အခန်း (၁၃၆-၁၃၈)
Vol. 9 Ch. 136-138
နောက်ဆက်တွဲ (၇.၁)
“အစ်ကိုဟန် မင်းတို့အားလုံး အဲဒီကို တစ်ခါရောက်ဖူးပြီးပြီလေ၊ အနားယူပြီး ကျွန်တော်တို့ ပေးသွားလိုက်တာ ပိုကောင်းပါတယ်ဗျ” လီရှင်းလင်က ဟန်ခို့ကို ပြောလိုက်သည်။
“ငါတို့တွေက အဲဒီကို တစ်ကြိမ် ရောက်ခဲ့ဖူးပြီးသားမလို့ လမ်းကြောင်းကို ရင်းနှီးတယ်လေ၊ ငါတို့ပဲ သွားသင့်တာပေါ့” ဟန်ခို့က မျက်နှာသေနဲ့ ပြောလိုက်သည်။
နှစ်ယောက်သားက အချင်းချင်း အလျှော့ပေးဖို့ ငြင်းဆန်နေကြပြိး နောက်ဆုံးတော့ ကျန်းယွင်ကျူးကို ဆုံးဖြတ်ပေးဖို့ မေးလိုက်ကြလေသည်။
ကျန်းယွင်ကျူးက သည်ကိစ္စကို စဥ်းစားထားပြီးသားပင်။ ဟန်ခို့နှင့် တခြားသူများ၏ အတွေ့အကြုံကို ကြည့်လျှင် သူမသည် တချို့ကိစ္စများကို ပြင်ဆင်ပြီး ကုန်သင်္ဘောကို ပြန်လည်ထိန်းညှိဖို့ လိုအပ်သေးသည်။ အားလုံးကို ဖြေရှင်းပြီးမှ
“ဟွမ်လီ၊ လီရှင်းလင် ရှင်တို့ ခရီးထွက်ရမယ်”
“ဟုတ်ကဲ့”
ဟွမ်လီ၊ လီရှင်းလင်နှင့် တခြားသူများက လက်များကို ယှက်လိုက်ကြပြီး စိတ်လှုပ်ရှားကာ ပြန်ဖြေလိုက်ကာ အသံက ကောင်းကင်ယံကို တုန်ခါသွားစေတော့သည်။
သူတို့နှင့် ဆန့်ကျင်လျက် ချီကျန်း၊ ဟန်ခို့နှင့် တခြားသူများက စိတ်ပျက်သွားကြတော့သည်။
သူတို့ကို ထိုသို့တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက ပြုံးပြီး ပြောလိုက်၏။
“ရှင်တို့တွေ တကယ်ပဲ အနားယူသင့်တယ်၊ ကျွန်မ ရှင်တို့ကို အနားယူဖို့ သုံးလအချိန်ပေးမယ်၊ သုံးလနေပြီးရင် ရှင်တို့တွေ ပင်လယ်ထဲ ထပ်ထွက်ရလိမ့်မယ်
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ချီကျန်း၊ ဟန်ခို့နှင့်တခြားသူများ အားလုံးက ဝမ်းသာသွားကြတော့သည်။
“ဒါနဲ့ ရှင်တို့အတွက် နောက်ထပ်တာဝန်တစ်ခုရှိသေးတယ်” ကျန်းယွင်ကျူးက သူတို့ကို ထပ်ပြောလိုက်သည်။
“ဟုတ်ကဲ့”
သူတို့နှစ်ယောက်က သူမ ပေးလာမည့်တာဝန်ကို သိချင်သွားတော့သည်။
ထိုညနေခင်းတွင် ယန်ရှန့်က လူတစ်စုကို ဦးဆောင်လာပြီး လှည်းတော်တော်များများကို မောင်းကာ အိမ်ပြန်လာလေသည်။ လမ်းတစ်လျှောက်တွင် သူသည် အလွန်မှ ဂုဏ်ယူရသဖြင့် ခွန်းတောက်သီချင်းလေး တစ်ကြောင်းနှစ်ကြောင်းလောက်ပင် ညည်းချင်သွားတော့သည်။
သူက ယန်အိမ်တော်ကို ရောက်လာချိန်တွင် သူ့အမေနှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ သူမက အပြင်ထွက်ဖို့ ပြင်နေဟန်တူသည်။
“အမေ” ယန်ရှန့်က နှုတ်ဆက်လိုက်သည်။
သခင်မယန်က သူ့ကို သည်လိုပုံစံနှင့် တွေ့လိုက်ရသောအခါ အလွန်မှ ဒေါသထွက်သွားတော့သည်။ အိမ်မှာ အိုးကိုတောင် ဖွင့်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေ ဖြစ်နေတာကို သူက ရှီလျို့ကို သဘောကျနေနိုင်သေးသတဲ့။
“နင်က ငါ့ကို ဘာဖြစ်စေချင်နေတာလဲ၊ ငါ့မှာ ငွေလိုနေတာတောင် တပြားမှ မရှိဘူး၊ ငါလည်း ငါ့အသက်ကို လိုချင်သေးတယ်ဟဲ့၊ ငါ့မှာ ဒီတစ်သက်ပဲရှိတာ”
ပြီးခဲ့သည့်ရက်အနည်းငယ်က ယန်ရှန့်သည် ယွမ်ငွေ၂၀၀၀ ကုန်ကျမည့် မြင်းကောင်းတစ်ကောင်ကို ဝယ်ချင်ခဲ့လေသည်။ ထိုအကြောင်းကို ကြားလိုက်ပြီးနောက်တွင် သခင်မယန်က သူ့ကို ထေ့ငေါ့သရော်လုနီးနီးပင်။
မိသားစုဝင်တွေမှာ လူကြီးက အမြဲတမ်း အပြင်မှာ ငွေချေးငှားနေရတယ်။ လူငယ်ကတော့ ချီလင်သက်တော်စောင့်ဌာနမှာ နှစ်တွေအများကြီး လုပ်လာပြီး အိမ်ကို တပြားမှ ယူမပြန်လာဘူး။ အောက်အငယ်နှစ်ယောက်ဆိုရင်တော့ ပြောမနေနဲ့တော့။ မိသားစုရဲ့ကုန်ကျစားရိတ်နဲ့ အသုံးအဆောင်တွေ အားလုံးကို သခင်မယန်တစ်ယောက်ထဲကိုပဲ မှီခိုခဲ့ရတာ။ သူမမှာ ဒီအကြောင်း စဥ်းစားလိုက်ရုံနဲ့တင် စိတ်ဓာတ်ကျလာပြီလေ။
“အမေ”
ယန်ရှန့်က တဟိဟိရယ်လိုက်ပြီး သူ့နောက်က သေတ္တာကို ပုတ်ပြလိုက်ကာ
“ အထဲမှာ ဘာရှိတယ်လို့ထင်လဲ”
သခင်မယန်က သူ့နောက်မှလှည်းများကို မြင်နေသော်လည်း ဂရုမစိုက်ပေ။
“ဘာတွေလဲ၊ ထပ်ပြီးတော့ မိန်းမတွေ ခေါ်မလာနဲ့နော်၊ ငါ့ နင့်ကိုတောင် မထောက်ပံ့နိုင်တော့ဘူး”
ယန်ရှန့်သည် အလွန် ရှက်ရွံ့မိသဖြင့် ထိုကိစ္စကို ဆက်ပြီး လျှို့ဝှက်မထားနိုင်တော့ပေ။ သူက သေတ္တာကို နည်းနည်းလေး ဖွင့်လိုက်လေသည်။
သခင်မယန်က သူမ၏မျက်လုံးများကို စူးသွားစေသည့် ရွှေချောင်းတစ်ခုသာ တွေ့လိုက်ရလေသည်။
သူမ၏နှလုံးခုန်နှုန်းက မြန်ဆန်သွားပြီး ယန်ရှန့်ကို မေးမနေတော့ဘဲ သူမက သေတ္တာဆီ တန်းသွားလိုက်ကာ အထဲကို သေသေချာချာ ကြည့်လိုက်တော့သည်။ ရွှေ။ အားလုံးက ရွှေတွေ။ ဒါက ရွှေသေတ္တာတစ်လုံးပဲ။ ဒီလောက်ကြီး သေတ္တာတစ်လုံးဆို ရွှေဘယ်လောက်များ ဆံ့မလဲ။ ပြီးတော့ နောက်က အဲဒီလှည်းတွေ....
သူမက သေတ္တာကို မြန်မြန်ပိတ်လိုက်ပြီး ယန်ရှန့်ကို မေးလိုက်တော့သည်။
“ဒါတွေ ဘယ်က ရလာတာလဲ” သူ ခိုးလာတာလား။ ဒါမှမဟုတ် လုယက်လာတာလား။
ယန်ရှန့်က သူ့အမေ၏ အတွေးများကို မြင်လိုက်ရသဖြင့် မျက်နှာညှိုးသွားတော့သည်။ သူက အဲလောက်တောင် ခံနိုင်ရည်မရှိတဲ့သူလား။
“ဒါက ပင်လယ်ထွက်သွားတဲ့ ကုန်သင်္ဘောကနေ ရလာတဲ့ဟာ၊ ကုန်သင်္ဘောအဖွဲ့က ပြီးခဲ့ရက်ပိုင်းလောက်တုန်းက နောက်ဆုံးပြန်ရောက်လာပြီး ဒါက ကျွန်တော်တို့ ဝေစုရဲ့အမြတ်”
သခင်မယန်က သည်ကိစ္စကို အမြဲတမ်း သတိတရ ရှိခဲ့သော်လည်း သည်လောက်အချိန်အကြာကြီး ကုန်ဆုံးသွားပြီးနောက်မှာပင် ဘာသတင်းမှမရခဲ့ပေ။ ရုတ်တရက်ကြီး သူမက ဘာလို့ ငွေကို ခွဲပေးလိုက်တာလဲ။ ခွဲပေးလိုက်တာမှလည်း အများကြီးပဲ။
သူမက ယန်ရှန့်ကို ဖမ်းဆုပ်လိုက်ပြီး သူ့ကို အိမ်ထဲသို့ ဆွဲခေါ်သွားကာ
“ဘာဖြစ်သွားတာလဲ ငါ့ကို ပြောပါအုံး”
သူတို့နှစ်ယောက်က အိမ်ထဲဝင်လာကြသည်။ ယန်ရှန်က ကိစ္စကို အကျဥ်းချုံ့ရှင်းပြလိုက်လေသည်။ သခင်မယန်သည် သည်ခရီးက ယွမ်တစ်သောင်း အမြတ်ရကြောင်းနှင့် ကုန်သင်္ဘောက ခရီး ထပ်ထွက်အုံးမည်ဟု ကြားလိုက်ရသည်. သူမက ချက်ချင်းဆိုသလို ခြံအနောက်ဘက်ကို ထထွက်သွားပြီး သေတ္တာများကို စစ်ဆေးလိုက်တော့သည်။
ပထမသေတ္တာက ရွှေအပြည့်ပါပြီး ကျန်သေတ္တာများက ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းများ အပြည့်ထည့်ထားသည်။ အကြမ်းဖျင်းခန့်မှန်းလိုက်ပြီး အမှန်ပင် ယွမ်တစ်သောင်းတန်နေသည်။
သူမက ဒါကို ကြည့်လိုက် ဟိုဟာကို ထိလိုက်နှင့် သူမ၏စိတ်လှုပ်ရှားမှုကို အလွယ်တကူ သိမြင်နိုင်လေသည်
“အမေ ဘယ်လိုလဲ”
ယန်ရှန့်က သေတ္တာကို မှီလိုက်ပြီး အမေဖြစ်သူ၏ ချီးကျူးစကားကို စောင့်နေလိုက်၏။
သခင်မယန်က သေတ္တာကို ပိတ်လိုက်ပြီး
“နင် သူငယ်ချင်းကောင်းတစ်ယောက် ရထားတာပဲ” သူမက ပြောလိုက်လေသည်။
ဒါ...။ ယန်ရှန့်က ကောင်းသည်ဟု မခံစားရသလို ဆိုးသည်ဟုလည်း မခံစားရချေ။ သူမက သူ့ကို ချီးကျူးလိုက်တယ်လို့ထင်ရပေမဲ့ အပြည့်အဝ ချီးကျူးလိုက်တဲ့ပုံလည်း မဟုတ်ဘူး။ သူ့အမေလို့ မပြောရဘူး။ သူမက အမြဲတမ်း သူ့ကို တစ်နည်းနည်းနဲ့ အနိုင်ယူဖို့ နည်းလမ်းတစ်ခုတော့ ရှိနေတာပဲ။
သခင်မယန်က သူ့ကို သည်လိုပုံစံ တွေ့လိုက်ရချိန်တွင် ပိုပြီး ပျော်ရွှင်သွားသော်လည်း သူက သူမစကားကို ဘယ်တော့မှ နားမထောင်ခဲ့ပေ။
သားအမိနှစ်ယောက်က သည်ဖက်တွင် ရန်ဖြစ်နေကြလေသည်။ ဟန်ခို့နှင့်အဖွဲ့က ကျန်းယွင်ကျူး သူတို့ကို ပေးခဲ့သည့်တာဝန်ကို သိလာခဲ့ရသည်။ သည်တစ်ကြိမ် ယန်စစ်တပ်ရရှိသည့် အမြတ် ယွမ်၇သောင်းကျော်ကို သူမက သူတို့ကို နယ်စပ်သို့ ပို့ပေးစေချင်ခဲ့သည်။
ဟုတ်ပါသည်။ ကျန်းယွင်ကျူးက သူတို့ သွားဖို့ဆန္ဒ မရှိခဲ့လျှင် တခြားသူများကို သွားခိုင်းနိုင်လေသည်။
သူက ဘယ်လိုလုပ်ပြီး မသွားချင်ရမှာလဲ။ ဟန်ခို့က ချက်ချင်း လက်ခံလိုက်၏။ သူကလည်း နယ်စပ်ကို ပြန်ပြီး သူ့ညီအစ်ကိုတွေနဲ့ သွားတွေ့မလို့ပဲလေ။
. . .
