← Chapters

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

အခန်း (၁၃၃-၁၃၅)

Vol. 9 Ch. 133-135

နောက်ဆက်တွဲ (၄)

ရှန်မိသားစုက နှစ်သစ်ကူးအတွက် ပြင်ဆင်နေသည်။ အိမ်တော်ကြီးတစ်ခုအနေဖြင့် အိမ်တော်ဝင်းထဲတွင် အလုပ်များနေကြသည်။

“အိုး ဒါနဲ့ ပူဇော်ပွဲအခမ်းအနားအတွက် ထူစုဝိုင်က...”

တန့်ယန်းမင်းသမီးသည် သည်ရက်ပိုင်းတွင် အလွန်အလုပ်များနေလေသည်။ သည်အချိန်တွင် သူမသည် အခန်းထဲသို့ ဝင်လာရုံပြီး ထိုင်ကာ လက်ဖက်ရည်တစ်ခွက် သောက်ရုံရှိသေး ရုတ်တရက် သည်ကိစ္စကို သတိရသွားသည်။

ထူစုဝိုင်ကို ရှမင်းဆက်တွင် စွေ့ဝိုင်ဟုလည်း ခေါ်သည်။ နှစ်သစ်ကူးကာလတွင် ဘိုးဘွားများကို လှူတမ်းပြီး အားလုံးက အတူတူသောက်ကြသည်။ နှစ်သစ်ကူးတွင် မပါမဖြစ်ပစ္စည်းတစ်ခုပင်။

တန့်ယန်းမင်းသမီးက ထူစုဝိုင်တစ်သုတ်စာကို မှာထားခဲ့သည်။ သူမသည် အစက လူလွှတ်ပြီး သွားယူခိုင်းချင်သော်လည်း မေ့နေခဲ့ခြင်းပင်။

“အမေ ထူစုဝိုင်ကို ယူပြန်လာပြီးပါပြီ၊ ချန်းကျန်းခြံထဲမှာ ချထားတယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ရှန်မိသားစု၏ ချွေးမအနေဖြင့် သူမသည် နှစ်သစ်ကူးကာလအတွင်း မိသားစုက အလုပ်များနေသည်ကို သည်အတိုင်း ထိုင်မကြည့်နေရက်ပေ။ ထို့ကြောင့် သူမက ကူညီပေးလိုက်သည်။

“လူလွှတ်ပြီး သွားယူခိုင်းပြီးပြီဟုတ်လား”

တန့်ယန်းမင်းသမီးက အံ့ဩသွားလေသည်။

“ဟုတ်တယ် အမေ၊ တစ်ချက်လောက် ကြည့်ချင်လား” ကျန်းယွင်ကျူးက ပြောလိုက်၏။

အမှန်တွင်လည်း တန့်ယန်းမင်းသမီးက တစ်ခါလောက်တော့ သွားကြည့်ရမည်ပင်။ ဂိုဒေါင်ထဲတွင် သပ်သပ်ရပ်ရပ် နေရာချထားသည့် ထိုပစ္စည်းများသည် သူမကိုယ်တိုင် ရွေးချယ်ဝယ်ယူထားသည့် ထူစုဝိုင်များဖြစ်လေသည်။

သည်အကြိမ်ကစပြီး တန့်ယန်းမင်းသမီးသည် ကျန်းယွင်ကျူးက ကိစ္စအများအပြားကို သူမအား နောက်ကွယ်မှ ကူညီပေးနေမှန်း သိသွားတော့သည်။

သည်အသိကြောင့် သူမသည် ကျန်းယွင်ကျူးကို သူမနှင့်အတူ စတင်ခေါ်သွားတတ်လာသည်။ ထို့နောက်တွင် ကျန်းယွင်ကျူး၏အိမ်ထောင်မှု ထိန်းသိမ်းသည့်အရည်အချင်းက သူမ၏အချက်အပြုတ်လက်ရာထက် မနိမ့်ကြောင်း တွေ့လိုက်ရတော့သည်။ သူမ၏အကူအညီဖြင့် အိမ်တော်ဝင်းထဲက ကိစ္စအားလုံးက ရိုးရှင်းလာပြီး စနစ်ကျလာသည်။

နောက်ပိုင်းတွင် သူမသည် ကျန်းယွင်ကျူးကို ရှန်ဖုန်းမင်ထံ ပြန်လွှတ်ဖို့ပင် အနည်းငယ် မလိုလားတော့ပေ။ သို့သော်ငြား မြေးလေးပြဿနာကို စဥ်းစားမိလိုက်တော့ သူမသည် မလွှတ်ချင် လွှတ်ချင်နှင့် ပြန်လွှတ်လိုက်ရတော့သည်။

နှင်းများထူထဲစွာ ကျပြီးနောက်တွင်တော့ မြို့တော်က နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ အလင်းရောင်ကို ကြိုဆိုလိုက်လေသည်။

သည်နေ့တွင် ဧကရာဇ်မှအစ သာမန်ပြည်သူအများဆုံး အားလုံးက သူတို့၏အလုပ်များကို ချထားပြီး နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြလေသည်။

မြို့တော်က နှစ်သစ်ကူးသည် အလွန်စည်ကားသည်ကတော့ သဘာဝပင်။

သည်နေ့တွင် ချင်းလုံဧကရာဇ်က နန်းတွင်းသူ နန်းတွင်းသား မှူးမတ်များကို စားသောက်ပွဲတစ်ခုနှင့် တည်ခင်းဧည့်ပေးမည်ဖြစ်သည်။ နာမည်ကြီးဝမ်ရယ်များ၊ အမတ်ချုပ်များအားလုံးက သူတို့၏မိသားစုများကို ခေါ်ကာ နန်းတွင်းသို့ စောစောဝင်လာခဲ့ပြီး တော်ဝင်စားသောက်ပွဲကို ပါဝင်ဆင်နွဲဖို့ ပြင်ဆင်ကြလေသည်။

သည်အချိန်တွင် လှည်းနှစ်စီးက နန်းတော်၏ဂိတ်ရှေ့တွင် ရပ်သွားသည်။ ထိုလျင်မြန်လှသည့်မျက်လုံးများက ထိုလှည်းများသည် ရှန်မိသားစုမှ လှည်းများဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားကြသည်။

ထို့ကြောင့် အားလုံးကို အချင်းချင်း လက်တို့ကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အားလုံးက ပြောလက်စ စကားများကို ရပ်လိုက်ပြီး လှည်းဆီသို့ ကြည့်လိုက်ကြလေသည်။

ရှေ့ကလှည်းပေါ်မှ လူနှစ်ယောက် ဆင်းလာသည်။ သန့်သန့်ပြန့်ပြန့်ဝတ်စားထားသူက တော်ဝင်ပညာရှင်ရှန်ဖြစ်ပြီး သူ့ဘေးက လက်ဝတ်ရတနာများစွာနှင့် တောက်ပသည့်မျက်ခုံးပိုင်ရှင်ကတော့ တန့်ယန်းမင်းသမီးပင်။

အားလုံး၏မျက်လုံးများက သူတို့အပေါ်တွင် ကြာကြာရှိမနေသော်လည်း သူတို့နောက်က လှည်းကို ကြည့်လိုက်ကြလေသည်။

၉လပိုင်းတုန်းက ရှန်မိသားစုက သတို့သမီးအသစ်လေးနဲ့ လက်ထပ်ခဲ့ပေမဲ့ သူမက သီးသန့်နေလာခဲ့တယ်လေ။ ဒီတော့ လတော်တော်ကြာတဲ့အထိ လူတော်တော်များများက ရှန်မိသားစုရဲ့ ဇနီးသစ်လေးကို မမြင်ဖူးကြလေဘူးပေါ့။

လူတချို့က သတို့သမီးက လှတယ်လို့ ပြောကြပေမဲ့ အများစုကတော့ သတို့သမီးကို ရုပ်ဆိုးဆိုး အမြင်မတင့်တဲ့သူ ဖြစ်မယ်လို့ ခန့်မှန်းကြလေရဲ့။ မဟုတ်ရင် သူမက ဘာလို့ လူရှေ့ကို ထွက်မလာတာလဲတဲ့။

ဒီကိစ္စအပေါ်မှာ လောင်းကြေးထပ်ပြီး မနားတမ်းငြင်းခုန်နေကြသူတွေတောင် ရှိလေရဲ့။

နောက်ဆုံး ဒီနေ့မှာတော့ သူတို့တွေက ရှန်မိသားစုရဲ့ ဇနီးသစ်လေးကို တစ်ချက်လောက် ကြည့်ခွင့်ရပြီလေ။ အားလုံးသည် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

လှည်းခန်းဆီးက ပွင့်လာသည်။ အရပ်မြင့်မြင့်ခံ့ခံ့ညားညား အမျိုးသားတစ်ယောက်က အရင်ဆုံးလျှောက်ကာ ထွက်လာခဲ့သည်။ စစ်သေနာပတိချုပ်ရှန်ပင်။ အားလုံးက သူနှင့်ပတ်သက်ပြီး ခံစားချက်များ ရောနှောနေကြသည်။ တချို့က သူ့ကို ကြောက်ရွံ့ပြီး တချို့က သူ့ကို မုန်းတီးသော်လည်း သူ့ရုပ်သွင်က ထူးခြားနေသည်ကိုတော့ အားလုံးက ဝန်ခံရပေမည်။

ရှန်ဖုန်းမင်က လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လှည်းထဲကို လက်လှမ်းလိုက်လေသည်။

လက်တစ်ဖက်က ဆန့်တန်းလာပြီး သူ့လက်ပေါ်ကို တင်လိုက်လေသည်။

ထိုလက်၏ အရိုးနှင့်အသားတို့က ညီညာပြီးလှပချောမွတ်နေလေ၏။ အလင်းရောင်အောက်တွင် ရွှန်းလဲ့တောက်ပနေသယောင်။

နှင်းစက်လေးလို ကျောက်စိမ်းလက်ချောင်းများက နူးညံ့ပျော့ပြောင်းလေသည်။ သည်လက်လေးတစ်ဖက်နှင့်တင် လူများကို စိတ်ကူးကြည့်နိုင်စေလေသည်။ ဒီလိုလုပ်မျိုးနဲ့ လူတစ်ယောက်က ရုပ်ဆိုးတဲ့မိန်းမတစ်ယောက် ဖြစ်ပါ့မလား။ အားလုံးက သံသယများနှင့်ပင်။

သည်အချိန်တွင် လူတစ်ယောက်က လှည်းထဲမှ လျှောက်ကာထွက်လာခဲ့လေသည်။

အားလုံးက ထိုလူ၏အသွင်သဏ္ဌာန်ကို တွေ့မြင်လိုက်ရချိန်တွင် အသက်ရှူရပ်သွားတော့သည်။

ခရမ်းရောင်ဘရိုကိတ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်သည့်ဆံနွယ်ကို အမြင့်ထုံးထုံးထားကာ သူမ၏နှဖူးပေါ်တွင် ပွင့်ဖတ်သုံးခုပါအနီရောင်ပန်းချယ်ထားကာ တလက်လက်မျက်ဝန်းများနှင့် ဖြူဖွေးနုဖပ်သည့်အသားအရေနှင့် အနီရောင်နှုတ်ခမ်းများ ပိုင်ဆိုင်ထားလေသည်။ သည်လို နှင်းကျနေသည့်ညမျိုးတွင် တောက်ပသည့်အလင်းရောင်အောက်၌ ထိုလူသည် ည၏ကြွေဖယောင်းပန်းနှင့်တူကာ ပုလဲလေးကို နူးညံ့လှပနေတော့သည်။

အထူးသဖြင့် ထိုသူက ရှန်ဖုန်းမင်ကို ကြည့်လိုက်ချိန်တွင် အမှတ်တမဲ့ ပြုံးပြလိုက်လေသည်။ သည်လိုအလှပမျိုးကို ဖော်ပြရန် စကားလုံးပင် မရှိတော့ချေ။

ရှန်မိသားစုရဲ့ဇနီးအသစ်လေးကို ရုပ်ဆိုးတယ်လို့ ဘယ်သူပြောခဲ့တာလဲ။ သူမသာ ရုပ်ဆိုးတယ်ဆိုရင် ရုပ်ချောတဲ့သူ ၁ရာခိုင်နှုန်းတောင် ရှိတော့မှာမဟုတ်ဘူး။ သည်အတွေးက အားလုံး၏စိတ်ထဲတွင်တစ်ချိန်တည်း ဝင်လာတော့သည်။

တန့်ယန်းမင်းသမီးသည် သူမ၏မျက်နှာချင်းဆိုင်က လူများကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူးပေါ် ကျရောက်နေသည့် သူတို့၏မျက်လုံးများနှင့် အလွန်မှ အံ့အာသင့်နေကြပုံကို သတိထားမိလိုက်လေသည်။ သူမက နှာခေါင်းရှုံ့လိုက်၏။ ဒါပေါ့ သူမရဲ့ချွေးမလေးက အကောင်းဆုံးပဲ ဖြစ်ရမယ်လေ။

ထို့နောက်တွင် သူမက ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ သူမစိတ်အထင်ဖြစ်နေသည်လား မှားနေသည်လားတော့မသိပေ ကျန်းယွင်ကျူးသည် လက်ထပ်ပြီး ရှန်မိသားစုထဲသို့ ပထမဆုံး ဝင်လာသည့်အချိန်ကထက် ပိုပြီး ဆွဲဆောင်မှုရှိနေသည်ဟု အမြဲတမ်း ခံစားမိနေလေသည်။ သည်မျက်ခုံး၊ သည်အသွင် ဖြစ်နေပါလျက် ပိုပြီးနူးညံ့သိမ်မွေ့ကာ လှပနေသယောင်။

မိုးရေနှင့် နှင်းစက်တို့ကြောင့် ရွှန်းစိုနေခြင်းသာဖြစ်လိမ့်မည်ဟု သူမ၏စိတ်ထဲတွင် တွေးလိုက်မိတော့သည်။ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် အမှတ်တမဲ့ ပေါ်လာလေသည်။ ရှန်းဖုန်မင်နှင့် ကျန်းယွင်ကျူးတို့က ပိုပြီးချစ်ခင်မြတ်နိုးကြလေလေ မြေးချီနိုင်မည့် သူမ၏မျှော်လင့်ချက်က ပိုကြီးမားလာလေလေပင်။

