အခန်း (၁၃၉-၁၄၁)
Vol. 9 Ch. 139-141
နောက်ဆက်တွဲ (၁၀.၁)
ထုပ်ပိုးပြီး ခရီးထွက်ရန် အဆင်သင့်ဖြစ်သွားပြီးနောက် တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် တလှမ်းချင်း အတူတူ လျှောက်လာကြပြီး ကျန်းယွင်ကျူးနှင့် တခြားသူများကို တံခါးအထိ လိုက်ပို့ပေးကြလေသည်။
သူတို့သည် သူတို့သုံးယောက်ကို လွှတ်လိုက်ဖို့ တွန့်ဆုတ်နေမိလေသည်။ ဒီလိုကြီးမားတဲ့ အိမ်တော်ကြီးက သူတို့တွေ ရှိတုန်းကဆိုရင် အသက်ဝင် စည်ကားနေတာလေ။ ဒါပေမဲ့ သူတို့သာ ဒီမှာမရှိရင် ဘာအဓိပ္ပာယ်ရှိ အုံးမှာလဲ။
အထူးသဖြင့် သူတို့သည် ရှန်ဟန်ကို မထည့်ပေးလိုက်ချင်ကြပေ။ ရှန်ဖုန်းမင်သည် အေးတိအေးစက်နှင့် မာထန်သည့် အကျင့်စရိုက်တစ်ခု ရှိသော်လည်း ရှန်ဟန်လေးက လှုပ်ရှားတက်ကြွလေသည်။ သည်ရက်များတွင် သူတို့နှစ်ယောက်သည် သူ့အပေါ်တွင် သူတို့၏အချစ်အားလုံးကို ပုံအောထားကာ သူကလည်း သူတို့ကို ချစ်လေသည်။ တစ်ခါ ခွဲရမည်ဆိုတော့....
“စောစောပြန်ခဲ့ကြနော်” တော်ဝင်ပညာရှင်ရှန်က တစ်ဖန် သတိပေးလိုက်ပြန်သည်။
“ဟုတ်ကဲ့” ကျန်းယွင်ကျူးက နားထောင်လိုက်လေသည်။
“အဘွားကို မမေ့လိုက်နဲ့နော်၊” တန့်ယန်းမင်းသမီးက ရှန်ဟန်ကို ချီထားပြီး သူမ၏နှာခေါင်းကို ရှုံ့လိုက်လေသည်။
ရှန်ဖုန်းမင်က သည်အချိန်တွင် ရှန်ဟန်ကို လှမ်းချီမည်ပြင်လိုက်၏။
“ဘွား....” ရှန်ဟန်လေးက ရုတ်တရက် တန့်ယန်းမင်းသမီး၏ အင်္ကျီလက်ကို ဖမ်းဆုပ်လိုက်ပြီး စကားတစ်လုံး ထွက်လာလေသည်။
အားလုံးက မှင်တက်အံ့ဩသွားပြီး တန့်ယန်းမင်းသမီးမှာ အလွန်ဝမ်းသာသွားတော့သည်။
“အားဟန် စကားပြောလိုက်တာလား၊ သူ ငါ့ကို ဘွားဘွားလို့ ခေါ်လိုက်တာပဲ, တကယ်၊ တကယ်လား၊ နင်တို့ ကြားလိုက်ကြလား” သူမက ဘေးကလူများကို စိတ်လှုပ်ရှားပြီး မေးလိုက်ကာ စကားက အနည်းငယ် အဆက်အစပ်မရှိ ဖြစ်သွားတော့သည်။
“ခေါ်လိုက်တယ်”
တော်ဝင်ပညာရှင်ရှန်လည်း ကြည်နူး အံ့ဩသွားပြီး ရှန်ဟန်ကို ချီရန် သူ့လက်ကို ဆန့်လိုက်ပြီး သူ့ပါးစပ်ကလည်း ပြောလိုက်လေသည်။
“အားဟန် ဘိုးဘိုးလေ၊ ဘိုးဘိုးလို့ခေါ်ပါအုံး”
တန့်ယန်းမင်းသမီးက လုံးဝ မလွှတ်ပေးဘဲ
“ဘွားဘွား၊ ဘွားဘွားလေ၊ လိမ္မာလိုက်တာ၊ ဘွားဘွားလို့ ထပ်ခေါ်ပါအုံး”
ရှန်ဟန်က သူ့ပါးစပ်ကို ဟလိုက်ပြီး
“ဘိုး....”
ထို့နောက် သူ့မျက်ဝန်းနက်များကို ငေးကြည့်ကာ ဘာမှ မပြောတော့ချေ။
“မေမေ၊ ဘွားဘွား၊ မေမေ” တန့်ယန်းမင်းသမီးက သူ့ကို သင်ပေးလေသည်။
ရုတ်တရက် သူသည် လက်သေးသေးလေးကို ကျန်းယွင်ကျူးဆီ ဆန့်လိုက်ပြီ
“မေ”
ဒီအမေဟု ခေါ်သံက ကျယ်ပြီး ပြတ်သားရာ ကျန်းယွင်ကျူးသည် ပန်းများပွင့်နေသံကို ကြားလိုက်ရသယောင်။
မေမေ၊ ဘွားဘွား၊ မေမေ၊ ဖေဖေ.... တစ်လုံးချင်းစီပဲ ဆိုပေမဲ့ ရှန်ဟန် တကယ်ပဲ စကားပြောနိုင်လာပြီပဲ။
မိသားစုက အိမ်ထဲပြန်ဝင်လိုက်ကြပြီး ရှန်ဟန်ကို စကားပြောသင်ပေးရင်း အချိန်တော်တော်အောင် ရွှင်လန်းဝမ်းသာနေကြတော့သည်။
တန့်ယန်းမင်းသမီးက သူတို့သုံးယောက်ကို လုံးဝ မလွှတ်လိုက်ချင်သော်လည်း ၅လပိုင်း ၁၅ရက်နေ့က အဘိုးချန်၏ မွေးနေ့ဖြစ်ပြီး ကျန်းယွင်ကျူးသည် ထိုနေ့အရောက်ပြန်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်နေသည်။
နေ့လယ်ခင်းတွင် သူတို့သုံးယောက်သည် ခရီးထွက်လာကြပြီး မြို့တော်မှ ထွက်ခွာလာကြတော့သည်။
အချိန်အများကြီးကျန်သေးလေရာ သူတို့သုံးယောက်သည် ပြန်ဖို့ အလျင်မလိုဘဲ ရှုခင်းများကို ကြည့်ရှုရင်း ရှန်ဟန်ကို အပြင်လောကအကြောင်း နားလည်အောင် သင်ပေးကြလေသည်။
၅လပိုင်း ၂၇ရက်နေ့ မနက်ခင်းတွင သူတို့သုံးယောက်သည် ချန်ရှီရွာသို့ ရောက်လာကြတော့သည်။
အဘိုးချန်၏ ၅၈နှစ်မြောက် မွေးနေ့က မွေးရက်မွေးလ တိုက်ဆိုင်ခြင်း မဟုတ်ပေ။ သူကလည်း မွေးနေ့ပွဲ ကျင်းပဖို့ စိတ်ကူးမရှိပေ။ အရင်ကဆိုလျှင် ကြက်ဥခေါက်ဆွဲတစ်ပန်းကန်ကို စားလိုက်ရလျှင် အဆင်ပြေပြီ ဖြစ်သော်လည်း အခုတော့ ကျန်းမိသားစုသည် ချမ်းသာလာပြီဖြစ်ရာ ကျန်းချိန်က မွေးနေ့ကို စည်ကားစေချင်လေသည်။
ပွဲကြီးတစ်ခုမဟုတ်ဘဲ မိသားစုများ အတူတူဆုံကြကာ စားသောက်ပွဲတစ်ခု လုပ်လိုက်ခြင်းပင်။
ကျန်းလင်နှင့် ကျန်းယွင်ရွှယ်တို့ကလည်း မနေ့က ပြန်ရောက်လာကြပြီး အမျိုးသမီးချန်က သည်မနက် စောစောကတည်းက စတင်အလုပ်များနေလေသည်။
သည်အခိုက်တွင် လှည်းအဖွဲ့တစ်ခုက အပြင်ဘက်တွင် ရပ်လိုက်ပြီး လှည်းခန်းဆီးကို မ,လိုက်သည်နှင့် ချက်ချင်း ရှန်ဖုန်းမင်ကအရင်ဆုံး လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျန်းယွင်ကျူးကို လှည်းပေါ်မှ တွဲဆင်းပေးလိုက်လေသည်။
“မမ လား”
ကျန်းလင်သည် ခြံဝင်းကို သန့်ရှင်းရေးလုပ်နေပြီး ကျန်းယွင်ကျူးကို တွေ့လိုက်ရသောအခါ အလွန်အံ့ဩသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ထို့နောက်တွင်မှ သူက အော်ပြောလိုက်တော့သည်။
“အဖေ၊ အဘိုး၊ အမေရေ မမ ပြန်လာပြီ”
ကျန်းချိန်နှင့် တခြားသူများက သူ့အော်သံကို ကြားလိုက်ရသောအခါ သူတို့သည် အစပိုင်းတွင် မယုံခဲ့ကြပေ။ သို့သော် သူတို့သည် တံခါးကို ကြည့်လိုက်ချိန်တွင် ပြန်လာသူမှာ ကျန်းယွင်ကျူး တစ်ယောက်တည်း မဟုတ်မှန်း တွေ့လိုက်ရတော့သည်။
အားလုံးက ကျန်းယွင်ကျူးနှင့် တခြားများကို ကြိုဆိုဖို့ရန် တံခါးဆီသို့ အုပ်လိုက် ပြေးသွားလိုက်ကြတော့သည်။
“ယွင်ကျူး ပြန်လာပြီ”
“ဘာလို့ ကြိုမပြောတာလဲကွယ်၊ ဒါဆိုရင် အဖေ လာကြိုပေးလို့ရတာပေါ့”
......
အားလုံးက ဟိုဟိုသည်သည် စကားပြောလိုက်ကြပြီးနောက် သူတို့အားလုံးက သူမ၏ရင်ခွင်ထဲက ရှန်ဟန်ကို တွေ့သွားကြတော့သည်။ ဒါက သူတို့ရဲ့ မြစ်ကလေး၊ မြေးကလေး၊ တူလေးပဲ။ သူလေးက တကယ်ချောတာပဲ။
မိသားစုသည် ပြောစရာစကား မကုန်နိုင်သယောင်။ ရှန်ဖုန်းမင်ကတော့ သူနှင့် ကျန်းယွင်ကျူးတို့က အဘိုးချန်နှင့် တခြားသူများအတွက် ပြင်ဆင်လာခဲ့သည့် လှည်းပေါ်က လက်ဆောင်များကို လူများအား နေရာချခိုင်းလိုက်တော့သည်။
ဆေးပစ္စည်းများ၊ စက္ကူနှင့် စုတ်တံများနှင့် ဝူလင်မြို့တွင် မရနိုင်သည့် သရေစာများ အားလုံးပါလေသည်။ လှည်းသုံးစီး ပစ္စည်းအပြည့်ပင်။
“ပစ္စည်းတွေ အများကြီး ဘာလုပ်မှာလဲ၊ အိမ်မှာလည်း ရှိပါတယ်” ကျန်းချိန်က ပြောလိုက်လေသည်။
“အေးလေကွယ်၊ သမီး ပြန်လာနိုင်တာကိုပဲ ဝမ်းသာလှပါပြီ”
အဘိုးချန်ကလည်း ပြောလိုက်ပြီး အခုမှ သူ့မွေးနေ့လေးသည် အဓိပ္ပာယ်ပြည့်ဝသွားသည်ဟု ခံစားလိုက်ရတော့သည်။
“နည်းနည်းပါးပါးလေးပါ” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
“ဝင်လာ၊ ထိုင်ကြ၊ အဲမှာပဲ ရပ်မနေကြနဲ့လေ” အမျိုးသမီးချန်က သတိပေးလိုက်တော့သည်။
အားလုံးသည် အလွန်ဝမ်းသာသွားကြသဖြင့် ထိုကိစ္စကို မေ့သွားခဲ့ရာ နောက်မှ အိမ်ထဲသို့ ဝင်လာကြတော့သည်။
ကျန်းယွင်ကျူးက တစ်ယောက်ချင်း လိုက်ကြည့်လိုက်လေသည်။ အဘိုးချန်၊ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် မျက်နှာများက ပန်းရောင်သန်းနေသည်ကလွဲလျှင် မပြောင်းလဲကြပေ။ သို့သော် ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့မှာ အများကြီး ပြောင်းလဲခဲ့ကြလေသည်။
နောက်ဆုံးတစ်ခါ သူတို့ကို တွေ့ခဲ့ချိန်တုန်းက သူမ လက်ထပ်သည့်အချိန်ဖြစ်ပြီး အခုတော့ နှစ်နှစ်နီးပါး ကုန်လွန်ခဲ့ပြီဖြစ်လေသည်။
...
