← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 9 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 9 Ch. 142-144

နောက်ဆက်တွဲ (၁၃)

ရှဲ့ချန်သည် ရှန်ဖုန်းမင်နှင့် တွေ့ခဲ့စဥ်က သူ့သရုပ်မှန်ကို မခွဲခြမ်းနိုင်ခဲ့သော်လည်း သူက ရိုးရှင်းသူတစ်ယောက် မဟုတ်ကြောင်းကိုတော့ ခံစားမိခဲ့လေသည်။ နောက်ပိုင်းတွင် သူသည် နာမည်ကြီး စစ်သေနာပတိချုပ်ရှန် ဖြစ်နေမှန်း သေချာသိလိုက်ရတော့သည်။

သူသည် ရုံးတော်တွင် အမှုထမ်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်လာသည်မှာ အချိန်ကြာမြင့်လာလေလေ ရှန်ဖုန်းမင်အကြောင်း ပိုသိလာလေလေ ဖြစ်ကာ သူ့လောက် ထူးခြားသူ မရှိမှန်း သိလိုက်ရလေသည်။

အမှုထမ်းလောကသည် ကြီးမားသည့်ဆေးဆိုး စည်ပိုင်းကြီးတစ်ခုနှင့် တူပြီး သူတို့ကိုယ်တိုင်ပင် သန့်စင်အောင် မဆေးကြောနိုင်ရာ သူသည် ရှန်ဖုန်းမင်ကို ပြန်လေ့လာကြည့်မိလေသည်။

ဒီလူအကြောင်း ပိုသိလာလေလေ နားလည်ရပိုခက်လာလေလေပဲ။ ဥပမာ သူက ရုံး‌တော်အရေးကိစ္စတွေကို လုံးဝ ဝင်မစွက်ဖက်ဘဲ အမှုတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာပဲ အာရုံစိုက်ထားတတ်တယ်။ သူက ဘယ်သူမဆို အသုံးပြုလို့ရတဲ့ ထက်ရှတဲ့ဓားသွားတစ်ခုနဲ့ တူပေမဲ့ တကယ်ရော ဟုတ်ရဲ့လား။

ဒီလောကကြီးက ကျားခုံတစ်ခုဆိုရင် ဘယ်သူက ကျားကစားနေတဲ့သူလဲ။

ရှဲ့ချန်သည် သူကတော့ နယ်ရုပ်တစ်ခုသာ ဖြစ်မည်ဟု စဥ်းစားမိလေသည်။

“ကျွန်တော်တို့တွေ စစ်သေနာပတိချုပ်ရှန်နဲ့ သွားတွေ့ကြမယ်လေ” သူက ရုတ်တရက် ပြောလိုက်၏။

ကုယန်ကျိုးသည် အံ့ဩသွားပြီး ငြင်းဆိုရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သူသည် ဘာမှ မပြောလိုက်ပေ။ ဒီအခြေအနေမှာ သူတို့တွေ တကယ်ပဲ ရှန်ဖုန်းမင်နဲ့ သွားတွေ့တာ မှန်ကောင်းမှန်လိမ့်မယ်။

နွေဦးရောက်လာပြန်ကာ မြက်ခင်းများကလည်း ကြီးထွားလာပြီး စာဝါငှက်များက ပျံသန်းနေပြီး ပန်းများက နီစွေးနေကာ မိုးမခတို့ စိမ်းစိုလျက်ရှိသော်ငြား မြို့တော်က လူများကတော့ နွေဦး၏ သဘာဝရှုခင်းကို ရှုစားဖို့က စိတ်အာရုံမရှိနေကြပေ။ ရုံးတော် အခြေအနေက ပိုပိုပြီး ပြင်းထန်လေသည်။ မြို့တော်တံခါးရှေ့တွင် အရာရှိများကလည်း တစ်ယောက်ပြီးတစ်ယောက် သေခဲ့ကြသည်။ ဓားက ဘယ်အချိန်တွင် သူတို့ဘက်လှည့်လာမည်ကို မည်သူက သိပါမည်နည်း။

ကျန်းယွင်ကျူးသည်လည်း မြို့တော်သည် အရင်ကနှင့်မတူတော့ကြောင်း သတိထားမိလေသည်။ သို့သော် သူမ၏ဘဝကိုတော့ များများစားစား သက်ရောက်မှု မရှိခဲ့ချေ။ အရာရှိများက ရှီကွမ်းစားသောက်ဆိုင်သို့ အလာကျဲသွားသော်လည်း လူချမ်းသာများကတော့ ဆိုင်တွင် စုပြုံနေဆဲ ဖြစ်ပြီး သူမကလည်း စီးပွားရေး ကျဆင်းမည်ကို စိုးရိမ်စရာမလိုခဲ့ချေ။

ပြီးခဲ့သည့် မိုးတွင်းက ထပ်ထည့်ခဲ့သည့် သူမ၏ကုန်သင်္ဘောလည်းရှိသေးလေသည်။ အခုတော့ သူမ၏ကုန်သင်္ဘောအဖွဲ့ သုံးဖွဲ့က ပင်လယ်ပြင်တွင် ခေါက်တုံ့ခေါက်ပြန်သွားလာနေပြီး အကြိမ်တိုင်း ချမ်းသာမှုအများအပြားကို သယ်ပြန်လာတတ်သည်။ သူမသည် မိန်းကလေးများကို စာရေး စာဖတ်သင်ပေးနိုင်သည့် ကျောင်းများ ဆောက်ဖို့ရန် ငွေတချို့ သုံးပြီး ကောင်းကျိုးပြုခဲ့လေသည်။

စာဖတ်ခြင်းကသာ လူများကို အခြေအနေ အကြောင်းအရာကို နားလည်စေနိုင်ပြီး သူတို့ကိုယ်တိုင် နားလည်လာပြီး လောကကြီးကလည်း ပိုမိုကောင်းလာလိမ့်မည်ဟု အမြဲတမ်းခံစားမိသည်။

အမှန်ပင်။ စီးပွားရေးက ကြီးမားသည့်တည်ဆောက်ရေးကို အဆုံးအဖြတ်ပေးသည်ကလည်း အမှန်ပင်။ အမျိုးသမီးများကို စာဖတ်သင်ပေးရင်း သူတို့ကို ငွေရှာနိုင်သည့် စွမ်းရည်တချို့ သင်ကြားပေးခြင်းကလည်း အလားတူ အရေးပါလေသည်။

သူမက ရှန်ဖုန်းမင်အား သည်စိတ်ကူးကို ပြောပြလိုက်ရာ သူက သူမကို အလွန်မှအားပေးလေသည်။ ကျောင်းသစ်တစ်ကျောင်းကို ဆောက်လုပ်နေပြီး ပထမဆုံးကျောင်းသူများကို မိုးတွင်းတွင် လက်ခံနိုင်လိမ့်မည်ဟု ခန့်မှန်းထားလေသည်။

ငွေရှိတာ ကောင်းလိုက်တာ။ ကျန်းယွင်ကျူးသည် စိတ်ကူးတစ်ခုသာ ထုတ်လိုက်ရပြီး လူတစ်ယောက်က သူမကို ကူညီဆောင်ရွက်ပေးခဲ့သည်။

သူမ၏နေ့ရက်များက ခါတိုင်းလိုပင် တည်ငြိမ်နေဆဲ။

လတ်တလောတွင် မက်မွန်ပန်းများ ပွင့်နေကာ သူမသည် မက်မွန်ဝိုင်များ လုပ်ဖို့ စဥ်းစားလိုက်လေသည်။ သူမသည် ပွင့်ဖတ်များကို လိုက်ကောက်နေစဥ် ထိုနေရာသို့ ပုံရိပ်ငယ်လေးတစ်ခုက အပြေးရောက်လာခဲ့သည်။ သူမက မြင်လိုက်သည်တွင် လူဆိုးကလေးက ချက်ချင်းရပ်သွာပြီး သူ့လက်များကို အင်္ကျီထဲတွင် ဝှက်ထားလိုက်ကာ အော်ခေါ်လေသည်။

“မေမေ”

ရှန်ဟန်ပင် ဖြစ်သည်။ သူသည် အခုတော့ နှစ်နှစ်ပြည့်တော့မည်ဖြစ်ကာ ချစ်စဖွယ်ကျောက်စိမ်းနှင်းပွင့်လေးလို ကြွေထည်အရုပ်ကလေးအလား တူနေလေသည်။

ကျန်းယွင်ကျူးက သူ့ကို မြင်လိုက်ပြီးဖြစ်ကာ

“သားလက်ထဲမှာ ဘာကိုင်ထားတာလဲ” သူမက မေးလိုက်၏။

ရှန်ဟန်က ခေါင်းခါလိုက်သည်။

“ဟမ်”

ရှန်ဟန်က သူ့လက်ထဲက ပစ္စည်းကို လိမ်လိမ်မာမာနဲ့ ထုတ်ပြီး ကျန်းယွင်ကျူးကို ထုတ်ပြလိုက်တယ်။ သူက ကျန်းယွင်ကျူးကို အကြောက်ဆုံးလေ။ သူမသာ စိတ်ဆိုးသွားရင် သူ့ကို ဘာစားစရာမှ လုပ်ပေးတော့မှာ မဟုတ်ဘူး။ ပြီးတော့ ပိုဆိုးတာက သူမ စိတ်ဆိုးသွားရင် သူ့အဖေက သူ့ကို အပြစ်တော့မှာ။

ကျန်းယွင်ကျူးသည် သူ့လက်ထဲက ပစ္စည်းကို တွေ့လိုက်ရပြီး သူသည် တစ်ဖန် ပြဿနာရှာခဲ့မှန်း သိလိုက်တော့သည်။ ဒီကလေးက ဘယ်သူ့အကျင့်တွေ ပါလာမှန်းကို မသိတော့ဘူး။ အရမ်း ကြမ်းတမ်းတာပဲ။ သူ့ကို တုတ်တစ်ချောင်း ပေးလိုက်ကြည့်ပါလား ကောင်းကင်ကိုတောင် အ‌ပေါက် တက်ဖောက်ရဲတဲ့သူမျိုး။ သူ့လက်ထဲမှာ ကိုင်ထားတာက တော်ဝင်ပညာရှင်ရှန် စုဆောင်းထားတဲ့ ကျင်းစုန့်ကဲ ရွှေယွန်းစုတ်တံ။ အခုတော့ ဒီကောင်လေးက အမွှေးတွေတစ်ဝက်ပြောင်အောင် လုပ်ပစ်ပြီ။ တော်ဝင်ပညာရှင်ရှန်သာ တွေ့လို့ကတော့ အချိန်အကြာကြီး စိတ်ဆင်းရဲနေတော့မှာပဲ။

ရှန်ဟန်သည် သူမ ‌ဒေါသထွက်သွားသည်ကို မြင်လိုက်ရသဖြင့် မြန်မြန်ပြောလေသည်။

“မေမေ သား ပန်းချီတစ်ခုဆွဲထားတယ်၊ မေမေ့ကို ပေးမလို့”

“ဘာပန်းချီလဲ” ကျန်းယွင်ကျူးက စိတ်ဆိုးဆိုးနှင့် ပြောလိုက်၏။

ရှန်ဟန်က ခြေတံတိုတိုလေးများနှင့် အနားသို့ရောက်လာပြီး ကျန်းယွင်ကျူး၏လက်ကို ဆွဲကာ သူဆွဲထားသည့် ပန်းချီကားများကို ပြဖို့ ခေါ်သွားတော့သည်။

နှင်းလိုဖြူဖွေးနေသည့် တော်ဝင်ပညာရှင်ရှန်၏ စာကြည့်ခန်း နံရံတွင် အတွန့်အတက်များနှင့် ပန်းချီတစ်ခုက အမှန်ပင် ရှိလေသည်။ သို့သော်ငြား ဒါက ရှနိုင်ငံတော်ကြီး၏ ပိုင်နက်မြေပုံ ဖြစ်နေသည်ကိုတော့ ကျန်းယွင်ကျူး မှတ်မိနေသေးလေသည်။

သည်လိုအဖိုးတန်စုတ်တံတစ်ခုနှင့် နံရံပေါ်တွင် ဆွဲသားထားပြီး အလွန်မှ အင်အားကြီးနေဟန်။ စုတ်တံက သည်လိုဖြစ်သွားရသည်မှာ မဆန်းတော့ချေ။

“ဒါကို ဆွဲပြီး ဘာလုပ်မလို့လဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