ကျန်းယွင်ကျူးသည် အမှန်ပင် အရင်ကထက် ပိုပြီး လှပချောမောနေကာ ပွင့်လန်းနေသည့်ပန်းလေးတစ်ပွင့်နှယ် အလွန်မွှေးပျံ့ပြီး နုဖပ်နေတော့သည်။ လူအုပ်ထဲတွင် လင်ထင်အန်းက သည်လိုကျန်းယွင်ကျူးကို ငေးကြည့်နေပြီး သူ့လက်သည်းများက သူ့အသားထဲသို့ ထိုးဖောက်တော့မတတ်ပင်။

သူနှင့်မဝေးလှသည့်နေရာတွင် ယောက်ျားတစ်ယောက်က အဝေးမှနေ၍ မိန်းမလှလေးကို ကြည့်နေသည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး သူ့ပါးစပ်က သွားရေများ ကျလာလုနီးနီးပင်။

ဒီလူသည် ချင်းဟယ်ဝမ်ရယ်၏သား ရှောင်းရွှမ်းဖြစ်တော့သည်။ သူသည် အတန်သင့် ချောမောသော်လည်း စာရိတ္တကင်းမဲ့လေသည်။ သူ့ခန္ဓာကိုယ်ကို အရက်နှင့် လိင်ကိစ္စတွင်သာ နှစ်မြှုပ်ထားသယောင်။

ရှောင်းလီယွီသည် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို လှည်းထဲမှ တွဲထုတ်လာသည်ကို တွေ့လိုက်ရသောအခါ ဒေါသမီးများ ပွက်ပွက်ဆူသွားတော့သည်။ ထို့နောက်တွင် သူ၏ရာဇစိတ်အပြည့်နှင့် အပြုအမူကို သတိထားမိလိုက်ပြီး ဒေါသမီးက ပေါက်ကွဲထွက်လာတော့သည်။ သူမက ချက်ချင်း သူ့ကို ပါးရိုက်ပစ်လိုက်သည်။

သည်အချိန်တွင် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျွတ်ဆတ်ဆတ်ပါးရိုက်သံက အထူးတလည် ကျယ်လောင်နေတော့သည်။ အားလုံးက ရှောင်းရွှမ်းကို ကြည့်လိုက်လေသည်။ တချို့က ရယ်မောကြပြီး တချို့က အထင်သေးဟန်ထုတ်ဖော်ပြကာ တချို့ကတော့ ကြိတ်ပြီးကျေနပ်လေသည်။

ရှောင်းရွှမ်းက ဒေါသထွက်သွားတော့သည်။ ဒီမိန်းမက သူ့ကို ရိုက်ရဲတယ်ပေါ့လေ။ သူ့ကိုယ်သူ ဘယ်သူများ မှတ်နေလို့လဲ။ ဟုတ်ပါတယ်။ သူက မင်းသမီးတစ်ဆယ်။ မင်းသားခြောက်ရဲ့ သွေးရင်းညီမတော်။ ဒါပေမဲ့ မင်းသားခြောက်ကတောင် သူ့ကို ဒီလိုမလုပ်ရဲဘူး။ သူ့လိုမိန်းမဆိုရင် ပြောနေစရာတောင်မလိုဘူး။၊

သူသည် လက်ကိုမြောက်လိုက်ပြီး ရှောင်းလီယွီကို ပါးရိုက်ပစ်တော့သည်။

သူသည် အရက်နှင့် လိင်ကိစ္စတွင်သာ စိတ်ပါသူဖြစ်သော်လည်း သူသည်လည်း ယောက်ျားတစ်ယောက်ပင်။ သည်ရိုက်ချက်က ရှောင်းလီယွီကို မြေပေါ်လဲကျသွားစေတော့သည်။

ရှောင်းလီယွီသည် အစပိုင်းတွင်တော့ သတိပြန်မဝင်နိုင်ခဲ့ချေ။ သို့သော် သူမသည် သတိပြန်ဝင်လာချိန်တွင်တော့ ရှောင်းရွှမ်းကို ရှိသမျှအားနှင့် တိုက်ခိုက်ချင်သွားတော့သည်။ သူမသည် သည်လိုဘဝမျိုးကို နောက်တစ်နေ့ပင် မနေလိုတော့ပေ။

ပတ်ဝန်းကျင်တွင် လူများစွာရှိနေ၏။ တချို့က မင်းသားခြောက်ကို အလျင်အမြန် သတင်းပို့ကြပြီး တချို့က ရန်ပွဲကို ဖျန်ဖြေပေးကြကာ တချို့ကတော့ ဟာသတစ်ခုလို ကြည့်နေကြလေသည်။

မကြာမီ မင်းသားခြောက်က ရောက်လာတော့သည်။ သူက သူတို့နှစ်ယောက်ကြားတွင် ရပ်လိုက်ပြီး ရှုပ်ထွေးနေသည့်အခြေအနေကို တည်ငြိမ်အောင်လုပ်လိုက်၏။

ထိုနေရာတွင် လူအများကြီးရှိနေကြပြီး ညပိုင်းလည်း ဖြစ်နေသဖြင့် ကျန်းယွင်ကျူးသည် ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားသည်ကိုကာ တွေ့လိုက်ရသည်။ ဘာဖြစ်ခဲ့မှန်းတော့ မသိလိုက်ချေ။

ရှန်ဖုန်းမင်က အရပ်မြင့်ပြီး အမြင်အာရုံစူးရှလေရာ သူကတော့ အနည်းငယ် မြင်လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ” ကျန်းယွင်ကျူးက သူ့ကို မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ရှန်ဖုန်းမင်က တခြားလူများ၏အရေးကိစ္စတွင် ဝင်မပါလိုချေ။

“အေးနေလား” သူက ကျန်းယွင်ကျူးကိုသာ မေးလိုက်သည်။

“မအေးပါဘူး”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ လတ်တလောတွင် သူမသည် တည်ငြိမ်သည့်ဘဝတစ်ခုတွင် နေလာခဲ့လေသည်။ သူမ၏ကျန်းမာရေးက တဖြည်းဖြည်း ပိုကောင်းလာသည်ထင်ရသည်။ အရင်ကဆိုလျှင် ဆောင်းတွင်းရောက်တိုင်း နည်းနည်းတော့ ချမ်းစိမ့်စိမ့်ဖြစ်တတ်သည်။ သို့သော် သည်နှစ်တွင်တော့ မခံစားရတော့ချေ။

“အဲဒါဆို ကောင်းတယ်”

ရှန်ဖုန်းမင်က ပြောလိုက်၏။ ထို့နောက် သူက သူမ၏လက်ကို တွဲလိုက်ကာ တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့နောက် လိုက်သွားလိုက်သည်။ သူတို့သည် နန်းတော်ထဲသို့ ဝင်လာကြလေသည်။ သူတို့သည် အရင်ဆုံး မယ်တော်ကြီးနှင့် သွားတွေ့လိုက်ကြသည်။

“မယ်တော်ကြီး / အဘွားတော် ကျမ်းခန့်သာလို့မာပါစေ” တန့်ယန်းမင်းသမီးတို့ လေးယောက်အဖွဲ့က မယ်တော်ကြီးကို နှုတ်ဆက်လိုက်ကြသည်။

မယ်တော်ကြီးသည် နှစ်သစ်ကူးကာလကတည်း ဝမ်းသာရွှင်လန်းနေခဲ့သည်။ အခုတော့ သူတို့မိသားစုကို တွေ့လိုက်ရသဖြင့် သူမ၏မျက်နှာပေါ်က အပြုံးက ပိုပိုပြီး ထင်ရှားလာခဲ့သည်။

“မြန်မြန်ထကြပါ” သူမက ပြောလိုက်၏။

တန့်ယန်းမင်းသမီးတို့အဖွဲ့က ထရပ်လိုက်ကြသည်။ လူတစ်ယောက်က မယ်တော်ကြီး၏ဘေးတွင် သူတို့အတွက် ထိုင်ခုံများ ပြင်ဆင်ပေးထားလေသည်။

မယ်တော်ကြီးက လတ်တလောတွင် အနည်းငယ်ပြည့်လာသယောင်ဖြစ်နေသည့် သမီးတော်ကို ကြည့်လိုက်ပြီး စိတ်အေးသွားလေသည်။ သူမဘဝက ပိုကောင်းလာသဖြင့် မယ်တော်ကြီး၏စိတ်ထဲက အပြစ်စိတ်ကိုလည်း လျှော့ချပေးနိုင်သည်။ သည်လိုနှင့် သူမသည် နောက်ဆိုလျှင် စိတ်အေးအေးချမ်းချမ်းနှင့် ထွက်သွားနိုင်လိမ့်မည်။

ရှန်ဖုန်းမင်၏ဘက်ကို ကြည့်လိုက်တော့ သူသည် အရင်ကထက် အများကြီး ပိုအထင်ကြီးစရာကောင်းလာသည်။

“ကောင်းတယ်၊ ကောင်းတယ်”

သူမက ပြောရင်းဆိုရင်း ကျန်းယွင်ကျူးကို လှမ်းဆွဲလိုက်ကာ သူမဘေးတွင် ထိုင်ခိုင်းလိုက်လေသည်။ သူမသည် သည်အရာများအားလုံးအတွင် ကျန်းယွင်ကျူးကို ကျေးဇူးတင်ရပေမည်။

ကျန်းယွင်ကျူးသည် မယ်တော်ကြီး မြေးချွေးမတစ်ယောက်ပင်။ သည်အချိန်တွင် ဝူကိုယ်လုပ်တော်၊ အိမ်ရှေ့မင်းသား တို့ကလည်း ခန်းမထဲသို့ ရောက်လာကြသည်။ ထိုအကြောင်းပြောရလျှင် သူတို့အားလုံးသည် သူမထက် ရာထူးအဆင့်မြင့်ကြသူများဖြစ်လေသည်။

ကျန်းယွင်ကျူးက ထိုအခြင်းအရာကို သိသဖြင့် ထိုင်မနေရဲချေ။

“မယ်တော်ကြီးက မင်းကို ထိုင်လို့ ပြောထားမှတော့ ထိုင်နေပါ” မယ်တော်ကြီးက သူမကို ကုလားထိုင်ပေါ် ပြန်ဖိထားကာ ပြောလိုက်သည်။

ကျန်းယွင်ကျူးသည် မတတ်သာတော့ဘဲ ထိုင်ချလိုက်ရတော့သည်။

သည်တစ်ကြိမ် အနေအထားက မယ်တော်ကြီးသည် အလယ်တွင် ထိုင်နေပြီး တန့်ယန်းမင်းသမီးက ညာဖက်တွင် ထိုင်နေကာ ကျန်းယွင်ကျူးက သူမ၏ဘယ်ဖက်တွင် ထိုင်နေလေသည်။ ဒါက မယ်တော်ကြီး၏ အချစ်ဆုံးနှစ်ယောက်ကို ပြသနေခြင်းပင်။

တန့်ယန်းမင်းသမီးကတော့ ဟုတ်ပါပြီ။ မယ်တော်ကြီး သူမကို အမြဲတမ်းကို ချစ်ခဲ့တာလေ။ ဒါပေမဲ့ ကျန်းယွင်ကျူးကတော့...။ အားလုံးက မနာလိုဖြစ်ကုန်ကြသည်။

သို့သော်ငြား အပေါ်ယံတွင်တော့ သူတို့သည် ပျော်ရွှင်နေရပေမည်။ လူများစွာကပင် ကျန်းယွင်ကျူးကို ချီးကျူးစကားပြောကြသည်။

ဒါတွေကြောင့် သူမက ဒီလိုအခမ်းအနားမျိုးကို မကြိုက်တာပဲ။ ကျန်းယွင်ကျူးက ကိုယ့်ဟာကိုယ် စဥ်းစားလိုက်လေသည်။ အဲဒီလူတွေက သူမကို စိတ်ရင်းနဲ့ချီးကျူးနေတာမဟုတ်မှန်း သိနေသားပဲ။ ထို့ကြောင့် သူမက ပြုံးရုံသာပြုံးပြလိုက်ပြီး အတည်မမှတ်လိုက်ချေ။

ရှန်ဖုန်းမင်က သူမ စိတ်ရှုပ်နေသည်ကို သတိထားမိလေသည်။ ခဏကြာပြီးနောက် သူက ဆင်ခြေတစ်ခု ပေးလိုက်ပြီး သူမကို ခန်းမထဲမှ ခေါ်ထွက်လာခဲ့လိုက်သည်။

အပြင်ဘက်တွင် လေအေးအေးက သူမ၏မျက်နှာကို ဖြတ်တိုက်နေသော်လည်း ကျန်းယွင်ကျူးသည် အလွန်သက်သောင့်သက်သာ ရှိသလို ခံစားလိုက်ရတော့သည်။ သူမသည် အပြင်ဘက် နှင်းများကို တွေ့လိုက်ရချိန်တွင် နှင်းများပေါ်လမ်းလျှောက်ပြီး လှပသည့်မြင်ကွင်းကို ကြည့်ချင်စိတ်ဖြစ်သွားတော့သည်။ ဟုတ်ပါသည်။ ဒါက မသင့်တော်မှန်း သူမ သိလေသည်။ ထို့ကြောင့် သူမနှင့် ရှန်ဖုန်းမင်တို့သည် စင်္ကြံထောင့်တွင် ထိုင်လိုက်ပြီး နန်းတော်ထဲက မီးရောင်များကို ခံစားလိုက်ကြတော့သည်။

“ကိုယ်တို့တွေ စားသောက်ပြီး ပြန်ကြမယ်နော်” ရှန်ဖုန်းမင်က ပြောလိုက်၏။

“အင်း”

လူနှစ်ယောက် ထွက်သွားပြီးနောက် နန်းတော်ထဲက လူအားလုံးက သူတို့နှစ်ယောက်အကြောင်း ပြောနေကြပြီး နည်းလမ်းမျိုးစုံဖြင့် သူတို့ကို ချီးကျူးနေကြတော့သည်။ မတတ်နိုင်ပေ။ မယ်တော်ကြီးက ထိုအကြောင်း နားထောင်ရသည်ကို နှစ်သက်လေသည်။

ဘယ်သူက ရုတ်တရက် အစပြုလိုက်သည် မသိပေ။ သည်သတို့သမီးက လက်ထပ်ပြီး အိမ်တော်သို့ ဝင်လာသည်မှာ လအနည်းငယ် ရှိပြီဖြစ်သော်လည်း သူမ၏ဝမ်းဗိုက်က အဘယ်ကြောင့် မလှုပ်ရှားရသေးပါသနည်းဟူ၍။

“ရှင်က ဘာတွေ အရမ်းစိုးရိမ်နေတာလဲ၊ အခုမှ လပိုင်းပဲရှိသေးတယ်လေ”

“ဟုတ်ပါ့၊ ဟိုတုန်းကလည်း ကျွန်မက လက်ထပ်ပြီး တစ်နှစ်လား တစ်နှစ်မပြည့်ခင်လား အဲကျမှ ကျွန်မရဲ့ပထမဆုံးကလေးကို ကိုယ်ဝန်ရခဲ့တာရှင့်”

“ဇနီးသစ်လေးက ကံထူးတဲ့သူတစ်ယောက်လို့ ထင်ပါတယ်၊ သူက အနှေးနဲ့အမြန် ကိုယ်ဝန်ရပါလိမ့်မယ်”

. . .