နောက်ဆက်တွဲ (၁၀.၂)
သည်နှစ်ထဲတွင် ကျန်းလင်သည် အရပ်မြင့်လာပြီး လူငယ်လေးတစ်ယောက် ဖြစ်လာလေသည်။ ကျန်းယွင်ရွှယ်လည်း အပျိူလေးတစ်ယောက် ဖြစ်လာသည်။ ကျန်းယွင်ရွှယ်သည် သူမနှင့် ကျန်းယွင်ရှို့လောက် မလှသော်လည်း သူမ၏ စာဂျပိုးအငွေ့အသက်က သူမ၏ရုပ်ကလေးကို ထူးခြားနေစေလေသည်။ အကြီးမားဆုံးအပြောင်းအလဲမှာ ကျန်းဝူပင်။ ကျန်းယွင်ကျူးသည် သူ့ကို မမှတ်မိမှာ စိုးရိမ်ရလောက်အောင်ပင်။
ကျန်းချိန်နှင့် တခြားသူများကလည်း သူမနှင့် ရှန်ဖုန်းမင်တို့ကို ကြည့်နေကြလေသည်။ သူမက ပိုလှပြီး သိမ်မွေ့လာတာ ရှန်ဖုန်းမင်ရဲ့ဘေးမှာ ရပ်နေတော့ ချောမောတဲ့စုံတွဲလေးတစ်တွဲ ကျနေတာပဲ။
“ဟုတ်ပါ့ ဟုတ်ပါ့” အဘိုးချန်က ချီးကျူးလိုက်လေသည်။
နှစ်ဘက်က သူတို့ခွဲခွာပြီး နောက်ပိုင်းကာလအတွင်း ဖြစ်ခဲ့သည့်အကြောင်းအရာများကို ပြောကြချိန်တွင်တော့ ကျန်းမိသားစုတွင် အပြောင်းအလဲနှစ်ခု ဖြစ်ခဲ့လေသည်။ ပထမတစ်ခုမှာ ကျန်းချိန်၏ လှည်းလုပ်ငန်းက ကြီးမားသည်ထက် ကြီးမားလာခဲ့သည်။ အခုတော့ မိသားစုတွင် လှည်း ၈စီးရှိပြီး လှည်းမောင်းပေးဖို့ လူများကို ငှားထားလေသည်။ ဝူလင်စီရင်စုမြို့လေး၏ သည်လုပ်ငန်းတွင် ဦးဆောင်သူ ဖြစ်လာသည်ဟု ဆိုနိုင်လေသည်။
ဒုတိယတစ်ခုမှာ သည်နွေဦးအစပိုင်းတွင် ကျန်းလင်သည် ထုန်ရှန့်စာမေးပွဲကို အောင်ခဲ့လေသည်။
“နောက်ဆိုရင် ငါတို့မိသားစုမှ အရာရှိတစ်ယောက် ရှိလာတန်ကောင်းပါရဲ့”
အဘိုးချန်က ဝမ်းသာအားရပြောလေသည်။
ကျန်းလင်၏မျက်နှာက ရှက်ရွံ့မှုအပြည့်နှင့်ပင်။ သူက ဒီအရွယ်ကျမှ ထုန်ရှန့်ကို အောင်ခဲ့တာလေ။ ဒီတော့ ဂုဏ်ယူစရာ မရှိပါဘူး။ ဒါပေမဲ့ သူ ကြိုးစားပြီး နှစ်နှစ်အတွင်းမှာ ပညာသင်စာမေးပွဲကို ဖြေရလိမ့်မယ်။
ကျန်းယွင်ကျူးကတော့ သူသည် တခြားသူများထက် နောက်ကျမှ စာသင်ခဲ့ရသော်လည်း အလွန်မှ တော်နေပြီးသားဟု ထင်မိလေသည်။
အားလုံးက စကားဆက်ပြောလိုက်ပြီး အကြောင်းတိုက်ဆိုင်သွားကာ ထိုနှစ်က မိုးခေါင်ခဲ့သည့်အကြောင်းကို ထုတ်ပြောဖြစ်ခဲ့ကြသည်။ ကျန်းဝူက ရုတ်တရက် ပြောလိုက်၏။
“မမ အဘွားနဲ့ ဦးလေးတို့က အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ”
သည်စကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အခန်းထဲက လေထုမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။
ကျန်းဝူသည် သူ့ စကားမှားသွားမှန်း သိလိုက်ရသဖြင့် ဘေးတွင် တိတ်တိတ်လေး မြန်မြန် ထိုင်ချလိုက်တော့သည်။
“ဘာဖြစ်တာလဲ”
ကျန်းယွင်ကျူးက အဘိုးချန်ကိုသာ မေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
အမျိုးသမီးချန်ကတော့ သည်နေ့သည် နေ့ရက်ကောင်းတစ်ခု ဖြစ်သဖြင့် မကောင်းသည့် အကြောင်းအရာများကို မပြောလိုပေ။ သို့သော် ကျန်းယွင်ကျူးက သူမကို ဆက်ပြီး ကြည့်နေသဖြင့် သူမမှာ တစ်ခုခု ပြောပြလိုက်ရန်သာ တတ်နိုင်တော့သည်။
မနှစ်ကအထိ ချန်ဖုန်းပြည်နယ်တွင် မိုးခေါင်ခဲ့လေသည်။ သခင်မကျန်းနှင့် ကျန်းဟိုင်တို့မိသားစုက သူတို့မိသားစု၏ ငွေနှင့် အစားအသောက်များကို အားကိုးပြီး ချန်ဖုန်းပြည်နယ်တွင် နေခဲ့ကြသည်။ နောက်ပိုင်းတွင် ကပ်ဘေးက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။ တစ်ညတွင် အငတ်ဘေးမှ ထွက်ပြေးလာကြသည့် ဒုက္ခသည်တစ်စုက သူတို့အိမ်နံရံဆီသို့ တန်းတန်းမတ်မတ် ရောက်လာကြပြီး သူတို့၏ အစားအသောက်နှင့် ငွေများကို လုယက်သွားခဲ့ကြသည်။
သူတို့လည်း မတတ်သာဘဲ ထွက်ပြေးခဲ့ရတော့သည်။ သို့သော်ငြား သူတို့သည် ဝူလင်စီရင်စုမြို့လေးကို လာခဲ့သည် မဟုတ်ဘဲ ဘေးက ထောင်ယွမ်စီရင်စုသို့ သွားခဲ့ကြလေသည်။
ကျန်းချိန်က မကြာခဏဆိုသလို ပတ်ဝန်းကျင်မြို့ရွာများသို့ သွားရလေ့ရှိသည်။ မနှစ်က နှစ်ကုန်ခါနီးတွင် သူသည် ထောင်ယွမ်စီရင်စုမြို့သို့ သွားခဲ့ရပြီး ကျန်းဟိုင်နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့လေသည်။
ကျန်းဟိုင်သည် အခုတော့ ဆင်းရဲမွဲတေနေသည်။ သို့သော် ကျန်းချိန်တွင် မြင်းနှင့်လှည်းများ ပိုင်ဆိုင်ထားသည်ကို တွေ့လိုက်ရသောအခါ သူက ကျန်းချိန်ကို ဆွဲထားပြီး ပေးမသွားတော့ပေ။
နောက်ပိုင်းတွင် သူနှင့် သခင်မကျန်းတို့က ကျန်းအိမ်သို့ရောက်လာပြီး ပြဿနာရှာတော့သည်။ သူတို့သည် ငှက်ကျားအသိုက်ကိုပင် သိမ်းပိုက်ချင်ပြီး ထွက်သွားဖို့ရန် ငြင်းဆိုခဲ့လေသည်။
အဘိုးချန်က အိမ်စာချုပ်ကို ထုတ်ကာ အိမ်သည် သူ့ပိုင်ဆိုင်မှုဖြစ်ကြောင်း သက်သေပြလိုက်ပြီး သူတို့ကို မောင်းထုတ်ခဲ့ရသည်။ သို့သော်လည်း သူတို့သည် လက်လျှော့ဖို့ရန် ငြင်းဆန်ပြီး ကျန်းအိမ်သို့ မကြာခဏ လာရောက်ကာ ဆောင်းဦးလေပြေကို ခံစားနေကြလေသည်။
ထိုအကြောင်းကို ပြောလိုက်သည်တွင် အဘိုးချန်က ကျန်းယွင်ကျူးကို အလွန်ကျေးဇူးတင်မိလေသည်။ သူမက အိမ်ကို သူ့နာမည်နဲ့ လုပ်ထားပေးလို့ အခုဆိုရင် သူလည်း ဒီနေရာမှာ လုံလုံခြုံခြုံနဲ့ နေနိုင်တာပေါ့။
ကျန်းယွင်ကျူုးသည် ထိုစကားကို ကြားလိုက်ချိန်တွင် မျက်မှောင်ကြုတ်လိုက်ပြီး
“ဒီလို တစ်ချိန်လုံး လုပ်နေတာက နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ဘူးလေ ဟုတ်တယ်မလား”
သူမသည် သခင်မကျန်းနှင့် ကျန်းဟိုင်တို့ကို လုံးဝ သဘောမကျပေ။ အစပိုင်းတုန်းက သူတို့မိသားစု သေမတတ် ငတ်မွတ်ခဲ့ကြတာ။ သူတို့က အသက်ရှင်ဖို့ သူတို့ဆီမျာ အစားအသောက် နည်းနည်းပါးပါးလေး ချေးပေးဖို့ တောင်းပန်ခဲ့ပေမဲ့ သူတို့ကို ငြင်းခဲ့ကြတာပဲ။ အခု သူတို့တွေ ချမ်းသာလာမှ သူတို့က ထပ်ပြီး ဒုက္ခလာပေးနေတာတဲ့လား။
အမျိုးသမီးချန်က ကျန်းချိန်ကို ဝါးစားမတတ် ကြည့်လိုက်၏။ သူမလည်း သခင်မကျန်းနဲ့ ကျန်းဟိုင်ကို အရမ်းစိတ်ပျက်နေပြီလေ။ သူတို့တွေက သူတို့ရဲ့သမီးရောင်းလိုက်ရတာကို ဒီအတိုင်း ကြည့်နေခဲ့ပြီး ဆန်လေးတစ်စေ့တောင် ချေးပေးဖို့ ငြင်းခဲ့ကြတာ။ သူတို့တွေက သူတို့ကို သားလို ဆွေမျိုးလို ဆက်ဆံခဲ့ကြလို့လား။
တစ်နှစ်က ကျန်းယွင်ကျူး မင်္ဂလာဆောင်တော့ အမျိုးသမီးချန်နဲ့ တခြားသူတွေက မြို့တော်ကို သွားခဲ့ကြတယ်လေ။ တကယ်တော့ သူတို့တွ ကျန်းယွင်ရှို့အကြောင်းကို တိတ်တိတ်လေး စုံစမ်းခဲ့ကြပြီး သူမက အဘိုးချန်ထက် ကြီးတဲ့ မင်းသားတစ်ပါးရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သွားပြီဆိုတာ သိလိုက်ရတယ်။ သူတို့မှာ အံ့ဩရပြီး မတတ်နိုင်ဖြစ်ခဲ့ရတယ်။
ကျန်းချိန်လည်း ဒီအကြောင်းကို စဥ်းစားလေလေ နဖူးက သွေးကြောတွေ ထောင်တက်လေလေ ဖြစ်ခဲ့ရတာပေါ့။
“ဒီအကြောင်း မပြောတာ ပိုကောင်းပါတယ်လေ” သူက ပြောလိုက်၏။ သူ ဒီကိစ္စကို ဖြေရှင်းမှာပါ။ သူက အရင်ကဆိုရင် အမြဲတမ်း စိတ်သဘောထား ပျော့ပြောင်းခဲ့ပေမဲ့ နောက်တစ်ခါတော့ ထပ်မဖြစ်စေရဘူး။
“အကူအညီ လိုသေးလား အဖေ” ကျန်းယွင်ကျူးက မေးလိုက်၏။
ကျန်းချိန်က ချက်ချင်း ခေါင်းခါပြလိုက်ပြီး သူ့မျက်နှာမှာ ရှက်ရွံ့ရသဖြင့် နီရဲသွားတော့သည်။ သူက ယောက်ျားတစ်ယောက်။ အဖေတစ်ယောက်ပဲ။ ပြီးတော့ ဒီတစ်ခါတော့ သူ့မိန်းမနဲ့ ကလေးတွေ စိတ်ပျက်ရအောင် လုပ်မှာမဟုတ်ဘူး။
သူ့သဘောထားကြောင့် အမျိုးသမီးချန်မှာ စိတ်အေးသွားပြီး သူ့အတွက် စကားပြောပေးလိုက်တော့သည်။
“မလိုပါဘူးလေ၊ ဒါနဲ့ ဒီတစ်ခါ သမီးတို့တွေ ပြန်လာကြတာ ဘာကိစ္စရှိကြလို့လဲ၊ အိမ်မှာပဲ ရက်ပိုင်းလောက် နေကြပါအုံး”
“ကိစ္စကြီး မရှိပါဘူး၊ သမီး အမေတို့ကို ဒီအတိုင်းလာတွေ့တာပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
နေ့လယ်ခင်းတွင် အားလုံးက အဘိုးချန်၏မွေးနေ့ကို ကျင်းပရန် အတူတူ ညနေစာစားလိုက်ပြီး မိသားစုက အချိန်ကောင်းတစ်ခုကို ဖြတ်သန်းခဲ့ကြလေသည်။
ညနေပိုင်းတွင် ကျန်းယွင်ကျူးက အားလုံးအတွက် ပစ္စည်းများကို ထုတ်လာခဲ့သည်။ ချီရှန်းကျွီနှင့် ချာပုလျန်၏ မြေစာချုပ်အပါအဝင် ငွေစက္ကူတစ်ထပ် ပါသေးသည်။
ကျန်းယွင်ကျူးသည် မနှစ်က ငှားရမ်းခကို ပေးချေခဲ့ချိန်တွင် ချီရှန်းကျွီက အိမ်ကို ချက်ချင်း ဝယ်ယူခဲ့လေသည်။ အခုတော့ ထိုဆိုင်နှစ်ခုက သူမ၏ပိုင်ဆိုင်မှု ဖြစ်သွားခဲ့သည်။
“ဒါက”
ကျန်းချိန်နှင့် တခြားသူများက အံ့ဩသွားကြ၏။
“သမီးက မြို့တော်လို အဝေးကြီးမှာနေတာလေ၊ ပြီးတော့ ဒီဆိုင်နှစ်ဆိုင်ကို စီမံဖို့က အဆင်မပြေတော့ဘူး” ကျန်းယွင်ကျူးက ပြောလိုက်သည်။
“အမေ သမီးကို ကူညီပေးမှာပေါ့....”
