝါးရွက်က ဆရာဖန်ဆင်း ထားတဲ့ ဝါးရွက်မဟုတ်လား"
ချန်ကျင်းချင်ထံမှာ အဖြေစကား ကြားလိုက်ရသည်နှင့် ဆန်းလျန်က ညာဘက် လက်ဖဝါးကို အနည်းငယ် ဝှေ့ယမ်းလိုက်လေသည်။
ထိုအခါ ချန်ကျင်းချင် ညွှန်ပြလိုက်သည့် ဝါးရွက်လေးသည် ကြယ်စင်ရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားလေသည်။ ကြယ်စင်ရောင် အလင်းတန်းများနှင့် ထိတွေ့ခြင်း ခံလိုက်ရသည့် ပတ်ဝန်းကျင် တစ်ခုလုံးမှ ဝါးပင်များသည် ချက်ချင်းပင် လန်းဆန်း တက်ကြွ လာလေသည်။
သို့သော်… ချန်ကျင်းချင်၏ စိတ်ထဲတွင် ပျော်ရွှင်ခြင်းကို မခံစားရပါ။ အဘယ်ကြောင့် ဆိုသော် ထိုကြယ်စင် စွမ်းအား များသည် ဆရာဖြစ်သူ ဆန်းလျန်၏ ဘဝ ဆက်လက် ရှင်သန်နိုင်ရေး အတွက် အသုံးပြုထားရသည့် အင်းအားစု တစ်ခုဖြစ်ကြောင်းကို သူသိထားသောကြောင်း ဖြစ်လေသည်။
ဆန်းလျန်က အနည်းငယ် ပြုံးလိုက်ရင်း…
"ဝါးရွက်နှစ်ရွက်ကို ခွဲခြားလို့မရဘဲ တစ်ပုံစံတည်း တူအောင် ကျုပ်ဖန်ဆင်း ထားခဲ့တာ၊ မင်းက ကျုပ်ဖန်ဆင်း ထားတဲ့ ဝါးရွက်ကို ဘယ်လိုလုပ် သိသွားရတာလဲ"
ချန်ကျင်းချင်က အနည်းငယ် စဉ်းစားလိုက်ပြီး…
"ဝါးရွက်နှစ်ခုက အကုန်လုံး တူညီပါတယ်၊ ဒါပေမဲ့ ဆရာဖန်ဆင်းထားတဲ့ ဝါးရွက်က တကယ့်ဝါးရွက် အစစ်လောက် သဘာဝတရားနဲ့ မနီးစပ်ဘူး၊ ဘာလို့လဲဆိုတော့ ဆရာက ရည်ရွယ်ချက် ရှိရှိနဲ့ ဖန်ဆင်းခဲ့တာ၊ သဘာဝ တရားမှာတော့ ရည်ရွယ်ချက် မရှိဘူး၊ သူ့သဘော သူဆောင်တာပဲ မဟုတ်လား၊ ဒါကြောင့် အဲဒီနှစ်ခုက နည်းနည်းတော့ ကွဲပြားမှုရှိနေတယ်၊ ဝါးရွက် နှစ်ရွက်ကြားက မတူညီမှုကို မြင်လည်း မမြင်ရသလို ကြားလည်း မကြားရဘူး၊ ဒါပေမဲ့ နှလုံးသားနဲ့ ခံစားနားလည် နိုင်တယ်၊ ဘယ်လိုမျိုးလဲ ဆိုတော့ ဒီဝါးရွက် နှစ်ရွက် စလုံးမှာ အလင်းရောင် ရှိတယ်ဆိုရင် သဘာ၀ ဝါးရွက်ကတော့ နေရောင်နဲ့တူပြီး ဖန်ဆင်းထားတဲ့ ဝါးရွက်ကတော့ ဖယောင်းတိုင် မီးအလင်းရောင်နဲ့ တူတယ်"
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
"နေအလင်းရောင်က သဘာဝတရားက လာတယ်၊ ဖယောင်းတိုင် အလင်းရောင်ကတော့ လူတွေ ဖန်တီးထားတဲ့ အရာပဲ၊ ဒီလို အကြောင်းအရာမျိုးကို မင်းသိနားလည်နေတာ ကျုပ်တကယ် အံ့သြမိတယ်၊ မင်းက တာအို ရုပ်ခန္ဓာ ရှိရုံသာမကဘူး အရမ်းလည်း ဉာဏ်ကောင်းတယ်၊ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ ခန့်မှန်းလို့ မရနိုင်ပေမယ့် ကျုပ် မင်းအသက်အရွယ် လောက်က မင်းလောက် မတော်ခဲ့တာတော့ အမှန်ပဲ"