အားလုံးက ဝမ်းသာရွှင်လန်းကာ စကားစမြည်ပြောရင်း ရယ်မောခဲ့ကြလေသည်။ သို့သော်ငြား စိတ်အတွင်းထဲတွင် သူတို့စဥ်းစားနေကြသည့်အရာကိုတော့ဘယ်သူက သိပါမည်နည်း။

တန့်ယန်းမင်းသမီးက သူမ၏အပြုံးမျက်နှာထားကို ရုပ်သိမ်းလိုက်လေသည်။ တော်တော်ကို လျှာရှည်ကြတဲ့ မိန်းမတွေပဲ။

မယ်တော်ကြီး၏မျက်နှာပေါ်တွင်တော့ ထူးထူးခြား ပြောင်းလဲသွားခြင်းမရှိပေ။

သူမဘေးတွင် ရပ်နေသည့် အထိန်းတော်ချီကတော့ စကားဝိုင်းကို တမင်အစချီခဲ့သူကို မှတ်ထားလေသည်။ သည်လိုမှ မယ်တော်ကြီးက နောက်ပိုင်း သူမကို မေးလာခဲ့လျှင် သူမက အဖြေတစ်ခုပေးနိုင်ပေလိမ့်မည်။

...

နောက်ဆက်တွဲ (၅)

ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် အပြင်ဘက်တွင် ခဏလောက် နေလိုက်ကြပြီး ခန်းမထဲသို့ ပြန်လာခဲ့ကြသည်။

အမှန်တွင်တော့ ကျန်းယွင်ကျူးသည် သည်လိုမြင်ကွင်းကို ကိုင်တွယ်ရာတွင် ပိုပြီး လုပ်ရည်ကိုင်ရည်ရှိသူဖြစ်သည်။ သူမ နှစ်သက်သည်၊ မနှစ်သက်သည်ကသာ ကိစ္စဖြစ်လေသည်။

၁၅မိနစ်ကြာပြီးနောက် ဧကရာဇ်ချင်းလုံက မယ်တော်ကြီးကို နှုတ်ဆက်ရန် မိးဖုရားခေါင်နှင့် အိမ်ရှေ့စံတို့ကို ခေါ်ကာ စီနင်နန်းဆောင်သို့ ရောက်လာလေသည်။

ကျန်းယွင်ကျူးသည် အိမ်ရှေ့စံကို အိပ်မက်ထဲတွင် အဝေးမှသာ မြင်ဖူးခဲ့သည်။ ငါးနှစ်ကြာပြီးနောက်တွင် ဖြစ်သည်။ ထိုအချိန်က သူသည် အလွန်ဝလွန်းသဖြင့် တစ်ယောက်တည်း လမ်းလျှောက်ဖို့ရန်ပင် ခက်ခဲလှသည်။

ထိုအချိန်နှင့် ယှဥ်လျှင် သူသည် လက်ရှိတွင် ပိုအဆင်ပြေနေသော်လည်း အများကြီး ပိုကောင်းနေသည်တော့ မဟုတ်ချေ။ သူသည် ဧကရာဇ်ချင်းလုံကို အရင်ဆုံး သွားနှုတ်ဆက်လိုက်ပြီးမှ ဧကရာဇ်ချင်းလုံနှင့်အတူ တစ်ကီလိုမီတာပင် မဝေးသည့် စီနင်နန်းဆောင်သို့ လိုက်လာခဲ့ခြင်းပင်။ သို့သော်ငြား သူ့မျက်နှာက ချွေးထွက်နေပြီး သူ့ခြေလှမ်းများက ယိုင်တိယိုင်တိုင် ဖြစ်နေရာ ဆက်ထိန်းထားဖို့ အင်အားပင် မရှိတော့သယောင်။

သူနှင့်ယှဥ်လျှင် မင်းသားခြောက် အရပ်မြင့်မြင့် သန်မာပြီး ချောမောလေသည်။ သူသည် ဧကရာဇ်ချင်းလုံနှင့် အလွန်မှတူလှသည်။

ဧကရာဇ်ချင်းလုံက မင်းသားခြောက်ကို ချစ်မြတ်နိုးသည်ကလည်း မဆန်းပေ။ ကျန်းယွင်ကျူးက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

ဒါပေမဲ့ အိမ်ရှေ့စံက တရားဝင်သားတစ်ယောက်။ သူက တခြားသူတွေအပေါ် ကြင်နာတတ်ပြီး သူတော်ကောင်းတရားနဲ့ ပြည့်စုံတဲ့ယောက်ျားလို့ နာမည်ကြီးတယ်။ ဒါကြောင့်ပဲ ရုံးတော်က အထက်တန်းအရာရှိတွေက သူ့ကို ထောက်ခံခဲ့ကြတာ။

သားတစ်ယောက်က အများလက်ခံထားတဲ့ နောက်ခံတစ်ခုနဲ့ ဆယ်နှစ်ကျော် အိမ်ရှေ့စံတစ်ယောက်ဖြစ်လာပြီး အရည်အချင်းရှိတယ်။ သူ့ကျန်းမာရေးက အရမ်းဆိုးရွားပြီး အရမ်းဝလွန်းနေတာတစ်ခုပဲ။ ကျန်တဲ့သားတစ်ယောက်က စာပေနဲ့ သိုင်းပညာမှာ ထူးချွန်ပြီး မင်းကြီး ငယ်ငယ်တုန်းကနဲ့ အတူဆုံးပဲ။ ဒီတော့ သူ့ဆက်ခံသူအနေနဲ့ ဘယ်သူ့ကို ရွေးချယ်သင့်တာလဲ။

ဧကရာဇ်ချင်းလုံက ရောက်လာချိန်တွင်တော့ ကျန်းယွင်ကျူးက ဘေးတွင် ရပ်နေလိုက်သည်။ သူမသည် ဧကရာဇ်ချင်းလုံ၏ ရှုထောင့်မှာ ကိစ္စကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားခဲ့ပြီး ရွေးချယ်မှုတစ်ခုလုပ်ရန် ခက်ခဲလှကြောင်းတွေ့လိုက်ရတော့သည်။

အိမ်ရှေ့မင်းသားကို ရွေးလိုက်ရင် သူ သေချာပေါက် စိတ်အေးရမှာ မဟုတ်ဘူး။ အဲဒီခန္ဓာကိုယ်နဲ့ သူသာ ရှမင်းဆက်ရဲ့ ဧကရာဇ်ဖြစ်လာခဲ့ရင် တခြားတိုင်းပြည်က သံတမန်တွေ ရောက်လာတဲ့အခါ ရှမင်းဆက်မှာ လူမရှိတော့ဘူးလို့ ထင်ကြလိမ့်မယ်။

မင်းသားခြောက်ကို ရွေးတာ အဆင်ပြေတယ်ဆိုပေမဲ့ အိမ်ရှေ့စံက ဘယ်လိုလုပ်မှာလဲ။ သူဖြင့် ဘာအမှားမှ မလုပ်ထားတာ။ သူ့ကို ရာထူးချလိုက်ရင် သူ့လက်အောက်ငယ်သားတွေကို ဘယ်လိုရှင်းပြရမှာလဲ။

အရမ်းခက်တယ်။ ရုံးတော်ထဲမှာ နှစ်ရှည်လများငြင်းခုန်ကြပြီး အဖြေထွက်မလာတာ အံ့ဩစရာမရှိတော့ဘူး။

ကြားတာတော့ အိမ်ရှေ့စံက အရင်က ဒီလိုမဟုတ်ဘူးတဲ့။ မဟုတ်ရင် သူ့ကို အိမ်ရှေ့စံလို့ ဘယ်သတ်မှတ်ပေးခဲ့မှာလဲ။ သူက အပြင်းဖျားခဲ့ပြီး နေပြန်ကောင်းလာပြီးမှာ ဒီလိုဖြစ်သွားတာတဲ့။ ဒါက တကယ့်ကို အံ့ဩစရာတော့မဟုတ်ပါဘူး။ ခေတ်သစ်မှာလည်း အဖျားရောဂါကြောင့် အဝလွန်တာတွေဖြစ်တဲ့လူတွေကို ကျန်းယွင်ကျူး တွေ့ဖူးပါတယ်။

ကံတရားက လူတွေကို လှည့်စားတယ်လို့ပဲ ပြောရတော့မှာပဲ။

အနောက်ဘက်တွင် ကျန်းယွင်ကျူး၏စိတ်တို့က အထိန်းအကွပ်မဲ့ လျှောက်သွားနေလေသည်။ သည်အချိန်တွင် ချင်းလုံဧကရာဇ်က မတ်တတ်ရပ်လိုက်၏။ စားသောက်ပွဲက စတင်တော့မည်။ သူသည် အိမ်ရှေ့စံနှင့် တခြားသူများကို အရာရှိများအား ဧည့်ခံရန် ခေါ်သွားတော့သည်။

ရှန်ဖုန်းမင်သည်လည်း တော်ဝင်ရုံးတော်၏ အရာရှိတစ်ယောက်ဖြစ်ရာ သူလည်း လိုက်သွားရလေသည်။

သူက ကျန်းယွင်ကျူးကို ကြည့်လိုက်၏။

ကျန်းယွင်ကျူးက သူမအဆင်ပြေကြောင်း မျက်ရိပ်ပြလိုက်သည်။ ပြီးခဲ့သည့်ကိစ္စကတည်း သူသည် သူမကို အမြဲတမ်း စိုးရိမ်နေသည်ဟု ခံစားရလေသည်။

ရှန်ဖုန်းမင်က တန့်ယန်းမင်းသမီးကို ကြည့်လိုက်သည်။ ကျန်းယွင်ကျူးသည် အဆင့်ရာထူး နိမ့်သဖြင့် တစ်ခါတစ်ရံ ပြဿနာများနှင့် ကြုံခဲ့ရလျှင် ကိစ္စများကို ဖြေရှင်းရန် ခက်ခဲလိမ့်မည်။ သို့သော် တန့်ယန်းမင်းသမီးကတော့ မတူချေ။

တကယ်ပဲပါ။ မိန်းမတစ်ယောက် ယူလိုက်ပါတယ်။ အမေကို မေ့သွားတော့တာပဲ။ တန့်ယန်းမင်းသမီးက စိတ်ထဲက ညည်းတွားလိုက်တော့သည်။ သို့တိုင် သူမက မသိမသာ ခေါင်းညိတ်ပြလိုက်လေသည်။ စိတ်မပူပါနဲ့လေ။ သူမက သူ့အဖိုးတန်လေးကို အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေပေးပြီး နောက်ကျရင် သူ့ကို မင်းလက်ထဲ အကောင်းအတိုင်း ပြန်ထည့်ပေးမယ် ဟုတ်ပြီလား။

ထိုအခါမှ ရှန်ဖုန်းမင်သည် ချင်းလုံဧကရာဇ်နှင့်တခြားသူများနှင့်အတူ ထွက်သွားတော့သည်။

ရှေ့တွင် စားသောက်ပွဲတစ်ခုရှိသလို အနောက်ဘက်တွင်လည်း စားသောက်ပွဲတစ်ခု ရှိလေသည်။

ရှမင်းဆက်၏ တိုင်းပြည်အင်အားက ခိုင်မာတောင့်တင်းပြီး နှစ်သစ်ကူးရာသီလည်း ဖြစ်သည်။ နန်းတော်ကို အသစ်တဖန်အလှဆင်ထားပြီး အားလုံးက တလက်လက် တောက်ပနေကာ လွန်လွန်ကျူးကျူးဖြစ်နေတော့သည်။

ခဏအကြာတွင် တော်ဝင်စားပွဲကို ရေများ စီးဆင်းနေသလို တည်ခင်းလိုက်လေသည်။ ဟင်းပွဲအားလုံးက အခြေခံအားဖြင့် စားချင်စရာများသာ ဖြစ်တော့သည်။

သို့သော် ပင်မခန်းမက အနည်းငယ်သောလူများက ထိုဟင်းလျာများကို သုံးဆောင်နိုင်လေသည်။

တော်ဝင်စားသောက်ပွဲနှင့်အတူ မိန်းမလှလေးများကလည်း တင့်တယ်စွာ ဝင်လာကြပြီး သီဆို ကပြကာ ပျော်ရွှင်မှုကို ထပ်လောင်းပေးလိုက်သည်။

ပိုးနှင့် ဝါးသံစုံတီးဝိုင်းသံက ခန်းမကို တခဏတော့ အလွန်စည်ကားသွားစေလေသည်။

သည်အချိန်တွင် ကျန်းယွင်ကျူးက စားပွဲဘေးတွင် ထိုင်နေပြီး အရသာရှိသည့် အစားအသောက်များနှင့် ပြည့်နေသည့် စားပွဲကို ကြည့်နေလေသည်။ သူမသည် စားချင်ပါသော်လည်း ခံတွင်းက မတွေ့သလို ခံစားနေရသည်။ နောက်ဆုံးတော့ သူမသည် ပေါ့ပေါ့ပါးပါး ဟင်းလျာတစ်ချို့ကိုသာ စားလိုက်ပြီးနောက် သီဆို ကပြနေသည်ကို ကြည့်ရင်း စားသောက်ပွဲပြီးလျှင် အိမ်ပြန်ဖို့ စောင့်နေလိုက်တော့သည်။

မယ်တော်ကြီးက အလယ်တွင်ထိုင်ပြီး သူမကို လှမ်းကြည့်လိုက်၏။

တစ်နာရီကြာသွားပြီးနောက် စားသောက်ပွဲက ပြီးစီးသွားလေသည်။ အားလုံး၏မျက်နှာပေါ်က အပြုံးမှာ နောက်ဆုံးတော့ ပိုပြီးရိုးသားလာကာ သူတို့သည် မယ်တော်ကြီးကို ဦးညွှတ်နှုတ်ဆက်ပြီး ပြန်သွားကြတော့သည်။