နောက်ဆက်တွဲ (၇.၂)
ဟန်ခို့သည် ပြန်ရောက်လာပြီးနောက် ထိုကိစ္စကို သူ့ညီအစ်ကိုများအား ပြောပြလိုက်ကာ သူနှင့်အတူ လိုက်ပြန်ချင်သူရှိမရှိ မေးလိုက်၏။
အားလုံးက သူတို့လည်း သူနှင့်အတူ သွားချင်သည်ဟု တစ်ပြိုင်တည်း အသံထွက်ကြလေသည်။
ဘာပဲဖြစ်ဖြစ်လေ။ သုံးလနားရမှာ။ နောက်ဆုံးတော့ ဟန်ခို့သည် အားလုံးက အတူတူပြန်သွားသင့်ဟု ဆုံးဖြတ်လိုက်တော့သည်။
နေ့ရောညပါ ခရီးနှင်လာခဲ့ပြီး သူတို့သည် ပင်ပန်းသည်ဟု လုံးဝမခံစားချေ။ ဆယ်ရက်ကြာပြီးနောက်တွင် သူတို့သည် ယွီမင်ဂိတ်သို့ ရောက်လာကြသည်။ ယွီမင်ဂိတ်မှ ထွက်ခွာလာပြီးနောက်တွင် ယန်မိသားစု စစ်တပ် စခန်းချထားသည့် ပါ့ကျောင်းကူမြို့သို့ ရောက်ရန် မိုင်သုံးရာသာလိုတော့သည်။
သူတို့သည် သည်ကိုလာသည့်လမ်းတွင် တိုင်ပင်လာကြပြီးဖြစ်၏။ သူတို့သည် ဒီတစ်ကြိမ်ရှာခဲ့သည့် ငွေတဝက်ကို ဝိုင်နှင့်အသားများ ဝယ်ကာ သူတို့ညီအစ်ကိုများနှင့် မျှဝေကြမည်။
ထို့ကြောင့် သူတို့သည် ယွီမင်ဂိတ်တွင် နှစ်ရက်လောက် နေလိုက်ကြပြီး ထိုနေရာက အစားအသောက်နှင့် ဝိုင် အားလုံးနီးပါးကို ဝယ်ခဲ့ကြလေသည်။
တတိယမြောက်နေ့တွင် သူတို့သည် ပါ့ကျားဂူမြို့သို့ ရောက်လာကြသည်။
ရင်းနှီးပြီးသား ရှေးဟောင်းမြို့ကို ကြည့်ရင်း လူများက နေရာတွင် မျက်ရည်များ စီးကျလာကြသည်။ သူတို့သည် အတိုဆုံး နေခဲ့သည့်ကာလက အနည်းဆုံး လေးနှစ်ဖြစ်သည်။ ဘာမှမသိသည့် ကောင်လေးတစ်ယောက်မှ စစ်ပြန်တစ်ယောက် ဖြစ်သည်အထိ သည်နေရာတွင် ဆယ်နှစ်လောက် နေခဲ့သည့် ဟန်ခို့လိုလူအတွက်တော့ သူတို့သည် တိုက်ခိုက်ခြင်းကလွဲပြီး ဘာမှမသိခဲ့ပေ။
လူတစ်ယောက်၏လက်က ပျောက်ဆုံးသွားပြီး တခြားသူများကတော့ တစ်နေရာရာတွင် ရှိနေလိမ့်မည်။
ပြီးခဲ့သည့်အတိတ်က သူတို့၏စိတ်ထဲတွင် ပီပီပြင်ပြင် ထင်လာသယောင်။ အခုတော့ သူတို့တွေ ဒီနေရာကို ပြန်ရောက်လာပြီလေ။ သူတို့တွေ ဝမ်းမနည်းဘဲ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ။
“ဟာ ရာစုမှူး တပ်မှူးဟန်လား”
သည်အခိုက်တွင် မြို့တံခါးပေါက်မှာ စစ်သားတစ်ဖွဲ့ ထွက်လာကြသည်။ ခေါင်းဆောင်က ဟန်ခို့ကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် တအံ့တဩ ရေရွတ်လိုက်လေသည်။
စစ်တပ် ရာထူးများတွင် အဆင့်ငါး တပ်မှူး၊ အဆင့်တစ်ဆယ် တပ်မှူးနှင့် ရာစုမှူး တပ်မှုး စသည်ဖြင့် လူငါးယောက်၊ တစ်ဆယ်ယောက်နှင့် လူအယောက်တစ်ရာကို တာဝန်ယူပေးရသည်။ ဟန်ခို့သည် ရာစုမှူးတပ်မှူးတစ်ယောက်ဖြစ်လာပြီးမှ ရှီရုံကြောင့် လက်တစ်ဖက် ပြတ်ခဲ့ရသည်။ သို့မဟုတ်လျှင် သည်လူများက သူ့ကို ခေါင်းဆောင်တစ်ယောက်ဟု မှတ်ယူလိမ့်မည်မဟုတ်ချေ။
ဟန်ခို့သည် ထိုလူကို ကြည့်လိုက်ချိန်တွင် သူ့ကို သိနေသည်။ သူ အလွန်ငယ်ရွယ်စဥ်က သူသည် သူ့လက်အောက်က စစ်သားတစ်ယောက်ဖြစ်ခဲ့လေသည်။
“ကျောက်လျန်ပဲ ဘာလဲ၊ မင်း ရာထူးတိုးသွားပြီလား”
သူသည် တစ်ဖက်လူ၏ရာထူးကို တချက်ကြည့်ရုံနှင့် သိလိုက်လေသည်။
ကျောက်လျန်သည် အမှန်ပင် ရာထူးတိုးခဲ့လေသည်။ သို့သော် သူက ထိုအကြောင်းကို ထုတ်ပြောရန် ရှက်ရွံ့နေမိသည်။ သူ့ကို ဟန်ခို့က လက်တစ်ဖက်တည်းနှင့် သယ်ထုတ်ပေးခဲ့ရသည်။ ဟန်ခို့သာ ထိုလက်ကို မဆုံးရှုံးခဲ့လျှင် သူ့ရဲစွမ်းသတ္တိနှင့်ဆိုလျှင် သူသည် ပိုကောင်းသည့်အနာဂတ်တစ်ခုကို သေချာပေါက် ပိုင်ဆိုင်နိုင်လိမ့်မည်။
အမှန်ပင် နှမြောစရာ ကောင်းလှသည်။ သို့သော် ထိုကိစ္စနှင့် ပတ်သက်ပြီး လုပ်နိုင်သည်ကလည်း ဘာမှမရှိနေချေ။ စစ်မြေပြင်တွင် ဓားတို့သည် မျက်စိမပါလေရာ အားလုံးကို ကိုယ့်အသက်ကိုသာ အားကိုးထားရလေသည်။
ဟန်ခို့က သူ့ကို သည်လိုတွေ့လိုက်သောအခါ သူ စဥ်းစားနေသည့်အရာကို သိလိုက်တော့သည်။ အရင်ကဆိုရင်တော့ သူ သေချာပေါက် စိတ်ဓာတ်ကျမိမှာပဲ။ ဒါပေမဲ့ အခုတော့ သူ့မှာ ပိုကောင်းတဲ့နေရာတစ်ခုကို သွားဖို့ရှိလာပြီ။ နေပါအုံး။ သူက ငါ့ကို အားကျသင့်တာပဲ။
“သွားစို့၊ ခေါင်းဆောင်ကျန်းနဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေး”
ဟန်ခို့က ကျောက်လျန်၏ ပခုံးကို ဖက်လိုက်ပြီး အထဲသို့ လျှောက်ကာ ဝင်သွားတော့သည်။
သူသည် စစ်သူကြီးယန်နှင့် တိုက်ရိုက်တွေ့ဆုံဖို့ တောင်းဆိုရန် အခွင့်အရေးမရှိပေ။ သူက အရင်ဆုံး ခေါင်းဆောင်ကျန်းနှင့် တွေ့ပြီးမှ သူလာရသည့် ရည်ရွယ်ချက်ကို သူ့အား တစ်ဆင့်ပြောခိုင်းရလိမ့်မည်။
ထို့နေ့ နေ့လယ်ခင်းတွင် ခေါင်းဆောင်ကျန်းက စစ်သူကြီး ယန်ဟုန်ယန်ကို သွားရှာပြီး ဟန်ခို့က ငွေလာပို့ကြောင်း ပြောပြလိုက်လေသည်။
အမှန်တွင်တော့ စစ်သူကြီးယန်က သူ့မိသားစုထံမှာ စာကို ရထားပြီးဖြစ်ကာ သူ့မိသားစုက သည်တစ်ကြိမ်တွင် ယွမ်တစ်သောင်း ရှာနိုင်ခဲ့ကြောင့် သိထားလေသည်။ ထို့ကြောင့်က သူက သတင်း ကြားလိုက်ရချိန်တွင် မအံ့ဩတော့ပေ။.