ဆန်းလျန်၏ ချီးကျူးစကားကို ကြားရသည့်တိုင် ချန်ကျင်းချင်က အေးဆေး တည်ငြိမ်နေဆဲ ဖြစ်လေသည်။
သို့သော် … သူသည် ဆန်းလျန်ကို သူ၏ရင်ထဲမှ နက်နက်ရှိုင်းရှိုင်းပင် ရိုသေလေးစား နေခဲ့မိလေသည်။
"ကျုပ် မင်းအသက်အရွယ်လောက်က မင်းလောက် မတော်ခဲ့တာအမှန်ပဲ"
ဆိုသည့် စကားမျိုးကို ဆရာတစ်ယောက်က တပည့် တစ်ယောက်ကို ထုတ်ဖော်ပြောနိုင်ရန်မှာ တော်ရုံ သဘောထား ပြည့်ဝမှုမျိုးနှင့် မရနိုင်ပေ။
ဆန်းလျန်က ချန်ကျင်းချင်ကို သူ့အကြောင်းများစွာကို ပြောပြခြင်း မရှိသည့်တိုင် ချန်ကျင်းချင်သည် ပတ်ဝန်းကျင်မှ တစ်ဆင့် ဆန်းလျန်၏ သတင်းများကို ကြားခဲ့ရဖူးပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ပြီး တပည့်များ၏ လေးစား တန်ဖိုး ထားခြင်းကိုလည်း ခံရသူ ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်သည် စကြဝဠာ တစ်ခုလုံးတွင် တစ်ယောက် ပေါ်ထွန်းလာရန် အတွက် ရှားပါးသည့် ပါရမီရှင် တစ်ယောက်လည်း ဖြစ်လေသည်။
ချန်ကျေးရွာတွင်တော့ ချန်ကျင်းချင်သည် မှော်ဆရာမကို အလွန်မှ လေးစားခဲ့လေသည်
မှော်ဆရာမသည် အလွန်မှ အသိပညာကြွယ်ဝသူ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က မှော်ဆရာမနှင့် ယှဉ်လျှင် များစွာသာလွန်သူ ဖြစ်လေသည်။ ဆန်းလျန်သည် လောကကို နားလည်သည့် ပညာရှိ တစ်ယောက် ဖြစ်လေသည်။
အသိပညာ ကြွယ်ဝခြင်းနှင့် ပညာရှိခြင်းသည် တူညီခြင်း မရှိပေ။ ချန်ကျင်းချင်သည် ဆရာ့နောက်သို့ လိုက်ခဲ့သည့် နှစ်ရက် အတွင်းမှာပင် ဆရာ့ထံမှ များစွာ သင်ယူခဲ့ရလေသည်။
သူတို့ နှစ်ယောက်လုံးသည် တစ်ခဏတာမျှ အတွေးကိုယ်စီဖြင့် ငြိမ်သက် နေခဲ့ကြလေသည်။
အတန်ကြာမှ ဆန်းလျန်၏ အသံထွက်ပေါ်လာလေသည်။
"ဘဝရဲ့ အံ့သြစရာ အကောင်းဆုံး အချိန်က နေဝင်ချိန်ပါပဲ၊ မြေပြင်ထက်မှာ ရှိတဲ့ ဖုံမှုန့်လေးတွေ၊ နှင်းရည်ထဲမှာ ရှိနေတဲ့ အဏုဇီဝ သက်ရှိလေးတွေကိုတောင် ကျုပ်မြင်တွေ့နိုင်တယ်၊ သူတို့တွေ မျိုးပွားလာတာ၊ သူတို့တွေ သေဆုံး သွားကြတာက မျက်စိတစ်မှိတ် အချိန်အတွင်းမှာပါပဲ၊ စကြာဝဠာမှာ အခုလိုမျိုး ရပ်တည်ခွင့်ရတာ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာ ကျုပ်နားလည် ခဲ့ရတယ်"
ပြောပြီးသည်နှင့် ဆန်းလျန်က ပင့်သက် တစ်ချက် ရှိုက်လိုက်လေသည်။