တန့်ယန်းမင်းသမီးက ပင်ပန်းနေပြီဖြစ်ကာ ကျန်းယွင်ကျူးကို အိမ်ခေါ်ပြန်ဖို့ အသင့်ပြင်ထားလိုက်သည်။

“ရုံရှင်း ခဏနေအုံး”

မယ်တော်ကြီးက သူမကို တားလိုက်၏။ ထို့နောက် သူမက အားလုံးကို မိန့်တော်မူလိုက်သည်။

“အားလုံး ပင်ပန်းသွားကြပြီ၊ ပြန်ကြတော့”

သူမက တန့်ယန်းမင်းသမီးနှင့် စကားပြောချင်မှန်း အားလုံးက နားလည်လိုက်ရာ သူတို့သည် လိမ္မာပါးနပ်စွာ ထွက်သွားကြလေသည်။

မယ်တော်ကြီးက ထရပ်လိုက်ပြီး တန့်ယန်းမင်းသမီးနှင့် ကျန်းယွင်ကျူးကို အနောက်ဘက် အနားယူသည့်နေရာသို့ ခေါ်သွားလိုက်ကာ ထိုနေရာတွင် နန်းတွင်းသမားတော်က စောင့်ဆိုင်းနှင့်နေလေသည်။

“ဒီအမတ်ကြီးက မယ်တော်ကြီးနဲ့ တန့်ယန်းမင်းသမီးကို နှုတ်ဆက်ပါတယ်”

နန်းတွင်းသမားတော်ချူုက မယ်တော်ကြီးနှင့် တန့်ယန်းမင်းသမီးကို လေးစားသမှုပြုလိုက်၏။

တန့်ယန်းမင်းသမီးက အံ့ဩသွားတော့သည်။ ဒါက ဘာလဲ။

မယ်တော်ကြီးသည် ကျန်းယွင်ကျူးကို ထိုင်ခိုင်းလိုက်ပြီးနောက် သမားတော်ချူကို စမ်းသပ်ခိုင်းလိုက်သည်။

ရုတ်တရက်ကြီး ဘာလို့ ကျန်းယွင်ကျူးကို သွေးခုန်နှုန်းစမ်းခိုင်းတာလဲ။ ဧကန္တ။ ထိုဖြစ်နိုင်ခြေကို စဥ်းစားလိုက်ပြီး တန့်ယန်းမင်းသမီး၏နှလုံးခုန်နှုန်းက မြန်ဆန်လာတော့သည်။ သမားတော်ချူက ကျန်းယွင်ကျူး၏သွေးခုန်နှုန်းကို ဂရတစိုက်စစ်ဆေးလိုက်လေသည်။

ကျန်းယွင်ကျူးသည် ထိုနေရာတွင်ထိုင်နေပြီး အမှန်တွင်တော့ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ချို့ရှိနေခဲ့သည်။

တန့်ယန်းမင်းသမီးက နန်းတွင်းသမားတော်ချင်ကို စိုးရိမ်စိတ်ဖြင့် စိုက်ကြည့်နေ၏။

ရုတ်တရက် နန်းတွင်းသမားတော်ချူက ဒူးထောက်ချလိုက်ပြီး မယ်တော်ကြီးကို ပြောလိုက်သည်။

"မယ်တော်ကြီးကို လျှောက်တင်ပါတယ်၊ သခင်မငယ်ရှန်မှာ ဝမ်းမြောက်စရာသွေးခုန်နှုန်းတစ်ခု ရှိနေကြောင်းပါ”

“ဘယ်လို၊ ဝမ်းသာစရာသွေးခုန်နှုန်း ဟုတ်လား၊ မှားတော့ မမှားနိုင်ပါဘူးနော် ဟုတ်တယ်မလား” တန့်ယန်းမင်းသမီးက အရင်ဆုံး အံ့ဩတကြီးဖြင့် ပြောလိုက်၏။

ဝမ်းသာစရာ သွေးခုန်နှုန်းက သွေးခုန်နှုန်းအခြေအနေအများကြီးထဲမှာ စမ်းသပ်ရအလွယ်ဆုံးလေ။ ဆေးပညာအရည်အချင်းမရှိတဲ့လူတွေကတောင် နည်းနည်းပါးပါး သင်ပြပေးတာနဲ့ ဒါကို စမ်းသပ်သိနိုင်တယ်။ နန်းတွင်းဆေးခန်းက ပညာရှင်အနေနဲ့ နန်းတွင်းသမားတော်ချူက ဒါကို ဘယ်လိုလုပ်ပြီးမှားနိုင်မှာလဲ။

“အမှန်တကယ် ဝမ်းမြောက်စရာသွေးခုန်းနှုန်းပါ၊ ကျွန်တော့်အသက်နဲ့ကို အာမခံရဲပါတယ်” နန်းတွင်းသမားတော်ချူက တလေးတစား ပြန်ဖြေလိုက်သည်။

ကိုယ်ဝန်။ ကျန်းယွင်ကျူး ကိုယ်ဝန်လွယ်ထားရပြီတဲ့။ သူမကတော့ မြေးလေးလား မြေးမလေးလား တစ်ယောက်တော့ ရတော့မှာပဲ။ တန့်ယန်းမင်းသမီးသည် အလွန်ဝမ်းသာသွားသဖြင့် ဘာပြောရမည်မသိပင် ဖြစ်သွားတော့သည်။

“အခုထိကို ပျာယာခတ်နေတုန်း၊ မင်းက အဘွားတစ်ယောက်တောင် ဖြစ်တော့မယ်လေ” မယ်တော်ကြီးက ပြုံးစစဖြင့် တန့်ယန်းမင်းသမီးကို စနောက်လိုက်လေသည်။

“မယ်တော်ကလဲ” တန့်ယန်းမင်းသမီးက ရှက်သွားတော့သည်။

“ငါ ပြောတာ မှားလို့လား၊ သူ့မှာ အတွေ့အကြုံမရှိလို့ မသိတာထားတော့၊ မင်းက အတွေ့အကြုံရှိတယ်လေ၊ ဒါတောင် သူ ကိုယ်ဝန်ရှိနေတာ မင်းက မသိဘဲ အဘွားလုပ်ဖို့ နေ့တိုင်း စဥ်းစားရဲသေးတယ်နော်” မယ်တော်ကြီးက ပြောလေသည်။

တန့်ယန်းမင်းသမီးမှာ ပြန်လည်ချေပဖို့ တခြားစကား မရှိချေ။ ပြီးခဲ့သည့်ရက်ပိုင်းက ကျန်းယွင်ကျူးသည် သူမနှင့်အတူ အလုပ်များနေခဲ့သည်ကို ရုတ်တရက်ဆိုသလို သတိရသွားပြီး ရုတ်ခြည်းဆိုသလို ချွေးစေး ပြန်လာတော့သည်။ တော်ပါသေးရဲ့။ အဲဒီတုန်းက ဘာမှမဖြစ်ခဲ့ပေလို့ပဲ။ မဟုတ်ရင် သူမကတော့ အဲဒီအတွက် သေတဲ့အထိ နောင်တရနေတော့မှာ။

“ယွင်ကျူး သမီး ဘယ်လိုနေလဲ”

တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူး၏လက်ကို ကိုင်ပြီး တက်ကြွစွာမေးလိုက်တော့သည်။

ကျန်းယွင်ကျူးက ဘာမသက်မသာဖြစ်ခြင်းမှ မခံစားရချေ။

“အမေ ကျွန်မ နေကောင်းပါတယ်”

တန့်ယန်းမင်းသမီးက စိတ်ပူသွားပြီး နန်းတွင်းသမားတော်ချူကို ကျန်းယွင်ကျူး၏သွေးခုန်နှုန်း ထပ်စမ်းပေးဖို့ တောင်းဆိုလိုက်သည်။ ကျန်းယွင်ကျူးသည် အဆင်ပြေနေမှန်း သိလိုက်သည်နှင့် သူမမှာ စိတ်အေးသွားတော့သည်။

သိပ်မကြာခင်မှာပင် အသက်၅၀အရွယ် ပိန်ပိန်ပါးပါးမျက်နှာနှင့် အထိန်းတော်တစ်ယောက်က ဝင်လာသည်။

“ကျွန်တော်မျိုးမ မယ်တော်ကြီးကို နှုတ်ခွန်းဆက်ပါတယ်၊ မယ်တော်ကြီး ကျန်းခန့်သာလို့မာပါစေ” အထိန်းတော်က မယ်တော်ကြီးကို ဒူးထောက်နှုတ်ဆက်လိုက်လေသည်။

မယ်တော်ကြီးက သူမကို မတ်တပ်ရပ်ခိုင်းလိုက်ပြီးနောက် သူမကို မိန့်ကြားလိုက်လေသည်။

“ဒါက သခင်မငယ်လေးရှန်ပဲ၊ သူ ကိုယ်ဝန်ရှိနေပြီ၊ အခုချိန်ကစပြီး မင်း သူ့နောက်ကို လိုက်သွားရမယ်၊ အမေရော ကလေးပါ အန္တရာယ်ကင်းဖို့ မျှော်လင့်တယ်၊ ငါ ပြောချင်တာကို မင်း နားလည်တယ်မလား”

“ကျွန်တော်မျိုးမ နားလည်ပါပြီ”

အထိန်းတော်က လေးနက်သည့်လေသံဖြင့် ပြောလိုက်၏။

“မယ်တော်ကြီးက အထိန်းတော်ကျုံးကို ယွင်ကျူးကို ပေးမလို့မလား”

တန့်ယန်းမင်းသမီးသည် အထိန်းတော်ကျုံးကို သိနေသဖြင့် တအံ့တဩ မေးလိုက်လေသည်။

အထိန်းတော်ကျုံးသည် မယ်တော်ကြီးနောက်ကို အချိန်အကြာကြီး လိုက်လာသူဖြစ်သည်။ သူမသည် အနှိပ်အနှယ်ကောင်းပြီး ဆေးပညာတချို့ကိုလည်း သိလေသည်။ သူမ ရှန်ဖုန်းမင်ကို ကိုယ်ဝန်ဆောင်စဥ်ကာ မယ်တော်ကြီးက အထိန်းတော်ကျုံးကို သူမကို အချိန်တစ်ခုအထိ စောင့်ရှောက်ပေးဖို့ ပြောခဲ့သေးသည်။ သူမသည် အထိန်းတော်ကျုံးကို အလွန်သဘောကျပြီး မယ်တော်ကြီးထံမှာ တောင်းခဲ့ဖူးသေးသည်။ သို့သော်ငြား မယ်တော်ကြီးက သဘောမတူခဲ့ချေ။

အခုတော့ မယ်တော်ကြီးက အထိန်းတော်ကျုံးကို ကျန်းယွင်ကျူအား ပေးချင်သည်တဲ့။

ဒီလိုကြည့်တော့လည်း မယ်တော်ကြီးက ကျန်းယွင်ကျူးကို ပိုချစ်တာပဲ။ သို့သော်ငြား အလွန်အံ့အားသင့်စရာကောင်းသည် တန့်ယန်းမင်းသမီးမှာ လုံးဝ စိတ်မဆိုးချေ။ ထို့အစား သူမက တော်တော်လေးကို ဝမ်းသာနေလေသည်။

“ငါလည်း အိုလာပြီလေ၊ ငါ့မြစ်ကလေးကို တွေ့နိုင်မယ်ဆိုရင် နောင်တရစရာမရှိတော့ပါဘူး” မယ်တော်ကြီးက ပြန်ပြောလိုက်၏။

“မယ်တော်ကြီး ၊ မယ်တော့်ရဲ့ကျန်းမာရေးက အခုဆို ပိုပို ကောင်းလာတာပါ” တန့်ယန်းမင်းသမီးက ပြောလိုက်၏။

မယ်တော်ကြီးက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

ကျန်းယွင်ကျူးက ဘဝင်မမြင့်ရဲပေ။ သူမက ဒူးထောက်လိုက်ပြီး မယ်တော်ကြီးကို ကျေးဇူးတင်စကား မြန်မြန် ပြောလိုက်လေသည်။

ခဏလောက် စကားစမြည်ပြောလိုက်ကြပြီးနောက် တန့်ယန်းမင်းသမီး၊ ကျန်းယွင်ကျူးနှင့် အထိန်းတော်ကျုံးတို့သည် စီနင်နန်းဆောင်မှ ပြန်လာခဲ့လေသည်။

တော်ဝင်စားသောက်ပွဲက မပြီးသေးချေ။ ထို့ကြောင့် သူတို့သုံးယောက် ရှန်အိမ်တော်သို့ အရင်ဆုံး ပြန်လာလိုက်ကြသည်။

အထိန်းတော်ကျုံးက သူမ၏တာဝန်ကို သိလေသည်။ ရှန်အိမ်တော်ကို ရောက်လာပြီးနောက်တွင် သူမသည် ကျန်းယွင်ကျူးနေထိုင်သည့် ခြံဝင်းဆီတန်းသွားလိုက်ပြီး နည်းနည်းချင်း စတင် စစ်ဆေးလိုက်၏။

ဒီထိုင်ခုံးက အရမ်းပုတယ်။ ကိုယ်ဝန်ဆောင် နောက်ပိုင်းကာလတွေမှာ ဒီခုံနဲ့ထိုင်ရင် ကျန်းယွင်ကျူးရဲ့ဗိုက်ကာ သက်သောင့်သက်သာ ဖြစ်မှာမဟုတ်ဘူး။ တံခါးဘောင်က အရမ်းမြင့်တယ်။ ကျန်းယွင်ကျူး ခလုတ်တိုက်ရင် ဘယ်လိုလုပ်မလဲ။ အိမ်ထဲက ဘွန်ဇိုင်းပင်ထဲမှာ ကျောက်စရစ်ခဲတွေများနေတယ်။ ကျောက်စရစ်က လုံးပြီးချောနေတာ။ ကြမ်းပြင်ပေါ်ကျပြီး ကျန်းယွင်ကျူးသာ နင်းမိသွားရင်...

သူမသည် ပစ္စည်းအားလုံးကို ကြည့်ပြီး အားလုံးကို မှတ်ချက်ပေးလိုက်သည်။

တန့်ယန်းမင်းသမီးက မကြာမကြာ ခေါင်းညိတ်လေသည်။ ပြောင်းလိုက်။ လွှင့်ပစ်လိုက်။ ပြီးတော့ ပိုကောင်းတာနဲ့လဲလိုက်...