အမျိုးသမီးချန်က အလောတကြီး ပြောလိုက်၏။
ကျန်းယွင်ကျူးက သူမ၏စကားကို တားလိုက်ပြီး ပြောလိုက်လေသည်။
“အခု သမီးမှာ လုပ်ငန်းအသစ်တစ်ခု ရှိနေပြီလေ၊ ဒီဆိုင်၂ဆိုင်က သမီးအတွက်တော့ လက်လွှတ်ရမှာပဲ”
သူမက အမှန်ကို ပြောနေခြင်းဖြစ်ပြီး သည်တစ်ကြိမ် သူမ ပြန်လာချိန်တွင် ဒီကိစ္စကို ဖြေရှင်းချင်ခဲ့လေသည်။
“ဒီဆိုင်၂ဆိုင်ကို သမီးတို့မိသားစုတွေ ဖွင့်လာခဲ့တာလေ၊ ပြီးတော့ သမီးလည်း ဆိုင်တွေကို မပိတ်ရက်ဘူး၊ ဒါကြောင့် သမီးက အမေတို့ကို လွှဲပေးချင်တာပါ” သူမက ဆက်ပြောလိုက်သည်။
အမျိုးသမီးချန်နှင့် တခြားသူများက ဆိုင်ကို လက်ခံရန် ငြင်းဆိုကြမည်က အသေအချာပင်။ သူမက အိမ်စာချုပ်နှင့် ချီရှန်းကျွီ မြေစာချုပ်ကို အမျိုးသမီးချန်၏လက်ထဲသို့ အတင်းထိုးပေးလိုက်ပြီး
“အမေ ချီရှန်းကျွီမြေကို အမေ့ကို ပေးလိုက်ပြီ၊ သမီးတို့တွေ မနက်စာကို အတူတူ ရောင်းလာခဲ့ပြီး မိုင်းတွင်းကိုလည်း အစားအသောက်တွေ ပို့ခဲ့ကြရတာ၊ အမေက အပင်ပန်းဆုံးသူပဲ”
အတိတ်က ထိုနေ့ရက်များကို စဥ်းစားကြည့်လျှင် သူမသည် နှမြောသတမိကာ သက်ပြင်းချမိလေသည်။ ထိုအချိန်က အမျိုးသမီးချန်သည် တစ်နေ့လုံး အမှန်ပင် အလုပ်များနေခဲ့ပြီး ညစ်ပေသည့် အလုပ်အားလုံးကို အပြေးအလွှားလုပ်ခဲ့ရသည်။ သူမကြောင့်သာ မဟုတ်လျှင် သူမ၏လုပ်ငန်းသည် အလွန် ကောင်းမွန်ခဲ့လိမ့်မည်မဟုတ်ဘဲ နောက်ပိုင်းတွင်လည်း လုပ်စရာပင်ရှိလိမ့်မည် မဟုတ်ချေ။
“အမေက သမီးတို့ရဲ့အမေပါ၊ ဒီတော့ သမီးကပဲ ပိုပြီးပင်ပန်းခဲ့မှာ” အမျိုးသမီးချန်က ပြောလိုက်၏။
ကျန်းယွင်ကျူးက သူမ၏လက်ကို ခေါက်သိမ်းပေးလိုက်ကာ အိမ်စာချုပ်ကို သိမ်းထားဖို့ တောင်းဆိုလိုက်တော့သည်။ ထိုနောက်တွင် သူမသည် ကျန်းယွင်ရွှယ်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ယွင်ရွှယ် ချာပုလျန်ဆိုင်ကိုတော့ ငါ နင့်ဆီ လွှဲထားချင်တယ်၊ ဒါက ငါ့အတ္တလို့ပဲဆိုပါတော့”
အဲဒီတုန်းက ကျန်းယွင်ရွှယ်ကလည်း လုပ်ငန်းစလုပ်တော့ ကူညီပေးခဲ့တာပဲ။ ဒီလိုခေတ်မျိုးမှာ နောက်ပိုင်းကျရင် ကျန်းယွင်ရွှယ်က ကျန်းလင်ထက် ပိုပြီး အခက်အခဲ ရှိလိမ့်မယ်ဆိုတာ သူမ သိနေတယ်လေ။ ချာပုလျန်သာ ရှိနေရင် သူမက ပိုပြီး အေးအေးချမ်းချမ်းနဲ့ နေသွားနိုင်မယ်လို့ မျှော်လင့်ရတာပဲ။
ကျန်းယွင်ရွှယ်က သူမ၏သဘောထားကို နားလည်သွာကာ မျက်လုံးများ ချက်ချင်း နီတက်လာတော့သည်။
“မမ....”
ကျန်းယွင်ကျူးက ငွေစက္ကူတစ်ထပ်ကို ကောက်ကိုင်လိုက်သည်။
“အစ်မ ကျွန်တော့်ကို မပေးပါနဲ့၊ ကျွန်တော့်ဟာကျွန်တော် ရှာနိုင်ပါတယ်” ကျန်းလင်က မြန်မြန်ပြောလိုက်၏။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး ငွေစက္ကူတစ်ထပ်ကို ကျန်းချိန်အား ပေးလိုက်လေသည်။ ကျန်းချိန်ကလည်း မလိုချင်ပေ။ နောက်ဆုံးတော့ သူသည် လက်ခံလိုက်ဖို့သာ တတ်နိုင်ခဲ့ပြီး ငွေစက္ကူထုပ်ကို အမျိုးသမီးချန်အား လှမ်းပေးလိုက်တော့သည်။
အားလုံးက တစ်ဖန် ရယ်မောလိုက်ကြပြီး ထိုအခြေအနေက သူမကို စိတ်အေးရစေလေရာ ကျန်းယွင်ကျူးသည် စိတ်ချမ်းသာနေရလေသည်။
ညပိုင်းတွင် ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် ကျန်းယွင်ကျူး အရင်ကနေခဲ့သည့် အခန်းထဲတွင် နေလိုက်ပြီး သည်အခန်းကို အမျိုးသမီးချန်က သူမအတွက် ထိန်းသိမ်းထားပေးပြီး မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးထားသဖြင့် အရာအားလုံးက အရင်တိုင်း ရှိနေလေသည်။
ကျန်းယွင်ကျူးသည် ရင်းနှီးပြီးသားဖြစ်သည့် ရိုးရှင်းလှသည့်အခန်းလေးကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို အဖြစ်အပျက်များစွာကို သတိရသွားတော့သည်။ သူမသည် သူ့ကို မေးစရာ အများကြီး ရှိနေရာ ရှန်ဖုန်းမင်ဘက်သို့ လှည့်ကြည့်လိုက်လေတော့သည်။
. . .
နောက်ဆက်တွဲ (၁၁.၁)
ရှန်ဖုန်းမင်သည် အခန်းထဲက ပရိဘောဂများကို ကြည့်နေလေသည်။
ကျန်းယွင်ကျူးက သူ့ကို ဘေးရှိခြေလေးချောင်းခုံပေါ်သို့ ဖိချလိုက်ပြီး
“ရှင် ဝေ့ခမ်းဖျင်ကို မှတ်မိသေးလား”
ရှန်ဖုန်းမင်က အမှန်ပင် မှတ်မိလေသည်။
ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်ပြီး
“အဲဒီတုန်းက ထူးဆန်းပါတယ်လို့ ခံစားမိလိုက်သေးတယ်၊ ဒီအမှုကို ဘယ်လိုဖြစ်ပြီး အရမ်း မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်သွားတာလဲလို့ပေါ့၊ ပြီးတော့ အမှုမပိတ်ခင်မှာ ရုံးတော်က ကျွန်မတို့ ပျောက်သွားတဲ့ ငွေတွေကို ပြန်ပေးခဲ့တယ်၊ အဲဒါ ရှင် မဟုတ်လား”
သူမက ရှန်ဖုန်းမင်ရဲ့သရုပ်မှန်ကို သိထားတယ်လေ။ ဒီတော့ အဲဒီအချိန်တုန်းက သူ ကူညီပေးနေတာလို့ သံသယဖြစ်ခဲ့ပေမဲ့ အဲဒီတုန်းကတော့ မေးဖို့မလွယ်ခဲ့ဘူးလေ။ ဒါပေမဲ့ အခုတော့ သူမရဲ့စိတ်ထဲကို အတိတ်အကြောင်းတွေ ပြန်ရောက်လာပြီး နောက်ဆုံးတော့ မေးနိုင်သွားပြီး နားလည်ခဲ့ရပြီလေ။
“ကို ပါပဲ” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျန်းယွင်ကျူးက စိတ်ရှုပ်သွားတော့သည်။ ဘယ်လို ပြောလိုက်တာလဲ။
ရှန်ဖုန်းမင်သည် ထိုအချိန်က အခြေအနေကို အကျဥ်းချုပ် ရှင်းပြလိုက်တော့သည်။ သူ ယန်ရှန့်နဲ့ ပြန်လာခဲ့ပြီး ကျန်းယွင်ကျူးက ဒီအမှုနဲ့ ပတ်သက်နေတာ သိလိုက်ရတယ်။ ဒါကြောင့် ယန်ရှန့်က ချီလင်သက်တော်စောင့် တံဆိပ်ပြားကို တရားသူကြီးမုန့်ဆီ ပို့လိုက်ပြီး ဝေ့ခမ်းဖျင်ကို ဖမ်းဖို့ လူတစ်ယောက်လည်း လွှတ်လိုက်တယ်။
ဒါပေမဲ့ ဝေ့ခမ်းဖျင်က သူ့လက်ထဲမှာ သေသွားတာ မဟုတ်ဘဲ ကျီစန်းညန် သတ်တာ ခံလိုက်ရတာတဲ့။
ထို့နောက်တွင်တော့ သူက ကျီစန်းညန်၏အတိတ်အကြောင်း ပြောပြလိုက်လေသည်။
ကျန်းယွင်ကျူးသည် ပုံပြင်တစ်ပုဒ် နားထောင်နေရသလို စတင် ခံစားလိုက်ရပြီး ထိုအချိန်က ကိစ္စအများအပြား ဖြစ်ခဲ့မှန်းကို မသိခဲ့ပါချေ။ သို့သော် ကျီစန်းညန်၏ အကြောင်းကို ကြားလိုက်ရပြီးနောက်တွင် သူမသည် ထိုအကြောင်းကို ကိုယ်ချင်းစာမိပြီး နှမြောတသဖြစ်ခဲ့ရကာ ထိုနေ့ညတွင် ဝေ့ခမ်းဖျင်နှင့် တခြားသူများက ညသန်းခေါင်အချိန်တွင် ကျန်းအိမ်ကို ဖောက်ပြီး သူမကို ပြန်ပေးဆွဲချင်ခဲ့ကြောင်း ကြားလိုက်ရချိန်တွင်တော့ ကျောချမ်းသွားတော့သည်။
