← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

နောက်ဆက်တွဲ (၁)

၅လပိုင်းနှင့် ၉လပိုင်းသည် မြောက်ပိုင်းတွင် နေလို့အကောင်းဆုံးအချိန်များဖြစ်သည်။ အေးလည်းမအေးသလို ပူလည်းမပူချေ။ ပါးလွှာသည့် အင်္ကျီတစ်ထည်နှင့်ဆိုလျှင် လုံလောက်သည်။

ရှန်ဖုန်းမင်က မြင်းတစ်ကောင် စီးလာပြီး ကျန်းယွင်ကျူးကို ဆိပ်ခံတံတားမှ ပြန်ခေါ်လာခဲ့သည်။

သူတို့နှစ်ယောက်သည် အချိန်ယူလိုက်ပြီး လေပြေလေညင်းကို ခံစားရင်း လမ်းတစ်လျှောက်က ရှုခင်းများကို ခံစားလာခဲ့ကြသည်။

ရုတ်တရက်ဆိုသလို ကျန်းယွင်ကျူးသည် လမ်းဘေးတွင် လှလှပပ ပွင့်နေသည့် တောပန်းတစ်အုပ်ကို တွေ့လိုက်ရလေသည်။ အဝါရောင်တောက်တောက်ပန်းများသည် ကောင်းကင်ပေါ်က နေမင်းလို မျက်လုံးကျိန်းလောက်အောင် တောက်ပနေသည်။

ရှန်ဖုန်းမင်က သူမမျက်ဝန်းထဲက အကြည့်ကို သတိထားမိသွားပြီး ကိုယ်ကိုညွှတ်ကာ အလှဆုံးပွင့်လန်းနေသည့် ပန်းတစ်ခိုင်ကို ခူးလိုက်ပြီး သူမအား လှမ်းပေးချင်လိုက်သည်။ သို့သော် သူသည် သူ့ခေါင်းကို ငုံ့လိုက်ချိန်တွင် သူမ၏မည်းနက်နေသည့် ဆံသားအုပ်ကို မြင်လိုက်ပြီး ရုတ်တရက် ရင်ခုန်သွားတော့သည်။ သူက ပန်းတစ်ပွင့်ခူးလိုက်ပြီး သူမခေါင်းတွင် ပန်ပေးလိုက်လေသည်။

ကျန်းယွင်ကျူးက သူ့လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်၏။

သူမ၏ဖြူဖွေးကြည်လင်သည့်အသားအရေ၊ တောက်ပသည့်မျက်ခုံးများနှင့် သူမသည် သည်လိုရွှေဝါရောင်ပန်းတစ်ပွင့်ကိုပန်လိုက်ချိန်တွင် နေရာခြည်လို တောက်ပပြီး စိတ်လှုပ်ရှားစရာကောင်းလှသည်။

ရှန်ဖုန်းမင်က ကျန်သည့်ပန်းများကို ကျန်းယွင်ကျူးထံ လှမ်းပေးလိုက်၏။

ကျန်းယွင်ကျူးက ပန်းကို မြင်လိုက်ပြီးနောက်တွင် သူမ၏လက်ဖြင့် ခေါင်းကို ထိကြည့်လိုက်သည်။ သူ ခုနက ဘာလုပ်ခဲ့သည်ကို သူမ သိလိုက်ရလေသည်။

“လှလား” သူမက ခေါင်းလေးကို အနည်းငယ်မော့ကာ မေးလိုက်သည်။

“လှတယ်” ရှန်ဖုန်းမင်၏မျက်ခုံးများက ပျော့ပြောင်းလို့နေသည်။

ကျန်းယွင်ကျူးက မျက်လုံးများကို လှန်ကြည့်လိုက်ပြီး ရုတ်တရက် သူ့လည်ပင်းကို သိုင်းဖက်လိုက်ကာ သူမထံသို့ ဆွဲလိုက်တော့သည်။

ရှန်ဖုန်းမင်သည် ခေါင်းကို အနည်းငယ် နိမ့်လိုက်ပြီး သူမကို နမ်းချင်သွားတော့သည်။

ကျန်းယွင်ကျူးက သူ့ခေါင်းတွင် အဝါရောင်ပန်းတစ်ပွင့် ပန်ပေးလိုက်ပြီးနောက် ခေါင်းကို ပြန်လှည့်သွားကာ သူမသည် ပုံမှန်အတိုင်း ခရီးသွားနေသယောင်။

ရှန်ဖုန်းမင်သည် သတိကြီးလွန်းသူဖြစ်ရာ သူမလုပ်လိုက်သည့်အရာကို အလိုလို သိနေလေသည်။

“ညီမက ကိုယ့်ရဲ့ကိုယ်ပိုင်လက်ရာကိုတောင် မကြည့်တော့ဘူးလား” သူသည် အဝါရောင်ပန်းကို မဖယ်လိုက်သော်လည်း ထို့အစား သူမ၏ခါးကို ဖမ်းဆွဲလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

အမှန်တွင်တော့ ကျန်းယွင်ကျူးသည် ပန်းပန်ထားသည့် ရှန်ဖုန်းမင်ကို မြင်ဖူးချင်လေသည်.....

စိတ်ဆောင်ရာကို မတွန်းလှန်နိုင်တော့ဘဲ သူမက ပြန်လှည့်လိုက်၏။

အလျင်စလို လုပ်ထားသဖြင့် ပန်းပန်ထားပုံက အနည်းငယ် ရွဲ့စောင်းနေလေသည်။ သို့တိုင် ရယ်စရာကောင်းနေပြီး သူ့ခေါင်းပေါ်တွင် ပန်းငယ်လေးတစ်ပွင့် ပွင့်နေသလိုပင်။

သူမ၏မျက်ခုံးများက ကွေးသွားတော့သည်။ အပြုံးတစ်ခု မထုတ်လိုက်ခင်မှာပင် သူမကို ရှန်ဖုန်းမင်က နမ်းလိုက်လေသည်။

သူမက တွန်းထုတ်ချင်လိုက်သော်လည်း လက်တစ်ဖက်က သူမ၏လည်တိုင်ကို ထိန်းထားသည်။ သူမကို တင်းနေအောင် ကိုင်ထားသဖြင့် တွန်းထုတ်လို့ မရနိုင်ပေ။

ရှန်ဖုန်းမင်သည် သူမကို အပြစ်ကို ပေးနေသည့်နှယ် သည်အနမ်းက အလွန်မှချုပ်ချယ်လွန်းပေသည်။

ကျန်းယွင်ကျူးသည် အစပိုင်းတွင် ခုခံချင်ခဲ့သော်လည်း ထို့နောက်တွင်တော့ သူမသည် သူ့လက်မောင်းထဲတွင် ပျော့ပျောင်းသွားကာ အသက်ပြင်းပြင်း ရှူနေမိတော့သည်။

“စောစော ပြန်ရအောင်နော်’

ရှန်ဖုန်းမင်က သူမ၏နားနားကပ်ကာ လေသံဖြင့် ပြောလိုက်၏။

ကျန်းယွင်ကျူးသည် သူနှင့်အလွန်နီးကပ်နေသဖြင့် သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုများကို အလိုလို သတိထားမိနေကာ ထိုစကားလုံးများကို ဘာအဓိပ္ပါယ်နှင့် ပြောလိုက်မှန်း သိနေသည်။

မင်္ဂလာဦးညပြီးကတည်းက သူသည် သူမက ရုပ်ပိုင်းဆိုင်မသက်မသာဖြစ်မှာ စိုးရိမ်သဖြင့် သူတို့နှစ်ယောက်သည် ကိုယ်လက်နှီးနှောခြင်းကို လုံးဝ ထပ်မပြုတော့ပေ။

အခုတော့ သူမ၏ခန္ဓာကိုယ်က ပြန်ကောင်းလာပြီလေ....

“အင်း”

ကျန်းယွင်ကျူးက ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။ သူမ၏မျက်နှာက ပန်းရောင်သန်းနေ၏။ သူက သူမကို ကောင်းကောင်းဆက်ဆံတယ်လေ။ ပြီးတော့ သူမကလည်း သူ့ကို ကောင်းကောင်းဆက်ဆံချင်တယ်။

သူမ၏အသံက အလွန်မှ တိုးညင်းနေ၏။ သို့တိုင် ရှန်ဖုန်းမင်က သူမအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်သေးသည်။ သူသည် မြင်းကို ချက်ချင်း နှင်တံဖြင့် ရိုက်ကာ မြို့တော်သို့ အလျင်စလို ပြန်လာခဲ့တော့သည်။

သူတို့သည် မြို့တော်သို့ ရောက်ခါနီးတွင် ကျန်းယွင်ကျူးသည် သူ့ခေါင်းပေါ်က အဝါရောင်ပန်းလေးကို သတိရသွားပြီး သူ့အတွက် မြန်မြန် ဖယ်ပေးလိုက်လေသည်။ စစ်သေနာပတိချုပ်ရှန်က ခေါင်းပေါ်မှာ ပန်းတစ်ပွင့်နဲ့ မြို့ထဲဝင်လာတာကို တစ်ယောက်ယောက်များ တွေ့သွားခဲ့ရင် သူမက ကြီးလေးတဲ့ပြစ်မှုရဲ့ တရားခံ ဖြစ်သွားအုံးမယ်လေ။

နှစ်ယောက်သားသည် အိမ်သို့ ချက်ချင်းပြန်ချင်ခဲ့သော်လည်း လမ်းတစ်ခုကို ဖြတ်အလာအတွက် အသံတစ်သံက သူတို့ကို ရုတ်တရက် လှမ်းတားလိုက်လေသည်။

“ယွင်ကျူး”

ကျန်းယွင်ကျူးက အသံလာကို ကြည့်လိုက်တော့ ချင်ယောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရှဲ့လျန်က သူမဘေးတွင် ရပ်နေသည်။

ရှဲ့ချန်နှင့် အဆက်အသွယ် နည်းသည်ထက် နည်းသွားခဲ့ပြီး ကျန်းယွင်ကျူးလည်း ရှဲ့လျန်နှင့် မတွေ့တာ အတော်ကြာသွားခဲ့သည်။

ရှဲ့လျန်သည် ကျန်းယွင်ကျူးကို တွေ့လိုက်ရသောအခါ သူမသည် စကားပြောချင်သော်လည်း မပြောရဲဟန် ဖြစ်နေသည်။

“လူကြီးမင်းရှန်”

ချင်ယောင်းက ရှန်ဖုန်းမင်ကို မဝံ့မရဲနှုတ်ဆက်လိုက်သည်။ သူမသည် ရှန်ဖုန်းမင်၏ သရုပ်မှန်ကို သိပြီးကတည်းက ဒါသည် သူ့ကို ပထမဆုံး မြင်ခဲ့ဖူးခြင်းပင်။ သူက သူမကို ဘာလုပ်လိမ့်မည်ကို မသိပေ။ သို့သော် သူသည် ကျန်းယွင်ကျူး၏ ခင်ပွန်းဖြစ်လေရာ သူမက နှုတ်မဆက်ပြန်လျှင်လည်း မသင့်တော်ပေ။

“မိန်းကလေးချင်”

ရှန်ဖုန်းမင်၏အသံက ကြည်လင်ပြီး ဟိန်းနေသော်လည်း အန္တရာယ်ပေးမည့်အရိပ်အယောင် မရှိပေ။

ချင်ယောင်းက သတ္တိရှိလာပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

“မင်းကြီးက ကျွန်မကို ချင်းရှာစီရင်စုသခင်မဘွဲ့ ပေးလိုက်တယ်”

“အိုး ဟုတ်လား”