ကျန်းယွင်ကျူးမှာ သူမ၏အခန်းက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားတော့မည်ကို ခံစားမိလိုက်ရသဖြင့် အနည်းငယ် ဆွံ့အသွားတော့သည်။ သူမက ကိုယ်ဝန်လေး ရှိရုံပါ။ ဘယ်လိုဖြစ်ပြီး အဲလောက်နူးညံ့သွားရတာလဲ။ ဒါပေမဲ့ အထိန်းတော်ကျုံးက နန်းတော်က လာမှန်း သူမ သိနေပါတယ်။ နန်းတော်ထဲမှာ လူတွေကို အန္တရာယ်ပြုဖို့ နည်းလမ်းပေါင်းစုံရှိတယ်လေ။ သူမ ပြောတာတွေကလည်း ရည်ရွယ်ချက် မပါတာတော့ မဟုတ်ပါဘူး။

အရင်က အန္တရာယ်ထဲ နှစ်ကြိမ်ကျဖူးတာဆိုတော့ တခြားသူတွေကို သတိထားဖို့လိုတယ်တိုတာ သူမ သိနေတယ်။ သို့နှင့် သူမက အထိန်းတော်ကျုံးကို ခွင့်ပြုထားလိုက်တော့သည်။

“သမီး အရင်ဆုံးသွားနားလိုက်၊ ဒီမှာ အမေရှိတယ်”

တန့်ယန်းမင်းသမီးက အထိန်းတော်ချန်နှင့် အိမ်တော်ထိန်းတို့ကို လုပ်ရမည့်ကိစ္စများ မှာကြားရင်း အလုပ်ရှုပ်နေလေသည်။ သူမက လှည့်ကြည့်လိုက်တော့ ကျန်းယွင်ကျူးက ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ပြောလိုက်ခြင်းပင်။

ကျန်းယွင်ကျူးသည် အခန်းထဲက ထွက်သွားရန်သာ တတ်နိုင်တော့သည်။ သို့သော် သူမက အနားယူဖို့ ဘေးအခန်းသို့ မသွားလိုက်ချေ။ ထို့အစားသူမက ဆင်ဝင်အောက်တွင် ရပ်နေပြီး အဝေးကို ကြည့်နေလိုက်သည်။

သည်နေ့က နှစ်သစ်ကူးအကြိုနေ့ဖြစ်သည်။ ရှန်အိမ်တော်ကို မီးပုံးများနှင့် အရောင်အသွေးစုံလှသည့် မီးရောင်များဖြင့် အလှဆင်ထားသည်။ အပြင်ရောင်နှင်းကွက်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့် မီးရောင်များသည် တမူထူးခြားသည့်မြင်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။

ကျန်းယွင်ကျူးက မြင်ကွင်းကို ခံစားရင်း ကိစ္စများကို စဥ်းစားနေလိုက်သည။

သူက ကလေးတစ်ယောက် လိုချင်ပါတယ်။ သူမနဲ့ရှန်ဖုန်းမင်တို့ရဲ့ကလေးတစ်ယောက်။ သူက အဖေကောင်းတစ်ယောက်ဖြစ်မယ်လို့ သူမ ယုံတယ်။ ဒါပေမဲ့ ဒါက ပထမဆုံးအကြိမ် အမေဖြစ်လာတော့မှာမလို့ထင်တယ် ခံစားရတာ သက်သောင့်သက်သာတော့ မဖြစ်နေဘူး။

သည်အချိန်တွင် စင်္ကြံ၏တခြားဖက်က လူတစ်ယောက်က ဝင်လာလေသည်။ ထိုလူ၏ခြေလှမ်းများက အလျင်လိုနေပြီး သူ့နှာခေါင်းဖျားပေါ်တွင် အဖြူရောင်လေငွေ့က ရစ်ပတ်နေသည်။

ရှန်ဖုန်းမင်ပဲ။ ဒီအချိန်မှာ သူက နန်းတော်က တော်ဝင်စားသောက်ပွဲကို တက်နေရမှာမဟုတ်ဘူးလား။

“ယွင်ကျူး ညီမ တကယ်ပဲလား”

ရှန်ဖုန်းမင်က မေးလိုက်၏။ သူသည် ခုနက အမှန်ပင် တော်ဝင်စားသောက်ပွဲကို သုံးဆောင်နေသော်လည်း ကျန်းယွင်ကျူး ကိုယ်ဝန်ဆောင်ထားရသည့် သတင်းကို ကြားလိုက်ရချိန်တွင် သူသည် ချက်ချင်းအိမ်သို့ အပြေးအလွှားပြန်လာခဲ့တော့သည်။

…

နောက်ဆက်တွဲ (၆)

ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။

ရှန်ဖုန်းမင်က သွားများပေါ်သည်အထိ ပြုံးလိုက်လေတော့သည်။ သူက ကျန်းယွင်ကျူးကို ကောက်ချီလိုက်ပြီးနောက် သူမကို မြန်မြန်ပြန်ချထားပေးလိုက်ကာ အနည်းငယ် စိတ်နှင့်ကိုယ် မကပ်သယောင်။

ကျန်းယွင်ကျူးက သူ့အပြုအမူကြောင့် ရယ်ချင်သွားတော့သည်။ ဂုဏ်သိက္ခာရှိလှသည့် စစ်သေနာပတိချုပ်ရှန်တွင်လည်း သည်လိုအချိန်မျိုး ရှိသေးသည်ကိုး။

သူက အလွန်မှ ဂရုတစိုက်ရှိနေတော့သည်။ ထို့ကြောင့်ပင် သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိနေလေသည်။

ကျန်းယွင်ကျူးက သူ့ခါးကို ဖတ်ထားလိုက်ပြီး ခေါင်းကို သူ့ရင်ဘတ်တွင် မီထားလိုက်ကာ သူ၏ “တဒုန်းဒုန်း’ ရင်ခုံသံကို နားထောင်လိုက်၏။ သူမက သူ့ကိုမေးလိုက်လေသည်။

“ဝမ်းသာရဲ့လား”

“ဝမ်းသာတာပေါ့”

ရှန်ဖုန်းမင်က သူမကို ပြန်ဖက်ထားလိုက်ပြီး ပြန်ဖြေလိုက်၏။

“ကျွန်မ အမေ ဖြစ်တော့မှာလား”

ကျန်းယွင်ကျူးက ဆက်ပြီး မေးလိုက်သည်။

“သေချာပေါက် ဖြစ်မှာပေါ့”

ရှန်ဖုန်းမင်က တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်။ သူမက အရမ်းအံ့ဩစရာကောင်းတဲ့သူပဲ။ အမေကောင်းတစ်ယောက် ဖြစ်မှာ သေချာတာပေါ့။

“ကျွန်မတို့ရဲ့ကလေးတွေက ကျန်းမာပြီး ပျော်ရွှင်ရမှာလား” ကျန်းယွင်ကျူးက မေးပြန်သည်။

“အင်း” ရှန်ဖုန်းမင်က ပြောလိုက်၏။

သူ၏ ခိုင်မာသည့်အဖြေများကို နားထောင်လိုက်ပြီးနောက်တွင် ကျန်းယွင်ကျူး၏နှလုံးသားထဲက မသက်မသာဖြစ်နေမှုများက ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားတော့သည်။

သူမ၏စိတ်တို့က ပြန်လည်လာ၏။ သူမက မေးလိုက်လေသည်။

“ဒါဆိုရင် ရှင်က ကျွန်မကို ချစ်မှာလား၊ ကျွန်မတို့ကလေးကို ချစ်မှာလား”

“နှစ်ယောက်လုံးကို ချစ်မှာ”

“တစ်ယောက်ပဲ ရွေးရမယ်ဆိုရင်ကော”

ရှန်ဖုန်းမင်က မေးခွန်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ သည်မေးခွန်းက အမေနှင့် မိန်းမတို့ ရေထဲ တပြိုင်တည်းကျသွားလျှင် မည်သူ့ကို အရင်ကယ်ရမည်နည်းဆိုသည့် မေးခွန်းနှင့် အတူတူပင်။ သူသည် အမှန်အတိုင်း ဖြေလိုက်လျှင် သူက ဘယ်ဖက်ကိုရွေးသည်ဖြစ်စေ မှားပေတော့မည်။

လှည့်ကွက်တစ်ခု ရှိနေသည်ဆိုမှတော့.... ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို မလှည့်စားလိုပေ။

ကျန်းယွင်ကျူး၏အပြုံးက ပီပြင်သည်ထက် ပီပြင်လာတော့သည်။ သူမသည် သူ့ကို အနိုင်ကျင့်ရသည့် တော်တော်လေး စိတ်ဝင်စားစရာကောင်းမှန်း တွေ့လိုက်ရတော့သည်။ ဟုတ်ပါသည်။ သူမက သူ၏ သူမအပေါ်ထားသည့် ချစ်ခြင်းကို မှီခိုနေရပေသည်။ သို့သော်ကြား သည်လိုဖြစ်နေလေလေ သူမက ပိုပြီးပျော်ရွှင်လေလေ ခံစားလိုက်ရတော့သည်။ ဒါက အချစ်ခံရတဲ့ ဒဏ္ဍာရီလာဂုဏ်ပုဒ်တစ်ခု ဖြစ်မယ်ထင်ပါတယ်။

ရှန်ဖုန်းမင်က သူမ၏အတွေးငယ်လေးများကို သတိထားမိပြီး ဖြစ်သော်လည်း မထုတ်ဖော်လိုက်ပေ။ သူမ ပျော်နေသ၍ အဆင်ပြေလေသည်။

မကြာမီတွင် တော်ဝင်ပညာရှင်ရှန် ပြန်ရောက်လာတော့သည်။

“တကယ် ကိုယ်ဝန်ရှိတာလား”

သူက ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးကို မေးလိုက်၏။

“ရှင်က အခုမှ ပြန်လာတတ်တယ်နော်”

တန့်ယန်းမင်းသမီးက ရောက်လာပြီး တော်ဝင်ပညာရှင်ရှန်ကို ထိုးနှက်တော့သည်။ သူက မိသားစုမှာ ဖြစ်သမျှကို အမီမလိုက်နိုင်တဲ့ တစ်ယောက်တည်းသောသူလေ။ အိမ်ထောင်ဦးစီး ဘယ်လိုဖြစ်နေမှန်းတောင် မသိဘူး။

တော်ဝင်ပညာရှင်ရှန်က သည်လိုတိုက်ခိုက်မှုမျိုးကို နေသားကျနေပြီး ဖြစ်လေသည်။ သည်လိုဝမ်းမြောက်စရာကောင်းသည့်နေ့မျိုးတွင် သူသည် သူမနှင့် အငြင်းမပွားလိုချေ။ သို့သော် သူမ ပြောလိုက်သည့်အဓိပ္ပာယ်ကို အကဲခတ်ကြည့်ရုံဖြင့် ကျန်းယွင်ကျူး၏ကိုယ်ဝန်က အမှန်ဖြစ်ပေမည်။

“ဝမ်းသာလိုက်တာ”

သူက သူ့မုတ်ဆိတ်ကြီးကို သပ်ချလိုက်ပြီး သွားများပေါ်သည်အထိ ပြုံးလိုက်တော့သည်။ သူက မကြာခင် အဘိုးတစ်ယောက် ဖြစ်တော့မှာပဲ။ နောက်ဆုံးတော့ မိသားစုက တခြားသူတွေကို အားကျစရာ မလိုတော့ဘူး။

ပြီးတော့ အခုနေ သူတို့ကို ကြည့်ရတာ မိသားစုတစ်ခုတည်းနဲ့ တူမနေဘူးလား။

နှစ်သစ်ကူးအကြိုညမှာ မိသားစုတခုလုံးက အတူတူနောက်ကျတဲ့အထိ နေခဲ့ကြတယ်လေ။

တန့်ယန်းမင်းသမီးက နန်းတွင်းပြက္ခဒိန်ကို ယူကာ ကျန်းယွင်ကျူး မွေးဖွားမည့်အချိန်ကို တွက်ချက်နေလေသည်။ ကိုယ်ဝန်က ဆယ်လ။ အခု သူမက ကိုယ်ဝန် ၁လခွဲလောက် ရှိပြီ။ သဘောက မွေးဖွားမဲ့ရက်က ၈လပိုင်း ၁၅ရက်နေ့လောက်ပဲ။

ဒါက ဆောင်းဦး အလယ် လပြည့်နေ့ဆိုတော့ နေ့ရက်ကောင်းတစ်ခုပဲ။

တန့်ယန်းမင်းသမီးက သဘောတကျကျဖြစ် လက်ပိုက်ကြည့်နေလေသည်။ ထို့နောက်တွင်တော့ ကလေးက မိန်းကလေးဖြစ်မည်လား။ ယောက်ျားလေးဖြစ်မည်လား ဆိုသည့်အကြောင်းကို စကားဖောင်ဖွဲ့ကာ စတင်ပြောဆိုတော့သည်။ ယောက်ျားလေး မွေးခဲ့ရင် သူ့နာမည်က ဘာဖြစ်မလဲ၊ မိန်းကလေးမွေးခဲ့ရင်ကော သူမရဲ့နာမည်က ဘာဖြစ်မလဲ။

သည်အကြောင်းကို ပြောလိုက်သည်တွင် တော်ဝင်ပညာရှင်ရှန်သည် ပိုပြီးတက်ကြွလာကာ အကြံပြုချက်အနည်းငယ်ကို တစ်ခုပြီးတစ်ခု ထုတ်ပြောတော့သည်။ သို့သော်ငြား အားလုံးကို တန့်ယန်းမင်းသမီးက ငြင်းပယ်လိုက်တော့သည်။

နောက်ဆုံးတွင် နှစ်ယောက်သားက တစ်ဖန်စကားများလုနီးနီးပင်။

“ယောက်ျားလေးဆိုရင် သူ့ကို ‘ဟန်’ လို့ခေါ်ကြမယ်၊ မိန်းကလေးဆိုရင်တော့ ‘ဖန်း’လို့ခေါ်ကြမယ် ၊ ဘယ်လိုလဲ”