“မေမေ့ကို ပေးမလို့လေ” ရှန်ဟန်က ပြောလိုက်၏။

“အမှန်အတိုင်းပြောစမ်း” ကျန်းယွင်ကျူးက ပြောသည်။

ရှန်ဟန်က တုံ့ဆိုင်းနေပြီးမှာ သူက သေသေချာချာ ရှင်းပြလေသည်။ ပြီးခဲ့တဲ့ရက်ပိုင်းက တော်ဝင်ပညာရှင်ရှန်သည် သူ့ကို ရှမင်းဆက်၏ ပိုင်နက်မြေပုံကို ပြပြီး နေရာအသီးသီး၏ ယဥ်ကျေးမှု ဓ‌လေ့ထုံးတမ်းတွေအကြောင်း ပြောပြခဲ့ရာ သူက ဒီမြေပုံကို မှတ်သားထားခဲ့ခြင်းပင်။

ကျန်းယွင်ကျူးသည် မတတ်သာတော့ဘဲ တစ်ဖန် သူ့ကို ဆုံးမရပြန်သည်။ အဘိုးဖြစ်သူရဲ့ စုတ်တံကို ခိုးယူတာက သူခိုးတစ်ယောက် လူဆိုးတစ်ယောက်ပဲ။ ပြီးတော့ အဘိုးဖြစ်သူရဲ့ နံရံပေါ်မှာ ပန်းချီဆွဲတာက....။ နောက်ဆုံးတော့ သူမသည် နံရံကို ကိုယ်တိုင် သန့်ရှင်းရေး ပြန်လုပ်ခိုင်းပြီး တော်ဝင်ပညာရှန်ကို သွားတောင်းပန်ခိုင်းလိုက်တော့သည်။

ရှန်ဟန်က နာနာခံခံဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူ့အတွေ့အကြုံများက အမေဖြစ်သူ၏ စကားကို နားထောင်ရမည် သို့မဟုတ်လျှင် သူသည် သေချာပေါက် ကံဆိုးတော့မည်ဟု ပြောနေလေသည်။

ကျန်းယွင်ကျူးက သူ့ကို သည်လိုပုံစံနှင့် မြင်လိုက်ရသဖြင့် ခေါင်းခါလိုက်ပြီး နောက်ပိုင်းတွင် သူ့ကို စည်းကမ်းချဖို့ ဆုံးဖြတ်လိုက်ရတော့သည်။ ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို ထိကြည့်လိုက်လေသည်။

ရှန်ဖုန်းမင်က ညပိုင်းတွင် ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်လာပြီးနောက် ရေချိုး အဝတ်အစားလဲ လိုက်၏။ ရေချိုးခန်း မဝင်ခင်က သူသည် ရက်စက်သည့်ရှန်စစ်သေနာပတိချုပ် ဖြစ်ခဲ့သော်လည်း ရေချိုးပြီး ပြန်ထွက်လာချိန်တွင်တော့ သူသည် ရှန်ဖုန်းမင် ဖြစ်သွားခဲ့သည်။ သူသည် အိမ်ပြင်က ကိစ္စများကို အိမ်ထဲသို့ လုံးဝမယူလာချင်ပေ။ အကြောင်းမှာ သည်ရက်ပိုင်းအတွင်း မြို့တော်၌ သွေးချောင်းစီးနေခဲ့သော်လည်း ကျန်းယွင်ကျူး၏ဘဝကတော့ အများကြီး ပြောင်းလဲသွားခြင်း မရှိသောကြောင့်ပင်။

ကျန်းယွင်ကျူးက သည်နေ့ ရှန်ဟန် လုပ်ခဲ့သည့်ကိစ္စကို သူ့အား ပြောပြလိုက်ပြီး နှစ်ယောက်သားက ရှန်ဟန်အကြောင်း ဆွေးနွေးလိုက်ကြလေသည်။

“သူက ဉာဏ်ကောင်းတယ်လေ” ရှန်ဟန်က သူ မလုပ်ရမည့်အရာများ ရှိမှန်းသိကာ နောက်လုပ်တော့မည် မဟုတ်ကြောင်း ရှန်ဖုန်းမင်က ပြောလိုက်လေသည်။

“သူ ဉာဏ်ကောင်းတာ ကျွန်မ သိပါတယ်” ကျန်းယွင်ကျူးသည် ဝမ်းသာမိသော်လည်း ခေါင်းလည်း ကိုက်ရလေသည်။ ကလေးတစ်ယောက်ကို လိမ္မာအောင် သင်ကြားပေးရတာက တကယ် မလွယ်ပါဘူး။

“သူ နည်းနည်းကြီးလာရင် ကိုက သူ့ကို မြင်းစီးသင်ပေးမယ်၊ ပြီးတော့ မြားပစ်သင်ပေးမယ်၊ ဒါမှ သူ့အင်အားကို တစ်နေ့လုံး အလကားဖြုန်းတီးဖို့ အချိန်မရှိတော့မှာ” ရှန်ဖုန်းမင်က ပြောလိုက်၏။

ကျန်းယွင်ကျူးမှာ သဘောတူပေးလိုက်ရကောင်းနိုးနိုး အခိုက်တန့် အကြပ်ရိုက်သွားတော့သည်။ ရှန်ဟန်က အခုတောင် ထိန်းကြောင်းရတာ အရမ်းခက်နေတာ သူသာ သိုင်းပညာ လေ့လာလိုက်ရင်တော့....

ရှန်ဖုန်းမင်က သူမကို ဖက်ထားလိုက်ပြီး

“ကို ရှိပါတယ်၊ မစိုးရိမ်နဲ့၊ ကိုတို့တွေ သူ့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် သင်ကြားပေးနိုင်မှာပါ”

ကျန်းယွင်ကျူး၏စိတ်ထဲက ပူပင်မှုများက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ သူမက သူ့ရင်ခွင်ထဲတွင် မှီထားလိုက်ပြီး အသာအယာခေါင်းညိတ်လိုက်တော့သည်။

ရှန်ဖုန်းမင်က သူမ၏ခါးကို ဖမ်းဆုပ်လိုက်၏။

ကျန်းယွင်ကျူးသည် သူ့လက်ကို ရုတ်တရက် ဖိထားလိုက်ပြီး

“ဒီရက်ပိုင်းတော့ အဆင်မပြေလောက်ဘူး”

“ဟင်” ရှန်ဖုန်းမင်က ခန့်မှန်းကြည့်လိုက်သော်လည်း သူက မေးလိုက်သေးသည်။

ကျန်းယွင်ကျူးက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ဝမ်းဗိုက်ပေါ်တွင် တင်ထားလိုက်ကာ

“မနေ့က အဘိုးဝူကို စမ်းသပ်ခိုင်းလိုက်တာ ကျွန်မ တကယ် ကိုယ်ဝန်ရှိနေပြီတဲ့”

“တကယ်လား”

ရှန်ဖုန်းမင်က ကိုယ်ကိုညွှတ်လိုက်ပြီး သူမ၏ဝမ်းဗိုက်ထဲက သ‌န္ဓေသား လှုပ်ရှားပုံကို အရင်ကလို နားထောင်ကြည့်လိုက်လေသည်။ သို့သော် သူက ချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။ အခုမှ ကိုယ်ဝန်ရှိစလေးကို ဘယ်လိုလုပ်ပြီး သန္ဓေသားလေးက လှုပ်ရှားမှုရှိအုံးမှာလဲ။

သို့သော်ငြား သူသည် အလွန်ဝမ်းသာသွားပြီး ကျန်းယွင်ကျူးကို ချက်ချင်း ပွေ့ချီလိုက်ကာ သူမ၏စကပ်အနားက လေထဲတွင် လှလှပပ ဝဲပျံသွားတော့သည်။

ကျန်းယွင်ကျူးက မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုနှင့် သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်လေသည်။

နောက်တစ်နေ့မနက်တွင် နှစ်ယောက်သားက တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့ကို သွားနှုတ်ဆက်ကြသည်။

တန့်ယန်းမင်းသမီးက တော်ဝင်ပညာရှင်ရှန်နှင့် ရန်ဖြစ်နေလေသည်။ မနေ့က ရှန်ဟန်က ကျင်းစုန့်ရွှေယွန်းစုတ်တံဖြင့် နံရံတွင် ပန်းချီဆွဲခဲ့ပြီး တော်ဝင်ပညာရှင်ရှန်က ထိုအကြောင်းကို သိသွားသဖြင့် သူသည် မတတ်သာဘဲ ရှန်ဟန်ကို ဆုံးမခဲ့သော်လည်း တန့်ယန်းမင်းသမီးက မကျေနပ်ပေ။

ဒါက ကျိုးပဲ့နေတဲ့စုတ်တံတစ်ခုပဲကို။ သူမရဲ့မြေးလေးက သုံးချင်တယ်ဆိုရင် သုံးပါစေပေါ့။ သူက ဘာလို့ မဆိုင်တာတွေ အရမ်းပြောနေရတာတုံး။

သူမရဲ့မြေးလေးက ဘယ်လောက်တော်လိုက်သလဲ။ ရှမင်းဆက်မြေပုံကို တစ်ခါပဲ တွေ့ဖူးတာကို ပုံပြန်ဆွဲနိုင်တယ်လေ။ ဒီလောက်တော်တဲ့ကလေးကို ခံစားရအောင်လုပ်လို့တော့ လုံးဝမဖြစ်ပါဘူး။

တော်ဝင်ပညာရှန်က စိတ်နေမြင့်ပြီး သူ့စကားအရ ရှန်ဟန်သည် သူမကြောင့် အနှေးနှင့်အမြန် ပျက်စီးလိမ့်မည်ဟုဆိုသည်။

“ကောင်းပါ့ရှင်၊ ရှင် ဖုန်းမင်ကို သင်ပေးခဲ့တာကို ကြည့်လိုက်ပါအုံး” တန့်ယန်းမင်းသမီးက စိတ်ဆိုးဆိုးနှင့် ပြောတော့သည်။

“ဖုန်းမင်က ဘာဖြစ်နေလို့လဲ၊ အရမ်းလိမ္မာနေတာပဲမလား၊ ပြီးတော့ မင်းလည်း သူ့ကို သင်ပေးခဲ့တာပဲမလား” တော်ဝင်ပညာရှင်ရှန်က ပြောလိုက်၏။

နှစ်ယောက်သားက ရန်ဖြစ်ကြတော့မည်ကို တွေ့လိုက်ရသဖြင့် အထိန်းတော်ချန်က သခင်လေးနှင့် သခင်မငယ်လေးတို့ ရောက်နေကြောင်း အသိလိုက်သဖြင့် နှစ်ယောက်သားမှာ ချက်ချင်းရပ်သွားပြီး ဘေးတွင် ထိုင်ချလိုက်ကာ အချင်းချင်း မျက်ကွယ်ပြုထားလိုက်ကြတော့သည်။

ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့က ဝင်လာကြပြီး နှစ်ယောက်သားက သူတို့ကို အရင်ဆုံး နှုတ်ဆက်လိုက်ကာ ရှန်ဖုန်းမင်က ပြောလိုက်လေသည်။

“အဖေနဲ့အမေ ယွင်ကျူး ကိုယ်ဝန်ရှိနေပြီ၊ တစ်လကျော်လောက်ရှိပြီတဲ့”

တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့က အခုလေးတင် ဖြစ်ခဲ့ကြသည့်ကိစ္စကို စဥ်းစားနေကြဆဲဖြစ်ရာ သူတို့သည် သူ့စကားကို သေချာမကြားလိုက်ကြပေ။ သို့သော်.... နှစ်ယောက်လုံးက ရုတ်တရက် မော့ကြည့်လိုက်ပြီး တစ်ပြိုင်တည်း မေးလိုက်ကြလေသည်။

“တကယ်လား”

ရှန်ဖုန်းမင်က ခေါင်းညိတ်လိုက်၏။

နှစ်ယောက်လုံးက ထရပ်လိုက်ကြပြီး အခုလေးတင် ဖြစ်ခဲ့သည့်ကိစ္စကို မေ့ပျောက်ထားလိုက်ကာ တန့်ယန်းမင်းသမီးက ကျန်းယွင်ကျူးကို လှမ်းဆွဲလိုက်ပြီး ဟိုဟိုသည်သည် မေးမြန်းရင်း ဝမ်းသာပျော်ရွှင်မှုက လွှမ်းခြုံသွားတော့သည်။ တော်ဝင်ပညာရှင်ရှန်မှာ ကြားဖြတ်မပြောနိုင်လေရာ ကျန်းယွင်ကျူးကို သေသေချာချာ ဂရုစိုက်ပေးဖို့သာ ရှန်ဖုန်းမင်ကို ပြောရတော့သည်။

သူတို့နှစ်ယောက်က တကယ်တော့ ကျန်းယွင်ကျူးကို နောက်ထပ်ကလေးတစ်ယောက် ထပ်ယူစေချင်ခဲ့တာပါ။ ဒါပေမဲ့ ပြောဖို့ကလည်း ခက်လေတယ်။ အခုတော့ ကျန်းယွင်ကျူး ကိုယ်ဝန်ရှိလာပြီဆိုတော့ နှစ်ယောက်လုံးက သူတို့ရဲ့ဆန္ဒတွေ ပြည့်ဝသွားသလို ခံစားလိုက်ရတာပဲ။