“စစ်သူကြီး သဘောက ဘယ်လိုရှိပါသလဲ” ခေါင်းဆောင်ကျန်းက ဝမ်းသာအားရပြောလိုက်၏။
“ဒီငွေတွေက ငါတို့အတွက် မဟုတ်ဘူး၊ ဒါတွေကို ဟန်ခို့နဲ့ တခြားသူတွေက ရှာထားတာ၊ ဒဏ်ရာရထားတဲ့ စစ်သားတွေနဲ့ ဆုံးပါးသွားတဲ့သူတွေကို ပေးဖို့၊ ငါတို့နဲ့ လုံးဝမဆိုင်ဘူး”
စစ်သူကြီးယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။
ခေါင်းဆောင်ကျန်းက စိတ်ပြောင်းသွားပြီး သူ့သဘောထားကို နားလည်လိုက်လေသည်။ သူတို့သည် ရှန်စစ်သေနာပတိချုပ်နှင့် ခပ်ကင်းကင်း နေလိုကြသည်။ နန်းတွင်းတပ်တော်များက ရုံးတော်မှ ဘာငွေကိုမှ လက်ခံလို့ မရပေ။ သို့သော် ဟန်ခို့နှင့်တခြားသူများကတော့ စစ်တပ်မှာ ထွက်ခွာသွားပြီး ဖြစ်ရာ သူတို့ကို ထည့်သွင်းစဥ်းစားရန် မလိုတော့ချေ။
စစ်သူကြီးယန်ကလည်း ရည်ရွယ်ချက်ကောင်းများ ရှိလေသည်။ ခေါင်းဆောင်ကျန်းက သက်ပြင်းချလိုက်ပြီး သူလုပ်သင့်သည်များကို သိသွားတော့သည်။
ထိုနေ့ကစပြီး ယန်မိသားစု စစ်တပ်မှ ဒဏ်ရာရခဲ့သည့် စစ်သားများ၊ ထွက်သွားရပြီး သေဆုံးသွားကြသည့် စစ်သားများသည် တစ်ယောက်ပြီး တစ်ယောက် ငွေများကို လက်ခံခဲ့ရသည်။ တချို့က ၅ယွမ် ၆ယွမ်ရကြပြီး အများစုက ယွမ် ၂၀ထပ်ပိုရကြလေသည်။ ထိုငွေပမာဏ နည်းနည်းလေးကို လျှော့တွက်လို့တော့ မရပေ။ ထို ၅ယွမ် ၆ယွမ်က လူတစ်ယောက်၏ဘဝကို ဝယ်ယူနိုင်လေသည်။ သည်ငွေက အမှန်ပင် လူအများကြီးကို ကယ်တင်ပေးခဲ့ပြီး လူအများကြီး အခက်အခဲမှ ကူညီပေးနိုင်ခဲ့သည်။
တချို့က ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များ ဖြိုင်ဖြိုင်စီးကျရပြီး တချို့က ဦးချ ကန်တော့ကြလေသည်။
စစ်သူကြီးယန်က ဟန်ခို့နှင့်တခြားသူများကို မတွေ့ဆုံခဲ့ပေ။ ဟန်ခို့နှင့် အဖွဲ့ကလည်း မြန်မြန် ထွက်သွားလိုက်ကြသည်။ သို့သော်ငြား သူတို့အကြောင်း သတင်းကတော့ အကြောင်းသိများကြားတွင် ပျံ့နှံ့လို့နေလေသည်။
ဟန်ခို့နှင့်အဖွဲ့က စစ်သေနာပတိချုပ်ရှန်နှင့် လက်တွဲကာ ပင်လယ်ထွက်ခဲ့ပြီး ငွေအမြောက်အများ ရှာခဲ့ကာ သူတို့၏ညီအစ်ကိုဟောင်းများကို ထောက်ပံ့ပေးခဲ့ကြောင်း အားလုံးက သိသွားကြသည်။
သူတို့သည် စိတ်ထဲတွင် ပြင်းပြသည့်ဆန္ဒများ ဖြစ်နေကြကာ အနာဂတ်တွင် အတွေ့အကြုံများစွာ ရှိလာဖို့ တောင့်နေမိကြလေသည်။ တစ်နေ့ သူတို့တွေ စစ်တပ်က ထွက်သွားပြီးရင် သူတို့လည်း ပင်လယ်ထွက်ပြီး သူတို့တွေလို ငွေရှာနိုင်လေမလား။
ဒါမှမဟုတ် တစ်နေ့မှာ ကံဆိုးပြီး သေသွားခဲ့ကြရင် တစ်ယောက်ယောက်က သူတို့မိသားစုကို ငွေထောက်ပံ့ပေးလေမလား။ အဲလိုသာဆိုရင်တော့ သူတို့တွေက စိတ်အေးအေးနဲ့ ထွက်သွားနိုင်ပါပြီလေ။
အားလုံးက နာမည်ကြီး စစ်သေနာပတိချုပ်ရှန်ကို ကြောက်ရွံ့မှု နည်းပါးလာသယောင်။
ရှန်ဖုန်းမင်နှင့် တိုင်ပင်ပြီးနောက်တွင် ကျန်းယွင်ကျူက ငွေတစ်သုတ်လောက် ချန်ထားပြီး ကုန်သင်္ဘောအဖွဲ့တစ်ခု ထောင်ဖို့ ဆုံးဖြတ်လိုက်လေသည်။ အခုဆိုရင် ကုန်သင်္ဘောအဖွဲ့ နှစ်ခုရှိသွားပြီ။ ဒါက နည်းနည်း နည်းနေသေးတယ်။ ဒါပေါ့။ ဒါက အလျင်မလိုပါဘူး။ ကျန်တဲ့ငွေတွေကိုတော့ ရှန်အိမ်တော်ကို အရင်ဆုံး ပြန်ပို့ရလိမ့်မယ်။
နှစ်ယောက်သားသည် ထိုဝင်းထဲတွင် ၅ရက် ၆ရက်လောက် နေခဲ့ကြလေသည်။ သည်နေ့တွင်တော့ သူတို့သည် ရှန်အိမ်တော်သို့ ပြန်လာခဲ့ကြတော့
သည်။ သူတို့မရှိကြသည်ဖြစ်ရာ ရှန်မိသားစုသည် တစ်ဖန် တိတ်ဆိတ် ခြောက်ကပ်သွားခဲ့လေသည်။
...
နောက်ဆက်တွဲ (၇.၃)
နှစ်ယောက်သား ပြန်လာပြီဟု ကြားလိုက်သည်တွင် မင်းသမီးတန့်ယန်း၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။
ရွှေ၊ ငွေ၊ ပုလဲ နှင့် ကျောက်စိမ်းအပြည့် ပါသည့် သေတ္တာကြီးများကို တွေ့လိုက်ရချိန်တွင် သူမသည် အလွန်အံ့ဩသွားတော့သည်။ ဒီပစ္စည်းတွေကို ဘယ်က ရခဲ့တာတဲ့လဲ။
ရှန်ဖုန်းမင်နှင့်အတူ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ရှာဖွေရရှိခဲ့ကြောင်း ကျန်းယွင်ကျူးက မင်းသမီးတန့်ယန်းကို ရှင်းပြလိုက်သည်။
မင်းသမီးတန့်ယန်းသည် သားဖြစ်သူက ငွေကိစ္စကို ဂရုမစိုက်မှန်း သိထားလေသည်။ မေးမြန်းကြည့်လိုက်တော့ သည်စိတ်ကူးကို ထုတ်ခဲ့သူမှာ ကျန်းယွင်ကျူး ဖြစ်နေပြီး သူမက လုပ်ငန်းအတွက် အဓိက တာဝန်ယူပေးခဲ့သူ ဖြစ်နေသည်။
ဒါက ပထမဆုံးအကြိမ် ငွေအများကြီး ရှာဖွေခဲ့တာပဲ။ ပြီးတော့....
တန့်ယန်းမင်းသမီး ဤသို့ ခံစားမိလေတော့သည်။ သူမရဲ့မိသားစုကတော့ တိုင်းပြည်ရဲ့ချမ်းသာမှုနဲ့ ယှဥ်ပြိုင်နိုင်တဲ့ ချမ်းသာတဲ့မိသားစုဖြစ်လာမှာ စိုးရိမ်စရာမလိုတော့ဘူး။
သည်အခိုက်တွင် သူမသည် ကျန်းယွင်ကျူးကို ကြည့်လိုက်မိချိန်တွင် ကံကောင်းသလို ဝမ်းသာပျော်ရွှင်မှုကို ခံစားမိသွားတော့သည်။ သူမ လုပ်ခဲ့သည့်အမှန်ကန်ဆုံး ကိစ္စက ရှန်ုဖုန်းမင်းနှင့် ကျန်းယွင်ကျူးတို့ကို မင်္ဂလာပွဲ အပ်နှင်းပေးဖို့ ချင်းလုံဧကရာဇ်ထံတွင် တောင်းဆိုပေးခဲ့ခြင်းဖြစ်ကြောင်း ခံစားမိလိုက်တော့သည်။ သို့မဟုတ်လျှင် ချွေးမကောင်းလေးက တခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့လျှင် သူမကတော့ အမှန်ပင် နောင်တရမိပေလိမ့်မည်။
ညနေခင်းတွင်း တော်ဝင်ပညာရှင်ရှန်ကလည်း ထိုအကြောင်းကို သိလိုက်ရပြီး ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းက အကျိုးအမြတ် အလွန်များနိုင်သဖြင့် အံ့ဩသွားရတော့သည်။
သို့သော်ငြား သူတို့နှစ်ယောက်လုံးက ယွင်မင် ကုန်သွယ်ရေးအဖွဲ့၏ ကိစ္စရပ်များကို ကြားဝင်ဖို့ စိတ်ကူးမရှိခဲ့ကြပေ။ ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့က သည်လုပ်ငန်းကို လုပ်နေသဖြင့် ခွင့်ပြုထားလိုက်တော့သည်။
သို့သော် သူတို့ သဘောတူထားသည့် အချက်တစ်ခု ရှိသေးသည်။ ကျန်းယွင်ကျူးက မွေးဖွားရန် လပိုင်းသာ လိုတော့သဖြင့် သူမသည အလွန်ပင်ပန်းခံလို့ မဖြစ်သင့်ပေ။
“ကျေးဇူးတင်ပါတယ် အဖေနဲ့ အမေ၊ ကျွန်မ သိပါပြိ”
ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမရဲ့ခန္ဓာကိုယ်ကို သူမက ကောင်းကောင်းသိပါတယ်။
နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားပြီးနောက်တွင် ဟွမ်လီနှင့် လီရှင်းလင်တို့က သင်္ဘောထွက်ခဲ့ကြတော့သည်။
နှစ်လကျော်ပြီးနောက်တွင် ချီကျန်းနှင့် ဟန်ခို့တို့ကလည်း ခရီးထွက်ရန် သင်္ဘောတက်သွားခဲ့ကြသည်။
၈လပိုင်း ရောက်လာပြီဖြစ်ရာ ကျန်းယွင်ကျူး၏မွေးဖွားမည့်ရက်က ၈လပိုင်း ၁၅ရက်နေ့ဖြစ်လေသည်။ အိမ်ရှိ လူတိုင်းက စိုးရိမ်ကာ စိတ်လှုပ်ရှားနေကြလေတော့သည်။
...
နောက်ဆက်တွဲ (၈.၁)
ဆောင်းလယ်ပွဲတော်သည် ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ရှန်မိသားစုလို မိသားစုကြီးများက စောစောစီးစီး ပြင်ဆင်ထားသင့်သော်လည်း ဘယ်သူမှ ထိုအတွေး မရှိကြပေ။ မင်းသမီးတန့်ယန်း၏ စကားအရဆိုလျှင် “ဆောင်းလယ်ပွဲတော်က နှစ်တိုင်း ရှိနေတာလေ၊ ဒါပေမဲ့သခင်မငယ်လေး မွေးဖွားမဲ့အရေးက အဲလိုမဟုတ်ဘူး” ဟူ၍။ ထိုစကားက သည်နှစ် ရှန်အိမ်တော်သည် ကျန်းယွင်ကျူး၏ ကလေးမွေးမည့်အရေးကို အဓိက ပြင်ဆင်ပေးရမည့် စကားပင်။
အမှန်တွင်တော့ ပြင်ဆင်စရာက မရှိတော့ပေ။ ပြင်ဆင်ထားသင့်သည်များကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကာ စစ်ဆေးခြင်းကိုပင် သုံးကြိမ်လောက် လုပ်ထားခဲ့လေသည်။
သည်နေ့တွင်တော့ ကျန်းယွင်ကျူးက လမုန့် ရုတ်တရက် စားချင်လာခဲ့သည်။
၈လပိုင်း ၁၅ရက်နေ့ မရောက်သေးသော်လည်း လုပ်ကိုင်ရ လွယ်ကူလေသည်။ တန့်ယန်းမင်းသမီးက စားဖိုဆောင်ကို လမုန့်လုပ်ပေးဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။
“အမေ ကျွန်မ ကိုယ်တိုင်လုပ်ချင်လို့ပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။
မင်းသမီးတန့်ယန်းက လန့်ဖြတ်သွားတော့သည်။ သူ့မှာ မွေးဖို့ လဝက်တောင် မလိုတော့ဘူး။ ဘယ်လိုလုပ်ပြီး စားဖိုဆောင် ဝင်နိုင်အုံးမှာလဲ။
“ကိုယ့်ဟာကို လုပ်တာ မဟုတ်ရင်လည်း စားဖိုဆောင်ကို သွားပြီး နည်းပြလို့ရပါတယ်”
ကျန်းယွင်ကျူးက တိမ်ခြေထောက် (ယွင်ထူ) လမုန့်ကို ရုတ်တရက် စားချင်သွားသော်လည်း ထိုခေတ်ကာလတွင် သည်လိုလမုန့်မျိုးက မရှိချေ။ ထို့ကြောင့် သူမက စားတော်ကဲများးကို လုပ်နည်း ပြောပြလိုက်ရတော့သည်။
ထိုစကားကို ကြားလိုက်ပြီးနောက် မင်းသမီးတန့်ယန်း၏ အမူအရာက အများကြီး ပျော့ပြောင်းသွားလေသည်။ သို့သော် စားဖိုဆောင်လို နေရာမျိုးက ကျန်းယွင်ကျူးနှင့် အမှန်ပင် မသင့်တော်သလို ထင်မိဆဲပင်။
ကျန်းယွင်ကျူးက အမှန်တွင်တော့ တော်တော်လေး ကျန်းမာလေသည်။ အထိန်းတော်ကျုံးနှင့် သူမ၏ ခေတ်သစ်က အတွေ့အကြုံအရ သူမသည် ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် လုပ်စရာရှိသည်များကို ပုံမှန်အတိုင်း လုပ်လာခဲ့သည်။ ဤမျှ ကြာမြင့်လှသည့် အချိန်ကာအတွင်းတွင် တစ်ခါတရံ မနက်ခင်း နေမကောင်းဖြစ်ခြင်းကလွဲလျှင် သူမသည် အဆင်မပြေတာမျိုး မဖြစ်ခဲ့ချေ။
စားဖိုဆောင်ကတော့ ရှန်မိသားစု၏ စားဖိုဆောင်းက သန့်ရှင်းပြီး လင်းချင်းကာ မကောင်းသည့်အနံ့သက် လုံးဝ မရှိသလို ကန့်သတ်ချက်များလည်း မရှိပေ။
ကျန်းယွင်ကျူးက အထိန်းတော်ကျုံးကို အကျင့်တစ်ခုလို ကြည့်လိုက်၏။ သူမက ကျန်းယွင်ကျူးကို အမြဲတမ်း ထောက်ခံအားပေးခဲ့လေသည်။
အထိန်းတော်ကျုံးကတော့ မီးပေါ်ရောက်နေသလို ခံစားနေရမှာပဲ။ သူမရဲ့ အတွေ့အကြုံအရတော့ မိခင်လောင်းတွေက မမွေးဖွားခင် ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်သင့်တာ အမှန်ပင် ဖြစ်ပြီး စားဖိုးဆောင်ကို သွားတာက ပြဿနာမရှိဘူးဆိုပေမဲ့ တစ်ခုခု ဖြစ်လာခဲ့ရင် သူမလည်း တတ်နိုင်မှာ မဟုတ်ဘူးလို့ တကယ်ပြောထားခဲ့တာပဲ။
ဒါပေမဲ့ အခု နင်က ကျန်းယွင်ကျူးရဲ့လူ ဖြစ်သွားပြီလို့တော့ မပြောနဲ့နော်။ ပြီးတော့ သူ့ဘက်ကိုလည်း မလိုက်ပေးနဲ့.....