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို မေးလိုက်၏။

ဟန်။ ရှန်ဟန်၊ ရှန်ဖန်း....။ ‘ဖန်း’ စာလုံးကို ပြောလိုက်သည်တွင် ကျန်းယွင်ကျူးက ထိုစာကြောင်းကို အရင်ဆုံး စဥ်းစားမိလေသည်။ ‘အမျိုးသားကောင်းတစ်ယောက်က ‘ဖန်းရှီ’ (ကျောက်ဆောင်)လို ပြုမူပြီး အမျိုးသမီးတစ်ယောက်က ပမ်းပက်စ်မြက်ပင်လို ပြုမူရမယ်၊ ပမ်းပက်စ်မြက်ပင်က ပိုးသားနဲ့တူပြီး ကျောက်ဆောင်ကတော့ ပြောင်းလဲခြင်းအလျဥ်းမရှိ’တဲ့။ ‘ဖန်း’ဆိုတဲ့စာလုံးက မိန်းတစ်ယောက်ရဲ့ နာမည်လို့ မထင်ရဘူး။

သို့သော် သူက ရှန်ဖုန်းမင်၏အတွေးများကို မြန်မြန်ပင် နားလည်လိုက်လေသည်။

“ကျောက်ဆောင်တစ်ခုလို ခိုင်မာပြီး လှုပ်ခါလို့မရနိုင်ဘူး၊ ‘ဖန်း’ဆိုတဲ့ စာလုံးက သိပ်ကောင်းတာပဲ”

တော်ဝင်ပညာရှင်ရှန်က ပြောလိုက်၏။ သူကတော့ ယောက်ျားလေးကို မိန်းကလေးထက် ပိုသဘောကျတယ်ဆိုပြီး မရှိပါဘူး။ ဒီလောကမှာ မိန်းကလေးတွေကို တခြားသူတွေက အလွယ်တကူ အထင်သေးခဲ့ကြတာပဲ။ ဒါကြောင့်လည်း သူတို့တွေ ကျောက်ဆောင်တစ်ခုလို မာကြောတာ ဖြစ်သင့်တယ်။

တန့်ယန်းမင်းသမီးကလည်း ‘ဖန်း’ စာလုံးက သင့်တော်သည်ဟု ခံစားမိလေသည်။ သူမရဲ့မြေမလေးက တခြားတွေနဲ့ ကွာခြားနေသင့်တာပေါ့။

‘ဟန်’ ဆိုသည့်စာလုံး၏ အဓိပ္ပာယ်ကတော့ သက်ရှည် တည်မြဲသည့် အဓိပ္ပာယ်မှန်း အားလုံးက သိကြသည်။

နာမည်များကို သည်လိုသာ ဆုံးဖြတ်လိုက်ကြတော့သည်။ ယောက်ျားလေးဖြစ်လျှင် ရှန်ဟန်ဟုခေါ်ပြီး မိန်းကလေး ဖြစ်ခဲ့လျှင်တော့ ရှန်ဖန်းဟု ခေါ်ကြမည်။

အားလုံးက လက်ဖက်ရည်သောက်ရင်း စကားဆက်ပြောလိုက်ကြသည်။ အလွန် ပျော်ရွှင်နေကြသည့်အတွက် အချိန်က ကုန်မြန်လေသည်။

နှစ်သစ်ကူးကြိုဖို့ စောင့်လိုက်ကြပြီးနောက်တွင် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့က သူတို့၏အခန်းဆီသို့ ပြန်လာခဲ့ကြသည်။

အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီး ကျန်းယွင်ကျူးက မအိပ်ချင်နေပေ။ သူမသည် ရုတ်တရက် စဥ်းစားမိလိုက်လေသည်။ မနှစ်က ဒီလိုအချိန်မှာ သူမက အမျိုးသမီးချန်၊ တခြားသူတွေနဲ့ နှစ်သစ်ကူးပွဲကို ကျင်းပခဲ့ပြီး နှစ်သစ်ကူးရဲ့ ပထမနေ့ပြီးသွားတော့ လုပြည်နယ်မှာ အသားကင် သွားရောင်းဖို့ စီစဥ်နေခဲ့တာပဲ။

ဒီနှစ်ကျတော့ သူမက ရှန်ဖုန်းမင်ဘေးမှာ နောက်ကျတဲ့အထိ နေလိုက်ပြီး သူမရဲ့ဝမ်းထဲမှာလည်း အသက်လေးတစ်ခု ရှိနေပြီ။

သည်လိုစဥ်းစားမိတော့ သူမသည် ပြုံးမိလေသည်။ မနှစ်တုန်းကဆိုရင် သူမက ဒီနှစ်ရဲ့ သူမအခြေအနေကို စဥ်းစားမိလိမ့်မှာတောင်မဟုတ်ဘူး။

သည်အခိုက်တွင် လက်ဖက်က သူမကို ဖက်လိုက်လေသည်။

ရှန်ဖုန်းမင်၏ရင်ခွင်ထဲတွင် မှီထားလိုက်ပြီး သူမက ဖြည်းဖြည်းချင်း မျက်လုံးများကို မှိတ်လိုက်ကာ အေးအေးချမ်းချမ်း အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့ မနက်စောစောတွင် ကျန်းယွင်ကျူးတို့ ဇနီးမောင်နှံသည် အိပ်ရာစောစောနိုးခဲ့ကြသည်။ သူတို့သည် သည်နေ့တွင် သူတို့၏ဘိုးဘေးများကို ကန်တော့ရပေမည်။ ရှန်မိသားစုသည် မိသားစုကြီးတစ်ခုဖြစ်သဖြင့် သည်နေ့လည်း အလုပ်များပေလိမ့်မည်။

အလုပ်များခဲ့ပြီးနောက်တွင် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့က တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့ကို နှစ်ကူးနှုတ်ဆက်ခြင်းများ ပြုလုပ်ကြသည်။

“မြန်မြန် ထပါ” “ကောင်းတယ်၊ ကောင်းတယ်”

သူတို့နှစ်ယောက်က ရွှမ်းလန်းဝမ်းမြောက်စွာ ပြောလိုက်ပြီးနောက် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့ကို ကြည့်လိုက်ပြီးနောက်တွင် သူတို့သည် ပိုပြီးဝမ်းသာလာကြလေသည်။

မနှစ်က နှစ်သစ်ကူးပထမနေ့တွင် ရှန်မိသားစုသည် အေးစက်ကာ ငြိမ်သက်နေခဲ့သည်။ သို့သော် သည်နှစ်တွင်တော့ ပျော်ရွှင်စည်ကားဖွယ် လေထုတစ်ခု ရှိနေလေသည်။ ထို့အပြင် နောက်ထပ်အသက်တစ်ခုက မိသားစုထဲတွင် မကြာခင် မွေးဖွားလာတော့မည်။ သူတို့သည် အပျော်မလွန်ဘဲ အဘယ်မှာရှိပါမည်နည်း။

တန့်ယန်းမင်းသမီးက အိမ်တော်ဝင်းထဲရှိ လူအားလုံးကို ကြီးကြီးမားမား ဆုချပေးပြီး သူတို့ကိုလည်း ပျော်ရွှင်အောင် လုပ်ပေးခဲ့လေသည်။

ဟုတ်ပါသည်။ သူမက သူတို့ကို သတိပေးဖို့လည်း မမေ့လျော့ချေ။ တစ်ယောက်ယောက်ကသာ သခင်မငယ်လေးကို ဝမ်းနည်းအောင် လုပ်ခဲ့ရင် သည်းမခံလို့ဆိုပြီး သူမကို အပြစ်မပြောလေနဲ့ ဟူ၍။

နေ့ရက်များက ရေအသွင် ကုန်ဆုံးသွားခဲ့သည်။ မကြာခင်မှာပင် ၅လပိုင်း ရောက်လာခဲ့သည်။ ကျန်းယွင်ကျူး၏ ဗိုက်ကလည်း ကြီးသည်ထက် ကြီးလာလေသည်။ သည်နေ့တွင် ချီကျန်းနှင့် နတ်ဆေးသမားတော်ဝူတို့ ပြန်ရောက်ကြပြီဆိုသည့်သတင်းက ဆိပ်ခံတံတားဆီမှာ ရောက်ရှိလာခဲ့သည်။ ကျန်းယွင်ကျူးသည် ချီကျန်းနှင့် တခြားသူများကို စိတ်ပူနေခဲ့ရသည်။ နှစ်သစ်ကူးကာလအတွင်းတွင် ကုန်သင်္ဘောအသစ်က အဆင်သင့်ဖြစ်နေခဲ့သည်။ သူတို့သည် ရွက်လွှင့်ရမည်နိုးနိုး မသေချာဖြစ်နေရုံပင်။ နောက်ဆုံးတွင် ကျန်းယွင်ကျူးတို့သုံးယောက်က ခဏလောက် စောင့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ချီကျန်းနှင့် တခြားသူကများက ၅လပိုင်းမှ မပြန်လာခဲ့လျှင် သူတို့သည် ဒုက္ခရောက်နေသည့် သဘောပင်။ သို့ဆိုလျှင် သူတို့က ကုန်သင်္ဘောအဖွဲ့အသစ်ကို စေလွှတ်ရလိမ့်မည်။ ဒါက သူတို့ကို အကူအညီဖြစ်နိုင်စေလောက်သည်။

ဝမ်းသာစရာကောင်းလိုက်တာ။ အခုတော့ သူတို့တွေ ပြန်လာပြီတဲ့။ ချက်ချင်းဆိုသလို သူမသည် သင်္ဘောဆိပ်ကမ်းသို့ သွားလိုက်ချင်လေသည်။

“မင်းရဲ့ခန္ဓာကိုယ်က....” ရှန်ဖုန်းမင်က စိုးရိမ်တကြီးပြောသည်။

ကျန်းယွင်ကျူး၏ဝမ်းဗိုက်က အခုတော့ အနည်းငယ် ကြီးလာပြီဖြစ်သည်။ မနေ့က သူသည် သန္ဓေသား လှုပ်ရှားသံကို ကြားခဲ့ရသည်။ ထိုအံ့ဩစရာကောင်းသည့် ခံစားချက်က သူတို့နှစ်ယောက်လုံးကို အချိန်အကြာကြီး ပျော်ရွှင်စေခဲ့သည်။

“ကျွန်မရဲ့ခန္ဓာကိုယ်က အဆင်ပြေပါတယ်၊ အထိန်းတော်ကျုံးကလည်း ပြောထားတယ်မလား၊ ကိုယ်ဝန်ဆောင်မိန်းမတွေက တစ်ချိန်လုံး အိပ်ရာထဲမှာပဲ လဲမနေသင့်ဘူး၊ ပိုပြီး လှုပ်လှုပ်ရှားရှား ရှိသင့်တယ်တဲ့” ကျန်းယွင်ကျူးက ပြောလိုက်၏။ အထိန်းတော်ကျုံးအကြောင်းပြောလိုက်တော့ သူမက အထိန်းတော်ကျုံးကို အရမ်းကျေးဇူးတင်မိတာပဲ။

အထိန်းတော်ကျုံးရဲ့ အရမ်းကောင်းလွန်းတဲ့ အနှိပ်အရည်အချင်းကို မပြောသေးနဲ့အုံး။ သူမက နည်းနည်းလေး ပင်ပန်းတယ်လို့ ခံစားရတဲ့အချိန်အတိုင်း အထိန်းတော်ကျုံးက သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာဖြစ်အောင် ချက်ချင်းလုပ်ပေးတယ်လေ။ ကိုယ်ဝန်သည်တွေကို စောင့်ရှောက်ပေးတဲ့ အထိန်းတော်ရဲ့အတွေ့အကြုံက သူမကို ပါးစပ်လှုပ်စရာ မလိုအောင် သက်သာစေတာပဲ။

ဥပမာ အထိန်းတော်ကျုံးကနေပြီး ကိုယ်ဝန်သည်တွေက အားဖြည့်စာတွေ အများကြီး မစားသင့်ဘူး၊ မဟုတ်ရင် သန္ဓေသားက အရမ်းကြီးပြီး မွေးဖွားရခက်လိမ့်မယ်လို့ ပြောပြပေးတယ်လေ။ ကျန်းယွင်ကျူးက သားဦးကိုယ်ဝန်ဆိုတော့ ဒီကိစ္စက အထူးကို မှန်ကန်လွန်းတယ်။

သူမရဲ့စကားတွေကြောင့်ပဲ တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူးကို အားဖြည့်စာတွေကို အတင်းမတိုက်တော့ဘူးလေ။

ဥပမာ အထိန်းတော်ကျုံးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်လို့ ပြောလိုက်တယ်။ ကျန်းယွင်ကျူးကလည်း ဒါကို ယုံကြည်တယ်။ ဒီတော့ ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း သူမက စားသောက်ဆောင်ကို ခါတိုင်းလိုပဲ သွားခဲ့ပေမဲ့ ချက်ပြုတ်တာကိုတော့ ခါတိုင်းထက် လျှော့လိုက်တာပေါ့။

.....