“မိန်းကလေး ဖြစ်ရင်ကောင်းမှာပဲ” တန့်ယန်းမင်းသမီးက ပြောလိုက်၏။ သူက ရှန်ဖုန်းမင် တစ်ယောက်တည်းကိုသာ မွေးဖွားခဲ့ပြီး တခြားသူများ၏ လိမ္မာရေးခြားရှိပြီး ချစ်စဖွယ်သမီးများကို မြင်ရချိန်တိုင်း အလွန်အားကျခဲ့ရလေသည်။ သို့သော် သူမက ချက်ချင်း ပြောလိုက်ပြန်သည်။

“ယောက်ျားလေးဆိုလည်း ကောင်းတာပါပဲ၊ အားဟန် ကစားဖော်ရတာပေါ့”

“မေမေက ညီလေးပဲဖြစ်ဖြစ် ညီမလေးပဲဖြစ်ဖြစ် မွေးလာရင် သားကို အမြဲတမ်း ဂရုစိုက်ပါအုံးတော့မလား” ရှန်ဟန်က ကိုယ်ဝန်ဆောင်သည့် အဓိပ္ပါယ်ကို နားလည်သွားသည်နှင့် ချက်ချင်း ထပြောလိုက်တော့သည်။

ကျန်းယွင်ကျူးက သူကို မျက်လုံးစိမ်းများဖြင့် ကြည့်လိုက်ပြီး

“မင်းကို ပစ်ထားမှာ၊ မင်းကို မင်းရဲ့အဖေနဲ့ စောင့်ရှောက်ခိုင်းမှာ”

ရှန်ဟန်က ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး ချက်ချင်း ခါးသီးသည့်မျက်နှာတစ်ခု ဖြစ်သွားတော့သည်။ မေမေက သူ့ကို ဂရုစိုက်ပေးတာပဲ ပိုကောင်းတယ်။

မိသားစုတစ်ခုလုံးက သူ့အမူအရာကြောင့် ရယ်မောလိုက်ကြလေသည်။

သခင်မငယ်‌လေးက ကိုယ်ဝန်ရှိလာသဖြင့် ရှန်အိမ်တော်က ပျော်ရွှင်မှုအပြည့် ဖြစ်နေတော့သည်။ သို့သော်ငြား မကြာလိုက်ခင်မှာပင် သည်ပျော်ရွှင်မှုနေရာတွင် စိုးရိမ်ပူပန်ရသည့်ခံစားချက်တစ်ခုက အစားထိုး ဝင်ရောက်လာတော့သည်။ ၆လပိုင်းတွင် ချင်းလုံဧကရာဇ်က ရုံးတော်၏ အထက်အရာရှိများနှင့် အနိမ့်ဆုံးအဆင့်ရှိ အိမ်ရှေ့မင်းသား အဖွဲ့ဝင်များကိုလည်း သေဒဏ်ပေးခဲ့လေသည်။

အိမ်ရှေ့စံအဖွဲ့ဝင်အားလုံးသည် သုတ်သင်ခံလိုက်ပြီး မင်းသားခြောက်နှင့် ပတ်သက်သည့် အစောပိုင်းကိစ္စများ အပါအဝင် ရုံးတော်၏ အရာရှိတစ်ဝက်လောက် သေဒဏ်ပေးခံကြရာ ထိုအဖြစ်က ရုံးတော်၏ အုတ်မြစ်ကို တုန်လှုပ်လုနီးနီး ဖြစ်ခဲ့ရသည်။

ကံအားလျော်စွာ ငယ်ရွယ်ပြီး အရည်အချင်းရှိသည့် အမှုထမ်းတစ်ဖွဲ့ကို သူ့နေရာတွင် ချက်ချင်း အစားထိုးနိုင်ခဲ့ပြီး ရုံးတော်က ဖရိုဖရဲအခြေအနေ မရောက်ခဲ့ပေ။

သို့သော်ငြား သည်ကိစ္စက ပြီးဆုံးသွားဟန် မတူသေးချေ။

သည်တစ်ကြိမ်တွင်တော့ ကျန်းယွင်ကျူးသည် ကိုယ်ဝန်ရင့်လာသည်နှင့် တိုက်ဆိုင်စွာ နေသာထိုင်သာ မရှိလှသဖြင့် အိမ်ပြင်ထွက်သည့် အရေအတွက်ကို လျှော့ချလိုက်ပြီး ရှန်ဖုန်းမင်နှင့် တိုင်ပင်ခဲ့ရသည်။ အဆင်မပြေခဲ့လျှင် သူမသည် ပင်လယ်ဘက်တွင် ချီကျန်းအား ကြိုတင် ခိုင်းစေထားခဲ့ပြီးဖြစ်လေသည်။

“မလိုပါဘူး”

ရှန်ဖုန်းမင်က သူမ၏နဖူးကို နမ်းလိုက်၏။ အရင်တုန်းကဆိုရင်တော့ နောက်ဆုတ်ဖို့ စဥ်းစားပြီး သူကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု စဥ်းစားထားလိုက်မှာပဲ။ ဒါပေမဲ့ အခုတော့ သူမရယ်၊ ရှန်ဟန်ရယ် သူမရဲ့ဗိုက်ထဲက ကလေးရှိနေပြီဆိုတော့ သူ နောက်ဆုတ်မှာမဟုတ်တော့ဘူး။

သူက သူမကို ကာကွယ်ပေးပြီး သူမနေချင်တဲ့ဘဝမျိုးမှာ နေခွင့်ရအောင် လုပ်ပေးရလိမ့်မယ်။

ကျန်းယွင်ကျူးက သူ့ကို အကြွင်းမဲ့ ယုံကြည်လေရာ သူက ငြင်းဆိုလျှင် အသုံးမပြုရုံပင်။

၁၀လပိုင်းတွင် မင်းသားငါးက နန်းတော်ကို အင်အားနှင့် ဖိအားပေးရန်ကြိုးစားနေသည့် သတင်း ရုတ်တရက် ရောက်လာပြီး မြို့တော်၏နေရာတိုင်းတွင် စစ်သည်များ၊ စစ်သူကြီးများနှင့် ပြည့်နေကာ လမ်းများက ရှုပ်ထွေးနေပြီး ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။ တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်တို့က အစေခံများကို တံခါးတွင် စောင့်ကြပ်ခိုင်းထားပြီး အသင့်ပြင်ခိုင်းထားကြရသည်။

သို့သော် ကိစ္စများ ပြီးဆုံးသွားသည်အထိ မည်သူကမှ ရှန်အိမ်တော်ကို မချိုးဖျက်ခဲ့ကြပေ။

၁၁လပိုင်းတွင် ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့ပြီး ရှန်ဖုန်းမင်ကို မြို့တော်အုပ်ချုပ်ရေးမှူးရာထူး တိုးပေးကာ စစ်တပ်ငါးခုကို တာဝန်ယူခိုင်းခဲ့သည်။

မင်းသားငါး၏ ပုန်ကန်မှုအပြစ်ကို အဆိပ်အရက်တစ်ခွက်နှင့် ကိုယ့်ကိုယ်ကိုယ် စီရင်စေခဲ့သည်။ လင်ထင်အန်းအပါအဝင် နောက်လိုက်အားလုံးကို ထောင်ချကာ ဥပဒေအတိုင်း အပြစ်ပေးခဲ့လေသည်။

နောက်ဆုံးတော့ မိုးရေက မြို့တော်ကို ဆေးကြောပေးခဲ့ပြီး ကောင်းကင်က ကြည်လင်သွားခဲ့သည်။

ကျန်းယွင်ကျူးသည် ထိုသတင်းကို ကြားလိုက်ရချိန်တွင် သူမ၏အိပ်မက်ထဲက အခြေအနေနှင့် လုံးဝကွာခြားနေလေရာ အချိန်တော်တော်ကြာအောင် မှင်တက်အံ့ဩခဲ့ရလေတော့သည်။

…

နောက်ဆက်တွဲ (၁၄)

အိပ်မက်ထဲက ၇နှစ်တာကာလမှာ ရုံးတော်က အရမ်းကို အေးချမ်းခဲ့ပြီး အိမ်ရှေ့မင်းသားနဲ့ မင်းသားခြောက်တို့က တိုက်ခိုက်နေခဲ့ကြပေမဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ မရှိခဲ့ဘူး။ အကြီးမားဆုံးအမှုကြောင့် ရှန်ဖုန်းမင်က စွပ်စွဲခံခဲ့ရပေမဲ့ နောက်ဆုံးတော့ ဘာအဖြေမှ ထွက်မလာခဲ့ဘူး။ ဒါပေမဲ့ အခုကျတော့ မင်းသားခြောက်ရဲ့အဖွဲ့က မရှိတော့ဘူး။ အိမ်ရှေ့မင်းသားရဲ့ နောက်လိုက်တွေကလည်း သေဒဏ်ပေးခံခဲ့ရပြီး ငြိမ်သက်နေတဲ့ မင်းသားငါးကတောင် သူ့ဟာသူ သေဆုံးသွားခဲ့တယ်။

အကြောင်းအရာနှစ်ခုကြားမှာ အပြောင်းအလဲက အရမ်းကိုကြီးမားလွန်းတာပဲ။ ဧကန္တ ဒါက လိပ်ပြာသက်ရောက်မှု(ဆက်နွယ်သက်ရောက်မှု)လို့ခေါ်တဲ့ အရာများလား။ သူမနဲ့ ကျန်းယွင်ရှို့တို့က တုတ်ချောင်းချင်း လဲခဲ့ကြတော့ လိပ်ပြာတောင်ပံ တစ်ချက် အခတ်မှာ နောက်ပိုင်းကိစ္စတွေကို ဖြစ်သွားစေခဲ့တာလား။

သေချာတော့ မသိပေမဲ့ ဒါကို ထိန်းချုပ်လို့ မရနိုင်ဘူးလေ။ ဒါပေမဲ့ သူမအတွက်တော့ အခုအချိန်မှာ တော်တော်လေး အဆင်ပြေတယ်လို့ ခံစားရပြီး သူမရဲ့လက်ရှိဘဝကိုလည်း နှစ်သက်မိပါတယ်လေ။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူမ၏ကြီးထွားလာသည့် ဗိုက်ကို ထိကိုင်ရင်း ပြုံးမိလေသည်။

ရှန်ဖုန်းမင်သည် မြို့တော်၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးခံခဲ့ရပြီး ရက်ပိုင်းအတွင်း တစ်ဖန် ‘နေမကောင်းဖြစ်ရပြန်သည်။ ချင်းလုံဧကရာဇ်က သူ့ကို အလွန်ယုံကြည်အားထားခဲ့သည်။ သည်တစ်ကြိမ်တွင် မင်းသားငါးက နန်းတော်ကို ဖိအားပေးခဲ့ပြီး သူကသာ ဒီရေလှိုင်းကို မလှည့်ပြောင်းနိုင်ခဲ့လျှင် အခုချိန်တွင် ပလ္လင်ပေါ်ထိုင်နေမည့်သူက မင်းသားငါး ဖြစ်သွားနိုင်သည်။

အခုတော့ ရုံးတော်ထဲတွင် အိမ်ရှေ့စံတစ်ယောက်သာ ကျန်ခဲ့တော့သည်။ ရှန်ဖုန်းမင်က ချီလင်သက်တော်စောင့်ဌာနကို တာဝန်ယူပေးရပြီး မြို့တော်၏ စစ်တပ်ငါးခု၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။ သူသည် အလွန်မှ စိတ်ဝင်စားစရာဖြစ်နေတော့သည်။

“အခုလောလောဆယ် ရုံးတော်ကို သွားဖို့ အရေးကြီးကိစ္စ မရှိဘူး၊ အိမ်မှာပဲ ရက်ပိုင်းလောက် အေးအေးဆေးဆေး အချိန်ကုန်တာ ကောင်းပါတယ်”

တော်ဝင်ပညာရှင်ရှန်က ချီးကျူးစကားပြောရင်း သူ့မုတ်ဆိတ်မွှေးကို သပ်နေလိုက်သည်။ မင်းကို အဖော်ပြုပေးရတာလည်း ကျားတစ်ကောင်ကို အဖော်ပြုပေးရသလိုပါပဲ။ ဘယ်လို ရှေ့တိုး နောက်ဆုတ်လုပ်ရမယ်ဆိုတာကို သိမှပဲ အချိန်အကြာကြီး အသက်ရှည်နိုင်လိမ့်မယ်။