နောက်ဆုံးတော့ အထိန်းတော်ကျုံ့မှာ အံကြိတ်လိုက်ပြီး မင်းသမီးတန့်ယန်းကို ပြောလိုက်တော့သည်။
“ကိစ္စမရှိပါဘူးရှင်၊ ကျွန်မ သခင်မငယ်လေးနောက် လိုက်သွားလိုက်ပါ့မယ်၊ ဒီတော့ မစိုးရိမ်ပါနဲ့ရှင်”
သူမက ထိုသို့ပြောလာသဖြင့် မင်းသမီးတန့်ယန်းမှာ ကျန်းယွင်ကျူး စားဖိုဆောင်သို့ သွားမည့်အရေးကို ခွင့်ပြုလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
တန်းစီနေကြသည့် စားတော်ကဲများက စားဖိုဆောင်ထဲတွင် ရပ်နေပြီး သူတို့တစ်ယောက်ချင်းစီက ပြိုင်ဘက်ကင်း ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်နှယ် ကျန်းယွင်ကျူးကို ဒေါသထွက်အောင် လုပ်မိမှာ စိုးရိမ်နေကြတော့သည်။
ကျန်းယွင်ကျူးက တခြားသူများကို ဒုက္ခမပေးချင်ခဲ့ပေ။ သို့သော် သူမသည် အမှန်ပင် အဆင်ပြေနေသည်ဟု ထင်မိလေသည်။ ကိုယ်ဝန်ရှိနေရင် ဘယ်မှလဲ မသွားရသလို ဘာမှလည်း မလုပ်ရဘူးတဲ့လေ။
စားဖိုဆောင်က စားတော်ကဲက ပဲနီအနှစ်၊ ဆီးသီးနီအနှစ် ထည့်ထားသည့် လမုန်းများကို လုပ်ထားပေးပြီးသား ဖြစ်သည်။ ကျန်းယွင်ကျူးက လုပ်ပြီးသားတစ်တုံးကို ကောက်ကိုင်ကာ မြည်းကြည့်လိုက်၏။ ဒီလမုန့်က ခေတ်သစ်ရဲ့ အစေ့အဆံငါးမျိုး လမုန့်နဲ့ ဆင်တယ်။ ကွာစေ့၊ သစ်ကြားသီးစေ့၊ သစ်အယ်သီးစေ့နဲ့ တခြားပစ္စည်းတွေပါတယ်။ ဒါပေမဲ့ အရည်အသွေးမြင့်တဲ့ ပါဝင်ပစ္စည်းတွေကြောင့် ခေတ်သစ်ရဲ့အစေ့အဆံငါးမျိုး လမုန့်ထက် အများကြီး အရသာရှိတယ်။
သူမက စားရင်း ခေါင်းညိတ်လိုက်လေသည်။
သူမ၏ဘေးက စားတော်ကဲခမျာ အံ့ဩသွားပြီး ဝမ်းသာသွားတော့သည်။ ကျန်းယွင်ကျူးက ထူးချွန်တဲ့စားဖိုမှူးတစ်ယောက်လေ။ သူ သူမကို ချက်ပြုတ်တာကို ကြည့်ခဲ့တဲ့အချိန်တိုင်း ယုံကြည်ချက်တွေ လဲပြိုသွားတော့မတတ်ပဲ။ အခုတော့ သူမက သူလုပ်ထားတဲ့ လမုန့်ကို တကယ်ပဲ ကြိုက်သတဲ့လား။ နောက်ဆုံးတော့ သူ အသုံးကျလာပြီ။
သည်အချိန်တွင် ကျန်းယွင်ကျူးက လမုန့်ကို ချထားလိုက်ပြီး သူမလုပ်ချင်သည့် လမုန့်နှင့် လုပ်နည်းများကို စားတော်ကဲအား ပြောပြလိုက်လေသည်။
သူမက တိမ်ခြေထောက်(ယွင်ထူ)လမုန့်နဲ့ နှင်းဖြူလမုန့်ကို လုပ်ချင်တာလေ။ တိမ်ခြေထောက် (ယွင်ထူ)လမုန့်ကတော့ ခုနက စားချင်ခဲ့တာ။ နှင်းဖြူလမုန့်ကတော့ အခုလေးတင် စိတ်ကူးပေါ်လာတာ။ စားဖိုဆောင်လုပ်ထားတဲ့ လမုန့်တွေက အရသာရှိပါတယ်။ ဒါပေမဲ့ အဆီများတဲ့ အစာတွေနဲ့ သကြားနဲ့ဆီရောပြီးလုပ်ထားတဲ့ မျက်နှာပြင်အသားက အများကြီးစားပြီးရင် နည်းနည်းအီလာတယ်။
တိမ်ခြေထောက် (ယွင်ထူ)လမုန့်ကတော့ အဆင်ပြေပါတယ်။ စားတော်ကဲက အရင်က ချိုပြီးငံပျပျအရသာရှိတဲ့ လမုန့်ကို အရင်က ကြားခဲ့ဖူးတယ်။ သူ့ကို အဆီနည်းတဲ့အသားနဲ့ လုပ်လို့ရတယ်ဆိုတော့ ဝက်ပေါင်ခြောက်သားကို သုံးရင် ကိစ္စမရှိဘူး။
သူက ဒီနှင်းဖြူလမုန့်ကို သိပ်နားမလည်နေတာတစ်ခုပဲ။
ကျန်းယွင်ကျူးအတွက်တော့ သူ နားလည်ရန် မလိုချေ။ လုပ်ခိုင်းသည့်အတိုင်းသာ လုပ်ပေးရုံပင်။
မြို့တော်က အရပ်လေးမျက်နှာက အားလုံး လာစုတဲ့နေရာတစ်ခုပဲ။ စားဖိုဆောင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့ မြို့တော်အနှံ့ လျှောက်သွားခဲ့ပြီး ယွင်ထူအသား နည်းနည်းလောက်ကိုလည်း ဝယ်လာခဲ့လိုက်တယ်။
ယွင်ထူအသားကို နုပ်နုပ်စဥ်းပြီး အဆာပလာနဲ့ ရောလိုက်တယ်။ ပြီးရင် ဂျုံနှယ်ပြီး အပေါ်ယံအခွံလိုက်လုပ်တယ်။ အခွံထဲမှာ အဆာပလာထည့်သိပ်ပြီး မီးဖုတ်လိုက်တယ်။ တိမ်ခြေထောက်လမုန့်က တစ်ဗန်း အသင့်ဖြစ်သွားတော့တယ်။
ဒီနေရာမျာ မုန့်သားကိုလည်း လုပ်ပြီးသွားပြီ။ သူ့ကို အအေးခံဖို့ ရေခဲခန်းထဲမှာ ခဏလောက် ထည့်လိုက်တယ်။ ပြန်ထုတ်လာပြီးရင် အဆာပလာနဲ့ တန်းထုပ်ပြီး သူ့ကို ပုံစံခွက်ထဲမှာ ဖိပြီး ပုံသွင်းလိုက်တယ်။
လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ တိမ်ခြေထောက်လမုန့်က အသွင်ပြင်မှာ ရွှေရောင်သန်းနေပြီး အနံ့ကမွှေးနေတာပဲ။ နှင်းဖြူလမုန့်ကတော့ နို့နှစလို ဖြူဖွေးနေပြီး ကြည်လင်နေတာ အေးမြတဲ့ခံစားချက်တစ်ခုကို ထုတ်လွှတ်နေတဲ့အတိုင်းပဲ။
တိမ်ခြေထောက်လမုန့်တစ်ခုကို နှစ်ခြမ်းခြမ်းလိုက်တော့ ဂျုံနံ့လေးနည်းနည်း ရောနေတဲ့ အထူးတလည် အသားနံ့ မွှေးမွှေးလေးတစ်ခုက ချက်ချင်းဆိုသလို ပျံ့လွှင့်သွားခဲ့တယ်။
တစ်ကိုက်လောက် ကိုက်ကြည့်လိုက်တော့ တိမ်ခြေထောက်တွေက ငန်ပျပျနဲ့ မသိမသာလေး ချိုမြနေတယ်။ မုန့်အကာနဲ့ ရောလိုက်တော့ နူးညံ့မွှေးပျံ့နေတော့တယ်။ တကယ် အရသာရှိလိုက်တာ။
ကျန်းယွင်ကျူးက တစ်တုံးလောက် စားလိုက်ပြီးနောက် နှင်းဖြူလမုန့်ကို ထပ်စားလိုက်၏။ သူမ ဒီလိုလမုန့်မျိုးက ခေတ်သစ်မှာတုန်းက လုပ်ခဲ့ဖူးတယ်လေ။ အဲတုန်းကတော့ တိမ်ခြေထောက် လမုန့်က အဲလောက် အရသာမရှိပါဘူး။ ဒါပေမဲ့ အခုတော့ သူမက ကိုယ်ဝန် ရှိနေလို့ထင်ပါရဲ့။
..