မည်သို့ဆိုစေ အထိန်းတော်ကျုံးက ကိစ္စရပ်အားလုံးကို စဥ်းစားပေးထားပြီးဖြစ်လေသည်။ အဓိကအချက်မှာ သူမပြောသမျှ စကားများက ကျန်းယွင်ကျူး၏စိတ်ကူးများနှင့် ကိုက်ညီနေလေသည်။

ရှန်ဖုန်းမင်သည် ဆိပ်ကမ်းသို့ သွားဖို့ သူမက ဆုံးဖြတ်ချက်ချပြီးသားမှန်း သိလိုက်ရသောအခါ သူမကို ထပ်ပြီး နားမချတော့ချေ။ ထို့အစား သူက လူလွှတ်ပြီး ရထားလုံးတစ်စီးကို ပြင်ဆင်ခိုင်းလေသည်။ လှည်းက ကျယ်ဝန်းကာ ငြိမ်သက်ရမည်ဖြစ်ပြီး အထဲတွင် အခင်းထူထူခင်းရသည်။

ထွက်ခွာမည့်အချိန်တွင်တော့ သူမကို ပိုပြီး အလွယ်တကူ စောင့်ရှောက်ပေးနိုင်ရန် သူက မြင်းမစီးတော့ဘဲ ကျန်းယွင်ကျုးနှင့်အတူ လှည်းစီးလိုက်လေသည်။

ယန်ရှန့်က အပြင်ဘက်က မြင်းတစ်ကောင်ပေါ်တွင် တစ်ယောက်တည်း စီးလာရတော့သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အထီးကျန်သလို ခံစားသွားရတော့သည်။

မကြာမီတွင် သူတို့သုံးယောက်သည် ဆိပ်ကမ်းသို့ ရောက်လာခဲ့ကြသည်။

ဆိပ်ကမ်းပေါ်တွင် ချီကျန်းနှင့် တခြားသူများက သင်္ဘောက ပစ္စည်းများကို ချရင်း အလုပ်များနေကြသည်။ သူတို့သည် သူတို့သုံးယောက်ကို တွေ့ရလိုက်ရသောအခါ အားလုံးက လုပ်လက်စများကို ရပ်လိုက်ပြီး နှုတ်ဆက်လိုက်ကြလေသည်။ သူတို့၏ ဖြူဖွေးနေသည့်သွားများကို ဖော်ပြလိုက်ကြသည်။ လအနည်းငယ်လောက် ပင်လယ်ထဲတွင် နေလာခဲ့ကြပြီးနောက်တွင် အားလုံးသည် လေဒဏ် နေဒဏ်တို့ကြောင့် ညိုမဲလာကြလေသည်။ သို့တိုင် အားလုံးက စိတ်အားတက်ကြွနေကြကာ မျက်နှာပေါ်က အပြုံးများကို မရပ်နိုင်ခဲ့ကြပေ။

ကျန်းယွင်ကျူးက သူတို့ကို သည်လိုတွေ့လိုက်တော့ သည်တစ်ကြိမ်တွင် ပေါများလှသည့် ပစ္စည်းများစွာ ရခဲ့မှန်း သိလိုက်တော့သည်။

သည်အချိန်တွင် လူတစ်ယောက်က သင်္ဘောပေါ်မှ ဆင်းလာသည်။ ထိုလူက ကျန်းယွင်ကျူး၏ဗိုက်ကို တွေ့လိုက်ရသောအခါ ပထမတွင်တော့ အံ့ဩသွားလေသည်။ ထို့နောက်တွင် သူက ရှန်ဖုန်းမင်ကို ဒေါသတကြီး ရှုတ်ချတော့သည်။

နတ်ဆေးသမားတော်ဝူ ပင်ဖြစ်တော့သည်။ သူသည် အမြဲတမ်းလိုပင် စိတ်အားတက်ကြွနေလေသည်။

“အဘိုး”

ကျန်းယွင်ကျူးက သူ့ကို တွေ့လိုက်ချိန်တွင် ဝမ်းသာအားရ ပြောလိုက်၏။

သို့သော်ငြား သမားတော်ဝူက အနားသို့ရောက်လာပြီး သူမက သွေးခုန်နှုန်းကို ချက်ချင်း စမ်းသပ်တော့သည်။ ခဏနေပြီးမှ သူက ပြောလိုက်၏။

“အမေနဲ့ ကလေးတွေ ကျန်းမာကြတယ်”

သူ့အသံထဲတွင် ဖုံးကွယ်လို့မရနိုင်သည့် အပြုံးတစ်ခု ပါနေလေသည်။

“အဘိုး ပင်လယ်ထဲမှာ ဘယ်လိုနေလဲ၊ အခု ပြန်လာပြီဆိုတော့ ထွက်မသွားနဲ့တော့နော်”

ကျန်းယွင်ကျူးက ပြောလိုက်သည်။

ထိုအကြောင်းကို ပြောလိုက်သည်တွင် နတ်ဆေးသမားတော်ဝူတွင် ပြောစရာများ အများအပြား ရှိနေလေသည်။ ပင်လယ်ကြီးက အရမ်းကို စိတ်ဝင်စားစရာကောင်းတာပဲ။ သူသာ ကျန်းယွင်ကျူးကို စိတ်မပူရဘူးဆိုရင် ပြန်လာချင်မှာတောင် မဟုတ်ဘူး။ တော်ပါသေးရဲ့။ သူ ပြန်လာပေလို့ပဲ။ မဟုတ်ရင် သူမ ကလေးမွေးတာကို လွတ်သွားတော့မလို့လေ။

ကလေးမွေးတယ်ဆိုတာ ပျော်စရာမဟုတ်ပေဘူး။ သူ သူမကို စောင့်ကြည့်ပေးမှရမယ်။

“အိုး ဟုတ်သား၊ ဒီမှာကြည့်”

နတ်ဆေးသမားတော်ဝူက သူ့အင်္ကျီလက်ထဲက အဝတ်အိတ်တစ်ခုကို ထုတ်လိုက်ပြီး ကျန်းယွင်ကျူးကို ပြလိုက်လေသည်။

ကျန်းယွင်ကျူးက နေရောင်ခြည်အကူအညီဖြင့် အိတ်ထဲကို ကြည့်လိုက်ရာ အထဲက အလင်းရောင်က လင်းဖြာနေသည်ကို တွေ့လိုက်ရတော့သည်။ ဆီးသီးအရွယ် ပုလဲလုံးများက လင်းဖြားကာ တောက်ပနေလေသည်။

“ဒီပုလဲတွေကို ကမာကောင်ကြီးတွေကနေ ရခဲ့တာ၊ ဒါတွေကို ရဖို့ ငါ့မှာ အများကြီး အားထုတ်ခဲ့ရတာနော်၊ ဒါတွေ့ အကောင်းဆုံးဆေးပစ္စည်းတွေပဲ၊ နောက် ငါ ပြန်ရောက်မှ မင်း စားဖို့ အလှတိုးစေမဲ့ ဆေးရည်ပုလင်း နည်းနည်းပါးပါး လုပ်ပေးမယ်” နတ်ဆေးသမားတော်ဝူက သွားများပေါ်သည်အထိ ပြုံးလိုက်လေသည်။

ဘယ်မိန်းမက အလှအပကို မကြိုက်ဘဲ ရှိပါမည်နည်း။ ကျန်းယွင်ကျူးသည် ထိုစကားကို ကြားလိုက်ရပြီး အလွန်ဝမ်းသာသွားတော့သည်။

သူ့ဘေးက ချီကျန်းနှင့် တခြားသူများက နတ်ဆေးသမားတော်ဝူ၏ စကားကို ကြားလိုက်ရသောအခါ ခါးသက်သက်မျက်နှာထားများ ဖြစ်သွားတော့သည်။ သူက ဒါကိုတွေ ရခဲ့တာတဲ့လား။ သူက သူတို့ကို လုပ်ပေးဖို့ အမိန့်ပဲ ပေးခဲ့တာပါ။ ခဏနေ ဒါဖြစ်လိုက် နောက်ခဏနေရင် ဟိုဟာဖြစ်လိုက်နဲ့။ ဒါပေမဲ့ သူတို့တွေကလည်း ဒါကို လိုလိုလားလားနဲ့ လုပ်ပေးတာပါပဲ။

ဒီတစ်ကြိမ်မှာ သူပါလာတာကိုပဲ ကျေးဇူးတင်ရတယ်လေ။ မဟုတ်ရင် သူတို့တွေက အသက်ရှင်လျက် ပြန်လာနိုင်ဖို့တောင် မသေချာဘူး။

သည်လိုစဥ်းစားလိုက်တော့ သူသည် ကျန်းယွင်ကျူးကို အပြည့်အဝ ကျေးဇူးတင်မိလေသည်။ သူမကြောင့်သာ နတ်ဆေးသမားတော်ဝူက သူတို့နှင့်အတူ ပင်လယ်ထွက်ခဲ့သည့်ကိစ္စကိုတော့ သူသည် အမှန်ပင် မမေ့ပါချေ။

သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးနှင့် တခြားသူများက ဟွမ်လိ၊ လီရှင်းလင်နှင့်တခြားသူများနှင့်အတူ ရောက်လာခဲ့ကြသည်။ သူတို့သည် ဒုတိယသင်္ဘောအဖွဲ့၏ သင်္ဘောသားများဖြစ်ကြလေသည်။ သူတို့ထဲတွင် ဟွမ်လိသည် ချီလင်သက်တော်စောင့်များ၏ ခေါင်းဆောင်ဖြစ်ပြီး လီရှင်းလင်ကတော့ ယန်မိသားစုစစ်တပ်၏ ခေါင်းဆောင်ဖြစ်လေသည်။

အဖွဲ့နှစ်ခုက အတူတူ စုစည်းလိုက်ကြပြီး ယာဥ်ပေါ်မှ ကုန်တင် ကုန်ချရင်း အလုပ်များနေကြသည်။ ညနေခင်းရောက်မှ သေတ္တာအားလုံးကို တင်ပြီးသွားတော့သည်။

မြို့တော်၏ ဆင်ခြေဖုံးတွင်ရှိသည့် ရှန်ဖုန်းမင်၏အိမ်တွင်တော့ ယာဥ်တန်းတစ်ခုက ဖြတ်သန်းသွားပြီး မြေကြီးပေါ်တွင် လှည်းနက်နက်များ ကျန်ခဲ့လေသည်။ ဒါက လှည်းပေါ်မှ သေတ္တာများ၏ အလေးချိန်ကို ပြသနေခြင်းပင်။

သူတို့သည် အိမ်တော်သို့ ရောက်လာသောအခါ အားလုံးက လှည်းပေါ်မှာ သေတ္တာများကို ချလိုက်ကြပြီး ခြံဝင်းထဲတွင် နေရာချလိုက်ပြီး သေတ္တာတစ်လုံးချင်းကို ဖွင့်ထားလိုက်ကြသည်။

နေရောင်အောက်တွင် ရတနာများက တောက်ပလို့နေသည်။ ရွှေရောင်အလင်းက အလွန်မှ စူးရှလေရာ သူတို့၏များလုံးများကို ခက်ခက်ခဲခဲ ဖွင့်ထားရသည်။ လေထုကပင် ရောင်စုံအလင်းများနှင့် တောက်ပနေသယောင်။

“**”

ယန်ရှန့်က သူ့လက်ဖြင့် အလင်းကို ကာထားလိုက်ပြီး မနေနိုင်ဘဲ ကျိန်ဆဲတော့သည်။ သူသည် စစ်သူကြီးယန်၏ သားဖြစ်ပြီး ချီလင်သက်တော်စောင့်တွင် နှစ်အများကြီး နေလာခဲ့သည်။ သူသည် ပစ္စည်းကောင်းများစွာကို တွေ့ခဲ့ဖူးလေသည်။ သို့တိုင် သူ့ရှေ့က ရတနာ၊ ကျောက်စိမ်း၊ ရွှေတုံးနှင့် ရွှေချောင်းများကြောင့် အထိတ်တလန့်ဖြစ်သွားတော့သည်။

ချီကျန်း၊ ဟန်ခို့နှင့် ကျန်လူများက သည်ရတနာများကို မြင်ခဲ့ပြီးသားဖြစ်သည်။ သူတို့သည် ထိုပစ္စည်းများကို ထပ်တွေ့လိုက်ရသောအခါ သူတို့၏မျက်နှာများက နီရဲသွားတော့သည်။

ဟွမ်လိ၊ လီရှင်းလင်နှင့် တခြားသူများဆိုလျှင် ပြောဖွယ်ပင်မရှိချေ။ သူတို့၏နှလုံးများသည် ဗုံများလို ခုန်နေကြပြီး သည်အတိုင်း ငုတ်တုတ်မေ့သွားကြတော့သည်။

ကျန်းယွင်ကျူးက သည်လိုမြင်ကွင်းကို မျှော်လင့်မထားခဲ့ချေ။ သူသည် မနေနိုင်တော့ဘဲ တံတွေးကို မျိုချမိလေသည်။ ငွေနဲ့ ပိုးထည်တွေက လူတွေရဲ့နှလုံးသားကို လှုပ်ခတ်နိုင်တယ်တဲ့။ သည်စကားက အမှန်ပင် မှန်ကန်လေသည်။

ယခုမူ မျက်နှာထားတင်းတင်းနှင့် ရှိနေသည့် တစ်ဦးတည်းသောသူက ရှန်ဖုန်းမင်သာ ဖြစ်လောက်သည်။ သူ့မျက်လုံးများက ကျန်းယွင်ကျူးထံမှ မခွာချေ။

သူ့ကို သည်လိုတွေ့လိုက်ရသဖြင့် သမားတော်ဝူမှာ ပိုပြီးစိတ်အေးသွားတော့သည်။

သံပူတုန်းက ပုံသွင်းရမည်။ ကျန်းယွင်ကျူးက သည်ပစ္စည်းများကို စတင်ရေတွက်ပြီး စာရင်းထဲတွင် စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူမက ထိုအတွက် ပြင်ဆင်ထားပြီးသားပင်။ ၇ယောက် ၈ယောက်လောက်ရှိသည့် စာရင်းကိုင်အရာရှိများနှင့် တန်းဖြတ်ပေးသူများက ပစ္စည်းများကို မြန်မြန်ဆန်ဆန် ရေတွက်ဖို့ အတူတူလုပ်ဆောင်လိုက်ကြလေသည်။

သည်အချိန်တွင် ချီကျန်းနှင့်ဟန်ခို့တို့အတွက် အလုပ်ကိစ္စများ မရှိတော့ချေ။ သူတို့သည် သွားပြီး အနားယူနိုင်လေသည်။ သို့သော် ထိုရတနာများကို ကြည့်နေရခြင်းက မည်သူ့ကို တွန်းလှန်နိုင်ပါမည်နည်း။ အားလုံးက မြန်မြန်ဆန်ဆန် စားသောက်လိုက်ကြပြီးနောက် သူတို့၏အကူအညီ လိုအပ်လို လိုအပ်ညား ပြန်လာခဲ့ကြသည်။

ဟွမ်လိ၊ လီရှင်းလင်နှင့် တခြားသူများက သူတို့ကို ဝိုင်းရံထားပြီး ပင်လယ်ခရီးအကြောင်း မေးနေကြလေသည်။

ချီကျန်းနှင့် တခြားသူများသည် သည်တစ်ကြိမ် ခရီးထွက်ခဲ့ပြီး ပင်လယ်ဓားပြ အဖွဲ့ကြီးနှစ်ဖွဲ့ကို သုတ်သင်ခဲ့ကြသည်။ သေတ္တာများထဲက ရတနာတစ်ဝက်လောက်သည် ထိုပင်လယ်ဓားပြများ၏ သီးသန့်စုဆောင်းပစ္စည်းများဖြစ်လေသည်။ ထိုအကြောင်းပြောလိုက်လျှင် သူတို့၏မျက်ခုံးများက ကခုန်နေပြီး အသက်ဝင်နေတော့သည်။ အလွန်မှ စိတ်ကျေနပ်ဖွယ်ပင်။ ထိုပင်လယ်ဓားပြများသည် မည်မျှပင် ကျော်ကြားခဲ့ပါစေ အမှန်တွင်တော့ ခြေထောက်ပျော့နှင့်ပုဇွန်ဆိတ်များသာ ဖြစ်လေသည်။ တိုက်ခိုက်ဖို့ရန် လုံးဝအားနွဲ့လှသည်။