တန့်ယန်းမင်းသမီးကတော့ လုံးဝမကျေနပ်ပေ။ သူမရဲ့သားက ပုန်ကန်မှုကို နှိမ်နင်းတာမှာ ချီးမြှောက်ထိုက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ခဲ့တာလေ။ ဒါတွေအားလုံးက သူနဲ့ ထိုက်တန်ရက်နဲ့ ဘာလို့များ နေမကောင်းချင် ဟန်ဆောင်ရအုံးမှာလဲ။ အမှန်တွင်တော့ သူမသည် ထိုမျှလောက်လည်း မအ,သေးချေ။ ရှန်ဖုန်းမင် လုပ်ရပ်က မှန်ကန်မှန်း သိနေသော်လည်း သူမက သူ့အတွက် မချိတင်ကဲဖြစ်ရခြင်းသာ။

သူမရဲ့အစ်ကိုတော်က အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း စိတ်တွေလည်း ပိုပြီး ရှုပ်ထွေးတတ်လာပြီလေ။

ကျန်းယွင်ကျူး၏ ကိုယ်ဝန်က ရင့်လာပြီဖြစ်ကာ ရှန်ဖုန်းမင်က အိမ်တွင်သာ ရှိနေသဖြင့် သူမက အမှန်ပင် ဝမ်းသာရသော်လည်း ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။

ညပိုင်းတွင် ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို အခန်းသို့ ပြန်ပို့ပေးခဲ့ပြီး သူက အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျန်းယွင်ကျူးက မေးလိုက်တော့သည်။

“အားပြန်ဖြည့်တယ် ဟုတ်လား”

သူမက ကျီစယ်သလို ကြည့်လိုက်သဖြင့် ရှန်ဖုန်းမင်က သူမ မေးသည့်အကြောင်းအရာကို နားလည်သွားတော့သည်။ အဲဒီနှစ်တုန်းက နှစ်သစ်ကူးပထမလရဲ့ ၁၅ရက်နေ့မှာ သူမနဲ့ လုပြည်နယ်မှာကို တွေ့ခဲ့တဲ့အကြောင်းကို မေးနေတာပဲ။ အဲဒီနောက်ပိုင်းမှာ ‘အားပြန်ဖြည့်’ဖို့ဆိုပြီး သူက သူမအိမ်ကို သွားခဲ့တာလေ။

အမှန်တွင်တော့ ထိုကိစ္စက ယန်ရှန့်၏စိတ်ကူး ဆိုသော်ငြား ရှန်ဖုန်းမင်သည် ထိုအကြောင်းကို သိလိုက်ရပြီးနောက်တွင် သူက အခြေအနေကို အလိုက်သင့်နေခဲ့ခြင်းပင်။

အခုတော့ ကျန်းယွင်ကျူးက ထိုအကြောင်းကို ထုတ်ပြောလိုက်သဖြင့် သူက အကြည့်လွှဲလိုက်ပြီး

“အားလုံးက အတိတ်တွေပါ”

သူ၏အေးစက်စက် မျက်ထောင့်များက အနီရောင်ပါးပါးလေး စွန်းထင်းနေပြီး ‌ကျောက်စိမ်းလို မြစိမ်းလို တောက်ပနေတော့သည်။

ကျန်းယွင်ကျူး၏နှလုံးသားက သမင်လေးတစ်ကောင်လို ခံစားလိုက်ရတော့သည်။ ဒီလူကတော့....။ တကယ်တော့ သူမ ဒီအကြောင်းကို သိပါတယ်။ ပြီးတော့ ပိုပြီးချိုမြိန်သလို ပျော်ရွှင်မိခဲ့တယ်။ သူက သူမအတွက် ဒီလိုပေါက်ကရအလုပ်တွေကို လုပ်ခဲ့တာကိုး။

ဒါမှမဟုတ် သူမကလည်း သူ့ကို တစ်ခုခု ပြောပြလိုက်ရင်ကော။

သူမက သူ့လက်မောင်းကို ချိတ်လိုက်၏။

ရှန်ဖုန်းမင်က ခေါင်းငုံ့လိုက်ပြီး သူမပြောမည့်စကားကို နားထောင်လိုက်လေသည်။

ကျန်းယွင်ကျူးက သူ့နားနားကပ်ကာ တီးတိုးပြောပြလိုက်တော့သည်။ တကယ်တော့ သူတို့တွေ အိပ်ရာတစ်ခုထဲမှာ အိပ်ခဲ့ပြီးသားပဲလေ။ အဲဒီနှစ်ရဲ့ ပထမဆုံးလ ၁၅ရက်နေ့မှာပေါ့....

လရောင်က ရှန်ဖုန်းမင်၏မျက်လုံးများထဲသို့ ကျဆင်းသွားသယောင်။

နှစ်ယောက်သားသည် အတူတူ ပွေ့ဖက်ထားလိုက်ကြပြီး အချိန်တော်တော်ကြာသည်အထိ မခွဲချင်အောင် ဖြစ်ခဲ့ရလေသည်။

ရှန်ဖုန်းမင်က ‘နေမကောင်း’ဖြစ်နေသဖြင့် သူသည် နှစ်သစ်ကူးညစာစားပွဲကိုပင် မတက်ရောက်ခဲ့ပေ။ အားလုံးက သူ့ကို မေ့သွားသယောင် နန်းတွင်းထဲတွင် အဆို အကများနှင့် ရွှင်မြူးနေကြလေသည်။

သည်နေ့တွင်တော့ ရှန်မိသားစုသည် တစ်ဖန် စိုးရိမ်နေရပြန်လေသည်။ ကျန်းယွင်ကျူးက မွေးဖွားတော့မည်။

ပြီးခဲ့အခေါက်က အတွေ့အကြုံကြောင့် အားလုံးက အလွန်ပျာယာခတ်မနေကြသော်လည်း သူတို့သည် စိုးရိမ်နေကြဆဲပင်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို အဖော်လုပ်ပေးဆဲဖြစ်ကာ သည်တစ်ကြိမ်တွင်တော့ တန့်ယန်းမင်းသမီးက စိတ်ရှုပ်ခံပြီး ဘာမှမပြောတော့ချေ။ သူမသည် ကျန်းယွင်ကျူးက အန္တရာယ်ကင်းကင်း မွေးဖွားပြီး သူတို့မိသားစုမှာ ပျော်ပျော်ရွှင်ရွှင်နေရဖို့သာ တောင်းဆိုမိလေသည်။ မဟုတ်ပါလျှင်တော့.....။

“မေမေ့ကို ကြည့်ရတာ နာနေသလိုပဲ၊ ဘိုးဘိုး မေမေ့ကို သမားတော် ရှာပေးပါအုံး”

ရှန်ဟန်နှင့် တော်ဝင်ပညာရှင်ရှန်တို့သည် မီးဖွားခန်းထဲသို့ မဝင်နိုင်ကြရာ လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က အပြင်ဘက်တွင် စောင့်ဆိုင်းနေကြလေသည်။ ရှန်ဟန်သည် ကျန်းယွင်ကျူး၏ နာနာကျင်ကျင် အော်သံကို ကြားလိုက်ရပြီး အလွန်စိုးရိမ်သွားကာ တော်ဝင်ပညာရှင်ရှန်ဘက်သို့ လှည့်ပြီး ပြောလိုက်တော့သည်။

တော်ဝင်ပညာရှင်ရှန်သည် သူ့ရင်ထဲတွင် ပူပန်နေရသော်လည်း ကျန်းယွင်ကျူးက ကလေးမွေးနေပြီး အမျိုးသမီးတစ်ယောက်အတွက် မီးဖွားရသည်က နာကျင်ရကြောင်း ရှန်ဟန်ကို ရှင်းပြရသေးသည်။ နတ်ဆေးသမားတော်ဝူသည် ရှမင်းဆက်တွင် အကောင်းဆုံးသမားတော် ဖြစ်ပြီး သူသည် ကျန်းယွင်ကျူးကို စမ်းသပ်ပေးထားပြီးသားပင်။

သည်အခွင့်အရေးကို အသုံးချကာ သူ့ကို မွေးဖွားပေးရသည့် အမေဖြစ်သူအတွက် အမှန်ပင် မလွယ်ကူကြောင်း အနာဂတ်တွင် အမေဖြစ်သူကို သိတတ်ရမည်ဖြစ်ကြောင်း ရှန်ဟန်ကို ဆုံးမလိုက်လေသည်။

ရှန်ဟန်က အားတက်သရော ခေါင်းညိတ်လိုက်၏။ သူက မောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် မလိုချင်ပါဘူး။ သူက မေမေ့ကိုပဲ လိုချင်တာ။

တော်ဝင်ပညာရှင်ရှန်က သူ့ကို ပွေ့ဖက်ထားလိုက်ပြီး ဘဝတစ်လျှောက်လုံး နတ်များနှင့် ဘုရားရှင်ထံတွင် သူတို့သားအမိ အန္တရာယ်ကင်းစေကြောင်း ဆုတောင်းနေလေသည်။ တစ်ချိန်ထဲတွင် သည်တစ်ကြိမ် ကျန်းယွင်ကျူးသည် အန္တရာယ်ကင်းကင်း မွေးဖွားနိုင်ခဲ့လျှင် အနာဂတ်တွင် ကလေး မမွေးတော့လျှင်လည်း ကိစ္စမရှိတော့ပါဘူးဟု စဥ်းစားလိုက်လေသည်။ ကလေးနှစ်ယောက်ရှိရင် တော်ပြီပေါ့လေ။ ပြီးတော့ သူတို့အတွက် ကျန်းယွင်ကျူးက ကလေးတွေထက် ပိုပြီးအရေးကြီးပါတယ်။

အမှန်တွင်တော့ တန့်ယန်းမင်းသမီးကလည်း တစ်ချိန်ထဲတွင် ထိုနည်းတူ ခံစားမိလိုက်၏။ သူမက ကလေးတွေ များနိုင်လောက် များများရှိစေချင်တာပေါ့။ ဒါပေမဲ့ ကလေးတွေယှဥ်ရင် ကျန်းယွင်ကျူးရဲ့ အန္တရာယ်ကင်းခြင်းက ပိုပြီးအရေးကြီးတယ်လေ။

သည်အခိုက်တန့်တွင် ငိုသံတစ်ခုက ခြံဝင်းထဲမှ ထိုင်းမှိုင်းမှုကို ချိုးဖျက်လိုက်တော့သည်။

“ကလေး မွေးပါပြီ၊ သမီးလေးပါ၊ ဂုဏ်ယူပါတယ် သခင်မ”

လက်သည်အမျိုးသမီး၏အသံနောက်တွင် ဂုဏ်ပြုသံများ ပါလာလေသည်။

မွေးပြီတဲ့။ မြေးမလေးတဲ့။ တော်ဝင်ပညာရှင်ရှန်သည် ထိုနေရာတွင် နေရှိနေဆဲဖြစ်ကာ သူ့ဘေးက လူများကလည်း သူ့ရှေ့တွင် ဒူးထောက် ဂုဏ်ပြုလိုက်ကြသည်ကို စောင့်နေလိုက်ပြီးနောက်မှ သူသည် ဝမ်းသာပီတိဖြစ်ရကာ ရှန်ဟန်ကို ပွေ့ဖက်ပြီး နမ်းလိုက်တော့သည်။

ရှန်ဟန်မှာ အနည်းငယ် ရွံမိသော်လည်း အမေဖြစ်သူ ဘာမှမဖြစ်သည်ကို သိလိုက်ရသဖြင့် သူ့မျက်နှာ သေးသေးလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေတော့သည်။

ကျန်းယွင်ကျူးသည် သမီးတစ်ယောက်ကို မွေးဖွားခဲ့ပြီး နာမည်ကို ဟိုးအရင်ကတည်းက ရွေးချယ်ထားပြီးဖြစ်ရာ သူမကို ရှန်ဖန်းဟုခေါ်လေသည်။

သုံးရက်ကြာပြီးနောက်တွင် ရှန်မိသားစုဝင်အားလုံးက ကလေးနှစ်ယောက်ရှိလျှင် လုံလောက်ပြီးဖြစ်ကာ နောက်ပိုင်းတွင် ကလေး ထပ်မယူတော့ဖို့ရန် သဘောတူညီချက်တစ်ခု ထုတ်ခဲ့ကြသည်။

တစ်လကြာပြီးနောက်တွင် ရှန်ဖန်း တစ်လပြည့်ဖြစ်လေသည်။ ပြီးခဲ့သည့်အခေါက်က ရှန်ဟန် တစ်လပြည့်တွင် ရှန်မိသားစုက တစ်လပြည့် စားသောက်ပွဲကျင်းပခဲ့ပြီး မင်းကြီးနှင့် မယ်တော်ကြီးတို့ပါ တက်ရောက်ခဲ့ရာ အင်မတန်စည်ကားခဲ့လေသည်။