အဲဒီတုန်းက ကျီစန်းညန်ရဲ့ လှည်းသမားက သူမကို ပြောခဲ့တာ မဆန်းတော့ပါဘူး။ “သခင်မက မင်းကို ပြောခိုင်းလိုက်တယ်၊ နောက်ပိုင်းကျရင် သူများကိစ္စ ဝင်မစွက်ဖက်ပါနဲ့၊ မဟုတ်ရင် ညသန်းခေါင်မှာ လူဆိုးတွေ အိမ်ထဲဝင်လာပြီး မင်းကို ထိပါးလာရင် ဘယ်လိုလုပ်မလဲ”တဲ့။ ဒါက တကယ့်ကိစ္စ ဖြစ်နေတာကိုး။
သူမသည် ထိုအကြောင်းကို မစဥ်းစားရဲတော့ချေ။ တကယ်လို့များ ကျီစန်းညန် မရှိသလို၊ ရှန်ဖုန်းမင်လည်း မရှိခဲ့ရင် အဲဒီနေ့ညမှာ သူမ ဘာဖြစ်သွားမလဲ။ ကျန်းမိသားစုနဲ့ တခြားသူတွေရော ဘာဖြစ်သွားလေမလဲ။
“ကို ရှိပါတယ်” ရှန်ဖုန်းမင်သည် သူမက စိတ်မကောင်းဖြစ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူမကို ရင်ခွင်ထဲ ထည့်ကာ နှစ်သိမ့်ပေးလိုက်လေသည်။
ကျန်းယွင်ကျူးက သူ့လက်ပင်းကို သိုင်းဖက်ထားလိုက်ပြီး သူမ၏မျက်နှာကို သူ့လည်ပင်းနှင့် ကပ်ထားလိုက်ကာ သူ့ရင်ငွေ့ဖြင့် လွှမ်းခြုံခံလိုက်ရမှ ခံစားချက် သက်သာလာတော့သည်။
“ဒါဆိုရင် ကျွန်မ ကျီစန်းညန်ကို ကျေးဇူးကြွေး တင်နေသေးတာပဲနော်” သူမက တီးတိုးပြောလိုက်၏။ ဟုတ်တာပေါ့၊။ သူမ သူ့အပေါ်လည်း အကြွေးတင်နေတာပဲ။
“သူ့ကို သူ့ခင်ပွန်းနဲ့အတူ မြှုပ်နှံပေးလိုက်ပြီးပါပြီ” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျီးစန်းညန်သည် နောက်ဆုံးတော့ သူမ၏ နာကြည်းချက်များကို ဖြည့်ဆည်းနိုင်ခဲ့ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သေဆုံးသွားခြင်းပင်။
ကျန်းယွင်ကျူးသည် ခေါင်းမော့လိုက်ပြီး သူ့ပါးတစ်ဖက်ကို နမ်းလိုက်လေသည်။ တခြားသူတွေလိုပဲ သူမလည်း သူ့ကို ကြောက်ခဲ့ဖူးပြီး သူက မျက်တောင်မခတ်ဘဲ လူသ-တ်ခဲ့တယ်လို့ ထင်ခဲ့မိပေမဲ့ တကယ်လို့များက သူ မှန်ကန်တဲ့ဘက်ကဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ဒီလောကကြီးမှာ မတရားမှုနည်းပါးသွားပြီး မျှတမှုပိုလာတာမျိုးကော ရှိမယ်မလား။
ရှန်ဖုန်းမင်သည် သူမက သူ့ကို ရုတ်တရက် နမ်းလိုက်သည့်အကြောင်းအရင်းကို မသိသော်လည်း သူသည် အလွန်ပျော်သွားပြီး သူမကို နမ်းချင်သွားတော့သည်။
ကျန်းယွင်ကျူးက ရှောင်လိုက်ပြီး
“ကျွန်မ မသိတာ ဘာရှိသေးလဲ” သူမက သည်နေ့ ရှင်းရှင်းလင်းလင်း မေးဖို့ ဆုံးဖြတ်ထားလေသည်။
ရှန်ဖုန်းမင်က တွေဝေသွား၏။
“မြန်မြန်ပြောနော်” ကျန်းယွင်ကျူးက စိတ်ဆိုးဆိုးနှင့် ပြောလိုက်ကာ အကျဥ်းသားတစ်ယောက်ကို စုံစမ်းနေသလို အနည်းငယ်ဆင်တူနေပြီး သူသည် သူ့ရင်ခွင်ကို မှီမနေတော့ချေ။
ရှန်ဖုန်းမင်က ထိုအကြောင်းကို ခဏလောက် မမှတ်မိနိုင်ဖြစ်နေသည်။
ကျန်းယွင်ကျူးက ရုတ်တရက် မေးလိုက်၏။
“အဘိုးဝူကရော”
အဲဒီအချိန်တုန်းကတော့ သူမ ထင်မထားခဲ့ဘူးလေ။ ဒါပေမဲ့ အခု အဲဒီအကြောင်း စဥ်းစားကြည့်လိုက်တော့ အဘိုးချန်ရဲ့ မျက်လုံးကို သမားတော်ကျင်းက မကုသပေးနိုင်ခဲ့ဘူး။ ဘယ်လိုများ အဲလောက်အထိ တိုက်ဆိုင်နိုင်မှာလဲ။ နောက်တော့ အဘိုးဝူက ရက်ပိုင်းအတွင်းမှာ သူမရဲ့အိမ်တံခါးမှာ ပေါ်လာခဲ့တယ်လေ။
“ကို သူ့ကို ပို့လိုက်တာ” ရှန်ဖုန်းမင်က ပြောလိုက်သည်။
သေချာနေပါပြီ။
“ကျေကျေနပ်နပ်နဲ့လား”
ထိုအချိန်က အဘိုးဝူသည် သူ့ကို အလွန်မုန်းနေခဲ့လေသည်။
“အဲဒီနေ့ညက အေးခဲမတတ် အေးနေတာလေ၊ ခြံဝင်းထဲမှာ ရပ်ပြီးဘာလုပ်နေတာလဲ” ကျန်းယွင်ကျူးက အလိုလို သိနေသဖြင့် မေးလိုက်တော့သည်။
“တချို့ကိစ္စတွေကို စဥ်းစားနေတာပါ”
“အိမ်ထဲမှာ စဥ်းစားလို့မရဘူးလား”
“နောက်ကျနေပြီနော်”
“ရှင် ကျွန်မကို မပြောပြရင် ကျွန်မက အဘိုးဝူကို သွားမေးလိုက်မယ်” ကျန်းယွင်ကျူးက ဖိအားပေးလိုက်၏။
ရှန်ဖုန်းမင်မှာ ကူကယ်ရာမဲ့သွားပြီး
“ကိုက သူ့ကို အဘိုးရဲ့မျက်လုံး ကုသပေးစေချင်ရင် ခြံထဲမှာ တစ်ညလုံး ရပ်နေလို့ ပြောလို့”
ကျန်းယွင်ကျူးက သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး သူမ၏အသံက တုန်ယင်နေတော့သည်။
“အဲနေ့ညက တစ်ညလုံး ရှင် တကယ်ပဲ ရပ်နေခဲ့တာပေါ့”
“ဒါက အသေးအဖွဲကိစ္စလေးပါ” သူက မေ့လိုပင်နေပြီဖြစ်သည်။
ကျန်းယွင်ကျူးက သူ့ကို ဖက်ထားလိုက်၏။ သူမ၏နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဖြစ်သွားတော့သည်။ သူက သူမကို ဒီကိစ္စတွေအကြောင်း ဘာလို့များ စောစောက မပြောခဲ့တာလဲ။ သူမသာ မမေးရင် သူက သူမကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူးဆိုတဲ့ သဘောများလား။
ရှန်ဖုန်းမင်က ခေါင်းငုံ့လိုက်ပြီး သူမကို အသာအယာ နမ်းလိုက်၏။
ကျန်းယွင်ကျူး၏နှ လုံးသားလေးက တဒုတ်ဒုတ်ခုန်သွားပြီး သူတို့နှစ်ယောက်သာ ကြားနိုင်သည့် လေသံဖြင့် သူ့ကို မေးလိုက်တော့သည်။
“ရှင် ဘယ်တုန်းက ကျွန်မ စပြီး ချစ်သွားတာလဲ”
သူ သူမကို နောက်ပိုင်းကျမှ ချစ်သွားတာလို့ ထင်ခဲ့ပေမဲ့ အခုကြည့်လိုက်တော့ ထင်ထားတာထက် အများကြီး စောနေတာပဲ။
“အင်း....” ရှန်ဖုန်းမင်က ကိုယ့်ဟာကို ပြန်မေးလိုက်သယောင်။ မင်း သူ့ကို ဘယ်တုန်းက စပြီးချစ်မိသွားတာလဲ။ အဲဒီအကြည့်ကြောင့်များလား။ သူနဲ့အဆင်သွားပြီးမှလား။
“ဟင်လို့” ကျန်းယွင်ကျူးက မော့လိုက်သည်။
“တကယ်နောက်ကျနေပြီနော်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက ပြောလိုက်၏။
“ရှင် ကျွန်မကို ချစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့တာပဲ”
...
နောက်ဆက်တွဲ (၁၁.၂)
ရှန်ဖုန်းမင်မှာ ဆွံ့အသွားတော့သည်။
“ဒါဆို ရှင် ကျွန်မကို ချစ်တယ်ဆိုပြီး ကျွန်မကို ဘာလို့ မပြောပြခဲ့တာလဲ”
ကျန်းယွင်ကျူးသည် သူ နှစ်ကြိမ် ထွက်သွားခဲ့သည်ကို မှတ်မိနေလေသည်။
အမှန်တွင်တော့ သူမက မေးလိုက်ပြီးမှ ထိုကိစ္စကို နားလည်သွားတော့သည်။ တကယ်တော့ သူ တစ်ခါက ပြောခဲ့ဖူးတာပဲ။ သူမရဲ့ဘဝလေးက ရိုးရှင်းပြီး ပျော်စရာကောင်းတယ်။ သူ မနှောင့်ယှက်ချင်ဘူးလို့ ပြောခဲ့ဖူးတယ်....