ကျန်းယွင်ကျူးသည် တစ်ခုခုကို ခပ်ရေးရေး ခန့်မှန်းမိလိုက်သည်။ ထို့နောက် သူမက မြင်းပေါ်မှ ဆင်းချင်သွားလေသည်။ သူမသည် ချင်ယောင်းနှင့် မမျှော်လင့်ဘဲ တွေ့ရသဖြင့် ရှဲ့လျန်နှင့်လည်း တွေ့သင့်ကာ သူမနှင့် စကားကောင်းကောင်း ပြောရပေမည်။

သူမ၏အတွေးများကို အာရုံခံမိသဖြင့် ရှန်ဖုန်းမင်က အရင်ဆုံး မြင်းပေါ်က ဆင်းလိုက်ပြီးနောက် သူမကို တွဲကာ အောက်သို့ ချပေးလိုက်သည်။

ရိုးရှင်းသည့် အကြည့်နှင့် လှုပ်ရှားမှုတစ်ခုလေးပင်။ ထိုမြင်ကွင်းက ချင်ယောင်းကို စိတ်ထဲတွင် သက်ပြင်းချမိစေတော့သည်။ အချိန်ကိုပဲ ကြည့်ရင် ရှေ့မှာရှိနေတဲ့လူက မျက်လုံးတစ်ချက်မမှိတ်ဘဲ လူသ-တ်ခဲ့တဲ့ အထင်ကရ စစ်သေနာပတိချုပ်ရှန် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

“ရှင်အလုပ်များရင် အရင်ဆုံး သွားလုပ်လိုက်ပါ”

ကျန်းယွင်ကျူးသည် ချင်ယောင်းနှင့် ပြောစရာအများကြီးရှိနေသဖြင့် စောင့်နေရသည်ကို စိတ်မရှည်မှာစိုးကာ သူမက ရှန်ဖုန်းမင်းကို သည်လိုပြောလိုက်လေသည်။

“ကောင်းပြီလေ၊ ကိုယ် ညီမကို နောက်မှလာကြိုလိုက်မယ်”

ရှန်ဖုန်းမင်ကလည်း သူ အနားတွင် ရှိနေလျှင် ပြောစရာတစ်ခုခုရှိလျှင်တောင် ပြောနိုင်ကြမည် မဟုတ်မှန်း သူ သိနေသဖြင့် ထိုသို့ ပြန်ပြောလိုက်လေသည်။

“ကျွန်မ ကိုယ့်ဟာကို ပြန်လာလို့ရပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ရပါတယ်၊ ကိုယ် နောက်မှ ညီမကို လာကြိုပေးမယ်”

ရှန်ဖုန်းမင်က ပြောလိုက်ပြီး သူ့မြင်းပေါ် တက်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ ကျန်းယွင်ကျူးသည် သည်လိုအသေးအဖွဲကိစ္စများကြောင့် သူနှင့် မငြင်းခုန်လိုပေ။

ရှန်ဖုန်းမင် ထွက်သွားပြီးနောက် ချင်ယောင်းက သူမ၏ မူလအခြေအနေသို့ ပြန်ရောက်သွားပြီး ချစ်စဖွယ်ဖြစ်သွားတော့သည်။ သူမသည် ကျန်းယွင်ကျူး၏ခေါင်းပေါ်က အဝါရောင်ပန်းလေးကို တစ်ချက်ကြည့်လိုက်ပြီး ချီးကျူးလိုက်၏။

“လှလိုက်တာ”

ထိုအခါမှ ကျန်းယွင်ကျူးသည် သူမ၏ခေါင်းပေါ်တွင် အဝါပန်းရောင်ပန်းလေးတစ်ပွင့် ပန်ထားမှန်း သတိရသွားတော့သည်။ ဒါပေမဲ့ ထားလိုက်ပါလေ။ ပန်းကို ပန်ထားလိုက်ပါမယ်။

သူတို့သုံးယောက်သည လက်ဖက်ဆိုင်ထဲသို့ ဝင်သွားပြီး ထိုင်ဖို့ နေရာတစ်ခု ရွေးလိုက်လသေည်။

“ချင်းရှာစီရင်စုသခင်မ ဟုတ်လား” ကျန်းယွင်ကျူးက ချင်ယောင်းကို မေးလိုက်သည်။

ချင်ယောင်းက အလွန်ဝမ်းသာဟန်ဖြင့်

“တော်ဝင်အမိန့်တော် မနေ့က ရောက်လာတယ်လေ၊ ကျွန်မက ဒုက္ခသည်တွေကို အဆင်ပြေအောင် လုပ်ပေးပြီး ရုံးတော်အတွက် တာဝန်ထမ်းဆောင်ပေးခဲ့တယ်တဲ့”

ဒုက္ခသည်များအတွက် လုစီရင်ပြည်နယ်၏ သက်သာချောင်ချိရေးအလုပ်အတွက်ကြောင့် ကျန်းယွင်ကျူးသည် ဒါသည် အမှန်အကန်ဖြစ်ကြောင်း နားလည်လေသည်။

“ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာပါ”

ချင်ယောင်းက ကျန်းယွင်ကျူး၏လက်ကို ကိုင်ကာ ပြောလိုက်သည်။ အဲဒီစိတ်ကူးက ကျန်းယွင်ကျူးရဲ့ စိတ်ကူးလေ။ ကျန်းယွင်ကျူးကြောင့်သာ မဟုတ်ရင် သူမလည်း လက်ထောက်ပြည်နယ်တရားသူကြီးဟယ်ရဲ့ သားနဲ့ လက်ထပ်ပြီး မီးပုံထဲ ပြုတ်ကျသွားလောက်ပြီ။ ဒီတော့ ချင်းရှာ စီရင်စုသခင်မ ဖြစ်လာမှာကို ပြောစရာတောင် မလိုတော့ဘူး။

ကျန်းယွင်ကျူးက သူမကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးခဲ့တာပဲ။

“ဒါတွေအားလုံးက ကျွန်မကြောင့်ရယ်လို့တော့ ပြောဖို့မလိုပါဘူး”

ကျန်းယွင်ကျူးက ပြောလိုက်သည်။ သူသည် ချင်ယောင်းကို သည်ကိစ္စလုပ်ရန် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ချိန်က သူမသည် ချင်ယောင်းကို နာမည်ကြီးအောင်ပေးဖို့ စိတ်ကူးရှိပြီးသားပင်။ သို့သော် စီရင်စုသခင်မ အမည်တွင်ဖို့ရန်ကတော့ ရုံးတော်တွင် သူတို့ကို ကူညီပေးမည့် လူတစ်ယောက်တော့ လိုလိမ့်မည်။

သူမသည် သူဌေးချင်နှင့် သဘောတူညီမှုတစ်ခု ယူထားဟန်ထင်ရသည့် လင်ထင်အန်းကို စဥ်းစားမိသွားသည်။

“ရှင် ဘာကို ပြောချင်တာလဲဟင်” ချင်ယောင်းက မေးလိုက်၏။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်ပြီး

“ဘာမှ မဟုတ်ပါဘူး”

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီကိစ္စကို အဆုံးသတ်သင့်ပြီ။ သူဌေးချင်က ချင်ယောင်းကို မပြောဘူးဆိုမှတော့ သူမကလည်း ဘာမှ ပြောစရာမလိုပါဘူး။

ချင်ယောင်းကလည်း ထပ်မမေးတော့ဘဲ ကျန်းယွင်ကျူးနှင့် တခြားအကြောင်းများကို ပြောလိုက်သည်။

ဥပမာ သူမသည် သည်နေ့ ရှဲ့လျန်ကို အပြင်ခေါ်လာခြင်းမှာ ရှဲ့လျန်အတွက် အဝတ်အစားတချို့ ကူညီပြီး ဝယ်ပေးချင်သောကြောင့်ပင်။ ဥပမာ ရှဲ့ချန်အကြောင်းပင်။

ရှဲ့ချန်အကြောင်း ပြောလိုက်သည်တွင် ချင်ယောင်း၏အသံက ဖြည်းဖြည်းချင်း တိမ်ဝင်သွားတော့သည်။ သူမ၏မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပေါ်လာလေသည်။

“ဘာဖြစ်လို့လဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

“သူက အရမ်းအလုပ်များနေလို့ပါ၊ နေ့တိုင်း မနက်အစောကြီးထွက်သွားပြီး ညဆိုလည်းနောက်ကျမှ အိမ်ပြန်လာတယ်” ချင်ယောင်းက ညည်းညူနေသယောင်။

မဟုတ်လောက်ဘူး။ တခြားကိစ္စတစ်ခုခုတော့ ရှိလိမ့်မယ်။ ကျန်းယွင်ကျူးသည် သိနေသော်လည်း မမေးလိုက်ပေ။

နှစ်ယောက်သားက အချိန်တော်တော်ကြာအောင် စကားပြောလိုက်ကြသည်။ ချင်ယောင်းက မော့ကြည့လိုက်တော့ မျက်နှာချင်းဆိုင်လမ်းတွင် မြင်းတစ်ကောင်စီးလာသည့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်လေသည်။ သူမက ကျန်းယွင်ကျူးကို ပြောလိုက်၏။

“လူကြီးမင်းရှန်တောင် ရှင့်ကို လာကြိုဖို့ ရောက်နေပြီ၊ မြန်မြန် ပြန်တော့လေ”

ကျန်းယွင်ကျူးလည်း ရှန်ဖုန်းမင်ကို တွေ့လိုက်သဖြင့်

“အင်း”

ထို့နောက် သူမက ထပ်ပြောလိုက်၏။

“တစ်ခုခုဆိုရင် ကျွန်မကို အချိန်မရွေးလာရှာလို့ ရတယ်နော်”

“ကောင်းပါပြီ” ချင်ယောင်းက သဘောတူလိုက်သည်။

ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး လက်ဖက်ရည်ဆိုင်မှ ထွက်လာခဲ့၏။

ရှန်ဖုန်းမင်က သူမကို မြင်းပေါ်ဆွဲတင်ပေးလိုက်ပြီး ရှန်အိမ်တော်သို့ ပြန်လာခဲ့လေသည်။

ကျန်းယွင်ကျူးသည် ခုနကဖြစ်ခဲ့သည့် အရာများကို စဥ်းစားနေရင်း အနည်းငယ် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေတော့သည်။

နှစ်ယောက်သားက ရှန်အိမ်တော်သို့ ပြန်လာခဲ့၏။ ညနေစာ စားချိန် ရောက်နေပြီဖြစ်သည်။ သူတို့သည် တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန် တို့နှင့်အတူ ညနေစာစားလိုက်ကြသည်။ သူတို့သည် အခန်းသို့ ပြန်ချင်ပြီဖြစ်သော်လည်း တန့်ယန့်မင်းသမီက ကျန်းယွင်ကျူးကို တားထားပြီး သူမက ကျန်းယွင်ကျူးကို ပြောစရာရှိသည်ဟု ဆိုသည်။

ရှန်ဖုန်းမင်က ထိုနေရာတွင် ရပ်နေပြီး တန့်ယန်းမင်းသမီးကို စိုက်ကြည့်နေ၏။

စိတ်ဆိုးဆိုးနှင့် တန့်ယန်းမင်းသမီးက သူ့ကို ဝါးစားတော့မတတ်ကြည့်လိုက်၏။ သူမက သူ့မိန်းမကို ကိုက်မစားပါဘူး။

ထိုအခါမှ ရှန်ဖုန်းမင်က အရင်ဆုံး အခန်းသို့ ပြန်သွားတော့သည်။

နာရီဝက်ကြာပြီးနောက် ကျန်းယွင်ကျူးသည် စာအုပ်ငယ်လေးတစ်အုပ်ကိုင်ကာ အခန်းသို့ ပြန်လာခဲ့သည်။

“အမေ ညီမကို ဘာပြောတာလဲ” ရှန်ဖုန်းမင်က သူမကို စောင့်နေလေသည်။

“ဘာမှ မပြောပါဘူး”

ကျန်းယွင်ကျူးက ပြောလိုက်၏။ ဟုတ်ပါတယ်။ တန့်ယန်းမင်းသမီးက အမွေဆက်ခံသူကိစ္စပဲ ပြောခဲ့တာပေါ့။ သူမကလည်း ဒီကိစ္စကို ရှန်ဖုန်းမင်နဲ့ သဘောတူထားပြီးပါပြီလေ။

ရှန်ဖုန်းမင်က တွေးကာ မေးလိုက်၏။

“ညီမ ဒီနေ့ ကိစ္စတစ်ခုခုကြောင့် စိုးရိမ်နေတာလား”

ကိစ္စတော့ ရှိပါရဲ့။ ကုယန်ကျိုးနဲ့ ရှဲ့ချန်တို့ ကိစ္စလေ....