ဆရာဖြစ်သူ၏ စကားကြောင့် ချန်ကျင်းချင်သည် စိတ်မကောင်း ဖြစ်သွားလေသည်။
"ဂိုဏ်းတူအစ်မ ဖန်းယန်ယင်းက ပြောတယ်၊ ကျွန်တော့်ရဲ့ အသွေးနဲ့ အသားက အကန့်အသတ် မရှိတဲ့ တန်ခိုး စွမ်းအားတွေနဲ့ ပြည့်နေတယ်တဲ့၊ အဲဒါက အရိုးကျနေတဲ့ လူသေတွေကိုတောင် အသက် ပြန်သွင်း ပေးနိုင်တယ်တဲ့၊ ဆရာသာ လိုအပ်ရင် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်နဲ့ အသွေးအသားကို စွန့်လွှတ်ရမယ် ဆိုလည်း စွန့်လွှတ်နိုင်ပါတယ်"
ထိုစကားကို ချန်ကျင်းချင်သည် စိတ်ရင်းဖြင့် ပြောလိုက်ခြင်း ဖြစ်လေသည်။ သူသည် ဆန်းလျန်ကို အလွန် လေးစားရုံသာမက နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ချစ်ခင်ခဲ့သည့် အတွက် ထိုသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျင်းချင်၊ ကျုပ်အတွက်တော့ ဘဝဆိုတာ ကစားပွဲတစ်ခုလိုပါပဲ၊ ရှုံးမလား နိုင်မလား မသိပေမယ့် အနိုင်ရအောင်တော့ ကစားချင်မိတယ်၊ ဒါပေမဲ့ အနိုင်ရဖို့ အတွက်တော့ ကျုပ်က မရိုးမသား ကိစ္စတွေကို လုပ်မှာမဟုတ်ဘူး၊ ပြီးတော့ ကျုပ် အခုရင်ဆိုင် နေရတဲ့ ပြဿနာကလည်း အဲဒီလောက် လွယ်လွယ်နဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး"
ဆန်းလျန်က ခဏနားလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ယန်ယင်းက ဓားသိုင်းပညာ သိပ်တော်ပေမယ့် သူက ရှီးဟွမ်က ဂုဏ်သရေရှိ အိမ်တော်တစ်ခုမှာ မွေးဖွားလာခဲ့တာ၊ ဒါကြောင့်သူက မာနကြီးပြီး ခေါင်းမာတယ်၊ ကျုပ်က သူ့ကို ဟိုင်သန်း အဆင့်ကို ပုံပြောင်း အဆင့်ကိုးဆင့်နဲ့ အောင်မြင်အောင် ကျင့်ကြံနိုင်ပြီး ကျုပ်ရဲ့ ဂိုဏ်းတူ အစ်ကိုထက် သာသွားစေချင်တာ၊ ဒါမှ သူ့ရဲ့ မာနတရားတွေကို ဖယ်ရှား ပစ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ သူသာ ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ကိုးဆင့်နဲ့ မတက်ရောက်နိုင်ခဲ့ဘူး ဆိုရင်တော့ ကျင့်စဉ်လမ်းမှာ အခက်အခဲရှိမှာကို ကျုပ်စိုးရိမ်မိတယ်၊ အဲဒီအချက်က နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်ဖို့အတွက်လည်း အရေးကြီးတယ်"
ချန်ကျင်းချင်သည် ဆန်းလျန် ပြောနေသည့် စကားများကို အပြည့်အဝ နားမလည်ပါ။
"ဟိုင်သန်း အဆင့် အောင်မြင်ပြီးမှ ကျင့်စဉ်လမ်းရဲ့ အစစ်အမှန်ကို နားလည်လာမှာလား"
ချန်ကျင်းချင်၏အမေးကို ဆန်းလျန်က ပြန်ဖြေလိုက်သည်။