ဒီလူက သူမအပေါ် တကယ် ကောင်းပြီး သူမအချစ်နဲ့ ထိုက်တန်တဲ့သူပဲ။
“ရှန်ဖုန်းမင် ကျွန်မ ရှင့်ကို ချစ်တယ်”
ကျန်းယွင်ကျူးသည် နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရုတ်တရက် ပြောလိုက်တော့သည်။ အခုလို အခိုက်တန့်လေးတွင် သူမသည် သူ့ကို သည်အကြောင်း ပြောပြချင်မိတော့သည်။
ထို့နောက်တွင် သူမက သူ့နှုတ်ခမ်းများကို နမ်းလိုက်တော့သည်။
ကိုလဲ မင်းကို ချစ်ပါတယ်။ ကို မင်းကို ဟိုးအရင်ကတည်းက ချစ်လာခဲ့တာ။ နောက်ပြီး အမြဲတမ်း ချစ်သွားမှာ။ ရှန်ဖုန်းမင်က စိတ်ထဲတွင် တွေးထားလိုက်တော့သည်။
နွေးထွေးသည့် အဝါရောင် ဖယောင်းတိုင်မီးအောက်တွင် နှစ်ယောက်သားမှာ အချင်းချင်း ရစ်တွယ်ခဲ့ကြကာ ထပ်ပြီး ဘယ်တော့မှ မခွဲမခွာတော့မည့်နှယ်။
ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့သည် ရှန်ဟန်ကို ခေါ်ကာ ချန်ရှီရွာတွင် ဆယ်ရက်လောက် နေခဲ့ကြလေသည်။ ပြီးခဲ့သည့် ဆယ်ရက်အတွင်းတွင် သူတို့သည် ကလေးနှစ်ယောက် အဖေဖြစ်လာသည့် ရွှီချင်ရှန့်နှင့် တွေ့ခဲ့ပြီး သုံးနှစ်အတွင်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို ထောက်ထားကာ သူ့အတွက် အကြံပေးစကားက အလွန်မှ အသုံးဝင်ခဲ့လေသည်။
သူတို့သည် ချီရှန်းကျွီနှင့် ချာပုလျန်သို့ သွားကာ လီဟယ်၊ တန့်သယ်ပေါင်းနှင့် တခြားသူများကို တွေ့ဆုံခဲ့ပြီး သူတို့နှင့်အတူ ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း သူမက ချီရှန်းကျွီကို အမျိုးသမီးချန်အား လွှဲပေးလိုက်ကာ ချာပုလျန်ကိုတော့ ကျန်းယွင်ရွှယ်အား လွဲပေးလိုက်ကြောင်း ပြောပြလိုက်လေသည်။
သူတို့သည် စီရင်စုမြို့တွင် ရှိသည့် ကျန်းယွင်ကျူး၏အိမ်သို့လည်း သွားခဲ့ကြပြီး နှစ်ရက်လောက် နေလိုက်ကြသည်။ ထိုအိမ်လေး၏ ခြံဝင်းထဲက ရေကန်ဘေးတွင် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ပထမဆုံး နမ်းခဲ့ခြင်းပင်။
ကျန်းယွင်ကျူးကလည်း ထိုအချိန်က သူ့ကို အနည်းငယ်သဘောကျမိကြောင်းကိုတော့ ဝန်ခံရပေမည်။
သူတို့သည် အမျိုးသမီးလျိုနှင့်လည်း တွေ့ခဲ့ကြကာ အခုတော့ အမျိုးသမီးလျိုသည် ဆိုင်လေးတစ်ခု ပိုင်ဆိုင်ထားပြီး ပန်းထိုးလက်ရာများ ရောင်းချကာ တခြားသူများအတွက် အဝတ်အစားညှပ်ပေးရသည်။ သူမ၏ စီးပွားရေး ဖြစ်ထွန်းလှသည်။
သူတို့သည် အာမခံဌာနခေါင်းဆောင်လီနှင့် လီယန်တို့ကိုလည်း တွေ့ခဲ့သေးသည်။ အခုတော့ လီယန်၏ ခန္ဓာကိုယ်က လုံးဝ ပြန်ကောင်းသွားပြီး သူသည် ချောမောသည့် လူငယ်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။
အရာအားလုံးက အံ့ဩစရာကောင်းနေသလိုပင်။
သည်နေ့တွင်တော့ သူတို့သုံးယောက်သည် မြို့တော်သို့ ပြန်ဖို့ ပြင်ဆင်လိုက်ကြလေသည်။
“သမီးအတွက် အဘိုး အခြောက်လှမ်းထားပေးတဲ့ လက်ဖက်မွှေးက ပစ္စည်းကောင်းတော့ မဟုတ်ပါဘူး”
အဘိုးချန်က လက်ဖက်မွှေးအိတ်ကြီး နှစ်အိတ်ကို ကျန်းယွင်ကျူး၏လှည်းပေါ်သို့ တင်ပေးလိုက်၏။ ထိုအချိန်က ကျန်းယွင်ကျူးသည် သူ့စိုက်ထားသည့်ပန်းများကို ကြည့်ပြီး နောက်ဆိုလျှင် လက်ဖက်မွှေး သောက်ရတော့မည်ဟူသည့် စကားကို အမြဲတမ်းမှတ်ထားခဲ့လေသည်။
ထိုအချိန်ကတည်းက သူသည် နှစ်တိုင်းဆိုသလို လက်ဖက်မွှေးကို ထုတ်ကြွားလာခဲ့ပြီး သည်နှစ်တွင် နောက်ဆုံးတော့ လက်ဖက်မွှေးကို သူမအား ပေးနိုင်ခဲ့လေသည်။
“အဖေ့အတွေးက သမီးရဲ့အမေလိုပါပဲ”
ကျန်းချန်က ကျန်းယွင်ကျူးကို သက်ရှည်သော့ခလောက်၊ ရွှေလက်ကောက်နှင့် ရွှေခြေကျင်း အပါဝင် ကလေးများဝတ်သည့် ရွှေအဆင်တန်ဆာ တစ်စုံ ပေးခဲ့လေသည်။ ဒဏ္ဍာရီအရ သည်ပစ္စည်းများက ကလေးများကို ကပ်ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ပြီး သက်ရှည်ကျန်းမာစေသည်ဟု ဆိုသည်။
“အစ်မ ငါ စာမေးပွဲအောင်ရင် မြို့တော်မှာ နင့်ကို လာရှာမယ်နော်” ကျန်းလင်က မလုံမလဲနှင့် ထိုသို့ပြောလိုက်လေသည်။ သူသည် အဆင့်တစ် ပညာသင်ကျောင်းသားတစ်ဘောက် ဖြစ်နိုင်သော်လည်း စာမေးပွဲအောင်လျှင်တော့ ကောင်းလိမ့်မည်ဟု ခံစားမိသည်။
“မမ ဒါက နင့်အတွက်”
ကျန်းယွင်ရွှယ်က ကျန်းယွင်ကျူးကို လက်ရေးစာမူတစ်ထပ် ကမ်းပေးလိုက်၏။ ကျန်းယွင်ကျူးက ဟင်းအမယ်များကို ဖတ်ကာ ချက်ပြုတ်ရသည်ကို သဘောကျမှန်း သိထားသဖြင့် ကျောင်းစာကြည့်တိုက်မှ သူမအတွက် ကူယူပေးခဲ့ခြင်းပင်။
သို့သော်ငြား ရှန်မိသားစုတွက်လည်း သည်စာအုပ်များ ရှိနိုင်သည်ဟု တွေးမိသဖြင့် မပေးနိုင်ခဲ့ပေ။
ကျန်းယွင်ကျူးက စာအုပ်ကို ချက်ချင်းလှမ်းယူလိုက်၏။ ရှန်မိသားစုသည် မိသားစုကြီးတစ်ခု ဖြစ်ခဲ့လျှင်ပင် တစ်လောကလုံးက စာအုပ်အားလုံးကို စုဆောင်းဖို့တော့ မဖြစ်နိုင်ပေ။ ဒါက သူမ၏ ရည်ရွယ်ချက် ဖြစ်သည်ကလည်း ပြောရန်ပင် မလိုချေ။
ကျန်းယွင်ရွှယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်သွားတော့သည်။ နောက်ဆိုရင် မမအတွက် စာကူးပြီး ကူညီပေးလို့ရသွားပြီ။ စာအုပ်တစ်အုပ်လိုတောင် စုစည်းပေးလို့ရတယ်။
ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် ကျန်းဝူက သူမဘေးတွင် စိုးရိမ်တကြီးနှင့် ခေါင်းကုပ်နေတော့သည်။ သူ့တွင် ကျန်းယွင်ကျူးကို ပေးစရာ ဘာမှမရှိနေသယောင်။
“အဖေ အမေတို့စကားကိုသာ နားထောင်နော်” ကျန်းယွင်ကျူးက သူ့ကို ပြောလိုက်၏။ သူ အရမ်းဆိုးတယ်လို့ သူမ ကြားထားတယ်လေ။
ကျန်းဝူ၏ မျက်နှာက ပူတက်လာပြီး မြန်မြန် ခေါင်းညိတ်သဘောတူလိုက်တော့သည်။
ကျန်းယွင်ကျူးနှင့် တခြားသူများသည် လှည်းပေါ်သို့ တက်လိုက်ကြပြီး အမျိုးသမီးချန်နှင့် တခြားသူများက စောင့်ကြည့်ပေးနေကြသည်။ သူတို့၏ လှည်းကလေး ပျောက်ကွယ်သွားချိန်မှ အမျိုးသမီးချန်သည် မျက်ရည်များ ကျလာတော့သည်။ ဒီခွဲခွာခြင်းပြီးသွားရင် သူတို့တွေကို ဘယ်အချိန်မှ ထပ်တွေ့ရမလဲ မသိဘူး။
“နောက်ပိုင်း ငါတို့တွေ သူတို့ကို သတိရရင် မြို့တော်မှာ သွားတွေ့လို့ရတာပဲ” ကျန်းချိန်က ပြောလိုက်သည်။
အမျိုးသမီးချန်သည် ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ခွဲရခြင်း၏ဝမ်းနည်းမှုကို မြိုသိပ်ထားလိုက်တော့သည်။
၆လပိုင်း ရောက်လာပြီဖြစ်ရာ ရာသီဥတုက စတင်ပူပြင်းလာတော့သည်။ နွေရာသီ အဝတ်အစားအသစ်များကို ဝတ်ဆင်ပြီး ပြတင်းပေါက် အကာများကို လဲရမည့်အချိန်သို့ ရောက်လာခဲ့သည်။ သို့သော် တန့်ယန်းမင်းသမီးက လုံးဝ စိတ်မဝင်စားနိုင်ဖြစ်နေလေသည်။
အခုတော့ တော်ဝင်ပညာရှင်ရှန်နှင့်အတူ သူမ၏နေ့စဥ်လုပ်ရမည့်တာဝန်က အထိန်းတော်ချန်နှင့် ရှန်ဖူကို မေးမြန်ရန်သာ ဖြစ်တော့သည်။
“သားတို့တွေ ပြန်လာကြပြီလား”
ကျန်းယွင်ကျူးတို့ ခရီးထွက်သွားကတည်းက အိမ်ကြီးသည် ခြောက်ကပ်သွားပြီး နှစ်ယောက်သားကလည်း ရန်ဖြစ်ချင်စိတ်ပင် မရှိတော့ချေ။ သို့သော် သူတို့သည် ကျန်းယွင်ကျူးတို့ ပြန်လာမည့်နေ့ သို့မဟုတ် ပြန်လာမည့်အချိန်ကို နေ့တိုင်း ရေတွက်နေကြလေသည်။ ထို့နောက်တွင်တော့ ရှန်ဟန်က နည်းနည်းများ ကြီးလာလေမလား၊ သူက စကားများ ပိုတတ်လာလေမလားဟု စဥ်းစားနေမိတော့သည်။
သည်နေ့တွင် တော်ဝင်ပညာရှင်ရှန်သည် အပြင်ကပြန်လာပြီး ခါတိုင်းလိုပင် ရှန်ဖူကို ကြည့်လိုက်၏။
သူသည် ရှန်ဖူက ခေါင်းခါပြလိမ့်မည်ဟု ခါတိုင်းနည်းတူ တွေးထားလိုက်လေသည်။
မည်သူက ထင်ထားပါမည်နည်း။
“သခင်ကြီး သားနဲ့ သခင်မငယ်လေးတို့ ပြန်ရောက်ပါပြီ၊ အရှေ့ဘက်ခန်းမမှာပါ”
“ပြန်လာကြပြီလား”
တော်ဝင်ပညာရှန်က မေးလိုက်၏။ သည်အချိန်တွင်တော့ သူ့မျက်နှာသည် ခါတိုင်းလို တည်ကြည်နေခြင်း မရှိတော့ပေ။
“ပြန်လာကြပါပြီ” ရှန်ဖူက တော်ဝင်ပညာရှင်ရှန်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်၏။
တော်ဝင်ပညာရှန်သည် ခြေလှမ်း သုံးလှမ်းအစား နှစ်လှမ်းနှင့်လျှောက်လာခဲ့ပြီး လျှောက်လမ်းကို ဖြတ်လာပြီးနောက်တွင် ပင်မဆောင်ကို မြင်နေသည့်အပြင် ရှန်ဖုန်းမင်၊ ကျန်းယွင်ကျူးနှင့် ရှန်ဟန်တို့အားလုံးက ထိုနေရာတွင် ရှိနေကြလေသည်။
သူသည် ခြေလှမ်းများကို နှေးလိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်လာခဲ့လိုက်၏။
ရှန်ဟန်က အမှန်ပင် စကားတတ်နေပြီး “ဘိုးဘိုး” “ဘွားဘွား” ခေါ်တတ်နေပြီဖြစ်ကာ တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့သည် သူ့ကို မလွှတ်ပေးချင်ကြသေးချေ။
ရှန်မိသားစုသည် တဖန် အသက်ဝင်လှုပ်ရှားလာတော့သည်။
၈လပိုင်း နောက်ဆုံးရက်တွင် ကြီးကြီးမားမား တစ်ခု ဖြစ်ခဲ့လေသည်။ အထိန်းတော်ချီက မယ်တော်ကြီးကို မနက်ခင်းတွင် နှိုးဖို့ သွားခဲ့သော်လည်း သူမက အသက်မရှူတော့ပေ။ သူမသည် ညပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းပင်။ သူမသည် အိပ်ပျော်နေသည့်နှယ် ငြိမ်းချမ်းနေဟန်ပင်။
သည်အကြောင်းနှင့် ပတ်သက်ပြီး ဝမ်းအနည်းရဆုံးသူမှာ အကြိမ်ကြိမ် သတိလစ်မေ့လဲရသည့်အထိ ငိုကြွေးခဲ့သည့် တန့်ယန်းမင်းသမီးပင်။
ချင်းလုံဧကရာဇ်သည်လည်း အင်မတန် ဝမ်းနည်းရလေသည်။ မယ်တော်ကြီးသည် သူ ဘုရင်ဖြစ်လာရေးတွင် မရှိမဖြစ်ပင်။
မြို့တော်တစ်ခုလုံးက ပိတ်ဖြူများချထားပြီး မယ်တော်ကြီးအတွက် နိုင်ငံတော်ဈာပနကို တစ်လတာကျင်းပခဲ့လေသည်။
မယ်တော်ကြီးက ရှန်ဖုန်းမင်ကို အလွန်ချစ်မြတ်နိုးခဲ့လေသည်။ သူမ ရုတ်တရက် ဆုံးပါးသွားတော့ ရှန်ဖုန်းမင် မဆိုထားနှင့် ကျန်းယွင်ကျူးပင် အလွန်ဝမ်းနည်းခဲ့ရသည်။
သို့သော်ငြား ပြီးခဲ့သည့်အခေါက်က ဖြစ်ရပ်ကြောင့် အားလုံးက အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ထားခဲ့ကြလေသည်။ သည်တစ်ကြိမ်တွင် မယ်တော်ကြီးက အေးအေးချမ်းချမ်း ကွယ်လွန်သွားပြီး အားလုံးကလည်း အနည်းငယ် စိတ်အေးရလေတော့သည်။
လူများက အမြဲတမ်း ရှေ့ရေးကို ကြည့်နေတတ်ကြပြီး ဆောင်းတွင်းကလည်း မျက်စိတမှိတ်အတွင်း ရောက်လာပြန်သည်။ နေ့တိုင်း နှင်းများကျနေပြီး နှင်းမှုန်များက မှုန့်ညက်သည့်ဆားနှယ် ပြန့်ကျဲနေလေ၏။
သည်နေ့တွင် အမျိုးသမီးခန္ဓာကိုယ်တစ်ခုကို မြို့တော် မြောက်ဘက်ဆင်ခြေဖုံးက ဘုရားကျောင်းပျက်ထဲတွင် ရှာတွေ့ခဲ့ကြသည်။
ကျင်းကျောက်ပြည်နယ်မှ လူများက ချက်ချင်း သွားစစ်ဆေးခဲ့ပြီး သည်နေရာတွင် အေးခဲပြီး သေသွားသည့် အဘွားကြီးတစ်ယောက်ဟု ကောက်ချက်ချလိုက်ကြသည်။
အရမ်းအေးတာပဲလေ။ မထူးဆန်းပါဘူး။
သို့သော် နှစ်ရက်ကြာပြီးနောက်တွင် လူတစ်ယောက်က စာတစ်စောင်ပို့လာ၏။ စာကို အဘွားကြီးက ချန်ခဲ့သည်ဟု ဆိုလေသည်။ သူမ တစ်နေ့ သေသွားခဲ့လျှင် သည်လူကို တရားရုံးသို့ စာပို့ပေးဖို့ မှာခဲ့သည်ဟု ဆိုထားလေသည်။
ကျင်းကျောက်ပြည်နယ်က လူများသည် စာကို ဖွင့်ဖတ်လိုက်ကြ၏။ သို့သော်ငြား သူတို့သည် အလွန်မှထိတ်လန့်သွားကြကာ သူတို့၏သွေးများပင် အေးခဲသွားလေတော့သည်။
...