နောက်ဆက်တွဲ (၈.၂)
အကြောင်းအရင်းမှာ သူမသည် အရသာပေါ့သည့် တစ်ခုခုကို စားရသည်ကို နှစ်သက်သောကြောင့်ပင်။ ဒီနှင်းဖြူလမုန့်က အေးမြပြီး ဆိမ့်တဲ့အရသာဆိုတော့ သူမရဲ့အကြိုက်နဲ့ အရမ်းကို ကိုက်ညီနေတာပဲ။
ခဏအကြာတွင်တော့ တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့လည်း လတ်လတ်ဆတ်ဆတ် ဖုတ်ထားသည့် တိမ်ခြေထောက်လမုန့်နှင့် နှင်းဖြူလမုန့်တို့ကို စားလိုက်ကြလေသည်။ ဘယ်လိုပြောရလဲ။ အရသာရှိလိုက်တာ။
စားဖိုဆောင်ထဲတွင် ကျန်းယွင်ကျူး ပြန်လာပြီးနောက် လမုန့်အနည်းငယ် ကျန်နေသေးလေသည်။ စားတော်ကဲက အရင်ဆုံး တိမ်ခြေထောက်လမုန့်ကို မြည်းကြည့်လိုက်ပြီးနောက် နှင်းဖြူလမုန့်ကို မြည်းကြည့်လိုက်၏။ အခုလေးတင် မြင့်တက်ခဲ့သည့် ယုံကြည်မှုက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ သခင်မငယ်လေးကတော့ အရင်အတိုင်းပါပဲ။ သခင်မငယ်လေးရယ်။
ညနေခင်းတွင် ရှန်ဖုန်းမင်ပြန်ရောက်လာပြီး သူနှင့်အတူ အမျိုးသမီးချန်လည်း ပါလာလေသည်။
ရှမင်းဆက်တွင် သမီးဖြစ်သူ မီးဖွားသည့်ကာလအတွင်းတွင် အမေများက စောင့်ရှောက်ပေးရသည့် ဓလေ့ရှိလေသည်။ အမျိုးသမီးချန်သည် ကျန်းယွင်ကျူး ကိုယ်ဝန်ရှိကြောင်း ကြားခဲ့ရပြီးနောက်တွင် သူမအတွက် စိတ်ပူခဲ့ရပြီး အကူအညီ လိုနေမလားဟု အကြိမ်ကြိမ် စာရေးခဲ့သည်။
ကျန်းယွင်ကျူးနှင့် တိုင်ပင်ပြီးနောက် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို စောင့်ရှောက်ပေးဖို့ အမျိုးသမီးချန်အား မြို့တော်သို့ ခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။
တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်တို့သည် အမျိုးသမီးချန် ရောက်လာကြောင်း ကြားလိုက်ရချိန်တွင် အလွန် ဝမ်းသာသွားကြတော့သည်။
ဧည့်ခန်းထဲတွင် အမျိုးသမီးချန်က အနေခက်နေလေသည်။ တန့်ယန်းမင်းသမီးက ဘုရင်မင်းမြတ်ရဲ့ ညီမတော်လေ။ သူမကတော့ သာမန်တောသူတစ်ယောက်ပဲ။ သူတို့ကြားမှာ ကွာခြားချက်က ကြီးမားလွန်းလှပါတယ်။ ကျန်းယွင်ကျူးကို စာရေးခဲ့မိတာတောင် နောင်တရသွားပြီ။ ရှန်အိမ်တော်သို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် လူအများ ဝန်းရံထားသည့် ကျန်းယွင်ကျူးကိုတွေ့လိုက်တော့သည်။ သူမကို စောင့်ရှောက်ပေးဖို့ လုံးဝမလိုတာပဲ။
“မြန်မြန်လာ ထိုင်ပါ၊ တစ်လမ်းလုံး ခရီးဆက်ခဲ့ရတာ၊ ရှင်ကတော့ ပင်ပန်းနေတော့မှာပဲ”
မျှော်လင့်မထားဘဲ တန့်ယန်းမင်းသမီးက အလွန်မှ ယဥ်ကျေးနေလေသည်။
တန့်ယန်းမင်းသမီးက စိတ်နေမြင့်သူဖြစ်ပြီး သူမက သာမန်အမျိုးသမီးတစ်ယောက်ဆိုလျှင်တော့ တန့်ယန်းမင်းသမီးက သူမကို လှည့်တောင်ကြည့်မှာမဟုတ်ပေ။ သို့သော် သူမက ကျန်းယွင်ကျူးကို တန်ဖိုးထားပြီး အမျိုးသမီးချန်က ကျန်းယွင်ကျူး၏မိခင် ဖြစ်လေသည်။ သူမက ငှက်ကို ချစ်ရသည့်အတွက် အိမ်ကိုလည်း ခင်ရမည်ဖြစ်လေရာ သူမသည် အမျိုးသမီးချန်ကို တခြားသူများနှင့် မခြား ဆက်ဆံပေးသည်က သဘာဝပင်။
“မပင်ပန်းပါဘူး၊ မပင်ပန်းပါဘူးရှင်” အမျိုသမီးချန်က ရို့ရို့ကလေးနှင့် မထိုင်ရဲပေ။
“လုပ်ပါရှင်၊ ကျွန်မတို့တွေက မိသားစုတစ်ခုပါပဲ” တန့်ယန်းမင်းသမီးက ပြောလိုက်၏။
အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ ကျန်းယွင်ကျူးက သူမကို ပြုံးပြလိုက်ပြီး အဆင်ပြေကြောင်း ဆိုလိုက်ပြီး အမျိုးသမီးချန်ကို ထိုင်ခိုင်းလိုက်တော့သည်။
တန့်ယန်းမင်းသမီးက သူမနှင့် စတင် စကားဖောင်ဖွဲ့လိုက်ပြီး သူမ၏စကားများထဲတွင် အဓိပ္ပာယ်နှစ်ခု ပါလေသည်။ တစ်ခုမှ ကျန်းယွင်ကျူးလို သမီးအလိမ္မာလေးတစ်ယောက်ကို မွေးပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်စကားဖြစ်သည်။ သူမက ကျန်းယွင်ကျူးကို အရမ်းချစ်တာပဲ။ ရှန်မိသားစု သူမနဲ့ လက်ထပ်ခွင့်ရတာ ကံကောင်းခြင်းတစ်ခုပဲလေ။ ဒုတိယတစ်ခုမှာ အမျိုးသမီးချန်က ရောက်လာပြီ ဖြစ်သဖြင့် ကျန်းယွင်ကျူးကို ပိုပြီးအနားယူခိုင်းကာ တစ်ချိန်လုံး အလုပ်များနေသည်ကို တားမြစ်ပေးဖို့ရန် ဖြစ်လေသည်။
အမျိုးသမီးချန်သည် ထိုစကားကို ကြားလိုက်ပြီးနောက် အခိုက်တန့် မှင်တက်အံ့ဩသွားတော့သည်။ ကျန်းယွင်ကျူးက ရှန်မိသားစုလို အဆင့်မြင့်ရာထူးရှိတဲ့လူတစ်ယောက်နဲ့ လက်ထပ်လိုက်တာမလို့ သူမက သည်ထက် ပိုပြီး အဆင့်မမြင့်နိုင်တော့ဘူးလို့ ထင်ထားခဲ့တာ။ တန့်ယန်းမင်းသမီးက ဘယ်လိုများ ဒီစကားမျိုး ပြောနိုင်ရတာလဲ။ ပြီးတော့ ချွေးမလေးတစ်ယောက်က ယောက်ျားမိသားစုဆီကို လက်ထပ်ပြီး ဝင်သွားရင် ယောက်ျားမိသားစုကတော့ ချွေးမလေးကို ပျင်းရိတယ်လို့ ထင်ကြတာပဲ။ သူမက ရှန်မိသားစုဆီ ရောက်လာမှပဲ ဘာလို့များ တမျိုးတမည် ဖြစ်နေရတာလဲ။
သည်အခိုက်တွင် အစေခံမလေးသည် မနက်ခင်းက ကျန်းယွင်ကျူး လုပ်ထားသည့် တိမ်ခြေထောက်လမုန့်နှင့် နှင်းမြူလမုန့်တို့ကို ယူလာခဲ့သည်။ အမျိုးသမီးချန်သည် တန့်ယန်းမင်းသမီး ဆိုလိုသည့်သဘောကို နားလည်သွားတော့သည်။
တကယ်တော့ လယ်သမားမိသားစုတစ်ခုမှာ မီးဖိုချောင် ဝင်တာက လုံးဝမထူးဆန်းပါဘူး။ သူမ ကျန်းယွင်ကျူးကို ကိုယ်ဝန်ဆောင်တုန်းကလည်း မမွေးခင် ရှေ့တရက်အထိ ဂျုံပင်တွေကို ရိတ်ဖို့ လယ်ထဲဆင်းခဲ့ရသေးတယ်။ လယ်သမားတွေက အခြေခံအားဖြင့် ဒီလိုပဲလေ။ အလုပ်များတဲ့ ဆောင်းဦးရာသီမှာ အလုပ်မလုပ်ရင် ဂျုံပင်တွေကို မိုးစိုပြီး ငတ်သေမှာကို စောင့်ရဖို့ပဲရှိတယ်လေ။
ဟုတ်ပါတယ်။ ကျန်းယွင်ကျူးက အခု ဒါတွေကို မလိုတော့ပါဘူး။
ကျန်းယွင်ကျူးနောက်က တခြားခြံဝင်းဆီလိုက်သွားပြီးနောက် အမျိုးသမီးချန်သည် နောက်ဆုံးတော့ စိတ်အေးသွားတော့သည်။ ကျန်းယွင်ကျူးရဲ့ဘဝလေးက သူမ ထင်ထားတာထက် အများကြီး ပိုကောင်းတာပဲ။ ကောင်းလိုက်တာ။
ဆောင်းလယ်ပွဲတော် နီးလာသည်နှင့်အမျှ အပြင်ဘက်တွင် ပျော်ရွှင်ဖွယ်ပေါင်းစည်းခြင်း အငွေ့အသက်တစ်ခု ရှိနေကာ ရှန်မိသားစုမှာတော့ ပြိုင်ဘက်ကင်း ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသလို ပိုပြီးခံစားနေရတော့သည်။
၈လပိုင်း ၁၄ရက်နေ့တွင် ကျန်းယွင်ကျူးသည် စောစောအိပ်ရာဝင်ခဲ့လေသည်။ မည်မျှကြာသွားသည် မသိလိုက်သော်လည်း ရုတ်တရက် ဗိုက်နာလာတော့သည်။
ရှန်ဖုန်းမင်သည် သည်ရက်ပိုင်းတွင် သူမကို အရိပ်တကြည့်ကြည့် ရှိနေခဲ့ရာ သူမ လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း နိုးလာတော့သည်။
“ကျွန်မ မွေးတော့မယ်ထင်တယ်”
ကျန်းယွင်ကျူးက သူ့လက်မောင်းကို ဖမ်းဆုပ်ထားလိုက်ပြီး ပထမဆုံးအကြိမ် မီးဖွားရမည်ဖြစ်သဖြင့် အလွန်ပူပင် နေမိသေးသည်။
ရှန်ဖုန်းမင်လည်း စိတ်ပူနေ၏။ သို့သော် သူသည် ပျာယာခတ်မနေသင့်မှန်း သိလေသည်။ သူက ချက်ချင်း ထရပ်လိုက်ပြီး ဖယောင်းတိုင်ထွန်းကာ အထိန်းတော်ကျုံးကို ခေါ်လိုက်တော့သည်။
သည်လိုအချိန်သည် အဆိုးဆုံးအချိန်ဖြစ်ပြီး ညပိုင်း တစ်ချက်ဝန်းကျင်ဖြစ်ကာ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။ သို့သော် မကြာမီတွင် အိမ်တော်ထဲတွင် မီးအလင်းရောင်များက နေ့ခင်းအချိန်လို လင်းလာပြီး အားလုံးက အလုပ်များလာကြတော့သည်။
“ရေနွေးကျိုလိုက်၊ ဟုတ်ပြီ၊ သခင်မငယ်လေးအတွက် စားဖိုဆောင်က ဆန်ပြုတ်နွေးနွေးလေး တစ်ပန်းကန် ယူလာခဲ့”
အထိန်းတော်ကျုံးသည် အန္တရာယ်နှင့် ရင်ဆိုင်ရသည်တွင် တည်ငြိမ်နေပြီး ထိုနေရာတွင်ရပ် မှာကြားနေလေသည်။
ကျန်းယွင်ကျူးက အခုမှ စပြီး မွေးမှာဆိုတော့ မီးဖွားဖို့ ဘယ်လောက်အချိန်ကြာမလဲ မသိသေးဘူး။ နာကျင်မှု ဆိုးမလာခင် အားရှိအောင် တစ်ခုခု မြန်မြန်စားခိုင်းထားရမယ်။
တစ်ယောက်က ဆန်ပြုတ်ပူပူလေးကို ယူလာပေးသော်လည်း ကျန်းယွင်ကျူးက မစားချင်ပေ။
“နည်းနည်းလောက် စားလိုက်ပါ” ရှန်ဖုန်းမင်က ပန်းကန်ကိုကိုင်ထားရင်း ပြောလိုက်၏။
“သခင်လေး ဘာလို့ ဒီမှာရှိနေသေးတာလဲ၊ မြန်မြန်ထွက်သွားလိုက်ပါ” အထိန်းတော်ကျုံးက သူ့ကို မြင်သွားပြီး ပြောတော့သည်။
ရှန်ဖုန်းမင်က မလှုပ်မယှက်ပင်။ သူသည် သည်နေရာတွင် ကျန်းယွင်ကျူးနှင့်အတူ အဖော်ပြုပေးချင်လေသည်။
အထိန်းတော်ကျုံးက သူ့ကို ဘာမှမလုပ်ရဲသဖြင့် သူ့ဘေးတွင်ရပ်ကာ စိုးရိမ်နေတော့သည်။
သည်အခိုက်တွင် တန့်ယန်းမင်းသမီး၊ တော်ဝင်ပညာရှင်ရှန်၊ အမျိုးသမီးချန်နှင့် နတ်ဆေးသမားတော်ဝူတို့ကလည်း ရောက်လာကြသည်။ နတ်ဆေးသမားတော်ဝူက သည်တစ်ကြိမ်တွင် ကုန်သင်္ဘောနောက် လိုက်မသွားခဲ့ချေ။ သူ့ ကျန်းယွင်ကျူးကို စောင့်ရှောက်ပေးဖို့ အထူးတလည် နေခဲ့လေသည်။
အမျိုးသမီးချန်က အခန်းထဲသို့ ချက်ချင်းဝင်သွာပြီး သွားလုပ်ကူပေးတော့သည်။
တန့်ယန်းမင်းသမီးက ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်၏။
“မသွားသေးဘူးလား”
“အမေ ကျွန်တော့်ကို ခွင့်ပြုပေးပါ” ရှန်ဖုန်းမင်က ပြောလိုက်သည်။ သူက သူမကို နှစ်ကြိမ်တောင် ဆုံးရှုံးရမလိုဖြစ်ခဲ့တာလေ။ တတိယအကြိမ်တော့ မဖြစ်ချင်တော့ဘူး။
တန့်ယန်းမင်းသမီးက သူ့ကို မနိုင်ဘဲဖြစ်နေပြီး စိုးရိမ်နေမိစဥ်....