သည်တစ်ကြိမ်တွင်တော့ ဆွေမျိုးနှင့် မိတ်ဆွေတချို့ကိုသာ ဖိတ်ကြားလိုက်ပြီး ပြီးခဲ့သည့်အခေါက်က ဆူဆူညံညံအသံထက်စာလျှင် ပိုပြီးနွေးထွေးကာ ခင်မင်ရင်းနှီးမှုရှိခဲ့ကြသည်။

အမှန်တွင်တော့ လူအရမ်းများနေလျှင် လာရောက်ကြသူအားလုံးက စကားပြောသည်မှာ အဆင်မပြေကြလျှင် စိတ်ဝင်စားဖို့ ကောင်းတော့မည်မဟုတ်ပေ။ ရင်းနှီးကြသည့်လူများ အတူတူ စုဝေးပြီး အားလုံးက ရယ်ရယ်မောမော ပြောဆိုကြရာ သည်တစ်ကြိမ်လောက်တော့ စိတ်ဝင်စားစရာ မကောင်းခဲ့ပေ။

ယန်ရှန့်လည်း ရောက်လာပြီး သူသည် ရှန်ဟန်နှင့် ရှန်ဖန်း ကလေးနှစ်ယောက်ကို ကြည့်ရင်း အားကျစိတ်ကြောင့် သူ့မျက်လုံးများက နီမြန်းလာတော့သည်။

ဘယ်လိုပြောရမလဲ။ ရှန်ဖုန်းမင်က တစ်ယောက်ထဲ သေတော့မှာကို မြင်ယောင်လို့ သူက သူ့အတွက် တွေးပေးပြီး ကြင်ဖော်ရှာပေးခဲ့ပေမဲ့ အခုတော့ ရှန်ဖုန်းမင်က မိန်းမနဲ့ ကလေးတွေနဲ့။ သူမှာတော့ လူပျိုကြီးဖြစ်တုန်း။

မဖြစ်သေးပါဘူး။ ပြန်သွားရင်တော့ သူလည်း တစ်ယောက်လောက် ရှာအုံးမှာပါ။ သူသည် စိတ်ထဲတွင် တိတ်တိတ်လေး ဆုံးဖြတ်ထားလိုက်တော့သည်။

ချင်ယောင်း၊ ရှဲ့လျန်နှင့် ကုချီဖုန်းတို့လည်း လာရောက်ကြပြီး ကျန်းယွင်ကျူး မျှော်လင့်မထားခဲ့သည့် လူနှစ်ယောက်လည်း ရောက်လာခဲ့သည်။ ရှဲ့ချန်နှင့် ကုယန်ကျိုးတို့ပင်။

အခုတော့ သူတို့နှစ်ယောက်က ရုံးတော်ထဲတွင် သူတို့ကိုယ်သူတို့ အလွန်ဂုဏ်ယူနေရပြီး သူတို့သည် ရွက်ပုန်းသီးများက ကောင်းကင်သို့ ပျံတက်နေသည့် ခပ်ရေးရေးသဘောထားတစ်ခု ထားရှိကြလေသည်။

အရင်က သူတို့သည် အခြေအနေကို မသိခဲ့ချိန်တွင် ကျန်းယွင်ကျူးနှင့် ဆက်ဆံ‌ရေးကို ရပ်တန့်ခဲ့ရသော်လည်း အခုတော့ သူတို့သည် သည်နေရာသို့ ရောက်ရှိလာကြပေသည်...

“စိတ်မဆိုးပါနဲ့နော်”

ရှဲ့ချန်က လက်နှစ်ဖက်ကို ယှက်ရင်း ကျန်းယွင်ကျူးကို ပြောလိုက်၏။ သူက သူဘဝရဲ့ ကယ်တင်ရှင်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက သူ အောင်မြင်ပါ့မလားဆိုတာက မသိရသေးတော့ ကျန်းယွင်ကျူးကို ဆွဲထည့်မိမှာ စိုးရတယ်လေ။

အခုတော့ အရာအားလုံးက ပြီးသွားပြီ။ သူလည်း လာရောက်တောင်းပန်ရမှာ သဘာဝပဲပေါ့။

“တောင်းပန်ပါတယ်ဗျာ” ကုယန်ကျိုးကလည်း ပြောလိက်၏

“ရှင်တို့တွေ ဒီကိစ္စကို ဘယ်ကနေစပြီး ပြောတတ်လာလဲ” ကျန်းယွင်ကျူးက ပြုံးလိုက၏။ သူတို့တွေက သူမဆီမှာ ဘာအကြွေးမှ မတင်ထားပါဘူး။

ရှဲ့ချန်နှင့် ကုယန်ကျိုးတို့သည် သူမ၏ သဘောကို နားလည်သွားပြီး အားလုံးက ရယ်မောလိုက်ကြလေသည်။ အတိတ်က အတိတ်ပင်။ ယခုချိန်ကစပြီး သူတို့သည် မိတ်ဆွေများ ဖြစ်နေကြဆဲပင်။

“အားဖန်းရေ အားဖန်းရေ”

ချင်ယောင်းက ရှန်ဖန်းကို လှမ်းစလိုက်ပြီး သူမစိတ်ထဲတွင် စဥ်းစားနေမိသည့်အရာကို မသိလိုက်ပါဘဲ သူမ၏ ပါးပြင်က ကြက်သွေးရောင်သန်းသွားတော့သည်။

“ကောင်းတဲ့ကိစ္စတွေက မကြာခင်ရောက်လာတော့မှာမလား”

ကျန်းယွင်ကျူးက သူမကို သတိထားမိသွားပြီး တိတ်တိတ်လေးမေးလိုက်၏။ သူမနဲ့ ရှဲ့ချန်တို့က ချစ်သူတွေပဲလေ။ တချို့ စောင့်ထိန်းရမယ့် ကိစ္စတွေကြောင့်သာ သူတို့တွေ အရင်က အတူတူ မနေနိုင်ခဲ့ကြဘူး။ အခုတော့ ကိစ္စတွေကလည်း အခြေကျသွားပြီ။ ပျော်ရွှင်ရမဲ့အလှည့်ပဲ။ ဟုတ်တယ်မလား။

ချင်ယောင်းက သဘောထားအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမက ရှဲ့ချန်ကိုပဲ လက်ထပ်မှာလေ။

“ဂုဏ်ပြုပါတယ်ရှင်၊ ရက်ကော သတ်မှတ်ပြီးပြီလား၊ အဲဒီအချိန်ကျရင်တော့ ကျွန်မ သေချာပေါက် လာရလိမ့်မယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမနဲ့ ရှဲ့ချန်တို့အတွက်က တကယ်လွယ်ကူခဲ့တာ မဟုတ်လေဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ချင်ယောင်းက စိတ်ကူးယဥ်ဆန်တဲ့ မိန်းကလေးတစ်ယောက်ကနေ ဆုံးဖြတ်ချက် ပြတ်သားပြီး သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာပဲ။

“သုံးလလိုပါသေးတယ်၊ ရှင် လာကို လာရမယ်နော်” ချင်ယောင်းက ပြောလိုက်သည်။

“လာမှာပေါ့” ကျန်းယွင်ကျူးက သဘောတူလိုက်သည်။

သည်နှစ်မှာ ဒီလောကထဲ ရောက်လာသည့် ကျန်းယွင်ကျူး၏ ခြောက်နှစ်မြောက်နှစ် ဖြစ်လေသည်။ သုံးလကြာပြီးနောက်တွင် သူမသည် ချင်ယောင်းနှင့် ရှဲ့ချန်တို့၏ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည်။

ရှဲ့ချန်သည် အခုတော့ တရားရေးအမတ်ဖြစ်လာခဲ့သည်။ သူ့အသက်အရွယ်တွင် သည်ရာထူးနေရာ အလွန်မှ မြင့်မားပြီးသားဖြစ်ကာ သူ့အနာဂတ်က တောက်ပလျက်ပင်။ ချင်ယောင်းဖက်တွင်တော့ သူမသည် ချင်းရှာစီရင်စုမှူးတစ်ယောက် ဖြစ်လေသည်။ သူမက မိသားစု၏ စီးပွားရေးလုပ်ငန်းကို လက်လွဲယူခဲ့ပြီး သူမ၏လက်ထဲတွင် ရွှေ ငွေအများအပြား ရှိလာခဲ့သည်။

သို့သော်ငြား သူတို့နှစ်ယောက်၏ မင်္ဂလာပွဲကိုတော့ ချဲ့ကားပြီးမလုပ်ခဲ့ချေ။ သူတို့သည် ဆွေမျိုးနှင့် မိတ်ဆွေများကိုသာ ဖိတ်ကြားခဲ့လေသည်။

အားလုံးက စားသောက်ကြပြီး ချစ်သူနှစ်ယောက်ကို ပျော်ရွှင်သည့်မင်္ဂလာပွဲဖြစ်ရန် ဆုတောင်းပေးကြသည်။

သည်နှစ်ကုန်တွင် ကျန်းယွင်ကျူးသည် နောက်ထပ် မင်္ဂလာပွဲတစ်ခုကို တက်ခဲ့ရသေးသည်။ ကုချီဖုန်းနှင့် ရှဲ့လျန်တို့၏ မင်္ဂလာပွဲပင်။ ကုမိသားစုနှင့် ရှဲ့မိသားစုတို့ ပေါင်းစပ်ကြသည့်မင်္ဂလာပွဲပင်။ ထိုနည်းတူပင် မိသားစုနှစ်ခုလုံးက ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ကြပေ။ ကုချီဖုန်း၏ စကားအရဆိုလျှင် ‘ကျွန်တော် သူ့ကို ချစ်တယ်။ သူကလည်း ကျွန်တော့်ကို ချစ်တယ်၊ ကျွန်တော်တို့ အတူတူကြမယ်၊ ပျော်ရွှင်နေရင် ကောင်းနေပြီလေ၊ တခြားသူတွေနဲ့မှ မဆိုင်တာ’ ဟူ၍။

သူက သူတို့ကို စိတ်ရင်းနှင့် ဝမ်းမသာပေးကြသူများကို ရည်ရွယ်ပြီးပြောလိုက်ခြင်းပင်။

ရှဲ့လျန်မှာ သူမ၏အတွေ့အကြုံဟောင်းကြောင့် သူစိမ်းများနှင့် ဆက်ဆံရသည်ကို မကြိုက်သေးချေ။ ထို့ကြောင့် ကုချီဖုန်းက သူတို့နှစ်ယောက် အတူတူနေရလျှင် အဆင်ပြေပြီဖြစ်ရာ သူက သူမ၏သဘောကို လိုက်လျောပေးလေသည်။

“ဂုဏ်ပြုပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကုချီဖုန်းက ပိုရင့်ကျက်လာပြီး ပိုပြီး တာဝန်သိတတ်လာတယ်။ သူက ကိုယ်ပိုင်ဆိုင်တစ်ခု ဖွင့်ထားပြီး လုပ်ငန်းလည်း ကောင်းတယ်လေ။ ရှဲ့လျန်က အတိတ်ကအရိပ်ထဲကနေ အပြီးတိုင် ထွက်မလာသေးဘူးဆိုပေမဲ့ အနည်းဆုံးတော့ ကုချီဖုန်းနဲ့ ရှိနေရင် သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေတတ်ပြီ။ ဟုတ်တယ်လေ။ ဒါက မလုံလောက်သေးလို့လား။

သူတို့တွေ ပျော်ရွှင်သင့်တာပေါ့။

“ကျေးဇူးတင်ပါတယ် သူဌေး”

ကုချီဖုန်းက စိတ်ရင်းနှင့် ပြောလိုက်၏။ သူသည် အရင်က ကျန်းယွင်ကျူးကို သူဌေးဟု ခေါ်ခဲ့ပြီး အခုလည်း သူက သူမကို သူဌေးဟု ခေါ်နေပြန်သည်။

ကျန်းယွင်ကျူးကလည်း သူ့ကို လက်ခံပေးလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် သူဌေးရှင့်”

ရှဲ့လျန်ကလည်း စိတ်ရင်းနှင့် ပြောသည်။သူမက ကျန်းယွင်ကျူးကို တစ်သက်လုံး ကျေးဇူးတင်ရမှာပါ။ သူမကြောင့်သာ မဟုတ်ရင် အခုချိန် ဘာလုပ်ရမယ်မှန်း သိမှာမဟုတ်ဘူး။

“ဒါက ခင်ပွန်းက သီချင်းဆိုတာကို ဇနီးသည်က အဖော်လုပ်ပေးနေတာမျိုး မဟုတ်လား”