နောက်ဆက်တွဲ (၁၂.၁)
သည်အဘွားကြီးက သူမကိုယ်သူမ ဝူမင်ဟုခေါ်ပြီး သူမက အရှေ့နန်းဆောင်တွင် တစ်ဆယ့်သုံးနှစ်တာ အိမ်ရှေ့မင်းသားကို ခစားခဲ့သည်။ ထိုအချိန်က ကြင်ယာတော်ဝူသည် အိမ်ရှေ့မင်းသား၏ အခန်းထဲက အမွှေးနံ့သာထွန်းသည့် ခွက်ထဲတွင် မကောင်းသည့်အမှုန့်တစ်မျိုး ထည့်ခိုင်းခဲ့လေသည်။ အမှုန့်က အရောင်အဆင်း အနံ့မရှိဘဲ လောင်ကျွမ်းပြီးသွားလျှင်လည်း ပြာထဲတွင် ဘာအကြွင်းအကျန်မှ မကျန်ခဲ့ချေ။
ထိုအချိန်က ကျန်းကုန်းကုန်းသည် ထိုအမှုန့်က မင်းသားကို စိတ်ဓာတ်ကျအောင်သာ လုပ်လိမ့်မည်ဟု ပြောခဲ့သော်လည်း ထိုနေ့ညက အိမ်ရှေ့မင်းသားက နာမကျန်းဖြစ်ခဲ့လေသည်။
အဘွားကြီးက နန်းတော်ထဲတွင် အချိန်တော်ကြာအောင် နေလာသူဖြစ်သဖြင့် သူမသည် အလိမ်ခံလိုက်ရမှန်း သိလိုက်ရပြီး သူမသည် သေချာပေါက် နှုတ်ပိတ် အသတ်ခံရလိမ့်မည်။ ထို့ကြောင့် သူမက နန်းတော်ထဲက ထွက်ပြေးရန် နန်းတွင်းသားများကို လာဘ်ထိုးခဲ့ရသည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူမသည် ကြင်ယာတော်ဝူ ရှာတွေ့သွားမည်ကို ကြောက်ရွံ့ကာ စိုးရိမ်သောက ရောက်ခဲ့ရသည်။ သူမလည်း တစ်ချိန်က ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး အလွန်မှ အပြစ်ရှိသလို ခံစားခဲ့ရသဖြင့် သည်စာကို ချန်ထားခဲ့ခြငးပင်။ တစ်နေ့တွင် မမျှော်လင့်ဘဲ သူမ သေဆုံးခဲ့လျှင် ကြင်ယာတော်ဝူကြောင့်ဖြစ်လိမ့်မည်ဟု ဆိုသည်။
အမှန်တရားက လောကကြီးထဲတွင် ပေါ်ထွက်လာပြီး အိမ်ရှေ့မင်းသားအတွက် တရားမျှတမှုကို ယူဆောင်ပေးကာ သစ္စာဖောက်ကို အပြစ်ပေးနိုင်ဖို့ မျှော်လင့်သည်ဟု ပါရှိလေသည်။
သည်စာက အလွန်မှ ရိုးရှင်းလှသော်လည်း ကျင်းကျောက် အုပ်ချုပ်ရေးမှူးမှာတော့ ရေခဲအခန်းထဲ ကျရောက်သွားသလို ခံစားလိုက်ရတော့သည်။ စာထဲမှာ ရေးထားတာက အမှန်သာဖြစ်ခဲ့ရင်... ပထဝီမြေကြီး တုန်လှုပ်သွားတာနဲ့ မခြားပေဘူး။
သူသည် စာကို လွှင့်ပစ်လိုက်ပြီး ဘယ်တော့မှမမြင်လိုတော့ချေ။
ကျင်းကျောက် အုပ်ချုပ်ရေးမှူးမှာ စင်စစ်တော့ အပြင်လူတစ်ယောက်ပင်။ သူသည် အိမ်ရှေ့မင်းသား၏ လူများကို ဦးညွှတ်နှုတ်ဆက်တတ်ပြီး မင်းသားခြောက်၏လူများကို အပြုံးနှင့် နှုတ်ဆက်သည်။ သူ့အကြီးမားဆုံးဆန္ဒမှာ သုံးနှစ်တာကာလကို ရှင်သန်ရန်ဖြစ်ပြီး တခြားနေရောသို့ ပြောင်းရွှေ့ခွင့်ရရန် ဖြစ်တော့သည်။ သုံးနှစ်တာကာလ ပြီးဆုံးခါနီးမှ သည်လိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
ဘယ်လို လုပ်ရပါ့။ သူ့ပထမဆုံးအတွေးမှာ စာကို ဖျက်ဆီးပစ်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်မည်ဟူ၍။ သို့သော် မသင့်တော်ချေဘူးဟုလည်း ခံစားမိလေသည်။ အဘွားကြီးက စာကို တစ်ယောက်ယောက်နဲ့ တခြားနေရာကိုလည်း ပို့ခိုင်းလိုက်မလားဆိုတာ ဘယ်သူ သိမှာလဲ။ သူမသာ အဲလိုလုပ်ခဲ့ပြီး နောက်ပိုင်း သူတို့တွေက စုံစမ်းခဲ့ကြရင် သူ့မှာ မစားနိုင် မသွားနိုင် ဖြစ်ရလိမ့်အုံးမယ်။
ဘာလုပ်ရပါ့။ သတင်းပို့လိုက်ရမလား။
တစ်နာရီလောက် ထိုင်နေလိုက်ပြီးနောက်တွင် သူသည် အန္တရာယ်ကင်းမည့် ဖြေရှင်းချက်တစ်ခုကို နောက်ဆုံးတော့ စဥ်းစားလိုက်တော့သည်။
သူသည် ကျင်းကျောက်ပြည်နယ်အတွင်းက အရာရှိအားလုံးကို ခန်းမသို့ ခေါ်လိုက်ပြီး စာကို သူတို့အားပြလိုက်တော့သည်။
သည်လူများထဲတွင် မင်းသားခြောက်ဘက်မှလူများနှင့် အိမ်ရှေ့စံဘက်မှ တချို့လည်း ပါကြသည်။ အားလုံးက ထိုစာကို မြင်လိုက်ချိန်တွင် သူတို့စိတ်ထဲ၌ ဧရာမလှိုင်းလုံးကြီးများကို ခံစားလိုက်ရသော်လည်း ဘယ်သူမှ ထုတ်မပြကြပေ။
ရှဲ့ချန်ကလည်း သူတို့ကြားထဲတွင် ရပ်နေ၏။ ပြီးခဲ့သည့် သုံးနှစ်တာအတွင်း ဧကရာဇ်ချင်းလုံးက သူတို့အသုတ် အရာရှိများကို ရာထူးတိုးပေးရန် အမှန်ပင် ရည်ရွယ်ထားခဲ့လေသည်။ တာဝန်များကို လုပ်ဆောင်နိုင်သည့် သူ့အရည်အချင်းနှင့် ပေါင်းလိုက်လျှင် သူသည် အခုတော့ ကျင်းကျောက်ပြည်နယ်တွင် ငယ်ရွယ်သည့် လက်ထောက်နှစ်ယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့သည်။
သူသည်လည်း စာကို တွေ့လိုက်*ပြီး ကျင်းကျောက် အုပ်ချုပ်ရေးမှူး၏ အစီအစဥ်က သူတို့ မျှော်လင့်ထားသည်ထက် တော်တော်လေးကြီးနေသည်ကို ချက်ချင်း နားလည်သွားတော့သည်။
အားလုံးက စာကို ဖတ်လိုက်ကြပြီးနောက် သူတို့သည် အများကြီး ဆွေးနွေးခဲ့ကြသော်လည်း ဘာအဖြေမှ ထွက်မလာခဲ့ပေ။
အားလုံးက ခန်းမထဲက ထွက်သွားချိန်တွင်တော့ သတင်းသည် အတောင်ပံပါသည့်နှယ် မြို့တော်သို့ ပျံ့နံ့သွားတော့သည်။
နောက်တစ်နေ့တွင် ကျင်းကျောက်အုပ်ချုပ်ရေးဌာနက ထိုကိစ္စကို ဧကရာဇ်ချင်းလုံထံ တင်ပြလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုချဖို့ တောင်းဆိုလေသည်။ သူသည် မည်သူ့ကိုမှ အပြစ်မပြုရန် ဆုံးဖြတ်ထားလိုက်သည်။
ဧကရာဇ်ချင်းလုံသည် ထိုစာကို မြင်သွားပြီးနောက်တွင် သူ့မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။ အမှန်တွင်တော့ သူသည် အိမ်ရှေ့မင်းသားကို အလွန်မှ အကောင်းမြင်ပေးခဲ့သည်။ မဟုတ်လျှင် သူသည် မင်းသားကို အိပ်ရှေ့စံအဖြစ် အပ်နှင်းလိမ့်မည်မဟုတ်ပေ။ နောက်ပိုင်းတွင် သူသည် အပြင်းအထန်နားမကျန်းဖြစ်ခဲ့ပြီး သေမင်းထံမှ လွတ်မြောက်ခဲ့ပြီးနောက် ပိုပိုပြီး အဝလွန်လာကာ အိမ်ရှေ့စံကို စတင် သဘောမကျဖြစ်လာပြီး မင်းသားခြောက်ကို ချစ်မြတ်နိုးပေးခဲ့လေသည်။
အခုတော့ အိမ်ရှေ့မင်းသားက တစ်စုံတစ်ယောက်၏ အန္တရာယ်ပြုခြင်းခံခဲ့ရသည်ဟု လူတစ်ယောက်က သူ့ကို ပြောပြနေပြီး သူက တရားခံ၏သားကို ချစ်မြတ်နိုးပေးခဲ့သည်တဲ့လား။
သူ သတိပြန်မလည်ခင်မှာပင် ရုံးတော် အမတ်များက ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုကို စတင်ပြီး ဖြစ်လေသည်။
အိမ်ရှေ့စံနောက်လိုက်များက သည်အခွင့်အရေးကို လွှတ်ပေးဖို့ ငြင်းဆန်ကြမည်က သဘာဝပင်။ ဒါသည် ကြင်ယာတော်ဝူက အိမ်ရှေ့စံကို လုပ်ကြံဖို့ကြိုးစားသည့် သစ္စာဖောက်မှုကြီးပင်။ သူတို့က ဧကရာဇ်ချင်းလုံကို ကြင်ယာတော်ဝူအား ချက်ချင်းဖမ်းပြီး အိမ်ရှေ့မင်းသားအတွက် တရားမျှတမှုကို ပေးမှ တလောကလုံးက လူများက စိတ်အေးနိုင်လိမ့်မည်ဟု တောင်းဆိုကြလေသည်။