ရှန်ဖုန်းမင်က သူမကိုဆွဲကာ သူ့ပေါင်ပေါ် တင်လိုက်ပြီး

“ညီမ ကိုယ့်ကို မပြောပြနိုင်တဲ့ကိစ္စများ ရှိနေလို့လား”

ကျန်းယွင်ကျူးသည် ထိုကိစ္စက သူမနှင့် ရှန်ဖုန်းမင်တို့ နီးသည်ထက် နီးစပ်သွားသဖြင့် သူတို့က သူမနှင့် ခပ်တန်းတန်းနေတာဖြစ်မည်ဟု အစောပိုင်း ခန့်မှန်းထားခဲ့သည်။ နောက်ဆုံး ရှန်ဖုန်းမင်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းက.....။ ဒီလိုသာဆိုရင်တော့ သူမက သူ့ကို ပြောပြလိုက်ရင် သူက ဘယ်လိုထင်သွားမှာလဲ။

“ဟင်”

ရှန်ဖုန်းမင်က သူမ၏ခါးကို ညှစ်လိုက်လေသည်။ သူသည် သူမ၏ခါးလေးကို ဆုပ်ထားရသည်ကို အထူးတလည်နှစ်သက်မိကြောင်း သိလိုက်ရလေသည်။ သူမ၏ခါးလေးက အလွန်သေးသွယ်ပြီး ဆုပ်လိုက်လျှင် ကျိုးသွားတော့မယောင်။ သို့သော် သူမ၏ခါးလေးက အလွန်မှပျော့ပြောင်းကြောင်း သူ သိထားလေသည်။

သူ့အားကို ခံစားမိလိုက်ရသဖြင့် ကျန်းယွင်ကျူးသည် ရှင်းအောင် ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ကုယန်ကျိုးလေ....”

သည်နာမည်ကို ပြောလိုက်ပြီးနောက်တွင် ကျန်းယွင်ကျူးသည် သူမခါးကို ကိုင်ထားသည့် ရှန်ဖုန်းမင်၏လက်က ပိုအားတင်းလာမှန်း သေချာခံစားလိုက်ရတော့သည်။

သူ သဝန်နေတာတော့မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား။ ကျန်းယွင်ကျူးက ထိုအဖြစ်ကို သဘောကျသွားတော့သည်။ သူမနဲ့ ကုယန်ကျိူးက ဘာမှမဆိုင်တာလေ။

“ရှဲ့ချန်နဲ့ ကုယန်ကျိုးတို့က အရာရှိအဖြစ် ခန့်အပ်ခံရပြီးကတည်း သူတို့တွေ ကျွန်မနဲ့ မဆက်သွယ်တော့သလောက်ပဲ၊ ဒီနေ့ ကျွန်မ ချင်ယောင်းနဲ့ တွေ့ခဲ့တယ်လေ၊ သူနဲ့ စကားပြောပြီးတော့ သူ ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားသလို ခံစားလိုက်ရတယ်” ကျန်းယွင်ကျူးက အသက်မရှူတန်း တထိုင်တည်း ပြောလိုက်လေသည်။

ဒီလိုကိုး။ ရှန်ဖုန်းမင်က ပြောလိုက်၏။

“ကုယန်ကျိုးက ဟန်လင်းကျောင်းတော်မှာလေ၊ ဟန်လင်းကျောင်းတော်က လူတွေအားလုံးက အိမ်ရှေ့စံကို ထောက်ခံကြတဲ့သူတွေချည်းပဲ၊ ရှဲ့ချန်ကတော့ ကျင်းကျောက်ပြည်နယ်က မင်းသားခြောက် ဦးဆောင်မှုနောက်ကိုပဲ အမြဲလိုက်ခဲ့ကြတာ၊ နောက်ပိုင်း အဲနေရာကို အုပ်ချုပ်ရေးမှူးအသစ်နဲ့ အစားထိုးလိုက်တော့ အခြေအနေက ပိုပြီး ကောင်းလာပါတယ်”

သူ့စကားက ကုယန်ကျိုးက အိမ်ရှေ့မင်းသားဖက်မှာရပ်ပြီး ရှဲ့ချန်က မင်းသားခြောက်ဖက်မှာ ရပ်နေတာလို့ ပြောချင်တာလား။

...

နောက်ဆက်တွဲ (၂)

ကျန်းယွင်ကျူးမှာ မှင်တက်အံ့ဩသွားတော့သည်။ ဘယ်လိုဖြစ်သွားတာလဲ။ ဘာက တကယ်ပဲ.....။ ဒီလိုသာဖြစ်နေရင် သူတို့တွေ သူမနဲ့ ခပ်ခွာခွာနေကြတာ မထူးဆန်းတော့ပါဘူး။

ဒါပေမဲ့ သူတို့တွေက နိုင်ငံရေးအဖွဲ့အတိုက်အခိုက်တွေထဲမှာ ဝင်ပါမယ်လို့ သူမတော့ မယုံနိုင်ဘူး။

“ဖြစ်နိုင်တာကတော့ သူတို့တွေလည်း ဖိအားပေးခံရတာဖြစ်မယ်” ရှန်ဖုန်းမင်က သူမ၏သံသယများကို တွေ့လိုက်တော့ ရှင်းပြလိုက်လေသည်။

အခုအချိန်က ရုံးတော်ထဲမှာ ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းအတိုက်အခံတစ်ခု ဖြစ်နေတာလေ။ သူတို့နှစ်ယောက်အတွက် အခြေတစ်ခုရဖို့ဆိုတာ အဲလောက်မလွယ်ဘူး။

အိပ်မက်ထဲက ခုနှစ်နှစ်တာ အတွင်းတွင် ကျန်းယွင်ကျူးသည် ရုံးတော်ထဲ၌ အပြန်အလှန်တိုက်ခိုက်မှုများ အမြဲတမ်းရှိနေခဲ့မှန်း သိထားလေသည်။ ရှန်ဖုန်းမင်ပင် ထိုကိစ္စကို မရှောင်နိုင်ခဲ့ပေ။

ထိုအကြောင်းကို တွေးလိုက်ပြီး သူမသည် ရုတ်တရက်ဆိုသလို ရှန်ဖုန်းမင်ကို စိတ်ပူသွားတော့သည်။ ချန်ရှီရွာ အမြစ်ပြတ်သုတ်သင်တဲ့ကိစ္စက ပြောင်းလဲသွားပြီ။ ဒီတစ်ခါတော့ ပထမအဆင့်ပညာသင်အမှုဆိုတာ ရှိလာတော့မဟုတ်ဘူး။ ဒါပေမဲ့ သူက ရုံးတော်ထဲက အန္တရာယ်တွေ အများကြီးကြားမှာ ရှိနေတာပဲ။

“ကိုယ့်အတွက် စိတ်မပူပါနဲ့၊ ကိုယ့်မှာလည်း အစီအစဥ်တွေ ရှိပါတယ်”

ရှန်ဖုန်းမင်က သူမကို တင်းနေအောင်ဖက်ကာ ပြောလိုက်လေသည်။ ရုံးတော်ထဲမှာ နှစ်တွေအကြာကြီး နေလာပြီးမှတော့ သူကိုယ်တိုင်အတွက်၊ သူ့လက်အောက်ငယ်သားတွေအတွက်၊ သူ့မိသားစုအတွက် ထွက်ပေါက်တစ်ခု မချန်ထားဘဲ ဘယ်နေပါ့မလဲ။ ပြီးတော့ အခု သူ့မှာ သူမ ရှိနေပြီလေ။ သူမအတွက် သူက သူ့ဆီမှာ ဘာကိစ္စမှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။

သူက အာဏာကို မကြိုက်ဘူးဆိုပေမဲ့ သူ့မှာ လုပ်စရာကိစ္စတွေနဲ့ ကာကွယ်ပေးမဲ့သူတွေ ရှိတယ်။ ဒါက သူ့တာဝန်ပဲ။

သူပြောလိုက်သည့် စကားကို ကြားလိုက်ပြီးနောက် ကျန်းယွင်ကျူးသည် ရှင်းမပြတတ်အောင် စိတ်အေးသွားတော့သည်။

ရှန်ဖုန်းမင်က သည်အကြောင်းကို ဆက်မပြောချင်တော့ပေ။ သူက ခေါင်းငုံ့ထားလိုက်ပြီး သူမလက်ထဲက စာအုပ်ငယ်လေးကို ကြည့်လိုက်ကာ

“ဒါက ဘာလဲ”

“အမေ ခုနက ကျွန်မကို ပေးလိုက်တာ၊ ပြီးတော့ ဒါကို ရှင်နဲ့ သေသေချာချာ လေ့လာပါတဲ့” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

“ဪ ဟုတ်လား” ရှန်ဖုန်းမင်က ပြောလိုက်ပြီး စာအုပ်ငယ်လေးကို ဖွင့်လိုက်လေသည်။

နှစ်ယောက်သားကို စာအုပ်ကို အတူတူကြည့်လိုက်ကြသည်။ စာအုပ်ထဲက အကြောင်းအရာကို သေချာတွေ့လိုက်ရချိန်တွင် ကျန်းယွင်ကျူး၏မျက်နှာက နီရဲသွားတော့သည်။ ဒီစာအုပ်က....။ သူမက ဒီစာအုပ်ကို စာအုပ်အမျိုးအစားတစ်ခုလို့ပဲ ထင်ခဲ့တာလေ။ ဟုတ်ပါတယ်။ စာအုပ်တော့ စာအုပ်ပါပဲ။ ဒါပေမဲ့ ပုံတွေပါတဲ့စာအုပ်မျိုး။

တန့်ယန်းမင်းသမီးကတော့ တကယ်ပဲ မြေးလေးကို မျှော်လင့်နေပုံရတယ်။ ဒီစာအုပ်လေးထဲမှာ သူမကို ကိုယ်ဝန်ရစေဖို့ ကူညီပေးမယ့် နည်းလမ်းအမျိုးမျိုး ပါတဲ့အပြင် သရုပ်တောင် ဖော်ထားသေးတယ်။

အဲဒီပုံရဲ့ အသက်ဝင်ပုံက......။

ကျန်းယွင်ကျူးသည် တစ်ချက်ကြည့်လိုက်မိသည်နှင့်တစ်ပြိုင်နက် ရှန်ဖုန်းမင်က သူမကို အိပ်ရာဆီသို့ ချီသွားလေတော့သည်။

အပြာနုရောင်ဇာခန်းဆီးက ပြေကျသွားပြီး အထဲတွင် နွေဦးရှုခင်းတစ်ခု ဖုံးလွှမ်းသွားတော့သည်။

ကျန်းယွင်ကျူး၏ခြေထောက်သည် ဘရိုကိတ်သားဂွမ်းစောင်ပေါ်သို့ နောက်ဆုံး ကျရောက်သွားချိန်တွင် သူမ၏စိတ်သည် ဗလာအတိ ဖြစ်သွားပြီး သူမ၏ခန္ဓာကိုယ်က တိမ်ပေါ်တွင် လွင့်မျောနေသယောင်။ သူမသည် ဘာကိုမှ စဥ်းစားလို့ မရနိုင်တော့ပေ။