“ရှန်ဖုန်းမင်....” ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမက သူ့ကို ထွက်သွားစေချင်ပေမဲ့ ထားလိုက်ပါလေ။ အခန်းထဲမှာ လူတွေအများကြီး ရှိနေ၏။ သို့သော် သူမ ပါးစပ်ဟလိုက်သည်နှင့် ဗိုက်စနာလာတော့သည်။
“ကိုယ်ရှိတယ်” ရှန်ဖုန်းမင်က သူမ၏လက်ကို ကိုင်ထားရင်း ပြောလိုက်လေသည်။
“မွေးတော့မယ်” ဝမ်းဆွဲသည်က သည်အချိန်တွင် ပြောလိုက်တော့သည်။
ကျန်းယွင်ကျူးသည် နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။ အခုတော့ တန့်ယန်းမင်းသမီးမှာ ရှန်ဖုန်းမင်ကို ဂရုမစိုက်အားတော့ချေ။ ကျန်းယွင်ကျူးဘေးတွင် ဟိုသည်လျှောက်နေမိတော့သည်။
ရေနွေးဇလုံများကို ယူဝင်လာကြသည်။ နတ်ဆေးသမားတော်က အပြင်တွင်ရှိနေပြီး အထဲက အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေလေသည်။ တော်ဝင်ပညာရှင်ရှန်တစ်ယောက်သာ အပြင်ဘက်တွင် ကျန်နေခဲ့သည်။ သူသည် စိုးရိမ်ကာ ဘာမှမတတ်နိုင်ဖြစ်နေရလေသည်။ သူသည် အထဲက နာကျင်မှုကြောင့် ထွက်လာသည့် အော်သံကို နားထောင်ရင်း ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးသည့် ကောင်းကင်က နတ်များနှင့် ဘုရားများကို အမှန်ပင် ဆုတောင်းနေပြီး ဘုရားရှင်က ကျန်းယွင်ကျူးတို့ သားအမိကို စောင့်ရှောက်ပေးဖို့ မျှော်လင့်နေတော့သည်။
မဟုတ်ရင်တော့... သူ့မှာလည်း တခြားအကြောင်းတွေကို မတွေးရဲတော့ပါဘူး။
အချိန်က အလွန်နှေးကွေးစွာ ကုန်လွန်သယောက်။ သည်အခိုက်တန့်လေးသည် အားလုံးအတွက် နှိပ်စက်ညှဉ်းပန်းမှုတစ်မျိုး ဖြစ်နေတော့သည်။
ကြီးမားလှသည့်ခြံဝင်းထဲတွင် ကျန်းယွင်ကျူး၏ တိုးညင်းသည့်အသံက ကျယ်လာသည်ကလွဲလျှင် ခြေသံတိုးတိုးနှင့် အားလုံးက အသက်ရှူသံများကိုသာ ကြားရလေသည်။
တော်ဝင်ပညာရှင်ရှန်က အသက်အောင့်ထားလုမတတ်နှင့် နေရာတွင်ရပ်ပြီး အထဲကို ကြည့်ရင်း သူ့နှလုံးသား ခုန်ပေါက်နေတော့သည်။
နေထွက်လာသည်။ ပထမဆုံးနေရောင်ခြည်က တိမ်များကို ထိုးဖောက်သွားပြီး ခြံဝင်းထဲတွင် တောက်ပလာလေသည်။
“အူဝဲ”
“သူ မွေးပြီ၊ သူ မွေးပြီ၊ ဂုဏ်ယူပါတယ် သခင်မငယ်လေး၊ ယောက်ျားလေး မွေးပါတယ်” ဝမ်းဆွဲသည်၏ ဂုဏ်ပြုသံက အခန်းထဲမှ လွင့်ပျံလာလေတော့သည်။
. . .
နောက်ဆက်တွဲ (၉.၁)
အပြင်ဘက်က တော်ဝင်ပညာရှင်သည် ထိုစကားကို ကြားလိုက်ရသောအခါ သားအမိနှစ်ယောက်လုံးက အထဲတွင် အန္တရာယ်ကင်းကြောင်း သိလိုက်လေသည်။ သူ့ခြေထောက်များက ချိနဲ့သွားပြီး လဲကျလုနီးနီးပင်။
“ဂုဏ်ယူပါတယ် သခင်ကြီး၊ ဂုဏ်ယူပါတယ် သခင်ကြီး သခင်လေးတစ်ယောက် ထပ်ရလာပါပြီ”
ရှန်ဖူက ဘေးမှနေ၍ ဂုဏ်ပြုစကားဆိုလိုက်ပြီး ခြံဝင်းထဲတွင် ဂုဏ်ပြုသံများ အပြည့် ဖြစ်သွားတော့သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါ မင်းတို့အားလုံးကို ဆုချမယ်”
တော်ဝင်ပညာရှန်က ဝမ်းသာလွန်းသဖြင့် ထိုစကားကိုသာ ပြောနိုင်လေတော့သည်။
ရှန်ဟန်ကို မွေးဖွားလာပြီးနောက် သူ့ခန္ဓာကိုယ်ကို ရေနွေးဖြင့် ဆေးကြောသန့်စင်ပေးပြီး အခုအချိန်တွင်တော့ သူသည် ကျယ်လောင်စွာ အော်ငိုနေလေတော့သည်။
“သခင်လေးက အရမ်းကျန်းမာတာပဲ၊ ကလေးတစ်ယောက်က ဒီလောက်အကျယ်ကြီး အော်ငိုနေတာ တစ်ခါမှ မတွေ့ဖူးဘူး”
“မဟုတ်ဘူးလား၊ သခင်လေးက နောက်ဆိုရင် သေချာပေါက် သန်မာလိမ့်အုံးမှာ”
......
ရှန်ဟန်၏ ကျယ်လောင်စွာ အော်ငိုသံကြောင့် ရှန်အိမ်တော်သည် ပိုပိုပြီး အသက်ဝင်လာတော့သည်။
ကျန်းယွင်ကျူးသည် ကလေးမွေးပြီးနောက်တွင် ကလေးအကြောင်းကို စဥ်းစားနေမိလေသည်။ ကလေးကို အန္တရာယ်ကင်းကင်းနှင့် မတွေ့ရသေးခင်အထိ သူမမှာ အိပ်မပျော်နိုင်ခဲ့ချေ။
ရှန်ဖုန်းမင်က သူမဘေးတွင် တစ်ချိန်လုံးရှိနေ၏။ အမျိုးသမီးချန် ခင်မျာမှာတော့ သွားချင်လျှင်တောင် သွားစရာနေရာမရှိ ဖြစ်နေရသည်။ ထို့ကြောင့် သူမက ထိုဘက်သို့ သွားလိုက်ပြီး ရှန်ဟန်ကိုသာ သွားကြည့်လိုက်ရတော့သည်။
သည်အချိန်တွင် ရှန်ဟန်ကို ရေချိုးပေးပြီးသွားကာ အိစက်သည့်အနှီးစလေးဖြင့် ထုပ်ပေးထားသည်။ မွေးကင်းစကလေးလေးက နီမြန်းသည့်အသားအရေနှင့် မျက်ခုံးပါးပါးလေးသာ ရှိသော်လည်း သူ့မျက်လုံးများက မဲနက်ပြီးတောက်ပနေကာ သူသည် အားအင်းအပြည့်ဖြစ်နေဟန်ပင်။
“မျက်နှာလေးက ဇာမဏီငှက်လေးလိုပဲ၊ မျက်လုံးလေးတွေက တိမ်တိုက်လေးလို၊ နှာခေါင်းနဲ့ ပါးစပ်က....”
တော်ဝင်ပညာရှင်ရှန်သည် နှာခေါင်းနှင့် ပါးစပ်က သူနှင့် အနည်းငယ်တူသည်ကို ပြောချင်ခဲ့လေသည်။
သို့သော်ငြား တန်းယန့်မင်းသမီးက သူ့နားသို့ ရောက်လာကာ ပြောလိုက်တော့သည်။
“နှာခေါင်းနဲ့ ပါးစပ်က ကျွန်မနဲ့တူတာနော်၊ မဟုတ်ဘူးလား” သူမက ပြုံးကာ ရှန်ဟန်ကို မေးလိုက်ရာ ရှန်ဟန်က ပြန်ဖြေနေသည့်နှယ်။
တော်ဝင်ပညာရှင်ရှန်က နှာခေါင်းရှုံ့လိုက်၏။ သူနဲ့တူတာ သိသာနေတဲ့ဟာကို။ ထားလိုက်ပါလေ။ မိန်းမတွေနဲ့ လူဆိုးတွေပဲ ပြုပြင်ပေးဖို့ခက်တာ။ သူမကို ဂရုစိုက်မနေတော့ပါဘူး။
ကျန်းယွင်ကျူးသည် ကြားထဲတွင် တစ်ခုခု စားပြီးနောက် ပြန်အိပ်ပျော်သွားခဲ့သည်။
သည်တစ်ကြိမ် သူမ၏မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ညရောက်နေပြီဖြစ်၏။ တောက်ပနေသည့် လရောင်က အပြင်ဘက်တွင် ဖြာကျနေပြီး အဖြူရောင် စက္ကူပြတင်းပေါက်မှတစ်ဆင့် ဝိုင်းစက်နေသည့် လမင်းကြီးကို ဝိုးတဝါး တွေ့မြင်နေရလေသည်။
သည်အချိန်တွင် သူမသည် အများကြီး သက်သာလာခဲ့သည်။ ဘေးကို ကြည့်လိုက်ချိန်တွင် ရှန်ဟန်၏ မျက်နှာသေးသေးလေးကို တွေ့လိုက်ရလေသည်။
“ကိုယ်တို့ရဲ့ကလေးလေ”
ရှန်ဖုန်းမင်က နူးနူးညံ့ညံ့ပြောလိုက်၏။ သူမ နိုးလာရင် ကလေးကို သေချာပေါက်တွေ့ချင်မယ်ဆိုတာ သူ သိတယ်လေ။ ဒါကြောင့် သူက သူမဘေးမှာ ရှန်ဟန်ကို ချထားပေးပြီး သူကတော့ သူတို့သားအမိနှစ်ယောက်ကို စောင့်ကြည့်ပေးနေတာပေါ့။
ကျန်းယွင်ကျူးက ကလေးကို အရင်ဆုံး ကြည့်လိုက်၏။ ကလေးက သေးသေးလေးဖြစ်နေကာ သူ့မျက်လုံးများကို တင်းနေအောင် မှိတ်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ လက်သေးသေးလေးက သူ့ရင်ဘတ်ပေါ်တွင် ဆန့်ထားပြီး တစ်ခုခုကို ဖမ်းဆုပ်ထားသည့်နှယ်။
ဒါက သူမရဲ့ကလေးတဲ့။ သူမနဲ့ရှန်ဖုန်းမင်တို့ရဲ့ကလေး။ သူမသည် အလွန်ဝမ်းသာသွားပြိး သူမ၏ လက်ကို ဆန့်လိုက်ကာ သူမ၏လက်ညိုးနှင့် ရှန်ဟန်၏လက်သေးသေးလေးကို ထိကြည့်လိုက်သော်လည်း ချက်ချင်းဆိုသလို ထိုလက်သေးသေးလေး၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရလေသည်။
သူ့လက်သေးသေးလေးများက သေးငယ်ပြီး နူးညံ့လေရာ အားနည်းနည်းလေးနှင့်ပင် ကျိုးသွားနိုင်သော်လည်း သူမမှာ မလွှတ်ချင်ပေ။ သူမ၏နှလုံးသားက ဘောလုံးလေးတစ်ခုလို ခံစားလိုက်ရတော့သည်။
သူမက ဘေးကိုလှည့်လိုက်၏။ ရှန်ဖုန်းမင်က သူမ သက်သောင့်သက်သာ မဖြစ်မှာကို စိုးရိမ်နေလေသည်။ ထို့ကြောင့် သူက သူမ၏ခန္ဓာကိုယ်နောက်တွင် အိစက်သည့်ခေါင်းအုံးတစ်လုံး ခံထားပေးလိုက်သည်။
ထို့နောက်တွင် ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို ကြည့်လိုက်သည်။ အခန်းထဲက ဖယောင်းတိုင်မီးက သူ့ကို ရောင်ပြန်ဟပ်နေပြး နွေးထွေးသည့်အရောင်တစ်ခုနှင့် ဆေးခြယ်ထားသယောင် ထင်ရလေသည်။
ဒီနေ့ သူ သူမဘေးမှာ အဖော်ပြုပေးခဲ့တာပဲ....