သူတို့အမြင်အရဆိုလျှင် သူတို့သည် ထိုနေရာတွင်ရှိနေသည်ကို ငွေများကို စွန့်ကျဲဖို့သာဖြစ်တော့သည်။

“ငါ့အထင်ကတော့ ကုန်သွယ်ရေးလုပ်ဖို့တောင် မလိုတော့ဘူး၊ အဲဒီပင်လယ်ဓားပြတွေကို သ-တ်လိုက်ရုံနဲ့ဖြစ်တယ်၊ ဒါက အရင်းအနှီးမလိုတဲ့လုပ်ငန်းပဲ”

ချီကျန်းက သည်လိုနှင့် အဆုံးသတ်လိုက်လေသည်။

ဟန်ခို့က ခေါင်းညိတ်ပြလိုက်၏။ နှစ်ဝက်လောက် အတူတူနေလာခဲ့ကြပြီးနောက်တွင် သူတို့နှစ်ယောက်လုံးသည် အချင်းချင်း လေးစားကြကာ တသက်စာမိတ်တွေများ ဖြစ်လာကြလေသည်။

သူတို့နှစ်ယောက်လုံးက စစ်တပ်မှဖြစ်လေသည်။ သူတို့သည် ပင်လယ်ဓားပြများကို ဖျက်ဆီးရာတွင် ထူးချွန်ကြသည်။ ဟွမ်လိနှင့်တခြားများက ထိုအကြောင်းကို ကြားလိုက်ပြီးနောက် သွားရည်များ ကျလာတော့သည်။ သူတို့လည်း အဲဒီပင်လယ်ဓားပြတွေကို သ-တ်ချင်တယ်လေ။ နောက်ပြီးတော့..ဟဲဟဲ။

ညရောက်လာပြီး ပစ္စည်းစာရင်း သွင်းသည့်အလုပ်က ဆက်လုပ်နေသည်။ သို့တိုင် ရှန်ဖုန်းမင်ကတော့ ကျန်းယွင်ကျူးကို အနားယူဖို့ အတင်းခေါ်သွားခဲ့သည်။

သုံးရက်လောက် အချိန်ယူကာ စာရင်းသွင်းလိုက်ပြီးနောက်မှ ရတနာများကို အပြီးတိုင် ရေတွက်ပြီးခဲ့ကြတော့သည်။

ကျန်းယွင်ကျူးက စာရင်းစာအုပ်ကို ကြည့်လိုက်ပြီး ဆွံ့အသွားတော့သည်။ သည်ခရီးက ကုန်သင်္ဘောအဖွဲ့အတွက် ရင်းနှီးထားသည်များ အားလုံးကို ပြန်ရှာနိုင်ခဲ့ရုံမကဘဲ အမြတ် လျန်၁.၆၇သန်း ရှာနိုင်ခဲ့သည်။ ပိုးထည်၊ လက်ဖက်ခြောက်၊ ကြွေထည်နှင့် ရောင်စုံဖန်ခွက်များကို တခြားကုန်သည်များ ဘယ်တော့မှမသွာခဲ့သည့် နေရာတွင် ရောင်းချခဲ့သည်။ သူတို့အတွက် ရွှေနှင့်ငွေအလေးချိန် တူညီလုနီးပါး အလဲအလှယ်လုပ်ခဲ့ကြသည်။ ထို့အပြင် ထိုပင်လယ်ဓားပြများ၏ စုဆောင်းပစ္စည်းများက အခြေခံအားဖြင့် အလကားရသည့်ပစ္စည်းပင်ဖြစ်တော့သည်။

…

နောက်ဆက်တွဲ (၆.၂)

ဒါက ပိုက်ဆံ ကောက်ရလိုက်သလိုပင်။ ဟုတ်ပါသည်။ ကျန်းယွင်ကျူးက ငွေကို သူမတစ်ဦးတစ်ယောက်တည်းအတွက် မသိမ်းလိုက်ချေ။ သည်တစ်ကြိမ်တွင် ချီကျန်းနှင့် တခြားသူများသည် မုန်တိုင်းနှင့်လှိုင်းများ၊ ရောဂါများ စသည့် အခက်အခဲများစွာကို အမှန်တကယ် ရင်ဆိုင်ခဲ့ရမှန်း သူမ သိလေသည်။ ဒါက ချီကျန်းနှင့် တခြားများ ဖြစ်နေခြင်းကြောင့်ပင်။ သူတို့နေရာတွင် အခြားသူများသာဆိုလျှင် သူတို့အားလုံး ပင်လယ်ထဲသို့ နစ်မြှုပ်သွားလောက်ပေသည်။

သတိထားရအုံးမှာပဲ။ သူမက ကိုယ့်ဟာကိုယ် သတိပေးလိုက်၏။

တော်သေးတာပေါ့။ ဒီတစ်ကြိမ်မှာ အတွေ့အကြုံအများကြီး ရလိုက်ပေလို့ပဲ။ နောက်တစ်ခါ ပင်လယ်ထွက်မယ်ဆိုရင် ကြိုတင်ကာကွယ်မှုတွေကို ပြင်ဆင်ထားရလိမ့်မယ်။

သူမသည် စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက်တွင် အမြတ်များကို စတင် ခွဲဝေပေးလိုက်လေသည်။

နောက်တစ်နေ့ မနက်ခင်းစောစောတွင် အားလုံးက ခြံဝင်းထဲတွင် လူစုလိုက်ကြသည်။

ကျန်းယွင်ကျူးက ထိုနေရာတွင် ရပ်နေပြီး သည်ပင်လယ်ခရီးက ရခဲ့သည့် အရာအားလုံးကို ရှင်းပြလိုက်၏။

အားလုံးက ဂရုတစိုက် နားထောင်နေကြကာ ခေါင်းဆောင်တစ်ယောက်၏ မိန့်ခွန်းကို နားထောင်နေသည့် အနည်းငယ် ဆင်တူနေလေသည်။ အမှန်တွင်တော့ မျက်လုံးများက နောက်ပြောမည့်အရာကို ပိုပြီး စိတ်ဝင်စားနေကြခြင်းပင်။

ကျန်းယွင်ကျူးက နားလည်သွားပြီး စကားကို မြန်မြန် အဆုံးသတ်လိုက်လေသည်။ သူက လက်ကိုဝေ့ယမ်းပြလိုက်ပြီး ချီကျန်းနှင့် တခြားသူများအား သေတ္တာများကို သယ်လာခိုင်းလိုက်၏။

အစောပိုင်း သဘောတူညီထားချက်အရ ယန်ရှန့်သည် ကုန်သင်္ဘောက ရလာသည့် အမြတ်၆ရာခိုင်နှုန်း ရရှိပြီး ချီကျန်းနှင့် တခြားသူများက ၇ရာခိုင်းနှုန်းရကာ ဟန်ခို့နှင့်အဖွဲ့က ၇ရာခိုင်နှုန်းစီရပေမည်။ ချီလင် သက်တော်စောင့်များက ၅ရာခိုင်းနှုန်းနှင့် ယန်စစ်တပ်က ၁၀ရာခိုင်နှုန်းဖြစ်ကာ ကျန်သည်က ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့၏ ဝေစုပင်။

တနည်းအားဖြင့် သည်တစ်ကြိမ်တွင် ယန်ရှန့်က ယွမ် ၁သိန်း၊ ချီကျန်းနှင့် တခြားသူများက ယွမ် ၁သိန်း၂သောင်း၊ ဟန်ခို့နှင့်အဖွဲ့က ယွမ်၁သိန်း၂သောင်း၊ ချီလင်သက်တော်စောင့်အဖွဲ့က ၈သောင်းနှင့် ယန်စစ်တပ်က ယွမ်၇သောင်းစီရကြသည်။

ချီကျန်းနှင့်အဖွဲ့က လူနည်းကြသဖြင့် သူတို့သည် အညီအမျှခွဲလိုက်ကြကာ တစ်ယောက်စီက ယွမ်၁၀၀၀ကျော် ရကြသည်။ ဟန်ခို့နှင့်တခြားသူများက တစ်ယောက်ကို ယွမ်၇၀၀ စီရကြလေသည်။

ချက်ချင်းဆိုသလို လူတစ်ယောက်က သူတို့ထံသို့ ရွှေနှင့်ငွေထည့်ထားသည့် သေတ္တာများ သယ်လာခဲ့သည်။

များပြားလှသည့်ငွေများကြောင့် ချီကျန်းနှင့်အဖွဲ့က အဆင်ပြေကြသော်လည်း ဟန်ခို့နှင့်အဖွဲ့ကတော့ မျက်လုံးများ နီရဲလာလေတော့သည်။

ကြည့်လေ။ သူတို့အားလုံးက ဆင်းရဲတဲ့မိသားစုက လာကြတာ။ သူတို့တွေက အစားအသောက်အတွက် စစ်ထဲဝင်ခဲ့ကြပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတယ်။ စစ်တပ်ထဲမှာ ဆယ်နှစ်လောက် အချိန်ကုန်ခဲ့ပြီး သူတို့တွေက သူတို့ရဲ့အသက်ကို စွန့်လွှတ်ပြီးမှ ငွေယွမ်၂၀ပဲ ရနိုင်ခဲ့ကြတယ်။ သူတို့တွေမှာ အိမ်တစ်လုံးလည်း မဆောက်နိုင်သလို မြေကောင်းတစ်ခုလည်း မဝယ်နိုင်ခဲ့ဘူး။ သူတို့တွေ စစ်တပ်ထဲ ဝင်ခဲ့ကြတယ်။ ပြန်လာတော့ရော သူတို့တွေက ဆင်းရဲတဲ့ဒုက္ခကို ခံစားနေရတုန်းပဲ။

ဒါပေမဲ့ ဒီတစ်ခါ သူတို့တွေ နှစ်ဝက်ကျော်လောက်ပဲ အပြင်ထွက်ခဲ့တာ ယွမ်၇၀၀ကျော် ရှာနိုင်ခဲ့တယ်တဲ့။ ဘယ်လိုတောင်မှလဲ။ တကယ်လို့ သူတို့တွေ ဇာတိမြို့ကို ပြန်သွားရင်တောင် ဒီယွမ် ၇၀၀နဲ့ သူတို့တွေ အိမ်တစ်လုံး ဆောက်နိုင်ပြီး မြေဝယ်ထားနိုင်တယ်။ ပြီးတော့ သူတို့ရဲ့ကျန်တဲ့ဘဝကိုလည်း အပူပင် ကင်းကင်းနဲ့ နေနိုင်လိမ့်မယ်။

ညတွင်းချင်း ချမ်းသာလာတဲ့ ခံစားချက်ပဲ။

ပြီးတော့ သူတို့တွေက ရောက်မလာနိုင်တဲ့ ယန်မိသားစုတပ်ထဲက သူတို့ရဲ့ညီအစ်ကိုတွေအတွက် ယွမ် ၇သောင်းကျော် ရှာပေးနိုင်ခဲ့သေးတယ်။

အဲဒီလူတွေက သေဆုံးသွားပြီဆိုရင်တောင် သူတို့ရဲ့မိသားစုက ဒုက္ခတွေ ခံစားနေရသေးတယ်လေ။ သူတို့တွေက ဆင်းရဲပြီး ဖျားနာကြမယ်။ ဒါမှမဟုတ် သူတို့တွေကို ကြံမရာအခြေအနေတစ်ခုထဲ အတင်းတွန်းပို့ခံထားရတာ ဖြစ်နိုင်တယ်....

ဒီယွမ် ၇သောင်းနဲ့ဆိုရင် သူတို့တွေ သေချာပေါက် ပိုကောင်းတဲ့ဘဝတစ်ခုမှ နေနိုင်မှာ သေချာတယ်။

ဒါနဲ့ စစ်တပ်ထဲမှာ ကျန်ခဲ့သေးတဲ့ အဲဒီညီအစ်ကိုတွေလည်း ရှိသေးတယ်။ နယ်စပါမှာ အရိုးခိုက်အောင် အေးစက်ပေမဲ့ သူတို့တွေက အအေးဓာဏ်ကို အန်တုဖို့ အရက်တစ်အိုးတောင် မတတ်နိုင်ကြဘူး။ အခုတော့ သူတို့တွေ တတ်နိုင်သွားပါြပီ။

ထိုသို့စဥ်းစားလိုက်ပြီး သူတို့သည် အနည်းငယ် ဂုဏ်ယူမိသွားတော့သည်။ သူတို့သည် ထိုညီအစ်ကိုများကို တွေ့ချင်သွားပြီး သူတို့ကိုလည်း ငွေများကို အမှန်ပင် မြင်စေချင်မိသွားလေသည်။

သူတို့သည် ဝမ်းသာနေကြလေသည်။ လီရှင်းလင်နှင့် တခြားသူများက သေလောက်အောင် စိတ်လှုပ်ရှားနေကြတော့သည်။ သူတို့လည်း ပင်လယ်ထွက်ပြိး ငွေအများကြီးရှာချင်နေပြီလေ။

“သခင်မ သူတို့တွေ ပြန်လာရင် ကျွန်တော်တို့ကို ပင်လယ်ထွက်ခိုင်းမယ်လို့ ပြောခဲ့တယ်မလား၊ အခု သူတို့တွေ ပြန်လာကြပြီလေ၊ ကျွန်တော်တို့ မနက်ဖြန် စထွက်သင့်ပြီပေါ့” လီရှင်းလင်က ကျန်းယွင်ကျူးကို အားတက်သရော မေးလိုက်သည်။

သူ့နောက်တွင်တော့ အားလုံးက ကျန်းယွင်ကျူးကို စိတ်အားထက်သန်စွာ ကြည့်နေကြလေသည်။

ဟန်ခို့နှင့်တခြားသူများကလည်း စိတ်လှုပ်ရှားသွားကြပြီး

“သခင်မ ကျွန်တော်တို့ကိုပဲ သွားခိုင်းပါ၊ ကျွန်တော်တို့မှာ အတွေ့အကြုံရှိတယ်လေ”

သူတို့လည်း သွားပြီး သူတို့ညီအစ်ကိုများအတွက် ငွေပိုရှာချင်ကြလေသည်။

All Chapters