ရှန်ဖုန်းမင်က သူမကို ဖက်ထားလိုက်ပြီး သူမကို အထပ်အခါခါ နမ်းရှုံ့လိုက်လေသည်။ သူမ၏အသက်ရှူသံက ပိုပြီး တည်ငြိမ်လာသည်နှင့် သူက သူမကို ကောက်ချီလိုက်ကာ ရေချိုးခန်းထဲသို့ သွားလိုက်တော့သည်။

သည်အချိန်တွင် စာအုပ်ငယ်လေးသည် အနားရှိ စားပွဲပေါ်တွင် ရှိနေလေသည်။ ဖွင့်ထားသည့် စာမျက်နှာပေါ်တွင် ရုပ်ပုံတစ်ခုရှိနေပြီး စာသားက “ချစ်တင်းနှောပြီးသွားရင် တင်ပါးပေါ်မှာ ခေါင်းအုံးတစ်လုံးကို နာရီဝက်လောက်တင်ထားရင်း ကိုယ်ဝန်ရဖို့ အထောက်အကူဖြစ်စေတယ်”။

ရှန်ဖုန်းမင်က ထိုစာကို တွေ့လိုက်သော်လည်း ထိုသို့လုပ်ဖို့ စိတ်ကူးမရှိပေ။

သူသည် ကျန်းယွင်ကျူးနှင့် ကလေးတစ်ယောက် လိုချင်သော်လည်း သူမ ခံစားရမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သူက သူမ၏အလိုအတိုင်း လိုက်ဖို့ ဆုံးဖြတ်ထားကာ “ကံကိုသာပုံအပ်ထား”လိုက်တော့သည်။ သူမ ကိုယ်၀န်ရှိလာလျှင် သူသည် သူမကို အဖော်လုပ်ပေးပြီး သူမအတွက် လောကတွင် အကောင်းဆုံးသမားတော်နှင့် လက်သည် ရှာပေးမည်။ သူမက ကိုယ်ဝန်မရလျှင်လည်း ပြီးပြည့်စုံပြီးသားပင်။

သည်အချိန်တွင် သူမ၏ခန္ဓာကိုယ်က ချွေးများနှင့် ရွှဲနေလေသည်။ သူမသည် နေရထိုင်ရခက်နေမှာသေချာသည်။

သူမကို သန့်ရှင်းအောင်လုပ်ပေးသည်က ပိုကောင်းလိမ့်မည်။

ရေနွေးထဲ ဝင်လိုက်ပြီးနောက် ကျန်းယွင်ကျူးက နေသာထိုင်သာရှိသွားကာ သက်ပြင်းချလိုက်လေသည်။

ရှန်ဖုန်းမင်က သူမ၏ခန္ဓာကိုယ်နှင့် ထိုနေရာကိုပင် ကူညီသန့်စင်ပေးလိုက်လေသည်။

အခိုက်တန့်ရှည်ကြာသွားပြီး အသားမာ တက်နေသည့်လက်ချောင်းများ ကျူးကျော်လာချိန်တွင်တော့ ကျန်းယွင်ကျူးသည် သတိတဝက်နှင့် နေမထိထိုင်မသာဖြစ်သွားတော့သည်။

ရှန်ဖုန်းမင်က သူမ၏နှုတ်ခမ်းကို နှစ်ကြိမ်လောက် ဖျတ်ခနဲ နမ်းလိုက်ပြီး သူမကို အာရုံပြောင်းလိုက်လေသည်။

ထို့နောက်တွင် သူသည် သူမကို အိပ်ရာထဲသို့ ပြန်ချီလာခဲ့လေသည်။ နှစ်ယောက်သားက ပွေ့ဖက်ပြီး အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် ကျန်းယွင်ကျူးသည် အိပ်ရာထ နောက်ကျပြန်လေသည်။ ဒီတစ်ကြိမ်တွင်တော့ တန့်ယန်းမင်းသမီးက ချက်ချင်း လူလွတ်ပြီး ပြောခိုင်းလိုက်လေသည်။ သူတို့အားလုံးသည် မိသားစုတစ်ခုတည်းဖြစ်ပြီး များပြားလှသည့်စည်းကမ်းများ မရှိပါဟူ၍။ ကျန်းယွင်ကျူးသည် နောက်ပိုင်းတွင် မနက်ခင်း လာနှုတ်ဆက်ဖို့ မလိုတော့ပေ။

သို့တိုင် ကျန်းယွင်ကျူးက ရှန်ဖုန်းမင်နှင့်အတူ အိပ်ရာထဲတွင် ထပ်ပြီးလှဲမနေချင်တော့သဖြင့် မြန်မြန် အိပ်ရာထလိုက်လေသည်။

နှစ်ယောက်သာက တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့ကို သွားတွေ့လိုက်ကြသည်။ သူတို့လေးယောက်သည် မနက်စာ အတူတူစားသောက်လိုက်ကြသည်။

ရှန်ဖုန်းမင်က စိတ်အားတက်ကြွစွာဖြင့် ဌာနသို့သွားလိုက်သည်။ ကျန်းယွင်ကျူးက နာရီဝက်လောက် ထပ်အိပ်ဖို့ အခန်းပြန်သွားလေသည်။ ထိုအခါမှ သူမသည် အားပြန်ပြည့်လာသလို ခံစားလိုက်ရတော့သည်။

သူမသည် သည်နေ့ ရှီကွမ်းစားသောက်ဆိုင်ကို မသွားချင်ပေ။ သူမက စဥ်းစားလိုက်ပြီး တော်ဝင်ပညာရှင်ရှန်နှင့် သွားတွေ့လိုက်လေသည်။

ရှန်မိသားစုတွင် စာကြည့်တိုက်တစ်ခု ရှိလေသည်။ ရှန်ဖုန်းမင်က အရင်က ပြောခဲ့ဖူးသည်ကို ကြားဖူးပြီး အမြဲတမ်း သွားချင်နေခဲ့သည်။ အခုတော့....။

တော်ဝင်ပညာရှင်ရှန်သည် သူမက စာကြည့်တိုက်တွင် စာသွားဖတ်ချင်သည်ဟု ကြားလိုက်တော့ သူ့မှာ အလွန်ပျော်သွားတော့သည်။

“သမီး ရှန်ဖူကို ခေါ်သွားခိုင်းလိုက်၊ ဒီလို အသေးအဖွဲကိစ္စလေးအတွက် အဖေ့ကို အထူးတလည် လာမေးစရာမလိုပါဘူးကွဲ့”

“ကျေးဇူးတင်ပါတယ် အဖေ”

ကျန်းယွင်ကျူးက ပြောလိုက်သည်။ သို့တိုင် သူမက မေးရပေလိမ့်မည်။ စာကြည့်တိုက်ထဲတွင် တော်ဝင်ပညာရှင်ရှန် စုဆောင်းထားသည့် ထူးခြားသည့်စာအုပ်များစွာရှိပြီး ပုံမှန်ဆိုလျှင် တခြားသူများကို မပြတတ်ကြောင်း သူမ ကြားဖူးသည်။

တော်ဝင်ပညာရှင်ရှန်က ခေါင်းညိတ်ပြလိုက်၏။ သူသည် ကျန်းယွင်ကျူးကို ကြည့်လေလေ ပိုပြီး သဘောကျလာလေလေ ဖြစ်နေတော့သည်။ ဝက်အူချောင်းကို ကျန်းယွင်ကျူး လုပ်ပေးခဲ့မှန်း သူ သိပြီးသားပင်။

သူက အစောကြီးကတည်းက ပြောခဲ့ဖူး၏။

“လူတွေကို အကျင့်စရိုက်ကြည့်ပြီး သိနိုင်သလို သဘာဝတရားကိုလည်း အရာအဝတ္ထုတွေကို ကြည့်ရင်း ခွဲခြားနိုင်တယ်တဲ့၊ ဒီဝက်အူချောင်းကို လုပ်တဲ့သူက စိတ်ရင်းကောင်းတဲ့သူ ဖြစ်ရမယ်”

အခုတော့ သူသည် သူမကို တွေ့နေရပြီး အမှန်ပင် မှန်ကန်လေသည်။

ထို့အပြင် ချီကျန်း၊ ဟန်ခို့နှင့် တခြားသူများအပေါ်ထားသည့် ကျန်းယွင်ကျူး၏ သဘောထားက သည်အချက်ကို ဖော်ပြနေသည်။

အထူးသဖြင့် ကျန်းယွင်ကျူးသည် လေ့လာဖို့ စိတ်အားထက်သန်နေသောကြောင့်ပင်....။

တော်ဝင်ပညာရှင်ရှန်သည် သူ့သားဖြစ်သူက ကျန်းယွင်ကျူးကို နှစ်သက်ရသည့်အကြောင်းအရင်းကို နားလည်သွားဟန်တူသည်။ ဒီကောင်မလေးက ချစ်ခင်မြတ်နိုးခံရဖို့ ထိုက်တန်တာကိုး။

ရှန်ဖုန်းမင်က သူမနှင့်တွေ့ရသည့်အတွက် ကံကောင်းသည်ဟု မြင်မိလေသည်။

ကျန်းယွင်ကျူးသည် ရှန်မိသားစု၏ စာကြည့်တိုက်ဆီသို့ သွားလိုက်သည်။ သူမသည် အရင်က စာကြည့်တိုက်အကြောင်း ကြားခဲ့ဖူးသော်လည်း စာကြည့်တိုက်ကို မြင်လိုက်ရချိန်တွင်တော့ လန့်ဖျန့်သွားတော့သည်။ ဒီခေတ်က ခေတ်သစ်ကာလမတူဘူးလေ။ စာအုပ်တွေက စျေးကြီးပြီး ရဖို့လည်းခက်တယ်။ ဒါပေမဲ့ ရှန်မိသားစုရဲ့စာကြည့်တိုက်ကတော့ ဒီလောက်တောင်ကြီးတာတဲ့။ နှစ်ပေါင်းရာချီကတည်း မိသားစုကြီးတစ်ခုရဲ့ စုဆောင်းထားတဲ့ပစ္စည်းဆိုတာ အမှန်ပဲ။

ရှန်ဖုန်းမင်က သူမအတွက် စာကြည့်တိုက်ထဲက ဟင်းချက်နည်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ချရေးထားပေးပြီးသားလေ။ ဒီနေ့ သူမ ဒီနေရာကို လာတဲ့ အဓိကရည်ရွယ်ချက်က ခရီးသွားစာအုပ်တချို့ကို ဖတ်ဖို့ပဲ။ ဒီစာအုပ်တွေထဲမှာ သူတို့တွေက ဒေသအစားအစာနဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းတွေအကြောင်း မကြာခဏဆိုသလို ရေးထားကြပြီး စိတ်ဝင်စားဖို့ကောင်းတယ်လေ။

မကြာမီတွင် ကျန်းယွင်ကျူးသည် ခရီးသွားစာအုပ်တချို့ကို ရှာတွေ့သွားပြီး တရွက်ချင်း လှန်ကာ ဖတ်လိုက်တော့သည်။ အချိန်မည်မျှကြာသွားသည်မသိပေ၊ မျက်လုံးများ ခြောက်လာသည်ကို ခံစားလိုက်ရတော့သည်။ ထို့နောက်တွင်တော့ သူမက ခေါင်းမော့လိုက်လေသည်။

နေ့လယ်ခင်းရောက်တော့မည်ကို တွေ့လိုက်ရဖြင့် သူမက ထရပ်လိုက်ပြီး အကြောဆန့်ကာ မီးဖိုဆောင်သို့ မြန်မြန်ဆန်ဆန် သွားလိုက်တော့သည်။