ကျန်းယွင်ကျူးက ရယ်စရာပြောလိုက်သည်။

ကုချီဖုန်းက လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ပြီး ရှဲ့လျန်က ပန်းရောင်မျက်နှာတစ်ခုဖြင့် ပြုံးလိုက်သည်။ အပြုံးက သိမ်မွေ့လေသည်။ အားလုံးလည်း ရယ်မောလိုက်ကြပြီး ပျော်ရွှင်မှုများနှင့် လွှမ်းခြုံသွားတော့သည်။

ဒုတိယနှစ်၏ နွေဦးတွင် ရှန်ဖုန်းမင်သည် ‘နေပြန်ကောင်းလာလေသည်’။ သူသည် အမှုကိစ္စ ကိုင်တွယ်ရန် ကျန်းဖူပြည်နယ်သို့ သွားခဲ့ရသည်။

မနက်ခင်းတွင် သူ ထွက်သွားပြီးနောက် ကျန်းယွင်ကျူးက ပြန်အိပ်ဖို့ ပြင်လိုက်လေသည်။

“မေမေ မေမေရေ....” နူးညံ့ချွဲပြစ်သည့် အသံတစ်ခုပင်။

ကျန်းယွင်ကျူးသည် အခုချိန်တွင်တော့ သူမ ပြန်မအိပ်နိုင်တော့မှန်း သိလိုက်လေသည်။ သူမ၏ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် အိပ်ရာဘေးတွင် ရပ်နေသည့် ကလေးသေးသေးလေးကို တွေ့လိုက်ရ၏။ ကလေးလေးက ခေါင်ပေါ်တွင် ဆံထုံးလေးထုံးထားကာ မျက်ခုံးများက နူးညံ့သိမ်မွေ့ပြီး လှပနေကာ ချစ်စရာကောင်းသည့် ကောက်ညင်းလုံးလေးတစ်ခုနှယ်။ သည်အချိန်တွင် သူမက မျက်တောင်မခတ်ဘဲ ကျန်းယွင်ကျူးကို ကြည့်နေလေသည်။

ရှန်ဖန်းလေးပင်။ သူမလေးက လိမ္မာသဖြင့် ကျန်းယွင်ကျူးက အမြဲတမ်း သူမအပေါ် နည်းနည်းပိုပြီး စိတ်ရှည်လေသည်။

“အစောကြီးပဲ ဘာလို့လဲ” သူမက ရှန်ဖန်းကို ရင်ခွင်ထဲ ပွေ့ချီလိုက်ပြီး မေးလိုက်၏။

“နို့ကြက်ဥအစာသွပ်မုန့် စားချင်တယ်” ရှန်ဖန်းက ပြောလိုက်သည်။

“ဒါကြောင့် အစောကြီး ထလာတာလား” ကျန်းယွင်ကျူးက မေးလိုက်သည်။

ရှန်ဖန်းက ခေါင်းညိတ်လိုက်၏။

ကျန်းယွင်ကျူးက ထပ်ပြီး မအိပ်ချင်တော့ပေ။ မျက်နှာထသစ်လိုက်ပြီး သူမ၏လက်သေးသေးလေးကို တွဲကာ စားဖိုဆောင်သို့ အတူတူသွားလိုက်ကြလေသည်။

မကြာမီတွင် မွှေးပျံ့သည့် ကြက်သွန်မြိတ် နို့ကြက်ဥအစာသွပ်မုန့်က အဆင်သင့်ဖြစ်လာခဲ့သည်။ သည်အချိန်တွင် စားဖိုဆောင်အပြင်ဘက်မှ ခေါင်းလေးတစ်ခုက တိုးထွက်လာ၏။ ရှန်ဟန်ပင်။

“စားချင်ရင် ဝင်လာလေ” ကျန်းယွင်ကျူးက ပြောလိုက်၏။

ရှန်ဟန်က အလွန်မှ လိမ္မာသည့်အပြုအမူဖြင့် ဝင်လာခဲ့လေသည်။ မနေ့က ကျိုးရှန်းရှုမိသားစုက သားလေးရဲ့ နှာခေါင်းနဲ့ မျက်နှာကို ထိုးခဲ့တာမဟုတ်ရင် သူမက သူ့ကို တကယ်ပဲ ယုံမိအုံးမှာ။

“မေမေ အဲကလေးက ညီမလေးရဲ့မျက်နှာကို ဆွဲညှစ်ချင်နေတာလေ၊ မေမေပဲ ပြောထားတယ်မလား၊ လူတွေကို ညီမလေးကို ပေးမထိရဘူးဆို၊ ဒီတော့ သား သူ့ကို ရိုက်ရမှာပေါ့” ရှန်ဟန်က စိတ်ဆိုးမာန်ဆိုးနှင့် ပြောလေတော့သည်။

...

နောက်ဆက်တွဲ (၁၅) ဇာတ်သိမ်းပိုင်း

ကျန်းယွင်ကျူးက ဟုတ်သလားဟု မေးဟန်ဖြင့် ရှန်ဖန်းကို ကြည့်လိုက်၏။

ရှန်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။

အင်းပါ။ သူက ဆရာတစ်ယောက်ဆိုတဲ့ နာမည်ကောင်းတစ်ခုလည်း ရှိသားပဲ။ ဒါပေမဲ့ ဒီလိုမျိုးကို ရိုက်တာကတော့....။

“နောက်ဆိုရင် မင်းရဲ့လုပ်ပုံတွေကို သတိထားနော်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ရှန်ဟန်က မျက်လုံးများ လည်ထွက်သွားပြီး ဘာကိုစဥ်းစားရမည်မသိ ဖြစ်သွားကာ မြန်မြန်ခေါင်းညိတ်လိုက်လေသည်။

ကျန်းယွင်ကျူးက သူ့အတွက် နို့ကြက်ဥအစာသွပ်မုန့်ကို ချပေးလိုက်ပြီး သူက ဆာဆာလောင်လောင်ဖြင့် ချက်ချင်း စားလိုက်တော့သည်။

“ဖြည်းဖြည်းစားပါ၊ လောက်ပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။

ရှန်ဟန်က သူ့ပါးစပ်ထဲသို့ နို့ကြက်ဥအစာသွပ်မှုန့်ကို သွပ်ထည့်လိုက်ရင်း ခေါင်းညိတ်ပြလေသည်။

သူနှင့်ယှဥ်လျှင် ရှန်ဖန်းက အများကြီးပိုသိမ်မွေ့ပြီး နို့ကြက်ဥအစာသွပ်မုန့်ကို သေးသေးလေးစီ ကိုက်စားနေကာ စပျစ်သီးလိုမျက်လုံးအစုံလေးက လခြမ်းသဏ္ဌာန်ကွေးညွှတ်သွားလေသည်။

ကျန်းယွင်ကျူးက ရှန်ဟန်ဘေးတွင် ရပ်နေရင်း ကလေးနှစ်ယောက်ကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်များက မြင့်တက်သွားတော့သည်။

သူမသည် အခန်းသို့ ပြန်ရောက်လာချိန်တွင် အမှတ်တမဲ့ တော်ဝင်ပြက္ခဒိန်ကို လှမ်းကြည့်မိလိုက်ပြီး ချင်းမင်ပွဲတော်ရောက်ရန် ငါးရက်သာ လိုကြောင်း တွေ့လိုက်ရလေသည်။ သူမသည် အခိုက်တန့် ရပ်တန့်သွားတော့သည်။ သည်နေ့က သည်လောကထဲ ရောက်လာသည့် သူမ၏၇နှစ်မြောက်နှစ်ဖြစ်ပြီး တုတ်ချောင်းကို ဆွဲလိုက်ပြီး အိပ်မက် ပြီးဆုံးသွားသည့်နေ့လည်း ဖြစ်လေသည်။

သူမသည် စားပွဲထောင့်ကို လက်ချောင်းများနှင့် ဖိထားလိုက်ပြီး လက်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ သူမမှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်မိလေသည်။ အခုတော့ အိပ်မက် မဟုတ်တော့ဘူး။ ဝမ်းသာလိုက်တာ။

ထိုနေ့ညက ရှန်ဖုန်းမင်၊ ကုယန်ကျိုး၊ ရှဲ့ချန်နှင့် တခြားသူများက အိပ်မက်တစ်ခုတည်းကို မက်ခဲ့ကြလေသည်။

အိပ်မက်ထဲတွင် ရှန်ဖုန်းမင်သည် အမှုစုံစမ်းရန် ဝူလင်မိုင်းတွင်းသို့ ရောက်လာခဲ့သော်လည်း ကျန်းယွင်ကျူးနှင့် မတွေ့ခဲ့ချေ။ သို့သော် တခြားလူတစ်ယောက်၏ အိမ်ကို ငှားနေခဲ့ရပြီး နောက်တစ်နေ့မနက်ခင်းတွင် ထွက်ခွာခဲ့ကာ တောင်ပေါ်တွင် ပုန်းခိုပြီး ဝူလင်မိုင်းတွင်း၏ အခြေအနေကို စုံစမ်းခဲ့သည်။

ရလဒ်အနေဖြင့် ဝမ်ပင်းသည် အလွန်ဒေါသထွက်ပြီး ရှန်ဖုန်းမင် ထွက်လာရန် ချန်ရှီရွာက လူများကို အသုံးချပြီး ဖိအားပေးခြိမ်း‌ခြောက်ခဲ့သည်။

ရှန်ဖုန်းမင်က လူများအသ-တ်ခံရမည်ကို မကြည့်ရက်သဖြင့် လူအင်အားစုစည်းပြီး ရန်သူနှင့်ရင်ဆိုင်ရန် စီစဥ်ဖို့ ယန်ရှန့်ကို စေခိုင်းခဲ့ရသည်။

တစ်ညလုံး မရေမတွက်နိုင်သည့်လူများသည် သ-တ်ဖြတ်ခံခဲ့ရပြီးနောက်တွင် ယန်ရှန့်သည် နောက်ဆုံးတော့ သူ့လူများနှင့် ရောက်လာပြီး ဝမ်ပင်းနှင့် တခြားသူများကို ဖမ်းဆီးခဲ့လေသည်။ သို့သော် ချန်ရှီရွာက လူအားလုံးသည် သည်ဖရိုဖရဲတိုက်ပွဲတွင် သေဆုံးခဲ့ကြရသည်။

ရှန်ဖုန်းမင်သည် ပတ်ဝန်းကျင်က အပျက်အစီးများကို ကြည့်ရင်း ခွန်းဝူဓားကို မြေကြီးပေါ်တွင် စိုက်ချလိုက်ရာ ဓားပေါ်က သွေးများက မြေကြီးပေါ်သို့ တစ်စက်စက် ကျဆင်းသွားလေသည်။

ကုယန်ကျိုးက စီရင်စုမြို့မှ ပြန်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရလေသည်။ ရွာတစ်ခုလုံး သေကြေခဲ့ရပြီး ထိုနေရာတွင် ရပ်နေသူက သွေးများဖုံးလွှမ်းနေကာ အသူရာမင်းတစ်ပါးနှယ်။

သူ့မျက်လုံးများက နီရဲလာပြီး လည်ချောင်းက ချိုမြလာသည်ကိုသာ ခံစားလိုက်ရလေသည်။ သူသည် အပြေးအလွှား သွားလိုက်ပြီး ဘာကြောင့်များ အပြစ်မဲ့သူများကို သ-တ်ပစ်ရသနည်းဟု မေးလိုက်ချင်ခဲ့သည်။

သို့သော် ခြေနှစ်လှမ်းလောက် လှမ်းလိုက်ပြီးနောက်တွင် သူ့အမြင်အာရုံက မည်းမှောင်သွာပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့လေသည်။

ချီလင်သက်တော်စောင့်များက မကြာမီတွင် သူ့ကို တွေ့ရှိခဲ့ကြပြီး ရှန်ဖုန်းမင်ကို အကြောင်းကြားခဲ့ကြသည်။ ရှန်ဖုန်းမင်က သူသည် ရွာသားတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ကာ ပြန်လည်ကုသနိုင်ဖို့ သူ့ကို ဘေးကရွာသို့ ပို့ပေးလိုက်ပြီးနောက် ဝမ်ပင်းကို ကိုယ်တိုင်စောင့်ကြည့်ပြီး မြို့တော်သို့ ပြန်လာခဲ့လေသည်။

ကုယန်ကျိုး နိုးလာချိန်တွင် အရူးတစ်ယောက်လို ရွာသို့ ပြန်ပြေးလာခဲ့သော်လည်း သူ့မိဘ၏ အလောင်းများကိုသာ တွေ့လိုက်ရသည်။ သူတို့သည် မျက်လုံးများ ပွင့်လျက်နှင့် ပြန်မကြည့်နေဘဲ ဝမ်းနည်းစရာအခြေအနေတစ်ခုတွင် သေဆုံးခဲ့ကြရလေသည်။