“ရှင်လည်း ခဏလောက်အနားယူသင့်တယ်” သူမက ပြောလိုက်၏။
“ကိုယ် မပင်ပန်းပါဘူး၊ ပြီးတော့ အိပ်မပျော်ဘူး” ရှန်ဖုန်းမင်က ပြောလိုက်သည်။ သူတို့သားအမိနှစ်ယောက်ကို ကြည့်နေရရုံနဲ့တင် အရမ်းကို ပျော်ရွှင်ပြီး ကျေနပ်နေမိတာပဲ။ အခု သူက သူတို့ကို ဒီအတိုင်းလေး စောင့်ရှောက်ပေးချင်တာပဲ သိတယ်။
ကျန်းယွင်ကျူးသည် အချိန်အကြာကြီး အိပ်ထားခဲ့ပြီး အခုချိန်တွင် မအိပ်ချင်တော့ပေ။ သူတို့နှစ်ယောက်က လေသံတိုးတိုးဖြင့် စကားပြောနေလိုက်ကြသည်။ ရှန်ဟန်က မည်သူနှင့် တူသည်ကစပြီး အနာဂတ်တွင် သူ့ကို မည်သို့သင်ကြားပေးကာ သူ၏အနာဂတ်လက်ထပ်ပွဲနှင့် ကလေးများအကြောင်းအထိပင်။
ထိုအကြောင်းကို ပြောလိုက်သည်တွင် ကျန်းယွင်ကျူးက ကိုယ့်ဟာကို အော်ရယ်မိလေတော့သည်။ စောပါသေးတယ်လေ။ ဒါပေမဲ့ သူမကတော့ ရေရှည်အတွက် စဥ်းစားနေရပြီ။ ဒါပေမဲ့ ဒါက မိဘဖြစ်ရတဲ့ ခံစားချက် ဖြစ်နိုင်ပါတယ်။
“ကိုယ်တို့မှာ ရှန်ဟန်တစ်ယောက်ပဲ ရှိတာလေကွယ်” ရှန်ဖုန်းမင်က ရုတ်တရက်ပြောလိုက်၏။
ကျန်းယွင်ကျူးက သူပြောချင်သည့်အဓိပ္ပာယ်ကို သိလိုက်လေသည်။ သူက သူမကို နောက်ထပ် ကလေးတစ်ယောက် ထပ်မယူစေချင်တော့တာ။ ဒီနေ့ သူမ ကလေးမွေးတဲ့အချိန်တုန်းက သူမမှာ ဒီအတွေး ဖြစ်လာခဲ့တယ်။ ကလေးမွေးရတာက အရမ်းနာကျင်ရတယ်လို့ ခံစားမိလို့ ဒီကလေး တစ်ယောက်ထဲကိုပဲ လိုချင်တော့တာ။
ဒါပေမဲ့ အခု ကလေးရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကို မြင်လိုက်ရတော့ အရာအားလုံးက ထိုက်တန်တယ်လို့ ခံစားလိုက်ရတယ်။
“သူက တစ်ယောက်ထဲဆိုရင် အရမ်းအထီးကျန်နေမှာပဲလေ” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
“သူ သူငယ်ချင်းတွေ ရလာမှာပါ” ရှန်ဖုန်းမင်က ပြောလိုက်၏။
သူငယ်ချင်းနဲ့ ညီအစ်ကို မောင်နှမက ဘယ်လိုလုပ်ပြီး တူနိုင်ပါ့မလဲ။ မိသားစုနဲ့ သူငယ်ချင်းဆက်ဆံရေးလိုပဲလေ” ကျန်းယွင်ကျူးက ပြန်ချေပြလိုက်၏။
ရှန်ဖုန်းမင်သည် သူမနှင့်ပတ်သက်လာလျှင် အမြဲတမ်း စကားအရာတွင် ကျရှုံးရမြဲပင်။
“ကလေး ထပ်မယူတော့ဘူးလေ၊ နောက်တစ်ယောက်က ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်” ကျန်းယွင်ကျူးက ပြတ်ပြတ်သားသား ပြောလိုက်၏။
သည်နှစ် ဆောင်းလယ်ပွဲတော်ကာလအတွင်းတွင် ကျန်းယွင်ကျူးသည် အိမ်၏ ပြတင်းပေါက်မှသာ လကိုရှုစားနိုင်ခဲ့လေသည်။ သို့သော် ရှန်ဖုန်းမင်နှင့် ရှန်ဟန်တို့ အဖော်ပြုပေးနေသဖြင့် သည်နှစ်၏ လရောင်က ထူးထူးခြားခြား စိတ်ကိုလှုပ်ရှားစေသည်ဟု ခံစားမိလိုက်တော့သည်။
တစ်လကြာပြီးနောက် ကျန်းယွင်ကျူးက အဝတ်အစားအသစ်ကို ဝတ်ဆင်ကာ အေးချမ်းသည့် ခံစားချက်ဖြင့် အိမ်ပြင်သို့ ထွက်လာခဲ့လိုက်သည်။
သူမသည် သဘာဝအတိုင်း မွေးဖွားခဲ့ပြီး မွေးဖွားသည့်နေရာတွင်လည်း ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ အမှန်တွင်တော့ သူမသည် မွေးဖွားပြီး ရက်ပိုင်းလောက်ကတည်း လှုပ်ရှားနိုင်ပြီဟု ခံစားခဲ့ရသည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ အထိန်းတော်ကိုယ်တိုင်က သူမကို အိမ်ထဲတွင် တစ်လနေခိုင်းပြီးမှ အပြင်ထွက်ခွင့်ပေးတော့သည်။ သို့သော် သူမကလည်း အိမ်ထဲတွင် တစ်လသာ နေနိုင်ပေသည်။
..
နောက်ဆက်တွဲ (၉.၂)
အခုတော့ သူမသည် ထွက်လာပြီး အပြင်ဘက်က နေရောင်ခြည်ကို မြင်လိုက်တော့ သူမ၏ စိတ်အခြေအနေက မြင့်တက်သွားသယောင်။
သည်နေ့သည် ရှန်ဟန်၏တစ်လပြည့် စားသောက်ပွဲဖြစ်ပြီး တန့်ယန်းမင်းသမီးက သူမတွက် မြေးတစ်ယောက် ရှိလာပြီကြောင်း အားလုံးကို အသိပေးချင်သဖြင့် ပွဲကြီးတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
မြို့တော်က အရေးပါးသည့်လူအားလုံးက ရှန်မိသားစုမှ ဖိတ်စာများကို လက်ခံရရှိခဲ့ကြပြီး အိမ်တော် အတွင်းအပြင် စိတ်လှုပ်ရှားပြီး ပျော်ရွှင်မှုများ ပြည့်နေလေသည်။
သည်အချိန်တွင် မင်းကြီးနှင့် မယ်တော်ကြီးတို့လည်း ရှန်မိသားစုဆီသို့ အတူတူရောက်လာကြပြီး ဝမ်းသာပျော်ရွှင်မှုကို အဆုံးစွန်ထိ မြင့်တင်ပေးခဲ့ကြလေသည်။
ကျန်းယွင်ကျူးသည် မင်းကြီးနှင့် မယ်တော်ကြီးတို့ကို ဂါရဝပြုရန် အားလုံး၏နောက်မှ လိုက်လာသော်လည်း အမျိုးသမီးချန်ကတော့ စိုးရိမ်နေကာ ခေါင်းပင် မမော့ရဲချေ။ တစ်နေ့တွင် သူမသည် ရှနိုင်ငံကြီး၏ မင်းဧကရာဇ်နှင့် မယ်တော်ကြီးတို့ကို မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမှပင် အိပ်မက် မမက်ရဲခဲ့ချေ။
“ကလေးကို ခေါ်လာပြီး ငါ့ကို ပြပါအုံး”
မယ်တော်ကြီးက ထိုင်လိုက်ပြီးသည်နှင့်ချက်ချင်း လောဆော်လိုက်လေတော့သည်။
ကျန်းယွင်ကျူးက ရှန်ဟန်ကို ချီလာလိုက်သည်။ သူမသည် ကိုယ်ဝန်ဆောင်ကာလအတွင်းတွင် ဝမ်းဗိုက်က ပြောင်းလဲသွားသည်က လွဲလျှင် ဘာမှ မပြောင်းလဲသလောက်ပင်။ အခုတော့ သူမသည် အိမ်တော်ထဲတွင် နောက်ထပ်တစ်လလောက် အားမွေးနေခဲ့ရာ သူမ၏ နက်မှောင်သည့် ဆံကေသာနှင့် နှင်းလိုဖြူဖွေးသည့် အသားအရေက ပိုပိုပြီး လှပလာလေတော့သည်။
အားလုံးက သူမ၏ရုပ်သွင်လေးကြောင့် အရင်ဆုံး ဆွဲဆောင်ခံလိုက်ရပြီးနောက်မှ သူမ၏ရင်ခွင်ထဲက ကလေးကို ကြည့်လိုက်ကြတော့သည်။
ရှန်ဟန်သည် စားနိုင်အိပ်နိုင်ပြီး တစ်လအတွင်းတွင် သူ့အသွင်လေးက ပြောင်းလဲလာပြီး ဖြူဖွေး ပြည့်ဖြိုးနေကာ အလွန်မှ ချစ်စဖွယ်ဖြစ်နေတော့သည်။
သူသည် လူများကို လုံးဝမကြောက်ပေ။ သူ့ကို မယ်တော်ကြီးက ချီတော့မည် ပြင်လိုက်သောအခါ သူက မျက်ဝန်းနက်များဖြင့် မယ်တော်ကြီးကို ကြည့်နေလေသည်။
မယ်တော်ကြီးသည် ထိုအဖြစ်ကြောင့် အံ့အားသင့်ရပြီး သူ့ကို ချီဖို့လက်လှမ်းလိုက်တော့သည်။
သူသည် လက်သေးသေးလေးတစ်ဖက်နှင့် ဆော့ကစားနေပြီး ပျော်ရွှင်လာသောအခါ သူ့ပါးစပ် သေးသေးလေးကိုပင် ဟထားလေသည်။
“သခင်လေးက ပြုံးနေတယ်၊ သခင်လေးက မယ်တော်ကြီးကို ပြုံးပြနေတယ်” အထိန်းတော်ချီက ဘေးမှနေ၍ ပြောလိုက်သည်။
အမှန်တွင်တော့ ရှန်ဟန်က တကူးတက ရယ်မောနေခြင်း မဟုတ်ဘဲ အထိန်းတော်ချီက ပြောလိုက်မှ အားလုံးကလည်း သူသည် မယ်တော်ကြီးကို ပြုံးပြနေသည်ဟု ထင်သွားကြတော့သည်။
မယ်တော်ကြီး၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နေတော့သည်။ ဒီကလေးက တကယ်ချွဲနွဲ့တတ်တာပဲ။ နောက်ဆိုရင် အလားအလာရှိတဲ့လူတစ်ယောက် ဖြစ်လာမှာသေချာတယ်။
ချင်းလုံဧကရာဇ်လည်း သူ့ဘေးတွင် စိတ်ဝင်တစား ရှိနေပြီး ရှန်ဟန်ကို ချီလိုက်လေသည်။ သည်တစ်ကြိမ်တွင်တော့ ရှန်ဟန်က မပြုံးတော့ချေ။ သို့သော် သူက မင်းကြီးကို မကြောက်ရွံ့နေချေ။
“သူ့ကို မွေးလာတုန်းဆိုရင်လေ တခြားကလေးတွေထက် ငိုသံ ပိုကျယ်လိုက်တာဆိုတာ ဒါက အနာဂတ်မှာ အပူအပင် ကင်းလိမ့်မယ်လို့ ပြနေတာပဲ” တန့်ယန်းမင်းသမီးက ဘေးတွင် ညည်းညူလိုက်သော်လည်း အားလုံးကတော့ သူမ၏စကားကို အမွှမ်းတင်နေသည်ဟု ကြားကြပေသည်။
မယ်တော်ကြီးက အပြုံးတစ်ခုနှင့် လှမ်းကြည့်လိုက်၏။ သူမကတော့ အခွင့်အရေးယူနေပြန်ပြီ။ ဣန္ဒြေရှိစမ်းပါ။
အိမ်တော်ထဲတွင် ညီညွတ်မျှတနေလေသည်။
သည်အချိန်တွင် မယ်တော်ကြီးက အမျိုးသမီးချန်ကို တွေ့သွားသည်။ သူမက ကျန်းယွင်ကျူးနဲ့ တော်တော်လည်း ဆင်တာပဲ...။
တန့်ယန်းမင်းသမီးက အမျိုးသမီးချန်ကို မယ်တော်ကြီးနှင့် ချင်းလုံဧကရာဇ်တို့နှင့် မြန်မြန် မိတ်ဆက်ပေးလိုက်တော့သည်။