ဒီနေ့ ခရီးသွားမှတ်စုထဲမှာ ဟင်းအမယ်တွေအများကြီး တွေ့ခဲ့ရတယ်။ အားလုံးက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ သူမကိုယ်တိုင် စမ်းကြည့်ချင်တယ်လေ။ သူမက ဒီဟင်းတွေကို အောင်အောင်မြင်မြင် လုပ်နိုင်မလားဆိုတာကိုပေါ့။

ရှန်မိသားစု၏ စားဖိုမှူးများက သူမ လာနေသည်ကို တွေ့လိုက်ရသောအခါ သူတို့သည် ပျော်ရွှင်မိသလို တုန်ယင်နေတော့သည်။ ဝမ်းသာရသည်က ကျန်းယွင်ကျူး၏ အချက်အပြုတ်အရည်အချင်းကြောင့်ပင်။

အင်မတန်မြင့်မားလွန်းသည်။ သူတို့သည် အဆင့်နိမ့်သူအဖြစ် ခံယူလိုက်ရသည်။ သူမက ချက်ပြုတ်လျှင် သူတို့သည် သူမကို ကူညီပေးပြီး အများကြီး သင်ယူရသည်။

တုန်ယင်မိသည်က ကျန်းယွင်ကျူးသည် စားဖိုးဆောင်သို့ အမြဲတမ်းလာလျှင် သူတို့ အလုပ်ပြုတ်သွားမည်စိုးရလေသည်။

ကျန်းယွင်ကျူးက သူတို့ ဘာတွေစဥ်းစားနေသည်ကို မသိပေ။ ထို့ကြောင့် သူမက စားဖိုဆောင်၏ ထောင့်တစ်ခုကို သွားလိုက်ပြီး သပ်သပ်ခွဲလုပ်လိုက်သည်။

ခဏကြာပြီးနောက် ဟင်းပွဲများက တစ်ခုပြီးတစ်ခု ထွက်လာတော့သည်။

“သခင်ကြီး၊ ဒီနေ့ သခင်မငယ်လေးက ကိုယ်တိုင်ချက်ပြုတ်ထားပါတယ်”

ကျန်းယွင်ကျူးကို တွေ့လိုက်ပြီးနောက် တော်ဝင်ပညာရှင်ရှန်က ဟန်လင်းကျောင်းတော်သို့ သွားလိုက်သည်။ နေ့လယ်စာစားချိန်ရောက်ပြီဖြစ်သည်ကို တွေ့ရသဖြင့် သူသည် သူ့ကို ထမင်းစားဖိတ်သူတစ်ယောက်နှင့် အပြင်ထွက်စားသောက်ဖို့ သဘောတူတော့မည် ပြင်လိုက်စဥ် ရှန်ဖူက သူ့ကို ဘေးက တီးတိုးပြောပြလိုက်သည။

“ခင်ဗျားတို့ပဲ သွားလိုက်တော့၊ ကျုပ် မသွားတော့ဘူး”

ထိုစကားကို ကြားလိုက်သည်တွင် တော်ဝင်ပညာရှင်ရှန်သည် သူ့မျက်နှာချင်းဆိုင်ကလူများ ဖိတ်ကြားချက်ကို ချက်ချင်းငြင်းလိုက်တော့သည်။

မျက်နှာချင်းဆိုင်က လူများက အချင်းချင်းကြည့်လိုက်ကြပြီး တော်ဝင်ပညာရှင်ရှန်က ရုတ်တရက် စိတ်ပြောင်းသွားရသည့်အကြောင်းအရင်းကို စဥ်းစားနေကြလေသည်။

သို့သော်ငြား တော်ဝင်ပညာရှင်ရှန်က လှည်းပေါ် မြန်မြန်တက်လိုက်ပြီး ရှန်အိမ်တော်ကို ပြန်လာခဲ့တော့သည်။ ကျန်းယွင်ကျူးက ဒီနေ့ ကိုယ်တိုင်ချက်ပြုတ်တယ်တဲ့။ သူ ဒါကို လွဲလို့ ဘယ်ဖြစ်မလဲ။

“သခင်မ၊ သခင်မငယ်လေးက စားဖိုဆောင်ကို သွားလိုက်တယ်”

အထိန်းတော်ချန်က မကြာမီ ထိုအကြောင်းကို သိသွားပြီး တန့်ယန်းမင်းသမီးထံ သတင်းသွားပို့လေသည်။

တန့်ယန်းမင်းသမီးက သူမ အခုလေးတင် ကောက်ကိုင်လိုက်သည့် မုန့်ကို ဘာမှမပြောဘဲ ပြန်ချထားလိုက်တော့သည်။ ထားလိုက်ပါလေ။ သူမ ဒါကို မစားတော့ဘူး။ ထမင်းစားပြီးတဲ့အထိ စောင့်လိုက်တာပေါ့။

တော်ဝင်ပညာရှင်ရှန်နှင့် ရှန်ဖုန်းမင်တို့သည် အိမ်သို့ အတူတူပြန်လာခဲ့ကြသည်။ ကျန်းယွင်ကျူး လက်ထပ်ပြီး အိမ်သို့ဝင်လာကတည်းက ရှန်ဖုန်းမင်သည် အထူးတလည် အလုပ်မများခဲ့လျှင် နေ့လယ်စာကို အိမ်ပြန်စားတတ်ပြီး ညနေခင်းတွင်လည်း သူ့အလုပ်များကို သိမ်းကာ အိမ်သို့ စောစောပြန်လာတတ်သည်။

တန့်ယန်းမင်းသမီးသည် ခန်းမထဲတွင် သားအဖနှစ်ယောက်ကို တွေ့လိုက်ရသောအခါ သူမက အရင်ဆုံး နှာခေါင်းရှုံ့လိုက်တော့သည်။ တော်ဝင်ပညာရှင်ရှန်ကို ဖြစ်လေသည်။ ထို့နောက် သူမက ရှန်ဖုန်းမင်ကို ကြည့်လိုက်ချိန်တွင်တော့ သူမ၏မျက်နှာက အပြုံးများနှင့် ပြည့်နေတော့သည်။

ဟိုတုန်းက ချင်းလုံဧကရာဇ်ဆီမှာ ကျန်းယွင်ကျူးကို သူမရဲ့သားနဲ့ လက်ထပ်ပေးဖို့ အမိန့်တော်တစ်ခု တောင်းခံခဲ့တာက အခုတော့ အရမ်းကို ကံကောင်းသွားတာပဲ။ အခုမှပဲ ဒီမိသားစုက အိမ်တစ်ဆောင်နဲ့ တူတော့တယ်။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် အစားအသောက်များကို ပြင်ဆင်ပြီးကာ လက်ဆေးပြီး အရှေ့ဘက်ခန်းမသို့ လာခဲ့လေသည်။

“ကိုယ်တိုင်ချက်ပြုတ်ပြီး အလုပ်တွေ အရမ်းမလုပ်ပါနဲ့”

တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူးကို ပြောလိုက်သည်။ ဒီမနက်မနက် ကျန်းယွင်ကျူးပုံစံကို ကြည့်ပြီး မနေ့ညက ကျန်းယွင်ကျူး တစ်ညလုံး မအိပ်ခဲ့ရတာကို သူမ သိနေတယ်လေ။ သူမက အခုချိန်မှာ အာဟာရပြည့်နေသင့်တာ။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ သူမကတော့ ဒါကို ပင်ပန်းတယ်လို့ မထင်ပါဘူး။ တစ်ချိန်လု့း အိပ်ရာထဲမှာပဲ လဲနေစရာအကြောင်းလည်း မရှိဘူးလေ။ တစ်ခုခု လုပ်နေမှာပဲ လူက လန်းဆန်းသလို ခံစားရမှာ။

မိသားစုက စားသောက်ဖို့ ထိုင်လိုက်ကြသည်။

သည်နေ့ကျန်းယွင်ကျူးသည် ပိကျန်းဟင်းရည် ဟုခေါ်သည့် ဟင်းအသစ်တစ်မျိုးကို လုပ်ထားသည်။ သည်ဟင်းလျာကို ပါဝင်ပစ္စည်းတစ်မျိုးတည်းဖြစ်သည့် ရေနံနံပင်ကိုသာ သုံးထားသည်။

ရေနံနံပင်ကို အပိုင်းသေးသေးလေး ဖြစ်အောင်လှီးထားပြီး ဟင်းရည်လုပ်ထားခြင်းပင်။ ရလာသည့်ဟင်းရည်က ကြည်လင်သန့်ရှင်းကာ အစိမ်းရောင်ရေနံနံပင်က အပေါ်တွင် ပေါလောမျောနေသည်။ တောင်ပေါ် စမ်းချောင်းတစ်ခု၏ စိမ်းလဲ့နေသည့်ရေပြင်လို လှပနေတော့သည်။

“ဒါက ပိကျန်းဟင်းရည်လား”

တော်ဝင်ပညာရှင်ရှန်က ဟင်းလျာကို စိုက်ကြည့်လိုက်ပြီး တအံ့တဩမေးလိုက်၏။ သူ စာကြည့်တိုက်ထဲက စာအုပ်အားလုံးနီးပါးကို ဖတ်ပြီးပြီလေ။ ဒီဟင်းလျာကို ခရီးသွားစာအုပ်တစ်ခုတစ်ခုထဲမှာ ဖော်ပြထားတာ မှတ်မိနေတယ်။ ဟင်းလျာက ရိုးရှင်းပေမဲ့ လူတွေကို တမ်းတမ်းတတ ဖြစ်အောင်လုပ်နိုင်တဲ့ အရမ်းကိုအရသာရှိတဲ့ ဟင်းလျာလို့ ပြောထားတယ်။

ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ မသိတာ နှမြောစရာပဲ။ အိမ်က စားဖိုမှူးတွေကို ဒီဟင်းလျားချက်ပြုတ်ကို သူတို့ခေါ်ထားတာကလည်း သူတို့ကို ရယ်စရာလုပ်နေသလိုပဲ။ ဒီတော့ သူ့မှာ စိတ်ထဲကပဲ ဒီဟင်းလျာရဲ့အရသာကို စိတ်ကူးကြည့်ရုံသာ တတ်နိုင်တော့တာပေါ့။ မျှော်လင့်မထားဘဲ ကျန်းယွင်ကျူးက ဒီနေ့ ဒီဟင်းကို ချက်ထားတယ်။

“ပိကျန်းဟင်းရည် ပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

တော်ဝင်ပညာရှင်ရှန်က စိတ်ဝင်စားသွားပြီး သူ့မုတ်ဆိတ်မွေးကို သပ်ကာ ဟင်းကို ရှုစားနေလေသည်။ သူက ပြောလိုက်၏။

“လတ်ဆတ်တဲ့ ငါးသိုင်းငွေချည်ပြား၊ အစိမ်းရောင် နံနံပင် ပိကျန်းဟင်းရည်၊ ဧက၂၀၀နီးပါးရှိတဲ့ လေထန်တဲ့ရေကန်မှာ၊ နွေသစ်ပင်ထောင်ချီက ရှင်းလင်းလို့နေ၊ ဒီဟင်းလျာက ‘သဘာဝတရားအားလုံး’ကို သိမ်းပိုက်ထားလေရဲ့”

တန့်ယန်းမင်းသမီးသည် သူ့ထံက တတွတ်တွတ်ရေရွတ်သံ ကြားနေရသည်ကို မနှစ်သက်ပေ။ ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့သာ သည်နေရာတွင် မရှိခဲ့လျှင် သူမသည် အစောကြီးကတည်း သူ့နှင် ရန်ဖြစ်ပြီးဖြစ်ပေမည်။

သူမက သူ့ကို လျစ်လျူရှုထားလိုက်ပြီး ကျန်းယွင်ကျူးကို မေးလိုက်၏။

“ဒီဟင်းလျာကို ရေနံနံပင်တစ်မျိုးထဲသုံးပြီး လုပ်ထားတာလား”