"အဲဒီလိုတော့ မဟုတ်ဘူး၊ ဟိုင်သန်း အဆင့်ဆိုတာ ကျင့်စဉ်လမ်းရဲ့ တစ်ဆစ်ချိုး အချိန်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ဟိုင်သန်း အဆင့် အောင်မြင်ပြီးရင် လောကီနဲ့ ပတ်သက်တာတွေ အတော်များများကို တွန်းလှန် နိုင်သွားမယ်၊ ဒါပေမဲ့ လောကီကိစ္စ အတော်များများကို တွန်းလှန်နိုင်ဖို့ ဆိုတာ ဘယ်လွယ်မှာလဲ၊ အမျက်ဒေါသကို တွန်းလှန်နိုင်ဖို့ဆိုတာ သိပ်ခက်ခဲတယ်၊ ဒါကြောင့်လည်း လောကမှာ နတ်ဘုရားတွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက် နေကြတာပေါ့၊ ဒီကိစ္စတွေက နက်နဲ လွန်းပါတယ်လေ၊ မင်းတစ်ခါတည်းနဲ့တော့ နားလည်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျုပ်ဘဝကလည်း အချိန် သိပ်မကျန်တော့လို့ မင်းကို သင်ပြပေးနိုင်တာ အရမ်း နည်းနေရင်လည်း နောက်ကျ ကျုပ်ကို အပြစ်မတင်ဖို့ မျှော်လင့် ပါတယ်ကွာ"
ထိုသို့ ပြောပြီးသည်နှင့် ဆန်းလျန်သည် ချန်ကျင်းချင်ရှေ့မှ ထွက်ခွာ သွားလေသည်။
ထို့နောက်သူက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး တစ်ပေနှင့် ရှစ်လက်မ တိတိရှိသည့် ဝါးလုံး တစ်လုံးကို ချိုးယူ လိုက်လေသည်။
ချန်ကျင်းချင်က သူ၏ဆရာ ဘာလုပ်မည်ကို စူးစိုက် ကြည့်နေခဲ့လေသည်။
ဆန်းလျန်သည် ချက်ချင်းပင် ဝါးလုံးကို ဝါးပုလွေတစ်ခု အဖြစ် ပြောင်းလဲ သွားအောင် ဖန်ဆင်း လိုက်လေသည်။
ထို့နောက် ဆန်းလျန်သည် ပလွေကို ကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာ ထက်တွင် တေ့ကာ မှုတ်လိုက်လေသည်။
ထိုအခါ…
စကြဝဠာ အတွင်းသို့ အသံမရှိသော အသံတစ်ခုသည် စီးဆင်း ပျံ့နှံ့သွားလေသည်။ ထိုအသံထဲတွင် ငြိမ်းချမ်းခြင်း တရားများ ပါဝင်လေသည်။
ထိုပုလေသံသည် ယန်ရွှီး၏ နားအတွင်းသို့ စီးဆင်း ဝင်ရောက် လာလေသည်။
ထိုအခါ ချင်းရွှမ်နတ်တံခါးနှင့် ပတ်သက် သမျှသည် သူ၏ အတွေးများထဲတွင် ထင်ဟပ် လာလေသည်။
ငယ်ရွယ်သည့် ကျန်းရော့ရွှီးသည် လက်ထဲတွင် သံပုစိန် တစ်လက်ကို ကိုင်ထားကာ ချင်းလျန် တောင်ထိပ်ရှိ ဝါးရုံတောထဲမှ ဝါးပင်များကို ခုတ်ဖြတ် နေလေသည်။
ယန်ရွှီးသည် ကျန်းရော့ရွှီးအနားရှိ ကျောက်တုံး တစ်တုံးထက်တွင် ထိုင်နေပြီး ချွေးတလုံးလုံးဖြင့် ဝါးပင် ခုတ်နေသည့် သနားစရာ ကျန်းရော့ရွှီးကို အလွန်မှ သနားသည့် မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
***