ထိုအပြင့် သူ့ဦးလေး၊ အဒေါ်၊ ဝမ်းကွဲ.... ရွာသားများအားလုံးက ရက်ရက်စက်စက် အသ-တ်ခံခဲ့ရသည်။

သို့သော ထိုရက်စက်လှသည့် မနေ့က နတ်ဆိုးများကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

ကုယန်ကျိုးက သူတို့ကို ထပ်သွားရှာခဲ့သော်လည်း သည်အချိန်တွင် အာဏာပိုင်အရာရှိများ အဖွဲ့က နောက်ကျမှ ရောက်လာခဲ့ကြသည်။ ထိုအရာရှိများနှင့်အတူ လူငယ်လေးတစ်ယောက်လေးလည်း ပါလာခဲ့သည်။ လူငယ်လေးက ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးတစ်ခု ရှိလေသည်။ နောက်ပိုင်းမှ ထိုလူငယ်က အန်းဖင်နယ်စား၏ အကြီးဆုံးသား လင်ထင်အန်း ဖြစ်နေမှန်း သိလိုက်ရသည်။

ကုယန်ကျိုးသည် သူ့ထံမှ ကိစ္စအများအပြားကို သိခဲ့ရလေသည်။ ဥပမာ မနေ့က‌ သွေးများ ဖုံးလွှမ်းနေသူမှာ ရည်မှန်းချက် ပြီးမြောက်ရန် အမြဲတမ်း ဘာမဆိုလုပ်တတ်သည့် ချီလင်သက်တော်စောင့်၏ တပ်မှူး ရှန်ဖုန်းမင်ဟူ၍။

ထိုအချိန်ကတည်းက ကုယန်ကျိုးသည် ညပိုင်းတွင် ကောင်းကောင်း အိပ်ရသည်ဟူ၍ မရှိခဲ့ချေ။ သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် သနားစရာကောင်းလောက်အောင် သေဆုံးခဲ့ရသည့် သူ့မိဘများနှင့် ရွာသားများအပြင် ရှန်ဖုန်းမင်ကိုလည်း မြင်နေရလေသည်။

သူသည် လင်ထင်အန်းနှင့် မင်းသားငါးတို့က လက်စားချေရာတွင် ကူညီပေးမည်ဟု ဆိုသဖြင့် သူတို့နောက်လိုက်ဖို့ ‌ရွေးချယ်ခဲ့လေသည်။

ဟုတ်ပါသည်။ သည်ကာလအတွင်းတွင် သူသည် အမှုအကြောင်းကိုလည်း စုံစမ်းခဲ့သေးသည်။ သို့သော်ငြား ချင်းလုံဧကရာဇ်သည် ထိုအချိန်က မင်းသားခြောက်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီးဖြစ်ကာ မင်းသားခြောက်၏ ဂုဏ်သိက္ခာအတွက် သည်အမှုနှင့် ပတ်သက်ကမျှအားလုံးက လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီး သူစုံစမ်းနိုင်သည့် ကိစ္စများကလည်း မရှိသလောက် ဖြစ်ခဲ့ရလေသည်။

လေးနှစ်ကြာပြီးနောက် တော်ဝင်စားမေးပွဲကျင်းပသည့်နှစ်တွင် ကုယန်ကျိုးက ရှန်ဖုန်းမင်ကို တိုက်ခိုက်သည့် စာစောင်တစ်ခုကို ရေးသားခဲ့လေသည်။

ရှန်ဖုန်းမင်က ထိုကိစ္စကို မငြင်းသလို ဘာမှလည်း မပြောခဲ့ချေ။ ထိုအဖြစ်က ကုယန်ကျိုးကို ပိုပြီးလှုပ်ရှားသွားစေကာ ရှန်ဖုန်းမင် ရွာမှလူများ၏သက်များကို လျစ်လျူရှုခဲ့သည်ဟု ခံစားမိစေတော့သည်။ ထိုလူများကိုလည်း ရှန်ဖုန်းမင်က သ-တ်ခဲ့သည်ဟု ယုံကြည်သွားလေတော့သည်။

ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်ကို အပြစ်မပေးသဖြင့် ကုယန်ကျိုးက စိတ်ပျက်သွားပြီး ဇာတ်မြှုပ်နေသွားဖို့ ရွေးချယ်ခဲ့လေသည်။

ရှန်ဖုန်းမင်က တစ်ခုခု မူမမှန်သည်ကို သတိထားမိခဲ့ပြီး အန်းဖင်နယ်စားအိမ်သို့ သွားခဲ့ရာမှာ ထိုနေရာတွင် ကျန်းယွင်ကျူးကို တွေ့ခဲ့ရသည်။

ထိုအချိန်တွင် အန်းဖင်နယ်စားအိမ်တော်က လူတိုင်းက အကြီးဆုံးသခင်လေးသည် သူမကို နှစ်သက်နေပြီး သူမနှင့် လက်ထပ်ချင်သော်လည်း အန်းဖင်နယ်စားက သူမ၏ နိမ့်ကျသည့်နောက်ခံကြောင့် လုံးဝသဘောတူမှန်း သိကြလေသည်။

“မင်းရဲ့လက်ရှိဘဝကို နှစ်သက်ရဲ့လား”ဟု ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို မေးခဲ့သည်။

ကျန်းယွင်ကျူးက “သဘောကျပါတယ်”ဟု အခိုင်အမာ ပြန်ဖြေခဲ့သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး နွေးထွေးလှပလေတော့သည်။

ရှန်ဖုန်းမင်က ပြန်သွားခဲ့သည်။

နှစ်ဝက်ကြာပြီးနောက်တွင် သူမက လင်ထင်အန်းနှင့် လက်ထပ်တော့မည့်သတင်းကို ကြားခဲ့ရလေသည်။

ထိုနေ့က သူသည် မိုင်သုံးရာကို တစ်ချီတည်း နှင်လာခဲ့သော်လည်း မြစ်တစ်ခုဘေးတွင် ရပ်လိုက်တော့သည်။ သူ သွားခဲ့ပါပြီတဲ့ သူက ဘာတတ်နိုင်အုံးမှာတဲ့လဲ။

သူက သူမကို မေ့နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူမ ပျော်နေသရွေ့ အဆင်ပြေတယ်လို့ ထင်တယ်။

ဒါပေမဲ့ မဟုတ်ခဲ့လေဘူး။ သူ ရင်ကွဲခဲ့ရတယ်လေ။

သည်လိုနှင့် ရှန်ဖုန်းမင်လည်း အိပ်မက်မှ နိုးလာတော့သည်။ သူ့တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး အိပ်မက်အကြောင်းကို သေသေချာချာ စဥ်းစားလိုက်သော်လည်း ဘာကိုမှ မမှတ်မိတော့ချေ။ သူ့မှာ ဝမ်းသာရသည်က ကံကောင်းလို့ အိပ်မက်တစ်ခုသာ ဖြစ်နေခြင်းပင်။

ရှန်ဖုန်းမင်က သူ့ရင်ခွင်ထဲက လူကို တင်းနေအောင် ဖက်ထားလိုက်ပြီး သူမက သူ့ရင်ခွင်ထဲတွင် ရှိနေသေးမှန်း အမှန်တကယ် ခံစားလိုက်ရချိန်မှ စိတ်အေးသွားတော့သည်။

ကုယန်ကျိုးကလည်း ထလာပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်လေသည်။ လက်ဖက်ရည်က အေးစက်နေသော်လည်း သူ့မှာ မခံစားမိဘဲ လက်ဖက်ရည်တစ်ခွက်ကို ဗိုက်ထဲရောက်အောင် တစ်ချီထဲ မော့ချလိုက်ပြီး နောက်ဆုံးတော့ ခံစားချက်များက ပိုပြီးသက်သာတော့သည်။

ရှဲ့ချန်နှင့် ချင်ယောင်းတို့သည် အချင်းချင်း ပွေ့ဖက်ထားလိုက်ကြပြီး ချင်ယောင်း၏ ဗိုက်ထဲက သေးငယ်လှသည့် အသက်ကလေး၏ လှုပ်ရှားမှုကို ခံစားမိလိုက်ကြလေသည်။ နှစ်ယောက်သားက သူတို့၏ လက်ရှိဘဝကို ပိုပြီး မြတ်နိုးတန်ဖိုးထားမိကာ ကျန်းယွင်ကျူးကိုလည်း ပိုပြီးကျေးဇူးတင်မိလေသည်။

နောက်တစ်နေ့တွင် ရှန်ဖုန်းမင်က အနည်းငယ် တွယ်ကပ်နေသည်ကို ကျန်းယွင်ကျူးက တွေ့လိုက်ရလေသည်။ အင်းပါ။ သူမ စိတ်ထင်တာပဲနေမှာပါ။

နေ့ရက်များက သည်လိုနှင့် ကုန်ဆုံးလာပြီး ပျော်ရွှင်အံ့ဩစရာများးဖြစ်နေခဲ့သည်။

ငါးနှစ်ကြာပြီးနောက်တွင် ချင်းလုံဧကရာဇ်က နတ်ရွာစံခဲ့ပြီး အိမ်ရှေ့မင်းသားက နန်းတက်ခဲ့ကာ တိုင်းပြည်အမည်ကို ကျားကန်းဟု ပြောင်းလဲခဲ့လေသည်။

ကျားကန်းမင်းကြီးက ရှန်ဖုန်းမင်၏ စစ်တပ်အင်းအားကို လျှော့ချချင်သော်လည်း ရှဲ့ချန်နှင့် ကုယန်ကျိုးတို့ ခေါင်းဆောင်သည့် အမတ်များက သဘောမတူခဲ့ကြပေ။ ထို့နောက်တွင် ကျားကန်းမင်းကြီးသည် သိပ်မကြာခင်မှာပင် နာမကျန်းဖြစ်လာတော့သည်။

အမှန်တွင်တော့ သူ့ခန္ဓာကိုယ်က အစောကြီးကတည်း သေနေခဲ့ပြီး နှစ်ပေါင်းများစွာ သူ့ကို ထောက်ပံ့ပေးထားသည့် ယုံကြည်မှုတစ်ခုကိုသာ အားကိုးခဲ့ရခြင်းပင်။ အခုတော့ သူသည် နောက်ဆုံးတွင် သူဆန္ဒရှိခဲ့သည့် ထိုနေရာတွင် ထိုင်နိုင်ခဲ့ပြီး သူ့စိတ်က အေးချမ်းသွားလေရာ ဆက်ပြီး မထိန်းနိုင်တော့ပေ။

သူသည် နာမည်ကြီးသမားတော်များကို ရှာဖွေခဲ့ပြီး သူ့အသက်ကို ကယ်တင်ချင်ခဲ့သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

ကျားကန်းနန်းသက် ဒုတိယနှစ်တွင် ကျားကန်းမင်းကြီးသည် နတ်ရွာစံခဲ့ပြီး မင်းသား ရှောင်ချန်ကွေးက နန်းတက်ခဲ့လေသည်။ သူ့တိုင်းပြည်ကို ရှန်းယွမ်ဟု အမည်တွင်စေခဲ့သည်။

သည်နှစ်တွင် ရှန်ဟန်သည် ၁၃နှစ် ရှိပြီဖြစ်ကာ ချီလင်သက်တော်စောင့်ဌာနသို့ မဝင်ချင်ဘဲ စစ်တပ်အတွင်းသို့ ဝင်ကာ နယ်စပ်သို့ သွားခဲ့လေသည်။

ထိုကတည်းက နယ်စပ်တွင် နောက်ထပ်လူငယ်စစ်သူကြီးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။

ငါးနှစ်အတွင်းတွင် သည်စစ်သူကြီးငယ်လေးက ရှီရုံနှင့် ပေတိကို သုတ်သင်ခဲ့ကာ ရှမင်းဆက်၏ အရေးကြီးဆုံး ရန်သူနှစ်ဦးကို ဖယ်ရှားခဲ့ပြီး ရှနိုင်ငံ၏ နယ်မြေကို မိုင်ထောင်ချီအောင် ချဲ့ထွင်ခဲ့လေသည်။

လူများက အချင်းချင်း ပြောပြခဲ့ကြပြီး သူ့ကို ရှနိုင်ငံ၏ စစ်နတ်ဘုရားစစ်သူကြီးဟု ခေါ်ကြလေသည်။ တချို့သူများကဆိုလျှင် သည်နေ့ခေတ်တွင် နတ်မင်းကို မသိကြသော်လည်း စစ်နတ်ဘုရား စစ်သူကြီးရှန်ဟန်ကိုတော့ သိကြသည်။