ပထမဆုံးကြည့်လိုက်တာနဲ့ ဟင်းလျာက ဒီလိုပုံပါပဲ။ ဒါပေမဲ့ ဒါက ဒီအတိုင်းပြုတ်ထားတဲ့ နံနံပင်ပဲကို။ အရသာရှိနိုင်ပါ့မလား။ ကဗျာထဲက ဟင်းလျာလို အရသာလိုမဟုတ်ဘဲ ပြဇာတ်သက်သက်မဟုတ်ရင် ပိုကောင်းမှာပဲ။

“အမေ မြည်းကြည့်ပါ”

ကျန်းယွင်ကျူးက ပိကျန်းဟင်းရည် တစ်ခွက်ကို တန့်ယန်းမင်းသမီးအတွက် ထည့်ပေးလိုက်လေသည်။

တန့်ယန်းမင်းသမီးက ဇွန်းအပြည့်ခပ်လိုက်ပြီး မဝံ့မရဲဖြင့် သူမပါးစပ်ထဲ ထည့်လိုက်သည်။ အမှန်အတိုင်းပြောရရင် သူမက ရေနံနံပင်ရဲ့ ထူးဆန်းတဲ့အရသာကို မကြိုက်ပါဘူး။

သို့သော် သူမသည် သည်အစိမ်းရောင်ဟင်းရည်ကို ပါးစပ်ထဲထည့်လိုက်ပြီးသည်နှင့် တန့်ယန်းမင်းသမီး၏မျက်လုံးများသည် ဝိုင်းစက်သွားတော့သည်။ ဒါ ။ ဒါက ရေနံနံပင် တဲ့လား။ သူမက သေသေချာချာ အရသာခံလိုက်၏။ ရေနံနံပင် အရသာလိုပါပဲ။ ဒါပေမဲ့ အရသာက ဘာလို့ အရမ်းလတ်ဆတ်နေတာလဲ။ ပြီးတော့ ဒီဟင်းရည်။ သောက်လိုက်ရင် အရသာက ရှင်းပြီး ပေါ့ပါးနေတာပဲ။ ဒါပေမဲ့ သောက်နေတာကို မရပ်ချင်တော့တဲ့ ခံစားချက်တစ်ခု ရှိနေတယ်။

...

နောက်ဆက်တွဲ (၃)

အနည်းငယ်ချိုပြီး အရသာရှိကာ လတ်ဆတ်ပြီး အရည်ရွှမ်းနေသည်။ အခုလေးတင် တော်ဝင်ပညာရှင်ရှန်ပြောခဲ့သည့် ‘သဘာဝတရားအားလုံးကို သိမ်းပိုက်ထားတယ်’ဟူသည့် စကားက သည်ဟင်းလျာ၏ အသင့်တော်ဆုံး အကဲဖြတ်စကားပင်။

“ဒါကို ဘယ်လို ချက်ခဲ့တာလဲ”

တန့်ယန်းမင်းသမီးသည် လူတစ်ယောက်က သည်လိုဟင်းမျိုးကို ချက်နိုင်ခဲ့သည် မယုံနိုင်အောင် ဖြစ်နေတော့သည်။

ကျန်းယွင်ကျူးက သူမကို ချက်နည်းပြောပြလိုက်၏။ မရှုပ်ပါဘူး။ အသေးစိတ်ကို အာရုံစိုက်ပြီး သတိထားရုံပါ။

တန့်ယန်းမင်းသမီးက အံ့ဩနေလေသည်။ ဒါသာ အမှန်ဆိုရင် ဒီလောက်ကောင်းတဲ့ဟင်းရည်ကို ဘာလို့များ ဘယ်သူမှ မလုပ်ခဲ့တာလဲ။

“စာလေ့လာသလိုပါပဲ၊ တချို့က စာတော်တဲ့ ကျောင်းသားတွေ၊ တချို့ကိုတော့ အခြေအနေမသိရဘူးပေါ့” တော်ဝင်ပညာရှင်က ပြောလိုက်၏။ ပြောပြီးနောက်တွင် သူသည် လက်ထဲက ဟင်းရည်ကို မမေ့မလျော့ ကုန်အောင် သောက်လိုက်လေသည်။

သူကတော့ ပါလေရာပဲ။ တန့်ယန်းမင်းသမီးက သူ့ကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်ပြီး လုံးဝ မကျေနပ်ပုံက သိသာလှသည်။ သူမကမှ ဧကရာဇ်ချင်းလုံဆီမှာ ချွေးမလေးနဲ့ လက်ထပ်ဖို့ တောင်းပန်ခဲ့ရသေးတယ်။ သူကတော့ ဘာမှမလုပ်ဘဲနဲ့ အခုတော့ ဟင်းရည်ကို အေးအေးချမ်းချမ်း သောက်နေနိုင်သတဲ့လေ။

သူမ၏အမူအရာကို မြင်လိုက်သည်တွင် တော်ဝင်ပညာရှင်ရှန်ကလည်း သူမ စဥ်းစားနေသည့်အရာကို ခန့်မှန်းမိလေသည်။ သူက ခပ်ပါးပါး ချောင်းဟန့်လိုက်ပြီး တခြားဟင်းများကို ကြည့်လိုက်တော့သည်။

မိုင်တစ်ထောင်ကြာရှည်ခံအသား။ ဒီဟင်းလျာကို အမဲသား၊ သိုးသား နဲ့ ဝက်သားတို့ကို ထုပြီး အလွှာလိုက်လုပ်ထားပြီး အတူတူလိမ်ပြီး ထပ်ထားတာ။ အရင်ဆုံး ဆီနဲ့ကြော်ပြီးမှာ မွှေကြော်ထားတာ။

စာအုပ်ထဲမှာ ဒီဟင်းကို မှတ်ချက်ပေးထားတာက : “ ဆားဖြူ ၁၅ဂရမ်နဲ့ မွှေပြီး ညလုံးပေါက် မီးအေးအေးနဲ့ ပွက်အောင် တည်ထားရတယ်၊ ဝိုင်လည်း ကုန်၊ ရှာလကာရည်လည်း ခြောက်သွားပြီး နေရောင်ထဲမှာ အခြောက်ခံရထားတယ်၊ အရသာက အရမ်းချိုပြီး လန်းဆန်နေတာပဲ၊ ပြင်းရှရှအနံကလည်း မွှေးကြိုင်နေတာပဲ”တဲ့။ ရှောက်ဂီတကို ကြားဖူးပြီး ၃လပိုင်းရဲ့ အသားအရသာကို မသိတဲ့ ကွန်ဖြူးရှပ်က ရေးခဲ့တာလေ။ သွယ်ဝိုက်အဓိပ္ပာယ်က ဒီအခြောက်ခံအသားက အရမ်းအရသာရှိပြီး သူ့ရနံ့က မိုင်ထောင်ချီအထိ ရောက်နိုင်တယ်တဲ့။ ကွန်ဖြူရှပ်ကတောင် ဒီရနံ့ကို ရသွားတဲ့အခါ ရှောက်လဲ့ကို မေ့သွားခဲ့တယ်ဆိုပဲ။

တော်ဝင်ပညာရှင်ရှန်သည် သည်ဟင်းလျာကို အချိန်တော်တော်ကြာအောင် ချီးမွှမ်းနေတော့သည်။ သူသည် မနေနိုင်တော့ဘဲ အသားတစ်တုံးကို ညှပ်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။

အချိန်တော်တော်ကြာသည်အထိ သူသည် လုံးဝ မတုံ့ပြန်ပေ။

ဒီဟင်းလျာက ဒီအတိုင်းကို အရသာရှိနေတာပဲ။ အခန်းထဲမှာ တွယ်ငင်နေတဲ့ သံစဥ်ကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ။ ဒီဟင်းလျာက သူ့ထဲ စိတ်နှစ်မျောသွားအောင် လူတွေကို လုပ်နိုင်တာကိုး။

ငန်းသားပေါင်း၊ ပျော်ရွှင်ခြင်းဖက်ထုပ်၊ ကြွပ်ကြွပ်ရွရွ ရွှေဝါရောင်အသားကြော်....

နောက်ပိုင်းတွင် တော်ဝင်ပညာရှင်ရှန်သည် သူ့ခံစားချက်များကို ဖော်ထုတ်နေသည်ကို ရပ်လိုက်ပြီး စားသောက်ရင်း အလုပ်များနေတော့သည်။

သူတို့သည် ဆက်ပြီးမစားနိုင်တော့သည့် အချိန်မှသာ သူတို့လေးယောက်သည် ကုလားထိုင်ကို ကျောမှီရင်း လက်ဖက်ရည် သောက်လိုက်ကြတော့သည်။

တန့်ယန်းမင်းသမီးသည် ရှန်ဖုန်းမင်က လုပြည်နယ်မှ ပြန်လာသည့်အခေါက်တိုင်း ပိန်မသွားဘဲ ပိုပြီး တက်ကြွလာသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားတော့သည်။ သူမသာ နေ့တိုင်း ဒီလိုအရသာရှိတဲ့ အစားအသောက်တွေ စားခဲ့ရရင်လည်း နောက်ပိုင်းကျရင် ဝလာမလားတောင် မသိဘူး။

မဖြစ်ဘူး။ ဒီလိုတော့ မဖြစ်သေးပါဘူး။

“ကိုယ့်ဟာကိုယ် အပင်ပန်းမခံပါနဲ့လေ”

သူမက ကျန်းယွင်ကျူးကို ပြောလိုက်၏။ အမှန်တွင်တော့ ကျန်းယွင်ကျူးကို ချက်ပြုတ်ခွင့်မပြုတော့ဖို့ ပြောချင်ခဲ့လေသည်။ သို့သော် သူမသည် သည်လိုအရသာရှိသည့် အစားအသောက်များနှင့်လည်း မခွဲရက်ပေ။ ထို့ကြောင့် သူမက ဒီစကားပြောရင်း သူမ၏အတွေးကို ယာယီပြောင်းထားလိုက်ခြင်းပင်။

“ကျေးဇူးတင်ပါတယ် အမေ” ကျန်းယွင်ကျူးက ပြောလိုက်၏။

“မြန်မြန် ပြန်သွားပြီး နားလိုက်တော့”

တန့်ယန်းမင်းသမီးက ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့ကို တိုက်တွန်းလိုက်တော့သည်။ ဖြစ်နိုင်သမျှ မြန်မြန် မြေးလေး ဒါမှမဟုတ် မြေးမလေး မွေးပေးနိုင်ရင် ပိုကောင်းတယ်။ ဒါမှ မြေးလေးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားနိုင်မှာ။

“ဟုတ်တယ် ပြန်သွားပြီး နားလိုက်တော့”

တော်ဝင်ပညာရှင်ရှန်ကလည်း ပြောလိုက်သည်။ ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် အခန်းသို့ ပြန်လာသော်လည်း သူတို့သည် ဘာမှ မလုပ်ကြပေ။ သူတို့က သည်အတိုင်း အိပ်ရာပေါ်တွင် လဲလျောင်းကာ တစ်ရေးအိပ်လိုက်ကြတော့သည်။ ထို့နောက်တွင် ရှန်ဖုန်းမင်က ထလာပြီး ဌာနသို့ သွားလိုက်ကာ ကျန်းယွင်ကျူးက သူမ၏ကိုယ်ပိုင်အလုပ်ဆီသို့ သွားလိုက်သည်။

အချိန်တစ်ခု ကြာပြီးနောက် ချင်းဟယ်ဝမ်ရယ်၏သားက ယွီရှင်းမင်းသမီး ရှောင်းလီယွီနှင့် လက်ထပ်လိုက်လေသည်။