မင်းသားခြောက်နှင့်အဖွဲ့ကလည်း သည်ကိစ္စက တစ်ယောက်ယောက်က ဒုက္ခပေးရန် ပြဿနာရှာကာ ကောလဟာလသတင်းများ လွှင့်ခြင်းဖြစ်ကြောင်း ပြောကြလေသည်။ ထိုအချိန်က အိမ်ရှေ့စံကို ကိုယ်ဝန်ရှိစဥ်က ဝူမင်အမည်ရှိ နို့ထိန်းတစ်ယောက် အမှန်ပင်ရှိခဲ့သော်လည်း အိမ်ရှေ့မင်းသား နာမကျန်းဖြစ်ပြီးနောက်တွင် သူသည် ခြေချော်ကာ ရေတွင်းထဲသို့ ကျပြီး ရေနစ်ဆုံးပါးသွားခဲ့သည်။ တလီဘုရားကျောင်း စုံစမ်းရေးက ထိုကိစ္စကို အမှန်ပင် ရှာဖွေတွေ့ရှိခဲ့သည်။
အကယ်၍များ အဘွားဝူက ဆုံးပါးသွားခဲ့ပါလျှင် သည်အဘွားကြီးက မည်သူဖြစ်ပါမည်နည်း။
ထို့အပြင် သူမ၏စာထဲ၌ နန်းတွင်းထဲမှ ထွက်ပြေးလွတ်မြောက်ရန် နန်းတွင်းသားများကို လာဘ်ထိုးခဲ့သည်ကို ဆိုထားလေသည်။ ထိုအချိန်က အိမ်ရှေ့မင်းသားသည် ရုတ်တရက် အပြင်းအထန် နာမကျန်းဖြစ်နေခဲ့သည်။ ဧကရာဇ်ချင်းလုံက အရှေ့နန်းဆောင်မှ လူများကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်တော့သည်။ အဲဒီအချိန်တုန်းက ဘယ်သူကများ အတင့်ရဲလို့ သူမကို နန်းတွင်းထဲက ထွက်ခွင့်ပေးခဲ့တာတဲ့လဲ။ သူမတွက် နန်းတော်ထဲက ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။
သည်ကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးပေးပြီး လူကောင်းတစ်ယောက်ကို မတရားမစွပ်စွဲမိရန် ဧကရာဇ်ချင်းလုံကို အသနားခံတောင်းဆိုကြလေသည်။
ဧကရာဇ်ချင်းလုံမှာ အစကတည်းက အမျက်ထွက်နေမိသော်လည်း သည်မြင်ကွင်းကို တွေ့ရသောအခါ သူသည် အနည်းငယ် စိတ်မကောင်း ဖြစ်ရလေသည်။ ကြည့်စမ်း။ ဒီလူတွေက သူ့အမတ်မင်းတွေပဲ။ ဘယ်သူကမှ သူ့အတွက် ပူပင်သောကကို မျှဝေပေးမယ်မရှိဘူး။ သူတို့အားလုံးက ပြိုင်ဘက်ကိုပဲ အပြစ်ပေးဖို့ အလုပ်များနေကြတယ်။
“တော်တော့” သူက ဒေါသတကြီး အော်လိုက်ပြီး အားလုံးကို ကြည့်လိုက်လေသည်။
အားလုံး ခေါင်းငုံ့သွားသည်ကို တွေ့လိုက်ရပြီး လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။ လူငယ်လေးက အဆင့်ငါး အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြောင့်မတ်ကာ ယုံကြည်ချက်ဟန်တူသည်။
သူသည် သည်လူငယ်လေးကို မှတ်မိနေ၏။ ကုယန်ကျိုး။ လွန်ခဲ့တဲ့သုံးနှစ်က အဆင့်(၁)ကျောင်းသားသစ်လေး။
သူ့မျက်လုံးက ကုယန်ကျိုးထံတွင် ခဏလောက် ရပ်သွားပြီးမှ ဘေးသို့ ဆက်သွားလိုက်လေသည်။
ဧကရာဇ်ချင်းလုံက ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် ဌာနသုံးခုကို အတူတူ လုပ်ခိုင်းပြီး ဆယ်ရက်အတွင်း ရလာဒ်ကို မြင်ရမည်ဟု ဆိုသည်။
ဌာနသုံးခုမှာ ရာဇဝတ်မှုဌာန၊ တလီဘုရားကျောင်းနှင့် နေပြည်တော်ကိုယ်စားလှယ်အရာရှိဌာန တို့ဖြစ်ကြသည်။ ထိုသုံးခုထဲတွင် ရာဇဝတ်မှုဌာနမှ လူအများစုက အိမ်ရှေ့စံဘက်မှ ဖြစ်ကြပြီး စုံစမ်းရေးအရာရှိအများစုမှာ မင်းသားခြောက်ဘက်မှဖြစ်ကာ တလီဘုရာကျောင်းတွင်လည်း ကိုယ်ပိုင်လူများရှိကြသည်။ သည်အဖွဲ့သုံးခုမှ လူများသာ အတူတူရောက်လာလျှင် သူတို့သည် ဘာကို ရှာတွေ့နိုင်ပါမည်နည်း။
...
နောက်ဆက်တွဲ (၁၂.၂)
ဧကရာဇ်ချင်းလုံက သူတို့ကို စာရင်းထဲ မထည့်ချေ။ သူသည် နန်းဆောင်သို့ ပြန်ရောက်လာသည်နှင့် ချက်ချင်း ရှန်ဖုန်းမင်ကို ခေါ်လိုက်ပြီး သည်ကိစ္စကို တင်းတင်းကြပ်ကြပ်စုံစမ်းဖို့ သူ့ကို အမိန့်ပေးလိုက်လေသည်။ အခုတော့ သူသည် ရှန်ဖုန်းမင်မှလွဲလျှင် မည်သူ့ကိုမှ မယုံတော့ချေ။
ဌာနသုံးခုနှင့် ချီလင်သက်တော်စောင့်များက သည်ကိစ္စကို အတူစုံစမ်းခဲ့ကြပြီး ဌာနသုံးခုက အလင်းထဲတွင်ရှိကာ ချီလင်သက်တော်စောင့်များက အမှောင်ထဲမှ လှုပ်ရှားကြပြီး အချိန်တစ်ခုအထိ မြို့တော်ထဲတွင် ပွက်လောရိုက်သွားကာ အားလုံးက အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်သွားကြတော့သည်။
သည်နေ့တွင်တော့ လင်ထင်အန်းက မြို့တော် ဆင်ခြေဖုံးရှိ ဘုရားကျောင်းတစ်ခုတွင် လျှို့ဝှက်သည့်လူတစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။
“မင်းသားငါး၊ နို့ထိန်းဝူက ဘယ်လိုဖြစ်တာလဲ” လင်ထင်အန်းက မျက်နှာချင်းဆိုင်မှာ လျှို့ဝှက်သည့်လူကို မေးလိုက်၏။
လျှို့ဝှက်သည့်လူက သူ့ခေါင်းပေါ်က ဝတ်ရုံကို ချွတ်ချလိုက်၏။ သူသည် ရှမင်းဆက်၏ မင်းသားငါး ဖြစ်နေလေသည်။
မင်းသားငါး၏ မိခင်အရင်းမှာ ကိုယ်လုပ်တော်ရှန် ဖြစ်သည်။ ကိုယ်လုပ်တော်ရှန်သည် ကြင်ယာတော်ဝူအဖွဲ့က အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နန်းတော်ထဲတွင် သူမ၏ ညာလက်ရုံးတစ်ယောက်လည်း ဖြစ်သည်။ မင်းသားငါးသည် အလွန်မှ ကြီးကျယ်ခမ်းနားသော်လည်း သူသည် စာပေနှင့် စစ်ရေးအစွမ်းတွင် မကောင်းမွန်ချေ။ သူသည် တခြားမင်းသားများကြားတွင် လုံးဝမထင်ပေါ်သူဖြစ်ရာ အရင်က လူများက သူ့ကို ဂရုမစိုက်ကြသလောက်ပင်။
အထက်က အမတ်များ၏ ထင်ကြေးက မှန်လေသည်။ နို့ထိန်ဝူလို သာမန်နို့ထိန်းတစ်ယောက်က ထိုအခြေအနေတွင် နန်းတော်ထဲမှာ ထွက်ပြေးဖို့ရန် မဖြစ်နိုင်ချေ။ သို့သော် တစ်စုံတစ်ယောက်က ကူညီပေးခဲ့ပါလျှင်ဖြင့်...။ ထို့အပြင် ထိုလူသည် ကြင်ယာတော်ဝူ ယုံကြည်ရသူဖြစ်လိမ့်မည်။
ထိုအချိန်က ကိုယ်လုပ်တော်ရှန်သည် ကြင်ယာတော်ဝူက နို့ထိန်းဝူကို လုပ်ခိုင်းခဲ့သည့်အရာကို မသိခဲ့ပေ။ သို့သော် သူမ၏ ဝမ်းတွင်းသိစိတ်က တစ်ခုခုဖြစ်တော့မည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူမက နို့ထိန်းဝူကို နန်းတော်ထဲမှ တိတ်တိတ်လေး ထုတ်ပေးခဲ့ပြီးနောက် နို့ထိန်းဝူသည် ရေတွင်းထဲ ချော်ကျသွားခဲ့သည်ဟု ထင်ယောင်ထင်းမှားဖြစ်အောင် လုပ်ခဲ့သည်။
နို့ထိန်းဝူထံမှ ကြင်ယာတော်ဝူ လုပ်ခဲ့သည့်ကိစ္စကို သိလိုက်ရချိန်တွင်တော့ ဒါက ကြင်ယာတော်ဝူကို ဆွဲချနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လိမ့်မည်ကို ချက်ချင်း သိလိုက်ကာ သူမက နို့ထိန်းဝူကို လျှို့ဝှက်နန်းဆောင်တစ်ခုတွင် အကျဥ်းချထားလိုက်လေသည်။
ထိုအချိန်ကစပြီး ကိုယ်လုပ်တော်ရှန်တွင် တခြားအတွေးများ စတင်ရှိလာတော့သည်။
“နို့ထိန်းဝူက တခြားနေရာမှာ ရှိနေသေးတယ်” မင်းသားငါးက အံ့ဩတကြီး ပြောလိုက်၏။
“ဘုရားကျောင်းပျက်ထဲက တစ်ယောက်ကရော” လင်ထင်အန်းလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
“တစ်ယောက်ယောက်က ကြင်ယာတော်ဝူကို ချောက်ချချင်လို့နေမှာပေါ့....”