မယ်တော်ကြီးက အမျိုးသမီးချန်ကို သဘောကျလေသည်။ ပြီးခဲ့တဲ့အခေါက်တုန်းက အထိန်းတော်ချန်က ကျန်းယွင်ကျူးအတွက် မင်္ဂလာပွဲကိစ္စ ကူညီပေးခဲ့သေးတယ်လေ။ သူမက အမျိုးသမီးချန်၊ ကျန်းချိန်နဲ့ တခြားသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ပြန်ရောက်လာတော့ ပြောပြခဲ့တယ်။ သူတို့တွေက စဥ်းစားချင့်ချိန်တတ်ပြီး တခြားသူတွေကိုလည်း အနိုင်မကျင့်ဘူးတဲ့။
ထို့ကြောင့် သည်တစ်ကြိမ် သူတို့တွေ့ဆုံကြသောအခါ သူမက အမျိုးသမီးချန်နှင့် စကားနည်းနည်းပါးပါး ပြောလိုက်လေသည်။
မယ်တော်ကြီးက ချင်းလုံဧကရာဇ်နှင့် ပြန်သွားချိန်တွင် အမျိုးသမီးချန်မှာ ဇဝေဇဝါဖြစ်နေဆဲပင်။ သူမက အမှန်တကယ် မယ်တော်ကြီးနဲ့ စကားပြောခဲ့ရပြီး မယ်တော်ကြီးကလည်း သူမကို အရမ်းဖော်ရွေပုံရတယ်။ ဒါနဲ့ မင်းကြီးကလည်း သူမကို စကားပြောခဲ့သေးတာပဲ။
မင်းကြီးနဲ့ မယ်တော်ကြီးဆိုတာ ရှနိုင်ငံတော်ကြီးရဲ့ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်နှစ်ယောက်လေ။
ဟုတ်ပါတယ်။ ဒါတွေအားလုံးက ကျန်းယွင်ကျူးကြောင့်ဆိုတာ သူမ သိပါတယ်။ မဟုတ်ရင် သူမလို တောသူတစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလဲ။
နောက်ထပ်လဝက်လောက် နေပြီးနောက်တွင်တော့ သူမက အိမ်ပြန်ဖို့ ဆိုလိုက်တော့သည်။
“အမေ မြို့တော်ကို လာဖို့ဆိုတာ မလွယ်ဘူးလေ၊ ကျေးဇူးပြုပြီး ရက်ပိုင်းလောက် ထပ်နေပြီးမှ ပြန်ပါလား” ကျန်းယွင်ကျူးက သူမကို ဆက်နေဖို့ ဖြောင်းဖျလေသည်။
အမျိုးသမီးချန်က ခေါင်းခါပြလိုက်၏။ သူမ မြို့တော်ကို လာတယ်ဆိုတာ သမီးဖြစ်သူကို စိတ်ပူလို့ပါ။ အခု သမီးဖြစ်သူက အဆင်ပြေနေတယ်ဆိုတော့ သူမလည်း စိတ်အေးရပါပြီ။
“သမီး အိမ်ကို လွမ်းရင် အိမ်ပြန်လာပြီး လာလည်ပေါ့” သူမက နောက်ဆုံးတော့ ပြောလိုက်လေသည်။
အမျိုးသမီးချန် ပြန်သွားပြီးနောက်တွင် ကျန်းယွင်ကျူးသည် သူမ၏စကားကို စိတ်ထဲတွင် မှတ်ထားလိုက်လေသည်။ သူမလည်း အိမ်ကို တစ်ခါလောက်တော့ တကယ်ပဲ ပြန်ချင်ပါတယ်။
ဝူလင်မြို့လေးတွင် လုပ်စရာကိစ္စလေးများလည်း ရှိနေသေးရာ သူမသည် အိမ်ပြန်ရလိမ့်အုံးမည့်အကြာင်း ရှန်ဖုန်းမင်နှင့် တိုင်ပင်လိုက်လေသည်။
“ညီမ ရှန်ဟန်ကိုလည်း ခေါ်သွားချင်သလား” ရှန်ဖုန်းမင်က မေးလိုက်၏။
သူမကတော့ သေချာပေါက် ခေါ်သွားချင်တာပေါ့။ သူမက သူနဲ့ မခွဲချင်ဘူးလေ။ ပြီးတော့ ရှန်ဟန်ကို အဘိုးချန်နဲ့ ကျန်းချိန်တို့ကိုလည်း တွေ့စေချင်သေးတယ်။
“ရှန်ဟန်က အခု အရမ်းငယ်နေသေးတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
သူမက သူနှင့် ရက်ကို တိုင်ပင်နေတာဖြစ်ကြောင်း ကျန်းယွင်ကျူးက သိလေသည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် နောက်နှစ် နွေဦးအထိ စောင့်ပြီးမှ ရှန်ဟန်ကို ဝူလင်မြို့လေးသို့ အတူတူ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
နောက်နှစ်နွေဦးတွင် ဟွမ်လီနှင့် ချီကျန်းတို့၏ ကုန်သင်္ဘောအဖွဲ့သည် ပြန်ရောက်လာခဲ့ကြပြီး သူတို့နှစ်ဖွဲ့လုံးက ရွှေ၊ ငွေ ရတနာအမြောက်အများကို ယူပြန်လာခဲ့သည်။
အစပိုင်းတွင် ဟွမ်လီတို့ ကုန်သင်္ဘောအဖွဲ့က အရင်ပြန်လာဖို့ရှိသော်လည်း သူတို့သည် ပင်လယ်ဓားပြတစ်ဖွဲ့နောက် လိုက်ရင်း အချိန်ကုန်သွားကာ နောက်ကျသွားခဲ့ခြင်းဖြစ်လေသည်။
အခုတော့ ယွင်မင် ကုန်သွယ်ရေးအဖွဲ့သည် ပင်လယ်ထဲတွင် ကြီးမားသည့်ဂုဏ်သတင်းတစ်ခု ရှိလာခဲ့သည်။ အရင်က ဓားပြများသည် တခြားများထံမှ လုယက်ခဲ့ကြသော်လည်း အခုတော့ ယွင်မင်ကုန်သွယ်ရေးအဖွဲ့၏ ကုန်သင်္ဘောမျာက ဓားပြများကို သတ်ဖြတ်ရာတွင် တော်ကြပြီး ပင်လယ်ဓားပြများကို သုတ်သင်ဖို့ရန် မိုင်ထောက်ချီအထိပင် လိုက်နိုင်ကြလေသည်။
ဒီလူတွေက ဘယ်လိုလူတွေလဲဟ။ ဒါက ဘယ်လိုစိတ်ဓာတ်မျိုးပါလိမ့်။
ဘုရားရေ။
ပင်လယ်ဓားပြများသည် သူတို့ကို ရူးသွပ်နေကြသည်ဟု ထင်မှတ်သွားပြီး သူတို့ကို ကြောက်ရွံ့သွားကြပြီး သွားလာနေသည့် ကုန်သင်္ဘောများက သူတို့ကို ဩချကြလေတော့သည်။
ဤတွင် လုပ်ငန်းကလည်း ချောမွေ့ပြီး ပေါကြွယ်လာသည်မှာ သဘာဝပင်။
“နောက်တစ်ခါ အဲလို မလုပ်ကြပါနဲ့”
ကျန်းယွင်ကျူးသည် သူတို့က ပင်လယ်ဓားပြများနောက်သို့ မဆုတ်မနစ် လိုက်နေတာဖြစ်ကြောင်း ကြားလိုက်ရသောအခါ သဘောမတူနိုင်ဘဲ ပြောရတော့သည်။ လူတွေကို သတ်ပြီး ပစ္စည်းတွေကို ခိုးတဲ့ ပင်လယ်ဓားပြတွေကို သတ်သင့်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဒီလိုပဲ လုပ်နေကြလို့ ရန်သူတွေ အလစ်တိုက်တာ ခံရရင် ဘယ်လိုလုပ်မှာလဲ။
ပင်လယ်ဆိုတာက အကျယ်ကြီး။ သူတို့ကို ကယ်ဖို့ အရမ်းနောက်ကျသွားလိမ့်မှာပေါ့။
သူမ၏ စကားကို ကြားလိုက်ရချိန်တွင် ဟွမ်လီနှင့် တခြားသူများသည် ရင်ထဲတွင် လှိုက်သွားကြတော့သည်။ အဲဒီတုန်းက လူနောက်ကိုပဲ လိုက်ဖို့ အာရုံရောက်နေလို့ အလစ်တိုက်ခံရမှာ သတိမထားခဲ့မိဘူး။ တော်သေးတာပေါ့။ ပင်လယ်ဓားပြတွေကလည်း သူတို့အသက်အတွက် တကယ်ကြီး ထွက်ပြေးသွားပေလို့ပဲ။ မဟုတ်လို့ကတော့....
ပင်လယ်ထဲမှာ အရမ်းကို အဆင်ပြေနေတော့ နည်းနည်း စိတ်မထိန်းနိုင်ဖြစ်သွားတယ်။ ဒါပေမဲ့ ပုရွတ်ဆိတ်တွေ ပိုများလာရင် ဆင်ကိုတောင် သတ်နိုင်တယ်ဆိုတာကို မသိခဲ့မိဘူး။
“ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့မှားမှန်း သိပါပြီ” အားလုံးက ကျန်းယွင်ကျူးကို အတူတူ ဦးညွှတ်လိုက်ကြလေသည်။
“နောက်ဆိုရင် သတိရှိကြပါ”
ကျန်းယွင်ကျူးက သတိပေးလိုက်လေသည်။
“အခုဆိုရင် ပင်လယ်ဓားပြတွေက ရှင်တို့ကို ကြောက်နေကြပြီ၊ သူတို့တွေက ရှင်တို့ကို သေချာပေါက် သေစေချင်ကြတော့မှာပဲ၊ ရှင်တို့တွေ ဒီတစ်ခါ အထူးသတိထားသင့်တယ်”
ဟွမ်လီ၊ လီရှင်းလင်နှင့် တခြားသူများ အားလုံးတို့သည် ချီလင်သက်စောင့်နှင့် ယန်မိသားစု စစ်တပ်မှ အနားယူထားကြသူများ ဖြစ်လေသည်။ သူတို့သည် လူဆိုးသူခိုးများ၊ ရန်သူစစ်တပ်၏ ကောက်ကျစ်မှုများကို မရေမတွက်နိုင်အောင် ရင်ဆိုင်ခဲ့ရသဖြင့် သူတို့သည် သည်အမှန်တရားကို အမှန်ပင် နားလည်လေသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ချွေးစေးပြန်လာကာ သူတို့သည် ကျန်းယွင်ကျူးကို ထပ်ပြီး လေးစားသွားကြတော့သည်။ သူတို့တွေ ဒီတစ်ခါတော့ သေချာပေါက် မှတ်သားထားပြီး နောက်ဆိုရင် သတိထားရလိမ့်မယ်။
ကျန်းယွင်ကျူးသည် ထိုအခြေအနေကို မြင်လိုက်ပြီးနောက် စိတ်အေးသွားတော့သည်။
“ကျွန်မ ရှင်တို့ကို အရင်ပြောခဲ့ပါတယ်လေ၊ ကျွန်မတို့ ကုန်သင်္ဘောအဖွဲ့အတွက် ငွေနောက်လိုက်ဖို့ထက် လုံခြုံရေးက ပထမဦးစားပေးပါလို့”
အားလုံးက စိတ်ထဲတွင် လှုပ်ရှားသွားပြီး တဖန် လေးစားရပြန်သည်။
နောက်တစ်ဆင့်မှာ ပြီးခဲ့သည့်အခေါက်တုန်းကလိုပင် ငွေများကို ခွဲခြမ်းလိုက်ပြီး နောက်တစ်ကြိမ် ပင်လယ်ထွက်ဖို့ ပြင်ဆင်လိုက်ကြတော့သည်။
ကိစ္စအားလုံး ပြီးသွားသည့်နောက်တွင် ၅လပိုင်း ရောက်လာပြန်သည်။ ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့က ရှန်ဟန်ကိုခေါ်ပြီး ဝူလင်မြို့လေးသို့ အတူတူ ပြန်လာခဲ့ကြတော့သည်။ ဝူလင်မြို့လေးကို နှစ်နှစ်လောက် ခွဲခွာပြီးကတည်း ဒါသည် ကျန်းယွင်ကျူးအတွက် ပထမဆုံး အိမ်ပြန်ခရီးဖြစ်လေသည်။