မင်းကြီးက သမီးတော်ကို လက်ထပ်ပေးလိုက်သည့်အတွက် အားလုံးက အလွန်မှ ခမ်းနားကြီးကျယ်လှသည်ဟု ထင်ကြသည်။ အနည်းဆုံးတော့ ရှန်ဖုန်းမင်၏ မင်္ဂလာပွဲထက် ပိုပြီး အသက်ဝင်စည်ကားလိမ့်မည်။ ထို့ကြောင့် အားလုံးက ပျော်ရွှင်ဖွယ်ရာကိစ္စကို တွေ့မြင်ရဖို့ အစောကြီးကတည်းက မျှော်လင့်နေကြတော့သည်။

သို့သော် ခမ်းနားထည်ဝါမှုနှင့် ပျော်ရွှင်ဖွယ်ရာက ရှန်မိသားစု၏ မင်္ဂလာပွဲနှင့် မယှဥ်နိုင်ခဲ့သည်ကိုတော့ မည်သူက သိပါမည်နည်း။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်မိသားစုရဲ့ မင်္ဂလာပွဲကို ပြန်စဥ်းစားကြည့်လိုက်ရင် အနီရောင်လက်ဖွဲ့ပစ္စည်းတွေက ဆယ်မိုင်ကျော်တောင် ရှိတာ။ အနီတောက်တောက်အရောင်က မြို့တော်ရဲ့တစ်ဝက်လောက် နီးပါးကို လွှမ်းသွားတာပဲ။ အခုတော့ ကြည့်ပါအုံး။ ကျွတ် ကျွတ်။ အလျင်စလိုနဲ့ ပြင်ဆင်ထားတဲ့ မင်္ဂလာပွဲကျနေတာပဲ။ ဒါပေမဲ့ ရှန်ဖုန်မင်းရဲ့ မင်္ဂလာပွဲထက် တစ်လလောက်နောက်ကျပြီးမှ သတ်မှတ်ထားတာ အားလုံးအသိပဲ။

အားလုံးက စိတ်ပျက်လက်ပျက်နှင့် လှည့်ပြန်သွားကြတော့သည်။ ထို့နောက်တွင် အမြင်အမျိုးမျိုး ထွက်လာလေတော့သည်။ တချို့က ဝူကွေ့ဖေး အချစ်မခံရတော့ဘူးဟု ပြောကြသည်။ ထို့ကြောင့် သူမ၏ အရင်ကဂုဏ်အရှိန်အဝါကိုလည်း ဆုံးရှုံးသွားသည်ကတော့ ပြောရန်ပင်မလိုချေ။ တချို့ကတော့ မင်းသမီးတစ်ဆယ်က လက်မထပ်ချင်သလို သူမ ခင်ပွန်းမိသားစုကိုလည်း သဘောမကျဟု ပြောကြသည်။ ထိုအကြောင်းကြောင့်ပင်....

အမြင်အမျိုးမျိုး ရှိကြပြီး သည်ကိစ္စက ထမင်းစားပွဲတွင် ပြောစရာအကြောင်းတစ်ခု ဖြစ်လာတော့သည်။

ကျန်းယွင်ကျူးကတော့ သည်အကြောင်းကို ဂရုမစိုက်ပေ။ သူမက ရှန်မိသားစု၏ ဥယျာဥ်ထဲက ကွေ့ဟွားပင်ကြီးနှစ်ပင်ကိုသာ မျက်စိကျနေလေသည်။ နှစ်တစ်နှစ်၏ သည်လိုအချိန်မျိုးတွင် ကွေ့ဟွားပန်းများက အချိန်မှန် ပွင့်တတ်ကြသည်။ သူမသည် ကွေ့ဟွားဝိုင်နည်းနည်းပါးပါး လုပ်နိုင်တော့မည်။

သူမက တန့်ယန်းမင်းသမိးကို သွားပြောပြလိုက်၏။ ဟုတ်ပါသည်။ တန့်ယန်းမင်းသမီးက သဘောတူလိုက်ပြီး သူမကို အကူအညီလိုသေးသလားဟုပင် မေးလိုက်သေးသည်။

ကျန်းယွင်ကျူးသည် ချိုမွှေးသည့် ကွေ့ဟွားဝိုင်ကို ရောင်းဖို့ရန် လုပ်မည်မဟုတ်ဘဲ အိမ်တွင် သောက်ရန်သာ လုပ်မည်ဖြစ်သည်။ ထို့ကြောင့် သူမ၊ ရှီလျို့နှင့် ဟဲရင်းတို့ရှိလျှင် လုံလောက်ပေသည်။

ကွေ့ဟွားပင်များက အများအားဖြင့် စိုက်ပျိုးပြီး ဆယ်နှစ်ကျော်မှ ပန်းပွင့်ကြသည်။ နှစ်ကြာလေလေ ပန်းပွင့်နှုန်းပိုများလေလေ ဖြစ်သည်။ တန့်ယန်းမင်းသမီး၏ စကားအရ ရှန်အိမ်ရှိ ကွေ့ဟွားမွှေးပင်နှစ်ပင်က သက်တမ်း နှစ်ရာကျော်ရှိပြီး အကိုင်းနှင့်အရွက်များက တော်တော်လေး မြိုင်မြိုင်ဆိုင်ဆိုင် ရှ်လေသည်။ သည်လိုအချိန်တွင် အပင်များက တပင်လုံး ပန်းများနှင့် ဝေဆာနေသည်။ ရှန်မိသားစုတစ်ခုလုံးသည် ကွေ့ဟွားမွှေးပင်၏ လန်းဆန်းသည့်ရနံ့ကို ရှူရှိုက်နိုင်လေသည်။

ကျန်းယွင်ကျူးက ကွေ့ဟွားပင် နှစ်ပင်အောက်တွင် ရပ်ကာ အပေါ်က လှပသည့်ရှုခင်းကို မော့လိုက်၏။ သူမသည် စိတ်ထဲတွင် ကြည်နူးစိတ်အပြည့်ဖြစ်သွားတော့သည်။ လီချင်းကျောက်က ကွေ့ဟွားမွှေးကို သည်လို ချီးကျူးခဲ့သည်။

“ခပ်မှိန်မှန်ဝါဖန့်ဖန့်၊ သဘာဝကျကျ နူးညံ့လို့ ရနံ့သာ ကျန်ခဲ့လေတယ် : စိမ်းဖန့်ဖန့်၊ နီစွေးစွေးတွေ မလိုပါဘူး၊ ပန်းတွေကြားမှာ အလှဆုံးပေမို့” တဲ့။ အမှန်ပဲ။ ဒီကွေ့ဟွားမွှေးက လှလိုက်တာ။

သူမက အလျင်မလိုချေ။ အရင်ဆုံး ကွေ့ဟွားပန်းများကို ခဏလောက် ခံစားနေလိုက်ပြီးမှ ဝိုင် စ,လုပ်တော့သည်။

ရှီလျို့က ဖျတ်လတ်သည်။ အလွယ်တကူ လှုပ်ရှားနိုင်သည့် အဝတ်အစားများလဲ ဝတ်လိုက်ပြီးနောက် သူမက သန့်ရှင်းသည့် အဝတ်အိတ်တစ်လုံးကို ယူကာ ကွေ့ဟွားမွှေးပင်ပေါ်သို့ ချက်ချင်းတက်သွားတော့သည်။ သူမက ကျန်းယွင်ကျူး တောင်းဆိုသည့်အတိုင်း လိုက်လုပ်ပေးလိုက်ပြီး အကောင်းဆုံး ပွင့်လန်းနေသည့် ကွေ့ဟွားမွှေးပန်းများကိုသာ ခူးလိုက်လေသည်။

သူမသည် အဝတ်အိတ်အပြည့် ခူးလိုက်ပြီးနောက် အိတ်ကို ကျန်းယွင်ကျူးဆီ ပစ်ချပေးလိုက်သည်။

ဟဲရင်းက အနားတွင် မြေအိုးဇလားကြီးတစ်ခုလုံးကို ပြင်ဆင်လိုက်ပြီး ရေဖြည့်ထားလိုက်သည်။

ကျန်းယွင်ကျူးက ကွေ့ဟွားမွှေးအိတ်ကို ကောက်ယူလိုက်ပြီး မြေအိုးဇလားထဲ ထည့်ကာ ဆေးကြောလိုက်ပြီးနောက် ပန်းများကို နေရောင်ထဲတွင် အခြောက်ခံထားလိုက်သည်။

ခြောက်သွားသည့် ကွေ့ဟွားမွှေးပန်းထဲသို့ သကြားထည့်ပြီး နှစ်နာရီလောက် အရသာသွင်းထားလိုက်ကာ ကွေးဟွားရည်ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် ဝိုင်ဖြူထဲသို့ ထည့်နစ်လိုက်ပြီး အိုးကို အဖုံးပိတ်ကာ အေးမြသည့်နေရာတစ်ခုတွင် ထားလိုက်ပြီး ဆက်ပြီးအချဥ်ဖောက်ထားလိုက်သည်။ ထို့နောက်တွင်တော့ ကွေ့ဟွားဝိုင် ရလာလေသည်။

လုပ်ငန်းစဥ်တစ်ခုလုံးက နှစ်ရက်လောက် အချိန်ပေးလိုက်ရသည်။

ကွေ့ဟွားဝိုင်သည် ချိုမြိန်သည့် အရသာတစ်ခု ရှိပြီး ရွှေဝါရောင်သန်းနေသည်။ ချက်ပြုတ်ရန် သုံးသည်ဖြစ်စေ၊ သောက်ဖို့ရန်အတွက်ဖြစ်စေ ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခုပင်။

ကျန်းယွင်ကျူးသည အစက ကွေ့ဟွားဝိုင် တစ်အိုးနှစ်အိုးလောက်သာ လုပ်မည်ဟု စိတ်ကူးထားသော်လည်း ကွေ့ဟွားပန်းများက အလွန်မှ အရည်အသွေးကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူမလည်း မနေနိုင်တော့ဘဲ ပိုလုပ်ထားလိုက်တော့သည်။

သည်ရက်ပိုင်းတွင် သူမသည် နေ့တိုင်းနီးပါး ဥယျာဥ်ထဲတွင် အလုပ်များနေခဲ့သည်။

ညနေခင်းတွင် ရှန်ဖုန်းမင် ပြန်ရောက်လာပြီး အခန်းထဲတွင်လည်း ဘယ်နေရာမှာမှ မတွေ့ရချေ။ ထို့ကြောင့် သူသည် ဥယျာဥ်ထဲသို့ တန်းလာခဲ့လိုက်တော့သည်။

ကွေ့ဟွားပင်ကြီးနှစ်ပင်အောက်တွင် ကျန်းယွင်ကျူးသည် ထိုင်ကာ ကွေ့ဟွားပန်းကို သေသေချာချာ ရွေးထုတ်နေလေသည်။ ဝင်သွားသည့်နေက ပြည့်သိပ်နေသည့် ကွေ့ဟွားပန်းများကို ဖြတ်သန်းလာကာ သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေနေခြည်လေး ဖြာကျနေတော့သည်။ ညနေခင်းလေပြေက ဖြတ်လိုက်လာပြီး လေထဲတွင် ကွေ့ဟွားရနံ့ဖြင့် ပြည့်သွားလေသည်။

ရှန်ဖုန်းမင်သည် ထိုလူကို ကြည့်လိုက်ပြီး လေထဲက ရနံ့ကို ရှူရှိုက်ရင်း ခြေလှမ်းများကို အမှတ်တမဲ့ နှေးလိုက်လေသည်။

သူက သူမ၏နဖူးပေါ်က ရှုပ်နေသည့် ဆံစတစ်ချောင်းကို သပ်ပေးလိုက်ချိန်မှ ကျန်းယွင်ကျူးသည် သူရောက်နေသည်ကို သတိထားမိတော့သည်။