မင်းသားငါးက ပြောလိုက်၏။ မနှစ်က တစ်ယောက်ယောက်က နို့ထိန်းဝူနဲ့ ပတ်သက်ပြီး တစ်ခုခု စုံစမ်းနေသလိုပဲ။ အဲဒီလူက တကယ်ပဲ တစ်ခုခုကို ရှာတွေ့သွားတာလား။
“မင်းသားက ကျောက်ခဲကို ပစ်ပြီး ကျောက်စိမ်းကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား”
လင်ထင်အန်းက ချက်ချင်း ပြောလိုက်သည်။ နို့ထိန်းဝူအတုကို ထုတ်လာပြီး နို့ထိန်းဝူအစစ်ကို လွဲပေးဖို့ ဖိအားပေးတာ။
မင်းသားက ဘာမှမပြောချေ။
သူတို့နှစ်ယောက်သည် အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေလေသည်။ ဒီကိစ္စကို ဘယ်သူလုပ်ခဲ့တာလဲ။ ဘာရည်ရွယ်ချက်လဲ။ ဒါတွေကို နောက်မှစုံစမ်းလို့ရပါတယ်။ အရေးအကြီးဆုံး ဦးစားပေးရမဲ့ကိစ္စက အခု သူတို့ဘာလုပ်သင့်တယ်ဆိုတာပဲ။
သူတို့ရဲ့ အစောပိုင်းအစီအစဥ် အရဆိုရင် သူတို့တွေက အိမ်ရှေ့မင်းသားနဲ့ မင်းသားခြောက်ကြားက ရန်ပွဲကို အခွင့်ကောင်းယူပြီး သူတို့ရဲ့အင်အားကို တိတ်တိတ်လေး စုစည်းဖို့ပဲ။ အဲဒီမြင်းတပ် ၅၀,၀၀၀နဲ့ အဲဒီကုန်သင်္ဘောတွေလိုပေါ့။ အားလုံးက အဆင်သင့်ဖြစ်လာတဲ့ခါ သူတို့တွေက အိမ်ရှေ့စံကို ဖယ်ရှားဖို့ မင်းသားခြောက်ကို ကူညီပေးမယ်။ ပြီးရင်တော့ နို့ထိန်းဝူ ကိစ္စကို ဖိအားပေးပြီး မင်းသားခြောက်ကို ရုံးတော်က ဆွဲချမယ်။ အဲဒီအချိန်ကျရင် ရုံးတော်က မင်းသားငါးရဲ့ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်။
အမှန်ပင် လင်ထင်အန်းကလည်း ရှန်ဖုန်းမင်ကို အမြစ်ဖြတ်ဖို့ အခွင့်အရေးလိုချင်လေသည်။ သူက ဒီကိစ္စမှာ အကြီးမားဆုံး အပြောင်းလဲဖြစ်နေတယ်လို့ အမြဲတမ်း ခံစားနေရတယ်။
ဧကန္တ ဒီကိစ္စကို ရှန်ဖုန်းမင် လုပ်ခဲ့တာများလား။ သူ အဲလိုတော့ မခံစားမိဘူး။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရုံးတော်မှာ အင်အားစုသစ်တစ်ခု ပေါ်လာခဲ့တယ်၊ အဲဒီအဖွဲ့က အရမ်းကို လျှို့ဝှက်တယ်” မင်းသားငါးက သည်အချိန်တွင်တော့ ထုတ်ပြောလေသည်။
“အင်အားသစ် ဟုတ်လား”
လင်ထင်အန်းသည် မြင်းတပ်နှင့် ကုန်သင်္ဘောကိစ္စကြောင့် အလုပ်များနေခဲ့ရာ ထိုအကြောင်းကို သတိမထားခဲ့မိချေ။
မင်းသားငါးက ခေါင်းညိတ်လိုက်၏။
အထဲကရေက တဖြည်းဖြည်းပိုပြီး အနည်ထလာတော့ အပေါ်ယံမှာ ဘာမှမမြင်နိုင်တော့ပေမဲ့ တကယ်တော့ ပြင်းထန်တဲ့ ဖုံးကွယ်နေတဲ့အရာတွေရှိသေးတယ်။
ပြီးတော့ ဒီတစ်ကြိမမှာ သူတို့တွေက စောင့်ဆိုင်းကြမှာလား။ ဘာဖြစ်မလဲဆိုတာကို ကြည့်ပြီးမှ ဝင်ပါကြမှာလား။
သူတို့သည် သည်အကြောင်းကို စဥ်းစားလိုက်မိချိန်တွင် သူတို့နှစ်ယောက်မှာ ဒေါသထွက်လာတော့သည်။ သူတို့က အဆင်သင့်မဖြစ်သေးဘူး။ အဲဒီလူတွေက ဒီကိစ္စကို လုပ်ခဲ့ပြီး သူတို့ရဲ့အစီအစဥ်အားလုံးကို နှောက်ယှက်ခဲ့တာပဲ။ အခုနေ သူတို့သာ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်နေရင် နောက်ဆုံးတော့ အိမ်ရှေ့မင်းသားကို ကြင်ယာတော်ဝူလုပ်ကြံမှုကို သတင်းအမှားလို့ပဲ ကောက်ချက်ချကြလိမ့်မယ်။ နောက်ဆိုရင် နို့ထိန်းဝူကိစ္စကို ပြန်ဖော်ဖို့ အရမ်းခက်ခဲသွားတော့မယ်။
အဲဒီအချိန်ကျရင် ကြင်ယာတော်ဝူက ပြင်ဆင်ထားပြီး အမှန်တရားအားလုံးက အမှားတွေ ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ သူတို့တွေ ဝင်ပါခဲ့ကြရင် ကြင်ယာတော်ဝူကို ဆွဲချကောင်း ဆွဲချနိုင်ပေမဲ့ အိမ်ရှေ့စံကိုရော ဘယ်လိုလုပ်မှာလဲ။ ပြီးတော့ သူတို့တွေက် အမြဲတမ်း ဓားသမားတွေလို အသုံးချခံနေရတယ်လို့ ခံစားနေရတယ်။
တကယ်ပဲ။ ရှေ့တိုးလို့ကောင်းတာလည်းမရှိသလို နောက်ဆုတ်လို့ ကောင်းမှာလဲမရှိဘူး။ ဒါဆိုရင် လူတွေက ဘာလို့ ဒေါသမထွက်ကြတာလဲ။
ဖြစ်နိုင်တာက ဒီကိစ္စကို လုပ်ခဲ့တဲ့လူမှာ ဒီအတွေးရှိပြီးသားဖြစ်မယ်။ ဤသို့စဥ်းစားကြည့်လိုက်ပြီး သူတို့နှစ်ယောက်သည် ပိုပြီး မသက်မသာဖြစ်လာကာ သူတို့သည် ပူးပေါင်းကြံစည်ခံလိုက်ရပြီး တပြန် ဦးဆောင်ခံလိုက်ရတော့သည်။
နှစ်ယောက်သားက အချိန်အကြာကြီး တိုင်ပင်လိုက်ကြပြီး နောက်ဆုံးတွင် အစီအစဥ်တစ်ခုကို ဆုံးဖြတ်လိုက်တော့သည်။
မင်းသားငါးက ထရပ်ကာ ထွက်သွားတော့သည်။ လင်ထင်အန်းက ထိုနေရာတွင် ရပ်နေခဲ့ပြီး သူ့မျက်လုံးများက ရက်စက်သည်ထက် ရက်စက်လာလေတော့သည်။
ယောက်ျားတစ်ယောက်က ချီးမြောက်ထိုက်တဲ့လုပ်ဆောင်မှုတွေကို လုပ်သင့်ပြီး အကြီးမားဆုံး အကျိုးဆောင်မှုက နဂါးတစ်ကောင် ဖြစ်လာအောင် အကျိုးဆောင်ခြင်းပဲ။ ဒါပေမဲ့ သူကတော့ အိမ်ရှေ့စံ ဒါမှမဟုတ် မင်းသားခြောက်ကို မထောက်ခံချင်ဘူး။ သူတို့ဘေးမှာ လူအများကြီး ရှိနှင့်ပြီးသားပဲ။ လူတစ်ယောက်ပိုလာတာ မထူးသလို တစ်ယောက်လျော့သွားလည်း မသိသာဘူး။ သူ အောင်မြင်ခဲ့ရင်တောင် သူက ဘာရနိုင်မှာလဲ။
ဒါပေမဲ့ မင်းသားငါးကတော့ မတူဘူး။ အောင်မြင်သွားရင် သူက လူတစ်ယောက်အောက်မှာ ရှိပြီး လူတစ်သောင်းအထက်မှာ ရှိနေလိမ့်မယ်။
သည်နှစ်ဆောင်းရာသီက အင်မတန်မှ အေးလေသည်။ အားလုံးက စိတ်မသက်မသာဖြစ်နေရပြီး ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မည့်နှယ်။
ထင်ထားသည့်အတိုင်းပင် ဌာနသုံးခု၏စုံစမ်းမှုက ဘာမှ ရှာမတွေ့ခဲ့ပေ။
ရှန်ဖုန်းမင်ဘက်တွင်တော့ သိသာထင်ရှားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့လေသည်။ စိစစ် အတည်ပြုပြီးနောက်တွင် အဘွားကြီးက နို့ထိန်းဝူ လုံးဝမဟုတ်ကြောင်း တွေ့ရှိခဲ့ရပြီး စာကလည်း အတုအယောင် ဖြစ်နေသည်။ သို့သော် သည်အခိုက်တွင် သူသည် ရုတ်တရက်ဆိုသလို နို့ထိန်ဝူအစစ်ကို ရှာတွေ့ခဲ့လေသည်။
နို့ထိန်းဝူတွင် ထိုအချိန်က အကုန် မသုံးခဲ့သည့် အမှုန်းနည်းနည်း ရှိနေသေးပြီး လူနှင့် ပစ္စည်းသက်သေ ရှိနေရာ ကြင်ယာတော်ဝူမှာ မငြင်းသာခဲ့ပေ။
အိမ်ရှေ့စံကို လုပ်ကြံခြင်းက ပြင်းထန်သည့် ပုန်ကန်မှုဖြစ်ပြီး ဆွေစဥ်ကိုးဆက်ကို အပြစ်ပေးသင့်သည်။
အမှန်ပင်။ အိမ်ရှေ့စံအဖွဲ့က သည်အခွင့်အရေးကို လက်လွှတ်ခံလိမ့်မညမဟုတ်ချေ။ သူတို့သည် မင်းသားခြောက်နှင့် သူ့နောက်လိုက်များကို နှုတ်အရရော စာအရပါ ဝေဖန်ပြစ်တင်ကြပြီး ပစ်မှုကြီးများကို စာရင်းပြုစုကြကာ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဧကရာဇ်ချင်းလုံထံ တောင်းဆိုကြလေသည်။
နှစ်ကုန်ပိုင်းတွင် ကြင်ယာတော်ဝူကို ရေခဲနန်းဆောင်သို့ ပထမဆုံး အပြစ်ပေးခဲ့ပြီးနောက် သူမကို အဆိပ်ဝိုင်ပေးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်စေသည်။
မင်းသားခြောက်၏ အဖွဲ့ဝင်များကိုလည်း ဖမ်းဆီး သ-တ်ခဲ့ပြီး အားလုံးနီးပါးသည် အမြစ်ဖြတ် သုတ်သင်ခံလိုက်ရကာ သူကိုယ်တိုင်လည်း ချောက်ချခံလိုက်ရသည်။
အိမ်ရှေ့စံအဖွဲ့က သည်ခက်ခဲသည့် အောင်ပွဲကို အောင်ပွဲခံမည်ပြင်နေစဥ် တစ်စုံတစ်ယောက်က ကိုယ်ကျိုးအတွက် အုပ်စုဖွဲ့သည်ဟု စွပ်စွဲခဲ့လေသည်။
သည်အချိန်တွင် မင်းသားငါးသည်လည်း အားလုံး၏မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။ သည်မင်းသားက အရည်အချင်းရှိပြီး၊ အသိပညာပြည့်စုံကာ စာပေနှင့် သိုင်းပညာတွင် တော်သည်ဟု အားလုံး သိလာရသည်။
မင်းသားခြောက် ကျဆင်းသွားပြီး ရုံးတော်တွင် ကြီးမားသည့်နေရာလွတ်တစ်ခု ကျန်ခဲ့လေသည်။ ဒါသည် မင်းသားငါးအတွက် သူ့ကိုယ်ပိုင်အင်အား ပျိုးထောင်ရန် အချိန်ကောင်းတစ်ခုပင်။
ဤတွင် အိမ်ရှေ့စံအဖွဲ့ကို ပြစ်တင်ဝေဖန်သည့် ရုံးစာများက ဧကရာဇ်ချင်းလုံ၏စားပွဲပေါ်သို့ နှင်းပွင့်များသဖွယ် ကျလာတော့သည်။ ရုံးစာတစ်စောင်စီတိုင်းတွင် ပြောစရာများ ပါရှိပြိး အသေးစိတ်စုံစမ်းထားမှန်း သိသာလေသည်။
တစ်နေရာက တည်းခိုခန်းတစ်ခုတွင် ရှဲ့ချန်သည် ကုယန်ကျိုးနှင့် တွေ့ဆုံနေ၏။ သူတို့သည် အယောင်ဆောင် နို့ထိန့်ဝူကိစ္စကို စီစဥ်ခဲ့ကြခြင်းပင်။ သူတို့၏အစီအစဥ်အရ သူတို့သည် အရင်ဆုံး မင်းသားခြောက်ကို ဖယ်ရှားပြီးမှ အိမ်ရှေ့စံအဖွဲ့ဝင်များကို ဖြတ်ချရမည်။ သို့မှသာ ရှနိုင်ငံတော်ကို ကြည်လင်တောက်ပသည့်ကောင်းကင်တစ်ခုလို ပြန်လည်အသက်သွင်းနိုင်ပေမည်။
သို့သော် သူတို့က တခြားသူများကို ထောင်ချောက်ဆင်ခဲ့ပြီး တခြားသူများကလည်း သူတို့ကို ထောင်ချောက်ဆင်ခဲ့လေသည်။ အခုတော့ မင်းသားငါးက တံငါသည်နှင့် စာဝါငှက် ဖြစ်လာချင်ရာ သူတို့အတွက် ရှေ့တိုးခက် နောက်ဆုတ်ခက် ဖြစ်နေတော့သည်။
တကယ်လို့ သူတို့သာ ရှေ့တိုးပြီး အိမ်ရှေ့စံရဲ့ အဖွဲ့အားလုံးကို အမြစ်ဖြတ်ခဲ့ရင် အိမ်ရှေ့စံလည်း သေချာပေါက် ထိခိုက်မှုရှိလိမ့်မယ်။ ဒါက မင်းသားငါးအနေနဲ့ အသီးကို ခိုးသွားပါတယ်လို့ မဆိုလိုဘူး။
နောက်ဆုတ်ပြီး ရှိရင်းစွဲအခြေအနေကို ထိန်းထားရင် အဆင်ပြေလိမ့်မယ်ဆိုပေမဲ့ မင်းသားခြောက် ဆင်းသွားပြီး မင်းသားငါးတက်လာရင် သူတို့ လုပ်ခဲ့တာတွေက အချည်းနှီးဖြစ်သွားလိမ့်မယ်။
ဘာလုပ်ရမလဲ။ ကုယန်ကျိုးက ရှဲ့ချန်ကို ကြည့်လိုက်လေသည်။ ရှဲ့ချန်က ကျန်းဖူဌာနရှိရာဘက်သို့ လှမ်းကြည့်လိုက်လေတော့သည်။