ရှန်းယွမ်မင်းကြီးက ရှန်ဟန်ကို မြို့တော်သို ပြန်လာရန် အရေးတကြီး ဆင့်ခေါ်ခဲ့လေသည်။

ဒုတိယမြောက်နှစ်တွင် ရှန်းယွမ်မင်းကြီးက ထီးနန်းနှင့် ပတ်သက်ပြီး အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့လေသည်။ သူသည် အရည်အချင်းမရှိသူ ဖြစ်ကာ မိုးနတ်မင်းနှင့် ပြည်သူတို့၏အလိုကို လိုက်လျောပြီး ရှန်ဟန်ကို မင်းအဖြစ် တင်မြောက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုနှစ်တွင်ပင် ရှန်ဟန်သည် ဘုရင်အဖြစ် နန်းတက်ခဲ့လေသည်။

ရှန်ဟန် နန်းတက်ပြီး ဒုတိယလ။ သည်နေ့တွင်တော့ သူသည် နဂါးနှင့် ဇာမဏီဆွဲသည့် ရထားလုံးဖြင့် ရှန်အိမ်တော်သို့ ပြန်လာခဲ့ပြီး ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့ကို နန်းတွင်းထဲတွင် နေရန် ပင့်ဆောင်ချင်ခဲ့လေည်။

သူတို့က သူ့မိဘတွေလေ။ သူက အခုတော့ ဘုရင်တစ်ပါး ဖြစ်လာပြီဆိုတော့ သူတို့က ခမည်းတော်နဲ့ မယ်တော်ကြီးပဲပေါ့။ သူတို့ကို ရှန်အိမ်တော်မှာပဲ ဘယ်လိုလုပ်ပြီး အမြဲတမ်း နေခိုင်းလို့ဖြစ်မှာလဲ။

အိမ်တော်သို့ အဝင်တွင် အိမ်တော်ထဲက လူအားလုံးက ဒူးထောက်လိုက်ကြသည်။

သူသည် သူတို့ကို မကြည့်ဘဲ တန်းတန်းမတ်မတ် လျှောက်လာခဲ့လေသည်။

အရာအားလုံးက အလွန်ရင်းနှီးနေပြီး မျက်လုံးများ ပိတ်လျက်ပင် ခြံထဲတွင် လှမ်းနိုင်သည်။

သို့သော် ခန်းမထဲသို့ ဝင်လိုက်ချိန်တွင်တော့ ထိုရင်းနှီးလှသည့်ပုံရိပ်ကို မမြင်လိုက်ရချေ။

သူက ပြန်လှည့်လာပြီး စူးရှသည့်မျက်လုံးများနှင့် အနောက်ဘက်တံခါးရှေ့က ကောင်လေးကို တားလိုက်၏။ ဒီကောင်လေးက တက်ကြွတဲ့မျက်နှာသွင်ပြင်နဲ့ ချောမွတ်တဲ့အသားအရေ ရှိတာပဲ။ သူ့ညီမလေးမှ မဟုတ်ရင် ဘယ်သူဖြစ်နိုင်အုံးမှာလဲ။

“အားဖန်း နင် ဒီမှာဘာလုပ်နေတာလဲ”

သူ့မျက်လုံးများက စူးရှနေပြီး သူ့တွင် သဘာဝအလျောက် ထိန်းချုပ်နိုင်စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသည်။

ရှန်ဖန်းကတော့ သူ့ကို မကြောက်ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သေးသည်။

“ကိုကို ဖေဖေနဲ့ မေမေတို့က အိမ်ထဲက စားပွဲပေါ်မှာ နင့်အတွက် စာတစ်စောင် ချန်ထားပေးတယ်”

ရှန်ဟန်က စာဖတ်ရန် အိမ်ထဲသို့ ပြန်အလှည့်တွင် ရှန်ဖန်းက လှစ်ထွက်ချင်ခဲ့သော်လည်း ရှန်ဟန်က လှမ်းဆွဲထားလိုက်လေသည်။ သူက သူမကို သူနှင့်အတူ အိမ်ထဲသို့ ဆွဲခေါ်လာခဲ့လိုက်သည်။

ရှန်ဖန်းက မျက်နှာကို ရှုံ့မဲ့ထားလိုက်ပြီး ခြေလှမ်းတစ်ဝက်လောက် နှေးကာ လိုက်လျှောက်လာခဲ့လေသည်။

ရှန်ဟန်က စာကို ဖွင့်ဖတ်လိုက်၏။ စာက အလွန်မှ ရှည်လွန်းလှသည်။ ကျန်းယွင်ကျူး ရေးခဲ့ခြင်း ဖြစ်လိမ့်မည်။ သူမ ပြောထားသည်မှာ သူသည် အရွယ်ရောက်ကာ ဘုရင်တစ်ပါးဖြစ်လာခဲ့ပြီ။ သူမက စိတ်ချနိုင်ပေပြီ။ နောက်ဆိုလျှင် သူမက ရှန်ဖုန်းမင်နှင့် သူမ လုပ်ချင်သည့်အရာများကို လုပ်တော့မည်ဖြစ်ရာ သူတို့ကို စိတ်မပူရန် မှာကြားထားလေသည်။

ထို့အပြင် သူ့ကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်ဖို့လည်း ပြောထားသေးသည်။

ရှန်ဟန်သည် စာဖတ်ပြီးနောက်တွင် အနညးငယ် စိတ်ပျက်သွားတော့သည်။ သူက စစ်မြေပြင်မှာ တိုက်ခိုက်ရတာကို ကြိုက်တယ်။ မိုင်ထောင်ချီတဲ့ မြစ်တွေနဲ့ တောင်တန်းတွေကိုလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲက အနှစ်သက်ရဆုံးက မိသားစုနဲ့ အတူတူနေဖို့ပဲလေ။ ဒါကြောင့်ပဲ သူက သူတို့ကို နန်းတော်ထဲကို ခေါ်သွားချင်ခဲ့တာ။

ဟုတ်ပါတယ်။ တကယ်တော့ ဒီလိုလုပ်တာက နည်းနည်းအတ္တကြီးမှန်းလည်း သိပါတယ်။ သူ့အဖေနဲ့ အမေတို့က အာဏာထက် လွတ်လပ်တဲ့ဘဝတစ်ခုကို ပိုနှစ်သက်ကြတာပဲ။

“အဖေနဲ့အမေတို့ ဘယ်သွားလိုက်တာလဲ” ရှန်ဟန်က ရှန်ဖန်းကို မေးလိုက်၏။

“ပင်လယ်ထဲ ထွက်သွားကြပြီ၊ နင် သိပါတယ်၊ မေမေက အမြဲတမ်း ပင်လယ်ခရီးထွက် ချင်ခဲ့တာ၊ ဖေဖေကလည်း မေ‌မေ့စကား နားထောင်တယ်လေ”

ရှန်ဟန်က နှာခေါင်းရှုံ့လိုက်ပြီး ရှန်ဖန်းကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့တော့သည်။ အဖေနဲ့ အမေက ထွက်သွားပြီ။ သူက ဒီမှာရှိနေတုန်း....

ရှန်ဖန်းက တိုင်လုံးကို ဖက်ထားလိုက်ပြီး

“ကိုကို ငါ နန်းတော်ထဲ မသွားချင်ဘူးနော်၊ ငါက လောကကြီးကို ပတ်ပြီး ခရီးသွားချင်တာ”

“အဖေက နင့်ကို စောင့်ရှောက်ပါလို့ ငါ့ကို မှာထားတယ်” ရှန်ဟန်က ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်၏။

“ငါ့ဟာငါ ဂရုစိုက်နိုင်ပါတယ်ဟ” ရှန်ဖန်းက ပြောလိုက၏။

ရှန်ဟန်က သူမ စကားကို ဂရုမစိုက်ဘဲ သူမကို ဆွဲထုတ်လာခဲ့လေသည်။

ရုတ်တရက် သူ့လက်ချောင်းများက တောင့်တင်းလာသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ လှုပ်ရှားလို့ မရနိုင်တော့ချေ။ ရှန်ဖန်းက သူ့ကို ဘယ်နေရာတွင် ဆေးခပ်ခဲ့မှန်း မသိလိုက်ချေ။ ရှန်ဖန်းသည် ကလေးဘဝကတည်းက နတ်ဆေးသမားတော်ဝူထံတွင် ဆေးပညာကို သင်ယူခဲ့ပြီး သူမ၏ ဆရာထက် ပိုတော်ကာ အခုတော့ သူမ၏ဆေးပညာစွမ်းရည်က လောကကြီးတွင် အတော်ဆုံးပင်။

သို့နှင့် သူမသည် သူ့ကို ဆေးခပ်နိုင်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လိုက်တော့သည်။

ရှန်ဟန် မလှုပ်နိုင်တော့သည်ကို တွေ့လိုက်မှ ရှန်ဖန်းက တိုင်လုံးကို လွှတ်လိုက်ပြီး သူ့ကို ပြောလိုက်တော့သည်။

“တောင်းပန်ပါတယ် ကိုကိုရယ်၊ ငါ မသွားချင်လို့ပါနော်၊ တကယ် ငါ ကိုယ့်ဟာကို စောင့်ရှောက်နိုင်ပါတယ်၊ ငါ နင့်ကို မကြာမကြာ ပြန်လာတွေ့ပါ့မယ်၊ ဂရုစိုက်နော်”

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် တစ်လှမ်းချင်း ထွက်ခွာသွားလေသည်။

သူမထွက်သွားပြီးနောက်တွင်တော့ ရှန်ဟန်သည် အနည်းငယ် အကူအညီမဲ့စွာဖြင့် သူ့လက်ချောင်းများက လှုပ်ရှားလာနိုင်ခဲ့သည်။ ထားလိုက်ပါလေ။ သွားကြ။ သွားကြ။ နေထွက်လာတဲ့ နယ်မြေအားလုံးကို သိမ်းပိုက်ပြီးတဲ့အထိ စောင့်နေလိုက်ကြ။ အဲဒီအချိန်ကျမှ သူတို့တွေ ဘယ်သွားနိုင်အုံးမလဲ ကြည့်အုံးမယ်။

သည်အချိန်တင် လှေငယ်လေးတစ်စီးက တလက်လက်တောက်ပသည့် မြစ်ထဲတွင် ရပ်နားထားလေသည်။ လှေဦးထိပ်တွင် လူတစ်ယောက်က လက်ထဲတွင် ငါးမျှားတံကိုကိုင်ကာ ထိုင်ပြီး ငါးမျှားနေလေသည်။ ဘေးကအခန်းလေးထဲတွင်တော့ လူတစ်ယောက်က မီးမွှေးပြီး လက်ဖက်ရည် နှပ်နေလေသည်။

ရုတ်တရက်ဆိုသလို လှေဦးထိပ်က လူက ငါးမျှားတံကို ရုတ်တရက်မ,လိုက်တော့ ငါးကြီးတစ်ကောင်ပါလာခဲ့သည်။

“တရုပ်ငါးပဲ၊ ကျွန်မတို့တွေ ဒီည ငါးပေါင်းစားကြမယ်”

ကျန်းယွင်ကျူးက ငါးကို မြင်လိုက်တော့ အပြုံးလေးနှင့် ပြောလိုက်၏။ သူမက ပြောရင်းဆိုရင် ငါးထည့်သည့်ခြင်းကို လှမ်းယူလိုက်လေသည်။

“အင်း”

ရှန်ဖုန်းမင်က အပြုံးနှင့် ပြန်ဖြေလိုက်ပြီး ငါးကို ငါးထည့်သည်ခြင်းထဲ ထည့်လိုက်လေသည်။

“ရှီးဆိုင်တောင်ရှေ့မှာ ဗျိုင်းတွေပျံပြီး မက်မွန်ပန်းတွေက မျောနေကာ ငါးတွေကလည်း ဝဖြိုးလို့။ အစိမ်းရောင် ဝါးဦးထုပ်၊ အစိမ်းရောင် မိုးကာအင်္ကျီ၊ ဝေ့ဝိုက်ပြီးတိုက်ခတ်နေတဲ့လေနဲ့ တစိမ့်စိမ့်မိုးကြောင့် အိမ်မပြန်နိုင်ခဲ့လေဘူး”

အစကတော့ သူတို့တွေက ပင်လယ်ဘက်ကို အလည်ထွက်ချင်ခဲ့ကြပေမဲ့ နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်မှာ တရုပ်ငါးတွေက ပြည့်ဖြိုးနေမှာ စဥ်းစားမိလိုက်တော့ ဒီနေရာကို အရင်လာရခဲ့ရတော့တာပဲ။

တရုပ်ငါးကို စားပြီးမှ ပြန်သွားကြမယ်ဆိုရင်လည်း အရမ်းနောက်မကျသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဘဝက အရှည်ကြီး ရှိပါသေးတယ်။ သူတို့တွေ ဖြည်းဖြည်းချင်း ဖြတ်သန်းရင်း ဖြည်းဖြည်းချင်း နေထိုင်သွားနိုင်ပါသေးတယ်လေ။

All Chapters