“မစားရသေးဘူးမလား” သူမက မေးလိုက်၏။

“ဟင့်အင်း” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် အရင်သွားစားနှင့်လေ” သူမကသည် အခုလောလောဆယ် အလုပ်များနေလိမ့်မည်။

“ကိုယ် ညီမကို ကူညီပေးမယ်လေ”

သူမ မစားရသေးမှန်း ရှန်ဖုန်းမင်လည်း သိနေသည်။ ထို့အပြင် သူမသည် သူမ၏အလုပ်ကို အလွန်အာရုံစိုက်နေခဲ့သည်။ သည်နေ့အလုပ် မပြီးမချင်း အနားယူလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူက အလုပ်မြန်မြန်ပြီးအောင် သူမကို ကူညီပေးလိုက်မှ ညနေစာ အတူတူစား နိုင်လိမ့်မည်။

“အမေနဲ့ တခြားတွေ....” ကျန်းယွင်ကျူးက တုံ့ဆိုင်းသွား၏။

“သူတို့တွေ အရင်စားပါစေ”

ရှန်ဖုန်းမင်က ပြောလိုက်၏။ သူသည် လက်ဆေးခဲ့ပြီးဖြစ်သဖြင့် သူမအတွက် ကွေ့ဟွားပန်းများကို ကောက်ကူလိုက်လေသည်။

ရှန်မိသားစုတွင် လူဦးရေနည်းလေရာ စည်းမျဥ်းစည်းကမ်းများစွာ မရှိပေ။

“နောက် သုံးလေးရက်လောက်ဆိုရင် ပြီးလောက်ပါပြီ၊ ဒီတစ်ခါတော့ ကွေ့ဟွားဝိုင်တွေ ၁၂အိုးကျော်လောက် ရနိုင်လိမ့်မယ်၊ နောက်နှစ်နွေဦးဆိုရင် ဖွင့်သောက်လို့ ရလောက်တယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“အင်း” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။

“နောက်နှစ် ဒီအချိန်ရောက်တာနဲ့ ကွေ့ဟွားဝိုင်နည်းနည်းလောက် ထပ်ချက်ကြတာပေါ့၊ ဒီလိုဆိုရင် ကျွန်မတို့တွေ နှစ်တိုင်း ကွေ့ဟွားဝိုင် သောက်ရတော့မှာ”

နှစ်တိုင်းတဲ့လား။ ရှန်ဖုန်းမင်သည် သူ့စိတ်ထဲတွင် သည်စကားလုံးကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။

“အို ဟုတ်သားပဲ၊ ဆောင်းတွင်းရောက်တာနဲ့ ဆီးသီးဝိုင်အေး နည်းနည်းပါးပါး လုပ်လို့ရတယ်”

ကျန်းယွင်ကျူးက ရပ်လိုက်ပြီး ထပ်စဥ်းစားလိုက်ကာ

“ဆီးသီးစိမ်းက တကယ်တော့ အရမ်းအရသာရှိတယ်၊ ပြီးတော့ ကြားပန်းဝိုင်....”

ဆောင်းဦးမှာ ကွေ့ဟွားဝိုင်၊ ဆောင်းတွင်းမှာ ဆီးသီးဝိုင်းအေး၊ နွေးဦးမှာ ဆီးသီးစိမ်းဝိုင် နဲ့ နွေရာသီမှာ ကြာပန်းဝိုင်း။ တစ်နှစ်မှာ လေးရာသီရှိတာပဲ။

သူမက ဒီမှာ အမြဲတမ်းရှိနေမှာ။ သူနဲ့အတူတူ အမြဲတမ်း ရှိနေမှာလေ။

ထိုအခြင်းအရာကို သိလိုက်ရပြီး ရှန်ဖုန်းမင်သည် ရင်ခုန်သွားတော့သည်။

ထိုနေ့ညက ရှန်ဖုန်းမင်သည် အထူးတလည် မွေ့လျော်နေပြီး မနားတမ်း တိုက်ခိုက်နေသည်ကို ကျန်းယွင်ကျူး တွေ့လိုက်ရလေသည်။

သူမသည် အကြိမ်ကြိမ် သေလုမျောပါး ခံစားနေရသည့်နှယ်။

သူမသည် အိပ်ရာပေါ်တွင် သေသွားမည် ထင်ရသဖြင့် နောက်ဆုံးတွင် သူမက အရင်ဆုံး စတင်ကာ သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်ကာ သူ့ကိုနမ်းရင်း သည်အဓိပ္ပာယ်မဲ့သည့်ညကို အဆုံးသတ်လိုက်တော့သည်။

နောက်ထပ် သုံးလေးရက်နေပြီးနောက် ကွေ့ဟွားမွှေးဝိုင်အားလုံးကို ချက်ပြီးသွားရာ ကျန်းယွင်ကျူးမှာ ကျေနပ်သွားတော့သည်။

သည်နေ့တွင် သူမသည် ဘာမှမလုပ်ဘဲ မကြာခဏဆိုသလို စင်ဘာနှင့် ကစားနေလိုက်သည်။ သည်ရှားရှားပါးပါး အားလပ်ရက်ကို အမှန်ပင် နှစ်သက်မိလေသည်။

အမှန်တွင်တော့ ရှန်မိသားစုတွင် နေရသည့်ဘဝက ရိုးရှင်းလေသည်။ တော်ဝင်ပညာရှင်ရှန်က ဖြောင့်မတ်မှန်ကန်ပြီး မြင့်မြတ်ဘာ ဘာအရှုပ်အရှင်း ကိစ္စမှမရှိပေ။ တန့်ယန်းမင်းသမီးက မောက်မာသည့်အကျင့်စရိုက် ရှိပြီး သူမ မကြိုက်သည့်လူများကို ဘယ်တော့မှ ဟန်ဆောင်ကာ ဆက်ဆံခြင်းမရှိခဲ့ပေ။

ရှန်ဖုန်းမင်ကတော့ သူ့ရာထူးအဆင့်အတန်းနှင့် အကျင့်စရိုက်အတိုင်း ဘယ်သူကမှ သူ့ကို လာမနှောင့်ယှက်သလောက်ပင်။

ထို့ကြောင့် ရှန်အိမ်သို့ လာရောက်လည်ပတ်သည့် အပြင်လူများက မရှိသလောက်ပင်။ ကျန်းယွင်ကျူးသည် သူမ မကြိုက်သည့် ကိစ္စများနှင့် လူများကို ဆက်ဆံစရာမလိုချေ။ သူမ၏နေ့စဥ်အလုပ်က စာကြည့်တိုက်သွားပြီး စာအုပ်များကို ဖတ်ရန်သာဖြစ်တော့သည်။ သူမက စိတ်အားတက်ကြွလာလျှင် ဟင်းလျာအသစ်များကို ရှာဖွေပြီး ချက်ပြုတ်မည်။

သည်ဟင်းလျာက ရှီကွမ်းစားသောက်ဆိုင်တွင် ချက်ပြုတ်ဖို့ သင့်တော်လျှင် သူမက ရှီကွမ်းစားသောက်သို့ သွားပြီး ဆိုင်တွင် နေ့တစ်ဝက်လောက်နေကာ ကျင့်ကျောင်းယွဲ့တို့ တခြားသူများနှင့် စကားစမြည်ပြောပြီး ရွှယ်ကျင်းနှင့် ကျန့်ဟယ်ကို ချက်ပြုတ်နည်းများ ပေးသည်။ သို့မဟုတ်လည်း သူမ စိတ်ပါလျှင် ကိုယ်တိုင် စားပွဲအပြည့်အစားအသောက်များ ချက်ပြုတ်မည်။

ဟုတ်ပါသည်။ သူမက လယ်သမားစျေးသို့ အလည်သွားကာ အိမ်သို့ယူပြန်ရန် လတ်လတ်ဆတ်ဆတ် ပါဝင်ပစ္စည်းများတချို့ကို ဝယ်ပြီး သူမ၏မိသားစုအတွင် ချက်ပြုတ်ပေးရသည်ကိုလည်း သဘောကျလေသည်။

နေ့ရက်များက အေးချမ်းကာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး အနည်းငယ်ပင် ပျင်းသလို ရှိနေသေးသည်။

သို့သော် ပြီးခဲ့သည့် နှစ်ရက်က ကျန်းယွင်ကျူးသည် နောက်ထပ်ကုန်သင်္ဘောဆောက်ရ ကောင်းနိုးနိုး စဥ်းစားနေမိလေသည်။ သည်ရာစုတွင် သင်္ဘောများ ရွက်လွှင့်သည့်အရှိန်က နှေးလွန်းလှသည်။ အသွားအပြန် အချိန်တစ်နှစ်လောက်ယူရသည်။ ကုန်သင်္ဘောတစ်ဖွဲ့တည်းနှင့်ဆိုလျှင် သေချာပေါက် လုံလောက်မည်မဟုတ်ပေ။

ထို့အပြင် ချီကျန်းနှင့် ဟန်ခို့တို့အခြေအနေကိုလည်း မသိရပေ။ သူတို့သည် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ခဲ့ရလျှင် နောက်ထပ်ကုန်သင်္ဘောအဖွဲ့ရှိထားပါက သူတို့ကို ကယ်ဆယ်နိုင်လိမ့်မည်။

သူမသည် စဥ်းစားလေလေ ပိုပြီး သေချာလာလေလေ ဖြစ်နေတော့သည်။ ထို့ကြောင့် သူမက ထိုအကြောင်းကို ရှန်ဖုန်းမင်နှင့် တိုင်ပင်လိုက်၏။

ရှန်ဖုန်းမင်လည်း သည်အစီအစဥ် ရှိထားလေရာ နှစ်ယောက်သားက ချက်ချင်း သဘောထား တိုက်ဆိုင်သွားတော့သည်။

သူတို့နှစ်ယောက်က ယန်ရှန့်ကို သွားရှာလိုက်သည်။ အမှန်ပင်။ ယန်ရှန့်ကလည်း သည်ကိစ္စကို လက်ခံသည်။ ထို့ကြောင့် သူတို့သည် အစောပိုင်း တာဝန်ခွဲထားသည့်အတိုင်း ဆက်လုပ်လိုက်ကြသည်။ ကျန်းယွင်ကျူးက ကုန်ပစ္စည်းများကို စုဆောင်းကာ ရှန်ဖုန်းမင်က သင်္ဘောစီစဥ်ပြီး ယန်ရှန့်က လူအင်အား ပြင်ဆင်ရမည်။ သူတို့သုံးယောက်သည် ထပ်ပြီး အလုပ်များသွားကြလေသည်။

အလုပ်များသည်နှင့်တစ်ပြိုက်နက် တစ်လကလည်း သည်လိုနှင့် မြန်မြန် ကုန်ဆုံးသွားတော့သည်။ မျက်စိတမှတ်အတွင်း ၁၂လပိုင်းသို့ ရောက်လာခဲ့သည်။

နှစ်သစ်ကူး နီးကပ်လာလေပြီ။ မြို့တော်ထဲတွင် နှစ်သစ်ကူးအငွေ့အသက်များ နေရာယူထားပြီးဖြစ်နေသည်။ ကုန်သင်္ဘောပြင်ဆင်ခြင်းကလည်း ပြီးသလောက်ဖြစ်နေသည်။ သူတို့သုံးယောက်သည် သည်ကိစ္စကို နောက်နှစ် နွေဦးအထိ ခဏလောက် နားထားဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

နှစ်သစ်ကူးနီးလာလေလေ ရှန်ဖုန်းမင်က အလုပ်များလေလေ ဖြစ်နေသည်။ သူသည် မကြာခဏဆိုသလို စောစောစီးစီး ထွက်သွားပြီး နောက်ကျမှ ပြန်လာတတ်လေသည်။

All Chapters